Thursday, December 3, 2009

စစ်အစိုးရ၏ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဗြိတိန်အမတ်များ တောင်းဆို

မုံပီး ကြာသပတေးနေ့၊ ဒီဇင်ဘာလ 03 ရက် 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ကျူးလွန် ခဲ့သည့် လူသား ဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများကို စုံစမ်း စစ်ဆေးရန် ကော်မ ရှင်တရပ် ဖွဲ့စည်းရေး အတွက် သူတို့၏ နိုင်ငံ တကာ အသိုင်းအဝိုင်း အထူး သဖြင့် ကုလ သမဂ္ဂထံ တောင်းဆိုနေ မှုများကို ထောက်ခံပေး ရန် ဗြိတိန် ပါလီမန် အမတ်များက သူတို့ အစိုးရထံ အင်္ဂါနေ့က တိုက်တွန်း တောင်းဆို လိုက်ကြသည်။

ဤတောင်းဆိုချက်ကို မြန်မာ့ဒီမိုကရေစီအရေး ပါတီစုံအမတ်များအဖွဲ့ (APG Burma) က ဗြိတိသျှ ပါလီမန်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရှိ လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူတဦးဖြစ်သည့် လန်ဒန်အခြေစိုက် မြန်မာ့တရားမျှတမှု ကော်မတီ (BJC) ဥက္ကဋ္ဌဖြစ်သူ Sappho Dias က `ဒီအချိန်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာဗိုလ်ချုပ်ကြီးတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ် အရေးယူဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကနေ ဘယ်မှ ထွက်ပြေးလို့ မရဘူးဆိုတာကို သူတို့ကို သတိပေးရမယ့် အချိန်လည်း ဖြစ်ပါတယ်´ ဟု ပြောသည်။

အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ခြင်း၊ တရားဥပဒေပြင်ပမှ သတ်ဖြတ်ခြင်းများနှင့် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း အပါအဝင် စစ်အစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို သေချာစွာ မှတ်တမ်းတင်ထားပြီးဖြစ်၍ ယခုအချိန်သည် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရေးယူ ဆောင်ရွက်ရမည့် အချိန်ဖြစ်သည်။ ထိုသို့ အရေးယူ ဆောင်ရွက်ချက်များ မပြုလုပ်ဘဲ ဆုံးဖြတ်ချက်များသာ တခုပြီးတခု ချမှတ်နေရမည့် အချိန်မဟုတ်ဟု Dias က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် Dias က ဟားဗတ်ဥပဒေကောလိပ်၏ အစီရင်ခံစာတရပ်ဖြစ်သော `မြန်မာနိုင်ငံရှိ ရာဇဝတ်မှုများ´ ဆိုသည့် အစီရင်ခံစာကို ရည်ညွှန်းကိုးကား၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အထူးကိုယ်စားလှယ်တို့က စစ်အစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို သက်သေ အထောက်အထားများနှင့်တကွ မှတ်တမ်းတင် ထားခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် ကုလလုံခြုံရေးကောင်စီက အရေးယူ ဆောင်ရွက်ရမည့် အချိန်ဖြစ်သည်ဟု ပြောဆိုသွားသည်။

`ဟားဗတ်ဥပဒေကောလိပ်၏ အစီရင်ခံစာသည် ကုလသမဂ္ဂစာရွက်စာတမ်း အထောက်အထားများနှင့် စစ်အစိုးရ၏ ရာဇဝတ်မှုများကို စုံစမ်းလေ့လာထားသည့် အခြားစာတမ်းများစွာကို စုပေါင်းပြုစုထားခြင်းဖြစ်သည်´ ဟု Dias က ပြောသည်။

ဤဆွေးနွေးပွဲကို စီစဉ်ကျင်းပခဲ့သည့် ဆော်သြရေးအဖွဲ့တခုဖြစ်သည့် ဘားမားကင်ပိန်းယူကေမှ တာဝန်ရှိသူဖြစ်သည့် Nang Seng က ဤသို့ ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးက စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို မှတ်တမ်းမှတ်ရာများစွာ ပြုစုတင်ပြခဲ့သော်လည်း ကုလလုံခြုံရေးကောင်စီက ယခုထိ အရေးယူရန် ပျက်ကွက်ခဲ့ခြင်းမှာမူ ဝမ်းနည်းဖွယ်ဖြစ်သည်ဟု ပြောသည်။

မြန်မာနိုင်ငံကို ဆယ်စုနှစ် ၂ ခုကြာမျှ အုပ်စိုးခဲ့သည့် စစ်အစိုးရကို အလွန်ထိတ်လန့်ဖွယ်ကောင်းသည့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများ၊ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာဒေသများတွင် ကျူးလွန် ဖောက်ဖျက်ခဲ့မှုများအတွက် နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ကြသည်။

လွန်ခဲ့သော တနှစ်အတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းမှ အနည်းဆုံး လူဦးရေ ၇၅၀၀၀ ခန့်သည် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးလာကြရသည့်အတွက် မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ အခြေအနေသည် ဆူဒန်အရှေ့ပိုင်းရှိ ဒါဖောအခြေအနေနှင့် နှိုင်းယှဉ်ကြည့်စရာပင် ဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ် ညွန့်ပေါင်းအဖွဲ့ (TBBC) က အောက်တိုဘာလ အတွင်းက ပြောသည်။

ယင်းအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ၊ ဒုက္ခသည်များကို လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်နေသည့် အကူအညီပေးရေး အဖွဲ့အစည်းများ စုပေါင်း ဖွဲ့စည်းထားသည့် ညွန့်ပေါင်းအဖွဲ့တရပ် ဖြစ်သည်။ ၂၀၀၈ ခုနှစ် သြဂုတ်လမှ ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကျော်မှ ရပ်ရွာအသိုင်းအဝိုင်းပေါင်း ၁၂၀ ခန့်သည် ကစဥ့်ကလျားဖြစ်ကာ ထွက်ပြေး ပုန်းရှောင်နေခဲ့ကြရသည်ဟု TBBC က ပြောသည်။ ယင်းမြန်မာပြည် အရှေ့ပိုင်းရှိ ဒေသများသည် ၁၉၉၆ ခုနှစ်ကတည်းက အတင်းအကျပ် ရွှေ့ပြောင်းခံရခြင်းသော်လည်းကောင်း၊ ဖျက်ဆီးခြင်းသော်လည်းကောင်း ခံခဲ့ရသည့်နေရာများ ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူတဦးဖြစ်ပြီး ဟားဗတ်အစီရင်ခံစာကို ပြုစုရာတွင် ပါဝင်သည့် ဥပဒေပါရဂူ ၅ ဦး အနက် တဦးအပါအဝင်ဖြစ်သည့် Sir Geoffery Nice က ကုလသမဂ္ဂ အထောက်အထား၊ စာရွက်စာတမ်းများနှင့် အထူးကိုယ်စားလှယ်များ၏ အစီရင်ခံစာများသည် စစ်အစိုးရကို သူတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တရားစွဲဆိုရန် လုံလောက်သော သက်သေခံ အထောက်အထားများပင် ဖြစ်သည်ဟု ပြောသည်။

ဤသို့ ကျယ်ပြန့်စွာ ဝေဖန် ပြောကြားနေခဲ့ကြသော်လည်း စစ်အစိုးရကမူ သူတို့သည် လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို မလုပ်ခဲ့ရကြောင်းနှင့် တိုင်းရင်းသား သူပုန်အဖွဲ့အများအပြားက ခွဲထွက်ရန် တိုက်ခိုက် ပုန်ကန်နေကြသဖြင့် တိုင်းပြည်မပြိုကွဲစေရန် လူမျိုးပေါင်းစုံ ပြည်သူများကို ကယ်တင်နေရခြင်းသာ ဖြစ်ကြောင်း ခုခံကာကွယ်ပြောကြားခဲ့သည်။

စစ်အစိုးရက သူတို့၏ အာဘော် နေ့စဉ်သတင်းစာမှနေ၍ နယ်စပ်အခြေစိုက် တိုင်းရင်းသားအဖွဲ့များသည် နိုင်ငံအဝှမ်း ဖောက်ခွဲမှုများပြုလုပ်ပြီး ဆူပူမှုများ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေကြသည်ဟု မကြာခဏ စွပ်စွဲပြောဆိုခဲ့သည်။ ဒေသခံကျေးရွာသားများကို သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများလည်း ပြုလုပ်ကြသည်ဟု သူတို့က စွပ်စွဲပြောကြားသည်။

`စုံစမ်းရေးကော်မရှင်သာ ဖွဲ့စည်းပြီးပါက စစ်အစိုးရ၏ အကြောင်းပြချက်များသည် လက်ခံနိုင်စရာ မရှိတော့ကြောင်းနှင့် ကော်မရှင်၏ တွေ့ရှိချက်များအပေါ် အခြေခံ၍ သူတို့ကို အပြစ်ပေး အရေးယူနိုင်တော့မည်ဖြစ်ကြောင်း´ ရှေ့နေတဦးလည်းဖြစ်သည့် Sappho Dias က ပြောသည်။
စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးအတွက် ကင်ပိန်းလှုပ်ရှားမှုကို ထောက်ခံသည့်အနေဖြင့် APPG-Burma အဖွဲ့ဝင်အမတ်များက ယခင်တပတ်က နံနက်အစောပိုင်းအဆို (Early Day Motiion) ကို တင်သွင်းခဲ့ရာ ပါတီစုံမှ ထင်ရှားသော အမတ်များ အပါအဝင် အမတ်ပေါင်း ၄၀ ကျော်၏ ထောက်ခံမှုကို ရရှိခဲ့ပြီး အဆိုပါ EDM ကို လက်မှတ်ရေးထိုးပေးခဲ့ကြသည်။

`အရပ်သားများအပေါ် အဓမ္မခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြောင်း အသေအချာ မှတ်တမ်းတင် ပြုစုထားတဲ့ အထောက်အထားတွေပဲ ဖြစ်ပါတယ်´ ဟု APPG-Burma ၏ အတွင်းရေးမှူး Alistair Carmichael က ပြောသည်။

`ဤဆိုးဝါးလှသည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ကိုဖွဲ့ရမည်ဖြစ်ပြီး အဆိုပါ အဓမ္မလုပ်အားပေး ခိုင်းစေသည့်ကိစ္စများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ စွဲတင်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (ILO) ၏ တောင်းဆိုချက်များကို ထောက်ခံရမည်ဖြစ်သည်´ ဟုလည်း Carmichael က ဆက်လက်ပြောဆိုသည်။


Read More...

အိမ်လွမ်းနာ

ရဲနည်

ဒုက္ခသည် အများစုက မြန်မာ ပြည်ရှိ အိမ် သို့ တနေ့ ပြန်နိုင်ကြ လိမ့်မည်ဟု မျှော်လင့် နေကြဆဲ ဖြစ်သည်။

အသက် ၆၀ အရွယ်ရှိ ပြီဖြစ်သူ အဖွားအို ဘီးမဲက သူ၏မြေး များအနက်မှ အငယ်ဆုံး မြေးကို ချီ၍ “ငြိမ်းချမ်းရေး ရလို့ ကတော့ ငါတို့ ရွာကို ပြန်မှာပဲ” ဟု ပြောသည်။


ဘီးမဲနှင့် ကလေး ၄ ဦးက ပြီးခဲ့သည့် ဇူလိုင်လ ကရင်ပြည်နယ်ထဲတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများမှ တခြား ဒုက္ခသည် ရွာသား ၅၀၀ နှင့်အတူ ထွက်ပြေးလာခဲ့ကြသူများ ဖြစ်သည်။ အခုတော့ သူတို့၏ ယာယီအိမ် ၀ါးတဲကလေးများဖြင့် ထိုင်း - မြန်မာ နယ်စပ်အနီး ထာ့ဆောင်ယန်းရှိ ယာယီဒုက္ခသည်စခန်းတခုတွင် ဖြစ်သလို နေထိုင်နေကြရသည်။

ဇွန်လဆန်းပိုင်းမှ စတင်၍ မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တို့ ပူးပေါင်းကာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သောကြောင့် တခြားသော ကရင်ရွာသား ၄၀၀၀ နှင့်အတူ စစ်ဘေးဒဏ်မှ လွတ်မြောက်နိုင်ရန် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသူများ ဖြစ်သည်။

ထိုင်း - မြန်မာနယ်စပ်ရှိ စခန်းများတွင် ဒုက္ခသည် အရေအတွက် စုစုပေါင်း ၁၃၄၀၀၀ အထိ တိုးလာခဲ့ပြီး ဒုက္ခသည် ၅၀၀၀၀ ကို အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများသို့ ပြောင်းရွှေ့အခြေချပေးခဲ့ပြီး ဖြစ်သည်။ သို့သော် ဒုက္ခသည်အများစုမှာ တနေ့ အိမ်ပြန်ရနိုး မျှော်လင့်နေကြဆဲ ဖြစ်သည်။

ဒုက္ခသည် စခန်းများတွင် ကြာရှည် နေထိုင်နေရသူများအဖို့ အိမ်ပြန်ရမည့်အရေး အိပ်မက်များက မှေးမှိန်လာနေသည်။ ထိုင်းနိုင်ငံအတွင်းသို့ ဒုက္ခသည်များ စတင် ရောက်ရှိလာခဲ့သည်မှာ မျိုးဆက်တခုစာမျှ ရှိပြီဟု ဆိုရတော့မည်။

၁၉၈၄ ခုနှစ် မြန်မာအစိုးရက ကရင်သူပုန်များ ထိန်းချုပ်ထားသည့် ဒေသများကို ထိုးစစ်များ ဆင်နွှဲလာခဲ့ချိန် အရပ်သား လူထု ၁၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြရပြီး တဘက်ကမ်း ထိုင်းနိုင်ငံတွင်း၌ စတင်ခိုလှုံ နေထိုင်လာခဲ့ကြရသည်။

ထိုင်းနိုင်ငံက ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး အသိအမှတ်ပြု ထားသည့် နိုင်ငံတခု မဟုတ်သကဲ့သို့ ယခုထိလည်း ၎င်းသဘောတူညီချက်ကို တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသေးပါ။ သို့သော်လည်း ဒုက္ခရောက်လာကြသည့် ကရင်လူမျိုးများအတွက် ခိုလှုံခွင့်ပေးခဲ့ပြီး ယခင်ကာလများက ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် ဒုက္ခသည်များကို ခွင့်ပြုပေးသကဲ့သို့ နောက်ပိုင်းတွင် လူသားချင်းစာနာမှု အကူ အညီများ ထောက်ပံ့ခွင့်ပြုခဲ့သည်။

၁၉၈၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထိုင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံ၏အရှေ့ပိုင်း၌ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ဒုက္ခသည်များအတွက် ကူညီပေးနေကြသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား မြန်မာဒုက္ခသည် များအတွက်လည်း အကူအညီပေးပါရန် ကမ်းလှမ်းလာခဲ့သည်။

၎င်း အေဂျင်စီများ စုပေါင်း၍ ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းထွက်ပြေးလာသူများအတွက် ၀န် ဆောင်မှုပေးရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (CCSDPT) ဟူသည့် အဖွဲ့ဖွဲ့ကာ ချက်ချင်းဆိုသလိုပင် ဒုက္ခသည်များအတွက် ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်များ စတင်ခဲ့သည်။

ကရင်ဒုက္ခသည်များ ယူဆထားခဲ့ကြသလိုပင်၊ ထိုင်းအစိုးရနှင့် အကူအညီပေးရေး အဖွဲ့များက ကရင်ပြည်နယ်မှ ထွက်ပြေးလာကြသည့် ဒုက္ခသည်များ အချိန်တိုအတွင်း အိမ်ပြန်နိုင်မည်ဟု ယူဆခဲ့ကြသည်။ သို့သော်လည်း ပြဿနာက ကြီးထွား ပျံ့နှံ့ခဲ့သည်။

များမကြာမီ မွန်ဒုက္ခသည်များလည်း ထိုင်းနိုင်ငံ တောင်ပိုင်းဒေသကို ဖြတ်ကျော်ပြေးဝင်၍ ခိုလှုံလာကြပြန်သည်။ ထိုဒုက္ခသည်များက မြန်မာစစ်သားများ ရက်စက် ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့ကြသည့် ရွာများမီးတိုက်ခြင်း၊ မုဒိမ်းပြုကျင့်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အကျဉ်းရုံး သုတ်သင် သတ်ဖြတ်ပစ်ခြင်း၊ အတင်းအကျပ် အလုပ်ခိုင်းစေခြင်း စသည့် ကိုယ်တွေ့ဖြစ်ရပ်များကို ပြန်ပြောပြခဲ့ကြသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကဲ့သို့သော နိုင်ငံတကာ အေဂျင်စီများကလည်း ကြည့်နေရုံ မျှသာ တတ်နိုင်သည်။ မြန်မာနိုင်ငံတွင်း၌ အိုးအိမ်အခြေမဲ့ ရွှေ့ပြောင်းထွက်ပြေးနေကြရသော၊ ကြောက်ရွံ့ထိတ်လန့်နေကြ ရသော ဒုက္ခသည်များကို ကူညီပေးရန် မတတ်စွမ်းနိုင်ခဲ့ပေ။

နောက် ၄ နှစ်အကြာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လတွင် မြန်မာတနိုင်ငံလုံး ပါဝင်သည့် လူထုအုံကြွမှုများ ပေါ်ပေါက်လာပြီး နောက် ဖြစ်ရပ်များက ပြောင်းလဲခဲ့သည်။ ဆန္ဒပြပွဲများကို စစ်အစိုးရက ရက်စက်စွာ ဖြိုခွင်း ချေမှုန်းခဲ့သည့်အခါ ထောင်ပေါင်းများစွာသော ကျောင်းသားလူငယ်များ၊ တက်ကြွလှုပ်ရှားသူများ ထိုင်း - မြန်မာနယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာကြပြန်သည်။

၎င်းတို့အနက်မှ အများစုက ဘန်ကောက်သို့ ကြံဖန်လမ်းရှာပြီး UNHCR ၏ လုပ်ပိုင်ခွင့်အာဏာအောက်တွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့ကြသည်၊ ဒုက္ခသည် အဖြစ် လျှောက်ထားကြသည်။

ယေဘုယျအားဖြင့် ဒုက္ခသည် အမျိုးအစား ၂ မျိုးဖြစ်သွားသည်။ “စစ်ဘေး ဒဏ်ကြောင့် ထွက်ပြေးလာရသူများ” (အထူးသဖြင့် ကရင်၊ ကရင်နီ၊ မွန် တိုင်းရင်းသားများ) နှင့် UNHCR ၏ “စိုးရိမ်ဖွယ်ရာ အခြေအနေ” ဟု သတ်မှတ်ခံရသူများ ဖြစ်သည်။

ဒုတိယအမျိုးအစားတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ နိုင်ငံရေးလှုပ်ရှားသူများ၊ အတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူ ကျောင်းသားများ အပြင်၊ နယ်စပ်တွင် လုံခြုံမှုမရှိဟု ခံစားနေရသည့် တိုင်းရင်းသားများလည်း ပါ ၀င်သည်။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးချိန် တက်လာခဲ့သည့် မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် စစ်မြေပြင်များကို ဈေးကွက် များအဖြစ် ပြောင်းလဲလိုကြသည့် ထိုင်းစစ်ခေါင်းဆောင်များအကြား သစ်ထုတ်လုပ်ငန်းများ အပါအ၀င် တခြား စီးပွားရေး သဘောတူညီမှုများ ပြုခဲ့ကြသည်။ ယင်းကာလ နောက်ပိုင်းတွင် နယ်စပ်ဒေသတွင် ကြားခံဇုန်အဖြစ်ထားရှိခဲ့သည့် ကရင်သူပုန်များကို ထိုင်းအစိုးရက သည်းညည်းခံနေသည့် မူဝါဒများ စွန့်လွှတ်လာသကဲ့သို့ မြန်မာ အစိုးရ စစ်တပ် များကလည်း ထိုင်း-မြန်မာနယ်စပ်တွင် တိုး၍ နေရာယူလာခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်း ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပေါ်လာပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ မယ်ဟောင်ဆောင် ခရိုင်အတွင်းသို့ ဒုက္ခသည် အမြောက်အများ ပြေးဝင်ခိုလှုံလာကြပြန်သည်။ တောင်ဘက်ပိုကျသည့် မွန်ဒေသများတွင်လည်း မွန်ဒုက္ခသည်များက ဘုရားသုံးဆူတောင်ကြားဒေသကို ဖြတ်၍ ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင်အတွင်းသို့ ပြေးဝင်ခိုလှုံလာကြပြန်သည်။

ကမောက်ကမနိုင်လှသည့် မြင်ကွင်းများလည်း ရှိခဲ့သည်။ ထိုင်းနိုင်ငံသို့ ထွက်ပြေးနေကြသည့် ဒုက္ခသည် လူထုကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံမှ ကျွန်းသစ်လုံးများ တင်ဆောင်လာသည့် ထရပ်ကားကြီးများ ထိုင်းနိုင်ငံတွင်းသို့ ၀င်သွားကြသည်။ ထရပ်ကားတန်းကြီး ရှည်လေ၊ ထိုင်းနိုင်ငံတွင်းသို့ ပြေးဝင်လာသည့် ဒုက္ခသည် အရေအတွက် ပို၍ များလာလေလေ ဖြစ်နေခဲ့သည်။

၁၉၉၅ ခုနှစ်တွင် KNLA ဌာနချုပ်ဖြစ်သော မာနယ်ပလောစခန်း စစ်အစိုးရတပ်များ လက်တွင်း ကျရှုံး ခဲ့ရပြီးနောက်ပိုင်း နယ်စပ်ဒေသ အခြေစိုက် အင်အားစုများအဖို့လည်း စိတ်ဓာတ်ရေးရာအရ အကြီးကျယ်ဆုံး ထိုးနှက်မှု ဖြစ်ခဲ့သည်။ ကရင်တော်လှန်ရေးတပ်များ၏ ခရစ်ယာန်ခေါင်းဆောင်မှုနှင့် အောက်ခြေ ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပေါ်နေခဲ့သည့် မကျေနပ်မှုများကို မြန်မာစစ်အစိုးရက အသုံးချ၍ ဖြိုခွဲ အနိုင်ရယူခဲ့သည်။

နောက်ပိုင်းတွင် ခွဲထွက်ခဲ့ကြသည့် ဗုဒ္ဓဘာသာဝင် ကရင်တပ်သားများက နာမည်ဆိုးဖြင့် ကျော်ကြားသည့် DKBA ကို ထူထောင်ခဲ့သည်။ စစ်အစိုးရက ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်ရာတွင် ၎င်း DKBA တပ်များကို ရှေ့တန်းတင် အသုံးချလာခဲ့ကြသည်။

မြောက်ဘက်ပိုကျသည့် နေရာများတွင်မူ ထိုင်းအစိုးရက ဒုက္ခသည်များ ၀င်ရောက်လာမည်ကို မလိုလားခဲ့။ အထူးသဖြင့် ရှမ်းပြည်နယ်အတွင်း အဓမ္မရွှေ့ပြောင်း နေရာချထားမှုကြောင့် ထွက်ပြေးလာကြသည့် ရှမ်းတိုင်းရင်းသား ဒုက္ခသည်များ အပေါ် သတ်မှတ်ထားသည့် ဒုက္ခသည် စံ သတ်မှတ်ချက် မပြည့်မီဟု ဆိုကာ ထိုင်းအစိုးရက ပယ်ချခဲ့ကြသည်။ ဤသို့ တင်းကျပ်သည့် စည်းကမ်းချက် မပြည့်မီသူများအား စီးပွားရေးကြောင့် ရွှေ့ပြောင်းအခြေချ လာကြသူများဟုသာ သတ်မှတ်ခဲ့ကြသည်။

ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးလာကြသည့် ရှမ်းဒုက္ခသည်များက ဒုက္ခသည်စခန်းထူထောင် ခိုလှုံခွင့် မရကြဘဲ ဒေသခံ ထိုင်းလူထုများအကြားသာ အလုပ်အကိုင် ရှာဖွေလျက် ပုံဖျောက် ခိုလှုံခဲ့ကြရသည်။ တဘက်တွင် လွတ်လပ်မှုရှိသည်ဟု ဆို နိုင်သော်လည်း အခြားတဘက်တွင် ခေါင်းပုံဖြတ်ခံရမှုများနှင့် အလွဲသုံးစားပြုမှုများ ကြုံရသည်။ ထိုင်း အစိုးရက ရွှေ့ပြောင်းအခြေချလာသူများကို ပို၍ တင်းကျပ်ကန့်သတ်လာသည်နှင့်အမျှ ဖမ်းဆီးခံရမည့်အရေး၊ ပြန်ပို့ခံရမည့်အရေး စိုးရိမ်ပူပန်နေကြရသည်။

ကရင်ဒုက္ခသည်များအဖို့မူ သူတို့၏စခန်းများကို (DKBA) တပ်များက စစ်ရေးအရ တိုက်ရိုက်ကျူးကျော် တိုက်ခိုက် ကြသောကြောင့် တမျိုးတဖုံ ကွဲပြားသည့်၊ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နေသည့် အနေအထားမျိုး ရင်ဆိုင် ရပြန်သည်။ ထိုင်းအစိုးရက ဒုက္ခသည်များ၏ လုံခြုံရေးကိုကြည့်၍ ဒုက္ခသည်စခန်းငယ်များကို စခန်းကြီးများအဖြစ် ပေါင်းစုသည်။ သိသာထင်ရှားသည့်စခန်းဆိုလျှင် မဲလဒုက္ခသည်စခန်းဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြို့နယ်အသေးစား တခုမျှ ပင် ရှိတော့မည်။ ထို့အပြင် စခန်းတွင်းလုံခြုံရေးကိစ္စများအတွက် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကိုလည်း ကန့်သတ်၍ တာဝန်ခွဲဝေပေးမှုများ ရှိလာခဲ့သည်။

ဒုက္ခသည်စခန်းများကို (DKBA) တပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ကြသည့် ကိစ္စအပြင် တခြားဖြစ်ရပ် ၂ ခုကို အကြောင်းပြု၍ ထိုင်းနိုင်ငံ၏ ဒုက္ခသည်ဆိုင်ရာ မူဝါဒလည်း အဓိက ပြောင်းလဲမှုများ ရှိလာခဲ့သည်။

၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ (VBSW) ဟု အမည်ပေးထားသည့် သေနတ်သမား ၅ ဦးက ဘန်ကောက်ရှိ မြန်မာသံရုံးကို ၀င်ရောက်စီးနင်းသိမ်း ပိုက်မှု ဖြစ်ပေါ်ခဲ့သည်။ ထိုသူများက ဓားစာခံများလည်း ဖမ်းဆီးထားခဲ့ပြီး၊ သံရုံးဝင်းကို တရက်ကြာ သိမ်းပိုက်ထားခဲ့သည်။ ထိုင်းနိုင်ငံ၏ ဒု-နိုင်ငံခြားရေးဝန်ကြီးက ၀င်ရောက်ညှိနှိုင်း ဖြန်ဖြေပေးကာ ဓားစာခံများ ပြန်လည်လွတ်မြောက်စေခဲ့ပြီး၊ သေနတ်သမားများနှင့်အတူ ရဟတ်ယာဉ်ဖြင့် လိုက်ပါကာ၊ နယ်စပ်ဒေသတွင် ထိုသူများကို ပြန်လွှတ်ပေးခဲ့သည်။

ဤဖြစ်ရပ်အပြီး လအနည်းငယ်အကြာ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၄ ရက်တွင် ၎င်းစွမ်းအားမြှင့် အုပ်စုများနှင့် ကရင်အုပ်စု ငယ်တခုဖြစ်သည့် God’s Army ဟု ခေါ်သည့် အုပ်စုက ရတ်ခ်ျဘူရီခရိုင်ဆေးရုံကို စီးနင်းကာ လူ ၅၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြန်သည်။

၎င်းတို့က God’s Army အခြေစိုက်စခန်းရှိ အရပ်သားများကို ထိုင်းနိုင်ငံဖြတ်ကျော် ခိုလှုံခွင့်ပြုရန် တောင်းဆိုခဲ့ကြပြီး ထိုင်းစစ်တပ်က သူတို့စခန်းနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းများ ချက်ချင်းရပ်ဆိုင်းပေးရန် တောင်းဆို ခဲ့ကြသည်။

ဇန်န၀ါရီ ၂၅ ရက် နံနက်ပိုင်းတွင်မူ ထိုင်းကွန်မင်ဒိုတပ်ဖွဲ့များက ဆေးရုံကို ပြန်လည်စီးနင်းခဲ့ကြပြီး ဓားစာခံဖမ်းထားသူ များကို ပြန်လည်လွတ်မြောက်စေခဲ့သည်။ ၀င်ရောက်စီးနင်းသူ သေနတ်သမားများက လက်နက်ချပြီး ဆေးရုံ၏ တခြား တဘက်အဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင် သက်သေများက ဆိုကြသော်လည်း၊ များမကြာမီပင် ဆေးရုံပြင်ပ၌ ၀င်ရောက်စီးနင်းသူ ၁၀ ဦး၏ အလောင်းများကို မြင်တွေ့ခဲ့ကြရသည်။

ဤဖြစ်ရပ် ၂ ခု နောက်ပိုင်းတွင် ထိုင်းအစိုးရက အန္တရာယ်ပေးနိုင်မည်ဟု ယူဆသည့် မြန်မာဒုက္ခသည်များအပေါ် ပို၍ တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်လာတော့သည်။ ၁၉၉၉ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းအစိုးရက ၂၀၀၀ ပြည်နှစ် အကုန်၌ ရတ်ခ်ျဘူရီခရိုင်အတွင်းရှိ မနီလွိုင်းမြန်မာကျောင်းသား ဒုက္ခသည်စခန်းကို ပိတ်ပစ်တော့မည်ဟု ကြေညာခဲ့သည်။

ထို့အပြင် အနောက်နိုင်ငံများကိုလည်း မြန်မာဒုက္ခသည်များအား လက်ခံနေရာချထား ပေးရန် တိုက်တွန်း ဖိအားပေး လာခဲ့သည်။

ထိုင်းအာဏာပိုင်များကလည်း ဘန်ကောက်နှင့် တခြားမြို့ပြများရှိ မြန်မာဒုက္ခသည်များ အနေနှင့် နယ်စပ်စခန်းများသို့ ရွှေ့ပြောင်းကြရမည်ဟု ဆိုသည်။ အကယ်၍ မလိုက်နာဘဲ ကျန်ရှိနေပါက တရားမ၀င် ခိုးဝင်နေထိုင်သူအဖြစ် သတ်မှတ် ဖမ်းဆီးပြီး ပြန်လည်နှင်ထုတ်မည် ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် နယ်စပ်ဒေသ၌ အခြေပြု၍ UNHCR က ဒုက္ခသည်များကို တရားဝင် မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ခရိုင်အဆင့် လက်ခံရေးဘုတ်အဖွဲ့ (PABs) ကို ဖွဲ့စည်း၍ နောက်ထပ်လာမည့် ဒုက္ခသည် အသစ်များအပေါ် တင်းကျပ်သည့် စည်းမျဉ်းများဖြင့် ဒုက္ခသည်အဖြစ် ဆုံးဖြတ် သတ်မှတ်နိုင်ရန် တာဝန်ပေးခဲ့သည်။

မှတ်ပုံတင်ထားသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံတွင် ယာယီခိုလှုံခွင့် လက်ခံပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါး ပြုစုစောင့်ရှောက်မှုများ ရရှိလိမ့်မည် ဖြစ်သည်။ ထိုသူများကို စခန်းများအတွင်း၌ ကန့်သတ်နေထိုင်စေမည်ဖြစ်ပြီး မြန်မာ နိုင်ငံ အခြေအနေ ပုံမှန်ပြန်ဖြစ်ပြီဟု ဆုံးဖြတ်သည့်အခါ မြန်မာနိုင်ငံသို့ ပြန်ပို့ခံကြရလိမ့်မည် ဖြစ်သည်။

ထိုအချိန်က တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချစေရေး အစီအစဉ်များ မပါဝင်သေးပါ။ ဒုက္ခသည်အသစ်များ ထပ်မံပြေးဝင် ခိုလှုံလာသည်နှင့်အမျှ ဒုက္ခသည် စိစစ်ရေး ခရိုင်အဆင့် လက်ခံရေးဘုတ်အဖွဲ့ (PABs) များကလည်း ပယ်ချမှု ပိုမို တိုးပွားလာခဲ့သည်။

၂၀၀၄ - ၀၅ ခုနှစ်တွင် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက UNHCR ၏ ပံ့ပိုးမှုဖြင့် ဒုက္ခသည်အားလုံး၏ သန်းခေါင်စာရင်းကို ကောက်ယူခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဆောင်ရွက်မှုစာရင်းအရ ဒုက္ခသည် ၁၀၂၉၉၂ ဦးကို ပြန်လည်မှတ်ပုံတင်ပေးခဲ့ပြီး ထိုအချိန်နောက်ပိုင်း ရောက်ရှိလာသူ ၃၄၀၆၁ ဦးကိုလည်း စိစစ် မှတ်ပုံတင်ပေးခဲ့သည်။ စုစုပေါင်းဆိုလျှင် ဒုက္ခသည်
၁၃၆၀၅၃ ဦး သန်းခေါင်စာရင်းအရ မှတ်ပုံတင်ထားခဲ့သည်။

PABs အဖွဲ့များက ၂၀၀၅ ခုနှစ်အတွင်း မှတ်ပုံမတင်ရသေးသည့် အမှုများကို ပြန်လည်စဉ်းစား စိစစ်ခဲ့ပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလမှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဒုက္ခသည် ၃၅၇၂၉ ဦးတို့၏ အဆင့်အတန်းများကို သတ်မှတ် ပေးခဲ့ကြသည်။ ဤ အရေအတွက်တွင် ၂၀၀၈ ခုနှစ်အတွင်း ဒုက္ခသည်အဖြစ် သတ်မှတ်ခံရသူ ၂၁၃၁ ဦးလည်း အပါအ၀င် ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ထိုင်းအစိုးရက ထိုင်း - မြန်မာနယ်စပ် စခန်းများအတွင်း နေထိုင်နေသည့် ဒုက္ခသည်များကို အနောက်နိုင်ငံများနှင့် အထူးသဖြင့် အမေရိကန် ပြည်ထောင်စုတွင် ပြောင်းရွှေ့အခြေချစေရန် သဘောတူညီခဲ့သည်။ ဤသို့ ပြောင်းရွှေ့အခြေချရေး အစီအစဉ်ကြောင့် ဒုက္ခသည်စခန်းများအဖို့ တစုံတရာ ၀န်ထုပ်ဝန်ပိုး သက်သာ စေခဲ့သော်လည်း ပြဿနာ အသစ်များလည်း ပေါ်လာခဲ့သည်။ အနောက်နိုင်ငံများတွင် ဘ၀သစ်ဖြင့် အခြေချလိုသူများကို ဆွဲဆောင်သလို ဖြစ်နေသည့်အတွက် ဒုက္ခသည် လျှောက်ထားသူ ပို၍တိုးလာခဲ့ပြန်သည်။

“ဒုက္ခသည် အရေအတွက် အများအပြား တတိယနိုင်ငံတွေမှာ အခြေချပြီးပေမယ့်လည်း စခန်းလူဦးရေကတော့ တိုး လာတုန်းပဲ” ဟု ထိုင်း - မြန်မာ နယ်စပ် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ကြီး (TBBC) ၏ အမှု ဆောင်ဒါရိုက်တာ ဂျက် ဒန်းဖို့ဒ်က ပြောသည်။ ၎င်းအဖွဲ့က မြန်မာဒုက္ခသည်များအတွက် လူသားချင်း စာနာမှု အကူအညီများ ဦးဆုံးစတင် ထောက်ပံ့ပေးခဲ့သော ညွန့်ပေါင်းအဖွဲ့တခုလည်း ဖြစ်သည်။

ဒုက္ခသည်များကို စနစ်တကျ မှတ်တမ်းတင်နိုင်ရေးက ခက်ခဲလှသည်။ လက်ရှိအခြေအနေတွင် စခန်းများအတွင်း၌
စာရင်းမပေါက်သေးသည့် ဒုက္ခသည် ၄၂၀၀၀ နေထိုင်လျှက် ရှိနေသေးသည်။ ဒုက္ခသည်များ မှတ်ပုံတင်ရေးကိစ္စကို ပို၍ မြန်ဆန်စေရန် မကြာသေးမီက ထိုင်းအစိုးရက “ကြိုတင် ခွဲခြားစိစစ်ရေး” လုပ်ငန်းစဉ်ကို စတင်ကျင့်သုံးလာခဲ့ပြီး နယ်စပ်ဒေသရှိ စခန်း ၄ ခုဖြစ်သည့် ထမ်ဟင်း၊ ဘန့်တုန်ယန်း၊ နိုဖိုးနှင့် စခန်း ၁ တို့တွင် အစမ်း စီမံချက်အဖြစ် စတင် ဆောင်ရွက်ခဲ့ကြသည်။

ယခု စမ်းသပ်လုပ်ဆောင်နေသည့် စီမံချက်က စက်တင်ဘာလတွင် ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။

တချိန်တည်းမှာပင် TBBC အဖွဲ့က ကိုယ်ပိုင်စခန်းနေ လူဦးရေများဆိုင်ရာ အချက်အလက်သွင်းစနစ် တခု ပြုစု တည်ဆောက်နေပြီး သူတို့ ထောက်ပံ့ကျွေးမွေးနေရသည့် လူဦးရေကို အနီးစပ်ဆုံး အမှန်အတိုင်းသိရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသည်။

ကိန်းဂဏန်းများအရ များစွာ ရှုပ်ထွေးလှသည်။ ဥပမာအားဖြင့် ဇွန်လကုန်ပိုင်းတွင် UNHCR ၏ စာရင်းအရ စခန်းများအတွင်းရှိ ဒုက္ခသည် ၁၁၂၇၅၅ ဦး ရှိနေသော်လည်း TBBC အဖွဲ့၏ အိမ်ထောင်စုစာရင်းတွင်မူ ၁၃၄၄၀၁ ဦးဟု ပြသနေသည်။

ယခုအခါ စခန်းများအတွင်း၌ ရိက္ခာခွဲတမ်းစာအုပ် စနစ် စတင်ကျင့်သုံးနေပြီ ဖြစ်သည်။ မှတ်ပုံတင်ထားသည့် ဒုက္ခသည် များ အားလုံးအဖို့ မလုံလောက်သော်လည်း နေ့စဉ်ရိက္ခာ ခွဲတမ်းအတိုင်း ရရှိစေမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ်က ကမ္ဘာ တ၀န်း စီးပွားပျက်ကပ် ဖြစ်လာသည့်အခါ ရိက္ခာဖြတ်တောက်မှုများ ရှိလာသည်။ ယခင်ပေးနေကျ ဆပ်ပြာကိုပင် စာရင်းမှ ဖြတ်တောက်ခဲ့ကြရသည်။

ဤသို့သော အခြေအနေများ ရင်ဆိုင်နေကြရသည့်အလျှောက် စခန်းတွင်း နေထိုင်သူများအကြား စိတ်ဓာတ် အကြီးအကျယ် ကျဆင်းရမှုများလည်း ဖြစ်ပေါ်လာသည်။ အထူးသဖြင့် အိမ်တွင်းပြဿနာများကဲ့သို့သော မိသားစုတွင်း အကြမ်းဖက်မှုများ လည်း မြင့်တက်လာသည်။ မိမိကိုယ်မိမိ သတ်သေသည့်နှုန်းလည်း မြင့်လာခဲ့သည်။

ရောက်ရှိလာကြသည့် ဒုက္ခသည် အသစ်များက တခါတရံ အသက်အန္တရာယ်ရှိသည်ကိုပင် စွန့်စား၍ သူတို့နေရပ်ရင်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ကျန်ရှိနေခဲ့သော ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများ၊ တိရိစ္ဆာန်များကို ပြန်၍ ရှာဖွေရယူတတ်ကြသေး သည်။

ဤစိတ်ပျက်ဖွယ် အနေအထားသည် စခန်းများအတွင်းသို့ တဖြည်းဖြည်း ပျံ့နှံ့လာသကဲ့သို့ အလှူရှင် အဖွဲ့အစည်းများ အတွင်းသို့ပင် စိမ့်ဝင်လာခဲ့သည်။ "အလှူရှင်များ လက်ပန်းကျမှု" ဟူသည့် စကားပင် အသုံးများ လာခဲ့သည်။

ပြောင်းရွှေ့အခြေချရေး အစီအစဉ်မှ အောင်မြင်မှုများ အားရဖွယ် တွေ့မြင်နေကြရသော်လည်း မြန်မာဒုက္ခသည် ပြဿနာ နိဂုံးချုပ်သွားမည့်အရေး မမြင်ရသေးပါ။ တချို့အလှူရှင်များက အဖြေထုတ်နိုင်မည့် တခြားနည်းလမ်းများ ရှာကြံ လာကြသည်။

ဘန်ကောက်အခြေစိုက် ဥရောပသံတမန်တဦးက ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်းများကို အကူအညီပေးနေ မည့်အစား မြန်မာနိုင်ငံအတွင်းရှိ စီမံချက်များသို့ ပိုတိုး၍ လူမှုရေး အကူအညီများ ပေးအပ်ရန် ဥရောပကော်မရှင် (EC) အတွင်း၌ စိတ်သန်နေကြသည်ဟု အတည်ပြု ပြောကြားသည်။

ထိုင်းအစိုးရသို့ ချဉ်းကပ်၍ ဒုက္ခသည်များကို အလုပ်အကိုင် ရှာဖွေရေးအတွက် အခွင့်အလမ်းများပေးရန်နှင့် ထိုင်းနိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေးစနစ်အတွင်း ပေါင်းစည်း၍ စောင့်ရှောက် ဆောင်ရွက်ပေးပါရန် တိုက်တွန်းစည်းရုံးမှုများလည်း ရှိနေသည်။ "ကိုယ်ထူကိုယ်ထ ရပ်တည်ရေး" ဟူသည့် စကားလည်း ရေပန်းစားလာသည်။

၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက စခန်းတွင်းရှိ ဒုက္ခသည်များ အပိုဝင်ငွေရရှိစေရေး အခွင့်အလမ်း များအတွက် အသက်မွေးဝမ်းကျောင်းမှု သင်တန်းများပေးရန် NGO များကို ခွင့်ပြုပေးသည့်အခါ လမ်းစအနည်းငယ် ပွင့်လင်းလာသလို မြင်တွေ့ကြရသည်။

သို့သော်လည်း ၎င်းနှစ်မှာပင် ထိုင်းနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုများ ဖြစ်လာသည့်အခါ တိုးတက်မှုများလည်း ရပ်ဆိုင်းလုမတတ် ဖြစ်ခဲ့ရသည်။ မဲလနှင့် ထမ်ဟင်း ဒုက္ခသည်စခန်းများတွင် စိုက်ပျိုးရေးစီမံကိန်းများကဲ့သို့သော အပိုဝင်ငွေ ရရှိစေရေး စီမံကိန်း အနည်းအကျဉ်းမျှကိုသာ စတင်ဆောင်ရွက်ရသေးချိန် ဖြစ်သည်။ ဤကာလတွင် ဒုက္ခသည်ကျောင်းသားအနည်းအကျဉ်းကို ထိုင်းတက္ကသိုလ်များသို့ တက်ရောက်ခွင့် ပေးလာခဲ့သည်။

ထိုင်းနိုင်ငံ၏ ဒီမိုကရက်တစ်ပါတီ ဦးဆောင်သည့် အစိုးရသစ်ကTBBCအဖွဲ့မှ တင်ပြထားသည့် အဆိုပြုချက်များကို
ပို၍ လက်ခံနားထောင်ပုံရသည်။ ယခုအခါတွင် TBBC အဖွဲ့နှင့် ထိုင်းအစိုးရ ဌာနများအကြား တွေ့ဆုံဆွေးနွေးနေမှုများမှ ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟုလည်း စခန်းတွင်းတွင် မယုံရဲရဲ မျှော်လင့်ကြိုဆိုနေကြသည်။

ဒုက္ခသည်စခန်းများဆီသို့ ဇူလိုင်လက ထိုင်းနိုင်ငံအစိုးရ၏ တရားဝင်လာရောက် ကြည့်ရှုသည့် ခရီးစဉ်တွင် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုက္ခသည်များအရေး ဗဟိုဌာန၊ နိုင်ငံခြားဆက်ဆံရေး ဌာနခွဲ၏ ညွှန်ကြားရေးမှူး Tassana Vichaithanapat က ထိုင်းအစိုးရအနေနှင့် ရေရှည်ကာလအတွက် အဖြေကို ကြိုးပမ်းရှာ ဖွေနေကြောင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် မြန်မာဒုက္ခသည်များကို ဆက်လက်ထောက်ပံ့ပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့သည်။

TBBCအဖွဲ့၏ ခေါင်းဆောင် ဂျက် ဒန်းဖို့ဒ်၏ အမြင်တွင်မူ ရေရှည်ကာလအတွက် အဖြေဆိုသည်မှာ တခုသာ ရှိသည်။ မြန်မာအစိုးရကို ပြောင်းလဲရမည်ဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ဖျားဒေသများကို စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အားလုံးကို အဆုံးသတ်မှသာ ဖြစ်နိုင်မည်ဟု မြင်ပါသည်။

“မြန်မာစစ်တပ်က အလုံးစုံ ချုပ်ကိုင်ချင်တယ်။ ဒီရည်ရွယ်ချက်အတွက် ဘယ်လောက်အချိန်ကြာကြာ သူတို့က ဂရုမစိုက်ဘူး။ ကျနော်တို့က အခုအချိန်မှာ သိပ်ပြီးတော့ကို အရေးကြီးတဲ့ အဆင့်ကို ရောက်နေပါပြီ။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေးကို ငြင်းဆန်နေကြတယ်။ ကျနော်တို့ နောက်ထပ် ဒုက္ခသည် ၅၀၀၀ ကနေ ၁၀၀၀၀ အထိ ထွက်ပြေးလာတာမျိုး မြင်ကြရဖို့ အကြောင်းရှိနေပါ တယ်” ဟု ဂျက် ဒန်းဖို့ဒ်က ပြောသည်။

ရဲနည် ရေးသားသည့် Homesick ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Read More...

