Friday, February 28, 2014

ဒုချီးရားတန်းပြဿနာနှင့်စပ်လျဉ်းပြီး MSF ကို လုပ်ငန်းလုပ်ခွင့် ရုပ်သိမ်း

ကို​ထွေး

ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကို လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုထားတဲ့ နားလည်မှုစာချွန်လွှာ (MoU) သဘောတူညီချက်ကို ရုပ်သိမ်းလိုက်ပြီလို့ မြန်မာအစိုးရ တာဝန်ရှိသူက အတည်ပြုပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမြို့မှာ ရာနဲ့ချီတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက MSF အဖွဲ့ ရခိုင်ပြည်နယ်က ထွက်သွားဖို့ ဆန္ဒပြခဲ့ကြပြီးနောက် ခုလို လုပ်ငန်းတွေ ဆက်လုပ်ခွင့် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ခုလို MoU ရုပ်သိမ်းရတဲ့ အကြောင်းရင်းဟာ ဒုချီးရားတန်းကျေးရွာပြဿနာနဲ့ ဆက်စပ်နေတယ်လို့ မြန်မာအစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“နောက်ဆုံးဖြစ်ခဲ့တဲ့ ဒုချီးရားတန်းဖြစ်စဉ်မှာတော့ MSF အဖွဲ့က သူတို့ကိုယ်တိုင် သေနတ်ဒဏ်ရာ ရရှိသူတွေ၊ ဓားခုတ်ခံရသူတွေ ၁၅ ဦးလောက်ကို ရခိုင်ပြည်နယ်အစိုးရကို တရားဝင် စာရေးသလို နိုင်ငံတကာကိုလည်း ထုတ်ပြန် ပြောကြားတာတွေ လုပ်ခဲ့တယ်။ ဒီဘက်မှာ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကနေပြီးတော့မှ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ ကျူးလွန်သူရှိရင် အရေးယူ ဆောင်ရွက်ဖို့အတွက် အဲဒီလူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သူတို့ကုသပေးရ တယ်ဆိုတဲ့ လူတွေကို တွေ့နိုင်ဖို့အတွက် စီစဉ်ပေးပါဆိုပြီး ဆွေးနွေးခဲ့တာတွေရှိတယ်။ အဲဒီလိုပဲ ဒုချီးရားတန်းနဲ့ပတ်သက်လို့ သွားရောက်စုံစမ်းစစ်ဆေးတဲ့ ကော်မရှင် တွေကလည်း မေးမြန်းတာတွေ ရှိတယ်။ အဲဒီလို တေ့တေ့ဆိုင်ဆိုင်ပြောတဲ့အခါကြတော့ သူတို့ ဒီအထောက်အထားတွေ မပြနိုင်ပါဘူး။ သူတို့ရဲ့ ဒေသခံဝန်ထမ်းပြောပြချက်အရ ဒါကို သတင်းပို့တာဖြစ်ပါတယ်လို့ပဲ ပြန်ပြောတယ်။ MSF အနေနဲ့ သူတို့ သတင်းထုတ်ပြန်ချက်မှု အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အပြင် စစ်ဆေးတဲ့အခါမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူးဆိုတဲ့ အချက်အလက်တွေ ပေါ်ထွက်လာတဲ့အခါမှာလည်း သူတို့ရဲ့ ထုတ်ပြန်ချက်ကိုလည်း ပြန်ရုပ်သိမ်းတာ မရှိဘူး။ အဲဒီတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေက ဒေသမှာ အထောက်အကူ ဖြစ်ရမယ့်အစား ဒေသတွင်း တင်းမာမှုကို မြင့်မားစေပြီးတော့မှ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်လာစေနိုင်တဲ့ အတွက်ကြောင့်မို့လို့ ဒီစာချွန်လွှာကို ကျနော်တို့ဘက်က ဆုံးဖြတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။”


MSF အဖွဲ့နဲ့ ကျန်းမာရေး ၀န်ကြီးဌာနတို့ သဘောတူ လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံတွင်း ကျန်းမာရေး ကူညီစောင့်ရှောက်ခွင့် လုပ်ငန်းတွေ လုပ်ကိုင်ခွင့် နားလည်မှု စာချွန်လွှာ MoU ဟာ ၂၀၁၃ ဇန်န၀ါရီလကတည်းက သက်တမ်းကုန်ဆုံးသွားတာဖြစ်ပြီး သက်တမ်းတိုးဖို့ ဆက်ဆွေးနွေးနေစဉ်အတွင်း ဆက်လက်လုပ်ဆောင်ခွင့် ပေးထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် ပြန်ကြားရေး အဖွဲ့က ဦးဦးလှသိန်းကတော့ MoU ကုန်ဆုံးနေပြီဖြစ်တဲ့ MSFနဲ့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ MoUကို ဆက်လက် လက်မှတ်မထိုးတော့တဲ့အကြာင်း ပြည်ထဲရေး ၀န်ကြီး ဌာနကလည်း အသင်းအဖွဲ့မှတ်ပုံတင်ထားတဲ့ အထဲက MSFကို ဆက်လက် မှတ်ပုံ တင်ခွင့်မပြုတော့တဲ့ အကြောင်း ရခိုင်ပြည်နယ်မှာ MSF လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က စတင်မလုပ်ဆောင်ဖို့ ခေါ်ယူပြောကြားခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြည်ထောင်စုအဆင့်ကနေပြီးတော့မှ ရောက်လာခြင်းဖြစ်ပါတယ်။ MOU ဆိုတာကတော့ ကျန်းမာရေးဝန်ကြီးဋ္ဌာနနဲ့ ထိုးတယ်လို့ သိရပါတယ်။ နောက် အသင်းအဖွဲ့ ဥပဒေအရ မှတ်ပုံတင်တာက ပြည်ထဲရေးမှာ မှတ်ပုံတင်တယ်လို့ သိရပါတယ်။ ဆိုတော့ ကျန်းမာရေး ၀န်ကြီးဋ္ဌာနက MOU မထိုးဘူး။ ပြည်ထဲရေးဝန်ကြီးဋ္ဌာနကလည်း မှတ်ပုံတင်ထားရာကနေ ဆက်လက်မှတ်ပုံတင်ခွင့် မပြုတော့ဘူးဆိုတာကို ပြည်ထောင်စုကနေ အကြောင်းကြားခြင်း ဖြစ်ပါတယ်။”

ဒီိကိစ္စ MSFကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Peter-Paul de Grooteက MoU ဖျက်သိမ်းတဲ့ကိစ္စ အကြောင်းကြားစာမရသေးကြောင်း၊ စစ်တွေမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က MSF ရဲ့ MoU နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို ကျန်းမာရေး ၀န်ကြီးဌာနနဲ့ MoU ကို အပြီးသတ်နိုင်ဖို့အတွက် ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ အီးမေးနဲ့ ဖြေကြားခဲ့ပါတယ်။

မြန်မာ ပြန်ကြားရေး ဒုဝန်ကြီးကတော့ ကျန်းမာရေး ၀န်ကြီးဌာနအနေနဲ့ ဒီိကိစ္စ MSFကို ဘယ်တော့ အကြောင်းကြားမလဲ မသိရသေးပေမယ့် ဒီဆုံးဖြတ်ချက်ဟာ ခက်ခက်ခဲခဲ ချမှတ်ရတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနနဲ့ နိုင်ငံတကာက လူသားချင်း စာနာမှု အထောက်အပံ့ အကူအညီအတွက် နိုင်ငံတကာ အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု လုပ်မယ်ဆိုတဲ့ ၀ါဒကို ပြောင်းလဲဖို့ မရှိဘူးလို့လည်း မြန်မာအစိုးရ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဒီအဖွဲ့ကို ဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့တဲ့အတွက် လုပ်ငန်းတချို့ကို ရပ်ဆိုင်းခဲ့ရဖူး ပါတယ်။

MSF အဖွဲ့ဟာ ၁၉၉၂ ခုနှစ်ကတည်းက ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့ မြန်မာပြည်မှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ကိုင်နေတာဖြစ်ပါတယ်။

လတ်တလော ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပြီး HIV/AIDS ဝေဒနာရှင် ၃ သောင်းနီးပါးကို ထောက်ပံ့ထားတယ်လို့ MSF အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးမှု နိုင်ငံခြား အထောက်အပံ့ အလုံးအရင်းဖြင့် ဝင်

ဧရာဝတီ

လက်ရှိအချိန်တွင် အိမ်ထောင်စုစုပေါင်းတို့၏ ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်သည့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုကို စနစ်ကျပြီး အကျိုးအမြတ် ရရှိနိုင်သည့် အခြေအနေအထိ အဆင့်မြှင့်တင်ရန် အစိုးရကို ကူညီရေးအတွက် ကမ္ဘာ့ဘဏ်က သဘောတူလိုက်ပြီဖြစ်သည်။

လျှပ်စစ်ဓာတ်အား ကဏ္ဍကို ခေတ်မီ တိုးတက်လာအောင် အားထုတ်ရာတွင် ပါဝင်မည့် သဘောတူညီချက်ကို မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ်၏ အစိတ်အပိုင်းတခုဖြစ်သော International Finance Corporation (IFC) တို့ ပြီးခဲ့သည့်အပတ်က လက်မှတ်ရေးထိုးခဲ့ကြသည်။

“တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ကင်းမဲ့ခြင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရဲ့ အကြီးဆုံး စိန်ခေါ်မှုတွေထဲက တခု ဖြစ်ပါတယ် ” ဟု IFC ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ဥက္ကဌ Karin Finkeston ကပြောသည်။ ကမ္ဘာ့ဘဏ်၏ အဖွဲ့များထဲတွင် IFC သည် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

နိုင်ငံအသီးသီးတွင် ဘဏ္ဍာရေးဆိုင်ရာ အကြံဥာဏ်များပေးခြင်း၊ အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများကြားတွင် ပေါင်းကူး တံတားအဖြစ် ဆောင်ရွက်ပေးခြင်း စသည့် အကူအညီများပေးနေသည့် IFC က လက်ရှိ ရှိနှင့်ပြီးသား အခြေခံအဆောက်အဦများ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ (YCESB) ကို ကူညီမည်ဖြစ်သည်။

သုံးစွဲသူ ၉၀၀၀၀၀ ရှိပြီး ရန်ကုန်မြို့၏ အကြီးဆုံးဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းဖြစ်သည့် YCESB ကို တည်ငြိမ်ခိုင်မာပြီး ကိုယ့်ဖာသာဘဏ္ဍာငွေ ရှာဖွေနိုင်သည့် အဖွဲ့အစည်းတခု ဖြစ်လာအောင် IFC က ကူညီပေးသွားမည် ဟုလည်း သိရသည်။ သို့သော်လည်း စီမံကိန်းအတွက် ငွေမည်မျှ သုံးစွဲသွားမည် ဆိုခြင်းကို IFC က တိကျစွာ ထုတ်ပြန်ခြင်း မရှိပါ။

လက်ရှိအချိန်တွင် YCESB ကို အစိုးရက အပြည့်အ၀ ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ဓာတ်အား ဖြန့်ဝေမှုစနစ်က ထိရောက်ခြင်းမရှိဘဲ ဓာတ်အားဆုံးရှုံးမှုက ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်။ IFC ၏ ခန့်မှန်းချက်အရ လျှပ်စစ် ဓာတ်အား ကဏ္ဍအတွက် အမေရိကန် ၁ ဒေါ်လာ ရင်းနှီးမြှုပ်နှံလိုက်တိုင်း ခေတ်မမီတော့သည့် စက်ပစ္စည်းများဖြင့် လည်ပတ် နေရသည့် ဓာတ်အားပေး စက်ရုံများကြောင့် ဆင့် ၃၀ ဆုံးရှုံးနေရသည်ဟု သိရသည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး ပြီးဆုံးသွားပြီး အရပ်သားအစိုးရတက်လာသည့် ၂၀၁၀ ခုနှစ်နောက်ပိုင်း တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ အုံနှင့် ကျင်းနှင့် ၀င်ရောက်လာခဲ့သော်လည်း ပုံမှန်လို မီးပျက်နေခြင်းနှင့် အခြေခံ အဆောက်အဦ အားနည်းခြင်းက စီးပွားရေးအတွက် အဓိက အတားအဆီးတခုဖြစ်နေသည်။

အစိုးရကလည်း စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း စသော လုပ်ဆောင်မှုများဖြင့် ကုမ္ပဏီများကို ဆွဲဆောင်ရင်း ရှိနှင့်ပြီး ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်များကို အဆင့်မြှင့်ပြီး ထိရောက်မှုရှိလာစေရန် နိုင်ငံခြား ကျွမ်းကျင်သူများကို အားကိုးနေရသည်။

YCESB ကို အများပိုင် ကော်ပိုရေးရှင်းတခုအဖြစ်သို့ အသွင်ကူးပြောင်းနိုင်ရန် အချိန် ၃ နှစ်မျှကြာမည်ဟု IFC က ခန့်မှန်း ထားသည်။ YCESB ကို အပြည့်အ၀ မပြောင်းနိုင်မီ လိုအပ်သော အကူအညီများ၊ ဘဏ္ဍာရေး အထောက်အပံ့များ ပေးသွား ရန်လည်း ဆန္ဒရှိနေသည်။

တချိန်ထဲမှာပင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဓာတ်ငွေ့စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ရန် ငွေကြေးထောက်ပံ့မည်ဟု စင်္ကာပူနိုင်ငံမှ Asiatech Energy က ကြေညာခဲ့သည်။

နေပြည်တော်တွင် အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်ရာ၌ လျှပ်စစ်ဓာတ်အား ၂၃၀ မီဂါဝပ်ထွက်ရှိမည့် စီမံကိန်းအတွက် ငွေကြေးထောက်ပံ့ မှုပေးရန် စင်္ကာပူနိုင်ငံမှ United Overseas Bank (UOB) နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ ပြီး ဖြစ်သည်ဟု ပြောသည်။ သို့သော်လည်း ငွေကြေးမည်မျှ သုံးစွဲမည်ဆိုခြင်းကို ထုတ်ပြန်ခြင်း မရှိခဲ့ပါ။

၄၃ မီဂါဝပ်ထွက်မည့် စက်ရုံတခုကို ယခုနှစ်နှောင်းပိုင်းတွင် ကနဦး စတင်ဆောက်လုပ်မည်ဖြစ်သည်ဟု Asiatech Energy က ဆိုသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ပြီးစီးမည်ဟု မျှော်လင့်ထားကြောင်းလည်း ပြောသည်။ လူဦးရေ ၅ သန်းအတွက် စွမ်းအင်ထောက်ပံ့ပေးနိုင်မည်ဟုလည်း သိရသည်။ ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ကုန်ကျစားရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ဖြစ်သည် ဟုလည်းသိရသည်။

အမေရိကန် အခြေစိုက် APR Energy က မန္တလေးတိုင်းတွင် ၁၀၀ မီဂါဝပ်ထုတ်လုပ်ပေးမည့် ဓာတ်အားပေးစက်ရုံ တရုံ တည်ဆောက်မည်ဟု UOB က ယခင်အပတ်က ကြေညာခဲ့သည်။

ယခင်အပတ် အတွင်းကပင် စင်္ကာပူနိုင်ငံမှ Navigat Group ၏ လုပ်ငန်းခွဲဖြစ်သော MAXPOWER (Thaketa) Company Ltd က ကာလရှည် ဓာတ်အားဝယ်ယူရေးအတွက် မြန်မာအစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ စာချုပ်သည် မြန်မာအစိုးရနှင့် နိုင်ငံခြား စွမ်းအင်ကုမ္ပဏီတခုကြားတွင် ပထမဆုံးသော သဘောတူညီချက်လည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြားစွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် နမူနာလည်းဖြစ်သည်။

ရန်ကုန် ဆင်ခြေဖုံးဒေသတခုတွင် ၅၀ မီဂါဝပ်ထုတ်လုပ်နိုင်မည့် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၃၅သန်း သုံးစွဲသွားမည်ဟု MAXPOWER ကဆိုသည်။

သျှမ်း/အရှေ့ ငလျင်ဒဏ် ခံရဒေသ အတွင်း ရွှေ တူးဖေါ်မှု ကြောင့် လယ်သမား/ ရွာသားများ မျက်ရည်ကျ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် ခရိုင် တာလေ မြို့နယ်ခွဲ ငလျင်ဒဏ် ခံခဲ့ရသည့် မိုင်းလင်း အနောက် အုပ်စုအတွင်း ရွာဦးပိုင်း၌ ရွှေများ တူးဖေါ်လာ မှုကြောင့် ရွာ၊ လယ်၊ ချောင်း၊ ပျိုးဥယျာဉ်များ ထွန်ယက် စိုက်ပျိုးမှု မပြုနိုင်အောင် ပျက်စီး ကုန်သည်ဟု ရွာသားများ ကပြောပြ ပါသည်။

တာချီလိတ်မြို့ မြောက်ဘက် (မော်တော်ဆိုင်ကယ်ဖြင့် တနာရီခန့်သွားရသည့်) မိုင်းလင်းကျေးရွာအုပ်စု ဝင် နားဟိုင်းလုံ၊ ဝိန်းမနော် ရွာဦးပိုင်း၊ ချောင်းဦးပိုင်း တောင်ကြော၌ စိုင်းတစ်ကုမ္ပဏီ၊ လွယ်ခမ်းလုံ ကုမ္ပဏီ၊ စိုင်းမွန်းခမ်းကုမ္ပဏီ နှင့် KML ကုမ္ပဏီတို့က ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ရွှေမှော် တူးဖော် ကျင်ယူသောကြောင့် စွန့်ပစ်ဓါတုပစ္စည်းနှင့် သဲများ၊ ရွှံ့မြေများ စီးကျလွမ်းခြုံကာ ရွာတွင်း၊ လယ်ကွက်၊ မြစ်ချောင်း နှင့် ပျိုးဥယျာဉ်များ ဧက ၂၀၀ ခန့် ပျက်စီးနေသည်ဟု ဒေသန္တရ ကျန်းမာရေး ဆရာမ နန်းလာ ကပြောပါ သည်။

“ကျမက ဒီရွာမှာမွေး၊ ဒီရပ်ရွာမှာနေပါတယ်။ ကျမမှာ မိဘဘိုးဘွားပိုင် လယ် ၁၂ ဧက ရှိပါတယ်။ စိုက် ပျိုးလို့မရတာ သုံးနှစ်ရှိပါပြီ။ အရင်တုန်းက နွေစပါး မိုးစပါး စားဖို့ဖယ်ပြီးရောင်းရင် ထိုင်းဘတ်ငွေ ၂ သိန်းကျော်ကျန်ပါတယ်။ တစ်သီးအတွက်။ မနှစ်တုန်းက လယ်တဧက (စပါးထွက်နှုန်းဖြင့်ခန့်မှန်းပေး) တသောင်းခွဲပေးပါတယ်။ အားလုံးအတွက်မပေးဘူး။ ပေးချင်သလောက်ပေးသွားတယ်။ ကျမတို့လယ် အတွက် ဘတ်တသိန်းကျော်ကျော်ပေးသွားတယ်။ ရည်ရှည်ဘယ်လို အသက်ရှင်မလဲ။ လယ်လုပ်မရလို့ ကလေးကျောင်းထုတ်ပစ်တာလဲ အများကြီးဘဲ” ဟု ဆရာမ နန်းလာက မျက်ရည်လည်ရွဲဖြင့် ပြောပြ သည်။

အဆိုပါရွာသည် ထိုင်း၊ လာအို တို့နှင့် နီးသော်လည်း ယခင်က သွားရောက်အလုပ်လုပ်ကိုင်ခြင်းမရှိ ကြောင်း၊ လက်ရှိတွင်မူ ဒေသတွင်းလူငယ် ၄ ပုံသုံးပုံမှာ ထိုင်းသို့ ပြောင်းရွှေ့အလုပ်ရှာနေကြောင်း၊ ကလေးများအား ပညာရေးတွင်ထောက်ပံ့ခြင်းမပြုနိုင်တော့သဖြင့် ကျောင်းထွက်စေသဖြင့် ၎င်းတို့ အနာဂတ်ပျောက်နေကြောင်း နားဟိုင်းလုံ ကျောင်းထိုင်းဆရာတော်ကလည်း မိန့်ကြားတော်မူပါသည်။

"ဦးဇင်းတို့ရွာက တစ်ဝက်လောက်က သဲတွေ၊ နှုန်းမြေတွေ ဖုံးကုန်ပြီ။ ငလျင်ဒဏ်ကြောင့် ကျောင်း တော်ပြန်ပြင်တာ မနှစ်ကဘဲရေစက်ချတာ။ အခုက အဲဒီမြေတွေ နှုန်းတွေ ပြန်ဝင်လာနေပြီ၊ ရွာလဲ မကြာခင် ပျက်သွားဖွယ်ရှိတယ်။ ဘယ်လိုပြန်လုပ်ပေးမှာလဲ။ သဘာဝ အတိုင်းဖြစ်အောင်။ အရင်က ဒီနမ့်ခမ်းချောင်းက ကြည်လို့၊ ရေသတ္တဝါတွေများလို့။ အခု ဘာမှ မရှိတော့ဘူး။ ချောင်းလဲ ချောင်းရုပ်မထွက်တော့ဘူး။ ဦးဇင်းတို့ တိုင်းပြည်က မင်းမဲ့နေတဲ့ပုံဘဲ” - ဟု မိန့်တော်မူသည်။

ရွှေတွင်းကြောင့် ရပ်ရွာလယ်မြေ သဲနှုန်း လွမ်းခြုံနေသည့်ပြဿနာဖြေရှင်းပေးရန်လာရောက်စစ်ဆေး သည့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကလည်း ရွာသားများအား- ‘ခင်ဗျားတို့လယ်က ပျက်နေပြီဘဲ။ လျော်ကြေး မရတာ ထက် အခုလာပေးနေတာ သဘောတူပြီးယူလိုက်ပါ၊ ငွေကလေးတလုံးတခဲ ရသေး တယ်’ - ဟု ကုမ္ပဏီများဘက်မှနေ၍ပြောခဲ့ကြောင်း ရွာသူကြီးဟောင်း ဦးစိုင်းဝင်း ကပြောသည်။

“ဘာလို့သဲတွေ နှုန်းတွေက ကျနော်တို့ရွာတွေလယ်တွေထဲ အဲဒီလောက် တောင်ဖုံးနေတာလဲဆိုပြီး စီမံကိန်းနေရာကို လေ့ခွင့်ပေးဖို့ ဓါတ်ပုံရိုက်ပြီး မှတ်တမ်းယူဖို့ ကျနော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကသွားတယ်။ လုံခြုံရေးစောင့်ပေးတဲ့ လားဟူပြည်သူ့စစ်က ဝင်ခွင့်မပေး ဘူး။ ဝင်ရင်ပစ်မယ်လို့ သေ နတ်နဲ့ မောင်းတင်ခြိမ်းခြောက်တယ်” ဟု လည်းလေ့လာရန်ရောက်ရှိခဲ့သည့် လူငယ်တဦးကပြန်လည် ပြောပြသည်။

ရွှေတွင်းများရပ်တန့်ပေးရန် ကျားဖြူပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တာချီလိတ်အမတ် စိုင်းသိန်းအောင်တို့ထံလည်း ရွာသားများတိုင်ကြားဖူးကြောင်း၊ နောက်ပိုင်း - ကိုယ်ပိုင်လျှပ်စစ်တာပိုင် ရှိသည့် အိမ်များအတွက် ဆိုလာပြားတပြား လာရောက်ချပေးကြောင်း၊ ရေစီးကြောင်းအတွက် ချောင်းများလာရောက်ပြုပြင်ပေး သော်လည်း ထိရောက်မှု မရှိဘဲ ပိုမိုပျက်စီးလာနေကြောင်း ရွာသားများက ပြောပြပါသည်။

ကလေးကစားကွင်းကို လူငယ်သုံးဦးက အုပ်စုဖွဲ့ရန်ရှာမှု ဖြစ်

ရေခဲ(ပြည်)

ပြည်မြို့ရှိ ကလေးကစားကွင်းတစ်ခုကို အရက်မူးနေသည်ဆိုသည့် လူငယ်သုံးဦးက အုပ်စုဖွဲ့ရန်ရှာသည့် အတွက် ကစားကွင်းမန်နေဂျာက ပြည်မြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီ ၂၄ ရက်က အမှုဖွင့်တိုင်တန်းထား သည်ဟု နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်ဇော်မိုးနိုင်က မဇ္ဈိမကို ပြောသည်။

“ဒီကောင်တွေ လူမိုက်ဆန်ဆန် လုပ်နေတာ။ သက်သက် ပြဿနာရှာတာ”ဟု ပြောသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ည ၈ နာရီခွဲခန့်က ပြည်မြို့၊ ရွာဘဲရပ်၊ အမှတ် (၇၃)ရှိ Top One ကလေး ကစားကွင်းသို့ ဘီလူး၊ အောင်ဖြိုးထက်(ခ)ဓာတ်ခဲနှင့်ရွှေအိုးစည်တို့ သုံးဦးသည် Kenbo125 အနက် ရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည်။ဘီလူးက အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးကို “ပိုက်ဆံတောင်း ပေး၊ မပေးရင် ဓားနဲ့ထိုးမယ်”ဟု ခြိမ်းခြောက်ပြောဆိုပြီး ၎င်းတို့သုံးဦးသည် ဆဲဆိုကာဆိုင်ကိုခဲဖြင့်ပေါက်ခဲ့ သည်ဟု တိုင်တန်းထားသည်။

ကလေးကစားကွင်း ၀န်ထမ်းများက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသည်ကို သိရှိပြီး အဆိုပါလူငယ် သုံးဦးသည် ဆိုင်ကယ်ကို ကစားကွင်းရှေ့ထားကာ ကိုယ်လွတ်ထွက်ပြေးသွားသည်ဟု ဆိုသည်။

ခဲများဖြင့်ပစ်ပေါက်ခံရသည့်အတွက်ကစားကွင်းဆိုင်တံခါးမှန်ကွဲကြေပျက်စီးသဖြင့် ဆုံးရှုံးမှုတန်ဘိုး ကျပ်နှစ် သောင်းနှင့် ဆိုင်းဘုတ်ပျက်စီးသဖြင့် ဆုံးရှုံးမှုတန်ဘိုး ကျပ်သုံးသောင်းရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

အဆိုပါအမှုကို ပြည်မြို့၊ မြို့မရဲစခန်း တွင်(ပ)၈၆/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၂၉၄/၃၃၆/၅၀၆/ ၄၂၇ အရ အမှုဖွင့် ဆောင်ရွက်ထားပြီး တိုင်ကြားခံရသူများကို ဖမ်းဆီးစစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

တရုတ် ဒု နိုင်ငံခြားရေးဝန်ကြီး NLD နှင့် တွေ့ဆုံ

ကျော်ဖြိုးသာ

ပြီးခဲ့သည့်ရက်ပိုင်းက တရုတ် အဆင်မြင့်အရာရှိတဦး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်သို့ လာရောက်လည်ပတ်သွားပြီး ထိုသို့ လည်ပတ်ခြင်းမှာ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်ဟု NLD နာယကတဦးဖြစ်သူ ဦးတင်ဦးက ပြောသည်။

တရုတ်နိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အိပင်းင် (Ai Ping) သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ NLD ဌာနချုပ်သို့ သွားရောက်ပြီး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ မစ္စတာ အိပင်းင် လာရောက်လည်ပတ်ခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေးအပြင် NLD နှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) အကြား ဆက်ဆံရေးကိုပါ တိုးမြှင့်ရန်ရည်ရွယ်၍ လာရောက်ခြင်းဖြစ်သည်ဟု ဦးတင်ဦးက ဆိုသည်။

“ဒီနှစ်ပေါင်းများစွာအတွင်းမှာ အခုလို တရုတ်အစိုးရ အရာရှိတယောက် ကျနော်တို့ ဌာနချုပ်ကို လာလည်တာ ဒါ ပထမဆုံးအကြိမ်ပဲ” ဟု ဦးတင်ဦးက ဧရာဝတီသို့ ပြောသည်။ ယခုတကြိမ်မတိုင်မီ တရုတ်အစိုးရ ကိုယ်စားလှယ်များ NLD သို့ နောက်ဆုံး အလည်လာသွားသည်မှာ ပါတီက တနိုင်ငံလုံးအတိုင်းအတာနှင့် အောင်ပွဲရခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ ပြီးပြီးချင်းဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အိပင်းင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ယန်င်ဟောင်လန် (Yang Houlan) တို့ ဦးဆောင်သော တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် တနာရီခန့် တွေ့ဆုံရာသို့ NLD ဘက်မှ နာယက ဦးတင်ဦးအပြင် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်းနှင့် ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်တို့လည်း တက်ရောက်ကြကြောင်း သိရသည်။

“သူတို့က တရုတ်နဲ့ မြန်မာနိုင်ငံအကြားမှာ ဒီထက်ပို ဆက်ဆံရေးကောင်းလာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကိစ္စတွေပဲ အဓိက ဆွေးနွေးကြတာပါ။ မြစ်ဆုံကိစ္စ၊ လက်ပံတောင်းကိစ္စ၊ ဂက်စ်ပိုက်လိုင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး စကားတလုံးတောင် မဟသွားပါဘူး” ဟု ဦးတင်ဦးက ပြောသည်။

၎င်းက ဆက်လက်၍ “NLD ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကိစ္စတွေ အထူးသဖြင့် ပါတီအာဏာရလာရင် အဲဒီကိစ္စတွေကို ဘယ်လို လုပ်မလဲဆိုတာကိုလည်း သူတို့ သိချင်ပုံရတယ်၊ ကျနော်တို့ကို မေးကြသေးတယ်။ ကျနော်တို့ကတော့ နိုင်ငံတိုင်းနဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်သွားမယ်ဆိုတဲ့ ကျနော်တို့ မူဝါဒအတိုင်းပဲ ဆက်သွားမယ်လို့ ရှင်းပြလိုက်တယ်” ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံအနေနှင့် ပြီးခဲ့သည့်ကာလများအတွင်း NLD နှင့် ဆက်ဆံရေး မတည်ဆောက်နိုင်ခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အုပ်ချုပ်နေ၍ဖြစ်ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်ဟုလည်း NLD ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်၏ အဆိုအရ သိရသည်။

“အခုဆိုရင် ဒီမှာ နိုင်ငံရေးအခြေအနေက အရင်ကထက် ပိုပွင့်လင်းလာပြီ၊ ဒါကြောင့် ပါတီအချင်းချင်း ဆက်ဆံရေးကို ပိုအားကောင်းအောင် လုပ်ချင်တယ်လို့ သူတို့က ဆိုတယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။

ပြီးခဲ့သည့်နှစ်မှစ၍ ယခုအထိ NLD ကိုယ်စားလှယ်အဖွဲ့ အနည်းဆုံး ၄ ဖွဲ့ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးအဖြစ်သွားရောက် လည်ပတ်ပြီးဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

တရုတ်အစိုးရသည် မြန်မာပြည်တွင်းရှိ မြစ်ဆုံရေကာတာ စီမံကိန်းအပါအဝင် အကြီးစား တရုတ်စီမံကိန်းများအား မြန်မာပြည်သူလူထုက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီးသည့်နောက် ပြီးခဲ့သည့် နှစ်ပိုင်းများတွင် မြန်မာ့ နိုင်ငံရေး အတိုက်အခံများနှင့် သော်လည်းကောင်း၊ မြန်မာပြည်သူလူထုနှင့် သော်လည်းကောင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့သည်။

တရုတ်အစိုးရပိုင် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က ကျောထောက်နောက်ခံ ပြုထားသည့် ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံရေကာတာ စီမံကိန်းအား သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ယင်းစီမံကိန်း ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည့် ထင်ရှားသူများတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အပါအဝင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် တရုတ်ခရီးစဉ် တခုအတွင်း CPI က NLD ကိုယ်စားလှယ် အဖွဲ့အား ချဉ်းကပ်၍ မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်ချင်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ယင်းခရီးစဉ်မတိုင်မီ တလကလည်း မစ္စတာ ယန်င် ဟောင်လန်သည် ယခင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျွန်ဟွာ (Li Junhua) နေရာတွင် တာဝန်ယူမည့် သံအမတ်အသစ် အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ ထို့ပြင် ယင်းသို့သွားရောက် တွေ့ဆုံမှုမပြုမီ လအတော်ကြာကလည်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးက NLD ၏ အမျိုးသားကျန်းမာရေး ကွန်ရက်အတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့သေးသည်။

တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန်အတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက NLD ပါတီဝင်များအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားခဲ့ပြီး NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည်။

အမတ်များနှင့်ဝန်ကြီးများ တစ်ဦးနှင့်တစ်ဦး မထီမဲ့မြင်မပြုရန် လွှတ်တော်ဥက္ကဋ္ဌသတိပေး

ဝင်းကိုကိုလတ်

လွှတ်တော်တွင်း ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းရာတွင်လည်းကောင်း ဖြေကြားသူ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တစ်ဦးနှင့်တစ်ဦး မထီမဲ့မြင်ပြုသည့် အပြု အမှုမျိုး မပြုလုပ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သတိပေးလိုက်သည်။

“လွှတ်တော်ဟာ လွှတ်တော်ဂုဏ်သိက္ခာရှိဖို့လိုသလို လွှတ်တော် ကိုယ်စားလှယ်များဟာလည်း လွှတ် တော်ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနဲ့ ရှိဖို့လိုပါတယ်။ ဖြေကြားတဲ့အခါမှာလည်း လွှတ်တော်ရဲ့ ဂုဏ် သိက္ခာ ပြောမယ်ဆိုရင် ရှေ့မှာထိုင်နေတဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ဂုဏ်သိက္ခာကိုလည်း နားလည်ဖို့၊ လက်ခံ ဖို့လိုပါတယ်။ ဖြေတဲ့နေရာမှာလည်း မေးတဲ့သူမေးသလို မထိတထိမေးသလို ဖြေတဲ့အခါမှာလည်း မထိ တထိ ဖြေပြီးတော့ တစ်ဖက်ဖက်ကို ဂုဏ်သိက္ခာအားဖြင့်သော်လည်းကောင်း မထီမဲ့မြင်ပြုတဲ့ အဖြစ်မျိုး တွေမဖြစ်ဖို့ လိုပါတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ဒိုက်ဦးမြို့ နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေ၏ မေးမြန်းမှုကို သမ္မတရုံး ဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဖြေကြားခဲ့ပြီး ဦးမင်းဆွေ၏ ထပ်ဆင့်ပြော စကားအပြီး သူရဦးရွှေမန်းက သတိပေးခဲ့ခြင်း ဖြစ်သည်။

“အဲဒီတော့ ခုနက ဖြေသွားတဲ့နေရာမှာ မေးခွန်းကို မေးခွန်းလိုဖြေပြီးတဲ့အခါမှာ နောက်ပိုင်းကိစ္စတွေ မလို အပ်ဘဲ ဆက်ပြောတဲ့ကိစ္စဟာ တစ်ဖက်နဲ့တစ်ဖက် အထင်လွဲစရာတွေ ရှိပါတယ်။ မေးခွန်းဖြေပြီးပြီပဲ။ကျန် တဲ့တာဝန်တွေ လုပ်ဆောင်မှုအပိုင်းတွေ ဒီထဲမှာထည့်ပြီးတော့ ပြောစရာ သင့် မသင့် ထည့်ပြီးတော့ စဉ်း စားဖို့ လိုတယ်။ မေးခွန်းကို မေးခွန်းအတိုင်းဖြေဖို့နဲ့ ရိုးသားစွာ၊ ပွင့်လင်းစွာ တာဝန်ယူပြီး ဖြေဖို့ပဲ ဖြစ်ပါ တယ်။ မေးတဲ့ပုဂ္ဂိုလ်များကလည်း ဒီအတိုင်းပဲမိမိတို့ရဲ့မေးခွန်းတွေဟာ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးအတွက် ဖြစ်ဖို့၊ အုပ်ချုပ်ရေးအဖွဲ့က မသိဘူးဆိုရင် သိတဲ့အခါ မှာ လိုအပ်တာတွေ လွှတ်တော်က ကူဖို့ဆိုတာ တစ် ဖက်က ရှိပါတယ်” ဟု ပြောသည်။

သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က “လွှတ်တော် ကိုယ်စားလှယ်ကြီးအနေနဲ့ မေးခွန်းထုတ်ရုံနဲ့ မလုံလောက်သေးပါ၊ မေးခွန်းရဲ့နောက်မှာ တာဝန်တွေ ကျန်ရှိနေတယ်လို့ ယူဆပါ တယ်။

နိုင်ငံရေးအမြင် စီးပွားရေးအသိနဲ့ ပြည်သူတစ်ရပ်လုံးက တက်တက်ကြွကြွ သတင်းပေးခြင်း၊ ဖမ်း ဆီးခြင်း၊ တိုင်ကြားခြင်း၊ လိုအပ်လျှင် တရားလိုလုပ်၍ တရားစွဲဆိုခြင်း သက်သေခံပေးခြင်းတို့ဖြင့် ပါဝင် ဆောင်ရွက်လာအောင် လွှတ်တော်ကိုယ်စားလှယ်ကြီးတို့က စည်းရုံးခြင်း၊ ပူးပေါင်း တားဆီးခြင်းနှင့် ကာ ကွယ်ကြမှသာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ တစ်ရပ်လုံး အားမလိုအားမရ ဖြစ်နေ မှုများ ချုပ်ငြိမ်းသွားမည် ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်”ဟုဖြေကြားချက် အဆုံးသတ်တွင် ပြောခဲ့ခြင်း ဖြစ်သည်။

မေးခွန်းမေးမြန်းသူ ဦးမင်းဆွေကလည်း ယခင်က မှောင်ခိုသတင်းပေးသည့်အခါ သတင်းပေးသည့်သူများ ကို မှောင်ခို ပစ္စည်းတန်ဖိုး၏ ၁၂ ရာခိုင်နှုန်း ပြန်ပေးသည်ဟု ပြောကြားသည်။

၎င်းက “ကိုယ်စားလှယ်တွေအနေနဲ့ မိမိရဲ့ပြည်သူတွေ၊ မိမိရဲ့ မဲဆန္ဒရှင်တွေကို စည်းရုံးဖို့ဆိုရင်တော့ အလကားတော့ မရဘူးခင်ဗျ” ဟု ပြောသည်။

သူရဦးရွှေမန်းက လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်း၊ ပြန်လည် ဖြေကြားခြင်းများကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ပြုလုပ်ခြင်းဖြစ်သည့်အတွက် ယင်းစည်းမျဉ်းစည်းကမ်းကို အားလုံးက လိုက် နာရန်လိုအပ်သည်ဟု ပြောကြားခဲ့ပြီး လွှတ်တော်တွင် မှတ်တမ်းအဖြစ် ထားရှိမည်ဟု ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ အန်အယ်လ်ဒီ ဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေး

အေးနိုင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ပါတီနှစ်ခုရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဆွေးနွေးသဘောတူခဲ့ကြပါတယ်။

တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အိုင်ပင်း (Ai Ping)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ယန်ဝေလျံတို့ အပါအ၀င် ရှစ်ဦးဟာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဋ္ဌာနချုပ်မှာ လာရောက်တွေ့ဆုံခဲ့တာပါ။ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အိုင်ပင်း (Ai Ping)၊ ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံတကာ ရေးရာဌာနက ထိပ်တန်းတာဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီနာယက ဦးတင်ဦး၊ ဗဟိုပြန်ကြားရေး ကော်မတီက ဦးဥာဏ်ဝင်းနဲ့ မုံရွာအောင်ရှင်တို့ သုံးဦးနဲ့ မိနစ် ၄၀ ကျော်ကြာ တွေ့ဆုံဆွေးနွေးကြ ပါတယ်။

ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ခေါင်းဆောင် မုံရွာအောင်ရှင် ခေါ် ဦးအေးကြူက အဓိက ဆွေးနွေးချက်ကို ခုလို ပြောပါတယ်။

“ကျနော်တို့ ဆီလာတာကတော့ အဓိကက သူတို့ တရုတ်နိုင်ငံအနေနဲ့ အခုဟာက နိုင်ငံရေး ပွင့်လင်းမှု ရှိလာတယ်။ ရှိလာတော့ အရင်တုန်းက အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်ဆံရတာ နှောင့်နှေးမှုတွေ ရှိခဲ့တယ်။ အခုကျတော့ ပွင့်လင်းမှုတွေ ရှိလာခဲ့အခါကျတော့ တိုက်ရိုက် ပွင့်ပွင့်လင်းလင်းနဲ့ ပိုပြီးတော့ တိုးချဲ့ပြီးတော့ ဆက်ဆံချင်တယ်ပေါ့။ ဒါ လာတဲ့အကြောင်းပါပဲ” လို့ ပြောပါတယ်။ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် ရည်ရွယ်ချက်ကို ပြောသွားတာပါ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ပြန်လည်ဆွေးနွေးချက်နဲ့ ပတ်သက်လို့ မုံရွာအောင်ရှင် ခေါ် ဦးအေးကြူက ခုလို ပြောပါတယ်။

“ကျနော်တို့က ပါတီချင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ လက်ခံတဲ့အကြောင်း လက်ခံပါတယ်။ နောက်ပြီးတော့လည်း ဟိုတုန်းက တရုတ်နဲ့မြန်မာ ဆက်ဆံရေးပေါ့နော် သမိုင်းကြောင်းအရ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်၊ အခုလည်း စောစောပိုင်းကတော့ အာဏာရှင် လက်အောက်မှာ ဖြစ်နေတဲ့အခါကျတော့ ဆက်ဆံရေးက ပြတ်တောက်သလောက် ဖြစ်ခဲ့တယ်လေ။ အခု ပြန်ပြီးပွင့်လင်းတဲ့အခါမှာ ဒီလို တရုတ်နိုင်ငံက ပြန်လည်ဆက်သွယ်တာကို ကျနော်တို့ လက်ခံတဲ့ အကြောင်း ၀မ်းသာတဲ့အကြောင်း ပြန်ပြောတာပါဘဲ”လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ တပ်မတော်အစိုးရလက်ထက်အစပိုင်း ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်အနိုင်ရတုန်းက တရုတ်သံအမတ်ကြီးကိုယ်တိုင် ပထမဆုံး အသိအမှတ်ပြု လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ တပ်မတော်အစိုးရဘက်က ကျောထောက်နောက်ခံပြုရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ တပ်မတော်အစိုးရ လက်ထက်မှာ သဘောတူခဲ့တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တို့ဟာ ကန့်ကွက်ခံနေရပါတယ်။

ပါတီခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲမှာ မြစ်ဆုံစီမံကိန်းကိစ္စ၊ လက်ပံတောင်းတောင် စီမံကိန်းကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်ကို ဖိတ်ခေါ်ဖို့စတဲ့ ကိစ္စတွေကို မပြောဆိုဘဲ နှစ်ပါတီချင်းဆက်ဆံရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ အစိုးရချင်း ဆက်ဆံရေး ကိစ္စတွေကိုသာ ပြောဆိုတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် လွတ်တော်တွေပေါ်ပေါက်လာပြီးနောက် မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို တရုတ်ပြည်ကို ဖိတ်ကြားလေ့လာတဲ့ခရီးစဉ်တွေ စီစဉ်ပေးခဲ့ပြီး အမျိုးသားဒီမိုကရေစီကို လေးကြိမ်ထက်မနည်း ဖိတ်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်ကို ဖိတ်ကြားဖို့လည်း တရုတ်အစိုးရက ပြင်ဆင်နေပြီး နှစ်ဘက် အဆင်ပြေမယ့်ရက်ကို ချိန်ဆနေတယ်လို့ တရုတ်သံအမတ်က တလောက ပြောဆိုခဲ့ပါတယ်။

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းသင့်၊ မသင့် ဆုံးဖြတ်ရန် သမ္မတ သ၀ဏ်လွှာပို့

ဉဏ်လှိုင်လင်း၊ မင်းမင်း

ဘာသာပြောင်းခြင်း၊ ထိမ်းမြားခြင်း၊ အိမ်ထောင်ရေးနှင့် လူဦးရေတိုးပွားနှုန်းဆိုင်ရာ ကိစ္စများကို လိုအပ်ပါ က ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး စဉ်းစားဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၅ ရက်တွင် သ၀ဏ်လွှာ ပေးပို့ခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမကို အတည်ပြုသည်။

ယင်းတို့ကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)က မဖြစ်မနေ ပြဋ္ဌာန်းပေးစေလိုသည့် လက်မှတ်တစ်သန်းကျော်ဖြင့် သမ္မတထံ စာရေးသားပေးပို့ခဲ့၍ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ပြဋ္ဌာန်းသင့် မသင့်ဆိုတာကတော့ လွှတ်တော်ကိုယ်စားလှယ်များက စဉ်းစားသုံးသပ်ရမှာဖြစ်ပါတယ်။ သမ္မတကြီးက ပြဋ္ဌာန်းပေးပါလို့ တောင်းဆိုတာ မဟုတ်ပါဘူး”ဟု ဦးရဲထွဋ်က ပြောသည်။

ထိုကိစ္စများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုနှင့် တိုင်း၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဥပဒေပြုခွင့်တွင် တိုက်ရိုက်မပါဝင်၍ အမြင့်ဆုံးအာဏာပိုင်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၌ လိုအပ်သလို စဉ်းစားသုံးသပ်နိုင်ရန် ပေးပို့ခြင်းလည်းဖြစ်သည်။

