Friday, September 30, 2011

မြစ်ဆုံစီမံကိန်းရပ်တံ့သည့် သတင်း ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

ဧရာဝတီ Friday, 30 September 2011


မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အစိုးရ ကိုယ်စားလှယ် ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် နှင့် ယနေ့ တွေ့ဆုံ အပြီးတွင် ဧရာဝတီ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်း လိုက်ပြီ ဆိုသော သတင်းအား ကြိုဆိုကြောင်း ပြောသည်။

“ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို ထောက်ထားပြီးတော့ ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းဖို့ သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့တယ်လို့ ကြားတယ်။ ပြည်သူ့အသံ နားထောင်တာ ကောင်းပါတယ်။ ဒီဟာက အစိုးရတိုင်း လုပ်ရမယ့် အလုပ်ပါ။ ပြည်သူ့အသံနားထောင်ရမယ်၊ ပြည်သူရဲ့ စိုးရိမ်မှုတွေကို တကယ်ပဲ လေးလေးနက်နက် နားထောင်ပြီးတော့ ဖြေရှင်းပေးရမယ်။ ကျမအနေနဲ့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တတိယအကြိမ်မြောက် တွေ့ဆုံရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ၊ ဧရာဝတီ မြစ် ထိန်းသိမ်းရန် နှစ်ဦးနှစ်ဘက် ပူးပေါင်းမည့် အရေးကိစ္စ၊ ပြည်တွင်း တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဥပဒေဘောင် ပြင်ပတွင် ရောက်ရှိနေသော လက်နက်ကိုင်များ ဥပဒေဘောင်အတွင်း ရောက်ရှိရေးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရေး စသည့်အချက် လေးချက်ကို အဓိက အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းအရာ များနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွားရန် နှစ်ဦးနှစ်ဘက် သဘော တူညီထားကြောင်း ဦးအောင်ကြည်က ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်ကို ရွေးကောက်ပွဲဝင်၊ မ၀င် သိရှိ လိုကြောင်း သတင်းထောက် တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက် ပွဲများကို မူအရ မဆန့်ကျင် ပါကြောင်း၊ ရွေးကောက်ပွဲ အခြေ အနေနှင့် ပုံစံကို ကြည့်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း ဖြေကြား သည်၊

“ကျမတို့က ရွေးကောက်ပွဲကို မူအရ မဆန့် ကျင်ဘူး။ ဒီမို ကရေစီ စနစ်ရဲ့ တစိတ်တပိုင်း အဖြစ် လက်ခံတယ်။ ဒီလို ရွေးကောက်ပွဲ ၀င်ပုံဝင်နည်း အခြေအနေ၊ အခင်း အကျင်း တွေကိုပဲ ကျမတို့ ကြည့်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ဝန်ကြီး ဦးအောင်ကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် ဥပဒေ အရ မှတ်ပုံ တင်ပြီးလျှင် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်း စုကြည်က တိုင်းပြည်နှင့် လူမျိုး အကျိုး အတွက် အစိုးရ နှင့် တတ်နိုင် သမျှ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ် ကြောင်း လည်း ကတိပြု ပြောဆို ခဲ့သည်။



မြစ်ဆုံစီမံကိန်း ဆိုင်းထားရန် သမ္မတ ဆုံးဖြတ်

ခင်ဦးသာ Friday, 30 September 2011

ဧရာဝတီ မြစ်ဆုံ တည်ဆောက်ရေး စီမံ ကိန်းအား လက်ရှိ အစိုးရ သက်တမ်းတွင် ရပ်ဆိုင်း ထားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြည်သူ့ လွှတ်တော် အစည်း အဝေးသို့ ယနေ့ သ၀ဏ်လွှာ ပေးပို့ ပြောဆို လိုက်သည်။

မြစ်ဆုံ စီမံကိန်း သည် ပြည်သူ လူထု၏ ဆန္ဒနှင့် လွှတ်တော် ကိုယ်စားလှယ် များ၏ ဆန္ဒကို သွေဖီ နေသည်ဟု ဦးသိန်းစိန်က ဆိုသည်။

ဦးသိန်းစိန်၏ ပြောဆို ချက်အား မြစ်ဆုံ ဆည်စီမံ ကိန်းကို ကန့်ကွက် နေကြ သူများက ကြိုဆို လိုက်သည်။

သမ္မတ ဦးသိန်းစိန်သည် ပြည်သူ လူထု၏ အသံကို အလေးထား မည်ဟု ပြောဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည့် အပြင် ဤဆုံး ဖြတ်ချက်သည် ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံ မှု၏ ရလဒ် တခု ဟုလည်း ယူဆ နိုင်ကြောင်း ဧရာဝတီ ရှင်သန်ရေး အဖွဲ့ကို ဦးဆောင် သူတဦး ဖြစ်သော ကိုမြတ်သူက ဧရာဝတီ သတင်း ဌာနကို ပြောသည်။

စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးကာ ဧရာဝတီမြစ်ကြီး တိမ်ကော ပပျောက်သွားမည်ဟု ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ထောက်ပြ ကန့်ကွက်နေကြပြီး လူထုလှုပ်ရှားမှု တချို့ပင် ဖြစ်ပေါ်ခဲ့သည်။

ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ကုန်ကျမည့် မြစ်ဆုံစီမံကိန်းအား ၂၀၀၆ ခုနှစ်တွင် စာချုပ် ချုပ်ဆိုခဲ့ပြီး တရုတ်နိုင်ငံက ဦးဆောင် တည်ဆောက်နေခြင်းဖြစ်သည်။ စီမံကိန်း ပြီးစီးပါက လျှပ်စစ်မဂ္ဂါဝပ် ၆၀၀၀ ပမာဏ ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထိုအထဲမှ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် သဘောတူထားသည်။

ဒေသခံ ပြည်သူ ၁၂၀၀၀ ၀န်းကျင်အထိ ပြောင်းရွှေ့ပေးရသည့် စီမံကိန်းများ ရပ်တန့်ရန် တောင်းဆိုခဲ့သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ ဒေသများတွင် ယခုနှစ် ဇွန်လအတွင်းမှ စတင်၍ တိုက်ပွဲများ အဆက်မပြတ်နေသည်။

သမ္မတ ဦးသိန်းစိန်၏ ယနေ့ ပြောဆိုချက်နှင့် ပတ်သက်၍ ကချင်လက်နက်ကိုင်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က “ရပ်ဆိုင်းထားမယ် ဆိုတာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် တနှစ် ရပ်တာလား၊ ဘယ်လောက် ရပ်ဆိုင်းတာလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ၊ ကျနော်တို့က အပြီးအပိုင် ရပ်ဆိုင်းတာကိုပဲ လိုလားပါတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

“အလွှာအသီးသီးက ပြင်းပြင်းထန်ထန် ကန့်ကွက် ဖိအားပေးနေကြတဲ့အတွက် သမ္မတက အလျော့ပေးတာလဲ ဖြစ်နိုင်ပါတယ်” ဟု ဦးလနန်က ဆိုသည်။

မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေး ဆောင်ရွက်နေသည့် သူများကလည်း ၎င်းတို့၏ Facebook စာမျက်နှာများတွင် သမ္မတ၏ ပြောဆိုချက်အား ကြိုဆိုကြောင်း ရေးသားထားကြရာ ထိုအထဲတွင် ကာတွန်းဆရာ အော်ပီကျယ်၊ ကချင် ခေါင်းဆောင်ဟောင်း ဒေါက်တာ မနန်တူးဂျာ၊ စာရေးဆရာ မောင်ဝံသ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

KIA နှင့် အစိုးရတိုက်ပွဲ ပိုမိုတိုးပွားလာ

သန်းထိုက်ဦး Friday, 30 September 2011


အစိုးရ တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ခိုက် မှုများ ရှမ်း နှင့် ကချင် ဒေသတွင် ပိုမို တိုးပွား လာကြောင်း KIAက ပြောသည်။

တိုက်ပွဲ များက ကချင်ပြည်နယ် မိုးညှင်း မြို့ရှိ ငှက်ပျောတော ကျေးရွာ၊ မံစီမြို့ အနီး အနား အထိ ဖြစ်ပွားလာ နေကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်း ရေးမှူး ဦးလနန်က ဧရာဝတီ ကို ပြောသည်။

KIA၏ အမှတ် ၄ တပ်မဟာ လှုပ်ရှားခွင်ဖြစ်သည့် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း၊ တာမိုးညဲ စသည့် ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဦးလနန်က ပြောသည်။

“တပ်မဟာ ၄ ဘက်မှာတော့ တိုက်ပွဲဟာ လုံးဝ ကျယ်ပြန့်သွားပြီး အစိုးရတပ်ဖွဲ့တွေရှိတဲ့ နေရာတွေကို ကျနော်တို့ ပြောက်ကျား တပ်ဖွဲ့ဝင်တွေက ပြန်တိုက်နေကြတယ်” ဟု ဦးလနန်က ဧရာဝတီကို ပြောသည်။

တပ်မဟာ ၄ ဒေသသည် စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ အပြင်းအထန် ထိုးစစ်ဆင်ခံရခြင်း ဖြစ်သည်။

ယမန်နေ့က ကချင်ပြည်နယ် လိုင်ဇာဒေသသို့ ဦးတည်လာသော အစိုးရတပ်တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA ဒေသသီးသီးကို စစ်ရေးပြင်ဆင်မှု တိုးလာသည်ဟု ဆိုသည်။

“မြစ်ကြီးနားကနေပြီတော့ ရွှေညောင်ပင် ဘက်ကို သူတို့ တပ်အင်အား ဖြည့်တာရှိတယ်၊ နောက်ပြီးတော့ မြစ်ကြီးနားကနေ ဧရာဝတီမြစ်လမ်းကြောင်း ဆင်းပြီး တာလောကြီးဘက်က ၀င်လာဖို့ ရှိတယ်၊ ဗန်းမော်မြို့ အနောက်ဘက်ခြမ် အဲဒီကနေလည်း တက်လာဖို့ အစီအစဉ်ရှိတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့တပ် ဦးတည်လာတာကို စုလိုက်ရင် ကျနော်တို့ဘက်ကို ဖြစ်နေတယ်” ဟု ဦးလနန်က ရှင်းပြသည်။

KIA ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားကြောင်း သူက ပြောသည်။

“လိုင်ဇာဒေသကို ၀င်လာမယ်ဆိုရင် ဒီဒေသတော့ သူတို့အတွက် သတ်ကွင်း ဖြစ်သွားပါလိမ့်မယ်၊ သူတို့ သိမှာပါ။ ဒါကြောင့်မို့ သူတို့က အဝေးကနေ လက်နက်ကြီးတွေကို အားကိုးပြီးတော့ ပစ်ကြမယ်လို့ ထင်တယ်” ဟု ဦးလနန်က ဆိုသည်။

KIA က တိုက်ပွဲအခြေအနေများ၊ ၎င်းတို့၏ သဘောထားများကို သတင်းဌာနများသို့ ပြောဆိုနေချိန်တွင် အစိုးရက စစ်သတင်းကို အမှောင်ချထားသည်။

နှစ်ဖက် အကျအဆုံး စာရင်း၊ ထွက်ပြေးနေရသည့် ဒေသခံ အရေအတွက်တို့ကို မသိရှိရသေးပေ။

ကြံ့ဖွံ့ခေါင်းဆောင်များ “၀” နှင့် တွေ့ဦးမည်

ရန်ပိုင် Friday, 30 September 2011

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင် ၂ ဦးသည် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် စနေနေ့၌ ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် တွေ့ဆုံ ဆွေးနွေး မည်ဟု သိရသည်။

အစိုးရ အထူး ကိုယ်စားလှယ် ၀န်ကြီးဟောင်း များဖြစ်သည့် ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့သည် UWSA နှင့် ယခု လဆန်း ပိုင်းက တကြိမ် တွေ့ဆုံပြီး ဖြစ်သည်။

UWSA အဖွဲ့ကို ဒု ဥက္ကဋ္ဌ ဦးရှောက်မင်လျှံက ဦးဆောင်ပြီး ပေါ်လစ်ဗျူရို အဖွဲ့ဝင် ပေါက်ယိုလင်း၊ ပြည်ပဆက်သွယ်ရေးတာဝန်ခံ ဦးကျောက်ဂုရမ်၊ ပြန်ကြားရေးအရာရှိ လီဆူးလျဲ့ခေါ် ဦးအောင်မြင့်၊ UWSA အမှတ် ၄၁၈ တပ်မဟာမှူး ဦးအိုက်လင်းတို့ ပါဝင်မည်ဟု အမည်မဖော် လိုသည့် UWSA အရာရှိတဦးက ဧရာဝတီကို ပြောသည်။

အစိုးရ ကိုယ်စား လှယ်များနှင့် UWSA တို့ တွေ့ဆုံမည့် အချိန်သည် လားရှိုး - ကွတ်ခိုင် ဒေသ အခြေစိုက် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ ၄ ကို အစိုးရ တပ်များက အပြင်း အထန် ထိုးစစ် ဆင်နေချိန်နှင့်လည်း တိုက်ဆိုင် နေသည်။

လားရှိုးမြို့ ဆွေးနွေး ပွဲတွင် “ ၀”တပ်ဖွဲ့ ၏ အနာဂတ် ရပ်တည်မှု အခြေ အနေကို ပြောဆိုကြမ ည်ဟု ယူဆ ရကြောင်း၊ UWSA ခေါင်းဆောင် များက ၁၉၈၉ ခုနှစ် အပစ်အခတ် စတင် ရပ်စဲသည့် အနေအထားမျိုးကို ပြန်လည်ရရှိရန် လိုလားနေသည်ဟု လေ့လာသူများက ဆိုသည်။

တရုတ်မြန်မာနယ်စပ် စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက “အခု ဆွေးနွေးပွဲတွေကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ မလွယ်ပါဘူး၊ ယာယီပဲ ဖြစ်မယ်” ဟု သုံးသပ်သည်။

အစိုးရက UWSA ကို ချည်းကပ်နေခြင်းမှာ လတ်တလော ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၊ ရှမ်းပြည်တပ်မတော် (SSA- N)တို့နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် UWSA ပါဝင်လာခြင်း မရှိစေရန် ကြိုတင် တားဆီးခြင်းပင် ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ဆက်ပြောသည်။

ယခုလဆန်းပိုင်းဆွေးနွေးပွဲတွင် ပါဝင်သည့် အချက်များမှာ အပစ်အခတ်ရပ်စဲရေး ဆက်လက် ထိန်းသိမ်းရန်၊ အဆင့်တူ ပုဂ္ဂိုလ်တို့နှင့် ဆက်ဆံရေးဌာနများ ထူထောင်ရန်၊ နယ်မြေကျော်လွန် ခရီးသွားရာတွင် လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်၍ နှစ်ဘက် ကြိုတင်ညှိနှိုင်းရန်၊ ဘုံသဘောတူညီချက် ရရှိလျှင် “၀” အထူးဒေသ တည်ငြိမ် ဖွံဖြိုးရေးကိစ္စများကို ဆက်လက်ညှိနှိုင်းရန်၊ အစိုးရ၀န်ထမ်းများကို “၀” ဒေသအတွင်း ပြန်လည်လက်ခံရန်တို့ ဖြစ်သည်။

ပထမအကြိမ်ဆွေးနွေးပွဲအပြီးတွင် ရှမ်းပြည်နယ်အစိုးရက UWSA အဖွဲ့၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့နှင့် ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။

စာချုပ်ချုပ်ပြီးနောက် UWSA အဖွဲ့ပိုင် Yangon Airways ပြည်တွင်း လေကြောင်းလိုင်းကို ပြန်လည် ပြေးဆွဲခွင့် ပြုခဲ့သည်။ Yangon Airways သည် ယမန်နှစ်က လေယာဉ်ပျံသန်း ပြေးဆွဲခွင့် လက်မှတ် (Aircraft Operator Certificate) မရှိဟူသော အကြောင်းပြချက်ဖြင့် ပိတ်ပင်ခြင်းခံထားရသည်။

အစိုးရက ပိတ်ဆို့ထားသည့် စီးပွားရေး အရ အချက်အချာကျသော လားရှိုး- တန့်ယန်း- ပန်ဆန်း ကားလမ်းကို ပြန်လည် ဖွင့်လှစ်ပေးရန် UWSA က လိုလားလျက်ရှိသည်။

စစ်သည်အင်အား သုံးသောင်းဝန်းကျင်ရှိသည်ဟုဆိုသော UWSA ၏ ဌာနချုပ်သည် ရှမ်းပြည်နယ် ပန်ဆန်းမြို့တွင် တည်ရှိသည်။

ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ်ကို သဘောမတူသည့် UWSA သည် အာဏာပိုင်တို့၏ ဖိအားပေးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ ရေတပ်သင်္ဘောများ အငြင်းပွားနေသည့် ရေပိုင်နက် အနီးတွင် ကင်းလှည့်နေကြ

တာကလူး

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့မှ ရေတပ် သင်္ဘော နှစ်စီး သည် နှစ်နိုင်ငံ နယ်စပ်ရှိ အငြင်းပွါး နေသည့် ပင်လယ်ပြင် တွင် တစ်စီးနှင့် တစ်စီး ထိပ်တိုက် ရင်ဆိုင်ကာ ကင်းလှည့် နေကြ ကြောင်း သတင်း ရရှိသည်။

မြန်မာ နိုင်ငံ ဘက်မှ ရေတပ် စစ်သင်္ဘော တစ်စီး သည် နှစ်နိုင်ငံ နယ်စပ် အနီး ပင်လယ်ပြင်တွင် ယခု ရက်ပိုင်း အတွင်းမှ စတင် ကင်းလှည့် လာခြင်းကြောင့် ဘင်္ဂလားဒေချိ့ နိုင်ငံ ဘက်မှ လည်း ၄င်း၏ ရေပြင် ပိုင်နက်ကို ကာကွယ် နိုင်ရန် ရေတပ် သင်္ဘော တစ်စီးကို ယမန် နေ့မှ စတင် စေလွှတ် လိုက်ခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေထ်ျ့ ထောက်လှမ်း ရေးက ပြောသည်။

"မြန်မာ ဘက်က ရေတပ် စစ်သင်္ဘော တစ်စီးဟာ ဒီရက်ပိုင်း အတွင်း မှာပဲ ကျွန်တော်တို့ နိုင်ငံရဲ့ နယ်စပ် အနီးမှာ ကင်းလာ လှည့်နေ တာကြောင့် ကျွန်တော်တို့ ဘက်က လည်း ကိုယ့် ရေပိုင်နက် ကိုယ်ကာကွယ် နိုင်ဖို့ စစ်သင်္ဘော တစ်စီးကို ယမန်နေ့ ကနေ စေလွှတ် လိုက်ရခြင်း ဖြစ်ပါတယ်" ဟု နယ်စပ် အခြေစိုက် ဘင်္ဂလားဒေ့ရှ် စစ်ဘက် ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့မှ အမည် မဖေါ်လိုသူ ၀န် ထမ်း တစ်ဦးက ပြောသည်။

နှစ်ဘက်နိုင်ငံမှ ရေတပ်သင်္ဘောနှစ်စီး နယ်စပ်ပင်လယ်ပြင်တွင် ထိပ်ဆိုင်ကင်းလှည့် နေကြကြောင်းကို မြန်မာဘက်မှ ပင်လယ်ပြင် ငါးဖမ်းသမားတစ်ဦးကလည်း ယခုကဲ့သို့ အတည်ပြုပြောကြားသည်။

"သင်္ဘောနှစ်စီး ကင်းလှည့်နေကြတာက တစ်စီးနဲ့ တစ်စီး လှမ်းမြင်နိုင်တဲ့ အကွာအဝေး လောက်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ဘက်ကကိုယ် သူ့ဘက်ကသူ ကင်းလှည့်နေကြတာပဲ ဖြစ်ပါတယ်" ဟု ငါးဖမ်းသမားက ပြောသည်။

မြန်မာရေတပ်စစ်သင်္ဘော (၅၅၂)သည် ယခုအပတ် တနင်္လာနေ့မှစ၍ ဘင်္ဂလားဒေခ်ျ့ နယ်စပ်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန်းတူ ကျောက်တန်းအလွန် ပင်လယ်ပြင်တွင် ကင်းလှည့်နေခြင်းဖြစ်ပြီး၊ ဘင်္ဂလားဒေခ်ျ့ ဘက်သို့ မှောင်ခိုကုန်ကူးနေသည့် မြန်မာဘက်မှ စက်လှေများနှင့် ပိုင်နက်ကျော် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေခ်ျ့ ဘက်မှ ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒေခ်ျ့ စစ်သင်္ဘောမှာလည်း စိန့်မာတင် (ခေါ်) အုန်းကျွန်း၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာတွင် ကင်းလှည့်နေခြင်းကြောင့် မြန်မာစစ်သင်္ဘောနှင့် တစ်စီးနှင့် တစ်စီးလှမ်းမြင်ရသည့် အကွာအဝေးတွင်သာ ရှိကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ နှစ်ဘက်နိုင်ငံမှ ရေတပ်စစ်သင်္ဘောများ နယ်စပ်ပင်လယ်ပြင်တွင် ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းမှာ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံအကြား နယ်စပ်တင်းမာမှု နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်သည်။

၂၀၀၈ ခုနှစ် တင်းမာမှုနောက်ပိုင်း ဘင်္ဂလားဒေခ်ျ့ဘက်မှ နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းရန် နိုင်ငံတကာ ပင်လယ်ပြင် တရားခုံရုံး (ITLOS) သို့ ၂၀၀၉ ခုတွင် တင်သွင်းခဲ့သည်။

နိုင်ငံတကာခုံရုံးမှလည်း မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နှစ်နိုင်ငံ အကြားအငြင်းပွားမှုကို ယခုလ အတွင်းတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး လာမည့်နှစ် မတ်လ အတွင်းအတွင် တရားဆုံးဖြတ်ချက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နှစ်ဘက်နိုင်ငံမှ စစ်သင်္ဘောများမှာ နယ်စပ်ပင်လယ်ပြင်တွင် ၂၀၀၈ ခုနှစ်ကကဲ့သို့ ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းကြောင့် ပြဿနာ ပိုမို ကြီးထွားလာမည်ကို နှစ်ဘက်နယ်စပ်နေ ပြည်သူများ အထူးစိုးရိမ်နေကြကြောင်း သိရှိရသည်။

နေပြည်တော် ရေကြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်

စည်သူ Friday, 30 September 2011


နေပြည်တော် ခရိုင်အတွင်း စင်တင်ဘာလ ၂၈ ရက် ည ၇ နာရီကျော်မှ ၂၉ ရက် မနက် ၂ နာရီခန့်အထိ ရွာသွန်းခဲ့သော မိုးကြောင့်

မြို့နယ်အများစုတွင် ရေကြီးရေလျှံခဲ့ရာ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေရကြောင်း သိရသည်။

ရေကြီးရေလျှံမှုများကြောင့် ပျဉ်းမနား၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိမြို့နယ်များရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် အိမ်များအတွင်း ရေ၀င်ခြင်း၊ လယ်ကွက်များ ရေလွှမ်းခြင်း၊ လမ်းများပေါ် ရေများ ဖုံးလွှမ်းခြင်းတို့ အပြင် သစ်ဆိမ့်ပင်၊ ညောင်ကုန်း၊ ဆင်စိတ်၊ မှန်တော၊ မကျည်းကုန်း၊ ခရမ်းကိုင်၊ သဲကောကြီး၊ သဲကောလေး၊ အေလာစသည့်တို့ အပါအ၀င် ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုးက တော်တော်များတယ်။ ရေ၀င်လာတော့ ည ၁၂ နာရီလောက်ရှိပြီ။ အိုးခွက်၊ ပန်းကန်တွေလည်း ရေထဲပါကုန်တယ်” ဟု လယ်ဝေးမြို့နယ် သရက်ခုံကျေးရွာမှ ဦးအောင်မြင့်က ဆိုသည်။

“လမ်းတွေလည်း ပျက်တယ်၊ အိမ်က ကြက်၊ ၀က်၊ ဘဲ တချို့လည်း သေတယ်။ တချို့ လူများတဲ့ အိမ်ကတော့ ရေလွတ်ရာကို သယ်ကြတယ်” ဟု အေလာမှ ဒေသခံတဦးက ပြောသည်။

ထို့ကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အေလာရှိ ဂိုဏ်းထောက်ဘုန်းကြီးကျောင်း၌ ကယ်ဆယ်ရေး စခန်းကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖွင့်လှစ်ခဲ့ကာ ညနေ ၃ နာရီခန့် အထိ ကယ်ဆယ်ထားသည့် လူပေါင်း ၃၀၀ ခန့်တို့ ရှိနေကြောင်း သိရသည်။

ထို့အတူ ပျဉ်းမနားမြို့နယ် သက်ကယ်ချင်းကျေးရွာ၊ စီကောက်ကျေးရွာ ဘုန်းကြီးကျောင်းများနှင့် လယ်ဝေးမြို့နယ် ရန်အောင်မြင်ဘုရား တို့တွင်လည်း ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း ဒေသခံများက ပြောသည်။

“သက်ကယ်ချင်းတို့၊ စီကောက်တို့က လူလေး၊ ငါးရာပဲ ရှိတာ။ ရန်အောင်မြင် ဘုရားမှာက ညနေ ၄ နာရီလောက်မှာ လူပေါင်း ၃၀၀၀ ကျော် ရှိနေပြီ။ ကျနော်တို့ မသိသေးတဲ့ နေရာတွေမှာလည်း ရှိနေနိုင်ပါတယ်” ဟု ရေဘေးကယ်ဆယ်ရေး စေတနာ့ ၀န်ထမ်း လုပ်ပေးနေသူ လယ်ဝေးမြို့နယ် အမှတ် ၆ ရပ်ကွက်နေသူ ကိုမျိုးမင်းက ပြောသည်။

တချို့ ရွာသားများမှာ ကယ်ဆယ်ရေးစခန်း မသွားဘဲ ရေဘေးလွတ်သည့် ဆွေမျိုးများထံ သွားနေကြကြောင်း အိမ်ခြေ ၈၀၀ ခန့် ရှိသည့် ရေလွှမ်းမိုးမှု အဆိုးဆုံးခံခဲ့ရသော မှန်တောကျေးရွာမှ ဦးသန်းမြင့်က ဆိုသည်။

ဒေသခံများက ရေဘေးဒုက္ခသည်ပေါင်း သောင်းနှင့်ချီရှိနိုင်သည်ဟု ပြောဆိုသော်လည်း အတိအကျ မသိရပေ။

ရေဘေးဒုက္ခသည်များအား တခြားသော ရေဘေးလွတ်သည့် ကျေးရွာများ၊ ရပ်ကွက်များမှ ထမင်းထုတ်များ၊ ရေဘူးများ၊ ဆန်အိတ်များ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း ကြားသိရသည်။

“အားကစားနှင့် ဟိုတယ်ခရီးဝန်ကြီးပိုင်တဲ့ အေစီအီး ဆောက်လုပ်ရေးက ကျပ် သိန်းငါးဆယ်လှူတယ်။ ဒေသခံတွေက ထမင်းထုတ်တွေ၊ ဆန်တွေ လှူကြပါတယ်။ ရေဘေးဒုက္ခသည်တွေ ဒီထက် များလာဖို့ရှိတယ်” ဟု ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။

“ကယ်ဆယ်ရေး ပစ္စည်းတွေက လုံလောက်တယ်။ မီးသတ်နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေကလည်း တခုခုဖြစ်ရင် ကယ်ဖို့ အသင့် စောင့်နေကြတယ်။ ဒီနေ့ လူငါးဆယ်နီးပါး ကယ်ခဲ့ပါတယ်” ဟု မီးသတ်တပ်ဖွဲ့ဝင် တဦးက ဆိုသည်။

ရေဘေးကြောင့် ဖြစ်လာနိုင်သည့် ၀မ်းရောဂါ ကာကွယ်ရေး၊ ရေနှင့်အတူပါလာမည့် အဆိပ်ရှိ သတ္တဝါများ အန္တရာယ်မှ ကာကွယ်ရေးကို သတိပြုရန်လိုကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

“ရေကြီးပြီးရင် နောက်ဆက်တွဲ အနေနဲ့ ၀မ်းရောဂါဖြစ်တက်တယ်။ ဘယ်လောက် ကြိုတင် ကာကွယ် ကာကွယ် နည်းနည်းတော့ ဖြစ်တက်တယ်။ ရေသန့်သောက်တာ၊ အိမ်သာလုံလောက်အောင် ဆောက်တာ၊ ရေကို ကျိုချက် သောက်တာတွေ လုပ်ပေးသင့်ပါတယ်” ဟု ကျန်းမာရေး ဝန်ထမ်းတဦးက ရှင်းပြသည်။

ယခုအချိန်အထိ မိုးဆက်လက် ရွာမည့်ဟန် ရှိနေသဖြင့် ဒေသခံများမှာ များစွာ စိုးရိမ်ပူပန်နေကြောင်း၊ တချို့ ကျေးရွာများတွင် ဘေးလွတ်ရာ ကုန်းမြင့်သို့ ကြိုတင်ရွှေ့ပြောင်းလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

တားဆီးခံရသော်လည်း စစ်တွေတွင် ဆန္ဒပြပွဲ ဆက်လုပ်မည်ဟု ရဟန်းတော်များ ပြောဆို

မောင်အေး

ရခိုင် ပြည်နယ် စစ်တွေမြို့ တွင် စက်တင်င်္ဘာလ ၂၇ ရက်နေ့က ရဟန်း တော်များက ပြုလုပ်ရန် စီစဉ် ထားသော ဆန္ဒပြ ပွဲမှာ အာဏာ ပိုင်များ၏ နှောင့်ယှက် တားမြစ်မူကြောင့် အထ မမြောက် ခဲ့သော်လည်း အခွင့်သာ သည်နှင့် ဆက်လက် ပြုလုပ် သွားမည်ဟု ရဟန်း တော်များက နိရဉ္စရာသို့ မိန့်ကြား သည်။

ရွှေဝါရောင် နှစ်ပတ် လည်နေ့ များထဲမှ တစ်နေ့ ဖြစ်သော စက်တင်္ဘာလ ၂၇ ရက်နေ့က စစ်တွေတွင် ရဟန်းတော် များမှ ဆန္ဒပြ ရန် စီစဉ် ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲ အစီ အစဉ်ကို အာဏာပိုင် များက ကြိုတင် သတင်း ရရှိ သွားပြီး လက်ဦးမူ ရယူကာ ဆန္ဒပြပွဲ မဖြစ် ပေါ်ရအောင် လုံခြံရေး တင်းကျပ်ခဲ့ သဖြင့် ဆန္ဒပြ ပွဲကို ပြုလုပ် နိုင်ခြင်း မရှိခဲ့ ကြောင်း သိရသည်။

" သူတို့က နေရာတိုင်းမှာ လုံခြုံရေးကို တင်းကျပ်ထားတယ်။ ဘုန်းကြီးကျောင်းတွေ အနီးက လမ်းဆုံတွေမှာ ရဟန်းတော်တွေ အပြင်ကို ထွက်လို့ မရအောင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ချထားတယ်။ မြို့ကို ပတ်ပြီးတော့လည်း ရဲကားတွေက လက်နက်တွေနဲ့ လှည့်လည် နေကြတယ် ဆိုတော့ ဦးဇင်းတို့ရဲ့ အစီအစဉ်က ဘယ်လိုမှ ရှေ့တိုးမရ ဖြစ်သွားတယ်။ ဒါပေမယ့် အခွင့်ရတာနဲ့ ဆက်လုပ်သွားဖို့ စီစဉ် ထားပါတယ်" ဟု အမည် မဖေါ်လိုသူ ရဟန်းတော် တစ်ပါးက ပြောသည်။

တခြား ရဟန်းတော် တစ်ပါးကလည်း ဆန္ဒပြရန် စီစဉ်ထားမှုကို ဖျက်သိမ်း လိုက်ရသော်လည်း အခွင့်သာလျှင် ဆက်လက် ဆောင်ရွက်မည်ဟု ယခုကဲ့သို့ပြောသည်။

" လုံခြုံရေးက တအားများတယ် တကာ။ အကျိတ်တော်ကုန်းမှာဆို ရဲနဲ့စစ်သားတွေက ဘုန်းကြီးတွေနဲ လူတွေကို တယောက်ချင်းစီ စစ်တယ်။ ရပ်ကွက်ဘောလုံးပွဲလည်းရှိနေတော့ ဘောလုံးကွင်းမှာ လူစုပြီး ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေက တမြို့လုံး ပျံ့နေခဲ့တယ်။ ဒါပေမယ့် အစီအစဉ် အထ မမြောက် လိုက်ဘူး။ နောက်နေ့တွေမှာ ဦးဇင်းတို့ဆက်လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။"

စက်တင်္ဘာလ ၂၇ ရက်နေ့ မတိုင်မှီ ညဥ့်ကလည်း စစ်တွေမြို့ အာကျိတ်တော်ကုန်းရှိ ရမ္မာဝတီကျောင်းနှင့် အထက် မိုးကုတ်ကျောင်းကို ရယက များလာရောက် စစ်ဆေးခဲ့သည်ဟု သိရသည်။ ၎င်းပြင် အဆိုပါနေ့က စစ်တွေရှိ ဟိုတည်များကို အာဏာပိုင်များက ၀င်ရောက် စစ်ဆေးခဲ့သည်။ စစ်တွေမြို့ရွေစေတီကျောင်းနှင့် ပုသိမ်ကျောင်းအနီးတွင်းလည်း ရဲကား ၃ စီး ရပ်တန့်ထား ပြီး တခြား လမ်းဆုံများတွင်လည်း လုံခြုံရေး ပိုချထားပြီး စစ်ကား တချို့လည်း မြို့ကိုပတ်ကာ လှည့်ပတ် နေခဲ့ကြောင်း သိရသည်။

" စစ်တွေမှာ စက်တင်္ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ လုံခြုံရေး တင်းကျပ်ထားခဲ့ပါတယ်။ ၂၀၀၇ သံဃာ့ အရေးအခင်း ဖြစ်ပြီးတဲ့ နောက် ခုလို လုံခြုံရေး တင်းကျပ်တာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ရဟန်းတော်တွေ ဆန္ဒပြကြမယ်ဆိုတဲ့ သတင်းကြောင့် ခုလို တင်းကျပ်တာ ဖြစ်တယ်လို့ သိရပါတယ်" ဟု စစ်တွေ ဒေသခံ တစ်ဦးကလည်း ပြောသည်။

စစ်တွေရှိ ရဟန်းတော်များ အနေဖြင့် ၇၂ နှစ်မြောက် ဦးဥတ္တမနေ့ကို ဦးဆောင် ပြုလုပ်သူ ကုန်တန်းရပ်ကွက်ရှိ သဒ္ဓမ္မ ဂုရု ပုသိမ်ကျောင်း စာသင်တိုက်မှ ဦးကေသာရအား အာဏာပိုင်များမှ ဖမ်းဆီးပြီး ရသေ့တောင်နယ်သို့ ပို့ထားသည်ကို မကျေနပ်သည့်အတွက် ရွှေဝါရောင် နှစ်ပတ်လည်နေ့တွင် ဆန္ဒပြရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်အမျိုးသမီးကို သတ်သည်ဟုစွပ်စွဲခံရသူအား ရုံးတင်စစ်ဆေးတော့မည်

ဧရာဝတီ Friday, 30 September 2011

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ပုဂံ - ညောင်ဦး ဒေသသို့ လာရောက် လာပတ်ရင်း ဗုဒ္ဓဟူးနေ့က ကျောက်ပန်းတောင်းမြို့တွင် အသတ်ခံခဲ့ရသော ဂျပန်နိုင်ငံမှ Ms.Shiramatsu Chiharu ၏ အမှုအခင်းတွင် တရားခံဟု ယူဆရသူ ကျောက်ပန်းတောင်း နယ်သား ကိုမင်းသိုက်အား မုဒိမ်းမှု၊ လူသတ်မှုများဖြင့် လာမည့် အောက်တိုဘာလဆန်းတွင် တရားရုံးတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အလောင်းကို စက်တင်ဘာ ၂၉ ရက်နေ့မှာ ရင်ခွဲစစ်ဆေးတယ်။ အသေးစိတ်အချက်အလက် တွေကို ပြောလို့မရပါဘူး။ တရားရုံးမှာ တင်ပြမယ်။ ဒီလူသတ်မှုကို အထက်က လူကြီးတွေကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် ညွှန်ကြားပါတယ်။ လူသတ်မှုနဲ့ အမှုဖွင့်ထားပေမယ့် မုဒိမ်းမှုမြောက်၊ မမြောက် ဆက်ပြီးစစ်နေပါတယ်။ စစ်ဆေးချက်အရ မုဒိမ်းမှု ပါနိုင်ပါတယ်။ ရက်ပိုင်းအတွင်း တရားရုံးတင်နိုင်မယ်” ဟု မန္တလေးတိုင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကြီးတဦးက ပြောသည်။

ဂျပန်နိုင်ငံသူ အသတ်ခံရမှုအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားပြီး ပြည်ထဲရေး ၀န်ကြီးဌာနကလည်း မှုခင်းဖော်ထုတ်ရေး အဖွဲ့များ အားဖြည့်ကာ စုံစမ်းစစ်ဆေးမှုများ တပြိုင်နက် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

အသတ်ခံရသူ Ms.Shiramatsu သည် စက်တင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မှ ညောင်ဦးသို့ အဲပုဂံလေကြောင်းလိုင်းနှင့် ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့နယ် ရွှေအိုးကြီးဟိုတယ်တွင် တည်းခိုခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးမှ ကျောက်ပန်းတောင်းသို့ ခရီးသည်တင်ကားဖြင့် သွားရောက်ခဲ့သည်။

၎င်းသည် နေ့လယ် ၁ နာရီကျော်ခန့်တွင် ကိုမင်းသိုက်၏ ဆိုင်ကယ်ကို ငှားရမ်း၍ ညောင်ဦးသို့ ပြန်လာခဲ့ကြောင်း၊ ကားလမ်း ဘေးရှိ ရှုခင်းများကို ခရီးသည် အမျိုးသမီးက ဓာတ်ပုံ ဆင်းရိုက်ခဲ့ပြီး ညနေ ၆ နာရီတွင် ဆိုင်ကယ်ကယ်ရီ မောင်းသူ ကိုမင်းသိုက်က ခရီးသည်အမျိုးသမီးကို ကျောက်ပန်းတောင်း - ညောင်ဦးလမ်း တနေရာတွင် အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် လည်ပင်းညှစ်ခံရပြီး သတိလစ် မေ့မြောသွားခဲ့ကြောင်း၊ အနီးအနားရှိ ကျေးရွာဒေသခံအချို့က မသင်္ကာ၍ သက်ဆိုင်ရာသို့ တိုင်ကြားပြီး ကိုမင်းသိုက်ကို ဖမ်းဆီးကာ သတိလစ်နေသော ခရီးသည်အမျိုးသမီးကို ဆေးရုံတင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း လမ်းခုလတ်တွင်ပင် သေဆုံးခဲ့ကြောင်း ကျောက်ပန်းတောင်း ရဲစခန်းက အမှုဖြစ်စဉ်တချို့ကို ရှင်းပြသည်။

ပုဂံ-ညောင်ဦး- ကျောက်ပန်းတောင်းမြို့များတွင် ဂျပန်နိုင်ငံသူ အသတ်ခံရမှုသတင်းက ပျံ့နှံ့နေပြီး ဒေသခံများက သေဆုံးသွားသော ဂျပန်အမျိုးသမီးအတွက် ၀မ်းနည်း စိတ်မကောင်းဖြစ်နေကြသည်ဟု သိရသည်။

“ဒီဖြစ်ရပ်က ယဉ်ကျေးသိမ်မွေ့ပါတယ် ဆိုတဲ့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပါတယ်။ တယောက်တည်း လာလည်တဲ့ အမျိုးသမီး အသတ်ခံရလို့ နောက်ခရီးသည်တွေ လာရဲပါတော့မလားလို့ စိုးရိမ်မိတယ်။ ကိုယ့်နိုင်ငံ လာလည်တဲ့ဧည့်သည်ကို အိမ်ရှင်တွေက စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ဘယ်လိုကြောင့်ပဲ သေသေ၊ကိုယ့်ပိုင်နက်ထဲမှာ သေတာ ကိုယ့်မှာ လုံးဝ တာဝန် မကင်းဘူး။ အပြစ်ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အပြစ်ပေးရမယ်” ဟု ပုဂံ ဟိုတယ်တခုမှ အမည်မဖော်လိုသော မန်နေဂျာတဦးက သုံးသပ်သည်။

Ms.Shiramatsu Chiharu သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ သုံးလဗီဇာဖြင့် လာရောက်လည်ပတ်သူ ဖြစ်သည်။

