Thursday, March 31, 2011

ရခိုင်ပြည်နယ် ဝန်ကြီးဌာနများနှင့် ၀န်ကြီးစာရင်း ကျေညာ

စံလင်း

ရခိုင်ပြည်နယ်တွင် ဝန်ကြီးဌာန ၉ ခုနှင့် ၀န်ကြီးများ စာရင်းကို အသစ်ဖြစ်လာသော သမ္မတ သိန်းစိန်က ယမန်နေ့က ကျေညာသည်။

အဆိုပါ ၀န်ကြီးဌာနနှင့် ၀န်ကြီးများမှာ ဗိုလ်မှူးကြီး ထိန်လင်း (စစ်တပ် အမတ်) လုံးခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးကျော်ခင် (ကြံ့ဖွံ့) လယ်ယာ/သစ်တောနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒေါက်တာအောင်ကျော်မင်း (ကြံ့ဖွံ့) ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန၊ ဦးမြအောင် ( ကြံ့ဖွံ့) စီးပွားရေးဝန်ကြီးဌာန၊ ဦးစိုးအေး (ကြံ့ဖွံ့) ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးသာလူချေ (ရတပ) စက်မှု၊ အလုပ်သမား၊ အားကစားဝန်ကြီးဌာန၊ ဦးကျော်သိန်း (ရတပ) သားငါး၊ သတ္တုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးအောင်သန်းတင် (ရတပ) ယဉ်ကျေးမှုနှင့် လူမှုကယ်ဆယ်ဝန်ကြီးဌာန၊ ဦးလှဟန် (ကြံ့ဖွံ့) သာသနာရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တို့ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးလှမောင်တင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ဦးသိန်းအောင်နှင့် ဒေါ်စီစီ၊ စာရင်းစစ်ချုပ် ဦးထွန်းစံအောင် တို့ဖြစ်သည်။

တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ရခိုင်ပြည်နယ်တွင် ဦးကိုကိုနိုင်က ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ရရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဦးဇော်အေးမောင်က ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဦးဘကြူ က ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတို့ ရရှိကြသည်။

အစိုးသစ် မူဝါဒအပေါ် အမြင်များကွဲလွဲ

ခင်ဦးသာ Thursday, 31 March 2011

သမ္မတသစ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်က ဒီမိုကရေစီစနစ် စတင်ကူးပြောင်း ကျင့်သုံးတော့မည်ဟု ပြည်သူလူထုသို့ ရုပ်သံမှတဆင့် ပြောဆိုလိုက်ခြင်းကို အတိုက်အခံ နိုင်ငံရေး အင်အားစုများက အမြင်အမျိုးမျိုးဖြင့် ရှုမြင်ကြသည်။

“ပြောတဲ့အတိုင်း လက်တွေ့ကျင့်သုံးမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမယ့် လုပ်မယ်ဆိုရင်တောင် ဒီ စစ်ဗိုလ် လူထွက်တွေက လုပ်တတ်ပါ့မလားဆိုတာ သံသယ ဖြစ်မိတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်တဦး
ဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ဦးသိန်းစိန်သည် နအဖ အစိုးရထံမှ အာဏာ တရားဝင် လွှဲပြောင်းရယူပြီး ပြည်သူလူထုသို့ သမ္မတသစ် တဦးအနေဖြင့် ပထမဆုံး ပြောဆိုသော မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ပေါ်ပေါက်လာသော အစိုးရသစ်ကို လက်ခံစေလိုကြောင်း၊ ဒီမိုကရေစီရေးအပြင် လူ့အခွင့်အရေး၊ အလုပ်သမား၊ လယ်သမား အရေးများကို ဖွဲ့စည်းပုံ ဥပဒေအရ ဆောင်ရွက်သွားမည် ဟုလည်း ပြောဆိုသွားသည်။

နအဖ စစ်အစိုးရက အတည်ပြုထားပြီး လက်ရှိအချိန်ထိ အငြင်းပွားနေဆဲဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံပါ အားနည်းချက်များကို ပြန်လည် ပြုပြင်နိုင်ရန် အချက်တချို့ကို ဖွဲ့စည်းပုံတွင်ရေးဆွဲထားသည့်အတိုင်း ပြင်ဆင်သွားမည်ဟုလည်း ဦးသိန်းစိန်က ဆိုသည်။

နိုင်ငံတော်အားကာကွယ်ရန်အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တခုရှိရန် လိုအပ်၍ စစ်တပ်ကိုအင်အား တိုးချဲ့သွားမည်ဟု လည်း သမ္မတသစ် က ဆိုသည်။

စစ်အစိုးရက တဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်သွားမည်ဟူသော စကားသည် ပြန်လည်ပြုပြင်နိုင်မည့် အရေးကိုခြိမ်းခြောက်သည့် သဘောသက်ရောက်နေပြီး ဖွဲ့စည်းပုံ အတိုင်းလုပ်ဆောင်သွားမည်ဟု တိုက်ရိုက်ပြော ဆိုခြင်းဖြစ်ကြောင်း ဦးဝင်းတင် က ဆိုသည်။

အစိုးရသစ်အား အတိုက်အခံနိုင်ငံရေး အင်အားစုများက လက်ခံမှုအပြည့်မရှိသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း လက်မခံကြပေ။

“ဖွဲ့စည်းပုံက ပြန်ပြင်ဖို့မလွယ်သလို အစိုးရသစ်ဟာလည်း အများမျှော်မှန်းထားတဲ့ အစိုးရ မဟုတ်ဘူးလေ၊ ဒီမိုကရေစီ အစိုးရ လည်း ဖြစ်လာမှာမဟုတ်ဘူး”ဟု ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) SSA-S အဖွဲ့မှ စိုင်းလောင်ဝ်ဆိုင်း က ဧရာဝတီကို ပြော သည်။

၎င်းကဆက်၍“ဒီအစိုးရဟာလည်းပဲ နအဖ ပဲဖြစ်တယ်၊ သူတို့တက်လာကတည်းက ပြည်တွင်း စစ်မီးတွေပိုများလာတယ်၊ တိုင်း ရင်းသားတွေအရေးကိုလည်း ဘာမှလုပ်ပေးနိုင်တဲ့ အစိုးရမဟုတ်လို့ အစိုးရသစ်ကိုလည်းပဲ လက်မခံနိုင်တာပါ”ဟု ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) မှ နော်စီဖိုးရာစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်သည့်အပြင် ထိုဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော အစိုးရသစ်ကိုလည်း အသိအမှတ်မပြုနိုင်ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီ တချို့ကမူ အစိုးရသစ် အား ဝေဖန်ရန် စောသေးကြောင်း၊ အစိုးရသစ်အား အပြုသဘောဆောင်၍ ၎င်းတို့၏ လုပ်ဆောင်ချက်ကိုစောင့်ကြည့်ဦးမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)၏ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီကို ပြောသည်။

“သမ္မတသစ် ပြောသွားတဲ့စကားတွေထဲမှာ လက်ခံနိုင်တာရော၊ မခံနိုင်တာတွေရောပါ ပါတယ်၊ ဒါပေမယ့်လုံးဝမကောင်းဘူးလို့ပြောလို့မရဘူးလေ၊ သေချာတာကတော့ စစ်တပ်ကနေ အရပ်သားအစိုးရကို အာဏာ လွှဲပေးလိုက်တာကိုတော့ ဘယ်သူမှ ငြင်း မရပါဘူး”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။

NLDပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း“ကျနော်တို့ အနေနဲ့ လက်တွေ့ကျကျ ပေါ်လာတဲ့အစိုးရကိုတော့ လက် ခံ ရမယ်၊ ဒါပေမယ့် အမျိုးသားရင်ကြားစေ့ရေး လုပ်နိုင်မလုပ်နိုင်ဆိုတာက အရေးကြီးပါတယ်၊ ဒီအတွက်လည်း မျှော်လင့် ထား တယ်”ဟု ပြောသည်။

ဦးသိန်းစိန်က မြန်မာ့နိုင်ငံရေး၌ အစဉ်အလာတခုကဲ့သို့ ဖြစ်နေသော အစိုးရနှင့်အတိုက်အခံဆိုသည့် ပဋိပက္ခ အသွင်ဆောင်သော အမြင်သဘောထားကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွားကိုအခြေခံ၍ လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘော ထားကာ လက်တွဲ ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်ဟု မိန့်ခွန်း၌ ပြောဆိုသည်။

“ပြောသွားတာတွေကတော့ အတော်နားထောင်ကောင်းတယ်ဗျ၊ ပြည်ပက မြန်မာသံရုံးတွေက ကိုယ့်နိုင်ငံသားတွေ တခုခု အကူအညီ သွားတောင်းရင်တောင် အလွယ်တကူ လုပ်ပေးတာ တခါမှ မကြားဖူးဘူး၊ အခုပြောတဲ့ ကူညီမယ်ဆိုတာ ဘယ်လို ဟာမျိုးကိုပြောတာလဲ ဆိုတာမသိဘူး”ဟု ဦးဝင်းတင်က ပြောသည်။

အစိုးရသစ်သည် ပြည်သူများအား လုပ်ဆောင်ပေးသွားမည်ဟု ကတိပေးပြောဆိုသည့်အတိုင်း လုပ်ပေးမည်ဆိုပါက မြန်မြန် အကောင်အထည် ဖော်ပေးရန်လိုအပ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

သမ္မတသစ် ဦးသိန်းစိန်၏ မိန့်ခွန်းတွင် နိုင်ငံရေးပါတီ အများစုကတောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကို ပြောဆိုမသွားသည့်အပြင် လွှတ်တော်အစည်းအဝေးများမှလည်း ပယ်ချခံခဲ့ရသည်။

လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များကမူ ပြည်သူများကိုယ်စား တင်ပြ ဆွေးနွေးခဲ့သော အဆိုများကို လွှတ်တော်က ပယ်ချခံခဲ့ရ၍ အားရကျေနပ်မှု မရှိခဲ့ကြကြောင်း၊ အစိုးရသစ်သည်လည်း ပြည်သူများအတွက်
ထူးခြားသော ပြောင်းလဲမှုကို လုပ်ပေးနိုင်မည်ဟု မထင်ကြောင်း ပြောဆိုကြသည်။

“လွှတ်တော်မှာ NDFက တင်တာ ပယ်ချခံရတာက လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့မညီလို့ပါ၊ ကျနော်တို့က လွှတ်တော် မတင်ခင် မီဒီယာတွေကို ကြိုပြောလိုက်မိတာ၊ နောက်ဆိုရင် မီဒီယာတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောရတော့မှာပေါ့”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဆိုသည်။

နအဖ မှ ပြည်ထောင်စု သမ္မတ နိုင်ငံတော်သို့ ပြောင်းလဲ၍ အစိုးရသစ် ပေါ်ပေါက်လာခြင်းကို ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး အများလက်ခံနိုင်သော အပြောင်းအလဲများအတွက် အစပြုရန် တိုက်တွန်းသည်ဟု ဆိုသည်။

အမေရိကန်အစိုးရကမူ အရပ်သားအစိုးရသစ်ဖွဲ့လိုက်သော်လည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ် ဟောင်းများက အရေးကြီး သည့် နေရာများကို ဆက်လက်ယူထားသည့်အတွက် ကြီးမားသော အပြောင်းအလဲ မဟုတ်ကြောင်း၊ အဓိကကျသည့် ဆုံးဖြတ် ချက်များနှင့်ပတ်သက်ပြီး စစ်အုပ်စု သြဇာ သက်ရောက်နေဆဲဖြစ်သည်ဟု ယူဆကြောင်း၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု မူဝါဒကို ဆက်လက်ကိုင်စွဲကျင့်သုံးသွားမည်ဖြစ်ပြီး အစိုးရသစ်နှင့်ထိတွေ့ဆက်ဆံရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

ရန်ကုန်တွင် ရေကစားမဏ္ဍပ်ကြီး ၃၁ ခုသာ ဆောက်ခွင့်ပြု

မိုးယံ Thursday, 31 March 2011

ရန်ကုန်မြို့တခုလုံး၌ ယခုနှစ် မဟာသင်္ကြန် အတွက် ရေကစား မဏ္ဍပ်ကြီး ၃၁ ခုသာ ဆောက်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်လိုက်သည်။

“နေရာ ၃၁ နေရာမှာ မဏ္ဍပ်ကြီး ၃၁ ခုဆောက်ဖို့ လျာထားတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၁၀ ပြည့်နှစ် သင်္ကြန်တွင် ရန်ကုန်မြို့တော်၌် ရေကစားမဏ္ဍပ်ကြီး ၄၀ ကျော် ခွင့်ပြုခဲ့ကြောင်း ယခင်နှစ်တွင် ရေကစားမဏ္ဍပ် တာဝန်ယူတည်ဆောက်ခဲ့သူတဦးက ပြောသည်။

၎င်းက “လုံခြုံရေး ပေးနိုင်သလောက်ပဲ ခွင့်ပြုပေးတာလို့ ကြားတယ်” ဟု ဆိုသည်။

အဆိုပါ ရေကစားမဏ္ဍပ်ကြီး ၃၁ ခုအတွက် မင်္ဂလာတောင်ညွှန်မြို့နယ် ကန်ပတ်လမ်းတွင် ၇ နေရာ၊ ပြည်လမ်းမပေါ်တွင် ၅ နေရာ၊ ပါရမီလမ်းပေါ်တွင် ၂ နေရာ၊ ကမ္ဘာအေးဘုရားလမ်းတွင် ၅ နေရာ၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ၃ နေရာ၊ စက်မှု (၁) လမ်း ၁ နေရာ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းတွင် ၁ နေရာ၊ ဝေဇယန္တာလမ်းတွင် ၁ နေရာ၊ ဘုရင့်နောင်လမ်းတွင် ၃ နေရာ၊ ဒဂုံမြို့နယ်ရှိ အလုံလမ်းတွင် ၂ နေရာနှင့် ကြည်မြင့်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ၁ နေရာ တည်ဆောက်ခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။

ယမန်နှစ်က ဗုံးပေါက်ကွဲခဲ့သည့် မင်္ဂတောင်ညွှန်မြို့နယ် ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ်ကြီးများ ၁၆ ခု ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် ဆောက်လုပ်ခွင့် ပေးမည်မဟုတ်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အဆိုပါနေရာဝန်းကျင်တွင် ရေကစားမဏ္ဍပ် ၅ နေရာ တည်ဆောက်ခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

X2O ရေကစားမဏ္ဍပ်ကို လုပ်ဆောင်မည့်အဖွဲ့မှ တာဝန်ရှိသူတဦးက “ကျနော်တို့ X2O ရေကစားမဏ္ဍပ် ဒီနှစ်ပြန်ဆောက်မှာပါ။ အရင်နေရာမှာပဲ ပြန်ဆောက်ဖြစ်မှာပါ” ဟု ဆိုသည်။

ယမန်နှစ်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးကာ ၁၇၀ ကျော်ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

“မဏ္ဍပ်တွေကို တနေရာတည်း အများကြီး ဆောက်ခွင့်မပေးတော့ဘဲ မဏ္ဍပ်တွေကို နေရာခွဲပြီး ဆောက်ခိုင်းထားတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်မှ ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့် တာဝန်ခံတဦးက ပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအ၀င် မြို့ကြီးများတွင် ဆောက်လုပ်မည့် ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်အားလုံး လိုက်နာရမည်ဖြစ်သော လုံခြုံရေးဆိုင်ရာ စည်းကမ်းချက် ၂၅ ချက်အား စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးကော်မတီက မတ်လ ဒုတိယ ပတ်အတွင်း စတင် ထုတ်ပြန်ကြေညာထားသည်။

အင်းစိန်ထောင်မှ ရခိုင်ကျောင်းသား လူငယ်များ နယ်ဝေး ထောင် ပြောင်းရွေ့ခံရ

မင်းဆက်ခိုင်

အင်းစိန်ထောင်တွင် နှစ်ရှည်ထောင်ကျခံနေရသော ရခိုင်ကျောင်းသား လူငယ် ၁၁ဦးထဲမှ တချို့ကို နယ်ဝေးထောင်များသို့ ပြောင်းရွေ့ လိုက်ကြောင်း သတင်း ရရှိသည်။

သူတို့အား နအဖ အစိုးရမှ ၂၀၀၉ခုနှစ် စတဘာင်္လအတွင်းက ပေါက်ကွဲစေတတ်သည့် ပြစ်မူများဖြင့် စွဲချက်တင် ဖမ်းဆီးပြီးနောက် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သူတို့အထဲမှ ၇ ဦးကို ယခုလ ၂၂ရက်နေ့က နယ်ဝေးထောင်များသို့ ပြောင်းရွေ့ ပို့ဆောင်လိုက်ကြောင်းကို ရှေ့နေ ဦးကျော်ဟိုးက နိရဉ္စရာသို့ ပြောသည်။

" ပြီးခဲ့တဲ့ အပတ်ထဲက ပြောင်းလိုက်တာလို့ သိရပါတယ်။ စုစုပေါင်း လူငယ် ၇ယောက် ဖြစ်ပါတယ်။ ကိုရဲထက်စိုးကတော့ အင်းစိန်ထောင်ထဲမှာပဲ။ ကျန်တဲ့ ၃ယောက်က ရောဂါဖြစ်နေလို့ အင်းစိန်ထောင်ထဲ ဆေးရုံတက်နေရတယ်လို့ ကြားသိရပါတယ်။ ကျနော် မိသားစုဝင်တွေဆီက ကြားရတာကတော့ ကိုထွန်းလင်းကျော်ကို ကသာအကျဉ်းထောင်၊ ကိုကျော်ဝင်းကိုကျတော့ ဗန်းမော် အကျဉ်းထောင်ကို ပြောင်းရွေ့ လိုက်တယ်လို့ ပြောပါတယ်။ နောက်လူတွေကျတော့ ကျနော်လည်း အတိအကျ မပြောတတ်ပါဘူး။"

အဆိုပါ အကျဉ်းသားလူငယ်များ၏ မိသားစုဝင်များနှင့် နီးစပ်သူတဦးက " မိသားစုဝင်တွေဆီက ကြားသိရတာ ကတော့ ကိုခိုင်ကျော်မိုး၊ ကိုအောင်နိုင်၊ ကိုနိုင်စိုးတို့ ၃ယောက် ကတော့ ထောင်ထဲမှာ နှိပ်စက်တဲ့ ဒဏ်တွေ ကြောင့် အင်းစိန်အကျဉ်းထောင်မှာပဲ ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။ ပြီးတော့ ၃ယောက်လုံးက လိပ်ခေါင်းခွဲထားရတယ်လို့ ကြားသိရပါတယ်။ နောက် ၇ယောက်ကိုတော့ ဝေးလံတဲ့ နယ်ထောင်တွေကို ပြောင်းရွေ့လိုက်ပါတယ်။ မိသားစုဝင်တွေကိုလည်းတွေ့ခွင့် မပေးဘူးလို့ ပြောပါတယ်" ဟု ပြောသည်။

၎င်း ရခိုင်ကျောင်းသား လူငယ် ၁၁ဦးကို ၂၀၀၉ခုနှစ် စတင်္ဘာလအတွင်းက စွပ်စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂတ်(စ်)လတွင် နှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်သည်။

ထိုအထဲတွင် ကိုရဲထက်စိုးမှာ ပြစ်ဒဏ်အများဆုံးဖြစ်ပြီး ကိုရဲထက်စိုးအား အသင်းအဖွဲ့ဥပဒေပုဒ်မ ၇ ဖြင့် ၃နှစ်၊ ဖေါက်ခွဲရေးပစ္စည်း လက်ဝယ်ထားရှိမှုဖြင့် ၅နှစ်၊ ဂြိုလ်တု ဆက်သွယ်ရေး ဖုန်းတလုံး ဖမ်းဆီး ရမိခြင်းဖြင့် ၁နှစ် စုစုပေါင်း ၉နှစ်၊ ကိုနိုင်စိုး(ခေါ်)မဲလုံးကို အသင်းအဖွဲ့ဥပဒေပုဒ်မ ၇ဖြင့် ၃နှစ်၊ ဖေါက်ခွဲရေး ပစ္စည်း လက်ဝယ်ထား ရှိ မှုဖြင့် ၅နှစ် စုစုပေါင်း ၈နှစ်၊ ကိုထွန်းလင်းကျော်၊ ကိုခိုင်ကျော်မိုး အပါအဝင် ၆ဦးကို အသင်းအဖွဲ့ဥပဒေပုဒ်မ ဖြင့် ၃နှစ်၊ နယ်စပ်တရားမဝင် ဖြတ်ကျော်မှုဖြင့် ၃နှစ် စုစုပေါင်း ၆နှစ် အသီးသီး ချမှတ်ခဲ့သည်။