အာဏာရှင်၏ ယန္တရား

မဇ္စျိမသတင်းဌာန

စစ် အစိုးရ၏ မဟာဗျူ ဟာကျ ထူထောင် ခဲ့သည့် ကျောထောက် နောက်ခံ အဖွဲ့ တခု ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၏ နှစ်ပတ်လည် အစည်း အဝေးကို ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။


အဖွဲ့ဝင် သန်း ၂ဝ ကျော် သို့မဟုတ် နိုင်ငံလူဦးရေ၏ သုံးပုံတပုံကျော်ပင်ရှိသော အသင်းကြီး၏ ကြိုတင်၍ လူသိရှင်ကြား ကြေညာထားခြင်း မရှိခဲ့သည့် နှစ်ပတ်လည် အစည်းအဝေး၌ ဆွေးနွေးချက်များကို သတင်းအမှောင်ချထားခဲ့သည်။ အသင်းနာယကကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိန့်ခွန်းကိုသာ နိုင်ငံပိုင် မီဒီယာများက ဖော်ပြပေးခဲ့ကြသည်။

မိမိကိုယ်ကိုမိမိ ယုံကြည်စိတ်ချမှု ရှိဟန်တူသော်လည်း အများပြည်သူသို့ တိုက်ရိုက်ဖြစ်စေ၊ ရုပ်မြင်သံကြား ရေဒီယိုများမှဖြစ်စေ မိန့်ခွန်းပြောလေ့မရှိသော စစ်ခေါင်းဆောင်က ၂၁ နှစ်တာ စစ်တပ်အုပ်ချုပ်သည့် ကာလအတွင်း ဆန်နှင့် ကောက်ပဲသီးနှံ အထွက်ပမာဏ များပြားလာသည်မှ အစပြုကာ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်စွမ်းအား၊ ကျန်းမာရေး၊ ပညာရေးတို့တွင် တိုးပွားများပြားလာကြောင်း ၁၉၈၈ ခုနှစ်က အရေအတွက်များနှင့် ယှဉ်ထိုး၍ ပြောကြားသွားခဲ့သည်။

သို့သော် မစားရ ဝခမန်း ကိန်းဂဏန်းများ နောက်ကွယ်မှ တိုးတက်များပြားလာသော လူဦးရေနှင့် နှိုင်းယှဉ်လျက် အဆမတန် မြင့်တက်ခဲ့သော ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း၊ လက်တဆုပ်စာ လူတစုကသာ နိုင်ငံ၏ အရင်းအမြစ် ကြွယ်ဝလှသော သယံဇာတများ၏ အသီးအပွင့်များကိုသာ ခံစားနေမှု၊ ဘဏ္ဍာရေးလိုငွေ အကြီးအကျယ် ပြသနေမှု၊ နိုင်ငံ၏ ဧရိယာအများစုကို လျှပ်စစ်နှင့် ရေသန့် ပေးနိုင်စွမ်းမရှိမှု၊ ကျန်းမာရေးကဏ္ဍ ညံ့ဖျင်းနေမှုနှင့် နာလံမထူနိုင်သေးသော ပညာရေး အဆင့်အတန်းတို့ကိုမူ ထုံးစံအတိုင်းပင် ပြောဆိုခဲ့ခြင်း မရှိပေ။

အမှန်တကယ်က ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ပြည်သူများ ပါဝင်စီမံခန့်ခွဲခွင့် ကင်းမဲ့နေခဲ့သော နိုင်ငံတော် စီမံကိန်းကြီးများကြောင့် အာဏာပိုင်များ၊ ၎င်းတို့နှင့် အလျင်းသင့် စီးပွားရေးသမား တစုအတွက်သာ အကျိုးဖြစ်ထွန်းလာခဲ့သော်လည်း ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်လာခဲ့သည်။ အခမဲ့ လုပ်အားပေး ခိုင်းစေခံရမှု၊ ကိုယ်ထူကိုယ်ထ တံဆိပ်တပ်ကာ အခွန်အတုတ် ဆင့်ခံရမှုတို့က တိုက်ရိုက်ထိပါးမှုအချို့ ဖြစ်သည်။

တကယ်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းသည် လူမှုရေးအသင်းဟု ဆိုသော်လည်း စစ်အုပ်စုက ဖိနှိပ်မှု ယန္တရားအတွက် အသုံးချခဲ့သည်။ နိုင်ငံတော် တည်ငြိမ်ရေးဟူသော ခေါင်းစဉ်အောက်တွင် အတိုက်အခံများကို အင်အားသုံး နှိမ်နင်းရာ၌ ၎င်းအဖွဲ့ဝင်များကို အသုံးချခဲ့သည်။ ပြည်သူလူထုအတွင်း ရန်လိုအငြိုးတကြီး အကွဲအပြဲဖြစ်အောင် တွန်းပို့ခဲ့ခြင်းသာ ဖြစ်သည်။


Read More...

ဝ နှင့် နအဖ တိုက်ပွဲဖြစ်နိုင်ခြေအလားအလာ ရာနှုန်းများ

သျှမ်းသံတော်ဆင့်

ဗမာ့ တပ်မတော် နှင့် ၀ ပြည် သွေးစည်းရေး တပ်မတော်တို့ အကြား တိုက်ပွဲဖြစ် နိုင်ခြေ အလားအလာ ရာခိုင်နှုန်း များကြောင်း ၀ တပ်မှူးများ နှင့် ရင်းနှီးသည့် တောင်ပိုင်း SSA တပ်မှူး တဦးက ပြောပါသည်။

“ဗမာ တပ်က အင်အား ဖြည့်တယ်၊ တပ်စခန်းတွေ အကြီး အကျယ်ပြင် ဆင်တယ် ဆိုတော့ ဘယ်သူ စိတ်ချမှာလဲ၊ တိုင်းရင်း သား တပ် တွေတော့ အင်အား လျှော့ခိုင်းတယ်၊ သူကျတော့ အရမ်းပြင် ဆင်ဖြည့်တင်း တယ်ဆိုတော့မ ဟုတ်သေး ဘူးလေ” - ဟု ၀ ပြည်သွေး စည်းရေး တပ်မှူး တဦးက ပြောပါသည်။

အောက်တိုဘာ လလယ်မှ စ၍ တန့်ယန်းမြို့ နှင့် မျက်နှာ ချင်းဆိုင် သံလွင်မြစ် အရှေ့ဘက်ခြမ်း လွယ်ပန်လုံ နအဖ တပ်စခန်း၌ အကြီး အကျယ် ပြင်ဆင်မှု လုပ်လာကြောင်း၊ လက်နက် အင်အား ထပ်မံဖြည့် တင်းပြီး တပ်လှန့်ထားကြောင်း၊ တန့်ယန်း၌ တိုက်ခိုက်ရေး ယန္တား ဖြစ်သည့် တင့်ကား နှင့် သံချပ်ကာ ကား ၁၀ စီးကျော်လည်း ချထားကြောင်း - ဆိုပါသည်။


“ဗမာတပ်ဘက်က ပြင်ဆင်မှုတွေလုပ်တော့ လွယ်ပန်လုံ (နအဖတပ်) မျက်နှာချင်းဆိုင် မန်းဆိုင်မြို့အနီး လွယ်ပန်ဇုန်က ၀ တပ်စခန်းလဲ စစ်ရေးပြင်ဆင်မှု လုပ်တာပေါ့။ မြေအောက်ကျင်းတွေတောင် ၀ ဘက်က တော်တော်တူးထားတယ်လို့ သတင်း ထွက်နေတယ်” - ဟု တန့်ယန်း မြို့ခံ ၀ နွယ်တဦးကပြောပါသည်။

ဗမာ့တပ်မတော်က စစ်အင်အား ဖြည့်တင်းသကဲ့သို့ ၀ ပြည်သွေးစည်းရေးတပ်မတော် UWSA ကလည်းပန်ဆန်း ဌာနချုပ်၏ မြောက်ဘက်၊ အနောက်ဘက် နှင့် တောင်ဘက် ၁၅-၂၀ မိုင်အကွာ ၃ ဘက် ၃ တန်တွင် ခံတုတ်ကျဉ်းများ ခံတပ်စခန်းများ ပြင်ဆင်တိုးချဲ့ခြင်း၊ ပန်ဆန်းဌာနချုပ်သို့သွားရောက်အလုပ်လုပ်သည့်ရွေ့ပြောင်းအလုပ်သမား၏ ကိုယ်ရေးသမိုင်း စီစစ်ခြင်း၊ ထောက်ခံသူမရှိက နယ်ဝင်ခွင့်တားမြစ်ထားခြင်းတို့ပြုလုပ်ကြောင်း သျှမ်းပြည်မြောက်ပိုင်း ခရီးသွားတဦးကပြော၏။
“တိုက်ပွဲဖြစ်ဖို့ ၈၀% သေချာတယ်” - ဟု ၀ တပ်မှူးအချို့က မိမိအား ယခင်တပတ်ကျော်ကတည်းကပြောကြောင်း အမည် မဖေါ်လိုသည့် SSA တပ်မှူးတဦးကပြော၏။ လူထုကြားတွင်လဲ ဒီကနေ့ (ဒီဇင်ဘာ ၂ ရက်) ဗမာ့တပ်မတော် က ၀နယ်မြေ ထဲ ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဆိုသည့် ကောဋ္ဌာဟာဋ္ဌ သတင်းများလည်းပျံ့လွှင့်နေသည်။

ဝခေါင်းဆောင်များ နှင့် ဗိုလ်ရဲမြင့်တို့ ၁၄/၁၁/၀၉ နေ့က တန့်ယန်း၌တွေ့ကြစဉ် နိုဝင်ဘာ၂၂ နောက်ဆုံးထား လူသူ လက်နက်စာရင်း ပေးပို့ရန်၊ ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် မဖြစ်မနေအသွင်ပြောင်းရန် သတိပေးခဲ့သော် လည်း ၀ တပ်ဖက်မှ တစုံတရာအကြောင်းပြန်ခြင်းမရှိ။ “ကျနော်တို့ရပ်တည်ချက်က အခုထက်ထိ အရင်အတိုင်းဘဲ၊ ဒီဇင် ဘာလကုန်လဲ ပြောင်းလဲမှာမဟုတ်ဘူး။” - ဟု ၀ အရာရှိ တဦးကပြော၏။

နအဖ မည်မျှပင် ဖိအားပေးစေကာမူ ၀ နှင့် မိုင်းလားတပ်ဖွဲ့တို့က အဖွဲ့အစည်းနာမည် ကိုသာပြောင်းရန်အားသန်ပြီး ‘ဗမာ့တပ်မတော်အရာရှိ ပါဝင်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများချထားရေး၊ အခြားနေရာသို့ ၀ အရာရှိများသင်တန်း သွားတက်ရေး’ စသည့် အချက်များကို လက်မခံကြပေ။


Read More...

အနာဂတ်သို့ ပျံသန်းခြင်း (သို့မဟုတ်) ဒုက္ခသည်များ၏ ဘဝပုစ္ဆာများ

နှင်းပန်းအိမ်

ဘဝနဲ့ ပတ်ဝန်းကျင်ဆိုတာ ရှောင်ကွင်းလို့ မရစကောင်း။ ကိုယ်ကျရာဘဝမှာ ကိုယ့်ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ရမယ်ဆိုတဲ့ စကားအတိုင်း ကျမ လက်တွေ့ရင်ဆိုင် ကျင့်သုံးနေရပါတယ်။

လူတွေရဲ့ တွေ့ကြုံ၊ ဆုံကွဲ၊ မလွဲဓမ္မတာ ဇာတ်ခုံမှာ ကြည်နူးစရာ၊ စိတ်ပျက်စရာ၊ အသည်းထိတ်စရာ၊ ကြွေကွဲစရာ၊ ဝမ်းနည်းစရာ အဖြာဖြာရှိခဲ့ပါတယ်။ ကျမကတော့ ကိုယ့်ကံပစ်ချတဲ့၊ ကိုယ့်ဘဝတာဝန်ကို ကျေပွန်ရမယ်ဆိုတဲ့ စိတ်နဲ့ ဘဝကို တည်ဆောက်ခဲ့သူပါ။ ဘဝဆိုတာ ကံတရားတခုကြောင့် မဟုတ်ဘဲ စနစ်ကြောင့် ဒုက္ခကို ရင်ဆိုင်ရတယ်ဆိုတာ စစ်မှန်တဲ့ တရားခံကို ကျမတို့ သိရှိခဲ့ပါပြီ။

ဒုက္ခသည်စခန်းထဲကို ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေး ဖိနှိပ်မှုတွေကြောင့် လူမျိုးပေါင်းစုံ၊ ဘဝပေါင်းစုံ လာရောက်ပေါင်းစည်း နေထိုင်နေကြရပါတယ်။ စိတ်ဒဏ်ရာမျိုးစုံနဲ့ ဒုက္ခသည်တွေဟာ စိတ်ဖိစီးမှုတွေနဲ့ ထပ်ပြီး ရင်ဆိုင်နေရပါတယ်။ ရာသီဥတုရဲ့ အပြောင်းအလဲ၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေ၊ ကမ္ဘာ့စီးပွားရေး အခြေအနေဟာ ဒုက္ခသည်တွေအတွက် ဝမ်းနည်းဝမ်းသာအဖြာဖြာကို ခံစားစေတယ်ဆို ပိုတယ်မထင်ပါနဲ့။

ဒုက္ခသည်တွေရဲ့ ရှေ့ခရီးဟာ နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး တည်ငြိမ်မှုနဲ့ အများကြီး ဆိုင်တယ်မို့လား။ ဒီတော့ ဒုက္ခသည်စခန်းထဲမှာ သတင်းနားထောင်မှု၊ သတင်းဝေဖန်မှု၊ ထင်မြင်ချက်ပေး၊ ရှေ့အလားအလာကို တွက်တာဟာ တခြားပတ်ဝန်းကျင်တွေထက် သိပ်ကိုများပါတယ်။ မကြုံစဖူးထူးကဲလှသည်ပေါ့။ ပြင်ပသတင်းတွေအပြင် စခန်းထဲက သတင်းတွေကိုလည်း နားစွင့်ရပါတယ်။

တတိယနိုင်ငံဆိုတဲ့ ရှေ့အနာဂတ်ခရီးကို အခြေချပြောင်းရွှေ့နေထိုင်တဲ့အခါ အသက်မွေးဝမ်းကြောင်းနိုင်မယ့် လုပ်ငန်းကို UN အစီအစဉ်နဲ့ ထိုင်းအစိုးရက စီစဉ်ပေးတာပါ။ ကွန်ပြူတာ၊ ချက်ပြုတ်/မုန့်ဖုတ်၊ စက်ချုပ်၊ တေးဂီတ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်ပြင်၊ သက်ကြီးရွယ်အိုနဲ့ ကလေးပြုစုစောင့်ရှောက်ရေး သင်တန်းတွေကို ဖွင့်လှစ်ပေးပါတယ်။ ဒီသင်တန်းက အောင်မြင်ရင် သင်တန်းအောင်လက်မှတ်နဲ့ တတိယနိုင်ငံမှာ အလုပ် လွယ်ကူတယ်ဆိုတဲ့အတွက် ပိုလို့စိတ်ဝင်စားကြပါတယ်။ အချိန်တွေအားနေတော့ သင်တန်းတက်နေတဲ့အချိန်၊ မိသားစုလွမ်းတဲ့စိတ်၊ အိမ်လွမ်းစိတ်၊ ဒေသလွမ်းစိတ်၊ နိုင်ငံလွမ်းစိတ်တွေ လျော့ပါးသွားရတာလည်း ပါပါတယ်။

ဒီတော့ ကျမလည်း သက်ကြီးရွယ်အိုနဲ့ ကလေးစောင့်ရှောက်ရေး သင်တန်းကို ရွေးချယ်ခဲ့ပါတယ်။ ကျမကို လူတွေ့စစ်ဆေးတဲ့ ကရင်လူမျိုး ဆရာနဲ့ ဆရာမ (ကရင်လို - သရနဲ့ သရမှု) က ဘာကြောင့် ဒီသင်တန်းကို တက်ချင်ရတာလဲတဲ့။ ကျမက အနာဂတ်ရှည်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးချင်သလို အနာဂတ်တိုတဲ့ ဘဝနေဝင်ချိန် နီးနေတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးချင်ပါတယ်။ ဒါ့အပြင် သင်တန်း အတွေ့အကြုံတွေက စာရေးသူ ကျမအတွက် အကြောင်းအရာအသစ်တွေ ရရှိနိုင်မယ်ဆိုတော့ ဒီတခါမရလည်း နောက်ထပ်သင်တန်းကို ကြိုးစားပါတဲ့။ ကျမတို့ စာမေးပွဲအောင်စာရင်း ထုတ်ပြန်တော့ ၁၆ ယောက် အောင်ပါတယ်။

၁၆၊ ၁၁၊ ၂ဝဝ၉ မှာ သင်တန်း စပါတယ်။ သင်တန်းကာလက ၄၅ ရက်ပါ။ ပြီးရင် စခန်းအတွင်း ဆေးပေးခန်းမှာ ၆ လ လက်တွေ့သင်တန်း ဆင်းရပါမယ်။ စာသင်ခန်းနဲ့ နှစ်ပေါင်းများစွာ ဝေးခဲ့တဲ့ ကျမ ကိုယ့်ကိုယ်ကို အားငယ်ရပါတယ်။ သင်တန်းသား၊ သင်တန်းသူ ၁၆ ယောက်မှာ ယောက်ျားလေး ၄ ယောက်၊ မိန်းကလေး ၁၂ ယောက် ပါတယ်။

“ဒေါ်လှထွေး” (ကျမတို့ အခေါ် မမထွေး) က အသက် ၆ဝ ကျော်။ အရွယ်တင်တဲ့ သူ့ကို ကျမတို့က ၆ဝ မထင်ဘူး။ ၅ဝ လောက် ထင်ထားတာ။ ဒေါ်ကျင်ကျင်ဝင်းက အဖွဲ့ချုပ် ဗဟိုလူမှုအထောက်အကူကပါ။ ဒေါ်လွင်လွင်မြင့်က အရှင်ဂမ္ဘီရရဲ့ အမတော် အငယ်ဆုံး။ ကိုအောင်မိုးသွင်က မြန်မာပြည်မှာတုန်းက လက်ရွေးစင် ဘောလုံးသမား။ အဲလ်လီးဇဘက်၊ ဂင်ဂိုကျိန်း၊ ကျောင်ခန့်ကိန်းတို့က ချင်းတောင်ပေါ်က ချင်းအမျိုးသမီးတွေ။ ဦးခင်မောင်ဝင်းက မြိတ်က၊ ဦးမြင့်ဝင်းကတော့ ယောက်ျားလေးထဲမှာ အသက်ကြီးပုံရတယ်။ ၅ဝ ကျော်၊ ၆ဝ နီးပါး ရှိတယ်။ စွိလတ်ဝင်းထော၊ မျိုးမျိုးမင်းစိုးက ရန်ကုန်သူတွေ။ ကျမတို့သင်တန်းမှာ အပျိုလေး နှစ်ယောက်၊ အချောဆုံး နှစ်ယောက်။

ဒေါ်အေးအေးသန်းကတော့ ကျမတို့စခန်းထဲက နို့ဖိုး ဖိုးချစ်ကတော်။ ကိုစောမြင့်ထွေးကတော့ ပိုးကရင်။ ဒေါ်ခင်ဝင်းထွေးကတော့ တနေကုန် သင်တန်းတက်ပြီး မြေး ၅ ယောက်ကို ပြုစုပျိုးထောင်နေသူပါ။ မယုဝါသိန်းကတော့ အမေးအမြန်းထူပြီး စူးစမ်းလေ့တဲ့ ကလေး ၃ ယောက် မိခင်။ ကျမတို့ရဲ့ အသက်အရွယ် မညီမျှမှုတွေ၊ အသားအရောင်၊ ဘဝအနိမ့်အမြင့်၊ ဘာသာလူမျိုး၊ ပညာအရည်အချင်း အားလုံး တပေါင်းတစည်းထဲ ဖြစ်သွားရတဲ့ သင်တန်းပါ။

ကျမတို့ စပြီးသင်ရတာက မွေးကင်းစကလေးကို ပြုစုရတဲ့ နည်းပါ။ မွေးစကနေ မွေးကင်းစကလေးကို တလအထိ
သတ်မှတ်ထားပါတယ်။ အနှီးထုတ်နည်း၊ အနှီးခေါက်နည်း ၃ မျိုး ရှိပါတယ်။ ကလေး ရေမချိုးခင် လူကြီးက လက်ဆေးရပါတယ်။ လက်ဆေးနည်းက ကလေးပြုစုစောင့်ရှောက်ရေး သင်တန်းမှာ အရေးအကြီးဆုံးလို့ ဆိုပါတယ်။

(၁) လက်ဖဝါးကို အရင်ဆေးမယ်။ (၂) လက်ကြားတွေကို ဆေးမယ်။ (၃) လက်ချောင်းတွေကို ဆေးမယ်။ (၄) လက်ဆစ်တွေကို ဆေးမယ်။ (၅) လက်ဖဝါးတွေကို ဆေးမယ်။ (၆) လက်ကောက်ဝတ်အထိ ဆေးမယ်။ ပြီးတော့မှ ကလေးချီပြီး ရေချိုးပေးရပါမယ်။ ကလေးအစား ရော်ဘာကလေးရုပ်တွေနဲ့ လက်တွေ့လုပ်ရတာပါ။

ကလေးရေမချိုးခင် ကလေးကို အနှီးထုပ်ထဲကနေ ကလေးကို တဘက်နဲ့ပတ်ပြီး ကလေးကို ယူမယ်။ ကလေးရေချိုးပေးရင် နေသာတဲ့ အချိန် မနက် ၁၁ နာရီ အချိန်မှန်မှန် ရေချိုးပေးရမယ်။ နို့မတိုက်ခင် ရေချိုးပေးရမယ်။ ဇလုံ ၂ လုံး၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာဖော့တုံး၊ ပေါင်ဒါမှုန့်၊ ဂွမ်း၊ အရက်ပြန်၊ အမှိုက်ပုံး တလုံး၊ ပဝါအကြီး နှစ်ထည်၊ အသေး တထည်။ ကလေးအိပ်ယာ၊ ရေနွေး၊ ရေအေး အစုံပြင်ဆင်ပြီးမှ ကလေးကို ရေချိုးပေးရမယ်လို့ သင်ရပြီး လက်တွေ့လည်း လုပ်ရပါတယ်။၏

သင်တန်းသူ ကျမ လက်တွေ့ ကလေးခေါင်းလျှော်၊ ရေချိုး၊ အနှီးထုပ်နေပေမယ့် စိတ်ထဲမှာတော့ ကျမတို့ မြန်မာနိုင်ငံ ကျေးလက်က တောင်သူတွေ၊ လက်လုပ်လက်စား မိဘတွေ၊ တောင်တန်းဒေသက၊ မဖွံ့ဖြိုးသေးတဲ့ နေရာတွေက ကလေးတွေကို သတိရမိတယ်။ ပြီးစလွယ် ကြီးပြင်းရတဲ့ ကလေးငယ်တွေ၊ မိဘရဲ့ စနစ်တကျ ပြုစုပျိုးထောင်မှု မရရှာကြဘူး။ ကလေးကလေးချင်း ပြန်ထိန်းရတာတွေ။

