Wednesday, June 30, 2010

ကချင်ပါတီ အသစ် မှတ်ပုံတင်ရန် နေပြည်တော်သို့ရောက်ရှိ

KNG

ကချင်ပြည်နယ် စည်းလုံး ညီညွတ်ရေး ဒီမို ကရေစီ ပါတီ (KSUDP) သည် စစ်အစိုးရ ၏ ရွေးကောက်ပွဲ ပါတီ မှတ်ပုံတင်ရန် နေပြည်တော် သို့ ယနေ့ ရောက်ရှိ မည်ဖြစ်သည် ဟုသိရှိရသည်။

ပြီခဲ့သည့် တနင်္လာနေ့ က ဥက္ကဌ ဒူဝါ ခက်ထိန်နန် ၊ဒု ဥက္ကဌ ဖောင်လာ ဂမ်ဖန် နှင့် အကြံပေး အရာရှိ မဒိန်ဇုံးတိန့် နှင့် ရှေ့နေ ဒွဲဘူ ၊ ရှေ့နေ လမြဂမ် အတူ နေပြည်တော် သို့ ကချင်ပါတီ အသစ် မှတ်ပုံတင်ရန် မြစ်ကြီးနား မြို့မှ ထွက်ခွာ ခဲ့သည်ဟု နီးစပ်သော အတိုင်း အ၀ိုင်းမှာ သိရသည်။

ဒူဝါ ခက်ထိန်နန် ဦးဆောင်သော KSUDP သည် ဇွန်လ ၂၆ ပြီးခဲ့သည့် စနေနေ့က ကြံ့ဖွံ့ ပါတီမှ ခွဲထွက်၍ ကချင်ပါတီ အသစ် တည်ထောင် ရန် ကြံ့ဖွံ့ အတွင်းရေးမှု ဦးအောင်သောင်း နှင့် ဦးသိန်းဇော် တို့ တိုက်တွန်း ခဲ့သော ကချင်ပါတီ အသစ် တစ်ခုဖြစ်သည်။


ကချင်ပါတီ အသစ် KSUDP သည် ယခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးအဖွဲ့ ပါတီဝင် ကချင်ပြည်သူများဖြစ်သည်။

ယခုလို ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) အား ပါတီတည်ထောင်ခွင့် မပြုတော့သည်ကို တရားဝင် ကြေငြာခြင်းမရှိသေးဘဲ ကချင်ပါတီ အသစ်တည်ထောင်ခိုင်းသည်မှာ မလုပ်သင့်သော အရာဖြစ်သည်ဟု ၎င်းပါတီ အရာရှိတစ်ဦးပြောသည်။

“ကျွန်တော်တို့  KSPP ပါတီကို လက်မခံတော့ဘူးဆို လက်မခံတော့ဘူးပြောပြီးမှာ ကချင်ပါတီ အသစ်တည်ထောင်ခိုင်းရင် တစ်မျိုးပေါ့ အခုဟာ က ကျွန်တော်တို့ ပါတီကို စောင့်ဆိုင်းခိုင်းထားပြီး ကြံ့ဖွံ့ ပါတီဝင် ကချင်တွေကို ကချင်ပါတီ အသစ်တည်ထောင်ခိုင်းတယ် ဆိုတာ မလုပ်သင့်တဲ့အရာဖြစ်တယ်” ဟု ပါတီ အရာရှိက ထပ်မံပြောသည်။

ဦး ခက်ထိန်နန် သည် ယခင်က မြစ်ကြီးနားအခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီဝင် တစ်ယောက်ဖြစ်ပြီး မြစ်ကြီးနားမြို့ မန်ခရိန် ရပ်ကွက်တွင် ၁၀ နှစ်တိုင် ရပ်ကွက် ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။

ဦးဖောင်လဂမ်ဖန် နှင့် မဒိန်ဇုံးတိန့် သည် ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဝင် တစ်ယောက်ဖြစ်သည်။

ရှေ့နေ ဒွဲဘူသည် ကချင်ပြည်နယ် မျိုးမိ မျိုးဖ အနေ နှင့် အမျိုးသားညီလာခံတက်ရောက်ခဲ့သူဖြစ်သည်။
ရှေ့နေ လမြဂမ် သည် ရန်ကုန်မြို့တွင်သာနေထိုင်ပြီး ယခု အချိန် ကချင်ပြည်နယ် ပါတီတစ်ခုအနေနဲ့ ပါဝင် လူပ်ရှားမည့် သူတစ်ဦးဖြစ်သည်။

ယခုချိန်ထိ ဒီနှစ်မကုန်မီပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ကချင်နိုင်ငံရေးပါတီ စုစုပေါင်း ၄ ပါတီ ရှိနေပြီဖြစ်ပြီး ၃ ပါတီက နေပြည်တော်အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ပါတီမှတ်ပုံတင်လျှောက်ထား ပြီးဖြစ်သည်။

ကျန်ရှိနေသော တစ်ပါတီ သည် နေပြည်တော်အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ပါတီမှတ်ပုံတင်လျှောက်ထားရန် ယနေ့ ရောက်ရှိ မည်ဖြစ်သည်။

ယနေ့အထိ ရွေးကောက်ပွဲကော်မရှင် သို့ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ပါတီရှိရာ ၃၈ ပါတီကို ပါတီထောင်ခွင့်ပြုခဲ့သော်လည်း ၎င်းတွင် ကချင်ပါတီ တစ်ခုမှ မပါသေးပေ။

မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်

အားမီ။ ဇွန်လ ၃၀ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် စက်မှုဇုံအနီးတွင် ယမန်နေ့ည ၁၁ နာရီက ထိုင်းကုမ္ပဏီပိုင် ကားတ စီးပေါ်၌ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။

“စီးပွားရေးစက်မှုဇုံအလွန် ပေ ၅၀ အကွာပေါ့၊ အဲ့ဒီမှာ တည်တဲ့ အေကေကုမ္ပဏီက ကားကိုမိုင်းတပ်ပြီး ခွဲသွားတာ။ ကားကတော့မြေတူးစက်လေ။ တလုံးပဲ ထောင်မိုင်း လိုဖြစ်တယ်။ မနေ့ည ၁၁ နာရီ လောက်ပေါ့၊ အဲဒီကားကြီး တစင်းလုံးကတော့ ပျက်ဆီးသွားတာပေါ့။” ဟု မြဝတီမြို့ တဦးက ပြောသည်။

ယင်း အေကေကုမ္ပဏီမှာ ထိုင်းနိုင်ငံမှဖြစ်ပြီး ယခုလက်ရှိမြဝတီမြို့တွင် လမ်းသစ် ဖောက်လုပ်လျက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

“အဲ့ဒီနေရာမှာက ၃၆၅ - ၃၅၆ ကင်းနှစ်ကင်းရှိတယ်။ အဲ့ဒီ ကင်းနှစ်ကင်းရဲ့အောက်မှာ ဒီကုမ္ပဏီက နေပြီး လမ်းသစ်ဖောက်လုပ်ရေး လုပ်နေတယ်လေ။ အေကေ ကုမ္ပဏီက ၃၆၅-၃၅၆ တပ်ရင်းနှစ်ခု ကြားမှာရှိတာလေ။ အဲဒီတပ်ရင်းနှစ်ခုအောက်မှာ လမ်းသစ်ဖောက် လုပ်ရေးလုပ်နေတယ်။”

မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှုများ မကြာခနဖြစ်ပွားခဲ့ဖူးသော်လည်း ယခုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သီးခြား အ တည်ပြုနိုင်ခြင်းမရှိသေးပေ။

ရဲစခန်းနှင့် နီးစပ်သူတဦးက ယခင်ပေါက်ကွဲမှုများမှာလည်း တရားခံဖော်ထုတ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခုလိုပြော သည်။

“အခုကျနော် ရဲတွေဘာတွေကို ဂဃနဏမေးကြည့်တယ်လေ။ သိပ်မသိဘူးဗျ။ သူတို့အဲဒီ ဖောက်ခွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါဆိုတာလည်း အတိအကျပြောလို့မရသေးဘူး။ မြဝတီမှာ ဖြစ်ပျက်နေ တာက တစ်ကြိမ်မဟုတ်ဘူးလေ၊ သုံး လေးငါးကြိမ်ရှိနေပြီလေ။ အခုချိန်ထိလည်း ဖော်ထုတ်လို့ မရ သေးဘူးလေ။”

ယခုလ ၂၂ ရက်နေ့တွင်ဖြစ်ပွားခဲ့သော မြဝတီမြို့ရှိ ရွှေဆိုင်ဓါးပြတိုက်မှုအတွက် စစ်ဆေးရန် နေပြည်တော်မှ အ ထူးရဲတပ်ဖွဲ့များ ရောက်ရှိနေသော်လည်း ယခုပေါက်ကွဲမှုနှင့် ပတ်သက်မှုမရှိနိုင် ကြောင်းကို ဒေသခံတဦးမှ သုံးသပ်ပြောဆိုသည်။

“အကုန်လုံးက ငြိမ်ကုတ်နေတယ်။ ငြိမ်ကုတ်နေတယ်ဆိုတာ ဒု-ရဲမှူးကြီးမောင်မောင်ခင်နဲ့ အဖွဲ့ရယ်၊ နောက်ပြီး နေပြည်တော်က အထူးအဖွဲ့တွေရယ် ရောက်နေတယ်။ သူတို့ရောက် နေတာနဲ့တော့ မ ပက်သတ်နိုင်ဘူး။ သူတို့ရောက်နေတာက ရွှေဆိုင်ဓါးပြတိုက်မှုနဲ့ နောက် လိုင်စင်မဲ့ကားတွေကိစ္စ။ လာ စုံစမ်းတာ။”
ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့တွင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံနှင့် စစ်အစိုးရတပ်တို့ လှုပ်ရှားနေပြီး ယခုနှစ်အတွင်း ပေါက်ကွဲမှု လေးကြိမ်ထက် မနည်းဖြစ်ပွားခဲ့သည်။


နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသထွက်

ဧရာဝတီ Wednesday, June 30, 2010

နျူကလီးယား စစ်ဆေးရေးမှူးဟောင်း ရေးသား ပြုစုသည့် စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက် ဆိုင်ရာ အစီရင်ခံစာကို ဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသ ထွက်လျက် ရှိကြောင်း သိရသည်။

ပြည်ပသို့ တိမ်းရှောင်လာသော ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင်လာသည့် အထောက်အထားများအပေါ် မူတည်၍ နိုင်ငံ တကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီ ဦးဆောင်ပြုစုပြီး ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုလ အစောပိုင်းတွင် အစီရင်ခံစာတခု ထုတ်ပြန်ခဲ့သည်။

“မြန်မာ့ နျူကလီးယား ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများ” အမည်ရှိ အစီရင်ခံစာတွင် စစ်အစိုးရ၏ နျူကလီးယား အစီအစဉ် များသည် “ကျွမ်းကျင် သေသပ်မှု မရှိ”၊ “အကြမ်းထည် ဆန်လွန်းသည်” ဟု ရောဘတ် ကယ်လီက ကောက်ချက် ချထားသည်။


“နျူကလီးယား ထုတ်လုပ်ရေးနှင့် ဆက်စပ်သည့် စစ်ဌာနချုပ် များတွင် လက်တွေ့ သုတေသန ဆောင်ရွက်မှု ရှိပုံမရ။ အနည်းဆုံး အားဖြင့် နျူကလီးယား ဆိုင်ရာ အစိတ် အပိုင်းများ၊ စမ်းသပ်မှု များကိုပင် လုပ်နိုင်ပုံ မရသေး”ဟုလည်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

စနစ်တကျ အသေးစိတ် သုံးသပ်ထားသော အစီခံစာကို ဖတ်ရှုပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် နီးစပ်လာပြီဟု အစဉ်တစိုက် သတင်းပို့နေခဲ့သော သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဦးသောင်း စသည့် ထိပ်တန်းအစိုးရအရာရှိများ၏ လိမ်ညာ ထား ချက်များကို သိမြင်လာသဖြင့် ဗိုလ်ချုပ်မှူးကြီးက ဒေါသထွက်နေခြင်းဖြစ်သည်ဟု နေပြည်တော် စစ်အသိုင်းအဝိုင်းက ဆိုသည်။

စစ်ဗိုလ်ချုပ်များ အနေဖြင့် နျူကလီးယားပိုင်ဆိုင်သည့် အင်အားကြီးနိုင်ငံဖြစ်ရေး အောင်မြင်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိကြောင်း၊ စစ်အစိုးရသည် နျူကလီးယားဗုံး ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားပြီး နိုင်ငံတကာ သဘောတူညီချက်များ ကို ချိုးဖောက်နေကြောင်း ရောဘတ် ကယ်လီက အစီရင်ခံစာထဲတွင် သုံးသပ်ထားသည်။

“အထောက်အထားများကို ကြည့်ခြင်းအားဖြင့် နျူကလီးယားတပ်ဖွဲ့က ရေးဆွဲထားသည့် ပုံစံမူကြမ်းများမှာ ကျွမ်းကျင်မှု မရှိ ခြင်းကို ပြနေသည်။ အချက်အလက်များ စိစစ်မှုအရ မြန်မာစစ်အစိုးရ၏ နျူကလီးယား အစီအစဉ်မှာ ခေတ်နောက်ကျလွန်း လှပေသည်”ဟု ရောဘတ် ကယ်လီက ဆိုထားရာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကတည်းက အာဏာရှင် ဦးနေဝင်းကို အောက်ခြေ အရာရှိများက လိမ်ညာ ဖုံးဖိထားသည့် အစီရင်ခံစာများ၊ အာဏာရှင် အကြိုက်ဖြစ်မည့် သတင်းလွဲများသာ တင်ပြခဲ့ကြသဖြင့် နောက်ဆုံးတွင် မည်သည့်စီမံကိန်းမျှ အကောင်အထည် မပေါ်ခဲ့ခြင်းကို ဗိုလ်ချုပ်မှူးကြီး စေ့စေ့တွေးရင်း အံတကြိတ်ကြိတ် ဖြစ်နေမည်မှာ မလွဲဟု ဝေဖန်သုံးသပ်သူများက ဆိုကြသည်။

ဝေါမြို့နယ်အာဏာပိုင်များ အမတော်ကြေးငွေ ဖြတ်တောက်ယူ

မင်းနိုင်သူ Wednesday, June 30, 2010

ပဲခူးတိုင်း ဝေါမြို့နယ်ရှိ အစိုးရ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်တွင် စိုက်ပျိုးစရိတ် ချေးငွေ (အမတော်ကြေး) များ ထုတ်ပေးနေရာ သက်ဆိုင်ရာ အာဏာပိုင်များက ယင်းချေးငွေမှ ဖြတ်တောက် နုတ်ယူမှုများ ပြုလုပ်ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။


ယမန်နေ့က ချေးငွေ သွားရောက်ထုတ်ယူခဲ့သည့် ညောင်ကိုင်းကျေးရွာ လယ်သမား တဦးက“မနေ့က ရုံးကို ချေးငွေသွားထုတ်တာ ကုန်ကျစရိတ်အတွက်ဆိုပြီး ၂၅၀၀ ကျပ် ဖြတ်တယ် ၊ နောက် လယ်ထဲထည့်ရတဲ့ ကျောက်မှုန့်အတွက် ငွေ ၃၀၀၀ ကျပ်နဲ့ ပုလဲ ဓာတ်မြေသြဇာ တအိတ်အတွက် ၁၈၀၀၀ ကျပ် ဆိုပြီး ဖြတ်တယ် ၊ ဒါနဲ့ ကျနော်က ဒီကျောက်မှုန့်နဲ့ မြေသြဇာက ဘယ်တော့ရမှာလဲ မေးတော့ မသိဘူးတဲ့ ၊ လောလောဆယ် ငွေသွင်းထားရမယ်ပဲ ပြောတယ်"ဟု ဧရာဝတီသို့ ပြောသည်။

မဆလ အစိုးရ လက်ထက်က လယ်သမားများအတွက် အမတော်ကြေးငွေများကို စိုက်ပျိုးရေးဘဏ် တာဝန် ရှိသူများက ကျေးရွာများသို့ ဆင်း၍ ချေးငွေ ထုတ်ပေးရာ တောင်သူလယ်သမားများက ဧည့်ခံစရိတ်များ ပေးအပ်ကြရကြောင်း ၊ နအဖ စစ်အစိုးရလက်ထက်တွင် ၀ိုင်းကြီးချုပ်စနစ်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေထုတ်ချေးသော်လည်း သက်ဆိုင် ရာ ရယက ဥက္ကဌများက မြို့နယ်ဘဏ်ခွဲများနှင့်ပူးပေါင်း၍ ငွေကြေးဖြတ်တောက်မှုများ နှစ်စဉ်ပြုလုပ်လျက်ရှိကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

ဝိုင်းကြီးချုပ်စနစ်ဆိုသည်မှာ ချေးငွေထုတ်ယူကြမည့် လယ်သမား ၅ ဦး စုစည်းစေကာ ငွေထုတ်ချေးခြင်းဖြစ်ပြီး တဦးမပေးဆပ်ပါက ကျန် ၄ ဦးက ပေးဆပ်ရသည့် စနစ်ဖြစ်သည်။

ဝေါဒေသခံလယ်သမားတဦးကလည်း"လယ် တဧက အတွက် ငွေ ကျပ်၂၀၀၀၀ ထုတ်ချေးတယ် ၊ ဧက ဘယ်လောက်များများ ၁၀ ဧက အတွက်ပဲ ချေးတယ် ၊ အတိုးနှုန်းက ၂ ကျပ်တိုးနှုန်းနဲ့ လာမယ့် ဖေဖော်ဝါရီလမှာ ပြန်ဆပ်ကြရမယ် ၊ ၁၀ ဧက နဲ့ အထက် ရှိတဲ့ လူတွေက ချေးငွေ ၂ သိန်း ဆိုပေမယ့် ဟိုဟာ ဒီဟာ အဖြတ်ခံရနဲ့ တကယ်ရကြတာက တသိန်းခွဲကျော်ကျော်ပဲ"ဟု ပြော သည်။

နာဂစ်ဖြစ်ပွားပြီးနောက် စစ်အစိုးရ၏ ညွှန်ကြားချက်အရ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များ၏ ကုမ္ပဏီ ၂၅ ခု ကျော်က ဧရာဝတီ တိုင်း နှင့် ပဲခူးတိုင်းအတွင်းရှိ လယ်သမားများကို ယမန်နှစ်မှစ၍ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် ပဲခူး တိုင်းဝေါမြို့နယ်အတွင်း၌ စိုက်စရိတ်ထုတ်ချေးသည့် ပုဂ္ဂလိက ကုမ္ပဏီ မရှိကြောင်း သိရသည်။

ညောင်ကိုင်းကျေးရွာတွင် မေလ ၂၇ ရက်နေ့က မြို့နယ်မြေစာရင်းရုံးနှင့် ကျေးရွာ ရယက ပူးပေါင်း၍ သီးစားခအခွန်ပြေစာ အတွက် ဟု ဆိုကာ တဧကလျှင် ငွေကျပ် ၃၀၀၀ နှုန်း ကောက်ခံသွားသေးကြောင်း ဒေသခံလယ်သမားများက ပြောသည်။

“အရင်နှစ်တွေက တခါမှ သီးစားခပြေစာပေးရတာမျိုး မရှိခဲ့ပါဘူး ၊ ဒီနှစ်မှ ရယက ဥက္ကဌ ကိုအေးလွင်အိမ်မှာ လယ်သမားတွေကို ဆင့်ခေါ်ပြီး သီးစားခပြေစာအတွက် တဧကကို ငွေ ၃၀၀၀ ကောက်တယ် ၊ တချို့တွေက မပေးသေးဘူး ၊ တချို့တွေက ပေးလိုက် ရတယ်"ဟု ညောင်ကိုင်း လယ်သမားတဦးက ပြောသည်။

ညောင်ကိုင်းကျေးရွာတွင် ကျေးရွာ ရယက စာရင်းအရ လယ်သမား ၃၈၈ ဦး ရှိပြီး လယ်မြေဧက ၃၀၀၀ ကျော်ရှိကြောင်း သိရ သည်။