“နက်နဲသိမ်မွေ့တဲ့ ကိစ္စများ”ဟု ဦးရဲထွဋ်က ညွှန်းဆိုသည်။

ယင်းအရေးကို သံဃာအချို့ ဦးစီးဆောင်ရွက်နေမှုများအား သဘောမတွေ့ဟု မိန့်ကြားသည့် ရဟန်း တော်အချို့လည်း ရှိသည်။ ထိုဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်နေပြီဆိုသည့် အယူအဆမှာ မှန်သင့်သ လောက် မှန်သော်လည်း ယခုကဲ့သို့သော အချိန်မျိုးတွင် ရှေ့တန်းတင် ဆောင်ရွက်နေခြင်းသည် မဖြစ် သင့်ဟု ရွှေည၀ါဆရာတော် ဦးပညာသီဟက မဇ္ဈိမကို မိန့်သည်။ ထိုအရေးသည် ဗုဒ္ဓဘာသာအများစုရှိသည့် နိုင်ငံ၏ နှလုံးသည်းပွတ်ဖြစ်၍ နိုင်ငံရေး အားသာချက်လည်း ရှိသည်ဟု သုံးသပ်သည်။

“အမျိုးသားရေးမှာ အစွန်းရောက် အမျိုးသားရေးဝါဒီကျတော့ ဘုန်းကြီးတို့က မကြိုက်ဘူးကွ။ အစွန်း ရောက်အမျိုးသားရေးဝါဒီကြောင့် ဒို့ဗုဒ္ဓဘာသာတွေ သိက္ခာကျတယ်ကွ။ နိုင်ငံနဲ့လည်း နိုင်ငံတကာမြင်ကွင်းမှာ သိက္ခာကျတယ်ကွာ။ ဂုဏ်သိက္ခာ ညှိုးမှိန်တယ်ကွာ”ဟု ဦးပညာသီဟက မိန့်သည်။

မွတ်ဆလင်နှင့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်အချို့ကမူ ထိုသို့သောဥပဒေများသည် ကောင်းကျိုး ပြုနိုင်သော်လည်း တစ်ဦး၊ တစ်ဖွဲ့၊ တစ်ဘာသာကို ကိုယ်စားပြုခြင်းမျိုး မဖြစ်သင့်ဟု သုံးသပ်ကြသည်။ အဆိုပါဥပဒေတို့၏ ပြဋ္ဌာန်းချက်များ ကောင်းလျှင်မူ စာရိတ္တနှင့် ဒုစရိုက်တို့ကို လျော့ပါးစေနိုင်သည့်အစွမ်း ရှိမည်ဟု မြန်မာမွတ်ဆလင်အမျိုးသားရေးရာအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်က သုံးသပ်သော်လည်း နိုင်ငံသားအားလုံး ခံစားနိုင်ရန်လိုကြောင်း သတိပေးသည်။

“လူတိုင်းအတွက် ဖြစ်သင့်တယ်ဆိုရင် ဒီဥပဒေ ကောင်းတယ်။ ကောင်းသော်ငြားလည်း ဒီဥပဒေသည် နိုင်ငံတကာ စံချိန်၊ စံညွှန်းနဲ့ ညီသလား၊ ဒါလည်း တစ်ဖက်က စဉ်းစားဖို့လိုတာပေါ့လေ”ဟု ၄င်းက ဆို သည်။ ဘာသာရေးဆိုင်ရာ ဖိနှိပ်မှု ကြုံတွေ့နေရသည်ဟု လွှတ်တော်အတွင်း ဆွေးနွေးဖူးသည့် ကချင် ပြည်နယ်ကိုယ်စားလှယ်အချို့၏ ဒေသတွင်း၌ရှိသည့် မန်စီမြို့နယ် မန်ဝိုင်းကြီးဒုက္ခသည်စခန်း တာဝန်ခံ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာခါးလိကမူ ဘာသာအားလုံးကို ကိုယ်စားပြုမပြု စောင့်ကြည့်မည်ဟု ဆို သည်။

တရားရေးပညာရှင်တို့ကမူ မည်သည့်ဥပဒေဖြစ်စေ တရားမျှတရေးနှင့် တရားမျှတစွာ ကျင့်သုံးနိုင်ရေး သည် လွန်စွာအရေးကြီးသည်ဟု ထောက်ပြကြသည်။

“ဒီဟာပြဋ္ဌာန်းမယ်ဆိုရင် နိုင်ငံတကာလူ့အခွင့်အရေး ပြဋ္ဌာန်းချက်တွေကိုလည်း ပြန်ကြည့်ရမယ်။ ဒါတွေ က ပြဿနာရဲ့ အဖြစ်မှန်မဟုတ်ဘူးဗျ။ ဖြစ်နေတာက ဖန်တီးမှုတွေပဲ”ဟု တရားလွှတ်တော်ရှေ့နေ ဦး ရောဘတ်စန်းအောင်က သုံးသပ်သည်။

ထိုတောင်းဆိုမှုသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးအချို့၌ မျိုးစောင့်ဥပဒေပြဋ္ဌာန်း ရေးဟောပြောပွဲနှင့် လူထုဆန္ဒခံယူပွဲများ ပြုလုပ်လာခဲ့ပြီး နောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သမ္မတထံသို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိလောကဘိဝံသက လက်မှတ်ထိုး ပေးပို့ခဲ့ခြင်းဖြစ်သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက အင်တာနက်တွင် ပျံ့နှံ့နေသည့် စာမိတ္တူပေးပို့မှုကို အတည်မပြုခဲ့သော်လည်း ဥပဒေလေးခုကိစ္စ မှန်ကန်ကြောင်း ဆိုခဲ့သည်။

နိုင်ငံတော်သမ္မတရုံးတံဆိပ်ဖြင့် အင်တာနက်တွင် ပျံ့နှံ့နေသည့် စာအရ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ ပြဋ္ဌာန်းလိုသည်ဟု တွေ့ရသည်။

တောင်ကုတ်ရွာမ တာဝါတိုင် မြေပိုင်ရှင်ကို အသိမပေးဘဲ ကျူးကျော်ဝင်ရောက်တည်ဆောက်

တင့်ဆွေမောင်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမကျေးရွာတွင် တာဝါတိုင်တစ်ခု တည်ဆောက်နေရာ မြေပိုင်ရှင်အား လျော်ကြေး မပေးသည့် အပြင် တစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်းလည်း မရှိဘဲ ကျူးကျောက် ၀င်ရောက် တည်ဆောက်နေသည်ဟု မြေပိုင်ရှင် ဖြစ်သူ ဦးမောင်ခင်အေးက နိရဉ္စရာသို့ ပြောသည်။

“ ဘိုးစဉ် ဘောင်စဉ် ကျွန်တော် လုပ်ကိုင်းစားသောက်တဲ့ တောင်မှာ တယ်လီဖုန်း တာဝါတိုင်တစ်ခု စိုက်ထူဖို့ အတွက် အဆောက်အဦးကြီး တစ်ခုကို တည်ဆောက်နေပါတယ်။ ကျွန်တော်ကိုလည်း ဘာမှ အသိမပေးသလို လျော်ကြေးလည်း မပေးပါဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုသွားပြောတော့ တိုင်ချင်တဲ့ နေရာမှာ သွားတိုင်လို့ ပြောတဲ့ အတွက် မီဒီယာကို တိုင်ကြားရတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

အားမာန်သစ် ကုမ္ပဏီမှ သူ့၏ မြေနေရာတွင် ၎င်းတာဝါတိုင်ထောင်မည့် အဆောက်အဦးတစ်ခုအား အခိုင်အမာ တည်ဆောက်နေကြောင်း သူက ပြောသည်။

“ ဒီတာဝါတိုင်က အစိုးရပိုင်လား၊ ပုဂ္ဂလိကပိုင်လားဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ တောကလူတွေမှာ ဒီတိုင်ဘယ်ကပိုင်တယ်ဆိုတာ မသိပါဘူး။ အခု ဆိုင်းဘုတ်ထောင်ထားတာက အားမာန်သစ်လို့ ဆိုင်းဘုတ်ထောင်ထားပါတယ်” ဟု မြေပိုင်ရှင် က ဆက်ပြောသည်။

ယခု တာဝါတိုင်တည်ဆောက်နေသော မြေအား ပလပ်မြေဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် တည်ဆောက်နေသည်ဟု အမည် မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးက ဆိုသည်။

“ ဒီမြေက ဦးမောင်ခင်အေး ပိုင်တယ်ဆိုပေမယ့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပလပ်မြေဆိုပြီး အထက်ကို တင်ပြထားတယ်လို့တော့ကြားပါတယ်” ဟု ဆိုသည်။

၎င်းတောင်မှာ မိမိဘိုးဘွားလက်ထက်ကတည်း လုပ်ကိုင် စားသောက်လာသော တောင်ဖြစ်ပြီး ကျွန်းနှင့် သီဟိုပင်များကိုလည်း စိုက်ပျိုးထားသည်ဟု ဦးမောင်ခင်အေးမှပြောဆိုသည်။

“ ကျွန်တော်ပိုင်တောင်မှာ ခုလို ၀င်ရောက် ကျူးကျော်ပြီး တာဝါတိုင် စိုက်ထူဖို့လုပ်နေတဲ့ အတွက် ဒီကနေ့ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားလိုက်ပါတယ်။ တိုင်ကြားစာကို လက်ခံထားလိုက်ပြီး တစ်စုံတစ်ရာတော့ အကြောင်းပြန်ကြားခြင်း မရှိသေးပါ” ဟု သူက ဆိုသည်။

ဦးမောင်ခင်အေးမှ သက်ဆိုင်ရာ အထက် လူကြီးများ အနေဖြင့် ယခု ပြသနာကို တရားသဖြင့် ဖြေရှင်း ပေးစေလိုသည်ဟု ဆိုသည်။

ရွာမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် နိရဉ္စရာမှ ဆက်သွယ်သော်လည်း ဖုံးမှားနေသည်ဟု အကြောင်းပြန်ကာ တစ်စုံတစ်ရာ ဖြေကြား မရှိပါ။

ယင်းမာပင်နှင့် ဆားလင်းကြီးရှိ ဒုတ္ထာကွင်း လုပ်ကွက်နှင့် နေထိုင်သူများ ဖယ်ရှားခံရ

အောင်ကိုဦး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့တို့တွင် ဒေသခံများ လုပ်ကိုင်စားသောက်နေ ရသော ဒုတ္ထာကွင်း နေရာကို ဖေဖော်ဝါရီ ၂၂ရက်တွင် စက်ကြီးများဖြင့် ထိုးပြီး ဖယ်ရှားကာ လုပ်ကွက်တွင် နေထိုင်သူများအား ဝမ်ပေါင်ကုမ္ပဏီက ဖယ်ရှားခဲ့သည်ဟု ဆားလင်းကြီးမြို့နယ် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိန်က မဇ္ဈိမ ကိုပြောသည်။

"ဒီဒုတ္ထာကွင်းက ရွာရဲ့အသက်သွေးပဲ။ ဒါကိုပဲလုပ်စားနေရတယ်။ အခုဒါကိုဖယ်တယ်ဆိုတော့ ကျွန်တော်တို့ ဒေသခံတွေကို ဒုက္ခတွင်းထဲ တွန်းပို့နေသလိုပဲ။ ဒုတ္ထာမှ လုပ်မစားရတော့ရင် ဘာလုပ်စားရတော့မှာလဲ။ အခုလိုလုပ်တာကို ကျွန်တော်တို့ အထောက်ကူပြုအဖွဲ့တွေကို အသိမပေးဘဲလုပ်နေတာပါ။ အခုလိုလုပ်တာ ဘယ်လိုမှနားမလည်ဘူး။ ဒါတွေကိုဖျက်မယ်။ ဖယ်မယ်ဆိုရင် နစ်နာကြေးနဲ့ စိုက်ပျိုးဖို့ အစားပြန်ပေးမှ ရမှာပါ။ ဒီလိုမှမလုပ်ဘူးဆိုရင်တော့ ဒေသခံတွေ ပြဿနာဖြစ်ဖို့ပဲ ရှိတော့တယ်"ဟု ဦးမြင့်စိန်က ပြောသည်။

ထိုဒုတ္ထာကွင်းများသည် စံပယ်တောင်နှင့် ကြေးစင်တောင် တို့မှ စွန့်ပစ်မြေများအောက်သို့ ရောက်သွား၍ လယ်ယာမြေဧက ၂,ဝဝဝခန့် စိုက်ပျိုးမြေများ ဆုံးရှုံးခဲ့ပြီး နစ်နာကြေးများမရသည့် အပြင် မြေအစားလည်း မရကြောင်း၊စိုက်ပျိုးမြေများ ပျက်စီး သွားသဖြင့် ဒေသခံများမှာ စွန့်ပစ်မြေများဖြင့် ဒုတ္ထာချက်ခြင်းနှင့် ကြေးချက်ခြင်းများလုပ်ကိုင်၍ အသက်မွေးနေကြရသည်။ ဖယ်ရှားနေသောနေရာသည် မုံရွာ-ပုသိမ်လမ်းဘေးတွင် ရှိပြီး အဆိုပါဒုတ္ထာကွင်းတွင် ကြေးဒုတ္ထာလုပ်သူ ဦးရေ ၃ဝဝ ကျော် ရှိသည်ဟု ဆိုသည်။

ဒေသခံများသည် စုပေါင်းလက်မှတ်ထိုး၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်သို့ ဖေဖော်ဝါရီလ ၂၆ ရက်က တိုင်ကြားစာများပို့လိုက်ပြီး တစ်စုံတစ်ရာ ဆောင်ရွက်မပေးပါက ကံကုန်းရွာနှင့် ဒုန်းတောရွာတို့က သပိတ်စခန်းဖွင့် တောင်းဆိုသွားမည်ဟု ဦးမြင့်စိန်က ပြောသည်။

ဒေသခံများလုပ်ကိုင် စားသောက်နေသော ဒုတ္ထာကွင်းများကို ဝင်ရောက်ဖယ်ရှား ရှင်းလင်းရာတွင် ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ ဆောင်ရွက်နေခြင်းသည် ဝမ်ပေါင် ကုမ္ပဏီက ဒေသခံများကို စိန်ခေါ်သကဲ့သို့ ဖြစ်နေသည်ဟု ဒေသခံ များက ဆိုသည်။

သန်းခေါင်စာရင်းတွင် ကရင်တစ်မျိုးတည်းသာ ထည့်သွင်းရန် ကရင်ရေးရာဝန်ကြီးများ တိုက်တွန်း

နန်းချောင်ဖော့

၂၀၁၄ ခုနှစ်၊ တပြည်လုံးသန်းခေါင်စာရင်း ကောက်ယူရာ၌ ကရင်လူမျိုးများအားလုံး တစ်စုတစ်စည်းတည်း ဖြစ်စေရေးအတွက် ကောက်ခံချိန်အတွင်း မိမိလူမျိုးကို ကရင်(ကုတ်သင်္ကေတနံပါတ် ၃၀၁ )တွင် ထည့်သွင်းကြရန် ကရင်ရေးရာဝန်ကြီးများက တိုက်တွန်းထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက် အမှတ် (၇)၊ ဘူတာရုံးလမ်း အစည်းအဝေး ခန်းမ၌ နယ်ပယ်အသီးသီးမှ ကရင်အမျိုးသားများပါဝင်သည့် အစည်းအဝေးတစ်ရပ်တွင် ရန်ကုန်တိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီးများက ထိုသို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဂျူပလီစံလှက “ကရင်ဟာ ကရင်ဆိုတာပဲ ဖြစ်စေချင်တယ်လေ။ အခုသန်းခေါင်စာရင်းမှာ ကရင်မျိုးနွယ်စုတွေ သတ်မှတ်ထားတာက အရင်ပေါ်လစီအရ ဖြစ်ပေမယ့် ရှုပ်ထွေးမှုတွေဖြစ်တာတော့ အမှန်ပဲ။ ဒါကြောင့် ကျနော်တို့ အဲလိုတိုက်တွန်းခဲ့တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်တွင် ကျင်းပခဲ့သည့် ယင်းအစည်းအဝေးတွင် ကရင်ဝန်ကြီးများအပါအ၀င် ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုအလုပ်အမှုဆောင် ပဒို စောတာဒို့မှူး၊ သမိုင်း အငြိမ်းစားပါမောက္ခ စောထွန်းအောင်ချိန်နှင့် ဘာသာရေး၊ လူမှုရေးအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့ သည်ဟု သိရသည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်က ဖေဖေါ်ဝါရီ ၁၂ရက်၊ ပြည်ထောင်စုနေ့၌ နေပြည်တော်တွင် တနိုင်ငံလုံးရှိ တိုင်းရင်းသားရေးရာ ၀န်ကြီးများတွေ့ဆုံခဲ့စဉ် သန်းခေါင်းစာရင်းကောက်ခံသည့်အခါ လူမျိုးအလိုက် ပင်မလူမျိုးတွင်သာ တစ်စုတစ်စည်းတည်း စာရင်းသွင်းသင့်သည်ဟု မှတ်ချက်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ကရင်ရေးရာဝန်ကြီးများ၏ တိုက်တွန်းချက်များအပေါ် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့(KWEG)မှ ဒါရိုက်တာ နော်စူစဲန်နာ လှလှစိုးက “ကျမအမြင်ကတော့ ကရင်မျိုးနွယ်စုအလိုက် ညှိနှိုင်းဖို့ အဆင်မပြေတော့တဲ့ အချိန်ကျမှ နောက်ဆုံးအနေနဲ့ မျိုးနွယ်စုလိုက်မခွဲဘဲ ကရင်လို့သာ သန်းခေါင်စာရင်းမှာထည့်ဖို့ လုပ်သွားရမှာ ထင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်နှင့် ပတ်သက်၍ ဇန်န၀ါရီ ဒုတိယအပတ်အတွင်းက ဖားအံမြို့၌ ကရင်ကိုယ်စားလှယ် သုံးရာနီးပါးတတ်ရောက်သည့် အစည်းအဝေးအပြီးတွင် သဘောထားထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့သလို လူမျိုးစုသတ်မှတ်ခြင်းကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် တောင်းဆိုခဲ့သေးသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဆိုရှယ်လစ်အစိုးရလက်ထက်က ၁၉၇၃ ခုနှစ်၌ တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်၌ တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူခဲ့ကာ နှစ်ပေါင်း (၃၀)ကျော်အကြာတွင် ယခုလို ပြန်လည်ကောက်ယူ ရန် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်ဆည်မြို့ အမှတ် ၇လမ်းကို ပေ ၄ဝ လမ်းခင်းရန် နေအိမ်အချို့ နောက်ဆုတ်ပေးရ

အောင်ကိုဦး

မန္တလေးတိုင်း ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက် ဦးကျော်ဖေလမ်း (အမှတ်၇)လမ်းကို မြို့ပြ အင်္ဂါရပ်နှင့် ညီစေရန် ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးကော်မတီက လမ်းချဲ့ထွင်ရာ နေအိမ်အချို့ ဖေဖော်ဝါရီလ ၂၆ရက် နံနက် ၁ဝနာရီတွင် အပြီးဖျက်ပေးခဲ့ရပြီး အချို့မှာ နောက်သို့ဆုတ်ပေးခဲ့ရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ၂၆ရက် နံနက် ၁ဝနာရီတွင် အပြီးဖျက်သိမ်းမပေးပါက တရားဥပဒေအရ အရေးယူသွားမည်ဟု စည်ပင်သာယာရေးကော်မတီက အကြောင်းကြားထားသဖြင့် အိမ်များကို ဖျက်ပေးခဲ့ရသော်လည်း လျော်ကြေး တစ်စုံတစ်ရာ ပေးအပ်ခြင်း မရှိဟု ဒေသခံများက ဆိုသည်။

"ကျွန်တော်တို့က လမ်းချဲ့တာကို လက်သင့်ခံပါတယ်ဗျာ။ ကိုယ့်ဖွံ့ဖြိုးမှုအတွက်ပဲ။ အခု ဖယ်ခိုင်းဖျက်ခိုင်းတာကျတော့ ကျူးကျော် ဆိုပြီး ဖျက်ခိုင်းတာ အဓိပ္ပါယ် မရှိဘူး။ ဒီမှာနေလာကြသူတွေက ဘိုးစဉ်ဘောင်ဆက် နေသူတွေပါ။ ပြီးတော့ ဒီနေ့အပြီးဖျက်ခိုင်း တယ်။ မဖျက်ရင် တရားစွဲမယ်ဆိုတော့ အားလုံးကြောက်ပြီး ဖျက်ပေးရတယ်။ ကိုယ့်ငွေနဲ့ အကုန်ကျခံလုပ်နေရတယ်။ ဖျက်ပြီး ဒီအတိုင်းပုံထားရုံပဲ။ လောလောဆယ် ဝင်းပြန်ခတ်ဖို့မလွယ်ဘူး။ အိမ်ပြန်ဆောက်ဖို့ မလွယ်ဘူး"ဟု ၁၆ ပေ ဖယ်ပေးရသူ ဦးဇော်ဇော်က မဇ္ဈိမ ကိုပြောသည်။

၎င်းက ဆက်လက်၍ ၁၆ပေ ဖယ်ပေးလိုက်ရမည်ဆိုလျှင် ခြောက် ပေသာ ကျန်သောကြောင့် မိသားစု နေထိုင်ရန် အခက်အခဲ ရှိသဖြင့် အနည်းငယ်လျှော့ပေးရန် စည်ပင်သာယာကို သွားရောက် အသနားခံခဲ့သော်လည်း မည်သို့မျှလုပ်မပေးနိုင်ဟုသာဖြေကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါ လမ်းသည် ပေ၅ဝဝခန့်ရှည်ပြီး လမ်းမဘေးတွင် အိမ်ခြေ ၈ဝခန့်ရှိသည်။ လမ်းချဲ့ခြင်းကြောင့် အနည်းဆုံး ၃ပေမှ ၁၆ ပေ အထိ ဖယ်ပေးနေရပြီး အိမ်ခြေ ၂၆အိမ်မှာ ပေအများဆုံး ဖယ်ပေးရသည်။ ထို့အပြင် ရပ်ကွက် ဓမ္မာရုံနှင့် အမှတ် ၄ မူလွန်ကျောင်း တို့၏ ခြံစည်းရိုးအုတ်တံတိုင်းများ ဖျက်ပေးခဲ့ရသည်။

ယခုလမ်းသည် ဒူးကြားလမ်းသာဖြစ်ပြီး အဓိကလမ်းမကြီး မဟုတ်ကြောင်း၊ တစ်အိမ်လုံးနီးနီး ဖျက်ပေးကြရသူများမှာ အိမ်ဆောက်ရန် မလွယ်ကူတော့ကြောင်း သိရသည်။

"ဒီလမ်းက မိန်းလမ်းမဟုတ်ဘူး။ ဒီလမ်းကို ပေ ၄ဝ လမ်း ဖောက်မှာဆိုတော့ အခုလိုဖယ်ပေးရတာပေါ့။ ဘာမှမပြောရဲဘူး။ ကျွန်တော်တို့က သုံးပေပဲဆိုတော့ ဘာမှမဖြစ်ဘူး။ တခြားသူတွေကျတော့ အတော်ဒုက္ခဖြစ်ကုန်တယ်။ နှစ်ဘက်မျှပြီး ဖောက်သင့် တာပေါ့။ အခုခေတ်မှာ ဒါမျိုးလုပ်တာတော့ အခံရခက်တာပေါ့" ဟု ဦးခင်မောင်ရင်က ပြောသည်။

