Saturday, July 30, 2016

ဧရာဝတီမြစ်ရေတက်လာတာကြောင့် လူနဲ့တိရစ္ဆာန်တွေ ဘေးလွတ်ရာရွေ့ပြောင်း


ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ အသေးစိတ် ထုတ်ပြန်မည်ဟုဆို

ထက်နိုင်ဇော်


တိုင်းပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်နိုင်ရန်အတွက် ပံ့ပိုးပေးရန် လိုအပ်သည့် စွမ်းအင်ကဏ္ဍ၊ အခြေခံ အဆောက် အအုံ ကဏ္ဍတို့အတွက် အစိုးရအနေဖြင့် အသေးစိတ် မူဝါဒများ ထပ်မံ ထုတ်ပြန်ပေးသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “သံတမန်တွေ၊ စီးပွားရေးသမားတွေ စိတ်ဝင်စားတဲ့ ကိစ္စကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆိုင်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ အင်မတန် အရေးကြီးမှန်းသိလို့ကို အဲဒါအတွက် သပ်သပ် မူဝါဒစာတမ်း ထွက်ပါ လိမ့်မယ်။ ဒီနေ့ ထုတ်တာကတော့ ယေဘုယျ စီးပွားရေး မူဝါဒကို ထုတ်တာပါ”ဟု ပြောသည်။

ဇူလိုင်လ ၂၉ ရက်နေ့က တိုင်းပြည်၏ စီးပွားရေး မူဝါဒများ ထုတ်ပြန်သည့် အခမ်းအနားကို နေပြည်တော် MICC – 2 တွင် ကျင်းပခဲ့သည်။

အစိုးရ၏ စီးပွားရေး မူဝါဒများ ထုတ်ပြန်မှုတွင် အချက် ၁၂ ချက်သာ ပါဝင်ပြီး ယေဘုယျဆန်နေသဖြင့် လူမှုအသိုင်းအ၀ိုင်း က အားမလို အားမရနှင့် ဝေဖန်လျက်ရှိချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ် သည်။

“စွမ်းအင်၊ အခြေခံ အဆောက်အအုံနဲ့ ပတ်သက်ပြီးတော့လည်း သပ်သပ် အသေးစိတ် မူဝါဒ သဘောထားတွေ ထုတ်ပါ မယ်။ အဲဒါကတော့ အသေးစိတ် မေးတဲ့သူတွေ များနေလို့ပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အထူးသဖြင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံချင်သည့် ပုဂ္ဂိုလ်များက ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် မေးခွန်းများစွာ မေးကြောင်း၊ မေးခွန်းများတွင် မူဝါဒ၊ ဥပဒေများသာမက အခြေခံ အဆောက်အအုံနှင့် ပတ်သက်သည့် မေးခွန်းများလည်း ရှိကြောင်း သိရ သည်။

“နောက်ဆုံး ပြောရမယ်ဆိုရင် စွမ်းအင်နဲ့ လမ်းပန်းဆက်သွယ်ရေးပေါ့။ လမ်းပန်းဆက်သွယ်ရေးနဲ့ စွမ်းအင် ခိုင်ခံ့မှု မရှိဘူး ဆိုရင် စက်ရုံကြီးတွေ ဆောက်ဖို့ ဆိုတာကတော့ လေထဲမှာ တိုက်အိမ် ဆောက်သလိုပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

သူက ဆက်လက်၍ “စီးပွားရေး လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ရင်းနှီးမြှုပ်နှံချင်တယ်။ ပြီးတော့ ကျနော်တို့ကပဲ လမ်းဆောက်ရမယ်။ ကျနော်တို့ကပဲ လျှပ်စစ်ရအောင် လုပ်ရမယ်ဆိုရင် မလုပ်ချင်ဘူးလို့ ပြောတယ်။ ဒါကြောင့်မိုလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ကတော့ သပ်သပ်အသေးစိတ် မူဝါဒ ထုတ်ပြန်ပါ့မယ်”ဟုလည်း ပြောဆိုသည်။

အဆိုပါ စီးပွားရေး မူဝါဒ ထုတ်ပြန်သည့် အခမ်းအနားသို့ မီဒီယာများကို တက်ရောက် သတင်းရယူခွင့် မပြုဘဲ နောက်ပိုင်း တွင် လူဦးရေ အကန့်အသတ်ဖြင့်သာ ၀င်ရောက်ခွင့်ပေးခဲ့သည်။

၂၁ ရာစုပင်လုံညီလာခံကျင်းပမည့်အပေါ် နိုင်ငံရေးပါတီသဘောထား


မိုး


ငြိမ်းချမ်းရေးကော်မရှင်က နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ၀တပ်ဖွဲ့ကို ရှင်းပြ

DVB


ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နဲ့ပတ်သက်ပြီး ၀ တပ်ဖွဲ့ကို ရှင်းပြခဲ့တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောပါတယ်။

နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်မှာ ဒီနေ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဝ အထူးဒေသ ၂ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမှုအတွင်း အစိုးရဘက်က ရှင်းပြခဲ့တာလို့ တွေ့ဆုံမှုအပြီး မီဒီယာကို သူက ပြောခဲ့တာပါ။

“သြဂုတ်လဆန်းမှာ လုပ်မယ်ဆိုတဲ့ ဆွေးနွေးပွဲဆိုတာ ဘာလဲ၊ ဒီဟာကို သူတို့ သိပ်မရှင်းပါဘူးဆိုတော့ ကျနော်တို့က ဒီ မူဘောင်ကို ပြန်လည်သုံးသပ်မှာ ဖြစ်တယ်၊ မူဘောင်ပြီးရင် ပြန်လည်ပြင်ဆင်မှာ ဖြစ်တယ်၊ ဒီဆွေးနွေးပွဲဖြစ်တယ်ဆိုတာ ရှင်းပြခြင်း ဖြစ်ပါတယ်။”

ဝ ကိုယ်စားလှယ်ဘက်က ဗဟိုကော်မတီ ပြန်တင်ပြပြီး ဆွေးနွေးပွဲ တက်မတက် အကြောင်းပြန်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဇူလိုင် ၂၉ ရက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံတုန်းက ၀ ဘက်က နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ စာပေးခဲ့ပြီး ဒီစာထဲ ဘာပါတယ်ဆိုတာတော့ သူလည်း မသိဘူးလို့ ဦးခင်ဇော်ဦးက ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင် ဘက်ကဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး နဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်တို့ တက်ရောက်ခဲ့ကြပြီး ၀ ဘက်က “၀” ပြည်သွေစည်းညီညွတ်ရေးပါတီ ဗဟိုပေါလစ်ဗျူရိုအမြဲတမ်း ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ ဝ အထူးဒေသ ၂ နဲ့ မိုင်းလားအထူးဒေသ ၄ အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဆက်လက် ဆွေးနွေးနေကြတာဖြစ်ပြီး သြဂုတ် ၁ ရက်မှာ ကော်မရှင်နဲ့ မိုင်းလားအဖွဲ့တို့ ရန်ကုန်မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။

၂၁ ရာစုပင်လုံ ညီလာခံနဲ့ပတ်သက်လို့ ၀ အထူးဒေသ ၂ ရော၊ အထူးဒေသ ၄ မိုင်းလား ရောပါ နှစ်ဖွဲ့လုံးက ထောက်ခံတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ကြပါတယ်။

အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမယ့်သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျပဲ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေပြီး ပါဝင်သင့်သူတွေ ပါဝင်ခွင့်ရအောင် ဆွေးနွေးညှိနှိုင်းနေပါတယ်။

အင်းတော်မြို့နယ် ကွင်းချောင်းရွာမှ မတရားလယ်သိမ်းခံရသူများ ပြောစကား


အခွန်တံဆိပ်မကပ်ပဲ စားသုံးသူတွေဆီကအခွန်ကောက်


ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် သေဆုံးသွားသည့် ရခိုင်တိုင်းရင်းသူ မလှတင်နု (၂၀) နှစ်အတွက် သက်ဆိုင်ရာမှ အရေးယူ ဖြေရှင်းခြင်းမရှိ

ကောင်းမြတ်နိုင်(မောင်တော)


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး၊ ပတ္တမြားမြို့သစ်ရှိ၊ ပတ္တမြားမှတ်တိုင်တွင် ယာဉ်မောင်းသူ၏ မဆင်မခြင် မောင်းနှင်မှုကြောင့် သေဆုံးသွားခဲ့ရသည့် ရခိုင်တိုင်းရင်းသူ မလှတင်နု အမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲဌာနမှ တစ်စုံတစ်ရာ အရေးယူမှု မရှိသလို ကားပိုင်ရှင်မှလည်း တစ်စုံတစ်ရာ ဖြေရှင်းခြင်း၊ လျော်ကြေးပေးခြင်း မရှိကြောင်း သတင်း ရရှိသည်။

ဇူလှိုင်လ ၂၆ ရက် နံနက်က မလှဦး၊ မသန်းယဉ်နှင့် မလှတင်နု တို့သည် မြောက်ဥက္ကလာပ မြို့နယ်ရှိ EMC စက်ရုံမှအလုပ်လျှောက်ပြီး (၁၃၀) ယာဉ်လိုင်း ဒိုင်နာကားနံပတ် ( Q-8340)စီးကာ ပြန်လာခဲ့ကြကြောင်း၊ ပတ္တမြားမြို့သစ်ရှိ၊ ပတ္တမြားမှတ်တိုင် အရောက်တွင် ကားပေါ်မှဆင်းကြရာ မလှဦးနှင့် မသန်းယဉ်တို့ နှစ်ဦးက ကားပေါ်မှ ဆင်းပြီးနောက် မလှတင်နု အဆင်းတွင် ကားမှာ ရုတ်တရတ် မောင်းထွက်သွားသောကြောင့် မလှတင်နုမှာ ကားပေါ်မှ ပြုတ်ကျပြီး နောက်စေ့ပွင့်ကာ အခင်း ဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အတူပါလာသူ မိန်းကလေးနှစ်ဦးဖြစ်ကြသည့် မလှဦးနှင့် မသန်းယဉ်တို့က အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပြောသည်။

သေဆုံးသွားသူ မလှတင်နုမှာ (၂၀)နှစ်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂုပ္ပီထောင့်ကျေးရွာနေ (ဘ)ဦးဘထွန်း၊ (မိ) ဒေါ်မဒုန်တို့ ၏ သမီးဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်တွင် တပ်ရင်း(၉)အနီးရှိ Tiger beer စက်ရုံနားတွင် ပြည်သူများက သော့ဖြုတ် ကားကို ထိုးရပ်ထားသော်လည်း ကားပိုင်ရှင်ဖြစ်သူ ဦးသန်းမြင့်မှ အမှု မပေါ်ပေါက်စေရန် ဖုံးဖိသည့်အနေဖြင့် ထိုကားကို ဝါယာရှော့တိုက် ကာမောင်းယူထွက်ပြေးသွားကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာရဲက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ အင်းစိန်မြို့မ ရဲစခန်း အမှတ်(၁)တွင် ယာဉ်အက် ဥပဒေ(ပ)၅၆ ပုဒ်မ ၃၀၄ က/၂၀၂ အရအမှုဖွင့်ထားကြောင်း အင်းစိန်မြို့မရဲစခန်းမှ ရဲအုပ်ကိုဇော်ဇော်ထက် က ပြောဆိုသည်။

သေဆုံးသူ မလှတင်နု ဖခင် ဦးဘထွန်းအား ဆက်သွယ် မေးမြန်းရာ သူက ” ဒီသမီးလေး လုပ်တာကိုပဲ မိဘတွေ အားကိုးနေကြရတာပါ။ သမီးလေးဆုံးသွားပြီဆိုတော့ သူများကိုလည်း ဒုက္ခမရောက်စေချင်ပါ။ အသက်တစ်ချောင်းအတွက် ပြေပြေလည်လည်ဖြစ်အောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြစေချင်ပါတယ်။ ဒါပေမယ့် ကားပိုင်ရှင်ဖက်က လာရောက် ညှိနှိုင်းမှု မရှိတာကိုတော့ အထူး စိတ်မကောင်ပါဘူး။ အမှန်အတိုင်း ဖြစ်အောင် ဝိုင်းဝန်း ကူညီးပေးကြပါလို့ ပြောချင်ပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ဆိုသည်။

အမှုအတွက် ကူညီ ဆောင်ရွက်ပေးနေသည့် ဦးဇင်း ဦးသုဝဏ္ဏ က ” ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်ကြဖို့ ပိုင်ရှင်က ပြောပေမယ့် ချိန်ထားတဲ့နေရာကိုသွားတော့ မရောက်လာခဲ့ပါဘူး။ ဒါဟာ အရေးမထား ဂရုမစိုက်ရာ ရောက်သလို တရားဥပဒေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။ ခုတော့ တရားဥပဒေအတိုင်း ထိထိ ရောက်ရောက် ဖြစ်စေချင်ပါတယ်။ ဒီလိုမျိုး ထိထိ ရောက်ရောက် မဆောင်ရွက်ခဲ့ဘူးဆိုရင်တော့ နောက်ထပ် ဖြစ်လာရင်လည်း အရေးယူဆောင်ရွက်ပေးကြမှာ မဟုတ်ပါဘူး။ မိန်းကလေးက တိုင်းရင်းသူ ဖြစ်တယ်။ ဆွေမျိုးမရှိ၊ တစ်ကောင်ကြွက်ထင်ပြီး ခုလို သေမှုသေးခင်း ဖြစ်တာကိုတောင် အရေးလုပ်စရာမလိုဘူး ဆိုတဲ့သဘောမျိုး လုပ်ကိုင်နေကြတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ ဒီအမှုမှန်ပေါ်ပေါက်ဖို့ ဝိုင်းဝန်း ဖြေရှင်း ပေးကြစေလိုပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ အမှုအား ပပျောက်အောင် ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး အမှု လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသား သာရေး၊ နာရေးအသင်း သင်္ဃန်းကျွန်းကြီး (မင်္ဂလာဒုံမြို့နယ်)မှ ကိုစိန်လှိုင်က ယခု အမှုကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်အား ဖုန်းဆက် အကြောင်းကြားထားကြောင်း နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

” ဒီလ ၂၇ ရက်နေ့ကတော့ ရခိုင်တိုင်းရင်းသားရေးရာဝန်းကြီး ဦးဇော်အေးမောင်ကို ဖုန်းဆက် အသိပေး လိုက်ပါတယ်။ သူကတော့ ဒီကိစ္စကို သိပြီးပြီ ဖြစ်လို့ ရန်ကုန်တိုင်း ရဲချုပ်ကို ဖုန်းဆက် အသိ ပေးပြောထားတယ်လို့ ဆိုပါတယ်။ လိုအပ်လာရင်လည်း နောက်ထပ်အသိပေးအကြောင်းကြားပေးပါ။ လိုအပ်တာတွေကို ကူညီ ဆောင်ရွက် ပေးပါမယ်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

ကိုစိန်လှိုင်တို့မှ အခင်း ဖြစ်ပွားသည့်နေ့က ကားပိုင်ရှင် အင်းစိန်ရဲစခန်းသို့ ရောက်နေသည်ဟု ကြားသိ ရသဖြင့် ရဲစခန်းသို့ လိုက်ရာသွားရာ ကားပိုင်ရှင်မှာ တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိဘဲ အပြင်သို့ ရောက်သွားပြီ ဖြစ်ကြောင်း၊ ၎င်းပြင် ရဲက အပြင်တွင် ပြေပြေလည်လည် ဖြေရှင်းလို့ ရသည်ဟု ပြောကြောင်း၊ ရဲက ပြေပြေလည်လည် ဖြေရှင်း၍ ရသည်ဟု ဆိုသော်လည်း ယနေ့ အချိန်ထိ ကားပိုင်ရှင်မှာ တွေ့ဆုံရန် ချိန်းဆိုသော်လည်း ရှောင်နေကြောင်း၊ အမှတ် (၁၃၀) ယာဉ်လိုင်းဂိတ်မှူး ဦးကိုကိုကြည်မှ သူတာဝန်ယူဖြေရှင်းပေးမည်ဟု ပြောသော်လည်း ယနေ့ထိ အဆက်အသွယ် ပြန်မလုပ်သေးကြောင်း ကိုစိန်လှိုင်က ဆက်ဆိုသည်။

“ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ယာဉ်စည်းကမ်းတွေကို တိတိကျကျ ဆောင်ရွက်ပေးမယ် ပြောတာကိုတော့ ကြားသိရပါတယ် ။ ဒါပမယ့် ခုလိုဖြစ်နေတာတွေကို စောစောစီးစီး ထိထိရောက်ရောက် ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါတွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးမှ လိုင်းကားစီးပြည်သူတွေ အန္တရာယ်ကင်း အဆင်ပြေလာမှာပါ ” ဟု ရခိုင်အမျိုးသား ရှေ့နေတစ်ဦးကလည်း ပြောကြားသည်။

မလှတင်နု အလောင်းအား မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံးအအေးခန်းတွင် ထားရှိခဲ့ပြီး ဖခင်ဖြစ်သူ ဦးဘထွန်း ရခိုင်မှ ရောက်သည့်အထိ စောင့်ဆိုင်းခဲ့ကာ ယမန်နေ့ ဇူလိုင်လ ၂၈ရက်နေ့ ညနေ ၃နာရီက ရေဝေးသုဿန်တွင် မြောက်ဥက္ကလာပမြို့နယ် ရခိုင်သာရေး နာရေးအသင်းက ဦးဆောင်ရန်ကုန်ရှိ ရခိုင်လူမှုရေး အသင်းများ စုပေါင်းပြီး မီးသဂြိုဟ်လိုက်ကြောင်း သိရသည်။

လမ်းမပေါ် ဈေးရောင်းချနေမှုများကြောင့် လမ်းပိတ်ဆို့


နိုင်ငံရေးဆွေးနွေးပွဲတွေ ချောချောရှုရှုဖြစ်လာနိုင်ခြေရှိ


အေအယ်လ်ပီကြေညာချက် ပြန်လည်ပြင်ဆင်ပေးရန် နယ်လုံဝန်ကြီးပြော

ဝဏ္ဏခွာညို


ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်တဲ့ ခိုင်မျိုးထွန်းအဖမ်းခံရတာနဲ့ပတ်သက်လို့ ထုတ်ပြန်ခဲ့တဲ့ အေအယ်လ်ပီရဲ့ ကြေညာချက်ဟာ ပြန်းထန်လွန်းတာကြောင့် ပြန်လည် ပြန်လည်ပြင်ဆင်ထုတ်ပြန်ပေးဖို့ နယ်လုံဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဇူလှိုင် ၂၉ ရက်နေ့ ညနေပိုင်းကရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီကိုယ်စားလှယ်အဖွဲ့ နဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းတို့ တွေ့ဆုံမှုမှာ အခုလို ပြောဆိုလိုက်တာလို့ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီမှ ဗိုလ်ကြီးခိုင်နီလင်းက ပြောပါတယ်။

“ဦးထိန်လင်းပြောတာက၊ ခင်ဗျားတို့ အေအယ်လ်ပီရဲ့ ကြေညာချက်ကအရမ်းကိုပြင်းထန်လွန်းတယ်။ သူတို့အနေနဲ့လက်မခံနိုင်ဘူး။ ကန့်ကွက်ကြောင်း ပြောလာတယ်။ ဒါကိုရုပ်သိမ်းပေးဖို့ ဒါမှမဟုတ်ပြန်လည်ထုတ်ပြန်ပေးဖို့သူကပြောပါတယ်။ ကျနော်တို့က တဦးတယောက်တည်းသဘောထားနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာမဟုတ်တာကြောင့် ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီက(အေအယ်လ်ပီ) ပါတီရဲ့ ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ထုတ်ပြန်တာလို့ ပြောဆိုခဲ့ပါတယ်။”

ဒါ့အပြင် ခိုင်မျိုးထွန်းကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ်လွတ်မြောက်ဘက်ကလည်း တောင်းဆိုထားတယ်လို့ ဗိုလ်ကြီး ခိုင်နီလင်းက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ အေအယ်လ်ပီက ခိုင်မျိုးထွန်းကို မတရား ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ အဲ့ဒီတောင်းဆိုတဲ့အခါမှာ ဗိုလ်ကြီးထိန်လင်းက ခိုင်မျိုးထွန်း ဖမ်းဆီးထားတာကို ပြေပြေလည်လည်ဖြစ်စေချင်တယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်လုပ်ပေးမယ်။ အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ် လို့ပြောတယ်။ ဒါပေမယ် ဒီကြေညာချက်ကို ပြန်လည်ပြင်ဆင်ပြီး ထုတ်ပေးဖို့လိုတယ်လို့သူကပြောတယ်။ အဲ့ဒီအဖြေကို ကျနော်ချက်ချင်း မပေးခဲ့ဘူး။ ကတိကဝတ်လည်း မပေးခဲ့ဘူး။ နောက်တပတ်ဆွေးနွေးဖို့ ကျနော်တို့ ပြောလိုက်ပါတယ်။”