စိုက်ပျိုးစရိတ်ချေးငွေများ ဖြတ်တောက်နေမှုနှင့် စပ်လျဉ်း၍ ဝေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးမြင့်စိုးသို့ နံနက်တကြိမ် ၊ ညနေတကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မယက ရုံးသို့ အစည်းဝေးသွားနေပါသည်ဟူ၍သာ အမျိုးသမီး ၀န်ထမ်းတဦးက ပြန်လည် ဖြေဆိုသည်။

၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက် ဇွန်လ အတွင်းကလည်း ပဲခူးတိုင်းအတွင်းရှိ လယ်သမားများ၏ စိုက်ပျိုးစရိတ် ချေးငွေများကို ဒေသအာဏာပိုင်များက မုန်တိုင်း ကယ်ဆယ်ရေးအတွက်ဟု အကြောင်းပြ၍ နှုန်းထားသတ်မှတ်ပြီး အတင်းအကျပ် ဖြတ်တောက်ယူမှုများ ပြုလုပ်ခဲ့သေးသည်။

သြစတြေးလျ ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်ရမည်

စိုင်းဇွမ်ဆိုင်း Wednesday, June 30, 2010

သြစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် မဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း သြစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရှိရသည်။

မဇင်မွန်အေးသည် ဖခင် ဗိုလ်မှူးချုပ် ဇင်ယော်၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။

ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။

၂၀၀၀ ပြည့်နှစ် မေလ ၂၄ ရက်နေ့က အနောက်နိုင်ငံများမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်း တွင်လည်း ဗိုလ်မှူးချုပ် ဇင်ယော်နှင့် ဒေါ်ခင်သီရိ တို့ ပါဝင်နေခဲ့ပြန်သည်။

University of Western Sydney တွင် စာရင်းကိုင် ပညာဖြင့် မဟာတန်း တက်ရောက်နေသူ အသက် ၂၅ နှစ် အရွယ်ရှိ မဇင်မွန်အေး ၏ ရှေ့နေဖြစ်သူ တိုနီ ဆေးလ်ဗား က“သူ့မှာ အပြစ်မရှိဘူး ဆိုပေမယ့် အပြစ်ပေးခံရတော့မှာဖြစ်တဲ့ အတွက် ဝမ်းနည်း မိပါတယ်”ဟု The Australian သတင်းစာသို့ ပြောကြားထားသည်။

မဇင်မွန်အေးသည် သြစတြေးလျ နိုင်ငံသို့ ၂၀၀၈ ခုနှစ်က ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းကို နေထိုင်ခွင့်ပေးခဲ့သော သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဖင် စမစ် ကို ပြည်ထောင်စု တရားရုံးက မေးခွန်းထုတ်ခဲ့သေးသည်။

ပြည်ထောင်စု တရားရုံး၏ တရားခွင်အတွင်း၌ မဇင်မွန်အေးက“သူမ၏ ဖခင်သည် မြန်မာ စစ်အစိုးရအုပ်စုအတွင်းတွင် ပါဝင်နေသဖြင့် သူမက မိဘဖြစ်သူများနှင့် ကင်းကင်းရှင်းရှင်းနေခဲ့ကြောင်း”တရားရုံးသို့ ထွက်ဆိုခဲ့သည်ဟု ယနေ့ထုတ် The Australian သတင်းစာတွင် ဖော်ပြထားသည်။

ဆက်လက်၍“သူမသည် မိဘများကို ငွေကြေးအရပင် ပတ်သက်မှု မရှိကြောင်း၊ ကိုယ်ပိုင်အလုပ်လည်း ရှိ ကြောင်း” တရားရုံးတွင် ထွက်ဆိုထားခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ မဇင်မွန်အေး က အယူခံဝင်ခဲ့သော်လည်း အယူခံ ပယ်ချခံခဲ့ရကြောင်း သိရသည်။

မဇင်မွန်အေး က“စစ်ဗိုလ်ချုပ် သားသမီးများ ဖြစ်နေသော်လည်း စစ်အာဏာရှင် စနစ်ကို မထောက်ခံသည့်အတွက် သြစတြေးလျ နိုင်ငံ အနေဖြင့် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု မပြုသင့်ကြောင်း”လျှောက်လဲချက် ပေးခဲ့ကြောင်းလည်း The Australian သတင်းစာကဖော်ပြသည်။

ထို မဇင်မွန်အေး တဦးတည်းသာ မဟုတ်ဘဲ ပြည်ပတွင် ပညာသင်ကြားနေသော မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီး များစွာ ကျန်ရှိနေသေးကြောင်း စစ်တပ်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောဆိုသည်။

မိုင်းလားတပ်ဖွဲ့နယ်မြေ၌ အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံ ဖြုတ်ချဖျက်ဆီး

သျှမ်းသံတော်ဆင့်


ပြီးခဲ့သည့်အပတ်က မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံကို ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်ကာ လူမြင်သာသည့်ကားလမ်းမဓါတ်တိုင်တွင် ချည်ထားကြောင်း စုံစမ်းသိရှိရပါသည်။

ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံး ဂျီဝမ်းအသစ်နဲ့အဖွဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိုင်းဟိုင်းမြို့မှာ နှစ်နိုင်ငံမြို့နယ် အဆင့် နယ်စပ်ကိစ္စဆွေးနွေးပွဲ မသွားခင်မှာဘဲဖြစ်တာ၊ ဘယ်သူ့လက်ချက်မှန်းမသိဘူး၊ နအဖ ရဲ့ ဌာန ဆိုင်ရာရုံး ၄ ခုက အလံ ၄ ခုစလုံး ညအချိန်ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်တယ်၊ တချို့အစအနတွေ လမ်းပေါ်ကြဲပစ် ထားတယ်။ တချို့အပိုင်း ဟာကိုဓါးနဲ့ချိုဒ်ပြီးဓါတ်တိုင် မှာသွားချည်ထားတယ်” - ဟု ကျိုင်းတုံမြို့ခံတဦးက ပြောပြပါသည်။

မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၈၉၆ နှင့် တပ်မဟာ ၃၆၉ တို့ ပူးပေါင်းထိန်းချုပ်သည့် ဆီလူးမြို့ရှိ နအဖ၏ ကျန်းမာ ရေးဌာန၊ ပညာရေးဌာန၊ စိုက်ပျိုးရေးဌာန နှင့် တိရစ္ဆာန်ဌာနရုံးများ၏အလံများ ဂျွန် ၂၁ ရက် ညဥ့်နက် ပိုင်းက ဖြုတ်ချဖျက်ဆီးခံရ ခြင်းဖြစ်သည်။

“ဗမာစစ်တပ်ကဘဲ မိုင်းလားတပ်ဖွဲ့ကို အကြောင်းမရှိ အကြောင်းရှာ၊ ရန် ရှာချင်လို့ လံကြုပ်ဖန်တီး တာဖြစ်နိုင် သလို အသွင်ပြောင်းဖို့ အမြို့ဖိအားပေးခံနေတာကို အမြင်ကပ်လို့ ဒေသခံတပ်မှူးတပ်သားတွေ လုပ်တာလဲ ဖြစ်နိုင်တယ်”- ဟု တရုတ် နယ်စပ် အကဲခတ်သူတဦးကပြောပါသည်။

အဆိုပါကိစ္စကို မိုင်းလားတပ်ဖွဲ့သိလျှင်သိခြင်း အခင်းဖြစ်သည့် နေရာသို့ မိုင်းလား ဗဟိုဌာနချုပ်မှအာဏာပိုင်များသွား ရောက် စစ်ဆေးခဲ့ကြကြောင်း၊ မဆလ/န၀တ အလံ ဖျက်ဆီးသည့်တရားခံကိုလည်း အမြန်ဆုံးဖမ်းမိရန်စုံစမ်းမေးမြန်း နေကြောင်း- မိုင်းလား တပ်ဖွဲ့ အရာရှိတဦး ကပြောပြပါသည်။

ဂျွန် ၂၄ ရက် တရုတ်ပြည် ယူနန်နယ် ဆစ်ဆောင်ပန်းနားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မိုင်းဟိုင်းမြို့ နှစ်နိုင်ငံ (မြို့နယ် အဆင့်) တရုတ် - မြန်မာ နယ်စပ်အရေးဆွေးနွေးပွဲမှအပြန် မိုင်းလားမြို့ ညအိပ်ရပ်နားစဉ် တြိဂံစစ်တိုင်း ရုံး ဂျီဝမ်းသစ် ဒု-ဗိုလ်မှူးကြီးတင့်ဆွေနှင့်အဖွဲ့ မိုင်းလားအာဏာပိုင်များနှင့် တွေ့ဆုံရာ၌လည်း နယ်ခြားစောင့် တပ်အရေးထက်အလံဖျက် ဆီးခံရသည့် ကိစ္စကို ဦးစားပေးပြောသွားကြောင်း နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောပါသည်။

တြိဂံတိုင်း ဂျီဝမ်းသစ်နှင့်အဖွဲ့အား မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ ဆန်းပေ နှင့် စ၀်ဆန်လူတို့ လက်ခံတွေ့ဆုံစဉ် တင်ပြစရာ တောင်းဆိုစရာများရှိလျှင် ပြောနိုင်ကြောင်း၊ အထက်သို့ တင်ပြပေးမည်ဖြစ်ကြောင်း ဒု-ဗိုလ်မှူးကြီး တင့်ဆွေမှကမ်းလှမ်း သော်လည်း ဘာမျှဆွေးနွေးစရာမရှိကြောင်း ၂၅/၆/၂၀၁၀ နေ့ ပြောဆိုကြပြီး ယခင် ကကဲ့သို့ ထမင်းဝိုင်းထိုင်အတူ စားသောက်ခြင်းပင်မရှိဟု ကြားသိရ၏။ ယခုတွေ့ဆုံမှုသည် ဧပြီ ၂၈ ရက်နေ့ နအဖနောက်ဆုံးသတ်မှတ်ရက် နောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ဆုံကြခြင်းဖြစ်သည်။

အတိမ်းအစောင်းမခံသူ (သို့မဟုတ်) ဒေါက်တာ နိုင်ပန်းလှ

ဝီရ

သမိုင်းဆရာသည် ကရုဏာ၊ စေတနာ မပိုရ။ ဒေါသလည်း မဖြစ်ရပါ။ လိုရာဆွဲပြီး ဖန်တီးထားသည့် အချက်ပါလျှင် အပြစ်ရှိသည်။ အမှန်ကို ထိမ်ချန်လျှင်လည်း အပြစ်ရှိသည်။ မည်သည့်သမိုင်းတွင်မဆို ဝိဝါဒကွဲပြားမှုများ ရှိစမြဲပင်။ သို့သော် ထာဝရအမှန်တရားဟု မည်သည့်သမိုင်းကြောင်းတွင်မှ မရှိ။ မည်သည့်သမိုင်းကြောင်းမှ အပြည်စုံဆုံးဟူ၍ မဆိုနိုင်။

တခါတရံ၌ သမိုင်းဆရာသည် ဟောကိန်းထုတ်တတ်သည်။

(၂)

၂၀၀၂ ခုနှစ်၊ သွေးဆေးကန် မွန်ကျောင်းတိုက်၊ ဗဟန်း။

“မွန်ဘာသာစကားကို စနစ်တကျ ထိန်းသိမ်းသွားတာမရှိရင် နောင်အနှစ် (၄၀) အတွင်းမှာ ပျောက်ကွယ်သွားနိုင်တယ်” ဟူ၍ မွန်ကျမ်းပြုဆရာ ပါမောက္ခ ဒေါက်တာ နိုင်ပန်းလှက သွေးဆေးကန် မွန်ကျောင်းတိုက်ရှိ မွန်လူငယ်များနှင့် တွေ့ဆုံပွဲလေး တပွဲတွင် စတင်ဟောကိန်းထုတ်ခဲ့သည်။

ထိုသတိပေးချက်သည် မွန်လူမျိုးတို့အတွက် စိန်ခေါ်မှုတရပ်ဖြစ်သကဲ့သို့ အဖြေမဲ့သေးသည့် ပုစ္ဆာတပုဒ်လို ဖြစ်နေဆဲပင်။
“ကျနော် ရူးနေတယ်လို့ တချို့က ဆိုချင်ဆိုကြပါစေ။ ကျနော် အသက်ရှင်နေသရွေ့ ကျနော့်ကိုယ်ပိုင်ဘာသာစကား ပျောက်ကွယ်သွားတာ အဖြစ်မခံနိုင်ဘူး” ဟု ပြောကြားခဲ့သူ အသက် (၈၈) နှစ်ရှိပြီဖြစ်သော ဆရာကြီး နိုင်ပန်းလှသည် လေဖြတ်ရောဂါဖြင့် ၂၀၁၀ ခုနှစ် ဇွန်လ (၁၈) ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ဇွန်လ (၂၀) ရက်နေ့က ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိလိုက်ရသည်။ ဆရာကြီး၏ အုတ်ဂူကို ၎င်း၏ဇာတိရွာ ကရင်ပြည်နယ် ကော့ဗိန်းရွာမှာ တည်သွားမည်ဖြစ်သည်။

(၃)

ဒေါက်တာ နိုင်ပန်းလှသည် သမိုင်းကျမ်းပြုဆရာပီပီ ထိုဟောကိန်းကို ထုတ်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်ရှိ မြို့ပေါ်နေလူထုကြားတွင် မိခင် (မွန်) ဘာသာစကား ပြောဆိုအသုံးပြုမှု နည်းပါးလာခြင်း၊ မြို့ပေါ်နေ မွန်တို့က နေအိမ်တွင်ပင် မိခင်ဘာသာစကား ပြောဆိုမှု နည်းပါးလာခြင်း၊ မွန်စာပေ ရေးသားသုံးစွဲမှု နည်းပါးလာခြင်း (အလေးထားမှု နည်းပါးလာခြင်း) စသည့် အချက်များကြောင့် နောင်အနှစ် (၄၀) အတွင်း မွန်ဘာသာစကား ပျောက်ကွယ်သွားနိုင်ကြောင်း ဆရာကြီး နိုင်ပန်းလှက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျနော် ဂျပန်မှာ (၁၀) နှစ်ကျော်ကျော် အမှုထမ်းပြီး ဒီကို ပြန်ရောက်လာတော့ ကျနော့်မြေးတွေကိုယ်တိုင်က မွန်စကား မပြောတတ်ကြတော့ဘူး။ ကျနော့်မြေးအရွယ် Generation (မျိုးဆက်) တွေသာ ဒီပုံအတိုင်း သွားနေရင် သူတို့သားသမီးတွေ လက်ထက်ရောက်ရင် သူတို့ကိုယ်သူတို့ မွန်လူမျိုးတွေမှန်းတောင် သိကြတော့မှာ မဟုတ်တော့ဘူး” ဟု ဆရာကြီး နိုင်ပန်းလှက အနီးစပ်ဆုံး ဥပမာတခုကို ထိုတွေ့ဆုံပွဲ၌ ချပြခဲ့သည်။ ဆရာကြီး ပြောသည့်အတိုင်းသာ ဆိုလျှင် နောင်မကြာတော့မည့်အချိန် နှစ်ပေါင်း (၃၀) ကျော်မှာ မွန်စကား ပျောက်သွားတော့မည်ဖြစ်သည်။

မြို့ပေါ်နေလူတန်းစားများအတွက် ဖြစ်နိုင်ခြေ ပိုများမည်ဟု ခန့်မှန်းရပါသည်။ သို့သော် အားလုံးတော့ မဖြစ်နိုင်ဟု တချို့မွန်ဆရာတော်တို့က တုံ့ပြန်ကြသည်။ မပျောက်နိုင်သူများထဲတွင် ဆရာကြီး နိုင်ပန်းလှ၏ သားသမီးတချို့လည်း ပါဝင်သည်။

ဆရာကြီး၏ တဦးတည်းသော သမီး ဒေါ်ခင်ခင်လှတို့အိမ်သို့ စာရေးသူ အကြိမ်ကြိမ် ရောက်ဖူးသည်။ ထိုအိမ်၌ အိမ်အလုပ်ကူလုပ်ရန် ဆရာကြီး၏ ဇာတိရွာမှ အဒေါ်ကြီး၊ အဘကြီးတို့ကို ခေါ်ထားသည်။ ထိုနေအိမ်တွင် ကရင်ပြည်နယ် ကော့ဗိန်းရွာ၏ မွန်စကားသံအတိုင်း ဒေါ်ခင်ခင်လှ၏ သားသမီးတို့က ပြောဆိုတတ်ကြသည်။ မွန်စာကိုလည်း ကောင်းမွန်စွာ တတ်ကျွမ်းကြကြောင်း နောက်ပိုင်းတွင်မှ သိရသည်။

“အပြင်သွားရင် ဘယ်ဘာသာစကားပဲပြောပြော အိမ်ထဲရောက်တာနဲ့ မိခင်ဘာသာစကားကို သုံးစွဲဖို့ မိဘတိုင်းက ကိုယ့်သားသမီးကို သွန်သင်ဆုံးမတတ်ရမယ်။ ဒီလိုမဟုတ်ဘဲ ငါ့သားသမီးတွေ ဗမာစကားမတတ်ကျွမ်းမှာ စိုးလို့ဆိုပြီး ‘ကွိုင်းခနုံး’ ခေါ်ရမယ့်အစား မိဘကိုယ်တိုင်က ‘မုန့်ဟင်းခါး’ ‘မုန့်ဟင်းခါး’ ဆိုပြီး အရှေ့ရောက်နေတဲ့သူတွေ ရှိနေလို့ သားသမီးတွေက အဲဒီအခြေအနေရောက်သွားတာ ဖြစ်တယ်” ဟု ဆရာကြီးက မြို့ပေါ်နေ မွန်လူမျိုးတို့အား ဝေဖန်တတ်သေးသည်။

ဆရာကြီး နိုင်ပန်းလှသည် မွန်စာပေ၊ ဘာသာစကား ဆက်လက်ရှင်သန်နိုင်ရန် နည်းမျိုးစုံဖြင့် ပံ့ပိုးပေးခဲ့သူ ဖြစ်သည်။ ဆရာကြီး နိုင်ထွန်းသိန်းနှင့်အတူ မြန်မာစာရေးဆရာများ၏ အကူအညီဖြင့် ရန်ကုန်မြို့တွင် ခေတ်ဟောင်းနှင့် ခေတ်သစ် မွန်ကျောက်စာသင်တန်း၊ နှစ်စဉ်နှစ်တိုင်း ကျင်းပနေသော မွန်စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာမေးပွဲများကို ကျင်းပ၍ ထာဝရရန်ပုံငွေ တည်ထောင်ကာ ပံ့ပိုးပေးခြင်း၊ ခေတ်သစ်မွန်စာပေ သင်ကြားရေးနည်းများနှင့်ဆိုင်သော စာအုပ်များ ထုတ်ဝေခြင်း စသည်တို့ကို ဆရာကြီးက တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ဆရာကြီးသည် မွန်ရိုးရာ အကပညာရပ်များကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားသူဖြစ်သည်။

(၄)

ဆရာကြီး နိုင်ပန်းလှ၏ ဟောကိန်းနှင့်ပတ်သက်၍ ခေတ်ပညာတတ်လူငယ်တချို့က ထောက်ခံကြသည်။ မွန်ပြည်သစ်ပါတီရုံးပေါ်တွင် မြန်မာစာ၊ မြန်မာစကား သုံးစွဲမှုသာ များပြားခြင်း၊ မွန်စာပေ အသုံးဝင်မှုအပိုင်း လမ်းပြပေးနိုင်မှု အားနည်းနေခြင်း (အနာဂတ်မရေရာခြင်း)၊ နွေရာသီ မွန်စာပေသင်တန်းများသို့ နှစ်စဉ် တက်ရောက်သူ များပြားလာသော်လည်း သင်ကြားချိန် နည်းပါးခြင်းကြောင့် တတ်မြောက်သူဦးရေ နည်းပါးခြင်း စသည်တို့ကို ထောက်ပြသည်။ သို့သော် မွန်လူမျိုးတို့အတွက် အဆိုးဝါးဆုံးသောကာလ အလောင်းမင်းတရားလက်ထက်၌ပင် မွန်စာပေ၊ ဘာသာစကား ပျောက်ကွယ်သွားခြင်း မရှိသည်ကို မွန်ဆရာတော်ကြီးတို့ကလည်း ထောက်ပြကြသည်။

