Monday, March 31, 2014

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တောင်ကြီးမြို့တွင် ပထမအကြိမ် လူထု ဆန္ဒ ဖော်ထုတ်

သျှမ်းသံတော်ဆင့် / ယိင်းတိုင်း

တာင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီနှင့် ၈ လေးလုံး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တို့မှ ဦးဆောင်သည့် ရဟန်းရှင် နှင့် လူအင်အား နှစ်ရာခန့် စီတန်း လှည့်လည် ဆန္ဒပြမှု ရှိခဲ့ကြောင်း သိရသည်။

စိန်ပန်းရပ် လောကမာန်အောင်ကျောင်းမှစတင်ကာ ကန်သာမီးပွိုင့် (အနောက်မြို့ ပတ်လမ်း)မှ ဗိုလ်ချုပ်အောင် ဆန်းလမ်းအတိုင်း ဗိုလ်ချုပ်ပန်းခြံ(သစ်တောရပ်) အထိ လမ်းလျှောက်ခဲ့ကြသည်ဟု ဆိုပါသည်။

“သျှမ်းပြည်ထဲက ပြည်သူလူထုကလည်း ဒီ၂၀၀၈ ဥပဒေကြီးကိုပြင်ဆင်ချင်တဲ့ဆန္ဒရှိကြောင်း နိုင်ငံတော် အစိုးရနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို သိစေချင်တယ် ၊၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လွှတ် တော် ထဲမှာ ခက် နေတယ် တစ်ဖက်ပါတီကြီးရဲ့လွတ်တော်ကိုယ်စားလှယ်အများစုက မပြင်စေချင်တဲ့ အပြောအဆိုဆန္ဒတွေ တွေ့ နေရတယ်။ ဒါကြောင့်လွှတ်တော်ပြင်ပကနေပြီးတော့ လူထုအင်အားနဲ့ပြင် မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင် ရခြင်းဖြစ်တယ်” ဟု (NLD)တောင်ကြီးခရိုင် ဥက္ကဌ ဦးတင်မောင် တိုးမှ ပြောကြားခဲ့သည်။

စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ရာတွင် “ ပြည်သူ့သဘောထားမပါသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူ့ဆန္ဒအရပြင် ဆင်ပေး၊သမ္မတဖြစ်ခွင့်ကိုကန့်သတ်ထားသောပုဒ်မ ၅၉(ဃ)/၅၉(စ) တို့ကိုဖျက် သိမ်းပေး၊ ၂၀၀၈ဖွဲ့စည်းပုံပြင် ဆင်ရေးကိုအဟန့်အတားပြုနေသော ပုဒ်မ(၄၃၆)ကို အမြန် ဆုံးပြင်ဆင်ပေးရန် ၊ဒီမိုကရေစီ/ လူ့အခွင့်အရေး နှင့်ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံသောဖွဲ့ စည်းပုံ အခြေခံဥပဒေကိုသာ အလိုရှိသည် ” စသည့် ဗီနိုင်းပိုစတာများကိုင်ဆောင်ထားကြောင်း တွေ့ရသည်။

တောင်ကြီးမြို့နယ်၊ဟိုပုံး၊ ပင်းတယ၊ ရပ်စောက်၊ ရွာငံ ၊ညောင်ရွှေ ၊ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင် စသည့် မြို့နယ်များပါဝင်ပြီးငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်အားခွင့်ပြုမိန့်တောင်းခံရာတွင် မြို့နယ်ရဲရုံးမှ ခွင့်ပြု မိန့်မရရှိပဲ ပြည်နယ် ရဲရုံးတွင် အယူခံဆက်တင်ရာမှ မတ်လ ၂၉ ရက် ည ၉ နာရီအချိန်မှ ခွင့်ပြုမိန့် ရရှိခဲ့ကြောင်း သိရှိရပါသည်။

ကော့ကရိတ်မြို့၌ ၈၈မျိုးဆက် ဆက်ဆံရေးရုံးဖွင့်လှစ်

နန်းချောင်ဖော့

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းက ၎င်းတို့၏ ဆက်ဆံရေးရုံးတစ်ရုံးကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်-၅ ရပ်ကွက်၊ အောင်ဇေယျလမ်း၌ မတ်လ ၃၀ ရက်နေ့(ယနေ့)တွင် ဖွင့်လှစ်လိုက်သည်။

နိုင်ငံအကျိုး၊ ဒေသခံပြည်သူများ၏ အကျိုးကို ငြိမ်းချမ်းသောနည်းဖြင့် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ရာ တွင် လက်တွဲလုပ်ဆောင်နိုင်ရန်ုအတွက် ရည်ရွယ်ပြီး ယခုလို ဆက်ဆံရေးရုံးကို ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ၈၈မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်းမှ ကိုဇော်မင်းက ကေအိုင်စီသို့ ပြောသည်။

“ဒီရုံးခန်းလေးတွေကို ကျနော်တို့ ဖွင့်တဲ့အခါမှာ ကျနော်တို့ ဦးဆောင်ပြီး ဖွင့်တာ မဟုတ်ပါဘူး။ ဒေသခံတွေ ကနေပြီးတော့ ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်အလုပ်ကိုယ်လုပ် ပုံစံမျိုးနဲ့ လုပ်တဲ့အခါမှာ ကျနော်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်အောင် ဖြစ်တယ်” ဟု ပြောသည်။

ဆက်ဆံရေးရုံးဖွင့်ပွဲတွင် ရန်ကုန် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးချုပ်မှ ကိုဇော်မင်း၊ စမ်းချောင်း ကိုကိုကြီး၊ ကိုထွန်းထွန်း အပါအ၀င် မြဝတီ၊ ကော့ကရိတ်၊ ဖားအံတို့မှ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)မှ ဗိုလ်မှူးစောလုံ့လုံ၊ ဗိုလ်မှူးကြီး စောဆန်းအောင်၊ သထုံခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ကိုဖုန်းကို၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဖွဲ့ဝင်အချို့နှင့် ဒေသခံများ စုစုပေါင်း ၉၀ဦးခန့် တက်ရောက် ကြကြောင်း သိရသည်။

လက်ရှိ ယနေ့ဖွင့်လှစ်လိုက်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ကော့ကရိတ်မြို့ ၈၈ မျိုးဆက် ဆက်ဆံရေးရုံးကို ဦးအောင်တိုး၊ ကိုမြင့်ဆွေ အပါအ၀င် တာဝန်ခံ ၆ ဦးထားရှိကြောင်းလည်း သိရသည်။

ကော့ကရိတ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး တာဝန်ခံတစ်ဦးဖြစ်သည့် ဦးအောင်တိုးက “အခုလို ကျနော်တို့ ကော့ကရိတ်မှာ ဆက်ဆံရေးရုံးဖွင့်နိုင်တာ ဝမ်းသာတယ်။ ဖွင့်ဖို့ ကြိုးစားတာလည်း ကြာပြီ။ အခုမှ အောင်အောင်မြင်မြင်နဲ့ ဖွင့်ဖြစ်တာကို ဂုဏ်ယူတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ၈၈အဖွဲ့များအနေဖြင့် အဖက်ဖက်မှ နစ်နာနေပြီး အကူအညီမဲ့နေသည့် ပြည်သူလူထုများကို ဒေသခံအာဏာပိုင်များနှင့် ညှိနှိုင်းကာ ကူညီဆောင်ရွက်မှုများ လုပ်ဆောင်သွားပေးသွားရန်ရှိကြောင်း ဦးအောင်တိုးက ဆက်ပြောသည်။

၈၈ မျိုးဆက် ဆက်ဆံရေးဖွင့်ပွဲတွင် တက်ရောက်သည့် ဒီကေဘီအေမှ ဗိုလ်မှူးကြီး စောဆန်းအောင်က “ဒီဆက်ဆံရေးရုံးတွေဟာ ရပ်တိုင်း၊ မြို့တိုင်း၊ နယ်တိုင်းတွေမှာ ရှိဖို့လိုတယ်။ ဘာဖြစ်လဲဆိုတော့ ဒီရုံးကနေ ဆက်သွယ်ပြီးတော့ နိုင်ငံ့အကျိုးကို သယ်ပိုးတဲ့နေရာမှာ လွယ်ကူပြီးတော့ အဖွဲ့အစည်းအပြင် ဒေသခံတွေ အတွက်လည်း အထောက်အကူဖြစ်စေတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ၌ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးကို မြို့နယ်ပေါင်း (၈၀)ကျော်ရုံးများ ဖွင့်လှစ်နိုင်ခဲ့ပြီး ကရင်ပြည်နယ်၌မူ မြဝတီ၊ ဖားအံနှင့် ယခု ကော့ကရိတ်မြို့များတွင် ဖွင့်လှစ်လိုက် ခြင်းဖြစ်သည်။

NLD နာယက ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိတ်မချရသေး

တင်ဇာအောင်

နိုင်ငံခြားသွားရောက်ကုသလိုပါက ကူညီပေးမည်ဟု သမ္မတရုံး ၀န်ကြီးများ ပြောဆိုထားဟုဆို

NLD နာယက ၊ သတင်းဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိသော်လည်း စိတ်ချရသည့် တိုးတက်မှု မရှိသေးကြောင်း ၎င်းအနားတွင် အနီးကပ် ရှိနေသူ NLD ပါတီဝင် တစ်ဦးဖြစ်သည့် ဦးဇော်မျိုးအောင်က မဇ္ဈိမကို မတ် ၃၀ ညနေ ငါးနာရီခန့် အချိန်တွင် အတည်ပြု ပြောကြားသည်။

ဦးဝင်းတင်သည် မတ် ၂၉ ရက်တွင် ၀ိတိုရိယ ဆေးရုံတွင် ဆေးကုသမှု ခံနေရာမှ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် သို့ ပြောင်းရွှေ့ ဆေးကုသခံခဲ့ပြီး ပြောင်းရွှေ့သည့် အချိန်ကထက် အခြေအနေ ကောင်းမွန်လာသော်လည်း စိတ်ချရသည့် တိုးတက်မှုမျိုး မရှိသေးဟု ဦးဇော်မျိုးအောင်က ဆိုခြင်းဖြစ်သည်။

“စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ နေ့တိုင်းပဲ စောင့်ကြည့်နေကြပါတယ်။ အထူးကုဆရာဝန်ကြီးတွေလည်း နေ့တိုင်း မီတင် ထိုင်ပါတယ်။ ကျန်းမာရေး တိုးတက်မှုတော့ ရှိပါတယ်။ စိတ်ချရလောက်တဲ့ တိုးတက်မှုတော့ မရှိသေးပါဘူး“ ဟု ဦးဇော်မျိုးအောင်က ဆိုသည်။

ဦးဝင်းတင်ကို နိုင်ငံခြားတွင် သွားရောက် ဆေးကုသလိုပါက ကူညီပေးမည်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့က နှုတ်အားဖြင့် ကတိပေးထားသည်ဟု ဦးဝင်းတင်ကို စောင့်ရှောက်နေသူ တစ်ဦးလည်းဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ယင်းသို့ နှုတ်အားဖြင့် ကတိပေးခြင်းမှာ မတ် ၂၉ ရက်က ဖြစ်ပြီး လက်ရှိအချိန်တွင်မူ နိုင်ငံခြားသို့ သွားရောက်ရန် မစီစဉ်ရသေးဘဲစောင့်ကြည့်နေဆဲသာဖြစ်သည်ဟုလည်း ဦးထွန်းကြည်က ဆိုသည်။

“ဗိုက်ထဲမှာ လေတွေ တော့ ရှိနေတယ်။ အခုအခြေအနေက အိပ်ဆေးပေးပြီး ဘဘကို သက်တောင့်သက်သာ နေနိုင်အောင် ထားထားတယ်။ သုံးရက် စောင့်ကြည့်ရမယ်။ အစွမ်းကုန်ကြိုးပမ်းနေပါတယ်“ ဟု ဦးထွန်းကြည်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်သည် အဆုတ်နှင့် သက်ဆိုင်သော ရောဂါ ဖြစ်နေပြီးဗိုက်ထဲတွင် လေများ ရှိနေသည်ဟုလည်း ဦးထွန်းကြည်က ဆိုသည်။

ဦးဝင်းတင်သည် အသက် ၈၄ နှစ်ရှိပြီဖြစ်ကာ နှစ်ရှည်လများ အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်ဖြစ်သည်။

၁၉၉၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး NLD ပါတီကို တည်ထောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

ထောင်တွင်းတွင် ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မိုကာနိုကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် NLDက ထုတ်ဝေသော ဒီလှိုင်းစာစောင်တွင် အကြံပေးအဖြစ် ဆောင်ရွက်နေ သည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ချိန် တိုတောင်းမည်

ကျော်ဇေယျာဝင်း

တနိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ်တွေအတွက် ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေးကာလကို လျော့ဖို့အစီအစဉ်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။

တနိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ် ဆိုပေမယ့် မဲဆွယ်စည်းရုံးရေးကာလကို လျော့သွားမယ်လို့ ဦးတင်အေးက ပြောကြားလိုက်တာပါ။

“ပါတီတွေဘက်ကလည်း ခဏခဏ ပြောကြတယ်။ ရွေးကောက်ပွဲကန်ပိန်းအတွက် ကန်ပိန်းလုပ်ဖို့ အချိန်နည်းတယ်လို့ ပြောကြတယ်။ သူများနိုင်ငံတွေ ကြည့်တော့လည်း မလေးရှားဆို ၂ ပတ်ပဲ ပေးတယ်။ ဘဘတို့က ၃ လ ပေးတယ်။ ဒီတခါတော့ ဘဘကျုံ့ဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဘဘတို့ ဆွေးနွေးတဲ့အခါမှာတော့ ကန်ပိန်းကာလကြာလေ အကြမ်းဖက်မှုတွေ များလေပဲ။ အဲဒါကြောင့် သူတို့ကို ပြောထားပြီးသားပါ။ ကန်ပိန်းကာလကို ပြန်ကျုံ့မယ်ဆိုတာ။” 

ကြားဖြတ်ရွေးကောက်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အာဆီယံ အစည်းအဝေးတွေအပြီး ကျင်းပပေးမှာ ဖြစ်ပြီး ကျင်းပမယ့်နေ့ရက်ကိုတော့ ၃ လကြိုတင်ပြီး ကြေညာသွားမယ်လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက “ကန်ပိန်းကာလကိုတော့ ဘဘတို့ မဆုံးဖြတ်သေးဘူး။ နိုင်ငံတကာကို ကြည့်ပြီးတော့ ပါတီတွေနဲ့ေ တွ့ဖို့ ရှိပါတယ်။ ပြီးရင် သူတို့ကို ချပြမယ်။ ချပြပြီး ၂ ဦး သဘောတူ ပြန်ကြည့်မယ်။ သူတို့ လက်ခံနိုင်တာလည်း ဖြစ်ရမယ်။ နောက်ဆုံးဖိုင်နယ်ကတော့ ဘဘ ဆုံးဖြတ်ချက်ပါပဲ။ ဆုံးဖြတ်တယ်ဆိုတာလည်း ကော်မရှင်မို့လို့ လွှမ်းမိုးချုပ်ကိုင်တာ(Supersede) မဟုတ်ပါဘူး။ နိုင်ငံတကာမှာ ဒီလိုရှိတယ်။ သိပ်ကြာသွားရင် ဘာဖြစ်နိုင်တယ်။ သိပ်တိုသွားရင် ဘာဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

လစ်လပ်မဲဆန္ဒတွေကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာ၊ အမျိုးသားလွှတ်တော် ၆ နေရာနဲ့ ပြည်နယ်တိုင်း လွှတ်တော်တွေမှာ ၁၂ နေရာ လစ်လပ်နေတာ ဖြစ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လုံခြုံရေးကြောင့် မကျင်းပနိုင်ခဲ့တဲ့ ဖားကန့်၊ မိုးကောင်းနဲ့ ၀ိုင်းမော်နယ်မြေတွေ ပါဝင်ပါတယ်။

မြို့လယ်ခေါင်၌ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

အောင်ကိုဦး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား OK MOBILE PHONE ဆိုင် ရှေ့တွင် ကားတစ်စီးက ဆိုင်ကယ်သမားအား သေနတ်ဖြင့်ပစ်ခတ်မှု ညနေ ၆ နာရီခွဲတွင် ဖြစ်ပွားသည်။

မျက်မြင်သက်သေများ၏ ပြောပြချက်အရ သေနတ်ဖြင့်ပစ်မည့်သူများသည် ညနေ ၆ နာရီခန့်က ဆိုင်ကယ်များဖြင့် ကြိုတင်ရောက်နှင့်နေပြီး မတ်တူးကားတစ်စီးက သေနတ်ဖြင့် စတင်ပစ်ခတ်ရာ ဆိုင်ကယ်သမား သုံးဦးကလည်း ပြန်ပစ်ခတ်၍ ကားဘီးမှန်သွားကြောင်းနှင့် ထိုကားနောက်သို့ ဆိုင်ကယ်သမားများ လိုက် သွားကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ အမှတ်(၁) ရဲစခန်းမှ လာရောက်စစ်ဆေးရာ ကျည်ခွံနှစ်ခု သိမ်းဆည်းရမိကြောင်း သိရသည်။ အမှတ် (၁) ရဲစခန်းမှ တာဝန်မှူး ရဲအုပ်မင်းစည်သူအား မဇ္ဈိမကမေးရာ “ပစ်ခတ်မှုဖြစ်ပွားတာ ဟုတ် ပါတယ်။ ကျည်ခွံတွေကတော့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက စစ်ဆေးဖို့ ယူသွားပါတယ်။ အသေးစိတ်ကိုတော့ မပြောနိုင်သေးပါဘူး”ဟု ဖြေကြားသည်။

ထိုသို့ လူစည်ကားရာတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် မြို့ခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အိမ်အကူကို ဆီပူအိုးထဲ နှစ်ပြီး နှိပ်စက်သည့် သရုပ်ဆောင် ဇနီးမောင်နှံ တရားစွဲခံရ

ဆလိုင်းသန့်စင်

အိမ်အကူ မိန်းကလေးငယ်ကို နှိပ်စက်သည့် ဗီဒီယို သရုပ်ဆောင်နှင့် မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူ ဦးကြည်လှမြင့် တို့အား ကလေးငယ်၏ မိဘများက ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆို ထားကြောင်း သိရသည်။

အသက် ၁၄ နှစ် အရွယ် မထက်ထက်သည် ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင် နေအိမ်တွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေစဉ် အိမ်ရှင်များ၏ နှိပ်စက်ခံရသဖြင့် ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ပုသိမ်ဆေးရုံ အဆောင်အမှတ် ၇ (အမျိုးသမီးဆောင်) ကုတင်အမှတ် ၁၄ တွင် မတ် ၂၆ ရက်မှ စတင်ကာ ယခုအချိန် အထိ ဆေးကုသမှု ခံယူနေရသည်။

လက်ကောက်ဝတ် ဘယ်ညာ နှစ်ဘက်စလုံးတွင် အပူလောင် ဒဏ်ရာ၊ မျက်နှာ၊ ဦးခေါင်း၊ ကျောကုန်းနှင့် နံဘေးတို့တွင် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေသူ မထက်ထက်က ၀က်သားဟင်း ချက်ရာတွင် ဟင်းအိုး တူးခဲ့ခြင်း၊ နေအိမ်တွင် မွေးထားသည့် ခွေးမလေး သေဆုံးခဲ့ခြင်းတို့ကြောင့် နှိပ်စက် ခံခဲ့ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

“သမီး ၀က်သားဟင်း ချက်တာ တူးသွားလို့ တူးရမလားဆိုပြီး အိမ်ရှင် အစ်မကြီးက သမီးလက်ကို ဆီပူအိုးထဲကို နှစ်တယ်၊ နောက်ပြီးတော့ အိမ်မှာ မွေးထားတဲ့ ခွေးကလေးက သူ့ဘာသာ ဆော့နေရင်းက သေသွားတယ်၊ အဲဒါကို ခွေး သေရမလားဆိုပြီး အိမ်ရှင် အစ်မကြီးကရော၊ သူ့ယောက်ျားကရော ရိုက်တယ်၊ မျက်နှာကို လက်သီးနဲ့ ထိုးတယ်၊ တံမျက်စည်းနဲ့ ခေါင်းကို ရိုက်တယ်။ ပလာယာနဲ့လည်း ညှပ်တယ်။ ကပ်ကြေးနဲ့လည်း ထိုးတယ်” ဟု ၎င်းက ပြောသည်။

အိမ်အကူ မထက်ထက်သည် မြောင်းမြ မြို့နယ်၊ မဲကျော် ကျေးရွာအုပ်စု၊ ၀ဲဒေါင့် ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင်၏ နေအိမ်သို့ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စတင် ရောက်ရှိကာ အိမ်အကူ အဖြစ် တလလျှင် လခငွေကြေး ကျပ် ၂၅၀၀၀ နှုန်းဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နှိပ်စက်မှုများကြောင့် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများနှင့် အပူလောင် ဒဏ်ရာများ ရရှိထားသူ မထက်ထက်အား သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူတို့က ရန်ကုန်မြို့၌ ဆေးကုသ မပေးဘဲ သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ နေထိုင်ရာ ပုသိမ်မြို့သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မထက်ထက်က ဆိုသည်။

ယင်းသို့ နှိပ်စက်မှုများအား အရေးယူပေးပါရန် မထက်ထက်၏ မိခင်ဖြစ်သူ နော်မိချိုက တရားလို ပြုလုပ်ကာ ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အမှုအား လိုက်ပါ ကူညီပေးနေသည့် ပုသိမ်မြို့ရှိ ကရင်နှစ်ခြင်း ခရစ်ယာန်သာသနာ အဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံ နော်စိန်ချစ်က ဧရာဝတီကို ပြောသည်။

“ကလေးက တအား နှိပ်စက် ခံထားရတယ်။ လက်တွေမှာ ဆီပူ လောင်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်။ လက်ဖ၀ါးတွေ အက်ကွဲ နေတယ်။ မျက်နှာတွေမှာလည်း လက်သီးနဲ့ ထိုးထားလို့ ဖူးယောင်နေတဲ့ ဒဏ်ရာတွေ ရှိတယ်။ ညာဘက် မျက်လုံးမှာ ဆိုရင် လက်သီးနဲ့ ထိုးတဲ့ ဒဏ်ကြောင့် မျက်စိ သူငယ်အိမ်ထဲမှာ သွေးချည်တောင် ဥနေတယ်။ အခုလိုမျိုး နှိပ်စက်ခံရလို့ သူ့အမေက မကျေနပ်လို့ အိမ်ရှင် လင်မယားကို အမှုဖွင့် လိုက်တာ” ဟု ၎င်းက ပြောသည်။

သရုပ်ဆောင် သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ ဧရာဝတီတိုင်း ဒေသကြီး ဆိပ်ကမ်း အာဏာပိုင် အရာရှိ ဦးကိုကိုနိုင်က ဒဏ်ရာများဖြင့် ရောက်ရှိလာသည့် မထက်ထက်အား ပုသိမ်မြို့ရှိ “လမင်း” အထူးကု ဆေးခန်းတွင် ဆေးကုသ ပေးရာတွင် ထိုဆေးခန်းက ရဲမှုခင်း ဖြစ်နေသည့် အတွက် လက်မခံသောကြောင့် ပုသိမ် အထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ ကုသပေးခြင်း ဖြစ်ကြောင်း သိရသည်။

“ပထမ လမင်း ဆေးခန်းမှာ ရေနွေး ပူလောင်လို့ ဆေးကုချင်လို့ပါ ဆိုပြီး လာတယ်။ ကလေးမလေး ရတဲ့ ဒဏ်ရာတွေက အပူလောင်တဲ့ ပုံစံ မဟုတ်ဘဲ Police Case (ရဲမှုခင်းကိစ္စ) ဖြစ်နေတယ် ဆိုတာ ဆရာဝန်တွေက သိနေတော့ လက်မခံဘဲ ဆေးရုံကြီးကို ညွှန်လိုက်တယ်။ ဦးကိုကိုနိုင်က လူနာရှင် လုပ်ပြီး ပုသိမ် ဆေးရုံကြီးမှာ တင်ပြီး ကုတယ်။ ဒဏ်ရာ ရထားတဲ့ ကိစ္စတွေ အတွက် ဦးကိုကိုနိုင် ကရော၊ ဆေးရုံ ကရော ရဲကို အကြောင်းကြားတာ မရှိသလို သက်ဆိုင်ရာ မိဘထံကိုလည်း လုံးဝ အကြောင်းကြားခြင်း မရှိဘူး” ဟု နော်စိန်ချစ်က ပြောသည်။

မထက်ထက်၏ မိခင်ဖြစ်သူ နော်မိချို၏ တိုင်တန်းချက် အရ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်၊ အိမ်အမှတ် – ၃၀ တွင် နေထိုင်သည့် ဗီဒီယို သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူ ဦးကြည်လှမြင့်တို့အား ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းက ပြစ်မှုနံပါတ် ၅၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆/၃၂၅ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“ရိုဟင်ဂျာ” ဟု ပြော၍ အိမ်ခြေလေးရာကျော် သန်းခေါင်စာရင်း မထည့်ရ

မဇ္ဈိမ

စစ်တွေမြို့နယ်အတွင်းရှိ ဘုမေကျေးရွာနှင့် မန်ကျည်းမြိုင် ကျေးရွာတို့တွင် လူမျိုးအမည်ကို “ရိုဟင်ဂျာ” ဟု ပြောသည့်အတွက် သန်းခေါင်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းမရှိဟု ထိုနေရာသို့ရောက်ရှိနေသည့် မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။

သန်းခေါင်စာရင်းဒုတိယနေ့ဖြစ်သည့် မတ်လ ၃၁ရက်တွင် အဆိုပါကျေးရွာများသို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း သန်းခေါင်းစာရင်းကောက်ယူရာတွင် အိမ်ထောင်စုအားလုံးက “ရိုဟင်ဂျာ” ဟုပြောသည့်အတွက် သန်းခေါင်စာရင်းတွင် ထည့်သွင်းမှုမရှိခဲ့ခြင်းဖြစ်သည်။

ဘုမေကျေးရွာတွင် အိမ်ခြေ ၂၈၅ လုံးနှင့် မန်ကျည်းမြိုင်ကျေးရွာတွင် အိမ်ခြေနှစ်ရာကျော်ခန့်ရှိသည်။ လက်ရှိတွင် အခြားကျေးရွာများသို့ သွားရောက်ကောက်ယူနေသည်ဟု နံနက် ၉နာရီ ၄၅မိနစ်တွင် မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။

ဘုန်းကြီးကျောင်းများနှင့် သစ်ခွဲစက်များမှ တရားမဝင်သစ် ၁၉ တန်ခန့် ဖမ်းမိ

မျိုးသန့်

မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ သယ်ယူပို့ဆောင်ရောင်းချခြင်းမရှိစေရန် မတ်လ ၃ဝရက်က စစ်ဆေးရာ ဘုန်းကြီးကျောင်းဝင်းများနှင့် သစ်ခွဲစက်များမှ တရားမဝင် သစ်တန်ချိန် ၁၉ တန်ခန့်ဖမ်းဆီး ရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

တရားမဝင်သစ်များ သိုလှောင်ထားရှိသည်ဟု သတင်းပေးချက်အရ ဘုန်းကြီးကျောင်း ရှစ် ကျောင်းနှင့် သစ်ခွဲစက်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့သည်။ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ် ကွက်ရှိ သာသနာ့ရံသီအတုလကာရီ ဘုန်းကြီးကျောင်း၌ ၉ ဒသမ ၉ဝ၄၂ တန်နှင့် ချမ်းမြသာစည် ထွန်တုံး ရပ်ကွက် ဇော်ဂျီမောင် သစ်စက်တွင် ၉ ဒသမ ၄၈၆၂ တန် စုစုပေါင်း ၁၉ တန်ခန့် ဖမ်းဆီးရရှိခဲ့သည်။

၅၁-၅၂လမ်းကြား ထွန်တုံးအပိုင်း၂ရပ်ကွက်တွင် ကုက္ကိုသား ၂၃ လုံးကို ပိုင်ရှင်မဲ့အဖြစ် ထပ်မံသိမ်း ဆည်းရမိခဲ့သည်။

ထိုသိမ်းဆည်းရမိသည်များထဲတွင် ဇော်ဂျီမောင်သစ်စက်မှ ဖမ်းဆီးရမိသည်များကို သစ်တောဦးစီးမှ ထုတ်ပေးသော ပြေစာများနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဟု ဆိုသည်။

အလားတူ ပြင်ဦးလွင်မြို့နယ်တွင် မန္တလေး-ပြင်ဦးလွင်အတက်လမ်း၌ နီဆန်း ၁၂ ဘီးယာဉ်နှစ်စီးကို ရပ် တန့် ရှာဖွေခဲ့ရာတွင်လည်း တမလန်းသစ်တုံး ၂၈၇ လုံး၊ တန်ချိန် ၂၂ ဒသမ ၁၇ဝ၂ တန် ဖမ်းဆီးရမိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

တရားမဝင်သစ်များကို မန္တလေးတိုင်းဝန်ကြီးချုပ်၏ လျှို့ဝှက်အစီအစဉ်ဖြင့် ရှောင်တခင်စစ်ဆေး ဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး အင်အား ၁ဝဝကျော်ဖြင့် သတင်းရရှိသည့်နေရာများကို ရှာဖွေခဲ့ခြင်းဖြစ်ပြီး ဆက်လက် ဖမ်းဆီး အရေးယူသွားမည်ဖြစ်သည်။

ထို့အပြင်နေပြည်တော်ကောင်စီနယ်မြေတွင် ဖွဲ့စည်းထားရှိသော သစ်တောရဲတပ်ဖွဲ့မှ တပ်စုတစ်စု ခွဲကာ မန္တလေးတိုင်းအတွင်း တရားမဝင်သစ်လုပ်ငန်းများကို ဖော်ထုတ်အရေးယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောနှင့် သတ္ထုဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန် ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

သန်းခေါင်စာရင်းအကြောင်းကို ပြည်သူအချို့ မသိရှိသေး

နန်းဝေဖြိုးဇာ

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအကြောင်းကို ကောက်ယူဖို့အချိန် နီးကပ်လာပြီဖြစ်ပြီး ကျေး လက်နေသူများအဖို့ သန်းခေါင်စာရင်းအကြောင်းနှင့် ပတ်သက်၍ လုံးဝကို နားမလည်သေးကြောင်း ကျေးလက်နေပြည်သူများ က ပြောဆိုနေကြသည်။

“ကျနော်တို့ရွာက ဘာပညာပေးမှလည်း မရဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်သူမှလာပြောတာလည်း မရှိဘူး။ အုပ်ချုပ်ရေး မှူးလည်း ဘာမှအတွင်းသိသိ ရှင်းပြတာ မရှိဘူး။ ဘယ်လိုထည့်ရမလဲ ဘာတွေကောက်မလဲ ဘယ်တော့ ကောက်မလဲ မသိဘူး” ဟု ကော့ကရိတ်မြို့နယ် ဝင်းသလွဲကျေးရွာမှ စောလေးမင်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သန်းခေါင်စာရင်း ကောက်ခံမည့်အကြောင်းကို မြို့နှင့် နီးစပ်သည့် ကျေးရွာများတွင်သာ သိရှိရပြီး ကျန်ကျေးရွာများမှာ အသိပညာပေးများ မရရှိသည့်အပြင် သန်းခေါင်စာရင်း လှုံ့ဆော်ရေးဆိုင်းဘုတ်များကို လုံးဝ မထောင်ထားသည့် ကျေးရွာများ လည်း ရှိနေသေးသည်ဟု သိရသည်။

အလားတူ ဖားအံမြို့နယ် ခလောက်ထောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး စောသန်းမောင်က “ကျနော်တို့ကတော့ သန်းခေါင်စာရင်း ကောက်တာ လူဦးရေစာရင်းအမှန် ကောက်မှာကိုတော့ သိထားတယ်။ ဘာတွေမေးပြီး ကောက်မလဲတော့ မသိဘူး။ သိသ လောက်နဲ့ပဲ လူထုတွေကို ရှင်းပြတယ်။ လူထုတွေ ဒီအကြောင်းတွေကို နားလည်ချင်မှ နားလည်မယ်။ သူတို့ ဘယ်နေ့လာ ကောက်မလဲတော့ ပြောပြထားတယ်”ဟု ၎င်းက ပြောသည်။

သန်းခေါင်စာရင်း အသိပညာပေးအကြောင်းကို ကျေးရွာတိုင်း၌ လိုက်လံအသိပညာပေးရန် အချိန်မရ၍ ကျေးရွာအုပ်စုကြီးများ တွင်သာ ပညာပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများတွင် ရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရှင်းပြခိုင်းသည့်အပြင် သန်းခေါင်စာရင်း ဆိုင်းဘုတ်ကိုပါ လိုက်ပြီးကပ်ထားပေးသည်ဟု ဖားအံခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန(လဝက) ဒုတိယညွန်ကြားရေးမှူး ဦးကျော် ဆန်းက ပြောသည်။

ကရင်ပြည်နယ်တွင် အိမ်အကြောင်းအရာနှင့် လူဦးရေစာရင်းကောက်ရန်အတွက် ကောက်ကွက်ပေါင်း ၂၂၀၀ကျော်ရှိပြီး အဆိုပါ ကောက်ကွက်များကို မတ်လ ၂၉ရက်နေ့တွင် တာဝန်ရှိ ကျောင်းဆရာမများက စတင်ကောက်မည်ဟု သိရသည်။

သန်းခေါင်စာရင်းကောက်ယူမှု စစ်ဆေးရန် ရခိုင်ပြည်နယ်သို့ ဒု-သမ္မတဦးဥာဏ်ထွန်းရောက်ရှိ

မြတ်ကျော်သူ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဘာဆာဟာကျေးရွာသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းရောက်ရှိ လာပြီး သန်းခေါင်စာရင်းကောက်ယူမှု အခြေအနေကို စစ်ဆေးနေသည်ဟု အဆိုပါနေရာသို့ ရောက်ရှိနေသည့် မဇ္ဈိမ အယ်ဒီတာက မတ်လ ၃ဝရက် ညနေ ၃နာရီ ၄၅မိနစ်တွင် သတင်းပေးပို့သည်။

စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီရွာအချို့ကို မွန်းလွှဲပိုင်းတွင် သန်ခေါင်စာရင်းစတင်ကောက်ခံနေပြီဖြစ်ပြီး ဒု-သမ္မတက လာရောက်ကြည့်ရှုခြင်းဖြစ်သည်။

“ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းသည် အစိုးရက လက်မခံထားသည့် လူမျိုးအမည်ဖြစ်သည့်အတွက် သန်းခေါင်စာရင်း ကောက်ယူ ရာ၌ လူမျိုးအမည် နေရာတွင် ရိုဟင်ဂျာ ဟူသည့်အသုံးအနှုန်းကို လက်မခံဟု ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ က သတင်းထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ကို ပြည်ထောင်စုအစိုးရမှ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များအား တာဝန်လွှဲအပ်ထားချက်အရ ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးကျော်ယဉ်ဦးက လက်မှတ်ထိုး၍ တရားဝင်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တပ်မတော်မှ နံပတ်(၃) အဆင့် ဗိုလ်ချုပ်ကြီးတစ်ဦး မောင်တောကိုရောက်စဉ် တိုင်းရင်းသားတစ်ဦး သတ်ဖြတ်ခံရ

နိရဉ္စရာ

မြန်မာတပ်မတော်မှ နံပတ် (၃) အဆင့်ရှိ ဗိုလ်ချုပ်ကြီး လှဌေးဝင်းအပါအ၀င် နိုင်ငံတော် အစိုးရ ခေါင်းဆောင်များ မောင်တောမြို့သို့ ရောက်ရှိစဉ် နာရီပိုင်း အနည်းငယ် အတွင်း သက်လူမျိုး တိုင်းရင်းသား တစ်ဦးသတ်ဖြတ်ခံခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာနေ သက်လူမျိုး ဦးထွန်းအောင်စိန်(၄၉) နှစ် (ဘ) ဦးထွန်းဇံ ဖြစ်ကြောင်း မောင်တောမြို့ လေးမိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုးမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ သတ်ဖြတ်သွားတာက ဘင်္ဂလီတွေပါ။ လည်လှီးပြီး သတ်သွားပါတယ်။ သူက သူ့ရဲ့ တောင်ယာစိုက်ခင်းမှာ နွားကျောင်း၊ ရေလောင်း၊ ပေါင်းမြက်တွေကို နုတ်နေစဉ်မှာ ၀င်ရောက် သတ်ဖြတ်သွားတာပါ” ဟု ဆိုသည်။

အခင်း ဖြစ်ပွားရာ နေရာမှာ မကျည်းကုန်းကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် ဖြစ်ကြောင်း၊ သုံးမိုင် လုံထိန်းရဲတပ်ရင်းနှင့် ချောင်းတစ်ဖက်ခြားသော နေရာတွင် ဖြစ်ကြောင်း၊ မတ်လ ၂၉ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သူက ဆက်ပြောသည်။

“ အဲဒီနေ့က နိုင်ငံတော်က အကြီးအကဲတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ တို့ မောင်တောမြို့ကို ရောက်ရှိနေပြီး ခရိုင်ရုံးမှာ အစည်းအဝေး လုပ်နေကြပါတယ်။ အဲဒီနေ့မှာ သတ်သွားတာ ဖြစ်ပါတယ်” ဟု အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တစ်ဦးကပြောသည်။

သတ်ဖြတ်သွားသူများမှာ ယခုအချိန်ထိ လွှတ်မြောက်နေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေရာများကို ပိတ်ဆို့ရှာဖွေနေသည်ဟု ဦးလှမိုးက ဆက်ပြောသည်။

“ တရားခံတွေကို မမိသေးပါဘူးခင်ဗျား။ ရဲတပ်ရင်း (၂) နဲ့ အမှတ် (၅၆၁) တပ်ရင်းက အခု သူတို့ကို ရှာဖွေနေပါတယ်။ လောလောဆယ်တော့ ဖမ်းမိတဲ့ အသံ မကြားရသေးပါဘူး” ဟု သူက ဆက်ဆိုသည်။

ဦးထွန်းအောင်စိန်သည် ခါတိုင်းသွားနေကျ အတိုင်း ၎င်းနေ့နံနက်က သူ့၏ တောင်ယာစိုက်ခင်းသို့ ထွက်သွားခဲ့ကြောင်း၊ သို့သော်လည်း နေ့လယ် ထမင်းစားချိန်ထိ ပြန်မရောက်လာသဖြင့် သမီးဖြစ်သူ နှစ်ဦးမှ လိုက်လံရှာဖွေရန် သွားစဉ် ယာခင်းထဲတွင် သတ်ဖြတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

သူ့၏ အလောင်းအနီးမှ ပလတ်စတစ် အပြာရောင်ဖြင့် ရစ်ပတ် ချည်နှောင်ထားသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ ငွေစက္ကူ တစ်ရာတန် တစ်ရွက်၊ နှစ်ဆယ်တန် တစ်ရွက်၊ သွေးစွန်းနေသော စိမ်းပြာရောင် ယောင်္ကျားဝတ် လက်ရှည် အင်္ကျီတစ်ထည်၊ ယင်းအကျီ်အိတ်ထဲမှ ဗလီတက်စဉ် အသုံးပြုသည့် ဦးထုပ် အဖြူရောင် တစ်လုံး၊ လူသေအလောင်း ၉ ပေခန့်အကွာတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံထုတ်စီကရက် အပိုင်းတစ်ခုကို တွေ့ရသည်ဟု သိရသည်။