အခုလို ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်သူ ကိုခိုင်မျိုးထွန်းကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ ဇူလိုင် ၂၇ ရက်နေ့ နေ့စွဲနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကကြေညာချက် တစောင်ထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရတပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲတာနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်တာတွေ ရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေလ ၆ ရက်နေ့မှာ တရားလို ပြုလုပ်ပြီးတော့ ပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက် ထားတာဖြစ်ပါတယ်။ သူ့ကို ဇူလိုင် ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီးတော့ ဇှုလှိုင်၂၇ ရက်နေ့ မနက် ၁၀ နာရီလောက်က ရုံးတင်စစ်ဆေးခဲ့တာပါ။

ရခိုင်လွတ်မြောက်ရေးပါတီ (အေအယ်ယ်လ်ပီ) ဟာ ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီးတော့ သီးခြားလွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်နေတာဖြစ်ပြီး ၂၀၁၂ ခုဧပြီ ၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးခဲ့တာပါ။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး စာချူပ်ကို ချူပ်ဆိုခဲ့တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်လာပါတယ်။

သောင်းရင်းမြစ် ကမ်းထိန်းတမံတည်ဆောက်ရေးအတွက်ကွင်းဆင်းစစ်ဆေး


လူမျိုးစု ချစ်စိတ်နဲ့၂၁ရာစု ပင်လုံညီလာခံဆွေးနွေးရင် အောင်မြင်ဖို့မရှိ


WFP ကယ်ဆယ်ရေးပစ္စည်း တင်ဆောင်လာသော မော်တော်ဘုတ် မင်းပြားနယ်တွင် နစ်မြုပ်

စံမောင်သန်း၊ စစ်တွေ


WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော ကုန်တင် မော်တော်ဘုတ် တစ်စီးသည် ယနေ့ ညနေ ၃ နာရီ ခန့်က မင်းပြားမြို့အနီးတွင် နစ်မြုပ်သွားခဲ့သည်ဟု သတင်း ရရှိသည်။

ကုန်တင် မော်တော်ဘုတ်တွင် တင်ဆောင်လာသော ကယ်ဆယ်ရေး ပစ္စည်းများမှာ ဆန်အိတ် ၆၃၇ အိတ်၊ ပဲ ၈၁ အိတ်၊ စားဆီ ၁၂ လုံးစီပါဝင်သော ပါကင် ၁၉၄ ခုနှင့် ဆား ၃ အိတ်ဖြစ်ပြီး ရခိုင်ရေဘေး ဒုက္ခသည်များ အတွက် ပို့ဆောင်သည့် ရိက္ခာပစ္စည်းများ ဖြစ်ကြောင်း စက်လှေနစ်မြုပ်သည့် နေရာသို့ သွားရောက်ကြည့်ရှုခဲ့သူ မင်းပြားမြို့ နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင် ဦးစောမိုးကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“စက်လှေက တစ်စီးလုံးမြုပ်သွားတာပါ။ ဦးပိုင်းအဖျားလေးပဲ ပေါ်ပါတယ်။ ဆန်အိတ်တွေ၊ ပဲအိတ်တွေ အားလုံး နစ်မြုပ်ပြီးတော့ ရေစိုသွားပါတယ်။ ပြန်ရတဲ့ပစ္စည်းတွေကလည်း ရေစိုသွားတဲ့အတွက် ပြန်အသုံးပြုလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး”ဟု ဦးစောမိုးကျော်က ပြောသည်။

၎င်းကုန်တင် မော်တော်ဘုတ်သည် မင်းပြားမြို့သို့ မရောက်မီ ကြပ်စင်တောင်မော် အနီးတွင် ပန်ကာ အရွက်ကျိုးပြီး ဆိုက်ကပ်ထားစဉ် နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု သ

“ဒီလဆန်းပိုင်းက ရေနစ်မြုပ်ခဲ့တဲ့ မင်းပြားမြို့နယ်က ကျေးရွာတွေဆီကို အကူအညီသွားပေးဖို့ ကမ္ဘာ့ စားနပ် ရိက္ခာအဖွဲ့ WFP ရဲ့ ကုန်တင် မော်တော်ဘုတ်ဟာ စစ်တွေမြို့ကနေ ထွက်ခွာ လာရာမှာ ပန်ကာ ၄ ရွက်ထဲက တစ်ရွက်ကျိုးသွားတဲ့အတွက် မင်းပြားမြို့နယ် ကြပ်စင်တောင်မော်အနီး ဆောက်လုပ်ရေး ဆိပ်ကမ်း ဖောင်တော်မှာ ဆိုက်ကပ်ထားပါတယ်။ ဒီရေကျလာတဲ့အခါ သောင်ကမ်းပါးစောင်းမှာ စက်လှေ တင်ပြီး နစ်မြုပ်သွားတာဖြစ်ပါတယ်” ဟု ဦးစောမိုးကျော်က ဆက်လက် ပြောကြားသည်။

နစ်မြုပ်သွားသော စက်လှေထဲမှ ပစ္စည်းများကို WFP မှ တာဝန်ရှိသူများက အလုပ်သမားများကို ငှားရမ်းပြီး ဆယ်ယူခဲ့ကြသော်လည်း ပစ္စည်းအများစုမှာ ရေစိုပြီး ပျက်စီးသွားခဲ့သည်ဟု သိရသည်။

စက်လှေနစ်မြုပ်၍ ပစ္စည်းများ ဆုံးရှုံးခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရှိရသည်။

ဝတပ်ဖွဲ့ နှင့် မေးမြန်းချက်


ယာယီရပ်နားခဲ့သည့် မြိတ်သစ်ပါးလွှာအထပ်သားစက်ရုံ အလုပ်သမားများနစ်နာကြေးကိစ္စ ညှိနှိုင်းမှုပြေလည်

ဇော်နီ

ယာယီရပ်နားခဲ့သည့် မြိတ်သစ်ပါးလွှာ အထပ်သား စက်ရုံအလုပ်သမားများ နစ်နာကြေးကိစ္စ နှစ်အလိုက် နှုန်း ထားများအတိုင်း ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ပြေလည်မှုရရှိခဲ့သည်ဟု မြိတ်မြို့နယ် အလုပ်သ မားရေးရာ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ တာဝန်ရှိသူက ဇူလိုင်(၃၀)တွင် မဖ္စျိမကို ပြောသည်။

“ ကျွန်မတို့အနေနဲ့ အလုပ်သမားတွေကို စက်ရုံယာယီရပ်နားခဲ့တဲ့အတွက် သတိပေးစာနောက်ကျကြေးတို့ ၊စက် ရုံပိတ် နစ်နာကြေးတွေကို ၀န်ကြီးဌာနရဲ့ ပြဌာန်းချက်အတိုင်းပဲ ဥပဒေနဲ့အညီ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာပါ။ အ ခု ဆိုရင် ဒါ ပြေလည်မှုရသွားပါပြီ” ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့က ယင်း စက်ရုံ အလုပ်သမားများအား နစ်နာကြေးပေးအပ်စဉ်တွင် သူမက ပြောကြားခဲ့ ခြင်း ဖြစ်သည်။

စက်ရုံယာယီရပ်နားမည်ဖြစ်သည့်အတွက် နစ်နာကြေးကိစ္စကို အလုပ်သမား၊ အ လုပ်ရှင်နှင့် မြိတ်မြို့နယ် အ လုပ်သမားရေးရာညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တို့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ပါဝင်၍ ဇူလိုင်(၂၁) ရက်က ညှိနှိုင်း ဖြေ ရှင်းခဲ့ကြပြီး ဇူလိုင်(၃၀)တွင် နစ်နာကြေးအပြီးသတ်ပေးသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့ရာ အလုပ် သမား အချို့က နစ်နာကြေးသုံးလစာ ရယူလိုကြောင်း ပြောဆိုခဲ့ကြသေးသည်။

သို့သော်လည်း နစ်နာကြေး ပေးအပ်သည့် အချိန်တွင်မူ အလုပ်သမားရေးရာဝန်ကြီးဌာန၏ နှစ်အလိုက်သတ် မှတ် လျော်ကြေးနှုန်းထားများအတိုင်း ပေးအပ်မှုကို အလုပ်သမားများအနေဖြင့် ကျေနပ်ခဲ့ကြပြီး ၊ အသိပေးစာ နောက်ကျမှုအတွက် ၁၃ ရက်စာအဖြစ် ရသင့်ရထိုက်သည့် လျော်ကြေး ငွေများကိုပါ တစ်ပါးတည်း ခံစားခွင့် ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ စက်ရုံသည် ဇူလိုင်(၂၆)ရက်တွင် စတင်၍ ယာယီရပ်နားခဲ့ပြီး သစ်ကုန်ကြမ်းရရှိမှုအပေါ်မူတည်၍ လုပ် ငန်းပြန်လည်လုပ်ကိုင်မှုကို စဉ်းစားသွားမည်ဖြစ်ကြောင်း စက်ရုံကို ဦးစီးလုပ်ကိုင်သူ Mr.ANSHULJAIN က ပြော ဆို ခဲ့ပြီး ဖြစ်သည်။

စက်ရုံရပ်နားမှု နောက်ဆက်တွဲအဖြစ် အလုပ်သမား(၁၀၀)ကျော်တို့ အလုပ်အကိုင်အသစ်ပြန်လည်ရရှိရေး အတွက် လိုအပ်ချက်ရှိလာခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းတို့အနေဖြင့် အလုပ်အကိုင် ရှာဖွေနေဆဲဖြစ်ကြောင်း နစ်နာကြေး လာရောက်ထုတ်ယူသည့် အလုပ်သမားတစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်း တစ်တိုင်းလုံးတွင် သစ်ပါးလွှာစက်ရုံအနေဖြင့် တစ်ခုတည်းသာရှိသည့် စက်ရုံဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် သစ်ကုန်ကြမ်းမရရှိတော့သဖြင့် ယာယီရပ်နားခဲ့ရခြင်း ဖြစ်သည်။

နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးပမ်းမယ် - ထွန်းထွန်းမင်း


ပုသိမ်တွင် အသက်မပြည့်သေးသည့် ကျောင်းသား ၂ ဦး ကျူးကျော်မှုဖြင့် တရားစွဲခံရ

ဆလိုင်းသန့်စင်


ဧရာဝတီတိုင်း စာရင်းစစ်ချုပ်ရုံး ၀န်ထမ်းအိမ်ရာ တည်ဆောက်ရန် ချပေးထားသော ဌာနပိုင်မြေကွက်ကို ကျူးကျော်ခြံခတ် သည် ဟု ဆိုကာ လူ ၅ ဦးကို တရားစွဲဆိုရာတွင် အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသားနှင့် အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား တို့ကိုပါ ထည့်သွင်း တရားစွဲဆိုထားကြောင်း သိရသည်။

စာရင်းစစ်ချုပ်ရုံး ပိုင်ဆိုသည့် ပုသိမ်မြို့ အမှတ် ၁၅ နယ်မြေ၊ ရုံးရပ်ကွက် မဟာစေတီ လမ်းရှိ အကွက်အမှတ် ၁၆၃ – C မြေကွက်ကို မူလမြေသိမ်းခံ လယ်သမား ဦးသန်းမောင်၏ မိသားစုဝင်များက ယခုနှစ် ဖေဖော်ဝါရီလအတွင်း ခြံခတ်ခဲ့သည့် အပေါ် ပုသိမ်မြို့နယ် စာရင်းစစ်ဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က ဇူလိုင် ၂၄ ရက်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်မြို့မရဲစခန်းမှ အမှုစစ်အရာရှိ ရဲအုပ် မောင်မောင်သူရမျိုး က ဧရာဝတီကို ပြောသည်။

“ဌာနပိုင်မြေကွက်ကို ကျူးကျော်ခြံခတ်တယ်ဆိုပြီး ပုဒ်မ ၄၄၇ ကျူးကျော်မှုနဲ့ အမှုဖွင့်တာပါ။ စတိုင်တဲ့ အချိန်မှာ အမည် မသိလူ ၂ ဦး ဆိုပြီးပါတယ်။ သက်သေတွေရဲ့ထွက်ဆိုချက်အရ ဒီကောင်လေး ၂ ဦး ပါတယ်လို့ သိရပါတယ်။ ဒါကြောင့် သူတို့ကို ခေါ်ပြီး မေးမြန်းတာပဲ ရှိပါတယ်။ ဖမ်းဆီးတာတွေ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

စာရင်းစစ်ဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၏ တိုင်တန်းမှုအရ ပုသိမ်မြို့မ ရဲစခန်းက ခြံခတ်သူများဖြစ်ကြသည့် မူလ မြေသိမ်းခံ လယ်သမား ဦးသန်းမောင်၏သား ဦးချိုပြုံး၊ ချွေးမဖြစ်သူ ဒေါ်ခင်မြ၀င်း၊ သားမက်ဖြစ်သူ ဦးမျိုးဦးနှင့် မြေးများ ဖြစ်သူ ကျောင်းသား ၂ ဦးတို့ကို ပြစ်မှုနံပါတ် ၃၂၃/၂၀၁၆၊ ပုဒ်မ ၄၄၇ (ကျူးကျော်မှု) ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ၎င်းတို့ကို ဇူလိုင်လ ၂၆ ရက်တွင် ပုသိမ် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

လယ်သမား ဦးသန်းမောင် စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေ ၅ ဒသမ ၄၇ ဧကကို ၁၉၉၂၊ ၁၉၉၃ ခုနှစ်တွင် ပုသိမ် မြို့ပြ စီမံကိန်း အဖြစ် လုပ်ဆောင်ရန် အုပ်ချုပ်ရေး တာဝန်ရှိသူများက သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ မြေသိမ်းခဲ့သော်လည်း ၁၂ နှစ်ခန့် ကြာသည်အထိ မည်သည့်စီမံကိန်းမှ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ဌာနဆိုင်ရာ ၀န်ထမ်းတချို့က သီးစားခဖြင့် လယ်ယာ စိုက်ပျိုးခဲ့ကြကြောင်း တရားစွဲခံရသူ တဦးဖြစ်သည့် ဦးမျိုးဦးက ပြောသည်။

ထို့နောက် ၂၀၁၄ ခုနှစ်တွင် ပုသိမ် အထည်ချုပ်စက်ရုံမှ လယ် ၄ ဧကကို ခြံခတ် ရယူသွားခဲ့သည့် အတွက် ကျန်ရှိနေသည့် မြေ ၁ ဒသမ ၄၇ ဧကကို မိမိတို့ မူလလုပ်ကိုင်ခဲ့သူများက သွားရောက်ခြံခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“မြေတွေသိမ်းပြီးတော့ အဆောက်အဦး မဆောက်၊ စီမံကိန်းမလုပ်ဖြစ်တဲ့ မြေတွေကို မူလပိုင်ရှင်တွေကို ပြန်ပေးရမယ် ဆိုပြီး အစိုးရက ကြေညာထားတော့ ကျနော်တို့က ပိုနေတဲ့မြေကို သူများဝင်ကျူးကျော်မှာ စိုးလို့ ခြံဝင်ခတ်တာပါ။ အဲဒါကို စာရင်းစစ်ရုံးက ကျူးကျော်မှုနဲ့ တရားစွဲတာ”ဟုလည်း ဦးမျိုးဦးက ပြောသည်။

အသက်မပြည့်သေးသည့် ပညာသင်ယူနေဆဲ ကလေးများကို တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ပုသိမ်မြို့အခြေစိုက် လူ့ အခွင့် အရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်(HRAN) အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦးက “ သူတို့ ဘိုးဘွားတွေရဲ့မြေကို ခြံခတ်တဲ့ ကိစ္စ ၀ိုင်းကူလုပ်ပေးတဲ့ အဆင့်လေးနဲ့တင် ပညာသင်ဆဲ၊ ကျောင်းတက်ဆဲ ကလေးတွေကို ဌာနဆိုင်ရာ တရပ် အနေနဲ့ တရားစွဲတာဟာ ကလေးတွေအတွက် ဘ၀တလျှောက်လုံးမှာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာပါ အများကြီး ထိခိုက် စေပါတယ်”ဟု ပြောဆိုသည်။

အပစ်မရပ်ရသေးတဲ့တိုင်းရင်းတွေနဲ့ တပ်မတော်အကြား အစိုးရဖြန်ဖြေပေးစေချင်


မန္တလေးမှ ရေးဘေးရှောင်များ နေရာအခက်အခဲ ဖြစ်နေ

အောင်ကိုဦး

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေတက်၍ ရေလွတ်ရာသို့ရွှေ့ပြောင်းလာသူများ နေထိုင်ရန် မြေနေရာ အခက် အခဲရှိကြောင်း ရွှေ့ပြောင်းလာသူတစ်ချို့က ပြောသည်။

ဧရာဝတီမြစ်ရေတက်၍ ရွှေ့ပြောင်းလာသောကျေးရွာများမှာ ပုသိမ်ကြီးမြို့နယ်အတွင်းမှဖြစ်ပြီး ရေဝန်း၊ဝန်းခြံ၊ ကြံခင်း၊ သရက်တစ်ပင်၊ စက်ရိပ်၊ နန်းတော်ကျွန်း၊ ကံသစ်ကုန်း စသည့်ကျေးရွာများ ဖြစ်သည်။

ရွှေ့ပြောင်းလာသူများသည် နေထိုင်ရန်အတွက် သက်ဆိုင်ရာမှာ လာရောက်ကူညီပေးမည်ကို မျှော်လင့်လျှက် ရှိကြောင်း သိရသည်။

မန္တလေးမြို့ ဧရာဝတီမြစ်ရေ မြင့်တက်မှုသည် မွန်းတည့်(၁၂)နာရီအချိန် တိုင်းတာမှုအရ စိုးရိမ်ရေမှတ် အထက် (၁.၃၈)ပေသို့ရောက်ရှိနေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သတင်းထုတ် ပြန်ထား သည်။

အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်း ယိုင်နဲ့လာတဲ့အကျိုးဆက် ဘဏ်လုပ်ငန်းအပေါ်တက်ရောက်မှုရှိ


သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် သျှမ်းစာပေဟောပြောပွဲကျင်းပ လူထုအထူးစိတ်ဝင်စား

SHAN


သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သျှမ်းစာပေနှင့်ပတ်သက်သည့်ေ ဟာပြောပွဲတရပ်ကျင်းပရာ တက်ရောက်နားထောင်သူ ၅၀၀ ကျော်ရှိကြောင်း သိရသည်။

ဂျူလိုင်လ ၂၆ ရက် ညဦးပိုင်း ရ နာရီမှ ည ၁၀ နာရီအထိ တာချိလိတ်မြို့နယ် ၀မ့်ဟောင် ဟောင်လိတ် အုပ်စု (၀ပ်ဖေခမ်းကျောင်းတိုက်)တွင် သျှမ်းစာေ ပဟောပြောပွဲကျင်းပရာ သျှမ်းစာပေပညာ ရှင်များ ဖြစ်ကြသော ဆရာစိုင်းဖှ၊ ခူး ဟင်း ကာယန်းနှင့် ခွန်ယုံးချို တို့ ဟောပြောပေးခဲ့ကြောင်း တက်ရောက် နားထောင်သူ ၅၀၀ ကျော်ရှိကြောင်းသိရသည် ။

စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် တာချီလိတ်မြို့ သျှမ်းစာပေယဉ်ကျေး မှုအသင်း ကဦး ဆောင်ကာ ဟိုမိန်းဆိုင် သာရေးနာရေးအသင်းအပါအဝင် လူမှုအသင်းအဖွဲ့များက ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည် ။

သျှမ်းစာပေ ပျံ့ပွါးရေးလုပ်ငန်းများ ဆယ်စုနှစ်ချီလုပ်ဆောင်လာသည့် သျှမ်းစာပေသင်ကြား ရေး ဆရာကြီး စိုင်းဖှက – သျှမ်းများကြားကွဲပြားအား နည်းမှု မဖြစ်အောင် တောင်ပိုင်း၊ မြောက်ပိုင်း ၊အရှေ့ပိုင်း သျှမ်း၊ လိသျှမ်း ၊ဂုံသျှမ်း၊ မောသျှမ်း ….. ဟုနာမည်တပ်မခေါ်သင့်ဘဲ သျှမ်းဟုသာ ခေါ် သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည် ။

သျှမ်းစာရေးဆရာ ခူး ဟင်းကာယန်းက – ၂၀၀၈ ဖွဲ့စည်းပုံမှပေးသော အခွင့် အရေး၊ ပင်လုံစာချုပ်နှင့် တန်းတူညီမျှခွင့်တို့အကြောင်း ရှင်းလင်းပြော ပြခဲ့ပြီး သျှမ်းပြည်သားများ သိရှိအောင်ဆက် လက် လေ့လာသင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်ဟု ပွဲတက်ရောက်သူ စိုင်းခမ်းက ပြန်လည်ပြောပြ သည် ။