နွေရာသီ မွန်စာပေသင်တန်းသားဦးရေ နှစ်စဉ် များပြားလာသည့်အကြောင်း၊ မွန်ပညာရေးကျောင်းသူကျောင်းသားဦးရေ နှစ်စဉ် များပြားလာသည့်အကြောင်းများဖြင့် ပြည်တွင်းမွန်စာပေယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတို့က ကိန်းဂဏန်းများဖြင့် ပြန်လည်ထောက်ပြကြသည်။

ဝမ်းအနည်းရဆုံး ဖြစ်ရပ်များအနက် မော်လမြိုင်မြို့ပေါ်တွင် ၂၀၀၈ ခုနှစ်က စတင်လာခဲ့သော မွန်စာတမ်းဖတ်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူအားလုံးမှာ မွန်လူမျိုးများသာ ဖြစ်ကြသော်လည်း စာတမ်းများကို မွန်ဘာသာစကားဖြင့် မဖတ်ကြားဘဲ မွန်ပညာရှင်တို့က မြန်မာဘာသာဖြင့်သာ ဖတ်ကြားကြသည့်အပေါ် ပြည်တွင်းပြည်ပရှိ မွန်လူငယ်တို့၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။

အမှန်အားဖြင့်ဆိုရသော် ပြည်တွင်းမွန်လူမျိုးပင်ဖြစ်စေ၊ ပြည်ပရောက်မွန်လူမျိုးပင်ဖြစ်စေ ၎င်းတို့၏ နေ့စဉ်သုံးစကားများတွင် အခြားဘာသာစကား ထက်ဝက်ကျော် ပါဝင်နေသည်ကို သတိမပြုမိကြချေ။

(၅)

ငယ်နာမည် ‘အဒွတ်’ မည်သော နိုင်ပန်းလှကို ကရင်ပြည်နယ်၊ ဂျိုင်းမြစ်ကမ်းပေါ်ရှိ ကော့ဗိန်းရွာတွင် ၁၉၂၃ ခု မတ်လ (၂၀) ရက်၌ မွေးဖွားခဲ့ပြီး ကော့ဗိန်းရွာ ဘုန်းတော်ကြီးကျောင်းတွင် မွန်၊ မြန်မာ၊ အင်္ဂလိပ်စာတို့ကို စတင်ဆည်းပူးခဲ့သည်။ ကျောင်းစာကိုလည်း (၈) တန်းအထိသာ ပညာဆည်းပူးခဲ့သည်။ ထိုထက် ထူးခြားသည်မှာ အသက် (၆၉) နှစ်အရွယ်တွင်မှ နိုင်ငံတကာတက္ကသိုလ်တို့၏ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခြင်းများကို ဆက်တိုက်ခံခဲ့ရသည်။

အသက် (၂၄) နှစ်အရွယ်တွင် ရန်ကုန်မြို့၊ မြို့မအမျိုးသားကျောင်း၊ တက္ကသိုလ်ဝင်တန်းတွင် (၃) လခန့် ပညာသင်ကြားခဲ့ဖူးသည်။ ဒေါက်တာ နိုင်ပန်းလှသည် ဘန်ကောက်မြို့အနီး မွန်ကျေးရွာတွင် တွေ့ရှိလာသော သထုံ-ဟံသာဝတီ ရာဇဝင်စာအုပ် (ပ-ဒု) တွဲကို အခြေခံ၍ မဂဒူးမင်းဆက်မှစ၍ ရာဇာဓိရာဇ်အထိ ယူကာ မွန်၊ မြန်မာပေမူများနှင့် စိစစ်ပြီး “ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း” ကို ပြုစုခဲ့ပြီးနောက်ပိုင်း သမိုင်းသုတေသနဆိုင်ရာ စာတမ်းများစွာကို ပြုစုရေးသားခဲ့သည်။

ထိုအချိန်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရှေးဟောင်းသုတေသနအဖွဲ့များတွင် နှစ်ပေါင်း (၄၀) ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျပန်နိုင်ငံ တက္ကသိုလ်များသို့ သင်ကြားပို့ချနိုင်ရန် ၁၉၆၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံ တက္ကသိုလ်များသို့ ဧည့်ပါမောက္ခအဖြစ်လည်းကောင်း၊ ပါမောက္ခအဖြစ်လည်းကောင်း အရှေ့တောင်အာရှ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို သင်ပြရန် တာဝန်ပေးခြင်းခံရသည်။

၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ L.A. မြို့ရှိ အနောက်ပစိဖိတ်တက္ကသိုလ်၌ ယဉ်ကျေးမှုမနုဿဗေဒ အထူးပြုဘာသာရပ်ဖြင့် B.Sc. နှင့် Ph.D. ဘွဲ့များကို ဆွတ်ခူးနိုင်ခဲ့သည်။ ကျောင်းတက်ရန်မလိုဘဲ ကျမ်းပြုတင်ပြခြင်းဖြင့် ထူးချွန်၍ ဒီဂရီများကို ဂုဏ်ထူးဖြင့် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် မွန်ဓမ္မသတ် (၁၁) မျိုးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြ၍ ဥပဒေပါရဂူ L.L.D. ဘွဲ့ကို ထိုတက္ကသိုလ်ကပင် ချီးမြှင့်ခဲ့သည်။

(၆)

ပေါင်းကူးတံတားတစင်း တည်ဆောက်ခြင်း

မြန်မာနိုင်ငံတွင် အရေးတော်ပုံကျမ်း (၅) စောင်အနက် တစောင်အပါအဝင်ဖြစ်သော ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ပြုစုရန် ဆရာကြီးတွင် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။

အဆိုပါကျမ်းကို ပြန်ဆိုရာတွင် ၁၂၇၂ ခုနှစ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီး ပတ်လတ်ရွာမှ ရခဲ့သည့် ပတ်လတ်ပုံနှိပ်မူ မွန်ဘာသာကို အခြေခံ၍ အခြားမွန်ပေမူများနှင့် ညှိနှိုင်းခြင်း၊ ဗညားဒလ၏ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း မြန်မာပေမူ (၉) မူ၊ အခြားပုံနှိပ်မူများနှင့် ညှိနှိုင်းခြင်း၊ မြန်မာစာညွန့်ပေါင်းကျမ်း၊ မှန်နန်း၊ ဦးကုလား စသော မြန်မာရာဇဝင်ကျမ်းများနှင့် တိုက်ဆိုင်၍ ဆရာကြီး နိုင်ပန်းလှက ပြန်လည်ပြုစုထားခြင်းဖြစ်သည်။

ရာဇဓိရာဇ် အရေးတော်ပုံကျမ်း၏ အမှာစာတွင် ပါမောက္ခ ဒေါက်တာ သန်းထွန်းက “သမိုင်းလေ့လာတဲ့လူတိုင်း အထောက်အထားစုံအောင် ရချင်တယ်။ မွန်-ဗမာဆက်ဆံရေးမှာ မွန်အထောက်အထားတွေ သိပ်ရချင်တယ်။ ဘာပြုလို့လဲဆိုတော့ တချို့အရေးကြီးတဲ့ကိစ္စတွေကို မွန်ကတမျိုး၊ မြန်မာကတမျိုး ပြောနေကြလို့ပါပဲ”။

(၁) ဘာသာပြန်တဲ့သူဟာ ကျမ်းစာအုပ်ရဲ့ မူရင်းဘာသာစကားကိုလည်း ကောင်းကောင်း တတ်ကျွမ်းရမယ်။ ပြန်ဆိုယူတဲ့ ဘာသာစကားမှာလည်း ပိုင်နိုင်ရမယ်။

(၂) ပြန်ဆိုတဲ့ အကြောင်းကိစ္စကိုလည်း ပိုင်နိုင်ရမယ် ဟူ၍ ဆိုထားပါသည်။ ဆရာကြီး နိုင်ပန်းလှသည် ထိုဂုဏ်ရည်များနှင့် ပြည့်စုံသူဖြစ်သည်။

ထိုကျမ်းသည် မွန်ဘာသာ ထုတ်ဝေပြီးနောက် (၁၀) နှစ်ကြာမှ မြန်မာဘာသာဖြင့် ထွက်လာခြင်းဖြစ်သည်။ မြန်မာဘာသာ ထွက်လာသော ထိုကျမ်းသည် ရှေးမွန်ပေမူဟောင်းများနှင့်ယှဉ်လျှင် ပြတ်တောက်ထားသည်များ ရှိနေသေးကြောင်း မွန်သမိုင်းပညာရှင်တချို့က ထောက်ပြကြသည်။ မည်သို့ပင်ဆိုစေကာမူ ဆရာကြီးက မွန်-မြန်မာဆက်ဆံရေးအတွက် အကြီးမားဆုံးသော တံတားတစင်း တည်ဆောက်ပေးခဲ့သည်။

သို့သော် မွန်ဘာသာမှ မြန်မာဘာသာသို့ မွန်ပညာရှင်များကိုယ်တိုင် ပြန်ဆိုသော ကျမ်းများမှာ ယနေ့အထိ ရှားပါးနေဆဲပင်။

မွန်-အင်္ဂလိပ်အဘိဓာန်များနှင့် ပတ်သက်၍ အမေရိကန်သာသနပြု ဒေါက်တာ ဟာစဝဲလ်က (၁၈၇၄) ခုနှစ်၌လည်းကောင်း၊ ဒေါက်တာ စတီဗင်က မွန်-အင်္ဂလိပ်-မြန်မာအဘိဓာန်ကို (၁၉၀၁) ခုနှစ်၌လည်းကောင်း၊ အပြည့်စုံဆုံးဟု ဆိုရမည့် (၁၉၂၂) ခုနှစ်ထုတ် မစ္စတာ ဟာလီဒေး၏ မွန်-အင်္ဂလိပ် အဘိဓာန်သည်လည်းကောင်း ထွက်ရှိလာပြီးနောက်ပိုင်း နိုင်ထွန်းဝေ၏ မွန်-အင်္ဂလိပ် အဘိဓာန်စာအုပ်တအုပ်နှင့် နိုင်ထွန်းသိန်း ပြုစုသော မွန်-မြန်မာ သဒ္ဒါနှိုင်းယှဉ်ချက် စာအုပ်တို့သာ ရှိတော့သည်။ မွန်စာပေများကို လေ့လာနိုင်ရန် ယင်းကဲ့သို့ စာအုပ်များ ထပ်မံထွက်ရှိလာရန် လိုအပ်နေဆဲဖြစ်သည်။ ထိုမျှမက နိုင်မောင်တိုး ပြုစုထားသော မွန်ဘာသာ “ရာဇဓိရာဇ်အရေးတော်ပုံကျမ်း” ကို ယနေ့ခေတ် မွန်လူငယ်တို့ ဖတ်ရှု၍ နားလည်နိုင်ရန် မွန်-မွန် အဘိဓာန်စာအုပ်များလည်း လိုအပ်လာသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျမ်းပြုစာအုပ်များသည် ဖတ်ရှုရန် ခက်ခဲနက်နဲလွန်း၍ ယနေ့ခေတ်လူငယ်များ လိုက်စားနိုင်ရန် မလွယ်ကူတော့ခြင်းကြောင့်ဖြစ်သည်။

(၇)

“မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ပုဂံရှိ စေတီပုထိုး ဂူဘုရား၊ ကုလားကျောင်းများနှင့် ၎င်းတို့တွင်ရှိသည့် ရှေးဟောင်းအနုပညာပစ္စည်းများနှင့် ပန်းချီဆေးရေများသည် သဘာဝ ရာသီဒဏ်၊ ငလျင်ဒဏ်နှင့် အချိန်ကာလကြောင့် ပျက်စီးမှုထက် လူတွေ၏ ဖျက်ဆီးမှုဒဏ်က ပို၍ ဆိုးရွားခဲ့ပါသည်” ဟု မနူဟာမင်း၏ ကောင်းမှု နန်းဘုရားအတွင်းရှိ ဗြဟ္မာကျောက်ရုပ်များ၏ ရင်ဘတ်တို့နှင့် အခြားဗုဒ္ဓဝင် ဆင်းတုတော်များ၏ ဝမ်းဗိုက်နှင့် ရင်ဘတ်များကို ဖောက်ထွင်း၍ ဌာပနာပစ္စည်း ရတနာများ ရှာဖွေခြင်းတို့ကြောင့် ရှေးဟောင်းအမွေအနှစ်များ ဖျက်ဆီးခံနေခြင်းကို ဆရာကြီး နိုင်ပန်းလှက “ယဉ်ကျေးမှု အနုပညာဖျက်ဆီးမှု” ခေါင်းစဉ်ဖြင့် ထောက်ပြခဲ့သည်။

သမိုင်းရေးဆရာ (သို့မဟုတ်) ကျမ်းပြုဆရာသည် သမိုင်းကြောင်း အထောက်အထားများကို အခြေခံ၍ မှတ်တမ်းတင်ရေးသားကြသည်။ ဒေါက်တာ နိုင်ပန်းလှကမူ ထိုထက်ပိုသည်။ ဆရာကြီးသည် မွန်-မြန်မာယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ သုတေသနပြုကျမ်းများ တင်ပြ၍ ကမ္ဘာသိအောင် ကြိုးစားရင်း တဘက်၌ အမျိုးသားစာပေ ပြန်လည်ထွန်းကားလာရေးအတွက် ကြိုးပမ်းခဲ့ရသူဖြစ်သည်။

သမိုင်းဆရာသည် ရှာဖွေရရှိလာသမျှ အချက်အလက်များကို စုစည်းပြီး အကောင်းဆုံး၊ သမိုင်းအမှန်ကို အနီးစပ်ဆုံး ရှာဖွေရန် တာဝန်ရှိသူဖြစ်သည်။ ဆရာကြီး နိုင်ပန်းလှသည် ထိုကဲ့သို့ လူမျိုးနှစ်မျိုးအကြားရှိ သမိုင်းကြောင်းနှစ်ခုစလုံးကို သမ၍ အမှန်တရား ရှာဖွေခဲ့သူ၊ ရဲဝံ့သူဟု ဆိုရပါမည်။

သမိုင်းဆိုတာက ဝိဝါဒ ကွဲပြားမှု ရှိစမြဲပဲ။ သို့သော် သမိုင်းရေးဆရာတွင်သာ မူတည်နေလိမ့်မည်။ သမိုင်းဆရာသည် ကရုဏာ၊ စေတနာ မပိုရ။ ဒေါသလည်း မဖြစ်ရပါ။ ။

(ဆရာကြီး နိုင်ပန်းလှ အမှတ်တရဆောင်းပါး …)



တရုတ်နယ်စပ် မြန်မာရဲကင်းကို ရွာသားများ တိုက်ခိုက်

သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ် ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးရွာ အနီးရှိ မြန်မာ ရဲကင်းအား ယနေ့ နံနက်ပိုင်းက တရုတ် ရွာသားများ တိုက်ခိုက် ခဲ့ရာ အဆိုပါ စခန်းမှ စစ်ဘက် ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) ပိုင် ကားတစ်စီး ပျက်စီးသွား ကြောင်း သိရသည်။


မြန်မာဘက်ခြမ်းမှ စပါးဝယ်ပြန်လာသည့် တရုတ်ရွာသားများပိုင် ထော်လာဂျီ ၁၆ စီး ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါ ရဲကင်းတွင် ဖမ်းဆီးထားရာ ပြန်လည်လွတ်ပေးခြင်း မရှိသည့်အတွက် ပြဿနာစတင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်သား သျှမ်းလယ်သမားများက အဖမ်းခံထားရသည့် ထော်လာဂျီနှင့်စပါးများ ပြန်လည်ရယူရန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ သျှမ်းရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မန်ဝိန်းကြီးဘက်မှာ စပါးဝယ်ပြီး ပြန်လာတဲ့ ထော်လာဂျီ ၁၆ စီး ကို မနေ့မနက်က နမ့်ဝမ်းတံတား လုံခြုံရေးရဲကင်းမှာ မန်ဝိန်းကြီး စရဖက ဖမ်းထားတာ ည ၁၂ နာရီအထိပေါ့။ ဒီဘက်( တရုတ်) ကကုန်သယ်တွေ သွားညှိတာ လွတ်မပေးဘူး၊ ဒီ မနက် တရုတ်ဘက်က သျှမ်းလယ်သမားတွေစုပြီး ရဲကင်းကို ၀င်စီးတယ် ” ဟု သူက ပြောသည်။

အခင်းဖြစ်ပွားစဉ် မန်ဝိန်းကြီး စရဖ တပ်ဖွဲ့တွင် သေနတ်ရှိသော်လည်း ပြန်လည်ပစ်ခတ်ခြင်းမရှိပဲ သျှမ်းရွာသားများက ၄င်းတို့ပိုင်ထော်လာဂျီများ ပြန်လည်ရယူခဲ့ကြောင်း သိရသည်။

“ရဲတွေကလဲ အခုလို စရဖ ဖမ်းတဲ့ ကိစ္စကို မကြိုက်ကြဘူး၊ စရဖနဲ့မတည့်တဲ့ ရဲတွေကိုယ်တိုင် စရဖ ကားကို ၀င်ပြီးဝိုင်းရိုက် ကူတယ်” ဟု သူက ဆိုသည်။

ယခုပြဿနာ ဖြစ်ပွားပြီးနောက် ထော်လာဂျီဖမ်းဆီးခဲ့သည့် စရဖ တာဝန်ခံမှာ မန်ဝိန်းကြီးဘက် ထွက်ခွာသွားပြီး ပြဿနာ ဖြေရှင်းရန် သျှမ်းရွာသားများ စောင့်ဆိုင်းနေသော်လည်း မြန်မာဘက်မှ တာဝန်ယူဖြေရှင်းမည့်သူ မရောက်လာသေး ကြောင်း သိရသည်။

အဆိုပါ ရဲကင်းစခန်းသည် နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး တရုတ်ဘက်ခြမ်း ကုန်းခမ်းရွာနှင့် မြန်မာဘက်ခြမ်း နမ့်ဝမ်းရွာ ဆက် သွယ်ထားသော တံတားအနီးတွင် တည်ရှိသည်။

သာကီနှင့် နာဇီ

ဘိုဘိုလန်းစင်

ခုတလော မြန်မာနဲ့ဗမာ ဘာကွာသလဲ၊ မြန်မာပြည်နဲ့ဘားမား ဘယ်စကားလုံးက လက်ရှိ ကျနော်တို့နိုင်ငံကို ကိုယ်စားပြုနိုင်မလဲဆိုတာ ပြောဖြစ်ကြသည်။ ပြောရင်းဆိုရင်း တို့ဗမာဝါဒတွင် နာဇီကဲ့သို့ လူမျိုးသန့်စင်ရေးနှင့် ပတ်သက်တာမျိုးတွေပါသလားဆိုတာ မေးသူကရှိလာသည်။ တို့ဗမာတွေ လက်ဝဲစော်မနံခဲ့ရင် ကုလားမျိုးဖြုတ်ရေး၊ အဓမ္မဗုဒ္ဓသာသနာပြုတာတွေ ပေါ်လာနိုင်မယ်ဟုသာ အတွေးပေါက်မိသည်။ ဤအမြင်ကို ဗမာပြည်သည် တို့ပြည် ဗမာစာသည် တို့စာ စသည့် ကျောင်းဖတ်စာအုပ်သမိုင်းနှင့် အမျိုးသားရေးဝါဒကို အထုံကူးလာခဲ့သည့် မြန်မာအများစု အနေဖြင့် လက်ခံမည်မဟုတ်။ ဂလိုဘယ်ခေတ်ဟု တကြော်ကြော်အော်နေကြသော်လဲ စစ်အေးလက်ကျန် ဤတိုင်းပြည်ကလေးတွင် ခုထိ သာကီမျိုးဆိုသည့် တို့ဗမာယုံတမ်း မှန်နန်းထဲက ဒဏ္ဍာရီဇာတ်လမ်းကို မယုံကြည်လျှင်တောင် အသုံးချနေဆဲဖြစ်သည့်ပညာတတ်ဆိုသော ပုဂ္ဂိုလ်အများလဲ ရှိဆဲ မဟုတ်ပါလား။

