Thursday, June 30, 2011

ကြံ့ဖွံ့နှင့် လွှတ်တော်ဝင် ပါတီများမှ လူငယ် ၂၀ ဂျပန်သွားမည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၃၀ ရက် ၂၀၁၁

ဂျပန်နိုင်ငံသို့ ရက်သတ္တတပတ်ကြာ ချစ်ကြည်ရေးနှင့် လေ့လာရေး ခရီးစဉ်အဖြစ် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး အပါအဝင် ပါတီ ၆ ခုမှ လူငယ် ၂၀ ဦးမှာ ဇူလိုင် ၁၃ ရက်တွင် သွားရောက်မည်ဟု ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ကြံ့ဖွံ့ပါတီမှ ၁ဝ ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ ၂ ဦး၊ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP မှ ၂ ဦး၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှ ၂ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ - တစည မှ ၂ ဦးနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၂ ဦး ဖြစ်သည်။ သတင်းစာ ရှင်းလင်းပွဲကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ် (ရန်ကုန်) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

‘‘ဂျပန်နိုင်ငံအစိုးရက ၃၅ နှစ်အောက် လူငယ်တွေကို ဖိတ်ချင်တယ်။ ဂျပန်နိုင်ငံကို လွှတ်မယ်ဆိုရင် လက်ခံလား၊ လက်ခံတယ်လို့ ပြောလိုက်တယ်။ တခြားပါတီက လူငယ်တွေပါရင်ကော လက်ခံမလားမေးတယ်၊ သူတို့က ပါတီတွေ နာမည်မတူလို့ တခြားသော ပါတီလို့ ပြောပေမယ့် ကျနော့်စိတ်ထဲမှာတော့ နာမည်မတူပေမယ့် ရည်မှန်းချက်တွေ တူတဲ့အတွက် တခြားပါတီလို့တောင် မမြင်ပါဘူး။ ဒါကြောင့် လက်ခံပါတယ်လို့ ပြောလိုက်တယ်။ တွဲသွားရမယ့် ကိစ္စကို လိုလိုလားလားနဲ့ လက်ခံခဲ့တာ’’ ဟု ဦးဋ္ဌေးဦးက ရှင်းပြသည်။

ယခုခရီးစဉ်တွင် ပါတီစွဲ မထားဘဲ မြန်မာဆိုသော စိတ်ဖြင့် သွားရောက်ကြရန် လူငယ်များကို သူက မှာကြားခဲ့သည်။

တစညပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးထွန်းရီနှင့် NDF မှ ဦးစိုးဝင်းတို့က ဂျပန်သို့ လူငယ်များ သွားရောက်ရန် စီစဉ်ခဲ့သော ဦးဋ္ဌေးဦးကို ကျေးဇူးတင်စကား ပြောခဲ့ကြသည်။

SNDP ဗဟိုအလုပ်အမှုဆောင် ဦးစောသန်းမြင့်က ‘‘ကရင်၊ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန် စတာတွေလို့ စိတ်သဘော မထားဘဲ နေကြပါ။ မြန်မာ့ဂုဏ်ကို ထိန်းပါလို့ ပြောချင်တယ်’’ ဟု ဆိုသည်။

RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောကလည်း ‘‘ ဒီခရီးစဉ်ဟာ နိုင်ငံရေး အနှစ်သာရ ရှိသော ခရီးစဉ် ဖြစ်တယ်’’ ဟု ပြောကြားခဲ့သည်။

ဦးဋ္ဌေးဦးသည် ဂျပန်နိုင်ငံ ပါလီမန်နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko KIKUTA ကို အင်္ဂါနေ့တွင်
တွေ့ဆုံခဲ့သေးသည်။

‘‘ဂျပန်ကို သွားမယ့် လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ နောက် ၅ ပါတီနဲ့ စုစုပေါင်း ၆ ပါတီ တွေ့ဖို့ ရှိတယ် ပြောတော့ သူတို့က အံ့သြကြတယ်။ သူတို့ဂျပန်မှာဆိုရင် ရန်ဖြစ်နေကြတယ်လို့ ပြောတယ်’’ ဟု ရှင်းလင်းပွဲတွင် ဦးဋ္ဌေးဦးက ပြောသည်။

မြန်မာလွှတ်တော်ထဲကို ၂၃ ပါတီမှ လွှတ်တော်အမတ်များ ခင်မင်စွာ တွေ့ဆုံကြကြောင်းနှင့် ခင်မင်ကြကြောင်း Makiko KIKUTA ကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းနေပြီး ယခင်က ကွန်မြူနစ်များ စခန်းချရာ၊ စစ်ဖြစ်ပွားခဲ့ရာ
နေပြည်တော်အရပ်၌ ယခုအခါ ကြံ့ဖွံ့ပါတီရုံးချုပ် တည်ရှိနေပြီ ဖြစ်ကြောင်းနှင့် ဤသည်မှာ တိုးတက်ပြောင်းလဲမှု တခု ဖြစ်ကာ မရှိခဲ့သော လွှတ်တော်လည်း ပေါ်ပေါက်လာပြီး ပြည်သူများ ရွေးချယ်တင်မြှောက်သော အစိုးရ ရှိလာပြီ ဖြစ်ကြောင်း ဦးဌေးဦးက ပြောသည်။

မစ္စစ် Makiko KIKUTA မှာ ၂ဝ၁ဝ နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီးနောက် မြန်မာပြည်သို့ ပထမဆုံး လာရောက်သည့် ဂျပန်နိုင်ငံ အဆင့်မြင့် အရာရှိ ဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်အချို့ကို ဗုဒ္ဓဟူး မွန်းလွဲပိုင်းတွင် ၄၅ မိနစ်ခန့်အကြာ တွေ့ဆုံခဲ့ကာ မြန်မာ့ဒီမိုကရေစီရေးအတွက် ဂျပန်အနေဖြင့် ဆက်လက် ကူညီသွားမည်ဟု ပြောဆိုခဲ့သည်။

နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အစိုးရ တာဝန်ရှိသူများကို တွေ့ဆုံခဲ့သည်။ ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအချို့ကိုလည်း ရန်ကုန်ရှိ ဂျပန်သံရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့သည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော စားနပ်ရိက္ခာ ထောက်ပံ့ရေးတွင် ဂျပန်နိုင်ငံကလည်း အမေရိကန် ဒေါ်လာ ၅.၈၇ သန်း တန်ဖိုးရှိသော အဟာရ ဖြည့်စွက် အစားအစာ တန်ချိန် ၁၇ဝဝ နှင့် စားသုံးဆီ ၁၆၂၅ တန်တို့ကို လှူဒါန်းခဲ့သည်။

ဂျပန်သည် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများအား ဖိနှိပ်မှုကြောင့် လူသားချင်း စာနာမှုနှင့် အရေးပေါ် အကူအညီမှလွဲပြီး၊ အခြား စီးပွားရေး အကူအညီများကို ၂ဝဝ၃ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သည့် နိုင်ငံဖြစ်သည်။

ဗဟိုချုပ်ကိုင်မှု ပြန်ကျင့်သုံးပြီ

ခင်ဦးသာ Thursday, 30 June 2011

ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာ များအား ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) က ပြန်လည် ချုပ်ကိုင်တော့ မည် ဖြစ်ကြောင်း ပြည်နယ်၊ တိုင်းဒေသကြီးများ၏ လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်အဖွဲ့ တာဝန်ယူပြီး ရက် ၉၀ ပြည့်မြောက်ချိန်တွင် ကျင်းပသော ပြည်နယ်၊ တိုင်း လွှတ်တော်များ၏ အထူးအစည်းအဝေးများ အပြီး ၎င်းအစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဆိုရင် စီးပွားရေးဌာနက လွဲလို့ ကျန်တဲ့ဌာန လုပ်ပိုင်ခွင့်တွေ အကုန်လုံးကို နေပြည်တော်က တိုက်ရိုက် လုပ်ဆောင်တော့မယ့်အနေအထား ဖြစ်သွားပါပြီ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဧရာဝတီကို ပြောသည်။

ရန်ကုန်တိုင်း ၀န်ကြီးဌာနများတွင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနမှ အပ ကျန် ၀န်ကြီးဌာနများကို ဗဟိုမှ ချုပ်ကိုင်သည့် စနစ်ဖြင့် ဆောင်ရွက်သွားနိုင်သည်ဟု သူက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ရန်ကုန်တိုင်းတွင် ပထမပိုင်း၌ ပါရှိခဲ့သော်လည်း ယခုမပါရှိတော့ပေ။ ရန်ကုန်တိုင်းရှိ ဝန်ကြီးဌာန ၉ ခုမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စည်ပင်သာယာရေး၊ ဘဏ္ဍာအခွန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ စီမံကိန်းနှင့် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု၊ လူမှုရေး ၀န်ကြီးဌာန၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီးဌာနတို့ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်၊ တိုင်းအစိုးရ အဖွဲ့များ ပေါ်ပေါက်လာပြီးနောက် လုပ်ပိုင်ခွင့်တချို့ ရခဲ့သော်လည်း ထိရောက်သော လုပ်ဆောင်နိုင်မှု မရှိ၍ ဗဟိုမှ ချုပ်ကိုင်သည့် စနစ် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က ဆိုသည်။

ဇွန်လ ၂၉ ရက်နေ့တွင် ကချင်ပြည်နယ် လွှတ်တော် ကျင်းပခဲ့ပြီးနောက် ကချင်ပြည်နယ်၏ ၀န်ကြီးဌာန အပြောင်းအလဲနှင့် ၀န်ကြီးအသစ် ခန့်အပ်ခြင်းကို သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများ၌ ရေးသားထားသည်။

တခြားသော ပြည်နယ်၊ တိုင်း လွှတ်တော် အစည်းအဝေးများအား ဇွန် ၂၉၊ ၃၀ ရက်များ၌ ဆက်လက်ကျင်းပကာ ၀န်ကြီးဌာန အများအပြား၏ အမည်များကို ပြောင်းလဲမှု လုပ်ဆောင်ခဲ့သည်။

“အရင်လိုပဲ ၀န်ကြီးဌာန ၉ ခုရှိပေမယ့် စစ်တပ်ကိုယ်စားလှယ် ကိုင်ထားတဲ့ နယ်စပ်ရေးရာလို ဌာနပဲ မပြောင်းလဲတာပါ။ အစည်းအဝေးက ၇ မိနစ်လောက်ပဲ ကြာပါတယ်” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

ဝန်ကြီးဌာန အပြောင်းအလဲ လုပ်ခြင်းသည် အရာအားလုံးနီးပါးကို ဗဟိုမှ ပြန်လည် ချုပ်ကိုင်ထားလိုသည့် သဘောကြောင့်ဟု ထင်မြင်ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော အစိုးရအဖွဲ့ဝန်ကြီး များ၏ လုပ်ဆောင်ချက် အားနည်းခြင်း ရှိသကဲ့သို့ လုပ်ဆောင်နိုင်မှု တချို့လည်း ရှိကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

“ရန်ကုန်အစိုးရ အဖွဲ့ထဲမှာတော့ အပြောင်းအလဲ တချို့ တွေ့ရပါတယ်။ ဥပမာ - စည်ပင်ဝန်ကြီး ဆိုရင် အမှိုက်သိမ်းတာတွေ၊ မြောင်းဖောက်တာတွေ ပိုလုပ်လာတယ်။ မြို့တော်ခန်းမကြီးလည်း ပြန်ပြီးတော့ ဆေးသုပ်ထားတာ တွေ့ရတယ်” ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။

ရန်ကုန်တိုင်း၌ ပညာရေးဝန်ထမ်း တချို့၏ လာဘ်ပေး၊ လာဘ်ယူမှုကိစ္စတွင်လည်း အပြောင်းအလဲ တချို့ ဖြစ်သွား သေးကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့တို့၏ လုပ်ဆောင်ချက်များသည် ၃ လ ပြည့်မြောက်သည့်တိုင် အပြောင်းအလဲ မတွေ့ရသေးကြောင်း ဒေသခံ နိုင်ငံရေး ခေါင်းဆောင်များ၏ ပြောပြချက်အရ သိရသည်။

“အရင်လူတွေ လုပ်ခဲ့တာကို ဆက်ပြီးသွားနေတဲ့ သဘောပါ။ လက်ရှိဝန်ကြီးတွေကိုယ်တိုင် လုပ်လို့ ပြောင်းလဲလာတာ ဘာမှမတွေ့ ရသေးဘူး။ ဗဟိုကချုပ်ကိုင်ထားပြီး ဖွဲ့စည်းပုံမှာလည်းပဲ ပြည်နယ်၊ တိုင်း အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေ ပေးမထားတော့ သိပ်ပြီးတော့ လုပ်ရဲ ကိုင်ရဲတဲ့ သတ္တိတွေမရှိကြဘူး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။

ပြည်နယ်၊ တိုင်း အစိုးရများအနေဖြင့် ဗဟိုမှ လမ်းညွှန်မှု ပေးခြင်းကို စောင့်နေရန် မလိုဘဲ လုပ်ဆောင်စရာ ရှိသည်ကို တာဝန်ယူမှု ရှိရှိဖြင့် လုပ်ဆောင်သွားရန် တာဝန်အပြည့် ပေးအပ်သည်ဟု သမ္မတဦးသိန်းစိန်က ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့ဝင်များနှင့် ဧပြီလအတွင်း တွေ့ဆုံရာ၌ ပြောဆိုခဲ့သည်။

“အထက်က အမိန့်ပေး စနစ်နဲ့ သွားတာမျိုး မဟုတ်ဘဲ၊ အောက်ခြေက တာဝန်ယူမှုရှိပြီး အောက်ကအပေါ်ကို လာတဲ့စနစ်နဲ့ သွားကြဖို့၊ ရဲရဲဝံ့ဝံ့ တာဝန်ယူ လုပ်ဆောင်ကြဖို့ လိုတယ်” ဟု ဦးသိန်းစိန်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ခေါင်းဆောင်တချို့ကမူ သမ္မတဦးသိန်းစိန်၏ စကားသည် ၀ါဒဖြန့်ရန်အတွက် အပြောသက်သက် လုပ်ဆောင် ခြင်းသာ ဖြစ်သည်ဟု တုန့်ပြန်ပြောဆိုကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော လက်ရှိအစိုးရ ကျင့်သုံးနေသည့် စနစ်သည် ဖက်ဒရယ် ပြည်ထောင်စု စနစ် မဟုတ်သည့်အတွက် ပြည်နယ်၊ တိုင်းအစိုးရ၏ လုပ်ပိုင်ခွင့်အား ဗဟိုမှ ပြန်လည်ချုပ်ကိုင်ခြင်းမှာ အထူးအဆန်း မဟုတ်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ဆိုသည်။

သမ္မတ ဦးသိန်းစိန်သည် လက်ရှိအာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ သမ္မတ ဖြစ်လာ၍ ပြည်နယ်၊ တိုင်းအစိုးရ အဖွဲ့ကိုလည်း ၎င်းစိတ်ကြိုက် ခန့်ထားခြင်းသာ ဖြစ်သည်ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၌ ၀န်ကြီးဌာန ၉ နေရာတွင် ကြံ့ဖွံ့ပါတီက ၀န်ကြီးဌာန ၈ နေရာ ရရှိထားပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) က ၁ နေရာ ရရှိထားကြောင်း ဒေါက်တာ ညိုညိုသင်းက ဆိုသည်။

မန္တလေးတွင် ဗုံးလန့်

ရန်ပိုင် Thursday, 30 June 2011

မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် ၈၁ လမ်းပေါ်ရှိ အထက (၁) ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဆိုသည့် ကောလာဟလ သတင်းကြောင့် လူအများ အထိတ်တလန့်ဖြစ်ကာ ရုတ်ရုတ်သဲသဲဖြစ်သွားကြောင်း သတင်းရသည်။

ဗုံးလန့်ချိန်သည် နေလည် ၁ နာရီခန့်တွင် ဖြစ်ပြီး ကျောင်းသားများ လပတ်စာမေးပွဲ ဖြေဆိုနေစဉ် ဖြစ်ကြောင်း၊ ကျောင်းသားများကို ပြန်လည်ခေါ်ယူရန် မိဘများ လာရောက်ချိန်တွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အခြေအနေကို ထိန်းသိမ်းလိုက်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

“ဗုံးကွဲတယ်ဆိုလို့ ကလေးကို သွားခေါ်တော့ မဟုတ်ဘူးတဲ့၊ တွေ့တာဖြစ်ပြန်ရော။ အားလုံးကစိုးရိမ်နေတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ အထက (၁) သည် ယောက်ျားလေး သီးသန့်ကျောင်းဖြစ်ပြီး အနီးတွင် အမှတ် (၈) နှင့် အမှတ် (၄) မိန်းကလေး သီးသန့်ကျောင်းများ ရှိသည်။

ယခုအခါ မန္တလေးမြို့တွင် နေထိုင်သူများသည် စားဝတ်နေရေးအတွက် သွားလာနေရသော်လည်း ဗုံးအန္တရာယ်ကို ကြောက်ရွံ့နေကြကြောင်း တခြားမန္တလေးမြို့ခံတဦးကလည်း ဆိုသည်။

ထိုအပြင် ပြီးခဲ့သည့် ဗုံးကွဲမှုများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးမှုများ၊ စောင့်ကြည်မှုများ၊ လုံခြုံရေး တင်းကျပ်မှုများကိုလည်း အာဏာပိုင်များက ပြုလုပ်နေကြောင်း၊ စစ်ကိုင်းတံတား စသည့် မြို့အ၀င်အထွက် နေရာများတွင် တင်းကျပ်သော စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ အမှတ် (၂) အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဆိုသော သတင်းများထွက်ခဲ့သော်လည်း ကောလဟလသာ ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူမြို့များ ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ လူအသေအပျောက် မရှိခဲ့ပေ။

ယခုကဲ့သို လူသေပျောက် မရှိ၊ ဒဏ်ရာရရှိမှု နည်းသည်ကို ကြည့်ခြင်းအားဖြင့် ဗုံးဖောက်ခွဲမှု ပြုလုပ်သူများသည် ခြောက်လှန့်ရန် သက်သက် ပြုလုပ်ခြင်းဖြစ်သည်ဟု မန္တလေးတိုင်း မှုခင်းသတင်းတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည် သားနှင့်အတူ ပုဂံသို့ ဘုရားဖူးသွားမည်

လင်းသန့် Thursday, 30 June 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် မိသားစုခရီစဉ်အဖြစ် သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ပုဂံ ဒေသသို့ ဘုရားဖူး သွားရောက်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေး ကိစ္စများ တာဝန်ယူ ဆောင်ရွက်နေသည့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင်တဦးဖြစ်သည် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို မေးမြန်းရာ ခရီးစဉ် မှန်ကန်ကြောင်း ပြောဆိုအတည်ပြုသော်လည်း အသေးစိပ်ပြောဆိုရန် ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်းတို့သည် လာမည့် ဇူလိုင်လ ၄ ရက်နေ့တွင် ပုဂံ ဒေသသို့ လေယာဉ်ဖြင့် သွားရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နေပြည်တော် အပါအ၀င် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့များတွင် တချိန်တည်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အတွက် စိုးရိမ်မှုများ တိုးပွားစေခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ ရန်ကုန်ပြင်ပခရီးထွက်မည့်အပေါ် အစိုးရသတင်းစာ တစောင်တွင် လုံခြုံရေး နှင့်ပတ်သက်ပြီး သတိပေးထားသည့် စကားရပ်များ ဖော်ပြထားသည်။ ထို့အပြင် ပြည်ထဲရေးဝန်ကြီးကလည်း အကြောင်း ကြားစာပို့ထားသည်များကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

ယမန်နေ့ထုတ် အစိုးရ ကြေးမုံ သတင်းစာတွင် ဆောင်းပါးရှင် ပြည့်စုံအောင် ၏ “ရွေးချယ်ခွင့်က လက်ထဲမှာ”ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် မကြာခင် နယ်ခရီးထွက်မည်ဆိုသည့်အပေါ် “မည်သို့ ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည် နယ်ထွက် လာလျှင် မြောက်မြား လှစွာသော ယခင့်ယခင် သာဓကများနည်းတူ ရုတ်ရုတ်သဲသဲ လှုပ်လှုပ် ရှားရှားတွေ ဖြစ်လာမှာကို ကျ နော်တို့ စိုးရိမ်မိသည်။ စိုးရိမ်လောက်စရာ အကြောင်းတွေလည်း အခိုင်အမာပင်ရှိနေသည်”ဟု ဖော်ပြထားသည်။

အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ၏ ဇွန်လ ၂၈ ရက် နေ့စွဲဖြင့် ဥက္ကဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့ လာသော စာနှင့် ပတ်သက်ပြီး (NLD) အား အင်အားသုံး ဖျက်သိမ်းလာမည်ကိုအထူး စိုးရိမ်သော်လည်း ရင်ဆိုင်ရမည် ဖြစ်ကြောင်း NLD ခေါင်းဆောင်တဦး ဖြစ်သည့် ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

“သူတို့လုပ်ခဲ့ဖူးတဲ့ ဟာတွေလည်း ရှိတဲ့အခါကျတော့ စိုးရိမ်တာပေါ့။ သတင်းစာတို့ဘာတို့က ခြိမ်းခြောက်တယ်၊ ပုတ်ခတ် တယ် ဆိုတာက ကြုံနေကြဆိုတော့ သိပ်မထူးလှဘူး။ အခုဟာက ၀န်ကြီးဌာန ကိုယ်တိုင်လုပ်တာဆိုတော့ တော်တော် စိုးရိမ် ပူပန်တာပေါ့”ဟု ဦးဝင်းတင်က ပြောပြသည်။

ယခုကိစ္စသည် အချိန်ကိုက်လုပ်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထားသည့် မကြာခင်သွားမည့် နယ်ခရီးစဉ်နှင့် လည်း တိုက်ဆိုင်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပါအ၀င် ဒီမိုကရေစီအရေး ထောက်ခံကြသူများ၊ တက်ကြွလှုပ်ရှားသူများကိုပါ ခြိမ်းခြောက်မှုဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