လူဖြစ်ရတာချင်းအတူတူ လူ့ဘဝကို ခံစားရပုံချင်း မတူကြဘူး။ ကျမတို့ မြန်မာနိုင်ငံရဲ့ ခေတ်စနစ်ကိုက မွေးမလာခင် မိခင်ဝမ်းထဲမှာကတည်းက လူ့အခွင့်အရေး ဆုံးရှုံးနေရတာ။ သူများနိုင်ငံတွေမှာတော့ မမွေးခင်ကတည်းက သန္ဓေလောင်းအတွက် ကလေးပြုစုစောင့်ရှောက်ရေးကို မိခင်၊ ဖခင်၊ ကလေးထိန်းတွေက အရင်တတ်ထားရတယ်။ မွေးလာတဲ့ကလေးကို နိုင်ငံတော်က စရိတ်ထောက်ပံ့တယ်။ မိခင်ကိုယ်လည်း ကလေးမွေးတဲ့အတွက် နိုင်ငံတော်က ထောက်ပံ့စရိတ် ပေးသေးတယ်။ ဘယ်လောက် ပီတိဖြစ်စရာ ကောင်းလိုက်ပါသလဲ။ အားကျစရာ သိပ်ကိုကောင်းပါတယ်။

ကျမတို့ မြန်မာနိုင်ငံထဲမှာ ခေတ်မီဆေးဝါး၊ ခေတ်မီဆေးရုံတွေက လက်တဆုပ်စာ လူတစုအတွက်သာ။ မွေးလူနာ မိခင်လောင်းအများစုကတော့ ကဗျာဆရာကြီး ဆရာကြည်အောင်ရဲ့ ”သားဖွားတဲ့နေ့” ကဗျာအတိုင်းပါပဲ။

“သားဖွားတဲ့နေ့”

ရွာသူတွေ ဝိုင်းနေတယ်။
အပျိုဟိုင်းတွေမပါ။
အရွယ်ဟိုင်းတခုလပ်
လူ့ဇာတ်ဆိုတာ
သားဖွားအတတ်
ဝါးနှီးပြတ်နဲ့ အချင်းဖြတ်မယ့်
သတ္တိခဲ မိန်းမတွေ
ရေနွေးကျို၊ နနွင်းထောင်း
သားလောင်းကြိုမယ့် ထမီဟောင်း
သွေးဟောင်း၊ သွေးညစ်တွေကို
ညှစ်ဟဲ့၊ ဆေးဟဲ့
ကလေးက ယောက်ျားလေးတဲ့
အလှူကြီးပေးရမဟဲ့
ဒါနဲ့
သားဖွားမိခင်
တရားသဘောသိမြင်
နာကျင်မှုတွေ တပွေ့တပိုက်
ဓားမြှောက်ကစားမယ်
သားယောက်ျားဟေ့ ……
သားယောက်ျားဟေ့ … ။ ။

ကလေးတယောက် မွေးဖွားဖို့ မြန်မာတောရွာဓလေ့မှာ ကလေးအချင်းဖြတ်မယ့် ဝါးနှီး၊ ရေနွေး၊ နနွင်းမှုန့်၊ ထမီဟောင်း။ မွေးလူနာမိခင် ကလေးအနေအထား မမှန်လို့ အမွေးခက်ရင် ဗိုက်ပေါ်ကနေ လှိမ့်ချဖို့ ဝါးလုံးနဲ့ အားကောင်းမောင်းသန် ယောက်ျားကြီးတွေကိုလည်း မီးနေခန်းအပြင်မှာ ထားထားပါတယ်။ အရက်ပျံကို သူတို့မသိပါဘူး။ မွေးလာတဲ့ကလေး ချက်ကြိုးကို နှီးစနဲ့ဖြတ်ပြီး နနွင်းပဲ လိမ်းကြပါတယ်။ ပြီးတော့ ပုဆိုးအဟောင်းလေးနဲ့ ကလေးကိုထုပ်ပြီး ဇကောထဲထည့်ထားကြပါတယ်။

တပတ်ပြည့်လို့ ကလေးကို ရေချိုးတော့လည်း မိခင်၊ အဖွား၊ ကြီးတော်တွေက ခြေဆင်းပြီး ကလေးကို ခြေသလုံးနဲ့ ထိန်းပြီး ရေချိုးပေးတယ်။ ရေအေးကြောင့် တဝါးဝါးငိုနေတဲ့ ကလေးကို အမျိုးစုံချော့ပြီး အနှီးနဲ့ထုပ်၊ အဆင်သင့် သွေးထားတဲ့ သနပ်ခါးကို တကိုယ်လုံးလိမ်းပြီး၊ ကိုယ်တွင်းအေးအောင် သနပ်ခါးကို လက်ညှိးနဲ့ကော်ပြီး ကလေးပါးစပ်ထဲ ခွန့်လိုက်တယ်။ ဒီလက်က လက်ဆေးနည်း ၆ မျိုးဝေးလို့ လက်ကိုတောင် အလျင်မှီအောင် ဆေးခဲ့မှာတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ မေးခိုင်ပိုးဝင်လို့၊ ဗိုင်းရပ်စ်ပိုးဝင်လို့ဆိုတာ ကြားရတာ နည်းပါတယ်။ ဒါလည်း သူ့အရပ်၊ သူ့ဇာတ်လို့ ပြောရမယ်။

နိုင်ငံနဲ့တဝှန်း သားဖွားခန်း၊ သားဖွားဆရာမ မပြည့်စုံ၊ မလုံလောက်ဘူး။ ဆေးဝါးမပြည့်စုံဘူး။ ပညာပေးသင်တန်းကတော့ အဝေးကြီးမှာ။ ပြည်သူလူထုအတွက် ကျန်းမာရေးကို နိုင်ငံတော်က ဒဿမ အနည်းဆုံးသုံးပြီး စစ်စရိတ်ကိုတော့ တိုးမြှင့်ပြီး သုံးထားတယ်။ ဒီတော့ ကျမတို့နိုင်ငံမှာ ဖွား၊ သေနှုန်းက ကြောက်စရာ ကောင်းလှပါတယ်။

ဒုက္ခသည်စခန်းထဲမှာ နိုင်ငံမဲ့နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို UN က ပြုစုစောင့်ရှောက်ပါတယ်။ ကိုယ်ဝန်ဆောင် အားတိုးဆေး၊ ကိုယ်ဝန်ဆောင်ပဲ ပေးပါတယ်။ အနှီး၊ စောင်၊ ကလေးအင်္ကျီ ပေးပါတယ်။ မွေးပြီးတဲ့ ကလေးကိုလည်း အပတ်စဉ် ကီလိုချိန်ပြီး၊ ကီလိုကျတဲ့သူကို အားဆေးနို့မှုန့် ပေးပါတယ်။ ဒီတော့ စခန်းထဲက ကလေးတွေဟာ မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါဆိုတဲ့ သားချော့တေးနဲ့ မကြီးရပေမယ့် UN အစီအစဉ်ကြောင့် ဖွံ့ဖွံ့ထွားထွားနဲ့ လူ့အခွင့်အရေးတွေကို ယာယီခံစားနေကြရတယ်။

ဒီတော့ ကျမတို့ မြန်မာနိုင်ငံထဲက ကလေးတွေကို ပိုလို့ သတိရမိတယ်။ ကျမတို့သင်တန်းမှာ သင်ရတဲ့ စာတွေ့လက်တွေ့မှာ သင်ကြားပေးတဲ့ သင်တန်းဆရာက ကျမတို့ သင်တန်းသားတွေကို မေးခွန်းတွေလည်း မေးပါတယ်။ ပညာကို နှီးနှောဖလှယ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးက ကျောင်းသားက နားထောင်သူ၊ နာခံသူ။ ဆရာ၊ ဆရာမက ရှင်းလင်းသူသက်သက်ပဲ ဖြစ်ပါတယ်။ ကျောင်းသားက စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ သင်ကြားပါတယ်။

ဒီမှာကတော့ နည်းနည်းအာရုံစိုက်ရတာ ကြာလာတာနဲ့ ကျောင်းသားတွေကိုလှုပ်ရှားခိုင်းပါတယ်။ ပါဆယ်ဂိမ်း ကစားခိုင်းပါတယ်။ ကျမတို့ အသက် ၄ဝ ကျော်၊ ၆ဝ ကျော်တွေ တရားဝင် ကလေးတယောက်လို ကစားခွင့် ရတာပါပဲ။ ဒီလို စုပေါင်းကစားကြတော့ အချင်းချင်းကို ရင်းနှီးမှုရစေပြီး စိတ်ကိုလန်းဆန်းစေပါတယ်။

သင်တန်းစတက်တဲ့ နေ့မှာ ဆရာ၊ ဆရာမက ကိုယ့်နာမည်ပြောပြီး တယောက်ချင်း မိတ်ဆက်ခိုင်းတော့ ရှက်လို့ အသံမထွက်ကြဘူး။ ပထမဆုံးနေ့မှာပဲ သင်တန်းသားအချင်းချင်း ရင်းနှီးအောင် ဂိမ်းဆော့ရတော့ မှားတဲ့သူကို ဒဏ်ပေးပါတယ်။ အဲဒီ ပညာပေးကာလကို ကျမတို့ အရင်ဆုံးကြုံရတာပါပဲ။ ”လယ်ရှီးရှာ” ဆိုပြီး ပါးစပ်က ကရင်လို ဆိုရပါတယ်။ အဲဒီလိုဆိုပြီး အပေါ့စွန့်ချင်တဲ့ ပုံစံနဲ့ နဖူးကို လက်အုပ်ပြီး ဟိုရှာဒီရှာ နေရာရှာရပါတယ်။ ကို့ယို့ကားယား ကျမပုံစံကိုကြည့်ပြီး တဝါးဝါးတဟားဟားနဲ့ နောက်တော့ ဘယ်သူ့ဘယ်သူမှ မရှက်ကျတော့ဘူး။ အဲဒီကတည်းက ရင်းနှီးသွားကြပါတယ်။

စာတွေ့လက်တွေ့ပြီးရင် ဆော့ရပြီ။ တဲအိမ်လေးတွေထဲမှာ နေထိုင်ကျရတဲ့ ကျမတို့အားလုံးရဲ့ စိတ်ထွက်ပေါက် တဒင်္ဂမှာ စိတ်ဖိစီးမှုအားလုံး ပျောက်ကုန်သွားတယ်။ ရီဂျက်၊ အင်တာမဗျူးရသေးတာ၊ NPO မရသေးတာ၊ ရိက္ခာမရသေးတာ၊ လက်ထဲမှာ ငွေမရှိတာ၊ ညစာအတွက် ဟင်းမရှိတာ၊ ဘာမှ ဘာမှ မတွေးအားနိုင်တော့ဘူး။ ကလေးသူငယ်၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး သင်တန်းရဲ့ အကျိုးကို ကျမတို့ ချက်ချင်း ခံစားနေရပါတယ်။

ဂိမ်းဆော့လို့မှားရင် ဖားခုန် ခုန်တာ၊ မော်ဒယ်လျှောက်တာ၊ ဈေးရောင်းတာ အကုန်လုပ်ရတယ်။ အသက် ၆ဝ ကျော်၊ ၅ဝ ကျော်၊ ၄ဝ ကျော်ဆိုတာ အိမ်မှာထားခဲ့တော့၊ စိတ်လွတ်၊ ကိုယ်လွတ် ပျော်ရွှင်ရတဲ့အခါ သင်တန်းက စာတွေကို မှတ်မိလွယ်သွားတယ်။ ကျမတို့အချင်းချင်းလည်း အပြန်အလှန် သင်ကြား၊ သင်ယူနိုင်ကြတယ်။ တယောက်နဲ့တယောက် ရင်တွင်းခံစားမှုတွေကို ဖွင့်ဟတိုင်ပင်တဲ့အထိ၊ နှစ်သိမ့်တဲ့အထိ ရင်းနှီးသွားကြပါတယ်။

မွေးကင်းစ ကလေးကို ရေချိုးခေါင်းလျှော်ရင် ကလေးအစား အရုပ်ကို အသုံးပြုရပါတယ်။ အဲဒီအရုပ်ကို ယောက်ျားတွေကိုင်ရင် ခါးလယ်က ဖြတ်ကိုင်ပါတယ်။ ဒါဆိုရင် ဆရာမက အသံဝဲဝဲနဲ့ ကလေးသေတော့မယ်လို့ ပြောတတ်ပါတယ်။ မြန်မာယောက်ျားတွေက မီးဖိုချောင်၊ ကလေးဝေယျာဝစ္စက သူတို့နဲ့မဆိုင်သလို နေခဲ့တာ။ အခုတော့ ရှေ့အနာဂတ်ခရီးအတွက် ဒီသင်တန်းက အလုပ်လွယ်တယ်။ သင်တန်းဆင်းလက်မှတ်က တန်ဖိုးရှိတယ်ဆိုတော့ မလွှဲမရှောင်သာ သင်တန်းတက်ရတာကိုး။ ဒီသင်တန်းကျမှ ဒုက္ခနဲ့လှလှတွေ့ရတာ။

သင်တန်းကိုသွားရင် ကျမတို့ ထမင်းချိုင့်ထည့်သွားကြတယ်။ စခန်းထဲမှာတော့ ဘယ်သွားသွား ခြေကျင်ပဲ။ သင်တန်းနဲ့ အိမ်က ၁၅ မိနစ်လောက် လျှောက်ရတယ်။ တောင်ကျချောင်းရေကို ဖြတ်ကျော်ထားတဲ့ ဝါးတံတား ၃ ခုကို ဖြတ်ပြီး သွားရပါတယ်။ တံတားအောက်က ချောင်းရေစီးသံက ဒုက္ခသည်တွေရဲ့ ရင်ခုန်သံပါပဲ။ ရာသီလိုက်ပြီး ပြောင်းလဲတတ်တဲ့ ရေစီးသံပါ။ ဒါကြောင့် ဒုက္ခသည်ကျမတို့ရဲ့ ရင်ခုန်သံလည်း သတင်းတွေပေါ် မူတည်ပြီး ပြောင်းလဲရတာပါ။

သင်္ချာမှာ ပုစ္ဆာရှိသလို အဖြေရှိပါတယ်။ ဘဝမှာတော့ ပုစ္ဆာရှိပေမယ့် အဖြေထွက်မလာတဲ့ ပြဿနာပေါင်းများစွာ ရှိပါတယ်။ ဒီထဲကမှ ဒုက္ခသည်တွေရဲ့ ဘဝပုစ္ဆာကို အဖြေထုတ်နိုင်သူများကတော့ ……။

အဲဒီအဖြေကို စောင့်ရင်း အနာဂတ်ခရီးကို ပျံသန်းနိုင်ဖို့ ကျမတို့အားလုံး ကျိုးစားနေကြရပါတယ်။


Read More...

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,3rd,2009

( 32 )မော်လမြိုင် အောက်ဈေးကြီး ပြန်ဖွင့်

( 30 )UN in Malaysia grants more Burmese refugee status

( 30 )ဒေါ်စု လွှတ်မြောက်ရေး အင်္ဂါ ဆုတောင်းပွဲများ ပြုလုပ်

( 29 )Burmese Timber Prices Slump in Bangladesh

( 28 )KPF ဥက္ကဌ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေ

( 27 )Asian MPs Insist on a Free & Fair 2010 Burma Polls

( 26 )ပြည်သူများ ညီညွတ်ပါရန် ဗိုလ်ချုပ်ကျော်ဇော မှာကြား

( 25 )Myanmar suspends doctor for fatal appendectomy

( 24 )မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု တာဝန်ရှိ ဆရာဝန်ကို ဆေးကုသခွင့် ၅ နှစ်ပိတ်ပင်

( 23 )ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

( 22 )Burma VJ Review

( 21 )ကမ္ဘာ့ AIDS နေ့ မဲဆောက်တွင် ကျင်းပ

( 20 )Gambari Transferred to Darfur

( 19 )Leaders plan Myanmar talks at UN climate conference

( 18 )နိုဘယ်ဆုရ စီပွားရေး ပညာရှင် မြန်မာ့ ခရီးစဉ်

( 17 )Myanmar official media stress active participation in anti-AIDS measures

( 16 )မြန်မာနိုင်ငံ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် ဂမ်ဘာရီ ဆက်လက် ထမ်းဆောင်တော့မည် မဟုတ်

( 15 )11,000 Myanmars In Malaysia Given Refugee Status By UN

( 14 )မြန်မာစစ်အစိုးရမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုချိန်ထုတ်ပြန်

( 13 )မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီး

( 12 )Vietnam to invest in Myanmar's hotel industry

( 11 )“သံလွင်ဟာ ငါတို့ဘဝ” ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ်

( 10 )HIV ကူးစက် ခံရသူများ အတွက် လမ်းညွန်ချက် အသစ်တစ်ရပ် ထုတ်ပြန်

( 9 )မြစ်ဆုံ ရေကာတာလုပ်ငန်း ပြန်လည် စတင်တော့မည်

( 8 )The world four degrees hotter? An unwelcome idea

( 7 )ဘိုကလေး မြို့လယ်က ဈေးဆိုင်များ မြို့စွန်မပြောင်းသေး

( 6 )ဂမ်ဘာရီ မြန်မာ့အရေးမှာ အောင်မြင်မှု မရခဲ့

( 5 )Myanmar weightlifting team eyes gold medals at 25th SEA Games

( 4 )အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသား တစ်ချို့ လူ့အခွင့်အရေး ဆုံးရှုံး

( 3 )Japanese film festival to be held in Burma

( 2 )မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါ အခြေအနေ ဆိုးရွားနေဆဲ

( 1 )Burmese academic urges Netherlands to engage Burma

Read More...

Wednesday, December 2, 2009

မြန်မာနှင့် မဲခေါင်ဒေသ သတင်းသမားများ ထိုင်းတွင် တွေ့ကြမည်

ဇာနည်ဝင်း Wednesday, 02 December 2009

မြန်မာ နှင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများမှ စာနယ်ဇင်း သမားများ၏ နှီးနှောဖလှယ်ပွဲ တခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မကြာမီ ရက်ပိုင်းအတွင်း ပြုလုပ်တော့မည် ဖြစ်သည်။

အာရှဒေသအတွင်း စာနယ်ဇင်း သမားတို့၏ ဆွေးနွေးပွဲများစွာ ရှိသော်လည်း ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်မည့် နှီးနှောဖလှယ်ပွဲမှာ မဲခေါင်ဒေသကို အလေးထားမည်ဖြစ်ပြီး မတူခြားနားမှုများ ပါဝင်မည်ဖြစ်ကြောင်း Inter Press Service (IPS) သတင်းဌာန၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စဂျိုဟန်နာဆန်က ပြောသည်။

“မဲခေါင်ဒေသ စာနယ်ဇင်းသမားတွေရဲ့ အမြင်ကို နိုင်ငံတကာ မီဒီယာမှာ မတွေ့နိုင်ဘူး။ ကျမတို့က စာနယ်ဇင်းသမားတွေ အေးအေးဆေးဆေး တွေ့ဆုံပြီး သူတို့နိုင်ငံတွေမှာ ဘာတွေ ကြုံတွေ့နေရသလဲ ဆိုတာတွေကို ပြောဆိုဆွေးနွေးနိုင်မယ့် အနေအထားတခု ဖန်တီးပေးတဲ့သဘောပါ” ဟု နှီးနှောဖလှယ်ပွဲ စီစဉ်သူတဦးဖြစ်သည့် မစ္စဂျိုဟန်နာဆန်က ဧရာဝတီကို ပြောသည်။

မဲခေါင်မြစ်ဝှမ်း နိုင်ငံများ ဖြစ်သည့် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် တို့မှ စာနယ်ဇင်းသမားများကို Mekong Media Forum (MMF) အမည်ရှိ နှီးနှောဖလှယ်ပွဲတွင် တွေ့ရမည် ဖြစ်သည်။

၎င်းတို့ ကြုံတွေ့နေရသည့် အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်ရာ မဲခေါင်ဒေသနိုင်ငံများရှိ အမျိုးသမီးအရေး၊ စာနယ်ဇင်းလောက၊ စီးပွားရေး စသည့် အကြောင်းအရာမျိုးစုံ ပါဝင်မည် ဖြစ်သည်။

ဆွေးနွေးမှုများနှင့်အတူ မှတ်တမ်းရုပ်ရှင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲများ ပါဝင်ရာ နိုင်ငံရေးသရော်မှုများဖြင့် ထင်ရှားသည့် ကာတွန်းဆရာဟန်လေး၏ မကြာသေးမီက ထုတ်ဝေလိုက်သော Defiant Humor, Volume II အမည်ရှိ ကာတွန်းပေါင်းချုပ် စာအုပ်ကိုလည်း မိတ်ဆက် ဖြန့်ချိမည် ဖြစ်သည်။

MMF နှီးနှောဖလှယ်ပွဲတွင် မြန်မာပြည်၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တင်ဆက်ဆွေးနွေးရန် ပြင်ဆင်နေသည်ကိုလည်း တွေ့ရသည်။

နှီးနှောဖလှယ်ပွဲကို IPS သတင်းဌာန၏ အာရှပစိဖိတ်ဒေသဆိုင်ရာရုံးခွဲ နှင့် ဖိလစ်ပိုင် အခြေစိုက် အဖွဲ့တခု ဖြစ်သော Probe Media Foundation တို့က ကမကထပြုကြသည်။ ဤအဖွဲ့များက ၂၀၀၂ ခုနှစ်မှ အစပြု၍ မဲခေါင်မြစ်ဝှမ်းဒေသ စာနယ်ဇင်းသမားများ အတွေ့အကြုံဖလှယ်သည့် အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရသည်။

ယခင်အစီအစဉ်များတွင် ပါဝင်ခဲ့သည့် စာနယ်ဇင်းသမားများကို လာမည့် နှီးနှောဖလှယ်ပွဲတွင်လည်း ပါဝင်ရန် ဖိတ်ခေါ်ထားသည်။

စီစဉ်သူများက မဲခေါင်ဒေသနိုင်ငံများနှင့် ပတ်သက်ပြီး လေ့လာနေသော စာနယ်ဇင်းသမား၊ ပညာရှင်၊ သုတေသီများကိုလည်း MMF နှီးနှောဖလှယ်ပွဲ တက်ရောက်သင့်ကြောင်း တိုက်တွန်းထားသည်။

Read More...