ကရင်ပြည်နယ်ဝန်ကြီး KNU နှင့်တွေ့

ဧရာဝတီ Friday, 30 September 2011

ကရင်ပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင် ဦးဆောင်သည်အဖွဲ့သည် ဗုဒ္ဓဟူးနေ့က ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ပြီး KNU ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် KNU က ပြည်နယ်အစိုးရအဆင့်နှင့် မဆွေးနွေးလိုဘဲ ဗဟိုအစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း အကြောင်းပြန် လိုက်သည်ဟု သိရသည်။

ယခုလဆန်းပိုင်းတွင် ပြည်နယ်အစိုးရက စေလွှတ်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကိုလည်း KNU ခေါင်းဆောင်များက လက်ခံတွေ့ဆုံခြင်း မပြုခဲ့ပေ။

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် စောဘိုးနီ၊ သိက္ခာတော်ရဆရာတော် စောရင်မြရွှေ၊ အရှင်ခေမာဝုဓ စသည့် ကရင်ပြည်နယ်ဒေသခံ နိုင်ငံရေး၊ ဘာသာရေးနယ်မှ ပုဂ္ဂိုလ်များ ပါဝင်ကြောင်း ဧရာဝတီက ရရှိသည့် ပြည်နယ်အစိုးရ၏စာတွင် ဖော်ပြထားသည်။

ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့် ငြိမ်းချမ်းရေးယူနိုင်ရန် ပထမအဆင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် ဖြစ်သည်ဟု ၀န်ကြီး ဗိုလ်မှူးကြီးအောင်လွင် လက်မှတ်ထိုး ပေးပို့သည့် စာတွင် ရေးထားသည်။

သို့သော်လည်း လက်နက်ကိုင်အဖွဲ့များကို သီးခြားစီ ဆွေးနွေးရန် ကြိုးပမ်းနေခြင်းမှာ ဖဲ့ထုတ် စည်းရုံးခြင်းဖြစ်သည်ဟု KNU က ယူဆသည်။

အစိုးရ၏ လက်ရှိ ငြိမ်းချမ်းရေး အစီအစဉ်ကို လက်ခံမည် မဟုတ်ကြောင်း၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားအဖွဲ့များက UNFC ခေါ် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ဧရာဝတီကို ပြီးခဲ့သည့်လကုန်ပိုင်းက ပြောသည်။

နှစ်ပေါင်း ၆ဝ ကျော် သက်တမ်းရှိသည့် လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သော KNU သည် ယခင်စစ်အစိုးရအာဏာပိုင်တို့နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိခဲ့ပေ။

ဤအတောအတွင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲငယ်များ အဆက်မပြတ် ဖြစ်ပွားနေသည်။

KNU, KIA အဖွဲ့များ၏ ဖွံ့ဖြိုးရေးစီမံကိန်းအပေါ် တားမြစ်နေမှုများကို LDB မှ ထောက်ခံ

နန်းသူးလေ (ကေအိုင်စီ)


ထားဝယ်-ကန်ချနဘူရီ အဝေးပြေး လမ်းမ ဆောက်လုပ်ရေး ရပ်ဆိုင်းရန် တားမြစ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ခဲ့သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့၏ ဆောင်ရွက်မှုများကို ထောက်ခံကြောင်း ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB)မှ ယမန်နေ့က ကြေညာချက် နှစ်စောင် ထုတ်ပြန်ခဲ့သည်။

LDB ၏ ထုတ်ပြန်ကြေညာချက်များသည် မှန်ကန်သည့် လုပ်ရပ်တစ်ခုဖြစ်ပြီး မိမိတို့အနေဖြင့် တိုင်းပြည်အကျိုးထိခိုက်စေမည့် လုပ်ဆောင်ချက်များကို ၀ိုင်းဝန်းတားမြစ် ပိတ်ပင်သွားရခြင်းမှာ ပြည်သူအကျိုးအတွက်သာဖြစ်ကြောင်း KNU ၏ တွဲဖက်အ တွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ယခုလို ပြောသည်။

ဗိုလ်မှူးစောလှငွေက “ဒီဆောက်လုပ်ရေးတွေက ဘယ်နေရာ ဘယ်ဒေသမှာပဲလုပ်လုပ် အဓိကတော့ ပြည်သူလူထုအကျိုးကို ကြည့်ပြီး ပြည်သူတွေအတွက် အကျိုးရှိမယ့် လုပ်ဆောင်ချက်တွေဆိုရင် ကျနော်တို့အနေနဲ့လည်း မတားဆီးပါဘူး။ အခုလည်း ကျနော်တို့အနေနဲ့ ပြည်သူလူထုအတွက် စဉ်းစားပြီး လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျနော်တို့ဆန္ဒ နဲ့ ထပ်တူဖြစ်ပြီး ထောက်ခံအားပေးတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။”ဟု ပြောသည်။

အီတာလျံထိုင်းကုမ္ပဏီမှ အကောင်အထည်ဖော်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ထောက်ပံ့ရေး လမ်းကြောင်းဖြစ်သော ၁၆၀ ကီလိုမီတာရှိသော ထားဝယ်-ကန်ချနဘူရီ အဝေးပြေးလမ်းမသည် မြန်မာပြည်အတွင်းပိုင်းတွင် ကီလိုမီတာ ၁၃၀ရှည်လျားပြီး လမ်းမတောက်လျှောက်တွင် ဒေသခံ ကရင်တိုင်းရင်းသားပြည်သူများ မှီတင်းနေထိုင်သော ကျေးရွာ ၁၃ရွာ၊ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသည့် ဥယျာဉ်ခြံမြေနှင့် တောင်ယာမြေများ ပျက်စီးပျောက်ကွယ်သွားမည့် အန္တရာယ်ဖြင့် ရင်ဆိုင်နေရသည်ဟု LDB က ထောက်ပြထားသည်။

ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေးသည် ကချင်အကျိုးအတွက်သာမက မြန်မာတပြည်လုံး၏ အကျိုးအတွက် အရေးပါလှပြီး တစ်ဦး၏ပြဿနာအား တစ်ဦးက နားလည်ပေးနေသည့် LDB ၏ ကြေညာချက်မှာ တပြည်လုံး၏ ငြိမ်းချမ်းရေး အသွင်ဆောင်နေသည့်အတွက် အလွန်ဝမ်းမြောက်လှကြောင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၏ ဒု နိုင်ငံခြားရေးတာဝန် ခံ ဗိုလ်မှူးကြီးဂျိမ်း(စ်)လွန်းဒေါင်က ကေအိုင်စီကို ပြောသည်။

“မြစ်ဆုံရေကာတာ တည်ဆောက်မှုဟာ တစ်ပြည်လုံးအရေးဖြစ်ပါတယ်။ ကချင်ပြည်ထဲမှာဆိုရင် ရွာပေါင်း ၆၀နဲ့ လူပေါင်း ၂သောင်းလောက် ဒုက္ခရောက်ကြရမှာပါ။ ကချင်ပြည်တခုထဲ မဟုတ်ဘဲ မြစ်တစ်လျှောက်မှာ နေထိုင်ကြတဲ့ လူမျိုးစုတိုင်း ဒုက္ခ ရောက်ရမဲ့အရေးပါ။ ဒါကြောင့် ကျနော်တို့အနေနဲ့လည်း ဒီစီမံကိန်းကြီး ဆက်ပြီး မသွားအောင် ရပ်ထားတယ်။ ရှေ့ဆက်ပြီး တော့လည်း လူမျိုးစုအားလုံးနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာပါ။”ဟု ဆိုသည်။

ထို့အပြင် ပြည်သူလူထုနှင့် ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို လျစ်လျူရှုပြီး အတုအယောင်လွှတ်တော်တွင် ဆုံးဖြတ်ချက် ရယူမှုကို ကန့်ကွက်ကာ ရေကာတာ ဆောက်လုပ်ခြင်း စီမံကိန်းရပ်တန့်သွားစေမည့် KIO ၏ လိုအပ်သော လုပ် ဆောင်မှုများကို ထောက်ခံကြောင်းလည်း LDB က ဆိုသည်။

ဘိုးဘွားစဉ်ဆက် မြန်မာတိုင်းရင်းသားပြည်သူအားလုံး မှီတင်းနေထိုင်ခဲ့သည့် ဧရာဝတီမြစ်ကြီးမှာ မြစ်ဆုံရေကာတာကြောင့် ပျက်စီးပျောက်ကွယ်သွားမည့် အန္တရာယ်ရှိသည့်အပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပရှိ ပြည် သူအားလုံးနှင့် အဖွဲ့အစည်းများက ရေကာတာဆောက်လုပ်ခြင်းကို အမြန်ဆုံး ရပ်ဆိုင်းရန် တင်ပြ တောင်းဆိုခဲ့ကြသည်။

LDB ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကေအိုင်စီက ဂျပန်ရှိ LDB အဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေကြားမည့်သူ မရှိပေ။
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့် အရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကာ မြန်မာလူထုကြား၌ အခိုင် အမာ တည်ရှိနေသည့် တော်လှန်ရေးအဖွဲ့အစည်းအဖြစ် လေးစားကြောင်းကိုလည်း LDB က ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်နေ့ကလည်း LDB အနေဖြင့် မြန်မာအစိုးရစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)ကို လေးစားထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

မင်္သကာသူ(၅) ဦးကို ဘုရားသုံးဆူအာဏာပိုင်တို့ဖမ်းဆီးထား

ကျလွန်းထော၊ လယီထော

ထိုင်း မြန်မာ နယ်စပ် ဘုရား သုံးဆူမြို့တွင် လတ်တလော ဖြစ်ပေါ် ခဲ့သော ပြန်ပေး အဖွဲ့နှင့် ဆက်နွယ်နေ သည်ဟု မသင်္ကာ ရသူ ဒေသခံ အမျိုးသား (၅) ဦးကို မြန်မာ အာဏာ ပိုင်တို့ ဖမ်းဆီး ချုပ်နှောင်ထား ဆဲဟု သိရသည်။

ပြန်ပေးသမားများနှင့်ဆက်သွယ်ကူညီနေသည်ဟု ဘုရားသုံးဆူမြို့၊ ရာဘာခြံသမားများလုံခြုံရေးအဖွဲ့မှ ဒေသခံ (၄) ဦးကို စက်တင်ဘာ (၂၇) ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အလားတူ စက်တင်ဘာ (၂၃) ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ ထားဝယ်စုရပ်ကွက်တွင်နေထိုင်နေသည့် အသက် (၅၆) နှစ်ရှိ မွန်လူမျိုး နိုင်ဗလိုင်ကို ပြန်ပေးသမားနှင့် ပတ်သက်နေသည့် အထောက်အထားများဖြင့် ရာဘာခြံသမားများလုံခြုံရေးအဖွဲ့မှဖမ်းဆီးခဲ့ပြီး မြန်မာအာဏာပိုင်တို့ထံအပ်နှံခဲ့သည်။

“နိုင်ဗလိုင်က မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်နေတယ်၊ ပြန်ပေးသမားနဲ့ ဆက်သွယ်နေတယ်လို့တော့ ပြောတာပဲ၊ မဖြစ်နိုင်ပါဘူး၊ ဒီလိုသာ ယူဆချက်တွေနဲ့ လိုက်ဖမ်းနေမယ်ဆိုရင် သုံးဆူကလူတွေ ကုန်သွားမှာပေါ့” ဟု မြို့ခံ တစ်ဦးက ပြောသည်။

စက်တင်ဘာ (၂၆) ရက်နေ့တွင် တိုင်တစ်ရာကျောင်းအနီးတဝိုက်တွင် သစ်ခွဲနေသည့် မသင်္ကာသူ (၂) ဦးကိုလည်း ဖမ်းဆီးလိုက်ပြီးနောက်အထောက်အထားမခိုင်လုံသဖြင့် ပြန်လည်လွှတ်လိုက်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မသင်္ကာသူလို့တော့ ပြောတာပဲ၊ အချို့လူတွေက သူ့ဟာသူ သမာအာဇီဝအလုပ်နဲ့ လုပ်နေတာ၊ ဒါက အာဏာပိုင်တွေက အဖမ်းအဆီးပြနေတာလည်းဖြစ်နိုင်ပါတယ်” ဟု ၄င်းမြို့ခံက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်နေ့တွင် မွန်ပြည်ပြန်လည်တည်ထောင်ရေးတပ်အမည်ဖြင့် ဘုရားသုံးဆူအနီးတဝိုက်တွင် လှုပ်ရှားနေသည့် ပြန်ပေးသမားများက တံဆိပ်တုံးရိုက်နှိပ်ကာ စာရွက်စာတမ်းဖြင့် လုပ်ငန်းရှင် (၂၅) ဦးထံသို့ ဆက်ကြေးငွေ တောင်းခံခဲ့သည်။

“ငွေတောင်းကိစ္စက အခုအချိန်အထိ ဘာမှမကြားတော့ဘူး၊ ပြန်ပေးအဖွဲ့ကလည်း မလာတော့ဘူး၊ ဒါပေမယ့် အာဏာပိုင်တွေကတော့ မသင်္ကာသူတွေကိုပဲ ဆက်ဖမ်းထားတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့တွင် ရာဘာခြံလုပ်သားများနှင့် လုပ်ငန်းရှင်များအား ဆက်ကြေးငွေတောင်းခံခြင်း၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် မြို့နယ်အာဏာပိုင်များနှင့် ဒေသခံရာဘာခြံလုပ်ငန်းရှင်များ အစည်းအဝေးကျင်းပပြီး ပြန်ပေးအဖွဲ့မှကာကွယ်ရန် ရာဘာခြံသမားများလုံခြုံရေးအဖွဲ့ ဖွဲ့စည်းခဲ့သည်။

သို့သော် ယခုအချိန်အထိ ပြန်ပေးသမားများအား ခြေရာမခံမဖေါ်ထုတ်နိုင်သေးပဲ မသင်္ကာသူများသာ အဖမ်းခံနေရကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

လက်နက်မှောင်ခိုမဟုတ် ဟု ဦးတေဇပြောပြီ

ရန်ပိုင်

လက်နက် မှောင်ခို ရောင်းဝယ် မှုကြောင့် ချမ်းသာ လာခြင်း မဟုတ်ကြောင်း မြန်မာ ပြည်၏ အချမ်း သာဆုံး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် FORBES ASIA မဂ္ဂဇင်းနှင့် တွေဆုံ မေးမြန်း ခန်းတွင် ပြောဆို လိုက်သည်။

လက်ရှိ စင်ကာပူ နိုင်ငံတွင် နေထိုင် နေသည့် ဦးတေဇက Forbes မဂ္ဂဇင်း သတင်းထောက် Simon Montlake ကို ကြယ်ငါးပွင့် အဆင့်ရှိ မရီနာဘေးလ် ဟိုတယ်တွင် လက်ခံ တွေဆုံကာ အထက်ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံ ခန်းတွင် ဦးတေဇက အနောက် နိုင်ငံ အစိုးရများ ပြောဆို နေသကဲ့သို့ လက်နက် ကုန်သည် တဦး မဟုတ်ကြောင်း၊ လူအ များက ၎င်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက် အဖြစ် ပြောဆို နေမှု သည်လည်း ကောလာ ဟလ များသာ ဖြစ်၍ မမှန်ကန် ကြောင်း ငြင်းဆို သွားသည်။

“လက်နက် ကုန်သည် မဟုတ်ဘူး။ ဟယ်လီ ကော့ပတာ တမျိုးပဲ စစ်တပ်ကို ရောင်းတာ။ ကျည်ဆန်တွေ သေနတ်တွေ ဘယ်တော့မှ အရောင်း အ၀ယ် မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သားမက် လည်း မဟုတ် ခဲ့ဘူး” ဟု ဦးတေဇက အဆိုပါ တွေ့ဆုံ မေးမြန်း ခန်းတွင် ပြောသည်။

ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။

ဒဿမတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။

ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

“၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။

၁၉၈၉ ခုနှစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။

၁၉၉၄ - ၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုအခါ ဦးတေဇသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင်သာ အနေများသည့် ဦးတေဇသည် ထူး ကုမ္ပဏီကို တဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီအရာရှိကြီးများကိုပါ ရှယ်ယာ ပိုင်ဆိုင်စေသည့် ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး နောက်ပိုင်းကာလ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဦးတေဇတဦးတည်းကို လုပ်ပိုင်ခွင့်များ ချထားပေးခြင်း မရှိတော့ဘဲ၊ တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့်လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့်ပြုထားသည်။

“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက်ပြောဆိုသည်။

Forbes မဂ္ဂဇင်း သတင်းထောက်က ထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊ အကျိုးအမြတ်၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ဥက္ကဋ္ဌ တဦး၏ တနှစ်ဝင်ငွေ စသည့် အသေးစိတ်မေးမြန်းချက်များ ကိုမူ ဦးတေဇက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ထိုကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီး အများစုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော်ပြောဆိုလေ့မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌ အီတလီသတင်းထောက် တဦးနှင့် တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင်ဆိုင်သည့် ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ငွေရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။

မကြာသေးမီက Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့်နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။

လက်ရှိ ဦးတေဇပိုင် ထူးကုမ္ပဏီ၌ ၀န်ထမ်းပေါင်း ၄ သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုးခံစားခွင့်ကို အပြည့် အ၀ ပေးထားကြောင်း၊ ပထမဆုံး မြန်မာ အမျိုးသမီး လေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့် ၀န်ထမ်းကောင်းများကို နိုင်ငံခြား ပညာ တော်သင် အပါအ၀င် ခရီးစဉ် များကိုလည်း စီစဉ် ပေးသည့် အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိ နေကြောင်း သိရသည်။

“ဝ” တပ်ဖွဲ့ ဗမာပြည်နိုင်ငံရေးနှင့် မကင်းကွာသင့်ဟု လေ့လာသူပြော

သျှမ်းသံတော်ဆင့်

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ခေါင်း ဆောင်များနှင့် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေး ချိန်တွင် “ဝ” အနေဖြင့် ကချင်နှင့်သျှမ်းလက် နက်ကိုင်များ အပေါ် ထိုးစစ်ဆင်နေသည့်ကိစ္စ ထည့် သွင်း ဆွေးနွေး သင့်ကြောင်း တရုတ် နယ်စပ်စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ထောက်ပြပြောဆိုသည်။

လာမည့်အောက်တိုဘာလ ၁ ရက်နေ့တွင် ဝခေါင်းဆောင်များနှင့် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန် ရှိပြီး ဝ ဘက်မှ ဒုဥက္ကဋ္ဌ ၊ ဒုတပ်မှူးချုပ် အပါအဝင် ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ကချင်နှင့်သျှမ်းလက်နက်ကိုင်များ အပေါ် အစိုးရတပ်များ ထိုးစစ်ဆင်နေသည့် ကိစ္စ ပြောဆိုခြင်း မပြုလျှင် ဝ တပ်ဖွဲ့ သည် မြန်မာ့ နိုင်ငံရေး ရေစီး ကြောင်းနှင့် ကင်းကွာ သွားမည်ဟု သူက ဆိုသည်။

“အခု ဆွေးနွေးပွဲမှာ ကချင်တို့ သျှမ်းတို့ကိုထိုးစစ်ဆင်နေတဲ့ကိစ္စ ဝဘက်က့နိုင်ငံရေးအရ ဒီအချက်ကို ထည့်ပြော ဖို့လိုကို လိုမယ် သူ့စီးပွားရေးကိစ္စပဲ ပြောမယ်ဆိုရင် ဝတပ်ဖွဲ့ဟာ မြန်မာပြည် ခငံရေးနဲ့ ကင်းကွာသွားပြီ ” ဟု သူက ဆိုသည်။

ဝ တပ်ဖွဲ့၏ နိုင်င်ငံရေးဆိုသည်မှာ ဝဒေသ ၊ တပ် ၊ ခေါင်းဆောင်နှင့် တရုတ်၏ အကျိုးစီးပွားသာဖြစ်ပြီး အစိုးရမှ ဝတပ်ဖွဲ့အား အခွင့်အရေးပေး၍ တိုင်းရင်းသားနိုင်ငံရေးရေစီကြောင်းအတွင်းမှ ဖဲ့ထုတ်ရန် ကြိုးစားခြင်းဖြစ် ကြောင်း သူက ဆိုသည်။

“ဒီဆွေးနွေးပွဲအစက လက်နက်ကိုင်တွေ ပြည်နယ်အဆင့်နဲ့ဆွေးနွေးပါလို့ မပြောခင်မှာ ဟုန်ပန်းကုမ္ပဏီကို နေပြည် တော် လာဖို့ သိန်းစိန်အစိုးရက ခေါ်တယ် ပေါက်ယူချန်းရဲ့တပည့် အိုက်ဟောကို လွတ်လိုက်တယ် ၁၅ ရက်လောက် ကြာတော့ လေကြောင်းလှိုင်းပြန်ဖွင့်ဖို့ သစ်ပါမစ်လုပ်ခွင့်ပေးမယ်ဆိုတာတို့ ထွက်လာတယ် ပထမအခေါက် ဆွေးနွေး ပွဲပြီးတာနဲ့ ဆန်အိတ်တစ်ထောင်ကျော် ဝနယ်ကို ပို့ပေးလိုက်တယ် ” ဟု ဆိုသည်။

