Sunday, February 28, 2010

စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဦးနု

ခင်ငြိမ်းသစ်

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဟာ ချစ်သူတွေ ပျော်ရွှင်ကြတဲ့ နေ့ ဖြစ်သလိုပဲ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ၀န်ကြီးချုပ် ဟောင်း ဦးနု ဟာ ကမ္ဘာမြေကို အပြီးတိုင် နှုတ်ဆက်ခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။

ဦးနုဟာ ၁၉၃၅ ခုနှစ် မှာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့ပြီး ၁၉၃၆ ခုနှစ်မှာ ကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့ပါတယ်။

ကျွန်ပညာရေး အလိုမရှိ ဆိုတဲ့သဘော သက်ရောက်စေဖို့ သူရခဲ့တဲ့ B.A (Law) ဘွဲ့ကို အင်္ဂလိပ် အစိုးရထံပြန်အပ်ခဲ့ ပါတယ်။ ၁၉၃၇ ခုနှစ်မှာ သခင်သန်းထွန်းနဲ့အတူ နဂါးနီ စာအုပ်တိုက်ကို ထူထောင်ပြီး ပြည်သူလူထု နိုင်ငံရေးအသိ နိုးကြား လာအောင် ဖန်တီးခဲ့ပါတယ်။

ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ ဦးနုဟာ ပထမဦးဆုံး ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလမှာ ဦးနေ၀င်းကို အပြီးသတ် တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး စင်ပြိုင် အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။ ဦးနုဟာ နိုင်ငံရေးကို ကွက်ကျော် မြင်တတ်သူ၊ မြန်မာစစ်တပ် အကြောင်းကို နောကြေအောင် သိတဲ့သူလို့ ကျမ ထင်ပါတယ်။

ကျမရဲ့ မိဘ ဘိုးဘွားတွေက ဖ.ဆ.ပ.လ ခေတ်ရဲ့ ကုန်ဈေးနှုန်း အကြောင်းကို တသသ ပြောတတ်လို့ ကျမ မှတ်မိနေ ပါတယ်။ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် အဖြစ် ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး ဟာ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ထိပ်တန်း အဆင့် ရှိခဲ့တယ်လို့ လွမ်းလွမ်း ဆွတ်ဆွတ် ပြောတတ်ကြပါတယ်။

ဦးနုကို နိုင်ငံရေးသမား တယောက်အပြင် စာရေးဆရာ တဦး အဖြစ်နဲ့လည်း သိခဲ့ဖူးပါတယ်။ ဦနုရေးတဲ့ တာတေ စနေသား ၀တ္ထုမှာ အဖေ ဦးစံထွန်းက သားမောင်နုကို သိပ်ချစ်တယ်ဆိုတာ ၀တ္ထု အစမှာ ရေးပြထားပါတယ်။

ကျမ ကြီးဒေါ် ပြောပြဖူးတာက ဦးနုကို လူတွေက ဘာသာရေးသမား တဦး အဖြစ်နဲ့လည်း ချစ်ခင်ကြည်ညို ကြတယ်တဲ့။ကျမဘကြီး ပြောပြဖူးတာကတော့ ဦးနုက ငါးပါးသီလကို ခါးဝတ်ပုဆိုး လို ခိုင်မြဲအောင် တည်ဆောက်တယ်တဲ့။ တခါက ဆိုဗီယက် ယူနီယံကိုသွားတော့ အရမ်းအေးလို့ အရက်တိုက်တာ ဦးနုက အရက်မသောက်ဘဲ ရေနွေးပူပူ တခွက် ကိုပဲ မှာသောက်သတဲ့။

ဦးနုကို ကျမ သေချာမြင်ဖူးတာက ကျမတို့ ဗမာပြည် ပြည်သူ့ လွတ်မြောက်ရေး လူငယ်တပ်ဦး (BYLF) ရဲ့ ဒုဥက္ကဋ္ဌ ကိုအောင်ဒင်က စင်ပြိုင် အစိုးရကို ထောက်ခံပြီး သွားရောက်ပူးပေါင်းခဲ့တဲ့ အချိန်က ဘဘ ဦးနု ခြံထဲမှာ လုံခြုံရေး ယူပေးရတုန်းကပါ။

အသက်အရွယ် ကြီးလာပေမယ့် ဘဘ ဦးနု ရင်ထဲမှာ ပြည်သူ့အကျိုး ကို ထမ်းရွက်လိုဆဲပဲ ဆိုတာ သိရတော့ ကျမတို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အသက် ၈၇ နှစ် အရွယ်ရှိတဲ့ နိုင်ငံတော် ၀န်ကြီးချုပ် (စင်ပြိုင်အစိုးရ) ကွယ်လွန်ခဲ့ ပါတယ်။

ဦးနု ကွယ်လွန်ချိန်မှာ သား ၂ ဦး၊ သမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။ ဦးနု ကွယ်လွန်ကြောင်း သတင်းစာ ဖတ်ရချိန်မှာ ကျမ ဦးနုကို ဂါရ၀ပြုဖို့ သူ့ခြံထဲ သွားမယ်လို့ စိတ်ကူးထားပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ ကျမ စာသင်တဲ့ အိမ်အောက်ထပ်က လက်ဖက်ရည် ဆိုင်မှာ ကိုမိုးမောင်မောင်ကို တွေ့ပါတယ်။

ကိုမိုးမောင်မောင်က ကျမကို “ခဏလာပါဦး ပြောစရာ ရှိတယ်” ဆိုလို့ ကျမလည်း ကိုမိုးမောင်မောင်နဲ့ ထိုင် စကား
ပြောဖြစ်ပါတယ်။ သူက လက်ရှိ အခြေအနေကို ပြောပြပါတယ်။

“န၀တ က ဦးနုကို သင်္ဂြိုဟ်ဖို့ ဒေါ်ခင်ကြည်ရဲ့ ဂူ ဘေးမှာ ၁၀ ပေ ပတ်လည် မြေကွက် ပေးတယ်၊ ဦနု သားသမီးတွေက ကျဉ်းလို့ မကြိုက်ဘူး။ သူတို့က ကမ္ဘာအေးကုန်းမြေမှာ သင်္ဂြိုဟ်ချင်တယ်။ န၀တ ကတော့ ကြံတောမှာ ဂူဗိမာန် ဆောက်ပေးမယ်တဲ့။ ဒီအခြေအနေကြောင့် တချို့ လူငယ်တွေ အလောင်းလုကြလိမ့်မယ်”လို့ သူက ပြောပြတယ်။

ကျမက “သဘောမတူဘူးလို့ပဲ” ပြန်ပြောခဲ့ပါတယ်။ သူနဲ့ အခြေအတင် ပြောပြီး သူက အခြေအနေ သိရအောင် ဦးနု ခြံထဲ လိုက်ခဲ့ဖို့ ပြောပါတယ်။ ကျမက သေသေချာချာ သိချင်လို့ ဦးနု ခြံထဲ လိုက်သွားခဲ့ပါတယ်။

ခြံထဲရောက်တော့ ဦးအောင် (ဦးနုသား)၊ ဦးဝင်းနိုင်(ယခု အမျိုးသားရေး) တို့နဲ့ တွေ့ပါတယ်။

သူတို့က ဦးနုဟာ သမိုင်းဝင်ပုဂ္ဂိုလ် တဦးဖြစ်လို့ ခုလို သင်္ဂြိုဟ်ရတာကို မကျေနပ်ကြောင်း ပြောပါတယ်။ ကျမက “တရားဝင်
တောင်းဆိုပါလား” ဆိုပြီးပြောလိုက်ပါတယ်။ ဒီတော့ ဦးဝင်းနိုင်က သူတို့ လုပ်သင့်တာ လုပ်ပြီးပေမယ့် ဘာမှ မထူးခြားဘူးလို့ ပြန်ပြောပါတယ်။

ကျမ ခြံထဲက ပြန်လာတော့ သူငယ်ချင်း အေးမိုး ဆီကို ၀င်ပြီးပြော ဆိုဆွေးနွေးနေတုန်း ကိုမောင်မောင်ဦး ရောက်လာပြီး “ဦးနု သားသမီးတွေက မမိုက်ဘူး၊ ဒီကို န၀တ နဲ့ညှိနှိုင်း ဆွေးနွေးပြီးမှ ရောက်လာတာ၊ ပြီးတော့ ပေါက်ကရတွေ လျှောက်ပြောနေတယ်” တဲ့။ ပြီးတော့ ကျမတို့ကို “နင်တို့တွေ သတိထား” လို့ ပြောပါတယ်။

ကျမတို့လည်း ကိုမောင်မောင်ဦးနဲ့ စကားပြောပြီး အားလုံးလမ်းခွဲ၊ အိမ်ပြန်လာပါတယ်။ ကျမတို့ ၃ ယောက်ရဲ့ရင်ထဲမှာတော့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက် တန်တန် ဂုဏ်ပြုသင့်တယ်လို့ ယူဆကြပါတယ်။

နောက်တနေ့အေးမိုးနဲ့ ရီရီတို့ ဦးနုခြံထဲ သွားကြပါတယ်။ ဖေဖော်ဝါရီ ၂၀၊ ၁၉၉၅ မှာ ဦးနုကို သင်္ဂြိုဟ်ရမယ့်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ ရောက်တော့ အေးမိုးနဲ့ ရီရီ တို့က ကျောင်းကနေ လာကြပါတယ်။ ကျမ၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုစိုးနိုင် တို့က ကြည့်မြင်တိုင်ကနေ လာကြပါတယ်။ ခြံထဲမှာ ကျမတို့ အုပ်စုတွေ အတော်များများ ဆုံကြပါတယ်။ အဲဒီအချိန်က ကျမတို့ အုပ်စုရဲ့ နိုင်ငံရေး အရှိန် မြင့်နေတဲ့ အချိန်ဖြစ်လို့ ကျန်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ကျမ တို့ကို စောင့်ကြည့် နေကြပါတယ်။

ကျမနဲ့ ရီရီက ကြံတောသုဿာန်ရဲ့ အခြေအနေကို သိရအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ် အရင် သွားနှင့်ပါတယ်။ ဟိုရောက်တော့ အခြေအနေက တင်းမာ နေပါတယ်။ ဟံသာဝတီ အ၀ိုင်းကနေ ကြံတောအထိ ရဲတွေ၊ ထောက်
လှမ်းရေးတွေက စကားပြောစက်တွေနဲ့ စောင့်နေပါတယ်။ စည်ပင် ၀န်ထမ်းတွေလည်း လမ်းပေါ်မှာ၊ ကြံတော သုဿာန် ဝင်းထဲမှာ အပြည့်ပါပဲ။

ကျမတို့ ကျောင်းသား အုပ်စုထဲက အတော်များများကလည်း ကြံတောကို ကြိုရောက်နေပါတယ်။ ကိုစောလွင်ဦး၊ ကိုစောဝင်းရှိန်၊ ရဲကျော်စွာ၊ ရဲမွန်ထူး၊ မောင်မောင်ကျော်၊ ဦးချိုအောင်သန်း (ဦးအောင်သန်းသား)၊ ကိုချိုချိုထွန်းငြိမ်း
နွမ်းပါးပုံရတဲ့ ကျမ အဖေအရွယ်၊ အမေအရွယ် ပြည်သူတွေက ယပ်တောင်ကိုယ်စီနဲ့ ဦးနု နောက်ဆုံး ခရီးကို လာရောက် ပို့ဆောင်ကြပါတယ်။

ခြံထဲက ထွက်လာတဲ့ ကားပေါ်မှာက အေးမိုး၊ ချိုနွယ်ဦး၊ ကိုဂီး၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုမောင်မောင်ဦး၊ ချောအိသိမ်းနဲ့ လူငယ် အတော်များများ ပါလာပါတယ်။ သူတို့ ကားပေါ်မှာ လမ်းတလျှောက်လုံး “ကမ္ဘာမကြေဘူး” သီချင်းကို ဆိုလာ တယ်လို့ ပြောပြပါတယ်။

သူတို့ကား ကြံတောကိုရောက်တော့ သင်္ချိုင်းဝကနေ အခေါင်းတင်ထားတဲ့ စင်မြင့်အထိ စည်ပင်ဝန်ထမ်းတွေက လက်ချင်း ချိတ်ပြီး လမ်းပိတ်ထားကြပါတယ်။ ဒီအချိန်မှာ ကြိုရောက်နေတဲ့ ကျမတို့က “ready … 1 ... 2 … 3” ဆိုပြီး ပြိုင်တူ “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ အော်လည်းအော်၊ တပြိုင်နက်တည်း လက်ချင်း ချိတ်ထားတဲ့ စည်ပင်ဝန်ထမ်းတွေကို အတင်း ၀င်တိုးကြပါတယ်။

ဘေးက အဘိုးကြီး၊ အဘွားကြီး တွေကလည်း “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ ၀ိုင်းဆုတောင်း
ပေးကြတော့ ကြံတော တဝန်းလုံး ကြွက်ကြွက်ညံ သွားပါတယ်၊ ကားပေါ်ကလူတွေလည်း ကျမတို့ တွန်းဖွင့်လိုက်တဲ့ လမ်းကျဉ်းကျဉ်းလေး အတိုင်း အတင်းတိုးဝင် လာကြပါတယ်။

အရင်ရောက်နေတဲ့ ကျမတို့အုပ်စုနဲ့ သူတို့အုပ်စု ပေါင်းမိသွားကြပြီး “ကမ္ဘာမကြေဘူး” သီချင်းဆိုလိုက် “၀န်ကြီးချုပ် ဦးနု ကောင်းရာသုဂတိ လားပါစေ” လို့ အော်လိုက်နဲ့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြပါတယ်။

အဲဒီ အချိန်မှာပဲ ဦးနုသားကြီး ဦးသောင်းထိုက်က ငိုကြီးချက်မနဲ့ “ဖေဖေ့ အသုဘမှာ ဒီလို ဆူဆူပူပူ မလုပ်ပါနဲ့” ဆိုပြီး ကျောင်းသားအုပ်စုကို ပိတ်ကာထားပါတယ်။

ကျမတို့ ကျောင်းသား အုပ်စုတွေက အလောင်းစင်နားကို အတင်းတိုးသွားပြီး ၀န်ကြီးချုပ် ဦးနုကို ကျောင်းသားလူငယ်တွေ လက်နဲ့ မြေချခဲ့ကြပါတယ်။

အဲဒီ အချိန်က ထောင်ကနေ လွတ်လာတာ ၄ ရက်ပဲ ရှိသေးတဲ့ ကိုမိုးကြိုးက ပင်နီ အင်္ကျီဝတ်လာတယ်။ သူက ဦးနုကို အနီးကပ် အလေးပြုပြီး မြေချခဲ့ပါတယ်။

ကျမတို့ တတိယမြောက် မျိုးဆက်က သမိုင်းတာဝန် ကျေပွန်ခဲ့ကြပါတယ်။

န၀တ ကလည်း တာဝန်ကျေပါတယ်။ ကျမတို့ လူငယ်တွေကို ညတွင်းချင်း လိုက်လံ ဖမ်းဆီးပါတယ်။ တချို့လူတွေလည်း ထွက်ပြေးတာ မြန်လို့ လွတ်သွားကြပါတယ်။ ကျမ အပါအ၀င် လူ ၂၀ လောက် အဖမ်းခံခဲ့ရပါတယ်။

အဲဒီထဲကမှ ကျမတို့ ၉ ဦး ထောင် ၇ နှစ် ကျခဲ့ကြပါတယ်။ ပြန်လွတ်သွားတဲ့ အထဲက ၇ ဦးကို အိမ်ကြက်ချင်း အိုးမည်းသုတ် ခွတ် ခိုင်းတဲ့ အနေနဲ့ အစိုးရ သက်သေ လုပ်ခိုင်းပါတယ်။ တချို့ ကလည်း သူငယ်ချင်းတွေနဲ့ တွေ့ရဖို့ တရားခွင်ကို လာနိုင်အောင် အစိုးရ သက်သေအဖြစ် ထွက်ဆိုကြပေမယ့် ကျမတို့ကို မထိခိုက်အောင် ဖေးမ ထွက်ဆိုကြပါတယ်။

ဒါပေမယ့် မောင်မောင်ကျော်နဲ့ ဦးချိုအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း တူ) ကတော့ အစိုးရ သက်သေအဖြစ် မထွက်ဆို ခဲ့ကြပါဘူး။ ၃ ဦး ကိုလည်း တရားခံပြေးအဖြစ် ကြေညာခဲ့ပါတယ်။

ဦးနု ဈာပနက အပြန် လူငယ်တွေရဲ့ လှုပ်ရှားမှု ကို ကြည့်ပြီး စိတ်တက်ကြွလာတဲ့ အရပ်သား ၂ ဦး ဖြစ်ကြတဲ့ ကိုဌေးဝင်း (ကိုသြ) နဲ့ ကိုသံချောင်းတို့ ညဘက်မှာ ဆက်လက်ကြွေးကျော်ခဲ့လို့ ထောင် ၇ နှစ် ကျခဲ့ပါတယ်။

ဦးနုဟာ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင် တဦး၊ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ တဦး၊ ၈၈ အရေးတော်ပုံကို အပြီးသတ်ဖို့ ရည်ရွယ်ပြီး စင်ပြိုင်အစိုးရ ထောင်ခဲ့တဲ့ နိုင်ငံရေး ဂုရုကြီး တဦးအဖြစ် ကျမတို့ ဂုဏ်ပြုပါတယ်။

ဦးနုဟာ ကွယ်လွန်ချိန်အထိ စင်ပြိုင် အစိုးရ ၀န်ကြီးချုပ် အဖြစ် နေအိမ် အကျယ်ချုပ် ကျခံခဲ့ရပါတယ်။

မြန်မာနိုင်ငံသို့ချေးခဲ့သောငွေ တပ်စင်အတွက် အကျိုးအမြတ်ရှိနေ

ကန္တာရ၀တီတိုင်း(မ်)

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းတပ်စင်ရှိနာဝါထရာ ၀န်ကြီးချုပ်ဖြစ်စဉ်က မြန်မာနိုင်ငံကို မိမိသဘောအတိုင်း ဘတ်သန်းပေါင်း ၄၀ ချေးပေး ခဲ့ပြီး ထိုလုပ်ရပ်သည် အာဏာ အလွဲသုံးစားပြုလုပ်ခဲ့သည်ဟု ယမန်နေ့ ထိုင်းတရားရေးရုံးမှကြားနာသည်။

မြန်မာနိုင်ငံအား သန်းပေါင်းလေးဆယ်ချေးငွေအဖြစ်ပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံ သွင်းကုန်-ထွက်ကုန်ဘဏ်မှ အတည်ပြုပေးရန် တပ်စပ်မှ အမိန့်ပေးခဲ့သောကြောင့် ၀န်ကြီးချုပ်အာဏာအား အလွဲသုံးစားပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု တရားရေးရုံးကဆိုသည်။

မြန်မာနိုင်ငံအားချေးငွေအတိုးများကို တပ်စင်ပိုင်ဆိုင်သည့် Shin Satellite ကုမ္မဏီမှတဆင့် အကျိုးအမြတ် ရရှိသည်။

ယနေ့ထိုင်းနိုင်ငံအမြင့်ဆုံးတရားရုံးမှ တပ်စင်ပိုင်ဆိုင်သော သန်းပေါင်း၇၆သောင်း အမှုအားစီရင်ချက် ချသောနေ့ဖြစ်သည်။ တပ်စင် ၀န်ကြီးချုပ်ဖြစ်စဉ်က အာဏာ အလွဲသုံးစားပြုမှုများရှိခဲ့သောကြောင့် မိမိပိုင်ဆိုင်သည့် သန်းပေါင်း ၇၆ သောင်းထဲမှ သန်း ၄၆၃၇ ၃သောင်းအား တရားရေးရုံးချုပ်က နိုင်ငံတော်ပိုင်အဖြစ် ရုပ်သိမ်းလိုက်သည်။

ထိုင်းနိုင်ငံ၏ ၂၃ ယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ခဲ့သည့် တပ်စင်သည် ၂၀၀၁-၂၀၀၅ ၀န်ကြီးချုပ်သက်တမ်းအား အောင်မြင်စွာလုပ်ဆောင် နိုင်ခဲ့သော်လည်း ၀န်ကြီးချုပ်၏ ဒုတိယသက်တမ်းတွင်မူ တနှစ်မျှသာ ထမ်းဆောင် နိုင်ခဲ့ပြီး အာဏာအလွဲသုံးစားမှုကြောင့် စစ်တပ်အာဏာ သိမ်းမှုဖြစ်ပေါ်ခဲ့သည်။



ရောင်းလို့ရတာ အကုန်ရောင်း ...

ဟန်လေး

ရှမ်းပြည်မှ လိမ္မော်သီးများ ကရင်နီပြည်သို့ တင်ပို့ရောင်းချမူ များပြားလာ

ကန္တာရ၀တီတိုင်း(မ်)

ရှမ်းပြည်နယ်၊ အောင်ပန်းမြောက်ဘက်မှ ပလောင်သီးဟု ခေါ်သောလိမ္မော်သီးများ ကရင်နီပြည်လွိုင်ကော်မြို့နှင့် ဒီးမောဆိုမြို့ဘက်တွင် တင်ပို့ရောင်းချမူများပြားလာသည်။

“အသီးတွေက ရှားလာတဲ့ချိန်မို့ ဈေးလဲကောင်းလာလို့ အဲဒီကလာရောင်းတာ” ဟု လွိုင်ကော်မြို့တောင်ဈေးမှ ပလောင်ဈေးသည် တစ်ဦးက ပြောသည်။

လိမ္မော်ဈေးသည် ယခင်က တစ်ပိဿာ ခြောက်ရာမှ ယခုတစ်ပိဿာ တစ်ထောင်ဈေးရှိလာသည်

လိမ္မော်သီးများကို ကရင်နီပြည်တွင်းရှိ ဒေသခံတိုင်းရင်းသားများ ပြန်လည်ရောင်းချပေးနိုင်ရန် အောင်ပန်းမြို့မှတဆင့် ကားဖြင့်တင်ကာ ခြင်းတောင်းလိုက် ဖောက်သည်ဈေးပေးနေသည်ဟု ဈေးရောင်းနေသူ ရှမ်းတိုင်းရင်းသူ တစ်ဦးကပြောသည်။

ကျနော် သတင်းမုဆိုး


မုဆိုးဆိုတာ တခါတရံ ကံမကောင်းရင် သားကောင် ပြန်ဖြစ်သွားတတ်ပါတယ်။ ဒီလိုပဲ သတင်းမုဆိုးတွေလည်း ကံမကောင်း အကြောင်းမလှတဲ့အခါ ကိုယ်တိုင်ဟာ သတင်းသားကောင် ပြန်ဖြစ်သွားပြီး သတင်းသမား ကိုယ်တိုင်က သတင်းဖြစ်သွားရော။


မြန်မာပြည်တွင်းမှာ စစ်အာဏာရှင်တွေရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ထုတ်ဝေဖြန့်ချိနေတဲ့ သတင်းစာစောင်တွေမှာ အလုပ်လုပ်နေကြတဲ့ သတင်းသမားတွေတောင် အနေအထိုင် အမေးအမြန်း ဆင်ခြင်ရတာတွေ ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ပမှာ အခြေစိုက်တဲ့ မီဒီယာတွေရဲ့ ပြည်တွင်းသတင်းထောက်တွေ၊ ကူညီလုပ်ကိုင်ပေးနေသူတွေ အတွက်ကတော့ အထူးပြောစရာလိုတော့မှာ မဟုတ်ပါဘူး။ ညောင်သီးလည်းစား၊ လေးသံလည်း နားထောင်တတ်အောင် ကျင့်ထားရတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနအောက်က စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှာ သတင်းစာစောင်တွေဟာ စိစစ်ဖြတ်တောက်ခံပြီး ခွင့်ပြုချက်ရမှ ထုတ်ဝေရတာပါ။ ဒါပေမဲ့ အများပြည်သူကို အသိမပေးချင်တဲ့ ဌာနဆိုင်ရာ သတင်းတခုခု ပါလာပြီဆိုရင်တော့ အဲဒီဂျာနယ်တိုက်ကို သက်ဆိုင်ရာဌာနက ပြဿနာရှာပါတော့တယ်။ စိစစ်ရေးရဲ့ မှတ်ချက်တွေဖြစ်တဲ့ ဌာနဆိုင်ရာတာဝန်ရှိသူ၊ အမည်ရာထူးဖော်ပြရန်၊ သတင်းအတွက် ဂျာနယ်က တာဝန်ယူရန်၊ ဌာနဆိုင်ရာ သဘောတူညီ ထောက်ခံချက် တင်ပြရန် ဆိုတာတွေက အပတ်စဉ် ကြုံနေရတာမို့ ဂျာနယ်တိုက်တွေဟာ အရေထူနေကြပါပြီ။ တချို့ဝန်ကြီးဌာနတွေဆို သူတို့ဌာန သတင်းများပါလာရင် ဘာပါလာပါလာ လုံးဝခွင့်မပြုရန်ဆိုပြီး စိစစ်ရေးကို ကြိုတင်အသိပေး အကြောင်းကြားထားတာတွေ ရှိပါတယ်။ စာပေစိစစ်ရေးကလည်း ဂျာနယ်တွေ မှားရင်သာ ဘာကြောင့်ပါ ဆိုတဲ့ ဖြေရှင်းချက် တောင်းတတ်တာ၊ သူတို့ ဖြုတ်တာပယ်တာတွေကျ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ရတာ မဟုတ်ဘူး၊ မေးလည်း မရပါ။