သျှမ်းစာရေးဆရာ ခွန်ယုံးချိုကမူ – သျှမ်းလူထုအကြား အသင်းအဖွဲ့များပြား လာသကဲ့သို့ လုပ်ငန်းလည်းတိုးတက်ရန်လိုအပ်ကြောင်း၊ အဖွဲ့အစည်းအတွင်း တကယ့်စိတ်ပါဝင်စားသူကို တာဝန်ပေးအပ်ရန်လိုကြောင်း ပြောဆိုသည် ။

ဂျူလိုင်လ ၂၇ ရက်နေ့တွင်မူ တာလေမြို့နယ်ခွဲ မိုင်းလင်းအုပ်စုသို့ သွားရောက် ကာ စာပေ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ မိမိစာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းမှန်သိစေရေးရည်ရွယ်ကြောင်း စီစဉ်ဆောင် ရွက်ပေးသည့် ဟိုမိန်းဆိုင်အဖွဲ့မှ စိုင်းဝမ်းက ပြောဆိုပါသည် ။

ရခိုင်ပြည်နယ်ထဲ တရားမ၀င် သစ်ထုတ်လုပ်မှု ထိန်းချုပ်ဖို့ ခက်ခဲနေဆဲ


၂၁ ရာစုပင်လုံညီလာခံကို ကိုယ်တိုင် ကိုယ်ကျ တက်ရောက်လိုကြောင်း AA စစ်ဦးစီးချုပ်ပြော

ခင်စုကြည်

၂၁ ရာစု ပင်လုံညီလာခံသို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တက်ရောက်ချင်ပြီး ၎င်းတို့အား ချန်ထားခဲ့ပါကလည်း ငြို ငြင်မည်မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (AA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောသည်။

၂၁ ရာစု ပင်လုံ ညီလာခံကို သြဂုတ်လကုန်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါညီလာခံတွင် အားလုံးပါ ၀င် နိုင် ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ကိုယ်စားလှယ်များ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြသည်။

“တကယ်လို့များ အခြားအဖွဲ့တွေက ကျွန်တော်တို့ မပါဘဲ သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်ကတော့ မငြိုငြင်ပါဘူး။ ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေရဲ့  အကျိုးကိုတော့ ကိုယ်စားပြုမယ် ပြီးရင် ကျွန်တော်တို့က ကိုယ့်လူမျိုး တစ်ခုတည်းဆိုတာထက် ပြည်ထောင်စုသားတွေပဲပေါ့လေ။ အဲ့ဒါအတွက် ကြောင့် လဲ ကျွန်တော်တို့ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ချင်တာပေါ့လေ။ သူတို့သွားမယ်ဆိုရင်လည်း ကျွန်တော်တို့က ကန့် ကွက်စရာ အကြောင်းမရှိ ဘူး။သူ တို့ အဖွဲ့အစည်းတွေ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာတပ်မတော်အနေဖြင့် လက်နက်ကိုင်လမ်းစဉ်စွန့်လွတ်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာ ရောက်ခွင့်ပြု မည်ဟု ပြောဆိုထားခြင်းကြောင့်၂၁ရာစုပင်လုံ ညီလာခံကို တတ်ရောက်ရန်အတွက် NCA ကိုဖြတ် ကျော်ရဦး မည်ဆိုပါက အားလုံးပါဝင်ရေးမူမှာ အောင်မြင်နိုင်မည်မဟုတ်ကြောင်း ဗိုလ်မှူးချုပ် ထွန်းမြတ် နိုင်က ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ လက်ထပ်တွင် AA၊ MNDAA၊ TNLA သုံးဖွဲ့ပေါင်းပြီး အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးလိုကြောင်း စာတစ်စောင်ပို့ထားပြီး ယင်းအပေါ်မှာ မည်သို့ တုန့်ပြန်လာမည်ကိုလည်း မသိသေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် NCA(အပစ်အခက်ရပ်စဲရေးသဘောတူစာချုပ်)ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ KNU/ KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့က လက်မှတ်ရေးထိုးထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)၊ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့မှာ လက်မှတ်မရေးထိုးထားသည့် အဖွဲ့များဖြစ်ပြီး အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားသည့်အဖွဲ့များ ဖြစ်သည်။

တောင်တက်​အားကစားသမား ၃ ဦးရဲ့ ပုံတူထုလုပ်


ပြည်ထောင်စုမှ ခွဲမထွက်ဟု ‘ဝ’ ကတိပြု

ထက်နိုင်ဇော်


‘ဝ’ အဖွဲ့ အနေဖြင့် တိုင်းပြည်မှ လုံးဝ ခွဲထွက်မည် မဟုတ်ဘဲ ပြည်ထောင်စု၏ အစိတ်အပိုင်းတခုအဖြစ် ခံယူကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကတိပြုခဲ့ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) တို့ ယနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် တွေ့ဆုံပွဲအပြီး သမ္မတရုံး ၀န်ကြီးဌာန ဒု ညွှန်ချုပ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ဦးဇော်ဌေးက “ ‘ဝ’ သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အထဲမှာ ရှိတဲ့ အစိတ်အပိုင်းတခုလို့ သူတို့က ခံယူတယ်။ နောက် မြန်မာနိုင်ငံကနေ ခွဲမထွက်ဘူးပေါ့။ ခွဲမထွက်ဘူးဆိုတဲ့ ကတိက၀တ်ကို အာမခံချက်ကို ပြောတယ်” ဟု ဆိုသည်။

‘ဝ’ အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) အပေါ်တွင် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေသည်ဟုလည်း သိရသည်။

“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ပင်လုံစိတ်ဓာတ်နဲ့ တိုင်းပြည်ကို စုစည်း တည်ဆောက်တဲ့ ပုစံမျိုးနဲ့ ၂၁ ရာစု ပင်လုံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်မယ့်အပေါ်မှာ သူတို့က အဲဒီအပေါ်မှာလည်း မျှော်လင့်ချက် ကြီးကြီး မားမားထားတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း ငြိမ်းချမ်းရေးအပေါ်တွင် မလိုလားအပ်သည့် ဆိုးကျိုးများ သက်ရောက်မည်ကို စိုးရိမ်၍ ‘ဝ’ နှင့် မိုင်းလား အဖွဲ့တို့အား တနိုင်ငံလုံး ပစ်ခတ်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့ခြင်း၊ သဘောထားပေးခြင်း မရှိခဲ့ကြောင်း၊ ယနေ့ တွေ့ဆုံမှုတွင် ၂ ဖက်စလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

‘ဝ’ အဖွဲ့ အနေဖြင့်လည်း ပြည်နယ် တောင်းဆိုခြင်းမျိုး မရှိခဲ့ဘဲ ငြိမ်းချမ်းရေး ညီလာခံရောက်မှသာလျှင် တိုင်းရင်းသား အခွင့်အရေး၊ တန်းတူရေးများကို တောင်းဆိုနိုင်ကြောင်း၊ ယနေ့ ဆွေးနွေးမှုတွင် မြန်မာ့ တပ်မတော်နှင့် ပတ်သက်သည့် ကိစ္စ သီးခြား မပါဝင်ဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်နှင့် ‘ဝ’ နှင့် မိုင်းလား အဖွဲ့တို့က ယနေ့ တွေ့ဆုံမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

ဦးဇော်ဌေးက “ဒီနေ့ တွေ့ဆုံပွဲမှာ တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ပြောတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အထူး ၂ ရော၊ အထူး ၄ ရောက Bilateral Agreement တွေ ထိုးခဲ့တယ်။ တပ်နဲ့လည်း ပြဿနာက ကြီးကြီးမားမား မရှိဘူး။ မရှိတဲ့အတွက် တပ်နဲ့ပတ်သက်လို့ကတော့ High Light ထွေထွေထူးထူး မရှိဘူး” ဟု ပြောသည်။

ယခင် အစိုးရ အဆက်ဆက်က ဖြေရှင်းနိုင်ခဲ့ခြင်း မရှိသည့် ပြည်တွင်း ငြိမ်းချမ်းရေးကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဖြင့် ဖြေရှင်းနိုင်မည်ဟု အစိုးရက ယုံကြည်ထားပြီး ယခုညီလာခံ အောင်မြင်ပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း၊ ညီလခံတွင် တပ်မတော်လည်း ပါဝင်မည် ဖြစ်သဖြင့် ဘုံသဘောတူညီချက်တခု ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း ဦးဇော်ဌေးက ပြောသည်။

“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရမယ်လို့ ပြောထားပြီးသား။ ပုံစံက အဲဒီမှာပေါ်မယ်။ တိုင်းရင်းသား အားလုံး လက်ခံနိုင်တဲ့ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာကို ပြည်ထောင်စု သဘောတူညီချက်ဆိုတာ ထွက်လာမယ်။ ထွက်လာပြီးရင် ဖွဲ့စည်းပုံကို ပြင်မယ်။ အဲဒီက သဘောတူညီချက်တွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်” ဟု ဦးဇော်ဌေးက ပြောသည်။

သို့သော် ယနေ့ တွေ့ဆုံပွဲသည် သဘောတူညီချက်၊ ဆုံးဖြတ်ချက် ချသည့်ပွဲ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ခုနှင့် စတင် တွေ့ဆုံသည့် ပွဲဖြစ်ကြောင်း၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့နှင့် ‘ဝ’ အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ပြီး နောက်ရက်တွင် ရန်ကုန်မြို့၌ မိုင်းလား အဖွဲ့နှင့် တွေ့ဆုံမည်ဟု သိရှိရသည်။

ခိုလှုံရာပရဟိတအဖွဲ့က ဟင်္သာတမြို့မှာ ဘိုးဘွားတွေအတွက် ဂေဟာစတင်ဖွင့်လှစ်


ဖမ်းဆီးခံ ALP/ALA အရာရှိ လွတ်မြောက်ရေး ညှိနှိုင်းမှု မအောင်မြင်

RiA

နိုင်ငံတော် အသရေဖျက်မှု၊ မဟုတ်မမှန် ပြောကြားမှုတို့ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ရခိုင်ပြည် လွတ် မြောက်ရေးပါတီ ALP/ALA ၏ ပြန်ကြားရေးဌာန ဒုတိယ တာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်း လွတ်မြောက်နိုင်ရေး ညှိနှိုင်းမှု အောင်မြင်မှုမရခဲ့ကြောင်း ALP ကိုယ်စားလှယအဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်သောအဖွဲ့နှင့် ALP အထူး ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင် ၂၉ ရက်နေ့က တွေ့ဆုံ ညှိနှိုင်းမှုပြုလုပ်ခဲ့ကြ ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတစ်ခုအပေါ်မှာ အခုလိုမျိုး ပုဒ်မတွေ တပ်လိုက်တာဟာ ငြိမ်း ချမ်းရေးကို မလိုလားလို့လား။ ဒါမှမဟုတ် ယုံကြည်မှုတွေ လျော့နည်းလာလို့လား ဆိုတဲ့အပေါ်မှာ မူ တည်ပြီး တော့ ဆွေ့ဆုံတာဖြစ်ပါတယ်။

နယ်/လုံဝန်ကြီးကတော့ ဗိုလ်မှူး ခိုင်မျိုးထွန်းကို အရေးယူထားတဲ့ အပေါ်မှာ တ ရားရေးနည်းလမ်းအတိုင်း သွားနိုင်အောင် သူ့အနေနဲ့ အကောင်းဆုံးကြိုးစားပေးမယ်။ တတ်နိုင်သ လောက် လိုက် ပါပြီးတော့ လုပ်ဆောင်ပေးမယ်။ သို့သော် ALP က ထုတ်ထားတဲ့ ကြေညာချက်ကို ပြန်လည်ပြီးတော့ ပြင်ဆင်ပေးဖို့ သူတို့က တောင်းဆိုထားပါတယ်။ ကြေညာချက်ပါတစ်ချို့ အကြောင်းအရာတွေကို မပြင်ဆင်ဘူး ဆိုရင် တာဝန်မခံနိုင်ဘူးလည်း ပြောပါတယ်" ဟု ALP ၏ အထူးကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ကြီး ခိုင်နေလင်းကပြောသည်။

ဗိုလ်မှူးခိုင်မျိုးထွန်းကို သြဂုတ်လ (၅) ရက်နေ့တွင် ရုံးတင်စစ်ဆေးမည် ဖြစ်ပြီး ယခု တွေ့ဆုံညှိနှိုင်းမှု ရလဒ်မှာ အောင်မြင်မှု မရှိခဲ့သဖြင့် ၎င်း လွတ်မြောက်နိုင်ရေးအတွက် ကြေညာချက် ပြင်ဆင်နိုင်ရေး၊ မပြင်ဆင်ရေးကို ပါတီ၏ ဗဟိုဆုံးဖြတ်ပိုင်ခွင့်ရှိသူများမှသာ အတည်ပြု ပြောကြားနိုင်မည် ဖြစ်ကြောင်း ဗိုလ်ကြီး ခိုင်နေလင်းက ပြောသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများတွင် "မြန်မာ့တပ်မတော်သည် စစ်အတွင်း စစ်သုံ့ပန်းများကို သတ်ဖြတ်ခြင်း၊ ပြည်သူများကို အဓမ္မလမ်းပြစေခိုင်းခြင်း၊ ညှင်းပန်းနှိမ်းစက်ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် စစ်ရာဇ၀တ်မှုမြောက်ကြောင်း" ရခိုင်ပြည်လွတ်မြောက်ရေး ပါတီက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ALP ၏ ပြန်ကြားရေး ဒုတိယတာဝန်ခံ ဗိုလ်မှူး ခိုင်မျိုးထွန်းအား နိုင်ငံတော်ကို အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ)၊ ၅၀၅ (ဂ) တို့နှင့် တရားစွဲဆို ဖမ်းဆီးထားခြင်း ဖြစ်သည်။

မသန်စွမ်း ကလေးငယ်များ ပညာသင်ယူခွင့်ရရှိရေး လှုပ်ရှားမူကော်မတီ ဖွဲ့စည်း


မူးယစ်ဆေးဝါးပြဿနာကို အဓိကထား၍ ပြည်သူလူထုများနှင့်အတူ ပူးပေါင်းဖြေရှင်းမည်ဟု KNPF ဆို

စအိုင်ဆူး


ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ပြည်ထဲရေးနှင့် သာသနာရေးဌာနလက်အောက်ခံ ကရင်အမျိုးသား ရဲတပ်ဖွဲ့-KNPF အနေဖြင့် ဒေသတွင်း မူးယစ်ဆေးဝါးပြဿနာများကို အဓိကထား၍ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ပြည်သူလူထုများနှင့်အတူ ပူးပေါင်းဖြေရှင်းမှု လုပ်ဆောင်သွားမည်ဟု သုံးရက်တာ ပြုလုပ်ခဲ့သည့် KNPF အစည်းအဝေးကြီး၏ ရှေ့လုပ်ငန်းစဉ်၌ ဆုံးဖြတ်ခဲ့သည်။

KNU တပ်မဟာ(၇)နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO ဌာနချုပ်၌ ဇူလိုင် ၂၅ရက်မှ ၂၇ရက်နေ့အထိ ပြုလုပ်သည့် အဆိုပါအစည်းအဝေးပွဲ၌ တက်ရောက်လာသည့် KNPF ရဲတပ်ဖွဲ့များမှ မူးယစ်ဆေးဝါးပြဿနာများ တင်ပြဆွေးနွေးကြမှုအပေါ် တညီတညွှတ်တည်း ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု KNU ပြည်ထဲရေးနှင့်သာသနာရေးဌာန တာဝန်ခံ ပဒိုစောအားတိုးက ကေအိုင်စီသို့ ပြောသည်။

“ခရိုင်အသီးသီးက အစည်းအဝေးမှာ မူးယစ်ဆေးဝါးပြဿနာနဲ့ပတ်သက်ပြီး အားလုံး တင်ပြကြတယ်။ အခုဆိုရင် မူးယစ်ဆေးဝါးကိစ္စက တော်တော်လေးကို ပြဿနာဖြစ်နေတယ်။ တော်တော်ကြီးထွားလာတယ်။ ဒါကြောင့်မို့ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ပြည်သူလူထုနဲ့ပူးပေါင်းလုပ်ဆောင်သွားဖို့ လိုအပ်ရင် ပြည်ထောင်စု ရဲတပ်ဖွဲ့နဲ့ပူးပေါင်းလုပ်ဆောင်သွားဖို့ အဲ့မှာ ဆုံးဖြတ်ထားတာရှိတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးပြဿနာအပြင် KNPF ကို တိုးချဲ့ဖွဲ့စည်းရန်၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသ အေးချမ်းသာယာရေးအတွက် လိုအပ်သည့်သင်တန်းများကို ခရိုင်အလိုက်တိုးမြှင့်လုပ်ဆောင်သွားရန်၊ ခြောက်လပတ်တစ်ကြိမ် ကျင်းပမည့် ရဲတပ်ဖွဲ့အစည်းအဝေးကို ခရိုင် ၇ ခုတွင် အလှည့်ကျပြုလုပ်သွားရန် အပါအဝင် ရှေ့လုပ်ငန်းစဉ် (၁၁)ချက်ကိုလည်း ချမှတ်ခဲ့သည်ဟု ပဒိုစောအားတိုးက ဖြည့်စွက်ပြောသည်။

အစည်းအဝေးပွဲသို့ ဗဟိုရဲမှူးများ၊ KNU ဗဟိုတာဝန်ရှိသူများ၊ ခရိုင် ၇ ခုမှ တာဝန်ရှိရဲမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လေ့လာသူအချို့တို့ စုစုပေါင်း (၁၁၂)ဦး တက်ရောက်ခဲ့ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ် ခြင်း၊ ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်း၊ ရဲလုပ်ငန်းစဉ်အချို့အတွက် ဆုံးဖြတ်ချက်ချမှတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

ဖားအံမြို့အခြေစိုက် ကရင်ပြည်နယ် လူမှုကွန်ရက်(KSCN)မှ လူငယ်တစ်ဦးဖြစ်သူ စောစိန်ထွေးက “ကျနော်တို့ ဒေသမှာ မူးယစ်ဆေးဝါးဆိုရင် ပေါတာက မြင်းဆေး(စိတ်ကြွဆေး)ပါ။ ဘိန်းတော့မတွေ့ရဘူး။ ဒီမူးယစ်ဆေးဝါး တွေက အလုပ်အကိုင်အခွင့် အလမ်းတစ်ခုလို အခြေခံလူတန်းစားတွေအထိ ပျံ့နှံ့နေတယ်။ ပူးပေါင်းလုပ်ဆောင် မယ်ဆိုရင် အရမ်းကောင်းတယ်။ ဒါပေမဲ့ အရေးယူတဲ့အခါမှာ အကြောက်တရားတစ်ခုကိုပဲ မလုပ်ပဲနဲ့ ပြည်သူ တွေကို ဘယ်လိုစည်းရုံး လုပ်ဆောင်နိုင်မလဲပေါ့။ အဓိကအားဖြင့် ပညာပေးမှုနှင့် အရေးယူမှုကို တွဲပြီးတော့ လုပ်စေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

KNPF ကို ၁၉၉၁ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က KNU ဌာနချုပ် မာနယ်ပလောတွင် ပြုလုပ်သည့် (၁၀)ကြိမ်မြောက်ကွန်ဂရက်၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ရဲမှူးချုပ်မှာ စောလယ်ဝေါ် ဖြစ်သည်။ ဗဟို၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ဗဟိုအဆင့်အစည်းအဝေးပွဲကို ကေအဲန်ယူ ၁၅ကြိမ် မြောက်ကွန်ဂရက် ပြီးနောက် ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်ဟု KNPF က ပြောသည်။

နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက်( ၃၀ ဇူလိုင် ၂၀၁၆ )


နိုင်ငံရေးဆွေးနွေးပွဲတွင် သုံးပွင့်ဆိုင် ကိုယ်စားပြုစနစ် ကိုင်ဆွဲရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘုံသဘောတူ

ဖနိဒါ

နိုင်ငံရေးဆွေးနွေးမှုတွင် ကိုယ်စားပြုမှု၊ စုဖွဲ့မှုပုံစံနှင့် ပတ်သက်၍ သုံးပွင့်ဆိုင် ကိုယ်စားပြုစနစ်အပေါ် ဆက်လက် ကိုင်စွဲသွားရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ စတုတ္ထနေ့တွင် ဘုံ သဘောထား ချမှတ်လိုက်သည်ဟု သိရသည်။