လောလောဆယ်ဆယ် မေ ၃ဝ ဒီပဲယင်းနေ့ကပဲ တို့ဗမာကြေညာစာတမ်းက အနှစ် ၈ဝ ပြည့်သွားသည်။ ပါမောက္ခဒေါ်ခင်ရီ၏ ကောနဲလ်တက္ကသိုလ်မှ ထုတ်သော တို့ဗမာလှုပ်ရှားမှုစာအုပ်တွင် ၁၉၈၈ထိ မြန်မာနိုင်ငံရေးသမိုင်းကို သခင်များ ကြီးစိုးကြောင်း သုံးသပ်ထားသည်။ ထို့နောက် အဆက်ဖြစ်သော မြန်မာနိုင်ငံရေးလောကတိုက်ပွဲများတွင် တို့ဗမာမျိုးချစ် လက္ခဏာသွင်ပြင်ဖြစ်သော တော်လှန်ရေးစိတ်ဓာတ်နှင့် နိုင်ငံခြားဆန့်ကျင်ရေးတို့ ကြီးစိုးဆဲဟု ကျနော် ဖြည့်စွက် ပြောချင်သည်။ ထိုတို့ဗမာအမျိုးသားရေးဝါဒသည် အစဉ်အလာမြန်မာအမျိုးသားရေးလှုပ်ရှားမှုနှင့် ဘာကွာသလဲမေးလာရင် ပိုပြင်းသည်၊ ပိုကြွသည်၊ ဥရောပအမျိုးသားရေးဝါဒပုံစံ လူမျိုးအခြေပြုတိုင်းပြည်စံနစ်ကို ပန္နက်ချခဲ့သည် (တနည်း အနှစ် ၆ဝကျော် ပြည်တွင်းစစ်ကို မီးရှို့ပေးခဲ့သည်) ဟု ဆိုရမည်။ ထိုထက်ဤဝါဒကိုသုံး၍ အနှစ် ၈ဝလုံးလုံး အကွက်ချခဲ့သည်ဟုသာ ယူဆသည်။ မြန်မာပြည်/နိုင်ငံဆိုသည့် စကားရပ်သည် တိုင်းပြည်၏ လူဦးရေ သုံးပုံနှစ်ပုံနှင့် ကျန်တပုံအကြား တကယ့်လောင်စာဖြစ်လာသည်။ “ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ ...တို့ဗမာပြေကို တိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင်” စသည်ဖြင့် ဝိုင်အမ်ဘီသခင်တင်က စာပြုစပ်ဆိုခဲ့သည့် သီချင်းမှာ မြန်မာအများစုကြား သွေးထိုးပေးနိုင်ခဲ့သော်ငြား အင်ဒိုနီးရှား၊ ဂရိတ်ဗြိတိန်တို့ကဲ့သို့ တိုင်းရင်းသားအများဆိုင် နိုင်ငံရေးပုံရိပ်တခုဖြစ်အောင် မဆောက်တည်နိုင်ခဲ့ပါ။

မိုက်ကယ်အောင်သွင်က ဦးကုလားရာဇဝင်ကို ကိုးကား၍ ၁၈ရာစု ညောင်ရမ်းခေတ်ကပင် အဝရွှေနန်းကို အခြေပြုပီး မြန်မာနိုင်ငံဟူသော နိုင်ငံရေးအမှတ်သညာတခုပေါ်ထွက်နေပီဟု ရေးဖူးသည်။ ဤသို့ အခိုင်အမာဆိုနိုင်ရန် အုပ်စိုးသူပဒေသရာဇ်နှင့် နီးစပ်ရာ ပညာရှိများပြုစုသည့် စာပေကို ကိုးကားသည်ထက် လက်အောက်ခံ မြန်မာမဟုတ်သော တပါးလူမျိုးများအမြင်၊ မြန်မာကျေးတော်မျိုးတို့၏အသံကိုပဲ ပိုရအောင် နားထောင်သင့်သည် ထင်ပါသည်။ အမှန်မတော့ ကုန်းဘောင်ခေတ်နှောင်း နယ်ချဲ့နှင့် နှာခေါင်းချင်းတိုးမိကြချိန်မှ တမ္ပဒီပ သုနာပရန္တစသည့် တိုင်းကြီးများ၏သခင်ဘဝမှသည် မြန်မာဘုရင့်နိုင်ငံဟူပီး ပေါ်ထွက်လာရန် ကြိုးစားခဲ့ရသော အညာပဒေသရာဇ်များသည် မှန်နန်းစသည့် ရာဇဝင်သစ်များရေးပီး မြန်မာမင်းကို ဘုရားနှင့် အမျိုးဆက်ရသည်။ ပုဂံမင်းဆက်အစ ပျူစောထီးဟာ နဂါးမနှင့် နေမင်းသားညားပီး ဥ,ဥရာက ပေါက်သည့်သားဆိုသော ယခင်ရာဇဝင်ဟောင်းများကိုလဲ ဝါဒဖြန့်ပုံစံသစ်အတွက် ငြင်းချက်ထုတ်ရသည်။ သို့သော် နန်းလုပွဲများနှင့် နစ်မွန်းပီး တိုင်းပြည်ကို စံနစ်တကျ အခြေမဖွဲ့နိုင်သော ကုန်းဘောင်မင်းဆက်သည် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် မိစ္ဆာဒိဋ္ဌိကုလားရန်မှ သာသနာတော်ကို ကာကွယ်ရန်ဟု ဘာသာရေးဘန်းပြပီး လူထုကို စည်းရုံးခဲ့ရသော်လဲ ဆေးချက်က မမီတော့ပေ။ မန္တလေးပျက်ချိန်ထိ ဘုရင်နှင့် ဒေသအကြီးအကဲကို သစ္စာခံမှုမှအပ လူမျိုးနှင့်နိုင်ငံဟု တသီးတခြားမှတ်စွဲမှုမရှိသေးသောကြောင့် ရှေးဦးလက်နက်ကိုင်ထကြွမှုများမှာ ကန်ရေပြင်ကို ခဲပေါက်သကဲ့သို့ ငါးမမိဘဲ (အာဏာဗဟိုချက်ကို မထိပါးနိုင်ဘဲ) နိဂုံးချုပ်ခဲ့ရသည်။ သုဓမ္မာသာသနာပိုင်နှင့်တကွ မင်းစိုးရာဇာအများစုကလဲ ကိုလိုနီအုပ်ချုပ်ရေးအမြစ်တွယ်အောင် အားဖြည့်ထောက်မခဲ့ကြသည်။ ဝိုင်အမ်ဘီအေမှအစ နိုင်ငံရေးခေတ်ဦးအနှစ် ၂ဝ အတွင်း အမျိုးဘာသာသာသနာပညာဟူသော ဝံသာနုအမျိုးသားရေးလှုပ်ရှားမှုများမှ ဗုဒ္ဓဘာသာမြန်မာတည်းဟူသော တိုင်းပြည်တွင် ကြီးစိုးနေသည့် အိန္ဒိယနွယ်ဖွားများနှင့် ကွဲပြားသည့် သီးခြားလက္ခဏာကို ပုံဖော်ရန် အားထုတ်သော်လဲ ပဒေသရာဇ်အငွေ့မပြယ်နိုင်ဘဲ အုပ်စိုးသူတိုင်းခြားသားတို့ထံမှ အုပ်ချုပ်ရေးအဆင့် တိုးတက်ဖို့သာ ပဓာနပြုသည်ကိုတွေ့ရသည်။ ဦးဥတ္တမ၏ မကြောက်တရားလှုံ့ဆော်မှု၊ ဝံသာနုဘူးအသင်းများ၊ အရှင်စိုးသိမ်းဂျီစီဘီအေစသည်တို့လောက်သာ ရဲဝံ့မှုတွင် ပြောစမှတ်ရှိလေသည်။ တို့ဗမာကြေညာစာတမ်းထွက်ပီးနောက်မှသာ တိုင်းပြည်၊ လူမျိုး၊ ဘာသာစကားပေါ် အခြေပြုသည့် ဥရောပပုံစံ အမျိုးသားရေးဝါဒ အိန္ဒိယလက်နက်နိုင်ငံအဝင် မြန်မာပြည်နယ်တွင် အခြေတည်ဟု ယူသင့်သည်။ ဤကား တို့ဗမာ၏ လာရာလမ်းဖြစ်သည်။

(၂)

ပထမ ကုလား-ဗမာအဓိကရုဏ်းပီးပီးချင်း ဖြန့်ချိသည့် တို့ဗမာကြေညာစာတမ်းမှာ အိန္ဒိယနွယ်ဖွားများနှင့်လူမျိုးခြားများလက်မှ စီးပွားရေးကို ဗမာ့လက်ထဲ ပြန်ရောက်ဖို့၊ လုံးဝလွတ်လပ်ဖို့ကို သံကုန်မြှင့်၍ တောင်းဆိုသည်။ ဗမာဟူသော ရှေးရှေးကထဲက ပြောစကား၊ တို့ဟူသော နေ့စဉ်ပြောစကားရိုးရိုးတို့ကို ပေါင်းစပ်၍“ အို အချင်း အမျိုးသား တို့ဗမာတို့” ဟု သခင်ဘသောင်း ကြွေးကြော်လိုက်ချိန်တွင် အိပ်နေကြသော ဗမာများ နိုးကြားလာပီး နှလုံးသည်းပွတ်များ ဆွဆွခုန်လာသည်ဟု မောင်ထင်က အမှတ်တရစကားဆိုခဲ့သည်။ ဤမှစပီး နစ်ရှေး၏ ပဲ့တင်သံကို ကြားလိုက်ရသလို နာဇီ ဖက်ဆစ်စသည့် လာတော့မည့် လက်ျာစွန်း အမျိုးသားရေးဝါဒကြမ်းများကလဲ စီးပွားပျက်ကပ်နှင့် လယ်သမားသူပုန်ထခါနီး နိုင်ငံရေးသေနေသော မြန်မာပြည်ကို အာဠာဝကဆေးထိုးလိုက်သဖြင့် ရှေ့ လျှောက် တိုင်းရေးပြည်ရေးမှာ ဆူပွက်လာတော့သည်။

ထို့နောက် အားလုံးသိသည့်အတိုင်း ကမ္ဘာစစ်အမှီပြု၍ ဗမာပိုင်စစ်တပ်ဖွဲ့ကာ လွတ်လပ်ရေးလမ်းစပေါ်ရောက်ခဲ့သည်။

သခင်ဘသောင်းမှာ တို့ဗမာတို့၏ ဖန်ဆင်းရှင်ဖြစ်သော်ငြား မစ္စတာမောင်မှိုင်းကဲ့သို့ နိုင်ငံရေးဝါရင့် မျိုးချစ်သတင်းစာဆရာ ပညာရှင်ကြီး သခင်ဘွဲ့ခံချိန်မှစပီး အစည်းအရုံးသိက္ခာပိုကြီးလာသည်။ အောင်ဆန်း၊ ဗဟိန်း၊ သန်းထွန်း၊ စိုးစသည့် ကောလိပ်ကျောင်းနှင့် ပြင်ပက လက်ဝဲယိမ်းလူငယ်တွေ ဝင်လာချိန်တွင် ကုလားမုန်းတို့ဗမာဝါဒမှသည် ဘုံဝါဒလမ်းကြောင်းပေါ်တက်လာသည်။ မှိုင်းဋီကာနှင့် နဂါးနီစာအုပ်လေးများက စစ်ပီးခေတ်မှ ယနေ့ထိ နိုင်ငံရေးလမ်းကြောင်းကို (လက်ဝဲသံပျော့သွားသည်မှအပ) ရိုက်ခတ်ဆဲဖြစ်သည်။ သို့သော် ဖာနီဗယ် ရေးဖူးသလို မြန်မာလက်ဝဲသမားဟူသည် အမျိုးသားရေးဝါဒီများသာဖြစ်သည်။ ကိုယ်တော်မှိုင်းတွင် ပဒေသရာဇ်အစွဲမပျောက်သကဲ့သို့ ဂန္ဓီစိန်ဟု တွင်ခဲ့သော သခင်ဗစိန်မှ ဖက်ဆစ်နာဇီကို အားကျသည့် စကားတွေပြောလာပီး ဂျပန်နှင့် ပူးပေါင်းရန်လိုလားလာခဲ့သည်။

လူကြီးလူငယ် ပညာမဲ့ ပညာတတ် လက်ျာ လက်ဝဲပဋိပက္ခမှာ အပေါ်ယံပုဂ္ဂိုလ်ရေးပြဿနာမှ အစပြုပီး အသင်းနှစ်ခြမ်းကွဲခဲ့ရသည်။ လက်ျာခြမ်း ဗစိန်-ထွန်းအုပ်ဂိုဏ်းမှာ ဂျပန်ခေတ်တွင် ဗမော်-အောင်ဆန်း နိုင်ငံရေးသဟာယကို မယှဉ်နိုင်သဖြင့် (တပ်ထဲတွင်တော့ သူတို့တပည့် ဗိုလ်နေဝင်းက တစင်ထောင်နိုင်လာသည်) မဟာမိတ်အဝင်တွင် ဗိုလ်ချုပ်ကို လူသတ်မှုနှင့်တရားစွဲဖို့ နယ်ချဲ့အကြံအစည်ကို ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က သက်သေခံပေးသည်ထိ အရုပ်ဆိုးခဲ့ရသည်။ ဆင်းမလားပြန် ဆာပေါ်ထွန်း၏ အင်္ဂလိပ်နှင့် အလွမ်းသင့်သည့် အစိုးရနှင့် ဘုရင်ခံခန့်လွှတ်တော်တွင်လဲ သခင်ထွန်းအုပ်တို့တသိုက်ပါခဲ့ကြသည် (သခင်ထွန်းအုပ်နှင့် ဗိုလ်ချုပ်အကို ဦးအောင်သန်းမှာ မယားညီအကိုတည်း)။ နောက် ဗိုလ်ချုပ်အောင်ဆန်းအစိုးရတွင် ပါလာသည့် သခင်ဗစိန်မှာကား ဆရာမှိုင်းကြီး စာချိုးအတိုင်း ဂွကလိန်လုပ်လေရာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ပီးနောက် ဂဠုန်စော-ဒေါက်တာဗမော်တို့နှင့်အတူ စော-စိန်-မော်ဂိုဏ်းဖွဲ့ရာမှ နိုင်ငံရေးသေသွားတော့သည်။ တဖက်က မှိုင်း-အောင်ဆန်းဂိုဏ်းမှာလဲ ထပ်ဆင့်ထပ်ဆင့်အကွဲအပြဲများ စစ်ပွဲ အာဏာလုပွဲ နိုင်ငံရေးဖိနှိပ်မှုများဖြင့် လက်ဝဲမျိုးချစ်လမ်းကြောင်းကို အတော်ကျွံသွားရာ ၁၉၈၈မှ ယခုထိ ပြန်ရုန်းလို့ မရပြန်သေး။

“အလို....သမိုင်းကို စစ်လိုက်ရင်ဖြင့်
တို့ဗမာသခင်တွေရဲ့ အစဉ်အလာက
ခင်စရာ မင်စရာ ကြင်စရာငဲ့ပြင်
အင်စရာ ဟင်စရာ ပြင်စရာတွေကလဲ မနည်းပါဘု
ကွဲကြ ပြဲကြ ဆဲကြ ခဲကြသနဲ့
ရဲကြ ကြဲကြ သဲကြ မဲကြတာလဲရှိ၊
ခွဲကြ ချဲကြ၊ ဆွဲကြ လွဲကြ ရှိပါသဗျ
သြော်... အဖွဲ့အစည်းသဘာဝပေပနော”

ဒဂုန်တာရာ-တို့ဗမာအစည်းအရုံးဘွဲ့ မဟာကဗျာလေးချိုးကြီး (မိုးဝေ၊ ၁၉၈၆)


ဒီပဲယင်းအဓိကရုဏ်းအဓိကတရားလို ဒေါ်အောင်ဆန်းစုကြည် မတရားထောင်ချခံရမှုကမလွတ်သေးချိန်၊ ရွေးကောက်ပွဲအမည်ခံ ဒီမိုကရေစီသင်းကွပ်ပွဲတောခြောက်သံတွေ ညံနေခိုက် ပြန်စဉ်းစားလျှင် သခင်ကိုယ်တော်မှိုင်းကို တုတ်နှင့်ရိုက်သည့် ပုသိမ်က သခင်အမည်ခံ ဘုန်းကြီးလူထွက်ကို သတိရသည်။ တို့ဗမာအစည်းအရုံး ၂ ခြမ်းမကွဲခင် ရွှေတိဂုံဇရပ်တဆောင်တွင် နောက်ဆုံးစေ့စပ်ကြစဉ်က စားပွဲအောက် သေတ္တာထဲတွင် တုတ်ဓားလက်နက်တွေ ဝှက်ထားတာ ကံကြီးလွန်း၍ မည်သူမှ ကိုယ်ထိလက်ရောက် မဖြစ်လိုက်ဆိုသည့် ဒေါ်ခင်ရီ့စာအုပ်ပါ အကြောင်းရပ်လေးကိုလဲ အောက်မေ့သည်။ ပါလီမန်ခေတ်က ပဒေသရာဇ်အသွင် ဘုန်းကြီးခဲ့သည့် လယ်ဝေးသခင်ကြည်ရှိန်လို လူသတ်ဘုရင် ဖဆပလအမတ်များ၏ မားဖီးယားနိုင်ငံရေးလောကကိုလဲ သတိရသေးသည်။ ယခုတလော လျှပ်တပြက်ဂျာနယ်ပါ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း စစ်အရာရှိဟောင်းတယောက် ရေးသည့် လွတ်လပ်ရေးမှတ်တမ်းတွေထဲက စစ်ဗိုလ်ကြီးတွေ အတော်များများမှာ သခင်နိုင်ငံရေးသမား၊ သခင်လက်ပါးစေများဘဝနှင့် နယ်ချဲ့ဆန့်ကျင်ရေးနယ်ထဲ ဝင်လာပုံ၊ ထိုမှ လွတ်လပ်ရေးနောက်ပိုင်း နိုင်ငံရေးအုပ်စုချင်း လက်နက်ကိုင်အပြုတ်ဖြုတ်ပွဲများတွင် နိုင်မည့်မြင်းစီးမိပီး စစ်နိုင်ငံရေးသမားကြီးများ ဖြစ်လာကြပုံကို ဖတ်ရင်း အရင်းစစ်တော့ အားလုံးတို့ဗမာတွေပဲ၊ ကမ္ဘာမကြေအောင် အညှိုးကြီးကြတာ သခင်ရှုမောင်တို့ သခင်ဖြိုးတုပ်တွေ ဖြစ်ကုန်တာ အထက်တန်းစိတ်မမွေးနိုင်ကြလို့ပါလားဟု သံဝေဂယူမိတော့သည်။
(၃)

