Thursday, April 9, 2009

သိမ်းဆီးခံ လယ်ယာမြေ လျော်ကြေး ဒေသခံများ မျှတမှုမရရှိ

ကို(၂)/ဧပြီ ၉၊ ၂၀၀၉

ကရင်နီပြည် လွိုင်ကော်မြို့တွင် ကွန်ပျူတာသက္ကသိုလ်ကျောင်း ဆောက်လုပ်ရန်အတွက် စစ်အစိုးရမှ ပြည်သူလူထုများပိုင်ဆိုင်သော လယ်ယာမြေ၊ ခြံဧက ၈၀၀ ကျော်ကိုသိမ်းပိုက်လိုက်ပြီး ၎င်းသိမ်းပိုက်ခံ လယ်ယာမြေအစား လျှော်ကြေးများပေးဆောင်ရာ၌ မျှမျှတတ မပေးဆောင်သည့်အတွက် လယ်ယာမြေပိုင်ရှင်အချင်းချင်း အငြင်းပွားမှုများဖြစ်နေကြသည်ဟုဆိုသည်။

ယခုလက်ရှိ မြေ ၈၀၀ ဧကကျော်ရှိပြီး တဧက၏တန်ဖိုးမှာ ကျပ်သိန်း ၂၀တန်သော်လည်း ယခုလက်ရှိ စစ်အစိုးရမှ ပေးသောဈေးမှာမူ သိန်း၂၀အောက်တွင်သာရှိသည့်အပြင် ငွေပေးဆောင်ရာ၌ မျက်နှာကြီး၊ မျက်နှာငယ်လိုက် ပေးသည့်အတွက်ကြောင့် ယခုလို လယ်ယာမြေပိုင်ဆိုင်သော သူများအချင်းချင်း အငြင်းပွားနေကြရခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောပါသည်။

၎င်းက“ မျက်နှာရှိတဲ့လူတွေဆိုရင် ၅ သောင်းအထက် တသိန်းအထိပေါ့ တဧကမှာ ဒါပေမယ့် ဆင်းရဲတဲ့လူတွေကြတော့ ၅ သောင်းပေးတာ ရှိနိုင်တယ်။ ” ဟု ပြောသည်။

ကွန်ပျူတာသက္ကသိုလ်ကျောင်း ဆောက်လုပ်ရန်အတွက် ယခုလို လယ်ယာမြေများသိမ်းပိုက်လိုက်ခြင်းသည် လယ်ယာမြေပိုင်ဆိုင်သော ရွာသားများ၏် ရေရှည်စားဝတ်နေရေး ကိစ္စကိုထိခိုက်နိုင်သည်ဟု ကရင်နီလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ အဖွဲ့ဝင်တဦးကပြောသည်။

၎င်းက“ အစိုးရက လယ်ယာမြေ၊ အိုးအိမ်ခြံသိမ်းပိုက်ခံလိုက်ရပြီးနောက်မှာ အလုပ်မရှိကြတော့ဘူး။ အဲဒီအတွက် နေ့စားအလုပ် တနေ့ လုပ်တနေ့စားပေါ့ လုပ်လာကြတော့မှာ၊ တရက်ကို ဗမာငွေ ၂၀၀၀ ရမယ်၊ အဲဒီ ၂၀၀၀ က မိသားစုအတွက် လုံလောက်မှုဘယ်ရှိမလဲ” ဟုပြောပါသည်။

ထိုကွန်ပျူတာသက္ကသိုလ်ကျောင်းသည် ပြီးခဲ့သည့်နှစ် ၂၀၀၈ ခုနှစ် ၅ လပိုင်းကတည်းက စတင်ဆောက်လုပ်ပြီး ယခုနှစ်အထိ ဆက်လက် ဆောက်လုပ်နေဆဲ ဖြစ်သည်။


No comments: