Saturday, May 31, 2014

မြန်မာတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ရာတွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးပျောက်ဆုံးနေဟုဆို

မောင်အေး

မြန်မာနယ်စပ် လုံခြုံရေး တပ်ဖွဲ့နှင့် ဗုဒ္ဓဟူးနေ့ နံနက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့ (ဘီဂျီဘီ) မှ အရာရှိ အဆင့်ရှိသူ တစ်ဦးပျောက်ဆုံးနေကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ယနေ့ ရေးသား ဖေါ်ပြသည်။

ပျောက်ဆုံးနေသူမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ၊ ဘင်ဒရာဘင်ခရိုင်၊ နတ်ကျောက်ဆိုးရီးမြို့နယ်၊ ဒူဆောရီ နယ်ခြားစောင့်စခန်းမှ အရာရှိတစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမာန် ဖြစ်ကြောင်း သတင်းစာများက ဆိုသည်။

မေလ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အမှတ် ၅၂ နယ်ခြားမှတ်တိုင်အနီးတွင် ဘင်္ဂလာနယ်ခြားစောင့် တပ်မှ ပုံမှန်စစ် ဆေးမှုများ ပြုလုပ်နေစဉ် မြန်မာနယ်ခြားစောင့်တပ်မှ ပစ်ခတ်မှုကြောင့် ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ အင်အားသုံးပြီး ပျောက်ဆုံးနေသူ သူအား နယ်စပ်တလျှောက်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ရှာဖွေမှုများပြုလုပ်နေသည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နှစ်ဘက်နိုင်ငံ နယ်စပ်အရာရှိများတွေ့ဆုံရန် မြန်မာဘက်သို့ အကြောင်းကြား သော်လည်း မြန်မာဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးဟု သိရသည်။

ယခုအခါ မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တင်းမာမူများ ရှိနေပြီး နှစ်ဘက်တပ်များကို တိုးချဲ့ချထားကြောင်း သိရသည်။

လာမည့် ဇွန်လ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်မောင်တောမြို့တွင် နှစ်နိုင်ငံနယ်ခြားစောင့် တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲပြုလုပ်မည်ဟု အတည်မပြုရသေးသော သတင်းတစ်ရပ်တွင် ဖေါ်ပြသည်။

မိုးဗြဲတောင်သူများ စိုက်ပျိုးမြေတွင် လုပ်ကိုင်ခွင့် စစ်တပ်က ဟန့်တား

နန်းမြနဒီ

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စုထဲက ဒေသခံ တောင်သူတွေကို တပ်သိမ်းမြေထဲမှာ ၀င်ရောက်စိုက်ပျိုးတာ မလုပ်ဖို့ စစ်တပ်က တားမြစ်မိန့် ထုတ်ပြန်လိုက်တဲ့ အတွက် ရွာသားတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

ရွာသားတွေဟာ အဲဒီမြေပေါ်မှာ ပြောင်းဖူး၊ ပဲစဉ်းငုံနဲ့ စပါး အစရှိတဲ့ ကောက်ပဲသီးနှံတွေ စိုက်ပျိုးထားပြီးကာမှ အဲဒီမှာ လုပ်ကိုင်ခွင့် မရှိကြောင်း၊ လုပ်ကိုင်ရင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမယ့်အကြောင်း ဖယ်ခုံ အခြေစိုက် ခမရ ၄၂၂ တပ်ရင်းက မေ ၂၅ ရက်နေ့ နေ့စွဲနဲ့ ညွှန်ကြားချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တောင်သူတွေဟာ အဲဒီယာမြေနဲ့ဘဲ အသက်မွေးဝမ်းကျောင်းပြုရတာမို့ ဆက်လက် လုပ်ကိုင်ခွင့်ရရေးအတွက် မေ ၂၉ ရက်နေ့က သက်ဆိုင်ရာ တပ်ရင်းမှူးနဲ့ သွားရောက်တွေ့ဆုံ အသနားခံပေမယ့် ထူးခြားမှုမရှိဘူးလို့ တပ်ရင်းမှူးနဲ့ သွားတွေ့ခဲ့သူ ဦးအောင်မျိုးခန့်က ဒီဗွီဘီကို ခုလိုပြောပါတယ်။

“တောင်သူတွေက စိုက်ပျိုးပြီးပြီ။ စိုက်ပြီးပျိုးပြီးမှ ဒီလို တားမြစ်တာကြောင့် တောင်သူတွေ ၂ ခါနစ်နာမယ်လို့ ဒါကြောင့် ဒီတသီးစာကို စိုက်ပျိုးခွင့်ပေးပါလို့ သွားရောက်တောင်းဆိုတာပါ။ သူက သူ့သဘောနဲ့ ဆုံးဖြတ်လို့မရဘူး။ ဒီတောင်သူတွေ လက်မှတ်လိုက်စုဆောင်းကောက်ခံ ပြီးတော့မှ တပ်မြေပေါ်မှာ စိုက်ပျိုးရတာဟာ တပ်မြေမှန်းသိပြီးတော့မှ ၀င်ရောက်လုပ်ကိုင်ကြောင်း၊ အပိုင်မယူကြောင်း၊ ၀န်ခံချက်နဲ့ သူတို့ဆီကို စာတင်ရင်ဖြင့် သူတို့အနေနဲ့ ဆက်လက် လုပ်ကိုင်ခွင့် ပြုမှာ ဖြစ်ကြောင်း ပြောတယ်။”


တပ်ရင်းမှူးက အခုလို ပြောဆိုတဲ့အပေါ်မှာ ရွာသားတွေ လက်မှတ်ထိုးရေး၊ မထိုးရေး ပြန်တိုင်ပင်ရဦးမှာ ဖြစ်ပြီး သူ့အနေနဲ့ကတော့ စစ်တပ်ကသာ သူတို့မြေကို လာသိမ်းထားတာ ဖြစ်တဲ့အတွက် လက်မှတ်ထိုးပေးဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

မိုးဗြဲကျေးရွာအုပ်စုက မြေဧကပေါင်း ၁၅၀၀ ကျော်ကို ခမရ ၄၂၂ တပ်က လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကတည်းက တပ်ပိုင်မြေ အဖြစ် သိမ်းယူခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်မှာ ဧကပေါင်း ၇၀၀ ကျော် ပြန်စွန့်လွှတ်ခဲ့ပြီး လက်ကျန်မြေတွေထဲက ဧကပေါင်း ၂၀၀ ကျော်ကိုသာ ရွာသား ၁၂၆ ဦးက ပြန်လည်တောင်းဆိုခဲ့ကြောင်း ရွာသားတွေရဲ့ပြောပြချက်အရသိရပါတယ်။

အစိုးရတပ်သိမ်းဆည်းထားတဲ့ ကာလတွေအတွင်း တချို့နှစ်မှာ သီးစားခပေးဆောင် လုပ်ကိုင်ရသလို တချို့နှစ်မှာ ပေးဆောင်စရာမလိုဘဲ လုပ်ခွင့်ရခဲ့ပေမယ့် ရွာသားတွေက ကိုယ်ပိုင်အဖြစ် ပြန်လိုချင်နေတာပါ။

ဒီမြေတွေ ပြန်ရရေးအတွက် ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ် ဇွန်လကစပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရ၊ လယ်ယာမြေ စုံစမ်းစစ် ဆေးရေး ကော်မရှင်ဆီပါ စာရေးတောင်းဆိုခဲ့ပြီး ဆန္ဒပြမှုလည်း ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖယ်ခုံမြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီရုံးကို ဒီဗွီဘီက မေးမြန်းကြည့်ရာမှာတော့ ရွာသားတွေရဲ့ ပေးပို့ထားတဲ့စာကို လက်ခံရရှိပါကြောင်းနဲ့ လက်ရှိပိုင်ရှင်ဟာ စစ်တပ်က ဖြစ်နေတာကြောင့် စစ်တပ်ရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ ဒုဦးစီးမှူးး ဦးချိုချိုက ခုလိုပြောပါတယ်။

“အခုကတော့ လက်ရှိ ပိုင်ဆိုင်နေတဲ့ အဖွဲ့အစည်းနဲ့ပေါ့၊ တဖက်က ကာယကံရှင် တောင်သူနဲ့ပေါ့။ လမ်းကြောင်းအတိုင်းကတော့ တပ်ကနေပြီးတော့ ပြန်လည် စွန့်လွှတ်မယ်ဆိုတဲ့ အဖြေ တခုခု ရမှာပေါ့။ စွန့်လွှတ်မယ်၊ မစွန့်လွှတ်ဘူးပေါ့။ သူတို့က ပိုနေပြီးသိမ်းထားတာ၊ ပြန်လည်စွန့်လွှတ်ဖို့ ရှိပါတယ်ဆိုပြီး ပြန်ပေးရင်တော့ ပြည်ထဲရေးကနေ အဆင့်ဆင့် တင်ပြပြီးတော့မှ သက်ဆိုင်ရာ တောင်သူတွေကို ပြန်အပ်ရမှာ ခင်ဗျ။”

လက်ရှိ ဖယ်ခုံမြို့နယ်ထဲမှာ ရွာသားတွေက လာတင်ထားတဲ့ မြေသိမ်းမှုပေါင်း ၃ ခု ရှိပြီး မြေဧကပေါင်း ၁ ထောင်ကျော် အနက် ၂ ဧကဘဲ ပိုင်ရှင်ဖြစ်သူ လက်ထဲ ပြန်အပ်ပေးခဲ့ရတယ်လို့ ဒု ဦးစီးမှူးက ဖြည့်စွက်ပြောကြားသွားပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် လက်မှတ်ထိုးသည့် စာရင်းများအား ရဲစခန်းက တောင်းယူ

ခင်မြတ်မြတ်ဝေ

ရန်ကုန်မြို့၊ သာကေတမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် နေရာများတွင် ရဲတပ်ဖွဲ့ဝင်များက လူစားရင်းတောင်းခံခြင်း ဓာတ်ပုံများ ရိုက်ခြင်းများ ပြုလုပ်သည် အဆိုပါ မြို့နယ် ဥက္ကဋ္ဌများက မဇ္ဈိမကို ပြောသည်။

သာကေတ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ မြို့နယ် ဥက္ကဋ္ဌ ဦးကျော်ထွေးက “မနေ့ကတော့ သူတို့စာရင်းတွေ တောင်းတယ်။ မနေ့က အထိတော့ လက်မှတ်ထိုးတဲ့နေရာတွေပါ လာတယ်။ ခြောက်နောက်ရပ်ကွက် နယ်ထိန်း ခင်မောင်ဦးက မနက် ၆ နာရီမှာ တစ်ကြိမ်၊ နေ့လည် ၁ နာရီမှာ တစ်ကြိမ် နောက် ၅ နာရီမှာ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တောင် လာတောင်းတာပါ” ဟု ပြောသည်။

ယင်းကဲ့သို့ လာရောက်တောင်းခံစဉ် သက်ဆိုင်ရာ မြို့နယ်ရုံးကို စာတင်ကာ လူစာရင်းအား တောင်းခံပါဟု ၆ နောက်ရပ်ကွက် ၄၃၆ ပုဒ်မပြင်ဆင်ရေး တာဝန်ခံက ပြန်လည်ပြောကြားခဲ့သည်ဟု ဦးကျော်ထွေးက ပြန်လည်ပြောပြသည်။

အလားတူပင် မေလ ၂၈ ရက်က စမ်းချောင်းမြို့နယ်ရှိ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးရန် ဖွင့်လှစ်ထားသည့် နေရာ၂ဝအနက် ၅နေရာတွင် နယ်ထိန်းများက လူစာရင်းတောင်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘိုဘိုဦးက မဇ္ဈိမသို့ပြောသည်။

“ကျွန်တော်တို့ ပုဒ်မပြင်ဆင်ရေး လက်မှတ်ထိုးတစ်နေရာဆို စာအုပ်ကိုလှန်ပြီး ဓာတ်ပုံရိုက်သွားတယ်။ ကျွန်တော်တို့အနေနဲ့ ရဲရဲဝံ့ဝံ့ ဆန္ဒပြုလို့မရအောင် လုပ်နေတာလို့မြင်တယ်။ သတင်းယူတယ်ဆိုလည်း မြို့နယ်ရုံးတွေမှာ နေ့စဉ် ရရှိတဲ့ လက်မှတ်စာရင်းတွေ တင်တယ်။ စမ်းချောင်း ဖေ့စ်ဘွတ်မှာလည်း စာရင်းတွေ တင်ထားတယ်။ ဒီဖြစ်ရပ်အပေါ် အထက်ကခိုင်းလို့ လုပ်တာလို့မြင်တယ်” ဟု ဦးဘိုဘိုဦးက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် ဆန္ဒပြုလက်မှတ်ရေးထိုးသူ သာကေတမြို့နယ်က ကိုကျော်ဇင်ဦးကလည်း “လက်မှတ်ထိုးတဲ့ နေရာမှာ လူစာရင်းဘယ်လောက်ရပြီးလဲ၊ ဘယ်နှစ်ခုရပြီးလဲ ဆိုတာတွေက ဆန္ဒပြု နေတဲ့သူတွေကို လာနှောက်ယှက်နေတယ်လို့ မြင်တယ်" ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ မဇ္ဈိမက သွားရောက်မေးမြန်းခဲ့ရာတွင် ရဲစခန်းတာဝန်ခံက “ကျွန်တော်တို့ ရပ်ကွက်မှာ ဖြစ်သမျှကိုတော့ တာဝန်တခုအနေနဲ့ သိရမယ်။ မီးပျက်တာကအစ ဘယ်အချိန်ကပျက်တာ ဘယ်အချိန်လာတယ် ဆိုတာကို ကျွန်တော်တို့သိရမှာ တာဝန်ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြေဆိုခွင့်မရှိပါဘူး” ဟု ပြောသည်။ အဆိုပါ တာဝန်ခံက သူပြောစကားများကို တာဝန်မခံဟုလည်း ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကာ မတ်လ ၂၇ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ခဲ့သည်။

လွှတ်တော်အမတ်တွေလစာ တိုးပေးသင့် မသင့်

ရွှေအောင်

ပြည်ထောင်စုအဆင့် အမတ်တွေ ရတဲ့ လစာနဲ့ အခြားစရိတ်တွေဟာ လုပ်ငန်းတာဝန်နဲ့ လိုက်လျောညီထွေ မဖြစ်ဘဲ အလွန့်ကို နည်းပါးနေတယ်လို့ လွှတ်တ်ာအခွင့်အရေး ကော်မတီက လွှတ်တော်မှာ အစီရင်ခံပါတယ်။

မေလ ၂၈ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံတာ ဖြစ်ပြီး လွှတ်တော်အမတ် အတော်များများကလည်း ထောက်ခံပြောဆိုကြပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေဟာ ၁ လ လစာ ကျပ် ၃ သိန်း၊ နေပြည်တော်မှာ လွှတ်တော်တက်စဉ် တည်းခိုခ၊ စားစရိတ်နဲ့ အထွေထွေ တနေ့ ကျပ် ၁ သောင်း ရတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက မေလ ၂၈ ရက် လွှတ်တော်တွင်းဆွေးနွေးခဲ့ကြပုံကို အခုလို ပြောပါတယ်။

“ဒါလွှတ်တော် အခွင့်အရေးကော်မတီကသာ ဒီကိစ္စတွေကို ဒီလိုတွေ့နေရတဲ့အတွက် ဆွေးနွေးပါလို့ ပြောပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကိုယ့်ရဲ့ချီးမြှင့်ငွေကိုတော့ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့တာ မတွေ့ရပါဘူး။ မဲဆန္ဒတွေ ဆင်းတဲ့အခါမှာ ခရီးစရိတ်ကဏ္ဍတွေ ရှိတယ်။ အဲဒါ အမှန်အကန် ကုန်ကျတဲ့ စရိတ်ကို ထည့်သွင်းပေးဖို့ကိုပဲ အထူးပြုဆွေးနွေးခဲ့တာ ရှိပါတယ်။ နောက် ၀န်ထမ်းတွေ လခမတိုးပဲနဲ့ ကျမတို့ တိုးတယ်ဆိုရင်လည်း မသင့်တော်ဘူး ဆိုတာ ထည့်သွင်းဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ကျမတို့ကတော့ ဘယ်လိုပဲ ပြောပြောပါ၊ ဒီစရိတ်တွေ တိုးတာ မတိုးတာ ကျမတို့အတွက် အဓိက မဟုတ်ပါဘူး။ ပြည်သူတွေ ဆင်းရဲတာမို့လို့ ကျမတို့လည်း ပြည်သူတွေနဲ့အတူ သွားရမယ်ဆိုတာ နားလည်ပါတယ်။ ဒီကဏ္ဍကို ကျမတို့လည်း မဆုံးဖြတ်လိုပါဘူး။ လူထုရဲ့ အမြင်တွေကိုလည်း နားထောင်ဦးမှာ ဖြစ်ပါတယ်။”

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ လွှတ်တော်အမတ်တွေရဲ့ လစာ၊ သာမန်ဝန်ထမ်းတွေရဲ့ လစာနဲ့ အစိုးရ၀န်ကြီးတွေရဲ့ လစာတွေဟာ ကွာခြားချက် များလွန်းတယ်လို့ ပြောပါတယ်။

“လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ၃ သိန်း ရတယ်ပေါ့နော်။ ဒါပေမယ့် သာမန်ဝန်ထမ်း တွေနဲ့စာရင် များသလိုတော့ အတိုင်းအတာရှိတာပေါ့။ ဒါပေမယ့် အထက်အောက် ကွာခြားမှုကတော့ တော်တော့ကို များပါတယ်။ သာမန် ၀န်ထမ်းတွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ များသလို ယူဆနိုင်သလို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း သမ္မတက အစ ပြည်ထောင်စုဝန်ကြီးအဆင့် တွေနဲ့ သိပ်ပြီးတော့ ကွာသွားတယ် ခင်ဗျ။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာက နိုင်ငံတကာမှာလည်း ၃ သိန်းလောက်ဆိုတာ ဒေါ်လာ ၃၀၀ လောက်ပဲရှိတဲ့ ကိစ္စက နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် ဘယ်လိုမှ မကိုက်ညီပါဘူး။ လက်တွေ့ နယ်ပယ်မှာကျပြန်တော့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက နယ်တွေကို ဆင်းတဲ့အခါမှာ ကိုယ့်စရိတ်နဲ့ ကိုယ် ဆင်းရတာခင်ဗျ။ ကိုယ့်စရိတ်နဲ့ကိုယ် ဆင်းရတယ်၊ ပြည်သူတွေရဲ့ အသံတွေကို နားထောင်ရတယ်။ သူတို့ ကျွေးတာ မွေးတာကအစ လွှတ်တော်ကိုယ်စားလှယ် တဦးဆိုတော့ နည်းနည်းဝိုင်းပြီးတော့ စိုက်ခံပေးရတာပေါ့။ နောက် ဖုန်းကတ်တွေကော စာစီစာရိုက် ကအစ အများကြီးပါ။ နောက်ပြီးတော့ ကိုယ်ကလည်း လွှတ်တော်ကိုယ်စားလှယ် ဆိုတော့ အလှူကအစ မင်္ဂလာဆောင်ကအစ ဖိတ်တဲ့အခါမှာ အရင်တုန်းက သာမန်ပုဂ္ဂိုလ်ဆိုတော့ ၂ ထောင် ၃ ထောင်လောက်နဲ့ရတယ်၊ အခုဆိုရင် ၁ သောင်းလောက်က အနည်းဆုံး။ အဲဒီလိုမျိုးပေါ့ဗျာ ကျားကြီးရင် ခြေရာကြီးတာမျိုး အဘက်ဘက်က ကုန်ကျစရိတ်တွေ တကယ်များပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ခြိုးခြိုးခြံခြံနဲ့ပဲ သုံးနေရတဲ့ အနေအထား မျိုးပေါ့နော်။ တကယ်လို့ လစာတွေ ချေးငွေတွေ တိုးပေးမယ်ဆိုရင် ပိုပြီးတော့ နယ်တွေကို ဆင်းရာမှာလည်း အဆင်ပြေမယ်၊ ပိုပြီးတော့ အလုပ်လုပ်နိုင်မယ်ပေါ့။ အဲဒီလို အတိုင်းအတာမျိုးကြောင့် ကျနော်တို့က နိုင်ငံတကာစံနှုန်း အနေနဲ့ရော ကိုယ့်ပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ချိန်ထိုးလိုက်ရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီထက် ပိုပြီးတော့ အလုပ်လုပ်နိုင်မယ်ဆိုရင်တော့ ဒီထက်ပိုပြီး တိုးဖို့လိုမယ်လို့ မြင်ပါတယ်။”

ဒီမိုကရက်တစ်ပါတီ မြန်မာရဲ့ ဥက္ကဋ္ဌ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေကို ပါလီမန်ခေတ်အမတ်တွေလစာနဲ့ ခံစားခွင့်တွေအကြောင်းမေးမြန်းရာမှာ အခုလို ပြောပါတယ်။

“ဟိုတုန်းက လွှတ်တော်အမတ်တွေဟာ လစာ ၃၀၀ ပဲရတယ်။ နေ့တွက်ရတယ်။ လွှတ်တော်ရှိတဲ့အချိန်မှာ တနေ့ကို ၂၅ ကျပ်ရတယ်။ အဲတုန်းက ဒုဝန်ကြီးက ၈၀၀ ပဲ ရတယ်။ ဒါပေမယ့် လုံလောက်တယ်၊ ပြဿ နာ မဖြစ်ဘူး။ ရွှေ ၁ ကျပ်သားကို ၁၀၀ မရှိသေးဘူး။ ရွှေ ၃ ကျပ်သားလောက် ရမှာပေါ့။ အဲဒီခေတ်တုန်းက အနိမ့်ဆုံးက ၇၅ ကျပ်ရတယ်။ အထက်တန်းစာရေးတောင်မှ ၁၁၀ ပဲရတယ်။ အဲဒီကာလတုန်းက မိသားစုတွေ လုံလောက်တယ်။”

ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းထွန်း ကတော့ နိုင်ငံတကာနဲ့ယှဉ်ပြီး အခုလို သုံးသပ် ဆွေးနွေးပါတယ်။

“အထူးသဖြင့် လုပ်ငန်းတွေကို အထောက်အကူပြုဖို့ ၀န်ထမ်းတွေ ခန့်အပ်ပေးထားတာပေါ့။ အမေရိကားမှာဆိုရင် လွှတ်တော်အမတ်တယောက်ဆိုရင် ၀ါရှင်တန်မှာလည်း ကွန်ဂရက်အဆောက်အဦမှာ သူ့အတွက် ရုံးခန်းရှိတယ်။ အနည်းဆုံး ၀ါရှင်တန်က ရုံးမှာ တကယ်ဥပဒေရေးအရ အတိုင်ပင်ခံပုဂ္ဂိုလ်တွေအပါအ၀င် စာရေးစာချီနဲ့ ရုံးဝန်ထမ်းက ၁ ဒါဇင်လောက်ရှိတယ်။ အဲဒါအပြင် မဲဆန္ဒနယ်တွေမှာလည်း မဲဆန္ဒရှင်ပြည်သူနဲ့ ဆက်သွယ်လုပ်ဖို့ ရုံးတရုံးနဲ့ ၀န်ထမ်းတွေ ရှိတယ်။ ၀န်ထမ်းတွေရဲ့လခကို နိုင်ငံတော်ကပဲ ပေးအပ်ပါတယ်။ ဒီအဆင့်ထိက ချက်ချင်း မလိုသေးပေမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ ဥပဒေပြုစုတဲ့နေရာမှာ လိုအပ်တဲ့အထောက်အကူပေးနိုင်ဖို့ ရေးရာကော်မတီမှာ ၀န်ထမ်းတွေ ခန့်ထားသင့်သလို နေထိုင်တဲ့နေရာမှာလည်း အင်တာနက်ကြည့်တာကအစ၊ ဖတ်ရှုလေ့လာစရာ လိုင်ဘရီကအစ အလွယ်တကူရနိုင်အောင် ကွန်ပျူတာတွေ အသုံးပြုနိုင်ဖို့ ပိုပြီး အထောက်အကူပြုတဲ့ပစ္စည်းတွေ၊ ၀န်ထမ်းတွေ ထားပေးဖို့ လိုမယ်လို့ ထင်တယ်။ တယောက်ချင်း ထားမပေးနိုင်ရင်တောင် ကော်မတီလိုက်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနေတဲ့ တည်းခိုခန်းတွေမှာပဲ ဖြစ်စေ အများအသုံးပြုနိုင်တဲ့ အင်တာနက်၊ ကွန်ပျူတာ၊ ပရင်တာ စတဲ့ကိရိယာတွေ ပံ့ပိုးပေးသင့်တယ်လို့ ထင်ပါတယ်။”

မြန်မာ့လွှတ်တော်မှာ အမတ်ပေါင်း ၆၀၀ လောက်ရှိပြီး ဒီထဲ တပ်ကိုယ်စားလှယ်တွေ ဖယ်လိုက်ရင် အမတ်ပေါင်း ၄၀၀ လောက် ရှိနေပါတယ်။

အင်းစိန်ထောင်အတွင်း ထောင်သားတစ်ဦး မိမိကိုမိမိ သေကြောင်းကြံ

ကျော်စိုးမိုး

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် မူးယစ်ပုဒ်မဖြင့် ထောင်ကျနေသူတစ်ဦး မိမိကိုယ်ကို သေကြောင်း ကြံစည်သည့် ဖြစ်စဉ်တစ်ခု မေ ၂၈ရက်၊ နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ယုဇနလမ်းတွင်နေထိုင်သည့် အသက် ၃၉ နှစ် အရွယ် ဦးမောင်မောင်ထွေး(ခ) စလင်းသည် ဆိပ်ကမ်းမြို့နယ် တရားရုံး၏ ပြစ်မှုကြီးအမှတ် ၁၈၈/၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာပုဒ်မ ၁၆(ဂ)/၂၁ အရ မေလ ၁၅ ရက်တွင် အင်းစိန်ဗဟို အကျဉ်းထောင်တွင် ထောင်ဒဏ် ၆နှစ် ပြစ်ဒဏ်ကျခံနေရသူ ဖြစ်သည်။

ထို့ပြင် အနောက်ပိုင်းခရိုင် တရားရုံး၌လည်း ပြစ်မှုကြီးအမှတ် ၄၁/၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅/၂ဝ (ဂ) ဖြင့်တရား ရင်ဆိုင်နေရသူဖြစ်သည်။

ဦးမောင်မောင်ထွေး (ခ) စလင်းသည် ၎င်းအကျဉ်းကျခံနေသည့် အမှတ် (၅)တိုက်၊ အခန်းအမှတ် (၁၁)တွင် အလျား ၂လက်မ၊ အနံ ၁လက်မခွဲခန့်ရှိသည့် သွပ်ပြားစ အဟောင်းဖြင့် လည်ပင်းအားလှီးခဲ့သောကြောင့် စလုတ်အထက်တွင် ၄လက်မခန့်ရှိသော ကန့်လန့်ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိမိကိုယ်မိမိ သေကြောင်းကြံစည်သူကို အရေးယူ ပေးပါရန် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ကြီးကြပ်ရေးမှူး အောင်နိုင်ထွန်း၏ တရားလိုပြု တိုင်တန်းမှုအား အင်းစိန်မြို့မရဲစခန်း (ပ)၅ဝ၄/၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၉ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသား နှစ်ဦးထံမှ ရှုပီး ၈ သိန်းကျော် တန်ဖိုးရှိ ဖောက်ခွဲပစ္စည်း ဖမ်းဆီ

Khonumthung

ပြီးခဲ့သည့် မေ ၂၇ ရက်နေ့က မီဇိုရမ်ပြည်နယ်ရှိ Mizoram Police CID (Crime) နှင့် Assam Rifles ပူးပေါင်းပြီး မြန်မာနိုင်ငံသားနှစ်ဦးထံ ရှုပီး ၈ သိန်းကျော်တန်ဖိုးရှိ ပေါက်ကွဲစေနိုင်သည့် ပစ္စည်း ဖမ်းဆီး ခဲ့တယ်လို့ သိရသည်။

ဖမ်းဆီးခဲ့သည့် အမျိုးအစားမှာ ဖေါက်ခွဲရာတွင် အသုံးပြုသည့် Special Ordinary Detonator cap 40000 ကျော်ဖြစ်ပြီး ပစ္စည်းပိုင်ရှင်ဟု ယူဆရသော ချင်းပြည်နယ် ဖလမ်းမြို့နယ်မှ Zabika (49) နှင့် ကလေးမြို့သား Thawnga (37) တို့နှစ်ဦးကိုပါ ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ထားကြောင်းနဲ့ စစ်ဆေးမေးမြန်းဖို့ရန် ရဲလက်ထဲမှာ ရှိနေသေးတယ်လို့ ဒေသထုတ် သတင်းစာတွင် ဖော်ပြပါသည်။

ယခုဖမ်းဆီးထားသော လက်နက်အမျိုးအစားမှာ Gulf Oil Corporation Ltd. Explosive Division, Hyderabad ပြည်နယ်ရှိ ကုပ္မဏီမှ ထုတ်လုပ်ထားသည့် ပေါက်ကွဲစေသော စနက်တံဖြစ်သည်။

ယခုတလော တရားမ၀င်မှောင်ခိုပစ္စည်းများအနက် မြန်မာနိုင်ငံတွင် ရေပန်းစားနေသည်မှာ ဆူဒူဖီဒရင်စိတ်ကြွ ဆေးပြားဟု သိရသော်လည်း ဖောက်ခွဲရာတွင် အသုံးပြုသော စနက်တံ ဟာလည်း မှောင်ခို ရေပန်းစာလာတယ်လို့ အဆိုပါ သတင်းစာက ထပ်မံဖော်ပြထားပါသည်။

မီဇိုရမ်ရဲအရာရှိများ၏ ထွက်ဆိုချက်အရ ဒီလက်နက်အမျိုးအစားဟာ အိန္ဒိယနိုင်ငံမှ မီဇီုရမ်ပြည်နယ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံကို အကပ်လိုက်အကပ်လိုက် တရားမ၀င်တင်ပို့နေကြတယ်။ မြန်မာနိုင်ငံရှိ လက်နက်ကိုင် သူပုန်များ ထံသို့လည်း ရောင်း ချနေကြတယ်လို့ ပြောပါတယ်။

Detonator ဟာ ပေါက်ကွဲစေရာတွင်အသုံးပြုသည့် ပစ္စည်းတမျိုးဖြစ်သည်သာမဟုတ်၊ ဒီ ဒီတိုနီတာ ဟာ ပေါက်ကွဲမှု အားပြင်းတဲ့ လက်နက်တမျိုးဖြစ်ကြောင်း တတ်ကျွမ်းသူများက ပြောပါတယ်။

ရက် ၅၀ အတွင်း အကောက်ခွန်မဲ့ ပစ္စည်းအမျိုးမျိုး ဖမ်းဆီးရရှိမှု ကျပ် သန်း ၅၅၀ ကျော်ရှိ

စည်သူအောင်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မေလ ၂၀ရက်အထိ ရက်ပေါင်း ၅၀အတွင်း အကောက်ခွန်မဲ့ ပစ္စည်းဖမ်းဆီးရရှိမှု ကျပ်သန်း ၅၅၀ ကျော်ရှိသည်ဟု အကောက်ခွန်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အကောက်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဧပြီလအတွင်း အကောက်ခွန်မဲ့ပစ်္စည်းဖမ်းဆီးရရှိမှု ကျပ် ၃၅၁ ဒသမ ၇၁ သန်းရှိခဲ့ပြီး မေလ ၂၀ ရက်နေ့အထိ ကျပ် ၂၀၄ ဒသမ ၂၅သန်းရှိခဲ့သည်။အကောက် ခွန်ဦးစီးဌာနသည် လေဆိပ်၊ ရေဆိပ်နှင့် နယ်မြေဒေသအသီးသီးတွင် အကောက်ခွန်မဲ့ ပစ္စည်းများကို ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ပြီး ရက် ၅၀ အတွင်း ကျပ် ၅၅၅ ဒသမ ၉၆ သန်းဖိုး ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်သည်။

အကောက်ခွန်ဦးစီးဌာနမှ ဖမ်းဆီးရရှိသောပစ္စည်းများတွင် မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ အလှကုန်များ၊ စီစီတီဗီကင်မရာနှင့် ဆက်စပ်ပစ္စည်းများ၊ ကျောက်စိမ်းလက်ဝတ် ရတနာများ၊ မော်တော်ယာဉ်များ၊ ဆေးဝါးများ စသည်တို့ပါဝင်သည်။ အကောက်ခွန်ဦးစီးဌာနသည် ဧပြီလ အတွင်း အမှုပေါင်း ၃၇ မှု၊ မေလ ၁၁ရက်မှ ၂၀ ရက်အထိ အမှုပေါင်း ၂၃ မှု ဖမ်းဆီးနိုင်ခဲ့သည်ဟု အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် တရားမ၀င်အကောက်ခွန်မဲ့ပစ္စည်းများ တင်သွင်းမှုများပြားနေသောကြောင့် တရားမ၀င် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမှ Mobile Team (ရွေ့လျားဖမ်းဆီးရေးအဖွဲ့)များကို ဖွဲ့ စည်းခဲ့ပြီး တရားမ၀င်ကုန်သွယ်မှုများကို ဖမ်းဆီးခဲ့သည်။

ရွေ့လျားဖမ်းဆီးရေးအဖွဲ့များ၊ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့များသည် ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁ရက်မှ ၂၀၁၄ ခုနှစ် ဧပြီ၂၄ရက်အထိ ကျပ်ငွေ ၁၅ ဘီလီယံဖိုးရှိ တရားမ၀င်ကုန်ပစ်္စည်းများ ဖမ်းဆီးခဲ့ပြီးဖမ်းဆီးရရှိခဲ့သော အမှုတွဲ ၃,၀၆၆မှုကို အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကောက်ခွန်မဲ့ကုန်ပစ္စည်းအများဆုံးတင်သွင်းနေသည့်နေရာများမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ပါဝင်သည်။စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တရားမ၀င် အကောက်ခွန်မဲ့ ပစ်္စည်းများ ဖမ်းဆီးအရေးယူနိုင်ခြင်းကြောင့် တရားဝင်ကုန်သွယ်မှုပမာဏမြင့်တက်လာသည်ဟု မေလ ၂၇ရက်တွင် ပြုလုပ် သည့် တရားမ၀င်ကုန်ပစ္စည်းဖမ်းဆီးရေးအဖွဲ့များ၏ ဆုကြေးငွေခွဲဝေ ခံစားခွင့်အတွက် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် AAPP နှင့် FPPS တို့ တောင်းဆို

စဖန်းရှောင်း

လက်ရှိမြန်မာနိုင်ငံရှိအကျဉ်ထောင်များတွင် ကျန်ရှိနေသေးသော အကျဉ်းသားများကို လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)တို့မှ မေ ၂၇ရက်နေ့စွဲဖြင့် ပူးတွဲကြေငြာချက်တစ်စောင်ထုတ်ပြန်တောင်းဆိုခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်သွားပြီဖြစ်ကြောင်း အစိုးရ ကပြောဆိုထားသော်လည်း လက်ရှိ ကာလတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၅၉ ဦး အကျဉ်းကျခံနေရသေးသည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က “နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၂၀၁၃ အကုန်မှာ နိုင်ငံရေးအကျဉ်း သားတွေကို တစ်ယောက်မှ မကျန်အောင် အကုန်လွှတ်ပေးမယ်လို့ပြောထားတာရှိပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးတယ်ဆိုတာ ပြည်သူတွေကိုရော၊ နိုင်ငံတကာကို သိစေချင်လို့ အခုလိုထုတ်ပြန်လိုက်တာပါ” ပြောသည်။

ထို့အပြင် ၂၀၁၃ ခုနှစ်ကုန်အထိ နိုင်ငံရေးအကျဉ်းသား ၃၀ ဦးသည် အကျဉ်းထောင်များအတွင်း၌ ဆက်လက် အကျဉ်းကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၈၅ ဦးသည်လည်း ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှု ပုဒ်မ- ၁၈၊ ရာဇသတ်ကြီး ပုဒ်မများ ဖြစ်ကြသော ပုဒ်မ- ၅၀၅ (ခ)၊ ပုဒ်မ- ၄၄၇ တို့အပြင် အခြားသော ပုဒ်မများနှင့် တရားစွဲခံရကာ တရားရင်ဆိုင်နေရကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အကျဉ်းထောင်များအတွင်း နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ်ခံကြရသူ အများစုသည် နိုင်ငံရေးလှုပ်ရှားသူ များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ဆက်စပ်သူ အများဆုံးပါဝင်သည်ဟု AAPP နှင့် FPPS တို့က ဆိုသည်။

ယခု ၂၀၁၄နှစ်ဦးပိုင်းမှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြသူများ၊ လယ်သမားများနှင့် သတင်းထောက်များ ဆက်လက်ဖမ်းဆီးခံရမှု ကိန်းဂဏန်းသည် ယခင်နှစ်များကဲ့သို့ပင် ရှိနေဆဲဖြစ်သဖြင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်အောင် ဆက်လက်တောင်းဆိုသွားမည်ဖြစ်သည်ဟု AAPP က ပြောသည်။

“ကျနော်တို့အနေနဲ့က အစိုးရကို ဆက်လက်တောင်းဆိုပါမယ်။ ပြီးတော့ လက်ကျန်နိုင်ငံရေးအကျဉ်းသား ဟောင်းများ စီစစ်ရေးကော်မတီကို တင်ပြမယ်။ လွှတ်တော်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ရှိတယ်။ အဲဒီအရေးကို စိတ်ဝင်စားတဲ့ သူတွေလည်းရှိတဲ့အတွက် လွှတ်တော်ထဲမှာလည်း ထည့်သွင်းဆွေးနွေး နိုင်အောင် ကြိုးစားပါမယ်”ဟု ကိုတိတ်နိုင်က ဖြည့်စွက်ပြောဆိုသည်။

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ မေလ (၅ လပိုင်း)မှစပြီး ယနေ့အချိန်ထိ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ၁၅ ကြိမ် ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁,၁၄၀ ဦး လွတ်မြောက်ခဲ့သည်ဟု သိရသည်။

AAPP သည် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အဖွဲ့နှင့် FPPS သည် မြန်မာပြည်တွင်းအဖွဲ့တို့သည် ယခုနှစ် မတ် ၆ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများစာရင်း မှတ်တမ်းကောက်ယူရာ၌ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။

စည်းကမ်းမဲ့ ရပ်နားသောယာဉ်များ အရေးယူမှု တစ်လလျှင် အစီးရေ ၁,၃၀၀ ခန့်ရှိ

ကျော်စိုးမိုး

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်များကို ကရိန်းဖြင့် ဆွဲယူသည့်စနစ် စတင်ခဲ့သည့် ၂၀၁၃ နိုဝင်ဘာမှ ၂၀၁၄ မေ ၂၂ရက်နေ့အထိ ခြောက်လကျော်ကာလအတွင်း တစ်လလျှင် ယာဉ်အစီးရေပျမ်းမျှ ၁,၃၀၀ ကျော် အရေးယူခဲ့သည်ဟု အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရန် ယာဉ်မရပ်ရ လမ်းများသတ်မှတ်ကာ ယင်း လမ်းပေါ်တွင် ရပ်နားသောယာဉ်များကို ကရိန်းဖြင့် အရေးယူခဲ့ရာ ခြောက်လ ကျော်ကာလအတွင်း ယာဉ် အစီးပေါင်း ၈,၃၇၅ စီး အရေးယူနိုင်ခဲ့သည်။

“နေ့စဉ်ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမယ့် စည်းကမ်းမဲ့ ရပ်နားတာတွေကရှိနေတုန်းပါပဲ။ အခုလည်း ယာဉ် မရပ်ရလမ်းတွေကို ထပ်မံတိုးချဲ့ထားပြီး ဖမ်းဆီးအရေးယူမှုတွေကို နေ့စဉ် ဆောင်ရွက်သွားမှာပါ” ဟု အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ ရဲအုပ် လှကျော်ဦးက ပြောသည်။

စည်းကမ်းမဲ့ရပ်နားသော ယာဉ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၃ အရ ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ်တစ်နှစ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြင့်ဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်သည်။

ယာဉ်မရပ်ရလမ်းများကိုလည်း စတင်ဖမ်းဆီးသည့် ၂၀၁၃ နိုဝင်ဘာလက ၃၇ လမ်းသာ သတ်မှတ်ထား ပြီး၊ ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၄ ဇန်န၀ါရီတွင် တစ်ကြိမ်၊ မေလတွင် တစ်ကြိမ် ထပ်မံတိုးမြှင့်ခဲ့သော ကြောင့် လက်ရှိတွင် ယာဉ်မရပ်ရလမ်းများမှာ စုစုပေါင်း ၇၇ လမ်းသို့ ရောက်ရှိနေသည်။

ခဲ/သတ္တုသန့်စင် စက်ရုံမှ တရုတ်နိုင်ငံသားများ အဖမ်းခံရ

သျှမ်းသံတော်ဆင့် /ယိင်းတိုင်း

သျှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဘော်ဆိုင်း ဒေသရှိ ကောင်းသော အင်အားကြယ် ကုမ္ပဏီ ခဲ၊သတ္တု သန့်စင် စက်ရုံမှ တရုတ် နိုင်ငံသား ဝန်ထမ်း ၁၀ ကျော်ကို ဟဲဟိုး ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု စုံစမ်းသိရှိရပါသည်။