“ဒီဖြစ်ရပ်နောက်ကွယ်မှာ အခု အစိုးရထဲမှာ သဘောထားတင်းမာသူနဲ့ ပျော့ပြောင်းသူတွေကြားမှာ အားပြိုင်နေတယ်လို့ တ ထစ်ချသုံးသပ်တယ်။ သူတို့ဘက်က အဖြစ်နိုင်ဆုံး လုပ်နိုင်တာတွေက ပါတီခေါင်းဆောင်တွေကို ဖမ်းမယ်။ နေအိမ် အကျယ် ချုပ် ချမယ်။ ထောင်ချမယ်။ ပါတီရုံးတွေ ပိတ်ပြီး ပစ္စည်းတွေ သိမ်းမယ်။ ဒါမျိုးတွေပဲ သူတို့ လုပ်နိုင်တာ။ ပြင်ဆင်လည်း ဘာမှ ထူးတာမဟုတ်ဘူး”ဟု ဦးဝင်းတင်က ဆိုသည်။

NLD သည် တရားဝင် ပါတီမဟုတ်ကြောင်းနှင့် NLD လက်ရှိလုပ်ဆောင်နေမှုများသည် တရားဥပဒေနှင့် ဆန့်ကျင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို လက်မှတ်ရေးထိုးထားသော အကြောင်းကြားစာကို အစိုးရ အရာရှိ တဦး ကိုယ်တိုင် လာရောက်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် NLD ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ဒု ဗိုလ်ချုပ်ကြီး ကိုကို ထံ လိပ်မူပြီး NLD သည် နိုင်ငံရေးပါတီ အဖြစ် တရားဝင်ရပ်တည် နေကြောင်းနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆွေးနွေးလိုကြောင်း ဇွန် လ ၂၉ ရက်နေ့စွဲဖြင့် အကြောင်းပြန်စာကို သက်ဆိုင်ရာသို့ NLD က လူကိုယ်တိုင် သွားရောက်ပေးပို့ခဲ့သည်။

“သို့ပါ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တူညီသောလိုလားချက်များအပေါ်အခြေခံ၍ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီးနှင့် တွေ့ဆုံပြီး တရားဥပဒေစိုးမိုးရေးအတွက် ညှိနှိုင်းလိုပါသဖြင့် စီစဉ်ပေးပါရန် မေတ္တာရပ်ခံပါသည်”ဟု ပြည်ထဲရေး ၀န်ကြီးထံ ပေးပို့တုံ့ပြန်သော ယမန်နေ့က စာတွင် ဖော်ပြထားသည်။

NLD အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အမှတ် -၄/၈၈ အရ ၁၉၈၈ ခုနှစ်က တရားဝင်မှတ်ပုံတင်ခဲ့ပြီး ပြဌာန်းချက်များကို လည်း ချိုးဖောက်ခဲ့ခြင်း မရှိကြေင်း၊၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့ထုတ် ဥပဒေ အမှန်-၂/၂၀၁၀ အရလည်း ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ပြန်လည်လျှောက်ထားခြင်းမရှိသဖြင့် ဥပဒေအရ ပျက်ပြယ်ခြင်းမရှိကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ-၄၄၆ အရလည်း NLD သည် တရားဝင်ခြင်းမှ ပယ်ဖျက်နိုင်သည့်အခွင့် အာဏာ မရှိသည့် အတွက် တရားဝင်ပါတီအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ နေပြည်တော် တရားရုံးချုပ်၏ ပါတီအား ဖျက် သိမ်းလိုက်ခြင်းသည် တရားမ၀င်ကြောင်း NLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် NLD အနေနှင့် ထပ်မံ မှတ်ပုံတင်ရန်မလိုအပ်ကြောင်းလည်း ထောက်ပြထားသည်။

ကမမောင်းရှိ အစိုးရစစ်တပ်အား နယ်ခြားစောင့်တပ်များ ၀င်ရောက်ပစ်ခတ်

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကမမောင်းကျေးရွာရှိ အစိုးရစစ်တပ်စခန်းတခုအား ဗိုလ်မှူးစောဘိဦးသည့် နယ်ခြားစောင့်တပ် (ဘီ ဂျီအက်ဖ်)တပ်ဖွဲ့များက ယမန်နေ့ည ၁၂နာရီအချိန်တွင် ၀င်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းသွား သလို တံတားတစင်း ပျက်စီးသွားသည်ဟု ကမမောင်းရွာသူတဦးက ယခုလို ပြောသည်။

“ပစ်ခတ်မှုဖြစ်တာ မိနစ်သုံးဆယ်လောက် ကြာတယ်။ လက်နက်ကြီးလက်နက်ငယ် အသံတွေ ဆူညံနေတာပဲ။ အိမ်တလုံး မီး လောင်သွားတယ်။ တံတားတစင်း ပျက်သွားတယ်။ တံတားနားမှာနေတဲ့ လူတယောက် သေသွားတယ်။ ကလေးတွေလည်း ကြောက်လန့်ပြီးတော့ တညလုံးငိုတယ်။ ခွေးတွေလည်း တညလုံးဟောင်တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုပစ်ခတ်မှုအပြီး မနက်မိုးလင်းအချိန်တွင် အစိုးရစစ်တပ်မှ ရွာတွင်းရှိ အမျိုးသားများကို ပေါ်တာလိုက်လံဖမ်းဆီးမှုကြောင့် ရွာတွင်း ရှိ အမျိုးသားများသည် လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသလို အမျိုးသမီးများသည်လည်း ကြောက်လန့်ကြသည့်အ တွက် အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲကြကြောင်း အဆိုပါရွာသူက ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၁၀၁)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဖောဒိုက “ဗိုလ်ဘိအဖွဲ့က ၀င်ပြီး ပစ်ခတ်တာကတော့ မှန်တယ်။ ဒါပေမဲ့ ရန်သူ့တပ်ရင်းနံပါတ် အတိအကျနဲ့ နှစ်ဖက်ထိခိုက်မှုကိုကျတော့ ကျနော်တို့ အသေး စိတ် မသိရသေးဘူး။”ဟု ပြောသည်။

ထို့အပြင် ဗိုလ်မှူးစောဘိက နယ်စပ်ဒေသရှိ ၎င်း၏လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များအားလုံးကို စစ်ရေးပြင်ဆင်မှု အသင့်အနေ အထားတွင် လုပ်ဆောင်ထားရန် ညွှန်ကြားလိုက်သည်ဟု နယ်စပ်ဒေသမှ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

ဗိုလ်မှူးစောဘိ ဦးဆောင်သည့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၁)၊ (၁၀၁၂)၊ (၁၀၁၃)နှင့် (၁၀၁၄)များမှ အင်အား ၁,၀၀၀ ကျော်သည် မေလအတွင်း မြိုင်ကြီးငူဒေသကို ၀င်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၄ရက်နေ့မှစ၍ ဒီကေဘီအေတံဆိပ် ကို ပြန်လည် တပ်ဆင်လိုက်သလို ကေအဲန်အယ်လ်အေ တပ်မဟာ(၇)တို့နှင့် ပြန်လည် လက်တွဲခဲ့ပြီးဖြစ်ကြောင်း ကေအဲန်အယ်လ် အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ကေအိုင်စီကို ပြောခဲ့သည်။

ပင်လယ်ထဲ မျောပါနေသော ဆင်ရိုင်း ၃ ကောင်ကို စစ်တွေတွင် ကယ်တင်

မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တောင်ကျ ချောင်းရေနှင့် အတူ ပင်လယ်ထဲမျောပါလာသော ဆင်ရိုင်း သုံးကောင်ကို ငါးဖမ်း စက်လှေများက ဆယ်ယူ ကယ်တင်နိုင်ခဲ့သည်ဟု သတင်း ရရှိသည်။

ဆယ်ယူ ကယ်တင်ခဲ့ရသည့် ဆင် သုံးကောင်ထဲမှ တစ်ကောင်မှာ ယခုအခါ စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မျက်မြင် လူငယ် တစ်ဦးက ပြောသည်။

“ ဆင်တစ်ကောင်က အခု မင်းကြီး ကျောက်တန်းနားက စစ်တွေ ဆိပ်ကမ်းရောက်နေပါတယ်။ ဒီကောင်က အဖိုပါ။ ဒီကောင်ကို ဒီနေ့မနက် ၄ နာရီလောက်က စစ်တွေ ဆိပ်ကမ်းကို ဆွဲယူလာခဲ့တာ ဖြစ်ပါတယ်။ ကျန်နှစ်ကောင်ကတော့ အကြီး တစ်ကောင် အငယ် တစ်ကောင်ဖြစ်ပီး စစ်တွေ သဲချောင်းကျေးရွာဘက်ကို ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။”

ယခု စစ်တွေ ဆိပ်ကမ်းသို့ ရောက်ရှိနေသော ဆင်ရိုင်းအား မည်သို့ ကယ်တင်ခဲ့ရသည်ကို သူက ယခုကဲ့သို့ ပြောသည်။

“ ငါးဖမ်းစက်လှေက ပင်လယ်ထဲ ဆင်တစ်ကောင် မျောပါနေတာကို တွေ့တော့ ဆင်ကို ကယ်မယ်ဆိုပြီး ကြိုးကွင်းကို ဆင်ဆီ ပစ်ချပေးလိုက်တယ်။ ဆင်က ကြိုးကွင်းကို နှာမောင်းနဲ့ ယူပြီး ဦးခေါင်းမှာ စွပ်လိုက်တယ်။ အဲဒါနဲ့ စက်လှေက ဆင်ကို စစ်တွေ ဆိပ်ကမ်းထိ ဆွဲယူလာခဲ့တယ်။ ဆိပ်ကမ်းနားကိုရောက်တော့ ဆင်က သူဟာသူ အလိုလို ကုန်းပေါ် တက်လာခဲ့တယ်။ အခုတော့ ရေစပ်နားမှာ နေနေတာကို တွေ့ရတယ်။ လူတွေ ပစ်ပေးတဲ့ ငှက်ပျော ပင်တွေကိုလည်း စားနေတယ်။ သစ်တောဌာက လူတွေလည်း အနားမှာတွေ့ရပါတယ်” ဟု ပြောသည်။

ဆင်မှာ အရိုင်း ဖြစ်သဖြင့် သစ်တောဌာနမှ ပုဂ္ဂိုလ်များမှာ အနားသို့ မကပ်ရဲဘဲ ခပ်ဝေးဝေးမှာနေကာ ကြည့်ကြကြောင်း၊ သို့သော် ဆင်မှ ရန်မူခြင်း မရှိကြောင်း သူက ပြောသည်။

အဆိုပါ ဆင်ရိုင်းများမှာ ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မေယူတောင်တန်းမှ တောင်ကျ ချောင်းရေနှင့် အတူ မျောပါလာသော ဆင်များဖြစ်ကြောင်း ဒေသခံ လူကြီးများက အတည်ပြု ပြောကြားသည်။

မေယူတောင်တန်းမှာ တောဆင်ရိုင်းများ အထူး ကျက်စားရာ တောင်တန်း တစ်ခုဖြစ်ပြီး ယခင်က စစ်အစိုးရ ဖမ်းဆီးရမိခဲ့သော ဆင်ဖြူတော် (၃) ကောင်မှာလည်း မေယူတောင်တန်းမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ယခု ဆယ်ယူ ကယ်တင်ခဲ့ရသော ဆင်ရိုင်းများကို မည်သို့ စီစဉ် ဆောင်ရွက်မည်ကို သိရှိလိုသဖြင့် စစ်တွေမြို့နယ် သစ်တောဌာနအား နိရဉ္စရာမှ ဖုန်းဖြင့်ဆက်သွယ်ရန်ကြိုးစားသော်လည်း ဖုံးအဆက်အသွယ် မရရှိခဲ့ပါ။

တရားဝင်ပါတီဖြစ်ကြောင်း အန်အယ်ဒီ တုံ့ပြန်

မျိုးသန့်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီ တခုဖြစ်ပြီး လွှတ်တော် အဆင့်ဆင့်နှင့် နိုင်ငံတော် အစိုးရကို ဆန့်ကျင်လိုခြင်း မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပါတီလုပ်ငန်းများ လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ သတိပေးချက်ကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်တုံ့ပြန်လိုက်သည်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုသို့ လိပ်မူ၍ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ပေးပို့သော စာမိတ္တူကို မဇ္ဈိမက လက်ခံရရှိထားရာ အန်အယ်ဒီသည် ဥပဒေအရ ပျက်ပြယ်ခြင်း မရှိဟု ပြန်လည် ငြင်းချက်ထုတ်မှု ပါရှိသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်ခြင်း မပြုသည့်အတွကနိုင်ငံရေးပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်သည် ဆိုသော အစိုးရ၏ စောဒကကို ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ ကိုပင် ကိုးကား၍ ပြန်လည် ချေပလိုက်သည်။

“ ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်” ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ- ၄ဝ၉ တွင် ပါရှိသောကြောင့် အဖွဲ့ချုပ်သည် ပျက်ပြယ်ခြင်းမရှိပါ ” ဟု အန်အယ်ဒီ ထိပ်တန်းခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးထိုင်ကာ ပေးပို့သော စာတွင်ပါရှိသည်။

“ ဥပဒေတွေက ပြောရရင် အများကြီးဗျ အဲဒီတော့ ခြုံပြီးတော့ပြောရရင် NLD ဟာ ပျက်မသွားဘူးလို့ ကျနော်တို့ ဥပဒေအရ အဲဒီလိုမြင်တယ်။ ဒါကြောင့် ကျနော်တို့ ဆိုင်းဘုတ်တွေ ချိတ်တာ၊ လှုပ်ရှားမှုတွေကလည်း NLD အနေနဲ့ပဲ လှုပ်ရှားနေတာပါ” ဟု အန်အယ်ဒီ ဗဟိုအလုပ်မှုဆောင် တဦး ဖြစ်သော ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

ဇူလိုင် ၂၂ ရက်နေ့တွင် ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် နယ်လှည့် ခရီးစဉ် မတိုင်မီ ပြည်ထဲရေးဝန်ကြီးဌာနကနိုင်ငံရေး ပါတီအနေဖြင့် လှုပ်ရှားမှု မလုပ်ရန် အစိုးရအာဘော် သတင်းစာများမှ တဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ ဖွဲ့စည်းထားသော လွှတ်တော် အဆင့်ဆင့်နှင့် နိုင်ငံတော် အစိုးရကိုလည်း ဆန့်ကျင်လိုသည့် သဘောထား မဟုတ်ပါ။ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေပါ ပြဋ္ဌာန်းချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အလေးထား လိုက်နာခြင်းသာ ဖြစ်ပါသည်” ဟု အန်အယ်ဒီ၏ ပေးစာထဲတွင် ဖေါ်ပြထားပြီး ရွေးကောက်ပွဲ ကော်မရှင်က ပါတီအဖြစ်မှ ဖျက်သိမ်းခြင်းကို တရားမဝင်ကြောင်း တရားရုံးချုပ် (ရန်ကုန်)သို့ လျှောက်ထားခဲ့မှုကို ရည်ညွှန်းထားသည်။

တရားဥပဒေစိုးမိုးရေး ပိုမို လုပ်ဆောင်နိုင်ရန် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာရေး စီစဉ်ပေးရန် ဒုတိယဗိုလ်ချုပ်ကြီးကိုကို ကိုမေတ္တာ ရပ်ခံကြောင်းလည်း ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“တရားဥပဒေ စိုးမိုးရေး အတွက် သဘောထား ဖလှယ်လိုက်ရင် ဒါတွေက ပြေလည်နိုင်စရာတွေ ချည်းပဲလို့ ကျနော်တို့မြင်တယ် ဒါ့ကြောင့်ကျနော်တို့စာမှာ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးကိစ္စ ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဖို့ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရေးမြို့တွင် ကားနှစ်စီး မီးရှို့ပြီး လူ ၆ ဦး ပြန်ပေးဆွဲ

ကွန်းချမ်း

ခရီးသည်တင် မှန်လုံကားနှစ်စီးအား မီးတင်ရှို့ကာ ကားသမား ၆ ဦးကို သေနတ်သမားများကပြန်ပေးဆွဲသွားမှု မွန်ပြည်နယ် ရေး-သံဖြူဇရပ် အဝေးပြေးလမ်း၌ ဗုဒ္ဓဟူးမနက် ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ထားဝယ်မြို့နှင့် မော်လမြိုင်၊ ရန်ကုန်သို့ ပြေးဆွဲနေသည့် ရာဇာမင်းနှင့် ရွှေလီရတနာ ခရီးသည်တင် ကားများကို
ရေးမြို့မြောက်ဘက် မိုင် ၃ဝ ကျော်အကွာရှိ သာယာအေးရွာအနီးတွင် မီးရှို့ကာ ယာဉ်မောင်းနှင့် နောက်လိုက် စုစုပေါင်း ၆ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ဦးပဉ္ဇင်းတို့ ကြောက်လို့ ကြည့်တောင် မကြည့်ရဲဘူး။ ကားအစီး ၂ဝ လောက် ရပ်ခိုင်းပြီး၊ ခရီးသည် အားလုံး ကားပေါ်က ဆင်းခိုင်းတယ်။ နောက်တော့ ကားနှစ်စီးကို မီးရှို့လိုက်တာပဲ။ တခြားကားတွေနဲ့ ခရီးသည်တွေကိုတော့ ဘာမှ မလုပ်ဘူး” ဟု သံဃာတော်တပါးကို မဇ္ဈိမကို မိန့်ဆိုသည်။ လက်နက်ကိုင်အင်အား ၂ဝ ခန့် ပါဝင်ပြီး အများစုမှာ လက်နက်ငယ်များ ကိုင်ဆောင်ကာ အချို့မှာ လက်နက်ကြီးများဟု ပြောသည်။

သံဖြူဇရပ်မြို့နယ် သက္ကော့ရွာသား တဦးကလည်း "ကျနော်သွားကြည့်တဲ့အချိန်မှာ ကားတွေ အားလုံးပျက်စီးသွားပြီ။ ဘာမှ သုံးလို့ မရတော့ဘူး။ ရဲတွေ စစ်သားတွေလည်း အဲဒီမှာ စစ်ဆေးတာတွေ လုပ်နေတယ်" ဟု ပြောသည်။

ဗုဒ္ဓဟူးမနက် ၁၂ နာရီခွဲတွင် ယခုအခင်းဖြစ်ပွားသောနေရာမှ ၁၅ မိုင်အကွာရှိ သံဖြူဇရပ်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း ဗုံးတလုံး ပေါက်ကွဲခဲ့သေးသည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း အောင်သာယာရပ်ကွက်မှ မျက်မြင်တဦးက ပြောသည်။

“ဘယ်သူ့ လက်ချက်လဲတော့ မပြောသေးဘူး။ အားလုံးက ကားမီးရှို့ခံရတဲ့ဘက်ကို စုသွားကြတယ်ဆိုတော့ မြို့ထဲမှာ စစ်ဆေးမေးမြန်းတာတို့ မရှိသေးဘူး” ဟု သူက ပြောသည်။

၂ဝ၁၁ မေ ၂၂ ရက်နေ့ကလည်း ခရီးသည်တင် မှန်လုံယာဉ် ၅ စီးအား ရေး-သံဖြူဇရပ်လမ်းပိုင်း ကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာအကြား လက်နက်ကိုင် လူတစုက ယာဉ်များအား ပစ်ခတ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၆ ဦးကို ဖမ်းဆီးသွားခဲ့သေးသည်။

မေ ၂၄ ရက်ထုတ် အစိုးရထုတ် မြန်မာ့အလင်းသတင်းစာက ကရင်အမျိုးသား အစည်းအရုံး လက်ချက်ဟုရေးသားခဲ့သည်။သို့သော် KNU က အထက်ပါ လုပ်ရပ်အားလုံး မိမိတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်သာမက ကျိုက်မရောနှင့် မြို့နယ်အချို့၌ လက်နက်များအား ဇွန်လကုန်နောက်ဆုံးထားကာ အပ်နှံကြရန် ဒေသအာဏာပိုင်များက ညွှန်ကြားထားသည်။

၎င်းမြို့နယ်များအတွင်းရှိ ရွာအချို့တွင် လက်နက်အပ် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ MPDF ၊ ဟောင်သရော ကရင် ငြိမ်းချမ်းရေးအဖွဲ့ KPF ၊ နယ်ခြားစောင့်တပ် လက်ခံထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တပ်ဖွဲ့ဝင်အချို့နှင့် NMSP ပါတီဝင်အချို့ လက်နက်ကိုင်လှုပ်ရှားနေသည်။

ဖားအံမြို့မှ ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူ များကို နေပြည်တော်ရဲများ လိုက်လံ ဖမ်းဆီးနေ

နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူများကို နေပြည်တော်မှ ဆင်းလာသည့် ရဲတပ်ဖွဲ့ဝင်များက ဇွန် လ ၂၀ရက်နေ့မှစ၍ ယနေ့အထိ လိုက်လံဖမ်းဆီးလျှက်ရှိကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယင်းသို့ လိုက်လံဖမ်းဆီးရာတွင် ရဲယူနီဖောင်းများ ၀တ်ဆင်ခြင်းမရှိဘဲ အရပ်ဝတ်များဖြင့် ဈေးဆိုင်များတွင် စုံစမ်းမေးမြန်းကာ ယခုအချိန်ထိ ဖမ်းဆီးနေဆဲဖြစ်ကြောင်း ဖားအံမြို့အရှေ့ဘက် လမ်းဂွတွင် နေထိုင်သူတစ်ဦးက ကေအိုင်စီကို ယခုလို ပြော သည်။

နေပြည်တော်က ရဲတွေဆင်းလာပြီး ချဲဒိုင်နဲ့ ကော်မရှင်သမားတွေကို လိုက်ဖမ်းတယ်။ စဖမ်းတာတော့ ၂၀ရက်နေ့ကနေ အခု ချိန်ထိပဲ။ တချို့ချဲဒိုင်တွေ ဖမ်းမိတယ်လို့ ကျနော်ကြားတယ်။ ဘယ်နှစ်ယောက် ဖမ်းမိတယ်ဆိုတာတေ့ အတိအကျ မသိဘူး။ အခုထိတော့ လိုက်ဖမ်းနေတုန်းပဲ။ လူတွေက ချဲထိုးချင်ရင် သူတို့အဆက်နဲ့ သူတို့ လိုက်ထိုးနေကြတယ်။ ခိုးထိုးရတာပေါ့။”ဟု ပြောသည်။

ဖားအံမြို့တွင် ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူ အများစုမှာ နယ်မြေခံရဲများကို လစဉ်ကြေး ပေးထားသဖြင့် ပိုက်ဆံပေးနိုင်သည့် ချဲ ဒိုင်များကို မဖမ်းဘဲ ပိုက်ဆံမပေးနိုင်သည့် ဒိုင်များကိုသာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ ဒိုင်တစ်ဦးက ပြောဆိုသည်။