ယခုကဲ့သို့ အကျဉ်းသားများကို နယ်ဝေးထောင်များကို ပြောင်းရွေ့ခြင်းမှာ အကျဉ်ထောင် ဥပဒေနှင့် မကိုက်ခြင်းမရှိဟု ရှေ့နေဦးကျော်ဟိုးက ပြောသည်။

"အခုလို နယ်ဝေး ထောင်တွေကို ပြောင်းရွေ့တာက အကျဉ်းထောင် ဥပဒေနှင့် မညီပါဘူး။ အကျဉ်းထောင် ဥပဒေအရ အာဏာပိုင်တွေကို ထောင်ပြောင်းရွေ့ခွင့်ပေးရတယ်ဆိုတာက အခုနားက ပြောသလို အဲဒီအကျဉ်းသားမှာ စိတ္တဇနဲ့ပတ်သက်တဲ့ ရောဂါရှိမရှိ၊ ပြီးမှ စိတ္တဇနဲ့ ပတ်သက်တဲ့ နေရာကို ပြောင်းရွေ့ရတာ၊ နောက် အကျဉ်းသားတွေကို နောက်အမှု စစ်ဆေးစရာရှိလို့ အမှု စစ်ဆေးရမယ့်ထောင်ကို ပြောင်းတာတို့ ဒါပဲရှိတယ်။ အခုလို ရခိုင်က လူငယ်တွေကို နယ်ဝေး ထောင်တွေဖြစ်တဲ့ ကသာတို့ ဗန်းမော်အကျဉ်းထောင် တွေကို ပို့တော့ မိသားစုတွေအတွက် တော့တော် ဒုက္ခရောက်ပါတယ်။ မိသားစုဝင်တွေက ကျနော့်ကို ငိုပြီးတော့ ပြောတာတွေရှိတယ် သွားရလာရတာ ဒုက္ခရောက်မယ်ပေါ့။ အခုလို အကျဉ်းထောင် ဥပဒေမှာ မရှိပဲနဲ့ လုပ်တာကတော့ ဥပဒေအရ အသင့်တော်ဘူးပေါ့ဗျာ။"

ယခုကဲ့သို့ နယ်ဝေးထောင်များသို့ ပြောင်းရွေ့ခြင်းအပေါ်မှာလည်း ဦးကျော်ဟိုးက သူ့အမြင်ကို ပြောပြသည်။

"ကျနော်ထင်တာကတော့ ဒီရခိုင်လူငယ်တွေနဲ့ အင်းစိန်ထောင်ထဲမှာ နှစ်ကြီးသမားတွေနဲ့ ထောင်ထဲမှာ မကြာခဏ ပြဿနာ တက်ကြတယ်လို့ ကြားပါတယ်။ ဒီလူငယ်တွေက မဟုတ်မခံ သူတွေဆိုတော့ ထောင်ကျနေတဲ့ နှစ်ကြီးသမားတွေနဲ့ လုပ်တာကိုင်တာတွေမှာ မကြာခဏ ပြဿဖြစ်ကြတယ်လို့ သိရပါတယ်။ ဒီအတွက် သူတို့ကို ထောင်ပြောင်းရွေ့တာလို့ ထင်ပါတယ်။"

အဆိုပါ ရခိုင်လူငယ် ၁၁ဦးမှာ ကိုခိုင်ကျော်မိုး၊ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး(ခေါ်) မဲလုံး၊ ကိုကျော်စံသိန်း၊ ကိုဇော်ထွန်းနိုင်၊ ကိုအောင်မိုးဇော်၊ ကိုကျော်ဝင်း၊ ကိုမောင်နိုင်စိုး၊ ကိုအောင်နိုင်၊ ကိုရဲထက်စိုးနှင့် နောက်တဦး တို့ဖြစ်ကြပြီး သူတို့မှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းမြို့နယ်များမှဖြစ်ကြသည်။

KIO အုပ်ချုပ်ရေးပိုင်း အရာရှိ ၃ ဦး မြန်မာတပ်၏ဖမ်းဆီးခံနေရ

KNG

မတ်လ အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေးပိုင်းမှ အရာရှိ ၃ ဦးကို မြန်မာစစ်အစိုးရတပ်က ဖမ်းဆီးထားကြောင်း KIO က ပြောသည်။

၎င်းတို့သည် KIO အောက် “DGA (Department of General Administration)” ခေါ် အရပ်ဖက်အုပ်ချုပ်ရေးဌာန မှ ဒုတိယ တိုက်နယ်မှူးအဆင့် ရှိသူများဖြစ်သည်ဟု KIO အရာရှိများပြောသည်။

ကချင်ပြည်နယ်အနောက်ဘက် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်မြို့ (KIO ၏ ဆိုင်းဇွပ်တိုက်နယ်) မှ ဒုတိယ အုပ်ချုပ်ရေးမှူး တပ်ကြပ် မရော်ဘရန်မိုင်နှင့် ဆလန်ကဘာ လဆိုင်းတို့ကို မတ်လ ၂၄ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာစစ်တပ် ခလရ (၇၄)က ဖမ်းဆီးခဲ့သည်။

ဆိုင်းတောင်မြို့ရှိ “ရွှေခြင်္သေ့ ဆီဆိုင်” သို့ အခွန်ကောက်ရန်ရောက်ရှိလာသည့် ယင်း KIO တိုက်နယ်အရာရှိနှစ်ဦးကို မြန်မာစစ်သား ၁၀ ယောက်ကျော်က ၀န်းရံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်တပ် ခလရ (၇၄)သည် မိုးကောင်း နယ်မြေခံတပ်ရင်းဖြစ်ပြီး ယခုချိန် ဖားကန့်စစ်ဗျူဟာကွပ်ကဲမှုအောက် ဆိုင်းတောင်တွင် တာဝန်ကျနေကြောင်း ဒေသခံများပြောသည်။

ဆိုင်းတောင် KIO တိုက်နယ်အရာရှိ နှစ်ဦးကို “လုံခြုံရေး” အကြောင်းပြချက်ဖြင့် စစ်ဗျူဟာ အခြေစိုက်စခန်းတွင် ဖမ်းဆီးထားရာမှ မတ်လ ၂၆ ရက်နေ့တွင် ဖားကန့်ရဲစခန်း အချုပ်ခန်းသို့ ပြောင်းရွှေ့ခဲ့သည်ဟု ဖါးကန့်ကျောက်စိမ်းမှော်ဒေသဆိုင်ရာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ မှ အရာရှိများကဆိုသည်။

ရဲစခန်းသို့မပို့ခင် ၎င်းတို့ နှစ်ဦးအား စစ်ဗျူဟာစခန်းတွင် ပြင်းပြင်းထန်ထန် ရိုက်နှက်ညှင်းပန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု KIA တပ်ရင်း ၆ က ဆိုသည်။

ယမန်နှစ် အောက်တိုဘာလတွင် မြန်မာစစ်တပ်က KIO ကို “သောင်းကျန်းသူ” ဟု ပြန်လည်ခေါ်ဆိုပြီးနောက် KIO က ကချင်ပြည်နယ်အတွင်း အခွန်ကောက်ခံခြင်း ပြန်လုပ်လာသည်။

အစောပိုင်းက ဒု-တိုက်နယ်မှူးအဆင့်ရှိ ယော်ဘောမ်ကို မြစ်ကြီးနားတပ် ခလရ (၃၇) က မတ်လ ၁၀ ရက်တွင် နန်းကွေ့ချောင်းအနီး ဖမ်းဆီးလိုက်သည်။

သူ့ကို ဖမ်းဆီးရခြင်းအကြောင်းပြချက်နှင့် ချုပ်နှောင်ထားသည့်နေရာကိုမူ မသိရသေးပေ။

တစ်ချိန်ထဲမှာ ကချင်လူငယ်တစ်ဦး မရန်ဘရန်ဆန်အောင် ကိုလည်း “မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းမရှိခြင်း အကြောင်းပြချက်ဖြင့်” မြစ်ကြီးနား-တနိုင်းကြား နောင်းလုံဂိတ်တွင် တနိုင်းစစ်တပ် ခမရ ၃၁၈ က မတ်လ ၂၀ တွင် ဖမ်းဆီးပြီး ၎င်းအား မြစ်ကြီးနားအနီး ပင်ဒေါင် စစ်သင်တန်းကျောင်းသို့ ပို့ထားကြောင်း လူငယ်နှင့် နီးစပ်သူများကဆိုသည်။

၂၀၁၀ သြဂုတ်လ ၃၀ ရက် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို KIO က လက်မခံသည့်နောက်ပိုင်း KIO/KIA အဖွဲ့ဝင်များကို စစ်ဆေးဖမ်းဆီးခြင်းများ မြန်မာစစ်အစိုးရ ပိုပြုလုပ်လာသည်။

KIO သည် မြန်မာနိုင်ငံ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များတွင် ဒုတိယ အင်အားအကြီးဆုံးဖြစ်ပြီး ပြီးခဲ့သည့်လတွင် ဖွဲ့စည်းခဲ့သော “ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)” ၏ အဓိကကျသည့် အဖွဲ့ဝင်လည်းဖြစ်သည်။

မြန်မာစစ်အစိုးရက KIO အား သောင်းကျန်းသူ ဟု ခေါ်ဆိုခဲ့သော်လည်း စစ်ရေးအရ တိုက်ခိုက်ချေမှုန်းခြင်း မရှိသေးပါ။

ဘီးလင်း တာဝါတိုင် ဖေါက်ခွဲမှု စွပ်စွဲချက် KNLA ငြင်းဆို

မိကျဲဂို

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၏ လက်ချက်ကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ လျှပ်စစ် မဟာဓါတ်အားပေး တာဝါတိုင်တတိုင် ပေါက်ကွဲခဲ့ရသည်ဟု မော်လမြိုင် လျှပ်စစ်ဌာန၏ စွပ်စွဲချက်ကို KNLA က ငြင်းဆိုလိုက်သည်။

မော်လမြိုင်မြို့တွင် မီးပြတ်တောက်နေပြီး တက္ကသိုလ် နှင့် ပထမပြန် စာမေးပွဲ၊ ဓမ္မာစရိယ စာမေးပွဲများ ဖြေဆိုချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် ဆူပူမှုများ မဖြစ်ပွားအောင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ KNLA ဖေါက်ခွဲမှုကြောင့် မဟာဓါတ်အားပေး တာဝါတိုင် ပျက်စီးခဲ့ကြောင်း သတင်းလွှင့်ထားသည်ဟု မော်လမြိုင် မြို့ခံများက ပြောသည်။

“အဲဒီပေါက်ကွဲတဲ့နေရာက ကျနော်တို့နယ်မြေလည်း မဟုတ်ဘူး၊ ကျနော်တို့လူလည်း မရှိဘူး။” ဟု KNLA တပ်ရင်း ၁၀၁ မှ ဒုဗိုလ်မှူးကြီး တီဖောဒို က ပြောသည်။

သို့သော် ဘီးလင်းမြို့နယ်သည် KNLA တပ်မဟာ ၁ လှုပ်ရှားရာ နယ်မြေ ဖြစ်သည့် သံလွင်မြစ် အနောက်ဖက်ခြမ်းတွင် အကျုံးဝင်သည်ဟု လေ့လာသူများက ဆိုသည်။

လောပိတမှ ဖြန်းဖြူးသည့် ဘီးလင်းမြို့အနား အမြှောက်တပ်ရင်း အနီးရှိ မဟာဓာတ်အားလိုင်း တာဝါတိုင်တတိုင် မတ်လ၂၅ ရက်နေ့ နံနက် ၂ နာရီတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“အသံ စကြားတုန်းက ကားဘီး ပေါက်တာပဲ ထင်နေတာ။ နောက်ကြမှ တာဝါတိုင် ပေါက်ကွဲမှန်း သိတာ” ဟု ဘီးလင်းမြို့ခံတဦးက ပြောသည်။ ယခု ဓာတ်အားပေးလိုင်း ပေါက်ကွဲမှုမှာ ဘီးလင်းမြို့နယ်အတွင်း ပထမဦးဆုံးအကြိမ် ဖြစ်သည်ဟုလည်း သူက ပြောသည်။

ပေါက်ကွဲမှုကြောင့် ဘီးလင်း၊ သထုံ၊ ပေါင်နှင့် မော်လမြိုင်မြို့နယ်များတွင် လျှပ်စစ်ဓါတ်အားများ ပြတ်တောက်ခဲ့ရသည်။ မြန်မာ့ လျှပ်စစ် ဓာတ်အားပေးဌာနမှ သွားရောက် ပြုပြင်နေကြောင်း မော်လမြိုင်မြို့နယ် လျှပ်စစ်ဌာနက ပြောသည်။

ဘီးလင်းမြို့ခံတဦးက “အခုလောလောဆယ် အဲဒီ ပြိုကျနေတဲ့ တာဝါတိုင်ကို လျှပ်စစ်ဌာနက လာပြင်နေတယ်။ ၃ ရက် ၄ ရက်လောက် နေရင် မီးလာတော့မယ်လို့ ပြောတယ်” ဟု ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုစဉ် ယခုလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင်လည်း ၂ ရက်ဆက်တိုက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်းကြောင့် မော်လမြိုင် တက္ကသိုလ် ကျောင်းသား အယောက် ၅၀ ခန့် မော်တော်ဆိုင်ကယ် ကိုယ်စီဖြင့် မြို့လှည့်ကာ ငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကို ခဲဖြင့် ပစ်ပေါက်ခဲ့ကြသေးသည်။

အမျိုးသမီး ဒုဝန်ကြီး ၂ ဦး

ဖနိဒါ

သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်တွင် အမျိုးသမီး ဒုဝန်ကြီးနှစ်ဦးသာ ပါရှိသည်ကို တွေ့ရသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၀ မှ ဒေါက်တာ မြတ်မြတ်အုန်းခင်မှာ ကျန်းမာရေး ဒုဝန်ကြီးဖြစ်လာပြီး ဒေါ်စန္ဒာခင်အား ဒုတိယ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။

ဒေါ်စန္ဒာခင်သည် အမျိုးသားစာပေဆုရ ယဉ်ကျေးမှုဌာနမှ အမျိုးသားပြတိုက် ညွန်ကြားရေးမှူးဖြစ်ပြီး ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် သမဝါယမ ဒုဝန်ကြီး ဒေါက်တာမောင်ချစ်၏ သမီးဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများတွင် အမျိုးသမီး ၃ ဦးပါဝင်ရာ ကြံ့ဖွံ့ပါတီမှ ကချင်ပြည်နယ် ဝန်ကြီး ဒေါ်ဘောက်ဂျာ (ပူတာအို)၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ဒေါ်စန်းစန်းနွယ်နှင့် ကျားဖြူပါတီမှ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးမှ ဒေါ်ခင်ပြုံးရည်တို့ ဖြစ်သည်။

မြန်မာစစ်ပြေးတဦး မီဇိုရမ်ပြည်နယ်တွင် ဓားခုတ်ခံရ

KHONUMTHUNG NEWS

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Sairang ကျေးရွာ Puicheri ရပ်ကွက်တွင် ယခုလ ၁၃ ရက်နေ့က မြန်မာ့တပ်မတော်မှ ထွက်ပြေးလာသူ မောင်ဇော်လင်း ဓားဖြင့်အခုတ်ခံရပြီး အိုင်ဇောလ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

Sairang ကျေးရွာတွင် ပန်းရံလုပ်ငန်းကို လုပ်ကိုင်နေသော မောင်ဇော်လင်းသည် သူငယ်ချင်းဖြစ်သူ ချင်းအမျိုးသား Enga က၄င်းတို့နေအိမ်၌ ဓားဖြင့်ခုတ်ခဲ့ရာ ကျောပြင် နှင့် ဘယ်ဘက်လက်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ကျနော် နှင့် Enga က အလုပ်အတူတူလုပ်တာပါ၊ အလုပ်ရှင်က ကျနော်တို့နှစ်ယောက်ကို ထင်းခွေသွားဖို့ အလုပ်ခိုင်း တယ်၊ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ မနက် ၁၀း၃၀ လောက်က ကျနော်တို့ ထင်းခွေသွားတယ်၊ တောင်ပေါ်က နေတောင် အောက်ကို ထင်းခွေကျဖို့ သူကိုအကူအညီ တောင်းတော့ သူက မကူညီဘူး ခင်ဗျားကြွေးတဲ့ထမင်းစား တာလည်း မဟုတ်ဘူး၊ မကူညီနိုင်ဘူးဆိုပြီးမှ ပြောတယ်၊ အဲဒါနဲ့ ကျနော်တစ်ယောက်တည်း ထင်းခွေပြီးသာတွေနဲ့ အိမ်ဘက် ကိုပြန် လာခဲ့တယ်၊ ထမင်းချက်မလို့လုပ်တဲ့အချိန်မှာ အနောက်ကနေ ဓါးနှစ်ချောင်းကိုင်ပြီး ကျနော်မထင်မှတ်တဲ့အချိန်မှာ ကျနော့နောက်ကျောကို ဓါးနဲ့ခုတ်တယ်၊ ကျနော်လည်းကျသွားတော့ ကျနော့်လည်ပင်းကို ဓါးနဲ့ပြန်ခေါက်ဖို့လုပ်တဲ့ချိန်မှာ ကျနော့လက်နဲ့ ဓါးကို ကာလိုက်တော့ လက်ကပြတ်လို့နီးနီးဖြစ်သွားတယ်၊ ပြီးတော့ သူကချက်ချင်းထွက်ပြေးသွားတယ်” ဟု မောင်ဇော်လင်းက ရှင်းပြသည်။

၎င်း၏သူငယ်ချင်း Enga ကို မီဇိုရမ်ရဲများက လိုက်လံရှာဖွေနေဆဲဖြစ်သည်ဟုသိရသည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် နေထိုင်သူ အဘ ဦးစိန်မောင် နှင့် ဒေါ်တင်တင်ညွန့်တို့၏သား အသက်(၂၂) နှစ် အရွယ် မောင်ဇော်လင်းသည် အသက် ၁၄ နှစ်အရွယ် လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်က စစ်ထဲသို့အတင်းအဓမ္မစုဆောင်းခံရသူဖြစ် သည်။ ၂၀၀၃ ခုနှစ်က ချင်းပြည်နယ် မတူပီမြို့ ခလရ (၃၀၄)တပ်ရင်းတွင် စတင်ပြီး တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၀၃ ခုနှစ်မှာပင် မတူပီမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး မီဇိုရမ် ပြည်နယ်တောင်ပိုင်း မရာ ဒေသတွင် ကျဘန်းအလုပ်များလုပ်ကိုင်ကာအသက်မွေးဝန်းကျောင်းခဲ့သည်ဟုမောင်ဇော်လင်း ကပြောသည်။

၂၀၁၁ ခုနှစ်ဆန်းပိုင်းတွင် ပြည်နယ်၏မြို့တော် အိုင်ဇောလ်သို့ ရောက်ရှိလာကာ Sairang ကျေးရွာတွင် ပန်းရံလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်ဟုသူကပြောသည်။

“ကျနော်က အိုင်ဇောလ်ကို ရောက်တာ ၂ လလောက်ဘဲရှိသေးတယ်၊ ပန်းရံလုပ်ငန်းကိုလုပ်ပါတယ်၊ စကားကလည်း မတတ်တော့ ကျနော်အရမ်းအားငယ်တယ်၊ ဆေးရုံမှာဆိုရင်လည်း ခဏခဏ ငိုတယ်၊ ကျနော့်ကို ညအိပ်စောင့်တဲ့သူက အလုပ်ရှင်ရဲ့သားဆိုပေမဲ့ စကားကလည်း မတတ်တော့ ကျနော့်အတွက်တော့ တကယ်ကိုမလွယ်ဘူးဗျာ၊ အရမ်းကို အခက် ကြုံရတယ်” ဟု သူက ခိုနူမ်းထုန်ကိုပြောသည်။

၎င်း၏ဒဏ်ရာဒဏ်ချက်များကို အိုင်ဇောလ်မြို့ပြည်သူ့ဆေးရုံးကြီးမှ ဆရာဝန်များက ယခုလ ၂၅ ရက်နေ့က ခွဲစိတ်ကုသ ပေးခဲ့ကြသည်ဟုသိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နောက်ကွယ်မှ အာဏာဆက်လက် ချုပ်ကိုင်နိုင်

လင်းသန့်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို တရားဝင် ဖျက်သိမ်းလိုက်ကြောင်း ကြေညာသွား သော်လည်း နောက်ကွယ်မှ အာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင်သွားမည်သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ၀ါရင့် နိုင်ငံရေးသမားကြီးများက ပြောကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူယူထားသော ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးလိုက်သည်။

သံတမန်ဟောင်း၊ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “သူတို့က ဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မယ်ဆိုတဲ့ သဘောမျိုးနဲ့ နိုင်ငံရေးရာထူးတွေ ယူထားတာ မတွေ့ရတော့ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးက ဂုဏ်ထူးဆောင်အနေနဲ့ ဆက်နေမယ်ထင်တယ်။ နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’ တွေ တပ်၊ အရပ်သားအစိုးရပုံနဲ့ လုပ်လိုက်တော့ မသိတဲ့သူတွေ မျက်စိလည်စရာပဲ။ သူ့သြဇာခံမယ့် သူတွေကိုရွေးပြီး အစိုးရသစ်ကို ဖန်တီးထားတာ။ ဦးသန်းရွှေတို့ကတော့ ဘေးကနေ မတော်မတရား မလုပ်အောင် ၀င်ပြောမယ်လို့ ကြားတာပဲ။ တိုက်ရိုက်အုပ်ချုပ်တာ မဟုတ်ပေမယ့် သွယ်ဝိုက်အုပ်ချုပ်မှာပါပဲ။ သူတို့က ရာထူးသြဇာ အကုန်စွန့်လိုက်တဲ့ပုံစံ လုပ်ပြလိုက်တာပါပဲ။ တကယ်တော့သူတို့ လုပ်ချင်သလိုလုပ်လို့ ရနေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှာ အာဏာမျက်နှာစာတွင် ရာထူးတစုံတရာ ယူထားခြင်းမရှိသော်လည်း နောက်ကွယ်မှ အာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင်သွားမည်ဟု အများက သံသယ ရှိကြသည်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း၏ သင်ခန်းစာ ရှိသည့်အတွက် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အာဏာအရှိဆုံးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်ဟု အကဲခတ်များက သုံးသပ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင် က “အစိုးရသစ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ အစိုးရဆိုတော့ အစိုးရသစ်ဆိုပေမယ့် ပုလင်းအဟောင်းနဲ့အသစ် ပြောင်းလိုက်ရုံပဲ။ ဘာမှ ပြည်သူတွေအတွက် အကျိုးပြုမယ့်အစိုးရသစ် ဖြစ်လာမှာမဟုတ်ဘူး။ ဒီဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ဘာမှ ဖော်ဆောင်ထားတာ မရှိဘူး။ အစိုးရသစ်လို့ ပေါ်လာပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ နောက်ကွယ်က အာဏာကို ဆက်လက်ကိုင်စွဲသွားမှာပဲ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်း အတည်ပြုလိုက်ကတည်းက ဒီလိုလုပ်လာမယ်ဆိုတာ အားလုံးကြိုသိပြီးသား။ အခုက နအဖ က ပုံဖေါ်နေတဲ့ ရုပ်သေးပြဇာတ်တပုဒ်လို့ပဲ ထင်တယ်” ဟု ပြောသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်မည်ဟု သမ္မတသစ် ဦးသိန်းစိန်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး မိန့်ခွန်းရှည်တွင် ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်ကို အကောင်းဆုံး အကောင်အထည်အဖော်ရန် အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားသည်။

သခင်ချန်ထွန်းက “အရင်က ဗိုလ်ချုပ်နေ၀င်းက ဦးနေ၀င်းကို အာဏာလွှဲပေးတာ လုပ်ခဲ့တယ်။ အခုကျတော့ သူက ဦးသိန်းစိန်ကို လွှဲပေးပြီး အာဏာစွန့်တဲ့ပုံ။ သူက သမိုင်းရေးနေတာလေ။ သူဘာလုပ်ခဲ့တယ်ဆိုတာကို ရေးနေတာ။ ထွင်တာပေါ့။ ဟိုတုန်းက ဖဆပလ က လုပ်တဲ့ပုံစံမျိုးလည်း မဟုတ်ဘူး။ ဦးနေ၀င်းလုပ်ခဲ့တဲ့ပုံစံလည်း မဟုတ်ဘူး။ တမျိုးထွင်တာပေါ့။ လုပ်နေတာက သမိုင်းမှတ်တမ်းမှာ သူအာဏာအားလုံး စွန့်တဲ့ပုံပေါ့” ဟု ပြောသည်။

သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင် အစိုးရသစ်ကို အသိအမှတ်ပြုရန် တိုက်တွန်းကြောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက်လည်း အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ဦးအေးသာအောင်က “မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေး အဖြေရှာမှ ရမှာ။ အခုလွှတ်တော်ကလည်း ဘာမှ ပြောင်းလဲအောင် မလုပ်နိုင်ဘူး။ အဲဒီ လွှတ်တော်ကနေပြီး ထွက်ပေါ်လာတဲ့ အစိုးရသစ်က အရင်အစိုးရက လူတွေပဲ၊ ဘာမှ မပြောင်းလဲဘူး။ ဒီတော့ အစိုးရသစ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာကို လုပ်မယ်လို့ မထင်ဘူး” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကမူ “ဒီနေ့ ကြေညာတယ်ဆိုတာပဲ သိရတယ်။ အပြည့်အစုံတော့ ကျနော်တို့က မသိသေးဘူးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် အပြောင်းအလဲတခု ဖြစ်တယ်ဆိုရင်တော့ ကြိုဆိုရမယ်။ ဒါပေမယ့် သတိနဲ့တော့ ကြိုဆိုတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ စောင့်ကြည့်သွားရမှာပါပဲ” ဟု ဆိုသည်။

ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်တွင် ဝန်ကြီး ၃၄ ဦးတို့က ဝန်ကြီးဌာန ၃၀ ကို ကိုင်တွယ်သွားကြမည်ဖြစ်သည်။

ကော့ကရိတ်မြို့ရှိ နအဖတပ်ရင်း အား ကရင်တပ်ဖွဲ့များ ၀င်ရောက် ပစ်ခတ်ရာ ၆ဦး ထိခိုက်သေဆုံး

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ရိတ်မြို့နယ်ရှိ နအဖ တပ်ရင်းအား ယမန်နေ့က ကရင်ပူးပေါင်းတပ်ဖွဲ့တို့ ၀င်ရောက်ပစ်ခတ်ခဲ့ရာ အရပ် သားတဦး အပါအ၀င် ၆ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။

ကော့ကရိတ်-မြ၀တီအထွက်ဂိတ် ချက်ပွိုင့်အနီးရှိ နအဖစစ်တပ် အရှေ့တောင်တိုင်းစစ်ဌာန(ရတခ)ချုပ် လက်အောက်ခံ ခလရ(၃၁၀)အား ယမန်နေ့ နေ့လည် ၁၂ခွဲအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၈)နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) တပ်မဟာ(၅) ပူးပေါင်းပြီး လက်နက်ကြီးငယ်များဖြင့် ၀င် ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်မှူးတဦးက အတည်ပြု ပြောဆိုသည်။

၎င်းက “ချက်ပွိုင့်နားမှာရှိတဲ့ ခလရ(၃၁၀)ကို ကျနော်တို့လူတွေ အရင်သွားချောင်းပစ်တယ်။ တဆက်တည်းမှာပဲ ၆၀-မမနဲ့ ထပ်ပစ်တယ်။ နအဖဘက်က ၄ယောက် ပွဲချင်းပြီး သေတယ်။ ၁ယောက် ဒဏ်ရာရသွားတယ်။ ဒါပေမဲ့ ချက်ပွိုင့်ဘေးနားမှာ ကွမ်းယာရောင်းတဲ့ ဈေးသည်တယောက် မှန်သွားတယ်။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ နာရီဝက်နီးပါးလောက် အပြန်အ လှန် ပစ်ခတ်ကြပေမယ့် ကျနော်တို့ဘက်ကတော့ ထိတာမရှိဘူး။”ဟု ပြောသည်။

ကော့ကရိတ်-မြ၀တီလမ်းကြောင်းတွင် သွားလာနေသည့် ကုန်သည်တဦးကလည်း “ဟုတ်တယ် မနေ့က တောထဲက လူတွေ ချက်ပွိုင့်နားမှာ လာပစ်သွားတယ်။ ရဲစခန်းနားမှာရှိတဲ့ ဗေဒင်ဆရာတယောက် မှန်သွားတယ်လို့ ပြောကြပေမဲ့ အတိအကျ တော့ မသိဘူး။”ဟု ပြောသည်။

ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်၏ ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့သည် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်လာခဲ့ပြီး ကော့ကရိတ်မြို့ရှိ နအဖတပ်များကို ယနေ့အချိန်ထိ မကြာခဏ ၀င်ရောက်ပစ်ခတ်လျှက်ရှိသည်။

၎င်းအပြင် အဆိုပါ ဒီကေဘီအေတပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်နေ့က ကော့ကရိတ်-မြ၀တီ တောင်ပေါ်ကား လမ်းတစ်လျှောက် သွားလာနေသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ကားများကို ကားအကြီးအငယ်အလိုက် ဒီကေဘီအေ ထံ တနှစ်စာအခွန်ပေးဆောင်ရန် စာထုတ်ပြန်ထားခဲ့သလို ၎င်းတို့နယ်မြေများကို နအဖစစ်တပ်က သိမ်းပိုက်ထားခဲ့သည့်အ တွက် မြ၀တီမြို့ရှိ စစ်အစိုးရ၏ ဌာနဆိုင်ရာရုံးများကို ၀င်ရောက်မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်းလည်း ပြီးခဲ့သည့် ရက်သတ္တပတ် က မြို့နယ်အာဏာပိုင်များထံ စာပေးပို့ခဲ့ပြီးဖြစ်သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

မြန်မာပြည်မှာ လစ်ဗျားလို ဖြစ်လာနိုင်ပါ့မလား

ဧရာဝတီ

လစ်ဗျားနိုင်ငံ ဝေဟင်တွင် ပျံသန်းနေကြသော မဟာမိတ်တပ်ဖွဲ့များ၏ ဂျက်တိုက်လေယာဉ်များနှင့် တိုမာဟော့ခ် (Tomahawk) ဒုံးကျည်များ၏ ပြိုးပြိုးပြက်ပြက် အလင်းရောင် များသည် မြန်မာပြည်တွင် တမုဟုတ်ချင်း ရေပန်းစားလာသော ပုံရိပ်များ ဖြစ်လာကြသည်။

စစ်အစိုးရက လစ်ဗျားနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားနေသော လူထုအုံကြွမှုများနှင့် ပတ်သက်သည့် သတင်းများကို တင်းကျပ်စွာ ပိတ်ပင်ထားလင့်ကစား မြန်မာပြည်သူ အများအပြားသည် ဂြိုလ်တုစလောင်း ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ တဆင့် ထိုအခြေအနေများကို သိအောင် ကြိုးစားကြသည်။ တချို့ကလည်း အင်တာနက်မှတဆင့် အာဏာရှင် ဗိုလ်မှူးကြီး မွမ်မာ အယ်လ် ကဒါဖီ (Col. Muammar el-Gaddafi) ၏ နောက်ဆုံးအခြေအနေ သို့မဟုတ် ကျဆုံးခန်းကို လေ့လာစောင့်ကြည့်နေကြသည်။

လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားနေသော အလွန်ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို တားဆီးနိုင်ရေးအတွက် နိုင်ငံတကာက ကြားဝင်ဖြေရှင်းရန် လိုအပ်သည်ဟု မြန်မာပြည်သူများက ယုံကြည်ကြသည်။ လစ်ဗျားအစိုးရအပေါ် ချမှတ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၉၇၃ ကို ထောက်ခံကြိုဆိုကြသည်။ “လစ်ဗျားပဲလား၊ မြန်မာပြည်အတွက်ရော ဘာဆုံးဖြတ်ချက်မှ မချဘူးလား” ဟု မြန်မာပြည်သူတွေက မေးခွန်းထုတ်ကြသည်။

ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု ဦးဆောင်သော နိုင်ငံတကာ မိသားစုအနေနှင့် အစ္စလာမ်နိုင်ငံများအပေါ် စစ်ပွဲ ဆင်နွှဲရန်နှင့် ယင်းနိုင်ငံများရှိ အာဏာရှင်များကို သူတို့စိတ်ကြိုက် ခြယ်လှယ်နိုင်သည့် အခွင့်အရေးကို ကိုင်စွဲထားကြသည်။ သို့ရာတွင် ပကတိ နိုင်ငံရေးအခြေအနေအရ ၄င်းတို့အနေနှင့် မြန်မာ့အရေးတွင် မည်သည့်အခါမျှ အင်တိုက်အားတိုက် ကြားဝင် ဖြေရှင်းကြလိမ့်မည် မဟုတ်။

၂၀၀၈ နှစ် မေလတွင်း၌ ပြင်သစ်နှင့် အမေရိကန်တို့က လူသားချင်းဆိုင်ရာ အကူအညီပေးရေး ပစ္စည်းများ တင်ဆောင်ထားသော စစ်သင်္ဘောများကို မြန်မာ့ရေပိုင်နက်အနီးသို့ စေလွှတ်ခဲ့ကြသည်။ လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေဆုံးပြီး ၂ သန်းခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်စေခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး မကြာခင် ယင်းသင်္ဘောများကို စေလွှတ်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့က မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များနှင့် အသက်မသေဘဲ ကျန်ရစ်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ ပေးလိုကြသည်။ သို့ရာတွင် မြန်မာစစ်အစိုးရက ယင်းအကူအညီကို လက်မခံခဲ့။ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသော ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နိုင်သည့် ထိုအနေအထားတွင် ကြားဝင်ဖြေရှင်းခြင်း သို့မဟုတ် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်လာလိမ့်မည်ဟု နိုင်ငံတွင်းရှိ မြန်မာပြည်သူများက မျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် မည်သည့်အရာမျှဖြစ်မလာဘဲ အနောက်နိုင်ငံများက မျက်ရိပ်မျက်ကဲပြသဖြင့် စစ်သင်္ဘောများ ပြန်လည် ဆုတ်ခွာသွားခဲ့ကြသည်။

ထိုအချိန်က နိုင်ငံတကာအသိုင်းအဝိုင်းသည် စစ်အစိုးရ၏ဆုံးဖြတ်ချက်ကို ပယ်ချ၍ မြန်မာ့မြေပေါ် ခြေချနိုင်သည့် အခွင့်အလမ်းနှင့် ကြုံတွေ့ခဲ့သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအတော်များများကလည်း မုန်းတိုင်းဒုက္ခသည်များအရေးနှင့် ပတ်သက်၍ နိုင်ငံတကာ မိသားစု၏ ကာကွယ်ရမည့်တာဝန် (Responsibility to Protect - R2P) ဘောင်အတွင်းမှတဆင့် တရားဝင် ကြားဝင် ဖြေရှင်းနိုင်ကြောင်း ထောက်ပြပြောဆိုကြသည်။ စစ်အစိုးရက ဒုက္ခသည်များကို ကူညီခွင့် မပြုခြင်းသည် R2P ပြဌာန်းချက်ပါ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု” မြောက်သည်ဟု ၄င်းတို့က စောဒကတက်ကြသည်။

ထိုသို့ အပြန်အလှန် ဆွေးနွေးငြင်းခုံမှုများ ရှိသော်လည်း နောက်ဆုံး၌ မည်သည့် နိုင်ငံတကာ အင်အားစုမျှ မြန်မာ့ရေပိုင်နက်ထဲ ရောက်မလာခဲ့။ ဤအခြေအနေအပေါ် တချို့ မြန်မာပြည်သူများက ခါးခါးသီးသီး စိတ်ပျက်လက်ပျက် ဖြစ်ကြသည်။ နိုင်ငံတကာတပ်များ ရောက်မလာသဖြင့် စိတ်သက်သာရာ ရသူကလည်းရသည်။

သေချာသည်မှာကား မည်သို့သော လူသားချင်းဆိုင်ရာ ကြားဝင်ဖြေရှင်းမှုမျိုးကိုမဆို လူမျိုးဘာသာပေါင်းစုံပါဝင်သော မြန်မာပြည်သူလူထု အများစုက နွေးထွေးစွာ ကြိုဆိုကြမည်ပင်။

သို့သော် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ပြည်တွင်းစစ် ဖြစ်နေသည့် နိုင်ငံတခုဖြစ်ပြီး ဒေသဆိုင်ရာ နိုင်ငံရေးပြဿနာများ ပြည့်နှက်နေသော မြန်မာ့အရေးက ရှုပ်ထွေးပွေလီ လွန်းလှသည်။ ထို့ကြောင့် နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ခြင်း တခုတည်းဖြင့် မြန်မာပြည်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်။

၂၀၁၀ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနား က မည်သူမျှ မဆောင်ရွက်ဘူးသော ကိစ္စတခုကို ဆောင်ရွက်ခဲ့သည်။ ယင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ၄င်းတင်သွင်းသော အစီရင်ခံစာ၌ မြန်မာပြည်တွင် ဖြစ်ပွားနေသော လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် (CoI) ဖွဲ့စည်းရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်မှာ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထောင်ပေါင်းများစွာသော မြန်မာဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် (IDP) များမှာလည်း စစ်အစိုးရ၏ ဖိနှိပ်မှုများကို စိုးရိမ်ကြောက်ရွံ့သဖြင့် မိမိတို့ နေရပ်ရင်းသို့ မပြန်နိုင်ဘဲ ဖြစ်နေကြသည်။

အကြမ်းဖက်နည်းလမ်းသာလျှင် စစ်အစိုးရ၏ အာဏာကို ဖယ်ရှားနိုင်မည့် တခုတည်းသော နည်းလမ်းအဖြစ် မြန်မာနိုင်ငံရှိ ပြည်သူ အတော်များများက ယုံကြည်နေကြဆဲဖြစ်သည်။ စစ်အစိုးရ၏ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုသည်မှာလည်း ပါလီမန် အဆောက်အဦ အသစ်စက်စက်တွင် စစ်အစိုးရသစ္စာခံများ ဝင်ရောက် တာဝန်ထမ်းဆောင်သည်ထက် မပိုသည်မှာ မျက်ဝါးထင်ထင် ထင်ရှားလာသဖြင့် နိုဝင်ဘာ ရွေးကောက်ပွဲအပေါ် အကောင်းမြင်ခဲ့ကြသူများပင်လျှင် ၄င်းတို့၏အမြင်များ လွင့်ပြယ်ပျောက်ကွယ် သွားကြပြီဖြစ်သည်။

တရုတ်နှင့် အိန္ဒိယ နိုင်ငံများကြားတွင် တည်ရှိနေသဖြင့် မြန်မာ့အရေးကိစ္စ၌ အနောက်နိုင်ငံမဟာမိတ်များမှ လက်နက်ဖြင့် ဝင်ရောက်ဖြေရှင်းမည်မှာ မည်သည့်အခါမျှ ဖြစ်နိုင်ခြေမရှိ။ နာဂစ်မုန်တိုင်းအပြီး မြန်မာနိုင်ငံ၌ လူသားချင်းစာနာသော ကြားဝင်ဖြေရှင်းမှုများ ဆောင်ရွက်ရန် နိုင်ငံတကာက တောင်းဆိုမှုများကိုပင် စစ်အစိုးရ၏ အနီးကပ်ဆုံးမိတ်ဆွေဖြစ်သော တရုတ်နိုင်ငံက ချက်ချင်း ပယ်ချခဲ့ဖူးသည်။

အနာဂတ်မြန်မာပြည်တွင် ဆက်လက်ဖြစ်ပွားနိုင်သော သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများတွင်လည်းကောင်း၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင်လည်းကောင်း ဒေသတွင်းနိုင်ငံများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးနေမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံအသင်းဝင် နိုင်ငံတခုဖြစ်သည်။ အမှန်စင်စစ်အားဖြင့် လစ်ဗျားအစိုးရ တပ်များကို ဗုံးကြဲတိုက်ခိုက်ရန် ဦးတည်သော ကုလသမဂ္ဂ၏ “လေယာဉ်မပျံသန်းရနယ်မြေ (No Fly Zone)” ဆုံးဖြတ်ချက်မျိုးကို ချမှတ်နိုင်ခြင်းသည် အာရပ်အဖွဲ့ချုပ် (Arab League) က ထိုအရေးကို ထောက်ခံခဲ့သောကြောင့်သာဖြစ်သည်။ ကုလသမဂ္ဂအနေနှင့် စစ်ရေးအရ ကြားဝင်ဖြေရှင်းနိုင်သည့် နည်းလမ်းပါဝင်သော ဆုံးဖြတ်ချက်တခု ချမှတ်ရာ၌ ဒေသတွင်းနိုင်ငံများ၏ ထောက်ခံမှုမှာ မရှိမဖြစ်လိုအပ်လှသည်။