၁၉၄၁ ဇန်နဝါရီတွင် ကျင်းပသော ဗမာပြည်လုံးဆိုင်ရာ ဗမာတိုင်းရင်းသားများ ပြေးခုန်ကစားပွဲကြီးတွင် တို့ကရင်လို့ အားပေးသံကို တိုင်းရင်းသားသွေးခွဲစကားဟု စွပ်စွဲသော တို့ဗမာအာဘော်ဟု ပြောနိုင်သည့် စနေ နဂါးနီဂျာနယ်ဆောင်းပါးကို ဖတ်ရင်း ဒီစကားမျိုးတွေ ဒီကထဲက ပြောတာကိုးဟု ပြုံးမိတော့သည်။ တို့ဗမာ တို့ဗမာဆိုပီး တိုင်းပြည်တွင် ဆယ်နှစ်ကျော် နိုင်ငံရေးသွေးထိုးပေးခဲ့ခြင်းအကျိုးဆက်ကြောင့် တခြားလူမျိုးများကလဲ သီးခြားအမျိုးသားရေးလက္ခဏာဆောင်လာသည်ကို ငြူစူသကဲ့သို့ ရှိလှသည်။ တခါဖူးမှ မစုစည်းမိဖူးသည့် ဒတ်ခ်ျအိန္ဒိယကျွန်းစုများကို အင်ဒိုနီးရှားဟု စစ်ပီးခေတ်တွင် ပေါ်ထွက်လာစေသည့် ဆူကာနိုလို အားထုတ်မှုမျိုး၊ ဘုရင်ကိုးကွယ်မှု၊ ဘာသာရေး၊ ဘာသာစကားတူညီမှုကို အခြေခံသော ထိုင်းအမျိုးသားရေး သွေးသစ်လောင်းမှုမျိုး ဗြိတိသျှမြန်မာပြည်တွင် မပေါ်ဖူးခဲ့ဘဲ စစ်ပီး တနှစ် နှစ်နှစ်အတွင်း ကံရာဇာငယ် ဘုရားတည်နည်းနှင့် တိုင်းရင်းသားအရေးကို ချွေးသိပ်စေ့စပ်ခြင်း၏ နောက်ဆက်တွဲ စစ်မီးများမှာ မျိုးဖြုတ်စစ်ပွဲဟု စွပ်စွဲခံရသည်ထိ တောက်လောင်နေဆဲ။ တို့ဗမာမျိုးချစ်ဝါဒကို ထောက်ခံသည့် မြန်မာမဟုတ်သော အိန္ဒိယနွယ်ဖွား၊ တရုတ်ကပြား တိုင်းရင်းသားသခင်များ ရှိခဲ့သော်ငြား စစ်အတွင်း ဘီအိုင်အေရာဇဝတ်မှုများမှအစ သောင်းကျန်းမှုနှိမ်နင်းရေးကာလ ကရင်ရှမ်းတိုင်းရင်းသားများနှင့် စစ်မြေပြင်ဆက်ဆံရေး၊ ဗိုလ်ချုပ်ကြီးနေဝင်းဆိုရှယ်လစ်လမ်းစဉ်အရ အိန္ဒိယနွယ်ဖွား၊ တရုတ်ပိုင် စီးပွားရေးများ ထိန်းချုပ်မှု၊ အတင်းအကျပ်ပြန်ပို့မှုများအလယ် ရှိသမျှတိုင်းရင်းသားအားလုံးကို နယ်ချဲ့လက်ပါးစေစာရင်းသွင်းကာ ဦးချိုးချင်သည့် မြန်မာစွဲဝါဒအဆုံး နိုင်ငံတော် သွေးခွဲအုပ်ချုပ်မှုများက တို့ဗမာဝါဒကို မြန်မာကြီးစိုးရေးဝါဒအဖြစ် နာမည်ဖျက်ခဲ့သည်။

ပြည်ထောင်စုဆိုသည်ထက် စစ်ကြီးပီးစ မဟာဆွေ၏ “မယ်တို့ပြည်မောင်တို့ပြည်”ဝတ္ထုထဲက အမျိုးသားဓနရှင်စစ်နိုင်ငံကြီးပုံစံမျိုးဘက် ယခုနေပြည်တော်ရွေးကောက်ပွဲလမ်းကြောင်းက တာစူနေသည်။ သိဒ္ဓိမပေါက်ဘဲ ဒိဋ္ဌိမြောက်နေသူများက ယခုပင် အဏုမြူငန်းဖမ်းနေကြပေပီတကား။

နယ်ခြားစောင့်တပ်ကိစ္စတွေ၊ တိုင်းရင်းသားဆိုင်းဘုတ်တပ်ပါတီတွေနှင့် နိုင်ငံရေးစစ်ရေး တိမ်တောင်တွေ ထူနေပြန်ပီ။ မြန်မာပြည်ဆိုသည်မှာ မြန်မာ(ဗမာ)များ၏ လက်နက်နိုင်ငံလော၊ တိုင်းရင်းသားပေါင်းစုံ၏ ခွင့်တူညီမျှသော ပြည်ထောင်စုလော။ တိုင်းပြည်အဝှန်းကို တို့အိမ်တို့ယာမှတ်ကာ လူတစုက ချယ်လှယ်အမြတ်ထုတ်နေမှုများ ဘယ်အချိန်ဆုံးမည်နည်း။ လူမျိုးရေးဘာသာရေးမှိုင်းတိုက်၍ နိုင်ငံရေးလုပ်သည့် ခေတ်စံနစ်ယဉ်ကျေးမှုတွေကို ပြည်ဖုံးကားချကြပါစို့။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,30th,2010

( 36 )အီတလီ နိုင်ငံ သံရုံးတာဝန်ခံက ယူဒီပီ ဥက္ကဌအား တွေ့ဆုံ

( 35 )ကိုဇာဂနာ ထောင်ဝင်စာ ပိတ်ခံထားရ

( 34 )20 Students in Arakan Pass Matriculation Exam with Distinction

( 33 )ကူးသန်းရောင်းဝယ်ခွင့် ကျဆင်းသဖြင့် နယ်စပ်မြို့ ခြောက်ကပ်

( 32 )KSUDP registers with Election Commission

( 31 )တရားဝင် အလုပ်သမားလက်မှတ်ကိုင်ထားသည့် မြန်မာမိသားစု ၂၀ ကျော် အဖမ်းခံ

( 30 )Mongla: China wants a negotiated settlement

( 29 )ကျောင်းသားခေါင်းဆောင်များ နေအိမ်သို့ NLD သွားရောက်

( 28 )EPCB Sponsors Suu Kyi Play on Birthday

( 27 )အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်ကားသူကို ရုံးတင်တရားစွဲ

( 26 )New Ethnic Party Leaders a Varied Lot

( 25 )ကမ္ဘာ့ဖလားကြောင့် ထီလက်မှတ် ရောင်းအားကျ

( 24 )Rodent ‘migration’ sparks disaster fears

( 23 )သာသနာရေးရုံး ၀န်ထမ်းများ အလုပ်ကြမ်း လုပ်နေကြရ

( 22 )Myanmar National Charged With Receiving Ransom Money

( 21 )မြန်မာနိုင်ငံတွင် မဲပေးနိုင်သူ သန်း (၃၀) ကျော်ရှိဟု ထုတ်ပြန်

( 20 )Australia expels Burma commander’s daughter

( 19 )Dengue fever kills 6 in 1st 5 months of 2010

( 18 )မီးသင့် မင်္ဂလာဈေး ဆိုင်ရှင်များကို ကြံ့ဖွံ့ပါတီ ငွေချေးမည်

( 17 )Floods in Myanmar

( 16 )ဒိုင်အမှား အတွက် FIFA ဥက္ကဋ္ဌ တောင်းပန်

( 15 )Canada urged to probe Ivanhoe over ‘arms-for-copper’ deal

( 14 )ဦးပိုင် ကားပြပွဲ အရောင်းသွက်

( 13 )Horror in Burma

( 12 )ဆိပ်ကမ်း ပတ်လမ်းသစ် စီမံကိန်း စတင်

( 11 )Put Burmese regime on trial at ICC, People’s Court urges

( 10 )စာပေစိစစ်ရေး စာစစ်အဖွဲ့ပြင်သည်ကို ဂျာနယ်လောက စိုးရိမ်

( 9 )Burma’s 2010 elections reveal ugly truths

( 8 )ရှပ်နီဆန္ဒပြပွဲနှင့် ဆက်စပ်ကာ မြန်မာလုပ်သား ၁၅ ဦး အဖမ်းခံရ

( 7 )Sanctions force exit of Burmese general's daughter

( 6 )ရွေးကောက်ပွဲနီးချိန် မြန်မာပြည်တွင်း သတင်းလွတ်လပ်ခွင့် ပိုတင်းကျပ်

( 5 )Burmese Refugees at Risk

( 4 )NLD ရဲ့ နိုင်ငံရေးအမြင် ရပ်တည်ချက် သြစတြေးလျ မေးမြန်း

( 3 )The Burmese regime should be put on trial at ICC, People’s Court verdict

( 2 )ဒိုက်ဦးနယ်ဘက်မှာ ကြွက်တွေ နေရာရွှေ့

( 1 )Burmese Elections: Hope or Another Obstacle for Democracy?

Tuesday, June 29, 2010

ကမ္ဘာ့ဖလား ဘောလုံးပွဲကြည့် ပရိသတ်ဖြင့် လက်ဖက်ရည်ဆိုင်များ အရောင်းသွက်

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့ပေါ်များရှိ လက်ဖက်ရည်ဆိုင်များ ကမ္ဘာ့ဖလား ဘောလုံးပွဲကြည့် ပရိတ်သတ်များဖြင့် စီကားလျက် လက်ဖက်ရည် ပို၍ အရောင်းသွက်နေသည်ဟု သိရသည်။

“လက်ဖက်ရည် လာသောက်သူတွေအတွက် ကမ္ဘာ့ဖလားဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ရှိတဲ့ အတိုင်းပြရင်း ဆိုင်ဖွင့်ထားတော့ လက်ဖက်ရည် လာသောက်တဲ့ သူပိုများတယ်။ ဘောလုံးပွဲ အားပေးရင်းနဲ့ ဗိုက်ဆာရင်လည်း ကြိုက်တာမှာစားလို့ ရတယ်လေး၊ ဒါကြောင့် ပိုပြီးတော့လည်းရောင်းရတယ်” ဟု လွိုင်ကော်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင် ၀န်ထမ်းတစ်ဦးက ပြောသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲကို လူကြီးလူငယ် အရွယ်မရွေး စိတ်ဝင်စားနေကြပြီး လက်ဖက်ရည် ဆိုင်များတွင် မီးပျက်လျှင်လည်း အချိန်မရွေး မီးစက်ဖြင့် ပြသပေးနိုင်သောကြောင့် လက်ဖက်ရည်ဆိုင်တွင် သွားကြည့်ကြသူ များသည်ဟု သိရသည်။

“မီးကခဏခဏ ပျက်တတ်တော့ အိမ်မှာကြည့်နေတုန်း မီးပျက်ရင် ပွဲပျက်တယ်။ လက်ဖက်ရည်ဆိုင် သွားကြည့်တော့ မီးပျက်တော့လည်း မီးစက်နဲ့ပြပေးတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့” ဟု ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

လက်ဖက်ရည် ဆိုင်များတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ၀ါသနာပါ၍ ကြည့်သောသူများ ရှိသကဲ့သို့ လောင်းကစား ၀ါသနာရှင်များလည်း ပြည့်နှက်နေသည်ဟု လည်းသိရသည်။

ဦးဇခုန်တိန့်ယိန်း၏ KIOသို့ တိုက်တွန်းချက်အား ကချင်အဖွဲ့အစည်းအသီသီးမှ ကန့်ကွက်

KNG

ကချင် လွတ်မြောက် ရေးတပ်ဖွဲ့ (KIO) အား နယ်ခြား စောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာ စစ်အစိုးရ သစ္စာခံ NDAK ဥက္ကဋ္ဌ ဟောင်း ဦးဇခုန် တိန့်ယိန်း ပေးပို့ ခဲ့သည့် တိုက်တွန်း စာကို ကချင် အဖွဲ့အစည်း အသီးသီးက ကန့်ကွက် လိုက်သည်။

ကန့်ကွက်သည့် အဖွဲ့ အစည်းနှင့် ခေါင်းဆောင် များတွင် ပြည်ပရောက် ကချင် လူမျိုးများ ဖွဲ့စည်း ထားသည့် ကချင် အမျိုးသား အစည်း အရုံး (KNO)၊ ကချင်ပြည်နယ် NLD ဝိုင်းမော် လွှတ်တော် အမတ်ဟောင်း ဒူဝါ မရန်ဇော်အောင်၊ ကချင်ကျောင်းသား နှင့် လူငယ်သမဂ္ဂ (AKSYU) တို့ ပါဝင်သည်။

KNO ခေါင်းဆောင် ဒူဝါ ဘောမ်ဝမ် လရော်က “KIO ဥက္ကဋ္ဌကို စစ်အစိုးရ လိုလားသည့် လမ်းကို လိုက်လျှောက်ဖို့ ခေါင်းဆောင်ကြီး တိန့်ယိန်းရဲ့ အကြံပေး နည်းလမ်းဟာ မှားနေတယ် လို့ ရဲ့ရင့်စွာ သတိပေးလိုတယ်” ဟု ၎င်း၏ လက်မှတ်ပါ ပြန်ကြား စာ၌ ရေးသား ထားသည်။

နယ်ခြားစောင့်တပ် အသွင်ကူပြောင်းသွားသည့် ဦးဇခုန်တိန့်ယိန်းသည် KIO ဥက္ကဋ္ဌ ဇောင်းခရား သို့ လိပ်မူကာ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA အား မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ပြောင်းလဲရန် အကြံပေးစာ ကို မေ၂၃ ရက်နေ့တွင် ပေးပို့ခဲ့သည်။

ယင်းစာ၌ “မြန်မာတပ်မတော်ကို ဆက်လက်ပြီးဆန့်ကျင် ငြင်းဆန်နေရင် ဘာအကျိုးမရှိဘဲ ကိုယ့်လူမျိုးတွေ ပိုဒုက္ခအရှုံးနဲ့ နာကျင်နေရတဲ့လမ်းပဲရှိလာနိုင်တယ်၊ ဒါကြောင့် စစ်အစိုးရ၏ စကားကိုလိုက်နာရန်” ဟု ဖော်ပြထားသည်။

ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးကိုရပ်၍ နိုင်ငံရေးအရအဖြေရှာသွားနိုင်ရန် ခိုင်မြဲသည့် ငြိမ်းချမ်းရေးလိုသည်ဟုလည်း ရေးသားထည့်သွင်းထားသည်။

စစ်အစိုးရနှင့် KIO ကြား နယ်ခြားစောင့်တပ် ပြောင်းလဲရေးကိစ္စနဲ့ ပတ်သက်ပြီး ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း KIO က ဆက်လက်ငြင်းဆိုနေဆဲဖြစ်သည်။

NLD ဝိုင်းမော်လွှတ်တော် အမတ်ဟောင်း ဒူဝါ ဇော်အောင် က “၎င်းတို့က အမျိုးသားခေါင်းဆောင်ကြီးအဖြင့် သတ်မှတ်ထား သည့် ဦးဇခုန်တိန့်ယိန်းက ယခုကဲ့သို့ KIO အား စစ်အစိုးရလက်အောက် ရောက်သွားရန် အကြံပေးနေခြင်းမှာ ၀မ်းနည်းစရာဖြစ်ကြောင်း” ပြောသည်။

ထိုင်းနိုင်ငံရှိ AKSYU အထွေထွေအတွင်းရေးမှူး ဦးနော်ခမ်း ကလည်း “နယ်ခြားစောင့်တပ် လက်ခံဖို့ အတင်းအဓမ္မ တွန်းအားပေး စာပို့တာ မကောင်းပါဘူး၊ ငါတို့ လက်နက်ချရင် တော်လှန်ရေးလုပ်ခဲ့တာ အလကားဖြစ်သွားမှာပဲ” ဟု ပြော သည်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော NDAK အဖွဲ့ နှင့် ဦးလဆန်အောင်ဝါ အဖွဲ့တို့သည် မိခင် KIO မှ ခွဲထွက်ခဲ့သည့် အဖွဲ့များဖြစ်ပြီး ၂၀၀၉ နှစ် ကုန်ပိုင်းတွင် မြန်မာစစ်တပ်၏ လက်အောက်ခံ တပ်များအဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

၎င်းတို့ နှစ်ဦးသာမက ကချင်တိုးတက်ရေးပါတီ KSPP ခေါင်းဆောင် ဒေါက်တာတူးဂျာ (KIO ဒု-ဥက္ကဋ္ဌ အဆင့် ၂ ဟောင်း)၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အတွင်းရေးမှူးဟောင်းနှင့် Shalom Foundation ခေါင်းဆောင် Rev. Dr. Saboi Jum တို့သည်လည်း KIO ကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန် တိုက်တွန်းခဲ့ပြီးပြီဖြစ်သည်။

ရယက ဥက္ကဌသားက ရိုက်နှက်ခဲ့လို့ အရပ်သား တဦးသေဆုံး

ရိုးမ ၃။

ဧရာဝတီတိုင်း ၊ပုသိမ်မြို့ အမှတ် (၁၄) အပိုင်နေ ဦးရခီး(ခ) ဦးစိုးကြည်ကို ရပ်ကွက်အပိုင် ဥက္ကဌ ဦးကြည်ဝင်း၏ မွေးစားသားက သူခိုးဟု စွပ်စွဲ ရိုက်နှက်မှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် သေဆုံးခဲ့သည့် အမှုဖြစ်ပွားခဲ့သည်။

ရယက (၁၄)ပိုင် (၁၅) လမ်းထိပ် အရက်ဆိုင်မှ ဘောလုံးလောင်ကြေးငွေများ ပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ထိုနေ့ မနက်ပိုင်းတွင် အရက်သွားသောက်ခဲ့သည့် ဦးစိုးကြည်ကို ရယက ဥက္ကဌသားက သူခိုးစွပ်စွဲကာ စတင်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

“ဖြစ်တာက အဲဒီမနက်ကိုးနာရီလောက်မှာ ရခီးက ဖြူလေးအရက်ဆိုင်မှာ အရက်ထိုင်သောက်နေတာ။ အဲဒီမှာ ပိုက်ဆံပျောက်တယ်ဆိုပြီး ၁ ချက်တီးလောက်မှာ လူနှစ်ယောက် (၁၅)လမ်းက အိမ်ကို လိုက်လာတယ်၊ ပထမ အဲဒီလူတွေက ရခီးရဲ့ မျက်နှာကို လက်သီးနဲ့ထိုးတယ်၊ ပြီးတော့ တုတ်နဲ့ ဝင်ရိုက်တာ ဥက္ကဌ မွေးစားသား စွန်နားဆိုတဲ့သူက ဖနှောင့်နဲ့ ပေါက်ပြီး မသေမရှင်ပေါ့ အိမ်ပေါ်ပြန်တင်ခဲ့တယ်၊ အဲလိုဖြစ်နေတာကို ကျနော်တို့လဲ မဆွဲရဲဖူး၊ ပြီးမှ ရုံးကိုခေါ်သွားတာ” ဟု ပြောသည်။

သေဆုံးသူ ရခီး(ခ) ဦးစိုးကြည်အား ခေါ်ဆောင်သွားသူများမှာ (၁၄) ရပ်ကွက်အပိုင်မှ တင်းဦးနှင့် စိုးလှိုင်တို့ဖြစ်ပြီး ရပ်ကွက်ရုံးတွင် ဆက်လက် ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းမျက်မြင်က ပြောသည်။

“သေတာက ရုံးထဲမှာ သေတာ၊ လမ်းထဲမှာ ရိုက်ပြီး အမှတ် (၁၄) အပိုင် ရုံးကို ခေါ်တဲ့အချိန်က နေ့ခင်း တချက်တီး လောက်မှာ၊ မသေမရှင်ဖြစ်နေတဲ့အချိန်၊ ညနေ (၄) နာရီလောက်မှာ ခြောက်ပေါက်ထဲမှာ ငုတ်တုတ်ကြီးသေသွားတာ” ဟု ပြောသည်။

သေဆုံးသူ ရခီး(ခ) ဦးစိုးကြည်သည် အသက် (၅၀)ခန့်ရှိပြီး ဆွေးမျိုးမရှိသည့်အတွက် ၎င်းသေဆုံးမှုကို မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို မသိရသေးကြောင်း ဒေသခံက ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်းကလည်း ပုသိမ်မြို့ပေါ်တွင် ရပ်ကွက်အာဏာပိုင်များ ရိုက်နှက်မှုကြောင့် လူငယ်တဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဆင်ဖြူတော်တစီး ဖမ်းဆီးရမိ

မျိုးချစ်သူ / ၂၉ ဇွန် ၂၀၁၀

အစိုးရပိုင် ယနေ့သတင်းစာများနှင့် ယမန်နေ့ည မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဆင်ဖြူတော်တစီး ဖမ်းဆီးရမိကြောင်း စစ်အစိုးရက ကြေညာသည်။

အဆိုပါဆင်ဖြူတော်ကို သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဒေသခံများ၏ သတင်းပေးပို့ချက်အရ ရှာဖွေဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဆင်ဖြူတော်သည် တောဆင် (၅) ကောင် အုပ်စုတွင်ပါဝင်ပြီး မောင်တောမြို့နယ်၊ ဖက်ဝပ်ချောင်း ကျေးရွာအနီး မေယု တောင် တန်း တွင် ရှားပါးဆင်ဖြူဖြစ်ပြီး ယင်းကို မောင်တောမြို့နယ်သစ်တောဌာန လက်အောက်ခံ ဆင်ဖမ်းအဖွဲ့က ကျေးရွာသားများ အကူ အညီဖြင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ဆင်ဖြူတော်သည် အသက် (၃၈) နှစ်ခန့်ရှိ ဆင်မဖြစ်ပြီး အရပ် (၇) ပေ (၄) လက်မနှင့် လုံးပတ်မှာ (၁၀) ပေ (၁၁) လက်မဖြစ်ကြောင်း အစိုးရသတင်းတွင် ဖော်ပြသည်။

