Sunday, November 27, 2016

မောင်တောမြို့နယ် လောင်းတုံအနီးတွင် တိုက်ပွဲဖြစ်၊ အိမ်အချို့ မီးရှို့ခံရ၊ ဖမ်းဆီးခံရသူ ဒါဇင်နှင့်ချီပြီးရှိ

နိရဉ္စရာ၊


မောင်တောမြို့နယ် မြောက်ပိုင်း လောင်းတုံရခိုင်ရွာ အရှေ့ဘက် ဆင်သေပြင် ဘင်္ဂလီရွာ နဲ့ ငါးစကြူး အုပ်စု ဖန်မြောင်ရွာကြားတွင် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

“ တိုက်ပွဲ ဖြစ်တာက ကျွန်တော်တို့ရွာ အရှေ့ဘက် ဆင်သေပြင်နဲ့ ငါးစကြူးရွာကြားမှာ ဖြစ်တာပါ။ ပထမ တစ်ချက် နှစ်ချက် စကြားရပါတယ်။ နောက်ပိုင်းမှာတော့ သေနတ်သံတွေ အများကြီးကြားရပါတယ်။ ပစ်ခတ်မှုက ၁၀ မိနစ်လောက်ဘဲ ကြာပါတယ်” ဟု လောင်တုံရွာသား ကိုကျော်ဝင်းက ပြောသည်။

တပ်မတော်စစ်ကြောင်းသည် ယနေ့နံနက် လောင်တုံရွာမှ ထွက်ခွာသွားပြီး များမကြာမီ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်အဖွဲ့မှ လေးဦးကျဆုံးသည်ဟု သတင်းရကြောင်း ရွာသားတစ်ဦးကလည်း ပြောကြားသည်။

အကျအဆုံးနှင့် ပတ်သက်ပြီး နိရဉ္စရာ အနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

ယနေ့နံနက် ၂ နာရီကျော်ခန့်က မောင်တောတောင်ပိုင်း နရုလာ ကျေးရွာတွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့သလို ညောင်ချောင်းရွာတွင်လည်း ယမန်နေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ခရေမြိုင်ရွာသား တစ်ဦးအား မေးမြန်းရာ သူက “ ညောင်ချောင်း ဘင်္ဂလီရွာတွင် အိမ်တစ်လုံး မနေ့ ည ၁၀ နာရီကျော်မှာ မီးလောင်ပြီး ဒုချရားတန်းအုပ်စု နရုလာရွာမှာတော့ ညဥ့် ၂ နာရီကျော်မှာ အဆောင် တစ်ဆောင် မီးလောင်တယ်လို့ ကြားသိရပါတယ်။ တပ်မတော်မှ နရုလာရွာထဲက အဆောင်တစ်ခုကို ၀င်ရောက်ရှင်းလင်းရာ အကြမ်းဖက်သမားတွေ ယူသွားတဲ့ လက်နက် တစ်လက်ကို ပြန်လည် ရရှိခဲ့တယ်လို့ သတင်းရပါတယ်” ဟု ပြောဆိုသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ဆက်သွယ်ရာ ဒုရဲမှူး စိုးနိုင်မှ နရုလာရွာမီးလောင်ခြင်းကို အတည်ပြု ပြောကြားသော်လည်း အခင်းဖြစ်ပွားရာ ဒေသမှာ လက်လှမ်းမမှီသဖြင့် တစ်ခြား အသေးစိတ် အချက်အလက်များကို မသိရှိဟု ပြောဆိုသည်။

ယနေ့ နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီခန့်တွင် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်စပ် ပါဝင်သူများဟု သံသယရှိသူ မောင်နှမတောင်ရွာမှ နိုရူကာမာ အပါဝင် ၁၆ ဦးအား သပ်ကယ်ပြင် ကျေးရွာနှင့် မောင်နှမကျေးရွာကြားမှ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဆက်သွယ်ရေးဥပဒေနဲ့မတရားဖမ်းခံထားသူတွေကိုအမြန်ပြန်လွှတ်ပေးရေး လုပ်ရှားမှု


ရခိုင်နှင့် ဘင်ဂါလီ ဒုက္ခသည်စခန်းများတွင် ကျားမအခြေပြု အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမည်

RiA

ပဋိပက္ခကြောင့် တိမ်းရှောင်နေကြရသည့် စစ်တွေမြို့ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းများ နေထိုင်ရာ ဒုက္ခသည်စခန်းများသို့ ကျားမအခြေပြု အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးအစီစဉ်တရပ်အနေဖြင့် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း ကမ္ဘာ့ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့ (UNFPA) ပရိုဂရမ် တာဝန်ခံ ဆာရာဘေရ်က ပြောသည်။

“ အဓိကတော့ ပညာပေးလုပ်ငန်းတွေပေါ့နော်။ ကျွန်မတို့က ဒုက္ခသည်စခန်းတွေမှာလည်း မြို့ပေါ်မှာနည်းတူပြုလုပ် သွားမှာပါ။ ဆွေးနွေးပွဲလိုမျိုးနဲ့ ပျော်ပွဲရွင်ပွဲပုံစံလိုမျိုး စီစဉ်ထားတာရှိပါတယ်” ဟု ၎င်းကဆိုသည်။

နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ (၁၆) ရက်ကြာ ပြုလုပ်မည့် ကျားမအခြေပြု အကြမ်းဖက်မှု ပပျောက် ရေးလှုပ်ရှားမှုကို စစ်တွေမြို့တွင် ယမန်နေ့မှ စတင်ပြုလုပ်နေခြင်းဖြစ်ပြီး မြို့နယ်ရှိ အမျိုးသမီးအများအပြား ပါဝင်တက် ရောက်လျက်ရှိသည်။

လှုပ်ရှားမှု ကြွေးကြော်သံဆောင်ပုဒ်မှာ "ပြည်တွင်းငြိမ်းချမ်းရေးမှသည် ကမ္ဘာသစ်ဆီသို့၊ အမျိုးသမီးနှင့် ကလေးများပါဝင် မှုဖြင့် ရေရှည်တည်တံ့သောအနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးကြပါစို့” ဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်နေ့တွင် လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။

“ အဓိကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေပပျောက်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ။ ရခိုင်ဒုက္ခသည် စခန်းတွေရော၊ မူ ဆလင် ဒုက္ခသည်စခန်းတွေမှာပါ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပါတ်သက်ပြီး အသိပညာပေးဖို့ပါ” ဟု ရခိုင်ပြည်နယ် လူမှုဖူ လုံရေး ဦးစီးဌာန ဦးစီးမှူး ဦးသက်လှိုင်ထွန်းက ပြောသည်။

ယခု လှုပ်ရှားမှုကို ပြည်နယ်အဆင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းနှင့် ပြည်တွင်းလူမှုအဖွဲ့ အစည်း (၁၁) ဖွဲ့က ပူးပေါင်းကူညီထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့မှာM150 အချိုရည်ပုလင်းတွေသုံးပြီး ဖောက်ခွဲမှုပြလုပ်တဲ့အတွက် ပြည်သူစိုးရိမ်


ဘာပြိုင်နေကြလဲ…

ကိုရွှေအောင်


ဒီရက်ပိုင်း မြန်မာ-ထိုင်း နယ်စပ် မဲဆောက်နဲ့မြ၀တီမြို့တွေဘက် ခရီးထွက်ရောက်ဖြစ်တော့ နှစ်နိုင်ငံစလုံး နယ်စပ်လုံခြုံရေးကို သာမန်ကာလျှံကာပဲ လုပ်ထားတာတွေ့လို့ အံ့အားသင့်မိတယ်။ မြန်မာဘက်ခြမ်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရှိနေပြီး နှစ်နိုင်ငံကြား လောင်စာဆီ တင်ပို့တဲ့ကိစ္စနဲ့ပတ်သက်လို့ တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်တယောက်က နယ်စပ်ဂိတ်တွေ ပိတ်ပစ်မယ်လို့ မကြာသေးခင်းကမှ ခြိမ်းခြောက်ပြောဆိုထားတာဖြစ်တယ်။ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေကတော့ ဒါကိုပဲ အလေးမထားတာလား၊ ဖြစ်ခါမှဖြစ်ရော နောင်ခါလာ နောင်ခါဈေး သဘောထားလား မပြောတတ်၊လုံခြုံရေးအထူးတလည် ချမထားဘူး၊ လျော့ရဲတယ်လို့ တောင်ပြော လို့ရတယ်။ အဲဒီကပြန်လာပြီး မကြာဘူး၊ နှစ်ပေါင်း ၂၀ ကျော် တိတ်ဆိတ်ငြိမ်သက်နေခဲ့တဲ့ ရှမ်း အရှေ့မြောက်ဒေသ မူဆယ်၊ မုန်းကိုး၊ ကြူကုတ်၊ ပန်ဆန်းစတဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ တိုက်ပွဲသံ စီကနဲထွက်တယ်။ အစိုးရသတင်းတွေအရ တပ်နဲ့ ရဲ အပါအ၀င် လူ ၈ ဦး သေဆုံးပြီး ၃၀ခန့် ဒဏ်ရာရခဲ့တယ်။ အစိုးရက ကချင်၊ တအန်းပလောင်နဲ့ MNDAA ပူးပေါင်းအဖွဲတွေက ပူးပေါင်း တိုက်တာလို့ သတင်းထုတ်ပြီး တိုင်းရင်းသား တို့ဘက်က ကချင်၊ တအန်းပလောင်၊ MNDAAနဲ့ အေအေ ရခိုင် စတဲ့ တပ်ဖွဲ့ ၄ ခု၊ မြောက်ပိုင်း မဟာမိတ် ညီနောင်များအဖွဲ့က တိုက်တာလို့ ပြောဆိုခဲ့တယ်။ စတိုက်တာ တိုင်းရင်းသားတပ်ဖွဲ့ တို့ဘက်ကဖြစ်ပြီး ရခိုင်မှာလိုပဲ ကြိုတင်စီစဉ်ပြီး နေရာ ၇ ခုထက်မနည်းကို တချိန်ထဲ တပြိုင်ထဲလို ၀င်တိုက်ခဲ့တာဖြစ်တယ်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အပါအ၀င် တပ်စခန်း၊ ရဲကင်းတွေလည်း တိုက်ခိုက်ခံရတဲ့ထဲ ပါတယ်။

ဝင်တိုက်တဲ့တိုင်းရင်းသားတပ်ဖွဲ့တို့ဘက်က သူတို့တပ်ဖွဲ့တွေကို တပ်မတော်က တောထဲမှာ ထိုးစစ်ဆင်တိုက်နေတာကြာပြီဖြစ်လို့ ဒါကို အများသိအောင် သူတို့တပ်ဖွဲ့တို့ဘက်က မြို့ပေါ်တက် တိုက်ပြတာဖြစ်တယ်။ ပြောက်ကျားနည်းနဲ့ ဆက်လက်တိုက်ခိုက်သွားမယ်။ တပ်မတော်ဘက်က သူတို့ တပ်ဖွဲ့တို့အပေါ် ထိုးစစ်မရပ်မချင်း ဆက်တိုက်မယ့်သဘော ပြောတယ်။ အစိုးရနဲ့ တပ်မတော်ဘက်က အတိုက်ခံလိုက်ရတဲ့ စခန်းတွေ လုံခြုံရေးပြန်ယူမယ်။ လာတိုက်တဲ့ တပ်ဖွဲ့တွေ ကို ပြန်လည်တိုက်ခိုက်မယ်။ ဒေသခံတွေ လုံခြုံအောင် လုပ်ဆောင်မယ်လို့ ထုတ်ပြော ပါတယ်။ ဒီနေရာမှာ တခုထူးတာက အစိုးရက မကြာသေးခင်ကမှ ဖွဲ့လိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီဟာ တိုက်ပွဲသတင်းကို အလျင်အမြန်ထုတ်တယ်။ ပြောရေးဆိုခွင့် ရှိသူက မီဒီယာကို ပြောစရာရှိတာ ထွက်ပြောတယ်။ ဒီ့အတွက် ဒေသခံလူထု အပါအ၀င် လုထု တရပ်လုံးဟာ တရုတ်-မြန်မာ နယ်စပ်မှာ ဘာဖြစ်နေတယ်။ အစိုးရနဲ့တပ် ဘယ်လိုတွေ လုပ်ဆောင် နေတယ်ဆိုတာကို အချိန်နဲ့ တပြေးညီ ဆိုသလို သိခွင့်ရတယ်။ လုပ်စရာရှိတာ လုပ်ကြဖို့ အခွင့်အရေးရကြတယ်။ ဒီအချက်ဟာ အဆိုးထဲကအကောင်းမို့ အထူးတလည် မှတ်တမ်းတင် ရေးတာဖြစ်တယ်။ မူဆယ်ဒေသဘက်ကို ၀င်တိုက်တဲ့ ဒေသခံ တိုင်းရင်းသားတပ်ဖွဲ့တွေကို ကြည့်လိုက်ရင် တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တို့ဖြစ်သလို ဒီတပ်ဖွဲ့ တို့ကို ပြီးခဲ့တဲ့အစိုးရက လက်မှတ်ထိုးဖို့ ကန့်ကွက်ငြင်းဆန်ခဲ့တဲ့ တပ်ဖွဲ့တို့ဖြစ်နေတာလည်း တွေ့ရတယ်။

တခါ အဲဒီတပ်ဖွဲ့ ၄ ခုထဲ ၂ခုက မကြာသေးခင်နှစ်တွေကမှ ဖွဲ့ခဲ့တဲ့ တအန်းပလောင်နဲ့ အေအေ ရခိုင် လက်နက်ကိုင်တပ်ဖွဲ့တို့ဖြစ်တယ်။ MNDAA ကိုးကန့်တပ်ဖွဲ့ကတော့ ၂၀၁၅ ခုနှစ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပြီး ဒီတပ်ဖွဲ့အပေါ် အစိုးရနဲ့ တပ်မတော်က လက်နက်ချဖို့ ပြောထားတာဖြစ်တယ်။ KIA ကချင်အဖွဲကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ခုထဲ အင်အားကြီးတဲ့ ၀ါရင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး တအန်းပလောင်နဲ့ အေအေ ရခိုင့်တပ်တို့ကို မွေးထုတ်ခဲ့တဲ့အဖွဲ့လို့ နာမည်ကြီးတယ်။ အခု မူဆယ်ကို ၀င်တိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၄ ခုစလုံးဟာ တရုတ်နယ်စပ်မှာ အခြေပြုထားကြပြီး တရုတ်အစိုးရနဲ့ မကင်းတဲ့ တပ်ဖွဲ့တို့လည်းဖြစ်နေတာမို့ ဒီအရေးမှာ အိမ်နီးချင်း အင်အားကြီးနိုင်ငံတခု ပါဝင်ပတ်သက်နေတယ်လို့လည်း ပြောလို့ရတယ်။ မူဆယ်ဘက်ခြမ်း တိုက်ပွဲကြောင့် တရုတ်နိုင်ငံထဲကို နယ်စပ်မှာ နေထိုင်သူတချို့ ထွက်ပြေးခိုလှုံလာကြောင်း ရန်ကုန်က တရုတ်သံရုံးက ကြေညာချက်တစောင်ထုတ်ပြန်ခဲ့တယ်။ ဒါ့အပြင် အခြေအနေကို တရုတ်အစိုးရက အနီးကပ် စောင့်ကြည့်နေပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ ပြန်လည် တည်ငြိမ်စေဖို့အတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး အပစ်အခတ်ချက်ချင်း ရပ်စဲနိုင်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့တယ်။ တိုက်ပွဲအတွင်း တရုတ်နိုင်ငံထဲကို အမြောက်ဆံတွေကျခဲ့ပြီး ယူနန်နယ်ထဲက နယ်စပ်မှာ အရေးပေါ် အခြေနေ တုန့်ပြန်ရေးအတွက် ရဲတွေတိုးမြှင့်ချထားသလို လုံခြုံရေး အဆင့်မြှင့်ထားတယ်လို့လည်း သိရပါတယ်။

အန်အယ်လ်ဒီအစိုးရသစ်လက်ထက် ညီနောင်တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တို့ရဲ့ ပထမဆုံးထိုးစစ်နဲ့ တိုက်ပွဲခေါ်သံဖြစ်ပြီး အင်မတန်စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်။ နိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသမှာ အစိုးရနဲ့ တပ်မတော်ရင်ဆိုင်ဖြေရှင်းနေရတဲ့ အင်မတန် သိမ်မွေ့နက်နဲ တဲ့ ပဋိပက္ခမီး မငြိမ်းခင် နိုင်ငံမြောက်ပိုင်းဒေသက ထတောက်လာတဲ့ စစ်မီးလည်းဖြစ်တယ်။ ဒီစစ်မီးကလည်း တအုံနွေးနွေးအခြေအနေကနေ ထတောက်ခဲ့တဲ့ စစ်မီးဖြစ်ပြီး နှစ်ဘက်တိုက်ပွဲ တွေ ကျယ်ပြန့်မလာအောင် ထိန်းသိမ်းကိုင်တွယ်လုပ်ဆောင်ကြရမှာဖြစ်တယ်။ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးကြသေးတဲ့ ယူအန်အက်ဖ်စီခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီဘက်ကတော့ နှစ်ဘက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆက်သွားဖို့ ထုတ်ပြောနေပေမယ့် အခု မြောက်ပိုင်းစစ်မီးအရှိန်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သေချာပေါက် ထိခိုက်ပြီဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ဘက်က သူတို့တပ်ဖွဲ့တွေကို တပ်မတော်က ထိုးစစ်ဆင် တိုက်နေတာအား အစိုးရက လျစ်လျူရှုထားတယ်လို့ မြင်နေတယ်။ ဒါကြောင့် အခု မြို့ပေါ် တိုက်ပွဲဆင်နွှဲပြီး အစိုးရကို စိန်ခေါ်လိုက်တာပဲဖြစ်တယ်။ တနည်းပြောရရင် အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အယုံအကြည် မရှိတဲ့အကြောင်း ထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်တယ်။

မြန်မာပြည်မှာ ပြသနာတွေများတဲ့ထဲ အနာဆွေးတခုလိုအမြစ်တွယ်နေတဲ့ ပြည်တွင်းစစ် ပြဿနာက အကြီးဆုံးပြသနာတခုဖြစ်ပြီး အစိုးရအဆက်ဆက် မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာကြီး တခုလည်း ဖြစ်တယ်။ နှစ်ပေါင်း ၇၀ လောက်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မီးဟာ အခုအချိန်ထိ မငြိမ်းနိုင်သေးဘဲ တငွေ့ငွေ့လောင်ကျွမ်းနေတုန်းဖြစ်ပြီး တိုင်းပြည်လည်းဆင်းရဲတွင်းထဲ နစ်သထက် နစ်နေပြီ ဖြစ်တယ်။ ဒီအချက်ကို အစိုးရအဆက်ဆက် ခေါင်းဆောင်တွေရော တိုင်းရင်းသားတော်လျန်ရေး လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေပါ ရေလည်သိရှိပြီး ဖြေရှင်းနိုင်ဖို့ ဆွေးနွေး တိုင်ပင်နေတဲ့ ကြားကပဲ စစ်မီးက ဆက်လက် လောင်ကျွမ်းမြဲ လောင်ကျွမ်းဆဲဖြစ်တယ်။ ဘာကြောင့်လည်း အဖြေရှာကြည့်ရင်တော့ ကြောင်းကျိုးပေါင်းများစွာရှိနေပြီး ဒီထဲ လူတွေရဲ့ အတ္တ က ရှေတန်းက ပါတယ်။ ငါ့လူမျိုး ငါ့အဖွဲ့အစည်း စတဲ့စတဲ့အကျိုးစီးပွားတွေနဲ့ ယှဉ်ပြီးပြောဆို လုပ်ကိုင်နေသေး သရွေ့ ဒီစစ်မီးငြိမ်းဖို့ မမြင်။ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ နှစ်ပေါင်း ၇၀ လောက် ရှိခဲ့ပြီ။ နောက်ထပ်ဘယ်လောက်ကြာဦးမှာလည်းမေးရင် အခုအချိန်ထိ အဖြေမရှိသေး။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့အောက်တိုဘာ ၁၅ ရက် အပစ်ရပ်စာချုပ် အန်စီအေ တနှစ်ပြည့် အခမ်းအနားမှာ တိုက်ခိုက်နိုင်ခြင်းအရည်အချင်းကို ပြိုင်မယ့်အစား မီးငြိမ်းအောင်လုပ်နိုင်မယ့် အရည်အချင်းကို ပြိုင်ကြဖို့ ပြောခဲ့တယ်။ အခုကတော့ ဘာပြိုင်ကြမှာလည်းမေးရင် တိုက်ခိုက်နိုင်ခြင်းအရည်အချင်း ပြိုင်နေကြတယ်လို့ပဲ ပြောရတော့မယ်။

မောင်တောခရိုင်မှာ ဆေးရုံဆေးခန်း အခြေပြု လူထုကျန်းမာရေး


ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးအတွင်း အသေးစားဖောက်ခွဲမှုပြုလုပ်သူ သံသယတရားခံကို ဖမ်းဆီးရမိ

ဇေယျာမော်

ယမန်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးအတွင်း၌ အသေးစားဖောက်ခွဲမှုပြုလုပ်သူ သံသယတရားခံကို ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ သံသယတရားခံဟု ယူဆရသူ ခင်မောင်ရွှေ(ခ)ရာကွတ် ကို သင်္ကန်းကျွန်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီး ၄င်းနှင့်အတူ ဖောက်ခွဲမှုတွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများကိုပါ သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တရားခံကို စစ်မေးချက်အရ သက်သေခံပစ္စည်းများကို သင်္ကန်းကျွန်းမြို့နယ် ၊ င/တ ရပ်ကွက်၊ ဇာဝေယာလမ်းရှိ အစ္စလာမ်ဓမ္မာရုံ အုတ်တံတိုင်းအတွင်း စွန့်ပစ်ထားကြောင်း ထွက်ဆိုခဲ့ခြင်းကြောင်း သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဖောက်ခွဲမှုပြုလုပ်ရာတွင် အသုံးပြုသည့် ဆာလဖျူရစ်အက်ဆစ်ဟု ယူဆရသည့် အရည် သုံးပုံတစ်ပုံပါရှိသည့် အဖြူရောင်ပလတ်စတစ်ဘူး ၊ ဓာတုဗေဒအမှုန့်ဟု ယူဆရသည့် အဖြူရောင် အမှုန့်(၁၉၅) ဂရမ်ပါ အထုတ် ၁ ထုပ်၊ ဖောက်ခွဲမှုပြုလုပ်ရာတွင် အသုံးပြုသည့် အရှည် သုံးလက်မ၊ အချင်း လက်မ၀က်ခန့်ရှိသည့် ခရမ်းရောင် အဖုံးပိတ်နှင့် သွေးနမူနာရယူရာတွင် အသုံးပြုသော Tube (၁၄)ချောင်း ၊ M အမှတ်တံဆိပ်ပါ M 150 အမျိုးအစား အနက်ရောင် ပုလင်း ၇ ပုလင်းအား ရှာဖွေ့တွေ့ရှိခဲ့ကြောင်း သိရသည်

ငြိမ်းချမ်းရေးကိစ္စ ဦးရွှေမန်းနှင့် KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးတို့ တွေ့ဆုံ

ထက်နိုင်ဇော်


ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆွေးနွေးနိုင်ရန်အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့် အဖွဲ့ကို နေပြည်တော် လွှတ်တော် အဆောက်အဦ ဝင်းအတွင်းရှိ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင်ရုံးတွင် လက်ခံတွေ့ဆုံခဲ့သည်ဟု ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်းက မီဒီယာများသို့ ပြောသည်။

ဦးရွှေမန်းက “သူတို့ကလည်း ငြိမ်းချမ်းရေး လိုချင်ကြတယ်။ တို့ကလည်း ငြိမ်းချမ်းရေး လိုချင်တယ်။ ငြိမ်းချမ်းရေး ရဖို့အတွက် လိုအပ်တဲ့ ကိစ္စလေးတွေ ဆွေးနွေးတာပါ” ဟု ပြောသည်။

သို့သော် အသေးစိတ် ဆွေးနွေးခဲ့သည့် ကိစ္စများကိုမူ မီဒီယာများသို့ လတ်တလောတွင် ရှင်းပြနိုင်ခြင်း မရှိကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် အမြင်သဘောထားခြင်း ဖလှယ်ခဲ့ကြောင်း ဦးရွှေမန်းက ပြောသည်။

ဦးရွှေမန်းက “မြောက်ပိုင်းကိစ္စတွေကတော့ ဝမ်းနည်းစရာ ကောင်းတယ်။ စိုးရိမ်စရာ ကောင်းတယ်။ ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထလည်း ရှိပါတယ်။ ပြဿနာ ရှိရင်လည်း အဖြေရှိတယ်။ ဒါကြောင့်မိုလို့ စိုးရိမ်စရာ ကောင်းတာမှန်တယ်၊ ဝမ်းနည်းစရာ ကောင်းတာမှန်တယ်၊ ဒီဟာကို အဖြေရှာပြီးတော့ ကျော်လွှားသွားဖို့ပဲ လိုတယ်။ ဒီအတိုင်းကြီး ရပ်နေလို့တော့ မရဘူး” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲများ အရေးနှင့် ပတ်သက်၍လည်း သဘောထား မှတ်ချက်ပြုသည်။

ယနေ့ ဆွေးနွေးပွဲသို့ KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် KNU စစ်ဘက်ဆိုင်ရာ တာဝန်ခံ တချို့လည်း ပါဝင်တက်ရောက်ကြောင်း တွေ့ရပြီး ဆွေးနွေးပွဲနှင့် ပတ်သက်၍ KNU ဘက်မှ မှတ်ချက် တစုံတရာ ပြောဆိုခြင်း မရှိပေ။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးနှင့် အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းကလည်း နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သေးသည်။

ယနေ့ မြန်မာ့ရေရာသတင်းများ November, 27th,2016

( 20 )ကြားဖြတ်အတွက် NLD ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်

( 19 )သူရဦးရွှေမန်း KNU ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေး

( 18 )မြန်မာ လေယာဉ်မောင်မယ်များ Vietjet လေကြောင်းလိုင်းဖြင့် ကောင်းကင်ပေါ်တွင် ပျံသန်းနိုင်ပြီ

( 17 )အာရှနိုင်ငံတွေမှာ မြန်မာအစိုးရကို ဆန္ဒပြ

( 16 )မြန်မာနဲ့ မလေးရှားပွဲ လုံခြုံရေးအပြည့် ပေးမည်ဟု MFF ကတိပေး

( 15 )ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိ၊ ၁ ဦးသေဆုံး

( 14 )စိတ်ကြွဆေးဖြင့် ထိုင်ဝမ်သား ၅ ဦး ဖမ်းအပြီး နောက်ဆက်တွဲ ရဲက စုံစမ်းနေ

( 13 )လှည်းတန်းခုံးတံတားအောက် ပန်းရောင်းသည့်မိန်းကလေးငယ်ကို သတ်ခဲ့သည့်တရားခံ ဖမ်းမိ

( 12 )ကမာရွတ်မြို့နယ်က ကလေးသေဆုံးမှု သံသယ တရားခံကို ရဲရှာဖွေနေ

( 11 )ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ဗုံးပေါက်ကွဲမှု သံသယရှိသူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးနေ

( 10 )အမျိုးသမီး ၁ ဦး၏ အတွင်းခံဘောင်းဘီတွင်းဝှက်ထားသည့် စိတ်ကြွဆေးပြားများ ရှာဖွေတွေ့ရှိ

( 9 )ရန်ကုန်တွင် ကျပ်သိန်း ၁၀၀ အောက် အိမ်ခန်းများ သန်းနှင့်ချီ တည်ဆောက်ပေးမည်

( 8 )ရှမ်းပြည်မြောက်ပိုင်း မြို့ကြီးအချို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော်များ မကျင်းပတော့

( 7 )အမျိုးသားရေး အားလုံးလုပ်ဆောင်ရန် အမျိုးသားအောင်ပွဲနေ့ သတင်းစကား ဒေါ်စု ပါး

( 6 )နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကလေးမြို့တွင် ကျင်းပ

( 5 )အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး နေပြည်တော်တွင်ကျင်းပ

( 4 )သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆန္ဒပြ

( 3 )နေအိမ်တွေက မစွန့်ခွာကြရန် မူဆယ်ခရိုင်အုပ်ချုပ်ရေး မေတ္တာရပ်ခံ

( 2 )အမျိုးသမီးများနှင့် ကလေးများကို လိင်အကြမ်းဖက်ခံရမှု အကာအကွယ်ပေးရန် တောင်းဆို

( 1 )ပထမဆုံးအကြိမ်ကျင်းပမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲ အသင်း ၇ သင်းဖြင့် စတင်ကျင်းပမည်

Saturday, November 26, 2016

ဒေသခံပြည်သူတွေပူးပေါင်းပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအဖြေရှာတွေ့ဆုံပွဲ


ဖောက်ခွဲရေးအတွက် M 150 အသုံးချမှု ခံနေရတယ်လို့ ကုမ္ပဏီတာဝန်ရှိသူပြော

ဇေယျာမော်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လတ်တလော ဖြစ်ပွားနေသည့် ပေါက်ကွဲမှုဖြစ်စဉ်များသည် M 150 အချိုရည်ပုလင်းကို အသုံးချမှုသာဖြစ်ကြောင်း M 150 ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောဆိုလိုက်သည်။

"ဒီ M 150 ပုလင်းအတိုင်းကတော့ ဘာမှ ပေါက်ကွဲစရာမရှိဘူး။ ဒီပုလင်းကို အသုံးချသွားတာကတော့ တစ်ကဏ္ဍပါ"ဟု M150 အချိုရည် ကုမ္ပဏီ မန်နေဂျာ ဦးဇော်တင်က မဇ္ဈိမသို့ ပြောသည်။

M150 အချိုရည်ပုလင်းများတွင် Gas လုံးဝထည့်သွင်းထားခြင်း မရှိဘဲ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) အသိအမှတ်ပြုလက်မှတ်ရရှိထားကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

ကိုးရက်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အသေးစားပေါက်ကွဲမှု နေရာလေးကြိမ် ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုများတွင် M150 ပုလင်းထဲသို့ ဓါတုဗေဒဆေးရည် ထည့်သွင်းပြီး ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က မရမ်းကုန်းမြို့နယ် ၊ ကိုးမိုင် ပြည်လမ်းပေါ်ရှိ Ocean Super Centre ၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဒေါပုံမြို့နယ် Capital Hypermarket ၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် တောင်ဒဂုံမြို့နယ် လ၀ကရုံး၊ နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ၄င်းဖြစ်စဉ်အတွင်း M 150 အချိုရည် ပုလင်းများကို အသုံးချသွားခြင်းဖြစ်သည်။

အဆိုပါ အားဖြည့်အချိုရည်ပုလင်းများအား Loi Hein Co.,Ltd မှ ဖြန့် ဖြူးရောင်းချခြင်း ဖြစ်ပြီး Osotspa Co.,Ltd မှထုတ်လုပ်ထားခြင်းဖြစ်သည်။

ညဈေးအဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်တဲ့ နေရာမှာ ဈေးသည်တွေအတွက် အက်အခဲ


ကာချုပ်နှင် တရုတ်ဗဟိုစစ်ကော်မရှင်အဖွဲ့တွေ့ဆုံ

ဧရာဝတီ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Liu Zhenmin နှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ၊ ဒုတိယပူးတွဲစစ်ဦးစီးချုပ် General Xu Fenlin တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကာ လက်ရှိဖြစ်ပေါ်နေသည့် အရှေ့မြောက်ဒေသဖြစ်စဉ်များ ၊ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား(၂+၂) ဆောင်ရွက်နေသည့် အကြောင်းအရာများကို ဆွေးနွေးကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Liu Zhenmin၊ ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ၊ ဒုတိယပူးတွဲစစ်ဦးစီးချုပ် General Xu Fenlin၊ တို့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက တရုတ်-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးရှိပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အစဉ်အသိအမှတ်ပြု လေးစားမှုရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ချက်များအပေါ် ထောက်ခံမှုရှိကြောင်းနှင့် အရှေ့မြောက်ဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သဘောထားရပ်တည်ချက်နှင့် လုပ်ဆောင်မှု များအား ဆွေးနွေးပြော ကြားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ-တရုတ်သည် အိမ်နီးချင်းကောင်း မိတ်ဆွေညီအစ်ကိုနိုင်ငံများ ဖြစ်ကြောင်း၊ တပ်မတော်၏ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေမှုများကို ပြောကြားကြောင်းသိရသည်။

အမျိုးသမီးအကြမ်းဖက်မှု ရပ်တန့်ရေးနေ့အထိမ်းအမှတ်



ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် မိန်းကလေးငယ်အမှု တရားခံဖမ်းမိ

ဇေယျာမော်

နိုဝင်ဘာလ ၂၄ရက်ညက ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြား ရထားသံလမ်းပေါ်တွင် အသတ်ခံခဲ့ရသည့် အသက် ၁၀ နှစ်ခန့် မိန်းကလေးငယ်အမှုကို ကျူးလွန်သူတရားခံ ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ခဲ့သည်။

ယမန့်နေ့ ည ၇ နာရီခွဲခန့်က အဆိုပါ အမှုကျူးလွန်သူ ဖြစ်သည့် ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ မင်းရဲကျော်သူလမ်းနေ ကျော်အောင်(ခ)ကျော်ကြီး(ခ)ပြာဂလောင်(၂၉) နှစ်အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ၎င်းမှအမှုအား ကျူးလွန်ခဲ့ကြောင်း နှင့် ဆက်လက်စစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်မေးချက်အရ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ၎င်းနှင့်သမီးဖြစ်သူတို့ လှည်းတန်းဂုံးတံတားအောက်၌ ပန်းရောင်းနေစဉ် ညီမဖြစ်သူ မိဆယ်၏ ခင်ပွန်းဟောင်းဖြစ်သူ ပြာဂလောင်(ခ)ကျော်ကြီး ရောက်ရှိလာပြီး ၎င်းတစ်ဦးတည်း ပိုက်ဆံ တောင်းရမ်းနေသည်မှာ အဆင်မပြေသဖြင့် သမီးဖြစ်သူအားထည့်ပေးရန်ပြောရာ သမီးဖြစ်သူ မ၀င်းဝင်းအေးအားထည့်ပေးလိုက်ကြောင်း မိန်းကလေး၏ မိခင်က ထွက်ဆိုခဲ့သည်။

ထို့နောက် ည ၇နာရီ ၄၅ မိနစ်တွင် ပြာဂလောင်(ခ)ကျော်ကြီးမှာ တစ်ဦးတည်းပြန်လည် ရောက်ရှိလာသဖြင့် သမီးဖြစ်သူအားမေးမြန်းရာ အရင်ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်းပြောဆိုသော်လည်း ၎င်းမှ သမီးဖြစ်သူမှာ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်းပြန်ပြောရာ ပြာဂလောင်(ခ)ကျော်ကြီးမှ လိုက်ရှာဦးမည်ဟုပြောဆို၍ အင်းယားကန်ဘောင်ဘက်သို့ထွက်သွားခဲ့ကြောင်း၊ ၎င်းမှလည်း သမီးဖြစ်သူအားလိုက်လံရှာဖွေစဉ် ရဲတပ်ဖွဲ့ဝင်များမှ မိန်းကလေးငယ်တစ်ဦး သေဆုံးနေကြောင်း ဓာတ်ပုံအားပြသသဖြင့် ကြည့်ရှုရာမှ သမီးဖြစ်သူမှာ ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြား ရထားသံလမ်းပေါ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်းသိရှိရပြီး အနီးတွင်လည်း ပြာဂလောင်(ခ)ကျော်ကြီးလွယ်သွားသော အပြာအဖြူစိမ်းပတ်လည်စင်းပါ ချည်လွယ်အိတ်အား တွေ့ရှိခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အခြေခံ ရေလုပ်သားတွေရဲ့အခွင့်အရေး ကာကွယ်ဖို့ ရေလုပ်သားများအဖွဲ့ ကျေးရွာအလိုက်ဖွဲ့စည်း


သျှမ်း၊မြောက် တိုက်ပွဲတွင် UWSA ၊ SSPP/SSA နှင့် RCSS/SSA တို့ပါဝင်တိုက်ခိုက်မည်ကို ဦးခွန်ထွန်းဦး စိုးရိမ်

စိုင်းအောင်ဆိုင်း


သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တို့၏တိုက်ပွဲများတွင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ၊ သျှမ်းပြည်တိုးတက်ရေးပါတီ /သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA အစရှိ သျှမ်းလက်နက်ကိုင်အဖွဲ့များ ပါဝင်တိုက်ခိုက်ကြမည်ကိုအလွန်စိုးရိမ်မိကြောင်း ဦးခွန်ထွန်းဦးက ပြောသည် ။

‘ ကျနော့်အနေနဲ့ အဲလို သျှမ်းလက်နက်ကိုင်တွေ ၊ ၀ တွေလိုအဖွဲ့တွေကပါ ဆက်စပ်တိုက်ပွဲတွေမှာ ပါလာမှာကို အလွန်စိုးရိမ်တယ်။ SSPP က ၀ ရဲ့မဟာမိတ်ဖြစ်သလို RCSS/SSA ကတော့ ၀ နဲ့ တိုက်ဖူးတယ်။ ပလောင်နဲ့ လည်းတိုက်ဖူးတယ်လေ။ အဲလိုဖြစ်ရင် ပိုဆိုးကုန်မယ်။ ‘ ဟု နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သျှမ်းသံတော်ဆင့် အား ပြောသည် ။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှာ မူဆယ်ခရိုင်အတွင်း ၊ ကွတ်ခိုင်ဒေသတို့တွင် အဓိက ဖြစ်ပွားနေသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း တအာင်းပလောင် TNLA အဖွဲ့နှင့် SSA တို့အကြား နမ္မတူမြို့နယ်တို့တွင် ထိတွေ့တိုက်ခိုက်မှု အချို့ဖြစ်ခဲ့သည်ဟု အစိုးရကသတင်းထုတ်ပြန်ထားသည်။
RCSS/SSA မှာ သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင်ဌာနချုပ်တည်ရှိပြီး UWSA ၀ တောင်ပိုင်းတပ်များမှာလည်းတာချီလိတ်အောက်ပိုင်းမှစ၍ မိုင်းပန် ၊ ဟိုမိန်းဒေသအနီးအထိ ထိုင်းမြန်မာနယ်စပ် တစ်လျှောက်တွင် ရှိနေသည် ။

“ တောင်ပိုင်း ပုံပါကျင် ဘက်မှာက ၀ တပ်က တစ်နေရာဆိုရင် စစ်တပ်ကလည်း တစ်နေရာ။ Sequence အလိုက် စီပြီး ဖြစ်နေတဲ့ နေရာတွေအများကြီး။ နောက်ပြီး ၀ ကိုတိုက်မယ်ဆိုရင် သျှမ်းအလယ်ပိုင်းက သံလွင်မြစ် အနောက်ဘက်က တောင်ကြောတွေကိုလည်း စစ်တပ်က လိုချင်တယ်။ ဒါဆို SSPP/SSA နဲ့လည်း တိုက်ရ လိမ့်မယ်။ ဆက်စပ်ကြည့်ရင် ဖြစ်နေတဲ့ စစ်မီးက ဆက်ပွားသွားရင်မလွယ်ဘူး။ စိုးရိမ်ဖို့ကောင်းတယ်။” ဟု သျှမ်းခေါင်းဆောင် ခွန်ထွန်းဦးက ပြောသည် ။

လတ်တလော တိုက်ပွဲများနှင့် ပတ်သက်ပြီး ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့မှ ကန့်သတ်စစ်ပွဲသာ ဖြစ်သည်ဟု ထုတ်ပြန်ထားပြီး ယင်းသို့ တိုက်ခိုက်ရခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်တွင်တပ်မတော်မှ ထိုးစစ် တောက်လျှောက်ဆင်ကာ ပြည်သူများနေထိုင်သည့်ရွာများအတွင်း ပစ်ခတ်မှုများ ရှိခဲ့သောကြောင့် တန်ပြန်တိုက်ခိုက်မှု စတင်ရခြင်းဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကြေငြာထားသည် ။

ဝ တပ်ဖွဲ့ကလည်း တိုက်ခိုက်နေမှုများအား ရပ်ဆိုင်းပြီးဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းထားပြီး လိုအပ်ပါက ၄င်းတို့အနေဖြင့်ကြားဝင်ကူညီပေးမည်ဟု နိုဝင်ဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့်ကြေငြာချက်ထုတ်ပြန် ထားသည်။လက်ရှိအခြေနေအရ အစိုးရအနေဖြင့် ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးကိုသာဦးတည်သင့်သည် ဟုလည်း ခွန်ထွန်းဦးက သုံးသပ်ပြီး နိုင်ငံရေးပြသနာအားနိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန်နှင့် အပစ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အတိုက်အခံ ဘဝကတည်းက ကတိပေးထားခဲ့သည့်အတိုင်း အစိုးရအနေဖြင့် ဆောင်ရွက်ရန် ဦးခွန်ထွန်းဦးက တိုက်တွန်းပြောဆိုသည် ။

ဟင်္သာတမြို့နယ်မှာရှိတဲ့ ဘိုးဘွားရေိပ်သာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်


နိုဝင်ဘာလကုန်ပိုင်းတွင် ကိုဖီအာနန် မြန်မာနိုင်ငံကို လာရောက်မည်

ဇေယျာမော်

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန်သည် နိုဝင်ဘာ လကုန်ပိုင်းခန့်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

"လကုန် လာယ်ဆိုတာတော့ ကျွန်တော်သိရပါတယ်၊ ရက်တွေဘာတွေတော့ အတိအကျ ကျွန်တော် ပြောခွင့်မရှိပါဘူး" ဟု ဦးအေးလွင်က ဆိုသည်။

ကိုဖီအာနန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ သွားရောက်မှာ ဖြစ်ပေမယ့် ပဋိပက္ခဖြစ်ပွားရာ မောင်တောမြောက်ပိုင်းသို့ သွားရောက်ဖြစ်၊ မဖြစ်ဆိုသည့်မေးခွန်းကို ဟာဂျီဦးအေးလွင်အနေဖြင့် တိကျစွာ ဖြေကြားခဲ့ခြင်း မရှိပေ။

"သွားသင့်သွားထိုက်တဲ့ နေရာတွေအားလုံးကိုတော့ သွားပါလိမ့်မယ်" ဟု ၄င်းက ဆိုခဲ့ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ခရီးစဉ်အဖြစ် ထပ်မံလာရောက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်သည် သုံးရက်တာခရီးစဉ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဒုတိယအကြိမ်မြောက်သွားရောက်ခဲ့ပြီး စစ်တွေမြို့ရှိ နှစ်ဘက်အသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့သည်။ သို့သော် ထိုခရီးစဉ်အတွင်း အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန် မပါဝင်ခဲ့သလို ပဋိပက္ခဖြစ်ပွားရာ မောင်တောမြောက်ပိုင်းသို့လည်း သွားရောက်ခဲ့ခြင်းမရှိတာကို တွေ့ရသည်။

မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ကိုဖီအာနန်ပါဝင်သည့် ကော်မရှင်အဖွဲ့၏ ပထမဆုံးရခိုင်ပြည်နယ်ခရီးစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့က သွားရောက်ခဲ့သည်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု


အစိုးရက အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာလုံခြုံရေး ကာကွယ်မှုပေးရန် WLB တောင်းဆို

သူဇာ


ပြည်တွင်းစစ်ပွဲဖြစ်ပွားရာ ဒေသများမှ အမျိုးသမီးများသာမက မြို့ပြရှိ အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ လုံခြုံရေးကို အပြည့်အဝ ကာကွယ်မှုများပေးရန် အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ) မှ တောင်းဆိုလိုက်သည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ အဆိုအရ ပြည်တွင်းစစ်ဖြစ်ပွားရာဒေသများတွင် နေထိုင်သော အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို အစိုးရက ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိကြောင်း၊ မြို့ပြနေ အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာလုံခြုံရေးများကို မင်းမဲ့စရိုက်ဆန်စွာ လုပ်ဆောင်မှုများရှိ လသည့် အတွက် လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးရန် လိုအပ်နေကြောင်း သိရသည်။

“ အခုဆိုရင် ပိုဆိုးဝါးလာပြီ။ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုက စစ်ပွဲဖြစ်တဲ့ နေရာမှာတင် မဟုတ်တော့ဘူး၊ မြို့ပေါ်အထိပါ တွင်တွင်ကျယ်ကျယ် ဖြစ်လာပြီဆိုတာကို တွေ့လာရတဲ့အတွက် ကျမတို့ အမျိုးသမီးတွေအတွက်က စစ်ဖြစ်တဲ့နေရာဒေသမှာတင် မဟုတ်တော့ဘဲ မြို့ကြီး ပြကြီးမှာတောင်မှ လုံခြုံမှု မရှိတော့ဘူးလို့ ခံစားလာရတယ်” ဟု ဂျူလီယာ မာရစ်(ပ်) က ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ သူက “မြန်မာနိုင်ငံရဲ့ ထပ်ဝက်ကျော်က အမျိုးသမီးတွေ ဖြစ်နေတဲ့ အတွက် အမျိုးသမီးတွေရဲ့ လုံခြုံမှု ကင်းမဲ့နေသေးတယ်ဆိုတာ မြန်မာနိုင်ငံက မငြိမ်းချမ်းသေးတာနဲ့ အတူတူပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့က တိုက်ပွဲတွေ အားလုံး ရပ်တဲ့အပြင် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးများ အပါအဝင် တိုင်းသူပြည်သားအားလုံးအပေါ် လုံခြုံမှု အပြည့်အ၀ ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။

ယနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ လုပ်ဆောင်မှုအပေါ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ သုံးသပ်ချက် စာတမ်းတစောင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် လက်နက်ကိုင် စစ်ပဋိပက္ခများ ဖြစ်ပွားနေသော ကချင်နှင့် ရှမ်းပြည်နယ်ရှိ ဒေသများတွင် မြန်မာတပ်မတော် တပ်ဖွဲ့ဝင် အများဆုံး ပါဝင် ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ရပ် ၉၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ရရှိလာသည့် အချက်များအရ အမှု ၅ မှုကိုသာ အရပ်ဖက် တရားရုံးများတွင် ကြားနာခဲ့ကြောင်း ဖော်ပြထားသည်။

လိင်ပိုင်းဆိုင်ရာ အမှုများ စစ်ဆေးရာတွင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုနှင့် တရားရုံး၏ လုပ်ဆောင်မှုများမှာ အားနည်းခြင်းများ ရှိနေကြောင်း၊ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများနှင့် တရားရုံး၏ လုပ်ဆောင်မှုများအပေါ် ထိန်းချုပ်မှုများ ရှိနေကြောင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် အမျိုးသမီးများ တရားမျှတမှု ရှာဖွေရာတွင်လည်း လျော်ကြေးများဖြင့် နှုတ်ပိတ်ခြင်းများ၊ ခြိမ်းခြောက်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် တန်ပြန် လက်စားခြေမှုများကို ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ဆိုသည်။

WLB သည် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ စစ်ပဋိပက္ခနှင့် ဆက်နွယ်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၉၂ မှုကို မှတ်တမ်း ရယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၁၅ မှု နှင့် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ၃ မှုကို မှတ်တမ်း ရယူနိုင်ခဲ့သည်။

၎င်းသည် အမျိုးသမီး အဖွဲ့အစည်းပေါင်း ၁၃ ဖွဲ့ဖြစ် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး အဖွဲ့ချုပ် အနေနှင့် စစ်ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စောင့်ကြည့် မှတ်တမ်းတင်နေသည့် အဖွဲ့အစည်း တခု ဖြစ်သည်။

ကလေး လူငယ်တွေအတွက် စာအုပ်မိတ်ဆက်ပွဲ နှင့် လှူဒါန်းပွဲ


မောင်တော နတ်မြစ်က မသင်္ကာဖွယ်လှေကို ရပ်ခိုင်းရာမှ မူးယစ်ဆေးဝါးများ ဖမ်းမိ

RiA

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်တွင် နိုဝင်ဘာ ၂၄ ရက် ညအချိန် သွားလာနေသည့် လှေငယ်တစ်စီးကို မသင်္ကာ၍ နယ်ခြားစောင့်ရဲမှ ရပ်ခိုင်းရာမှ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ကျော်မြဝင်းက ပြောသည်။

“လူတွေကတော့ ထွက်ပြေးသွားကြပါတယ်။ ညဆိုတော့ ဘယ်သူတွေလည်း မသိလိုက်ရပါဘူး။ ဆေးတွေကိုပဲ ဖမ်းမိတာပါ။”

ဖမ်းမိဆေးပြား အရေအတွက်မှာ ၆၅၀၀၀ ဖြစ်ပြီး ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၃၀ ဖိုး ရှိပြီး သယ်ဆောင် လာသူများမှ နယ်ခြားစောင့်ရဲမှ မသင်္ကာလှေအား ရပ်ခိုင်းရာ မရပ်သဖြင့် မီး အချက်ပြပြီး သေနတ်ငါးချက် ပစ်ဖောက်ကာ ခြောက်လှန့်ပြီး ဖမ်းဆီးရန် ကြိုးပမ်းစဉ် အနီးရှိ ဓနိတောသို့ ထွက်ပြေး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်မှ ယခုနှစ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား အလုံး အရင်းဖြင့် ဖမ်းဆီးရရှိမှုမှာ သြဂုတ်လ ၂၃ ရက်က ၁၁၇,၀၀၀ ပြား ကာလတန်ဖိုး၂၃၄ သန်း၊ သြဂုတ်လ ၃၀ ရက်က ၂၉၂,၅၀၀ ပြား ကာလတန်ဖိုး ၅၈၅ သန်း၊ စက်တင်ဘာလ ၁ ရက်နေ့က ၄၄၅,၅၀၀ ပြား ကာလတန်ဖိုး ၈၉၁ သန်း၊ စက်တင်ဘာလ ၂ ရက်က ၂,၂၆၀,၀၀၀ ပြား ကာလတန်ဖိုးမှာ ၄၅၂၀ သန်း၊ စက်တင်ဘာလ ၁၉ ရက်က ၆,၂၃၃,၀၈၀ ပြား၊ ကာလတန်ဖိုး ၁,၂၄၆,၆၁၆,၀၀၀ သန်းတို့ဖြစ်ပြီး ယခု နိုဝင်ဘာလ ၂၄ ရက်တွင် ၆၅,၀၀၀ ပြား၊ ကာလ တန်ဖိုး ၁၃ သန်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မုံရွာခရိုင်အတွင်းမှာ ဒီနှစ်အတွင်း သက်ငယ် မုဒိမ်းမှုအများစုဖြစ်



တအာင်းတပ်ဖွဲ့နှင့် ပစ်ခတ်မှုမရှိကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ပြော

ဟွမ်ဟိန်း


နိုဝင်ဘာလသျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မ တော်မှ သွားရောက်လှုပ်ရှားခြင်း မရှိတော့သဖြင့် တအာင်းတပ်နှင့်ပစ်ခတ်တိုက်ခိုက်မှုမရှိသည်မှာ ကြာပြီဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်ဘက်က ပြောဆိုလိုက်သည် ။

နိုဝင်ဘာလ ၂၄ ရက်နေ့က တအာင်းတပ်ဖွဲ့၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည့်သတင်းအရ နိုဝင်ဘာ ၂၀ ရက် မှ ၂၃ ရက်နေ့အထိ တအာင်းတပ်နှင့်သျှမ်းတပ်တို့ တိုက်ပွဲပေါင်း ၁၄ ကြိမ်ဖြစ်ပွါးပြီး RCSS/SSA ၏ တပ်စခန်း ၉ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြချက်မှာ မှန်ကန်မှုမရှိကြောင်း သျှမ်းပြည်တပ်မတော်ဘက်က ပြောသည် ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီးစိုင်းငင်းက – အဆိုပါ မန်တုံမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော်မှ လှုပ်ရှားမှု မရှိသည်မှာ အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်မတော်တို့ကြား ပဋိပက္ခများ မဖြစ်ပွါးခင်ကတည်း ကဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အား အတည်ပြုပြောဆိုပါသည် ။

“ကျနော်တို့ဘက်ကနေ အဲ့ဒီအပိုင်းမှာ သွားမလှုပ်ရှားတာ ကြာလှပါပြီ။ ကျနော်တို့ ကေဒါတပ်သားတွေကို ဘယ်အဖွဲ့နဲ့မှ ပစ်ခတ်တိုက်ခိုက်မှုမရှိအောင် ကျနော်တို့ထိန်းပါတယ်။ တအာင်းတပ်နဲ့တိုက်ခိုက်ဖို့နေနေ သာသာ လက်ရှိမှာဖြစ်ပွါးနေတဲ့ မြောက်ပိုင်းပြသနာမှာ ၀င်မပါအောင်ဘဲ ကျနော်တို့ အထူးဂရုစိုက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ခုတလောမှာ ကျနော်တို့တပ်က ဘယ်အဖွဲ့နဲ့မှထိပ်တိုက် ပစ်ခတ်မှု မရှိပါဘူး ”- ဟုပြောဆိုသည် ။

သို့သော် တအာင်းသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သောသတင်းတွင် မန်တုံမြို့နယ်အတွင်းရှိ RCSS/SSA ၏ တပ်စခန်း ၉ ခုအနက် နောက်ဆုံးကျန်ရှိသော စေတီတောင်၊ နမ့်ဟိုင်းတပ်စခန်းများအား နိုဝင်ဘာလ ၂၃ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ရာ RCSS/SSA ၏ စစ်လက်နက်များနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည် ။

RCSS/SSA မှာမူ နမ္မတူမြို့နယ် မိုင်းရင်ဒေသသို့ ထွက်ပြေးဆုတ်ခွါခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ၄င်းနှင့်ပတ်သက်ပြီး တအာင်းပြန်ကြားရေးဌာနသို့ ဆက်သွယ်ရာတွင် တာဝန်ခံနှင့် စကားပြောခွင့်မရခဲ့ပေ ။

သျှမ်းပြည်မြောက်ပိုင်းနေ RCSS/SSA ၏ အရာရှိတဦးကလည်း အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း၊ လက်ရှိ ဖြစ်ပွါးနေသော မြောက်ပိုင်းတိုင်းရင်းသားမဟာမိတ်တပ်နှင့်တပ်မတော်တို့ကြား ပဋိပက္ခကိုကြည့်ပါကလည်း တအာင်းတပ်အနေဖြင့် စစ်မျက်နှာ ၂ ဘက် ၃ ဘက်ဖွင့်ရန်မှာ လွယ်ကူသည့်အရာမဟုတ်ကြောင်း – ထောက်ပြ သည် ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်နှင့် တအာင်းတပ်ဖွဲ့တို့သည် ၂၀၁၅ နှောင်းပိုင်းကစပြီး ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။ နှစ်ဦးနှစ်ဖက်ကြား ပြသနာပဋိပက္ခများ ဖြေရှင်းရန် အတွက် တွေ့ဆုံဆွေးနွေးနိုင်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း အောင်မြင်မှုမရှိသေးပေ ။

သံသယရှိသူ တရားခံ နှစ်ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား


ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံထားရသူ NLD ပါတီ မြို့နယ်ဒုဥက္ကဋ္ဌ ဆေးကုခွင့် ရချင်

စည်သူမောင်မောင်

ပုသိမ်မြို့နယ်၊ တရားရုံးတွင် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံထားရသူ ပုသိမ်မြို့နယ်၊ NLD ပါတီ မြို့နယ်ဒုဥက္ကဋ္ဌဦးစန်းရွှေ ဆေးကုခွင့် လုံလောက်အောင် ရချင်ကြောင်း ရုံးတင်အပြီး မီဒီယာများအားပြောသည်။