“အခု လိုက်ဖမ်းတဲ့ ရဲတွေက နေပြည်တော်ကပါ။ နယ်ခံရဲတွေလည်း အချို့လိုက်ပါလာတယ်။ လိုက်ဖမ်းနေတာ ခြောက်လပိုင်း အစကတည်းကပါ။ လကုန်ခါနီးမှပဲ အခုလို သတင်းပြန့်သွားတာ။ နယ်ခံရဲတွေကို ကျနော်တို့က လစဉ်ကြေး ပေးထားတော့ သူ တို့က ကျနော်တို့ကို ပြောပြတယ်လေ။ ကျနော်တို့ကို ရောင်းပေးတဲ့ ကော်မရှင်သမားတစ်ယောက်အတွက်ဆို တနေ့ ၂ထောင် နှုန်း ပေးသေးတယ်။ အဖမ်းခံရတဲ့ ဒိုင်သမားနှစ်ယောက်တော့ လစဉ်ကြေးမပေးလို့ပါ။ နယ်ခံရဲတွေကို ငွေပေးထားတဲ့ ဒိုင်အ များစုကတော့ ဖမ်းဆီးခံရတာ မတွေ့ရသေးဘူး။”ဟု ဖားအံမြို့တွင် ချဲဒိုင်လုပ်နေသူ မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

လောင်းကစားများကို အထက်မှ ညွှန်ကြားချက်ဖြင့် လာရောက်ဖမ်းဆီးပါက ရောင်းသားများအတွက် ပြစ်မှုဆိုင်ရာ လောင်းက စား ဥပဒေ ပုဒ်မ ၁၅(က)အရလည်းကောင်း၊ ထိုးသားများကိုမူ ပုဒ်မ ၁၆(က)အရလည်းကောင်း ငွေဒဏ်ကော ထောင်ဒဏ်ပါ အရေးယူခံရနိုင်ကြောင်း ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ မောင်တိုးက ကေအိုင်စီကို ပြောသည်။

၎င်းက “အထက်က အဲလိုလာဖမ်းတယ်ဆိုရင်တော့ လွှတ်ဖို့မလွယ်ဘူးလေ။ ငွေဒဏ်ကော ထောင်ဒဏ်ပါ နှစ်မျိုးစလုံး ခံရမှာပဲ။ ဥပဒေမှာက ဒိုင်၊ ကော်မရှင်သမားဆိုပြီး မရှိဘူးလေ။ ရောင်းသားဆိုရင် ဒိုင်ရော၊ ကော်မရှင်သမားရော အကျုံးဝင်တယ်။ သူတို့ က လောင်းကစားပုဒ်မ ၁၅(က)အရ ထောင်ဒဏ်တနှစ်ကနေ သုံးနှစ်အထိနဲ့ ငွေဒဏ်က တစ်ထောင်ကနေ ငါးထောင်အထိ။ ထိုးသားဆိုရင် ပုဒ်မ ၁၆(က)အရ ထောင်ဒဏ် ၆လကနေ တနှစ်အထိနဲ့ ငွေဒဏ်တစ်ထောင်အထိ ကျခံရတယ်။”ဟု ဆိုသည်။

ထို့အပြင် သက်သေခံပစ္စည်းများဖြစ်သည့် ရောင်းသားငွေများအတူ ဖမ်းဆီးရမိပါက ရောင်းသားဖြစ်စေ၊ ထိုးသားဖြစ်စေ ၎င်းတို့ ပိုင်ဆိုင်သည့် နေအိမ်များကိုလည်း ပြည်သူပိုင်အဖြစ် သိမ်းဆည်းနိုင်ကြောင်း ဥပဒေတွင် ပါရှိသည်။

ဖမ်းဆီးမှုများ ရှိနေသည့်ကြားက ဆက်လက်ရောင်းနေသူ ကော်မရှင် အမျိုးသမီးတစ်ဦးက “လမ်းဘေးဆိုင်တိုင်းလိုလို အရပ် ၀တ်ရဲတွေ ရှိကြတယ်။ အချို့ကော်မရှင်သမားတွေ ကြောက်လို့ နားကြတယ်လေ။ ကျမတို့ဒိုင်က ပေးရောင်းထားပေမဲ့ ခိုး ရောင်းရတယ်။ ကျမက တစ်အိမ်ဝင် တစ်အိမ်ထွက် ရောင်းတယ်လေ။ ကျမလည်း ရောင်းအားက ၅သောင်းကျော် ၆သောင်း လောက် ရတယ်။ တစ်သောင်းရောင်းရရင် ကျမအတွက် ကော်မရှင်ခ ၁,၅၀၀ကျပ် ရတယ်။”ဟု ဆိုသည်။

ဖားအံမြို့တွင် တစ်လ နှစ်ခေါက်သာ ထွက်သည့် ချဲထီထက် တစ်ရက် နှစ်ခေါက်နှုန်းဖြင့် တစ်ပတ်လျှင် ဆယ်ကြိမ်ထိုးရသည့် နှစ်လုံးထီက ပိုတွင်ကျယ်နေပြီး လောင်းကစားများ ပပျောက်ရေးအတွက် ၀န်ထမ်းများ လာဘ်စားမှုမရှိမှသာ ဖြစ်နိုင်ကြောင်း ဖားအံမြို့ အမှတ်(၂)ရပ်ကွက်မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ချဲထီတွေက ပပျောက်ဖို့လည်း မလွယ်ပါဘူး။ နယ်ခံရဲတွေကလည်း လစာမလောက်တော့ ဒိုင်၊ ကော်မရှင်တွေဆီက လစဉ် ကြေး ရနေတယ်လေ။ ဆက်ကြေးအခွန်သဘောမျိုးပါပဲ။ အခုလို လာဖမ်းချိန်မှာ ခိုးရောင်းနေကြတာပေါ့။ တကယ်ပပျောက်ချင် ရင် လာဘ်စားမှုတွေ မရှိမှ လုပ်နိုင်မှာ။”ဟု ဆိုသည်။

နယ်မြေခံရဲ၏ ပြောပြချက်အရ နေပြည်တော်ရဲများမှာ အဖွဲ့လိုက် လာရောက်ဖမ်းဆီးနေခြင်းဖြစ်ပြီး မော်လမြိုင်မြို့သို့လည်း သီးသန့်တဖွဲ့ သွားရောက်စစ်ဆေးနေကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရသစ် တက်လာသည်အထိ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တွင် လောင်းကစားလုပ်ကိုင်သူများကို နယ်ဆင်းဖမ်းဆီးမှုမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။

တရား​ဥပ​ဒေစိုး​မိုး​ရေး​နှင့်​ ပတ်သက်ပြီး​ ဆွေး​နွေး​ရန် ​ဒေါ်​အောင်ဆန်း​စုကြည်​တောင်း​ဆို

အံ့ဘုန်းမြတ်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ပတ်သက်ပြီး​ ​ဆွေး​နွေး​ဖို့​ ပြည်​ထောင်စုပြည်ထဲ​ရေး​ဝန်ကြီး​ကို ​တောင်း​ဆိုလိုက်ပါတယ်။

ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာနက အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို နိုင်ငံ​ရေး​ပါတီအဖြစ် ဆက်လက်မလုပ်​ဆောင်​တော့​ဖို့​ ဒီလ ၂၈ ရက်​နေ့​က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​အောင်​ရွှေတို့​ဆီကို စာ​ရေး​သား​ပေး​ပို့​ပြီး​တဲ့​နောက် ​ဒေါ်​အောင်ဆန်း​စုကြည်က ပြန်လည်​တောင်း​ဆိုလိုက်တာပါ။

ဒီက​နေ့​ ဗဟိုအလုပ်အမှု​ဆောင် အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က လက်မှတ်​ရေး​ထိုး​ပြီး​ ပြည်​ထောင်စုပြည်ထဲ​ရေး​ဝန်ကြီး​ဌာန ဝန်ကြီး​ ဒုတိယဗိုလ်ချုပ်ကြီး​ကိုကိုထံ ​ပေး​ပို့​တောင်း​ဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီစာနဲ့​ပတ်သက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က အခုလို​ပြောပြပါတယ်။

“ဗဟိုအလုပ်အမှု​ဆောင်အစည်း​အ​ဝေး​မှာ ညှိနှိုင်း​ပြီး​တော့​ ​ဒေါ်​အောင်ဆန်း​ စုကြည် လက်မှတ်ထိုး​ပြီး​တော့​ ပြည်ထဲ​ရေး​ဝန်း​ကြီး​ဆီကို ကျ​နော်တို့​ ​မေတ္တာရပ်ခံစာ ပို့​ထား​တယ်။ ကိစ္စက​တော့​ တရား​ဥပ​ဒေစိုး​မိုး​ရေး​ဟာ ကျ​နော်တို့​က တရား​ဥပ​ဒေအရ ကျ​နော်တို့​ ပါတီ ရှိ​နေတယ်လို့​ ကျ​နော်တို့​က ဒီလို မြင်တယ်။ သူတို့​ အစိုး​ရဘက်က​တော့​ ပါတီကို ဖျက်သိမ်း​ပြီး​ ဘာညာ​ပေါ့​လေ၊​ ဒါ​တွေကို အငြင်း​ပွား​ဖို့​ မဟုတ်ဘူး​။ တရား​ဥပ​ဒေစိုး​မိုး​ရေး​အတွက် ​တွေ့​ဆုံခွင့်​ကို စီစဉ်​ပေး​ပါ ဆိုပြီး​တော့​ ကျ​နော်တို့​ စာ​ရေး​လိုက်တယ်။ ကျ​နော်တို့​ ပို့​လိုက်တဲ့​ စာထဲမှာ ​ပြောသင့်​တာ​တွေ ဥပ​ဒေ အချက်အလက်​တွေ ကျ​နော်တို့​ ​ပြောထား​ပါတယ်။”

ဒီက​နေ့​ထုတ် ​ကြေချက်ထဲမှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်း​ခဲ့​တဲ့​ နိုင်ငံ​ရေး​ပါတီများ​ မှတ်ပုံတင်ခြင်း​ဥပ​ဒေနဲ့​အညီ မှတ်ပုံတင်ခဲ့​ပြီး​ တရား​ဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်​နေဆဲဖြစ်တာ​ကြောင့်​ ၂၀၁၀ ပြည့်​နှစ် ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်အ​နေနဲ့​ ဖျက်သိမ်း​ပယ်ဖျက်နိုင်တဲ့​ အခွင့်​အာဏာ မရှိ​ကြောင်း​ အခိုင်အမာ ​ဖော်ပြထား​ပါတယ်။

အဖွဲ့​ချုပ်ကို ဖျက်သိမ်း​ခွင့်​ မရှိဘူး​ဆိုတဲ့​အချက်ကို ကိုင်စွဲပြီး​ တရား​ရုံး​ချုပ်​တွေကို ​လျှောက်ထား​ခဲ့​ပေမယ့်​ ပယ်ချခဲ့​တာ​တွေဟာလည်း​ ဥပ​ဒေနဲ့​မညီတဲ့​အတွက် လက်မခံနိုင်ဘူး​လို့​ ထပ်​လောင်း​ဖော်ပြထား​ပါတယ်။

ဒါ့​အပြင် ၂၀၀၈ ခုနှစ် ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေရဲ့​ ပုဒ်မ ၄၀၇၊​ ၄၀၉ နဲ့​ ၄၄၆ ​တွေနဲ့​လည်း​ ငြိစွန်း​ခြင်း​ မရှိတဲ့​အတွက် တရား​ဝင်ပါတီအဖြစ် တည်ရှိ​နေဆဲဖြစ်တဲ့​အ​ကြောင်း​တွေကိုလည်း​ ထည့်​သွင်း​ဖော်ပြထား​ပါတယ်။

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ဒီ​ဆောင်ရွက်ချက်​တွေဟာ တရား​ဥပ​ဒေစိုး​မိုး​ရေး​အတွက် ဥပ​ဒေပါ ပြဋ္ဌာန်း​ချက်​တွေကို အ​လေး​ထား​ လိုက်နာ ခြင်း​သာဖြစ်​ကြောင်း​နဲ့​ လွှတ်​တော်အဆင့်​ဆင့်​နဲ့​ နိုင်ငံ​တော်အစိုး​ရကို ဆန့်​ကျင်လိုတဲ့​ သ​ဘောမဟုတ်ဘူး​လို့​ ပြည်ထဲ​ရေး​ဝန်ကြီး​ထံ ​ပေး​တဲ့​စာမှာ ​ရေး​ထား​ပါတယ်။

တရား​ဥပ​ဒေစိုး​မိုး​ရေး​ မဖြစ်မ​နေလိုတယ်လို့​ ​ပြောတဲ့​ နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်ရဲ့​ မိန့်​ခွန်း​ကို ကိုး​ကား​ထား​သလို အဖွဲ့​ချုပ်ကို နိုင်ငံ​ရေး​ပါတီအဖြစ်က​နေ ပယ်ဖျက်ခြင်း​ဟာ တရား​ဥပ​ဒေနဲ့​ ညီညွတ်ခြင်း​ရှိမရှိ ပြန်လည်သုံး​သပ်​ပေး​စေလို​ကြောင်း​ ထည့်​သွင်း​ဖော်ပြထား​ပါတယ်။

ဒါ့​အပြင် ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနက စွပ်စွဲ​ရေး​သား​သလို အဖွဲ့​ချုပ်ဟာ တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ တည်ငြိမ်​အေး​ချမ်း​ရေး​တွေနဲ့​အတူ ပြည်သူ​တွေအကြား​ စည်း​လုံး​ညီညွတ်မှု​တွေကို ထိခိုက်ပျက်ပြား​စေရန် လုပ်​ဆောင်​နေတာမျိုး​ မဟုတ်​ကြောင်း​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​ကို အမှန်တကယ်လိုလား​ပြီး​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​အတွက် အ​လေး​ထား​ပြီး​ အစဉ်ကြိုး​ပမ်း​နေတဲ့​ အဖွဲ့​အစည်း​တခုသာ ဖြစ်​ကြောင်း​ကိုလည်း​ တုံ့​ပြန်ထား​ပါတယ်။

ဒါ​ကြောင့်​ အဖွဲ့​ချုပ်နဲ့​ အစိုး​ရအ​နေနဲ့​ တူညီတဲ့​လိုလား​ချက်​တွေကို အ​ခြေခံထား​ပြီး​ ညှိနှိုင်း​ဖို့​ ​တောင်း​ဆိုရတာဖြစ်​ကြောင်း​ကိုလည်း​ ဒီ​ကြေညာချက်ထဲမှာ အ​လေး​အနက် ​ဖော်ပြထား​ပါတယ်။

သံဖြူဇရပ်မြို့ အုပ်ချုပ်ရေးမှူးအိမ်အနီး ဗုံးပေါက်ကွဲ

မင်းသုတ

ယနေ့နံနက်စောစော သန်းခေါင်ကျော်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်အနီး၌ ဗုံးပေါက်ကွဲမှုတရပ် ဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ အဆိုပါ ကျယ်လောင်သောဗုံးပေါက်ကွဲသံကို တမြို့လုံးမှာကြားနေရကြောင်း မြို့ ခံများမှ ပြောသည်။

“ကျမတို့ အောင်သာယာရပ်ကွက်အထိ ကြားရတယ်၊ မြေကြီးပါ သိမ့်ကနဲတုန်သွားတာပဲ” ဟု ကိုယ်တိုင်ကြားခဲ့ရသော မြို့ခံအမျိုးသမီးတဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်အနီး အုတ်တံတိုင်း ပြိုကျသွားသည်ဟု သံဖြူဇရပ်စရဖရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ဗုံးပေါက်တဲ့နေရာက စရဖရုံးတန်းလျားနဲ့ အုတ်တံတိုင်းတခုပဲခြားတယ်၊ ကိုက်တရာကျော်ကျော်လေး ပဲဝေးတယ်”ဟု သူက ဆက်ပြောသည်။

ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်း၏လက်ချက်ဟု ကောက်ချက်မချနိုင်သေးကြောင်း သိရသည်။ ထိုဗုံးဖောက်မှု ကိစ္စအား မည်သည့်အဖွဲ့ မှ လုပ်ဆောင်သည်ကိုလည်း ဝန်ခံပြောဆိုခြင်း မရှိပါ။

အလားတူ ယမန်နှစ် ၂၀၁၀ ခု၊ မေလ ၇ ရက်နေ့ ညပိုင်းတွင် သံဖြူဇရပ်မြို့ ရဲစခန်းအနီး၌ ဗုံးတလုံးပေါက်ကွဲခဲ့ရာ ယခုတိုင်လက်သည် မဖေါ်နိုင်ခဲ့သေးပေ။ မေလ ၁၄ ရက်နေ့ တွင် မုဒုံမြို့ အိပ်ချိန်းရုံးအား မွန်လက်နက်ကိုင်အဖွဲ့ တဖွဲ့ မှ ဖောက်ခွဲခဲ့ပေသည်။

မနက်ဖြန် ဇွန်လ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး သံဖြူဇရပ်မြို့နယ်အတွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့ များ လက်နက်ကိုင်ဆောင်ထားပါက သက်ဆိုင်ရာအာဏာပိုင်များထံ လာရောက်အပ်နှံရန်နှင့် လက်နက်မရှိသူများလည်း ခံဝန်ချက်လက်မှတ်ရေးထိုးရန် ကျေးရွာအချို့တွင် အသံချဲ့စက်ဖြင့် နှိုးဆော်ထားသည်နှင့် တိုက်ဆိုင်နေသည်။

ယနေ့ ဇွန်လ ၂၉ ရက်နေ့သည် မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရ အပစ်ရပ်စဲသည့်နေ့ ၁၇ နှစ်ပြည့်မြောက် သည့်နေရက်
ဖြစ်သော်လည်း ယခုအခါအပစ်ရပ်စဲမှု ပျက်ပြယ်ခဲ့ပြီဖြစ်သည့်အတွက် မည်သည့် အခမ်းအနားကိုမှ မကျင်းပတော့ပေ။

မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး အပိုင်း (၁)

ဦးမျိုး (ဥပဒေ)

လေ့လာသုံးသပ်ချက် စာတမ်း (အပိုင်း - ၁)

ထိုင်းနိုင်ငံအခြေစိုက် ဦးမျိုး (ဥပဒေ) ရေးသားသည့် ‘‘မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး လေ့လာသုံးသပ်ချက် စာတမ်း’’ အား အပိုင်း ၁၄ ပိုင်းခွဲကာ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

စာတမ်း ပြုစုသူ၏ အမှာ

မြန်မာနိုင်ငံ၏ ထမင်းရှင် တောင်သူလယ်သမားများ၏ အရေးသည် တနိုင်ငံလုံး၏ အဓိက အရေးဖြစ်သည်ဟု ခံယူလျက် ဤစာတမ်းကို ပြုစုပါသည်။

အလွန်ကျယ်ပြန့်သည့် ပြဿနာကြီး ဖြစ်ပါ၍ သုံးသပ်တင်ပြရခြင်းကိုပင်လျှင် အားမရနိုင်ခြင်း ဖြစ်မိပါသည်။ သို့ဖြစ်ပါ၍ ပညာရှင်များ၊ သုတေသီများက ဝေဖန် အကြံပေးကြစေလိုပါသည်။ ပထမပွဲဦးထွက် မူကြမ်းအဖြစ်သာ တင်ပြရခြင်း
ဖြစ်ပါ၍ ထပ်ဆင့် လေ့လာပြင်ဆင်ပြီး ဒုတိယ မူကြမ်းကို ရေးသင့်ရေးရမှာ ဖြစ်ပါသည်။

ယနေ့ခေတ် ဒီမိုကရေစီတော်လှန်ရေးတွင် ”တောင်သူလယ်သမားများ မလွတ်မြောက်သရွေ့ ဒီမိုကရေစီတော်လှန်ရေး မပြီးဆုံးသေး” ဟု အခိုင်အမာ ယုံကြည်ပါသည်။ ”အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား စသည့် အခြေခံ လူတန်းစား လွတ်မြောက်ရေးသည် ဒီမိုကရေစီ တော်လှန်ရေး၏ ပန်းတိုင်ဖြစ်ပါသည်။”

ကျေးဇူးရှင် တောင်သူလယ်သမားများ လွတ်မြောက်ရေးအတွက် ရည်စူး ဖြန့်ချိပါသည်။

ဦးမျိုး (ဥပဒေ)
မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ
(၁၆ - ၆ -၂ဝ၁၁)

ခေါင်းစဉ်များ

၁) ပဒေသရာဇ်ခေတ် တောင်သူလယ်သမားများ အခြေအနေ။
၂) ကိုလိုနီခေတ် တောင်သူလယ်သမားများ အခြေအနေ။
၃) လွတ်လပ်ရေးခေတ် တောင်သူလယ်သမားများအခြေအနေ။
၎) မျက်မှောက်ခေတ် တောင်သူလယ်သမားများအခြေအနေ။
၅) တောင်သူလယ်သမားများ သွေးစုပ်ခံမှုများ။
၆)အဓမ္မ လယ်ယာမြေ သိမ်းယူမှုများနှင့် အနိုင်ကျင့်မှုများ။
၇) လယ်ယာမြေဆိုင်ရာ ဥပဒေများနှင့် လယ်သမားများ။
၈) အနိမ့်ဆုံး အခကြေးငွေနှင့် သီးစားခ၊
၉) တောင်သူလယ်သမားဆိုင်ရာ ဥပဒေများ ဘာကြောင့် ထုတ်ပြန်လာခဲ့ကြသနည်း။


၁) ပဒေသရာဇ်ခေတ် တောင်သူလယ်သမားများ အခြေအနေ။

ပဒေသရာဇ် မြေရှင်စနစ်တွင် အဓိက လွှမ်းမိုးသည့် စီးပွားရေးစနစ်သည် လယ်ယာစီးပွားရေး ဖြစ်သည်။
မြေယာပိုင်ဆိုင်မှု လက္ခဏာ ၃ မျိုး တွေ့ရသည်။

(၁) အရာတော်မြေ သို့မဟုတ် ရှင်ဘုရင်ပိုင်ဆိုင်သည့် မြေ။
(၂) ဘိုးဘွားပိုင် မြေ။
(၃) ဘာသာရေး၊ ဘုရားပုထိုးပိုင် မြေ တို့ ဖြစ်သည်။