ဒီတော့ ပြည်တွင်းမှာ ဖော်ပြခွင့်မရနိုင်တဲ့ သတင်းမျိုးတွေ၊ ပြည်တွင်းက မေးရင် ဖြေဖို့ ခက်တဲ့ သတင်းမျိုးတွေဟာ ပြည်ပမီဒီယာတွေကနေတဆင့် ပြည်သူတွေသိအောင် တင်ပြရပါတယ်။ မြန်မာပြည်မှာနေပြီး သတင်းစာသမား ဂျာနယ်လစ်တယောက်အဖြစ် လုပ်ကိုင်နေရတာဟာ ချမ်းသာဖို့လမ်း၊ လူမှုဘဝတွေ အဆင်ပြေနိုင်တဲ့ လမ်းရယ်လို့ မမြင်နိုင်ပေမယ့် ဝါသနာအရင်းခံရယ်၊ အများအကျိုးပြုမှု လုပ်ချင်တာရယ်တွေကြောင့် သတင်းထောက်ဘဝကို မက်မက်မောမော လုပ်နေကြတာပဲ ဖြစ်ပါတယ်။

သတင်းထောက်လစာ၊ သတင်းစာမူခ ရတာတို့ထက် ကိုယ်ဖော်ထုတ်ရေးသားလိုက်တဲ့ သတင်းတပုဒ်ကြောင့် အာဏာရှင်တွေ တုန်လှုပ်သွားရတာမျိုး၊ ပြည်သူတွေအတွက် အကျိုးရှိသွားတာမျိုးတွေကြောင့် ရတဲ့ပီတိကို ပိုမက်ပြီး သတင်းထောက်လုပ်နေကြသူတွေက အများသားပါ။

သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ်မှာက သတင်းထောက်တယောက်ဟာ မိမိ ဘယ်သတင်းစာတိုက်ရဲ့ သတင်းထောက် ဘယ်သူဖြစ်ကြောင်းနဲ့ ယခုသိလိုသမျှ မေးမြန်းတာတွေကို သတင်းအဖြစ် ပုံနှိပ်ဖော်ပြမှာ ဖြစ်ကြောင်း ပြောပြမိတ်ဆက်ဖို့ အရေးကြီးအချက် တရပ်အနေနဲ့ ပါဝင်ပါတယ်။ ပြည်ပအခြေစိုက် သတင်းဌာနအတွက် အလုပ်လုပ်နေတဲ့ ပြည်တွင်းမှာနေသူ သတင်းထောက်တယောက်ဟာ ကိုယ်ဘယ်သတင်းဌာနကပါလို့ ထုတ်ဖော်မိတ်ဆက် သတင်းယူဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မတုန်း။ ကိုယ်မေးမိတဲ့သူက သာမန်ပြည်သူထဲက လူတယောက်ဆိုရင် ထပြေးသွားရုံ၊ မဖြေနိုင်ဘူး အငြင်းခံရရုံနဲ့ ပြီးနိုင်ပေမယ့် အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် ဖြစ်နေရင်တော့ သတင်းပေး တိုင်တန်းခံရပြီး ထောင်နန်းစံရမှာပါ။

တခါတလေ ကိုယ်ရထားတဲ့ သတင်းအစအနတွေက အထဲကနေ လိုက်ဖို့ အဆင်မပြေနိုင်တဲ့ အနေအထားမျိုးကျ သတင်းအစအန အချက်အလက်အပြည့်အစုံ မေးသင့်တဲ့ လူတွေကို ပြည်ပအခြေစိုက် မိခင်သတင်းဌာနဆီ ပို့ပေးလိုက်ရတယ်။ ဌာနမှာ လုပ်နေတဲ့ သတင်းရဲဘော်ရဲဘက်တယောက်က တာဝန်ယူပြီး ပြည်တွင်းကို ခေါ်ဆိုမေးမြန်း ဖော်ထုတ်ရေးသားလိုက်ရတဲ့ သတင်းမျိုးတွေ ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် လိုရင်းက အဖြစ်မှန် သတင်းတပုဒ်ကို ဖော်ထုတ်ရေးသားလိုက်နိုင်ဖို့သာပဲ ဖြစ်တယ်။

တကယ်တမ်း ပြောမပြလည်း သိနိုင်တာကတော့ ပြည်တွင်းကနေ ပြင်ပမီဒီယာအတွက် အလုပ်လုပ်ပေးနေသူ တရားမဝင် သတင်းထောက်တယောက် ဘဝဟာ ဘယ်လောက် အန္တရာယ် ကြီးတယ်ဆိုတာပါပဲ။ တဘဝလုံး အဖမ်းခံ၊ အနှိပ်စက်ခံပြီး လဲရလောက်တဲ့ သတင်း ဖြစ်နိုင် မဖြစ်နိုင်၊ လုပ်သင့် မလုပ်သင့် အမြဲ ခေါင်းထဲထည့် စဉ်းစားနေရတယ်။ ပေးဆပ်လိုက်ရတာနဲ့ တန်လား၊ အများပြည်သူအတွက် ငါ့တဘဝလုံးရင်းပြီး ဖော်ထုတ်လိုက်ရင်ဖြင့် တိုင်းပြည်နဲ့ လူမျိုး အားလုံးကောင်းစားသွားမှာလား၊ ဒါမျိုးဆိုရင်တော့ လဲသင့်လဲရမှာပေမယ့် တခါတခါ မိုက်ရူးရဲမဆန်သင့်တဲ့ ရှေ့ဆက်လုပ်နေရဦးမယ့် အခြေအနေတွေကို ထည့်တွက်တွေးရတာကလည်း သတင်းတပုဒ်ရဖို့ ကြိုးစားရတာထက် ပိုခက်သေးတော့။

အဲဒီလို အခြေအနေတွေ၊ သိပ်ခြေလှမ်းမကြဲဘဲ အသာဒိုင်လျှိုလုပ်ရတဲ့ ကိစ္စတွေ၊ သိလည်း မသိစေ၊ မြင်လည်း မမြင်စေ သတိထားရတဲ့ အနေအထားတွေ၊ ဒီလိုမျိုး သတင်းတွေဟာ ဘယ်သူဘယ်ဆိုဒ်ကနေ ထွက်နေတာတွေကို မရိပ်မိစေဖို့ ဆင်ခြင်ရတာမျိုး ဘာမှ မလှုပ်ရှားဘဲ နေနေရတာမျိုးတွေ တခါတလေ ရှိတတ်ပါတယ်။ ဒါပေမဲ့ မိခင်သတင်းဌာနက အထက်လူကြီး အယ်ဒီတာဆရာများက သတင်း တက်မလာတာကြာရင် ထောင်းပါတော့တယ်။ အလုပ်မလုပ်ဘဲ လစာ အလကားထိုင်ယူနေတယ် အထင်မှားပါတော့တယ်။ အထဲမှာနေပြီး အလုပ်လုပ်နေရတဲ့ ကိုယ်တွေက ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ရှင်းပြပြောပြရတယ်။

မြန်မာပြည်က လူတွေက နိုင်ငံခြားသားတွေ ဓာတ်ပုံရိုက်ရင်ဖြင့် ပြုံးပြုံးလေးနဲ့ အိုက်တင်ပေးတတ်ကြပေမယ့် ကိုယ်တွေများ သတင်းအတွက် လိုအပ်လို့ ဓာတ်ပုံရိုက်ရင်ဖြင့် ပြူးပြူးပြာပြာ ဖြစ်ကြတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နေရာတွေ၊ ရုံးဌာနတွေများ ရိုက်မိရင်ဖြင့် ပိုဆိုးပေါ့။ အဲဒါကြောင့် ပြည်ပသတင်းဌာနအတွက် အလုပ်လုပ်နေသူတွေဟာ ကင်မရာခိုးရိုက်နည်းလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြရတယ်။ မီးလောင်သတင်းတွေ၊ ဗုံးကွဲသတင်းတွေ များသွားပြီး ထင်ထင်ပေါ်ပေါ် မရိုက်မိလေနဲ့ ရှင်းလို့ကို ဆုံးမှာမဟုတ်ဘူး။ ပြည်တွင်းက ဘယ်သတင်းစာစောင်မှာ လုပ်နေတဲ့ သတင်းထောက်ပါလို့ သက်သေမပြနိုင်ရင်တော့ ညောင်းပေတော့ အချုပ်ထဲ။

စစ်အာဏာရှင်တွေက သတင်းထောက်တွေကို ငြှိုးမယ်ဆိုလည်း ငြှိုးလောက်ပါတယ်။ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြမှုတွေ၊ ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်ဘေးဒုက္ခလိုမျိုး ကြီးကြီးမားမား အဖြစ်အပျက် သတင်းတွေ အပြင်မထွက်နိုင်အောင် စိစစ်နှိပ်ကွပ်တဲ့ ကြားထဲကနေ ကမ္ဘာသိဖြစ်ကုန်တော့ မဟာအရှက်တော် ကွဲပြီး ရွှေစိတ်တော်က သတင်းထောက်တွေအပေါ် အတိုးချငြှိုးလေပြီပေါ့။

တရားဝင် ကဒ်ကိုင်ပြီး နိုင်ငံခြားသတင်းဌာနတွေအတွက် အလုပ်လုပ်နေတဲ့ ပြည်တွင်းက နိုင်ငံခြား သတင်းထောက်တွေတောင် စစ်အာဏာရှင်တွေ အမျက်မရှအောင် ကြည့်ကျက်ပေါင်းနေရသေးတာပဲ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက သတင်းအပို့ကောင်းလို့ ဖုန်းအပိတ်ခံထားရဆဲသူတွေ၊ ကင်မရာအသိမ်းခံခဲ့ရတဲ့သူတွေ၊ စစ်ကြောရေးမှာ တနေကုန် နေခဲ့လိုက်ရသူတွေ ရှိခဲ့ဖူးတယ်။ တကယ်တမ်း သတင်းကြီးတွေ ရှိလာဖြစ်လာရင်တောင် သူတို့တွေမှာ အရေးအသား သတိထားကြတဲ့သူ အမေးအမြန်း ဂရုစိုက်ရတဲ့သူ အချို့တွေ ရှိတယ်လေ။

ကိုယ်ကြားဖူးတာတခုက ရဲသတင်းအထူးတပ်ဖွဲ့ (အက်စ်ဘီ) က လူတွေဆို ပြည်ပအခြေစိုက် စစ်အစိုးရ ဆန့်ကျင်ဘက် မီဒီယာတွေက သတင်းတွေဖတ်ပြီး အထက်လူကြီးကို တင်ပြပြီး ဖော်လိုးအပ် ပြန်လိုက်ရတာတွေ ရှိဆိုပဲ။

ပြည်တွင်းမှာ တရားဝင် ထုတ်ဝေခွင့် ရထားတဲ့ သတင်းဂျာနယ်တွေမှာ လုပ်နေပါရဲ့နဲ့ အခန့်မသင့် ခြေချော်လက်ချော် ဖြစ်ခဲ့လို့ ထောင်နန်းစံခဲ့ရသူတွေတောင် ရှိမှတော့ ပြည်ပအခြေစိုက် သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေသူတွေ အတွက်ကတော့ ပြောနေဖို့ကို မလိုတော့ဘူး။ ပြည်ပသတင်းဌာနတွေအတွက် သတင်းယူနေတာ သိပြီး၊ မိသွားခဲ့ရင်ဖြင့် သောက်မြင်ကတ်ပုဒ်မပါ ပေါင်းပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချခဲ့တာလည်း အားလုံးအသိဘဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းမှာနေပြီး ပြည်ပအခြေစိုက်ကာ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ သတင်းဌာနအတွက် အလုပ်လုပ်နေသူ သတင်းမုဆိုးတွေဟာ ကိုယ်ကိုယ်တိုင် သားကောင်မဖြစ်ဖို့ သွားသတိ၊ စားသတိ၊ သတင်းလိုက်သတိ၊ ပြောသတိ၊ မေးသတိနဲ့ သတိများစွာ ထားရပါတယ်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,28th,2010

( 10 )Suu Kyi’s appeal rejection condemned

( 9 )Burmese troops 'rape and murder' Karen women chiefs

( 8 )အင်းစိန်ထောင်က အကျဉ်းသား ၂၀၀ ခန့်လွှတ်၊ နိုင်ငံရေး အကျဉ်းသား မပါ

( 7 )Troops face probe after three Burmese killed, including two children

( 6 )နိုင်ငံပိုင် ပစ္စည်းများကို ပုဂ္ဂလိကကို လေလံတင်ရောင်းချ

( 5 )BURMA ASKED TO SPEED UP ID CHECKS ON ITS WORKERS HERE

( 4 )ဒေါ်စု ပြင်ဆင်မှု အယူခံကို ဗဟို တရားရုံးချုပ်က ပယ်ချ

( 3 )Monk's protest efforts lead him to Utica, Oscars acclaim

( 2 )ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိစ္စ မြန်မာပြည်ထဲရေးဝန်ကြီး ဘန်ကောက်မြို့မှာရှင်းပြ

( 1 )New Guidebook Highlights Ethnic Repression in Burma's Shan State

Saturday, February 27, 2010

ဒေါ်စုအမှု အယူခံပယ်ခံရခြင်းအပေါ် တရားမျှတမှုမရှိဟု မွန်အမျိုးသားဒီမိုကရေစီပြော

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

နေအိမ်အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အမှု ပြစ်ဒဏ်ပြင်ဆင်မှု တင်သွင်းထားခြင်းအပေါ် ဗဟိုတရားရုံးချုပ်က ယနေ့ ပယ်ချလိုက်ခြင်းသည် တရားမျှတမှုမရှိဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က ပြောသည်။

၂၀၀၉ ခုနှစ် မေလတွင် အမေရိကန်နိုင်ငံသားတစ်ဦး အိမ်ထဲဝင်ရောက်ခြင်းကြောင့် ဒေါ်စုအား နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးထားခြင်းအပေါ် အယူခံဝင်ထားသည်ကို ယနေ့ ပယ်ချခံလိုက်ရသည်။

“ဗဟိုတရားရုံးချုပ်ကနေ ဒီနေ့ ဒေါ်စုအမှု အယူခံဝင်တာကို ပယ်ချလိုက်တဲ့အပေါ်မှာ တရားမျှတမှု မရှိဘူးလို့ မြင်ပါတယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒုဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

မည်သို့ပင် ဖြစ်စေ ဒေါ်စုအား နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေး နိုင်မည်မဟုတ်ကြောင်း နိုင်ငွေသိန်းက ဆက်လက်ပြောကြားသည်။

“ဘာပဲပြောပြော ခေါင်းဆောင်တစ်ယောက်အနေနဲ့ လွှတ်ပေးသင့်ပါတယ်၊ အခုလို အယူခံဝင်တာကို ပယ်လိုက်တာဟာ တရားမျှတမှု လုံးဝမရှိဘူး” ဟု ရှေ့နေတစ်ဦးဖြစ်သည့် ဦးစောကျော်ကျော်လင်းက ပြောသည်။

၁၉၇၄ ဖွဲ့စည်းပုံဥပဒေ ပျက်ပြယ်ပြီးဖြစ်၍ ထိုအခြေခံဥပဒေအပေါ် မူတည်ပြီး ဒေါ်စုအမှုအပေါ် တရားစီရင်ခြင်းမှာ လျော်ကန်မှုမရှိကြောင်း ဒေါ်စု၏ ရှေ့နေများက ပြောသည်။

အောက်မေ့ဖွယ်ရာ အတိတ်က ဒို့လယ်ယာ

မိကျလွန်းထော

ဝုန်း--- ဝုန်း---- ဝုန်း----
ပင်လယ်ကမ်းနားမှ ဒီရေတိုက်စားမှုများကြောင့် ကမ်းနားတစ်လျှောက်ရှိ လယ်ယာမြေများ ပင်လယ်ထဲသို့ ပြိုလဲကျဆင်းသွားသည့် အသံများသည် နားနှင့်မဆန့်အောင် ကြားနေရပါသည်။ လယ်ပိုင်ရှင်များကလည်း ကာကွယ်ရမည့်နည်းလမ်းများကို ရှာဖွေ ကာကွယ် နေကြသော်လည်း မည့်သို့မျှ ထူးမလာခဲ့ပေ။ လယ်ယာမြေများမှာ တစစ ပျက်စီးသွားပြီး ပင်လယ်ရေနှင့်အတူ မျောပါသွားနေဆဲပင် ဖြစ်သည်။

မော်လမြိုင်မြို့၏ တစ်ဘက်ကမ်းတွင် လူများသိနေသည့် ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) သည် သံလွင်မြစ်ဆုံရာ မုတ္တမပင်လယ်ကွေ့အနီးတွင် တည်ရှိသည်။ ထို့အပြင် အက်ဒမာန်ပင်လယ်နှင့် နီးစပ်စွာတည်ရှိနေပြီး ရေချို၊ ရေငန်ရောစပ်နေသော ဒေသတစ်ခုဖြစ်သည်။ ၄င်းကျွန်း၏ မြောက်ဘက်အစွန်ဆုံးတွင်ရှိသော ရွာကလေးအမည်မှာ ဒရယ်ကျေးရွာဖြစ်ပြီး အက်ဒမန်ပင်လယ်ကွေ့နှင့် ထိစပ်နေသည်။

သံလွင်မြစ်မှ စီးဆင်းလာသော မြစ်ရေများသည် မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဆင်းသွားပြီး ထိုမှတဆင့် အက်ဒမန်ပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ၄င်းပင်လယ်ကွေ့နှင့် အိမ်နီးချင်းဖြစ်သည့် ဘီလူးကျွန်းသည် မော်လမြိုင်မြို့၏ အနောက်ဘက် တစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး သင်္ဘောဖြင့်သွားလျှင် တစ်နာရီခရီး ကြာမြင့်ပါသည်။ မော်လမြိုင်မြို့ ဈေးကြီးတံတားမှ သင်္ဘောဖြင့်သွားလျှင် ဘီလူးကျွန်းရှိ ကလွီရွာဆိပ်ကမ်းသို့ ရောက်ရှိပါသည်။ ကလွီရွာမှ အနောက်အရပ်သို့ လှည့်ကြည့်လိုက်လျှင် မိကျောင်းပုံသဏ္ဍာန် တောင်အဆင်းရှိနေသော ဒရယ်ရွာသို့ လှေဖြင့်သော်လည်းကောင်း ကားဖြင့်သော်လည်းကောင်း မိနစ်အနည်းငယ်ကြာ စီးပြီး သွားမည်ဆိုလျှင် ရောက်ရှိနိုင်ပါသည်။

၎င်းရွာတွင် အိမ်ခြေ ၈၀၀ ကျော်နှင့် လူဦးရေ ၇၅၀၀ ခန့် ရှိပြီး မွန်၊ ဗမာ၊ ကုလား စသည့် လူမျိုးသုံးမျိုးများ နေထိုင်ကြသည်။ မွန်ဗမာလူမျိုးများက လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး ကုလားလူမျိုးအများစုက ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ယခုချိန်တွင် လယ်လုပ်နေကြသော ရွာသူရွာသားများ စီးပွားရေး အဆင်မပြေကြသဖြင့် အချို့မှာ အခြားနိုင်ငံသို့ ဝမ်းစာအတွက် သွားရောက်လုပ်ကိုင်နေကြရသည်။

ပင်လယ်နှင့် နီးစပ်နေသော ကမ်းရိုးတန်းရှိ လယ်မြေများလည်း ပင်လယ်ရေ (ဒီရေ) တိုက်စားမှုများကြောင့် အများအပြားပျက်စီးနေသည်။ ဘီလူးကျွန်းတစ်ကျွန်းလုံးတွင် တိုက်စားမှု အများဆုံးခံရသည့် လယ်မြေများမှာ ဒရယ်ကျေးရွာရှိ လယ်မြေများဖြစ်ပြီး အချို့သော ပင်လယ်ကမ်းစပ်နှင့် နီးစပ်သည့် ရွာရှိ လယ်မြေများလည်း ပျက်စီးနေကြသည်။
လယ်ယာမြေ ဧက ၅၀ ကျော် လုပ်ကိုင်နေသည့် ဦးမျိုးချစ် (အမည်အရင်းမဟုတ်) တို့ မိသားစုမှာ ပင်လယ်ရေ တိုက်စားမှု့ကြောင့် ယခုအချိန်တွင် လယ်ဧကအနည်းငယ်သာ ကျန်ပါတော့သည်။ ၄င်းလယ်မြေမှာ ဒရယ်ကျေးရွာနှင့် ၂ မိုင်ကျော် ကွာဝေးသောနေရာတွင် တည်ရှိပြီး ကမ်းရိုးတန်းတစ်လျှောက်တွင် ရှိသည်။ ဘိုးဘီဘောင်ဘင် ခေတ်အဆက်ဆက်က လုပ်ငန်းဖြစ်သည့်အားလျှောစွာ လယ်လုပ်ငန်းကို စွန့်လွှတ်ရန် မဝံ့မရဲ ဖြစ်နေသည်။ ၄င်းလယ်ယာမြေမှာ အက်ဒမန်ပင်လယ်နှင့် နီးကပ်စွာ တည်ရှိနေသည့်အတွက် ပင်လယ်ဆားငန်ရေများ မကြာခဏ လွှမ်းမိုးခံနေရသည်။ သို့သော် နုံးမြေကောင်းသည့်အတွက် စပါးအထွက်နှုန်းလည်း တိုးပြီး ဟင်းသီးဟင်းရွက်များလည်း ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။

၂၀၀၁ ခုနှစ် မတိုင်မီကာလတွင် လယ်ယာမြေဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေသော ဦးမျိုးချစ်တို့ မိသားစုမှာ စားဝတ်နေရေး အဆင်ပြေနေကြသည်။ မိုးတွင်းကာလတွင် စပါးစိုက်ပျိုးပြီး စပါးရိတ်သိမ်းအပြီးတွင် ဟင်းသီးဟင်းရွက်များ ပြန်လည်စိုက်ပျိုးကာ လယ်ယာမြေတွင် တစ်နှစ်ပတ်လုံး လည်ပတ်နေကြသည်။ ၄င်းမှထွက်သော ဟင်းသီးဟင်းရွက်များကို မော်လမြိုင်မြို့သို့ လှေငယ်လေးဖြင့် တင်ပို့ရောင်းချကြသည်။

ထိုသို့ လုပ်ကိုင်နေစဉ်အတွင်းမှာပင် ပင်လယ်ကမ်းနားအနီးရှိ လယ်ယာမြေများ ဒီရေတိုက်စားမှု တစစ ခံလာခဲ့ရသည်။ ပင်လယ်ရေတက်ချိန်တွင် ရေများ တဖြည်းဖြည်းနှင့် တက်လာပြီး တစ်နာရီအကြာ ငြိမ်သက်သွားပြီးမှ ပြန်လည်ကျဆင်းသွားသည်။ ဒီရေဆင်းချိန်တွင် အတက်ကဲ့သို့ တဖြည်းဖြည်းချင်း တက်လာခြင်း မဟုတ်တော့ပဲ လျှင်မြန်စွာ ထိုးဆင်းသွားပြီး ကမ်းစပ်အနီးအနားရှိ အညစ်အကြေးများ မြေနုမြေရိုင်းများကို သယ်ဆောင်သွားသည်။

“အဲဒီအသံကြားရင် ကျွန်မအိပ်လို့မပျော်ဘူး၊ ဘယ်နေ့ တဲနားကို ရောက်လာမလဲလို့ ပူပန်နေရတယ်၊ ကျွန်မတို့က ဒီလယ်တွေနဲ့ပဲ အသက်ရှင်နေရတယ်” ဟု လယ်ပိုင်ရှင် ဦးမျိုးချစ်၏ ဇနီးက ညှိးငယ်သောမျက်နှာဖြင့် ညီးတွားနေသည့်အသံကို ကြားလိုက်ရပါသည်။

လယ်ယာမြေဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော ဦးမျိုးချစ်တို့ မိသားစုမှာ ၂၀၀၁ ခုနှစ် စပါးရိတ်သိမ်းချိန်တွင် ပင်လယ်ရေများ လွှမ်းမိုးမှုကြောင့် စပါးများအားလုံး ပျက်စီးသွားခဲ့ရသည်။ ထို့ကြောင့် လူငှားများကို ပေးရမည့် စပါးများ၊ အစိုးရအဝယ်ဒိုင်များကို ပေးရမည့် စပါးများ၊ လယ်ယာမြေ အသုံးစရိတ်အတွက် ချေးထားသော ချေးငွေများနှင့် နွေရာသီစားသုံးရန်အတွက် စပါးများလည်း ပင်လယ်ရေနှင့်အတူ မျောပါသွားခဲ့ရသည်။ ထို့ကြောင့် ၄င်းတို့မိသားစုမှာ ပိုင်ဆိုင်သည့် အိမ်ခြံများကို ရသည့်နှုန်းဖြင့် ရောင်းချပေးချေပြီး မိသားစုတခုလုံး ပျက်စီးသွားသည့် လယ်မြေတွင် တဲငယ်ကလေးဖြင့် နေထိုင်လာခဲ့ရသည်။

