Thursday, December 31, 2009

မွန်အမျိုးသားညီလာခံတစ်ရပ်ကြိုးပမ်းသင့်ကြောင်း မွန်အမျိုးသားရေးရာအဖွဲ့ချုပ်မှ ကြေညာချက်ထုတ်ပြန်

Kaowao ဒီဇင်ဘာ ၃၁ ၊၂၀၀၉

ကောင်းဝါ(ဒီဇင်ဘာ-၃၁)။ ။ ပဉ္စမအကြိမ်မြောက် မွန်အမျိုးသားရေးရာနှီးနှောဖလှယ်ပွဲ (5th Conference on Mon National Affairs)မှ မွန်အမျိုးသားညီလာခံတစ်ရပ်ကြိုးပမ်းသင့်ကြောင်း မွန်ဗမာနှစ်ဘာသာဖြင့် ယနေ့တွင် ကြေညာချက်ထုတ်ပြန်သည်။ (PDF ဖိုင်ဖြင့်မူရင်းအတိုင်း ဖေါ်ပြထားသည်)

ယင်း မွန်အမျိုးသားရေးရာနှီးနှောဖလှယ်ပွဲအခန်းအနားကို လွန်ခဲ့သည့် ဒီဇင်ဘာ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၃)ရက်တိုင်တိုင် လွတ်မြောက်ဒေသတစ်နေရာ၌ ကျင်းပခဲ့ရာတွင် ကောင်းဝါသတင်းဌာနမှလည်း တက်ရောက်ခွင့် ရခဲ့သည်။

လာမည့် ၂၀၁၀ ခုနှစ် စစ်အစိုးရ ရွေးကောက်ပွဲသည် ဗမာ့တပ်မတော်၏ စစ်အုပ်ချုပ်ရေးအား သက်ဆိုးရှည်စေပြီး မွန်လူထုများအတွက် အကျိုးမဖြစ်၊ ဒီမိုကရေစီ အခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေး များကိုလည်း အာမခံ ဖော်ဆောင်ပေးမည်မဟုတ်ကြောင်း တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ သုံးသပ်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ် များကိုလည်း ချမှတ်ခဲ့သည်။

မွန်အမျိုးသားရေးရာနှီးနှောဖလှယ်ပွဲသည် မွန်အမျိုးသားထုတစ်ရပ်လုံးတွင် အဆင့်မြင့်ဆုံး နှီးနှောဖလှယ်ပွဲ တရပ် ဖြစ်ကာ မွန်နိုင်ငံရေးပါတီများနှင့် ပြည်တွင်းပြည်ပရှိ လူထုအခြေပြု မွန်အသင်းအဖွဲ့ကိုယ်စားလှယ် (၈၉)ဦးခန့် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ယခုနှီးနှောဖလှယ်ပွဲကြီးတွင် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် ဗဟိုကော်မီတီအဖွဲ့ဝင်သစ် (၃၃)ဦးတို့ဖြင့် ထပ်မံ ဖွဲ့စည်းလိုက်သည်။

မွန်ရေးရာအဖွဲ့ချုပ် Mon Affairs Union ကို လွန်ခဲ့သည့် ၂ နှစ်ကစတင်ဖွဲ့စည်းနိုင်ခဲ့ပြီး ယခုတွင် ပထမအကြိမ် နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ယခင်နှစ်များက MUL မှကြီးမှူး၍ မွန်အမျိုးသားနှီးနှောဖလှယ်ပွဲများ ကျင်းပခဲ့ကြသည်။


ကက်ဘိနက် အစည်းအဝေး နေပြည်တော်တွင် ပြုလုပ်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၃၁ ရက် ၂၀၀၉

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ၏ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးများ အားလုံးကို နေပြည်တော်က ယနေ့တွင် ဆင့်ခေါ်ထားရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြီးမှူး ကျင်းပမည့် အစည်းအဝေးသည် မဟာဗျူဟာမြောက်ဖြစ်ဖွယ် ရှိသည်။


စစ်ဘက် သတင်းရပ်ကွက်တခု အဆိုအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သူ၏ အကြံအစည်များကို ရှင်းလင်း ပြောကြားသွားလိမ့်မည်ဟု သိရသည်။

”မနက်ဖြန်တော့ သတင်းထွက်လာလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်က ပြောသည်။

ထိုအတောအတွင်း ပဲခူးမြို့တွင် ဒေသခံ အာဏာပိုင်များက နိုင်ငံရေးသမားများစာရင်း ပြုစုလျက် ရှိသည်။

ထို့ပြင် စစ်အစိုးရက သတင်းရဲတပ်ဖွဲ့ဝင် အားလုံးနှင့် ရဲဝန်ထမ်းများကို အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပတ်သက်သော ထင်မြင်ချက်များ ပေးပို့ရန် ညွှန်ကြားထားသည်။


အခွန်တိုး၍ သစ်လုပ်ငန်းရှင်များ တွက်ခြေမကိုက်

စောသိန်းမြင့် (ကေအိုင်စီ)

ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ၊ ၀င်းရေးမြို့နယ်၊ မဲ့ကသာဂွင်တွင် သစ်ထုတ်လုပ်နေသော သစ်လုပ်ငန်းရှင်များသည် နယ်စပ်ရှိ လက်နက် ကိုင်အဖွဲ့အချို့၏ အခွန်တိုးတောင်းလာမှုကြောင့် အမြတ်အစွန်းမရှိဘဲ ဖြစ်နေရသည်ဟု ဘုရားသုံးဆူမြို့မှ သစ်လုပ်ငန်းရှင်များက ပြောသည်။

“အဖွဲ့အစည်းတွေ အကုန်လုံးက သူတို့ရှုံးတယ်ဆိုပြီး အကောက်ထပ် တင်လိုက်တဲ့အတွက် ကျနော်တို့ သစ်လုပ်တဲ့လူတွေ မကိုက်ဘူး ဖြစ်သွား တယ်။ ကျနော်တို့က ငွေတိုးနဲ့ ယူပြီးတော့ လုပ်ရတယ်ဆိုတော့ ရှုံးရင်လည်း ကားခလေး တချို့တ၀က်စားရတယ်ဆိုတော့ ကျနော်တို့က ရပ်လို့ မရဘဲ မမြတ်လည်း ဆက်လုပ်ရတာပေါ့။ ကျနော့်မှာ အလုပ်သမားတွေ အများကြီးရဲ့ စားဝတ်နေရေးကရှိတော့ ဆက်မလုပ်ရင် မဖြစ်ဘူးလေ။ ရှုံး ရှုံးမြတ်မြတ် မဖြစ်မနေ လုပ်ရမှာပေါ့”ဟု ဘုရားသုံးဆူမြို့ရှိ သစ်လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

မွန်လူမျိုး အခြားသစ်လုပ်ငန်းရှင်ကြီးတဦးကလည်း “အမြတ်မပြောနဲ့။ အရှုံးနဲ့ အရင်းက အနိုင်နိုင်ပဲ။ အရင်နှစ်က အခုချိန်ဆိုရင် သူလုပ်ကိုယ် လုပ် လုလုပ်ကြတယ်။ ဒီနှစ်တော့ ပြတ်တောက်ပြတ်တောက်ပဲ။ အလုပ်မရှိလို့ ကျနော်တို့ ဆက်လုပ်တာ။ ငွေအားမနိုင်တဲ့ တချို့လုပ်ငန်းရှင် တွေကျတော့ အခု နားလိုက်ရတယ်”ဟု ကေအိုင်စီကို ပြောသည်။

ဘုရားသုံးဆူမြို့တွင် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ ဂိတ်ပေါင်း (၂၀)နီးပါးက အခွန်တိုးတောင်းလျှက်ရှိရာ အခြားလက်နက်ကိုင်အဖွဲ့ များမှာ သစ်လုပ်ငန်းရှင်များနှင့် လုပ်ငန်းသဘော နားလည်မှု ရယူနိုင်သော်လည်း ဒီကေဘီအေ တပ်ရင်း(၉၀၅) တပ်ခွဲ(၅)မှူး ဗိုလ်အေ၀မ်း ဦး ဆောင်သည့်အဖွဲ့ကမူ အခွန်တိုးကောက်ခံသည့်အတွက် သစ်လုပ်ငန်းရှင်များအနေဖြင့် ညှိနှိုင်းယူ၍မရကြောင်း အဆိုပါမွန်သစ်လုပ်ငန်းရှင်က ယခုလို ပြောသည်။

၎င်းက “ဒီဘုရားသုံးဆူမှာရှိတဲ့ အခြားအဖွဲ့အစည်းတွေ အတော်များများကို ကျနော်တို့ သွားညှိနှိုင်းလို့ရတယ်။ သူတို့လည်း လက်ခံတယ်။ ဗိုလ် အေ၀မ်းနဲ့ ဗိုလ်နှုတ်ခမ်းမွှေးတို့ အုပ်စုကတော့ ဘယ်လိုမှ အညှိမခံဘူး။ ဆယ်ဘီးကားတစီးကို အရင်က ဘတ်ငွေ ၇၀၀ပဲယူတာ။ အခုက ဘတ် ၈,၀၀၀ မရရင် မလာနဲ့။ အဲလိုပြောတယ်။ ဒါကြောင့် အလုပ်လုပ်ရတာ တွက်ခြေမကိုက်ဘူး”ဟု ဆိုသည်။

ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ထိုဒေသတွင် သစ်ထုတ်လုပ်ခွင့်ကို ၂၀၀၇ ခုနှစ်ကတည်းက ကန့်သတ်ထားရာ ယခုနှစ်ကုန်ပိုင်းကျမှ သာ ပြန်လည်လုပ်ခွင့်ပေးလာခြင်းဖြစ်ပြီး သစ်မာအမျိုးအစားဝင်များကို တတန်လျှင် ထိုင်းဘတ်ငွေ ၃,၀၀၀မှ ၅,၀၀၀အထိနှင့် သစ်ပုပ်များကို တတန်လျှင် ဘတ်ငွေ ၁,၅၀၀ အခွန်ကောက်ခံသည်ဟု ကေအဲန်ယူ၊ ဒူးပလာယာခရိုင် သစ်တောတာဝန်ခံ ပဒိုစောသေ့ဝေါ်ဒူက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများက သစ်အခွန်ကို ကား စီးရေဖြင့် သတ်မှတ်ကောက်ခံကြသော်လည်း ကေအဲန်ယူက သစ်တန်ချိန်စနစ်ဖြင့် အခွန်ကောက်ယူခဲ့သည်။

အဆိုပါ ဘုရားသုံးဆူနယ်မြေတွင် ဒေသခံလုပ်ငန်းရှင်များအား လုပ်ခွင့်ပေးသော သစ်အမျိုးအစားများမှာ ပိတောက်၊ ပျဉ်းကတိုးနှင့် အခြားသစ် ပုပ်များဖြစ်ပြီး ဘုရားသုံးဆူမြို့၌ လက်ရှိ သစ်မာ (၁)တန်လျှင် ထိုင်းဘတ် (၁,၃၀၀၀) ၀န်းကျင်ရှိသည်ဟု သစ်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း

ဘွဲ့ဖြူ

ဗိုလ်နေ၀င်း ဦးဆောင်တဲ့ မဆလ အမည်ခံ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ လုံးဝဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့တယ်။ လက်နက်ကိုင်သူပုန်အဖွဲ့တွေ ထပ်တိုးလာခဲ့တယ်။ နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) ဖြစ်သွားခဲ့တယ်။

ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေတို့ ဦးဆောင်တဲ့ န၀တ၊ နအဖ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေ ရစရာမရှိအောင် ချိုးဖောက်ခံရတယ်။ ဒီမိုကရေစီတောင်းဆိုတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ လမ်းမပေါ်တွေမှာ၊ အကျဉ်းထောင်တွေထဲမှာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံကြရတယ်။ သမိုင်းမှာ မကြုံဖူး မကြားဖူးတဲ့ နှစ်ရှည်ထောင်ဒဏ်ကြီးတွေ ချမှတ်ခံကြရပြီး အများစုဟာ အဲဒီပြစ်ဒဏ်တွေအတိုင်း အတိအကျ ကျခံကြရတယ်။ တချို့ဆိုရင် ပြစ်ဒဏ်ထက်တောင် ကျော်လွန်ပြီး ထောင်ထဲမှာ နေခဲ့ကြရတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေဟာလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် နည်းပေါင်းစုံသုံးပြီး ဒုက္ခပေးတာ ခံခဲ့ကြရတယ်။ အရွယ်ကောင်း မြန်မာပြည်သူအများအပြား ကမ္ဘာလှည့်ပြီး ကျွန်ခံခဲ့ကြရတယ်။ နိုင်ငံဟာလည်း အလုံးစုံပြိုကွဲပျက်သုဉ်းရှုံးနိမ့်တဲ့နိုင်ငံ (Failed State) တခု ဖြစ်သွားခဲ့တယ်။

မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် နှစ် (၆၀) ခရီးကို ပြန်ပြောင်းသုံးသပ်ကြည့်မယ်ဆိုရင် အဲဒီအတိုင်း တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် တချိန်က အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအကောင်းဆုံး၊ နေချင့်စဖွယ်အကောင်းဆုံး နိုင်ငံတခု အခုလိုဖြစ်သွားခဲ့ရတဲ့ ကိစ္စမှာ အဓိကတရားခံဟာ စစ်အာဏာရှင်စနစ်ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မထောက်မညှာတမ်း မြင်ကြရ ပြောကြရမှာပဲ ဖြစ်တယ်။

မြန်မာစစ်အာဏာရှင်စနစ်ဟာ အလားအလာအကောင်းဆုံးနိုင်ငံ (the most promising state) ကို ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) ဖြစ်သွားအောင် လုပ်ပစ်ခဲ့တယ်။ အဲဒီကမှတခါ ပြိုကွဲပျက်သုဉ်းနေတဲ့ နိုင်ငံ (Failed State) ဖြစ်သွားအောင် ထပ်လုပ် နေတယ်။ ဒါနဲ့တောင် အားမရသေးဘူး။ နိုင်ငံကို ‘အသူရာချောက်’ (Black Hole) ထဲရောက်သွားအောင် ဉာဏ်ပညာ အမြော်အမြင်နည်းပါးစွာ ကြိုးပမ်းနေတယ်။

ဒါကြောင့် တိုင်းပြည်ကို ချစ်မြတ်နိုးသူတိုင်း ဒီကနေ့ ထမ်းဆောင်ကြရမယ့် တာဝန်က အဲဒီစစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ရှင်းလင်းပစ်ရေးပဲဖြစ်တယ်။ အဲဒါကလွဲပြီး တခြားဘာမှမဟုတ်ဘူး။ အဲဒီတာဝန်အစား အခြားတာဝန်တခုခုကို ပိုပြီးအရေးကြီးသယောင် မီးမောင်းထိုးပြနေမယ်ဆိုရင် ဒါဟာ ပြည်သူတွေ ပစ်မှတ်ပျောက်သွားအောင် တွေဝေယိမ်းယိုင်ပြီး ဆုံးဖြတ်ချက် မခိုင်မာမပြတ်သားဖြစ်သွားအောင် ကြိုးပမ်းတာပဲ ဖြစ်တယ်။

သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း မမှိတ်မသုန် ဆက်လက်ချီတက်သွားမယ်၊ ၂၀၁၀ ရွေးကောက်ပွဲကို ‘ပြည်သူတွေ တခဲနက် အတည်ပြုထား’ တဲ့ ၂၀၀၈ အခြေခံဥပဒေအတိုင်း မဖြစ်မနေကျင်းပသွားမယ်လို့ နအဖ က တနေ့တခြား ပိုပိုပြီးကျယ်လောင်စွာ ဟိန်းဟောက်ပြောဆိုလာနေစဉ်မှာ နိုင်ငံရဲ့ ပုဂ္ဂလိကစာနယ်ဇင်း စာမျက်နှာတချို့ပေါ်မှာ ‘လိုင်စင်ရ’ နိုင်ငံရေးစာရေးဆရာတွေရဲ့ မြန်မာလူထုနဲ့ လူထုခေါင်းဆောင်တွေကို ‘အော်ငေါက်တဲ့’ ‘ချော့မြှူတဲ့’ အရေးအသားတွေကလည်း တနေ့တခြား ပိုပိုပြီး များလာနေတယ်။

သူတို့က မြန်မာစစ်တပ် နိုင်ငံရေးထဲ ၀င်လာတာ၊ ဒီကနေ့အထိ ဆက်ရှိနေတာ၊ နောင်ကိုလည်း ဆက်ရှိနေမှာကို သမိုင်းပေး လိုအပ်ချက် (Historical Necessity) တခုအဖြစ် ပုံဖော်ပြီး အဲဒီအနေအထားဟာ မှန်ကန်တရားမျှတမှု (justifiable) ရှိကြောင်း ရှေ့နေလိုက်ခြင်းဖြင့် မြန်မာပြည် အခုလိုဖြစ်သွားရခြင်းရဲ့ တရားခံအစစ်ကို ဖျောက်ဖျက်ဖုံးကွယ်ဖို့ ကြိုးပမ်းနေကြတယ်။ အနည်းဆုံး တရားခံတွေရဲ့ ပြစ်ဒဏ်လျော့ပါးသွားအောင် ကြိုးပမ်းနေကြတယ်။

အိုးဝေဦးညိုမြရဲ့ ကမ္ဘာကျော်သွားခဲ့တဲ့ အသုံးအနှုန်းကို ခဏငှားပြီး “ငရဲခွေးကြီးလွတ်နေပြီ” (Hell Hound At Large) လို့ပဲ အခုအချိန်မှာ ပြောရတော့မယ်။ အဲဒီ ‘လိုင်စင်ရ’ နိုင်ငံရေးစာရေးဆရာတို့ရဲ့ အကြီးအမှူး ကွန်မြူနစ်လူထွက်ကြီးဟာ ၉၀ ရွေးကောက်ပွဲပြီးစမှာ တပ်မတော်နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာဖို့ကို လက်မခံခဲ့သူဖြစ်ပေမယ့် ၁/၉၀ ကို ကျနော်တို့ လက်မခံဘူးလို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောဆိုခဲ့သူဖြစ်ပေမယ့်၊ “တပ်မတော်ဟာ အမျိုးသားရေး အင်အားစုတခုဖြစ်တယ်” ဆိုတဲ့ စကားနဲ့ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်လောက်က စစ်တပ်ကို ပထမဆုံး ‘စန်းတင်’ ပေးခဲ့သူဖြစ်ခဲ့တာ ကတော့ ကံကြမ္မာရဲ့ သရော်လှောင်ပြောင်ချက် (Irony) တခုဖြစ်ဟန်ရှိတယ်။

‘လက်နက်နဲ့ ဒီမိုကရေစီလဲရေး’ ဆိုတဲ့ လှပဆန်းသစ်တဲ့ စကားလုံးတခုကို တီထွင်ဖန်တီးပြီး နိုင်ငံရေးအခြေခံ သဘောတရား တခုကို ပုံပျက်သွားအောင်လုပ်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ အဲဒီပုဂ္ဂိုလ်ကြီးဟာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီပြန်လည် ထူထောင်ရေး အလံကိုခြုံပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်လာခဲ့ပြီးတဲ့နောက် အနှစ် (၂၀) နီးပါးအကြာမှာ အဲဒီအလံတော်ကိုပဲ ညစ်ညမ်းနံစော်နေသယောင် ပြောဆိုပြုမူနေပုံတွေကို တွေ့ရကြားရပြန်တာကတော့ ကံကြမ္မာရဲ့ နှစ်ထပ်ကွမ်း သရော်လှောင်ပြောင်မှုလို့ပဲ ဆိုရတော့မယ်ထင်တယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ တပ်မတော်အများစုကြီးဟာ သူတို့သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အမျိုးသားနိုင်ငံရေး အင်အားစုတွေချည်း ဖြစ်ကြတယ်။ ဒါဟာ ဘာမှထူးထူးခြားခြား စန်းတင်ပြီး ပြောနေစရာ ကိစ္စတခုမဟုတ်ဘူး။ အမေရိကန်တပ်မတော်ဟာ လွတ်လပ်ရေးတိုက်ပွဲ၊ နိုင်ငံမပြိုကွဲရေးတိုက်ပွဲ၊ ဖက်ဆစ်နာဇီဝါဒ ဆန့်ကျင်ရေးတိုက်ပွဲတွေထဲမှာ မွေးဖွားလာတဲ့ တပ်မတော် ဖြစ်တယ်။ ဗြိတိသျှတပ်မတော်၊ ဆိုဗီယက်တပ်မတော်တို့ဟာလည်း ဖက်ဆစ်နာဇီတွေကို အသေအကျေ ဆန့်ကျင်တိုက်ခိုက် လာတဲ့ တပ်မတော်တွေဖြစ်ကြတယ်။ အလားတူ အခြား အခြားသော တပ်မတော်တွေဟာလည်း မိမိတို့ရဲ့ အမျိုးသားရေး အကျပ်အတည်းများအတွင်း မွေးဖွားပေါ်ပေါက်လာတဲ့ တပ်မတော်တွေချည်း ဖြစ်ကြတယ်။ ဒါပေမယ့် မြန်မာပြည်က စစ်ခေါင်းဆောင်တွေမှအပ အခြားဘယ်တပ်မတော်ခေါင်းတောင်တွေကမှ “ကမ္ဘာကြီးကို ကျုပ်တို့ကယ်တင်ခဲ့တယ်” “တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ ကျုပ်ကယ်တင်ခဲ့တယ်” “ဒီတိုင်းပြည်ကို ကျုပ်ကယ်တင်ခဲ့တယ်” လို့ မပြောခဲ့ကြဖူးဘူး။

အဲဒီလို ပြောပုံဆိုပုံတွေကို မြန်မာပြည်သူလူထုကြီးတရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးကို တဖွဲ့တည်း မောင်ပိုင်စီးပြီး ‘တပ်မတော်နေ့’ လုပ်ထားတဲ့လုပ်ရပ်။ ‘တပ်မတော်သာအမိ၊ တပ်မတော်သာအဖ’ ဆိုတဲ့ ကြွေးကြော်သံ၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်စသဖြင့် အရေးပါတဲ့ ပညာရေးအဆောက်အုံတွေကို အရပ်ဘက်ကနေ သီးခြားခွဲပြီးထူထောင်ထားတဲ့ လုပ်ရပ်တွေနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့အခါ ထွက်လာတဲ့ အဖြေက တခုတည်းပဲရှိတယ်။ အဲဒါကတော့ မြန်မာပြည်မှာ စစ်တပ်ဟာ အခြားသော အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးရဲ့ အပေါ်မှာရှိတဲ့ (တနည်း) ဥပဒေအထက်မှာရှိတဲ့ တခုတည်းသော အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ အယူအဆကို ပြောင်ပြောင်တင်းတင်း ထူထောင်နေတာပဲဖြစ်တယ်။ အဲသလောက်ရှင်းနေတာကိုတောင် ဝေ့လည်ကြောင်ပတ် တွေးလေ့ပြောလေ့ရှိသူတွေက ရှင်းနေတာကို ရှုပ်အောင် တွေးနေပြောနေကြတဲ့အတွက် စစ်အာဏာရှင်တွေက အဲဒီအယူအဆကို အခြေခံဥပဒေထဲထည့်ဆွဲပြီး အထွတ်တင်ထားတာ ဖြစ်တယ်။

အဲဒီအယူအဆဟာ ဗမာ့ရေမြေသဘာဝနဲ့လည်း ကိုက်ညီမှုမရှိ၊ ဗမာ့ရှေးထုံးအစဉ်အလာတွေနဲ့လည်း ကိုက်ညီမှုမရှိ၊ ဗမာပြည်သူတွေရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်၊ အလေ့အထတွေနဲ့လည်း ကိုက်ညီမှုမရှိတဲ့အပြင် သတင်းဆက်သွယ်ရေး နည်းပညာတွေ အံ့မခန်းတိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစုခေတ် ဒီကနေ့ နိုင်ငံတကာဆက်ဆံရေးသဘောတရားတွေ၊ အခင်းအကျင်းတွေနဲ့လည်း ဘယ်လိုမှ ကိုက်ညီမှုမရှိတဲ့ အဆုံးစွန်ခေတ်ကုန်နေပြီဖြစ်တဲ့ (Extremely Obsolete) အယူအဆ တရပ်ဖြစ်တယ်ဆို ဦးနှောက်ပုံမှန်ရှိသူတိုင်း သိကြတယ်။