“ယနေ့ အစည်းအဝေးတွင် ကိုယ်စားပြုမှုနှင့် စုဖွဲ့မှုပုံစံနှင့် ပတ်သက်၍ သုံးပွင့်ဆိုင်ကိုယ်စားပြုစနစ်အပေါ် ဆက် လက် အခြေခံသွားရန်”ဟု ၂၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘော ဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စများ စသည့် ခေါင်းစဉ် ၅ ခုဖြင့် ဆွေးနွေးသွားရန် ဘုံသဘောထားချမှတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ချက်ထဲတွင် ပါရှိသည့် ကိုယ်စားပြုမှုနှင့် စုဖွဲ့မှု၊ ဆုံးဖြတ်ချက်ချ မှတ် သည့် ပုံစံ၊ ဆွေးနွေးမည့် အကြောင်းအရာများနှင့် နိုင်ငံရေးဆွေးနွေးမှု ပုံစံ အဆင့်ဆင့်ကို အပြန်အလှန်ဆွေးနွေး ၍ ဘုံသဘောထားများ စုစည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် ကိုယ်စားပြုမှု၊ စုဖွဲ့မှု၊ ဆုံး ဖြတ်ချက် ချမှတ်သည့် ပုံစံ၊ နိုင်ငံရေးဆွေးနွေးမှု ပုံစံအဆင့်ဆင့်နှင့် ထည့်သွင်းဆွေးနွေးမည့် အကြောင်း အရာ ခေါင်းစဉ်များကို ဆွေးနွေးမည်ဖြစ်၍ စိန်ခေါ်မှု ပိုများနိုင်သဖြင့် စိတ်ရှည်သည်းခံစွာဖြင့် အပြန်အလှန် ဆွေးနွေး ကြရန် သဘာပတိအဖြစ် လုပ်ဆောင်ခဲ့သော ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ၏ မိန့်ခွန်းတွင် ပါရှိသည်။

အစည်းအဝေးကို ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် ဆက်လက် ပြုလုပ်လျှက်ရှိသည်။

ကျောက်ပန်းတောင်းမြို့နှင့်အနီးတ၀ိုက် တို့ပြည် တို့မြေအစီအစဉ်


မိုင်ဂျာယန် အစည်းအဝေး ပြုလုပ်နေစဉ် တိုင်းရင်းသား ၂ ဖွဲ့ နှင့် တပ်မတော် တိုက်ပွဲဖြစ်

ဧရာဝတီ


ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေး ကျင်းပနေစဉ် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားကြောင်း သတင်း ရရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲရှိ ဟိုပုန်တောင်တွင် KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂) နှင့် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၀ လက်အောက်ခံ တပ်ရင်းများကြား ဇူလိုင်လ ၂၈ ရက်က မွန်းလွဲပိုင်း တကြိမ်၊ ညနေပိုင်း တကြိမ် ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ပြန်ကြားရေး ဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ဒုဗိုလ်မှူးကြီး နော်ဘူ က “တပ်မတော်ဘက်က စစ်ကြောင်း သုံးကြောင်းနဲ့ ဝိုင်းပြီးတော့ တက်လာတယ်လို့ ပြောတယ်။ အဲဒါ ကြောင့် ခုခံတိုက်ပွဲတွေ ဖြစ်တယ်။ အစကတော့ လက်နက်ငယ်တွေနဲ့ ပစ်ကြတာ။ နောက်ပိုင်းတော့ တာမိုးညဲကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်လို့ ကြားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားမှု သေချာသော်လည်း အဆိုပါ တိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများနှင့်ပတ်သက်ပြီး မြေပြင်သတင်းအပြည့် အစုံ ထက်တက် မလာ သေးသဖြင့် အတိအကျ မပြောနိုင်သေးဟုလည်း ဆိုသည်။

ထို့အပြင် တနိုင်းမြို့နယ် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ ဘက်တွင်လည်း တပ်မတော်ဘက်က စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု KIA ဘက်က ပြောဆိုသည်။

တနိုင်းမြို့နယ် အတွင်းက စစ်ရေးလှုပ်ရှားမှု အပါအဝင် KIA တပ်မဟာ ၆ လက်အောက်ခံ ရှေ့တန်း တပ်နှင့် တိုက်ပွဲဖြစ် ပွားမှု၊ စသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က အတည်ပြုချက် မရရှိသေးသကဲ့သို့ တစုံတရာ ထုတ်ပြန် ခြင်း၊ ပြောဆိုခြင်းလည်း မတွေ့ရှိသေးပါ။

TNLA တပ်မဟာ (၅) နယ်မြေဖြစ်သည့် ကွတ်ခိုင်မြို့ တာမိုးညဲမြို့နယ်ခွဲ ဟိုပုန် ကျေးရွာ အနီးတွင် တပ်မတော် နှင့် ဇူလိုင် ၂၈ ရက် နေ့လယ် ၁နာရီမှ စ၍ ညနေ ၆ နာရီ ဝန်းကျင်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA ၏ သတင်းနှင့် ပြန်ကြားရေးကလည်း သတင်း ထုတ်ပြန် ထားသည်။

အဆိုပါ တိုက်ပွဲတွင် TNLA အပါအဝင် KIA မှ ပူးပေါင်းတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု TNLA သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုတိုက်ပွဲ ဖြစ်ပွားရခြင်းများနှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီမှ တပ်မတော်၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်းကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။

တိုက်ပွဲဖြစ်ပွားချိန်သည် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များကို ဖိတ်ခေါ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ကို တစုတစည်းထဲ တက်ရောက် ဆွေးနွေးနိုင်ရေးအတွက် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ တခုဖြစ်သည့် မိုင်ဂျာယန်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ နေချိန်ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဆွေးနွေးနေချိန် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး နော်ဘူက “တပ် မတော်ကတော့ ငြိမ်းချမ်းရေးကို လိုလိုလားလားနဲ့ ထောက်ခံတာလား။ မဟုတ်လို့ရှိရင် မထောက်ခံတာလားတော့ ကျနော် တို့လည်း ပြောလို့တော့ မရဘူး။ ဒါပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ရင်တော့ နည်းနည်းတော့ အနှောင့် အယှက် ပေးချင်တဲ့ လုပ်ရပ်လို့တော့ မြင်ပါတယ်”ဟု ပြောသည်။

မိုင်ဂျာယန်တွင် ပြုလုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

TNLA နှင့် KIA အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင်ပြီး TNLA က နုတ်ထွက်စာ တင်ထားသည်။

ထို ၂ ဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA) မချုပ်ဆိုထားသည့် တိုင်းရင်းသား အဖွဲ့ ၂ဖွဲ့လည်း ဖြစ်သည်။

မြန်မာ့စာပေသမိုင်းမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲ


ဧရာဝတီတိုင်းအတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီများကို ပြန်လည်ဖွဲ့စည်းမည်

စည်သူမောင်မောင်

ဧရာဝတီတိုင်း​ဒေသကြီးတွင် စည်​ပင်​​သာယာ​ရေးဥပ​ဒေအား ပြင်​ဆင်​ပြီး မြို့နယ်​စည်​ပင်​သာယာ​ကော်​မတီကိုလည်း ပြန်​လည်​ဖွဲ့စည်းသွားမည်​ဟု တိုင်း​ဒေသကြီးစည်​ပင်​သာယာ​ရေးဝန်​ကြီးဦး​ကျော်​မြင့်​က မဇ္ဈိမသို့ ​ပြောသည်​။

"စည်​ပင်​​ကော်​မတီ​တွေကို အသစ်​ပြန်​​ရွေးချယ်​ဖို့ရှိတယ်​။ စည်​ပင်​​ကော်​မတီ အသစ်​ပြန်​ဖွဲ့စည်းပြီးရင်​ နယ်​​မြေ​တွေအထိဆင်းပြီး ပြည်​သူလူထုကို စည်​ပင်​သာယာနဲ့ပတ်​သက်​တဲ့ ဥပ​ဒေ​တွေ လုပ်​ထုံးလုပ်​နည်း​တွေ စည်းမျဉ်းစည်းကမ်း​တွေ သိ​အောင်​ ပညာ​ပေးပြီး​ဆောင်​ရွက်​သွားမယ့်​ အစီအစဉ်​​တွေရှိတယ်​”ဟု ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်​ စည်​ပင်​သာယာ​ရေးဝန်​ကြီးဦး​ကျော်​မြင့်​က မဇ္ဈိမသို့​ပြောသည်​။

သြဂုတ်လတွင် ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် ဥပဒေ သုံးခုကို ပြင်ဆင်ရန် လွှတ်တော် ဥက္ကဋ္ဌထံ တိုင်းဒေသကြီးအစိုးရက စာတင်ထားပြီးဖြစ်သည်။

"အခုစည်​ပင်​​ကော်​မတီ​တွေက အရင်​အစိုးရလက်​ထက်​က ခန့်​အပ်​ခဲ့တဲ့ စည်​ပင်​​ကော်​မတီ​တွေဆို​တော့ ကျွန်​​တော်​တို့မှာ လုပ်​ရကိုင်​ရတာ ရာနှုန်းပြည့်​အဆင်​​ပြေတဲ့ အပိုင်း​တော့မရှိဘူး"ဟု စည်​ပင်​​ကော်​မတီများနှင့်​ပတ်​သက်​ပြီး ဝန်​ကြီး​ပြောသည်​။

ဧရာဝတီတိုင်းအတွင်း မြို့နယ်စည်ပင်ကော်မတီများမှာ မြို့နယ်နှစ်ခုခန့်တွင် ကော်မတီသက်တမ်းကုန်ကာ နှုတ်ထွက်သွားသော်လည်း မြို့နယ်အများစုတွင် ကော်မတီဟောင်းများ ရှိနေသေးသည်။

စာရေးဆရာ မောင်သာချို၏ စာပေဟောပြောဆွေးနွေးခြင်း အပိုင်း(၁)


လက်ရှိ အစိုးရလက်ထက်တွင် တောင်ကုတ် နေပူတောင်စီမံကိန်းကို ရပ်ဆိုင်းစေလိုသည်ဟုဆို

ရွှေရအောင်(တောင်ကုတ်)


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရခိုင်ရိုးမပေါ်ရှိ နေပူတောင်မှ ကျောက်ထုတ်လုပ်သည့် စီမံကိန်းကို ရပ်တန့်ရန် ဒေသခံများက အကြိမ်ကြိမ်တောင်းဆိုထားသော်လည်း ဆက်လက် ထုတ်လုပ်နေသဖြင့် လက်ရှိ အစိုးရ လက်ထက်တွင် ယင်းစီမံကိန်းအား ရပ်ဆိုင်းပေးရန် ဒေသခံများက လိုလားနေကြသည်။

တောင်ကုတ်ဒေသခံ ကိုဇေယျကျော်က “ လွန်ခဲ့တဲ့ ဇူလှိုင်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လာရောက်တုန်းကလည်း ဒေသခံတွေက နေပူတောင်ကိစ္စကို တင်ပြ ကြတဲ့အခါ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲက သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က နေပူတောင် စီမံကိန်းကို ရပ်တန့်ပေးရန် အကောင်းဆုံး တွန်းအားပေးသွားပါမယ်လို့ တောင်ကုတ် လူထုကို ပြောဆိုခဲ့ပါတယ်” ဟု ပြောဆိုသည်။

ကိုဇေယျကျော်သည် ယင်းနေပူတောင်စီမံကိန်း ရပ်တန့်ရေးအတွက် အားတက်သရော ပါဝင် လုပ်ဆောင် နေသူတစ်ယောက်ဖြစ်သလို ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်မှ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

“ ဒီစီမံကိန်းကို မလုပ်ဖို့ ရပ်ဆိုင်းပေးဖို့ ကျွန်တော်တို့ အကြိမ်ကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်။ နေပြည်တော် ထိသွားပြီး ညွန်မှူးနဲ့တွေဆုံတာတို့၊ ဘာတို့ အမျိုးမျိုးလုပ်ကာ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တားမရ နိုင်သေးဘူး။ ဒီစီမံကိန်းက ဒေသအတွက်လည်း အကျိုးပြုတာကို မတွေ့ရသေးဘူး။ နစ်နာဆုံးရှုံးမှု ကတော့ အစာထိုးပြန် မရနိုင်တော့ဘူး။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ရှိတဲ့ အပြင် တောရိုင်း တိရစ္ဆာန်တွေက အစ ထိခိုက်မှုရှိတယ်။ ကောင်းကျိုး ဘာမှ မရှိပါဘူး။ ယခင်အစိုးရ လက်ထက်က ပြုလုပ်ခဲ့တဲ့ စီမံကိန်း မှန်ပေမယ့် ပြောင်းလဲချိန်တန်ပြီကြွေးကြော်နေတဲ့ လက်ရှိ အစိုးရသစ်လက်ထက်မှာ ရပ်တန့် ပေးဖို့ တောင်းဆိုပါတယ်” ဟု ကိုဇေယျကျော်က ဆက်လက် ပြောသည်။

၂၀၁၃ ခုနှစ်က စတင်ပြီး နေပူတောင် စီမံကိန်းကို ဗီယက်နမ် ကုမ္ပဏီ တစ်ခုက စတင် အကောင်အထည်ဖော် ကျောက်ထုတ်လုပ် နေခြင်း ဖြစ်သည်။ နေပူတောင်ကို ရောင်းချခြင်းမှာ ဒေသအတွက်အကျိုးတစ်စုံတစ်ရာ ပြုခြင်း မရှိသည့်အပြင် သစ်တောများအား ရောင်းချသည်ထက် တန်ဖိုးကြီးကြီးမားမား ပေးရကြောင်း၊ ကျောက်တောင်ကို ရောင်းချခြင်းမှာ သစ်တောကို ရောင်းချခြင်းနှင့် မတူကြောင်း၊ သစ်တောကို အစားထိုးပြန်လည် စိုက်ပျိုး၍ ရနိုင်သော်လည်း ကျောက်တောင် မှာ သစ်ပင်ကဲ့သို့ အစားထိုး စိုက်ပျိုး၍ မရတော့သဖြင့် ထာဝရ နစ်နာဆုံးရှုံးမှုဖြစ်ကြောင်း၊ သို့အတွက် စီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်း ပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ANP ပါတီ တွဲဖက် အတွင်းရေးမှူး ဦးကျော်ကျော်လင်းက ပြောသည်။

“ ကျွန်တော်တို့ ဒီစီမံကိန်းကို ဘယ်လိုမှ သဘောမကျဘူး။ ဒေသအတွက် အကျိုးမပြုတဲ့ အပြင် အစားထိုး ပြန်မရ နိုင်တဲ့ နစ်နာဆုံးရှုံးမှု ဖြစ်တဲ့အတွက် ခုလို ရောင်းချထားတဲ့ အပေါ် ပြောမကုန်အောင် စကားတွေ ရှိနေပါတယ်။ ယခင်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့တာ မှန်ပေမယ့် အခုအစိုးရလက်ထက် သစ်တော စီမံကိန်းတို့ အခြား အခြား စီမံကိန်းအချို့ကို ရပ်ဆိုင်းသလို ရပ်ဆိုင်းပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ နေပူတောင် စီမံကိန်း အပါအ၀င် လူထုကို အကျိုး မပြုတဲ့ တစ်ခြား ရခိုင်ပြည်နယ်က စီမံကိန်းအချို့ကို အမြန်ဆုံး ရပ်ဆိုင်းဖို့ တောင်းဆိုပါတယ်” ဟု သူက နိရဉ္ဇရာသို့ ပြောသည်။

နေပူတောင်စီမံကိန်းကို မရပ်ဆိုင်းဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုလျင် နောင်လာမည့် မျိုးဆက်သစ်များ အတွက် ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ပြီး အနာဂတ်အတွက်ပါ ရင်လေးစရာ အခြေအနေမျိုးမှာရှိနေကြောင်း၊ ရပ်တန့်ပေးဖို့ အမြန်ဆုံး လိုအပ်နေကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ဦးဝင်းဇော်မှ ပြောသည်။

နေပူတောင်စီမံကိန်းဟာ မိုးတွင်းကာလ လမ်းပိုင်းဆိုင်ရာ အဆင်မပြေမှုကြောင့် ခေတ္တရပ်နားလေ့ရှိပြီး မိုးပါးပါက လမ်းကောင်းလာသဖြင့် ပြန်လည် ထုတ်လုပ်လေ့ရှိကြောင်း သိရသည်။

ရခိုင်ပြည်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ၂၉ ခုရှိပြီး ၎င်းအထဲမှ ၂၇ ခုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ဖြစ်ပြီး ကျန်နှစ်ခုထဲမှ တစ်ခုမှာ နေပူတောင် စီမံကိန်း ဖြစ်ပြီး နောက်တစ်ခုမှာ ရသေ့တောင်မြို့နယ် အငူမော် ပင်လယ် ကမ်းခြေမှ သဲထဲမှ တန်ဖိုးရှိ ဓာတ်သတ္တု ထုတ်လုပ်ခြင်း စီမံကိန်း ဖြစ်ကြောင်း MIC ( Myanmar Investment Commission) ၏ စစ်တမ်းအရ သိရှိရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် ရခိုင်ပြည်နယ် အတွင်း နိုင်ငံခြားမှ လာရောက် လုပ်ကိုင်သည့် အကြီးမားဆုံး စီမံကိန်းကြီးဖြစ်သော်လည်း ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံး ပြည်နယ်တစ်ခု အဖြစ်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။

ခွင့်ပြုပမာဏထက်ပိုမိုတဲ့ ထင်းတန်ချိန် ၃၂၈တန်နဲ့ ထင်းသယ်ယာဉ်ထော်လာဂျီ ၂စီးကိုဖမ်းဆီး


မိုင်ဂျာယန်အစည်းအဝေး စတုတ္ထမြောက်နေ့တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံမှ အခြေခံမူတစ်ရပ် တင်သွင်း

ခင်စုကြည်

မည်သည့်ကဏ္ဍ မည်သည့်အဆင့်တွင်မဆို ကျားမကွဲပြားမှုဆိုင်ရာများကို အစဉ်တစိုက် အလေးထားသွားမည်ဆိုသည့် အခြေခံမူတစ်ရပ်ကို အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံမှ မိုင်ဂျာယန်တွင် ပြုလုပ်နေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးသို့ တင်သွင်းထားကြောင်း အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် မလွေးချယ်ရီက ပြောသည်။

“ဒီသုံးရက်အတွင်းမှာ ကျွန်မတို့က ဘယ်ကဏ္ဍမှာမဆို ကျားမဆိုင်ရာတန်းတူရေးဆိုတာထက် ကျမတို့ စကားလုံး အသစ်တစ်လုံးရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ မည်သည့်ကဏ္ဍမဆို မည်သည့်အဆင့်တွင်မဆို ကျားမကွဲပြားမှု ဆိုင်ရာများကို အစဉ်တစိုက်အလေးထားသွားမည်ဆိုသည့် အခြေခံမူ တစ်ရပ်ကိုတင်သွင်းတယ်။ အဲ့ဒီမူကတော့ ဘယ်နေရာမဆို ဘယ်ခေါင်းစဉ်အောက်ပဲဖြစ်ဖြစ် အဲ့ဒါထည့်သွားဖို့ အရေးကြီးတဲ့အရာတစ်ခုတွေ့ခဲ့တယ်။”ဟု မလွေးချယ်ရီကပြောသည်။

ယနေ့တွင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လွန်စွာအရေးကြီးလှသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်များ အကြောင်းဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးအတွင်း ခေါင်းစဉ်များအလိုက်ဆွေးနွေးခဲ့ကြရာတွင် ခေါင်းဆောင် ကိုယ်စားလှယ်များအနေဖြင့် ကျားမတန်းတူဆိုင်ရာကိစ္စရပ်များကို တစုံတရာထည့်သွင်းစဉ်စားလာခဲ့သည်ကို မိမိတို့မှဦးစွာအသိမှတ်ပြုလိုကြောင်း အဆိုပြုလွှာတွင် ဖော်ပြထားသည်။

ထို့ပြင် ခေါင်းစဉ်အသီးသီးအတွက် ကျားမတန်းတူရေးနှင့် အမျိုးသမီးများ၏ အထူးလိုအပ်ချက်များကိုသီးခြား စဉ်စား သုံသပ် ဆွေးနွေး ညှိနှိုင်းမည့်အစား လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်မြန်ဆန်စွာ ဆက်စပ်အကောင် အထည်ဖော်နိုင်ရန် မည်သည့်ကဏ္ဍမည်သည့်အဆင့်တွင်မဆို ကျားမကွဲပြားမှုဆိုင်ရာများကို အစဉ်တစိုက်အလေးထားသွားမည်ဆိုသည့် အခြေခံမူတစ်ရပ် ချမှတ်သွားရန် မိမိတို့မှ အဆိုတင်သွင်းလိုကြောင်းဖော်ပြထားသည်။

နိုင်ငံရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှု အဆင့်ဆင့်တွင် အမျိုးသမီးများအနည်းဆုံး ၃၀ရာခိုင်နှုန်း ပါဝင်ရမည်ဆိုသည်ကိုလည်း တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပြီးဖြစ်သောကြောင့် ယခုတင်သွင်းသောအဆိုကို တတ်ရောက်လာကြသော တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ်များ အနေဖြင့် တညီတညွတ်တည်းလက်ခံသဘောတူဆုံး ဖြတ်ကြမည်ဟု မျှော်လင့်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံကပြောသည်။

ယခုအဆိုပြုလွှာကို မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှ မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေး၏ ၄ရက်မြောက်နေ့တွင် တင်သွင်းခြင်းဖြစ်သည်။

