Wednesday, December 31, 2014

အမေရိကန် ရက်ပ်အဆိုတော်နှင့် R&B အဆိုတော် မြန်မာနိုင်ငံ အလည်အပတ်ရောက်ရှိ

DVB

ဂရမ်မီဆုရှင်တွေ ဖြစ်ကြတဲ့ အမေရိကန် ရက်ပ်အဆိုတော် ဂျေဇီ (Jay Z) နဲ့ R&B အဆိုတော် ဘီယွန်ဆေး(Beyonce)တို့ဟာ သူတို့ရဲ့ ၂ နှစ်အရွယ် သမီး ဘလူး အိုင်ဗီ (Blue Ivy)နဲ့အတူ မြန်မာနိုင်ငံကို ဒီဇင်ဘာ ၂၉ ရက်နေ့က အလည်အပတ် ရောက်လာခဲ့ပါတယ်။

ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ထိုင်းနိုင်ငံ ဖူးခက်ကနေတဆင့် ရန်ကုန်လေဆိပ်မှာ လေကြောင်း ဖြတ်သန်းခွင့် ရယူကာ ခရီးတထောက် နားခဲ့ပြီး ရှေးဟောင်းမြို့တော် ပုဂံကို နေ့ချင်းပြန် အလည်အပတ် ခရီးစဉ်ရောက်ရှိခဲ့ကြတာပါ။ သူတို့တွေဟာ ပုဂံမြို့မှာ ဓမ္မရံကြီး၊ အာနန္ဒာဘုရားတွေကို စက်ဘီးတွေနဲ့ သွားရောက်ခဲ့ကြတယ်လို့ မျက်မြင်တချို့က ဆိုပါတယ်။

သူတို့မိသားစုဟာ ခရစ်စမတ်နေ့ မတိုင်ခင်ကတည်းက ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို အားလပ်ရက် အပန်းဖြေခရီး ရောက်ရှိနေတာဖြစ်ပြီး အာရှဘက်မှာ ဇန်န၀ါရီ ၄ ရက်လောက်အထိ ရှိနေနိုင်မယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြ ထားပါတယ်။

၉၀ခုနှစ် အစောပိုင်းကတည်းကနေ Rap HipHop တေးစီးရီးတွေကို ကိုယ်တိုင်ဖြန့်ချီခဲ့သလို ထုတ်ဝေသူအဖြစ် ဖန်တီးခဲ့တဲ့ အသက် ၄၅နှစ် ရှိနေပြီဖြစ်တဲ့ ဂျေဇီဟာ သူရဲ့ဂီတသက်တမ်းတလျှောက်မှာ ဂရမ်မီတေးဂီတဆုပေါင်း ၁၉ ဆုကို ဆွတ်ခူးထားပါတယ်။ RnB အမျိုးသမီးအဆိုတော်အဖွဲ့ Destiny’s Childနဲ့ ပွဲဦးထွက်အောင်မြင်ခဲ့တဲ့ အသက် ၃၃နှစ်အရွယ် တေးသံရှင်၊ သရုပ်ဆောင် ဘီယွန်ဆေးကတော့ တကိုယ်တော် တေးစီးရီး ၅ခုထွက်ရှိခဲ့ပြီး ဂရမ်မီဆုပေါင်း ၁၇ဆု ပိုင်ဆိုင်ထားပါတယ်။ ဂျေဇီနဲ့ ဘီယွန်ဆေးတို့ဟာ ၂၀၀၈ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂နှစ်အရွယ် သမီးလေး ဘလူးအိုင်ဗီ ကာတာ တယောက်ရှိပါတယ်။

အစိုးရသစ်လက်ထက်မှာ ကျောင်းဆရာ ရပိုင်ခွင့်တွေ ပြောင်းလဲမှုမရှိသေး

DVB

ကလေးငယ် နှစ်နှစ်သားအထိ တစ်လကျပ် ၁၀,၀၀၀ အသက် ၁၀၀ ကျော်များကို လစဉ်ကျပ် ၇၅,၀၀၀ အစိုးရ ထောက်ပံ့မည့် အစီအစဉ် စတင်တော့မည်

ဝင်းကိုကိုလတ်

အမျိုးသမီးများ ကိုယ်ဝန်ဆောင် ချိန်မှရက်ပေါင်း ၁,၀၀၀ (သန္ဓေတည်ချိန်မှ ကလေးအသက် နှစ်နှစ်အထိ) တစ်လလျှင် ကျပ် ၁၀,၀၀၀နှင့် အသက် ၁၀၀ ကျော် ဘိုးဘွားများကို လစဉ်ကျပ် ၇၅,၀၀၀ (ခန့်မှန်း) ထောက်ပံ့မည့် အစီအစဉ်တစ်ရပ်ကို စတင်တော့မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချ ထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်က “မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံ ချက်ကို လေ့လာ ကြည့်ရင် အခြေခံအားဖြင့် တစ်ဦးချင်းစီနှင့် အိမ်ထောင်စုများ၏ဆင်းရဲနွမ်း ပါးမှုလျှော့ချရေး၊ ဘေးအန္တရာယ်ကျရောက်နိုင်မှုများ လျှော့ချရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်ထားတာတွေ့မြင်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ၁၀နှစ်ကြာ အကောင်အထည်ဖော်မည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာ စီမံချက် မိတ်ဆက်ခြင်း အခမ်းအနားကို နေပြည်တော် ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့ရာ၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဝန်ကြီးဌာနက အကောင် အထည်ဖော်မည့် ယင်းစီမံချက်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးများ ကို ထောက်ပံ့ ငွေပေးအပ်ခြင်း၊ မသန်စွမ်းသူများကို ထောက်ပံ့ငွေပေးအပ်ခြင်း၊ အသက် ၃ နှစ်မှ ၁၅ နှစ်အထိ ကလေးသူငယ်များ ကို ထောက်ပံ့ငွေပေးအပ်ခြင်း၊ သက်ကြီးရွယ်အိုများ အတွက် လူမှုရေးပင်စင်ပေးအပ်ခြင်း၊ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း၊ အများပြည်သူအလုပ်အကိုင် ရရှိရေးနှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ သင်တန်းများပေးခြင်း၊ သက်ကြီးသူချင်း ကူညီစောင့်ရှောက် ရေးအဖွဲ့များကို ထောက်ပံ့ကူညီခြင်းနှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဝန်ဆောင်မှု ပေးခြင်းတို့ ဖြစ်သည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေး က “စီမံချက်က၂၀၁၅ခုနှစ်၊ ဧပြီ ၁ ရက်စမယ်။ ပထမနှစ်အနေနဲ့ ကိုယ်ဝန် ဆောင်မိခင်တွေကို တစ်လ၁၀,၀၀၀နဲ့ ရက်ပေါင်း ၁,၀၀၀အထိ ထောက်ပံ့ မယ်။ အသက် ၁၀၀ ကျော်ဘိုးဘွားတွေ ကို ခန့်မှန်းပေါ့။ တစ်လကို ၇၅,၀၀၀ ကျပ်ထောက်ပံ့ ပါမယ်”ဟု ပြောသည်။

၎င်းက “အသက် ၉၀ ကျော်ဆိုရင် တစ်လ ကျပ် ၂၅,၀၀၀ ထောက်ပံ့ပေးပါမယ်” ဟု ဖြည့်စွက်ပြောသည်။ ၎င်းင်းက အမျိုးသမီးများအား ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးနှစ်နှစ်အ ရွယ်အထိ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပါက ကျန်းမာပြီး ဉာဏ်ရည် ကောင်းမွန်သည့် ကလေးများ မွေးဖွားသည့်အတွက် တိုင်း ပြည်ဂျီဒီပီတိုးတက်ရေးကိုပါ အထောက်အကူပြုသည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ စာရင်းများအရ မြန်မာနိုင်ငံတွင် အသက် ၁၀၀ ကျော် အဘိုး ၁၆၉ ဦးနှင့် အဘွား ၄၀၀ ဦး စုစုပေါင်း ၅၆၉ ဦးရှိသည်ဟု အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

သို့သော် ၎င်းက ပြည်ထောင်စုအစိုးရ ဘတ်ဂျက်မည်မျှ ချပေးမည်ကိုမူ မသိရသေးဟု ဆိုသည်။

အဆိုပါစီမံချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အပါအ၀င် မိတ်ဖက်အဖွဲ့အစည်းများက၂၀၁၃မှ စတင် ရေးဆွဲခဲ့ပြီး ယနေ့တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

လက်ပံတောင်း လူသေဆုံးမှု ဖော်ထုတ်အရေးယူရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အေးနိုင်

လက်ပံတောင်းတောင်အဓိကရုဏ်းအတွင်း တောင်သူဒေါ်ခင်ဝင်းသေဆုံးခဲ့ရမှုကို အာဏာပိုင်တွေအနေနဲ့ ပြတ်ပြတ်သားကိုင်တွယ်အရေးယူရမှာဖြစ်သလို တဖက်ကလည်း ပြေလည်ရေးကို ဦးတည်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ပံတောင်းဒေသမှာ လုံခြုံရေးတွေနဲ့ ရွာသားတွေအကြား တင်းမာမှုလျော့ကျအောင် ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတဲ့ မေးမြန်းချက်ကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဒေသခံတောင်သူတွေကို ဘယ်လို သတင်းစကားပါးချင်သလဲလို့မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က“ဒါက တဖက်သတ် message (သတင်းစကား) ပေးလို့မရဘူး။ ဒါ နှစ်ဘက်စလုံးနဲ့ဆိုင်တဲ့ကိစ္စ။ ပဋိပက္ခဆိုတာ နှစ်ဘက်နဲ့ဆိုင်တဲ့ကိစ္စပဲ။ တစ်ဖက်ကိုပဲကြည့်ပြီး ဟိုလိုနေ၊ ဒီလိုနေ၊ ဟိုလိုလုပ်၊ ဒီလိုလုပ်ပြောလို့ ဘယ်ဖြစ်မလဲ။ နံပါတ် ၁ ကတော့ ဘယ်လိုမှ လွှဲရှောင်လို့မရတဲ့ကိစ္စကတော့ အမျိုးသမီးတယောက်ဟာ အသက်ဆုံးရှုံးသွားတယ်။ လူတယောက်ရဲ့အသက်ဆိုတာ တန်ဖိုးဖြတ်လို့ရတာ မဟုတ်ဘူး။ အဲတော့ ဒီဟာနဲ့ပတ်သက်လို့ အာဏာပိုင်တွေအနေနဲ့ မှန်မှန်ကန်ကန် ထိထိရောက်ရောက် အရေးယူဖို့ဟာ ဒါ လုပ်ကိုလုပ်ရမယ်။ နိုင်ငံသားများရဲ့ အခွင့်အရေးကို ကာကွယ်သောအားဖြင့်ကို လုပ်ရမယ်။ အသက်ရှင်ခြင်းထက်ပိုပြီးတော့ အရေးကြီးတဲ့အခွင့်အရေး ရှိတော့မလား။ အသက်ရှင်ခြင်းကို ထိခိုက်တဲ့ကိစ္စတွေဆိုလို့ရှိရင် ဒါဟာ ပြတ်ပြတ်သားသား ကိုင်တွယ်ရမယ်။ ဒါပေမယ့် တဖက်ကလည်း ပြေလည်ရေးကို ဦးတည်ရမယ်။ နောက်ဆုံးကျတော့ နှစ်ဘက်စလုံးဟာ ပြေလည်ရေးကို ဦးတည်ရမယ်ပေါ့။ ဒီဆန္ဒပြတာပဲဖြစ်ဖြစ်၊ တောင်းဆိုတာပဲဖြစ်ဖြစ် တကယ်ကျတော့ အခြေအနေတွေပိုပြီးတော့ ကောင်းလာအောင်လို့ ပြေလည်လာအောင်လို့၊ တည်ငြိမ်လာအောင်လို့ ဒါကိုပဲ ဦးတည်ရမယ်။ အာဏာပိုင်တွေဘက်ကတော့ မှန်မှန်ကန်ကန် တရားမျှမျှတတနဲ့ ခံခဲ့ရတဲ့သူတွေ ကျေနပ်အောင်လို့ လုပ်ကိုလုပ်ပေးရမယ်။ ဒါဟာ တရားဥပဒေစိုးမိုးရေးသဘောတရားအရကို လုပ်ပေးရမယ်။ ပြည်သူတွေအနေနဲ့လည်း ဒါ ငါတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအချင်းချင်းပဲ၊ ငါတို့ ဒီနိုင်ငံထဲမှာ တည်ငြိမ်မှုအတွက် အားလုံးကနေပြီးတော့ လုပ်ရမယ်ဆိုတဲ့ အမြင်လည်း ရှိဖို့လိုပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံကြတဲ့ မည်သည့်နိုင်ငံခြားကုမ္ပဏီမဆို မိမိကုမ္ပဏီအကျိုးကိုကြည့်သလို မြန်မာနိုင်ငံအကျိုးကိုလည်း ကြည့်ပြီး ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

သူက “အပြင်ကနေလာပြီးရင်းနှီးတဲ့ ကုမ္ပဏီတွေက မိမိတို့အကျိုးကိုကြည့်ပြီး လာပြီးရင်းနှီးတယ်ဆိုတာ သဘာဝကျပါတယ်။ စီးပွားရေးဆိုတာ ဒီလိုပါပဲ။ ဒါပေမယ့် လာပြီးရင်းနှီးတဲ့နိုင်ငံရဲ့ အကျိုးကိုလည်း ကြည့်ရမယ်။ အများအကျိုး၊ ကိုယ့်အကျိုး အကျိုးနှစ်သွယ်ကြည့်ရမယ်။ တဖက်သတ်ကြီးပဲ ကြည့်လို့မရဘူး ဒါကြောင့်မို့လို့ နိုင်ငံခြားကုမ္ပဏီတွေကလာပြီး ရင်းနှီးမြှုပ်နှံတဲ့အခါကျလို့ရှိရင် ဒီနိုင်ငံရဲ့ အစိုးရကလည်း ကိုယ့်ရဲ့နိုင်ငံ။ ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသားတွေကို စောင့်ရှောက်နိုင်ဖို့ ဥပဒေအရ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရမယ်။ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေကလည်း ဒီနိုင်ငံက ပြည်သူပြည်သားတွေနဲ့ အဆင်ပြေအောင်လို့၊ နှစ်ဘက်စလုံး အကျိုးရှိအောင်လို့ စဉ်းစားပြီးတော့ လုပ်ရမယ်၊ ကိုယ့်ဖက်ချည်းပဲ ကြည့်လို့မရဘူး။

လက်ရှိကာလ ဆန္ဒပြပွဲတွေဖြစ်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စကို အစိုးရကိုင်တွယ်နေပုံပေါ်အမြင်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ “ အန်တီတို့ အစီရင်ခံစာထဲမှာ ဘယ်လို ဘယ်လို ဘယ်လို ဖြေရှင်းသင့်ပါတယ်ဆိုတာ အသေးစိတ်ကို အကြံပြုထားပါတယ်။ အစီရင်ခံစာကို ဖတ်လိုက်ရင် သိပါတယ်။ ဒါပေမယ့် အစီရင်ခံစာက အကြံပြုချက်တွေအတိုင်း အစီရင်ခံစာပါ အကြံပြုချက်တွေကို ဖော်ထုတ်ရေးကော်မတီကတော့ တိတိကျကျ မလုပ်သွားဘူးဆိုတာကတော့ မြင်ရပါတယ်။” “အစီရင်ခံစာတင်ပြီးတဲ့နေ့မှာပဲ သမ္မတက အဲဒီ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့လိုက်တယ်။ အဲဒီတော့ အဲဒီကော်မတီက ဘယ်လောက်ထိ တိတိကျကျ အကောင်အထည်ဖော်လဲဆိုတာကတော့ ဖတ်ပြီးတော့ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြီးလို့ ရှိလို့ရှိရင် သိပါလိမ့်မယ်။ အန်တီဆိုရင် ဘယ်လိုလုပ်မလဲဆိုတော့ အစီရင်ခံစာအတိုင်းလုပ်မှာပေါ့။ အန်တီတို့တင်တဲ့ အစီရင်ခံစာပဲ” လို့ ပြောပါတယ်။

ကြေးနီစီမံကိန်း အဆင်ပြေအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့မေးခွန်းကိုတော့ သူက “ကျမတို့ကနေပြီးတော့ ဒီကိတ်စဟာ ကြေးနီစီမံကိန်းကိစ္စဟာ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာဟာ အစီရင်ခံစာထဲမှာ ပါပြီးသားပါ။ အစီရင်ခံစာဟာ အားလုံးအတွက် အဆင်ပြေအောင် ဦးတည်ချက်နဲ့ ရေးပြီးတော့ အကြံပြုခဲ့တာဖြစ်ပါတယ်။ အဲဒီအကြံပြုချက်တွေအတိုင်း တိတိကျကျ မှန်မှန်ကန်ကန်လုပ်သွားမယ်ဆိုလို့ရှိရင်တော့ အဆင်ပြေမယ်လို့အန်တီတို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလို တိတိကျကျ မှန်မှန်ကန်ကန် လုပ်သွားတာမရှိလို့ ပြသနာတွေကလည်းဆက်ပြီးတော့ ဖြစ်နေတယ်လို့ ဒီလိုပဲမြင်ပါတယ်။” လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်မ၀င်သဘောထားနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမလဲ။ ကျင်းပမယ်ဆိုတာ တရားဝင်ကြေညာတဲ့အခါကျလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီရွေးကောက်ပွဲမှာ ၀င်ပြီးတော့ ယှဉ်ပြိုင်မှာလား၊ မယှဉ်ပြိုင်မှာလားဆိုတာ တရားဝင်ကြေညာမှာဖြစ်ပါတယ်။ အခုအချိန်က သိပ်စောသေးကြောင်း”ဖြေဆိုခဲ့ပါတယ်။

သူတို့ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာ ၂၀၁၄ သုံးသပ်ချက်

DVB

အကယ်ဒမီနှင့်ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲလုပ်မည်ဟု သိင်္ဂီထွန်း ဆို

သူဇာလင်း

၂၀၁၃ ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲတွင် ဆုမရရှိခြင်းနှင့် ပတ်သက်ပြီး သရုပ်ဆောင် သိင်္ဂီထွန်းက ၎င်း၏ ခံစားချက်အချို့ ကိုဖေ့စ်ဘွတ်ပေါ် ၌ ရေးသား ခဲ့ရာ ဂုဏ်သိက္ခာ ထိခိုက် သည်အထိ ဝေဖန်သူများ ရှိလာခြင်းကြောင့် မီဒီယာ များဖိတ် ကြားကာ ဇန်န၀ါရီလ အတွင်း ရှင်းလင်း ပွဲပြု လုပ် မည်ဟု ၎င်း ကမဇ္ဈိမ ကိုပြောသည်။

“အစ်မ ဖေ့စ်ဘွတ်မှာ ရေးလိုက်တဲ့ စာနဲ့ပတ် သက်ပြီး လူတွေက တစ်မျိုးထင် ကြတယ်။ အစ်မက မရလို့ရေး တင်လိုက် တာပေါ့။ ပြောဆိုနေ ကြတာတွေ နဲ့ပတ် သက်ပြီး စာနယ်ဇင်းတွေကို အကယ်ဒမီနဲ့ ပတ်သက်လို့ အတိအ လင်းထောက်ပြဖော် ထုတ်သွားမှာပါ” ဟု သိင်္ဂီထွန်း ကပြောသည်။

“စုန်းပြူး”ဇာတ်ကားရိုက်ကူးရန် ဒါရိုက်တာ ၀င်းထွန်းထွန်းနှင့် အောင်သီရိ ထုတ်လုပ်ရေးတို့ လာရောက် ငှား ရမ်းစဉ်တွင် ဇာတ်ပို့ သရုပ်ဆောင်ဖြစ် သိင်္ဂီထွန်း တစ်ဦးတည်းသာ ငှားရမ်းမှုစာချုပ်၌ လက်မှတ် ရေးထိုးခဲ့ သည်ဟု ၎င်းကပြောသည်။

“လာငှားတုန်းက ဒီဇာတ်ကားထဲမှာ ဇာတ်ပို့ သရုပ်ဆောင်က အစ်မတစ်ယောက်တည်း။ လုပ်ကွက်လည်း ရှိပြီး ဒီကားမှာ အကယ်ဒမီလည်း ရနိုင်တယ်လို့ သူတို့ တွေက ပြောကြတယ်။ ဒီကားမှာ ပါဝင်တဲ့ သရုပ် ဆောင်တွေက အဓိက ဇာတ်ဆောင် တွေပါ။ ခိုင်သင်းကြည် ကလည်း အဓိက သရုပ်ဆောင် အဖြစ် ပါဝင်ရိုက် ကူးခဲ့တာပါ။