မောင်တောမြို့မှ ရဲစခန်းမှ ရဲအုပ်ကံလှက ၎င်းရဲစခန်းတွင်ပင် သေမူသေခင်း အမှတ် (ပ) ၅၆/ ၂၀၁၄ ဖြင့် ယခုအခါ အမူဖွင့်ထားသည်ဟု သတင်း ရရှိသည်။

သမီးကလေးကျေးရွာ အပါအဝင် ရန်ကုန်ရှိ ကျူးကျော်အချို့ DKBA ဌာနချုပ်တွင် သွားရောက်နေထိုင်မည်

လပြည့်ဝန်း

ပြောင်းရွှေ့ခံထားရသည့် သမီးကလေးကျေးရွာဒေသခံများ လာမည့် ဧပြီ ၁ရက်တွင် DKBA(ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၏ စစ်ဌာနချုပ်ဆုံဆည်းမြိုင်)ခေါ်သည့်နောက်လိုက်မည်ဟု သမီးကလေးကျးရွာမှ ဒေသခံဦးဝင်းညွှန်က မဇ္ဈိမကိုပြောသည်။

“ ဝါးယားကုန်းမြေနေရာတွေပေးတာက ပြောတာ တခြား လုပ်တာတခြားဖြစ်နေလို့ အားလုံးပြန်လာ ကြတာ။ သူတို့ပြောတုန်း က ပေ ၄ဝ ၆ဝ အိမ်ပေး မယ်။ ရေသန့်လဲတူးပေးမယ် လို့ပြောတယ်။ အိမ်လည်းဆောက်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် တစ်ခုမှ မရဘူး။ဒါ့ကြောင့်ပြန်ပြောင်းတာပါ။DKBAက ခေါ်တဲ့နေရာလိုက်သွားမယ်” ဟု ဦးဝင်းညွှန့်က ပြောသည်။

သမီးက လေးကျေးရွာဒေသခံများနှင့် အခြားမှ ကျူးကျော်အဖြစ်သတ်မှတ်ခံရသူ လူဦးရေ ၁ဝဝဝ ကျော်သည် ဧပြီလ ၁ရက်တွင် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၏ စစ်ဌာနချုပ်အခြေစိုက်ရာ ဆုံဆည်း မြိုင်ကျေးရွာသို့ ပြောင်းရွေ့သွားမည်ဖြစ်သည်။

အဆိုပါ သမီးကလေးကျေးရွာဒေသခံများ ဝါးယားကုန်းကျေးရွာသို့ပြောင်းရွှေ့လိုက် သည့်နေ ရာတွင် နေထိုင်နိုင်ခြင်း မရှိသည့် အတွက် ဝါးယားကုန်းကျေးရွာတွင် ရန်ကုန်တိုင်းအတွင်းရှိ အခြား ကျူးကျော်များကို အစားထိုးပေးရန်တိုင်းအစိုးရအဖွဲ့နှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု လည်း လှည်းကူးအမှတ်(၂) မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးလှသန်းက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီ ၄ရက်က ဖျက်ဆီးခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးက လေးကျေးရွာမှ အိမ်ထောင်စု၎ဝဝခန့်မှ အိမ်ထောင်စု ၁၅၇စုကို ဝါးယားကုန်း ကျေးရွာသို့ မတ်လ ၃ရက်မှ မတ်လ ၃၁ရက်တွင် နောက်ဆုံးထား ပြောင်းခိုင်းထားသောကြောင့် အိမ်ထောင်စု ၆၄စုမှ ဝါးယားကုန်းသို့ မတ်၂၇ ရက်နေ့တွင်ပြောင်းရွေ့ခဲ့သည်။ သို့သော် မြေနေရာနှင့် အလုပ်အကိုင်ရရှိ မှုမှာ အဆင်ပြေမှုမရှိသောကြောင့် မတ် ၂၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိဘုန်းတော် ကြီးကျောင်းသို့ ပြန်လည်ပြောင်းရွေ့လာခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်ဟု သတ်မှတ်ထားသည့် လူဦးရေ ၅၃၆ဝဝ ကျော်ရှိပြီး ကျူးကျော်အများစုမှာ ရန်ကုန်တိုင်း အတွင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ အင်းစိန်စသည့် ဆင်ခြေဖုန်းမြို့နယ်များတွင် နေထိုင်ကြသည်။

သန်းခေါင်စာရင်းကောက်ရန် ကျေးရွာ ရာအိမ်မှူး ငွေကြေးကောက်ခံ

နန်းချောင်ဖော့


ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာတွင် သန်းခေါင်းစာရင်းကောက်ယူရန်အတွက် မတ်လ (၂၃-၂၄)ရက်နေ့ က ကျေးရွာယာအိမ်မှူးများ ငွေကြေးကောက်ခံနေကြောင်း ကမော့ကချူး ဒေသခံများက ကေအိုင်စီကို ပြောသည်။

ကမော့ကချူးရွာသား ဦးထွန်းထွန်းက “ရွာမှာ ရာအိမ်မှူးတွေ ပိုက်ဆံလာကောက်တယ်။ သူတို့ပြောတာကတော့ ဆရာမတွေ သန်းခေါင်စာရင်းကောက်ဖို့အတွက် ကျွေးမွေးဧည့်ခံဖို့ တစ်အိမ်ကို (၁၂၀၀)ကျပ် လာကောက်တယ်”ဟု ပြောသည်။

ကျေးရွာရာအိမ်မှူးများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူရာတွင် ယခုလိုမျိုး ငွေကြေးကောက်ခံခြင်းမျိုး မလုပ်သင့်ကြောင်း နှင့် ပြည်သူလူထုအတွက်လည်း နစ်နာမှုများရှိကာ ပတ်ဝန်းကျင်ကြားမည်ဆိုလျှင် ဆရာမများအတွက်လည်း ထိခိုက်နစ်နာစေ နိုင်ပြီး ဆရာမများကလည်း ၎င်းကိစ္စကို သိချင်မှသိမည်ဟု ဦးထွန်းထွန်းက ဆက်ပြောသည်။

ကမော့ကချူးကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမြင့်ဝင်းက “သူတို့လာကောက်တာ အမှန်အကန်ပဲ။ ဒီနေ့တောင် ကျနော် တွေ့ လိုက်သေးတယ်။ သန်းခေါင်စာရင်းကောက်မယ့် ဆရာမတွေကို ဧည့်ခံကျွေးမွေးဖို့အတွက် ဆိုပြီးတော့ လာကောက်သွားတယ်” ဟု ထပ်လောင်း အတည်ပြု ပြောဆိုသည်။

သန်းခေါင်စာရင်းကောက်သူ ကျောင်းဆရာ၊ ဆရာမတစ်ဦးအတွက် တစ်ရက်လျှင် နိုင်ငံတော်က ၃၀၀၀ကျပ်နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့-UNFPA က ၅,၅၀၀ကျပ် စုစုပေါင်းတစ်ရက်လျှင် ၈,၅၀၀ကျပ်ရရှိပြီး သင်တန်းတက်သည့်ကာလတွင်လည်း သင်တန်းစရိတ်များ ရရှိကြောင်း ကရင်ပြည်နယ် လဝကရုံး၊ ဒုပြည်နယ်မှူး ဦးစောတင့်လွင်က ပြောသည်။

ကမော့ကချူးကျေးရွာ ရာအိမ်မှူး ဦးပိန်က “ပိုက်ဆံကောက်တာ သန်းခေါင်စာရင်းကောက်ဖို့အတွက် မဟုတ်ဘူး။ ရွာမှာရှိတဲ့ ဗလီမှာ ကလေးတွေကို စာသင်နေတဲ့ ဆရာမတွေအတွက် ကောက်တာဖြစ်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသားများ၏ လူဦးရေနှင့် အိမ်အကြောင်းအရာ အချက်အလက်များကို ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ UNFPA အပါ အဝင် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ နက မတ်လ ၂၉ရက်ညမှ ဧပြီလ ၁၀ရက်နေ့အထိ မနက် ၇နာရီမှ ညနေ ၆နာရီအထိ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ် ကြောင်း သိရသည်။

Sony Xperia Z2 Tablet ပြည်တွင်း ဈေးကွက်တွင် စတင်ဝယ်ယူနိုင်ပြီ

မောင်မန်း

Sony ၏ Xperia Z2 Tablet ကို ပြည်တွင်းဈေးကွက်တွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး Phone Corner ဆိုင်ခွဲတိုင်း တွင် ဝယ်ယူနိုင်မည်ဖြစ်သည်ဟု Phone Corner မိုဘိုင်းဆိုင် အရောင်းမန်နေဂျာ ကိုဇင်ကိုအောင် ကပြော သည်။

ကိုဇင်ကိုအောင်က “Xperia Z2 Tablet ကို ပြည်တွင်းဈေးကွက်မှာ ဝယ်လို့ရပါပြီ။ ကျွန်တော် တို့ Phone Corner ဆိုင်ခွဲတွေအကုန်လုံးမှာဝယ်လို့ရပါတယ်။ နိုင်ငံတကာထက်တော့ နှစ်ပတ် လောက်နောက်ကျ ပြီးမှ စရောင်းနိုင်တာပါ” ဟုဆိုသည်။

Sony Xperia Z2 Tablet ကို ဈေးနှုန်းအနေဖြင့် ၆ဝ၉,ဝဝဝ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ပထမဆုံး ဝယ်ယူသူ ၂ဝ အတွက် Xpeia T-Shirt တစ်ထည်စီ Phone Corner က လက်ဆောင်ပေးအပ်သွား မည်ဖြစ်သည် ဟု ကိုဇင်ကိုအောင်က ဆိုသည်။

Xperia Z2 Tablet သည်မျက်နှာပြင် ၁ဝ ဒဿမ ၁ လက်မ မျက်နှာပြင်ရှိမည်ဖြစ်ပြီး ရုပ်ပုံထွက်အရည်အသွေး 1200 x 1920 pixels ရှိမည်ဖြစ်သည်။ ကင်မရာအနေဖြင့် 8.1 Mp ပါရှိမည်ဖြစ်ပြီး Android OS, v4.4.2 (KitKat) အသုံးပြုထားသည်။ Z2 Tablet ဝယ်ယူသူများအနေဖြင့် Sony ၏ တရားဝင်အာမခံ တစ်နှစ်ရ ရှိမည်ဖြစ်သည်။

Z2 Tablet ဝယ်ယူနိုင်မည့် Phone Corner ဆိုင်များတွင် မတ်လ ၁၈ ရက်မှ ဧပြီလ ၁၁ ရက်အတွင်း သင်္ကြန်အထူးဈေးနှုန်းဖြင့်ရောင်းချပေးမည်ဖြစ်သည်။

သန်းခေါင် စာရင်း ကောက်ခံပွဲ ကို ပြည်နယ် ၀န်ကြီးချူပ် တက်ရောက်ဖွင့်လှစ်

မိချမ်းစွန်း

မွန်ပြည်နယ် မော် လမြိုင်မြို့ အထက (၁၁)သီရိမြိုင် ကျောင်းတွင် ကျင်းပသော ၂၀၁၄ မတ်လ (၃၀) မှ ဧပြီလ (၁၀) ရက်နေ့အထိပြည်လုံး ကျွတ်သန်းခေါင် စာရင်း စတင်ကောက် ယူသည့် ဖွင့်ပွဲ အခမ်းအနား သို့ ပြည်နယ် ၀န်ကြီးချုပ် ဦး အုန်းမြင့် မှ တက်ရောက် ဖွင့်လှစ်ခဲ့ပါသည်။

“မြန်မာ နိုင်ငံမှာ နှစ်ပေါင်း (၃၀) ကျော်ကြာ သန်းခေါင် စာရင်းမကောက် ဖြစ်ခဲ့ ပါဘူး။ ဒီတော့ အမျိုးသားရေး လှုပ်ရှားမှု လုပ်ငန်းစဉ် ကဏ္ဍ အနေနဲ့ သဘော ထားပြီး နိုင်ငံရဲ့ လိုအပ် ချက်နဲ့ပြည်သူများ ရဲ့တောင်းဆို ချက် အပေါ်ကုလ သ မဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့၏ ပူးပေါင်းဆောင် ရွက် မှုနဲ့ ယနေ့အကောင် အ ထည်ဖေါ် နိုင်ခဲ့ပြီး ဖြစ်တယ်” ဟုမိန့်ကြား ခဲ့ပါသည်။

ထို့အပြင် သန်းခေါင် စာရင်းကောက် ယူ ရေးသည် နိုင်ငံ့ဖွံ့ဖြိုး တိုးတက်ရေး ၊နိုင်ငံ၏ လူဦးရေနှင့် ဖွဲ့စည်းပုံ၊ နေထိုင်မှု စနစ်ကို တိကျစွာ သိရှိနိုင်ရေး အ တွက် ဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆိုပါသည်။ ယင်း သန်းခေါင် စာရင်း ဖွင့်ပွဲအခမ်း အနားသို့ မွန်ပြည်နယ် ၀န်ကြီးချူပ် နှင့်ဝန်ကြီး များ၊ လွှတ်တော် ဥက္ကဌ နှင့်လွှတ်တော် အမတ် များ၊ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိ သူများ၊ ပြည်နယ် ရဲတပ်ဖွဲ့ များနှင့် စိတ်ဝင် စားသူများ တက်ရောက် ခဲ့ပါသည်။

ပြည်လုံးကျွတ် သန်းခေါင် စာရင်း လုပ် ငန်းသည်ဗဟို သန်းခေါင် စာရင်း ကော်မရှင် ၏ လုပ်ပိုင် ခွင့်ဖြင့် လုပ်ငန်းစဉ် (၄) ရပ်သတ် မှတ်ပြီး အချိန် (၃)နှစ် နှင့် (၁၀)လ ကြာမည်ဟု သတ်မှတ် ထားပါသည်။

ယင်းလုပ်ငန်းစဉ် (၄)ရပ်တွင် ကောက်ခံရေး လုပ်ငန်းစဉ် များကို (၃၅)လကြာ အချိန်ယူ ကြိုတင်ပြင် ဆင်ရခြင်း။ စာရင်းကောက် လုပ်ငန်း ကိုလမ်းပန်း ဆက် သွယ်ရေး လွယ်ကူသည့် ဒေသအား မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁၀) ရက်နေ့ထိ (၁၀) ရက် အ ချိန်ယူရ ခြင်း။ သွားလာရေး ခက်ခဲသော ဒေသ အား မေ(၃၁) ရက်နေ့ အထိ (၂)လ အချိန် ယူရခြင်း။ ကောက် ခံ ရရှိ ထားသည့် စရင်းများကို ပြုစုရန် အချိန် (၇)လ ကြာနိုင်ခြင်း၊ ဆန်းစစ်ခြင်း နှင့် အစီရင်ခံ စ ထုတ် ပြန်ခြင်းကို ၂လအ တွင်းဆောင် ရွက်မည် ဖြစ်သော ကြောင့် လုပ်ငန်းပြီးစီး သည် အထိ ဆိုလျှင် အချိန် (၄) နှစ်နီးပါး ကြာခြင်း ဖြစ်ပါ သည်။

သန်းခေါင် စာရင်းကောက် သော အခါ ကောက်ကွက် ဧရိယာ အနည်း အများ ပေါ်မူ တည်ပြီး တာဝန်ယူမှု မည့် ၀န် ထမ်းဦးရေ ကွဲပြား မည်ဖြစ် သည်။ ထို့နည်း တူ အိမ်ထောင်စု အလိုက် ကောက်ခံပါက အိမ်ထောင်စု တစုလျှင် မိနစ် (၃၀)ခန့်ကြာ နိုင်ပြီး အဖွဲ့အစည်း ဖြစ်ပါက မေးခွန်းတိုသည့် အတွက် အချိန်(၁၀) မိနစ် ခန့်သာ ကြာနိုင်ကြောင်း မော် လမြိုင် ခရိုင် စာရင်းစစ် ဦးစီးချူပ် ဒေါ်မမနှင်းဦး မှ ဆိုပါသည်။

မွန်ပြည်နယ် (၁၀) မြို့နယ်တွင် စာရင်း စစ်စာရင်း ကောက်ပေါင်း (၄) ထောင် (၆) ရာကျော် နှင့် ကောက် ကွက်ပေါင်း (၃၀၃၀) ကို ကောက်ခံ သွားမည်။ ကောက် ကွက်ကို တစ်ကွက်လျှင် အနည်းဆုံး အိမ်ခြေ (၁၀၀) ကျော်ရှိပြီး ထိုဧရိယာ အတွင်း စာရင်း ကောက် တစ်ဦးမှ တာဝန်ယူ ကောက်ခံ သွားမည်ဟုလူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦး စီးဌာနမှဒုတိယ ပြည်နယ်မှူး ဦးဝင်း ရဲထွန်းကဟုဆိုပါသည်။

မြန်မာ နိုင်ငံတွင် ယေဘူယျ အားဖြင့် လူဦးရေ သန်း(၆၀) ခန့်ရှိပြီး ပျှမ်းမျှ အားဖြင့် အိမ်ထောင်စု (၁၁) သန်းခန့်ရှိ ပါ သည်။ တိုင်း /ပြည်နယ် (၁၅) ခု၊ခရိုင်(၇၄) ခု၊မြို့နယ်ပေါင်း (၃၃၀) ဖြင့်ရပ်ကွက် ပေါင်း (၃၀၅၁) ၊ကျေးရွာ အုပ်စုပေါင်း (၁၃၆၂၀) ဖြင့် ကျေးရွာ ပေါင်း (၆၄၃၄၆) နှင့် ဖွဲ့စည်း ထားပါသည်။ ဤသို့ကြောင့် သန်းကောင် စာရင်းကို ကောက်ကွက် ပေါင်း(၉၁၀၀၀) ခွဲပြီး၊ပညာရေး ဌာနမှ စာရင်း စစ်စာ ရင်းကောက် ပေါင်း (၁) သိန်းကျော် နှင့် စတင်ကောက် ခံ နေပြီး ဖြစ်ပါသည်။

“ ရိုဟင်ဂျာ” အသုံးအနှုန်းလက်မခံဟု ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ထုတ်ပြန်

မြတ်ကျော်သူ

“ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းသည် အစိုးရက လက်မခံထားသည့် လူမျိုးအမည်ဖြစ်သည့်အတွက် သန်းခေါ င်စာရင်းကောက်ယူရာ၌ လူမျိုးအမည် နေရာတွင် ရိုဟင်ဂျာ ဟူသည့်အသုံးအနှုန်းကို လက်မခံဟု ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီက မတ် ၃ဝ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်ကို ပြည်ထောင်စုအစိုးရမှ ပြည်နယ်အစိုးရဝန်ကြီးချုပ်များအား တာဝန်လွှဲအပ်ထားချက်အရ ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးကျော်ယဉ်ဦးက လက်မှတ်ထိုး၍ တရား ဝင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် မြန်မာတစ်နိုင်ငံလုံး မတ်လ ၃ဝ ရက်မှ ဧပြီလ ၁ဝရက်ထိ ကောက်ယူမည့် သန်းခေါင်စာရင်းကို ရခိုင်ပြည်နယ် တွင်လည်း တစ်ချိန်တည်း တစ်ပြိုင်တည်းကောက်ယူသွားမည်ဟု ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကောက်ယူမှုကော်မတီ က ပြည်သူများကို အသိပေးထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းထည့်ရန် စောင့်ဆိုင်းနေကြသော် လည်း နေ့လည် ၁ နာရီ မိနစ် ၃ဝထိ ကောက်ယူနိုင်ခြင်းမရှိသေးပေ။

သန်းခေါင်စာရင်းကောက်ယူမှုကို ရခိုင်ပြည်နယ်၊ မြို့ကြီးအချို့တွင် သပိတ်မှောက်နေခြင်းများနှင့် ပတ်သက်၍ ဝန်ကြီးဦးခင်ရီက မတ်လ ၂၉ရက်တွင် ရခိုင်ရပ်မိရပ်ဖများနှင့် ဆွေးနွေးခဲ့သော်လည်း ညှိနှိုင်းမှု အထမမြောက်ခဲ့ပေ။