ဇွန် (၂၇) ရက်တွင် ဖမ်းဆီးရမိသော အဆိုပါဆင်ဖြူတော်ကို မောင်တောမြို့နယ် ငါးခူရ နစက စခန်းတွင် ထားရှိပြီး တပတ်ခန့်အကြာတွင် နေပြည်တော်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ခံများ ပြောပြချက်အရ ဆင်အရောင်သည် အဖြူရောင်ဟု ဆိုနိုင်ရုံလောက်သာ ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့ခံတဦးက “မနေ့က တီဗွီသတင်းမှာ ဆင်ကိုတွေ့လိုက်ရတယ်။ အရင်ကရတဲ့ ဆင်လောက်တော့ မဖြူဘူးလို့ ပြောလို့ရတယ်။ သိပ်မဖြူဘူးဗျ၊ ဆင်မဲနှင့်ယှဉ်လိုက်ရင်တော့ ဖြူတယ်လို့ ပြောနိုင်တာပေါ့” ဟု ပြောသည်။

နေပြည်တော်၌ ဆင်ဖြူတော်ထားရှိရန်အတွက် ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းကစ၍ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း နယ်စပ်တောင်ကြောများတို့တွင် သက်ဆိုင်ရာ ဒေသစစ်တပ်များနှင့် အာဏာပိုင်များအား ဖိအားပေးကာ ဆင်ဖြူတော်ကို တောနင်းရှာဖွေခိုင်းခဲ့ကြောင်း နေပြည်တော် နယ်စပ်စည်ပင်သာယာရေးဧ။် အကြီးတန်းအရာရှိက ပြောသည်။

ဆင်ဖြူပိုင်သော တိုင်းပြည်ကို အုပ်ချုပ်သူ မင်း၊ အစိုးရသည် ဘုန်းတန်ခိုး ပိုမိုတက်သည်ဟူသော အယူကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရှေးမြန်မာမင်းများကဲ့သို့ အယူရှိသောကြောင့် နေပြည်တော်တွင်ထားရှိရန် ဆင်ဖြူတော်ကို တောနင်းရှာဖွေစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက်တွင်လည်း ရခိုင်ပြည်နယ်အတွင်းမှ ဆင်ဖြူတော် (၃) စီး ရရှိခဲ့ဖူးပြီး ယခုအခါ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတွင် ထားရှိသည်။

အဆိုပါ ဆင်ဖြူတော် (၃) စီးမှာ ရာဇဂဟသီရိပစ္စယ ဂဇရာဇာ ဘွဲ့အမည် ပေးထားသော အသက် (၁၈) နှစ်အရွယ် အုန်းခွံရောင် ဆင်အထီး (၁) ကောင်၊ သီင်္ဂီမာလာဘွဲ့ အမည်ပေးထားသော အသက် (၃၂) နှစ်အရွယ် ပန်းနုရောင်ဆင်မနှင့်
ရတီမာလာဘွဲ့ အမည်ပေးထားသော အသက် (၁၅) နှစ်အရွယ် ပန်းနုရောင်ဆင်မငယ် တို့ဖြစ်ကြသည်။

မင်းဓမ္မကုန်းရှိ ဆင်ဖြူတော်ဥယျာဉ်အတွင်းတွင် “ဆင်ဖြူတော်မှာ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်သော မင်းကောင်းမင်းမြတ်ကြောင့် ပေါ်ထွန်းခြင်းဖြစ်ပြီး တိုင်းပြည်၏ စည်းစိမ်ဥစ္စာ ရတနာ၊ ရွှေ၊ ငွေ၊ ကျောက်သံ၊ ပတ္တမြား၊ ဆန်ရေစပါး ပေါများမည့် အတိတ်နိမိတ်ဖြစ်သည်” ဟူသော စာသားကို ရေးသားထားသည်။

ရှေးမြန်မာမင်းများ လက်ထက်က မာတင်္ဂဆင်၊ ကေလာသဟထ္ထိဆင်၊ ပုဏ္ဍရိကဆင်နှင့် အရုဏဟထ္ထိဆင်ဟူ၍ ဆင်ဖြူတော် (၄) မျိုးရှိပြီး ဗေဒင်ကျမ်းဂန်များတွင်မူ ဆင်ဖြူ (၇) မျိုးရှိကြောင်း ရန်ကုန် နက္ခတ်ဗေဒင် ဆရာများကို ကိုးကားပြီး မြန်မာ့အွန်လိုင်းစွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် ကြွက်များ ထောင်နှင့်ချီ ရွှေ့ပြောင်း

ခက်ထန် Tuesday, June 29, 2010

နေပြည်တော် - ရန်ကုန် လမ်းမသစ် ကြီးပေါ်တွင် နေပြည်တော် ဘက်မှ အုပ်စုလိုက် ရွှေ့ပြောင်း နေကြသည့် ထောင်နှင့်ချီသော ကြွက်အုပ်များကို ယခု ရက်အတွင်း တွေ့ရကြောင်း ခရီးသွားများက ပြောသည်။

မိုင်တိုင် ၄၇ တလျှောက်တွင် ဧရာမ ကြွက်အုပ်ကြီး ရွှေ့လျား နေသည်ကို တွေ့ရကြောင်း၊ ကားများက နင်းကြိတ်မိ သဖြင့် အမြားအပြား သေနေကြသည် များလည်း ရှိကြောင်း ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာသည့် ခရီး သည်တဦးက ပြောသည်။

တခြားသော ခရီးသွား တဦးကလည်း သူတွေ့ရှိ ချိန်တွင် မိုင်တိုင် ၄၅ ဘက်သို့ ရောက်ရှိနေပြီး ပဲခူးဘက်သို့ ဦးတည် နေကြောင်း ပြောဆိုသည်။

“ကားတွေဆိုတာ ရပ်တောင် မရပ်ရဲကြဘူး။ ကြွက်တွေ ကလည်း ကားမီးတွေထိုး၊ ကားတွေ တရကြမ်း ဖြတ်နေတာတောင် မကြောက်ကြဘူး။ ကားတက်ကြိတ်လို့ တဗျိဗျိ မြည်နေသံတွေက ကြောက်ဖို့တောင် ကောင်းတယ်။ လမ်းတွေဆိုတာ ကြွက် သွေးတွေနဲ့ ရဲရဲတောက်လို့။ ကြွက်သေ တွေကို ကြွက်ရှင် တွေက စားသောက်နေ လိုက်ကြတာ မြင်မကောင်းဘူး” ဟု ဇွန်လ ၂၈ ရက်နေ့ညက ကိုယ်တွေ့ကြုံခဲ့သည့် ဘလော့ဂါ ညီလင်းဆက်ကလည်း သူ၏ ဘလော့ဂ် (http://blog.nyilynnseck.com/2010/06/blog-post.html) တွင် ရေးသားထားသည်။

ထိုသို့ ကြွက်များ ပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုမှုများလည်း ပေါ်ထွက်နေသည်။ တချို့က ငလျင်ကဲ့သို့သော သဘာဝဘေးဒဏ်၏ ရှေ့ပြေးနိမိတ်ဟု ယူဆလျက်ရှိကြောင်း၊ တချို့ကမူ ကြွက်နှင့် ပတ်သက်ပြီး ဖြစ်ပေါ်တတ်သည့် ပလိပ် ရောဂါ ကဲ့သို့သော ရောဂါမျိုး ဖြစ်ပွားမည်ကို ထိတ်လန့်လျက်ရှိကြောင်း သိရသည်။ တချို့က ပဲခူရိုးမတွင် ဝါးများပွင့်ခြင်း ကြောင့် ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံတွင်၂၀၀၈ ခုနှစ် စီချွမ် ငလျင် မတိုင်ခင်ကလည်းကောင်း၊ ယခုနှစ် မေလကုန်ပိုင်းကလည်း ဂရိတွင်လည်းကောင်း ထောင်ပေါင်းများစွာသော ဖားများ လမ်းပေါ်ထွက်လာပြီး အစုလိုက် အပြုံလိုက် ပြောင်းရွှေ့မှု ဖြစ်ပေါ်ဖူးသည်။

ရပ်ကွက် ကော်မရှင်တွင် ကြံ့ဖွံ့များ ဦးစားပေးထည့်သွင်း

ဧရာဝတီ Tuesday, June 29, 2010

၂၀၁၀ ရွေးကောက်ပွဲ အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ လူစာရင်း ရွေးချယ်ရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) အသင်းဝင်များကို ဦးစားပေး ထည့်သွင်း ထားကြောင်း သိရသည်။

ပဏာမ ရပ်ကွက် ကော်မရှင် လူစာရင်းများ၌ အသက် ၃၀ မှ ၇၀ ကြားရှိ ကြံ့ဖွံ့အသင်းဝင်များ၊ အမျိုးသမီးရေးရာ ကော်မတီ အဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များကို ဦးစားပေး ရွေးချယ်နေပြီး သီးခြားလွတ်လပ်သော ပုဂ္ဂိုလ် အနည်းငယ်သာ ပါသည်ဟု ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးများက ဆိုသည်။

ရပ်ကွက် ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ရာ၌ ရပ်ကွက်တခုနှင့်တခု မတူညီဘဲ ရပ်ကွက်ရှိ လူဦးရေအလိုက် ရွေးချယ်သွားခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးများမှ စုံစမ်းသိရှိရသည်။

“မိခင်နဲ့ ကလေးစောင့်ရှောက်ရေးက ၅ ယောက်၊ ပြည်ခိုင်ဖြိုးက ၉ ယောက်နဲ့ အမျိုးသမီးရေးရာက ၂ ယောက်၊ အပြင်က ၅ ယောက်၊ အားလုံးပေါင်း ၂၁ ယောက်ရွေးသွားတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်တခုမှ မိခင်နှင့်ကလေး စောင့် ရှောက်ရေး အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောသည်။

အစိုးရ လက်အောက်ခံ လူမှုရေး အဖွဲ့အစည်းများကို ကော်မရှင်အဖွဲ့ဝင်များအဖြစ် ရွေးချယ်ခြင်းသည် ရပ်ကွက်ထဲတွင် ဂုဏ်သရေရှိပြီး လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်က ပြောဆိုသည်။

ရန်ကုန်မြို့ရှိ သတင်းဂျာနယ် အယ်ဒီတာ တဦးကမူ ယင်းကော်မရှင်များ၌ ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံးသည် စစ် အစိုးရ ၏ နိုင်ငံရေးလမ်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အသုံးချရန် စနစ်တကျ တည်ထောင်ထားသည့် လူမှုရေး အဖွဲ့အစည်းများဖြစ်သည်ဟု သုံးသပ်သည်။

ရပ်ကွက် ကော်မရှင်တွင် ပါဝင်ရန် လူရွေးချယ်သော်လည်း တာဝန်ခွဲဝေ သတ်မှတ်ထားခြင်း မရှိသေးဟု ပဲခူးမြို့ရှိ ရွာတရွာမှ ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်တဦးက ပြောသည်။

“ကျနော်တို့ရွာက ၁၀ ယောက် စာရင်းပေးရတယ်။ ကော်မရှင်အဖွဲ့ဝင် အတွက်ရော၊ မဲရုံမှူး၊ ဒု မဲရုံမှူးအတွက်ရောပေါ့။ အဲဒီ လူတွေကိုခေါ်ပြီး ပဲခူးမြို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အရွေးခံထားရတဲ့ ဦးသောင်းဟန်နဲ့ လူဝင်မှုကြီးကြပ်ရေး(လ၀က) က ဦးစီးအရာရှိတယောက်က သင်တန်းပေးတယ်”ဟု ၎င်းက ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်တခုမှ တာဝန်ရှိသူတဦးကလည်း “မဲရုံတွေမှာ ပါဝင်ကြီးကြပ်ပေးဖို့ လူ ၂၇ ယောက်ကို စိစစ် ရွေးချယ်ပြီး မြို့နယ်ရုံးကို စာရင်းတင်လိုက်ရတယ်။ အသက် ၃၀ နဲ့ ၇၀ ကြား။ လူအများ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေပေါ့။ ၂၇ ဦးထဲက ၁၇ ဦးရွေးပေးတယ်။ ၁၀ ဦးကတော့ မဲရုံတွေကို ကြီးကြပ်ရမယ်။ ကျန်တဲ့ ၇ ဦးက အရန်”ဟု ပြောဆိုသည်။

ကြံ့ဖွံ့ အသင်းဝင်များအနက် အသက် ၃၀ ကျော်သူများကို ကော်မရှင် အဖွဲ့ဝင်များအဖြစ် ရွေးချယ်လျက်ရှိပြီး အသက် ၃၀ အောက် လူငယ်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်အဖြစ် ပြောင်းလဲသတ်မှတ်လျက် ရှိ သည်ဟု တာမွေမြို့နယ်မှ ကြံ့ဖွံ့ အသင်းဝင် လူငယ်တဦးက ပြောသည်။

“မဲရုံတွေမှာ ကြီးကြပ်တဲ့ ကော်မတီဖွဲ့ဖို့ ရပ်ကွက်ထဲမှာ စာရင်းလိုက်ကောက်နေပြီ။ အသက် ၃၀ အထက် ဖြစ်ရမယ်တဲ့။ ကျနော့် အဖေတောင် စာရင်းထဲမှာ ပါတယ်။ ကျနော့်ကိုကျတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ပါဖို့ခေါ်တယ်။ အဖေကတော့ ကော်မရှင်အဖွဲ့ထဲ စာရင်းပါသွားတယ်”ဟု တာမွေမြို့နယ်အတွင်းမှ ဆယ်အိမ်မှူး လူငယ်တဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခဲ့သူတဦးကလည်း“ဒီတခေါက် မဲရုံလူကြီး လုပ်မယ့်သူတွေက ကြံ့ဖွံ့နဲ့ အမျိုးသမီးရေးရာ တွေ များတယ်။ ၉၀ ရွေးကောက်ပွဲတုန်းက တကယ့်ကို ဂုဏ်သရေရှိတဲ့ သူတွေကို မဲရုံမှူးအဖြစ် ထားတာ။ ပါတီဝင်တွေ က လည်း သူ့ကို ဘာမှ ပြန်မပြောရဲဘူး။ အခုက ကြံ့ဖွံ့လူကြီးတွေက ပါတီထောင်ပြီး အောက်က ကြံ့ဖွံ့အဖွဲ့ဝင်တွေက မဲရုံမှူး လုပ်ကြမှာ”ဟု ဆိုသည်။

တိုင်းနှင့် ပြည်နယ်၊ ခရိုင် အဆင့် မဲရုံများတွင် မဲရုံမှူးအဖြစ် တာဝန်ယူမည့် အစိုးရ၀န်ထမ်း ၂၅၂ ဦးကို နေပြည်တော် မြို့တော် ခန်းမတွင် ဧပြီလ ၇ ရက်မှ ၉ ရက်အထိ သင်တန်းပေးခဲ့ပြီး ဥပဒေအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် ဒုတိယ ဦးစီးမှူးများ ပါဝင်တက်ရောက်ရကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲများကို မေလ ၆ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ယခု သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက် ကော်မရှင်အဖွဲ့များ ဖွဲ့စည်းနိုင်ရန် ပဏာမ လူရွေးချယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲများကို ဖွဲ့စည်း တာဝန်ပေးထားရာ ကချင်ပြည်နယ်တွင် ၁၈ ခု၊ ကယားပြည်နယ်တွင် ၇ ခု၊ ကရင်ပြည်နယ်တွင် ၇ ခု၊ ချင်းပြည်နယ်တွင်၆ ခု၊ စစ်ကိုင်းတိုင်းတွင် ၃၇ ခု၊ တနင်္သာရီတိုင်းတွင် ၁၀ ခု၊ ပဲခူးတိုင်းတွင် ၂၈ ခု၊ မကွေးတိုင်းတွင် ၂၅ ခု၊ မန္တလေးတိုင်းတွင် ၃၁ ခု၊ မွန်ပြည်နယ်တွင် ၁၀ ခု၊ ရခိုင်ပြည်နယ်တွင် ၁၇ ခု၊ ရန်ကုန်တိုင်းတွင် ၄၅ ခု၊ ရှမ်းပြည်နယ်တွင် ၅၀ ခု၊ ဧရာဝတီတိုင်းအတွင်းတွင် ၂၆ ခုရှိကြောင်း မေလ ၇ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

စစ်အစိုးရက ပြဋ္ဌာန်းထားသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ၊ အခန်း ၁၀၊ အပိုဒ် ၃၉(က)၌ ရပ်ကွက် များတွင် မဲဆန္ဒပေးရမည့် ဦးရေနှင့် မဲရုံအရေအတွက်ကို မြို့နယ် ကော်မရှင်က လိုအပ်သလို သတ်မှတ်ပေးနိုင်သည်ဟု ဆို ထားသည်။

၁၉၉၀ ရွေးကောက်ပွဲကာလက မြန်မာနိုင်တဝန်းလုံးတွင် မဲရုံပေါင်း ၁၅၁၅၄ ရုံ သတ်မှတ်ပေးခဲ့သည်။ မဲဆန္ဒရှင် ၁၀၀၀ ရှိသော မဲရုံမှ ၅၀၀၀ ရှိသော မဲရုံအထိ မဲဆန္ဒရှင် ဦးရေအလိုက် ထားရှိရမည့် မဲရုံ အဖွဲ့ဝင်ကိုလည်း သတ်မှတ်ကြေညာထားသည်။ မဲ ဆန္ဒ ရှင် ၁၀၀၀ တွင် မဲရုံ အဖွဲ့ဝင် ၄ ဦးမှ မဲဆန္ဒရှင် ၅၀၀၀ တွင် မဲရုံအဖွဲ့ဝင် ၁၂ ဦးအထိ သတ်မှတ်ခဲ့သည်။

တာဝေးပစ် အမြောက်များ တရုပ်ထံမှ မြန်မာစစ်တပ် ထပ်ဝယ်

သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်အတွက် တာဝေးပစ်ခတ်နိုင်သော ၁၅၅ မီလီမီတာ အမြောက်ကြီးများကို တရုတ်နိုင်ငံမှ မေလတတိယပတ် အတွင်းဝယ်ယူခဲ့ကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်၏ ဂျွန်လ ၂ ရက်နေ့ မြန်မာပြည်ခရီးစဉ် မတိုင်မီ မြန်မာစစ်တပ်မှ လက်နက်ရေးရာ ကျွမ်းကျင်သည့် အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ကာ အကြီးစားတရုတ်လက်နက်ကုမ္ပဏီ တစ်ခုဖြစ်သည့် China North Industries Corporation ခေါ် (Norinco ) ကုမ္ပဏီထံမှ ၎င်းလက်နက်များ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်သို့ လက်နက်ရောင်းချခဲ့သည့် တရုတ် Norinco ကုမ္ပဏီသည် တရုတ်ဝန်ကြီးချုပ်နှင့်အတူ မြန်မာပြည်သို့ သွားရောက်ပြီး မုံရွာကြေးနီသတ္တုတွင်း စီမံကိန်း ဆောင်ရွက်ရေးကိစ္စ မြန်မာအာဏာပိုင်များနှင့် စာချုပ်ချုပ်ခဲ့ကြောင်း သိရသည်။


ယခု ၀ယ်ယူသည့် အမြောက်ကြီးများအား မြန်မာစစ်တပ် အမြောက်တပ်မများတွင် အသုံးပြုတပ်ဆင်သွားမည် ဖြစ်၏။ မြန်မာစစ်တပ်တွင် အိန္ဒိယနိုင်ငံလုပ် ၁၀၅ မမ အမြောက်များလည်း ၀ယ်ယူတပ်ဆင်ထားကြောင်းလည်း သိရသည်။