အမှုနှင့် ပတ်သက်ပြီး "ကျွန်တော်ယုံကြည်ချက် အမှန်တရားကိုလုပ်တာပဲ ဒီအပေါ်မှာ အရေးယူဆောင်ရွက်တာပြောစရာမရှိပါဘူး၊ ကျွန်တော်ဘက်က မှန်တယ်ပဲ ယူဆပါတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ အတိအကျမသိဘူး။ အင်တာနက်စာမျက်နှာ Facebookမှာတင်တဲ့ ဆင်မအုပ်ချုပ်ရေးမှူးရယ် မဟုတ်တဲ့လုပ်ကွက်တွေ တင်ပြတဲ့သတင်းကို တင်လို့ အကြမ်းသိရတာပါ” ဟု ပြောသည်။

လက်ရှိတွင် ထိန်းသိမ်းခံနေရပြီး သူ့အနေနဲ့ “ ကျွန်တော် ဆေးကုသမှုကို ခံရယူချင်တယ်၊ အဓိက ကျွန်တော် တော်တော်ခံစားနေရတယ်၊ အဲဒီအပေါ်မှာ ဆေးကုသခွင့် လုံလောက်အောင် ရချင်ပါတယ်”ဟု ဦးစန်းရွှေက ထိန်းသိမ်းခံရပြီး ကျန်းမာရေး အခြေအနေအကြောင်း ပြောသည်။

ဆက်သွယ်ရေးပုဒ်မ ရုံးချိန်းအား ၆၆(ဃ)ဖြင့် ပုသိမ်မြို့နယ်တရားရုံးတွင် ရမန်ယူပြီး အမှုအား ဒီဇင်ဘာလ ၉ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးစန်းရွှေအား ဆင်မကျေးရွာအုပ်စု၊ ရပ်ကျေးဥက္ကဋ္ဌဦးအောင်ကိုလွင်မှ ငွေဆောင်ရဲစခန်းတွင် လူမှုစာမျက်နှာ Facebookတွင် U San Shwe အကောင့်ဖြင့်"ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး မှ ဆင်မကျေးရွာရှိ အရက်ပုန်းဆိုင်မျာအား အရက်ဆီများကို မယူမနေရ လိုက်လံဖြန့်ဖြူးနေကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ တူသားနောင်မယ် ပစ္စည်းဖြစ်၍ ယူပေးရမည်ဟု နာမည် အလွဲသုံးစားပြုလုပ်နေပါကြောင်း၊ ECရပ်ကျေးမှ လာရောက်တင်ပြပါသည်၊ ဥက္ကဋ္ဌနှင့် ပါတီလွှတ်တော်၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေပါသည်၊ အမှန်တရားဖော်ထုတ်ရှင်းလင်းရန် လိုမည် ”ရေးသားဖော်ပြချက်အား ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်က ငွေဆောင်ရဲစခန်းတွင် နိုဝင်ဘာလ၂၁ရက်နေ့တွင် အမှုဖွင့်လှစ်တိုင်ကြားခဲ့ကြောင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

နိုဝင်ဘာလ၂၄ရက်နေ့တွင် ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဒုဥက္ကဋ္ဌ ဦးစန်းရွှေအား ငွေဆောင်ရဲစခန်းမှ ပ၃၉/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ဆင်မကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကျေးရွာပါတီဥက္ကဋ္ဌဦးမြင့်နိုင်နှင့် ကျေးရွာပါတီဒုဥက္ကဋ္ဌ ဦးလွင်ဦးတို့အားလည်း ဆက်သွယ်ရေးပုဒ်မ၆၆(ဃ)ဖြင့် ယနေ့ ထပ်မံအမှုဖွင့်ထားကြောင်း သိရှိရသည်။

အမှုတိုင်ကြားသည့် တရားလို ဆင်မကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အုပ်ချုပ်ရေးမှူးမရှိကြောင်း ပြန်လည်ပြောဆိုပြီး၊ညနေပိုင်း ဆက်သွယ်ခေါ်ယူရာ ဖုန်းဆက်သွယ်မရှိသေးပါ။

နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၂၆.၁၁.၂၀၁၆)


ရှမ်းပြည်နယ် NLD ခေါင်းဆောင်များအား ရာထူးချ၊ ထုတ်ပယ်သည့် ကိစ္စ ဦးဝင်းထိန် အနိုင်ရ

ထက်နိုင်ဇော်


အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ရှမ်းပြည်နယ် ခေါင်းဆောင်များကို ရာထူးချခြင်း၊ ထုတ်ပယ်ခြင်းတို့နှင့် ပတ်သက်၍ ကာယကံရှင်များ၏ အယူခံမှုကို ပြန်လည် ကြားနာခဲ့ရာ ပါတီ အယူခံ ခုံရုံးက ဦးဝင်းထိန်ကို အနိုင်ပေးလိုက်ကြောင်း သတင်းရရှိသည်။

“တောင်ကြီးက အယူခံ ၃ မှု ရှိတယ်။ ဒေါ်ခင်မိုးမိုးနဲ့ ဦးတင်မောင်တိုးတို့ အယူခံက ပယ်ချခံရတယ်။ သူတို့ ရှုံးသွားတာ ပေါ့။ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်တို့ရဲ့ အယူခံကိုတော့ လက်ခံလိုက်တယ်။ အရင်တာဝန်ပဲ ပြန်ပေးအပ်လိုက်တယ်။ ဒီနေ့ CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) က အတည်ပြုလိုက်ပြီ။ အယူခံ ခုံရုံးက တင်ပြတဲ့ အတိုင်းပဲ အတည်ပြုလိုက် တယ်။ သူတို့ သုံးသပ်တာကတော့ အရှည်ကြီးပဲ” ဟု NLD ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများသို့ ပြောသည်။

ယနေ့ နေ့လယ်ပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်း အတွင်းရှိ ယူနီစန် စားသောက်ဆိုင်တွင် ပြုလုပ်သည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အထက်ပါ အတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး ယင်း အစည်းအဝေး အပြီးတွင် ဦးဝင်းထိန်က ပြောဆိုခြင်း ဖြစ်သည်။

“နောက်ဆုံး အမိန့်ချလိုက်တာ ကတော့ ဒေါ်ခင်မိုးမိုး၊ ဦးတင်မောင်တိုးတို့ရဲ့ အယူခံတွေကို ပလပ်လိုက်တယ်။ တင်မောင်တိုးကိုတော့ ပါတီက ထုတ်ထားတယ်။ ဒေါ်ခင်မိုးမိုးကိုတော့ ဥက္ကဋ္ဌ ရာထူးက ထုတ်လိုက်တာပေါ့” ဟု ဦးဝင်းထိန်က ဆိုသည်။

ယခု ဆုံးဖြတ်ချက်ကို ပါတီက တရားဝင် အကြောင်းကြားခြင်း၊ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း သေချာနေပြီ ဖြစ်သဖြင့် တရားမျှတမှု မရှိဟု ခံစားရကြောင်း ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ အဖြစ်မှ ပါတီဝင်အဖြစ်သို့ ရာထူးချ ခံလိုက်ရသူ ဒေါ်ခင်မိုးမိုးက ဧရာဝတီသို့ ပြောသည်။

“ဒီနေ့လယ် ၁ နာရီကျော်မှ ဒီသတင်းကို သိရတယ်။ ရှမ်းပြည် NLD ဥက္ကဋ္ဌ နေရာကို ဦးဝင်းထိန်က အစားထိုး နေချင်တာ ဆိုတော့ ဒီအဖြေက မျှော်လင့်ပြီးသား ပါ။ ပြီးတော့ ခုံရုံးကလည်း ဘာအာဏာမှ မရှိဘူးဆိုတာ သိတယ်။ ဒါပေမယ့် ကျမကို ဘယ်အချက်နဲ့ ငြိလို့ ထုတ်တာလဲ ဆိုတာတော့ သိချင်သေးတယ်” ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။

ပါတီမှ ထုတ်ပယ်ခံရသူ ဦးတင်မောင်တိုး ကလည်း ယင်းကိစ္စကို ဒေါ်ခင်မိုးမိုး၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် တင်ပြထား သဖြင့် သိရသော်လည်း ပါတီမှ တရားဝင် အကြောင်းမကြားသေး သဖြင့် မည့်သည့် မှတ်ချက်မှ မပြုလိုကြောင်း ဧရာဝတီသို့ ပြောသည်။

NLD ပါတီ၏ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဝင်းထိန်၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုး မိုး၊ ပါတီဝင် ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့ကို ရာထူးမှ ချထားခြင်း၊ တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်းတို့ ဆောင်ရွက်ခဲ့သဖြင့် ကာယကံရှင်များက ပါတီသို့ အယူခံ တင်သွင်းရာ ၂ ဖက်စလုံးကို စစ်ဆေးပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဖြူးမြို့နယ်အတွင်းက တောင်သူ ၂၀ကျော် ပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲ


၁၀၅ မိုင် တိုက်ခိုက်မှု ၅ ရက်အတွင်း ထိခိုက်သူ ၄၃ ဦးထိရှိနေ

စိုးသူအောင်

ရှမ်းပြည်မြောက်ပိုင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပတ်ဝန်းကျင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ယနေ့ (နိုဝင်ဘာ ၂၅) ထိ ၅ရက်အတွင်း ဒဏ်ရာရသူနှင့် သေဆုံးသူ စုစုပေါင်း ၄၃ ဦးအထိ ရှိနေသည်ဟု မူဆယ် ကုတင် ၁၀၀ ဆန့် ဆေးရုံ အချက်အလက်များအရ သိရသည်။

“ နိုဝင်ဘာ ၂၀ ရက်ကနေဆိုရင် ဒီနေ့အချိန်ထိ ၂၄ ရက်ထိဆို ၄၃ ဦးရှိခဲ့တယ် ။ ဒီနေ့ကတော့ ဆေးရုံရောက်လာတဲ့သူ မရှိဘူး။ အခုချိန်ထိပေါ့။ အခုလက်ရှိကတော့ ကျွန်မတို့ဆေးရုံမှာ ၁၇ ယောက်ပဲ။ ကျန်တဲ့သူတွေက ပြန်သွားပြီ ” ဟု မူဆယ်မြို့ ကုတင် ၁၀၀ဆန့်ဆေးရုံမှ ဆေးလူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းက မဇ္စျိမသို့ ပြောသည်။

တပ်မတော်နှင့် KIA (ကချင်)၊ TNLA (တအောင်း/ ပလောင်)၊ MNDAA (ကိုးကန့်)၊ AA (ရခိုင်) အဖွဲ့တို့ နိုဝင်ဘာ ၂၀ ရက်မှစတင် တိုက်ပွားဖြစ်ပွားခဲ့သောကြောင့် လက်ရှိအချိန်ထိ လုံခြုံရေးတပ်ဖွဲ့နှင့် အရပ်သားဘက်မှ ဒဏ်ရာရသူ ၃၅ ဦးနှင့် သေဆုံးသူ ၈ ဦးထိ ရှိနေကြောင်း သိရသည်။

“ သေဆုံးတာ ၈ ဦးပေါ့။ ကျွန်မတို့ ဆေးရုံမှာ ဆုံးတာကတော့ ၁ယောက်ပဲ ” ဟု ဒေါ်မြမြစန်းက ပြောဆိုသည်။

KIA ၊ TNLA နှင့် MNDAA အဖွဲ့များ ၀င်ရောက်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်ထိ သေဆုံးသူ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပြည်သူ့စစ် ၂ ဦးနှင့် အရပ်သား ၅ ဦးသေဆုံးထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၂ ညနေပိုင်းထိ ထိခိုက်ဒဏ်ရာရသူအနေဖြင့် စုစုပေါင်း ၃၃ ဦးထိရှိနေကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ထိတွေ့မှု စတင်ဖြစ်ပွားသည့်ရက်မှ စတင်ကာ မူဆယ်မြို့ရှိ ဘဏ်၊ ဈေး နှင့် ကျောင်းများပိတ်ထားရာမှ ဈေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီး ဘဏ်များမှာဖွင့်လှစ်ခြင်းမရှိသေးပေ။

တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ပေါင်း ၃၂၀၀ ခန့်ရှိရာမှ နယ်မြေပြန်လည်တည်ငြိမ်ပြီဖြစ်၍ နေရပ်သို့ ပြန်သူများလည်းရှိနေကြောင်း သိရသည်။

သန်လျင်တံစီမံကိန်းနှင့် တွံတေးတူးမြောင်းစီမံကိန်းအတွက်ချေးငွေ


သမိုင်းဝင် ပင်လုံမြို့၌ ယမ်းပေါက်ကွဲ၊ ၁ ဦးသေ ၆ ဦး ဒဏ်ရာရ

နန်းဆိုင်ဖူး


သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် သမိုင်းဝင် ပင်လုံမြို့၌ မီးပုံးပျံအတွက် ယမ်းထောင်းရာ ပေါက်ကွဲမှု ဖြစ်ပြီး ၁ ဦးသေ ၆ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည် ။

“ လွိုင်လင်ဆေးရုံမှာ ၁ ယောက်သေတယ်။ ဒဏ်ရာပြင်းထန်တဲ့ ၃ ယောက်ကိုတော့ ညတွင်းချင်း တောင်ကြီးကို ခေါ်သွားတယ်။ ကျန်တဲ့ ၃ ယောက်တော့ လွိုင်လင်ဆေးရုံမှာဘဲ ဆေးကုသနေတယ်။ ပေါက် ကွဲအား ပြင်းလွန်းတဲ့အတွက် အာဏာပိုင်တွေ စစ်ဆေးနေတုန်းပါ”ဟု ရပ်ကွက် ၂ အုပ်ချုပ်ရေးမှူး စိုင်းရွှေထွန်း က ပြောပါသည် ။

နိုဝင်ဘာလ ၂၃ ရက် ည ၈ နာရီခန့် ရပ်ကွက် ၂ (မြို့သစ်) သစ်ခွလမ်းရှိ အိမ်တအိမ်၌ မီးပုံးပျံ ပြုလုပ်ရာ ယမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသည့်လူငယ်မှာ ကိုမောင်အေးနှင့်မအေးကြိုင်တို့၏ သား အသက် ၁၆ နှစ်ရှိ မောင်ရဲလင်းဦး (ခေါ်) ကျွတ်စီ ဖြစ်ကြောင်း သိရှိရသည် ။

“ အသံအရမ်းကျယ်တယ်။ ဗုံးကွဲတယ်လို့တောင်ထင်နေတာ။ နောက်မှသိရတယ် မီးပုံးပျံလုပ်ဖို့အတွက် ယမ်းထောင်းရင်း ပေါက်ကွဲတာ။ ခြေလက်တွေတောင်ပြတ်တယ်။ နေအိမ်ထဲကပစ္စည်းတွေ ပျက်စီးကုန် တယ်။ ပြတင်းပေါက်တောင်ပွင့်ထွက်ကုန်တယ်။ အဲလောက်ပြင်းရင်တော့ ရိုးရိုးယမ်းတော့ မဖြစ်နိုင်ဘူး ထင်တယ်။ မီးပုံးပျံက ၀မ့်အဲန်ဘုန်းကြီးကျောင်းဆရာတော်မွေးနေ့အတွက်လို့လည်း ပြောနေကြတယ်”ဟု ပင်လုံမြို့ခံ လုံးစောကပြောသည် ။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း သျှမ်းပြည်နယ်မြို့တော် တောင်ကြီး ပြည်တော်သာရပ်ကွက်တွင် တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲအတွက် မီးပုံးပျံပြုလုပ်ရာ ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်သဖြင့် နေအိမ် တလုံး မီးလောင်ပြာကျခဲ့သည် ။

နိုဝင်ဘာ ၂၉ စာရေးဆရာကြီးလူထုအဒေါ်အမာ မွေးနေ့အမှတ်တရ မြင်းခြံမှပြောစကားများ


Eleven CEO နှင့် အယ်ဒီတာချုပ် တို့၏ အာမခံ လျှောက်ထားမှုကို ၃၀ ရက်နေ့တွင် အမိန့်ချမည်

ဇေယျာမော်

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင် နှင့် Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့၏ အာမခံ လျှောက်ထားမှုကို နိုဝင်ဘာ ၃၀ ရက်နေ့တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

"ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ပတ်သက်လို့ ဥပဒေအရ အာမခံ ပေးနိုင်တဲ့အမှုဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ ရုံးတော်မှာ လျှောက်ထားခဲ့တယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ပေး ၊ မပေး တရားရုံးတော်က ၃၀ ရက်နေ့မှာ အမိန့်ချမယ်" ဟု အယ်ဒီတာချုပ် ဦးဝေဖြိုး၏ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ယနေ့(နိုဝင်ဘာ ၃၀ရက်) နေ့တွင် တာမွေမြို့နယ်တရားရုံး၌ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ပထမဆုံးအကြိမ် ရုံးတင်ခဲ့ခြင်းဖြစ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုတင်ဖြစ်ခဲ့ကြောင်း ၄င်းက ဆိုသည်။

ဝန်ကြီးချုပ်တစ်ဦးအား စီးပွားရေလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁သိန်းတန် နာရီတစ်လုံး ပေးခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့ Daily Eleven သတင်းစာပါ အာဘော်တွင် ဖော်ပြခဲ့ခြင်းနှင့် စပ်လျဉ်းပြီး Eleven CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တိုင်းအစိုးရအဖွဲ့က နိုဝင်ဘာ ၁၀ရက် နေ့က တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၄)အတွက် ကြားဖြတ်ရွေးကောက်ပွဲ


အန်အယ်လ်ဒီ အမတ် ၃ ဦးကို ပါတီတာဝန်က ရုပ်သိမ်း

ရွှေအောင်


မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ အပါအ၀င် အန်အယ်လ်ဒီ ကိုယ်စားလှယ် ၃ ဦးကို ပါတီတာဝန်အသီးသီးက ရုပ်သိမ်းလိုက်တယ်လို့ ပါတီက ဒီနေ့ရက်စွဲနဲ့ ကြောညာချက် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၂၆ ရက် ရက်စွဲနဲ့ ကြေညာချက်ထဲမှာ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အမတ် ဦးစိန်ဝင်း၊ မြောင်းမြအမတ် ဒေါက်တာစိုးမိုးသူနဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာအမတ် ဦးဉာဏ်လင်း တို့ ၃ဦးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီတာဝန်များကနေ ရုပ်သိမ်း လိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက သူတို့ ၃ ဦးကို စုံစမ်း စစ်ဆေးဖို ရှိတယ်လို့ ပြောပါတယ်။

“သူတို့တွေကို စုံစမ်းစစ်ဆေးဖို့ အချက်အလက်တွေ အကုန်ရထားပြီးပြီ။ အဲ့ဒီတော့ သူတို့ လွှတ်တော်ကိုယ်စားလှယ်တွေမို့လို့ တဆင့် နည်းနည်းလေး နောက်ဆုတ်ပြီး ကြည့်နေတာ၊ စုံစမ်းစစ်ဆေးတယ်ဆိုရင်တော့ စုံစမ်းစစ်ဆေးတဲ့ အဖြေအတိုင်း သွားရမယ်၊လောလောဆယ် ပါတီတာဝန်ပဲ ရုပ်သိမ်းထားတယ်။”