အဆိုပါလမ်းကို မြို့နယ် စည်ပင်သာယာရေးကော်မတီက ၂ဝ၁၃ -၁၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဦးကျော်ဖေလမ်း (အမှတ်၇လမ်း)ကို တိုးချဲ့ ကတ္တရာခင်းခြင်းနှင့် အုတ်ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြေစာရင်း ဦးစီးဌာနက ကွင်းဆင်းတိုင်းတာခဲ့ပြီး ပေ ၄ဝ လမ်းဖောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး လမ်းနှင့်မလွတ်၍ ဖယ်ပေးရန် ၂ဝ၁၃ ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထားဖျက်ပေးရန် အကြောင်းကြားခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၂၅ ရက်အထိ နေအိမ်အချို့က ဖယ်မပေးခဲ့သဖြင့် ၂၆ရက် နံနက် ၁ဝနာရီနောက်ဆုံးထား ရှင်းလင်းပေးရန် အကြောင်းကြားပြီး မလိုက်နာပါက စည်ပင် သာယာရေး ဥပဒေနှင့် အရေးယူမည့်အပြင် ပြစ်မှုဆိုင်ရာပုဒ်မ ၅ဝ၅(ခ)(နိုင်ငံတော် အကြည်အညိုပျက်အောင် သွေးထိုး လှုံ့ဆောင်မှု) ဖြင့်လည်း အရေးယူမည်ဟု အကြောင်းစာတွင် ဖော်ပြထားသည်။

"ကျွန်တော်တို့က ပိုင်ရှင်ရှိတဲ့ ဝင်းတွေကို ဖယ်ခိုင်းတာမဟုတ်ပါဘူး။ လမ်းမြေကို ကျူးပြီး ခြံခတ်ပြီး အဆောက်အအုံ ဆောက်တာတွေကို နောက်ဆုတ်ခိုင်းတာပါ။ လမ်းမြေကိုပဲ ချဲ့ပြီး ခင်းသွားမှာပါ"ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမည်မဖော်လို သည့် ဝန်ထမ်းတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

အဖယ်ခံထားရသူများကလည်း ၎င်းတို့မှာ ကျူးများမဟုတ်ကြောင်း ငြင်းဆိုသည်။ ယခုကဲ့သို့ ဖယ်ပေးရမှုကို မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲနှင့် တိုင်း စည်ပင်သာယာရေးကော်မတီတို့ထံ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒေသခံများက လက်မှတ်ထိုး တိုင်ကြား သွားမည်ဟု ဆိုသည်။

TNLA တပ်များ နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေ

ရွှေဟင်္သာ

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၏ စစ်ဗျူဟာ (၂) မှ တပ်ရင်း (၇၁၇) တပ်ဖွဲ့များ သည် ရှမ်းပြည် မြောက်ပိုင်း ကျောက် မဲမြို့နယ် ပန်းဖြတ်ကျေးရွာ ၌ ခေတ္တ ညအိပ် ရပ်နားနေစဉ် ယနေ့ မနက်ပိုင်း (၁၀) နာရီကျော် တွင် အစိုးရ တပ်များမှ လျှပ်တပျက် ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် (၁၀)မိနစ် ခန့်တိုက်ပွဲ ဖြစ်ပွားရာ ကျေးရွာ အတွင်း ရေးမှူး တဦးသေ ဆုံးပြီး ရွာသား (၃)ဦး ဒါဏ်ရာရှိသည်ဟု တအာင်း ပြန်ကြား ရေးဌာနက သတင်း ထုတ်ပြန် ခဲ့ပါ သည်။

“ ရွာထဲကို လက်နက်ကြီး ပစ်သွင်းလိုက်တာပါ။ အတွင်းရေး မှူး အိမ်ပေါ်ကိုကျတယ်။ ဒီတော့ အတွင်းရေးမှူး ဦး ကျော်လူ သေဆုံး ပြီး အရပ်သား (၃)ဦး ဒါဏ် ရာ ရသွားတာပေါ့။ အပြန်အလှန် ပစ်လိုက်ပေမဲ့ ကျနော်တို့ ပလောင် တပ်က ချက်ခြင်း ဆုတ်ပေး လိုက်တာ ဖြစ်တယ်။ တပ်မ(၇၇) စစ်ကြောင်း က လို့ နောက်မှ သိရတယ်။ ပြီးတော့ ရွာသားတွေကို စုလိုက်တယ် ထွက်ပြေးရင် သူပုန်နဲ့ ဆက်သွယ်အားပေးရင် အားလုံးကို သတ်ပစ်မယ်။ တရွာလုံး ကိုလည်း မီးရှို့ပစ်မယ် ဆိုပြီး ခြိမ်းခြောက် နေတယ်။ ” ဟု ကျောက်မဲ မြို့ပေါ်ရှိ TNLA ဆက်သား တဦးက ဆိုပါသည်။

အဆိုပါ တပ်မ (၇၇) စစ်ကြောင်းများ သည် ပန်ဖျတ်၊ ပန်ကွမ်၊ ပန်စပေ ကျေးရွာများ တွင် ဆက်လက် စခန်းချ နေပြီး ထပ်မံ စစ်ဆင်ရန် ရှိပါသည်။ ဤသို့ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရန် ရှိပါသည်။

TNLA တို့သည် ဗျူဟာ (၃) ခုဖွဲ့ကာ မူးရစ်ဆေး ၀ါး တိုက်ဖျက်မှု စစ်ဆင်ရေး အတွက် လှုပ်ရှားနေ ပါသည်။ ယင်းစစ် ဆင်ရေးသည် ပြီးခဲ့သည့် ဇန္နာဝါရီ လကုန် ပိုင်း စတင်ခဲ့ပြီး ဘိန်းခင်း ဧက (၅၀၀) ထက်မနဲ ဖျက်ဆီး နိုင်ခဲ့ပြီး တိုက်ပွဲ လည်း အဆက် မပြတ် ဖြစ်ခဲ့ပါသည်။

တိုက်ပွဲများ ရက်ဆက် ဖြစ်ရာ တွင် ယမာန်နေ့ ဖေဖေါ်ဝါရီ (၂၆) ရက်နေ့ ၌ (TNLA) ဗျူဟာ (၃) နှင့် အစိုးရ တပ်မ (၇၇) စစ်ကြောင်း တို့ ဖြစ်သော တိုက်ပွဲတွင် အစိုးရဖက်မှ အကျအဆုံး များသည်ဟု TNLA ဖက်မှ ဆိုပါသည်။ အ လားတူ ဖေဖေါ် ၀ါရီ (၂၄) ရက်နေ့ တွင်ရှမ်းပြည် မြောက်ပိုင်း နမ်ခမ်း မြို့နယ် ပန်ဆေး ဒေသရှိ ပန်ပေး ကျေးရွာ အ နီး (နမ့်ခမ်း နမ့်ဖက်ကာ ကားလမ်း မဘေး) တွင် (၂)ကြိမ်တိုင် တိုက် ပွဲဖြစ်ပွား ခဲ့သည်။

အစိုးရတပ် များသည် ရှမ်းပြည် မြောက်ပိုင်း ပလောင်ဒေသ အား တပ်မ ဧည့်တပ်များဖြင့် အထူး စစ်ဆင်နေ သည်ဟု ဆိုပါသည်။ အထူးသဖြင့် တပ်မ (၃၃) တပ်မ (၇၇) ၊ တပ်မ (၈၈) ဧည့်တပ်များက ပိုမိုလှုပ်ရှား လာနေသည့် အတွက် (KIA) မဟာမိတ် တပ်များနှင့် ပိုမို ပူးပေါင်း တိုက်ခိုက်သွားရန် ရှိကြောင်း TNLA ဖက်မှ ဆိုပါသည်။

ဤအချိန် မျိုးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့သည်လည်း တိုင်းရင်းသား များ၏ တနိုင်ငံလုံး အ ပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) နှင့် ဆွေးနွေးရန် အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်း နေခဲ့ပါသည်။ တချိန်ထဲတွင် ကချင်လွတ် လပ်ရေး တပ်မတော် (KIA) နယ်မြေထဲသို့ လည်း စစ်အင် အား ထပ်မံ တိုးချဲ့လိုက်ပါသည်။

ဤအခြေ အနေကြောင့် အစိုးရ၏ ငြိမ်းချမ်းရေး အစီစဉ်သည် တိုက်ခိုက်မှု များ နောက်ထပ် တကြိမ် စစ်ဆင်လာဖွယ် ရှိနေကြောင်း၊ အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း ရှိ ရှမ်းပြည်တိုး တက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည် ထူ ထောင် ရေး ကောင်စီ (RCSS) အား စစ်ဆင်ရေး တချို့ဖြင့် ဟန့်ထားပြီး TNLA နှင့် (KIA) အား အထူး စစ်ဆင်လာ ဖွယ် ရှိနေသည်ဟု နယ်စပ် စစ်ရေး အကဲခတ် များက ဆိုပါသည်။

ဤအခြေအနေ တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် များကလည်း (KIA)တို့အား စစ်ရေး အကူအညီ မပေးနိုင်သည့် အပြင် နိုင်ငံရေး အရလည်း အစိုးရအား ဖိအား မပေးနိုင်ပါကြောင်း သုံးသပ်ရပါသည်။

သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရသည်ကို အရေးယူပေးရန်တိုင်ကြားစာ ရဲငြင်းပယ်

ရေခဲ(ပြည်)

သဲကုန်းမြို့နယ် သပိတ်စခန်းမှ လယ်သမားများက သပိတ်စခန်းဖြိုခွဲမှုတွင် ပါဝင်ပတ်သက်သူများကို အရေးယူပေးရန် သဲကုန်းမြို့နယ် ရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၆ရက်က တိုင်တန်းရာ ရဲစခန်းက ပယ်ချလိုက်သည်ဟု လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ကိုသန့်ဇင်ထက်က မဇ္ဈိမကို ပြောသည်။

လယ်သမားများက သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲမှုတွင် ပါဝင်ပတ်သတ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဇော်အောင်၊ သဲကုန်း စခန်းမှူး ဦးမျိုးမြတ်စံ၊ ကြံ့ခိုင်ရေးပါတီမှ ဦးအောင်မြင့်နှင့် အမျိုးသမီး စွမ်းဆောင်ရှင်အသင်းခေါင်းဆောင် တို့ကို အရေးယူပေးရန် ရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ငြင်းပယ်ခံလိုက်ရခြင်းဖြစ်သည်။

“လက်ခံပြီးကာမှ ကျင့်ထုံး၁၂၇၊ ၁၂၈အရ သူတို့ကို တရားဆွဲမယ်ဆိုရင် နိုင်ငံတော်သမ္မတဆီမှာ ခွင့်ပြုချက်တောင်းခံရမယ် ဆိုပြီး ငြင်းလိုက်တယ်ခင်ဗျ။ မြန်မာပြည်ရဲ့ တရားဥပဒေအရ အကြမ်းဖက်တဲ့လူကို တရားမဆွဲနိုင်ဘူးဖြစ်နေတယ်”ဟု ကိုသန့်ဇင်ထက်က ပြောသည်။

အကြမ်းဖက်ဖြိုခွဲခံရမှုကို အရေးယူပေးရန် နိုင်ငံတော်သမ္မထံ ခွင့်ပြုချက်တောင်းခံသွားမည်ဟုလည်း ကိုသန့်ဇင်ထက်က ပြော သည်။ သဲကုန်းသပိတ်စခန်းကို ဖေဖော်ဝါရီလ ၁၄ရက်က သဲကုန်းရဲစခန်းမှ ရဲများအပါအဝင် အရပ်သား ၅ဝခန့်က ကားနှစ်စီးဖြင့် လာရောက်ကာ ဖြိုခွဲခဲ့ခြင်းဖြစ်သည်။

သဲကုန်းစခန်းမှူး ဦးမျိုးမြတ်စံက သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုတွင် ရဲ၊ ကြံ့ခိုင်ရေး၊ စွမ်းအားရှင်အမျိုးသမီးများ မပါဝင်ဟုငြင်းဆိုခဲ့ပါသည်။

“အောင်ကုန်းရွာကိုပြန်ဖို့ အခက်အခဲမရှိအောင် လိုက်ပို့ပေးတာပဲ ရှိပါတယ်။ သပိတ်စခန်းကို ဖြိုခွဲတာမရှိပါဘူး” ဟု သဲကုန်း စခန်းမှူး ဦးမျိုးမြတ်စံက ဆိုသည်။

သပိတ်စခန်းဖြိုခွဲမှုတွင် အကြမ်းဖက်ခံရ၍ ဆေးရုံရောက်သွားသူ ဒေါ်ညိုက “ကျွန်မခေါင်းမူးခြုံအိပ်နေတုန်း ဖျောင်းဖျောင်း ဆိုတဲ့အသံကြားရတယ်။ ဘာလဲဆိုပြီးကြည့်လိုက်တော့ ကြံ့ဖွတ်က အောင်မြင့်ဆိုတဲ့သူက ဆရာစံပုံကြီးကို ဖြဲပစ်တယ်။ ကြံ့ဖွတ်ကကောင်ကို နင်လူမိုက်လားဆိုပြီး လိုက်တဲ့အချိန် ခရိုင်မှူးနဲ့ ရဲမှူးဇော်အောင်က ဆွဲတွန်းတွန်းချတယ်။ ကျွန်မ အမြင့်ပေါ်က ကျတဲ့အခါ ကျောက်ခဲကြီးနဲ့ ပြေးဆောင့်တယ်။” ဟု ပြောသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ(၁၁၅၉.၅၅)ဧကကို ၂ဝဝ၁ခုနှစ်တွင် စစ်တပ်ကသိမ်းယူခဲ့ပြီး အမှတ်(၃) လက်ကားသမဝါယမအသင်း လိမိတက်အမည်ဖြင့် ငါးကန်လုပ်ငန်းများ လုပ်ကိုင်နေသဖြင့် လယ်ယာမြေပြန်လည်ရရှိရေး အတွက် မူလပိုင်ရှင်လယ်သမားများက သဲကုန်းမြို့နယ် ရွှေဘုန်းရှိန်လမ်း ရပ်ကွက်(၁) အခြေခံပညာ မူလတတန်းကျောင်းရှေ့ တွင် ဖေဖော်ဝါရီလ (၁၁)ရက်က သပိတ်စခန်းဖွင့်လှစ်ခဲ့သည်။

ဖေဖော်ဝါရီလ(၁၁)ရက် ညနေတွင် ဆန္ဒပြခေါင်းဆောင်များကို ဖမ်းရန် ရဲတပ်ဖွဲ့က သပိတ်စခန်းကို ဝိုင်းခဲ့ပြီး ဖေဖော်ဝါရီ (၁၂) ရက် နံနက်တွင် ဆန္ဒပြခေါင်းဆောင်လေးဦး ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့သည်။ ဖေဖော်ဝါရီ(၁၄)ရက် နံနက်(၇)နာရီတွင် ရဲတပ်ဖွဲ့ကသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲခဲ့ရာ အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့သည်။

သပိတ်စခန်းကို ဖြိုခွဲသည့်နေ့ နံနက်(၁ဝ)နာရီအချိန်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ကားပေါ်ဆွဲတင်ကာ မူလနေရပ်ဖြစ်သောအောင်ကုန်းရွာသို့ပြန်ပို့ခဲ့သည်။

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစိုးရ စိစစ် တင်ပြရန် လွှတ်တော် တောင်းဆို

သူဇာ

သမ္မတဦးသိန်းစိန်က အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဥပဒေ ၄ ရပ်ပြဋ္ဌာန်းပေးရန် လွှတ်တော်သို့ တရားဝင် သ၀ဏ်လွှာ စာပေးပို့ တောင်းဆိုခဲ့ရာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အတွက် အစိုးရက စိစစ်တင်ပြရန် လိုအပ်ကြောင်း လွှတ်တော်က ယနေ့ ထုတ်ပြန် ကြေညာ တောင်းဆိုလိုက်သည်။

အမျိုး ဘာာသာ သာသနာ စောင့်ရှောက်အဖွဲ့(ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒ္ဒန္တ တိလောကာဘိဝံသက သမ္မတ ဦးသိန်းစိန်ထံသို့ စာတစောင် ပေးပို့ခဲ့ပြီး ယင်းစာတွင် မျိုးစောင့်ဥပဒေ ၄ ရပ်ပြဋ္ဌာန်းပေးရန် ဆရာတော်၊ သံဃာတော်နှင့် နိုင်ငံသား ၁၃ သိန်းကျော်၏ လက်မှတ်များဖြင့် တောင်းဆိုလာကြောင်း၊ ထို့ကြောင့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ တလင် တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိပ်မြားခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ ၄ ရပ် လွှတ်တော်က ပြဋ္ဌာန်းပေးပါရန် သမ္မတဦးသိန်းစိန်က လွှတ်တော် ထံသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

သမ္မတဦးသိန်းစိန် ပေးပို့သော သ၀ဏ်လွှာကို လွှတ်တော်က အကြောင်းပြန်ကြားရာတွင် မျိုးစောင့် ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရာတွင် နက်နဲသိမ့်မွေ့ပြီး အစိုးရက စိစစ်တင်ပြရန် လိုအပ်ကြောင်း၊ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ သည် သာသနာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ကြောင်း၊လက်ထပ် ထိပ်မြားခြင်းဆိုင်ရာ ဥပဒေနှင့် တလင်တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့်သက်ဆိုင်ကြောင်း၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ပြီး အစိုးရက စိစစ် တင်ပြလျှင် လွှတ်တော်က ဥပဒေပြဋ္ဌာန်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံအတွက် အကျိုးအတွက် ဆောင်ရွက်ပေးမည် ဟု ထုတ်ပြန်ကြေညာသည်။

လွှတ်တော်ကိုယ်စားလှယ်တချို့ကမူ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန် လွှဲချ နေကြပြီး ဥပဒေပြဋ္ဌာန်းရန် ငြင်းဆန်လျှင် ပြည်သူထောက်ခံမှု ကျဆင်းမည်ကို နှစ်ဖက်စလုံးက စိုးရိမ်နေသည့် အခြေအနေ ရှိကြောင်း သုံးသပ်သည်။

“သမ္မတကြီးကလည်း ဒါကို ကိုင်တွယ်ဖို့ တော်တော်ဝန်လေးနေပုံ ရတယ်။ ဒါကြောင့် ဥပဒေပြုရေးမှာ တာဝန်ရှိတဲ့ လွှတ်တော်က လုပ်ပေါ့ဆိုတဲ့ သဘောမျိုးရှိတယ်။ တဖက်ကလည်း လွှတ်တော်ဘက်ကပဲ တာဝန်ရှိတာမဟုတ်ဘူး အစိုးရ ဘက်ကလည်း တာဝန်ရှိတယ်ဆိုပြီး ပြန်ပို့ပေးလိုက်တာပဲ။ တဖက်ဖက်က တာဝန်ခံပြီး လုပ်ဖို့ အခက်အခဲ ရှိနေတဲ့ သဘောပဲ” ဟု အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်မှ သနပ်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကမူ မျိုးစောင့်ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရန် လုပ်ဆောင်မှုများကို ကြိုဆိုလိုက်ပြီး အစိုးရနှင့် လွှတ်တော်အတွက် ကောင်းမွန်သော လုပ်ရပ်ဟု ပြောဆိုသည်။

နိုင်ငံရေးအသိုင်းအ၀ိုင်းကမူ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ ကြိုးပမ်းလာမှုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိရေး ဗျူဟာ တခုအဖြစ် အသုံးချလာခြင်းဟု ဆိုလျှင်မမှားနိုင်ကြောင်း၊ ဘာသာရေး၊ အမျိုးသားရေးနှင့် နိုင်ငံရေး ရောယှက်ခြင်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အလေးထားသော နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် မဲရှုံးစေရန် စနစ်တကျ စီမံလာခြင်းဟု သုံးသပ်ပြောဆိုကြသည်။

“ကျမတို့ နိုင်ငံမှာ အမျိုး၊ ဘာသာ သာသနာကို စောင့်ရှောက်ဖို့ ဥပဒေပြဋ္ဌာန်းရတဲ့အထိ ကျမတို့ မြန်မာလူမျိုးတွေက မယိမ်းယိုင်သေးပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ ငယ်စဉ်ကတည်းက စိတ်ထဲမှာ ရှိထားပြီးသား။ ဥပဒေ ပြဋ္ဌာန်းစရာမလိုပါဘူး။ အဲဒီတော့ ပြည်သူတွေကို သိစေချင်တာက ဒါက နိုင်ငံရေးလှည့်ကွက်တခုဆိုတာ သိစေချင် ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာရေးကို နိုင်ငံရေး အတွက် ခုတုံးလုပ် အသုံးမချရဆိုတာလည်း ပါထား ပြီးသားပါ´´ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောဆိုသည်။

တက္ကစီကိုဝိုင်းရိုက်ခဲ့သည့် ပြိုင်ကားငါးစီးနှင့် ပြစ်မှုကျူးလွန်သူ ငါးဦးကို စစ်ဆေးပြီ

ဇော်ဇော်ထွေး

ရန်ကုန်မြို့၊ ပြည်လမ်း၊ (၆) မိုင်အနီးတွင် တက္ကစီတစ်စီးအား ပြိုင်ကားငါးစီးက ၀ိုင်းဝန်းပိတ်ဆို့ ရိုက်နှက်မှုမှ ပြိုင်ကားငါးစီးနှင့် ပြစ်မှုကျူးလွန်သူ ငါးဦးကို မိဘများကိုယ်တိုင် ဖေဖော်ဝါရီ ၂၅ ရက်ကရဲစခန်းသို့ လာ ရောက်အပ်နှံလိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၅ ရက် ည ၁ နာရီကျော်က ဖြစ်ပွားခဲ့သည့် အဆိုပါရိုက်နှက်မှုကို လှိုင်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်ခဲ့စဉ် ပြစ်မှုကျူးလွန်စဉ် ပါဝင်ခဲ့သည့် နစ်ဆန်းဖဲလေဒီအဖြူရောင်ပြိုင်ကားကို ၁၉ ရက် နံနက် ၂ နာရီကျော်တွင် မရမ်းကုန်းမြို့နယ် တော်ဝင်ချယ်ရီအိမ်ရာတွင် ရဲတပ်ဖွဲ့ကတွေ့ရှိ သိမ်းဆည်းခဲ့မိခြင်းဖြစ် သည်။