ဒါကြောင့် ဒီကနေ့ ဗမာပြည်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး ဦးနှောက်ပုံမှန်ရှိသူတိုင်း လုပ်ဆောင်ကြရမယ့် တခုတည်းသော အလုပ်က ဒီကနေ့ စစ်ခေါင်းဆောင်တွေကို “ခင်ဗျားတို့ရဲ့ အဲဒီအယူအဆဟာ လုံးလုံးလျားလျား မှားယွင်းနေတယ်။ ဒီအယူအဆကို ထူထောင်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ ရှေ့မျိုးဆက်စစ်ခေါင်းဆောင်တွေဟာလည်း အမှားကြီးမှားခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် အဲဒီအယူအဆကို စွန့်လွှတ်ပြီး ပြည်သူတွေဘက်ကို ပြောင်းလာပါ” လို့ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောကြရမှာဖြစ်တယ်။ ထပ်ကာထပ်ကာ ထပ်တလဲလဲ ပြောကြရမှာဖြစ်တယ်။ “လက်နက်နဲ့ ဒီမိုကရေစီလဲပါ” ဆိုတဲ့ စကားကို အခုမှပြောကြရမှာဖြစ်တယ်။ စစ်ခေါင်းဆောင်တွေ ဒီကနေ့ဆုပ်ကိုင်ထားတဲ့ အယူအဆဟာ တိုင်းပြည်အတွက်လည်း အကျိုးမရှိ၊ စစ်တပ်အတွက်လည်း အကျိုးမရှိတဲ့အပြင် ရှေ့အနာဂတ် ခပ်လှမ်းလှမ်းကို မျှော်ကြည့်ရင် အဲဒီအယူအဆကို ဆုပ်ကိုင်ထားတဲ့ စစ်ခေါင်းဆောင်တွေအတွက်လည်း အကျိုးမရှိဘူးဆိုတဲ့ စကားကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောကြရမှာဖြစ်တယ်။ လိုအပ်ရင် အဖမ်းဆီးခံ၊ အညှဉ်းဆဲခံ၊ အသတ်ဖြတ်ခံပြီး ပြောကြရမှာပဲဖြစ်တယ်။

ဂျာမဏီနာဇီထိပ်တန်းခေါင်းဆောင်တွေ၊ ဂျပန်ဖက်ဆစ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်တို့ရဲ့ ဘ၀များဟာ ကြိုးစင်ပေါ်မှာ အဆုံးသတ်သွားခဲ့ကြရတယ်။ အီတလီဖက်ဆစ်အာဏာရှင် မူဆိုလီနီ၊ ရိုးမေးနီးယား ကွန်မြူနစ် ခေါင်းဆောင် ချောင်ဆက်စကူးတို့ရဲ့ ဘ၀များဟာ လမ်းပေါ်မှာ ရုပ်ပျက်ဆင်းပျက် အဆုံးသတ်သွားခဲ့ကြရတယ်။ စလိုဘိုဒန် မီလိုစီဗစ် (ယူဂိုဆလားဗီးယား)၊ ရာဒိုဗန်ကရာဇစ် (ဘော့စနီးယား)၊ ချားစ်တေလာ (လိုက်ဘေးရီးယား)၊ ဒုခ်ျ (ကမ္ဘောဒီးယား) စတဲ့ အာဏာရှင်တွေဟာလည်း နိုင်ငံတကာစစ်ရာဇ၀တ်ခုံရုံးတွေနဲ့ ရင်ဆိုင်ခဲ့ကြရ၊ ရင်ဆိုင်နေကြရဆဲဖြစ်တယ်။ ချီလီမှာ၊ အာဂျင်တီးနားမှာ၊ ရ၀မ်ဒါမှာ၊ ကွန်ဂိုမှာ မိမိတို့ အာဏာရနေခိုက် လူမဆန်တဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြတဲ့ အာဏာရှင်နဲ့ မင်းမဲ့ဝါဒီတွေဟာလည်း သူတို့ အဲဒီရာဇ၀တ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြပြီးတဲ့နောက် နှစ်ပေါင်းများစွာ ကြာလာခဲ့ပေမယ့် တရားဥပဒေရဲ့ တကောက်ကောက် နောက်ကလိုက်ခြင်းကို ခံနေကြရဆဲဖြစ်တယ်။ နာဇီအကျဉ်းစခန်းစောင့်တဦးဆိုရင် အသက် (၈၈) နှစ်ရှိနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့ ဘ၀ကို ရောက်နေတာတောင်မှ သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကြောင့် ရုံးတင်တရားစွဲဆို စစ်ဆေးတာကို ခံနေရတယ်။

အဲသလိုပဲ တချိန်က မြန်မာပြည်မှာ အင်မတန်ကို ဘုန်းမီးနေလတောက်ပခဲ့ဖူးတဲ့ စစ်အာဏာရှင် ဗိုလ်နေ၀င်းဟာလည်း သူ့ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို စိတ်မချမ်းမြေ့စွာ ကုန်လွန်ခဲ့ရပြီး သေတော့လည်း လိုက်ပါပို့ဆောင်သူတယောက်မှမရှိဘဲ အလောင်းကို ဂူသွင်းမြှုပ်နှံစရာ နေရာတောင်မရှိတဲ့အထိ ဖြစ်ခဲ့ရတယ်။ သူ့ရဲ့ သားသမီးမြေးမြစ်တွေဟာလည်း ဖခင်ဖြစ်သူ၊ ဘိုးအေဖြစ်သူရဲ့ ဆိုးမွေကို ဆက်လက်ခံယူနေကြရဆဲဖြစ်တယ်။

အခု အထက်မှာ ဖော်ပြခဲ့သူအားလုံးဟာ အာဏာရှင်ဝါဒ၊ မင်းမဲ့ဝါဒကို မကိုင်စွဲခင်က သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ သမိုင်း စာမျက်နှာပေါ်မှာ အတော်အတန် တောက်ပတဲ့ ပုံရိပ်တွေနဲ့ နေရာယူနိုင်သူတွေ ဖြစ်ခဲ့ကြတယ်။ ဗိုလ်နေ၀င်းကိုပဲကြည့်ပါ။ စာတိုက်စာရေးလေး သခင်ရှုမောင်ဘ၀နဲ့ ကိုလိုနီဆန့်ကျင်ရေးခေတ်ကသူ့ရဲ့ ပုံရိပ်တွေ၊ ဗိုလ်နေ၀င်းဘ၀နဲ့ ဖက်ဆစ်ဂျပန် တော်လှန်ရေးခေတ်က သူ့ရဲ့ပုံရိပ်တွေဟာ အတော်ကလေး တောက်ပြောင်တင့်တယ်ခဲ့တာကို တွေ့ကြရမှာဖြစ်တယ်။

ဒါပေမယ့် အဲဒီသူတွေဟာ သူတို့ရဲ့ဝိညာဉ်ထဲကို ပူးကပ်ဝင်ရောက်လာခဲ့ကြတဲ့ အာဏာရှင်ဝါဒနတ်ဆိုး၊ မင်းမဲ့ဝါဒနတ်ဆိုးတွေကို မခုခံမတွန်းလှန်နိုင်ခဲ့ကြတဲ့အတွက် သူတို့မှာရှိထားပြီးသား နိုင်ငံရေးအရင်းအနှီး (Political Capital) အားလုံးကို ဆုံးရှုံး လက်လွတ်ခဲ့ကြရပြီး သမိုင်းရဲ့ဗီလိန်တွေ ဖြစ်ခဲ့ကြရတယ်။ တချို့ဆိုရင် အသေဆိုးနဲ့တောင် သေခဲ့ကြရတယ်။

အဲဒီတော့ ဒီကနေ့မြန်မာနိုင်ငံရဲ့ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တိုင်း မဖြစ်မနေ ထမ်းဆောင်ကြရမယ့် အနိမ့်ဆုံးတာဝန်က အဲဒီလို အာဏာရှင်တွေ၊ မင်းမဲ့ဝါဒီတွေရဲ့ သမိုင်းကြောင်းမကောင်းပုံ၊ ဇာတ်သိမ်းမလှပုံတွေကို မြန်မာပြည်က စစ်အာဏာရှင်တွေ သဘောပေါက်နားလည်အောင် အခါသင့်အခွင့်ကြုံတိုင်း ထပ်တလဲလဲ ထပ်ကာထပ်ကာ ပြောပြကြဖို့ပဲဖြစ်တယ်။ သူတို့ရဲ့ အယူအဆအတွေးအခေါ်နဲ့ လုပ်ရပ်တွေ အရောင်ထွက်ပြောင်လက်လာအောင် (ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ) တိုက်ချွတ်ဆေးသားတင်ပေးဖို့ မဟုတ်ဘူး။ (သွားဖြဲကလေးတွေနဲ့ လက်နောက်ပစ် လက်အုပ်ချီပြီး မြှောက်ပင့်ပေးတဲ့ အမူအရာတွေက ဘယ်လောက်တောင် အပြစ်ကြီးသလဲဆိုတာကိုတော့ ပြောစရာတောင်လိုမယ်မထင်ဘူး။)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေထဲက အမှာစကားတခုကို အမှတ်ရမိတယ်။ အဲဒါကတော့ “မှန်ကန်တရားမျှတတဲ့ စကားကို အလုပ်ကို မပြောရဲ မလုပ်ရဲရင်နေပါ။ ခွင့်လွှတ်လို့ရပါတယ်။ ဒါပေမယ့် မမှန်ကန် တရား မမျှတတဲ့ စကားကို၊ အလုပ်ကို၊ မပြောဘဲ မလုပ်ဘဲ နေရဲတဲ့သတ္တိလေးလည်း ရှိကြပါ။ အဲဒီသတ္တိလောက်မှ မရှိရင်တော့ ဒီမိုကရေစီရဖို့ မလွယ်သေးဘူး” ဆိုတဲ့ အမှာစကားဖြစ်တယ်။

တကယ်တော့ ဒီဆောင်းပါးရှေ့ပိုင်းတနေရာမှာ ဖော်ပြခဲ့တဲ့ ‘ကွန်မြူနစ်လူထွက်ကြီး’ နဲ့ သူ့ကို တပ်ဦးတင်ထားကြတဲ့ လိုင်စင်ရ နိုင်ငံရေးစာရေးဆရာဆိုသူတွေဟာ ဗမာပြည်ရဲ့ အရင်းခံပြဿနာ၊ ဗမာပြည်ရဲ့ အဓိကပဋိပက္ခ၊ ဗမာပြည် အခုလို အထွေထွေ အကျပ်အတည်းနဲ့ ကြုံတွေ့နေရခြင်းရဲ့ အဓိကလက်သည်တရားခံကို မသိကြတာတော့ ဟုတ်ဟန်မတူဘူး။ အမျိုးမျိုးအဖုံဖုံသော ရည်ရွယ်ချက်တွေအတွက် သူတို့ကျင့်သုံးနေကြတဲ့ နည်းလမ်းက မြန်မာပရိသတ် မြန်မာလူထုနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ “ယိုးဒယား ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း” လို ဖြစ်နေတာပဲရှိတယ်။

ယိုးဒယား ရာမဇာတ်တော် သမင်လိုက်ခန်း အကသရုပ်ဖော်ကို ကြည့်ဖူးသူတွေ သဘောပေါက်ကြလိမ့်မယ်။ လေးတော်ကိုင် ထားတဲ့ ရာမက လှလှပပ ကြွကြွရွရွနဲ့ ဇာတ်စင်ညာဘက်ထောင့်ကို ရောက်သွားတဲ့အခါ သမင်က ဇာတ်စင်ဘယ်ဘက်ထောင့်ကို အသာအယာ ကူးသွားတယ်။ ရာမ ဘယ်ဘက်ရောက်သွားတဲ့အခါ သမင်က ညာဘက်ရောက်သွားပြန်တယ်။ အကသရုပ်ဖော် ဇာတ်လမ်းဆိုတော့ ကြည့်လို့တော့ အင်မတန်ကောင်းတယ်။ ဒါပေမယ့် အနုပညာကို ဖယ်ကြည့်လိုက်ရင် ရာမက သမင်ကို မမိအောင် လိုက်ဖမ်းသလိုဖြစ်နေတယ်။

ကွန်မြူနစ်လူထွက်ကြီးနဲ့ သူ့လူတွေရဲ့ အရေးအသားတွေကလည်း အဲသလိုဖြစ်နေတယ်။ မြန်မာ့အကျပ်အတည်းမှာ စစ်အာဏာရှင်စနစ်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကို ဖျော့မှိန်ပြီး အခြားကဏ္ဍတွေကို ရှာကြံလက်ညှိုးထိုးပြနေကြတယ်။ ဆင်ကောင်ကြီးတွေ့နေတာတောင် ခြေရာဟောင်းနဲ့ တိုက်ကြည့်ပြီးမှ ဆင်ဟုတ်မဟုတ် လက်ခံနိုင်မယ်ဆိုတာမျိုးတွေ ပြောနေကြတယ်။ ‘လူထွက်ကြီး’ ဆိုရင် တက်ခနီကာလာ ခေတ်သစ်နိုင်ငံရေးဝေါဟာရ အသစ်အဆန်းတွေကို ရေလဲသုံးပြီး သူသစ္စာခံခဲ့ဖူးတဲ့ NLD ပါတီကိုတောင် ငေါက်ငမ်းကြိမ်းမောင်းတာတွေ လုပ်နေတယ်။ ၇၀ ခုနှစ်တွေက တိုးတက်တဲ့ ကဗျာဆရာ တဦးဖြစ်တဲ့ မောင်လေးအောင်ရဲ့ “ပညာတတ်ကြိမ်လုံးနဲ့ တအုန်းအုန်း ရိုက်နှက်တယ်” ဆိုတဲ့ စာသားကို သတိရစရာဖြစ်တယ်။ ‘လူထွက်ကြီး’ ရဲ့ လူတွေကလည်း ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာကို “ထက်အောက်မွှေနှောက် ထုတ်ချောက်ကျော်ကြား” တဲ့ ပုံမျိုးဖမ်းပြီး မြန်မာပြည်ရဲ့ပင်မရေစီးကို လမ်းလွှဲပေးဖို့ ကြိုးပမ်းနေကြတယ်။

ကွင်းဆက်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သော့ချက်ပြဿနာကို တွေ့အောင်ရှာဖို့က ပထမဆုံးလုပ်ရမယ့် အလုပ် ဖြစ်တယ်။ မြန်မာပြည်ရဲ့ သော့ချက်ပြဿနာက ပြည်ထောင်စု မပြိုကွဲရေးလည်းမဟုတ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးလည်းမဟုတ်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလည်းမဟုတ်။ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသာ” ဖြစ်တယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်ကြရမယ်။ ရှင်းရှင်းလင်းလင်း ပြောကြရမယ်။ အဲဒီအချက်ကို မမြင်ရင် အမျိုးသားရေးအမြင် အာရုံချို့တဲ့တာပဲဖြစ်မယ်။ မြင်ပြီးမပြောရင် အမျိုးသားရေးသတ္တိ ချို့တဲ့တာပဲဖြစ်မယ်။ ဒါကို အတိုင်းအတာတခုအထိ ခွင့်လွှတ်လို့ ရနိုင်သေးတယ်။ ဒါပေမယ့် အဲဒီအဆင့်မှာတင်မရပ်ဘဲ ပြည်သူတွေေ၀၀ါးသွားအောင် “ရာမဇာတ်တော်ထဲက သမင်လိုက်” သလို လုပ်နေကြတာကတော့ တရားခံကို အားပေးကူညီသူများအဖြစ် သမိုင်းရဲ့ ရေပုပ်မြောင်းထဲ ကိုယ့်သဘောနဲ့ကိုယ် ခုန်ချနေကြတာပဲဖြစ်လိမ့်မယ်။ အဲဒီလိုလုပ်တဲ့သူတွေကိုတော့ သမိုင်းက ခွင့်လွှတ်မှာမဟုတ်ဘူး။ ။






တောင်ဇလပ်ကို တေးဆိုမယ်


“ညောင်နမ်နူး ရေ ဒါကိုယ့်မြေ၊ ကိုယ့်ဒေသ မဟုတ်ဘူး။ကိုယ့်မြေ ကိုယ့်ဒေသ ကို ပြန်ပါ။ နင့်သား သမီးတွေကို ပူစရာ မလိုဘူး။ငါတို့ စောင့်ရှောက် ထားမယ်။ အခွင့် သာတာနဲ့ နင့်ယောကျာ်း ရှိတဲ့ နေရာကို ငါတို့ လိုက်ပို့မယ်။နင့်သား အငယ်ဆုံး အတွက် ဘာမှမပူနဲ့။ ငါတို့မျိုးနွယ်စု စောင့်ရှောက် ထားတယ်။”

ကပူး ပြောနေတာကို အနူးကြားရဲ့လား မသိဘူး။မကြားဘူးနဲ့ တူပါရဲ့။အနူးဘာမှ ပြန်မပြောဘူး၊ကပူး စကားကို နားထောင်ပြီး အနူးကို ဝိုင်းကြည့်နေတဲ့ သူတွေကတော့ မျက်ရည်တွေ ကျနေတယ်။ အနောင်းကို ချီပွေ့ထားတဲ့ ကပီးကိုလည်း မတွေ့ရတော့ဘူး။အနူးကိုထားပြီး ဒါးလန်းဂိန်း ပြန်ရအောင်လို့ ကပူးက ခေါ်တယ်၊ဒါးလန်းဂိန်း အနူးမပါဘဲ မပြန်ချင်ဘူး၊ အနူးတယောက်ထဲ ကျန်ခဲ့ရမှာ၊ဒါးလန်းဂိန်းကို အနူးက “သားအကြီး အနူးအားကိုးရတာလို့” အမြဲ ပြောတတ်တာလေ၊ အနူးကို တယောက်ထဲထားလို့ ဘယ်ဖြစ်မလဲ ကပူးရယ်။

“ဒါလန်းဂိန်း အနူးကို စကားပြောချင်သေးတယ်နော် ကပူး”

“ဘယ်ဖြစ်မလဲ ကလေးကို ခေါ်သွား”

“မသွားချင်သေးဘူး ကပူး။အနူးကို စကားမပြောရလဲ အနူးပြောတာနားထောင် ချင်တယ်”

ဒါလန်းဂိန်း စကားကြောင့် ကပူးမျက်နှာကို မော့ပြီး မျက်တောင်ခက်လိုက်တယ်။ဘုရားကျောင်းတခုလုံး တိတ်ဆိတ်သွားတယ်။နေလောင်ထားတဲ့ ဒါလန်းဂိန်း ဆံပင်ကို ကြင်နာစွာနဲ့ သပ်တင်ပေးလိုက်တယ်။

“သားအနူးကို မပြောခိုင်းနဲ့ ကပူးပြောပြမယ်။သား ဘာသိချင်လဲ။အိမ်ရောက်တာနဲ့ သား ကြိုက်တာမေး။ ခု အိမ်ပြန်လိုက်အုံး။ ဦးနော်။သားက အကြီးဆုံး အနောင်းတို့ နှစ်ယောက် ကပီး ခေါ်သွားပြီ။ စကား နားထောင်တဲ့ ကလေးကို ဘုရားသခင်ကော၊ အနူးကပါ ချစ်တယ်”

ကပူးစကားကို နားထောင်ပြီးဒါလန်းဂိန်း ခေါင်းငြိမ့်ပြလိုက်တယ်။ဒါလန်းဂိန်း မျက်လုံးထဲမှာ အနူးကို ရော၊ ကပူးကိုပါ ခပ်ဝါးဝါးပဲ မြင်ရတော့တယ်။

¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥

ကပူးဒါလန်းဂိန်းတော့အိမ်ရောက်တော့ ဒါလန်းဂိန်းတော့မောင်နှမတွေ အိပ်ပျော်နေပြီ။ကပူးတို့ မျိုးနွယ်စုတွေ သူတို့ မောင်နှမသုံးယောက်အတွက် ခေါင်းချင်းရိုက် နေကြတယ်။ ဒါလန်းဂိန်းအပါးက ရေခြားမြေခြားမှာ မွေးကင်းစ ကလေးငယ်ကို ပြုစုဖို့ တာဝန်အတွက် ဒါလန်းဂိန်း အပါးဖက်က နီးစပ်တဲ့ မျိုးနွယ်စုကို ရွေးလိုက်တယ်။ မျိုးနွယ်စု တူပင်မဲ့ မျိုးဆက်နှစ်ဆက်တော့ ခြားတယ်။တော်ပါသေးရဲ့။

မျိုးနွယ်စု တူတာရှိလို့။မရှိရင်လဲ သူတို့ချင်းမျိုးနွယ်စုက တာဝန်ယူရမှာပဲ။ကိုယ့်ဇာတိမြေ ချင်းတောင် ဒေသမှာလဲ မိဘမဲ့ကလေးကိုရွာက သီးသန့် အိမ်ဆောက်ပေးပြီး ရိက္ခာ ပံ့ပိုးရတာပဲမို့လား။

ကပူးလို့ အများခေါ်နေကြတဲ့ “နန့်ခမ်းခင်” က လက်ရှိ ဒီနေရာလေးမှာ မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင် ဖြစ်လို့နေရတာ။ဇာတိမြေနဲ့ ဘယ်လောက် ဝေးကွာဝေးကွာ ဓလေ့ထုံးစံတွေကိုတော့ မတိမ်ကော စေချင်ကြဘူး။ ဒီတော့ကား ဇာတိမြေကို လွမ်းတိုင်း၊ မျိုးနွယ်စုတွေထဲကို ရင်သွေးအသစ်တွေ မွေးဖွားလာတိုင်း ကပူးကို သတိရကြတယ်။ ကပူးကို ဖိတ်ခေါ်ကြတယ်။ ဒီအတွက် ကပူး ကြည်နူး ရပါတယ်။ဒါပင်မဲ့ ဒီနေ့လို အဖြစ်မျိုးကိုတော့ ကပူး မကြုံချင်ဘူးလေ။

ညောင်နမ်နူးရဲ့ခင်ပွန်း ရေခြားမြေခြားကို ရောက်သွားပြီး ၆လအကြာမှာ ညောင်နမ်နူး သားယောကျာ်းလေး ဖွားမြင်ပြီး ဆုံးပါးသွားခဲ့တယ်။ကပူးအတော့်ကို ထိတ်လန့်သွားတယ်။ငယ်ရွယ်သူဖြစ်ပြီး လူမမယ် ကလေး သုံးယောက်နဲ့ ကိုယ့်ဘဝ ကိုယ့်အနာဂတ်ကို ဖန်တီးနိုင်တဲ့ နေရာမှာ ဆုံးပါးရတာဘူးမို့လား။

အမျိုးသမီးတွေရဲ့ မိခင်စိတ်ဆိုတာကို ကပူး မြင်ရတော့ ဝမ်းနည်းတဲ့ကြားက ဝမ်းသာမိသေးတယ်။ အမေ ဆိုတာ လူတိုင်းအတွက် အရင်းနှီးဆုံး၊ အနွေးထွေးဆုံး လူသား ဖြစ်တယ်မို့လား။ သဘာဝတရားအရ မသတ္တဝါတွေက မိခင်စိတ်ကို ပိုင်ဆိုင်ထားကြတယ်။ သတ္တဝါများစွာအနက်မှ အသိဥာဏ်ထူးများ ပိုင်ဆိုင်သူ လူ အမျိုးသမီးတွေက မိခင်စိတ် ပိုကြီးမားတတ်တယ်။ အိမ်ထောင်မရှိ၊ သားသမီး မမွေးတဲ့ အမျိုးသမီးတွေမှာလဲ မိခင်စိတ် ဝေဝေစာစာ ရှိပါတယ်။

ညောင်နမ်နူးရဲ့ ရက်သားအရွယ် သားလေးကို နို့ဗူးတိုက်ပြီး စောင့်ရှောက်နေတဲ့ ကပီး(အဒေါ်) ကလဲ အပျိုလေးပဲ။သူလေးက နို့ဗူးတိုက်ပြီး ကလေး ဝေယျာဝစ္စကို မိခင် ကိုယ်စား လုပ်ပေးတယ်။ မိခင်ကိုယ်စား ထွေးဖွေ့တယ်။ သနားစရာ ကလေးသုံးယောက်လုံး အခုတော့ အိပ်မောကျနေပြီ။ အိပ်မောကျနေတဲ့ ဒါလန်းဂိန်း အိမ်မက်ယောင်ရင်း”အနူး” “အနူး” လို့ ခေါ်သံက အားလုံးရင်ကို ထိခိုက်စေတယ်။

“ကပူးရက်လည်မှာ ကပူးပဲထပ်ပြောရမှာနော်” ကလေးတွေကိုစောင့်ရှောက်ရတဲ့ ကျောင်ခန်ကိန်းက ပြောတော့ အားလုံးက သဘောတူကြတယ်။ ဝိညာဉ်တွေက စကားလုံး အတိမ်းအစောင်း မခံဘူးလို့ သူတို့ ယုံကြည်ကြတယ်။ ပထမရက်မှာ အသုဘချတဲ့နေရာကို သွားပြင်ပေးရတယ်။ ရက်သား အရွယ်ကလေးကို အလောင်းထည့်တဲ့ ခေါင်းရဲ့ထိပ်မှာ အမျိုးသမီးကပွေ့ပြီး ရပ်နေတယ်။ ကလေးထိန်းမယ့် ကျောင်ခန်ကိန်းဆီကို အလောင်းကျော်ပြီး ကလေးကို ဟိုဘက်ဒီဘက် သုံးခါပို့ပြီး ကလေးမျက်နှာကို အဝတ်နဲ့ ဖုံးလိုက်တယ်။ ကျောင်ခန်ကိန်းက အခေါင်းထဲက ကလေးမိခင် ညောင်နမ်နူးကို အရက်စက်ဆုံး စကားပြောပြီး ကလေးနဲ့ခွဲလိုက်တယ်။

“နင် ငါတို့နောက် မလိုက်လာနဲ့တော့။ ကလေးက ငါ့ကလေး ဖြစ်သွားပြီ။ နင့်ကလေး မဟုတ်တော့ဘူး”