အချို့သော သူများက ယခုကဲ့သို့ ပင်လယ်ရေ တိုက်စားခြင်းကြောင့် လယ်မြေများ ပြိုပျက်သွားရခြင်းမှာ ရေစီးလမ်းကြောင်း ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း ပြောကြသည်။

“ဒီမုတ္တမ-မော်လမြိုင်တံတား စပြီးဆောက်တဲ့အချိန် ၂၀၀၁ ခုနှစ် ကတည်းက ကျွန်တော်တို့ လယ်မြေတွေ ရေတိုက်စားတာ ခံနေရတယ်၊ ကျွန်တော့်အထင်တော့ ရေလမ်းကြောင်း ပြောင်းလဲသွားလို့ အခုလို ဖြစ်ရတာပဲ၊ ကျွန်တော်တို့ မိသားစုတွေ အခုလိုမျိုး လယ်ယာတွေ ပျက်စီးပြီး စားဝတ်နေရေး ကျပ်တည်းနေတာဟာ ကိုယ်ဖျက်လို့ ပျက်တာမဟုတ်ပါဘူး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ ဖြစ်ရတာပါ” ဟု လယ်ပိုင်ရှင် ဦးမျိုးချစ်က ၄င်း၏ရင်တွင်းခံစားချက်ကို ဖွင့်ပြောသည်။

၎င်းအနီးတစ်ဝိုက်တွင် စုစုပေါင်း ရေတိုက်စားမှုပမာဏမှာ ဧက ၁၀၀ ကျော် ရှိလိမ့်မည်ဟု ခန့်မှန်းကြသည်။

ကမ္ဘာကြီးအတွက် ကိုဆန်းတင့်

ရန်ကုန်သားတာတေ

မြန်မာပြည် အာဏာကို လက်မလွှတ်ရေး အတွက် နည်းမျိုးစုံနှင့် လက်မလည်အောင် ကလိန်ကျနေ ရသည့်ကြားမှ ကမ္ဘာ အရပ်ရပ်ရှိ သဘာဝ ဘေးဒဏ် ခံနေရသည့် နိုင်ငံများ၊ အငတ်ဘေး ဆိုက်နေသည့် နိုင်ငံများ၊ ထကြွ ဆူပူမှုကို ရင်ဆိုင်နေရသည့် နိုင်ငံများက ချိုကုပ်ဒူးကြီးကို ကိုဆန်းတင့် (Consultant) အဖြစ် ခေါ်ယူ အကူအညီတောင်း နေလေသည်။

ဆိုမာလီမှ အီရန် … ထိုမှတဆင့် ဇင်ဘာဘွေ၊ အချိန်ရလျှင် မြောက်ကိုရီးယားသို့ ဝင်ပြီး နောက်ဆုံးတွင် ငလျင်ဒဏ်ကြောင့် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ရင်ဆိုင်နေရသော ဟေတီသမ္မတ၏ ဖိတ်ကြားချက်အရ သွားရောက်ရမည် ဖြစ်သည်။

မြန်မာပြည်ကလွဲ၍ ဘယ်မှမရောက်ဘူးသော ချိုကုပ်ဒူးကြီး၏ ခရီးစဉ်များမှာ တောင်နှင့်မြောက် ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။ သို့ရာတွင် ပြဿနာမရှိ၊ သားမက်ကဲ့သို့ ချစ်ခင်အားကိုး ယုံကြည်ရသော တေဂွပိုင် အဲဇလုံ လေယာဉ်က သူသွားလိုရာ ပို့ဆောင်ပေးလိမ့်မည်။ ပြဿနာရှိနေသူက ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဖြစ်သည်။

ရုက္ခစိုး။ ။ ဒါ အခွင့်အရေးပဲ ဖိုးရှုပ်ရဲ့။ ပြည်တွင်းက အသံတိတ်ဂျာနယ်တို့ တွမ်တီတူး ဂျာနယ်တို့တောင် လိုက်လို့ရတာ မဟုတ်ဘူး။ ငါလည်း လိုက်လာမှာပဲဟာ၊ လိုက်သာသွား။

ဖိုးရှုပ်။ ။ လိုက်သွားတာက ဟုတ်တယ် ဦးရုက္ခစိုးရဲ့။ သွားမှာက အဲဇလုံနဲ့။ တော်ကြာ တခုခုဖြစ်မှဖြင့် … ကြောက်တယ်ဗျ။

ကြွက်စုတ်။ ။ မင်းတောင် သတင်းသမားဖြစ်ရဲ့သားနဲ့ ဒီလောက် သတ္တိရှိနေရင် ငါက ပိုဆိုးတာပေါ့ဟ။ မလိုက်ရဲဘူး။

ရုက္ခစိုး။ ။ မင်းတို့တော့ ခက်တာပဲ။ သတင်းသမားဆိုတာ တိုက်မှာထိုင်ပြီး ဖုန်းလေးဆက်ရုံနဲ့ ရမလား။ သူများ ရေးထားတာလေး ကော်ပီပေ့စ်လုပ်ပြီး ကိုယ်ရေးသလို လုပ်ရုံနဲ့တော့ သတင်းသမား လာမပြောနဲ့ကွာ။ ကိုယ်တိုင် ကွင်းထဲဆင်း ဖီးလ် ရပို့တင်း မလုပ်သရွေ့ အထင်မကြီးဘူး။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးက တန်ခိုးနဲ့ ကြွရမှာလေ၊ ကျနော်တို့က အဲဇလုံနဲ့ရွေ့ရမှာ။ ပြီးတော့ ချိုကုပ်ဒူးကြီးနဲ့ အတူသွားရမှာ။ သူကလည်း စိတ်ရောဂါကု ဆေးရုံက ဆင်းလာတာမကြာသေးဘူး။ အောင်မလေး ကျောချမ်းလိုက်တာ။

ဖိုးရှုပ်က ကြွက်စုတ်ကို မျက်စောင်းထိုးလိုက်သည်။ ဦးရုက္ခစိုးက သူ့ကို ကော်ပီပေ့စ်လုပ်သည်ဟု ဆိုသောကြောင့်လည်း နည်းနည်းနှာတင်းသွားသည်။ ထို့ကြောင့် “ဒီလောက်တောင် ဖြစ်လှတာ သွားမယ်ဗျာ။ အဲဇလုံမကလို့၊ ချိုကုပ်ဒူးကြီးနဲ့ အတူတူ မကလို့ ယမမင်းကြီးနဲ့လည်း သွားမယ်၊ ကြွက်စုတ်၊ မင်းတော့လိုက်ခဲ့ရမယ်” ဟု ပြောလိုက်သည်။ ကြွက်စုတ် မျက်နှာ ရှုံ့မဲ့ သွားသည်။

စာမျက်နှာအခက်အခဲကြောင့် လေယာဉ်ပေါ်က အဖြစ်အပျက်များနှင့် တခြား နိုင်ငံများတွင် ချိုကုပ်ဒူးကြီး စီစဉ်ညွှန်ကြား အကြံပေးခဲ့သည်များကို မဖော်ပြတော့ပါ။ မြန်မာအငြိမ့်ခွေများတွင် မင်းသမီး ကသည်ကို ကျော်ကြည့်သလို ကျော်လိုက်စေချင် ပါသည်။

ဟေတီနိုင်ငံတွင် ချိုကုပ်ဒူးကြီးက သမ္မတ ရီနီဘလာဘလာ ကို အကြံဉာဏ်ကောင်းများ ပေးနေသည်။ ဖိုးရှုပ်က သတင်းယူကာ ကြွက်စုတ်က ပညာယူနေသည်။ ဦးရုက္ခစိုးကြီးလည်း ရောက်နေသည်။

သမ္မတရီနီ။ ။ ငလျင်ဒဏ်ကြောင့် သေတာက ၃ သိန်းဖြစ်နေပြီဗျာ၊ အဲဒါကို UN က ၂ သိန်းတဲ့။ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။

ချိုကုပ်။ ။ ဘာလို့ ဒီလောက်တောင် များများသေတာလဲဗျ။

ရီနီဘလာ။ ။ များများသေတော့ များများ အကူအညီရ … အဲ … ယောင်လို့ … ဒါ အမှန်တရားပဲလေ။

ချိုကုပ်။ ။ များများသေတယ်ဆိုတော့ ခင်ဗျား အသုံးမကျရာ ရောက်တာပေါ့။ လျှော့ပြောရတယ်၊ ခက်တာပဲ။

ရီနီဘလာ။ ။ လုပ်ပါဦးဗျာ။ အခုဆို မြို့ကလည်း မြို့ပျက်ကြီးဖြစ်နေပြီ၊ လူသေတွေကလည်း တိုက်ကြို တိုက်ကြားမှာ မရှင်းနိုင်သေးဘူး၊ အိပ်ခြေရာမဲ့တွေလည်း သန်းနဲ့ချီနေတယ်၊ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး။ ခင်ဗျားဆီမှာ နာဂစ်ဖြစ်တုန်းက ဘယ်လို မြန်မြန်ဆန်ဆန် ဖြေရှင်းလိုက်တယ်ဆိုတာ ပြောပါဦး။

ချိုကုပ်ဒူးကြီးက မိန့်မိန့်ကြီး ပြုံးလိုက်သည်။

ချိုကုပ်။ ။ ခင်ဗျား မှတ်မိမလားမသိဘူး။ ကျုပ်ဆီမှာ နာဂစ်ဖြစ်တုန်းက ၁၀ ရက်လောက် ပစ်ထားလိုက်တာလေ။

ရီနီဘလာ။ ။ ကျုပ်က ပြည်သူတွေဆီ ချက်ချင်းသွားတာဗျ။ ဒါနဲ့တောင် မဖြေရှင်းနိုင်ဘူး ဖြစ်နေတယ်။

ချိုကုပ်။ ။ အဲဒါကွာတာပေါ့။ အမြန်ပဲသွားသွား၊ နောက်ကျပြီးပဲသွားသွား အနောက်က မျောက်ဖြူတွေက အပြစ်တင်တာပဲ မဟုတ်လား။ သူတို့က ကျုပ်တောင်းသလောက်လည်း ပေးတာမဟုတ်ဘူး။ အပြစ်တင်ဖို့ပဲ တတ်တာ။

ရုက္ခစိုး။ ။ ဒါကတော့ ၁၁ ဘီလျံဒေါ်လာဆိုတာ နည်းတာမှမဟုတ်ဘဲ။

ချိုကုပ်။ ။ မနည်းဘူး မလုပ်နဲ့လေ။ ကျုပ်တို့ အိတ်တွေထဲ ခွဲထည့်မှာဆို နည်းတောင် နေသေးတယ်။ အဲ ယောင်လို့ လုပ်စရာတွေက အများကြီးလေ။ နောက်ကျမှသွားတော့ အေးအေးဆေးဆေး စဉ်းစားဖြေရှင်းချိန်ရတယ်။ ပြဿနာတခု ဆိုတာ ခေါင်းအေးအေးနဲ့ ဖြေရှင်းတော့ အဖြေမှန်ရဖို့ ပိုလွယ်တယ် မဟုတ်လား။

ရုက္ခစိုး။ ။ ခေါင်းအေးအေးဖြေရှင်းတယ် ဆိုတာ လူတွေကို ငါးရှာ၊ ဖားရှာ စားလိုက်ပါလို့ ပြောတာလား။

ချိုကုပ်။ ။ (ဦးရုက္ခစိုးကို ဘုကြည့်ကြည့်ရင်း) ဒါက စိတ်ဓာတ်ကျဆင်းနေတဲ့ ပြည်သူလူထုကို နှစ်သိမ့်တာဗျ။

ရီနီဘလာ။ ။ ထားပါတော့ဗျာ၊ ပုံနေတဲ့ အလောင်းတွေကို ဘာလုပ်ရမလဲ။ ခင်ဗျားတုန်းက ဘာလုပ်လိုက်လဲ။

ချိုကုပ်။ ။ ပူစရာလားဗျ။ ငါးပူတင်းတွေ တွတ်လိုက်ရင် သူ့ဘာသာ ရှင်းသွားမှာပဲ … အဲ … ခင်ဗျားဆီမှာ ငါးပူတင်း မရှိပေမယ့် လင်းတတွေဘာတွေတော့ ရှိမှာပေါ့။ စားခိုင်းလိုက်ဗျာ။ သတ္တဝါတွေကို ကုသိုလ်လုပ်တဲ့သဘောတောင် ဖြစ်သေးတယ်။

ရီနီဘလာ။ ။ မြို့ပျက်ကြီးကျတော့ကော။

ချိုကုပ်။ ။ ကျုပ်လိုအမြော်အမြင် မရှိတော့ ခံရပြီ၊ … သနားစရာပဲ ... ကျွတ်ကျွတ်၊ ကျုပ်ဆို အစောကြီးကတည်းက နေပြည်တော် မြို့တော်သစ် တည်ထားတော့ … ရန်ကုန်က မြို့ပျက်ကြီးဖြစ်သွားလည်း အေးဆေးပဲ။ မပူနဲ့ ခင်ဗျား နောက်မကျ သေးဘူး။ မြို့တော်သစ်တခု သွားတည်လိုက်။

ရီနီဘလာ။ ။ အဲဒီလောက် လွယ်ပါ့မလားဗျာ။ ပိုက်ဆံ ...။

ချိုကုပ်။ ။ လူတွေကို ပေးတဲ့ပိုက်ဆံတွေကို တနည်းနည်းနဲ့ ဖြတ်ခုတ်ပေါ့ဗျ။ ဥပမာ ဒုက္ခသည်တွေအတွက် ယာယီတဲတွေ ဆောက်ပေးဖို့၊ စိုက်ပျိုးရေး လုပ်ငန်းတွေ ပြန်စဖို့ဆိုပြီး တောင်း။

ရီနီဘလာ။ ။ ဟာ … တောင်းပြီးရင် တကယ်လုပ်မှ ဖြစ်မှာပေါ့။ တော်ကြာ UN အကြီးအကဲက လာစစ်ရင် ...။

ချိုကုပ်။ ။ လွယ်လွယ်လေး ...။ ယာယီတဲ အသစ် သုံး၊ လေးလုံး ဆောက် …၊ စစ်သားမယားတွေ၊ စွမ်းအားရှင်တွေကို ဒုက္ခသည်ယောင်ဆောင်ပြီး နေခိုင်း။ လယ်ထွန်စက် တလုံးလောက် အသစ်ဝယ်ပြီး … လယ်ထဲမှာ ဟိုမောင်း ဒီမောင်း မောင်းခိုင်း … ဒါ ဥပမာ ပြောတာနော်။ တခြား လုပ်စရာ နည်းတွေ အများကြီး ရှိသေးတယ်။

ရီနီဘလာ။ ။ မြို့သစ်တည်ဖို့တော့ မဖြစ်ဘူးနဲ့ တူတယ်ဗျာ … ဟို … လူတွေက မကျေမနပ်နဲ့ ဆူပူ အုံကြွ … ကြွ ...။

ချိုကုပ်။ ။ ဒီမှာ ကိုဘလာ ဘလာ။ ဆူပူအုံကြွတဲ့ အကြောင်းတော့ လာပြောမနေနဲ့တော့ … ဝမ်းချုပ်နေတဲ့အချိန် အိမ်သာ တက်ရတာလောက် မခက်ဘူး။ ကျုပ်ဆီက လုံထိန်းနဲ့ စွမ်းအားရှင်တွေ လိုသလောက် အိတ်စ်ပို့ လုပ်ပေးမယ်။

ရီနီဘလာ။ ။ လေးစားပါတယ် ကိုဆန်းတင့်ရယ်။ ဒါကြောင့်လည်း ကိုဆန်းတင့်ဆိုပြီး နိုင်ငံတကာက အကူအညီ တောင်းနေ ရတာကိုး။

ဟေတီသမ္မတက အားကျသောအကြည့်နှင့် ကြည့်ရင်း ပြောလိုက်ရာ ချိုကုပ်ဒူးကြီးက “ပါးပါးလေးပါ။ ရှင်းတတ်ရင် အားလုံးအလွယ်လေးပဲ။ ကဲ ဖိုးရှုပ်ရေ … ငါတို့ရဲ့ လွန်းပျံယာဉ် အဲဇလုံကြီး အဆင်သင့် ဖြစ်ရင် မတိမ်းမစောင်း ဗိန်းဗောင်းနဲ့ ယွန်းလိုက်ကြရအောင်လား” ဟု ပြောရင်း လေယာဉ်ပေါ်သို့ ခပ်တည်တည် တက်သွားလေတော့သည်။



သက်ဆိုင်ရာမှ ဆောင်ရွက်ပေးစေချင်

မြန်မာအလုပ်သမားတဦး

ယခုအခါ ထိုင်းနိုင်ငံရောက် ကျနော်တို့လို မြန်မာအလုပ်သမားတွေအဖို့ ထိုင်းနဲ့မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ် (PASSPORT) ထုတ်ပေးတာဟာ အင်မတန် ဝမ်းမြောက်ဖွယ်နဲ့ တရားဝင်နေထိုင်ခွင့်၊ သွားလာခွင့် စတဲ့အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ဖို့အတွက် ဆောင်ရွက်ခဟာ အကျိုးဆောင်ကုမ္ပဏီတွေက ဈေးနှုန်းအမျိုးမျိုး ကောက်ယူဆောင်ရွက်နေကြတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ ရရှိတဲ့လစာနဲ့ ၀န်ဆောင်မှု ပေးရတာဟာ အခက်အခဲရှိပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံက တာဝန်ရှိ ၀န်ကြီးဌာနတွေနဲ့ ယာယီနိုင်ငံကူးလက်မှတ် အကျိုးဆောင်ကုမ္ပဏီတွေ ပူးပေါင်းဆွေးနွေးပြီး အသက်သာဆုံးဈေးနှုန်းအဖြစ် ဘတ်ငွေ (၅,၀၀၀) ထက်ကျော်ပြီး မကောက်ခံရဆိုပြီး အတည်ပြု ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမယ့် ယာယီနိုင်ငံကူးလက်မှတ် အကျိုးဆောင်ကုမ္ပဏီတွေထဲက ထိုင်း-မြန်မာ ချစ်ကြည်ရေးကုမ္ပဏီက ဘတ်ငွေ (၅,၈၀၀) နှုန်းနဲ့ ဆက်လက် ကောက်ယူဆောင်ရွက်နေတာကြောင့် သက်ဆိုင်ရာ မြန်မာသံရုံးနဲ့ တာဝန်ရှိတွေကတဆင့် သတိပေး ဆောင်ရွက်စေချင်ပါတယ်။

နိုင်ငံရေးလုပ်တာ မဟုတ်ဘူး၊ ပြဿနာ


ကျနော်တို့ငယ်ငယ် မဂ္ဂဇင်းတွေကို အာသာငန်းငန်း ဖတ်နေတဲ့အချိန်မှာ သွေးသောက်မဂ္ဂဇင်းက ဆရာကြပ်ကလေး တာဝန်ခံရေးသားတဲ့ “စာပေါလောက” ကဏ္ဍမှာ ပြဿနာလောကဆိုတဲ့ ခေါင်းစဉ်လေးတခု ပါပါတယ်။ အဲဒီခေါင်းစဉ်အောက်မှာ ပြဿနာမရှိ ပြဿနာရှာတာ တခုခုကို စာဖတ်ပရိသတ်တွေ ရယ်မောပျော်ရွှင်ရအောင် ဆွဲဆောင်မှုရှိရှိ ရေးသားတင်ပြလေ့ရှိပါတယ်။


အခု ကျနော့်ဆောင်းပါးဟာလည်း ”ပြဿနာလောက” ခေါင်းစဉ်အောက်မှာများ ရောက်သွားမလားလို့ တွေးမိလိုက်ပါတယ်။ တကယ်တော့ အခု ကျနော်တင်ပြမယ့် ပြဿနာက ရယ်စရာမဟုတ်ပါဘူး။ အမှားကို ထပ်တလဲလဲ ပြောဆိုဖော်ပြနေတာဟာ အချိန်ကာလကြာမြင့်လာတဲ့အခါ အမှန်လို့ ထင်သွားတတ်ကြပါတယ်။ အဲဒီလိုဖြစ်မှာစိုးလို့ပါ။

ကျနော်တို့နိုင်ငံကို မတရားအုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ မြန်မာနိုင်ငံသမိုင်းရဲ့ တကယ်စစ်မှန်တဲ့ သမိုင်းအချက်အလက်တွေကို ဖြုတ်ပစ်၊ ဖြတ်ပစ် ပုံဖျက်ပြောင်းလဲလုပ်ရင်း မြန်မာနိုင်ငံ အခြခံပြည်သူလူထုကို မှားယွင်းတဲ့ အချက်တွေကို ယုံကြည်လာအောင် လုပ်ဆောင်နေခဲ့တာ ကာလကြာမြင့်ခဲ့ပါပြီ။ တချို့ မသိနားမလည်သေးတဲ့ ပြည်သူလူထုနဲ့ ပြတ်တောက်သွားတဲ့ မျိုးဆက်သစ် လူငယ်တတချို့ဟာ အမှားကို အမှန်ထင်ပြီး စစ်အစိုးရရဲ့ ဖျားယောင်းစည်းရုံး၊ သိမ်းသွင်းမှုအောက်ကို ကျရောက်သွားကြ၊ ပြည်သူလူထုရဲ့ တကယ့်ဘဝတွေကို မေ့လျော့ကင်းကွာလာကြ၊ ဆန့်ကျင်လာကြတာ တွေ့ရတဲ့အတွက် ဒါကိုတော့ ပြဿနာလုပ်မှ ဖြစ်မယ်ဆိုပြီး ဒီဆောင်းပါးကို ရေးလိုက်ရတာပါ။

အခုတလော နိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေနဲ့ အနုပညာရှင်တွေက သူတို့ရဲ့ လှုပ်ရှားမှု အစီအစဉ်တွေ၊ အခမ်းအနားတွေမှာ ကျနော်တို့ ကျမတို့ အခုလုပ်ဆောင်နေတာတွေဟာ လူမှုရေးပါ၊ ဘာသာရေးပါ၊ ယဉ်ကျေးမှုပါ၊ နိုင်ငံရေးလုပ်နေတာ မဟုတ်ပါဘူးလို့ ပရိသတ်ကို ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ အမှတ်မထင်ဖြစ်စေ ထည့်သွင်းပြောကြားလေ့ ရှိတာကို ကြားနေ၊ မြင်နေရပါတယ်။

အပေါ်ယံပိုင်းကိုပဲ ကြည့်ရင်တော့ ဒါဟာ ပြဿနာမဟုတ်ဘူးလို့ ထင်စရာရှိပါတယ်။ ဟုတ်သားပဲလို့ ထင်စရာ၊ ပြောလာစရာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို အပြောတွေ ဘာ့လို့ ပြောလာကြတာလဲဆိုတဲ့ အကြောင်းရင်းကို ဖော်ကြည့်မယ်ဆိုရင် စစ်အာဏာရှင်အစိုးရရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူလူထုကို သတင်းမှားပေးမှု (Misinformation) ကြောင့် ဆိုတာ တွေ့ရပါလိမ့်မယ်။

စစ်အာဏာရှင်တွေဟာ သူတို့အာဏာကို ထိပါးလာမှာ၊ အာဏာလက်လွတ်ဖြစ်သွားမှာကို သိပ်စိုးရိမ်ကြောင့်ကြ ရှိပါတယ်။ အဲဒီအတွက် သူတို့ရဲ့ မတရားတဲ့ အုပ်စိုးမှုကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အပြစ်ရှာဖို့၊ ရှုတ်ချနှိပ်ကွပ်ဖို့ ကြိုစားနေပါတယ်။ ဒါတွေဟာ အနှောင့်အယှက်ပြု၊ အန္တရာယ်ပေးနေကြတာ ဖြစ်တယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် လုပ်နေကြတာဖြစ်တယ်လို့ ပြည်သူလူထုကို သတင်းမှား အစဉ်တစိုက်ပေးနေသလို နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေ၊ နိုင်ငံရေးသမားတွေကို အပြစ်ရှာ ဖမ်းဆီးနှိပ်ကွပ်ထောင်ချ၊ အနှောင့်အယှက် အမျိုးမျိုး လုပ်နေပါတယ်။ လှုပ်ရှားဆောင်ရွက်နေသူတွေကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှု စတာတွေ ပျက်စီးအောင် လုပ်နေတဲ့ လုပ်ရပ်၊ ဖြစ်ရပ်တွေကို တွေ့ကြုံနေရတဲ့ သာမန် ပြည်သူလူထုတွေရဲ့ စိတ်ထဲမှာ “နိုင်ငံရေး” ဆိုတဲ့ စကားလုံးကို ကြောက်ရွံ့လာကြပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လိုက်တာနဲ့ ဘဝပျက်ရင်ပျက်၊ မပျက်ရင်လည်း အကြီးအကျယ် ဘေးဒဏ်သင့်ကြရတော့မယ်ဆိုတဲ့ တွေးမြင်မှုတွေ သာမန် ပြည်သူလူထုမှာ ရှိလာကြပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုမရှိဘဲ စီးပွားရှာဖို့ကိုသာ အဓိကထားတဲ့ စီးပွားရေးသမားတွေနဲ့ ပညာတတ်ဝန်ထမ်းတွေမှာလည်း အဲဒီလို အတွေးမျိုးတွေ ရှိလာကြပါတယ်။ အဲဒီလို ဖြစ်လာရအောင်လည်း စစ်အာဏာရှင်အစိုးရက စနစ်တကျ ရည်ရွယ်ချက်ရှိရှိနဲ့ ရေရှည်လုပ်လာခဲ့တာပါ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး မပြောနဲ့၊ မပတ်သက်နဲ့ တခြား အပျော်အပါး လောင်းကစားနဲ့ အသေးစား ရာဇဝတ်မှုတွေ ကျူးလွန်လာတာကိုတောင် မသိချင်ယောင်ပြီး အခွင့်အရေး ပေးထားခဲ့ပါတယ်။