မိုင်ဂျာယန်အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်က ကိုယ်စားလှယ် ငါးဦးနှင့် အကျိုးဆောင်တစ်ဦး စုစုပေါင်း ၆ဦးတတ်ရောက်နေသည်။

အထပ်မြင့်ကွန်ဒိုအဆောက်အဦးဈေးကွက်က ပျက်လုနီးပါး ဈေးကျွမ်းကျင်သူသုံးသပ်


လူ့အခွင့်အရေးကော်မရှင် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

နေဖြိုးဝင်း


မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်လိုက်ပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ထောက်ပြဝေဖန် ဆွေးနွေးခဲ့တာပါ။

ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ်မှာ ကော်မရှင်ဟာ အကြံပြုပိုင်ခွင့်ပဲ ရှိတာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြန်လည် ရှင်းလင်းခဲ့ပါတယ်။

“ဒီမှာလည်း လွှတ်တော်ကိုယ်စားလှယ် ကြီးများကနေပြီးတော့မှ ဒါကို ပိုပြီးတော့ ဖိဖိစီးစီး ဆောင်ရွက်ပေးမယ်လို့ အကြံပြုချက်က အထူးပဲ တန်ဖိုးရှိပါတယ်။ ဘာကြောင့်လဲ ကျနော်တို့ အခု လူ့အခွင့်ရေးကော်မရှင်က အကြံပြုပိုင်ခွင့်ပဲရှိတယ်။ ဒါက ကျနော်တို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တင် မဟုတ်ပါဘူး။ ဒါ နိုင်ငံတကာကနေပြီးတော့ ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ အားက ဘယ်ကရမလဲ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဆီက ရပါတယ်။ ဒါကြောင့်မို့ ဒီမှာ ဆွေးနွေးအကြံပြုတာကို အထူးပဲ ၀မ်းသာအားရစွာနဲ့ ကြိုဆိုပါတယ်။”

ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးတွေ ဆက်လက် မဆုံးရှုံးစေဖို့အတွက် လက်ရှိကော်မရှင်ကို အတွေးသစ် အမြင်သစ် ရှိတဲ့သူတွေနဲ့ ပြောင်းလဲသင့်တယ်လို့လည်း ကိုယ်စားလှယ်တဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက လူ့အခွင့်အရေးစံနှုန်း၊ နိုင်ငံတကာ ကွန်ဗင်းရှင်းတွေနဲ့လည်း မကိုက်ညီဘဲ ပြဋ္ဌာန်းဖို့မသင့်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တဲ့အတွက် အခု လွှတ်တော်သက်တမ်းမှာ ဒီလိုမျိုးတွေ ဆက်လက်မလုပ်သင့်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

“ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းကဆိုရင် ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာလည်း ပါပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေနဲ့လည်း မညီပါဘူး။ မိမိတို့နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ ကွန်ဗင်းရှင်းတွေနဲ့လည်း မကိုက်ညီပါဘူး။ ဒါကြောင့်မို့ ပြဋ္ဌာန်းရန် မသင့်ပါဘူးလို့ တိုက်ရိုက် အကြံပြုချက်တွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ကြီးက ဒီဟာကို အလေးအနက်မထားဘဲနဲ့ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေများ ရှိခဲ့တယ်ဆိုတာ သက်သေအထင်အရှား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာကော ကျနော်တို့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ဒီလိုမျိုး အကြံပြုချက်များကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားပြီးတော့ နိုင်ငံတကာစံနှုန်း၊ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေနဲ့ နိုင်ငံသားတို့ရဲ့ အခြေခံ အခွင့်အရေးတွေနဲ့ မကိုက်ညီတဲ့ ဥပဒေများကို ပြဋ္ဌာန်းခြင်း မပြုဖို့အတွက် လေးလေးနက်နက် တိုက်တွန်းရင်းနဲ့ တင်ပြအပ်ပါတယ်။”

လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အပိုင်း အားနည်းတာတွေ၊ ကော်မရှင်ရဲ့ တင်ပြချက်တွေကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်မှု အားနည်းတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာလည်း ကော်မရှင်က ထိထိရောက်ရောက် ဟန့်တားကာကွယ်နိုင်ခြင်း မရှိတာတွေကို ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဂီတမှုပိုင်ခွင့်ဆောင်ရွက်ရာမှာ ဂီတအစည်းရုံးနှင့်အခြားဂီတဆိုင်ရာအဖွဲ့ကိုပါဆောင်ရွက်စေချင်


ထိုင်းပညာရေး အမှားထဲမှ မြန်မာအတွက် သင်ခန်းစာ

သိန်းနိုင် (မောက္ခပညာရေး)


မြန်မာပြည်သား အတော်များများနဲ့ တွေ့ဆုံဆွေးနွေးခဲ့အပြီးမှာတော့ တိုင်းပြည်ရဲ့ ပညာရေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များမှာ ဘယ်ပုံဘယ်နည်း ပြောင်းလဲသွားခဲ့ရပြီ ဆိုတာကို သိမြင်လိုက်ရပါတယ်။ အသက် ၅၀ ကျော် မြန်မာပြည်သား လူကြီးတွေဟာ အင်္ဂလိပ်စာ အတော်ကလေး ကောင်းမွန်စွာ တတ်မြောက်ကြပြီး မြန်မာပြည်တွင်းနဲ့ ကမ္ဘာကြီးရဲ့ ဖြစ်ပျက်ပြောင်းလဲနေမှုတွေကိုလည်း ကောင်းကောင်းသိမြင်ထားကြတဲ့ သူတွေပါ။

မြန်မာတက္ကသိုလ်တွေ တက်ရောက်ခဲ့ကြတဲ့ အသက် ၃၀ အောက်တွေကတော့ အင်္ဂလိပ်စာ အသင့်အတင့် တတ်မြောက်ကြသော်ငြားလည်းပဲ အတွေးအမြင် အသစ်တွေ၊ အကျင့်အကြံ အသစ်တွေကို ရင်ဆိုင်ရတဲ့ အခါမယ် အခန်းကျဉ်းလေးထဲမှာ ဘောင်ခတ် ပိတ်ဆို့ခံထားနေကြရ သလိုပါပဲ။ တကယ်တမ်းတော့လည်း သိပ်ပြီး ထူးထွေ အံ့သြစရာတခု မဟုတ်ပါ။ တင်းကျပ်လှတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ သူတို့လေးတွေဟာ ကြီးပြင်းရှင်သန် လူလားမြောက်ခဲ့ရသူတွေလေ။ လိုအပ်နေတဲ့ အလုပ်အကိုင်တွေအတွက် လူမှန်တွေရရှိဖို့ရာ အခက်အခဲတွေ အများကြီးပဲ ရှိနေတယ်လို့ နိုင်ငံခြားကုမ္ပဏီများဟာ ညည်းတွားနေကြတယ်။ တချို့ကတော့ အင်္ဂလိပ်စာ ကောင်းပါရဲ့။ ဒါပေသိ ပြင်ပလက်တွေ့ ကမ္ဘာကြီးအကြောင်း နကန်းတလုံးမျှ မသိရှာဘူး။ အောက်စ်ဖို့စီးပွားရေးအဖွဲ့ကြီး OBG ရဲ့ အစီရင်ခံစာမှာ တိုင်းပြည်ရဲ့ ဖြစ်ပျက်နေမှုကို အခုလို အကျဉ်းချုပ် ဖော်ပြထားတာကို ဖတ်ရှုရတော့ ခံစားရပါတယ်။

“မြန်မာ့ပညာရေးစနစ်ဟာ တခေတ်တခါတုန်းဆီကတော့ ဒေသအတွင်းမှာ အကောင်းဆုံး ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဒေသတွင်းနိုင်ငံတွေရဲ့ စံတန်ဖိုးတွေထက်ကို အများကြီး နိမ့်ပါးနောက်ကျသွားခဲ့ရပြီ။”

ရန်ကုန်မြို့မှာ စီးတီးကောလိပ်ကျောင်း တည်ထောင်သူ ဒီပါ့က်နီယိုပိန်းက ပြောပြတာကို အစီရင်ခံထဲမှာ ဖတ်ရှုရမယ်။ “စာသင်သား တပည့်များမှာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားတွေးခေါ်မှု Analytical thinking နဲ့ ပြဿနာ ဖြေရှင်းတတ်မှု စွမ်းရည် problem solving skills တွေ မရှိကြပါဘူး။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုအပေါ်မှာ အကျိုးဖြစ်ထွန်းနိုင်ဖို့ရာ ရုန်းကန်နေကြတယ်။”

ပညာရေးစနစ်ကို ပြောင်းလဲ ပြင်ဆင်ဖို့ရာအတွက် အကြီးအကျယ်ကို လုပ်ဆောင်မှ ဖြစ်နိုင်မယ်ဆိုတာ လူတိုင်းဟာ သိမြင်လာကြပြီ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြားနယ်ပယ်တွေမှာလည်း တိုးတက်လာစေဖို့အတွက် ဆိုရင်ပါ။

မြန်မာနိုင်ငံဟာ အရေအတွက် ကြီးမားလှတဲ့ လုပ်သားထုအင်အားနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုနှုန်းထား အမြန်ဆုံး ဖြစ်နေတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် လျော့နည်းနိမ့်ကျနေရခြင်းကတော့ အဂတိတရား လိုက်စားမှုပြီးရင် တိုင်းပြည်တိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ ဒုတိယမြောက် တရားခံပါပဲလို့ ယူကေကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုရုံးချုပ် UKTI ရဲ့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

များမကြာမီက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ OBG ရဲ့ အစီရင်ခံစာမှာ အကောင်းမြင်ထားတဲ့ အပိုင်းတော့ ပါရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေးကဏ္ဍ အစီအစဉ် National Education Sector Plan NESP ကို စတင်လုပ်ဆောင်တော့မယ်ဆိုတဲ့ အချက်အပေါ်မှာပါ။ ပညာရေးစနစ်အတွက် စီမံကိန်းအသစ်တွေကို ထည့်သွင်းထားရှိမှု၊ ခေတ်မီသော သင်ယူခြင်း နည်းလမ်းများ၊ ပြဿနာ ဖြေရှင်းတတ်မှုနဲ့ ပိုင်းခြားဝေဖန် ဆန်းစစ်တွေးခေါ်တတ်မှုတွေကို ထည့်သွင်းထားရှိလာခြင်းဖြစ်တယ်။ ဒီလုပ်ငန်းစဉ်ရဲ့ တစိတ်တဒေသကတော့ သင်ရိုးညွှန်းတမ်း ၁၃ နှစ် စီမံကိန်းပါ။ အခြေခံပညာရေး စာသင်နှစ်ကို နောက်ထပ် ၂ နှစ် ထပ်ပေါင်းထည့်လိုက်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ပထမတန်းအဆင့်ကနေ စတင်ပါတော့မယ်။ စနစ်ကြီးတခုလုံးရဲ့ ပင်မထောက်တိုင်ကို ပြုပြင်ပြောင်းလဲမှုနဲ့အတူ ဆရာ၊ ဆရာမများကိုလည်း ခေတ်မီသင်ကြားနည်းသစ်တွေအတွက် သင်တန်းတွေပေး၊ ကျောင်းသားများဟာလည်းပဲ လေ့လာမှုမှာ သုံးသပ်ဝေဖန် ပိုင်းခြားတတ်မှုတွေနဲ့ သင်ယူနိုင်တော့မယ်။ အခုထက်ထိ အသုံးတွင်ကျယ်နေဆဲ တပွဲထိုး အလွတ်ကျက်မှတ် အာဂုံဆောင်ရခြင်းစနစ်ကို အစားထိုးပါလိမ့်မယ်။

တကယ်တမ်းတော့လည်း မြန်မာနိုင်ငံရဲ့ မူဝါဒချမှတ်သူများဟာ တခုခုလုပ်မှ ဖြစ်တော့မယ်ဆိုတာကို သဘောပေါက်လာကြပါပြီ။ လွန်ခဲ့တဲ့နှစ်တွေမှာ ၂၀၁၆-၂၀၁၇ ခုနှစ် ပညာရေးဘတ်ဂျက်ဟာ အစိုးရအသုံးစရိတ်ရဲ့ ၇ ရာခိုင်နှုန်းထိ ရှိလာခဲ့ပြီ။ အရင်တုန်းက သုံးစွဲခဲ့တဲ့ ၆ ဒသမ ၇၈ ရာခိုင်နှုန်းကနေ တိုးတက်လာမှုပါ။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ဂျီဒီပီရဲ့ သုည ဒသမ ၇ (၀.၇) ရာခိုင်နှုန်းကနေ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ၂ ဒသမ ၁ (၂.၁) ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ တာပါ။ ဒါပေမယ့် အာစီယံ ပျှမ်းမျှဖြစ်တဲ့ ၃ ဒသမ ၆ ရာခိုင်နှုန်းရဲ့ အောက်မှာပဲ ရှိနေဆဲပါ။

မဟာဗျူဟာနည်းလမ်းတွေဟာ မမှန်မကန်ဘဲနဲ့တော့ ဘဏ္ဍာငွေကြေး တစ်ခုတည်းနဲ့တော့လည်း ပြုပြင် ပြောင်းလဲမှုဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီအချက်ကတော့ဖြင့်ရင် မြန်မာတွေဟာ ထိုင်းနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု အတွေ့အကြုံတွေကနေ လေ့လာ သင်ယူသင့်ပါတယ်။

၁၉၉၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံရဲ့ ပညာရေးဘတ်ဂျက်ငွေဟာ ၁၉ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၁၁ ခုနှစ်မှာတော့ ၂၂ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အချိုးကျ ၂၀ ရာခိုင်နှုန်း ရှိခဲ့တယ်။ အစိုးရရဲ့ နှစ်စဉ်ဘဏ္ဍာငွေကြေး သုံးစွဲမှု တိုးတက်လာခဲ့တဲ့ ကိန်းဂဏာန်းတွေ အရဆိုရင် ဒီပမာဏဟာ သိပ်ကို များပြားလွန်းလှပါတယ်။ ဒါပေမယ့် ရလဒ်များကတော့ အားရ ကျေနပ်လောက်ဖွယ်ရာ မရှိခဲ့ပါဘူး။

နိုင်ငံတကာ ကျောင်းသားများ အရည်အချင်းစစ် စာမေးပွဲစစ်ဆေးရေး အဖွဲ့ကြီး PISA ရဲ့ ၂၀၁၂ ခုနှစ် စာမေးပွဲတွေမှာ အာစီယံ ၅ နိုင်ငံဟာ ပါဝင်ဖြေဆိုခဲ့ကြတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တို့ပဲဖြစ်ပါတယ်။ ပဲရစ်မြို့ အခြေစိုက် အိုအီးစီဒီ OECD အဖွဲ့ကြီးရဲ့ PISA စစ်ဆေးမှုဟာ အသက် ၁၅ နှစ်အရွယ် ကျောင်းသူ ကျောင်းသားများကို သုံးနှစ်တစ်ကြိမ် အရည်အချင်း အကဲဖြတ် စစ်ဆေးခြင်းဖြစ်တယ်။ စာဖတ်ခြင်းစွမ်းရည်၊ သင်္ချာဘာသာနဲ့ သိပ္ပံပညာ စွမ်းရည်တို့ကို စစ်ဆေးပါတယ်။

နိုင်ငံ ၆၅ နိုင်ငံက ပါဝင် ယှဉ်ပြိုင်ခဲ့ရာမှာ စင်ကာပူက သင်္ချာမှာ ဒုတိယရရှိခဲ့ပြီး စာဖတ်ခြင်းနဲ့ သိပ္ပံပညာ စွမ်းရည်တွေမှာတော့ တတိယ နေရာ ရရှိခဲ့တယ်။

ဗီယက်နမ်နိုင်ငံက သိပ္ပံပညာမှာ နံပါတ် ၈၊ သင်္ချာမှာ ၁၇ နဲ့ စာဖတ်ခြင်းစွမ်းရည်မှာ ၁၉ ရရှိတယ်။

ထိုင်းနိုင်ငံက သင်္ချာမှာ နံပါတ်စဉ် ၅၀၊ စာဖတ်ခြင်းနဲ့ သိပ္ပံစွမ်းရည်တွေမှာ ၄၈ ရရှိတယ်။

မလေးရှားက သင်္ချာမှာ ၅၂၊ စာဖတ်ခြင်းမှာ ၅၉ နဲ့ သိပ္ပံဘာသာရပ်မှာ ၅၃ ရရှိတယ်။

အင်ဒိုနီးရှားက သင်္ချာနဲ့ သိပ္ပံမှာ ၆၄၊ စာဖတ်ခြင်းဘာသာမှာ ၆၂ အသီးသီး ရရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံဟာ စာဖတ်ခြင်းနဲ့ သင်္ချာစွမ်းရည်တွေမှာ အမှတ်စဉ် ၅၀ ရရှိခဲ့ပြီး သိပ္ပံမှာ ၄၉ ဖြစ်ပါတယ်။ ဆန့်ကျင်ဖက်ကတော့ စင်္ကာပူရဲ့ အဲဒီနှစ်အဆင့်ဟာ စာဖတ်ခြင်းမှာ နံပါတ် ၅၊ သင်္ချာမှာ ဒုတိယနဲ့ သိပ္ပဘာသာမှာ နံပါတ် ၄ နေရာတို့ ရရှိခဲ့ခြင်းပါ။

ဒီရလဒ်တွေက အဓိပ္ပါယ် အများကြီး ရှိပါတယ်။ စင်ကာပူဟာ နိုင်ငံ ၁၄၀ မှာ စီးပွား ယှဉ်ပြိုင်ခြင်း ဖွံ့ဖြိုးတိုးတက်မှု ဒုတိယအအောင်မြင်ဆုံး တိုင်းပြည်အနေနဲ့ ရှိနေဆဲဖြစ်တယ်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်ရဲ့ တကမ္ဘာလုံးယှဉ်ပြိုင်မှု အစီရင်ခံစာ အရပါ။ ထိုင်းနိုင်ငံကတော့ အဆင့် ၃၂ နေရာမှာ ရှိပါတယ်။

အားလုံးက လက်ညိုး ၀ိုင်းထိုးကြတာကတော့ မူဝါဒ ချမှတ်သူများရဲ့ ကျရှုံးမှုကိုပါပဲ။ တိုင်းပြည်က အမှန်တကယ် လိုအပ်တဲ့ လုပ်အား အမျိုးအစားနဲ့ လိုက်လျောညီထွေဖြစ်မယ့် ပညာရေး မဟာဗျူဟာ နည်းလမ်းတွေကို မချမှတ်တတ်ခဲ့၊ မကျင့်သုံးနိုင်ခဲ့တဲ့ နောက်ဆက်တွဲ ကျဆုံးမှုပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုမှာ ပြဌာန်း ဖတ်စာအုပ်တွေကို မကြာခဏဆိုသလို ပြောင်းလဲခဲ့ကြတယ်။ မူအသစ်၊ နည်းလမ်းအသစ်တွေလည်း မိတ်ဆက်ခဲ့တယ်။ စာသင်ခန်းအတွင်းမှာ နိုင်ငံခြားသား ဆရာများကို ခန့်အပ်ခြင်းမျိုးတွေလည်း အပါအ၀င်ပါ။ ဒါပေမယ့် ဒီကျောင်းသားများဟာ တက္ကသိုလ်ပညာရေး အတန်းတွေ ပြီးဆုံးလာခဲ့တဲ့ နောက်မှာတော့ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သူဟာ အရေအတွက် အနည်းအကျဉ်းမျှသာ ရှိနေတယ်။ သင်္ချာနဲ့ သိပ္ပံပညာ အသိပညာလည်း ဘွဲ့ရတွေမှာ ပါမလာခဲ့ပါဘူး။ လုပ်ဖို့ကိုင်ဖို့ရာ လေ့ကျင့် သင်ကြားထားခြင်း မရှိတဲ့ အလုပ်အကိုင်တွေမှာ ဘွဲ့ရတွေဟာ ၀င်ရောက်လာကြတော့တယ်။