ပါတီစည်းကမ်းအရ သတိပေးခြင်း၊ ပါတီကထုတ်ပယ်ခြင်းပါတီဝင်အဖြစ်က ရုပ်သိမ်းခြင်း စတဲ့ ပြစ်ဒဏ်တွေ ချမှတ်လို့ရကြောင်းလည်း ပြောပါတယ်။

ဒီနေ့ပဲ ပါတီတာဝန်က ရုပ်သိမ်းခံလိုက်ရတဲ့ မအူပင်အမတ် ဦးစိန်ဝင်းကတော့ တိုင်းဒေသကြီး လွှတ်တော်အမတ်ကို သူ အမှုဖွင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်က ဒေါက်တာမြင့်စိန်ကို တိုင်လိုက်တယ်လေ။ အဲ့ဒီမှာ သူတို့နဲ့အတူ ပါသွားတာက တိုင်းလွှတ်တော်ကိုယ်စားလှယ် ပါသွားတာပေါ့ဗျာ။ တိုင်းလွှတ်တော်ကိုယ်စားလှယ် ပါသွားတဲ့ အခါကျတော့ ဒါကို လူကြီးတွေကို ခွင့်ပြုချက် မတောင်းလို့ပေါ့။ ပါတီကို ခွင့်ပြုချက်တောင်းပြီးမှ လုပ်သင့်တယ်ဆိုပြီး ဒီဟာတော့ ကျနော့်ကို ပြောဖူးတယ်။”

ဦးစိန်ဝင်းနဲ့အတူ ပါတီတာဝန်က ရုပ်သိမ်းခံလိုက်ရတဲ့ တခြား အမတ် ၂ ဦးဟာ လူမှုရေးပြဿနာ ကိုယ်စီရှိထားကြပြီး ဒီအကြောင်း သတင်းဂျာနယ်တွေထဲ ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြ ခံခဲ့ကြရသူတွေ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းနိုင်တဲ့ ဥပဒေကို ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ထဲ တင်သွင်းခဲ့ပေမယ့် လွှတ်တော်က ပယ်ချထားပါတယ်။

ဒါကြောင့် အခုပါတီတာဝန်က ရုပ်သိမ်းခံရတဲ့ကိုယ်စားလှယ် ၃ ဦးစလုံး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။

ဦးရဲထွဋ်(ညွန်ကြားရေးမှူး) နှင့် တွေ့ဆုံမေးမြန်းခန်း


ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် မိန်းကလေးငယ်အလောင်း ဆေးစစ်ချက်အဖြေမထွက်သေး

ရဲနိုင်(လောက်ကိုင်)

နိုဝင်ဘာလ ၂၄ရက်ညက ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် အသက် ၁၀ နှစ်ခန့် မိန်းကလေးငယ် အလောင်းအား ရန်ကုန်ဆေးရုံကြီးမှာ စစ်ဆေးလျက်ရှိပြီး ဆေးစစ်ချက် မထွက်ရှိသေးကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သိရသည်။

တရားခံဟု ယူဆရသူကိုလည်း လက်ရှိမှာ ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကမာရွတ်မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ်အရာရှိက မဇ္ဈိမသို့ ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်က ကမာရွတ်မြို့နယ်၊ (၆)ရပ်ကွက်၊ ဟံသာဝတီဘူတာနှင့် လှည်တန်းဘူတာကြား၊ မိုင်တိုင်အမှတ်(၄/၁၂) ရထားသံလမ်းပေါ်တွင် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

မြေပဲ တောင်သူတွေ ဒီနှစ်မှာ အရှုံးပေါ်နေကြ


မင်းပြားမြို့ မီးလောင်ရာတွင် ဒဏ်ရာ ရရှိသူ ၅ ဦး စစ်တွေဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ထားရ

မာန်ယုကျော် (ရွှေဝမြေ)


ရခိုင်ပြည်နယ် မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်မီးလောင်မှုကြောင့် လူ ၅ ဦး ဒဏ်ရာပြင်းထန် ရရှိသွားသဖြင့် စစ်တွေဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ထားရသည်ဟု သိရသည်။

“ဒီကနေ့ နံနက်က လောင်တာပါ။ ကျား ၃ ယောက်နဲ့ မ ၂ ယောက် ဒဏ်ရာရရှိသွားပါတယ်။ သူတို့တွေကို စစ်တွေဆေးရုံကို အရေးပေါ်တင်ပို့ထားရပါတယ် ”ဟု သူက ပြည်နယ်မီးသတ် ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစံရွှေထွန်းက နိရဉ္စရာသတင်းဌာနကို အတည်ပြုပြောသည်။

မင်းပြားမီးလောင်မှုကြောင့် နေအိမ် ၁၂ လုံးနှင့် ဆိုင်ခန်း ၉ ခန်းမီးလောင် ပျက်စီး ဆုံးရှုံး သွားကြောင်း၊ မီးလောင်မှုကြောင့် ကာလတန်ဖိုး ၈၉ သိန်းဖိုး ပျက်စီးဆုံးရှုံးသွားကြောင်း ပြည်နယ် ဦးစီးမှူးက ဆက်လက် ပြောသည်။

မီးလောင်မှုသည် ဦးစိုးတင့် ရပ်ကွက်ရှိ ဓာတ်ဆီဆိုင်တန်းတွင် ဓာတ်ဆီပုံး တစ်ပုံးမှ တစ်ပုံးသို့ လွှဲပြောင်း ငှဲ့ထည့်စဉ် ရာသီဥတုပူပြင်းမှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အလဲဗင်းမီဒီယာဂရု အမှုဆောင်အရာရှိချုပ်နဲ့ အယ်ဒီတာချုပ်တို့ကို ရုံးထုတ်


မူဆယ်တွင် လုံခြုံရေးစိုးရိမ်မှုများကြောင့် ကျောင်းတက်သူနည်းပါး

စိုးသူအောင်

မူဆယ်မြို့တွင် ကျောင်းများဖွင့်လှစ်ထားသော်လည်း လုံခြုံရေးစိုးရိမ်မှုများကြောင့် ကျောင်းသားများ ကျောင်းတက်ရောက်မှု မရှိသလောက်နည်းပါးနေကြောင်း မူဆယ်မြို့တာဝန်ရှိသူ အချို့က ပြောသည်။

“ ကျွန်မတို့ကျောင်းတော့ ဖွင့်ထားတယ်။ ကလေးတွေက ဒီလိုအချိန်မျိုးဖြစ်တဲ့အတွက် အခုနေ့လည်တော့ မရှိဘူး။ မနက်ကတော့ ကျောင်းသားတစ်ယောက်စ၊ နှစ်ယောက်စ လာပြီး ပြန်သွားကြတယ် ” ဟု မူဆယ်မြို့ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့က ပြောသည်။

“ ကျောင်းဖွင့်တယ်တော့ ကြေညာထားတယ်။ လာတာ၊ မလာတာကတော့ ကလေးမိဘနှင့် ကလေး အပိုင်းပေါ့ ” ဟု ဒေါ်မို့မို့က ပြောပါသည်။

မူဆယ် အ.ထ.က (၁) တွင် ကျောင်းသားဦးရေ ၂၁၃၈ ဦး ရှိပြီး ကျောင်းလုံခြုံရေး စိုးရိမ်သောကြောင့် ကျောင်းလာမတက်ကြခြင်း ဖြစ်ကြောင်း၊ မူဆယ်မြို့ပေါ်မှာတော့ တိုက်ပွဲများမရှိဘဲ ပုံမှန်အခြေနေဖြစ်နေပြီဖြစ်ကြောင်း မူဆယ်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ပြောဆိုထားသည်။

မူဆယ်မြို့တစ်ခုလုံးတွင် ကျောင်းပေါင်း ၉၈ ကျောင်းရှိပြီး ၃ကျောင်းမှာ ယခင်ကတည်းက ပိတ်ထားတာကြောင့် ၉၅ ကျောင်းမှာ လက်ရှိ ဖွင့်လှစ် ပညာသင်ကြားနေခြင်းဖြစ်သည်။ ကျောင်းပေါင်း ၉၅ ကျောင်းတွင် အောက်တိုဘာလ စာရင်းအရ ကျောင်းသားဦးရေ စုစုပေါင်း နှစ်သောင်းကျော် ( ၂၂၂၁၈ ) ဦးရှိကြောင်း မူဆယ်မြို့နယ်ပညာရေးမှူး ဒေါ်အေးကြိုင်က မဇ္စျိမကို ပြောသည်။

“ ဘယ်လောက်ကျောင်းပျက်တယ်ဆိုတာ မှန်းလို့မရဘူး။ လာတက်တဲ့ ဦးရေကလည်း ခဏ ခဏ ပေါ်လာလိုက်၊ ပျောက်သွားလိုက်တွေ ဖြစ်နေတာလေ။ ပုံမှန် မရှိဘူးရှင့်” ဟု ဒေါ်အေးကြိုင်က ဆိုသည်။

လက်ရှိ မူဆယ်မြို့ပေါ်ရှိကျောင်းများတွင် ကျောင်းတက်ရောက်သူ နည်းပါးနေခြင်းဖြစ်ပြီး မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ပြီးပါက ကျောင်းသားများ လာရောက်ကြမည်ဟု မျှော်လင့်ကြောင်း မဇ္စျိမကို ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ပြီး တပ်မတော်နှင့် KIA (ကချင်)၊ TNLA (တအောင်း/ ပလောင်)၊ MNDAA (ကိုးကန့်)၊ AA (ရခိုင်) အဖွဲ့တို့ တိုက်ပွားဖြစ်ပွားခဲ့သောကြောင့် မူဆယ်မြို့ပေါ်ရှိ ကျောင်း၊ ဈေး၊ ဘဏ်များ အကုန်လုံးပိတ်ခဲ့ရခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ ဈေးနှင့်ကျောင်းများ ဖွင့်လှစ်ခဲ့သော်လည်း ဘဏ်များကမူ ဖွင့်လှစ်ခြင်းမရှိသေးပေ။ အဆိုပါတိုက်ပွဲများနှင့်ပတ်သက်ပြီး ကျောင်းသားမိဘများက ကလေးများ ကျောင်းပို့ရန် စိုးရိမ်နေကြသောကြောင့် ကျောင်းဖွင့်သော်လည်း ကျောင်းတက်ရောက်သူ နည်းပါး နေခြင်း ဖြစ်သည်။

“ ကျွန်မမှန်းတာတော့ တနင်္လာနေ့လောက်ဆိုရင် သူတို့မိဘတွေက ကျောင်းကိုပို့မလားတော့ မပြောတတ်ဘူး “ ဟု မူဆယ်မြို့နယ်ပညာရေးမှူး ဒေါ်အေးကြိုင်က ပြောဆိုလိုက်သည်။

မူဆယ်မြို့တွင် နယ်မြေတည်ငြိမ်လာ၍ စစ်ဘေးရှောင်သူများပါ နေရပ်ပြန်နေကြောင်း မူဆယ်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ပြောကြားထားသည်။

တရုတ်ပြည် ကုန်သွယ်ရေး အားထားရတဲ့ ဈေးချိုတော်နဲ့မန်းမြန်မာမှာ အရောင်းအ၀ယ် ပုံမှန်


မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက မုံးကိုးကို သိမ်းပိုက်ထားဟု ဆို

DVB


မြန်မာပြည် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မုံးကိုးမြို့ကို သိမ်းပိုက်ထားလိုက်ပြီလို့ တပ်ပေါင်းစုအဖွဲ့ ပြောခွင့်ရ မိုင်အိုက်ကျော်က ပြောပါတယ်။

“မုံကိုးမှာ သေနတ်သံကတော့ မစဲဘူး။ တောက်လျှောက်ဖြစ်နေတာ ၂၀ ရက်ကတည်းကပဲ၊ လေကြောင်းပစ်ကူလည်း မကြာမကြာ လာပစ်တယ်။ ဂျက်လေယာဉ်တွေရော ရဟတ်ယာဉ် တွေရော။ မုံးကိုးမြို့ပေါ်ကတော့ မဟာမိတ်တပ်တွေက ၀င်ထားတယ်။ အပေါ်က ဗျုဟာကုန်း တခုပဲ ကျန်တယ်။ ဗျုဟာကုန်းလည်း ဟိုနေ့က တ၀က် ၀င်သိမ်းထားလိုက်ပြီးပြီ။”

ဒီနေ့ မနက်ပိုင်းမှာ မုံးကိုးအနီးတ၀ိုက်နဲ့ ကွတ်ခိုင်တိုးလ်ဂိတ်နားမှာ တိုက်ပွဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ တိုက်ပွဲစတင်ခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကစလို့ တပ်မတော်ဘက်က ဂျက်တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ သုံးပြီး နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားကတည်းက မုံးကိုးမြို့ပေါ် ၇ ရပ်ကွက်ရှိ ပြည်သူအားလုံး တရုတ်ဘက်ခြမ်း၊ မန့်ဟိုင်းရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး တရုတ်ဘက်က ရေနဲ့ အစားအသောက် ကူညီထောက်ပံ့ပေးထားပေမယ့် လုံလောက်မှု မရှိဘူးလို့ စစ်ပြေးဒုကသည်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“မုံးကိုးတမြို့လုံးလာကြတာ။ မုံးကိုးမှာ ရပ်ကွက် ၇ ခုရှိတယ်။နေဖို့က မိုးကာနဲ့ တဲဆောက်ထားပေးတယ်လေ၊ ရေနဲ့ စားစရာကို တရုတ်အစိုးရကပေး တယ်၊ မြန်မာပြည် ဘက်က အလှူရှင်တွေလည်း လာပေးတယ်။ ဒါပေမယ့် မလောက်ဘူးလေ။ စားစရာတွေ လိုတယ်၊ ကျည်ဆန်သံကြားတော့ ထွက်ပြေးကြတာပေါ့။ လေယာဉ်ပျံ တွေလည်း လာတယ်။ ဒီနေ့မနက်လည်း မုံးကိုးဘက်မှာ လေယာဉ်ပျံလာပြီး အသံအကျယ်ကြီး ကြားရတယ်။ ပြီးတော့ လေယာဉ်ပျံ ပြန်ထွက်သွားတာ မြင်ရတယ်။

နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဒုတိညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ မုံးကိုးမြို့ ကျတယ် ဆိုတာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ခု လောလောဆယ်မှာ မုံးကိုး ကျတယ် ဆိုတာ မဟုတ်ဘူး။ မြို့ထဲမှာ သူတို့က တခြမ်းလို ဖြစ်နေတာပေါ့။ အဲ့လိုမျိုး။ ဟိုဘက် တခြမ်းမှာ ၀င်ပြီးတော့ လူတွေကြားထဲမှာ ဖြစ်နေတော့ တပ်ကလည်း ကိုင်ရတွယ်ရ ခက်နေတာပေါ့နော်။ အဲ့ဒီ အနေအထားပဲ။ မုံးကိုးကျတယ်ဆိုတာ မဟုတ်ပါဘူး။”

တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေလို့ဆိုပြီး နိုဝင်ဘာ ၂၀ ရက်ကစလို့ ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ အေအေ၊ အမ်အန်ဒီအေအေ စတဲ့ တပ်ဖွဲ့ ၄ ခုရဲ့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ကျရင် ပါတီရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး မဲပေးမယ်လို့ ပြော


အသက် ၅ နှစ်ပြည့် မသန်စွမ်းကလေးတိုင်း အလွယ်တကူရနေတဲ့ ပညာသင်ကြားခွင့်ကို မရရှိခြင်းက အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်သည်ဟု ဆို

ပန်ဆန်းဂျာ

အသက်၅နှစ်ပြည့်သည့် မသန်စွမ်းကလေးတိုင်း အလွယ်တကူရနေတဲ့ ပညာသင်ကြားခွင့်ကို မရရှိခြင်းက မသန်စွမ်းသူများအတွက်အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ အစီအစဉ်ရေးဆွဲရေးနှင့် အရင်းမြစ် ဒါရိုက်တာ မယုယသူက ဆိုသည်။

ကန်တော်ကြီးမျှော်စင်ကျွန်း ၊ Mini Zoo တွင် ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အကြိုဂုဏ်ပြုပွဲတစ်ရပ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနား၌ ပြောကြားခြင်း ဖြစ်သည်။

မယုယသူက " မသန်စွမ်းတွေအတွက် အခက်အခဲအတားအဆီးတွေက အများကြီးရှိပါတယ်၊ အဲ့ဒီထဲကမှ အခက်အခဲအတားဆီးအဖြစ်ဆုံးလို့ ပြောလို့ရပြီးတော့ တခြားသော အတားအဆီးတွေနဲ့ ဆက်စပ်နေတာ ကတော့ ပညာရေးပါ။ နိုင်ငံသားတိုင်း ၊ အသက် ၅ နှစ် ပြည့်တဲ့ မသန်စွမ်းကလေးတိုင်း ထမင်းစားရေသောက်ရ နေတဲ့ပညာသင်ကြားခွင့်ကို အစ်မတို့အနေနဲ့ မရတာက အကြီးမားဆုံး ဆုံးရှုံးမှုပါ " ဟု ဆိုသည်။ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များကို ပြန်ကြည့်ပါက မြန်မာနိုင်ငံရှိ မသန်စွမ်းသူ ၅၃ ရာခိုင်နှုန်းက မူလတန်းပညာကိုပင် သင်ကြားခွင့်မရှိခဲ့ပါ။ မသန်စွမ်းလူဦးရေ ၂၃ သိန်းတွင် ၂ ရာခိုင်နှုန်းလောက်သာ ဘွဲ့ရသူရှိကြောင်းကို မယုယသူက ဆိုသည်။

ပညာရေးဟုဆိုပါလျှင် အခြားသောအခွင့်အလမ်းများနှင့် ချိတ်ဆက်နေပြီး အလုပ်တစ်ခုလျှောက်လျှင် ဘွဲ့ရရန် လိုခြင်း၊ ကွန်ပျူတာတတ်ရန် လိုခြင်း စသဖြင့် အရည်အချင်းသတ်မှတ်ချက်များ ရှိနေသည့်အတွက် ပညာသင်ကြားခွင့်ကို ဆုံးရှုံးသည့်အခါ အခြားသော ဆက်စပ်နေသည့် အလုပ်အကိုင်အခွင့်အလမ်း၊ လူ့အဖွဲ့အစည်းတွင် ပါဝင်လာနိုင်မှု စသည့်အခွင့်အရေးများကို အလိုလိုဆုံးရှုံးပြီးသားဖြစ်နေကြောင်း မယုယသူက ပြောသည်။