အဲဒီ့နောက် ညောင်နမ်နူး အနားကို ကျောင်ခန်ကိန်း မသွားရတော့ဘူး။ ဒုတိယ ရက်ကြတော့ မျိုးနွယ်စု အလိုက် အိမ်မှာ ဝမ်းနည်း ပူဆွေးမှုကို အဆုံးသတ်ဖို့ စားသောက်ပွဲရှိတယ်။ တတိယမြောက်နေ့မှာ ခရစ်တော်မှာ အိပ်ပျော်သွားတဲ့ ညောင်နမ်နူးအတွက် အိမ်မှာရှိတဲ့ အကောင်းဆုံး ထမင်းဟင်းပို့ပြီး စကားပြောရမယ်။ ဒီအတွက် ကပူးကို စကားပြောခိုင်းတာ။

“ငါတို့မှာ ရှိသမျှ အကောင်းဆုံး ထမင်းဟင်းတွေ လာပို့တယ်။အိမ်ကိုလည်း အဆက်အသွယ် မလုပ်နဲ့ အိမ်ကိုလည်း ပြန်မလာနဲ့တော့။ သင်ခရီးဆက်တော့။သင့်မိခင် ရှိတဲ့နေရာ၊သင့်ဖခင်ရှိတဲ့ နေရာကို သွားပါ”

အိမ်မက်ရောင်နေတဲ့ ဒါလန်းဂိန်းကို ခေါ်ပြီး သချိုင်္င်းကို သွားရဦးမယ်။ ကလေးတွေအတွက် စိတ်မပူဖို့ ညောင်နမ်နူးကို ပြောရမယ်။ကပူး အဲဒီ့စကားကို ပြောနိုင်ဖို့ အားမွေးရမှာ။

¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥

ကပူး ရောက်နေတဲ့နေရာက ချင်းတောင်ဒေသနဲ့ သိပ်တူတာပဲ။မြူခိုးတွေဝေရင်၊ တောမီးတွေလောင်ရင် ဇာတိ တောင်ပေါ်ရွာကို ကပူး သတိရမိတယ်။ခုလိုဆောင်းရာသီဆို ရေခဲအောင် အေးတဲ့နေရာပေါ့။ တတောလုံး၊ တတောင်လုံး တောင်ဇလပ်ပွင့်တွေက ရဲရဲနီလို့။လှလိုက်တာ ကြည့်လို့မဝနိုင်အောင်ပါပဲ။ တောင်ဇလပ်ဟာ ချင်းတောင်ကိုကိုယ်စားပြုတဲ့နမိတ်ပုံပါ။

ကပူးဘဝမှာ ဇာတိမြေကိုခွဲပြီး ဒီကိုရောက်ရမယ်လို့ ဘယ်ထင်ပါ့မလဲ။ ၁၉၇၄မှာ ကပူး ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်မှာ သိပ္ပံကျောင်းသားအဖြစ် ဘွဲ့ရတဲ့အထိ နေခဲ့ရတယ်။ကျိုက္ကဆံကွင်းမှာ ကျင်းပတဲ့ ပြည်ထောင်စု ပွဲတော်အတွက် တိုင်းရင်းသား ရိုးရာပဒေသာကပွဲကို တင်ဆက်ကြတယ်။ဒီပွဲမှာ ကိုယ့်ရိုးရာကို ဖော်ထုတ်တဲ့ တတ်ကြွတဲ့ ပညာတတ်လူငယ်အဖြစ် ကပူးကိုယ်တိုင် ချင်းရိုးရာအကကို ကခဲ့ရတာ။ ချင်းရိုးရာနဲ့ ပတ်သက်ပြီး ကလောင်နဲ့ ဖော်ထုတ်နိုင်ခဲ့တယ်။ ချင်းတောင်တန်းဒေသ ဖွံ့ဖြိုးရမယ်။

ကပူး သင်ထားတဲ့ ပညာတွေနဲ့ ကိုယ့်တိုင်းရင်းသားတွေကို ပညာ ဖြန့်ဖြူးပေးမယ်ပေါ့။ ဘဝဆိုတာ မဆုံးနိုင်တဲ့ သင်ခန်းစာတွေနဲ့ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်း တကျောင်းဖြစ်တဲ့အတွက် ကပူးဘဝမှာ မကုန်ခမ်းနိုင်တဲ့ သင်ကြားစရာတွေ ပြည့်နှက်နေလို့ လောကကျောင်းမှာ ကျောင်းသားအဖြစ်နဲ့ ကပူးခုချိန်ထိ သင်ယူနေတုန်းပါပဲ။

ကပူးဇာတိရွာမှာ ကျောင်းဆရာအဖြစ် စာသင်ချင်ပေမယ့် စာသင်ခန်းမရှိဘူး။ကပူးရွာက ကလေးတွေ ကျောင်းနေမဲ့အရွယ်ရောက်ရင် ရွာနဲ့မိုင်းပေါင်းများစွာဝေးတဲ့နေရာကို မိဘတွေက ကျောပိုးပြီး လိုက်ပို့ရတယ်။နေ့ဝက်ခရီးသွားရတဲ့ လူကြီးခြေလှမ်းနဲ့ တောင်ပေါ်ခရီးဟာ မှုလတန်း ကျောင်းသား အရွယ်အတွက် နေ့ခြင်းပြန် ကျောင်းတတ်ဖို့ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီတော့ကလေးကို ဆွေမျိုးနီးစပ်၊ မျိုးနွယ်စုတူသူတွေဆီမှာ အပ်ရတာပေါ့။ ကျောင်းနှစ်ရှည်ပိတ်မှပြန်။

ကျောင်းဖွင့်ရာသီဆို မိဘနဲ့မခွဲချင်တဲ့ ကလေးတွေရဲ့ ငိုသံ တောတောင်တခုလုံး ညံလို့ပဲ။ သုံးနှစ်တကြိမ် ရွေ့ပြောင်း တောင်ယာနဲ့ အသက်မွေးရတဲ့မိဘတွေကလဲ သိပ်ကို ပင်ပန်း ဆင်းရဲပါတယ်။ ဒါပင်မဲ့ ရင်သွေးရဲ့ ပညာရေးအတွက် အပင်ပန်းခံ၊ စိတ်အဆင်းရဲခံပြီး ကျောင်းရှိတဲ့နေရာကို ပို့ရတာပါ။

ကျောပိုးထဲကရင်သွေးကို ပညာတတ်စေချင်တဲ့ မိဘရဲ့မေတ္တာကို ရင်သွေးငယ်ကတော့ မသိရှာဘူး။ မိဘနဲ့ မခွဲချင်တာပဲ သိတယ်။ တကယ်လည်း ဒီအရွယ်က မိဘနဲ့ ရင်အုပ်မကွာ နေရမဲ့အရွယ်။ ဒီမြင်ကွင်းကို မြင်တိုင်း မိုင်းပေါင်းများစွာ ဝေးတဲ့ စာသင်ခန်းတွေကိုတောင်ပေါ်ဒေသ၊ ရွာထဲအထိ ပို့မယ်ဆိုတဲ့စိတ် ကပူး ရင်ထဲ ပြင်းထန်ခဲ့ရပါတယ်။

“တောင်တန်းဒေသ ဖွံ့ဖြိုးရမယ်။ ခေတ်မှီ ဖွံ့တိုးတတ်တဲ့ နိုင်ငံတော်သစ်ကြီးဆီ”လို့ အသံကောင်း လွှင့်နေချိန်မှာ နှစ်ပေါင်းများစွာ ဆင်းရဲနိမ့်ကျနေတဲ့ ဒေသခံတွေရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကို အုပ်စိုးသူကိုတင်ပြတော့ နိုင်ငံတော် ဆူပူလှူံ့ဆော်မှုနဲ့ ကပူးကို ဖမ်းကြတယ်။ စစ်ကြောရေးမှာ လပေါင်းများစွာ အစစ်ခံရပြီး လွတ်မြောက်နယ်မြေကို ကပူး ရောက်လာခဲ့မိတယ်။လွတ်မြောက်နယ် မြေကနေ ဒုက္ခသည်စခန်း။

ဒုက္ခသည် စခန်းဆိုတာ ခဏတဖြုတ် အလည်လာလို့ ရတဲ့နေရာ မဟုတ်ဘူး။ မိမိနေရင်းဒေသကို စွန့်ခွာ ထွက်ပြေး ခဲ့ရတဲ့သူတွေ။ တိုင်းပြည် မငြိမ် မသက်ခြင်း၊ စနစ် မပြောင်းမလဲခြင်း ပြန်လို့မရတဲ့သူတွေ။

တိုင်းရင်းသား လူမျိုးစုအပေါ် ရန်လိုမုန်းတီးတဲ့ လူငယ် ကျောင်းသားများနဲ့ ရဟန်းရှင် လူ၊ပြည်သူအပေါ် ရန်လိုမုန်းတီးတဲ့ မျိုးချစ်ပြည်ချစ်နဲ့ ပညာရှင်များအပေါ် ရန်လို မုန်းတီးခဲ့တဲ့ စစ်အုပ်စု မပြုတ်သရွေ့ ကပူးတို့ ပြန်လို့ မဖြစ်ဘူး။ ဒုက္ခသည် စခန်းကနေ တတိယနိုင်ငံကို အခြေချ ပြောင်းရွှေ့နေထိုင်တဲ့အခါ

ကပူးတို့လို အသက်ကြီးတဲ့ သူတွေအဖို့ ယဉ်ကျေးမှုအသစ် ဓလေ့ထုံးစံ အသစ်တွေနဲ့ ရင်ဆိုင်ရဦးမယ်။ လူငယ်တွေ အတွက်သာ အလွယ်တကူ အဆင်ပြေနိုင်ပေမယ်။ ကပူးတို့ အတွက်တော့ ကိုယ့်နိုင်ငံ ကိုယ့်တောင်ပေါ် ဒေသမှာ နှစ်ပေါင်းများစွာ အခြေကျနေထိုင်ခဲ့တာ။

ခုတော့ နိုင်ငံမဲ့ ဘဝနဲ့ နေရတဲ့အဖြစ်။ စခန်းပတ်လည် ပတ်ဝန်းကျင်ကတော့ ချင်းတောင်ဒေသနဲ့ သိပ်ကိုတူတာ။ လှေကားထစ် စိုက်ပျိုးခင်းတွေရှိတယ်။ တောတောင်တွေမှာ မြူတွေစိုင်းနေတာ။တိမ်တွေ ပုခက် စီးနေတာ။ မိုးလား၊ တိမ်လား၊ မြူလား မကွဲတဲ့ ရှုခင်းတခုလုံးက ဇာတိမြေနဲ့ တူမှတူ။ ကပူးက တော့ဒီအတုကိုဘဲ အစစ်ဖြစ်အောင်လုပ်ချင်နေတာလေ။

¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥

“ကပူး ညောင်နမ်နူးကလေး အငယ်ဆုံးကင်ပွန်းတပ် ဘယ်လိုလုပ်ကြမလဲ” ချင်းထုံးစံတွေကို ပြည့်ပြည့်စုံစုံနားလည်နေတဲ့ကပူးဆီကို အကြောင်းအရာ အသစ်တွေနဲ့ ရောက်လာကြပြန်ပြီ။ ဒေါ်ထန်ဆုန်ပြောလိုက်တဲ့စကားက ကပူးရင်ထဲသိပ်ကိုမောသွားရတယ်။

“ငါတို့လဲ တတိယနိုင်ငံမရောက်သေးဘူး။ဒုက္ခသည်စခန်းထဲမှာမွေးတဲ့ကလေးက သောမတ်စတို့ ဒေးဗစ်တို့ဖြစ်ကုန်ကြပြီ။ကိုယ့်ရိုးရာတောင်ပျောက်တော့မယ်။

ငါတို့ချင်းလူမျိုးရဲ့နာမည်ကိုယ်တောင်မမှည့်ချင်ကြတော့ဘူးလား။ခေတ်လူငယ်တွေခေတ်မှီချင်တာနဲ့ ရိုးရာတော့မေ့ပျောက်ဖို့မကောင်းဘူး” ဒေါ်ထန်ဆုန်က ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတွေကို မြတ်နိုးတယ်။ အဲဒီ့အပေါ်မှာ တွေးစရာ၊လေးစားစရာတွေကို ရှာဖွေတယ်။ ခံစားတယ်။ ကြည်နူးတယ်။ ပီတိဖြစ်တယ်။ သူလိုဘဲ လူငယ်တွေကို ခံစားစေချင်၊ တန်ဖိုးထားစေချင်တာ။ ကပူးက ဒေါ်ထန်ဆုန်ကို နှစ်သိမ့်လိုက်တယ်။ ”ဒို့မြေ၊ဒို့ရေနဲ့ ဝေးပြီး ဒုက္ခတွေခံစားနေရတော့ မေ့တာလဲဖြစ်မှာပေါ့”

“ငါကတော့ကွယ် ကိုယ့်ရိုးရာ ယဉ်ကျေးမှုမှာ အခြေခံတွေဘာရှိတယ်ဆိုတာ လူငယ်တွေကို သိစေချင်တာဘဲ။ ဒီလိုမှ ခုထဲကမသိရင် ရှေ့လျှောက်သိဖို့ ဝေးသွားပြီ” ကပူးနဲ့ ဒေါ်ထန်ဆုန် စကားပြောနေတာကို ကျောင်ခန်ကိန်း နားထောင်နေမိတယ်။ ချင်းစောင်နဲ့ သိုင်းလွယ်ထားတဲ့ ကလေးငယ်ကတော့ အိပ်ပျော်နေတယ်။ကလေးတွေအဖကလည်း သူရောက်တဲ့နေရာကနေ မိသားစု ပြန်လည် ပေါင်းစည်းဖို့ ကြိုးစားနေတဲ့ အကြောင်း ကပူးတို့ကို အကြောင်းကြား ထားတယ်။ ညောင်နမ်နူး မိဘတွေကလည်း သူ့သမီး ဦးခေါင်းအရိုးကို ပြန်လိုချင်ကြတယ်။ သူတို့ဆီရောက်အောင် သယ်နိုင်ဖို့တို့မျိုးနွယ်စုတွေ ငွေစုနေကြတယ်တဲ့။ ခက်ရချေရဲ့။ ဒါဒုက္ခသည်စခန်း။ ဘယ်ဖြစ်မလဲကွယ်။

ခရစ်ယာန်ဘာသာကို ကိုးကွယ်နေကြပင်မဲ့ ရိုးရာကို ယုံကြည်ကြတယ်။ ကပူးတို့ မြောက်ပိုင်းချင်းတောင်မှာ အဓိက တီးတိန်၊ ဖလမ်း၊ ဟားခါး ချင်းမျိုးနွယ်စုတွေ ရှိတယ်။ စကားတော့ အနည်းငယ် ကွဲတာပေါ့။ ဓလေ့ ထုံးစံတွေလည်း အနည်းအကျဉ်း ကွဲချင်ကွဲမယ်။ အနှစ်သာရကတော့ အတူတူပါပဲ။ ကလေးမွေးလာပြီဆိုရင် မွေးစကလေးကို ကြက်ဥအနှစ် အရင်ဆုံး ကျွေးတယ်။ နည်းနည်းလေးပေါ့။

မွေးမွေးချင်း ကြွေးကြတာ ရောဂါဘယ ခံနိုင်ရည်ရှိတယ်လို့ ဆိုကြတယ်။ကလေး သုံးရက်မြောက်နေ့မှာ ကလေးဆံပင်ကို ဖြတ်ပေးရတယ်။ ဘာကြောင့်လည်းဆိုတော့ ကလေးရဲ့မိခင်က ထင်းခွေ၊ ဆန်ဆေး၊ မီးမွှေးရင် ကလေးဝိညာဉ်က အမေ့ဆီကို ပါသွားတတ်တယ်။ မီးမွှေးရင် မီးထဲပါသွားမှာစိုးလို့ ဆံပင် ညှပ်ထားတာ။

“မင်းကတော့ လူလားမြောက်လာပြီ။ မိခင်နောက်မလိုက်ပါနဲ့” လို့ သဘောရတယ်။ မွေးဖွားပြီးစ မိခင်တဦးကို ဆယ့်ငါးရက်ထိ ဘာမှမလုပ်ခိုင်းဘူး။ အိမ်အပြင် မထွက်ရဘူး။ကလေး ဝိညာဉ် လိုက်တတ်တဲ့ အတွက်ကြောင့်လို့ ယုံကြည်ကြတယ်။

သုံးရက်မြောက်နေ့မှာ ကင်ပွန်းတပ်တယ်။ မိခင်၊ဖခင်ဘက်က လူကြီးတွေက နာမည်ရွေးတယ်။ ဆွေးနွေးတယ်။ ကပူးတို့ တီးတိန်မှာတော့ သားအကြီးဆုံး မွေးလာရင် ဖခင်ဘက်က အဖေနာမည်ကို ယူရတယ်။ မိန်းကလေးဆိုရင် ဖခင်ရဲ့ အမေနာမည်ကို ယူရတယ်။ဒုတိယသားသမီးမှ ကလေး မိခင်ဘက်က မိဘတွေနာမည်ကို ယူရတယ်။

သားဦး ယောက်ျားလေး နာမည်မှာ အဘိုးဘဝကို ဖော်ညွှန်းတဲ့ စကားလုံးပါရမယ်။ သားရဲတိရိစ္ဆာန် တောကောင်တွေကို လိုက်တဲ့၊တော်လှန်ရေး ခေတ်မှာ အင်္ဂလိပ်၊ ဂျပန်ကို တိုက်ထုတ်နိုင်တဲ့၊ တောင်ယာစပါး ဝမ်းစာဖူလုံတဲ့ အကြောင်းအမှီပြုပြီး နာမည်မှည့်ရတယ်။ဒ့ါအပြင် သူတို့ဘဝမှာ ရန်မဖြစ်ဘူး။ ပရဟိတစိတ် ရှိတယ်ဆိုတာ အခြေခံပြီး မှည့်ရတယ်။ကိုယ့်ရဲ့နာမည်ကြည့်ပြီး အဖိုးအဘွားရဲ့ သမိုင်းကို သိတယ်။ဘဝမှာ မိဘမဲ့တယ်။ အထီးကျန်တယ် ဆိုတာကိုလည်း နာမည်ကိုကြည့်ပြီး သိနိုင်တယ်။

ကပူးနာမည်က “နန့်ခင်းခမ်” ။နန့်က အဖိုးနာမည်။ခင်းက အဖိုးက သားရဲတိရိစ္ဆာန် တိုက်တဲ့သူ။ခမ်က စော်ဘွားဆိုတော့ ရပ်ရေး၊ ရွာရေးမှာသူတပါးအတွက် အလုပ်လုပ်ပေးလို့ ခေါ်တာ။ကိုယ်စားပြု ဖော်ညွှန်းတဲ့ ဝိသေသတွေနဲ့ နာမည်မှည့်ရပါတယ်။

နာမည်ရွေးတာကလည်း လိုသေးတယ်။ဥပမာ မိသားစု အသိုင်းအဝိုင်းက ကြီးလွန်းတယ်။ တောင်ယာ စပါးစိုက်ပြီး ဝမ်းစာဖူလုံတဲ့သူက သားရဲတိရိစ္ဆာန်လိုက်တဲ့ နာမည်ပေးရင် မထိုက်တန်လို့ လူက ကံဆိုး တတ်တယ်။ နာမည်က တန်ခိုးရှိတယ်လို့ ယုံကြည်ကြတယ်။ကင်ပွန်းတပ်တဲ့ နာမည်နဲ့ ဘဝကို တကယ် လိုက်နာနိုင်ရဲ့လား။ နာမည်နဲ့ ဘဝကကော ထပ်တူကြရဲ့လားဆိုတာ သတိမှုရတယ်။ နာမည်နဲ့လူ မလိုက်လို့ လူအများကြားမှာ ကဲ့ရဲ့စရာဖြစ်ရင် နာမည်နဲ့ အဆဲခံရရင် သိပ်ကိုနစ်နာတယ်။

နာမည်ရွေးပြီးရင် ကလေး ကင်ပွန်းတပ်မှာ ကျွေးဖို့ ဝက်ကိုကြိုးနဲ့ တိုင်းတယ်။ ရင်ဘက်ကနေ တိုင်းပြီး ကြိုးကိုတိုင်းကြည့်ရင် ငါးဆုပ်ကောင် တတ်နိုင်တယ်။ ခုနစ်ဆုပ်ကောင် တတ်နိုင်တယ်ပေါ့။ နွားနောက် ကျွေးရင်လည်းရတာပဲ။ ချင်းထုံးစံက အောင်ပွဲခံတဲ့နေရာမှာ သာမှု၊ နာမှုမှာ နွားနောက်က အဓိကပဲ။ နွားနောက် ကျွေးမယ်ဆိုရင်တော့ နွားနောက်ရဲ့ ဦးချိုနဲ့ တိုင်းတယ်။ နွားနောက်ဦးချိုက တတောင်ရှိရင်တော့ နာမည်ရတယ်။ ဂုဏ်ပကာသနကို နွားနောက်ရဲ့ ဦးချိုနဲ့ တိုင်းတာတတ်တာ ချင်းဓလေ့ဘဲ။

ကောက်သစ်ဆန်၊ ပြောင်းဖူးကို ထောင်း၊ တစီးနဲ့လုပ်ပြီး စဉ့်အိုးထဲ စိမ်ထားတယ်။ ခုနစ်ရက်တော့ အနည်းဆုံး ထားရတယ်။ ခေါင်ရည်နံ့ မထွက်သေးရင် မဖွင့်ရဘူး။ခေါင်းရည်ဖြစ်ရင်တော့ ခေါက်ရည် နဲ့တွဲပြီး ဧည့်ခံတယ်။ လာတဲ့ ဧည့်တွေကလည်း ခေါင်ရည်အိုးပါတယ်။ ခုခေတ်မှာတော့ တခြား လက်ဆောင် ယူလာကြတယ်။

ကလေး နာမည်က ကောင်းလား၊ ဆိုးလားဆိုတာကို နမိတ်ဖတ်ရတယ်။ ဒါကတော့ ကင်ပွန်းတပ်ပွဲမှာ လုပ်တဲ့ ဝက်၊နွားနောက်ရဲ့ သဲခြေအိတ်ကို ကြည့်ရတယ်။ သံခြေအိပ်ပြည့်ရင် ကလေးဘဝက ကောင်းစားမယ်။ သဲခြေအိပ် မပြည့်ရင် ကလေးဘဝက ဖူလုံမှုမရှိဘူး။

သားကောင်ရဲ့ သရက်ရွက်က ချွန်ထွက်တဲ့ အဖျားက အရှေ့ဘက်ကို ဦးတည်လား၊ အနောက်ဘက်ကို ဦးတည်လား၊ တောင်၊ မြောက်ကို ဦးတည်လားဆိုတာ ကြည့်ရတယ်။ဒါက စီးပွား ကံကောင်းမဲ့ အရပ်ကို ဖော်ညွှန်းတယ်။ ဒီလိုနမိတ်ဖတ်ပြီး သူ့ရဲ့ဘဝ တသက်တာမှာ စီးပွားဖြစ်မဲ့အရပ်ကို အဖိုးအဘွားက ပြောဆို ပေးလိုက်တယ်။

ဒါ့အပြင် ကလေးအတွက် အဖိုးအဘွားက သီချင်း စပ်ပေးတယ်။ငါ့မြေးရေ အဖိုးဘဝက ဒီလိုဘဝတွေကို ဖြတ်သန်းခဲ့တယ်ပေါ့။ ငါ့မြေးက အဖိုးရဲ့အမွေကို ဆက်ခံပါဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ ကပူးမှာလည်း အဖိုးစပ်ပေးတဲ့ အဖိုးဘဝရဲ့ ကိုယ်ပိုင်သီချင်း ရှိတယ်။ကပူးမွေးနေ့ရောက်ရင် အဖိုးစပ်ပေးတဲ့ ကိုယ်ပိုင်သီချင်းကို ပြန်ဆိုရတယ်။

ဒါ့ကြောင့် ပြောတာပေါ့။ကိုယ်နဲ့ တသက်တာလုံး မခွဲမခွာရှိမဲ့ နာမည်ဟာ အဓိပ္ပာယ် ပြည့်စုံရမယ်။ အဖိုးအဘွား ကိုယ့်မျိုးနွယ်ကို၊ ကိုယ့်ဘဝကို ကိုယ်စားပြုရမယ်ဆိုတာ ဘယ်လောက်ကောင်းမြတ်တဲ့ ဓလေ့လဲ။

¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥

ညောင်နမ်နူးရဲ့ သားသမီး သုံးယောက်ကို သူ့အပါးရှိရာ အမေရိကန်ကို ပို့မဲ့နေ့က ကပူးတို့ မျိုးနွယ်စုတွေ မျက်ရည်ဖြိုင်ဖြိုင် ကျရတဲ့နေ့ပေါ့။ ကပူး တစိမ့်စိမ့်လွမ်းရတဲ့ ဇာတိမြေ ချင်းတောင်နဲ့ တူတဲ့ ဒီဒုက္ခသည် စခန်းလေးကနေ တတိယနိုင်ငံကို အခြေချ နေထိုင်ဖို့ ညောင်နမ်နူးတို့ မိသားစုတွေ ရောက်လာခဲ့ကြတယ်။ သို့ပင်မဲ့ ညောင်နမ်နူးတယောက် မိသားစုနဲ့အတူ တတိယနိုင်ငံကို မထွက်ခွာ နိုင်တော့ဘူး။ ဒုက္ခသည် စခန်းရဲ့ သချိုင်္င်းမြေမှာ အိပ်ပျော်နေရစ်ပြီ။ ဒုက္ခသည်စခန်းမှာ ဘယ်သူ့ကို မှ ချန်မထားချင်တဲ့ ကပူးဆန္ဒ မပြည့်စုံခဲ့ရဘူး။