ကျန်ရှိပြိုင်ကားများကို ဆက်လက်စုံစမ်းနေစဉ်အတွင်း ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ကိုထက် (ခ) ဇာ နည်(ခ)ဇာနည်ထက်ဝေ မောင်းနှင်ခဲ့သည့် V 300 ARISTO အဖြူရောင်ပြိုင်ကားကို ဖေဖော်ဝါရီ ၂၁ ရက် တွင်လည်းကောင်း၊ ၂၂ ရက် တွင် ဝေယံလင်းမောင်းနှင်ခဲ့သည့် MAZ-DA RX-8 ခဲပုတ်ရောင် ပြိုင်ကားကို လည်းကောင်း မိဘများကိုယ်တိုင် လှိုင်ရဲစခန်းတွင် လာရောက်အပ်နှံခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ထို့နောက် ကျန်ရှိပြိုင်ကားများဖြစ်သည့် အနက်ရောင် GRAND CHIEROKEE JEEP နှင့် ခဲပုတ်ရောင် Nissan Fairlady 350z ပြိုင်ကားများကိုလည်း ပြစ်မှုကျူးလွန်သူများ၏ မိဘများက ရဲစခန်းသို့ ထပ်မံလာ ရောက်အပ်နှံခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ကိုကိုနိုင် (ဘ)ဦးစိန်မောင်၊ (၂) ရပ်ကွက် မရမ်းကုန်းမြို့နယ်၊ ကိုထက်(ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ (ဘ)ဦးအေးမြင့် (၂)ရပ်ကွက်၊ မရမ်းကုန်း၊ ဝေယံလင်း (ဘ) ဦးနေ ထွန်း(၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ထက်အောင်လူ (ဘ)ဦးလူမော် (၃)ရပ်ကွက်၊ တောင်ဥက္ကလာပနှင့် ကောင်းစည်သူ (ဘ)ဦးကိုကိုအောင် (၅)ရပ်ကွက် တောင်ဥက္ကလာပနေသူတို့ ငါးဦးကိုလည်းမိဘများကိုယ် တိုင် ရဲလက်အပ်ခဲ့သဖြင့် အမှုကိုဆက်လက်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

၎င်းတို့သည် တက္ကစီယာဉ်တစ်စီးကို ၀ိုင်းဝန်းပိတ်ဆို့ပြီး ယာဉ်မောင်းနှင့်ခရီသည်တစ်ဦးတို့ကို ဘေ့စ်ဘော တုတ်များဖြင့် ရိုက်နှက်ခဲ့သည့်အပြင် တက္ကစီယာဉ်ကိုလည်း ရိုက်နှက်ဖျတ်ဆီးခဲ့သဖြင့် လှိုင်ရဲစခန်းက (ပ) ၇၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၀/၄၂၇/၃၂၅/၁၁၄ တို့ဖြင့် အရေးယူရန် ရဲတပ်ဖွဲ့ က အလိုရှိနေသူများလည်း ဖြစ်သည်။

တရုတ်အစိုးရ၏ ကူညီပစ္စည်းများရရှိသော်လည်း ခက်ခဲမှုအခြေအနေများရှိနေဆဲ

KNG

တရုတ် ပီကင်းအစိုးရ၏ လူသားခြင်းစာနာမှုဖြင့် ပထမဆုံးအကြိမ် ကူညီပေးသော ပစ္စည်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်လိုင်ဇာအနီးရှိ ဂျေယန့်ဒုက္ခသည် စခန်းတွင် ရရှိနေပြီဖြစ်သော်လည်း နေရာထိုင်ခင်းနှင့် အိမ်သာ၊ ရေတို့ အခက်ခဲဖြစ်နေဆဲဖြစ်သည်။

ယနေ့ တရုတ်အမှကူညီသော ပစ္စည်းများကို ဂျေယန့်ဒုက္ခသည်စခန်းတွင် ရရှိသော်လည်း ၎င်းဒုက္ခသည်စခန်းရှိ အိမ်ထောင်စု ၇၀၀ ကျော် အတွက် နေအိမ်ခန်းများ အမြန်ဆုံးပြုပြင်ရန်လိုအပ်နေပြီး အိမ်သာများလည်းပြည့် ကာ ရေအခက်ခဲဖြစ်နေခြင်းဖြစ်သည်ဟု ဒုက္ခသည် ကူညီရေးအဖွဲ့က ပြောသည်။

တရုတ်အစိုးရမှလည်း စခန်းအတွက်လိုအပ်ချက်များကို ဆက်လက် ဦးစားပေး ကူညီသွားမည်ဖြစ်ကြောင်းနှင့် ယခုချိန်တွင် ၄င်းတို့အကူညီပစ္စည်းများကို ဖြန့်ဝေပေးလျက်ရှိကြောင်း ဂျေယန့်ဒုက္ခသည် တာဝန်ခံ ဦးလဘန်နော်ဂျာ KNG ကချင်သတင်းဌာနသို့ ပြောသည်။

“မနေ့ကနေ ကူညီပစ္စည်းသေတ္တာတွေကို လိုင်ဇာကနေ သယ်နေတယ်။ ရောက်လာတဲ့ ကူညီပစ္စည်းကို တခါထဲ ဒုက္ခသည်တွေ ကိုပေးနေတာ ထားမဲ့နေရာမရှိလို့ အခု အိမ်ခြေ ၁၀၀ ကျော်ကို ပေးနေပြီ အခုလည်း သယ်နေတုံးပဲ ဒီနေ့ပြီးအောင် သယ်ပြီး အားလုံးကိုပေးမယ်” 


တရုတ် ပီကင်းအစိုးရ၏ ကူညီပေးသော ပစ္စည်းသေတ္တာတွင် ဆန်၊ ဆီ၊ ဆား၊ သကြား၊ စောင်နှင့် ဆေးဝါး အပါအ၀င် ၁၀ မျိုးဖြစ်ကြောင်းသိရှိရသည်။

ယနေ့တွင် ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ (WFP) မှ ၂ လ ၁ ကြိမ်၊ ၃ ကြိမ်မြောက် အကူညီကို ပဲအမျိုးမျိုး၊ အဟာရမှုန့်နှင့် ဆားများလက်ခံရရှိပြီး၊ ကုလအဖွဲ့ UNCP မှ မီးဖိုများကို ကူညီပေးကာ ဗန်းမော်ဂရုဏာအဖွဲ့မှ လစဉ်ကူညီနေသော ဆန်၊ ဆီနှင့် ဟင်းဖိုးငွေတို့ရရှိပြီး တရုတ်ကြက်ခြေနီ အဖွဲ့၏ ကူညီပစ္စည်းသေတ္တာကိုလည်း ယနေ့တွင် အသီးသီးဝေပေးနေကြောင်း စခန်းကော်မတီမှသိရသည်။

ဗဟိုဌာနချုပ်လိုင်ဇာ အနီးရှိ စစ်ပြေးဒုက္ခသည်စခန်းများဖြစ်သော ဝေကြိုင်ဒုက္ခသည်စခန်း၊ ဖုန်လွမ်ယန်၊ လိုင်ဇာအမှတ် ၃ ဈေးစခန်းရှိ ဒုက္ခသည်စခန်းများကို တရုတ်အစိုးရမှ ကူညီပစ္စည်းသေတ္တာများအား ယမန်နေ့ရရှိခဲ့သောကြောင့် ဒုက္ခသည်များ ၀မ်းသာအားရဖြစ်နေကြကြောင်း ဒုက္ခသည်တဦးပြောသည်။

“မထင်မှတ်ပဲ အခုလိုကူညီပစ္စည်းတွေရလာတဲ့အတွက် ကျနော်တို့ဒုက္ခသည်တွေ အတိုင်းမသိ အရမ်းပျော်မိတယ် ကူညီပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်တယ် ဆက်လက်ပြီးကူညီဖို့ရန် သီးသန့်ဆုတောင်းခြင်း ကိုလည်းလုပ်နေတယ်”

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၁၆၀၀ ကျော် ဒုက္ခသည်ပေါင်း ၈၂၇၂ ရှိပြီး လိုင်ဇာဗဟိုဌာနချုပ်အတွင်းရှိ ဒုက္ခသည်စခန်း ၄ ခုတွင် လူဦးရေ အများဆုံး စခန်းဖြစ်သည်။

ရိုးမဘဏ်မှထုတ်လာသည့် ငွေထုပ်ဆိုင်ကယ်ဖြင့်လိုက်ကာ လုယူထွက်ပြေး

ဝိုင်းအောင်

မကွေးမြို့ရှိ ရိုးမဘဏ်မှ ဆိုင်ကယ်ဖြင့် ငွေထုတ်လာသူ အမျိုးသမီးကို နောက်မှဆိုင်ကယ်တစီးဖြင့် လိုက် လာသည့် အမျိုးသားနှင့် အမျိုးသမီးက ငွေထုပ်လုယူ ထွက်ပြေးမှုတစ်ခု မကွေးမြို့၌ ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည်ဟု မကွေးနယ်မြေ ရဲစခန်းက သတင်းထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ ယင်းနေ့မွန်းလွဲ ၁ နာရီခန့် တွင် မကွေးမြို့ပြည်တော်သာလမ်းရှိ ရိုးမဘဏ်မှ ငွေကျပ်ခုနစ်သိန်း ထုတ်လာသည့် မနွယ်နွယ်သန်း (၄၀ နှစ်)နှင့် နောက်ပါ အမျိုးသမီးတစ်ဦး၏ ဆိုင်ကယ်သည် မြို့ပတ် လမ်းနှင့် ပြည်တော်သာလမ်းထောင့်ရှိ ကောင်းမြိန်ကွမ်းယာဆိုင်အနီး အရောက်နောက်ပါအမျိုးသမီးတင် ဆောင်လာသည့် အမျိုးသားတစ်ဦး၏ ဆိုင်ကယ်က မနွယ်နွယ်သန်း၏ ဆိုင်ကယ်ကို လက်ဝဲဘက်မှကျော် တက်ကာ အနားသို့ကပ်လာသည်ဟု ရဲထွက်ချက်တွင် ပါရှိသည်။

ယင်းနောက်တွင် အနားကပ်လာသည့် ဆိုင်ကယ်မှ နောက်ပါ အမျိုးသမီးက မနွယ်နွယ်သန်းလက်ထဲရှိ ငွေအိတ်ကို လုယူကာ မြို့ပတ်လမ်းအတိုင်း တောင်ဘက် အရပ်ရှိ ပညာရေးတက္ကသိုလ်ရှေ့ ကြာပန်းအ၀ိုင်း သို့ ထွက်ပြေးသွားရာ မနွယ်နွယ်သန်းက အော်ဟစ်အကူအညီတောင်း၍ အနီးရှိသူများက လိုက်လံဖမ်းဆီး သော်လည်း ကားကြီးကွင်းအနီး ပြည်တော်သာလမ်းနှင့် အဝေရာလမ်းထောင့်အနီးတွင် မျက်ခြည်ပြတ် သွားခဲ့သည်ဟု ပြောသည်။

အဆိုပါအမှုကို ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် ငွေထုပ်ပိုင်ရှင် မနွယ်နွယ်သန်းက တရားလိုပြုလုပ်၍ အမည်မသိ အမျိုးသားနှင့် အမျိုးသမီးတို့ကို ဖမ်းဆီးဖော်ထုတ်ပေးပါရန် မကွေးနယ်မြေရဲစခန်း၌ (ပ)၄၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။

မကွေးမြို့တွင် ၂၀၁၃ ခုနှစ်အတွင်းကလည်း အမျိုးသမီးနှစ်ဦး ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူ၍ ဆိုင်ကယ် ဖြင့်အပြန်တွင် ဆိုင်ကယ်စီးအမျိုးသားတစ်ဦးက ဆိုင်ကယ်ချင်းကပ်ပြီး ငွေထုတ်လုယူမှုဖြစ်ပွားခဲ့ပြီး တရားခံ ကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။

ကွန်ပျူတာ သတင်းအချက်အလက်နှင့် နည်းပညာပြပွဲတွင် ပြခန်း ၈ဝကျော် ပါဝင်မည်

ဖြိုး

မန္တလေးတိုင်း ကွန်ပျုတာပညာရှင်အသင်းနှင့် ကွန်ပျုတာ လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်သော (၁၂) ကြိမ်မြောက် ကွန်ပျုတာနှင့် သတင်းအချက်အလက် နည်းပညာပြပွဲကို မတ်လ ၇ရက်မှ ၉ ရက်အထိ မန္တလေးမြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်ရာ ကွန်ပျူတာနှင့် ပတ်သက်သော အရောင်းနှင့်ဝန်ဆောင်မှုလုပ်ငန်း ပေါင်း ၈ဝကျော် ပါဝင်ပြသမည်ဖြစ်သည်။

နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြသမည့် အဆိုပါပြပွဲတွင် ခေတ်မှီကွန်ပျုတာနှင့် ဆက်စပ်ပစ္စည်းများ၊ အသုံးချဆော့ဖ်ဝဲများ၊ ကွန်ပျုတာသင်တန်းများ သာမက ယခင်နှစ်များတွင် မပါဝင်သော အွန်လိုင်းဘဏ် လုပ်ငန်းစနစ် (Online Banking System) များကို စီဘီဘဏ် (CB Bank)က မိတ်ဆက်ရှင်းလင်းသွားမည်ဟု ကွန်ပျုတာ လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဋ္ဌ ဦးဇော်ရဲသူက ပြောသည်။

“ပြခန်းတွေ တိုးထားတယ်။ ပြောင်းလဲလာတဲ့ ကွန်ပျုတာ နည်းပညာတွေကို အထက်မြန်မာပြည်ကလူတွေ သိရှိအောင် လုပ်ပေး တဲ့ ပြပွဲလေးတစ်ခုပါ။ ကိုယ်ပိုင်တံဆိပ်(Brand) နဲ့ဖြန့်တဲ့ ကုမ္ပဏီတွေလည်းပါမယ်။ ဆော့ဖ်ဝဲရေးတဲ့ ပညာရှင်တွေလည်း ပါမယ်” ဟု ၎င်းက ပြောသည်။

ကွန်ပျုတာ အရောင်းပြခန်းများ၊ ကွန်ပျုတာသင်တန်းများ၊ ဆားဗစ်စင်တာ(Services Center) များလည်း ပါဝင်မည်ဖြစ်သည်။

ယင်းပြပွဲကို မန္တလေးနှင့် အထက်မြန်မာပြည်မှ ကျောင်းသူကျောင်းသားများ၊ လုပ်ငန်းရှင်များနှင့် နည်းပညာ လေ့လာလိုက်စား လိုသူများအတွက် တိုးတက်နေသည့် ICT နည်းပညာများကို သိရှိစေရန်နှင့် ICT လုပ်ငန်းရှင်များ၊ ပညာရှင်များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုလည်း မိတ်ဆက်ပေးရန် စီစဉ်ရခြင်းဖြစ်သည်။

မန္တ္တလေးတိုင်း ကွန်ပျုတာအသင်းကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော်လည်း အိုင်စီတီပြပွဲ (ICT Exhibition) များကို ၂ဝဝ၃ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပလာရာ ယခုအကြိမ်သည် ၁၂ ကြိမ်မြောက် ဖြစ်သည်။

သမ္မတပေးပို့ထားသည့် မျိုးစောင့်ဥပဒေကိစ္စ လွှတ်တော်တွင် ရှင်းလင်း

ရွှေအောင်

အမျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကတဆင့် ဥပဒေကြမ်း တင်ပြ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားလိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတက ပေးပို့လာတဲ့ အမျိုးဘာ သာသာသနာဆိုင်ရာ ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတဆီ သ၀ဏ်လွှာ ပြန်လည်ပေးပို့ရာမှာ အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒန္ဒ တိလောကာဘိဝံသ လက်မှတ်ထိုး ပေးပို့ထားတဲ့ ဥပဒေ ၄ ရပ်ကို ဥပဒေပြဋ္ဌာန်းပေးဖို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့တာ ဖြစ်ပါတယ်။

ဒီဥပဒေတွေက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။

ဒီဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဥပဒေကြမ်း ရေးဆွဲ ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့တာလို့ လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။

“သက်ဆိုင်ရာ ၀န်ကြီးဌာနတွေပေါ့။ ဥပမာ ကိုးကွယ်တဲ့ဘာသာ ကူးပြောင်းရေးဆိုင်ရာ ဥပဒေကျတော့ သာသနာရေးဝန်ကြီးဌာန၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ကျတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ လူဦးရေ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေကျတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ အဲဒီဌာနတွေကို ပြန်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနက လူ့အခွင့်အရေးကော်မရှင်နဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ရမယ်ဆိုပြီး သူက သ၀ဏ်လွှာပို့တယ်။”


အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)အနေနဲ့ ဒီဥပဒေ ၄ ရပ် ပြဌာန်းပေးဖို့ တနိုင်ငံလုံးရှိ သံဃာတော်တွေအပါအ၀င် နိုင်ငံသား ၁ သန်းကျော်တို့က လက်မှတ်ရေးထိုး ဆန္ဒပြုထားတွေပါ ပူးတွဲ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရဲ့ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်ရှိ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခတွေ ဆက်မဖြစ်ပွားဖို့ ဒီဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုတယ်လို့ မိန့်ပါတယ်။

“မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ငြိမ်းချမ်းချင်တယ်၊ ဘာသာရေးပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ မဖြစ်ချင်ဘူးဆိုရင် ဒီဥပဒေကို ပြဋ္ဌာန်းပေးလိုက်ရင် မျိုးစောင့်ဥပဒေက ထိန်းသိမ်းသွားပါလိမ့်မယ်။ အဲဒီပဋိပက္ခတွေ မဖြစ်ပေါ်ရေးကို လိုလားမယ်ဆိုရင် ဒီဥပဒေကို ပြဋ္ဌာန်းပေးပါ။ ဘာသာရေးပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ထွန်းချင်တယ်၊ တိုင်းပြည် မငြိမ်မသက်ဖြစ်စေချင်တယ်ဆိုရင် ဒီဥပဒေကို မပြန်ဋ္ဌာန်းပေးပါနဲ့။”

လက်မှတ်ကောက်ခံရာမှာ မြို့နယ်နဲ့ ရပ်ကွက်အဆင့်အထိ ဖွဲ့စည်းထားတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တွေက ကွင်းဆင်း ကောက်ခံတာ ဖြစ်တယ်။ အခုချိန်ထိ လက်မှတ်ပေါင်း ၄ သန်းလောက် ကောက်ခံ ရရှိထားပြီလို့လဲ မိန့်ပါတယ်။

စာရေးဆရာ ထက်မြက်ကတော့ အခုချိန်မှာ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းဖို့ မလိုအပ်သေးဘူးလို့ ပြောပါတယ်။

“ဒီအမျိုးစောင့်ဥပဒေတင်ရတာကလည်း ပထမတင်တဲ့ ဆရာတော်တွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေ ဖတ်ရတဲ့အခါမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပိတ်ပင်သလို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကိုလည်း ထိပါးတယ်လို့ ယုံကြည်ယူဆတယ်။ ယူဆတဲ့အတွက် မျိုးစောင့်ဥပဒေက ဒီကနေ့ အခြေအနေမှာ မလိုအပ်သေးဘူး။ တိုင်းပြည်မှာ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းလောက်တဲ့ ဗုဒ္ဓဘာသာကို ထိပါးမှုတွေ၊ အမျိုးသမီးတွေကလည်း ထင်ရာစိုင်းနေတဲ့ အခြေအနေမျိုးတွေ ရှိတယ်လို့ မယူဆပါဘူး။ ဒါကြောင့် အမျိုးစောင့်ဥပဒေကို အခုချိန်မှာ မပြဋ္ဌာန်းသင့်သေးဘူးလို့ ယုံကြည်ပါတယ်။”

သမ္မတရဲ့ စာထဲမှာ ဥပဒေ ၄ ခုပြဌာန်းရေးကိစ္စဟာ အင်မတန် နက်နဲသိမ်မွေ့တဲ့ ဘာသာ သာသနာရေးကိစ္စရပ်တွေ ဖြစ်တယ်။ ဖွဲ့စည်းပုံမှာ ဖော်ပြမထားတဲ့ ကိစ္စရပ်တွေလဲ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

ယောက်ျားဖြစ်သူက ဇနီးကို ကြက်သွန်လှီးဓားဖြင့် ထိုးသတ်

ဇော်ဇော်ထွေး

ဖြစ်စဉ်မှာ သုံးခွမြို့နယ်၊ ကဒပ်္ပနကျေး ရွာအုပ်စု၊ အရှေ့တံခွန်တိုင်ရွာ လယ်ကွက် ပဲခင်းတွင် နံနက် ၉ နာရီ ခန့်က မနွယ်နီ (၁၈)နှစ် လယ်စားရင်းငှား၊ ကျောက်တန်းမြို့နယ်၊ မှော်ဝန်းလမ်းတွင် နေထိုင်သူနှင့် ခင်ပွန်း ဖြစ်သူ သိန်းဝင်း (ခ) သူဟန်တို့ နှစ်ဦးမှာ ပဲ,မခူးသည့်ကိစ်္စဖြင့် စကားများရန်ဖြစ်ခဲ့သည်ဟု တရားလိုဖြစ်သူ မနွယ်နီ၏မိခင်ဒေါ်တင်လှက ရဲစခန်းတွင်တိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းသို့ စကားများရန်ဖြစ်ရာမှ သိန်းဝင်း(ခ)သူဟန်က အရိုးအသွားခြောက်လက်မခန့်ရှိ ကြက်သွန်လှီးသည့် ဓားဦးချွန်ဖြင့် ထိုးလိုက်သည့်အတွက် မနွယ်နီမှာ ၀ဲ/ယာ နို့အုံအောက်တွင် ထိုးသွင်းဒဏ်ရာ တစ် ချက်စီနှင့် ရင်ညွှန့်ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ၀ဲလက်မောင်းနှင့် တံတောင်တွင် ပြတ်ရှဒဏ်ရာနှစ်ချက်၊ ၀ဲလက်ဖျံ ပြတ်ရှဒဏ်ရာ ခုနစ်ချက်၊ ယာခြေသလုံးပြတ်ရှဒဏ်ရာတစ်ချက်ရရှိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မနွယ်နီသေဆုံးမှုကို မိခင်ဖြစ်သူ ဒေါ်တင်လှက ဓားဖြင့်ထိုးခဲ့သည့် သမက်တော်စပ်သူ သိန်းဝင်း(ခ) သူ ဟန်ကို အရေးယူပေးရန် အမှုဖွင့်တိုင်တန်းခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းတိုင်တန်းမှုကို သုံးခွရဲစခန်းက (ပ)၅၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူကို ည ၈ နာရီ အချိန်၌ ကျောက်တန်းမြို့နယ် အဒွတ္တောကျေးရွာတွင် ဖမ်းဆီးမိခဲ့သည်ဟု ဆိုထားသည်။

ထိုကြောင့် အမှုကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၀၂ ဖြင့် တရားစွဲတင် သွားမည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။

တပ်သိမ်းမြေ ဧက ၁၆၀၀ ကျော် မူလပိုင်ရှင်များထံ ပြန်ပေး

ဆလိုင်းသန့်စင်

ဧရာဝတီတိုင်း ဒေသကြီးရှိ ယခင် စစ်အစိုးရ လက်ထက်က သိမ်းဆည်းထားသော တပ်သိမ်းမြေများ အနက် ဧက ၁၆၀၀ ကျော်အား မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်လျက် ရှိကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

“မြေတွေ လွှဲပြောင်း ပေးဖို့ ကိစ္စတွေကို တတိုင်းလုံး အနေအထားနဲ့ မတ်လ ပထမ ပတ်ထဲမှာ အပြီး လုပ်ဖို့ စီမံ ထားပါတယ်။ ကျနော်တို့ အနေနဲ့ အခုချိန်ကတည်းက မြေတွေ ပြန်ပေးတယ် ဆိုတာက လာမယ့် မိုးရာသီ စိုက်ပျိုးချိန်အမီ လယ်သမားတွေ လက်ထဲကို လယ်တွေ ပြန်ရပြီး အချိန်မီ စပါးစိုက်ပျိုး နိုင်စေဖို့ အတွက် ရည်ရွယ် ပါတယ်”ဟု အနောက်တောင်တိုင်း စစ် ဌာန ချုပ် စခန်းရုံးမှ ဗိုလ်ကြီး ပေါငြိမ်းက ဧရာဝတီကို ပြောသည်။