မြန်မာစစ်တပ်က အမြောက်ကြီးစခန်းဋ္ဌာနချုပ်များ အပါအ၀င် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များ ကို ၂၀၀၂ မှ စတင် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ လိုအပ်သည့် လက်နက်ခဲယမ်းများဖြည့်တင်းရန် နိုင်ငံခြားတိုင်းပြည်များမှ ၀ယ်ယူနေခြင်းဖြစ်သည်။

၎င်းအပြင် ယခုနှစ်အတွင်း တရုတ်လုပ် K8 အမျိုးအစား လေ့ကျင့်ရေးတိုက်လေယာဉ်များ ၀ယ်ယူခဲ့ပြီး လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၅၇၀ တန်ဖိုးရှိသည့် ရုရှားနိုင်ငံမှ MIG-29 ဂျက်တိုက်လေယာဉ် အစီး ၂၀ ၀ယ်ယူခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ၀င်ငွေ အများစုသည် ရေနံနှင့်သဘာဝ ဓါတ်ငွေတူးဖေါ်ခြင်းမှ ရရှိနေပြီး အဆိုပါဝင်ငွေ၏ ၆၀ ရာခိုင်နှုန်း ခန့်ကို မြန်မာစစ်တပ် စစ်အသုံးစာရိတ်အတွက် အသုံးချနေကြောင်း နိုင်ငံတကာလေ့လာရေးအဖွဲ့များက ခန့်မှန်း ကြသည်။

ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာ

နိုင်ဟံသာ

ကျွန်ုပ်တို့နိုင်ငံအတွင်း ဖြစ်ရှိနေသော နှစ်ငါးဆယ် ကျော်ပြည်တွင်း စစ်ကြီး၏ အဓိက သော့ ချက်ပြဿနာ သည် ပြည်ထောင်စု ဖွဲ့စည်း ရေး ပြဿနာ ဖြစ်သည်။ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊ စုစည်း နေထိုင်ရာ နယ်မြေ နယ်မြေ ဒေသချင်း မတူညီ သော လူမျိုးများ စုပေါင်း နေထိုင်သည့် နိုင်ငံ တစ်ခုအတွင်း လူမျိုးစုများ အတူနေ ထိုင်ရေး၊ တနည်းအားဖြင့် ပြည်ထောင်စုဖွဲ့ စည်းရေး ပြဿနာ သည် အဓိက ပြဿနာ ကြီးဖြစ်သည်။

၎င်းပြဿနာကို ပကတိအနေအထားနှင့်ကိုက်ညီမှန်ကန်စွာမဖြေရှင်း အာဏာရသူတို့က မိမိတို့ဆန္ဒအရ လိုရာဆွဲ ပုံစံချ အမည်ခံပြည်ထောင်စုကိုဖွဲ့စည်းခဲ့သဖြင့် ညီအစ်ကိုလူမျိုးအချင်းချင်း ပြင်းထန်စွာစစ်ခင်းရသော လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပေါ်လာခဲ့သည်။ ယင်းစစ်ပွဲကြောင့် စစ်တပ်သည်အရေးပါအရှိန်အဝါရလာပြီး နောက်ဆုံးအာဏာ သိမ်းသည့်အထိ ဖြစ်ပေါ်လာသည်။ သို့နှင့် တစ်ပါတီအာဏာရှင်အစိုးရ၏ စိုးမိုးဖိနှိပ်မှုကို ပြည်သူတစ်ရပ်လုံး နှစ်ပေါင်းရှည်ကြာစွာခံခဲ့ရသည်။ စီးပွားရေးအရလည်း မကြုံဘူးအောင်ဆင်းရဲငတ်မွတ်လာရသည်။ ထို့ကြောင့် ဤစုစည်းနေထိုင်ရေး သို့မဟုတ် ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်နေပေသည်။

ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ပြဿနာဖြစ်ပေါ်လာရခြင်းအခြေခံကို လေ့လာရန်လိုအပ်ပေသည်။ သမိုင်း ကိုပြန်ကြည့်လျှင် ကျွန်ုပ်တို့နိုင်ငံတွင် လူမျိုးအချို့တို့သည် သီးခြားနိုင်ငံများဖြင့် နှစ်ပေါင်းကြာရှည်စွာ နေထိုင်လာ ခဲ့ကြသည်။ အချို့လူမျိုးတို့မှာလူဦးရေ၊ ဓနအင်အား၊ စစ်အင်အားနည်းပါးသဖြင့် လက်အောက်ခံဘဝနှင့် နေထိုင် လာခဲ့ရသည်။ သို့သော် ဧကရာဇ် ပဒေသရာဇ်စနစ်တွင် ဘဏ္ဍာဆက်သရန်သာအဓိကဖြစ်ပြီး မိမိတို့အကြီးအကဲနှင့် မိမိတို့လူမျိုးဒေသကို အုပ်ချုပ်နေထိုင်လာခဲ့ရသည်။ တချိန်ချိန်တွင် စစ်အင်အားကြီးမားသော ဘုရင်တပါးပါးက နီးစပ်ရာ ဧကရာဇ်ဘုရင့်နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် ကျယ်ပြန့်သော နိုင်ငံအသွင်ရောက်ခဲ့သည်။ သို့သော် အင်အားနည်းပါးလာနှင့် ထိုအင်ပါရာနိုင်ငံသည်လည်း ပြိုကွဲပျက်စီး ရပြန်သည်။ စစ်အင်အားကောင်းသော အလောင်းဘုရားနှင့် ဘိုးတော်ဘုရားတို့က မွန်နှင့်ရခိုင်ပြည်ကိုသိမ်းပြီး ကုန်းဘောင်မင်းဆက် အင်ပါရာနိုင်ငံတော်ကို တည်ဆောက်အုပ်ချုပ်နိုင်ခဲ့သည်။ ဤအခြေခံကိုယူပြီး အတုအယောင်ပြည်ထောင်စုကို လှည့်စားပုံဖော်ခဲ့သဖြင့် ယနေ့အထိပြဿနာ ပေါ်နေရခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေးအခြေခံကို တောင်တန်းဒေသ လူမျိုးစု ခေါင်းဆောင်များနှင့် ညှိနှိုင်းပြီးချမှတ်သွားခဲ့သည်။ သို့သော် ၄င်းနှင့် လူမျိုးစုခေါင်းဆောင်များ ချုပ်ဆိုခဲ့သော စာရွက် စာတမ်းများသည်လည်း ၄င်းနည်းတူမြေမြုပ်သင်ဂြိုဟ်ခံခဲ့ရသည်။ ဦးနုခေါင်းဆောင်သော ဖဆပလခေါင်းဆောင် များသည် အသွင်အားဖြင့် ပြည်ထောင်စု (Federal State) လက်တွေ့အားဖြင့် တစ်ပြည်ထောင်စနစ် (Unitary State) ဖြစ်သော အမည်ခံပြည်ထောင်စုဖွဲ့စည်းပုံကို ဦးချန်ထွန်းအား ရေးဆွဲစေခဲ့သည်။ ပင်လုံစာချုပ်ချုပ်ဆိုရာတွင် မပါဝင်ခဲ့သော တနည်းအားဖြင့် အင်္ဂလိပ်တို့ စည်းရုံးဖဲ့ထုတ်မှုကို မစိုးရိမ်ရသော ကရင်၊ မွန်၊ ရခိုင် လူမျိုးများကိုမူ လူမျိုးတစ်မျိုး၏ အင်္ဂါရပ်များနှင့် မည်မျှပြည့်စုံစေကာမူ မည်သည့်အခွင့်အရေးမျှမပေးခဲ့ပါ။ အထပ်ထပ်ခါခါ ဆန္ဒပြ တိုက်ပွဲဝင်တောင်းဆိုသောအခါမှ မပြောပလောက်သော အခွင့်အရေးတစ်ချို့ကိုပေးခဲ့သည်။ ကရင်လူမျိုးတို့မှာ အင်္ဂလိပ်တို့လက်ထက်က ဖွဲ့စည်းခဲ့သော စစ်တပ် အရှိန်အဝါကြောင့် မွန်နှင့် ရခိုင်တို့ထက် စောလျင်စွာ ပြည်နယ်ရခဲ့သည်။

တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ရင်းနှီးချစ်ကြည်အေးချမ်းစွာ ပြဿနာကိုမဖြေရှင်းဘဲ ၄င်းတို့ရေးဆွဲ ထားသော ဥပဒေကို ဘုရား ဒေသနာ ကဲ့သို့မှတ်ယူပြီး အသေ ဆုပ်ကိုင် ထားကာ စစ်သားနှင့် ပုလိပ်ကိုသုံး၍ ဖီဆန် သူများကို ကျည်ဆန်နှင့် ထောင်ဒဏ်များ ပေးခဲ့ သည်။ ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ် လာခဲ့ရသည်။

ကမ္ဘာသိ မြန်မာသိ သစ္စာကတိဖြင့် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါသဘောထားကို အခြေခံပြီး နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်(၁ဝ) နှစ်ပြည့်၍ အကျိုးမရှိဟုမြင်ပါက ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့ကို ခွဲထွက်ခွင့်ပေးထားသည်။ သို့သော်၎င်းတို့သည် ခွဲထွက်ခြင်းကိုမတောင်းဆို ပြည်နယ်အခွင့်အရေး ပိုပေးရန် တောင်း ဆိုသည်ကိုပင် မပေးခဲ့သဖြင့် တော်လှန်ရေးစစ်ပွဲများပိုမိုကျယ်ပြန့်ခဲ့လေသည်။ ယခုဆိုလျှင် လူဦးရေ အတော်အတန်ရှိပြီး ထင်ရှားသောလူမျိုးတိုင်းတွင် အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နှင့် လှုပ်ရှားမှုများ ရှိနေသည်။ ဤစုစည်းညီညွတ်စွာ ပူးပေါင်းနေထိုင်ရေးပြဿနာကို ဦးနုက အတုအယောင်ပြည်ထောင်စုဖြင့် လှည့်စားဖြေရှင်း ခဲ့သည်။ ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်သဘောတရားဖြင့် ကာရံဖုံးလွှမ်းပြီး တစ်ပြည်ထောင်စနစ်ဖြင့် ဖြေရှင်းခဲ့သည်။ မည်သည့်နည်းကမျှ မဖြေရှင်းနိုင်ခဲ့ချေ။ ပကတိအခြေအနေနှင့် ဆန့်ကျင်ပြီး ပြဿနာကို ဆန္ဒစွဲဖြင့် ဖြေရှင်းခဲ့သဖြင့် နိုင်ငံရေးဒဏ်ခတ်ခြင်းကို ခံသွားကြရပြီးဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံ၏ ပကတိအနေအထားနှင့် ကိုက်ညီသော ပြည်ထောင်စုကို မည်သို့တည်ဆောက် ရမည်နည်း။ ကမ္ဘာပေါ်တွင် မတူကွဲပြားသောလူမျိုးများကိုအခြေခံပြီး နိုင်ငံများစွာကို ဖက်ဒရယ်ပြည်ထောင်စု စံနစ်ဖြင့် ဖွဲ့စည်းခဲ့သည်။ ဥပမာ ဆိုဗီယက်ယူနီယံ၊ အိန္ဒိယ၊ ဆွစ်ဇာလန်၊ ယူဂိုစလားဗီးယားနှင့် ချက်ကို စလိုဗက်ကီးယား နိုင်ငံတို့ဖြစ်သည်။ ၄င်းနိုင်ငံများသည် လူမျိုးရေးအရ ကျွန်ုပ်တို့နိုင်ငံနှင့်ဆင်တူမှုရှိသည်။ မတူသောလူမျိုးကွဲများ အတွင်း လူဦးရေများသော(သို့မဟုတ်) ယဉ်ကျေးမှုအသိပညာတိုးတက်သော (သို့မဟုတ်) စစ်ရေး၊ စီးပွားရေးတို့ တွင် အားကောင်းသောလူမျိုးတမျိုးက အခြားလူမျိုးများကို လက်အောက်ခံအဖြစ်နှင့် စုစည်းထား၍မရ။ ရပါကလည်း မမြဲနိုင်။ မအေးချမ်းနိုင်ပါ။ ကျေနပ်ချစ်ခင်စွာဖြင့် စုစည်းကြမည် မဟုတ်ပေ။ ကျွန်ုပ်တို့နိုင်ငံအတွက် ဖြစ်သင့်သော ပြည်ထောင်စုမှာ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊ စုစည်းနေထိုင်သောဒေသ၊ ထိုက်သင့်သော လူဦးရေ၊ ဖူလုံသောစီးပွားရေးအခြေခံတို့နှင့် ပြည်စုံက ၎င်းလူမျိုးအတွက် ပြည်နယ်တခုဖွဲ့စည်းပေးရန် လိုသည်။ ပြည်နယ်အကျယ်ဝန်းနှင့် တည်နေရာတို့မှာ ၎င်းစုစည်းနေထိုင်ရာ ဒေသပေါ်တွင် ရှိရမည်။ ထိုပြည်နယ်များသည် ချုပ်ချယ်မှုမရှိသော ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အာဏာဆိုသည်မှာ ၄င်းတို့ပြည်နယ်အခြေအနေနှင့် ကိုက်ညီသော ဥပဒေကို ၎င်းတို့ရေးဆွဲပိုင်ခွင့် ပြဌာန်းပိုင်ခွင့်၊ ၄င်းတို့ပြည်နယ်ကို ၄င်းတို့ကြိုက်နှစ်သက်သူများနှင့် ရွေးချယ်အုပ်ချုပ် ပိုင်ခွင့်၊ ၄င်းတို့ပြည်နယ် အတွင်း တရားစီရင်ပိုင်ခွင့်များ ရှိရသည်။

အထက်ပါအင်္ဂါရပ်(သို့မဟုတ်)အခြေခံအချက်များတွင် အားနည်းမှုရှိသောလူမျိုးစုငယ်များကိုမူကိုယ်ပိုင်ပြဌာန်း ခွင့် ပြည်နယ်တခုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လူမျိုးစုဒေသ စသည်ဖြင့် လူမျိုးငယ်များ၏အခွင့်အာဏာကို ထိုက်သင့်သလိုပေးထားရမည်။ လူမျိုးတစ်မျိုး၏ အမျိုးသားဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မှုကို တားဆီးပိတ်ပင်ထားခြင်းမျိုးမရှိဘဲ အားပေးသွားရမည်ဖြစ်သည်။

အရွယ်အစားအားဖြင့် မတူညီသော်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် ပြည်နယ်များတွင် အခွင့်အာဏာများ တူညီစွာ ရှိရမည်။ ၎င်းပြည်နယ်များကို ကိုယ်စားပြုသော ကိုယ်စားလှယ်အညီအမျှဖြင့် အမျိုးသားလွှတ်တော် (သို့မဟုတ်) အထက်လွှတ်တော်ကိုဖွဲ့စည်းပြီး ပြည်ထောင်စုဆိုင်ရာ အဆင့်မြင့်သောအာဏာများကို ပေးအပ်ထားရမည်။

ပြည်ထောင်စုအစိုးရသည် ပြည်နယ်များအနေဖြင့် မလုပ်သင့်သော သို့မဟုတ် ပြည်နယ်များက လွှဲအပ် ထား သော အခွင့်အာဏာများနှင့် လုပ်ငန်းများကို ကိုင်တွယ်လုပ်ဆောင်သွားရမည်။ ဥပမာ - နိုင်ငံခြား ဆက်သွယ်ရေး၊ ပြည်ထောင်စုကာကွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေးရိုက်နှိပ်ထုတ်ဝေရေးနှင့် လူမှုထောက်ပံ့ ကယ်ဆယ်ရေး လုပ်ငန်းတို့ကို လုပ်ဆောင်သွားရန် ဖြစ်သည်။

ဤသည်မှာ စစ်မှန်သောပြည်ထောင်စုတစ်ခု၏ ဖွဲ့စည်းပုံဆိုင်ရာ လိုအပ်ချက်ဖြစ်သည်။ နိုင်ငံပေါင်းစုံမှ ပြည်ထောင်စုဖွဲ့စည်းပုံများကို လေ့လာ၊ မိမိတို့နိုင်ငံအခြေအနေနှင့် ပေါင်းစပ်၊ လူမျိုးစုံခေါင်းဆောင်များနှင့် ညှိနှိုင်းပြီး ဖိနှိပ်ချုပ်ချယ်စိုးမိုးမှုကင်းသော အများလက်ခံနိုင်သည့်ပုံစံသစ်ဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင် စုကို ဖွဲ့စည်းနိုင်မှသာ ကျွန်ုပ်တို့နိုင်ငံအတွင်းဖြစ်ရှိနေသည့် လူမျိုးရေးအရ မုန်းတီးမှု၊ ရန်ပြုတိုက်ခိုက်မှုများကို ဖြေရှင်း နိုင်ပေလိမ့်မည်။

လူမျိုးရေးအရ နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပေါ်ခဲ့သောပြဿနာကို အတုအယောင်ပြည်ထောင်စုဖြင့် လှည့်စား၍ မရပါ။ ပိုမိုစုစည်းအားကောင်ရန်ဆိုပြီး တစ်ပြည်ထောင်စနစ်ဖြင့် လူမျိုးကွဲအသွင်ကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှု သည်လည်း အားမကောင်းနိုင်ဘဲ ပို၍ပို၍သာအားနည်းလာစေခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ နောက်ဆုံးမျိုးဆက် အနှစ်ငါးဆယ်ကျော် လက်တွေ့နယ်ပယ်တွင် စမ်းသပ်ခဲ့ပြီးဖြစ်၍ လမ်းမှန်ကိုလျှောက်ကြရန် သင့်ပြီ။ လူမျိုးရေး အရဖြစ်ပေါ်နေသောပြဿနာများကို ဖြေရှင်းပြီး ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့် အရေးများကိုပါ ဖြည့်စွက် လိုက်ပါက တမျိုးသားလုံးစည်းလုံးညီညွတ်ရေးကို မြေကြီးလက်ခတ်မလွဲ ရရှိလာပါလိမ့်မည်။ ထိုအခါ အေးချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်သောပြည်ထောင်စုကြီးကို လွယ်ကူစွာ အမှန်တကယ် ဖော်ဆောင် နိုင်ပါလိမ့်မည်။

တရုတ် ဖိအားကြောင့် ရခိုင် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေး တိုးမြှင့်တော့မည်

တာကလူး

တရုတ် အစိုးရ၏ ဖိအားကြောင့် ရခိုင်ပြည်နယ်မှ ဂတ်စ်ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေးကို တိုးမြှင့်သွားတော့မည် ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက ပြောသည်။

သူက “ ကချင် မြစ်ဆုံမှာ ဗုံးတွေ ဆက်တိုက် ကွဲပြီးတဲ့ နောက်မှာ တရုတ် ကုမ္ပဏီတွေ ရှိတဲ့ နေရာတိုင်းမှာ လုံခြုံရေးကို တိုးမြှင့်ပေးဖို့ မြန်မာ စစ်အစိုးရကို တရုတ်က ဖိအားပေးလာတဲ့ အပေါ်မှာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ ဂတ်စ်ပိုင်လိုင်း စီမံကိန်းတွေမှာလည်း အခုအခါ နိုင်ငံတော် အစိုးရက လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်ဖို့ စီစဉ်လာတာ့ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ပထမဆုံးအနေဖြင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် အကြီးမားဆုံး ရဲစခန်း တခု တည်ဆောက်ရန် စီစဉ်နေကြောင်းကို သူက ယခုကဲ့သို့ ပြောသည်။

“ တရုတ်ကို တင်ပို့မယ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းရဲ့ အဓိက ပင်မ နေရာ ဖြစ်တဲ့ ကျောက်ဖြူ မဒေးကျွန်းမှာ အင်အားအကြီးဆုံး ရဲစခန်း တစ်ခုကို များမကြာမှီ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ အင်အား ၁၀၀ ထိ ရှိမှာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မှီ လက်နက် ကရိယာတွေ တပ်ဆင်မှာ ဖြစ်သလို ခေတ်မှီ စပိဘုတ်တွေနဲ့ မော်တော်ဘုတ် တွေကိုလည်း ထားရှိသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင် ရဲစခန်းများ ကို “က”မှ “င” အထိ အဆင့်ခွဲကာ ဖွဲ့စည်းထားပြီး၊ “က” အဆင့်မှာ အမြင့်ဆုံး ဖြစ်ကာ ရဲသား အင်အား (၇၀) သတ်မှတ်ထားရှိသည်။ ၄င်း “က” အဆင့် ရဲစခန်းများကို ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၊ မောင်တောမြို့နယ် တောင်ပြို၊ တောင်ဂုတ်မြို့နယ် မအီနှင့် ဂွမြို့နယ် ကျိန်တလီတွင် တစ်ခုစီ ဖွင့်လှစ်ထားကြောင်း သူက ပြောသည်။