မသန်စွမ်းသူများ ပညာသင်ကြားခွင့်ရရှိရန် ကြိုးပမ်းနေမှုများနှင့်ပတ်သက်၍ မယုယသူက " မသန်စွမ်းသူ တွေအတွက် ပညာသင်ကြားခွင့်ရဖို့ မသန်စွမ်းသူများပညာသင်ကြားခွင့်ရရှိမှုကော်မတီကနေပြီး လူတိုင်းအကျုံးဝင်ပညာရေးစနစ်ပီပြင်လာဖို့ ၊ မသန်စွမ်းမှုတစ်ခုခုကို အကြောင်းပြပြီး ကျောင်းဝင်ခွင့်ကို ငြင်းပယ်တဲ့ကိစ္စမျိုး လျှော့ချနိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ၀န်ကြီးဌာနတွေကို အားပေးမှုလုပ်တဲ့အစီအစဉ်တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ် " ဟု ဆိုသည်။

ဒီဇင်ဘာ၃ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက် ဆောင်ပုဒ်မှာ " မသန်စွမ်းသူတို့ အနာဂတ်အတွက် ပန်းတိုင်၁၇ ရပ် ပြည့်မီအောင်ဆောင်ရွက် " ဟူ၍ ဖြစ်သည်။

အမျိုးသမီး အကြမ်းဖက်ခံရမှု အထူးဥပဒေတရပ် လိုအပ်နေပြီလို့ ထောက်ပြ


ရခိုင့်သယံဇာတ ခွဲဝေခံစားခွင့်ရရှိရေး ခရီးရှည်ချီတက်သူများ အမ်းမြို့နယ် ကဇုကိုင်းသို့ရောက်ရှိ

နိရဉ္စရာ၊


နိုဝင်ဘာလ ၂၁ ရက်နေ့မှ စပြီး စစ်တွေမှ ကျောက်ဖြူသို့ ခရီးရှည် ချီတက်လာသူများသည် ယနေ့ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် အမ်းမြို့နယ် ကဇုကိုင်းသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ဦးဆောင် ပြီး ပြုလုပ်နေသော ခရီးရှည် ခြေကျင်ချီတက်ပွဲမှာ ဆုံးရှုံးနေသော ရခိုင်သဘာဝသယံဇာ ခွဲဝေ သုံးစွဲခွင့်ရရေးနှင့် မြေယာခွဲဝေ ပိုင်ဆိုင်ခွင့်ရရှိရေး အတွက် တောင်းဆိုရန် ရည်ရွယ်ချက် ဖြစ်သည်ဟု သိရသည်။

ခရီးရှည်ချီတက်သူများ ချီတက်ရာ စစ်တွေ-ရန်ကုန်ကားလမ်းတစ်လျှောက်တွင်ရှိသော ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြောင်းဘွေ၊ မင်းပြားမြို့များ၌ သာမက ကျေးရွာအများအပြားမှ ရခိုင်ပြည်သူများက ကြိုဆိုနှုတ်ဆက်ကာ အားပေးမှုများ ပြုလုပ်နေကြသည်ဟု သိရသည်။

ချီတက်သူ ၁၀၀ ခန့်သည် စစ်တွေ ၀င်္ကဘာကွင်းတွင် နိုဝင်ဘာ ၂၁ ရက် နံနက် ၆ နာရီမှ စုဆုံပြီး စစ်တွေ- ရန်ကုန် ကားလမ်းအတိုင်း ကျောက်ဖြူသို့ ချီတက်လာကြရာ ၅ ရက်မြောက်နေ့တွင် အမ်းမြို့နယ် ကဇုကိုင်းသို့ရောက်ရှိလာခြင်း ဖြစ်ပြီး ယနေ့တွင် အမ်းမြို့၌ ညအိပ် ရပ်နားမည်ဟု သိရသည်။

ခရီးရှည်ချီတက်သူများသည် ရခိုင်ပြည်နယ် သဘာဝသယံဇာတနဲ့ မြေယာ ခွဲဝေပိုင်ဆိုင်ခွင့် ရခိုင်လူထု ကိုယ်တိုင် စီမံပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ရရှိရန် အတွက် ယခုလို ခရီးရှည် ချီတက်ပြီး တောင်းဆိုနေကြခြင်း ဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူတွေကို ကြီးလေးပြစ်ဒဏ် ချမှတ်ပေးဖို့ တောင်းဆို


မူဆယ်မြို့ရှိ စစ်ဘေးရှောင်သူအချို့ နေရပ်ပြန်

စိုးသူအောင်

မူဆယ်မြို့ပေါ်ရှိ စစ်ဘေးရှောင်နေသူအချို့ နယ်မြေပြန်တည်ငြိမ်လာသောကြောင့် နိုဝင်ဘာလ ၂၄ ရက်ကစတင်ပြီး လူဦးရေ ၈၃၀ ခန့် နေရပ်ပြန်ပြီဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက မဇ္စျိမကို ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီက မူဆယ်မြို့တွင် စစ်ဘေးရှောင်ပြည်သူ ၃၂၀၀ ဦး ရှိကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့ကသတင်းထုတ်ပြန်ထားပြီး နေရပ်ပြန်ကြသူများကြောင့် မူဆယ်မြို့တွင် စစ်ဘေးရှောင်ပြည်သူ ၂၆၀၀ ကျော်ခန့်သာကျန်ရှိတော့ကြောင်း မူဆယ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးရုံးမှ ပြောသည်။

“ လျော့သွားပြီ၊ တော်တော်များများက ပြန်ကုန်ကြပြီခင်ဗျ။ ဒီနေ့လည်း ထပ်ပြန်မယ့်အနေ အထားလေး တွေရှိ ပါတယ်ခင်ဗျ ။ မနေ့ကပြန်သွားတာ ၈၃၀ လောက်တော့ပြန်သွားကြတယ်။ ဒီနေ့ပြန်ဖို့အတွက်ကတော့ လက်ခံကျွေးမွေးနေတဲ့အဖွဲ့တွေကို စာရင်းကောက်ပေးထားပါတယ်။ အဓိကကတော့ ပလောင်ရွာတွေက ပြန်သွားကြတာ။ နန့်ဝယ်၊ တုံပန်၊ မော်တောင်း အဲ့ဒီ ရွာဘက်ကပေါ့နော်” ဟု ဦးစီးအရာရှိ ဦးဇော်မင်းကပြောဆိုသည်။

၁၀၅ မိုင်အနီးတွင်တိုက်ပွဲများ ငြိမ်လာသောကြောင့် နေရပ်ပြန်ကြခြင်းဖြစ်ပြီး ရွာလုံးကျွတ် နေရပ် ပြန်ကြသူများလည်းရှိနေကြောင်း မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးမှ သိရသည်။

သို့သော် နိုဝင်ဘာလ ၂၄ ရက်တွင် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာ ကြားရှိ အောက်ရှုခင်းသာ ၊ ညောင်ပင်ကွေ့မှာ ယင်း မနက် ၁၁ နာရီဝန်းကျင်ခန့်က ကုန်တင်ကားတစ်စီး ပစ်ခတ်ခံခဲ့ရကာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးသွားခဲ့သည်။

တိမ်းရှောင်သူများကို နမ့်ခွန်ဘုန်းကြီးကျောင်း၊ ရွှေသမင်ကျောင်း၊ မဟာဝန်မြောက်ကျောင်း နှင့် ကုန်သည် ကြီးများအသင်း အစရှိသည့် နေရာ ၆နေရာခန့်တွင် လက်ခံထားခြင်းဖြစ်ပြီး စခန်းအသီးသီးမှ လူ ၈၀၀ ကျော် နေရပ်ပြန်သွားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ဘက်က နည်းနည်းလေး လုံခြုံရေးစိုးမိုးမှုအားကောင်းသွားပြီပဲပြောပါတော့ ။ ပုံမှန်အနေထား လောက်နီးပါးကိုရောက်သွားပါပြီခင်ဗျ ” ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ပြောသည်။

တိုက်ပွဲများကြောင့် တရုတ်ပြည်သို့ ရွှေလီဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒုက္ခသည် ထောင်ဂဏန်း နီးပါးကလည်း နိုဝင်ဘာလ ၂၃ ရက်မှစတင်ပြီး မြန်မာနိုင်ငံသို့ ပြည်တော်ပြန်လာပြီဖြစ်ကြောင်း သိရသည်။

ပုဂွလိက လုံခြုံရေးအဖွဲ့တွေကို ရဲတပ်ဖွဲ့ သင်တန်းပေးသွားဖို့ရှိ


ရိုဟင်ဂျာအရေး သံတမန်ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းဖြစ်

Reuters


မြန်မာနိုင်ငံ၏ အနောက် မြောက်ပိုင်းမှ ပဋိပက္ခများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ၏ ကိုင် တွယ်ဖြေရှင်းမှုအပေါ် အနောက်နိုင်ငံများ၏ စိုးရိမ်မှုများတိုးလာနေကာ ယင်းဖိအားများကြောင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စိတ်မကောင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပဋိပက္ခများကြောင့် ရာနှင့် ချီသော ရိုဟင်ဂျာ မွတ်ဆလင်များ နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင် ငံသို့ ထွက်ပြေးနေကြပြီး လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှု စွပ်စွဲချက်များလည်း ထွက်ပေါ်နေခြင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၈ လသက်တမ်းရှိ အစိုးရအတွက် အကြီးဆုံး စမ်းသပ်ချက်ဖြစ်လာသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Samantha Power က နိုဝင်ဘာလ ၁၇ရက်နေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် အမေရိကန် နိုင်ငံ၏ မေတ္တာရပ်ခံမှုဖြင့် ပြုလုပ်ခဲ့သော လုံခြုံရေးကောင်စီ တံခါးပိတ် အစည်း အဝေးတခုတွင် စိုးရိမ် ပူပန်မှု အတိုင်းအတာကို ပြောပြခဲ့သည်ဟု သံတမန်များက ပြောသည်။

“မြန်မာနိုင်ငံကို သူ့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဆောင်ရွက်ခွင့်ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကနဦးက စိတ်အားထက်သန်မှုက ဒီအဆင့်မှာတော့ အန္တရယ်ရှိတဲ့ အသွင်ဖြစ်နေပါတယ်” ဟု Samantha Power က အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သံတမန် ၂ ဦးက ဆိုသည်။

နောက်တနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် သံတမန်များကို စုရုံး၍ တုံ့ပြန် ပြောဆိုခဲ့သည်။ သူ၏ နိုင်ငံအပေါ် မမျှတစွာ ဆက်ဆံခံနေရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။ သို့သော်လည်း မြန်မာနိုင်ငံက သံတမန်များပြောခဲ့သည့် အဓိက အချက်များဖြစ်သည့် အကူ အညီများပြန်လည်ပေးခွင့်ရရန် နှင့် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲမှုများ နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွား ရန် ကတိပြုခဲ့သည်ဟု သူတို့က ထပ်ပြောသည်။

စစ်အုပ်ချုပ်ရေး နှင့် နေအိမ် အကျယ်ချုပ်ကာလများအတွင်းတွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ သူရဲကောင်း အဖြစ်အနောက်နိုင်ငံများက လေးစားခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲ အနိုင်ရရှိမှုက ပြု ပြင်ပြောင်းလဲရေးအတွက် လမ်းကြောင်းတခု အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုခဲ့ကြသည်။

သို့သော်လည်း (၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူရာနှင့်ချီ၍ သေဆုံးခဲ့ရသော ပဋိပက္ခများ နောက်ပိုင်း တွင် လူ အသေ အပျောက် အများဆုံး ဖြစ်သော) ရခိုင်ပြည်နယ်မှ လက်ရှိ ပြဿနာများကြောင့် ရိုဟင်ဂျာ လူနည်းစုအသိုင်းအဝိုင်း၏ ထိခိုက်နစ်နာမှုများ လျော့နည်းအောင် သူ အနည်းငယ်မျှသာ လုပ်ဆောင်ပေးနိုင်ခဲ့သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်း မှ ပြစ်တင် ဝေဖန်မှုများ ပြန်လည် ထွက်ပေါ်လာစေခဲ့သည်။

ရိုက်တာက အမည်မဖော်လိုသူ သံတမန်နှင့် အကူအညီပေးရေးလုပ်သား ၁ ဒါဇင်ခန့်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် သူ တို့ က မြန်မာနိုင်ငံ နှင့် နယူးယောက်မြို့တို့မှ (သတင်းထုတ်ပြန်ခြင်း မရှိသော) ဆွေးနွေးမှုများ အကြောင်းကို ပြောပြခဲ့ခြင်း ဖြစ်ပါသည်။

စွပ်စွဲမှုများ

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် တပ်စခန်း ၃ ခုတိုက်ခိုက်ခံရပြီး ရဲအဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရခြင်းကို တုန့်ပြန် သည့် အနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်ရှိ ဒေသများသို့ စစ်သည်အမြောက်အများချထားခဲ့သည်။

စစ်သားများက ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေး ပြုလုပ်ချိန်အတွင်း ရိုဟင်ဂျာ အမျိုးသမီးမျာကို မုဒိန်းကျင့်သည်၊ နေအိမ် များကို မီးရှို့သည်၊ အရပ်သားများကို သတ်ဖြတ်သည် ဟု ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခြင်းကို မြန်မာ တပ်မတော် နှင့် အစိုးရက ညင်းဆန်ခဲ့ပါသည်။

မမှန်ကန်သော သတင်းအချက်အလက်များ ပြန့်နှံ့ခြင်းမှ ကာကွယ်ရန် အတွက် မြန်မာနိုင်ငံ က မှန်ကန်သော သတင်း အချက်အလက်များကို ချက်ချင်း ထုတ်ပြန်ပေးနေသည်ဟု သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး ကပြောသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းက ကျနော်တို့ကို နားလည်မှုလွဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာ အရေးလှုပ်ရှားတဲ့ သူတွေက မမှန်မကန် သတင်းတွေ ဖြန့်ဝေခဲ့လို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက် ခိုက်တာ၊ သတ်ဖြတ်တာနဲ့ လက်နက်တွေကို လုယူတာကို လက်ခံမှာ မဟုတ်ပါဘူး” ဟု သူကပြောသည်။

ယခင်အပတ်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ Samantha Power က မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ ၏ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တခုဖြစ်သည့် ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) တရုံး ဖွင့်လှစ် ရန် အမေရိကန် အစိုးရ၏ တောင်းဆိုမှုကို ထပ်မံတင်ပြခဲ့သည်။

အခွင့်အရေးများကို နှစ်နှင့်ချီ၍ ပိတ်ပင်ထားခြင်းကြောင့် ရိုဟင်ဂျာ အသိုင်းအဝိုင်း၏ အချို့သော အစိတ်အပိုင်းများတွင် အ စွန်းရောက်မှုများ ဖြစ်လာနိုင်သည်ဟု သူက သတိပေးခဲ့သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် လုံခြုံရေးကောင်စီ၏ တံခါးပိတ် အစည်းအဝေးတွင် ပြောဆိုခဲ့သည်များနှင့် ပတ် သက်၍ မှတ်ချက်ပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Nicole Thompson က ညင်းပယ် ခဲ့သည်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်မှုနဲ့ အိုးမဲ့အိမ်မဲ့ ကိစ္စတွေ ဖြစ်ပေါ်နေကြောင်း သတင်းတွေ ဆက်လက်ရရှိ နေတဲ့ အတွက် ကျမတို့ စိုးရိမ်နေဆဲ ဖြစ်ပါတယ်” ဟု Nicole Thompson ကပြောသည်။

“ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ယုံကြည်လက်ခံနိုင်လောက်တဲ့၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ဖို့ ကျမတို့ ဆက်လက်တောင်းဆိုသွားပါမယ်။ မီဒီယာတွေ ဝင်ရောက်ခွင့် ပြုဖို့လည်း ကျမတို့ ထပ်မံတောင်းဆိုပါ တယ်။”

ပဋိပက္ခများ ကြောင့် ဒေသတွင်း ရွှေ့ပြောင်း အခြေချမှုပြဿနာများ ထပ်မံပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း ပြောခဲ့ သည့် မလေးရှား နိုင်ငံကဲ့သို့ပင် ဗြိတိန် နိုင်ငံကလည်း အဆိုပါ အစည်းအဝေးတွင် စိုးရိမ်မှုများ ဖော်ပြခဲ့သည်ဟု သံတမန်များက ပြောသည်။

ပြဿနာများကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဆန္ဒုပြသည့် အနေဖြင့် မူဆလင် လူများစုနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံက မြန်မာနိုင်ငံက ပူးတွဲ အိမ်ရှင် အဖြစ်လက်ခံကျင်းပပေးနေသည့် ဒေသတွင်း ဘောလုံးပွဲတခုမှ နုတ်ထွက်ရန် စဉ်းစားနေ ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ရိုဟင်ဂျာများအတွင်းတွင် အစွန်းရောက်မှုများ ရှိလာကြောင်း သတင်းများရရှလာသည့် အတွက် စိုးရိမ်ကြောင်း အီဂျစ် နိုင်ငံ ကိုယ်စားလှယ် ကလည်း ပြောသည်ဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်း

ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂနှင့် ဒိန်းမတ် နိုင်ငံတို့မှ သံတမန်များနှင့် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ဆုံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ နိုင်ငံတကာ အသိုင်း အဝိုင်းက သတင်းအချက်အလက်မှန်များမရှိဘဲ ပဋိပက္ခကို တဘက်ထဲမှ အလေးပေးခဲ့သည်ဟု သူက စွပ်စွဲပြောဆိုခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါ အစည်းအဝေး က ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ အကူအညီပေးရေးကိစ္စများ ပြန်လည်စတင်ရန် ဦးတည်ခြင်း ဖြစ် သည်ဟု သံတမန်များနှင့် အကူ အညီပေးရေး လုပ်သားများကပြောသည်။ စစ်ဆင်ရေးများကြောင့် ပိတ်ဆို့ထားသည့် ဒေသတွင် လူ ၁၅၀၀၀၀ ခန့်အတွက် ဆေးဝါး နှင့် အစားအစာ အကူညီများ မပေးပို့နိုင်ခဲ့သည်မှာ ရက်ပေါင်း ၄၀ ကျော် ပြီ ဖြစ်သည်။

အာဟာရ မပြည့်ဝသည့် ကလေးငယ် ၃၀၀၀ ကျော်အတွက် အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း နှင့် အကူအညီ မရ လျှင် သေဆုံးသွားနိုင်ကြောင်း ကုလသမဂ္ဂက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် က ပြည်သူများ အစားအစာအကူအညီ ရရှိရေးအတွက် အပြုသဘောဆောင်သည့် ပြောဆိုမှုများ ရှိခဲ့သည်ဟု သံတမန်များကပြောကြသော်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့ အထိ အကူအညီများ ပြန်လည် ရရှိခြင်း မရှိသေး ပေ။