သူတို့တွေ ဇာတ်ပို့ဆုပေး လိုက်ပေမယ့် အမှန်တော့ ဇာတ်ဆောင် ဆုပေးရမှာ။ ဒါကြောင့် လုပ်ကြံမှုတွေ ရှိနေတယ်လို့ ပြောချင်တာ။“ဒီကားကို ရိုက်တော့ဇာတ် ပို့နေရာမှာ အစ်မ တစ်ယောက် တည်း လက်မှတ်ထိုးပြီး ကျန်တဲ့သူတွေကဇာတ် ဆောင်အနေနဲ့ လက်မှတ် ထိုးထား တာပါပဲ။

အခုလိုပြောတာ အစ်မ မရလို့ ပြောတာ မဟုတ်ပါဘူး။ ပညာ ရှင်အနေနဲ့ ကြည့်ရင်တော့ “ကြယ်စင်မော်ကွန်း” ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ပန်းဖြူ ရသင့် ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၃ ခုနှစ် အကယ်ဒမီ ဆုစာရင်းသည် ကြိုတင် ထွက်ရှိ ခဲ့သည်ဟု ၎င်းကပြောခဲ့ပြီး ၎င်းနာမည်ကြီးစေရန် လှည့်ကွက် များဖြင့် အကယ်ဒမီ ရရှိမည့် သတင်း ထွက်ပေါ် လာခဲ့ သည်ဟု ဆိုသည်။

“တချို့ကျတော့ တကယ်အမှန်ပေးလိုက်ပေ မယ့်လည်း လုပ်ကြံ မှုတချို့ ပါနေတယ်။ ကိုယ်ဘယ်လို ကြိုးစား ထားတယ် ဆိုတာ ကိုယ်သိတယ်။ နာမည်ကိုဇာတ် ကားရုံ တင်တော့ သာမန်သူတွေ နဲ့အတူ သေးသေးလေး ရေးထားတာ။ သိက္ခာ အရမ်းကျတယ်” ဟု သိင်္ဂီထွန်းက ပြောသည်။

“အကယ်ဒမီ နတ်ကြီးတယ်လို့ ကျွန်မ ၀န်ခံပါပြီ။ ကျွန်မ စစ်မှန်တဲ့ အကယ်ဒမီများ ဒီနှစ်ဖြစ်လာ မလားလို့ ထင်မိ ပါတယ်။ ရိုးဖြောင့်စွာ ကြိုးစား၍ ပီပြင်တတ် ကျွမ်းသော ပညာရှင်ကိုမပေးဘဲ လူပုဂ်္ဂိုလ်အရ ခင်မင်ရာ ခင်မင်ကြောင်းနှင့် နတ်တင်မှ ရမည်ဆိုသည့်အကြောင်း၊ နတ်ကြီးတဲ့အကြောင်း သိပါပြီ။

ဇာတ်ကား မကြည့်ဘဲ အဖွဲ့အစည်းက ကြိုတင်ပေး ထားခြင်း ဖြစ်ပါကြောင်း မရိုးသားတဲ့ အကယ်ဒမီ၊ ပတ် သက်ရာ ပတ်သက်ကြောင်းဖြစ်ပြီး လူတစ်စုကောင်း စားနေရာရဖို့ ဖွဲ့စည်းပြီး အနုပညာ အဖွဲ့အစည်း အမည်သုံး စပွန်ဆာတွေ အမြောက်အမြားယူပြီး လုယက် စားသောက်နေကြသော ရုပ်ရှင် အစည်း အရုံးအား ရှုတ်ချပါသည်။

“စစ်မှန်သော အကယ်ဒမီ ကိုသာ မျှော်လင့်ပြီး နိုင်ငံတော်မှ ချီးမြှင့်သော ဆုသည်မှ တော်ကာ ကျပါဦးမည်။ ဘယ်လို လုပ်ကြံထား တာသိချင်ရင် ကျွန်မ ထုတ်ဖော်ပြပါမည်။ ကျွန်မကို အုပ်စုဖွဲ့ပြီး ဇာတ်ကားမရိုက် ရ အောင် လုပ်ကြမှာပါ။ ဒါကို ဂရုမစိုက်ပါ။ ပရိသတ်သိခဲ့၊ အားပေးခဲ့တာကို ကျေနပ်ပါတယ်”ဟု ၎င်း၏ ဖေ့စ် ဘွတ် စာမျက်နှာတွင် ဒီဇင်ဘာ ၂၇ရက်က တင်ခဲ့ပြီး ၂၈ ရက်တွင် ရေးသားထားသည်များကို ဖျက်ခဲ့သည်။

၂၀၁၅ အတွက်၊ စည်ပင်ရွေးကောက်ပွဲနဲ့ ပြည်သူ့အားကို၊ စမ်းလိုက်လေသလား

Mizzima

နှစ်ပေါင်း ၆၀ ကျော်မှ ပထမဆုံး အကြိမ်အဖြစ် ဒီဇင်ဘာ ၂၇ ရက်ကပြန်လည်ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ကိုယ်စားလှယ်များ စာရင်းကို ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၂၉၃ ဦးက ဗဟိုကော်မတီဝင် လေးနေရာ၊ ခရိုင်ကော်မတီဝင် ၁၂ နေရာ၊ မြို့နယ်ကော်မတီ ဝင် ၉၉ နေရာ၊ စုစုပေါင်း ၁၁၅ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

ပွင့်လင်းမြင်သာသော ပြုပြင်ပြောင်းလဲ ရေးတစ်ရပ်ဟုဆိုကာ ကျင်းပလိုက်သည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲပြီးဆုံးသွားသော်လည်း ဝေဖန်မှုများစွာ ရှိခဲ့ပါသည်။ ရွေး ကောက်ပွဲသတင်းထုတ်ပြန်မှု အားနည်းခြင်း၊ မဲစာရင်းတွင် မပါဝင်သဖြင့် မဲပေးခွင့် မရရှိကြခြင်း၊ မဲပေးရ မည့်ပုံစံ ရှုပ်ထွေးခြင်းတို့ကို ရန်ကုန်နေပြည်သူများက ဝေဖန်ခဲ့ကြပြီး ကိုယ်စားလှယ်လောင်း အချို့ကမူ ရွေးကောက်ပွဲ နည်းဥပဒေ သတ်မှတ်ချက် များ၊ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ တရားမျှတမှုမရှိခြင်း၊ အုပ်ချုပ်ရေးပုဂ္ဂိုလ်များ၏ ဘက်လိုက်မှုများကို ဝေဖန်ခဲ့ကြသည်။ နိုင်ငံရေးပါတီများနှင့် လေ့လာစောင့်ကြည့်သူ အချို့ကမူ စည်ပင်ရွေးကောက်ပွဲ အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများသည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် ကြိုတင်သတိထားရမည့် အချက်များဖြစ်သည်ဟု သုံးသပ်ကြသည်။

၂၀၁၅ ရွေးကောက်ပွဲမှာရော ဒီလိုဖြစ်လာမလားရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲသည် ကျယ်ပြန့်မှု အတိုင်းအတာမတူညီပေ။ သို့သော် မဲပေးရွေးကောက်သည့်စနစ်နှင့် အကျွမ်းတ၀င်ရှိသည့် ရန်ကုန်မြို့နေလူထုက ယခုရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့နည်းခဲ့ခြင်း သည် အထင်အရှား ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူ သင်းက “စည်ပင်သာယာရွေးကောက်ပွဲက လူထု စိတ်ဝင်စားမှု နည်းခဲ့တယ်။ လူထုကို အသိပေးမှုနည်းတဲ့အတွက် ဖြစ်တယ်။ ရွေးကောက်ပွဲအတွက် အဓိကတာဝန်ရှိတဲ့ စည်ပင်က လူထုဆီကိုအသိ ပညာပေး တာ နည်းတာပေါ့နော်။ ဒါပေမဲ့ ၂၀၁၅ မှာတော့ ဒီလိုသိပ်မဖြစ်နိုင်ဘူး၊ ပုံစံချင်းမတူဘူးလေ။ ဘာလို့လဲဆို ရင်ပါတီတွေကလည်း အပြိုင်အဆိုင် စည်းရုံးရေးတွေဆင်းကြမှာ”ဟု သူ့အမြင်ကို ပြောသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်မှ ဗဟို ကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးဝင်းချိုက “ဒီရွေး ကောက်ပွဲက ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲအတွက် အကြိုသွေးပူအောင် လုပ်တာလို့ မြင်ပါတယ်။ တာဝန် ရှိသူတွေဘက်က အားနည်းချက် တွေကို သိပြီး ပြင်မယ်ဆိုရင်တော့ ကောင်းပါတယ်။စည်ပင်ရွေးကောက် ပွဲမှာ အစကတည်းက အနိုင်မရနိုင်အောင် ဥပဒေတွေနဲ့ ပိတ်ဆို့ထားတာဖြစ်ပါတယ်။ အားနည်းချက်တွေ ရှိတယ်ဆိုတာကို သိရက်နဲ့ ကော်မရှင်ကရော တိုင်းဒေသကြီးလွှတ် တော်ကရော အစိုးရကရော မသိချင်ယောင်ဆောင်နေတာကတော့ စိတ်ပျက်ဖို့ကောင်းပါတယ်” ဟု သုံးသပ်သည်။

ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (အင်န်ဒီဒီ) ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကမူ “စောင့်ကြည့်ခဲ့တဲ့ ကိုယ် စားလှယ်လောင်းတွေရဲ့ မှတ်တမ်းတင်မှုတွေအရ မဲထည့်ရမယ့်ရက်မှာ မဲဆွယ်မှုတွေမလုပ်ရတော့ဘူး ဆိုပေမယ့် အဲဒီနေ့မှာ ဗီနိုင်းကပ်တာတွေ၊ အသံချဲ့စက် ဖွင့်တာတွေ ပြီးတော့ ဘယ်သူကိုဖြင့် မဲပေးပါလို့ ပြောတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီလိုဆိုရင်တော့ ဒီရွေးကောက်ပွဲက တရားမျှတမှုမရှိပါဘူးလို့ပဲ ပြောရမယ်” ဟု သုံးသပ်ထားသည်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လိုပုံစံနဲ့ မဲပေးနိုင်သူစာရင်း ကောက်မှာလဲစည်ပင်ရွေးကောက်ပွဲ ဥပဒေအရ လူတိုင်းမဲထည့်ခွင့်မရှိဘဲ တစ်အိမ်ထောင်လျှင် အသက် ၁၈ နှစ်ပြည့်ပြီးသူ တစ်ယောက်သာ မဲပေးခွင့်ရှိခဲ့ သည်။ ရွေးကောက်ပွဲရက် မတိုင်မီ တစ်လအလိုခန့်ကပင် မဲစာရင်းကို ကြိုတင်ပြုစုခဲ့သည်ဆိုသော်လည်း အများ ပြည်သူသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာရန် အားနည်းခဲ့သည်။

မဲစာရင်းတွင် နာမည်နှစ်ခါထပ်နေခြင်း၊ သေဆုံးသူ၊ နိုင်ငံခြားသို့ ခရီးထွက်နေသူများကို ထည့်သွင်းခြင်းများ ရှိခဲ့ပြီး မဲစာရင်းကို အချိန်မီထုတ်ပြန်မှုမရှိသောကြောင့် မဲဆွယ်စည်းရုံးရာတွင် အခက်အခဲများစွာရှိခဲ့ ကြောင်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြ သည့် ကိုယ်စားလှယ်များက ဝေဖန်သည်။ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများတွင်လည်း အလားတူ ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသော်လည်း တာ ၀န်ရှိသူများက ယခုစည်ပင်ရွေးကောက် ပွဲကျင်းပချိန်အထိ ပြင်ဆင်မှုမပြုလုပ်ခဲ့ပေ။

မဲစာရင်းနှင့်ပတ်သက်၍ အမျိုးသားဒီမို ကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “မဲစာရင်းတွေက ကျေနပ်လောက်တဲ့ အနေအထား မရှိဘူး။ ကွယ်လွန်တဲ့ သူတွေပါလာတယ်။ မဲစာရင်းတွေ ထပ်နေတယ်။ ဒါတွေပြန်ကြားရတယ်။ လူထုစိတ်ဝင်စားမှု အားနည်းတယ်။ လူထုကြားကို စိတ်ဝင်စား အောင်မလုပ်ဘူး။ လူစိတ်မဝင်စားတော့ လုပ်ချင်ရာလုပ်လို့ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ ၂၀၁၅ မှာတော့ ပါတီ ၆၀ ကျော်က မဲဆွယ်စည်းရုံးမှာ ဖြစ်တဲ့အတွက် လူထုဆီ သတင်းစီးဆင်းမှု ပိုမြန်မယ်။ လူထု စိတ်ဝင်စားမှုလည်း ပိုများမှာပါ” ဟု သုံးသပ်သည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူ သင်းကမူ “၂၀၁၅ မှာ ပါတီတွေအနေနဲ့ သတိထားရမှာက မဲစာရင်း တွေပြုစုတဲ့နေရာမှာပါ လွဲချော်မှုတွေ၊ မပြည့်စုံမှုတွေ ရှိနိုင်တယ်။ အခုမဲပေးမယ့်သူတွေက မဲရုံရောက်မှ ကိုယ့်နာမည် မပါတာကို သိရတယ်။ ၂၀၁၅ မှာတော့ ပါတီတွေအနေနဲ့ ဒါကို အရေးတကြီး သတိထားသင့် တဲ့အချက်တစ်ခု ဖြစ်တယ်” ဟု သုံးသပ်သည်။

မဲစာရင်းကောက်ယူမှု၊ ပြည်သူကို အသိပေးမှုအားနည်းချက်များကြောင့် ၀င်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းများသည် ပင်ပန်းခြင်း သာ အဖတ်တင်ခဲ့ကြောင်း စည်ပင်ရွေးကောက်ပွဲသို့ဝင်ရောက် ယှဉ် ပြိုင်ခဲ့သည့် အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် က ပြောသည်။

“၂၀၁၀ တုန်းကလည်း မဲပေးလို့မရတဲ့ ကိစ္စနဲ့ပဲ ပြည်သူတွေ ဒုက္ခရောက်ခဲ့ရတယ်။ အဲဒီတုန်းကတော့ ကြိုတင်မဲပြဿနာတွေ ရှိခဲ့တယ်။ ၂၀၁၄ ကျတော့ မဲစာရင်းကို ကြိုတင်မကြေညာတဲ့ ပြဿနာပါ။ ကြိုတင် မကြေညာ ထားတော့လူတွေက မသိ၊ မသိတော့ စိတ်မဝင်စားဘူး” ဟု ၎င်းက ဆိုသည်။

စည်ပင်ရွေးကောက်ပွဲ (သို့မဟုတ်) ၂၀၁၅ အကြို ခြေစမ်းပွဲစည်ပင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု စည်ပင် ဥပဒေတွင် ပြဋ္ဌာန်းခဲ့သည်။ မြို့တော်ဝန် ဦးလှမြင့်ကိုယ်တိုင် က မြို့တော်အကျိုးဆောင်ရွက်ရမည်ဖြစ်သောကြောင့် ပါတီနိုင်ငံရေး ကင်းရှင်းစေလိုသည်ဟု မီဒီယာများ ကို ရှင်းလင်းခဲ့သည်။ သို့သော် လက်တွေ့တွင် စည်ပင်ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ အချို့မှာ ပါတီများမှ ရှောင်တခင် နုတ်ထွက်ကာ ဝင်ရောက်ယှဉ် ပြိုင်ကြသည်ကို လေ့လာတွေ့ရှိရသည်။

မင်္ဂလာဒုံမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးအောင်ကျော်ဦးက မင်္ဂလာဒုံမြို့နယ်တွင် ပြုလုပ်ခဲ့သော စည်ပင်ရွေးကောက်ပွဲ သည် ပြည်ခိုင်ဖြိုးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့၏ အားပြိုင်မှုသာဖြစ်သည်ဟု ၀န်ခံထားသည်။

“ဒီပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အလုပ်အမှုဆောင်အဖြစ်ကရော၊ ပါတီဝင် အဖြစ်ကရော နုတ်ထွက်ခဲ့ တာဖြစ်ပါတယ်။ မင်္ဂလာဒုံမှာ ဆိုရင် NLD နဲ့ ကြံ့ခိုင်ရေး ပြိုင်တဲ့ပွဲလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာဒုံက မြို့နယ်အဆင့်ဝင်ပြိုင်တဲ့သူ သုံးဦးစလုံးဟာ ကြံ့ခိုင်ရေး ရပ်ကျေး ဥက္ကဋ္ဌလုပ်ဖူးတဲ့သူတွေ ပါ”ဟု ဦးအောင်ကျော်ဦးက ဆိုသည်။

စည်ပင်ရွေးကောက်ပွဲသည် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲအတွက် အစိုးရက ဒီမိုကရေစီအရေးလှုပ်ရှားသူများကို အားစမ်းလိုက်ခြင်း သာ ဖြစ်နိုင်ပါသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “၂၀၁၀ မှာ လုပ်တဲ့ပုံစံ နဲ့ ၂၀၁၄ မှာ လုပ်တဲ့ပုံစံ မတူဘူးပေါ့ဗျာ။ တူတာကတော့ ကျွန်တော်တို့ ခံလိုက်ရတာပါပဲ။ ၂၀၁၅ မှာတော့ ဘယ်လိုပုံစံနဲ့ခံလိုက် ရမယ်ဆိုတာတော့ ကြိုမသိနိုင်ဘူးပေါ့ဗျာ။ အစိုးရဘက်ကမဟုတ်တဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ နစ်နာနေဦးမှာပဲ။ ၂၀၁၅ မှာတော့ ဘယ်လိုခံရဦးမလဲဆိုတာ အတွက် ကြိုတင်ပြင်ဆင်ထားပါတယ်။ အခု ၀င်ပြီးယှဉ်ပြိုင်လိုက်တော့ ဘယ်လို လုပ်တတ်တယ်ဆိုတာ အကုန်သိသွားတယ်ဆိုတာ ကျွန်တော့် အတွက် အမြတ်ပါပဲ” ဟု ဆိုထားသည်။

မြန်မာ့ရိုးရာလက်ဝှေ့သမား အမေရိကန်ပြိုင်ဘက်ကို တတိယအချီမှာ အလဲထိုး

DVB

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း နောက်နှစ်ရက်အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

ဇာဏီထွဏ်း

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက်နှစ်ရက် အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် သီရိလင်္ကာနိုင်ငံအနီးတွင် ဖြစ်ပေါ်လျက်ရှိရာ မုန်တိုင်းငယ်အဆင့် ရောက်ရှိပါက သီရိလင်္ကာနိုင်ငံ သို့မဟုတ် အိန္ဒိယအရှေ့ဘက် ကမ်းရိုးတမ်းဘက်သို့ ဝင်ရောက်နိုင်ပြီး အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းရိုးတမ်းဘက်သို့ မုန်တိုင်းငယ် ဝင်ရောက်ပါက ယင်းမုန်တိုင်းမှ ပြတ်ထွက်လာသော တိမ်များကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးအနည်းငယ် ရရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

“အခုတော့ ဘယ်လမ်းကြောင်းက ဝင်မလဲ စောင့်ကြည့်တုန်းပဲ၊ သီရိလင်္ကာဘက်ကို ဝင်ရင်တော့ ပြီးသွားပေမယ့် အိန္ဒိယအရှေ့ဘက် ကမ်းရိုးတမ်းဘက်ကို လာရင်တော့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အခါလွန်မိုးထပ်ရနိုင်တယ်။ အခုလည်း လေဖိအားနည်းရပ်ဝန်းရဲ့ တိမ်တွေကြောင့် ဒီရက်ကစပြီး နောက်သုံးရက်လောက် အအေးပေါ့မယ်”ဟု ဦးကျော်မိုးဦးက ပြောသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းဖြစ်ရန် အလားလာ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင် နှုန်းအထိ ရှိနေပြီး ဇန်န၀ါရီ ၁ ရက်တွင် အားအကောင်းဆုံးဖြစ်လာပြီး အိန္ဒိယ-ဘင်္ဂလားဒေရှ့်နယ်စပ် ကို ဖြတ်ကျော်နိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