မြန်မာနိုင်ငံတွင် R2P အရ အကောင်အထည်ဖော်ရန် စဉ်းစားမည်ဆိုပါက အာဆီယံနှင့် တရုတ်နိုင်ငံများ ပါဝင်ဆောင်ရွက်ရေးမှာ ပဓာနကျပေသည်။ အရှေ့အုပ်စု၏ ထောက်ခံမှုမပါဘဲ ဆောင်ရွက်ရန် စဉ်းစားမည်ဆိုပါက စစ်အစိုးရခေါင်းဆောင်များက အနောက်နိုင်ငံများကို ၄င်းတို့အသက်ရှင်နေစဉ် ကာလတလျှောက်လုံး ဆက်လက် မထေမဲ့မြင် ပြုနေဦးမည်သာ ဖြစ်ပေသည်။

Libya Conflict Reopens R2P Debate on Burma ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။

သမ္မတ ကျမ်းကျိန်စဉ်မှာ အလွဲလွဲအချော်ချော်

မျိုးသန့်

သမ္မတဦးသိန်းစိန်နှင့် ဒုသမ္မတများ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ကျမ်းသစ္စာကျိန်ဆိုမှုပြုရာတွင် လွဲချော်မှုဖြစ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်အမတ်များက ပြောသည်။

၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်တို့သာ မတ်တပ်ရပ်နေခဲ့ကြပြီး လွှတ်တော်အမတ်များမှ ထိုင်လျက်သားဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

လွဲချော်မှု ဖြစ်ခဲ့ရခြင်းအပေါ် အမတ်များမှ လွှတ်တော်နာယက သို့မဟုတ် လွှတ်တော်ညွှန်ချုပ်တို့မှ ကြိုတင်မှာကြားမှုလုပ်ရန် သတိမေ့လျော့ခဲ့ခြင်းကြောင့်ဟု အပြစ်ပြောသည်။

“သမ္မတ ကျမ်းကျိန်နေတဲ့အချိန်မှာ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထိုင်လျက်ပဲ ထိုင်နေရတယ်၊ လွှတ်တော်ညွှန်ချုပ်ကလည်း ဘာမှမပြောဘူး၊အခမ်းအနားမှူးရယ် ဘာရယ်မဟုတ်တော့ဘဲနဲ့ နာယက က အခမ်းအနားမှူး ပုံစံမျိုးလုပ်သွားတာ အဲဒီ အချက်ကတော့ လွဲချော်နေတယ်ဗျ” ဟု လွှတ်တော်အမတ်တဦးက ပြောသည်။

သို့သော်လည်း ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင်များ ကျမ်းကျိန်ရာတွင် လွှတ်တော်နာယက ဦးခင်မောင်မြင့်က လွှတ်တော်အမတ်များကို မတ်တပ်ရပ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

“သမ္မတတွေတုန်းက သူကိုယ်တိုင် ရှေ့ထွက်ပြီးတော့ တိုင်ပေးတယ်၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကျတော့ နာယက က သူ့ခုံကနေထိုင်ပြီးတော့ တိုင်ပေးတယ်၊ အဲဒီလို မတိုင်ခင် နာယက က လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံး မတ်တပ်ရပ်ပေးပါ၊ သမ္မတ တုန်းက သူတယောက်ပဲ မှတ်တပ်ရပ်သွားတယ်၊ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေကျတော့ နာယက ထိုင်နေတယ် လွှတ်တော် ကိုယ်စားလှယ်တွေက မတ်တပ်ရပ်ရတယ်၊ အဲဒီတော့ ပြောင်းပြန်တော့ ဖြစ်နေတယ်” ဟု အမတ်တဦးက ပြောသည်။

မှားယွင်းမှုများသည် လွှတ်တော်အတွေ့အကြုံများ နည်းပါးခြင်းကြောင့်ဖြစ်ရခြင်းသာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးစိုင်းမောင်တင် ပြောသည်။

သမ္မတ သုံးဦးက သစ္စာဆိုကြရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို သစ္စာစောင့်သိရန်၊ အချုပ်အချာအာဏာကို တည်တံ့အောင် ထိန်းသိမ်းသွားရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းသွားရန်၊ တာဝန်များကို ဖြောင့်မှတ်စွာ ဆောင်ရွက်သွားရန်၊ လောကပါလ တရားများအတိုင်း အုပ်ချုပ်သွားရန်နှင့် နိုင်ငံတော်အား အသက်နှင့်ကိုယ်ကို အပ်နှင်းကြောင်း ပါရှိသည်။

သမ္မတများ ကျမ်းကျိန်ခြင်းကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမတွင် ပြုလုပ်ခြင်း ဖြစ်သည်။ ထိုအခမ်းအနားကို လွှတ်တော်နှစ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များအပြင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်များ တက်ရောက်ခဲ့ကြသည်။

၁၈ ရက်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပပြီးနောက် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများ ရပ်နားလိုက်သည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,31st,2011

( 48 )လူကုန်ကူးခံရမှု နှစ်စဉ် တိုးလာ

( 47 )Burma Petrol Prices Soar as Imports Double

( 46 )ဧရာဝတီ မဂ္ဂဇင်း အသွင်သစ်ဖြင့် ဆက်ထုတ်မည်

( 45 )Burmese caught in deadly Thai floods

( 44 )ကချင်ဝန်ကြီးချုပ်သစ် လူမျိုးစု စည်းလုံးရေးလုပ်သင့်

( 43 )World Leaders Wary of New Burmese Government

( 42 )လေဘေးသင့် ရေလုပ်သား တသောင်းကျော် ကယ်ဆယ်ပြီး၊ ၇၀၀ ကျော် ပျောက်ဆုံးဆဲ

( 41 )Heavy Rain Hurts Burmese in Southern Thailand

( 40 )နွေရာသီ မွန်စာပေ သင်တန်း ဖွင့်ပြီ

( 39 )ငလျင်ဒဏ်ခံ ဒေသအချို့တွင် ဝမ်းရောဂါဖြစ်နေ

( 38 )Burma new parliament labelled a 'farce'

( 37 )အစိုးရသစ်နှင့် ဆွေးနွေးရန် အသင့်ဟု NLD ဆို

( 36 )Nagaland bans import of pig from Burma

( 35 )ဇေကမ္ဘာဦးခင်ရွှေ အမတ်များကို ဒုတိယအကြိမ်ဧည့်ခံ

( 34 )Burma-Shave signs may resurface near Afton

( 33 )ဒီဂျီအီးဟောလ် ပညာသင်ဆု မြန်မာနိုင်ငံသားများ လျှောက်နိုင်

( 32 )Burma to join ASEAN parliamentary body

( 31 )အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို၊ နအဖ စစ်အစိုးရကို ဖျက်သိမ်း

( 30 )US says Myanmar remains 'oppressive'

( 29 )သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှု တရားစစ်ဆေးပုံ အာရှ လူ့အခွင့်အရေးကော်မရှင် ဝေဖန်

( 28 )Neither evidence nor law anywhere in bomber trial

( 27 )အကျဉ်းကျ ရှမ်းခေါင်းဆောင်များကို ဂုဏ်ပြု

( 26 )Regime Restricts Flow of Information from Earthquake Site

( 25 )ပြည်သူ မျှော်မှန်းသော အစိုးရမဟုတ်ကြောင်း NLD ရှုမြင်

( 24 )Tea Harvest Disrupted in Palaung Areas

( 23 )မြန်မာအပါအဝင် ၄၈ နိုင်ငံမှာ ဆင်းရဲမှုတိုက်ဖျက်ရေး တိုးတက်မှုနည်း

( 22 )UN notes Myanmar's transfer to civilian government

( 21 )ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ရန်ဆုံးဖြတ်

( 20 )Ban calls for genuine transition to democracy in Myanmar

( 19 )Naypyidaw's Sex Industry Appears Untouchable

( 18 )ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ဖြင့်စာ အစစ်မဟုတ်ကြောင်း NLD ငြင်းဆို

( 17 )Is Burma’s new government in military’s sheepskin?

( 16 )သဘာဝဘေးဒုက္ခသည်များအား ကူညီရေး အင်န်အယ်ဒီပါတီ ဆောင်ရွက်

( 15 )အစိုးရသစ် ကျမ်းသစ္စာဆို

( 14 )Burma must build up armed forces, says President Thein Sein

( 13 )အမေရိကန် ပြည်ထောင်စုသို့ သွားမည့် မြန်မာ ဒုက္ခသည်များ ဆိုင်းငံ့ခံရ

( 12 )Key figures hold on to power in Myanmar

( 11 )အစိုးရသစ်ကို အရှိအတိုင်း NLD လက်ခံ

( 10 )New government installed today

( 9 )သံဃာ့တပ်ပေါင်းစုမှ ရဟန်းတော်များ နယ်သာလင် အစိုးရ အရာရှိကြီးများနှင့်ဆွေးနွေး

( 8 )President Replaces Junta in Myanmar Shadow Play

( 7 )တရုတ်၊ မြန်မာ ရေနံပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုရှိ

( 6 )German dual-use equipment supplies to Myanmar questioned

( 5 )Burma’s new president known for absolute loyalty to junta boss

( 4 )ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်တန့်ဖို့ သဘာဝဝန်းကျင်အဖွဲ့ တောင်းဆို

( 3 )Myanmar ends junta regime after 50 years

( 2 )ဒန်ကလေ အာမခံနဲ့ လွတ်မြောက်မှု CPJ ကြိုဆို

( 1 )Introducing ‘Mr Clean’

Wednesday, March 30, 2011

အမေရိကန် သံအမတ် ဒေါက်တာ စင်သီယာမောင် ဆေးခန်း သွားရောက်လည်ပတ်

ဧရာဝတီ Wednesday, 30 March 2011

ထိုင်း-မြန်မာ နယ်စပ်တွင်ရှိသည့် မြန်မာဒုက္ခသည်များ အရေး အပါအ၀င် နယ်စပ် အခြေအနေများကို သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Ms Ksistie Kenney သည် မဲဆောက်မြို့သို့ ယနေ့ရောက်ရှိလာသည်။

မကြာသေးခင်က အသစ်ခန့်အပ်ခြင်းခံရသည့် အဆိုပါ သံအမတ်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် မဲဆောက် ရှိ မယ်တော် ဆေးခန်းသို့ ရောက်ရှိလာပြီး နယ်စပ်အခြေစိုက်၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အမျိုးသမီး ရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ(BMWEC) ဥက္ကဌ နော်ဖောရေ က “သံအမတ်ကြီးက ဒီနယ်စပ်က အခြေအနေတွေကိုမေးတော့ အခြေအနေတွေကို အဖွဲ့လိုက်ဆွေးနွေးတင်ပြခဲ့ကြတယ်၊ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး ထိုင်းမှာအသိအမှတ်ပြု ပညာသင်ကြားခွင့် တရားဝင်ရရှိနိုင်ရေး အတွက် သူ့ကိုတင်ပြဆွေးနွေးခဲ့တယ်၊ ဒီနယ်စပ်မှာရွှေ့ပြောင်းကလေးငယ် ၁ သောင်းကျော်လောက်သာ ပညာသင်ကြားနိုင်ပြီး၊ ၃ သောင်းကျော်လောက်က ပညာမသင်ကြားနိုင်တဲ့ ကိစ္စတွေ ပါတင်ပြခဲ့တယ်”ဟု ပြောသည်။

ဆွေးနွေးပွဲတွင် အဆိုပါအဖွဲ့အစည်းများက လက်ရှိနယ်စပ်တွင်ကြုံတွေ့နေရသည့် အခြေအနေများနှင့် အခက်အခဲများကို တင်ပြ ဆွေးနွေးချက်များအပေါ် သံအမတ်ကြီးက နည်းလမ်း ရှာဖွေမှုများပြုလုပ်သွားမည်ဟု ပြန်လည်ဆွေးနွေးခဲ့သည်။

မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က“လာမယ့် ၅ နှစ်ကာလ ကျရင် ကျန်းမာရေး၊ ပညာရေး အခြေ အနေတွေ၊ လုံခြုံမှု အခြေအနေတွေကို သူတို့ဘယ်လိုပူးပေါင်းမှုတွေ ပေးမလဲဆိုတာတွေကို ရည်ရွယ်ပြီးတော့လာတာဖြစ် ပါတယ်၊ နောက်ပြီးတော့လာမယ့်ကာလတွေမှာ အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်အရေးကို ဘယ်လိုရှုမြင်သလဲ၊ အဲဒီ အပေါ်မှာလည်း သူတို့ရဲ့ကြိုးစားဆောင်ရွက်မှုတွေကဘယ်လိုရှိလဲ၊ ပြီးတော့ ကျမတို့ဒီမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးအဖွဲ့အစည်းတွေက လိုအပ်ချက်နဲ့ ကူညီပံ့ပိုးမှုတွေ၊ ပြည်တွင်းမှာလုံခြုံစိတ်ချရတဲ့အခြေအနေတွေ၊ ပြန်နိုင်ဖို့ အခြေအနေတွေ၊ ဘယ်လိုရှိလဲ ဆိုတာတွေကို ဆက်စပ်ပြီးတော့ ကျမတို့ဆွေးနွေးခဲ့ကြတယ်”ဟုပြောသည်။

ဆွေးနွေးပွဲတွင် အမေရိကန်အစိုးရအနေနှင့် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် အတွက် ဆက်လက်၍ အခြားသော အစိုးရများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သံအမတ်ကပြောကြောင်း ဒေါက်တာ စင်သီယာမောင် က ဆိုသည်။

မဲဆောက်ခရီးစဉ်နှင့် ပတ်သက်၍ သံအမတ်ကြီးက“ဒီယ်စပ်မှာရှိတဲ့ အမေရိကန်USAID အဖွဲ့က အလှူပေးထားတဲ့နေရာ တွေ၊ မယ်တော်ဆေးခန်းနဲ့ မယ်လဒုက္ခသည်စခန်းတွေရဲ့အခြေအနေတွေ၊ နောက်ပြီးမြန်မာဒုက္ခသည်စခန်းတွေ ကနေ အမေရိက ကို တနှစ်ကိုလူ ၂ သောင်းပို့ ဆောင်ပေးတဲ့ ဆောင်ရွက်မှုအခြေအနေတွေကိုလည်း လာကြည့်တာဖြစ်တယ်" ဟု ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

အမေရိကန် သံအမတ်နှင့်အဖွဲ့သည် နံနက်ပိုင်းတွင် မယ်တော်ဆေးခန်း အပါအ၀င် မဲဆောက်ရှိ SAW မြန်မာရွှေ့ပြောင်း အထက်တန်း ကျောင်းနှင့် မြို့ပြင် ဝှေ့ကလုပ် အရပ်ရှိ မြန်မာဒုက္ခသည်များကို တတိယနိုင်ငံသို့ ပို့ဆောင်ပေးသည့်ဌာနသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မွန်းလွဲပိုင်းတွင် မဲဆောက်မြို့မြောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာတွင် တည်ရှိသည့် မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်ကြည့်ရှုခဲ့သည်

KIO အရာရှိဟောင်းများ ကြံ့ဖွံ့ပါတီ ၀င်ခွင့်အတွက် လျှောက်လွှာတင်ထား

KNG

ဒေါက်တာ မနမ်တူးဂျာနှင့် ဖျက်သိမ်းပြီး ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) မှ အခြား အထက်တန်းပါတီဝင်ဟောင်း ၅ ဦး မြန်မာစစ်တပ်ကျောထောက်နောက်ခံပါတီ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထံ ပါတီဝင်ခွင့်လျှောက်လွှာတင်ခဲ့သည်ဟု ၎င်း KSPP ပါတီဝင်ဟောင်းများနှင့်နီးစပ်သူများက ဆိုသည်။

မြစ်ကြီးနားရှိ ပြည်နယ်ကြံ့ဖွံ့ပါတီရုံးသို့ ၎င်း KSPP (Kachin State Progressive Party) ခေါင်းဆောင်ဟောင်းများ၏ ကြံ့ဖွံ့ပါတီဝင်လျှောက်လွှာကို လွန်ခဲ့သည့် အပတ်က တင်သွင်းခဲ့သည်ဟု ဆက်ဆိုသည်။

ပြည်နယ်ကြံ့ဖွံ့ရုံးမှလည်း KSPP ပါတီခေါင်းဆောင်ဟောင်းများ၏လျှောက်လွှာကို “လက်ခံသင့်မခံသင့် နက်နက်နဲနဲ စဉ်းစားနေသည်” ဟု ပြည်နယ်ကြံ့ဖွံ့ရုံးနှင့် နီးစပ်သူများဆိုသည်။

ဒေါက်တာ တူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ-၂ လုပ်ခဲ့ဖူးသည်။ ထို့အပြင် အင်ဂျာ နော်ရစ်၊ ဒူကဘာ ၀ါအင်ဒူ မုန်ခေါင်၊ ဒူကဘာ ပေါင်ရှီ ဇော်ဖန်း၊ ဒူကဘာ နှုပ်လဲ့ နှင့် ဆလန်ကဘာ စဘော်ကရန် တို့သည်လည်း KIO မှ အဆင့်မြင့်အရာရှိများဖြစ်ခဲ့ကြသည်။

ဒေါက်တာ တူးဂျာနှင့် KIO အဆင့်မြင့်အရာရှိ ၅ ဦးသည် မြန်မာစစ်တပ်မှကြီးမှုးကျင်းပသည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသောကြောင့် ၎င်းတို့အား ၂၀၀၉ ခုနှစ် စက်တင်ဘာ၌ KIO မှ ထုတ်ပယ်လိုက်သည်။ ထိုအချိန်သည် KIO ကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးအတွက် မြန်မာစစ်တပ်က ဖိအားများပေးနေချိန်ဖြစ်သည်။

သို့သော် မြန်မာစစ်တပ်က ထိန်းချုပ်သည့် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်က ဒေါက်တာ တူးဂျာ ဦးဆောင်သော KSPP ပါတီကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပြုခဲ့ပါ။

KSPP ပါတီကို KIO အရာရှိဟောင်းများကဦးဆောင်နေခြင်းနှင့် KIO သည်လည်း မြန်မာစစ်တပ်၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကို ငြင်းဆန်သည့်အတွက် ရွေးကောက်ပွဲကော်မရှင်က KSPP ပါတီကို ပါတီထောင်ခွင့် မပေးခဲ့ခြင်းဖြစ်သည်ဟု KSPP ပါတီဝင်များက ဆိုခဲ့သည်။

ထို့အပြင် မြန်မာစစ်တပ်၏ဖိအားပေးမှုကြောင့် ရွေးကောက်ပွဲမတိုင်ခင် ၎င်းတို့ပါတီကို ဖျက်သိမ်းခဲ့ရသည်ဟု KSPP ပါတီခေါင်းဆောင်များ ပြောခဲ့သည်။

KSPP ပါတီ၏ ရွေးကောက်ပွဲဝင်ရန်အားထုတ်မှုအတွက် ၎င်းပါတီသည် ကချင်ပြည်နယ်လူထုနှင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (Kachin Nationals Consultative Assembly)၊ KIO စသည့် ကချင်အဖွဲ့အစည်းများ၏ မူအရ ထောက်ခံအားပေးမှု များစွာရရှိခဲ့သည်။

ယခုလို KIO နှင့် KSPP ခေါင်းဆောင်ဟောင်းများ၏ ကြံ့ဖွံ့ပါတီဝင်လျှောက်လွှာတင်ခြင်းအပေါ် လက်ရှိ KIO ခေါင်းဆောင်များ မှတ်ချက်ပေးရန် ငြင်းဆန်နေသော်လည်း ကချင်နိုင်ငံရေးတက်စွလှုပ်ရှားသူများကတော့ ၎င်းခေါင်းဆောင်များ၏ ဒီမိုကရေစီနှင့် နိုင်ငံရေးခံယူချက်ကို ဝေဖန်နေကြပါသည်။