လူငယ်အယ်ဒီတာ ပြန်လည်လွတ်မြောက် မူလ အလုပ်ပြန်ရရန် မသေချာသေး

NEJ / ၂ ဒီဇင်ဘာ ၂၀၀၉

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့ညက ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် အိမ်ရာတွင် အတူနေ လူငယ် သူငယ်ချင်း (၇) ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် Foreign Affair ဂျာနယ် အယ်ဒီတာ ကိုသန့်ဇင်စိုးသည် ဒီဇင်ဘာ (၁) ရက် နေ့၌ ပြန် လည်လွတ်မြောက်လာကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

၎င်း၏ လုပ်ဖော်ကိုင်ဖက်တဦးက “သူ (သန့်ဇင်စိုး) ရယ်၊ နောက် သတင်းထောက် ကိုပိုင်စိုးဦးရယ်၊ သူတို့ အတူတူ အဖမ်းခံရတဲ့ လူငယ်တစုလုံး ပြန်လွတ်လာတယ်။ ဒါပေမယ့် သူတို့ရှေ့က ဖမ်းထားတဲ့ အခြားလူငယ်တွေထဲက ဘယ်သူတွေ လွတ်သလဲ၊ ဘယ်သူတွေ မလွတ်ဘူးလဲ ဆိုတာကိုတော့ သူမသိဘူးပြောတယ်” ဟု ပြောသည်။

“သူတို့ကို နိုင်ငံခြားက အတိုက်အခံ အင်အားစုတွေနဲ့ အဆက်အသွယ်ရှိသလား၊ နာဂစ်ကူညီရေးအတွက် ရန်ပုံငွေတွေ ဘယ်က ရသလဲ၊ နိုင်ငံခြားကနေ ကူညီတာတွေ ရှိသလား၊ Generation Wave အဖွဲ့နဲ့ ဆက်စပ်မှုရှိသလား၊ ကျောင်းသားလှုပ်ရှားမှုနဲ့ ဆက်စပ်မှု ရှိသလား စတာတွေ စစ်မေးတယ်လို့ သိရပါတယ်။ မေးမြန်းစဉ်မှာ ည မအိပ်ခိုင်းဘဲ စစ်မေးတာ၊ ရိုက်နှက်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်” ဟု အဆိုပါ လုပ်ဖော်ကိုင်ဖက်ဖြစ်သူက ပြောသည်။

ကိုသန့်ဇင်စိုးအား ပြန်မလွှတ်ခင် ပြီးခဲ့သည့် စနေနေ့က Foreign affair, Voice, Living Color မီဒီယာမှ အယ်ဒီတာ (၃) ဦးကို စာပေစိစစ်ရေး ညွှန်မှူးက ဆင့်ခေါ်ပြီး မီဒီယာထဲတွင် ယခုကဲ့သို့ နိုင်ငံရေးနှင့် ဆက်နွှယ်ပတ်သက်သူကို ပါဝင်လုပ်ကိုင်ခွင့်ပေးရ သလားဟုဆိုကာ ဆူပူကြိမ်းမောင်းပြီး အယ်ဒီတာများ၏ ကိုယ်ရေးရာဇဝင် ထပ်မံတင်ပြရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ယခုအခါ ကိုသန့်ဇင်စိုးသည် အပြစ်လုံးဝ မရှိ၍ ပြန်လည်လွတ်မြောက်လာပြီး ၎င်း၏ မိခင်ဂျာနယ်တိုက်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်သော်လည်း မူလ အယ်ဒီတာအလုပ်ကို စာပေစိစစ်ရေးက လုပ်ကိုင်ခွင့် ပြု မပြုဆိုသည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့်လပိုင်းက ပြန်လည်လွတ်မြောက်လာသည့် အီကိုဗီးရှင်း ဂျာနယ်မှ မအိမ့်ခိုင်ဦး၊ Weekly Eleven ဂျာနယ်မှ ကိုကျော်ကျော်သန့်တို့မှာလည်း ၎င်းတို့ မိခင် မီဒီယာဂျာနယ်တို့တွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိကြကြောင်း စုံစမ်းသိရသည်။

Read More...

ပြည်သူ့စစ်ဖွဲ့ရန် လက်ခံထားသည့် ရာမညတပ်ဖွဲ့ခေါင်းဆောင် စစ်အစိုးရတပ်တွင် အကျယ်ချုပ်ချထားခံရ

ဝီရ / ၂ ဒီဇင်ဘာ ၂၀၀၉

ဌာနေ ပြည်သူ့ စစ်ဖွဲ့ စည်းရန် သဘာတူ ထားသည့် ရာမည မွန်တပ်ဖွဲ့၏ ခေါင်းဆောင်ကို မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ (၁၉) ၌ အကျယ်ချုပ် ထားရှိကြောင်း စုံစမ်း သိရှိ ရသည်။

ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်ကို စကခ (၁၉) အတွင်းရှိ အရာရှိတန်းလျားတွင် မိသားစုနှင့်အတူ ထားရှိခြင်းဖြစ်ပြီး ပြင်ပဧည့်သည်နှင့်တွေ့နိုင်ရန် စစ်တပ်တာဝန်ရှိသူတို့ထံ ခွင့်တောင်းရကြောင်း၊ တပ်အပြင်ဘက်သို့ ထွက်ခွင့်မရှိကြောင်း နိုင်ရှောင်နှင့် သွားရောက်တွေ့ဆုံခဲ့သူတဦးက ပြောသည်။

၎င်းက “အပြင်ထွက်ခွင့် မပေးတာတော့ (၂) လနီးပါးရှိပြီ။ ဘယ်သူနဲ့ တွေ့ချင်လဲဆိုတာ စစ်တပ်က သက်ဆိုင်ရာကို သူ သွားပြောရတယ်။ စစ်တပ် တာဝန်ရှိသူကိုယ်တိုင် အဲဒီဧည့်သည်ကို သွားခေါ်လာပြီး တွေ့ခွင့် အများဆုံး (၁) နာရီပေးတယ်။ တပ်စခန်းအပြင်ကိုတောင် ထွက်ခွင့်မပေးတော့ နိုင်ရှောင်က အတော်လေး စိတ်ဓာတ်ကျနေတယ်။ သူနဲ့အတူ သူ့မိန်းမနဲ့ တပည့်တယောက်ပဲ ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အသက် (၇၀) ကျော်နေပြီဖြစ်သည့် နိုင်ရှောင်သည် ရာမညတပ်ဖွဲ့ကို ဖွဲ့စည်းပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာ လလယ်ပိုင်းတွင် ၎င်း၏လက်အောက်ခံ တပည့်အချို့နှင့် နအဖစစ်အစိုးရထံ လက်နက်ချခဲ့သည်။

နိုင်ရှောင်နှင့်တွေ့ခဲ့သူက “သွားတွေ့ဖို့ တပ်ကလာခေါ်တဲ့အခါမှာ နိုင်ရှောင်နဲ့ ဘယ်တုန်းက စတွေ့ဖြစ်လဲ၊ ဘယ်လိုပတ်သတ်ခဲ့ဖူးသလဲ ဆိုတာကအစ နအဖစစ်တပ်တွေက အရင်မေးမြန်းနေတော့ နောက်ပိုင်း အခေါ်ခံရတဲ့လူတွေက မသွားချင်ကြတော့ဘူး။ မသိဘူး၊ မပတ်သက်ခဲ့ဖူးဘူးလို့ပြောပြီး အတွေ့မခံကြတာလည်း ရှိတယ်။ ဒါက စကခ (၁၉) က ဗိုလ်မှူးချုပ် ချိုထွန်းအောင်ရဲ့ အမိန့်ပေါ့” ဟု ပြောသည်။

ပြည်သူ့စစ် ဖွဲ့စည်းရာတွင် တပ်တည်နေရာ ရွေးချယ်ခွင့်နှင့် မိမိတပ်ဖွဲ့ဖြင့်သာ ဖွဲ့စည်းလိုကြောင်း အောက်တိုဘာလအတွင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့ချိန်၌ နိုင်ရှောင်က တောင်းဆိုပြီးနောက်ပိုင်း ၎င်း၏ သွားလာလှုပ်ရှားခွင့်ကို တားမြစ်လိုက်ပြီး ယခုကဲ့သို့ တပ်တွင်းတွင် အကျယ်ချုပ်ချလိုက်ခြင်းဖြစ်သည်။

မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “အခြားမွန်ခွဲထွက်အဖွဲ့ နိုင်အောင်နိုင်တို့အဖွဲ့ကလည်း နိုင်ရှောင်ကို တွေ့ဖို့ စကခ (၁၉) ကို တောင်းခံတာ နှစ်ခါစလုံး ပေးမတွေ့ဘူးလို့ ကျနော်တို့ကြားရတယ်။ ဒီအဖွဲ့တွေ အချင်းချင်းပေါင်းပြီး ပြည်သူ့စစ်ဖွဲ့ဖို့ကိုလည်း နအဖက ခွင့်မပြုတဲ့သဘောမှာ ရှိတယ်။ မွန်အမျိုးသား လက်နက်ကိုင်အဖွဲ့အစည်းငယ်တွေ ပေါင်းသွားမှာကိုလည်း နအဖက ကြောက်နေပုံရတယ်။ ဒါကြောင့် နိုင်ရှောင်ကို အပြင်မထွက်ခိုင်းတာ” ဟု ပြောသည်။

နိုင်ရှောင်သည် မွန်ပြည်သစ်ပါတီ၏ တပ်မှူးတာဝန်မှ အနားယူခဲ့သူတဦးဖြစ်ပြီး ရာမညတပ်ဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်အစိုးရထံ လက်နက်ချလိုက်သည့်အပေါ် မွန်အမျိုးသားတို့ စည်းလုံးညီညွတ်ရေးကို ဖြိုခွဲရာရောက်သဖြင့် ပါတီနှင့်လာရောက်ပူးပေါင်းရန် မွန်ပြည်သစ်က ကြေညာချက်ထုတ်၍ ဖိတ်ခေါ်ခဲ့ဖူးသည်။

Read More...

မတရားဥပဒေ ကျင့်သုံးတဲ့တိုင်းပြည်

အောင်ကျော်ခင် (ဝေဖန်သုံးသပ်ချက်)

နအဖ ခေတ်မြန်မာ ပြည်မှာ ဒီမိုကရေစီ သမားကို ကြံ့ဖွံ့ က၀ိုင်း ရိုက်ပြီး အရိုက်ခံ ရသူကို အပြစ်ပေး တာဟာ ထုံးစံ လိုဖြစ် နေတယ်။ အစိုးရ ကိုယ်တိုင် အကြမ်းဖက် သမားဖြစ် နေတော့ တရားသူကြီး ကလည်း အကြမ်းဖက် သမား အမိန့်ကို နာခံရတဲ့ သဘောပဲ။ မတရား စီရင်ချက် တွေကတော့ အများ ကြီးပဲ။ ၂၀၀၇ ခုနှစ်က ဟင်္သာတ မြို့ နယ်မှာ လူ့အခွင့် အရေးသင်တန်း ပို့ချဖို့ ကြိုးစားသူ (၂) ဦးကို ကြံ့ဖွံ့တွေ ၀ိုင်းရိုက်လို့ ဒဏ်ရာ အပြင်း အထန်ရပြီး ဆေးရုံတင် လိုက် ရတယ်။ ဒါပေမယ့် သူတို့ (၂) ဦးစလုံး ထောင် (၈) နှစ်စီ ကျသွားပြီး သူတို့ကိုကူညီတဲ့ ရွာသား (၅) ဦး ထောင် (၄) နှစ်စီ ကျသွားတယ်။ ၀ိုင်းရိုက် တဲ့ကြံ့ဖွံ့ ကို အရေး မယူဘူး။ ရိုက်တဲ့ လူက အပြစ်မရှိ အရိုက်ခံ ရသူသာ အပြစ်ရှိ တယ်လေ။

ဘုရားကို မှန်မှန် ရှိခိုး ရင်လည်း အဖမ်းခံ ရနိုင်တယ်။ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ဖို့ ရွှေတိဂုံ စေတီမှာ အင်္ဂါ နေ့တိုင်း ဘုရား ရှိခိုးပြီး ဆုတောင်း နေတဲ့ အန်အယ်လ်ဒီ အဖွဲ့ဝင် နော်အုန်းလှနဲ့ အပေါင်းပါ အမျိုးသမီး (၃) ဦးကို အောက်တို ဘာလ (၃) ရက်နေ့က ဖမ်းဆီးပြီး အင်းစိန်ထောင် မှာထားတယ်။ ဘုန်းကြီး ကျောင်းမှာ ဆွမ်းကပ်ပြီး အပြန် သင်္ကန်းကျွန်းမြို့နယ် စံပြဈေးမှာ အဖမ်းခံ ရတာတဲ့။ ပုဒ်မ ၅၀၅(ခ) အရ ဖမ်းတယ် ဆိုပဲ။

“နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုလည်းကောင်း ကြောက်ခြင်း ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်” ထိုသူကို ထောင်ဒဏ် (၂) နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ် (၂) ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ဥပဒေမှာ ဖော်ပြထားတယ်။

လက်ဖက်ရည်ဆိုင်မှာ စကားပြောသူကို ဖမ်းနိုင်တဲ့ဥပဒေပဲ။ တရားသူကြီးတွေရဲ့တာဝန်က ထောင်ဒဏ် (၂) နှစ် ပေးရမယ့်အမှုကို (၁၀) နှစ်ဖြစ်အောင် ကြံဖန်ပြီး အပြစ်ရှာဖို့ဖြစ်တယ်။ အရှင်သခင်ကျေနပ်အောင် ဒီမိုကရေစီသမားတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နေတာ တရားသူကြီးတွေရဲ့ တာဝန်လိုဖြစ်နေတယ်။ ဒီလိုမတရားတဲ့ စီရင်ချက်တွေကို လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ထုတ်နေပေမယ့် ဒီတရားသူကြီးတွေကို ဘယ်လိုအရေးယူမလဲဆိုတာကို အလေးအနက် စဉ်းစားဖို့လိုလာပြီ။ မတရားသူကြီးတွေကို ဖော်ထုတ်ဖို့လိုတယ်။ နအဖလုပ်ရပ်ကို မတရားဥပဒေနဲ့ ကာကွယ်နေတဲ့ မတရားသူကြီးတွေပဲ။

တရားစီရင်ရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၅/၂၀၀၀ ကို ၂၀၀၀ ပြည့်နှစ် ဇွန်လ (၂၇) ရက်ထုတ်ပြန်ချိန်ကစပြီး တရားသူကြီးတွေဟာ စစ်အစိုးရအလိုဆန္ဒအတိုင်း တရားစီရင်နေရတယ်။ နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး ကြပ်ပြေးသန်းရွှေက လက်မှတ်ထိုးထုတ်ပြန်တဲ့ တရားစီရင်ရေးဥပဒေဖြစ်လို့ ကြပ်ပြေးကြီး အလိုကျအတိုင်း တရားစီရင်ရတယ်လို့ ဆိုနိုင်တယ်။ နအဖခေတ် မြန်မာ့ဥပဒေဟာ ကြပ်ပြေးကြီးရဲ့ အမိန့်ပါ။ တရားရုံးချုပ်နဲ့ လက်အောက်ခံ တရားရုံးများရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကြပ်ပြေးကြီးက သတ်မှတ်လိုက်တဲ့ တရားစီရင်ရေးဥပဒေပင်ဖြစ်တယ်။ နအဖခန့်အပ်တဲ့ မတရားရုံးချုပ်မှာ မတရားသူကြီးပဲရှိတယ်။ နအဖအစိုးရရဲ့ မတရားလုပ်မှုကို မတရားသူကြီးတွေက မှန်ကန်အောင် မလုပ်နိုင်ပါ။

အခြေခံဥပဒေရေးဆွဲပြီး အတည်ပြုလိုက်ပြီဆိုရင် တိုင်းပြည်အခြေအနေ ကောင်းသွားပြီဟု သာမန်အားဖြင့် ယူဆတယ်။
၁၉၄၇ အခြေခံဥပဒေကို ရေးဆွဲဖို့ပြင်ဆင်ရာမှာ တိုင်းရင်းသားစည်းလုံးရေးကို တစုံတခုသောအတိုင်းအတာအထိ ရယူနိုင်ခဲ့လို့ ပြည်တွင်းပြည်ပ ရိုသေလေးစားကြတယ်။ မလေးစားတဲ့ အုပ်စုတွေက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကြတယ်။ မဆလခေတ် ၁၉၇၄ မှာ အတည်ပြုတဲ့ ဆိုရှယ်လစ်အခြေခံဥပဒေဟာ အာဏာရှင်စနစ်ကို ဆိုရှယ်လစ်အရေခြုံတဲ့ ဥပဒေဖြစ်ပေမယ့် နိုင်ငံတကာအသိအမှတ်ပြုမှုကို ခံရတယ်။ မဆလအစိုးရကို နိုင်ငံခြားငွေကြေး အကူအညီဝိုင်းပေးကြတယ်။

၂၀၀၈ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီအရေခြုံပေးဖို့ ရည်ရွယ်တယ်။ တိုင်းရင်းသားစည်းလုံးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မကြိုးပမ်းဘဲ တဖက်သတ်ရေးဆွဲတဲ့ အခြေခံဥပဒေဟာ ရိုသေလေးစားမှု မရနိုင်ပါ။ အရေးပေါ်အခြေအနေကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ အခြေခံဥပဒေမျိုး မြန်မာပြည်မှာသာ ရှိမယ်ထင်တယ်။ အများသဘောတူတဲ့ သဘောတရားအပေါ် အခြေပြုတဲ့ အခြေခံဥပဒေကသာ ပြည်တွင်းပြည်ပလေးစားမှုကို ရရှိနိုင်တယ်။

မတရားတဲ့ အခြေခံဥပဒေဆိုတာကို ကမ္ဘာကသိပေမယ့် ဥပဒေရှိတာကို တိုးတက်မှုအဖြစ် သတ်မှတ်တဲ့အစိုးရလည်းရှိတယ်။ တရားသူကြီးတွေဟာ စစ်ဗိုလ်အမိန့်နာခံပြီး အရပ်သားလောကမှာ လာဘ်စားတယ်။ ငွေရှိရင် ရဲနှင့်တရားသူကြီးကို ကြိုက်သလို ခိုင်းနိုင်တယ်။ ဖမ်းဝရမ်း Arrest Warrant ကို ရောင်းစားတဲ့ခေတ်ဖြစ်တယ်။ အတိုက်အခံကို အရေးယူအပြစ်ပေးတဲ့ ဥပဒေဖြစ်တယ်။ တရားရုံးကို အင်းစိန်ထောင်ဝန်းထဲမှာ ထားတာဟာ ဒီရည်ရွယ်ချက်ကို ပြသရာရောက်တယ်။ အကျင့်ပျက် တရားသူကြီတွေဟာ နအဖစစ်ဗိုလ်ရဲ့ အမိန့်အတိုင်း စီရင်ချက်ချနေတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူကို ထောင်ဒဏ်အနှစ် (၅၀) ကျော်ချမှတ်တဲ့ တရားဌာနဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုမှာ အမိန့်နာခံတဲ့ တရားစီရင်ရေးစနစ်ကို ကမ္ဘာက သိသွားတယ်။ မတရားစီရင်ချက် အများအပြားရှိတဲ့အနက် ထင်ရှားတဲ့အမှု
(၂) မှုကိုသာ တင်ပြပါတယ်။ ဗိုလ်ချုပ်နေ၀င်းနဲ့ဗိုလ်ချုပ်သန်းရွှေတို့ရဲ့ သမားတော်ကြီး ဗိုလ်ချုပ် ဒေါက်တာကျော်ဝင်းရဲ့သား ဆေးကျောင်းသားထွန်းကျော်ဝင်း မောင်းနှင်တဲ့ ကားကတိုက်တဲ့အတွက် စီးပွားရေးတက္ကသိုလ်ကျောင်းသား မောင်ရဲဝင်း သေဆုံးသွားတယ်။ ဒါပေမယ့် ထွန်းကျော်ဝင်းဟာ ခေတ္တသာအထိန်းသိမ်းခံရပြီး လွတ်မြောက်သွားတယ်။ ဆရာဝန်ဖြစ်လာတဲ့အခါ ဖခင်ဖြစ်သူဒေါက်တာကျော်ဝင်း သံအမတ်လုပ်တဲ့ အင်္ဂလန်ကိုလိုက်လာပြီး လီဘာပူးဆေးရုံမှာ အမှုထမ်းတယ်။

ဒါပေမယ့် ဗြိတိသျှဆေးကောင်စီစည်းမျဉ်းဥပဒေအရ ရာဇ၀တ်ပြစ်ဒဏ်ကျခံဖူးသူဟာ ဆရာဝန်လုပ်ပိုင်ခွင့်မရှိဘူး။ ကားတိုက်မှုနဲ့ ခေတ္တထောင်ကျတာကို ဖုံးကွယ်နိုင်ရင် အင်္ဂလန်မှာ အလုပ်ရနိုင်တယ်လို့ ထွန်းကျော်ဝင်းက ထင်တယ်။ အင်္ဂလိပ်တရားဥပဒေနဲ့ နအဖ၏ မတရားဥပဒေထိပ်တိုက်တွေ့မှာကို စဉ်းစားမိဟန်မတူဘူး။ ဒေါက်တာထွန်းကျော်ဝင်းအမှုကို ကင်ဘာလေမြို့ အခြေစိုက် မြန်မာအမျိုးသား မျက်စိအထူးကုဆရာဝန်တဦးက ဗြိတိသျှဆေးကောင်စီသို့ အကြောင်းကြားတဲ့အခါမှာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်လာရတယ်။ စစ်ဆေးခံရရင် ဆရာဝန်လိုင်စင်ရုပ်သိမ်းခံရပြီး နာမည်ပျက်မှာစိုးရိမ်တာနဲ့ ဒေါက်တာထွန်းကျော်ဝင်း အမေရိကန်သို့ ရွှေ့ပြောင်းသွားတယ်။ နှလုံးအထူးကုဆရာဝန် ဒေါက်တာထွန်းကျော်ဝင်းဟာ ဆေးပညာမှာတော်ပေမယ့် ဥပဒေအထက်က စစ်ဗိုလ်လူတန်းစား အခွင့်ထူးခံတဦးပဲဖြစ်တယ်။

နောက်တမှုက တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ဦးစောလှိုင် မောင်းနှင်တဲ့ကား ဆိုက်ကားတစီးကို တိုက်မိတယ်။ ဆိုက်ကားသမားနဲ့ ဆိုက်ကားစီး ခရီးသည် (၂) ဦး မပြောပလောက်တဲ့ ဒဏ်ရာရရှိသွားတယ်။ လျော်ကြေးပေးလို့ နှစ်ဦးနှစ်ဘက် ကျေနပ်ခဲ့ကြပေမယ့် ဦးစောလှိုင်ကို သက်ဆိုင်ရာအာဏာပိုင်က စွဲချက်တင်ပြီး တောင် (၅) နှစ်ချလိုက်တယ်။ ဦးစောလှိုင်ဟာ ရှေ့နေငှားခွင့်မရလိုက်ပါ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့် လုံးဝဆန့်ကျင်တဲ့ လုပ်ရပ်ပဲ။ ဒီလိုအမှုတွေ မြန်မာပြည်မှာ အများကြီးရှိနေတာကို တရားရုံးချုပ်က ဒေါက်တာဘွဲ့ရ ဥပဒေပညာရှင်တွေ ဘာမှမတတ်နိုင်ပါ။ ဥပဒေဒေါက်တာဘွဲ့ယူပြီး နအဖစနစ်မှာ အမှုထမ်းနေတာဟာ မိမိကိုယ်မိမိ လိမ်လည်လှည့်ဖြားနေတာသာဖြစ်တယ်။

စစ်အာဏာရှင်တွေ မတရားလုပ်နေတာကို ဥပဒေကြောင်းအရ မှန်ကန်ကြောင်း တရားရေးဌာနက ဆုံးဖြတ်နေတာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုဖို့နဲ့ ဆုံးဖြတ်ဖို့အတွက် အခြေခံဥပဒေခုံရုံးထားရှိကြောင်း ၂၀၀၈ အခြေခံဥပဒေပုဒ်မ (၃၂၁) မှာ ဖော်ပြထားတယ်။ သူများတိုင်းပြည်မှာ တရားမျှတအောင် အခြေခံဥပဒေဆိုင်ရာခုံရုံးကို ထားရတာဖြစ်တယ်။ ဒီမိုကရေစီကျင့်စဉ်ကို အာဏာရအစိုးရလိုက်နာအောင် အခြေခံဥပဒေခုံရုံးကို ထားတာပါ။ မြန်မာပြည်မှာတော့ အခြေခံဥပဒေရဲ့ခုံရုံးဟာ အစိုးရလက်အောက်ခံဌာနဖြစ်လို့ မတရားဥပဒေကျင့်သုံးနိုင်အောင် ဖွဲ့စည်းထားသလို ဖြစ်နေတယ်။

ဗမာစစ်အုပ်စုရဲ့ ဆွေမျိုးပေါက်ဖော်ကြီးကလည်း သူ့နည်းသူ့ဟန်နဲ့ မတရားလုပ်နေတာပဲ။ မတရားအလုပ်ခံရတာကို မကျေနပ်လို့ မြို့ကိုတက်ပြီး တိုင်ကြားဖို့ ကြိုးစားသူတွေကို တရုတ်ကြံ့ဖွံ့နဲ့လုံခြုံရေးဝန်ထမ်းတွေက ဖမ်းဆီးပြီး လျှို့ဝှက်စခန်းတွေမှာ ထိန်းသိမ်းထားတာ (၆) နှစ်လောက်ရှိနေပြီလို့ နိုဝင်ဘာလ (၁၁) ရက်နေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ (၅၃) မျက်နှာအစီရင်ခံစာမှာ ဖော်ပြထားတယ်။ အရှက်မရှိတဲ့ ဗမာတရားသူကြီးတွေက မတရားတဲ့ စီရင်ချက်ကို ဗြောင်ချမှတ်နေပေမယ့် တရုတ်ပြည်မှာတော့ ဒီလိုမတရားသူကြီးမျိုး ရှာရခက်ပုံရတယ်။ ဒါကြောင့် လူမသိအောင် လျှို့ဝှက်စခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပုံရတယ်။

Read More...