ကသာတွင် MPT ကို ဆန္ဒပြရန်စီစဉ်ပြီးနောက် တာဝါတိုင်များတွင် စက်များတပ်ရန် ဆောင်ရွက်

ပိုင်စိုး

ဖုန်းနဲ့ အင်တာနက်လိုင်းတွေ မကောင်းတာကြောင့် အမ်ပီတီကို ဆန္ဒပြဖို့ စီစဉ်နေတဲ့ ကသာမြို့မှာ ဆောက်လုပ်ပြီးတဲ့ ဂျီအက်စ်အမ် တာဝါတိုင်တွေမှာ စက်တွေ တပ်ဆင်ဖို့ မြန်မာ့ ဆက်သွယ်ရေးက ဆောင်ရွက်နေပါတယ်။

“လက်ပံတောင်း ကိစ္စ မှိန်သွားမှာစိုးလို့ ကျနော်တို့ ဆန္ဒပြမှာကို နောက်ရွှေ့ ထားပါတယ်။’’ လို့ ဦးဆောင်စီစဉ်သူ ဟာဂျူလီ ကသာက ပြောပါတယ်။

လက်ရှိမှာ ဂျီအက်စ်အမ်ဖုန်း တာဝါတိုင် ၂ ခုနဲ့ သုံးစွဲနေတာ ဖြစ်ပြီး နောက်ထပ် ၂ ခုအတွက် စက်ပစ္စည်းတွေရောက်နေပြီဖြစ်လို့ လာမယ့် ဖေဖော်ဝါရီ ၁၅ အတွင်း ဖွင့်လှစ်သွားမယ်လို့ ခရိုင်တာဝန်ခံ အင်ဂျင်နီယာက ခရိုင်စီမံခန့်ခွဲမှုကော်မတီကို ပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ပြီးတော့ ကသာမြို့ ရပ်ကွက် ၆ နဲ့ ၉ တွေမှာလည်း ဂျီအက်စ်အမ် ရေဒီယို ဘီတီအက်စ် စခန်းတွေ ထပ်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဂျီအက်စ်အမ်ဖုန်းတွေကို အင်တာနက်ပိုကောင်းအောင် 3G စနစ်ကိုလည်း မတ်လ ၃၁ ရက်အတွင်း ရအောင်ဆောင်ရွက်မယ်လို့လည်း အဲဒီစာမှာ ဖော်ပြထားပါတယ်။

ကသာမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ မကောင်းတဲ့အတွက် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက မြန်မာ့ဆက်သွယ်ရေးကို ဆန္ဒပြမယ်လို့ စီစဉ်ခဲ့ဖူးပြီး အဲဒီနောက်ပိုင်း ဖုန်းလိုင်း နည်းနည်း ပိုကောင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံတောင်းအရေးအတွက် ပြည်မြို့မှာ ဆုတောင်းပွဲ ပြုလုပ်

DVB

ဒေါ်အောင်ဆန်းစုကြည်၏ "ဒီစကား ၁၀၀" ထွက်ပြီ

Mizzima

ဒီလှိုင်းစာစောင်တွင် ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ် ရေးသားခဲ့သည့် "ဒီစကား" များကို စုစည်းကာ "ဒီစကား - ၁၀၀" ကို ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ထွက်ရှိလာပြီ ဖြစ်သည်။

ယင်းစာအုပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အမှာစာ ရေးသားထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး မှတ်တမ်းအကျဉ်း၊ ၎င်းရရှိခဲ့သည့် ဂုဏ်ထူးဘွဲ့ထူးမျးနှင့် ဆုတံဆိပ်များ စာရင်းနှင့် ဓာတ်ပုံများကိုလည်း ထည့်သွင်း ဖော်ပြထားသည်။

"ဒီစကား-၁၀၀" စာအုပ် ထုတ်ဝေခြင်းနှင့် ပတ်သက်၍ ဦးတင်ဦး၏ အမှာစာတွင် "ဒေါ်အောင်ဆန်းစုကြည် အပတ်တကုပ် ရေးသားနေသည့် "ဒီစကား"များသည် နောင်နှစ်ကာလကြာလာသည့်အခါ ဂန္ဓဝင်မြောက် စာပေလက်ရာတစ်ခု ဖြစ်လာနိုင်ရုံသာမက သမိုင်းတန်ဖိုး အလွန်ကြီးမားသည့် စာစုများ ဖြစ်လာလိမ့်မည့်ဟု ဧကန်မုချ ယုံကြည်ပါသည်"ဟု ရေးသားထားသည်။

ယင်းစာအုပ်ကို ရွှေပြည်တန်စာပေမှ ထုတ်ဝေဖြန့်ချိပြီး ဒီလှိုင်းစာစောင်နှင့် ရွှေပြည်တန် စာပေတို့တွင် ရောင်းဈေး ကျပ် ၃၅၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

ပျောက်ဆုံး အဲအေးရှား လေယာဉ်မှ ရုပ်အလောင်း ၄၀ ကျော် ပင်လယ်ပြင်တွင် တွေ့ရှိ

လင်းသန်

ပျောက်ဆုံးနေသော အဲအေးရှား လေကြောင်းလိုင်း (Air Asia QZ 8501 – A 300 / 200) လေယာဉ်ပေါ် ပါသွားသူများထဲမှ ရုပ်အလောင်း ၄၀ ကျော်နှင့် လေယာဉ် အစိတ်အပိုင်းများကို အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း၊ ကာလီမန်တန် အနောက်ဘက် ပင်လယ်ပြင်တွင် တွေ့ရှိရပြီဟု အင်ဒိုနီးရှားရေတပ်က အတည်ပြု ကြေညာကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြသည်။

“ကျနော်တို့ရေတပ် ရေဒီယို အခြေစိုက် စခန်းကို Bung Tomo စစ်သင်္ဘောဆီကို ပင်လယ်ပြင်မှာ ရုပ်အလောင်း ၄၀ ကျော် တွေ့ထားပြီး အရေအတွက် ပိုများလာနေတယ်ဆိုတဲ့ သတင်း လက်ခံရရှိတယ် ” ဟု အင်ဒိုနီးရှား ရေတပ် ပြောခွင့်ရသူ၏ စကားကို ကိုးကားပြီး Jakarta Globe သတင်းတွင် ဖော်ပြထားသည်။

အဲအေးရှားလေယာဉ် ရှာဖွေရေး လုပ်ဆောင်နေသည့် ပင်လယ်ပြင် တနေရာတွင် လေယာဉ်၏ အရေးပေါ် ထွက်ပေါက် တံခါးတချပ်၊ လေယာဉ်တခါး တခုတို့ကို တွေ့ရကြောင်း၊ အသက်ကယ် ၀တ်စုံများ၊ ခရီးဆောင် အိတ်များလည်း တွေ့ရှိရပြီး ပျောက်ဆုံး အဲအေးရှား လေယာဉ်၏ အစိတ်အပိုင်းများ ဖြစ်မည်ဟု ၉၅ ရာခိုင်နှုန်း ယုံကြည်ရကြောင်း အင်ဒိုနီးရှားနိုင်ငံ လေယာဉ်ရှာဖွေရေး အေဂျင်စီ အကြီးအကဲက ပြောဆိုသည်။

ပင်လယ်ကြမ်းပြင်တွင် ပျောက်ဆုံး အဲအေးရှား ဂျက်လေယာဉ်ဟု ယူဆရသည့် လေယာဉ်ကိုယ်ထည် အရိပ်ကိုလည်း အင်ဒိုနီးရှားလေတပ် လေယာဉ်တစီးက တွေ့ရှိထားသည်ဟု အဆိုပါ သတင်းတွင် ဆက်ဖော်ပြထားသည်။

ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီများက အဆိုးဆုံး အခြေအနေကို ပြင်ဆင်သည့် အနေဖြင့် လူသေအလောင်း သယ်ယူ ထုပ်ပိုးသည့် အိပ်များကိုပါ အဆိုပါ နေရာသို့ ယူဆောင်သွားရန် စီစဉ်နေဟု ဆိုသည်။

ပျောက်ဆုံးအဲအေးရှား လေယာဉ် အပိုင်းအစများ တွေ့ရှိရာ ကာလီမန်တန် အနောက်ဘက်ကမ်း ပင်လယ်ပြင်သို့ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လေယာဉ်၊ သင်္ဘောများကို စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း အင်ဒိုနီးရှား အရာရှိက ပြောဆိုကြောင်း ထိုသတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံး ရရှိသော သတင်းများအရ လေယာဉ်အပျက်အစီး အပိုင်းအစများသည် ဖန်ကလန်ဘန်းကျွန်း၊ ကာလီမန်တန် အနောက်ဘက်ကမ်း ပင်လယ်ပြင်တွင် ပျံ့ကျဲနေသည်ကို တွေ့ရသည်ဟု အင်ဒိုနီးရှား တာဝန်ရှိသူများက ပြောဆိုထားသည်။

ပျောက်ဆုံးလေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များ အတွက် အင်ဒိုနီးရှားနိုင်ငံ အသက်အာမခံ ဥပဒေ စည်းမျည်းများ အရ လျော်ကြေးငွေပေးရန် ပြင်ဆင်နေကြောင်း အဲအေးရှား လေကြောင်းလိုင်း အင်ဒိုနီးရှားနိုင်ငံ ဌာနခွဲ CEO က ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုသည် ယနေ့ ညနေပိုင်းတွင် ပျောက်ဆုံးလေယာဉ် စတင်ထွက်ခွာခဲ့ရာ ဆုရာဗယာကျွန်းသို့ သွားရောက်ပြီး မိန့်ခွန်း ပြောကြားရန် ရှိကြောင်း သတင်းများက ဆိုသည်။

အဲအေးရှား (Air Asia- QZ 8501) ခရီးသည်တင် လေယာဉ်သည် ခရီးသည် ၁၅၅ ဦး၊ လေယာဉ် အမှုထမ်း ၇ ဦး တင်ဆောင်လာပြီး ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ Surabaya လေဆိပ်မှ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ဦးတည် ပျံသန်းနေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အင်ဒိုနီးရှား၊ စင်ကာပူ၊ သြစတြေးလျ အပါအ၀င် အမေရိကန်၊ ဗြိတိန်စသည့် နိုင်ငံပေါင်းစုံတို့မှ အားဖြည့် ရှာဖွေနေခြင်း ဖြစ်သည်။

တတိယအကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနား ကျင်းပ

DVB

၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရှစ်လကျော်အတွင်း အခွန်ပမာဏ ကျပ် ဘီလီယံ ၂,၂၀၀ ကျော်အထိ ကောက်ခံရရှိထား

သီဟကိုကို

၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလ တတိယပတ်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခွန်ကောက်ခံ ရရှိမှု စုစုပေါင်း ကျပ် ၂,၂၈၇ ဒသမ ၁၃၂ ဘီလီယံကို ကောက်ခံရရှိပြီးဖြစ်သည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

တစ်နိုင်ငံလုံး၌ အခွန်ကောက်ခံရရှိမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံး ကောက်ခံရရှိခြင်းဖြစ်ပြီး ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး၊ နိုင်ငံပိုင်လုပ်ငန်းများ၊ ကျန်တိုင်းဒေသကြီးပြည်နယ်များမှ အသီးသီးကောက် ခံရရှိမှုများလည်း ပါဝင်သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အခွန်စုစုပေါင်း ရရှိရန် ကျပ် ဘီလီယံ ၄,၀၀၀ လျာထားပြီး ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ အခွန်စုစုပေါင်း ကျပ် ၂,၂၀၀ ဘီလီယံကျော်ကို ကောက်ခံရရှိပြီးဖြစ်ရာ လျာထားချက်၏ ထက်ဝက်ကျော် ရရှိခဲ့ပြီး ဖြစ်သည်။

ယခင်ဘဏ္ဍာနှစ်များထက် ယခုဘဏ္ဍာနှစ်အတွင်း အခွန်ထမ်းဆောင်ရန် ပညာပေးစည်းရုံးမှုများ၊ အခွန် စည်းကြပ်မှုများကြောင့် အခွန်ထမ်းဦးရေ တိုးတက်လာမည်ဖြစ်ခြင်းကြောင့် ယခင် ဘဏ္ဍာနှစ်များထက် အခွန်ပမာဏ ပိုမိုရရှိလာဖွယ်ရှိသည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေ၊ အဆောက်အအုံ ငှားရမ်းခြင်း ဖြင့် ၀င်ငွေ ရရှိသူများကို အခွန်ထမ်းဆောင်ရန် အခွန် ပညာပေးလုပ်ငန်းများကို ကွင်းဆင်းစိစစ်ဆောင် ရွက်ခဲ့ပြီး အခွန်ရရှိမှုနည်းပါးသည့် အိမ်ခြံမြေကဏ္ဍအပေါ် အခွန်စည်းကြပ်မှု များ တင်းကျပ်ခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၁ ရက်မှ စတင်ကာ စားသောက်ဆိုင်လုပ်ငန်းများတွင် စားသုံးသူက ပေးဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း (စားသောက်ခွန်)ကို အခွန် ပြေစာတံဆိပ်ကပ်စနစ်ကို စတင်ကျင့်သုံး ၍ အခွန်စည်းကြပ်ရန် ဆောင်ရွက်ခဲ့သည်။

လုပ်ငန်းပမာဏကြီးမားသည့် လုပ်ငန်း အမျိုးအစားများကိုလည်း ရွေးချယ်ထားပြီး ရွေးချယ်ခံ လုပ်ငန်းရှင် ကြီးများသည် မိမိကိုယ်တိုင် အခွန်တွက်ချက်ပေးဆောင်သည့် စနစ် SAS ဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှ စတင်ကာ အခွန်ထမ်းရမည် ဖြစ်သည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် အခွန် စုစုပေါင်း ကျပ် ဘီလီယံ ၂,၇၀၀ ကျော် ကောက်ခံရရှိခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အခွန်စုစုပေါင်ကျပ် ဘီလီယံ ၃,၅၀၀ ကျော်အထိ ကောက်ခံရရှိခဲ့သည်ဟု ပြည်တွင်းအခွန် များဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူအဖြစ် ကမ္ဘောဇဘဏ်လုပ်ငန်းက ပြီးခဲ့သည့် သုံးနှစ်ဆက်တိုက် ရရှိထားသည်ဟု အခွန်ဌာနမှ ထုတ်ပြန်ထားသည်။

နော်အုန်းလှနှင့် ဦးနေမျိုးဇင်တို့ကို ပုဒ်မ ၃ ခုဖြင့် တရားစွဲပြီး အင်းစိန်ထောင်ပို့

နော်နိုရင်း

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ဆန္ဒပြလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ၊ ဦးနေမျိုးဇင်နဲ့ မစိန်ဌေးတို့ကို ဖမ်းဆီးပြီး ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားပါတယ်။

သူတို့ ၃ ဦးကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ပုဒ်မ ၁၈၊ ၀တ်ရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဒဂုံမြို့နယ်က တရားစွဲဆိုတာလို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ပုဒ်မ ၃ ခုနဲ့ အမှုကတော့ ၂ မှု ဖွင့်တာပေါ့ဗျာ။ တယောက်ကို ၂ မှုဆီဆိုတဲ့ သဘောမျိုးနဲ့ ဒဂုံမြို့နယ်တရားရုံးမှာ ဒီနေ့ ယမန်ယူတယ်။”


ယမန်ယူပြီး လာမယ့်ဇန်န၀ါရီလ ၁၃ ရက်နေ့ ရုံးပြန်ချိန်းထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့ ၃ ဦးလုံးကို အင်းစိန်ထောင်ဆီပို့ဆောင် ထိန်းသိမ်းထားတယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ဒီဆန္ဒပြမှုနဲ့ဆက်ဆပ်ပြီးတော့လည်း နောက်ထပ်လူပေါင်း ၇ ဦးကို တရားစွဲဆိုထားကြောင်း လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်သန္တာက ပြောပါတယ်။

“အခု ကျမမြင်တာကတော့ ၃ ယောက်ဖမ်းခံထားရတယ်။ ဒါပေမယ့် တရားရုံးမှာ ၇ ယောက် နာမည်ခေါ်သံကြားတယ်။ အခုညနေပိုင်းမှာလည်း တင်ထွဋ်ပိုင်ကို ဖမ်းသွားပြီးလို့ ကြားတယ်။”

ဒီလ ၂၂ ရက်နေ့က ဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် မနေ့ညနေက လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြမှုအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့ကို ဖြတ်လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ်ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ခရိုင်ချင်းဆက်လမ်းပေါ် မောင်းတံ တားပြီး ပိုက်ဆံကောက်တာကို ဆန္ဒပြ

DVB

ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ခြင်းကို ဆက်လုပ်မည်ဟု စစ်ကိုင်းတိုင်းသတ္တုတွင်းဝန်ကြီးပြော တရုတ်ကို ကာကွယ်ပေးခြင်း မဟုတ်ဟုပြော

အောင်ကိုဦး

ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ခတ်ခြင်းကို ဆက်လက်လုပ်ဆောင်ရဦးမည်ဟု စစ်ကိုင်းတိုင်း သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက်က ဆိုလိုက်ပြီး ယင်းသို့ ပြောကြားခြင်းသည် တရုတ်ကို ကာကွယ်ပြောခြင်း မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

"ခြံစည်းရိုးက ဆက်ခတ်ရမှာပါ။ ခြံစည်းရိုးခတ်မှလည်း သူတို့လုပ်ငန်းက ဆက်လုပ်လို့ရမှာပေါ့။ တရုတ်ဘက် ကာကွယ်နေတာ မဟုတ်ပါဘူး။ နိုင်ငံတော်အတွက်လည်း အကျိုးရှိလို့ ဆက်လုပ်နေတာပါ။" ဟု မဇ္ဈိမ ကို ပြောသည်။

သတ္တုတွင်းဝန်ကြီးက ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာသစ်ရှိ လက်ပံတောင်းတောင် စီမံကိန်း နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ကော်မတီ၏ ဆက်ဆံရေးရုံးတွင် ဒီဇင်ဘာ ၃၀ ရက် မွန်းတည့် ၁၂ နာရီ ခွဲက ထိုဒေသမှ ဆရာတော် ဦးတိက္ခဥာဏ် အပါအဝင် သပိတ်ခေါင်းဆောင် ငါးဦးခန့်နှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပေ။ သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းထိုက်က ဆက်ဆံရေးရုံး၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဆရာတော် ဦးတိက္ခဥာဏ က "ဘုန်ကြီး ကြားကနေ သတ္တုတွင်း ဝန်ကြီးနဲ့ ဒေသခံတွေအတွက် ညှိတယ်။ လက်မခံဘူး။ သူတို့မှာ တာဝန်ယူမှုတာဝန်ခံမှုမရှိဘူး။ ဘာဆက်လုပ်ရမလဲ။ ဒီအတိုင်းဆို အကုန်ဒုက္ခရောက်မယ့် အနေအထားပဲ။" ဟု မဇ္ဈိမကို မိန့်ကြားသည်။

ဆက်ဆံရေးရုံးတွင် သတ္တုတွင်းဝန်ကြီးနှင့် ဒေသခံများ ညှိနှိုင်းမှု မပြေလည်၍ ဆည်တည်းရွာတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းသို့ နာရီဝက်အတွင်း လာရောက်ကာ ဆက်လက်ညှိနှိုင်းမည်ဟု ဝန်ကြီး ဦးသန်းထိုက်က ပြောခဲ့သော်လည်း ညနေစောင်းသည်အထိ ရောက်မလာခဲ့ဟု ဒေသခံများက ပြောသည်။

ကုမ္ပဏီနှင့် ဒေသအာဏာပိုင်များက ဝမ်ပေါင်ကုမ္ပဏီအတွက် ခြံစည်းရိုး တိုးမြှင့်ခတ်ရန် ကြိုးပမ်းနေချိန်တွင် ဒီဇင်ဘာ ၃၀ ရက် ညနေ ၃နာရီခန့်မှ စတင်ကာ ဒေသခံများက ဝမ်ပေါင်ကုမ္ပဏီက ကာရံထားသည့် ခြံစည်းရိုးများကို ဖျက်ဆီးကာ ရွာမြေသတ်မှတ်၍ ခြံစည်းရိုး ပြန်လည်ခတ်လျက်ရှိသည်။