ရခိုင်တပြည်နယ်လုံး သန်းခေါင်စာရင်းကောက်ခံခြင်း သပိတ်မှောက်ထားမှုကို ယနေ့ သပိတ်လှန်လိုက်ပြီ

လှမောင် (စစ်တွေ)

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများအားလုံးက သန်းခေါင်စာရင်း ကောက်ခံခြင်းအား လက်မခံဟု သပိတ် မှောက်ထားခြင်းကို ယနေ့ မတ်လ (၃၀) ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် သပိတ်များအားလုံးကို လှန်လိုက်ပြီဖြစ်ကြောင်း ကော်မတီဝင်များက ဆိုသည်။

မြန်မာနိုင်ငံ အစိုးရမှ သန်းခေါင်စာရင်းကောက်ခံချိန်တွင် တိုင်းရင်းသားမဟုတ်သော ခိုးဝင်ဘင်္ဂလီများအား ကောက်ခံရာတွင် လူမျိုးအမည်၌ ရိုဟင်ဂျာအမည်အား ကောက်ခံသွားမည်ဆိုခြင်းကို ရခိုင်ပြည်သူများက သဘောတူခြင်းမရှိသည့်အတွက် ရိုဟင်ဂျာအမည်နှင့် ကောက်ခံခြင်း မပြုရန် သန်းခေါင်စာရင်းအား သပိတ်မှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပါတ်သက်၍ ၀န်ကြီး ဦးခင်ရီနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းအချိန်တွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ်တိုက်ဖျက်ရေး ကော်မတီ (စစ်တွေ) တို့ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် အစိုးရဘက်မှ ရိုဟင်ဂျာအမည်ကောက်ခံခြင်းမပြုပါဟု တရားဝင် ထုတ်ပြန်ချက် ပြုလုပ်လာသောကြောင့် သပိတ်ကော်မတီအနေဖြင့်လည်း ရခိုင်တိုင်းရင်းသားများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို လက်ခံရန် သပိတ်ကို ပြန်လှန်လိုက်ခြင်း ဖြစ်ကြောင်း သပိတ်ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါ်ညိုအေးက ပြောသည်။

" အန်တီတို့ သပိတ်ကော်မတီနဲ့ ၀န်ကြီး ဦးခင်ရီတို့ မနေ့က ညနေပိုင်းမှာ တွေ့ကြတယ်။ ဒီတော့ ၀န်ကြီးကပြောတယ် ရိုဟင်ဂျာအမည်ကို မကောက်ခံပါဘူး။ ဒါပေမယ့် အန်တီတို့အနေနဲ့ နုတ်နဲ့ပြောတာကို မလိုပါဘူး။ စာနဲ့ထုတ်ပြန်ပေးပါလို့ တောင်းဆိုတဲ့အတွက် သူတို့ဖက်ကလည်း ရိုဟင်ဂျာအမည်ကို လက်မခံပါလို့ စာထုတ်ပြန်လာပါတယ်။ ဒါကြောင့် အန်တီတို့ ကော်မတီကလည်း သပိတ်ကို လှန်ဖို့ ဆုံးဖြတ်ကြပါတယ်။ သန်ခေါင်စာရင်းကို ကောက်ခံသွားပါမယ်။ " ဟု ဒေါ်ညိုအေးက ဆိုသည်။

ပြည်ထောင်စုအစိုးရမှ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်များအား တာဝန်လွှဲအပ်ခံထားရသော ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီမှ ဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ကျော်ယဉ်ဦးက လက်မှတ်ရေးထိုးကာ အချက် ၃ ချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကို ရခိုင်ပြည်သူများသို့ အသိပေးထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်စာစောင်၏ အပိုဒ် (၃) တွင် " ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ အချို့သော အဖျက်သမားများမှ ရိုဟင်ဂျာ အမည်သုံးစွဲခြင်းကြောင့် တရားမ၀င်သော လူမျိုးဖြစ်သည့်အတွက် လူမျိုးအမည် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို လက်မခံပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ " ဟု ဖော်ပြထားသည်။

သို့သော် အစိုးရအနေဖြင့် နုတ်အားဖြင့်ဆိုစေကာမူ၊ စာနှင့်ထုတ်ပြန်စေကာမှု သန်းခေါင်စာရင်းကောက်ခံနေချိန်အတွင်း ရိုဟင်ဂျာအမည်ကို ကောက်ခံထားပါက သပိတ်ကို ဆက်လက်မှောက်သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ခံမှုအစီရင်ခံစာကိုလည်း ဤကော်မတီအနေဖြင့် ထုတ်ပြန်ခွင့် တောင်းဆိုမည်ဖြစ်ပြီး အကယ်၍ မပေးပါက သန်းခေါင်စာရင်းကောက်ခံသော သူများထံမှ မေးမြန်းကာ ဆက်လက်ဆောက်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်ညိုအေးက DNJ သို့ ပြောကြားသည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွင် အခြေခံလူတန်းစား တစ်ရပ်ပါဝင်စေရန် The Elders အဖွဲ့ တိုက်တွန်း

ဖနိဒါ

နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ အခြေခံ လူတန်းစားများ ၏ ပါဝင်မှု အခန်းကဏ္ဍ တစ်ရပ်ရှိရမည်ဟု အင်္ဂလန်နိုင်ငံအခြေစိုက် ကမ္ဘာ့ရပ်မိရပ်ဘများအဖွဲ့(The Elders)က မတ်လ ၂၄မှ ၂၈ရက်ထိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် ခရီးစဉ်အတွင်း ကြေငြာချက်ထုတ်ပြန်လိုက်သည်။

ဆယ်စုနှစ်ပေါင်းများစွာရှိနေသည့် အချင်းချင်း ယုံကြည်မှုကင်းမဲ့ခြင်းအား ကျော်လွှားရန်နှင့် မြန်မာနိုင်ငံ လူဦးရေအတွင်းရှိ ကွဲပြားမှု အမျိုးမျိုးနှင့် ပင်ကိုယ်စွမ်းရည်များအား ထင်ဟပ်စေရန် မြန်မာအစိုးရအနေဖြင့် လူအများပူးပေါင်းပါဝင်မှု ပိုမိုကြီးမားလာစေရေး ကြိုးပမ်းအားထုတ်ရန် ကြေငြာချက်တွင် တိုက်တွန်းထားသည်။

“ရေရှည်ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီကျပါဝင်မှုမှာလည်း လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ ပဋိပက္ခများမှာ ဒီမိုကရေစီ အားနည်းစေခြင်း၊ ရပ်တန့်စေခြင်းများ ဖြစ်ပေါ်စေလေ့ရှိသော်လည်း နိုငင့တစ်ဝှမ်း သဘောတူညီမှု ရရှိရေးအတွက် စီမံထားသည့် ဒီမိုကရေစီအဖွဲ့အစည်းများမှာမူ ပြည်တွင်းပဋိပက္ခဖြစ်ပေါ်နိုင်သည့် အားအလာ အန္တရယ်ကို လျော့ပါးစေပါသည်” ဟု The Elders မှ ဂရိုဟာလမ် ဘရန့်တလန်းက ဆိုသည်။

ရေရှည်တည်ငြိမ်မှုနှင့် ကြွယ်ဝမှုရရှိရေးအတွက် ဆောင်ရွက်မည် ဆိုပါက ပိုမိုကျယ်ပြန့်သည့် ပြောဆိုဆွေးနွေးမှုများမှာ လာမည့်နိုင်ငံရေးဆိုင်ရာ သမိုင်းမှတ်ကျောက်များဖြစ်သည့် နိုင်ငံတစ်ဝှမ်း သန်းခေါင်းစာရင်းကောက်ယူခြင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်မှုအတွက် ဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှတင့် ၂ဝ၁၅ သမ္မတ ရွေးကောက်ပွဲများအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

The Elders အဖွဲ့သည် မတ်လ ၂၄ နှင့် ၂၅ ရက်တို့တွင် သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ငြိမ်းချမ်းမှုဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းတို့နှင့် တွေ့ဆုံပြီး ဒီမိုကရေစီကျ ပြုပြင်ပြောင်းလဲမှု၊ သန်းခေါင်စာရင်းကောက်ခံမှုနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အခက်အခဲများ၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု ကြေငြာချက်တွင် ရေးသားထားသည်။

မီဇီုရမ်တွင် ချင်းအမျိုးသမီးတဦးထံ ဘိန်းဖြူဖမ်းဆီးမိ


ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံသား ချင်းအမျိုးသမီးတဦးထံမှ ဘိန်းဖြူ ၄၆ ဂရမ်ကို ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။

မီဇိုရမ်ပြည်နယ် Excise & Narcotics မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံမှ သယ် ဆောင်လာသော အဆိုပါဘိန်းဖြူများကို အိုင်ဇောလ်မြို့တွင်းတနေရာတွင် လက်လီရောင်းချမှုပြုလုပ်နေ သည့်အချိန်၌ ပိုင်ရှင်ဟု ယူဆရသော အမျိုးသမီး နှင့် အတူ ဖမ်းဆီး ရမိခဲ့ကြခြင်းဖြစ်သည်။

အဖမ်းခံရသည့်အမျိုးသမီးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ခမ်းပတ်မြို့ အမှတ်(၂) စီရပ်ကွက်တွင် နေထိုင်သူ မ Singneihpari (၃၅) ဖြစ်သည်ဟု သိရပြီး သူမကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် အမှုတိုင်ချက်ဖွင့်ထားပြီး နောက် အိုင်ဇောလ်မြို့ ဗဟို အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြသည်ဟု မီဇိုရမ်အာဏာပိုင်များကပြောဆိုသည်။

အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်တွင်တည်ရှိသော မီဇိုရမ်ပြည်နယ်သည် တရားမ၀င် မူးယစ်မှောင်ခိုများ၏ မှောင်ခိုလမ်းကြောင်းအဖြစ် အဓိကအသုံးပြုသည့် ပြည်နယ်ဖြစ်ပြီး ဒေသတွင်းအာဏာပိုင်များက စိတ်ကြွဆေးပြား၊ ဘိန်းဖြူ၊ လက်နက် စသည်တို့ကို မကြာခဏ ဖမ်းဆီးရမိလေ့ရှိသည်။

သပိတ်မှောက်မှုရှိနေသော်လည်း စစ်တွေရှိ ဘင်္ဂါလီရွာအချို့ သန်းခေါင်စာရင်းထည့်ရန် ပြင်ဆင်

မြတ်ကျော်သူ

မြန်မာတစ်နိုင်ငံလုံး မတ်လ ၃ဝ ရက်(ယနေ့) စကောက်မည်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူမှုကို ရခိုင်မြို့ကြီးများက သပိတ်မှောက်မှုများရှိနေခဲ့ပြီး တစ်ဖက်တွင်လည်း စစ်တွေမြို့နယ်ရှိ ဘဂါလီကျေရွာအချို့နှင့် ဘင်္ဂါလီဒုက္ခသည် စခန်းအချို့တွင် သန်းခေါင်စာရင်းကောက်ယူမှုကို စောင့်ဆိုင်းနေကြသည်။

ဘင်္ဂါလီကျေးရွာတစ်ခုဖြစ်သည့် ဘုမေကျေးရွာမှ အသက်သုံးဆယ်ခန့်ရှိဒေသခံတစ်ဦးက “ကျွန်တော်တို့ကတော့ သန်းခေါင်စာရင်း လာကောက်ရင် ရိုဟင်ဂျာလို့ ထည့်မှာပဲ” ဟုဆိုသည်။

အဆိုပါ ဘုမေကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူရာတွင် ကူညီရန်ပြောထားသည်ဟုဆိုကာ ဘင်္ဂါလီစကားပြန်အချို့နှင့် ဘင်္ဂါလီခေါင်းဆောင်အချို့သည် သန်းခေါင်စာရင်းအဖွဲ့မှ ပေးထားသည့် အင်္ကျီများဝတ်ဆင်ကာ စောင့်ဆိုင်းနေကြသည်။

စစ်တွေအနီးပတ်ဝန်းကျင်ရှိ ဘင်္ဂါလီကျေးရွာများနှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် နံနက် ၇ နာရီတွင် သန်းခေါင်စာရင်းကောက် မည်ဟုဆိုကာ စောင့်ဆိုင်းနေကြသော်လည်း ထိုနေရာသို့ ရောက်ရှိနေသည့် မဇ္ဈိမအယ်ဒီတာ နောက်ဆုံးသတင်းပေးပို့ချိန် (နံနက် ၁ဝနာရီ ၃ဝမိနစ်) ထိ ကောက်ယူခြင်းမရှိသေးပေ။

သန်းခေါင်စာရင်းကောက်ယူမှုကို သပိတ်မှောက်နေခြင်းများနှင့် ပတ်သက်၍ ဝန်ကြီးဦးခင်ရီက မတ်လ ၂၉ရက်တွင် ရခိုင်ရပ်မိရပ်ဖများနှင့် ဆွေးနွေးခဲ့သော်လည်း ညှိနှိုင်းမှု အထမမြောက်ခဲ့ပေ။

စစ်တပ်သိမ်း ယာမြေဧက ၁၀၀၀ အား အင်တော ဒေသခံများ ပြန်တောင်း

သျှမ်းသံတော်ဆင့်

စစ်တပ်မှ သိမ်းဆည်းထားသော မိမိတို့ယာမြေများတွင် စိုက်ပျိုး လုပ်ကိုင် ခွင့်ပြန်ပေးရန် အင်တော ဒေသခံ လယ်သမား များက တောင်းခံ နေကြောင်း ဒေသတွင်း သတင်းရပ်ကွက် က ဆိုပါသည်။

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲနေ ဒေသခံလယ်သမားများက လွန်ခဲ့သော ၄-၅ နှစ်ကတည်း က စစ်တပ်မှသိမ်းထား၍ စိုက်ပျိုးခွင့်မပေးသော ၎င်းတို့ ယာမြေများတွင်ပြန်လည် စိုက်ပျိုးလိုကြခြင်းဖြစ်သည်ဟု ဆိုပါသည်။

အင်တောမြို့နယ်ခွဲရှိ ယာမြေ ဧက ၁၀၀၀ ခန့်ကို မြန်မာအစိုးရ၏ အမှတ် ၃၅၃ အမြောက်တပ်ရင်း က ၂၀၀၉ ခုနှစ် ကတည်းက သိမ်းဆည်းထားခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

အသက် ၃၀ အရွယ် မြို့ခံအမျိုးသားတဦးက “ ၂၀၀၉ တုန်းက စသိမ်းတာ။ ဒါမယ့်အဲ့ချိန်တုန်းကကိုယ့်မြေတွေ အသိမ်းခံရမှန်း လယ်သမားတွေမသိသေးဘူး။ ၂၀၁၀ လည်း အဲဒီယာမြေတွေမှာ သွားပြီးစိုက်စားနေကြသေးတယ် ။ ၂၀၁၁ ရောက်တော့ စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့ တဧက ကျပ် ၅၀၀၀ စစ်တပ်က ပိုင်ရှင်တွေဆီက အခွန်တောင်းတယ်။ ၂၀၁၂ ရောက်မှ အမှတ် ၃၅၃ အမြောက်တပ်ရင်း ရာဘာစိုက်ခင်းဆိုတဲ့ဆိုင်းဘုတ်တပ်ပြီး စည်းရိုးတွေဘာတွေကာထားမှ ကိုယ့်ယာမြေ စစ်တပ်သိမ်း ယူလိုက်ပြီ ဆိုတာ သိလိုက်တာ။ ၂၀၁၃ ရောက်တော့ အခွန်လဲပေးမဆောင်တော့ဘူး စိုက်လဲပေးမစိုက်တော့ဘူး ” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

မိမိလယ်ယာမြေ၌ စိုက်ပျိုးလုပ်ကိုင်စားသောက်၍ မရတော့သည့်အချိန်မှစ၍ အင်တောဒေသခံတချို့ ထိုင်းနိုင်ငံ သို့သွား ရောက်အလုပ်လုပ်ကိုင်ကြသကဲ့သို့ တချို့မှာ တခြားမြို့ရွာဒေသသို့ အလုပ်ရှာရန် ထွက်သွား ကြကြောင်း ဆိုပါသည်။

အင်တောဒေသခံများ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ၂၀၁၃ ခုနှောင်းပိုင်းက ပြည်နယ်အာဏာပိုင်များထံ တင်ပြ တောင်းဆိုခဲ့ရာ ရပ်စောက်မှ စ သုံးလုံး အဖွဲ့က ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း၊ လယ်ယာမြေများအား ပြန်လည် ဝေငှ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အဆိုပါလယ်များမှာ ယနေ့တိုင်စည်းရိုးခတ်၊ ဆိုင်းဘုတ်ထောင်ထားလျှက်ရှိကြောင်း၊ ဒေသ ခံများလယ်ယာပြန်လည်လုပ်ကိုင်စားသောက်ခြင်းမပြုနိုင်သေးကြောင်း အဆိုပါအမျိုးသားက ပြောပြသည်။

တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် အတွင်းရှိ အင်တောမြို့နယ်ခွဲသည် ရပ်စောက်မြို့နှင့် မိုင် ၂၀ အကွာတွင် တည်ရှိပါ သည်။ ရပ်စောက်မြို့နယ်သည် တောင်ကြီးမြို့မှ ၃၈ မိုင်ကွာဝေးပါသည်။ အင်တောမြို့နယ်ခွဲတွင် သျှမ်းလူမျိုးအများဆုံး နေထိုင်ပြီး ဓနု၊ ပအိုဝ်း၊ ဗမာတို့နှင့်ရောနှောနေထိုင်ပါသည်။

အင်တောမြို့နယ်ခွဲသို့ ၂၀၀၃ ခုနှစ်က ခမရ ၃၅၃ (အမြောက်ကြီးတပ်) က လာရောက်အခြေစိုက်ခဲ့ပါသည်။

လယ်ယာမြေအသိမ်းခံရခြင်းနှင့်ပတ်သက်၍ ၂၀၁၃ နှောင်းပိုင်းက သမ္မတကြီးဦးသိန်းစိန်က တပ်ရင်း တပ်မ တိုင်းအား သိမ်းထားသည့်လယ်မြေများ အသုံးမပြုပါက ပိုင်ရှင်ထံပြန်ပေးရန် ညွှန်ကြားထားခဲ့ဖူးသည်။ အလားတူ နိုင်ငံရေးပါတီများ လွှတ်တော်ကိုယ်စားလှယ်များကလည်း အဆိုပါအသိမ်းခံရလယ်ယာမြေများအား ရဲရဲဝံ့ဝံ့ပြန်လည်တောင်းဆိုရန် လည်း တိုက်တွန်းပြောဆိုခဲ့ဖူးပါသည်။

သန်းခေါင်စာရင်းကောက်ရာတွင် လူမျိုးအမည် လွတ်လပ်စွာပြောဆိုခွင့်ပြုရန် UKသံရုံးထုတ်ပြန်

မဇ္ဈိမ

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ မတ်လ ၂၉ရက် ည ၁ဝနာရီခန့်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးက အရေးပေါ် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် သန်းခေါင်စာရင်းပုံစံတွင် အချက်အလက်ဖြည့်သွင်းဖြေကြားသူအားလုံးကို မိမိလူမျိုးအား လွတ်လပ်စွာဖော်ပြခွင့်ပေးဖို့ အပါအဝင် နိုင်ငံတကာ စံနှုန်းနှင့်အညီ သန်းခေါင်စာရင်းကောက်ယူရန် အစိုးရက ကတိကဝတ်ပြုထားသည်ဟု ပါရှိသည်။