“ တရုတ်ကုမ္ပဏီက ၀န်ထမ်း အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ကို သူတို့ရဲ့ အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ကုန်သွားလို့ ဟဲဟိုးရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားတယ်။ လ.၀.ကကတော့ အက် ၁၃(၁) နဲ့ အမှုဖွင့် အရေး ယူထားတယ်။ နယ်စပ်ဖြတ်ကျော်ခိုးဝင်မှုပေါ့ ” ဟု ဟဲဟိုးရဲစခန်းက ရဲအသိုင်းအဝိုင်းကဆိုပါသည်။

ကောင်းသောအင်အားကြယ် ကုမ္ပဏီ ခဲ၊ သတ္တုသန့်စင်စက်ရုံအား သျှမ်းပြည်နယ်တွင်ပထမဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံခွင့်အဖြစ် ၂၀၁၄ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရားဝင်ခွင့်ပြုမိန့်ရရှိထားပြီးဖြစ် ကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးက သျှမ်းသံတော်ဆင့်အား ရှင်းပြသည်။

သတ္တုတွင်းဝန်ကြီးဌာနမှ ကလောမြို့နယ်၊ ဘော်ဆိုင်းဒေရှိ ကုမ္ပဏီနှစ်ခုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ချက်များအား ၂၀၁၄ ဖေဖော်ဝါရီ ၁၂ ရက်တွင် နိုင်ငံပိုင်သင်းစာတစ်ခုတွင် ထုတ်ပြန်ကြေညာခဲ့ဖူးသည်။

မုံရွာမြို့ ပြည်ခိုင်ဖြိုးပါတီ ရုံးဝင်းအတွင်းမှ ဆိုင်ကယ်ခိုးယူခံရ

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒ၀န်ရပ်ကွက်၊ တိုင်းပြည်ခိုင်ဖြိုးပါတီ ရုံးဝင်းအတွင်း ဇက်သော့ခတ်၍ ထားရှိသော ဆိုင်ကယ်တစ်စီး ၀င်ရောက်ခိုးယူခြင်းခံရသော ဖြစ်စဉ်တစ်ခု မေ ၂၄ ရက် မွန်းလွဲ ၁၂ နာရီအချိန်က ဖြစ်ပွားခဲ့သည်ဟု မုံရွာနယ်မြေရဲစခန်းက ထုတ်ပြန်ထားသည်။

တိုင်းပါတီရုံးဝင်းအတွင်း ၀င်ရောက်ခိုးယူခြင်းခံရသော ဆိုင်ကယ်ပိုင်ရှင်မှာ တိုင်းပြည်ခိုင်ဖြိုးပါတီ အငယ် တန်းစာရေးဝန်ထမ်း ဦးဇားပေါ့ဆိုသူ ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ပျောက်ဆုံးသွားသည့် ဆိုင်ကယ်မှာ Dream 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်ဖြစ်သည်။ ၎င်းဆိုင် ကယ်ကို မေလ ၂၄ ရက် ညက ပါတီဝန်ထမ်းအိမ်ရာ တိုက်ခန်းရှေ့တွင် ဇက်သော့ခတ်၍ ရပ်ထားခဲ့ခြင်းဖြစ် ပြီး နောက်တစ်နေ့ နံနက် ၂၅ ရက် အိပ်ရာထချိန်တွင် ၎င်း၏ ဆိုင်ကယ်ပျောက်ဆုံးနေသည့်အတွက် ရဲစခန်း သို့ သွားရောက် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်ကြားချက်ကို မုံရွာနယ်မြေ ရဲစခန်းက(ပ)၂၀၈/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၉ (ဆိုင်ကယ်)အရ အမှုဖွင့် လက်ခံပြီး အမှုစစ်ရဲအရာရှိ ဒု-ရဲအုပ် ရဲအောင်က စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

သမီးရည်းစား တတွဲအား ပြည်သူ့ စစ်ဝတ်စုံ ဖြင့် လူ ၂ ယောက် ဖမ်းဆီး ရိုက်နှက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မူစယ် မြို့နယ် ဇယ်လန့် အုပ်စု နမ့်ဇန့် ရွာတွင် သမီး ရည်းစား စုံတွဲအား ဌာနေ ပြည်သူ့ စစ် ဝတ်စုံ ဝတ်ဆင် ထားသည့် တပ်ဖွဲ့ဝင်က ဖမ်းဆီး ရိုက်နှက် သဖြင့် ၂ ဦးစလုံး ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိ ရသည်။

“ နမ့်ဇန့်ရွာက လော်ဂျာနဲ့ မာပန် သမီးရည်းစားက ည ၁၀ နာရီကျော် ရွာစပ်က တဲတခုမှာ ချိန်းတွေ့ကြ တယ်။ အဲ့ဒီအချိန်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့လူ ၂ ယောက်က သူတို့၂ ယောက်ကိုတွေ့ပြီး ဖမ်းဆီးလက် ထိပ်ခတ်တယ်။ ကောင်လေးကို ပါးစပ်တွေပိတ် မျက်လုံးတွေပိတ်စည်းထားတယ်။ အရိုက်ခံရလို့ ၂ ယောက်စလုံးမှာ တကိုယ်လုံး ညိုမည်း ဒဏ်ရာတွေနဲ့။ သူတို့ ၂ ယောက်လုံးရဲ့ လက်ဝတ်ရတနာတွေ ချွတ်ယူပြီး သူတို့ရဲ့ အဝတ်အစားတွေကိုလည်း စုတ်ပြတ်အောင် ဖြတ်ညှပ်ထားတယ်။” ဟု မူစယ်မြို့နယ် လုံးအိုက်ကျော် ကပြောသည်။

ဆိုပါ လူငယ်အတွဲထံမှ ငွေကျပ် ၃ သောင်းကျော်နှင့် အဖိုးတန် ရွှေလက်စွပ် ၃ ကွင်းကိုပါ ပြည်သူ့ စစ်တပ်ဖွဲ့က ဓါးပြတိုက်ယူဆောင်သွားခဲ့ကြောင်း လွှတ်မြောက်လာသည့်လူငယ်စုံတွဲက ပြောပါသည်။

“ ပြည်သူ့စစ် ၂ ယောက်က နောင်စန့်ရွာကဘဲ။ သူတို့ကို မြင်ဖူး သိဖူးနေတာဘဲ တယောက်က ဗမာ တယောက်က တအာင်း၊ ကောင်မလေးကို ပြည်သူ့စစ်တယောက်က အဓမ္မပြုကျင့်မလို့ဆွဲလားရမ်းလား လုပ်တော့ တအာင်းက ဗမာကိုပြောတယ်။ ကောင်မလေးက ငယ်သေးလို့ မလုပ်ပါနဲ့ တားတယ်။ ဗမာတယောက်က နားမထောင်ဘူး။ ဒါပေမယ့် ကောင်မလေးက အလျှော့မပေးဘူး။ အတင်းရုန်းကန် ထွက်ပြေးတယ်။ ပြည်သူ့စစ် ၂ ယောက်က လိုက်ရိုက်လို့ မျက်လုံးတွေမှာ မျက်နှာတွေ မှာပါ မည်းညို နေတာ။ မုဒိန်းကျင့် မခံရတာကံကောင်းသွားတယ် ” ဟု လူငယ် ၂ ဦး၏ ပြောပြချက်အတိုင်း အမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြန်လည်ပြောပြသည်။

နမ့်ဇန့်ရွာသည် မူစယ်-နမ့်ခမ်း အသွားလမ်း ဇယ်လန့်အုပ်စုအတွင်းတွင်တည်ရှိပါသည်။ အဆိုပါဒေသ တွင် နမ့်ခမ်းမြို့ မြို့မပြည်သူ့စစ်လက်အောက်ခံ နမ့်ဇန့်ရွာအခြေစိုက် ပြည်သူ့စစ်ကပင် လှုပ်ရှားနေခဲ့ ပါသည်။

သို့သော်အဆိုပါပြည်သူ့စစ်၏လက်ချက် ဟုတ်မဟုတ်ကိုမူ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရရှိသေးပေ။

တိုင်းရင်းသားအလိုကျ ပြည်ထောင်စု၂၀၀၈ ဖွဲ့စည်းပုံနဲ့တည်ဆောက်မရ

DVB

ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသည့် ယာဉ်တစ်စီး အဝေးပြေးလမ်းတွင် ဖမ်းမိ

ဖြိုးဝေလင်း

ရန်ကုန်-ပြည် အဝေးပြေးလမ်းမပေါ်တွင် ကျွန်းသစ်ခွဲသား အချောင်း ၃၀၀ ခန့်တင်ဆောင်လာသည့် ယာဉ်ကို မေ ၂၅ ရက်၊ နံနက် ၄ နာရီခွဲဝန်းကျင်က တိုက်ကြီးမြို့နယ်အတွင်း စစ်ဆေးတွေ့ရှိသဖြင့် သစ်တောဥပဒေဖြင့် အရေးယူထားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် MAZDA CAPELLA အဖြူရောင် ကားပေါ်တွင် ကျွန်း သစ်ခွဲသား ၂၈၃ ချောင်း (ကျပ်တစ်သိန်းခွဲကျော်)တန်ဖိုးရှိသည့် သစ်များကို တရားမ၀င်သယ်ဆောင်လာ ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်းသစ်အပိုင်းအစများကို သယ်ဆောင်လာသည့် ကိုအောင်စိုးမင်းနှင့် ကိုမျိုးချစ်အပေါ် အရေးယူပေးပါရန် တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်မြ၏ တရားလိုပြု တိုင်တန်းချက်ကို တိုက်ကြီးမြို့မရဲစခန်းက (ပ)၁၈၄/၂၀၁၄၊ သစ်တောဥပဒေ ပုဒ်မ ၄၃(က) ဖြင့် အရေးယူထားပြီး စစ်ဆေးလျက်ရှိသည်။

ပြီးခဲ့သည့် မေ၂၀ရက်က မှော်ဘီမြို့နယ်အတွင်း တရားမ၀င်ကျွန်းသစ် အပိုင်းအစ ၆၀၀ကျော် တင်ဆောင် လာသည့် ယာဉ်သည် မှော်ဘီမြို့နယ်အတွင်း ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

ယခုလ ပထမပတ်အတွင်းကလည်း တိုက်ကြီးမြို့နယ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာနပိုင် မြောက်လှိုင်သစ်တောကြိုးဝိုင်း အတွင်းရှိခြံအမှတ် (၉)နှင့်(၁၀)မှ လေးနှစ် သား အရွယ် ယူကလစ်ပင် ၁၅၀ ကို ခုတ်လှဲခိုးယူသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

မြန်မာနယ်စပ်အနီး နယ်ခြားစောင့်ကင်းစခန်း ၂၈ ခု ဘင်္ဂလာမှ တိုးချဲ့တည်ဆောက်

နိရဉ္စရာ

မြန်မာနှင့် ထိစပ်နေသည့် နယ်စပ် တစ်လျှောက်တွက် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့် ကင်းစခန်း (၂၈) ခုကို တိုးချဲ့ တည်ဆောက်သွားမည်ဟု သိရသည်။

“ နယ်ခြားစောင့်စခန်းများကို တိုးချဲ့ရခြင်းမှာ လက်နက်မှောင်ခိုမှုနှင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို တိုက်ဖျက်ရန်ဖြစ်ကြောင်း” ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Abul Hasnat Md Khairul Bashar က ပြောဆိုသည်။

ယင်းကင်းစခန်းများကို ဘင်္ဂလာဒေခ်ျ့ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆရီမြို့နယ်၊ လမားမြို့နယ်နှင့် ရုံမော်မြို့နယ်တို့တွင် တည်ဆောက်သွားမည်ဟုဆိုသည်။

ယင်းဒေသများသည် မြန်မာနိုင်ငံဘက်မှ မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့တို့နှင့် ထိစပ်နေသော နယ်မြေများ ဖြစ်ကြပြီး အလွန်တောတောင် ထူထပ်ကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များသည် နယ်စပ် ကင်းစခန်းများကို မြန်မာနယ်စပ်တွင်သာမက အိန္ဒိယနှင့် ထိစပ်နေသော နယ်စပ်တလျှောက်တွင်လည်း နယ်စပ် ကင်းစခန်း (၅၀) ကို တိုးချဲ့သွားမည်ဟု ဆိုသည်။

ကီလိုမီတာ ၄၄၂၇ ရှည်လျားသော မြန်မာ-အိန္ဒိယ ဆက်စပ်သော နယ်စပ်တလျှောက်တွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် စခန်းပေါင်း ၅၅၀ ရှိကြောင်း သိရသည်။

ယခု အစီအစဉ်သည် ၂၀၁၁ နှစ်ကတည်းက ဘင်္ဂလာအစိုးရမှ ချမှတ်ထားသော အစီအစဉ် တစ်ခု ဖြစ်ကြောင်း၊ ယခုအခါ လက်တွေ့အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊ အချို့စခန်းများကို စတင် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း ယင်းဗိုလ်ချုပ်က ဆိုသည်။

ဘကကျောင်းများကို အလယ်တန်း၊ အထက်တန်း အဆင့်သို့ တိုးမြှင့်ရန် မူအရ ကြန့်ကြာနေဟု သာသနာရေးဝန်ကြီးပြော

ဂျွန်ချစ်ငြိမ်း

မန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို မူလွန်အဆင့်မှ အလယ်တန်း၊ အထက်တန်းအဆင့်သို့ တိုးမြှင့်ခွင့်ပြုရန် ကြန့်ကြာနေခြင်းသည် ယခင် မူဝါဒများနှင့် ညိစွန်းနေခြင်းကြောင့် ဖြစ်သည်ဟု သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က မေလ ၂၉ရက်က ပြောဆိုလိုက်သည်။

ဝန်ကြီးက ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်း ပရဟိတတပ်ဦး ကျောင်း၌ ကျင်းပသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်များ၏ ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် ဆရာတော်များအား လျောက်ထားခဲ့ခြင်းဖြစ်သည်။

"ကျောင်းဆောင်လည်း ပေးစရာမလိုဘူး၊ ဆရာဆရာမလည်း အစိုးရက ထောက်ပံ့ပေးစရာမလိုဘူး၊ ကျောင်းဆောက်ပေးဖို့လည်းမလိုဘူး၊ ဒါကို ကြန့်ကြာနေတာက ယခင် မူဝါဒနဲ့ညိစွန်းနေတာတွေ ကြောင့်ဖြစ်တယ်" ဟု သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်များအား လျှောက်ထားသည်။

မူဝါဒနှင့် ညိစွန်းနေသေးသည့်အတွက်ဟု ဝန်ကြီးက ပြောဆိုသော်လည်း မည်သည့်မူဝါဒ နှင့်ညှိစွန်းနေသည်ကိုမူ ထည့်သွင်းပြောဆိုသွားခြင်းမရှိပေ။

ကျောက်ပန်းတောင်းမြို့၊ ရွှေနဒီ ပရဟိတကျောင်းမှ လက်ထောက်ကျောင်းအုပ် ဆရာတော် ဦးယုဇနက "ဘက ကျောင်းတွေမှာ အထူးသဖြင့် ပိုက်ဆံ မတတ်နိုင်တဲ့ တောသူတောင်သား ကျောင်းသူ၊ ကျောင်းသားများပါတယ်၊ သူတို့ရဲ့ ပညာရေးကို အဓိကထား ကူညီပေးနေတယ်၊ ကျေးရွာတွေမှာ ပိုက်ဆံတတ်နိုင်တဲ့ ကျောင်းသားတွေက မြို့ပေါ်အထက်တန်းကျောင်းကို သွားတက်ပြီး သင်ကြားလို့ရပေမယ့် နိုင်ငံတော်က ဘက ကျောင်းတွေကို အလယ်တန်း ၊အထက်တန်း သင်ကြားခွင့်မပေးတဲ့ အခါကျတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို မကူညီပေးနိုင်တာ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်" ဟု မဇ္ဈိမကို မိန့်ကြားသည်။

ဝန်ကြီးဦးဆန်းဆင့်ကလည်း ယင်းသို့ မူဝါဒပိုင်းနှင့် ညိစွန်းနေမှုကို လွှတ်တော်အထိ တင်ပြသွားမည်ဖြစ်ပြီး အလယ်တန်း အဆင့်မှ အထက်တန်းအဆင့်အထိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဆောင်ရွက်နိုင်ရန် ကူညီပေးသွားမည်ဟု ဆိုသည်။

"တပည့်တော်တို့ သာသနာရေး ဝန်ကြီးဌာန အနေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို မူလတန်း အဆင့်ထိ ခွင့်ပြုနိုင်ပြီးတော့ စည်းကမ်းနဲ့ ညီရင် မူလွန်အထိ ခွင့်ပြုပေးနေပါတယ်၊ မူလွန်အထက် တိုးမြှင့်ဖို့ဆိုရင် ပညာရေးဝန်ကြီးဌာနက ထောက်ခံမှ ရရှိမှာ ဖြစ်ပါတယ်" ဟု သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်က ဆိုသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် မူလွန်အဆင့်မှ တက်ကာ အထက်တန်းအထိ မြှင့်တင်ရန် နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးများက လက်မှတ်ရေးထိုးကာ ၂ဝ၁၃ခုနှစ် ဇွန်လတွင် တစ်ကြိမ်၊ ဇူလိုင်လတွင်တစ်ကြိမ် တင်ပြထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးဟု ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ဝင်၊ နိုင်ငံတော် သံဃာ့မဟာနယကအဖွဲ့ဝင် အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တစိန္တိတာ လကာင်္ရက မိန့်ကြားသည်။

လက်ရှိတွင် အထက်တန်း အဆင့် သင်ကြားနိုင်ရေးအတွက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၆) ကျောင်း၊ အလယ်တန်းကျောင်း (၃၅) ကျောင်းအထိ တိုးခွင့်ပြုရန် ပညာရေးဝန်ကြီးဌာန နှင့် ဆွေးနွေးထား သော်လည်း ယနေ့အချိန်အထိ အကောင်ထည် ပေါ်လာခြင်း မရှိဟုလည်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် ပြောသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း (၁၅၉၇)ကျောင်း၊ ဆရာ၊ ဆရာမ (၆၈၂ဝ) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၂၆၉၂၆၇) ဦးအထိ ရှိသည် ဟုလည်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် ကဆိုသည်။

တရုတ်မှာဖြစ်နေတဲ့ ကြက်ငှက်တုပ်ကွေး မြန်မာကိုကူးစက်လာနိုင်

DVB

မသီတာထွေး(၂)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပ

နှင်းသန္တာ

၂၀၁၂ ခုနှစ်မေလ(၂၈)ရက်နေ့က ဘင်္ဂလီ (၃) ဦး၏ ရက်စက်စွာ သတ်ဖြတ်ခြင်းခံလိုက်ရသော ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာမှ မသီတာထွေး၏ (၂)နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲများကို ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင် ယမန်နေ့က ကျင်းပခဲ့ကြသည်။

မသီတာထွေး ကွယ်လွန်ခဲ့ရသော မေလ (၂၈) ရက်နေ့ကို သီတာထွေးနေ့ဟု သတ်မှတ်ကာ သူမအား အောက်မေ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရခိုင်အမျိုးသားများမှာ ကျင်းပ လာခဲ့သည်မှာ ယခုနှစ်တွင် (၂) နှစ်တိုင်တိုင် ပြည့်မြှောက်ခဲ့ပြီ ဖြစ်သည်။

“ကျွန်မတို့ စစ်တွေမှာ ဆိုရင် သံဃာတော်တွေကို သင်္ကန်းတွေလှူပါတယ်။ မသီတာထွေး ဆုံးသွားတာ (၂)နှစ် ပြည့်ပြီဖြစ်တဲ့အတွက် (၂)နှစ်ပြည့်ဆီးမီးတိုင်ကို ထွန်းညှိပူဇော်ကြတယ်။ နောက်ပြီးရင် မသီတာထွေးဟာ ခုဆိုရင် အသက်(၂၉)နှစ်ရှိပြီဖြစ်တဲ့အတွက် ပန်းစည်း(၂၉)စည်းကို လွမ်းသူ့ ပန်းစည်းချကြတယ်” ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး စောမီမီသန်းက နိရဉ္စရာသို့ ပြောသည်။

မသီတာထွေး(၂)နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲကို ရခိုင်အမျိုးသမီးများ အစည်းအရုံးက ဦးဆောင်ပြီး စစ်တွေမြို့တွင် ကျင်းပခဲ့ရာ နိရဉ္စရာက မေးမြန်းစဉ် သူမက ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ယင်းပြင် ရခိုင် အမျိုးသမီးများ အစည်းအရုံးမှ မသီတာထွေးအား ဂုဏ်ပြုသော အနေဖြင့် “ပြည်မြတ်ရတနာ စောတာရာ သီတာထွေး” ဟု အမည်အား ဂုဏ်ပြု ပေးအပ်ထားသည်ဟု ဆိုသည်။