ဒေသခံ ၇၀ကို အမှုဖွင့်ထား

ယင်းသို့ ကုမ္ပဏီ၏ ခြံစည်းရိုးများကို ဖျက်ဆီးကာ အသစ်ခတ်သည့် တုံရွာနှင့် ဆည်တည်းရွာမှ ဒေသခံ ၇၀ဦးကို ဆားလင်းကြီး မြို့နယ် ရဲစခန်းက ပုဒ်မ ၃၇၉ (ခိုးမှု)၊ ပုဒ်မ ၄၂၇(အကျိုးဖျက်ဆီးမှု) တို့ဖြင့် ထိုနေ့ ညနေကပင် အမှုဖွင့်လိုက်ပြီဖြစ်သည်။

"ကျွန်မတို့က ကျွန်မတို့မြေကို ကာကွယ်နေတာပါ။ သူတို့ဖက်က အကြမ်းဖက် ဖြိုခွဲဖို့လုပ်နေတယ်။ကျွန်မတို့အသေခံသွားမယ်။ ဒီသပိတ် စခန်းကနေ တစ်ဖဝါးမှမခွာဘူး။ အခု စည်းအနေနဲ့ ခြံစည်းရိုးခတ်နေတယ်။"ဟု ဆည်တည်းဒေသခံ မရီဝင်းက မဇ္ဈိမကို ပြောသည်။

ဒေသခံများဘက်လည်း ဒီဇင်ဘာ ၂၉ရက်မှ စတင်ကာ ဆည်တည်းရွာတွင် သပတ်စခန်းဖွင့်၍ ခြံစည်းရိုး ဆက်လက်မခတ်ရန်၊ ဒေသခံ များ ပြန်လည်ခတ်ထားသည့် ခြံစည်းရိုးကို မဖျက်ဆီးရန်၊ ဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ဖော်ထုတ်ပေးရန်၊ ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိ အပါအဝင် ဒေသခံများ၏ အခက်အခဲများ ဖြေရှင်းပေးရန် ဖွင့်ထားသည့် ဆက်ဆံရေးရုံးမှာ ညှိနှိုင်းပေးနိုင်ခြင်း မရှိ၍ ဆက်ဆံရေးရုံးအလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုလျက်ရှိသည်။

သပိတ်စခန်းတွင် အလယ်ရွာ၊ ရွာသစ်၊ လယ်တီ၊ ဖောင်ကတော၊ မိုးကြိုးပြင်၊ ရွှေလှေ၊ တောကျောင်း စသည့်ကျေးရွာများမှ ဒေသခံ ၁၀၀ကျော်တို့က ဆန္ဒပြနေသည်။

လက်ပံတောင်းတောင် လုံခြုံရေးယူထားသော လုံခြုံရေးရဲများကလည်း သပိတ်စခန်း ရုပ်သိမ်းပေးရန်နှင့် ဝမ်ပေါင်မှ ခတ်ထားသော ခြံစည်းရိုးများအား ဆက်လက် မဖျက်ဆီးရန် အသံချဲ့စက်ဖြင့် အော်ဟစ် သတိပေးလျက်ရှိသည်။

ယင်းအပြင် သပိတ်စခန်းကို ဒီဇင်ဘာ ၃၀ရက် ညပိုင်းတွင် ဖယ်ရှားရှင်းလင်းမည်ဟု လုံခြုံရေးယူထားသည့် ဒု-ရဲအုပ်တစ်ဦးက မဇ္ဈိမကို အသိပေးသည်။

လက်ပံတောင်းတောင် စီမံကိန်းအတွက် ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေး ယူမထားသည့် မြေပေါ်တွင် ခြံစည်းရိုးခတ်ရာမှ အစပြုကာ ဒေသခံများနှင့် ဒီဇင်ဘာ ၂၂ရက်နှင့် ၂၃ရက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၂၂ရက်က ပဋိပက္ခ အတွင်း ဒေသခံတောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းသို့ သေနတ်ကြည်ထိမှန်ကာ သေဆုံးခဲ့ရပြီး ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက်တွင် နှစ်ဖက် ပဋိပက္ခ ဆက်လက်ရှိနေပြီး ဒေသခံများက သပိတ်စခန်းဖွင့်လှစ်သည်အထိ ဖြစ်ပွားခဲ့ရသည်။

ယင်းဖြစ်စဉ်ကို အခြေခံ၍ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့တွင် ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ဒီဇင်ဘာ ၂၉ရက်က ဆန္ဒပြသူများအနက် ၅ဦးကို ဒဂုံမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားပြီး ပြည်မြို့တွင်လည်း ဆန္ဒပြသူများကို ပုဒ်မ ၁၈၊ ၁၉တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

လက်ပံတောင်းတွင် သပိတ်စခန်းဖွင့်၊ အခြေအနေ တင်းမာ

သူဇာ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ၀မ်ပေါင်ကုမ္ပဏီက မြေသိမ်း မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဒေသခံများက ကြေးနီစီမံကိန်းနှင့် နီးကပ်စွာ တည်ရှိနေသော ဆည်တည်းကျေးရွာ အနီးတွင် ထိုင်သပိတ် စခန်း ဖွင့် လှစ် လိုက်ပြီး အာဏာပိုင်များနှင့် အခြေအနေ တင်းမာလျက် ရှိ ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များက ထိုင်သပိတ် ဆန္ဒပြ နေသည့် ဒေသခံ ရွာသူရွာသားများ ကို လူစုခွဲရန်အတွက် လော်စပီကာများဖြင့် အော်ပြီး သတိပေး ခဲ့သော်လည်း ရွာသား များက ထိုင်သပိတ်ဆက်လက် ဆန္ဒပြနေကြောင်း သိရှိရသည်။

“ဒီနေရာက ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နေရာဖြစ်တယ်။ ဒီနေရာမှာ လူစုလူဝေး မလုပ်ဖို့နဲ့ လူစုမြန်မြန်ခွဲဖို့ ဆိုပြီးတော့ လုံခြုံ ရေး ယူထားတဲ့ သူတွေက လော်နဲ့အော်တာတော့ ကြားရတယ်။ ရွာသားတွေကတော့ နောက်မဆုတ်ကြဘူး။ လုံထိန်း တွေ ကတော့ မနေ့က ရွာသားတွေ ဖြုတ်ထားတဲ့ ခြံစည်းရိုးတွေကို ပြန်ပြင်ဆင်ဖို့ ကြိုးစားနေကြတယ်။ လုံခြုံရေး အင်အား လည်း နည်းနည်းပြန်များလာတယ်။ နောက်ပြီး အဲဒီအနီးအနားမှာ မီးသတ်ကားလည်း နှစ်စီးရှိတယ်” ဟု ဆည်တည်း ကျေးရွာမှ ဆရာတော်ဦးနန္ဒာစာရက မိန့်ဆိုသည်။

ဒေသခံများက ထိုင်သပိတ် ဆင်နွှဲပြီး တောင်းဆိုမှုများ ပြုလုပ်နေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းကော်မရှင်က ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် အစီရင်ခံစာတွင် ဖော်ပြထားသည့် လယ်ယာမြေ ဧက ၂၅၀၀ ဖော်ထုတ်ပေးရန် လည်း တောင်းဆိုကြကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ရှိ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လက်ပံတောင်းတောင် ပဋိပက္ခတွင် လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့သည့် အခြေအနေကို အစိုးရပိုင်းက ထိရောက်စွာ အမြန် ဆုံး အရေးယူဆောင်ရွက်ရန် သတိပေးပြောဆိုသည်။

“လက်ပံတောင်းတောင် အရေးမှာ လူတယောက်ရဲ့ အသက် သေဆုံးသွားရတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အရေးယူကို ယူရမှာ။ ဒါလုပ်ကို လုပ်ရမှာ။ နိုင်ငံသားများရဲ့ အခွင့်အရေးကို ကာကွယ် သောအားဖြင့်ကို လုပ်ရမယ်။ အသက်ရှင်ခြင်းရဲ့ ပိုပြီး အရေးကြီးတဲ့ အခွင့်အရေး ရှိတော့မှာလား။ အာဏာပိုင် တွေဘက် ကတော့ မှန်မှန်ကန်ကန် တရားမျှမျှတတနဲ့ ခံခဲ့ရတဲ့သူတွေ ကျေနပ်အောင်လို့ လုပ်ကို လုပ်ပေးရမယ်။ ဒါဟာ တရား ဥပဒေ သဘောတရားအရ လုပ်ပေးရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတွင် ၀မ်ပေါင်ကုမ္ပဏီက လျော်ကြေး ရယူထားခြင်းမရှိသော လယ်မြေ များ ပေါ်တွင် ၀င်ရောက်၍ ခြံစည်းရိုး ခတ်ရာမှ ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့၏ ပစ်ခတ် အကြမ်းဖက်မှုကြောင့် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး လူ ၉ ဦးခန့် သေနတ်ထိမှန်၍ လူ ၄၀ နီးပါးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မဘသ ဆောင်ရွက်မှုတွေကို အမျိုးသားတိုးတက်မြင့်မားရေးပါတီ ထောက်ခံအားပေး

DVB

သမ္မတကို လစာ ကောင်းကောင်းပေးမှ နိုင်ငံအပေါ် စေတနာဖြင့် အလုပ်လုပ်မည်ဟု သူရဦးရွှေမန်းပြော

မင်းမင်း

အုပ်ချုပ်ရေးကဏ္ဍ၏ နိုင်ငံဥသျှောင် သမ္မတကို လက်ရှိပေးထားသည့် လစာငွေ သိန်းငါးဆယ်သည် တိုင်းပြည် တာဝန်ကို စေတနာဖြင့်လုပ်ဆောင်နိုင်ရန် ပေးထားခြင်းဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော် နာယကဖြစ်သူ သူရဦးရွှေမန်းက ပြောဆို လိုက်သည်။

သူရဦးရွှေမန်းက ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

၎င်းက “အဂတိတရားကင်းဖို့အတွက် လမ်းခင်း ပေးထားခြင်းဖြစ်ပါတယ်။ (တိုင်းပြည်)မ ချမ်းသာ ပေမယ့် ဒီလောက်တော့ ကျွန်တော်တို့ ပေးရမယ်။ ဒါမှ နိုင်ငံ့အလိုကို စေတနာပါပါနဲ့ သစ္စာရှိရှိလုပ် နိုင်မယ့် အနေအထားရှိပါတယ်” ဟု

သမ္မတအပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးများနှင့် အုပ်ချုပ်ရေးဝန်ထမ်းများ အဂတိလိုက်စား မှုကင်းရှင်းရန် မှာ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့်အညီနေနိုင်သော လစာချီးမြင့်ငွေရရှိဖို့လိုအပ်ပြီး ထိုသို့မဟုတ်ပါက ပြဿနာများစွာ ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

လစာကောင်းမှ အဂတိတရားကင်းရှင်းမည်ဟူသည့် ၎င်း၏ ပြောဆိုချက်သည် “ရှေ့ကရရှိတဲ့ သင်ခန်းစာ” ဟု လည်း ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် သမ္မတကိုသတ်မှတ်ပေးထားသည့် လစာငွေကျပ် သိန်းငါးဆယ်သည် သာမန်အားဖြင့် များနေသည်ဟု ယူဆရသော်လည်း အမှန်တစ်ကယ်မှာမူ နည်းပင်နည်းနေသေး သည်ဟု သူရဦးရွှေမန်းက ဥပမာပေးပြောဆိုခဲ့သေးသည်။

“ဆိုကြပါစို့ ဘဏ်နဲ့ငွေရေးကြေးရေးကိုနားလည်တဲ့ နိုင်ငံခြား သားတစ်ယောက်ကို ငှားမယ်ဆိုရင် ဒေါ်လာနှစ် သောင်းခွဲလောက် ရှိတယ်။ ဒေါ်လာနှစ်သောင်းခွဲဆိုရင် သိန်းနှစ်ရာ့ငါးဆယ်။ သူ့ရဲ့တာဝန်ယူမှု တာဝန်ခံမှုအပိုင်းနဲ့ ကျွန်တော်တို့ သမ္မတကြီးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းစဉ်းစားပါ။ တစ်နိုင်ငံလုံးကို တာဝန်ယူ၊ တာဝန်ခံထားရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့်မို့လို့ သိန်းငါးဆယ်ဟာ တစ်ကယ်တမ်းကျတော့ နည်းသေးတယ်” ဟု ၎င်းက ဆိုသည်။

သူရဦးရွှေမန်း၏ အဆိုပါပြောဆိုချက်သည် နိုင်ငံ့ဝန်ထမ်းများကြား ကြီးမားစွာရှိနေသည့် အဂတိ လိုက်စားမှုလျှော့ချရန် နည်းလမ်း တစ်ခုအဖြစ် ပြောဆိုသွားခြင်းသာဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကျော်လင်း ဦးက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ သမ္မတလစာငွေနည်းနေသည်ဟုပြောသည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် နောက်လာမည့် အစိုးရ သက်တမ်းတွင် သမ္မတဖြစ်လိုသည်ဟု အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ပြီးခဲ့သည့်တစ်လကျော်ဖြစ်သည့် နိုဝင်ဘာ ၁၈ရက်က ပြည်ထောင်စုလွှတ်တော်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်ပင် သူရဦးရွှေမန်းက “နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးစီးပွားအတွက် ဖော်ဆောင်ပေးနိုင်တဲ့ နေရာဟာ သမ္မတဖြစ်တဲ့အတွက် ၂၀၁၅ အလွန်မှာ သမ္မတဖြစ်ရေးပဲ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် စီမံကိန်းကြီးများ လက်မခံဟု မွန်ပြည်သစ်ပါတီပြော

မွန်ထော

မွန်ပြည်နယ်၊ ရေးမြို့နယ် အံဒင်ကျေးရွာအနီးတွင် ဆောက်လုပ်ရန် စီစဉ်လျှက်ရှိသည့် ကျောက်မီးသွေးသုံး လျှစ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ မွန်ပြည်သူများအပေါ် အကောင်းကျိုး အဆိုးကျိုး မည်သို့ အကျိုးသက်ရောက်သည်ဖြစ်စေ အပစ်အခတ်ရပ်စဲ ရေး ဆွေးနွေးနေသည့် ကာလအတွင်း ထိုကဲ့သို့ စီမံကိန်းကြီးများကို လက်ခံမည် မဟုတ်ကြောင်းအံဒင်ဒေသပတ်ဝန်းကျင်ကျေးရွာမှ မွန်ဆရာတော်များ မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံစဉ် မွန်ပြည်သစ်ပါတီ ဥက္ကဌ ‘နိုင်ထောမွန်’ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အံဒင်ဒေသပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မွန်သံဃာအဖွဲ့ မှ ဆရာတော်ဘုရားများ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်သို့ သွားရောက်၍ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး အကြံဉာဏ်များ တောင်းယူစဉ် မွန်ပြည်သစ်ပါတီ ဥက္ကဌ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အံဒင်ကျေးရွာမှ ဆရာတော် ‘အရှင်နန္ဒ’ က မိန့်သည်။

“ဒီလိုတွေ့တာက ကျောက်မီးသွေးစက်ရုံနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီရဲ့ သဘောထား အသံတွေ၊ ရေမြေရှုပ်ထွေးမှုတွေကို ဘယ်လိုဖြေရှင်မလည်း ဒီလောက်ပါပဲ၊ ဆရာတော်တို့ မသွားခင်ကတည်က မွန်ပြည်သစ်ဘက်ကတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချထားပြီးသားပဲ၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတဲ့ အချိန်မှာ စီမံကိန်းကြီးတွေကို မွန်ပြည်သစ်ဘက်က လက်ခံမှာမဟုတ်ဘူး” ဟု ဆရာတော် အရှင်နန္ဒ က ဆက်မိန့်သည်။

ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်၍ ပြည်သူလူထုဆန္ဒအတိုင်း ရပ်တည်သွားမည်ဟု မော်လမြိုင်မြို့ရှိ နိုင်ရွှေကျင် စာကြည့်တိုက်တွင် ပြုလုပ်သည့် လူထုတွေဆုံပွဲတွင် မွန်ပြည်သစ်ပါတီ ဒေသဖွံ့ဖြိုးရေးဌာန တာဝန်ခံ နိုင်အမ်းစိုက်ချမ်းက ပြောသည်။

သို့သော်လည်း ယခုလ ၂၇ ရက်နေ့တွင် ရေးမြို့နယ် ပုပ္ဖဝတီကျေးရွာရှိ ပုပ္ဖဝတီကျောင်းတိုက်တွင် Toyo Thai ကုမ္ပ္ပဏီနှင့် လင်းရောင်ခြည်ဦး တို့ပူတွဲလုပ်ဆောင်သည့် ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် မွန်ပြည်နယ်အစိုးရ လျှပ်စစ်နှင့် စက်မှုဝန်ကြီး နိုင်လဝီအောင်၊ ပြည်နယ် ဥပဒေချုပ် ဦးဝင်ကြည်း လွှတ်တော်ကိုယ်စားလှယ်များ၊ သံဃာတော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညာအောင်မိုးက “Toyo Thai ကုမ္ပဏီအနေနဲ့ ကတိပေးထားတဲ့ အတိုင်း ဂျပါန်နည်းပညာ Ultar Super Critical (USC) နဲ့လုပ်မယ်ဆိုတာ သေးခြာပါ့မလား၊ လုပ်ငန်း အကောင်အထည် ဖော်တဲ့အချိန်မှ ဒီနည်းက ကျန်ကျစရိတ် များတဲ့အတွက် စက်ရုံက စွန့်ပစ်ပစ္စည်းတွေကို ပင်လယ်ထဲကို စွန့်ပစ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်စီးလိမ့်မယ် ဒါကို ဘယ်သူက စောင့်ကြည့် သွားမှာလည်း၊ ဒါကိုဘယ်သူက တာဝန်ယူမှာလည်း” ဟု အခန်းအနားတွင်း မေးခွန်းထုတ် မေးမြန်းခဲ့သည်။

အံဒင်ကျောက်မီးသွေး စက်ရုံတည်ဆောက်ရေးနှင့် ပတ်သက်၍ Toyo Thai ကုမ္ပ၏ အစီအမံဖြစ် လွန်ခဲ့သည့် ရက်သတ္တပတ်တွင်လည်း ဂျပါန်နိုင်ငံရှိ ကျောက်မီးသွေးစက်ရုံနှင့် ထိုင်းနိုင်ငံရှိကျောက်မီးသွေးစက်ရုံများသို့ လေ့လာရေးခရီးစဉ်အဖြစ် (၉) ရက်ခန့် ပို့ဆောင်ပေးခဲ့သည်။

အဲအေးရှား ပျက်စီးလေယာဉ်အပိုင်းအစတွေနဲ့ အလောင်း တွေ့ရှိ

DVB

ဘင်္ဂါလီအဖြစ် နိုင်ငံသားစိစစ်မှုခံမည်ဟု ဦးရေတစ်သောင်းကျော် ရခိုင်ပြည်နယ်အစိုးရထံ စာပို့

ကေဇူး

ကန့်ကွက်မှုများကြောင့် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေဖြင့် စိစစ်မှုများကို ရပ်နားထားရသော ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအဖြစ် စာရင်းပေးသွင်း၍ စိစစ်ခံလိုကြောင်း လျှောက်ထားသူ ဦးရေ တစ်သောင်းကျော် ရှိနေသည်ဟု ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ထို့ကြောင့် ယခင်က ရိုဟင်ဂျာဟု မသတ်မှတ်၍ ဆိုကာ အငြင်းပွားမှုများဖြစ်ခဲ့သော၊ ရခိုင်တိုင်းရင်းသားတို့က စိစစ်မှုများအတွင်း ဥပဒေနှင့် မညီညွတ်မှုများရှိသည်ဟု ဝေဖန်ထားကြသော နိုင်ငံသား စိစစ်မှုလုပ်ငန်းများ ပြည်နယ်အတွင်း ပြန်လည်စတင်ရန် လဝက က ပြင်ဆင်နေပြီဖြစ်သည်။

လျှောက်ထားသူများသည် ပုဏ္ဍားကျွန်း၊ ကျောက်ဖြူ၊ မြောက်ဦးနှင့် မင်းပြားမြို့များတွင် နေထိုင်သူများဖြစ်သည်ဟု လ၀က စာရင်းများက ဆိုသည်။