လက်ရှိအစိုးရသည် ဗမာစစ်အုပ်စု၏ ရုပ်သေးအစိုးရသာဖြစ်ပြီး တိုင်းရင်းသားများအပေါ် ထားသည့် သဘောထား ကိုလည်း သူက ယခုလို ဆက်ပြောသည်။

“အစိုးရရဲ့တိုင်းရင်းသားတွေ အပေါ်မှာ ထားတဲ့ပေါ်လစီဟာ ပြည်နယ်တွေမှာ လူမျိုးကြီးတွေကို ဖိထားပြီးတော့ လူမျိုး ငယ်တွေကို မြှောက်ပေးတဲ့ ပေါ်လစီကျင့်သုံးတယ် ပြဿနာက သက်ဆိုင်ရာ မျိုးချစ်စိတ်ရှိတဲ့ တိုင်းရင်း သားခေါင်း ဆောင် တွေဆိုရင် လက်မခံဘူး သူတို့ နိုင်ငံရေးရေစီးကြောင်းထဲမှာ လုံးဝအပါမခံဘူး ဒီနေ့ဗမာ အစိုးရလုပ်နေတာက အမျိုးသား သွေးစည်းညီညွတ်ရေးကြွေးကြော်ပြီး သွေးခွဲနေတာဖြစ်တယ် ” ဟု ဆိုသည်။

သာရကအားဖြင့် ရွေးကောက်ပွဲဝင်ရန် အားထုတ်ခဲ့သော ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာအား ဘေးပို့ထားပုံ သျှမ်းတိုင်းရင်း သား ခေါင်းဆောင်အား ဖမ်းဆီးအကျဉ်းချထားပုံ ၄င်းတို့အကြိုက်လိုက်လုပ်သူများကိုသာ သူကောင်းပြု ထား သောလုပ်များမှာ လက်ရှိ ဗမာ အစိုးရမှ တိုင်းရင်းသားများအပေါ်ထားရှိသည့်သဘောထား အစစ်အမှန် ဖြစ်ကြောင်းဆိုသည်။

လူ့ အခွင့်အရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်များ (အပိုင်း ၂)

ခင်​မောင်စိုး

လွန်ခဲ့တဲ့ ၂၀ ရာစုကာလတုန်းက ကမ္ဘာ့နိုင်ငံကြီးမှာ ဒီမိုကရေစီ စနစ်နဲ့ ကွန်မြူနစ်စနစ်ဆိုတဲ့ စကားလုံးတွေ လွှမ်းမိုးခဲ့ပါတယ်။ ဒီစနစ်ကြီး ၂ ခု အားပြိုင်ခဲ့တဲ့ စစ်အေးခေတ်ကြီးဟာ တကမ္ဘာလုံး တထိတ်ထိတ် ဖြစ်နေရတဲ့ ခေတ်ကြီးပါ။ အဲဒီ စစ်အေးခေတ်ကြီး ၂၀ ရာစု နှောင်းပိုင်းမှာ ကုန်ဆုံးသွားတဲ့ နောက်ပိုင်း ကမ္ဘာ့နိုင်ငံရေး လောကမှာ လွှမ်းမိုးလာတဲ့ စကားလုံးကတော့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံး ဖြစ်ပါတယ်။

နိုင်ငံအချင်းချင်း ဝေဖန် ပြောဆိုကြတဲ့အခါ လူ့အခွင့်အရေး ဘယ်လောက် ရှိသလဲ၊ လူ့အခွင့်အရေးကို ဘယ်လို ချိုးဖောက်နေသလဲ စသည်ဖြင့် ပြောဆို ဝေဖန်ကြပါတယ်။

ဒီအခြေအနေပေါ်မှာ အခြေတည်ပြီး တနိုင်ငံနဲ့ တနိုင်ငံ ဆက်ဆံရေးကို တည်ဆောက်ကြပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံများ အပေါ်မှာဆိုရင် သံတမန်ဆက်ဆံရေး ဖြတ်တောက်တာတွေ၊ စီးပွားရေး ပိတ်ဆို့ အရေးယူတာတွေကို လုပ်တတ်ကြပါတယ်။ မြန်မာ အစိုး ရအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က ပိတ်ဆို့ အရေးယူတာတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက် စပ်နေ ပါတယ်။

ဒါပေမယ့် ကမ္ဘာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စနစ်တကျ ဖြစ်လာတာတော့ သိပ်မကြာသေးပါဘူး။ ၁၉၄၈ ခုနှစ်ရောက်မှ လူ့အခွင့်အရေး ကြေညာစာတမ်းဆိုပြီး ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ကြေညာခဲ့တာပါ။ အခုအခြေအနေမှာတော့ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးက လူ့လောကရဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းသာယာမှုအတွက် လမ်းညွှန်သဘောတရားကြီး တခု ဖြစ်နေပါပြီ။ ဒီကြေညာစာတမ်းကို အခြေပြုပြီး နိုင်ငံရေး အခွင့်အရေး၊ စီးပွားရေး အခွင့်အရေး၊ လူမှုရေး အခွင့်အရေး၊ ယဉ်ကျေးမှု အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး စတဲ့ လူ့ဂုဏ်ရည် သိက္ခာပိုမို ထွန်းပြောင်လာစေမယ့် အခွင့်အရေးများကို ရေးဆွဲတင်ပြခဲ့ပါတယ်။

လူ့ဘောင် လောကအတွက် အလွန်အရေးပါတဲ့ ဒီလူ့အခွင့်အရေး ကြေညာ စာတမ်းကြီးကို ဦးဆောင်ရေးဆွဲသွားသူကတော့ အယ်လီနာ ရုစ်ဗဲ့လ်ဒ် အမည်ရှိတဲ့ အမျိုးသမီးကြီးပဲ ဖြစ်ပါတယ်။

အယ်လီနာ ရုစ်ဗဲ့လ်ဒ် ကို အမေရိကန် နယူးယောက်မြို့တော်မှာ ၁၈၈၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့မှာ မွေးပါတယ်။ ဖခင်ဖြစ်သူက အမေရိကန် သမ္မတ တဦးဖြစ်တဲ့ သီယိုဒိုး ရုစ်ဗဲ့လ်ဒ်ရဲ့ ညီ ဖြစ်ပါတယ်။ အယ်လီနာ ရုစ်ဗဲ့လ်ဒ် အသက် ၈ နှစ်အရွယ်မှာ မိခင်ကွယ်လွန်သွားပြီး အသက် ၁၀ နှစ်အရွယ်မှာ ဖခင်ဆုံးသွားတဲ့ အတွက် ငယ်စဉ်ကတည်းက အဘွားဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ရပါတယ်။ ဘော်ဒါဆောင်ရှိတဲ့ ကျောင်းမှာ အသက် ၁၈ နှစ်အထိ ပညာသင်ကြား ခဲ့ပြီးနောက် ဇာတိဖြစ်တဲ့ နယူးယောက်ကို ပြန်လာပါတယ်။ အသက် ၂၁ နှစ်မှာတော့ အစ်ကိုဝမ်းကွဲ ဖရန်ကလင် ရုစ်ဗဲ့လ်ဒ် နဲ့ လက်ထပ်ခဲ့ပါတယ်။

လက်ထပ်ပြီး ၁၀ နှစ်ကျော် ကာလအတွင်းမှာ ကလေး ၆ ယောက် မွေးပေမယ့် သားတယောက်ပဲ အဖတ်တင်ပါတယ်။ ဒီကာလဟာ သူ့ဘ၀ရဲ့ ကလေးမွေးတဲ့ ကာလပဲလို့ အယ်လီနာက ပြောပါတယ်။ ပထမကမ္ဘာစစ်ကြီး ဖြစ်တဲ့ အခါမှာတော့ အမေရိကန် ကြက်ခြေနီအသင်းမှာ ဝင်ရောက် လုပ်ကိုင်ခဲ့သလို အမေရိကန် ရေတပ် ဆေးရုံမှာလည်း စေတနာဝန်ထမ်း လုပ်အားပေးခဲ့ပါတယ်၊၊

၁၉၂၁ ခုနှစ်ရောက်တော့ ယောက်ျားဖြစ်သူ ဖရန်ကလင် ရုစ်ဗဲ့လ်ဒ်ဟာ ပိုလီယိုရောဂါကို ခံစားရပြီး မသွားနိုင် မလာနိုင် ဘ၀ကို ကျရောက်ခဲ့ပါတယ်။ ဒီအချိန်မှာ ယောက်ျားဖြစ်သူရဲ့ နိုင်ငံရေးလုပ်ငန်းတွေကို မရပ်တန့်ရလေအောင် အယ်လီနာက ဆက်လက် ဆောင်ရွက်ပေးပါတယ်။ နိုင်ငံရေးနယ်ပယ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ၀င်ရောက်လှုပ်ရှားလာသလို အမျိုးသမီး မဲဆန္ဒရှင်များ အဖွဲ့ချုပ်နဲ့ အမျိုးသမီး အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် တို့လို အဖွဲ့တွေမှာလည်း ၀င်ရောက် ဆောင်ရွက်ပါတယ်။ အကျိုးအမြတ်မယူတဲ့ ပရိဘောဂ စက်ရုံတရုံကို ထူထောင်ခဲ့ပြီး အမျိုးသမီး စာသင်ကျောင်း တကျောင်းမှာလည်း ဆရာမ ၀င်လုပ်ခဲ့ပါတယ်။

၁၉၃၂ ခုနှစ် သမ္မတ ရွေးပွဲမှာ ယောက်ျားဖြစ်သူ ဖရန်ကလင်ရုစ် ဗဲ့လ်ဒ် အနိုင်ရပြီး အမေရိကန် နိုင်ငံရဲ့ ၃၂ ဦးမြောက် သမ္မတကြီး ဖြစ်လာပါတယ်။ အယ်လီနာရုစ်ဗဲ့လ်ဒ် လည်း သမ္မတကတော် အဖြစ်နဲ့ လူမှုရေးကိစ္စတွေကို ရှေ့တန်းက ဆောင်ရွက်ရပါတယ်။ အထူးသဖြင့် ဆင်းရဲသားတွေ လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ လိုအပ်ချက်တွေကို ရအောင် ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။ အခွင့်အရေး ဆုံးရှုံးနေသူများဘက်ကလည်း ၀င်ရောက် ကူညီပေးခဲ့ပါတယ်။

အယ်လီနာတို့ လက်ထက်မှာလည်း အမျိုးသမီးများဟာ အနှိမ်ခံ အပယ်ခံဘ၀က မလွတ်မြောက်ခဲ့သေးပါဘူး။ အယ်လီနာဟာ အမျိုးသမီးများကို ယောက်ျားများနဲ့ အခွင့်အရေး တန်းတူရအောင် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ ပုံစံပြရမယ်ဆိုရင် အမျိုးသမီးဆိုရင် သတင်းထောက် မခန့်ချင်တဲ့ အစဉ်အလာကို အယ်လီနာက ရအောင် တိုက်ဖျက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန် သတင်းစာများဟာ အမျိုးသားများကိုပဲ သတင်းထောက်ခန့်လေ့ ရှိပါတယ်။ သမ္မတကတော် အယ်လီနာဟာ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲများမှာ အမျိုးသမီး သတင်းထောက်တွေကိုပဲ တက်ခွင့်ပေးတဲ့နည်းနဲ့ ဒီအစဉ်အလာကို တိုက်ခိုက်ခဲ့တာပါ။ သတင်းစာတိုက်များဟာ အလွန်အရေးကြီးတဲ့ သမ္မတကတော်ရဲ့ သတင်းစာ ရှင်းလင်းပွဲတွေကို တက်ရောက် နိုင်ဖို့အတွက် အမျိုးသမီး သတင်းထောက်တွေကို မဖြစ်မနေ ခန့်အပ်ရပါတော့တယ်။

၁၉၄၅ ခုနှစ်မှာ ခင်ပွန်းသည် ဖရန်ကလင် ရုစ် ဗဲ့လ်ဒ် ကွယ်လွန်ပါတယ်။ နိုင်ငံတော် ဈာပနပွဲက အပြန်မှာ သတင်းထောက်တွေကို အယ်လီနာက ဇာတ်လမ်း ပြီးသွားပြီလို့ ပြောလိုက်ပါတယ်။ ခင်ပွန်းသည် ကမ္ဘာကျော် ဖရန်ကလင် ရုစ် ဗဲ့လ်ဒ် ကွယ်လွန်သွားပြီ ဆိုတော့ သူဟာ ဘာမှအရေးမပါတဲ့ လူဖြစ်သွားပြီလို့ ဆိုလိုတဲ့ သဘောနဲ့ အဲသည်စကားကို ပြောလိုက်တာပါ။

အယ်လီနာရဲ့ တကယ့်ဘ၀ဟာ အဲဒီအချိန်မှာမှ စတင်တာဖြစ်ပြီး ပင်ကိုယ် အရည်အချင်းကလည်း အဲဒီအချိန်မှာမှ စတင် ပွင့်လန်းလာတာ ဖြစ်ပါတယ်။

သည်ကိုယ်တွေ့ ဖြစ်ရပ်အပေါ်မှာ အကြောင်းပြုပြီး အယ်လီနာ ရုစ်ဗဲ့လ်ဒ် ပြောတတ်တဲ့ စကားတခွန်း ရှိပါတယ်။ အမျိုးသမီးတွေဟာ လက်ဖက်ခြောက်ထုပ်နဲ့ တူတယ်၊ ရေနွေးပူနဲ့ စိမ်တော့မှပဲ တကယ့်အစွမ်းသတ္တိတွေ ထွက်လာတယ်ဆိုတဲ့ စကားပါ။

အယ်လီနာဟာ ငယ်စဉ်က မိဘမဲ့တယောက်လို နေခဲ့ရတယ်။ ကမ္ဘာကျော် သမ္မတနဲ့ အိမ်ထောင်ဖက်ခဲ့ရပေမယ့် အိမ်ထောင်ရေး ပြဿနာကြောင့် ကွာရှင်းပြတ်လု အနေအထားထိ ရောက်ခဲ့တယ်။ ကမ္ဘာစစ်ကြီး ၂ ခုကို ကြုံခဲ့ရသလို စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ယောက်ျားဆုံးတော့ သူ့ဘ၀ဆုံးပြီလို့ ထင်မှတ်ခဲ့ပါတယ်။ မုဆိုးမတယောက် အနေနဲ့ မထင်မရှား နေရတော့မယ်လို့ ထင်တဲ့ အချိန်ရောက်မှ အယ်လီနာရဲ့ အရည်အချင်းကို စိန်ခေါ်မယ့် ဘ၀အလှည့်အပြောင်းတခု ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒါကတော့ အမေရိကန် သမ္မတ ထရူးမင်းက အယ်လီနာကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း လူ့အခွင့်အရေး စာတမ်းကို ရေးဆွဲဖို့ ပြင်ဆင်နေတဲ့အချိန် ဖြစ်ပါတယ်။ အယ်လီနာ ရုစ်ဗဲ့လ်ဒ် ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှာ ပထမဦးဆုံး ဥက္ကဋ္ဌ ဖြစ်လာပါတော့တယ်။

တကယ်တော့ လူ့အခွင့်အရေး စာတမ်းကို ရေးဆွဲရတာ မလွယ်လှပါဘူး။ နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံနဲ့ အံဝင်ခွင်ကျဖြစ်အောင် ရေးဆွဲရတာပါ။ လူမှန်သမျှတိုင်းက လက်ခံနိုင်တဲ့ အနေအထားမျိုး ရောက်အောင် ရေးဆွဲရတာပါ။

အယ်လီနာဟာ အရှေ့တိုင်း၊ အနောက်တိုင်းက အတွေးအခေါ်ရှင်တွေ၊ ဘာသာရေး ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ဒီစာတမ်းကြီးကို ရေးဆွဲခဲ့ပါတယ်။ မပြီးမပြတ် မကျေမလည်ဖြစ်လို့ ဆုံးဖြတ်ရမယ့် အခါတိုင်းမှာ အယ်လီနာကပဲ ဆုံးဖြတ်ပေးပါတယ်။ ဒီလိုနဲ့ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက ကန့်ကွက်မဲ မရှိ ထောက်ခံ အတည်ပြုပေးနိုင်တဲ့ အနေအထားကို ရောက်လာပါတယ်။

ဒီလူ့အခွင့်အရေး ကြေညာစာတမ်းကြီး ပေါ်ထွက်လာခြင်းဟာ လူ့ယဉ်ကျေးမှု သမိုင်းမှာ အလွန်ကြီးကျယ်ခမ်းနားတဲ့ မှတ်တိုင်ကြီးကို ထူစိုက်လိုက်တာပါပဲ။ ဒီလူ့အခွင့်အရေး ကြေညာစာတမ်းကြီးဟာ လူသားရဲ့ အကျင့်သီလစိတ်ကို အမြင့်မားဆုံး ဖော်ထုတ်ပြသချက် ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ချီးကျူး ပြောကြားလိုက်ပါတယ်။ သည်လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ဦးဆောင် ရေးဆွဲသွားတဲ့ အတွက်ပဲ အယ်လီနာကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ၂၀ ရာစုရဲ့ ထိပ်တန်းခေါင်းဆောင် ၁၀၀ စာရင်းမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ အဲဒီ ခေါင်းဆောင် ၁၀၀ စာရင်းမှာ အယ်လီနာရဲ့ ခင်ပွန်းသည် ဖရန်ကလင်ရုစ် ဗဲ့လ်ဒ်လည်း ပါဝင်နေတဲ့ အချက်ပါ။

ဒါပေမယ့် အယ်လီနာရုစ်ဗဲ့လ်ဒ်ဟာ ခင်ပွန်းသည်ရဲ့ အရိပ်ကို ခိုလှုံပြီး နေရာရလာသူ မဟုတ်ပါဘူး။ သူ့ရဲ့ ပင်ကိုယ်အရည်အချင်းနဲ့ ထိပ်တန်းအဆင့်ကို ရောက်လာသူပါ။ သူ့ရဲ့ကိုယ်ပိုင် အစွမ်းအစနဲ့ လူ့သမိုင်းကို အလှည့်အပြောင်း လုပ်ခဲ့သူပါ။

ဒါကြောင့်လည်း လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ရေးဆွဲပြီးတဲ့အခါမှာ အမေရိကန် သမ္မတ ထရူးမင်းက အယ်လီနာ ရုစ်ဗဲ့လ်ဒ်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ခေါင်းဆောင်အမျိုးသမီး (first lady) အဖြစ်ကနေ ကမ္ဘာကြီးရဲ့ ခေါင်းဆောင် အမျိုးသမီး ဖြစ်သွားပြီလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,30th,2011

( 41 )India and Burma set $3bn trade target

( 40 )မြစ်ဆုံစီမံကိန်းကို ရပ်နားထားမည်ဟု ဦးသိန်းစိန်ပြောကြား

( 39 )Work halted on divisive Myitsone project

( 38 )မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ

( 37 )Myanmar makes exchanging money easier

( 36 )ဂျပန်အမျိုးသမီးကို သတ်သည်ဟုစွပ်စွဲခံရသူအား ရုံးတင်စစ်ဆေးတော့မည်

( 35 )The Gorkhalis of Myitkyina

( 34 )မယ်လဒုက္ခသည် ၁၈ဦး ဂျပန်နိုင်ငံ၊ တိုကျိုသို့ ယနေ့ရောက်ရှိ

( 33 )Myanmar govt shelves $3.6 bln megadam, officials say

( 32 )လူမှုရေး လုပ်ငန်း အတွက် ဖားကန့်ရောက် ရခိုင်မိသားစု တခုမှ ကျပ်သိန်း ၁၆၀ လှူဒါန်း

( 31 )Myanmar to stop construction of controversial dam

( 30 )မြန်မာ နိုင်ငံခြားရေးဝန်ကြီး ၀ါရှင်တန်မှာ ဆွေးနွေး

( 29 )China-backed Myitsone dam ‘suspended’