ရှင်ဘုရင်က မြေပိုင်ဆိုင်မှုဆိုင်ရာ သဘောထားကို မောင်းထောင် ဆရာတော်ကို မေးလျှောက်တဲ့အခါ အောက်ပါ ၁၁ ချက်ပါတဲ့ အဖြေကို ပေးပါတယ်။ (၂၇ ဇူလိုင်၊ ၁၇၈၅) ။

၁။ နိုင်ငံအတွင်း မြေအားလုံးကို မင်း(ရှင်ဘုရင်) ပိုင်တယ်။
၂။ ဘယ်သူမှ မြေပိုင်ခွင့်မရှိ (ဘုရင်က ပုဂ္ဂိုလ်တဦးဦးကို ကျေနပ်လို့ မြေ ပေးသနားတယ် ဆိုရာမှာလည်း အဲဒီလို အသနားခံရတဲ့ မြေမှာ သူက စိုက်ပျိုးခွင့်၊ ထွက်ကုန်ကို သုံးချ ရောင်းစားခွင့် ရတာသာ ဖြစ်တယ်။)
၃။ ကန်သင်း(ဂဇင်း) ၊ သစ်စည်း၊ ကျောက်ပုံ ဆိုတာတွေနဲ့ မြေ အကျယ်အပြန့်၊ အတိုအရှည် နယ်နိမိတ်ကို မှတ်သားထားကြတယ်။ တဆံခြည်လောက်ပဲဖြစ်ဖြစ် သူ့များမြေထဲက ယူရင် သူခိုး ဖြစ်တယ်လို့ သတ်မှတ်တယ်။
၎။ ကျောင်းဘုရားမြေကို ထွန်ယက်စိုက်ပျိုးတဲ့ လူ (ကျွန်) ဟာ မြေက နှစ်စဉ်ထွက်တဲ့ သီးနှံတချို့ကို သာသနိကပစ္စည်း ပျက်စီးရာ ပြင်ဆင်ဖာထေးဖို့ သုံးရမယ်။
၅။ မူလလှူတဲ့ ကျောင်း၊ ဘုရားပျက်တဲ့အခါ နီးစပ်ရာ ကျောင်း၊ ဘုရားပိုင် မြေ ဖြစ်သွားတယ်။ (ပိုင်ရှင်မဲ့လို့ မသတ်မှတ်ပါ။)
၆။ မင်းကို နှစ်စဉ် လယ်ယာထွက်သီးနှံ ဆယ်ပုံတပုံကို မြေခွန်ပေးသလို ဆိုင်ရာကျောင်း၊ ဘုရားအတွက် (ဆယ်ဖို့တဖို့) လှူသင့်တယ်။
၇။ အခု ပျက်စီးသွားပြီဖြစ်တဲ့ သာသနာ့ အဆောက်အအုံရဲ့ ဥယျဉ်လည်း ဖြစ်တယ်။ ဥယျာဉ်မှူးကျွန်လည်း ထွက်ပြေးသွားပြီ ဖြစ်တယ်ဆိုရင် ဥယျာဉ်ထဲမှာ ရှိပြီးဖြစ်တဲ့ သီးနှံကို ဘယ်သူမဆို ဆွတ်ခူး စားနိုင်ခွင့်ရှိတယ်။
၈။ တခါတရံ မိမိမြေကွက်ကို မင်းမိန့်ခံပြီးမှ သာသနာမှာ လှူတယ်ဆိုရင် ပိုင်ရှင်လွဲပြောင်းတဲ့ မှတ်တမ်း (ကျောက်စာ) မှာ လယ်ယာထွက် ကောက်ပဲသီးနှံထဲက ဥပမာ - စပါး ဘယ်နှတင်း၊ ဘုရားမီး၊ ဘုရားပန်း ပူဇော်ရန် ဘယ်လောက်က သင်ပုတ်တင်ရန်၊ ဘယ်လောက်က အပျက်အစီး ဖာထေးရန်ဆိုသလို အမျိုးအမည်ခွဲပြီး ပေးထားတယ်။ ကျန်သမျှကို လယ်စိုက်တဲ့ ကျွန်တွေက မျှစားရမယ်လို့ ဆိုလိုတယ်။ နောင်အခါ မူလလှူခဲ့တဲ့ ကျောင်းဘုရားပျက်ရင် လယ်လုပ်သူ(ကျွန်)က နီးစပ်ရာ ကျောင်းဘုရားမှာ သတ်မှတ်တဲ့ အဖိုးအခကို ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဝေယျာဝစ္စ လိုသမျှ ကိစ္စတွေမှာ သုံးရန် ရန်ပုံငွေ သဘောမျိုးထားရမှာ ဖြစ်ပါတယ်။ အဲဒါလောက်မှ ဖြစ်အောင် မလုပ်နိုင်ရင် လယ်ငှားက တနှစ် ထွက်သမျှ ကောက်ပဲသီးနှံ အချို့ကို အထုပ်ထုပ်ပြီး သင့်တော်ရာ ဘုရားမှာ သွားပြီး လှူနိုင်ပါတယ်။
၉။ ဘယ်ဘုရားမြေကိုမှ မင်းမြေအဖြစ် မသိမ်းယူရပါ။
၁ဝ။ မင်းလှူတဲ့ မြေဟာ လှူရင်းမင်း နတ်ရွာစံပြီလို့ ရုပ်သိမ်း ပြောင်းလဲခြင်း မပြုရ။
၁၁။ မြေကို အသုံးချဖို့ လူပုဂ္ဂိုလ်က သာသနာကို လွှဲပေးတဲ့အခါ လုပ်မြဲ စာချုပ်စာတမ်း (နာမည်ပြောင်း မှတ်ပုံတင် ဆိုတာမျိုးတွေ မလုပ်) မရှိပေမယ့် လွှဲပြောင်းခြင်း ပြီးမြောက်တယ်လို့ ယူဆပါတယ်။

(ဒေါက်တာ သန်းထွန်း၊ မြန်မာသမိုင်း ရှာတော်ပုံ၊ အမိန့်တော်ထဲက သမိုင်း။ စာ-၂၃၆၊ ၂၃၇) တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ပဒေသရာဇ် မြေရှင်လက်ထက်တွင် မြေကျွန်များအပေါ် မြေယာသွေးစုပ်မှုကြီးများဖြစ်သည့် သီးနှံအားဖြင့်
သွေးစုပ်ခြင်း၊ လုပ်အားဖြင့် သွေးစုပ်ခြင်း၊ အခွန်အကောက်မျိုးစုံ ပေးရခြင်း၊ စစ်စရိတ်များ ပေးရခြင်း စသည့် ဝန်ထုတ်ဝန်ပိုးများကို တိုင်းသူပြည်သားအားလုံး အပြင်းအထန် ခံစားခဲ့ကြရသည်။

ပြည်ပကူးသန်းရောင်းဝယ်ရေးကို ရှင်ဘုရင်က ချုပ်ကိုင်ထားသည်။ မင်းတုန်းမင်းလက်ထက်တွင် အင်္ဂလိပ်ကော်မရှင်နာက ကုန်စည်ကူးသန်းရောင်းဝယ်မှုကို ရှင်ဘုရင်တဦးတည်းက ချုပ်ကိုင်ထားမှုကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ဖူးသည်။

ပဒေသရာဇ်မြေရှင် အုပ်ချုပ်ရေးစနစ်သည် ပဒေသရာဇ် နယ်မြေများအဖြစ် ခွဲခြားပြီး အုပ်ချုပ်သည်။ နယ်စား၊ မြို့စား၊ ရွာစားများ ခန့်အပ်ပြီး အုပ်စိုးသူ ရှင်ဘုရင် တဦးတည်းက သက်ဦးဆံပိုင်စနစ်ကို ကျင့်သုံးအုပ်ချုပ်သည်။ အကောက်ခွန်ဌာနများ စတင်တည်ရှိလာသည်။ တိုင်းပြည်၏ ရေ၊ မြေ အားလုံးကို ပိုင်ဆိုင်သည်။ အုပ်ချုပ်ရေး စရိတ်၊ စစ်စရိတ်၊ ထီးနန်းသုံးစရိတ်၊ ဘာသာရေးစရိတ်၊ ဘုရားကျောင်းကန် တည်ဆောက်ပေးရမှု စသည်တို့ကို ကျေးလက် လယ်သမားများက ဆွေစဉ်မျိုးဆက် လုပ်ဆောင်ပေးခဲ့ရသည်။ အုပ်စိုးသူ ပဒေသရာဇ်များ၏ ဝန်ထုတ်ဝန်ပိုးများကို အအုပ်ချုပ်ခံ လယ်သမားများက ထမ်းဆောင်ပေးရသည့် သဘောဖြစ်သည်။ ကျေးလက် လယ်သမားများသည် နယ်စား၊ မြို့စားနှင့် ရွာစားများ၏ အခိုင်းအစေကိုလည်း ခံကြရသည်။ အခွန်အကောက် အဆမတန် ပေးရခြင်းကိုလည်း ခံကြရသေးသည်။ ပဒေသရာဇ် မြေရှင်စနစ်အောက်က လယ်သမားများ၏ လူနေမှုဘဝသည် မည်သို့မျှ နာလန်မထူနိုင်ခဲ့ချေ။

ပဒေသရာဇ် မြေရှင်စနစ်အောက်က တိုင်းပြည်သည် လူမျိုးရေး ပဋိပက္ခများ ပြင်းထန်ခဲ့သည်။ ပဒေသရာဇ် အချင်းချင်း နန်းလုပွဲများနှင့် စစ်ခင်းခဲ့ကြသည်များကို ပြီးခဲ့သည့် သမိုင်းအဖြစ်အပျက်များက ဖော်ပြနေပါသည်။ တိုင်းပြည်၏ ထိုအခြေအနေကို နယ်ချဲ့နိုင်ငံများက အခွင့်ကောင်းယူပြီး လူမျိုးရေး ပဋိပက္ခများကို ပိုမိုကြီးထွားကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ကြုံကြရပြီးဖြစ်သည်။ နောက်နောင်တွင် လူမျိုးရေးပဋိပက္ခများသည် နယ်ချဲ့ အကျိုးစီးပွားအတွက် အသုံးချစရာတခု ဖြစ်လာခဲ့သည်။ ပဒေသရာဇ် ရှင်ဘုရင်များနှင့် နယ်ချဲ့တို့၏ လူမျိုးရေးဖိနှိပ်မှု၊ ရက်စက်မှုများသည် ယနေ့ကာလရှိ လူမျိုးပေါင်းစုံ ပြည်သူများ၏ ဘဝအတွင်း ထင်ဟပ်ဖော်ပြနေသေးသည်။

ပဒေသရာဇ် မြေရှင်ခေတ်ကာလက ပုန်ကန်ထကြွမှုအားလုံးတွင် လယ်သမားများ ပါဝင်ခဲ့သည်။

“ လူနှင့် အရာအားလုံးသည် မည်သူကမျှ ဖန်ဆင်းခြင်း မဟုတ်၊ မည်သူမျှ မဖန်တီးဘဲ ဖြစ်ပေါ်ပြောင်းလဲနေသည်” ဟု တင်ပြခဲ့သည့် လောကဓာတ်ဆရာ ဆရာပိုကို မင်းတုန်းမင်းက တံကျင်လျှို သတ်ဖြတ်ခဲ့သည်။ ခေတ်စနစ်၏ အတွေးအခေါ် အကန့်အသတ်ကြောင့် ပဒေသရာဇ်မြေရှင်စနစ်ကို တော်လှန်ပုန်ကန်မှုများ မအောင်မြင်ခဲ့ပေ။

အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးတွင် ကုန်းလမ်း ရေလမ်းဖြင့် ကူးသန်းရောင်းဝယ်မှု ရှိခဲ့သည်။ နယ်မြေ အငြင်းပွားမှုများနှင့် စစ်ပွဲများ ဖြစ်ခဲ့ကြသည်ကို သမိုင်းမှတ်တမ်းများအရ တွေ့မြင်နိုင်ပါသည်။ အိမ်နီးချင်း တိုင်းပြည်များကိုယ်တိုင်က ဥရောပ နယ်ချဲ့စနစ်၏ ကျူးကျော်ရန်စမှုနှင့် တိုင်းပြည်၏ အချုပ်အခြာအာဏာကိုလည်း အခြိမ်းခြောက်ခံနေရသည်။

အာရှ အရှေ့ပိုင်းနိုင်ငံများ ဤကဲ့သို့ အခြေအနေများနှင့် ကြုံတွေ့နေရချိန်တွင် ဥပရောပ၏ လူမှုရေး၊ စီးပွားရေး၊
နိုင်ငံရေး တိုးတက်ပြောင်းလဲလာနေသည်။ ဥပရောပတိုက်ရှိ ပဒေသရာဇ် မြေရှင်စနစ်များ အဖျက်သိမ်းခံနေရသည်။ ဓနရှင် တော်လှန်ရေးသည် ၁၆ ရာစုနှစ် အစပိုင်းမှ စတင်ဖြစ်ပေါ်လာခဲ့သည်။ နယ်သာလန်(ဒတ်ခ်ျ)တွင် ၁၆ ရာစု၊ အင်္ဂလန်တွင် ၁၇ ရာစုနှင့် ပြင်သစ်တွင် ၁၈ ရာစုတို့တွင် ဓနရှင်တော်လှန်ရေးများ ဖြစ်ပေါ်ခဲ့သည်။ ဟန်ဂေရီနှင့် အီတလီတွင် ၁၈၄၈ - ၄၉ ခုနှစ်တွင် နောက်ဆုံးဖြစ်ပွားခဲ့သည်။ ပဒေသရာဇ်စနစ်ကို ဖယ်ရှားလိုက်သည်။ အရင်းရှင်စနစ်ဖြင့် အစားထိုးလိုက်ခြင်းဖြင့် ထိုတိုင်းပြည်များတွင် အရင်းရှင် လူ့အဖွဲ့အစည်းအဖြစ်သို့ ဖြစ်ပေါ် တိုးပွားလာရန် လမ်းပွင့်လာတော့သည်။

မြန်မာနိုင်ငံကို ကြည့်မည်ဆိုလျှင် သီပေါမင်းကို နယ်ချဲ့အင်္ဂလိပ်က နန်းချလိုက်ခြင်းဖြင့် ပဒေသရာဇ်စနစ် ကွယ်ပျောက်သွားပြီဟု အဓိပ္ပာယ် မသက်ရောက်ပါ။ ဆန့်ကျင်ဘက်အားဖြင့် နယ်ချဲ့ ကိုလိုနီနိုင်ငံအတွင်းမှာ ပဒေသရာဇ်စနစ်ကို ဆက်လက်တည်ရှိခွင့် ပေးထားသည်။ နယ်ချဲ့ အကျိုးစီးပွားအတွက် လူတန်းစားဒေါက်တိုင် တခုအဖြစ် ထားရှိသည်။ နယ်ချဲ့လက်ဝေခံ မြေရှင်ကြီးစနစ်ကို သွပ်သွင်းဖို့ ခေတ်ဟောင်း ပဒေသရာဇ်စနစ်ကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ပဒေသရာဇ်စနစ် အကြွင်းအကျန်များလို့ ဒါကြောင့်ပဲ သတ်မှတ်တာ ဖြစ်သည်။ အကုန်အစင် ဖျက်သိမ်းခြင်း မဟုတ်လို့ဘဲ ဖြစ်သည်။

ထို့နောက် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်ပေါင်းစုံကို ချုပ်ကိုင်ထားသည်။ နယ်ချဲ့စစ်တပ်သည် ပဒေသရာဇ်မြေရှင်စနစ်မှ နယ်စား၊ ပယ်စားများကို အုပ်ချုပ်ရေး ယန္တရားတွင် ပြန်လည်အသုံးပြုခဲ့သည်။ နယ်ချဲ့အကျိုးစီးပွားကို အကောင်းဆုံး အလုပ်အကျွေးပြုသူ၊ လက်ခံကြိုဆိုသူများကို ရာထူး၊ ဘွဲ့ထူး၊ ဆုလာဘ်များဖြင့် လာဘ်ထိုးသည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ ကိုလိုနီနိုင်ငံ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

(အပိုင်း - ၂) အား ဆက်လက်ထုတ်ပြန်ပါမည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,30th,2011

( 46 )KIO ကိုထောက်ခံကြောင်းအိန္ဒိယ အရှေ့မြောက်ကချင်များကြေညာ ချက်ထုတ်ပြန်

( 45 )မလေးရှားရောက် မြန်မာအလုပ်သမားများ တရားဝင်နေထိုင်ခွင့်လက်မှတ် မပြုလုပ်လိုကြ

( 44 )Members of six Burmese political parties to visit Japan

( 43 )အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တရားဝင်ရပ်တည်နေကြောင်းထုတ်ပြန်

( 42 )Senator says US should question China's role in Myanmar

( 41 )KIO နှင့် အစိုးရတပ် တွေ့ဆုံဆွေးနွေး

( 40 )US Nominee Seeks to Coordinate Global Response to Burma

( 39 )ကွန်ပျုတာတက္ကသိုလ်တွင် လေးနှစ်တာ တက်မှ ဘွဲ့ ရမည်

( 38 )Aussie media man convicted, freed in Burma

( 37 )ထိုင်း-မြန်မာ နယ်စပ် တံတားသစ် တည်ဆောက်ရေး ဆွေးနွေး

( 36 )KIA Meet Burma Army Officials

( 35 )မြန်မာနည်းပြချုပ် အထုတ်ခံရဖွယ်ရှိ

( 34 )Burma state press warns against Suu Kyi 'games'

( 33 )KIO နှင့် အစိုးရတပ် တွေ့ဆုံဆွေးနွေး

( 32 )human trafficking in China

( 31 )ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာ ဘာသာရေးအရ ကန့်ကွက်မှုများဖြစ်ပေါ်

( 30 )Increasing Burmese population addressed by Louisa County Supervisors

( 29 )အစိုးရနှင့် KIO တိုက်ပွဲရပ်ရေး ညှိနှိုင်းအဖွဲ့ဖွဲ့

( 28 )Verdict due in Burma for Australian Ross Dunkley, co-founder of Myanmar Times

( 27 )မီးပေးချိန်တိုးသော်လည်း မီတာခ လျှော့မကောက်သဖြင့် လျှပ်စစ်သုံးစွဲသူများ အခက်တွေ့

( 26 )ဂျပန်-မြန်မာ နှစ်နိုင်ငံအကျိုး​တူပူး​ပေါင်း​ရေး​ကိစ္စများ​ အပြန်အလှန်​ဆွေး​နွေး

( 25 )တောင်ငူတွင် အင်အားပြင်း ဗုံးပေါက်ကွဲ

( 24 )US urges Myanmar to ensure Suu Kyi freedoms

( 23 )မြို့​ကြီး​သုံး​မြို့​ ဗုံး​ဖောက်သူ ၃ ဦး​ကို အစိုး​ရထုတ်ပြန်

( 22 )Suu Kyi asked to halt political activities

( 21 )မြန်မာအစိုးရရဲ့ ဒေါ်စုကို သတိပေးချက် မက်ကိန်း စိုးရိမ်

( 20 )Burma’s censorship board bans magazine cover with photo of Suu Kyi

( 19 )ရောင်း​စား​ခံရသူ မြန်မာ ၃ ဦး​ကို ထိုင်း​ရဲ ကယ်တင်

( 18 )၉ နှစ်အရွယ်က​လေး​ငယ်ကို ဆိုင်ရှင်က နှိပ်စက်

( 17 )လူငယ်တွေ အရည်အချင်းပြည့်ဝဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

( 16 )Indo-Burmese Dam Project Raises Concerns

( 15 )ရေထဲ​မျောလာသည့်​ ​တောဆင်ရိုင်း​သုံး​ကောင် ဆယ်ယူရရှိ

target="_blank"( 14 )အစိုးရမှာ ဆွေးနွေးလိုစိတ် မရှိကြောင်း ကရင်နဲ့ မွန်ခေါင်းဆောင်တွေ ပြောဆို

( 13 )Burma's ruling junta tells Aung San Suu Kyi to stay out of politics

( 12 )အဖွဲ့​ချုပ်နိုင်ငံ​ရေး​လှုပ်ရှား​မှု ရပ်ရန် ပြည်ထဲ​ရေး​ အ​ကြောင်း​ကြား

( 11 )ကချင်ပြည်နယ်တွင် တည်ငြိမ်​အေး​ချမ်း​မှု ကင်း​မဲ့

( 10 )တိုင်းပြည်ရဲ့ အနာဂတ် လူငယ်တွေ အရည်အချင်းအပေါ် မူတည်

( 9 )US nominee concerned on Myanmar ASEAN chair

( 8 )မွန်ပြည်သစ်ပါတီ လက်နက်ချဖို့ မရှိ

( 7 )UNHCR concerns over underaged asylum-seekers

( 6 )သံဖြူဇရပ်နဲ့ တောင်ငူမှာ ဗုံးပေါက်

( 5 )Burma Deports Hollywood Star Cast as Aung San Suu Kyi, but Fails to Silence the Original

( 4 )ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ခွင့် NLD တောင်းဆို

( 3 )Burma State Media Identifies Bombing 'Culprits'

( 2 )အာရပ်အုံကြွမှုနှင့် မြန်မာ့အရေး ဒေါ်စု နှိုင်းယှဉ်ဆွေးနွေး

( 1 )Aung San Suu Kyi 'must end political activity'

Wednesday, June 29, 2011

လုံခြုံရေးဂိတ်စောင့် အရာရှိတစ်ဦးအား သျှမ်းတပ်သား ခုတ်သတ်

မွေခေါဝ်

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့မှ မိုင်းရှုးမြို့ အထွက် လုံခြုံရေးဂိတ်စောင့် မြန်မာစစ်တပ် အရာရှိတစ်ဦး အားသျှမ်းပြည် တိုးတက်ရေး ပါတီ/ သျှမ်းပြည်တပ်မတော်(SSPP/SSA)မှ အရပ်ဝတ် တပ်သားတစ်ဦးက ခုတ်သတ်လိုက်ကြောင်းသိရှိရ ပါသည်။

“အရပ်ဝတ်နဲ့ဆိုတော့ သျှမ်းသူပုန်မှန်း အစက မသိဘူးလေ။ ဂိတ်စောင့်အရာရှိကို ခုတ်သတ်ရဲတယ်ဆို တော့ သျှမ်းသူပုန်ဘဲပေါ့။ သာမန်ရွာသားတွေဆို ဘယ်လုပ်ရဲမလဲ” ဟု လဲချားရောက် မိုင်းနောင် ကုန်သည် တစ်ဦး က ပြောပါသည်။