အမည်မသိ လက်နက်ကိုင်တစု ပင်လုံမြို့ ရာအိမ်မှူးတဦးအား ပြန်ပေးဆွဲ

သျှမ်းသံတော်ဆင့်

စာချုပ်မြို့တော် ပင်လုံ ရာအိမ်မှူး တဦးအား အမည်မသိ လက်နက်ကိုင် လူတစုက ညသန်း ခေါင်ကျော် အချိန် ၀င်ယောက် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကျပ်သိန်း ရာချီပြန် ရွေးရန် မိသားစုထံ ဆက်ကြေး တောင်းကြောင်း သျှမ်းပြည် တောင်ပိုင်း သတင်း ရပ်ကွက် ကပြောပါသည်။

သူတို့ပြန်ပေးဆွဲချင်တာက အမှတ် ၁ ရပ်ကွက် ဥက္ကဌ ဦးကျော်ဌေး၊ သူ့အိမ်မှာ ဗမာစစ်သားတွေ ရဲတွေအစောင့်ချ ထား လို့ ရာအိမ်မှူး ဦးကျော်ဝင်းကိုဖမ်းသွားတာ ဖြစ်နိုင်တယ်” - ဟု အသက် ၃၀ အရွယ် ပင်လုံဒေသခံကုန်သည် တဦးက ပြောသည်။

နိုဝင်ဘာ ၁၉ ရက် မနက် ၀၂း၀၀ နာရီခန့် အမည်မသိ လက်နက်ကိုင်တစုက အမှတ် ၁ ရပ်ကွက် (ခေါ်) ဗမာရပ် ရာအိမ်မှူး ဦးကျော်ဝင်း (အောက်ပြည်မှ ပင်လုံသို့ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက လာရောက်နေထိုင်သည့် ဗမာအမျိုးသား) အသက် ၅၀ ကျော်အား ၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်ပေးသေးဘဲ ကျပ်သိန်း ၁၀၀ ဖြင့်ပြန် ရွေးယူရန် တောင်းထားသည်ဟု သိရပါသည်။

“ကျနော်ကြားသိရတာက ကျပ်သိန်း ၂၀၀ ဖိုး တောင်းတယ်။ သူ့မိသားစုက အဲလောက်အဆင်မပြေဘူး၊ ရပ်ကွက်သူ ရပ်ကွက်သားတွေဆီကဘဲ ပြန်ကောက်မယ်ထင်တာဘဲ” - ဆက်ပြော၏။

သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းချက်အရ လက်နက်ကိုင်အဖွဲ့တို့ ကျပ်ငွေသိန်း ၁၀၀ တောင်းသည်ဟုဆိုသူများ ရှိသကဲ့သို့၊ အချို့ကလည်း ကျပ်သိန်း ၂၀၀ ၊ ၃၀၀ အထိ ပြန်လည်ရွေးယူရန် ဆင့်ဆိုသည်ဟု ပြောသူများလည်းရှိ၏။

“ကျနော်တို့ဘက်ကအဖွဲ့အစည်းစုံတယ်။ PNO လက်ကျန်ပအိုဝ်းတပ်ဖွဲ့တို့၊ ဗမာစစ်သားတို့တွေကဘဲ သျှမ်းစစ်သား ဟန် ဆောင်ပြီး လုပ်တယ်လို့လဲပြောသံထွက်တယ်။ သျှမ်းသူပုန်တွေလို့လဲ ပြောတဲ့သူရှိတယ်။ အဲဒီပြန်ပေးဆွဲအဖွဲ့မှာ လက်နက် အပြည့်အစုံနဲ့ လူ ၁၀ ယောက်လောက်ရှိတယ်လို့ ဦးကျော်ဝင်း မိသားစုဝင်နဲ့ နီးစပ်တဲ့သူတွေကပြောကြ တယ်” - ဟု ဒေသခံ ကုန်သည်အမျိုသမီးငယ် နန်းဆိုင်ခမ်း ကပြော၏။

ဦးကျော်ဝင်းအား ဓါးစာခံအဖြစ်ပြန်ပေးဆွဲရခြင်းမှာ ၄င်းသည် ရယက ဥက္ကဌ ဦးဌေးဝင်း နှင့် ပေါင်းပြီးရပ်ကွက်သူ ရပ်ကွက်သားများ အိုးအိမ်တည်ဆောက်ရာ၌ အခွန်အမြောက်အများ ခြိမ်းခြောက်ငွေညှစ်လေ့ရှိခြင်းကြောင့်ဖြစ်နိုင် သည်ဟု ပြောပါသည်။

ယခုဖြစ်ရပ်ကဲ့သို့ လွန်ခဲ့သည့် ၄-၅ နှစ်ခန့်ကလည်း တရုတ်အမျိုးသမီး တစ်ဦးအား ပြန်ပေးဆွဲအဖွဲ့က ငွေကျပ် ၁၀ သိန်း ဖြင့်ပြန်ရွေးရန်တောင်းဆိုသည်ကို မလိုက်လျောသဖြင့် ထိုဓါးစာခံကို ကောက်ရိုးပုံပေါ် တင်မီးရှို့သတ်လိုက်သည်ဟု လည်း ပင်လုံဒေသခံ ကုန်သည်တစ်ဦးက ပြောပြသည်။


Read More...

အပြာရောင်သစ်ခွပွင့်၏အားမာန်

ပွန်းဟန်

မွန်အမျိုးသားပညာရေးဌာနရဲ့ရုံးခန်းထဲဝင်သွားတော့ ကွန်ပျူတာနဲ့ စာရင်းဇယားပြုစုနေတဲ့သူမကို တွေ့ရပါတယ်။ရိုးသားဖေါ်ရွေတဲ့အပြုံး နဲ့ ရင့်ကျက်တည်ငြိမ်တဲ့အမူအရာဟာ သူမရဲ့အားမာန်ကိုဖေါ်ပြနေသ လိုပါဘဲ။ သူမရဲ့အသွင်အပြင်ဟာ ခေတ်ပညာတတ်တစ် ယောက်လို့ အများကသတ်မှတ်ထားပေမဲ့ သူမရဲ့ဖြတ်သန်းလာခဲ့ ရတဲ့ဘဝခရီး လမ်းဟာ ကြောက်ရွံဖွယ် အားကျဖွယ် သနားစဖွယ် အတုယူဖွယ် ကောင်းလှပါ တယ်။ နတ်စီတဲ့ အိမ်မက်လှလှကလေးတွေမက်ရင်း ရေစုန်ခရီးကိုမျောခဲ့ရတဲ့သူမဟုတ်ပါဘူး။

ရေဆန်ဆန် လှိုင်း ထန်ထန်ခရီး ကြမ်းတွေမှာ ကျော်ဖြတ်ပြီးမှ အောင်မြင်မှုရရှိအောင် မနားမနေကြိုးစားခဲ့ရတဲ့သူ တစ်ဦးလို့ဆိုရင် မမှားပါဘူး။ သူမရဲ့ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံတွေကိုပြောပြခဲ့ရာမှာ နှောင်းအတိတ်ကို ဆွေးရိပ် သန်းနေတဲ့ သူ့ရဲ့မျက် ဝန်းအစုံကိုသတိပြုမိပါတယ်။ သူမရဲ့စားပွဲပေါ် ပန်းအိုးထဲကနှင်းဆီတစ်ပွင့်ဟာ ရဲရဲတောက် အဆင်းနဲ့ အားမာန် အပြည့်လန်းဆန်းစွာကြွားကြွားဝင့်ဝင့်အလှဖြာနေဆဲပါဘဲ။ ဘုရားစင်ပေါ်မှာထွန်းညှိထားတဲ့ အမွှေး တိုင်ရဲ့အခိုး အငွေ့တွေဟာ အပြင်ဘက်ကို တလွင့်လွင့်ပြန့်နေပါတယ်။

ကျွန်မမွန်အမျိုးသားစာသင်ကျောင်းကိုရောက်လာတာတဲ့အချိန်ကတော့ ၁၉၉၃၊ ၉၄ ခုနှစ် ပညာသင်နှစ်မှာပေါ့။ အဲဒီ အချိန်မတိုင်ခင်မှာ ကျောင်းနားထားရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန် (၈၈) အရေး အခင်းဖြစ်နေ တဲ့အချိန် ကျွန်မက( ၆) တန်းပဲရှိပါသေးတယ်။ ဒီတစ်သက်တော့ ပညာမသင်ရတော့ဘူးလို့ စဉ်းစားရင်အား ငယ်တဲ့စိတ်ပေါ်လာ တယ်။ သူများတွေကိုကြည့်ပြီးတော့နော်။ ဒါပေမယ့် စိတ်ထဲမှာတော့ ပညာသင်ချင်တဲ့စိတ်တွေ မကုန်သေးဘူး။ ဒါပေ မယ့်ကိုယ့်ရဲ့မိဘတွေကို ဖွင့်မပြောရဲဘူး။ ကိုယ်မိဘတွေကလည်း ပညာရေး တွေဘာတွေ နားမလည်သေးတော့ အဲဒီ အချိန်ကစပြီး ကျွန်မနဲ့ပညာရေးက အလှမ်းဝေးကွာသွားခဲ့တယ်။

(၁၉၉၃)ခုနှစ်ရောက်တော့ မွန်ပြည်သစ်ပါတီပညာရေးဌာနခွဲတစ်ခုဖြစ်တဲ့ ကော့ကရိတ်မြို့နယ်က ကျိုက္ကဗင်ဆိုတဲ့ရွာလေး တစ်ရွာမှာ မွန်အမျိုးသားကျောင်းဖွင့်ထားတယ်။ အဲဒီမှာပညာသွားသင်စို့လို့ သူငယ်ချင်းတစ်ယောက်ကအဖော်လာညှိ တယ်။ ဒါပေမယ့်ကျွန်မကစိတ်ဝင်စား မယ်လိုလိုနဲ့ နောက်အဲဒီကိစ္စကို မေ့သွားပြန်တယ်။ နောက်တော့ ကျွန်မအဖေနဲ့ သူရဲ့သူငယ်ချင်းတစ်ယောက် ကျွန်မတို့အိမ်မှာလာလည်ပြီး ရှေးဟောင်း နှောင်းဖြစ်တွေပြောရင်း ကျွန်မစိတ်ဝင်စားတဲ့ ကြောင်းအရာတစ်ချို့လည်းပါလာတယ်။ အဲဒါက ဘာလဲဆိုတော့ မွန်ပြည်သစ်ပါတီဗဟိုပညာရေးဌာနရဲ့ လက်အောက်ခံ သထုံခရိုင်မှာ သူတို့မွန်အမျိုးသားကျောင်းတွေဖွင့်ထားတယ်။ အဲဒီမှာဆိုရင် မွန်ကျောင်းသား ပေါင်း(၁ဝဝ)ကျော်ကျော် လောက်ရှိမယ်။ အဲဒီဆရာ ပြောနေတာကို ကျွန်မကြားတော့စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ကိုယ့်လူမျိုးတို့ရဲ့ အမျိုး သားကျောင်း မှာပညာရရင် ဘယ်လောက်ဟန်လိုက်လေမလဲလို့ စိတ်ထဲမှာစဉ်းစားမိတယ်။ ဒီလိုနဲ့ကျွန်မအဖေရဲ့ သူငယ် ချင်းဖြစ်တဲ့ ဆရာ နိုင်ဗညားရဲ့ အိမ်ကိုသွားပြီး အဲဒီနေရာကို မိမိအနေနဲ့ သွားလို့ရ မရ သွားမေးမြန်းပါတော့တယ်။

ဆရာပြောတာက တကယ်လို့အဲဒီမှာပညာသွားချင်တယ်ဆိုရင် သွားသင်လို့ရတယ်ပေါ့။ ဒါပေမယ့် စားဝတ်နေရေးတော့ အခက်အခဲတွေရှိ မယ်။ အမျိုးချစ်စိတ်မရှိပဲနဲ့ အဲဒီမှာလုံးဝနေနိုင်မှာမဟုတ်ပါဘူး။ မနက် ဖြန်ဆိုရင် ဆရာမွန်ချိုင်းက မွန်အမျိုးသားကျောင်းကို သွားမယ့် ကျောင်းသားတွေလိုက်ပို့ဖို့ရှိတယ်။ နင်သွား ချင်သပဆိုရင်သူနဲ့လိုက်သွားပေါ့။ နင်တကယ်နေနိုင်လို့လား ဆရာကမေးတယ်။ ကျွန်မက လည်းနေနိုင်ကြောင်း ဝန်ခံပြီး အိမ်မှာခွင့် တောင်းဖို့အတွက် ပြန်သွားတယ်။ အမေကိုခွင့်တောင်းတော့ အမေကခွင့်မပြုဘူး။ ဘယ်ခွင့်ပြုမလဲ အဲဒီအချိန်မှာက နိုင်ငံရေးအနေနဲ့လည်း ပစ်တာ၊ခတ်တာ ရှုပ်ထွေးနေတဲ့အချိန်လည်းဖြစ်တယ်။ ပြီးတော့ တောကြီးတောခေါင်မှာ ပညာသင်ကြားရမယ်ဆိုတော့ မိဘက စိုးရိမ်တာပေါ့။ လုံးလုံးဝခွင့်မ ပြုဘူးဆိုတော့ကျွန်မကလည်း ငိုယိုပြီးတော့တိုင် တည်တောင်းပန်တယ်။ မိမိက ပညာတတ်ကြီးဖြစ်ချင်တယ်။ အခုက အသက်ကငယ်ငယ်လေးပဲရှိသေးတယ်။ ပညာမတတ်ရင် သမီးဘဝရှေ့ရေး ဘယ် လိုသွားရမလဲ စသဖြင့်ပေါ့ တိုင်တည်တယ်။ နောက်ဆုံးတော့မိဘကသနားတော့ ခွင့်ပြုလိုက်ပါတယ်။

ကျွန်မတို့လာတုန်းက လှေစီးပြီးတော့လာရတယ်။ လမ်းတ လျှေက်လုံခြုံရေးကတော့ မွန်စစ်သားတွေ တာဝန်ယူစောင့် ရှောက်လာတယ်။ တစ်နေရာမှာရောက်တော့ ထူးခြားမှုတခု ခုတွေ့လို့စစ်သားတွေ အဆင်သင့်နေရာယူပြီး ကျွန်မတို့ကို လုံခြုံတဲ့နေရာမှာပေးဝပ်ခိုင်းတယ်ရှင့်။ ကျွန်မစိတ်ထဲမှာတော့ ဒီတစ်ခါတော့သေ ပြီးလို့ရှိသမျှဘုရားစာ တွေရွတ်တော့တာ ပါပဲ။ ဟေတုပစ္စယော၊အရမ္မဏပစ္စယော၊ အဓိပတိပစ္စယော အစရှိသည့်ဖြင့်ပေါ့။ ကံကောင်းထောက်မစွာနဲ့ တိုက်ပွဲမဖြစ်ပဲ အေးအေးဆေးဆေးပဲ အဲဒီနေရာကို လွန်သွား ပြန်တယ်။ အဲဒီလိုနဲ့ကျိုက္ကဗင်ဆို တဲ့ရွာကလေးတစ်ရွာကို ရောက်သွားပါ တော့တယ်။ ကျွန်မတို့ရောက်သွားတဲ့ အချိန် ကညပိုင်းမှာဖြစ်တယ်။ ကျွန်မတို့ရွာရောက်ရောက်ခြင်းးမှာပဲ ရွာဘုန်ကြီး ကျောင်းက အုန်းမောင်းခေါက်တယ်ဆိုတော့ တိုက်ပွဲဖြစ်လို့ ပြေးရတော့မလားလို့တွေဝေတဲ့အချိန်မှာ ရွာကလူအုပ်တွေ အားလုံး ဘုန်းကြီးကျောင်းမှာ လူလာစုကြတယ်။

သေချာသွားပြီးစာမသင်ရသေးပဲနဲ့ အခုပြေးနေရပြီးလို့စိတ်ထဲမှာ စဉ်စားရင်း နောက်တော့မှထင်တာတခြား ဖြစ်တာတ လွဲပြီး နောက်ဆုံး အဖြေမှန်က အခုရောက်လာတဲ့ ကျွန်မတို့ကျောင်းသားအသစ်တွေကို ကြိုဆိုသောအားဖြင့် အုန်း မောင်းခေါက်ခြင်း ဖြစ်တယ်ဆိုတာသိ တောမှ အသက်ရှူချောင်သွားတယ်။ စိတ်ထဲမှာတိုက်ပွဲဖြစ်လေမလားလို့။ အဲဒီ အချိန်မှာဆရာဆရာမတွေစုံစုံညီညီ ကျွန်မတို့ကိုလာပြီးတော့ ကြုဆိုကြတယ်။ ကျွန်မကအခုလိုကျောင်းသူကျောင်းသား ဆရာဆရာမတွေ စုံစုံ ညီညီနဲ့လာကြိုတာတွေတော့ အများကြီးအားတက်သွားတယ်။ အများအားဖြင့် ဆရာ၊ ဆရာမတွေ ကတော့ တက္ကသိုလ်ကမွန်ကျောင်းသူ ကျောင်းသားတွေများတယ်။

ရွာပုံစံကတော့ဒီသနပ်ခါးလူးတဲ့ကျောက်ပြင်လိုပါပဲ။ ကုန်းလိုဖြစ်ပြီးတော့ မိုးတွင်းဆိုရင်အောက်ဘက်ကို ကြည့်တဲ့အခါ ရွာရဲ့ပတ်ပတ်လည်း မှာ ရေတွေဖွေးဖွေး ဖြူနေလို့။ ပြည့်လျှံနေလို့။ ပင်လယ်ထဲမှာ လွှင့်မျောနေတဲ့ ကျွန်းတစ်ကျွန်းလို ဖြစ်နေတယ်။ အင်မတန်မှ ငြီးငွေ့စရာ၊ လွမ်းမောစရာကောင်းတာပေါ့။ ရွာလို့ဆိုပေမယ့် အိမ်ခြေပေါင်းက(၄ဝ)သာသာ လောက်ပဲရှိတယ်။ စာသင်တဲ့နေရာတော့ ဘုန်းကြီးကျောင်းမှာသင်ပြီး ရွာမှာအားတဲ့အိမ်မှာ ကျွန်မတို့နေရတယ်။ ရွာနာ မည်ကတော့ ကျိုက္ကဗင်ရွာတဲ့။ ကော့ဗိန်းရွာအလွန် လယ်ကွင်းပြင် အလယ်တည့်တည့်မှာရှိပြီး ပလိုင်းတမော၊့ ကော့ဂိုး၊ ခရစ၊် အဲဒီရွာဘက်မှာရှိတယ်။ ဒါပေမယ့် ရွာကတော့ တောလည်ခေါင်မှာရှိတယ်ဆိုတော့ အင်ပင်၊ ကျွန်းသစ်ပင်တွေ အများကြီးပဲ။ အဲဒီရွာမှာမကြာခဏဆိုသလို ဗမာစစ်တပ်နဲ့မွန်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့နေရာပေါ့။ အဲဒီလိုနဲ့ကျိုက္ကဗင် ဆိုတဲ့ရွာ ပျော်တလှည့် မောတလှည့်ပညာသင်ရင်းသင်ရင်းနဲ့ တော်သလင်းလရောက်တော့ နိုင်ငံရေးရေစီးကြောင်း အခြေအနေကသိပ်မကောင်းတော့ဘူး။ အခြေအနေတဖြည်းဖြည်း တင်းမာလာတယ်။ အဲဒီအချိန်တုန်းက မွန်ပြည်သစ် ပါတီနဲ့ စစ်အစိုးရကလည်း ငြိမ်းချမ်းရေး မယူရသေးဘူးဆိုတော့ ကြောက်ကြောက်နေရတာပေါ့။ နောက်ဆုံးတော့ စာသင်လို့မရတော့ဘူး။ ဒီရွာကနေတစ်ခြားရွာဖြစ်ဖြစ်၊ ကိုယ့်အိမ်ကိုပဲဖြစ်ဖြစ် ခဏတဖြုတ်တော့ လူစုခွဲပြီးရှောင်ရမယ် လို့ ကျောင်းအုပ်ဆရာကြီးက လာပြောတယ်။ ရွာကနေဝေးတဲ့သူတွေဆိုရင် ကိုယ့်ရဲ့သူငယ်ချင်းရွာမှာဘဲ လိုက်သွား တယ်။ ကျွန်မကျတော့ ရွာကဝေးတယ်ဆိုတော့ သူငယ်ချင်းရွာမှာပဲ လိုက်သွားတယ်။