“ဒီဘက်က ဝန်ထမ်းတွေက အသင့်ဖြစ်နေပြီ၊ ပြည်ထောင်စု အစိုးရက အမိန့်ကျရင် စစ်မယ်၊ စစ်တဲ့နေရာမှာလည်း ဒီဘက်က ရှိတဲ့ နိုင်ငံသားဖြစ်ခွင့် ရလိုသူတွေက သူတို့ ဘင်္ဂလီလို့ အစစ်ခံမယ်ဆိုမှ စစ်မယ်"ဟု ဦးခင်စိုးက ပြောသည်။

ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ခြင်းကို ၂၀၁၄ ခုနှစ်၊ ဇွန်လ အတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး အမျိုးမျိုးသော ကန့်ကွက်မှုတို့ကြောင့် ငါးလခန့်အကြာတွင် ရပ်နားထားရခြင်းဖြစ်သည်။ ယင်းအစီစဉ်ကို လာမည့် ဇန်နဝါရီလတွင် ပြန်လည်စတင်နိုင်ရန် ရခိုင်ပြည်နယ် လဝက ဦးစီးဌာနက မျှော်မှန်းထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်သူတို့ကမူ ဘင်္ဂါလီဟု သတ်မှတ်၍ နိုင်ငံသားစိစစ်မှုခံယူ ရန် လျှောက်ထားခြင်းမရှိသေးဟု ပြည်နယ် လဝက ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

မောင်တောမြို့နယ်နေ ဘင်္ဂလီခေါင်းဆောင် ဦးလှသိန်းက “အစိုးရက ပြောတဲ့အပေါ်မှာ နာမည်ကို အဓိကထားမလား၊ နိုင်ငံသားဖြစ်ခွင့်ကို အဓိက ထားမလား ဆိုတာကို ညှိနှိုင်းနေကြတယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ် လဝက ကမူ နိုင်ငံသား စိစစ်ခြင်းကို ၂၀၁၅ ခုနှစ်အတွင်း နှစ်ကြိမ် ဆောင်ရွက်ရန် စီစဉ်နေသော်လည်း စိစစ်မှုခံယူရန် ငြင်း ပယ်နေသူများအရေး မည်သို့ စီစဉ်မည့် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

၂၀၁၄ခုနှစ်အတွင်း ပြည်နယ်အဆင့် စစ်ဆေးစဉ်က နိုင်ငံသားအဖြစ် ဦးရေ ၄၀၊ နိုင်ငံသားပြုခွင့် ရသူ ၁၆၅ ဦးရှိသည်ဟု ပြည်နယ်လဝက စာရင်းများကဆိုသည်။

ရခိုင်ပြည်နယ်တွင် လူဦးရေ သုံးသန်းကျော် နေထိုင်ပြီး ယင်းတို့အနက် နိုင်ငံသားဖြစ်ခွင့်မရှိသူ တစ်သန်းကျော်ရှိသည် ဟု ရခိုင်ပြည်နယ် အစိုးရက ခန့်မှန်းထားသည်။

အာဏာပိုင်များ ဖွဲ့စည်းပေးသည့် စင်ပြိုင်ကျောင်းသားအဖွဲ့များ အတုအယောင်ဟု ဆို

နန်းလွင်နှင်းပွင်

ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ကျောင်းအာဏာပိုင်များက ဦးဆောင် ဖွဲ့စည်းပေးနေသည့် ကျောင်းသား အဖွဲ့ အစည်း များသည် ဒီမိုကရေစီနည်းစနစ်ဖြင့် ဖွဲ့စည်းနေခြင်း မဟုတ်ဘဲ ကျောင်းသားများ ဦးဆောင် ဖွဲ့စည်း ထားသည့် လွတ်လပ် သော ကျောင်းသားသမဂ္ဂများ ပျက်ပြားစေရန် စင်ပြိုင်ဖွဲ့စည်းနေသောကြောင့် အတုအယောင် ကျောင်းသားအဖွဲ့ များသာ ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသား သမဂ္ဂ ၁၉ ဖွဲ့ က ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်သည်။

ရန်ကုန်မြို့ ၊ ကျောက်တံတားမြို့နယ် ၃၆ လမ်း ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် တက္ကသိုလ်ကျောင်းသား သမဂ္ဂ ၁၉ ခု၏ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျောင်းသား သမဂ္ဂဆိုတာ ကျောင်းသားတွေ ဦးစီးဦးဆောင်ဖွဲ့ရမယ်။ အခု အထက် ဆိုတာက လာတဲ့ အမိန့်နဲ့ ပါမောက္ခ ချုပ်တွေ ဌာနမှူးတွေက ဖွဲ့စည်း ပေးနေတယ်။ သူတို့လုပ်နေတာလည်း ဘယ်ကျောင်းသားမှ မသိဘူး။ ဒီမိုကရေစီ မဆန် ဘူး။ ဒါကို ကျနော်တို့က လက်မခံနိုင်ဘူး။ အသိအမှတ်မပြုနိုင်ဘူး” ဟု ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂ အထွေ ထွေ အတွင်းရေးမှူးနန်းလင်း က ပြောသည်။

ကျောင်းအာဏာပိုင်များဖွဲ့စည်းပေးနေသည့် ကျောင်းသားယူနီယံများ အသက်ဝင်လှုပ်ရှားလာပါက လွတ်လပ်သော ကျောင်းသား သမဂ္ဂ ရွေးကောက်ပွဲများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ကြောင်း၊ လက်ရှိ တက္ကသိုလ် ကျောင်းအာဏာ ပိုင်များက ဦးဆောင် ဖွဲ့စည်းပေးနေသည့် ကျောင်းသား ယူနီယံများသည် ခေါင်းဆောင်များကို ရွေးချယ်ရာတွင် ကျောင်း သား များ သဘောတူညီသည့် သူကို မဲဆန္ဒဖြင့် ရွေးချယ်ခြင်း မဟုတ်ဘဲ ပါမောက္ခချုပ်များက ရွေးချယ်ထားသည့် အတန်း ခေါင်းဆောင် များကို ခေါင်းဆောင်အဖြစ် ခန့်ထားခြင်းဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင် က ဆိုသည်။

သမ္မတဦးသိန်းစိန်က ကျောင်းသားယူနီယံများ ဖွဲ့စည်းရန် မိန့်ခွန်းများတွင် ထည့်သွင်းပြောဆိုခဲ့ပြီးနောက် တက္ကသိုလ် အာဏာပိုင်များက ကျောင်းသားယူနီယံ ခေါင်းဆောင် ရွေးချယ်ပွဲများ စတင်ပြုလုပ်လာပြီး ဒဂုံတက္ကသိုလ်၊ သန်လျင် နည်းပညာ တက္ကသိုလ် အပါအ၀င် တက္ကသိုလ်များတွင် ကျောင်းသား ယူနီယံ ခေါင်းဆောင်ရွေးချယ်ပွဲများ ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ကိုဇေယျာလွင်က “မင်းတို့ဖွဲ့ထားတဲ့ သမဂ္ဂဆိုတာတွေက အကျုံးမ ၀င်ဘူး၊ တရားမ၀င်ဘူးလို့ ဆရာ၊ ဆရာမ တွေက ကျနော်တို့ကို ပြောလာပါတယ်၊ ကျနော်တို့ သမဂ္ဂတွေကို ကျောင်းဝင်းတွေထဲက ဖယ်ထုတ်ဖို့ စီစဉ်နေကြတယ်၊ ကျောင်းသားတွေ အချင်းချင်းကြားမှာလည်း သွေးကွဲအောင် လုပ်နေတယ် “ ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက “ ဒီ လုပ်ရပ်က အစိုးရရဲ့ သိက္ခာမရှိတဲ့ လုပ်ရပ်ပဲ။ ကျောင်းသူ၊ ကျောင်းသားတွေကို သားသမီးလို သဘောမထားနိုင်ဘဲ အာဏာရှင်စနစ်လို ပြန်ကျင့်သုံးချင်တဲ့ လုပ်ရပ်မျိုးပါ။ တကယ်ဆို ကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးသင့် တယ်လို့ မြင်တယ်။ ဒီလုပ်ရပ်တွေကို ကျောင်းသားတွေနဲ့ ဆွေးနွေးပြီး ပြန်လည်ပြင်ဆင်သင့်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု မှတ်ချက် ပြုသည်။

ကျောင်းသားသမဂ္ဂများအနေဖြင့် ကျောင်းသားယူနီယံ ဖွဲ့စည်းမှုများကို ဆက်လက် ကန့်ကွက်ပြောဆိုမှုများ လုပ်ဆောင် သွားမည် ဖြစ်ပြီး ကျောင်းသားယူနီယံအဖွဲ့များကို ကျောင်းဝင်း အတွင်း ထားရှိပါက သမဂ္ဂများကိုလည်း ဆက်လက် နေရာ ယူခွင့် ပေးရန် ၊ သမဂ္ဂများ၏ ကျောင်း ၀င်း အတွင်း လုပ်ပိုင်ခွင့်၊ ရုံးနေရာ ထားရှိခွင့်တို့ကို တားမြစ် ဖယ်ရှား လာပါက ပြင်းထန် သည့် လုပ်ရပ်မျိုးဖြင့် ဆန့်ကျင်သွားဖြစ်ကြောင်း ကျောင်းသားသမဂ္ဂများက ထုတ်ပြန် ပြောဆိုသည်။

လတ်တလော အစိုးရ၏ အမျိုးသား ပညာရေး ဥပဒေပြဋ္ဌာန်းမှုကို ကျောင်းသားသမဂ္ဂများက ကန့်ကွက်ထားပြီး ရက်ပေါင်း ၆၀ အတွင်း တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားကြောင်း၊ ရက်ပေါင်း ၆၀ ပြည့်သည်အထိ တစုံတရာ ပြန်ကြားခြင်း မရှိ ပါက ပြင်းထန်သည့် ကန့်ကွက် လုပ်ဆောင်မှုများ ဆောင်ရွက်သွားရန် ရှိကြောင်း သိရှိရသည်။

မြန်မာတနိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းအသီးသီးတွင် လွတ်လပ်စွာ ဖွဲ့စည်းထားသည့် ကျောင်းသားသမဂ္ဂ ပေါင်း ၂၀ ကျော်ရှိကြောင်း သိရှိရသည်။

ကျောင်းသားအသင်းအဖွဲ့ ဖွဲ့စည်းတာတွေ သမဂ္ဂ လက်မခံ

DVB

သစ်ဖမ်းဆီးမှုကြောင့် သစ်တောဝန်ထမ်းလေးဦး ပစ်သတ်ခံရမှု လက်နက်ကိုင် အဖွဲ့အစည်းပါဝင်ဟု အစိုးရပြော

မောင်သင်တုန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်တွင် တရားမဝင် ဖမ်းဆီးရရှိမိသည့် ပိတောက်သားသစ်လုံး တစ်ထောင်ကျော်အား သယ်ယူရန်အတွက် သွားရောက်သည့် သစ်တောဝန်ထမ်းလေးဦးအား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ပစ်သတ်ခဲ့သည်ဟု သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကားပေါ်ကနေ ဆွဲချပြီးတော့ မသေမချင်း ပစ်သတ်တဲ့ သဘောရှိတယ်။ လူမဆန်စွာ ရက်ရက်စက်စက်နဲ့ သွေးအေးအေးနဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးဇော်မင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီး ဌာနတွင် ပြုလုပ်သည့်ပွဲတွင် ပြောသည်။

ရှမ်းပြည်နယ် လင်းခေးမြို့နယ်ရှိ ဝမ်လောင်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၆ ရက်က ပြည်ထဲရေးဝန်ကြီးဌာန၏ လုံခြုံရေး အကူအညီဖြင့် သွားရောက်စစ်ဆေးရာ ကျေးရွာ၏ မြောက်ဘက်နှင့် အရှေ့ဘတ်များတွင် စုစုပေါင်း သစ်လုံးတစ်ထောင်ကျော် ခန့်မှန်းတန်ချိန် ၂၀၄ တန်ကို ဖမ်းဆီးမိခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၈ ရက်တွင် အဆိုပါသစ်လုံးများကို သယ်ယူရန်အတွက် သွားရောက်ကာ လုပ်ငန်းဆောင်ရွက်မှုအပြီး အပြန် ဝမ်လောင်ကျေးရွာမှာ ညနေခင်း ၆ နာရီ ဝန်းကျင် ပြန်လည်ထွက်ခွာပြီး လမ်းတွင် ပျောက်ကျားဝတ်စုံဖြင့် လက်နက်ကိုင်ငါးဦးက ပစ်ခက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ လက်နက်ကိုင်များသည် ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်နေ့သည့် အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး အဖွဲ့အမည်ကို တိတိကျကျ ပြောဆိုင်နိုင်ခြင်းမရှိဘူးဟု ဦးဇော်မင်းဦးက ပြောသည်။

ကားပေါ်တွင် ဝန်ထမ်းငါးဦးလိုက်ပါလာပြီး နှစ်ဦးမှာ ပစ်ခက်ချိန်တွင် ခုန်ဆင်းကာ ထွက်ပြေးခဲ့သည့်အတွက် လွတ်မြောက်ခဲ့သည်။ ကားပေါ်တွင် ကျန်ရှိသည့် သုံးဦး၏ ရင်ဘတ်ကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဆိုင်ကယ်ဖြင့် လိုက်ပါလာသူ တစ်ဦးမှာလည်း ပစ်သတ်ခံခဲ့ရသည်။

ပစ်သတ်ခံရသူများသည် လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး၊ ဦးစီးအရာရှိတစ်ဦးနှင့် တောခေါင်းနှစ်ဦး ဖြစ်ပြီး သစ်တောဦးစီးဌာနအနေဖြင့် ပထမဆုံးအကြိမ် အဆိုးရွာဆုံး ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးဌာနအနေဖြင့် ကျန်ရှိမိသားစုများ၏ ဇနီနှင့်သားသမီးများကို ဆုံးခန်းတိုင် ပညာသင်စရိတ်နှင့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေး မည်ဟု ဆိုသည်။

စည်ပင်သာယာရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုများကို အရေးယူရန် တိုင်ကြားမည်

အာကာ

ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု တွေ၊ ဆန္ဒမဲပေးမှုအဆင့်ဆင့်မှာ သမရိုးကျမဟုတ်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ အခြား ချိုးဖောက်မှုတွေကို ရွေးကောက်ပွဲကော်မရှင်က အရေးယူဆောင်ရွက်နိုင်ဖို့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကိုယ်စားလှယ်လောင်း အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်နော်လှလှစိုးက ပြောပါတယ်။

မဲဆွယ်စည်းရုံးရေးကာလမှာ ကိုယ်စားလှယ်အချို့ဟာ ရွေးကောက်ပွဲ နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီညွှတ်တဲ့ နည်းလမ်းတွေနဲ့ မဲဆွယ်စည်းရုံးတာတွေ၊ မဲရုံအတွင်း မဲပေးမှုအဆင့်ဆင့်မှာ အခြားသမရိုးကျမဟုတ်တဲ့ အဖြစ်အပျက်တွေ လုပ်ကိုင် ဆောင်ရွက်တာတွေ ရှိခဲ့သောကြောင့် ရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှုကို ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အများပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးဖို့ ကော်မရှင်ရဲ့ နှိုးဆော်မှု အားနည်းတာ မဲပေးပိုင်ခွင့်ရှိသူ တအိမ်ထောင်လျှင် ၁ ဦးကျ သတ်မှတ်ထားတဲ့အပြင် သတ်မှတ်ထားသူတွေသာ မဲပေးပိုင်ခွင့် ရှိတာ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဖြစ်ဖို့ လိုအပ်ချက် ကန့်သတ်မှု များစွာရှိတာ၊ မဲပေးပုံနည်းစနစ်ကို အများပြည်သူကို အသိပညာပေးမှု အားနည်းတာ၊ မှားယွင်းတဲ့ မဲပေးသူစာရင်းတွေ အတည်ပြုထည့်သွင်းတာ စတာတွေကြောင့် အမှားအယွင်း များခဲ့ကာ အများပြည်သူ စိတ်ဝင်စားမှု အားနည်းပြီး မဲပေးသူအရေအတွက် အလွန်နည်းပါးခဲ့တယ်လို့လည်း ထောက်ပြပြောဆိုပါတယ်။

၆၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ စတင် ဖြစ်ပေါ်ချိန်ကအစ အများပြည်သူ ဆန္ဒမဲပေးပြီးချိန်အထိ လုပ်ငန်းအဆင့်ဆင့်မှာ အားနည်း ယိုယွင်းမှုတွေ ရှိခဲ့တယ်လို့ ဒေါ်နော်လှလှစိုးက ပြောပါတယ်။ ဒီလို ကန့်ကွက်မယ်ဆိုရင် ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်ရမှာ ဖြစ်ပြီး ငွေကျပ် ၅ သိန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။

ယာတွေကိုသိမ်းယူပြီး ပုံစံ(၇) ထုတ်မပေးပဲ တောင်သူပြောစကား

DVB

အစိုးရ ပြုပြင်ပြောင်းလဲရေးအပေါ် ဖြေစရာပင် မရှိဟု အတိုက်အခံ ခေါင်းဆောင်ပြော

ဟိန်းကိုစိုး

သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အတိုက်အခံ ခေါင်းဆောင်တစ်ဦး အနေဖြင့် ဖြေစရာပင် မရှိဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၃၀ ရက် နံနက်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

"အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဘယ်ဟာအောင်မြင်လဲဆိုတာ ကျွန်မသိပ်သိပ်ပြီးဖြေရခက်တာပဲ၊ အောင်မြင်တယ်ဆိုတဲ့ဟာကို ပြောကြပါ။ ဘယ်ဟာအောင်မြင်တယ်လို့၊ အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့တော့ ဖြေစရာကို မရှိဘူး။ အဲဒီတော့ သတင်းထောက်တွေပဲ ဖြေပါတော့" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လေးနှစ်သက်တမ်းကျော်တွင် အောင်မြင်သည့် လုပ်ငန်းတစ်ခု ရှိပါက မည်သည်က အောင်မြင် သည်ကို အတိုက်အခံအင်အားစုအနေဖြင့် ဖြေဆိုပေးရန် မဇ္ဈိမသတင်းစာ၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အတိုက်အခံအင်အားစု၏ လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အထိုက်သင့် အောင်မြင်မှုများ ရှိသော်လည်း အုပ်ချုပ်ရေးပိုင်း(အစိုးရ)ပိုင်းက ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများမှ အောင်မြင်မှုရှိသည့် လုပ်ငန်းဟူ၍ ဖြေဆိုစရာမရှိဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

တနော်သရီကညောကုမ္ပဏီ ထီးခီးနယ်စပ်စခန်း ဆောက်လုပ်ရန် လုပ်ငန်း ၃ခု ခွင့်ပြုချက်ရရှိ

စဖန်းရှောင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့အနီးရှိ ထီးခီးကူးသန်းရောင်းဝယ်ရေးစခန်း၏ ဆောက်လုပ်ရေးလုပ်ငန်း ၃ခုကို တနော်သရီကညော ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (Tenawtherie Kanyaw Development Public Company Limited)က ခွင့်ပြုချက်ရရှိခဲ့ပြီး ဒီဇင်ဘာလကုန်တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီဒါရိုက်တာက ပြောသည်။

ကုမ္ပဏီဒါရိုက်တာ နော်တာလားလာက “ကျမတို့ကုမ္ပဏီအနေနဲ့ စခန်းအတွက်ကို တည်ဆောက်ရေးလုပ်ငန်း ရှစ်မျိုးအတွက် တင်ဒါ(ဈေး)ခေါ်တဲ့အခါ ကျမတို့က သုံးမျိုး ရတယ်။ အဲဒါကို ဒီလကုန်မှာ စတင် အကောင်အထည်ဖော်သွားမယ်”ဟု ကေအိုင်စီ သို့ ပြောဆိုသည်။

၎င်းကုမ္ပဏီအနေဖြင့် ၀န်ထမ်းအိပ်ဆောင်နှင့် စားဖိုဆောင်ဆောက်လုပ်ရေး၊ သန့်စင်ခန်းအပြင် လျှပ်စစ်မီးသွယ်တန်းရေး လုပ် ငန်းသုံးခုကို ရရှိထားကာ သုံးလအတွင်း အပြီးလုပ်ဆောင်သွားရန် လျာထားသလို ခွင့်ပြုဘတ်ဂျက် ငွေကျပ်သိန်း (၆၅၀)ရရှိ ထားကြောင်း နော်တာလားက ဆက်ပြောသည်။