သူတို့ အနေဖြင့် အကူအညီများ ပြန်လည်ပေးအပ်ခွင့်ရရှိအောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲဆောင်နိုင်ရေး အတွက် တိတ်တဆိတ် ကြိုးစားမှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြသည်။ သို့သော်လည်း ပဋိပက္ခကာလအတွင်းတွင် ဒေါ်အောင်ဆန်း စုကြည်က ပြည်ပခရီးစဉ်များဖြင့် အလုပ်ရှုပ်နေခဲ့သည့်အတွက် အခက်အခဲ ရှိခဲသည်ဟု အချို့ကပြောသည်။

သို့သော်လည်း အရပ်သားအစိုးရကို ဦးဆောင်နေစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုတိုင်အာဏာရှိနေပြီး ကာ ကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာများကို ထိန်းချုပ်ထားသည့် စစ်တပ်နှင့် အဆင်ပြေရန် ကြိုးစားနေရဆဲ ဖြစ်သည်။ သံတမန် အချို့ကလည်း သူလုပ်နိုင်သည့် အတိုင်းအတာ အကန့် အသတ် ရှိနေခြင်းကို အသိအမှတ်ပြုခဲ့ကြ သည်။

နယူးယောက်၌ ကျင်းပသည့် အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က မြန်မာအစိုးရ၏ အနေအထားမှာ အရပ်ဘက်နှင့် စစ်ဘက်ကြားမှ အားပြိုင်မှုကြားတွင် ရှိနေသည် ဟု ပုံဖော်ခဲ့ကြောင်း လုံခြုံရေး ကောင်စီမှ သံတမန်တဦးကပြောသည်။

“လုံခြုံရေး ကောင်စီက သံတမန် တော်တော်များများက ဒီအချက်ကို လက်ခံကြပြီး မြန်မာအစိုးရအနေနဲ့ အချိန်ပို လိုအပ် တယ်လို့ ယူဆခဲ့ကြပါတယ်” ဟု အဆိုပါ သံတမန်ကပြောသည်။

မြန်မာနိုင်ငံက မူလတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို သက်သေပြရေး အတွက် ကော်မရှင် တခု ဖွဲ့စည်းရန် ကြိုးစားနေခဲ့သည်ကို သံတမန်များက ယုံကြည်လက်ခံရန်လည်း ဆောင်ရွက်ခဲ့သည်။ နိုဝင်ဘာလ ၁၉ ရက် နေ့က ထုတ်ပြန် ခဲ့သည့် အစိုးရ မီဒီယာ သတင်းတခုအရ အကြမ်းဖက် တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးရန် အဖွဲ့အစည်း တခု ဖွဲ့စည်းခဲ့ ကြောင်း သိရသော်လည်း လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှု စွပ်စွဲချက်များလည်း ပါဝင်ခြင်းရှိမရှိကို ဖော်ပြထားခဲ့ခြင်း မရှိပါ။

သမ္မတ ရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး က ရခိုင်ပြည်နယ်တွင် နိုင်ငံမဲ့ ရိုဟင်ဂျာ မွတ်ဆလင်အများစုကို ဦးတည်သည့် နိုင်ငံသား စိစစ်ရေး အစီအစဉ်တခု အကောင်အထည် ဖော်နေပြီး ဒေါ်အောင်ဆန်းစုကြည် အာဏာ ရရှိလာသည့် နောက် ပိုင်းတွင် နိုင်ငံတော် အဆင့် အထူးအဖွဲ့အစည်းတရပ် ဖွဲ့စည်းပေးခဲ့ကြောင်း ပြောသည်။

“ကျနော်တို့ အစိုးရက ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းဖို့ ဆောင်ရွက်နေပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ရှမ်းပြည်နယ် အန်အယ်လ်ဒီ ခေါင်းဆောင်တချို့ရဲ့ အယူခံတွေကို ပလပ်


ပုသိမ်မြို့နယ် NLD ဒုဥက္ကဋ္ဌဦးစန်းရွှေအား ရပ်ကျေးဥက္ကဋ္ဌမှ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်တိုင်ကြား

စည်သူမောင်မောင်

ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဦးဆန်းရွှေအား ဆင်မကျေးရွာအုပ်စု၊ ရပ်ကျေးဥက္ကဋ္ဌဦးအောင်ကိုလွင်မှ ငွေဆောင်ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်တိုင်ကြားသဖြင့် စခန်းက ဖမ်းဆီးပြီး ၂၄ရက်နေ့ညတွင် ချုပ်ထားသည်။

လူမှုစာမျက်နှာ facebookတွင် U San Shwe အကောင့်ဖြင့်"ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး မှ ဆင်မကျေးရွာရှိ အရက်ပုန်းဆိုင်မျာအား အရက်ဆီများကို မယူမနေရ လိုက်လံဖြန့်ဖြူးနေကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ တူသားနောင်မယ် ပစ္စည်းဖြစ်၍ယူပေးရမည်ဟု နာမည်အလွဲသုံးစားပြုလုပ်နေပါကြောင်း၊ ECရပ်ကျေးမှ လာရောက်တင်ပြပါသည်၊ ဥက္ကဋ္ဌနှင့် ပါတီလွှတ်တော်၏ ဂုဏ်သိက္ခာကိုများစွာထိခိုက်စေပါသည်၊ အမှန်တရားဖော်ထုတ်ရှင်းလင်းရန်လိုမည်”ရေးသားဖော်ပြချက်အား ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်က ငွေဆောင်ရဲစခန်းတွင် နိုဝင်ဘာလ၂၁ရက်နေ့တွင် အမှုဖွင့်လှစ်တိုင်ကြားခဲ့ကြောင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

နိုဝင်ဘာလ၂၄ရက်နေ့တွင် ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဒုဥက္ကဋ္ဌဦးစန်းရွှေအား ငွေဆောင်ရဲစခန်းမှ ပ၃၉/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ငွေဆောင်ရဲစခန်းစခန်းမှူးအားမီဒီယာများက မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်းမပြု ငြင်းဆိုခဲ့သည်။ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ) အမှုဖွင့်ခံရသူအား ပုသိမ်မြို့မရဲစခန်းတွင် နိုဝင်ဘာလ၂၄ရက်နေ့ညတွင် ထိန်းသိမ်းထားသည်။

အမှုတိုင်ကြားသည့် တရားလို ဆင်မကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အုပ်ချုပ်ရေးမှူးမရှိကြောင်း ပြန်လည်ပြောသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နှင့် ပတ်သက်ပြီး ကန့်ကွက်မှုများအား ရန်ကုန်၊ နေပြည်တော် ပြုလုပ်ခဲ့သည်။

ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် ရွှေတိဂုံစေတီတော်ကြီးရဲ့ လုံခြုံရေးကို တိုးမြှင့်


ကော့စ်ဘဇားတွင် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူးများဆွေးနွေးခဲ့သော်လည်း လက်ရှိ မောင်တောကိစ္စမပါဝင်ဟုဆို

နိရဉ္စရာ၊


ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားတွင် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်မှူးအဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း လက်ရှိ မောင်တောမြို့နယ်တွင် ဖြစ်ပွားနေသော အရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အဓိက ဆွေးနွေးခဲ့သော အကြောင်းအရာများတွင် နယ်စပ်လုံခြုံရေးကို နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် စောင့်ရှောက်ကာကွယ်ရေး၊ မူးယစ်မှောင်ခိုကိစ္စ တားဆီးရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးမှု ရရှိရေးအတွက် အားကစားပွဲများ နှစ်နိုင်ငံနယ်စပ်မြို့များတွင် တစ်လှည့်စီကျင်းပရေး၊ ကျရောက်လာသော အခက်အခဲများကို နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ညှိနိုင်းဖြေရှင်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Cox’sbazar News မှ သတင်းရေးသားဖော်ပြရာတွင် လက်ရှိ နယ်စပ်တွင် ဖြစ်ပွားနေသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ဖော်ပြသည်။

မြန်မာဘက်က ကိုယ်စားလှယ် ၃၁ ဦးတက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ်ဘက်က ၂၇ ဦးတက်ရောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

လမ်းပျော်နေကလေးတွေ များလာတာ လူမှုဝန်းကျင်အတွက် ဆိုးကျိုးတွေဖြစ်စေနိုင်


မူဆယ် ၁၀၅ မိုင် မှာ တိုက်ပွဲများ ယနေ့ ထပ်မံဖြစ်ပွား

ဇေယျာမော်

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အကြား ယနေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

"မနက် ၆ နာရီ မိနစ် ၄၀ လောက်ကပါ။ သာမန်ပစ်ခတ်မှုပါ၊ ၁၀၅ မိုင်က တပ်စခန်းကို လာပစ်တာ ၊ တပ်စခန်းက ပြန်ပစ်တဲ့ အခါမှာ ပြန်ဆုတ်သွားပြီခင်ဗျ" ဟု ဦးဇော်မင်းက ပြောသည်။
ကားများသွားလာမှု အခြေအနေကတော့ ပုံမှန်သွားလာသည့်အခြေအနေမှာ မရှိပေမယ့် သွားရဲသည့် ပုဂ္ဂိုလ်များအနေဖြင့် သွားလာမှုများလုပ်ဆောင်နေကြောင်း ၄င်းက ထပ်လောင်းဆိုသည်။

သို့သော် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာ ကြားရှိ အောက်ရှုခင်းသာ ၊ ညောင်ပင်ကွေ့မှာ ယနေ့ မနက် ၁၁ နာရီဝန်းကျင်ခန့်က ကုန်တင်ကားတစ်စီး ပစ်ခတ်ခံခဲ့ရကာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးသွား ခဲ့သည်။ ယင်းသေဆုံးမှုကို မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အတည်ပြုသည်။

ယနေ့ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မူဆယ်မြို့လုံခြုံရေးကို တပ်မတော် ၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက တာဝန်ယူစောင့်ရှောက်ပေးထားသောကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ လုပ်ငန်းရောင်းဝယ် နေထိုင်သွားလာမှုများကို ပုံမှန်အခြေအနေအတိုင်း လုပ်ဆောင်သွားရန် ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်၍ ယနေ့ထိ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့ နယ်အတွင်း KIA၊ MNDAA ၊ TNLA၊ AA စသည့် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်မှလည်း ယနေ့နေ့စွဲဖြင့် အသိပေးစာတစ်စောင် ထုတ်ပြန်ရာတွင် “ စစ်ရေး လှုပ်ရှားမှုများဖြင့် မဟုတ်ဘဲ ဆွေးနွေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်ကို သိစေလိုပါသည်။ KIO ဆွေးနွေးရေး အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးပေးရန် တောင်းဆိုထားသည်မှာ သုံးလကျော်သွားပြီဖြစ်ပါသည် ” ဟု ထုတ်ပြန်ရေးသားချက်တွင် ပါရှိသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၃ ရက်တွင် “ ထို ဖြစ်စဉ်များတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသာမက အပြစ်မဲ့အရပ်သားများပါ ထိခိုက်သေဆုံး ဒဏ်ရာရရှိခြင်းများ ကြုံတွေ့ခဲ့ရပါသည်။ ပြည်သူများခေတ်အဆက်ဆက်တောင့်တခဲ့ရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အာရုံစိုက် ကြိုးပမ်းနေချိန်တွင် ဤသို့ဖြစ်ပွားလာရခြင်း အတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်ငယ်မုဒိန်းမှု အပေါ် သူတို့ပြောစကား


ဆင်းရဲနွမ်းပါးမှု၊ မိသားစု စားဝတ်နေရေးနှင့် ထွက်ပေါက်

ခင်ဦးသာ


အိမ်ရှေ့လမ်းမပေါ်က လှမ်းကြည့်လိုက်လျှင် အိမ်တံခါး၊ အကာအရံ မရှိသည့် အိမ်ငယ်လေး တခုပေါ်တွင် လူသူ ကင်းမဲ့နေပြီး၊ အိမ်ပေါက်ဝ၌ အိပ်မောကျနေသည့် ခွေးတကောင်နှင့် အိမ်ထဲရှိ ခုံလေးတခုပေါ်တွင် တင်ထားသည့် ဓာတ်ပုံတပုံတို့ကိုသာ ထင်ရှားစွာ တွေ့ရသည်။

“အဖေက ဒီတန်းမှာ ကြိုးဆွဲချ သေတာပါ” ဟု ဖခင်ဖြစ်သူ၏ သေကြောင်းကြံ သွားသည့် နေရာကို သမီးကြီး ဖြစ်သူက ညွှန်ပြသည်။ ကြိုးဆွဲ ချသေဆုံးသည့် နေရာဟု ဆိုသော အိမ်ခေါင်းမိုးသည် အိမ်ကြမ်းခင်းမှ ၆ ပေကျော် ဝန်းကျင် အမြင့်သာလျှင် ရှိသည်။

သို့သော် သေကြောင်းကြံစည်သူ အသက် ၃၄ နှစ်အရွယ် ကိုကျော်မင်းထွန်းသည် ၆ ပေကျော်သာ အမြင့်ရှိသည့် နေရာ၌ပင် ကွေးကွေးလေး ပုံစံဖြင့် ကြိုးဆွဲချသေဆုံးခြင်း ဖြစ်ကြောင်း ၁၃ နှစ် အရွယ် သမီးအကြီးဆုံး ဖြစ်သူနှင့် ၃၃ နှစ်အရွယ် ဇနီးဖြစ်သူ မစန္ဒာအောင်တို့က ဧရာဝတီကို ပြောသည်။

အသုဘ ဖြစ်ပြီး ရက်ပိုင်းသာ ရှိသေးသည့် အိမ်သည် အသုဘအိမ်နှင့် မတူဘဲ အားလုံး ပုံမှန်ဖြစ်နေသည်။ ခုံလေးတခု ပေါ်တွင် တင်ထားသည့် ဓာတ်ပုံတပုံ၊ ထမင်းဖြူ တပန်းကန်၊ ဟင်းတခွက်၊ ရေတခွက်၊ ဆေးလိပ် တလိပ် ရှိနေခြင်း ကြောင့်သာ အသုဘအိမ်ဟု သိရသည်။ သို့သော် အိမ်ရှေ့ လမ်းမပေါ်မှာတော့ လူဆယ်ဂဏန်းလောက် ရှိသည့် ဖဲဝိုင်း တဝိုင်း ရှိသည်။

သေဆုံးသူ ကိုကျော်မင်းထွန်းသည် နိုဝင်ဘာလ ၁၂ ရက်နေ့၊ နေ့လည် ၁ နာရီ ဝန်းကျင်အချိန်၊ နေအိမ်တွင် မိသားစုဝင်များ မရှိသည့် အချိန်၌ လသားအရွယ် ကလေးငယ်၏ ပုခက်မှ ကြိုးကို ဖြုတ်ယူကာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ကိုကျော်မင်းထွန်းအား ပထမဆုံး တွေ့ရှိသူမှာ ၄ နှစ် အရွယ် သမီးလေး ဖြစ်သည်။

ဇနီးဖြစ်သူက “ကျမက အမေ့အိမ်မှာ ရှိနေတုန်း သမီးလေးက ပြေးလာတယ်၊ အမေရေ၊ အဖေကြီး အိမ်ပေါ်မှာ မောင်လေး ပုခက်ကြိုးတွေနဲ့ ချည်နေတယ် ဆိုပြီး လာပြောတယ်၊ ကျမလည်း အပြေးအလွှား လိုက်သွားပေမယ့် သူက သတိ မရတော့ဘူး၊ ဒါပေမယ့် အသက်တော့ ရှူနေသေးတယ်” ဟု ဆိုသည်။

အသက်ရှူနေသေးသည့် ခင်ပွန်းဖြစ်သူအား အသက်ကယ်ရန် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ချက်ချင်း ပို့ဆောင်ခဲ့သော်လည်း အသက်ပြန် မရှင်ခဲ့တော့ပေ။

“ကျမကို ကလေး တပြုံကြီးနဲ့ ပစ်ထားခဲ့ပြီးတော့ သူက ကိုယ်လွတ် ရုန်းထွက်သွားတယ်လို့ ခံစားရတယ်၊ တခါတလေ စိတ်ဆိုး ဒေါသဖြစ်မိတယ်၊ ဝမ်းလည်း နည်းမိတယ်၊ ရိုးရိုးတန်းတန်း သေတာဆို အဲဒီလောက်ဖြစ်မှာ မဟုတ်ဘူး” ဟု ဇနီးဖြစ်သူက ဆိုသည်။

ကိုကျော်မင်းထွန်းတို့ ဇနီးမောင်နှံမှာ ကလေး ၅ ဦး ရှိပြီး၊ အကြီးဆုံး သမီးသည် အသက် ၁၃ နှစ်၊ အငယ်ဆုံး သား လေးသည် ၉ လသား အရွယ်ဖြစ်သည်။ ထိုကလေး ၅ ဦးရှိ အနက် အလတ်ကလေး တဦးသာ ကျောင်းထားနိုင်သည်။

အကြီးဆုံး သမီးလေးသည် အထည်ချုပ် စက်ရုံတခုတွင် အလုပ်လုပ်နေပြီး၊ လစာ ၆ သောင်းကျော်ရသည်။ ၁၁ နှစ် အရွယ်ရှိ ဒုတိယမြောက် ကလေးသည် ကားပြုပြင်ရေး အလုပ်ရုံတခုတွင် နေ့စား လုပ်နေပြီး၊ တရက်လျှင် ၂၀ဝ၀ ကျပ် ရသည်။ ထိုကလေး ၂ ဦး၏ ဝင်ငွေဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြသည်။

သေဆုံးသွားသည့် ကလေး ၅ ယောက်ဖခင် ကိုကျော်မင်းထွန်းသည် ဆိုက်ကားနင်းသည့် အလုပ်ဖြင့် မိသားစု စားဝတ်နေရေးအတွက် တဖက်တလမ်းက ထောက်ပံ့ ပေးခဲ့သော်လည်း၊ တခါတရံ၌ ဇနီးသည်ထံ ဈေးဖိုးပေးနိုင်ခြင်း မရှိဟု ဇနီးဖြစ်သူက ပြောသည်။

ကိုကျော်မင်းထွန်းသည် အေးဆေးစွာ နေထိုင်တတ်သူ၊ သားသမီးများအား ချစ်ခင်ကြင်နာတတ်သူ ဖခင်တဦး ဖြစ်သော်လည်း အရက်သောက်တတ်သူ တဦးဖြစ်နေခြင်းကြောင့် မိသားစု စားဝတ်နေရေး ဖြေရှင်းရာတွင် အိမ်ထောင်ဦးစီးကောင်း တဦးအဖြစ် တာဝန်မကျေခဲ့ ဟုလည်း ဇနီးဖြစ်သူက ဆိုသည်။ ၎င်းတို့ ဇနီးမောင်နှံသည် အသက် ၁၈ နှစ် အရွယ်ကပင် အိမ်ထောင်ကျခဲ့ပြီး၊ ယခုအခါ အိမ်ထောင်သက် ၁၅ နှစ် ရှိပြီ ဖြစ်သည်။