ရက်သား ကလေးလေးကို ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျောင်ခန်ကိန်းကလည်း ငိုနေပြီ။တယုတယ ကျွေးမွေး ပြုစုရတဲ့ ကလေးငယ်က သူမြူရင် ရယ်ပြ ပြုံးပြ တတ်တာလေ။ချစ်စဖွယ် အမှုအယာနဲ့ တုန့်ပြန်တတ်တဲ့ အရွယ်ကြမှ ခွဲရတော့တယ်။ဒါလန်းဂိန်းက သိတတ်တဲ့အရွယ်မို့ ခွဲခွာခြင်းဆိုတာ သိတာပေါ့။

“အမေရိကန်လဲ မသွားချင်တော့ပါဘူး ကပူးရယ်။ အနူးရှိတဲ့ ဒီနေရာမှာဘဲ ကပူးတို့နဲ့ ကျနော် နေမယ်နော် ကပူး” ဒါးလန်းဂိန်းစကားက လိုက်ပို့သူ အားလုံးရဲ့ အသဲနှလုံးကို ဆုပ်ခြေ လိုက်သလိုပါဘဲ။ တတိယနိုင်ငံဆီ လူမမယ်ကလေး သုံးယောက်ကို ပို့ဆောင်ပေးမဲ့ ကားပြာကြီးမှာ အိမ်ရှင်နိုင်ငံရဲ့ ဆရာဝန်တွေ ပါတယ်လေ။ UNအစီအစဉ်နဲ့ သွားရမဲ့ခရီးဟာ ကလေးတွေအတွက် လုံခြုံစိတ်ချစေပါတယ်။ သို့ပင်မဲ့ မျက်နှာစိမ်း ရေခြား၊မြေခြား၊ကမ္ဘာခြားကို သွားဖို့ ကလေးတွေမှာ သတ္တိဘယ်ရှိပါ့မလဲ။ကပူးသိပါ တယ် ဒါးလန်းဂိန်းရယ်။

ကပူးဘဝမှာ ခွဲခွာခြင်းတွေ ကြုံခဲ့ပြီးပြီ။ ဒီခွဲခွာခြင်းကတော့ ကလေးတို့အတွက် ကောင်းသော ခွဲခွာခြင်း ပါဘဲ။ကပူး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ပြီး ဒါးလန်းဂိန်းကို စကားပြောရတယ်။

“ကပူးတို့ ချင်းစကားပုံ ရှိတယ် ဒါးလန်းဂိန်း။မတ်စောက်တဲ့လမ်းနဲ့ အသုဘ ဘယ်သူမှ ဝယ်မဲ့သူ မရှိဘူးတဲ့။ ဒါးလန်းဂိန်း အနူးနဲ့ ဒါးလန်းဂိန်းတို့ ဘဝခြားသွားပြီ။ သားက ရှစ်နှစ်ဆိုပင်မဲ့ သူများတွေထက် အရွယ် ရောက်ခဲ့ပြီ။ သားကြီးဆိုတာ ဒို့ချင်းလူမျိုးက သိပ်ကို ဂုဏ်ယူတတ်တယ်။ အနောင်းတို့ကို ဒါးလန်းဂိန်း စောင့်ရှောင့်ရမှာ။ ဒါးလန်းဂိန်းဆိုတဲ့ သားနာမည်ကို အသက်ရှင်သ၍ တည်မြဲရမယ်လို့ ကပူးကို ကတိပေးနော်။

သားနာမည်က သိပ်ကို အဓိပ္ပာယ်ရှိတယ်။ ဒါးဆိုတာ အဖိုး၊လန်းဆိုတာ အမွေဥစ္စာ၊ဂိန်းဆိုတာ ကိုယ့်ပညာ၊ ဥစ္စာအတွက် ကြွားဝါနိုင်တဲ့သူ ဖြစ်တယ်လို့ အဓိပ္ပာယ်ရတယ်။ ဒီနာမည်နဲ့ အတူ အမျိုးဂုဏ်ကို သား စောင့်ရှောက်နိုင်ပါစေ။

သားအနောင်းရဲ့ တင(မိဘမဲ့)ဆိုတဲ့ နာမည်ကို အပါးဆီ ရောက်ရင် မခေါ်နဲ့တော့။”မန့်လျှန်းခို” လို့ခေါ်။ မန့်ဆိုတာ စည်းစိမ်၊ လျှန်းဆိုတာ ဆွေမျိုး၊ ခိုဆိုတာ သူများအပေါ်မှာ အုပ်စိုးရမယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒီနာမည်က ဒုက္ခသည် ကပူးက သားတို့ကို ပေးနိုင်တဲ့ လက်ဆောင်ပဲ” ကားပြာကြီးရဲ့ ကားဟွန်းသံက ကပူးတို့ မျိုးနွယ်စုနဲ့ ဒါးလန်းဂိန်းတို့ကို ခွဲခွာဖို့ အချက်ပေးလိုက်တဲ့ အသံပါပဲ။ မြူခိုးတွေဝေတဲ့ တောင်ညိုညိုတွေက ခွဲခွာခြင်းကို ပံ့ပိုးလို့ မြူနှင်းတွေ ကျလာတယ်။ မိုးလား၊ တိမ်လား၊ မြူလား ခွဲမရအောင်ဖြစ်တဲ့ သဘာဝတရားက ကပူးတို့ လက်ရှိဘဝလိုပါပဲ။

“ကပူးရေမာန်းထာ” “ကပီးရေမာန်းထာ” “အအူးရေမာန်းထာ” ဆိုတဲ့ ငိုသံနဲ့ နှုတ်ဆက်လိုက်တဲ့ ဒါးလန်းဂိန်းတို့ မောင်နှမတွေရဲ့အသံက တောတောင်တခုလုံး ပဲ့တင် ထပ်သွားတယ်။ ဒါးလန်းဂိန်းတို့ကို တင်ဆောင်သွားတဲ့ ကားပြာကြီးကို ကပူး မျက်စိအောက်က ပျောက်တဲ့အထိ ရပ်ကြည့်နေမိတယ်။ ကားပြာကြီးရဲ့ နောက်မှာတော့ ငှက်ကလေးတကောင် လေဟုန်စီးလို့ ပါသွားလေရဲ့။


ရွာပြင်မှ ရွာသားများ ပြန်လာရန် စစ်တပ်မှ အမိန့်ထုတ်ညွန်ကြား

နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ နယ်ရှိ ထီဖိုး သန်ရွာသူ ရွာသား များသည် ရွာပြင်ရှိ တောင်ယာ၊ လယ်ယာ လုပ်ငန်း ခွင်များတွင် သွားရောက် နေထိုင်ကာ အလုပ်လုပ် ခွင့်မရှိဘဲ ရွာတွင်း ပြန်လာ ကြရန် နအဖတပ်မှ ယခုလ ၂၅ရက်နေ့က စတင် အမိန့်ထုတ် ညွန်ကြားထား သည်ဟု ဒေသခံ များက ပြော သည်။

“ဒီလို ညွန်ကြားတာက နအဖ ခမရ(၃၅၇)က စစ်ကြောင်းမှူးပါ။ သူတို့တပ်ဟာ ထီဖိုးသန်မှာ ပြောင်းလာတာ မကြာသေးဘူး။ အရင်က နေသွား တဲ့ တပ်တွေက ဘာမှမပြောပေမယ့် အခု စစ်ကြောင်းမှူး ဗိုလ်မှူးသန်းထွန်းအောင်က ရွာသူရွာသားတွေ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ အကုန်ရှိရ မယ်။ ရွာပြင်မှာ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးဆိုတဲ့သဘော အခုလို လုပ်တာ”ဟု ကေအိုင်စီကို ပြောသည်။

စစ်ကြောင်းမှူး၏ ညွန်ကြားချက်ထဲတွင် ယခုလို ရွာအပြင်ဘက်ရှိ လယ်ယာ၊ တောင်ယာလုပ်ငန်းများတွင် တဲထိုး၍ ရက်အနည်းငယ် သွား ရောက်နေထိုင် လုပ်ကိုင်နေကြသည့် ရွာသူရွာသားများကို လာမည့် ဇန်နဝါရီလ ၁၅ရက် နောက်ဆုံးထားကာ ကျေးရွာအတွင်းသို့ ပြန်ရောက်ရ မည်ဟု အမိန့်ထုတ်ထားပြီး တောင်ယာထဲမှ လယ်တဲများတွင် စပါးများတွေ့ရှိပါက အကုန်မီးရှို့ပစ်မည်ဟုပြောကြောင်း အဆိုပါဒေသခံက ပြော သည်။

ယခုအချိန်သည် တောင်ယာစပါးစိုက်ပျိုးရန် စတင်ခုတ်ထွင်နေပြီဖြစ်သည်ကတကြောင်း၊ ရိတ်သိမ်းပြီးသား လယ်ယာစပါးများကို နေအိမ်သို့ မ သယ်ဆောင်လာရသေးသဖြင့်လည်း ရွာသူရွာသားများအနေဖြင့် စစ်တပ်၏ အဆိုပါ ညွန်ကြားမှုအပေါ်အခက်တွေ့နေရသည်။

အလားတူ ကရင်ပြည်နယ်၊ ဝင်းရေးဒေသ၊ တောင်စွန်းကျေးရွာတွင် အခြေချလှုပ်ရှားနေသော ဒုဗိုလ်မှူးကြီး တင်မောင်မောင် ဦးစီးသည့် နအဖ ခမရ(၄၀၇)တပ်ဖွဲ့က ၎င်းတို့တပ်စခန်း ပြုပြင်ရန်အတွက် ရွာသူရွာသားများကို ဒီဇင်ဘာ (၂၅)ရက်နေ့တွင်ပင် ခေါ်ယူခိုင်းစေကြောင်း သိရသည်။

နအဖတပ်များသည် ပြီးခဲ့သော နိုဝင်ဘာလမှစ၍ ၎င်းတို့ ဝင်ရောက်လှုပ်ရှားအခြေချရာ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဖာပွန်နှင့် ဒူးပလာယာ ခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ထိန်းချုပ်နယ်မြေများတွင် တပ်ရိက္ခာ သယ်ယူပို့ဆောင်ရန်နှင့် တပ်စခန်းများ တည်ဆောက် ပြုပြင်ရန်အတွက် ဒေသခံလူထုများကို လုပ်အားခိုင်းစေမှုများ စတင်လုပ်ဆောင်လျှက်ရှိသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,31st,2009

( 24 )ပူးပေါင်း ဆောင်ရွက်ရေး ထောက်ခံမည်ဟု မြန်မာ့အရေး ကော်မတီပြော

( 23 )Fresh misery looms large in New Year in Burma

( 22 )ဒေါ်စုကို ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ထောက်ခံ

( 21 )Myanmar to double call cost

( 20 )စစ်ကိုင်းတိုင်း အထက်ပိုင်း ဗဟို ပြုပြီး အင်အားပြင်း ငလျင်လှုပ်

( 19 )US seeks improved relations with Burma

( 18 )အိုင်တီစီ ပြပွဲတွင် company တစ်ချို့ကို ဖိအားပေး ဖွင့်ခိုင်း

( 17 )Off the beaten track

( 16 )ရိုဟင်ဂျာ ဒုက္ခသည် ၉၀၀၀ ကျော်ကို လက်ခံမည်ဟု ဦးမောင်မြင်က ပြော

( 15 )Myanmar Businessmen Speak Highly Of China-ASEAN FTA Establishment

( 14 )အွေဲ့ချုပ်ဝင် အမည်စာရင်းကို နယ်မြေခံ အာဏာပိုင်များက ကောက်ခံနေ

( 13 )US renews hand to Burma

( 12 )၆၂ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေး အမေရိကန် အစိုးရ သ၀ဏ်လွှာပို့

( 11 )China’s Oil, Gas Pipelines Recipe for Abuse, Warn Activists

( 10 )ဝန်ကြီးဌာန မပြန်သော ဘောလုံးသမားများ အငြိမ်းစားပေးမည်

( 9 )Kasit defends record in office

( 8 )ဒေါ်အောင်ဆန်းစုကြည်သတ္တိ ဗြိတိန်ဝန်ကြီးချုပ် ချီးကျူး

( 7 )US renews hand to Myanmar

( 6 )Rohingya refugees in Bangladesh refuse repatriation

( 5 )စစ်အစိုးရနဲ့ ကချင် နယ်ခြားစောင့်ကိစ္စ သဘောတူညီမှု မရသေး

( 4 )IT Exhibition Flops in Mandalay

( 3 )Bangladesh, Burma Agree on Repatriation of Some Rohingya

( 2 )အထူးအကြံပေးပုဂ္ဂိုလ် ဂမ်ဘာရီနေရာ ကုလသမဂ္ဂ ကြားဖြတ်အဖွဲ့ တာဝန်ယူသွားမည်

( 1 )Burma's Independence Day

Wednesday, December 30, 2009

လွတ်လပ်ရေးနေ့ ပြိုင်ပွဲကို အန်အယ်ဒီ ကျင်းပမည်

ကျော်သိင်္ခ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၉

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပန်းချီပြပွဲ အပါအဝင် အခြားပြပွဲ၊ ပြိုင်ပွဲများဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ပြောသည်။


အတိုက်အခံပါတီ ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က “လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေက ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ လုပ်မှာပေါ့။ ကျနော်တို့ အန်အယ်ဒီ ဗဟိုရုံးက အစည်းအဝေး ခန်းမမှာလုပ်မှာ။ ပန်းချီပြပွဲအပြင်၊ အန်အယ်ဒီ လူငယ်တွေရဲ့ စကားရည်လုပွဲ၊ နောက်ပြီး တခန်းရပ် ပြဇာတ်၊ သီချင်းနဲ့ ဖျော်ဖြေပွဲတွေနဲ့ ကျင်းပမှာပါ” ဟု မဇ္ဈိမ ကို ပြောသည်။

ယခုနှစ် အခမ်းအနားတွင် လူငယ်များ၏ ဖျော်ဖြေမှု ကဏ္ဍကို ထည့်သွင်းလာခြင်းက ထူးခြားနေသည်။

“ဒီနှစ်ကတော့ဗျာ လူငယ်တွေကလည်း မြို့နယ်တွေမှာ စည်းရုံးရေးတွေဘာတွေ လုပ်နေတာ အရှိန် နည်းနည်း ရလာတယ်။ လုပ်ငန်းကိုင်ငန်းကလည်း အားကောင်းလာတော့ လူငယ်တွေအနေနဲ့ အခုလို ပြဇာတ်တွေ၊ စကားရည်လုပွဲတွေ ထည့်သွင်းလာတာပေါ့” ဟု ဦးအုန်းကြိုင်က ပြောသည်။

ယခုအခါ လူငယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ရန်နှင့် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရန် ပြည်နယ်နှင့် တိုင်းအသီးသီးမှ အန်အယ်ဒီ လူငယ်အသီးသီးလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။

ထိုပြင် နိုင်ငံရေး အကျဉ်းသားများကို ကူညီထောက်ပံ့ရန် ရည်စူး၍ ပန်းချီပြပွဲတခုကို အန်အယ်ဒီ ရုံးခန်းတွင် ဇန်နဝါရီ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပသွားမည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

ပန်းချီပြပွဲတွင် ပန်းချီကားများကို တိုင်းနှင့် ပြည်နယ်အသီးသီးမှ ပန်းချီပညာရှင် အသီးသီးမှ လှူဒါန်းသော ပန်းချီကားများကို ပြသထားမှာဖြစ်ပြီး၊ ယနေ့အထိ လက်ခံရရှိသော ပန်းချီကား ၆၆ ကားရှိပြီ ဖြစ်ကြောင်း သိရသည်။



ရွှေတွင်းများတွင် အလုပ်သမားများကို ဘိန်းပေးပြီး ခိုင်းစေ

ခိုင်လင်း/ ၃၀ ဒီဇင်ဘာ ၂၀၀၉

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းအထက်ပိုင်း၊ တနိုင်းမြို့နယ်အတွင်းရှိ အချို့သော ရွှေတွင်းများတွင် အလုပ်သမားများကို ဘိန်းပေးကာ ခိုင်းစေနေသည်။

တနိုင်းမြို့နယ်အတွင်းရှိ တုံပနီနှင့် တဂါးခဒေသ ရွှေတွင်းများတွင် အလုပ်သမားများကို ပုံမှန်အလုပ်ဆင်းနိုင်ရန်နှင့် အလုပ်သမားထွက်ပြေးမှုများ မရှိစေရန် ရည်ရွယ်ပြီး ဘိန်းသုံးစွဲသူများကို နေ့စဉ် ဘိန်းပေးကာ အလုပ်ခိုင်းစေနေသည်ဟု အဆိုပါဒေသမှ ပြန်လာသည့် ဒေသခံတဦးက ပြောသည်။

၎င်းက “တချို့ရွှေတွင်းက အလုပ်သမား (၅) ယောက်လောက်နဲ့ လုပ်တာရှိတယ်။ တချို့က (၅ဝ၊ ၁ဝဝ) အထိတောင်ရှိတယ်။ ငွေအရင်းအနှီးနဲ့ ရွှေထွက်တဲ့အပေါ် မူတည်ပြီး အလုပ်သမားတွေခေါ်တာ မတူဘူး။ အဲဒီရွှေတွင်းမှာ ဘိန်းစားတွေပဲ အလုပ်မြဲတာ။ ပြီးတော့ ခိုင်းလို့လည်း ကောင်းတယ်တဲ့။ ကျောက်တုံးကြီး သယ်မရတာ၊ သစ်တုံးကြီးတွေ ဖယ်ရတာ၊ မနက် ချမ်းချမ်းအေးအေး ရေထဲမှာ အလုပ်လုပ်နိုင်တာက သူတို့ပဲရှိတာ” ဟု ပြောသည်။

ဘိန်းစွဲနေသည့် အလုပ်သမားများအား မနက် အလုပ်ဆင်းခါနီးတကြိမ်၊ ညနေ အလုပ်သိမ်းချိန်တကြိမ် ဘိန်းပုံမှန်ပေးနေရပြီး အစားအသောက်နှင့် နေထိုင်စရာသာ ပေးထားရကြောင်း အဆိုပါဒေသခံက ပြောသည်။

၎င်းက “အဲဒီမှာရှိတဲ့ ဘိန်းက ပိတ်ဘိန်းလို့ခေါ်တဲ့ ဘိန်းမျိုး။ ဒေသထွက်တွေပေါ့။ အဲဒီနားက စိုက်တဲ့ဘိန်းသီးက အစေးခြစ်ရင် မခဲတော့ ပိတ်အကျဲစမှာ ဘိန်းစေးတွေသုတ်ပြီး အခြောက်ခံထားရတယ်။ အဲဒီဘိန်းပိတ်စတွေကို ညှပ်ပြီး အလုပ်သမားတွေ ဝေပေးနေတာ။ အဲဒါကို ရေနဲ့ ပြန်ကျိုပြီး ဆေးထိုးအပ်နဲ့ အကြောထဲ သွင်းတာလည်း ရှိတယ်။ ငှက်ပျောရွက်အနုကို ဓားနဲ့ နုတ်နုတ်လှီးပြီး အခြောက်လုပ်ထားတဲ့ဟာနဲ့ ပိတ်ဘိန်းကို အစေးထွက်လာအောင် ကျိုထားတဲ့ဟာနဲ့ သမအောင်ရောပြီး ရှူတဲ့နည်းလည်း ရှိတယ်” ဟု ပြောသည်။

အလုပ်သမားများမှာ ငွေချက်ချင်းရလိုကြသောကြောင့် လစာငွေပုံမှန် မပေးနိုင်သည့် နေရာများတွင် မမြဲဘဲ ထွက်ပြေးနေမှုများ ရှိနေသဖြင့် အလုပ်သမား ရှားပါးမှုရှိနေချိန်တွင် ယခုကဲ့သို့ ဘိန်းစွဲနေသည့် အလုပ်သမားများကို ငှားရမ်းနေခြင်းလည်း ဖြစ်သည်။

ယခု တုံပနီနှင့် တဂါးခရွှေတွင်းများတွင် တနိုင်းဒေသဆိုင်ရာ ကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်တပ်များကလည်း မကြာခဏ လာရောက် ဆက်ကြေးငွေ ကောက်နေကြသည်ဟု တနိုင်းမြို့နယ်မှ ဒေသခံက ပြောသည်။

နေပြည်တော် စည်ပင်သာယာ ဥပဒေ ပြဋ္ဌာန်း

စိုးမိုး/ ၃၀ ဒီဇင်ဘာ ၂၀၀၉

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်အတွက် နေပြည်တော် စည်ပင်သာယာ ဥပဒေသစ်ကို ယမန်နေ့က ပြဋ္ဌာန်းလိုက်သည်။


ယခု ဥပဒေကြောင့် ယခင် ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတို့အပြင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတခု ထပ်တိုးလာမည်ဖြစ်သည်။

“စည်ပင်လုပ်ငန်းတွေက အရင်ကတည်းက လုပ်ပါတယ်။ အခု ဥပဒေ ထုတ်လိုက်တော့ တရားဝင် ငွေကောက်ခံခွင့် လက်မှတ်နဲ့ တရားဝင် စည်ပင်ရန်ပုံငွေ ရှာခွင့်လက်မှတ် ရသွားတာလို့ပဲ မြင်ပါတယ်” ဟု ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး ကော်မတီကဲ့သို့ပင် ဒေသတွင်း စည်ပင်သာယာအမိန့်များကို ထုတ်ပြန်နိုင်မည်ဖြစ်သည်။

စစ်အစိုးရခေါင်းဆောင်က နေပြည်တော် စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းပေးမည်ဖြစ်ပြီး မြို့တော်ဝန်ကိုလည်း ခန့်ထားမည်ဖြစ်သည်။

ယခင်က ရန်ကုန်နှင့် မန္တလေးတို့တွင်သာ မြို့တော်ဝန်ရှိရာမှ ယခု ဥပဒေကြောင့် မြန်မာနိုင်ငံတွင် မြို့တော်ဝန်တယောက် ထပ်တိုးလာမည်ဖြစ်သည်။

အစိုးရ ၀န်ထမ်းလောကတွင်မူ ၀င်ငွေကောင်းသည့် အလုပ်အကိုင်အဖြစ် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ခန့်အပ်မည့် ၀န်ထမ်းနေရာများကို စိတ်ဝင်စားနေကြောင်း သိရသည်။

“နေပြည်တော် စည်ပင်ဝန်ထမ်း ဘယ်လောက်ခေါ်မယ်တော့ မထုတ်သေးဘူး။ နောက် တပတ်လောက်အတွင်း ၀န်ထမ်း နေရာတွေ ထွက်လာမယ် ထင်တယ်။ ၀န်ထမ်းလောကမှာ စိတ်ဝင်စားသူ များပါတယ်။ အင်ဂျင်နီယာလိုမျိုး၊ ဦးစီးမှူးလိုမျိုး နေရာတွေ ၀င်တိုးမယ့်သူ များပါတယ်” ဟု ရန်ကုန်စည်ပင်သာယာမှ ၀န်ထမ်းတဦးက ပြောသည်။

စစ်အစိုးရ ပြန်တမ်းဝင်အရာရှိအဆင့် ၀န်ထမ်းနေရာများကို တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိထားပြီးသူများထဲမှ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့က စိစစ်ရွေးချယ် ခန့်အပ်လေ့ရှိသည်။

ယင်းရာထူးနေရာများအတွက်လည်း ရာထူးနေရာအလိုက် သက်ဆိုင်ရာ ရွေးချယ်ရေး အာဏာပိုင်များကို လာဘ်ထိုးရကြောင်း သိရသည်။

“သာမန် စည်ပင်စာရေး တယောက်ဖြစ်ဖို့ (၁၀) သိန်းပေးရတယ်။ ရာထူးအလိုက်၊ အကပ်အလိုက် ဘွဲ့ရချင်း တူရင်တောင် စာရေးဖြစ်တဲ့သူက ဖြစ်တယ်၊ ဦးစီးမှူးဖြစ်တဲ့သူက ဖြစ်တယ်၊ မတူဘူး” ဟု ရန်ကုန်စည်ပင်သာယာမှ ၀န်ထမ်းက ပြောကြားသည်။




ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန်ဝန်ကြီးချုပ် စာပေးပို့

NEJ/ ၃၀ ဒီဇင်ဘာ ၂၀၀၉

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရဲစွမ်းသတ္တိကို ချီးမွမ်း ဂုဏ်ပြုလိုက်ကာ ဒီမိုကရေစီရေးအတွက် ဆက်လက်အားပေးထောက်ခံသွားမည့်အကြောင်း ပေးစာတစောင်ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

မြန်မာစစ်ခေါင်းဆောင်များအားလည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို ပေးထားသည့်ကတိအတိုင်း လွတ်လပ်၊ တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရန် တောင်းဆိုလိုက်ပြီး ယင်းသို့မဖြစ်ပါက ပြစ်တင်ရှုတ်ချမှုများကြောင့် မြန်မာနိုင်ငံသည် အကျပ်အတည်းနှင့် နိုင်ငံတကာ၏ ၀ိုင်းကျဉ်မှုကို ပိုမိုခံရလိမ့်မည်ဟုလည်း သတိပေးပြောကြားလိုက်သည်။


ယခုရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိုက်အခံခေါင်းဆောင်များ မပါဝင်ဘဲ၊ နိုင်ငံတကာ၏ စောင့်ကြည့်မှု အောက်တွင် မရှိဘဲ ရွေးကောက်ပွဲကို ကျင်းပမည်ဆိုပါက မြန်မာနိုင်ငံသည် သံတမန်အသိုင်းအ၀ိုင်းအလယ်တွင် အထီးကျန်ခြင်း၊ စီးပွားရေး တိုးတက်မှုမရှိခြင်းတို့ ပိုမိုဖြစ်ပေါ်လာကာ မြန်မာစစ်ခေါင်းဆောင်များသည် ပြစ်တင်ခံရလိမ့်မည်ဟုလည်း မစ္စတာ ဂေါ်ဒွန်ဘရောင်းက ယမန်နေ့က ထုတ်ပြန်သည့်စာတွင် ပြောကြားထားကြောင်း သိရသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်လည်း စစ်အစိုးရကို ဗြိတိန် ၀န်ကြီးချုပ်က တိုက်တွန်းထားသည်။

စစ်အစိုးရသည် ၎င်း၏ပြင်းထန်သည့် အပြုအမူများကို ရပ်တန့်ရန် နိုင်ငံတကာ၏ တောင်းဆိုမှုများကို သာမက ဒေသတွင်း နိုင်ငံများ၏ ဖျောင်းဖျပြောဆိုမှုများကိုလည်း ယခုအချိန်အထိ နားထောင်သည့် အရိပ်လက္ခဏာ မပြသေးသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထိန်းသိမ်းထားခြင်းသည် ၎င်းတို့၏ သဘောထား ရိုးသားမှုမရှိခြင်းကို ပြသရာ ရောက်သည်ဟုလည်း ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဘရောင်းက ပြောကြားလိုက်သည်။

“စစ်အစိုးရအနေနဲ့ ကျနော်တို့နဲ့ ဆက်ဆံမှုတွေ လုပ်ဆောင်သွားဖို့ တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ သံတမန်များနဲ့ ဆက်သွယ်ဖို့အတွက်ရော၊ မြန်မာပြည်သူတွေရဲ့ အနာဂတ်နဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရရှိဖို့ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှု စတင်ဖို့အတွက်ပါ အခွင့်အလမ်းပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း၏ပေးစာကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးမှတဆင့် စစ်အစိုးရအာဏာပိုင်များထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်အနှစ် (၂၀) ကာလအတွင်း အကျယ်ချုပ်ဖြင့် (၁၄) နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြီးခဲ့သည့် သြဂုတ်လတွင် အမေရိကန်နိုင်ငံသား မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရေကူးဝင်ရောက် ခဲ့သည်ကို လက်ခံခဲ့မှုအတွက် နောက်ထပ် (၁၈) လ နေအိမ်အကျယ်ချုပ် ထပ်မံချထားခြင်းခံရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီသည် ၁၉၉၀ ခုတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ယခုတိုင် အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။

အာရှတော်ဝင်ဆေးခန်းတွင် ဆရာဝန်ပေါ့လျော့မှုကြောင့် လူနာတစ်ဦးသေဆုံး မိသားစုအားသတင်းမပေါက်ရန်ဖိအားပေးဆောင်ရွက်နေ

Kaowao

ရန်ကုန်မြို့ အမှတ်-၂၁၊ ၁၃၄ လမ်း၊ မအူကုန်းတွင်နေထိုင်သူ ဒေါ်ခင်ကြည်အသက် (၆၈)နှစ်သည် အထက်တန်းပြဆရာမ (အငြိမ်းစား)တစ်ဦးဖြစ်ပါသည်။ဒေါ်ခင်ကြည်တွင် ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါများရှိပြီး ဆေးရုံဆေးခန်းများတွင် တက်ရောက်ကုသနေကျ လူနာတစ်ဦးဖြစ်ပြီး နိုဝင်ဘာလနောက်ဆုံး အပါတ်တွင် အာရှတော်ဝင်အထူးကုဆေးခန်း၌ ဆရာဝန်များ၏မှားယွင်းကုသမှုကြောင့် ကွယ်လွန်ခဲ့ရသည်ဟု ၄င်းနှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။

ပြီးခဲ့သည့်နိုဝင်ဘာပထမအပါတ်တွင် ခြေ၊လက်နှင့် ကိုယ်တွေပါယောင်ယမ်းလာသောကြောင့် ကျောက်ကပ်ဆရာ ဝန်ထံတွင်ပြသရန် refer လုပ်ပေးခဲ့ပြီး။ ကျောက်ကပ်အထူးကုဆရာဝန်ဒေါက်တာ ဒေါ်ခင်သီတာသွင်က အာရှ တော်ဝင်ဆေးခန်းကို တက်ခိုင်းခဲ့သည်ဟုဆို၏။ လွှဲပြောင်းတက်ရောက်တဲ့နေ့မှာ (၇.၁၁.၂ဝ၉) ရက်နေ့ဖြစ်ပါသည်။

ထို့နောက် တစ်ရက်ခြား ကျောက်ကပ်ဆေးနေရပြီးစုစုပေါင်း (၅) ကြိမ်ဆေးပြီးသွားခဲ့သည်ဟု ၄င်းနှင့် နီးစပ်သူ ဆွေမျိုးတစ်ဦးမှ ပြောဆိုခဲ့သည်။ လူနာ၏ လျှာနှင့်သွားတွင် နာကျင်ကြောင်း ပြောသည့်အတွက် အာရှတော်ဝင် ဆေးခန်းကြီးတွင်ထိုင်သည့် ဒေါ်ကြူကြူဆွေဝင်းမှ လာစစ်ဆေးခဲ့ရာ။ လျှာမှာအနာတွေ့သောကြောင့် biopsy ယူမှ ရမည်၊ သွားများကိုလည်းစစ်ဆေးပေးမည်ဟုဆိုသောကြောင့် (၂၁.၁၁.၂ဝ၉) ရက်နေ့ နံနက် (၇)နာရီတွင် operation theater သွင်းပြီး လျှာတွင် biopsy ယူတဲ့အပြင် သွား(၁၁)ချောင်းကို နှုတ်လိုက်သည်။ (၁ဝ)နာရီ တွင် operation theater မှ ပြန်ထုတ်လာခဲ့ပါသည်။ ထုတ်လာသည့်အချိန်မှစပြီး သတိပြန်လည်လာခြင်းမရှိပါ။ (၂)နာရီ တွင် ICU ဌာနသို့ခေါ်ဆောင်သွားခဲ့ရာ သတိပြန်ရလာခြင်းမရှိဘဲ (၂၂.၁၁.၂ဝဝ၉) ရက်နေ့တွင် နံနက် (၄း၅ဝ) အချိန်တွင် သေဆုံးသွားခဲ့သည်ဟု ဆေးခန်းဝန်ထမ်းတစ်ဦးမှ ပြောပါသည်။ သို့ရာတွင် Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါ ဟုရေးသားဖော်ပြခဲ့ပါသည်။ လျှာ biopsy results မှာ ကင်ဆာမဟုတ် ကြောင်း ဓါတ်ခွဲခန်းမှ အကြောင်းပြန်စာကို နောက်ပိုင်းတွင်းသိရသည်ဟု အဆိုပါဆေးခန်း ဝန်ထမ်းမှ ဆက်လက်ပြောဆိုခဲ့ပါသည်။

အမည်မဖေါ်လိုသူ ကျောက်ကပ်ဆရာဝန်တစ်ဦး၏အဆိုအရ အခြားရောဂါများရှိပြီး ကျောက်ကပ်ဆေးနေရသော လူနာကို တစ်ကြိမ်တည်းသွား (၁၁)ချောင်းမနှုတ်သင့်ကြောင်းနှင့် ရောဂါ၏အမျိုးအစား တိတိကျကျမစစ်ဆေးဘဲ နှင့် Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါဟုပြီး စလွယ်ဆုံးဖြတ်ချက်ချခြင်းသည်
မဖြစ်သင့်ကြောင်း ကောင်းဝါးသတင်းဌာနကိုရှင်းပြခဲ့ပါသည်။

အဆိုပါသေဆုံးမှုကြောင့် True Journal /7 Days News Journal သတင်းထောက်များ မှအသေးစိတ် လာရောက်သတင်းယူမေးမြန်းခဲ့သော်လည်း အာရှတော်ဝင်ဆေးခန်းမှ မထည့်ရန် ပိတ်ပင်ထားကြောင်း သိရှိရပါသည်။

ထို့အပြင် ယခုအခါ သေဆုံးသူကာယကံရှင် မိသားစုအား အာရှတော်ဝင်ဆေးရုံကြီးမှ ဤအကြောင်းအား အပြင်သို့ မပြောရန်၊ မဖော်ရန် အကြိမ်ကြိမ် ဖိအားပေးဆောင်ရွက်နေကြောင်း ကွယ်လွန်သူ၏ မိတ်ဆွေများ ပြောပြချက်အရ သိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်က စိတ်ရင်းစေတနာ မှန်ပြီးသားပါ

မောင်သြ

၉-၁၂-၀၉ နေ့က ထုတ်ဝေတဲ့ နိုင်ငံပိုင် နအဖအသုံးတော်ခံ စည်းရုံးရေးသတင်းစာကြီးတွေမှာ ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆောင်းပါးကို ဖတ်ရတော့ ဒီဆောင်းပါးအပေါ် သတင်းစာဆရာကြီး ဦးဝင်းတင် (အန်အယ်လ်ဒီ၊ ဗဟိုအလုပ်အမှုဆောင်) က စိတ်ပျက်မိပါတယ်လို့ ပြောသွားတာ ကြားလိုက်ရပါတယ်။

ကျနော်ကတော့ အဲဒီလိုစိတ်ပျက်မိတာထက် နွားခြေရာခွက်ထဲမှာရှိတဲ့ ဖြုတ်တကောင်ရဲ့ ဦးနှောက်နဲ့ ဒီလောက်အတွေးတိမ်တိမ် အောက်တန်းကျလှချည်လားဆိုပြီး စုပ်တသပ်သပ်နဲ့ သနားမိတာပါပဲ။ ငါ့အစိုးရ၊ ငါ့သတင်းစာ၊ ငါ့ပလက်ဖောင်းဆိုပြီး ထင်ရာစိုင်း လက်သရမ်းလိုက်တာဟာ စစ်အာဏာရှင်အစိုးရ သက်ဆိုးရှည်သမျှ၊ ငါအခွင့်ထူးခံ ရနေမှာပဲဆိုတဲ့ မျှော်လင့်ချက်ကြီးကြောင့်ဆိုတာ ချမ်းမြအေးရဲ့ အဖားကမ်းကုန် ဆောင်းပါးမှာ ဘွင်းဘွင်းကြီးပေါ်နေတာ တွေ့ရတယ်။

စိတ်ရင်းစေတနာ မမှန်ပြီး မရိုးသားတာ ဘယ်သူတွေလဲ …
ပေးထားပြောထားတဲ့ ကတိစကားတွေကို ပယ်ဖျက်တာ ဘယ်သူတွေလဲ …
မိမိထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာတွေကို မလိုက်နာတာဘယ်သူတွေလဲ …
ပြည်သူလူထုအကျိုးစီးပွားထက် မိမိနဲ့ မိမိဆွေမျိုးအသိုင်းအ၀န်းအကျိုးစီးပွားကို ၀ိသမလောဘတက် အမြတ်ထုတ် စီးပွားရေးလက်ဝါးကြီးအုပ်နေကြတာ ဘယ်သူတွေလဲ …
၂၀၀၃ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ဘယ်သူခိုင်းတာလဲ …
ကြံ့ဖွံ့/စွမ်းအားရှင်တွေနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းသံဃာတော်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်နှိမ်နင်းခိုင်းတာ ဘယ်သူတွေလဲ …
ဒီထဲမှာ ချမ်းမြအေးတဦးကော ပါဝင်နေသလား …
ဒါလေးတော့ ချမ်းမြအေး စဉ်းစားတတ်ရင် ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆိုတဲ့ ဆောင်းပါးက ရှက်စရာကြီးပါ။

နအဖအစိုးရထံမှ နာမည်ကောင်းလက်မှတ်ရဖို့ ဖားဆောင်းပါးရေးချင်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
အန်အယ်လ်ဒီကို အပုပ်ချ၊ တဖက်သတ်ရေးနေတာဟာ ယိုသူမရှက် မြင်သူရှက်၊ ရေးသူမရှက် ဖတ်သူရှက် ဖြစ်နေပါပြီ။ သူခိုးက လူပြန်ဟစ် ဆိုတာမျိုး။ သူများမျက်ချေးမြင်ပြီး၊ ကိုယ့်မျက်ချေး ကိုယ်မမြင်တဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက်လိုမျိုး ဖြစ်နေပြီလား။ နအဖ ဆောင်းပါးရှင်တွေ သံဝေဂရဖို့ ကောင်းနေပြီ။

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု (Sanction) ဟာ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တာပါဆိုတဲ့ ပြည်တွင်းက ဆောင်းပါးရှင် ကိုရွှေငဖား အတော်များများက စွပ်စွဲရေးသားခဲ့ကြတာဟာ ယုတ္တိမတန်တဲ့ မြန်မာရုပ်ရှင်ဟာသကားတွေ ကြည့်နေရသလိုပါပဲ။ အပေါစားဆန်လှပါတယ်။

အမေရိကန်၊ အီးယူနိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် (Sanction) ပိတ်ဆို့မှုဟာ နအဖစစ်အစိုးရရဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့ ဆန္ဒပြကြတဲ့ ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူ အန်အယ်လ်ဒီအဖွဲ့ဝင်တွေကို အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးထောင်ချခဲ့တာကြောင့်ဖြစ်တယ် ဆိုတာ ဆောင်းပါးရှင် ချမ်းမြအေးက ဘာကြောင့် ရေငုံနှုတ်ပိတ်နေရပါသလဲ။

အိမ်ထဲမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးစတဲ့ အာဏာကြီးသုံးရပ်အထက်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ ဘယ်သူက အာဏာရှိပြီး ဘယ်သူက လုပ်ပိုင်ခွင့်ရှိတာပါလဲ။ အာဏာမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူခိုင်းတာနဲ့ အမေရိကန်လို၊ အီးယူလို နိုင်ငံခေါင်းဆောင်ကြီးတွေက လိုက်နာရတယ်ဆိုတာ ဖြစ်နိုင်ပါလား၊ ဟုတ်ပါ့မလား မောင်ကာဠုရေလို့ မေးလိုက်ချင် ပါတယ်။

မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် လူ့အခွင့်အရေးတွေ ကျူးလွန်နေကြတဲ့ စစ်အာဏာရှင်အစိုးရကို ယခုလို ပိတ်ဆို့ အရေးယူမှုတွေဟာ ဘယ်သူမပြုမိမိမှုဆိုတာ နားလည်ဖို့ကောင်းပါပြီ။

ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာတွေက မီဒီယာတွေမှာ ပြန့်နေအောင် ကြိုပြီးဖွတာမျိုးကတော့ မဖြစ်သင့်ပါဘူးတဲ့။ ကြိုဖွတာဖြစ်စေ၊ မဖြစ်စေ စာပါအကြောင်းအရာက အဓိက ကျပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပေးစာများနဲ့ ပတ်သက်ပြီး …

နိုင်ငံတော်ကို သစ္စာဖောက်တဲ့အကြောင်းအရာလား …
နအဖအစိုးရကို အကြည်ညိုပျက်စေတဲ့ အကြောင်းအရာလား …
ပြည်ထောင်စုသားတိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာပျက်စီးစေတဲ့ အကြောင်းအရာလား …
ဆိုတဲ့ အချက်တွေအပေါ်မှာ သုံးသပ်ကြည့်ရပါမယ်။

၂၅-၁၂-၀၉ နေ့က ပထမပေးစာမှာ… မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စ။
၁၁-၁၁-၀၉ နေ့က ဒုတိယပေးစာမှာ… မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲတင်ပြခြင်း…

အဲဒီစာ (၂) စောင်ကို ကြည့်ရင် ဘာမှလျှို့ဝှက်ထိန်ချန်ထားရမယ့် ကိစ္စမဟုတ်ပါ။ မီဒီယာကနေ အများပြည်သူ ကြိုတင်သိရှိခြင်းနဲ့ နောက်ကျမှသိရှိခြင်းသာ ကွာခြားမှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အစိုးရအတွက် အကျိုးရှိစေမယ့် ကိစ္စများသာဖြစ်ပါတယ်။

ကောင်းပြီ။ ၈-၁၁-၀၇ နေ့စွဲနဲ့ မစ္စတာဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ (စင်ကာပူမှာ ထုတ်ပြန်တဲ့) ကြေညာချက်ကကော၊ တိုင်းရင်းသားအားလုံးနဲ့ ပတ်သက်တဲ့ ကိစ္စသာဖြစ်တယ်။

“ဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းခိုင်မာမှုနှင့် အမျိုးသားညီညွတ်ရေး အရေးတကြီးလိုအပ်နေသော ယခုအချိန်မျိုးတွင် နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ အထူးသဖြင့် ကျမတို့၏ တိုင်းရင်းသားလူမျိုးစုအားလုံး၏ ဆန္ဒသဘောထားများနှင့် အကျိုးစီးပွားများကို အခိုင်အမာ အဆက်မပြတ် အလေးအနက်ထားကာ စဉ်းစားပေးရမည်မှာ ကျမအပေါ် ကျရောက်လာသော တာဝန်ဖြစ်နေပါပြီ …” တဲ့။ ဆောင်းပါးရှင် ချမ်းမြအေးရေ … ဒီလောက်ဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားတည်ကြည်ဖြောင့်မတ်တဲ့ စာတွေထဲမှာ နအဖစစ်အစိုးရကို ထိခိုက်ပုတ်ခတ်တဲ့ စာတလုံးမှမပါဘူးဆိုတာ၊ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိခိုက်စော်ကားတာ မပါဘူးဆိုတာတော့ အသင်ချမ်းမြအေးသည် ဂဏှာဟိ မှတ်သားလေလော့လို့ပဲ ပြောလိုက်ချင်ပါတယ်။

ဒီနေ့ နအဖစစ်အစိုးရကို အမေရိကန်နဲ့ အီးယူနိုင်ငံတွေက တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေရှိနေသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့လည်း ယခုရက်ပိုင်း လပိုင်းအတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ အခြေအနေကို တိတိကျကျမသိနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာအရ ထူးခြားမှုများရှိလာနိုင်မလားလို့တော့ စဉ်းစားစရာ ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ချမ်းမြအေးရဲ့ ဆောင်းပါးထဲက …

“မိဘဖြစ်တဲ့ အစိုးရအနေနဲ့ကတော့ သဘောထားကြီးကြီးထားပြီး လုပ်သင့်တာလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဆိုတဲ့ စကားအရ စဉ်းစားရတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီဟာ ရိုးရိုးသားသား သဘောထားနဲ့ တပ်မတော်စစ်အစိုးရကို အပြုသဘောဆောင်ပြီး ချဉ်းကပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့တာ ၉၀ ခုနှစ် ရွေးကောက်ပွဲပြီးကတည်းကပါ။ အနှစ် (၂၀) ရှိခဲ့ပြီ။ အဲဒီထဲကသာ တပ်မတော်စစ်အစိုးရဟာ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပူးပေါင်း ညှိနှိုင်းစိတ်ရင်း စေတနာမှန်မှန် ရိုးသားစွာ ဆောင်ရွက်သွားကြမယ်ဆိုရင်…

မြန်မာစစ်အစိုးရဟာ ဟိုလူလာလိုက် … မျက်နှာချိုသွေးရ၊ ဒီလူလာလိုက် … မျက်နှာချိုသွေးရ ဘ၀မျိုး မရောက်ဘူးပေါ့ဗျာ။ ခုတော့ ကျနော်တို့နိုင်ငံဟာ အာဆီယံအစည်းအဝေးမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးရနဲ့ ငပွနိုင်ငံကြီးဖြစ်နေပြီ။ ပြီးတော့ ကမ္ဘာ့အလယ်မှာလည်း အမေရိကန် လာလိုက်၊ အီးယူက လာလိုက်၊ ကုလသမဂ္ဂက လာလိုက်၊ အာဆီယံက လာလိုက်၊ တရုတ်၊ ရုရှ၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျက လာလိုက်၊ လူ့အခွင့်အရေးပြဿနာ ဒိုင်ခံရှင်းနေရတာနဲ့ မြန်မာနိုင်ငံကြီးလည်း ဗိုလ်ချုပ်အောင်ဆန်းပြောသလို ကြာရင် ဖာနိုင်ငံကြီးဖြစ်တော့မှာ စိုးရိမ်နေရပါတယ်။

ပြည်ပမီဒီယာတွေ ဖွတာထက်၊ ပြည်တွင်းက ဖွနေတဲ့ သတင်းစာဆောင်းပါးရှင်တွေဟာ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့ကြားမှာ ဆေးရိုးသည်တွေက ကန့်လန့်ကန့်လန့်လုပ်သလို လုပ်နေဖို့ မသင့်လှကြောင်း တင်ပြလိုက်ရပါတယ်။

နအဖတပ်စစ်ဦးကျိုးအောင်တပ်ရိက္ခာသိမ်းဆည်းခဲ့သည်ဟု ကေအာန်ယူမှပြောဆို

Kaowao

မွန်ပြည်နယ် သံဖြူဇရပ် မြို့ ဝဲကလီကျေးရွာတွင်အခြေချထားသည့်တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းတပ်နယ်မှူးမှ သံဖြူဇရပ် ဘုရားသုံးဆူမြို့ကိုပြေးဆွဲနေသော မော်တော်ယဉ်များ ကို တပ်ရိက္ခာသယ်ဆောင်ရန်အတွက် အတင်းအဓမ္မ ချောဆွဲနေသည်ဟု ကားသမားများမှ ပြောပါသည်။

အဆိုပါရိက္ခာများကို ကြာအင်းဆိပ်ကြီးမြို့နယ် အနန်း ကွင်းကျေးရွာအခြေချစစ်ဗျူဟာရုံးနှင့် ဘုရားသုံးဆူမြို့ အခြေချတပ်ရင်းအတွက် ပို့ဆောင်ပေးခဲ့ရ သည်ဟုဆို သည်။ သံဖြူဇရပ်နဲ့ ဘုရားသုံးဆူလမ်းကြောတလျှောက် ပြေးဆွဲနေသည့် တချို့ကားသမားများသည် မိမိတို့၏ကား ချောဆွဲခြင်းဘေးမှလွတ်ကင်းအောင် ငွေကြေးပေး ဆောင်ပြီးသော်လည်း ထပ်မံချောဆွဲခံနေရသည်ဟု ဆိုပါသည်။


အမည်မဖေါ်လိုသူ ကားသမားတစ်ဦးအဆိုအရ ဆန်အိတ်ပေါင်း(၃ဝဝဝ)ကျော်ကို အနန်းကွင်းဗျူဟာရုံးနှင့် ဘုရား သုံးဆူမြို့အခြေချတပ်ရင်းကို သယ်ဆောင်လာသည့်အခါတွင်မူ ကားလမ်းကြောတလျှောက်တွင်ရှိသည့် ကေအာန် ယူတပ်ဖွဲ့များကနေ နအဖတပ်ရဲ့ရိက္ခာဆိုပြီး သိမ်းဆည်းခဲ့ပါသည်။ အဆိုပါတပ်ရိက္ခာများကိုပို့ဆောင်ရန် အမှတ် (၄ဝ၇)ခြေမြန်တပ်ရင်းက တပ်ရင်းမှူးဒုဗိုလ်မှူးကြီးတင်မောင်မောင်ဦးစီးသည့် နအဖစစ်ကြောင်းကနေ လုံခြုံရေး တာဝန်ယူနေသည်ဆိုသော်လည်း လက်တွေ့အခြေအနေမှာ ကားသမားတွေအပေါ်၌သာ လွှဲပုံချတားသည်ဟု ပြောဆိုခဲ့ပါသည်။ ကားပေါ်မှာတင်လာသည့် နအဖတပ်ရိက္ခာများကို ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်း အရုံးကနေ သိမ်းဆည်းခဲ့သည့်အပေါ်တွင် ကေအာန်ယူတပ်မဟာ(၆)က ဗိုလ်ကြီးစောထဲနေကိုမေးမြန်းရာတွင် ဟုတ်မှန် ကြောင်းအတည်ပြုပြောဆိုခဲ့ပြီး အခုလိုဆက်လက်ပြောဆိုခဲ့ပါသည်။