ဂျွန် ၂၅ ရက် ညနေ ၅:ဝဝ နာရီ သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၂ တပ်ရင်း ၈၀၁ တပ်ခွဲ ၂ မှ တပ်သား စိုင်းအိုက်လ သည် ဓားမထဲ့ပလိုင်းပတ်၍ မိုင်းနောင်မြို့တွင်း ၀င်ရောက်လာကြောင်း၊ မိုင်းရှုးမြို့အထွက် မင်္ဂလာရန်အောင်ကျောင်းတိုက် အနီးရှိ လုံခြုံရေးဂိတ်သို့ရောက်သော် ကင်းစောင့် ခလရ ၂၈၆ မှ အရာရှိ တစ်ဦးနှင့် တပ်သားနှစ်ဦးက ၎င်းအား ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ရာမှအခင်းဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကုန်သည်က ဆက်ပြောပြသည်။

“သူ့ကိုခေါ်စစ်တော့ အဲဒီအရာရှိက ပစ္စတိုနဲ့ချိန်တယ်တဲ့။ သူက ပလိုင်းထဲက ပါလာတဲ့ ဓားမနဲ့ခုတ်တာ သေနတ်လွင့်သွားတော့ အဲ့သေနတ်ကောက်ယူပြီး အဲဒီအရာရှိကို နှစ်ချက်ပစ်တယ်။ အရာရှိလဲ အဲဒီနေရာမှာ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ သေနတ်မဲ့ ဗမာစစ်သားနှစ်ယောက်လဲ ထွက်ပြေးသွားတယ်”

မိုင်းရှုးမြို့အထွက် လုံခြုံရေးဂိတ်စောင့် အရာရှိအား သေနတ်ဖြင့် ပစ်သတ်သည့် စိုင်းအိုက်လ သည် သျှမ်းတပ်သား ဖြစ်ကြောင်း၊ သေဆုံးသူ မြန်မာစစ်သား၏ ကျည် ၁၄ တောင့်ဝင် ဂျာမဏီလုပ် 9 mm ပစ္စတိုကိုလည်း သိမ်းဆည်းယူဆောင်ခဲ့ကြောင်း SSPP/SSA မှလည်း အတည်ပြုပြောဆိုသည်။

KIO အပေါ် စစ်ရေးအသာစီးနဲ့ ဆွေးနွေးဖို့ မြန်မာစစ်တပ် ကြိုးပမ်းနေ

သျှမ်းသံတော်ဆင့်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့်မြန်မာစစ်တပ် တို့၏ နှစ်ဘက်နောက်ဆုံးစစ်ရေးအခြေအနေနှင့် KIO ကို ထိုးစစ်ဆင်ရန် မြန်မာစစ်တပ်အားတရုတ် နယ်မြေ အသုံးပြုခွင့် ပေးထား သည်ဆို သည့်သတင်း ထွက်ပေါ် နေမှုအပေါ် ကေအိုင်အိုအဖွဲ့၏ အမြင် များကို ပြောခွင့်ရ ပုဂ္ဂိုလ် တွဲဘက် အထွေထွေ အတွင်းရေးမှူ ဦးလနန် နှင့် သျှမ်းသံတော်ဆင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး - လက်ရှိ မြန်မာစစ်တပ်နဲ့ ကေအိုင်အိုတို့ရဲ့ နောက်ဆုံးအခြေအနေ ပြောပေးပါခင်ဗျ။

ဖြေ - အဲဒါကတော့ တင်းမာနေတယ်လို့ပဲပြောရမယ်၊ နေ့တိုင်းလိုလိုရှေ့တန်းမှာ တိုက်ပွဲငယ်လေးတွေကတော့ ရှိနေတယ်။ မနေ့ကပဲ ကာမိုင်း အထက်ဘက်မှာတိုက်ပွဲတစ်ခုဖြစ်သွားသေးတယ်။ အဲဒီတော့တင်းမာမှုအပိုင်း ကတော့ လျှော့သွား တာမရှိသေးဘူး၊ ထိပ်တိုက်မှုတွေရှိရင် ပစ်ခတ်မှုတွေရှိနေတာပဲ။

မေး - ဒီလ ၁၉ ရက်နေ့က ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးသိန်းဇော်ကတဆင့် ကေအိုင်အိုနဲ့ဆွေးနွေးဖို့ လူလွတ်လိုက် တယ်လို့ သိရတယ်ခင်ဗျ ။ အဲဒီနောက်ပိုင်း ထပ်ဆွေးနွေးတာများ ရှိသေးလား။

ဖြေ - ဦးသိန်းဇော်လွတ်လိုက်တဲ့ ပုဂ္ဂိုလ် ၄ ဦးလာတယ်၊ အဲဒီနောက်ပိုင်းတော့ သီးသန့် လာတွေ့ဆုံတာအခု ထက်ထိ မရှိ သေးဘူး။


မေး - အခု စစ်ပြေး ဒုက္ခသည် အရေအတွက် တိုးလာသလား ၊ လျှော့သွားသလားခင်ဗျ။

ဖြေ - ဒုက္ခသည်တွေက နေ့တိုင်းနီးပါး ဆယ်ဂဏန်းလောက်တော့ တိုးလာနေပါတယ်။ တိုးလာတယ်ဆိုတဲ့ အပိုင်းမှာ ကျနှော်တို့ ကေအိုင်အိုကို ရောက်လာတာတိုးလာသလို မြို့ပေါ်ရောက်လာတာလည်း တိုးနေပါတယ်။ ကေအိုင်အိုဘက် ရောက်လာတဲ့ ဒုက္ခသည်တွေကိုတော့ ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီးတော့ဖြစ်နိုင်သလောက် စောင့်ရှောက်မှုတွေ လုပ်နေပါတယ်။


မေး - ဒုက္ခသည်အရေအတွက် ဘယ်လောက်ရှိသလဲခင်ဗျ။

ဖြေ - လိုင်ဇာမှာ ၆ ထောင်ကျော်လောက်ရှိမယ် ။ နယ်စပ်တစ်လျှောက်မှာရှိတဲ့ တပ်မဟာ ၂ ၊ ၃ ၊ ၄ ဧရိယာမှာ ရထားတဲ့ စာရင်းအရ ၁၇၀၀၀ လောက်ရှိပြီ ။


မေး - ဒုက္ခသည်တွေအတွက် တခြားဆီက အထောက်အပံ့တွေရသလားခင်ဗျ။

ဖြေ - အခုထက်ထိ နိုင်ငံတကာတို့ NGO တွေဆီကနေ အကူအညီတွေရောက်လာတာ မရှိသေးဘူး။ ဒါပေမဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ကျနော်တို့ ကချင်တိုင်းရင်းသားတွေ အများကြီးနေကြတယ်။ ကချင်တိုင်းရင်းသား တွေကနေ ကိုယ်စား လှယ်တွေလွတ်ပြီး ကြည့်ရူ့အားပေးတာ ဒါမျိုးတွေတော့ လုပ်နေကြပြီ။ ယူနန်ပြည်နယ် မှာကျတော့ ကချင်တိုင်း ရင်းသားတွေလည်း အများကြီးရှိတယ် သျှမ်းတိုင်းရင်းသားတွေလည်း အများကြီးရှိ တယ် အဖွဲ့အစည်းအနေနဲ့ မဟုတ်ပါဘူး။ အစိုးရလည်းမဟုတ်ဘူး၊ ကြားသိရတဲ့သတင်းကြောင့် စိတ်မကောင်းလို့ လာတွေ့ဆုံတာမျိုးတော့ နေ့တိုင်းလိုလို ရှိနေ ပါတယ် ။


မေး - ဒီကနေ့ တရုတ်နဲ့ မြန်မာအာဏာပိုင်တွေ တွေ့ဆုံကြတယ်လို့ သိရပါတယ် ။ KIO နဲ့ ပတ်သက်တဲ့ ကိစ္စတွေရော ဆွေးနွေးနိုင်သလားခင်ဗျ။

ဖြေ - ဒါကတော့ သူတို့နှစ်နိုင်ငံကိစ္စဆွေးနွေးတာဖြစ်ပါလိမ့်မယ်။ နယ်စပ်ဒေသကိစ္စ ဆွေးနွေးတာတွေတော့ ရှိရင်ရှိလာ နိုင်တယ်၊ တရုတ်အစိုးရအမြဲပြောနေတာက နယ်စပ်ဒေသတည်ငြိမ်အောင်လုပ်ကြပါ၊ အဲဒီစကား ပဲပြန်ပြောပါလိမ့်မယ်၊ အဖျက်သဘောဆန်တဲ့ ပြောဆိုမှုမျိုးကိုတော့ တရုတ်အစိုးရကရှောင်မယ်လို့ထင်ပါတယ် ။


မေး - ခုတလော မီဒီယာတွေမှာ KIO ကို နောက်ကျောကနေ ထိုးစစ်ဆင်ဖို့ မြန်မာစစ်တပ်ကို တရုတ်ကသူ့နယ် မြေ အသုံးပြုခွင့်ပေးတယ်လို့ သတင်းထွက်လာတယ်ခင်ဗျ ။ ဒါနဲ့ပါတ်သက်လို့ဘယ်လိုမှတ်ချက်ပေးချင် ပါသလဲ။

ဖြေ - ကျနော်တို့လည်း အဲဒီသတင်းတွေကြားနေပါတယ်။ အမှန်တကယ် အဲလိုဖြစ်ဖို့ မလွယ်ဘူးလေ ။ တရုတ်နိုင်ငံက အင် အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့အခါကျတော့ အဲလိုလုပ်မှာ မဟုတ်ဘူး ။ ဗမာစစ်သားတွေ ၀င်ဖို့ဆိုရင် လွယ်ပါတယ်။ နယ်စပ် တွေမှာ ပြည်ဝင်ခွင့်လက်မှတ် လုပ်လိုက်တာနဲ့ဝင်လို့ရပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကနေ အဲဒီလို ခွင့်ပြုလိမ့် မယ်လို့တော့ မထင်ဘူး သူတို့လုပ်လည်းလုပ်မှာ မဟုတ်ပါဘူး ။


မေး - မြန်မာစစ်တပ်က ကေအိုင်အိုကို ဘာဆက်လုပ်လာမယ်လို့ ပြောလို့ရလဲ ခင်ဗျ။

ဗမာတပ်အင်အားတွေ ငြိမ်နေတာတော့မဟုတ်ဘူး။ ဖြည့်တင်းနေတယ်ခင်ဗျ လုပ်တဲ့အခါမှာ ပြည်သူတွေ အမြင်မှာ ဘာမှ မဖြစ်သလိုမျိုး လုပ်ဆောင်နေပါတယ် ။ အောက်ပိုင်းကတပ်တွေပို့တဲ့အခါမှာ အရပ်ဝတ်နဲ့ ပို့တယ်။ ရှေ့တန်း နေရာ ရောက်မှ စစ်ယူနီဖေါင်းတွေ လက်နက်တွေထုတ်ပေးပြီး တောထဲမှာတပ်အင်အားစု ထားတာရှိတယ်။ အဲဒီတော့ ကျနော့်ရဲ့ ထင်မြင် ချက်က တစ်ဘက်က ဦးရွေမန်းကနေပြောတာရှိတယ်လေ။ လွတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ ကြိုးပမ်းမှုကြောင့် ကချင် ပြည်နယ်ထဲမှာ တည်ငြိမ်နေပြီဆိုတဲ့အပိုင်းတစ်ခု ပါခဲ့တယ်။ တစ်ချိန်ချိန်မှာတော့ အပစ်အ ခတ် ရပ်စဲရေးနဲ့ပတ်သက်လို့ တရားဝင်ဆွေးနွေးလာမဲ့အပိုင်းရှိမယ်လို့ ကျနော်မျှော်လင့်တယ်။

ဒါပေမဲ့ အဲလိုမျိုးဆွေးနွေးမှု အဆင့်မရောက်ခင် ကျနော်တို့ကေအိုင်အေ တပ်စခန်းအနီးအနားကိုသူတို့စစ်အင် အား အလုံး အရင်း ဖြည့်တင်းထားပြီးမှ ပြောဆိုလာလိမ့်မယ်လို့ ထင်တယ် ။ အဲဒီဆွေးနွေးမှုမလုပ်ခင် တပ် အင်အားတွေ အမြဲတမ်း ဖြည့် တင်းနေတယ်ဆိုတာ သိရပါတယ်။


မေး - ကချင်ပြည်နယ်ထဲကို ဘယ်တပ်တွေပို့နေတယ်လို့ သိရသလဲခင်ဗျ။

ဖြေ - အဓိကကတော့ တပ်မတွေဖြစ်မယ်လို့ သတင်းရတယ်ခင်ဗျ။


မေး - နောက်ထပ် ဘာများဖြည့်ပြောချင်သေးလားခင်ဗျ ။

ဟုတ်ကဲ့ခင်ဗျား။ ပြောတာတွေသိပ်များသွားပါပြီ။

သံဖြူဇရပ်မြို့နယ်တွင် မှန်လုံကားနှစ်စီးမီးရှို့ခံရ

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

အာဏာပိုင်များမှ လက်နက်အပ်ရမည့် ကိစ္စအား နှိုးဆော်နေသည့် ကာလတွင် ယနေ့နံနက်မှာရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် ကားနှစ်စီးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်ရသည်ဟု ရွှေလီရတနာမှန်လုံယာဉ် ခရီးသည်ပို့ဆောင်ရေးက ပြောသည်။

ရွှေလီကားတစ်စီးနဲ့ ရာဇာမင်းတစ်စီး မီးရှို့ခံလိုက်ရတယ်၊ အရင်တပတ်ကဆက်ကြေးတောင်းထားကိုမပေးလို့ အခုလိုမီးရှို့လိုက်တယ်၊ ဆက်ကြေးတောင်းတဲ့လူတွေကတော့ အမြဲတောင်းနေကြပဲ၊ ဒီလိုမလုပ်ဘူးထင်လို့ပေါ့၊ ဆက်ကြေးကကားတစ်စီးဆို ၁၀ သိန်းတောင်းတယ်” ဟုရွှေလီရတနာခရီးသည် ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မှ ဆင်းလာသည့် ရွှေလီရတနာကားတစ်စီးနှင့် ရေးမှ တက်လာသည့် ရာဇာမင်းကားတစ်စီးကိုသံဖြူဇရပ်မရောက်ခင် အနင်းကျေးရွာနှင့် လိမ္မော်ခြံကျေးရွာကြားမှာဆက်ကြေးတောင်းသည့်အဖွဲ့ကကားကိုမီးရှို့လိုက်သည်။

ကား၌ပါလာသည့် ခရီးသည်များကိုကားပေါ်မှ ဆင်းခိုင်းပြီးကားကိုမီးရှို့လိုက်ကာကားမောင်းသူနှစ်ဦးကိုခေါ်ဆောင်သွာသည်ဟုသိရသည်။

“ဆက်ကြေးတောင်းတဲ့လူတွေကတော့ ဘယ်သူဘယ်ဝါဆိုတာမသိဘူး၊ ဒါပေမယ့် အဲဒီသံဖြူဇရပ်-ရေးကားလမ်းတလျှောက်မှာတော့ ကရင်အဖွဲ့ တွေဆက်ကြေးတောင်းတာရှိတယ်၊ ကျမတို့ ကားသမားမောင်ငြိမ်းလည်းပါသွားတယ်၊ လောလောဆယ်မှာတော့ ဘာလုပ်ရမှန်းမသိသေးဘူး” ဟုအထက်ပါ တာဝန်ရှိသူကပြောသည်။

ကားနှစ်စီးမီးလောင်ပျက်စီးပြီးနောက် သံဖြူဇရပ်မှ ရဲကားများရောက်ရှိသွားပြီးစစ်ဆေးမှုပြုနေသည်ဟုကားမီးလောင်အပြီးထိုနေရာသို့ ရောက်သွားသူမျက်မြင်တစ်ဦးကပြောပါသည်။

“ကျနော်တို့ ဆင်းသွားတုန်းကဘာမှတော့ မတွေ့ဘူးအပြန်မှာတော့ မီးလောင်ထားတဲ့ကားနှစ်စီးနဲ့ ရဲတွေ ရဲကားတွေ စစ်ဆေးမှုလုပ်နေတာတွေ့တယ်၊ ကြည့်ရတာကားကိုမီးရှို့ထားတဲ့ပုံပဲ၊ ဒါပေမယ့် အကြောင်းစုံကိုတော့ ကျနော်လည်းအတိအကျမသိဘူး” ဟုကားမီးလောင်းခဲ့သည့် မြင်ကွင်းကို မြင်တွေ့ခဲ့သူသံဖြူဇရပ်မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့မှာလည်းရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် ရွှေမြင်းပျံ၊ ရွှေဝယ်ရတနာ၊ ရွှေဝါဖူး၊ ကြယ်စင်ဟိန်းနှင့် ရာဇာမင်းခရီးသည်တင် မှန်လုံယာဉ် ၅ စီးကိုမွန်ပြည်နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာကြားတွင် လက်နက်ကိုင် လူတစုကယာဉ်များကိုပစ်ခတ်ပြီးရပ်တန့်စေပြီးဆက်ကြေးတောင်းကာယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၆ ဦးကိုဖမ်းဆီးသွားခဲ့သည်။

ထားဝယ်- ရန်ကုန်၊ ထားဝယ်-မော်လမြိုင် ပြေးဆွဲနေသည့် မော်တော်ယာဉ်များလမ်းပိုင်းများတွင် မွန် ကရင် လက်နက်ကိုင်တပ်များလှုပ်ရှားတတ်ပြီး၎င်းတို့ မှအလျဉ်းသင့်သကဲ့သို့ ဆက်ကြေး (သို့ မဟုတ်) နှစ်စဉ်ကြေးတောင်းလေ့ရှိသည်။

ပြီးခဲ့သည့်လတွင် မွန်လက်နက်ကိုင်အဖွဲ့ တဖွဲ့ မုဒုံမြို့ တွင် အိပ်ချိန်းတိုင်ကိုဖောက်ခွဲခဲ့ပြီး ယခုတွင်လည်းခရီးသည်တင်ကားကိုထပ်မံမီးရှို့ လိုက်သည်။ ထိုကိစ္စနှစ်ရပ်လုံးအားလုံခြုံရေးတပ်မှ အချိန်မီအကူအညီမပေးနိုင်ပေ။

အစိုးရတပ် တပ်မ ၂၂ စစ်ကြောင်း ဘုရားသုံးဆူဒေသတွင် ရောက်ရှိ

ဂျူရီချိုင်း

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ၅ မိုင်အကွာခန့်ရှိ မယ်ကသာဒေသတွင် ပြီးခဲ့သည့်အပတ်က အင်အား ၃၀၀ ကျော်ခန့်ရှိ အစိုးရတပ် တပ်မ ၂၂ စစ်ကြောင်းများ ရောက်ရှိနေကြောင်း ကေအင်ယူအသိုင်းဝိုင်းမှ သိရသည်။

“အခုလို အင်အားတွေထပ်တိုးလာတယ်ဆိုတော့ သူတို့က ဒီဒေသမှာ အခြေချဖို့ရှိတယ်၊ ဒါမှမဟုတ် ကေအင်ယူကို ထပ်မံထိုးစစ်ဆင်ဖို့ပဲ ဖြစ်နိုင်ခြေများတယ် ၊လောလောဆယ် တောတွင်း တစ်နေရာမှာ ကိုယ်ဖျောက်ထားတယ်” ဟု ကေအင်ယူ တပ်မဟာ (၆) မှ ပြောရေးဆိုခွင့်ရှိသူ အရာရှိက ပြောပါသည်။

ဇွန်လ ၂၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အနောက်ဘက် မိုင် ၂၀ အကွာခန့်ရှိ သပြုသတ္တုတွင်း ခဲ၊ မိုင်းတူးဖော်မည့်နေရာတွင် ရောက်ရှိနေကြောင်း တပ်မ ၂၂ စစ်ကြောင်းသည် တောလမ်းတစ်လျှောက်သာ ထိုးစစ်ဆင်နေ၍ ကေအင်ယူကို ထပ်မံထိုးစစ်ဆင်သွားရန်လည်း အလားအလာများ ရှိနိုင်သည်ဟု အထက်ပါ အရာရှိက ထပ်မံပြောသည်။

တပ်မ ၂၂ စစ်ကြောင်းသည် ယခင်က ကော့ကရိတ်မြို့နယ်တွင် စစ်ကြောင်းလှည့်ပတ်နေပြီး ယခုကဲ့သို့ ဘုရားသုံးဆူဒေသသို့ ရောက်ရှိလာခြင်းမှာ ခဲ၊ မိုင်း သတ္တုတွင်း တူးဖော်မည့်နေရာတွင် တပ်စခန်းအခြေချရန် ဖြစ်နိုင်ကြောင်းကိုလည်း သူက ဆက်ပြောသည်။

ဘုရားသုံးဆူမြို့မှ ခဲ၊ မိုင်းသတ္တု တူးဖော်နေသည့် အလုပ်သမားတစ်ဦးကလည်း ”ပြီးခဲ့တဲ့ နှစ်ရက်က သတ္တုတွင်းမှာ တွေ့တယ် အင်းအာတွေအများကြီး စစ်လက်နက်အစုံပဲ” ဟု ပြောသည်။

မယ်ကသာဒေသတွင် အခြေချခြင်းအားဖြင့် ကေအင်ယူအတွက် အထောက်အပံ့ ဖြစ်နေသည့် မိုင်းကို ထိန်းချူပ်နိုင်မည်ဖြစ်ပြီး ဒေသခံကရင်ရွာသားများမှ ကေအင်ယူအား အကူအညီများကိုလည်း ဖြတ်တောက်နိုင်မည် ဖြစ်သည်။

တပ်မ ၂၂ စစ်ကြောင်းများ တက်လာသည့်သတင်းကြောင့် မယ်ကသာရွာမှ ဒေသခံပြည်သူများ ရွာအပြင်သို့ မထွက်ရဲကြကုန်ကြောင်း မယ်ကသာရွာသားတစ်ဦးက ပြောသည်။