စစ်အစိုးရရဲ့ လက်ကိုင်ဒုတ် အရာရှိတွေ၊ အလိုတော်ရိတွေကို အခွင့်အာဏာနဲ့ အခွင့်အလမ်းတွေ ပေးထားတဲ့အတွက် အတွေးအခေါ်၊ အသိတရား အားနည်းကြသေးတဲ့ တချို့ လူငယ်လူလတ်တွေဟာ အဲဒီသူတွေကို အားကျလာကြပြီး စစ်အစိုးရယန္တယားအောက်ကို ဝင်ရောက်ဖို့ စစ်အစိုးရနဲ့ ပူးပေါင်းဖို့ စိတ်ယိုင်လာ၊ တိမ်းညွှတ်လာကြပါတယ်။ ဒီလိုနဲ့ တစတစ လူငယ်လူကြီးတွေ၊ ဝန်ထမ်းတွေ၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းတွေက လူတွေနဲ့ အနုပညာရှင်တချို့ကပါ သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို “ဒါ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး” လို့ အန္တရာယ်ကင်း ဂါထာတပုဒ်လို ရွတ်ဆိုလာကြတာ တွေ့ရပါတယ်။ “နိုင်ငံရေး” ဆိုတဲ့ စကားလုံးကို ငါနဲ့မဆိုင်ဘူးဆိုတဲ့ စိတ်တွေ ပြည်သူလူထုထဲမှာ တဖြည်းဖြည်း အမြစ်တွယ်လာအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီဟာက ကိစ္စကောင်းတခု မဟုတ်ပါဘူး။

ကျနော်တို့ ဒီမိုကရေစီရေး ချစ်မြတ်နိုးသူနဲ့ ပြည်တွင်းက နိုင်ငံရေးသမား၊ နိုင်ငံရေး လှုပ်ရှားသူတွေအနေနဲ့ ကျနော်တို့ရဲ့ လွတ်လပ်ရေး ပိသုကာကြီးနဲ့ မြန်မာ့တပ်မတော်ကြီးကို စတင်ဦးစီးတည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားကို ပြည်သူလူထုတွေကြားကို ပြန်ပြီး ပေးပို့ကြရပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းက “အမှန်မှာ နိုင်ငံရေးမှာ လောကီရေးပင် ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်ပေ။ သို့သော် လောကီမှာလည်း လောကုတ်ရှိနိုင်၏။ လောကီတည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။ ထို့ကြောင့် နိုင်ငံရေးကား ပင်မပင်တည်း။ သူ့ကို လက်လွှတ်၍မဖြစ်၊ အားလုံးနှင့် ဆိုင်၏။ လောကီရေးဖြစ်၍ ညစ်ပတ်သည်ဟု လုံးလုံးမဆိုသာ။ ပရဟိတအတွက်ဟူ၍ နိုင်ငံရေးမှာ ပြောဆိုသည့် စကားပင်လျှင် သူတို့၏ တိုးတက်လိုသော မွန်မြတ်သည့် စိတ်ထားကို ပြခြင်းဖြစ်ပေ၏။ သူ၏ ထူးခြားချက်မှာလည်း မိမိတို့၏ အကျိုးစီးပွားကို တိုးတက်အောင် ကြံဆောင်တတ်သော အသိဥာဏ်ပင် ဖြစ်၏။ လူတွေသည် ပြုပြင်၍ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံး ရည်မှန်းလေသည်။ ထို့ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း။” လို့ နိုင်ငံရေးကို ဖွင့်ဆိုသွားခဲ့ပါတယ် မဟုတ်ပါလား။

စစ်အစိုးရက ရည်ရွယ်ချက်ရှိရှိ “နိုင်ငံရေး” ဆိုတဲ့ စကားလုံး၊ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ စတာတွေကို ဂုဏ်ကျက်သရေ ပျက်အောင်၊ ပြည်သူလူထု အထင်အမြင်လွဲမှားအောင်၊ ကြောက်ရွံ့ကင်းကွာလာအောင် လုပ်ဆောင်နေတဲ့ အချိန်မှာ ကျနော်တို့က တိုင်းပြည်တခုရဲ့ ပြည်သူလူထုဟာ အသက်ရှင်နေထိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်း တခုခုနဲ့ လုပ်ကိုင်ရှာဖွေ စားသောက်တာ၊ ပြည်သူလူထုအချင်းချင်း ဆက်သွယ်ဆောင်ရွက်တာ၊ လူမှုရေးပံ့ပိုးကူညီမှု လုပ်တာ၊ ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားအရ ဘုရားသွားကျောင်းတက် လုပ်တာ၊ ဝတ်ပြု ဆုတောင်းတာတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ရိုးရာအစဉ်အလာ ပွဲတော်တွေ ကျင်းပတာ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှု လုပ်တာတွေ အားလုံးဟာ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်နေတယ်။ တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ သာယာပျော်ရွှင်ရေး ဆောင်ရွက်တာတွေ အားလုံးဟာ နိုင်ငံရေးသာဖြစ်တယ်။ လူရယ်လို့ဖြစ်လာ၊ အသက်ရှင်နေထိုင်ရပြီဆိုတာနဲ့ နိုင်ငံရေးနဲ့ ကင်းကွာလို့မရအောင် ဆက်စပ်နေတယ်ဆိုတာကို ပြည်သူလူထုကြီး တရပ်လုံး လက်ခံယုံကြည်လာအောင် စည်းရုံးပညာပေးကြရပါလိမ့်မယ်။

တိုင်းပြည်တပြည်ရဲ့ ကောင်းမွန်တဲ့ နိုင်ငံရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေ အားလုံးဟာ မွန်မြတ်သန့်စင်တယ်၊ ဂုဏ်ယူထိုက်တယ်။ ကောင်းမွန်တဲ့ နိုင်ငံရေးအတွက် ဆောင်ရွက်နေကြတဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးလှုပ်ရှားသူတွေဟာ မွန်မြတ်တယ်၊ လေးစားထိုက်တယ် ဆိုတာကို ပြည်သူလူထုတရပ်လုံး နားလည်သဘော ပေါက်လက်ခံလာအောင် တာဝန်တရပ်အနေနဲ့ ကျနော်တို့ လုပ်ဆောင်ကြရပါလိမ့်မယ်။

ဂရိ အတွေးအခေါ် ပညာရှင်ကြီး အရစ်စ်တိုတယ်လ် (Aristotle) ရဲ့ ကမ္ဘာကျော်ဆိုစကားဖြစ်တဲ့ “လူဆိုတာ သဘာဝအရကိုက နိုင်ငံရေးသတ္တဝါဖြစ်တယ်။” ဆိုတဲ့ စကားအတိုင်း လူသားတိုင်းဟာ နိုင်ငံရေးနဲ့ မကင်းကြတဲ့ သူတွေဖြစ်တယ် ဆိုတာကို အမှန်တကယ် နားလည်ယုံကြည်လာကြပြီး၊ ငါတို့လုပ်နေတာဟာ နိုင်ငံရေးဖြစ်တယ်။ နိုင်ငံရေးလုပ်တာဟာ ကောင်းမွန်တဲ့ အလုပ်ဖြစ်တယ်။ နိုင်ငံရေးလုပ်ကြ၊ ပါဝင်လှုပ်ရှားဆာင်ရွက်ကြ၊ စစ်အစိုးရပြောနေတဲ့ နိုင်ငံရေးကင်းရှင်းရမယ်ဆိုတာ သူတို့အာဏာကို အံတုလာမှာစိုးလို့ လူထုကို ဖိနှိပ်တားမြစ်ထားတာ ဖြစ်တယ်ဆိုပြီး အချင်းချင်း ပြောဆိုစည်းရုံးလာတဲ့အဆင့်ကို ရောက်ရှိလာကြဖို့ အရေးကြီးပါတယ်။ အဲဒီလို ပြည်သူလူထုရဲ့ ရင်ထဲမှာ စွဲမြဲယုံကြည်သွားပြီဆိုရင်တော့ စစ်အစိုးရက နိုင်ငံရေးဆိုတဲ့ စကားလုံးကို အလွဲသုံးစား၊ ကဖျက်ယဖျက် လုပ်လာတဲ့အခါ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို အပုပ်ချ အသရေဖျက်ဖို့ ကြိုးစားလာတဲ့အခါ ခေါင်းခါငြင်းဆန်၊ တန်ပြန် လှုပ်ရှားဆောင်ရွက်လာကြပါလိမ့်မယ်။ နိုင်ငံရေးကို ကာကွယ်စောင့်ရှောက်လာကြပါလိမ့်မယ်။

အဲဒါဟာ နိုင်ငံရေးပညာရေး (Poitical Education) ရဲ့ အခြေခံအဆင့်တရပ် ဖြစ်ပါတယ်။ အဲဒီအဆင့်ကို ကျော်ဖြတ်ပြီးမှပဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားဆောင်ရွက်မှုတွေကို နားလည်သဘောပေါက်နိုင်မှာဖြစ်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်ရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာကြမှာ ဖြစ်ပါတယ်။

တို့ဟာ နိုင်ငံရဲ့အရေးကို ဆောင်ရွက်နေတာ ဖြစ်တယ်။ နိုင်ငံရေးဆောင်ရွက်တာကို ရှုတ်ချပြစ်တင်တာဟာ နိုင်ငံ့အရေးကို ရှုတ်ချပြစ်တင် ဆန့်ကျင်တာ ဖြစ်တယ်။ အဲဒီလို အစိုးရမျိုးဟာ နိုင်ငံမှာ မရှိသင့်ဘူး။ ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်ရမှာ ဖြစ်တယ်ဆိုပြီး မတရားတဲ့ စစ်အစိုးရကို ဝိုင်းဝန်းအုံကြွ၊ တိုက်ခိုက်လာကြမှာ ဖြစ်ပါတယ်။ ။

ကုန်ကျငွေမတတ်နိုင်၍ နွေစပါးစိုက်ပျိုးမှုနည်း

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တွင် စပါးစိုက်ပျိုးရန် ကုန်ကျငွေ မတတ်နိုင်၍ တောင်သူလယ်သမားများ ယခုနှစ် နွေစပါးစိုက်ပျိုးမူနည်းလာသည်။

နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးထုတ်လုပ်ရာမှာ စပါးဈေးကောင်းသော်လည်း ကုန်ကျစရိတ် ထွက်ငွေနှင့် ၀င်ငွေမမျှခြင်းကြောင့် အရှုံးပေါ်နေကြောင်း သိရသည်။

နွေစပါးစိုက်ပျိုးသူ တောင်သူတစ်ဦးက “လုပ်အားခတွေနဲ့ လောင်စာဆီဈေးတွေက ပြန်ရလာတဲ့ စပါးတွေနဲ့ မကာမိဘူး” ဟုပြောသည်။


တောင်သူဦးကြီးများကို နွေစပါးစိုက်ပျိုးနိုင်ရန် မြန်မာ့စိုက်ပျိုးရေးဘဏ်မှ ချေးငွေများ တစ်လကို ငွေတစ်ရာကျပ်လျှင် တစ်ကျပ်ခုနှစ်ဆယ်ပြားနှုန်းဖြင့် ထုတ်ချေးပေးပါသည်ဟု ချေးငွေထုတ်ယူသူ တောင်သူဦးကြီးက ပြောသည်။

၎င်းက “လယ် ၁ဧကကို တစ်သောင်းကျပ်နဲ့ ထုတ်ချေးပေးပါတယ်” ဟု ပြောသည်။

နွေစပါးကို ဆည်ရေသောက်များရှိသော လွိုင်ကော်မြို့နယ်အတွင်းနှင့် ဒီးမော့ဆိုမြို့နယ်အတွင်းများတွင် အများဆုံးစိုက်ပျိုးပြီး နွေစပါးချေးငွေကို ၎င်းမြို့နယ်နှစ်မြို့နယ် အတွင်းသာပေးသည်ဟုဆိုသည်။

နွေစပါးစိုက်ပျိုးငွေ ကုန်ကျမှုနှင့် တောင်သူများအတွက် အတိုးနှုန်းသက်သက်သာသာဖြင့် ထုတ်ချေးပေးသော ငွေမှာ လုံလောက်သော အရင်းအနှီးမရသောကြောင့် တချို့တောင်သူဦးကြီးများက နွေစပါးမစိုက်ပျိုးပဲ တခြားသောခြံထွက်သီးနှံများကို စိုက်ပျိုးကြသည်။

အားနာမိပါတယ်

မေရနံ့

‘‘ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။ ၁၉၁၅ ရှေ့နေ ဦးဖာ သား’’ စတဲ့ ဗိုလ်ချုပ်အကြောင်း ရေးစပ်ထားတဲ့ ကဗျာလေးကို ကျမတို့ မူလတန်းတုန်းက ကျက်မှတ်ခဲ့ရဖူးတယ်။ ကျမတို့ ငယ် ငယ်က တော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စာသင်ကျောင်းတွေမှာ ကြားခဲ့၊ သင်ခဲ့ရတယ်။ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့ စတဲ့ နေ့တွေ မှာဆိုရင် ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့ ဇာတိမာန်တေးတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ရပါတယ်။

ကျမတို့ အထက်တန်းကျောင်းကို ရောက်လာတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သင်တာ၊ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အကြောင်း ပြောတာတွေ သိပ်မရှိတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် တကယ့်ကို လေးစားတန်ဖိုးထားရတဲ့ ပုဂ္ဂိုလ်၊ လူငယ်တွေအတွက် လေးစားအတုဖွယ်ရာ ခေါင်းဆောင်တဦး ဖြစ်တယ်ဆိုတာကို ဆရာ/ဆရာမတွေကလည်း သိပ်မပြောကြတော့ပါဘူး။ တချို့ တိုးတက်တဲ့ အမြင်ရှိသူ ဆရာတချို့ ပြောရင်တောင် နိုင်ငံရေးသမား ယောင်ယောင်ဆိုပြီး ပစ်ပယ်တတ်ကြတယ်။


ကျမတို့ တက္ကသိုလ်တက်နေတဲ့ အချိန်ရောက်တော့ ဗိုလ်ချုပ်အကြောင်းနဲ့ ဗိုလ်ချုပ်ဓာတ်ပုံတွေပါ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကျောင်းပြဋ္ဌာန်း စာအုပ်ထဲမှာ မတွေ့ရတော့ဘူး။ ဆရာ/ဆရာမတွေကလည်း ပြဋ္ဌာန်းစာအုပ်ထဲမှာ မပါတာ၊ မပြောရဘူးလို့ ပိတ်ပင်တာနဲ့ပဲ သူတို့ သိခဲ့ရတဲ့ ဗိုလ်ချုပ်အကြောင်းကို မပြောရဲကြတော့ဘူး။

ဗိုလ်ချုပ်မွေးနေ့၊ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့ အဲလို အထိမ်းအမှတ်နေ့တွေရောက်လို့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ အာဇာနည်တွေအကြောင်း ပြောတာတောင် ခိုးပြီးပြောရတဲ့ အခြေအနေ ဖြစ်သွားရတယ်။ အတန်းထဲမှာ ဆရာမတွေ မသိအောင်၊ ဘေးက ကိုယ်နဲ့စိမ်းတဲ့ လူတွေမသိအောင် ထိန်းပြောနေရတဲ့အဖြစ်တွေ။ ဒါတွေကို ကျမ ကြုံတွေ့လာရ၊ သိလာရတော့ တကယ့်ကို စိတ်မကောင်း ဖြစ်မိပါတယ်။

ကျမတို့ ခပ်ငယ်ငယ် မူလတန်းကျောင်းတုန်းကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ကျမတို့တွေ တွေ့ခဲ့ရတယ်။ ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာ၊ ဆရာ/ဆရာမတွေ နားနေဆောင်မှာ၊ စာသင်ခန်းထဲမှာ စသဖြင့် နေရာ အများအပြားမှာ တွေ့မြင်နိုင်တယ်။ အလေးပြု ကြရပါတယ်။

မနက် ကျောင်းမတက်ခင် အလေးပြုအခမ်းအနား အမြဲပြုလုပ်ရတဲ့ အလေ့အထရှိတယ်။

‘‘ကျဆုံးနေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု’’ ဆိုပြီး အတန်းခေါင်းဆောင်ရဲ့ မာန်ပါပါအသံကြီးကို ဒီနေ့အထိ ကြားယောင်နေမိသေးတယ်။

‘‘ဗိုလ်ချုပ်ရဲ့ ရဲရင့်ပြတ်သားပြီး တိုင်းပြည်ကို အသက်ငယ်ငယ်နဲ့ ဦးဆောင်နိုင်ခဲ့တဲ့ စွမ်းရည်က မင်းတို့လို လူငယ်တွေကို ပစ်မထားကြဖို့၊ အထင်မသေးကြဖို့ကို သတိပေးနေတာပဲ’’ ဆိုပြီး ကျမတို့ ဆရာကြီးတယောက် ပြောတာကို ကြားခဲ့ရဖူးပါတယ်။ ဒါကြောင့် ကျမတို့ စိတ်ထဲစွဲထင်နေတာက ဗိုလ်ချုပ်ရဲ့ ကျေးဇူးကြောင့် ငါတို့လူငယ်တွေ ဂုဏ်တက်ခဲ့ရတယ်။ ငါတို့လူငယ်တွေ စိတ်ဓာတ်မြင့်မားလာခဲ့ရတယ် စသဖြင့် လူငယ်တွေအတွက် လေးစားဂုဏ်ယူထိုက်တဲ့ စံပြ ပုဂ္ဂိုလ်ကြီးအဖြစ် ကျမတို့ မှတ်ယူခဲ့ကြတယ်။ ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ်လည်း သတ်မှတ်ထားတာ ရှိပါတယ်။

၂ဝဝ၇ ခုနှစ်က ဗိုလ်ချုပ်မွေးနေ့ အမှတ်တရနဲ့ ကလေးများနေ့ ကျင်းပတဲ့ ပွဲကိုတော့ လက်ရှိ ထောင်ဒဏ် တကျွန်းကျခံနေရတဲ့ ကိုသူရိန်အောင်တို့ သူငယ်ချင်းတစုနေတဲ့ အိမ်မှာပဲ ကလေးတွေနဲ့အတူ ကြီးကျယ်ခမ်းနားမှု မရှိဘဲ တိတ်တဆိတ် ကျင်းပခဲ့တယ်။ ကျမတို့ ညီအမနှစ်ယောက်လည်း ဆရာမတွေအနေနဲ့ တက်ရောက်ခဲ့ရပါတယ်။ နေရာက လှိုင်သာယာမြို့နယ် ဈေလေးကားမှတ်တိုင်နားက ချောင်ကျကျ နေရာတခုမှာပါ။

တကယ်ဆို ကျမတို့ တိုင်းပြည်ကို နယ်ချဲ့လက်အောက်က လွတ်မြောက်အောင် ဦးဆောင်ပြီး ကယ်တင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနားနဲ့ လူသိရှင်ကြား ဂုဏ်ပြုရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာပိုင်တွေရဲ့ ကန့်သတ်ဖိနှိပ်မှုကြောင့် ကျမတို့တွေ တိတ်တိတ်လေး ကျင်းပပြီး ဂုဏ်ပြုခဲ့ကြရတယ်။ ကျမ စိတ်ထဲမှာတော့ ‘‘အားနာလိုက်တာ ဗိုလ်ချုပ်ရယ်’’ လို့ မကြာမကြာ ရေရွတ်နေမိပါတယ်။ မြန်မာတမျိုးသားလုံး သူ့ကျွန်ဘဝက လွတ်မြောက်ပြီး ကိုယ့်ထီးကိုယ့်နန်းနဲ့ နေနိုင်အောင် ဘဝကိုပေးပြီး အသက်ပါစတေးခဲ့တဲ့ ဗိုလ်ချုပ်၊ တိုင်းတပါးနယ်ချဲ့တွေရဲ့ လေးစားမှု၊ မြန်မာတမျိုးသားလုံးရဲ့ တန်ဖိုးထားယုံကြည်မှုတွေကို ရခဲ့တဲ့ ဗိုလ်ချုပ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒို့ခေတ်ကျမှ တိတ်တဆိတ်၊ ခိုးကြောင်ခိုးဝှက်နဲ့ ဂုဏ်ပြုနေရတယ်ဆိုပြီး ကျမ တကယ်ကို စိတ်မကောင်း ဖြစ်မိတာပါ။

မနက် ၉ နာရီလောက်မှာ ကလေးတွေ ရောက်လာတော့ ဗိုလ်ချုပ်ပုံပါတဲ့ အင်္ကျီလေးတွေကို ကျမတို့က ဆင်တူဝတ်ပေးကြပါတယ်။ အဲဒီနောက်တော့ ကျမတို့တွေ သင်ပေးထားတဲ့ ဗိုလ်ချုပ်ကဗျာလေးကို သီဆိုပြီး ဂုဏ်ပြုကြတယ်။ ကလေးလေးတွေက အရွယ်စုံမို့ အသံစုံပါပဲ။ သူတို့သီဆိုတဲ့ ဗိုလ်ချုပ်ကဗျာလေးကို ကြားရတဲ့ ကျမတို့တွေ ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ကလေးတွေကို ပြောပြ၊ ကလေးတွေ မေးတာကိုလည်း ပြန်ဖြေကြနဲ့ နွေးနွေးထွေးထွေးလေးပါ။ ပြီးတာနဲ့ ကလေးတွေကို ဆန်ပြုတ်တိုက်ပြီး လက်ဆောင်လေးတွေကို ဝေပေးကြပါတယ်။ ကလေးတွေနဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ရတာလည်း ပျော်စရာပါပဲ။

အဲဒီကလေးတွေကို ကျမတို့တွေက စုပေါင်းပြီး စာသင်ပေးနေတာပါ။ ဦးဆောင်စီစဉ်သူကတော့ လက်ရှိ အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကိုသူရိန်အောင်တို့ သူငယ်ချင်းတစုပဲ ဖြစ်ပါတယ်။ သူတို့တွေက ကလေးတွေကို ချစ်တတ်တဲ့အပြင် ကလေးတွေရဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ ဘဝတွေကို နားလည်သိမြင်ထားကြသူတွေဖြစ်တော့ ကလေးတွေအတွက် အနာဂတ်ကို စနစ်တကျဖြစ်အောင် ကြိုးစားပေးနိုင်ဖို့ စဉ်းစားကြရင်းက ဒီကျောင်းလေးကို ဖွင့်ဖြစ်တာပါ။

ဒီလိုဖွင့်နိုင်ဖို့ကလည်း မလွယ်လှပါဘူး။ ကိုသူရိန်အောင်တို့က အလုပ်သမား အခွင့်အရေးအတွက် ပညာပေးဟောပြောသူတွေ၊ လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်သူ လူငယ်တစုဖြစ်နေတော့ အာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်ကို ရနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ မဖြစ်ဖြစ်အောင် ကြိုးစားကြရင်းနဲ့ ဆရာ/ဆရာမတွေအဖြစ် ကိုယ်နဲ့နီးစပ်ရာ မိတ်ဆွေတွေကို အကူအညီတောင်းပြီး အကောင်အထည် ဖော်လာခဲ့ရတာပါ။

