Thursday, July 31, 2014

တိုင်း၇င်းသားလက်နက်ကိုင်အဖွဲ့တွေ ထိပ်သီးအစည်းအဝေး စတင်

DVB

ရန်ကုန်တွင် အူရီးဒူး ဆင်းမ်ကတ်များ ကိုယ်စားလှယ်များကို စပေးပြီ၊ ဆိုင်အချို့တွင်လည်း ဆင်းမ်ကတ်များ ရောင်းချ

မောင်မန်း

ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရ အူရီးဒူး ကုမ္ပဏီက ဇူလိုင် ၃ဝ ရက်တွင် ရန်ကုန်ရှိ အရောင်းကိုယ် စားလှယ်များကို ဆင်းမ်ကတ်များ စတင် ချထားပေးသည်ဟု ကိုယ်စားလှယ်အချို့က ဆိုပြီး ဆိုင်အချို့တွင်လည်း ဆင်းမ်ကတ်များ ရောင်းချခဲ့သည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက မဇ္ဈိမကို ပြောသည်။

ကိုယ်စားလှယ် ရရှိသော အရောင်းဆိုင်များ အနေဖြင့် လိုအပ်သည့် ပမာဏ လုံလောက်အောင် မရရှိပါက ရောင်းချရန် အဆင်မပြေနိုင်ဟု အူးရီးဒူး ၏ ငွေရောင် အဆင့် ကိုယ်စားလှယ်ယူထားသည့် တာမွေမြို့နယ်ရှိ KZK မိုဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ ငွေအဆင့်အရောင်းဆိုင်တွေအတွက် ကတ် ၄ဝဝ ချပေးတယ်။ ကတ်အရေအတွက် လုံလုံလောက် လောက်မရရင် ကြိုတင်စာရင်းပေးမှာထားတဲ့ သူတွေကို ဘယ်လိုပေးမလဲ။ ခေါင်းကိုက် နေရတယ်။” ဟု ဆိုသည်။

၎င်းတို့ ဆိုင်တွင် ကြိုတင် စာရင်းပေးပြီး မှာထားသူ အရေအတွက် ထောင်ဂဏန်းကျော် ရှိနေပြီး ကတ် ၄ဝဝ သာ ရရှိသဖြင့် အဆင်မပြေဟု ဆိုသည်။

ယင်းအပြင် ၎င်းတို့ အနီးအနားရှိ တာမွေ မြို့နယ် အတွင်းတွင်ပင် အူရီးဒူး ဆင်းမ်ကတ်များကို ဇူလိုင် ၃ဝ ရက် နံနက်ပိုင်းက ရောင်းချပေးခဲ့သည်ဟုလည်း ဆိုသည်။

၎င်းက “ မျက်နှာချင်းဆိုင် ဆိုင်ကဆို သူတို့ကရောင်းနေပြီ။ သူတို့က မနက်ပိုင်း ကတည်းက ရထားတဲ့သူတွေ။ အစ်ကိုတို့က ညနေ ငါးနာရီမှ ချိန်းထားတော့ ည ရှစ်နာရီမှရမယ် ” ဟု ဆိုသည်။

KZK မိုဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင် မခင်ချောစုလွင်ကလည်း “ ဖြစ်နိုင်ရင်တော့ တပြိုင်နက်တည်း ဖြစ်စေချင်တယ် ” ဟု ကတ်ရရှိချိန် မတူညီ၍ မရောင်းချနိုင်သည့် အခက်အခဲကို ပြောသည်။

အူရီးဒူး၏ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ တူဒေးမိုဘိုင်းဆိုင်မှ အမှုဆောင်အရာရှိ ကိုနေလင်းထွန်းက “ ကျွန်တော်တို့ကို ၃၁ ရက်နေ့မှာ ဖိတ်ထားပါတယ်။ အသေးစိတ်ကို အဲ့ဒီနေ့ပြီးမှပဲ သိနိုင်မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

အူးရီးဒူးက မန္တလေးနှင့် နေပြည်တော်မြို့တို့တွင် ဇူလိုင်လ ၂၉ ရက်တွင် ဆင်းမ်ကတ်များ ချထားပေးခဲ့ပြီး ယင်းမြို့များ တွင် စတင်ရောင်းချခဲ့သည်။ ရန်ကုန်တွင်လည်း ဇူလိုင်လ ၃ဝ ရက်တွင် အရောင်းကိုယ်စားလှယ်များကို စတင်ချထားပေးခဲ့သည်။ အဆိုပါ ဆင်းမ်ကတ်များကို ကျပ် ၁၅ဝဝ ဖြင့် ရောင်းချပေးနေသော်လည်း နေပြည်တော်နှင့် မန္တလေးတွင် ဈေးနှုန်းမြင့်နေပြီး တစ်သောင်းခန့် အထိဖြစ်ကာ အပူးနံပါတ်ဆိုပါက ကျပ် ခုနစ်သောင်း အထိ ဖြစ်နေသည်။

ရွေးကောက်ပွဲနည်းဥပဒေ ပါတီများထံ စီဒီခွေဖြင့် ပေးပို့ဖြန့်ချိ

ရွှေအောင်

ရွေးကောက်ပွဲနည်းဥပဒေကို နိုင်ငံရေးပါတီ ၆၅ ခုထံ စီဒီခွေနဲ့ ဒီကနေ့ ပေးပို့ ဖြန့်ချိမယ်လို့ ရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

ဇူလိုင် ၂၈ ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လက်မှတ်ထိုး အတည်ပြုလိုက်တဲ့ ရွေးကောက်ပွဲနည်းဥပဒေမှာ ပြင်ဆင်ချက် ၄၄ ချက် ပါရှိပြီး အချက်တချို့ကို ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ခုလို ပြောပါတယ်။

“မူလ နည်းဥပဒေထဲမှာ အရင်ကတော့ ဥပမာဆိုပါစို့ မသန်စွမ်းပေါ့နော် မသန်စွမ်းသူများကို လုံးဝ ထည့်ထားတာ မရှိဘူး။ အဲဒါတွေကို အပြည့်အစုံ ပြန်ထည့်ပေးထားတယ်။ မသန်စွမ်းသူများ ဆိုရင် မဲပေးခွင့်ရော၊ ရွေးကောက်ခံနိုင်ခွင့်ရော၊ သူတို့ မဲပေးရင် အလွယ်တကူ အဆင်ပြေစွာ ပေးနိုင်အောင် အဲဒါတွေကို ပြင်ဆင်ပြီး ထည့်ပေးထားတယ်။ အလားတူပဲ ကြိုတင်မဲစာရင်းနဲ့ မဲပေးတဲ့အခြေအနေကို လေ့လာနိုင်ဖို့အတွက် ရွေးကောက်ပွဲလေ့လာသူတို့၊ မဲရုံကိုယ်စားလှယ်တို့ ယခင်ကတော့ မရှိဘူး။ ယခုတော့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိအောင် ထပ်ဖြည့်ပေးထားတယ်။ အလားတူပဲ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ယခင်က ၅ သိန်းဆိုရင် အခု ၃ သိန်း ပြင်ပေးထားတယ်။ တခါ ရွေးကောက်ခံရတဲ့ အခါမှာဆိုရင်လည်း ရွေးကောက်ခံရတဲ့ သူအားလုံးကို ၀င်ခွင့်အာမခံကို ပြန်လုပ်ပေးတယ်။ ရှုံးတဲ့သူတွေကတော့ ခိုင်လုံမဲ ၈ ပုံ ၁ ပုံထက် အထက်ရရင် သူတို့ကိုလည်း ပြန်ပေးတယ်။ အရင်တုန်းက ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးကို အကုန်လုံး နိုင်ငံတော်ဘဏ္ဍာ သိမ်းတယ်။ အခုကတော့ နိုင်တဲ့သူ အားလုံးပေးမယ်။ ရှုံးတဲ့သူက ၈ ပုံ ၁ ပုံထက် အထက်ရရင် ပြန်ပေးတယ်။ ရှုံးပြီးတော့ ၈ ပုံ ၁ ပုံ အောက်ရောက်မှ နိုင်ငံတော် ဘဏ္ဍာ သိမ်းတယ်။ ဒါမျိုးတွေ ပြောင်းလဲသွားတယ်။ နောက်တခါ ရွေးကောက်ပွဲ ပြီးသွားရင် အငြင်းပွားမှု ရှိလာရင် ကန့်ကွက်လွှာ တင်ကြတယ်။ တင်တဲ့အခါမှာ အမှုစရိတ် ကုန်ကျငွေ ယခင်က ၁၀ သိန်း တင်ရတယ်။ အဲဒီအစား ၅ သိန်းလို့ ပြင်တယ်။ တခါ အဲဒီအမှုပါပဲ အယူခံတင်တာတွေ၊ ပြင်ဆင်မှုတင်တာတွေ ရှိလာရင် ယခင်က ၅ သိန်း ယခု ၃ သိန်း ပြင်ထားတယ်။”
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲနည်းဥပဒေနဲ့ ပတ်သက်ပြီး ပေးပို့ထားတဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်လို့ သြဂုတ် ၁ ရက်မှာ ကော်မရှင်က အဖွဲ့ချုပ်ကို ခေါ်ယူရှင်းလင်းဖို့ ရှိတာမို့ အဲဒီ ရှင်းလင်းပွဲပြီးမှပဲ အသေးစိတ်အချက်တချို့ ထုတ်ဖော်ပြောဆိုမယ်လို့လည်း ဦးသောင်းလှိုင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၂၁ ရက် ရက်စွဲနဲ့ ပေးပို့ထားတဲ့ အကြံပြုချက်တွေ ထဲမှာ မဲဆွယ်စည်းရုံးရေးကာလကို အနည်းဆုံး ရက်ပေါင်း ၆၀ ပေးဖို့၊ မဲရုံထဲသို့ ဝင်ခွင့်ရသူများကို “ကော်မရှင်က ခွင့်ပြုထားသူများ” ဆိုပြီး ဖြည့်စွက်ခဲ့တဲ့အပေါ် ပယ်ဖျက်ပေးဖို့နဲ့ ကြိုတင်မဲကိစ္စ အပါအ၀င် အချက် ၉ ချက် ပါဝင်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲနည်းဥပဒေတွေ ပြင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ၂ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ကြပြီး ပါတီအများစုကလည်း မဲဆွယ်ကာလ တိုတောင်းတဲ့အချက် အပါအ၀င် ဝေဖန်အကြံပြုချက် အမြောက်အမြား တင်ပြထားခဲ့ကြပါတယ်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ကျန်းမာရေး စောင့်ရှောက်မှု အထူးလိုအပ်နေဟုဆို

အောင်သူရထွန်း

နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးတွင် ပုဒ်မ ၄၀၉/၁၀၉၊ ပုဒ်မ ၁၂၄(က) တို့ဖြင့် တရားရင်ဆိုင်နေရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား နေ့လည်ထမင်းစားချိန်သာ အနားယူပြီး နံနက် ၉ နာရီ၊ မိနစ် ၅ဝ ခန့်မှ ညနေ ၃နာရီခွဲခန့်အထိ ခြောက်နာရီခန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးပြီးချိန်တွင် သာသနာရေးဝန်ကြီးဟောင်းက ကျန်းမာရေးအခြေအနေ ပိုမိုခံစားလာရခြင်းကြောင့် ဆေး(ကျန်းမာရေး) အာမခံ လျှောက်ထားကြောင်း သိရသည်။

ဦးဆန်းဆင့်နှင့် ဆွေမျိုးတော်စပ်သူ ဦးအောင်ဌေးက “သူ(ဦးဆန်းဆင့်)က အရင်ကတည်းက နှလုံးရောဂါ၊ ကျီးပေါင်းရောဂါနဲ့ မျက်စိရောဂါ ကုနေရတာလေ၊ အထူးကုဆရာဝန်တွေနဲ့ ကုပေးပါမယ်၊ လောလောဆယ်တော့ အာမခံလေးတော့ ခဏသည်းခံပါတဲ့” ဟု မီဒီယာများသို့ ပြောသည်။

မိသားစုဆွေမျိုးများနှင့် ထပ်မံတွေဆုံခွင့်ပေးခဲ့သော်လည်း မီဒီယာများကိုမူ တရားရုံးဝင်းအတွင်း ဝင်ခွင့်ရရန် ကင်မရာ၊ အသံဖမ်းစက်၊ လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မပြုခဲ့သည့်အပြင် တရားခွင်မှထွက်လာသော ဦးဆန်းဆင့်အား မီဒီယာသမားတို့ မေးမြန်းမှုမပြုမီ လိုက်ပါစောင့်ရှောက်သော တာဝန်ရှိပုဂ္ဂိုလ်များက “ဘာမှပြောစရာမရှိဘူး” ဟု နှစ်ဦး၊ သုံးဦးခန့်က ဝိုင်းဝန်း ပြောဆိုခဲ့သေးသည်။

သို့ရာတွင် ဦးဆန်းဆင့်က အစောင့်အရှောက်များကြားမှ မိသားစုများအား “နေကောင်းအောင်နေကြ” ဟု စကားတစ်ခွန်းသာပြောကြားခဲ့သည်။

ပုဗ္ပသီရိမြို့နယ် တရားရုံး၌ ဒုတိယအကြိမ်ရုံးထုတ်စဉ်ကမူ “သမ္မတ အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့လုပ်တာဖြစ်ပါတယ်၊ မတရားမှုပြုတာပါ” ဟု မီဒီယာများသို့ ပြောသည်။

ထို့အပြင် ဦးအောင်ဌေးက “ ကောင်းကောင်းမွန်မွန်ပါပဲ၊ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆက်သွားမယ်၊ တရားသူကြီးတွေဘာတွေ အားလုံးကူညီကြပါတယ်၊ နောက်ရုံးချိန်းကတော့ သြဂုတ်လ ၆ ရက်နေ့မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုအဖြစ် တရားစွဲဆိုထားပြီး ဇွန်လ ၁၉ရက်က ဖမ်းဆီးခဲ့သည်။

၎င်းကို ပြစ်မှု ထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချနိုင်သည့် အကြည်အညို ပျက်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က)ပါ ဇူလိုင်လ ၂ဝ ရက်က ထပ်တိုးခဲ့သည်။

မန္တလေးမှာ အိုရီဒူးဆင်းကဒ်တွေ ကျပ်၁၅၀၀နဲ့ စတင်ရောင်းချ

DVB

မြန်မာမှာ ကျားထိန်းသိမ်းရေး လုပ်ငန်း အခက်အခဲဖြစ်နေလို့ဆို

ABC

မြန်မာနိုင်ငံနဲ့ ​တချို့အာဆီယံ ​အသင်းဝင် ​နိုင်ငံတွေမှာ ​ကျားအကောင်ရေနဲ့ ​ပတ်သက်ပြီး ​သတင်းအချက်အလက်တွေ ​မရှိတဲ့အတွက် ​ကျားထိန်းသိမ်းရေးလုပ်ငန်းမှာ ​အခက်အခဲ ​ဖြစ်နေရတယ်လို့ ​ကမ္ဘာ့တောရိုင်းသဘာဝ ​စောင့်ရှောက်ရေးအဖွဲ့ ​WWF ​က ​ပြောပါတယ်။

၂၀၁၀ ​ပြည့်နှစ်တုန်းက ​ပြုလုပ်ခဲ့တဲ့ ​ညီလာခံအတွင်း ​ကမ္ဘာပေါ်မှာ ​ကျားအကောင်ရေ ​၃၂၀၀ ​လောက်သာ ​ကျန်ရှိတော့မယ်လို့ ​ခန့်မှန်းခဲ့ကြပါတယ်။

ကျားတွေ ​မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ ​အနေအထားကြောင့် ​၂၀၂၂ ​ခုနှစ်မှာ ​ကျားအကောင်ရေ ​နှစ်ဆဖြစ်တဲ့ ​၆၀၀၀ ​ကျော်ရှိလာအောင် ​လုပ်ဆောင်ကြမယ်လို့ ​ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၀ ​ညီလာခံ ​နောက်ပိုင်းမှာ ​ကျားအကောင်ပေါင်း ​ဘယ်လောက်ရှိသလဲဆိုတာကို ​တရုတ်၊ ​ဘင်္ဂလားဒေ့ရှ်၊ ​နီပေါ၊ ​အိန္ဒိယနဲ့ ​ရုရှားနိုင်ငံတို့က ​ပုံမှန် ​လုပ်ဆောင်လာတဲ့အတွက် ​ထိန်းသိမ်းရေးမှာ ​အထောက်အကူဖြစ်စေတယ်လို့ ​WWF ​အဖွဲ့က ​ပြောပါတယ်။

ဒါပေမဲ့ ​မြန်မာ၊ ​မလေးရှား၊ ​အင်ဒိုနီးရှား၊ ​ထိုင်း၊ ​လာအို၊ ​ဗီယက်နမ်နဲ့ ​ကမ္ဘောဒီးယားနိုင်ငံမှာ ​အချက်အလက် ​ပြုစုထားတဲ့ ​မှတ်တမ်းတွေ ​မရှိတဲ့အတွက် ​ကျားအကောင်ရေ ​ထိန်းသိမ်းရေးအတွက် ​အခက်အခဲ ​ဖြစ်စေတယ်လို့ ​ဆိုပါတယ်။

ဒါကြောင့် ​အဲဒီနိုင်ငံတွေမှာ ​တစ်နှစ်အတွင်း ​စနစ်ကျတဲ့ ​အချက်အလက် ​မှတ်တမ်းတွေကို ​ပြုစုဖို့လည်း ​Tiger ​Day ​ကျားများနေ့မှာ ​တိုက်တွန်းလိုက်ပါတယ်။

အပျော်သဘောနဲ့ ​အမဲလိုက်တဲ့သူတွေ၊ ​ငွေကြေးအတွက် ​အမဲလိုက်သူတွေနဲ့ ​မြို့ပြချဲ့ထွင်မှု ​တွေကြောင့် ​ကျားရိုင်း ​အကောင်ရေတွေ ​တဖြေးဖြေး ​လျော့နည်း ​လာတာ ​ဖြစ်ကြောင်း ​လည်း ​ယူဆနေကြပါတယ်။

ရွှေစွမ်းရည် ပီနံအိတ်စက်ရုံ အလုပ်သမား ရှစ်ဦး အချိန်ပို ၆ နာရီ မဆင်းနိုင်၍ အလုပ်ထုတ်ခံရ

ခင်မြတ်မြတ်ဝေ

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၄)ရှိ ရွှေစွမ်းရည်ပီနံအိတ်စက်ရုံမှ အလုပ်သမား ရှစ်ဦးကို အလုပ်ချိန်အပြင် အချိန်ပို ၆နာရီ အလုပ်ဆင်းခိုင်းရာ အလုပ်သမားများက မလုပ်နိုင်ဟုဆို၍ ဇူလိုင်လ ၂၉ရက်က အလုပ်သမား ၈ဦးကို အလုပ်ထုတ်လိုက်သည်ဟု အလုပ်သမားခေါင်းဆောင် မချိုချိုအေးက မဇ္ဈိမကို ပြောသည်။

"အချိန်ပိုက အရမ်းများနေတဲ့ အိပ်ရေးပျက်လို့ မဆင်းနိုင်တော့ဘူးလို့ အလုပ်သမားတွေက ပြောတော့ အလုပ်ထုတ်လိုက်တယ်။ အခု မြို့နယ် ညှိနှိုင်းရေးကို ကျွန်မတို့တွေ တိုင်ထားတယ်" ဟု ယင်းကဆိုသည်။

အလုပ်သမားများကို ဇူလိုင် ၂၉ရက်က နုတ်ဖြင့် အလုပ်ထုတ်လိုက်ပြီး ၃ဝရက်တွင် စက်ရုံက အလုပ်ထုတ်ကြောင်း တရားဝင် စာဖြင့် ကြေငြာခဲ့သည်။ ယင်းစာတွင်မူ လအလိုက် ပျက်ရက်များသည်ဟူသော အကြောင်းပြချက်ဖြင့် မန်နေဂျာက စာထုတ်လိုက်ခြင်း ဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင် မချိုချိုအေးက ပြောသည်။

"ဒါဟာ အလုပ်သမားတွေ အပေါ်မတရားလုပ်တာပဲ"ဟု ၎င်းက ဆိုသည်။

အလုပ်သမားများကို ကူညီပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးဌေးကလည်း "အလုပ်သမားတွေကို တစ်နေ့ ၁၂နာရီအပြင် နောက်ထပ်၃နာရီ ထပ်အချိန်ပိုခိုင်းတာ လုံးဝမဖြစ်သင့်ဘူး။ ဒီလိုအလုပ်ရှင်ကို လုံးဝ အရေးယူသင့်တယ်"ဟု မဇ္ဈိမကို ပြောသည်။

ရွှေစွမ်းရည် ပီနံအိတ် စက်ရုံမှ အလုပ်ချိန် ပုံမှန် ၈နာရီသာ သတ်မှတ်ထားသော်လည်း အလုပ်ရှင်မှ ထုတ်ကုန် တင်ပို့မှုအတွက် အလုပ်သမားများအား အချိန်ပို ၃နာရီ အလုပ်ဆင်းပေးပါရန် မေတ္တာရပ်ခံထားသည်။ အချိန်ပိုအတွက် တစ်နာရီ ကျပ်ငွေ ၃၁၄ကျပ် ပေးသည်ဟု ဆိုသည်။ ယင်းအပြင် နောက်ထပ် ၃နာရီ စုစုပေါင်း အချိန်ပို ၆နာရီ ဆင်းခိုင်းသည့်အတွက် အလုပ်သမားများက မလုပ်နိုင်ဘဲ အလုပ်ထုတ်သည်အထိ ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု မချိုချိုအေးက ပြောသည်။

အလုပ်ထုတ်ခံရသည့် အထဲတွင် ဖြိုးသူရ၊ မြင့်ဇော်၊ ငြိမ်းချမ်းအောင် အပါအဝင် အလုပ်သမား ၈ယောက်အား အလုပ်ရှင်က အလုပ်ထုတ်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ အလုပ်ထုတ်လိုက်သည်ကို အလုပ်သမားများက လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးသို့ တိုင်ကြားထားရာ သြဂုတ်လ ၅ရက်တွင် နှစ်ဖက်ညှိနှိုင်းရန် ချိန်းဆိုထားသည်ဟု ဆိုသည်။

ယင်းစက်ရုံတွင် အလုပ်သမားပေါင်း ၁၆၅ဦး ရှိပြီး အလုပ်သမားများက မေလ ၂ဝရက်ကလည်း လုပ်ခလစာ တိုးတောင်ခြင်း၊ ခွင့်ခံစားခွင့် တိုးတောင်းခြင်း အပါအဝင် ၇ချက်ဖြင့် ဆန္ဒပြတောင်းဆိုခဲ့ရာ လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံး ညှိနှိုင်းပေးခဲ့ရသေးသည်။

ယင်းသို့ ညှိနှိုင်း သဘောတူအပြီး တစ်ပတ်အကြာတွင် အချိန်ပို ၆နာရီအထိ ဆင်းပေးရန် စက်ရုံ မန်နေဂျာက ပြောခဲ့ခြင်း ဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင်က ပြောသည်။

ပီအာစနစ်မကျင့်သုံးရေး ဆန္ဒဖော်ထုတ်ပွဲများ ရန်ကုန်တွင် ပြုလုပ်မည်

ပိုင်စိုး

ရွေးကောက်ပွဲတွေမှာ မူလကျင့်သုံးနေတဲ့ မဲအသာရသူ အနိုင်ရစနစ်အစား အချိုးကျကိုယ်စားပြု (ပီအာ) စနစ် ပြောင်းလဲ ကျင့်သုံးဖို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ လွှတ်တော်အမတ် ၂ ဦးက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ အဆိုပြုခဲ့တာပါ။

လက်ရှိ လွှတ်တော် ၂ ရပ်မှာ အချိုးကျကိုယ်စားပြုစနစ်ကို အာဏာရ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်တွေ ထောက်ခံပြီး တိုင်းရင်းသားပါတီတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်နေချိန် လွှတ်တော်ပြင်ပမှာ ကန့်ကွက် ဆန္ဒပြဖို့ ပြင်ဆင်နေတာပါ။

အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးမယ်ဆိုရင် အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲမှာပါ သဘောထားကွဲလွဲတာတွေ ဖြစ်လာနိုင်တဲ့အတွက် သြဂုတ် ၅ ရက်နေ့မှာ ကန့်ကွက် ဆန္ဒပြ သွားမယ်လို့ ဦးဆောင်လှုပ်ရှားသူတွေက ပြောဆိုပြီး ဆန္ဒပြခွင့်အတွက် လူအင်အား ၁၀၀၀ ခွင့်ပြုချက် တင်ထားတယ်လို့ ဆိုပါတယ်။

ဒီစနစ်ဟာ မြန်မာပြည်ရဲ့ ဓလေ့၊ လူမှုပတ်ဝန်းကျင်နဲ့လည်း မကိုက်ညီပါဘူးလို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မှုတွေကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်အဖွဲ့ဝင် ဦးမြတ်ကျော်က ပြောပါတယ်။

“ကျနော်တို့က ၅ ရက်နေ့ နေ့လယ် ၁ နာရီကို မြို့တော်ခန်းမရှေ့ မှာစုပြီး မဟာဗန္ဓုလ လမ်းမပေါ်ကနေ ပန်းဆိုးတန်းလမ်းကို ဖြတ်လျှောက်ပြီးတော့ ကမ်းနားလမ်းပြီးလို့ရှိရင် ဆူးလေ ဘုရားလမ်းအတိုင်း ပတ်ပြီးတော့ မြို့တော်ခန်းမရှေ့ ဧမာနွေလ ဘုရားကျောင်းရှေ့မှာ ရှင်းလင်းပွဲ လုပ်မယ်။ မနေ့က ကျောက်တံတားမြို့နယ်ရဲစခန်းမှာ ခွင့်ပြုမိန့် သွားယူထားတယ်။ ပီအာစနစ် ကျင့်သုံးရင် လွှတ်တော်ထဲမှာရော၊ အစိုးရအဖွဲ့မှာရော အားနည်းပြီးတော့ သဘောထား ကွဲလွဲမှုတွေ အများကြီး ဖြစ်ပေါ်လာနိုင်တယ်။ နောက်တချက်က အစွန်းရောက်အဖွဲ့အစည်းတွေက ပါတီထောင်ပြီး မဲယူပြီးတော့ လွှတ်တော်ထဲကို ရောက်လာနိုင်တယ်။ အဓိကတော့ မြန်မာပြည်ရဲ့ ပညာရေချိန်၊ မြန်မာပြည်ရဲ့ လူမှုပတ်ဝန်းကျင်နဲ့ မကိုက်ညီသေးဘူး။ တိုင်းပြည်မှာ အန္တရာယ်ရှိတဲ့ အတွက် မကျင့်သုံးစေချင်တာ။”


ဆန္ဒဖော်ထုတ်ပွဲမှာ ဒီမိုကရေစီအင်အားစု၊ ကြည့်မြင်တိုင်လူမှုကွန်ရက်နဲ့ တခြားအဖွဲ့တွေ လည်း ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းထားတဲ့ ပီအာစနစ် ကန့်ကွက် ဆန့်ကျင်ရေးကော်မတီကလည်း သြဂုတ် ၉ ရက်နေ့မှာ ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ ကော်မတီဝင်တယောက်ဖြစ်တဲ့ ဦးလှညွန့်က ပြောပါတယ်။

“ဦးလေးတို့ ခေတ်အဆက်ဆက် မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ လုပ်ခဲ့တယ်။ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်ကို လွယ်လွယ်ကူကူနဲ့ မဲထည့်လို့ရတယ်။ ဆန္ဒပေးလို့ရတယ်။ အလွယ်ဆုံးစနစ် ရှိနေတယ်။ အဲဒီလို အလွယ်ဆုံးစနစ် ရှိနေပါလျက်နဲ့ အခုလို ပီအာစနစ်ဆိုတဲ့ ရှုပ်ထွေးမှုစနစ် ပြဋ္ဌာန်းရတာဟာ တော်တော်အံ့သြစရာ ဖြစ်နေတယ်။ နောက် ၂၀၁၅ ရွေးကောက်ပွဲ နီးလာပြီ။ လုပ်ငန်းစဉ်တွေ မြောက်မြားစွာ ရှိပါလျက်နဲ့ ရှုပ်ထွေးပွေလီအောင် ပြဿ နာတခုကို မီးမွှေးတယ်လို့ ဦးလေးတို့ ယူဆတယ်။ နောက်တခုက ၂၀၀၈ အခြေခံဥပဒေထဲမှာ ပီအာစနစ်ဆိုတာ မပါဘူး။ အခုကျင့်သုံးနေတဲ့ စနစ်ကို ရိုသေလိုက်နာပါမယ်လို့ ပြောထားပါလျက်နဲ့ ပီအာစနစ်ကို သီးခြားတင်တာဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်။ အဲဒီလို သဘောထားတဲ့အတွက် ဦးလေးတို့က ဒီစနစ်ကို ဆန့်ကျင် ကန့်ကွက်ရခြင်းဖြစ်တယ်။”

ဆန္ဒဖော်ထုတ်ဖို့အတွက် လူဦးရေ ၂၀၀ ခွင့်ပြုချက်တင်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပီအာစနစ် ကျင့်သုံးဖို့ အဆိုတင်သွင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ တပါတီတည်း ကြီးစိုးနေတဲ့စနစ်ကို မကြိုက်လို့ ပီအာစနစ်ကို ကျင့်သုံးဖို့ လွှတ်တော်ကို တင်တာပါလို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဒီအဆိုတင်သွင်းခဲ့တဲ့နေ့က တိုင်းရင်းသားပါတီတွေရဲ့ အမတ် အားလုံးနီးပါးက ကန့်ကွက်တဲ့အနေနဲ့ လွှတ်တော်ကို မတက်ပဲနေခဲ့ကြပါတယ်။

ဟူးကောင်းချိုင့်ဝှမ်း သစ်တောပြုန်းတီးမှု ကြောင့် ကျားရှားလာ

DVB

အူရီဒူးဆင်းကဒ် နံပတ်ပူးတစ်ကဒ် ကျပ်ခုနှစ်သောင်းထိဈေးမြင့်တက်

မျိုးသန့်

ဇူလိုင်၂၉ ရက်မှ စတင်ရောင်းချခဲ့သော အူရီဒူးဆင်းကဒ်များ မန္တလေးတွင် ဝယ်ယူသူများပြားခဲ့ပြီး ဖုန်းအရောင်းဆိုင်များတွင် နံပတ်ပူးဂဏန်းများကို တစ်ကဒ်လျှင် ကျပ်ခုနှစ်သောင်းဝန်းကျင် အထိ ဈေးမြင့်နေပြီး ဝယ်ယူရန်ပင် ခက်ခဲလျက်ရှိသည်ဟု ဆိုသည်။

“ကျပ် ၁၅ဝဝ ဈေးသတ်မှတ်ထားပေမယ့် ဇူလိုင် ၂၉ ရက်မှာ ကျပ်နှစ်ထောင်ထိပဲ ဈေးမြင့်ပေမယ့် တချို့ဖုန်းဆိုင်တွေက ဟန်းဆက် ဝယ်ရင် အလကားပေးတာရှိတယ်။ ဒီအတိုင်းဝယ်တာဆို နံပါတ်လှရင်ကျပ်ခုနှစ်သောင်းဝန်းကျင်အထိပေးရတယ်”ဟု ကိုယ်တိုင်ဝယ် ယူခဲ့သူကိုစိုးဝင်းကပြောသည်။

အူရီဒူးကဒ် အချင်းချင်းဆက်သွယ်ပြောဆိုပါက တစ်မိနစ် ၂၅-ကျပ်၊ MPT,MEC တို့ကို ခေါ်ဆိုပါက တစ်မိနစ်လျင် ၃၅ကျပ်၊ စာတိုပို့ခ ၂၅ကျပ်၊ အင်တာနက် သုံးခအတွက် DATA(1-MB)လျှင် ၂၅ကျပ် ကျသင့်သည်ဟုဆိုသည်။

ဖုန်းကဒ်ဝယ်သူများကို ဝန်ဆောင်မှုအဖြစ် ပေးထားသည့်အထဲတွင် MPT ဖုန်းကဒ်များနှင့် ဆက်သွယ်ရန် မိနစ်ကိုးဆယ် အခမဲ့ ထည့်သွင်းထားပေးထားသည်။ အူရီဒူး၏ ငွေဖြည့်ကတ်များကို သြဂုတ်လ ၂ရက်တွင် စတင်ရောင်းချမည်ဟု အူရီဒူး ဝန်ဆောင်မှု ပေးသည့် ဌာနက ဖြေကြားထားသည်။

အူရီဒူးငွေဖြည့်ကတ်များနှင့် ပတ်သက်၍ ၁ဝဝဝ ကျပ်၊ ၃ဝဝဝကျပ်၊ ၅ဝဝဝကျပ်၊ ၁ဝဝဝဝကျပ်၊ ၂ဝဝဝဝကျပ် တို့ ရွေးချယ်ဝယ်ယူနိုင်မည်ဟု သိရသည်။

အမေရိကန်နှင့်ဗြိတန်သံအမတ် ရခိုင် ရပ်မိရပ်ဖ၊ နိုင်ငံရေးပါတီဝင်များကို တွေ့ဆုံ

နန်းမြနဒီ

ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ သံအမတ်ကြီးတို့ ၂ ဦးဟာ ရခိုင်ဒေသခံတွေ၊ ရပ်မိရပ်ဖ နဲ့ တကွ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို တွေ့ဆုံပြီး ရခိုင်ပြည်နယ် ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံသားကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

သံအမတ်ကြီးတွေဖြစ်တဲ့ ဒဲရစ်မစ်ချယ် နဲ့ အန်ဒရူး တို့ဟာ ဇူလိုင် ၂၇ ရက်နေ့ကနေ ၂၈ နေ့အထိ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဦးစိုးသိန်းတို့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ အတူ လိုက်ပါခဲ့ကြပြီး ရခိုင်ဒေသခံ၊ မြို့မိမြို့ဖ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံခဲ့တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

သံအမတ်ကြီး ၂ ဦးဟာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်အစိုးရရုံးမှာ ၀န်ကြီးတွေနဲ့အတူ စစ်တွေဒေသခံတွေနဲ့ တွေ့ဆုံပြီး ညနေပိုင်းမှာတော့ ရပ်မိရပ်ဖ ၅ ဦးနဲ့ စစ်တွေ ဟိုတယ်မှာ သီးသန့်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သံအမတ် ၂ ဦးဟာ ရခိုင်ပြည်နယ်က နိုင်ငံသားဖြစ်ရေးကိစ္စတွေမှာ လူမျိုးအမည် နာမကို အဓိကမထားဘဲ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုအနေနဲ့ ဆောင်ရွက်ဖို့၊ မတူညီတဲ့ လူမျိုးတွေကြား သဟဇာတဖြစ်အောင် နေထိုင်ရေးတွေ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့သူ ဦးသာပွင့်က ပြောပါတယ်။

“သူကတော့ လူ့အခွင့်အရေးတို့ဘာတို့နဲ့ လာတာပေါ့ဗျာ။ အခြေခံ လူ့အခွင့်အရေးကို ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် All are human being, All human being are equal ဆိုတဲ့ဟာက ကမ္ဘာ့ကြီးတခုလုံးဟာ အစိုးရတခုတည်း လက်အောက်မှာ ရှိနေတဲ့ အချိန်ရောက်မှသာ ခင်ဗျားပြောတဲ့ အစိုးရ ဖြစ်နိုင်မယ်။ မဟုတ်ရင်တော့ လက်တွေ့အားဖြင့် မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ ပြောလိုက်တယ်။”


ဒဲရစ်မစ်ချယ်က ရိုဟင်ဂျာလူမျိုးတွေမှာ ဘင်္ဂါလီလို့ ခံယူလိုက်ရင် နိုင်ငံခြားလို့ သတ်မှတ်ခံရပြီး ပြည်နှင်ခံရမယ့်အရေး စိုးရိမ်နေကြလို့ မြန်မာပြည်ထဲက လူမျိုးတမျိုး အနေနဲ့ လက်ခံဖို့ ပြောဆိုခဲ့ပြီး သူတို့ဘက်ကတော့ ဘယ်လူမျိုးမဆို နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ကိုက်ညီရင် နိုင်ငံသားဖြစ်မယ့်အကြောင်းနဲ့ မွေးရာပါနိုင်ငံသားဖြစ်မှု အကြောင်းတွေ ပြန်လည် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

၂၈ ရက်နေ့ ညနေပိုင်း ရခိုင်အမျိုးသားပါတီက ဗဟိုကော်မတီဝင်တွေနဲ့ ပါတီဌာနချုပ်မှာ သွားရောက်တွေ့ဆုံစဉ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးက ပြောပါတယ်။

“အမ်အက်စ်အက်ဖ်အနေနဲ့ အရင်တုန်းက လုပ်တဲ့ပုံစံမဟုတ်ပဲနဲ့ ပွင့်ပွင့်လင်းလင်း ဖြစ်အောင် ရခိုင်လူမျိုးတွေရဲ့ ခံစားနေရတဲ့ အခြေအနေတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှု၊ သူတို့ရဲ့ စရိုက်တွေ အပေါ်မှာ နားလည်မှုပေးပြီး လုပ်နိုင်ဖို့တော့ အရေးကြီးလိမ့်မယ်လို့ ကျနော်တို့က ဆွေးနွေးတယ်။”

အမေရိကန်သံအမတ်ကြီးကလည်း ပြည်နယ်ထဲ ၀င်ရောက်လုပ်ကိုင်မယ့် အမ်အက်စ်အက်ဖ် အဖွဲ့ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေ စောင့်ကြည့်မယ်လို့ ပြောဆိုခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

အမ်အက်စ်အက်ဖ် လက်အောက်ခံ ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးတဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ၀င်ရောက်လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ နစ်က ဒေသခံတချို့နဲ့ အထင်အမြင်လွဲမှားမှုတွေဖြစ်ကာ ပြန်လည်ထွက်ခွာသွားခဲ့ရပါတယ်။

ဒီအတောအတွင်း အဖွဲ့အစည်းနဲ့ အစိုးရကြား ညှိနှိုင်းမှုတွေကြောင့် ရခိုင်ပြည်နယ်ထဲမှာ ပြန်ပြီးဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်အစိုးရက ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ပြန်လည် ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါပေမယ့် စစ်တွေအခြေစိုက် ရခိုင်လူမှုကွန်ရက်အဖွဲ့ကတော့ အမ်အက်စ်အက်ဖ်ပေါ် ထားရှိတဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောထား ပြောင်းလဲမှုမရှိပါကြောင်းနဲ့ ရခိုင်ပြည်မှာ MSF-Holland ခေါ် AZG အဖွဲ့ကို အလိုမရှိကြောင်း ဇူလိုင် ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တစ်မိနစ် ၂၅ ကျပ်ဖြင့် ဖုန်းပြောဆိုနိုင်သည့် ၀န်ဆောင်မှု မြန်မာ့ဆက်သွယ်ရေး စတင်

မောင်မန်း

တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့် ဖုန်းပြောဆိုနိုင်မည့် ၀န်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇူလိုင် ၂၉ ရက်တွင် စတင်လိုက်ပြီး ယင်းဝန်ဆောင်မှုတွင် အသုံးပြုသူက မိမိခေါ်ဆိုမှု ပြုလုပ်လိုသည့် ဖုန်းနံပါတ် သုံးလုံးကို စာရင်းသွင်းထားရမည်ဖြစ်ကာ ယင်းဖုန်းများသို့ သတ်မှတ်ထားသည့် ကာလအတွင်း ထက်ဝက် ဈေးဖြင့် ခေါ်ဆိုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ဆောင်မှုများနှင့် ပတ်သက်ပြီး ဖြေကြားပေးနေသည့် 1876 Call Center က တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖုန်းပြောဆိုခလျှော့ချပေးမည့် Friend and Family Service ၀န်ဆောင်မှု အစီအစဉ်ကို သြဂုတ်လ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ယင်းဝန်ဆောင်မှုကို ရယူရာတွင် ၀န်ဆောင်ခအတွက် ကျပ် ၂၅၀၀ ကို မိမိဖုန်းဘီလ်မှ နုတ်ယူသွားမည်ဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှုတွင် စာရင်းသွင်းထားသည့် မိုဘိုင်းဖုန်း သုံးလုံးသို့သာ ၂၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ကျန်ဖုန်းများသို့ ခေါ်ဆိုမှုမှာ ကျပ် ၅၀ ပင်ဖြစ်သည်။

1876 Call Center ၏ တာဝန်ရှိသူ တစ်ဦးက“ဖုန်းတစ်လုံးက ခေါ်ဆိုမှု အများဆုံးလုပ်တဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တွေရဲ့ ဖုန်းတွေကို စာရင်းပေးထားရမှာ ဖြစ်ပါတယ်။ ဒီဖုန်းတွေကို ခေါ်ရင် တစ်မိနစ် ၂၅ ကျပ်နှုန်း ကောက်ခံသွားမှာပါ” ဟုဆိုသည်။

ဝန်ဆောင်မှုရယူရန်အတွက် ဖုန်းနံပါတ် ၁၃၃၁ သို့ ADD စာရင်းသွင်းလိုသည့် ဖုန်းနံပါတ် သုံးလုံး (ဥပမာ - ADD 094…)ကို မက်ဆေ့ခ်ျပေးပို့ရမည်ဖြစ်သည်။ ယင်းစာရင်းတွင် ပေးပို့ထားသည့် ဖုန်းနံပါတ်သုံးလုံးသို့ ဆက်သွယ်ခေါ်ယူမှုများအတွက် တစ်မိနစ် ၂၅ ကျပ်နှုန်းကို စတင်ဝန်ဆောင်မှုရယူသည့် အချိန်မှ ရက်သုံးဆယ်အတွင်း ရရှိမည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယခုကဲ့သို့ ဈေးလျှော့ချခြင်းအပေါ် စီးပွားရေးပညာရှင်တစ်ဦးက “ရက်သုံးဆယ်ကို ကျပ် ၂,၅၀၀ ဆိုတော့ (၀န်ဆောင်ခက) တစ်ရက် ကို ၈၀ နှုန်းလောက်ကျပါတယ်။ ဖုန်းသုံးတာများတဲ့သူကတော့ တန်ပါတယ်။ အော်ပရေတာတွေအနေနဲ့ အသုံးပြုသူကို အပြိုင် ဆွဲဆောင်မှာပါပဲ” ဟု သုံးသပ်သည်။

ပြည်ပအော်ပရေတာများက ဖုန်းချပေးရန် စီစဉ်မှုများ ပြုလုပ်နေချိန်တွင် မြန်မာ့ဆက်သွယ်ရေးက ယခုကဲ့သို့ ပရိုမိုးရှင်းအစီအစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှု အခြေအနေနှင့် အော်ပရေတာများ၏ အသုံးပြုသူအပေါ် ဆွဲဆောင်မှုများနှင့်ပတ်သက်ပြီး မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုအပေါ် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ နည်းပညာအရာရှိ ကိုစိုးသီဟနောင်က“ဖုန်းနံပါတ်ကို အသေဖြစ်ဖို့ လိုအပ်တယ်ဆိုတာမျိုးက ဒီမှာ နည်းပါတယ်။ ဒီနိုင်ငံမှာက ဖုန်းကို အချိန်မရွေး ပြောင်းကိုင်လိုက်လို့ရတဲ့ အနေအထားများ ပါတယ်။ တစ်ဖက်က ၂၅ ကျပ်ဆိုရင် ကိုယ့်ဘက်ကလည်း များမနေဖို့ လိုတယ်။ မဟုတ်ရင် ပိုကောင်းတဲ့ဟာကို ပြောင်းသုံးကြမှာပဲ”ဟု သုံးသပ်ခဲ့သည်။

အဆိုပါဝန်ဆောင်မှုကို အသုံးပြုရန် စာရင်းသွင်းလိုက်သည့် ကမာရွတ်မြို့နယ်နေသူ တစ်ဦးက “၂၅၀၀ ဖြတ်ထားပေမယ့် ဖုန်းသုံးလုံးကိုပဲ ရမယ်။ အားလုံးကိုရတာ မဟုတ်ဘူး။ ဒီသုံးလုံးနဲ့လည်း နေ့တိုင်း ပြောဖြစ်နေမှာ မဟုတ်ပါဘူး။ ဖုန်းအားလုံးကို ၂၅ ကျပ်နဲ့ ရနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အခုကျတော့ အဆင်မပြေပါဘူး”ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးက ပေးမည့်ဝန်ဆောင်မှုတွင် GSM နှင့် WCDMA ဖုန်းများသာ ပါဝင်မည်ဖြစ်ပြီး CDMA ဖုန်းများအတွက်လည်း ၀န်ဆောင်မှု ဆက်လက်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။ စာရင်းတွင် ပေးထားသည့် ဖုန်းသုံးလုံးမှ တစ်လုံးကို ပြောင်းလဲခွင့်ရရှိမည်ဖြစ်ပြီး ပြောင်းလဲလိုပါက MODIFY ပေးပို့ပြီး ဖုန်းနံပါတ်အစားထိုး လဲလိုသော နံပါတ်အသစ်ကို ၁၃၃၁ သို့ မက်ဆေ့ခ်ျပေးပို့ကာ ပြောင်းလဲထည့်သွင်းနိုင်မည် ဖြစ်သည်။

အချိုးကျကိုယ်စားပြုမဲစနစ်ကို ရန်ကုန်မှာ ကန့်ကွက်လှုပ်ရှားဖို့ရှိ

DVB

ပေါက်တောမြို့နယ်ခန်းမ ကျပ်သိန်းပေါင်း(၂၆၀၀)ကျော် အကုန်ကျခံတည်ဆောက်မည်

လင်းမြတ်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ခန်းမကို ကျပ်သိန်းပေါင်း (၂၆၀၀) အကုန်အကျခံ တည်ဆောက်သွားမည်ဟု သိရသည်။

၎င်းမြို့နယ်ခန်းမမှာ အလျား (၁၂၀) ပေ၊ အနံ (၆၀) ပေရှိမည် ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရ ရံပုံငွေမှ ခွင့်ပြုငွေ ကျပ်သိန်းပေါင်း (၂၆၀၀) ဖြင့် တည်ဆောက်သွားမည်ဟု ပေါက်တော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးလှိုင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

” ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှာ ရခိုင်ပြည်နယ် အစိုးရ ဘတ်ဂျက်ငွေက ခွင့်ပြုထားတာ ဖြစ်ပါတယ်။ တည်ဆောက်ရန်အတွက် ခွင့်ပြုထားပီးပါပြီ။ တည်ဆောက်မယ့်နေရာကို အခု မြို့မိ မြိုဖတွေနဲ့ တိုင်ပင်ပြီးတော့ ရှာနေတယ် ” ဟု သူက ဆိုသည်။

ပေါက်တောမြို့နယ် ခန်းမအား ပေါက်တော-မင်းပြား ကားလမ်းအနီးတွင် တည်ဆောက်ရန် စီစဉ်နေပြီး လိုအပ်မည့် မြေနေရာများကို လယ်သမားများထံမှ ဝယ်ယူရန်အတွက် အဖွဲ့ဝင် (၈) ဦးပါဝင်သော ကော်မီတီ တစ်ရပ်ကို ဇူလိုင်လ (၂၇) ရက်နေ့က ဖွဲ့စည်းတာဝန်ပေးခဲ့သည်ဟု သိရသည်။

ယခု ခွင့်ပြုငွေ ကျပ်သိန်း (၂၆၀၀)မှာ အဆောက်အဦး တည်ဆောက်ရန်အတွက်သာ ဖြစ်ပြီး မြေနေရာ ဝယ်ယူရန်အတွက် မပါဝင်သေးကြောင်း၊ သို့အတွက် ထပ်မံပြီး လိုအပ်မည့် ငွေပမာဏကို ပြည်နယ် လွှတ်တော်၌ ဆက်လက် တင်ပြတောင်းခံသွားမည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ဆိုသည်။

“ပေါက်တာ-မင်းပြားကားလမ်း ဘေးမှာ မြို့တော်ခန်းမ ဆောက်မယ်ဆိုပြီး ကော်မတီတစ်ရပ် ဖွဲ့ပြီး မြေရှာခိုင်းထားတယ်။ ခုက ခွင့်ပြုငွေက အဆောက်အဦးအတွက် ပေးတာ၊ မြေနေရာအတွက် မပါသေးဘူး။ ဒါကြောင့် ဒဿမအကြိမ် ပြည်နယ်လွှတ်တော်မှာ ဆက်လက် တင်ပြရဦးမယ် ” ဟု သူက ပြောသည်။

မူလက မြို့တော်ခန်းမအား လောကထိပ်ပန်ဘုရားကြီးရှေ့မြေကွက်လပ်တွင် တည်ဆောက်ရန် စီစဉ်ခဲ့ကြသော်လည်း ထိုနေရာမှာ ပေါက်တောမြို့၏ ဘုရားပွဲများ ကျင်းပသည့်နေရာဖြစ်၍ မြို့သူမြို့သားများက ကန့်ကွက်သည့်အတွက် ပေါက်တော- မင်းပြားကားလမ်းအနီးတွင် တည်ဆောက်ရန် မြေနေရာကို ရွှေ့ပြောင်း လျှာထားရခြင်း ဖြစ်သည်ဟု သိရသည်။

အမုန်းစကားကြောင့် အမုန်းမပွားစေရေးလှုပ်ရှားမှု မွတ်စလင်ရပ်ကွက်များတွင် ပြုလုပ်မည်

အောင်ကိုဦး

အမုန်းပွားမှု လျှော့နည်းပပျောက်စေရန် “အမုန်းစကားကြောင့် အမုန်းမပွားစေဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ ” လှုပ်ရှားမှုနှင့် အသိပေးစတေကာ ကပ်ခြင်းကို သြဂုတ်လ ၅ ရက်တွင် အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် ရပ်ကွက်များအတွင်း ပြုလုပ်သွားမည်ဟု မေတ္တာကမ်ပိန်းမှ အထက်မြန်မာပြည်တာဝန်ခံ ဦးညီညီကျော်က မဇ္ဈိမကို ပြောသည်။

“အစ္စလာမ်ဘာသာဝင်အများစုနေ ထိုင်တဲ့ရပ်ကွက်တွေမှာ အစ္စလာမ်ဘာသာဝင် လူငယ်တွေနဲ့ လုပ်ဆောင်သွားမယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀ါကျွတ်အခါသမယမှာ လုပ်သွားမယ်” ဟု ဦးညီညီကျော်က ပြောသည်။

လူငယ်များ၏ စိတ်ထဲတွင် အမုန်းတရားများ မရှိစေဘဲ ချစ်ခင်ရင်းနှီးစွာဖြင့် စည်းစည်းလုံးလုံး နေထိုင်သွားစေရန် ရည်ရွယ်ပြီး လုပ်ဆောင်သည်ဟု ဆိုသည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့် လူငယ်ထု၏ စိတ်တွင် မေတ္တာတရားများဖြစ်ပေါ်လာပြီး ညီရင်းအစ်ကို စိတ်မွေးမြူတတ်လာစေရန် ရည်ရွယ်သည်ဟု ဦးညီညီကျော်က ဆိုသည်။

မန္တလေးမြို့ခံ ဒေါက်တာ ဒေါ်မိုးမိုးအောင်က“မတူကွဲပြားမှုတွေကို အင်အားအဖြစ် အသုံးပြုရင် နိုင်ငံတော် တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမှာပါ။ အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရှိစေချင်တယ်။ လူငယ်တွေကြားမှာ အမုန်းပွားမှု လျော့နည်းပပျောက်စေချင်တယ်။ ဒါကြောင့် အခုလိုကမ်ပိန်းတွေ များများလုပ်ပေးစေချင်တယ်”ဟု မဇ္ဈိမကို ပြောသည်။

လူငယ်များသည် လက်ရှိအခြေအနေတွင် ထိလွယ်ရှလွယ်သဘောတွင်ရှိနေသောကြောင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် ယင်းလှုပ်ရှားမှုကို ဆက်တိုက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဗုဒ္ဓဘာသာဝင်နှင့် အခြားဘာသာဝင်များရှိ လူငယ်များကလည်း ရပ်ကွက်များအတွင်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အမုန်းစကားကြောင့် အမုန်းမပွားစေဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ စာသားများပါသော စတေကာများ ဖြန့်ဝေပေးသွားမည်ဟု ဆိုသည်။ အဆိုပါလှုပ်ရှားမှုကို မန္တလေးမြို့တွင် ဧပြီလမှစ၍ လူစည်ကားရာနေရာများတွင် အကြိမ်ကြိမ်ပြုလုပ်ပြီးဖြစ်သည်ဟု ဆိုသည်။

မဲအချိုးကျ ကိုယ်စားပြုစနစ် (PR) နဲ့ ပိုမိုရှုပ်ထွေးလာမယ့် ၂၀၁၅ ရွေးကောက်ပွဲ

ထက်နိုင်ဇော်

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) က အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်မှာ ဆန္ဒမဲအချိုးကျ ကိုယ်စား ပြုစနစ် (PR) ရွေးကောက်ပွဲတွေမှာ ကျင့်သုံးရေးအဆို တင်ပြအောင်မြင်ခဲ့ပြီးတဲ့နောက် ပြည်သူ့လွှတ်တော်မှာပါ PR စနစ် ကျင့်သုံးရေး NDF ပါတီက တင်ပြလာတာမို့ PR စနစ်ထောက်ခံသူတွေ အမတ်တွေနဲ့ ကန့်ကွက်သူ တွေ အမတ်တွေကြားမှာ အချေအတင် အငြင်းပွားမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှား မှုတွေကြောင့် နိုင်ငံရေး အကျပ်အတည်းဖြစ်နေတဲ့ မြန်မာ့နိုင်ငံ ရေးမှာ PR စနစ်တွေကြောင့် ပိုမို ရှုပ်ထွေးမယ့် နိုင်ငံရေး အခြေအနေတွေကို ဦးတည် လာပါတယ်။ NDF ပါတီ က အမျိုးသားလွှတ်တော် မှာ PR စနစ် တင်သွင်းလိုက်တဲ့အခါ လွှတ်တော် အမတ်တွေကြားမှာ ချက်ချင်း ဆိုသလို PR ထောက်ခံသူနဲ့ ကန့်ကွက်သူဆိုပြီး နိုင်ငံရေးအုပ်စု ၂ ခုကြီး ကွဲသွားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားလွှတ်တော်အမတ် PR စနစ်ကို အပြင်းအထန် ကန့်ကွက်ကြပြီး ပြည်သူ့လွှတ်တော်မှာ PR စနစ် တင်သွင်းဆွေးနွေးလာချိန်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင် အမျိုးသားပါတီ၊ ဖလုံစ ဝေါ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့လို တိုင်းရင်းသားပါတီတွေက လွှတ်တော်အမတ် ၃၈ ဦးက လွှတ်တော်မတက်ဘဲ ခွင့်ယူသပိတ်မှောက် လိုက်ကြပါတယ်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ကချင်ပြည်နယ်မှ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီတို့က PR စနစ်ကိုထောက်ခံကြပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ PR စနစ် ကျင့်သုံးတဲ့ နေရာမှာ ပြည်သူအားလုံးရဲ့ ထောက်ခံမှုလိုတယ်လို့ ပြောဆိုပြီး အဆိုကို ကန့်ကွက်ခြင်း မရှိဘဲ ထောက်ခံကြပါတယ်။

NLD မပါဝင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ရေးအနေနဲ့ ၂၀၁၅ ရွေးကောက် ပွဲမှာ အရှုံးနဲ့ကြုံတွေ့မှာကို မလို လားတာမို့ PR စနစ်ကို ကျင့်သုံးနိုင်မယ်ဆိုရင် NLD အပြတ်အသတ် အနိုင်ရ မှာကို တားဆီးနိုင်မယ်လို့ ကြိုတင်တွက်ချက်ထားပုံပေါ်ပါတယ်။ ဒါကြောင့် PR စနစ် မဖြစ်ဖြစ်အောင် အသက် သွင်းမယ့် ဦးဆောင်ပါတီအဖြစ် ကြံ့ခိုင်ရေးပါတီက ရပ်တည် သွားမယ့်သဘောထား ပြောင်းလဲမယ့်ပုံမပေါ် ပါဘူး။

PR စနစ် တင်သွင်းသူတွေနဲ့ ထောက်ခံသူတွေ က တဖက် ၊ ကန့်ကွက်သူတွေက တဖက် အချေအတင် အငြင်းပွားနေရာကနေ နိုင်ငံရေး အုပ်စု ၂ ခု ကွဲထွက်နေတာမို့ ပြေလည်အောင် မဖြေရှင်းနိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျပ်အတည်းကြီးတခုကိုသေချာပေါက် ဦးတည်နေပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ အခုဆိုရင် PR စနစ် ကျင့်သုံးနိုင်ရေးအတွက် PR ကော်မရှင်တရပ် ဖွဲ့စည်း ပြီးတော့ ဆက်လက်ဆောင်ရွက်နေပါပြီ။ PR စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ အဓိကရည်ရွယ် ချက်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိမှာကို မလိုလားတာကြောင့်ဖြစ်ပြီး ဒီစနစ် ကို မြန်မာ့နိုင်ငံရေး လောကထဲကို ဆွဲသွင်းလာတဲ့ သူကတော့ NLD ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကွယ်လွန်သူ ဒေါက်တာ သန်းငြိမ်းပဲ ဖြစ်ပါတယ်။ ဒေါက်တာ သန်းငြိမ်းက ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ကခွဲထွက်ခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး NLD အသိုင်းအဝိုင်းရဲ့ အမေ့ခံ နိုင်ငံရေး သမား တဦးဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါကြောင့် PR စနစ်မှာ NLD အနိုင်မရရေးဆိုတဲ့ ရည်ရွယ်ချက်ရှိနေ တာကတော့ လုံးဝ ငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ လွှတ်တော်အမတ် ဦးဘရှိန်က PR စနစ် ကျင့်သုံးမယ်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲမယ်လို့ သတိပေးပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဌေးနိုင်က PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေ ဒီစနစ်အကြောင်း သေသေချာချာ သိရှိအောင်ပြုလုပ်ပြီး ပြည်သူ့ဆန္ဒခံယူပြီးမှ လုပ်သင့် ကြောင်း၊ တိုင်းရင်းသား ပြည်သူများ အားလုံး လက်ခံမှသာ လုပ်ဆောင်သင့်တယ်လို့ ဇူလိုင်လ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်း အဝေးမှာ တင်ပြပြောဆိုပါတယ်။

PR စနစ်ဆိုတာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲ ရေးနဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ အကျိုး စီးပွားကို ဖော်ဆောင်နိုင်ခြင်း မရှိဘဲ ပါတီတချို့ အတွက်သာ အကျိုးရှိနိုင်တဲ့အတွက် PR စနစ်ကို အခုလောလောဆယ် ရွေးကောက်ပွဲမှာ ပြောင်းလဲ ကျင့်သုံးဖို့ မသင့်သေးကြောင်း၊ PR စနစ်မှာ လွန်စွာ ရှုပ်ထွေးနေသည့်အပြင် ရွေးကောက်ပွဲမှာ နေရာ အားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတဲ့ အား နည်းတဲ့ တိုင်းရင်းသား ပါတီတွေ အတွက် မမျှတ ကြောင်း ၊ မဲအချိုးကျ ခွဲဝေယူရမည့်စနစ်မှာ တန်းစီ စနစ်ဖြစ်သောကြောင့် တိုင်းရင်းသား တွေအနေနဲ့ နောက်ဆုံးမှာ တန်းစီရမှာဖြစ်တယ်လို့ တိုင်းရင်းသား တွေက ထောက်ပြကြပါတယ်။

ဒီမိုကရေစီ မရင့်ကျက်သေးတဲ့ ၂၀၁၄ ခုနှစ်မှာ PR စနစ်ကို အသည်းအသန်ကြိုးပမ်းနေရတဲ့ အကြောင်းအရင်း က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးမယ်လို့ထင်တဲ့ပါတီတွေက မရှုံးဖို့ပါပဲလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

“အခု နိုင်ငံရေး အခြေအနေကို ကြည့်ပြီး ထလုပ်တာ။ ပြည်ခိုင်ဖြိုး ပါတီက ၂၀၁၅ မှာတော့ ငါတို့ပါတီက အခြေအနေ မကောင်းနိုင်ဘူး။ ၉၀ ခုနှစ်က တစည ရင်ဆိုင်ခဲ့ရတဲ့ ကံကြမ္မာမျိုး ငါတို့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး သုံးသပ်လာတယ်။ ဒီအခြေ အနေကို သဘောပေါက်လာတဲ့အခါမှာ ဒီ PR လုပ်မှဖြစ်မှာဆိုပြီး ထလုပ်တာပဲ။ ဒီလိုမှမလုပ်ရင် သူတို့အခွင့်အရေးမရတော့မှာဆိုပြီး လုပ်တာ။ ဒီနေ့ လွှတ်တော်မှာ PR ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဆိုတော့ ကျနော်တို့က ဒါကိုဆန္ဒပြတဲ့အနေနဲ့ မသွား တာပါ။ PR ကိစ္စ ဆွေးနွေးတဲ့နေ့တိုင်း မတက်ဖို့ ဆုံးဖြတ်ထားကြတယ်” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက သီပေါမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရဲထွန်းက ရှင်းပြတယ်။

PR စနစ် ကျင့်သုံးမယ်ဆိုတဲ့ အဆိုကြောင့် လွှတ်တော်နဲ့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ ရိုက်ခတ်မှု ကြီးကြီးမား မားရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲကို သပိတ် မှောက်မယ့် နိုင်ငံရေးပါတီတွေထွက်ပေါ်ပြီး နောက် တကြိမ် အာဏာရှင်စနစ် ပေါ်ထွန်းလာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုသိမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “ဒီ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် လူမျိုးစွဲ၊ ဝါဒစွဲ၊ အစွန်း ရောက်ပါတီတွေက အချိုးကျစနစ်နဲ့ မဲရလာနိုင်တယ်။ အဲဒီလို ဖြစ်လာရင် တိုင်းပြည်ရဲ့ ကံကြမ္မာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။ ဂျာမနီနိုင်ငံမှာ PR စနစ် ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင် ဟစ်တလာ တက်လာ တာကို ကျနော် ဥပမာပေး ထောက်ပြခဲ့တယ်။ ဂျာမန် ဒီမိုကရေစီ ပျက်စီးရခြင်းဟာ PR စနစ်ကြောင့်လို့ ပြောစမှတ်တွင်သွားတယ်။ အခုဒီက ဒီမိုကရေစီ စနစ်က အပင်ပေါက်လေးပဲရှိသေးတယ်။ သင်းသတ်တဲ့ ပုံစံမျိုးတော့ အဖြစ်မခံနိုင်ဘူး” လို့ ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။

PR စနစ်ကျင့်သုံးမယ်ဆိုတဲ့အဆို အောင်မြင် သွားခဲ့ရင်တော့ မြန်မာ့နိုင်ငံရေးအတွက် ရလဒ် မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပြီး အုပ်စုကွဲ နိုင်ငံရေးစနစ်ကြားမှာ ဒီမိုကရေစီ အညွန့်ကျိုးမယ့် အခြေအနေ ဆိုက်ရောက်နိုင်ပါတယ်။

PR စနစ်ရဲ့ အကျိုးဆက် တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အစိုးရစစ်တပ်ကြား ငြိမ်းချမ်းရေး သဘောတူ ညီချက် အပေါ်လည်း ဆိုးကျိုးသက်ရောက်နိုင်တာမို့ အာဏာရကြံ့ခိုင်ရေးပါတီနဲ့ လွှတ်တော်က PR စနစ် ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ၂၀၁၅ ရွေး ကောက်ပွဲ ပိုမိုရှုပ်ထွေးစေမှာဖြစ်ပြီး ဒီမိုကရေစီ ရှင်သန်ရေးကို အားနည်းသွားစေမှာ အသေအချာ ဖြစ်ပါတယ်။

ပဲဈေးကွက် တရုတ်ဝယ်လက်အေးနေလို့ ကုန်သည်တွေ ဈေးမပေးနိုင်

DVB

အစွန်းရောက်နှင့် အကြမ်းဖက်အဖွဲ့ဝင်များ နေရာရနိုင်ဟု တပ်မတော်သား သတိပေး

ဝင်းကိုကိုလတ်

အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်)စနစ်ကို ကျင့်သုံးပါက လက်နက်ကိုင်အဖွဲ့အစည်းများ၊ အစွန်းရောက်နှင့် အကြမ်းဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း လွှတ်တော်တွင် နေရာရလာနိုင်သဖြင့် နိုင်ငံလုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးတို့ကို ထိပါးလာနိုင်သည်ဟု တပ်မတော်သား အမတ်တစ်ဦးက သတိပေးခဲ့ပြီး သင့်လျော်သည့် ရွေးကောက်ပွဲစနစ် ရွေးချယ်ရန် ပြည်သူ့လွှတ်တော်က ကော်မရှင်ဖွဲ့ရန် ဆုံးဖြတ်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇင်က မြန်မာနိုင်ငံအတွက် သင့်လျော်မည့် ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော် အမတ်များနေရာအတွက် သုံးစွဲရေးကို အမတ်စုစုပေါင်း ၃၉ ဦးက ဆွေးနွေးရာတွင် ဇူလိုင်လ ၂၄ ရက်က ၁၀ ဦး၊ ဇူလိုင်လ ၂၈ ရက်က ၁၈ ဦးနှင့် ယနေ့ ၁၁ ဦး ဆွေးနွေးခဲ့ရာတွင် ပြည်ခိုင်ဖြိုးအမတ် ငါးဦးက ထောက်ခံ၊ အင်န်အယ်လ်ဒီ အမတ် သုံးဦးနှင့် ရခိုင်အမျိုးသားပါတီအမတ် နှစ်ဦးတို့က ကန့်ကွက်ခဲ့ပြီး တပ်မတော်သားအမတ်ကမူ နိုင်ငံနှင့် အမျိုးသားလုံခြုံရေးကို အလေးထားရန် ပြောကြားခဲ့သည်။

တပ်မတော်သားအမတ် ဒု-ဗိုလ်မှူးကြီး ဖေကြိုင်က “ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ရာတွင် ပါတီ၏ အကျိုး၊ လူပုဂိ္ဂုလ်အကျိုးတို့ထက် နိုင်ငံလုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးကို ထိပါးမှုမရှိအောင် စဉ်းစားရွေးချယ်သင့်ကြောင်း ထင်မြင်ယူဆပါတယ်”ဟု ဆွေးနွေးခဲ့သည်။

ထို့အပြင် ပြည်ထောင်စုကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ တိုင်းရင်းသားလူမျိုးများ၏ ပျံ့နှံ့တည်ရှိမှု၊ ဒေသအလိုက် တည်ငြိမ်အေးချမ်းမှု၊ မဲဆန္ဒနယ်များ၏အပိုင်းအခြားနှင့် လူဦးရေအခြေအနေများကို ထည့်သွင်းစဉ်းစား၍ အဖြေရှာသင့်သည်ဟုလည်း ထောက်ပြခဲ့သည်။

ရခိုင်တိုးတက်ရေးပါတီ၊ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက အဆိုရှင် ဦးအောင်ဇင်တင်ပြသကဲ့သို့ မဲအများဆုံးရသူ အနိုင်ရသည့်စနစ်သည် ရွေးကောက်ခံအာဏာရှင်စနစ်ကို ဖြစ်ပေါ်စေသည်ဆိုပါက၂၀၁၀ ရွေးကောက်ပွဲမှာ ယင်းစနစ်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သည့် ပြည်ခိုင်ဖြိုးပါတီအစိုးရသည် အာဏာရှင်အစိုးရလား၊ ပြည်ခိုင်ဖြိုးပါတီဝင်အများစု ပါဝင်သည့် လွှတ်တော်သည် ပြည်သူများ၏အမြင်ကို မထင်ဟပ်နိုင်သည့် လွှတ်တော်ဖြစ်သလော၊ တစ်ဖက်စောင်းနင်း လွှတ်တော်ဆိုသည်လား တွေးတောဆင်ခြင်သင့်ပါသည်ဟု ထောက်ပြခဲ့သည်။

အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ကော်မရှင်က ကိုယ်စားလှယ်များ တင်ပြဆွေးနွေးချက်များအပေါ်တွင် လိုအပ်လာသည့် ဥပဒေကြောင်းရေးရာများနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်းသာ လေးစားလိုက်နာမည်ဟု ပြောကြားခဲ့သည်။ ယင်းနောက် သင့်လျော်သည့် ရွေးကောက်ပွဲစနစ်အတွက် ကော်မရှင်ဖွဲ့ရန် ကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့ခြင်းဖြစ်သည်။

တရားမ၀င်မှောင်ခိုတင်သွင်းမှု ပို့ကုန်သွင်းကုန် အက်ဥပဒေဖြင့် အရေးယူတော့မည်

သာနိုးဝေ

စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်မှောင်ခိုတားဆီးရေး (Mobile Team) အဖွဲ့က တရားမ၀င်မှောင်ခိုပစ္စည်းတွေ သွင်းရင် ထောင်ဒဏ်ပါ ချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင် အရေးယူတော့မှာ ဖြစ်ပါတယ်။

Mobile Team အဖွဲ့က တတိယအဆင့်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေက တရားမ၀င်ကုန်စည် စစ်ဆေးတာတွေကို ဇူလိုင်ကစလို့ လ တလလုံး ပညာပေးကာလအနေနဲ့ စတင်ခဲ့တာပါ။

ပညာပေးကာလ အတွင်းမှာတော့ တရားမ၀င်ကုန်ပစ္စည်းတွေ ဖမ်းမိပါက အရေးယူဆောင်ရွက်တာမျိုးမလုပ်ပဲ အခွန်ဆောင်ခိုင်းတာ၊ ဒဏ်ရိုက်တာလောက်ပဲ လုပ်ဆောင်ရာကနေ သြဂုတ်လကနေစပြီး ထောင်ဒဏ်ပါချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင်အရေးယူတော့မယ်လို့ Mobile Team အဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

“ဒီသတ်မှတ်ချက်အတိုင်းသွားရင်တော့ လက်ရှိ ၁ ရက် ၈ လ မှာ အရေးယူ ကာလ စတင်ပေးရမှာပါ။ အရေးယူကာလမှာ လက်ရှိ ပညာပေးကာလမှာ ဆောင်ရွက်နေတဲ့ အကောက်အခွန်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ပင်လယ်ကြောင်း အကောက်အခွန်ဥပဒေအပြင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်အတည်ပြုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ပဲ လွှဲပြီး အရေးယူရမှာပါ။ ဖြစ်စဉ်ရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး ယူသင့် မယူသင့်ကို ဒီအဖွဲ့တွေက ဆုံးဖြတ်သွားမှာပါ။ အားလုံးကို ဒါကြီးနဲ့ ယူမယ်လို့လည်း မဟုတ်ပါဘူး။ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ ကာယကံရှင်တွေ မနစ်နာအောင်လည်း ကျနော်တို့ဘက်က ပြင်ဆင်ပြီး လုပ်ပေးမှာပါ။”


ပို့ကုန်သွင်းကုန်ဥပဒေနဲ့သာ အရေးယူခံရမယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်အထိ အချခံရနိုင်ပြီး ငွေဒဏ်တွေလည်း ချမှတ်ခံရနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ပညာပေးကာလ တလအတွင်းမှာပဲ ထီးတန်း အေးရှားဝေါ ဆိပ်ကမ်းတွေမှာ ထူးခြားဖြစ်စဉ် ၃၁ ခုထိ တွေ့ရှိခဲ့ရပြီး တရားမ၀င် သယ်ဆောင်လာတဲ့ စက်ပစ္စည်းတွေ နဲ့ ဘေထုတ်တွေ ထောင်ချီ ပါဝင်တာတွေ့ရှိခဲ့ရပါတယ်။

ဆိပ်ကမ်းတွေမှာ တလအတွင်း တွေ့ရှိရတဲ့ ထူးခြားဖြစ်စဉ်တွေကိုလည်း ဦးတင်ရဲဝင်းက က ခုလိုပြောပြပါတယ်။

“ကွန်တိန်နာ ၁ လုံးထဲမှာ စက်ပစ္စည်း ဆိုပါတော့။ တွင်ခုံလို စက်ပစ္စည်း။ ၁ လုံးဆိုပြီး ဖော်ပြထားတယ်။ မြေပြင်မှာ စစ်လိုက်တဲ့အခါမှာ ၂ လုံးဖြစ်နေတယ်။ ဒါပေမယ့် အဲဒီ ၁ လုံးဆိုတာ မျိုးကလည်း ၁၀ ပေ ပတ်လည်လောက်ရှိတဲ့ စက်ကြီးတွေ။ ဒီလိုဟာမျိုးတွေလည်း တွေ့ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ကွန်တိန်နာ ၇ လုံးနဲ့ ဂျပန်နိုင်ငံက ပို့လိုက်တဲ့ brand new လို့ လိုင်စင်ထဲမှာ ဖော်ပြထားတယ်။ မြေပြင်မှာ စစ်လိုက်တော့ ဘေထုတ်တွေ ဖြစ်နေတယ်။ စုစုပေါင်း ဘေထုတ် ၁၁၇၂ ထုတ်လောက်မှာ အထည်မျိုးစုံ ၃ သိန်း ၃ သောင်း လောက်ပါနေတာ တွေ့ရတယ်။ ဒါမျိုးတွေက ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်ပါတယ်။”

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး တရားမ၀င်ကုန်သွယ်နေတဲ့ နယ်စပ်လမ်းကြောင်းတွေမှာ ရွေ့လျား စစ်ဆေးရေးအဖွဲ့ Mobile Team တွေဖွဲ့ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Mobile Team အနေနဲ့ စတင်ဖွဲ့ စည်းခဲ့တဲ့ အချိန်ကနေ ခုထိ တရားမ၀င် ကုန်စည်ဖမ်းဆီးမှုကနေ ၂၀ ဘီလီယံနီးပါး ရရှိခဲ့ပါတယ်။

ပီအာရ်ကို ကန့်ကွက်၊ ကော်မရှင် ဖွဲ့မည်ကို မကန့်ကွက်ဟု ဒေါ်စုပြော

ဝင်းကိုကိုလတ်

အချိုးးကျကိုယ်စားပြုစနစ် (ပီအာရ်)ကို ပြည်သူ့လွှတ်တော်တွင် ကျင့်သုံးရေးဆိုသည့် ပုဇွန်တောင် လွှတ်တော်အမတ် ဦးအောင်ဇင်၏အဆိုအား ကန့်ကွက်ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်ရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းရေးကို ကန့်ကွက်ခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့မီဒီယာများအား လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က“အန်တီတို့ထောက်ခံတာက ဥက္ကဋ္ဌကြီးပြောသွားတာကိုထောက်ခံတာ၊ ဦးအောင်ဇင် ပြောသွားတဲ့ အဆိုအတိုင်း မဟုတ်ဘူး၊ အဲဒါကို အန်တီတို့ ဗွိုက်စ်(အသံ)ကနေပြီးတော့ နားထောင်မယ်၊ နားထောင်ပြီးရင် အသံဖိုင်ထဲမှာ ပါတဲ့အတိုင်း ဥက္ကဋ္ဌကြီးပြောသွားတဲ့အဆိုကို ထောက်ခံတာပါဆိုပြီးတော့ အန်တီတို့ရဲ့ ကိုယ်စားလှယ်တွေအားလုံး လက်မှတ်ထိုးပြီးတော့ တရားဝင်တင်မယ်”ဟု လွှတ်တော်အပြီးတွင် ပြောကြားသည်။

သို့သော် မည်သည့်အချိန်တွင်တင်မည်ဆိုသည်ကိုမူ ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ် မပြောကြားခဲ့ပေ။ ယနေ့ လွှတ်တော်တွင် ပီအာရ်စနစ်ကို အကြိတ်အနယ်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏သဘောထားကို မေးမြန်းပြီးနောက် အဆိုရှင်ဦးအောင်ဇင်က မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ကို ကော်မရှင် သို့မဟုတ် ကော်မတီဖွဲ့လေ့လာရန် အဆိုထပ်မံတင်ခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မတ်တပ်ရပ်စနစ်ဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်။

ထိုသို့မဲခွဲဆုံးဖြတ်ရာ အင်န်အယ်လ်ဒီအမတ်များနှင့် တိုင်းရင်းသားအမတ်အချို့က ကန့်ကွက်နေစဉ် ဒေါ်အောင်ဆန်းစုကြည်က “ဥက္ကဋ္ဌကြီးရှင့် ကျွန်မကနေပြီးတော့ အဆိုကို ကန့်ကွက်တာ ထောက်ခံတာထက် ဘယ်အဆိုကို ကျွန်မတို့ ကန့်ကွက်နေတာ၊ ထောက်ခံနေတာဆိုတာ မရှင်းလို့ပါ၊ ဦးအောင်ဇင်ရဲ့ အာဂျင်ဒါထဲမှာ ရေးထားတဲ့အဆိုမှာဆိုလို့ရှိရင် ကော်မရှင်ဖွဲ့ရေးဆိုတာ လုံးဝမပါပါဘူး”ဟု ကန့်ကွက်ခဲ့သည်။

၎င်းက “အဲဒီဟာနဲ့ ဥက္ကဋ္ဌကြီးပြောလိုက်တာနဲ့ ကော်မရှင်ဖွဲ့ရေးကိစ္စကို သဘောတူလားဆိုတာ နည်းနည်း ကွဲလွဲမှုရှိနေလို့ပါ၊ ကျွန်မတို့က ဘာအတွက် ဆန္ဒပြုနေတာဆိုတာကို သိချင်ပါတယ်။ ကျွန်မတို့ ထောက်ခံနေတာ၊ ကန့်ကွက်နေတာဆိုတာ အခုအာဂျင်ဒါမှာပြထားတဲ့ ဦးအောင်ဇင်ရဲ့ အဆိုကိုလား၊ အခုဥက္ကဋ္ဌကြီးပြောသွားတဲ့ ရွေးကောက်ပွဲစနစ်၊ သင့်လျော်ရာရွေးကောက်ပွဲစနစ်ကို ဆွေးနွေးရမယ်ဆိုတဲ့ ကော်မရှင် အဖွဲ့ဖွဲ့စည်းရမယ်ဆိုတဲ့ အဆိုကိုလားဆိုတာ မရှင်းလို့ပါ၊ မရှင်းလို့ပါဆိုတာ ကျွန်မတို့အနေနဲ့ ကန့်ကွက်ဖို့ကော၊ ထောက်ခံဖို့ပါ ခက်ပါတယ်”ဟု ဖြည့်စွက် ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပီအာရ်စနစ်ကို ကျင့်သုံးရန် ကိုယ်တိုင်မထောက်ခံဘဲ သင့်လျော်သည့် စနစ်တစ်ခု ကျင့်သုံးရန် လေ့လာရေးအတွက် ကော်မရှင်ဖွဲ့ရေးသာဟု ပြောသည်။

ဆိပ်ကမ်းလေဆိပ် တရားမ၀င်ကုန်စည်တင်သွင်းရင် ထောင်ဒဏ်ပါ ချမှတ်နိုင်

DVB

တရားမ၀င်မှောင်ခိုတင်သွင်းမှု ပို့ကုန်သွင်းကုန် အက်ဥပဒေဖြင့် အရေးယူတော့မည်

ဆလိုင်းသန့်စင်

စစ်မှုထမ်းဟောင်း အဖွဲ့က လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းနှင့် အိမ်မဲမြို့နယ်မှ လယ်သမား ၁၉ ဦး ငါးခိုးမှုဖြင့် စွပ်စွဲ ဖမ်းဆီး ခံထားရကြောင်း သိရသည်။

ထို လယ်သမားများသည် စပါးစိုက်ပျိုးရန် လယ်ထဲသို့ ရေမောင်းသွင်းသည်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်မှုထမ်း ဟောင်း အဖွဲ့ထံမှ လယ်ယာမြေများ အငှားယူ လုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးလှအောင် ဆိုသူက ငါးခိုးသည်ဟု စွပ်စွဲ တိုင်ကြားရာ ရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ လတ်တလော၌ ပန်းတနော်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း လယ် သမားများအား လိုက်ပါ ကူညီပေးနေသည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး အဖွဲ့ဝင် ကိုဇော်ဇော်က ဧရာဝတီ သို့ ပြောသည်။

“လယ်သမားတွေက ပြီးခဲ့တဲ့ နွေစပါးစိုက်တုန်းက စပါးစိုက်ဖို့ ချောင်းထဲက ရေကို စက်နဲ့ မောင်းတင်တာ။ အဲဒါကို ငါးခိုးတယ် ဆိုပြီး စခန်းမှာ အမှုဖွင့်တာ။ လယ်သမားတွေလည်း မသိဘူး။ ဒီကိစ္စကို ထွေအုပ်၊ မြေစာရင်းနဲ့ တရားရေး ဌာနတွေနဲ့ ညှိနှိုင်း ပေးမယ် ဆိုပြီး လိမ်ခေါ်ပြီးတော့ မြို့ရောက်တော့ အကုန် လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာ။ တနေ့က ပထမဆုံး အကြိမ် ရုံးထုတ် တာ”ဟု ၎င်းက ပြောပြသည်။

ဇူလိုင် ၂၄ ရက်က ကျောင်းကုန်းမြို့နယ် ကုန်းရှမ်းကျေးရွာနှင့် အိမ်မဲမြို့နယ် ဆင်တိုးကျေးရွာမှ လယ်သမား ဦးဆိုင်ကင်းနှင့် ၁၈ ဦး ကို ငါးခိုးမှုဖြင့် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ပန်းတနော်မြို့နယ် မြို့မရဲစခန်း၌ ချုပ်နှောင်ထားသည်ဟုလည်း ဆိုသည်။

လယ်သမားများအား ပုဒ်မ ၄၄၇(ပိုင်နက် ကျူးလွန်မှု)၊ ၃၇၉(ခိုးမှု)၊ ၁၄၃ (လူအုပ်စုဖြင့် ပိုင်နက် ကျူးလွန်မှု) ပုဒ်မများဖြင့် အမှု ဖွင့် တရားစွဲဆိုထားပြီး လာမည့် သြဂုတ်လ ၅ ရက်တွင် ပန်းတနော်မြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်မည် ဖြစ်ကြောင်း သိရသည်။

လယ်သမားများ၏ ရှေ့နေ ဦးအေးသိန်းက “လယ်သမားတွေကို တပ်ထားတဲ့ ပုဒ်မတွေထဲမှာ ၄၄၇ ဆိုတဲ့ ပိုင်နက် ကျူးလွန်မှုနဲ့ ပုဒ်မ ၃၇၉ နဲ့ တွဲထားတာက သဘာဝမကျဘူး ဖြစ်နေတယ်။ ခိုးတယ်ဆိုတာက အိမ်ထဲကို ၀င်ခိုးချင်လည်း ခိုးမှာပဲလေ။ အဲဒါကို ပိုင်နက် ကျူးလွန်မှုနဲ့ ထပ်တွဲထားတာက မဖြစ်သင့်ဘူး။ ဥပဒေကြောင်းအရ လယ်သမားတွေအတွက် ဆောင်ရွက် ပေးသွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။

ဖမ်းဆီးခံနေရသည့် လယ်သမားများမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်မှုထမ်းဟောင်း အဖွဲ့၏ လယ်ယာမြေ သိမ်း ဆည်း ခြင်း ခံခဲ့ရသူများ ဖြစ်သည်ဟုလည်း ဆိုသည်။

ပန်းတနော်မြို့နယ် မိုးကုတ် ဒီးဒုတ်ကွင်း၊ ကွင်းအမှတ် ၅၉၇ (ခ) ရှိ လယ်ယာမြေဧက ၂၀၀ ခန့်ကို စစ်မှုထမ်းဟောင်း အဖွဲ့က ၂၀၀၀ ပြည့်နှစ်တွင် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ မြေသိမ်းခံခဲ့ရပြီးနောက် စစ်မှုထမ်းဟောင်း အဖွဲ့က မည်သည့်စိုက်ပျိုးမှုမှ မလုပ်ဘဲ လယ်သမားများကို ၁ ဧက ၁၀ တင်းနှုန်းဖြင့် သီးစားပြန်လည်ချထားပေးခဲ့ရာ လယ်သမားများ က သီးစားရယူ လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၂၀၁၂ ခုက စတင်ပြီး သီးစားခ မပေးဘဲ လယ်သမားများက လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ တရားစွဲဆို ခံရမှုများ ကြုံတွေ့ရခြင်း ဖြစ်သည်ဟု လယ်သမားများက ပြောသည်။

အိမ်မဲမြို့နယ် ဆင်တိုးကျေးရွာမှ လယ်သမား တဦးဖြစ်သည့် ဒေါ်နွဲ့က“လယ်တွေကို စစ်မှုထမ်းဟောင်းက သိမ်းသွားပြီးတော့ လယ်သမားတွေ ဆီကို ၁ ဧက ၁၀ တင်း သီးစား ပြန်ချတယ်။ လယ်သမားက ကိုယ့်လယ်ကိုပဲ သီးစားခပေး ပြန်လုပ်ရတယ်။ ၂၀၁၂ ခုနှစ် က စပြီးတော့ နိုင်ငံတော်က လယ်တွေ ပြန်ပေးတဲ့ အချိန်မှာ ကျမတို့က စစ်မှုထမ်းဟောင်းကို သီးစားခတွေ မပေးတော့ဘူး။ အဲဒီနောက်ပိုင်း စစ်မှုထမ်းဟောင်းဆီက အငှားယူပြီး လုပ်နေတယ် ဆိုတဲ့ ဦးလှအောင်က တရားစွဲတာ။ ၂၀၁၃ တုန်းက ပထမ တကြိမ် တရားစွဲပြီးပြီ။ ဒါက ဒုတိယအကြိမ် တရားစွဲတာ”ဟု ပြောဆိုသည်။

၂၀၁၁ ခုနှစ်က သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်ပိုင်း ပန်းတနော်မြို့နယ်တွင် အင်းသားကြီးများနှင့် ငါးကန် လုပ်ငန်းရှင်များ၏ စွပ်စွဲဖမ်းဆီးမှုကြောင့် ရေလုပ်သားနှင့် လယ်သမား ၁၀၀ ကျော် ဖမ်းဆီး ထောင်ချ ခံခဲ့ရကြောင်း ပန်းတနော် မြို့နယ်ရှိ တောင်သူလယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂ အဖွဲ့၏ စာရင်းများအရ သိရသည်။

အမြန်လမ်း ယာဉ်အန္တရာယ်လျှော့ချရေး Information Traffic Centre များ ထားမည်

လပြည့်ဝန်း

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြစ်ပေါ်နေသော ယာဉ်အန္တရာယ်များကို လျှော့ချရန်အတွက် နိုင်ငံတကာတွင် အသုံးပြုနေသော Information Traffic Centre များကို အမြန်လမ်းတွင် တည်ဆောက်တော့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အမြန်လမ်းအင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို ပြောသည်။

“အန္တရာယ် မဖြစ်အောင် အဝေးကနေ စောင့်ကြည့် စစ်ဆေးပေးနေမဲ့ ပုံစံမျိုးဖြစ်ပါတယ်။ နိုင်ငံတကာမှာ တော်တော်လေး တွင်ကျယ်နေပြီ။ ဒါ့ကြောင့် ဒီမှာလည်း သုံးဖို့စီစဉ်ရခြင်းဖြစ်တယ်။ လောလောဆယ်မှာလုပ် ပေးမယ့်ကုမ္ပဏီနဲ့ ငွေကြေးကိစ္စကို ညှိနှိုင်းနေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါစနစ်သည် အမြန်လမ်းပေါ်တွင် သွားလာမည့် ကားများတွင် အာရုံခံကိရိယာများ တပ်ဆင်ပေးထားမည်ဖြစ်ပြီး Information Traffic Centre မှ စီစီတီဗီနှင့် စောင့်ကြည့်မည်ဖြစ်သည်။ အာရုံခံကိရိယာတပ်ဆင်ထားသော ကားမှာ တစ်စုံတစ်ခုကြောင့် ရပ်သွားလျှင် ယင်းကိရိယာမှတစ်ဆင့် Information Traffic Centre ရှိ တာဝန်ရှိသူများမှ အဝေးထိန်းအသံဖြင့် တစ်စုံတစ်ရာဖြစ် မဖြစ်၊ ယာဉ်မှာ မည်သည့်အတွက်ကြောင့် ရပ်သွားခြင်းကို မေးမြန်းမည်ဖြစ်ကာ အကယ်၍ ကားပိုင်ရှင်မှ မည်သို့မျှ ပြန်လည်ဖြေကြားခြင်း မရှိလျှင် အမြန်လမ်းရဲတပ်ဖွဲ့များမှ ၎င်းနေရာသို့ သွားရောက်ကာ စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းစနစ်သည် ယာဉ်မတော်တဆဖြစ်နေလျှင်လည်း ချက်ချင်းသိနိုင်မည့် စနစ်ဖြစ်သည်ဟု ဦးကြည်ဇော်မြင့် ကဆိုသည်။

“ကားတွေ ယာဉ်အန္တရာယ်မရှိအောင် အရင်ဆုံးလူအင်အားနဲ့ စောင့်ကြည့်တယ်။ အဲဒါကြောင့် ယာဉ်မတော်တဆမှုတွေ လျော့သွားတာ တွေ့ရတယ်။ အခုတော့ နည်းပညာအကူအညီနဲ့ဆက်အကောင်အထည်ဖော်သွားမယ်ဆိုတော့ နောက်ပိုင်းကျရင် ယာဉ်မတော်တဆမှုက အများကြီး လျော့နည်းသွားမှာပါ”ဟု ၎င်းက ဆိုသည်။

Information Traffic Centre တည်ဆောက်ရန်အတွက် နိုင်ငံခြားကုမ္ပဏီနှင့် ပြည်တွင်းလုပ်ငန်းရှင်တို့ ပေါင်းထားသော (b smart) ကုမ္ပဏီမှ တာဝန်ယူမည်ဖြစ်သည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့နှင့် အမြန်လမ်းအင်ဂျင်နီယာအဖွဲ့၊ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကာ ၀န်ဆောင်ခပေးရန် မလိုအောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင်လည်း ခရီးသည်တင်ယာဉ်ကြီးအများစုကို အမြန်နှုန်းတိုင်းတာရေးကိရိယာများနှင့် GPS (Global Positioning System) တပ်ဆင်ထားပြီး သတ်မှတ်မြန်နှုန်းထက် ကျော်လွန်သော ယာဉ်များကို လိုင်စင်ခြောက်လပိတ်သိမ်းနှင့် ဒဏ်ငွေကျပ် ငါးသောင်းပေးဆောင်စေခြင်းနှင့် လမ်းပေါ်တွင် အချိန်ကြာကြာရပ်နားထားခြင်းများကို အရေးယူခြင်းများ ပြုလုပ်လျက်ရှိသည်။

မုန်တိုင်းမဖြစ်ပေါ်ခဲ့၍ ရခိုင်မြောက်ပိုင်းတွင် မိုးပုံမှန်မရွာခြင်းဟု ဦးထွန်းလွင်ပြော

လင်းမြတ်

ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်း မြိ့နယ် အချို့တွင် မိုးရွာရာတွင် ပုံမှန်မဟုတ်ဘဲ မိုးရွာလိုက်၊ နေပူလိုက်ဖြစ်နေပြီး ရာသီဥတု ဖေါက်ပြန်နေသဖြင့် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

သို့အတွက် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးထွန်းလွင်အား ဆက်သွယ်ပြီး မေးမြန်းရာ ဆရာက နိရဉ္စရာသို့ ယခုလို ပြောကြားသည်။

“အဓိကကတော့ မုန်တိုင်းမဖြစ်တာပဲ။ အမှန်က မုန်တိုင်းက ဖြစ်ရမှာ၊ ခုတော့ မုန်တိုင်းမဖြစ်ဘူး၊ ဖြစ်လာရင်လည်း အားမရှိဘူး။ နောက်အရှေ့ဘက်ကလည်း မုန်တိုင်းမလာဘူး။ မြန်မာနိုင်ငံ အလယ်ပိုင်း ရခိုင်မြောက်ပိုင်း အလယ်ပိုင်းနဲ့ တတန်းတည်းကျတဲ့ အဲ့ဒီတစ်ကြောလုံးပေါ့ဗျာ။ မိုးနည်းတဲ့ အကြောင်းအရင်းကတော့ မုတ်သုန်ကောင်းပေမယ့်လို့ မုန်တိုင်းမရှိလို့ ဖြစ်တာ” ဟု ဦးထွန်းလွင်က ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင် ယခက်နှစ်ကထက် မိုးရွာသွန်းမှု လျော့နည်းကာ ရာသီဥတု အခြေအနေမှာလည်း နေပူလိုက်၊ မိုးရွာလိုက် ဖြစ်နေသဖြင့် စိုက်ပျိုးထားစ စပါးပင်များမှာ အသေများနေသည်ဟု လယ်သမားများက ပြောသည်။

ထိုကဲ့သို့ မိုးနည်းပြီး ရာသီဥတု မူမမှန်ခြင်း ကြောင့် ရခိုင်ဒေသရှိ လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းတွင် နစ်နာစေနိုင်သည့် အကျိုးဆက်များဖြစ်လာနိုင်ကြောင်း ဦးထွန်းလွင်က ဆက်လက် သုံးသပ်ပြောဆိုသည်။

“သေချာတာပေါ့ဗျာ၊ နစ်နာမှာပေါ့။ ပုံမှန်မှ မရှိတာပဲ။ ပုံမှန်မဟုတ်တော့ ဘာပဲဖြစ်ဖြစ် အနှောင့်အယှက်တော့ ဖြစ်မှာပဲ။ လုပ်သမျှလည်း အောင်မြင်ချင်မှ အောင်မြင်မှာ” ဟု ပြောသည်။

ယခုနှစ် မိုးဦးကာလတွင် ရခိုင်ပြည်နယ် မြောက်ပိုင်ဒေသအချို့၌ မိုးပုံမှန် ရွာသွန်းခြင်းမရှိဘဲ နေပူသဖြင့် ရခိုင်လယ်သမားတစ်ချို့မှာ စပါးမျိုးစေ့များ အပင်အပေါက်ဘဲ ပျက်စီဆုံးရှုံးမှုများ ရှိနေကြောင်း ပေါက်တောမြို့နယ် လက်မယာကျေးရွာမှ လယ်ဧက (၃၀)ကျော် စိုက်ပျိုးထားသူ လယ်သမား ဦးမောင်ထွန်းသိန်းက နိရဉ္စရာသို့ ပြောသည်။

“နေပူလို့ စပါးမျိုးစေ့တွေကြဲတာ နှစ်ကြိမ် သုံးကြိမ် ပြန်ကြဲရတဲ့သူတွေ ရှိတယ်။မျိုးစပါးတွေ အများကြီး ကုန်သွားတယ်။ လယ်သမားတွေ နစ်နာတာပေါ့နော်။ ခုလည်း မိုးရွာတယ်။ နေပူနေတယ်။ မနေ့က တစ်ရက်၊ ဒီနေ့ တစ်ရက်ဆိုရင် နှစ်ရက်ရှိပြီ၊ တစ်ရက်နှစ်ရက် နေပူလို့ကတော့ ဘာမှမဖြစ်ဘူး။ သုံးရက်၊ ငါးရက်၊ တစ်ပတ် ဆိုသလို ကြာရှည် မိုးမရွာဘူး ဆိုရင်တော့ တကယ့် အခက်ပဲ” ဟု ပြောသည်။

၂၀၀၆ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် ထို့သို့ မိုးပြတ်မှုများ ဒေသအလိုက်ဖြစ်ပေါ်လာနေပြီး ယခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရခိုင်ဒေသများ၌ တွင် မိုးပြတ်သည့် ရာသီဥတု ဖောက်ပြန်သည့် ပြဿနာများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် မိုးနည်း နေသော်လည်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင်မူ မိုးများကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။

NCCT ဆွေးနွေးပွဲ အပစ်ရပ်ရေး သဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့

DVB

စစ်အေးခေတ် ကမ္ဘာ့နိုင်ငံရေး တင်းမာမှု တကျော့ ပြန်လာနေပြီ

ဧရာဝတီ

ကမ္ဘာကြီးတွင် ယနေ့ ခပ်စိပ်စိပ်ဖြစ်ပေါ်နေသော ပဋိပက္ခများ စစ်ပွဲများကို ကြည့်ပြီး ကမ္ဘာတလွှား နိုင်ငံရေး သိပ္ဗံပညာရှင်များ၊ သတင်းအယ်ဒီတာများက စိုးရိမ်တကြီး မေးခွန်းထုတ်နေကြပြီ ဖြစ်သည်။ ဤပြဿနာ ပဋိပက္ခများ ငြိမ်းအေးရေး မည်သူက ဦးဆောင်ဖြေရှင်းမည်နည်းဟူသည့် မေးခွန်းဖြစ်သည်။

ကမ္ဘာပေါ်တွင် လက်နက်အင်အား အတောင့်တင်းဆုံး၊ စီးပွားရေးအရလည်း အခိုင်မာဆုံးနှင့် လူ့အခွင့်အရေးအရ ကမ္ဘာသူကမ္ဘာသား အတော်များများ လက်ခံနိုင်သော စံနှုန်းများကို ကျင့်သုံးနေသော စူပါ ပါဝါ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ မည်သို့ပြောင်းလဲလာနိုင်မည်မှာလည်း စိတ်ဝင်စားစရာ ဖြစ်သည်။

ကမ္ဘာ့အခင်းအကျင်းကို ကြည့်လိုက်လျှင် အရှေ့အလယ်ပိုင်းတွင် ပြန်ပြီး စစ်မီးတောက်နေသည်။ ဂါဇာ ကမ်းမြောင်တွင် အစ္စရေးနှင့် ပါလက်စတိုင်း ပဋိပက္ခ ဖြစ်နေသည်။ အီရတ်တွင် စစ်သွေးကြွ အစွန်းရောက်များ ပြန်လည် ခေါင်းထောင်နေသည်။ တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုတွင် တရုတ်က ဒေသတွင်း အားစမ်းနေသည်။ နောက်ဆုံး ဂယက်ရိုက်သည့် ကိစ္စမှာ ယူကရိန်းတွင် ဖြစ်ပွားနေသည့် ခွဲထွက်ရေး စစ်ပွဲအတွင်း ရုရှားလိုလားသူများက မလေးရှား လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ပစ်ချလိုက်ခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ အိုဘားမား တက်လာပြီးနောက် ကမ္ဘာ့စူပါ ပါဝါနိုင်ငံ၏ ပေါ်လစီများ ပြောင်းလဲခဲ့သည်။ သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ် ဆင်နွှဲခဲ့သော War on terror စစ်ပွဲများ၊ စစ်အသုံး စရိတ်များ၊ အကြီးအကျယ် ဝေဖန်ခံခဲ့ရသည့် အမေရိကန်၏ ထောင်လွှားမှုများကို လမ်းကြောင်းမှန်အောင် ပြန်ပြီး ခြေဖျက်ရသည်။ ငွေကြေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းပြီး အမေရိကန် ပြည်တွင်းစီးပွားရေးကို ပြန်ပြီး တည့်မတ်ရသည်။ နိုင်ငံခြားရေး မူဝါဒကို ပြန်လည် ပြင်ဆင်ရသည်။

ချုပ်ပြောရလျှင် ကမ္ဘာ့အရေးတွင် ခြေတံလက်တံရှည်စွာ ဝင်ပါလေ့ရှိသည်ဟု ပြောဆိုရေးသားခံရသော ကမ္ဘာ့ပုလိပ်ကြီး အမေရိကန် မစွာနိုင်တော့ဘဲ ကန့်လန့်ကာ နောက်ကွယ်ကို ဆုတ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ အမေရိကန်က သူ၏ စူပါ ပါဝါ အရှိန်သြဇာကို လျှော့ချလိုက်သည့် အချိန်တွင် လေဟာနယ်ကွက်လပ် (Vacuum) ပေါ်လာသည်။

ဤလစ်ဟာမှုကို ဖြည့်ဆည်းမည့် ဒုတိယ စူပါ ပါဝါ သို့မဟုတ် ဆက်ခံမည့်သူက မည်သူနည်း။ နိုင်ငံတကာတွင် တဗိုလ်ကျ တဗိုလ်တက် စူပါ ပါဝါ ပေါ်လစီ မရှိပါ။ စူပါ ပါဝါဖြစ်အောင် ကြိုတင် ခန့်မှန်း တည်ဆောက်၍လည်း မရပါ။ အခြေအနေ အချိန်အခါနှင့် တောင်းဆိုမှုအရ ဖြစ်လာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဒုတိယ ကမ္ဘာစစ်အပြီး အမေရိကန်၏ သြဇာဖြန့်ကြက် သက်ရောက်မှုကို မြင်ခဲ့ရသည်။

ယခု လက်ရှိ အခြေအနေတွင် တချို့က အင်ပါယာဟောင်း၊ စူပါ ပါဝါဟောင်း ရုရှားကို ခန့်မှန်းကြသည်။ မြန်မာ၏ အိမ်နီးချင်း တရုတ်နိုင်ငံ၏ သြဇာပါဝါ မြင့်မားလာမှုကို စောင့်ကြည့်ကြသည်။ ထိုနှစ်နိုင်ငံက အမေရိကန်၏ နေရာကို ဝင်ယူနိုင်မလားဟု ဆန်းစစ်ကြသည်။ သို့သော် တရုတ်နှင့် ရုရှားတို့၏ စံနှုန်း၊ တန်ဖိုးထားမှုများနှင့် အပြုအမူများကို အိမ်နီးချင်းနိုင်ငံများကပင် လက်မခံနိုင်ကြပါ။ ထို့အပြင် ၎င်းတို့၏ နိုင်ငံရေး ဩဇာနှင့် စီးပွားရေးချဲ့ထွင်မှုများက စိုးရိမ်မကင်း ဖြစ်စရာကောင်းသည်။ ယူကရိန်းနှင့် တောင်တရုတ်ပင်လယ် ပြဿနာတွင် ရုရှားနှင့် တရုတ်တို့ ကိုင်တွယ်ပုံကို တွေ့နိုင်သည်။

လတ်တလောတွင်မူ ကမ္ဘာ့အရေးများကို ထိန်းညှိရေးအတွက် ဤ လစ်ဟာနေသည့် နေရာကို ပြန်ယူနိုင်သူမှာ အမေရိကန်သာ ဖြစ်နေဦးမည်။ အကယ်၍ ရုရှားနှင့် တရုတ်က အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအား ထိပ်တိုက်ရင်ဆိုင် စိန်ခေါ်တော့မည်ဟု ဆုံးဖြတ်လိုက်လျင် ဘာလင်တံတိုင်းမပြိုမီ တည်ရှိခဲ့သော ကမ္ဘာ့နိုင်ငံရေးတင်းမာမှု စစ်အေးခေတ်သို့ ပြန်ဦးတည်တော့မည်ဟု သုံးသပ်ရပေသည်။ တရုတ်နှင့် အမေရိကန် ဆက်ဆံရေးမှာ နက်ရှိုင်းသော စီးပွားကုန်သွယ်မှုများကြောင့် မဆိုးလှဟု ပြောနိုင်သော်လည်း ရုရှားနှင့်မူ စစ်အေးခေတ် ပြန်စနေပြီဟု အမေရိကန် ဆီးနိတ် ထောက်လှမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒိုင်ယန်းဖိန်းစတိန်းက ကြေညာခဲ့ပြီးဖြစ်တော့သည်။

နမ့်ခမ်းတွင် အစိုးရ တပ်မတော်သား နှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးမှု ဖြစ်ပွား

နန်းဆိုင်နွမ်

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မတာကျေးရွာအနီး တရုတ်နယ်စပ်တွင် ဇူလိုင် ၂၉ ရက်က အစိုးရ စစ်တပ် မှ တပ်မတော်သား၂ ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူများကို ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် နမ့်ခမ်းမြို့ဈေးမှ နောင်မတာ ကျေးရွာသို့ အပြန်လမ်းရှိ ကြံခင်း စိုက်ပျိုးထားသည့် နေရာ ၌ တွေ့ရှိရသည်ဟု ဒေသခံများက ဆိုသည်။

ယခု သေဆုံးသူ ၂ ဦးသည် ဒေသ အခြေစိုက် အစိုးရ စစ်တပ် တပ်မ ၈၈ လက်အောက်ခံ တပ်မှ အရာရှိများ ဖြစ်သည်ဟုလည်း ဒေသခံများက ယူဆနေကြသည်။

နောင်မတာ ကျေးရွာ အခြေစိုက် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းက ယင်း သေဆုံးမှုအတွက် ရွာလူကြီး ၅ ဦးကို ခေါ်ယူ စစ် ဆေး ပြီး ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဒေသခံများက ဆက်ပြောသည်။

အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နောင်မတာကျေးရွာ အခြေစိုက် တပ်က ဇူလိုင် ၂၉ ရက် ည ၁၀ နာရီ ဝန်းကျင်တွင် ရွာလူကြီးများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တရားခံ ဖော်မထုတ်နိုင်ပါက ရွာကိုပါ မီးရှို့မည်ဟု ခြိမ်းခြောက်မှု ပြုလုပ်၍ ယနေ့ နံနက် ၆ နာရီတွင် ထပ်မံခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း နမ့်ခမ်း ဒေသခံ တဦး ဖြစ်သည့် စိုင်းအွမ်မှိုင်းက ပြောပြသည်။

“တပ်သားတွေက နောင်မတာကျေးရွာ လမ်းခွဲမှာ အသတ်ခံရတာပါ။ ရွာက လူတွေတောင် မသိဘူး။ အခုတော့ ရွာက လူတွေ ခေါ်ယူ စစ်ဆေးတာ၊ ပြီးတော့ ရိုက်တာ”ဟု စိုင်းအွမ်မှိုင်းက ဧရာဝတီသို့ ပြောသည်။

တရားခံ ပေါ်ပေါက်မှု မရှိပါက ရွာကို မီးရှို့မည်ဆို၍ ဒေသခံများက စိုးရိမ်နေကြကြောင်း နမ့်ခမ်းမြို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစောလှ ကလည်း ဧရာဝတီသို့ ပြောသည်။

“ရွာလူကြီးတွေကို စစ်ဆေးတာ မကျေနပ်လို့ ရိုက်တာ။ သေဆုံးသွားတဲ့ နှစ်ယောက်ကတော့ သေနတ်နဲ့ သုံးချက် ပစ်တာခံရပြီး ဓား နဲ့ပါ ခုတ်ခံထားရပါတယ်။ ဘယ်သူ့လက်ချက်လည်း ဆိုတာတော့ စစ်ဆေးနေတုန်းပါပဲ”ဟု ဦးစောလှက ဆိုသည်။

ရွာလူကြီး ၅ ဦးကို ရိုက်နှက်စစ်ဆေးသည့် ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ တပ်မမှုးများနှင့် ပြည်နယ် ဝန်ကြီးများကို တင်ပြထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

နမ့်ခမ်း ဒေသခံ စိုင်းအောင် ဆိုသူက “စစ်တပ်က အသတ်ခံရတာကို ဒေသခံတွေ ခေါ်ယူစစ်ဆေးတာ မပြောလိုပါဘူး။ ဒါပေမယ့် ဒေသခံတွေကို တရားခံ မပေါ်ရင် ရွာကို မီးရှို့မယ်၊ ဒေသခံတွေကို ရိုက်ပြီး စစ်ဆေးတာတွေ မလုပ်သင့်ဘူး။ နမ့်ခမ်း ဒေသခံ ကောင် လေး တယောက် ဆုံးတုန်းကတောင် ဒီလို ခေါ်ယူစစ်ဆေးမှုမျိုး မလုပ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ထိုကိစ္စအပေါ် နမ့်ခမ်း နိုင်ငံရေး ပါတီများက လွှတ်တော်ကို စာတင်ခြင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို တင်ပြခြင်းဖြင့် ပြီးဆုံးသွားသည့် ကိစ္စမဖြစ်သင့်ကြောင်း၊ လက်ရှိ နမ့်ခမ်းဒေသခံ ပြည်သူများသည် အပြင်ထွက် ရမည်ကို ကြောက်နေကြပြီး ကလေးငယ်များ အတွက် ပညာရေး ထိခိုက်လာနိုင်ကြောင်း၊ ပြည်သူများ၏ စီးပွားရေးလည်း ထိခိုက်လာနိုင်ကြောင်း စိုင်းအောင်က ဆက်ပြောသည်။

အစိုးရ တပ်မတော်သား နှစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နမ့်ခမ်းမြို့ ရဲစခန်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် မေလ ၂၉ ရက်ကလည်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းတွင် ပစ်ခတ်မှု တခုကြောင့် နမ်စမ့်ကျေးရွာ ဒေသခံ နှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။


ယင်းဒေသသည် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပန်းဆေး ပြည်သူ့စစ်၊ မြို့မ ပြည်သူ့စစ်နှင့် ဝါလိုင်း ပြည်သူ့စစ်တို့ လှုပ်ရှားနေသည့် ဒေသများ ဖြစ်ကြောင်း သိရသည်။

တာဖာဆောင်မှ SSPP/SSA ဆုတ်ခွာမည်မဟုတ်

ကြယ်ပြာ

အစိုးရတပ်မတော်နှင့် တိုက်ပွဲများဖြစ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ တာဖာဆောင်ဒေသကို ဆုတ်ခွာပေးတော့မည်မဟုတ်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်စိုင်းက ပြောသည်။ ဇူလိုင်၈ရက် နေပြည်တော်တွင် တွေ့ဆုံစဉ် အစိုးရက တပ်ဆုတ်ပေးရန် ပြောသည်ဟု ဆိုသည်။

“ဆုတ်ပါဆုတ်ပါလို့ပြောရင် ဦးသိန်းစိန်ရဲ့ သူလျှိုလားလို့ ပြောတယ်။ ငါတို့က အသက်ပေးပြီး တိုက်နေတာ မင်းတို့က ငြိမ်းချမ်းရေးဆွေးနွေးပြီး ဆုတ်ခိုင်းတာ မျှော်မှန်းချက်ပန်းတိုင်ကို ဖျက်ဆီးနေတာလားလို့ ပြောကြတယ်”ဟု ဗိုလ်မှူးကြီး ခွန်စိုင်းက ပြောသည်။

တာဖာဆောင်တံတား အနီး SSPP/SSA တပ်စခန်းကို ဇွန်လ၂၆ရက်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၂)မှ ခြေလျင်တပ်ရင်း၂၄၇ က လက်နက်ကြီးဖြင့် တိုက်ခိုက်ရာမှ တိုက်ပွဲများစတင်ခဲ့သည်ဟု ဇူလိုင်၁၈ ရက်စွဲ ဖြင့် SSA က ကြေညာသည်။

ကြေညာချက်ထုတ်ပြန်ပြီးနောက် ဇူလိုင်၂၀၊၂၁ရက်တို့တွင်လည်း ကျေးသီးမြို့နယ်၊ ဟာ့ဝမ်ကျေးရွာအုပ် စု နှင့် ပန်ဆယ်ကျေးရွာအုပ်စုတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် တာဖာဆောင်ဒေသခံများ သည် ၂ မိုင် ခန့်ဝေးသော ၀မ်ဝပ်ရွာနှင့် နီးစပ်ရာကျေးရွာများတွင် ရှောင်တိမ်းနေကြရပြီး ၀မ့်ဝပ်ရွာ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၆၃ ခုမှ လူပေါင်း၂၉၄ဦး ခိုလှုံနေကြရသည်။

ဇူလိုင်လ၂၁ရက်မှစတင်၍ တိုက်ပွဲများရပ်ဆိုင်းနေသော်လည်း နှစ်ဖက်တပ်များနီးကပ်စွာတပ်စွဲထားပြီး တာဖာဆောင်ရွာကို ဇူလိုင်လ ၁၀ရက်ကျော်ကစတင်၍ ၀င်ထွက်ခွင့်ကို အစိုးရတပ်များက ပိတ်ဆို့ထားကြောင်း ကျေးသီးမြို့ရှိ၊ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ(ယာယီ) ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းလိုင် ခမ်းက ဆိုသည်။

SSP/SSA သည် ၂၀၁၂ခုနှစ် ဇူလိုင်လပထမအပတ်တွင် ၎င်းတပ်ဖွဲ့နယ်မြေဖြစ်သည့် ဟွေလွတ်၊ တောင်ဟီးရိုးနှင့် ခုနစ်မိုင်စခန်းတို့ကို အစိုးရတပ်မတော်က တိုက်ခိုက်သဖြင့် ထိုနယ်မြေမှ သုံးမိုင်အကွာအထိ ဆုတ်ခွာပေးခဲ့ရသည်ဟု SSPP က ဆိုသည်။ ၂၀၁၄ ခုနှစ်ကလည်း မိုင်းရှူးမြို့နယ် မိုင်းစံနှင့် ဟိုင်းပါကြား တာဆမ်းပူးနှင့် လွယ်ဆောင်ထောက်ဒေသတွင်လည်း တပ်မတော်က တိုက်ခိုက်သဖြင့် ဆုတ်ခွာခဲ့ရသည်ဟု SSPP က ပြောသည်။

ယင်းသို့တပ်များနေရာချထားမှုကြောင့် ဒေသခံတို့၏ ပြောင်းဖူးခင်း ၁၄၁ဒသမ၃၃ ဧက၊ မြေပဲခင်း ၃၄ ဒသ မ၆ဧကနှင့် စပါးခင်း ၁၂ဒသမ၇ ဧက ခန့်ပျက်စီးရသည်ဟု SSPP ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်း ပြည်တပ်မတော်သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ကို ၂၀၁၂ခုနှစ် ဇန်န၀ါရီလ၂၈ရက်က တောင်ကြီးမြို့တွင် ရေးထိုးထားသည်။ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်၏ အတည်ပြုချက်ကိုမူ ရယူနိုင်ခြင်း မရှိခဲ့ပေ။

အမြန်လမ်း ယာဉ်မတော်တဆဖြစ်မှု အရင်နှစ်ထက်ပိုများ

DVB

အပစ်ရပ် လက်မှတ်ထိုးပြီး ကြားကာလ အစီအစဉ် လူမှုစီးပွားဆိုင်ရာ ခွဲဝေမှု ထည့်သွင်းမည်

မေခ

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကျင်းပနေဆဲ တိုင်းရင်းသား ညီလာခံအတွင်း ဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီး နောက် ကြားကာလ အစီအစဉ်များတွင် အာဏာခွဲဝေမှု မပါသည့် လူမှုစီးပွား ဆိုင်ရာ ခွဲဝေမှုကို ထည့်သွင်းထားရန် စီစဉ်နေကြောင်း သိရသည်။

ယင်းအစီအစဉ်ကို နိုင်ငံရေး ဆွေးနွေးမှု မပြီးခင် ဆောင်ရွက်မည် ဖြစ်ကြောင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) အဖွဲ့ဝင် ခွန်ဥက္ကာ က ပြောသည်။

“ကြားကာလ အစီအစဉ် ဆိုတာက အပစ်ရပ် လက်မှတ်ထိုးပြီး ပြည်ထောင်စု ညီလာခံ မပြီးခင် အထိကို ဆိုလိုတာပါ။ ဒါက ကူးပြောင်း ရေးကာလ အပြောင်းအလဲ မဟုတ်ဘူး။ မရောထွေးစေချင်ဘူး။ ဒါကို ဘာလို့ထည့်လဲ ဆိုရင် ၉၀၊ ၉၁ တုန်းက အပစ်ရပ်ပြီးတဲ့ အဖွဲ့တွေမှာ ဒီအစီအစဉ်တွေ မပါတော့ အဖွဲ့တွေ ပျောက်သွားတယ်။ အဓိက ကတော့ ကြားကာလမှာ အဖွဲ့တွေ အနေနဲ့ မသေ အောင် နေနိုင်ဖို့ပဲ။ ဒါကို ထိုက်ထိုက်တန်တန် လုပ်ဖို့ လိုတယ်။ ဒီအတွက် ထည့်ထားခြင်း ဖြစ်တယ်”ဟု ၎င်းက ဧရာဝတီကို ပြောပြ သည်။

ကြားကာလ အစီအစဉ် မည်မျှ ကြာရှည်မည်ကို သိနိုင်ခြင်း မရှိသည့်အတွက် အချိန်အတိုင်းအတာ သတ်မှတ် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် အဆိုပါ အစီစဉ်များ၌ ပြည်သူများ ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်ရန် လိုအပ်သည်ဟု NCCT အဖွဲ့ဝင် ကရင် အမျိုးသား အစည်းအရုံး(KNU) အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည့် ဖဒိုကွယ်ထူးဝင်း ကလည်း ပြောသည်။

“ဒေသခံတွေရဲ့ သဘောထား လုပ်ပိုင်ခွင့် အပေါ်ကို ကျနော်တို့ ကြည့်ရမယ်။ နယ်မြေတွေ သေချာခွဲရမယ်။ ဒါကို အဓိပ္ပာယ် ခွဲခြားရမယ်။ ရှုပ်ထွေးနေတာက အပစ်အခတ် ရပ်စဲရေး ဆက်စပ် နယ်မြေတွေပါပဲ။ ညှိနှိုင်းမှုတွေက မြေနေရာ အပါအဝင် အကျိုးခံစားခွင့်တွေပါ ပါမှာပါ။ အကျိုးသက်ရောက်မှုကတော့ အမျိုးမျိုး ရှိမှာ”ဟုလည်း ၎င်းက ဆိုသည်။

အစိုးရဘက်မှ တင်ပြဆွေးနွေးမှုတွင် ကြားကာလ အစီစဉ်ပိုင်းကို အချက် ၃ ချက်ဖြင့် တင်ပြဆွေးနွေးမှုများ ရှိကြောင်း သိရ သည်။

“ဒါက သမ္မတဘက်က ပြောတာလို့တော့ အစိုးရဘက်က ပြောတယ်။ ကြားကာလ အစီအစဉ်ကို မထည့်ဘဲ ရမလား။ လက်ရှိအတိုင်းပဲ ရှိနေလို့ ရမလား မေးတယ်။ ဒီတော့ လက်ရှိအတိုင်းဆို ဘယ်လိုမျိုးလဲဆိုတာ တိတိကျကျ ကျနော်တို့ သိချင်ပါတယ်။ စာနဲ့ပေနဲ့ပေါ့၊ ကျနော်တို့ဘက်က လက်ခံနိုင်တဲ့ အခြေအနေကို ဆွေးနွေးပြီး တင်ကြတော့ အခု ထိပ်သီး အစည်း အဝေးက အတည်ပြုပေးလိုက်ပါတယ်”ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောသည်။

ပြင်ဆင်မှု အပိုင်းတွင် အစိုးရက သီးခြားသော် လည်းကောင်း၊ အစိုးရနှင့် ပေါင်းစည်း၍ သော်လည်းကောင်း လုပ်ဆောင်နိုင် မည့် အခြေခံအချက်များကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“ဒါက အာဏာခွဲဝေမှု ပုံစံ မဟုတ်ဘူး။ ပထမပိုင်းမှာ ကျနော်တို့ဘက်က အာဏာခွဲဝေမှု ပုံစံမျိုး မဖြစ်အောင် ကျနော်တို့ လုပ်ဆောင်တာပါ။ တိုင်းရင်းသားတွေ အနေနဲ့ မိမိတို့ ဒေသမှာ လုပ်ပိုင်ခွင့်တွေက တိုင်းရင်းသား ဒေသတွေမှာ ရှိတယ်။ ပြည် သူလူထုအတွက် နိုင်ငံရေးတင် မကဘူး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေးပိုင်းတွေပါ ရှိတယ်။ ဘက်ပေါင်းစုံ လုပ်ရမှာ ရှိတယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတာတွေကို တိုင်းရင်းသားတွေက တတ်နိုင်သရွေ့ လုပ်ခဲ့တာ ရှိတယ်။ ဒါတွေကို ကြားကာလမှာ လုပ်ပိုင်ခွင့် ဆက်ထားချင်တယ်။ အကောက်ခွန် ကောက်ယူပိုင်ခွင့်က အစပေါ့။ အဲဒါတွေ ပါတယ်”ဟု ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း က ပြောသည်။

လက်ရှိ ကရင် ဒေသအတွင်း ကြုံတွေ့နေမှုများနှင့် ပတ်သက်ပြီး ဖဒိုကွယ်ထူးဝင်း က“အခုချိန်မှာ ဒေသခွဲဝေမှုကို ကျနော်တို့ တိတိကျကျ လုပ်ဖို့လိုတယ်။ အစိုးရဘက်မှာ သာမက ကျနော်တို့ဘက်မှာပါ ဒါက စိုးရိမ်နေရတာတွေ ရှိတယ်။ သမ္မတကြီးနဲ့ တွေ့ဆုံချိန်မှာ ကျနော်တို့ ဒီအပိုင်းကို ဘာမှ ပြောဆိုတာ မရှိဘူး။ ကျနော်တို့ ဒေသမှာတော့ ဒေသပိုင်းဆိုင်ရာမှာ ခွဲဝေမှု တိ တိ ကျကျရှိဖို့ လိုနေပြီ။ ခွဲဝေမှုတွေက ဒေသခံတွေရဲ့လျော်ကြေးတွေ နစ်နာမှုတွေရှိတော့ ကျနော်တို့ ဒီအချိန်မှာ ဒါကို သေချာဆွေးနွေးသင့်တယ်” ဟု ပြောသည်။

၁၉၉၀ တွင် ကချင် ဒေသ၌ အပစ်အခတ် ရပ်စဲပြီးနောက် ဒေသတွင်း လုပ်ပိုင်ခွင့်များကို ကချင် တိုင်းရင်းသားများ ခံစားခွင့် မရ ရှိခဲ့ကြောင်း၊ ကချင်တပ်မတော် နေထိုင်ရာ ကန့်သတ်နယ်မြေ တခုအတွင်းမှာသာ လုပ်ပိုင်ခွင့် ရှိခဲ့ပြီး ဒေသတခုလုံးကို မလွှမ်းခြုံနိုင်ခဲ့သဖြင့် ထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း ကလည်း ပြောဆိုသည်။

“ကချင်ဒေသက အကောင်းဆုံး ဥပမာပါ။ ဒီတော့ ကြားကာလ အစီအစဉ်က အရေးကြီးလာတယ်။ အကြီးစား စက်မှုလုပ်ငန်း တွေ ထူထောင်တာတွေက တိုက်ရိုက် ထိခိုက်တာတွေ ရှိပါတယ်။ စက်မှုလုပ်ငန်း အကြီးကြီးတွေ၊ ကုန်သွယ်မှုတွေကို လုပ် မယ် ဆိုရင် ကျနော်တို့နဲ့ ညှိနှိုင်း လုပ်စေချင်တယ်။ တိုင်းရင်းသားဒေသ လိုအပ်ချက်တွေ ဖြစ်ပေါ်မှုတွေကို အဲဒီ တိုင်းရင်းသား တွေက အသိဆုံးပါ။ ကျနော်တို့က အစိုးရဆီက အာဏာခွဲဝေတာ မဟုတ်ဘူး။ ပူးပေါင်းလုပ်ဖို့ ပြောတာ”ဟု ၎င်းက ဆိုသည်။

ကြားကာလ အစီအစဉ်များကို အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု၌ တင်ပြသွားမည် ဖြစ်ပြီး တိုင်းရင်းသားများနှင့် NCCT အဖွဲ့ တွေ့ဆုံဆွေးနွေးမှုတွင် ယင်းအစီအစဉ်ကို အတည်ပြု ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

အထက်ပါ ဆွေးနွေးမှုအပြင် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံအဖြစ် သတ်မှတ်ပေးရေးနှင့် ညှိနှိုင်းလုပ်ဆောင်မှုများတွင် နိုင်ငံရေး မူဝါဒ၊ ရပ်တည်ချက်များမှ လွဲပြီး ကျန်အချက်များ ဖြစ်သည့် စကားလုံး အသုံးအနှုန်းနှင့် နည်းစနစ်ပိုင်း ဆောင်ရွက်မှုများတွင် NCCT မှ တာဝန်ယူ ဆောင်ရွက်ရေးတို့ကို ချမှတ် လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်း ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောသည်။

ယခု တတိယ အကြိမ်မြောက် NCCT နှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၅ ရက်မှ ၂၉ ရက် အထိ ၄ ရက် ဆွေးနွေးကြောင်း၊ ဇူလိုင် ၃၀၊ ၃၁ ရက်တွင် NCCT နှင့် အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသား အဖွဲ့များ၊ ရှမ်းပြည် ပြန်လည် ထူ ထောင် ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)တို့နှင့် တွေ့ဆုံပြီး အစိုးရနှင့် NCCT တို့ ဆွေးနွေးနေသည့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (ဒုတိယ မူကြမ်း) ပါ တပ်ပိုင်း ဆိုင်ရာ အချက်များကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ အိစန်ကော်ပိုရေးရှင်းက တွံတေးတူးမြောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် အဆိုပြုလွှာ တင်တော့မည်

နန်းမြင့်

အမေရိကန်ဒေါ်လာ ၂၆၉ သန်းကုန်ကျမည့် တွံတေးတူးမြောင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း လေ့လာတွေ့ရှိချက်များနှင့် ပတ်သက်၍ နောက်ဆုံး အဆိုပြုလွှာကို ကိုရီးယားနိုင်ငံ ISAN Corporation မှ ပညာရှင်များက သြဂုတ်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်သည်။

အဆိုပါ ISAN Corporationမှ ပညာရှင်များနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ တွံတေးတူးမြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာနေပြီး ဇူလိုင် ၂၃ ရက် က အဆိုပါပညာရှင်များနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် နောက်ဆုံးအဆိုပြုလွှာနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး (အင်ဂျင်နီယာချုပ်) ဦးသောင်းလွင်က ဆိုသည်။

နောက်ဆုံးအဆိုပြုလွှာတွင် တွံတေးတူးမြောင်းနှင့် ခနောင်တိုချောင်းဆုံသည့်နေရာ ရေနက်အိုးကျောက်ထည့်ခြင်း၊ တွံတေးတူးမြောင်းနှင့် ခနောင်တိုချောင်းဆုံသည့်နေရာတွင် ရေ၀င်အားကောင်းသည့်အတွက် ရေထိန်းကာတာ လေးခု ဖယ်ရှားခြင်း၊ ကမ်းထိန်းနံရံ ဆောက်လုပ်ခြင်းလုပ်မည်ဟု အကြံပြုထားသည်။

ရေယာဉ်များလာခြင်း၊ တူးမြောင်းထဲကို စီးဝင်သည့် ရေစီးနှုန်းများလာခြင်း၊ တွံတေးတူးမြောင်းနှင့် ခနောင်တို ချောင်းဆုံသည့် နေရာတွင် ၀ဲဖြစ်ပေါ်နေခြင်းတို့ကြောင့် ကမ်းပါးတိုက်စားသဖြင့် အမြန်ဆုံးပြုပြင်ရန်လိုသည်ဟု ဦးသောင်းလွင်က ပြောသည်။

“ပထမကြားဖြတ် အစီရင်ခံစာမှာတုန်းက ရန်ကုန်မြစ်ထဲကို ခနောင်တိုချောင်းက ရေဖောက်ထုတ်သင့်တယ်ဆိုပေမယ့် နောက်ဆုံးအဆိုပြုလွှာမှာတော့ လယ်မြေလျော်ကြေးကိစ္စတွေကြောင့် မပါတော့ဘူး”ဟု ၎င်းက ပြောသည်။

တွံတေးတူးမြောင်းမှ ရေများသည် ရေစီးနှုန်းများခြင်းကြောင့် ဒလဘက်ကမ်းစားခြင်းနှင့် ဆိပ်ကြီးခနောင်တိုဘက် ကမ်းတိုက်စားခြင်းတို့ကြောင့် နှစ်စဉ်ကမ်းပြိုသည့် အန္တရာယ်ကြုံတွေ့နေရပြီး ရေကျချိန် ရေစီးပိုများလာခြင်းကြောင့် တူးမြောင်းအတွင်း ဖြတ်သန်းသွားလာသည့် ရေယာဉ်များ အခက်အခဲရှိနေသည်ဟု ၎င်းက ဆိုသည်။

ယင်းစီမံကိန်းအတွက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ကုန်ကျစရိတ်ကို မြန်မာအစိုးရမတတ်နိုင်ပါက ISAN Corporationမှ နိုင်ငံတကာမှ ဖွံ့ဖြိုးရေးရန်ပုံငွေ (ODA) ချေးငွေရယူရန် စီစဉ်ထားသည်ဟု ဦးသောင်းလွင်က ပြောသည်။

ဖွတ်မရ ဓားမဆုံးသည့် ကန့်ဘလူမှ တောင်သူများ

မင်းနိုင်သူ

“ဟေ့ … လက်ထိပ်ခတ်ဖို့ မလိုဘူးကွ၊ ဒါ ရာဇ၀တ်မှု မဟုတ်ဘူး၊ ငါ့မြေငါ့ယာမှာ ငါ့လုပ်ငန်း ငါလုပ်တာကို မတရား ဖမ်းဆီးထောင်ချတာ။ လက်ထိပ် မခတ်နဲ့၊ အခတ်မခံနိုင်ဘူး” ဆိုသော အသံသည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တရားရုံးခန်း အတွင်းမှ ဟိန်းထွက်လာသည့် အသံများထဲမှ တခု ဖြစ်သည်။

ထောင်ဒဏ် စီရင်ခြင်းခံရသော လယ်သိမ်းခံ တောင်သူများနှင့် ရဲများအကြား တွန်းထိုးလှုပ်ရှားမှု အနည်းငယ် ဖြစ်ပွားသွားသည်။ တရားရုံး ပြင်ပမှ စီရင်ချက်ကို စောင့်နားထောင်နေသော မြေသိမ်းခံ တောင်သူများထံမှ တောက်ခေါက်သံများ၊ မတရား မလုပ်ကြရန် ၀ိုင်းဝန်း အော်ဟစ်သံများ ပေါ်ထွက်လာသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် ကန့်ဘလူ မြို့နယ်အတွင်း ကျေးရွာများမှ လယ်မြေအသိမ်းခံ မူလလယ်မြေ ပိုင်ရှင်များကို ပုဒ်မ ၄၂၇ ဖြင့် တရားစွဲကာ ထောင်ဒဏ် ချမှတ်နေခြင်း ဖြစ်သည်။ ယင်းတောင်သူများသည် စစ်တပ်က သိမ်းယူထားသော ၎င်းတို့၏ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ယခုနှစ်ဆန်ပိုင်းမှ စတင်ပြီး ထွန်တုံးတိုက်ပွဲဝင်ခဲ့ရာမှ ပြစ်ဒဏ်စီရင် ချမှတ်ခံရခြင်း ဖြစ်သည်။

ရဲမှူးကြီးတဦးက တောင်သူများကို လက်ထိပ်မခတ်ရန် အမိန့်ပေးလိုက်သဖြင့် ထောင်ဒဏ် စီရင်ခြင်းခံရသော မြေသိမ်းခံတောင်သူ ၁၆ ဦး လက်ထိပ်မပါဘဲ ၄င်းတို့ကို တင်ဆောင်မည့် ရဲကားများပေါ် ရင်ကော့ တက်သွားကြသည်။

“တောင်သူတွေ တောင်သူလုပ်လို့ အဖမ်းခံရသတဲ့ဗျို့ … ကြားဖူးကြရဲ့လား”၊ “ဖမ်းကွာ၊ ဖမ်းစမ်း၊ ငါတို့ တရွာလုံးကို လာဖမ်းစမ်းကွာ” စသည်ဖြင့် အော်ဟစ်နေသူများ ရှိသလို မိဘဆွေမျိုးများ ထောင်ဒဏ်ချမှတ်ခံရသဖြင့် ငိုယိုနေသော အမျိုးသမီးများ၏ အသံကလည်း ပွက်ပွက်ညံနေသည်။

ထောင်ဒဏ် ချမှတ်ခံရသည့် တောင်သူ အမျိုးသမီးကြီး ဒေါ်စိုးက ကားတွင်းမှနေ၍ ကားကိုယ်ထည်ကို တဗြန်းဗြန်း ပုတ်ကာ ခင်ပွန်းဖြစ်သူထံသို့ လှမ်း၍ “ကျုပ်တို့ မြေတွေကို လုံးဝ မစွန့်လွှတ်နဲ့၊ ဘယ်သူ လက်မှတ်လာထိုးခိုင်း ထိုးခိုင်း ထိုးမပေးနဲ့၊ ကျုပ်တို့ ငှက်ပျော့တိုင်း တရွာလုံး ကျုပ်တို့ မြေတွေကို အဆုံးရှုံးမခံကြနဲ့” ဟု အော်ဟစ် ပြောဆိုသည်။

ယင်းအမှုကို စောင့်ကြည့်နေသည့် ကန့်ဘလူမြို့ခံ တဦးက “ဒီကနေ့ အမိန့်ချခံရတဲ့ တောင်သူ ၁၈ ဦးကိုတော့ တမှု ၃ လနှုန်းနဲ့ ချလိုက်တာပေါ့။ ထွန်စက်ပိုင်ရှင်လို လူမျိုးဆိုရင် အမှုများတယ်ပေါ့။ သူက သူ့လယ်အတွက်လည်း ထွန်တယ်။ သူများလယ် အတွက်လည်း ထွန်ပေးရတဲ့အခါ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၇ အပြင် အားပေးအားမြှောက်မှု ပုဒ်မ ၄၂၇/၁၄၄ ဆိုတော့ အမှုတွေက များတော့တာပေါ့။ သူ လယ်ကွက် ၇ ကွက် ထွန်ခဲ့ရင် ၇ မှုပေါ့။ ဒီနေ့ စီရင်ချက် ချခံရတဲ့ တဦးဆိုရင် အမှုတွဲ ၁၂ ခုဖြစ်တဲ့ အတွက် တမှု ၃ လနှုန်းနဲ့ ၃ နှစ် ချခံလိုက်ရတယ်” ဟု ပြောသည်။

မြေသိမ်းခံ တောင်သူများအရေး ဦးဆောင် လှုပ်ရှားသူဟု အာဏာပိုင်များက ယူဆထားသည့် တောင်သူ ၃ ဦးကို ဇူလိုင် ၁၄ ရက်က ကန့်ဘလူ တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပြီး ဖြစ်သည်။

“၁၄ ရက်ကလည်း ဦးကောင်းထွန်း၊ ပေကြီးရွာ အုပ်ချုပ်ရေးမှူး နဲ့ ထောက်ရှာအိုင် အုပ်ချုပ်ရေးမှူး၊ သူတို့ ၃ ယောက်ကို ပုဒ်မ ၄၂၇ အရ စီရင်နိုင်တဲ့ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်စီ အထိ ချမှတ် လိုက်တယ်” ဟု အဆိုပါ ကန့်ဘလူဒေသခံက ဆက်ပြောသည်။

မူလမြေပိုင်ရှင်များဘက်မှ ရှေ့နေလိုက်ပေးနေသော အထက်တန်းရှေ့နေ ဦးထွန်းထွန်းလင်းက ထောင်ဒဏ်ချမှတ် ခံလိုက်ရသော တောင်သူများ အတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။

ရှေ့နေ ဦးထွန်းထွန်းလင်းက “ကန့်ဘလူဒေသမှာ ကျနော်တို့ လိုက်ပေးနေတဲ့ အမှုပေါင်း ၅၃ မှု ရှိတယ်။ နောက်ထပ် တက်လာတဲ့ အမှုက ၂၆ မှု ရှိတယ်။ မြို့နယ် တရားရုံးဆိုတော့ တရားစီရင်ရေး အပိုင်းမှာ ဖိအားပေးခံရမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတယ်။ တရားစီရင်ရေး မဏ္ဍိုင်ကို လွှမ်းမိုးချုပ်ကိုင် ခံနေရတယ်ဆိုတဲ့ သဘောပေါ့” ဟု ပြောသည်။

ပုဒ်မ ၄၂၇ ဆိုသည်မှာ အကျိုးစီးပွား ဖျက်ဆီးမှု ဖြစ်ပြီး ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်ကာ အမြင့်ဆုံး စီရင်မှုအဖြစ် ထောင်ဒဏ် ၂ နှစ် ချမှတ်ပိုင်ခွင့် ရှိသည့် အမှု ဖြစ်သည်။ ပုဒ်မ ၄၂၇/၁၄၄ ဆိုသည်မှာ အကျိုးစီးပွား ဖျက်ဆီးမှုကို အားပေးအားမြှောက် ပြုခြင်းဖြစ်ပြီး အကျိုးစီးပွား ဖျက်ဆီးမှုနှင့် ထပ်တူ တရားစီရင်နိုင်ကြောင်း သိရသည်။

ကန့်ဘလူမြို့မှ ရှေ့နေတဦးက “အခုဖြစ်တာက စစ်တပ်နဲ့ မြေသိမ်းခံ တောင်သူ ဖြစ်တာ မဟုတ်ဘူး။ စစ်တပ်က သီးစားချထားသူတွေ၊ စစ်တပ်စကားနဲ့ ပြောရရင်တော့ အကျိုးတူ တောင်သူပေါ့လေ။ အဲဒါနဲ့ မူလမြေပိုင်ရှင် တောင်သူတွေ အကြား ဖြစ်ပွားတဲ့ အမှုတွေ။ သီးစားတောင်သူတွေက သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို မူလတောင်သူတွေက ၀င်ရောက် ဖျက်ဆီးပါတယ် ဆိုပြီး တရားစွဲဆိုတာ။ ပြောရရင်တော့ အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းတာမျိုးပဲ” ဟု ပြောသည်။

ကန့်ဘလူမြို့နယ် အတွင်းရှိ ငှက်ပျောတိုင်း၊ ထောက်ရှာအိုင်၊ ပေကြီး၊ ခအုံးတာ စသည့် ကျေးရွာများ အနီးတ၀ိုက်ရှိ မြေဧက တသောင်းကျော်ကို ၁၉၉၉ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးက တပ်မတော် ကြံစိုက်ပျိုးရေးအတွက် သိမ်းယူခဲ့သည်ဟု ဒေသခံများက ပြောသည်။

နိုင်ငံတော် သမ္မတ၏ တပ်သိမ်းမြေများအား ပြန်လည် ပေးအပ်မည်ဆိုသော စကားကို ကြားခဲ့ရပြီးနောက် ၀မ်းသာအားရ ဖြစ်ခဲ့ကြသော်လည်း ယခုဖြစ်ရပ်များက သမ္မတ၏ စကားကို ပြက်ရယ်ပြုနေသည်ဟု မြေသိမ်းခံ တောင်သူများက ပြောဆိုကြသည်။

“သမ္မတက ပြန်ပေးလို့ရတယ်၊ မြေပေးမယ်လို့ ပြောတော့ ကျနော်တို့ အရမ်းဝမ်းသာကြတယ်။ ကျနော်တို့ မြေတွေက စစ်တပ်၊ တပ်ရင်း အခြေစိုက်ထားတာမျိုး မဟုတ်ဘူးဗျာ။ လယ်မြေကို လယ်မြေအတိုင်းထားပြီး စစ်တပ်က သီးစား ချထားတာဆိုတော့ ပြန်ပေးမယ်ဆို ပြန်ပေးလို့ရတဲ့ မြေတွေလေ။ သကြားစက်ရုံမှာ ဗိုလ်ချုပ်မင်းဇော် လာတုန်းကလည်း ခင်ဗျားတို့ မြေတွေ ပြန်ပေးမယ် ဆိုပြီး ပြောခဲ့တယ်။ အဲဒီစကားအရ ကျနော်တို့ မူလပိုင်ရှင် တောင်သူတွေက ကိုယ့်မြေကိုယ် ထွန်ယက်တော့ သီးစားချထားသူတွေကို စစ်တပ်က နောက်က မြှောက်ပေးပြီး သူတို့သီးနှံတွေ ဖျက်ဆီးခံရပါတယ် ဆိုပြီး အမှုဖွင့်တယ်” ဟု ဒေသခံတောင်သူ ဦးကျောက်ခဲက ပြောသည်။

မြို့ခံတဦးက “တခြားအမှုတွေဆို အကြာကြီး ကိုင်ပြီး စစ်တယ်။ အခုအမှုတွေကတော့ အမှုစွဲတင်တဲ့ လပိုင်းအတွင်းကို တရားသူကြီး တဦးတည်းက အမှုအများကြီးကို ခဏခဏ ရုံးချိန်းဆင့်ခေါ် စစ်ဆေးပြီး စီရင်ချက် ချနေတာပဲ။ တရားသူကြီး ဆီကိုလည်း ချိပ်ပိတ်စာအိတ် ညွှန်ကြားလွှာဝင်ပြီး အဲဒီညွှန်ကြားချက် အတိုင်း စီရင်ချက် ချရတယ်လို့ တရားရုံးထဲက အသံ ထွက်လာတယ်” ဟု ပြောသည်။

တပ်မတော် ကြံစိုက်ပျိုးရေးမှ တာဝန်ရှိသူများက သီးစားချထားသူများအား နောက်ကွယ်မှ ပံ့ပိုးမှုများ ပြုလုပ်နေပြီး ရုံးချိန်းများတွင် တရားလို သီးစားချထားသူများအား တပ်ပိုင်ကားဖြင့် လိုက်ပါ ပို့ဆောင်မှုများ ရှိသည်ဟု မြေသိမ်းခံ တောင်သူများက ပြောသည်။

ကန့်ဘလူမြို့နယ် တရားရုံးတွင် အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ ၄၂၇/၁၄၄ တို့ဖြင့် စွဲဆိုထားသော အမှုပေါင်း ၁၀၀ ခန့် ရှိနေပြီး ယခုလပိုင်းအတွင်း ရုံးချိန်းများ တက်သုတ်ရိုက် ခေါ်ယူခဲ့ကာ စီရင်ချက်များ ချမှတ်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။

အထက်တန်းရှေ့နေ ဦးထွန်းထွန်းလင်းက “ကျနော်တို့ကတော့ တရားစီရင်မဏ္ဍိုင်ကို လွှမ်းမိုးချုပ်ကိုင် ခံရမှုတွေ မဖြစ်စေလိုဘူး။ တရားသဖြင့် မျှမျှတတ စီရင်ဆုံးဖြတ်စေချင်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာရင် မကောင်းဘူး” ဟု ပြောသည်။

ကန့်ဘလူ မြို့နယ်အတွင်း ပုဒ်မ ၄၂၇ ၊ ပုဒ်မ ၄၂၇/၁၄၄ တို့ဖြင့် တရားစွဲဆို ခံရခြင်းကြောင့် ထောင်ဒဏ် ချမှတ်ခြင်းခံရသူ တောင်သူ ၅၀ ကျော် ရှိနေပြီ ဖြစ်ပြီး ထပ်မံ စီရင်ချက်ချ ခံရမည့် အမှုများလည်း ကျန်ရှိနေသေးသည်ဟု သိရသည်။

ယင်းအမှုများနှင့် စပ်လျဉ်းပြီး ရွှေဘိုခရိုင် ရဲမှူးကြီး အုန်းလှိုင်သို့ ဧရာဝတီက စုံစမ်းမေးမြန်းရာ အဆိုပါ အမှုများကို ရဲက မကိုင်တွယ်ကြောင်း ပြောဆိုသည်။

“ဒီအမှုတွေကို ကျနော်တို့ ရဲက ကိုင်တွယ်တာ မဟုတ်ဘူး။ တရားရုံးကို ဦးတိုက် လျှောက်တာ။ ကျနော်တို့က ဒီကနေ့ အမိန့်ချမှတ်ခံရမယ့် ဦးရေများတဲ့အတွက် လုံခြုံရေး အင်အားဖြည့်တင်းပေးတာပဲ ရှိတယ်” ဟု ၄င်းက ဆိုသည်။

မိမိတို့ အဖြစ်သည် ကိုယ်တိုင် ချက်ပြုတ် ခူးခပ်ထားသော ထမင်းဝိုင်းကြီးအား တခြားသူများက ၀ိုင်းဝန်း စားသောက်နေသည်ကို ထိုင်ကြည့်နေရသည့် အဖြစ်နှင့် တူသည်ဟု ပေကြီးရွာမှ မြေသိမ်းခံ တောင်သူ ဦးချစ်သောင်းက မှတ်ချက်ပြုသည်။

ဦးချစ်သောင်းက “ကျနော်တို့ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေကို တပြားတချပ် မပေးဘဲ သိမ်းဆည်းခဲ့တယ်။ အဲဒီလို သိမ်းဆည်းလိုက်တဲ့ အတွက် လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူတော့လို့ ရွာသားတချို့ ရွာကို စွန့်ခွာသွားကြတယ်။ ကျောက်ခွဲ လုပ်ငန်းတွေ သွားလုပ်တဲ့သူလုပ်၊ တခြားနယ်က လုပ်ငန်းတွေ သွားလုပ်ကြနဲ့ အရင်က အိမ်ခြေ ၂၀၀ ကျော်ရှိခဲ့တဲ့ ကျနော်တို့ ပေကြီးရွာဟာ အခုဆိုရင် အိမ်ခြေ ၈၂ အိမ်ပဲ ရှိတော့တယ်။ ကျနော်ဆိုလည်း သားသမီးတွေကို ကျောင်း မထားနိုင်တော့ဘူး။ ကလေးတွေ ပညာရေးတော့ သွားပြီ ” ဟု ပြောသည်။

ပြန်ကြားရေးနဲ့ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးနှစ်ဦး အပြောင်းအလဲ

DVB

အိမ် ၁၃၄ လုံး ပျက်စီးစေခဲ့သည့် လေဆင်နှာမောင်းတိုက်ခတ်သွား

နန်းလွင်နှင်းပွင့်၊ ကျော်စိုးမိုး

အမည်မသိသော်လည်း အားကောင်းသည်ဟုဆိုနိုင်သည် လေဆင်နှာမောင်းတစ်ခု ဇူလိုင်လ ၂၉ ရက်တွင် ရန်ကုန်တိုင်းရှိ မြို့နယ် ငါးခုသို့ ဖြတ်တိုက်သွားရာ အိမ်ခြေ ၁၃၄ လုံးပျက်စီးသွားသည်ဟု ရန်ကုန်တိုင်း၊ မီးသတ်ဦးစီးဌာနမှ မဇ္ဈိမကို ပြောဆိုလိုက်သည်။

လေဆင်နှာမောင်းမှာ ဇူလိုင်လ၂၈ ရက်၊ ည ၁၁ ခွဲခန့်တွင် ကွမ်းခြံကုန်းမြို့မှ စတင်တိုက်ခတ်လာပြီး ဇူလိုင် ၂၉ ရက်၊ မနက် ၆ နာရီခန့်တွင် ထောက်ကြံ့မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များသို့ တိုက်ခတ်သွားသည်။

ပျက်စီးသွားသည့် အိမ် ၁၃၄ လုံးတွင် ပျဉ်ထောင်အိမ်၊ တဲအိမ်၊ ၀ါးခင်းအိမ်၊ သွပ်မိုးအုတ်ကာအိမ်အမျိုးအစားများ ပါဝင်သည်ဟု မီးသတ်ဦးစီးဌာနက ပြောသည်။ တိုက်ခတ်သွားသည့် လေဆင်နှာမောင်းအမည်မှာ မည်သည့် အမျိုးအစားဖြစ်သည်ကို ပြောဆိုနိုင်ခြင်းမရှိဟု မိုးလေ၀သနှင့် ဇလဗေဒမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က မဇ္ဈိမကို ပြောသည်။

မိုးလေ၀သအနေအထားအရ ဇူလိုင်လမျိုးတွင် တိုက်ခတ်ခြင်း မရှိတတ်သော်လည်း တိုက်ခတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ မိုးလေ၀သအရ ဇူလိုင်လကာလသည် မုတ်သုံလေအတတ်အကျရှိသည့် အချိန်ဖြစ်ပြီး မိုးတိမ်တောင်များဖြစ်ထွန်းသည့် ကာလဖြစ်သဖြင့် ထိုအခြေအနေများမှ လေဆင်နှာမောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

လေဆင်နှာမောင်းတိုက်ခတ်ခံရသည့် မင်္ဂလာဒုံမြို့နယ်၊ ဒေါ်ခင်ဌေးဌေးက “ကျွန်မတို့ အိပ်နေတုန်း ၀ုန်းဝုန်း၊ ၀ီဝီနဲ့ အသံတွေကြားလာပြီး အိမ်ကြီးကို တစ်ယောက်ယောက်က မနေသလိုပဲ၊ ငါးမိနစ်လောက်နေတော့ ငြိမ်သွားတယ်”ဟု ပြောသည်။

မင်္ဂလာဒုံမြို့နယ်တွင်း ပျက်စီးသွားသည့်အိမ်များနှင့် ကျိုးကျထားသည့် သစ်ပင်များကို တပ်မတော်သား ၁၀၀ ခန့်က လာရောက် ရှင်းလင်းရေးများ ပြုလုပ်သွားပြီး မုန်တိုင်းသင့်သူများအား ထမင်းထုပ်များ ပေးဝေသွားမည်ဖြစ်သည်။

လတ်တလောအခြေအနေအရ မင်္ဂလာဒုံမြို့နယ်တွင် ကယ်ဆယ်စခန်းဖွင့်လှစ်ထားခြင်းမျိုး မရှိသေးဘဲ အိမ်ပျက်များတွင်ပင် လူများနေထိုင်လျက်ရှိနေကာ ထောက်ကြံ့မြို့တွင်မူ ဘောဂဓမ္မာရုံနှင့် မဏိဇောတ ဓမ္မာရုံတို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိသည်။

ပြန်ကြားရေးနှင့် ကျန်းမာရေးဝန်ကြီး ၂ ဦးကို နုတ်ထွက်ခွင့်ပြု၊ အစားထိုးခန့်ရန် အမည်စာရင်းပို့

ရွှေအောင်

သမ္မတဦးသိန်းစိန်က အရင် စစ်အစိုးရလက်ထက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီးလုပ်ခဲ့ဖူးတဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်တို့ကို ရာထူးက နုတ်ထွက်ခွင့် ပြုလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်တို့ကို သူတို့ရဲ့ သဘောဆန္ဒအရ ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ သမ္မတရုံးက ဇူလိုင် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သမ္မတဦးသိန်းစိန်က မီဒီယာသမားတွေအပေါ် သဘောထားတင်းမာနေချိန်မှာ ပြန်ကြားရေးဝန်ကြီးကို အခုလို အနားပေးလိုက်တာဟာ သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတို့ မီဒီယာအပေါ်ထားတဲ့ သဘောထားမတူလို့ ဖြစ်နိုင်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးမြင့်ကျော်က ပြောပါတယ်။

“သူက ပြီးခဲ့တဲ့ ကောင်စီနဲ့ တွေ့ခဲ့တဲ့အချိန်မှာတော့ လတ်တလော ဖြစ်နေတဲ့ဟာတွေမှာ မီဒီယာအပေါ်မှာ အပြစ်တင်တဲ့ ဟာမျိုးတွေ သိပ်မရှိဘူး။ မီဒီယာမှာ ပရော်ဖက်ရှင်နယ် အားနည်းတယ်ဆိုတာလောက်တော့ ရှိပါတယ်။ သို့ပေမယ့်လည်း ကျင့်ဝတ်ဖောက်ဖျက်လို့ အပြစ်ပေး အရေးယူရတာပဲဆိုတဲ့ ကာကွယ်ပြောဆိုတဲ့ဟာမျိုး သိပ်မတွေ့ရဘူး။ သူကတော့ အောက်ခြေအဆင့်တရားရုံးတွေ သူတို့တွေက ရဲရဲတင်းတင်းမဆုံးဖြတ်ရဲလို့ဆိုတဲ့ သဘောမျိုးတွေပေါ့။ အဲဒါက တခြားသူတွေနဲ့ မတူတဲ့ အမြင်ပေါ့။ သမ္မတရုံးက တောက်လျှောက် ပြောနေတာ မီဒီယာ အကြမ်းဖက်မှု လှုံ့ဆော်တဲ့ဟာတွေတောင် ရှိတယ်။ မီဒီယာက တာဝန်မဲ့တယ်၊ တာဝန်ယူမှုမရှိဘူး။ အဲဒီလိုဟာတွေကြောင့် ဒီလို ဥပဒေနဲ့အညီ အရေးယူရတာပါ ဆိုတဲ့ဟာမျိုးက သမ္မတရုံးက တုံ့ပြန်တဲ့ သ၀ဏ်လွှာတွေမှာရော တောက်လျှောက်တွေ့နေရတယ်။ အဲဒီလို အမြင်မျိုးတွေ ကွဲနေတာ တွေ့တယ်။”


အခု အနားပေးခံလိုက်ရတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီး ဖြစ်လာတဲ့ အရပ်သားဆရာဝန်တဦး ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်က ကျန်းမာရေးကဏ္ဍ တိုးတက်ဖို့ အားလုံး ၀ိုင်းလုပ်မှရမယ်လို့ သဘောထားမှတ်ချက်ပေးပါတယ်။

“အခြေခံကျတာက ဆေးကုသခြင်းသည် ကျန်းမာရေးရဲ့ သေးငယ်သော အပိုင်းဖြစ်တယ်ဆိုတာ ကို နိုင်ငံခေါင်းဆောင်တွေကရော လူထုကရော နားလည်ဖို့ လိုပါတယ်။ တကယ် ကျန်းမာချင်ရင် ကိုယ့်ကျန်းမာရေးကိုယ် ပျိုးထောင်ဖို့အတွက် လုပ်ရမယ့် လူထုရဲ့ လုပ်ငန်းတွေ အများကြီး ရှိသလို အစိုးရရဲ့ လုပ်ငန်းတွေလည်း အများကြီးရှိပါတယ်။ ကျန်းမာရေးလို့ ပြောနေတာ အများစုသည် ကျန်းမာရေးဝန်ကြီးဌာနတခုထဲနဲ့ ကိုင်တွယ်ဆောင်ရွက်ရေး လုံးဝ လုံးဝ မရနိုင်ဘူးဆိုတာကို နားလည်ထားမယ်ဆိုရင်တော့ ကျန်းမာရေးဟာ အစိုးရအဖွဲ့ တဖွဲ့လုံးက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမယ့် ကိစ္စလို့ သဘောပေါက်လို့ရှိရင် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ အများကြီး ရှိတယ်။ အဲဒီတော့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်ဆိုရင် ဒါမှမဟုတ်ရင် တာဝန်ယူရမယ့် အခြားသော ဗဟိုအဆင့် အစိုးရနဲ့ တိုင်းဒေသကြီး အစိုးရတွေနဲ့ အတူ လူထုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်စွမ်းရှိမှသာလျှင် ကျန်းမာရေး တိုးတက်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေ မကောင်းတဲ့အပေါ်မှာ ကျန်းမာရေး ၀န်ကြီး ၁ ယောက် ဒါမှမဟုတ်ရင် ကျန်းမာရေးဌာန တခုတည်းကို ပုံချခြင်းအားဖြင့် သဘာဝလည်း မကျဘူး။ အဓိပ္ပါယ်လည်း မရှိဘူး။”

ရာထူးက အနားပေးလိုက်တဲ့ ပြန်ကြားရေးနဲ့ ကျန်းမာရေးဝန်ကြီး ၂ ဦး နေရာမှာ ခန့်အပ်ဖို့အတွက် ပြည်ထောင်စုဒုဝန်ကြီးတွေဖြစ်တဲ့ ဦးရဲထွဋ်နဲ့ ဒေါက်တာသန်းအောင်တို့ကို ခန့်အပ်လိုကြောင်း သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ သ၀ဏ်လွှာ ပေးပို့ထားပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း အခုလို ပြည်ထောင်စုဝန်ကြီးတွေကို ဆန္ဒအရ နုတ်ထွက်ခွင့်ပြုခဲ့တာ တာဝန်မှ အနားပေးခဲ့တာတွေ ရှိခဲ့ဖူးပြီး ပြုပြင်ပြောင်းလဲရေး မလုပ်လိုသူတွေကို ချန်ထားခဲ့မယ်လို့ သမ္မတက ထုတ်ဖော်ပြောဆိုထားတာ ရှိပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ July,31st,20147

( 30 )ယခုနှစ် တရုတ်ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံ တင်ပို့

( 29 )China’s ‘Strategic’ Gas Pipeline in Burma May Be Built on Hot Air

( 28 )ဆက်သွယ်ရေးက တိုင်းပြည်စီးပွားရေးကို တွန်းတင်သွားလိမ့်မယ်

( 27 )Goldpetrol begins drilling of development well CHK 1191 in Myanmar

( 26 )အဆိုတော် နီနီဝင်းရွှေနှင့် အတူ မိုးစက်ဝိုင် ပါဝင် ဖျော်ဖြေမည်

( 25 )The ministerial reshuffle: reformers on the rise or a strategic play?

( 24 )အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ၈၈ တိုက်တွန်း

( 23 )Presidential Spokesman Ye Htut Nominated for Information Minister Post

( 22 )မြန်မာသံသီချင်းများနှင့် တီးဝိုင်းများအတွက်အနု သုခုမကြေးပြောင်းလဲလာ

( 21 )Ooredoo SIM Cards Go on Limited Sale in Burma

( 20 )ဇာတ်လမ်းတွဲ ရိုက်ကူးနေသည့် ဝင့်ယမုံလှိုင်

( 19 )MSF အဖွဲ့ကို တာဝန်ယူကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ပြောကြား

( 18 )အော်ရီဒူးဆင်းကတ် စ ရောင်းပြီ

( 17 )တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ လိုင်ဇာထိပ်သီးဆွေးနွေးပွဲ အခြေခံမူ ၁၀ ချက်ချမှတ်

( 16 )တေးရေးပညာရှင်များ၏ မူပိုင်ခွင့် ရရှိရေးနှင့် ပတ်သက်ပြီး အနုပညာရှင်များဆွေးနွေး

( 15 )ပြန်ကြားရေးနဲ့ ကျန်းမာရေး ဝန်ကြီးတွေ နုတ်ထွက်

( 14 )စီးကရက်ဘူးခွံများတွင် ဆေးလိပ်ကြောင့်ဖြစ်သည့် ရောဂါ ဓာတ်ပုံများ ဖော်ပြတော့မည်

( 13 )PR စနစ်ကိစ္စ ကော်မရှင်ဖွဲ့လေ့လာဖို့ ပြည်သူ့လွှတ်တော်သဘောတူ

( 12 )မာရီယို အယ်တီဗီ ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်း

( 11 )လယ်သိမ်းခံတောင်သူတွေ ဟင်္သာတမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်

( 10 )ရုပ်ရှင်စတူဒီယို ဆောက်မည့် နေရာများကို အတိအကျ ပြောကြားမည် မဟုတ်ဟု ဦးအောင်လွင် ဆို

( 9 )Burmese Army Officers Murdered in Violence-Wracked Namkham

( 8 )ပြန်ကြားရေးနှင့် ကျန်းမာရေးဝန်ကြီး ၂ ဦးကို နုတ်ထွက်ခွင့်ပြု

( 7 )Uncertainty, Concern Surround Thai Govt Headcount of Refugees

( 6 )မွေး/ရေလုပ်ငန်းများသို့ ထုတ်ချေးရန် တရုတ်ဘဏ်မှ ချေးငွေ ကန်ဒေါ်လာ ၁၆ သန်း ရရှိရေး ညှိနှိုင်းနေ

( 5 )Japan’s ANA Cancels Investment in Burma’s Asian Wings

( 4 )ရန်ကုန်-မန္တလေး အမြန်လမ်း အရေးပေါ်ဖြစ်စဉ် ၁၈၈၀ က ကူညီမည်

( 3 )Ethnic Ceasefire Team Concludes Laiza Summit

( 2 )တိုက်ကြီးတွင် တပ်ရင်းနှစ်ရင်း သိမ်းထားသည့် လယ်မြေ ၄ဝဝ ပြန်ပေးရန် လွှတ်တော်တင်မည်

( 1 )Pegu farmlands flooded by dam overflow

Wednesday, July 30, 2014

လိုင်ဇာထိပ်သီးအစည်းအဝေး တတိယနေ့ ကုလနှင့် တရုတ်တက်ရောက်

KNG

တိုင်းရင်းသားခေါင်းဆောင်များ၏ တတိယနေ့ လိုင်ဇာထိပ်သီးအစည်းအဝေးသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီမှ ပြန်လည် ပြုလုပ်သော အစည်းအဝေးတွင် မစ္စတာ နမ်ဘီယားနှင့် တရုတ်ကိုယ်စားလှယ် ယခင်က မစ္စတာ ဝမ်ယိန်ဖန်း (Mr Wang Yingfan) ၏ လက်ထောက် မစ္စတာ တန်ယင် (မြန်မာအမည် ဦးထွန်းလွင်) တို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။

“ရောက်တယ်။ ဒီညနေ ၂ နာရီအစည်းအဝေးမှာတော့ တက်တယ်” ဟု ဦးဒွဲပီဆာက ပြောသည်။
မစ္စတာ နမ်ဘီယားက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက် ယခုကဲ့သို့ ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြင့် အကောင်းဆုံးဖြစ်လာနိုင်ရန် မျော်လင့်ကြောင်းနှင့် ကုလသမဂ္ဂမှ ကူညီထောက်ပံ့မှုများ ဆက်လက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ သဝဏ်လွာကို ပြောဆိုခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ KIO အရာရှိ တဦးက ပြောသည်။

အလားတူ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသည် လက်နက်ကိုင် ပဋိပက္ခကို မဖြေရှင်းနိုင်သေးဘဲ စီးပွားရေး တိုးတက်မှု နည်းကွေးနေကြောင်း၊ ငြိမ်းချမ်းရေးရရှိရေး တရုတ်နိုင်ငံအနေဖြင့် ကူညီမည်ဟု ပြောဆိုခဲ့သည်ဟု တရုတ်ကိုယ်စားလှယ်ကလည်း ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

“တရုတ်နဲ့မြန်မာက နယ်စပ်ဖြစ်တဲ့အတွက် အမြဲတမ်း ဆက်သွယ်ဖို့ လိုတယ်။ အခုလို ငြိမ်းချမ်းဆွေးနွေးတာကို ဝမ်းသာတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံက တိုးတက်မှုတွေ ရှိနေပြီ။ မြန်မာနိုင်ငံက မငြိမ်းချမ်းလို့ တိုးတက်မှု နောက်ကျနေတယ်။ ခုလို စည်းဝေးလုပ်ပြီး ငြိမ်းချမ်းရေးယူပြီး တိုးတက်အောင် ကျနော်တို့ တရုတ်အစိုးရကလည်း တတ်နိုင်သလောက်ကူညီမယ်” ဟု သူက ဆက်ပြောသည်။

ထို့ပြင် တတိယနေ့ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး/ရှမ်းပြည်တပ်မတော် (RCSS) ကိုယ်စားလှယ်များ လေ့လာသူများအဖြစ် တက်ရောက်နေသည်ဟု သိရသည်။

သုံးရက်ကြာ ဆွေးနွေးမှုတွင် အပစ်ရပ်မူကြမ်းမှ အခန်း ၆ ချက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ခေါင်းစဉ်အား ဆက်လက် ဆွေးနွေးခဲ့သည်ဟု သူက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့ ကိုယ်စားလှယ် ၈၀ ကျော်တက်ရောက် ဆွေးနွေးနေသည်။ ၄င်းထိပ်သီးအစည်းအဝေးကို ယခုလ ၂၄ ရက်နေ့မှ စတင်ကျင်းပရန် မူလာက စီစဉ်ခဲ့သော်လည်း ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် (၅)မိနစ်အတွင်း အရေးပေါ်ကူညီပေးနိုင်မည့် Hotline စနစ်တစ်ခုစတင်

ပေသီး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အခြေအနေ ဖြစ်လာပါက ချက်ချင်းခေါ်ဆိုပြီး အကူအညီတောင်းနိုင်မည့် Hotline စနစ်တစ်ခုအား စတင်လိုက်ပြီဟု သိရသည်။

ယင်းလမ်းပေါ်တွင် အသုံးပြု သွားလာနေကြသည့် ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အခြေအနေ ဖြစ်လာပါက Hotline နံပတ် ၁၈၈၀ အား ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ကြောင်း ယနေ့ Orchid ဟိုတည်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ အမြန်လမ်း အင်ဂျင်နီယာမှူး ဦးကြည်ဇော်မြင့်က ပြောသည်။

“ တစ်ခုခု မတော်တဆဖြစ်ရင် ခရီးသွားပြည်သူတွေအနေနဲ့ Hotline နံပတ် ၁၈၈၀ ကို အရေးပေါ် ချက်ချင်းဆက်သွယ်နိုင်တယ်။ ၅ မိနစ်အတွင်းမှာ ကျနော်တို့ သွားရောက်ပြီး ကူညီဆောင်ရွက် ပေးသွားနိုင်အောင် ဒီစနစ်ကို စီစဉ်ထားပါတယ်” ဟု သူက ဆိုသည်။

ယခင်က ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အကူအညီတောင်းခံရန် Hotline နံပတ် ၁၉၉ နှင့် ၁၈၇၆ လိုင်းများ ရှိခဲ့သော်လည်း ဖုံးလိုင်းမအားသဖြင့် အချိန်ပြည့် အကူအညီမပေးနိုင်ခဲ့၍ Hotline နံပတ် ၁၈၈၀ အား အသစ်တပ်ဆိုင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခု Hotline နံပတ် ၁၈၈၀ အတွက် လူအင်အား (၂၅) ဦးဖြင့် အားဖြည့်ထားပြီး တစ်နေ့ ၂၄ နာရီ အချိန်ပြည့် လုပ်ဆောင်သွားမည်ဟု သိရသည်။

Hotline ၁၈၈၀ အား ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ပြီး အကူအညီ တောင်းခံနိုင်ကြောင်း သူက ပြောသည်။

“ အဓိကတော့ဗျာ ခရီးသွား မိဘပြည်သူတွေ အနေနဲ့ အဆင်ပြေချောမွေ့စေရေးနဲ့ ဘယ်နေရာ မဆို မတော်တဆ တစ်ခုခု ဖြစ်ပွားခဲ့ရင် မလိုလားအပ်ဘဲ အသက် ဆုံးရှုံးမူတွေ မဖြစ်စေရေး အတွက် အဓိက ရည်ရွယ်ပြီး စီစဉ် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါ့ပြင် မော်တော်ယာဉ်တွေ အနေနဲ့ စက်ချို့ယွင်းမူ ဖြစ်ပွားသည် ဖြစ်စေ၊ မတော်တဆမော်တော်ယာဉ် မီးလောင်သည် ဖြစ်စေ အကူအညီ တောင်းခံလို့ ရနိုင်အောင် စီစဉ်ပေးတာ ဖြစ်ပါတယ်” ဟု စီစဉ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အမြန်လမ်း အင်ဂျင်နီယာမှူးက ဆိုသည်။

အရေးပေါ် Hotine နံပါတ် ၁၈၈၀ အားဆက်သွယ်ပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၊ မြန်မာနိုင်ငံ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြုပြင် ထိန်းသိမ်းရေး မော်တော်ယာဉ်များနှင့်အတူ အခင်း ဖြစ်ပွားရာနေရာသို့ ချက်ချင်း လာရောက်ကူညီဖြေရှင်း ပေးသွားမည်ဟု ဆိုသည်။

ွှအရေးပေါ် ဖုံးခေါ်ဆိုမူဖြစ်သော်လည်း သာမန် ဖုံးခေါ်ဆိုသည့် နုန်းထားအတိုင်း တစ်မိနစ်လျှင် ကျပ် (၅၀) နှုန်းသာ ကုန်ကျမည်ဖြစ်သည်ဟု ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကူညီရေး စခန်း (၅) ခု လောလောဆယ်တွင် တည်ဆောက် ထားပြီး နောက်ထပ် (၁၀) ခုထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ကားမတော်တဆ ဖြစ်ပွားမူများ မကြာခဏ ဖြစ်ပေါ်နေပြီး ဖြစ်ပွားပါက ခရီးသွားပြည်သူများအနေဖြင့် Hotline နံပတ် ၁၈၈၀ ကို အရေးပေါ် ချက်ချင်း ခေါ်ဆိုနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် ဆက်လက် ချိုးဖောက်ခံနေရ

ပီတာအောင်

မြန်မာနိုင်ငံမှာ ဘာသာရေးအရ ဖိနှိပ်အကြမ်းဖက်မှုတွေ၊ ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာဝင်တွေ အပေါ် ခွဲခြားနှိမ်ချဆက်ဆံမှုတွေ ရှိနေပြီး ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်စရာ အခြေအနေမှာ ဆက်ရှိနေတုန်းပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ ဘာသာရေးလွတ်လပ် ခွင့်အခြေအနေနဲ့ ပတ်သက်ပြီး နှစ်စဉ် ပုံမှန် ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် အတွက် နိုင်ငံတကာ ဘာသာရေးလွတ် လပ်ခွင့် အစီရင်ခံစာ မှာ မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်အခြေအနေကိုလည်း ထည့်သွင်း ဖော်ပြထားတာပါ။

မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးမှတ်တမ်းတစုံလုံးအခြေအနေမှာ ဆက်လက်တိုး တက်မှု ရှိနေပေမယ့် အစီစဉ်တ ကျလုပ်ဆောင်နေတဲ့ မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားပြောဆိုမှုတွေ၊ နှောင့်ယှက်တိုက်ခိုက်မှုတွေနဲ့ ခွဲခြားနှိမ်ချဆက်ဆံမှုတွေ ဆက်ရှိနေတုန်းပဲလို့ ဆိုပါတယ်။

တချို့နေရာတွေမှာ မွတ်စလင်တွေကို မြေပိုင်ခွင့် တားမြစ်ပိတ်ပင်ထားတဲ့ မူဝါဒတွေ ရှိနေတာ၊ ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ထားတာတွေ ရှိနေဆဲ ဖြစ်ပြီး မိတ္ထီလာမှာ ဖြစ်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကြောင့် ၂၀၁၃ ခုနှစ်ဆန်းပိုင်းမှာ လူ ၁၀၀ ကျော် သေဆုံးကာ လူ ၁ သောင်း ၂ ထောင်လောက် နေစရာမဲ့ ဖြစ်ခဲ့ရတာကို ကြည့်ရင် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်မှာတင် ဖြစ်ပွားနေတာ မဟုတ်တော့ဘူးဆိုတာကို ပြသနေတယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံ ပေးထားပေမယ့် တချို့ ပုဒ်မတွေနဲ့ တခြားဥပဒေတွေ မူဝါတွေက ဒီလွတ်လပ်ခွင့်ကို ပြန်ပြီး ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

ဥပဒေရေးရာ ကျွမ်းကျင်သူ ရှေ့နေကြီး ဦးကိုနီကတော့ မြန်မာပြည်မှာ ဘာသာ မတူသူတွေကို ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေ တရားဝင်ထုတ်ထားတာ မရှိပေမယ့် ခွဲခြားတဲ့ မူဝါတွေကတော့ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

“ဘာသာရေး လွတ်လပ်ခွင့် ရှိတယ်လို့ မူဝါဒ ရှိသလို၊ တခြားတဖက်မှာ ခွဲခြားတဲ့အချက်တွေ ရှိတယ်။ အဲဒါကို ပြောင်ပြောင်တင်းတင်း တရားဥပဒေတွေအနေနဲ့ ပြဋ္ဌာန်းထားတာ သိပ်မရှိဘူး။ ဘယ်မှာ ရှိတုန်းဆိုတော့ ဥပမာ တပ်ထဲကို ကျနော်တို့ ၀င်မယ်ဆိုရင် ဗိုလ်လောင်းသင်တန်း မွတ်စလင် လက်မခံဘူး။ နောက် ဌာနဆိုင်ရာ အရာရှိကြီးကြီးနေရာတွေ မွတ်စလင်တွေကို မပေးဘူး။ ဟိုအရင် ပါလီမန်ဒီမိုကရေစီခေတ်ကတော့ ရှိခဲ့တယ်။ မွတ်စလင်ရော ခရစ်ယာန်ရော၊ ဟိန္ဒူရော တော်ရင်တော်သလို အရာရှိအရာခံတွေ ရှိခဲ့တယ်။ သို့သော် ဒါတွေ တဖြည်းဖြည်း ပင်စင်ယူပြီး ပြုတ်သွားတဲ့အခါ တဖြည်းဖြည်း ဘာသာရေးကို အစိုးရရဲ့ ပေါ်လစီတရပ်အနေနဲ့ အတွင်းမှာ ကြိတ်ချထားပြီး အစ္စလာမ်ဘာသာဝင်တွေဆို နေရာမပေးတော့ဘူး။ စာရေးစာချီ အဆင့်လောက်ပဲ ထားတယ်။ တခုရှိတာက ပညာရှင်ပိုင်း ဆရာဝန်တို့ ဘာတို့ ရှိတယ်။ အုပ်ချုပ်ရေးနဲ့ တခြား စီမံခန့်ခွဲရေးအပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေကို သိသိသာသာ ဘေးဖယ်တာ တွေ့ရတယ်။ အဲဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ချမှတ်ထားတဲ့ မူဝါဒနဲ့ ဆန့်ကျင်ဘက်မူဝါဒချပြီး အလုပ်လုပ်နေတယ်ဆိုတာ ဒီအချက်က သက်သေခံပါတယ်။”


အမေရိကန်ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေအပေါ် မှာလည်း အကြမ်းဖက်မှု ရှိနေပြီး ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ ဖျက်ဆီးခံရမှုတွေနဲ့ ချင်းပြည်နယ်မှာလည်း ဘာသာရေး ဖိနှိပ်မှုတွေ ရှိနေတယ်လို့ ရေးသားထားပါတယ်။

မြစ်ကြီးနားမြို့က မြို့မိမြို့ဖတဦးဖြစ်သူ ကချင်မနောပွဲကော်မတီဥက္ကဋ္ဌ ဦးလရှီလာအောင်ကတော့ ကချင်ပြည်နယ် စစ်မက်ဖြစ်ပွားရာနယ်မြေတွေမှာ ဘုရားကျောင်း တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ခုလိုပြောပါတယ်။

“ကျနော်တို့ စစ်မက်တွေဖြစ်ပွားတဲ့ ဧရိယာဘက်မှာ ရှိသမျှဘုရားကျောင်းတွေ အကုန်လုံးကို မီးရှို့ပစ်လိုက်တာပေါ့။ တချို့က ဖျက်ဆီးပစ်လိုက်တယ်။ ဘုရားကျောင်းမှန်းသိလျက်နဲ့ တပ်တွေ လာထိုင်တယ်။ တရွာလုံးဖျက်ဆီးလိုက်ရင်လည်း တမျိုးပေါ့။ ဒါပေမယ့် ဘုန်းကြီးကျောင်းကို ချန်ထားပြီး ခရစ်ယာန်ဘုရားကျောင်းတွေ အကုန်ဖျက်ဆီးပစ်တာ။ မြို့ထဲမှာ မဖြစ်ပေမယ့် နယ်ဘက် စစ်ကြောင်းတွေ သွားတဲ့အခါ ရှိသမျှဘုရားကျောင်းတွေ အကုန်ဖျက်ဆီးပစ်တာ။”

အမေရိကန်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ တရားဝင်တုံ့ပြန်သွားဖို့ မရှိဘူးလို့ သမ္မတရုံး အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

“အစီရင်ခံစာနဲ့ပတ်သက်ပြီး ကျနော်တို့က အထူးတလည် ကြီးကြီးမားမား တုံ့ပြန်စရာတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီအစီရင်ခံစာက အမေရိကန်နိုင်ငံက သူ့သဘောနဲ့သူ ထုတ်ပြန်တာ။ သူ့ရဲ့ တနိုင်ငံချင်းလုပ်ဆောင်ချက်။ ဆိုလိုတာက ကျနော်တို့ကိုယ်တိုင် ပါဝင်လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂလို၊ အာဆီယံလိုဟာမျိုး မဟုတ်ဘူး။ အမေရိကန်အနေနဲ့ ကမ္ဘာ့နိုင်ငံတွေကို ဒီလိုမျိုး အကဲဖြတ်ပြီး အစီရင်ခံစာထုတ် ဖိအားပေးတယ်ဆိုတာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒအရ လုပ်တာပါ။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ “ဒီနှစ် အစီရင်ခံစာဟာ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ပြဿ နာတွေ၊ ချိုးဖောက်မှုတွေကိုချည်း ဖော်ထုတ်ရေးသားထားတာ မဟုတ်ဘဲ အပြောင်းအလဲတွေအတွက် အရေးယူဆောင်ရွက်မှုတွေမှာ တာဝန်ခံမှုတွေ ရှိဖို့ အစပျိုးဆောင်ရွက်တာ” လို့ ပြောပါတယ်။

အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ နိုင်ငံသားတွေအားလုံးက ဒီအစီရင်ခံစာကို သုံးပြီး အားလုံးရဲ့ ရပိုင်ခွင့် ဖြစ်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်နိုင်ဖို့ အခွင့်အရေး တိုးတက်ရရှိနိုင်အောင် ဆောင်ရွက်ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။