၎င်းအနည်းတူ ဇွန်လ ၂၀ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနီး ရွှေနတ်တောင်ကွင်းတွင် အစိုးရတပ်များ စစ်အင်အား ၅၀၀ ခန့်နှင့် စစ်လက်နက်ကြီးငယ် အများအပြား စစ်ကားများနှင့်အတူ တပ်အင်အားများပြင်ဆင်ထာပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်၌ အခြေချထားသည့် မွန်ပြည်သစ်ပါတီ သထုံခရိုင်ဘက်သို့ ဦးတည်နေကြောင်းကိုလည်း မျက်မြင်သူတစ်ဦးက ပြောသည်။

တရုတ်ဘက်မှ မြန်မာတပ် ဝင်တိုက်မည်ဟု KIA မယုံကြည်

ဘကောင်း Wednesday, 29 June 2011

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအား တရုတ်နိုင်ငံ နယ်နမိတ် အတွင်းမှတဆင့် စစ်ဆင်ရေးဆင်နွှဲရန် တရုတ်အစိုးရက မြန်မာအစိုးရတပ်ကို ခွင့်ပြုလိမ့်မည်ဟု အယုံအကြည်မရှိကြောင်း KIA ခေါင်းဆောင်များက ဇွန်လ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

မကြာသေးခင်က ယူနန်ပြည်နယ် မန်ရှီမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်-မြန်မာ အစိုးရ အရာရှိများ အစည်းအဝေးတွင် လိုင်ဇာအား ထိုသို့တိုက်ခိုက်ရန် မြန်မာဘက်က အကူအညီတောင်းကောင်း တောင်းနိုင်သည်ဟု လိုင်ဇာတွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တခု၌ KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်တပ်၏ တရုတ်နိုင်ငံအခြေပြု စစ်ဆင်ရေးနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေကို လျစ်လျူမရှုသော်လည်း တရုတ်အစိုးရအနေနှင့် ခွင့်ပြုလိမ့်မည်ဟု မယုံကြည်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့ ခွင့်ပြုခြင်းဖြင့် နယ်စပ်တည်ငြိမ်ရေးအပေါ် လွန်စွာ ထိခိုက်စေနိုင်၍ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဂွမ်မော်က ဆိုသည်။

၎င်းက ဆက်လက်၍ KIA ကို တိုက်ခိုက်ရန်အတွက် တရုတ်အစိုးရက လိုင်ဇာနှင့် ယူနန်ပြည်နယ်ကို ဆက်သွယ်ထားသော အဓိက ကုန်သွယ်ရေး လမ်းကြောင်းအား မြန်မာစစ်တပ်ကို အသုံးပြုခွင့်ပေးလိမ့်မည်မဟုတ်ကြောင်း၊ တရုတ်နယ်စပ်တွင် ကချင်ပြည်သူ ၃ သိန်းခန့် နေထိုင်၍ ဖြစ်ကြောင်း ပြောသည်။

ဗိုလ်ချုပ်ကြီး ဂွမ်မော်က “မြန်မာစစ်တပ်က ကျနော်တို့ကို တရုတ်ဘက်ကနေ တိုက်ချင်တယ်ဆိုရင် တိုက်လို့ရနေတာပဲ၊ တရုတ်အစိုးရ ခွင့်ပြုချက်တောင် မလိုဘူး။ နယ်စပ်ကူး လက်မှတ်သုံးပြီး သူတို့ ကွန်မန်ဒိုတွေ လွှတ်လို့ရတာပဲလေ။ ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ သူတို့နိုင်ငံထဲက ကချင်ပြည်သူလူထုနဲ့ ပြဿနာ မတက်ချင်ဘူးလို့ ကျနော်ထင်ပါတယ်” ဟု ဆိုသည်။

တောင်ကုန်းများ ထူထပ်စွာ ဝိုင်းရံလျက်ရှိသည့် လိုင်ဇာမြို့သည် လွန်ခဲ့သည့် နှစ်ပတ်ကျော်ကာလ KIA နှင့် မြန်မာအစိုးရ တပ်များကြား ပြင်းထန်သည့်တိုက်ပွဲများ မဖြစ်ပွားမီအထိ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး အချက်အချာ နေရာတခုအဖြစ် တည်ရှိခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခသည် တရုတ်အစိုးရက ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်နေသည့် မိုးမောက်မြို့နယ်ကို ထိန်းချုပ်နိုင်ရေးအပေါ် အဓိက အခြေခံ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခင် စည်းကားခဲ့သော လိုင်ဇာ-ယူနန်လမ်းသည်လည်း တိုက်ပွဲများ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ လုံးဝနီးပါး ငြိမ်သက်လျက်ရှိသည်။ မြန်မာတပ်ဖွဲ့ဝင်များအနေနှင့် ဤလမ်းကြောင်းကိုသုံး၍ လိုင်ဇာသို့ ဝင်ရောက်ရန် ကြိုးစားပါက “သတ်ကွင်း” အတွင်း ရောက်လိမ့်မည်ဟု ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောသည်။

“ထိုးစစ်ကို ရင်ဆိုင်ဖို့ ဒေသတခုလုံးမှာ ကျနော်တို့အင်အားတွေ ဖြန့်ထားပြီးပါပြီ” ဟု ၄င်းက ဆိုသည်။

မြန်မာအစိုးရအနေနှင့် လက်ရှိအချိန်တွင် လိုင်ဇာနှင့် မိုးမောက်မြို့နယ်များအား အင်အားအလုံးအရင်းဖြင့် စစ်ဆင်ရေးဆင်နွှဲရန် ပြင်ဆင်နေသည့် သတင်းအချက်အလက်များကို KIA က ရထားပြီး ဖြစ်သည်ဟု သိရသည်။

KIA အား တိုက်ခိုက်ရခြင်းမှာ မိုးမောက်မြို့နယ်အတွင်းရှိ ရေကာတာများ လုံခြုံရေးအတွက် ဖြစ်သည်ဟု မြန်မာအစိုးရက ပြောသော်လည်း ဤစစ်ဆင်ရေး၌ နယ်စပ်ဒေသဆိုင်ရာ စစ်ရေးရည်မှန်းချက် ပါရှိသည်ဟု ဗိုလ်ချုပ်ကြီး ဂွမ်မော် အပါအဝင် KIA ခေါင်းဆောင်များက မြင်ကြသည်။

“မြန်မာစစ်တပ်အနေနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ကျနော်တို့ တပ်ဖွဲ့တွေကြားက ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ပြီး ကျနော့်တို့ကို ချိနဲ့သွားအောင် လုပ်ချင်တာပါ” ဟု ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောသည်။

ရှမ်းပြည်နယ် ကွတ်ခိုင်၊ သီပေါနှင့် သိန္နီမြို့နယ်များရှိ KIA တပ်ဖွဲ့များကို တပ်မှူး ဗိုလ်မှူးကြီး ဇောင်ရော်က ဦးစီးလျက်ရှိသည်။ ထိုမြို့နယ်များသည် ဘင်္ဂလားပင်လယ်အော်မှ ယူနန်ပြည်နယ်သို့ တင်ပို့မည့် တရုတ်နိုင်ငံ၏ ဗျူဟာမြောက် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ မြို့နယ်များ ဖြစ်ကြသည်။

ပိုက်လိုင်းလုံခြုံရေးအတွက် ၄င်း၏ တပ်ဖွဲ့များကို တိုက်ခိုက်လာပါက KIA အနေနှင့် တုံ့ပြန်မည့်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး ဇောင်ရော်က “ကျနော်တို့ ပျောက်ကျားစစ် ဆင်နွှဲပါမှာ။ ကျနော်တို့မှာ လောင်ချာ လက်နက်ငယ်တွေ အလျှံပယ် ရှိပါတယ်။ ဒါတွေနဲ့ပဲ မိုးမောက်ကို မြန်မာစစ်တပ်က တိုက်တဲ့အချိန်မှာ ကျနော်တို့ အောင်အောင်မြင်မြင် ခုခံနိုင်ခဲ့တာပါ” ဟု ဆိုသည်။

ဇွန်လနောက်ဆုံးပတ်အတွင်း မြန်မာစစ်တပ်က ကွတ်ခိုင်နှင့် သိန္နီမြို့နယ်များသို့ စစ်ကူများ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ထိုစစ်ကူများမှာ အရပ်သား အဝတ်အစားဝတ်ထားသော အုပ်စုငယ်များအသွင်ဖြင့် ဒေသတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး ဇောင်ရော်က ယမန်နေ့က ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးကြီး ဇော်င်ရော်က “ကြည့်ရတာ ကျနော်တို့တော့ စစ်ပွဲကြီးနဲ့ ရင်ဆိုင်ရတော့မယ်နဲ့တူတယ်” ဟု ဆိုသည်။

KIA နှင့် မြန်မာအစိုးရကြား တိုက်ပွဲများသည် နှစ်ဖက်သဘောတူထားသည့် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို ပျက်ပြားစေခဲ့သည်။ မြန်မာအစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးချိန်မှစ၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တင်းမာမှုများ စခဲ့သည်။

ယင်းသို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က အစိုးရ ကိုယ်စားလှယ်များ၏ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းလာချက်အပေါ် ငြင်းဆန်ခဲ့သည်။ အစိုးရအနေနှင့် အပစ်ရပ်ရေးအတွက် အထောက်အထား စာရွက်စာတမ်းများ ပြရန် အစိုးရကိုယ်စားလှယ်များမှ တဆင့် ပြန်ကြားခဲ့သည်။

တရုတ် အစိုးရက တိုက်ပွဲများကို KIA နှင့် မြန်မာအစိုးရတပ်ဖွဲ့ နှစ်ဖက်စလုံးမှ ရပ်တန့်ရန် တောင်းဆိုခဲ့သော်လည်း ၄င်းတို့နှင့် တရုတ်အစိုးရ အရာရှိများအကြား ဆက်သွယ်ရေးမှာ ပြတ်တောက်လုနီးပါး ဖြစ်နေသည်ဟု KIA ခေါင်းဆောင်များက ဆိုသည်။

သို့ရာတွင် မြန်မာအစိုးရနှင့် KIA အကြား ဆွေးနွေးညှိနှိုင်းရန်အတွက် တရုတ်အစိုးရအနေနှင့် စီစဉ်ဆောင်ရွက်ပေးရန် လိုလားသည်ဟု ၄င်းတို့က ဆိုသည်။ ထိုသို့ တရုတ်အစိုးရက ကြားဝင် ဆောင်ရွက်ပေးစေလိုခြင်းမှာ KIA နှင့် မြန်မာအစိုးရကြား ရရှိမည့် မည်သည့်သဘောတူညီချက်ကိုမဆို မြန်မာအစိုးရဘက်က တာဝန်ခံမှုရှိစေရန် ဖြစ်သည်ဟု သိရသည်။

ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် KIA နှင့် မြန်မာအစိုးရတပ်ဖွဲ့များ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ ယင်းတိုက်ပွဲ၌ အစိုးရတပ်မှ ၃ ဦးကျဆုံးပြီး ၄င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်း KIA တာဝန်ရှိသူများက ပြောသည်။


နယ်စပ်ဒေသမှ ဧရာဝတီက နောက်ဆုံးလက်ခံရရှိသည့် သတင်းများအရ မူဆယ်မြို့အနီးတွင် ရဟတ်ယာဉ်နှင့် အစိုးရတပ်ဖွဲ့ဝင်များကို ချပေးပြီး မော်တော်ယာဉ် ၆ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ တရုတ်နယ်စပ်ကို ဖြတ်ဝင်မည့် တပ်ဖွဲ့ဝင်များဟု ယူဆရကြောင်း သိရသည်။

ဇွန် (၃၀) ရက်နေ့ နောက်ဆုံးထား လက်နက်အပ်နှံရန် အမိန့်ထုတ်

နိုင်မာန်

မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့များအားလုံး ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ်ရဲစခန်း (သို့မဟုတ်) စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) ရုံးသို့ လက်နက်များ အပ်နှံရန် လိုက်လံ နှိုးဆော်ထားသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့မှာ အသံချဲ့စက်ဖြင့်လည်းကောင်း၊ စာရွတ်လိုက်လံကပ်ခြင်းဖြင့်လည်းကောင် လိုက်လံနှိုးဆော်ထားသည်။ သို့သော် မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို အသေးစိတ် ကြေငြာထားခြင်းမရှိပေ။ အထူးသဖြင့် လက်ကျန် ရှိနေသေးသည့် မွန်ပြည်သစ်ပါတီဝင်တွေကို ပြောနိုင်တာဖြစ်သလို တခြား အပစ်ရပ်ယူထားသည့် လက်နက်ကိုင်အဖွဲ့ငယ်တွေကိုလည်း ရည်ရွယ်ပြီး အမိန့်တာလည်းဖြစ်နိုင်သည်ဟု မွန်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

“ဒီလက်နက်အပ်တဲ့ကိစ္စကို မော်လမြိုင်မှာ ကြားနေတာကြာပြီး၊ ပါတီထဲပြန်မဝင်ပဲ လက်ကျန် ကျန်နေတဲ့လူတွေကို ပြောတာလည်းဖြစ်နိုင်တယ်၊ အခု သူတို့လိုက်ကြေငြာနေတာကလည်း မရှင်းဘူးလေ၊ ဘယ်အဖွဲ့ကို ဆိုလိုချင်တာလည်း ဒါမှမဟုတ် အဖွဲ့အစည်းအားလုံးကို ဆိုလိုချင်တာလား မရှင်းဘူး” ဟု သူက ပြောသည်။

တက်လာသည့် အစိုးရသစ်အနေနှင့် နိုင်ငံတော် ဥပဒေအတိုင်း လက်နက်များကို လိုက်လံသိမ်းဆည်းပြီး ပြည်သူတွေကြား ငြိမ်းချမ်းရေး တည်ဆောက်သွားဖို့ ရည်ရွယ်ချက်လည်းဖြစ်နိုင်ကြောင်း မွန်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီသည် မြန်မာအစိုးရတို့၏ နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်ပုံစံအသွင်းပြောင်းရေးကို လက်မခံကြောင်း ၂၀၁၀ ခုနှစ်မှာ ငြင်းဆိုထားပြီးနောက်ပိုင်း မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရကြား အခြေအနေတင်းမာမှုများရှိလာကာ ပြည်တွင်းရှိ မွန်ပြည်သစ်ပါတီရုံးများကိုလည်း ရုပ်သိမ်းထားလိုက်ရသည်။ ပြည်တွင်းရှိ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ နယ်မြေထဲသို့ ပြန်လည်း ရွေ့ပြောင်းလာကြသည်။

မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရကြား ဆက်ဆံရေးတင်းမာနေချိန်မှာ မွန်ပြည်သစ်ပါတီဝင်တချို့က ပါတီမှ အနားယူလိုက်သူများလည်း ရှိသည်။

သထုံခရိုင်ရှိ မွန်ပြည်သစ်ပါတီတာဝန်ရှိသူတစ်ဦးက ယခုလို လက်နက်အပ်ရန် အမိန့်ထုတ်ပြန်လာတာဟာ မွန်ပြည်သစ်ပါတီတစ်ပါတီကိုပဲ ရည်ရွယ်ပြီး ထုတ်ပြန်တာမဖြစ်နိုင်ကြောင်း လက်နက်ကိုင်အဖွဲ့အားလုံးအတွက် ဖြစ်နိုင်သည်။ ပြည်တွင်းမှာ ရှိနေသည့် ပါတီဝင်များလည်း ပါတီမှ ရပ်နားထားသူများဖြစ်ပြီး မွန်ပြည်သစ်ပါတီနှင့်လည်း မသက်ဆိုင်ကြောင်း သူက ပြောသည်။

“သထုံခရိုင်ဘက်မှာတော့ သက်ဆိုင်ရာ ရဲကနေ ကျေးရွာဥက္ကဌတွေဆီကို စာပို့တယ်၊ အဲဒီကနေတဆင့် တစ်ရွာလုံးကို စာလိုက်ဖြန့်တယ်” ဟု အထက်ပါ သထုံခရိုင်တာဝန်ရှိသူက ပြောသည်။

ကျန်ရှိနေသည့် မွန်ပြည်သစ်ပါတီဝင်အားလုံးကို သက်ဆိုင်ရာ ရဲဌာနမှာ ကိုယ်ရေးရာဇာဝင်အချက်အလက် ပေးပို့ရမည်ဖြစ်ပြီး လက်နက်ရှိပါက လက်နက်ကိုပါ အပ်နှံရမည်ဖြစ်သည်ဟု သံဖြူဇရပ်မြို့ပေါ်ရှိ စရဖနှင့် နီးစပ်သူတဦးက ပြောသည်။

မွန်ပြည်သစ်ပါတီမှ အနားယူထားသည့် ပါတီဝင်များမှလွဲပြီး မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် မွန်လက်နက်ကိုင် အများအပြားရှိနေသည်။ နိုင်ရှောင်းခေါင်ဆောင်တပ်ဖွဲ့နှင့် နိုင်အောင်းချမ်းခေါင်ဆောင်တပ်ဖွဲ့များလည်း လက်နက်ကိုင်ပြီး လှုပ်ရှားနေသည်။

“ဒီတခါ လက်နက်အပ်ဖို့ ပြောလာတာက အဖွဲ့ဝင်ထားတဲ့လူတွေရော အဖွဲ့မဝင်ထားတဲ့လူရော၊ ပြီးတော့ သူများဆီက ငှားထားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တာဝန်ရှိလို့ ကိုင်ဆောင်ထားတာပဲဖြစ်ဖြစ် လက်နက်ကိုင်သူအားလုံး သက်ဆိုင်ရာ ရဲစခန်းမှာ အပ်ရမယ်” ဟု မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူ့တစ်ဦးက ပြောသည်။

ယခုလို လက်နက်အပ်နှံရန် အမိန့်ထုတ်ခြင်းသည် မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရကြား အပစ်ခတ်ရပ်စဲရေး ပျက်ပြားစေလိုသည့် ရည်ရွယ်ချက်ဖြစ်နိုင်သည်ဟု မော်လမြိုင်မြို့ပေါ်ရှိ နိုင်ငံရေးအကဲခတ်သူတစ်ဦးက ပြောသည်။ မွန်ပြည်သစ်ပါတီအနေနှင့်လည်း လက်နက်အပ်နှံမည်မဟုတ်ပဲ၊ အစိုးရအနေဖြင့် မွန်ပြည်သစ်ပါတီကို နိုင်ငံတော်ဥပဒေ မလိုက်နာသည့်အဖွဲ့ဟု ကြေငြာပြီးနောက် မွန်ပြည်သစ်ပါတီကို ဥပဒေဘောင်အတွင်း ထိုးစစ်ဆင်လာနိုင်သည်ဟု သူက သုံးသပ်သည်။

NLD လုပ်ငန်းများရပ်ရန် အစိုးရ သတိပေး

သန်းထိုက်ဦး Wednesday, 29 June 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေးပါတီ အဖြစ် တရားဝင် ရပ်တည်နိုင်ခြင်း မရှိသောကြောင့် လက်ရှိ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် ပြည်ထဲရေးဝန်ကြီးဌာနက အကြောင်းကြားထားသည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

NLD ဌာနချုပ်ရုံး အပါအ၀င် နယ်ရုံးများ ဆက်လက် ဖွင့်လှစ်ထားခြင်း၊ နိုင်ငံရေး ပါတီအနေဖြင့် ကြေညာချက် ထုတ်ပြန်ခြင်း၊ စာအုပ်စာစောင်များနှင့် ဗီဒီယိုခွေများ ထုတ်ဝေခြင်း၊ နိုင်ငံခြား အဖွဲ့ အစည်းများနှင့် တွေ့ဆုံခြင်း၊ အစည်းအဝေး အခမ်း အနားများ ပြုလုပ်နေခြင်း တို့သည် ဥပဒေအား တမင် ဆန့်ကျင်နေခြင်းဖြစ်ကြောင်း စာတွင် ဖော်ပြထားသည်။

လူမှုရေးလုပ်ငန်းများ လုပ်ဆောင်လိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

အကြောင်းကြားစာကို NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ထံ ပေးပို့ထားသည်ဟု သိရသည်။

ထိုသို့ အကြောင်းကြားစာ ပေးပို့ခြင်းမှာ အစိုးရက NLD ကို ဖိအားပေးလို၍ ဖြစ်ကြောင်း၊ လူစုလူဝေး ပြုလုပ်ပါက အစိုးရက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လာ နိုင်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ ဦးအောင်သိန်းက သုံးသပ်သည်။

နယ်ခရီးထွက်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံမည်၊ မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပြီးနောက်ပိုင်း အစိုးရက ထိုအကြောင်းကြားစာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် ပြီးခဲ့သည့်နှစ်က ရက်ပေါင်း ၆၀ အချိန်ပေးခဲ့သော်လည်း NLD က မှတ်ပုံတင်ခဲ့ခြင်း မရှိကြောင်း စာထဲတွင် ဖော်ပြထားသည်ဟု ဆိုသည်။

NLD က ၂၀၁၀ ရွေးကောက်ပွဲသည် တရား မျှတမှု မရှိနိုင်သည့် အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်ဟု ဆိုကာ ပါတီမှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ပေ။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၄ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က NLD ကို နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်သည်။

သို့သော်လည်း NLD က ဖွင့်ခွင့်ရသည့် ရုံးများတွင် ပုံမှန် အလုပ်များ ဆက်လက် လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခြင်းသည် တရားမ၀င်ဟု ဆိုကာ ဥပဒေကြောင်းအရ တရားရုံး အဆင့်ဆင့်ကို လျှောက်ထားသော်လည်း ပ လပ် ခံရသည်။

ယခုနှစ် ဧပြီ ၅ ရက်နေ့က နိုင်ငံရေးပါတီ ၃၇ ခု သို့ ပေးပို့သည့် ရွေးကောက်ပွဲ ကော်မရှင်၏ စာတွင် တရားမ၀င် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် သတိပေးထားသည်။

ထိုစာသည် NLD ပါတီနှင့် ဆက်သွယ်ခြင်း မပြုရန် တားမြစ်သည့် စာဖြစ်သည်ဟု အများက ယူဆကြသည်။

ထိုစာနှင့် ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “NLD ပါတီက အခုချိန်ထိ အစိုးရက ဖျက်သိမ်းတာကို တရားဝင် မကြေညာသေးဘူးလေ။ ဒီတော့ ကျနော်တို့က သူတို့နဲ့ ပြောဆိုတာတွေ ဆက်လုပ်မှာပါ” ဟု ဧရာဝတီကို ပြောပြခဲ့သည်။