ကျမတို့ ညီမနှစ်ယောက်ကိုလည်း ကိုသူရိန်အောင်ကပဲ ဦးဇင်း(ဦးဂမ္ဘီရ)ဆီ အကူအညီတောင်းပြီး ကျမတို့ကို ကလေးတွေအတွက် ကျောင်းဆရာမ လုပ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဦးဇင်းကလည်း ‘‘နင်တို့တွေ ဘွဲ့ရပြီး အလုပ်မရှိ၊ အကိုင်မရှိနဲ့ဆို ကြာလာရင် လူညွန့်တုံးကုန်မယ်ဟ။ အဲဒီတော့ အခု ကိုသူရိန်တို့ကျောင်းမှာ ဆရာမ သွားလုပ်ကြ။ လစာတော့ ရမှာမဟုတ်ဘူး။ ဘော်လန်တီယာအဖြစ် လုပ်ကြရမှာပဲ။ ဒါလည်း အကျိုးမယုတ်ပါဘူးဟာ။ နင်တို့အတွက် အတွေ့အကြုံရသလို ကုသိုလ်လည်း ရမှာပါ။ သွားဖို့လမ်းစရိတ် (ကားခ) စတဲ့ လိုအပ်တာတွေကိုတော့ ကိုသူရိန်နဲ့ငါ ညှိပြီး ထောက်ပံ့ပေးမယ်’’ လို့ ပြောပြီးတဲ့နောက် မကြာခင်မှာပဲ ကျမတို့ ညီအမနှစ်ယောက် ဆရာမတွေ ဖြစ်ခဲ့ကြရတယ်။

နေ့တိုင်း ကျမတို့ အိမ်ကနေ မနက် ၁ဝ နာရီလောက်က စထွက်ပြီး နေ့လည် ၁ နာရီအမီ ရောက်အောင် သွားကြရတယ်။ ကျမတို့နေတာက ရွှေပြည်သာမြို့နယ် ဆရာစံရပ်ကွက်မှာဆိုတော့ လှိုင်သာယာကို ကား ၂ ဆင့်စီးပြီးမှ ရောက်တယ်။ ကျမတို့ ညီအမနှစ်ယောက်က နေ့ခင်း ၁ နာရီကနေ ၃ နာရီအထိ ကလေးတွေကို စာသင်ပေးရပါတယ်။

ခရီးလမ်းက ကားစီးရတာနဲ့ ပင်ပန်းတယ်လို့ ဆိုနိုင်ပေမယ့် ကျောင်းရောက်တော့လည်း ကလေးတွေနဲ့ တွေ့ရပြီဆိုရင် အသံစာစာလေးတွေနဲ့ ကြိုတတ်ကြတဲ့ သူတို့လေးတွေကြောင့် အမောပြေသွားရပါတယ်။ သူတို့လေးတွေရဲ့ ဘဝတွေကို သနားတဲ့ စိတ်က ဝင်လာတော့ ကားစီးလို့ ပင်ပန်းလာရတဲ့ အမောတွေတောင် ပျောက်သွားခဲ့ရတယ်။ ကိုယ့်အမောထက် သူတို့ရဲ့ ဘဝအမောတွေက ပိုပြီး ပြင်းထန်နေတာကိုး။

ကျမတို့ နယ်မှာနေတုန်းက ၁ဝ တန်း ကျောင်းသား/ကျောင်းသူတွေကို သင်ပေးခဲ့ရတဲ့ အတွေ့အကြုံနဲ့ အခု ကလေးတွေကို စာသင်ပေးရမယ်ဆိုတော့ အစပိုင်းရက်တွေမှာ တော်တော်အခက်အခဲဖြစ်တယ်။ ကလေးတွေဆိုတာ အတော်စိတ်ရှည်နိုင်မှရယ်။ အဲလိုမှ မဟုတ်ရင် သူတို့ကို စာသင်ပေးနိုင်ဖို့အရေးက ခပ်ဝေးဝေး ဖြစ်သွားနိုင်တယ်။ ပြီးတော့ သူတို့လေးတွေ အများစုက သာမန်ကလေးတွေ မဟုတ်ကြဘူး။ မိဘတွေနဲ့အတူ နေ့စဉ်စားဝတ်နေရေးတွေကို ရုန်းကန်နေတဲ့ ကလေးတွေ ဖြစ်ကြတယ်။ ဒီလိုဆိုတော့ ကျမတို့မှာ တော်တော်သည်းခံရပါတယ်။

အစပိုင်းရက်တွေမှာ ကလေးငယ်တွေ ကျောင်းတက်ဖို့ အချိန်နောက်ကျရင် ကျမက စိတ်ဆိုးတတ်တယ်။ အချိန်မလေးစားဘူး၊ ဘယ်ဝင်ဆော့နေတာလဲဆိုပြီး ရိုက်မယ်ဟန်ပြင်တယ်။ ဒါပေမဲ့ ကလေးပြန်ဖြေတဲ့ စကားသံ အဆုံးမှာတော့ ကျမ စိတ်ဆိုးဒေါသထွက်နေရာက ကရုဏာသက်မိသွားတယ်။

‘‘သား .. အမေနဲ့ ဈေးရောင်းလိုက်သွားရလို့တဲ့’’

တချို့ကလေးတွေဆို ‘‘ထမင်းမစားရသေးလို့ ကျောင်းမလာနိုင်ဘူး’’ ဆိုတာက ရှိသေးတယ်။ တချို့ကျတော့လည်း ခဲတံနဲ့ စာအုပ် မရှိလို့ဆိုပြီး ငိုမဲ့မဲ့နဲ့ ပြောလာတာလည်း ရှိတယ်။

ရန်ကုန်လိုနေရာမျိုးမှာ လက်လုပ်လက်စား အလုပ်သမားတွေအနေနဲ့ ကိုယ့်ကလေးတယောက်ကို ကျောင်းထားဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ ကိစ္စတခုပါပဲ။ သူတို့လေးတွေရဲ့ ဝမ်းရေးအတွက် မိဘတွေနဲ့အတူ နေ့မအားညမအား ရှာဖွေနေရပေမယ့်၊ နေ့ညထမင်းတောင် နပ်မှန်အောင် မစားနိုင်ကြတဲ့ အခြေအနေဖြစ်တော့ ပညာရေးနဲ့၊ တခြားကိစ္စတွေအတွက် သူတို့တွေမှာ မစဉ်းစားနိုင်ကြဘူး။ အများစုက နယ်ကနေ ပြောင်းလာပြီး ရန်ကုန်မှာ ရရာအလုပ်ကလေးတွေနဲ့ ဖြစ်သလို ရပ်တည်နေကြရတဲ့ အဖြစ်တွေမို့ ကိုယ်ပိုင်အိမ်ယာတွေ မရှိကြဘူး။ အိမ်ခန်ငှားနေရကြရတယ်။ တချို့လည်း စက်ရုံက အလုပ်သမားတန်းလျားမှာ နေကြရတယ်။

‘‘ဒီ(ရန်ကုန်)မှာ ကျောတနေရာ ချနိုင်ဖို့နဲ့ နေ့စဉ် ထမင်းစားဖို့တောင် နပ်မှန်အောင် မနည်းရုန်းနေရတာ။ ကလေးပညာရေးဆိုတာ ခေါင်းထဲမထည့်အားသေးပါဘူး ဆရာမရယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ မသင်ခဲ့ရတဲ့ စာတွေကို သူတို့ကို တတ်စေချင်ပါတယ်။ ဒါပေမဲ့ စာတတ်ဖို့ထက် သူတို့ ထမင်းနပ်မှန်ဖို့က အဓိကမဟုတ်လား’’ ဆိုပြီးတောင် ကျမတို့ကို ပြန်ပြီး အမေးခံရဖူးတယ်။

စာသင်ခန်းဆိုတာက သူတို့ကလေးတွေအတွက် မလိုအပ်ဘူးလို့ တရားသေ ယူဆမထားကြပေမယ့် သူတို့ရဲ့ နေ့စဉ်ဝမ်းစာကိစ္စက ရှေ့တန်းရောက်လာတော့ ကလေးတွေခမျာ စာသင်ခန်းတွေကို ကျောခိုင်းခဲ့ကြရတယ်။ စာသင်ခန်းဆိုတာ သူတို့လေးတွေအတွက် ကိုယ်နဲ့မဆိုင်တော့တဲ့ အရာတခု ဖြစ်သွားတယ်။ သူတို့အနေနဲ့ လက်လှမ်းမမီနိုင်တော့တဲ့ အရာလို့လည်း မှတ်ယူသွားကြတာ ရှိတယ်။

ဒီအခြေအနေတွေကို နားလည်သိမြင်လာတဲ့ ကိုသူရိန်အောင်တို့အုပ်စုက ကလေးတွေကို စရိတ်ငြိမ်း စာသင်နိုင်ဖို့ ကြိုစားပေးပါတယ်။ စာအုပ်၊ ခဲတံ၊ ဘောပင် စတာတွေကို ထောက်ပံ့ပေးပြီး ကလေးတွေကို ကျောင်းပို့ဖို့ မိဘတွေကို ပြောရတယ်။ စာသင်ဖို့နေရာကိုလည်း ကလေးတွေရဲ့ အိမ်နဲ့ အနီးဆုံးနေရာမှာ စီစဉ်ပေးရပါတယ်။

လှိုင်သာယာ ဈေးလေးမှတ်တိုင်နားက ကိုသူရိန်အောင်တို့ သူငယ်ချင်းတစုနေတဲ့ အိမ်တလုံးမှာ တနေရာ စီစဉ်ပြီး၊ နောက်တနေရာကိုတော့ လှိုင်သာယာစက်မှုဇုန်ထဲက အလုပ်သမားတန်းလျားမှာ စီစဉ်ထားပါတယ်။ တနင်္လာကနေ စနေနေ့အထိ စာသင်ရက် တပတ်ကို ၆ ရက်မှာ တနေရာကို ၃ ရက်စီခွဲပြီး သင်ပေးရတယ်။ ဈေးလေးမှတ်တိုင်နားက အိမ်မှာ စာသင်ပေးရတာ သိပ်ပြီးပြဿနာမရှိပေမယ့် စက်မှုဇုန်ထဲက အလုပ်သမား တန်းလျားမှာကျတော့ နေရာအခက်အခဲ ရှိတယ်။

အလုပ်သမားတန်းလျားရှေ့က အရိပ်ရတဲ့ သစ်ပင်တွေအောက်မှာ ဖျာလေးတွေခင်းပြီး စာသင်ကြရတယ်။ သူတို့မိဘတွေရဲ့ အိမ်ခန်းတွေမှာက ကလေး အယောက် ၃ဝ ဝန်းကျင်လောက်အတွက် နေရာအခက်အခဲ ရှိတာကြောင့် သင်ဖို့ မဖြစ်နိုင်ပါဘူး။ အရိပ်ရတဲ့ သစ်ပင်အောက်မှာ သစ်သားစားပွဲခုံလေးတွေချပြီး စာသင်ကြရတယ်။ နေစောင်းလို့ နေရောင်ထိုးလာပြီဆိုရင်လည်း နေရောင်ကွယ်တဲ့ သစ်ပင်ရိပ် တဖက်ကိုပြောင်းပြီး သင်ကြရတယ်။

အဲလိုဒုက္ခမျိုးစုံနဲ့ ယှဉ်တွဲပြီး သင်ကြားရတဲ့ ပညာရေးတွေဖြစ်ပေမယ့် ကလေးတွေက ကြိုးစားမှု ရှိကြပါတယ်။ တချို့ကလေးတွေဆို ဥာဏ်လည်းထက်၊ စားလည်းကြိုးစားကြတော့ အားရစရာကောင်းပါတယ်။ ဒါပေမဲ့ သူတို့ဘဝက ဒီ့ထက်ပိုပြီး အဆင့်မြင်ပညာတွေကို ကြိုးစားသင်ယူနိုင်အောင် အခွင့်အရေးမပေးကြပါဘူး။ ပတ်ဝန်ကျင် အသိုင်းအဝိုင်းကလည်း ကလေးတွေအတွက် ကြိုးစားနိုင်သလောက် ကြိုးစားခွင့်ရှိအောင် အခွင့်အလမ်းတွေ ဖန်တီးထားတာ မရှိတော့ ကျမတို့ စိတ်မကောင်း ဖြစ်မိပါတယ်။

ကလေးတို့ကြီးရင် ဘာလုပ်မှာလဲလို့ ကျမက အခွင့်သာရင် မေးတတ်တယ်။ ၂ဝဝ၇ ခုနှစ်ကပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ လုပ်ပြီးခါစ တနေ့မှာပါ။ ခပ်သွက်သွက်ရှိတဲ့ ကလေးငယ်နှစ်ယောက်ရဲ့ ပြောစကားကို ကျမ ထူးထူးခြားခြား မှတ်မိနေတာလေး ရှိတယ်။

‘‘မင်းတို့တွေကြီးလာရင် ဘာလုပ်ကြမလဲ။ ဘယ်လိုပုဂ္ဂိုလ်ကြီးတွေဖြစ်ချင်ကြလဲ’’ ဆိုတော့ ကလေးငယ်တယောက်က ‘‘ဗိုလ်ချုပ်အောင်ဆန်းလို ဗိုလ်ချုပ်ကြီး ဖြစ်ချင်တယ်’’။ နောက်ကလေးငယ် တယောက်ကကျတော့ ‘‘သား .. ပိုက်ဆံတွေ အများကြီး ရှိချင်တယ်’’ တဲ့။

ဘာဖြစ်လို့လဲဆိုပြီး ကျမကမေးတော့ ဗိုလ်ချုပ်ကြီးဖြစ်ချင်တယ်ဆိုတဲ့ကလေးက ‘‘လူတွေကို ကာကွယ်ချင်လို့’’ တဲ့။ ပိုက်ဆံအများကြီး ရှိချင်တယ်ဆိုတဲ့ ကလေးကျတော့ ‘‘ထမင်းကောင်းကောင်း စားချင်လို့’’ တဲ့။ ဒီစကားလေးတွေ ကြားရတော့ ကျမတို့မှာ ဝမ်းသာရခက်၊ ဝမ်းနည်းခက်နဲ့ ဘယ်လိုခံစားရမှန်းကို မသိတော့ဘူး ဖြစ်သွားတယ်။

ဗိုလ်ချုပ်အောင်ဆန်းက ငယ်ငယ်လေးနဲ့ ဘာလို့သေရတာလဲဆရာမ၊ သတ်တယ်ဆိုတာ ဘယ်သူလဲ၊ အာဇာနည် ၉ ဦး ဆိုတာက ဘယ်သူတွေလဲဆိုတဲ့ မေးခွန်းတွေကိုလည်း မေးတတ်ကြတယ်။ ပြောပြပြီးတဲ့ အရာတခုကို မေ့သွားပြန်လည်း အားမနာတမ်း ထပ်မေးတတ်ကြတဲ့ အကျင့်လေးတွေက အားရကျေနပ်စရာပါ။

နောင်နှစ်မှာလည်း ဒီလို (ကလေးများနေ့) နေ့မျိုး လုပ်ပေးဦးနော် ဆရာမလို့ ကြိုပြီး ပူဆာတတ်တဲ့ ကလေးငယ် တယောက်ကော မိဘတွေနဲ့အတူ ဘဝတိုက်ပွဲတွေကို ဆက်တိုက်နေရတုန်းပဲလား၊ ကျမ သတိရမိပါတယ်။

ကျမတို့ တိုင်းပြည်မှာ ပညာရေးက ငွေနဲ့ လမ်းခင်းနေရတယ်။ အစိုးရကျောင်းတွေမှာ ငွေကြေးချို့တဲ့မှုကြောင့် သင်ကြားခွင့် မရရှာကြတဲ့ ကလေးတွေအတွက် စေတနာ့ဝန်ထမ်း ဆရာမတွေ လိုနေဆဲပါ။ ကလေးတွေ မေးသမျှ၊ ကလေးတွေ ဆော့သမျှ၊ ကလေးတွေဒုက္ခကို နားလည်သည်းခံပြီး သမိုင်းအစစ်အမှန်တွေကို နားလည်အောင် ပြောပြပေးဖို့၊ သင်ကြားပေးဖို့ အင်မတန်မှကို လိုအပ်နေပါတယ်။

တကယ်တော့ ကလေးတွေက ကျမတို့နိုင်ငံရဲ့ အတိတ်သမိုင်းတွေကို စိတ်ဝင်စားမှု ရှိနေတယ်။ အရာရာကို သိချင်တတ်ချင်တဲ့ စိတ်ကလေးတွေနဲ့ ရှင်သန်နေကြသူတွေ ဖြစ်တယ်။ သူတိုတွေ တိုးတက်ချင်ကြတယ်။ အနာဂတ်အတွက် သူတို့တွေမှာ မျှော်လင့်ချက်အိပ်မက်တွေ ရှိနေကြတယ်။ ဒါတွေကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ အကောင်အထည် ဖော်နိုင်အောင်၊ လေ့လာသင်ကြားနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးထားဖို့ပဲ လိုတယ်။ သူတို့တွေရဲ့ တိုးတက်ချင်တဲ့စိတ်၊ သိချင်တတ်ချင်တဲ့စိတ်တွေကို လမ်းလွဲမသွားအောင် ဖန်တီးပေးထားခြင်းအားဖြင့် အနာဂတ် အမိမြန်မာပြည်ဟာ လှပစိုပြေနေမှာ ဖြစ်တယ်လို့ ကျမ ယုံကြည်မိပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,27th,2010

( 22 )UN disappointed with Burma's court ruling

( 21 )ကုန်စိမ်းအချို့ဈေးကျ

( 20 )US lawmaker seeks to punish Myanmar on Suu Kyi

( 19 )Suu Kyi fails in latest bid for freedom

( 18 )Canada Condemns Burmese Decision on Aung San Suu Kyi Appeal

( 17 )ဘန်ကောက်တွင် ပအို့ဝ် ယဉ်ကျေးမှု ပွဲတော်ကျင်းပ

( 16 )US condemns Burma over Suu Kyi verdict

( 15 )My Impossible Task in Making Oscar Nominee 'Burma VJ'

( 14 )ဒေါ်အောင်ဆန်းစုကြည် အယူခံပြင်ဆင်ချက် ပယ်ချမှု နိုင်ငံတကာ ပြစ်တင်ဝေဖန်

( 13 )AMC Showcases Best Documentary Oscar Nominees

( 12 )နယ်စပ်ဖြတ်ကျော် အကူအညီတွေ သြစတြေးလျ ဆက်ပေးတော့မည်မဟုတ်

( 11 )'Citizen Journalism' the Key to 'Burma VJ'

( 10 )The mysteries of Myanmar

( 9 )ဒေါ်စု fan book ကို ဖတ်ရှုသူ တစ်သိန်းခွဲကျော် ရှိပြီ

( 8 )PM statement on Aung San Suu Kyi

( 7 )ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လျှောက်လဲချက် ပယ်ချခံရ

( 6 )Loan to Myanmar helped Thaksin

( 5 )ကရင်ပြည်နယ်က အိုင်ဒီပီကျောင်းကို နအဖ တိုက်ခိုက်

( 4 )Myanmar’s court rejects Suu Kyi freedom bid

( 3 )နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး စစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေကြား သဘောတူညီမှုမရ

( 2 )Loans to Burma benefit Thaksin

( 1 )ထိုင်းလုံခြုံရေး ပစ်ခတ်လို့ မြန်မာ ၃ ယောက် သေဆုံး

Friday, February 26, 2010

တောင်ဒဂုံ စက်မှုဇုန် လုပ်သားများ ဆန္ဒပြ

မင်းသက် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ)။ ။ လုပ်ခတိုးမြှင့်ပေးရန်အတွက် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် စက်မှုဇုန် ၁ ရှိ ပြုံးပန်းတရာ အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၁ဝဝ ခန့် ယမန်နေ့က ဆန္ဒပြခဲ့သည်။

အလုပ်ရှင်နှင့် ညှိနှိုင်းရာ ပြေလည်မှု ရရှိခဲ့ကြောင်း တောင်ဒဂုံ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး အရာရှိတဦးက ပြောသည်။

''ဘယ်လို လခနှုန်း တိုးပေးတယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ အလုပ်ရှင်နဲ့ အလုပ်သမား ညှိလိုက်ကြတာပါ'' ဟု သူက ပြောသည်။

ရန်ကုန်ရှိ စက်မှုဇုန်များ တည်ရှိသည့် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်၊ သကြားလုံး၊ သားရေ စသည့် စက်ရုံများနှင့် အင်းစိန်မြို့နယ် Lion City အထည်ချုပ် စက်ရုံရှိ အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ရေး အပါအဝင် ၎င်းတို့ ရပိုင်ခွင့်အတွက် ၈ ကြိမ်ထက်မနည်း ဆန္ဒပြခဲ့ရာ၊ အလုပ်သမားပေါင်း တသောင်းခန့် ပါဝင်ဆန္ဒပြခဲ့သည်။

ဥရောပ သံတမန်များနှင့် NLD ခေါင်းဆောင်များတွေ့

ကိုထွေး Friday, 26 February 2010

ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် ယနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားကို မေးမြန်းကြကြောင်း သိရသည်။

ရန်ကုန် အခြေစိုက် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ နော်ဝေ၊ အီတလီ သံတမန် များသည် အမေရိကန် သံတမန်များနှင့် အတူ ရန်ကုန်ရှိ NLD ရုံးသို့ သွားရောက်ပြီး ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေတို့နှင့် ၁ နာရီ ကျော် ဆွေးနွေးခဲ့သည်ဟု သိရသည်။

“ဥရောပ ပါလီမန်က ရွေးကောက်ပွဲ နီးလာတဲ့ အခါမှာ သူတို့ အနေနဲ့ ဘယ်လို ဆောင်ရွက် ပေးနိုင်မလဲပေါ့၊ ကျနော်တို့ကို ထောက်ခံ အားပေး နေပေမယ့် ပါတီ သဘောထားက ဘယ်လို ပြက်ပြက် ထင်ထင် ရှိတယ် ဆိုတာ သိရင် သူတို့ဘက်က ဘာတွေ ကူညီနိုင်မလဲ ဆိုတဲ့ အနေ အထားနဲ့ လာတာပါပဲ” ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။


ယခုနှစ်အတွင်း စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲကို ၀င်ရေး၊ မ၀င်ရေးနှင့် ပတ်သက်၍ “ဆုံးဖြတ်ရန် အချိန် မကျသေး” ဟူသော ဒေါ်အောင်ဆန်းစုကြည်၏မူကို NLD က ကိုင်စွဲထားသည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း သူက ရှင်းပြသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အဖွဲ့ဝင်များ စုံညီ တွေ့ဆုံပြီးမှ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် CEC တွေ့ဆုံရန် အရေးကြီးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံရန် ပိုမို အရေးကြီးကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

NLD သည် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော ရွှေဂုံတိုင်ကြေညာစာတမ်းပါ မူများအတိုင်း ရပ်တည်လျက် ရှိသည်။ ထိုကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရက လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

EU သံတမန်များသည် ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ခေါင်းဆောင်များကို သီးခြားစီ တွေ့ဆုံ၍ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတို့ နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ဗဟိုတရားရုံးချုပ်မှ ပယ်ချ

NEJ/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ပြစ်ဒဏ်ချမှတ်မှုကို အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ယနေ့ ပယ်ချလိုက်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီနေ့ မနက် (၁၀) နာရီက စီရင်ချက်ချလိုက်ပါတယ်။ ဒေါ်စုတင်သွင်းထားတဲ့ သူရဲ့အမှုရယ်၊ သူ့ရဲ့ လက်ထောက် (၂) ဦးရဲ့ အမှုရယ် (၂) မှုစလုံးကို ပယ်လိုက်ပါတယ်။ အဲဒီမှာကတော့ ရန်ကုန်တိုင်းတရားရုံးက သုံးသပ်ခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အချက်အလက်တွေဟာ ဒီအမှုမှာ မလိုအပ်ဘူးတဲ့။ ဒါကြောင့် အဲဒါကို ပယ်ဖျက်တယ်တဲ့။ အဲလိုအမိန့်ချတယ်။ အဲဒီမှာ အစိုးရဘက်က တင်တဲ့ ပြင်ဆင်မှု တမှုရှိတယ်။ ဒေါ်စုတို့အပေါ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ချမှတ်ခဲ့သော အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ်အမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့အပေါ် အလားတူပြစ်ဒဏ်များ ချမှတ်မှုနှင့် အစိုးရဘက်မှ တင်သည့်အမှုတခု စုစုပေါင်း (၃) မှုကို ဗဟိုတရားရုံးချုပ်တွင် ပြီးခဲ့သည့် ဇန်န၀ါရီ (၁၈) ရက်၌ နှစ်ဘက်လျှောက်လဲချက် အပြီးသတ်တင်သွင်းပြီးဖြစ်ကာ ယနေ့ စီရင်ချက် ချမှတ်ခြင်းဖြစ်သည်။

ယင်းသို့ စီရင်ချက်ချမှတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်သွင်းသည့်အယူခံ (၂) မှုကို ပယ်ချခဲ့ခြင်းဖြစ်သည်။
ဗဟိုတရားရုံးချုပ်မှ ချမှတ်လိုက်သည့် စီရင်ချက်အပေါ် ဆက်လက်၍ အထူးအယူခံတင်သွင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ပယ်ရတဲ့အကြောင်းက မသိရသေးဘူး။ တရားရုံးချုပ် တရားသူကြီးက စီရင်ချက်ရဲ့အောက်ဆုံးအပိုဒ် အမိန့်ကိုပဲ ဖတ်တာ၊ အပေါ်မှာ ဆွေးနွေးချက်တွေ မဖတ်ဘူး။ အဲဒါ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ အမှုကို ကော်ပီကူးနေပါတယ်။ ကော်ပီရမှ သူတို့ ကျိုးကြောင်း ဖော်ပြချက် သိရမှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော တရားမ၀င် ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့အပေါ်လည်း အလားတူပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