လွန်လေပြီးသော နှစ်ပေါင်း များစွာတုန်းကတော့ ပညာရေး လက်လှမ်း မမီဖြစ်ခြင်းနဲ့ တန်းတူမှု မရှိခြင်းကို ကျွန်တော်တို့ အပြစ်ပုံချ ခဲ့ဖူးတယ်။ ထိုင်းမြို့ပေါ်က ကျောင်းတွေမှာပဲ ဓါတ်ခွဲခန်းနဲ့ ကိရိယာတွေ ကောင်းကောင်းမွန်မွန် ပြည့်စုံခဲ့တာပါ။ ဆင်းရဲနွမ်းပါတဲ့ ကလေးများအတွက် တက္ကသိုလ်ကျောင်းတွေက တံခါး မဖွင့်ထားခဲ့ဘူး။ ကျောင်းသား ချေးငွေလည်း မရရှိခဲ့ကြပါဘူး။ ကျောင်းသားချေးငွေ စီမံကိန်းကို စတင်ခဲ့ပြန်တော့လည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပုံစံသစ်ရယ်၊ တက္ကသိုလ်များ ကိုယ်ပိုင် လွတ်လပ်စီမံခွင့် မူဝါဒတွေ ချမှတ်ကြပြန်တယ်။ ရလဒ်ကတော့ ငွေကြေး တတ်နိုင်တဲ့ ချမ်းသာကြွယ်ဝသော ကျောင်းသားတွေသာလျှင် တိုင်းပြည် အနှံ့အပြားမှာ ရှိတဲ့ တက္ကသိုလ်တွေက စီစဉ်တဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို ဖြေဆိုဖို့ ခရီး သွားလာနိုင်ကြ တာပါပဲ။ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားများဟာ အမျိုးသား ၀င်ရောက်ဖြေဆိုခွင့် အစီအစဉ် National Admission scheme လောက်ကိုပဲ အားကိုးရတော့တယ်။

သေချာတာကတော့ မြန်မာနိုင်ငံမှာ ဒီအခြေအနေတွေ ထက်ကို ပိုလို့ ဆိုးရွားလွန်းနေတာပါ။ ခန့်မှန်းခြေအရ မြန်မာကလေးငယ် တစ်သန်းကျော်ဟာ ကျောင်းရဲ့ အပြင်ဖက်မှာပဲ ရှိနေဆဲ။ မူလတန်းအဆင့် ပြီးစီးအောင် တက်ရောက်နိုင်ခွင့် ရရှိသူကလေးများဟာ ၇၀ ရာခိုင်နှုန်းအောက်မှာ ရှိနေတယ်။ အတန်းနဲ့ အသက်လည်း လွဲနေကြတုန်းပါပဲ။ မူလတန်း စတင်တက်ရောက်ခဲ့တဲ့ ကလေးငယ် ၁၀၀ မှာ အလယ်တန်း ၈ တန်းအဆင့် အောင်မြင်သူဟာ ၂၀ ဦးပဲရှိ ကျန်ရှိတော့တယ်။

နောက်ဆုံးပိတ် ဒေတာတွေအရလည်း အစိုးရက ပညာရေးဘတ်ဂျက်ကို တိုးမြှင့် သုံးစွဲလာခဲ့ပေမယ့်လို့ ရလဒ်များကတော့ ကျေနပ် အားရဖွယ်ရာ မရှိသေးဘူးလို့ ယူဆရပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး ဒေတာတွေအရ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ဟာ ရှစ်နှစ်အတွင်းမှာ အနိမ့်ကျဆုံးပါပဲ။ ၀င်ရောက်ဖြေဆိုသူ ကျောင်းသားဦးရေ ၆၃၆ ၂၃၇ ယောက်ထဲက ၁၉၀ ၄၀၀ ဦးရေသာလျှင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တယ်။ ၂၉ ဒသမ ၉ (၂၉.၉) ရာခိုင်နှူန်းမျှသာ ရှိပါတယ်။ အောင်မြင်သူတွေ ကသာလျှင် ဘ၀မှာ တက္ကသိုလ်ပညာရေးကို တက်ရောက်ခွင့် ရရှိနိုင်ကြပါလိမ့်မယ်။

၂၀၀၉ ခုနှစ်တုန်းက အောင်ချက်က ၃၀.၄၊ ၂၀၁၀ မှာ ၃၄.၉၊ ၂၀၁၁ ခုနှစ်မှာ ၃၅.၁၊ ၂၀၁၂ ခုနှစ်မှာ ၃၄.၄၊ ၂၀၁၃ ခုနှစ်မှာ ၃၄.၉၊ ၂၀၁၄ ခုနှစ်မှာ ၃၁.၇၊ နဲ့ ၂၀၁၅ ခုနှစ်မှာ ၃၇.၆ ရာခိုင်နှူန်း အသီးသီး ရှိခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးခေတ် မတိုင်မီတုန်းကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဗဟိုအချက်အချာ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ ပညာရေး ဗဟို နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေသိ ဆယ်စုနှစ်ပေါင်း များစွာတိုင် တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို လျစ်လျူရှူခဲ့တဲ့ ဆိုးကျိုးရလဒ်ဟာ အင်မတန်မှပဲ ရက်စက်ခါးသည်း လွန်းလှပါတယ်။ အလျင်အမြန် ကုစား ကယ်တင်နိုင်ခြင်း မရှိဘူးဆိုရင်တော့ အခြေအနေတွေဟာ ပိုပြီးတော့ကို ဆိုးရွားလာဖွယ်ရာ ရှိနေတယ်။ လူသား အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်မှာ မဟုတ်ပါဘူး။ အိမ်နီးနားချင်း နိုင်ငံများကိုလည်း အမီလိုက်နိုင်ဖို့ရာ မလွယ်လှပါဘူး။

တိုင်ရင်းသားလူငယ်များညီလာခံကိုတက်ရောက်လာကြသူလူငယ်တွေကငြိမ်းချမ်းရေးကိုပဲအဓိကလိုချင်


နေရောင်ခြည်စွမ်းအင်၊ ဒီဇယ်အင်ဂျင်တို့နှင့် လျှပ်စစ်ဓာတ်အားပေးရေး မကွေးတိုင်းတွင် စတင်

ဇော်ဖေ


မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ နေရောင်ခြည်စွမ်းအင်၊ ဒီဇယ်အင်ဂျင်တို့နဲ့ လျှပ်စစ်ဓာတ်အားပေးရေး အစီအစဉ်ကို မကွေးတိုင်းဒေသကြီး အစိုးရက စတင်လိုက်ပြီ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Parami Energy Services Co., Ltd. တို့ ပူးပေါင်းကာ ပြင်သစ်နိုင်ငံ EDF Co., Ltd တို့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကြားက ကျေးရွာတွေ မီးလင်းဖို့ ပြုလုပ်ပေးတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အခုလိုပြောပါတယ်။

“ကျနော်တို့ ပြည်ထောင်စုနိုင်ငံတော်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ Energy Thirsty ဖြစ်ပါတယ်။ အဲတော့ အခုလိုအခြေအနေမျိုးမှာ ဧရာဝတီနဲ့ ချင်းတွင်းကြားမှာ ရှိနေတဲ့ ရေစကြိုမြို့နယ်က ရွာပေါင်း ၄၀ ကျော်ကို လျှပ်စစ်မီး Power Supply ပေးဖို့ ကြိုးစားတာဟာ အင်မတန်သင့်လျော်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီမှာဆိုရင်လည်းပဲ ဆိုလာစွမ်းအင်သာ မကဘူး၊ ဒီဇယ်အင်ဂျင်နဲ့လည်း ကျနော်တို့က Generate လုပ်မှာပါ။ Electricity ရအောင်လို့။ ကြွလာတဲ့ လူကြီးမင်းတွေထဲမှာလည်း ဒီ Sustainable Development ရော၊ Observation of Environment ကိုရောပဲ စိတ်ပါဝင်စားတဲ့သူတွေ၊ တန်ဖိုးထားတဲ့သူတွေ ပါတယ်ဆိုတာ သိရတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။ ဒါကိုလည်းပဲ အကျဉ်းအားဖြင့် ပြောထားပါတယ်။ လုပ်ငန်းအောင်မြင်ဖို့၊ အကျိုးအမြတ်ရှိဖို့ ဆိုပြီး ပြောထားတယ်။ သူတို့အားလုံး သဘောတူပါတယ်။”

အခု မီးလင်းရေး စီမံကိန်းကို ၁ နှစ် ၂ နှစ်အတွင်းမှာ အပြီးဆောင်ရွက်သွားမယ်လို့လည်း Parami Energy Service Co.,Ltd ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဖြိုးဝေထွန်းက ပြောပါတယ်။

“ကျနော်တို့က Report အကြီးစား ကျနော်တို့ ရေးရဦးမှာ။ ရေးပြီးတော့မှ ကျနော်တို့ ဘယ်လောက်ကြာမယ်ဆိုတာ ပြောလို့ရမှာ။ ကျနော်တို့မြင်တာကတော့ ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာ အဆင်မပြေဘူးဆိုရင်တော့ ဒါအဆင်မပြေဘူးပေါ့နော်။ ၁ နှစ် ၂ နှစ် အတွင်းမှာ ကြိုးစားမယ်လို့ ကျနော်တို့ ယူဆထားတာပေါ့နော်။ တဖက်ကလည်း ကျနော်တို့အနေနဲ့ကျတော့ တိုင်းရင်းသားကုမ္ပဏီ အနေနဲ့ကျတော့ သူတို့လိုအပ်တာကို ကျနော်တို့ Support ပေးမယ်။ ပြီးတော့ Technology က သူတို့ဘက်က ပေးမယ်ဆိုတော့ နှစ်ဖက်ပေါင်းပေါ့နော်။ Cost ရော Technology ရော နှစ်ဖက်ပေါင်းပြီး ပြောမယ်ဆိုရင်တော့ ကျနော်တို့က ၁ နှစ် ၂ နှစ်အတွင်း ဖြစ်နိုင်အောင်တော့ ကျနော် တို့က ကြိုးစားမှာပါ။” ဟု Parami Energy Service Co.,Ltd ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဖြိုးဝေထွန်းက ပြောပါတယ်။

ပထမအဆင့်အနေနဲ့ ရေစကြိုမြို့နယ်ထဲက ကျေးရွာပေါင်း ၄၀ ကျော်ကို မီးလင်းအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို လိုက်ပြီး တိုးချဲ့ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ် ရွှေမြောလုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်ထိခိုက်တဲ့အပေါ်


ဝ၊ မိုင်းလား အဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံ

ဖနိဒါ၊ မင်းမင်း

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA) အထူးဒေသ (၂)နှင့် မိုင်းလား (NDAA) အထူးဒေသ (၄) ခေါင်းဆောင်များ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်တို့နှင့် ဇူလိုင်လ ၂၉ ရက်က နေပြည်တော်တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ၂၁ ရာစုပင်လုံ ညီလာခံနှင့်
ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများကို ရှင်းပြခဲ့ပြီး ဝ နှင့် မိုင်းလားအဖွဲ့များမှ ခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းပြခဲ့သလို၊ ၂၁ ရာစု ပင်လုံ ညီလာခံကို ထောက်ခံကြိုဆိုကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းထောက်များကို ပြောကြားခဲ့သည်။

“အထူးဒေသ ၂ နဲ့ အထူးဒေသကတော့ သူတို့ရဲ့ တလျောက်လုံး ရပ်တည်ခဲ့တဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှင်းပြတယ်။ နောက်ဆုံးတတိယမြောက်အချက်က ၂၁ ရာစုပင်လုံညီလာခံနဲ့ပတ်သက်လို့ နှစ်ဖွဲ့လုံးက ထောက်ခံတယ် ကြိုဆိုတယ်။ အဲပေါ်မှာ ဘယ်လို ပူးပေါင်းပါဝင်မယ်ဆိုတာကိုတော့ မနက်ဖြန်မှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်”ဟု ဦးဇော်ဌေးက ပြောသည်။

၎င်းက ဆက်လက်၍ “ဒီနေ့တွေ့ဆုံမှုက ပထမဆုံး အရေးကြီးတဲ့ ခြေလမ်းတစ်ရပ်ဖြစ်ပါတယ်။ အဲဒီခြေလမ်းကလည်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဒီအဖွဲ့အစည်းတွေကြားမှာ ရင်းနှီးမှု ယုံကြည်မှု တည်ဆောက်တာ ဖြစ်ပါတယ်။ ဒါဟာ တော်တော်လေးကို အပြုသဘောဆောင်တယ်လို့ ပြောလို့ ရပါတယ်”ဟု ပြောသည်။

၂၁ ရာစုပင်လုံ ညီလာခံ ပါဝင်တက်ရောက်နိုင်ရေးအတွက် ဇူလိုင်လ ၃၀ ရက်တွင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် UWSP ခေါင်းဆောင်များ သီးသန့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သလို၊ နောက်ရက်များတွင် မိုင်းလားတပ်ဖွဲ့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု ဦးဇော်ဌေးက မီဒီယာများကို ပြောဆိုခဲ့သည်။

ဝ နှင့် မိုင်းလားအဖွဲ့များကို ပါဝင်၊ မပါဝင်ကိုမူ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုအပေါ်မှာ မူတည်ကြောင်း နှင့် ယနေ့ တွေ့ဆုံဆွေးနွေးမှုမှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးနိုင်သဖြင့် အားရကျေနပ်ကြောင်း သူက ပြောသည်။

“သူတို့တဖွဲ့ချင်း ဆွေးနွေးပြီးတော့မှ ၂၁ ရာစု ပင်လုံ ဘယ်လိုပါနိုင်မလဲဆိုတာ ထွက်လာမှာပေါ့နော်။ အဖြေထွက်လာမှာပေါ့။ အဖြေရှာရမှာပေါ့” ဟု သူက ပြောသည်။

ယနေ့ မွန်းလွဲပိုင်း ၂ နာရီခွဲချိန်တွင် ဝ နှင့် မိုင်းလာအဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာတွင် တွေ့ဆုံခဲ့သည်ဟု သူက ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဝ နှင့် မိုင်းလား အထူးဒေသမှ လူငယ် ၁၀၀ တို့နှင့် နေပြည်တော်တွေင် တွေ့ဆုံကာ လူငယ်များနှင့် အမေအဖြေ အစီအစဉ် ပြုလုပ်ခဲ့သည်။

ဝ နှင့် မိုင်းလား အထူးဒေသမှ လူငယ် ၁၀၀ နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ရာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အနာဂတ်အတွက် အမျိုးသမီးနှင့် လူငယ်များသည် အင်မတန်အရေးကြီးကြောင်း၊ လူငယ်များ အနေဖြင့် ငြိမ်းချမ်းရေးအတွက် အင်တိုက်အားတိုက် ပါဝင်ကြရန် မျော်လင့်ကြောင်း၊ ကိုယ့်ပြည်နယ်တွင်းသာမကာ တခြားပြည်ထောင်စုအတွင်း သွားရောက်လည်ပတ်၍ ရင်းနှီးမှု တည်ဆောက်ရန်နှင့် အနာဂတ်အတွက် ပညာရေးကို အလေးထားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

မိုင်ဂျားယန် ညီလာခံမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး အခြေခံဆွေးနွေး


ဥပဒေမေဂျာ တတိယနှစ်တွင် လူ့အခွင့်အရေးဘာသာရပ် ထည့်သွင်းသင်ကြားရန် စီစဉ်

ထွန်းထွန်းသိန်း


တက္ကသိုလ် ဥပဒေမေဂျာ တတိယနှစ်မှာ လူ့အခွင့်အရေး ဘာသာရပ်ကို ထည့်သွင်းသင်ကြားဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ယခင်က အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်ထဲမှာ အပိုင်းတပိုင်း အနေနဲ့သာ ပါဝင်နေတဲ့အတွက် တက္ကသိုလ် ဥပဒေတန်း တတိယနှစ်မှာ သီးသန့် ဘာသာရပ်အနေနဲ့ ထည့်သွင်းဖို့ စီစဉ်နေကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တက္ကသိုလ် ၁၄ ခုက ဥပဒေနဲ့ပတ်သက်တဲ့ ဆရာ ဆရာမတွေကို ရန်ကုန်မြို့မှာ လူ့အခွင့်အရေးကော်မရှင်က စီစဉ်မှုနဲ့ ၃ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

“လူ့အခွင့်အရေးဆိုတာက လူတိုင်းနဲ့ သက်ဆိုင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအရလည်း ကာကွယ်ဖို့ လိုအပ်တဲ့အတွက်ကြောင့် ကျမတို့က အရင်တုန်းကကျတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်ထဲမှာ အပိုင်းတပိုင်း အနေနဲ့တော့ ပါပါတယ်။ ဒါပေမယ့် အခုကတော့ သပ်သပ်ပေါ့နော်၊ မယူမနေရ ဘာသာရပ်တခုအနေနဲ့ Human Resource တတိယနှစ်မှာ ထည့်သွင်းပြီးတော့ သင်ကြားပေးဖို့ အဲဒါအတွက်ပါ။ အဲဒါကြောင့်မို့ ဒီ Workshop လုပ်ရတာပါ” လို့ တောင်ကြီးတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာနီလာစိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အရေးနဲ့ပတ်သက်ပြီး သိရှိမှု အားနည်းနေသေးတဲ့အတွက် ကျောင်းသား ကျောင်းသူတွေ အနေနဲ့ မဖြစ်မနေ သင်ကြားသင့်တယ်လို့လည်း တက္ကသိုလ်ဆရာတွေက ပြောကြားကြပါတယ်။

“Human Rights တွေနဲ့ ပတ်သက်တဲ့ အချက်တွေ တော်တော်များများသည် ကျနော်တို့တောင်မှ သင်ခဲ့ရတဲ့ ဘာသာရပ်တခု မဟုတ်ဘူး။ အဲတော့ ခုချိန်မှာ ကျနော်တို့ Human Right သည် ဘာလဲဆို ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ အများကြီးလိုအပ်တယ်။ အများကြီးသိဖို့လိုသလို၊ ကျနော်တို့လည်း သိဖို့လိုသလို ကျောင်းသားကျောင်းသူတွေ သိဖို့လိုတယ်” လို့ ပြည်တက္ကသိုလ် ဥပဒေပညာဌာနမှ ကထိက/ဌာနမှူး ဦးမိုးမြင့်ကျော်က ပြောပါတယ်။

တက္ကသိုလ် ဥပဒေမေဂျာရဲ့ တတိယနှစ်မှာ လူ့အခွင့်အရေးဘာသာရပ်ကို ထည့်သွင်းသင်ကြားဖို့ ပညာရေးဝန်ကြီးဌာနက ခွင့်ပြုထားပြီး လာမယ့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ထည့်သွင်းဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သင်ရိုးညွှန်တန်း ရေးဆွဲမှုကိုတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ရှိပ်ဆီး (SHAPE-SEA) နဲ့ မဟီဒေါ (Mahidol) တက္ကသိုလ် စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဥပဒေသင်တန်း ဆရာ ဆရာမတွေ ရန်ကုန်မြို့မှာ ဇူလိုင် ၂၅ ရက်ကနေ ၂၇ ရက်ထိ ဆွေးနွေးခဲ့ကြပါတယ်။

ကလေးချင်း လူသတ်မှု စွဲချက် တင်သင့် မတင်သင့် အမိန့်ချမှတ်မည်


ရန်ကုန်မြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်ဆိုင်းခံရပြီးတဲ့နောက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ စိုးရိမ်မှုမြင့်တက်နေ

ရှုမဝအောင်

မကြေလည်တာနဲ့ နားမလည်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန်ပါ။ တစ်ခါ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနဲ့ စီးပွားရေးကော်မတီက သူတို့ကိုယ်တိုင် အဲဒီ့လုပ်ငန်းခွင်တွေကို သွားရောက်စစ်ဆေးတဲ့အခါမှာလည်း စည်းကမ်းဖောက်ဖျက်တာမျိုးကို မတွေ့ရတာကြောင့် တိုင်းဒေသကြီးအစိုးရကို သိမြင်စေဖို့ စာပေးပို့တင်ပြထားပြီးလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေးကော်မတီက ဒီကိစ္စ ပြေလည်လို့ ပြေလည်ငြားဆိုပြီး တိုင်းဒေသကြီးအစိုးရဆီက ပြန်လည်သုံးသပ်ဖို့ တင်ပြထားပေမယ့် အခုထက်ထိတော့ အဖြေက ဘာဆိုတာကို မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ကော်မတီရဲ့ တာဝန်ရှိသူကို အင်တာဗျူးလုပ်ဖို့ ဆက်သွယ်ခဲ့ပေမယ့် အဲဒီ့ဘက်က အစိုးရကို ဖိအားပေးသလို ဖြစ်မှာဆိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

တစ်ခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းထားတဲ့ မြို့တော်အဆောက်အဦး တည်ဆောက်မှုဆိုင်ရာ စိစစ်ရေးကော်မတီရဲ့ အဖွဲ့အ၀င်တစ်ဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း သူ့ဘက်က ရေရာတဲ့သိရှိခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။

အဲဒီ့တော့ လက်ရှိအခြေအနေက လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အခြေအနေလို့လည်း သုံးသပ်ရပါတယ်။

တစ်ဘက် ရပ်ဆိုင်းခံထားရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဘက်က တွက်ပြထားတဲ့ ဒီအပေါ်မှာ ဆုံးရှုံးနိုင်မယ့်ပမာဏကလည်း ဒေါ်လာဘီလီယံနဲ့ချီပြီးရှိ နေတာပါ။ ဒါကြောင့် သူတို့ဘယ်လိုဖြစ်စေချင်သလဲဆိုတာနဲ့ ပတ်သတ်ပြီး ဒီအကြပ် အတည်းမှာ ပါဝင်ပတ်သတ်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို မေးကြည့်တဲ့ အခါမှာတော့….