ဦးသိန်းစိန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆို

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

နေပြည်တော် ပြည်ထောင်စုလွှတ်တော် ခန်းမတွင် ပြုလုပ်သည့် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ လွှတ်တော် နာယကများ၊ လွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့ကြသည်။

အသက် ၆၆ နှစ်မြောက် မွေးနေ့ ကျရောက်ခါနီးပြီ ဖြစ်သော ဦးသိန်းစိန်သည် လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ လက်ရှိအာဏာရ ခေါင်းဆောင်များထဲတွင် လာဘ်စားမှု အနည်းဆုံးဟု ဆိုကြသည့် ဦးသိန်းစိန်သည် သမ္မတသစ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အပြီးတွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ အာဏာကို လွှဲပြောင်းယူခြင်း ဖြစ်သည်။

ဦးသိန်းစိန်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ရှစ်ဦးမြောက် သမ္မတ ဖြစ်လာပြီး ဝန်ကြီးဌာန ၃၄ ခုမှ ဝန်ကြီး ၃ဝနှင့် ဒုဝန်ကြီး ၄၀ ခန့်ပါဝင်သော ကက်ဘိနက်ကို ဦးဆောင်ရမည် ဖြစ်သည်။ ထိုဝန်ကြီးအဖွဲ့တွင် အငြိမ်းစား စစ်အရာရှိများနှင့် နှင့် လက်ရှိတာဝန်ထမ်းဆောင်နေကြဆဲ စစ်ဘက်အရာရှိများ အများဆုံး ပါဝင်နေကြသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး၏မူလ နာယက ၅ဦးအနက် ဦးသိန်းစိန်၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ ရွေးကောက်ပွဲအပြီး သမ္မတနှင့် ဒုသမ္မတများ ဖြစ်လာကာ သူရဦးရွှေမန်းကတော့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်သွားသည်။ အနားယူသွားသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့၏ သြဇာမှာ ဆက်လက်လွှမ်းမိုးနေဦးမှာ ဖြစ်သည်ဟု အများက သံသယ ရှိကြသည်။

ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် သဘောထားတင်းမာသူများ လွှမ်းမိုးနေပြီး လာမည့် နှစ်ပေါင်းများစွာအထိ အစိုးရအဖွဲ့ကို ချုပ်ကိုင် ကြီးစိုးနေလိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းကြသည်။

၁၉ နှစ်ကြာ နိုင်ငံကို သံမဏိလက်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မတ်လ ၂၆ ရက်နေ့တွင် အစိုးရအဖွဲ့သစ်တွင် ပါမည့်သူများကို တွေ့ဆုံအပြီး အနားယူမည့်အကြောင်း ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးများအား ဇန်နဝါရီလ ၃၁ရက်နေ့ကတည်းက စတင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ပြီးဆုံးပြီ ဖြစ်သည်။ ဒုတိယ အကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးများအား ယခုနှစ် ကုန်သည်အထိ စတင်ဦးမည် မဟုတ်ဟု သိရသည်။

နအဖ စစ်ကောင်စီ ဖျက်သိမ်း၊ အစိုးရသစ်ဖွဲ့

ခင်ဦးသာ Wednesday, 30 March 2011

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရအဖွဲ့ကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း MRTV-4 ရုပ်သံ မှ ယနေ့ နေ့လယ်ပိုင်းက ကြေညာသည်။

သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် အဖွဲ့အား နအဖ စစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို လွှဲပြောင်းလိုက်ကြောင်း၊ အာဏာလွှဲပြောင်းလိုက်ချိန်မှစ၍ နအဖ အစိုးရအဖွဲ့သည် ဗဟို၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်မှ ရပ်ကွက်၊ ကျေးရွာ အဆင့်အထိ ဖျက်သိမ်းပြီး ဖြစ်ကြောင်း ကြေ ညာသွားသည်။

အစိုးရသစ်အဖွဲ့တွင် ဗိုလ်ချုပ်လှမင်း ကို ကာကွယ်ရေးဝန်ကြီး၊ ဒု ဗိုလ်ချုပ်ကြီး ဦးကိုကိုအား ပြည်ထဲရေးဝန်ကြီး၊ ဗိုလ်ချုပ် သိန်းဌေး ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် အမျိုးသားစက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဦးဝဏ္ဏ မောင်လွင်အား နိုင်ငံခြားရေးဝန်ကြီး စသည်တို့ကို သမ္မတသစ် ဦးသိန်းစိန်၏ အမိန့်ဖြင့် ခန့်အပ်ကြောင်း
ကြေညာ ချက်၌ ပါရှိသည်။

န်ကြီးချုပ်ဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် အဖွဲ့တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးများ အားလုံးနီးပါးသည် ယခင်ဌာန၌ပင် ၀န်ကြီးနေရာကို ပြန်လည် ခန့်ထားသည်ကိုတွေ့ရပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား ယာဉ်ကျေးမှု ၀န်ကြီးဌာနကိုပါ ပူးတွဲခန့်ထားသည်။

ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဒေါက်တာထွန်းရှင်နှင့် ပြည်ထောင်စု တရားသူကြီးချုပ် အဖြစ် ဦးထွန်းထွန်းဦး တို့ကိုခန့်ထား သည်။

နအဖ အစိုးရ၏ အကြီးအကဲနေရာအား စွန့်လွှတ်ကာ သမ္မတသစ်ကို အာဏာလွှဲပေးလိုက်ပြီး ကာကွယ်ရေးစီးချုပ်ရာထူးကို လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် သမ္မတ အစိုးရသစ် လက်ထက်တွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟူသည်ကို စိတ်ဝင်စားမှုများ ရှိနေကြသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးအဖွဲ့ နိုင်ငံ့ဥသျှောင် အဖွဲ့ကို ဖေဖော်ဝါရီလ အတွင်း ကပင် ဖွဲ့ထားပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့မှ တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည်ဖြစ်ကြောင်း၊ အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်း၏ ပြော ဆိုချက်အရ သိရသည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်ကြောင်းလည်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်လိုက်သည်။ ထို့အပြင် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာဝန်ကြီးများကိုလည်း သမ္မတဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

၁။ ဗိုလ်ချုပ်လှမင်း - ကာကွယ်ရေးဝန်ကြီးဌာန
၂။ ဒုဗိုလ်ချုပ်ကြီးကိုကို- ပြည်ထဲရေးဝန်ကြီးဌာန
၃။ ဗိုလ်ချုပ် သိန်းဌေး -နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
၎။ ဦးဝဏ္ဏမောင်လွင်- နိုင်ငံခြားရေးဝန်ကြီးဌာန
၅။ ဦးကျော်ဆန်း- ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
၆။ ဦးမြင့်လှိုင်-လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၇။ ဦးဝင်းထွန်း -သစ်တောရေးရာဝန်ကြီးဌာန
၈။ ဦးလှထွန်း-ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာန
၉။ ဦးခင်မောင်မြင့်-ဆောက်လုပ်ရေးဝန်ကြီးဌာန
၁ဝ။ ဦးတင်နိုင်သိန်း- အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
၁၁။ ဦးဝင်းမြင့်- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၂။ ဦးသိန်းထွန်း- ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၁၃။ ဦးအောင်ကြည် -အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄။ ဦးသိန်းထိုက်- သတ္တုတွင်းဝန်ကြီးဌာန
၁၅။ ဦးအုန်းမြင့်- သမဝါယမဝန်ကြီးဌာန

၁၆။ ဦးဥာဏ်ထွန်းအောင်- ပို့ဆောင်ရေးဝန်ကြီးဌာန
၁၇။ ဦးတင့်ဆန်း- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန
၁၈။ ဦးကျော်စွာခိုင်- အမှတ်(၁) စက်မှုဝန်ကြီးဌာန
၁၉။ ဦးစိုးသိန်း- အမှတ်(၂) စက်မှုဝန်ကြီးဌာန
၂ဝ။ ဦးအောင်မင်း- ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂၁။ ဦးသန်းဌေး- စွမ်းအင်ဝန်ကြီးဌာန
၂၂။ ဦးဇော်မင်း- အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၃။ ဦးခင်မောင်စိုး- အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၄။ ဒေါက်တာမြအေး- ပညာရေးဝန်ကြီးဌာန
၂၅။ ဒေါက်ဖေသက်ခင်- ကျန်းမာရေးဝန်ကြီးဌာန
၂၆။ သူရဦးမြင့်မောင်- သာသာနာရေးဝန်ကြီးဌာန
၂၇။ ဦးအေးမြင့် -သပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၂၈။ ဦးခင်ရီ- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၉။ ဦးသိန်းညွန့်- သမ္မတရုံးဝန်ကြီးဌာန
၃ဝ။ ဦးစိုးမောင်- သမ္မတရုံးဝန်ကြီးဌာန

မီးပျက်၍ ကျောင်းသား သံဃာများ ဆူပူမည်ကို အာဏာပိုင်များ စိုးရိမ်

မင်းတော်လ၀ီ

စာမေးပွဲ ဖြေဆိုနေစဉ် မတ်လ ၂၅ ရက်နေ့မှ ယနေ့တိုင် လျှပ်စစ်မီး ပြတ်တောက်နေခြင်းကြောင့် တက္ကသိုလ်ကျောင်းသားများနှင့် သံဃာတော်များ ဆူပူဆန္ဒပြလာမည်ကို အာဏာပိုင်များ အထူးစိုးရိမ်လျက် ရှိကြောင်း မော်လမြိုင်မြို့ခံများက ပြောသည်။

“ဆယ်တန်းကျောင်းသားတွေ စာမေးပွဲ ဖြေနေတုန်းကလည်း မီးပျက်လို့ တက္ကသိုလ်ကျောင်းသားတွေ ငန်းတေးမီးစက်နဲ့ လျှပ်စစ်ရုံးကို ခဲနဲ့ထုတယ်။ အခုလည်း အဲဒီလို ဖြစ်လာမှာ စိုးလို့ ဘီးလင်းမှာ တာဝါတိုင် ဗုံးခွဲခံရတယ်လို့ သတင်းလွှင့်ထားတယ်” ဟု မော်လမြိုင်မြို့ခံ ကျောင်းသားမိဘတဦးက ပြောသည်။

မော်လမြိုင် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်း တဦးကလည်း “ဘီးလင်းမှာ တာဝါတိုင် လဲသွားတော့ မဟာဓါတ်အားလိုင်း ပြတ်သွားတယ်။ ပြင်နေတုန်းပဲ။ မီးပျက်တဲ့ အကြောင်းကို မော်လမြိုင်မြို့မှာ လိုက်ကြေညာထားတယ်” ဟု ပြောသည်။ သို့သော်လည်း မည်သည့်အကြောင်းကြောင့် တာဝါတိုင် လဲရသည်ကို ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

တာဝါတိုင် ပျက်စီးခြင်းကြောင့် မော်လမြိုင်မြို့နယ် အပါအဝင် ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များတွင် လျှပ်စစ်မီး ပြတ်တောက်နေရကြောင်း အထက်ပါဝန်ထမ်းက ပြောသည်။

တက္ကသိုလ် စာမေးပွဲကို မတ်လ ၂၁ ရက်နေ့မှ ဘာသာရပ်အလိုက် ယနေ့တိုင် ဆက်လက်ဖြေဆိုနေပြီး ပြည်နယ် ပထမပြန် စာမေးပွဲကို မတ်လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖြေဆိုခဲ့သည်။ ဓမ္မာစရိယ စာမေးပွဲကို ယနေ့တွင် စတင်ဖြေဆိုပြီး တပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။

သို့သော်လည်း ကျောင်းသားများနှင့် သံဃာတော်များ ဆူပူမှုမရှိပဲ ပထမပြန် စာမေးပွဲကို အေးဆေးစွာ ဖြေဆိုခဲ့ကြောင်း မော်လမြိုင်မြို့ မြစေတီစာသင်တိုက်မှ စာချဆရာတော်တပါးက မိန့်သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုစဉ် ယခုလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင်လည်း ၂ ရက်ဆက်တိုက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်းကြောင့် မော်လမြိုင် တက္ကသိုလ် ကျောင်းသား အယောက် ၅၀ ခန့် မော်တော်ဆိုင်ကယ် ကိုယ်စီဖြင့် မြို့လှည့်ကာ ငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကို ခဲဖြင့်ပစ်ပေါက်ခဲ့ကြသေးသည်။

ကေပီအက်ဖ် တပ်ဖွဲ့ဝင်တဦး မိမိကိုယ်ကို အဆုံးစီရင်

ဂျူရီချိုင်း

အမျိုးသမီးတဦးကို ပစ်ခတ်ခဲ့သည့် ကရင်ငြိမ်း ချမ်း ရေးတပ်ဖွဲ့ (ကေပီအက်ဖ်) ဝင်တဦး မိမိကိုယ်ကို အဆုံးစီရင်မှုတခု လွန်ခဲ့သည့် မတ်လ ၂၆ ရက်နေ့ ည ၁၂ နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ ဖြစ်ပွားခဲ့သည်။

အဆုံးစီရင်သွားသူမှာ အသက် ၃၃ နှစ်ရှိ ကျော်ဇေယျ ဖြစ်ပြီး အသက် ၂၀ ဝန်းကျင်ရှိ ဇာဝုလီ အမည်ရှိ အမျိုးသမီးကို ပစ်ခတ်ပြီးနောက် မိမိကိုယ်ကို ပြန်လည်ပစ်ခတ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။

“အဲဒီလူက အရက်မူးနေတဲ့အချိန် မိန်းကလေးက စီးလာတဲ့ မော်တော်ဆိုင်ကယ်ကို တားတယ်။ မိန်းကလေးက မရပ်တော့ သေနတ်နဲ့ ပစ်တယ်။ မော်တော်ဆိုင်ကယ် မှောက်ပြီး အဲဒီလူကလည်း သူ့ကိုယ်သူ သေနတ်ပြောင်းဝကို ငုံပြီး ပစ်လိုက်တာ ပွဲချင်းပြီးပဲ” အထက်ပါ မျက်မြင်က ပြောသည်။

သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခံရပြီးနောက် အမျိုးသမီး၏ ခြေထောက်နှင့် လည်ပင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူအမျိုးသမီးကို ထိုင်းနိုင်ငံ စံခလပူရီ မြို့ဆေးရုံသို့ ပို့ခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်သဖြင့် ကန်ချပူရီ ခရိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သူက ပြောသည်။

မိမိကိုယ်ကို အဆုံးစီရင်သွားသည့် (ကေပီအက်ဖ်) အဖွဲ့ဝင်၏ ရုပ်အလောင်းကို သုံးဆူမှ အာဏာပိုင်အဖွဲ့အစည်းနှင့် ကေပီအက်ဖ် တပ်ဖွဲ့ဝင်များက သယ်ဆောင်သွားပြီး မည်သည့်နေရက်တွင် မီးသဂြိုဟ်ခဲ့သည်ကို မသိရှိရကြောင်း သေဆုံးရာ ကရင်စု ရပ်ကွက် ၃ မှ မြို့ခံတဦးက ပြောသည်။

ကေပီအက်ဖ်သည် နယ်ခြားစောင့်တပ်ကို လက်ခံထားသည့် ကရင်ငြိမ်းချမ်းရေးအဖွဲ့တဖွဲ့ ဖြစ်သည်။

ပိုက်လိုင်း စီမံကိန်းကြောင့် မြန်မာတိုင်းရင်းသားများ အဆိုးရွားဆုံး အခွင့်အရေးချိုးဖောက်ခံရ

ကန္တာရ၀တီတိုင်း(မ်)

မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ် မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သဘာဝဓါတ်ငွေ့နှင့် ရေနံပို့လွှတ်မည့် ပိုက်လိုင်း သွယ်ယူ တည်ဆောက်သည့် စီမံကိန်း ဒေသ တလျှောက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုခံရမှုများ ရှိနေရကြောင်း၊ ၎င်းတို့အနက် တိုင်းရင်းသား ရခိုင်ပြည်သူများအနေဖြင့် အဆိုးဝါးဆုံး ကြုံတွေ့ခံစားနေကြရကြောင်း EARTHRIGHTS INTERNATIONAL အဖွဲ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။

တရုတ် နှင့် ကိုရီးယား နိုင်ငံမှ ကုမ္မဏီများ အဓိကပါဝင်သည့် ရွှေ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဒေသများ၌ တွေ့ရသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများတွင် အဓမ္မလုပ်အားပေးမှုများ၊ အကြောင်းမဲ့ ဖမ်းဆီးမှု၊ ထိန်းသိမ်းမှု၊ နှိပ်စက်မှု နှင့် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ ချိုးဖေါက်မှုများ ပါဝင်ပြီး မြေယာအသိမ်းခံရမှုမှာ အများပြားဆုံး ဖြစ်သည်ဟု ယနေ့ထုတ်ပြန်သည့် ERI အစီရင်ခံစာတွင် ဖေါ်ပြထားသည်။


“ကျနော်တို့ မှတ်တမ်းတင် လေ့လာထားချက်မှာ အဓိက တွေ့ရတဲ့ချိုးဖေါက်မှုကတော့ မြေယာသိမ်းခံရတဲ့ ကိစ္စပါပဲ။ ရခိုင်ပြည်နယ်မှာ အဆိုးဆုံး ဖြစ်ပါတယ်။ တချို့ရွာတွေကိုတော့ လျော်ကြေးပေးတယ် မလောက်ဘူး။ တချို့ရွာတွေဆို လျော်ကြေး လုံးဝ မရဘူး” ဟု (ERI) အဖွဲ့မှ အကြံပေးအရာရှိ Matthew Smith က ပြောသည်။

၎င်းတို့ အနေဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ အရှည် ၁၇၂၇ ကီလိုမီတာ ရှိသည့် သဘာဝဓာတ်ငွေ့ ပိုက်လှိုင်း စီမံကိန်းဒေသများ ဖြစ်သည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း အတွင်းရှိသည့် ဒေသခံများကို လျှို့ဝှက်စွာ တွေ့ဆုံမေးမြန်းခြင်း နှင့် သတင်း အချက်အလက်များ ရယူခြင်း တို့ကို နှစ်နှစ်ခန့်အကြာ သုတေသနပြုပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု Mr. Smith က ဆိုသည်။

ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ အကြောင်းကို အောက်ခြေလူထုများ အကြား လူထုအဆင့် ဆွေးနွေးမှုများ လုပ်ခဲ့သည့် ဒေသခံတစ်ဦးမှာ (၆)လ အကျဉ်းချခံခဲ့ရကြောင်း လည်း ERI ၏ အစီရင်ခံစာထဲတွင် ကောက်နှုတ် ဖော်ပြထားသည်။

ပိုက်လိုင်း စီမံကိန်းတွင် မြန်မာနိုင်ငံမှ ထွက်သည့် သဘာဝဓါတ်ငွေ့ အပြင် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှလာသည့် ရေနံများ ကို တရုတ်နိုင်ငံ အထိ ပို့လွှတ်မည် ဖြစ်သည်။

မြန်မာစစ် အစိုးရနှင့်အတူ အဓိက ပါဝင်လုပ်ကိုင်သည့် ကုမ္မဏီများမှာ တရုတ်နိုင်ငံမှ China National Petroleum Corporation (CNPC)၊ တောင်ကိုရီးယားမှ ဒေ၀ူးကုမ္ပဏီ နှင့် Korea Gas Corporation (KOGAS)၊ အိန္ဒိယနိုင်ငံမှ Gas Authority of India (GAIL)၊ ONGC Videsh ကုမ္ပဏီ များ ဖြစ်သည်။

ပိုက်လိုင်း တည်ဆောက်မှုကို ၂၀၁၀ ဇွန်လတွင် စတင်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ် တွင် ပြီးစီးမည် ဟု စီမံကိန်း ထုတ်ပြန်ချက်များတွင် ဖေါ်ပြထားသည်။

စီအဲန်အေ လက်ချက်နဲ့ သေဆုံးသည့် နအဖစစ်သားကို အစားထိုးရန် လူငယ်နှစ်ဦးအားဖမ်းဆီး

KHONUMTHUNG NEWS

ချင်းပြည်နယ်တောင်းပိုင်း ပလက်ဝမြို့နယ် ရှင်းလက်ဝ တပ်စခန်းတွင် လက်ရှိအခြေစိုက်နေသည့် ခလရ (၅၅ ) မှ တာဝန် ခံတပ်ကြပ် အောင်ဝင်းခိုင် ဆိုသူနှင့် အဖွဲ့သည် စီအဲန်အေကြောင့် ကျဆုံးသွားသည့် ၄င်းတို့၏ ရဲဘော်နဲ့ ဒါဏ်ရာရသူများ ကို အစားထိုးရန် ဆိုပြီး ဆင်အိုးဝ ရွာသား ချင်းလူငယ်နှစ်ဦးအား ယခုလ ဒုတိယပတ်အတွင်း ဖမ်းဆီးလိုက်သည်ဟု သိရ သည်။

” ဒီကိစ္စကို ရယက တွေက သွားပြောတော့ ခင်ဗျားတို့ဆင်အိုးဝရွာ တိုက်ပွဲမှာ ခင်ဗျားတို့တာဝန်မကင်းဘူး၊ အဲဒါကြောင့် လူငယ်တွေကို စစ်တပ်အတွက်ဖမ်းဆီးတာလို့ ပြောတယ်၊ တကယ့် လူမဆန်တဲ့ လုပ်ရပ်ပဲ ” ဟုဒေသခံတဦးကပြော သည်။

ဆင်အိုးဝရွာသား ဦး ပီကိုး ၏သား မောင်းဘသန်း ( ၁၇ နှစ်) နှင့် ဦးကုန်ယိုင်၏ သား မောင်အောင်ကျော်လှ ( ၁၈ နှစ်) တို့အား ဖမ်းဆီးပြီး ရှင်းလက်ဝတပ်စခန်း သို့ ခေါ်ဆောင်သွား ကြခြင်းဖြစ်သည်။

” နအဖစစ်သား အောင်ဝင်းခိုင် နဲ့ အဖွဲ့ရွာထဲ ၀င်လာပြီး မောင်ဘသန်း နှင့်မောင်အောင်ကျော်လှတို့ကို ခဏလိုက်ခဲ့ ဆိုပြီးခေါ်သွားကြတယ်၊ မိဘနဲ့လည်းအတွေ့မခံတော့ဘူး” ဟု ဆင်အိုးဝရွာသားတဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ရှင်းလက်ဝတပ်စခန်းမှ နအဖ တပ်သား နှင့် ချင်းအမျိုးသား တပ်မတော် တပ် သားများသည် ဆင်အိုးဝရွာတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ရဲဘော်တဦးကျဆုံးခဲ့သည်။

” ယခုကိစ္စက စစ်မှုမထမ်းမနေရအမိန့်ကြောင့် ဖမ်းဆီးတာဖြစ်မှာပါ၊အကြောင်းမရှိအကြောင်းရှာတာပဲ “ဟု ဒေသခံများ ကပြောဆိုနေကြသည်။ နအဖစစ်သားများသည် စစ်မှုမထမ်းမနေရအတွက် ချင်းပြည်နယ် အနှံ့လူဦးရေစာရင်းကောက်ခြင်း၊ လူစီ စစ်ခြင်းများကို ပြုလုပ်နေပြီဖြစ်သည်။

နအဖ ပူးပေါင်းတပ် ထပ်မံ ထိခိုက်ကျဆုံး

(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ၊ နယ်ခြားစောင့် BGF ပူးပေါင်းတပ်များနှင့် KNU တပ်မဟာ(၇) လက်အောက်ခံတပ် တို့ကြား ပြီးခဲ့သည့်ရက်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ နအဖနှင့် BGF ပူးပေါင်းတပ်မှ ထပ်မံ ထိခိုက်သေဆုံးသည်ဟု ကေအဲန်ယူ တပ်မဟာ(၇) က ပြောသည်။

မတ်လ ၂၆ရက်နေ့ ညနေ ၅နာရီခွဲတွင် ပိုင်ကျုံမြို့နယ်ရှိ မဲ့လာအားခီးနှင့် စေဖိုးခီးအကြားတွင် နအဖ ခမရ(၃၅၇)တပ်ရင်း၊ BGF တပ်ရင်း(၁၀၁၆) ပူးပေါင်းတပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၂)တို့ကြား ပစ်ခတ်မှုတကြိမ် ထပ်မံဖြစ်ပွားခဲ့ရာ နအဖမှ ၅ဦးကျဆုံးပြီး ၂ဦး ထိခိုက်သလို BGF ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က နအဖ စကခ(၁၂) လက်အောက်ခံ ခမရ(၅၄၆) တပ်ရင်း၊ ခမရ(၃၅၇)တပ်ရင်းနှင့် BGF တပ်ရင်း (၁၀၁၆) ပူး ပေါင်းတပ်ဖွဲ့ဝင်များကို ကေအဲန်ယူ တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်းတို့ ချုံခိုတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရခဲ့သည့် တပ်ရင်းမှူး အပါအ ၀င် အခြားတပ်ဖွဲ့ဝင်များကို နောက်တန်းပြန်အပို့တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယင်းသို့ တိုက်ခိုက်ရာတွင် နအဖ တပ်ရင်းမှူးကို သယ်ဆောင်သွားသည့်ကားမှာ လွတ်သွားခဲ့ပြီး နောက်ထပ် စစ်ကားတစ်စီးကို ထိခိုက်ခဲ့သဖြင့် ထိုကားမှာ မဲ့လာအားဂွင်၌ ပျက်စီးသွားကြောင်း မြင်တွေ့ခဲ့သူများက ပြောသည်။

၂၅ရက်နှင့် ၂၆ရက်နေ့ ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ ပြောက်ကျားတိုက်ခိုက်မှုတွင် နအဖနှင့် နယ်ခြားစောင့်တပ်များ ထိခိုက်ကျဆုံးမှု ရှိခဲ့ သော်လည်း ကေအဲန်အယ်လ်အေဘက်မှ အထိအခိုက် အကျအဆုံးမရှိကြောင်း ကေအဲန်ယူဘက်က ထုတ်ဖော်ပြောဆိုသည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ ပိုင်ကျုံမြို့နယ်တွင် အခြေစိုက်သည့် နအဖတပ်ရင်းများသည် တပ်မ(၂၂)၊ စကခ(၁၂)၏ လက်အောက်ခံ တပ် များဖြစ်ပြီး ဗိုလ်မှူးစောမြတ်ခိုင် ဦးဆောင်သည့် BGF တပ်ရင်း(၁၀၁၆)နှင့် KNU တပ်မဟာ(၇)တပ်ရင်းများ လှုပ်ရှားလျှက်ရှိသည်။

ရှမ်းပြည်တပ်မတော်ကို စစ်အစိုးရမှထိုးစစ်ဆင်တိုက်ခိုက်

ဆူးပန်း၊ ကောင်းဝါ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နန့်စန်မြို့နယ်အတွင်းရှိ ရှမ်းပြည်တပ်မတော်ကို စစ်အစိုးရ တပ်မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ပလောင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူးဖြစ်သူ မနွေးနေနှောင်းက ပြောပါသည်။

“မနေ့တုန်းက ဆယ်နာရီလောက်ပေါ့နော်။ ရှမ်းစစ်တပ်နဲ့နအဖစစ်တပ်ပေါ့။ မန်လောင်းနဲ့ မန်ငိုင်ကြားပေါ့။ ဒီနန့်စန်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲဖြစ်တာတော့ နာရီဝက်ကျော်ကျော်ပေါ့။ ရှမ်းစစ်သားဖက်က တော့ တစ်ယောက်တော့ကျဆုံးသွားတယ်။ နအဖဘက်ကတော့ မသိသေးဘူး ဘယ်လောက်အထိ အကျအဆုံးရှိတယ်ဆိုတော့။ အခုလက်ရှိအခြေအနေဆိုရင်တော့ ခလရ(၁၃၀) ဒီမန်တုန်တပ်ရင်းတွေကလဲ တိုက်ပွဲတွေထိုးစစ်ဆင်ဖို့ကလဲ လမ်းတွေအကုန်လုံးစောင့်ထားတယ်အဲဒီလိုမျိုး။

ထို့အပြင် အဆိုပါထိုးစစ်ဆင်မှုတွင် ဒေသခံများ၏မော်တော်ယာဉ်များကိုလဲ အတင်းအဓမ္မချောဆွဲခဲ့ သည်ဟု မနွေးနေနှောင်းက ပြောပါသည်။

“နောင်ချိုစစ်တပ်တွေကလဲ အင်အား (၅၀)လောက်မနေ့တုန်းက စစ်ကားနဲ့သူတို့ဒီနန်းစန်ကို ချီတက်လာတယ်။ သူတို့နန်းစန်ကိုရောက်တော့ သူတို့ကသွားချင်တဲ့နေရာကိုပေါ့နော်။ မန်မိုင် မန်ကွိုင်အထိ အဲဒီလိုမျိုးကျေးရွာတွေကို သူတို့သွားဖို့ ရှိတဲ့ကားသမားတွေကို အကုန်လုံးသူတို့ဆွဲခေါ်ပြီးတော့မှ ပေါ်တာဆွဲခေါ်တာပေါ့။”

ယခုလိုတိုက်ပွဲတွေပြင်းထန်လာသည့်အတွက် ဒေသခံပြည်သူတွေအနေနှင့် နေရပ်ဒေသကိုစွန့်ခွါတိမ်း ရှောင်နေရသည်ဟု ပလောင်အမျိုးသမီးအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးမနွေးနေနှောင်းက ပြောပါ သည်။

“ဒီစစ်ပွဲဖြစ်တဲ့တောအတွင်းမှာ အခုအချိန်ဟာရွှေဖီ(လက်ဖက်ရွက်နု)အချိန်ဖြစ်နေတယ်။ လက်ဖက်လဲ အရမ်းပေါနေပြီး။ သူတို့ကလက်ဖက်ခြံမှာသွားအိပ်ကြတယ်။ ဒီမန်လောင်းနဲ့မန်ငိုင်ကြားမှာ သူတို့စစ်ပွဲတွေဖြစ် တော့ ဒီရွာသားတွေဟာ လက်ဖက်ခြံမှာမအိပ်ရဲကြဘူး။ လက်ဖက်လဲမခူးရဲကြဘူး။ သူတို့ဒီစစ်ဘေးတွေကို အကုန်လုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်သူတို့က။”

မတ်ခ်ျလဆန်းမှစပြီး ရှမ်းပြည်နယ်အတွင်းမှာ၌ မြန်မာစစ်အစိုးရတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွါးလာခဲ့သည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ၏ ထုတ်ပြန်ကျေညာချက်ထဲတွင်ဖေါ်ပြထားပါသည်။

မြန်မာစစ်အစိုးရတပ်နေနှင့်လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်မှုတွေပြုနေသလို တပ်အင်အားကိုလဲ တိုးမြင့်ပြီးချထားသည်ဟုဒေသခံများကပြောပါသည်။ ရှမ်းပြည်တိုးတက်ရေးပါတီသည် အပစ်ခတ်ရပ်ဆဲ ပြီးနောက်ပိုင်း (၁၉၉၆)ခုနှစ်တွင်ကျင်းပခဲ့သည့်အမျိုးသားညီလာခံတွင်ပါဝင်ခဲ့သည့်အဖွဲ့တစ်ခုဖြစ်ပါသည်။

ကရင်နီပြည်နယ် တောကျသည့် ကျေးရွာများ၌ တီဘီရောဂါ အဖြစ်များ

နှောင်းလှိုင်

ကရင်နီပြည်နယ်ရှိ မြို့နယ် ၅ ခုမှ တောကျသည့် ကျေးရွာများ၌ နေထိုင်သော လူထုများသည် ဆေးဝါး ကုသခံယူမှု နည်းပါးသည့်အတွက် တီဘီ ခေါ် အဆုတ်ရောဂါ ကူးစက်ခံရသူ များပြားနေရကြောင်း ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့က ပြောသည်။

လွိုင်ကော်မြို့နယ်တွင် တီဘီရောဂါပိုးရှိသူ ၇ ဦး၊ ရှားတောမြို့နယ်တွင် ၁၃ ဦး၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀ ဦး၊ ဖရူဆိုမြို့နယ်တွင် ၁၁ ဦး၊ ဖာဆောင်းမြို့နယ်တွင် ၁၇ ဦးနှင့် ထိုမြို့နယ်အားလုံးထဲတွင် တီဘီရောဂါပိုး ရှိသည်ဟု သံသယရှိသူ ၃၁ ဦးတို့ကို တွေ့ရှိထားကြောင်း ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့ တာဝန်ခံ ခူဒယ်နီယာက ပြောသည်။

ကျန်းမာရေး ကုသမှု တောရွာမှာတော့ တော်တော်လေး အခက်အခဲ ဖြစ်တယ်။ သူတို့ တကယ်ဆိုးဆိုးဝါးဝါး ခံစားမှသာလျှင် သူတို့ ဆေးခန်းသွားကြတယ်လေ။ ဘယ်သူမှ သူ့ကို ပြုစုမယ့်လူ မရှိဘူး။ တကယ်တမ်း ပြောရမယ်ဆိုရင်တော့ ဒီကလူတွေ ရောက်မှသာ သူတို့က ဆေးမှူးတွေနဲ့ တွေ့တယ်။ သူ့ဟာသူ နေလို့ရှိရင် နည်းနည်းပါးပါး ဖြစ်ရင်တော့ သူ့ဟာသူ အဲလိုမျိုးပဲ ကြိတ်မှိတ်ခံစားရတာပေါ့” ဟု ခူဒယ်နီယာယ်က ပြောသည်။

သို့သော် ဘောလခဲနှင့် ဖာဆောင်းမြို့နယ်တို့တွင် တီဘီရောဂါ ကူးစက်ခံရသော လူထု၏ အရေအတွက်နှင့် ပတ်သက်၍ အတိအကျ မသိရှိရကြောင်း ဆက်ပြောသည်။

ကရင်နီပြည်နယ် ကျေးလက်ဒေသများတွင် အများအားဖြင့် စစ်ဖြစ်ပွားသော နယ်မြေများ ဖြစ်သည့်အပြင် ဆေးပေးခန်းများ မရှိခြင်း၊ ဆေးဝါးပစ္စည်းများ ရရှိရန် ခက်ခဲခြင်းကြောင့် လူထုများမှာ တီဘီရောဂါ အဖြစ်များရခြင်း ဖြစ်သည်ဟု ဆိုသည်။

“နယ်လှည့်ကျန်းမာရေးအဖွဲ့တွေက သွားလိုက်လာလိုက် နောက် သူတို့ကို ဆေးကုသလိုက်၊ နောက်ပြီးတော့ ထွက်သွားလိုက် ဆိုတော့ ပုံမှန်အမြဲတမ်း ဆေးခန်း၊ ဆေးရုံ ရှိသလိုမျိုး မဟုတ်ဘူးပေါ့။ အဲဒါကြောင့် သူတို့က ဒီလိုရောဂါတွေ စွဲကပ်တာ များတယ်။ သက်သာရုံလောက်ပဲ ရှိတာပေါ့။ ပျောက်ကင်းသွားတာမျိုး မဟုတ်ဘူးလေ” ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာန KSWDC ဒါရိုက်တာ ဖဲဘူးက ပြောသည်။

တီဘီရောဂါသည် အဆုတ်တီဘီနှင့် ပြင်ပအဆုတ်တီဘီ ဟူ၍ အမျိုးအစား နှစ်မျိုး ရှိကြောင်း၊ အဆုတ်တီဘီသည် မောပမ်းခြင်း၊ ညအိမ်ရာဝင်ချိန်တွင် ချွေးထွက်ခြင်း၊ ချောင်းဆိုးပါက သွေးပါတတ်ခြင်းနှင့် အစားသောက်ပျက်ခြင်းတို့ကို ဖြစ်စေတတ်ပြီး ပြင်ပအဆုတ်တီဘီမှာ ဦးဏှောဏ်အမြှေးပါး၊ ကျောရိုး၊ လက်ရိုး၊ ခြေရိုးနှင့် လည်ပင်းတို့တွင် အကြိတ်အဖုများ ထွက်စေတတ်သည်ဟု ကျန်းမာရေး ပညာပေး အစီအစဉ်တို့မှတဆင့် သိရှိရသည်။

“ချောင်းဆိုးတာက နှစ်ပတ် သုံးပတ် အဲလောက်ဆိုရင် သူက ပျောက်သွားရမယ် အဲလို မပျောက်ပဲနဲ့ ချောင်းအကြာကြီး ဆိုးနေမယ်ဆိုရင် အဲဒါဟာလည်း တီဘီရောဂါလို့ သံသယ ရှိနိုင်တဲ့ လက္ခဏာပေါ့လေ။ အဲတော့ အဲလိုမျိုးတွေနဲ့ စပြီးတော့ နောက်ပိုင်း သလိပ် စစ်ကြည့်တဲ့အခါမှာ သလိပ်ထဲမှာ တီဘီရောဂါပိုးတွေ တွေ့တယ် ဆိုရင်တော့ ဒါဟာ အတည်ပြုရတာပေါ့လေ” ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်းမှ ဒေါက်တာ သီဟမောင်က ပြောပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီရောဂါ ကူးစက်ပျံ့နှံ့မှု အများဆုံး ၂၂ နိုင်ငံထဲတွင် ပါဝင်ပြီး နောက်ဆုံး ကောက်ယူရရှိထားသော စစ်တမ်းများအရ တီဘီရောဂါပိုး ရှိနေသူပေါင်း ၃၀၀၀၀၀ ရှိနေကြောင်း၊ ယင်းအထဲက ၃၀ ရာခိုင်နှုန်းကျော်ကို စစ်ဆေးဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေကြောင်း ပြီးခဲ့သည့် ၂၄ ရက်နေ့က ကျရောက်သော ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုသည်။

ဆေးရောင်စုံတို့ သူပုန်ထတဲ့ပွဲ

ဇာနည်မာန်

“ဗွမ်း” ခနဲ ပန်းရောင်ရေတွေ ကိုယ်ပေါ်အကျ၊ အပေါ်ကို မော့ကြည့်လိုက်တော့ တိုက်အမြင့် ၀ရန်တာမှာ ရေပုံးကိုယ်စီနဲ့ အိန္ဒိယ တိုင်းသား ကလေးငယ်တွေက “ဘူရားန မာနော ဟိုလီဟဲ” “ဟက်ပီး ဟိုလီဟဲ” လို့ အော်ရင်း အစိမ်းရောင်၊ အ၀ါရောင်၊ ပန်းရောင်စတဲ့ ရောင်စုံဆေးမှုန့်တွေကို တဆက်တည်း ဖျန်းချလိုက်ပါတယ်။

ကျမ တကိုယ်လုံး ရယ်စရာ ကောင်းလောက်အောင် ၀ါ၊ စိမ်း၊ နီ၊ ပြာ ရောင်စုံတွေ ပေကျံသွားသလို တခြား လမ်းသွား လမ်းလာတွေဟာလည်း ဆေးရောင်စုံတွေနဲ့ မျက်နှာတွေကို မမှတ်မိနိုင်လောက်အောင် ပေကျံလို့နေပါတယ်။

နွေဦးရာသီကိုရောက်လို့ လမ်းဝဲယာမှာပြန့်ကျဲနေတဲ့ ၀ါရော်ရော် ရွက်ကြွေတွေ၊ ပုရစ်ဖူး တက်နေတဲ့ သစ်ပင်တွေနဲ့ သာယာနေပြီဆိုရင် သာမန်အချိန်တွေနဲ့ မတူတော့ဘဲ ကား၊ ဆိုင်ကယ်တွေ ရှင်း၊ ဆိုင်တွေအားလုံးလိုလို ပိတ်ထားတဲ့ လမ်းမကြီးပေါ်မှာ ငြီးငွေ့စရာ ခြောက်ကပ်နေပေမယ့် လမ်းသွားလမ်းလာတွေကို ဆေးရောင်မှုန့်တွေ၊ ရောင်စုံရေတွေနဲ့ လိုက်သုတ်၊ လိုက်ပက်နေတဲ့ လူငယ်တွေ၊ ဆေးရောင်စုံတွေ ပေကျံနေတဲ့ လူငယ်တွေ၊ မိသားစုတွေဟာ ကိုယ့်အစုနဲ့ကိုယ် သွားလာနေကြတာကို တွေ့ရပါတော့တယ်။ ဒါကတော့ နယူးဒေလီမြို့ ဟိုလီ ပွဲတော်နေ့ရဲ့ မြင်ကွင်းတွေပါပဲ။