အင်းစိန်ခရိုင်အထူးတရားရုံးက ယင်းသို့ ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်ခဲ့ရာ တိုင်းတရားရုံးက အောက်တိုဘာ (၂) ရက်တွင် အယူခံအမှုကို ပယ်ချခဲ့သည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟိုတရားရုံးချုပ်သို့ အယူခံပြင်ဆင်ခွင့်ကို တင်သွင်းခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းတရားရုံးတွင် အယူခံအတွက် လျှောက်လဲချက်တင်သွင်းစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ၁၉၇၄ အခြေခံဥပဒေ မရှိတော့ကြောင်း တင်ပြချက်ကို တိုင်းတရားရုံးက မှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုသို့ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ အစိုးရဘက်မှလည်း အမှု (၁) မှု တင်သွင်းထားခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်သည်ဟု တရားစွဲဆိုထားမှုသည် ၁၉၇၄ အခြေခံဥပဒေပါ ပုဒ်မများကို ယူသုံး၍ ကန့်သတ်ထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ၁၉၇၄ ခုနှစ် အခြေခံဥပဒေ မရှိတော့သည့်အတွက် အဆိုပါ ကန့်သတ်မိန့်များ တရားမ၀င်သကဲ့သို့ ယခု တရားစွဲဆိုချက်သည်လည်း တရားမ၀င်ကြောင်း လျှောက်ထားတင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မူလတရားရုံးမှ ချမှတ်ခဲ့သော ထောင်ဒဏ် (၃) နှစ်ကို ထက်ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့ အပေါ်လည်း အလားတူပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

အဆိုပါ နေအိမ်အကျယ်ချုပ်သက်တမ်းကို ပြီးခဲ့သည့်မေလမှ စတင်သတ်မှတ်ရာ လာမည့်နိုဝင်ဘာလတွင် သက်တမ်းပြည့်မည် ဖြစ်သည်

မြန်မာအမျိုးသမီးများ သစ်လုပ်ငန်းခွင်အတွင်း ဘဝပျက်ကြရ

ပေါက်ပေါက်/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင်သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ထမင်းချက်အဖြစ် အလုပ်လုပ်နေကြသည့် ဒေသခံအမျိုးသမီးများ တရုတ်နိုင်ငံသား သစ်လုပ်ငန်းရှင်များ၏ ဖြားယောင်းလိမ်ညာပေါင်းသင်းမှု ခံရပြီး ဘဝပျက်နေကြကြောင်း ဒေသခံများက ပြောသည်။

ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာမှစ၍ မေလကုန် မိုးမကျမီ သစ်ထုတ်ယူသည့်ကာလအတွင်း တလ ကျပ် (၄၊ ၅) သိန်းအထိ ထမင်းချက်အဖြစ် ငှားရမ်းထားသည့် ဒေသခံအမျိုးသမီးများကို တရုတ်သူဌေးလောပန်းများနှင့် သူဌေးကိုယ်စားလှယ်များက လိမ်ညာပေါင်းသင်းနေကြကြောင်း သစ်လုပ်ငန်းခွင်နှင့် နီးစပ်သည့် ဗန်းမော်ဒေသခံတဦးက ပြောသည်။

၎င်းက “မိန်းကလေးတွေက ကချင်မလေးတွေ၊ ဗမာမလေးတွေ များတယ်။ တောထဲတောင်ထဲ ထမင်းချက်၊ ဟင်းချက် လိုက်ဖို့ ဆိုတော့ အရွယ်ရောက်တဲ့သူတွေပဲ လိုက်တာ။ အဲဒီမှာ တရုတ်သူဌေးက ငွေနဲ့ဆွယ်တာပဲဖြစ်ဖြစ်၊ တောတောင်ထဲမှာ အနေနီးစပ်လို့ပဲဖြစ်ဖြစ် ပေါင်းသင်းတာပေါ့။ တရုတ်နှစ်သစ်ကူး ပြန်လို့ပဲဖြစ်ဖြစ်၊ သစ်အဖမ်းအဆီးရှိလို့ပဲဖြစ်ဖြစ် လောပန်းတွေ ပြန်ရင် သူတို့တွေလည်း လိုက်သွားကြတယ်။ ဟိုရောက်တော့ တရားဝင်မယားကြီးက ရှိနေတော့ နေလို့မရတာကြောင့် နယ်စပ်မှာ တဝဲလယ်လယ် ဖြစ်ကျန်တာပေါ့။ ရွာပြန်ရင်လည်း လူပြောစရာဖြစ်နေပြီလေ။ အဲလိုနဲ့ ဘဝပျက်ကုန်တာ” ဟု ပြောသည်။

သစ်ရာသီတခုအတွင်း သစ်လုပ်ကွက်များအလိုက် နီးစပ်ရာဒေသအတွင်းမှ အမျိုးသမီးများကို ငှားရမ်းနေခြင်းဖြစ်ပြီး အရေအတွက်မှာ အနည်းဆုံး (၅ဝ) ခန့်ရှိမည်ဟု အဆိုပါဒေသခံက ပြောသည်။

၎င်းက “တရုတ်သူဌေးတွေ၊ သစ်ကိုယ်စားလှယ်တွေကလည်း ဗမာစကားတို့၊ ကချင်စကားတို့ နည်းနည်းပါးပါးတတ်တယ်။ သူတို့က နှစ်တိုင်း ဒီလို သစ်ခုတ်နေတာဆိုတော့ စကားတတ်နေကြပြီ။ ပြီးတော့ ဒီမှာရှိတဲ့ ဒေသခံတွေထဲက သူတို့ မျက်စိကျတဲ့ ကောင်တွေကို လူယုံလိုလို၊ ကိုယ်စားလှယ်လိုလို မွေးထားတာ ရှိတယ်။ အဲဒီလူတွေက မိန်းကလေးတွေကို ရှာပေးနေတာ” ဟု ပြောသည်။

မံစီ၊ ဗန်းမော်နှင့် မဘိန်းမြို့နယ်အတွင်းမှ ယမန်နှစ် သစ်ခုတ်ရာသီတွင် နယ်စပ်သို့ရောက်ရှိလာသည့် အမျိုးသမီးအချို့မှာ လူပွဲစားများမှတဆင့် တရုတ်ပြည်အတွင်းသို့ ရောင်းစားခံရမှုများလည်းရှိသည်ဟု တရုတ်နယ်စပ်ရှိ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

၎င်းက “မိန်းကလေးတွေ ဒီနယ်စပ်မှာ သောင်တင်နေတတ်တယ်။ အိမ်က ပြန်လိုက်ခေါ်လို့ ပြန်သွားတာလည်း ရှိတယ်။ ဒီမှာ အလုပ်ရှာနေတုန်း နေရေးထိုင်ရေးခက်တော့ နောက်ဆုံး လူပွဲစားတွေနဲ့ ချိတ်မိပြီး တရုတ်မယားလုပ်ဖို့ ကိုယ်တိုင် အရောင်းစား ခံလိုက်တာမျိုး ဖြစ်သွားတယ်။ အဓိကတော့ အဲလို ရောင်းစားခံရတာလည်း ရှိတယ်။ ရတဲ့ငွေကို အိမ်ကို ပါးလိုက်ပြီး သူက အတွင်းထဲ လိုက်သွားတာ” ဟု ပြောသည်။

မြန်မာပြည်မှ မိန်းကလေးများကို တရုတ်ပြည်အတွင်းပိုင်းသို့ ခေါ်ယူရောင်းစားမှုများရှိနေပြီး ယမန်နေ့ထုတ် နအဖသတင်းစာများတွင် တရုတ်နိုင်ငံသို့ အမျိုးသမီးများရောင်းစားနေသည့် လူပွဲစားများအား မူဆယ်နှင့် လားရှိုးမြို့တို့၌ ဖမ်းဆီးရမိထားကြောင်း၊ အဆိုပါရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက အဓမ္မထိမ်းမြား လက်ထပ်နေကြောင်း၊ လူပွဲစား၏ စည်းရုံးခံရမှုနှင့် လူကုန်ကူးမှု မခံရရေးအတွက် သက်ဆိုင်ရာက အသိပညာပေးနေကြောင်း ဖော်ပြထားသည်။

အလုပ်သမားဆန္ဒပြမှုကို ၀န်ကြီးစိုးရိမ်

မျိုးချစ်သူ/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ

အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပေါ်လာမည်ကို အလုပ်သမားဝန်ကြီးက စိုးရိမ်ပူပန်နေကြောင်း ရန်ကုန်တိုင်း အလုပ်သမား ဥပဒေ စစ်ဆေးရေးရုံးမှ သိရသည်။

ယခုအခါ ရန်ကုန်တွင် အလုပ်သမားများဆန္ဒပြမှုမှာ လွန်ခဲ့သော၂၀၀၉ ခုနှစ် နှောင်းပိုင်းမှစ၍ ဆက်တိုက်ဖြစ်ပေါ်လာနေသည့် အတွက် ယင်းသို့ စိုးရိမ်ခြင်းဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “၀န်ကြီးကတော့ တော်တော်စိုးရိမ်နေတာ။ ကျနော်တို့ကိုလည်း အလုပ်သမားနဲ့ပတ်သက်ပြီးတော့ တင်းကျပ်တဲ့ လုံခြုံရေး မလုပ်ဖို့ပြောတယ်။ သူဆိုလိုတာက ဖမ်းဆီးတာတို့ ဘာတို့ပေါ့” ဟု ပြောသည်။

သို့သော် အလုပ်သမားများနှင့် ပတ်သက်သော လခတိုးမြှင့်ခြင်းကိစ္စတို့ကို ညှိနှိုင်း၍သာ ဆောင်ရွက်ကြရန် ၀န်ကြီးက မှာကြားကြောင်း သိရသည်။

လှိုင်သာယာတွင် ဆန္ဒပြရာ၌ ပါဝင်သော အလုပ်သမားတဦးကမူ ၎င်းတို့အား လခတိုးပေးသည်ကို ကြိုဆိုကြောင်း၊ သို့သော် အလုပ်သမားများအား ရာထူးအလိုက် လခတိုးပေးမည့်ကိစ္စကို ခွဲခြားသတ်မှတ်ပေးမှုမျိုး လုပ်စေချင်သည်ဟု ပြောသည်။

၎င်းက “ဒါကို ဘယ်သူက လုပ်ပေးနိုင်မလဲ၊ ဒါကိုသိချင်တယ်။ အလုပ်သမားတွေ လခတိုးတောင်းတဲ့ကိစ္စ ဘယ်လို ငွေရှင်ကြေးရှင်တွေကမှ နှစ်သက်မှာမဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နေတဲ့ စားဝတ်နေရေးအတွက် ကျနော်တို့ အလုပ်သမားတွေက အောက်မှာပဲနေရတဲ့ ဘ၀ပါ။ ဆန္ဒပြတာကိုတော့ လူမြင်တာပေါ့ဗျာ” ဟု ပြောသည်။

ရန်ကုန်တွင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ အလုပ်သမားများက လုပ်အားခတိုးမြှင့်တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလထိ နောက်ဆက်တွဲဆန္ဒပြမှုများ ဖြစ်ပေါ်လာကြောင်း၊ နောက်ထပ်ဆန္ဒပြမှုများ ထပ်မံဖြစ်ပေါ်ပါက ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အနှောင့်အယှက်ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေတဦးက သုံးသပ်သည်။

“ရွေးကောက်ပွဲလုပ်မယ်လို့ ပြောနေတာကို သတင်းစာတွေမှာ တွေ့ရတယ်။ အခုလို အလုပ်သမားတွေ မတည်မငြိမ်ဖြစ်နေရင် အဲဒီရွေးကောက်ပွဲမှာ ထိခိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ အမှန်ဆိုရင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေကို လုပ်တဲ့အခါ လူထုအနေနဲ့ စိတ်ဝင်တစားဖြစ်နေပြီးတော့ တကယ့်ကို တည်တည်ငြိမ်ငြိမ် ဖြစ်နေဖို့ လိုတယ်လေ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ (၁၇) ရက်နေ့က လှိုင်သာယာစက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံမှ အလုပ်သမား (၁ဝဝ) ခန့်နှင့် စက်မှုဇုန် (၃) ရှိ Weng Hong Hung အထည်ချုပ်စက်ရုံ အလုပ်သမား (၁,၈၀၀) ခန့်က လုပ်အားခတိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြမှုများ ဖြစ်ခဲ့သည်။

ထို့အပြင် ယခုဖေဖော်ဝါရီလ (၈၊ ၉၊ ၁ဝ) ရက်နေ့တို့တွင် လှိုင်သာယာစက်မှုဇုန် (၃) ရှိ မြဖက်ရှင်အထည်ချုပ်စက်ရုံနှင့် Taiyi ဖိနပ်ချုပ်စက်ရုံ၊ OPAL 2 (အထည်ချုပ်)၊ ကျားလေး (ဖိနပ်စက်ရုံ) တို့မှ အလုပ်သမား (၂,ဝဝဝ) ကျော်တို့က ၎င်းတို့၏ ရပိုင်ခွင့်များကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၆) နှင့် (၁၇) ရက်နေ့ကလည်း အင်းစိန်မြို့နယ်အတွင်းမှ SKY အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ ဆန္ဒပြကြရာ လစာကျပ် (၅,၀၀၀) တိုးပေးမည်ဟူသော အလုပ်ရှင်၏သဘောတူမှုကြောင့် ဆန္ဒပြပွဲကို ရပ်ဆိုင်းခဲ့ကြကြောင်း သိရသည်။

မြန်မာစစ်တပ်များ တိုက်ပွဲဝင်ရန် အဆင်သင့်အနေထားရှိရန် နေပြည်တော်ညွန်ကြား

ကေအင်ဂျီ

မြန်မာ ပြည်မြောက်ပိုင်း ကချင်ပြည်နယ် နဲ့ ရှမ်းပြည် နယ်ရှိ မြန်မာ စစ်တပ်တွေ အားလုံး တိုက်ပွဲအတွက် အဆင်သင့် ပြင်ဆင်ထားရန် နေပြည်တော်က ညွန်ကြား ထားကြောင်း ခိုင်လုံတဲ့ ဒေသခံ သတင်း ရပ်ကွက်က သိရပါတယ်။

အမိန့်ကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က သက်ဆိုက်ရာ ပြည်နယ် ၂ ခုရှိ မြန်မာစစ်တပ် တပ်မ နဲ့ တပ်ရင်းတွေအားလုံး တိုက်ပွဲအတွက် အသင့်ပြင်ဆင်ရန် နေပြည်တော် စစ်ခေါင်းဆောင်များ ညွန်ကြားခဲ့တာဖြစ်တယ်လို့ အထက်က သတင်းရပ်ကွက်ကဆိုပါတယ်။


ဒါ့ပယ်မဲ့ ညွန်ကြားချက်တွင် “မည်သူကို တိုက်ရန်” ရည်ရွယ်ထားခြင်း သို့မဟုတ် “ရန်သူအမည်” အတိလင်း ဖော်ဖေါ်ပြထားခြင်း မရှိကြောင်း သိရပါတယ်။

သို့သော်လည်း ဒါဟာ စစ်အစိုးရ ညွန်ကြားထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းလဲရန် ငြင်းဆန်နေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ United Wa State Army (UWSA) အဖွဲ့ကို စစ်ရေးအရ ဖိအားရေးရန် ပြင်ဆင်ထားခြင်းဖြစ်နိုင်ကြောင်းကို ဒေသခံ စစ်ရေးလေ့လာသူများ ပြောပါတယ်။

အဆိုပါ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့အား ဒီလ နောက်ဆုံး ထားကာ နယ်ခြားတပ်ဖွဲ့ပြောင်းလဲဖွဲ့စည်းရေးကိစ္စ ပေါ် လက်ခံ၊ လက်မခံ အဖြေပေးရန် မြန်မာ စစ်အစိုးရက အကြောင်းကြားထားပါတယ်။

ဟူကောင်းဒေသ၏ နယ်မြေ ဧက ၄ သိန်းထိ ယုဇနကုမ္ပဏီ တိုးချဲ့သိမ်းပိုက်

KNG

ကချင်ပြည်နယ်၏ အနောက်ဘက် ဟူကောင်းချိုင့်ဝှမ်းဒေသမှ နယ်မြေ ဧက ၄ သိန်းထိကို ရန်ကုန်အခြေစိုက် ယုဇနကုမ္ပဏီက ထပ်မံတိုးချဲ့ သိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။

ပီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က လီဒိုကားလမ်းမအတိုင်း နမ္မတီး မှ တနိုင်း ကြား နယ်မြေ ဧက ၂ သိန်းကို ယုဇနကုမ္ပဏီ က စစ်အစိုးရမှ ၀ယ်ယူ ခဲ့သော်လည်း ယခုချိန် ဌာနေကချင်ပြည်သူများ၏ မြေကွက်များအပါဝင် နယ်မြေ ဧက ၂ သိန်းကို ထပ်မံ၍ သိမ်းပိုက် လိုက်တာ ဖြစ်တယ် လို့ ဒေသခံများ ပြောပြပါတယ်။

တချိန်ထဲမှာပဲ ကုမ္ပဏီဟာ ၎င်းသိမ်းပိုက် နယ်မြေရှိ သစ်တောများကို အခင်းအတွက် အကုန်ခုတ်ထစ်ရှင်းလင်း ပြီး တချို့ သစ်တုံး ကြီများ ကို ပြည်ပသို့ ထုပ်ရောင်းရန် ရန်ကုန်သို့ ရထားဖြင့် သယ်ယူ နေပါတယ်။

အခုလို စစ်အစိုးရ၏အကာကွယ်ပေးမှုအောက် ယုဇနကုမ္ပဏီ၏ မြေသိမ်းပိုက်မှု နဲ့ သဘာဝသစ်တောများကို အခင်းအဖြစ် ပြောင်းလဲခြင်းပေါ် ဌာနေ ဒေသခံများကတော့ အလွန်မကျေမနပ် ဖြစ်နေကြောင်း စုံစမ်းသိ ရပါတယ်။

မဲဆောက်စက်ရုံမြင်ကွင်းစုံ (၃)


မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းဆိုရင် လူတိုင်းသိကြမှာပါ။ အဲဒီဆေးခန်းနဲ့ မနီးမဝေးလေးမှာ ယူကလစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ အဆောက်အဦးဟာ ကျနော်လုပ်ခဲ့တဲ့ သိုးမွှေးစက်ရုံပေါ့။ အလုပ်သမားတွေကတော့ ဘတ် ၁ဝဝ စက်ရုံလို့ ခေါ်ကြပါတယ်။ စက်ရုံရဲ့ အမည်ကတော့ အင်္ဂလိပ်လို B.B.Top သိုးမွှေးစက်ရုံ ဖြစ်ပါတယ်။

စက်ရုံစဖွင့်တာ ၁၉၉၇ ခုနှစ်လောက်ကပါ။ သူဋ္ဌေးတွေ တယောက်ပြီးတယောက် ပြောင်းပြီး လုပ်ကိုင်လာကြရာ ကျနော်တို့ အလုပ်လုပ်တဲ့ အချိန်မှာတော့ သူဋ္ဌေးက နိုင်ငံခြားသား တရုတ်တယောက်ပါ။ သူ့အမျိုးသမီးကတော့ ထိုင်းနိုင်ငံသူပါ။ စက်ရုံမန်နေဂျာက မြန်မာစကား ရေရေလည်လည်တတ်တဲ့ ထိုင်းလူမျိုးပါ။ ထိုင်းလူမျိုး မန်နေဂျာရဲ့ အောက်မှာမှ လူမှုရေးမန်နေဂျာဆိုပြီး မြန်မာတယောက် ခန့်ထားပါတယ်။ စက်ဆွဲတဲ့ဘက်မှာလည်း လိုင်းချုပ်ဆိုတာ အကြီးဆုံးပါ။ ဝဏ္ဏလို့လည်း ခေါ်ပါတယ်။ သူလည်း ထိုင်းစကားတတ်တဲ့ မြန်မာလူမျိုးပါပဲ။ ဆွဲတဲ့ အထည်တွေကို သူက တာဝန်ခံရပါတယ်။ သူ့အောက်မှာမှ စက်ပြင်ဆရာ ၄-၅ ယောက်လောက် ရှိပါတယ်။ ကျန်တဲ့ ဋ္ဌာနတွေမှာလည်း သူ့အပိုင်းနဲ့သူ ဆရာတွေ၊ ဆရာမတွေ ရှိပါတယ်။ စက်ရုံလုံခြုံရေး (ထိုင်းလို-ယန်း) တွေကတော့ မြန်မာလူမျိုး နှစ်ယောက်ကိုပဲ ခန့်ထားပါတယ်။ ယန်းဝတ်စုံဝတ်တာ မတွေ့ပါဘူး။ စက်ရုံဆန္ဒပြတဲ့ အချိန်မှသာ ယူနီဖောင်းနဲ့ ယန်းတယောက် ငှားထားတာ တွေ့ရပါတယ်။

အလုပ်သမား ၃ဝဝ ကျော်၊ ၄ဝဝ လောက် ရှိပါတယ်။ ယောက်ျားလေး မိန်းကလေးအစုံပါပဲ။ မိန်းကလေးက ပိုများပါတယ်။ မနက် ၈ နာရီကနေ ည ၁ဝ နာရီထိ ပုံမှန်အလုပ်ဆင်းရပါတယ်။ (နေ့လည် ၁၂ နာရီကနေ ၁ နာရီ၊ ညနေ ၅ နာရီကနေ ၆ နာရီထိ ထမင်းစားချိန်) အလုပ်အရေးကြီးရင် ကြီးသလို မိုးလင်းပေါက်လုပ်ရတာလည်း ရှိပါတယ်။ အချိန်ပိုကြေး မရပါဘူး။ အလုပ်မရှိတဲ့ အချိန်တွေမှာလည်း သူဋ္ဌေးက ထမင်းနဲ့ နေစရာပေးထားပေမယ့် ဟင်းဖိုးနဲ့ တခြားစရိတ်တွေအတွက် အပြင်အလုပ် ထွက်လုပ်ကြရပါတယ်။ အလုပ်မရှိရင် ထမင်းပဲစားပေါ့။

ကျနော်တို့ စက်ရုံရဲ့ လစာထုတ်တဲ့ရက်က လစဉ် ၁ဝ ရက်နေ့ ဖြစ်ပါတယ်။ တခါတလေ အဲဒီနေ့ထက် ကျော်သွားတာမျိုးလည်း ရှိပါတယ်။ ဒါဇင် ပိတ်တာက လကုန်ရက်ဆို ပိတ်ပါတယ်။ ၃ဝ၊ ၃၁ ရက်ပေါ့။ ဒါဇင်ပိတ်တယ် ဆိုတာ လဆန်း ၁ ရက်နေ့ အလုပ်အသစ်စတဲ့ သဘောပေါ့။ အဲဒီအတွက် ကျနော်တို့ကို လုပ်အားခထုတ်ပေးတဲ့ အချိန်မှာ သူဋ္ဌေးဆီမှာ ကျနော်တို့လုပ်အားခ ၁ဝ ရက်စာ ကျန်နေသေးတဲ့ သဘောပါ။ သူဋ္ဌေးက ရက်ပေါင်ကြေး ယူတယ်လို့ ခေါ်ပါတယ်။ တချို့စက်ရုံတွေမှာဆို ရက်ပေါင်ကြေး ၁၅ ရက်စာလောက်တောင် ယူတယ်လို့ သိရပါတယ်။

အဲဒီရက်ပေါင်ကြေးကို အလုပ်သမားအနေနဲ့ တခြားရုံပြောင်းချင်လို့ပဲဖြစ်ဖြစ်၊ မြန်မာပြည်ပြန်လို့ပဲဖြစ်ဖြစ် သူဋ္ဌေးက ထုတ်ပေးလေ့ မရှိပါဘူး။ ဒါဇင်ပိတ်တဲ့ လကုန်ရက်ကျော်လို့ ၅ ရက်နေ့လောက်မှာ ကျနော်တို့လုပ်ထားတဲ့ အထည်တွေရဲ့ဈေးနှုန်းကို သူဋ္ဌေးက ကြေညာပါတယ်။ ဘယ်အထည်က ဘယ်ဈေးဆိုတာမျိုးပါ။ မဲဆောက်မှာ စက်ရုံတွေအများကြီးရှိနေတော့ သူဋ္ဌေးဈေးပြောတဲ့အချိန်မှာ ကျနော်တို့က အဲဒီအထည်တွေရဲ့ ဈေးကို သိနေပြီးသားပါ။ ဒါပေမဲ့ သူဋ္ဌေးက အမြဲတမ်း ဈေးကို နည်းနည်းပဲ ပေးပါတယ်။ ကျနော်တို့ အလုပ်သမားတွေက အတင်းပြော၊ အတင်းတောင်းမှသာ နည်းနည်းလေး တိုးပေးပါတယ်။ ဥပမာ တခြားရုံမှာ တဒါဇင်ကို ဘတ် ၁၃ဝ လောက် ပေးတဲ့အထည်ကို သူဋ္ဌေးက ၁ဝဝ ပေးထားတယ်။ ကျနော်တို့ တိုးတောင်းလို့ ၁ဝ၅ ဘတ်လောက် ပေးတယ်။ အလုပ်သမားတွေ မကျေနပ်ကြပါဘူး။ မကျေနပ်ပေမယ့်လည်း လုပ်နေကြရတာပါပဲ။