မနက်ဖြန်ဒီကျိုက္ကဗင်ရွာကနေခဏရှောင်ဖို့ ရွာအပြင်ဘက်ကမြစ်ချောင်းနားမှာ သွားစုဝေးပြီး လှေကိုစောင့်နေကြတယ်။ အဲဒီလိုစစ်အစိုးရ၏ ဘေးလွတ်ရာသို့ထွက်ပြေးရင် ရောက်ရာအရပ်မှာစာသင်ပြီး တစ်ရွာပြီးတစ်ရွာ ပြေးရင်း သင်ရင်းနဲ့ နောက်ဆုံးမှာ ကော့ကျိုက်ဆိုတဲ့ မွန်ရွာကိုရောက်သွားပြန်တယ်။ အဲဒီရွာမှာ အကြာကြီး နေခဲ့တယ်။ ဆရာမက သူကြီးရဲ့ အိမ်မှာပုန်းပြီးနေရတယ်။ ဗမာစစ်သားတွေလာရင်တော့ ဆရာမအိမ်ပြင်ထွက်လို့ မရတော့ဘူး။ စာသင်တဲ့အခါမှာ တော့ခိုးကြောင်ခိုးဝှက်နဲ့ပေါ့။ မိုးတွင်းကောက်စိုက်ချိန်မှာဆိုရင် ကျွန်မတို့အနေနည်းနည်းချောင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တခြားရွာ ခယား၊ ကော့ယက္ခ၊ အဲဒီဘက်ကရွာတွေက ကျွန်မတို့နေတဲ့ ရွာမှာကောက်လာ စိုက်ကြတယ်။ ကျွန်မတို့က ကောက်စိုက်သမားတွေလို လယ်ကွက်ထဲမှာ မျိုးတွေကို မနှုတ်တတ်၊ နှုတ်တတ်နဲ့ ဟန်ဆောင်ပြီး နှုတ်နေရတယ်။ နေ့ခင်းမှာကောက်စိုက်ပြီး ညပိုင်းမှာတော့ စာသင်ရတာပေါ့။

တစ်ခါမှာ ဆရာမစာသင်တန်းလန်းနဲ့ ရွာကကင်းသမားတစ်ယောက် သတင်းလာပေးတယ်။ ဆရာမရေ အခြေအနေမ ဟန်ဘူး အခုရှောင်မှ ဖြစ်တော့မယ်လို့ပြောတယ်။ ကျွန်မတို့လည်း စာသင်တန်းလန်းနဲ့ စာအုပ်တွေကိုအားလုံး သေတ္တာထဲမှာထည့်ဝှက်လိုက်ကြတယ်။ ပြီးတာနဲ့ ကျောင်းသားရော ဆရာမပါ အားလုံးပြေး ကြရတော့တာပါပဲ။ ပြေးတဲ့ အခါမှာလည်း သူကြီးတွေသတ်မှတ်ထားတဲ့ အိမ်မှာသွားပြီးတော့ပုန်း နေကြရတယ်။ ဥပမာတစ်အိမ်မှာဆိုရင်၂ ယောက် လား ၃ယောက်လားခွဲထားပေးတယ်။ အဲဒီလိုနေ့မျိုးမှာဆိုရင်တော့ စာမသင်ဖြစ်တော့ဘူး။ ညပိုင်းရောက်ပြန်တော့ စာ ဖတ်ရတာပေါ့။ ဒါပေမယ့်အဲဒီညမှာပဲ ဗမာစစ်သားတွေ ဝင်လာမယ်လို့ သတင်းကြားပြန်တော့ ဆရာမကစာမပေးဖတ် တော့ပဲ စောစောပေးအိပ်ခိုင်းလိုက်တယ်။ ကိုယ့်ကပျော်တာပေါ့။ စာမဖတ်ရဘူးဆိုတော့။ ခလေးတွေဆိုတော့ သတင်းမ ကောင်းဘူးဆို တော့ ကြောက်တာပေါ့။ ဒါပေမယ့် ဘယ်လိုကြောက်ရမှန်းမသိဘူး။ မနက်စောစော(၄)နာရီလောက်တော့ ကျေးရွာဥက္ကဌကလာပြီးတော့နှိုး ပြန်တယ်။ ကဲကျောင်းသားတို့၊ ထတော့ထတော့ ကဲကျောင်းသားတို့ထထတော့ အိပ်လို့ မရတော့ဘူး။ အိမ်အောက်ကနေ လာပြီးတော့နှိုး တယ်။ ကျွန်မတို့လည်း အမြဲတမ်းဘဲပြေးနေရတယ်ဆိုတော့ စောစော ထရတာလောက်တော့ ပျင်းတာပေါ့။ ဆောင်ကို ကိုယ်မှာတိုင်းပတ်ပြီး ဥက္ကဌရဲ့ခေါ်ဆောင်ရာနောက်ပါသွားတယ်။ အစီ အစဉ်အတိုင်းပဲ ဒီကျောင်းသားက ဘယ်အိမ်မှာနေ၊ အဲဒီလူစုခွဲပြီးပေးပုန်းစေတယ်။

နံနက်မိုးလင်းတော့ ကိုယ်ကအိမ်တွင်းမှာပုန်းနေရတယ်။ အိမ်ပြင်ထွက်လို့မရဘူး။ ထမင်းချက်တဲ့သူလည်း ပြေးနေရ တယ်ဆိုတော့ အဲဒီနေ့ဆိုရင် တစ်နေ့လုံး ထမင်းမစားပဲ အိမ်းတွင်းမှာပဲပုန်းနေရတယ်။ ညပိုင်းမိုးချုပ်လို့ အစိုးရစစ်သား တွေပြန်သွားမှ ဥက္ကဌပြောထားတဲ့ ရွာရဲ့ဟိုအစွန်းဆုံးအိမ်မှာသွားပြီးတော့ ထမင်းစားရတယ်။ သွားတဲ့အခါလည်း ဟိုယောင်ယောင်နဲ့ဟန်ဆောင်သွားရပြီး နှစ်ယောက်တစ်တွဲ အဲဒီထမင်းစားတဲ့အိမ်ကို ရောက်ပြီးမှ ကျန်လူတွေ နောက်ထပ်နှစ် ယောက်သွားရတယ်။ အဲဒီလိုနဲ့ပြေးရင်းပုန်းရင်း နေလာကြာတော့ နောက်ဆုံးတော့ နေလို့မရတော့ဘူး။ အစိုးရစစ်သားတွေ ရွာကိုအဝင်စိပ်လာတယ်။ ကျောင်းအုပ်ဆရာကြီးကလည်း မရှိတော့ဘူး။ အဲဒီအချိန်မှာ ဆရာမ နှစ်ယောက် ပဲရှိတော့တယ်။ စာမသင်ရပဲနဲ့ တချိန်လုံးပုန်းနေရတာဆိုတော့ မထူးတော့ဘူး ဆရာမကပြန်တော့စို့လိုပြော တယ်။

အဲဒီအချိန်မှာ မွန်ပြည်သစ်ပါတီဗဟိုပညာရေးဌာနက နယ်စပ်တစ်နေရာမှာ အေးအေးချမ်းချမ်းပါပဲ။ ဒီပြည်တွင်းကခရိုင် ပညာရေးဌာနတွေပဲ ပြေးလွားနေရတယ်။ ဒီလိုနဲ့စာသင်နှစ်တနှစ်စာ မပြီးသေးပဲနဲ့ ဒီတစ်ခါမှာတော့ တစ်ကယ့်ကိုရွာပြန် ရတော့တယ်။ ဆရာမကဘယ်လိုမှာလဲဆိုတော့ နင်တို့တတွေ လူကြီးတွေ ပြန်ခေါ်တဲ့သတင်းစောင့်နေပါ။ အဲဒီအချိန် မှာမှ ဆရာမနဲ့ပြန် တွေ့ကြတာပေါ့လို့ ပြောတယ်။ ကျွန်မတို့မှာ ခွဲခွာရတော့မယ်ဆိုတဲ့အသိနဲ့ မျက်ရည်တသွင်သွင် စီးကျ လို့ပေါ့။

ဒီလိုနဲ့သီတင်းကျွတ်မှာပြန်ခေါ်တယ်။ ကမ်းနီးရွာမှာ လူစုပြီးတော့ဆရာကတော့ ခရစ်ရွာမှာစောင့်နေတယ်။ ကျွန်မတို့ လူစုပြီးတော့ ကမ်းနီးကိုသွားတယ်။ ကမ်းနီးကနေတဆင့် တံတားဦးရွာကိုရောက်တယ်။ အဲဒီတံတားဦးရွာမှာ ကျွန်မတို့ စာသင်ရပြန်တယ်။ စာသင်ရတဲ့အိမ်က အရင်တုန်းက ဥက္ကဌရဲ့နွားတင်ကုပ် နေရာဖြစ်ပါတယ်။ အဲဒီစာသင်တဲ့နေရာ ပတ် ပတ်လည်မှာ သစ်ပင်တွေဝိုင်းဝိုင်းလည်ပြီး အဝေးကနေကြည့်ရင် ဘာမှတွေ့ရပါဘူး။ လုံခြုံအတွက် နည်းနည်းတော့ စိတ်အေးရတာပေါ့။ အဲဒီဘိုဘဲကျွန်မတို့ အခက်အခဲမျိုးစုံကိုဖြတ်သန်းရင်းနဲ့ တံတားဦးဆိုတဲ့ရွာမှာ တစ်နှစ်စာ ပညာ သင်နှစ်ကို အောင်အောင်မြင်မြင် နဲ့ပြီးဆုံးသွားခဲ့တယ်။ ကျွန်မအတွက်တော့ ဒီတွေ့ကြုံနေရတဲ့ ဖြစ်ရပ်တွေကို ဘယ် တော့မှမေ့လိုရတော့မှာ မဟုတ်သလို မွန်အမျိုးသားကျောင်းမှာမွန်ကျောင်းသူတစ်ဦးတွေ့ကြုံနေရသော ဒုက္ခနည်းတူ အခြားသောတိုင်းရင်းသားတွေ ကိုယ့်အမျိုးသားစာပေသင်ကြားရာမှာလည်း ဤနည်းအတိုင်း တွေ့ကြုံနေကြမယ်လို့ ထင်ပါတယ်။

အဲဒီကနေ(၁၉၉၅)ခုနှစ်ရောက်တော့ မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရတို့ ငြိမ်းချမ်းရေးရတော့ ထိုင်းမြန်မာ နယ်စပ်မှာရှိနေတဲ့ မွန်ပြည်သစ်ပါ တီရဲ့ဗဟိုပညာရေးဌာနဖြစ်တဲ့ ညီစားဌာနကိုပြောင်းလာတယ်။ (၁၉၉၆) ခုနှစ်မှာ ကျွန်မမွန်ပညာရေးဌာနကို ရောက်လာတယ်။ ဒီလိုနဲ့(၁၉၉၇) ခုနှစ်မှာ ကျွန်မ(၁ဝ)တန်းအစိုးရစာမေးပွဲ ဝင်ဖြေတယ်။ ပထမနှစ်တော့ မအောင်ပါဘူး။ ဒုတိယနှစ်မှာ ကျွန်မဆယ်တန်းစာမေးပွဲ တစ်နှစ်နား လိုက်ပြီးတော့ မွန်ဗဟိုပညာရေးဌာနရဲ့ လက်အောက်ခံ ကျိုက္မရောမြို့ နယ် မွန်ကျောင်းဆရာအဖွဲ့မှာ ဝင်ရောက်တာဝန်ထမ်းဆောင်တယ်။ နောက်နှစ်ကျတော့ ဆယ်တန်းဆက်ဖြေတယ်။ ဒါပေမယ့် မအောင်ပြန် ဘူး။ ဒီလိုနဲ့ (၄)နှစ်မြောက်(၂ဝဝ၂)ရောက်မှ ဆယ်တန်းအောင်တယ်။ တဆက်တည်းမှာပဲ ကျွန်မအဝေးသင်တက္ကသိုလ် ဆက်တက်တယ်။ ၂၀၀၇ခုနှစ်ကျတော့မှပဲ ကျွန်မဘွဲ့ရတယ်။ ပြီးတော့အခုအမိမွန်ပညာရေး ဌာနမှာ တာဝန်ဆက်လက်ထမ်းဆောင်နေဆဲပါ။ ဌာနမှာနေစဉ်အတွင်း အင်္ဂလိပ်စာကို လေ့လာသင်ယူခဲ့ပါတယ်။ ပြီးတော့ကွန်ပျူတာနဲ့ပါတ် သက်တဲ့နည်းပညာပိုင်းကိုလည်း လေ့လာသင်ယူခဲ့ပါတယ်။ ဒီကနေ့ထိတော့ ကျွန်မအတွက်တော့ လေ့လာသင်ယူစရာ တွေ အများကြီးရှိနေပါသေးတယ်။

သူမရဲ့ဘဝဇာတ်ကြောင်းကိုပြောပြအပြီးမှာ မောသွားဟန်ရှိပါတယ်။ သူမရဲ့စားပွဲပေါ်မှာ စာရေးဆရာ ငြိမ်းကျော်ရဲ့ အပြာ ရောင်သစ်ခွပွင့်ရဲ့သမိုင်းအစဆိုတဲ့ ဝတ္ထုစာအုပ်တစ်အုပ်ကိုတွေ့ရပါတယ်။ အပြာရောင်သစ်ခွပွင့်ဟာ တခြားသစ်ခွပင် တွေလို သစ်ပင်တွေရဲ့အပေါ်မှာ ပေါက်နေတာမဟုတ်ပါဘူး။ ကျောက်ဆောင် အကျိုအကြားကနေပေါက်လာတဲ့ ပန်းတစ် ပွင့်ပါ။ မာကြောလှတဲ့ကျောက်ဆောင်ကြားကနေ ရုန်းထွက်ပြီး လောကအတွက် သူ့ရဲ့အလှကိုပေးဆောင်နေတဲ့ ပန်းကလေးပါ။ သူမရဲ့ဘဝဟာလဲအခက်ခဲအမျိုးမျိုးကြားကနေ ရုန်းကန် ကြိုးစားခဲ့လို့ အောင်မြင်မှုအတိုင်းတာတခုအထိ ရခဲ့တဲ့အဖြစ်ဟာ အပြာရောင်သစ်ခွပွင့်နဲ့နှိုင်းရင် ရိုင်းမယ်မထင်ပါဘူး။

(မှတ်ချက်။ ။ မွန်ပညာရေးဌာနမှ ဆရာမမိကျလွန်းထော ကိုယ်တိုင်ပြောပြသော ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါသည်။)

Read More...

မွန်ပြည်သစ်ပါတီ ခရီးစဉ်ကို မသိရှိသည့်အတွက် ဂိတ်တာဝန်ခံ ဗိုလ်ကြီးတဦး ပြောင်းရွေ့ခံရ

မင်းအာသံ

မွန်ပြည်သစ် ပါတီ အထွေထွေ အတွင်း ရေးမှူး နိုင်ဟံသာ၏ မွန်ပြည်သစ် ပါတီ ထားဝယ် ခရိုင် အတွင်းရှိ မွန်ကျေးရွာ ခရီးစဉ် အတွင်း ရေး၊ တံတားဖြူ စစ်ဆေး ရေးဂိတ်ကို ဖြတ်သန်း သွားစဉ် ၄င်းဂိတ်မှ နိုင်ဟံသာကို မသိရှိ သည့်အတွက် ဂိတ်တာဝန်ခံ ဗိုလ်ကြီးတဦး ပြောင်းရွှေ ခံရသည်ဟု မွန်ပြည်သစ် ပါတီ အရာရှိ တစ်ဦးက ပြောသည်။

“နိုင်ဟံသာကို စစ်အစိုးရက အထူးတစ်ယောက်အနေနဲ့ စောင့်ကြည့်ဖို့ သတ်မှတ်ထားတယ်။ အခုလို နိုင်ဟံသာ ရေး၊ တံတားဖြူဂိတ်ဖြတ်တာကို မသိတဲ့အတွက် အဲဂိတ်က ဗိုလ်ကြီး အပြောင်းခံရတယ်။ နအဖတို့ကလည်း နိုင်ဟံသာ ဘယ်သွားသွား သူတို့သိချင်တဲ့အတွက် အခုလို မသိတဲ့သူကို အပြစ်ပေး လိုက်တာဖြစ်မယ်။” ဟု ၄င်းက ပြောသည်။

နိုင်ဟံသာ ဆင်းပြီးနောက်ပိုင်း မြန်မာစစ်အစိုးရက ၄င်းဂိတ်ကို စစ်ဆေးရေး တင်းကျပ်ထားပြီး ဝါးလုံးတန်းတိုးပြီး ပိတ်ထားသည်ဟု ထိုခရီးစဉ်သို့ လိုက်ပါသွားသော အရာရှိတစ်ဦးက ပြောသည်။

“ဂိတ်မှာ တားထားတဲ့ ဝါးလုံးတန်းက အရင်ကဆို တစ်လုံးပဲ၊ အခုက နှစ်လုံးတောင် ဖြစ်သွားပြီး။ အခုဆိုင်ကယ်က လွဲပြီး ကားအဝင်အတွက်အားလုံးကို စစ်တယ်။ ရွာဘက်လူတွေ ဆိုရင်တော့ သွားရလာရတာ အရမ်းခက်မယ်။” ဟု ၄င်းက ပြောသည်။

မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးလရီစင်း ဆင်းမည်ဟု ရေးမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံက တံတားဖြူဂိတ်သို့ အကြောင်းကြားထားသော်လည်း နိုင်ဟံသာက သံဃာတော်များနှင့် တွေ့ဆုံဆွေးနွေးလို၍ ထိုခရီးစဉ်ကို အစားထိုးဆင်းသွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ အသိုင်းအဝိုင်းထံမှ သိရပါသည်။

“နိုင်ဟံသာက ပါတီရဲ့ရပ်တည်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲမဝင်တဲ့အကြောင်းကို ရှင်းပြခဲ့တယ်။ ကျနော်နဲ့ နိုင်အောင်မငေးကို နအဖက စောင့်ကြည့်နေတယ်။ ကျနော်တို့ရဲ့ ပါတီအကြားမှာရှိတဲ့ ဗဟိုကော်မတီဝင် အချင်းချင်း အမြင်စောင်းသွားအောင်လည်း သူတို့က လိုက်လုပ်နေတယ်။ ဥပမာ ပြရမယ်ဆိုရင်တော့ နအဖက နိုင်ရှောင်နဲ့ နိုင်အောင်နိုင်ကို စည်းရုံးပြီး မွန်အချင်းချင်း ပြဿနာဖြစ်အောင် လုပ်နေတယ်လို့ ရှင်းလင်းပွဲခရီးစဉ်မှာ သူပြေားခဲ့တယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။

နိုင်ဟံသာသည် ၇-၁၁-၂၀၀၉ မှ ၁၂-၁၁-၂၀၀၉ ထိ မွန်ကျေးရွာ များဖြစ်သော ဝယ်ဇင်၊ ခနီ၊ နှစ်ကရုတ် စသည့်တို့ဖြစ်သည်။ ထိုရှင်းလင်းပွဲခရီးစဉ်ကို သံဃာတော်များ၊ မွန်လူငယ်များ၊ ဒေသခံများနှင့် အခြား မွန်အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြောင်း သိရပါသည်။

Read More...

ငိန်းကယန်းထန် (သို့မဟုတ်) ထာဝရ ရှင်သန်နေမည့် နှလုံးသား

ရွှေအိမ်စည်

(က)

“ခရီးဆုံးပန်းတိုင်ရောက်သည်အထိ ညီညီညွတ်ညွတ် ချီတက်သွားကြမယ့် ကယန်းပြည်သစ် ပါတီဝင်တွေ၊ ကယန်းပြည်သစ် တပ်မတော်သားတွေနဲ့ ကယန်းပြည်သူလူထုတွေရဲ့ ရင်ထဲ၊ နှလုံးသားထဲမှာ ကျနော်ဟာ ထာဝရ ရှင်သန်နေပါလိမ့်မယ်။ ဒါကြောင့် သေခြင်းတရားဟာ ကျနော့်အတွက် တုန်လှုပ်စရာ မဟုတ်ပါဘူး …။ အားလုံးကို ကျေးဇူး တင်ပါတယ်….. အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်”


ရဲဘော် ငိန်းကယန်းထန်

၂ဝဝ၆ ခုနှစ်၊ သြဂုတ်လ ၈ ရက်

၄၂ နှစ်မြောက် ကယန်းပြည်သစ်ပါတီ၊ မွေးနေ့ အခမ်းအနားသို့ ပေးပို့ခဲ့သည့် ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ငိန်းကယန်းထန်၏ မိန့်ခွန်းလွှာဖြစ်သည်။ အခမ်းအနားသို့ ဥက္ကဋ္ဌ ငိန်းကယန်းထန် ကိုယ်တိုင်မှာမူ ….. မတက်ရောက်နိုင် …..။ အိပ်ယာထက်၌ ရောဂါမျိုးစုံကို အံတုတွန်းလှန် တိုက်ပွဲဆင်နေရသည့်အချိန်…။ အဆိုးဆုံးက …. အသည်း။ အသည်းကင်ဆာက ဥက္ကဋ္ဌ ငိန်းကယန်းထန်ကို အပြင်းအထန် ထိုးစစ်ဆင်နေသည်။ အရက်မသောက်၊ ခေါင်ရည်ပင် မစုပ်သည့် ဥက္ကဋ္ဌ ငိန်းကယန်းထန်၏ အသည်းက ….. ပထမတွင် အသည်းခြောက်သည့် လက္ခဏာ ပြ၏။ နောက်ပိုင်းတွင်မူ ….. အသည်းကင်ဆာ….။ ၄၂ နှစ်မြောက် ကယန်းပြည်သစ်ပါတီ မွေးနေ့ ….. လွန်မြောက်ပြီး ၁၃ ရက်အကြာတွင် ဥက္ကဋ္ဌ ငိန်းကယန်းထန် ကွယ်လွန်ခဲ့၏။

၂ဝဝ၆ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်။

“ကယန်းမြေရေ …

ဂုဏ်ပြုအပ်တဲ့ … ကြီးမြတ်လှသည့် ကယန်းအမျိုးသား၊

သားကောင်းရတနာတဦးကို

ဆီးကြိုပေတော့ ……”

(ခ)

ထိုစဉ်က ….. ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ငိန်းကယန်းထန်ကို ဥက္ကဋ္ဌ ဦးရွှေအေးဟူ၍သာ ကျနော်တို့ သိထား၏။ ကျနော်တို့ဟူသည်ကား ….. ကျနော်နှင့် ကိုစိုးဝင်ညို (ဒီမိုကရက်တစ် မြန်မာ့အသံ နော်ဝေ၌ တာဝန်ထမ်းဆောင်စဉ် ကွယ်လွန်) ဖြစ်သည်။ ကျနော်တို့က မာနယ်ပလောရှိ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) စတူဒီယိုတွင် တာဝန်ထမ်းဆောင်၍ နေကြသည်။ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးရွှေအေး၊ မာနယ်ပလော ရောက်နေသည်ဟု သတင်းကြားသည့်အတွက် …. သူနှင့် အင်တာဗျူးလုပ်ရန် စီစဉ်ကြ၏။ ဥက္ကဋ္ဌကို ကြိုတင်၍ ချိန်းဆိုသည်။ ဥက္ကဋ္ဌ ဦးရွှေအေးကလည်း တွေ့နိုင်မည့်အချိန်ကို ပေး၏။ ကျနော်တို့ ဥက္ကဋ္ဌ ဦးရွှေအေးနှင့် တွေ့ဆုံဖြစ်ကြ၏။ ကျနော်တို့ မေးသည်များကို ဥက္ကဋ္ဌ ဦးရွှေအေးသည် အချိန်ပေး၍ ဖြေ၏။ ကျနော်တို့နှင့် ဥက္ကဋ္ဌ ဦးရွှေအေး တွေ့ဆုံမေးမြန်းခြင်းက ….. တကြိမ်တည်းမဟုတ် ….။ တရက်တည်းမဟုတ် …..။ အကြိမ်ကြိမ် …..။ ဥက္ကဋ္ဌ ဦးရွှေအေး အားသည့် အချိန်များတွင် သွားရောက်၍ တွေ့ဆုံမေးမြန်းရခြင်း ….။