" ကျွန်တော်တို့ဒီရိက္ခာသိမ်းတယ်ဆိုတာက ဟိုနအဖဘက်က ကေအာန်ယူနယ်မြေထဲမှာ ထိုးစစ်လုပ်ဘို့ အစီအစဉ် ရှိတယ်။ အစီအစဉ်ရှိတဲ့အပေါ် သူတို့ရိက္ခာသယ်လာတဲ့အချိန်မှာကျွန်တော်တို့ကအတိအကျသိရလို့သာ ကျွန်တော် တို့ကသိမ်းဆည်းတာ။ သိမ်းဆည်းတယ်ဆိုတာပြည်သူလူထုရဲ့ပစ္စည်းတော့ ကျွန်တော်တို့လုံးဝရှောင်ဖယ်ပြီးတော့ ကျွန်တော်တို့မသိမ်းဘူး။ ဟိုရန်သူ့ရိက္ခာဆန်တွေကျတော့ ဟိုဒင်း ရန်သူ့ပစ္စည်းတို့ပစ္စည်း ကျွန်တော်တို့ကရန်သူ့ ပစ္စည်းတွေကိုဘဲသိမ်းတယ်။ အေး ကျွန်တော်တို့တိတိကျကျသိတဲ့အပေါ်မှာဘဲ သိမ်းဆည်းတာဖြစ်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီလာမဲ့(၂ဝ၁ဝ)ခြောက်သွေ့ရာသီထဲမှာ တပ်ရင်း(၁၆) တပ်ရင်း (၁၇) တပ်ရင်း(၁၈) ဂွင်ထဲမှာ စကခ(၁၂)ရယ် စကခ(၁၉)ရယ် စကခ(၈)ရယ် တပ်မဟာ(၆)ဂွင်မှာ ထိုးစစ်ပြင်ဆင်မှုတွေ အဲတာလုပ်ထားတာ ရှိတယ်။ အဲဒီအပေါ်မှာကျွန်တော်တို့က ဒီရိက္ခာကားတန်းတွေ တက်လာတဲ့အချိန်မှာတာ သူတို့ဘက်ကစစ်ဦးကျိုး အောင် အဲတာကျွန်တော်တို့ကသိမ်းဆည်းတာဖြစ်သည်" ဟု ဆိုပါ သည်။

ယခုလို နအဖတပ်မှ ရိက္ခာစုဆောင်းနေသည့်ဖြစ်စဉ်မှာ ပွင့်လင်းရာသီအချိန်တွင်ကေအာန်ယူတပ်မဟာ(၆) အပေါ် ထိုးစစ်ဆင်ဘို့အလားအလာများလာမည်ဟု သတင်းထွက်နေသည့်အပေါ် နယ်စပ်နေပြည်သူတွေ စိုးရိမ်နေကြ ကြောင်း နယ်စပ်စစ်ရေးအကဲခတ်သူတွေက ဆိုပါသည်။

ထို့အပြင် နအဖစစ်အစိုးရသည် ၍ ILO ခေါ်ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းမှာအတင်း အဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ ပပျောက်အောင် ဝိုင်းဝန်းလုပ်ဆောင်သွားရန် သဘောတူညီချက်စာချုပ်ချုပ်ဆို ထားသော်လည်း လက်တွေ့အနေအထားအရ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အပြင် လူ့အခွင့်အရေးတွေ ဆက်လက် ချိုးဖေါက်နေဆဲဟု အလုပ် သမားအရေး လေ့လာသူများက ဆိုပါသည်။

မြန်မာ့ တပ်မတော်တွင်းက ဆရာများရဲ့  အခန်းကဏ္ဍ (အပိုင်း ၂)


ဒုတိယ အခွင့်အရေး ရသူတွေကတော့ လေလှိုင်း စစ်သည်တွေလို့ ကြံဖန် ဂုဏ်ယူတတ်ကြတဲ့ ဆက်သွယ်ရေး အကြပ်တွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဆက်သွယ်ရေး အကြပ်တွေ စက်ထိန်းသိမ်းမှု ညံ့ဖျင်းရင် အရေးပေါ် ကိစ္စတွေမှာ စက်ခေါ်လို့ မရလောက်အောင် ဒုက္ခရောက်တာ တွေ့ရပါတယ်။

ရှေ့တန်းမှ အရာရှိ စစ်သည်တွေရဲ့ သာရေး၊ နာရေး အုပ်ချုပ်မှုကိစ္စ စတာတွေကို နောက်တန်းကို အဝင်အထွက်လုပ်ရတဲ့ တခုထဲသော ထွက်ပေါက် ဖြစ်တာမို့ ဆက်သွယ်ရေးစက်ကို မှီခိုအားထားနေကြရလို့ ဆက်သွယ်ရေး အကြပ်တွေဟာ အရေးပါလှသူတွေ ဖြစ်ကြပါတယ်။

တပ်မတော်မှာ တပ်ကြပ်ကြီးတွေနဲ့အထက် အရာခံဗိုလ်အထိ အဆင့်တွေကို ဆရာကြီးတွေလို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ Sergeant လို့ ခေါ်တဲ့ တပ်ကြပ်ကြီးတွေဟာ တပ်စုတစုရဲ့ တခြားအဆင့်တွေထဲမှာ အကြီးဆုံးဖြစ်ပြီး သူ့အထက်မှာ အရာရှိသာ ရှိပါတယ်။ သူ့ရဲ့ လက်အောက်မှာ တပ်စိတ် နှစ်စိတ်ကနေ သုံးစိတ်အထိကို ကိုင်တွယ်ခွင့်ရပြီး အတွေ့အကြုံ ရင့်ကျက်လို့ သူတို့ကို နေရာပေးထားခြင်း ဖြစ်ပါတယ်။ အရာရှိတွေကတောင် ဆရာကြီးတွေရဲ့ အကြံဥာဏ်ကို အလေးထားရပြီး တခြားရဲဘော်တွေ၊ ဆရာတွေရဲ့ အကျင့်သီလ၊ လုပ်ရည်ကိုင်ရည်၊ စွမ်းရည်တွေကိုသိဖို့ သူတို့ကို မေးမြန်းအားကိုးနေရပါတယ်။

အရာရှိတွေဟာ မကြာခဏ ပြောင်းလဲနေကြတာမို့ တခါတရံ တပ်ကြပ်ကြီးတွေက တပ်စုမှူး အရာရှိတွေထက်တောင် ရဲဘော်တွေအပေါ်မှာ သြဇာအာဏာ လွှမ်းမိုးတာ တွေ့ရပါတယ်။ ရဲဘော်တွေက သူတို့ကို ချစ်ကြောက်ရိုသေကြရပြီး စစ်မြေပြင်မှာ သူတို့ဟာ အားအကိုးရဆုံးလည်း ဖြစ်ကြပါတယ်။ တပ်ကြပ်ကြီး ဖြစ်လာရင် တိုက်ခိုက်ရေး တပ်တွေသာမက တပ်ရင်းမှူးရဲ့ အနီးကပ် လက်ဖြောင့်တပ်စိတ် တပ်ကြပ်ကြီးအဖြစ် အရွေးချယ်ခံနိုင်ပြီး ရဲဘော်တွေကတော့ ကွယ်ရာမှာ အဲဒီ “လက်ဖြောင့်တပ်ကြပ်ကြီး” ဟာ တပ်ရင်းမှူးကို “ဖား” ရလွန်းလို့ “လက်ကောက်တပ်ကြပ်ကြီး” လို့ နောက်ပြောင်ခေါ်လေ့ရှိပါတယ်။

အလားတူ ဆက်သွယ်ရေး တပ်ကြပ်ကြီး၊ စရဖ တပ်ကြပ်ကြီး၊ ဆေးဘက်ဆိုင်ရာ တပ်ကြပ်ကြီး၊ မော်တော်ယာဉ် တပ်ကြပ်ကြီး၊ ရိပ်သာတာဝန်ခံ တပ်ကြပ်ကြီး၊ တပ်ရဲ တပ်ကြပ်ကြီး စတဲ့ နေရာကောင်းများစွာရှိပြီး သူတို့ဟာ အစုအဖွဲ့တခုကို အုပ်ချုပ်ရတဲ့ လုပ်ပိုင်ခွင့်အာဏာ အတော်အတန် ရရှိလာပြီး ဖြစ်ပါတယ်။

ဒီထက်မြင့်တဲ့ နောက်ရာထူး တခုကတော့ တပ်ခွဲတပ်ကြပ်ကြီး (C.Q) ဖြစ်ပါတယ်။ (C.Q) ဟာ တပ်ခွဲတခွဲရဲ့ ရိက္ခာမျိုးစုံ၊ ခဲယမ်း၊ စစ်ဝတ်၊ ဝန်ထမ်း စတာတွေကို ကိုင်တွယ်ရတာမို့ တပ်ခွဲ ထမင်းအိုးကြီးကို “ခွ” ထိုင်ရတဲ့ သူလို့ ရဲဘော်တွေက သတ်မှတ်ကြပါတယ်။ တချို့ (C.Q) တွေဟာ လက်အောက် ရဲဘော်တွေကိုတော့ ရိက္ခာစကေး အပြည့်မပေးလို့ မကြာခဏ ပြဿနာတက်လေ့ရှိတာ တွေ့ရပါတယ်။ ဝက်သားနဲ့ အမဲသား ပေါ်ပြီဆိုရင်လည်း “အသည်းအမြစ် အကောင်းဆုံး အရာရှိစားသုံး၊ ခေါင်းနဲ့ အသား အလွန်များ (C.Q) တွေကဝါး၊ အရိုးအရင်း ကိုက်စရာ ရဲဘော်ပါးစပ်မှာပါ ” ဆိုပြီး ပြောစမှတ် ပြုကြရပါတယ်။

ရဲဘော်တွေရဲ့ စားဝတ်နေရေး ချောင်လည်မှု ရှိ/မရှိ ဆိုတာဟာ တပ်ခွဲမှူးနဲ့ (C.Q) အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ရဲဘော်တွေ ထွက်ပြေးရင်ဖြစ်ဖြစ်၊ ခွင့်ပြန်ရင်ဖြစ်ဖြစ်၊ သင်တန်းတက်ရင်ဖြစ်ဖြစ် သူတို့ရဲ့ရိက္ခာ၊ ရိက္ခာစိုငွေနဲ့ စစ်ဝတ်တွေကို “ဗုန်း” ဖို့ ချောင်းနေတဲ့ သူတွေကတော့ (C.Q)၊ တပ်ခွဲမှူးနဲ့ လစာကြပ်တို့သာ ဖြစ်ကြပါတယ်။ ရိက္ခာစားအင်အား ဇယားချုပ်ကို နေ့စဉ်ကိုင်တွယ် ရေးဆွဲနေပြီး လိုတိုးပိုလျော့ကာ ဂဏန်းပေါင်းစက်နဲ့ နပမ်းလုံး နေသူမှာ (C.Q) တွေသာ ဖြစ်ပါတယ်။

တချို့တပ်ကြပ်ကြီးတွေကတော့ ပြဿနာဖြစ်မှာ စိုးရိမ်လို့ (C.Q) တာဝန်ကို မယူချင်တော့ဘဲ ဒုအရာခံဗိုလ် တန်းဖြစ်ချင်သူတွေလည်း ရှိကြပါတယ်။ ဆက်သွယ်ရေး၊ စရဖ၊ အနီးကပ် လုံခြုံရေး လက်ဖြောင့်ဆိုင်ရာ တပ်ကြပ်ကြီးတွေဟာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေနဲ့ တိုက်ရိုက်လုပ်ကိုင်နေရသလို အထက်ဌာနတွေနဲ့လည်း ဆက်သွယ်လုပ်ကိုင်ပေးနေရလို့ အာဏာလက်စောင်းထက်သူတွေ ဖြစ်ကြပါတယ်။

တပ်ရင်းမှူးတွေဟာ တပ်အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို သိရှိဖို့ လူယုံတွေကို ဆရာကြီးတွေကို မွေးထားတတ်ကြသလို နေရာကောင်းပေးကာ သူကောင်းပြုထားတတ်ကြပါတယ်။ အဲဒီဆရာကြီးတွေရဲ့ ဇနီးမယားတွေကလည်း တပ်ရင်းမှူးကတော်နဲ့ ပနာသင့်ရတဲ့အပြင် အချိန်ပြည့် သွားရောက်ကာ ဝေယျာဝစ္စ လုပ်ပေးကြရပါတယ်။ ဇနီးမယားတွေဟာ တပ်တွင်းအောက်ခြေက သတင်းတွေကိုလည်း တင်ပြကြရပါတယ်။ အခုဆိုရင် တချို့တပ်တွေမှာ တပ်ရင်းမှူးကတော်တွေတောင် ရုံးခန်းသီးသန့်ဖွင့်ကာ နေ့စဉ် ဓာတ်ဆီ သုံးစွဲမှု၊ ရိက္ခာအနေအထား၊ တပ်တွင်းသာရေး နာရေးကိစ္စတွေ၊ တပ်တွင်း စီးပွားရေး လုပ်ငန်းတွေကို စီစဉ်ညွှန်ကြားနေတာကို အံ့သြစဖွယ် တွေ့မြင်နေရပါတယ်။

ဒါတွေကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် တပ်တွင်းအောက်ခြေမှာ တပ်ရင်းမှူး ဇနီးမောင်နှံနဲ့ အဆင်ပြေမှသာ နေရာကောင်း ရရှိကာ အဆင်ပြေနိုင်ပါတယ်။ အဆင်ပြေတဲ့သူဆိုတာလည်း လက်ချိုးရေတွက်လို့ ရသလို စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား၊ ဘဝကို မနည်းရုန်းကန် လှုပ်ရှားးနေကြရပါတယ်။ မွန်းကျပ်မှုနဲ့ အမိန့်၊ အာဏာအောက်မှာ ထွက်ပေါက်ပိတ်ရင်း နား၊ မျက်စိလည်း အပိတ်ခံထားကြရပါတယ်။ ဒ့ါကြောင့် တပ်တွင်းအောက်ခြေမှာ အရေးပါလှတဲ့ ဆရာတွေကို စည်းရုံးရင်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ကြဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။


မြန်မာ ဒုနိုင်ငံခြားရေး ၀န်ကြီး ဘင်္ဂလာ ခရီးစဉ်အတွင်း ဘာတွေ ဆွေးနွေးမလဲ

Narinjara News

ယနေ့ စတင် ပြုလုပ်သည့် မြန်မာ- ဘင်္ဂလာ နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး အဆင့် ဆွေးနွေးပွဲကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန ဧည့်ခန်းမတွင် ကျင်းပလျှက်ရှိသည်။

မြန်မာဘက်မှာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်သော (၃) ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်နေပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် မစ္စတာ မူဟာမတ် မီဂျာရုလ် ကွာယေလ် ဦးဆောင်သော (၅) ဦးပါ ကိုယ်စားလှယ် အဖွဲ့မှ တက်ရောက်လျှက်ရှိသည်။

ဘင်္ဂလာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒါရိုက်တာ ဆိုင်ဒါ မူန တာဆနီက “ ဘင်္ဂလာဒေခ်ျ့ ဘက်က အဓိကထား တောင်းဆိုမယ့် အချက်ထဲမှာ မြန်မာ စစ်အစိုးရ အာဏာပိုင်တွေက ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ မူဆလင်တွေကို ဘင်္ဂလာဒေခ်ျ့ဘက်ကို နှင်ထုတ်နေတာကို ရပ်တန့်ဖို့ တောင်းဆိုသွားမှာ ဖြစ်တယ်။ ခုလို မြန်မာဘက်က မူဆလင်တွေကို ဖိအားပေး နှင်ထုတ်နေတာကြောင့် လူဦးရေ ထူထပ်တဲ့ ဘင်္ဂလာဒေခ်ျ့မှာ ၀န်ထုတ် ၀န်ပိုး ဖြစ်နေပါတယ်။ ဒီကိစ္စဟာ လက်ရှိ ဘင်္ဂလာဒေခ်ျ့အတွက် အထူးအရေးကြီးတဲ့ ပြဿနာ ဖြစ်နေပါတယ်။”

မြန်မာ နအဖ စစ်အစိုးရသည် ရခိုင်ပြည်နယ်တွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်များအား ဗမာပြည်မသို့ ၀င်ရောက် နေထိုင်မည်ကို စိုးရိမ်ပြီး ခရီးသွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ထွက်ခွာသွားရန် သွယ်ဝိုက်သော နည်းဖြင့် ဖိအားပေး နှင်ထုတ်လျှက်ရှိသည်။

“ ခု ဘင်္ဂလာဒေခ်ျ့မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာလို့ ခေါ်တဲ့ ဒုက္ခသည် ၂၈၀၀၀ ရှိပြီး တရားမ၀င်နေထိုင်နေတာက အများကြီးရှိပါတယ်။ ဒီကိစ္စကို မြန်မာနဲ့ အဓိကထားပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ မြန်မာက သူတို့ကို လက်ခံ ယူလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

ဘင်္ဂလာဒေခ်ျ့နိုင်ငံ တာဝန်ရှိသူများမှ သူတို့နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း ငြင်းဆိုထားပြီး ရိုဟင်ဂျာ ဆိုသူများမှာ မြန်မာနိုင်ငံက လာသူများ ဖြစ်ကြောင်း ပြောဆို ထားသည်။

မြန်မာ စစ်အစိုးရမှ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း အတိအလင်း ထုတ်ဖေါ် ပြောဆိုထားပြီး သူတို့မှာ ဘင်္ဂလာဒေခ်ျ့က တရားမ၀င် ၀င်ရောက်လာသူ ဘင်္ဂလီများဟု ပြောသည်။

၎င်းအပြင် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယခုဆွေးနွေးပွဲတွင် ဘင်္ဂလာဒေခ်ျ့မှ မြန်မာနှင့် ဆက်သွယ်မည့် တိုက်ရိုက်ကားလမ်း ဖေါက်လုပ်မည့် ကိစ္စကို တင်ပြသွားမည် ဖြစ်ပြီး တခြားဆွေးနွေးမည့် အကြောင်းအရာများထဲတွင် နယ်စပ် ကုန်သွယ်ရေး ကိစ္စနှင့် ရေပြင်ပိုင်နက် အငြင်းပွားမူ ကိစ္စများလည်း ပါဝင်သည်။

လေ့လာသုံးသပ်သူများ အပြောအရ မြန်မာဘက်က တင်ပြ ဆွေးနွေးရန် အကြောင်းအရာများ မရှိသလောက်ပင် ဖြစ်ပြီး မြန်မာအနေဖြင့် စီးပွားရေး ကိစ္စများမှ အပ တခြား ကိစ္စများကို တင်ပြ ဆွေးနွေးရန် အခြေအနေ မရှိကြောင်း သိရသည်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအား မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြုပ်နှံမူ ပြုလုပ်ရန် ဖိတ်ခေါ်နိုင်သည့် အလားအလာများ ရှိနေပြီး အထူးသဖြင့် ရေအား လျှပ်စစ် စီမံကိန်းများတွင် ဖြစ်သည်။

မြန်မာ စစ်အစိုးရသည် သံတွဲမြို့နယ်တွင် တည်ဆောက်နေသော သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် ဘူးသီးတောင် မြို့နယ်တွင် တည်ဆောက်မည့် စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်းအတွက် အထူးငွေ လိုအပ်နေသဖြင့် အဆိုပါ ရင်းနှီးငွေအတွက် ဘင်္ဂလာဒေခ်ျ့ကို ချဉ်းကပ် ဖိတ်ခေါ်နိုင်ကြောင်း လေ့လာ သုံးသပ်သူများက ပြောသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,30th,2009

( 47 )ရွှေကျင်မြို့တွင် ရွှေတူးဖော်မှုကြောင့် လယ်ယာမြေများ ဆုံးရှုံး

( 46 )ဒေသ အချို့တွင် ညအပူချိန် ထပ်မံကျဆင်း

( 45 )Burma Very High Risk

( 44 )ဝ အရေး နောက်ဆုံးရက်နီးကပ်လာ၊ ဆွေးနွေးမှုမရှိသေး

( 43 )Burma Reinforces Troops on Fence Construction

( 42 )အရက်ချက်စက်ရုံ မီးလောင်မှုအတွက် လျော်ကြေးရ

( 41 )ဇောတိကမှ ဓာတ်ငွေ့ ဝယ်ယူဖို့ PTT ကို ထိုင်းကက်ဘိနက်ခွင့်ပြု

( 40 )ရန်ကုန်မြို့တွင်း ဒိုင်နာယာဉ်လိုင်းများ ပြေးဆွဲမှုပိတ်ပင်မည်

( 39 )Brown gives support to Suu Kyi

( 38 )စွန့်ပစ် ကြွပ်ကြွပ်အိတ်များ ပရိဘောဂများအဖြစ် အသွင်ပြောင်းမည်

( 37 )နှစ်သစ်ကူး ချစ်ကြည်ရေးပွဲတွင် မြန်မာအဆိုတော်များ သီဆိုမည်

( 36 )UK to continue push for change in Burma - PM tells ASSK

( 35 )နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ထပ်မံရွှေ့ဆိုင်းနိုင်

( 34 )မူးယစ်ဥပဒေကြောင့် စေတနာ့ဝန်ထမ်းများ အခက်တွေ့

( 33 )Myanmar to take back 9,000 refugees

( 32 )ရိုဟင်ဂျာ ၉၀၀၀ ပြန်ခေါ်ရန် စစ်အစိုးရ သဘောတူ

( 31 )ရတနာပုံ အိုင်စီတီပြပွဲ စည်ကားခြင်းမရှိ

( 30 )Court Rejects Freedom Bid By Myanmar Woman Involves In Prostitution Racket

( 29 )မြန်မာ အလုပ်သမားများ အတွက် အဆင့်မြင့် ပညာသင်ကျောင်း ချင်းမိုင်တွင် ဖွင့်မည်

( 28 )Prostitution ring leader fails to strike out detention order

( 27 )နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ထပ်မံရွှေ့ဆိုင်းနိုင်

( 26 )Rohingya to be sent back to Myanmar

( 25 )ကိုညီညီအောင်ကို ၁ မူထပ်တိုးပြီး တရားစွဲဆို

( 24 )အိုင်စီတီ ပြပွဲတွင် company တစ်ချို့ကို အတင်းအဓမ္မ ဖိအားပေး၍ ဖွင့်ခိုင်း

( 23 )British PM Brown writes to Suu Kyi pledging support

( 22 )ရေနံချောင်းတွင် ကားမှောက် ၃ ဦးသေပြီး ၃၃ ဦး ဒဏ်ရာ ရ

( 21 )Orwell's birthplace to be saved from decay

( 20 )ဒေါ်စု အမှု အတွက် ရှေ့နေ ပါဝါလွှဲစာ တင်ပြ

( 19 )Two teens found dead in garage

( 18 )မြန်မာ ပြည်မှ လျှပ်စစ်နှင့် ဓါတ်ငွေ့ကို ဘင်္ဂလားဒေရှ်မှ ၀ယ်မည်ဟုဆို

( 17 )UK's Brown pledges support to Burma's Aung San Suu Kyi

( 16 )ခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် လူ ၉ဦး သေဆုံး

( 15 )ညီညီအောင် ထောင်ဝင်စာ တွေ့ခြင်း တားမြစ်ခံရ

( 14 )Burma agrees to return of refugees in Bangladesh

( 13 )မန္တလေးတွင် ရှမ်းတိုင်းရင်းသားများကို စက်မူ ၁ ၀န်ကြီး စည်းရုံး

( 12 )ဆန်စပါးဈေးတက် အရောင်းအ၀ယ် ပိုဖြစ် ကုန်စည်ဒိုင် ကွန်ယက်ထောင်မည်

( 11 )US passport is no protection from Rangoon goons

( 10 )အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို

( 9 )Myanmar frees 130 fishermen

( 8 )Bangladesh to send home thousands of Burmese refugees

( 7 )ဒီမိုကရက်တစ် ပါတီဝင် အမျိုးသမီးများ စည်းရုံးရေး ဆင်းနေပြီ

( 6 )Karen refugees describe their lives in Burma

( 5 )ဟိမ၀န္တာ အအေးလှိုင်းကြောင့် မြန်မာပြည် ဒေသ အချို့ အအေးလွန်

( 4 )Myanmar agreed to release fishermen

( 3 )ရိုဟင်ဂျာ ထောင်ချီ မြန်မာ ပြန်လက်ခံမည်

( 2 )Burmese-American charged with another case

( 1 )Burma Urged to Take US Citizen Out of Solitary

Tuesday, December 29, 2009

ကိုညီညီအောင်အား အမှုတခု စွဲချက်ထပ်တင်

NEJ/ ၂၉ ဒီဇင်ဘာ ၂၀၀၉

မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်၏အမှုကို တရားရုံးက စွဲချက်တင်သင့် မတင်သင့် အမိန့်ချရန်အတွက် အင်းစိန်ထောင်တရားရုံးတွင် ကိုညီညီအောင်အား ယနေ့ ရုံးထုတ်သည်ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။



ယနေ့ရုံးထုတ်ရာတွင် ဦးဉာဏ်ဝင်းနှင့်ဦးကြည်ဝင်းတို့က ပူးတွဲလက်မှတ်ထိုး ရေးသားထားသည့် လျှောက်လဲချက်ကို တင်လိုက်ကြောင်း ဦးကြည်ဝင်းက ပြောသည်။

၎င်းက “လျှောက်လဲချက်လည်း တင်ပြီးရော တရားသူကြီးက နောက်တမှု စွဲပါတယ်တဲ့။ ဗိုလ်တထောင် လူဝင်မှုကြီးကြပ်ရေး ရုံးက ၁၉၄၉ ခုနှစ်၊ နိုင်ငံတွင်းမှာ နေထိုင်သူများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၆ (၃) ဆိုလားပဲ။ အဲဒါနဲ့ ဦးတိုက်လျှောက်တယ်တဲ့။ ရုံးကို ဌာနဆိုင်ရာက ဦးတိုက်လျှောက်တယ်ဆိုတော့ ရဲအရေးမပိုင်မှုဖြစ်တာပေါ့။ ဒါပေမယ့် ရဲအရေးမပိုင်တိုင်းလည်း အမှုက သေးတာမဟုတ်ဘူး။ များသောအားဖြင့်တော့ ဌာနဆိုင်ရာကိစ္စတွေမှာ ရဲအရေးမပိုင်ဘူးဆိုရင် သိပ်မကြီးကျယ်တဲ့အမှုမျိုးပါ။ ဒါပေမယ့် အန်ကယ်တို့ကိုယ်တိုင်က အဲဒီဥပဒေကို ရှာပြီးလေ့လာဖတ်ဖို့ လိုသေးတယ်” ဟု ပြောသည်။