( 28 )ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်းအနီး အသတ်ခံရ

( 27 )US, Burmese Diplomats Hold Rare Meeting In Washington

( 26 )လန်ဒန် NLD နှစ်ပတ်လည်နေ့ ရခိုင်အမျိုး သမီးငယ် တဦး တက်ရောက် စကားပြော

( 25 )rechecking number of political prisoners in Burma

( 24 )ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရေကြီး

( 23 )50 People Who Matter 2011 | 42. Aung San Suu Kyi

( 22 )အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံထပ်တင်ရေး မဆုံးဖြတ်ရသေးပါ

( 21 )Uganda sexual rights group wins Norway prize

( 20 )ဂျပန်အမျိုးသမီးတဦး ကျောက်ပန်းတောင်းမှာ သတ်ဖြတ်ခံရ

( 19 )Myanmar will not cooperate with India in crossborder insurgencies’

( 18 )တပြည်လုံးအတိုင်းအတာဖြင့် အပစ်ရပ်ရန် WLB တိုက်တွန်း

( 17 )What Thein Sein promised Suu Kyi

( 16 )အပစ်ရပ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေး ကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ လိုလား

( 15 )Burma’s FM offers olive-branch while Burma Army shelling on ethnic Kachin

( 14 )လူရွှင်တော် ဇာဂနာ လွတ်ပြီလို့ ကြားရ

( 13 )Monastic Education the Only Option for Burma’s Poor

( 12 )ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ၃ ကြိမ်မြောက် တွေ့မည်

( 11 )Closing dates set for Burma, Nine Mile trails

( 10 )အစိုးရက ၀အဖွဲ့ကို ရိက္ခာ ပြန်ပေး

( 9 )Bringing Burma’s nuclear secrets to the table

( 8 )ထိုင်းဝန်ကြီးချုပ် မြန်မာပြည် သွားမည်

( 7 )ICG Burma Report Blasted by Global Justice Center

( 6 )ဦးဝဏ္ဏမောင်လွင် ၀ါရှင်တန်မှာ အမေရိကန် အရာရှိတွေနဲ့ တွေ့ဆုံနေ

( 5 )Japanese tourist killed in Burma

( 4 )မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် တည်ဆောက်ရေး အိန္ဒိယ စဉ်းစားနေ

( 3 )Yingluck to visit Burma next week

( 2 )မြန်မာအစိုးရကို ဖိအားပေးဖို့ အမေရိကန် အိန္ဒိယကို တိုက်တွန်း

( 1 )Kachin Rebels Lose Shan State Base to Burmese Forces

Thursday, September 29, 2011

ဆန္ဒထုတ်ဖော်ပြသရန် နေရာများ အစိုးရ ကန့်သတ်

မွေခေါဝ်


ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့် ဥပဒေမူကြမ်း၌ စုဝေးရန်၊စီတန်း လှည့်လည်ရန် အတွက်နေရာများစွာကန့်သတ် ထားကြောင်း သိရပါသည်။

“အစိုးရရုံးတွေ၊ စက်ရုံအလုပ်ရုံ၊ ဈေး၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်စတဲ့လူများတဲ့ နေရာ တွေမှာ စုဝေးလို့ မရသလို စီတန်းလှည့်လည်လို့လဲ မရဘူး။ ကန့်သတ်ထားတဲ့နေရာ အရမ်းများတယ်” ဟု နေပြည်တော် ရောက် အမတ်တစ်ဦးက ပြောပါသည်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က တင်သွင်းပြီး ဥပဒေမူကြမ်း၌ စီတန်းလှည့်လည်မည့်နေရာ၊ လမ်းကြောင်းနှင့် လူဦးရေကို ရဲစခန်းသို့ ၇ ရက် ကြိုတင်အကြောင်း ကြား ခွင့်တောင်းရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရ/မရ သက်ဆိုင်ရာက ၄၈ နာရီကြိုတင်အကြောင်းပြန်မည်ဖြစ် ကြောင်းပါရှိသည်ဟုဆို၏။

တဖက်၌လည်း ပုဂ္ဂလိကကျောင်းဖွင့်လှစ်ရန်အတွက် ဥပဒေမူကြမ်းရေးစွဲနေပြီဖြစ်ကြောင်း ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော် အမတ်တစ်ဦးက ပြောပါသည်။

“၅ တန်းကနေ ၁၀ တန်းအထိ ပုဂ္ဂလိကကျောင်းတွေ ဖွင့်နိုင်တယ်။ တတ်နိုင်တဲ့သူအားလုံးဖွင့်နိုင်တယ်။ ဒါပေမဲ့ ကျောင်း မှာ ဘယ်ဘာသာတွေသင်မယ်ဆိုတာ အရင်ဆုံးတင်ပြရမယ်။တိုင်းရင်းသားစာပေသင်ကြားခွင့်အပါ အဝင်ပေါ့”

သို့သော် အစိုးရကျောင်းများ၌ တိုင်းရင်းသား စာပေသင်ကြားမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာဆွေးနွေးခြင်း မရှိသေးဟု ပြောပါသည်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးများရန်ပုံငွေအသင်း (United Nations International Children's Emergency Funds -UNICEF) ကမူ ကလေးသူငယ်များ မူလတန်းစတက်သည်နှင့် မိခင်ဘာသာစာပေကို ဦးစွာသင်ယူသင့် ကြောင်း၊ အလယ်တန်းရောက်မှသာ အများသုံးဘာသာစာပေစကားများကို သင်ယူသင့်ကြောင်း ဖော်ပြထားသည်။

ယခုပြုလုပ်ကျင်းပနေသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ နေထိုင်စားသောက်ရေးအားလုံးအဆင်ပြေသော် လည်း အစည်းအဝေး၌ လွတ်လပ်စွာ ပြောဆိုခွင့်မရှိကြောင်း၊ ပြည်သူ့လွှတ်တော်အစည်းအဝေးကိုအောက်တို ဘာလ ပထမ ပတ်အထိ ကျင်းပသွားဖွယ်ရှိကြောင်း သိရသည်။

လယ်သမားများပိုင်မြေ ဗိုလ်မှူး တစ်ဦး ရောင်စား၍ လယ်သမားများ လယ်မဲ့ယာမဲ့ဖြစ်

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပျားတဲရွာအနီးမှ လယ်သမားများပိုင် မြေများကို မြေစာရင်းဦးစီးဌာနတွင် ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးက သူ့အမည်ဖြင့် နာမည် ဖေါက်ပြီး ရောင်စားသွားသဖြင့် လယ်သမားများမှာ လယ်မဲ့ယာမဲ့ ဘ၀သို့ အလိုလိုနေရင်း ရောက်ရှိသွားကြရသည်ဟု သတင်း ရရှိသည်။

အဆိုပါ မြေကွက် ဧရိယာမှာ ၂၄ ဧက ရှိပြီး ဗိုလ်မှူး ဦးစန်းစန်းမောင်ဆိုသူက အိန္ဒိယ ကုမ္ပဏီ တစ်ခုသို့ သိန်းကျပ် (၄၀၀) ဖြင့်ရောင်းစားသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ လူငယ် တစ်ဦးက" အဲဒီ ဗိုလ်မှူး ဦးစန်းမောင်မောင်က အဲဒီမြေတွေကို မြေစာရင်းဌာနမှာ သူ့နာမည် ဖေါက်ပြီး Punj Loyd ဆိုတဲ့ အိန္ဒိယ ကုမ္ပဏီကို ရောင်းစားသွားတာပါ။ အခု အဲဒီ ကုမ္ပဏီက မြေကွက်တွေမှာ စီမံကိန်း စတင်နေပါပြီ" ဟု ပြောသည်။

ရွာသာများမှာ ၎င်းတို့ပိုင်သော လယ်မြေများ၊ စားကျက်မြေများကို အိန္ဒိယကုမ္ပဏီမှ စက်ကရိယာများဖြင့် လာရောက် တူးဖေါ်ပြီးမှ မိမိတို့ လယ်မြေများ အသိမ်းခံရသည်ကို သိရှိကြရသည်ဟု သူက ဆိုသည်။

" ကျွန်တော်တို့ သိရသလောက် ဗိုလ်မှူး စန်းမောင်မောင်က ခယက လက်ထက်မှာ ကျောက်ဖြူမှာ တာဝန်ကျဖူးတယ်လို့ သိရပါတယ်။ သူက မြေတိုင်းဌာနက ၀န်ထမ်းတွေကို ငွေနည်းနည်းပေးပြီး အဲဒီမြေတွေကို သူ့နာမည်နဲ့ ဖေါက်ပြီးတော့ ရောင်းစားသွားတာ ဖြစ်တယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။


ကျောက်ဖြူတွင် တာဝန်ကျခဲ့သော စစ်ဘက်ဆိုင်ရာ လူကြီးများသည် နိုင်ငံခြား စီမံကိန်းများ တည်ဆောက်မည့် နေရာများ၊ ဂတ်စ်နှင့် ရေနံပိုက်လိုင်း ဖြတ်သန်းမည့် နေရာများကို မြေပုံများကို ကြည့်ပြီး သိရှိထားသဖြင့် အဆိုပါ နေရာများကို မြေတိုင်း ဦးစီးဌာနနှင့် ပေါင်းပြီး မိမိပိုင် မြေအဖြစ် ဂရမ်ဖေါက်ထားခဲ့ကြသည်ဟု သိရသည်။

ထိုအထဲတွင် ယခင် အနောက်ပိုင်းတိုင်းမှူး ဖြစ်ခဲ့သော ပြည်ထဲရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် မောင်ဦးလည်း ပါဝင်ကာ ကျောက်ဖြူမှ (၆) မိုင် အကွာတွင် တည်ရှိသော ဂုံးချိန်ကျေးရွာရှိ အများပြည်သူပိုင် မြေကွက် တစ်ခုကို မိမိပိုင်လုပ်ကာ ဒေးဝူး ကုမ္ပဏီကို ကျပ်သိန်း ၄၀၀ ဖြင့် ရောင်းစားသွားခဲ့သည်။

" ကျောက်ဖြူမှာ နေရာကောင်းမှန်သမျှ စစ်ဗိုလ်ချုပ်တွေ လက်ထဲကို ရောက်သွားပါပြီ။ ဒေသခံတွေမှာ ဘယ်ကို တိုင်ကြားရမှန်းလည်း မသိဘူး။ တိုင်ကြားရင်လည်း အဖမ်းခံရမှာကို စိုးပြီး ဘယ်သူမှ လိုက်မလုပ်ရဲဘူး။ ကျောက်ဖြူမြို့နယ်မှာ လယ်တွေ၊ စားကျက်တွေ တ၀က်ခန့်က ပြည်သူတွေရဲ့ လက်ထဲမှာ မရှိတော့ဘူး" ဟု တခြား ကျောက်ဖြူ ဒေသခံ တစ်ဦးကလည်း ပြောသည်။

ယခုကဲ့သို့ ဒေသခံများ ပိုင်ဆိုင်သော လယ်မြေများကို Punj Loyd ကုမ္ပဏီက မြေတူးစက်များဖြင့် တူးဖေါ်နေသဖြင့် ရွာသာများမှာ မျက်ရည် တလည်လည်ဖြင့် ဖြစ်နေပြီး အဆိုပါ ကိစ္စကို မည်သို့ ဆက်လုပ်ရမည်ကိုလည်း မသိဘဲ ဖြစ်နေကြသည်ဟု သိရသည်။

၎င်းအပြင် ဂတ်စ်နှင့် ရေနံပိုက်လိုင်းဖြတ်သန်းမည့် နေရာများကိုလည်း မြေတိုင်းဌာနမှ အလံနီများ စိုက်ထူထားပြီး ပိုက်လိုင်း ဖြတ်သန်းရာနေရာကို ကိုက် (၅၀) သိမ်းယူမည်ဟု သတင်းထွက်နေသဖြင့် ရွာသားများ အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

ချင်းပြည်နယ်ရှိအစိုးရဌာနများ၏ ဂုတ်သွေးစုတ်မှုများ

KHONUMTHUNG NEWS GROUP

ချင်းပြည်နယ် အစိုး ရ၏ လက်ရှိ အုပ်ချုပ်ရေး ယန္တရား၊ အစိုးရ ဌာန များ၏ နေ့စဉ် လုပ်ငန်း လည်ပတ်မှု အနေ အထားကို ကြည့်ပါက ယခင် နအဖ အစိုးရရဲ့ အမွေခံ ဒုံယင်း အစိုးရ သာဖြစ်ကြောင်း ချင်းပြည် သူတွေ ထံမှ လေသံများ နေ့စဉ်နဲ့ အမျှကြား နေရသည်။

ဝန်ကြီး (၉)နေရာဖြင့် ဖွဲ့စည်း ထားသည့် ချင်းပြည်နယ် အစိုးရမှာ ယူအက်စ် ဒီပီမှ (၄) ဦး၊ စီပီပီမှ (၁) ဦး၊ စီအဲန်ပီမှ (၁)ဦး စုစုပေါင်း (၆) ဦးတို့သည် ပြည်သူ့မဲဆန္ဒဖြင့် အရွေး ခံကြ သည်ဟု ဆိုပါတော့၊ ကျန် (၃) ဦးသည် စစ် တပ်မှ စေလွတ် ထား သည့် ပုဂ္ဂိုလ်များ သာဖြစ်သည်။ ပြည်သူ့ မဲဆန္ဒဟု ဆိုရာတွင် ကြံ့ဖွံ့ ပါတီက နည်းအမျိုး မျိုးဖြင့် ရရှိသည့် မဲကိစ္စ ကိုမူ အား လုံးအသိမို့ အသေးစိပ် မပြော လိုတော့ပါ။

ဖလမ်းမြို့နယ်၊ ချင်းတိုးတက်ရေးပါတီမှ အရွေးခံ ပြည်နယ်ကိုယ်စားလှယ် ဦးနာ့ထန်းကမူ ” လူထုတွေက ကျနော်တို့ကို သူတို့ ကိုယ်စားလှယ်ဆို မှန်းတောင်မသိကြဘူး၊ အစိုးရဌာန ၀န်ထမ်းတွေကလည်း ကျနော်တို့ကို ဂရုစိုက်တာ မဟုတ်ဘူး၊ ယခင် တပ်မတော်အစိုးရပုံစံအတိုင်းပဲ၊ စနစ်ကိုက တကယ့်ဒီမိုက ရေစီအပြောင်းအလဲ မဟုတ်သေးဘူး ” ဟုပြောခဲ့ပြီးပြီ။

ဟိုတနေ့က ဟားခါးမြို့ပေါ်က တက္ကသိုလ်ဘွဲ့ရလူငယ်များနှင့် စကားလက်ဆုံကျခဲ့ရာတွင် လက်ရှိပြည်နယ်အစိုးရနှင့် ယခင်တပ်မ တော် အစိုးရ ကာလ အတွင်း ဟားခါးမြို့ပေါ် တိုးတက်မှူ၊ ခြားနားချက်စသဖြင့် သူ့အမြင်ကို ပြောပြခဲ့သည်။

” ယခု အစိုးရလက်ထက်မှာက ပိုပြီး စည်ကားလာသလိုပဲ၊ ၀န်ကြီးကားတွေ လုံခြုံရေးစစ်ကား တွေ နဲ့ နေ့စဉ်နဲ့အမျှ မြို့ တွင်းမှာ တ၀ီဝီနဲ့ သွားသွားလာလာလုပ်နေတာကိုက အသစ်အဆန်းတခုပေါ့၊ အပြောင်းအလဲဆိုလို့ အဲဒါပဲမြင်တယ်” ဟု ပြောပြခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ချင်းပြည်နယ်အစိုးရက ပြည်သူလူထုအပေါ် ဘာတွေလုပ်ပေးနေပြီလဲ၊ ဘာတွေလုပ်ခဲ့သလဲ ၊ နေ့စဉ် အုပ်ချုပ်ရေးယန္တရား ဘယ်လို လည်ပတ်နေသလဲ တင်ပြချင်သည်။

ယနေ့ ချင်းပြည်နယ်အစိုးရသစ်တွင် အစိုးရဌာနများအတွင်း ပြည်သူလူထုအားနည်းအမျိုးမျိုးဖြင့် ငွေကောက်ခံမှုများရှိနေ သည်။ ဖြတ်ပိုင်းမပါ ပဲလည်းကောင်း၊ ဖြတ်ပိုင်းရှိ ငွေပမာဏထက် ပိုမိုပြီးလည်းကောင်း၊ အကောင်အထည်ဖော်ပေးမှုမရှိပဲ လည်းကောင်း ငွေကောက်ခံခြင်းများ ရှိနေ သည်ဟု သိရသည်။ ပိုမိုအသေးစိပ်သွားမည်ဆိုပါက-

(က) ဖြတ်ပိုင်းမပါပဲငွေကောက်ခံခြင်း

- အခွန်လွတ်ငြိမ်းခွင့်ပုံစံ (၁၇) ရယူလိုသူ များအပေါ် ကျပ်ငွေ (၂၀၀၀၀) ကောက်ခံခြင်း၊
- အခွန်ကိစ္စဆင့်ခေါ်ခံရာတွင် အမှုတွဲထိန်းခ ဆိုပြီး အနည်းဆုံး ကျပ်ငွေ ၂၀၀၀မှ အထက် လစဉ်ကောက်ခံခြင်း
- အိမ်ယာ မြေကွက်များ တိုင်းတာပေးရာတွင် အနည်းဆုံး ကျပ်ငွေ ၂၀၀၀၀ မှ အထက် အကန့်အသတ်မရှိကောက် ခံခြင်း
- အိုးအိမ်ဆောက်လုပ်ခွင့် ရရှိရေးအတွက် အကန့်အသတ်မဲ့ ကောက်ခံခြင်း
- အိုးအိမ်ဆောက်လုပ်ခွင့်လျှောက်နိုင်ရေးအတွက် အဆင့်ဆင့်သော ထောက်ခံစာများရယူရာတွင် အနည်းဆုံး သောင်းဂ ဏန်းအထက် အကန့် အသတ်မရှိ ကောက်ခံခြင်း၊
- မြေငှားစာချုပ်သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ခြင်းအတွက် အကန့်အသတ်မရှိ ကောက်ခံခြင်း၊
- အိမ်သုံးဖုန်းနှင့် လျှပ်စစ်မီးပြုပြင်ခအတွက် ကျပ်ငွေ နှစ်ထောင်မှ အထက် ကောက်ခံခြင်း

(ခ ) ဖြတ်ပိုင်းပါ ငွေပမာဏထက် ပိုမိုကောက်ခံခြင်း

- ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် ဖြတ်ပိုင်းပါ သင့်ငွေထက် ပိုမိုကောက်ခံခြင်း ( မော်တော်လိုင်စင် သက် တမ်းတိုးရာတွင် ဖြတ်ပိုင်းရှိသင့်ငွေ ကျပ်ငွေ ၁၇၀၀၊ အမှန်ကောက်ခံငွေ ကျပ်ငွေ ၁၉၀၀၀ မှ ၂၅၀၀၀၊)
- မြို့ပေါ် မြေငှားခွန်ကောက်ခံရာတွင် ပြေစာပါသင့်ငွေထက် အဆ ၃၀ ပိုမိုကောက်ခံခြင်း
- အိမ်သုံးဖုန်းများခများအတွက် ဘီလ်ပါ ကျသင့်ငွေထက် ကျပ်ငွေ ၅၀၀ ပိုမိုကောက်ခံခြင်း
- ယာဉ်လိုင်စင်လျှောက်ခွင့်မရှိသည့် ယဉ်ပိုင်ရှင်များ ငွေညှစ်ခံနေရခြင်း
မှတ်မှတ်ယယပြောလိုသည်မှာ ဟားခါးမြိ့ ကုန်းလမ်းညွန်ကြားရေးဌာန (ကညန) မှ ယဉ်လိုင်စင် လျှောက်ခွင့် ပိတ်ပင်ပြီးနောက်ပိုင်း ယာဉ်လိုင် စင်မရှိသည့် မော်တော်ဆိုင်ကယ်ပိုင်ရှင်များသည် မော်တော်ပီကေများ၏ မတရားငွေညှစ်ခြင်းခံနေကြသည်။ သက်ဆိုင်ရာက ယဉ်လိုင်စင် လျှောက်ခွင့်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာ မှ စပြီး ပိတ်ပင်လိုက်သောကြောင့် ယဉ်လိုင် စင်မရှိသေးသည့် ဆိုင်ကယ် ပိုင်ရှင်များသည် မော်တော် ပီကေများ၏ စစ်ဆေးငွေညှစ်ခြင်းကို ခံနေကြကြောင်း သိရသည်။