အဆိုပါလုပ်ငန်းများအပြင် ထီးခီးကူးသန်းရောင်းဝယ်ရေးစခန်း ဆောက်လုပ်ရေးအတွက် အစိုးရ၏ လျာထားမြေဧက ၇၀တွင် ၃၈ဧကအတွင်း၌သာ မြေယာရှင်းလင်းရေး၊ ကုန်စည်စစ်ဆေးစင် ဆောက်လုပ်ရေး၊ ပင်မရုံးအဆောက်အဦး ဆောက်လုပ်ရေး၊ ရေပေးဝေရေး၊ လမ်းဖောက်လုပ်ရေး အပါအ၀င် လုပ်ငန်း ၈မျိုးတည်ဆောက်ရန် အစိုးရ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ခုနှစ် ဘတ်ဂျက်အရ မြန်မာကျပ်ငွေသိန်း ၃,၄၀၀ ခွင့်ပြုပေးထားပြီး တနော်သရီကညောကုမ္ပဏီအ ပြင် SAN LINN TUN Co.Ltd၊ ROYAL THIRI PYAE SONE Co.Ltd ၊ ODESSA ကရင်အမျိုးသား Co.Ltd တို့ကလည်း တည် ဆောက်ရေးအတွက် ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။

ထိုနယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ရာဖြစ်သဖြင့် ၎င်းကုမ္ပဏီ ဆောက်လုပ်မည့်လုပ်ငန်းနှင့် ပတ်သက်၍ ကမ်းလှမ်းထားမှုကို မကြာခင် ခွင့်ပြုသွားမည်ဟု နီးစပ်သူများထံမှ သိရှိရသော်လည်း အတည်ပြုနိုင်ရေးအတွက် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများထံ ကေအိုင်စီက မေးမြန်းရန် ကြိုးစားရာ အဆက်အသွယ် မရရှိခဲ့ပေ။

ထီးခီးနယ်စပ်သွားလာနေသူတစ်ဦးက “ဒီစခန်းက အရင်ကလည်း အစိုးရတပ်ဂိတ်ကော၊ ကေအဲန်ယူဂိတ်ကော ရှိပေမဲ့ နယ်စပ် မို့ ဒေသခံတွေကော၊ ကုန်သည်တွေကော သွားလာနေကြတာပါပဲ။ ကျနော်သိရသလောက်က အခုထိ ဒီစခန်းအတွက် ဘယ် ကုမ္ပဏီကမှ ဘာမှလာဆောက်တာ မတွေ့ရသေးပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မောတောင်၊ ကော့သောင်းနှင့် ထီးခီး စသည့်နယ်စပ်ဂိတ် သုံးခုရှိရာ ယခုအချိန်တွင် ထီးခီးကူးသန်းရောင်းဝယ်ရေးစခန်း ဆောက်လုပ်ရေးအတွက် မြေနေရာရှင်းလင်းမှုများ လုပ်ဆောင်လျှက်ရှိ သည်။ ၎င်းကုမ္ပဏီသည် ယခုရရှိထားသော တည်ဆောက်ရေးလုပ်ငန်းများအပြင် ၂၀၁၄-၂၀၁၅ခုနှစ်၊ ခွင့်ပြုဘတ်ဂျက်ငွေကျပ် ၅၆၆သိန်းဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ ကသန်းကျေးရွာ၊ ခေါင်းဆေးချောင်းနှင့် ကမိတ်ကျေးရွာများ တွင်လည်း တန်ဖိုးနည်းအိမ်ရာ (၁၇)လုံးကို ဆောက်လုပ်ပေးနေဆဲဖြစ်ကြောင်း ကုမ္ပဏီဒါရိုက်တာက ပြောဆိုသည်။

တနော်သရီကညော ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်ကို တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်သော ကရင်လူ မျိုးများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့က ထားဝယ်မြို့တွင် စတင် ဖွင့်လှစ်ခဲ့ သည်။

ခြံစည်းရိုးတွေ ချိုးဖျက်ပြီး လက်ပံတောင်းဒေသခံတွေ သပိတ်စခန်းဖွင့်

DVB

တရုတ်သံရုံးရှေ့တွင် ဆန္ဒပြသူများ ဖမ်းဆီးခံရ

မင်းမင်း၊ ကျော်စိုးမိုး

လက်ပံတောင်းတောင် ပဋိပက္ခနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၉ ရက်က တရုတ်သံရုံးအနီး ဆန္ဒပြခဲ့သူများ အနက် ဆန္ဒပြခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှ အပါအဝင် လူလေးဦးတို့ကို ဒဂုံမြို့နယ် ရဲတပ်ဖွဲ့နှင့် တိုင်းခရိုင်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးပြီး ဒဂုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူကာ ထိန်းသိမ်းထားကြောင်း ဒီမိုကရေစီအင်အားစုမှ ဦးသန်းဆွေက မဇ္ဈိမကို ပြောသည်။

“အမှတ် (၂) လမ်းမကြီးမှာ ပိတ်ပြီးတော့ သူတို့ကို စခန်းကိုခေါ်သွားတာပါ” ဟု ဖမ်းဆီးခံရသည့် ဦးနေမျိုးဇင်နှင့် အဆက်အသွယ်ရခဲ့သော ဦးသန်းဆွေက ပြောသည်။

ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့သည် မုံရွာတစ်ဖက်ကမ်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သို့သွားရန် ကားဖြင့် ထွက်ခွာစဉ် နံနက်ပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ညနေပိုင်းတွင် ဆန္ဒပြရာတွင် ပါဝင်သူ ကိုတင်ထွဋ်ပိုင်ကို ထပ်မံ ဖမ်းဆီးပြီး ဒဂုံမြို့မ ရဲစခန်း၌ပင် အထက်ဖော်ပြပါ ပုဒ်မများအတိုင်း အရေးယူနိုင်ရန် စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က ညနေ ငါးနာရီခန့်တွင် မဇ္ဈိမ၏ မေးမြန်းမှု ကို ဖြေကြားခဲ့သည်။

လက်ပံတောင်းတောင်အရေး ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဒေါ်စိန်ထွေးကို စမ်းချောင်းမြို့နယ်တွင် ထပ်မံဖမ်းဆီးပြီးနောက် ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှနှင့် ဒေါ်စိန်ထွေးတို့ သုံးဦးကို မွန်းလွဲ ၂ နာရီခန့်က ဒဂုံမြို့နယ်တရားရုံးတွင် ချုပ်ရက်ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်သည်ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်ကပြောသည်။

လက်ပံတောင်းတောင်အရေးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ဦးနေမျိုးဇင်အပါအဝင်သုံးဦးကို ဒဂုံမြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးသောင်းစိန်က တရားလိုပြုလုပ်၍ ဆဲဆိုမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ ရုန်းရင်ဆန်ခတ်ဖြစ်မှု၊ အားပေးကူညီမှု၊ အစုအဖွဲ့အလိုက် အားပေးရန် ဖြစ်စေမှုတို့အတွက် ပြစ်မှုပုဒ်မ ၂၉၄(ခ)/၃၅၃/၁၄၇/၅၀၆/၁၄၉/၅၀၅(ခ)/၁၁၄ ဖြင့် အမှုဖွင့်ပြီး မြို့နယ် တရားရုံးသို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဦးနေမျိုးဇင် အပါအဝင်သုံးဦးကို ဒဂုံမြို့နယ်တရားရုံးသို့ ရုံးထုတ်စစ်ဆေးချိန်တွင် ၎င်းတို့နှင့်လိုက်ပါလာသည့် အဖွဲ့ဝင်များကို တရားရုံး ဝင်းအတွင်းသို့ ဝင်ခွင့်မပေးခဲ့သဖြင့် ဒေါ်နော်အုန်းလှက တရားရုံးအတွင်းသို့ ဝင်ရောက်ခြင်းမပြုဘဲ ရုံးပြင်တွင် ထိုင်၍ဆန္ဒပြခဲ့ရာ တရားရုံး ဝန်းကျင်တွင် ဆယ်မိနစ် ခန့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပြီးမှ ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှ တရားရုံးတံခါးဖွင့်ကာ ပြည်သူများကို ဝင်ခွင့်ပေးခဲ့သည်။

ကျောက်ဆည်ခရိုင်ရှိ “ပန်ဒါ” ချည်မျှင်စက်ရုံ ၀န်ထမ်း ၈၀၀ ခန့် စက်ရုံအတွင်း ၀င်ခွင့်မရ

မေစစ်ပိုင်

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ ပလိပ်မြို့ရှိ “ပန်ဒါ” ချည်မျှင်စက်ရုံ၏ ဝန်ထမ်း ၈၀၀ ခန့်သည် အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်တွင် လက်မှတ် မထိုးကြသဖြင့် ၎င်းတို့အား စက်ရုံတွင်းသို့ ပေးမဝင်ကြောင်း သိရသည်။

“အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်လို့ ခေါင်းစဉ်တပ်ပြီး သူတို့ဘာသာ တဖက်သတ် ဆွဲထားတဲ့ စာချုပ်ကို သဘောမတူဘူး။ စာချုပ် ရေးလိုက်မှန်းတောင် မသိဘဲ လက်မှတ်ထိုးခိုင်းနေလို့ မထိုးကြတာ။ လက်မှတ် မထိုးတဲ့သူကို စက်ရုံထဲ ဝင်ခွင့်မပေးလို့ ကျနော်တို့တွေက ဝင်ခွင့်ရဖို့ ကြိုးပမ်းနေကြတာ” ဟု အဆိုပါ စက်ရုံတွင် နှစ် ၂၀ ကျော် အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး ထိုစက်ရုံ အလုပ်သမား သမဂ္ဂတွင် ဥက္ကဌ ဖြစ်သူ ဦးဝင်းထွန်းညွန့်က ဧရာဝတီကို ပြောသည်။

ပန်ဒါ” ချည်မျှင် စက်ရုံသည် စက်မှုဝန်ကြီး ဌာနမှ ပုဂ္ဂလိက ငှားရမ်းလုပ်ကိုင်ခွင့် အဖြစ် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်တွင် စတင် ရရှိထားပြီး၊ စက်ရုံအုပ်ချူပ်သူများက အလုပ်သမားများအား အသိမပေးဘဲ အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ကို တဖက်သတ် ရေးဆွဲခဲ့ပြီးနောက် စာချုပ်တွင် လက်မှတ် ရေးထိုးခိုင်းခြင်း ဖြစ်သည်။

အဆိုပါ စာချုပ်တွင် လက်မှတ်မထိုးသည့် ဝန်ထမ်းတိုင်းကို စက်ရုံအတွင်း ဝင်ခွင့်မပေးသည့် အတွက် အလုပ်သမားများက ဝင်ခွင့်ရရှိရန် စောင့်ဆိုင်းနေသည်မှာ ဒီဇင်ဘာ ၂၅ ရက်မှ ယနေ့အချိန်ထိ ၆ ရက် ရှိနေပြီဖြစ်ကြောင်း ဦးဝင်းထွန်းညွန့်က ဆက်ပြောသည်။

အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးကြသည့် ဝန်ထမ်းများအား ထောက်ပံ့ကြေး အပါအဝင် မူလလစာ အတိုင်းသာ ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း၊ မူလအတိုင်း ဝန်ထမ်းအိမ်ရာတွင်လည်း ဆက်လက် နေထိုင်ခွင့် ပြုမည် ဖြစ်ကြောင်း၊ စာချုပ်အား လက်မှတ် မရေးထိုးသူများကို ဆက်လက် အလုပ်လုပ်ကိုင်ရန် ဆန္ဒမရှိဟု ယူဆပြီး ဒီဇင်ဘာ ၂၂ ရက်မှ စတင်ကာ လုပ်ခ၊ လစာ ခံစားခွင့် ရရှိမည် မဟုတ်ကြောင်း အသိပေး ကြေညာချက်ကို “ပန်ဒါ” ချည်မျှင် စက်ရုံ၏ အုပ်ချုပ်မှု အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်နှင့် ပတ်သတ်ပြီး ဦးဝင်းထွန်းညွှန့်က “ဒီလ လစာကိုတော့ ရအောင် အရင်လုပ်မယ်။ အစိုးရဘက်နဲ့ စက်ရုံဘက်က ဘယ်သူမှ ကျနော်တို့ကို လာပြီး ညှိနှိုင်းတာမျိုး မရှိသေးဘူး။ ညှိနှိုင်းခွင့် ရရင်တော့ ဝန်ထမ်း အားလုံးရဲ့ သဘောထား ကြေညာချက်အတိုင်း လုပ်မှာပဲ။ ကျနော်တို့က နိုင်ငံဝန်ထမ်း အခွင့်အရေးတွေကို တောင်းတာ” ဟု ပြောသည်။

အဆိုပါ စက်ရုံကို ပုဂ္ဂလိကသို့ လွဲပြောင်းပေးပြီးနောက် ၂၀၁၄ ခုနှစ် ဧပြီလ အတွင်းက စက်ရုံအုပ်ချုပ်မှု အဖွဲ့က အစိုးရက သတ်မှတ်ထားသည့် အလုပ်သမား အခွင့်အရေးများကို မပေးခြင်း၊ အသက် (၅၅) နှစ် ပြည့်သူများကို အလုပ် ဆက်မခန့်ခြင်း၊ လျော်ကြေးပင်စင် မပေးဘဲ အလုပ်ဖြုတ်ပစ်ခြင်းများကြောင့် အလုပ်သမား ၅၀၀ ကျော်က ၈ ရက်ကြာ ဆန္ဒပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီး ဦးသန်းစိုးမြင့် ကိုယ်တိုင် ဝင်ရောက် ညှိနှိုင်းခဲ့ရကြောင်း သိရသည်။

တေးနုယဉ်အမှု အဖြစ်မှန်ပေါ်ပေါက်စေလို မိသားစုဝင်တွေပြော

DVB

စကျင်ကျောက် တူးဖော်မှု အရေးယူတားဆီးခြင်း မရှိဟုဆို

အောင်ကိုဦး

မတ္တရာမြို့နယ်၊ ယက္ကန်းစင်တောင် တောင်ကြောတွင် ကုမ္ပဏီများက စကျင်ကျောက် တူးဖော်နေခြင်းကို တိုင်းအစိုးရ အဖွဲ့သို့ အကြိမ်ကြိမ် တိုင်ကြားမှုများနှင့် ဆန္ဒဖော်ထုတ်တောင်းဆိုမှုများ လုပ်ဆောင်ခဲ့သော်လည်း အရေးယူတားဆီးမှုများ မရှိသည့်အပြင် ကုမ္ဗဏီများမှ ဆက်လက်တူး ဖော်နေကြသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ တောင်းဆိုဆန်္ဒပြတယ်။အစိုးရအဖွဲ့ကို တိုင်ကြားတာတွေ လုပ်ထားတယ်။ ဒါပေမဲ့ တိကျတဲ့ဆောင်ရွက်မှုဘာ တစ်ခုမှ မရှိဘူး။ ကုမ္ပဏီကလည်း ဒီနေ့အချိန်ထိ ထွက်မသွားသေးဘူး။ ကျွန်တော်တို့ကတော့ ထွက်သွားတဲ့အထိ လှုပ်ရှားသွားမယ်။ တရားဝင်လာလည်း အလုပ်မခံနိုင်ဘူး။ တရားမ၀င်လာ လုပ်လည်း လုံးဝလက်မခံဘူး” ဟု ယက္ကန်းစင်တောင် ကျေးရွာမှ ဦးဝင်းထွေး က ပြောသည်။

ကုမ္ပဏီများ ထွက်ခွာသွားရန်နှင့် ဆက်လက်တူးဖော်ခြင်းများ မပြုလုပ်ရန် ဆန္ဒဖော်ထုတ်တောင်းဆိုမှုကို ဒီဇင်ဘာ ၂၀ ရက်တွင် ဒေသခံ ၅၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့ပြီး တိုင်းအစိုးရအဖွဲ့သို့ တိုင်ကြားစာများ ပို့ခဲ့ကြောင်း သိရသည်။

“ဘုန်းကြီးတို့ကတော့ ဒီဒေသကိုလာပြီး မလုပ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သာသနာ့နယ်မြေဖြစ် နေလို့ပဲ။ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေထိုင်တဲ့ ဒေသကိုတော့ မဖျက်ဆီးစေချင်ဘူး။ ဗုဒ္ဓဘာသာအစိုးရ အနေနဲ့ နားလည်သင့်တယ်။ ယက္ကန်းစင်တောင် ဆို တာ မြန်မာတင်မကဘူး။ ကမ္ဘာက အသိအမှတ်ပြုတဲ့ နေရာပါ။ ဘုန်းကြီးတို့ ဒေသခံတွေက ဘာနိုင်ငံရေးမှ မလုပ်ဘူး။ ဘာမှ နားမလည်ဘူး။ ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့တွေကိုရော၊ ကုမ္ဗဏီတွေကိုရော ဘုန်းကြီးအနေနဲ့ထွက်ခွာပေးဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ယက္ကန်းစင်တောင် ဆရာတော် ဦးဝိမလက မိန့်ကြားသည်။

အဆိုပါကုမ္ပဏီများသည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှ စတင်ဝင်ရောက် တူးဖော်စဉ်ကပင် ဆရာတော်ကြီးများနှင့် ဒေသခံများမှ သွားရောက်တွေ့ဆုံတားမြစ်မှုများ လုပ်ခဲ့ကြောင်း၊ တိုင်းအစိုးရအဖွဲ့ သတ္တုတွင်းဝန် ကြီးဌာနသို့ နိုဝင်ဘာ ၂၁ ရက်တွင် ပထမ အကြိမ်တိုင်ကြားစာပို့ခဲ့ကြောင်း သို့ရာတွင် ဆက်လက်လုပ် ကိုင်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးမှူးကလည်း ကုမ္ပဏီများကို ကျောက်ထုတ်လုပ်မှု ရပ်နားခိုင်းထားသည်ဟု ဆိုသည်။ ခိုင်မာတိုးကျောက်တူးဖော်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလည်း လုပ်ငန်းများ လောလောဆယ်တွင် ရပ်နားထားသည်ဟု ဆိုသည်။

အဆိုပါဒေသတွင် လာရောက်တူးဖော်နေသောကုမ္ပဏီများမှာ ခိုင်မာတိုး၊ ဦးတော်တော်၊ ရာဇာမင်းမင်း တို့ဖြစ်ပြီး ယက္ကန်းစင်တောင်အနီးတွင် ခိုင်မာတိုးကုမ္ပဏီမှ တူးဖော်နေခြင်းဖြစ်သည်ဟု သိရသည်။

ဒေသခံများက ကုမ္ပဏီများ ဆက်လက် တူးဖော်နေပါက ကန့်ကွက်တားဆီးမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဟု ဆိုသည်။

အဆိုပါတောင်ကြောကို မှီခိုနေထိုင် စားသောက်ကြသော ရွှေဂုဏ်တိုင်၊ ညောင်ပင်ရွာ၊ ရွှေဒုံး၊ ငှက်စာနှင့် ကျောက်ပတ္တမြား ကျေးရွာများ ရှိ ဒေသခံများသည် ၀ါးခုတ် မျှစ်ချိုးလုပ်ငန်းနှင့် စိုက်ပျိုးရေးသာ လုပ်ကိုင်စားသောက်ကြသည်။

ကုမ္ပဏီများမှ တောင်ကြောများကို ၀န်းခြံခတ်၍ ကန့်သတ်နယ်မြေများ ပြုလုပ်ထားသောကြောင့် ဒေသခံများမှာ ဖြတ်သန်းသွားလာရန် ခက်ခဲပြီး စားကျက်မြေများ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ယှဉ်ပြိုင်ရန် မဆုံးဖြတ်ရသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ထက်နိုင်ဇော်