ယနေ့နေ့လယ်က NLD ရုံးချုပ်၌ လူငယ်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီနှင့် ၎င်း၏ ရဲဘော်ရက်ဘက်များကို ဘယ်သောအခါမှ စွန့်ခွာမည် မဟုတ်ကြောင်း၊ အစိုးရ၏ သတိပေးချက် နှင့် ပတ်သက်၍ လာမည့် ၁ ရက်၊ ၂ ရက်အတွင်း အကြောင်းပြန်ကာ တဆက်တည်း ပြည်သူလူထုကိုပါ အသိပေးမည်ဖြစ်ကြောင်း ပြောသွားသည်။

တောင်ငူ၊ သံဖြူဇရပ်မှာလည်း ဗုံးများကွဲ

ရန်ပိုင် Wednesday, 29 June 2011

ပဲခူးတိုင်း တောင်ငူမြို့ မိတ္တဗလလမ်းပေါ်ရှိ ခပေါင်းခန်းမနှင့် မိုးလုံလေလုံခန်းမရှေ့ လမ်းထောင့်တွင် ယနေ့ နေ့လည် ၂ နာရီခန့်က ဗုံးတလုံးပေါက် ကွဲသည်။

အပျက်အစီး၊ ထိခိုက်ဒဏ်ရာရမှုနှင့် အသေအပျောက်ရှိသည်ဟု မကြားကြောင်း၊ လုံခြုံရေးများ၊ ရဲများ၊ မီးသတ်များ ချက်ခြင်းရောက်ရှိလာပြီး လမ်းများပိတ်ထားကြောင်း မြို့ခံတဦးက ပြောသည်။

“အသံကျယ်တယ်၊ အိမ်နားမှာဆိုတော့ အိမ်တောင်တုန်သွားတယ်၊ ကျင်းကြီးဖြစ်သွားတယ်” ၎င်းက ဆိုသည်။

Master ကော်ဖီဆိုင်နှင့် မီတာ ၂၀၀ ခန့်အကွာတွင် ပေါက်ကွဲခြင်းဖြစ်သည်ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

တောင်ငူမြို့သည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ မြို့ဖြစ်ပြီး မကြာသေးမီကလည်း တောင်ငူမြို့နှင့် ၁၄ မိုင်အကွာရှိ သောက်ရေခပ်ချောင်း ရေအားလျှပ်စစ်စီမံကိန်းကို ဇွန်လ ၁၈ ရက်နေ့ညတွင် အမည်မသိလက်နက်ကိုင်များက လက်နက်ကြီးများနှင် ပစ်ခတ်ခဲ့သေးသည်။

ယမန်နေ့ည ၁၂ နာရီခန့်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးတွင် ဗုံးတလုံးပေါက်ကွဲ ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းသိရသည်။

ယခုရက်ပိုင်းတွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲနေရာ ဇွန်လ ၂၄ ရက်နေ့ကလည်း အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ မန္တလေး ဈေးချိုတော် ဟိုတယ်ရှေ့နှင့် ပြင်ဦးလွင်မြို့တွင် တချိန်တည်းဆိုသလို ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

ယခုဗုံးဖောက်ခွဲမှုများကို မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများကမှ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ၀န်ခံပြောဆိုခြင်းမရှိသော် လည်း အစိုးရကမူ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တခြားလက်နက်ကိုင်အဖွဲ့များကို စွပ်စွဲလေ့ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် မြို့ကြီးသုံးမြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကို ရှမ်းအမည်များ ပါသည့် အမျိုးသားသုံးဦးကို စွပ်စွဲထားသည်။

စစ်တပ်ရိက္ခာများကို ရွာသားအယောက် ၅၀ ထမ်းပေးရ

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်နယ် ရှားတောမြို့နယ်၌ အခြေစိုက်သော မြန်မာစစ်တပ် ခမရ ၅၇၅ သည် ဇွန်လ ၁၈ နှင့် ၁၉ ရက်နေ့အတွင်းက ရွာသားအယောက် ၅၀ ကို တပ်ရိက္ခာများ ထမ်းပို့ခိုင်းစေခဲ့သည်ဟု ကရင်နီ လူမှုကယ်ဆယ်ရေး အဖွဲ့က ပြောသည်။

ခမရ ၅၇၅ သည် ရှားတောမြို့နယ် တငူးဆို (ထင်းရှုးတောင်)၌ အခြေစိုက်ထားသော ခမရ ၃၃၂ နှင့် ပြီးခဲ့သည့် အပတ်က တပ်လဲလှည်၍ တပ်စခန်း အနီးရှိ ဒေါတနော၊ ဒေါဝယ်ရော၊ ဒေါမူးလဲ၊ တနောင်ကလူးနှင့် တရီးဒါး ကျေးရွာတို့ကို တရွာလျှင် ရွာသား ၁၀ ယောက်စီ ဆင့်ခေါ်ပြီး ၎င်းတို့ တပ်ရိက္ခာများကို သွားရောက်ထမ်းစေခိုင်းကာ တပ်စခန်းသို့ အရောက်ပို့ဆောင်ခိုင်းခြင်း ဖြစ်သည်ဟု လူမှုကယ်ဆယ်ရေး အဖွဲ့မှ ခူးညေးရယ်က ပြောသည်။

“ပြီးခဲ့တဲ့ တပတ်က သူတို့ တပ်တွေ လဲကြတယ်။ တပ်လဲကြတော့ သူတို့ ရိက္ခာတွေကို ၂ လ ၃ လအတွက် သိမ်းထားချင်တယ် ထင်တယ်။ အဲဒါ ရွာသားတွေကို တရွာ ၁၀ ယောက် ခေါ်ယူပါတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ် ရိက္ခာများကို လွိုင်ကော်မြို့မှ စစ်တပ် ကားများဖြင့် တင်ဆောင်လာပြီး ရှားတောမြို့နယ် ဒေါးမူးမာကျေးရွာ အနီးရှိ မြန်မာစစ်တပ် တပ်စခန်းတွင် ချထားကြောင်း၊ ရွာသားများသည် ထိုစစ်တပ်ရိက္ခာများကို ဒေါမူးမာ တပ်စခန်းမှ တရိဒါးကျေးရွာသို့ ထမ်းပို့သွားရကြောင်း၊ တရိဒါးကျေးရွာမှတင့် မြန်မာစစ်တပ် ခမရ ၅၇၅ တပ်စခန်းသို့ ပို့ဆောင်သွားရကြောင်း ဆိုသည်။

ရွာသားများ ထမ်းပို့ပေးရသော စစ်တပ် ရိက္ခာများသည် ဆန်၊ သကြား၊ နိုးဗူး၊ ငါးဗူး၊ အမဲဗူးနှင့် အခြားရိက္ခာများ ပါဝင်သည်ဟု ခူးညေးရယ်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင်လည်း ရှားတောမြို့နယ် တငူးဆို၌ ယခင် အခြေစိုက်ထားသော ခမရ ၃၃၂ သည် ကျပ်ငွေ ၉၉၆၀၀ တန်ဖိုး ရှိသော ၎င်းတို့ တပ်ရိက္ခာများကို ရွာသားများအား သွားရောက်ထမ်းခိုင်း၍ တပ်ရိက္ခာများကို လမ်းခရီးစဉ်တွင် ကရင်နီတပ်မတော်မှ ရွာသားများထံ ဖြတ်တောက်ယူခဲ့သည်။

ယခုတခေါက် ရွာသားများ သွားရောက်ထမ်းပေးသော စစ်တပ် ရိက္ခာများကို ကရင်နီတပ်မတော်မှ ဖြတ်တောက်ယူမှာကို စိုးရိမ်၍ မြန်မာစစ်တပ်များ ကိုင်တိုင် နောက်လိုက်ပါသွားကြသည်ဟု သိရသည်။

ခမရ ၃၃၂ နှင့် တပ်လဲလှည်ပြီး ရှားတောမြို့နယ် တငူးဆို၌ ယခု လာရောက်အခြေစိုက်သော ခမရ ၅၇၅ သည် ရှမ်းပြည်နယ် မိုင်းပန်မြို့နယ်၌ အခြေစိုက်ထားသော စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၇ ၏ လက်အောက်ခံ တပ်ရင်း ဖြစ်သည်။

မြန်မာအစိုးရ ဆန့်ကျင်ဆန္ဒပြပွဲများ နိုင်ငံတကာ တွင် ကချင်များပြုလုပ်

KNG

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)အားမြန်မာ အစိုးရစစ်တပ်မှထိုးစစ်ဆင်မှုများရပ်တန့်ပေးရန် ပြည်ပရောက် ကချင် တိုင်းရင်းသား များမှ မြန်မာသံရုံးများရှေ့တွင်ဇွန်၂၄ရက် နေ့ကဆန္ဒပြခဲ့ ကြသည်။

မလေးရှား၊ နယ်သာလန်၊ အင်္ဂလန်၊ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ အိန္ဒိယ၊ ဂျပန် စသည့် နိုင်ငံများတွင် ပြည်ပရောက် ကချင်တိုင်းရင်းသားအယောက် (၁၀၀၀) နီးပါးခန့်ပါဝင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“ကျတော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မြန်မာစစ်အစိုးရလုပ်နေတဲ့ လုပ်ရပ်ကိုကျတော်တို့ ကချင်တွေ လက်မခံနိုင် တာကို ကမ္ဘာက သိစေချင်တဲ့ အကြောင်းရင်းနဲ့ ပြခြင်းဖြစ်ပါတယ်။ မြန်မာကထိုးစစ်ဆင်မှုကို ရပ်တန့်ပေးဖို့ ဖြစ်ပါတယ်။” ဟု သြစတေးလျနိုင်ငံတွင် ဆန္ဒပြ ပါဝင်ခဲ့သူ ဦးအောင်ဒန်ကပြောသည်။

ဆန္ဒပြ တောင်းဆိုမှုများတွင် ကချင်ပြည်နယ်တွင် တည်ဆောက်နေသည့် ရေကာတာစံမံကိန်းများ ရပ်တန့်ပေးရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုကိုရပ်တန့်စေရန်၊ ကချင်တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ ရရှိရန်အတွက် တောင်းဆိုမှုများ ပြုလုပ်ခြင်း ဖြစ်သည်။

တစ်ဆက်တည်းမှာပင် ကချင်စစ်ပြေးဒုက္ခသည်များအား တရုတ်အစိုးရမှ လက်ခံပေးရန်လည်း တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

“စစ်ပြေးဒုက္ခသည်တွေကို တရုတ်ပြည်ဘက်သို့ ခိုလှုံခွင့်ရဖို့။ စစ်ဘေးဒုက္ခခံနေရသုများကိုကူညီစေဖို့က အဓိကပေါ့။” ဟု ဦးအောင်ဒန်မှ ဆက်ဆိုသည်။

အိန္ဒိယ နိုင်ငံတွင်လည်း ကချင်စစ်ပြေးဒုက္ခသည်များအား နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် အတွက် ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

ဇွန်လ (၉)ရက်နေ့မှ စတင်ပစ်ခတ်လာသည့် စစ်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် အယောက် ၂သောင်းကျော် ရှိသည်။ KIOမှ ၎င်းတို့ ထိန်းချုပ်နယ်မြေတွင် ဒုက္ခသည် စခန်းများစီစဉ်ပေးကာ ပညာရေး၊ ကျန်းမာရေး၊ အစားအသောက်အတွက် တက်နိုင်သည့်ဘက်မှ ကူညီစောင့်ရှောက်ပေးနေခြင်းဖြစ် သည်။

ပြဿနာဖြစ်သည့် တရုတ်ကျောက်ကုန်သည်ခြောက်ဦးကို ပြန်ပို့

အေး​နိုင်

သက်ဆိုင်ရာက မန္တလေးကျောက်ဝိုင်းမှာ ပြဿနာဖြစ်တဲ့ တရုတ်ခြောက်ဦးကို တရုတ်နိုင်ငံပြန်ပို့ဖွယ်ရှိပြီး ပိတ်ဖို့ပြောထားတဲ့ ကျောက်ဝိုင်းကို ပြန်ဖွင့်ခွင့်ပြုလိုက်ပါတယ်။

မနေ့က မန္တလေးကျောက်ဝိုင်းမှာ လက်ရောက်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသား ခြောက်ဦးကို သက်ဆိုင်ရာက မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးကတဆင့် မိခင်နိုင်ငံ ပြန်လည်ပို့ဆောင်ဖွယ်ရှိတယ်လို့ မန္တလေးသားတွေက ပြောပါတယ်။

မနေ့ညနေက မန္တလေး-ရန်ကုန် ကားလမ်းမပေါ်မှာ မြင်တွေ့ခဲ့တဲ့ လူငယ်တဦးက အခုလိုပြောပါတယ်။

“ဖမ်းထားတဲ့ တရုတ်နိုင်ငံသား ၆ ဦး သူတို့နိုင်ငံကို ပြန်သွားပြီနဲ့တူတယ်။ သူတို့နိုင်ငံကို ပြန်ပို့လိုက်တယ်။ ကောင်စစ်ဝန်ရုံးအကူအညီနဲ့ ရန်ကုန်မန္တလေး ကားလမ်းပေါ်မှာ လိုက်ထရပ်ကားနဲ့ ခေါ်သွားပြီးတော့ ဂိတ်တွေဘာတွေမှာ အရှေ့က ကားတစီးပါတယ်။ လ၀က တယောက်ပါတယ်။ ရဲ နှစ်ယောက် ပါတယ်။ ဘေးက ခရီးဆောင်အိတ်တွေနဲ့ ကျနော်ကိုယ်တိုင် တွေ့လိုက်တယ်။ အမှတ် ၇ ရဲစခန်းကတော့ သူ့တို့ဆီမှာ အမှုမဖွင့်ဘူး၊ မရှိတော့ဘူးလို့ ပြောပါတယ်။ ပြန်လွှတ်လိုက်ပြီနဲ့ တူပါတယ်။ လ၀က က ပြောတာတော့ တလဗီဇာသက်တမ်းနဲ့ လာနေတဲ့ နိုင်ငံခြားသား အစစ်တွေတဲ့။ ကျောက်ဝိုင်းက ကျောက်သမားတွေကတော့ ဘာမှအရေးမယူလို့ ကျေနပ်မယ်မထင်ဘူး။”

မနေ့ မနက်တုန်းက တရုတ်ပြည်မကနေ လာရောက်တဲ့ ကျောက်ကုန်သည် ခြောက်ဦးက ကျောက်သမားတွေ ဖြစ်လေ့ရှိတဲ့ အချင်းများမှုတခုက အစပြုပြီး မြန်မာကျောက်ပွဲစားတဦးကို ကိုယ်ထိလက်ရောက် အခန်းပိတ်ထိုးကြိတ်ရာက ကျန်မြန်မာတွေက မခံမရပ်နိုင်ဖြစ်ပြီး အဲဒီတရုတ်တွေကို ၀ိုင်းထိုးကြိတ်ခဲ့ကြပါတယ်။

ရဲက စတင်ထိုးကြိတ်တဲ့ တရုတ်တွေကို မျက်နှာသာပေးတာကို ထပ်ကြုံရပြန်တဲ့အတွက် မြန်မာကျောက်သမား ရာပေါင်းများစွာက ကမ္ဘာမကြေ၊ ဇာတိမာန် စတဲ့ အမျိုးသားသီချင်းတွေကို သံပြိုင်ဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရဲအင်အား ၁၀၀ ကျော်က အဲဒီ တရုတ်ခြောက်ဦးကို ကျောက်ဝိုင်းထဲကနေ ခေါ်ထုတ်သွားခဲ့တာဖြစ်ပြီး မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကနေတဆင့် ပြန်ပို့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မနေ့က အခင်းဖြစ်ပြီးနောက် ဇွန် ၂၈၊ ၂၉ နဲ့ ဥပုသ်နေ့ ၃၀ ရက်ထိ ပိတ်လိုက်ပေမယ့် ဒီမနက် ရှစ်နာရီလောက်ကနေ တစတစ လူပြန်လည်စည်ကားလာ လို့ ကျောက်ဝိုင်းပြန်ဖွင့်ခဲ့ပြီး လူနည်းပါးတယ်လို့ မန္တလေးသားတွေက ပြောပါတယ်။

တပ်မတော်အစိုးရလက်ထက်မှာ တရုတ်လူမျိုးတွေကို အထူးအခွင့်အရေးပေးတဲ့အပေါ် နိုင်ငံသားတွေက အစိုးရအပေါ် မကျေမနပ်ဖြစ်ကြပါတယ်။

သဃင်္န်းကျွန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကြံ့ခိုင်ရေးပါတီဝင်များကိုသာ ခန့်

ရွှေအောင်

ရန်ကုန်တိုင်း၊ သဃင်္န်ကျွန်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာ သုံးဆယ်ကို ကြံ့ခိုင်ရေးပါတီဝင်တွေ၊ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတွေကိုချည်း ခန့်လိုက်ပါတယ်။

သဃင်္န်းကျွန်းမြို့နယ်ထဲက ရပ်ကွက် ၃၈ ခု အနက် ၃၀ မှာ အခုလို ကြံ့ခိုင်ရေးပါတီဝင်တွေကိုချည်း ခန့်လိုက်တာ ဖြစ်ပါတယ်။

ဇွန်လ ၂၇ ရက်နေ့က ခန့်လိုက်တာဖြစ်ပြီး ခန့်လိုက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေဟာ အများပြည်သူ ကြည်ညိုလေးစားတဲ့သူတွေ မဟုတ်တဲ့အတွက် ရပ်ကွက်နေပြည်သူတွေက မကျေနပ်ကြကြောင်း စာရေးသားတင်ပြထားတာတွေ ရှိတယ်လို့ သကင်္န်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

ရပ်ကွက်နေပြည်သူတွေက တဦးချင်း စာရေးသားပေးပို့တာတွေရှိသလို ရပ်ကွက်နေပြည်သူတွေ စုပေါင်းပြီး စာရေးပေးပို့တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

ဇွန်လ ၂၈ ရက် ဒီနေ့ပဲ ရပ်ကွက်နေ ပြည်သူ ၁၀၀ လောက် လက်မှတ်ရေးထိုး ပေးပို့ထားတဲ့စာကို ဦးသိန်းညွန့်က ခုလို ဖတ်ပြပါတယ်။

“သို့– သကင်္န်းကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိစ္စတင်ပြခြင်း။

င/က ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုမြသွင်ဟု ကြားသိရပါသည်။ သို့ပါသောကြောင့် အောက်ဖော်ပြသူသည် အများကြည်ညို ယုံကြည်လေးစားမှု မရှိသည့်သူဖြစ်ပါသည်။ ၀ါတွင်းသုံးလပတ်လုံးမှာလည်း အလှူငွေကောက်ခံသည့်အခါ ၁၀၀၀ ရသည့်အခါ ငွေ ၂၀၀ ကို ကော်မရှင်ဖြတ်ယူပါသည်။ မိန်းမကိစ္စမှာလည်း နာမည်ကြီးသူတဦး ဖြစ်ပါသည်။ အလောင်းအစားလည်း ခုံမင်သူတဦးဖြစ်ပြီး အကျင့်စာရိတ္တလည်း ပျက်ပြားသူဖြစ်ပါသည်။ ရပ်ကွက်ပြည်သူလူထုက မထောက်ခံလည်း ဂရုမစိုက်ဘူး။ သူ့ကိုကြံ့ခိုင်ရေးပါတီက ထောက်ခံတယ်ဆိုပြီးတော့ ကြွေးကြော်ပြီး ရပ်ကွက်လူထုကို ငါဘာကောင်လဲဆိုတာ ပြမယ်ဆိုတာ ကြွေးကြော်နေပါသည်။ ရပ်ကွက်အတွင်းရှိ မွတ်စလင်များကိုလည်း နှိပ်ကွပ်မည်ဟု ကြွေးကြော်နေပါသည်။ လက်ရှိ အာဏာနှင်းအပ်ခံထားရသူ တယောက်အား ပြည်သူလူထုက မလိုလားပါ၍ လက်မှတ်ရေးထိုး ကန့်ကွက်သည်ဆိုပြီးတော့ လူ ၁၀၀ လောက် လက်မှတ်ရေးထိုးပြီး ကျနော့်ဆီကို ပို့တယ်။”

ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အများအပြားရှိတဲ့ သဃင်္န်းကျွန်း အနောက်ကျိုက္ကဆံရပ်ကွက်မှာ ခန့်လိုက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ ဘာသာခြား ဖြစ်နေတဲ့အတွက် ရပ်ကွက်ထဲမှာရှိတဲ့ ဘုန်းတော်ကြီးတွေက ကန့်ကွက်ကြောင်းစာကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သူ့ဆီ စာရေးပေးပို့တယ်လို့လည်း ပြောပါတယ်။

မြို့နယ်ကြံ့ခိုင်ရေးပါတီနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်းခန့်အပ်လိုက်တာ ဖြစ်တဲ့အတွက် အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိတာကြောင့် သက်ဆိုင်ရာကို ကန့်ကွက်တင်ပြသွားမယ်၊ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ပြောပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိစ္စတွေမှာ လူထုက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၈၉ မှာ ပေးထားတဲ့အတိုင်းပေါ့။ ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာသမာဓိ ရှိတဲ့လူကို လိုချင်တာ၊ လွှတ်တော်မှာ အခြေခံဥပဒေကို ကာကွယ်မယ်လို့ ပြောထားပြီးပြီလေ။ ဘာကြောင့် အခြေခံဥပဒေ ပုဒ်မ ၂၈၉ နဲ့ မကိုက်ညီတဲ့ အခြေခံဥပဒေနဲ့ ကွဲလွဲပြီး ခန့်အပ်တာကိုတော့ ကျနော်တို့ မူအရကော ဥပဒေအရကော လက်မခံနိုင်ဘူး။”

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ခန့်အပ်တဲ့နေရာမှာ အများပြည်သူ ကြည်ညိုလေးစားသူ ဖြစ်ရမယ်၊ မည်သည့်ပါတီဝင်မျှ မဖြစ်စေရ စတဲ့အချက်တွေ ပါဝင်နေပေမယ့်လည်း အောက်ခြေမှာ ခန့်တဲ့အခါတွေမှာတော့ အခုလိုမျိုးတွေ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။

ကျောက်ဝိုင်းပြဿနာနောက် လူမျိုးရေး မုန်းတီးမှုလား

သဲသဲ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်း၌ ဇွန်လ ၂၇ ရက်၊ ၂ဝ၁၁ ခုနှစ် တနင်္ဂလာနေ့တွင် တရုတ်လူမျိုး ကုန်သည်များနှင့် မန္တလေးဒေသခံ ကုန်သည်များအကြား အချင်းများ ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့တာကြောင့် ယင်းကျောက်ဝိုင်းကို ပိတ်ပစ်ခဲ့ရသည်။