၁၉၉၄ ခုနှစ်၊ နှစ်သစ်၏ နေ့ရက်များ ……။

ထိုစဉ်က ကယန်းပြည်သစ်ပါတီသည် စစ်အုပ်စုနှင့် အပစ်အခတ်မရပ်စဲရသေး ….။ စစ်အုပ်စု၏ ဖိအားပေးမှု မျိုးစုံကိုမူ ခါးစီး၍ ကြံ့ကြံ့ခိုင်ခိုင် ခုခံနေရသည့်အချိန် …..။ ပါတီတွင်း၌မူ ….. အပစ်အခတ်ရပ်စဲလိုသည့် အင်အားစုနှင့် အပစ်အခတ် မရပ်စဲလိုသည့် အင်အားစုဟူ၍ …. အုပ်စု နှစ်စု အားပြိုင်နေသည့်ကာလ ….။ ဥက္ကဋ္ဌ ဦးရွှေအေးက စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရန် ဆန္ဒမရှိ ….။ တောင့်ခံ၍ တိုက်ပွဲဆင်လိုသည်။ စိန်ခေါ်နေသည့် အကျပ်အတည်းများကို ရင်ဆိုင်၍ ကျော်လွှားချင်သည်။ ဤအတွက် ….. မာနယ်ပလောသို့ လာရောက်၍ တပ်ပေါင်းစုနှင့် တွေ့၏။ မဟာမိတ်များနှင့် တိုင်ပင်ဆွေးနွေး၏။

သို့သော် …. ထိုစဉ်ကာလက ကယန်းပြည်သစ်ပါတီအတွင်း၌ အပစ်အခတ်ရပ်စဲလိုသည့် အင်အားစုက ခေါင်းထောင်ပြီး၊ အသာစီးရနေသည့် ဟန်ရှိသည်။ ကယန်းပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲလိုက်၏။

၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။

ဥက္ကဋ္ဌ ဦးရွှေအေး …. မာနယ်ပလောမှ ကယန်းပြည်သစ်ပါတီရှိရာသို့ ပြန်သွားခဲ့ရ၏။

(ဂ)

ဥက္ကဋ္ဌ ဦးရွှေအေးက ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားတဦး ဖြစ်သည်။ လူမျိုးစု ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌ ….။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ အရေးတော်ပုံကြီးတွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တဦး …။

အရေးတော်ပုံ ပြီးသည့်နောက် လူမျိုးစု ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဦးရွှေအေး၊ ဗိုလ်နေဝင်း စစ်အုပ်စု၏ လိုက်လံဖမ်းဆီးခြင်း ခံရ၏။ ဥက္ကဋ္ဌ ဦးရွှေအေး ဝရမ်းပြေးဘဝနှင့် မြေအောက်သို့ ဆင်းခဲ့ရ၏။ ပြီးလျှင် ….. ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ဆက်သွယ်ပြီး KNPP သို့ ဝင်ရောက်ခဲ့၏။

ဗိုလ်နေဝင်းက …. ဓား ဓားချင်း၊ လှံ လှံချင်း … ဖြေရှင်းနေသည့်အတွက် ဥက္ကဋ္ဌ ဦးရွှေအေး လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့ရ၏။ KNPP တွင် ရှိနေရင်း ….. ကယန်း အမျိုးသား လက်နက်ကိုင် တော်လှန်ရေးတရပ် ဆင်နွှဲနိုင်ရန် ဥက္ကဋ္ဌ ဦးရွှေအေး KNPP ခေါင်းဆောင်များနှင့် တိုင်ပင်၏။ ဆွေးနွေး၏။ သူ၏ အစီအစဉ်များကို ချပြ၏။ KNPP ခေါင်းဆောင်များကလည်း ဥက္ကဋ္ဌ ဦးရွှေအေး၏ ဆွေးနွေးမှုများကို သဘောတူကြ၏။ ဥက္ကဋ္ဌ ဦးရွှေအေး၏ လုပ်ငန်းအစီအမံကို ထောက်ခံကြ၏။ အဆုံး၌ ….. ဥက္ကဋ္ဌ ဦးရွှေအေး ‘ကယန်း အမျိုးသား လက်နက်ကိုင် တော်လှန်ရေး’ တရပ် ဆင်နွှဲရန်အတွက် ကယန်းဒေသသို့ ဆင်းလာခဲ့၏။

ကယန်း အမျိုးသားများရှိရာ အရပ်က ….. သံတောင်၊ ဖယ်ခုံ၊ မိုးဗြဲ၊ ပီကင်း၊ ပင်လောင်းနှင့် ပျဉ်းမနားအရှေ့ခြမ်း ပေါင်းလောင်းဒေသ ….။

(ဃ)

၁၉၆၃ ခုနှစ်….။

ကယန်းဒေသသို့ ကယန်းအမျိုးသား၊ ဥက္ကဋ္ဌ ဦးရွှေအေး ပြန်လည်ရောက်ရှိခဲ့ပြီး ကယန်းလူမျိုးများအကြား၌ လှည့်လည်၍ စည်းရုံးရေးဆင်း၏။ ကယန်းအမျိုးသား လက်နက်ကိုင် တော်လှန်ရေးတရပ် ဆင်နွှဲနိုင်ရေးအတွက် …. မိုးဗြဲ၊ ဖယ်ခုံမှသည် ပေါင်းလောင်း … သံတောင်တလျှောက် ဥက္ကဋ္ဌ ဦးရွှေအေး လူးလာခေါက်ပြန်သွားလာ၍ ကယန်းလူထုနှင့် တွေ့၏။ ကယန်းလူထုဘဝကို လှစ်ပြ၏။ ကယန်းလူထု၏ အကျပ်အတည်းကို ထောက်ပြ၏။ ဗိုလ်နေဝင်း စစ်အုပ်စု၏ တော်လှန်ရေးကောင်စီ ဟူသည်ကို သရုပ်ခွဲပြ၏။ နိုင်ငံရေးအရ လက္ခဏာသတ်မှတ်ပြ၏။ ဥက္ကဋ္ဌ ဦးရွှေအေးက ကျေးလတ်တွင် လှည့်လည်ရင်း ….. မြို့ပြရှိ ကယန်း အမျိုးသား လူငယ်ပညာတတ်များနှင့်လည်း ဆက်သွယ်၏။ ကယန်း အမျိုးသား မြို့မိ၊ မြို့ဖများနှင့် တိုင်ပင်၏။

ထိုစဉ်က …. ဗိုလ်နေဝင်း စစ်အုပ်စုသည် ‘မိုးဗြဲရေကာတာ’ တည်ဆောက်ရန် စီမံ၍နေသည်။ မိုးဗြဲရေကာတာ တည်ဆောက်လိုက်ပါက …. ထိုဒေသတွင် ‘အလျားမိုင် ၃ဝ၊ အနံ ၈ မိုင်’ စတုရန်းဧရိယာအတွင်း ရေလွှမ်းမိုးမည် ဖြစ်သည်။ ကယန်းရွာပေါင်း ၆၄ ရွာ ရေအောက်သို့ ရောက်သွားမည်။ ဗိုလ်နေဝင်း၏ မိုးဗြဲရေကာတာ စီမံကိန်းက ကယန်း အမျိုးသားတို့ကို သေမင်း၏ ခံတွင်းဆီသို့ တွန်းချမည့် စီမံချက် …..။ မဖြစ်…..။ ဗိုလ်နေဝင်း၏ မိုးဗြဲရေကာတာ စီမံကိန်းကို ကယန်း အမျိုးသား အကျိုးစီးပွားအရ ဆန့်ကျင်ရမည်။ ခုခံကာကွယ်ရမည်။ တွန်းလှန်တိုက်ပွဲဝင်ကြရမည်ပင် ….။ ဤသို့ပင် …. ကယန်း အမျိုးသားထုအတွင်း ဆုံးဖြတ်ချက်ကြ၏။ တိုက်ပွဲက …. ကယန်းအမျိုးထု၏ တိုက်ပွဲ။ လူထုတိုက်ပွဲ ….။

မိုးဗြဲရေကာတာ စီမံကိန်းဆန့်ကျင်ရေး ကော်မတီ ဖွဲ့စည်း၏။ ဆန့်ကျင်ရေးကော်မတီက လူထုတိုက်ပွဲ ဆင်နွှဲမည်။ ဥက္ကဋ္ဌ ဦးရွှေအေးက မြေအောက်မှနေ၍ ‘ဆန့်ကျင်ရေးကော်မတီ’ ကို လမ်းညွှန်၏။ ပံ့ပိုး၏။ ကူညီ၏။ မိုးဗြဲရေကာတာ စီမံကိန်းဆန့်ကျင်ရေး လူထုတိုက်ပွဲက … တလှမ်းပြီးတလှမ်း ရှေ့သို့ ချီနေသည်။ ဗိုလ်နေဝင်းက ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေး၏။ နှိပ်စက်ရာတွင် ဘက်ပေါင်းစုံမှ ကျပ်တည်းခက်ခဲရန် ပြုမူတတ်၏။

မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသည့် မြန်မာကျပ်ငွေ … … ၅ဝ ကျပ်တန်၊ ၁ဝဝ ကျပ်တန်များကို တရားမဝင် ငွေကြေးများအဖြစ် ကြေညာပြန်သည်။ ကယန်းလူထုအတွက် …. တပူပေါ်တပူဆင့် ….. မြွေပူရာ ကင်းမှောက်သည့်ကိန်း ဆိုက်လေပြီ။ မိုးဗြဲရေကာတာ စီမံကိန်းကြောင့် …. အိမ်မဲ့၊ မြေမဲ့၊ လယ်မဲ့၊ ခြံမဲ့ဖြစ်ရမည့်အပြင် …. ယခု လက်ထဲတွင်ရှိသည့် ငွေကြေးများသည်လည်း တရားမဝင် ငွေကြေးများအဖြစ် အသိမ်းခံကြရပြန်လေပြီ။

တရားခံက ဗိုလ်နေဝင်းနှင့် စစ်အာဏာရှင်စနစ် ….။ ဤရန်သူကို ဦးတည်၍ တိုက်ပွဲဆင်ရမည်။ ဤသို့ …. ကယန်းအမျိုးသားထုအတွင်း နားလည်ကြ၏။ သို့နှင့် ….. မိုးဗြဲရေကာတာ စီမံကိန်း ဆန့်ကျင်ရေးကော်မတီသည် လူထုတိုက်ပွဲကို အရှိန်မြှင့်တိုက်ပွဲဆင်ရန် ပြင်ဆင်၏။

ဗိုလ်နေဝင်းမှလည်း … အာဏာစက်နှင့် ဖိနှိပ်လာ၏။ ဆန့်ကျင်ရေး ကော်မတီဝင်များက လိုက်လံ၍ ဖမ်းဆီး၏။ ကယန်းအမျိုးသားမှန်လျှင် …. ဝရမ်းမလိုဖမ်း၏။ အခြေအနေက …. ကယန်းအမျိုးသားများအတွက် ရွေးလမ်းမဲ့နေ၏။ ဗိုလ်နေဝင်း၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ကြက်ကလေး၊ ငှက်ကလေးများကဲ့သို့ခံပြီး ထောင်အတွင်း နေကြမည်လား ….။ သို့တည်းမဟုတ် ရရာလက်နက်စွဲကိုင်၍ စစ်အုပ်စုကို တော်လှန်မည်လား ….။ ရွေးချယ်စရာလမ်း မရှိ ….။ အချိန် မရှိ …။ ကယန်းအမျိုးသားတို့ ဆုံးဖြတ်လိုက်ကြရ၏။

ရရာလက်နက်စွဲကိုင်ပြီး ကယန်းအမျိုးသားလွတ်မြောက်ရေး …။ လက်နက်ကိုင် တော်လှန်ရေးဆီသို့ ….။

၁၉၆၄ ခုနှစ်၊ ဇွန်လ ၄ ရက် ….။

(င)

ကယန်းအမျိုးသား လက်နက်ကိုင်တပ်သားများက ဥက္ကဋ္ဌ ဦးရွှေအေး၏ ဦးဆောင်မှုအောက်တွင် အင်အား ၇ဝဝ ခန့် ရှိလာ၏။ ကယန်းမျိုးချစ်တပ်သားများ ….. ဖယ်ခုံကို ဝင်၍တိုက်၏။ ဖယ်ခုံတွင်က ဗိုလ်နေဝင်း၏ အမြောက်တပ်ရှိ၏။ ဖယ်ခုံမြို့ကျ၏။ ဖယ်ခုံမြို့ကို ကယန်းမျိုးချစ်တို့ သိမ်းပိုက်နိုင်လိုက်ကြ၏။

ပြီးလျှင် …. မိုးဗြဲကို ဆက်၍ သိမ်းပိုက်ကြပြန်၏။ ကယန်းမျိုးချစ်တပ်သားတို့၏ ထိုးစစ်က …. စစ်ဦးဘီးလူးကဲ့သို့ ….။ မိုးဗြဲကို ရပြီးသည့်နောက် …. ပီကင်းသို့ ထိုးစစ်ဆင်၏။ ပီကင်းတိုက်ပွဲက ပြင်းထန်၏။ ဗိုလ်နေဝင်း စစ်အုပ်စုက ကြည်း၊လေ နှစ်ဖက်ညှပ်၍ တိုက်၏။ ခြေလျင်တပ်ရင်း အမှတ် ၁၆ ၊ အမှတ် ၁၇ ၊ အမှတ် ၁ဝ၄ ၊ အမှတ် ၁ဝ၅ … ၄ ရင်းနှင့် တိုက်၏။ အမြောက်နှင့် သံချပ်ကာတပ်များကလည်း လက်နက်ကြီး ပစ်ကူပေး၏။ လေကြောင်းမှ တိုက်လေယာဉ်များနှင့် ဗုံးကြဲ၏။ နှစ်ဖက် အထိအခိုက်၊ အကျအဆုံးများသည့် စစ်ပွဲ ….။ ပီကင်းက … ယမ်းခိုးများ၏ အောက်၌ သွေးချောင်းစီးသည့် ပီကင်း ….။

ပီကင်းတိုက်ပွဲ၌ …. ဥက္ကဋ္ဌ ဦးရွှေအေး ခြေထောက်တွင် ဒဏ်ရာရ၏။

(စ)

၁၉၆၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကယန်းမျိုးချစ် လက်နက်ကိုင် တော်လှန်ရေးကို စနစ်တကျ ဦးဆောင်မှု ပေးနိုင်ရန် …. ကယန်းပြည်သစ်ပါတီကို ဖွဲ့စည်းခဲ့၏။ ဥက္ကဋ္ဌ က …. ဗိုလ်ဗျန် …။ အထွေထွေ အတွင်းရေးမှူးက ဦးရွှေအေး ….။

''သမိုင်းဖန်တီးသူများသည် ပြည်သူများသာဖြစ်သည်'' ဟူသည့် အတွေးအခေါ်ကို ဥက္ကဋ္ဌ ဦးရွှေအေးနှင့် ကယန်းပြည်သစ်ပါတီသည် လမ်းညွှန်အဖြစ် ခံယူကြ၏။ ဤအတွက်ပင် …. လူထုကြားမှ လူထု၏ တိုက်ပွဲနှင့် တော်လှန်ရေး စတင်၏။ လူထုကြားမှာပင် တော်လှန်ရေးကို ကြီးထွားစေခဲ့၏။ ကယန်းဒေသ ဟူသည်က …. မြန်မာပြည်၏ အတွင်းပိုင်း ….။ နယ်စပ်လမ်းကြောင်း မရှိ။ မေးတင်စရာ နယ်စပ်နိုင်ငံ နယ်နမိတ်တခု မရှိ ….။

''သမိုင်းဖန်တီးသူသည် ပြည်သူများသာ ဖြစ်၏'' ဟူသည့် အတွေးအခေါ်လမ်းညွှန်ကို သွေးကြောထဲ စူးစူးနစ်နစ်၊ စွဲစွဲမြဲမြဲ စီးဝင်နေမှသာလျှင် ….. ကယန်းအမျိုးသား လက်နက်ကိုင် တော်လှန်ရေး လုပ်ဆောင်၍ရမည်။

ဤသို့မဟုတ်ပါက ….။

ရန်သူ၏ တန်ပြန်ထိုးစစ်ကြောင့် ပီကင်းစစ်မျက်နှာမှ ကယန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် ဆုတ်ခွာပေးလိုက်ရ၏။ ကယန်းစစ်မျက်နှာသို့ ဗိုလ်နေဝင်းမှ စစ်ကူအင်အား အလုံးအရင်း ထပ်၍ပို့သည်။ ရန်သူက ကယန်းလူမျိုးမှန်သမျှ သူပုန် ….။ ကယန်းရွာမှန်သမျှ သူပုန်စခန်း ….။ ဤသို့သဘောထားနှင့် စစ်ဆင်ရေးကို ဆင်၏။ ကယန်းပြည်သစ်ပါတီအတွက် အကျပ်အတည်းက ကြီးမား၏။ စိန်ခေါ်မှုက အမြင့်ဆုံး၌ ….။ ရိုက်ပုတ်မှုလှိုင်းက ထန်လွန်းလှ၏။

“ပါတီက နုနု …. မုန်တိုင်းက ထန်ပြင်း …”


ထိုစဉ်က …. ပါတီဥက္ကဋ္ဌ ဗိုလ်ဗျန်၊ ဒုဥက္ကဋ္ဌ ခွန်းပိန် (ဆရာပိန်၊ ဦးမောင်မောင်ခင်ဟုလည်း ခေါ်သည်) နှင့် ဗဟိုကော်မတီဝင်များ အားလုံးက ဗိုလ်နေဝင်းထံတွင် လက်နက်ချလိုက်ကြ၏။ ကယန်းပြည်သစ်ပါတီဝင် အားလုံးနီးပါး ပါသွားကြသည်ဟု ဆိုရမည်။ ကယန်းပြည်သစ်ပါတီက ‘လ’ သားအရွယ်တွင်ပင် ဇီဝိန်ချုပ်ရတော့မည့်ဟန် ….။ သို့သော် ….. အတွင်းရေးမှူးဖြစ်သူ ဦးရွှေအေးက …. ရဲဘော် ၃ ဦးနှင့်အတူ ဗိုလ်နေဝင်းထံ၌ လက်နက်ချ အညံ့မခံဘဲ ….. လက်နက်ကိုင် တော်လှန်ရေး၌ ကျန်ခဲ့၏။ ကယန်းပြည်သစ်ပါတီ အလံတော်က ဦးရွှေအေးနှင့်အတူ လွတ်လပ်ဆဲ ….။ လွတ်မြောက်ရေးခရီးသို့ နှင်မြဲ ….။ ချီတက်လျက် ….။

(ဆ)

“အဲဒီတုန်းက ကျနော်တယောက်ပဲ လက်နက်မချဘဲ ကျန်ရစ်ခဲ့ပါတယ်။ ပြောရရင် လသားအရွယ်မှာပဲ ကယန်းပြည်သစ်ပါတီ ဇီဝိန်ချုပ်တော့မယ့် အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် အားမငယ်ပါဘူး။ မတွေဝေခဲ့ပါဘူး။ မိုးခါးရေ မသောက်ခဲ့ပါဘူး။ ပြည်သူလူထုအပေါ်မှာ ယုံကြည်မှုက ကျနော့်ခွန်အားတွေကို တိုးပွားစေခဲ့ပါတယ်။ အခြေခံမူ ၁၂ ချက်က ကျနော့်ရဲ့ နိုင်ငံရေးအသိကို ကြံ့ခိုင်စေခဲ့ပါတယ်။ အပင်ပန်းအဆင်းရဲခံပြီး ကိုယ်ကျိုးစွန့် ကြိုးပမ်းခြင်းက ကျနော့်ကို တလှမ်းပြီးတလှမ်း ရှေ့ရောက်စေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တရားရှိရင် ကူသူများမယ် ဆိုတဲ့စကားအတိုင်း တစတစ အင်အားကြီးမားလာတဲ့ ကယန်းပြည်သစ်ပါတီနဲ့ ကယန်းပြည်သစ် တပ်မတော်ဟာ အောင်ပွဲအလီလီ ဆွတ်ခူးပြီး ကယန်းအမျိုးသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်နေရာကို ပေးနိုင်ခဲ့ပါတယ်” ဥက္ကဋ္ဌ ဦးရွှေအေးက သူ၏ စကားကို အဆုံးသတ်လိုက်သည်။

ကျနော်က အသံဖမ်းကက်စက်၏ ခလုတ် ပိတ်လိုက်၏။ ဥက္ကဋ္ဌနှင့် ကျနော်တို့ ဒီမိုကရက်တစ် မြန်မာ့အသံအတွက် တွေ့ဆုံမေးမြန်းခြင်းက ပြီးဆုံးလေပြီ။ ဥက္ကဋ္ဌ ဦးရွှေအေးက မာနယ်ပလောရှိ အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (NDF) ရုံး၌ တည်းခိုနေသည်ဖြစ်၍ …. NDF ရုံးခန်းအတွင်းမှာပင် ကျနော်တို့ ဥက္ကဋ္ဌ ဦးရွှေအေးနှင့် အင်းတာဗျူး လုပ်ကြခြင်း ဖြစ်၏။

ကွေ့ကောက်ခါ စီးဆင်းနေသည့် သောင်းရင်းမြစ်ပြင်ကို တွေ့ရ၏။ ကျွန်းရွက်တို့က ကြွေ၍ ကောင်းဆဲ ….။ ကျွန်းရွက်ကြွေသည့် ရာသီ ….။

“ကျနော်တို့ထဲမှာလည်း အပစ်အခတ်ရပ်စဲချင်တဲ့ သူတွေ ရှိတယ်ဗျာ ….. ကျနော်ကတော့ အတွေးအခေါ်အရ လုံးဝ သဘောမတူဘူး …..”

ဥက္ကဋ္ဌ ဦးရွှေအေးက အလွတ်သဘော သူ၏ သဘောထားကို ဆို၏။ တဖွဖွ ….။

ကျနော်တို့ …. ဥက္ကဋ္ဌ ဦးရွှေအေးကို နှုတ်ဆက်ပြီးပြန်ရန် နေရာမှထ၏။ ဥက္ကဋ္ဌ ဦးရွှေအေးက ကျနော်တို့နှင့်အတူ NDF ရုံးအဝထိ လိုက်လာ၏။

ပီကင်းတိုက်ပွဲတွင် ရခဲ့သည့် ဒဏ်ရာကြောင့် …. ဥက္ကဋ္ဌ ဦးရွှေအေး၏ ခြေလှမ်းက ထော့နဲ့ ….၊ ထော့နဲ့နှင့် …။

(ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် မအားလပ်သည့်ကြားမှ ဖြေကြားပေးသည့် ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခွန်မားကိုဘန်းကို အထူး ကျေးဇူးတင်ပါသည်။)

Read More...

တောင်နှင့် အရှေ့တောင်အာရှ အမတ်များ မြန်မာ့အရေး တညီတညွတ်တည်းရှိ (ရုပ်သံသတင်း)

မဇ္ဈိမသတင်းဌာန

Read More...