ပြည်တွင်းအင်အားကြီး အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် မဆုံးဖြတ်ရသေးဘဲ ဖြစ်ပေါ်လာသည့် အခြေအနေ များပေါ် မူတည်၍ ရွေးကောက်ပွဲ ၀င်၊ မ၀င် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ NLD ရုံးတွင် ကျင်းပသည့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ၏ သတင်းစာ ရှင်းလင်း ပွဲတွင် သတင်းထောက်တချို့၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည် ဖြေကြား လိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမယ်ဆိုတဲ့ တရားဝင် ကြေညာတဲ့အခါကျရင် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီရွေးကောက်ပွဲမှာ ၀င်ပြီး ယှဉ်ပြိုင်မှာလား ၊ မယှဉ်ပြိုင်ဘူးလားဆိုတာကို တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။ ပြောရမှာ အခုချိန်က သိပ်စောပါသေးတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် မယှဉ်ပြိုင်ခဲ့ရခြင်းမှာ ပါတီဝင်များ အကျဉ်းကျနေ၍ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင်မူ နိုင်ငံရေး အပြောင်းအလဲကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲ ၀င်၊ မ၀င် နိုင်ငံရေး အခြေအနေပေါ် မူတည်၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အခုကျတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လို စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေ ထုတ်ဦးမှာလဲ ဆိုတာလည်း အန်တီတို့ မသိသေးဘူုးလေ။ အဲဒါတွေ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်ကို NLD က စည်းရုံးရေးနှစ် အဖြစ် သတ်မှတ်ထားပြီး ရွေးကောက်ပွဲ တခုတည်း အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဒီမိုကရေစီ အမြစ်တွယ်ရေးအတွက် ပြည်သူ အားလုံး ပါဝင်လာအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတာလည်း စည်းရုံးရေးပဲ။ ရွေးကောက်ပွဲတခုတည်း နိုင်အောင် လုပ်တာဟာ စည်းရုံးရေး မဟုတ်ပါဘူး။ ဒါဟာ အင်မတန်မှ ကျဉ်းမြောင်းတဲ့ အမြင်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိ ဦးသိန်းစိန်အစိုးရ၏ပြုပြင်ပြောင်းလဲရေးကို ထိရောက်မှု မရှိသော ပြုပြင်ပြောင်းလဲရေးအဖြစ် ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်ခဲ့ပြီး လတ်တလောဖြစ်ပွားနေသော လက်ပံတောင်းတောင် ပဋိပက္ခတွင် ပြဿနာ ပြေလည်ရေးနှင့် နိုင်ငံ အကျိုးဖြစ်ထွန်းရေး ဖြစ်စေလိုကြောင်း၊ ဒေါ်ခင်ဝင်းသေဆုံးမှုနှင့်ပတ်သက်၍ ထိရောက်သော အရေးယူမှု မဖြစ် မနေ လိုအပ်ကြောင်း၊ NLD အနေဖြင့် ရွေးကောက်ပွဲတွင် မဲရရရေးအတွက် ပြည်သူကို မဖြစ်နိုင်သော ကတိများ ပေးမည် မဟုတ် ကြောင်း ရှင်းလင်းပြောဆိုသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် PR လျှောက်လွှာတွေ စတင်ထုတ်ပေး

DVB

အံဒင် ကျောက်မီးသွေး စက်ရုံတည်ဆောက်ရန် ပြည်တွင်း ကုမ္ပဏီတစ်ခု တိုယိုထိုင်းနှင့် ပူးပေါင်းမည်

ကွန်းချမ်း

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အံဒင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်နိုင်ရန် ကြိုးပမ်းနေသည့် Toyo Thai Corporation Public Co., Ltd (TTCL) နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း စီမံကိန်းဒေသအနီးတွင် မြေယာအများအပြား ဝယ်ယူထားသည့် လင်းရောင်ခြည်ဦးကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ မိဌေးဌေးဝင်းက ပြောသည်။

၎င်းက “ဂျပန်ခရီးကို လေ့လာပြီးမှ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာ” ဟု ပြောသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး စီမံကိန်းနေရာနှင့် မိုင် ၂၀ ကွာဝေးသည့် မော်လမြိုင် - ရေး ကားလမ်းမပေါ်ရှိ ပုပ္ဖဝတီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားအပြီးတွင် မိဌေးဌေးဝင်း က ပြောကြားခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂ ရက်တွင် လင်းရောင်ခြည်ဦး ကုမ္ပဏီမှ စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င်အံဒင်ဒေသခံများ၊ မွန်ပြည်နယ် အခြေစိုက် သတင်းထောက်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ် စားလှယ်များ စုစုပေါင်း ၃၀ ဦးခန့် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ထိုင်းနှင့် ဂျပန်နိုင်ငံရှိ ကျောက်မီးသွေး စက်ရုံ သို့ သွားရောက်လေ့လာရန် Toyo Thai ကုမ္ပဏီက စေလွှတ်ခဲ့သည်။

အံဒင် ကျောက်မီးသွေးစက်ရုံ စီမံကိန်း တာဝန်ခံ မိနီနီစံကလည်း “ကျွန်မတို့ စီမံကိန်းတစ်ခုကို အကောင် အထည်ဖော်ရင် ဒေသထဲက လုပ်ဖော်ကိုင်ဖက်တွေ လိုအပ်တယ်လေ။ ဒါ့ကြောင့် လင်းရောင်ခြည်ဦး ကုမ္ပဏီကို လက်တွဲဖို့ ကမ်းလှမ်းတာ” ဟု ပြောသည်။

လင်းရောင်ခြည်ဦး ကုမ္ပဏီသည် မြေယာများစတင်ဝယ်ယူစဉ်က ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည် မဖော်နိုင်အောင် လယ်မြေများကိုလက်ဦးမှုယူပြီး ၀ယ်ယူထားခြင်းဖြစ်သည်ဟု ဒေသခံများအား ပြောကြားခဲ့သည်။ လက်ရှိတွင် မြေဧက ၄၀၀ ခန့်ကို ၀ယ်ယူထားပြီး ဖြစ်သည်ဟုလည်း မိဌေးဌေးဝင်းက ပြောသည်။

စက်ရုံစီမံကိန်းသည် လက်ရှိတွင် လေ့လာသည့်အဆင့်၊ ဒေသခံ ပြည်သူများအား တွေ့ဆုံရှင်းလင်းသည့် အဆင့်သာ ရှိသေးသည့်အတွက် Toyo Thai နှင့် မည်သို့ ပူးပေါင်းသွားမည်ကို အသေးစိတ် မပြောနိုင် သေးကြောင်း ၎င်းက ပြောသည်။

ကုမ္ပဏီနှစ်ခု ပူးပေါင်းလိုက်ရန်ဆုံးဖြတ် လိုက်ခြင်း၊ တွေ့ဆုံပွဲတွင် ပြည်နယ်လျှပ်စစ်ဝန်ကြီးက ရေးမြို့နယ် လျှပ်စစ်မီးရရှိရန် မဖြစ်မနေ လုပ်ဆောင်သွားမည်ဟု ပြောကြားခြင်း၊Toyo Thai ကုမ္ပဏီဥက္ကဋ္ဌ နှင့် အမှု ဆောင်အရာရှိချုပ်က အဆင့်မြင့် နည်းပညာကို အသုံးပြုပြီး ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးမည်ဟု ကတိပေးခြင်းတို့ကြောင့် ဒေသခံ များမှာ စက်ရုံတည်ဆောက် မည်ကို ပိုမိုစိုးရိမ်လျက်ရှိသည်။

ဒေသခံ သံဃာတော်များက အဆိုပါ စက်ရုံစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ခြင်းမပြုရန် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးချုပ်နှင့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးထံသို့ မေတ္တာရပ်ခံခဲ့သေးသည်။

ဆူနာမီ လှိုင်းကြားက အမျိုးသမီးငယ်လေး တဦး၏ ဘဝ

ဧရာဝတီ

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသ တခုမှ အသက် ၂၀ အရွယ် မမေအေးနွယ်သည် ပိုမိုကောင်းမွန်သည့် ဘ၀တခု ရှာဖွေရန် ထိုင်းနိုင်ငံသို့ နယ်စပ်မှတဆင့် သွားရောက်မည့် လှေငယ်တစင်းနှင့် လိုက်ပါလာချိန် အိန္ဒိယ သမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော ဆူနာမီလှိုင်းဒဏ်နှင့် ကြုံခဲ့ရသည်။

ထိုသို့ ဆူနာမီလှိုင်းဒဏ် ကြုံရပြီး ၁၀ ရက် အကြာတွင် သမီးဖြစ်သူ သေဆုံခဲ့ပြီဖြစ်ကြောင်း ပြောကြားသည့် ဖုန်းခေါ်ဆိုမှု တခုကို မမေအေးနွယ်၏ မိခင် လက်ခံ ရရှိခဲ့သည်။ သို့သော် သမီးဖြစ်သူ၏ ရုပ်အလောင်းကို မည်သည့်နေရာတွင် မြှပ်နှံထားသည်ကိုမူ မသိရှိရကြောင်း ၎င်းက ဆိုသည်။

“ကျမရဲ့ကလေး ပျောက်ဆုံးနေတာလို့ အချိန်အကြာကြီး ယုံကြည်ထားခဲ့ပါတယ်”ဟု မျက်ရည်များဖြင့် မမေအေးနွယ်၏ မိခင်ဖြစ် သူ ဒေါ်အေးပုက သတင်းလာရောက် မေးမြန်းသူများကို ပြောဆိုခဲ့သည်။

၎င်းတို့သည် မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ် အတွင်းရှိ ကျေးရွာလေး တခုတွင် နေထိုင်ပြီး အသက်မွေးဝမ်းကျောင်း လုပ် ငန်း အဖြစ် ရာဘာစေးခြစ်ခြင်း လုပ်ငန်းကို လုပ်ကိုင် အသက်မွေးကြသူများ ဖြစ်သည်။

ဆူနာမီ ဖြစ်ပေါ်ခဲ့မှု ၁၀ နှစ်ပြည့်တော့မည့် အချိန်တွင် အသက် ၅၅နှစ် အရွယ် မုဆိုးမ ဒေါ်အေးပု အတွက် နောက်ဆုံး စိတ်ဖြေသိမ့် ဖွယ်ရာများ ပေါ်ပေါက်လာသည်။

ထိုဖြစ်ရပ်မှာ ဆူနာမီ အပြီးတွင် မမေအေးနွယ်၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့ပြီး အမည်မသိ သင်္ချိုင်းတခုတွင် မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ပါသည်။ သေဆုံးသူများ၏ ကမ္ပည်း ကျောက်တိုင်များကို အမည်နှင့် မဟုတ်ဘဲ နံပါတ်များနှင့် ရေးထိုးထားသည်။

သေဆုံးသူ မည်သူမည်ဝါဖြစ်သည့် အမှန်တရားကို သိရှိနိုင်ရန် ၁၀နှစ် နီးပါး ကာလ ကြာမြင့်ခဲ့ပါသည်။ ယနေ့ အချိန်တွင် သဘာဝ ဘေးအန္တရာယ်၏ မေ့ပျောက်ခံ သားကောင်များ အတွက် အမှတ်ရစရာ တခုအနေဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဆူနာမီ လှိုင်းဒဏ် ခံခဲ့ရပြီး သေဆုံးခဲ့ကြသည့် သားကောင်များ၏ သုသာန် တခုတွင် အခြားသော အမည်မသိသူ ၄၀၀ ကျော်နှင့် အတူ မမေအေးနွယ် လည်း လဲလျောင်း ရှိနေပါသည်။

AP သတင်းဌာနက မမေအေးနွယ်၏ မိခင် အပါအ၀င် ဆူနာမီလှိုင်းကြောင့် သေဆုံးသွားသူ ၂ဦး၏ မိသားစု ၂ ခုကို စုံစမ်း ရှာဖွေရေး ကူညီပေးခဲ့သည်။

“ကျမ အခုဘယ်လို ၀မ်းနည်း၊ ၀မ်းသာ ခံစားနေရတယ် ဆိုတာကို ပြောပြလို့တောင် မရနိုင်ပါဘူး”ဟု သေဆုံးသွားသူ မမေအေးနွယ်၏ မိခင်ဖြစ်သူ ဒေါ်အေးပုက AP ကို ပြောဆိုသည်။

ထိုသို့ ရှာဖွေတွေ့ရှိမှုက မမေအေးနွယ်၏ မိသားစု အတွင်းတွင် ဘ၀သစ် တခုကို ရောက်ရှိသွားခဲ့သော ချစ်ခင်ရသော သမီးနှင့် ပတ်သက်သည့် အမှတ်တရများကို ပြန်ပြီး အစဖော်သကဲ့သို့ ဖြစ်လာခဲ့သည်ဟု ဆိုသည်။

မမေအေးနွယ်၏ အိပ်မက်မှာ သူနာပြုဆရာမ တယောက် ဖြစ်လာရန် ရည်မှန်းထားသော်လည်း အခြားသော မြန်မာနိုင်ငံက နွမ်းပါးသူ အများစု လုပ်ကိုင်ကြသကဲ့သို့ ထိုင်းနိုင်ငံတွင် ငွေရှာဖွေရန် ထွက်သွားခဲ့ခြင်း ဖြစ်သည်။

မမေအေးနွယ်သည် ကလေးအရွယ် ကတည်းကပင် သူငယ်ချင်း ဖြစ်ခဲ့သူ မခင်ထွေးရီနှင့် အတူ သူတို့ရွာမှ မိုင် ၆၀၀ ကျော်ဝေးသော မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းသို့ ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။

ထိုမှတဆင့် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၀နာရီ အချိန်ခန့်တွင် ကပ္ပလီ ပင်လယ်ပြင်ကို ဖြတ်၍ ထိုင်းနိုင်ငံသို့ သွားရောက်မည့် လှေတစီးပေါ်သို့ သူတို့ တက်ရောက်ခဲ့ကြသည်။ ခရီးချိန် ၁၅ မိနစ်မျှသာ ကြာမည် ဖြစ်ပါသည်။

ထိုနေ့ နံနက် အစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဆူမတြား ကမ်းရိုးတန်း အနီး ပင်လယ်ကြမ်းပြင်တွင် ပြင်းအား ၉.၁ ရှိသည့် မြေငလျင် တခု လှုပ်ခတ်ခဲ့ရာ တန်ချိန်ပေါင်း ဘီလီယံနှင့်ချီသော ရေများ လှုပ်ရှားသွားပြီး အိန္ဒိယ သမုဒ္ဒရာ အတွင်းသို့ လှိုင်းလုံးများ တိုးဝင် သွားခဲ့သည်။

အချို့နေရာများတွင် လှိုင်းလုံးများသည် ဂျက်လေယာဉ် တစီး၏ အရှိန်နှင့် ဖြစ်သည်။ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လူ ၂၃၀,၀၀၀ ခန့် သေ ဆုံးခဲ့ကြသည်။

ထိုင်းနိုင်ငံ ကပ္ပလီပင်လယ် ကမ်းရိုးတန်းတွင် လူပေါင်း ၅၀၀၀ ကျော်သေဆုံးခဲ့ပြီး လှိုင်းလုံးများက အပန်းဖြေ ကမ်းခြေများနှင့် တံငါရွာများကို ၀ါးမျိုသွားခဲ့သည်။

ငြိမ်သက်နေသော ပင်လယ်ပြင်သို့ လှေဖြင့် ထွက်လာပြီး မိနစ်အနည်းငယ် အကြာတွင် လှုပ်ရှားလာခဲ့သည်ဟု အသက်ရှင်လွတ် မြောက်လာခဲ့သော မခင်ထွေးရီက ပြောပြသည်။ သူနှင့် မမေအေးနွယ်တို့သည် အရင်က ပင်လယ်ပြင်ကို တခါမျှ မမြင်ဘူးခဲ့ကြောင်းနှင့် လှိုင်းများက ပုံမှန် မဟုတ်သည်ကို သတိမပြုမိခဲ့ကြောင်းလည်း မခင်ထွေးရီက ပြောသည်။

သူတို့ လိုက်ပါလာသောလှေသည် တဖျတ်ဖျတ် လှုပ်ခါလာပြီး လှေပေါ်တွင် ထိတ်လန့် တုန်လှုပ်မှုနှင့် အော်ဟစ်သံများ ကသောင်း ကနင်း ပြေးလွှား လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ရာ သူ၏ သူငယ်ချင်းနှင့် ခွဲခွာခဲ့ရသည့် နောက်ဆုံးအချိန် အခိုက်အတန့်များကို ယခု အချိန်အထိ ကြောက်လန့်နေမိဆဲ ဖြစ်သည်ဟု မခင်ထွေးရီက ဆိုသည်။

“ကျမတို့ တယောက်ကိုတယောက် အတင်း ဖက်ထားကြတယ်။ သူက ကျမကို ဆွဲထားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျမသူ့ကို တွန်းဖယ်ခဲ့ရတယ်။ ကျမ ဘာမှ မတတ်နိုင်တော့ဘူး။ ကျမရဲ့အသက် အတွက် ရုန်းကန် ခဲ့ရတယ်။ ကျမ သူ့ကို မကယ်နိုင်ခဲ့ဘူး”ဟု မခင်ထွေးရီက ပြောပြသည်။

ရေတွင် မျောနေသည့် ပလတ်စတစ်ပုံး တပုံးကို ဆွဲကိုင်မိခဲ့သည့် အတွက် အသက်ရှင်ခဲ့ရသည်ဟု မခင်ထွေးရီက ဆက်ပြောသည်။ ပင်လယ်တွင်း ၁ နာရီခန့် ကြာပြီးနောက် ကမ်းခြေ တခုသို့ ရောက်ရှိသွားခဲ့သည်ဟု သူက ပြောသည်။

ထိုင်း နိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ခဲ့ရသည်။ ဘာတွေ ဖြစ်ခဲ့သည်ကို ထိုင်းအာဏာပိုင်များထံ သတင်းပို့ရန်လည်း အလွန် ကြောက်ရွံ့ ခဲ့ရသည်ဟု မခင်ထွေးရီက ဆိုသည်။ တရားမ၀င် အလုပ်သမားတယောက် အဖြစ်နှင့် ထိုင်းနိုင်ငံတွင် ၂ နှစ် နေထိုင်ခဲ့ပြီး နောက် ဇာတိသို့ ပြန်လာကာ မိသားစု တခု စတင် ထူထောင်ခဲ့သည်ဟုလည်း သူက ပြောသည်။

မမေအေးနွယ်၏ အဖြစ်အပျက်သည် ထိုင်းတောင်ပိုင်း Ban Bangmuang မြို့ရှိ ဆူနာမီ သားကောင်များ၏ သုသာန်တွင် အမည် မသိ ရုပ်အလောင်း ၄၁၈ ခု မည်သည့် အတွက်ကြောင့် ရှိနေရခြင်းကို ရှင်းပြနေသကဲ့သို့ ရှိနေပါသည်။

၎င်းတို့ အထဲမှ အများစုသည် ထိုင်းလူမျိုးများ မလုပ်ချင်သည့် အလုပ်များ လုပ်ရန်အတွက် ရောက်ရှိလာသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများ ဖြစ်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

ယခုအချိန်အထိ ထိုဒေသများတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသူ အများအပြား ရှိနေပြီး ၎င်းတို့တွင် စာရွက်စာတမ်း အထောက် အထားများလည်း မရှိကြပါ။ သူတို့ သေဆုံးသည့်အခါ သူတို့ မည်သူမည်ဝါ ဖြစ်သည်ကို သိသော သူများကလည်း အာဏာပိုင်များဆီ သွားရောက် သတင်းပေးရန် အလွန်ကြောက်ရွံ့ကြသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများအတွက် ဆောင်ရွက်ပေးနေသော ဦးထူးချစ်က“သူတို့ ထဲက ၉၀ ရာခိုင်နှုန်းကျော်က မြန်မာရွှေ့ပြောင်း လုပ်သားတွေ ဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်”ဟု ပြောဆိုသည်။

“သူတို့ ချစ်ခင်တဲ့ သူတွေကို ဆုံးရှုံးခဲ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမား အများအပြားက အဖမ်းခံရမှာနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ ခံရမှာ ကြောက်ရွံ့ကြတယ်။ ဒါကြောင့် ဒီမှာ အလောင်းတွေ အများကြီး ရှိနေတာ ဖြစ်ပါတယ်”ဟုလည်း သူက ဆက်ပြောသည်။

AP ၏ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် သတင်းထောက်များက စာရွက်စာတမ်းမှတ်တမ်း ၁၀၀ ကျော်ကိုစစ်ဆေးခဲ့ရာ၌ အများစုမှာ နာမည်တခုသာ ရှိပြီး ဆက်သွယ်ရမည့် နေရာနှင့် ဖုန်းနံပါတ်များ မရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

အချို့မှာ မျိုးဗီဇ(DNA) အချက်အလက် ရှိသော်လည်း အများစုမှာ စာရင်းသွင်းထားသည့် နံပါတ်များသာ ဖြစ်သည်။