“ဒါပေမဲ့ လတ်တလော သတင်းတွေအရ၊ အဲဒီကတိကဝတ်ကို အစိုးရက ဖြည့်ဆည်းချင်မှ ဖြည့်ဆည်းနိုင်မှာလို့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ဒီ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုမှာ လူတိုင်း ခြိမ်းခြောက်မခံရဘဲ လွတ်လွတ်လပ်လပ် ပါဝင်နိုင်မယ့် အခြေအနေတွေကို အစိုးရက ဖန်တီးပေးဖို့ အရေးကြီးပါတယ်”ဟု ရေးသားထားသည်။

ထို့အပြင် ဗြိတိန်သံရုံးအနေဖြင့်လည်း ရခိုင်ပြည်နယ်အရေးကို စိုးရိမ်သည်ဟု ဆိုထားသည်။

လက်ရှိ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် သန်းခေါင်စာရင်းကောက်ယူမှုကို သပိတ်မှောက်ထားသည်။ ထို့အပြင် သန်းခေါင် စာရင်း ကောက်ယူရာ၌ ရိုဟင်ဂျာဟူသော အမည်ကို ထည့်သွင်းခြင်း မပြုဟုတရားဝင်စာထုတ်ပေးရန် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီကို တောင်းဆိုရာ လက်ခံသော်လည်း တရားဝင်စာထုတ်မပေးသဖြင့် ဆက်လက် သပိတ်မှောက်မည်ဟု ရခိုင်သန်းကောင်စာရင်း သပိတ်မှောက်ရေး ကော်မတီက ဦးဆောင်သူက ပြောသည်။

ရခိုင်မှာ သန်းခေါင်စာရင်း စတင်ကောက်ခံ

ABC

မြန်မာနိုင်ငံမှာ ​မနေ့က ​စတင်ကောက်ယူတဲ့ ​သန်းခေါင်စာရင်းအတွင်း ​ရိုဟင်ဂျာဆိုတဲ့ ​နာမည်ကို ​ထည့်သွင်းခွင့်မပြုဘူးလို့ ​မြန်မာအစိုးရက ​ပြောဆိုပြီးနောက် ​ရခိုင်တိုင်းရင်းသားတွေ ​သပိတ်မှောက်ခဲ့ကြရာကနေ ​သပိတ်လှန်လိုက်ပြီ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​နှစ်ပေါင်း ​၃၁ ​နှစ်အတွင်း ​ပထမဆုံးအကြိမ် ​သန်းခေါင် ​စာရင်း ​ကောက်ယူ ​တာဖြစ်ပြီး ​သန်းခေါင် ​စာရင်း ​အမူထမ်း ​တစ်သိန်းဟာ ​မနေ့ကစပြီး ​သန်းခေါင် ​စာရင်းတွေ ​ကောက်ယူနေပြီ ​ဖြစ်ပါတယ်။

သန်းခေါင် ​စာရင်း ​aကာက်ယူ ​မှုကို ​ဧပြီလ ​၁၀ ​ရက်နေ့မှာ ​အဆုံး ​သတ်မှာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ရိုဟင်ဂျာလူမျိုးဆိုတာ ​မရှိတဲ့ ​အတွက် ​ရိုဟင်ဂျာ ​aတွအတွက် ​သီးသန့် ​ကုတ်နံပါတ် ​မထားပေးဘူးလို့ ​လူဝင်မှု ​ကြီးကြပ်ရေး ​ဝန်ကြီး ​ဦးခင်ရီက ​ကျိုဒိုး ​သတင်းဌာနကို ​ပြောသွား ​ခဲ့ပါတယ်။

ကုတ်နံပါတ် ​မရှိတဲ့ ​လူမျိုးစုတွေ ​အနေနဲ့ ​အခြား ​ဆိုတဲ့နေရာမှာ ​မိမိလူမျိုးကို ​ဖော်ပြခွင့် ​ရှိပေမယ့် ​ရိုဟင်ဂျာတွေ ​ကိုတော့ ​ထည့်သွင်းခွင့် ​မပြုထားပါဘူး။

ကချင်ပြည်နယ်နဲ့ ​ဝဒေသ ​တချို့တွေ ​မှာလည်း ​သန်းခေါင် ​စာရင်းက ​ရလာတဲ့ ​အချက် ​အလက်ကို ​နိုင်ငံရေး ​အတွက် ​အသုံးချမှာကို ​စိုးရိမ် ​တဲ့အတွက် ​သန်းခေါင် ​စာရင်း ​အမှုထမ်းတွေကို ​ကောက်ခွင့်ပေးမှာ ​မဟုတ်ဘူးလို့ ​သိရပါတယ်။

၁၉၈၃ ​ခုနှစ်က ​ကောက်ခံခဲ့တဲ့ ​သန်းခေါင်စာရင်းအရ ​မြန်မာနိုင်ငံမှာ ​လူဦးရေ ​၃၉.၃ ​သန်းရှိခဲ့ပြီး ​ခုလောလောဆယ် ​မြန်မာအစိုးရရဲ့ ​ခန့်မှန်းချက်အရ ​လူဦးရေ ​၆၁.၅၇ ​သန်းရှိမယ်လို့ ​ဆိုပါတယ်။

အခုကောက်ခံတဲ့ ​သန်းခေါင်စာရင်းရဲ့ ​ရလဒ်ကို ​လာမယ့်နှစ်ဦးပိုင်းမှာ ​ထုတ်ပြန်ဖို့ရှိကြောင်းလည်း ​သိရပါတယ်။

သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားသင့်ကြောင်း HRW တိုက်တွန်း

မဇ္ဈိမ

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီပေးရေး ဝန်ထမ်းများအပေါ် တိုက်ခိုက်ခြင်းများနှင့် အုပ်စုလိုက်ပဋိပက္ခများ မဖြစ်ပွားအောင် ကာကွယ်သည့်အနေဖြင့် မြန်မာအစိုးရသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားသင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်မှု (HRW) က မတ်လ ၂၉ရက်တွင် တိုက်တွန်းလိုက်သည်။

မူစလင်အသိုင်းအဝိုင်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လူသားချင်းစာနာမှု အကူအညီပေးရေး ဝန်ထမ်းများအတွက် အန္တရာယ် ရှိနေကြောင်းလည်း HRWက ဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံတကာ အကူအညီပေးရေးအန်ဂျီအိုအဖွဲ့ Malteser Internationalမှ ဝန်ထမ်းအမျိုးသမီးက သာသနာ့ အလံကို ဘောင်းဘီအိတ်ထဲထည့်သည်ဟုဆိုကာ မတ်လ ၂၆ ရက်နှင့် ၂၇ရက်တို့တွင် အန်ဂျီအို ရုံးခန်းများ နှင့် နေအိမ်များ အပါအဝင် ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာ ၁၄ ခု ပျက်စီးသွားခဲ့ကို HRWက ထည့်သွင်းရေးသားထားသည်။

မတ်လ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့မှ နိုင်ငံတကာ ဝန်ထမ်း ၃၂ ဦး နှင့် မြန်မာဝန်ထမ်း ၃၉ ဦးတို့ကို အဖွဲ့အစည်းများက၊ ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟုလည်း HRW က ဖော်ပြထားသည်။

“ဒီလို မတည်မငြိမ် အခြေအနေတစ်ရပ်မှာ သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကို ဆက်ပြီး လုပ်မယ်ဆိုရင် အန္တရာယ်တွေ ရှိနိုင်တာကို ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ လူစုလူဝေးနဲ့ တိုက်ခိုက်မှုက ဖော်ပြနေပါတယ်။ လုံခြုံရေး အပြည့်အဝ တာဝန်ယူနိုင်ပြီးတော့၊ ပါဝင်ပတ်သက်သူတွေ အားလုံးအတွက် မျှတမယ့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာနိုင်မယ့် အချိန်အခါမျိုးအထိ အစိုးရအနေနဲ့ သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားသင့်ပါတယ်” ဟု HRW ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဘရက်အက်ဒမ် (Brad Adams) က ဆိုသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၉ ရက်နေ့မှ စတင်၍ ဧပြီလ ၁ဝ ရက်နေ့ အထိ သန်းခေါင်စာရင်း ကောက်ခံသွားမည်ဖြစ်သည်။ သို့သော် မတ်လ ၂၉ရက် အထိ ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို သပိတ်မှောက်မှုများ ရှိနေသည်။

ထို့အပြင် သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟူသည့် အမည်ကို မကောက်ရန် တရားဝင်စာထုတ်ပြန်ပေးရန် ရခိုင်အဖွဲ့အစည်းများက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို တောင်းဆိုရာ ဦးခင်ရီက လက်ခံသော်လည်း စာထုတ်ပြန်ပေးခြင်း မရှိသဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ဆက်လက် သပိတ်မှောက်သွားမည်ဟု ရခိုင်ပြည်နယ် သန်းခေါင်စာရင်းသပိတ်မှောက် ကော်မတီမှ ဦးဆောင်သူက မဇ္ဈိမကိုပြောသည်။

ရခိုင်မှ သန်းခေါင်စာရင်း သပိတ်လှန်ပြီ

နိရဉ္စရာ

သန်းခေါင်စာရင်း သပိတ်တိုက်ပွဲကို ယခုအခါ သပိတ်လှန်လိုက်ပြီ ဖြစ်ကြောင်း၊ ရခိုင်တမျိုးသားလုံး သန်းခေါင်စာရင်း အကောက်ခံကြပါရန် မေတ္တာရပ်ခံကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂလီ သန်းခေါင်စာရင်းနာမည်လိမ် တိုက်ဖျက်ရေးကော်မတီ(စစ်တွေ)မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးသန်းထွန်းက နိရဉ္စရာသို့ ပြောသည်။

ယနေ့နံနက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရကိုယ်စား ပေးပို့သော စာတွင် ရိုဟင်ဂျာဆိုသော နာမည်လိမ်ကို ထည့်သွင်း အသုံးပြုခွင့် ပြုမည် မဟုတ်ကြောင်း စာရေးသား ပေးပို့လာပြီးနောက်ပိုင်းတွင် မိမိတို့ လိုလားသောတောင်းဆိုချက်များကို ရရှိသဖြင့် သပိတ်တိုက်ပွဲကို လှန်လိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ ဒီနေ့ မနက် ၁၀ နာရီ ၄၀ မိနစ်လောက်က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ကျနော်တို့ဆီကို ရခိုင်ပြည်သူများသို့ အသိပေး တင်ပြချက်ဆိုတဲ့ စာတစ်စောင်ပေးလာပါတယ်ခင်ဗျား။ အဲဒီမှာ ဆူပူ အကြမ်းဖက်လိုသူ အဖျက်အမှောင့် လုပ်ငန်း ဆောင်ရွက်သူ အုပ်စု အချို့မှ နိုင်ငံတော် အစိုးရက လက်မခံနိုင်သော လူမျိုးအမည်ဖြစ်တဲ့ ရိုဟင်ဂျာအသုံးအနုန်းကို သုံးစွဲရန် လုပ်ဆောင်လာကြပါတယ်တဲ့။ အဲဒီတော့ တရားမ၀င်တဲ့ နာမည်ဖြစ်တဲ့ ရိုဟင်ဂျာဆိုသောနာမည်ကို လုံးဝ လက်မခံနိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်ဟု ပါရှိလာပါတယ်။”


၎င်းစာအား ပြည်ထောင်စု အစိုးရမှ ရခိုင် ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်သို့ တာဝန်လွှဲအပ်ချက်အရ ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ယဉ်ဦးမှ ဥက္ကဌကိုယ်စား လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

“ အဲဒီ ထုတ်ပြန်တဲ့ စာထဲမှာ နံပတ် (၁) မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ မရှိပါဘူးဆိုတဲ့ အချက် ပေါ်လွှင်ပါတယ်။ နံပတ် (၂) က ရခိုင်ပြည်နယ်တွင် အဖျက်အမှောင့်လုပ်လိုသူ အုပ်စု အချို့မှ နိုင်ငံတော် အစိုးရက လက်မခံထားသော လူမျိုးအမည် ဖြစ်သည့် ရိုဟင်ဂျာဟူသော အသုံးအနုန်းကို သုံးစွဲရန် လုပ်ဆောင်နေပါသည် ဆိုတဲ့ စာသားပါလာတယ်။ နံပတ် (၃) က ပြည်ထောင်စု အစိုးရကဆင့် ပေးပို့လာတာ ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ အဲဒီစာကို လက်ခံပြီးတော့ သပိတ်မှောက်ခြင်း လုပ်ငန်းကို ရပ်တန့်လိုက်တာ ဖြစ်ပါတယ်” ဟု ဦးသန်းထွန်းက ပြောသည်။

သို့အတွက် ယနေ့မှ စပြီး ရခိုင်အမျိုးသားများ အနေဖြင့် သန်းခေါင်စာရင်း အကောက်ခံကြပါလိမ့်မည်ဟု သူက ပြောဆိုသွားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် အစိုးရ ဌာနဆိုင်ရာများ အားနည်းမှု ရှိဟုဦးရဲထွဋ် ဝန်ခံ

နန်းလွင်နှင်းပွင့်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ သာသနာ့အလံဖြုတ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုတွင် ကိုင်တွယ်ထိန်းချုပ်ရန် တာဝန်ရှိသည့် အစိုးရဌာနဆိုင်ရာများ အားနည်ချက်များ ရှိခဲ့ပြီး ချိတ်ဆက်လုပ်ဆောင်မှု အားနည်းခဲ့သည် ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၌ မဇ္ဈိမကို ပြောသည်။

“ပြင်ဆင်မှုလုပ်တာ အားနည်းချက်ရှိတယ်လို့ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရ အနေနဲ့မြင်တယ်၊ စစ်တွေမြို့မှာ ရဲအင်အား တစ်ထောင်ကျော်လောက်ရှိတယ်၊ ကားတွေပို့ထားတယ်၊ ကားတွေနဲ့ တပ်ဖြန်ကတဲ့အခါ အချိန်မှီမဆောင်ရွက်နိုင်ဘူး၊ ပြည်နယ် အစိုးရမှာ တာဝန်ရှိတယ်"ဟု ပြောသည်။

ကားများ အချိန်မှီမသွားနိုင်ခြင်းမှာ စက်သုံးဆီ လုံလောက်မှု မရှိ၍ဟု ရဲတပ်ဖွဲ့ကဆိုသော်လည်း အစိုးရ အနေနှင့် ရဲတပ်ဖွဲ့ သွားလာလှုပ်ရှားနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနတွင် စက်သုံးဆီများ ဂါလံသိန်းဂဏန်းခန့် ပေးထားပြီး ထိုသို့ဖြစ်ရသည်မှာ ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်မှု အားနည်းချက် ရှိခြင်းကြောင့် ဖြစ်သည်ဟု ဦးရဲထွဋ်က ထောက်ပြေပြောဆိုသည်။

ရခိုင်ပြည်နယ် ရှေ့နေချုပ်တစ်ဦးလည်းဖြစ် ဒုချီးရားတန်းစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်သူ ဦးဦးသာပွင့်ကလည်း စစ်တွေမြို့တွင် မတ်လ ၂၆ရက်နှင့် ၂၇ရက်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အချိန်မှီ တားမြစ်နိုင်
ခြင်း မရှိသဖြင့် အဆောက်အအုံများ ပျက်စီးခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည်ဟု မဇ္ဈိမကို မတ်လ ၂၈ရက်က ပြောထားသည်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် အရေးယူမှု နောက်ဆက်တွဲနှင့် ပတ်သက်၍ ဦးရဲထွဋ်က “အခုတော့ဘယ်သူ့ကိုမှ အရေးယူထားတာ မရှိဘူး၊ သမ္မတဖွဲ့ပေးလိုက်တဲ့ ကော်မရှင်ကတော့ ဆက်ဆောင်ရွက် သွားလိမ့်မယ်၊ ဖြစ်ပွားခဲ့ရာမှာကျူးလွန်သူတွေကို မှတ်တမ်းတင်ထားတာ ရှိတယ်၊ အဲ့ဒါက နောက်တော့ ဆက်အရေးယူသွားလိမ့်မယ်”ဟု ပြောသည်။

မှတ်တမ်းတင်ထားသူများတွင် အဆောက်အဦးများအား လာရောက်ဖျက်ဆီးမှု ပြုလုပ်သူများမှာ စစ်တွေမြို့ပေါ်မှ မဟုတ်ဟု သတင်းရရှိထားသည်ဟုလည်း ဦးရဲထွဋ်က ဆိုသည်။

အစိုးရအနေနှင့် ရုန်းရင်းဆန်ခတ်မှုတွင် ကျူးလွန်ခဲ့သူများကို အရေးမယူသေးခြင်းသည် ပြည်နယ်တည်ငြိမ်ရေး ပြဿနာ ထပ်မဖြစ်ရေးအတွက် ဦးစားပေးဆောင်ရွက်နေရခြင်းကြောင့်ဟု သူက ဆိုသည်။

ထို့အပြင် အန်ဂျီအိုများနှင့် ပတ်သက်၍လည်း ပြဿနာဖြစ်လွယ်သည့် အခြေအနေမျိုးတွင် ရှိနေသည့် နေရာသို့ လာရောက် အကူအညီလာပေး လုပ်ကိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် ဒေသ၏ ဓလေ့ထုံစံ ယဉ်ကျေးမှုများကို သိထားရန်လိုအပ်သည်ဟု ဦးရဲထွဋ်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အန်ဂျီအိုအဖွဲ့အစည်းများတွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့ တစ်ဖွဲ့ကိုသာ အလုပ်ဆက်မလုပ်ရန် တားမြစ်ခဲ့ပြီး ကျန်အဖွဲ့အစည်းများမှ ဝန်ထမ်းများအား Royal Sittwe Hotel နှင့် ရဲတပ်ဖွဲ့ ရိပ်သာတွင် လုံခြုံရေးဖြင့် နေထိုင်ရန် စီစဉ်ပေးထားသည်ဟု ဆိုသည်။

တပ်မတော်သည်သာ အမိအဖမှ ပြည်သူသည်သာ အမိအဖဆီသို့

ဧရာဝတီ

လွန်ခဲ့သည့် ဖေဖော်ဝါရီလ အတွင်း အင်ဒိုနီးရှား နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သော လက်ရှိ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျာကာတာ မြို့ရှိ မြန်မာ သံအမတ်ကြီး နေအိမ်တွင် ပြောကြားခဲ့သော မိန့်ခွန်း၌ တပ်မတော်သည် ပြည်သူလူထု အတွင်းမှ ပေါက်ဖွား လာသူများ ဖြစ်၍ တိုင်းပြည်နှင့် ပတ်သက် လာလျှင်”ပြည်သူသာ အမိ၊ ပြည်သူသာ အဖ”ဆိုသည်မှာ အစစ်အမှန်ပင် ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။ ယင်းသည် ၁၉၈၈ အာဏာ သိမ်းအပြီး ကျင့်သုံးခဲ့ သော တပ်မတော် သည်သာ အမိ၊ တပ်မတော် သည်သာ အဖ မူဝါဒမှ စတင် ပြောင်းလဲသော အရွေ့လောဟု စူးစမ်းစရာဖြစ်သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တပ်မတော် ကြည်း၊ လေ၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ရာတွင် တက်ရောက် အမှာစကားပြောကြားရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့ တပ်မတော်အား နိုင်ငံတကာ စံချိန်စံညွှန်း နှင့်ညီသည့် Standard Army အဖြစ် တည်ဆောက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ရာ ယခင် စစ်အစိုးရလက်ထက် တလျှောက် ကလေးစစ်သား သုံးစွဲမှု၊ အမျိုးသမီးများကို အဓမ္မစော်ကားမှု၊ ပေါ်တာဆွဲ၊ အရပ်သားများကို နှိပ်စက်မှုများနှင့် နာမည်ဆိုးဖြင့် ဆယ်စုနှစ်ချီ ကျော်ကြားခဲ့သော မြန်မာ့တပ်မတော်အား မည်သို့ ပြန်လည် တည်ဆောက်မည်ကို မြန်မာပြည်သူလူထုက သိရှိလိုကြမည်ဖြစ်သည်။