နောက် ကျနော်တို့စက်ရုံမှာ လူ ၃ဝဝ၊ ၄ဝဝ လောက် ရှိတာကို အိမ်သာ ၆ လုံးပဲ ရှိပါတယ်။ ၆ လုံးထဲကမှ ၂ လုံးက ပျက်နေတယ်။ မနက်ဆိုရင် ယောက်ျား-မိန်းမ တန်းစီနေတာပဲ။ အဲဒါလည်း သူဋ္ဌေးက ပြင်မပေးဘူး။ နောက်တခုက ရေ။ ရေဆိုလည်း ဒီလိုပဲ၊ မနက်အိပ်ယာထရင် မျက်နှာသစ်စရာ မရှိဘူး။ ရေ ဝဝလင်လင် မချိုးရဘူး။ အဲဒါလည်း သူဋ္ဌေးက လုပ်မပေးဘူး။ မနက် ၈ နာရီ အလုပ်ဝင်ဖို့ကို ၇ နာရီခွဲလောက်ကတည်းက ဘဲလ်တီးတယ်။ အလုပ်လွှတ်ချိန်ဆိုရင် ဘဲလ်တီးဖို့ မေ့တောင်နေတယ်။ အလုပ်ချိန်များများ လုပ်ရတဲ့ လတွေမှာလည်း ဒါဇင်ဈေး နည်းတော့ လုပ်ခ သိပ်မရကြပါဘူး။ ကျွမ်းကျင်တဲ့သူတွေ အလုပ်ကောင်းရင် ၃-၄ ထောင်လောက် ရပေမယ့် မကျွမ်းကျင်ရင်တော့ ၁ ထောင်ကျော်၊ ၂ ထောင်ပါပဲ။ ဟင်းဖိုးက လပေးစားတာတောင် တလ ဘတ် ၅ဝဝ ရှိတယ်။ နေ့တိုင်းဝယ်စားမယ်ဆိုရင် တနေ့ ၃ဝ လောက် ကုန်တယ်။

အဲဒီလိုပဲ ကျနော်တို့ အလုပ်သမားတွေ အလုပ်ရှိတဲ့အခါ လုပ်လိုက်၊ အလုပ်မရှိတဲ့အခါ ပြန်တဲ့သူပြန်၊ တခြား အလုပ် လုပ်သူလုပ်နဲ့ အလုပ်လုပ်လာခဲ့ကြတာ ၂ဝဝ၆ ခု အောက်တိုဘာလထဲမှာ ပြဿနာတက်တော့တာပါပဲ။ ဖြစ်ပုံက ဒီလိုပါ။ စက်ရုံက ကောင်မလေးနှစ်ယောက် အလုပ်က ခွင့်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မန်နေဂျာ (ထိုင်းလူမျိုး) နဲ့ စကားများတယ်။ သူတို့က မြဝတီမှာ နေတာပါ။ ခဏခွင့်ပေးလိုက်ရင် ညနေ ဒါမှမဟုတ် နောက်တနေ့ဆို ပြန်လာကြမှာပါ။ နောက်ဆုံးတော့ ခွင့်မပေးနိုင်ဘူး၊ နင်တို့ပြန်မယ်ဆို အပြီးပြန်၊ ပြန်မလာနဲ့တော့ဆိုတော့ ကောင်မလေးနှစ်ယောက်လည်း ပြန်သွားကြတာပေါ့။

အဲလိုအပြန်မှာ မန်နေဂျာက နောက်ကနေ ကားနဲ့လိုက်သွားပြီး လမ်းမှာကားနဲ့တိုက်တယ်။ ကောင်မလေး နှစ်ယောက်လည်း ရှောင်ပေးလိုက်ပြီး လမ်းဘေးမှာရှိတဲ့ စပါးပင်တွေ တောထဲကို ထွက်ပြေးသွားတယ်။ စပါးခင်းတွေက လမ်းမကြီးနဲ့ ကျနော်တို့ စက်ရုံကြားထဲမှာပါ။ မန်နေဂျာလည်း ဒုတ်ယူပြီး ကားပေါ်ကနေ ဆင်းလိုက်သွားတယ်။ မိန်းကလေးနဲ့ ယောက်ျားဆိုတော့ မီတာပေါ့။ မီလည်းမီရော ပါလာတဲ့ဒုတ်နဲ့ ရိုက်တော့တာပေါ့။ အဲဒီမှာ ကျန်တဲ့ မိန်းကလေးတယောက်က အော်ပြီး အကူအညီတောင်းတဲ့ အသံကို တယောက်စကား တယောက်နား ကျနော်တို့ စက်ရုံထဲကလူတွေ သိသွားတယ်။ အဲဒီမှာတင်ပဲ စက်ရုံထဲမှာ အလုပ်လုပ်နေတဲ့ လူအားလုံး ရရာလက်နက်ဆွဲပြီး လယ်ကွင်းထဲကို ဆင်းတော့တာပဲ။

လူအုပ်ကြီး လိုက်လာမှန်းကို သိသွားတဲ့ မန်နေဂျာက လူပါး။ ကောင်မလေးတွေကို ရန်မလုပ်တော့ဘဲ လူအုပ်ဘက်ကို လှည့်ပြီး မင်းတို့ အေးအေးဆေးဆေး နေကြပါ၊ ဆရာ အကြောင်းစုံကို ရှင်းပြပါမယ်၊ ဆရာမှားတယ်ဆိုရင်လည်း တောင်းပန်ပါတယ်ဆိုပြီး အလုပ်သမားတွေကို လေပြေထိုးပါတယ်။ မန်နေဂျာက သူ့ကိုယ်သူ ဆရာဆိုပြီး ပြောလေ့ရှိပါတယ်။ အလုပ်သမားတွေကလည်း သူ့ကို ဆရာလို့ပဲ ခေါ်ကြပါတယ်။ အဲဒီနောက် ကောင်မလေးနှစ်ယောက်ရော၊ မန်နေဂျာပါ လူအုပ်နဲ့အတူ စက်ရုံဝင်းထဲကို ရောက်လာကြပါပြီ။ လူအုပ်ကြီးကလည်း ရိုက်မယ်ပုတ်မယ် တကဲကဲနဲ့ပေါ့။ အဲဒီအထဲမှာ နည်းနည်းနားလည်တဲ့ သူတယောက်က ဘာမှမလုပ်ကြနဲ့၊ သူ့အမှားက ကိုယ့်အမှား ဖြစ်သွားမယ်၊ အေးအေးဆေးဆေး ရှင်းကြပါဆိုပြီး တားတော့ လူအုပ်ကြီးကလည်း မကျေနပ်စွာနဲ့ ငြိမ်နေလိုက်ရတယ်။ ကောင်မလေးတွေကတော့ ဒဏ်ရာတွေနဲ့ပါ။ လူအုပ်ကြီး လိုက်မလာပါက အသက်ရှင်ဖွယ်မရှိကြောင်း ငိုငိုပြီး လူအုပ်ကြီးကို အားကိုးတကြီးနဲ့ တိုင်နေပါတော့တယ်။

သူဋ္ဌေးက ဒီကိစ္စကို ဘာမှဖြေရှင်းပေးတာ မရှိပါဘူး။ မန်နေဂျာနဲ့ဖြစ်တာ၊ သူနဲ့မဆိုင်ဘူးတဲ့လေ။ အလုပ်သမားတွေလည်း ဒေါသထွက်ပြီး အလုပ်မဆင်းကြတော့ဘူး။ အဲဒီမန်နေဂျာကို ထုတ်ပေးဖို့နဲ့ တခြား အလုပ်သမား အခွင့်အရေးတွေကိုပါ တောင်းဆိုလာကြတော့တယ်။ အလုပ်သမားအခွင့်အရေး တောင်းဆိုတယ်ဆိုတဲ့ နေရာမှာလည်း ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဘီအီး ၂၅၄၁ လို့ ခေါ်တဲ့ အခွင့်အရေးအတိုင်း အပြည့်အဝ တောင်းဆိုတာ မဟုတ်ပါဘူး။ အထက်က ပြောခဲ့သလို အလုပ်ချိန် အရမ်းများရင် အချိန်ပိုကြေးပေးဖို့ (ဥပမာ - ည ၉ နာရီထက် ကျော်ရင်ပေါ့)။ ဒါဇင်ဈေးကိုလည်း သူများရုံတွေအတိုင်း ပေးဖို့၊ အိမ်သာပြင်ပေးဖို့နဲ့ ရေအလုံအလောက်ရဖို့၊ စတဲ့ အဓိက လိုအပ်ချက်လေးတွေလောက်ပဲ တောင်းတာပါ။ သူဋ္ဌေးက အလုပ်သမားထဲက လူတချို့ကို သူ့ရုံးခန်းထဲမှာခေါ်ပြီး ညှိနှိုင်းပါသေးတယ်။ ဒါပေမဲ့ သူလိုက်လျောတဲ့အချက်တွေက မဖြစ်စလောက်လေးတွေပါ။ အလုပ်သမားတွေက မကျေနပ်ကြပါဘူး။ အလုပ်မဆင်းဘဲ ဆက်ဆန္ဒပြကြပါတယ်။

သူဋ္ဌေးကလည်း အလုပ်သမားတွေ အလုပ်မဆင်းတော့ ပြန်ပြီး ညစ်ပတ်လာပြီ။ ထမင်းပေးနေရာကနေ ထမင်းမပေးတော့ဘူး။ သုံးရေသောက်ရေ အကုန်ဖြတ်တယ်။ ကျနော်တို့ အလုပ်သမားတွေကလည်း ဘာရမလဲ၊ ပိုက်ဆံစုပြီး ဆန်တွေ၊ ဆီတွေ ဝယ်တာပေါ့။ ဟင်းစားကတော့ စက်ရုံပတ်လည်မှာရှိတဲ့ မန်ကျည်းပင်တွေပေါ်က မန်ကျည်းရွက်ပေါ့။ လယ်ကန်သင်းတွေမှာလည်း ကန်စွန်းရွက်တွေ ရှိတယ်။ အဲဒါတွေခူးပြီး ချက်စားတာပေါ့။ စားလို့ကောင်းမှ ကောင်း။ အဲဒီလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စားသောက်နေတဲ့အချိန်မှာ သူဋ္ဌေးကတော့ အကြံနဲ့ပေါ့။ စက်တွေကို သူ့ရဲ့ တခြားစက်ရုံကို ပြောင်းရွှေ့နေပါပြီ။ စက်ရုံထဲမှာရှိတဲ့ သူဋ္ဌေးရဲ့ အလိုတော်ကျလူတွေနဲ့ပေါ့။ အဲလိုလူတွေလည်း ရှိပါတယ်။ ကျနော်တို့ အလုပ်သမားတွေဟာ ငြိမ်းချမ်းစွာပဲ ဆန္ဒပြကြပါတယ်။ စက်ရုံရဲ့ပစ္စည်း၊ သူဋ္ဌေးပိုင်တဲ့ဟာကို ဘာတခုမှ ပျက်စီးအောင် မလုပ်ကြပါဘူး။

တနေ့မှာတော့ ကျနော်တို့ အလုပ်သမားတွေ ထမင်းဟင်း ချက်နေတုန်း စက်ရုံထဲကို ပုလိပ်ကားနဲ့ ပုလိပ်တွေရော၊ အချုပ်ကားကြီးတွေရော၊ နောက်ပြီး ထိုင်းတံဆိပ်တွေတပ်ထားတဲ့ အဖွဲ့အစည်းက ကားတွေ ဝင်လာပါတယ်။ အလုပ်သမားတွေ အကုန်လုံးကိုခေါ်ပြီး စက်ရုံကွင်းပြင် နေပူထဲမှာ တန်းစီပြီး ထိုင်ခိုင်းထားပါတယ်။ ကျနော်တို့လည်း ဘုမသိဘမသိနဲ့ ထိုင်ရတာပေါ့။ ရဲတွေရဲ့ မျက်နှာတွေက ခက်ထန်မာကြောနေတာပဲ။ အားလုံးကတော့ တိုင်ပင်ထားတာပေါ့။ ဖမ်းမယ်ဆိုရင်လည်း တယောက်ယောက်ကိုဖမ်းရင် အကုန်လုံးကားပေါ်ကို တက်လိုက်ဖို့။ အားလုံးကလည်း သဘောတူကြပါတယ်။ အဲဒီအချိန်မှာ စကားပြောလို့လည်း မရဘူး။ ဖုန်းပြောလို့လည်း မရဘူး။ အလုပ်သမားတယောက် ဖုန်းပြောနေလို့ ဖုန်းကို သိမ်းလိုက်တယ်။ ကျနော်တို့ စက်ရုံပိုင်ရှင်သူဋ္ဌေးလည်း ရှိပါတယ်။

လာတဲ့အဖွဲ့ထဲက အမျိုးသမီးကြီးတယောက် ဆဝါဒီကန်ရုံး (အလုပ်သမားဝါဏိဇ္ဇပဋိပက္ခရုံး) ကလို့ ထင်ပါတယ်။ သူက မင်းတို့ ဘာဖြစ်လို့ အလုပ်မဆင်းကြတာလဲဆိုပြီး စကားပြန်နဲ့ မေးပါတယ်။ ကျနော်တို့ အလုပ်သမားတွေကလည်း ကျနော်တို့ အလုပ်ဆင်းမှာပါ။ သူဋ္ဌေးက ပေးမဆင်းတာပါလို့ ပြန်ဖြေကြတယ်။ အဲဒီအချိန်မှာ သူဋ္ဌေးက စက်အားလုံးနီးပါး တခြားရုံကို ပြောင်းပြီးနေပါပြီ။ လုပ်စရာအလုပ်လည်း မရှိတော့ပါဘူး။ စက်ခန်းထဲကိုလည်း ပေးမဝင်တော့ပါဘူး။ အဲဒီလို အားလုံးက ဖြေလိုက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးကြီးက ဆက်မပြောဘဲ သူဋ္ဌေးနဲ့ ဘာတွေ ပြောမှန်းမသိပါဘူး။ စကားများနေတဲ့ပုံပါပဲ။

နောက်ဆုံးမှာတော့ အဲဒီအမျိုးသမီးကြီးကပဲ ဆက်ပြောပါတယ်။ မင်းတို့ အလုပ်သမားတွေ အားလုံးကို သူဋ္ဌေးက မယူတော့ဘူး။ စက်ရုံပိတ်လိုက်ပြီ။ အဲဒါ မင်းတို့ အလုပ်သမား လက်မှတ်တွေကို ၇ ရက်အတွင်း တခြား သူဋ္ဌေးရှာပြီး သက်တမ်းဆက်ပေါ့။ ၇ ရက်ပြည့်ရင်တော့ မင်းတို့လက်မှတ်တွေ (ဘတ်တွေ) သက်တမ်းကုန်ပြီ။ ဒီရုံထဲမှာလည်း နေလို့မရတော့ဘူး။ တခြားအလုပ်ရှာကြပါဆိုပြီး ပြောသွားပါတယ်။ အဲဒီအမျိုးသမီးကြီး ပြောပြီးတဲ့အချိန်မှာ ရဲတွေကလည်း မျက်နှာထားက စဝင်လာတုန်းကလို မဟုတ်တော့ပါဘူး။ ဘာဟင်းချက်လဲ၊ ဘာညာနဲ့ ဟင်းအိုးတွေ ဖွင့်ကြည့်ပြီး မင်းတို့ ထမင်းစားလို့ရပါပြီ။ ဘာမှမဟုတ်ပါဘူး။ ငါတို့ကိုခေါ်တာက အလုပ်သမားတွေ သောင်းကျန်းနေတယ်ဆိုပြီး ခေါ်လို့ အခုလို လာရတာပါ။ ဒီရောက်တော့ သူတို့သိထားသလို မဟုတ်တဲ့အတွက် အားနာပါတယ်၊ စိတ်မဆိုးပါနဲ့လို့တောင် ပြောသွားကြပါသေးတယ်။

ကျနော်တို့ စက်ရုံမှာက ဘတ် (အလုပ်လုပ်ခွင့်လက်မှတ်) ရှိတဲ့သူ ရှိသလို၊ မရှိတဲ့သူတွေလည်း ရှိပါတယ်။ ဘတ်ရှိတဲ့ သူကိုတော့ သူဋ္ဌေးက တလကို ဘတ် ၄ဝဝ ဖြတ်ပါတယ်။ ဘတ်ဖိုးကျေတဲ့အထိ ဖြတ်တာပါ။ ဘတ်မရှိတဲ့ အလုပ်သမားတွေကိုတော့ (သူဋ္ဌေးက လုပ်မပေးတာပါ) တလကို ဘတ် ၁၅ဝ ဖြတ်ပါတယ်။ ရဲကြေးလို့ ပြောပါတယ်။ တချို့အလုပ်သမားတွေ ဘတ်သက်တမ်းဆက်ရန် တခြားစက်ရုံတွေမှာ အလုပ်သွားလျှောက်ကြပါတယ်။ ဘယ်စက်ရုံကမှ လက်မခံပါဘူး။ ကျနော်တို့သူဋ္ဌေးက စက်ရုံတွေကို သတင်းပို့ပြီးပါပြီ။ သူ့ဆီက အလုပ်သမားတွေ လာရင် လက်မခံဖို့။ သူဋ္ဌေးတွေကလည်း ညီညွတ်လိုက်ကြတာ။ B.B.Top က အလုပ်သမားဆိုရင် နိုးပဲ၊ အဲအချိန်မှာတော့။ ဒီလိုနဲ့ ၇ ရက်ကလည်း ပြည့်တော့မယ်။ ကျနော်တို့တွေလည်း စဉ်းစားရပြီပေါ့။ ဘာဆက်လုပ်ကြမယ်ဆိုတာကို။

တချို့အလုပ်သမားတွေလည်း အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြတဲ့အထဲ မပါနိုင်တော့ပါဘူး။ ရစရာရှိတဲ့ လုပ်ခလေးတွေထုတ်ပြီး ပြန်တဲ့သူလည်းပြန်၊ တခြားပြောင်းသူလည်း ပြောင်းကုန်ကြပါတယ်။ ဆက်လက် တိုက်ပွဲဝင်မယ့် အလုပ်သမား ၁ဝဝ ကျော်ပဲ ကျန်ပါတော့တယ်။ အဲဒါနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (Y.C.O.W.A) ရဲ့ အကူအညီကြောင့် ကျနော်တို့ ဆန္ဒပြသူ လူ ၁ဝဝ ကျော်ရဲ့ စားဝတ်နေရေး ခဏတာ အဆင်ပြေသွားပါတယ်။ အဲဒီအဖွဲ့နဲ့ မက်ဖေါင်ဒေးရှင်းတို့ရဲ့ အကူအညီနဲ့ပဲ ဆဝါဒီကန် ရုံးမှာ တိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။ အလုပ်သမားတွေ အသုတ်လိုက် ခွဲပြီး ဖောင်ဖြည့်တိုင်ကြားရပါတယ်။

အဲလိုဖောင်ဖြည့်ပြီး တိုင်တဲ့အချိန်ကြမှပဲ အလုပ်သမားယောက်ရဲ့ ရပိုင်ခွင့်တွေ သိပါတော့တယ်။ တာ့ခ်ရိုင် မဲဆောက်မှာဆို အဲဒီအချိန်တုန်းက အလုပ်သမားတယောက်ရဲ့ လုပ်အားခဟာ တနေ့အလုပ်ချိန် ၈ နာရီအတွက် ၁၄၃ ဘတ်ပါ။ အခုဆို ၁၅ဝ ကျော်သွားပါပြီ။ အချိန်ပိုလုပ်အားခကတော့ တနာရီကို ၂၅ ဘတ်လောက် ရှိပါတယ်။ တနင်္ဂနွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေ (ဥပမာ - ဘုရင့်မွေးနေ့လိုဟာမျိုး) မှာ အလုပ်ဆင်းရရင် လုပ်အားခရဲ့ ၃ ဆ ရ,ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီအတိုင်း ဖောင်ဖြည့်လိုက်ကြတာ တယောက်ကို လုပ်သက်နှစ်အလိုက် အနည်းဆုံး ဘတ် ၄ သောင်းလောက် ရ,ရမှာပါ။ နှစ်များတဲ့သူတွေကတော့ ဘတ်သိန်းဂဏန်း ရှိပါတယ်။ ဆဝါဒီကန်ရဲ့ အမိန့်ကို ၃-၄ လလောက် စောင့်ရပါသေးတယ်။ အချိန်တန်လို့ ဆဝါဒီကန်က အမိန့်ချတဲ့အခါမှာတော့ ကျနော်တို့ အလုပ်သမားတွေအနေနဲ့ သူဋ္ဌေးဆီက ရစရာ တပြားမှ မရှိပါဘူးတဲ့။ သူဋ္ဌေးအနေနဲ့ လျော်ပေးစရာ မလိုဘူးပေါ့။

ဘယ်လိုအကြောင်းပြချက်တွေနဲ့ ဘယ်လိုအမိန့်ချတယ် ဆိုတာကိုတော့ ကျနော်တို့လည်း နားမလည်ပါဘူး။ ကျနော်တို့ စက်ရုံက ထွက်လာတုန်းက ကိုယ်ရစရာရှိတဲ့ လုပ်အားခကိုတောင် ထုတ်မလာကြပါဘူး။ လုပ်အားခ ထုတ်လိုက်ရင် အမှုတိုင်လို့ မရမှာစိုးကြလို့ပါ။

ကျနော်တို့ကို ကူညီပေးနေတဲ့အဖွဲ့က ဆဝါဒီကန်က အမိန့်ချတာကို မကျေနပ်ရင် တရားရုံးကို ဆက်တက်လို့ ရတယ်။ အဲဒီအတွက် ရှေ့နေငှားရမယ်။ ကျနော်တို့ကလည်း အမှုသာနိုင်မယ်ဆိုရင် ဘယ်အထိပဲ တက်ရတက်ရ၊ လုပ်မယ်ဆိုပြီး တညီတညွတ်တည်း ဆုံးဖြတ်ကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့အမှု တရားရုံးကို ရောက်သွားတယ် ဆိုပါတော့။ တရားရုံးချိန်းကိုတော့ အလုပ်သမားတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် ၅ ဦးပဲတက်ရင် ရပါတယ်။ ကျန်တဲ့အလုပ်သမားတွေ မတက်လည်း ရပါတယ်။ အလုပ်ပျက်စရာ မလိုတော့ဘူးပေါ့။ နောက်မှ တရားရုံးရဲ့ အခြေအနေတွေကို ကိုယ်စားလှယ်တွေက ပြန်ရှင်းပြပေါ့။ တရားရုံးမှာ ဆဝါဒီကန်က ဝန်ထမ်းတွေလည်း တွေ့ရကြောင်း၊ ကျနော်တို့ဘက်က ရှေ့နေတွေရှိသလို သူဋ္ဌေးဘက်ကလည်း ရှေ့နေရှိကြောင်း၊ မြန်မာစကားပြန် ထားပေးကြောင်း ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တရားရုံး ဘယ်နှစ်ကြိမ်တက်လိုက်ရလဲတော့ အတိအကျ မသိတော့ပါဘူး။ နှစ်တွေလည်း ကြာခဲ့ပြီကိုး။ အခု ၂ဝ၁ဝ နှစ်ဆန်းပိုင်းမှာတော့ ကိုယ်စားလှယ်တွေကတဆင့် ဖုန်းနဲ့ဆက်သွယ်လာတယ်။ ကျနော်တို့အမှု လျော်ကြေးရပြီ။ ရောင်ခြည်ဦးကို ဘယ်နေ့ဘယ်အချိန် လာခဲ့ပါဆိုတော့ ဝမ်းသာလိုက်တာဗျာ.. ပြောမပြတတ်အောင်ပါပဲ။ အလုပ်သမားအချင်းချင်း လမ်းမှာတွေ့ရင်လည်း ဒီအကြောင်းပဲ ပြောပြောပြီး ပျော်နေကြတာ။

