Friday, April 10, 2009

ရုပ်သေး အရပ်သား အစိုးရ အတွက် အရာရှိ မွေးဖို့ စစ်အစိုးရ ကြိုးစားနေ

NEJ /ဧပြီလ(၁၀) ရက်၊ ၂၀၀၉

ရိုဟင်ဂျာ ကိစ္စ နောက်ပိုင်း ရခိုင်ပြည်နယ်ကို ဝန်ကြီးများ အားလုံး အလှည့်ကျ ကွင်းဆင်းပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ အထူး အလေးထား ဆောင်ရွက်ကြ ရန်နှင့် နောင်အရပ်သား အစိုးရသစ်လက်ထက်အတွက် အရာရှိများ ကို မွေးထုတ်ရန် နေပြည်တော် ၀န်ကြီး ဌာန အစည်း အဝေး (၉/၂ဝဝ၉) က ညွှန်ကြား ထားသည်။

ထို့ပြင် ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှု၊ စည်းရုံးမှုလုပ်ရမည့်အချိန်ဖြစ်၍ ကျေးရွာများအထိ၊ ပြည်သူလူထုနှင့် ကွင်းဆင်းထိ တွေ့ကြရန်၊ ဝန်ထမ်းများ နိုင်ငံရေးအမြင်မရှိသည့်အခါ အောက်ခြေတွင် မဖွယ်မရာလုပ်လျှင် စည်းရုံးရေးပျက်နိုင်ကြောင်း၊ ယခင်ဆန္ဒခံယူပွဲတုန်းကလည်း အချို့ကျေးရွာများတွင် ဝန်ထမ်းအပေါ် မယက၊ ရယက တရားသူကြီးရှေ့နေတို့အပေါ် မကျေနပ်ဖြစ်ကြ၍ တရွာလုံးကြက်ခြေခတ်ခဲ့မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် မယက၊ ရယကများအနေဖြင့် ပြည်သူများကို ဝိုင်းဝန်းစည်ရုံးပေးရန်၊ စည်းရုံးရေး ထိခိုက်စေမည့် ပြောဆိုဆက်ဆံမှုများ မပြုလုပ်မိစေရန်၊ တာဝန်ရှိသူများက ရောက်ရှိ သည့်နေရာ၊ တွေ့ရှိသည့်နေရာတိုင်း ပညာပေးရန်လည်း ညွှန်ကြားထားကြောင်း ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် အရာရှိတဦးက ပြောသည်။

ဝန်ကြီးများအနေဖြင့် နောင်တွင်ဖြစ်ပေါ်လာမည့် အစိုးရသစ်အပေါ် လုပ်ငန်းများစဉ်ဆက်မပြတ် ဆက်လက်လည်ပတ်နိုင်ရန် လိုကြောင်းနှင့် ဝန်ကြီးများမှာ သက်တမ်း (၅) နှစ်လျှင်တကြိမ်ပြောင်းရမည်ဟု နေပြည်တော် ၀န်ကြီးဌာနအစည်းအဝေး (၉/၂ဝဝ၉) မှတ်တမ်း၌ ဖော်ပြထားသည်။

သို့သော် ဌာနများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် အစီအစဉ်များ ယခုမှစ၍ ချမှတ်ဆောင်ရွက်ရန်၊ နောင်အစိုးရသက်တမ်း တခုနှင့်တခုသည် (၅) နှစ်ဖြစ်သည့်အတွက် နောက်ထပ် (၅) နှစ်၊ (၆) နှစ်ခန့် ဆက်လက်လုပ်ကိုင်နိုင်သည့်အသက်အရွယ် ရှိသူများကို အရေးကြီးနေရာဖြစ်သည့် ညွှန်ချုပ် ဦးဆောင်ညွှန်ကြားရေးမှူးနေရာများ အစားထိုးနိုင်ရန် ယခုမှစ၍ ကြိုတင်လေ့ကျင့်ထားရန်လည်း ဖော်ပြထားသည်။

အကြံပေးများခန့်အပ်ထားခြင်းကို မိမိတို့မှမပြောလျှင် တနှစ်ပြီးတနှစ် ထပ်တိုးပြီး ဆက်ခန့်ထားနေမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အစိုးရပြောင်းလဲတိုင်း နောက်အစိုးရအဖွဲ့မှာ ခါးဆက်ပြတ်ပြီး ကမောက်ကမဖြစ်မည်စိုး၍ အသက်အားဖြင့် ၂ဝ၁ဝ နောက်ပိုင်း (၅) နှစ် (၆) နှစ်ဆက်တိုက် ဆောင်ရွက်သွားနိုင်မည့် အရွယ်ရှိသူများကို လောလောဆယ် ခန့်ထားမည်ဟု ဆိုသည်။

အကြံပေးများ၊ ပညာရှင်များနှင့် အနီးကပ်တွဲပြီး အလုပ်သင်သဘောမျိုး သင်ကြားပေးရန်၊ ဝန်ကြီးဌာနများတွင် အသက်အရွယ် (၆ဝ) နှစ်နှင့် အထက်ရှိသူများနေကြောင်း၊ အထူးသဖြင့် အသက် (၄၅)၊ (၅ဝ) နှစ်ဖြစ်လျှင် အကောင်းဆုံး ဖြစ်ကြောင်း၊ အသက် (၅ဝ) နှင့်အထက်ရှိသူများကို ယခုကတည်းက လေ့ကျင့်ပြင်ဆင်ထားရန် လည်း နေပြည်တော် ၀န်ကြီးဌာနအစည်းအဝေး (၉/၂ဝဝ၉) တွင် ညွှန်ကြားထားသည်။

No comments: