Wednesday, March 31, 2010

မိုင်းလားတပ်ဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ပဉ္စမအကြိမ် နောက်ဆုံးဒက်လိုင်းရာဇသံထပ်ပေး

သျှမ်းသံတော်ဆင့်


နယ်ခြားစောင့် တပ် အသွင်ပြောင်းရေး အတွက် မိုင်းလား တပ်ဖွဲ့အား နအဖ၏ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ခေါ်ယူ တွေ့ဆုံ၍ ဧပြီလ နောက်ဆုံးပတ် သတ်မှတ်ရက် အဖြေပေးရန်၊ သို့မဟုတ်လျှင် မတရား အသင်းဖြစ် မည်ဟု ဖိအားပေး ခဲ့ကြောင်း ကျိုင်းတုံ - ပန်ဆန်း သတင်း ရပ်ကွက်ကဆိုသည်။

ဗိုလ်ရဲမြင့်က မိုင်းလားခေါင်းဆောင်တွေကိုပြီးခဲ့တဲ့ ၂၈ ရက်က တွေ့ဖို့လှမ်းခေါ်တယ်။ လာမယ့် ဧပြီလ ၂၈ တကယ့် နောက်ဆုံး အချိန်ထပ်ပေးမယ်၊ အသွင်ပြောင်းရင်ပြောင်း မပြောင်းရင် ဘာညာပေါ့၊ မိုင်းလားကိုယ်စား လှယ် အဖွဲ့ကတော့ ဘာဆိုဘာမှ ပြန်မပြောရဘူး”- ဟုအမည်မဖေါ်လိုသည့် ကျိုင်းတုံစစ်တိုင်းရုံးအသိုင်းအ၀ိုင်း နှင့်ဝင်ဆန့်သူတဦးက ပြောပါသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့် ဖိတ်ခေါ်ချက်အရ ဒုဥက္ကဌ (၂) စ၀်ဆန်လူ၊ ဒုစစ်ဦးစီးချုပ် စ၀်ခမ်းမောင်၊ ကျိုင်းတုံရှိ မိုင်းလား အဖွဲ့ရုံးတာဝန်ခံ စိုင်းစိုးဝင်း အပါအ၀င် မိုင်းလား ကိုယ်စားလှယ် ၈ ဦး မတ်ခ်ျ ၂၉ ရက် မနက်ပိုင်းက တြိဂံစစ် တိုင်းရုံးသို့ ရောက်ရှိပြီး စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုးတို့အား သွားရောက် တွေ့ဆုံခဲ့သည် ဟုဆို၏။ ထို့အတူ UWSA ပန်ဆန်းဌာနချုပ်အားလည်း ဧပြီ ၁ ရက် တန်ယန်းသို့ သွားတွေ့ရန် မှာကြားခဲ့သည်ဟု ဆိုသည်။

ရောက်ရောက်ချင်း စရဖ အရာရှိချုပ် က လာမည့် ဧပြီ ၂၈ ရက် တနှစ်ပြည့် နောက်ဆုံးသတ်မှတ်ရက် ယတိပြတ် ကန့်သတ်ပေးကြောင်း၊ တစုံတရာအကြောင်းမပြန်လျှင် ၁၉၈၉ မတိုင်မီ နှစ်များကဲ့သို့ သတ်မှတ်ယူရမည်ဖြစ်ကြောင်း ပြောရာ မိုင်းလားတပ်ဖွဲ့မှ တစုံတရာတုန့်ပြန်ဆွေးနွေးခွင့်မပေးဘဲ ထိုင်နားထောင်ရုံ သက်သက်သာ ဖြစ်သည်ဟုဆိုပါ သည်။

“ဧပြီ ၂၈ ရက်က တကယ့်နောက်ဆုံး သတ်မှတ်ရက်တဲ့၊ မပြောင်းလို့ အဲဒီ့ဒက်လိုင်းကုန်သွားရင်တော့ ၁၉၈၉ မတိုင်ခင် အနေအထားအတိုင်း ပြန်ဖြစ်သွားမယ်ဆိုဘဲ။ ဆိုလိုတာက မတရားအသင်းဖြစ်သွားမယ်ပေါ့။ ဗိုလ်ရဲမြင့်က တိုတို တုတ်တုတ် ပြောပြီးခြိမ်းခြောက်တယ်” - ဟု ထိုင်းနယ်စပ်ရောက် ပန်ဆန်းကုန်သည်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

အသွင်ပြောင်းရေးအတွက် မူအားဖြင့် လက်ခံထားသည့် မိုင်းလားတပ်ဖွဲ့၏ တောင်းဆိုချက် ၆ ချက်ကိုလည်း ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ၂၀၀၈ ဖွဲ့စည်းပုံနှင့် အကြုံးမ၀င်ဟုဆိုကာပါယ်ချခဲ့သည်။

ဖေဖေါ်ဝါရီ ၂၅ ရက်က တြိဂံတိုင်းမှူးဖိတ်ကြားချက်အရ ကျိုင်းတုံတြိဂံစစ်တိုင်းရုံးသို့ မိုင်းလားအဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့တဖွဲ့သွားရောက်သော်လည်း ဥက္ကဌ ဦးစိုင်းလင်း ကိုယ်တိုင်မသွားသဖြင့် တိုင်းမှူးဗိုလ် ချုပ်ကျော်ဖြိုးအပါအ၀င် ကျိုင်းတုံရောက်နေသည့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့က ရာထူးအဆင့်အတန်းခြင်းမတူဟု ဆိုကာ လက်ခံတွေ့ဆုံခြင်းမရှိပေ။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားတပ်ဖွဲ့အား နအဖ မှ ခေါ်ယူတွေ့ဆုံ၍ ယခုအကြိမ် (ဧပြီ ၂၈ ရက် ) နောက်ဆုံး သတ်မှတ်ရက်ပေးခြင်းမှာ ပဉ္စမအကြိမ်မြောက်ဖြစ်၏။ ပထမ အကြိမ်- အောက်တိုဘာ ၂၀၀၉၊ ဒုတိယ အကြိမ် ဒီဇင်ဘာ ၂၀၀၉၊ တတိယအကြိမ် ဖေဖေါ်ဝါရီ ၂၀၁၀၊ စတုတ္ထအကြိမ်က မတ်ခ်ျ ၁၀ ရက်နေ့ ဖြစ်ပြီး ယခု ပဉ္စမအကြိမ် နောက်ဆုံးဒက်လိုင်းမှာမူ တကယ့်ဒက်လိုင်းဖြစ်သည်ဟု ပြော၏။ အပစ်ရပ်များ ယခုအခြေအနေအတိုင်း ဆက်လက် ခေါင်းခါ ငြင်းဆန်သွားလျှင် နောက်နောင်လည်းဒက်လိုင်းအများပြားရှိဦးမည်ဟု သုံးသပ်သူများ လည်းရှိသည်။

မောင်တောမြို့နယ် ကြံ့ဖွံ့ပါတီကို မူဆလင် စီးပွားရေး သမား နှစ်ဦးက ဦးဆောင်မည်

Narinjara News

ကြံ့ဖွံ့ အဖွဲ့ကို နိုင်ငံရေး ပါတီ အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းပြီးနောက် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြံ့ဖွံ့ ပါတီကို မူဆလင် စီးပွားရေး သမားနှစ်ဦးက ဦးဆောင်သွားမည်ဟု သတင်းရရှိသည်။

ဦးဆောင်မည့် စီပွားရေး သမားနှစ်ဦးမှာ ဦးအောင်ဇော်ဝင်းနှင့် ဦးအောင်နိုင်တို့ ဖြစ်ပြီး သူတို့မှာ နအဖ စစ်အစိုးရနှင့် အလွန် နီးစပ်သော အထင်ကရ မူဆလင် စီးပွားရေးသမား နှစ်ဦး ဖြစ်သည်။

အမည်မဖေါ်လိုသူ မောင်တောခရိုင်ရုံးမှ အရာရှိတဦးက သူတို့နှစ်ဦး ကြံ့ဖွံ့ပါတီ အတွက် မောင်တောမြို့နယ်တွင် စည်းရုံးရေးဆင်းနေပုံကို ယခုကဲ့သို့ ပြောသည်။

“မောင်တောမြို့နယ် မြောက်ပိုင်း အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီကို ဦးအောင်ဇော်ဝင်းက ဦးဆောင်မှာ ဖြစ်ပြီးတော့ တောင်ပိုင်း ကြံ့ဖွံ့ကိုတော့ ဦးအောင်နိုင်က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ အခုအခါ သူတို့ နှစ်ဦးအနေနဲ့ မောင်တောမြို့နယ် ကြံ့ဖွံ့ ဗဟို အလုပ်အမူဆောင် ကော်မီတီကို ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။ များမကြာမှီ သူတို့ ဖွဲ့စည်း ကြပါလိမ့်မယ်။”

မောင်တောမြို့နယ် ကြံ့ဖွံ့ ဗဟို အလုပ်အမူဆောင်ကော်မီတီကို တောင်ပိုင်းမှ ၄ ဦးနှင့် မြောက်ပိုင်းမှ ၄ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ပြီး မူဆလင် အမျိုးသားနှင့် အမျိုးသမီး အညီအမျှဖြင့် ဖွဲစည်းမည်ဟု သူက ပြောသည်။

မောင်တောမှ မူဆလင် လူငယ် တဦးကလည်း “ ဦးအောင်ဇော်ဝင်းတို့ ထုတ်ထားတဲ့ စာရွက်တွေကို ပလီ နံရံတွေမှာ လျှောက်ကပ်ထားတာကို တွေ့ရပါတယ်။ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လိုချင်ရင် တပ်မတော် အစိုးရ ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီထဲကို ၀င်ကြဆိုပီးလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ မူလင်တွေက အများစုက သူတို့ ဦးဆောင်တဲ့ ပါတီကိုထောက်ခံကြဖို့များပါတယ်။” ဟု ပြောသည်။

ယခုအခါ အသင်းဝင် လျှောက်လွှာဖေါင်များကိုလည်း တအိမ်တက်ဆင်း လိုက်လံ ဖြန့်ဝေနေသည်ဟု ဒေသအတွင်းက လာသော သတင်းများအရ သိရသည်။

ယခင်က မောင်တောမြို့နယ်တွင် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော ကြံ့ဖွံ့ အသင်းရှိသော်လည်း ယခု အသစ်ဖွဲ့စည့်မည့် နိုင်ငံရေး ပါတီနှင့် ယခင် ကြံ့ဖွံ့တို့ မည်သို့ မည်ပုံဆက်စပ်ထားရှိမည်ကို တိတိကျကျ မသိရှိရ သေးကြောင်း မောင်တောမြို့မှ အရာရှိ တဦးက ပြောသည်။ ယခင်မောင်တောမြို့နယ် ကြံ့ဖွံ့ကို ဦးဆောင်သူမှာ အဆိုပါ အသင်း၏ မြို့နယ် အတွင်းရေးမှူး ရခိုင် အမျိုးသား ဦးလှထွန်းစိန် ဖြစ်သည်။

ဦးအောင်ဇော်ဝင်းနှင့် ဦးအောင်နိုင်တို့သည် လက်ရှိ ရန်ကုန်တွင် နေထိုင်ပြီး နအဖ စစ်အစိုးရ ၀န်ကြီးများနှင့် အထူးနီးစပ်သူများ ဖြစ်သည်။ သူတို့နှစ်ဦး အပါအ၀င် တခြား မူဆလင် စီးပွားရေး သမားများမှ ကြံ့ဖွံ့ ပါတီ လာမည့် ရွှေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရန် အတွက် အဆိုပါ အဖွဲ့သို့ ကျပ်ငွေ သန်းပေါင်း ၅၀၀၀ လှူဒါန်းထားသည်ဟု သိရသည်။

ထိုကဲ့သို့ လှူဒါန်းသဖြင့် မောင်တောမြို့နယ် ကြံ့ဖွံ့ ပါတီကို ဦးအောင်ဇော်ဝင်းနှင့် ဦးအောင်နိုင်တို့အား ဦးဆောင်ရန် စစ်အာဏာပိုင်များက ခွင့်ပြုထားသည်ဟု ခိုင်လုံသော သတင်းရပ်ကွက် အရ သိရသည်။

အန်အယ်လ်ဒီ၏ မူလနိုင်ငံရေးမပျက် ဆက်လက်လုပ်ဆောင်မည်ဟဦးဝင်းတင် ပြောကြာုး

NEJ/ ၃၁ မတ် ၂ဝ၁ဝ

အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ်ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက် အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်များအရ နိုင်ငံရေး ဆက်လက်လုပ်ဆောင် သွားမည်ဟု ဦးဝင်းတင်က ပြောကြားသည်။

၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည်မဟုတ်ဟု မတ် (၂၉) ရက်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးနောက် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည် ညွှန်းတဲ့အတိုင်းပဲ။ ကျနော်တို့ခေါင်းထဲမှာ၊ ကျနော်တို့အသည်းနှလုံးထဲမှာ နိုင်ငံရေးတွေရှိနေရင် အဲဒီနိုင်ငံရေးတွေကို ကျနော်တို့ ဒီမိုကရေစီအဖွဲ့အစည်းတခုအနေနဲ့ ရပ်တည်တဲ့အချိန်တုန်းက ရှိခဲ့တဲ့အတိုင်းပဲ ဆက်ပြီးတော့ ဒါတွေကို ထိန်းသိမ်းသွားရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီတည်ထောင်ရန်၊ လူ့အခွင့်အရေးများ အပြည့်အ၀ရရှိရန်၊ စစ်မှန်သည့် ပြည်ထောင်စုစနစ် ထွန်းကားရန်နှင့် အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားရန် ဆိုသည့်အချက်များသည် အန်အယ်လ်ဒီက ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်များဖြစ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။

သာမန်အားဖြင့် နဂိုရှိပြီးသား နိုင်ငံရေးရပ်တည်ချက်များကို ထိန်းသည့်သဘောဖြင့် ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ တနိုင်ငံလုံးရှိ အန်အယ်လ်ဒီပါတီဝင်များနှင့် နဂိုရှိပြီးသား စည်းရုံးမှုကို ဆက်လက်တည်ဆောက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းများ အပါအ၀င် ကျောင်းသားအဖွဲ့အစည်းများ စသည်တို့ဖြင့် ဆက်သွယ်လုပ်ဆောင်မှုများကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“တိုင်းရင်းသားတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစဉ်အလာကို မြင့်မားစွာဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တတ်နိုင်သမျှ ကျနော်တို့ရဲ့ နဂိုရှိနေတဲ့ ညီညွတ်ရေး လူထုထောက်ခံမှုတွေကို ကိုင်စွဲပြီး ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုဟာ ကျနော်တို့ အန်အယ်လ်ဒီပေါ် ကြီးမားစွာပဲရှိတယ်လို့ ယုံတယ်။ ကျနော်တို့ဟာ ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက်ရမယ်၊ ကြည့်ရမယ်၊ ကြားနာရမယ်၊ ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တုံ့ပြန်ရမယ်ဆိုတဲ့ဟာ ရှိတဲ့အခါကျတော့ ပြည်သူလူထုရဲ့ခွင်ထဲမှာလည်း လှုပ်ရှားသွားမှာပဲ ဖြစ်ပါတယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ကြရမယ်” ဟု ဦးဝင်းတင်က ပြောကြားသည်။

အန်အယ်လ်ဒီအနေဖြင့် မှတ်ပုံတင်ခြင်း မတင်ခြင်းသည် အဓိကမဟုတ်ဘဲ နိုင်ငံရေးဦးတည်ချက်၊ နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံရေးပန်းတိုင်များက အဓိကဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တွေ့ဆုံဆွေးနွေးပွဲဆိုတာ ကျနော်တို့ရဲ့ နိုင်ငံရေးပစ်မှတ်တခု ဖြစ်ပါတယ်။ ဒီဟာကို ကျနော်တို့ အစဉ်တစိုက်တောင်းဆိုနေတာ အန်အယ်လ်ဒီ စဖွဲ့တဲ့ ၁၉၈၈ ခုနှစ် အောက်တိုဘာလလောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စာရေးပြီးတော့ န၀တထံ ပို့ထားတဲ့ စာကစခဲ့တာ။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ စာရေးတဲ့အထိလည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးဖို့ကိစ္စကို ပြောနေတာပဲ” ဟု ဦးဝင်းတင်က ပြောသည်။

“ဒီနေ့ပါတီ မရှိပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ရှိတယ်၊ ပါတီမှတ်ပုံမတင်လို့ ပါတီအနေနဲ့ မရပ်တည်နိုင်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်မှ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်လည်း လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်ဖြစ်နေတာ။ ဒီနေ့တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ဘယ်လိုမှ ဖယ်ရှားလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူက အသိအမှတ်ပြုထားတဲ့ ပြည်သူကနေ ယုံကြည်ကိုးစားနေတဲ့ နိုင်ငံရေး မိခင်ကြီးတယောက်လို ဖြစ်နေတယ်။ ရှေ့ဆက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို တောင်းဆိုနေရမှာပဲ” ဟုလည်း ၎င်းက ပြောကြားသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စနအဖနှင့် ၀တပ်ဖွဲ့ မနက်ဖြန် တွေ့ဆုံမည်

ပေါက်ပေါက်/ ၃၁ မတ် ၂ဝ၁ဝ

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့ ကိုယ်စားလှယ်များနှင့် နအဖစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ မနက်ဖြန်တွင် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ တွေ့ဆုံကြမည်။

ဝတပ်ဖွဲ့မှ ဒု-ဥက္ကဋ္ဌ ပေါက်ယိုယိ ဦးဆောင်သည့်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံကြမည်ဖြစ်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် နောက်ဆုံးရက် သတ်မှတ်ပေးဖွယ်ရှိသည်ဟု အပစ်ရပ်ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဒု-ဥက္ကဋ္ဌ ပေါက်ယိုယိနဲ့ ဗဟိုကော်မတီ ကျောက်ဝမ်ကွမ်းတို့ ဦးဆောင်ပြီး မနက်ဖြန် တန့်ယန်းသွားကြမယ်။ ဗိုလ်ရဲမြင့် ပြောမယ့်စကားတော့ ခန့်မှန်းလို့ ရနေပြီပဲ။ မိုင်းလားတပ်ဖွဲ့ကို ရာဇသံပေးလိုက်သလို ဧပြီ (၂၈) ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်လက်ခံဖို့၊ မဟုတ်ရင် မတရားအသင်း ကြေညာမယ်ဆိုတာပဲ ဖြစ်မှာပေါ့” ဟု ပြောသည်။

ယခုလ (၂၈) ရက်က ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-ESS) မိုင်းလားတပ်ဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဦးစံလူ ဦးဆောင်သည့်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင်တို့ ကျိုင်းတုံမြို့တွင် တွေ့ဆုံစဉ် ဧပြီ (၂၈) ရက် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်နှင့် ပျက်ကွက်ပါက မတရားအသင်းအဖြစ် ကြေညာသွားမည်ဟု နအဖဘက်က ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်ဟု အပစ်ရပ်ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

ယမန်နှစ်၊ ဧပြီလ (၂၈) ရက်မှစတင်၍ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖဘက်က ပြောဆိုကမ်းလှမ်းခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်အဖြစ် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလကုန်ရက်ဟု လည်းကောင်း၊ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလကုန်ရက်ဟု လည်းကောင်း၊ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလကုန်ရက်ဟု လည်းကောင်း အကြိမ်ကြိမ်သတ်မှတ်နေခဲ့ရာမှ ယခု တနှစ်တင်းတင်းပြည့်မြောက်မည့် ဧပြီလ (၂၈) ရက်နေ့ကို နောက်ဆုံးရက် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့လယ်ခေါင် ဘားလမ်း၌ မာဆတ်နှင့်ပြည့်တန်ဆာခန်း များပြား

အောင်ထက်/ ၃၁ မတ် ၂ဝ၁ဝ

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း တရားမ၀င် ဖွင့်လှစ်ထားသော Beauty Saloon အမည်ခံ မာဆတ်ခန်း (အနှိပ်ခန်း) အရေအတွက် သိသာစွာ တိုးလာသည်ဟု အဆိုပါမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောသည်။

၂၀၀၉ ခုနှစ် စာရင်းဝင် အနှိပ်ခန်း (၅၂) ဆိုင်ရှိရာမှ ယခုအခါ (၂) ဆနီးပါး တိုးလာပြီး ပြည့်တန်ဆာလုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင်လာကြသည်ဟု ထိုရဲဝန်ထမ်းက ပြောသည်။

ကျောက်တံတားမြို့နယ်၊ (၂) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) အထက်ဘလောက်တခုတည်း၌ပင် New Moon ၊ 9 Star ၊ ယွန်းဝတီ (၂) အပါအ၀င် အနှိပ်ခန်း (၁၀) ခုခန့် ရှိနေသည်ဟု ဘားလမ်းတွင် နေထိုင်သူတဦးက ပြောသည်။

ရန်ကုန်မြို့လယ်ကောင် အချက်အချာနေရာ ဘားလမ်းတွင် တီဗွီ၊ ရေခဲသေတ္တာ အစရှိသည့် လျှပ်စစ်ပစ္စည်းဆိုင်များကို မြေညီထပ်တွင် ဖွင့်လှစ်ထားပြီး အနှိပ်ခန်းများမှာ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ဖွင့်လှစ်ထားကြောင်း၊ ဧည့်သည်တဦးလျှင် အခန်းအနေအထားပေါ်မူတည်၍ ၀န်ဆောင်ခ (၁) နာရီ (၃,၀၀၀၊ ၄,၀၀၀) ကျပ်ရှိကာ (၂၄) နာရီ ဖွင့်လှစ်ထားပြီး ည (၈) နာရီနောက်ပိုင်းတွင် ဧည့်အ၀င်အထွက် ပိုများကြောင်း အနှိပ်ခန်းပိုင်ရှင်တဦးက ပြောသည်။

ဘားလမ်းနေ ရယက အဖွဲ့ဝင်တဦးကလည်း “ည (၈) နာရီ နောက်ပိုင်းကနေ တညလုံးပဲ။ ဧည့်ကြိုကောင်လေးတွေက တိုက်ခန်းလှေကား ခြေရင်းတွေမှာ ရှိကြတယ်။ ဘားလမ်းထဲဝင်လာတဲ့ ကားတွေ၊ လူတွေအနား ပြေးကပ်လာပြီး အလုပ်လုပ်မလား၊ မာဆတ်ရှိတယ်၊ မာစွပ်ရမယ် ဆိုပြီး စည်းရုံးကြတယ်၊ ဈေးညှိကြတယ်။ သူတို့က အဲလို ဧည့်ခေါ်ပေးခ တဦး (၅၀၀) ကျပ်ရတယ်” ဟု ရှင်းပြသည်။

အဆိုပါ အနှိပ်ခန်းများသည် တရားဝင် ဖွင့်လှစ်ခွင့်မရှိဘဲ ဒေသအာဏာပိုင်များဖြစ်သည့် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ဒု-ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးတို့ကို တဦးလျှင် (၂) သောင်းကျပ်နှင့် ဒုစရိုက်နှိမ်နင်းရေး၊ အထူးစုံစမ်းစစ်ဆေးရေး၊ သတင်းတပ်ဖွဲ့၊ ထလရ (နိုင်)၊ ခရိုင်၊ တိုင်းရဲ၊ မှုခင်းတပ်ဖွဲ့၊ မြို့နယ် မယက၊ ရဲကင်းမှူး၊ နယ်ထိန်း၊ လမ်းအပိုင် ရယကနှင့် စည်ပင်ရဲပါမကျန် အသီးသီးတို့အား တလလျှင် (၁) သောင်းကျပ်စီ ပေးသွင်းကြရကြောင်း အဆိုပါအနှိပ်ခန်းပိုင်ရှင်တဦးက ပြောသည်။

အဖွဲ့အစည်း (၂၀) ခန့်သို့ လစဉ်ပေးသွင်းရသော လာဘ်ငွေသည် ဆိုင်တဆိုင်လျှင် (၃) သိန်းခန့်ရှိနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းတွက်ချက်ပြသည်။

အနှိပ်ခန်းများတွင် လုပ်ကိုင်နေသူများသည် အသက် (၁၈) မှ (၂၅) နှစ်ကြား အမျိုးသမီးငယ်များဖြစ်ကြပြီး မာဆတ်ခန်းတခုတွင် (၅) ဦးမှ (၁၀) ဦးအထိ ထားရှိတတ်ကြသည်။

၎င်းတို့သည် ဧည့်တဦးပြုစုခအဖြစ် နေစားစရိတ်ငြိမ်း (၂၀၀) ကျပ်သာရရှိပြီး ဧည့်သည်ပေးသော ဘောက်ဆူးငွေများ၊ အသွေးအသားရင်းနှီးမှုမှ ရရှိသည့် ငွေများသာ ၎င်းတို့အပိုဝင်ငွေဖြစ်သည်ဟု ထိုမိန်းကလေးများထံမှ သိရသည်။

အဆိုပါလုပ်ငန်းတွင် ကချင်၊ ချင်း အမျိုးသမီးငယ်များအပြင် နာဂစ်မုန်တိုင်းသင့်ဒေသမှ မြန်မာမိန်းကလေးငယ်များသည် ၂၀၀၈ ခုနှစ်ပိုင်းမှစ၍ အများအပြား တိုးဝင်လာကြကြောင်း သိရသည်။

ဘားလမ်းတွင် နေထိုင်သူတဦးက “ဒီလိုလုပ်စားနေကြတာကို ထိထိရောက်ရောက် မတိုင်နိုင်လို့ကတော့ အလကားပဲ။ ၂၀၀၉ ခုနှစ်ထဲ (၂) ကြိမ် ဖြစ်ဖူးတယ်။ ဧည့်သည်တွေက တိုင်းအင်ဂျင်နီယာမှူးကြီးအိမ်ကို တံခါးမှားခေါက်မိတာရယ်၊
ဗိုလ်မှူးတယောက်ရဲ့ အိမ်ခန်းကို မာဆတ်ခန်းထင်ပြီး မှားဝင်သွားတာရယ်မှာ ဖမ်းတာဆီးတာတွေ ဖြစ်သွားတယ်။ ဒီနောက်ပိုင်း လမ်းသားတွေ ဘယ်လောက်တိုင်တိုင် မာဆတ်ခန်းတွေက ပန်းပန်လျက်ပဲ” ဟု ဆိုသည်။

ဘားလမ်းထဲတွင် ချမ်းမြေ့၊ ချယ်ရီ၊ သဒ္ဒါဦး စသည့် တရားဝင်ဖွင့်လှစ်ထားသည့် Guest House (တည်းခိုခန်း) များ၊ မိတ်ကပ် အောင်အောင်၊ ထားသစ္စာကဲ့သို့ အလှပြင်ဆိုင်များလည်းရှိပြီး နေ့ညမပြတ် လူစည်ကားရာနေရာဖြစ်သည်။

ရန်ကုန်မြို့လယ် ဘားလမ်းသည် ညဥ့်ဦး ညဥ့်လယ် ကားများ လူများဖြင့် တရုန်းရုန်း အညှိအဟောက် လွှမ်းခြုံနေခြင်းကြောင့် မြို့ခံအချို့က Dirty Road ဟု ခေါ်ဝေါ်သုံးစွဲနေကြသည်။

နေပြည်တော် လေပြင်းကြောင့် ဝန်ထမ်းများထိတ်လန့်

အောင်သက်ဝိုင်း Wednesday, March 31, 2010

နေ ပြည် တော်တွင် ယမန်နေ့ ညနေပိုင်းက ရုတ်တရက် တနာရီ ကျော်ကြာ မိုးသက် လေပြင်း ကျရောက်ခဲ့ရာ အစိုးရ ၀န်ထမ်းများကြား ထိတ်လန့်မှု ဖြစ်ပေါ် ခဲ့ရကြောင်း သတင်း ရရှိသည်။

ယမန်နေ့ ညနေ ၆ နာရီမှ ၇ နာရီခန့်ထိ မိုးသက် လေပြင်းများ ကျရောက်ခဲ့ သောကြောင့် နေပြည်တော်ရှိ အပင်များ ပြိုကျ၊ ပျက်စီးခြင်း၊ အဆောက် အအုံတချို့ အမိုးလန် ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ထိတ်လန့် ခဲ့ကြရသည်ဟု နေပြည်တော် ၀န်ထမ်း အသိုင်း အ၀န်းက ဆိုသည်။

“တညနေလုံး ကောင်းကင်ကြီးက နီနေရာ ကနေ ညနေ ၆ နာရီလောက် ကျတော့ မိုးရော၊ လေရော ကျလာတယ်။ လေတိုက်တာ တော်တော် ပြင်းတယ်။ မိုးနဲ့လေ တွဲလာတော့ လေတချက် ဝေ့တိုင်း အဆောက် အဦတွေမှာ တ၀ုန်းဝုန်းနဲ့ အသံတွေ ထွက်လာတယ်” ဟု နေပြည်တော် ၀န်ကြီးဌာန အကြီးအကဲ တဦးက ပြောသည်။

မိုးလေ၀သက ခန့်မှန်းချက် ပေးမထားဘဲ မိုးသက်လေပြင်းများ ရုတ်တရက် ကျရောက်ခဲ့ခြင်းကြောင့် နိုင်ငံအတွက်
မကောင်းသော နိမိတ် လက္ခဏာအဖြစ် ယူဆချက်များရှိနေပြီး မကြာမီ ငလျင်ကြီး လှုပ်နိုင်သည်ဆိုသည့် သတင်းများလည်း နေပြည်တော် ၀န်ထမ်းအသိုင်းအ၀န်းတွင် ပျံ့နှံ့နေသည်။

၁ နာရီကျော်ကြာ မိုးသက်လေပြင်းများ ကျနေရောက်စဉ် နေပြည်တော်တ၀န်း လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ပြီး မိုးစဲသောအခါမှ လျှပ်စစ်မီးပြန်လည်ရရှိကာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ဝန်းကျင်ရှိ ပျဉ်းမနား၊ ရေဆင်းဒေသများတွင်မူ လျှပ်စစ်မီး နာရီပေါင်းများစွာ ပြတ်တောက်သွားခဲ့သည်ဟု သိရသည်။

မိုးလေ၀သနှင့် ဇလဗေဒ ဌာနက အဆိုပါ မိုးသက်လေပြင်းသည် တနာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အတွင်း တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး တချိန်တည်း၌ မန္တလေးတွင်လည်း မိုးသက်လေပြင်းများ ကျရောက်ခဲ့ကြောင်း ပြောသည်။

“အိန္ဒိယကနေ တရုတ်ကို ဖြတ်သန်းတဲ့ မြောက်ပိုင်းလေစီးကြောင်းကြောင့် ဒီလို မိုးသက် လေပြင်းတွေ ကျတာပါ။ ဒါကြောင့် မြန်မာနိုင်ငံအထက်ပိုင်း နေရာတွေမှာ မိုးထစ်ချုန်းရွာမယ်လို့ မိုးလေ၀သက တရားဝင် ခန်းမှန်းချက် ထုတ်ပြန်ထားတယ်။ ဒါပေမယ့် လေစီးကြောင်းက နည်းနည်းလေး နိမ့်သွားတော့ နေပြည်တော်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း နေရာတွေအထိ မိုးသက်လေပြင်းတွေ ကျလာတာပါ။ ဒါ မုန်တိုင်း ရာသီအစရဲ့ လက္ခဏာလို့လည်း ပြောလို့ ရပါတယ်” ဟု မိုးလေ၀သဌာန အရာရှိတဦးက ပြောသည်။

ကမ္ဘာ့နေရာ အနှံ့အပြားတွင် ငလျင်များ ဆက်တိုက်လှုပ်နေသည့်အတွက် ရန်ကုန်တွင် လည်း ငလျင်လှုပ်မည်ဆိုသော သတင်းများ ပြည်သူများအကြား ပြောဆိုလျက်ရှိပြီး အထူးသဖြင့် အထပ်မြင့် တိုက်တာများတွင် နေထိုင်သူ ရန်ကုန်မြို့သူ မြို့သားများ စိုးရိမ် ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။

သတင်း စီးဆင်းမှု ထိန်းချုပ်ရေး ကက-ကွန် ပြင်ဆင်နေ

နရီလင်းလက် Wednesday, March 31, 2010

ပြည်တွင်း သတင်း အချက် အလက်များ ပြည်ပ မီဒီယာများသို့ စီးဆင်းမှုအား အဆင့်မြင့် နည်းပညာသုံး၍ ပိုမိုထိန်းချုပ်နိုင်ရန် တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး (ကက-ကွန်) က တိုးမြှင့် စီစဉ်နေကြောင်း နီးစပ်သူများထံမှ သိရ သည်။

သတင်း အချက် အလက်များ ခြေရာခံသည့် နည်းပညာများ သင်ယူရန် နိုင်ငံခြားသို့ သင်တန်း သားများ စေလွှတ်ခြင်း၊ ခေတ်မီ ဆက်သွယ်ရေး ကိရိယာများ ၀ယ်ယူရန်စီစဉ် နေခြင်းများကို ပြုလုပ်လျက် ရှိသည်ဟု ကက-ကွန် မှ အရာရှိ တဦးက ပြောဆို သည်။

“အဓိကက ပြည်ပ သတင်း မီဒီယာ တွေဆီ သတင်းတွေ ပေါက်ကြား တာကို လုံးဝ မလိုချင်တာလေ၊ ဒါကြောင့်လည်း ဆိုက်ဘာ စီးတီးကနေ ကွန်နက်ရှင်ကို နှေးအောင် လုပ်လိုက်၊ လိုင်းတွေ ဖြတ်လိုက် လုပ်နေတာ၊ အခုကတော့ ပိုအဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ တားဆီးဖို့ သင်တန်း သားတွေ စေလွှတ်ခဲ့တာ”ဟု ၎င်းက ဆိုသည်။

ကက-ကွန် သည် ရတနာပုံ ဆိုက်ဘာစီးတီးတွင် အခြေပြု၍ သတင်းအချက်အလက်များအားလုံး စိစစ်ကြည့်ရှုနေကြောင်း သိရသည်။

“ရုရှား ၊အိန္ဒိယနဲ့ စင်ကာပူ နိုင်ငံတွေကို ကက-ကွန် မှာ တာဝန်ပေးဖို့ ဆိုပြီး သင်တန်းသား အယောက် ၁၅၀ လွှတ်ခဲ့တယ်''ဟု ကက-ကွန် ၀န်ထမ်းရေးရာဋ္ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ယင်းသင်တန်းသားများပြန်လည်ရောက်ရှိနေပြီဖြစ်၍ အသုံးပြုရန် ခေတ်မီ ပစ္စည်းကိရိယာများ လိုအပ်နေသောကြောင့် ထပ်မံ မှာယူရန်ပြင်ဆင်နေကြောင်းလည်း ၎င်းက ဆိုသည်။

ကက-ကွန် ကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးလက်အောက်တွင်လည်း (Cyber Crime ) ဆိုက်ဘာ မူခင်းများ ဌာန ဖွဲ့စည်း ထားကြောင်း ယင်းဋ္ဌာနမှ ဒုရဲအုပ် တဦးက ပြောပြသည်။

“အဓိက လုပ်ငန်းတွေက ဆိုက်ဘာအသုံးပြုပြီးဖြစ်လာမယ့် မှုခင်းအန္တရာယ်တားဆီးရေးလို့ ဆိုပြီး ပြောထားပေမယ့် တကယ့် အလုပ်ကတော့ ဆိုက်ဘာအသုံးပြုသူတွေဘာတွေ သုံးသွားတယ်၊ ဘယ်သူတွေနဲ့ဆက်သွယ်တယ်ဆိုတာတွေ စိစစ်တာ၊ အင်တာနက် သုံးတဲ့သူတွေအတွက်ကတော့ လုံခြုံစိတ်ချမှုမရှိတာအမှန်ပဲ''ဟု အထက်ပါ ဒုရဲအုပ်က ပြောသည်။

အင်အား ၁၅၀ ခန့်ဖြင့် ဖွဲ့စည်းထားပြီး ရုရှား ၊ အိန္ဒိယ နှင့်စင်ကာပူ နိုင်ငံများတွင် သင်တန်းတက်ရောက်ထားကြကြောင်း၊
ယင်း ဌာန၏ အကြီးအကဲမှာ နိုင်ငံဖြတ်ကျော်မှုခင်းများဌာန အကြီးအကဲ ရဲမှူးကြီး စစ်အေး ဖြစ်ကြောင်းသိရသည်။

ပြင်သစ် အခြေစိုက် Alcatel Shanghai Bell ကုမ္ပဏီသည် ပြင်ဦးလွင် ရှိ ရတနာပုံ တယ်လီပို့ တွင် ဆောဖ့်ဝဲ ထုတ်လုပ်မှု လုပ်ငန်းအတွက် စစ်အစိုးရ နှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်လျက်ရှိရာ ပြီးခဲ့သည့်နှစ်အတွင်း ဆက်သွယ်ရေး ပစ္စည်း အမေရိကန် ဒေါ်လာ သိန်း ၆၀ ကျော်ဖိုး ရောင်းချခဲ့ပြီးကြောင်း မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောသည်။

Alcatel Shanghai ကုမ္ပဏီ၏ ရန်ကုန် ဌာနခွဲ ကို ကမ္ဘာအေး ဘုရားလမ်းရှိ ဆီဒိုနားဟိုတယ် ငါးထပ်မြောက်တွင် ဖွင့်လှစ်ထားပြီး စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တချို့နှင့် နီးစပ်သည့် ကုမ္ပဏီတခုဖြစ်ကြောင်း သိရသည်။

၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံရှိ နေအိမ် ၅၉ လုံး ဖယ်ရှားခံရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုံ အတွင်းရှိ မိုင်းယုကျေးရွာမှ နေအိမ် ၅၉ လုံး အား မတ်လကုန် နောက်ဆုံးထား ဖယ်ရှားရန် ဒေသအာဏာပိုင်များ ညွန်ကြားလိုက်ပြီးနောက် အဆိုပါနေအိမ်များဖျက်သိမ်း နေရကြောင်း သိရသည်။


မူစယ်အာဏာပိုင်များက နေအိမ်များ ဖယ်ရှားပေးရေးကိစ္စကို လွန်ခဲ့သည့်အပတ်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယခု နေထိုင် သည့် အရပ်မှ ၂ မိုင်ခန့်ဝေးသော နေရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း ဒေသခံရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မူဆယ်မြို့နယ် မယက ဥက္ကဋ္ဌ ဦးမြဟန် ခရိုင်တရားသူကြီး ဦးမြင့်စိုးနဲ့ မြေစာရင်းဋ္ဌာနတွေပါတဲ့ အဖွဲ့က မိုင်းယုရွာ ရယက ဥက္ကဋ္ဌ ဦးဝင်းနိုင်ရဲ့ နေအိမ်မှာ ကျွန်တော်တို့ရွှေ့ပြောင်းရမဲ့ ရွာသားတွေကို ခေါ်ပြီး ဒီလကုန်နောက်ဆုံး အိမ်တွေဖျက်သိမ်း ပေးဖို့ ပြောတယ် ”

“မူစယ်အာဏာပိုင်တွေက ကျူးကျော်နေအိမ်တွေဖြစ်လို့ ပြောင်းရမယ်၊ မင်းတို့ကို ဘယ်သူခေါ်လို့ဒီမှာလာနေ တာလဲပေါ့၊ တခြားအကြောင်းပြချက်လဲ ရေရေရာရာမပြောဘူး၊ နောက်ပြီး ဒီကိစ္စကို ဘယ်မှလျှောက်မပြောရ ဘူးဆိုပြီး တရားသူကြီး ဦးမြင့်စိုးက ဖိအားပေးပြောတယ် ” ဟု သူက ဆိုသည်။

ယခုနေအိမ် ပြောင်းရွှေ့ခံရသူများသည် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ လာရောက် နေထိုင်သူများ ဖြစ်ပြီး ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံတွင် ကျဘမ်းအလုပ်လုပ်ကိုင် နေသူများဖြစ်သည်။

“လောလောဆယ် အိမ်တွေဖျက်နေရတယ်။ အိမ်တွေကတော့ နံရံကပ်အိမ်လေးတွေပေါ့ဗျာ အခုပြောင်းရတဲ့နေရာက ခေါင်တယ်၊ ကျွန်တော်တို့က ၁၀၅ မိုင်ထဲမှာပဲ အလုပ်လုပ်တော့ အခက်အခဲရှိသွားတာပေါ့၊ သူတို့သတ် မှတ်ပေးတဲ့ နေရာကိုပဲ ပြောင်းရတာပေါ့ ” ဟု သူက ပြောသည်။

၁ဝ၅ မိုင်ကုန်သွယ်ရေးဇုံရှိ မိုင်းယုရွာ ဒေသခံများထံမှမြေဝယ်ပြီး နေထိုင်ရသောကြောင့် အာဏာပိုင်များ အကြောင်းပြ သကဲ့သို့ ကျူးကျော်နေထိုင်ခြင်း မဟုတ်ကြောင်း ဆက်ပြောသည်။

မကွေးတိုင်း ဆောမြို့နယ်သို့ ပြောင်းရွေ့သွားသည့် ယခင်မူဆယ်မယကဥက္ကဋ္ဌဟောင်း ဦးညွန့်ဟန် လက်ထက် က အဆိုပါနေအိမ်များ ဖယ်ရှားပေးရန် ပြောကြားခဲ့ဖူးပြီး ယခုအခါ လက်တွေ့ရွှေ့ပြောင်းရခြင်း ဖြစ်ကြောင်းသိရသည်။

ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ

မောင်သြ

အန်အယ်လ်ဒီ နိုင်ငံရေးလမ်းဆုံး ရောက်ပြီလား၊ ဒါမှမဟုတ် နအဖစစ်အစိုးရကော နိုင်ငံရေး ဆူးခင်းလမ်းပေါ် နင်းမိပြီလား၊ ယနေ့ အဲဒီအဖြေနှစ်ခုကို စဉ်းစားကြည့်ကြရအောင်။

အားလုံးက တမျှော်ထဲ မျှော်နေကြတဲ့ နအဖရဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်ဥပဒေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများနှင့် လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို မတ်လ (၈) ရက်နေ့စွဲနဲ့ အစိုးရသတင်းစာကြီးတွေမှာ အချပ်ပိုအနေနဲ့ ထည့်သွင်းထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။

နိုင်ငံရေးစိတ်ဝင်စားသူတိုင်း (ပြည်သူတချို့) နှင့် နိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားများ ဖတ်မိကြပြီး တအံ့တသြဖြစ်ကုန်ကြရတာ တွေ့ရတယ်။

တူညီတဲ့အသံတခုကတော့ နအဖစစ်အစိုးရက အာဏာလက်ကိုင်ထား အပေါ်စီးအနေနဲ့ အန်အယ်လ်ဒီအဖွဲ့ကို စနစ်တကျ အကွက်ချပြီး နှစ်ခြမ်းကွဲအောင်နှင့် ပျက်စီးပြိုကွဲသွားအောင် ဥပဒေတွေနဲ့ ဖန်တီးလုပ်ကြံလိုက်တာပါပဲလို့ ကွင်းကွင်းကွက်ကွက် ရှင်းရှင်းလင်းလင်း အထင်းသား မြင်တွေ့နေကြ၊ ပြောဆိုနေကြတာတွေကို ကြားမြင်နေရတာပါပဲ။ အဓိက အကျပ်အတည်း တွေ့ရတာကတော့ အန်အယ်လ်ဒီပါပဲ။ အဲဒီလိုဖြစ်အောင်လည်း ဗိုလ်သန်းရွှေနဲ့အပေါင်းအပါ (လူမိုက်ကြီးများ) က ကောက်ကျစ်ယုတ်မာမှု သရဖူဆောင်းလောက်အောင် မီးကုန်ယမ်းကုန် ကြမ်းလိုက်တာပါပဲ။

အဲဒီမှာ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ ပါတီများ မှတ်ပုံတင်ခြင်းဥပဒေများ တိုက်ရိုက်ထိတွေ့ ၀ိရောဓိဖြစ်လာတာတွေ့ရပြီး အန်အယ်လ်ဒီက မိမိရေးဆွဲထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပစ်ပယ်မှာလား၊ နအဖရဲ့ သံခြေကျင်းခတ် ဒရွတ်တိုက်ဆွဲခေါ်သွားမယ့် ရွေးကောက်ပွဲ တင်းကုပ်ထဲကို လိုက်ပါခံမလား၊ မိမိပါတီအဖွဲ့အစည်းရဲ့ အဓိက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်း ရဲဘော်ရဲဘက် တွေကို အကျဉ်းခံဘ၀ထဲက မျက်နှာတွေကို မထောက်ဘဲ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပြီး နအဖရဲ့ ကြိုးဆွဲရာကရမယ့် ရုပ်သေးရုပ် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင် ပါတီမှတ်ပုံတင်ကြမှာလား။

အန်အယ်လ်ဒီသည် ၉၀ ပြည့်နှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ တရားဝင် အနိုင်ရရှိထားသော (ပြည်သူတို့ရဲ့ သဘောထားဆန္ဒအမှန်) Mandate ကို နအဖရဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၁၆) အပိုဒ် (၉၁) အရ ဖျက်သိမ်းတာကို သဘောတူလက်ခံလိုက်ပြီလား။

အန်အယ်လ်ဒီဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ဒီမိုကရေစီ ကျင့်စဉ်နှင့် မညီညွတ်သော အချက်များကို Preview ညှိနှိုင်းပြင်ဆင်ပေးရန် တောင်းဆိုကမ်းလှမ်းထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါအချက်ကို မျက်ကွယ်ပြု သစ္စာဖောက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အပိုဒ် (၆) (ဂ) မှ အသက်မ၀င်သေးသော (တရားမ၀င်သေးသော) ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့်အချက်ကို မျက်စိမှိတ် ခေါင်းညိတ်ဝန်ခံကတိပေး လက်မှတ်ထိုးကာ ပါတီမှတ်ပုံတင်တော့မှာလား။

နအဖထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါအချက်များမှ တချို့မှာ အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ပစ်မှတ်ထား ရေးဆွဲထားတဲ့အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခက်အခဲ အကျပ်အတည်းနှင့် တွေ့ရပြီး ရှေ့တိုးလျှင်လည်း ပါတီဖျက်သိမ်းခံရမယ်၊ နောက်ဆုတ်ပြန်ရင်လည်း မိမိတို့ရဲ့ ဆုပ်ကိုင်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်များ၊ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်ရဲဘော်ရဲဘက်များ အားလုံးအပေါ် သစ္စာဖောက်ရာကျမယ်၊ ဂုဏ်သိက္ခာကျဆင်းမယ်၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများရဲ့ ၀ိုင်းပယ်ခြင်းကို ခံရမယ်၊ ဖိအားပေးဝိုင်းဝန်းနေကြတဲ့ ကမ္ဘာ့နိုင်ငံကြီးများ၊ အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ပေးမှုများလည်း လျော့ကျပျက်စီးသွားနိုင်မယ်။

အခုလို ဥပဒေတွေ ထုတ်ပြန်လိုက်ခြင်းဟာ အန်အယ်လ်ဒီရဲ့ အနှစ် (၂၀) ကျော် နိုင်ငံရေးလှုပ်ရှားမှုသက်တမ်း အနားသပ်ဖို့အတွက် Do (or) Die ပါပဲ။ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် အချိန်ရောက်ပြီ။ ၂၉-၀၃-၂၀၁၀ နေ့မှာ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးမှာ ဗဟိုဦးစီးအဖွဲ့ဝင်တွေနဲ့ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး မဲခွဲဆုံးဖြတ်မယ်လို့ ကြားရပါတယ်။ အဲဒီမှာ အများဆန္ဒကို အနည်းစုက လိုက်လျောရပါလိမ့်မယ်။ အန်အယ်လ်ဒီရဲ့ နောက်ဆုံး စွန့်စားမှုတခုလို့ ဆိုရပါတော့မယ်။

နအဖကတော့ အပေါ်စီးကနေ ငါလုပ်ချင်တာလုပ်လို့ရပြီ။ မင်းတို့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့အတွေးနဲ့ မိန်းမောနေမယ်ဆိုရင် ခပ်ရိုင်းရိုင်းဥပမာနဲ့ပဲ ပြောလိုက်ပါရစေ။ ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးဟာ မိမိထွက်ပေါက်အတွက် အသေခံပြီး ပြန်ကိုက်တတ်တယ်ဆိုတာ နအဖဗိုလ်ချုပ်ကြီးတွေ သိထားဖို့ကေင်းပါတယ်။

အဲဒီဥပမာအတိုင်းပါပဲ။ အန်အယ်လ်ဒီဟာ ချောင်ပိတ်ခံနေရပေမယ့် ဒု-ဥက္ကဋ္ဌကြီး ဦးတင်ဦးပြောသလို ကျနော်တို့မှာ ထွက်ပေါက်ရှိပါသေးတယ်ဆိုတဲ့အတိုင်း အန်အယ်လ်ဒီရဲ့ ထွက်ပေါက်က အချိန်တန်တော့ နပိန်ကန်လာတော့မှာပါ။ အန်အယ်လ်ဒီဟာ နိုင်ငံရေးလမ်းမဆုံးသေးပါဘူး။ ပါတီမရှိပေမယ့် ပြည်သူရှိရင် အန်အယ်လ်ဒီရှိတယ်။ အန်အယ်လ်ဒီနောက်မှာ ပြည်သူဟာ ထပ်ချပ်မကွာ တော်လှန်ရေးစိတ်ဓာတ်နဲ့ အမြဲပူးကပ်နေမှာပါ။

နိုင်ငံရေးဆူးခင်းလမ်းပေါ် နင်းမိနေတဲ့ နအဖကတော့ ကိုယ်သွားနေတဲ့လမ်းဟာ အဖြောင့်လား၊ အကောက်လား မသိသလို ကိုယ်စီးတဲ့ မြင်းဟာလည်း အထီးမှန်း အမမှန်း မသိဖြစ်နေတာ သနားစရာ ကောင်းလှပါတယ်။

ဟန်တလုံး ပန်တလုံးနဲ့ ကြေညာချက်တွေ (မှတ်ပုံတင်ဥပဒေ) ထုတ်ပြန်လိုက်တယ်။ ဟုတ်လှပြီမှတ်လို့ ပြည်တွင်းကရော၊ ပြည်ပအင်အားစုတွေ၊ အာဆီယံနိုင်ငံတွေ၊ အီးယူ၊ ဗြိတိန်၊ သြစတြေးလျ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကပါ ၀ိုင်းကန့်ကွက်ကြလို့ မကြာမီ ကုလသမဂ္ဂမှာ မြန်မာ့မိတ်ဆွေနိုင်ငံများ (၁၄) နိုင်ငံခေါ်ပြီး အစည်းအဝေးကျင်းပရတော့မယ်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းကလည်း မြန်မာ့အရေးဆွေးနွေးဖို့ ကုလသမဂ္ဂအရေးပေါ်အစည်းအဝေး အမြန်ဆုံးခေါ်ယူ ကျင်းပပေးဖို့ ကုလအတွင်းရေးမှူးဆီ တင်ပြထားတာ မကြာမီခေါ်ယူဖို့ စီစဉ်နေကြောင်း ကြားရပါတယ်။

အာဆီယံ နိုင်ငံများကလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာအရေးဆွေးနွေးဖို့ အာဆီယံအရေးပေါ် အစည်းအဝေး ကြားဖြတ်ခေါ်ယူကျင်းပပေးရန် အာဆီယံအလှည့်ကျ အတွင်းရေးမှူး ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုတင်ပြထားပါတယ်။

ဒါက နအဖရဲ့ ပြင်ပကမ္ဘာရဲ့ သဘောထားတွေပါ။ ဒါတောင် မကြာမီ (လကုန်ပိုင်း) လာမယ့် တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကြမ်းပေါင်ကလည်း ဘာတွေ လာဆွေးနွေးဦးမယ်ဆိုတာ မသိနိုင်သေးဘူး။

ကောင်းပြီ။ ပြည်တွင်းက နယ်ခြားစောင့်တပ်ထားရှိရေးကိစ္စနဲ့ကော တိုင်းရင်းသားအဖွဲ့တွေနဲ့ အဆင်ပြေရဲ့လား။ နအဖစစ်တပ်အစိုးရဟာ ပြည်တွင်းက ငြိမ်းချမ်းရေးယူထားတဲ့ ၀၊ ကိုးကန့်၊ မိုင်းလား၊ ကချင် (ကေအိုင်အို)၊ ရှမ်း (အက်စ်အက်စ်အေ)၊ ကရင်၊ မွန် တိုင်းရင်းသားတွေနဲ့ အခုတော့ ပြဒါတလမ်း သံတလမ်းဖြစ်နေပြီ။ နအဖအဖို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်။

နိုင်ငံရေးမှာလည်း အန်အယ်လ်ဒီက သူဖြစ်ချင်သလို ဖြစ်မလာ၊ နယ်ခြားစောင့်တပ် ပြည်တွင်းကိစ္စမှာလည်း သူလုပ်ချင်သလို လုပ်မရတာ၊ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း သူ့လုပ်ရပ်အပေါ် မကျေနပ်မယုံကြည်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ တိုက်လားခိုက်လား လုပ်လာရင် ပြည်တွင်းစစ်က မလွဲဧကန် ဖြစ်မှာ သေချာတယ်လို့ ပြောကုန်ကြပြီ။

အတိုက်အခံအင်အားစု၊ ပြည်တွင်းအင်အားစု၊ အဝေးရောက်ဒီမိုကရေစီအင်အားစု၊ ကမ္ဘာ့နိုင်ငံကြီးများအင်အားစု …. ရန်သူပတ်ခြာဝိုင်းရံလျက်ရှိတဲ့ နအဖစစ်အစိုးရ ဆူးခင်းလမ်းပေါ်မှာ နင်းရင်း နင်းရင်း ကိုယ့်ရှူးကိုယ့်ပတ်၊ ကိုယ့်အတတ်နဲ့ ကိုယ်စူး၊ အရူးမီးဝိုင်းဘ၀နဲ့ ကိုယ်ထောင်လိုက်တဲ့ ထောင်ချောက်ထဲ ကိုယ်ပြန်နင်းမိနေလို့ သနားတယ်…သနားတယ် သွပ်…သွပ်…သွပ်။ (အီကြာကွေး စကားလုံး ယူသုံးမိလို့ တမလွန်က ခွင့်လွှတ်ပါ ဆရာကွေးရေ…)


နအဖ စစ်တပ်ရွာထဲလက်နက်ကြီးပစ် ဒေသခံများသေကြေဒဏ်ရာရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်းသို့ စစ်ကြောင်းလှည့်နေသည့် နအဖ စစ်ကြောင်းတကြောင်းသည် ကျေးရွာတခုအား လက်နက်ကြီး ဖြင့်ပစ်ခတ်သောကြောင့် ဒေသခံ ၆ ယောက် ထက်မနည်းသေဆုံးသွားသည်ဟု စုံစမ်းသိရှိရပါသည်။

နေ့ခင်း ၂ နာရီလောက်ပေါ့။ ရွာနဲ့မလှမ်းမကမ်းကနေလှမ်းပစ်တယ်၊ ကိုရင် ၄ ပါး နဲ့ ရွာသူ ၂ ယောက်သေ တယ်။ ၇ ယောက် ၈ ယောက် ဒဏ်ရာရသွားတယ်”- ဟုကုန်သည် တဦးကပြောသည်။

မတ်ခ်ျ ၁၉ ရက်နေ့က ကလော အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ ဗိုလ်မှူးဌေးအောင် ဦးဆောင်သည့် အင် အား ၈၀ ပါ အမှတ် ၁ စစ်ကြောင်း မိုင်းကိုင်မြို့ အနောက်မြောက်ဘက် မိုင်းယွန်းကျေးရွာအုပ်စုဝင် အိမ်ခြေ ၃၀ ကျော်ရှိ ၀မ့်လွယ်နမ့်တောက်ရွာအား သျှမ်းသူပုန်နှင့် ဆက်သွယ်ထောက်ပံ့ သတင်းပေးသည်ဟု စွပ်စွဲကာ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့၏။

“သေဆုံးသွားတဲ့ရွာသူ ၂ ယောက်က နန်းအေးနွေး အသက် (၁၅ နှစ်) ၊ နန်းအေးလိုင် အသက် (၁၂ နှစ်)၊ ကိုရင် ၄ ပါး ရဲ့နာမည်က မသိရသေးဘူး၊” - ဟု အမည်မဖေါ်လိုသည့် ဒေသခံတဦးက ပြောပါသည်။

မတ်ခ်ျ ၂၀ ရက်နေ့ ကလည်း နွေရာသီ အပျော်တမ်း အမဲလိုက်သည့် ပန်ကေတု ကျေးရွာအုပ်စုဝင် ၀မ့်နားလွန် ရွာသား ၂၅ ဦးအား အဆိုပါ စစ်ကြောင်းက တောတွင်းတနေရာ၌ ဆုံမိရာ ရွာသားအားလုံးအား ဖမ်းဆီးထား ခဲ့သည်ဟုဆို၏။ ရွာသားများ၏ အမဲလိုက်တိုမီးသေနတ်များ အားလုံးကိုလည်း သိမ်းယူလိုက်ပြီး ၂ ယောက် အား ပန်ကေတုအခြေစိုက်သည့် တပ်ဖွဲ့က ပစ်သတ်လိုက်ပြီဖြစ်ကြောင်း၊ ၁ ယောက်မှာဒဏ်ရာအပြင်းအထန်ရကြောင်း၊ ကျန်ရွာသားများကိုမူ တယောက် ကျပ် ၃ သောင်း အာမခံဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း - အမည် မဖေါ်လို သည့် ဒေသခံနောက်တဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ဆက်ပြောပါသည်။

“ပစ်သတ်ခံလိုက်ရတာက စိုင်းကာလိန် နဲ့ စိုင်းလိန် ။ ကျန်တာတွေကိုတော့ပိုက်ဆံ တယောက်ကျပ် ၃ သောင်းစီ ဒဏ်ရိုက်တယ်။ အဲဒီစစ်ကြောင်းက ပိုက်ဆံကျပ် ၇ သိန်းခွဲလောက်ရသွားတယ်”

ရှမ်းပြည်တောင်ပိုင်း ကလောမြို့အခြေစိုက် တပ်မ ၅၅ သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလလယ်ပိုင်းကစ၍ သျှမ်းပြည် အလယ်ပိုင်းသို့ ပြောင်းရွှေ့လှုပ်ရှားလာခဲ့၏။

ဗမာစကားမတတ်သည့် အသိပညာအားနည်းသော ကျေးလက်ရွာသူကြီးများနှင့် ဒေသခံများက အဆိုပါစစ်ကြောင်း ၏ ဖိနှိပ်မှုဒဏ် မည်သူ့ထံ မည်သို့တိုင်ကြားရမည်ကို အတွေးပူရင်း ဦးနှောက်ခြောက်နေကြကြောင်း၊ တိုင်ပြန်လျှင် လည်း စွပ်စွဲအပြစ်ရှာခံမည်စိုး၍ မတိုင်ရဲကြကြောင်း အဆိုပါရွာသား၏ ပြောပြချက်အရသိရသည်။

နိုင်ငံရေးပါတီတွေကို အစဉ်အလာအရ ဖြိုခွဲဖျက်ဆီးနေတဲ့ စစ်အုပ်စု

ရဲဘော်ဖိုးသံချောင်း

အမျိုးသားဒီမိုကရေစီပါတီဟာ မကြုံစဖူးစမ်းသပ်မှုတရပ်ကို ဖြတ်သန်းနေရပါတယ်။ ဒါကို ကျန်တဲ့မိတ်ဖက်ပါတီတွေက သံယော ဇဉ်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ တဖက်မှာလည်း တခြားပါတီအတွင်းရေးကို ဝင်မပြောသင့်တာမို့ နှုတ်ကိုတင်းတင်းစေ့ပြီး အကောင်းဆုံးအဖြေထွက်လာပါစေလို့ပဲ အောက်မေ့နေကြပါတယ်။

စိတ်ရင်းဖြောင့်မှန်တဲ့၊ နိုင်ငံရေးအရ ရိုးသားတဲ့၊ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးပါတီတွေ အင်အားစုတွေဟာ ဒီချုပ်ရဲ့ အနေအထားကို စာနာသဘောပေါက်ကြပါတယ်။ အလားတူပဲ ဒီအဖွဲ့ချုပ်ကို ဇလားထဲသွန်းလောင်းသလို ဆန္ဒမဲတွေပုံလောင်းခဲ့၊ အောခဲ့ကြတဲ့ ပြည်သူလူထုကလည်း စိုးရိမ်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ ဒီချုပ်အနေနဲ့ ဒီတကွေ့ကို ချောမွေ့စွာ ဖြတ်သန်းနိုင်ပါစေလို့ပဲ အားလုံးက ဆန္ဒပြုနေကြတာပါ။

ဒါပေမယ့် ဆန္ဒဆိုတာဟာ လက်တွေ့မဖြစ်သေးတဲ့ဟာကို ခေါ်တာပါ။

လောလောဆယ် လက်တွေ့မှာ တွေ့မြင်နေရတာ တခုကတော့ နအဖဗိုလ်ချုပ်တွေဟာ တဝက်တပျက်အောင်မြင်ပွဲမျိုးကို လက်မခံနိုင်ဘူးဆိုတာ ဖြစ်ပါတယ်။ တနည်းပြောရရင် စေ့စပ်တယ်၊ ပြေအေးတယ်ဆိုတဲ့အဖြေမျိုး၊ ရလဒ်မျိုး၊ ခုခေတ်မှာ အပြောများနေတဲ့ win-win နှစ်ဖက်နိုင်အဖြေမျိုးကို သူတို့က လက်မခံနိုင်ပါဘူး။ သူတို့ကချည်းနိုင်မှ၊ တဖက်ကို အလဲထိုးနိုင်တဲ့ အဖြေမျိုး၊ ရလဒ်မျိုးပဲ ရချင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆွေးနွေးပွဲ လုပ်တယ်၊ စကားပြောကြတယ်ဆိုရင် ကြိုတင်စည်းကမ်းသတ်မှတ်တာ (pre-condition) ကို ဘယ်တော့မှလက်မခံပါဘူး။ ဒါပေမယ့် ဒီနေရာမှာ ထောက်ပြစရာရှိတာက ဒီ ဗိုလ်ချုပ်တွေဟာ သူတို့အပေါ် ကြိုတင်စည်းကမ်းသတ်မှတ်တာကိုသာမကြိုက်တာ၊ သူများတွေအပေါ်တော့ အမြဲသတ်မှတ်ချက်တွေနဲ့ နှောင်တုပ်ပြီးမှ ဆက်ဆံတာပါ။ သူတို့ဟာ တဖက်သားဆီက ဘယ်တော့မဆို အကြွင်းမဲ့လက်နက်ချတာ (unconditional surrender) ကိုပဲ လိုချင်တာဖြစ်ပါတယ်။ ဒီတခါ သူတို့ ထုတ်ပြန်လာတဲ့ ရွေးကောက်ပွဲဥပဒေတွေကြည့်ရင် အဲဒီလို သဘောထားတွေကို မမြင်ချင်အဆုံး တွေ့ရပါမယ်။ စစ်အုပ်စု လိုလားတဲ့ စေ့စပ်မှုဆိုတာဟာ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲတုန်းက ဦးနုဆီကို အာဏာသွားတောင်းတော့ ဦးနုက“စေ့စပ်” ပြီး အာဏာလွှဲပေးလိုက်တာမျိုး၊ တပ်နဲ့လက်နက်တွေအပ်ပြီး သံအမတ်ရာထူးလက်ခံတဲ့ စေ့စပ်မှုမျိုးသာဖြစ်ပါတယ်။ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို “ဖြည်းဖြည်းချင်း ပြုပြင်သွားဖို့” စေ့စပ်တာမျိုးကို မလုပ်ရေးချ မလုပ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။

မြန်မာပြည်သမိုင်းမှာ စစ်အုပ်စုက ဖြိုခွဲလို့ပြိုကွဲခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေများလှပါပြီ။ ဖဆပလအဖွဲ့ကြီးကွဲရာမှာ တပ်ထဲက ဗိုလ်ချုပ်တွေရဲ့ ခြေရာလက်ရာတွေမကင်းသလို တိုင်းရင်းသားအဖွဲ့အစည်းတွေ (လက်နက်ကိုင်သူရော လက်နက်မကိုင်သူတွေအပါ)၊ လူထုလူတန်းစားအဖွဲ့အစည်းတွေ၊ သံဃာတော်တွေ၊ ရေးရရင် စာရင်းက ကုန်နိုင်ဖွယ်ရာ မရှိပါဘူး။ အထဲမှာ သူ့လူတွေ ထည့်ပြီးဖြိုခွဲတာ၊ အပြင်ကနေ ဖိအားပေး ခြိမ်းခြောက်ပြီးဖြိုခွဲတာ၊ နည်းမျိုးတွေစုံလို့ပါပဲ။ ဒီအထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြိုခွဲဖို့လုပ်ခဲ့တာဆိုရင် စတင်တည်ထောင်ကတည်းက စခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။ ဗိုလ်အောင်ကြီးလို ပထမမျိုးဆက် စစ်အုပ်စုဝင်ဟောင်းတွေကနေ ‘တတ်သိ’ တွေကို ဖယ်ရှားဖြိုခွဲတာလည်း ဖြတ်သန်းခဲ့ရ၊ အခုလို ဥပဒေနဲ့အကျပ်ကိုင် ဖြိုခွဲတာလည်း ကြုံရလို့ မှတ်တမ်းတင်ရပါတော့မယ်။ ဒါပေမယ့် ဒီတခါ နအဖရဲ့ လုပ်ရပ်ကတော့ အားလုံးထဲမှာ အဆိုးဆုံးဖြစ်တယ်လို့ ပြောရပါမယ်။ ဒီတချီမှာတော့ သူတို့ဟာ မသိမသာ၊ လက်သည်မပေါ်အောင် သပ်လျှိုတာ၊ ဖြိုခွဲတာမဟုတ်တော့ဘဲ ပြောင် ကမ္ဘာသိ လုပ်တော့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖစစ်အုပ်စုဟာ ဖြိုခွဲရေးစီမံကိန်းကနေ ဖျက်သိမ်းရေးစီမံကိန်းဆီ လှမ်းတက်တဲ့ ခြေလှမ်း လို့ ဆိုရပါတော့မယ်။

ဒီလိုတဖက်မှာ ဖိနှိပ်မှုတွေပြင်းလာ၊ တဖက်မှာတော့ အမတ်ဖြစ်မယ်၊ ဝန်ကြီးဖြစ်မယ်ဆိုတဲ့ မြှူဆွယ်မှုတွေများလာနေတဲ့ အခြေအနေအောက်မှာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ ခြံကူးတာ၊ ဘက်ပြောင်းတာတွေ၊ ပင်ကိုယ် အသွေးအရောင်ကို ဖော်ပြလာတာတွေ၊ အမျိုးမျိုး စတွေ့လာနေရပါပြီ။ ဒီအကွေ့မှာ ရှိပ်စပီးယားရဲ့ ဂျူးလိယက်စ်ဆီဇာ ပြဇာတ် ထဲကလို “ဘရူးတပ်စ်-မင်းလဲပါသကိုး” ဆိုတဲ့ မျှော်လင့်မထားတဲ့ သစ္စာဖောက်တွေကို တွေ့ရရင်လည်း အံ့သြစရာမရှိပါဘူး။ ဒါကြောင့် ဒီတပွဲမှာ သူ့စည်းကိုယ့်စည်းခွဲဖို့ဟာ အင်မတန်မှအရေးကြီးလှပါတယ်။ တချိန်တည်းမှာ ကိုယ့်အင်အားကို ကြီးသထက် ကြီးအောင်လုပ်၊ သူ့အင်အားကို သေးသထက်သေးအောင် လုပ်ရမယ့်အချိန် ဖြစ်တယ်ဆိုတာကိုလည်း ဘယ်သူမှ ငြင်းမှာ မဟုတ်ပါဘူး။ ကြားထားသင့်တဲ့လူကိုကြားထား၊ ဥပက္ခာပြုသင့်တဲ့ လူကိုဥပက္ခာပြု လုပ်ရပါမယ်။ အားလုံးကို နအဖဘက်ချည်း တွန်းပို့ပေးတာ မလုပ်သင့်ဘူး ထင်ပါတယ်။

ဒီနေရာမှာ သူနဲ့ကိုယ်လို့ပြောတာဟာ နအဖနဲ့ပြည်သူကိုပြောတာဖြစ်ကြောင်း ထပ်ပြောလိုပါတယ်။ ဒါကြောင့်မို့ နအဖရဲ့ ဘေးမှာရပ်တည်တဲ့ အင်အားအရေအတွက် နည်းသထက်နည်းအောင် ကြံဆရပါမယ်။ ဒါဖြင့် ဘယ်လိုလူကို နအဖနဲ့ တသားတည်း ရပ်သူဆိုတာ ဘာစံနဲ့ တိုင်းမလဲဆိုတာကို စဉ်းစားရပါတယ်။ ရွေးကောက်ပွဲဝင်သူ ဒို့ရန်သူ၊ ရွေးကောက်ပွဲမှာ မဲပေးသူ ဒို့ရန်သူလို့ သတ်မှတ်လိုက်ရင် ရန်သူအဝန်းအဝိုင်းဟာ သိပ်ကျယ်သွားနိုင်ပါတယ်။ ကိုယ်နဲ့အလုံးစုံတူညီတဲ့လူမှ ကိုယ့်လူ၊ ကိုယ့်မဟာမိတ်လို့ သဘောထားလို့မဖြစ်ပါဘူး။ တချို့ကိုနားလည်ယူတာ၊ ခွင့်လွှတ်တာ၊ ကြားသဘောထားတာတွေ လုပ်ရမှာပါ။

ဒါကြောင့်မို့ ဒီတပွဲမှာ အဓိကထားရမယ့် စံ၊ ဒါမှမဟုတ် စည်းဟာ နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတာ ဖြစ်သင့်ပါတယ်။ ရွေးကောက်ပွဲဝင်ရေး မဝင်ရေး ပြောရာမှာ အဲဒီဖွဲ့စည်းပုံအကြောင်းကို ထည့်မပြောလို့ မဖြစ်ပါဘူး။ ဒီဖွဲ့စည်းပုံအောက်မှာတည်ရှိနေတဲ့ လွှတ်တော်တရပ်ဟာ ရုပ်သေးလွှတ်တော်ထက်တောင်ဆိုးတဲ့ ညောင်နှစ်ပင်ညီလာခံသာသာ လွှတ်တော်ဖြစ်မှာပါ။

မြန်မာပြည်နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာရာမှာ အနှစ် (၂ဝ) ကျော် တရားမရှိ၊ ဓားမရှိ အုပ်စိုးခဲ့တဲ့ နဝတ-နအဖစစ်ဗိုလ်ချုပ်တွေဟာ စစ်အာဏာရှင်အစိုးရတွေဖြစ်တယ် ဆိုတာလောက်ကိုတောင်မှ အသိအမှတ်မပြုတဲ့လူတွေဟာ အဲဒီဖွဲ့စည်းပုံကို စုံလုံးမှိတ် လက်ခံကြရုံမက ရှေ့နေလိုက်၊ အကာအကွယ်တောင် ပေးနေကြပါတယ်။ ဒီလိုအချိန်မှာ မြန်မာပြည်သူတွေကို ရွေးကောက်ပွဲညီမျှခြင်း ဒီမိုကရေစီ၊ စစ်အာဏာရှင်တွေကို အထိန်းအကွပ်မရှိ အုပ်စိုးခိုင်းထားတာထက်၊ လွှတ်တော်တရပ် ရှိနိုင်ရင် တစုံတရာထိန်းကွပ်နိုင်တယ်ဆိုတဲ့ စကားမျိုးပြောနေသူဟာ သူကိုယ်တိုင် ဘာမှနားမလည်လို့၊ ဒါမှမဟုတ် သိလျက်နဲ့ ညာနေတာသာဖြစ်ပါတယ်။

ဒီလိုရှုပ်ထွေးပွေလီနေတဲ့အချိန်မှာ တွေ့နေရတဲ့ လုပ်ရပ်တခုက ကိုယ့်အချင်းချင်းရဲ့ အက်ကြောင်းတွေကိုလိုက်စမ်းတာ၊ ရှာတာ၊ တွေ့ရင်နှဲ့တာတွေ ဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြားလူ၊ သမာသမတ်ရှိသူ၊ ဘက်မလိုက်သူ ဆိုတာမျိုးပြောပြီး ဒီချုပ်အပါ ပြည်သူလူထုအင်အားတွေကို သွေးတိုးစမ်းနေ၊ နှဲ့နေတာတွေလည်း တွေ့နေရပါတယ်။ ဒါဟာဘယ်သူ့အကြိုက်ဖြစ်စေလို့၊ ဘယ်သူ့ကို အကျိုးပြုတယ်ဆိုတာ ရှင်းနေတာပါ။ ဒါပေမယ့် မြန်မာပြည် ပြည်သူလူထုအပေါ်မှာ မယုံတဲ့၊ အနာဂတ်ကိုမယုံတဲ့၊ စစ်အုပ်စုရဲ့ အင်အားကို အထင်ကြီးလာတဲ့ တချို့လူတွေဟာ အခုအခါမှာ ကြားနေတယ်ဆိုတဲ့အချိုးမျိုး ချိုးလာနေကြတာ တွေ့ရပါတယ်။ ဒါတောင် နအဖရဲ့ ရွေးကောက်ပွဲဟာ လုပ်မပြီးသေးပါဘူး။ လုပ်များပြီးသွားလို့ နအဖအစိုးရက သူတို့ကိုယ်သူတို့ “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်စိုးနေတဲ့အစိုးရ” လို့ ကြေညာလာရင် အဲဒီ “ကြားနေ” ပုဂ္ဂိုလ်များ ဘယ်လိုပြောကြဦးမလဲ မသိပါဘူး။ မမေ့ကြသင့်တဲ့ အချက်တချက်က ဒီနေ့လိုအခြေအနေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက မတော်မတရား ဖျက်ဆီးနေတာကို ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုတုံ့ပြန်သလဲ ဆိုတာဟာ ဒီချုပ်အဖွဲ့ဝင်မဟုတ်တဲ့ တခြားနိုင်ငံရေးသမားများနဲ့ နိုင်ငံရေး အင်အားစုတွေကိုလည်း မှတ်ကျောက်တင်လိမ့်မယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခက်အခဲတွေက ကြီးပါတယ်။ ပြည်သူလူထုမှတပါး တခြားဘယ်သူမှ သူတို့ကို မကယ်နိုင် ပါဘူး။ သူတို့သမိုင်းမှာ အောင်မြင်မှုအရဆုံးဆိုတာဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကဖြစ်ပြီး အဲဒါဟာ ပြည်သူလူထုရဲ့ ဝိုင်းဝန်းထောက်ခံမှုကြောင့် ရခဲ့တာဖြစ်ပါတယ်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ March,31st,2010

( 44 )Burma's Press Censored on NLD Decision

( 43 )မြန်မာမှ တင်သွင်း လာသည့် မူးယစ်ဆေးဝါးများ ဘင်္ဂလာတွင် ဖမ်းဆီးရမိ

( 42 )ရခိုင်ပါတီအသစ် ရွေးကောက်ပွဲ မှတ်ပုံတင်မည်

( 41 )Burma's Press Censored on NLD Decision

( 40 )NLD မြို့နယ် လူငယ်ခေါင်းဆောင် ထောင်ဒဏ် ၂ နှစ် တိုး

( 39 )600 Karen Refugees Return to Burma

( 38 )သြစတြေးလျရောက် မြန်မာများ ဆန္ဒပြ

( 37 )Jailed Burmese MPs Remembered at Bangkok Conference

( 36 )လေပြင်းကြောင့် ဖလမ်း နေအိမ် ၁၂ လုံး ပျက်စီး

( 35 )Dam Work Continues on Eve of Mekong Conference

( 34 )NLD နိုင်ငံရေး ဆက်လုပ်မည်

( 33 )Democratic Party registers for elections

( 32 )ကရင်ဒုက္ခသည် ၆၀၀ ကျော် နေရပ်ပြန်

( 31 )US must avoid legitimizing Myanmar vote

( 30 )There’s A Burmese Zombie On Your Hood

( 29 )နိုင်ငံရေးပါတီများ ရေးသားထုတ်ဝေခွင့်ကို စည်းကမ်းချက်များဖြင့် ကန့်သတ်ထား

( 28 )Continuing the political fight for Burma

( 27 )အမေရိကန်သံတမန်များ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာ

( 26 )In Opting for Poll Boycott, NLD Goes for Broke

( 25 )NLD ဆုံးဖြတ်ချက်အပေါ် အိန္ဒိယမှ အမျိုးမျိုး တုံ့ပြန်

( 24 )Ramdev set to take Indian yoga to Myanmar, Pakistan

( 23 )နိုင်ငံတကာ လုပ်ငန်းစဉ် ပြန်သုံးသပ်ရန် အာရှအဖွဲ့ ပြော

( 22 )Big Storm Hits Naypyidaw, Mandalay

( 21 )ဖြိုခွင်းမှုအသစ်များ လုပ်လာနိုင်ကြောင်း ဦးဝင်းတင် သတိပေး

( 20 )US Senators Want Special Representative for Burma

( 19 )မြန်မာနိုင်ငံကို ဖိအားပေးဖို့ အမေရိကန် အမတ်များ တိုက်တွန်း

( 18 )Strategic Report Suggests Long-range US-Burma Policy

( 17 )ဘန်တုံယန်းဒုက္ခသည်စခန်း လေပွေပြင်းတစ်ခုရုတ်တရက်တိုက်ခတ်ခဲ့

( 16 )NLD ဆုံးဖြတ်ချက် NDF ထောက်ခံကြိုဆို

( 15 )S'pore's stand on Myanmar polls

( 14 )ကိုးကန့်ဒေသ၌ ပြောက်ကျား (၇) ဦး လက်နက်နှင့်အတူ ဖမ်းမိဟုဆို

( 13 )Tighter sanctions sought

( 12 )NLD ဆုံးဖြတ်ချက် အမေရိကန် လေးစားကြောင်းပြောဆို

( 11 )US senators seek tighter Myanmar sanctions ahead of elections

( 10 )ငြိမ်းအဖွဲ့ မွန်ပြည်သစ် ပါတီက နယ်ခြားစောင့် တပ်ကို လက်မခံ

( 9 )Opposition abstention from polls gets mixed reaction in Myanmar

( 8 )NLD မှတ်ပုံ မတင်သည့်အပေါ် မတူညီသည့် အမြင်များ

( 7 )Strong earthquake hits off Myanmar

( 6 )Britain brands Myanmar elections unfair

( 5 )Judge seeks more answers on alleged CIA misconduct

( 4 )ဒေါ်စု ဗဟိုကော်မတီထံ ပေးပို့သည့် အချက် ၆ ချက် NLD သံတမန်တွေကို ရှင်းပြ

( 3 )Calling Burma's Bluff

( 2 )အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ၂ ရက်ကြာ မြန်မာနိုင်ငံခရီး စတင်

( 1 )Suu Kyi's party to boycott Burma vote

Tuesday, March 30, 2010

သူရရွှေမန်း ကချင်ပြည်နယ်သို့ သွားရောက်

ဖနိဒါ | အင်္ဂါနေ့၊ မတ်လ ၃၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ သောင်မတင်ရေမကျ ဖြစ်နေချိန်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ကချင်ပြည်နယ်သို့ လွန်ခဲ့သည့် သီတင်းပတ်အတွင်း ၂ ရက်ကြာ ခရီးစဉ်တခု သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခြင်းမရှိသော စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင်၏ မတ်လ ၂၄ ရက်နေ့ကစတင်သော ခရီးစဉ်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ထို့အပြင် ဟူပင်၊ တနိုင်း၊ ပူတာအိုမြို့များသို့လည်း သွားရောက်ခဲ့ကာ မတ်လ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ပြန်သွားခဲ့သည်။

“အဓိက စစ်ရေးနဲ့ပတ်သက်တဲ့ အကြောင်းတခု ရှိပုံရတယ်။ လက်ရှိ နယ်စပ်မှာ ဖြစ်နေတဲ့ ကချင်၊ ဝ တို့ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်မယ်လို့ မှန်းဆရတာပဲ” ဟု စစ်ဘက်အရပ်ဘက် လေ့လာသူ ကိုဝင်းမင်းက ပြောသည်။

တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး သာအေး၊ ဗိုလ်ချုပ် မင်းအောင်လှိုင်တို့နှင့် အခြားအရာရှိ ၁ဝ ဦးခန့် လိုက်ပါခဲ့ကြောင်း သူက ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးသာအေးသည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့ကို ကိုင်တွယ်ရသော ကစထမှူးဖြစ်ပြီး ဗိုလ်ချုပ် မင်းအောင်လှိုင်မှာ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့ကို ကိုင်တွယ်ရသည်။

“ဗန်းမော်ကနေ ရောက်လာတယ်။ သူက အဓိကတော့ သူပြောတာကတော့ ပြည်သူလူထုကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို နယ်ခြားစောင့်တပ် ပြောင်းဖို့ လက်ခံဖို့အတွက် ဖိအားပေးပါဆိုတာပါ” ဟု KIO အရာရှိတဦးက ပြောသည်။

သို့သော်လည်း ခရီးစဉ်အတွင်း KIO ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း မရှိဟု သိရသည်။

ယခုလ ၂၁ ရက်နေ့က မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား အပါအဝင် အတွင်းရေးမှူး ဒေါက်တာလှဂျာ၊ ဗိုလ်မှူးကြီး ကွမ်မော်တို့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)တွင် တွေ့ဆုံခဲ့ကြသေးသည်။

ဗန်းမော်မြို့ ကွန်ဘန်ကျေးရွာသား ၂ ဦးထံမှ ဗုံးအလုံးပေါင်း ၃၃ လုံးကို မူးယစ်အထူးရဲတပ်ဖွဲ့က ယခုလ ၁၃ ရက်နေ့တွင် သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ KIO ကို မေးမြန်းခဲ့သည်။

KIO အဖွဲ့ပိုင် ဗုံးများဖြစ်သော်လည်း အဖွဲ့က လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်ဟု ကချင်အရာရှိက ပြောသည်။

KIO အဖွဲ့အနေဖြင့် တပ်မတော်အောက်ကို သွတ်သွင်းမည့် နယ်ခြားစောင့်တပ်ကို လက်မခံဘဲ တက်လာမည့် အစိုးရသစ်တွင် ကချင်တပ်မတော်တခုအနေဖြင့် ရပ်တည်လိုကြောင်း နေပြည်တော်၏ ကိုယ်စားလှယ် စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာတင်ပြထားသည်။

ရွေးကောက်ပွဲ ပုန်ကန်မှုများ ကာကွယ်ရန် လုံခြုံရေးများ တိုးမြှင့်တော့မည်

မျိုးချစ်သူ/ ၃၀ မတ် ၂ဝ၁ဝ

ရန်ကုန်တွင် ယနေ့မှစ၍ လုံခြုံရေးတိုးမြှင့်တော့မည်ဖြစ်ကြောင်း အာဏာပိုင်အဖွဲ့တခုဖြစ်သော တယကမှ အရာရှိကြီးတဦးက ပြောသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့အနေဖြင့် ပါတီမှတ်ပုံမတင်ကြောင်းနှင့် ရွေးကောက်ပွဲမ၀င်ကြောင်း ယမန်နေ့က အတိအလင်း ကြေညာလိုက်ပြီးနောက် ယင်းသို့ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“အန်အယ်လ်ဒီက ရွေးကောက်ပွဲမ၀င်ဘူးဆိုတော့ ဥပဒေအရ တရားမ၀င်တဲ့ပါတီ ဖြစ်သွားပြီ။ ဒါ့ကြောင့် အချိန်မရွေး ရွေးကောက်ပွဲကို ပုန်ကန်မှုတွေ လုပ်နိုင်တယ်။ ဒါကိုကြိုတင်ကာကွယ်ရမယ်။ ကျနော်တို့အနေနဲ့ကတော့
အထက်အမိန့်ကို လိုက်နာဖို့ပါပဲ” ဟု ထိုအရာရှိက ပြောသည်။

ရန်ကုန်တွင် လုံခြုံရေးများ အင်အားပြမှုကို တနေ့လျှင်တကြိမ် ပုံမှန် နေ့ကင်းအဖြစ် လှည့်လည်ဆောင်ရွက်ကြောင်း၊ ကင်းလှည့်ရာတွင် ၀တ်စုံပြည့်ရဲများက လက်နက်များ အစုံအလင်ဖြင့် ရဲ (police) ကား အနည်းဆုံး (၃) စီးမှ (၅) စီးထိ အသုံးပြုကြောင်း၊ ထို့အပြင် မြို့နယ်အလိုက် ကြက်ခြေနီ၊ အရန်မီးသတ်များနှင့် ကြံ့ဖွံ့အသင်းဝင်များကိုလည်း အလှည့်ကျ ညကင်းအဖြစ် ဆောင်ရွက်စေရန် စီစဉ်ထားကြောင်း သိရသည်။

နအဖသည် လွန်ခဲ့သော ၂၀၀၈ ခုနှစ် မေလ၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မဲဆန္ဒခံယူပွဲအတွက် လုံခြုံရေးကို အပြည့်အ၀ အသုံးပြုဆောင်ရွက်ခဲ့သည်။

“ရန်ကုန်မှာက ပြီးခဲ့တဲ့ တပ်မတော်နေ့က စပြီးတော့ လုံခြုံရေးပိုပြီးချတာ တွေ့ရတယ်။ မီးပွိုင့်တွေမှာ အများဆုံးပဲ။ လာသမျှကားတွေကို လိုက်တားတယ်၊ စစ်တယ်။ ဘာ့ကြောင့် အခုလို စစ်ဆေးတယ်ဆိုတာကို လုံခြုံရေးဆောင်ရွက်နေသူတွေ မသိဘူး။ လုံခြုံရေးဆောင်ရွက်နေသူတွေကတော့ ယာဉ်ထိန်းရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွံ့တွေဖြစ်တယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ရန်ကုန်တွင် ၀တ်စုံပြည့်ရဲများ ရဲကားများနှင့် လှည့်လည်မှုပြုလုပ်တိုင်း ပြည်သူတို့က ကျေနပ်မှုမရှိကြကြောင်း မင်္ဂလာတောင်ညွန့်နေသူများက ပြောသည်။

“အလကားနေရင်း လှည့်ပြီးတော့ အင်အားပြနေတာ၊ အလုပ်မရှိ အလုပ်ရှာလုပ်နေတာ။ သူတို့လုပ်တာနဲ့ လူတွေ နေရင်းထိုင်ရင်း စိုးရိမ်နေရတယ်” ဟု အဆိုပါမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

မန္တလေး-မြစ်ကြီးနားလမ်းပေါ် ထူးဆန်းသည့် ကုန်ရထား ပြေးဆွဲနေ

ခိုင်လင်း/ ၃၀ မတ် ၂ဝ၁ဝ

ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် ကုန်ရထားတစီး ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲနေသဖြင့် ပြည်သူများက စိတ်ဝင်စားနေကြကြောင်း သိရသည်။

အလုံပိတ် ကုန်တင်တွဲ (၁ဝ) တွဲခန့်ပါဝင်သည့် အဆိုပါရထားသည် ကချင်ပြည်နယ်အတွင်းရှိ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း စသည့်မြို့များတွင် ရပ်နားခြင်း မရှိသလောက်ဖြစ်သည့်အတွက် မီးရထားဝန်ထမ်းများပင် နားမလည်နိုင်ဘဲ ဖြစ်နေကြကြောင်း ရထားဝန်ထမ်းများနှင့် နီးစပ်သူ မိုးညှင်းမြို့ခံတဦးက ပြောသည်။

၎င်းက “မီးရထားဝန်ထမ်းတွေကတော့ ဒေါ်ကြိုင်ကြိုင် ရထားဆိုပြီး နာမည်ပေးထားတယ်။ ဘယ်ဘူတာမှ မရပ်ဘူး၊ ဘာပစ္စည်းတွေ တင်ခဲ့မှန်းလည်း မသိဘူး။ ပုံမှန်ကုန်တင်တွဲလို မဟုတ်ဘူး။ တွဲက နီညိုရောင်။ အဲလို ကုန်တွဲမျိုးကော၊ စက်ခေါင်းမျိုးကော ကျနော့်တသက် တခါမှ မမြင်ဖူးဘူး။ အထူးအမြန်တို့၊ တရုတ်ရထားတို့တောင် သူ့အလာကို စောင့်ပေးနေရတယ်။ မြစ်ကြီးနားဘက်ကနေ ပြန်ခေါက်လာ၊ ပြီးတော့ ပြန်တက်၊ လွန်းပြန်သွားနေတာ။ မန္တလေးဘက်က လာတယ်သာပြောတာ၊ ဘယ်ဘူတာက ထွက်လာမှန်းလည်း မသိဘူး။ ကချင်ပြည်နယ်ထဲမှာတော့ ဘယ်မှမရပ်တာ သေချာတယ်။ မြစ်ကြီးနားကိုရောက်ပြီး ပြန်ခေါက်လာတာ” ဟု ပြောသည်။

မြစ်ကြီးနား-မန္တလေး လမ်းပေါ်တွင် မြစ်ကြီးနားသို့ လူစီးရထားနှင့် ကုန်ရထားများ တနေ့ (၅) စီးခန့် နေ့စဉ် ဆန်တက်နေရာ လူသုံးကုန်ပစ္စည်း အထူးသီးသန့်ပို့စရာ မလိုသည့်အတွက် သာမန်လူသုံးကုန်ပစ္စည်းများထက် အရေးကြီးပစ္စည်းများသာ ဖြစ်နိုင်ကြောင်း မီးရထားဝန်ထမ်းများကလည်း ခန့်မှန်းပြောဆိုနေကြသည်ဟု အဆိုပါ မိုးညှင်းဒေသခံက ပြောသည်။

၎င်းက “အခုကုန်ရထားက မြစ်ကြီးနားအတွက် သီးသန့်ကုန်ရထားဖြစ်နေတာ။ မြစ်ကြီးနားက နေ့ချင်း၊ ညချင်း လူတိုးပွားလာတာ မဟုတ်တဲ့အတွက် ကုန်ပစ္စည်းတွေတော့ သယ်တာမဟုတ်ဘူးပေါ့။ အနည်းဆုံး တပတ် (၂) ခေါက်လောက် သွားနေတော့ အဲလောက် ဖြုန်းအားမရှိတာရယ်၊ ဘူတာတွေမှာ မရပ်တာရယ်ကိုကြည့်ရင် အရေးကြီးတဲ့ဟာ သယ်နေတာတော့ သေချာတယ်ပေါ့။ ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးကြီးရဲ့ ဇနီးနာမည် ဒေါ်ကြိုင်ကြိုင်ဆိုပြီး နာမည်ပေးထားကြတာ” ဟု ပြောသည်။

အဆိုပါကုန်ရထားတွင် စစ်သားအစောင့်အရှောက်များ လိုက်လာခြင်းမရှိသည့်အတွက် အရေးကြီး စစ်လက်နက်ပစ္စည်းများ တင်ဆောင်နိုင်ခြင်းမရှိသော်လည်း ခရိုင်၊ မြို့နယ်အဆင့် ရုံးစိုက်ရာ မြို့များတွင် မရပ်နားသည့်အတွက် ဒေသခံများအကြား ထူးဆန်းအံ့သြနေကြသည်။

စကခ ၂၁ မှူး ရာထူးမှ အနားယူ

သျှမ်းသံတော်ဆင့်

မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စကခ၂၁ မှူး ဗိုလ်မှူးချုပ် စိုးနိုင်အား လွန်ခဲ့သည့် တစ်ပတ်ခန့်က ရာထူးမှ အနားပေးလိုက်ကြောင်း စစ်ဘက် သတင်းရပ်ကွက် အဆိုအရသိရသည်။မကြာသေး ခင်က ပြုလုပ်ခဲ့သည့် မြန်မာ စစ်အရာရှိများ ရာထူးပြောင်းရွှေ့မှုတွင် ၄င်းစစ်အရာရှိ တာဝန်မှ အနား ပေးခံရခြင်းဖြစ်သည်။

အဆိုပါ လစ်လပ်သွားသည့် စကခမှူး နေရာသို့ မြောက်ပိုင်းတိုင်းရှိ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) ဋ္ဌာန စစ်ဦး စီးမှူး တာဝန်ယူဖူးသူ ဗိုလ်မှူးချုပ် ကိုကိုနိုင်ဖြင့် အစားထိုး ခန့်အပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ကိုကိုနိုင်သည် မြောက်ပိုင်းတိုင်းတွင် တာဝန်ထမ်းဆောင်နေရာမှ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ် ဒေသအနီး လွန်ခဲ့သည့်နှစ်အတွင်း ၀င်ရောက်လာသည့် တပ်မ (၉၉) သို့ နည်းဗျူဟာမှူးအဖြစ် ပြောင်းရွေ့သွားခဲ့သည်။

၎င်းတာဝန်မှ နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) ကျောင်း တက်ရောက်ခဲ့ကာ ဗိုလ်မှူး ချုပ်အဆင့်ဖြင့် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဋ္ဌာနချုပ် ခေါ် စကခ (၂၁) သို့ ရောက်ရှိလာကြောင်း သိရသည်။

စကခ ၂၁ ၏ အဓိက တာဝန်မှာ စစ်ဆင်ရေးကိစ္စဖြစ်ပြီး ဗန်းမော်ဒေသ အုပ်ချုပ်ရေးကိုလည်း သျှမ်းပြည် (မြောက်ပိုင်း) မိုးမိတ်အခြေစိုက် စစ်ဗျူဟာ အပေါ် တာဝန်ယူရကြောင်းသိရသည်။

ကရင်လက်နက်ကိုင်တပ်များအား နှိမ်နင်းရန် ကရင်ပြည်နယ်သို့ ပို့လွတ်ခဲ့သည့် စကခ ၂၁ သည် ၂၀၀၉ နှစ်ကုန်ပိုင်း၌ နောက်တန်းဋ္ဌာနချုပ် ဗန်းမော်သို့ တိတ်ဆိတ်စွာပြန်လည်ရောက်ရှိလာကြောင်း ဒေသခံများကဆို သည်။

NLD ဆုံးဖြတ်ချက်ကို အမေရိကန်နှင့် ကုလ လေးစား

ဧရာဝတီ Tuesday, March 30, 2010

ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ် လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန် အစိုးရနှင့် ကုလ သမဂ္ဂ တို့က တနင်္လာ နေ့တွင် ပြောကြား လိုက်ကြသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် သူ့ပါတီ၏ မည်သည့် ဆုံးဖြတ် ချက်ကို မဆို နိုင်ငံတကာ အသိုင်းအ၀န်းက လေးစားကြရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့် ရပုဂ္ဂိုလ် မစ္စတာ မာတင်နီ ဆာကီက နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောကြား လိုက်သည်။ ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သည့် မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်ကို ရည်ညွှန်းပြီး သတင်း ထောက်များကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။


“သူ (မစ္စတာ ဘန်ကီမွန်း) ပြောခဲ့သလိုပါပဲ ဒီရွေးကောက်ပွဲက မျှတပြီး ယုံကြည်စိတ်ချရတယ်လို့ ယူဆနိုင်တယ်ဆိုရင် အများရဲ့ ပါဝင်နိုင်မှု ရှိနိုင်သမျှ ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြသည်။

မစ္စတာ ဘန်ကီမွန်းက သူ၏ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ပြီးခဲ့သည့် အပတ်က တွေ့ဆုံရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန် အစိုးရကလည်း NLD ၏ ဆုံးဖြတ်ချက်ကို လေးစားသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ ပီဂျေခရော်လေ က ပြောသည်။

“မြန်မာပြည် နိုင်ငံရေး ဖြစ်စဉ်မှာ လိုအပ်တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ တခြား အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အလေးအနက်ထားပြီး ဆွေးနွေးဖို့ မြန်မာအစိုးရက ဆန္ဒမရှိတဲ့အတွက်ကြောင့် NLD က ဒီလို ဆုံးဖြတ်လိုက်တာပဲ လို့ ကျနော်တို့ နားလည်မိပါတယ်” ဟု မစ္စတာ ပီဂျေခရော်လေ က ပြောသည်။

ပြီးခဲ့သည့်နှစ်ကစပြီး အမေရိကန်အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိတွေ့ဆက်ဆံရေး၊ ဒဏ်ခတ်ပိတ်ဆို့ရေး နည်းလမ်းနှစ်သွယ်ကို တပြိုင်နက် ကျင့်သုံးခဲ့သည်။

“ရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အမြင်ကို ပြောပြီးပါပြီ။ စိတ်ပျက်စရာ ဥပဒေတွေလို့ ကျနော်တို့ ထင်ပါတယ်။ ဒီလို ပြောပြီး နောက်ပိုင်းမှာတော့ မြန်မာအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးတာ မရှိသေးပါဘူး။ အနာဂတ်မှာ မရှိဘူးလို့တော့ မပြောနိုင်ပါဘူး။ သို့သော်လည်းပဲ မြန်မာပြည်မှာ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေတွေက နည်းမှန် လမ်းမှန် မဟုတ်ပါဘူး” ဟု မစ္စတာ ပီဂျေခရော်လေ က ရှင်းပြသည်။

ဤအတောအတွင်း ၀ါရှင်တန်အခြေစိုက် US Campaign for Burma ခေါ် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့က NLD ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ယမန်နေ့က ကြေညာချက် ထုတ်လိုက်သည်။

“NLD ခေါင်းဆောင်တွေက သတ္တိရှိရှိ ဆုံးဖြတ်လိုက်တာပါပဲ။ ဒီအတွက် ကျနော်တို့ အင်မတန် ဂုဏ်ယူပါတယ်” ဟု ထိုအဖွဲ့၏ ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ပြောသည်။

“စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံတဲ့ နည်းနဲ့ သူတို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြီးတော့ ပြည်သူတွေ နဲ့အတူ ဆက်လက် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ” ဟု ကိုအောင်ဒင်က ဆိုသည်။

မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် ဆွမ်စိဖိုရွာမှ ဒေသခံများသည် နအဖ စစ်တပ် ခမရ ၅၃၁နှင့် ၄၂၈ တပ်များမှ ရွာတွင်းသို့ ၀င်ရောက်လာပြီး ပြောဆိုဆက်ဆံရာတွင် စကား မပေါက်ကြဘဲ ရိုက်နှက်သောကြောင့် ရွာသားအချို့ရွာမှ ထွက်ပြေးကြသည်ဟု သိရသည်။


အိမ်ခြေ ၄ဝ ကျော် ရှိသော ဆွမ်စိဖိုရွာသို့ စစ်တပ်မှ မကြာခဏ ၀င်ရောက်လာပြီး ယခုလ အစောပိုင်းကစ၍ ရွာသားများ စတင် ထွက်ပြေးကြရာ အိမ်ခြေ ၃၅ အိမ်တို့သည် ဆွေမျိုးများ ရှိသည့် တခြားကျေးရွာဆီသို့ ထွက်ပြေးကြပြီး အချို့မှာ ထိုင်း-မြန်မာနယ်စပ် ဘက်သို့ မတ်လ ၁၈ ရက်နေ့က ထွက်ပြေးရောက်ရှိလာကြသည်။

“ဗမာစစ်တပ်တွေက ရွာကို ရောက်ရင် ကျနော်တို့ကို ဗမာစကားလို ပြောတယ်။ ဒါပေမယ့် ကျနော်တို့က ဗမာစကားမှ မတတ်တာ ကျနော်တို့က ကိုယ့်ဘာသာ စကားတခုပဲ တတ်တယ်လေ။ သူမေးတာတမျိုး ကိုယ်ဖြေသွားတာတခြား ဖြစ်သွားတော့ ကျနော်တို့ကို ရိုက်တယ်၊ နှိပ်စက်တယ်” ဟု ဆွမ်စိဖိုရွာမှ စကားမပေါက်၍ အရိုက်ခံရဖူးသော အိမ်ထောင်ဦးစီးတဦးက ပြောသည်။

နအဖ စစ်တပ်များသည် ရွာသို့ ရောက်တိုင်း ရွာတွင်းတွင် သေနတ်များ ဖောက်၍ ခြိမ်းခြောက်ခြင်း၊ လမ်းပြခိုင်းခြင်း၊ လမ်းမပြနိုင်လျင် စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ခြင်းများ ပြုလုပ်သည့်အပြင် ရွာသားပိုင် အိမ်မွေးတိရိစ္ဆာန်များကို အဖိုးအခ မပေးဘဲ ပစ်သတ်စားသောက် ကြသည်ဟု ရွာသားများက ပြောပါသည်။

ဆွမ်စိဖိုရွာမှ ရွာသားတဦးက “ကျနော်တို့ ရွာမှာ ဗမာတပ်တွေ လာရင် စစ်ဆေးမေးမြန်းတယ်။ နှိပ်စက်တယ်။ လမ်းပြခေါ်သွားတော့ လုပ်ကိုင်စားသောက်ဖို့အတွက် အခက်အခဲ ရှိတယ်။ တပတ်ကျော်လောက် လိုက်သွားရပြီး သူတို့ စစ်ကြောင်း မပြန်ရင် အိမ်မပြန်ရ သေးဘူး။ အိမ်က ကြက်တို့၊ ၀က်တို့ အလကား ယူသတ်စားသွားတယ်” ဟု ပြောသည်။

အမှန်တရားကို မြတ်နိုးပါ၏။ သို့သော် …

ထက်ဂျူလိုင်

ကျမက စာတတ်ပုဂ္ဂိုလ် မဟုတ်ဘူး။ (၈) တန်းကတည်းက အိမ်မှာ စက်ချုပ်သင်ပြီး ငွေရှာခဲ့ရတာပါ။ (၁၆) နှစ်မှာ ယောက်ျားရတယ်။ နိုင်ငံရေးဆိုတာ ဘာမှန်းမသိဘူး။ ဒါပေမယ့် ကျမ အိမ်ထောင်ကျတာ နိုင်ငံရေးသမားနဲ့တဲ့။ အဲလို စပြီးသိရတဲ့အချိန်က ကျမ ယောက်ျား ကို နေ့ခင်းကြောင်တောင်ကြီး မေးမြန်းစရာရှိလို့ စခန်းကို ခဏလိုက်ခဲ့ပါဆိုပြီး ရဲဝတ်စုံလည်း မပါတဲ့သူတွေက ခေါ်သွားတာပဲ။ ညနေ မိုးချူပ်တဲ့အထိ ပြန်မလာတဲ့ ယောက်ျားကို ကျမ စိတ်ပူလာတယ်။

ဒီတော့ သူတို့ပြောတဲ့ စခန်းဆိုတာကြီးကို မေးမြန်းပြီး လိုက်သွားရတာပေါ့။ ဟိုရောက်တော့ သူ့ကို မတွေ့ရဘူး။ စစ်ဆေးတာ မပြီးသေးလို့ဆိုပြီး ကျမကို ပြန်လွှတ်လိုက်တယ်။ ရက်ကွက်ထဲက လူတွေကလည်း သို့လော၊ သို့လောပေါ့။ ကျမကလည်း ကျမယောက်ျား မကောင်းတာ ဘာလုပ်ထားသလဲဆိုတာ သိချင်တယ်။ နောက်ပိုင်း တိုးတိုး တိုးတိုးနဲ့ ပြန်ကြားတာကတော့ ကျမ ယောက်ျားက နိုင်ငံရေးသမားတဲ့။ သောင်းကျန်းသူတွေနဲ့ ဆက်သွယ်လို့ ဖမ်းဆီးသွားတာတဲ့။

သူ့ကို နေ့တိုင်း ဘယ်မှာရှိလဲဆိုပြီး စခန်းကို သွားမေးမြန်းစုံစမ်းနေတဲ့ ကျမက မသိရဘဲ သူများတွေရဲ့ တီးတိုးသံကတဆင့် ကြားရတော့ ကျမ ယုံရခက်ကြီးဖြစ်ရတာပေါ့။ သူတို့ရဲ့ ခဏကလည်း (၂) လလောက်ရှိသွားပြီ။ ဘယ်မှာထားလို့ ဘယ်မှာစစ်မှန်းကို မသိရဘူး။ စခန်းမှာ သွားမေးတိုင်းလည်း စိတ်မပူပါနဲ့ ညီမလေး၊ သူ့ကို မေးမြန်းနေတာ မပြီးသေးလို့၊ ပြီးရင် ပြန်လွှတ်မှာပါတဲ့။ ဒီလိုနဲ့ (၂) လလောက်ကတော့ ကျမ မျက်ရည်နဲ့ မျက်ခွက်လေ။

ကျမမှာ သားတယောက်၊ သမီးတယောက်ရှိတယ်။ အသက်က (၁) နှစ်စီပဲကွာတာ။ အခုမှ သားအကြီးက (၃) တန်း၊ သမီးအငယ်က (၂) တန်းလေ။ ကျမက စက်ချုပ်တာလေးတတ်တော့ သူတို့ဖခင်မရှိတုန်း စက်ချုပ်ကျွေးရတာပေါ့။ နောက်ပိုင်းတော့ သူ ထောင် (၇) နှစ်ကျသွားတယ်။ ထောင်အမိန့်ကျခါနီးမှ ကျမ သူ့ကိုတွေ့ရတာ။ ဒီတော့ ကျမလည်း သူ့ကို အခွင့်အရေးရတုန်း ရှင် ဘာတွေလုပ်ထားတာလဲဆိုပြီး မေးရတာပေါ့၊ သူကတော့ ခပ်တည်တည်နဲ့ ကျမကို ပြောတယ်။ ငါ အမှန်တရားတွေ လုပ်ထားတာကြောင့် အခုလို အဖမ်းအဆီးခံရတာတဲ့။ ဘုရားရေ … ဒီလိုပဲ ကျမ အသံထွက် အာမေဍိတ်သံပြုမိတယ်။ ဟုတ်တယ်လေ စဉ်းစားကြည့်၊ ဥပဒေဆိုတာ အမှန်တရားရှိတဲ့သူတွေအတွက်ဆိုတာ စာကောင်းကောင်းမတတ်ပေမယ့် ဘ၀ပေးအခြေအနေအရ ကျမ နားလည်နေတယ်။ ခုတော့ ဘယ်လိုလဲ။

ကျမက ရပ်ကွက်ထဲက တီးတိုးကြားရတဲ့ စကားတွေကို သူ့ကို ပြန်မေးကြည့်တယ်။ အဲဒါ ဟုတ်လားလို့ မေးတော့ ကြုံရာပြောတာတွေကို နားထောင်မနေနဲ့တဲ့။ ကျမကလည်း သူ့ စကားကို တသက်လုံး နားထောင်ပြီးနေခဲ့တာ၊ အားကိုးချစ်ခင်ပြီး လက်ထပ်ခဲ့တာ၊ ဒီတခါလည်း သူပြောတာကိုပဲ ကျမ လက်ခံယုံကြည်လိုက်ရတယ်။ သူက ကျမကို ထောင်ထဲဝင်ခါနီးမှာ သူ့အမေတွေနဲ့ ကျမကို သွားနေဖို့ မှာခဲ့တယ်။ သူ့မိဘတွေကလည်း ကျမကို သူတို့နဲ့အတူနေဖို့ လာခေါ်တယ်။ ကျမ ငြင်းမရပါဘူး။ ဘာကြောင့်လဲဆို ကျမ တယောက်တည်း လုပ်ကိုင်ကျွေးမွေးနိုင်ရင်တောင် ပတ်ဝန်းကျင်အမြင်မှာ (၇) နှစ် ထောင်ကျနေတဲ့ ယောက်ျားနဲ့ ကွဲနေရတာကြောင့် ဆိုတဲ့ အမြင်တွေနဲ့ ဆက်ဆံမှုတွေကို ကျမ ခံနိုင်မှာမဟုတ်ဘူး၊ အဲဒါတွေကိုလည်း ကာကွယ်ချင်သလို ကလေးတွေအတွက် အသိုင်းအ၀ိုင်းနဲ့ အားမငယ်စေချင်တဲ့ စိတ်ကြောင့်ပေါ့။

ဒီလိုနဲ့ ကျမယောက္ခမတွေအိမ်ကို ရောက်သွားတယ်။ သမီးနဲ့ သားကိုလည်း ယောက္ခမတွေက ၀ိုင်းထိန်းပေးတယ်။ ကျမလည်း တတ်နိုင်သလောက် စီးပွားရှာရတာပေါ့။ ကျမအသက်က အဲဒီအချိန်မှာ (၂၄) နှစ်ကျော်ပဲရှိသေးတယ်။ (၁၆) နှစ်မှာ အိမ်ထောင်ကျသွားတာလေ။ နုနုနယ်နယ်ရှိသေးတဲ့ ကျမ ကလေးနှစ်ယောက်အမေ ဆိုပေမယ့် ကာလသားတွေရဲ့အကြည့်က ကြောက်စရာပဲ။ ဒီတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့နေရင်း ယောက္ခမတွေကြားမှာ တင့်တယ်အောင် စီးပွားရှာရတယ်။ သူများ အပြောခံရမှာလည်း ကြောက်တယ်။ ကျမယောက်ျားက ပြောတယ်၊ မင်း လင်ပူမိသလိုမနေနဲ့၊ မင်းယောက်ျား အမှန်တရားအတွက် အလုပ်လုပ်တာ၊ မင်းဘာမှ စိတ်ညစ်စရာမလိုဘူး၊ မြန်မာပြည်မှာ အမှန်တရားလုပ်တဲ့သူတွေအတွက်က ထောင်ပဲရှိတယ်တဲ့၊ မင်း ပုံမှန်နေတတ်သလိုပဲ ဆက်နေပါတဲ့။ ဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့၊ သားသမီးတွေကိုသာ သေချာထိန်းသိမ်းပါတဲ့။ မိဘတွေစကား နားထောင်ပါတဲ့။

သူပြောတာတွေထဲမှာ အမှန်တရားကြောင့် ထောင်ကျတယ်ဆိုတာကို ကျမ နားမလည်ပေမယ့် စောဒကတော့ မတက်ရဲဘူး။ မတက်ချင်ဘူးဆို ပိုမှန်လိမ့်မယ်။ ဘာကြောင့်လဲဆို သူ့ပုံစံက မျက်ကွင်းတွေကျ၊ အသားတွေ ညစ်စပ်စပ်နဲ့ တဖြည်းဖြည်း ပိန်လှီလာတာကို တွေ့နေတော့ ကျမ အမေးအမြန်းတွေကြောင့် သူ စိတ်ညစ်သွားမှာစိုးလို့ပါ။ ထောင်ဝင်စာ တခါတွေ့ရဖို့ကလည်း လွယ်တာမဟုတ် (မလွယ်ဘူးဆိုတာ ငွေမပေးနိုင်လို့) ငွေပေးနိုင်ရင်တော့ ထောင်ဝင်စာ ကြိုက်သလောက်တွေ့နိုင်၊ ရနိုင်တာပေါ့။ အောက်လမ်းနည်းတွေ ရှိတယ်လေ။ ကျမလည်း သူထောင်ကျပြီး (၂) နှစ်လောက်မှ သိရတာ။ ကျမစိတ်တွေ လေးလံနေတာပါပဲ။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ကျမ ဖုံးကွယ်ထားရမယ်။

မနက်လင်းတာနဲ့ ရေမိုးချိုး၊ အလှပြင်၊ မီးပူထိုးထားတဲ့ အ၀တ်ကိုဝတ်ပြီး အလုပ်စလုပ်တယ်။ သားသမီးတွေ ကျောင်းသွားဖို့ ပြင်ဆင်ပေးပြီး ကျောင်းပို့၊ ပြီးတာနဲ့ မုန့်ဟင်းခါးတပန်းကန်နဲ့ လက်ဖက်ရည်တခွက်သောက်ပြီး ကျမ စက်စချုပ်လိုက်တာ နေ့ခင်းဘက် ထမင်းစားချိန်မှ နားတော့တာပဲ။ နေ့လယ်တနပ်ကိုလည်း မုန့်ဟင်းခါးတခွက်နဲ့ ထမင်းနဲ့စား၊ ဒါမှမဟုတ် ခေါက်ဆွဲသုတ်နဲ့ စားပြီး၊ စက်ချုပ်လိုက်တယ်။ ညနေစောင်းကလေးတွေ ကျောင်းဆင်းချိန်မှ နားတယ်။

ယောက္ခမတွေနဲ့ အိမ်အတူနေပေမယ့် စီးပွားရေးရော၊ စားသောက်မှုတွေကိုပါ ပေါင်းမထားဘူး၊ သီးသန့်ပဲ။ သားသမီးတွေကတော့ ထောင်ကျသားသမီးဆိုပြီး အားငယ်ကြတယ်။ ကျမလည်း သိပ်နားမလည်ပေမယ့် သားသမီးတွေကို သူ့အဖေပြောတဲ့ လေသံအတိုင်း သမီးနဲ့သား၊ ဘာမှစိတ်မညစ်နဲ့ မင်းတို့အဖေက အမှန်တရားအတွက် ထောင်ကျတာ၊ ခိုးမှုတို့ လိမ်ညာမှုတို့အတွက် ထောင်ကျတာမဟုတ်ဘူးလို့ ပြောပြထားတယ်။ ကလေးတွေကတော့ ကျမလိုပဲ နားလည်ပုံမရပေမယ့် တိတ်တိတ်ကလေးပဲနေတယ်။

ယောက္ခမတွေကတော့ ကျမကို အကာအကွယ်ပေးသလို အကူအညီလည်းပေးတယ်။ အိမ်အတွက် စီးပွားရေးလုပ်တဲ့ ကျမ ငွေတွေအကုန်လုံး စုထားရုံပဲ။ ယောက္ခမတွေက သားသမီးတွေကို ကျောင်းထားပေးတယ်။ ကျွေမွေးပြုစုတယ်။ ကျမအတွက် အသုံးစရိတ်ကို ကျမ ငြင်းပေမယ့် မရဘူး၊ ပေးတယ်။ ဒါကြောင့် ကျမ ရတာက စုငွေ သက်သက်ပဲ။ ငွေအရင်းအနှီးလေး များလာတော့ ငွေတိုးပါချစားတယ်။ ဒီထဲမှာ ထောင်ဝင်စာကို အပတ်တိုင်း သွားတွေ့ဖို့အတွက်တော့ ငွေပုံမှန်စုရတယ်။ ယောက်ျားကလည်း ဆေးလိပ်သာမသောက်တတ်တာ၊ ဆေးလိပ် မှာတယ်။ အစားအသောက်ကိုလည်း သူ့အတွက် တပတ်စာလုပ်ထားပေမယ့် သူကတော့ မလောက်ဘူးတဲ့၊ များနိုင်သမျှ များအောင်လုပ်ခိုင်းတယ်။
အစကတော့ ကျမ မမေးဘူး၊ ဒါပေမယ့် နောက်ပိုင်း မနေနိုင်တာနဲ့ ကျမလည်း မေးလိုက်တော့ ထောင်ထဲမှာ ငါတယောက်တည်းမဟုတ်ဘူး၊ ငါ့လိုလူတွေ အများကြီးပဲ၊ သူတို့အိမ်ကတွေက ထောင်ဝင်စာပို့နိုင်တာ မဟုတ်ဘူး၊ ဒီတော့ သူတို့တွေအတွက်ပါ ငါမှာတာ၊ မင်းယောက်ျား ဆေးလိပ်မသောက်တတ်ပေမယ့် ဆေးလိပ်သောက်တတ်တဲ့ သူငယ်ချင်းတွေက အများကြီးတဲ့။

ကျမလည်း အိမ်ပြန်ရောက်တော့ တွေးမိတယ်။ သြော် … အမှန်တရားအတွက် လုပ်တဲ့သူတွေ ထောင်ကျနေတာ အများကြီးပေါ့။ ဒါဆို အမှန်တရားဆိုတာ ဘာကြီးလဲ ဘာလုပ်တာလဲ ကျမသိချင်တယ်။ ဒါပေမယ့် မလေ့လာအားဘူး။ တရက်တရက် ကလေးတွေအတွက်နဲ့ ငွေရှာဖို့အတွက် အပတ်တိုင်း၊ ထောင်ဝင်စာတွေ့နိုင်ဖို့အတွက် လုံးပန်းနေရတာ သာရေးနာရေးတောင် မရောက်အားသလောက်ပဲ။ နာရေးကိုတော့ ကျမသွားဖြစ်အောင် သွားနိုင်ဖို့ ကြိုးစားတယ်။ ကျမ မိဘတွေက မှာထားတယ်။ နာရေးဆိုတာ မသွားမဖြစ်ကိစ္စတဲ့။ ငယ်ငယ်ကတည်းကနေ အိမ်မှာလည်း အမြဲတမ်းပြောတယ်။ ငယ်ငယ်တုန်းကတော့ အဓိပ္ပာယ်ကို ကျမ တိတိကျကျ မသိပေမယ့် ကျမတို့တအိမ်လုံး အဲဒါကို လိုက်နာကြတယ်။ ခုတော့ ကျမ နားလည်ပြီပေါ့။

အပြင်ထွက်နည်းလွန်းတဲ့ ကျမကို ချည်းကပ်ချင်တဲ့ ယောက်ျားတွေက ပုဆိုးလာချုပ်တာတို့ ဟိုဟာ ဖာ၊ ဒီဟာ ဖာ လာလုပ်ကြတာပေါ့။ ကျမကလည်း အမျိုးသမီးသီးသန့်ချုပ် ဆိုတဲ့ ဆိုင်းဘုတ်မကပ်လိုက်ရဘူး။ ဒါပေမယ့် ကျမကတော့ ခပ်တည်တည်ပါပဲ။ ဒီလိုနေတာတောင် ယောက်ျားမရှိတဲ့ မိန်းမတယောက်အတွက် သိပ်တော့ မလုံခြုံလှဘူး။ လူမမြင်ရင် မမြင်သလို အစော်ကားခံရတယ်။ ရှင်းပြရခက် ရိုက်ရခက်တွေ ကြုံရတယ်။ ဥပမာ- ကျမကို ပြည်တည်တည်နဲ့ ကြည့်နေတာမျိုး၊ မင်းယောက်ျားက ထောင် (၇) နှစ်တောင်ကျသွားတာနော်လို့ ရိသဲ့သဲ့ပြောတာမျိုး၊ တခါတလေတော့လည်း ကျမကို ပုဆိုးဖိုးပိုက်ဆံပေးရင်း လက်ကို မတော်တဆ ပုံစံနဲ့ ဖိလိုက်တာမျိုး၊ အိုး … အမျိုးမျိုးပါပဲ။ ကြုံရဆုံရတာတွေက မကောင်းဘူးပေါ့။ သားသမီးတွေကို ချော့မြှူပြီး စကားပြောရင်း ထိကပါး ရိကပါး ပြောတာမျိုး၊ သမီးလေးက ချစ်စရာလေး သူ့အမေနဲ့တူတာ၊ သားလေးက ထွားလိုက်တာ သူ့အမေလိုပဲ ဆိုပြီးတော့ ပြောတယ်။ ကလေးတွေကတော့ နားမလည်ဘူးပေါ့။ ကျမကလည်း အကျယ်အကျယ် မဖြစ်ချင်ဘူးလေ။ သူမရှိတဲ့အချိန် ဘ၀ကို ဒီလိုပဲ ကျမ ဖြတ်သန်းရတယ်။

ရန်စွယ်၊ အန္တရာယ်တွေကြားမှာ ကျမကတော့ အတတ်နိုင်ဆုံး ရှောင်ရင်း တင့်တော်အောင်နေရတယ်။ ယောက္ခမတွေကတော့ ကျမကို အေးလွန်းလို့ ချစ်ကြတယ်။ အလှပြင်ထားတတ်တော့ ပတ်ဝန်းကျင်ကတော့ တီးတိုးပြောတာရှိတယ်။ ယောက်ျား ထောင်ကျတာများ ကျော့လို့ မော့လို့တဲ့။ ဘယ်သူ့ကို ချိန်းနေမှန်းမသိဘူး ဆိုတာမျိုးတွေကိုလည်း ကျော်ဖြတ်ရတယ်။ ကျမ ဒီလိုပြင်ဆင်တာမျိုးကို ကျမယောက်ျားက သိပ်သဘောကျတယ်။ ကျမ ထောင်ဝင်စာတွေ့တိုင်း သနပ်ခါးလူးပြီး ပြင်ပြင်ဆင်ဆင်သွားရင် မင်း ဒီလိုနေ၊ ဒါမှ ငါစိတ်ချမ်းသာမှာတဲ့။ သူ စိတ်ချမ်းသာဖို့ အရေးကြီးတယ်။ ကျမက သူ့နောက်ကွယ်မှာလည်း သူ့စကားကို လိုက်နာတယ်။ သစ္စာတရားကို တန်ဖိုးထားတယ်။

ဒီလိုနေရင်း သူ ထောင်သက်တမ်း (၃) နှစ်ပြည့်လာတော့ သူ့လိုအပ်တာတွေလည်း ပိုပြီးများလာတယ်။ ဘယ်သူ့မိန်းမက ထောင်ဝင်စာတွေ့ဖို့ ကျမတို့မြို့မှာ အသိမရှိလို့ ကူညီပေးပါဦးဆိုတော့ အိမ်မှာ တည်းခိုဖို့၊ လူမမြင်ဖူးပေမယ့် ကြိုပို့ပေးရ၊ စာတွေ အပေးအယူလုပ်ရနဲ့ ကျမ အလုပ်တွေ ပိုများလာတယ်။ ထောင်ကျအချင်းချင်းဆိုတော့ ကူညီသင့်တယ်။ မင်းစိတ်မညစ်ပါနဲ့ မိန်းမရယ်တဲ့။ အင်းလေ စိတ်မညစ်တော့ပါဘူး၊ သူပြောသလိုဘဲ ကျမ လုပ်ကိုင်ပေးခဲ့တယ်။ ဒီလိုနဲ့ ကျမ အဆက်အသွယ်တခုရတယ် ထောင်ကနေ စောစောလွတ်အောင် လုပ်လို့ရတယ်တဲ့။ ပိုက်ဆံဘယ်လောက် ပေးရမယ်ဆိုတာနဲ့ ကျမလည်း လိုက်တာပေါ့၊ ယောက်ျားကိုတော့ ပြောမနေတော့ဘူးပေါ့။

ဒီလိုနဲ့ သူက ထောင် (၅) နှစ်မှာ လွတ်လာတယ်။ ကျမလည်း ပျော်လိုက်တာ၊ ကလေးတွေရောပေါ့၊ ကလေးတွေက သူ့အဖေကို အမြဲတမ်းမေးပြီး တွေ့ချင်နေတာ။ ကလေးတွေအားလုံး သူလွတ်လာတဲ့နေ့မှာ ပျော်ကြပေါ့၊ မျက်ရည်လည်း စမ်းစမ်းပေါ့၊ သူကလည်း ၀ဲတွေပေါက်လို့ ကုလိုက်ရသေးတယ်။ ထောင်အတွေ့အကြုံကိုမေးတော့ သူပြောပြတာတွေ နားထောင်ပြီး ကျမ မျက်ရည်ကျရတယ်။ ထောင်ဝင်စာ မတွေ့နိုင်တဲ့ မိသားစုတွေရဲ့ဘ၀ကို သူပြောပြတော့ ကျမ စိတ်မကောင်းဖြစ်ရတာ အရမ်းပဲ။ သားသမီးတွေအများကြီးနဲ့ တခြားတမြို့ကနေ ထောင်ဝင်စာလာတွေ့ရတဲ့ အခြေအနေတွေကိုလည်း ကျမ ပြောပြဖြစ်တယ်။ အပြန်အလှန်ပြောကြရင်းနဲ့ ကျမ စိတ်မကောင်းဖြစ်ရတယ်။ ယောက်ျားကတော့ ငါ အခုအပြင်ရောက်နေပြီပဲ။ သူတို့ကို တတ်နိုင်သလောက် ကူညီပေးကြတာပေါ့တဲ့။ ကျမလည်း လန့်သွားတယ်။ ရှင် အမှန်တရားဆိုတာကြီး ဆက်မလုပ်နဲ့နော်။ ကျမ ကြောက်တယ်။ ရှင် ထောင်ထပ်ကျရင် ကျမဘ၀ကို ဒီလိုပဲ ဆက်မဖြတ်သန်းရဲဘူးလို့ပြောတော့ မိန်းမ မင်း အမှန်တရားကို ဘာဖြစ်လို့ ကြောက်တာလဲတဲ့။ ဒါနဲ့ ကျမလည်း ရှင်ပြောတဲ့ အမှန်တရားဆိုတာကြီးက ဘာလဲလို့မေးတော့ မတရားမှုကို တွန်းလှန်တာပေါ့တဲ့။ ဒီလိုနဲ့ သူအသေးစိတ် ရှင်းပြခဲ့တယ်။ အင်း … သူပြောတာလည်း ဟုတ်သားပဲလို့ ကျမ သဘောပေါက်လက်ခံမိတယ်။

ကျမတို့ မိသားစု သာသာယာယာနဲ့ အလုပ်တွေလုပ်ရင်း မိသားစုဘ၀တွေ ဖြတ်သန်းရင်း ရုန်းကန်ရင်းနဲ့ တညမှာတော့ သူ ပျောက်ချင်းမလှပျောက်သွားတယ်။ ကျမ ဘာမှ မသိလိုက်ရဘူး၊ ညပြန်မလာလို့ သူ သွားတတ်တဲ့ နေရာတွေ လိုက်ရှာတော့လည်း မတွေ့ဘူး။ ဒါပေမယ့် သူဝယ်စားနေကျ ကွမ်းယာဆိုင်ကတော့ နေ့လယ်က နင့်ယောက်ျား ငါတို့ဆိုင်မှာ ကွမ်းယာလာဝယ်ပြီးအပြန် အမျိုးသားနှစ်ယောက်နဲ့ စကားပြောပြီး ကားပေါ်ခေါ်တင်သွားတာပဲတဲ့။ နောက် (၄) ရက်နေမှ သိရတယ်။ ယောက်ျားကို ခဏထိန်းသိမ်းထားတယ်တဲ့။ သူတို့ရဲ့ ခဏက ခုတော့ (၅) နှစ်ရှိသွားပြန်ပြီ။

တရက်မှာ ကျမကို ခေါ်စစ်တယ်။ အိမ်ကို ဘယ်သူတွေ ၀င်ထွက်နေလဲတဲ့။ နင့်ယောက်ျားကို လာမေးတဲ့သူတွေရဲ့ပုံစံကို ပြောပြတဲ့။ ကျမက စက်ကို ခေါင်းငုံပြီး ချုပ်နေတာ ဘယ်သူတွေ ၀င်ထွက်နေလဲ ကျမ မသိဘူး၊ ကျမ ယောက်ျားကို မေးတဲ့သူတွေက ရပ်ကွက်ထဲက လူတွေပဲ။ ဘယ်သူ ဘယ်ဝါရယ်လို့တော့ အတိအကျ မှတ်မထားပါဘူးလို့ဆိုတော့ ကျမကို သေချာပြော မလိမ်နဲ့တဲ့။ ကျမလည်း ကြောက်သွားတယ်။ ကျမ မလိမ်တာတော့ အမှန်ပဲ။ မလိမ်ရင် ကျမပါ ထောင်ကျမှာလား၊ ဒါဆိုရင်လည်း မဖြစ်ဘူး၊ ကျမက ကလေးနှစ်ယောက်နဲ့လေ။ ကျမ ကလေးတွေ အဖေက ထောင်ကျနေပင်မယ့် အမေကတော့ သူတို့နဲ့ ရင်အုပ်မကွာ ရှိရမယ်မဟုတ်လား။

ဒီတော့ ကျမ လိမ်လိုက်တယ်။ အော် တယောက်တော့ရှိတယ်၊ နာမည်တော့ မသိဘူး၊ သူ့ကိုလည်း ဒီနယ်မှာ တခါမှ မမြင်ဖူးဘူး။ သူက ကျမယောက်ျားကို မေးတယ်။ ထောင်ကျနေတယ်လို့ပြောတော့ အံ့သြပြီး ဘာမှထပ်မမေးဘဲ ပြန်သွားတယ်လို့ ပြောလိုက်တော့ သူတို့ကျေနပ်သွားတယ်။ နောက်ပြီး ကျမကို အဲဒီလူပုံစံမေးတယ်။ ကျမလည်း ပုံဖော်ချင်သလို ဖော်ပေးလိုက်တယ်။ တနေ့လုံး ကျမကို ဘာမှလည်း မကျွေး၊ ထိုင်စရာနေရာလည်း မပေး၊ ရေလည်း မတိုက်ဘဲ ဒီအတိုင်းထားတာ။ အဲဒီလိုလေး လိမ်လိုက်တော့ ကျမကို ပြန်တော့တဲ့။

ကျမ ဒူးတွေ မခိုင်တော့ဘူး တုန်နေတယ်။ ဗိုက်ကလည်းဆာ ကြောက်ကလည်း ကြောက်ပေါ့။ ခြေထောက်တွေ ခိုင်နေပေမယ့် အပြင်ကို မျက်နှာစည်းပြီး ပို့ပေးတယ်။ အပြင်ရောက်တာနဲ့ ဆိုက်ကားငှားပြီး ပြန်လာတယ်။ ပိုက်ဆံပါမသွားလို့ အိမ်ရောက်မှ ဆိုက်ကားခ ပေးရတာ။ အိမ်က ယောက္ခမတွေ စိတ်ပူနေတာပေါ့။ ညနေစာပြင်ပြီး သူတို့တတွေ စောင့်နေတယ်။ ကျမ ထမင်းကို ခေါင်းမဖော်ဘဲ စားနေပြီး သူတို့ပြောတဲ့ စကားကို နားထောင်နေတယ်။ သူတို့ လိုက်လာတယ်တဲ့။ ပေးမတွေ့တာတဲ့။

ဒီတော့ ကျမလည်း အမေ့ (ယောက္ခမ) ကို ခပ်တည်တည်နဲ့ ကျမယောက်ျားရဲ့ လေသံနဲ့ ပြောလိုက်တယ်။ ဘာမှ စိတ်မပူပါနဲ့အမေ၊ သူတို့က အမှန်တရားလုပ်တဲ့သူတွေကိုသာ ဖမ်းတာ။ လိမ်ပြောတဲ့သူတွေကို မဖမ်းဘူးလို့။ ဟဲ့ ဘယ်လိုအေ့ လို့ အမေ ထပ်မေးတော့ ကျမ ပြုံးလိုက်တယ်။ ကျမဘ၀မှာ အဲဒီစကားက အချိုမြိန်ဆုံးလို့ ထင်ပါတယ်။ အမေ့ကိုတော့ ထပ်မဖြေတော့ဘူး။ ကျမ ထမင်းကိုသာ ငုံ့ပြီးစားနေလိုက်တယ်။ စိတ်ထဲမှာတော့ ကျိတ်ပြီး ယောက်ျားကို တိုင်တည်လိုက်တယ်။ ယောက်ျားရေ ရှင်ပြောတာ သွေးထွက်အောင်မှန်တယ်၊ အမှန်တရားနဲ့ တရားမျှတမှုအတွက် အလုပ်လုပ်ရင် ထောင်ကျတယ်ဆိုတာလေ။ ဒါကြောင့် ရှင့်ကို ကျမ အားကိုးခဲ့တာ ယုံကြည်ခဲ့တာ။ လက်ခံလိုက်နာခဲ့တာပေါ့။

(ခံစားချက်ကို ရေးသားခွင့်ပြုခဲ့သည့်အတွက် အကျဉ်းသားတဦး၏ ဇနီးသည်အား အထူးကျေးဇူးတင်ပါသည်။)


ကြံ့ဖွံ့အသင်းမှ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲ

ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က နာမည်တူဖြင့်ပင် ပါတီအဖြစ် အသွင်ပြောင်းကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အသင်းမှ ထိပ်တန်းခေါင်းဆောင်တဦးက ပြောသည်။


ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီဟု အမည်ပြောင်းလိုက်ပြီး အသက် ၂၅ နှစ်အောက် လူငယ်၊ ကျောင်းသားများနှင့် အစိုးရဝန်ထမ်းများကို ထုတ်ပယ်လိုက်ကာ ပါတီဝင်ကဒ်များ လွန်ခဲ့သည့် သီတင်းပတ်မှစတင်ကာ ထုတ်ပေးလျက်ရှိသည်ဟု အဆိုပါ ထိပ်တန်းခေါင်းဆောင်က ဆိုသည်။

“ရွေးကောက်ပွဲဝင်ဖို့အတွက် ကျနော်တို့ကတော့ ကြိုတင်လုပ်နေပြီ။ အသင်းနေရာမှာ ပါတီဖြစ်သွားမယ်။ လက်ရှိမှာ တိုင်း၊ ခရိုင်အလိုက် ဖွဲ့စည်းပြီးသွားပြီပေါ့နော်။ ပိုင်ဆိုင်မှုတွေလည်း အားလုံး ပြောင်းလဲပြီးသွားပါပြီ။ နိုင်ငံတော်ပိုင် မဖြစ်တော့ပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့ပါတီကို မှတ်ပုံမတင်ရသေးသော်လည်း ယခုနှစ် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်ထားသည်ဟု သိရသည်။

စစ်အစိုးရက ၎င်း၏ ခြေလှမ်းနှင့်ပတ်သက်၍ သတင်းမထွက်အောင် ကြိုးစားနေစဉ်တွင် မဇ္ဈိမက မေးမြန်းထားသော ကြံ့ဖွံ့အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်းပင် ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲခြင်းကို အတည်ပြုကြသည်။

ကြံ့ဖွံ့အနေဖြင့် ရွေးကောက်ပွဲ စည်းရုံးရေးအပိုင်းတွင် လမ်း-တံတား တည်ဆောက်ခြင်းတို့ကို ပုံမှန်လုပ်ကိုင်နေသဖြင့် ထူးခြားစွာ လှုံ့ဆော်စည်းရုံးမှုမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ပါတီသတင်းရပ်ကွက်က ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်း နဝတ စစ်ကောင်စီက ၁၉၉၃ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးစသည့် နအဖ ထိပ်ဆုံး စစ်ခေါင်းဆောင် ၅ ဦးက အသင်း၏ နာယကများ ဖြစ်ကြသည်။

လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဋ္ဌေးဦးက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော ကြံ့ဖွံ့အဖွဲ့တွင် ပြည်နယ်/တိုင်း ၁၇ ဖွဲ့၊ ခရိုင်အဖွဲ့ ၆၆ ဖွဲ့၊ မြို့နယ်အဖွဲ့ ၃၂ဝ ဖွဲ့တို့နှင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ပေါင်း ၂၄ သန်းကျော် ရှိသည်ဟု ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အသက် ၂၅ နှစ်အောက်နှင့် အစိုးရဝန်ထမ်းများကို နိုင်ငံရေးပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ နုတ်ပယ်လိုက်ပြီးသည့် ကြံ့ဖွံ့ပါတီတွင် ပါတီဝင် မည်မျှရှိသည်ကို မသိရသေးပါ။

စစ်ဗိုလ်ချုပ်များနှင့် လက်ရှိ စစ်အစိုးရဝန်ကြီးများအနေဖြင့် ထိုအသင်းကို ကိုယ်စားပြုကာ ရွေးကောက်ပွဲ ဝင်ကြမည်ဟု ပြည်ပအတိုက်အခံ တပ်ပေါင်းစုတခုဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။

“နအဖ တပ်ထဲကလူတွေ ရွေးကောက်ပွဲဝင်မယ်လေ။ သူတို့က ဒီကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုပဲ အခြေခံမှာပေါ့။ လူကြီးတော်တော်များများက စစ်တပ်က ထွက်ပြီး အဲဒီထဲမှာ ဝင်မယ်လို့ ကျနော်တို့ နားလည်ထားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ၏ ဒေါက်တိုင် ကြံ့ဖွံ့ပါတီ၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ သတင်းမထွက်စေရန် နေပြည်တော်က ညွှန်ကြားထားသည်။ ယခင်က ကြံ့ဖွံ့ကို နာမည်သီးသန့်ပြောင်းကာ ရွေးကောက်ပွဲဝင်မည်ဟု မြန်မာ့အရေး လေ့လာသူများအကြား တွက်ဆထားမှုရှိသလို တပါတီထက်ပိုပြီး ဖွဲ့စည်းဖွယ်ရှိသည်ဟုလည်း ခန့်မှန်းထားကြသည်။

လမ်းပြင်၊ သောက်သုံးရေပေးဝေမှု စသော လုပ်ငန်းများ လုပ်ကိုင်နေသလို ရွေးကောက်ပွဲဝင်မည့် ရာထူးလက်ရှိ စစ်ဘက် အရပ်ဘက်များက စည်းရုံးနေခဲ့သော်လည်း ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်မှုနှင့် ၂ဝဝ၇ ခုနှစ် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်ခဲ့မှုများကြောင့် ကြံ့ဖွံ့မှာ နာမည်ပျက်ထွက်သည်။

နေပြည်တော်ရှိ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောကြားရာတွင် မကြာမီ ရက်အနည်းငယ်အတွင်း ရွေးကောက်ပွဲဝင်မည့် လက်ရှိဝန်ကြီးများနှင့် စစ်ဘက်အရာရှိများကို ရာထူးမှနုတ်ထွက်ကြောင်း ကြေညာလိမ့်မည်ဟုဆိုသည်။

ဒီပဲယင်းတိုက်ခိုက်မှုမှ လွတ်မြောက်လာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ NLD ကတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်း မပြုလုပ်ရန် ယနေ့ ဆုံးဖြတ်လိုက်ကြသည်။

ကြံ့ဖွံ့ခေါင်းဆောင်များကလည်း NLD ၏ အစည်းအဝေးကို လေ့လာစောင့်ကြည့်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဝါးအစည်းပြေသလို မဖြစ်စေချင်ပါ

ရဲလင်း (မြန်မာပြည်)

လာမည့် မတ်လ ၂၉ ရက်နေ့သည် ပြည်သူလူထုက စိတ်ဝင်တစား စောင့်ကြည့်ကြရမည့် နေ့ရက်ဖြစ်သည်။


၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲဥပဒေများ ထွက်ပေါ်အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ ဝင်ပြိုင်သင့်သည် မသင့်သည်၊ ဆုံးဖြတ်ချက် မည်သို့ချမှတ်မည်၊ မည်သို့ ချမှတ်သင့်သည်ကို အယူအဆအမျိုးမျိုးဖြင့် လူထုအကြားတွင် ပြောဆိုလာခဲ့ကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင်မူ ပါတီခေါင်းဆောင်များအကြား ကွဲလွဲသည့် သဘောထား၊ ရပ်တည်ချက်များ ပေါ်လာသည့်အခါ ပြည်သူများ၏ စိုးရိမ်စိတ်နှင့် ခံစားချက် ရေချိန်သည် ပိုမို၍ မြင့်တက်လာခဲ့ရသည်။

ပါတီသက်တမ်း ၂ဝ ခန့်အကြာ ပြီးခဲ့သည့်နှစ် ဧပြီလနှောင်းပိုင်းတွင် ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး လိုလားသူများက ကြိုဆိုလက်ခံခဲ့သော ရွှေဂုံတိုင် အမည်ရ ကြေညာစာတမ်းအား NLD က ထုတ်ပြန်ခဲ့သည်။ ထိုရွှေဂုံတိုင် ထွက်ပေါ်လာပြီးနောက် NLD အပေါ် ပြည်သူအများအပြားက အားရကျေနပ်စွာ ထောက်ခံအားပေးခဲ့ကြသည်။ ရွှေဂုံတိုင်သည် စစ်အာဏာရှင်စနစ်အား အံတုစိန်ခေါ်ရန် အင်အားတရပ်အဖြစ် မျှော်လင့်ခဲ့ကြသည်။ သို့သော် ရွှေဂုံတိုင်ဖြင့် ရပ်တည်မည်ဟု ပြောဆိုခဲ့သော NLD ခေါင်းဆောင်အချို့သည် စစ်အစိုးရ၏ ရက် ၆ဝ အတွင်း ပါတီမှတ်ပုံတင်ရေး ဥပဒေထုတ်ပြန်မှုအပြီး ပါတီမှတ်ပုံတင်သင့်ကြောင်း ပြောဆိုလာခဲ့သည့်အခါ ပါတီပြိုကွဲမည့်အရေးအတွက် ပြည်သူများ စိုးရိမ်လာရခြင်း ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ဒီမိုကရေစီလူ့ဘောင် တည်ဆောက်ပေးလိမ့်မည်ဟု ပြည်သူအများက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီကို ယုံကြည်အားကိုးကာ ၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲပုံပေးခဲ့သည်။ ထိုပါတီကြီးက စစ်အစိုးရ အာဏာတည်မြဲရေး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအတိုင်း ကျင်းပပေးမည့်၊ ကန့်သတ်ချုပ်ချယ်မှုများဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားလာကြသည်မှာ အာဏာရှင်များ၏ အောင်ပွဲအတွက် လည်စင်းပေးမည့်လုပ်ရပ် ပြည်သူ အများက သဘောထားမည်မှာ အသေအချာဖြစ်သည်။

ဒီမိုကရေစီကျင့်စဉ်အရ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိသော်လည်း ပါတီရပ်တည်ရေးတခုကိုသာ ရှေးရှု၍ တိုင်းပြည်နှင့် လူမျိုးကို စစ်အာဏာရှင် ကျွန်ဇာတ်သွင်းမည့် ခရီးရှည်ထဲ ဆွဲခေါ်မည်ကို လက်ခံဖွယ် မရှိပါ။

ထိုအထဲမှ အံ့သြစရာကောင်းနေသည့် အချက်တခုမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရာမှ ပြန်လွတ်လာသည့် ပုဂ္ဂိုလ်များကပါ ပါတီရပ်တည်ရေးအတွက်သာ ကြည့်ရှု၍ မိမိတို့လိုပင် ထောင်ဒဏ်ကျခံနေရသည့် ပါတီဝင်များကို ကျောခိုင်းကာ လာနေသည့် အချက်ပင်ဖြစ်သည်။ ဤအကြောင်းအချက်ကလည်း နအဖ၏ အကွက်ချ အစီအမံ ဖြစ်နိုင်မလားဟူ၍ သံသယဖြစ်စရာပင်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါ ပုဂ္ဂိုလ်များနှင့်အတူ မူလဘူတ မူဝါဒများကို အသေအကျေ ဆုပ်ကိုင်သည့် NLD ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်အား တပြိုင်တည်း လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပါတီအား ပြန်လည်မှတ်ပုံတင်လိုက်ပါက နေအိမ်တွင် အထိန်းသိမ်းခံထားရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းစံ NLD အမတ်များ၊ ပါတီဝင်များအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရဦးမည်ဖြစ်သည်။ ယခုအခါ စစ်အစိုးရ အလိုကျ ရွေးကောက်ပွဲကို အကြောင်းပြုကာ NLD ခေါင်းဆောင်ပိုင်းအကြား အပြင်းအထန် အငြင်းပွားဖွယ်ရာပင် ဖြစ်လာရပြန်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာက စစ်အစိုးရ ရွေးကောက်ပွဲဥပဒေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေချိန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင်အားစုအားလုံး ရွေးကောက်ပွဲတွင် ပါဝင်စေလိုသည့်အချိန်၊ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲရလဒ်အပေါ် တရားမျှတမှု မရှိနိုင်ဟူ၍ ပြစ်တင်ဝေဖန်နေသည့် အချိန်မျိုးတွင် NLD ပါတီ ခေါင်းဆောင်မှုအတွက်ပါ ခေါင်းခဲစရာ ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ထိုအခြေအနေများကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲလမ်းကြောင်းအတိုင်း လျှောက်လှမ်းချင်သည့် NLD ခေါင်းဆောင်အချို့၏ လုပ်ရပ်သည် မြန်မာ့အရေး လေ့လာစောင့်ကြည့်နေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် မျက်စိလည်စရာတော့ မဖြစ်နိုင်ပါ။ ထိုခေါင်းဆောင်အချို့သာ စစ်အစိုးရ ထောင်ထားသည့် ထောင်ချောက်အတွင်း ၎င်းတို့ဘာသာ ဆင်းသက်လိုက်ခြင်းသာ အဖတ်တင်ပါလိမ့်မည်။

NLD သည် ၁၉၈၈ လူထုအရေးတော်ပုံကြီးမှ ပေါက်ဖွားလာသည့် ပါတီဖြစ်ပါသည်။ ပါတီရှိမှ နိုင်ငံရေး လုပ်နိုင်မည် မဟုတ်ပါ။ မိမိပါတီနှင့်အတူ ရပ်ခံနေသည့် ပြည်သူလူထုကြီး ရှိနေသရွေ့ နိုင်ငံရေးမပျောက်ပါ။ နှစ် ၂ဝ လုံးလုံး ပါတီတည်မြဲရေးကို ကျားကန်ပေးခဲ့သည့် အောက်ခြေ ပါတီဝင်များ၊ ခေါင်းဆောင်များသည် အဖိနှိပ်ခံ၊ အဖမ်းဆီးခံရင်း ဒီမိုကရေစီခရီးကို ဆက်ခဲ့ကြ၊ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့ကြသည်။ ၎င်းတို့၏ တိုက်ပွဲဝင်မှု၊ အာခံမှုများဖြင့် NLD သည် ရပ်တည်ချက် ခိုင်မာခဲ့သည်။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံ လှိုင်းတံပိုးကို ဆက်လက်၍ သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ခေါင်းဆောင်မှုပိုင်းအနေဖြင့် နှစ် ၂ဝ လုံးလုံး အာဏာရှင်စနစ် တည်ရှိမှုအား ခြိမ်းခြောက်နိုင်သည့် ဦးဆောင်မှုမျိုး မပြုလုပ်နိုင်ခဲ့ပါ။ ဒီမိုကရေစီခရီး သက်တမ်းတလျှောက် ၄ ပုံ ၃ ပုံခန့် အထိန်းသိမ်းခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများ၊ ဦးဆောင်ဆုံးဖြတ်ချက်များကြောင့် NLD သည် အကျည်းမတန်ဘဲ ဆက်လက်၍ ရပ်တည်နိုင်ခဲ့သည်မှာလည်း အရေးပါသော အချက်ဖြစ်သည်။ စစ်အစိုးရက ဘက်ပေါင်းစုံမှနေ၍ ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှု အမြောက်အမြား ရှိခဲ့လင့်ကစား မှန်ကန်တည့်မတ်စွာ လျှောက်လှမ်းခဲ့သည့်အပေါ် ပြည်သူများနှင့် နိုင်ငံတကာက ဂရုဏာသက်စွာ အားပေးထောက်ခံခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပါတီမရှိလျှင်လည်း အာဏာရှင်စနစ်အား တိုက်ဖျက်မည့်၊ ရပ်တည်ချက် တူညီသည့် အင်အားစုများ၊ ပြည်သူများကို ဦးဆောင်မှုပေးနိုင်သည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဤအချက်သည် ဒေါ်အောင်ဆန်းစုကြည် ရပ်တည်ချက် မပြောင်းမချင်း တည်ရှိနေမည့် အရာပင် ဖြစ်သည်။

လူထုက ပေးအပ်ခဲ့သည့် လုပ်ပိုင်ခွင့်အာဏာကို ဆုပ်ကိုင်ကာ လက်တွေ့ကျကျ အကောင်အထည် မဖော်နိုင်ဘဲ တရားမျှတမှု မရှိသော၊ စစ်အစိုးရက အောက်လိုင်းချပေးလိုက်သော ရွေးကောက်ပွဲတွင် နောက်တကြိမ် ဝင်ရောက်လိုက်ပါက ပြည်သူလူထုက မည်ကဲ့သို့ သဘောထားပါတော့မည်နည်း။ လူထုခေါင်းဆောင်က ရွေးကောက်ပွဲဝင်မည်ဆိုပါက လက်မခံဟု သူ၏ သဘောထားပေးခြင်း၊ ပါတီဗဟိုခေါင်းဆောင်အများကလည်း ထိုသို့သော သဘောထား ရှိနေလင့်ကစား ရွေးကောက်ပွဲဝင်ရေးကိုသာ မဖြစ်မနေ စိုင်းပြင်းမည်ဆိုလျှင် လူထု၏ ယုံကြည်ကိုးစားမှုကို မည်သူမျှ ရရှိနိုင်မည် မဟုတ်ပါ။

ပြည်သူများက ၎င်းတို့အပေါ် သစ္စာစောင့်သိပြီး ဦးဆောင်နိုင်စွမ်းရှိသူကိုသာ ခေါင်းဆောင်အဖြစ် တင်မြှောက်လေ့ရှိသည်။ တချိန်တခါက ကျောင်းသားပြည်သူတို့ သွေးချွေး၊ အသက်များဖြင့် နိုင်ငံရေးစင်မြင့်ပေါ် ပုခုံးထမ်းတင်ပေးခဲ့ရသည်ကို ပြည်သူလူထုက မေ့နေမည် မဟုတ်ပါ။ ထို့ကြောင့် NLD ၏ ဆုံးဖြတ်ချက်များသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့တိုက်ပွဲကိုသာ ရှေးရှုသင့်ပါသည်။ စစ်အစိုးရက ၎င်းတို့ သက်ဆိုးရှည်ရေးအတွက် အကွက်ချစီမံခဲ့သော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား အသက်သွင်းမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပြည်သူ ခေါင်းဆောင်အများအပြား ပါဝင်မည်မဟုတ်ပါ။

NLD အနေဖြင့် ရွေးကောက်ပွဲဝင်ခြင်းဖြင့် မိမိတို့ အနိုင်ရခဲ့သည့် ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို မစတေးသင့်ပါ။ ယခုရွေးကောက်ပွဲတွင်ရော အနိုင်ရပါဦးမည်လား။ ပြည်သူများက လက်ဖြင့် ရေးထိုးခဲ့သော NLD ၏ ရပ်တည်ချက်၊ ဂုဏ်သိက္ခာ၊ သမိုင်းကြောင်းကို ခြေဖြင့် ဖျက်ပစ်ရာပင် ရောက်သွားပါမည်။

NLD ခေါင်းဆောင်မှုအတွင်း သဘောကွဲလွဲမှု အက်ကြောင်းများကြောင့် ရွေးကောက်ပွဲအတွက် တူညီသော အသံများ မရှိခဲ့လျှင် စစ်အစိုးရ၏ နိုင်ငံရေးထိုးနှက်ချက် အောင်မြင်မည်ဖြစ်ကာ၊ အာဏာရှင် ဗိုလ်ချုပ်ကြီးများ ပျော်မဆုံး တပြုံးပြုံးဖြစ်မည့် အနေအထားကို ရှောင်ရှားစေလိုပါသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်စမ်းသပ်လိုသူ NLD ခေါင်းဆောင်များအနေဖြင့် အခြားပါတီများတွင် ဝင်ရောက်ပူးပေါင်းခြင်း၊ ပါတီသစ်တရပ် တည်ထောင်ခြင်းတို့ဖြင့် NLD ၏ သမိုင်းကြောင်းကို အစွန်းအထင်းမခံရာ ရောက်ပေမည်။ ထို့ထက် ပိုမိုကောင်းမွန်သည်ကား ရွေးကောက်ပွဲ မဝင်ဘဲ ပါတီခေါင်းဆောင်အားလုံး တစုတဝေးတည်း ကြံ့ကြံ့ခံ ရပ်တည်သင့်လှပေသည်။

စစ်အစိုးရ ထုတ်ပြန်သည့် တဖက်သတ် ဥပဒေကြောင့် ပါတီဖျက်သိမ်းခံရမည် ဖြစ်သော်လည်း ပါတီသမိုင်းကြောင်းကို ဖျောက်ဖျက်၍ မရနိုင်ပါ၊ ဤသည်မှာ ပြည်သူလူထု၏ သမိုင်းကြောင်းလည်း ဖြစ်ပါသည်။ ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲဖြင့် ဖြစ်ပေါ်လာမည့် အစိုးရအသစ်၏ တရားဝင်မှုသည်လည်း နိုင်ငံတကာ မျက်နှာစာတွင် ပြက်ရယ်ပြုဖွယ်ရာပင် ဖြစ်ပါလိမ့်မည်။

ယခုအခါသည် ပြည်သူလူထုကိုယ်စားပြု ပါတီတရပ်အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်ခြင်း မပြုဘဲ၊ ပြည်သူလူထုအကျိုးအတွက် မှန်ကန်တည့်မတ်သော ဆုံးဖြတ်ချက်များကိုသာ တညီတညွတ်တည်း ချမှတ်၍ စစ်အာဏာရှင် တိုက်ဖျက်ရေး လမ်းစကို ဖော်ထုတ်ရမည့် အချိန်ဖြစ်ပါသည်။

NLD ခေါင်းဆောင်ပိုင်းအကြား ဝါးအစည်းပြေသလို မဖြစ်စေလိုပါ။ ဤသည်မှာ လူထုဆန္ဒပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

၂ဝ၁ဝ ရွေးကောက်ပွဲအား ဆန့်ကျင်ကြပါစို့ …

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,30th,2010

( 51 )အိမ်သစ်ဆောက်ထားသူများ အခွန်စတင်ပေးဆောင်နေရ

( 50 )Burmese Heroin Seized in Bangladesh

( 49 )တော်လှန်ရေးနေ့နှင့် မတ်လ ၂၉ ရက်နေ့ထုတ်ပြန်မည့် အန်အယ်လ်ဒီ ကြေငြာချက်တို့ကြောင့် လုံခြုံရေးတင်းကြပ်ထား

( 48 )USDA Party on Western Border to be led by Muslim Businessmen

( 47 )မူစယ်တွင် အတိုင်ခံရသူ ရှေ့နေက ပြန်တရားစွဲ

( 46 )Nasaka Man Sentenced to Prison for Human Rights Violation

( 45 )NLD ရှေ့ရေး ထင်ကြေး အမျိုးမျိုးပေး

( 44 )Nuclear Rangoon

( 43 )NLD ဆုံးဖြတ်ချက် ရွေးကောက်ပွဲ အနှောင့်အယှက်ဖြစ်ဟု ဂျာနယ်များတွင် ဖော်ပြခိုင်း

( 42 )Myanmar junta blamed for poll boycott

( 41 )မဟာပါသဏ လိုဏ်ဂူတော်ဝင်းအတွင်း ၀င်ထွက်သွားလာခွင့် ကန့်သတ်

( 40 )Indonesian FM Visits Burma

( 39 )လေပြင်းကြောင့် လူ ၂ဝဝ နီးပါး အိုးအိမ်မဲ့

( 38 )NLD to Survive as 'Political Movement,' Leaders Say

( 37 )ရန်ကုန်မြို့ လျှပ်စစ်မီးအခြေအနေ ဆိုးရွားနေပြန်

( 36 )Mixed reaction to Myanmar poll boycott

( 35 )လေပြင်းကြောင့် ဒုက္ခသည် (၁၀၀) ကျော် အိုးအိမ်ပျက်စီး

( 34 )AI leader speaks up for Suu Kyi's party

( 33 )မလေးရှားတွင် အဖမ်းအဆီး ပိုကြမ်းလာ

( 32 )People Sad to See NLD Go, Uncertain about Future

( 31 )ရန်ကုန်နှင့် ပဲခူးတိုင်း လျှပ်စစ်မီး ရရှိမှု ပိုမိုနည်းလာ

( 30 )၈၈ ကျောင်းသူ မာမာဦး ထောင်တွင်း၌ ယားယံသည့် ဝေဒနာ ခံစားနေရ

( 29 )စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ

( 28 )Rohingya to Form Political Party, Contest Elections

( 27 )ဘတ်စ်ကား ချောက်ထဲကျ၊ လူ ၆ ဦး သေဆုံး

( 26 )UN, US 'Respect' NLD Decision

( 25 )ဦးဝင်းတင်ကို မဖမ်းပါ

( 24 )Suu Kyi party risks future by boycotting "sham" polls

( 23 )လွှတ်တော်ကိုယ်စားလှယ် ဦးဒိုထောင်း ကွယ်လွန်

( 22 )Slim hopes of fair vote

( 21 )NLD ဆုံးဖြတ်ချက်အပေါ် အမြင်ကွဲပြားနေ

( 20 )Myanmar's persecuted Rohingyas starve in Bangladesh

( 19 )ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်း လေပြင်းတိုက်၊ အိမ်ခြေ ၄၀ ကျော် ပျက်စီး

( 18 )Burma elections cannot be free or fair

( 17 )ရွှေ့ပြောင်း အလုပ်သမားများကို လိမ်လည်သည့် ကုမ္ပဏီ စစ်ဆေးခံရ

( 16 )Suu Kyi throws a spanner in junta's poll plan

( 15 )NLD ရွေးကောက်ပွဲ မ၀င်

( 14 )Caning crew miss bus

( 13 )ကလေးပညာရေး နစ်နာမည်ကို မိဘများက စိုးရိမ်ပူပန်

( 12 )Thailand-Burma increase cooperation in fighting air pollution

( 11 )နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား ခိုင်ကျော်ခိုင်၏ အမြင်

( 10 )Decision time in Burma for democracy's advocates

( 9 )အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံမတင်ရေး ကန့်ကွက်မဲမရှိ ဆုံးဖြတ်

( 8 )International consensus needed regarding Burma

( 7 )NLD ပါတီ မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ပြည်တွင်းပြည်ပ အမြင်အမျိုးမျိုး

( 6 )Burma opposition refuses to stand

( 5 )NLD သပိတ်မှောက်မှု စစ်အစိုးရကို အမေရိကန် အပြစ်တင်

( 4 )Burmese bus drivers are spared the rod

( 3 )မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲ ဖော်ဆောင်ဖို့ HRW အင်ဒိုနီးရှားကို တိုက်တွန်း

( 2 )Ban Ki-moon urged to change Burma poll policy

( 1 )With Burma election boycott, Suu Kyi party risks breakup

Monday, March 29, 2010

ဝဒေသအတွင်းသို့ ဝင်ရောက်မှု တင်းကျပ်ထား

ပေါက်ပေါက်/ ၂၉ မတ် ၂ဝ၁ဝ

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့ထိန်းချုပ်ရာ ဒေသအတွင်းသို့ အရပ်သားများ ဝင်ရောက်မှုကို နအဖဘက်က တင်းကျပ်စွာ စစ်ဆေးပြီးမှသာ ဝင်ခွင့်ပြုနေသည်။

ပြီးခဲ့သည့် မတ် (၂၃) ရက်တွင် ဝဒေသအတွင်းမှ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန (နတလ) လက်အောက်ခံ ဝန်ထမ်းများကို ဝဒေသအတွင်းမှ ခွင့်ရက်ရှည်ဖြင့် ထွက်ခွာစေပြီး နောက်ပိုင်း ယခုကဲ့သို့ တင်းကျပ်လိုက်ခြင်းဖြစ်သည်ဟု ဝခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။

၎င်းက “နတလ ဝန်ထမ်းတွေကော၊ အန်ဂျီအိုတွေကော ပြန်ကြတော့ နည်းနည်းတော့ ရုတ်ရုတ်ဖြစ်တာပေါ့။ ဒီမှာ လာအလုပ်လုပ်တဲ့ အရပ်သားတွေလည်း ဟိုပန်ဘက် ပြန်ကြတာရှိတယ်။ ဒီတော့ နောက်ထပ် အဲလို ဝင်မလာနိုင်အောင် စီစဉ်ခဲ့တာ။ ဝဘက်ကို အထူးသဖြင့် ချင်းရွှေဟော်ဘက်က လာကြတာတွေရှိတယ်။ ကိုးကန့်ဘက်ကပေါ့။ နောက် တန့်ယန်းဘက်က လာတာရှိတယ်။ အဲဒါတွေကို စိစစ်တယ်။ ဆွေမျိုးတွေဆီ လာတယ်ဆိုရင်တော့ တမျိုးပေါ့။ ဟိုဟာရောင်း၊ ဒီဟာရောင်းဖို့ လာတာတွေကို ပိတ်လိုက်တယ်” ဟု ပြောသည်။

နတလ ဝန်ထမ်းများ ပြန်သွားသော်လည်း ၎င်းတို့၏လုံခြုံရေးအဖြစ် ဝင်ရောက်နေသည့် ပန်ဆန်းနှင့် မန်းဆာဒေသရှိ နအဖစစ်သားများကမူ ယခုအထိ တပ်ရုပ်သိမ်းခြင်း မရှိသေးဘဲ ဆက်လက်ရှိနေဆဲဖြစ်သည်ဟု အဆိုပါ ဝခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံက ပြောသည်။

ဝဒေသအတွင်း ၁၉၉၃-၉၄ ခုနှစ်မှစ၍ လာရောက် အလုပ်လုပ်ကိုင်နေကြသည့် နတလ ဝန်ထမ်း (၁ဝဝ) ခန့်တို့တွင် ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား ခွင့် (၃) လ၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဝန်ထမ်းများအား ခွင့် (၁) လဖြင့် လစာမပျက် ခွင့်ရက်ရှည်များပေးကာ နအဖစစ်အစိုးရက ပြန်လည်ခေါ်ယူခဲ့ပြီးသည့်နောက် ဒေသအတွင်းရှိ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းမှ ဝန်ထမ်းများနှင့် အန်ဂျီအိုအဖွဲ့များကပါ ဝဒေသမှ ပြန်လည်ထွက်ခွာခဲ့သည်။

ဝတပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နောက်ဆုံးရက်ချိန်းများ အကြိမ်ကြိမ်ပေးခဲ့ပြီး ဝဒေသအနီး နအဖတပ်များ လှုပ်ရှားသွားလာနေချိန်တွင် ဝဒေသအတွင်းမှ အစိုးရဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့သဖြင့် ဝတပ်ဖွဲ့အား နအဖက စစ်ရေးအရ တိုက်ခိုက်တော့မည်လား ဟူသည့် သုံးသပ်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ဝတပ်ဖွဲ့ကမူ မည်သည့်ကျူးကျော်တိုက်ခိုက်မှုကို မဆို ခုခံကာကွယ်သွားနိုင်ရန် အသင့်ပြင်ဆင်ထားပြီး ပြည်သူ့စစ်တပ်ဖွဲ့များပါ စုဖွဲ့ထားကာ ဒေသလုံခြုံရေး ဆောင်ရွက်နေကြသည်ဟု ဝခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံက ပြောသည်။

အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ

NEJ/ ၂၉ မတ် ၂ဝ၁ဝ

၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် ပါတီအဖြစ် ထပ်မံ မှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။

အန်အယ်လ်ဒီရုံးချုပ်တွင် ယနေ့ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်အရ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အစည်းအဝေးကို ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေးမကောင်းသဖြင့် မတက်ရောက်နိုင်သည့်အတွက် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိဆောင်ရွက်ပြီး ပြည်နယ်တိုင်းအသီးသီးမှ တက်ရောက်ရန်ရှိသည့် ဗဟိုဦးစီးအဖွဲ့ဝင် (၁၂၈) ဦးအနက် ထောင်ကျနေသည့် သူများမှအပ၊ ကျန်းမာရေးမကောင်း၍ မလာရောက်နိုင်သူများမှအပ စုစုပေါင်း (၁၁၃) ဦး အစည်းအဝေးတက်ရောက်ကြကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

“ဥက္ကဋ္ဌက ကျန်းမာရေးမကောင်းလို့ သူမလာနိုင်ဘူးတဲ့။ သူ့သဘောထားကို စာပေးလိုက်ပါတယ်။ ဦးတင်ဦးက ဖတ်ကြားပါတယ်။ သူ့သဘောထားက ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ဖို့ နည်းဥပဒေတွေနဲ့ တရားမျှတမှု မရှိတဲ့ အတွက်ကြောင့်မို့ ပါတီမှတ်ပုံတင်တော့မှာ မဟုတ်ဘူးလို့ သူသဘောထားကြောင်း ဦးဉာဏ်ဝင်းကတဆင့် သိရတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဖြစ်တယ်တဲ့၊ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သဘောထားအတိုင်းပဲ သူလည်းရပ်တည်တယ်တဲ့” ဟု ဦးအောင်ရွှေ၏ စာပါအကြောင်းအရာများကို ဦးအုန်းကြိုင်က ပြန်လည်ပြောကြားသည်။

အစည်းအဝေးကို နေ့လယ် (၁၂) နာရီနှင့် မွန်းလွဲ (၂) နာရီတွင် နှစ်ပိုင်းခွဲလုပ်ပြီး ပထမပိုင်းအစည်းအဝေးတွင်ပင် အစည်းအဝေးတက်ရောက်သူများက ပါတီမှတ်ပုံမတင်ရေးအတွက် တသံတည်း သဘောထားဆန္ဒပေးကြသည့်အတွက်
မဲခွဲဆုံးဖြတ်စရာမလိုဘဲ အားလုံးတညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း၊ အစည်းအဝေးအပြီး ညနေပိုင်းတွင် အစည်းအဝေးဆုံးဖြတ်ချက်များကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ဆုံးဖြတ်ကြသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

အန်အယ်လ်ဒီအနေဖြင့် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သော်လည်း ပါတီကြီး ပျက်စီးသွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဖွဲ့ချုပ်ဆိုတာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလိုလားပြီး ကိုယ်ကျိုးစွန့် တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးဖြစ်တဲ့အတွက် ဥပဒေနဲ့ဖျက်လို့တော့ အဖွဲ့ချုပ်ကြီးက ပျက်သွားမယ်လို့ မယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် ကျနော်တို့က ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပြီးခဲ့သည့်မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ်အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ပါတီမှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်မတ်လ (၈) ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရ၊ ထောင်ဒဏ်ကျခံနေရသူများသည်လည်း ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။

စစ်တပ်ညှဉ်းပန်းမှုကြောင့် ရွာသား (၁) ဦးသေဆုံး

ခိုင်လင်း/ ၂၉ မတ် ၂ဝ၁ဝ

ဗန်းမော်အခြေစိုက် အမှတ် (၆၄၁) မော်တော်ယာဉ်ထိန်းသိမ်းရေး တပ်ရင်းအတွင်း သိမ်းဆည်းထားသော ကားများမှ ကားပစ္စည်းများကို ဒေသခံရွာသားအချို့က ဝင်ရောက်ခိုးယူရန် ကြိုးစားစဉ် စစ်သားများက ဖမ်းဆီးရိုက်နှက်ညှဉ်းပန်းခဲ့သဖြင့် (၁) ဦး သေဆုံးကာ (၁) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဗန်းမော်မြို့နယ်၊ ဟန်းထက်ကျေးရွာသား (၄) ဦးနှင့် ခိုကျင်ကျေးရွာသား (၁) ဦးတို့က မတ်လ (၂၄) ရက်တွင် ကချင်ပြည်နယ်၊ ဗန်းမော် နည်းပညာတက္ကသိုလ်အနီးရှိ မော်တော်ယာဉ်ထိန်းသိမ်းရေး တပ်ရင်းအတွင်း သိမ်းဆည်းထားသော ကားများမှ ဘက်ထရီနှင့် ကားပစ္စည်းများ ခိုးယူနေစဉ် ၎င်းတို့ထဲမှ (၃) ဦးအား စစ်သားများက ဖမ်းဆီး၍ ရိုက်နှက်ညှဉ်းဆဲ သတ်ဖြတ်ခဲ့သည်ဟု ဗန်းမော်ရဲစခန်းနှင့် နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

၎င်းက “အဲဒီတပ်နားမှာရှိတဲ့ ခိုကျင်နဲ့ ဟန်းထက်ရွာက လူတွေက ဝင်ခိုးတာ။ စစ်သားတွေက ဝိုင်းပြီးဖမ်းတာ။ ခိုကျင်ရွာသားကတော့ ဓားနဲ့ ခုတ်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။ ဟန်းထက်ရွာသားတယောက်ကျတော့ ဓားတွေနဲ့ အမွှန်းခံထားရတယ်။ အခုဆေးရုံမှာ တင်ထားရတယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဟန်းထက် ရွာသား နောက်တယောက်ကတော့ ရဲစခန်းမှာ အချုပ်ခံထားရတယ်။ သူလည်း ရိုက်နှက်ခံထားရတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ထွက်ပြေးနေတယ်” ဟု ပြောသည်။

အဆိုပါ မော်တော်ယာဉ် ထိန်းသိမ်းရေးတပ်ရင်း ၀င်းအတွင်းတွင် နအဖစစ်ကြောင်းက ဖမ်းဆီးရရှိထားသည့် တရားမ၀င်သစ် လာရောက်ခိုးထုတ်သည့် တရုတ်နိုင်ငံမှ ကားများကို စုပုံကာ လေလံတင်ရောင်းချလေ့ရှိသည်။ ထိုသို့ လေလံမတင်သေးသည့် တပ်ရင်းအတွင်းရှိ ကားများမှ ကားပစ္စည်းများကို တပ်ရင်းရှိ စစ်သားများကလည်း ဖြုတ်ယူ၍ ပြင်ပတွင် ရောင်းစားလေ့ရှိကြောင်း အဆိုပါဒေသခံက ပြောသည်။

၎င်းက “နှစ်တိုင်း ဖမ်းမိသမျှကားတွေက အဲဒီတပ်ထဲမှာ ထားတာ၊ ရာနဲ့ချီ ရှိတယ်။ လေလံတင်တဲ့ခါကျရင် ကားလိုင်စင်အတွက်ပဲ ဆွဲနေတာ။ ကားကတော့ ဖြုတ်ယူရောင်းစားထားကြလို့ သံထည်ဈေးနဲ့ ရောင်းစားရုံလောက် အသုံးဝင်တော့တာ။ အင်ဂျင်တွေတောင် ဖြုတ်ထားတယ်။ အချို့လည်း လဲတဲ့ဟာ လဲ။ အဲလို စစ်တပ်က ကားပစ္စည်းတွေကို ဖြုတ်ယူရောင်း နေတာကလည်း နှစ်တိုင်းပဲ။ ကားသမားတွေလည်း အဲဒီပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရတော့ ဝယ်တာပေါ့” ဟု ပြောသည်။

ယင်းသို့ တပ်ရင်းရှိ စစ်သားများ ကားပစ္စည်းဖြုတ်ယူ ရောင်းချမှုများကိုမူ တစုံတရာအရေးယူမှုမရှိဘဲ ကားပစ္စည်းခိုးယူရန် ကြိုးစားသည့် ရွာသားများကို ယခုကဲ့သို့ စစ်သားများက ညှဉ်းဆဲသတ်ဖြတ်မှုအပေါ် ဒေသခံများက မကျေမနပ် ဖြစ်နေကြကြောင်း ဒေသခံတဦးက ပြောသည်။

၎င်းက “ရွာသားတွေ၊ ဒီကိစ္စကို သိတဲ့ ဗန်းမော်ကလူတွေကော အတော်လေး စိတ်မသက်မသာဖြစ်တာပေါ့။ တရားဥပဒေအရ မဆောင်ရွက်ဘဲ အခုလို တရားဥပဒေမဲ့ လုပ်နေတယ်ဆိုတော့။ ပြီးတော့ သူတို့ကိုယ်တိုင် ခိုးနေကြတာ လူတိုင်းသိတယ်။ ရဲစခန်းကလည်း စစ်တပ်က လုပ်တယ်ဆိုတော့ ခေါင်းရှောင်နေတယ်၊ အခုထိ အရေးယူတာ မရှိသေးဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်

ဆလိုင်းဟံသာစန်း | တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ အကြိတ်အနယ်ဆွေးနွေးပြီးနေက် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်း ဆုံဖြတ် လိုက်ကြသည်။

မှတ်ပုံတင်ရေး မတင်ရေးနှင့်ပတ်သက်၍ NLD ရုံးချုပ်၌ ယနေ့ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏ တွေ့ဆုံဆွေးနွေးအပြီး ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်ခြင်း ဖြစ်သည်။

“ဒုဥက္ကဋ္ဌ ဦးတင်ဦး ကြေညာတာက ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဆုံးဖြတ်ချက် ၂ ခု ချလိုက်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် NLD ပါတီ ဗဟိုဦးစီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ကန့်ကွက်သူမရှိ ရွေးကောက်ပွဲ မှတ်ပုံမတင်ဘူး။ နောက်တချက်က မှတ်ပုံမတင်သော်လည်း ပါတီကို မဖျက်သိမ်းဘူး” ဟု ရုံးချုပ်ရှေ့တွင် ပါတီခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့် ပါတီလူငယ်အဖွဲ့ ခေါင်းဆောင်တဦးက ပြောသည်။

ထို့အပြင် ယနေ့ ဗဟိုအလုပ်အမှုဆောင် CEC နှင့် ဗဟိုဦးစီးအဖွဲ့ CC အစည်းအဝေးသို့ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက တက်ရောက်လာခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်ကို လိုက်နာရန် အမှာစကားပါးလိုက်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံမတင်ရန် ယခုလ ၂၃ ရက်နေ့တွင် သူမ၏ ရှေ့နေများမှတဆင့် သဘောထားပေးခဲ့ခြင်း ဖြစ်သည်။

CEC အဖွဲ့ဝင်ပေါင်း ၂ဝ ဦးနှင့် CC အဖွဲ့ဝင်ပေါင်း ဦးရေ ၁ဝဝ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ CEC ထဲမှ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့မှလွဲ၍ ကျန်အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ CEC ၊ CC အဖွဲ့ဝင်များနှင့် လူငယ်ခေါင်းဆောင် ၅ ဦး စုစုပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ကြသည်ဟု နောက်ဆုံးသိရှိရသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ရုံးချုပ်၌ ပြုလုပ်သော အစည်းအဝေးတွင် ပါတီ၏ ရပ်တည်ချက်နှင့် ပတ်သက်သော အရေးပါသော ဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီမှ စတင်၍ တင်ပြရာ ၁ နာရီ ၄၅ မိနစ်တွင် ပထမပိုင်း အစည်းအဝေး ရပ်နားခဲ့သည်။

ဒုတိယပိုင်းကို နေ့လည် ၂ နာရီတွင် ပြန်လည်စတင်ရာ CC က ဆက်လက်တင်ပြမှုများ ပြုလုပ်ခဲ့သည်။ ညနေ ၄ နာရီတွင် အဆိုပါ တင်ပြမှုများ ပြီးဆုံးသည့်အခါ CEC အစည်းအဝေး ဆက်လက်ပြုလုပ်ကာ ညနေ ၅ နာရီခန့်တွင် ယခုဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခုလ ၈ ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအရ ပါတီအား ပြန်လည်မှတ်ပုံတင်မည်ဆိုလျှင် နေအိမ်တွင် ပြစ်ဒဏ် ၁၈ လ ကျခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အကျဉ်းကျခံနေရသည့် ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝ ဦးနှင့် ပါတီဝင်များအား ပါတီမှ ထုတ်ပယ်ပစ်ရမှာဖြစ်သည်။

အကယ်၍ ထုတ်ပယ်ခြင်း မရှိလျှင်၊ ရက် ၆ဝ အတွင်း မှတ်ပုံတင်ခြင်း မရှိလျှင် ပါတီသည် အလိုလျောက် ဖျက်သိမ်းရမည့် အခြေအနေတွင် ရောက်ရှိနေသဖြင့် NLD ပါတီ ခေါင်းဆောင်ပိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်၍ မှတ်ပုံတင်ရေး၊ မတင်ရေးဟူသည့် အငြင်းပွားမှုများ ဖြစ်ခဲ့ရသည်။

ယခုလ ၂၆ ရက်နေ့တွင် ပြည်နယ်/တိုင်း အဆင့် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ဝင် ၆ဝ ဦးခန့် တက်ရောက်သော အစည်းအဝေးက ရွေးကောက်ပွဲ ဥပဒေကို လက်သင့်မခံနိုင်ဘဲ ပါတီကို မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ယခုလ ၁၅ ရက်နေ့တွင် ပါတီဌာနချုပ်တွင် ပါတီ ဆက်လက် ရှင်သန်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ဖို့ စဉ်းစားရန် အဆိုပြုခဲ့ပြီးနောက် လူငယ်များ၏ သဘောထား ထိုသို့ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် CC အဖွဲ့ဝင် ၁ဝ ဦး အပါအဝင် ပါတီဝင် ၄၃ဝ ကျော်မှာ အကျဉ်းကျနေဆဲဖြစ်ပြီး စုစုပေါင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁ဝဝ ကျော်ရှိနေသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD သည် နိုင်ငံတဝှန်းတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ဘဲ နောက်တကြိမ်ရွေးကောက်ပွဲသာ ကျင်းပရန် ပြင်ဆင်နေသည်။