ဆိုက်ကားနင်း ရှာဖွေရရှိသည့် ဝင်ငွေမှာ ဆိုက်ကား အုံနာကြေးအဖြစ် တရက်လျှင် တထောင်ကျပ်သာ ပေးဆောင်နိုင်ပြီး မိသားစု စားစရိတ်အတွက် နေ့စဉ်ပုံမှန် ရှာဖွေပေးနိုင်ခြင်း ရှိခဲ့သည့်အပြင် သောက်စားတတ်ခြင်း၊ စီးပွားရေး မပြေလည်ခြင်း စသည်တို့ကြောင့် စိတ်ဓာတ်ကျပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း ရှိကြောင်း မိသားစုဝင်များက ပြောသည်။

ဇနီးဖြစ်သူက “ဝင်ငွေက ပုံမှန် မရှိတော့ ကလေးတွေ ထမင်းစားဖို့က အခက်အခဲ ရှိတယ်၊ အဲဒါကြောင့် အလတ်ကောင်လေးက ကျမ အဖေဘုန်းကြီး ဆွမ်းခံကြွရင် ဆွမ်းချိုင့်ဆွဲပြီး လိုက်တယ်၊ အဲဒီက ကျန်တဲ့ ဆွမ်းကျန်တွေနဲ့ပဲ နေ့လည်စာကို ဝ၀လင်လင် စားရတယ်” ဟု ဆိုသည်။

တခါတရံ၌ အဝတ်လျှော်ဖွတ်ရန် ငှားရမ်းသူများ ရှိပါက အဝတ်လျှော်၍ ဝင်ငွေရှာဖွေကြောင်း၊ ၎င်းတို့နေထိုင်သည့် ၁၀ ပေ ဝန်းကျင်ရှိ မလုံမခြုံ အိမ်ငယ်သည်လည်း တလလျှင် မြေငှားခအဖြစ် တသောင်းကျပ်ဖြင့် ငှားရမ်း ဆောက်လုပ် ထားကြောင်း မစန္ဒာအောင်က ပြောသည်။

၎င်း၏ အမျိုးသားဖြစ်သူ မရှိတော့သည့် နောက်ပိုင်းတွင် အပ်ချုပ်စက် တလုံးငှားရမ်း၍ အထည်ချုပ်ကာ ကလေး ၅ ယောက်၏ စားဝတ်နေရေးကို ဖြေရှင်းရန် စဉ်းစားထားကြောင်းလည်း ဆက်ပြောသည်။ သို့မဟုတ် အရင်းအနှီးရှိပါက ဈေးရောင်းမည်ဟု ဆိုသည်။

ကိုကျော်မင်းထွန်း၏ ကျန်ရစ်သည့် မိသားစုအကြောင်း ဧရာဝတီ သတင်းဌာက ရုပ်သံဗီဒီယိုတခု ရိုက်ကူး ဖော်ပြခဲ့ပြီး နောက်တနေ့တွင် မစန္ဒာအောင် လိုအပ်နေသည့် အပ်ချုပ်စက်နှင့် အိမ်ပြုပြင်ရန် ထောက်ပံ့ငွေတချို့ကို ရွှေပြည်တော် လူမှုရေးအဖွဲ့က အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြသည်။

ထောက်ပံ့ငွေ တချို့ လှူဒါန်းရန် အလှူရှင်တချို့က ဧရာဝတီ သတင်းဌာနသို့ ကမ်းလှမ်းမှု တချို့ရှိခဲ့သည်။ ထောက်ပံ့မှုများအား ဒဂုံဆိပ်ကမ်းမြို့နယ်၏ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်မှတဆင့် ကူညီပေးရန် ဧရာဝတီက မေတ္တာရပ်ခံခဲ့သော်လည်း အလုပ် မအားဟု ဆိုကာ ငြင်းပယ်ခဲ့သည်။

သေဆုံးသူ ကိုကျော်မင်းထွန်း မိသားစု နေထိုင်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၈ ရပ်ကွက်နေသူ အများစုသည် လက်လုပ် လက်စားများ ဖြစ်ပြီး ပန်းရံ၊ ဆိုင်ကယ် ကယ်ရီမောင်းသူ၊ ဆိုက်ကားနင်းသူ စသဖြင့် ကြုံရာကျပန်း လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြသည်။

ထိုရပ်ကွက်၌ အနယ်နယ်အရပ်ရပ်မှ လာရောက်၍ ကျူးကျော်အိမ်များ ဆောက်လုပ်နေထိုင်သူ အများအပြားလည်း ရှိသည်။ ကျူးကျော်အိမ်ခြေသည် ၅၀ဝ ကျော် အထိ ရှိကြောင်း ကျူးကျော်အိမ် ဆောက်လုပ်နေသူ တဦးက ပြောသည်။

၎င်းတို့ ဆောက်လုပ်ထားသည့် ကျူးကျော်မြေသည် လယ်မြေပိုင်ရှင် ကိုယ်တိုင်က ဆောက်လုပ်ခွင့် ပေးထားခြင်း ဖြစ်ပြီး ၁၀ ပေ မြေအား ကျပ်တသိန်း ပေးဆောင်ရကြောင်း သိရသည်။

ကျူးကျော် နေထိုင်သူ တဦးက “ဒီကလူ အများစုက ကြုံရာကျပန်း လုပ်စားကြတယ်၊ ဆောက်လုပ်ရေးတွေ ကောင်းတဲ့ အချိန်ဆို ပန်းရံလုပ်ကြတယ်၊ အခုတော့ ဆောက်လုပ်ရေးတွေ ရပ်ထားလို့ အများစုက အလုပ် မရှိကြဘူး၊ ဒါပေမယ့် ကျနော်တို့ ရပ်ကွက်မှာ ခိုးဆိုးလုယက်တာလည်း သိပ်မရှိပါဘူး” ဟု ဆိုသည်။

ဆိုက်ကားနင်း၍ အသက်မွေးဝမ်းကြောင်း ပြုသူ အများစုမှာလည်း ဆိုင်ကယ် ကယ်ရီများ ပေါများလာသည့် အတွက် ခရီးသည် ရရှိမှု နည်းပါးလာပြီး ဝင်ငွေနည်းပါးလာသည်ဟု ဆိုကြသည်။

ဆိုက်ကားနင်းသူ တဦးက “ဆိုက်ကားစီးလည်း ၅၀ဝ၊ ဆိုင်ကယ်စီးလည်း ၅၀ဝ ဆိုတော့ အများစုက ဆိုင်ကယ်ပဲ စီးကြတော့တယ်၊ တချို့လည်း အလုပ်အကိုင် မရှိတော့ ဆိုက်ကားစီးဖို့ ၅၀ဝ ကို ဈေးဖိုး သုံးပြီးတော့ လမ်းပဲ လျှောက်ကြတာ များတယ်” ဟု ဧရာဝတီကို ပြောသည်။
၆၈ ရပ်ကွက်ရှိ ဆိုက်ကားနင်းသူ အများစုသည် ဝင်ငွေရရှိမှု နည်းပါးလာခြင်းကြောင့် မိသားစုအတွက် ထောက်ပံ့ပေးသည့် ပုံမှန်ဝင်ငွေလည်း နည်းပါးလာကြသည်။ ထို့အတူ မိသားစုအကြား မကျေလည်မှုများ ရှိလာသည်။ ဇနီးမောင်နှံ အကြား ပြဿနာများ ရှိလာသည်။ အထူးသဖြင့် အရက်သောက်သုံးတတ်သူ အမျိုးသားများ၏ မိသာစုများ အကြား ပြဿနာ ပိုမို ဖြစ်ပွားတတ်ကြကြောင်း သိရသည်။

သို့သော် တခြားသော မြို့နယ်၊ ရပ်ကွက်များရှိ ဆိုက်ကားနင်းသူများ အနေဖြင့် တရက်လျှင် ၅ ထောင်နှင့် ၁ သောင်းဝန်းကျင် အကြား ရရှိသူများလည်း ရှိသည်ဟု သိရသည်။ တချို့မှာ နယ်မှ လာရောက်ကာ ရန်ကုန်မြို့၏ စည်ကားရာ နေရာများတွင် ဆိုက်ကားနင်းပြီး ၎င်းတို့ ဂိတ်ထိုးရာ ဆိုက်ကားဂိတ်၌ပင် နေအိမ်လုပ်၊ ညအိပ်ရင်း ငွေရှာနေသူများလည်း ရှိသည်။

ရန်ကုန်မြို့၏ ဆင်ခြေဖုံး မြို့နယ်အများစု၌ ဆိုက်ကယ် ကယ်ရီများ ပေါများလာခြင်းသည်လည်း ဆိုက်ကားနင်းပြီး မိသားစု ဝင်ငွေရှာဖွေ လုပ်ကိုင်သူများအတွက် အခက်အခဲ တခုဖြစ်စေသည်ဟု ဆိုကြသည်။ ထိုဆိုင်ကယ် အများစုသည် လိုင်စင်မဲ့များ ဖြစ်သည်။

ရန်ကုန်မြို့၏ ဆင်ခြေဖုံး ဒေသများ၌ နေထိုင်သူ အများစုသည် ယခုအခါ အလုပ်လက်မဲ့ ဦးရေများလာသည်။ ထို့အတူ မြင့်မားလာနေသည့် ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေး ခက်ခဲလာကြသည်။ ယင်းတို့၏ နောက်ဆက်တွဲ အဖြစ် ဒုစရိုက်မှု၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ သေကြောင်းကြံစည်မှု စသည်တို့လည်း တိုးပွားလာသည်။

မိမိကိုယ် မိမိ အဆုံးစီရင်သွားခဲ့သူ ကိုကျော်မင်းထွန်း၏ ဇနီးက “လောလောဆယ် ရက်လည်လုပ်ဖို့ ငွေမရှိသေးပါဘူး၊ ချေးငှားပြီး လုပ်ပေးဖို့တော့ စိတ်ကူးထားပါတယ်” ဟု ပြောဆိုခဲ့သော်လည်း ယခုအခါ အလှူရှင် တချို့၏ ကူညီမှုကြောင့် သေဆုံးသူ ကိုကျော်မင်းထွန်း၏ ရက်လည်အား စိတ်အေးစွာဖြင့် သာဓုခေါ်ခွင့် ရသွားခဲ့တော့သည်။

ဦးအောင်ဌေးဝင်း(ဒုညွှန်မှူးး) နှင့် တွေ့ဆုံမေးမြန်းခြင်း


မြန်မာသံအမတ်ကြီးအား ဘင်္ဂလားဒေ့ရှ်က သမ္မန်စာ ဆင့်ဆိုထား

ဘီဘီစီ

ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးများ လုပ်ဆောင်နေခြင်းကြောင့် ဘင်္ဂလီများ ထွက်ပြေးလာခြင်းနှင့် ပတ်သက်ပြီး အလေးအနက်စိုးရိမ်ပူပန်မှုကို ဖော်ပြရန် မြန်မာနိုင်ငံသံအမတ်ကြီးအား ဘင်္ဂလားဒေ့ရှ်က သမ္မန်စာ ဆင့်ဆိုထားသည်။

အိမ်နီးချင်းမြန်မာနိုင်ငံမှ လူများ ဘေးကင်းခိုလှုံမှုရရန် ဝင်ရောက်လာနေလျက်ရှိသည်ဟု ယင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်ကင်းလှည့်မှုများကို ဆောင်ရွက်နေပြီး ထွက်ပြေးလာသူ ဘင်္ဂလီအများစုကို ပြန်လည်ပို့ပေးလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ရခိုင်ဘက်မှ လူများ ဝင်ရောက်ခြင်းများကို ရပ်တန့်နိုင်ရန် မြန်မာဘက်အား တိုက်တွန်းထားကြောင်း ထုတ်ပြန်ချက် တစ်ရပ်၌ ဖော်ပြသည်။

“ ကျွန်တော်တို့ဘက်၌ နယ်ခြားစောင့်တပ်က လူများ ဝင်ရောက်လာမှုကို တားဆီးနေသော်လည်း အမျိုးသမီးနှင့် ကလေးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် မြန်မာဘက်က လူထောင်ပေါင်းများစွာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်နေကြောင်း ” အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ နယ်စပ်တွင်လည်း ထောင်ပေါင်းများစွာ စုရုံးရောက်ရှိနေကြောင်း သတင်းများလည်း ရှိထားသည် ”ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လှေ အစီး ၂၀ ဖြင့် ဘင်္ဂလီ ၁၅၀ ခန့်ရှိ ဝင်ရောက်လာသူများအား နိုင်ငံတွင်း ဝင်ရောက်မှုများ ရပ်တန့်ရေးအလို့ငှာ မြန်မာဖက်သို့ ပြန်ပို့ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ က နိုဝင်ဘာ ၂၂ ရက်တွင် ပြောခဲ့သည်။

ရှမ်း၊ ကချင်၊ ရခိုင်အရေးကိစ္စများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

DVB


ရှမ်း၊ ကချင်၊ ရခိုင်ပြည်နယ်တို့မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အရေးကိစ္စများဟာ နိုင်ငံရေး တည်ငြိမ်မှုအတွက်စိန်ခေါ်မှုများဖြစ်လို့ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက် ပါတယ်။

ဒီနေ့မနက်ပိုင်း နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီဂရမ် မစ်ဆရီ တို့ တွေ့ဆုံတုန်း သူက ပြောခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

“လက်ရှိဖြစ်ပွားနေသော ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် တွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စများသည် နိုင်ငံရေးတည်ငြိမ်မှုအတွက် စိန်ခေါ်မှုများ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်နေကြောင်း။”

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းဖို့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုး ကြပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တန်းတူရည်တူ အမြန်ဆုံး ပါဝင်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

အစိုးရနဲ့ အပစ်ရပ်လက်မှတ် မထိုးသေးတဲ့ တပ်ဖွဲ့တို့ရဲ့ ယူအန်အက်ဖ်စီခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ရယ်ကောင်စီကလည်း တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုလားနေတာ ဖြစ်ပါတယ်။

ယူအန်အက်ဖ်စီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဦးထွန်းဇော်က ဗိုလ်ချုပ်မှူးကြီးပြောတဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ် ဆိုတဲ့ စကားအပေါ် အခုလို မေးခွန်းထုတ်ပါတယ်။

“နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့အခါ ကျနော်တို့ ပြောနေတာက တန်းတူရည်တူနဲ့ ဂုဏ်သိက္ခာ ရှိရှိ ဆွေးနွေးဖို့ ပြောနေတာ ဖြစ်ပါတယ်။ ဒီနေ့ထက်ထိ တန်းရည်တူနဲ့ ဂုဏ်သိက္ခာရှိရှိ ဆွေးနွေး နိုင်တဲ့ အခင်းအကျင်းတွေကို သူတို့ မဖန်တီးနိုင်သေးဘူး၊တန်းတူရည်တူ ရှိဖို့ဆိုရင် ဆွေးနွေးပွဲ စကားဝိုင်းကို ၃ ပွင့်ဆိုင်လုပ်ပါ။ အစိုးရအုပ်ချုပ်ရေးအဖွဲ့ရယ် လွှတ်တော်ရယ် တပ်မတော်ရယ်က အစုအဖွဲ့ ၁ခု အနေနဲ့နေ၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေက ၁ ပွင့်ပေါ့၊ နိုင်ငံရေးပါတီတွေကလည်း အစုအဖွဲ့ ၁ခု အနေနဲ့နေမယ်၊ ဒီလိုမျိုးဆွေးနွေးရအောင်လို့ ကျနော်တို့က တောင်းဆိုထားတယ်။ ဒါကို တပ်မတော်က လက်မခံဘူးဗျ။ အဲ့ဒါကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့စကားကတော့ ယေဘူယျ ဆန်တယ်။ ဒါပေမယ့် အဲ့ဒီအပေါ် အသေးစိတ် ကြည့်ဖို့ လိုတယ်။ အဲ့လို မဟုတ်ဘဲနဲ့ ဆိုလို့ရှိရင်တော့ ဒါ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပုံသဏ္ဍာန် ပုံစံမျိုးတော့ မရောက်ဘူးလို့ မြင်ပါတယ်။”

ယနေ့ မြန်မာ့ရေရာသတင်းများ November, 26th,2016

( 20 )နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကလေးမြို့တွင် ကျင်းပ

( 19 )မန္တလေး - မူဆယ် ကုန်တင်ခ ထက်ဝက်ကျော်မြင့်တက်

( 18 )ဆူဇူကီးဖလားပွဲ မလေးရှား သပိတ်မမှောက်ဟု ဆုံးဖြတ်

( 17 )အမျိုးသမီးများကို အကြမ်းဖက်မှု ပပျောက်ရေး အခမ်းအနား စစ်တွေမှာ ကျင်းပ

( 16 )ရှမ်းမြောက်တိုက်ပွဲများအရေး မြန်မာ- တရုတ် အစိုးရတာဝန်ရှိသူများ နေပြည်တော်၌ ဆွေးနွေး

( 15 )တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုး ကို ထုတ်ပယ်ဖို့ CEC ဆုံးဖြတ်

( 14 )တရုတ်-မြန်မာ အဆင့်မြင့်ဆွေးနွေး

( 13 )သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ထားဝယ်ဒေသခံတွေ ချီတက်တောင်းဆို

( 12 )ရခိုင်အရေး ကုလစွပ်စွဲချက် မြန်မာအစိုးရ တရားဝင်တုန့်ပြန်မည်

( 11 )အစိုးရတပ်ဖွဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှု ကုလ အရာရှိ ပြောကြား

( 10 )ကန့်သတ်စစ်ဆိုတာ လက်မခံကြောင်း ဦးတင်ဦး ပြော

( 9 )၀န်ထမ်းစည်းကမ်းဖောက်ဖျက်တဲ့ လ၀က ၀န်ထမ်း ၄၀ ကျော်ကို အရေးယူ

( 8 )နယ်စပ်က လက်နက်ကိုင်တွေကို တရုတ်ဘက်က လက်မခံ ဖို့ ဆွေးနွေးမည်

( 7 )တံတား ချဉ်းကပ်လမ်း ပျက်စီးနေမှုကြောင့် ဒေသခံပြည်သူများ အခက်ကြုံ

( 6 )မူဆယ် ၁၀၅ မိုင်၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ မုံးကိုးမြို့မှာ တိုက်ပွဲတွေဆက်ဖြစ်

( 5 )သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆန္ဒပြ

( 4 )အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြမှုများ ဖြစ်ပွား

( 3 )ဖမ်းဆီးစစ်ဆေးစဉ်အချုပ်သားသေဆုံးမှုဖြင့် ရဲ ၇ ဦးကို ထောင်ဒဏ် ၈ နှစ်စီချမှတ်

( 2 )မသန်စွမ်းသူများကို ဖေးမ၍ တန်းတူ အခွင့်အရေးပေးရန် ဒေါ်အောင်ဆန်းစုကြည် ပြော

( 1 )မလေးရှားကို အနိုင်ရရန် သေချာပြင်ဆင်ထားဟု မြန်မာနည်းပြ ပြော