ယနေ့အချိန်ကား မြန်မာ့တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် ထို့ထက်ပို၍ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်မည့် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ရန် အချိန်ကျနေပြီဖြစ်သည်။ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ရေရှည်ဖြေရှင်းရမည်မှာ တပ်မတော်၏ အခန်းကဏ္ဍပင်ဖြစ်သည်။

လွှတ်တော်များတွင် ကိုယ်စားလှယ် လေးပုံတပုံကို ယူထားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အမိန့်အာဏာ ရှိနေခြင်း၊ အုပ်ချုပ်ရေးရာထူး နေရာကြီးများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို စစ်ဘက်အရာရှိဟောင်းများ ချုပ်ကိုင်ထားခြင်း၊ တိုင်းပြည်၏ အဓိက စီးပွားရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ရှိနေသေးသော်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုမရှိခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု တသီတတန်းအတွက် တာဝန်မခံနိုင်သေးခြင်းနှင့် အသွင်ကူးပြောင်းမှုကာလ တရားမျှတမှုကို မဖန်တီးပေးနိုင်သေးခြင်းများမှာ ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် လေးဖင့်နေစေသော နောက်ပြန်ဆွဲ အကြောင်းအချက်များ ဖြစ်သည်။

ထို့ပြင် တိုင်းပြည်ဘတ်ဂျက် အများဆုံး သုံးစွဲနေသော်ငြား တပ်အင်အား သုံးသိန်းခွဲကို လူလုံးထွက်အောင် မထောက်ပံ့ပေးနိုင်သောကြောင့် တိုင်းရင်းသားဒေသများတွင် ‘ကိုယ့်ရိက္ခာ ကိုယ်ဖူလုံရေး’ အတွက် ရှာဖွေရပ်တည်နေရကာ နယ်မြေခံများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေခြင်းနှင့် မူးယစ်ဆေးဝါးကဲ့သို့ တရားမဝင် အလုပ်များတွင် ပတ်သက် ဆက်စပ်လာသည်အထိ ဖြစ်လာစေခဲ့သည်ကို ပြောင်းလဲ ပစ်ရန်မှာလည်း အရေးပေါ်လိုအပ်ချက်ဖြစ်သည်။ တပ်မတော်အတွင်း လူမျိုးဘာသာ ခွဲခြားဆက်ဆံမှုကလည်း လူနည်းစု တိုင်းရင်းသားများ အကြား သံသယကို ပိုကြီးထွားစေရန်သာ ဖြစ်နေစေသည်။

ဒီမိုကရေစီနှင့် တံခါးဖွင့်ဈေးကွက်စီးပွားရေးစနစ်ကို ကာကွယ်စောင့်ရှောက်သော ခေတ်မီတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းရန်မှာ လက်ရှိ တပ်မတော်ခေါင်းဆောင်များ၏ ပခုံးပေါ်သို့ ကျရောက်နေ သည့် ကြီးမားသော သမိုင်း၏ တာဝန်ပင်။ လူ့အခွင့်အရေးကို လေးစားခြင်း၊ အရပ်သားအစိုးရက စစ်တပ်အား ကြီးကြပ်မှုကို လက်ခံခြင်းနှင့် လုပ်ငန်းပွင့်လင်းမြင်သာမှု ရှိခြင်းတို့ဖြင့်သာ မြန်မာ ပြည်သူများနှင့် နိုင်ငံတကာမိသားစုအကြား မြန်မာ့တပ်မတော်၏ တရားဝင်မှုကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ယခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် ၆၉ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တင်ပြဆွေးနွေးအပ်ပါသည်။

ဝန်ကြီးဦးခင်ရီနှင့် ရခိုင်ရပ်မိရပ်ဖများ သန်းခေါင်စာရင်းကိစ္စ ဆွေးနွေးညှိနှိုင်းမှု အထမမြောက်

မြတ်ကျော်သူ

ရခိုင်ပြည်နယ်မြို့ကြီးများတွင် သန်းခေါင်စာရင်း သပိတ်မှောက်မှု ဆက်လက်ပြုလုပ်မည်

သန်းခေါင်စာရင်းကောက်ယူမှုကို သပိတ်မှောက်နေခြင်းများနှင့် ပတ်သက်၍ ဝန်ကြီးဦးခင်ရီက မတ်လ ၂၉ရက်တွင် ရခိုင်ရပ်မိရပ်ဖများနှင့် ဆွေးနွေးခဲ့သော်လည်း ညှိနှိုင်းမှု အထမမြောက်ခဲ့သည့်အတွက် ရခိုင်မြို့ကြီးများတွင် သပိတ်မှောက်ခြင်းများ ဆက်လက်ပြုလုပ်သွားတော့မည် ဖြစ်သည်။

နံနက် ၆နာရီမှ ည၆နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် စစ်တွေမြို့သို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီသည် မတ်လ ၂၉ရက် ညနေ၅နာရီကျော် အချိန်တွင် ရောက်ရှိခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ သန်းခေါင်စာရင်း သပိတ်မှောက်ကော်မတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။

စစ်တွေရပ်မိရပ်ဖများ တောင်းဆိုချက်မှာ သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟူသည့် အမည်မထည့်သွင်းရေးကို အစိုးရအနေနှင့် တရားဝင်ထုတ်ပေးစေလိုခြင်း ဖြစ်သည်။

ပြည်နယ်သန်းခေါင်စာရင်း ကောက်ယူမှုကော်မတီအနေနှင့် ရိုဟင်ဂျာဟူသည့် အမည် မထည့်သွင်းရေးကို တရားဝင်စာထုတ်ပြန်ပေးရန် လက်ခံခဲ့သော်လည်း ရခိုင်ရပ်မိရပ်ဖများ နှင့် သန်းခေါင်စာရင်း သပိတ်မှောက်ကော်မတီက အစိုးရက တရားဝင် ထုတ်ပြန်ပေးခြင်းကိုသာ လိုလားကြသည်။

အချိန် တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသော်လည်း အစိုးရအနေနှင့် ညှိနှိုင်းစရာများ ရှိသည်ဟုဆိုကာ တရားဝင် စာမထုတ်ပြန်ပေးသေးသည့်အတွက် သန်းခေါင်စာရင်းသပိတ်မှောက် ကော်မတီအနေနှင့် ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု အဆိုပါကော်မတီမှ ဦးဆောင်သူ ဦးကျော်ဇောမင်းက မဇ္ဈိမကိုပြောသည်။

၂၄ရက်နေ့က သန်းခေါင်စာရင်းကို သပိတ်မှောက်ရန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အခြားမြို့နယ်များတွင် စာရွက်များ ဖြန့်ဝေခဲ့ပြီး ၂၆ရက်နေ့တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို သပိတ်မှောက် ခဲ့ကြသည်။

ထို့နောက် ၂၉ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ဆွေးနွေးညှိနှိုင်းရန် လာရောက်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေး ညှိနှိုင်းပွဲတွင် စစ်တွေမှ ဦးဆောင်သံဃာတော် ၂ဝကျော် နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါက်တာအေးမောင်နှင့် ဒေါ်ခင်စောဝေ အပါအဝင် ရခိုင်ပြည်နယ်မှ ဝန်ကြီးအချို့ တက်ရောက်ခဲ့သည်။

သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ မထည့်ဖို့ အစိုးရ လိုက်လျော

ရွှေအောင်

သန်းခေါင်စာရင်းကောက်တဲ့အခါ ရိုဟင်ဂျာလူမျိုးဆိုတာ မထည့်ဖို့ အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ စစ်တွေမြို့မှာ သန်းခေါင်စာ ရင်းကောက်တာကို သပိတ်မှောက်ထားတာ ရုပ်သိမ်းလိုက်ပါတယ်။

စစ်တွေမြို့က ရခိုင်တိုင်းရင်းသားတွေက သန်းခေါင်စာရင်းကောက်တဲ့အခါ ရိုဟင်ဂျာ ဆိုတာ ထည့်သွင်း မကောက်ဖို့ ကန့်ကွက် သပိတ်မှောက်နေကြတာဖြစ်ပြီး သန်းခေါင်စာရင်း စကောက်တဲ့ မတ်လ ၃၀ ရက် မနက်ပိုင်းမှာတော့ အစိုးရက သူတို့ လိုလားချက် လိုက်လျောခဲ့လို့ သပိတ်မှောက်တာ ရပ်လိုက်တယ်လို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ သတင်းပြန်ကြားရေး ဦးသန်းထွန်းက ပြောပါတယ်။

“အခုပဲ ကျနော်တို့ လိုအပ်ချက်အရ ထုတ်ပြန်ရတဲ့စာကို ကျနော်တို့ လက်ထဲရောက်နေတဲ့ အတွက်ကြောင့် ကျနော်တို့ သပိတ်မှောက်ထားခြင်း ကို ပယ်ဖျက်လိုက်ပါပြီခင်ဗျ။”


လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီး ဦးခင်ရီဟာ မတ်လ ၂၉ရက်ညပိုင်းမှာ စစ်တွေမြို့က ဒေသခံတွေ မြို့မိမြို့ဖတွေ ပါတီခေါင်းဆောင်တွေနဲ့ သန်းခေါင်စာရင်း ကောက်မယ့်ကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲမှာ အစိုးရက ပြည်နယ်အဆင့်မှာ ရိုဟင်ဂျာလို့ မထဲ့ဖို့ လိုက်လျောခဲ့ပြီး ရခိုင်တိုင်းရင်းသားတွေဘက်က ဗဟိုသန်းခေါင်စာရင်းကော်မတီအဆင့် ကြေညာချက်ထုတ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ စစ်တွေ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

မတ်လ ၃၀ရက် မနက်ပိုင်းမှာတော့ စစ်တွေမြို့ပေါ်မှာ သန်းခေါင်စာရင်း မကောက်နိုင်သေးဘဲ အနီးအနား ကျေးရွာတချို့မှာပဲ ကောက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မနက် ၁၁ နာရီလောက်မှာတော့ ဗဟိုသန်းခေါင်စာရင်းကောင်စီက လိုက်လျောတဲ့စာကို ပြည်နယ်အစိုးရက ဖြန့်ဝေခဲ့တယ်လို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“နာရီပိုင်းအတွင်းက သတင်းစာဝင်လာတာပေါ့။ ပြည်နယ်လုံခြုံရေး ၀န်ကြီးက သန်းခေါင်စာရင်း ကောက်တဲ့နေရာမှာ အခြားဆိုတဲ့ နေရာမှာ ဒီနိုင်ငံမှာ မရှိတဲ့ နာမည်ကို မထည့်ဖို့၊ တခြားအုပ်စု တွေက ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ထည့်မလို့ အတင်းပြုလုပ်နေတဲ့အပိုင်းကို အဲဒါက မြန်မာနိုင်ငံမှာ မရှိတဲ့ နာမည်ဖြစ်နေတဲ့အတွက်ကြောင့် အဲဒါကို မဖြည့်တော့ဘူးဆိုတဲ့ သဘောတူညီချက်ကို မနေ့က ပြည်နယ်အစိုးရက ထုတ်ပြန်တယ်။ ဒီနေ့ ဒီမှာရှိတဲ့ လုံခြုံရေးဝန်ကြီး ကိုယ်တိုင်ကပဲ ပြည်ထောင်စု သန်းခေါင်စာရင်းအဖွဲ့က အဲဒါကို သဘောတူညီ တဲ့အကြောင်းကို လက်မှတ်ထိုးပြီးရင် မြို့ပေါ်မှာရှိတဲ့ သပိတ်ကော်မတီတွေ မြို့မိမြို့ဖတွေကို သူတို့က ဖြည့်စွက်ပြီး ဖြန့်ဝေပေးလိုက်တယ်။”

မတ်လ ၁၆ ရက်ကစပြီး ရခိုင်ပြည်နယ်အနှံ့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေက သန်းခေါင်စာရင်းကောက်တဲ့အခါ ရိုဟင်ဂျာ ဆိုတာ ထည့်ခွင့် မပေးဖို့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ရိုဟင်ဂျာ ဆိုတာ ထည့်ခွင့် မပေးပါဘူးလို့ မတ်လ ၂၁ရက် နောက်ဆုံးထား အကြောင်းပြန်ဖို့ စာရေးသားတောင်းဆိုခဲ့တာ အကြောင်း မပြန်လို့ မတ်လ ၂၃ ရက်လောက်က စပြီး သန်းခေါင်စာရင်း သပိတ်စတင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး တနိုင်ငံလုံး သန်းခေါင်စာရင်း စတင်ကောက်ယူတဲ့နေ့ မနက်ပိုင်းမှာမှ လိုက်လျောခဲ့တာလည်း ဖြစ်ပြီး မတ်လ ၃၁ ရက်မှာ စစ်တွေမြို့ပေါ် သန်းခေါင်စာရင်း ကောက်နိုင်မယ်လို့ မြို့ခံတွေက ခန့်မှန်း ပြောဆိုကြပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ March,31st,2014

( 50 )အမ်အန်တီဗွီချန်နယ်ကနေ ဘီဘီစီ၊ ထိုင်းကာတွန်းကလပ်နဲ့ အန်အိတ်ခ်ျကေ အစီအစဉ်တွေ လွှင့်မည်

( 49 )‘We owe the changes in no small measure to him’

( 48 )ယခုနှစ် လူငယ်အသင်းပြိုင်ပွဲတွင် အသက်လိမ်ပါက ပြင်းထန်စွာအရေးယူမည်

( 47 )Mixed emotions

( 46 )ကေအိုင်အို ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း မကောက်နိုင်

( 45 )Shan Yoe Yar Raises the Bar

( 44 )ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု စတင်ပြီ

( 43 )Foreign aid agencies flee Myanmar riots

( 42 )စစ်တွေရှိ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအို အဖွဲ့ဝင်တွေရဲ့ လုံခြုံရေး ပြည်နယ်အစိုးရ တာဝန်ယူ

( 41 )Myanmar Tourism’s ‘Crown Jewel’ Feels Strains of Growth

( 40 )ဟိုတယ်ရှေ့ ဗျောက်အိုးဖေါက် ဆန္ဒပြသူ အဖမ်းခံရ

( 39 )Rohingya anger at snub

( 38 )ရန်ကုန်နှင့် မန္တလေး မြို့များတွင် သင်္ကြန်ရေကစားမဏ္ဍပ်ပေါင်း ၁၄၀ ခွင့်ပြု

( 37 )Myanmar's Rakhine ethnic community stops boycott over census

( 36 )သပိတ်စခန်း ဖျက်ဆီး မှု ဖြေရှင်းပေးဖို့ တင်ပြ

( 35 )Myanmar begins 1st census taking

( 34 )နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် တပြည်လုံး သန်းခေါင်စာရင်းကောက်

( 33 )Religious Tensions Cloud Myanmar Census

( 32 )ပညာရေးဥပဒေ မူကြမ်းကို တ.က.သ. ကန့်ကွက် ဆန္ဒပြ

( 31 )Myanmar's first survey in decades stokes sectarian tensions

( 30 )မြန်ပြည်တခွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ကောက်ခံ

( 29 )Controversy marks start to Myanmar's first census in three decades

( 28 )မြို့တော်ခန်းမရှေ့က သပိတ်စခန်း ဖြိုခွဲခံရ

( 27 )Term ‘Rohingya’ struck from census

( 26 )လက်ပန်းတောင်း လယ်တီသိမ် ဖျက်သိမ်းရေးစတင်

( 25 )Burma’s peace process must be ‘all-inclusive’, say The Elders

( 24 )စစ်တွေမြို့ နိုင်ငံတကာ အန်ဂျီအိုရုံးခန်းတွေ တိုက်ခိုက်ခံရမှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း

( 23 )Tensions rise as Myanmar holds census

( 22 )သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနေရင် လက်ပံတောင်း စီမံကိန်းကို ဆက်မလုပ်

( 21 )Burma’s first census in 30 years begins

( 20 )မိကျောင်းကန် သပိတ်စခန်း ဖြိုခွင်းခံရ

( 19 )Tensions as Myanmar embarks on first census in 30 years

( 18 )နိုင်ငံခြားသားတွေ ရထားခ ကျပ်ငွေနဲ့ပဲ ပေးရတော့မည်

( 17 )NLD’s Win Tin remains in intensive care

( 16 )ရန်ကုန်မြို့မှာ သန်းခေါင်စာရင်း စတင်ကောက်ယူ

( 15 )Tensions as Myanmar embarks on first census in 30 years

( 14 )နိုင်ငံရေးဆွေးနွေးပွဲကြီး ပြုလုပ် သွားမယ်လို့ သမ္မတ ဦးသိန်းစိန် ပြောကြား

( 13 )Myanmar census bars name Rohingya

( 12 )ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေးအခြေအနေ ဆိုးရွား

( 11 )Myanmar national census-2014 starts

( 10 )စစ်တွေမြို့ နိုင်ငံတကာ အန်ဂျီအိုရုံးခန်းတွေ တိုက်ခိုက်ခံရမှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း

( 9 )Sittwe violence ‘organised, structured’

( 8 )အချုပ်အခြာထိပါးမှုနဲ့ ခွဲထွက်ရေးကလွဲရင် ဆွေးနွေးဖို့ သမ္မတဦးသိန်းစိန် တခါးဖွင့်ထား

( 7 )Myanmar bans ‘Rohingya’ term in census

( 6 )သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ အမည် ခွင့်မပြုကြောင်း မြန်မာ အစိုးရ ပြောကြား

( 5 )Myanmar says ‘Rohingya’ term banned from census

( 4 )သန်းခေါင်စာရင်းကောက်ခံသူတွေ လုံခြုံရေး ကုလစိုးရိမ်

( 3 )Myanmar holds first census in 3 decades; Muslims can't identify themselves as 'Rohingya'

( 2 )မဲဆန္ဒနယ် ၆ ခုမှာ ဘယ်ပါတီနဲ့ မဆို ယှဉ်ပြိုင်သွားမယ်လို့ SNDP ပြောကြား

( 1 )Myanmar bans Muslims from registering as ‘Rohingya’ in census

Sunday, March 30, 2014

ဝန်ကြီးဦးခင်ရီနှင့် သပိတ်ကော်မတီ ဆွေးနွေးမှုရလဒ် သပိတ်ကော်မတီဖက်မှ အတည်မပြုသေး

လှမောင် (စစ်တွေ)

စစ်တွေမြို့ ပြည်နယ်အစိုးရရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီနှင့်အဖွဲ့သည် ယနေ့ ညနေ ၆ နာရီခွဲခန့်က ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂလီ သန်းခေါင်စာရင်း နာမည်လိမ်တိုက်ဖျက်ရေး ကော်မတီ( စစ်တွေ)တို့ တွေ့ဆုံးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုရလဒ်များကို အတည်မပြုနိုင်သေးကြောင်း ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါ်ညိုအေးက ဆိုသည်။

ယင်းတွေ့ဆုံပွဲ၌ ဆွေးနွေးချက်များကို သပိတ်ကော်မတီအနေဖြင့် အတည်မပြုနိုင်သေးကြောင်းနှင့် မနက်ဖြန်မှ သပိတ်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သူမကဆိုသည်။

" အစည်းအဝေးက ဆုံးဖြတ်ချက်တွေကို အတည်မပြုနိုင်ပါ။ မနက်ဖြန် မနက် ၈ နာရီမှာ အစည်းအဝေးပါ။ သပိတ်ကိုတော့ ဆက်လက်မှောက်ထားဆေးပါ။ "


သပိတ်ကော်မတီအနေဖြင့်လည်း မနက်ဖြန်ဆွေးနွေးပွဲပြီးမှ အကြောင်းစုံကို သိရှိရမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များကိုလည်း ရခိုင်ပြည်သူများသို့ အသိပေး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဒေါ်ညိုအေးက ဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဆိုပါက စာရင်းကောက်မည်မဟုတ်ဟုဆို