"ဒီဥပဒေကို ပြန်ပြောင်းတာ မဟုတ်ဘူး ရှိတဲ့ ဥပဒေကို ပြောင်းစေချင်တာ မဟုတ်ဘူး။ ကျတော်တို့ အရင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းမှာ ကျတော်တို့ ဒီ ပါမစ်တွေက ရထားတယ်။ အဲဒီအတွက် ပါမစ်အတိုင်း ကျတော်တို့ကို ဆက်လက်ပြီးတော့ ဆောက်လုပ်စေချင်တယ်။ ကျတော်တို့အနေနဲ့ကတော့ ဒီဟာကိုလည်းအစိုးရအဖွဲ့ အနေနဲ့ ခွင့်ပြုစေချင်တယ်။" လို့ PSWN Development Co., Ltd ရဲ့ အထွေထွေမန်နေဂျာ ဦးသီဟဇော်က ပြောပါတယ်။

ဒီရပ်နားခံထားရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာဆိုရင်လည်း ဆောက်လုပ်ခွင့် ပါမစ်ကျချိန်ကတည်းက လူနေအိမ်ခန်းတွေကို စပြီး ရောင်းချခဲ့တာတွေရှိပြီး ဒီလို မတည်မငြိမ်မှုတွေ ဖြစ်လာနေတဲ့အချိန်မှာ ဝယ်ယူသူတွေဘက်က စိုးရိမ်တာမျိုး တွေရှိနေပါတယ်။ အဲဒီ့ထဲက တစ်ချို့ဆိုရင် ငွေပြန်အမ်းဖို့ တောင်းဆိုထားတာမျိုးလည်း ရှိလာတယ်လို့ လုပ်ငန်းရှင်တွေဘက်က ပြောဆိုကြပါတယ်။

ဒါကြောင့် စီးပွားရေးမြို့တော် ရန်ကုန်က အစကောင်းနေတဲ့ တည်ဆောက်ရေး လုပ်ငန်းတွေဟာ ထိုးနှက်ချက်တွေနဲ့ ယိုင်လဲသွားမှာလား..ဒါမှမဟုတ် လက်ရှိ အခက်အခဲတွေကနေ ဘယ်လို လွတ်မြောက်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။

လူငယ်စုံတွဲ တွေသာ လက်ခံငှားရမ်းတဲ့ အလုံပိတ် လုံးချင်းအိမ်ခန်းတွေ စစ်ဆေး


အိန္ဒိယ-မြန်မာ ဆက်ဆံရေးသစ်ရဲ့ မျက်နှာစာများ

ရဲထွန်း (သီပေါ )


ဒီတခေါက် အိန္ဒိယကို ခရီးထွက်ဖြစ်ဖို့ ဖိတ်ကြားလာတဲ့ အဖွဲ့ကတော့ မြန်မာအိုင်းဆစ် (Myanmar ISIS) လို့ခေါ်တဲ့ အဖွဲ့အစည်းပါ။ မြန်မာအိုင်းဆစ်ဆိုတော့ ကမ္ဘာမှာ နာမည်ကြီးနေတဲ့ ISIS (Islamic State of Iraq and Syria) ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ တစုံတရာ ပတ်သက်နေတဲ့ မြန်မာအဖွဲ့အစည်း ဖြစ်နေလေမလားလို့ စာဖတ်သူတို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ မပတ်သက်ပါဘူး။

အမှန်တော့ ဒီအဖွဲ့အစည်းဟာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ပညာရှင်များ၊ သံအမတ်ဟောင်းများနဲ့ တရားဝင်ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အဖွဲ့တဖွဲ့ပါ။ Myanmar Institute of Strategic and International Studies လို့ ခေါ်ပါတယ်။ အရှေ့အလယ်ပိုင်းက အိုင်းဆစ် (ISIS) သို့မဟုတ် (ISIL) အဖွဲ့ နာမည်ဆိုးနဲ့ မကျော်ကြားလာခင် (၂၀၁၄ ခုနှစ်မတိုင်ခင်) ၂၀၀၉ ခုနှစ်လောက်ကတည်းက ဖွဲ့စည်းထားခဲ့တဲ့ မြန်မာ Think Tank အဖွဲ့အစည်းတခုပါ။ မူလက မြန်မာအိုင်းဆစ်လို့ အတိုကောက် ခေါ်နေရာကနေ အရှေ့အလယ်ပိုင်းက အကြမ်းဖက်အဖွဲ့အစည်းနဲ့ ရောထွေးအထင်မှားမှာစိုးလို့ အခုအခါမှာ MISIS မိုင်းဆစ်လို့ ခေါ်ပါတယ်။

အဖွဲ့ရဲ့ ဥက္ကဋ္ဌက ဦးညွန့်မောင်ရှိန် (သံအမတ်ကြီးဟောင်း) ဖြစ်ပါတယ်။ ကျနော်က ဦးညွန့်မောင်ရှိန်၊ ဒေါက်တာခင်ဇော်ဝင်းတို့နဲ့အတူ တရုတ်ပြည် ဇိချွမ်းပြည်နယ် ချုံကင်း (ချုံချင့်) ကို အတူသွားဖူးလို့ တယောက်နဲ့တယောက် သိကျွမ်းနေကြတာပါ။ အဲဒီတုံးက (ဦးသိန်းစိန်အစိုးရလက်ထက်) လည်း တရုတ်ပြည် ဇိချွမ်းပြည်နယ်အစိုးရက Myanmar ISIS နဲ့ တမ္ပဒီပအဖွဲ့တို့ကတဆင့် ကျနော်တို့ကို ဖိတ်ကြားပြီး သူတို့ရဲ့ One Road One Belt မူဝါဒကို ရှင်းပြခဲ့ပါတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးရေး စိတ်ကူးစံတွေကို မြန်မာ Think Tank အဖွဲ့တခုကနေ မြန်မာအစိုးရကို အသိပေးလိုပုံ ရပါတယ်။

အခုလည်းပဲ အိန္ဒိယရဲ့ လွတ်လပ်တဲ့ Think Tank အဖွဲ့တခုဖြစ်တဲ့ India Foundation က မြန်မာ Think Tank ဖြစ်တဲ့ MISIS ကတဆင့် မြန်မာအစိုးရသစ်ကို သူတို့ အသိပေးလိုတာတွေကို ရှင်းပြရင်း မြန်မာရဲ့ထင်မြင်ချက်တွေကို နားထောင်ဖို့ ဖိတ်လိုက်တာပါ။ အဓိကကတော့ (BJP) Bharatiya Janata Party (ဘာရာတီယာ ဂျာနာတာပါတီ) ခေါင်းဆောင်၊ အိန္ဒိယ လက်ရှိအစိုးရ National Democratic Alliance (အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့) ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ (Narenda Modi) ရဲ့ Act East ပေါ်လစီကို တက်တက်ကြွကြွ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

India Foundation က Myanmar ISIS ကို ဖိတ်လိုက်တဲ့အခါ ထင်ရှားတဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေလည်း ပါဝင်စေချင်တယ် ဆိုတာကြောင့် အန်အယ်လ်ဒီ၊ ယူအက်စ်ဒီပီ၊ အေအန်ပီနဲ့ အက်စ်အန်ဒီပီ ပါတီတွေက ပြောဆိုဆွေးနွေးနိုင်တဲ့သူတွေကို ဖိတ်ပါတယ်။ ဒီလိုနဲ့ပဲ အန်အယ်လ်ဒီကိုယ်စားလှယ်အနေနဲ့ ဗေဒါအင်စတီကျုက ကိုမျိုးထိုက်တန်သိန်း၊ ယူအက်စ်ဒီပီက ဒေါက်တာ မောင်မောင်ဌေး (ယခင် သာသနာရေး ဒု-ဝန်ကြီးဟောင်း)၊ အေအန်ပီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်မရကျော်၊ အက်စ်အန်ဒီပီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျနော်၊ အပြင်က စီးပွားရေးပညာရှင် Myanmar Development Resource Institute က ဦးခင်မောင်ညို ခင်မောင်ညို(ဘောဂဗေဒ)၊ Regional Centre for History and Tradition (SEAMEO CHAT) က ဒေါ်ကာရိုးလ်အန်းချစ်သာတို့နဲ့ MISIS က သံအမတ်ကြီးဟောင်း ဦးဝင်းလွင်၊ MISIS အဖွဲ့ဝင် သံတမန်ဟောင်း ဦးဘလှအေး၊ MISIS အဖွဲ့ဝင် ဒေါ်သန်းသန်းဌေးတို့နဲ့ MISIS က ကိုထူးကျော်တို့ အားလုံး ၁၀ ယောက်အဖွဲ့ နယူးဒေလီကို သွားဖြစ်ကြပါတယ်။ သံအမတ်ကြီးဟောင်း ဦးညွန့်မောင်ရှိန်ကတော့ သွားခါနီးမှာ ကျန်းမာရေးမကောင်းလို့ မလိုက်ဖြစ်တော့ပါဘူး။

အစည်းအဝေးကို ဂျူလိုင်လ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်ကျင်းပပြီး ၇ ရက်နေ့မှာတော့ အဂ္ဂရာမှာရှိတဲ့ တပ်ဂ်ျမဟာ ကိုလိုက် ပို့ခဲ့ပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့ Act East ပေါ်လစီက သူ့အရင်က အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီဝန်ကြီးချုပ် နာရာဆင်ဟာရောင်းက ၁၉၉၂ ခုနှစ်ကစတင်ချမှတ်ခဲ့တဲ့ Look East ပေါ်လစီရဲ့ အဆက်လို့ ဆိုရလိမ့်မယ်ထင်ပါတယ်။ Look East ပေါ်လစီက အိန္ဒိယက သူ့ရဲ့အရှေ့ဘက် အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ အရှေု့တောင်အာရှနိုင်ငံများနဲ့ စီးပွါးရေးအရ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တွေထူထောင်ဖို့ဖြစ်ပေမဲ့ သူ့နောက်ဆက်ခံတဲ့ အစိုးရများဖြစ်ကြတဲ့ ဗီဟာရီ ဗာ့ဂ်ျပါးယီး နဲ့ မန်မိုဟန်ဆင်း တို့လက်ထက်မှာ ဒေသရဲ့ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာ မိတ်ဖွဲ့မှု (ယေဘူယျအားဖြင့် ဒေသတခုလုံးနဲ့ဆောင်ရွက်ဖို့ဖြစ် ပေမဲ့ အထူးအာရုံစိုက်မှုအရတော့ ဗီယက်နမ်၊ ဂျပန်တို့နဲ့ အလေးထားလုပ်ဆောင်ဖို့) အတွက် အားစိုက်ဖို့ဖြစ်ပါတယ်။

မကြာသေးမှီက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး စူးရှမ ဆွာရာဂ်ျ (မ) ရဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ကိုသွားခဲ့တဲ့ခရီးစဉ်မှာ အိန္ဒိယရဲ့ ဆယ်စုနှစ်ခုလောက်ကြာခဲ့ပြီဖြစ်တဲ့ Look East ပေါ်လစီကို ပိုမိုတက်ကြွတဲ့နိုင်ငံခြားရေးပေါ်လစီဖြစ်တဲ့ Act East ပေါ်လစီနဲ့ အစားထိုးဖို့လိုအပ်နေပြီဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

ဒီ Act East ဆိုတဲ့ စကားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ၂၀၁၁ ဂျူလိုင်လက အိန္ဒိယကိုလာလယ် စဉ် မိန့်ခွန်းပြောရာမှာ “ အရှေ့ဘက်ကိုကြည့်ရုံဘဲ မကြည့်ပါနဲ့၊ အရှေ့နဲ့ပူးပေါင်းပါဝင်ပါ- ဆက်သွယ်ဆောင်ရွက်ပါ” Not just to look East, but to engage East and act East.” လို့ပြောသွားရာကနေ ထင်ရှားလာတာပါ။

ကျနော်တို့ အစည်းအဝေးပြုလုပ်တဲ့ နေရာကတော့ နယူးဒေလီ၊ လိုဒီလမ်းပေါ်က India Habitat Center မှရှိတဲ့ Habitat World မှာ။ ကျနော်တို့ တည်းခိုနေထိုင်ရာနေရာနဲ့ အစည်းအဝေးခန်းမက တဆောင်ထဲမဟုတ်ပေမဲ့ ကွန်ပေါင်းတခု ထဲမှာဖြစ် လေတော့ သိပ်မဝေးလှဘူး။

ရန်ကုန်က ခရီးစတင်မထွက်ခွါခင်ကတည်းက အစည်းအဝေးအတွက် အကြမ်းဖျင်းအစီအစဉ်ကို အီးမေးလ်နဲ့ ကြိုတင်ပေးပို့ ထားပြီး ခေါင်းစဉ်က India-Myanmar: Paradigms of New Relationship (အိန္ဒိယ-မြန်မာ : ဆက်ဆံရေးသစ်ရဲ့ ပုံစံများ) ဖြစ်ပေမဲ့ တကယ်အစည်းအဝေးစတဲ့အခါ ခေါင်းစဉ် ကပြောင်းသွားပါတယ်။ India Foundation-MISIS Bilateral Conference on India-Myanmar : Frontiers of New Relationship (အိန္ဒိယ-မြန်မာ : ဆက်ဆံရေးသစ်ရဲ့ မျက်နှာစာများ) ဖြစ်သွားပါ တယ်။ အစည်းအဝေး ပထမရက်မှာ Trade & Connectivity (ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေး) ရယ်၊ People to People Contact (ပြည်သူအချင်းချင်း ဆက်ဆံရေး) ဆိုတဲ့ ခေါင်းစဉ်နှစ်ခုနဲ့ဆွေးနွေးကြပြီး၊ ဒုတိယရက်မှာတော့ India-Myanmar Relations; under NDA & NLD Governments (NDA နှင့် NLD အစိုးရများလက်အောက် အိန္ဒိယ-မြန်မာ ဆက်ဆံရေး) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြပါတယ်။

အစည်းအဝေးပထမနေ့မှာ ပြောသွားကြတဲ့အထဲက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးဟောင်း ( ၂၀၁၃-၁၆) Mr. Gautam Mukhopadhaya မစ္စတာ ဂေါတမ် မုခိုပါဒါရာ က တော်တော်လေး အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ပြောသွားပါတယ်။ သူ့ပြောဆိုတင်ပြသွားချက်တွေကို သီးသန့် ရေးသားပါဦးမယ်။ ဒီမှာတော့ အစည်းအဝေးမှာ အိန္ဒိယဘက်က ဆွေးနွေးသွားသူ များရဲ့ ယေဘူယျပြောကြားချက်တွေကို ရေးပါ့မယ်။

၂၀၁၆ ခုနှစ်အတွင်း မြန်မာ-အိန္ဒိယ အပြန်အလှန်ကုန်သွယ်ရေးဟာ ဒေါ်လာသန်းပေါင်း ၃ ထောင်လောက်ရှိလာပြီဖြစ်ပေမဲ့ ဒါဟာဖြစ်သင့်ဖြစ်ထိုက်တဲ့ပမာဏထက်နဲနေပါသေးတယ်။ မိုရေး-တမူး နယ်စပ်ကုန်သွယ်ရေးဟာ လိုအပ်ချက်တွေရှိနေပြီး အခက်အခဲတွေ များစွာရှိနေသေးတဲ့အတွက် တရားမဝင်ကုန်သွယ်မှုပမာဏကမြင့်မားနေဆဲပါ။ နယ်စပ်ကုန်သွယ်ရေးမှာ ဒီထက် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးပြီး ကုန်ကျစားရိတ်တွေလျော့ချနိုင်မယ်ဆိုရင်ဒီထက်အများကြီးတိုးတက်လာဖို့ရှိ နေပါ တယ်။

လက်ရှိကာလမှာတော့ အိန္ဒိယဟာ မြန်မာရဲ့ ၁၁ ခုမြောက် အကြီးဆုံး ရင်းနှီးမြှပ်နှံသူအဆင့်ဘဲရှိနေပါသေးတယ်။ စွမ်းအင် ကဏ္ဍမှာ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှပ်နှံမှုပြုထားတာက သိသာထင်ရှားတဲ့ ရင်းနှီးမြှပ်နှံမှုဖြစ်ပေမဲ့ ဒါကလွဲရင် အိန္ဒိယကုမ္ပဏီ များဟာ တခြားကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုတွေ လက်မှတ်ရေးထိုးထားတာမရှိသေးပါဘူး။

ကုလားတန်မြစ်စီမံကိန်းဟာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်တဲ့ အိန္ဒိယရဲ့ အရှေ့ဘက်ကမ်းခြေကနေ သူ့ရဲ့ အရှေ့မြောက်ပြည်နယ်များ ဖြစ်ကြတဲ့ အာသံ၊ မဏိပူရ၊ ထရီပူရ၊ နာဂလန်း စတဲ့ မြန်မာနဲ့ နယ်စပ်ဒေသတွေကို ရေလမ်းကနေအလွယ်တကူဆက်သွယ် သွားလာ ပို့ဆောင် နိုင်အောင် အဓိကရည်ရွယ်တာဖြစ်ပြီး ခရီးသွားလာရေးလုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာဖို့ အများကြီး မျှော်လင့်နိုင်ပါတယ်။ မြန်မာ့မြေ ပေါ်မှာရှိတဲ့ ဒီစီမံကိန်းကို အိန္ဒိယက အပြည့်အဝတာဝန်ယူထားပေမဲ့ အကောင်အထည်ဖေါ်မှုမှာ နှောင့်နှေးနေပါတယ်။ ယခုလောလောဆယ် လေကြောင်းဆက်သွယ်ရေးကလည်း အားရစရာမရှိပါဘူး။ ရန်ကုန်-ကလကတ္တား-ဗုဒ္ဓဂါယာ တပတ်သုံး ကြိမ်နဲ့ ရန်ကုန်-ဒေလီ တပတ်တကြိမ် ခရီးစဉ်ကိုပြေးဆွဲနေတဲ့ အဲယားအင်ဒိယ လေကြောင်းတစ်ခုသာရှိပါ တယ်။ ကျနော်တို့ ဧပြီလကုန်လောက်က အိန္ဒိယ အရှေ့မြောက် ရှီးလုံကိုသွားပြီး အစည်းအဝေးလုပ်တဲ့ရက်က ရန်ကုန်-ဂါယာ- ကလကတ္တား ပြေးဆွဲတဲ့လေယာဉ်ကို စီးခဲ့ရဘူးပါတယ်။ ဘုရားဖူးရာသီမဟုတ်တဲ့အတွက် လေယာဉ်က ခရီးသယ်တဝက် လောက်ဘဲပါပါတယ်။ ဒီတခေါက် ရန်ကုန်-ကလကတ္တား တိုက်ရိုက်လေယာဉ်စီးတော့လည်း ခရီးသယ်က မပြည့်ပါဘူး။ လက်ရှိ အခြေအနေအရ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေခြင်းဟာ ရုပ်ဘဝဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ အ ခက်အခဲများကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအားတို့က တိုးတက်သင့်သလောက်မတိုးတက်ဘဲ နှောင့်နှေးနေရခြင်းဖြစ်ပါ တယ်။

ပြည်သူအချင်းချင်းအကြားဆက်ဆံရေး မှာဆိုရင်လည်း နယ်စပ်ဒေသကိုဖွင့်ပေးလိုက်ပြီးကတည်းက နှစ်နိုင်ငံနယ်စပ်နေပြည်သူ များ ဆက်ဆံရေးများတိုးတက်သင့်သလောက်တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံဟာ ပညာရေး၊ သတင်းဆက် သွယ်ရေးနည်းပညာ နဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ အရည်အချင်းမြှင့်တင်မှုပေးနှိုင်မဲ့ အင်စတီကျူးရှင်းများကိုတည်ဆောက်ရေးအ တွက် ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။ သို့သော်လည်း အစိုးရများက ဦးဆောင်ဦးရွက်ပြုခဲ့ရုံသာတတ်နိုင်ခဲ့ပြီး ပြည်သူလူထု အများအပြားအတွက် အကျိုးရှိစေပြီး ပိုမိုကျယ်ပြန်တဲ့လူထုပါဝင်လာဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ပြည်သူအချင်းချင်းကြားဆက် ဆံရေးမှာ ဂျာနယ်လစ်တွေအကြား၊ အစိုးရ အုပ်ချုပ်ရေးဆိုင်ရာပုဂ္ဂိုလ်များအကြားနဲ့ တရားစီရင်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအကြား ဆက်သွယ်ဆက်ဆံမှုတွေကို တိုးချဲ့ဖို့လည်းလိုအပ်နေပါသေးတယ်။ ရန်ကုန်မှာဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စာသင်ကြားရေး မြန်မာ- အိန္ဒိယ စင်တာဟာ အောင်မြင်မှု၊ လူအများစိတ်ဝင်စားမှုရခဲ့လို့ ဒါကို တိုးချဲ့ဆောင်ရွက်သင့်ပါတယ်။ ဒါမှသာ စီးပွါးရေးတံခါးဖွင့် လိုက်တာနဲ့ အညီ ပွင့်လာမဲ့ အခွင့်အရေးတံခါးပေါက်တွေကို ဝင်ရောက်ဖို့ ဘာသာစကားတတ်မြောက်မှု၊ ဆက်ဆံရလွယ်ကူမှု တွေက အထောက်အကူပြုမှာဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ်များဟာလည်း ၂၀၁၄ ခုနှစ်က နယ်စပ်လုံခြုံရေးနဲ့ ပေါင်းစပ်ကင်းလှည့်ရေးအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးကတည်းက တိုးတက်မှုတွေရှိလာပါတယ်။ အိန္ဒိယနယ်နိမိတ်ထဲကနေ မြန်မာ့နယ်မြေထဲ ကိုပုန်းခိုဖို့ပြေးဝင်လာတဲ့ ခွဲထွက်ရေးသူပုန်များကိုနှိမ်နင်းရာမှာ ဒီသဘောတူညီမှုက များစွာအထောက်အကူပြုပါတယ်။ သို့သော် လည်း လက်နက်ငယ်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုလိုကိစ္စတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်နှိမ်နင်းနိုင်ဘို့အတွက် အပြန်အလှန်သတင်းဖလှယ်ရေးရှိဖို့နဲ့ နယ်စပ်ဂိတ်များကို စနစ်တကျ စီမံအုပ်ချုပ်မှု ရှိဖို့ လိုအပ်ဆဲဖြစ်ပါတယ်။ မြန်မာလက်နက် ကိုင်တပ်များကို ခေတ်မီရေး အကူအညီပေးမယ်ဆိုတဲ့ ကတိကဝတ်ဟာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေ ပါလိမ့်မယ်။