မမေအေးနွယ်၏ မှတ်တမ်း နံပါတ်မှာ PM66-TA1415 ဖြစ်သည်။

သူ၏ အလောင်းနှင့်အတူ မှတ်ပုံတင် ကတ်ပြားကိုပါ AP က တွေ့ရှိခဲ့ရသည့် အတွက် မည်သည့် အကြောင်းကြောင့် အမည်မသိ စာရင်းသို့ ရောက်ရှိရသည်ကို မရှင်းလင်းသဖြင့် ထိုမှတ်ပုံတင် ကတ်ပြားကို အသုံးပြုပြီး AP သတင်းဌာနက သူနေထိုင်ခဲ့ရာ ကျေးရွာ နှင့် သူ၏ မိခင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မမေအေးနွယ်၏ မိခင်ဖြစ်သူမှာ အလွန်ဆင်းရဲသဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး သမီးဖြစ်သူ၏ အလောင်းကို ပြန်လည် ရယူရန် သို့မဟုတ် ပြန်လည် သယ်ယူရန် မတတ်နိုင်ပါ။ သမီး၏ အလောင်းကို ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာနှင့် အညီ မြှုပ်နှံသင်္ဂြိုဟ် ထားခြင်း ဖြစ်လိမ့်မည်ဟုသာ သူက မျှော်လင့်ထားသည်။

“ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ သူ့ အလောင်းကို ထိန်းသိမ်းပေးခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကျမသမီးရဲ့ ကံကြမ္မာပဲပေါ့”ဟု ဒေါ်အေးပုက ငိုရှိုက်ရင်း ပြောဆိုသည်။ ။

10 Years After Tsunami, Burmese Victim’s Mom Learns Body Wasn’t Lost By JERRY HARMER & JOCELYN GECKER / THE ASSOCIATED PRESS ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

ရန်ကုန်စည်ပင် ရွေးကောက်ပွဲ ရလာဒ်များ ထုတ်ပြန်

DVB

ဆိုင်ကယ်မြို့တော် ဖြစ်နေသောမန်းတွင် ဆိုင်ကယ်စီးရေ လျှော့ချရန်မှာ မဖြစ်နိုင်

မျိုးသန့်

မန္တလေးမြို့သည် တစ်နေ့ထက် တစ်နေ့ဆိုင်ကယ်စီးရေ တိုးတက်များပြားလာပြီး ဆိုင်ကယ်နှင့် ပတ်သက်သော ယာဉ်တိုက်မှု ဖြစ်ပွားနေခြင်းကြောင့် အရေအတွက် လျှော့ချရန် တင်ပြမှုများရှိသော်လည်း မဖြစ်နိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဆိုင်ကယ်များမှာ စည်းကမ်းမဲ့မောင်း နှင်မှုကို အများဆုံးပြုလုပ်၍ ယာဉ်တိုက်မှု ဖြစ်စဉ်များတွင် အများဆုံး ပါဝင်နေခြင်း၊ အိုဟောင်းနေသော ဆိုင်ကယ်များမှာ လေထုညစ်ညမ်းမှုများကို ဖြစ်ပေါ်လျက် ရှိနေခြင်း တို့ကြောင့် လက်ရှိပမာဏထက် လျှော့ချရန် တင်ပြမှုများရှိခြင်း ဖြစ်သော် လည်း အခြေခံလူတန်းစားများ အသုံးပြုမှု များသောကြောင့် မဖြစ်နိုင်ကြောင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“မန္တလေးမှာ ဘတ်စ်ကားနဲ့ သွားလာတဲ့ ပုံစံမျိုးမရှိသလောက် နည်းတယ်။ ဆိုင်ကယ်နဲ့ပဲ ဘယ်ကိုမဆို သွားလာကြတာများတယ်။ အဓိကကတော့ အခြေခံလူတန်း စားတွေစီးတာလည်း များတယ်။ ဒါကြောင့် လျှော့ချဖို့ မဖြစ်နိုင်ပါဘူး။ လျှော့ချမယ့်အစား တခြားနည်းလမ်းတွေကို သုံးသွားမှာပါ” ဟု ၎င်းက ပြော သည်။

ထို့အတွက် မန္တလေးမြို့တွင် ဆိုင်ကယ်များ သီးသန့်မောင်းနှင်နိုင်သော လမ်းများ ဖောက်လုပ်ပေးခြင်း၊ သီးသန့်မောင်းနှင်သည့် လမ်းများမှ သွားလာစေရန် စည်းကမ်းများ တင်းကျပ်စွာ သတ်မှတ်ပေးခြင်း၊ ဆိုင်ကယ်အစား ဘတ်စ်ကားလိုင်းများကို တိုးချဲ့၍ သွားလာမှု လွယ်ကူစေရန် ဆောင်ရွက်ခြင်းတို့ကို လုပ် ဆောင်ပေးသွားရန် စီစဉ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

မန္တလေးမြို့တွင်း သွားလာရေးအဆင်ပြေစေရန် မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် အခြားသော သက်ဆိုင်ရာ ဌာနပူးပေါင်း၍ စာတမ်းများ ပြုစုသွားမည် ဖြစ်၍ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်ကာလ အလိုက် စည်းကမ်းချက်များ သတ်မှတ်လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။

မန္တလေးမြို့၌ ဇန်န၀ါရီမှ နိုဝင်ဘာအထိ ယာဉ်တိုက်မှု ၃၉၀ ဖြစ်ပွားခဲ့ရာတွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု ၂၆၈ မှုဖြစ်ပွားခဲ့ ၍ သေဆုံးသူ ၁၁၇ ဦး၊ ဒဏ် ရာရသူ ၂၇၃ ဦး ဖြစ်ပွားခဲ့ကြောင်း အမှတ် (၁၁)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံး (မန္တလေး) ရှိ စာရင်းများ တွင် ဖော်ပြထားသည်

လင်းခေးမှ သစ်တောဝန်ထမ်း ၄ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

နန်းမြနဒီ

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်ထဲမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်လို့ သစ် တောဝန်ထမ်း ၄ ဦး သေဆုံးပြီး ၂ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။

သစ်တောဝန်ထမ်း ၆ ဦးဟာ ၀မ်စလောင်းကျေးရွာအနီးမှာ ဖမ်းဆီးထားတဲ့ သစ်လုံးတွေကို စစ်ဆေးတိုင်းတာအပြီး အပြန် လင်းခေးနဲ့ဝမ်ဟတ်ရွာကြီးအကြားမှာ ပစ်ခတ်ခံရတာလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံး မှုခင်းဌာနက ဒုရဲအုပ် မြတ်မင်းစိုးက ဒီဗွီဘီကို ပြောပါတယ်။

လင်းခေးနဲ့ဝမ်ဟတ်ရွာကြီးအကြား ကားလမ်း မိုင်တိုင် အမှတ် ၁၆/၃ နဲ့ ၁၆/၄ ကြားမှာ သေဆုံးတဲ့ ခရိုင်အဆင့်လက်ထောက်ညွန်ကြားရေးမှူးနဲ့ လင်းခေးမြို့နယ်အဆင့် တောခေါင်း ၂ ဦးနဲ့ မောက်မယ်မြို့နယ် တောခေါင်း ၁ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူတွေ အပြောကို ကိုးကားပြီးသူက “၂၇ ရက်နေ့မှာ ပါဂျဲရိုးကားတစ်စီး၊ ဆိုင်ကယ် ၂ စီးနဲ့ ၀မ်စလာင်းရွာမှာ ဖမ်းထားတဲ့ သစ်လုံးတွေကို သွားတိုင်းခဲ့ပါတယ်။ အပြန်လမ်းမှာ ရှမ်းလက်နက်ကိုင် ၅ ဦးက တောထဲက ထွက်လာပြီး ရှေ့ကနေတားတယ်။ ရှေ့က ဆိုင်ကယ်နဲ့ အရင်သွားတဲ့ ဦးစစ်ထွေးကို ရှမ်းဘာသာနဲ့ လှမ်းမေးတယ်။ သူကနားမလည်တော့ အနောက်က လူကိုလှမ်းမေးရုံဘဲ ရှိသေးတယ်။ ဟိုက ပစ်ထည့်လိုက်တယ်လို့ ပြန်လွတ်လာတဲ့သူက ပြောပါတယ်။ ထွက်ပြေး လွတ်မြောက်လာသူ ၂ ဦးရှိပါတယ်။ သေဆုံးသူတွေရဲ့ဘေးမှာ အမ် ၂၂ အမျိုးအစား ကျည်ဆံ ၅ ထောင့်နဲ့ ကျည်မထွက်တဲ့ ကျည်ကပ် ၃ ထောင့် တွေ့ပါတယ်ခင်ဗျ။”


ဒီကိစ္စနဲ့ ပတ်သက်ပြီး ၀မ်ဟတ်ရဲစခန်းက တရားလိုအဖြစ် အမှုဖွင့်ပြီး နယ်မြေခံတပ်ရင်း၊ သတင်းတပ်ဖွဲ့တွေနဲ့ ပူးတွဲစုံစမ်းနေတယ်လို့ ဒုရဲအုပ်က ဆက်ပြော ပါတယ်။

ရှမ်းပြည်နယ်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတဦးကတော့ ဒီပစ်ခတ်မှုဟာ အကျိုးစီးပွား ဆိုင်ရာ ဆက်စပ်ပတ်သက်သလို ငြိမ်းချမ်းရေးဆောင်ရွက်တဲ့အပေါ် အခွင့်အကောင်း ယူပြီး သစ်ခိုးထုတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“ဖမ်းမိထားတဲ့ သစ်လုံးရေ တန်ချိန် ၂၀၀ ကျော် ရှိတယ်။ တာဝန်ရှိသူတွေက သွားစစ်ဆေးတဲ့အခါ အငြိုးအတေးနဲ့ ရန်ရှာပစ်ခတ်တယ်လို့ သုံးသပ်ပါတယ်။ ဒီအဖွဲ့ဟာ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးလုပ်နေတဲ့အဖွဲ့ဆိုရင် ကန့်ကွက် သွားမှာ ဖြစ်တယ်။”

အဲဒီအရပ်မှာ လှုပ်ရှားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလကတော့ သူတို့တပ်ဖွဲအပေါ် စွပ်စွဲမှုတွေနဲ့ပတ်သက်လို့ အခုလိုတုံ့ပြန်ပါ တယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေမှာ ကျနော်တို့အဖွဲ့ကို စွပ်စွဲထားတာတွေလည်း ဖတ်ရပါတယ်။ တခြားသတင်းဌာ နတွေလည်း မေးလာကြတယ်။ အမှန်က အဲဒီဒေသမှာ အစိုးရစစ်ကြောင်းရော၊ ဌာနပြည်သူ့စစ် ၂ ဖွဲ့ပါ လှုပ်ရှားနေပါတယ်။ ကျနော်တို့လည်း ကိုယ့်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ ပြန်စစ်နေသလို အဖွဲ့တိုင်းကလည်း ပြန်စစ်သင့်ပါ တယ်။ ကျနော်တို့အနေနဲ့တော့ အစိုးရနဲ့ တပြည်လုံးအပစ်ခတ်ရပ်လက်မှတ်ထိုးဖို့ ကြိုးစားနေတဲ့အချိန် ကိုယ်ကစပြီး ပစ်ခတ်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပါတယ်ခင်ဗျ။”

ရှမ်းပြည်နယ်အုပ်ချုပ်ရေးရုံး တာဝန်ရှိသူကတော့ သစ်တောဝန်ထမ်းတွေအနေနဲ့ နယ်မြေထဲကွင်းဆင်းတဲ့အခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မပါဘဲ မသွားဖို့ ညွှန်ကြားထားတယ်လို့ ပြောသွားပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ December, 31st,2014

( 40 )လက်ပံတောင်း သပိတ်စခန်းကို သတိပေး

( 39 )Did Burma close down the democratic reform in 2014?

( 38 )တရုတ်သံရုံးရှေ့ ဆန္ဒပြသူတွေ ဖမ်းဆီးခံရ

( 37 )Rangoon Polls Not Up to Scratch

( 36 )ရွေးကောက်ပွဲ ပညာပေးရေးနှင့် နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တအာင်းအဖွဲ့ သုတေသနလုပ်မည်

( 35 )Three Activists Arrested for Anti-Mine Protest in Rangoon

( 34 )မန္တလေးပဋိပက္ခအတွင်း အသတ်ခံရသည့် ကိုထွန်းထွန်းအမှု စီရင်ချက် အမိန့်ချမှတ်

( 33 )Myanmar's Suu Kyi says "too early" to commit to 2015 election

( 32 )၂၀၁၄ ပထမ နှစ်လယ်အထိ ပြည်တွင်း၌ မြေမြှုပ်မိုင်း အသုံးပြုမှု လျော့ကျ

( 31 )Burma Landmine Casualty Rate Among World’s Worst

( 30 )သွေးထိုးစည်းရုံးမှုတွေကြောင့် ပဋိပက္ခဖြစ်ပွားနေတာလို့ ဝမ်ပေါင်ကုမ္ပဏီ ပြောကြား

( 29 )Four forestry officers slain in Shan State

( 28 )ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ

( 27 )Myanmar's opposition undecided on contesting polls

( 26 )လက်ပံတောင်းတောင် ဒေသခံများ သပိတ်စခန်းဖွင့်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ

( 25 )UN urges Myanmar to grant rights to Muslim Rohingya

( 24 )၂ နှစ်အတွင်း မြန်မာ့ဘိန်းစိုက်ပျိုးမှု ဟက်တာ ၆ ထောင်မြင့်တက်

( 23 )Rohingya refugees find safe haven in Kashmir

( 22 )တူမောရိုးဂျာနယ် အယ်ဒီတာနဲ့ သတင်းထောက်ကို အာမခံပေး

( 21 )Suu Kyi Says NLD Not Yet Committed to 2015 Election

( 20 )အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

( 19 )Myanmar Protest, Scaffold Collapsed, Fireworks Fire

( 18 )ယူနီယံ ရွေးကောက်ပွဲတွေ ကို ကျောင်းသားများသမဂ္ဂ ကန့်ကွက်

( 17 )Water Woes for Residents of Chin State Capital

( 16 )အစ္စလာမ်ဘာသာဝင် ၂၀ ဦးအမှု အပြီးသတ်လျှောက်လဲမယ့်နေ့ရက် ဆုံးဖြတ်

( 15 )Taungup Residents Demand Marble Quarry Closure

( 14 )လက်ပံတောင်းတောင် ဒေသခံတွေ သပိတ်စခန်းဖွင့်

( 13 )Nay Myo Zin, Naw Ohn Hla arrested over Latpadaung protest

( 12 )UN calls for 'full Rohingya citizenship'

( 11 )ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ၃၃၀ မှာ ၀င်ရောက်ယှဉ်ပြိုင်မည်

( 10 )ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ ရွေးချယ် ခံရသူစာရင်း ကြေညာ

( 9 )Ditch grand military ceremony, spend money on development, say critics

( 8 )မြေမြှုပ်မိုင်းကင်းရှင်းရေး မြန်မာအလှမ်းဝေးဆဲ

( 7 )Latpadaung villagers tear down Wanbao fence

( 6 )အစိုးရတပ်နဲ့ ကေအိုင်အေတိုက်ပွဲ တစ်ဦး ကျဆုံး

( 5 )Burmese army captures KIA outpost near Hpakant

( 4 )လက်ပံတောင်းစီမံချက်စည်းရိုး တောင်သူတွေ ဖျက်ဆီးဆန္ဒပြ

( 3 )UN urges Myanmar to grant rights to Muslim Rohingya

( 2 )လက်ပံတောင်း ဒေသခံတွေ ဆက်လက်ဆန္ဒပြမည်

( 1 )Make Rohingya citizens

Tuesday, December 30, 2014

လုံခြုံရေး အင်အားအဖြစ် တာဝန်ချထားခြင်း မပြုရန် ကြက်ခြေနီအသင်း တောင်းဆို

မြတ်စုမွန်

ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် လူမှုဂရုဏာ လုပ်ငန်း၏ အရံအင်အား ဖြစ်သဖြင့် နိုင်ငံတော်၏ လုပ်ငန်းများတွင် လုံခြုံရေး အင်အားအဖြစ် တာဝန်ချထားခြင်းများ မပြုလုပ်ရန် ပြည်နယ်နှင့်တိုင်း အစိုးရများထံ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ညှိနှိုင်း တောင်းဆိုထားကြောင်း သိရသည်။

“ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကို လုံခြုံရေး အင်အားအဖြစ် ထည့်သွင်းတာကို ပြန်လည် ညှိနှိုင်းထားပါတယ်။ ပြန်ဖြေလျှော့ပေးဖို့ အတွက် သက်ဆိုင်ရာကို ရှင်းပြထားတယ်။ ဖြေလျှော့ပေးဖို့ အစီစဉ် ရှိတယ်လို့လည်း သိရတယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ပြန်ကြားဆက်သွယ်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်မြင့်က ပြောသည်။

လူမှုဂရုဏာ လုပ်ငန်းများကို လုပ်ဆောင်ရမည့် လွတ်လပ်သည့် အဖွဲ့အစည်းတခု အဖြစ် ရပ်တည်ရမည်ဟု ဆိုထားသော်လည်း အစိုးရ၏ လွှမ်းမိုးမှုများကို ခံနေရသည့်ဟု စွပ်စွဲခံနေရခြင်းများနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဘေးအန္တရာယ် ရင်ဆိုင်၊တုံ့ပြန်ရေးနှင့် လူမှုဂရုဏာ လုပ်ငန်းများတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ တာဝန်နှင့် ဝတ္တရားများ အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

“ကြက်ခြေနီ အသင်းကို ဒီထက် တိုးတက်စေချင်တယ် ဆိုရင် ပြည်သူက ရွေးကောက်တဲ့ စေတနာ့ ဝန်ထမ်းတွေနဲ့ ပြန်ဖွဲ့စည်း သင့်တယ်။ NGO ပဲ ဖြစ်သင့်တယ်။ အခုက အသင်းရဲ့ ဥက္ကဌက အစ အစိုးရက တိုက်ရိုက် ခန့်ထားတာ ဖြစ်နေလို့ တိုက်ရိုက် ပြန်ဖြုတ်လို့ ရနေတယ်” ဟု ကမာရွတ် မြို့နယ်၊ ကြက်ခြေနီ တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးခင်မောင်ထွန်းက ပြောသည်။

မြို့နယ်ကြက်ခြေနီ အသင်းများတွင် အသင်း၏ ဥက္ကဌ တာဝန်ကို မြို့နယ် ဆရာဝန်ကြီးအား လည်းကောင်း၊ ဒုဥက္ကဌ တာဝန်များကို မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် ပညာရေးမှူးအား လည်းကောင်း၊ အတွင်းရေးမှူး တာဝန်ကို မြို့နယ် ကျန်းမာရေး ဌာနမှ သွားဆရာဝန်အား လည်းကောင်း အသီးသီး ခန့်အပ်ထားရာ အားလုံးမှာ အစိုးရ ဝန်ထမ်းများ ဖြစ်နေခြင်းကြောင့် အစိုးရ၏ ပါဝင်ပတ်သက်မှု ရာနှုန်းပြည့် ရှိနေသည်ဟု အထက်ပါ ပုဂ္ဂိုလ်က ထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ ဖွဲ့စည်းပုံသည် အစိုးရ၏ ဖွဲ့စည်းပုံအတိုင်း ဖြစ်ပြီး၊ မဲစနစ်ဖြင့် ရွေးချယ်ထားခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ပြန်ကြားဆက်သွယ်ရေး ဌာန ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်မြင့်က ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအောက်တွင် အသင်းခွဲပေါင်း ၃၃၀ ကျော် ဖွဲ့စည်းထားပြီး၊ အသင်းဝင် အရေအတွက် ၁ သိန်းကျော် ရှိကာ၊ စေတနာ့ ဝန်ထမ်းပေါင်း ၄ သောင်းကျော် ရှိပြီး၊ တနှစ်လျှင် လူပေါင်း ၅ သိန်းမှ ၁ သန်း အတွင်းအား လူမှုဂရုဏာ ကူညီပေးရေး လုပ်ငန်းများ လုပ်ဆောင်ပေးလျှက် ရှိသည်ဟု အသင်း၏ စာရင်းဇယားအရ သိရသည်။

ကြက်ခြေနီ အသင်း၏ လုပ်ငန်းအများစုမှာ ပြည်ပ နိုင်ငံနှင့် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် လည်ပတ် နေရပြီး၊ ပြည်တွင်း အလှူရှင်များ၏ ပါဝင်ကူညီမှုမှာ နည်းပါးနေဆဲ ဖြစ်ကြောင်းလည်း အဆိုပါ အသင်းမှ သိရသည်။