ကျနော်လည်း ပျော်လွန်းလို့ အဲဒီနေ့ အစောကြီးကိုသွားတာ။ ဟိုရောက်တော့ ကိုယ့်ထက်စောတဲ့ သူတွေတောင် ရှိနေတယ်။ တချိန်တုန်းက တရုံထဲ အတူတူလုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြနဲ့ ပျော်စရာကောင်းနေလိုက်တာ။ တချို့ဆို အိမ်ထောင်တွေကျလို့ ကလေးတွေ တို့လို့တွဲလောင်းနဲ့၊ တိုးပွားလာလိုက်ကြတာ။ တချို့ဆို ကလေးနှစ်ယောက်။ အလုပ်သမား ၁ဝဝ ကျော်ရှိတာ အကုန်မလာနိုင်ကြပါဘူး။ ဘန်ကောက်သွားတဲ့သူ၊ မြန်မာပြည်ပြန်တဲ့သူတွေလည်း ရှိပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာတော့ မက် (MAP) ဖောင်ဒေးရှင်းက ကားနဲ့ ရောက်လာကြပါတယ်။ ကျနော်တို့ အလုပ်သမားတွေကိုစုပြီး စကားပြောပါတယ်။ ကျနော်တို့ အမှု လျော်ကြေးငွေ ရပြီဖြစ်ကြောင်း၊ ဘယ်လောက်ရတယ်ဆိုတာ သိကြလားဆိုတော့… တချို့လည်း သိတယ်။ တချို့လည်း မသိဘူးပေါ့။ သူကပဲ ဆက်ပြောပါတယ်။ လျော်ကြေးက ၃ ရာခိုင်နှုန်းပဲရကြောင်း၊ အတိအကျဆို ဘတ်ငွေ ၃ သိန်း ၉ သောင်းနဲ့ ၆ ထောင်ပဲရပါတယ်။ ၃ ရာခိုင်နှုန်းပဲရတာဆိုတော့ ကျနော်တို့ အလုပ်သမားတွေ ရစရာရှိတာ ဘတ် ၁၃၂ သိန်းပေါ့။ အလုပ်သမားအများစုက ၃ ရာခိုင်နှုန်းကို နားမလည်ကြလို့ သေချာရှင်းပြပါတယ်။ သူဋ္ဌေးဆီမှာ ၁ဝဝ ရဖို့ တင်ထားတယ်ဆိုရင် ၃ ဘတ်ပဲရမှာဖြစ်ကြောင်း ရှင်းပြတော့ တချို့အလုပ်သမားတွေလည်း မျက်နှာမကောင်းဘူးပေါ့။ နှစ်တွေ ဒီလောက်ကြာကြီးရင် ဆိုင်လာတာ ဒီလောက်ကလေးကတော့ နည်းတယ်ပေါ့။

ဒါပေမဲ့ မရတာထက်စာရင် ရတယ်ဆိုတာ တော်သေးတယ်ပေါ့ဆိုပြီး ဖြေသိမ့်ကြပါတယ်။ ကျနော်တို့ အလုပ်သမားတွေက သူဋ္ဌေးဆီက အခုလို လျော်ကြေးငွေရတာကို အမှုနိုင်တယ်လို့ပဲ ထင်နေကြတာပါ။ တကယ်တော့ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေအရ ကျနော်တို့ ရရမယ့်ငွေဟာ အတော်များပါတယ်။ အခုတော့ နှစ်တွေအကြာကြီး လုပ်ခဲ့တဲ့ အလုပ်သမား ၂ဝဝ၄ ခုနှစ်ကတည်းက ၄ နှစ်လောက် လုပ်လာတဲ့သူဆို ဖောင်ဖြည့်တုန်းက သူ ရ,ရမှာ ဘတ် ၂ သိန်းလောက် ဖြစ်ပေမယ့်၊ လက်တွေ့မှာ ၆ ထောင်လောက်ပဲ ရပါတော့တယ်။ လပိုင်းပဲ ရှိတဲ့သူ (၇ လလောက်) ကတော့ သူရစရာရှိတာ ၄ သောင်းဆိုရင် ၁၂ဝဝ ပဲ ရပါတယ်။ ၅ဝဝ-၆ဝဝ သမားတောင် ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်အကိုင်တွေ အဆင်မပြေတဲ့အချိန်မှာ အခုလို သုံးစရာလေး ရတယ်ဆိုတော့ ပျော်နေကြရတာပေါ့။

ကျနော်တို့လို ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းပါးလို့ သူတပါးနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေရတဲ့ သူတွေအတွက် ဥပဒေဆိုတာကတော့ ရှိနေမှာပါ။ အဲဒီဥပဒေအတိုင်းလည်း တနေ့နေ့ တချိန်ချိန်မှာ ခံစား စံစားခွင့်တွေ အပြည့်အဝ ရရှိလိမ့်မယ်လို့ မျှော်လင့်နေမိပါတော့တယ်။ ။


ဘူးသီးတောင်ထောင်ရှိ နိုင်ငံခြားသားအကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြနေဆဲ

Narinjara

တာကလူး (နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်အကျဉ်းထောင်ထဲရှိ နိုင်ငံခြားသားအကျဉ်းသားများသည် ထောင်အာဏာပိုင်များမှ ခွဲခြားဆက်ဆံသည်ဟုဆိုကာ ယနေ့ထိ အစာငတ်ခံ ဆန္ဒပြနေကြဆဲ ဖြစ်ကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးကပြောသည်။


နိုင်ငံခြားသားအကျဉ်းသားများက ယခုကဲ့သို့ အစာငတ်ခံဆန္ဒပြမှုကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တေးနား ဘူးသီးတောင် အကျဉ်းထောင်သို့ လည်ပတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ(၁၈)ရက်နေ့တွင် စတင်ခဲ့ကြခြင်း ဖြစ်သည်။

“အဲဒီအကျဉ်းသားတွေက ဒီနေ့ထိ အစာငတ်ခံ ဆန္ဒပြနေဆဲပဲ ဖြစ်ပါတယ်။ ကင်တားနား လည်ပတ်ပြီးလို့ နောက်နေ့မှာပဲ စတင်ခဲ့ကြတာပါ။ ဒီနေ့ဆိုရင် (၅)ရက်တောင် ရှိနေပါပြီ။ ထောင်အာဏာပိုင်တွေကလဲ ဘာမှ အရေးတယူ ဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့ ကြားပါတယ်” ဟု အမည်မဖော်လိုသူ ၄င်း ဘူးသီးတောင်မြို့ခံက တနင်္လာနေ့ ညနေပိုင်းတွင် နိရဉ္စရာသို့ပြောသည်။

၎င်း နိုင်ငံခြားသားအကျဉ်းသားများက ထောင်တွင်း အစာရေစာ လုံလောက်စွာ ထောက်ပံ့ မပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုမရှိခြင်း၊ သူတို့၏ သက်ဆိုင်ရာ နိုင်ငံ အာဏာပိုင်များသို့ အရေးတယူ အကြောင်းကြားပေးခြင်းမရှိခြင်း နှင့် ကင်တားနား လာရောက် လည်ပတ်ခဲ့စဉ်အတွင်း သူတို့၏ အခက်အခဲများကို တင်ပြခွင့် မရရှိခဲ့ခြင်း တို့ကြောင့် ခွဲခြား ဆက်ဆံသည်ဟု ဆိုကာ အစာငတ်ခံ ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ဘူးသီးတောင်အကျဉ်းထောင်ထဲတွင် နိုင်ငံခြားသားအကျဉ်းသား(၇၁)ဦးရှိသည့်အနက် အများစုမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြပြီး ထိုင်း၊ တရုတ် နှင့် တိုင်ဝမ် နိုင်ငံသားများ လည်း ရှိကြောင်း ထောင်သတင်းရပ်ကွက်တစ်ခုက ပြောသည်။

ကင်တားနား လာရောက်လည်ပတ်စဉ်အတွင်း ၄င်းနိုင်ငံခြားသားအကျဉ်းသားများက သူတို့၏ အခက်အခဲများကို တင်ပြနိုင်ရန် တွေ့ဆုံခွင့်တောင်းခဲ့သော်လည်း ထောင်အာဏာပိုင်များက လိုက်လျော့မပေးခဲ့ပဲ ထောင်တွင်းရှိ သီးခြား အခန်း တစ်ခုထဲတွင် စုပုံ ပိတ်လှောင်ထားခဲ့သည် ဟု ဆိုသည်။

ဘူးသီးတောင် အကျဉ်းထောင်ထဲတွင် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ပေးမှုများ အလွန်ညံ့ဖျင်းမှုကြောင့် ထောင်သားအများစုမှာ ပြင်မှ ထောင်ဝင်စာ လာတွေ့သည့် ဆွေမျိုး မိတ်ဆွေများ၏ ထောက်ပံ့ပေးမူ အပေါ် မှီခို အားထားနေကြရသည်။

ထိုသို့ ထောင်အာဏာပိုင်များမှ ထောင်သားများအပေါ် ဖြစ်သလို ကျွေး၊ ဖြစ်သလို ပစ်ထားသည့်အတွက်ကြောင့် ဘူးသီးတောင်ထောင်ထဲရှိ ထောင်သားအများစုမှာ ပြသနာပေါင်းများစွာနှင့် ရင်ဆိုင်နေကြရကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်စပ်ရှိ ဘူးသီးတောင်အကျဉ်းထောင်သည် ထောင်အာဏာပိုင်များမှ အကျဉ်းသားများ အပေါ် လူသားမဆန်စွာ ဆက်ဆံ ဖိနှိပ်နေမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်တစ်ခုဖြစ်သည်။


ပီကင်းပြန် ဂူဂဲလ်ရဲ့ မကောင်းတဲ့ အကျင့်


ပီကင်း နည်းပညာ တက္ကသိုလ်က ပါမောက္ခလည်းဖြစ် တရုတ် နည်းပညာကော်မရှင်က Web 3.0 ဆိုင်ရာ လေ့လာရေး အမှုဆောင်တယောက်ဖြစ်တဲ့ ရှင်လန်ကျန်းက ''ဂူဂဲလ်ဟာ ပါးစပ်က ဘုရားဘုရား၊ လက်ကတော့ အလစ်သုတ်သမား တယောက်ပဲ'' လို့ ဝေဖန်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကပဲ တရုတ်က ဆိုင်ဘာရာဇဝတ်မှုတွေ လုပ်တယ်။ သူများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဟက်ကာတွေကနေတဆင့် ခိုးယူတယ်။ နောက် မဟုတ်မဟတ် လုပ်ရပ်တွေနဲ့ ဆိုင်ဘာ သတင်းအချက်အလက်တွေ ပိတ်ဆို့တယ်လို့ စွပ်စွဲပြီး တရုတ်နဲ့ ညောင်ညိုပင်လမ်းခွဲ လုပ်ခဲ့ပါတယ်။

အဲဒီတုန်းကတော့ ဂူဂဲလ်ဘက်မှာ တကမ္ဘာလုံး ရှိနေတဲ့ အချိန်ပေါ့။ တရုတ်နဲ့ ထူးမခြားနား လစ်ဗျားလို နိုင်ငံကတောင် သတင်းအချက်အလက် လွတ်လပ်ပါစေဆိုပြီး တရုတ်ရဲ့ ဆိုင်ဘာ အက်သစ် (ကျင့်ဝတ်) ကို ဝေဖန်ပုတ်ခတ်ပြီး ဂူဂဲလ်ဘက်က ပင်းပေးခဲ့ပါသေးတယ်။ (လစ်ဗျားနိုင်ငံသည် အာဏာရှင်နိုင်ငံများအနက် အင်တာနက်ကို အစောဆုံး စတင်အသုံးပြုသော နိုင်ငံဖြစ်သည်။)

တရုတ်နဲ့ အဆင်ပြေနေတုန်း ပေါက်ဖော်ကြီးက ရှန်ဟိုင်းလို ဗွက်တောကိုတောင် စတုမဟာရ် ဘုံလား ထင်ရအောင်ကို စွမ်းဆောင်နိုင်တာကိုက တကယ့် အံ့မခန်းပဲလို့ အရင်းရှင် လူလည်ကြီး သားသမီးများပီပီ ရွှန်းရွှန်းဝေအောင် ပြောခဲ့ပါသေးတယ်။

နင်ပဲငဆ ဖြစ်လာတော့ မီဒီယာ အားကိုးနဲ့ တရုတ်ကို ဗီလိန်ကြီး လုပ်ချလိုက်တယ်။ အိုဘားမား၊ အစိုးရနဲ့ တရုတ်ဆန့်ကျင်ရေး ဝါဒီတွေက ဂူဂဲလ် မှန်တယ်လို့ ဂူဂဲလ်ဘက်က လိုက်ပင်းပေးပါတယ်။

ဒီလ ၉ ရက်မှာတော့ ဆိုင်ဘာ လွတ်လပ်မှုရဲ့ ဂုဏ်ထူးဆောင် ပြယုဂ်ဆိုပြီး ချီးမွမ်းခံနေရတဲ့ ဂူဂဲလ်က Buzz ဆိုတဲ့ ဆိုင်ဘာ လူမှုကွန်ယက်ကို မိတ်ဆက်လိုက်ပါတယ်။ apple ရဲ့ အိုင်ဖုန်းဈေးကွက်ကို နက်ဆပ်တစ်ဆိုတဲ့ ဖုန်းထုတ်ပြီး ဈေးကွက်လုမယ့် အကြံအစည် မအောင်မြင်သေးခင်မှာဘဲ Face Book, Twitter စတဲ့ ဆိုင်ဘာ လူမှုကွန်ယက်နယ်ထဲ ဆိုင်းမဆင့် ဗုံမတီးဘဲ ဝင်ရောက်လာပြန်တယ်။ သဘောကတော့ မိုနိုပိုလိုဇ် လုပ်ချင်တဲ့ သဘောပါ။ အားလုံးကို လက်ဝါးကြီး အုပ်ထားမယ်ပေါ့။

ဂျီမေးမှာ တခါထဲ Buit In လုပ်ထားတာကြောင့် စထွက်ပြီး နာရီပိုင်းအတွင်းမှာပဲ တကမ္ဘာလုံး လူနှစ်သန်းလောက် သုံးစွဲကြတယ်လို့ ဆိုတယ်။ ကိုယ်က လက်မခံဘဲနဲ့လည်း ကိုယ့်ဆီကို သူများ Buzz တွေက အလိုလို ရောက်လာတယ်။ နောက်ဆုံး ကိုယ့်ရဲ့ ဒေတာမှတ်တမ်းနဲ့ အချက်တွေသာမက အကောင့်ပိုင်ရှင်က ဘယ်ကလဲ ဆိုတာကိုပါ Buzz မှာ သိအောင်လုပ်လို့ ရတယ်။

နောက် ၄၈ နာရီ လောက်လည်းကြာရော Buzz ဟာ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို အလွဲသုံးစား လုပ်တယ်ဆိုတဲ့ အသံတွေကို အွန်လိုင်းမှာ ကြားလာရပါရော။ တရုတ်လို အာဏာရှင် ရင့်မကြီးတွေနဲ့ ချစ်ကျွမ်းဝင်ခဲ့ဖူးတယ်ဆိုတော့ သကောင့်သား ဂူဂဲလ်က ပထမ သူ့ရဲ့ Buzz User တွေကို ဘယ်လို တုံ့ပြန်လဲဆိုတော့၊ ဒီလောက်တော့ရှိမှာပဲ၊ ဆိုင်ဘာနယ်မှာ ဘာမှ လျှို့ဝှက်ထားလို့ မရဘူးဆိုတဲ့ သဘောမျိုး တုံ့ပြန်တယ်။ နောက် ကမ်ဘရေ့ခ်ျ၊ ဟားဗတ်၊ ပရင်စတန်က တက္ကသိုလ် ကျောင်းသားတွေနဲ့ ဆိုင်ဘာ ကျွမ်းကျင်ကျင်သူတွေက တရားစွဲမယ်။ ဒီမော် စထရေ့လုပ်မယ်ဆိုတော့မှ Buzz Developer ၊ Todd Jackson အမှုဆောင် အရာရှိချုပ် အဲရစ် ရှမစ်တို့က ဝမ်းနည်းပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ စိတ်ကူးမရှိခဲ့ရိုး အမှန် ပါပဲလို့ တောင်းပန်စကားဆိုခဲ့တယ်။

ပီစီဝေါလ် အပါအဝင် အမေရိကားနဲ့ ဥရောပ အိုင်တီဂျာနယ်တွေက Buzz ကြော်ငြာခတွေကို ပြန်အမ်းပြီး ဒီလောက်နဲ့ မလုံလောက်ဘူးဆိုတော့မှ ဘီဘီစီနဲ့ စီဘီအက်(စ်)ကနေ Very, Very Sorry လို့ ထပ်တောင်းပန်ခဲ့တယ်။

တကယ်တော့ ဒီပြဿနာရဲ့ အရင်းခံက ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့ ဂူဂဲလ်ရဲ့ မဟာဗျူဟာကြောင့်လို့ ပေးပါအုပ်စု (ဖေ့ဘွတ်၊ အီးဘေ အုပ်စု) ပီတာသီးလ်တို့က ဆိုပါတယ်။

Bowling for Columbine နဲ့ Capitalism : Love Story တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ မိုက်ကယ်မိုးကတော့ ဒါ ဝိသမ လောဘပဲလို့ ဂူဂဲလ် Buzz ကို ပညတ်ပေးလိုက်ပါတယ်။

ဂူဂဲလ်ရဲ့ Buzz အရှုပ်တော်ပုံဟာ အမေရိကန် အရင်းရှင်တွေရဲ့ သရုပ်သကန်ကို ကိုယ်စားပြုပါတယ်။ အမေရိကန် အရင်းရှင်တွေဟာ ငွေရဖို့ဆို ဘနဖူးတောင် သိုက်တူးမယ့် လူတွေပါ။ ဘာမှ ငဲ့နေမှာ မဟုတ်ပါဘူး။ Privacy တို့၊ လူ့အခွင့်အရေးတို့ ဆိုတာတွေကို။

အမေရိကန်မှာ အခုလိုပဲ အင်တာနက် နည်းပညာတွေ ထွန်းကားသလိုမျိုး တချိန်က ရုပ်သံလိုင်းတွေ ထွန်းကားချိန်က နာမည်ကျော် ရုပ်သံလိုင်းတခုက ပြိုင်ဘက်ရုပ်သံလိုင်းတွေနဲ့ ဈေးကွက်လုရင်း အရောင်းမြှင့်တင်ရေး လုပ်တဲ့အနေနဲ့ ၃ လ အခမဲ့ ရုပ်သံလိုင်းတွေ လိုက်တပ်ပေးပါတယ်။ နောက် ၃ လ ပြည့်တော့ လိုင်းကြေးတွေ ကောက်တဲ့အခါမှာ တပ်ဆင်ခတို့ လစဉ်ကြေးတို့ လိုက်ယူတော့ မျက်မမြင် သင်တန်းကျောင်း တကျောင်းက သူတို့ ရုပ်သံလိုင်းကို မကြည့်ဘူးဆိုတော့ ရုပ်သံဌာနက ဘာပြန်ပြောသလဲ ဆိုတော့ မကြည့်ရင် နားထောင်တယ် မဟုတ်လား။ ဒါဆို တဝက်ခပဲ ပေးလျှော့ပေးလိုက်မယ်တဲ့။ အခုအချိန်ထိ အမေရိကန်တွေရဲ့ နာမည်ကျော် ဟာသတခုပါ။

ဂူဂဲလ်က သူ့အမှားကို ဝန်ခံပေမယ့် တရုတ်ကျတော့ ဆိုင်ဘာ ရာဇဝတ်မှုနဲ့ အင်တာနက် ဆင်ဆာကို ဖင်ပိတ်ပြီး ငြင်းပါတယ်။ Buzz နဲ့ ပတ်သက်ပြီး ဝေဖန်ရှုတ်ချ အပြစ်ဖို့ထားတဲ့ စာတွေကို Google Search Engine သုံးပြီး ရှာလို့ ရပါတယ်။

တရုတ်ပြည်မှာတော့ တရုတ်အစိုးရ မကောင်းကြောင်းကို အင်တာနက်ကနေ ကြည့်မယ်ဆိုရင် ထောင်ဒဏ် အပြစ်ပေးခံရမှာပါ။ အကျိုးစီးပွားကို ဦးထိပ်ထားတာချင်းတူပေမယ့် ကျင့်ဝတ်နဲ့ စံနှုန်းတွေမှာ ကွဲပြားခြားနားတဲ့ သဘောပါ။

နယူးယောက်တိုင်း သတင်းစာရဲ့ အိုင်တီဂုရုက ဂူဂဲလ်အနေနဲ့ ပီကင်းကနေ မကောင်းတဲ့ အကျင့်တွေ အပါသယ်လာတယ်၊ အကုသိုလ် မလုပ်ပါနဲ့ဆိုပြီးတော့ ပြက်လုံးထုတ်ပါတယ်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,26th,2010

( 50 )India to spend Rs. 660 billion for Mizoram-Myanmar road

( 49 )လွိုင်ကော်မြို့နယ်တွင်းတွင် တခြားသီးနှံများထက် ဖရဲသီးစိုက်လာ

( 48 )Ethnic Kachins mark 16th ceasefire agreement

( 47 )ရွေးကောက်ပွဲအပေါ် သဘောထား US/EU က NLD ကို မေးမြန်း

( 46 )Thai loan to Myanmar helped Thaksin business -judge

( 45 )ရဲဘော်တဦးနှင့် ဆယ်ကျော်သက်ရွာသားတဦး ရေနစ်ရာမှ မလွတ်မြောက်နိုင်ခဲ့ကြ

( 44 )Junta Highlights Beijing Ties, as Talks with Armed Groups Continue

( 43 )KIO အပစ်ရပ် ၁၆ နှစ်ပြည့် မနောပွဲ ပြီးဆုံး

( 42 )Migrant registration plan raises mass deportation fears

( 41 )မြန်မာများ ပါရှိသည့်ကား သေနတ်ပစ်ခံရ၊ ၃ ဦး သေဆုံး

( 40 )S'pore disappointed over Myanmar court ruling on Suu Kyi

( 39 )ကလေးမြို့မှာ လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ

( 38 )PM “appalled” that ASSK is to remain in detention

( 37 )FEC တန်ဖိုး ဆက်လက် ကျဆင်းနေ

( 36 )ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချုပ် ငြင်းပယ်

( 35 )Burma to Privatize Ports

( 34 )ဒေါ်စုအမှု ပြင်ဆင်မှု တရားရုံးက ပယ်ချ

( 33 )Renewed bid to fight forced labour

( 32 )စည်ပင် အားနည်းချက်ကြောင့် မီးလောင်

( 31 )Suu Kyi ruling 'disappointing'

( 30 )ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းလည်း တရုတ်တာဝန်ယူ

( 29 )To sanction or not to sanction

( 28 )မြန်မာ့ကာတွန်းလောက ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရ

( 27 )A reform-minded government should end abuses against migrant workers

( 26 )ထိုင်းလုံခြုံရေး ပစ်ခတ်၍ မြန်မာ ၃ ဦး သေဆုံး

( 25 )Burma's top court rejects Suu Kyi freedom bid

( 24 )နအဖ တူးမြောင်းဖောက်ပုံမမှန်၍ ရေနက်ကွင်းပိုတိုး

( 23 )Burmese court to rule on Aung San Suu Kyi appeal

( 22 )ထိုင်းလုံခြုံရေး ပစ်ခတ်လို့ မြန်မာ ၃ ယောက် သေဆုံး

( 21 )Burma court to rule Friday on Suu Kyi appeal

( 20 )Suu Kyi appeal verdict today

( 19 )စစ်တပ်က ပစ်ခတ်သဖြင့် ကရင်ကျောင်းသားငယ် သေဆုံး

( 18 )Myanmar troops commit atrocities

( 17 )မူးယစ်ဆေးဝါး လျော့ကျရန်အတွက် UNODC ပြောဆို

( 16 )Fair labour rights in Myanmar benchmark for country’s 2010 elections

( 15 )မြန်မာအသင်း အာရှဖလားဝင်ခွင့် ဆုံးရှုံး

( 14 )Foreign students fitting in

( 13 )ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ဦးကို အန်အယ်ဒီ CEC အတည်ပြု

( 12 )Lawyer for Suu Kyi optimistic on release

( 11 )ဆရာကြီး အီကြာကွေး၏ စာအုပ်များ လှူဒါန်း

( 10 )Myanmar court to rule on Suu Kyi appeal

( 9 )အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦးကို ယူအက်စ် သံအရာ ရှိများ လာရောက်နုတ်ဆက်

( 8 )The Oscars, by the Numbers

( 7 )ဒေါ်စုနှင့် အဖွဲချုပ် ပြန်ကြားရေး အဖွဲ့ဝင် ဦးဥာဏ်ဝင်းတို့ တွေ့ဆုံ

( 6 )Burma's Supreme Court set to decide on Aung San Suu Kyi's appeal against 18-month extension of house arrest

( 5 )ဒေါ်စု အကျယ်ချုပ်မှု ပြင်ဆင်ချက် ဆုံးဖြတ်ချက် ချတော့မည်

( 4 )Hyundai signs US $ 1.4 billion contract for gas facilities in Burma

( 3 )NLD တိုင်းနဲ့ပြည်နယ် ဗဟိုဦးစီးအဖွဲ့ အောင်မြင်စွာ ဖွဲ့စည်း

( 2 )Thai soldiers shoot dead three Burmese migrant children

( 1 )မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