ဟိုလီ ပွဲတော်ဆိုတာကတော့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေး ပွဲတော်တခုဖြစ်ပြီး ဟိန္ဒူဘာသာဝင်တွေ အများစုရှိတဲ့ အိန္ဒိယ၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပကြပါတယ်။ အိန္ဒိယနိုင်ငံက ဟိုလီ ပွဲတော် ကတော့ မာတုရ၊ နန္ဒဂ၀န်မြို့တွေနဲ့ ဟိန္ဒူနတ်ဘုရား ခရစ်ရှနား ကြီးပြင်းရာဒေသတွေဖြစ်တဲ့ ဗီရင်ဒါဗန်၊ ဘာဆန ဆိုတဲ့ မြို့တွေမှာ ပွဲတော်ကြီးတခုအဖြစ် ၁၆ ရက်ကြာ ခမ်းခမ်းနားနား လုပ်ကြပါတယ်။ ကျန်တဲ့မြို့တွေမှာတော့ ကိုယ့် ရပ်ရွာ ပတ်ဝန်းကျင်၊ စာသင်ကျောင်းတွေ၊ သင်တန်းကျောင်းတွေ၊ လုပ်ငန်းဌာနတွေနဲ့ ဆွေမျိုး အသိုင်းအ၀န်း လောက်နဲ့ပဲ ၂ ရက်တာ ဆင်နွှဲကြပါတယ်။

ဆောင်းအကုန် နွေအကူး၊ လ ကို အခြေခံတွက်တဲ့ ပြက္ခဒိန်ရဲ့ နောက်ဆုံး လပြည့်နေ့ (မြန်မာမှာတော့ တပေါင်း လပြည့်) ဟာ ဟိုလီပွဲတော်နေ့ပါပဲ။ ဟိုလီပွဲတော်နေ့ လုပ်ရတာနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ၊ ရာဇ၀င်တွေက အများကြီးပါပဲ။ အဓိက အချက်ကတော့ မကောင်းမှုတွေကို ချေမှုန်းပြီး ကောင်းမှု၊ ကောင်းကျိုးရယူတယ်လို့ ဆိုတာပါ။

ဟိုလီပွဲတော်မှာ မီးရှို့ပွဲနဲ့ ဆေးရောင်ပက်ဖျန်းတဲ့ ပွဲဆိုပြီး ၂ မျိုး ကျင်းပလေ့ရှိပါတယ်။

မီးရှို့ပွဲအတွက် ထင်ရှားတဲ့ ဒဏ္ဍာရီတခုကတော့ ဒီလိုပါ။ ဟီရန်ညာခရှပ် လို့ခေါ်တဲ့ မိစ္ဆာဘုရင်တပါး တိုင်းပြည်ကို အုပ်ချုပ်တဲ့အချိန်မှာ တိုင်းသူပြည်သားတွေကို တခြားသော နတ်ဘုရားတွေကို မကိုးကွယ်ခိုင်းဘဲ သူ့ကိုပဲ ကိုးကွယ် ခိုင်းပါတယ်။ သူ့ကို မကိုးကွယ်တဲ့သူတွေကိုတော့ သတ်ပစ်တာတွေ၊ ပြစ်ဒဏ်ပေးတာတွေ လုပ်တယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် သူ့ရဲ့သား ပရာလဒ်ကတော့ ဗိဿနိုးနတ်မင်းကြီးကိုသာ ကိုးကွယ်နေတာကြောင့် ဘုရင်က သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ သတ်မရတဲ့ အဆုံးမှာတော့ မီးမလောင်နိုင်တဲ့ အစွမ်းရှိတဲ့ ဘုရင့်နှမ ဟိုလီက ရဲ့ ပေါင်ပေါ်ထိုင်ခိုင်းပြီး မီးရှို့သတ်ဖို့ ကြံပါတယ်။ ဟိုလီက ဟာ သူတယောက်တည်း ဆိုရင်သာ သူ့ကို မီးမလောင်နိုင်တာပါ။ မင်းသား ပရာလဒ်ဟာ မေတ္တာပို့ တရားစာတွေ ရွတ်ဖတ်နေတာကြောင့် အသက်မသေပေမယ့် သူ့ကို ချုပ်နှောင်ထားတဲ့ ဘုရင့်နှမ ဟိုလီက ကတော့ မီးလောင်သေဆုံး သွားပါသတဲ့။ ဒါကို အခြေပြုပြီး “ဟိုလီက” မိစ္ဆာကို မီးရှို့သတ်ခြင်းဆိုတဲ့ သဘောနဲ့ ဟိုလီပွဲတော်ရယ်လို့ ဖြစ်လာတာလို့ ဆိုကြပါတယ်။

ဟိုလီပွဲတော်ရဲ့ ပထမနေ့ ညနေခင်း မီးပုံပွဲလို့ အလွယ်တကူခေါ်ကြတဲ့ မီးရှို့ပွဲအတွက် သတ်မှတ်ထားတဲ့ နေရာမှာ သစ်ခြောက်၊ ၀ါးခြောက်၊ နောက်ချေးခြောက်တွေကို ဟိုလီပွဲတော်နေ့ မတိုင်ခင်ကတည်းက လာစုထားကြရပါတယ်။ အရပ်ဒေသအလိုက် မီးရှို့ပွဲတွေက ကွဲပြားပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ဟိုလီက ရဲ့ ရုပ်ပုံတူတွေကို မီးပုံထဲထည့်ကြသလို၊ ဂူဂျရတ်နဲ့ သြရိသ ပြည်နယ်ဘက်မှာတော့ ကောက်ရိတ်သိမ်းချိန်မှာ မီးနတ်ဘုရားကို ပူဇော်တဲ့အနေနဲ့ ကောက်ရိုး၊ ကောက်သစ် သီးနှံတချို့ကို ထည့်သွင်းလေ့ရှိပါတယ်။

ညနေစောင်းမှာတော့ သစ်ခြောက်၊ ၀ါးခြောက်ပုံ ပတ်လည်မှာ ၀န်းရံ၊ တရားဓမ္မတွေ ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး မီးရှို့ရင်း “ဟိုလီဟဲ ဟိုလီဟဲ” လို့ အော်ကြပါတယ်။ လောင်စာကုန်လို့ မီးငြိမ်းသွားရင်တော့ မီးကြွင်းစလေးတွေကို အိမ်ပြန် သယ်သွားကြလေ့ရှိပါတယ်။ ဒီလိုယူသွားတာဟာ ကိုယ့်အိမ်မှာ၊ ကိုယ့်ကိုယ်ပေါ်မှာ အဆိုးအညံ့တွေ ကင်းစင်ပြီး သန့်ရှင်း စင်ကြယ်သွားတယ်၊ ရောဂါဘယ ကင်းဝေးတယ်လို့ ယူဆကြပါတယ်။

တချို့ အရပ်တွေမှာ ဟိုလီပွဲတော်နေ့ မတိုင်ခင် အိမ်ကို သန့်ရှင်းရေးလုပ်တာ၊ ပစ္စည်းဟောင်းတွေ စွန့်ပစ်တာတွေလည်း လုပ်လေ့လုပ်ထ ရှိပါတယ်။

ဆေးရောင်စုံတွေ ပက်ဖျန်းကြတဲ့ နေ့ရဲ့ အကြောင်းရင်းကတော့ ဟိန္ဒူနတ်ဘုရား ခရစ်ရှနားနဲ့ ဆက်နွှယ်ပါတယ်။ ခရစ်ရှနား နတ်ဘုရားဟာ သူ့ရဲ့အသားအရေနဲ့ ချစ်သူ ရဒ္ဒါရဲ့ ဖြူဝင်းလှပတဲ့ အသားအရေ ကွာခြားတာနဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲမိကြောင်း မိခင်ဖြစ်တဲ့သူကို ပြောတဲ့အခါ သူ့မိခင်က ရဒ္ဒါရဲ့မျက်နှာကို ဆေးရောင်တွေနဲ့ သုတ်ခြယ်ဖို့ စိတ်ကူးရပြီး နွေဦးရာသီ တရက်မှာ သူ့စိတ်ကူးကို ပျော်ပွဲရွှင်ပွဲတွေနဲ့ အကောင်အထည်ဖော်ရာကနေ ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစည်းခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆေးရောင်စုံနဲ့ ဟိုလီပွဲ ဖြစ်လာရတယ်လို့ ဆိုကြပါတယ်။

ဟိုလီပွဲတော် ဖြစ်လာရတဲ့ ဒဏ္ဍာရီတွေ၊ ရာဇ၀င်တွေ အများကြီး ရှိနေပေမယ့် တူညီတဲ့အချက်ကတော့ မကောင်းမှုပျောက်၊ ကောင်းမှုရောက်အောင် ကုသိုလ်လုပ်ကြတာ ဖြစ်သလို၊ ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်း၊ ချစ်ခြင်း၊ စည်းလုံးခြင်းလို့ အဓိပ္ပာယ်ရတဲ့ ဆေးရောင်စုံတွေနဲ့ ပျော်ပျော်ပါးပါးပက်ဖျန်းပြီး ရင်းနှီးချစ်ခင်မှု တည်ဆောက်ကြတဲ့ ရိုးရာဓလေ့ တခုပါပဲ။

အ၀ါရောင်ဟာ ပျော်ရွှင်ခြင်း၊ အပြာရောင်က ငြိမ်းချမ်းခြင်း၊ ချစ်ခြင်းအတွက် ပန်းရောင်၊ လှပခြင်းအတွက် လိမ္မော်ရောင် စသဖြင့် အရောင်တိုင်းမှာ အဓိပ္ပာယ်ကိုယ်စီ ရှိနေကြပေမယ့် ဘယ်အရောင်ကိုမဆို ယူလာတဲ့သူ၊ အရောင်တွေနဲ့ ပေကျံနေတဲ့ သူတွေအားလုံးဟာ ပျော်ရွှင်ငြိမ်းအေးခြင်းတွေ သယ်ဆောင်လာတဲ့ သူလို့ အိန္ဒိယသားတွေက မှတ်ယူ ကြပါတယ်။

“ဘာအရောင်ဖြစ်ဖြစ် အရောင်တိုင်းက ပျော်ရွှင်ခြင်းပဲ။ ခင်ဗျားမှာ အရောင်တခုခု ရှိနေရင် ခင်ဗျားမျက်နှာမှာ အရောင်တွေ ပေနေပြီဆိုရင် ခင်ဗျားဟာ ပျော်ရွှင်အေးချမ်းခြင်းကို ရမယ်” လို့ ဒေလီမြို့ခံ တဦးက ပြောပြပါတယ်။

အညစ်အကြေးဟောင်းတွေ ဆေးကြောပစ်တဲ့ မြန်မာနိုင်ငံက နှစ်သစ်ကူး သင်္ကြန်ပွဲနဲ့ အလားသဏ္ဍာန်တူပေမယ့် အိန္ဒိယမှာကတော့ မဏ္ဍပ်တွေနဲ့ ရေပက်တာ၊ ရေပက်ခံထွက်တာမျိုးတွေ မရှိပါဘူး။ ကာလကတ္တားနဲ့ မွန်ဘိုင်းလို မြို့တွေမှာတော့ နိုင်ငံခြားသား ဧည့်သည်တွေအတွက် ဆင်တွေစီးပြီး ဆေးရောင်စုံပက်ဖြန်းဖို့ စီစဉ်ပေးတဲ့ အထူးပွဲတော် နေရာတွေ ရှိပါတယ်။

ဟိုလီပွဲတော်ကာလ ရက်သတ္တပတ်ဟာ ကျောင်းစာမေးပွဲတွေ ပြီးတဲ့အချိန်ဖြစ်တာမို့ ကျောင်းနောက်ဆုံးနေ့မှာ ဆေးရောင်စုံမှုန့်တွေ ယူလာပြီး သူငယ်ချင်းအချင်းချင်း သုတ်လိမ်းကြတာ၊ ရုံးဆင်းချိန် လုပ်ဖော်ကိုင်ဖက် အချင်းချင်း သုတ်လိမ်းကြတာ၊ မိဘ ဆွေမျိုး သူငယ်ချင်းတွေ အိမ်ကိုသွားပြီး ရောင်စုံရေနဲ့ ပက်ကြ၊ ဆေးမှုန့်တွေ သုတ်လိမ်း ကြတာမျိုးလည်း ရှိပါတယ်။

ဆေးရောင်စုံပက်ဖျန်းဖို့ သဘာဝ သစ်ပင်၊ ပန်းပင်တွေရဲ့ အရောင်တွေနဲ့ ရိုးရာမပျက် စီမံသူတွေ ရှိသလို တားမြစ် ထားတဲ့ကြားက တိုးပွားလာတဲ့ လူဦးရေနဲ့ စီးပွားရေး အခွင့်အလမ်း တွေအရ ဓာတုပစ္စည်း ဆေးရောင်တွေကို ရောင်းချသူ၊ အသုံးပြုသူ တွေကြောင့် အရေပြား ယောင်ယမ်းတာ၊ ယားနာဖြစ်တာ၊ ရင်ကြပ်ရောဂါ ခံစားရတာ၊ မျက်စိတွေ ယောင်ယမ်း ကုန်တာမျိုး ဖြစ်ကြတဲ့အပြင် အရောင်တွေထဲမှာ လင်းလက်စေတဲ့ ဖန်စတွေ ထည့်တာကြောင့် အသားပေါ်မှာ ထိတာ ရှတာတွေကလည်း တပုံတပင် တွေ့ရပါတယ်။

ဆေးရောင်စုံတွေနဲ့ ပါးတွေ၊ နဖူးတွေကိုသုတ်လိုက်၊ ပျော်ရွှင်စရာ ဟိုလီနေ့ပါလို့ နှုတ်ဆက်လိုက်၊ ဗုံတွေတီးပြီး သီချင်းတွေဆိုလိုက်၊ ကလိုက်နဲ့ ပျော်ရွှင်နေသူတွေ ရှိသလို မူးယစ်သောက်စားပြီး ရမ်းကားတဲ့ လူငယ်တွေကြောင့် ရန်ပွဲတွေဖြစ်၊ လူသေမှု၊ လူသတ်မှု၊ ယာဉ်တိုက်မှုတွေဖြစ်ပြီး အပျော်တွေ ပျက်သွားရတဲ့ အဖြစ်တွေ၊ လူအုပ်ကြီး ပြိုကျလို့ လူပိပြီး သေတဲ့၊ ဒဏ်ရာရတဲ့ အဖြစ်တွေကလည်း ဒုနဲ့ဒေးပါ။

ပွဲတော်ကို အခြေပြုပြီး ကျင်လည်ကျက်စားကြတဲ့ ဒုစရိုက်သမားတွေလည်း ရှိတာကြောင့် အမျိုးသမီးငယ်တွေဟာ ပွဲတော်ကျင်းပတဲ့ ဘုရားကျောင်းလို နေရာတွေ၊ လူစည်ကားရာ နေရာတွေကို မိဘ မောင်ဖားတွေ မပါဘဲ မသွားဝံ့ ကြပါဘူး။

“အဘတို့ ငယ်ငယ်ကတော့ ဒီလို ရမ်းကားတာတွေ နည်းတယ်။ ဟိုး အရင်ကဆို ရေနဲ့ ပက်တာ မဟုတ်ဘူး။ ဆေးရောင်မှုန့်တွေနဲ့ပဲ သုတ်လိမ်းကြတာ။ အခုလိုလည်း ရမ်းကားပြီး မတရား လိုက်သုတ်တာ မဟုတ်ဘူး။ ညင်သာ ယဉ်ကျေးကြတယ်” လို့ အိန္ဒိယ တိုင်းသား အဘိုးအိုက ကျမ နဖူးကို ဆေးအစိမ်းနဲ့ အသာတို့ရင်း ပြောပြပါတယ်။

ရေပုံးတွေ၊ ရေဘောလုံးတွေနဲ့ တိုက်မြင့်တွေပေါ်ကနေ တဗွမ်းဗွမ်း လောင်းချနေတဲ့ ကလေးတွေကိုလည်း မော့ကြည့်ရင်း “ရေနဲ့ မပက်ရဘူးနော်၊ ရောင်စုံမှုန့်နဲ့ပဲ ပက်ရမယ်” လို့ ပြောနေရင်းက အဘရဲ့ ကိုယ်ပေါ်ကိုလည်း အစိမ်းရောင် အရည်တွေ စိုရွှဲသွားပါတော့တယ်။

ပွဲတော်ရဲ့ သဘောအရ ကျား၊ မ မရွေး အပြန်အလှန်၊ အပြိုင်အဆိုင် ဆေးရောင်စုံတွေကို မျက်နှာတွေမှာ မူရင်းရုပ် ပျောက်သွားတဲ့အထိ သုတ်လိမ်းရင်းက အမျိုးသမီးတွေရဲ့ ကာယိနြေ္ဒပျက်အောင် ထိပါး ပြုမူခံရတာတွေ၊ ဆေးရောင်တွေ လိုက်သုတ်သလိုနဲ့ အမျိုးသမီးတွေကို ဆွဲခေါ်သွားရာက အဓမ္မပြုကျင့်တာတွေ ရှိနေတာကြောင့် ပျော်ရွှင်စရာ ဟိုလီ၊ လုံခြုံအေးချမ်းတဲ့ ဟိုလီဖြစ်ဖို့ တာဝန်ကျ လုံခြုံရေးရဲတွေကတော့ ဆေးရောင်စုံနဲ့ ပျော်နေသူတွေကြားမှာ ၀တ်စုံပြည့်နဲ့ တာဝန် ထမ်းဆောင်နေကြရ ပါတယ်။

နယူးဒေလီမြို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဟိုလီပွဲတော် ကာလအတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်လို့ အရေးယူ လိုက်ရတဲ့သူ ၈ ထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် မိဘတွေအိမ်မှာ လုပ်မယ့် ဟိုလီပွဲတော်သွား ဇနီးမောင်နှံ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရမှု ရှိသလို၊ အရက်မူးနေတဲ့ လုံခြုံရေးအစောင့်ရဲ့ ရိုက်နှက်မှုကြောင့် ကားမောင်းသူ တယောက် သေဆုံးသွားခဲ့ရတဲ့ အမှုလည်း ရှိပါတယ်။

ဒေလီအလယ်ပိုင်း ရန်းဂျိဒ်နာဂါး အရပ်မှာလည်း လူငယ်ချင်း အရက်မူးပြီး စကားများကြတာကြောင့် ဓားထိုးမှုဖြစ်ပြီး ၁၈ နှစ်အရွယ် လူငယ်တဦး သေဆုံးခဲ့ ပြန်ပါတယ်။ သူငယ်ချင်းတွေနဲ့ ရေကူးရင်း ရေနစ် သေဆုံးရသူ ရှိသလို၊ ဟိုလီ ပွဲတော်လုပ်နေတဲ့ မတ်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီကနေ ၆ နာရီအတွင်း မှာပဲ နယူးဒေလီမှာ လူပေါင်း ၁၁ ယောက် အသက်သေဆုံးခဲ့ပြီး အမျိုးသမီးတွေကို စော်ကားတယ်လို့ တိုင်ကြားတာတွေလည်း ရှိနေတယ်လို့ ဒေလီရဲတပ်ဖွဲ့က ဆိုပါတယ်။

“တခါကတော့ ရောင်စုံမှုန့်တွေမှာ ဖန်မှုန့်တွေပါလို့ မျက်နှာပွန်းပြီး ယောင်နေတာ တော်တော်နဲ့ မပျောက်ဘူး။ ရမ်းကား တာတွေ ရှိလို့ ဟိုလီနေ့ဆိုရင် ဘယ်ကိုမှ မသွားဘူးလို့ ဆုံးဖြတ်ပေမယ့် တကယ်တမ်းကျရင်တော့ သူငယ်ချင်းတွေနဲ့ တနေရာရာမှာ သွားဆော့ဖြစ် ကြတာပါပဲ” လို့ အန်နာမတ်စီးဆိုတဲ့ ဒေလီမြို့ခံက ပြောပြပါတယ်။

မျက်နှာကို ဆေးရောင်စုံမှုန့်တွေနဲ့ ခပ်ကြမ်းကြမ်းသုတ်ခံရလို့ အသက်ရှု မွန်းကြပ်မတတ် ခံစားရတာ၊ ကြက်ဥနဲ့ ပစ်ပေါက်ခံရတာ၊ ရေချိုးပြီးတာတောင် ဖျက်မရတဲ့ ဆေးရောင်တွေ စွန်းကျန်ခဲ့ပြီး ဆေးရောင် ကျန်တဲ့ နေရာတွေက စပ်ဖျဉ်းဖျဉ်းနဲ့ ပူလောင်နေတာတွေကြောင့် ဟိုလီပွဲတော်ကို ကျမ အနေနဲ့ သိပ်ဘ၀င် မကျမိပေမယ့် ယဉ်ယဉ်ကျေးကျေး ကစားကြမယ်ဆိုရင်တော့ အရောင်စုံတွေနဲ့ စိတ်လှုပ်ရှားစရာ၊ ပျော်စရာကောင်းတဲ့ ရိုးရာ ပွဲတော်တခုလို့ ဆိုရမှာပါ။