မနက်ဖြန်တွင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက တောင်ပိုင်းခရိုင်တရားရုံးသို့ သွားရောက်ကာ နောက်ထပ်စွဲချက်တင်သည့်အမှုကို လေ့လာဖတ်ရှုမည်ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောသည်။

ကိုညီညီအောင်အား စွဲချက်တင်ထားသည့် ပြစ်မှု (၂) ခုအပြင် ယခုစွဲချက်ထပ်တင်သည့်အမှုအတွက် ကြားနာရန် လာမည့် သောကြာနေ့တွင် ထပ်မံ၍ ရုံးချိန်းပေးလိုက်သည်။ ယနေ့ရုံးချိန်းတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ကောင်စစ်ဝန်လည်း လာရောက်ခဲ့ကြောင်း သိရသည်။

စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံနေရသည့် ကိုညီညီအောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၄) ရက်တွင် အင်းစိန်ထောင်အတွင်း၌ အစာငတ်ခံဆန္ဒပြခဲ့ပြီးနောက်ပိုင်း ယနေ့ ၎င်း၏ ရှေ့နေများနှင့် တွေ့ဆုံခွင့်ရခြင်းဖြစ်သည်။

လောလောဆယ်တွင် တရားလိုဘက်မှ ကိုညီညီအောင်အား ပုဒ်မ ၂၄ (၁) တရားမ၀င် နိုင်ငံခြား ငွေစက္ကူကိုင်ဆောင်မှု၊ ပုဒ်မ (၄၂၀) စာရွက်စာတမ်း လိမ်လည်ကိုင်ဆောင်မှုတို့ဖြင့် စွဲချက်တင်ထားသည်။

ဘန်ကောက် မြန်မာသံရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော ကိုညီညီအောင်ကို နအဖစစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာ (၁၄) ရက်နေ့၌ အင်းစိန်ထောင်တရားရုံးတွင် အမှုစွဲတင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ဆီနှင့် ဒီဇယ်ဆီများ မြန်မာဘက်သို့ နေ့စဉ် တရားမ၀င် တင်သွင်းနေ

ရဲရင့်/ ၂၉ ဒီဇင်ဘာ ၂၀၀၉

နယ်စပ်ဒေသတို့မှ တင်သွင်းခွင့် ပိတ်ပင်ထားသည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီများကို မြန်မာကုန်သည်များက ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် မြန်မာဘက်သို့ နေ့စဉ် လီတာ (၁) သိန်းခွဲခန့် တရားမ၀င် တင်သွင်းလျက်ရှိသည်။

မြန်မာကုန်သည်တဦးက “ရန်ကုန်မှာ အစိုးရသွင်းတာနဲ့ ဒီနယ်စပ်က သွင်းတာက ဈေးကအတော်ကို ကွာတယ်။ ထိုင်းဘက်က ဆီတွေကို (၂၂) ဘီးကားတွေနဲ့ နယ်စပ် ကမ်းနဖူးအထိ လာပို့တယ်။ တစီးကို ဆီလီတာ(၄) သောင်းပါတယ်။ တနေ့ သုံးလေးစီး ပုံမှန်ဝင်တယ်။ ထိုင်းဘက်ခြမ်း ထာ့အာဂိတ်ကနေ မြ၀တီဘက်မှာရှိတဲ့ (၉၉၉) ဒီကေဘီအေဂိတ်က ပိုက်သွယ်ပြီး မြန်မာဘက်ကို ပို့တာဖြစ်တယ်” ဟု ပြောသည်။

ထိုင်းဆီများကို ၀ယ်ယူရာတွင် ထိုင်းဘက်၌ ပြဿနာမရှိသော်လည်း မြန်မာဘက်ရှိ အာဏာပိုင်အဖွဲ့များနှင့် နားလည်မှုယူကာ ကားကြီးကားငယ်များဖြင့် မြန်မာနိုင်ငံအတွင်းပိုင်းသို့ လီတာ (၂၀၀) ဆံ့သည့် ဆီပေပါများ အသုံးပြုကာ သယ်ဆောင်ကြရသည်ဟု ၎င်းက ပြောသည်။

ယခင်က တနေ့လျှင် ကားတစီးစာ လီတာ (၄) သောင်းခန့်သာ တင်သွင်းနေရာမှ ယခုနှစ်ကုန်ပိုင်းမှ စတင်ကာ ဈေးကွက်လိုအပ်ချက်အရ နေ့စဉ် ဆီလီတာ (၁) သိန်းခွဲခန့် ပိုမိုတင်သွင်းရခြင်းဖြစ်သည်ဟု ဆီကုန်သည်တဦးက ပြောသည်။

၎င်းက “နယ်စပ်က ၀င်တဲ့ဆီက အစိုးရရောင်းတဲ့ဈေးနဲ့ ပိုပြီးသက်သာတယ်။ လိုချင်သလောက်လည်းရတော့ သူ့ဈေးကွက်က ခိုင်တယ်။ မြ၀တီကနေ အောက်ဆင်းတဲ့ အရပ်သားကား၊ အစိုးရကား ဘယ်ကားမဆို တနိုင်တပိုင်တော့ ယိုးဒယား ဆီကို အခကြေးငွေယူပြီး သယ်ကြတာပဲ။ စစ်တပ်ကကားတွေဆိုရင် ပုတ်ပြတ်နှုန်းနဲ့ကို သယ်တာ၊ ဒီကေဘီအေလည်း ဒီလိုပဲ” ဟု ပြောသည်။

ကရင်ပြည်နယ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ တရားမ၀င် ရောင်းချနေသူများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသော်လည်း နယ်စပ် မြ၀တီမှတဆင့် ဘားအံ-မော်လမြိုင်-ရန်ကုန်အထိ တရက်ခြားပြေးဆွဲနေသည့် ဆီတင်ကားများမှာ မည်သည့်အစစ်အဆေးမှမရှိဘဲ ပြေးဆွဲနေသည်ဟု ရွှေမြန်မာ မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။

(၁၀) တန်း ကျောင်းသားများ အခမဲ့ကျောင်းများကို အားထား

စိုးမိုး/ ၂၉ ဒီဇင်ဘာ ၂၀၀၉

ရန်ကုန်မြို့တော်တွင် နေထိုင်သည့် (၁၀) တန်းကျောင်းသား (၃) ပုံ (၂) ပုံမှာ သင်ကြားမှု စရိတ်ကြီးမြင့်မှုကြောင့် အခမဲ့ပညာသင် ကျောင်းများကိုသာ အားကိုးနေရကြောင်း သိရသည်။

တနှစ်စာ ကျောင်းစရိတ်အပြင် ကျူရှင်စရိတ်မှာ (၁၀) သိန်းမှ သိန်း (၃၀) အထိ ရှိနေသောကြောင့် တက္ကသိုလ်ဝင်တန်း ကျောင်းသားအများစုမှာ အခမဲ့ပညာသင်ကျောင်းများ ဖွင့်ထားသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် အခမဲ့ပညာဒါန သင်တန်းများကို အဓိက အားထားနေရခြင်းဖြစ်သည်။

“ကျောင်းမှာက ထိရောက်တဲ့ သင်ကြားမှုမရှိဘူး။ ကလေးတိုင်း အပြင်ကျောင်းယူရတယ်။ ရန်ကုန်က ကလေး (၃) ပုံ (၁) ပုံ လောက်ပဲ ဒဂုံလိုကျောင်းမျိုး တက်နိုင်တယ်။ အပြင်ကျူရှင် ပိုက်ဆံပေးယူနိုင်တယ်။ ကျန်တဲ့ကလေးတွေ မယူနိုင်ဘူး” ဟု ပညာရေးသုတေသန အကြီးတန်းအရာရှိတဦးက ပြောသည်။

ရန်ကုန်မြို့တွင် ဘုန်းတော်ကြီးများ ဦးဆောင်ပြီး ပညာဒါန ကျောင်းအများအပြား ဖွင့်လှစ်ထားကာ ၀ါရင့်ဆရာဆရာမကြီးတို့က ပညာဒါနအဖြစ် အခမဲ့သင်ကြားပေးနေကြသည်။

“နာမည်ကြီး ဆရာကြီးတွေ၊ ဆရာမကြီးတွေက အနီးကပ်သင်တန်းပေးတာတွေ ဒီလထဲမှာ စပြီးရှိလာတယ်။ ဒေါက်တာဘိုင်အို တို့လို နာမည်ကြီး ဆရာကြီးတွေ အခမဲ့သင်တန်းတွေ ပေးလာတယ်။ အဲဒီမှာ လှည့်ပတ်ပြီး သွားတက်ပါတယ်” ဟု ရန်ကုန်မြို့ ၀ါးတရာကျေးရွာမှ (၁၀) တန်းကျောင်းသူတဦးက ပြောသည်။

(၁၀) တန်း ကျောင်းသားတယောက်လျှင် ကျောင်းစရိတ် ကျပ် (၁) သိန်းအထက်တွင် ရှိနေသော်လည်း အခြေခံပညာ ကျောင်းများက လုံလောက်သော သင်ကြားမှု မပေးနိုင်ဘဲ ကျောင်းသားတိုင်း ပြင်ပကျောင်းများကိုသာ အားထားနေကြခြင်း ဖြစ်သည်။

“ကျောင်းသားက စရိတ် (၂) ခု ကုန်သလို ဖြစ်နေတာ။ အရင်က ကျောင်းတက်စရာမလိုဘူး။ အပြင်ဖြေခွင့်ပြုတုန်းက ကျောင်းသားက ကျောင်းတက်ရင် ကျောင်းစရိတ်ပဲ ကုန်မယ်။ ကျူရှင်ယူရင် ကျူရှင်စရိတ်ပဲ ကုန်တယ်။ အခုက ကျောင်းက မတက်မနေရဆိုတော့ ကျူရှင်လည်း မယူလို့က မဖြစ်ဆိုတော့ စရိတ် (၂) ခါကုန်တယ်” ဟု ပညာရေးသုတေသန အကြီးတန်း အရာရှိက ပြောသည်။

ပညာသင်စရိတ် မတတ်နိုင်ခြင်း၊ လုံလောက်သည့် ပညာသင်ကြားချိန် မရှိခြင်းကြောင့် မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ အထက်တန်းကျောင်းပေါင်း (၂,၀၀၀) ကျော်ရှိသည့်အနက် (၁၀) တန်းကျောင်းသား အောင်ချက် (၅၀) ရာခိုင်နှုန်းကျော်သော ကျောင်းပေါင်း (၇၀၀) ခန့်သာ ရှိတော့ကြောင်း သိရသည်။

(၁၀) တန်းအောင်ချက် ရာခိုင်နှုန်းသည် ပြင်ပဖြေများ ပိတ်ပင်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစပြီး နှစ်စဉ် (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ဟု ပညာရေးသုတေသနဌာနမှ သိရသည်။

ရုရှမှ တိုက်လေယာဉ် ရောင်းမည့်သတင်း ပြည်သူများစိတ်ဝင်စား

မျိုးချစ်သူ/ ၂၉ ဒီဇင်ဘာ ၂၀၀၉

မြန်မာနိုင်ငံသို့ ရုရှနိုင်ငံမှ အမ်အိုင်ဂျီ (၂၉) အမျိုးအစား တိုက်လေယာဉ်များ ရောင်းချပေးပို့သွားရန် ရှိသည်ဟူသည့်သတင်းကို ရန်ကုန်ပြည်သူတို့ အလွန်စိတ်ဝင်စားနေကြကြောင်း ရန်ကုန်မြို့ သတင်းရပ်ကွက်များမှ သိရသည်။

အဆိုပါသတင်းကို ပြည်ပမီဒီယာများက အကျယ်တ၀င့် ဖော်ပြခဲ့ကြရာ ယခုအခါ မြန်မာတနိုင်ငံလုံးက သိရှိသွားပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ၀ါရင့်သတင်းစာဆရာတဦးက ပြောသည်။

၎င်းက “သတင်းက ပြည်ပမီဒီယာတွေကပဲ မြန်မာပြည်သူတွေသိရတာ များတာကိုး။ အစိုးရက ရုရှနဲ့ အဆင်ပြေနေတဲ့အတွက် စစ်နဲ့ပတ်သက်တာတွေကို ၀ယ်ယူစုဆောင်းနေတယ်ဆိုတာ ဘယ်လို သဘောထားတွေလဲ။ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်။ မြန်မာပြည်မှာက လုပ်စရာတွေ အများကြီး။ ပြည်သူတွေအတွက် အစိုးရက မငဲ့ညှာပဲ မလိုအပ်တဲ့ လေယာဉ်တွေကို ဘာရည်ရွယ်ချက်နဲ့ ၀ယ်တာလဲဆိုတာ ကျနော်တို့ သဘောပေါက်တယ်။ ဒီအတွက် ပြည်သူတွေကိုယ်စား စိတ်မကောင်း ဖြစ်ရတယ်” ဟု ပြောသည်။

ရုရှနိုင်ငံက တန်ဖိုးငွေအားဖြင့် အမေရိကန်ဒေါ်လာ သန်း (၅၇၀) ခန့်ရှိ အမ်အိုင်ဂျီ (၂၉) အမျိုးအစား တိုက်လေယာဉ် အစီး (၂၀) ကို မြန်မာနိုင်ငံသို့ တင်ပို့ရန် သဘောတူလက်မှတ် ရေးထိုးလိုက်ကြောင်း Kommersant သတင်းစာကို ကိုးကားပြီး ဒီဇင်ဘာ (၂၃) ရက် အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ထိုသို့ ရုရှမှ တိုက်လေယာဉ်များတင်ပို့မည့်သတင်းကို မြန်မာပြည်သူများ စိတ်ဝင်တစားရှိနေချိန်တွင်ပင် ပြီးခဲ့သည့် ဒီဇင်ဘာ (၂၆) ရက်၌ သာကေတမြို့နယ်အတွင်းနေ ပြည်သူများက စစ်လေယာဉ် (၁၀) စီးကျော်ခန့် ပျံသန်းသွားကြသည်ကို တွေ့မြင်လိုက် ရကြောင်း မျက်မြင်များက ပြောသည်။

“လေယာဉ်အသံက အကြီးကြီးပဲ။ ညနေ (၆) နာရီကျော်နေပြီ၊ မှောင်နေပြီ။ ဒါနဲ့ လူတွေထွက်ကြည့်ကြတာ။ လေယာဉ်တွေ (၁၀) စီးကျော်လောက်ရှိတယ်။ ရုပ်ရှင်ထဲက စစ်တိုက်တဲ့ လေယာဉ်တွေလိုပဲ။ တချို့က ဘယ်လိုတွေ ဖြစ်မလဲဆိုပြီးတော့ လန့်သွား ကြတယ်။ ဘယ်က လာပြီးတော့ ဗုံးတွေများ ကြဲမလဲလို့ပေါ့လေ” ဟု ရန်ကုန် သာကေတမြို့နယ် ရှုခင်းသာ လမ်းမပေါ် နေထိုင်သူများက ပြောသည်။

ရန်ကုန်မြို့၏ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တဦးက အစိုးရအနေဖြင့် ထိုက်လေယာဉ်များ ၀ယ်သည့်အပေါ် “ဒါက သူတို့ကောင်းစားရေးကိုပဲ လုပ်တာဗျ။ အစိုးရအနေနဲ့ ပြည်သူတွေအတွက် ဘာတွေလုပ်ပေးရမလဲ ဆိုတာကို မတွေးတာ ပေါ်လွင်တယ်။ ရန်ကုန်က လူတွေက စစ်လေယာဉ် ၀ယ်တဲ့အပေါ်မှာ ဆန္ဒပြချင်တဲ့ထိ ဖြစ်ပေါ်နေကြတယ်။ ဒါပေမယ့် သူတို့က ပြည်သူတွေအသက်ကို လုံးဝတန်ဖိုးမထားဘူး။ တိရစ္ဆာန်တကောင်လိုပဲ သဘောထားတယ်။ ဒါကို သိတဲ့လူတွေက အချင်းချင်း ပြန်ပြီး စိတ်ကို ဖြေသိမ့်ပေးကြတယ်။ အမှန်ဆိုရင် ပြည်သူတွေက ဒီလေယာဉ်ဝယ်တဲ့အပေါ် မကျေနပ်ကြဘူး” ဟု ပြောသည်။




ရုံးမတက်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ရာထူးတိုးပေး

ရုံးမတက်ဘဲ စင်္ကာပူ မြန်မာသံရုံးမှာ တာဝန်ပြထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ရာထူးတိုးပေးလိုက်တဲ့အတွက် ပြည်ပ မြန်မာသံတမန် အသိုင်းအဝိုင်းကြား ဝေဖန်မှုတွေ ဖြစ်လာတယ်လို့ စုံစမ်း သိရ ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦး ဖြစ်တဲ့ စင်္ကာပူ မြန်မာသံရုံး ပထမအတွင်းဝန် ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို နိုဝင်ဘာလ ၂၇ ရက်နေ့ကစပြီး သံမှူးအဖြစ် တပြိုင်တည်း ရာထူးတိုးမြှင့် ခန့်ထားလိုက်တာဖြစ်တယ်လို့ အမိန့်စာ ဖတ်ရတဲ့ နေပြည်တော် သံတမန်တဦးက ပြောပါတယ်။

ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို စင်္ကာပူ မြန်မာသံရုံးခေါင်းစဉ်နဲ့ ရာထူးတိုးပေးခဲ့ပေမယ့် အဆိုပါ သမီးနှစ်ဦးစလုံးဟာ စင်္ကာပူမှာမရှိဘဲ နေပြည်တော်မှာသာ နေထိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောပါတယ်။ နေပြည်တော်မှာလည်း ရုံးမတက်ဘဲ အိမ်မှာနေပြီး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးရှိတဲ့ နေ့မျိုးမှသာ ရုံးခဏ လာလေ့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ရုံးမတက်ဘဲ ရာထူးတိုးပေးထားလို့ ဝန်ထမ်းတွေအကြား မကျေနပ်မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့နှစ်ဦးရဲ့ အမည်တွေဟာ ၂ဝဝ၉ ခုနှစ် အီးယူက ဒဏ်ခတ်ပြီး နာမယ်ပျက်စာရင်း သွင်းထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိသားစုဝင်စာရင်းမှာလည်း ပါဝင်နေပါတယ်။

တချိန်ထဲမှာဘဲ တရုတ်နိုင်ငံ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက် ကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းစီးဖို့ Mercedes-Benz E-300 အမျိုးအစား နောက်ဆုံးပေါ် ဇိမ်ခံကားသစ်တစီးကို ဘေကျင်းမြို့ မာစီဒီးကုမ္ပဏီက တဆင့် မကြာခင်က မှာယူထားတယ်လို့ စုံစမ်းသိရပါတယ်။

သာမန်ဆိုရင် ကောင်စစ်ဝန်ချုပ်အဆင့်ကို မာစီဒီးကား စီးခွင့်ပေးလေ့မရှိဘဲ မြန်မာသံအမတ် အဆင့်တွေကိုသာ မာစီဒီးကား စီးခွင့်ပေးတာဖြစ်ပါတယ်၊ ဦးဇော်ဖြိုးဝင်းကိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်ဖြစ်တဲ့အတွက် မာစီဒီးကား အသစ်ဝယ်စီးခွင့်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တဦးက ပြောပါတယ်။

Mail ထဲကို ရောက်လာတဲ့ forward mail လေးတစ်ခုပါ။ အများသိစေချင်လို့ တင်ပေးလိုက်ရပါကြောင်း။

အစိုးရ ဌာနဆိုင်ရာ ၅ ခုမှ အခွန်ကောက်၍ ဘူးသီးတောင်မြို့နယ်တွင် ဆန်စက်ပိုင်ရှင်များ အခက်ကြုံ

Narinjara News

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စပါးကြိတ်စက် ပိုင်ရှင်များထံမှ အစိုးရ ဌာနဆိုင်ရာ (၅) ခုက အခွန်သုံးဆခန့် တိုးမြှင့်ကောက်ခံသည့်အတွက် စက်ပိုင်ရှင်များမှာ အခက်အခဲဖြစ်နေ ကြသည်ဟု သတင်း ရရှိသည်။

လွန်ခဲ့သည့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေး နှစ်က ဌာနဆိုင်ရာ (၄) ခုက ဆန်စက် တလုံးစီမှ အခွန်ငွေ ၄၇၅၀၀ ကျပ် ကောက်ခံခဲ့သော်လည်း ၂၀၀၉- ၂၀၁၀ ခုနှစ်တွင် ဌာနဆိုင်ရာ (၅) ခုထိ တိုးလာပြီး ကျပ်ငွေ ၁၄၇၀၀၀ အထိ တိုးမြှင့်ကောက်ခံနေသည်ဟု ဘူးသီးတောင်မြို့မှ ဆန်စက်ပိုင်ရှင် တဦးက နိရဉ္စရာသို့ ပြောသည်။

“၂၀၀၈- ၂၀၀၉ မှာ ပြည်အတွင်းအခွန်ကို ၁၅၀၀၀ ကျပ်၊ မယကကို ၂၅၀၀၀ ကျပ်၊ စက်မှု(၁) ၀န်ကြီးဌာနကို ၁၂၀၀၀ ကျပ်၊ ကုန်သွယ် လယ်ယာကို ၅၀၀၀ ကျပ် -- စုစုပေါင်း ၅၇၀၀၀ ကျပ်အထိ ဆန်စက် တလုံးကို ပေးသွင်းခဲ့ရပါတယ်။”

၎င်းပြင်သူက “ ၂၀၀၉- ၂၀၁၀ မှာတော့ သုံးဆထိ တိုးလာပြီး ပြည်တွင်း အခွန်က ၄၀၀၀၀ ကျပ်၊ မယကက ၆၀၀၀၀ ကျပ်၊ စည်ပင် ကို ၁၅၀၀၀ ကျပ်၊ ကုန်သွယ်လယ်ယာက ၂၀၀၀၀ ကျပ်၊ စက်မှု(၁)ကို ၁၂၀၀၀ ကျပ် သွင်းရမယ်လို့ အမိန့်ထုတ် ထားပါတယ်။ စုစုပေါင်း ၁၄၇၀၀၀ ကျပ်အထိ တိုးမြှင့် တောင်းခံထားပါတယ်။”ဟု ပြောသည်။

ယခု ကောက်ခံသည့် အခွန်ငွေကို ဒီဇင်္ဘာလ လ ၁၀ ရက်နေ့ နောက်ဆုံး ပေးသွင်းရန် ပြည်တွင်း အခွန်က ဒီဇင်္ဘာလ ၂ ရက်နေ့က စာထုတ်ခဲ့ပြီး မပေးသွင်းသူများကို ရာဇသတ် ပုဒ်မ ၁၇၄ ဖြင့် ပြည်တွင်းအခွန် ဦးစီးဌာနမှ တရားစွဲဆိုမည်ဟု သူကပြောသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် တည်ရှိသော ဆန်စက်များမှာ အသေးစား ဆန်စက်များဖြစ်ပြီး စပါးတင်း ၁၀၀ ကြိတ်ခွဲလျှင် ၁၅၀၀၀ ကျပ်သာ ရရှိပြီး ဆီဈေးမှာလည်း ကြီးမြှင့်နေသဖြင့် ဆန်စက်ပိုင်ရှင်များ အနေဖြင့် တွက်ခြေ မကိုက် ဖြစ်နေသည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ်တွင်ဆန်စက်အလုံးပေါင်း ၂၀၀ ခန့်ရှိပြီး အများစု ဆန်စက် ပိုင်ရှင်များမှာ ဌာနဆိုင်ရာ (၅) ခုက တောင်းသော အခွန်ငွေကို မပေးသွင်းနိုင်သဖြင့် တရားစွဲဆိုမည်ကို စိုးရိမ်သောကြောင့် စပါးရာသီတွင် စပါး မကြိတ်နိုင်ဘဲ တိမ်းရှောင်နေကြသည်ဟု သိရှိရသည်။

သူခိုးသုံးပါးရောစပ်ထား နအဖစစ်ဗိုလ်များ

အောင်ကျော်ခင်

ရှမ်းပြည်နယ်မှာတာဝန်ကျတဲ့ နအဖတပ်တိုင်း မူးယစ်ဆေးလုပ်ငန်းနဲ့ မကင်းကြပါ။ ကြည့်ပါဦး။ ရှမ်းပြည်နယ်မှာစခန်းချတဲ့ နအဖတပ်ရင်း (၁၂၈) ရင်းထဲမှာ တပ်ရင်း (၉၃) ရင်းဟာ မူးယစ်ဆေးလုပ်ငန်းနဲ့ မကင်းဘူးလို့ သိရတယ်။ စစ်ဆေးရေးစခန်းတွေကို ဖြတ်သန်းခွင့်ပြုမှု၊ သယ်ဆောင်ပေးမှု၊ ဆေးချက်စက်ရုံကို ကာကွယ်မှု၊ ဘိန်းစိုက်သူကို ဆက်ကြေးကောက်မှု၊ ဘိန်းစိုက်ပျိုးခွင့်ပြုမှု၊ စိတ်ကြွဆေးထုတ်ခွင့်ပေးမှု၊ ဘိန်းစိုက်ပျိုးဖို့ ငွေရင်းထုတ်ပေးမှု စတာတွေမှာ နအဖ စစ်တပ်ပါဝင်နေတယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာန ၂၀၀၇ က ထုတ်ဝေတဲ့ Hand in Glove (၆၄) မျက်နှာစာတမ်းမှာ ဖော်ပြတယ်။

လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ တြိဂံတိုင်းမှာ ၁၉၉၆-၂၀၀၁ တိုင်းမှူးလုပ်စဉ်က ၀ခေါင်းဆောင် ဝေဆုခိုင်ကို မိတ်ဆွေ စစ် မိတ်ဆွေမှန်လို့ ၂၀၀၁ မေလ (၉) ရက်နေ့က ပြောခဲ့တယ်။ ဗိုလ်ချုပ်သိန်းစိန်က ၀စစ်ဗိုလ်စိုင်းမြကို တာချီလိတ်မြောက်ပိုင်းမှာ မြေ (၁၀) ဧက ပေးတယ်။ အဲဒီမြေမှာ စိုင်းမြက စိတ်ကြွဆေးစက်ရုံ တည်ဆောက်တယ်။

ကျေးဇူးဆပ်တဲ့အနေနဲ့ သိန်းစိန်ကို ကားမျိုးစုံ (၄၅) စီး စိုင်းမြ ဆက်သတယ်တဲ့။ သူ့အရင်က လုပ်သွားတဲ့ ဗိုလ်ကျော်ဝင်းကလည်း မူးယစ်ဆေးမှောင်ခိုနဲ့ ပုလင်းတူဘူးဆို့ လုပ်ခဲ့တာမို့ သိန်းစိန်ရဲ့လုပ်ရပ်ဟာ မထူးဆန်းပါ။ ဒု-ဗိုလ်ချုပ်ကြီး မောင်အေးရဲ့တပည့် မြင့်လှိုင်ဟာ လားရှိုးမှာ တိုင်းမှူးလုပ်တုန်း မူးယစ်ဆေးမှောင်ခိုကို လက်သပ်မွေးတယ်။ ထောက်လှမ်းရေးခင်ညွန့်ကလည်း ဖုန်ကြားရှင်နဲ့ ရောင်းရင်းမိတ်ဆွေ ဖြစ်ခဲ့ဖူးတယ်လေ။

ဘိန်းမှောင်ခိုခွန်ဆာရဲ့ မော်ထိုင်းတပ်ဖွဲ့ဝင်ဟောင်း နော်ခမ်းနဲ့ နအဖစစ်မှုထမ်းဟောင်း မောင်တင့်တို့ဦးဆောင်တဲ့ မူးယစ်ဆေးမှောင်ခို (၂၀) ကျော် ဒီနှစ်အစောပိုင်း ရှမ်းပြည်အရှေ့ပိုင်းမှာ အဖမ်းခံရတယ်။ မောင်တင့်ဟာ နအဖတပ်က အငြိမ်းစားယူပြီး မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုလုပ်နေသူတဲ့။ ဒေသဆိုင်ရာ တိုင်းမှူး၊ တပ်မှူးတွေဟာ နော်ခမ်းနဲ့မောင်တင့် ပေးတဲ့ ဆက်ကြေးကို ယူတယ်။ နော်ခမ်းနဲ့ မောင်တင့်တို့က အာဏာပိုင်ကို လာဘ်ထိုးတော့ လွတ်သွားတယ်။ မောင်တင့်တို့က တဦးကို ကျပ်ငွေသိန်း (၂၀၀) စီ လာဘ်ပေးလိုက်ရတယ်လို့ ၂၀၀၉ မေလ (၁၃) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြတယ်။ နော်ခမ်းနဲ့ တာချီလိတ်က နအဖဗျူဟာမှူးတဦဟာ ပုလင်းတူဘူးဆို့ ဖြစ်ခဲ့တယ်တဲ့။

မြန်မာစစ်သူခိုးနဲ့ မူးယစ်ဆေး/ကျောက်မျက်ရောထွေးယှက်တင်ဖြစ်နေတာ ဗိုလ်နေ၀င်းခေတ်ကတည်းကပါ။ ဗိုလ်နေ၀င်းက မြန်မာ့ကျောက်မျက်ရတနာ နိုင်ငံခြားယူသွားပြီး ရောင်းစားတယ်။ သူ့တပည့်ထောက်လှမ်းရေးတွေက ဆွစ်ဇာလန်မှာ ဆိုင်ထိုင်လုပ်တယ်။ သန်းရွှေ၊ မောင်အေး၊ ခင်ညွန့်တို့အုပ်စုကတော့ ဗိုလ်နေ၀င်းထက် အဆပေါင်းများစွာ ခိုးထားတာမို့ ရန်ကုန်မှာမနေရဲဘူး။ ကြပ်ပြေးကို ပြေးကြတယ်။

ဗိုလ်နေ၀င်းတယောက် အမြဲတွေးကြောက်ပုံကို ပြောပါရစေ။ လီကွမ်ယူးဟာ ၁၉၆၅ ခုနှစ် မေလ အိန္ဒိယကအပြန် ရန်ကုန်ဝင်တော့ ဗိုလ်နေ၀င်းနဲ့ ဒညင်းကုန်းမှာ ဂေါက်သီးကစားကြတယ်။ ဗိုလ်နေ၀င်းဟာ သံခမောက်ဆောင်းပြီး ဂေါက်သီးရိုက်တယ်လို့ “တတိယကမ္ဘာမှ ပထမကမ္ဘာသို့” (From Third World to First) ဆိုတဲ့ ကိုယ်ရေးမှတ်တမ်းမှာ လီကွမ်ယူးက ရေးထားတယ်။ ဗိုလ်နေ၀င်းအိမ်ပတ်လည်မှာ လက်နက်ကိုင်စစ်သားနဲ့တင့်ကားတွေ ပတ်လည်ဝိုင်းနေတာ တွေ့ရလို့ အံ့သြတုန်လှုပ်မိတယ်တဲ့။ နေ၀င်း တကယ်ကြောက်သလား၊ တမင်ခြောက်ပြတာလား မပြောနိုင်ဘူး။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး ဦးသော်ကောင်းနဲ့ နှစ်ယောက်တည်း စကားပြောတဲ့အခါမှာတောင် ပစ်စတိုသေနတ်ဘေးမှာ ချထားတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတဦးက ပြန်ပြောလို့သိရတယ်။

သူခိုးဆိုတော့ လူကောင်းမှန်သမျှကို တွေးကြောက်နေတာပေါ့။ နိုင်ငံရေးသူခိုး၊ စီးပွားရေးသူခိုးနဲ့ ဘာသာရေးသူခိုးဆိုတဲ့ သူခိုးသုံးပါး ရောစပ်ထားတာ နအဖစစ်ဗိုလ်ပဲ။ ဘာသာရေးမှာလည်း လျှို့ဝှက်လုပ်တာနဲ့ ဘုရားရုပ်ထု အပိုင်စီးတာတွေ ရှိနေလို့ ဘာသာရေးသူခိုးလို့ပြောရတာပါ။ စင်ကာပူမှာ သေသွားတဲ့ ၀န်ကြီးချုပ်စိုးဝင်း ဖွင့်လှစ်တဲ့ လားရှိုးက ရန်တိုင်းအောင်စေတီဟာ မူးယစ်ဆေးက မသမာငွေနဲ့ တည်ဆောက်တယ်ဆိုတော့ ဘာသာရေးသူခိုးပါပဲ။ ဒီလိုသူခိုးစေတီတွေ ရှိဦးမှာပေါ့။

ကျောက်မျက်စစ်သူခိုးလည်း ရှိသေးတယ်။ မိုးကုတ် ဖားကန့်နဲ့မိုင်ရှုးမှာ ဒီလို စစ်သူခိုးတွေရှိတယ်။ တောင်ကြီးအရှေ့မြောက် မိုင်(၂၀၀) နီးပါးက မိုင်းရှုးဟာ ကျောက်မျက်နယ်မြေဖြစ်လာတယ်။ ဇူလိုင်လ (၂၂) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့် သတင်းအရဆိုရင် ဗိုလ်ချုပ်မြင့်လှိုင်၊ တိုင်းမှူးမောင်ဘို၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ဘော်ဒါ အောင်ကိုဝင်းတို့ဟာ ကျောက်မျက်သူခိုးအဖြစ် ထင်ရှားတယ်။ ၂၀၀၆ ခုက ပဲခူးအခြေစိုက် တောင်ပိုင်းတိုင်းရဲ့တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဆိုသူဟာ မူးယစ်ဆေးမှောင်ခိုဆီက ဆက်ကြေးမှန်မှန်ရဖူးသူဖြစ်တယ်။ တာချီလိတ်မှာ တာဝန်ကျစဉ်က ဘတ်ငွေ (၃) သောင်း လစဉ်ဆက်ကြေးမှန်မှန် ရခဲ့သူဖြစ်တယ်။ မူးယစ်ဆေးမှောင်ခို နော်ခမ်းနဲ့ရင်းနှီးတဲ့ နအဖဗိုလ်ချုပ်ဖြစ်တယ်။ သူ့လက်အောက်က ဒု-ဗိုလ်မှူးကြီးအေးဇော်ကတော့ ရိုးပြီး အထက်ကို လာဘ်မထိုးတတ်တော့ ရာထူးမတက်ဘူး။ တာချီလိတ်နယ် ခမရ (၃၃၁) တပ်ရင်းမှူးအဖြစ်နဲ့ရော ၁၉၉၅ က ၂၀၀၁ အထိ အမှုထမ်းခဲ့သူ ဒု-ဗိုလ်မှူးကြီးအေးဇော်ဟာ နအဖတပ်ကိုစိတ်ကုန်ပြီး တောင်ငူမှာ သင်္ကန်းဝတ်နေတယ်လို့ သျှမ်းသံတော်ဆင့်ရဲ့ Hand in Glove စာတမ်းမှာ ဖော်ပြထားတယ်။

ဒီအထဲမှာ အရှေ့တောင်ပိုင်းတိုင်းမှူး မြင့်အောင်ဟာ နာမည်အပျက်ဆုံးဖြစ်လို့ ၂၀၀၁ မှာ အငြိမ်းစားယူခိုင်းလိုက်ရတယ်။ ခြေလျင်တပ် (၆၅) ရဲ့ တပ်ရင်းမှူးဘ၀ကတည်းက မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှာ ပါဝင်လာတာဖြစ်တယ်။ သူ့နေရာကို ဒု-ဗိုလ်မှူးကြီးတွေဖြစ်တဲ့ မြင့်ဆွေနဲ့ လှမြင့်က ဆက်ခံတယ်။ ခင်ညွန့်ကောင်းစားတုန်း (၁၉၈၉-၂၀၀၄) သူဌေးဖြစ်ကုန်တဲ့ စစ်ဗိုလ်ထဲမှာ မြင့်အောင်လည်းပါတယ်။ စစ်ဗိုလ်တွေက အများကြီးဆိုတော့ စစ်တမ်းကောက်ရင် ဆုံးနိုင်မှာမဟုတ်ဘူး။ မူးယစ်ဆေးမှာ စစ်ဗိုလ်တွေ ပါလာတဲ့အတွက် နောက်ဆုံးမှာ စစ်ခေါင်းဆောင်ကြီးရဲ့မိသားစုပါ ဆေးမိသွားတဲ့ ဥပမာတွေ ရှိတယ်။ ဗိုလ်ချုပ်နေ၀င်းရဲ့သား ငွေစိုးနဲ့ဇနီးသည် ဘိန်းဖြူစွဲသွားတာ လူသိများတယ်။

အခုလည်း ကြပ်ပြေးကြီးရဲ့မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် (ခေါ်) မြောက်မူးလဲ မူးယစ်ဆေးစားသုံးတာကို ကြပ်ပြေးကြီး သိသွားတဲ့အတွက် မူးယစ်ဆေးဖြန့်ဝေသူ မောင်ဝိတ်နဲ့သယ်ဆောင်ပေးသူ အောင်ဇော်ရဲမြင့်ကို ၂၀၀၈ မေလမှာ ဖမ်းလိုက်ရတယ်ဆိုပဲ။ အောင်ဇော်ရဲမြင့်ဆိုတာ အထူးစစ်ဆင်ရေးအကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့သားပဲ။ ဒါကြောင့် မောင်ဝိတ် ထောင် (၁၅) နှစ်ကျပြီး အောင်ဇော်ရဲမြင့်ကတော့ နာလန်ထစခန်းမှာ နေခွင့်ရသွားတယ်။ စစ်တက္ကသိုလ်အမှတ်စဉ် (၅၂) သင်တန်းဆင်းပွဲမှာ ဗိုလ်လောင်းတွေ ဆလံပေးရတဲ့ ပုဂ္ဂိုလ်ထဲမှာ မြောက်မူးလဲပါနေတာကို ဒီဇင်ဘာ (၁၂) ရက်ထုတ် နအဖသတင်းစာတွေမှာ ဖော်ပြတယ်။ ဗိုလ်လောင်းတွေ ဗိုလ်ဖြစ်လာရင် ခိုးကြ၀ှက်ကြမှာ သေချာတယ်။ စစ်တပ်ထဲဝင်တာ အခွင့်ထူးခံစားချင်လို့ပါပဲ။ ရရှိတဲ့အခွင့်ထူးက ခိုင်းဝှက်ပိုင်ခွင့်ဖြစ်တယ်။

နယ်ဘက်မှာတော့ နအဖစစ်မှုထမ်းတွေကိုယ်တိုင် ဘိန်းစိုက်နေကြောင်း ၂၀၀၇ ဇွန်လထုတ် သျှမ်းသံတော်ဆင့် သတင်းလွှာမှာ ဖော်ပြတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်မုန့်အခြေစိုက် ခမရ (၅၆၉) က ဗိုလ်ကြီးအဆင့် တပ်ခွဲမှူးတဦးနဲ့ လားဟူနွယ်ဖွား တပ်ကြပ်ကြီး ဂျိုးဆက်ဖ်တို့ပေါင်းပြီး ဘိန်းစိုက်တယ်လို့ဆိုတယ်။ ဘိန်းစိုက်သူကို ဆက်ကြေးကောက်ရုံနဲ့ အားမရတော့လို့ ကိုယ်တိုင်စိုက်ကြတာပါပဲ။ ဆီဆိုင်မြို့နယ် ခမရ (၄၂၃၊ ၄၂၄၊ ၄၂၅၊ ၄၂၆) စစ်သားမိသားစုကလည်း ဘိန်းစိုက်ပျိုးရေးဒို့အရေး လုပ်နေကြတယ်တဲ့။ ဖယ်ခုံမြို့နယ်မှာ ဘိန်းစိုက်သူတွေဟာ နအဖစစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်အောက်က တပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက် ရယူရတယ်။ နယ်ဘက်မှာ တာဝန်ကျတဲ့ နအဖအရာရှိတွေ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှာ ပါဝင်နေကြတယ်လို့ အမေရိကန် အစိုးရရဲ့ ၂၀၀၉ ဖေဖော်ဝါရီ (၂၇) ရက်ထုတ် မူးယစ်ဆေးအစီရင်ခံစာမှာ ဖော်ပြထားတယ်။ မူးယစ်ဆေးအမှုနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးအဆင့်နဲ့ အထက်အရာရှိတွေကို အရေးမယူဘူးလို့ဆိုတယ်။

မြန်မာပြည်မှာ အကြီးဆုံးကုမ္ပဏီက ဘိန်းမှောင်ခိုလော်စစ်ဟန်နဲ့ သားဖြစ်သူ စတင်ဗင်လော်ပိုင်တဲ့ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပဲ။ အစိုးရသတင်းစာတွေမှာ အေးရှားဝေါလ်လို့ ဖော်ပြတယ်။ စစ်တပ်ဆိုရှယ်လစ်စနစ်က စစ်တပ်ဈေးကွက်စနစ်ကို ပြောင်းတော့ အရင်းအနှီးအများဆုံးရှိတာ မူးယစ်ဆေးမှောင်ခိုတွေပဲ။ အဲဒီမှာ စစ်အုပ်စုဟာ လော်စစ်ဟန်နဲ့ ခွန်ဆာကို အားကိုးတယ်။ ကိုးကန့်တရုတ် လော်စစ်ဟန်ဟာ အပစ်အခတ်ရပ်စဲရေးမှာ ကူညီပေးသူဖြစ်လို့ နအဖရဲ့ ကျေးဇူးရှင်ဖြစ်လာတယ်။ စင်ကာပူမှာလည်း ၀င်ဆံ့တဲ့ ဘိန်းမှောင်ခိုပဲ။ လမ်းဖောက်၊ အိမ်ဆောက်၊ ဆိပ်ကမ်းဆောက် အလုပ်ကြီးအကိုင်ကြီးမှန်သမျှ အေးရှားဝေါလ်က လုပ်ရတယ်။ ကြပ်ပြေးနေပြည်တော် တည်ဆောက်တဲ့ ကုမ္ပဏီတွေထဲမှာ အေးရှားဝေါလ်နဲ့ ထူးကုမ္ပဏီဟာ ကန်ထရိုက်အများဆုံးရတယ်။ ရန်ကုန်မှာ အေးရှားဝေါလ်ဆိပ်ကမ်းဆိုတဲ့ ဘိန်းမှောင်ခိုပိုင်တဲ့ သင်္ဘောဆိပ်ရှိတယ်။ အဲတော့ တကမ္ဘာလုံးကို မူးယစ်ဆေးဖြန့်နိုင်တာပေါ့။

တေဇဆိုသူခေါင်းဆောင်တဲ့ ထူးထောက်ပံ့ရေးကုမ္ပဏီဟာ စစ်အတွင်းကာလ မြန်မာပြည်မှာ စီးပွားရှာတဲ့ “ကာနဲမတ်ဆုဂိုရှို” ဆိုတဲ့ ဂျပန်ကုမ္ပဏီက ပေါက်ဖွားလာတဲ့ မြန်မာကုမ္ပဏီပဲ။ ထူးကုမ္ပဏီတည်ထောင်သူ ဦးဇော်ညွန့်ဆိုသူဟာ ကာနဲမတ်ဆုဂိုရှို ကုမ္ပဏီမှာ ရိုသေလေးစားခံရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဖက်ဆစ်ဂျပန်သူခိုး မြန်မာပြည်မှာကြီးစိုးတုန်း စီးပွားရေးအမြတ်ထုတ်တဲ့ ကုမ္ပဏီဖြစ်တယ်။ ပါလီမန်အစိုးရခေတ်နဲ့ မဆလခေတ်မှာ “ကာနဲမတ်ဆုဂိုရှို”က ထူးကုမ္ပဏီကို စောင်မကြည့်ရှုတယ်။ ငွေမက်တဲ့ နအဖစစ်ဗိုလ်ခေတ်မှာ ထူးကုမ္ပဏီဟာ အေးရှားဝေါလ်လိုပဲ အခွင့်ထူးခံစားရတယ်။ ဂျပန်ဖက်ဆစ်အကူအညီနဲ့ တည်ထောင်ခဲ့တဲ့ ထူးကုမ္ပဏီဟာ မြန်မာဖက်ဆစ်ခေတ်မှာ ထိပ်ဆုံးအဆင့်ကို ရောက်လာတာပဲ။ မြန်မာ့စီးပွားရေးသမိုင်းမှာ ဒီလိုကုမ္ပဏီတွေ အကြောင်းပါမှ ပြည့်စုံပါလိမ့်မယ်။ စုံစမ်းစစ်ဆေး သတင်းရေးတဲ့ဓလေ့ အားကောင်းလာရင် ဒီလိုခေတ်ပျက်သူဌေးနဲ့ စစ်သူခိုးတွေအကြောင်း မျိုးဆက်သစ်သတင်းသမားတွေက စုံစုံလင်လင် ရေးကြလိမ့်မယ်လို့ မျှော်လင့်မိတယ်။

ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း စမ်းသပ်ရန် အခက်တွေ့

စိုးမိုး/ ၂၉ ဒီဇင်ဘာ ၂၀၀၉

မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်နေသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ ယခုလအတွင်း လျှပ်စစ် စမ်းသပ်ထုတ်လွှတ်ရန် အခက်တွေ့နေကြောင်း သိရသည်။

မန္တလေးမြို့ အရှေ့တောင်ဘက် (၃၁) မိုင်အကွာရှိ ရဲ-ယမန်းကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်နေသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး လျှပ်စစ်စက်ရုံမှ ယခုလအတွင်း လျှပ်စစ် စတင်စမ်းသပ် ထုတ်လွှတ်မည်ဟု သတင်းထုတ်ပြန် ကြေညာထားသော်လည်း မြစ်အောက်ပိုင်း ရေလွှတ်နယ်မြေများ ထိခိုက်နိုင်မှု အနေအထားနှင့် တာဘိုင် ခံနိုင်ရည်အားကို စောင့်ကြည့်နေရသောကြောင့် စမ်းသပ်ရန် အချိန်ယူပြင်ဆင်နေရကြောင်း သိရသည်။

“အပေါ်ဘက်က ရေထုအင်အားက များနေပြီ။ စက်တလုံးစမ်းရင် (၄) နာရီတခါ ရေပြန်လွှတ်ရမယ်။ အခုဟာက ရေလွှတ်ရင် ထိခိုက်နိုင်မှုအနေအထားကို တွက်ချက်ရသေးတယ်။ အရေးပေါ်အစီအစဉ် ဆွေးနွေးနေကြတယ်” ဟု ရဲရွာ ရေအားလျှပ်စစ် တည်ဆောက်ရေးလုပ်ငန်း အမှတ် (၂) မှ အင်ဂျင်နီယာတဦးက ပြောသည်။

မြစ်ငယ်မြစ်ကို ပြီးခဲ့သည့် နိုဝင်ဘာ လလယ်ခန့်ကတည်းက ပိတ်ထားခဲ့ပြီး ရေအားလျှပ်စစ် ထုတ်လွှတ်မည့် တာဘိုင် (၄) လုံးမှ (၁) လုံးကို ယခုလအတွင်း စမ်းသပ်လည်ပတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ရေအားလျှပ်စစ် စီမံကိန်းအောက်ဘက် မြစ်ငယ်မြစ်ကြောင်းသည် ရေထရက်မှာပင် လက်ရှိ မူလ ရေမျက်နှာပြင်ထက် (၄) ပုံ (၃) ပုံလျော့ကျနေကြောင်း ဒေသခံများထံမှ သိရသည်။

စက်စတင် စမ်းသပ်လည်ပတ်ပါက သိုလှောင်ထားသည့် ရေထုကို ပြန်လည်လွှတ်ရမည်ဖြစ်ရာ မြစ်ငယ်မြစ်အတွင်း သွားလာနေသည့် လှေ၊ သင်္ဘောများနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ အန္တရာယ် ကင်းရှင်းစေရန် ရေစတင်မလွှတ်မီ စီမံကိန်း (၆) မိုင်ပတ်လည်မှ ကြားနိုင်သည့် အသံဖြင့် သတိပေးချက်ထုတ်ပြန်မည်ဟု တည်ဆောက်ရေးအဖွဲ့က သတင်းထုတ်ပြန် ထားသည်။

“(၄) နာရီတခါ ရေလွှတ်မယ်ဆိုပေမယ့် စလွှတ်တဲ့ရေက အင်တိုက်အားတိုက် ကျလာမယ်လို့ ယူဆတယ်။ ဘာတွေဖြစ်လာမလဲ ကတော့ တကယ်လွှတ်ချလိုက်မှပဲ သိမယ်” ဟု မြစ်ငယ်ဒေသခံတဦးက ပြောသည်။

ယခုနှစ်မကုန်မီ စတင်ထုတ်လွှတ်ရန် စစ်အစိုးရက ဖိအားပေးနေပြီး ပညာရှင်များဘက်ကမူ ရေစီးအား အနည်းဆုံးအချိန်ထိ စောင့်ဆိုင်းလိုကြကြောင်း ရေအားလျှပ်စစ်တည်ဆောက်ရေးလုပ်ငန်း အမှတ် (၂) မှ အင်ဂျင်နီယာက ပြောသည်။

၂၀၁၀ ပြည့်နှစ်တွင် စက် (၄) ခုစလုံး လည်ပတ်နိုင်ရန် သတ်မှတ်တည်ဆောက်နေသည့် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသည် အလျား (၂,၂၆၄) ပေ၊ အမြင့် (၄၃၃) ပေရှိ ကွန်ကရစ်ရေလှောင်တမံမှ လျှပ်စစ်အား မဂ္ဂါဝပ် (၇၉ဝ) ထုတ်နိုင်မည်ဖြစ်သည်။

ယခု စမ်းသပ်ထုတ်လွှတ်ရန် ပြင်ဆင်နေသည့် တာဘိုင်တလုံးမှထွက်ရှိမည့် လျှပ်စစ်ကို ပြည်တွင်းဖြန့်ဖြူးမည် ဆိုသော်လည်း ကျန်ရှိသည့်တာဘိုင် (၃) လုံးမှ ထွက်ရှိမှုကို မည်သို့ စီမံခန့်ခွဲမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်အစိုးရက ရဲရွာ ရေအားလျှပ်စစ်စက်ရုံသည် နိုင်ငံ၏လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု မျှော်လင့်ထားပြီး ၂၀၁၀ ပြည့်နှစ်အမီ လျှပ်စစ်ထုတ်လုပ်နိုင်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။