” ယဉ်မောင်းလိုင်စင်တော့ လုပ်လို့ရပေမဲ့ ယာဉ်လိုင်စင်ကို နံပါတ် ၁၉/ယ အထိသာ လုပ်ပေးတယ်၊ ယဉ်လိုင်စင် မရှိသူ တွေကို တွေ့ယင် အနည်းဆုံး ကျပ်ငွေ နှစ်သောင်း တောင်းတယ်၊ ” ဟု မော်တော်ဆိုင် ကယ်ပိုင်ရှင် တဦးက ပြောသည်။ တချို့မော်တော်ပီကေတွေဟာ ထန်တလန်နှင့် ဖလမ်းမြို့အ၀င်တွေမှာ နယ်က တက်လာတဲ့ ခရီးသည်တွေကို စောင့်ဖမ်း စစ်ဆေးပြီး ဒါဏ်ငွေ
ဆောင်ခိုင်းလေ့ရှိကြောင်း နယ်မှ တက်လာသည့် မော်တော်ဆိုင်ကယ်များသည် အများအားဖြင့် လိုင် စင်မဲ့များသာဖြစ်သည်။

(ဂ) အကောင်အထည်ဖော်ပေးမှုမရှိသော ငွေကောက်ခံခြင်း

- သောက်သုံးရေ ရရှိဖူလုံရေးအတွက် ဆောင်ရွက်ပေးမှုမရှိပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၈၀၀၀ ကောက်ခံခြင်း
- မြို့ပေါ် လမ်းမီးပုံမှန်မပေးပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၃၀၀၀ ကောက်ခံခြင်း
- အမှိုက်သိမ်းကျုံးပေးခြင်းမရှိပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၃၀၀၀ ကောက်ခံခြင်း

အမှန်ဆိုယင် ချင်းပြည်နယ်အစိုးရဌာနများအတွင်း အခွန်ဈေးနှုန်းသတ်မှတ်ပေးသင့်သည်။ ပြည်နယ်အစိုးရသည်သာ ပြည်သူအစိုးရ၊ ပြည်သူ့ကိုယ်စားလှယ်များဟု ခံယူပါက ဌာနဆိုင်ရာများ၏ လုပ်ရပ်ကို ကြပ်မတ်ရန်တာဝန်ရှိသည်။ ၀န်ကြီးတွေဟာ ပြည်သူလူထု၏ နေ့စဉ်နဲ့ အမျှ ကြုံတွေ့ နေ ရသည့် အခက်အခဲများကို ဖြေရှင်းပေး သင့်သည်။

ပြည်သူများ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရသည့် လူမှုဒုက္ခများအနက် အာဏာပိုင်တွေက ၄င်းတို့အပေါ် နည်းအမျိုးမျိုး ဖြင့် သွေးစုတ်နေခြင်းသည် အဓိကအခန်းက ပါဝင်ကြောင်း အစိုးရဌာနတွေရဲ့ လုပ်ရပ်က သက်သေထူနေသည်။

ထို့ကြောင့် စစ်အစိုးရ အဆက်ဆက် လူမှုဒုက္ခများကို မခံစားနိုင်တော့သော ချင်းပြည်သူများသည် ပြည်ပနိုင်ငံများသို့ ဒုက္ခ သည် ဘ၀ဖြင့် ရောက်ရှိခိုလှုံနေကြခြင်းဖြစ်သည်။

” ဘယ်သူက ကိုယ့်နေရပ်ကို မခင်တွယ်ပဲနေမလဲ၊ ကိုယ့်နေရပ်မှာ နေချင်ကြတာချည်းပဲ၊ စားဝတ်နေရေးကျပ် တည်းလွန်း လို့သာ ကျတော်ဒေလီကို ရောက်ရှိနေရတာ” ဟု အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်တဦးက ပြောခဲ့သည်။

သို့သော် မြန်မာအစိုးရသစ် သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြည်ပြန်ရန် ခေါ်နေပြီ် ဟူသော သတင်းသည် ချင်းပြည်သူလူထုအပေါ် ဂယက်ရိုက်နေသည်။ ဂယက်ရိုက်သည် ဆိုရာတွင် ပြည်ပရောက်ချင်းပြည် သူများ သည် သက်ဆိုင်ရာနိုင်ငံတွေက တကယ့်တကယ် ပြန်ပို့ တော့မှာလည်း စိုးရိမ်နေကြခြင်းဖြစ်သည်။

” ကျတော် ဘုရားမှာ ညတိုင်းဆုတောင်းတယ်၊ မြန်မာပြည်ဒီမိုကရေစီရရှိရေး နဲ့ ဒီမိုကရေစီရရှိပြီးပါက ပြည်တွင်းက ဆွေမျိုးတွေနဲ့ အတူတူ ပြန်ဆုံပြီး အတူတကွ နေထိုင်နိုင်ရေးအတွက်ပေါ့နော်၊ ဒါပေမဲ့ အခုအုပ်ချုပ်ရေးအခြေအနေက ပြန်ဖို့ မဖြစ်သေးဘူး” ဟု ဒေလီရောက် ချင်းဘာသာရေးလူကြီး တဦးက ပြောသည်။

ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ရောင်ခြည်သန်းနေပြီဟု ကြွေးကြော်နေသည့် ယနေ့ မြန်မာအစိုးရသစ် ဒီမိုကရေစီ သည် ပြည်သူက အစိုးမရ သော ပြည်သူအုပ်ချုပ်ရေး စနစ်သာဖြစ်နေသည်ကိုမူ အားလုံး သတိချပ်ကြမှာပါ၊

မြန်မာပြည်အလည်လာသည့် ဂျပန်အမျိုးသမီးတဦး အသတ်ခံရ

ဘုန်းခိုင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်နေသည့် အသက် (၃၀) နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရသည့်အမှု စက်တင်ဘာ (၂၈) ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ကျောက်ပန်းတောင်းမြို့ရှိ ညောင်ဦးကားဂိတ်မှ အငှားဆိုင်ကယ်ဖြင့် ညောင်ဦးမြို့ကို ပြန်သွားခဲ့သည့် ဂျပန်အမျိုးသမီးတဦးသည် ညနေ (၃) နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နှင့် ညောင်ဦးအကြားရှိ ၀ါးခင်းကြီးကျေးရွာအနီးတွင် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ဂျပန်အမျိုးသမီး အသတ်ခံရတဲ့နေရာ အနီးအနားက နွားတို့၊ ဆိတ်တို့ကျောင်းနေတဲ့သူတွေက အမျိုးသမီးအော်သံကြားပြီး မသင်္ကာလို့ လိုက်ရှာကြည့်တော့ ခြုံထဲမှာ အလောင်းကိုတွေ့တာပဲ အဲဒီအလောင်းရဲ့လည်ပင်းမှာ အမဲရာတွေတွေ့တယ် အချွန်နဲ့ထိုးတဲ့အရာလည်း တွေ့တယ်။ သတ်တာက အဲဒီအမျိုးသမီးကို တင်လာတဲ့ ဆိုက်ကယ်သမား မင်းသိုက်တဲ့ သူက အဲဒီအမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းပြီး သတ်ခဲ့တာ ဒါက ဒီအနီးနားက ရွာသားအားလုံးက အဲလိုပဲ သိနေတာ” ဟု ပြောသည်။

သေဆုံးသူ ဂျပန်အမျိုးသမီးကို တင်ဆောင်သွားခဲ့သည့် အသက် (၂၄) အရွယ် ဆိုင်ကယ်သမား မောင်မင်းသိုက်သည် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်တွင် နေထိုင်သူ ဖြစ်သည်။ ဂျပန်အမျိုးသမီးကို သတ်သည့် အခင်းဖြစ်ပွားပြီး သိပ်မကြာခင် ဒေသခံများနှင့် ရဲများပူးပေါင်းကာ မောင်းမင်းသိုက်နှင့် အစ်ကိုဖြစ်သူ မောင်မင်းသွေးတို့ နှစ်ဦးကို ဖမ်းဆီးပြီး ကျောက်ပန်းတောင်းမြို့နယ်ရဲစခန်းတွင် အမှုအတွက် စစ်မေးမှုများ ပြုလုပ်နေကြာင်း ဒေသခံများက ပြောသည်။

ဂျပန်အမျိုးသမီးတဦး အသတ်ခံခဲ့ရသည့်အမှုနှင့်ပတ်သက်၍ ဂျပန်အမျိုးသမီးတဦး ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့နယ်အစပ်တွင် အသတ်ခံခဲ့ရသည့် အမှုဖြစ်ပွားတာ မှန်ကန်ကြောင်း၊ ဘယ်လို ဘာကြောင့် အသတ်ခံခဲ့ရတယ်ဆိုတာကိုတော့ စစ်ဆေးဆဲဖြစ်ပြီး လူသတ်တရားခံလို့ မသင်္ကာသည့် မောင်မင်းသိုက်နှင့် မောင်မင်းသွေးတို့ ညီအစ်ကိုနှစ်ဦးကို ကျောက်ပန်းတောင်း ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းတာဝန်ကျ ရဲဝန်ထမ်းက ပြောသည်။

ဂျပန်အမျိုးသမီးအလောင်းကို ကျောက်ပန်းတောင်းဆေးရုံတွင် ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်နေပြီး တိုင်းအဆင့် မှုခင်းဆရာဝန်များ၊ အာဏာပိုင်များ၊ နေပြည်တော်မှ တာဝန်ရှိသူများ၊ UNDP မှ ဒေသခံကိုယ်စားလှယ်များ လာရောက်စစ်ဆေးတာ တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်းမှ အရပ်သား၂ ဦး ပစ်သတ်ခံရ

ဧရာဝတီ Thursday, 29 September 2011

တနင်္သာရီတိုင်းအတွင်း မွန်လက်နက်ကိုင်အဖွဲ့တခုနောက်သို့ လိုက်နေသည့် အစိုးရစစ်တပ်က အရပ်သား ၂ ဦးကို တနင်္ဂနွေနေ့က ပစ်သတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ထိုနေ့ ည ၇ နာရီခန့်တွင် ခြေလျင်တပ်ရင်း အမှတ် ၂၈၂ မှ တပ်သားများက ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ လော့သိုင်းရွာတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောပြသည်။

“၂ ယောက် သေသွားတယ်။ တယောက်က ကရင်၊ နောက်တယောက်က မွန်” ဟု ထိုဒေသခံက ဧရာဝတီကို ပြောသည်။

နောက်တနေ့တွင် ပစ်သတ်ခံရသူတို့ကို သဂြိုင်္ဟ်လိုက်ကြောင်း၊ စစ်တပ်က ကျန်ရစ်သူမိသားစုများကို လျော်ကြေးပေးခြင်းမရှိကြောင်း၊ သူက ဖြည့်စွက်ပြောပြသည်။

သေဆုံးသူ မွန်အမျိုးသားမှာ အသက် ၅၀ ကျော်အရွယ်ရှိ နိုင်ဝမ် ဆိုသူဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်သို့ မကြာသေးမီက ရောက်လာသည့် ဒေသခံရွာသားတဦးက ဆိုသည်။

“အဲဒီတုန်းက နိုင်ဝမ်က ရေနွေးကြမ်းသောက်နေတာ၊ ဗီဒီယိုကြည့်နေကြတာ” ဟု သူက ရှင်းပြသည်။

နောက်တဦးအကြောင်းကို မသိရသေးပေ။

စစ်သားများက ထိုနေ့ညနေပိုင်းတွင် ရွာအတွင်းသို့ ၀င်လာသည့် မွန်လက်နက်ကိုင်အဖွဲ့ဝင်များကို ဖမ်းဆီးရန် ကြိုးပမ်းပြီး ဒေသခံတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သူက ပြောသည်။

စစ်တပ်က လိုက်လံချေမှုန်းနေသည့် ထိုဒေသမှ မွန်လက်နက်ကိုင်အဖွဲ့ကို ဦးဆောင်သူများမှာ နိုင်ချမ်းဒိန်း၊ နိုင်ပင် တို့ ဖြစ်သည်။

ရွာသားများ၏ အဆိုအရ မွန်အဖွဲ့ဝင်တဦးကို စစ်သားများက ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လော့သိုင်းရွာသည် ကရင်တိုင်းရင်းသားများ နှင့် မွန်တိုင်းရင်းသားတချို့ နေထိုင်သည့်ရွာဖြစ်ပြီး အိမ်ခြေ ၁၀၀ ခန့် ရှိသည်။

ဤအတောအတွင်း ခလရ ၂၈၂ က လော့သိုင်းရွာဒေသခံများကို ရွာပြင်သို့ ထွက်ခွင့် ပိတ်ပင်ထားသည်။ လယ်ယာလုပ်ငန်းခွင်သို့လည်း သွားခွင့် မပြုကြောင်း ထိုဒေသမှလာသော သတင်းများက ဆိုသည်။

အစိုးရတပ်က လော့သိုင်းရွာကို အမည်းရောင်ဒေသအဖြစ် သတ်မှတ်ထားသည်။

ဒေသခံရွာသူရွာသားများကို ထိုဒေသတွင် လှုပ်ရှားနေသော အစိုးရတပ်သားများ၊ မွန်လက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီး နှိပ်စက်ခဲ့ဖူးသည်ဟု သိရသည်။

မီးမလာသဖြင့် ဒေသခံ ၃၀၀ ကျော် လျှပ်စစ်ဌာနကို သွားရောက် တောင်းဆို

နော်နိုရင်း

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် အမှတ်၂ ယုဇနရပ်ကွက်က ပြည်သူတွေ ၃၀၀ ကျော်ဟာ လျှပ်စစ်မီးမလာတာ ၁၅ ရက်လောက်ရှိတဲ့အတွက် မနေ့ စက်တင်ဘာလ ၂၈ ရက်ညပိုင်းက လျှပ်စစ်ရုံးဆီ ချီတက် တောင်းဆိုခဲ့ကြပါတယ်။

မြောက်ဥက္ကလာ ယုဇနရပ်က ၁ လမ်း၊ ၂ လမ်း၊ ၃ လမ်းက လူတွေဟာ မီးမလာတာကြောင့် လျှပ်စစ်ရုံးကို မီးမလာတဲ့ကြောင်း ဖုန်းဆက် အကူအညီ တောင်းခံခဲ့ပေမယ့် လုပ်ဆောင်ပေးတာ မရှိတဲ့အတွက် ချီတက်ပြီး တောင်းဆိုခဲ့တာလို့ ပါဝင်ခဲ့တဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မီးကို ၁၅ မိနစ်လာတယ် မီးအားနည်းတယ်။ ပျက်သွားတယ်။ အဲဒါက အကြိမ်ပေါင်းများစွာ ဖြစ်နေတော့ ယုဇနမှာရှိတဲ့ လူတွေ တော်တော်များများ မိသားစုကနေ အီးပီစီရုံးကို အကျိုးအကြောင်း လှမ်းဖုန်းဆက်ပြီး ပြောကြတယ်။ လက်ခံဖုန်းစကားပြောတဲ့သူက စီစဉ်ဆောင်ရွက်နေတာပဲ မလာတဲ့အတွက်ကြောင့် မတတ်နိုင်ဘူးလို့ ပြောတယ်။ ဖုန်းဖိုးသာကုန်တယ် ဘာမှလည်း ထူးခြား မလာဘူး ဆိုပြီးတော့ ယုဇနအပိုင်မှာ ရှိတဲ့ မိသားစုတွေက အီးပီစီရုံးက လူကြီးတွေကို တိုက်ရိုက်သွားပြီး ပြောဆိုဆောင်ရွက်မယ်ဆိုပြီး မနေ့ညက ၇ နာရီခွဲမှာ အီးပီစီဌာနက ၀န်ကြီးနဲ့ သွားပြီး ဆွေးနွေးကြပါတယ်။ အီးပီစီဌာနကလူကြီးကလည်း သူလည်း မသိရှိတဲ့အကြောင်းနဲ့ မနက်ဖြန်မှာ (ဒီနေ့ပေါ့) လာပြီးတော့ စစ်ဆေးပေးပါ့မယ်လို့ အကြောင်းပြန်ပါတယ်။”

ရပ်ကွက်လျှပ်စစ်ဝန်ထမ်းတွေဟာ ရပ်ကွက်တွင်း လုပ်ငန်းရှင်တချို့ဆီကနေ ငွေယူပြီး လုပ်တဲ့အတွက် မီးရတာ မညီမျှတာတွေ မီးအားနည်းတာတွေ ဖြစ်ရတာလို့လည်း အဲဒီဒေသခံက ပြောပါတယ်။

“လုပ်ငန်းရှင်တွေ ဖြစ်တဲ့ သူတွေက ရပ်ကွက်မှာ တာဝန်ကျတဲ့ အီးပီစီက ၀န်ထမ်းတွေကို ပေးပြီး သူတို့ လိုင်းတွေ မီးမပျက်ရေး ဆောင်ရွက်တော့ ကျန်တဲ့အများစု မိသားစုတွေက မီးလည်းပျက်တယ် မီးလာတော့လည်း အားနည်းနေတဲ့ဒဏ်က နေစ္စဓူဝ ခံနေရတော့ မိသားစုတွေ အယောက် သုံးလေးရာလောက် စုပြီး တောင်းဆိုတဲ့အခါကျမှ ညက ကိုးနာရီခွဲက တောက်လျှောက် ခုထက်ထိ လာတယ်ပေါ့။”

မနေ့ညက သွားရောက် တောင်းဆိုတဲ့အတွက် ညပိုင်းနဲ့ ဒီနေ့မနက်မှာ မီးလင်းလာတယ်လို့လည်း ပြောပါတယ်။ လူရာနဲ့ချီပြီး လျှပ်စစ်ဌာနကို ချီတက် တောင်းဆိုပေမယ့် ဖမ်းဆီးအရေးယူခံရတာတွေ မရှိဘူးလို့လည်း ပြောပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်တွေ့ကြမည်

ကိုထွေး Thursday, 29 September 2011

မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမား ရေးရရာနှင့် လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့ နေ့လယ် ပိုင်းတွင် တွေ့ဆုံ ကြမည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာ၌ တတိယအကြိမ် တွေ့ဆုံဆွေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

ဆွေးနွေးမည့် အကြောင်းအရာကို မသိရသေးသော်လည်း ယခင်က ဆွေးနွေးသည့် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေး နိုင်ကြောင်း သူက ခန့်မှန်းပြောဆိုသည်။

သို့သော်လည်း လေ့လာသူများက နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ပါတီ မှတ်ပုံ တင်ရေး ကိစ္စများ ဆွေးနွေးနိုင်ကြောင်း သုံးသပ်ကြသည်။

ယမန်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဦးအောင်ကြည်နှင့် ၂ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပူးတွဲ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။


၎င်းတို့ ဆွေးနွေးပွဲရလဒ် တိုးတက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသည်။

တချိန်တည်းတွင် ယခု သီတင်းပတ်အတွင်း ကျင်းပသည့် ကုလသမဂ္ဂ ညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ကလည်း အကျဉ်းသားများကို မကြာမီ လွှတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့သည်။

ယင်းအတွက် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက လွတ်မြောက်ရန် မျှော်လင့်လျက်ရှိပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ လူရွှင်တော် ကိုဇာဂနာတို့အား လွှတ်ပေးလိုက်ပြီ ဆိုသော ကောလာဟလများ ပျံ့နှံနေသည်။

“မနေ့ကတည်းက အဲဒီသတင်းတွေက ပျံ့နေတာ။ အဲဒါနဲ့ မြစ်ကြီးနား အကျဉ်းထောင်ကို ဖုန်းဆက်တော့ ဟိုမှာရှိနေတုန်းပဲလို့ ပြောတယ်” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မထွေးထွေးက ဧရာဝတီသို့ ပြောသည်။

စက်ရုပ် ရိုက်ချသဖြင့် မြန်မာ အလုပ်သမား တဦး သံရည်ပူလောင်ပြီး ထိုင်းနိုင်ငံတွင် ဆေးရုံတင်ထားရ

ဘစောတင်

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့ရှိ JRD BRIGHTUHEELS THAILAND Co.,Ltd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား တစ်ဦးကို အဆိုပါ စစ်ရုံတွင် အလုပ် လုပ်နေသော စက်ရုပ် တစ်ရုပ်မှ ရိုက်ချလိုက်သဖြင့် သံရည်ပူ အိုးထဲသို့ ပြုတ်ကျကာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး ယခုအခါ ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

အဆိုပါ စက်ရုပ် ရိုက်ချ၍ ဆေးရုံတင်ထားရသူမှာ ကိုကျော်နိုင် အသက် ၂၇ နှစ် ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဗန္ဓုလ ရပ်ကွက်မှ လာရောက် အလုပ်လုပ်နေသူဖြစ်သည်။ သူ၏ အလုပ်သမား နံပတ်မှာ ၀၀၉၀ ၇၁၁၀ ၀၈ ၄၄၂ ဖြစ်သည်။