ယခုအရေးကိစ္စသည် မြန်မာနိုင်ငံ၏ စီးပွားရေး အလှမ်းကျယ်နေသည့် နိုင်ငံခြားသား တရုတ်အမျိုးသားများအပေါ် လူမျိုးရေး မုန်းတီးမှုလားဟူသော မေးခွန်းထုတ်စရာ ဖြစ်သည်။

မန္တလေးမြို့ရှိ လူသိထင်ရှား ပုဂ္ဂိုလ်များ၏ ပြောဆိုချက်များနှင့် တရုတ်-မြန်မာအရေး လေ့လာနေသူ ဒေါက်တာ လှကျော်ဇော၏ သုံးသပ်ချက်အမြင်များကို မဇ္ဈိမသတင်းထောက် သဲသဲက စုစည်းတင်ပြထားသည်။

ဦးညီပုလေး (စာရေးဆရာ)

“ကျနော့်အနေနဲ့က လူမျိုးရေး မမုန်းတီးပါဘူး။ ဒီလိုမျိုးဖြစ်စေတဲ့ အကြောင်းတွေကို စူးစမ်းပြီး ဆင်ခြင်ဖို့ပါပဲ။ ဒီလိုစီးပွားရေး အခြေအနေ ဖြစ်အောင်၊ တရုတ်ကိုလိုနီဖြစ်အောင် ဘယ်သူက လုပ်တာလဲဆိုတာ စဉ်းစားဖို့ပါ။ ဖြစ်ဖို့များတာက စီးပွားရေးလောက သူတို့ရဲ့ အတွင်းစည်းထဲမှာ၊ ကုန်သည်လောကမှာ ဒီလူတွေရဲ့ ဆက်ဆံရေးက သူတို့ပြုသမျှ နုရတဲ့ အနေအထားတွေမှာ ငွေရှိတဲ့သူက မောက်မာမှုတွေ လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်လေ။ သူတို့ စီးပွားရေး လောကသားချင်းက ဒါတွေ ပိုသိမှာပါ”

ဦးထွန်းဦး (ထွန်းဦးစာပေ)

“ဘေးလူတွေ အုံနဲ့ကျင်းနဲ့ ဝင်လာတယ်ဆိုတာ လူတွေက ခံစားချက်တွေ ရှိကြတာပေါ့လေ။ အရင်တုန်းက ကာရာအိုကေတို့ ဘာတို့မှာ ရိုက်တာနှက်တာ။ သူတို့က ပိုက်ဆံရှိတယ် ကားကောင်းစီးတယ်။ လုပ်ပြီး ထွက်သွားတာလေ။ သူတို့ကားနဲ့ တိုက်သွားလည်း ကိစ္စမရှိဘူး။ တကယ်လိုက်တော့လည်း သူတို့က ဟိုဘက်ပြေးတာလေ။ မြို့ခံလည်း မဟုတ်ဘဲ အဝေးက ရောက်လာတာတွေများတော့ အဲလိုလည်း ရှိတာပေါ့လေ”

“နယ်စပ်ကနေ ပြည်တွင်းကို မှတ်ပုံတင်အတုတွေနဲ့ ဝင်လာ၊ စီးပွားရေးလုပ်။ နယ်ခြားကနေ ဒီဘက်အထိ ဝင်လာပြီး ကုန်ကြမ်း တောက်လျှောက် ဝင်ဝယ်တဲ့ သူတွေက ဒေသခံစကား မတတ်တာတို့၊ ရိုင်းတာတို့၊ အုပ်စုဖွဲ့တာတို့၊ စီးပွားရေးအခံလေးတွေ မကြိုက်တာလေးတွေ ပါကောင်းပါလိမ့်မယ်”

“ကျောက်ဆစ်တန်းဆိုရင် ကျောက်ဆစ်ရုပ်တုလုပ်တာတောင် သူတို့ပဲ။ မတ္တရာ စကျင်တောင် အဲဒီအထိကို လိုက်ဝယ်တာ။ စကျင်ရွာမှာ အိမ်ဝယ်ပြီးတော့ ကျောက်တုံးတွေကို တရုတ်ပုံကြမ်းထုပြီး သယ်တာလေ။ သူတို့ဘယ်လောက်ထိ ဈေးကွက်ရှိလဲ စဉ်းစားကြည့်။ ဖရဲသီးစိုက်တာဆိုလည်း စိုက်ခင်းပါဝယ်၊ သရက်ခြံတွေလည်း ဝယ်။ မန္တလေးသားစစ်စစ် ပြဇာတ်ထဲက လူရွှင်တော် ချစ်စရာပြောတာလေး ကြည့်ရလား။ အကိုကြီးက တိုက်ဝါး၊ ညီအလတ်က အိမ်ဝါး၊ ညီအငယ်ဆုံးက ခြံဝါး … ဝါးမျိုးနွယ်တွေ ဆိုတာလေ”


မန္တလေးမြို့ခံ သတင်းဆရာတဦး

“ဒီကနေ့ပဲ ကျောက်ဝိုင်းမှာ ပြောနေတဲ့ စကားတခုရှိတယ်။ တချိန်တုန်းက မြန်မာ အရောင်းအဝယ်သမား တယောက်က တရုတ်ကို လက်သီးနဲ့ ထိုးတာ ၆ လ ထောင်ကျတယ်လို့ ပြောတယ်။ မနက်ကကျတော့ ဒီတရုတ် ၅ ယောက် ထင်တယ်၊ သူတို့ကို ရဲတွေက အကာအကွယ်ပေးပြီး လုံခြုံရာကို ဒိုင်းတွေနဲ့ ကာပြီး စောင့်ရှောက်ခေါ်သွားတာ တွေ့ရတယ်။ အဲဒီလို favor ပေးခံရတာချင်းက ကွာတယ်လေ။ အဲဒါမျိုးတွေလည်း သဘောမကျနိုင်ကြဘူးပေါ့။ တကယ်လို့သာ မြန်မာတယောက်က တရုတ်တယောက်ကို မနက်ကလို ကိုယ်ထိလက်ရောက် ဆက်ဆံရင် သေချာတယ်၊ အဲဒီမြန်မာကုန်သည်ကို ရဲက လာပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြီး ဖမ်းခေါ်သွားမှာလေ။ အဲဒီလို ဆက်ဆံခံရမှု ကွာခြားချက်ကိုလည်း သဘောမကျနိုင်ဘူး ထင်တယ်”


ဒေါက်တာလှကျော်ဇော (တရုတ်-မြန်မာအရေး လေ့လာသူ)

“ဗမာပြည်အစိုးရကိုယ်တိုင်က ဥပဒေနဲ့အညီ အုပ်ချုပ်တာမှ မဟုတ်တာ။ လက်သင့်ရာ စားတော်ခေါ်နေတာ။ တရုတ်တွေအနေနဲ့ကလည်း သူတို့ ပေးနိုင်ကမ်းနိုင်၊ လာဘ်ထိုးနိုင်တော့ အခွင့်အရေးတွေ ရလာတယ်၊ ဒါကို အခွင့်အရေး မခံစားရတဲ့ ပြည်သူလူထုက မကျေမနပ်ဖြစ်လာတော့တာ အခြေခံပါ”

“တရုတ်ပြည်ကနေ နိုင်ငံခြားတွေကိုသွားရင် … ဗမာပြည်မွေး တရုတ်လူမျိုးကို ပြောတာမဟုတ်ဘူးနော်။ တရုတ်ပြည်သား စစ်စစ်တွေကို ပြောတာ။ အခုက သူတို့က တကမ္ဘာလုံးကို ထွက်နေတာနော်။ အာဖရိကတို့၊ လက်တင်အမေရိကတို့ အကုန်လုံးထွက်နေတာ။ အဲဒီအခါမှာ တရုတ်အစိုးရက သေသေချာချာ မှာလွှတ်တာ ရှိပါတယ်။ အဲဒီဒေသနိုင်ငံရဲ့ လူမျိုး၊ တိုင်းပြည်ရဲ့ ဥပဒေကို သေချာလိုက်နာဖို့၊ အဲဒီက လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို လေးစားပြီး လူထုနဲ့ ချစ်ချစ်ခင်ခင်နေဖို့ သေချာ မှာလွှတ်တာရှိတယ်”

“ဒါပေမဲ့ စီးပွားရေးသမားကတော့ စီးပွားရေးအမြင်ပဲ ရှိတာဆိုတော့ ပြဿနာတွေ ခဏခဏ ဖြစ်တာပဲ။ အီတလီမှာ တရုတ်ဖိနပ်ဆိုင်တွေ မီးရှို့ပစ်တာ၊ ရုရှားမှာ တရုတ်ဈေးတန်းကြီး မီးရှို့ခံရတာတို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်က ကုန်သွယ်ရေး လုပ်တတ်ကိုင်တတ်ရှိတော့၊ ကြီးပွားလာတော့ ဒေသခံတွေ မခံမရပ်နိုင်ဖြစ်လာတာ။ ကုန်သည်လုပ်တဲ့သူက အမြတ်ရရင် မတရားတာရော၊ တရားတာရော လုပ်တာတွေ ရှိပါလိမ့်မယ်။ အဲဒီအခါမှာ အမျိုးသားရေးအဖြစ်နဲ့ ပေါက်ကွဲပြီး ပြဿနာဖြစ်တာတွေ ကြုံတွေ့ရတာပဲ”

“တရုတ်ဆန့်ကျင်ရေးကတော့ လူတော်တော်များများမှာ ရှိမယ်ထင်တယ်။ မန္တလေးမြို့မှာ တကယ့် အချက်အခြာ
နေရာတွေ အားလုံးက တရုတ်တွေ ဝယ်ထားပြီး တကယ်နေလာတဲ့ သူတွေက မြို့ပြင် ရောက်ကုန်တာမျိုး အထိဆိုတော့ တစုံတရာ လူမျိုးရေးအရ ခံပြင်းမုန်းတီးမှုတွေ ဖြစ်နိုင်ပါတယ်”

“အမျိုးသားရေးပဲဖြစ်ဖြစ်၊ လူမျိုးရေးပဲဖြစ်ဖြစ် အုပ်ချုပ်တဲ့သူ လူတန်းစားပါ ပါပြီး မြောက်ထိုးပင့်ကော် လုပ်တာ။ ဒါက အစိုးရပေါ်မှာ မူတည်တယ်။ အစိုးရက ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်ရင် ပြဿနာမကြီးပေမယ့် အစိုးရကိုယ်တိုင်ကိုက လူတွေရဲ့ ဒေါသကို တမင်သက်သက်၊ ဥပမာ - ဟိုတုန်းက ဦးနေဝင်းလက်ထက် လူတွေက ဆန်မလောက်တာကို ဒေါသဖြစ်တာကို တရုတ်-ဗမာအရေးအခင်းနဲ့ လွှဲပေးလိုက်တယ်”

“အခု ဗမာပြည်မှာလည်း ကျပ်တည်းနေတာတွေက သူ့အတွက် အခက်အခဲရှိနေတယ်ဆိုတော့ လွှဲပေးတာမျိုး ဖြစ်တတ်တယ်။ လူတွေရဲ့သူ့အပေါ် ပုံလာမယ့် ဒေါသကို အမျိုးသားရေးနဲ့ လွှဲပေးတတ်တယ်။ ဗမာပြည်သူတွေရဲ့ အဓိက တရားခံဟာ ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပြီး အစိုးရ ထောင်ချောက်ထဲ ပြည်သူတွေ မဝင်ဘူးလို့တော့ ထင်တယ်”

“အခုအခြေအနေက အရင်တုန်းကနဲ့ မတူဘူးလေ ဦးသိန်းစိန် အစိုးရ တရုတ်ကို အားကိုးနေတဲ့ အနေအထား ဖြစ်တော့ တရုတ်အစိုးရ စိတ်ဆိုးအောင်တော့ လုပ်မယ်မထင်ဘူး။ မှတ်မိလား ကိုးကန့်ကို ဗမာစစ်တပ်က ဝင်တိုက်တုန်းက တရုတ်က သူ့လူတွေသေတော့ ချက်ချင်းဝင်ပြောတော့ ကမန်းကတန်း ရပ်လိုက်ရတာပဲ။ ဒါ့ကြောင့် အစိုးရကလည်း ဒီကိစ္စကို နိုင်နိုင်နင်းနင်း ကိုင်တွယ်လိမ့်မယ်လို့ ထင်တယ်”

“ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သူ ဗမာပြည်က ခေါင်းဆောင်တွေကို ပြောခဲ့တာပဲ။ သူတို့ တရုတ်နွယ်ဖွားတွေ ဗမာပြည်တွင်းရဲ့ ဥပဒေကို လေးစားလိုက်နာပြီး လုပ်ကိုင်စားသောက်နေသူ အားလုံးကို၊ သူတို့ရဲ့ လုံခြုံရေးကို အာမခံပေးပါလို့ ပြောခဲ့တာပဲ။ အစောကြီးကတည်းက သူတို့သိတယ်။ ကြားလည်း ကြားနေတာပဲ။ ဗမာပြည်သူတွေထဲမှာ တရုတ်နဲ့ ပတ်သတ်ပြီး စိတ်ထိခိုက်ခံစားနေကြတယ်။ ခံစားချက်တွေ ရှိတယ်ဆိုတာ သူတို့သိတယ်။ ဒါ့ကြောင့် အစောကြီးကတည်းကနေ ဗမာအစိုးရကို တရုတ်လူမျိုးတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ပေးဖို့ မှာထားတာပါ”

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,29th,2011

( 37 )ရေလွှဲမြောင်းပြင်ရန် လယ်သမား ၁၆ ဦး တောင်းဆို

( 36 )ဒေါ်စု နယ်ခရီးမထွက်ခင် သတိပေးခံရ

( 35 )လက်နက်အပ်ရန် မွန်မှာ ညွှန်ကြား

( 34 )Arunachal Pradesh becoming safe haven for militants

( 33 )ဗုံးခွဲမှုများအတွက် ရှမ်းအမည်နှင့် လူ ၃ ဦးကို အစိုးရ စွပ်စွဲ

( 32 )Aung San Suu Kyi Told to Stop “Political Activity”

( 31 )အဝေးပြေး ကားသမားများ လူကုန်ကူးမှု သတင်းပေး ရမည်

( 30 )BURMESE JUNTA ORDERS SAN SUU KYI TO SUSPEND ACTIVITIES

( 29 )ဆိုင်ကြီး နှစ်ဆိုင်ဖောက်ထွင်းပြီး ၁ သန်းကျော်ဖိုးပစ္စည်းခိုးသူ မြန်မာ နိုင်ငံသားတဦးဖမ်းဆီး

( 28 )Suu Kyi warned over plans for tour out of Yangon

( 27 )မိုးရာသီတွင် ရခိုင်မှ နိုင်ငံခြား စီမံကိန်းကြီး တချို့ ယာယီ ရပ်နား

( 26 )Two arrested for Mandalay bombing

( 25 )အထက် မြန်မာပြည် လူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

( 24 )Burma lobby group calls for imposing sanctions against 42 people

( 23 )မိုးများပြီး ရေကြီးမှုအန္တရာယ် ဖြစ်ပေါ်နိုင်

( 22 )National, International experts attend Burma’s third development forum

( 21 )မူဆယ်မီး ဆိုင်ခန်း ၂၈ ခန်း လောင်ကျွမ်း

( 20 )Anti-China tsunami 
alert in Myanmar

( 19 )အစိုးရက ကချင်နဲ့ ဆွေးနွေးဖို့ ဖွဲ့စည်း

( 18 )မူဆယ်ဈေးမီး ဆိုင်ပေါင်း ၂၀ လောင်ကျွမ်း

( 17 )နိုင်ငံအနာဂတ်၊ လူငယ်အခန်းကဏ္ဍ ဒေါ်စု ဆွေးနွေး

( 16 )မစ်ရှယ်လ်ယို လေဆိပ်က နှင်ထုတ်ခံရ

( 15 )Kikuta arrives in Myanmar for talks with Suu Kyi, foreign minister

( 14 )ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှု အမည်စာရင်း တိုးဖို့ တောင်းဆို

( 13 )KIA Doubts Burmese Army Will Attack Through China

( 12 )မစ်ရှဲလ်ယိုး ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ

( 11 )Burma Opens the Door—But Only So Far

( 10 )လူကုန်ကူးမှုကိစ္စ မြန်မာအစိုးရ ဆောင်ရွက်ပုံ မလုံလောက်

( 9 )Skateboard film shot in Burma a hit

( 8 )ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်နေဆဲ

( 7 )In Burma, a woman's inner freedom, unbroken by fear

( 6 )လူကုန်ကူးမှုကိစ္စ မြန်မာအစိုးရ ဆောင်ရွက်ပုံ မလုံလောက်

( 5 )Is racial hatred of Chinese a problem in Burma?

( 4 )အာရပ်ကမ္ဘာနဲ့ မြန်မာ ဒေါ်အောင်ဆန်းစုကြည် နှိုင်းယှဉ်ပြောကြား

( 3 )KIA Doubts Burmese Army Will Attack Through China

( 2 )ဒဏ်ခတ်သင့်တဲ့ မြန်မာလုပ်ငန်းရှင်စာရင်း တိုးသင့်

( 1 )Hollywood Actress Michelle Yeoh Deported from Burma

Tuesday, June 28, 2011

အပစ်ရပ်အဖွဲ့များ လက်နက်အပ်ရန် နောက်ဆုံးအချိန် သတ်မှတ်

ခင်ဦးသာ Tuesday, 28 June 2011

မွန်ပြည်နယ်အတွင်းရှိ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တပ်ဖွဲ့ဝင်များအား ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ လက်နက်များကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ လာရောက်အပ်နှံရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ အမိန့်ဖြင့် ထုတ်ပြန်ကာ မွန်ပြည်နယ်၏ မြို့နယ်များ၌ ယခုလဆန်းပိုင်းမှ စတင်၍ လုပ်ဆောင်နေကြောင်း၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်များ၏ အစိုးရရုံးများ၌ ဇွန်လ ၂၆ ရက်ခန့်မှစ၍ ကြေညာထားကြောင်း မုဒုံ ဒေသခံနှင့် မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့ဝင်ဟောင်းဖြစ်သူ နိုင်မွန်ချမ်းက ပြောသည်။

“ထုတ်ပြန်ချက်မှာတော့ ဘယ်အဖွဲ့ဆိုတာ ရည်ညွှန်းမထားဘူး။ လက်နက်တွေ မအပ်ရင် ဘယ်လို အရေးယူမယ်ဆိုတာလည်း ရေးမထားဘူး” ဟု ၎င်းက ဆိုသည်။

ထိုသို့ လုပ်ဆောင်လာခြင်းသည် တိုင်းရင်းသား ဒေသများ၌ ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် အခြေခံကာ မွန်လက်နက် ကိုင်တပ်ဖွဲ့များက တိုက်ခိုက်လာမည်ကို စိုးရိမ်၍ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း၊ သို့သော် မွန်ပြည်သစ် ပါတီဝင်ဟောင်း များအနေဖြင့် လက်နက်ရှိသော်လည်း ပြန်အပ်လိမ့်မည်ဟု မထင်ကြောင်း အမည်မဖော်လိုသူ မော်လမြိုင်မြို့ခံ မွန်နိုင်ငံရေး သမားတဦးက ဧရာဝတီ ကိုပြောသည်။

“တချို့ကိစ္စတွေက စွပ်စွဲသလိုမျိုးဖြစ်နေတယ်။ လက်နက်ဆောင်ထားရင်လည်း ဘယ်သူက ငါ့မှာလက်နက်ရှိတယ် ပြောမှာလဲ။ စစ်ပွဲတွေ စတိုက်ရင်လည်းပဲ အစိုးရတပ်ကပဲ စတိုက်တာပါ” ဟု ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့ဝင်ဟောင်းတို့သည် မြို့ပေါ်နှင့်ကျေးရွာ တချို့၌ နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မွန်ပြည်နယ်နှင့် ထိစပ်နေသော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသတ၀ိုက်၌ ယခုလအတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းနှင့် ဆက်စပ်၍ အတ္ထရံမြစ်ကြောင်း တလျှောက်ရှိ ကြာအင်းဆိပ်ကြီးမှ မော်လမြိုင်သွားသည့် ရေလမ်းကြောင်းကို KNU ၏ လက်အောက်ခံ တပ်တချို့က ပိတ်ဆို့ထားကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံ ကုန်သည်တဦးက ဆိုသည်။

“တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ်နေတော့ မြစ်ကြောင်းထဲက ရေလမ်းကြောင်းတချို့ ပိတ်ထားတာ ရက် ၂၀ ကျော်ပြီ။ ရေလမ်းက လုံးဝ သွားလို့မရ ဖြစ်နေတယ်” ဟု သူက ပြောသည်။

ကြာအင်းဆိပ်ကြီး ဒေသတ၀ိုက်တွင် ကရင်အမျိုးသားအစည်းရုံး (KNU) လက်အောက်ခံ တပ်မဟာ ၆ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

KNU အတွင်းရေးမှူး ၁ ဗိုလ်မှူး ဖဒိုစောလှငွေကမူ သံလွင်မြစ်ကြောင်းတလျှောက် ရေလမ်းကြောင်းအား KNU က ပိတ်ဆို့ထားခြင်းသည် မဟုတ်မှန်ဟု ပြောသည်။

“KNU ဌာနချုပ်နဲ့ဘာမှ မပတ်သက်ပါဘူး။ တကယ်ပိတ်ထားတယ် ဆိုရင်လည်း အဲဒီဒေသမှာ အခြေပြုထားတဲ့ တပ်တချို့က စစ်ရေးအရ ခဏ ပိတ်ထားတာလို့ပဲ ထင်တယ်” ဟု ၎င်းက ဆိုသည်။

ဘားအံ၊ ကော့ကရိတ်၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီး ဒေသများ၌ KNU အနေဖြင့် လှုပ်ရှားမှု မရှိဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသ၌ မကြာသေးခင်က တိုက်ပွဲတချို့ဖြစ်ပြီး နောက်ပိုင်း အစိုးရ၏ တပ်မ ၂၂ လက်အောက်ခံ ဗျူဟာတခုသည် ၎င်းဒေသအတွင်း စစ်ရေးအရ ၀င်ရောက်လှုပ်ရှားနေကြောင်း သိရသည်။