“ ဒီနှစ် မတ်လ ၂၃ ရက်ကနေ ၂၆ရက်နေ့ထိ စစ်တွေမြို့မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသမီးများ အစည်းအရုံး ညီလာခံမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ကလာတဲ့ အမျိုးသမီးထုတစ်ရပ်လုံးရဲ့ သဘောတူချက်နဲ့ ပြည်မြတ်ရတနာစောတာရသီတာထွေး ဆိုတဲ့ နာမည်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ဒီနာမည်ကို ဘာကြောင်းပေးအပ်ရသလဲဆိုတော့ ကျမတို့ ရခိုင်တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်တွေ အိပ်မောကျနေတဲ့အချိန်မှာ မသီတာထွေး အသတ်ခံလိုက်ရတဲ့အတွက် ရခိုင်လူမျိုးတွေရဲ့ နား၊ မျက်လုံးတွေကိုဖွင့်ပေးလိုက်ပြီး အမျိုးကိုချစ်စိတ်နဲ့ အမျိုးသားရေး စိတ်ဓာတ်တွေဖြစ်ပေါ်လာပြီး စည်းလုံးညီညွတ်ဖို့အတွက် အစ ပြုလာကြတယ်။ ဒါကြောင့် မသီတာထွေးကို နာမည်တစ်ခုနဲ့ ဂုဏ်ပြုပေးသင့်တယ်ဆိုပြီး အားလုံး သဘောတူ ရွေးချယ် ပေးအပ်ခဲ့ကြပါတယ်” ဟုဆိုသည်။

မသီတာထွေးကို အမြဲတမ်းအမှတ်ရနေသင့်ကြောင်းကို ရှေ့နေ အမျိုးသမီးကြီး ဆရာမ ဒေါ်အေးနုစိန်ကလည်း ယခုလို ပြောကြားသည်။

“ရခိုင်လူမျိုးတွေရှိနေသရွေ့ မသီတာထွေးအမှတ်တရ ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ၊ အခမ်းအနားတွေလည်း ရှိနေသင့်ပါတယ်။ သူမရဲ့ ကံကြမ္မာဆိုးဟာ ရခိုင်တစ်မျိုးသားလုံးကို တပ်လှန့်နိုးလိုက်တဲ့အတွက် ရခိုင်လူမျိုးတွေက မသီတာထွေးကို မမေ့ပျောက်ပဲ ဒီအခမ်းအနားတွေ ကို နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ပေါက်တောမြို့တွင်လည်း ရခိုင်အမျိုးသမီးများအစည်းအရုံး(ပေါက်တော)မှ ဦးဆောင်ကာ လူမှုအဖွဲ့အစည်းများပါဝင်ပြီး စန္ဒရာမပရိယတ္တိစာသင်တိုက်တွင် ဆွမ်းကပ်အမျှဝေခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ပေါက်တောမြို့မှ စောစိန်လှမေက ပြောသည်။

ထို့အတူ မသီတာထွေးအတွက် ဆုတောင်းပွဲတစ်ရပ်ကို ရခိုင်အမျိုးသမီးကွန်ရက်က စစ်တွေမြို့ ဘုရားကြီးဓမ္မာရုံတွင် ယမန်နေ့ညနေ (၈)နာရီခန့်က ကျင်းပခဲ့ပြီး ရဟန်းရှင်လူအများအပြား တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအထိမ်းအမှတ်ပွဲများကို စစ်တွေမြို့တွင်သာမက ရန်ကုန်နှင့် ရခိုင်ပြည်နယ် မြို့နယ်(၁၃) ခုတွင်လည်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့တွင် အနှေးယာဉ်လုပ်သားများ ဆိုက်ကားနင်း၍ ဆန္ဒပြ

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပြည်မြို့တွင် ဆိုင်ကယ်လိုင်စင်ဝင်ပါက လိုင်စင်စာအုပ်နှင့် ဆိုက်ကားပါလျှင် ဝင်ခွင့်ပေးရန် ပြည်မြို့ရှိ အနှေးယာဉ်လုပ်သား ၅ဝကျော်က ဆိုက်ကား အစီး ၃ဝဖြင့် မေလ၂၉ ရက် နံနက် ၉နာရီက စတင်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

"ဆိုက္ကားတစ်စီးပါမယ် လိုင်စင်စာအုပ်ပါမယ်ဆိုရင် ဘာမှအချိန်ဝေ့မနေနဲ့ လိုင်စင်ဝင်ခွင့်ပေးလိုက်ပါ။ အမြန်ယာဉ်မဟုတ်ဘူး။ လူက ခြေနဲ့နင်းလို့သွားရတဲ့ အရာဝတ္တုက ဘာမှလိုင်စင်မလိုဘူး" ဟု ဦးဆောင်ဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်ကပြောသည်။

ဆန္ဒဖော်ထုတ်သူများသည်"အနှေးယာဉ်များ လိုင်စင်သက်တမ်း တိုးမြှင့်ရာတွင် လွယ်ကူရေး ဒို့အရေး" "တရားဥပဒေ ချိုးဖောက်နေသော စည်ပင်သာယာအား အရေးယူပေးရေး ဒို့အရေး" "တရားဥပဒေစိုးမိုးရေး ဒို့အရေး" ဟူ၍ ကြွေးကြော်ခဲ့သည်။

ယင်းအပြင် "လမ်းဘေး နေသူများကို စည်ပင်သာယာက အမှိုက်ကားဖြင့် စွန့်ပစ်နေမှုအား ဖော်ထုတ်အရေးယူပေးရန်" နှင့် "လမ်းဘေးဆိုင်များကို စည်ပင်သာယာက တရားရုံးတင် အရေးယူမှုအား ဆက်လက်မပြုလုပ်ရန်" လည်း တောင်းဆိုခဲ့သည်။

"လမ်းဘေးကလေးတွေ ကိုယ်ဝန်ဆောင်တွေကို အိပ်ပျော်နေတုန်း အမှိုက်ကားပေါ်တင်ပြီး ရခိုင်ပြည်နယ် တောနက်ထဲကိုပို့ပစ်တယ်။ အခုတစ်နှစ်ခွဲရှိပြီ အစိုးရက အရေးမယူဘူး။ လမ်းဘေး ကွမ်းယာဆိုင်လေးတွေ မရှိလို့ ရောင်းပါတယ်။ စည်ပင်သာယာ ဥပဒေအရဆိုပြီး တရားရုံးတင်တယ်။ အဲဒါမျိုးတွေ မလုပ်သင့်ဘူးဗျ" ဟု ကိုဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒဖော်ထုတ်ရန် မြို့နယ်ရဲတပ်ဖွဲမှူးရုံးသို့ တရားဝင်ခွင့်ပြုချက် တောင်းခံသော်လည်း ခွင့်ပြုချက်မရခဲ့ဟု သိရသည်။

အင်းမစစ်တပ်တွင် အပူလွန်ကဲသည်ဟု ယူဆရပြီး ဗုံးသီးဟောင်းများပေါက်ကွဲ

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ခလရ (၈ဝ) အင်းမစစ်တပ်တွင် မေ ၂၈ ရက်က အပူရှိန်လွန်ကဲပြီး ဗုံးသီးဟောင်းများ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူတပ်မတော်သား တစ်ဦးက မဇ္ဈိမကို မေ ၂၉ ရက်တွင် ပြောသည်။

နေ့လည် (၃)နာရီခွဲ အချိန်က ခလရ (၈ဝ)စစ်တပ်၏ တောင်ဘက်ပိုင်း အင်တိုင်းတော အတွင်းရှိလူမနေသည့် အရာရှိအိမ်ရာ အဟောင်း အတွင်း သိမ်းဆည်းထားသော ဗုံးသီးအဟောင်းများ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဗုံးသီးပေါက်ကွဲမီးလောင်မှုကြောင့် သွပ်မိုး အုပ်ကာ အဆောက်အဦးတစ်လုံး မီးလောင်ခဲ့ပြီး လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုမရှိဟု အဆိုပါ စစ်သားက ဆိုသည်။

မီးလောင်သည့်နေရာသို့ ရောက်ရှိနေသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက “လူမနေတဲ့အိမ်လေးတွေ နည်းနည်းပါသွားတာပါ။ ငြိမ်းသွားပါပြီ” ဟုပြောသည်။

မီးလောင်သည့်နေရာသို့ သဲကုန်း၊ ပြည်၊ အင်းမ ရွှေတောင် မီးသတ်မှ မီးသတ်တပ်ဖွဲ့ဝင် (၃ဝ)ကျော်လာရောက်ပြီး နာရီဝက်ကြာ မီးငြိမ်းသတ်ခဲ့ရသည်။ မီးကြွင်းမီးကျန်များကို ထပ်မံရှင်းလင်းနေရသဖြင့် ညနေ(၅)နာရီအချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အရာရှိ ပျောက်ဆုံးမှု ဖြေရှင်းရန် မြန်မာအစိုးရကို တောင်းဆို

ခင်ဦးသာ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအကြား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အဖွဲ့မှ အရာရှိ တဦး ပျောက်ဆုံးနေမှုကို စစ်ဆေးဖြေရှင်းပေးရန် မြန်မာ အစိုးရထံ တောင်းဆိုလိုက် ကြောင်း သိရသည်။

BGB အဖွဲ့ဝင် ပျောက်ဆုံးနေမှုအား အမြန်ဆုံး စစ်ဆေးဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်၍ တောင်းဆိုခဲ့ရာ မြန်မာ အစိုးရ တာဝန်ရှိသူများထံ တင်ပြ၍ အမြန်ဆုံး ပြန်လည် ဖြေကြားပေးမည်ဟု မြန်မာ သံအမတ်က ပြောဆိုကြောင်း Banglanews24 သတင်းဌာနက မေ ၂၉ ရက်စွဲဖြင့် ဖော်ပြ ထားသည်။

ထို့အတူ မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးကလည်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနထံ ကန့်ကွက်စာ တစောင် ပေးပို့၍ ဖြေ ရှင်းချက်ပေးရန် တောင်းခံထားကြောင်းလည်း ရေးသားထားပြီး အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

မြန်မာ နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တို့ အကြား မေလ ၂၈ ရက်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဟုတ်မဟုတ်ကို ၎င်းတို့ မသိကြောင်း၊ ဘင်္ဂလားဒေ့ရှ် BGB အရာရှိ ပျောက်ဆုံးနေခြင်းကိုလည်း ၎င်းတို့ အနေဖြင့် မသိသေးကြောင်း၊ မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ အရာရှိ တဦး က ဧရာဝတီ ကို ပြောသည်။

“မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုတွေအကြားမှာ အကြမ်းဖက်အဖွဲ့က လူတဦးသေတယ်၊ လက်နက် တချို့သိမ်းဆည်းရ မိ တယ်လို့ ကျနော်တို့ဆီ သတင်းပို့ထားပါတယ်၊ အသေးစိတ်တော့ မသိသေးပါဘူး”ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကမူ ၎င်းတို့၏ BGB အရာရှိအား မြန်မာတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ယူဆနေကြောင်း သိရ သည်။

ဘင်္ဂလားဒေ့ရှ်မှ ပျောက်ဆုံးနေသည့် BGB အရာရှိ မီဇာနူရ် ရာဟာမန် (Mizanur Rahman ) နှင့် အတူ အမ် ၂၂ ရိုင်ဖယ် တလက်၊ ကျည်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်း ဘင်္ဂါလီ သတင်းစာများအား ကိုးကား၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေ စိုက် နိရဉ္စရာ သတင်းဌာန၌လည်း ဖော်ပြထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ မေလဆန်းမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့မှ ရဲတပ် ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ က ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းက နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များ တွေ့ဆုံဆွေးနွေး၍ အလံ တင် ပွဲ အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်ဘက်၌ ကျင်းပခဲ့သေးသည်။

ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အခြေစိုက်၍ လှုပ်ရှားနေသည့် အကြမ်းဖက်အဖွဲ့ ကို တားဆီး နှိမ်နင်းပေး ရန် မြန်မာ အာဏာပိုင်များ က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ တောင်းဆိုရာ ၎င်းတို့ နိုင်ငံအတွင်း မည်သည့် လက်နက် ကိုင် တပ်ဖွဲ့မှ မရှိဟု တုံ့ပြန်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ က ပြောဆိုသည်။

မောင်တော ဒေသဆိုင်ရာ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အကြမ်းဖက် လှုပ်ရှားနေသည်မှာ RSO (Rohingya Solidarity Organization ) လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ တခုသာရှိကြောင်း ဧရာဝတီ ကို ပြောသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များဘက်မှ တုံ့ပြန်မှုနှင့်ပတ်သက်၍လည်း မြန်မာ အာဏာပိုင်များက အားရ ကျေနပ်မှု မရှိဟု သိရ သည်။

မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုများအပြီး ယခုအခါ မြန်မာနယ်စပ် တလျှောက် လုံခြုံရေး တိုးမြှင့်ထားပြီး ဘင်္ဂလာဒေ့ရှ် ဘက် တွင်လည်း လုံခြုံရေး တိုးမြှင့်ထား၍ အခြေအနေ တင်းမာမှု ရှိကြောင်း၊ မောင်တောမြို့ပေါ်၌ ပုံမှန် အတိုင်းရှိကြောင်း မောင် တော ဒေသခံ တချို့က ဧရာဝတီ ကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာ သံအမတ်ကြီး အား ဆင့်ခေါ်၍ အသိပေးခြင်း၊ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနထံ ကန့် ကွက်စာ ပို့ခြင်းနှင့်ပတ်သက်၍ သမ္မတ ပြောခွင့်ရသူ ဦးရဲထွဋ်နှင့်အစိုးရ တာဝန်ရှိသူ တချို့ထံ ဧရာဝတီ က ဆက်သွယ်ခဲ့ သော် လည်း မရခဲ့ပေ။

လက်ရှိအချိန်မှာ နိုင်ငံခြားကြွေးမြီ 1 Trillion ဒေါ်လာကျော်သွားပြီ

DVB

မြန်မာ့နိုင်ငံရေး အကူးအပြောင်း အဆင်ပြေပါ့မလား

စည်သူအောင်မြင့်


ခုဆိုရင် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်တက်တာ ၃ နှစ်ကျော်ပါပြီ။ အလားတူ စစ်ခေါင်းဆောင်တွေ ဦးဆောင်ပြီး အပြောင်းအလဲ ဖော်ဆောင်နေတာလဲ ၃ နှစ်ကျော်ကာလထဲ ရောက်လာပါပြီ။ အပြောင်းအလဲ လုပ်ကာစ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အံသြ၊ ချီးကျူး လက်ခုတ် သြဘာသံတွေ ရခဲ့သလောက် နောက်ထပ်တကြိမ် ရွေးကောက်ပွဲ ကျင်းပမယ့် ၂၀၁၅ နီးလာလေလေ တိုင်းပြည် တည်ငြိမ်မှု ရှိပါ့မလား ဆိုပြီး စိုးရိမ်မှုတွေ ပိုလာလေလေ ဖြစ်နေတာ တွေ့မြင်ကြရပါတယ်။ တကယ့်လက်တွေ့လည်း မြို့ပေါ်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကောင်းကောင်း မတည်ဆောက်နိုင်သေးသလို အဓိကအားဖြင့် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကိုလည်း မတည်ဆောက်နိုင်သေးပါဘူး။ ဒီကြားထဲ ဗီယက်နမ်မှာ ဖြစ်ခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်တပ်က အာဏာသိမ်းမှုတွေကလည်း နမူနာကောင်းတွေ မဟုတ်တာမို့ မြန်မာ့အရေးဟာ ပိုပိုပြီး စိုးရိမ်မကင်းစရာ ဖြစ်လာနေပါတယ်။ လက်ရှိ ဘာတွေ ဖြစ်နေသလဲ၊ ၂၀၁၅ ကို ကောင်းကောင်းမွန်မွန် ဖြတ်ကျော်နိုင်အောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်သင့်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

မြန်မာ့နိုင်ငံရေးမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာကြီး ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပါတယ်။ လောလောဆယ် ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပါတ်သက်ပြီး မူ ၃ ခု လမ်းကြောင်းသုံးသွယ် ဖြစ်ပေါ်နေပြီး တခုနဲ့ တခု ထိပ်တိုက်တွေ့မယ့် သဘောလည်း မြင်တွေ့နေရပါတယ်။ အားလုံး သိကြတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့တွေဟာ ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၃၆ ကို ပြင်လိုကြပါတယ်။ ပါတီခေါင်းဆောင်တယောက် ဖြစ်တဲ့ ဦးဝင်းမြင့်က ရွေးကောက်ခံ အမတ်တွေရဲ့ သုံးပုံနှစ်ပုံ အရည်အတွက်နဲ့ ဖွဲ့စည်းပုံပြင်လို့ ရတဲ့ အနေအထားမျိုး လိုချင်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်ခေါင်းဆောင်တွေကို အခွင့်ထူးတွေ မယူဖို့ ပွင့်ပွင့်လင်းလင်း ဟောပြောပါတယ်။ တပ်မတော်ဘက်ကို လှည့်ပြီး “ အာဏာမက်မောလို့ အထူးအခွင့်အရေး မက်မောလို့ နေရာမက်မောလို့ လုပ်နေတာ မဟုတ်ဘူးဆိုတာ သက်သေထူလိုက်ပါလို့ ကျမက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ် ဆိုတာထက် တနည်းအားဖြင့် ပြောရရင် စိန်ခေါ်မှုလို့လည်း ပြောလို့ရပါတယ်။ ကျမ စိန်ခေါ်ပါတယ်” လို့ အတိအလင်း ပြောဆိုမှုတွေ ရှိနေပါပြီ။

ကိုမင်းကိုနိုင်ကလည်း ဖွဲ့စည်းပုံပြင်ရေး ဟောပြောပွဲမှာ ဒါဟာ လူအင်အားပြတဲ့ ပွဲမဟုတ်ဘူး၊ တကယ် ပြချင်ရင် ဟောဒီ ရန်ကုန် တစ်မြို့လုံး၊ စည်ပင်သာယာ နယ်နိမိတ်ကြီး တစ်ခုလုံး လူပင်လယ်ကြီးဖြစ်သွားအောင် လမ်းပေါ် ပြည့်သွားအောင် အားလုံး ဖန်တီးနိုင်ပါတယ် ဆိုပြီး ရဲရဲတောက် မိန့်ခွန်းချွေပါတယ်။ အတောမသတ်နိုင်တဲ့ လက်ခုပ်သံတွေ ရပါတယ်။ သဘောကတော့ စစ်တပ်ရဲ့ သဘော မပါလည်း ဖွဲ့စည်းပုံကို ပြင်ချင်တယ်၊ စစ်တပ်ဟာ ဂုဏ်သိက္ခာရှိရှိနဲ့ စစ်တန်းလျား ပြန်သွားပါ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဒါနဲ့ ပါတ်သက်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကတော့ ရှေ့ပိုင်းမှာကတည်းက ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ပြီးပါပြီ။ သူတို့က ဖွဲ့စည်းပုံထဲက အချက်တစ်ချို့ ပြင်ရမယ်၊ ဒါပေမယ့် ပြင်တဲ့အခါ အခန်း ၁၂ ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက်အတိုင်းပဲ ပြင်ရမယ် လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်ကတော့ ဖွဲ့စည်းပုံထဲက ဘယ်အချက်ပြင်ပြင် တပ်မတော်က သဘောတူမှ ပြင်ပါ လို့ ဆိုလိုတာပါပဲ။ သဘောထား ဆန္ဒနှစ်ခု အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် ဆန့်ကျင်ဘက်တွေ ဖြစ်နေတာပါ။

လက်ရှိ လွှတ်တော်ထဲက ဖွဲ့စည်းပုံပြင်ရေး ကော်မတီကလည်း နေ့စဉ် အစည်းအဝေးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ သူရဦးရွှေမန်း အကြံပြုထားတဲ့ ပုဒ်မ ၄၃၆ ပြင်ရေး အရင်ဆွေးနွေးပါ ဆိုတဲ့အတိုင်း ဆွေးနွေးပြီးနောက် သဘောထားတစ်ခု ထွက်လာပြီလို့ ပြောကြပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်း ချမှတ်ထားတဲ့ လျှို့ဝှက်ရေး လမ်းစဉ်အရ ဘယ်သူကမှ တရားဝင် ထုတ်ပြောတာ မရှိသလို ဘယ်လို ပုံစံလည်း ဆိုတာ မှန်းဆရ ခက်ခဲပါတယ်။ နောက်တစ်ခုက ကော်မတီဟာ အများသဘောနဲ့ ဆုံးဖြတ်ချက် ချနိုင်တာမို့ အဖြစ်နိုင်ဆုံးဟာ ဒီ ၄၃၆ ပြင်ဆင်ရေး ဆိုတာဟာ ပြည်ခိုင်ဖြိုးပါတီက အဆိုပြုတဲ့ မူတစ်ခု ဖြစ်မှာ သေခြာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ မူတစ်ခု လွှတ်တော်ထဲ ရောက်လာနိုင်ပေမယ့် တပ်မတော်ကိုယ်စားလှယ်တွေက သဘောမတူရင် ဘာမှ လုပ်လို့ မရနိုင်ပါဘူး။ ပြောရရင် အာဏာရှိသူတွေ၊ လွှတ်တော်ကို လွှမ်းမိုးထားသူတွေနဲ့ အတိုက်အခံတွေအကြား အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အခြေခံတဲ့ မူတခု ရှာတွေ့ကြသေးပုံ မပေါ်ပါဘူး။ ဒီအတွက် ပြဿနာ မပြေလည်နိုင်ပါဘူး။

အလားတူ အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေအကြား အပစ်ရပ်ရေး စာချုပ်တစ်ခု ရလာရေး ညှိနှိုင်းနေတာလဲ အဆင်မပြေနိုင်သေးပါဘူး။ လက်နက်ကိုင် တိုင်းရင်းသားတွေထဲမှာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမထားတာ၊ နိုင်ငံရေးအရ သဘောတူညီချက် မရရင် လက်မှတ်မထိုးနိုင်ဘူးလို့ တရားဝင်ကြေငြာထားသူဟာ ကေအိုင်အို ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ကစ အစိုးရစစ်တပ်က ဒုတပ်ရင်းမှူးတစ်ယောက် ပစ်ခတ်ခံရ၊ ကျဆုံးသွားမှုက အစ ပြုပြီး အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။ အစိုးရတပ်က နယ်မြေ စိုးမိုးရေးတွေလုပ်၊ ကေအိုင်အေ စခန်းကုန်းတွေကို သိမ်းယူတာတွေ လုပ်ပါတယ်။ နောက်ပိုင်း ကေအိုင်အိုဘက်က အစိုးရနဲ့ ဆွေးနွေးလိုကြောင်း ကမ်းလှမ်းတာတွေ လုပ်ပါတယ်။

ဒီ ကြားကာလထဲမှာပဲ ကေအိုင်အေက အစိုးရ၀န်ထမ်း တချို့ကို ဖမ်းဆီးတာ လုပ်ပါတယ်။ အစိုးရ စိုးမိုးနယ်မြေထဲက လူငယ်တွေကိုဖမ်းပြီး တပ်သားသစ် စုဆောင်းတာတွေ လုပ်ပါတယ်။ အဲဒီလူတွေ ပြန်လွှတ်ပေးဖို့၊ ပြန်မလွှတ်ပေးရင် စစ်ရေးနည်းနဲ့ တိုက်မယ်လို့ အစိုးရဘက်က ရာဇသံ ပေးပါတယ်။ အဲဒီ ကာလ အတွင်း မြစ်ကြီးနားမှာ ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တွေ့တဲ့အခါ အစိုးရဘက်က ခါတိုင်းပါနေကြ ကာကွယ်ရေးဝန်ကြီးဌာန ဘက်က ကိုယ်စားလှယ် တစ်ယောက်မှ မပါပါဘူး။ တမင် မတက်တာပါ။ ဒီလိုနဲ့ အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးပွဲ ထူးခြားတဲ့ သဘောတူညီချက် မရပဲ ပြီးဆုံးသွားပါတယ်။ ကေအိုင်အိုက ဖမ်းထားတဲ့သူတွေ လွှတ်ပေးလိုက်တဲ့တိုင် အခြေအနေက တင်းမာနေဆဲပါပဲ။

တဆက်တည်း ရန်ကုန်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ NCCT အဖွဲ့ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ သုံးရက် ကြာပါတယ်။ ကေအိုင်အို ဘက်က ဗိုလ်ချုပ်ဂွမ်မော် မတက်ပါဘူး။ တတိယတန်းခေါင်းဆောင် တယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး ဆင်ဝါး အဆင့်လောက်ပဲ တက်ခိုင်းပါတယ်။ ပြောရရင် ဒီ အပစ်ရပ်စာချုပ် ဒုတိယ မူကြမ်း ရတဲ့တိုင် အချောသတ်မူ ရဖို့ လိုပါသေးတယ်း။ အချောသတ်မူ ရခဲ့ရင်တောင် အဲဒီ မူကို လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူဖို့ လိုဦးမယ်လို့ ပြောနေ ဆိုနေကြပါပြီ။ ခြုံပြီးပြောရရင် အစိုးရနဲ့ တိုင်းရင်းသားတွေဟာ နိုင်ငံရေးပြသနာ ဖြေရှင်းနိုင်ရေး အစပြုဖို့ ဝေးလို့ အပစ်ရပ် စာချုပ်တစ်ခု လက်မှတ်ထိုးဖို့တောင် ဘယ်တော့လည်း မသေချာ မရေရာသေးပါဘူး။ ဒီလိုဖြစ်ရတာဟာ တကယ်လို့ အပစ်ရပ်စာချုပ်သာ လက်မှတ်ထိုးလိုက်ရင် ဦးသိန်းစိန် အစိုးရ နာမည်ကောင်းရသွားမယ်၊ လက်ရှိ စစ်တပ်ကို ကမ္ဘာက ချီးကျူးကြမယ်၊ ဒါဆို နောက်ပိုင်း အစိုးရတပ်က သူတို့ကို ဖိနှိပ်မှုတွေ လုပ်လာနိုင်တယ် ဆိုပြီး တိုင်းရင်းသားတွေဘက်က စိုးရိမ်နေကြတာလဲ ပါပါတယ်။ တချို့အဖွဲ့ကတော့ အပစ်ရပ်လိုက်ရင် ကိုယ့်အခန်းကဏ္ဍ ပျောက်သွားမှာ မလိုလားတဲ့ စစ်ဘုရင်တွေရဲ့ စိုးရိမ်ချက်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲမှာ တကယ်လိုနေတာက အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဖော်ဆောင်နိုင်မယ့် တွေ့ဆုံဆွေးနွေးမှုတွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကောင်အထည် ဖော်နိုင်မယ့် တကယ့် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးလိုမျိုးပါ။ ဒီလို တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ပေါ်လာဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဖြစ်ပေါ်စေမယ့် ဖွဲ့စည်းပုံပြင်ရေး ဆိုတာမျိုး စပြီး အဆိုပြုဖို့ လိုပါလိမ့်မယ်။ အခု လုပ်နေတဲ့ တပ်မတော် စစ်တန်းလျားပြန်ရေး နဲ့ကတော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်ဖွယ် မရှိပါဘူး။

အလားတူ တိုင်းရင်းသားတွေနဲ့ ဆိုရင်လည်း အစိုးရနဲ့ စစ်တပ် ထိပ်ပိုင်း တာဝန်ရှိသူတွေ၊ ဥပမာ- ကေအဲန်ယူ၊ ကေအိုင်အို၊ အက်စ်အက်စ်အေ လို အင်အားရှိ တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့ လိုပါတယ်။ တွေ့ဆုံဆွေးနွေးမှု ပေါ်လာအောင် ကေအိုင်အို လို အဖွဲ့က အပစ်ရပ် လက်ခံဖို့ လိုပါတယ်။ အစိုးရ တပ်ဘက်ကလည်း လက်ရှိ အက်စ်အက်စ်အေ ရုံးကို ၀င်မွှေတဲ့ ကိစ္စမျိုး၊ အက်စ်အက်စ်အေ နဲ့ ထိတွေ့သူကို မတရားအသင်း ပုဒ်မ ၁၇-၁ နဲ့ တရားစွဲတာမျိုး မလုပ်ဖို့ လိုပါတယ်။ ဒီလို တကယ့်တွေ့ဆုံဆွေးနွေးပွဲတွေကသာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လမ်းကြောင်းပေါ်ကို ရောက်စေမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်ကို အဆင်ပြေပြေ ကျော်ဖြတ်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)

အင်းမမြို့ရှိ ခြေလျင် တပ်ရင်း လက်နက်ခဲယမ်းများ မီးလောင် ပေါက်ကွဲမှုဖြစ်ပွား

ကောင်းမြတ်မင်

ပြည်ခရိုင် သဲကုန်းမြို့နယ် အင်းမ အခြေစိုက် အမှတ် ၈၀ ခြေလျင်တပ်ရင်း အတွင်း အရာရှိ ရိပ်သာဟောင်းတွင် ထားရှိသည့် လက်နက် ခဲယမ်းများ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တပ်တွင်းထဲမှာ ဖြစ်တဲ့ အတွက် အ၀င်အထွက် တင်းကျပ်ထားတယ်၊ လောင်တာက အသုံးပြုလို့ မရတဲ့ ကျည်တွေကနေ အပူ လွန်ကဲပြီး မီးလောင် ကျွမ်းတယ်လို့ ပြောတယ်၊ သဲကုန်း၊ ရွှေတောင်မြို့တွေက မီးသတ်ကား ၁၀ ကား လောက် လာပေ မယ့် ၀တ်စုံပြည့် ၀တ်ထားတာပါတဲ့ ကား ၄ စီးပဲ ၀င်ခွင့်ပေးတယ်၊ ကျွန်တော်တို့ မီးသတ် ရဲဘော်တွေကို ယူနီဖောင်း အပြည့် အစုံ ၀တ်ထားတဲ့သူတွေလောက်ပဲ ၀င်လို့ထွက်လို့ ရတယ်၊ တခြား မှတ်တမ်းယူတာ ဓာတ်ပုံရိုက်တာ လုပ်လို့ မရဘူး”ဟု သွား ရောက် မီးငြိမ်းသတ်ပေးခဲ့သည့် မီးသတ်ရဲဘော် တဦးက ဧရာဝတီကို ပြောသည်။

အင်းမ အခြေစိုက် အမှတ် ၈၀ ခြေလျင် တပ်ရင်းသည် ပြည်-ရန်ကုန် ကားလမ်းပေါ် အင်းမမြို့ အ၀င်၌ အခြေစိုက်ထားသည့် တပ်ဖြစ်ပြီး မီလောင်ပေါက်ကွဲသည့် အသံများကို အင်းမမြို့ထဲကပင် ကြားရကြောင်း ဒေသခံများက ပြောပြသည်။

မေ ၂၈ ရက်က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားနေစဉ်အတွင်း အမှတ် ၈၀ ခြေလျင်တပ်ရင်း အနီးမှ ဖြစ်သန်းသွားလာခဲ့သူ အင်းမမြို့ခံ တဦးက “မီးခိုးတွေနဲ့ အတူ ဗုံးပေါက်တဲ့ အသံမျိုးလို အသံကြီးတွေ ဆင့်ကဲ ဆင့်ကဲ ကြားရတယ်၊ မျက်နှာချင်း ဆိုင် ခလရ ၅ တပ်က ကင်းစောင့်တဲ့သူတွေ ထွက်ပြေးလာကြတာလည်း တွေ့လိုက်ရတယ်”ဟု ပြောသည်။

မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားစဉ် အတွင်း ဗုံးတလုံးမှာ ခလရ ၈၀ တပ်နှင့် မျက်နှာချင်းဆိုင် ခလရ ၅ တပ်၏ ဗဟိုကင်းတဲ အရှေ့သို့ ကျရောက် ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ သတင်းထောက်များအား သတင်းယူခွင့် မပြုကြောင်း သွားရောက် သတင်းယူ သည့် ပြည်မြို့ခံ သတင်းထောက် ကိုပိုက်တင်က ဧရာဝတီကို ပြောသည်။

“သတင်းထောက်ကတ် ပြလည်း ဝင်ခွင့် မပေးဘူး၊ GE တပ်က ဗိုလ်ကြီး တယောက်တောင် ယူနီဖောင်း မဝတ်ထားလို့ ပေး မဝင်ဘူး၊ တပ်အဝင် တံခါးကို အပြီးပိတ်ထားတာ၊ ဆုံးရှုံးမှု စာရင်းလည်း မသိခဲ့ရဘူး၊ ဘာမှသိခွင့် မရခဲ့ဘူး”ဟု ကိုပိုက်တင် က ဆက်ပြောသည်။

ပြည်ခရိုင် မီးသတ်ဦးစီးဌာန မှတ်တမ်၌ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှ ကွပ်ကဲ ရေးမှူးနှင့် အင်းမ အနီးရှိ တပ်များမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ မီးဘေး ဒုက္ခသည်လည်း မရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ မီးလောင်ပေါက်ကွဲသည့် စစ်တပ်အတွင်း ဖြစ်ပွားသည့် မီးလောင်မှု ဖြစ်သည့်အတွက် တပ်တွင်း စည်းကမ်းများ အရ သာ အရေးယူထားသည့် အတွက် အင်းမရဲစခန်း အနေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားခြင်း မရှိကြောင်း အင်းမ ရဲစခန်းမှူး ဦးဝင်းနိုင်က ဧရာဝတီသို့ ပြောပြသည်။

ဧရာဝတီတိုင်းတွင် တည်ဆောက်နေသည့် ပြည်သူဟစ်တိုင် ဇွန်လတွင်ဖွင့်မည်

စည်သူမောင်မောင်

မြန်မာနိုင်ငံ၌ ၁၉၆၂နောက်ပိုင်း ပထမဆုံးဆောက်လုပ်သည့် ပြည်သူ့ဟစ်တိုင်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မုံရွာ-ရေဦးကားလမ်းမကြီးပေါ်ရှိ မိခင်ကလေးစောင့်ရှောက်ရေး ရုံးအနီးတွင် ဆောက်လုပ်နေပြီး ဇွန်လ ပထမပတ်တွင် ဖွင့်လှစ်နိုင်မည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က မေလ ၂၈ရက်က အသိပေး ပြောဆိုလိုက်သည်။

“ဝန်ကြီးချုပ်က ပြည်သူများကို လွတ်လပ်စွာပြောဆိုရင်၊ ပြည်သူတွေခံစားချက်တွေ ပွင့်လင်းစွာ ပြောဆိုနိုင်ဖို့အတွက် ဟစ်တိုင်ကို တည်ဆောက်ပေးထားတာပါ၊ ဧရာဝတီတိုင်း တခုလုံးအတွက် လုပ်ပေးထားတာပါ၊ ဟစ်တိုင်မှာ ပြောချင်တာကို လာပြောလို့ရပါတယ်၊ လူထုနစ်နာမှုတွေ ပိုသိတော့၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ပိုထိရောက်တာပေါ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ပေးသင့်တာကို လုပ်ပေးတာလည်းပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောသည်။

ဟစ်တိုင်တွင် လာရောက်ပြောဆိုမည့် သူများသည် ငြိမ်းချမ်းစွာ စည်းတန်လှည့်လည်ခွင့် ဥပဒေအတိုင်း မြို့ နယ်အုပ်ချုပ်ရေးရုံးတွင် စာတင်ကာ ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ ဟစ်တိုင်တွင် လာရောက်ပြောဆိုမှုတွင် အများကို ထိခိုက်စေသည့် အပြောအဆို၊ စော်ကားရာရောက်သည့် ပြောဆိုမှုများ မရှိရန်နှင့် ဟစ်တိုင်တွင် လာရောက်ပြောဆိုသူများ၏ လုံခြုံရေးအတွက် ရဲလုံခြုံရေးပါ ချထားပေးမည်ဟု ဆိုသည်။

“ဟစ်တိုင် ထားပေးတာ ဒီမိုကရေစီစနစ်အတွက်တော့ ကောင်းတယ်၊ လူထုက ဟစ်တိုင်မှာလာပြောပြီး တိုင်းဒေသကြီးအစိုးရအနေနဲ့  နားထောင်တာထက် ပိုလုပ်ပေးရင်တော့ ကောင်းတဲ့ လုပ်ရပ်တခုဖြစ်တယ်၊ အခုလို လုပ်ပေးတာကိုတော့ ကြိုဆိုပါတယ်”ဟု ပုသိမ်မြို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့ အစည်းက ဦးစိုးလှိုင်ဦးက မဇ္ဈိမသို့ ပြောသည်။

ဟစ်တိုင်ကို ၁၂ပေပတ်လည်၊ ၅ပေ အမြင့် တည်ဆောက်ထားပြီး၊ ဟစ်တိုင်နေရာတွင် လာရောက်နားထောင်သူ ၅ဝဝခန့်အထိ ဆန့်မည်ဟု သိရသည်။

၁၉၆၂ခုနှစ်၊ ဝန်ကြီးချုပ် ဦးနုလက်ထက်အထိ ပြည်သူ့ဟစ်တိုင်များ မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးပြီး ယင်းနောက်ပိုင်း မထားရှိတော့ခြင်းဖြစ်သည်။

ဈေးကွက်လက်ဝါးကြီးအုပ် ယှဉ်ပြိုင်မှု ဥပေဒမူကြမ်း တင်သွင်း

DVB

ဦးပိုင် အတွက် လစာဖြတ်တောက်မှု အောက်ခြေ စစ်သည်များ အခက်အခဲကြုံနေ

မြတ်စုမွန်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ခြေလျင်တပ်ရင်း တချို့တွင် အစိုးရ ဝန်ထမ်းများ လစာတိုးပေးသည့် ဧပြီလမှ စတင်၍ ဦးပိုင် စုကြေးငွေအဖြစ် လစာငွေများ လစဉ်ပြန်လည် ဖြတ်တောက်နေသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်သည် မိသားစုဝင်များက ဧရာဝတီသို့ ပြောသည်။

ယင်းသို့ လအနည်းငယ် ရပ်ဆိုင်းထားရာမှ လစာငွေ ပြန်လည် ဖြတ်တောက်မှုကြောင့် မကျေနပ်သည့်တပ်ရင်းများက ထည့်ဝင်ခြင်း မပြုသည့်အတွက် မဖြစ်မနေထည့်သွင်းရန် ဖိအားပေးမှုများကြောင်း အမှတ် ၃၈ ခြေလျင် တပ်ရင်းမှ အောက်ခြေ စစ်သည်များထံမှလည်း သတင်း ရရှိသည်။

“၁၅ သိန်းပြည့်တဲ့ အထိ ဖြတ်သွားမယ်တဲ့။ အတိုးပဲ ထုတ်စားရမယ်တဲ့။ အတိုးတောင် ၁၅ သိန်းပြည့်မှ ထုတ်ရမယ်၊ သေတဲ့အထိ အရင်းပြန်မရဘူး။ ဦးပိုင်ဆိုတာလည်း ဘာမှန်းမသိဘူး။ အတိုး ပြန်ထုတ်တဲ့ အခါလည်း ဘာနံပါတ်နဲ့ ဘယ်လိုထုတ်ရမယ် ဆိုတာ မသိဘူး”ဟု အမည်မဖော်လိုသူ စစ်သည် ရဲဘော်၏ ဇနီး တဦးက ဧရာဝတီသို့ ပြောသည်။

ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)နှင့် အမှတ် ၃၈ ခြေလျင် တပ်ရင်းတို့တွင် ယင်းသို့ လစာ ဖြတ်တောက်မှုများ အပြင် ရိက္ခာများအတွက် လစာဖြတ်ထားသော်လည်း ယခုအချိန်ထိ ရိက္ခာစုံလင်စွာ မရရှိသေးသည့် အခက်အခဲများ ကြုံနေရကြောင်း လည်း သူက ဆက်ပြောသည်။

လစာ ကျပ် ၁ သိန်း ဝန်းကျင်သာ ရရှိသည့် စစ်သည် ရဲဘော်များသည် နာမကျန်းမှုနှင့် အရေးပေါ် ငွေလိုအပ်ခြင်းများ ကြုံရပါက အလွယ်တကူ ပြန်လည်ထုတ်ယူ၍ ရသည့် ဘဏ်များတွင်သာ မိမိတို့၏အစီအစဉ်ဖြင့် စုဆောင်းလိုကြကြောင်း စစ်သည် မိသားစု ဝင် များက ပြောသည်။

“ဆီထုတ်ပေးမယ်ဆိုပြီး လစာထဲက ဖြတ်ထားတာ အခုချိန်ထိ ဆီမရသေးဘူး။ ရဲဘော်တွေလစာနဲ့ ဒီလိုပဲ အရင်းအနှီး လုပ်စားနေကြတယ်။ ရဲဘော် မိန်းမတွေဆိုတော့ တပ်ပြင်ထွက်ပြီးလည်း အလုပ်လုပ်လို့မရတော့ တပ်တွင်းထဲမှာပဲ ချေးငှားပေါင်နှံပြီး လစာ ထုတ်လိုက်၊ အကြွေးဆပ်လိုက် လုပ်နေရတာပဲ”ဟု အထက်ပါ စစ်သည် ရဲဘော်၏ ဇနီးက ပြောပြသည်။

သို့သော် ပြည်သူ့လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင်က ယင်းသို့ ဦးပိုင် စုကြေးငွေ ဖြတ်တောက်ခြင်း သည် စစ်သည်များအတွက် အခွင့်အရေးပေးထားခြင်းဖြစ်ပြီး မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၏ လုပ်ငန်း လည်ပတ်မှုများတွင် အစုရှယ်ယာ ထည့်ဝင်နိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“စစ်သည်တွေရဲ့ ရေရှည်အကျိုးကို မျှော်ကိုးပြီး လူကြီးတွေက စီမံပေးထားတာ။ ငွေ ၁၀၀ ထည့်ရင် တနှစ်မှာ အတိုး ၃၀ ပြန်ရမယ်။ ဒီလို လူတိုင်းတောင် ထည့်ခွင့်မရှိဘူး။ အရင်းကို ပြန်ထုတ်ခွင့်တော့ မရှိဘူး။ ဒါပေမယ့် ၃ နှစ်ဆိုရင် အရင်းပြန်ရပြီ။ နောင်နှစ်တွေထည့်တာက အမြတ်ပဲလေ။ ဒီလိုအတိုးနှုန်းမျိုး ဘယ်ဘဏ်ကမှ မပေးနိုင်ဘူး”ဟု ဗိုလ်မှူးကြီးဌေးနိုင်က ရှင်းပြသည်။

သူက ဆက်လက်၍ “တနှစ်တောင် စုရမယ်ဆိုတော့ တချို့က နားမလည်တာရှိတယ်။ ဘယ်လောက် ထည့်ရမယ် ဆိုတာ အပေါ်က ညွှန်ကြား ထားတာတော့ မရှိဘူး။ တိုင်းမှူးတွေရဲ့ အစီအစဉ်တွေနဲ့ ထည့်ခိုင်းကြတာ။ အဆင်မပြေဘူး ဆိုရင်လည်း လစဉ် ဒါဘာ အစည်းအဝေးတွေမှာ ဒီလတော့ အဆင်မပြေဘူးဆိုတာ ထပြောနိုင်ပါတယ်”ဟုလည်း ပြောသည်။

ယခုလက်ရှိ ဖြတ်တောက်နေသည့် ဦးပိုင်စုကြေးငွေများကို သာမန် ရဲဘော်များနှင့် အရာရှိ၊ အရာခံ အဆင့်များ အားလုံးကို ဖြတ် တောက်ခြင်းဖြစ်ရာ လစာနည်းပါးသော စစ်သည်မိသားစုများအတွက် အခက်ကြုံနေကြောင်း အမှတ် ၃၈ ခြေလျင် တပ်ရင်းမှ စစ် သည် တဦးက ပြောဆိုသည်။

“တပ်ထဲမှာ စစ်သားပေါင်း ၂၀၀ လောက်ရှိတယ်။ အားလုံးထည့်ရတယ်။ လူတွေက မကျေနပ် ဖြစ်နေကြတယ်။ ဒါဘာမှာ ပြန်ပြော တော့လည်း မထည့်လို့မရဘူး၊ ဒါအထက်အမိန့်လို့ ပြောတယ်။ အရာရှိတွေကျတော့ တခါတည်း ၁ သိန်းဖြတ်ပြီး နောက်လတွေ မဖြတ်တော့ဘူးလို့ သိရတယ်”ဟု သူက ပြောသည်။

ရှမ်းပြည်နယ် သီပေါမြို့ရှိ ခြေမြန်တပ်ရင်း(ခမရ)တခုမှ အမည်မဖော်လိုသူ တပ်ကြပ်တဦးကမူ စုငွေကို အဆင်ပြေသလို ထည့်၍ ရကြောင်း ပြောဆိုသည်။

“ကျနော်တို့တပ်မှာတော့ ၅ ထောင်စီဖြတ်တယ်။ အတင်းအကျပ်မဟုတ်ပါဘူး။ စုလို့လည်းရတယ်။ မစုလို့လည်းရတယ်။ အရာရှိတယောက်ကို သိန်း ၃၀ ပြည့်အောင်စုရမယ်တဲ့။ ကျန်တဲ့အဆင့်ကတော့ ၁၅ သိန်းစီလို့ပြောတယ်။ ကျနော်ကတော့ ၅ ထောင်ပဲ ထည့်ပြီး နောက်လတွေ မထည့်ဖြစ်ဘူး”ဟုလည်း ၎င်းက ဧရာဝတီသို့ ပြောသည်။

ဦးပိုင် လီမိတက်သည် သယ်ယူပို့ဆောင်ရေး၊ ကျောက်မျက်၊ သတ္တု တူးဖော်ရေး၊ ရေနံတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း စသည့် လုပ်ငန်းများ အပြင် ကြယ်ငါးပွင့် သဘောင်္လိုင်း၊ ပြည်တွင်း ရေကြောင်းပိုင် လုပ်ငန်းတချို့၊ လောင်စာဆီ အရောင်းဆိုင်များ၊ ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်များနှင့် ပြည်ပ ဆန် တင်ပို့မှု၊ ဘီယာချက်စက်ရုံ၊ စီးကရက်စက်ရုံ၊ သောက်ရေသန့်၊ သကြားစက်၊ ပလတ်စတစ် စက်ရုံလုပ်ငန်း စသည့်လုပ်ငန်းပေါင်း များစွာကို လုပ်ကိုင်နေကြောင်း သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် ကို ၁၉၉၀ ပြည့်နှစ်တွင် ယခင်စစ်အစိုးရ၏ စစ်တပ်အကြီးအကဲများ ဦးဆောင် ၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ တပ်မတော် အငြိမ်းစားများ စားဝတ် နေရေး ပြေလည်စေရန်ဖြစ်သည်ဟု ဆိုသည်။

ဦးပိုင်၏ လက်ရှိ ဥက္ကဋ္ဌ မှာ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးလည်း ဦးပိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ ဖူးသည်။

၂၀၁၁ ခုနှစ်မှစ၍ အခွန်တိမ်းရှောင်မှု ပပျောက်စေရန် ဆောင်ရွက်နေသော်လည်း နိုင်ငံတော် အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးပိုင် လီမိတက်သည် အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးကြည်က ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဧရာဝတီသို့ ပြောဆိုထားသည်။

အစိုးရ၏ လယ်မြေပြဿနာဖြေရှင်းမှု ညံ့ဖျင်းချက်များ ကျင်းပဆဲလွှတ်တော်တွင် ဆွေးနွေးတော့မည်

မင်းမင်း

ဒုတိယသမ္မတဦးဉာဏ်ထွန်း ဦးဆောင်သည့် မြေအသုံးချမှုစီမံခန့်ခွဲရေ ကော်မတီ၏ မြေယာပြဿနာဖြေရှင်းပုံ ညံ့ဖျင်းမှု၊ ကတိမတည်မှုတို့ကို ယခုကျင်းပနေသည့် ဒသမအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု လယ်ယာမြေစုံစမ်း ရေးကော်မရှင်မှ မန္တလးတိုင်းတာဝန်ခံဖြစ်သည့် အမရပူရမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းထွန်းဦးက ပြောသည်။

ယခုကျင်းပနေသည့် လွှတ်တော်အစည်းအဝေးအတွင်း လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၄)ကို တင်ပြမည်ဖြစ်ကာ ယင်းအစီရင်ခံစာအပေါ် ဆွေးနွေးသွားမည်ဟု ၎င်းက ပြောသည်။

ယင်းအပြင် “အစီရင်ခံစာတွေအပေါ်မှာ သက်ဆိုင်ရာအကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းတွေက နေပြီးတော့ အရေးယူဆောင်ရွက်မှုရှိ၊ မရှိဆိုတာ သံသယဖြစ်ဖွယ် ရှိတယ်ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ရှိပါတယ်” ဟုလည်း ဦးသိန်းထွန်းဦးက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့်ပြီးခဲ့သည့် လယ်ယာမြေများကို ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ ဇွန်လကုန် မတိုင်မီနှင့် ဆောင်းသီးနှံစိုးပျိုးရာသီ စက်တင်ဘာလမတိုင်မီ ပြန်ပေးရန် ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားသကဲ့သို့ လွှတ်တော်အမတ်များနှင့် ပူးပေါင်းပြီး ပွင့်လင်းမြင်သာစွာ ပူးပေါင်းဖြေရှင်းရန်လည်း သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားသေးသည်။

သို့သော် အစိုးရက ပူးပေါင်းဆောင်ရွက်မှု မရှိသကဲ့သို့ မည်သို့ ဖြေရှင်းနေသည်ကိုပင် မသိရဟု အမတ်များက ယခုနှစ်ဆန်း လွှတ်တော်အစည်းအဝေးကာလအတွင်း ဝေဖန်ပြောဆိုကြသည်။

ထို့ပြင် မူလပိုင်ရှင်များတို့ လက်ဝယ်သို့စိုက်ပျိုးရာသီအမီ ပြန်ရနိုင်မည်မဟုတ်ဟု လယ်ယာမြေကော်မရှင်မှ ရန်ကုန်တိုင်းတာဝန်ခံဖြစ်သည့် တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းကလည်း မဇ္ဈိမကို ပြောဆိုထားသည်။

“ကော်မတီမှာပါတဲ့ အာဏာပိုင်အဆင့်ဆင့်က လက်ရှိအခြေအနေမှာ ဘယ်မြေတွေပြန်ပေးပါမယ်။ ဘယ်လိုပြန်ပေးပါမယ် ပြောတာတွေ မတွေ့ရဘူးဗျ။ သတင်းစာတွေမှာ ပြန်ပေးပြီဆိုတာ ပြောနေပေမယ့် လက်တွေ့မှာ ဘာမှမရှိသေးဘူး” ဟု အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေရှိ ဥတ္တရသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။

လယ်ယာမြေပြဿနာများကို အစိုးရကိုင်တွယ်ဖြေရှင်းပုံ နှေးကွေးလွန်းခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ နည်းစနစ်မကျခြင်းသည် မြေယာစီမံခန့်ခွဲမှုကော်မတီတွင် မြေသိမ်းသူများ၊ မြေသိမ်းစဉ်က တာဝန်ရှိသူများ ပါဝင်နေခြင်းကြောင့် ကြန့်ကြာနေခြင်းဟု အမတ်တို့က သုံးသပ်ပြောဆိုသည်။

မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၏တာဝန်မှာ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော လယ်ယာမြေစုံစမ်းရေး ကော်မရှင်က စုံစမ်းထားသည့် လယ်ယာမြေသိမ်းပြဿနာကို ပြန်လည်စိစစ်ကာ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။

ကော်မတီသည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ ပြည်သူများ တိုင်ကြားထားသည့် လယ်ယာမြေပြဿနာအမှုအရေအတွက် ၇၄၅ မှုကို တစ်ရက်လျှင် နှစ်မှုနှုန်းဖြင့် တစ်နှစ်အတွင်း အပြီးဖြေရှင်းပေးမည်ဟု ကော်မတီဖွဲ့စည်းပြီးကာစ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက ကတိပြု ပြောဆိုထားခဲ့သည်။

သင့်လျော်မည့် ဖက်ဒရယ် ပုံစံကို ရှာဖွေခြင်း

ဘာတေးလင့်တနာ

မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အတိုက်အခံများကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ခရီးမရောက်ဘဲ ဖြစ်နေရခြင်းအတွက် အကြောင်းပြချက်တခု ရှိပါသည်။ ၂ ဘက်လုံးက ရရှိနိုင်မည်ဟု မျှော်လင့်ထားခြင်းများက အခြေခံအားဖြင့် ဆန့်ကျင်ကွဲလွဲနေကြ၍ ဖြစ်သည်။

အစိုးရ လိုချင်သောအရာက တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး ဖြစ်သည်။ အပစ်အခတ် ရပ်စဲပြီးလျှင် အုပ်စုအသီးသီးက ၎င်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများကို နိုင်ငံရေးပါတီများအဖြစ် အသွင်ပြောင်းလဲပြီးနောက် ရွေးကောက်ပွဲဝင်ဖို့ ဖြစ်သည်။ အကယ်၍ ရွေးကောက်ခံရလျှင် လွှတ်တော်တွင် နိုင်ငံရေးကိစ္စများ ဆွေးနွေးဖို့ ဖြစ်သည်။

ဗမာ မဟုတ်သည့် တိုင်းသားအဖွဲ့များဘက်ကမူ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း မပြုမီ နိုင်ငံရေးအရ ဆွေးနွေးလိုကြသည်။ ပို၍ အရေးကြီးသည်မှာ သူတို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းပြီး စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၁၉၆၂ ခုနှစ် မတိုင်မီက ရှိခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ပြန်လည်ထူထောင်ရေးကို ဦးတည်သည့် ပထမခြေလှမ်းအဖြစ် ရှုမြင်ထားကြသည်။

သို့သော်လည်း အစိုးရ၏ နောက်တွင် ရပ်တည်နေသော စစ်တပ်က ဖက်ဒရယ်စနစ်သည် တိုင်းပြည်ကို အစိတ်စိတ် အမွှာမွှာ ပြိုကွဲစေမည့် ပထမခြေလှမ်းတရပ်ဟု ယူပြီး လက်မခံနိုင်ဖြစ်နေသည်။ တိကျသေချာသော နိုင်ငံရေးကိစ္စများကို လွှတ်တော်တွင် ဆွေးနွေးနိုင်သော်လည်း ပြည်ထောင်စု မပြိုကွဲရေးသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အခိုင်အမာ ထည့်သွင်းထားသည့် အခြေခံမူ ၆ ရပ်တွင် တခုအပါအ၀င် ဖြစ်နေသည်။

အခြားတဘက်တွင်လည်း တိုင်းရင်းသား အတိုက်အခံအဖွဲ့များက သူတို့လိုချင်သည့် ဖက်ဒရယ်စနစ်ကို ရှင်းလင်း သဲကွဲအောင် ထုတ်ဖော် မပြနိုင်ကြသေးပေ။ သူတို့က မြန်မာနိုင်ငံကို မည်ကဲ့သို့သော ဖက်ဒရယ်ပြည်ထောင်စုမျိုး ဖြစ်စေချင်ပါသနည်း။ ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရများကြားတွင် လုပ်ပိုင်ခွင့် အာဏာကို မည်သို့ ခွဲဝေနိုင်မည်နည်း။ တိုင်းရင်းသား အဖွဲ့အချို့က စတင်ပြောဆိုနေကြပြီဖြစ်သည့် “ဖက်ဒရယ် စစ်တပ်” ဆိုသည်ကို တိတိကျကျမည်သို့ သတ်မှတ်နိုင်မည်နည်း။ အဆိုပါ ပြဿနာများကို ရှင်းလင်းနိုင်လျှင်ပင် မြန်မာစစ်တပ်၏ ဖက်ဒရယ်စနစ်အပေါ် ထားရှိသည့် စိတ်ထားကို ပြောင်းလဲရန် မျှော်လင့်ချက် အနည်းငယ်မျှသာ သို့မဟုတ် လုံးဝမရှိသလောက် ဖြစ်နေသည်။

အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂျာမနီ နှင့် လူမျိုးစုံသည့် မလေးရှား နိုင်ငံအထိ စံပြုစရာ ပုံစံများလည်း ဖော်ပြခဲ့ကြပြီး ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ဖက်ဒရယ်စနစ်ရှိသည်။ သို့သော်လည်း လူမျိုးကွဲပြားမှုအပေါ်တွင် အခြေမခံပေ။ မြန်မာနိုင်ငံမှ တိုင်းရင်းသား အဖွဲ့များကလည်း ထိုပုံစံမျိုး လိုချင်နေသည်။ အမေရိကန်နိုင်ငံတွင် အင်ဂလို-ဆက်ဆွန်၊ အိုင်ယာလန်၊ ပိုလန်၊ မက္ကဆီကို၊ တရုတ်၊ အီတလီ အစရှိသဖြင့် လူမျိုးနှင့် ခွဲခြားသည့်ပြည်နယ် မရှိပါ။ ပြည်နယ်ဆိုသည်မှာ အမျိုးမျိုးသော ပြည်သူများ အလုံးအရင်းဖြင့် နေထိုင်ကြသည့် နေရာများကို ပထ၀ီနည်းအရ ပိုင်းခြားထားခြင်းသာ ဖြစ်သည်။

ကနေဒါ နိုင်ငံတွင် ပြင်သစ်စကား ပြောသူအများစုရှိသည့် ကွိဘက် (Quebec) ဒေသရှိပြီး ရုံးသုံးဘာသာစကား အဖြစ် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာ၂ မျိုးလုံး သုံးစွဲသည်။ ၁၉၉၉ ခုနှစ်တွင် အင်နျူးဝစ် (ကနေဒါနိုင်ငံအတွင်းတွင် နေထိုင်ကြသည့် အက်စ်ကီးမိုး လူမျိုးစုတခု) ဘာသာစကား အဓိကသုံးစွဲသည့် အနောက်မြောက် ဒေသများသည် Nunavut ဒေသသစ် ဖြစ်လာသည်။ ထို့ပြင် ကနေဒါတွင် တခြားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများလည်း ရှိသေးသည်။ ကနေဒါနိုင်ငံသည် အမေရိကန်ကဲ့သို့ပင် ပြောင်းရွှေ့ဝင်ရောက်လာသည့် အုပ်စု အမျိုးမျိုးဖြင့် တည်ထောင်ထားခြင်း ဖြစ်သော်လည်း လူမျိုးစုကို အခြေခံထားသည့် ဖက်ဒရယ်ပြည်နယ်စနစ်ကို ကျင့်သုံးခြင်း မရှိပါ။

မလေးရှားနိုင်ငံသည် လူမျိုးစုံသည့် နိုင်ငံဖြစ်သော်လည်း ၎င်း၏ ဖက်ဒရယ်စနစ်တွင် မလေး၊ တရုတ် နှင့် အိန္ဒိယ ပြည်နယ်များ မပါဝင်ပါ။ မလေးရှားနိုင်ငံ၏ ဖက်ဒရယ်စနစ်သည် မလေးရှားရိုးရာ စူလတန် အုပ်ချုပ်ရေး၊ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးနှင့် ရင်ခွင်ပိုက် အုပ်ချုပ်ရေးစနစ်များကို အခြေခံထားသည်။ သို့သော်လည်း မလေးရှားနိုင်ငံ၏ ပြည်နယ် ၁၃ ခုတွင် လူမျိုးစု အမျိုးမျိုး ရှိနေသည်။ မလေးရှားနိုင်ငံက ဖက်ဒရယ် သမ္မတနိုင်ငံတခု ဖြစ်သည့် ဂျာမနီ နိုင်ငံနှင့် ဆင်တူသည်။ ဂျာမနီနိုင်ငံသည် ၁၉ ရာစုနှောင်းပိုင်းတွင် ဘုရင့်နိုင်ငံဟောင်းများ၊ မင်းညီမင်းသားများ ပိုင်ဆိုင်သည့် နယ်မြေများကို ပေါင်းစု၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတခုတည်းအဖြစ် တည်ထောင်ခဲ့သော်လည်း လူမျိုးပေါင်းစပ်ဖွဲ့စည်းမှုတွင် ဂျာမန်လူမျိုးများက သြဇာလွှမ်းမိုးထားသည်။

လက်တွေ့တွင် လူမျိုး သို့မဟုတ် ဘာသာစကားကို အခြေပြု၍ ဖွဲ့စည်းထားသည့် ပြည်ထာင်စု အလွန်နည်းပါးသည်။ တခုမှာ ၁၉၉၁ ခုနှစ်က ပြိုကွဲခဲ့သော ဆိုဗီယက်ပြည်ထောင်စု ဖြစ်သည်။ နောက်တခုမှာ ၁၉၉၀ နှစ်များ၌ ကွဲပြားသော လူမျိုးစု အဖွဲ့များအတွင်း ခါးသီးသည့် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြိုလဲခဲ့ရသည့် ယူဂိုဆလားဗီးယား ပြည်ထောင်စု ဖြစ်သည်။ တတိယ တခုမှာ ဘယ်လ်ဂျီယံနိုင်ငံဖြစ်သည်။ ဘယ်လ်ဂျီယံ နိုင်ငံတွင် ဒတ်ခ်ျဘာသာစကား ပြောသည့် ဖလက်မစ်ခ်ျများနှင့် ပြင်သစ်စကားပြောသည့် ၀ါလိုနီယာများ ဟူ၍ အဓိကလူမျိုးစု ၂ ခု သာရှိသည်။ အရှေ့ဖက်ပိုင်းတွင် ဂျာမန်စကားပြောသည့် အသိုင်းအ၀ိုင်းငယ် တခုရှိသည်။ လူမျိုးစု အရေအတွက် နည်းသော်လည်း ဘယ်လ်ဂျီယံနိုင်ငံသည် အလုပ်လုပ်မည့် ဗဟိုအစိုးရများ ဖွဲ့စည်းရေးကို မဆိုထားနှင့် ညီညွတ်မှုကို ထိန်းသိမ်းထားနိုင်ရေး အတွက်ပင် ပြဿနာများ ဆက်တိုက် ကြုံတွေ့နေရသည်။

ဤသို့ဆိုပါလျှင် မြန်မာနိုင်ငံ အတုယူ လိုက်နာနိုင်မည့် အောင်မြင်သော ပုံစံတခု ရှိနိုင်ပါမည်လား။ အိန္ဒိယတခုထဲသာ ရှိမည်ဟု ယူဆရပါသည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ်ဝါဒ စသည်ဖြင့် ရည်ညွှန်းဖော်ပြထားခြင်း မရှိသော်လည်း ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စုနယ်မြေ ၇ ခုရှိသော အိန္ဒိယနိုင်ငံ၏ အခြေခံ ဖွဲ့စည်း တည်ဆောက်ပုံသည် ဖက်ဒရယ်စနစ် ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံတွင် အမျိုးမျိုးသော အကြောင်းအရာများ အတွက် ဥပဒေပြုရန် ပြည်ထောင်စုနှင့် ပြည်နယ်များသို့ အခွင့်အာဏာပေးသော စာရင်း ၃ ခု ပါဝင်သည်။ ဥပမာပြရလျှင် ပြည်နယ်တိုင်း၌ ရွေးကောက်တင်မြှောက်ထားသည့် ဥပဒေပြု အဖွဲ့အစည်းရှိပြီး ကိုယ်ပိုင် ရုံးသုံးဘာသာစကားနှင့် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ရှိသည်။ သို့သော်လည်း ကာကွယ်ရေးသည် ဗဟို အစိုးရ၏ တာဝန်ဖြစ်သည်။ အိန္ဒိယ စစ်တပ်တွင် တိုင်းရင်းသား တပ်ဖွဲ့များရှိသော်လည်း ဖက်ဒရယ်စစ်တပ် မဟုတ်ပါ။ အားလုံးက ဗဟို၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ အခြားပုံစံများက အလုပ်ဖြစ်မည် မဟုတ်ပါ။ တတိယစာရင်းတွင် ပြည်ထောင်စုနှင့် ပြည်နယ် ၂ ခုလုံးက ဥပဒေပြုနိုင်သည့် အကြောင်းကိစ္စများ ပါဝင်သည်။ အိန္ဒိယနိုင်ငံတွင် ပြည်တွင်း လူမျိုးရေး ပဋိပက္ခများ ရှိနေသော်လည်း အတော်လေး ဟန်ချက်မျှတ၍ အလုပ်ဖြစ်ပါသည်။ ဆိုဗီယက်နှင့် ယူဂိုဆလားဗီးယားတို့ကဲ့သို့ ပြိုကွဲသွားခဲ့ခြင်း မရှိသလို ဘယ်လ်ဂျီယံ နိုင်ငံကဲ့သို့ အလုပ်မတွင်ခြင်းမျိုးလည်း မရှိပါ။

သို့သော်လည်း မြန်မာနိုင်ငံက အိန္ဒိယပုံစံကို လိုက်မည်ဆိုလျှင် ကြုံလာမည့် ပြဿနာများအတွက် ကြိုတင် ပြင်ဆင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစု တခုတည်းသာ နေထိုင်သည့် ပြည်နယ် သို့မဟုတ် တိုင်းဒေသ မရှိပါ။ ကချင်ပြည်နယ်မှ ရှမ်းတိုင်းရင်းသားများနှင့် ကချင်တိုင်းရင်းသားများကြား အုပ်စုကွဲပြားမှုများ ရှိနေသည်။ ရှမ်းပြည်နယ်တွင်လည်း ၁၉၅၀ နှစ်များအတွင်းတွင် ပအို့ဝ် တိုင်းရင်းသားတို့၏ တော်လှန်ပုန်ကန်မှု ပေါ်ပေါက်ခဲ့သည်။ ပအို့ဝ် တိုင်းရင်းသားတို့က ဗဟိုအစိုးရကို တော်လှန်ကြခြင်း မဟုတ်သော်လည်း ၎င်းတို့ကို လွှမ်းမိုးထားသည့် ရှမ်းစော်ဘွားများကို အာခံ ဖီဆန်ခဲ့ကြခြင်းဖြစ်သည်။ ရှမ်းပြည်နယ်၏ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လှုပ်ရှားနေသော ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်ကလည်း သူတို့လူမျိုးများ အတွက် သီးခြားပြည်နယ် လိုချင်နေသည်။ မွန်ပြည်နယ် တခုလည်း ရှိသေးသည်။ မွန် တိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစု အများအပြားနှင့် ရောနှောနေထိုင်မှု အများဆုံးရှိသည်ဟု ယူဆနိုင်ပါသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖြစ်သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဆွေးနွေးရေးအတွက် အခြေခံတခုရှိနိုင် ပါသည်။ သို့သော်လည်း အနည်းငယ်မျှသာ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အငြင်းပွားဖွယ်ရာ အဖြစ်ဆုံး စာပိုဒ်က အခန်း ၁၀ တွင် ပါရှိသည့် ခွဲထွက်ခွင့်ဖြစ်သည်။ အဆိုပါ အပိုဒ်အရ ဗြိတိသျှ ကိုလိုနီအဖြစ်မှ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာသည့်အခါတွင် ပြည်နယ်တိုင်းက ပြည်ထောင်စုမှ ခွဲထွက်ခွင့်ရရှိမည် ဖြစ်သည်။

သို့သော်လည်း တခြားစာပိုဒ်များတွင် သတ်မှတ်ထားချက်အရ ထိုအခွင့်အရေးသည် ကရင် သို့မဟုတ် ကချင်ပြည်နယ်များ အတွက် အသုံးပြု၍ မရပေ။ ထို့ကြောင့် သဘောတရားအရဆိုလျှင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များသာ ပြည်ထောင်စုမှ ခွဲထွက်ခွင့် ရှိနေသည်။ မည်သို့ပင်ဖြစ်စေ ထိုစာပိုဒ်အတိုင်း လက်တွေ့လုပ်ဆောင်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ပြည်ထောင်စု မြန်မာနိုင်ငံသို့ ဗမာ မဟုတ်သော တိုင်းရင်းသားပြည်သူများ ပူးပေါင်းပါဝင်လိုမှု ပိုများလာအောင် ရေးဆွဲစဉ်က ထည့်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ မွန်၊ ချင်း နှင့် ရခိုင်ပြည်နယ်များသည် ၁၉၇၄ ခုနှစ်မှသာ ထူထောင်ခဲ့ခြင်း ဖြစ်သည့်အတွက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံတွင် အကျုံးဝင်ခြင်း မရှိပါ။

၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် အခြေခံဥပဒေတွင် ၁၉၆၂ ခုနှစ်နှစ် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ပျောက်ကွယ်ခဲ့ရသော ဖက်ဒရယ်စနစ်နှင့် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည်တို့ ကို တားမြစ်မှုများ ပါဝင်နေသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသည်လည်း ပင်ကိုယ်သဘောအရ ဖက်ဒရယ်စနစ် မဟုတ်ပါ။ ပြည်နယ်များနှင့် တိုင်းဒေသကြီးများ ကွာခြားမှုမရှိသလို တိုင်းနှင့် ပြည်နယ် လွှတ်တော်များကလည်း အိန္ဒိယနိုင်ငံမှ ပြည်နယ် ဥပဒေပြုအဖွဲ့များ သို့မဟုတ် အမေရိကန်နှင့် ကနေဒါတို့မှ လူမျိုးစုကို အခြေမခံသော ကိုယ်ပိုင်အုပ်ချုပ်သည့် ဒေသများမှ ဥပဒေပြုအဖွဲ့များကဲ့သို့ လုပ်ပိုင်ခွင့် အာဏာမရှိကြပါ။

ထို့ကြောင့် မြန်မာဖက်ဒရယ်သည် မည်သည့်အသွင်နှင့် တူနိုင်ပါသနည်း။ ၂၀၀၉ ခုနှစ်က ချမှတ်ခဲ့သော ငြိမ်းချမ်းရေး အစီအစဉ်တွင် မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း အလွန်မှားယွင်းသော စိတ်ကူးတခု ဖြစ်ပါသည်။ နိုင်ငံ အားလုံးနီးပါးတွင် နယ်စပ် လုံခြုံရေးသည် ဗဟိုအစိုးရ၏ တာဝန်သာဖြစ်သည်။ မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် အိန္ဒိယ အရှေ့မြောက်ဖက်ပိုင်း ပြည်နယ်များတွင် နယ်စပ် လုံခြုံရေးသည် စစ်တပ် မဟုတ်သော အာသံ သေနတ်ကိုင်တပ် (Assam Rifles) များ၏ လက်တွင်ရှိပြီး ၎င်းတို့ကို နယူးဒေလီမြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာနက ကွပ်ကဲသည်။ ဗဟိုက ထိန်းချုပ်သည့် တခြားနယ်ခြားစောင့် တပ်ဖွဲ့များလည်း တခါတရံ ဒေသခံရဲတပ်ဖွဲ့က ကူညီရသည်။ သို့သော်လည်း နယ်စပ် လုံခြုံရေးအတွက် တာဝန်မယူရပါ။

နာဂလန်း၊ မဏိပူရ၊ မီဇိုရမ်နှင့် တခြား အိန္ဒိယပြည်နယ်များတွင် ကိုယ်ပိုင် လက်နက်ကိုင် ရဲတပ်ဖွဲ့များရှိပြီး သူတို့ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများက ကြီးကြပ်ကွပ်ကဲကြသည်။ အကယ်၍ ထိုစနစ်ကို လက်ခံသုံးစွဲမည်ဆိုလျှင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) သို့မဟုတ် ရှမ်းပြည်တပ်မတော် (SSA) တို့သည် ကချင်ပြည်နယ် သို့မဟုတ် ရှမ်းပြည် နယ် လက်နက်ကိုင်ရဲတပ်ဖွဲ့များအဖြစ် ပြောင်းလဲသွားကြနိုင်သော်လည်း နယ်စပ်ဓားပြများ၊ မှောင်ခိုသမားများအဖြစ် အလွယ်တကူ တံဆိပ်ကပ် သိက္ခာချခြင်း ခံရနိုင်သည့် နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ်သို့ မဟုတ်ပါ။

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အလုပ်ဖြစ်မည့် ပုံစံတခုရှာဖွေရန် လိုအပ်နေပါသည်။ ထို့ပြင် အလားအလာ အကောင်းဆုံး အဖြေက အိန္ဒိယ၏ပုံစံကို လေ့လာခြင်း ဖြစ်ပါလိမ့်မည်။ အမှတ်ရနေရမည့် အရေးကြီးသည့် အချက်တခုမှာ ရှမ်း၊ ကချင် နှင့် ချင်းတို့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ကာ ပင်လုံစာချုပ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ ရရှိရေးကို အခြေခံမူအနေဖြင့် လက်ခံကြောင်း ရှင်းလင်းစွာ ဖော်ပြထားခြင်း ဖြစ်သည်။ ထိုအခြေခံ အချက်ပေါ်တွင်ပင် မြန်မာ့လွတ်လပ်ရေးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချက်သည်ပင် မြန်မာနိုင်ငံမှ ဗမာ မဟုတ်သည့် တိုင်းရင်းသားများ၏ စိတ်ဆန္ဒကို ကျေနပ်နှစ်သိမ့်မှုပေးနိုင်မည့် အဖြေတခုအဖြစ် ရှိနေဆဲဖြစ်ပါသည်။

(၂၀၁၄ မတ်လထုတ် The Irrawaddy မဂ္ဂဇင်းပါ ဘာတေးလ် လစ်တနာ (Bertil Lintner) ၏ Finding a Federal Model that Fits ကို ဘာသာပြန်ဆိုပါသည်။ ဘာတေးလ် လစ်တနာသည် မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ တဦးဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သော စာအုပ်များ ရေးသားခဲ့သည်။)

ပြည်မြို့မှာ ဆိုက္ကားသမားတွေ လိုင်စင်ဝင်ခွင့် ဆန္ဒပြ

DVB

ဝန်ကြီးဌာန တာဝန်မဲ့စကား ပြောသည်ဆိုကာ ဆရာ၊ဆရာမများ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

ဇာနည်အောင်

တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ ကျောင်းပြောင်းရွှေ့မှု ကြန့်ကြာနေရခြင်းမှာ ဌာနအတွက် တာဝန်ယူမည့် ၀န်ကြီးမရှိခြင်းကြောင့်ဟုဆိုသည့် တာဝန်မဲ့သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း မေလ ၂၈ ရက်က ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဦးဇော်မျိုးနိုင်က မီဒီယာများကို ရှင်းလင်းပြောကြားလိုက်သည်။

နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အင်္ဂလိပ်စာဌာန ကထိကဒေါ်တင်နွဲ့ရီက “မေလ ၂၂ ရက်မှာ တရားဝင် ထွက်ရှိမယ်လို့ ၀န်ကြီးကကတိပေးခဲ့ပါတယ်။ ကတိပေးပြီး လုပ်မပေးတာတွေ၊ ၀န်ထမ်းတွေရဲ့ဘ၀ကို ကိုယ်ချင်းစာစိတ်မဲ့ပြုလုပ်နေတဲ့ ၀န်ကြီးဌာနကို အလိုမရှိပါဘူး” ဟု ပြောသည်။

ဆရာ၊ ဆရာမ ကျောင်းပြောင်းရွှေ့မိန့်ကို ရက်ပိုင်းအတွင်း မထုတ်ပြန်ပါက ဆရာ၊ ဆရာမ သမဂ္ဂ ခုနစ်ဖွဲ့ က ဆန္ဓထုတ်ဖော်သွားမည်ဖြစ်သည်ဟု ထိုနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ဆရာ၊ဆရာမ များက ဆိုကြသည်။

ကျောင်းပြောင်းရွှေ့ခြင်းဆိုင်ရာ အမိန့် ညွှန်ကြားချက်များကို ယခင်နှစ်များတွင် တက္ကသိုလ်များ ပိတ်ချိန် အောက်တိုဘာ၌ ထုတ်ပြန်ပေးလေ့ရှိသော်လည်း ယခု မေလ ရောက်သည်အထိ ထုတ်ပြန်ပေးခြင်းမရှိ သေးကြောင်း၊ ရန်ကုန်တိုင်းအတွင်း တာဝန်ကျသည့် ဆရာ၊ ဆရာမများ ကျောင်းပြောင်းလျှောက်ထားပါက သုံးနှစ် စောင့်ဆိုင်းရကြောင်း၊ နယ်ကျောင်းပြောင်း ဆရာ၊ ဆရာမများမှာ နှစ်နှစ်စောင့်ဆိုင်း ရကြောင်း၊ ဝေးလံခေါင်ဖျားသည့် ဒေသများသို့ ပြောင်းရွှေ့ခွင့်လျှောက်ထားပါက တစ်နှစ်စောင့်ဆိုင်းရကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။

တွေ့ဆုံဆွေးနွေးခဲ့သည့် ကျိုင်းတုံ တက္ကသိုလ် အင်္ဂလိပ်စာဌာန ကထိက ဦးသုတက“ကျောင်းပြောင်းရွှေ့ကို ၀န်ထမ်း တွေက စောင့်မျှော်နေခြင်းအပေါ် ပညာရေးဝန်ကြီးဌာနက လျစ်လျူရှုနေပါတယ်။ ၀န်ထမ်းတွေရဲ့ ဘ၀ကို ကိုယ်ချင်းစာစိတ်မရှိဘဲ လုပ်ချင်သလိုလုပ်နေကြပါတယ်။ ကျောင်းပြောင်းရွေ့ကိစ္စရပ်တွေကို အဂတိ လိုက်စားတာတွေကို အစိုးရအဖွဲ့က အရေးမယူတာတွေကို ဆရာများသမဂ္ဂတွက ကန့်ကွက်ပါ တယ်” ဟု ပြောသည်။

မေလ ၂၈ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အထက်ပါကိစ္စများကို တွေ့ဆုံဆွေးနွေးရန်တင်ပြထားသော်လည်း ပြည်ထောင်စုဝန်ကြီးက မလာရောက် သည့်အပြင် ကိုယ်စားလှယ်အဖြစ် မန္တလေး မဟာအောင်မြေမြို့နယ် ဆရာ၊ဆရာမသမဂ်္ဂအဖွဲ့တွင် ပါဝင် သည့် နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ် နှင့် ရတနာပုံတက္ကသိုလ်များမှ ဆရာ၊ ဆရာမ သုံးဦးကိုသာ ပညာရေးဝန်ကြီးဌာန၏ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မှ ညွှန်ကြားရေးမှူးချုပ် တို့ကသာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် အပြောင်း အရွှေ့များနှင့် ပတ်သက်၍ မူဝါဒအချက် ၅၀ ရှိကြောင်း၊ ထိုမူဝါဒများ ကိုလည်း ရှင်းရှင်းလင်းလင်း ဆွေးနွေးခြင်းမရှိဘဲ ပါဝါပွိုင့် ဖြင့်သာ ဆွေးနွေးသွားသည်ဟု ထိုဆွေးနွေးပွဲ သို့  တက်ရောက်ခဲ့သည့် ဆရာ၊ ဆရာမ များ၏ ပြန်လည်ပြောကြားခဲ့သည့်အပေါ် နိုင်ငံခြားဘာသာတက္က သိုလ်မှ အင်္ဂလိပ်စာဌာနကထိက ဒေါ်တင်နွဲ့ရီက ဆိုသည်။

ကျောင်းပြောင်းရွှေ့ကိစ္စရပ်များကို အစိုးရမှ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက ဆရာ၊ ဆရာမ သမဂ္ဂများက ဦးဆောင်၍ နိုင်ငံတစ်ဝန်းရှိ ဆရာ၊ ဆရာမများထံမှ ဆန္ဒကောက်ခံမှုများ ပြုလုပ် ဆောင်သွားမည်ဟု ဦးဇော်မျိုးနိုင် က ဆိုသည်။

မေလ ၂၈ ရက်က ပညာရေးဝန်ကြီး ဌာနဘက်မှ တက်ရောက်မည့်သူများ ကန့်သတ်ဆွေးနွေးမှုသည် ဆရာ၊ ဆရာမများ သမဂ္ဂများအကြား စိတ်ဝမ်းကွဲစေသည့် လုပ်ရပ်ဖြစ်သည့်အတွက် ဆရာ၊ ဆရာမသမဂ္ဂ များက ပြင်းထန်စွာကန့်ကွက်ခြင်း ဖြစ်သည်ဟု ဒေါ်တင်နွဲ့ရီက ဆိုသည်။

ပညာရေးဝန်ကြီးဌာနမှ ပြောင်းရွှေ့ခြင်းဆိုင်ရာ စိစစ်ရေးမူလေးချက်တွင် နိုင်ငံတော်ပေါ်တွင် သစ္စာရှိမှု၊ နားလည်ပေးမှု၊ ဆရာ၊ ဆရာမများ အရည်အချင်းပြည့်ဝမှု၊ ဘာသာရပ်ပေါ်တွင် နားလည်တတ်ကျွမ်းမှုနှင့် အင်္ဂလိပ်စာ အရည်အသွေးပြည့်စုံမှုရှိရ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အထက်မြန်မာပြည်နှင့် အောက်မြန်မာ ပြည်ညွှန်ကြားရေးချုပ်နှစ်ဦးက တွေ့ဆုံဆွေးနွေးမှုတွင် ရှင်းလင်းပြောကြားခဲ့သည် ဟု ဦးသုတက ဆိုသည်။

မြန်မာပြည် ဆင်းရဲချမ်းသာကွာဟမှု စိုးရိမ်စရာရှိဟု သမ္မတအကြံပေးပြော

သိုက်ဇင်

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ကျော်ထဲက ၂၀ ရာခိုင်နှုန်းရှိတဲ့ လူဦးရေရဲ့ ပိုင်ဆိုင်မှုက တပြည်လုံးမှာရှိတဲ့ ပိုင်ဆိုင်မှုအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းရှိလို့ ဆင်းရဲ၊ ချမ်းသာကွာဟမှုက စိုးရိမ်စရာ ရှိတယ်လို့ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာအကြံပေး ဒေါက်တာ အောင်ထွန်းသက်က သတိပေးပြောကြားလိုက်ပါတယ်။

မနေ့က ရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး (ယူအန်အက်ဖ်စီစီအိုင်)မှာ စီးပွားရေးဆိုင်ရာနဲ့ စပ်လျဉ်းပြီး သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က Inclusive Green Economy ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။

ဒေါက်တာအောင်ထွန်းသက်က “မြန်မာပြည်မှာ အခုတွေ့နေရတယ်။ ဆင်းရဲတဲ့သူတွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေချိန်မှာ ချမ်းသာတဲ့သူတွေကလည်း ကျိကျိတက် ချမ်းသာတယ်။ ချမ်းသာတဲ့သူတွေအတွက် ကောင်းတယ်၊ ၀မ်းသာစရာပဲ။ ဒါပေမယ့် ဆင်းရဲတဲ့သူတွေအတွက်တော့ စိုးရိမ်စရာပဲ။ ဆင်းရဲချမ်းသာမှု များလာရင် စီးပွားရေး မဟုတ်တော့ဘူး။ နိုင်ငံရေးပါလာပြီ။ ဘာကြောင့်လဲ မရှိတဲ့သူက များလာတယ်။ ရှိတဲ့သူက နည်းလာတယ်။ အခု ကမ္ဘာဘဏ်တို့က ဆင်းရဲချမ်းသာမှုကို တိုင်းနေပြီ။ အဲဒီ ဆင်းရဲချမ်းသာမှု တိုင်းတာမှု အဖြေရရင်တော့ ဘယ်လောက်ကွာလည်းရပြီ။ အများအားဖြင့် အကြမ်းဖျင်းပြောရင် ၈၀ – ၂၀ ပြောလို့ရတယ်။ ၈၀ – ၂၀ က ဘာလဲလို့ ပြောရင် မြန်မာပြည်မှာ ရှိတဲ့ သန်း ၆၀ ထဲက ၂၀ ရာခိုင်နှုန်းဟာ မြန်မာပြည်မှာရှိတဲ့ ပိုင်ဆိုင်မှု အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ပိုင်တယ်” လို့ ပြောပါတယ်။

ဒါကြောင့် စီးပွားရေးတိုးတက်ဖို့အတွက် အရင်ပုံစံအတိုင်း ဆောင်ရွက်လို့ မရတော့ ကြောင်း သမ္မတရဲ့ စီးပွားရေးဆိုင်ရာအကြံပေးက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“အဖွဲ့အစည်းတွေ အားနည်းတော့ အစိုးရဌာနတွေ အားနည်းတော့ ဘာဖြစ်လဲ လူတွေ ပိုဆင်းရဲလာတယ်။ ဈေးကွက်တွေ အားနည်းတော့ လူတွေ ပိုဆင်းရဲလာတယ်။ ဒါကြောင့်မို့ ကျနော်တို့ စဉ်းစားတာဘာလဲဆိုတော့ သမားရိုးကျနည်းနဲ့ စီးပွားရေး တိုးတက်အောင် လုပ်လို့တော့ မရဘူးဆိုတာ သိလာတယ်။ ခေါက်ရိုးကျိုးတဲ့ ပုံစံနဲ့ စီးပွာရေး တိုးတက်အောင် လုပ်လို့မရတော့ဘူး။ တခုလုပ်ရမယ်၊ အဲဒီတခုသည် Inclusive Green Economy။ နိုင်ငံတကယ်တိုးတက်ချင်ရင်၊ မြန်မာပြည်တိုးတက်ချင်ရင် Inclusive ဖြစ်ရမယ်။ ဒါကြောင့် အားလုံး ပါဝင်ဖို့ လိုတဲ့အပြင် လှုမှုစီးပွားနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုမရှိတဲ့ green economy ဖြစ်ဖို့ပဲလိုတယ်”

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီ) ကတော့ မြန်မာနိုင်ငံမှာ ဆင်းရဲနွှမ်းပါးမှုနဲ့ စားနပ်ရိက္ခာ ဖူလုံရေးဟာ အရေးကြီးတဲ့ စိန်ခေါ်မှုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်းနဲ့ လူ ၄ ယောက်မှာ ၁ ယောက်ဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်ရောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရကတော့ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ လက်ရှိ ရှိနေတဲ့ ၂၆ ဒသမ ၅ ရာခိုင်နှုန်းကို ၁၆ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားဖို့ ရည်မှန်းထားရှိပေမယ့် လတ်တလောမှာ သိသာတဲ့အောင်မြင်မှုတော့ မရရှိသေးပါဘူး။

ယနေ့ မြန်မာ့ရေးရာသတင်းများ May,31st,2014

( 40 )အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အစိုးရစဉ်းစားမည်

( 39 )Member of Bangladeshi Border Guard Killed by Burmese Police

( 38 )ငါးလအတွင်း ပြည်ပချေးငွေ ကန်ဒေါ်လာ သန်း ၇၈၀ ခန့် တိုးလာ

( 37 )Bangladesh, Myanmar border clash over missing soldier

( 36 )ပုဒ်မ ၄၃၆ မပြင်ဆင်ရေး လက်ကမ်းစာစောင်တွေ မန္တလေးမှာ ဖြန့်ဝေ

( 35 )Charges dropped against detained Shan politician

( 34 )ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၄ ခုနှစ် မေလအထိ နိုင်ငံခြားလုပ်ငန်း ၇၂ ခု ရင်းနှီးမြှုပ်နှံခွင့်ပြု

( 33 )Earthquake strikes southwestern China, injuring at least 33

( 32 )ပျောက်ဆုံး BGB တပ်ဖွဲ့ဝင် လွှဲပြောင်းပေးဖို့ မြန်မာကို ဘင်္ဂလားဒေ့်ရှ် တောင်းဆု

( 31 )Campaign Group Criticizes World Bank Subsidiary for Funding Hotel, Real Estate in Burma

( 30 )မြန်မာ ၊ ဂျပန် စစ်ရေး ဆက်ဆံမှု ပြန်ထူထောင်မည်

( 29 )Rangoon Rental Costs in the Spotlight After Unicef Outcry

( 28 )ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တိုယို-ထိုင်း တည်ဆောက်ရန်စီစဉ်

( 27 )Burmese Ministry Warns Staff to Avoid Politics

( 26 )၁၀ ကြိမ်မြောက် ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲ ကျင်းပ

( 25 )Project Aims to Get Disabled Burmese Children Into Mainstream Schools

( 24 )မန်း၂၈မြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာကို ကျပ်သိန်းပေါင်းကိုးသောင်း ကုန်ကျခံဆောက်မည်

( 23 )Asia Feminist Forum to Discuss Burma’s Interfaith Marriage Bill

( 22 )တရုတ်-မြန်မာနယ်စပ်တွင် ငလျင်လှုပ်

( 21 )Burma govt plans to establish Ministry for Youth Affairs

( 20 )ရခိုင်ပြည်နယ် မြို့နယ်အားလုံးတွင် အင်န်ဂျီအို စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်း စောင့်ကြည့်သွားမည်

( 19 )Tension along Bangladesh-Myanmar Border after Soldier Shot Dead

( 18 )ယခုနှစ် လိုင်စင်မဲ့ ကားအစီး ၇၀ ကျော်ဖမ်းမိ

( 17 )Myanmar says to grant foreign banks licences by end-September

( 16 )အုပ်ချုပ်ရေးမဏ္ဍိုင်က ဖွဲ့စည်းပုံပြင်ရေး မျက်ကွယ်ပြုက နိုင်ငံရေးအကျပ်အတည်းသို့ ဦးတည်သွားမည်

( 15 )The Global Rush for Rubber: Is Burma the ‘Final Frontier’?

( 14 )လယ်ဆည်က ဒေါ်လာ ၁၆၃ သန်းချေးမည့်ကိစ္စ လွှတ်တော်အမတ်များ ကန့်ကွက်

( 13 )China, SE Asian govts pledge renewed support for anti-drug efforts

( 12 )ပညာသင်ဆုနှင့် ပညာရေးထောက်ပံ့ကြေး လေးနှစ်အတွက် “ကန်”ဒေါ်လာ သန်း ၁၀၀ သုံးမည်

( 11 )Earthquake strikes China-Myanmar border area

( 10 )ဟူးကောင်းချိုင့်ဝှမ်းရှိ သိမ်းဆည်းခံမြေဧက ၂,၀၀၀ ကျော် ပြန်ရရန် ဒေသခံများတောင်းဆို

( 9 )ပြည်ခိုင်ဖြိုးပါတီက ၀က်ထီးကန်နေရာတွင် ခန်းမ ဆောက်မည်ကို ဒေသခံများ သမ္မတထံ ကန့်ကွက်စာပို့

( 8 )Heineken ဘီယာ မြန်မာပြည်တွင်း ထုတ်လုပ်မှု ၂ဝ၁၅ ခုနှစ် နှစ်လယ်တွင် စတင်မည်

( 7 )ရေလျှံမှုကာကွယ်ရန် ရန်ကုန်ရှိ ရေမြောင်းများ စည်ပင် တိုးချဲ့မည်

( 6 )စစ်တပ်မှသိမ်းဆည်းမြေများ ပြန်လည်ပေးအပ်ရာတွင် မူလပိုင်ရှင်နှင့် သီးစားချထားသူများ အငြင်းပွားမှုဖြစ်

( 5 )Carlsberg ကုမ္ပဏီ ဘီယာ အမှတ်တံဆိပ် ၉ မျိုး မှတ်ပုံတင်

( 4 )အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၁၆၈ ချက် NLD အကြံပြု

( 3 )အက်စ်အန်အယ်လ်ဒီ ရပ်ကျေးပါတီခေါင်းဆောင် ပြန်လွတ်

( 2 )မြန်မာ့လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာ ၇၀၀ ကျော် ရောက်နေ

( 1 )လူငယ် ၀န်ကြီးဌာနဖွဲ့ရန် အစိုးရက စီစဉ်နေ

Friday, May 30, 2014

ပုသိမ်နဲ့ ဓနုဖြူ မြို့နယ်တွေမှာ ကြွက်အစုလိုက် အပြုံလိုက် သေဆုံး

ABC

ပုသိမ်မြို့နယ်နဲ့ ​ဓနုဖြူမြို့နယ်တွေမှာ ​ကြွက် ​အစုလိုက်အပြုံလိုက် ​သေဆုံးမှုတွေဖြစ်နေတယ်လို့ ​သိရပါတယ်။

ပုသိမ်မြို့နယ် ​ရှောပြား ​ကျေးရွာ ​အနီး ​တ၀ိုက်မှာ ​ကြွက်အကောင် ​၆၀၀ ​လောက် ​သေဆုံး ​နေသလို ​ဓနုဖြုမြို့နယ်က ​ရွာနှစ်ရွာ ​မှာလည်း ​ကြွက်သေကောင် ​၄၀၀ ​လောက် ​ကို ​တွေ့ ​ရကြောင်း ​ဒေသခံ ​တွေက ​ဆိုပါတယ်။

အခုလို ​ကြွက်တွေ ​အစုလိုက် ​အပြုံလိုက် ​သေဆုံးမှုတွေကြောင့် ​ကြွက်သေကောင်တွေကနေ ​ရောဂါတွေ ​ကူးစက် ​ဖြစ်ပွားမှာကို ​စိုးရိမ်တဲ့အတွက် ​ပုသိမ်မြို့နယ်ထဲမှာ ​ကျောင်းအပ်လက်ခံ ​တာတွေကိုလည်း ​သတ်မှတ် ​ရက် ​ကနေ ​ရွှေ့ဆိုင်းခဲ့ ​ရကြောင်း ​လည်း ​ပုသိမ်မြို့နယ် ​ရှောပြား ​အထက်တန်း ​ကျောင်းခွဲက ​ကျောင်းအုပ်ကြီးက ​ပြောပါတယ်။

တိုင်းကျန်းမာရေး ​အထူးရောဂါ ​နှိမ်နှင်း ​ရေးဌာနကတော့ ​အဲဒီလို ​ကြွက်တွေသေဆုံး ​ခဲ့တာဟာ ​ရောဂါကြောင့် ​သေဆုံးတာ ​မဟုတ်ဘဲ ​ရာသီဥတုပူပြင်းမှုနဲ့ ​အစာ ​အာဟာရ ​ပြတ်လတ် ​မှုကြောင့် ​သေဆုံး ​ခဲ့တယ်လို့ ​ယူဆကြောင်းပြောပါတယ်။

ပုသိမ်မြို့နယ်၊ ​ကျန်းမာရေး ​ဦးစီးဌာနက ​ကျန်းမာရေး ​ကြီးကြပ်အဆင့် ​(၁) ​ဦးသောင်းတင်ရဲ့ ​ပြောပြချက် ​အရကတော့ ​အဆိုပါ ​ကြွက်သေတွေထဲက ​သုံးကောင်ကို ​ရန်ကုန် ​အမျိုးသား ​ဓာတ်ခွဲခန်းကို ​ပို့ဆောင် ​စစ်ဆေးခဲ့ပြီး ​ပုလိပ်ရောဂါမတွေ့ရှိရဘူးလို့ ​ပြန်ကြားလာကြောင်း၊ ​အဆိုပါကြွက်တွေဟာ ​ အစာအဆိပ်သင့်တာတွေဖြစ်နိုင်တယ်လို့ ​ယူဆရကြောင်း ​ပြောပါတယ်။

ဒါပေမယ့် ​ဒေသခံတွေကတော့ ​ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ​အခုလို ​ကြွက်ကောင်ရေရာနဲ့ချီပြီး ​တပြိုင်နက် ​သေဆုံးတာမျိုး ​မရှိခဲ့ဘူးလို့ပြောကြတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

ယနေ့ထပ်မံဖြစ်ပွားသော တိုက်ပွဲအတွင်း ဘင်္ဂလီ သောင်းကျန်းသူ တစ်ဦး အသေဖမ်းမိ

နိရဉ္စရာ

မူဆဆလင် တပ်ပေါင်းစုဟု အမည်ပေးထားသော ဘင်္ဂလီသောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် မြန်မာ တပ်မတော်အကြား ယနေ့ နံနက်က တိုက်ပွဲ ဖြစ်ပွားရာ လက်နက် ခဲယမ်းမီးကျောက်များနှင့် အတူ သောင်းကျန်းသူ တစ်ဦးကို အသေဖမ်းဆီးရမိခဲ့သည်ဟု သတင်း ရရှိသည်။

“ သေတယ်ဗျာ တစ်ဦး ဟိုဘက်က။ သေနတ် တစ်လက်နဲ့ ကျည်ဆံ တစ်ရာ နီးပါး ဖမ်းဆီးရမိပါတယ်” ဟု မောင်တောမြို့နယ် ရဲမှူးကြီးက အတည်ပြု ပြောကြားသည်။

တိုက်ပွဲသည် ယနေ့ နံနက် ၉ နာရီကျော်ခန့်က နယ်စပ် မိုင်တိုင် အမှတ် (၅၂) နှင့် (၅၃) အကြားတွင် ဖြစ်ပွားခဲ့ပြီး အချိန် နာရီဝက်ခန့် ကြာမြင့်သည်ဟု သိရသည်။

သိမ်းဆည်းရမိသော လက်နက်မှာ အမ်း တွမ်းတီးတူး မောင်းပြန်ရိုင်ဖယ် ဖြစ်ပြီး ကျည်ဘောက် (၄) ခုနှင့် ကျည်ဆံ တစ်ရာနီးပါး ဖမ်းမိခဲ့သည်ဟု သူက ဆိုသည်။

“ သေနတ်ရော ကျည်ဆံတွေပါ အကုန်မိတယ်။ နောက်ကျန်တဲ့ ကုလားသူပုန်တွေကတော့ ထွက်ပြေးသွားတယ်” ဟု ဆိုသည်။

မိုင်တိုင်အမှတ် (၅၂) နှင့် (၅၃) အကြားတွင် ခမရ ၃၅၂ ၊ စစ်ကြောင်း (၁) မှ ဗိုလ်ဇော်မိုးအောင် ဦးစီး တပ်စိတ် တစိစိတ်မှ ကင်းပုန်းဝပ်နေစဉ် ရှေ့ပြေးဝင်ရောက်လာသူ ဘင်္ဂလီ သောင်းကျန်းသူ နှစ်ဦးနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားစဉ် တစ်ဦးကို မြန်မာ တပ်မတော်ဘက်မှ အသေပစ်သတ် ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

ယခုတိုက်ပွဲသည် ရခိုင်-ဘင်္ဂလာနယ်စပ်တွင် မေလအတွင်း တတိယအကြိမ်မြောက်ဖြစ်ပြီး မေလ ၁၃ ရက်နေ့က ဖြစ်ပွားသောတိုက်ပွဲတွင် အာရ်အက်အို ဘင်္ဂလီ အဖွဲ့မှ ဗိုလ်အဆင့်ရှိသူတစ်ဦးကျဆုံးခဲ့ပြီး မေလ ၁၇ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၄) ဦး ကျဆုံးခဲ့သည်။

မြန်မာ လွှတ်တော် အစည်းအဝေး ပြန်လည်စတင်

ABC

မြန်မာနိုင်ငံမှာ ​လွှတ်အစည်းအဝေးတွေ ​မနေ့က ​ပြန်လည် ​စတင်ခဲ့ပြီး ​လွှတ်တော်ကိုယ်စားလှယ်တွေ ​ဥပဒေ ​ပြဋ္ဌာန်းသူတွေက ​လွှတ်တော်မှာ ​တင်သွင်းထားတဲ့ ​အဆိုပြုချက်လေးခုထဲက ​ကိုးကွယ်ရာ ​ဘာသာကူးပြောင်းခြင်းဆိုင်ရာ ​ဥပဒေမူကြမ်း ​အဆိုပြုချက်ကို ​ပထမ ​ဦးဆုံး ​ဆွေးနွေးသွားဖို့ရှိတယ်လို့ ​သိရပါတယ်။

၂၀၁၂ ​ခုနှစ်ကတည်းက ​စပြီး ​မြန်မာ ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မွတ်စလင်တွေကြား ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခတွေ ​ဖြစ်ပွားခဲ့ ​ပြီးနောက်ပိုင်း ​အခုလို ​ကိုးကွယ်ရာ ​ဘာသာ ​ကူးပြောင်းခြင်း ​ဆိုင်ရာ ​ဥပဒေမူကြမ်း ​တစ်ရပ် ​ရေးဆွဲဖို့ ​မြန်မာနိုင်ငံ ​သမ္မတ ​ဦးသိန်းစိန်က ​ကော်မတီတရပ် ​ဖွဲ့စည်းပေးခဲ့တာ ​ဖြစ်ပါတယ်။

အဆိုပါ ​ဥပဒေမူကြမ်းကိုလည်း ​အင်္ဂါနေ့ထုတ် ​အစိုးရပိုင် ​သတင်းစာတွေမှာ ​ဖော်ပြခဲ့ပါတယ်။ ​အဲဒီ ​ဥပဒေ ​မူကြမ်းထဲမှာ ​ပါတဲ့ ​အချက်တချို့ဟာ ​ဘာသာ ​ကူးပြောင်းဖို့ ​မှတ်ပုံတင်ခွင့်တွေ၊ ​ဘာသာ ​ကူးပြောင်းသူရဲ့ ​အခွင့်အရေးတွေ၊ ​ဥပဒေ ​ကျူးလွန်သူတွေအတွက် ​ထောင်ဒဏ် ​အပြစ်ပေးတာတွေ ​အပါအဝင် ​လူဦးရေတိုးပွားနှုန်း၊ ​လက်ထပ် ​ထိမ်းမြားခြင်းနဲ့ ​တစ်လင် ​တစ်မယားစနစ် ​ကျင့်သုံးခြင်း ​ဆိုင်ရာ ​အချက်တွေလည်း ​ပါဝင်ပါတယ်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ​ဥပေဒပြဋ္ဌာန်းဖို့ ​ကြိုးစားနေတာနဲ့ပတ်သက်ပြီး ​အမျိုးသမီးအဖွဲ့တွေနဲ့ ​လူ့အခွင့်အရေးအဖွဲ့တွေကတော့ ​ကန့်ကွက်နေကြပါတယ်။

အကြောင်းကတော့ ​အဆိုပါ ​ဥပဒေ ​ကို ​အတည်အပြု ​ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ​အမျိုးသမီး ​တွေရဲ့ ​မွေးရာပါ ​အခွင့်အရေးတွေကို ​ချိုးဖောက် ​ကန့်သတ်ရာကျမှာဖြစ်လို့ ​ဆိုကြပါတယ်။

ဒါ့အပြင် ​လူဦးရေတိုးပွားနှုန်းနဲ့ ​ပတ်သက်တဲ့ ​အဆိုပြုချက်ဟာလည်း ​မွတ်စလင်တွေကို ​ဖိနှိပ်ကန့်သတ်ဖို့ ​ရည်ရွယ်တာဖြစ်တယ်လို့ ​လူ့အခွင့်အရေး ​အဖွဲ့တွေကလည်း ​သုံးသပ်နေကြပါတယ်။