JRD BRIGHTUHEELS THAILAND Co.,Ltd သည် ကားဘီးအတွင်းပိုင်းရှိ သံခွေကို ပုံသွင်း သွန်းလောင်းသည့် စက်ရုံဖြစ်သည်။ ယင်းစက်ရုံတွင် လူများနှင့်အတူ စက်ရုပ် အလုပ်သမားများလည်း အလုပ်လုပ်လျှက်ရှိကြသည်။

အခင်းဖြစ်ပွါးသည့် စက်တင်္ဘာလ ၁၇ ရက်နေ့က ကိုဦးကျော်နိုင်သည် သံရည်ကြိုသည့် အမှတ် ၂ အိုးထဲရှိ သံချေးများကို ဖယ်ရှားနေစဉ် အမှတ် ၁ သံရည်ကြိုအိုးသို့ အလုပ်လုပ်ရန်လာသော စက်ရုပ်အလုပ်သမားက သူ့ကို ရိုက်ချလိုက်သဖြင့် ယခုကဲ့သို့ သံရည်ပူ လောင်ကျွမ်းခံရခြင်းဖြစ်ကြောင်း ဦးကျော်နိုင်၏ သူငယ်ချင်းဖြစ်သူ ကိုခိုင်စိုးက ပြောသည်။

'ဦးကျော်နိုင်က ဘွိုင်လာအိုးက ကျလာတဲ့ သံရည်တွေထဲမှာပါလာတဲ့ သံချေးတွေကို ဖယ်နေတုန်းမှာ အမှတ် ၂ သံရည်ပူ အိုးထဲမှာ အလုပ်လုပ်ဖို့လာတဲ့ စက်ရုပ်က သူ့ကို ရိုက်ချလိုက်တာ တခါတည်း သံရည်ပူ အိုးထဲကို မှောက်လျှက် ကျသွားခဲ့ပါတယ်' ဟု ဆိုသည်။

ကိုဦးကျော်နိုင်၏ လက်နှစ်ချောင်း ရှေးဦးစွာ သံရည်ပူအိုးထဲသို့ ထိုးကျသွားပြီး သံရည်ပူများက အင်္ကျီ အ၀တ်အစားများ ကို စွဲလောင်သဖြင့် ဒူးဆစ်အထက်ပိုင်း ခန္ဓာကိုယ်တခုလုံး သံရည်ပူလောင်ခြင်းခံရသည်ဟု ဆေးရုံတွင် အကူအညီပေးနေသူ ကိုထွန်းကျော်က ပြောသည်။

ကိုကျော်နိုင်သည် ကုတင် ၉ အခန်း ၅၃၀ ၅ထပ် ဟတ်ယိုင် ဆေးရုံကြီးတွင် တက်ရောက် ကုသနေကြောင်း သိရသည်။

'ဒူးဆစ် အထက်ပိုင်းက ခန္ဓာကိုယ် တခုလုံး သံရည်ပူလောင်ထားတယ်။ ဘယ်လိုဖြစ်နေလဲ ဆိုတော့ ဖားတကောင်ကို မီးဖုတ်ထားတဲ့အတိုင်းဘဲ။ လက် ၂ဘက်က သံရည်အိုးထဲကို ဒိုင်ဗင်ပစ်သလို ကျသွားတာဆိုတော့ အကောင်း ပြန်ဖြစ်ပါ့မလားမသိဘူး။ မျက်လုံး ၂လုံးကို မထိခိုက်တာ အင်မတန်ကံကောင်းတယ် ပြောရမယ်။ ဆေးရုံမှာ ဘယ်လောက်ကြာကြာနေရမလဲတော့ ကျနော်လည်း မသိဘူး' ဟု ကိုထွန်းကျော်က ဆက်ပြောသည်။

သူ့တွင် အလုပ်သမား လက်မှတ်ရှိသော်လည်း ဆေးရုံလက်မှတ် မရရှိသေးသဖြင့် ဆေးရုံမှ ဘတ် ၃၀ ဖြင့် ကုသခွင့် မရဘဲ ဖြစ်နေကြောင်း သိရသည်။

ဆေးရုံမှ သူနာပြုဆရာမများ၏ ပြောပြချက်အရ ဘတ်သိန်းနှင့်ချီ ကုန်ကျမည်ဟု ပြောကြောင်း သိရသည်။ သူဆေးရုံတက်ပြီး ၄ ရက်အကြာ စက်တင်ဘာလ ၂၁ ရက်နေ့က ယင်းစက်ရုံမှ စာရေးမ နှစ်ယောက် ဆေးရုံသို့ လာပြီး ဆေးကုခ ၃၁၂၀၆ ဘတ် ပေးသွင်းသွားပြီး လူနာအသုံးပြုရန် ဘတ် ၅၀၀ ပေးသွားကြောင်းနှင့် နောက်ထပ် စက်ရုံမှ မည်သူမျှ လာရောက်ခြင်းမရှိတော့ဟု ကိုထွန်းကျော်က ပြောသည်။

ယခုကဲ့သို့ အသက်အန္တရာယ် ထိခိုက်စေနိုင်သော အလုပ်မျိုးတွင် အတွေ့အကြုံနုနယ်သူ ကျန်းမာရေး အာမခံ အသက်အာမခံ စသော မည်သည့်အာမခံမျိုးမှ မရှိသူများကို အလုပ်ရှင်က စေခိုင်းခြင်းနှင့် ငွေရလျှင် ပြီးရော ဆိုပြီး အလုပ်ရှင်က ခိုင်းသည့်အလုပ်ကို လုပ်ခြင်းများကြောင့် ယခုကဲ့သို့ ရင်နာဖွယ် အဖြစ်ဆိုးမျိုး ကြုံတွေ့ရခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးသည့် TACDB မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ပြောသည်။

' ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဆေးရုံမှာ တောင်းခံဖို့ လိုပါဦးမယ်။ အခုလက်ရှိ အခြေအနေရ ပြောရမယ်ဆိုရင် လုပ်ငန်းခွင် မလုံခြုံမှုပေါ့ဗျာ။ စက်ရုံကလည်း ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ အလုပ်သမား ဥပဒေတွေကို မလိုက်နာဘဲနဲ့ ခုလို အတွေ့အကြုံမရှိသေးတဲ့ အလုပ်သမားတွေကို ခိုင်းတဲ့ကိစ္စကြောင့် ခုလို ဖြစ်ရတယ်။ အလုပ်သမား ဘက်ကလည်း အလုပ်ရချင်တဲ့ ဇောတခုတည်းနဲ့ ဒီလို အန္တရာယ်များတဲ့ အလုပ်ကို ပိုက်ဆံရပြီးရော ဆိုပီး လုပ်တဲ့ အတွက် ခုလိုမျိုး ၀မ်းနည်းဖွယ်ရာ အဖြစ်တွေ ကြုံရတာပေါ့။ ဘယ်လိုဘဲဖြစ်ဖြစ် ခုကိစ္စမှာ သူ့ရဲ့ အလုပ်သမား ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်သင့်တယ်' က ပြောသည်။

ယင်းစက်ရုံတွင် မြန်မာအလုပ်သမား ၆၀ ခန့် အလုပ်လုပ်လျှက် ရှိကြောင်း သိရသည်။

ဧရာဝတီအတွက် လှုံ့ဆော်စာတမ်း လူမြင်ကွင်းကနေ ဖြုတ်ခံရ

အေး​နိုင်

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရဲစခန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ စိုက်ထူထားတဲ့ “ဧရာဝတီမြစ်ကို ထိန်သိမ်း ကာကွယ် ကြပါစို့ ဆိုတဲ့ နဖူးစည်းစာတမ်းကို ဖြုတ်ယူနေရာရွှေ့ခဲ့တဲ့အတွက် တရားဝင် ကန့်ကွက်ထားတယ်လို့ အဖွဲ့ချုပ် မြို့နယ်တာဝန်ရှိသူ ဦးစိန်လှိုင်က ပြောပါတယ်။

အဖွဲ့ချုပ်မြို့နယ် ဥက္ကဋ္ဌနေအိမ်မှာ အခြေပြုတဲ့ မြို့နယ်ရုံးရှေ့မှာ ဒီလ ၂၄ ရက်နေ့က နဖူးစည်းစာတမ်းနှစ်ခုတင်ခဲ့ပြီး အဲဒီနေ့မှာပဲ အဲဒီရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ကျုံပျော်ရဲစခန်းက ဒု-ရဲအုပ်တဦး ခွင့်မတောင်းဘဲ ခြံအတွင်း ၀င်ရောက်ပြီး နေရာရွှေ့သွားတဲ့အပေါ် ကန့်ကွက်ထားတာပါလို့ ဦးစိန်လှိုင်က ပြောပါတယ်။

“ပထမတော့ ကျနော်တို့ ထောင်ထားတာက မြင်မြင်ထင်ထင်နဲ့ အများမြင်နိုင်အောင် လုပ်ထားတဲ့ကိစ္စကို သူတို့ကလာပြီးတော့ အထဲကို ရွေ့သွားတယ်။ ရွေ့သွားတော့ ၂၆ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ကန့်ကွက်စာ ပို့ထားတယ်”

စစ်တွေတွင် လူငယ် တစ်ဦးထိန်းသိမ်းခံရ

နိရဉ္စရာ

ရခိုင်ပြည်နယ် စစ်တွေ အုန်းတပင် ရပ်ကွက်မှ လူငယ် တစ်ဦးကို ရဲက ယခုလ ၂၆ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်း လိုက်သည်ဟု သတင်း ရရှိသည်။

ထိန်းသိမ်းခံရသူ လူငယ်မှာ ဇော်ချေ (ခေါ်) ဇော်ဇော်၏ ညီဖြစ်ကြောင်း သိရသည်။

စစ်တွေမှ နိုင်ငံရေး တက်ကြွ လူပ်ရှားသူ တစ်ဦးက အဖမ်းဆီးခံရပုံကို ယခုလို ပြောသည်။

" အဓိကတော့ ဇော်ချေကို ရှာတာပါ။ စက်တင်္ဘာလ ၂၆ ရက်နေ့ ညဥ့် ၁၁ နာရီမှာ အိမ်ထဲကို ၀င်ရှာတဲ့ အခါ ဇော်ချေကို မတွေ့တဲ့ အတွက် ကျန်းမာရေး မကောင်းတဲ့ သူရဲ့ ညီကို ဖမ်းခေါ်သွားပါတယ်။ အမှတ် (၁) ရဲစခန်းကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လည်ပိုင်းထိ လွှတ်ပေးတာ မတွေ့ရသေးဘူး" ဟု ပြောသည်။

ဇော်ချေကို မည်သည့် အတွက်ကြောင်းရဲက အလိုရှိနေကြောင်း မသိရသော်လည်း ဦးဥတ္တမနေ့ အခမ်းအနားပြီးကတည်းက ဇော်ချေကို ရဲက နောက်မှ လိုက်နေသည်ဟု သူက ပြောသည်။

" သူ့ကို ဖမ်းဖို့ လိုလားနေတာကတော့ ဦးဥတ္တမနေ့နဲ့ သက်ဆိုင်နိုင်ပါတယ်။ အတိအကျတော့ မပြောတတ်သေးဘူး။ သူအခု ဘယ်ရောက်နေတယ်ဆိုတာလည်း ဘယ်သူမှ မသိပါဘူး" ဟု သူက ပြောသည်။

အာဏာပိုင်များသည် ၂၆ ရက်နေ့ ညဥ့် အချိန်တွင် စစ်တွေရှိ ဟိုတည်များကိုလည်း ရှောင်တခင် ၀င်ရောက် စစ်ဆေးမူများ ပြုလုပ်ခဲ့ သည်။ အဆိုပါ စစ်ဆေးမူမှာ စက်တင်္ဘာ ၂၇ ရက်နေ့တွင် စစ်တွေတွင် ရဟန်းတော်များ ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်နေမူနှင့် ဆက်စပ်ကြောင်း သိရသည်။

စက်တင်္ဘာလ ၂၇ ရက်နေ့က စစ်တွေတွင် လုံခြုံရေးကို အထူး တင်းကျပ်ထားခဲ့ပြီး လမ်းဆုံ လမ်းခွတိုင်းတွင် လက်နက်ကိုင် ရဲတပ်ဖွဲ့များကို ချထားခဲ့သည်။ တယ်လီ ဖုံးလိုင်းများ၊ အိန်တာနက်လိုင်းများကိုလည်း နာရီပေါင်း မြောက်မြားစွာ ဖြတ်တောက်ထားခဲ့သည်။

ကချင်ပြည်နယ် အန်ဒီအက်ဖ်ပါတီ စည်းရုံးရေးတာဝန်ခံ ဒေါ်ဘောက်ဂျာ တိမ်းရှောင်နေရ

နော်နိုရင်း

ကချင်ပြည်နယ် အမျိုးသား ဒီမို ကရေစီ အင်အားစု (NDF)ရဲ့ စည်းရုံးရေး တာဝန်ခံ ဒေါ်ဘောက်ဂျာက ရန်ကုန်ကနေ ကချင်ပြည်နယ်အသွားလမ်းမှာ သူ့ကို ရဲက တားဆီးမယ်လို့ကြားလို့ ရှောင်တိမ်းပုန်းအောင်းနေရတယ်လို့ ပြောပါတယ်။

“ကချင်ပြည်နယ် စည်းရုံးရေးတာဝန်ခံဆိုတော့ လူငယ်တွေကို အမြင်ဖွင့်ပေးတဲ့ သင်တန်းလေးတွေ လုပ်ဖို့ ဆိုပြီးတော့ ရန်ကုန်ကနေ မြစ်ကြီးနားကို တက်လာတာပေါ့လေ။ လမ်းမှာ ရဲတွေက တားဆီးရှာဖွေတာတွေ ကြားရတော့ ဘူတာမှာလည်း စောင့်နေတယ်၊ အိမ်မှာလည်း စောင့်နေတယ်ဆိုတော့ အဲဒီလို သတင်းကြားတာနဲ့ မြစ်ကြီးနား မရောက်ဘဲနဲ့ တခြားနေရာမှာ ရှောင်နေရတာပေါ့လေ။ မန္တလေး ဆက်သွားမယ်ဆိုရင် ဦးမြင့်တင်ရဲ့ အိမ်ပတ်လည်မှာ ရဲတွေ စောင့်နေတာတို့ ဘာတို့ပေါ့ အဲလို ဖြစ်နေတော့ မန္တလေးလည်း မဆင်းဖြစ်ဘဲ လမ်းခုလတ်မှာ ရှောင်နေရတာပေါ့။”

အခုလ ၂၂ ရက်နေ့ကတည်းက ရန်ကုန်ကနေ ထွက်ခွာသွားတာ ဖြစ်ပေမယ့် တားဆီးစစ်ဆေးမယ့် သတင်းကြောင့် မြစ်ကြီးနား လည်းမရောက်၊ ရန်ကုန်လည်း မပြန်နိုင် ဖြစ်နေတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ အခုလို တားဆီးမှုလုပ်တာဟာ မြစ်ဆုံရေကာတာ ကန့်ကွက်ရေးလှုပ်ရှားမှာကို စိုးရိမ်တာ ဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက မှတ်ချက်ပေးပါတယ်။


“သူတို့အနေနဲ့က ကျမက ကချင်ပြည်နယ်တက်လာတယ်ဆိုတော့ မြစ်ဆုံ အဓိကလုပ်မယ်လို့ ထင်လို့ ဖြစ်ပါလိမ့်မယ်။ မြစ်ဆုံကိစ္စကတော့ လောလောဆယ် ဘာမှ မလုပ်သေးပါဘူး။”

ဒေါ်ဘောက်ဂျာဟာ မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက် လှုပ်ရှားဆောင်ရွက်မှုမှာ ပါဝင်သူဖြစ်ပြီး အခုနှစ် ဇန်န၀ါရီလက ကချင်ပြည်နယ်က လယ်သိမ်းမှုနဲ့ ပတ်သက်ပြီး လယ်သမားတွေကို ကူညီတရားစွဲဆိုခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဒေါ်ဘောက်ဂျာဟာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စားပြုပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ ပါတီ ကိုယ်စားလှယ် စစ်ဗိုလ် ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့် ခဲ့ပါတယ်။

KIO နယ်မြေတွင်း အစိုးရတပ်များ တိုးမြှင့်ချ၊ တိုက်ပွဲဆက်ဖြစ်

ဖနိဒါ

ရှမ်းပြည်နယ် အတွင်းရှိ ရဲဘက် စခန်း တခုကို KIO ကချင် လွတ်မြောက်ရေး အဖွဲ့မှ ဖွင့်ပေး လိုက်ပြီး နောက် KIO တပ်မဟာ ၄ ထိန်းချုပ် နယ်မြေသို့ အစိုးရမှ တပ်အင်အား ၂,၀၀၀ ခန့် တိုးမြှင့် ချထား လိုက်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသည်ဟု တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ယခုလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်းမှ ရွှေပြည်သစ် ရဲဘက်အကျဉ်းစခန်းတခုကို KIO တပ်ဖွဲ့များ ဖွင့်ပေး လိုက် သည့် နောက် အစိုးရတပ်အင်အား ၂,၀၀၀ ကျော်သည် ရှမ်းပြည်နယ် ကုတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ ပန်တုံမြို့နယ်အတွင်း ရောက်ရှိ လာကာ တိုက်ပွဲများ ယခုထိ ဖြစ်ပွားနေဆဲဖြစ်သည်။

“သူတို့ဘက်က လူအင်အား၊ လက်နက်ကြီးတွေ တိုးလာတဲ့ အခါကျတော့ စစ်ပွဲက ရပ်သွားမယ်လို့ မမျှော်လင့်တော့ဘူး။ စစ်ပွဲကတော့ ဆက်ဖြစ်မဲ့ အခြေအနေပါ”ဟု ဗိုလ်မှူးကြီး ဇော်ရော်က ဆိုသည်။

ရှမ်းပြည်နယ် သိန္နီမြို့ အခြေစိုက် အစိုးရတပ်မှ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာန-စကခ ၁၆ လက်အောက်ခံတပ်ရင်း အများစုနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း အင်အားများ တိုးချဲ့တိုက်ခိုက်လာသဖြင့် KIO ၏ တပ်မဟာ ၄ ဗဟိုဌာနချုပ်တွင် တာ ဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ရှောင်တိမ်းနေရသည်။ တပ်ရင်း ၂ နှင့် တပ်ရင်း ၉ တို့မှာလည်း နေရာပြောင်းကာ ပြောက်ကျား စနစ်ဖြင့် ခုခံနေရသည်ဟု ဗိုလ်မှူးကြီးဇော်ရော်က ဆိုသည်။

တိုက်ပွဲများအတွင်း KIO ဘက်မှ ဗိုလ်အဆင့် တဦး အပါအဝင် တပ်သား ငါး ဦး ကျဆုံးခဲ့ပြီး အစိုးရတပ်ဘက်မှ ယနေ့ထိဆိုလျှင်၂၀၀ ခန့် ကျဆုံးမှု ရှိနေပြီဟု သိရသည်။ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

ဆက်စပ်သတင်းတရပ်မှာ မူဆယ်မြို့နယ် မန်ဂျေကျေးရွာ အနီး ရွာသစ်ကုန်းရွာမှ အသက် ၂၀ နှစ်ဝန်းကျင်အရွယ် မရိစ်ကော့ အမည်ရှိ ကချင်အမျိုးသမီး တဦးကို အစိုးရတပ်ဖွဲ့များက တပ်စခန်းအတွင်း ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့သည်ဟု ကချင်အမျိုးသမီးအစည်းရုံး KWAT အဖွဲ့ဝင် ဒေါ်မိုင်းဂျာက ပြောသည်။

“သူကို ကျောင်းဆရာမတဦးက အာမခံပြီးတော့ ခေါ်ထားတယ်။ ညညအိပ်ရင် လန့်လန့်နိုးပြီး ငိုတာတို့ ဖြစ်တယ်လို့ ပြောတယ်၊ ရှမ်းပြည် မှာလည်း ပလောင်အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ကြားနေရတယ်။ ဖြစ်တယ်ဆိုလို့ ဘယ်ကိုရောက် သွားတယ် ဆိုတာလိုက် စုံစမ်းနေတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ မူဆယ်မြို့နယ်အတွင်းမှ ပန်ဆိုင်းကျေးရွာအနီး စစ်ပြေးဒုက္ခသည် ၂၀၀ ခန့်က ယင်းတို့၏ ဆွေးမျိုးများနေအိမ်တွင် နေထိုင် နေသော်လည်း သက်ဆိုင်ရာ ရဲများက ဧည့်စားရင်း စစ်ဆေးခြင်းနှင့် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု တရုတ်မြန်မာနယ်စပ်မှ စစ်ပြေး ဒုက္ခသည်များကို ကူညီနေသူလည်း ဖြစ်သူ ဒေါ်မိုင်းဂျာက ဆက်ပြောသည်။

ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်များနှင့် KIO တို့သည် အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ပဏာမ တွေ့ဆုံခဲ့သော်လည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုမရခဲ့ဘဲ ယနေ့ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်ဆိုင်းရန် အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ဗုဒ္ဓဟူးနေ့တွင် ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

အစိုးရဝန်ထမ်းလက်ခံရေး မိုင်းလားတပ်ဖွဲ့ မဆုံးဖြတ်ရသေး

မွေခေါဝ်

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု - သျှမ်းပြည် အရှေ့ပိုင်း NDAA - ESS မိုင်းလား တပ်ဖွဲ့ ထိန်းချုပ် နယ်မြေ အတွင်း အစိုးရ ဝန်ထမ်းများ ပြန်လည် လက်ခံရေး အတွက် မိုင်းလား တပ်ဖွဲ့မှ ဆုံးဖြတ်ချက် မချရ သေးကြောင်း သိရသည်။

“အစိုးရ ဘက်က အရာရှိ တစ်ယောက် ယောက် ကျနော်တို့ နယ်မြေ အခြေ အနေ အရပ်ရပ်ကို လာရောက် လေ့လာဖို့ ဖိတ်ခေါ် ထားပါ တယ်။ ပြီးမှ ဘယ်ဌာ နက ဝန်ထမ်းကို ပို့လာမယ်၊ ဘယ်နှစ် ယောက်ပို့ လာမယ်စသဖြင့် ဆွေးနွေး သွားမှာပါ။ အခု မပို့လာ သေးတော့ ဘာမှမ ဆွေးနွေး မဆုံးဖြတ် ရသေးပါဘူး” ဟု မိုင်းလား အရာရှိ တစ်ဦးက ပြောသည်။

စက်တင်ဘာ ၇ ရက် NDAA ကိုယ်စားလှယ် များနှင့် အစိုးရ ကိုယ်စား လှယ်များ တွေ့ဆုံစဉ်“နှစ်ဖက် ဆက်ဆံရေး ရုံးများ နဂို မူလ အတိုင်း ပြန်လည် ဖွင့်လှစ်ခြင်း” အပါ အဝင် အချက် ၄ ချက်ကို သဘောတူ လက်မှတ် ရေးထိုး ခဲ့သည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ အစိုးရဘက်မှ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး (နတလ) ရုံး၊ လယ်ယာစိုက်ပျိုးရေးရုံး၊ စာတိုက်နှင့်ကြေးနန်းရုံး၊ ရုပ်မြင်သံကြားနှင့် တယ်လီဖုန်းလိုင်း ထိန်း သိမ်းရေးရုံးများ သွားရောက်ဖွင့်လှစ်ထားပြီး ဆရာ/ဆရာမနှင့် ဆရာဝန်များလည်း ပို့ဆောင်ထားသည်ဟု သိရသည်။


“ဝ ဘက်ကတော့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး (နတလ) ဝန်ထမ်းတွေ လယ်ယာစိုက်ပျိုးရေး ဝန်ထမ်း တွေကို မခေါ်ဘူး။ ဆရာ/ ဆရာမတွေနဲ့ ဆရာဝန်တွေကိုဘဲ ပြန်ခေါ်ချင်တဲ့ သဘောရှိတယ်လို့ ကြားရတယ်” ဟု အဆိုပါအရာရှိက ဆက်ပြောသည်။

စစ်အစိုးရနှင့် ဆက်ဆံရေးပြေပြစ်စဉ်က UWSA မှ အစိုးရ၏ နတလဝန်ထမ်းအပါအဝင်လယ်ယာစိုက်ပျိုးရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမ၊ ဆရာဝန်များ၊ ဆောက်လုပ်ရေးလုပ်သားများ စုစုပေါင်း ၁၀၀ အထိလက်ခံခဲ့သည်ဟု ဆို၏။

နှစ်ဖက်ဆက်ဆံရေး တင်းမာလာသဖြင့် စစ်အစိုးရက ဝ နှင့် မိုင်းလားထိန်းချုပ်နယ်မြေရှိ ၎င်းတို့၏ ဝန်ထမ်း အားလုံးကို ၂၀၁၀ ဧပြီလ အတွင်း ပြန်လည်ခေါ်ယူခဲ့သည်။

မိုင်းလားသည် တရုတ်-မြန်မာ-ထိုင်းနိုင်ငံကို ဆက်သွယ်သည့် အချက်အချာကျအာရှကုန်သွယ်ရေးလမ်းမကြီး ပေါ်တွင် တည်ရှိသည်။

မမေ့အပ်သည့် ရွှေဝါရောင်လှုပ်ရှားမှု

ဧရာဝတီ

ယနေ့ နိုင်ငံရေး လောကတွင် လူတိုင်း ပါးစပ် ဖျား၌ ရေပန်းစား နှုတ်တွေ့ နေသည့် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး၊ ဒီမို ကရေစီ အသွင်ကူး ပြောင်းရေး၊ လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့်၊ ရေးသား ပြောဆိုခွင့် စသည်တို့မှာ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုက မွေးဖွား ပေးလိုက် သည်ဟု ဆိုလျှင် မမှားပေ။

သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း ၂၀၀၈ မတ်လတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲပေးမည်ဟု တရားဝင်ပြောဆို ခဲ့ရသည်။ ၂၀၀၈ မေလတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူအများ သေကြေနေသည့် ကြားမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုခဲ့ပြီး တရားမျှတမှု မရှိသော ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပကာ မဲမသမာမှုများဖြင့် အနိုင်ယူခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်ရှိ အာဏာ ရနေခြင်းသည် ပင်လျှင် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု၏ ကျေးဇူးကြောင့်ပင်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး အရပ်သားအစိုးရ ဝန်ကြီးနှင့် တွေ့ဆုံခဲ့ရုံမက သမ္မတ ဦးသိန်းစိန်နှင့်ပင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကာ ရလဒ်ကောင်းများကို မျှော်လင့် နိုင်ခဲ့သည့် အနေအထား ဖြစ်ခဲ့သည်မှာလည်း ရွှေဝါရောင်လှုပ်ရှားမှု၏ အရင်းပြု အနာခံခဲ့သော ရလဒ်ဟုပင် ဆိုရပေလိမ့်မည်။

ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်တာကာလ အထိမ်းအမှတ်အဖြစ် ယမန်နေ့က လူ ၂၀၀ လမ်းပေါ် ထွက်လာခဲ့သည်။ ထိုသူတို့က လမ်းပေါ်တွင် ငြိမ်းချမ်းစွာဖြင့် ၎င်းတို့၏ ဆန္ဒများကို ထုတ်ဖော်ခဲ့သည်။ ဆိုင်းဘုတ်မထောင်၊ အော်ဟစ်ခြင်း မရှိဘဲ စည်းကမ်းသေဝပ်စွာ လမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။ အာဏာပိုင်များဘက်က အဖမ်းအဆီးမရှိဘဲ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ခြင်းက ကောင်းသည့် အလားအလာဟု ဆိုရပေမည်။

သို့ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ဆူပူသောင်းကျန်းခြင်းနှင့် မကွဲပြားသူများ ရှိနေသေးသည်။ ဒီမိုကရေစီ ဖော်ဆောင် လိုသည့် နိုင်ငံတနိုင်ငံတွင် နေထိုင်သူများအနေဖြင့် မိမိတို့ ဆန္ဒကို လွတ်လပ်ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့် ရှိရမည်ဆိုသည့် အချက်ကို ၂၀၀၈ အခြေခံဥပဒေထဲတွင်လည်း မြင်တွေ့နိုင်ပါသည်။

စက်တင်ဘာ ၂၆ ရက်နေ့က လမ်းလျှောက်ဆန္ဒ ထုတ်ဖော် သူများထဲတွင် အများစုမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ ဖြစ်သည်။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလက အဖမ်းအဆီးခံခဲ့ရသူတို့၏ မိသားစုဝင်များလည်း ပါသည်။ ထိုသူတို့မှာ ၎င်းတို့၏ မိသားစုဝင်များ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်းသာ ဖြစ်သည်။ ထိုအချက်ကို ဆူပူသောင်းကျန်းသည်ဟု မယူဆဘဲ လက်ခံကြရပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းမည် ဆိုပါက ယခင်သွားနေသည့် လမ်းဟောင်း၊ သံသရာ ဟောင်းထဲတွင်သာ တဝဲလည်လည် ဖြစ်နေပေလိမ့်မည်။

ယခု လူအများလိုလားနေသည့် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်လိုလျှင် တရားမျှတစွာ စဉ်းစားဆုံးဖြတ်နိုင်ရမည်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အထောက်အကူပြုရန် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဖမ်းဆီးထားသည့် သံဃာများ၊ သီလရင်များ၊ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်။

ယမန်နေ့က ဆန္ဒထုတ်ဖော်လမ်းလျှောက် သူတို့မှာ တရားမျှတမှုကိုသာ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ခြေလှမ်းလိုလျှင် ထိုအသွင်ကူးပြောင်းရေးအတွက် အဆင်ပြေချောမွေ့စေရန် လမ်းစဖော်ပေးဖို့ လိုသည်။ အနစ်နာခံခဲ့သူတို့ကို မမေ့ မလျော့စေရေး၊ မတရား အဖိနှိပ်ခံခဲ့ရသူတို့ကို သတိရစေရေး၊ တရားမျှတမှုကို တောင်းဆို ပိုင်ခွင့် ရှိရေးအတွက် နေရာနှင့် အခွင့်အရေးတို့ကို အသိအမှတ်ပြုရန် အရေးကြီးသည်။ မတရား ကျူးလွန် ခံခဲ့ရသော လူများ၏ ဒုက္ခကို ဖြေသိမ့်ပေးနိုင်မည့် လမ်းစ ရှာဖွေပေးရပေလိမ့်မည်။

ရွှေဝါရောင် ၄ နှစ်ပြည့် နှစ်ပတ်လည်ကာလသည် အသွင်ကူးပြောင်းရေးနှင့် တရားမျှတရေးအတွက် အသင့်တော်ဆုံး အချိန်ဟု ဆိုချင်ပါသည်။ ဒီမိုကရေစီ ခြေလှမ်းကို စမည့်အချိန်တွင် အနစ်နာခံခဲ့သူများအား ချန်မထားသင့်ပေ။ အကျဉ်းချ ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးခြင်းသည်သာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် လမ်းကြောင်းမှန်ဟု ဆိုနိုင်မည် ဖြစ်သည်။

သို့မှာသာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူများ ခံစားခဲ့ရသော နာကျင်မှုများအတွက် နားလည်စာနာမှုနှင့် အသိအမှတ် ပြုပေးရာ ရောက်မည့်အပြင်၊ နှစ်ဦးနှစ်ဘက်ကြားမှ အာဃာတများ လျော့ပါးနိုင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,29th,2011

( 45 )ဆန္ဒပြခွင့်ဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း

( 44 )Suu Kyi to hold talks with army leaders

( 43 )ရန်ကုန်ရေဘေးကြောင့် မြွေပူရာကင်းမှောင့်

( 42 )နိုင်ငံရေး အကျဉ်းသား အရေအတွက် ပြန်လည် စိစစ်နေသည်ဟု AAPP ပြော

( 41 )Suu Kyi to hold more talks with Myanmar regime

( 40 )ဒေါ်ဘောက်ဂျာ ရှောင်တိမ်းနေရ

( 39 )Bringing Burma’s nuclear secrets to the table

( 38 )နိုင်ငံရေး အကျဉ်းသား လွှတ်လိမ့်မည်ဟု ပါတီများမျှော်လင့်

( 37 )Western sanctions on Myanmar are failing. But the regime does not deserve their lifting


( 36 )ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် မနက်ဖြန် တွေ့ဆုံမည်

( 35 )Parliament to decide on protest bill

( 34 )စစ်မှန်တဲ့ အပြောင်းအလဲ မတွေ့ရသေးလို့ ကင်တားနားပြော

( 33 )Japanese tourist killed in Myanmar, taxi driver arrested

( 32 )မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် တည်ဆောက်ရေး အိန္ဒိယ စဉ်းစားနေ

( 31 )Myanmar: Authorities Should Build on Gains To Transition

( 30 )မြန်မာ့ဒီမိုကရေစီရေး အခြားနိုင်ငံတွေနဲ့ ကနေဒါ ပူးပေါင်းဖိအားပေးမည်

( 29 )Hundreds hit by dysentery in Mandalay

( 28 )ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း​​ တင်​သွင်း

( 27 )Burma's Showy Crony

( 26 )ရန်ကုန်မှာ ရေကြီး

( 25 )လယ်ယာဥပဒေ ပြင်ဆင်ရေး ဆွေးနွေး

( 24 )Myanmar government ready to free prisoners

( 23 )မြန်မာ့နိုင်ငံရေး မွန်တိုင်းရင်းသားတွေ ပါဝင်ခွင့် ရရေး

( 22 )ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း

( 21 )Burma ATV trails to close for fall hunting seasons

( 20 )နယ်စပ်တွင်စိတ်ကြွဆေးပြား ၅၀ တိတိ မွန်ပြည်သစ်ဖမ်းဆီးရမိ

( 19 )Ban Tells Burma to Step Up Reforms, as FM Seeks Lifting of Sanctions

( 18 )ပထမဆုံးအကြိမ်ရာဘာအလုပ်ရုံဆွေးနွေးပွဲ မော်လမြိုင်တွင် ကျင်းပ

( 17 )Burma faces choices with deep meaning for society, environment

( 16 )မြန်မာ ဝေါဟာရသုံးစွဲခြင်းကို ကန့်သတ်ရန် လွှတ်တော်တွင်းကြိုးစား

( 15 )Prisoners to be released as Burma seeks bargain

( 14 )မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ထင်သာမြင်သာသည့် ဆန္ဒခံယူပွဲလုပ်ရန် တောင်းဆို

( 13 )Burma flags mass release of political prisoners

( 12 )ရွှေဝါ​ရောင်​တော်လှန်​ရေးအထိမ်း​အမှတ် လမ်း​လျှောက်ဆန္ဒပြပွဲ ချင်း​မိုင်မြို့​တွင် ကျင်း​ပ

( 11 )"The Lady" to close Doha tribeca

( 10 )နောက်ပြန်မဆုတ်တဲ့ အပြောင်းအလဲများ ဖြစ်စေဖို့ ဘန်ကီမွန်း တိုက်တွန်း

( 9 )Aung San Suu Kyi biopic to make Middle East debut at Qatar festival

( 8 )အကျဉ်းသားတွေ ထပ်လွှတ်ပေးဦးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

( 7 )Luc Besson’s 'The Lady,' Starring Michelle Yeoh and David Thewlis to Close Doha Tribeca Film Festival

( 6 )ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ကုလမှာ တောင်းဆို

( 5 )Burma FM says prisoner release looming

( 4 )လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်မှ ဒီမိုကရေစီနည်းကျ

( 3 )Goods May Soon Flow Again to Wa State

( 2 )မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး 2015 နှစ်မှာ နှစ်ဆတိုးဖို့ သဘောတူ

( 1 )Ban welcomes developments in Myanmar

Wednesday, September 28, 2011

ပစ်ခတ်မှုကြား ရွာသားနှစ်ဦး သေဆုံး

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁

ရွာတွင်းဝင်လာသည့် လက်နက်ကိုင် အဖွဲ့တဖွဲ့ကို အစိုးရစစ်တပ်မှ ပစ်ခတ်ရာမှ ရွာသားနှစ်ဦး သေနတ်မှန်သေဆုံးသည့် ဖြစ်ရပ်တခု တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ လော့သိုင်းရွာတွင် တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။

ပြောက်ကြား ဝတ်စုံဝတ် လက်နက်ကိုင် ၁ဝ ယောက်ခန့်ကို ကလိန်အောင်မြို့နယ်ခွဲ အခြေစိုက် ခမရ (၂၈၂) က လိုက်လံပစ်ခတ်ရာမှ အသက် ၅ဝ ကျော် အရပ်သား အမျိုးသားနှစ်ဦးကို သေနတ်ထိမှန် သေဆုံးသွားခြင်းဖြစ်သည်။

“စပစ်တဲ့အချိန်မှာ ကျနော်တို့ ဗီဒီယိုရုံမှာ ရှိနေတယ်။ သေနတ်သံလည်း ကြားရော တရုံလုံး ထပြေးကြတယ်။ ဘာဖြစ်တာလဲတောင် ကျနော်တို့ မသိလိုက်ဘူး။ အဲဒီမှာပဲ ရုံနားက လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ နိုင်ဝမ်းကသေနတ်ထိပြီး ပွဲချင်းပြီး ဆုံးသွားတာပဲ” ဟု ရွာသားတဦးက ပြောသည်။

မည်သည့်အဖွဲ့ဟု ရှင်းရှင်းလင်းလင်း မသိရသော်လည်း ရွာသားများအဆိုအရ ပြောက်ကြားဝတ်စုံဝတ် ၁ဝ ယောက် ခန့်သည် ဆက်ကြေးကောက်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်နှင့် ထိပ်တိုက်တိုးကာ ပစ်ခတ်မှု ဖြစ်ခြင်းဟု ဆိုကြသည်။

သေဆုံးသူ နှစ် ဦး၏ ရုပ်အလောင်းကို တနင်္လာနေ့တွင် လော့သိုင်းရွာ သုဿာန်သို့ ပို့ဆောင်ကာ မြေမြှုပ်သဂြုင်္ိဟ် ခဲ့ကြသည်။ အဆိုပါ အခင်းဖြစ်ပွားပြီးနောက် ဗုဒ္ဓဟူးနေ့ထိ အထက်ပါတပ်ရင်းမှ ရွာသားများကို ရွာပြင်ထွက်ခွင့် ပိတ်ထားသည်။

မွန်ပြည်သစ်ပါတီ နိုင်ငံခြား ဆက်ဆံရေးဌာနမှ ဒုဗိုလ်မှူးကြီး ဉာဏ်ထွန်းက ထိုဒေသတွင် မွန်လက်နက်ကိုင် အဖွဲ့ငယ် သုံးဖွဲ့ လှုပ်ရှား လျက်ရှိကာ မွန်တော်လှန်ရေးကို အကြောင်းပြကာ ပြည်သူများထံမှ ငွေကြေး ကောက်ခံခြင်း၊ ပြန်ပေး ဆွဲခြင်းများနှင့် ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလေ့ရှိသည်ဟု မဇ္ဈိမကိုပြောသည်။

အာဆီယံ ညီလာခံတွင် အမေရိကန်နှင့် ရုရှ သမ္မတတို့ တက်မည်

ညီသစ် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁

လာမည့် နိုဝင်ဘာ ၁၄မှ ၁၉ရက် အထိ အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပမည့် ၁၉ ကြိမ် မြောက်၊ အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ) ထိပ်သီး အစည်း အဝေး ပွဲသို့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားနှင့် ရုရှ သမ္မတ ဒီမီထရီ မက်ဗီဒက်တို့ တက်ရောက်မည် ဖြစ်ကြောင်း အာဆီယံ အတွင်း ရေးမှူး ချုပ်နှင့် နီးစပ်သည့် အသိုင်း အဝိုင်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ဘာလီတွင်ပင် ပြုလုပ်ခဲ့သည့် အာဆီယံ ဒေသတွင်း ဖိုရမ်တွင် အမေရိကန်၏နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် တက်ရောက် ခဲ့ကာ၊ ယခု ထိပ်သီး အစည်း အဝေးတွင်မူ သမ္မတ အိုဘားမား ကိုယ်တိုင် လာရောက်မည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှလည်း အဆိုပါ ထိပ်သီးညီလာခံသို့ သမ္မတ ဦးသိန်းစိန်တက် ရောက်မည်ဟု နေပြည်တော်ရှိ သတင်း ရပ်ကွက်များက ပြောသည်။

မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေရာ အဆိုပါ ထိပ်သီးညီလာခံတွင် အလှည့်ကျ ဥက္ကဋ္ဌရာထူးနှင့် ပတ်သတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက် အပြီးသတ် ချမည် ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တရားဝင် ပြောကြားခဲ့သည်။

ထိုထိပ်သီး အစည်းအဝေး မတိုင်ခင် လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ ခေါင်းဆောင်သည့် သံအဖွဲ့ အောက်တိုဘာလ အတွင်းမြန်မာ နိင်ငံသို့ လာရောက် လည်ပတ်ရန် လည်း ရှိနေသည်။