တပ်သိမ်းမြေ ပြန်ပေးနေသည့် တပ်ရင်း တပ်ဖွဲ့များမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) စခန်းရုံး၊ အမှတ် (၁၀) လျှပ်စစ်နှင့် အင်ဂျင်နီယာ တပ်ရင်း (လစရ – ၁၀)၊ အမှတ် (၁၁) အဆင့်မြင့် ဆက်သွယ်ရေး တပ်ရင်း(အဆရ – ၁၁)၊ အမှတ် (၁၁) ခြေလျင် တပ်ရင်း (ခလရ – ၁၁) တို့ ဖြစ်ပြီး စုစုပေါင်း ၁၆၀၀.၁၆ ဧက ရှိကြောင်း သိရသည်။

တပ်သိမ်းမြေ ပြန်ပေးမည့် မြို့နယ်များမှာ ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ၀ါးခယ်မ၊ ပန်းတနော်၊ ကျောင်းကုန်း၊ အိမ်မဲနှင့် ငွေဆောင် ဒေသတို့မှ လယ်မြေ၊ မြေလွတ်နှင့် စားကျက်မြေများ ဖြစ်သည်။

ယင်းမြေများကို ပြန်လည် ပေးအပ်ရန် သက်ဆိုင်ရာ မြို့နယ် မြေ အသုံးချမှု စီမံခန့်ခွဲရေး ကော်မတီများမှတဆင့် မူလ ပိုင်ရှင် များထံ မတ်လ ပထမပတ် အတွင်း ပေးအပ်သွားမည် ဖြစ်ကြောင်း ဗိုလ်ကြီး ပေါငြိမ်းက ပြောသည်။

“လယ်ယာမြေတွေ သိမ်းဆည်းထားတာနဲ့ ပတ်သက်ပြီးတော့ ပြန်လည် စွန့်လွှတ်နိုင်တဲ့ မြေနဲ့ အသုံးလိုတဲ့ ပြန်လည် မစွန့်လွှတ်နိုင်တဲ့ မြေဆိုပြီး ခွဲခြား စိစစ် ခိုင်းပါတယ်၊ အဲဒီမှာ ကျနော်တို့ ပြန်စိစစ်၊ အစည်းအဝေးထိုင်ပြီး ပြန်လည် စွန့်လွှတ်မယ့် မြေ ဧက စာရင်းကို အထက်ဌာနကို တင်ပြ ခဲ့ပါတယ်၊ အထက်ကလည်း ခွင့်ပြုခဲ့တဲ့ အတွက် အခုလို ပြန်လည် ပေးအပ်ခြင်း ဖြစ် ပါတယ်”ဟု ၎င်းက ဆိုသည်။

ပုသိမ် မြိုနယ် အတွင်း တပ်သိမ်းမြေ ၄၁၇.၀၃ ဧကကို နတခ စခန်းရုံး အပါအ၀င် တပ်ရင်း ၄ ခုက ဖေဖော်ဝါရီ ၂၅ နှင့် ၂၆ ရက် များတွင် ပုသိမ်မြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

နတခ စခန်းရုံးက ပြန်ပေးသည့် တပ်သိမ်းမြေများမှာ ပုသိမ်မြို့နယ် ငွေဆောင် မြို့နယ်ခွဲ၊ ဆင်မ ကျေးရွာမှ လယ်မြေ ၁၂၆.၆၉ ဧက၊ ပုသိမ် မြို့နယ် အမှတ် ၁၅ ရပ်ကွက်နှင့် ကိုးဆူ ကျေးရွာရှိ စားကျက်မြေ ၁၆၆.၄ ဧကနှင့် မြေလွတ် ၃၈ ဧက၊ လစရ – ၁၀ တပ်ရင်းမှ ပြန်ပေးအပ်မည့် ပုသိမ်မြို့နယ် ညောင်ဝိုင်း ကျေးရွာမှ လယ်မြေ ၂၅.၇ ဧက၊ အဆရ – ၁၁ တပ်ရင်း က ပြန်ပေးမည့် ပုသိမ် မြို့နယ် ရေမနေပင်ကိုင်း ကျေးရွာရှိ စားကျက်မြေ ၉၆.၇၄ ဧကနှင့် ခလရ – ၁၁ တပ်ရင်းက ပြန်လည် ပေးအပ်မည့် ငကွ ကျေးရွာရှိ လယ်မြေ ၁.၅ ဧက ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နတခ စခန်းရုံးက ငပုတော မြို့နယ် ရေပေါ်သောင် ကျေးရွာမှ မြေလွတ် ၄၇၅ ဧက၊
ဝါးခယ်မ မြို့နယ် ကျုံပဒုတ် ကျေးရွာမှ မြေလွတ် ၁၄၅ ဧက၊ ကျောင်းကုန်း မြို့နယ် ဒါးက ကျေးရွာမှ ၉၀ ဧကနှင့် ပန်းတနော် မြို့နယ် ဗောဓိ ကျေးရွာမှ မြေလွတ် ၁၃၀ ဧကတို့ကို မူလပိုင်ရှင်ထံ ပြန်ပေးအပ်မည် ဖြစ်ကြောင်း နတခ က ဆိုသည်။

လစရ – ၁၀ တပ်ရင်းက ပြန်ပေးအပ်မည့် မြေများမှာ ကျောင်းကုန်း မြို့နယ် ဒါးက ကျေးရွာမှ လယ်မြေ ၁၂၁.၁ ဧက၊ သာပေါင်း မြို့နယ် ဂုံမင်း ကျေးရွာမှ မြေလွတ် ၇၄ ဧကနှင့် အိမ်မဲ မြို့နယ် မိုးကုတ် ကျေးရွာမှ မြေလွတ် ၁၁၀ ဧကတို့ ဖြစ်ကြောင်း ပြော သည်။

လစရ – ၁၀ တပ်ရင်း ကိုယ်စားလှယ် ဗိုလ်ကြီး မျိုးသူအောင်က မြေ ပေးအပ်ပွဲ အခမ်းအနားတွင် “ပုသိမ် မြို့နယ် ညောင်ဝိုင်း ရွာမှာ ဆိုရင် ကုန်သွယ်/လယ်ယာ ခေတ်က စပါးသွင်းရတဲ့အခါမှာ အထွက်နည်းလို့ လယ်သမားတွေ စပါး ပြည့်မီအောင် မသွင်းနိုင်ကြပါဘူး၊ အဲဒီလို မပြည့်မီလို့ ကျနော်တို့ တပ်ကို တာဝန်ပေးတဲ့ အတွက် လုပ်ခဲ့ ရတာပါ၊ ကျနော်တို့ လုပ်ကိုင်တဲ့ ကာလမှာ မြောင်းတွေ တူးပစ်လိုက်တော့ ရေ၀င်ရေထွက် ကောင်းပြီး စပါးတောင် အထွက် တိုးလာခဲ့ပါတယ်”ဟု ပြောသည်။

တပ်မတော်မှ လွှဲအပ်သည့် မြေများကို မူလ ပိုင်ရှင်များ လက်ဝယ် ရောက်ရှိရန် စနစ်တကျ စီမံ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပုသိမ် မြို့နယ် မြေယာ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌနှင့် ပုသိမ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ဧရာဝတီကို ပြောသည်။

“ပုံစံ ၁၀၅ ထုတ်ထားတဲ့ မြေတွေက ပြန်ပေးဖို့ လွယ်မယ်၊ လန – ၃၉ (လယ်ယာမြေကို အခြားနည်းဖြင့် သုံးစွဲခွင့်) ကျပြီးသား မြေတွေတော့ လန – ၃၉ ကို ပယ်ဖျက်ဖို့ လုပ်ရမှာ ဆိုတော့ နည်းနည်း အချိန် ယူရလိမ့်မယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမြေတွေကို မူလပိုင်ရှင် လယ်သမားတွေ လက်ထဲ ရောက်အောင် အမြန်ဆုံး ဆောင်ရွက် ပေးမှာပါ”ဟု ၎င်းက ပြောဆိုသည်။

ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု စုံစမ်း စစ်ဆေးရေး ကော် မတီ အစီရင်ခံစာ အပိုင်း (၁) အရ ဧရာဝတီတိုင်း ဒေသကြီးတွင် တပ်မတော်မှ သိမ်းဆည်း ထားသည့် မြေ ၅၀၀၆.၁၂ ဧက ရှိပြီး ယင်းမြေများ အနက်မှ မြေ ၈၂၄.၁၈ ဧကကို ကာကွယ်ရေး ၀န်ကြီးဌာနက ဧရာဝတီတိုင်း ဒေသကြီး အစိုးရထံ ပြန် လည် အပ်နှံခဲ့ရာ တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် မူလ ပိုင်ရှင်များအား ပြန်လည် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာ တနိုင်ငံလုံးတွင် စစ်တပ် သိမ်းမြေ ၂၄,၇၀၇၇. ၆၀ ဧက ရှိကြောင်း လယ်ယာမြေ သိမ်းဆည်း ခံရမှု စုံစမ်း စစ်ဆေးရေး ကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်

“ပြန်ပြောင်းလို့ မရတော့ဘူး”

ဧရာဝတီ

ဆယ်စုနှစ် များစွာအတွင်း မြန်မာစစ်အစိုးရနှင့် NATIONAL ENDOWMENT FOR DEMOCRACY (NED) အဖွဲ့တို့ကြားတွင် အမုန်းတရားများသာ ရှိခဲ့သည်။ ကမ္ဘာတလွှားတွင် ဒီမိုကရေစီစနစ်ကို မြှင့်တင်ပေး နိုင်ရန်အတွက် အမေရိကန်ကွန်ဂရက် လွှတ်တော်၏ ငွေကြေးပံ့ပိုးမှုဖြင့် တည်ထောင်ထားသော အဖွဲ့တခုအနေဖြင့် NED က စစ်ဗိုလ်ချုပ်များ၏ အာဏာရှင် အုပ်ချုပ်ရေးကို ခုခံဆန့်ကျင်နေခဲ့ကြသော ပြည်ပရောက် မြန်မာအတိုက် အခံများနှင့် တိုင်းရင်းသားလူနည်းစုများကို ထောက်ပံ့ကူညီခဲ့၍ ယခင်စစ်အစိုးရ၏ အာဃာတထားခြင်းခံခဲ့ရသည်။

သမ္မတဦးသိန်းစိန်၏ လက်အောက်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာ၍ ၂ နှစ်ခွဲကြာမြင့်ခဲ့ပြီးသော ယခုအချိန်၌ ယခင်ကအေးခဲ နေခဲ့သည့် ဆက်ဆံရေးများလည်း အရည်ပျော်တော့ မည့်အသွင်ရှိလာသည်။ ၂၀၁၃ အောက်တိုဘာလ အတွင်းက NED ဥက္ကဋ္ဌ Carl Gershman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တဖွဲ့မြန်မာနိုင်ငံ သို့ ရောက်ရှိလာပြီး ရန်ကုန်နှင့် နေပြည်တော်မြို့ များတွင် လူမှုအဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိ သူများနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ ခရီးစဉ်၏ နောက်ဆုံးအချိန်တွင် ဧရာဝတီကို တည်ထောင်သူ အယ်ဒီတာချုပ် အောင်ဇော်က Mr.Gershman နှင့် တွေ့ဆုံပြီး လက်ရှိဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေး ဖြစ် စဉ်များ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှ စိန်ခေါ် မှုများနှင့် တချိန်က သူ့ကိုရန်သူအဖြစ်သဘောထား ခဲ့သူများနှင့် တွေ့ဆုံခဲ့သည့် အကြောင်းများကို မေးမြန်း ဆွေးနွေးထားပါသည်။

ဧရာဝတီ။ ။ ဒါက မြန်မာနိုင်ငံကို ပထမဆုံးခရီး စဉ်မှာခင်ဗျားရဲ့ထင်မြင်ယူဆချက်ကို သိချင်ပါတယ်။


Mr.Gershman ။ ။ နောက်ကြောင်းပြန်လှည့်ဖို့ အလွန်ခက်ခဲတဲ့ ဖြစ်စဉ်ကစတင်ခဲ့ပြီလို့ ကျနော်ထင် ပါတယ်။ လူမှုအဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အစိုးရထဲကလူတွေ အပါအဝင် လူအမြောက်အမြားနဲ့ ကျနော်တွေ့ခဲ့ပါတယ်။ အနည်းဆုံးတော့ လူတိုင်းက ဒီလုပ်ငန်းစဉ်မှာ သူတို့ ပါဝင်မယ်ဆိုတာကို ပြသခဲ့ကြပါတယ်။ သူတို့ဟာ ဒီမိုကရေစီအတွက် လို့ လူတိုင်းကပြောခဲ့ကြပါတယ်။ ဒါကကြာရှည်ခက်ခဲမယ့် လုပ်ငန်းတခုရဲ့ အစဖြစ် တယ်ဆိုတာသံယယရှိနေစရာမလိုပါဘူး။ ဒါပေမယ့် ကျနော့်ကိုမျှော်လင့်ချက်ပေးတဲ့အရာတွေ အများ ကြီးတွေ့ခဲ့ပါတယ်။

ကျနော် လူငယ် ၄၀ လောက်နဲ့ တွေ့ဆုံခဲ့ပါ တယ်။ သူတို့ထဲက အများစုက အမျိုးသမီးတွေ၊ လူနည်းစုတိုင်းရင်းသားအဖွဲ့ တွေထဲကသူတွေဖြစ် ပါတယ်။ သူတို့ ဒီမိုကရေစီအကြောင်းကို အရမ်း သိနားလည်ချင် နေကြပါတယ်။ ဒီမိုကရေစီကို နား လည်သဘောပေါက်ပြီး ဒီမိုကရေစီအတွက် အလုပ် လုပ်ဖို့ ဆန္ဒပြင်းပြနေတာက ဒါကိုရရှိပြီးသားလို့ ယူ ဆထားတဲ့ အမေရိကန်နိုင်ငံထက် ပိုပါတယ်။ ကျနော်တွေ့ခဲ့တဲ့ အစိုးရတာဝန်ရှိသူတွေက သူတို့ ဘာတွေလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကို ကျနော့် လို လူတယောက်ဆီမှာ သက်သေပြချင်ကြတယ်။ သူတို့ လမ်းမှန်ပေါ်မှာ ရှိနေတာနဲ့အမျှကောင်း တယ်လို့ ကျနော်မြင်မှာပါပဲ။

အသွင်ကူးပြောင်းရေးကအရမ်း ခက်ခဲတယ်ဆိုတာ ကျနော်သိပါ တယ်။ ဒါပေမယ့် ကျနော်မျှော်လင့် နေတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာဖြစ်ခဲ့တာ တခုက စနစ်ကပွင့်လင်းလာပြီးတော့ ဧရာဝတီမဂ္ဂဇင်းလိုမျိုးတွေလည်း ပြန်ရောက်လာကြ လို့ ဖြစ်ပါတယ်။ ခင်ဗျားတို့က နိုင်ငံရေးအခင်း အကျင်းကို ပွင့်လင်းလာအောင် လုပ်နေပါတယ်။ နိုင်ငံရေး ပွင့်လင်းလာရင် ပြည်သူတွေ ပညာရေးမြင့်တက်လာမယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဖွံ့ဖြိုးလာမယ်။ ကျနော်တို့ မကြာခဏပြောလေ့ရှိ သလိုပါပဲ။ဆင်စွယ်က ထွက်ပြီးသား ဖြစ်သွားပြီ။ ပြန်ဝင်လို့ မရတော့ပါဘူး။ ဒါဟာ ဒီမိုကရေစီရဲ့ သဘာဝပါပဲ။

ဧရာဝတီ။ ။ မြန်မာ-အမေရိကန် ဆက်ဆံရေးအပြောင်း အလဲကို ဘယ်လိုမြင်ပါသလဲ။

Mr.Gershman ။ ။ ကျနော်တွေ့ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တယောက်က အမေရိကန်ပြည်ထောင်စုက မြန်မာ နိုင်ငံအပေါ်ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာ ဆိုးရွားတဲ့ မှားယွင်းမှုပဲ၊ ပူးပေါင်းဆောင်ရွက်တဲ့ မူဝါဒဆိုရင် ပိုကောင်းခဲ့လိမ့်မယ်လို့ အတိတ်အကြောင်းတွေကို ဝေဖန်ခဲ့ပါတယ်။ အာဏာရှင်စနစ် တခုနဲ့ မိတ်ဆွေ လို ရင်းနှီးစွာဆက်ဆံရေးက အမေရိကန်ပြည်ထောင်စု အတွက် အရမ်းခက်ခဲပါတယ်လို့ ကျနော် ရှင်းပြခဲ့ ပါတယ်။ ချီလီနိုင်ငံ Augusto Pinochet လက်အောက်မှာ ရှိနေတုန်းက ဆက်ဆံရေးက အလွန်ခက်ခဲ ပြီးတော့ သူစိမ်းဆန်ခဲ့တာကို ကျနော်မှတ်မိပါတယ်။ ချီလီနိုင်ငံမှာ ဒီမိုကရေစီရွေး ကောက်ပွဲစနစ်ရှိလာပြီး နောက်မှာတော့ နေ့ချင်း ညချင်းကို ပြောင်းလဲသွားပါတယ်။ ကျနော်တို့ မိတ်ဆွေရင်းချာလို ဆက်ဆံရေးရှိ လာခဲ့ပါတယ်။ တကယ် လို့ပြုပြင်ပြောင်းလဲရေးတွေ နောက်ကြောင်း ပြန်လှည့်သွားမယ်ဆိုရင်တော့ ဆက်ဆံရေးက အရမ်းခက်သွားမယ်ဆိုတာ ကျနော် သိနေတယ်။ တကယ်ကို ရှုပ်ထွေးသွားနိုင်ပါတယ်။

ဧရာဝတီ။ ။ မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ ဒီမိုကရေစီ နည်းကျမဟုတ်ဘဲ ရက်စက်ကြမ်းတမ်းစွာ အုပ်ချုပ် ခဲ့တဲ့သူတွေရဲ့လက်ထဲမှာပဲ စီးပွားရေးနဲ့ အာဏာက ရှိနေတုန်းပဲလို့ တချို့ကဝေဖန်ကြတယ်။ တရားမျှ တမှု ခုချိန်အထိ မရှိသေးဘူးလို့ ခံစားနေရသူတွေကို ဘာပြောချင်ပါသလဲ။

Mr.Gershman ။ ။ တချို့သောအရာတွေဟာ တခြားအရာတွေ ထက် ရရှိဖို့ ပိုလွယ်ကူပါတယ်။ အခြေခံဥပဒေအရပဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲပုံစံပြုပြင်ဖို့ပဲဖြစ်ဖြစ် သဘောတူညီမှုရအောင် ညှိနှိုင်းပြီးတော့ တံခါးဖွင့်လိုက်ဖို့က အလွန်လွယ်ကူပါတယ်။ ဒါတွေ လျင်လျင်မြန်မြန် လည်း ဖြစ်လာနိုင်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ကွန်မြူနစ် အစိုးရတွေပြုတ်ကျသွားတယ်။ ဒါပေမယ့် စနစ် တခုပြောင်းလဲဖွံ့ဖြိုးလာဖို့ကတော့ ဆယ်စုနှစ် များစွာ ခက် ခက်ခဲခဲလုပ်ခဲ့ရပါတယ်။

ခင်ဗျားက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအကြောင်းကို ပြောလာတယ်။ ဒါက မလွဲမသွေကို လုပ်ရတော့မယ့် အရာဖြစ်ပါတယ်။ မကြာခင် ဖြစ်လာတော့မှာပါ။ ရုရှားလို တခြားနိုင်ငံတချို့မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် စတာလင် လက်ထက်မှာ ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေက ပိုဆိုးပါတယ်။ လူသန်းနဲ့ ချီပြီးအသတ်ခံခဲ့ရတဲ့ အကျဉ်းစခန်းတွေထဲက အဖြစ် အပျက်တွေ မကြုံတွေ့ခဲ့ရဘဲနဲ့ ရုရှားဟာ ဒီမိုကရေစီ နိုင်ငံတခု ဖြစ်လာမယ်လို့ ကျနော်မထင်ဘူး။ ခင်ဗျား ဒါကို မမေ့နိုင်ပါဘူး။

တောင်အာဖရိကနဲ့ ချီလီနိုင်ငံတွေမှာ အရေး ယူ အပြစ်ပေးခြင်းမရှိဘဲနဲ့ အမှန်တရားတခုနဲ့ အမျိုး သား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ဖြတ်ကျော်ခဲ့ရပါတယ်။ တခြားနိုင်ငံတွေမှာလည်း ခြားနားမှုတွေ ကြုံတွေခဲ့ကြရပါတယ်။

ဧရာဝတီ။ ။ ဒီကိစ္စကို ဆွေးနွေးဖို့ ဆန္ဒရှိနေကြတယ်ဆိုတာကို မေ့သွားတာလား။

Mr.Gershman ။ ။ အဲဒါက စောလွန်းပါသေးတယ်။ ကျနော် မသိပါ ဘူး။ ဒီမိုကရေစီကို တကယ်ဖော်ဆောင်ချင်ကြ သူတွေက တရားမျှတမှုကို အခုလိုချင်ကြတယ်။ အဲဒါကအတိတ်က ပြစ်မှုတွေအတွက် တာဝန်ရှိနေ တဲ့သူအချို့နဲ့ ပြဿနာတွေရှိလာတော့မယ့် သဘောပဲ။ မလွယ်ကူပါဘူး။ ဒါပေမယ့် ဘယ်သူတွေက စနစ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာနဲ့ ပြစ်မှုတွေအတွက် ဘယ်သူတွေက တာဝန်ရှိတယ်ဆိုတာကို ခွဲခြားတဲ့ နည်းလမ်းနဲ့ ဘယ်လိုဖြေရှင်းနိုင်တယ်ဆို တာကို တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို ကြည့်နိုင်ပါတယ်။

ဧရာဝတီ။ ။ အနောက်အုပ်စုက စစ်တပ်ချင်း ဆက်ဆံဖို့လုပ် နေတာဟာ ကောင်းပါသလား။

Mr.Gershman ။ ။ မှန်ကန်တဲ့ လေ့ကျင့်ပေးမှုမျိုးဆိုရင်တော့ ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ စစ်တပ်ဆိုတာ လူ့အဖွဲ့အစည်းကို အုပ်ချုပ်ဖို့ မဟုတ်ဘဲ တိုင်းပြည်ကို ကာကွယ်ဖို့ပဲ တာဝန်ရှိတယ်ဆိုတဲ့ စစ်တပ်နဲ့ လူ့အဖွဲ့အစည်းကြားက ခေတ်နဲ့ လိုက်လျောညီထွေ ရှိတဲ့ ဆက်ဆံရေးကို နားလည်လာအောင် သင့်လျော် တဲ့သင်တန်းပေးမှုမျိုး။ ပညာရှင်ဆန်တဲ့ စစ်တပ်တခု ဖြစ်လာအောင်သင်ကြားပေးတာမျိုး။ ဒီလိုသင်တန်း မျိုးတွေဆိုရင်တော့ အားလုံးကောင်းတယ်လို့ ကျနော် ထင်ပါတယ်။