အိန္ဒိယဘက်ကဆွေးနွေးကြတဲ့အထဲမှာ အဓိကအားဖြင့်တော့ သူတို့နိုင်ငံဘက်က Look East Policy ၊ Act East ပေါ်လစီ စသည်ဖြင့် ချမှတ်ပြီးနှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြတဲ့နေရာမှာ သူတို့နိုင်ငံဘက်က (သို့မဟုတ်) သူတို့အစိုးရ ဘက်က လိုအပ်ချက်တွေကို သုံးသပ်တင်ပြသွားတာများပါတယ်။

ကျနော်တို့ဘက်က ဆွေးနွေးကြတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားဟာ အိန္ဒိယနဲ့ တရုပ်အတွက် အရေးပါတဲ့ ဆုံချက် နေရာဖြစ်နေလို့ တရုပ်-အိန္ဒိယ တို့ရဲ့ ရှေ့တန်းစစ်မျက်နှာဖြစ်နေမလားဆိုတဲ့ သုံးသပ်ချက်မျိုးပါဝင်ပါတယ်။ ဆိုလိုတာက ပြိုင် ဆိုင်မှုပြင်းထန်မဲ့နေရာဆိုတာမျိုးပါ။ ဥပမာ ရခိုင်ကမ်းရိုးတန်းက ဆိပ်ကမ်းတွေဖွံ့ဖြိုးတိုးတက်ဖို့ တရုပ်ကလည်း လိုလားသလို အိန္ဒိ ယကလည်းလိုလားနေတယ်။ တရုပ်က ရခိုင်ကမ်းရိုးတန်းကျောက်ဖြူဆိပ်ကမ်းကနေ ရေနံနဲ့သဘာဝဓါတ်ငွေ့များ ကို ပိုက်လိုင်းနဲ့ ယူနန်ပြည်နယ်ကိုပို့သလို အဝေးပြေးကားလမ်း ရထားလမ်းဖေါက်ပြီး တရုပ်ပြည်ရဲ့ ကုန်းတွင်းပိုင်း ပြည်နယ်တွေကို အနီးဆုံး ပင်လယ် ထွက်ပေါက်ရချင်နေပါတယ်။ အိန္ဒိယကလည်း ရခိုင်ကမ်းရိုးတန်း ဆိပ်ကမ်းကတဆင့် ကုလားတန်မြစ်ကြောင်းတ လျှောက်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး သူ့ရဲ့ အရှေ့မြောက်က ချောင်ပိတ်မိနေတဲ့ ပြည်နယ်တွေနဲ့ ကူးသန်းဆက်သွယ်ချင်ပါ တယ်။ ဒါ့အပြင် မြန်မာကိုဖြတ်ပြီး အရှေ့နဲ့ အရှေ့တောင်အာရှကို ကူးလူးဆက်ဆံချင်ပါတယ်။ သူရဲ့အရှေ့ကိုမျှော်မှန်းချက်ကို ပြောတဲ့အခါ တရုပ်ကိုဘယ်သူကမှ ထည့်မပြောပါဘူး။ အမှန်က တရုပ်ပြည်မှာ ကျယ်ပြန့်တဲ့ဈေးကွက်ကြီးတစ်ခုဖြစ်လို့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒမှာ တရုပ်ပြည်ကိုထည့်မပြောတာကို ကျနော်အံ့သြပါတယ်။

နောက်ပိုင်းစားကြသောက်ကြရင်း ရင်းရင်းနှီးနှီးပြောဆိုကြည့်ကြတော့မှ သူတို့ဟာ တရုပ်ပြည်က လူသုံးကုန်ပစ္စည်းတွေ၊ စက်မှု လုပ်ငန်းသုံးပစ္စည်းတွေ သူတို့ဈေးကွက်ထဲလှိမ့်ဝင်လာမှာစိုးရိမ်နေတာကို ရိပ်မိလာပါတယ်။ ဒါ့အပြင် ကမ္ဘာမှာ ဒုတိယအကြီးဆုံး စီးပွါးရေးအင်အားကြီးဖြစ်လာနေတဲ့ တရုပ်ပြည်က အိန္ဒိယသမုဒ္ဒရာ ကိုစိုးမိုးဗိုလ်ကျလာမှာကိုလည်း စိုးရိမ်နေပုံရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တရုပ်တနိုင်ငံထဲရဲ့ သြဇာလွှမ်းမိုးမှုအောက်ကို ကျရောက်မသွားစေဘို့ ထိန်းညှိလိုစိတ်လည်း ရှိပါ လိမ့်မယ်။ တရားဝင်ပြောကြတဲ့အထဲမှာတော့ အဲဒီကိစ္စကို ရှောင်ရှားကြပါတယ်။

အခုဆွေးနွေးပွဲမှာ ကျနော်တို့ မြန်မာအဖွဲ့ဝင်တွေက တရုပ်အစိုးရနဲ့ ပုဂ္ဂလိကပိုင်းက မြန်မာဈေးကွက်ကိုထိုးဖေါက်တာ၊ ရင်းနှီးမြှပ်နှံမှုတွေစီးဝင်လာတာ၊ ပြည်သူအချင်းချင်းဆက်သွယ်ဆက်ဆံရေးတွေဟာ အိန္ဒိယ အစိုးရနဲ့ ပုဂ္ဂိလိကပိုင်းက လုပ် ဆောင်တာထက် ပိုမိုသွက်လက်မြန်ဆန်တယ်ဆိုတဲ့အချက်ကို ပြောကြားခဲ့ ကြပါတယ်။

NDA အစိုးရနဲ့ NLD အစိုးရနှစ်ခုရဲ့အောက်မှာတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးချက်အရ မြန်မာနိုင်ငံဟာ နိုင်ငံ အားလုံးနဲ့ သင့်တင့်မျှတစွာဆက်ဆံသွားမှာဖြစ်တဲ့အကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြတဲ့ နိုင်ငံတွေဖြစ်တာနဲ့အ ညီ အစိုးရ အချင်းချင်းကြားမှာရော၊ ပြည်သူအချင်းချင်းကြားမှာပါ ဆက်သွယ်ဆက်ဆံရေးတွေဟာ ပိုမိုတိုးတက်လာလိမ့်မယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ချစ်သူလမ်းကြား လူသတ်မှု (၄)လကြာတဲ့အထိ ကွင်းဆက်ဖော်ထုတ်နိုင်သေး


နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ချမှတ်

မဇ္ဈိမ


အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုရန် ဦးတည်ကာ တိုင်းရင်းသားဒေသများအပါအဝင် နိုင်ငံတော်၏ သဘာဝသယံဇာတများကို ရေရှည်ထိန်းသိမ်းကာ မှန်ကန်မျှတစွာ ခွဲဝေသုံးစွဲနိုင်ရေးအပါအဝင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒကို ချမှတ်လိုက်သည်။

တိုင်းဒေသကြီး နှင့် ပြည်နယ်များကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်စေသည့် စီးပွားရေး အခြေအနေကောင်းရရေး၊ နိုင်ငံသားများ ပူးပေါင်းပါဝင်ပြီး တီထွင်ဆန်းသစ်မှု နှင့် ကြိုးပမ်းအားထုတ်မှုဖြင့် တိုးတက်သည့် ရလာဒ်ကောင်းများကို ထိန်းသိမ်းနိုင်သည့် စီးပွားရေးစနစ် ထူးထောင်ရေးစသည့် နိုင်ငံ၏ ရည်မှန်းချက်များ အပါအဝင် စီးပွားရေးမူဝါဒတွင် ၁၂ရပ်ကို ဇူလိုင် ၂၉ရက်က ချမှတ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံ၏ စီးပွားရေးမူဝါဒများတွင် ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍရေး စီမံခန့်ခွဲမှု စနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များကို တိုးပွားအောင် ဆောင်ရွက်ရန်၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား ပိုမိုအောင်မြင်စေအောင် ဆောင်ရွက်ပြီး အလုပ်အကိုင် ရရှိရေး နှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူရန်ရန်၊ လူ့အရင်းအမြစ်များ မွေးထုတ်နိုင်ရန် နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်၊ လျှပ်စစ်ဓတ်အား၊ လမ်း၊ ဆိပ်ကမ်းများ အခြေခံစီးပွားရေး အဆော်အအုံများ အလျှင်အမြန်တိုးတက်စေရေး ဦးစားပေးဆောင်ရွက်ရန်၊ ပြည်တွင်း နှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာလုပ်ကိုင်ခွင့် ရရှိရန် နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးမြင့်နိုင်သည့် မူဝါဒများ သီးခြားရေးဆွဲကာ မူပိုင်ခွင့်နှင့် တရားဥပဒေ စိုးမိုးမှု ရရှိရေး တိုးမြှင့် ဆောင်ရွက်ရန်တို့ ပါဝင်သည်။

ယင်းအပြင် နိုင်ငံ၏ ဝင်ငွေ တိုးရရှိရေးအတွက် မျှတသော အခွန်စနစ်ထူထောင်ရန် ပြည်သူများ၏ အခွင့်အရေး နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံလုပ်နည်းများ ပြဌာန်းကာ အကာအကွယ်ပေးရန်၊ စီးပွားရေးလုပ်ငန်းများကို အာဆီယံဒေသတွင်းသာမက အခြားနိုင်ငံများ၌လည်း တိုးတက်ပြောင်းလဲလာနိုင်ဖွယ်ရှိသော အခြေအနေများကို ဖော်ထုတ်ပြီး မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အမြော်အမြင်ကောင်းများဖြင့် အခြေထူရန် ချမှတ်ထားသည်။

အိမ်ထောင်စုများ၊ တောင်သူလယ်သမားများ နှင့် စီးပွားရေးလုပ်ငန်းများအတွက်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် ငွေရေးကြေးရေး စနစ်ဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှုရှိလာရေး ဆောင်ရွက်ရန်တို့ ချမှတ်ထားသည်။

ဘင်္ဂလီ၊ ဘင်္ဂလီသွေးနှောဟု ဖော်ပြခြင်းမှာ ကမန်တိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကို စော်ကားရာရောက်ဟုဆို

နိရဉ္စရာ၊


သံတွဲမြို့ လ၀ကမှ ကမန်တိုင်းရင်းသားများကို ဘင်္ဂလီ၊ ဘင်္ဂလီသွေးနှောဟု ဖော်ပြခြင်းမှာ ကမန် တိုင်းရင်းသားများ၏ ဂုဏ်သိက္ခာကို စော်ကားရာရောက်ပြီး ကမန်တိုင်းရင်းသားများကို ပျောက်ပျက်သွားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် သဘောပင် ဖြစ်သည်ဟု ကမန်အမျိုးသား ခေါင်းဆောင်များက စွပ်စွဲ ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အခြေစိုက် ကမန်တိုင်းရင်းသားလူမှုကွန်ရက် အကြီးအကဲ ၄ဦးမှ ဇူလှိုင်လ ၁၈ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးပြီး သံတွဲမြို့နယ် လ၀က၏ ကမန်တိုင်းရင်းသားများ အပေါ် ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး ရပ်တန့်ပေးရန် တောင်းဆိုထားသည့် စာထဲတွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

၎င်းစာထဲတွင် “ ရခိုင်ပြည်နယ် သံတွဲလ၀က ဌာနမှလည်း ကမန်တိုင်းရင်းသား ကျေးရွာများကို ဘင်္ဂလီ၊ ဘင်္ဂလီသွေးနှောဟု ဖော်ပြထားသည်မှာ ကမန်တိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကို စော်ကားပြီး ကမန်တိုင်းရင်းသားများကို ပျောက်ပျက်သွားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် သဘောပင် ဖြစ်နေပါသည်” ဟု ဖော်ပြပါရှိသည်။

ကမန်တိုင်းရင်းသား လူမှုကွန်ရက်ဥက္ကဋ္ဌ ဦးငွေထွန်းက “ သံတွဲမှာရှိတဲ့ ရခိုင်ဘုရင်တွေ လက်ထက်ကနေ ကျွန်တော်တို့ လေးသည်တော် ကမန်မျိုးဆက်တွေပေါ့ဗျာ။ အဲဒီမျိုးဆက်တွေ ရွာတွေဟာ အရင့် အရင်တည်းကနေ တည်ရှိပြီးတော့ ဘေးပတ်ပတ်လည်မှာ ရခိုင် ဗုဒ္ဓဘာသာ ရွာတွေနဲ့လည်း တဆက်တည်း ရှိခဲ့ပါတယ်။ ဘင်္ဂလီရွာတွေဆိုတာလည်း မရှိခဲ့ပါဘူး။ ဘင်္ဂလီ အခေါ်အဝေါ်ကိုလည်း သူတို့ မကြားခဲ့ပါဘူး။ ရခိုင်လို စကားပြောတယ်။ ရခိုင်လိုဝတ်တယ်။ ရခိုင်လိုနေတယ်။ အခု သူတို့ကို သံတွဲ လ၀ကမှနေ မဆီမဆိုင် NVC ကဒ်တွေ ထုတ်ပေးနေတဲ့ အတွက် နိုင်ငံတော် အကြီးအကဲတွေဆီကို စာရေးပြီး ဒီလုပ်ကို ရပ်တန့်ပေးဖို့ တောင်းဆိုရတာပါ” ဟု နိရဉ္စရာသို့ ပြောသည်။

သံတွဲမြိ့နယ် ၂၀၁၅ ခုနှစ်က ပြုလုပ်သော မိုးပွင့်စီမံကိန်းတွင်လည်း သံတွဲမြို့နယ်ရှိ ကမန်တိုင်းရင်းသားများ အနေဖြင့် မှတ်ပုံတင်များ ရရှိခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယခု လက်ရှိ အစိုးရ၏ ရက် ၁၀၀ စီမံကိန်းအရ ဆောင်ရွက်နေသော သစ္စာစီမံချက်တွင်လည်း ရရှိခြင်း မရှိသည်သာမက ပေါက်တောကျေးရွာနှင့် လင်းသီ ကျေးရွာများတွင် နေထိုင်သော ကမန်တိုင်းရင်းသားများကို နိုင်ငံသာ စိစစ်ရေး ကဒ်ပြားများပြုလုပ်ပေးရာတွင် NVC ( နိုင်ငံသား ဟုတ်/မဟုတ်) စိစစ်သည့် ကဒ်များကို ထုတ်ပေးခဲ့သည်ဟု သူက ဆိုသည်။

“ သံတွဲမှာ ကမန်တိုင်းရင်း ၈၅၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့က ကမန်တိုင်းရင်းသားတွေ အတွက် တောင်းဆိုတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ နိုင်ငံသား စိစစ်ရေး ကဒ်ပြား ရရှိထားတဲ့ သူတွေ ရှိသလို မရရှိတဲ့သူတွေလည်း ရှိပါတယ်။ မိဘတွေမှာ နိုင်ငံသား စိစစ်ရေး ကဒ်ပြား ရရှိထားတွေရှိသလို သားသမီးတွေမှာ မရရှိတာလည်း ရှိပါတယ်။ ဒီဟာတွေကို ရရှိအောင် တောင်းဆိုတာ ဖြစ်ပါတယ်။ ခေတ်စနစ် ပြောင်းသွားတဲ့ အတွက် နိုင်ငံတော်က လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ တစ်ခြား လူမျိုးတွေအတွက် တောင်းဆိုတာ မဟုတ်ပါဘူး” ဟု ဦးထွန်းငွေက ဆက်လက် ပြောဆိုသည်။

ဇူလှိုင်လ ၁၈ ရက်နေ့စွဲနှင့် နိုင်ငံတော် အကြီးအကဲများထံပေးသို့ စာထဲတွင် သံတွဲမြို့နယ် အတွင်းရှိ ကမန်တိုင်းရင်းသားကျေးရွာများကို သံတွဲလ၀ကဌာနမှ ဘင်္ဂလီဟု သုံးစွဲထားခြင်းနှင့် NVC ကဒ်များ ထုတ်ပေးနေခြင်းအား ပယ်ဖျက်ရပ်တန့်ပေးပြီး နိုင်ငံသား စိစစ်ရေး ကဒ်များ ထုတ်ပေးရန် တောင်းဆိုထားသည်။

စာထဲတွင် ကမန်တိုင်းရင်းသားများမှာ ရှေးယခင်ကပင် သမိုင်းကြောင်းအရ နေထိုင်လာသော လေးသည်တော် ကမန်မျိုးနွယ်ဆက်များ ဖြစ်ပြီး ရခိုင်မျိုးနွယ်စုဝင်များ ဖြစ်သည့် အလျှောက် ရခိုင်လူမျိုးဟုသာ လ၀က မှတ်တမ်း များတွင် ခေတ်အဆက်ဆက် ဖော်ပြခံယူလာကြသူများ ဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲများထံ ပေးပို့သော စာတွင် ဖော်ပြထားသည်။

သံတွဲမြို့နယ် အတွင်း ကျေးရွာအလိုက် သီးသန့်တည်ရှိသော ကမန်တိုင်းရင်းသား ကျေးရွာများမှာ ၁။ မြို့တောင်ရွာ ၂။ ကျောင်းတိုက်ရွာ ၃။ ဇာတီပြင်ရွာ ၄။ နတ်ပြင်ရွာ၊ ၅။ နွားစားပြင်ရွာ ၆။ ပိန်းတောကြီးရွာ ၇။ ပြင်ယောင်းရွာ ၈။ မြင်းစိုင်းမော်ရွာ ၉။ လင်းသီရွာ ၁၀။ မဲကျွန်းရွာများ ဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများနှင့် ကမန်တိုင်းရင်းသားများ ရောနှောနေထိုင်သော ကျေးရွာများမှာ ၁။ ကျောက်ကြီးရွာ ၂။ ကျီးကန်းရဲရွာ ၃။ ဆင်တင်လေးရွာ ၄။ ဇီးဖြူကုန်းရွာ ၅။ ကင်းမော်ရွာ ၆။ ခြံပြင်ရွာ ၇။ ပေါက်တောရွာ ၈။ ရွှေကျောင်းပြင်ရွာ ၉။ သပြုချိုင် ကျေးရွာများ ဖြစ်ကြောင်း စာထဲတွင် ဖော်ပြသည်။

မိဘဘိုးဘွားများ၏ လ၀ကဌာနရှိ စာရင်ဇယားများကို စိစစ်ခြင်း မရှိဘဲ ကမန်တိုင်းရင်းသားများကို NVC ကဒ် ထုတ်ပေးခြင်းမှာ တိုင်းရင်းသား နိုင်ငံသား တစ်ဦး၏ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်နေကြောင်း ဖော်ပြထားသည်။

၎င်းစာကို ကမန်တိုင်းရင်းသား လူမှုကွန်ရက်မှ ဦးခင်မောင်လှ (နာယက)၊ ဦးထွန်းငွေ (ဥက္ကဋ္ဌ)၊ ဦးမင်းနိုင် (ဒုဥက္ကဋ္ဌ) နှင့် ဦးမောင်မောင်ဦး (အထွေထွေ အတွင်းရေးမှူး) တို့မှ စာရေးပြီး နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြထားသလို မိတ္တူကိုလည်း NLD နာယက ဦးတင်ဦး၊ ပြည်ထောင်စုလ၀က ၀န်ကြီး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် လ၀က ဌာနများသို့လည်း ပေးပို့ခဲ့သည်ဟု သိရသည်။