ပွဲတော်ရက်မှာ ဈေးအဆောက်အအုံ၊ တိုက်ခန်းတွေရှိရာ လမ်းတွေ တလျှောက်မှာတော့ ရောင်စုံတိမ်တိုက်ကြီး မိုးပေါ်က ကျလာသလို ရောင်စုံမှုန့်တွေနဲ့ အုံ့မှိုင်းနေပြီး လမ်းစင်္ကြန်တလျှောက်မှာလည်း ၀ါ၊ စိမ်း၊ နီ၊ ပြာ ရောင်စုံတွေ ပြန့်ကြဲ၊ လမ်းသွား လမ်းလာတွေလည်း နဂိုအသားအရေကနေ ရောင်စုံအသားအရေတွေ ပြောင်းကုန်ကြတာကြောင့် သူတို့ အိန္ဒိယ တိုင်းသားတွေကတော့ ဟိုလီပွဲတော်ကို ဆေးရောင်စုံတို့ သူပုန်ထတဲ့ပွဲလို့ နာမည် ပေးထားကြပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,30th,2011

( 37 )ထိုင်းတောင်ပိုင်း မိုးများ၍ ရေကြီး၊ မြန်မာများလည်း ဒုက္ခရောက်

( 36 )မှောင်ခို ဈေးကွက် စက်သုံးဆီဈေး မြင့်တက်

( 35 )Myanmar president known for 'total loyalty' to junta

( 34 )စစ်အစိုးရ လေလံကြောင့် စီးပွားရေးလည်ပတ်မှု ကျဆင်း

( 33 )အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်

( 32 )Rescuers fear death toll in Myanmar quake will soar

( 31 )ကြွပ်ကြွပ်အိတ်ကြောင့် ဈေးသည် ထောင်ချခံရ

( 30 )Australian editor denies Burma allegations

( 29 )တာချီလိတ်ငလျင်ကြောင့် ကျပ် သန်း ၃ ထောင်ဖိုး ဆုံးရှုံး

( 28 )Burma strongman back under new title

( 27 )မြောက်ကိုရီးယားလည်း သဝဏ်လွှာပို့ ၊ အနောက်အုပ်စု မပို့သေး

( 26 )World’s poorest countries ‘flat-lining’

( 25 )ဒန်ကလေကို အင်းစိန်ထောင်မှ အာမခံဖြင့် လွှတ်

( 24 )Myanmar army junta makes way for civilian government

( 23 )ရှမ်းပြည်တိုးတက်ရေးပါတီအပေါ် ထိုးစစ်ဆင်မှုရပ်တန့်ရန် (UNFC) မှ ကျေညာချက်ထုတ်ပြန်

( 22 )Ex-Kachin army man eyes USDP

( 21 )စီးပွားရေးပိတ်ဆို့တာ ရဲ့အပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့အမြင်

( 20 )Burma's new government sworn in

( 19 )၅ သိန်းတန် GSM ဖုန်း အလွယ်တကူ ဝယ်ယူနိုင်

( 18 )Myanmar military announces end of junta after over two decades

( 17 )လွိုင်ကော်တွင် မီးလောင်၍ နေအိမ်တလုံးနှင့် ဆိုင်ခန်းများ ပျက်စီးဆုံးရှုံး

( 16 ) Myanmar's junta is 'dissolved' as govt sworn in

( 15 )မြစ်ဆုံစီမံကိန်းအတွက် ဒေသခံကျေးရွာများ ပြောင်းရွှေ့ရမည်

( 14 )Major Companies Linked to Rights Abuses in Burma

( 13 )ငွေတောင်းပြီး နှိပ်စက်သူ စစ်သားနှစ်ဦး အသတ်ခံရ

( 12 )India provides $1 mn to quake-hit Myanmar

( 11 )ငလျင်ဒုက္ခသည်များအတွက် အာဏာပိုင်များမှတဆင့် လှူဒါန်းနေရ

( 10 )Dunkley gets bail, tells of shock

( 9 )မွန်ပြည်သစ်ပါတီက အစိုးရသစ်နှင့် သီးခြား ဆွေးနွေးရန်မရှိ

( 8 )တပ်မတော် သိက္ခာပြန်ဆည်ဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောဆို

( 7 )Burma regime set to transfer power

( 6 )ငလျင်သတင်းယူသူတွေ ကန့်သတ်ခံရ

( 5 )Australian editor granted bail in Burma

( 4 )ဒေါက်တာတူးဂျာ ကြံ့ဖွံ့ပါတီဝင်ဖို့ လျှောက်

( 3 )Praise for Burma's Quake Response

( 2 )စစ်မှန်တဲ့ ပြောင်းလဲမှု မရှိဘဲ အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းမည်မဟုတ်

( 1 )Swiss government to look into FIFA’s Burma spendings

Tuesday, March 29, 2011

စစ်ဖြစ်မည်ကို ကချင်လူငယ်များ မလိုလား

KNG

ကချင်ပြည်နယ် အတွင်း စစ်ဖြစ်လာမည်ကို မလိုလားကြောင်း ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ (AKSYU) က ပြောဆိုလိုက်သည်။ AKSYU ၏ နှစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် ညီလာခံမှ ထုတ်ပြန် ကြေငြာချက်တွင် ယင်းအချက်ကို အဓိက ဖေါ်ပြထားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ စစ်အစိုးရ ခေတ်အဆက်ဆက်က တိုင်းရင်းသားပြဿနာနဲ့ ပတ်သက်လို့ရှိရင် နိုင်ငံရေးအရ ငြိမ်းငြိမ်းချမ်းချမ်း လက်ခံဖြေရှင်းတဲ့ဟာကို မလုပ်ပဲနဲ့ အမြဲတမ်း၊ စစ်ရေးအရ ဖြေရှင်းတာပဲ လုပ်တယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် တိုင်းရင်းသား ဒေသတွေမှာ စစ်ပြေးဒုက္ခသည်တွေဖြစ်ရတယ်။ မိသားစု တကွဲတပြားဖြစ်ရတယ်၊ ညီအကို မောင်နှမ တကွဲတပြားဖြစ်ရတယ်၊ ဒီဟာ နှစ်ပေါင်း ၆၀ အဲ့လို ဖြစ်လာတယ်၊ အဲ့ဒါကြောင့် ကျတော်တို့က စစ်ရေးအရဖြေရှင်းတာကို ကန့်ကွက်ချင်တာပါ။” ဟု ကချင်ကျောင်းသားများ သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ လီယိုနာဒ်မှ ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြန်မာ ဗဟိုအစိုးရကြား ၁၉၆၁ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ စစ်ပွဲများ ဖြစ်ပွားခဲ့ရာ ကချင်တိုင်းရင်းသား များအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့် အိမ်နီးချင်း နိုင်ငံများနှင့် ထိစပ်နေသော နယ်စပ် ဒေသတစ်လျှောက် စစ်ပြေးဒုက္ခသည်များ အဖြစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

၁၉၉၄ ခုနှစ်တွင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သော်လည်း ယခင်နှစ် စက်တင်ဘာလဆန်းတွင် ကေအိုင်အိုမှ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းခြင်း မရှိသဖြင့် စစ်အစိုးရမှ သောင်းကျန်သူပုန် အဖြစ် ပြန်လည် ခေါ်ဆို သတ်မှတ်ခဲ့သည်။

လတ်တလော လပိုင်းများအတွင်း ကချင်ဒေသများတွင် စစ်အစိုးရနှင့် ကေအိုင်အို တပ်ဖွဲ့များအကြား စစ်ရေးအင်အား တိုးချဲ့မှု၊ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိမ်းသိမ်းမှုများ ရှိခဲ့သဖြင့် စစ်ပြန်ဖြစ်ရန် နီးစပ်နေသည်ဟု စိုးရိမ်မှုများ ထွက်ပေါ်နေသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ မှမူ “ကေအိုင်အိုရဲ့ တာဝန်က တို့နယ်ပယ်၊ တို့ရဲ့နေရာကို စောင့်ရှောက်ဖို့၊ အဲဒီတော့ကာ သူတို့သာ မတိုက်လာရင် ကေအိုင်အိုအနေနဲ့ ၀င်တိုက်ဖို့ ပေါ်လစီမရှိဘူး။ သူတို့ တိုက်လာမှသာ ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ ပြန်တိုက်ဖို့ရှိတယ်။”ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဂျိမ်းလွမ်းဒေါင်မှ ပြောသည်။

ကချင် တမျိုးသားလုံး ဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ (AKSYU) အဖွဲ့သည် ပြည်တွင်းပြည်ပ ကချင်လူငယ် အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး လုပ်ရှားနေသည့် အဖွဲ့အစည်း ဖြစ်သည်။

၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ မတိုင်မီကတည်းကပင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်သည့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ကချင်လူထုအား ပညာပေးဟောပြောခြင်း၊ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဂီတသီချင်းများ ဖြန့်ဝေခြင်းများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါသည်။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်

ခင်ဦးသာ Tuesday, 29 March 2011

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌ တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“မနက်ဖြန် ၁၀ နာရီအရောက်လို့ ဖိတ်စာပေးထားပါတယ်၊ ဒါပေမယ့် ကျမ်းကျိန်ပွဲ လုပ်မယ်ဆိုတာက လွဲပြီး ဘယ်အချိန်၊ ဘယ်လို ဆိုတာကို ဘာမှသေချာ မသိရသေးပါဘူး”ဟု ချင်းအမျိုးသား ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောသည်။

ပြည်နယ် ကိုယ်စားလှယ်များအား ဖိတ်ကြားစာ၌ မည်သည့် အကြောင်းအရာမှ ရေးမထားဘဲ နံနက် ၁၀ နာရီ အရောက် အစည်းအဝေး တက်ရောက်ရန်ဟုသာ ရေးသားထားကြောင်း သိရသည်။

“ကျမ်းကျိန်မယ်ဆိုတာ သေချာပြောတာမဟုတ်ပေမယ့် နောက်နေ့ အစည်းအဝေးလုပ်မယ်ဆိုရင် ကြိုပြောတယ်၊ ကြံ့ခိုင်ရေး အမတ်တွေ အပြောအရ ကျမ်းကျိန် မယ်ဆိုတာ သိရတာပါ”ဟု နေပြည်တော်ရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး က ဧရာဝတီ ကိုပြောသည်။

မနက်ဖြန်ပြုလုပ်မည့် ကျမ်းကျိန်ပွဲ၌ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးဌာနနှင့်ဝန်ကြီးများ၏ အမည်စာရင်း ကိုပါ ပူးတွဲ ကြေညာသွားမည်ဟု သိရကြောင်း ကိုယ်စားလှယ်များက ပြောသည်။

ဝန်ကြီးအမည်နှင့်ဌာနကို တွဲဖက်မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်ရှိဝန်ကြီး ဦးကျော်ဆန်း၊ ကျန်းမာ ရေး ၀န်ကြီးဌာနကို ဒေါက်တာ ဖေသက်ခင်၊ ဌာနအသစ်ဖြစ်သော စက်မှုနှင့်ဖွံ့ဖြိုးရေးဌာနကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က တာဝန်ယူမည်ဟု သတင်းများထွက်နေကြောင်း နေပြည်တော်ရှိ ကိုယ်စားလှယ်များက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနကို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် က တာဝန်ယူမည်ဟု သိရပြီင်္း လက်ရှိ တာဝန်ယူထားသော ၀န်ကြီးအများစု က ၎င်းတို့၏ လက်ရှိဝန်ကြီး ဌာန၌ပင် ဆက်လက်တာဝန်ယူသွားကြမည်ဟု သိရသည်။

“လုပ်လက်စတွေ ဖြစ်နေတာရယ်၊ အတွေ့အကြုံရှိတာတွေကြောင့် သူ့တို့နေရာ သူတို့ပဲ ပြန်ခန့်ထားမယ်လို့ သိရတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ကိုယ်စားလှယ်တဦးက ပြောသည်။

အစိုးရသစ်သည် ဧပြီ လဆန်း ၁ ရက်မှ စတင်၍ တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အစိုးရသစ် ကျမ်းကျိန်မည့် အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအား အသိမပေးခြင်းနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)၏ ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“အခုကာလက တပ်မတော်ကနေ သမ္မတ စနစ်ကို
ပြောင်းတဲ့ကာလဆိုတော့ ဝေဖန်လို့ မရသေးဘူးပေါ့၊ နောင်လာမည့် အစည်းအဝေးတွေမှာတော့ ဒီလိုကိစ္စမျိုးကို ပွင့်ပွင့် လင်းလင်းထောက်ပြလို့ ရမှာပါ”ဟု ဆိုသည်။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုမည့်အကြောင်းအား ကိုယ်စားလှယ်များကို အသိမပေးခြင်းပေါ် နားမလည်နိုင်ဟု ကိုယ်စားလှယ်များက ဆိုသည်။

“ဒု ၀န်ကြီးခန့်ထားမယ့် အငြိမ်းစား ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေလည်း လွှတ်တော်ထဲမှာ ဧည့်သည်အဖြစ် တက်ရောက် လာနေကြတာ တွေ့ရတယ်၊ မနက်ဖြန် အသေးစိတ် ကြေညာသွားမယ် ထင်တယ်”ဟု RNDP ကိုယ်စားလှယ်က ပြောသည်။

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အား ခမ်းနားစွာ မကျင်းပခြင်းကို ငွေကုန်ကျမှု သက်သာ သည်ဟု သာ လွှတ်တော်ကိုယ်စားလှယ်များက ယူဆပြီး စိတ်ဝင်စားမှု မရှိကြကြောင်း၊ စစ်တပ်ကို ခမ်းနားစွာ ထုတ်မသုံးသော်လည်း စစ်တပ်ကသာ ဆက်လက် အုပ်ချုပ်နေသည့် သဘောကို လွှတ်တော် အစည်းအဝေးများက သက်သေပြသွားကြောင်း ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးသစ်၏ ကျမ်းကျိန်ပြီးသည်နှင့်မိမိတို့ အိမ်ကိုပြန်ရန် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။ ၎င်းတို့၏ အပြန်ခရီးစရိတ်နှင့် ခရီးစဉ်အတွက် အဆင်သင့် စီစဉ်ထားပြီး ဖြစ်သည် ဟုလည်း ပြောဆိုကြသည်။

အစိုးသစ်တာဝန်ယူတော့မည်ဖြစ်၍ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန် နှင့် တခြားသော ဒေသများ၌ ယနေ့တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟု ဆိုင်းဘုတ်သစ်များကို ပြောင်းလဲ တပ်ဆင် လိုက် ကြောင်း သိရသည်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံတကာ၌ ခမ်းနားစွာကျင်းပပြီး ပြည်တွင်းပြည်ပ မီဒီယာများ၊ ရုပ်သံများကို ဖိတ်ကြား၍ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း စစ်တပ်မှ သမ္မတ စနစ်သို့ကူးပြောင်း၍ ဒီမိုကရေစီ လမ်းကြောင်းကို သွားမည်ဟု ကြွေးကြော်နေသော မြန်မာစစ်အစိုးသည် သတင်းမီဒီယာကို အမှောင်ချထားဦးမည်ဟု ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက် တဦးက ဆိုသည်။

မီဒီယာကို ထိန်းချုပ်ထားသော စစ်အစိုးရ၏ စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဖြစ်ခဲ့သူ ဦးတင့်ဆွေကမူ အနုပညာ ရသ သုတ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ စသည့် အမျိုးအစားများကို စာပေစိစစ်ရေးသို့ တင်ပြစရာ မလို တော့ ဘဲ ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သတင်းစာ၏ လွတ်လပ်ခွင့်သည် အစိုးရသစ် အပေါ်မူတည်ကြောင်း ပြည်တွင်း မီဒီယာများကို ပြောဆိုထားသည်။

“တင်ပြစရာ မလိုတော့ဘူး ဆိုတဲ့စာတွေက ကလေးစာပေတွေ၊ နိုင်ငံရေး မဟုတ်တဲ့ စာပေတွေပါ၊ ဒါကို စိစစ်ရေး မတင်ရတာ သတင်းစာ လွတ်လပ်ခွင့်ပေးတာမှ မဟုတ်ဘဲ”ဟု အထက်ပါ သတင်းထောက်က ပြောသည်။

ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်

ဧရာဝတီ Tuesday, 29 March 2011

ကရင်ပြည်နယ် ကော့ကရိတ်မြို့အ၀င် စစ်ဆေးရေးဂိတ်ကို ယနေ့မွန်းလွဲပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ က လက်နက်ကြီးများဖြင့် တိုက်ခိုက်သောကြောင့် ခရီးသွား ယာဉ်တန်း ရပ်ဆိုင်း မှုဖြစ်ပွားခဲ့သည်ဟု ကုန်သည်များက ပြောသည်။

မြ၀တီမြို့ခံကုန်သည်တဦးက“ဒီနေ့က ကားတန်း အဆင်းရက်၊ ဖြစ်တာက ကော့ကရိတ်အ၀င် အဖွဲ့စုံစစ်ဆေးရေး ဂိတ်မှာဖြစ်တာ DKBA အဖွဲ့က အဲဒီဂိတ်ကိုလက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားသမားနဲ့ ခရီးသည်တွေလည်း ကားရပ်ပြီး အားလုံး ဆင်းပြေးကြရတယ်၊ မွန်းလွဲ ၁၂ နာရီကျော်မှာဖြစ်တာ၊ သေနတ်သံကတော့ အကြီးအသေး အတိုင်းသားကြားနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပစ်ခတ်မှုကြောင့်ခရီးသည်များ ထိခိုက်မှုမရှိသော်လည်း စစ်ဆေးရေးဂိတ်အတွင်းရှိ ၀န်ထမ်းတချို့ဒဏ်ရာရရှိကြောင်း၊ ယာဉ်တန်းထဲမှကားတချို့ ဒေါနတောင်တန်းပေါ်တွင် နာရီအတော်ကြာ ပိတ်မိနေကြောင်းလည်း ၎င်းက ဆိုသည်။

ယနေ့ပစ်ခတ်မှုကို ကော့ကရိတ်ခရိုင် အာဏာပိုင်များက တောတွင်း ကရင်သူပုန်များက ရပ်ရွာတည်ငြိမ်မှုကိုမလိုလား၍ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ကလိုက်လံတိုက်ခိုက်၍ သူပုန်များထွက်ပြေးသွားကြကြောင်း သတင်းဖြန့်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီ-ကော့ကရိတ်-ဘားအံ လမ်းကြောတွင် တည်ရှိသော နအဖ ၏ စီးပွားရေးလမ်းကြောင်းကို ပိတ်ဆို့မှုပြုလုပ်နိုင်ရန်အတွက် ယင်းလမ်းကြောင်းပေါ်တွင် ယခု နှစ်ဆန်းမှစတင်ကာ အကြိမ် ၃၀ ခန့် တိုက်ခိုက်မှုများပြူလုပ်ခဲ့သည်ဟု DKBA တပ်မဟာ ၅ က ပြောဆိုသည်။

ယနေ့တိုက်ခိုက်မှုကို DKBA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၆ မှ ပူးတွဲတပ်ဖွဲ့များဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည် KNLA တပ်မှူးတဦးက ပြောသည်။

KNLA တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က“ဒီနေ့မွန်းလွဲပိုင်းက ကော့ကရိတ်အ၀င်မှာဖြစ်တဲ့ စစ်ဆင် ရေးကို ပူးတွဲစစ်ဆင်ရေးအဖွဲ့က ပြုလုပ်တာဖြစ်တယ်၊ အဲဒီနယ်မှာက KNLA တပ်မဟာ ၆ က တပ်မဟာ လုံခြုံရေးတပ်နဲ့ DKBA တပ်မဟာ ၅ က ဗိုလ် ကျော်သက်တို့ လှုပ်ရှားတဲ့ စစ်ဆင်ရေး နယ်မြေဖြစ်တယ်”ဟု ပြောပြသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် မြ၀တီခရိုင်နှင့် ကော့ကရိတ်ခရိုင် အတွင်းရှိ နအဖ တပ်စခန်းများကို ပြောက်ကျားစနစ်အသုံးပြုကာ တိုက်ခိုက်ကြ ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက် တလုံး စခန်းကို DKBA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် မြ၀တီမှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့် မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။