ဧရာဝတီ။ ။ ရှိခဲ့တဲ့ သမိုင်းကြောင်းတွေအရကြည့်မယ်ဆိုရင် မြန်မာ စစ်တပ်ကို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို လေးစားလိုက်နာလာအောင် သင်ကြားပေးလို့ ရနိုင် မယ်လို့ ထင်ပါသလား။

Mr.Gershman ။ ။ အခု သူတို့ကိုယ်တိုင်လုပ်ဖို့ ဖြစ်သွားပါပြီ။ သူတို့ တကယ်လုပ်လိမ့်မယ်လို့ ခင်ဗျားထင်သလား။ ကျနော် မသိပါဘူး။ ဒါပေမယ့် သူတို့ ဒီလိုလုပ်လာဖို့က အရေးကြီးတယ်လို့ ကျနော်ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့မှာ သူတို့ကို ဒီလို လုပ်ဖို့ ထိန်းချုပ်နိုင်တဲ့ အဆင့်အတန်း တခုရှိနေပါပြီ။

ကျနော်တို့ နိုင်ငံကို စတင်တည်ထောင်တုန်းက ကျနော်တို့ရဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ”လူ သားတိုင်းကို ဘုရားသခင်က တူညီစွာဖန်ဆင်းခဲ့သည် ဆိုသည့် အမှန်တရားကို ခြွင်းချက်မရှိ ယုံကြည်စွဲကိုင် ထားသည်”လို့ပြောပါတယ်။ ဟုတ်ပါတယ်။ ဒါက မမှန်ပါဘူး။ ကျနော်တို့ဆီမှာ ကျေးကျွန် စနစ်ရှိခဲ့ သလို အဲဒီပြဿနာကြောင့် ပြည်တွင်းစစ်လည်း ဖြစ်ခဲ့ရပါတယ်။ နောက်ထပ်နှစ်ပေါင်း ၁၀ဝ လောက် မညီမျှမှုတွေရှိခဲ့ပြီး ဒေါက်တာမာတင်လူသာကင်းက ဒီစကားလုံးတွေဟာ နောက်ပိုင်းမှ ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။ အဲဒါက ပြည်သူတွေကို အကြွေးတင်သလို ဖြစ်နေပါတယ်။

တန်းတူ ညီမျှမရှိမှုက နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုတွေဖြစ်လာရတဲ့ အကြောင်းရင်းပါပဲ။ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ၊ ဥပဒေထဲမှာ ထည့်သွင်းပြီး ပြည်သူတွေကို ဥပဒေအရ ကာကွယ် ပေးရပါမယ်။ ဒါမှသာ အခက်အခဲ အကျပ်အတည်း တွေရဲ့ အကြောင်းရင်းကို ဖယ်ထုတ်နိုင်ပါမယ်။ ကျနော်တွေ့ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တယောက်က မျှော်လင့်ချက်တွေနဲ့ လက်တွေ့ကြား က ကွာဟမှုအတွက် စိုးရိမ်နေပါတယ်။ ဟုတ်ပါတယ်။ ကွာဟမှုရှိနေပါတယ်။ အဲဒီကွာဟမှုက ဆက်ပြီးတော့လည်း ရှိနေပါမယ်။ ဒီမျှော်လင့်ထားတာတွေအထိ မရောက်နိုင်ဘူးဆိုရင် ဆန္ဒပြမှုတွေ ဆက်ရှိနေဦးမှာပါပဲ။

ဧရာဝတီ။ ။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေက ကမ္ဘာပေါ်မှာ ပြင်ဆင်ဖို့ အခက်ဆုံးတွေထဲကတခုလို့ ဒေါ်အောင် ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒါကို ပြင်ဆင်နိုင်မယ်လို့ အကောင်းဘက်က ရှုမြင်ပါသလား။

Mr.Gershman ။ ။ အခြေခံဥပဒေရဲ့ ရှုပ်ထွေးမှုတွေနဲ့ ပြုပြင် ပြောင်းလဲဖို့ဘ ယ်လောက်ခက်မယ်ဆိုတာ ကျနော် ကြည့်ခဲ့ပြီးပါပြီ။ တချိန်တည်းမှာပဲ ဒါဟာ ဒီမိုကရေစီ ဦးတည်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမဟုတ်ဘူးဆိုတာ လည်း ရှင်းရှင်းလင်းလင်းကိုသိခဲ့ပါတယ်။ ပြင်ဆင်ရမယ့် အခြေခံဥပဒေပါ။ နောက်ပြီးတော့အစိုးရအတွင်း ကလူတွေထဲမှာလည်း ဒါကိုဆန့်ကျင်တဲ့သူတွေရှိနေ ပါတယ်။ ဒါကောင်းတဲ့လက္ခဏာပါ။ အုပ်ချုပ်သူ တွေကြားထဲမှာ ကွဲပြားမှုက ဒီမိုကရေစီတိုးတက်မှု အတွက် အမြဲတမ်းအထောက်အပံ့ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး စတင်တဲ့အချိန်ကစလို့ အတိုက်အခံဘက်ကို ဝေဖန်မှုတချို့လည်း ရှိခဲ့ပါ တယ်။ ဥပမာဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာ ကိစ္စမှာ နှုတ်ဆိတ်ငြိမ်သက်နေခဲ့တာရယ်၊ လက်ပံတောင်းကြေးနီတွင်းလို ကိစ္စမျိုးမှာ မြေပိုင်တဲ့တောင်သူတွေရဲ့ ဆန္ဒအစား စီးပွားရေး အကျိုးစီးပွားဖက်ကို ပိုပြီး လိုက်လျောခဲ့တာကြောင့် ဝေဖန်တိုက်ခိုက်ခံခဲ့ ရပါတယ်။

အစိုးရပိုင်းမှာ ကွဲလွဲနိုင်သလို အတိုက်အခံဘက်မှာလည်း ကွဲလွဲနိုင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ လူ့အခွင့်အရေးကြားမှာ တင်းမာမှုက မလွဲမသွေရှိတဲ့အရာပါ။ နောက်ဆုံးမှာ တော့ အတူတူသွားကြရတာပါပဲ။ ဒါက ဖန်တီးနိုင်စွမ်းရှိတဲ့ တင်းမာမှု ဖြစ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ ဘာသာရေးအစွန်း ရောက်ဝါဒ စတဲ့ကိစ္စတွေကို လုပ်ဆောင်နေတဲ့သူ တွေက စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ ကူညီလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပြည်သူတွေကိုလည်း တာဝန်ယူ စေ့စပ်ဆွေးနွေးပေးရပါမယ်။

လက်ရှိဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေက တိုင်းရင်းသား အခွင့်အရေး၊ လူ့အခွင့်အရေးစတဲ့ ကိစ္စတွေကို ပြေလည်စေနိုင်မယ်လို့ ကျနော် သဘောတူပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရနဲ့ အတိုက်အခံကလည်း သဘောတူနိုင်ဖို့ အခု ကြိုးစားနေပါ တယ်။ အကဲဆတ်တဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့က တော့ အရမ်းခက်ပါတယ်။ ဒါပေမယ့် အကဲဆတ်ပြီး ခက်ခဲတဲ့ကိစ္စတွေမှာ ပါဝင်မယ့်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီအကြောင်းတွေ ပြောလာရ တော့မယ်ဆိုတာကတော့ ရှင်းပါတယ်။

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင် မြန်မာ ၅ ဦး ပထမဆုံး အကြိမ် တက်မည်

သစ်နေမိုး

နီပေါ နိုင်ငံ ဟိမ၀န္တာ တောင်တန်းတွင် တည်ရှိသည့် ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်သော ဧ၀ရက်တောင်(Everest)သို့ မြန်မာနိုင်ငံ သား ၅ ဦး ပထမဆုံးအကြိမ် တက်ရောက်မည် ဖြစ်သည်။

တောင်တက်အဖွဲ့ အနေဖြင့် လာမည့်မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး နီပေါနိုင်ငံ မြို့တော် ခတ်ဒမန်ဒူ သို့ မတ်၂၉ တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ပြင်ဆင်မှုများပြုလုပ်၍ တောင်တက်ခရီးကို စတင်မည် ဖြစ်ကြောင်း တောင် တက်မည့်သူ တဦးဖြစ်သည့် ကိုစိုင်းကျော်သူထွေးက ပြောသည်။

“နိုင်ငံတကာက တက်နေတာကတော့ ပုံမှန် ရက် ၄၀ ကြာတတ်ပါတယ်၊ ဒါပေမယ့် တယောက်နဲ့တယောက် မတူဘူး၊ လမ်းလျှောက် နှုန်း၊ ကျန်းမာရေးနဲ့ ရာသီဥတုအရပေါ့၊ ကြာရင်ကြာမယ်၊ မြန်ချင်မြန်မယ်၊ အချိန်ကတော့ ခန့်မှန်းခြေ ၂လလို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ဧ၀ရက်တောင် အမြင့်မှာ ၈၈၄၈ မီတာ ရှိပြီး ဟိမ၀န္တာ တောင်တန်းပေါ်ရှိ မီတာ ၈၀၀၀ အထက်ရှိသော တောင်ထိပ် ၁၄ ခု မှ အမြင့် ဆုံး တောင်ထိပ်လည်း ဖြစ်သည်။

“တောင်တက်သမားတွေရဲ့ နောက်ဆုံးရည်ရွယ်ချက်ကလည်း ကမ္ဘာ့အမြင့်ဆုံးတောင်ကို ခြေချဖို့ပါပဲ၊ ကျနော်တို့ အခုသွားတာ က လည်း မြန်မာ လူမျိုး နိုင်ငံသား တယောက်အနေနဲ့ ကမ္ဘာ့ အမြင့်ဆုံးတောင်ပေါ်မှာ မြန်မာနိုင်ငံအလံကို စိုက်ထူချင်တဲ့ ဆန္ဒနဲ့ပါ”ဟု ကိုစိုင်းကျော်သူထွေး က ပြောသည်။

သို့သော် ယခုခရီးစဉ်အောင်မြင်မှု မအောင်မြင်မှုကို လက်ရှိအချိန်တွင် ပြော၍မရသေးဘဲ ရာသီဥတုအခြေအနေနှင့် အခြားလုပ် ဆောင် နိုင်မှုများအပေါ်တွင်မူတည် ကြောင်းလည်း ၎င်းကပြောဆိုသည်။

အရှေ့တောင်အာရှနိုင်ငံ ၁၀နိုင်ငံတွင် ရေခဲတောင်ရှိသည့် နိုင်ငံမှာ မြန်မာနိုင်ငံတနိုင်ငံတည်းသာ ဖြစ်ပြီး ခါကာဘိုရာဇီ၊ ဂန်လန် ရာဇီ စသော တောင်များမှာ အမြင့်ဆုံးဖြစ်ကြသည်။

ခါကာဘိုရာဇီ တောင်ထိပ်သို့ ၁၉၉၆ ခုနှစ်တွင် မြန်မာ-ဂျပန် ချစ်ကြည်ရေး ပူးပေါင်း တောင်တက်အဖွဲ့က တက်နိုင်ခဲ့ပြီး ဂန်လန်ရာဇီ တောင်ထိပ်ကို ယမန်နှစ်က မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက်အဖွဲ့က တက်နိုင်ခဲ့သည်။

“ခါကာဘိုရာဇီကို တက်တုန်းက နိုင်ငံခြားသားတွေနဲ့ တွဲတက် ရတယ်၊ နည်းပညာ အကူအညီတွေယူပြီးပေါ့၊ အခုဆို နှစ်၂၀ကျော်သွားပြီ၊ တကယ်လိုသာ အခွင့်အရေးရတယ်ဆိုရင် ကိုယ်ကိုယ်တိုင် တောင်ထိပ်ကို တက်ပြီး ကိုယ့်နိုင်ငံတော်ရဲ့အလံကို မည်သည့်နိုင်ငံ အလံနှင့်မျှ ယှဉ်တွဲပြီးမဟုတ်ဘဲ အလံစိုက်ထူချင်ပါတယ်”ဟု ကိုစိုင်းကျော်သူထွေး က ပြောပြသည်။

ယခု ဧ၀ရက် တောင်တက်ခရီးစဉ် ထွက်ခွာရာတွင် ပါဝင်ကြမည့်သူများမှာ ကချင်ပြည်နယ် ပူတာအိုဒေသမှ လီစူး တိုင်းရင်းသား တဦး၊ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အသင်းမှ တဦး၊ ထူးဖောင်ဒေးရှင်းမှ တဦး၊ ပူတာအိုရှိ မလိခ ဟိုတယ်မှ ၀န်ထမ်း တဦးနှင့် အခြားမြန်မာနိုင်ငံသားတဦးတို့ ပါဝင်ကြမည် ဖြစ်သည်။

ဧ၀ရက် တောင်တက်ခရီးစဉ်အတွက် အဓိက ပံ့ပိုးကူညီမည့်သူမှာ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အသင်း နာယကလည်း ဖြစ် ကိုယ်တိုင် တောင်တက်သမားလည်း ဖြစ်သည့် ထူးကုမ္ပဏီ အုပ်စု ဥက္ကဌ ဦးတေဇ ဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်သည့် လိုင်စင်မဲ့ ဗင်ကား ပို့ကုန်/သွင်းကုန်ဥပဒေဖြင့်ပါ ထပ်မံအမှုဖွင့်

ဇော်ဇော်ထွေး

ယာဉ်တိုက်မှုဖြစ်သည့် မော်တော်ယာဉ်တစ်စီး လိုင်စင်မဲ့ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် သာကေ တနယ်မြေရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မအပြင် ပို့ကုန်းသွင်းကုန်ပုဒ်မဖြင့်ပါ ထပ်ဆင့်အမှု ဖွင့်၍ အရေးယူဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်နေ မောင်ပြည့်ဖြိုးဇော်(၂၅)နှစ် မောင်းနှင်သည့် တိုရိုတာဗင် အဖြူ ရောင်ကားတစ်စီးသည် ၂၀၁၃၊ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁ နာရီ ၄၀မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါ နယ်မြေရဲစခန်းက ဆိုသည်။

ဖြစ်စဉ်မှာ အဆိုပါကားသည် ဧရာဝဏ်လမ်းမအတိုင်း လမ်းလယ်မျဉ်းကို ခွမောင်းလာစဉ် ရွှေဧည့်သည် (၂) ကားဂိတ်မှတ်တိုင် အရောက်တွင် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် စိမ်းပုပ် ရောင်ဂျစ်ကားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကို သာကေတနယ်မြေရဲစခန်းက ယာဉ် (ပ)၄၀/---- ဖြင့် အမှုဖွင့်ပြီး ယာဉ်မောင်း ပြည့်ဖြိုးဇော်မောင်းနှင်သည့် မော်တော်ယာဉ်ကို အမှုဖြင့်သိမ်းဆည်း၍ စစ်ဆေးခဲ့ရာယာဉ်နှင့် ပတ်သက်သည့် မှတ်ပုံတင်စာရွက်စာတမ်းများတင်ပြနိုင်ခြင်းမရှိသဖြင့် ယာဉ်၏ စက်အမှတ်နှင့် ဘောင်အမှတ်တို့ကို က.ည.န သို့ ပို့ကာစစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဦးစီးဌာန (ရုံးချုပ်)၏ အမှတ် ကမ ၄၃၃ (ရုံး) ၁၄/၃၅၀ အရ အဆိုပါ ယာဉ် သည် က.ည.န တွင် မှတ်တမ်းမ၀င်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြန်ကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆေးတွေ့ရှိချက်ကြောင့် မူလက ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူထားသူ ပြည့်ဖြိုးဇော်ကို အကောက်ခွန်မဲ့ မော်တော်ယာဉ် လက်ဝယ်ထားရှိမှုဖြင့် အရေးယူပေးရန် ရဲအုပ်ကျော် ထက်နောင်က ထပ်မံတိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို သာကေတနယ်မြေ ရဲစခန်းက (ပ)၂၄/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပို့ကုန်သွင်းကုန်ပုဒ်မ ၈ ဖြင့် အရေးယူရန် တိုင်တန်းခံရသူကို စစ်ဆေးလျက်ရှိသည်။

အဲပုဂံလေကြောင်း အရှုံးပေါ်ဟု ဦးတေဇ ၀န်ခံ

သစ်နေမိုး

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှု အမည်ပျက်စာရင်းသွင်းခံထားရသူ ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက အဲပုဂံ လေကြောင်းလိုင်း အရှုံးပေါ်နေကြောင်း ဖေဖော်ဝါရီ ၂၅ရက်နေ့ ပူတာအိုမြို့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။

အဲပုဂံလေကြောင်းလိုင်းသည် လိုင်းစတင်ပြေးဆွဲကတည်းက အရှုံးပေါ်ခဲ့ကြောင်း၊ သို့ရာတွင် တိုင်းပြည် အကျိုးအတွက် အဲပုဂံလေကြောင်းပြေးဆွဲနေခြင်းဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲသော ဒေသများအထိ ပျံသန်း လျက်ရှိကြောင်း၊ ကျန်းမာရေးမကောင်းမွန်သော လူနာများကို အခမဲ့ လေယာဉ် ဖြင့် သယ်ဆောင်မှုများ လုပ်ဆောင်ပေးကြောင်း ဦးတေဇက ဆိုသည်။

“အဲပုဂံ မြတ်နေလား၊ မမြတ်နေလား ဆိုတာ Account တွေ Team တွေ ဖွဲ့လိုက်ပါ၊ Audit (စာရင်းစစ်) လုပ်ပါ၊ ပွင့်လင်းမြင်သာမှု ရှိရှိ အစစ်ခံဖို့ ခွင့်ပြုပေးမယ်၊ စကတည်းက ရှုံးနေတာ၊ National Services လုပ်နေတာ၊ ဒီလို နေရာမျိုးမှာ ကြိုက်တဲ့သူ မေးပါ၊ ဘယ်သူမှ မပျံသေးဘူး၊ ကလေးမြို့လိုမျိုး ဘယ်သူ ပျံလဲ၊ လူနာ အလကား တင်တာ အဲပုဂံ တခုပဲ ရှိတာ၊ ကြိုက်တဲ့သူကို သွားမေးလိုက်ပါ´´ဟု ဦးတေဇက ဆိုသည်။

လတ်တလော မြန်မာနိုင်ငံ၏ သတ္တုတွင်း တူးဖော်ရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ၀င်ရောက်လာ နိုင်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ပြည်တွင်း သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များအတွက် အားသာချက် နည်းပါးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယခုထက် ပိုမိုကြိုးစားရန် လိုအပ်ကြောင်း၊ ၊ မြန်မာနိုင်ငံတွင် ချမ်းသာကြွယ်ဝနေသော စီးပွားရေးလုပ်ငန်းရှင် အများစုသည် ကျောက်စိမ်းနှင့် မကင်းဘဲ လုပ်ငန်းအများစု၏ ၇၅ ရာခိုင်နှုန်းသည် ကျောက်စိမ်းက ရရှိသော အရင်းအနှီးများဖြင့် စတင်ခြင်း ဖြစ်ကြောင်း၊ မြန်မာ့ကျောက်စိမ်း ဈေးကွက်သည် တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရခြင်းကိုလည်း သဘောမတွေ့ ဟု ဦးတေဇက ဆိုသည်။

“မြန်မာပြည်ရဲ့ ရှိသမျှ ဘဏ်လုပ်ငန်းတွေ၊ ဟိုတယ် လုပ်ငန်းတွေ၊ ရှိသမျှ စက်ရုံတွေ အကုန်လုံးမှာ ရင်းနှီး ထားတဲ့သူတွေ အကုန်လုံးဟာ ကျောက်စိမ်းကနေ ရတဲ့ ပိုက်ဆံနဲ့ ရင်းနှီးထားတဲ့ သူက အများဆုံးပါ၊ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆို ၇၅ လောက် ထိရှိမယ်၊ ကျောက်စိမ်း ဈေးကွက် ဒီနေ့ ကောင်းပါတယ်၊ ဒါပေမယ့် ကျောက်စိမ်း ဆိုတာက တရုတ် အပေါ်ပဲ အဓိက မူတည် နေတယ်၊ ဒါကိုတော့ သိပ်မကြိုက်ဘူး”ဟု ပြောသည်။

ဦးတေဇသည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူလည်းဖြစ်သည်။

ကချင်ပြည်နယ်၊ ပူတာအို ဒေသတွင် ဧက ၃၀၀၀၀၀ ခန့် ရှိသည့် တောင်ပေါ် သစ်တောများတွင် သစ် ထုတ်လုပ်ခွင့် နှင့် ပူတာအို မြောက်ပိုင်းရှိ မလိခ မြစ်ကမ်းပါးတွင် ရွှေ တူးဖော်ရေး လုပ်ငန်း ဆောင်ရွက်ရန် အတွက် မြေဧက ၆၀၀၀၀၀ ခန့် ရရှိထားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသော ဦးတေဇက ပူတာအိုဒေသ ဖွံ့ဖြိုးရေးနှင့်လျှပ်စစ် မီးရရှိရေး ကျပ်သိန်းပေါင်း ၅ သောင်း အကုန်ကျခံ ပံပိုးကူညီမည်ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ဆောင်ရန် ခွင့်ပြုချက်ရရှိထားပြီးဟု ပြောဆိုသည်။

စစ်အစိုးရလက်ထက်တွင် ချမ်းသာကြွယ်ဝခဲ့သူ ဦးတေဇက ယခင်စစ်အစိုးရခေတ်က အရာရှိအဖြစ် ရှိခဲ့သူများကိုယ်တိုင် ၎င်းကို ခရိုနီဟု ခေါ်ဝေါ် သုံးစွဲနေကြပြီး ယခင်က စည်သူဘွဲ့၊ ၀ဏ္ဏကျော်ထင်ဘွဲ့ရ စည်သူဝဏ္ဏကျော်ထင်တေဇသည် ခေတ်ပြောင်းလဲလာချိန်တွင် ခရိုနီ တေဇဟု အခေါ်ခံရကြောင်း၊ ယင်းသို့ စစ်အရာရှိဟောင်းများကိုယ်တိုင် ခရိုနီဟု ခေါ်ဆိုမှု အပေါ် မခံစားနိုင်ဟု ပြောဆိုသည်။