နန်းလွင်နှင်းပွင့်

ရခိုင်ပြည်နယ်တွင်း သန်းခေါင်စာရင်းကောက်မှုလုပ်ငန်းစဉ်တွင် ရိုဟင်ဂျာဆိုပါက အသိအမှတ်ပြု ကောက်ယူ စာရင်းသွင်းမည်မဟုတ်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က မတ် ၂၉ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် သမ္မတနှင့် နိုင်ငံရေးပါတီ တွေ့ဆုံပွဲ၌ မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

“စာရင်းကောက်ရင် အိမ်တစ်အိမ်ကို မေးလိုက်လို့ ရိုဟင်ဂျာပါလို့ ပြောရင် လက်မခံဘူး၊ သူတို့ကို ထားခဲ့မယ်၊ တကယ်လို့ သူတို့က ဘင်္ဂါလီလို့ ဖြည့်ချင်ရင် ဖြည့်ပေးမယ်၊ ရမယ်"ဟု ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၂၉ ရက်မှ ဧပြီ ၁ဝ ရက်အထိ ကောက်ယူမည်ဖြစ်သည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ ကလည်း မတ်လ ၂၉ ရက်တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အသေးစိတ်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားမည်ဟု ဦးရဲထွဋ်က ဆိုသည်။

ဝန်ကြီးဦးခင်ရီသည် မတ်လ ၂၉ရက် ညနေ ၅နာရီခွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပြီဖြစ်သည်။

လက်လုပ်လက်စားရပ်ကွက်များတွင် သန်းခေါင်စာရင်းကောက်ရန် အခက်အခဲရှိနိုင်

နန်းချောင်ဖော့

ဖားအံမြို့ရှိ လူနေရပ်ကွက်များတွင် နေ့စဉ် အသက်မွေးဝမ်းကျောင်းနေရသူများထံ သန်းခေါင်စာရင်းကောက်ယူရာ၌ စာရင်း ကောက်သူ ကျောင်းဆရာ၊ ဆရာမများအတွက် အခက်အခဲရှိနိုင်ကြောင်း ယမန်နှစ်က စမ်းသပ်ကောက်ခံရာတွင် ပါဝင်ခဲ့ဖူးသူ ဆရာမ ခင်မာချိုက ကေအိုင်စီကို ပြောသည်။

လာမည့် သန်းခေါင်စာရင်းကောက်ယူချိန်တွင် စာရင်းစစ်တာဝန်ယူရမည့် ဆရာမ ခင်မာချိုက “သန်းခေါင်စာရင်း သွားကောက် တဲ့အခါမှာ ဘာအခက်အခဲရှိနိုင်လဲဆိုတော့ ဆရာမတို့ အစမ်းကောက်လိုက်တဲ့ နေရာမျိုးမှာဆိုရင် မအားသေးဘူး၊ မဖြေနိုင်သေး ဘူး။ နောက်မှလာကောက်လို့ အဲလိုမျိုးလေးတွေပေါ့နော်။ ဈေးရောင်းနေတယ်။ မအားသေးဘူး။ အဲလိုမျိုးအသံလေးတွေပေါ့။ ဆင်းရဲသားရပ်ကွက်က ဒီအသံလေးတွေထွက်နေတယ်”ဟု ပြောသည်။

ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ ပြည်သူလူထုမှ အချက်အလက်မှန်ကန်စွာ ဖြေဆိုပေးမည်ဆိုလျှင် လုပ်ငန်းချောမွေ့ အဆင်ပြေမည်ဖြစ်ကြောင်း သူမက ပြောဆိုနေသော်လည်း နေ့စဉ် ဈေးရောင်းနေရသည့် ပြည်သူများမှာ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ မည်သည့်နေ့ရက်၊ မည်သို့မည်ပုံ ကောက်ခံသွားမည်ကိုမူ ရပ်ကွက်အတွင်း၌ မည်သူမျှ လာရောက် ရှင်းလင်းပြောဆိုထားခြင်း မရှိကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။

ဖားအံမြို့ အမှတ်(၇)ရပ်ကွက်တွင် နေထိုင်သည့် နော်ဖျာ့သိန်က “ဈေးပိတ်ရက်မှာ သူတို့လာကောက်မယ်ဆိုရင် ကျမတို့အိမ်မှာ ရှိမယ်။ ဈေးပိတ်ရက်မဟုတ်ဘူးဆိုရင်တော့ ကျမတို့အိမ်မှာရှိမှာမဟုတ်ဘူး။ ကျမယောက်ျားနဲ့ ကျမကတော့ ဈေးထဲမှာ တစ်နေ ကုန် ဈေးရောင်းတယ်။ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ တနင်္ဂနွေနေ့တုန်းက ကျမတို့အိမ်မှာရှိတော့ ဆရာမတွေ လာပြောသွားတယ်။ သန်းခေါင်စာရင်းကောက်မယ်ပေါ့။ ဘယ်နေ့လာကောက်မလဲဆိုတာပြောမသွားဘူး”ဟု ပြောသည်။

၎င်းအပြင် ဖားအံမြို့ အမှတ်( ၅)ရပ်ကွက်နေ နန်းမူ့သိန်းက “သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီးတော့ ကျမကို သူတို့မေးခွန်းပုံစံ လာပေးထားတယ်။ ဘယ်နေ့လာကောက်မလဲဆိုတာတော့ မပြောထားဘူး”ဟု ပြောသည်။

ယခုလက်ရှိတွင် သန်းခေါင်စာရင်းကောက်မည့် ကျောင်းဆရာ၊ ဆရာများသည် မိမိတာဝန်ကျရာဒေသများသို့ အသီးသီး ရောက် ရှိကာ မိမိကောက်ခံရမည့် ကောက်ကွက်အတွင်းမှ အိမ်ထောင်စုများကို လိုက်လံစစ်ဆေးနေပြီး မေးခွန်းပုံစံနှင့် ပတ်သက်သည့် အချက်များကိုလည်း လိုက်လံရှင်းပြထားသည်ဟု သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မြို့ပေါ်ရပ်ကွက်များ၌ အိမ်ခြေ ၁၀၀မှ ၁၅၀အထိ ကောက်ကွက်တစ်ကွက်ဟု သတ်မှတ်ကာ သွားလာရခက်ခဲပြီး တစ်အိမ်နှင့်တစ်အိမ် အလှမ်းကွာဝေးသော အချို့ကျေးရွာများတွင် အိမ်ခြေ ၇၀မှ ၈၀အထိသာ သတ်မှတ် ထားသည့် ကောက်ကွက်တစ်ကွက်ကို စာရင်းကောက်တစ်ယောက်က တာဝန်ယူကောက်ခံသွားမည်ဟု လဝကရုံးမှ သိရသည်။

မြန်မာနိုင်ငံသားမည်သူမဆို သမ္မတဖြစ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံက တားဆီးမှုမျိုး မဖြစ်စေလိုဟု သမ္မတပြော

နန်းလွင်နှင်းပွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားမည်သူမဆို သမ္မတဖြစ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်တားမြစ်မှုမျိုး မဖြစ်စေလိုဟု သမ္မတဦးသိန်းစိန် မတ်လ ၂၉ရက်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ ပြောကြားလိုက်သည်။

"နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက် လိုအပ်မယ့် ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေးကိစ္စ ဖြစ်တယ်၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော့်ရဲ့ အမြင်သဘောထားကတော့ မည်သည့် နိုင်ငံသားတိုင်းရင်းသားမဆို ဖွဲ့စည်းပုံက မြန်မာနိုင်ငံကိုနိုင်ငံသားအရ ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေးစေတနာရှိသလို၊ တစ်ဖက်ကလည်း မိမိတို့အမျိုးသားအကျိုးစီးပွား ၌ မိမိတို့ နိုင်ငံ အချုပ်အခြာအာဏာမထိပါးစေမယ့် သင့်တင့်လျောက်ပတ်တဲ့ ကာကွယ်ပေးနိုင်တဲ့ အခြေခံမူများရှိဖို့လည်း လိုပါတယ်"ဟု သမ္မတက သူ၏ အမြင်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

သမ္မတဦးသိန်းစိန်က ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အပိုင်းသုံးပိုင်းခွဲကာ ပြောကြားခဲ့သည်။ ပထမပိုင်း အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိသည့် သဘောတူညီချက်များအတွက် လိုအပ်သလို ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ဆောင်ရ မည် ဖြစ်သည်။

ဒုတိယ အနေဖြင့် ဒီမိုကရေစီစံနှုန်းများ တန်ဖိုးများ ပြည့်မှီရန် လိုအပ်သလို ပြင်ဆင်ရန်နှင့် တတိယအပိုင်းအခြေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံသားများ၏ သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတာမျိုးမဖြစ်စေရန် ဟု သုံးပိုင်းခွဲ၍ ပြောကြားသွားသည်။

"နိုင်ငံရေး ပါတီတွေအနေနဲ့ လိုလားချက် တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးနိုင်ဖို့ကိုနိုင်ငံရေး ဆွေးနွေးပွဲကြီးမှာ လမ်းဖွင့်ထားမှာ ဖြစ်ပါတယ်။"ဟု သမ္မတက ပြောသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းလျှက်ရှိပြီး ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မများဖြစ်သည့် ပုဒ်မ ၅၉(စ)၊ ၅၉(ဃ)နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အဓိကကန့်သတ်ထားသည့် ပုဒ်မ ၄၃၆တို့ကို ပြင်ဆင်ရန် မြို့နယ်များတွင် ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လျှက် ရှိသည်။

လွှတ်တော်ထဲ၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ'တစ်ရပ်ကို ဖွဲ့စည်းကာ လုပ်ဆောင်လျှက်ရှိသည်။

ယင်းကော်မတီ၏လုပ်ငန်းတာဝန်များကို ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် အပြီး ဆောင်ရွက်ရန်ပြည်ထောင်စုလွှတ်တော် နာယကက ညွှန်ကြားထားသည်။

ဖေဖော်ဝါရီ ၁၈ တွင် သူရဦး ရွှေမန်းလက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည့်စာတွင် ပုဒ်မ ၄၃၆ ပါ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အခန်းကို စောလျင်စွာ သုံးသပ်ရန်၊ တပ်မတော်ကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိရန် စသဖြင့် အခြေခံရမည့်မူများ ပါဝင်သည်။

တပ်သိမ်းဆည်း မြေများ ထဲမှ တချို့ကို မူလ ပိုင်ရှင် ထံ ပြန်လည် ပေးအပ်ရန် စီစစ်နေ

မိချမ်းစွန်း

မွန်ပြည်နယ် မော်လမြိုင် ခရိုင် အတွင်းရှိ တပ်နယ်ပေါင်း ၃၂ နေရာထဲ မှ စစ်တပ်သိမ်း ဆည်း ထားသော မြေ(၂၃၈၀) ဧ ကကျော် အား မူလပိုင်ရှင် ထံ သို့ပြန် လည်ပေး အပ်ရန် အစီစဉ် ရှိသည်ဟု မွန်ပြည်နယ် မြေအသုံး ချမှု စီမံခန့်ခွဲရေး ကော် မတီ အတွင်းရေး မှူးဦးပန် တုကျော် ကဆိုပါသည်။

“တပ်ဖက်က ပြန်စွန့်တယ်ဆို ပေမယ့် မူလတောင် သူ ရှိမရှိ ကျနော်တို့ ကြည့်ပါ တယ်။ မူလတောင် သူရှိရင် တိုက်ရိုက်ဆောင် ရွက် ပေးပါ တယ်။ ရေးမြို့ နယ် ကတပ် သိမ်းမြေ အတော်တော် များ ကတော့မူ လတောင် သူရှိပါတယ်၊ ကျန်တာတွေ တော့ လက်ငုပ် တောင်သူ တွေ ရှာမတွေ့တာရှိပါ တယ်။ ရှာတွေ့ရင် ယာယီ မဟုတ်ရင် အပြီး ပိုင်တခါ တည်း သူ တို့ကိုပေးလိုက် မှာဖြစ်ပါတယ်”ဟုဆိုပါသည်။

တပ်သိမ်းမြေ များသည် မော်လမြိုင် ခရိုင်မြို့နယ် ၆ ခုထဲမှ မော်လမြိုင် မြို့နယ် ရွှေမြိုင် သီရိ နှင့်ကော့ လှာ ကျေးရွာ တွင် ၅၃၆.၅၉ဧက။ ဘီးလူး ကျွန်းချောင်း ဆုံ မြို့နယ် ရှိ ကွမ်လျာ ကျေးရွာ နှင့်ဖံဖ ကျေးရွာ တွင် ၄၇.၇၃ဧက။ ကျိုက်မရောမြို့နယ် ခရုံဂူအနီး တွင် ၇၂၆ဧက။ မုဒုံမြို့နယ် ဘဲရမ်း၊ ကွေ့ ၀မ်၊ ရောင်းေ ဒါင်း နှင့် ၀က်တဲကျေးရွာ တွင် ၁၈၃.၁၅ဧက။ ရေးမြို့နယ် တွင် အံဒင်း၊ ဒူယား၊ တူးမြောင်း၊ နှစ်ကရင် နှင့်ဘေးလမိုင်း ကျေးရွာ တွင် ၈၈၇.၃၈ ဧက။ တို့ကို သာ ပြန်လည်ပေး အပ်ခြင်းဖြစ် ပါသည်။

တပ်သိမ်း မြေများကို ပြန်လည် ပေးအပ်ရာ တွင်ချို့ယွင်းချက် အဖြစ် ပိုင်ဆိုင်မှု မတိကျ သောတောင်သူ များကိုယာ ယီလုပ်ပိုင် ခွင့် သာပေးပြီး အထောက် အထား ပြည့်စုံ သော ပိုင်ရှင်များ ကိုမူ အပြည့်အ၀ ပြန်လည် လုပ်ပိုင်ခွင့် ပေး သွားမည်ဖြစ်သည်။

မွန်ပြည်နယ်မြေအသုံး ချမှုစီမံခန့်ခွဲရေး ကော် မတီသည် တောင်သူများ လယ်မြေ အသိမ်းခံ ထားရစဉ် သက်ဆိုင် ရာ ပြည်နယ် အစိုးရအဖွဲ့ထံ တိုင် ကြား ထားသော စာများကို ပြန်လည် စီစစ်နေ သလို ပြန်လည်ရရှိသော မြေများ ကို လည်း ထုတ်ပြန်သွား မည်ဟု မော်လမြိုင် ခရိုင် အုပ်ချူပ် ရေး မှူး ဥက္ကဌ ဦးအောင် ချိုက ဆိုပါသည်။

လက်ရှိ အချိန်တွင် သိမ်းဆီးမြေများ ကို ပိုင်ရှင်ထံ သို့ပြန်လည် ပေးအပ်ရန် အတွက် မြေ အသုံးချမှု စီမံခန့် ခွဲမှု ကော် မတီက စီစစ် ဆဲကာလ ဖြစ်ပါသည်။ သိမ်း ဆီးမြေများ ကို ၂၀၁၄ ခုနှစ် ဒီ ဇင် ဘာလ နောက်ဆုံးထား ဆောင်ရွက် ပေး ရန် ဗဟိုအစိုးရ မှ ညွှန်ကြားထား သော်လည်း ပြည်နယ် ၀န်ကြီးချုပ် သည် စက်တင် ဘာလ ထက်နောက် မကျ စေဘဲ ပြန် လည်ပေး အပ်ရန် ညွန်းကြားထား ပါသည်။

မွန်ပြည် နယ်တွင် တပ်သိမ်း ဆီးမြေ ဧက တသောင်းခန့် ရှိသည်ဟု မွန်ပြည် သစ်ပါတီက စရင်းဇယားဖြင့် ထုတ်ပြန် ထားခဲ့ပါသည်။ ထိုအထဲတွင် အစိုးရဖက်မှ ယခု ပြန်ပေးသော သိမ်းဆီးမြေ သည် သိမ်းဆီးမြေ၏ လေးပုံတပုံ ခန့် သာ ပြန်လည် ပေးအပ် သည့် သဘော ဖြစ်ပါ သည်။

သိမ်းဆီး မြေကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသော တောင်သူများ သည် ပြည်ပသို့ ရွှေ့ပြောင်း အလုပ်ရှာရင်း ပြန်မ ရောက် နိုင်ကြသေး သဖြင့် သိမ်းဆီးမြေ များ ပြန်ပေးသော အခါ ပိုင်ရှင် မဲ့ ဘ၀ ပြန်လည် ရောက် ခဲ့ ရပြန် ပါသည်။ စစ်တပ်သည် မြေသြဇာ ကောင်းသော နေရာ၊ ခြံထွက် သီးနှံ အားကောင်းေ သာ မြေနေရာ မျိုးကို လိုသည်ထက် များ စွာ သိမ်းယူပြီး သီးစား ခပြန်လည် ချပေးပြန်ပါသည်။

တချို့မြေပိုင်ရှင် များကို အမှု ဆင်ပြီး မောင်းထုတ် ခဲ့ပါသည်။ တချို့မြေရှင်များ သည် အလုပ် လက်မဲ့ ဘ၀ကျ ရောက် ခဲ့ ရပြီး မိသားစု အလိုက် နိုင်ငံရပ်ခြား သို့ ပြောင်းပြေးခဲ့ရ ပါသည်။ ဤသို့ကြောင့် သိမ်းဆည်းမြေ တချို့ ပြန်ပေးသော မူလပိုင် ရှင် တချို့ ပျောက်နေ ခဲ့ခြင်း ဖြစ်ပါသည်။

အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် နောက်ကြောင်းပြန်မလှည့်ဟု အတည်ပြုချက်ရယူလိုဟု သမ္မတပြော

နန်းလွင်နှင်းပွင့်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအကြား နိုင်ငံရေးဆွေးနွေးရာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်မှ နောက်ကြောင်းပြန်မလှည့်ဟူသည့် အတည်ပြုချက်ကို ရယူလိုသည်ဟု သမ္မတဦးသိန်းစိန်က မတ်လ ၂၉ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် နိုင်ငံရေးပါတီ ၆၃ခုနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

“ အပစ်ရပ်ရေးကို ပိုမိုခိုင်ခံ့စေဖို့ နိုင်ငံရေးဆွေးနွေးပွဲ တံခါးကို ကျွန်တော်ဖွင့်ပေးလိုက်တာပါ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရေချိန် အတတ်အကျတွေ ရှိနေပေမယ့် တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးမှာ လတ်မှတ်ရေးထိုးထားကြပြီးနောက်ပြန် မလှည့်ပါဘူးဆိုတဲ့ သံဓိဋ္ဌာန်တွေကို အတည်ပြုကြဖို့လည်း ရည်ရွယ်တယ်"ဟု သမ္မတဦးသိန်းစိန်က ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန် နှစ်ဖက် ကြိုးပမ်းလျှက်ရှိသည်။ အပစ်ရပ်လက်မှတ်ထိုးပြီးပါက ၃လအတွင်း နိုင်ငံရေး ဆွေးနွေးပွဲကျင်းပရန် ရည်ရွယ်ထားသည်။ ယင်းနိုင်ငံရေးဆွေးနွေးပွဲတွင် တိကျသည့် နိုင်ငံရေးမူဘောင် စနစ်ကျမှုနှင့် မြန်မာနိုင်ငံ၏ သမိုင်းတွင် အကြီးမားဆုံး၊ အထင်ရှားဆုံး သဘောတူညီမှုတစ်ရပ် ဖြစ်လာရန် ယုံကြည်ချက်ဖြင့်ဆောင်ရွက်နေသည်ဟု သမ္မတက ဆိုသည်။

“ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကိုလျှောက်နေတဲ့ အင်အားစုတွေအားလုံး ဘယ်လမ်းပြမြေပုံနဲ့ သွားနေတယ်ဆိုတာ ရှင်းရှင်း လင်းလင်းသိဖို့ လိုအပ်တယ်၊ ဆွေးနွေးပွဲမှာ ပြည်ထောင်စု မြန်မာနိုင်ငံက ခွဲထွက်မယ်ဆိုတဲ့ကိစ္စကလွဲရင် ကိစ္စအားလုံးကို ဆွေးနွေးနိုင်ဖို့ တံခါးဖွင့်ထားတယ်”ဟု သမ္မတက ပြောကြားလိုက်သည်။

လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဖက်မူကြမ်းရေးဆွဲရန် တိုင်းရင်းသားဘက်မှ ကိုယ်စားလှယ် ခုနှစ်ဦးနှင့် အစိုးရဘက်မှ ကိုယ်စားလှယ်ခုနှစ်ဦး ရွေးချယ်ထားပြီး ထို၁၄ဦးတို့က ဧပြီလ ၄ရက်၊ ၅ရက်များတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် တွေ့ဆုံကြမည်ဖြစ်သည်။

သမ္မတ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ဆွေးနွေးဆောင်ရွက်မှု ၃ နှစ်တာ ကာလရှိပြီဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ကြာမြင့်နေသည်ဟု ဝေဖန်သုံးသပ်မှု များရှိနေသည်။

ယင်းသို့ ဝေဖန်မှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထိုသို့ကြာမြင့်နေရခြင်း သည် တိုင်းရင်းသားများအနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ (Political Dialogue)တွင်ဆွေးနွေးရမည့် ပြဿနာများကို အပစ်ရပ်ရေးအဆင့်တွင် ပြောဆိုနေခြင်းကြောင့် ဖြစ်သည်ဟု သမ္မတနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

“ဆွေးနွေးပွဲကျပြောရမယ့် ပြဿနာတွေ ဖြေရှင်းဖို့ကို အပစ်ရပ်ရေးအဆင့်မှာ မပြောနဲ့၊ အဲ့လိုဆို အပစ်ရပ်ရေးတွက် မနက်ဖြန် လတ်မှတ်ထိုးမယ်"ဟု ဦးအောင်မင်းက ပြောသည်။

သမ္မတဦးသိန်းစိန်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရခြင်းသည် ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေး နှင့် အပစ်ရပ်ပြီးနောက် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲ ( Political Dialogue)တွင် မည်သို့ ပါဝင်မည်ကို ဆွေးနွေးလိုခြင်းကြောင့် ဖိတ်ခေါ် တွေ့ဆုံသည်ဟု ပြောသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီ ၆၅ ပါတီမှ ကိုယ်စားလှယ် ၁၇၉ ဦးကို ဖိတ်ကြားထားခဲ့ပြီး အရှိုချင်းအမျိုးသားပါတီ၊ ကချင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် ၁ဝ ဦး တတ်ရောက်လာခြင်းမရှိခဲ့ပေ။

စစ်တွေရုန်းရင်းဆန်ခတ်မူ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးမည်ဟုဆို

ခိုင်ထူးမြတ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၆ ရက်နေ့ ညနေမှ စတင်ပြီး ဖြစ်ပွားခဲ့သော နိုင်ငံတကာ အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ပတ်သက်ပြီး နိုင်ငံတော်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး စစ်ဆေးသွားမည်ဟု သိရသည်။

ထိုသို့ စစ်ဆေးမည် ဖြစ်ကြောင်းကို မတ်လ ၂၈ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

(ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရပိုင် သတင်းစာများတွင် မတ်လ ၂၈ ရက်နေ့ကသတင်းရေးသာ ဖေါ်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။)

Malteser International အဖွဲ့က ငှားရမ်းထားသည့် စစ်တွေမြို့ကျောင်းတက်လမ်းရပ်ကွက် ဂေါက်ရှီလမ်း အိမ်အမှတ် (ဂ ရ/ ၁၄၅)ဦးအေးထွန်နးစိန်ပိုင် နေအိမ်အား ဒေသခံပြည်သူ ၅၀ ခန့်က မတ် ၂၆ ရက် ည ၈ နာရီခွဲခန့်တွင် ရောက်ရှိလာပြီး ခဲများဖြင့်ပစ်ပေါက်ခဲ့ကာ ထျက်ဆီးခဲ့ကြပြီး အခြားနိုင်ငံခြားသားများ တည်းခိုသည့်နေရာများကိုလည်း အလားတူ ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့ခြင်းများပြုလုပ်ခဲ့သဖြင့် ပြည်နယ် ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ စစ်တွေခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေး နာယကဆရာတော်နှင့် သံဃာတော်များက ဝိုင်းဝန်းထိမ်းသိမ်းခဲ့ကြသဖြင့် ည ၁၁ နာရီခွဲတွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်၊ မင်းဘာကြီးလမ်း အိမ်အမှတ် မဘ/ ၁၉၉ အား အိမ်ပိုင်ရှင် ဖြစ်သူ ဦးထွန်းထွန်းဝင်းက Malteser International အဖွဲ့အား ဌားရမ်းထားခဲ့ပြီး ယင်းအဖွဲ့၏ စီမံကိန်း ညှိနိုင်းရေးမှူး အမေရိကန် နိုင်ငံသူ Mrs. Yvonne Dunton က ဂိုဒေါင်အဖြစ် အသုံးပြုလျှက် ရှိစဉ် အိမ်ရှင် ဦးထွန်းထွန်းဝင်းက အိမ်အပေါ်ထပ် ၀ရန်တာတွင် သာသနာ့အလံ လွှင့်ထူခဲ့ကြောင်း၊ မတ်လ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် Mrs. Yvonne Dunton ကအဆိုပါ ဂိုဒေါင်သို့ လာရောက်ပြီး သာသနာ့အလံအား ဖြုတ်သိမ်းသွားသည်ကို လမ်းသွားလမ်းလာများက တွေ့မြင်သွား၍ ည၈ နာရီအချိန်ခန့်တွင် ယင်းဂိုဒေါင်သို့ ဒေသခံပြည်သူများ ရောက်ရှိလာခဲ့ပြီး Mrs. Yvonne Dunton အား ထုတ်ပေးရန် ၀ိုင်းဝန်းပြောဆိုကြသဖြင့် ၎င်းသည် ဂိုဒေါင်မှ ၎င်းနေထိုင်သည့် ဂေါက်ရှီလမ်း အိမ်အမှတ် ဂရ/ ၁၄၅ ဦးအေးထွန်းစိန်၏ နေအိမ်သို့ တိမ်းရှောင်သွားခဲ့ရာ လူ ၅၀ခန့် နောက်မှလိုက်ပါသွားကြောင်း၊ အဆိုပါ ဒေသခံများက ၎င်း၏ အိမ်သို့ ရောက်ရှိလာကာ ၎င်းနှင့် ၎င်း၏ ခင်ပွန်းအား ထုတ်ပေးရန် ပြောဆိုရာ နေအိမ်ခြံစည်းရိုး သော့ခတ်ထားသဖြင့် ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့် စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များ ရောက်ရှိလာပြီး လူအုပ်စုများအား လူစုခွဲကာ အမေရိကန်နိုင်ငံသူနှင့် ခင်ပွန်းတို့အား မော်တော်ယာဉ်ဖြင့် ပြည်နယ်ရဲအထူတပ်ဖွဲ့ဝင်းရဲရိပ်သာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒေသခံများသည် ည ၁၀ နာရီခန့်တွင် လူ ၃၀၀ ခန့်အထိ စုစည်းမိပြီး အခြားနိုင်ငံခြားသားများ တည်းခိုနေထိုင်လျက်ရှိသည့် ကျောင်းတန်းလမ်းရပ်ကွက် ဦးဥတ္တမလမ်းရှိ ဦးပန်းသာနေအိမ်၊ ဂေါက်ရှီလမ်းရှိ ဦးကျော်သန်းနေအိမ် Malteser ရုံး၊ ဦးဥတ္တမလမ်းရှိ ဦးသန်းအောင်နေအိမ် MSF အဖွဲ့နေရာ၊ ဂေါက်ရှီလမ်းရှိ ဦးတင်လိုင်နေအိမ် MSF ရုံး၊ ဦးဥတ္တမလမ်းရှိ ဒေါ်သန်းသန်းမြင့် နေအိမ် Malteser အဖွဲ့တို့အား လိုက်လံဖျက်ဆီးခဲ့ကြောင်း၊ ည ၁၁ နာရီခန့်တွင် ဒေသခံ ၁၀၀ ခန့်သည် စစ်ကဲလမ်းရှိ နိုင်ငံခြားသားများ နေထိုင်သည့် မောင်သိန်ထွန်းနေအိမ် Solidarities အဖွဲ့နေအိမ်နှင့် OXFAM အဖွဲ့ နေအိမ်တို့အား ခဲများဖြင့် ပစ်ပေါက် ဖျက်ဆီးနေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် အချက် ၁၀၀ ခန့် သတိပေး ပစ်ခတ်ခဲ့ရာ ည ၁၂ နာရီတွင် လူစု ကွဲသွားခဲ့သည်။

အလားတူ မတ်၂၇ရက် နံနက် ၇နာရီ၄၅မိနစ်ခန့်တွင် ဒေသခံပြည်သူ၂၀၀ခန့်သည် တုတ်များ ခဲများ ကိုင်ဆောင်ပြီး ကျောင်းတက်လမ်းရပ်ကွက် ဦးဥတ္တမလမ်းရှိ ICRC အဖွဲ ငှားရမ်းနေထိုင်သော နေအိမ်အား ဝိုင်းဝန်းပစ်ခတ်ဖျက်ဆီးမှုကြောင့် နေအိမ်တံခါးများပျက်စီးပြီး တိုယိုတာယာဉ်တစ်စီး မှန်ကွဲခဲ့သဖြင့် လုံခြုံးရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ငါးချက်ခန့် သတိပေးပစ်ခတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် လူစုကွဲသားကြောင်း၊ မွန်းတည့် ၁၂ နာရီခန့်တွင် ဒေသခံ ၂၀ ခန့်က ပြည်တော်သာရပ်ကွက်တွင် ဖွင့်လှစ်ထားသော OCHA ရုံးအားလည်းကောင်း ၊ မွန်းလွဲ ၂ နာရီခန့်တွင် ဒေသခံ ၁၀၀ ခန့်က ပြည်တော်သာရပ်ကွက် ခိုင်သဇင်ပန်းခြံထဲရှိ WFP ဂိုဒေါင်အားလည်းကောင်း တုတ်များ ၊ ခဲများကိုင်ဆောင် ပစ်ပေါက်ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေတန်ဖြင့် ၁၅ ချက် ခန့် သတိပေး ပစ်ခတ် လူစုခွဲခဲ့ရသည်။

ထိုသို့ဖြစ်ပွားးခဲ့မှုများကြောင့် စစ်တွေမြို့ရှိရဲရိပ်သာတွင် နိုင်ငံခြားသား ၃၂ ဦး ၊ မြန်မာနိုင်ငံသားဝန်ထမ်း ၃၉ ဦး စုစုပေါင်း ၇၁ ဦးတို့အား ရွှေ့ပြောင်းနေရာချထားပြီး လုံခြုံရေးဆောင်ရွက်ပေးထားကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်များတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများအတွက် လုံခြုံရေးအား ရဲတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ် ၊ ခရိုင် ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ စစ်တွေခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စစ်တွေမြို့စည်းကမ်းထိန်းသိမ်းရေး နာယက ဆရာတော် သံဃာတော်များက လူအုပ်စုများအား အကြမ်းမဖက်ရန် ဝိုင်းဝန်းထိမ်းသိမ်းဆောင်ရွက်ပေးချက်ရှိကြောင်း၊ ဖြစ်စဉ်နှင့်ပါတ်သတ်ပြီး နိုင်ငံတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ည်းစစ်ဆေးဖော်ထုတ်မည်ဖြစ်ပြီး လိုအပ်သောအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ဖေါ်ပြထားပါသည်။

စစ်တွေပဋိပက္ခအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့

မဇ္ဈိမ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၆ရက်ညက နှင့် ၂၇ရက်တို့တွင် ဖြစ်ပွားခဲ့သည် ပဋိပက္ခကို စုံစမ်းကာ အရေးယူနိုင်ရန် အဖွဲ့ဝင်ငါးဦးပါသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဟု မတ်လ ၂၉ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

စစ်တွေမြို့တွင် ၂၆ရက်ညက အန်ဂျီအိုမှ အမျိုးသမီးက သာသနာ့အလံကို ဘောင်းဘီအိတ်ထဲ ထည့်သည်ဟုဆိုကာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် Malteser International အန်ဂျီအိုအဖွဲ့နှင့် UNအဖွဲ့အစည်းများမှ ငှားရမ်းနေထိုင်သည့် အိမ်များ၊ ရုံးများနှင့် ဂိုဒေါင်များကို ဖျက်ဆီးပြီး ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ထိုကိစ္စကို စုံစမ်းကာ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု ဖွဲ့စည်းရခြင်းအကြောင်းကို ရေးသားထားသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက တာဝန် ထမ်းဆောင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ပြည်ထဲရေးဝန်ကြီးဌာန လေကြောင်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်နေဝင်း၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစစ်အေး၊ Myanmar Egressမှ ဒေါက်တာကျော်ရင်လှိုင်တို့ လေးဦးက အဖွဲ့ဝင်များအဖြစ် ပါဝင်မည်ဖြစ်သည်။

ထိုစုံစမ်းစစ်ဆေးရေးအဖွဲ့သည် မတ်လ ၂၆နှင့် ၂၇ရက်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်၌ ဦးဆောင်ပါဝင်သူများ၊ ပြစ်မှုကျူးလွန်သူ များကို စုံစမ်းဖော်ထုတ်ရန်နှင့် ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြည်နယ်အုပ်ချုပ်ရေးအပိုင်းမှ အဓိက တာဝန်ရှိသူများကိုလည်း စုံစမ်းစစ်ဆေး ဖော်ထုတ်ရမည်ဖြစ်သည်။

ထိုအဖွဲ့၏ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း လိုအပ်သည့် လုံခြုံရေး၊ အုပ်ချုပ်ရေးပိုင်း လိုအပ်ချက်များကို သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆောင်ရွက်ရမည် ဖြစ်ပြီး အစီရင်ခံစာကို ဧပြီလ ၇ရက်တွင် သမ္မတဦးသိန်းစိန်ထံ နောက်ဆုံး တင်ပြရမည်ဖြစ်သည်။

ရခိုင်အစိုးရကိုပါ စုံစမ်းစစ်ဆေးဖို့ သမ္မတ တာဝန်ပေး

ရွှေအောင်

သမ္မတဦးသိန်းစိန်က ရခိုင်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးဖို့ အဖွဲ့တခုဖွဲ့စည်းပေးလိုက်ပြီး ရခိုင်ပြည်နယ်အစိုးရ အဓိက တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးဖို့လည်း အဲ့ဒီအဖွဲ့ကို တာဝန်ပေး လိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၂၆ ရက်ညပိုင်းနဲ့ မတ်လ ၂၇ ရက်တို့မှာ ဖြစ်ပွားခဲ့တဲ့ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအို အဖွဲ့ရုံးတွေကို အကြမ်းဖက်ဖျက်စီးခဲ့ရာမှာ ဦးဆောင်ပါဝင်ခဲ့သူတွေနဲ့ ပြစ်မှုကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့ အဖွဲ့ဖွဲ့စည်းပေးခဲ့ပြီး အခုလို အုပ်ချုပ်ရေး တာဝန်ရှိသူတွေကိုပါ စုံစမ်းစစ်ဆေးဖို့ ထူးထူးခြားခြား တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။

စစ်တွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က သမ္မတရဲ့ အခုလို အစိုးရအဖွဲ့ကိုပါ စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးတာကို သဘောတူပြီး ရခိုင် အစိုးရဟာ လုပ်ရည်ကိုင်ရည် အားနည်းတယ်လို့ ပြောပါတယ်။

“သဘောတူပါတယ်။ ကိုင်တွယ်မှုအပိုင်းတွေက တော်တော်ကို အားနည်းတဲ့ သဘောမျိုးပါ။ အခုကိစ္စမှာလည်း အဲဒီလိုမျိုးပါပဲ။ အစိုးရအဖွဲ့ရဲ့ ကိုင်တွယ်မှုကတော့ တော်တော်ကို လျော့တိလျော့ရဲပါ။ သူတို့အစိုးရအဖွဲ့မှာ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးရင် အတွေ့အကြုံ မရှိသေးတာက တခုလည်း ပါမယ်။ အဲဒီမှာ ကိုင်တွယ်တဲ့ ပြောမယ်ဆိုရင် ပြည်နယ်အစိုးရဲ့ သူတို့ရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းကလည်း အတိုင်းအတာတခုအထိ နည်းတယ်လို့ပဲ သုံးသပ်မိတာပေါ့။ တော်တော်များများ ကိစ္စတွေမှာလည်း ကြုံတွေ့ ရတဲ့အပိုင်းက အဲဒီလို ဖြစ်နေတယ်။”


ရခိုင်စုံစမ်းရေးအဖွဲ့ကို နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်းတာဝန်ပေးလိုက်တာဖြစ်ပြီး အဖွဲ့ရဲ့ အစီရင်ခံစာကို ဧပြီလ ၇ ရက်မှာ သမ္မတထံ တိုက်ရိုက်တင်ပြရမှာ ဖြစ်ပါတယ်။

မတ် ၂၆ ရက်နဲ့ ၂၇ ရက်တွင်ဖြစ်ပွားခဲ့သော လူအုပ်စုဖြင့် တိုက်ခိုက်မှုအတွင်း သေနတ်ကျည် မတော်တဆ ထိမှန်တာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ပြီး တိုက်ခိုက်မှု ၃၅ ကြိမ်မှာ နေအိမ် ၂၉ လုံး၊ ဂိုဒေါင် ၇ လုံး၊ မော်တော်ယာဉ် ၂ စီး ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကုလအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား လိုင်ဇာခရီးစဉ်ဖျက်ကာ ဗိုလ်ချုပ်ဂွမ်မော်နှင့် ချင်းမိုင်တွင်တွေ့မည်

ဖနိဒါ

လာမည့် မတ်လ ၂၉ ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဘီးယားတို့ လိုင်ဇာမြို့တွင် တွေ့ဆုံမည့် စီစဉ်ထားသော်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ လကုန်ပိုင်းတွင် တွေ့ဆုံမည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးဆန်အောင်က မဇ္ဈိမကို ပြောသည်။

“သူအချိန်မရတော့လို့ ချင်းမိုင်မှာပဲ ဗိုလ်ချုပ် ဂွမ်မော်တို့နဲ့ ဒီလကုန်ပိုင်းမှာ တွေ့မယ်လို့ ပြောတယ်။ သူရခိုင်ပြည်နယ် သွားရမယ်ဆိုလားမသိ။ အချိန်မရတော့လို့ လို့ပြောတယ်”ဟု PCG မှ ဦးဆန်အောင်က ပြောသည်။

မစ္စတာ နမ်ဘီးယားသည် ရခိုင်ပြည်နယ်နယ်သို့ သွားရန် ရှိသဖြင့် လိုင်ဇာခရီးစဉ်အား ဖျက်သိမ်းလိုက်သည်ဟု KIO မှ နည်းပညာအထောက်အကူပြုအဖွဲ့ထံ မတ်လ ၂၈ရက် နံနက်ပိုင်းက အကြောင်းကြားခဲ့သည်ဟု ဦးဆန်အောင်က မဇ္ဈိမကို ပြောသည်။

အစောပိုင်းက မစ္စတာ နမ်ဘီးယားနှင့် KIO ဗဟိုကော်မတီဝင်များ ကချင်ပြည်နယ်ရှိ ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ မစ္စတာ နမ်ဘီးယားက သူ၏ ခရီးစဉ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ကြောင်း ဦးဆန်အောင်က ပြောဆိုသည်။

မစ္စတာ နမ်ဘီယားသည် ပြီးခဲ့သည့် သြဂုတ်လအတွင်း လိုင်ဇာမြို့သို့ သွားရောက်၍ KIO ဗဟိုကော်မတီဝင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မစ္စတာ နမ်ဘီးယာသည် ကုသလမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် လေ့လာသူအနေဖြင့် တက်ရောက်နေသူ ဖြစ်သည်။