“ဒီဘက်ခေတ် ပြောင်းလာတယ်၊ပြောင်းတဲ့ အချိန်မှာ သူတို့လဲ ပြန်ပြီး ၀န်ကြီးတွေ ဖြစ်ကြတယ်ပေါ့၊ အပြင်လူတွေ ခရိုနီ ပြောတာ ကိုယ်တို့ လက်ခံ သေးတယ်၊ သူတို့တွေ ကိုယ်တိုင် ပြောတာကြ ခံစားလို့ မရဘူး။ အရင် အစိုးရ လက်ထက်မှာ အကို့ကို စည်သူဘွဲ့ ပေးခဲ့ပါတယ်၊ ၀ဏ္ဍကျော်ထင်ဘွဲ့ ပေးခဲ့ပါတယ်၊ ခေတ်တခေတ် ပြောင်းသွားတယ်၊ ဒီလူတွေပဲ၊ စည်သူဝဏ္ဍ ကျော်ထင်တေဇ မှသည် ခရိုနီ တေဇ ဖြစ်သွားတဲ့ အချိန်မှာ ဒီနှစ်ခုကို ဘာလုပ်ရင် ကောင်းမလဲ ထိုင်စဉ်းစားနေတာ၊ အဲ့ဒီနှစ်ခုကို အကိုက ဘယ်နား သွားထား ရမှန်းကို မသိဘူး”ဟု ဦးတေဇက ဆိုသည်။

အမေရိကန်အစိုးရက ဦးတေဇကို စစ်အစိုးရအတွက် ရုရှားနိုင်ငံလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအ၀င် စစ်လက်နက် ပစ္စည်းများ ၀ယ်ယူမှုများနှင့်ဆက်စပ်၍ ၂၀၀၈ ခုနှစ်ကတည်းက စီးပွားရေးပိတ်ဆို့မှု ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။

လေးပွင့်ဆိုင်တွေ့ဆုံရေးနှင့် ဖွဲ့စည်းပုံပြင်ရေး ဆန္ဒပြ

စည်သူမောင်မောင်

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအ၀င် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးကြရန် ပုသိမ်မြို့တွင် လူအင် အား ၃၀၀ ကျော်ဖြင့် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်လိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ(၄၃၆)နှင့်(၅၉/စ) ပြင်ဆင်ရေးနှင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှုဖြစ်ရေးစသည့် ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းဘုတ်များဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

“၅၉/စ ကို တချို့ကတော့ အမျိုးဘာသာသာသနာ အကြောင်းပြပြီးတော့ မပြင်ဆင်ခြင်ဘူး၊ ကျွန်မစကား ကပ်ပြောတာမဟုတ်ဘူး၊ ဦးနေ၀င်းကစပြီး ဦးစောမောင်၊ ဦးသန်းရွှေ၊ နောက်ဆုံး ဦးသိန်းစိန်တို့ အားလုံး က (၅၉/စ)နဲ့ ညီတဲ့သူတွေပဲ၊ ညီတဲ့သူတွေ အုပ်ချုပ်သွားတာ ဘာဖြစ်သွားလဲ။ တိုင်းပြည် ဖွတ်ဖွတ်ညက် ညက်ကျေသွားတယ်၊ (၅၉/စ)နဲ့ မပတ်သက်ဘူး။ မည်သူမဆို သမ္မတရွေးချယ်ပိုင်ဆိုင်ခွင့် ရှိရမယ်”ဟု ဆန္ဒဖော်ထုတ်ခြင်းတွင် ပါဝင်သူ မအေးအေးမွန်က မဇ္ဈိမကို ပြောသည်။

ဒီမိုကရေစီ စံနှုန်းများဖြင့် အပြည့်အ၀ ကိုက်ညီရေး၊ ပြည်သူအခွင့်အရေး အာမခံချက်များ ပြည့်စုံလုံ လောက်စွာပါရှိရေး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ တန်းတူညီမျှနှင့် ငြိမ်းချမ်းသာယာစွာ အတူတ ကွနေထိုင်ရေး၊ ပြည်သူလူထုအကျိုးကို အကောင်းဆုံး စွမ်းဆောင်နိုင်သူများကို ပြည်သူ့ဆန္ဒအရ အကြီး အကဲတင်မြှောက်နိုင်ခွင့်ရှိရေး၊ ဥပဒေသဘောသဘာဝ ခိုင်မာအားကောင်းသလို၊ ခေတ်ကာလတို့၏ ပြောင်းလဲတတ်သော သဘာဝနှင့်ဆီလျော်စွာ ပြည်သူအများစု၏ ဆန္ဒနှင့်အညီ ပြင်လွယ်ပြောင်းလွယ်ရှိ ရေးတို့အား ဆန္ဒဖော်ထုတ်သူများက တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့အားလုံး တင်းကျပ်စွာ အုပ်ချုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်စေချင်တယ်။ ပြည်သူတွေပိုင်တဲ့ ဖွဲ့စည်းပုံကို ပြည်သူတွေက ပြင်ဆင်စေချင်တာ၊ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတာကို ပြည်သူတွေက တောင်းဆိုတာ၊ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အာဏာရှင်တွေစိတ်ကြိုက် ဆွဲထား တာလေ”ဟု ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးသက်နိုင်ဇော်က ဆိုသည်။

ဆန္ဒထုတ်ဖော်ခြင်းကို တရားဝင်ကျင်းပခြင်းဖြစ်ပြီး ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့မှစတင်ကာ မြို့တွင်း လမ်းများတွင် လူအင်အား ၃၀၀ ကျော်ဖြင့် လှည်လည်ရာ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ကြာမြင့်သည်။

မြန်မာ့နိုင်ငံရေး ဝဲဂယက်ထဲက ကြီးလေးကြီး

အောင်ဇော်

၂၀၁၄ ကို အကူးမှာပဲ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေ၊ အခင်းအကျင်းတွေက သိသိသာသာ ပြောင်းလာတာ တွေ့ရ ပါတယ်။ အစွန်းရောက် လူမျိုးရေး၊ ဘာသာရေးအုပ်စုတွေ၊ အမျိုးသားနိုင်ငံရေးပါတီတွေနဲ့ အရင် စစ်အာဏာရှင် လက်ထက်က တိုင်းပြည်ကို ထင်သလိုအုပ်စိုးခဲ့ပြီး အခုလည်း လက်ရှိအာဏာပါဝါနဲ့ စည်းစိမ်ဥစ္စာရှိနေသူတွေ ခေါင်းထောင်ထလာတာကို တွေ့ရပါတယ်။

မြန်မာ့ အခြေအနေကို လေ့လာစောင့်ကြည့် အကဲခတ်သူတွေကတော့ မြန်မာပြည်ဟာ နောက်ကို ပြန်ဆုတ်နေပြီ၊ ရှေ့မဆက်တော့ဘူး၊ တန့်သွားပြီလို့ သုံးသပ်ကြပါတယ်။

ဒီလိုအနေအထားမှာ ကြီးလေးကြီး တွေ့ဆုံရေး ဆိုတဲ့အသံတွေ ထွက်လာခဲ့ပါတယ်။ ကြီးလေးကြီး ဆိုတာကတော့ သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၊ အတိုက်အခံ ခေါင်းဆောင်လည်းဖြစ် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ကာချုပ်လို့ပဲ ခေါ်ကြပါတယ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ပထမတွေ့ဆုံပွဲဟာ မျှော်လင့်ချက်တွေနဲ့ စိတ် လူပ်ရှားမှုတွေကို နိုင်ငံတကာမှာရော ပြည်တွင်း မှာ ဖြစ်စေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း အကောင်းဘက်ကို ရှေးရှုတဲ့ အပြောင်းအလဲတော် တော်များများကို မြင်ခဲ့ရပါတယ်။

အခု ပြန်သုံးသပ်ရင်တော့ ဒီ နှစ်ပွင့်ဆိုင် ဆွေးနွေးပွဲဟာ အသံတိတ်ဆွေးနွေးပွဲပဲ ဖြစ်ပြီး ပဋိညာဉ်စာတမ်းမချုပ် ကတိကဝတ်မလုပ်ဘဲ နှုတ်နဲ့ ပဲ ပြောခဲ့ကြတဲ့အတွက် အချည်အတုပ် မရှိလှပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အသုံးချခံ သက်သက်ပဲ ဖြစ်တယ်။ အစိုးရဘက်က နိုင်ငံတကာ ဖိအားလျော့ရေးအတွက် လှည့်စားချက်လို့တောင် တချို့က သုံးသပ်ကြတာဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်ကစပြီး မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်တွေ(အဲဒီအချိန်တုန်းကတော့ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၊ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ခင်ညွန့်) တို့ဟာ အကျပ် အတည်းကို ခဏတာဖြေလျော့ဖို့ နိုင်ငံတကာဖိအား တွေကို ဖော့ပစ်လိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလိုက်တာ ချည်းပဲ ဖြစ်ပါတယ်။

ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Political honeymoon က သိပ်မခံပါဘူး။ ၂၀၁၂ အလွန် ၂၀၁၃ အလယ်မှာပဲ သူတို့နှစ်ဦးရဲ့ ဆက်ဆံ ရေး ပျက်သွားခဲ့တယ်ဆိုတာ တွေ့ရမှာပါ။

အခုတော့ သူတို့နှစ်ဦး ပြည်လည်တွေ့ဆုံရေးကို ပြန်ကြိုးစားနေသူတွေ ရှိနေပါတယ်။ ဒီအထဲမှာ အတိုက်အခံက ပါသလို အစိုးရဘက်က တာဝန်ရှိ သူတွေလည်း ပါပါတယ်။ နှစ်ဖက်စလုံးနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေလည်း တွေ့ဆုံဖို့၊ ပြန်ပြီးရင်းနှီးဖို့ ကြိုးစားပေးနေတာ တွေ့ရပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံဖို့ ဖြစ်နိုင်ပါတယ်။ (စီးပွား ရေးသမားကြီး တချို့ကတော့ သမ္မတ ကတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် အရင်တွေ့မယ်၊ နွေးထွေး မှုကို ပြန်တည်ဆောက်မယ်လို့ ပြောနေကြပါတယ်)ဟုတ်ပါပြီ၊ တွေ့ခဲ့ရင်ကော အကျိုးဆက်ရလဒ်တွေက ဘာလဲ။ ရင်ခုန်မျှော်လင့်စိတ်ကူးနဲ့ ရူးကြဦးမှာလား။ အသံတိတ်ပြီး ငိုရတဲ့ ဇာတ်ကားဟောင်းကြီးပဲ ကြည့် ရဦးမှာလား၊ ဒါမှမဟုတ် မိအေးနှစ်ခါနာ ဇာတ်ပဲ လား ဆိုတာပါပဲ။

ပွင့်လင်းမြင်သာမှု (Transparency) နဲ့ တာဝန် ယူမှု (Accountability) ကို အတွင်တွင် ပြောတတ် တဲ့ ခေါင်းဆောင်တွေ ကိုယ်၌ကိုယ်က Transparency ဖြစ်ဖို့လိုတာပါ။ ပြည်သူလူထုကို Accountability ဖြစ်ဖို့ လိုပါတယ်။

ဒီနှစ်ပွင့်ဆိုင် မပြေမလည်ကြားထဲမှာ ခေါင်း ထိုးဝင်လာသူကတော့ ဦးရွှေမန်းပါပဲ။ သူဟာ အရင် စစ်အစိုးရ (တပ်မတော်အစိုးရလို့လည်း သူ့ကိုယ်သူ အမည်တပ် ခေါ်လေ့ရှိပါတယ်) လက်ထက်က တပ် မတော် ညှိနှိုင်းကွပ်ကဲရေးမှူး လုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူး ကြီး သန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးပြီးရင် စစ်ကောင်စီမှာ အာဏာအရှိဆုံးသူ ဖြစ်ပါတယ်။ သူ့ဟာ Political Ambition လို့ခေါ်တဲ့ နိုင်ငံရေး အာဏာအတွက် မျှော်မှန်းချက်ရှိသူပါ။ (ဒါကြောင့် လည်း ဦးသန်းရွှေက သူ့ကို ခဏ ခေါက်ထားခဲ့ပြီး ခပ်ငြိမ်ငြိမ် ဦးသိန်းစိန်ကိုပဲ သမ္မတရာထူး ပေးခဲ့တာ လို့ အကြမ်းအားဖြင့် သုံးသပ်ကြတာတွေ့ရပါတယ်)။

ထားတော့။ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဆက်ဆံရေးဟာ ဘေးကစောင့်ကြည့်သူတွေ အံ့ဩရလောက်အောင် အချိန်တိုအတွင်းမှာ ရင်းနှီး လာတာ တွေ့ရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ လွှတ် တော်မှာဖြစ်ပြီး သမ္မတဦးသိန်းစိန်အပေါ် မြင်တဲ့ အမြင်တွေကလည်း တူပုံရပါတယ်။

နှစ်ယောက်စလုံးကလည်း ၂၀၁၅ ရွှေးကောက် ပွဲဝင်ပြီး မြန်မာနိုင်ငံမှာ သမ္မတဖြစ်ချင်သူတွေလို့ တရားဝင် အထပ်ထပ်အခါခါ ပြောနေသူတွေ ဖြစ်ပါ တယ်။ (သမ္မတဖြစ်ရင် တိုင်းပြည်အတွက် ဘယ်လို အနာဂတ်အမြင် (Vision) တွေရှိတယ်ဆိုတာတော့ သိပ်ပြီး မကြားရသေးပါ)။

ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး ရဲ့ နိုင်ငံရေးမဟာမိတ်ဟာ ဘယ်လောက်တည်တံ့မလဲ ဆိုတာ ခန့်မှန်းလို့မရသေးပေမယ့် သူတို့နှစ်ဦးကြောင့် ဦးသိန်းစိန် အစိုးရကိုတော့ အကျပ်ရိုက်စေတာ အမှန်ပါပဲ။ အစိုးရကတင်လာတဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်က အတည်မပြုဘဲ ဆိုင်းငံ့ထားနိုင်သလို နောက်ဆုံး အစိုးရကို အယုံအကြည်မရှိ အဆိုအထိ တင်သွင်းလာနိုင်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ဦးရွှေမန်းဆီ က လိုချင်တာကတော့ အခြေခံဥပဒေကို ပြင်ဆင် ရေးပဲ ဖြစ်ပါတယ်။ သမ္မတအရည်အချင်း ကန့်သတ် ချက် ပုဒ်မ ၅၉ (စ) နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ခြင်း ပြဋ္ဌာန်းချက်ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ရေး ပဲ ဖြစ်ပါတယ်။ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ကို ဦးဆောင် နေတဲ့ ဦးရွှေမန်းဟာ ဒီ အခြေခံဥပဒေ ပြင်ဆင်ရေး ကို တည်ဆောက်နေပေမယ့် ပါတီတွင်းမှာကတော့ ဒီလိုပြင်ဆင်ဖို့ သဘောထားတွေ အကြီးအကျယ်ကွဲ နေကြတယ်။

၂၀၁၁ – ၂၀၁၂ အနေအထားအရ ဆိုရင်တော့ ကြီးသုံးကြီးဆိုတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းနဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ကြား dialouge ရှိပြီး ဆက်ဆံရေးကောင်းနေရင် တိုင်းပြည်ရဲ့ တည်ငြိမ် ရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေ အပေါ်မှာ အကောင်းဘက်က ဩဇာသက်ရောက်နိုင်တယ် လို့ သုံးသပ်ကြပါတယ်။

အခု ၂၀၁၄ မှာတော့ ကြီးသုံးကြီး အကြားမှာ ဟန်ချက်ညီမှု (Harmony) ပျောက်သွားတာကို တွေ့ရပါတယ်။ ဒါဟာလည်း လေးဖက်နာ ဖြစ်နေတဲ့ မြန်မာနိုင်ငံရေးမှာ အထူးအဆန်းတော့ မဟုတ်ပါ။ အဲဒီလို အနေအထားမှာ ထူးထူးခြားခြား ဝင်လာတာကတော့ ကာချုပ်လို့လည်းခေါ်တဲ့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။

စစ်တက္ကသိုလ် (DSA) အပတ်စဉ် (၁၉) ကျောင်းဆင်း၊ ရှမ်းပြည်မှာ က.စ.ထ မှူး လုပ်ခဲ့ပြီး အရင်က ဗိုလ် ချုပ်မှူးကြီးဟောင်း သန်းရွှေ တိုင်းမှူး တာဝန်ယူခဲ့တဲ့ တပ်မ ၈၈ မှာ အရာရှိ အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ကာချုပ်ရဲ့ ဒီနှစ် ခြေလှမ်းတွေဟာ စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။

ဘာ စိတ်ဝင်စားဖို့ ကောင်းသလဲလို့ မေးရင် ဘောင်းဘီချွတ်ပြီး လုံချည်ဝတ်မယ့် လမ်းစဉ်ပါပဲ။ တနည်းပြောရရင် နိုင်ငံရေးဝင်လုပ် မယ့် အလားအလာတွေကို တွေ့နေရပါတယ်။

လေ့လာစောင့်ကြည့်သူတွေနဲ့ သံတမန်တွေရဲ့ အဆိုအရတော့ ကာချုပ်ဟာ ဒီနှစ် ၇ လပိုင်းမှာ တာဝန်က အနားယူမယ်၊ ပြီးရင်တော့ နိုင်ငံရေး ထဲ ဝင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းသေးတာကတော့ သူဟာ ကြံ့ခိုင်ရေးပါတီထဲကို ဘယ်လိုပုံစံနဲ့ ဝင်မှာလဲ။ ဒါမှ မဟုတ် တပ်ကတင်မြှောက်တဲ့ ကိုယ်စားလှယ်အဖြစ် နဲ့ ဝင်မှာလားဆိုတာတွေပါပဲ။

ကာချုပ်မင်းအောင်လှိုင် နိုင်ငံရေးထဲ ဝင်နိုင် မယ့် နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်နည်းက တော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှာ အရေးကြီးတဲ့ ခေါင်းဆောင်ပိုင်း တာဝန်ယူ ရွေးကောက်ပွဲဝင်အပြီး အမတ်ဖြစ်။ အဲဒီ နောက် ကြံ့ခိုင်ရေးအမတ်တွေ တင် မြှောက်တဲ့ ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရုံပါပဲ။ ဒုတိယသမ္မတ ဖြစ်လာပြီးတာနဲ့ သမ္မတအဖြစ် အရွေးခံရဖို့က လည်း နီးစပ်လာပါပြီ။

ဒုတိယနည်းကတော့ အသက် ၆၀ ပြည့်ချိန် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းအချိန် ၂၀၁၅ ရွေး ကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်တွေ စတင်ခေါ်တဲ့အချိန် တပ်က အငြိမ်းစား ယူပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ တိုက်ရိုက် ရွေး ကောက် တင်မြှောက်တဲ့ ဒုတိယ သမ္မတ ရာထူးနေရာကို အခန့် သား ဝင်ယူရုံပါပဲ။

ပထမ နည်းလမ်းနဲ့ ဒုတိယနည်းလမ်းမှာ ဒုတိယ နည်းလမ်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အတွက် နိုင်ငံရေးထဲဝင်ဖို့နဲ့ သမ္မတ ဖြစ်ဖို့ အလွယ်ဆုံး ဖြစ်ပါ တယ်။ သေချာတာတခု ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတဖြစ်ဖို့ တပ်ထဲမှာ ထင်ကြေး ပေးနေကြပါ တယ်။

ဒီလို ကာချုပ်ကနေ ထွက်ပြီးရင် နိုင်ငံရေး ဆက် လုပ်ဖို့ အစဉ်အလာကို စီစဉ် ခဲ့တာ ဦးသန်းရွှေ ကိုယ်တိုင် ပဲလား။ ဒါမှမဟုတ် လက်ရှိ သမ္မတ ဦးသိန်းစိန်ကပဲဆွဲဆောင် ခဲ့တာလား ဆိုတာကတော့ ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းမှာ စိတ် ဝင်တစား ပြောဆိုဆွေးနွေးနေ ကြဆဲပါ။

သမ္မတ အိမ်တော်နဲ့ နီးစပ်တဲ့ ဩဇာတိက္ကမရှိတဲ့ စီးပွားရေးသမား တချို့ကတော့ ဒေါ်အောင်ဆန်း စုကြည်၊ ဦးရွှေမန်းတို့နဲ့ အဆင်မပြေဖြစ်လာတဲ့ သမ္မတ ဦးသိန်းစိန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို ဆွဲဆောင်စည်းရုံးခဲ့တာလို့ သုံးသပ်ကြပါတယ်။

ကာချုပ်ရဲ့ နိုင်ငံရေးထဲ ဝင်လာမယ့်ခြေလှမ်း ကိုတော့ ဦးရွှေမန်းရော ဒေါ်အောင်ဆန်းစုကြည်ပါ လက်ခံဖို့ အားနည်းပါတယ်။ အထူးသဖြင့် ဦးရွှေမန်း က ခါးခါးသီးသီးကိုဖြစ်နိုင်တယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ကာချုပ်နဲ့တွေ့ဖို့ ကမ်းလှမ်းခဲ့ပေမယ့် တွေ့မယ်လို့ ပထမသတင်းစကားပို့ခဲ့ပြီးမှ မတွေ့တော့ဘူးဆိုတဲ့ ဒုတိယသတင်းစကားကို ပါးခဲ့ပါတယ်။

ချုပ်ရရင်တော့ ကြီးလေးကြီး တွေ့ဆုံရေးဟာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီအထဲက တချို့ဟာ တိုင်းပြည်အတွက်အလုပ်လုပ်ပေးချင်တဲ့၊ ပြည်သူက ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်တွေ မဟုတ်သလို နိုင်ငံရေးအာသီသ (Political Will) လည်း မရှိပါဘူး။ ကျရောက်လာနိုင်တဲ့ အန္တရာယ် (Risk) လည်း မယူရဲသလို လုပ်ရဲတဲ့ Courage လည်း မရှိတာ တွေ့ရပါတယ်။

ဒီ ကြီးလေးကြီးမှာ အရေးအကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ သူဟာ လူထုထောက်ခံမူရော နိုင်ငံ တကာရဲ့ ပံ့ပိုးမှုရော အရှိဆုံးသူ ဖြစ်ပါတယ်။ သူရဲ့ နောက်တဆင့် ခြေလှမ်းဟာ ပိုအရေးကြီးပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် တွေအကြား ပြန်ပြီးနွေးထွေးလာတာ တွေ့ရပါတယ်။ (တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုလည်း လိုပါသေး တယ်)။

နောက်တယောက်ကတော့ သမ္မတကြီးဦးသိန်း စိန်ပဲ ဖြစ်ပါတယ်။ သူဟာ နိုင်ငံတကာမှာ အသိ အမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲ ရေး (Reform) ကို မရပ်တန့်ဘဲ ဆက်ပြီးသွားဖို့ အတွက် သူ့ရဲ့အားကို လိုပါတယ်။ ဒါကြောင့် ကြီး လေးကြီးအကြောင်း မပြောခင် ကြီးနှစ်ကြီးအကြား ပြန်ပြီးစကားပြောဖို့၊ တွေ့ဆုံဖို့ လိုရင်လိုနိုင်ပါတယ်။ ဒါပေမယ့် အသံတိတ် မဟုတ်ဘဲ ပဋိညာဉ်ရှိတဲ့ တကယ်စစ်မှန်တဲ့ အပြောင်းအလဲကို တောင့်တနေ တဲ့ ပြည်သူပြည်သားတွေလည်း သိနိုင်တဲ့ တွေ့ဆုံ မှုမျိုးပဲ ဖြစ်သင့်ပါတယ်။