ယခု အဆိုပါ မဒေးကျွန်း၌ တရုတ်ပိုက်လိုင်း လုံခြုံရေးအတွက် ရဲသား ၁၀၀ ထားရန် ရာတားထားသည့် အတွက်ကြောင့် မဒေးကျွန်း ရဲစခန်းမှာ ရခိုင် ပြည်နယ်တွင် “က” အဆင့်လွန် အင်အား အကြီးဆုံး ရဲစခန်း ဖြစ်လာမည် ဟုလည်း အဆိုပါ အရာရှိက ပြောသည်။

မဒေးကျွန်းတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Asia World ကုမ္ပဏီတို့ ပေါင်းဖက်ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းနှင့် ပင်လယ်ရေနက်ဆိပ်ကမ်း တစ်ခုကို ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စတင် အကောင်အထည်ဖေါ် တည်ဆောက်လျက်ရှိသည်။

ဒေသခံပြည်သူများ၏ အဆိုအရ နအဖအာဏာပိုင်များနှင့် အဲရှားဝေါလ် ကုမ္ပဏီတို့ ပေါင်းဖက်ပြီး တရုတ် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် အဆိုပါ ကျွန်းပေါ်ရှိ ကျေးရွာများမှ နေအိမ် ၅၀ နီးပါးခန့်ကို ပြောင်းရွှေ့ ဖျက်ဆီးခဲ့ပြီး လယ်မြေဧက ၃၀ နီးပါးခန့်ကိုလည်း လျော်ကြေး တစုံတရာ မပေးပဲ အတင်း အဓမ္မ သိမ်းယူ ခဲ့ခြင်းကြောင့် ဒေသခံများ အကြား ၄င်းစီမံကိန်းနှင့် ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

လက်ရှိ အချိန်တွင်လည်း ရခိုင်ပြည်နယ် ရေတပ်ဌာနချုပ်ကို ကျောက်ဖြူ မြို့နယ် သစ်ပုတ်တောင်တွင် ဖွင့်လှစ်ထားပြီး ကျောက်ဖြူတွင်လည်း စစ်တပ် တပ်ရင်း (၃)ရင်း တပ်စွဲထားသည်။

နအဖ စစ်အာဏာပိုင်များက တရုတ်၏ ဖိအားကြောင့် နောက်ထပ် ရခိုင် ပြည်နယ်တွင် လုံခြုံရေးကို ထပ်မံ တိုးချဲ့လာသဖြင့် အာဏာပိုင်များ၏ ကန့်သတ် ချုပ်ချယ်မှု များနှင့် ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ ပိုမို တိုးပွားလာမည်ကို ဒေသခံများက အထူး စိုးရိမ်နေကြသည်ဟု သိရှိရသည်။


အသက်ရှည်၊ အရွယ်တင် … နေချင်ရင်

ညိုထွန်း

အိမ်ထောင်သည်နှင့်အပျို၊ လူပျို

လူတိုင်းဟာ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေထိုင်လိုကြတဲ့ သူချည်းပါပဲ။ ‘သေချင်လိုက်တာနော်’ ဆိုတဲ့ သူတွေတောင်မှ… ပါးစပ်ကသာ ပြောနေကြပြီး ဘယ်သူမှ မသေလိုကြပါဘူး…။

ဒီတော့… အသက်ရှည်ပြီး၊ ကျန်းကျန်းမာမာ၊ လှလှပပနဲ့ ဘဝကို နေထိုင်သွားချင်တယ်ဆိုရင်တော့…. လူပျိုကြီး၊ အပျိုကြီးများအဖြစ်နဲ့ မနေကြဖို့ ခေတ်သစ်ဆေးသိပ္ပံပညာရှင်များက စာတမ်းတစောင် ထုတ်ပြီး ပြောဆိုခဲ့ပြပါတယ်။

အိမ်ထောင်သည်များဟာ… တကိုယ်တည်း လူပျိုကြီး၊ အပျိုကြီးများထက် စစ်တမ်းကောက်ယူချက်များအရ အသက်ပိုပြီး ရှည်ကြမယ်လို့ ဆိုပါတယ်။

အိမ်ထောင်သက် ရှည်ကြာလာတာနဲ့အမျှ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီးများဟာ ရောဂါပိုမွှားများရဲ့ ဒဏ်ကို လူပျိုကြီး၊ အပျိုကြီးများထက် ပိုမိုပြီး ခုခံနိုင်ရည်ရှိကြတယ်လို့ ဆိုပါတယ်။

ကျားနဲ့ မ

ဖွားသေစာရင်းများအရ… အမျိုးသမီးများရဲ့ သေဆုံးမှုဟာ … အမျိုးသားများ၏ သေဆုံးမှုထက် လျော့နည်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ …. အသက် ၆၅ နှစ်ကျော်လာရင်တော့ အမျိုးသမီး၊ အမျိုးသား ဖွားသေနှုန်းဟာ သိပ်ပြီး မကွာလှတော့ပါဘူး။ အမျိုးသမီးတွေရဲ့ ခန္ဓဗေဒ ဖွဲ့စည်းမှုဟာ အမျိုးသားတွေထက် ပိုပြီးရှုတ်ထွေးလွန်းလှတယ်လို့လည်း ဆိုပါတယ်။

ဖို-မ ဆက်ဆံရေး

ခန္ဓာကိုယ်နုပျိုသန်စွမ်းရေးအတွက် အိမ်ထောင်သည်များရဲ့ ဖို/မ ဆက်ဆံရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ အသက်ရှည်မှု၊ နုပျိုလှပမှုတို့မှာ စိတ်ဓါတ်ရေးရာပါ ပါဝင်ပတ်သက်နေပါတယ်။ အသက်ရှည်ရှည် နေသူများဟာ နေ့စဉ် စိတ်ချမ်းသာအောင် နေတတ်ကြပြီး ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေး ဆက်ဆံမှုကိုလည်း တတ်နိုင်သမျှ ပျော်ရွှင်ကြည်နူးစွာ ခံစားလေ့ရှိကြပါတယ်။

ရင်သွေးရှိခြင်း

သားသမီးရှိတဲ့ အိမ်ထောင်သည် မိခင်များဟာ …. သားသမီးမထွန်းကားတဲ့ အိမ်ထောင်သည် ဇနီးများထက် ပိုပြီး နုပျိုအသက်ရှည်စေတယ်လို့ ဆိုပါတယ်။ လေ့လာတွေ့ရှိချက်များအရ… သားသမီး ၃ ယောက်ရှိတဲ့ မိခင်များရဲ့ သေဆုံးမှုနှုန်းဟာ နည်းပါးတယ်လို့ ဆိုပါတယ်။ သားသမီး ၄ ယောက်နဲ့အထက်ရှိတဲ့ မိခင်များကတော့ … သေဆုံးမှုနှုန်း မြန်တယ်လို့ ဆိုပါတယ်။ စစ်တမ်းရဲ့ ယေဘုယျတွေ့ရှိချက်ကတော့ …. သားသမီး လုံးဝမရှိတဲ့ အမျိုးသမီး ဒါမှမဟုတ် …. သားသမီးတဦးတည်းသာရှိတဲ့ မိခင်တို့ဟာ …. သားသမီး ၃ ဦး၊ ၃ ဦးရှိကြတဲ့ မိခင်များလောက် အသက်မရှည်ကြပါဘူး။

အိပ်ခြင်း

အအိပ်အနေ နည်းခြင်း၊ များခြင်းကလည်း ကျန်းမာသက်ရှည်ရေးနဲ့ လှပပျိုမျစ်ရေးအတွက် ထူးခြားမှု ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေပါတယ်။ လူတဦးစီအနေနဲ့ မည်မျှကြာကြာအိပ်ဖို့ လိုအပ်တယ်ဆိုတာကတော့ ပြောရခက်ပါတယ်။ လူတချို့က တည ၅ နာရီလောက် အိပ်ချိန်ရရင် လုံလောက်ပါတယ်။ တချို့ကျတော့ ၈ နာရီ၊ ၉ နာရီလောက် အိပ်ရမှ အိပ်ရေးဝကြပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ကတော့ အိပ်ချိန် ညီညွတ်မျှတမှုရှိခြင်းက ပိုပြီး အကျိုးရှိစေတယ်လို့ ဆိုပါတယ်။

အရက်နှင့် အသက်

နေ့စဉ် အရက်အနည်းမျှစီ သောက်သုံးခြင်းဟာ အသက်ကို ရှည်စေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံး လူသားတွေကို သုတေသနပြုရာမှာ ဝိုင်သောက်သုံးသူတချို့ ပါဝင်ကြောင်း တွေ့ရပါတယ်။

ပိန်သူ၊ ဝသူ

ပိန်သူတိုင်းလည်း အသက်မရှည်ပါဘူး။ ဝဖြိုးသူတချို့လည်း အသက်ရှည်တာကို တွေ့ပါတယ်။ ခန္ဓာကိုယ်မှာ တိုးလာတဲ့ အလေးချိန် တိုင်းက လူ့အသက်ကို တိုစေတာ မဟုတ်ပါဘူး။ လူလတ်ပိုင်း အသက် ၃ဝ ဝန်းကျင်တွေမှာ ဝဖြိုးသူတွေထက် ပိန်သူတွေက အသက်ပိုပြီး တိုကြပါတယ်။ တချို့သော သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်အရ အစာကို လျှော့စားလိုက်၊ ပိုစားလိုက် လုပ်ခြင်းဟာ အသက်ကိုတိုစေတဲ့ အချက်တွေထဲက တချက်လို့ ဆိုပါတယ်။

ကိုယ်အလေးချိန်ကို တဖက်စွန်းရောက်အောင် ပြုလုပ်ခြင်းဟာ ကျန်းမာရေးကို အလွန်အမင်း ထိခိုက်စေပါတယ်။ မိမိမှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် ၂ဝ ပို၍ဖြစ်စေ၊ လျော့၍ဖြစ်စေ ထိန်းမထားဘူးဆိုရင် အသက်ကို တိုစေပါလိမ့်မယ်။

လေ့ကျင့်ခန်း

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းဟာ လူကို နုပျိုလှပပြီး အရွယ်တင်ကျန်းမာစေပါတယ်။ ခွန်အားစိုက်ထုတ်ပြီး အသက်ပြင်းပြင်း အကြိမ်ကြိမ်ရှုထုတ်ခြင်းဟာ သေမင်းကို ခုခံကာကွယ်ဖို့ အကောင်းဆုံး ခံတပ်ပဲလို့ ဆေးသိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ လေ့ကျင့်ခန်းများကို ပြင်းပြင်းထန်ထန် မှန်မှန်လုပ်ခြင်းဟာ နှလုံးရောဂါဖြစ်ခြင်းကလည်း ကာကွယ်ပါတယ်။ ဒါပေမဲ့ သုတေသီအချို့ရဲ့ အယူအဆကတော့ ခန္ဓာကိုယ် အချိုးကျလှပဖို့အတွက် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်သင့်ဘူးလို့ ဆိုပါတယ်။

အောင်မြင်မှုကြောင့်

လောကမှာ အောင်မြင်မှုကြီးမားလေ အသက်လည်း ပိုပြီး ရှည်လေလေပါပဲ။ အမေရိကန်က စာရင်းဇယားအရ စက်မှုလုပ်ငန်းမှာ အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ တခြားသူတွေထက် ပိုပြီး အသက်ရှည်တာကို တွေ့ရပါတယ်။ လုပ်ငန်းအောင်မြင်တဲ့အတွက် စိတ်ဓာတ်ရင့်ကျက်မှု၊ ပျော်ရွှင်တည်ငြိမ်မှုနဲ့ ဘဝအပေါ် ကျေနပ်ပီတိဖြစ်မှုတွေက အသက်ရှည်ခြင်းကို ပံ့ပိုးပေးပါတယ်။ လုပ်ငန်းမအောင်မြင်သူတွေကတော့ စိတ်ဓာတ်ကျဆင်းတာ၊ ပျော်ရွှင်မှုကင်းမဲ့တာနဲ့ ဘဝအပေါ် ကျေနပ်မှုမရှိတာတွေကြောင့် အသက်ကို တိုစေပါတယ်။ ဘဝအောင်မြင်သူတွေအဖို့ကတော့ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင့်ကျက်တည်ငြိမ်စွာ ရင်ဆိုင်လှုပ်ရှားရင်း မိမိအတွက် အကျိုးရှိအောင် တန်ဖိုးရှိအောင် ဖန်တီးပြောင်းလဲယူနိုင်ကြပါတယ်။

ပြီးတော့ လောကကို အကောင်းမြင်ဝါဒနဲ့ ရှုမြင်သုံးသပ်နိုင်သူ၊ ကျေနပ်ရောင့်ရဲနိုင်သူတွေအဖို့ အသက်ရှည်နုပျိုရေးမှာ ပိုပြီး အရေးပါလှပါတယ်။

အသက်ရှည်နုပျို ကျန်းမာအောင် နေနည်း

အမေရိကန်နိုင်ငံက လူပေါင်း ၃၅ဝဝဝ မှာ လူတဦးသာ အသက် နှစ် ၁ဝဝ အထိ နေထိုင်နိုင်တာတွေ့ရပြီး၊ အီကွေဒေါနိုင်ငံ၊ ဗီကာဘမ်ချရင်ဝှမ်း၊ ဆိုဗီယက်နိုင်ငံ ကော့ကေးဆပ်ပြည်နယ်နဲ့၊ ပါကစ္စတန်နိုင်ငံ ဟွန်းဇားဒေသ ၃ ခုမှာ အသက် နှစ် ၁ဝဝ ကျော်အထိ နေရတဲ့သူတွေ အမြောက်အမြား ရှိတယ်လို့ ဆိုပါတယ်။ ဒီဒေသ ၃ ခုစလုံးဟာ တောင်ပေါ်ဒေသ ဖြစ်ပါတယ်။ ပြီးတော့ စိုက်ပျိုးရေးလုပ်တဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ အသက်ရှင်နေထိုင်ရေးအတွက် နေ့စဉ်နဲ့အမျှ အလုပ်နဲ့ လက်နဲ့မပြတ် ပင်ပန်းကြီးစွာ အလုပ်လုပ်ကြရပါတယ်။ အဆီဓာတ်နည်းတဲ့ အစာများနဲ့ ပရိုတင်းဓာတ်နည်းတဲ့ အစာများကိုသာ စားကြသောက်ကြရပါတယ်။ အများအားဖြင့် လတ်ဆတ်တဲ့ အသီးအနှံနဲ့ သဘာဝအစားအစာများကိုသာ စားကြသောက်ကြရပါတယ်။

ဒီဒေသက ရာသီဥတုဟာ ဒေသခံလူမျိုးစုတွေရဲ့ ဓာတ်သဘာဝနဲ့ ညီညွှတ်မျှတမှု ရှိပါတယ်။ ရာသီဥတုသာယာပြီး ဘာသာတရားလည်း ကိုင်းရှိုင်းကြပါတယ်။ အိမ်ထောင်တိုင်းဟာလည်း ပထမအိမ်ထောင်နဲ့ပဲ မြဲကြပါတယ်။ အိမ်ထောင်မမြဲတဲ့ မိသားစုရယ်လို့ မရှိသလောက် ရှားပါတယ်။ ဒီဒေသက အသက် နှစ် ၁ဝဝ ကျော်ပုဂ္ဂိုလ်များဟာလည်း ကျန်းမာသန်စွမ်းပြီး အလုပ်ကို ကြိုးကြိုးစားစား လုပ်သူတွေ ဖြစ်ပါတယ်။

အသက်ရှည်ရှည်၊ အရွယ်လှလှ နေနိုင်ရေးအတွက် ပထမဦးဆုံး ဥပဒေကတော့ မိမိအသက် ၁ နှစ်ပဲ ပိုရှည်ရှည်၊ အနှစ် ၁ဝဝ ပဲ ပိုရှည်ရှည် အချိန်တိုင်း အချိန်တိုင်းမှာ မိမိဘဝအပေါ် ချစ်ခင်တွယ်တာနေဖို့ပဲ ဖြစ်ပါတယ်။ ပြင်သစ် အတွေးအခေါ် ပညာရှင်ဖြစ်တဲ့ ပိုးဆိုးက….

“သေမင်းကို ရှောင်တိမ်းဖို့ထက် အသက်ရှည်ရှည်နေတတ်ဖို့ သင်ပြပါ။ ဘဝဆိုတာ အသက်ရှုနေခြင်း သက်သက်မဟုတ် လှုပ်ရှားရှင်သန်နေခြင်းသာ ဖြစ်တယ်။ အာရုံ ၅ ပါး ခံစားသုံးသပ်ခြင်း၊ စိတ်ကူးယဉ်မြော်မြင်ခြင်း၊ မိမိအစွမ်းသတ္တိ၊ မိမိခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးဟာ လူအဖြစ် သိစိတ်ကို ဖန်တီးနေခြင်းသာ ဖြစ်တယ်” လို့ ဆိုပါတယ်။

ဆင်ခြင်ဖို့နဲ့ …၊ စဉ်းစားစရာပါ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,29th,2010

( 33 )Norinco ‘sold Burma arms’ pre-copper deal

( 32 )မြန်မာ့ သစ်တောဌာနမှ ဆင်ဖြူတကောင်ကို မောင်တောနယ်တွင် ဖမ်းဆီးရမိ

( 31 )DKBA monk ‘has lung disease’

( 30 )အမတ်လောင်းမှတဆင့် လူထုကို စည်းရုံးနေရ

( 29 )Jailed car crash ‘rescuers’ denied appeal

( 28 )မောင်တောတွင် ဆင်ဖြူတကောင် ဖမ်းမိ

( 27 )Rare white elephant caught in Myanmar

( 26 )စာပေစိစစ်ရေး ပိုမိုတင်းကျပ်စွာ တားမြစ်

( 25 )Rare white elephant caught

( 24 )မိုးခေါင်ရေရှားမှုကြောင့် တောင်သူများ အခက်တွေ့

( 23 )မှောင်ခိုလမ်းကြောင်းပေါ်ရှိ ကျွဲ၊ နွားများ ပျောက်ဆုံး

( 22 )UN presses Burma on child soldiers

( 21 )ဂျပန်အသင်း အာရှဂုဏ် ဆောင်နိုင်မည်လော

( 20 )International Journalists group condemns Fiji media decree

( 19 )မြန်မာ ပြည်သားများ တင်လာသည့် ကား ပစ်ခတ်ခံရ

( 18 )Revered white elephant caught in Burma

( 17 )ဒိုက်ဦးတွင် ကြွက်အုပ်များ သောင်းကျန်းနေ

( 16 )European Commission Urged to Fund Cross-Border Aid

( 15 )Burma to Strengthen Pipeline Security Under Chinese Pressure

( 14 )နယ်စပ် ဖြတ်ကျော် အကူအညီများ EU ဆက်ပေးရေး တောင်းဆို

( 13 )The Burmese Elections: Prolonging the Misery and Postponing the Inevitable

( 12 )ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မီတီကို အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်း

( 11 )Another birthday, but no freedom for Suu Kyi

( 10 )ရခိုင်ပြည် နယ်တွင် သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူများပြား

( 9 )Myanmar holds 1st domestic auto show

( 8 )ထက်ထက်မိုးဦး အမှုရင်ဆိုင်ရန် တရားရုံးသို့ ရောက်မလာ

( 7 )Four new Myanmar private banks to open in new capital next month

( 6 )နိုင်ငံရေး အကျဉ်းသား တစ်ချို့ ကျန်းမာရေး ဆိုးဝါးနေ

( 5 )Defence delivers closing argument in Suu Kyi trial

( 4 )လယ်သမားများ ပိုင်သည့် ယာမြေကို မယက အတွင်းရေးမှူးက အတင်း သိမ်းပိုက်

( 3 )Dire need to counter RAW’s terrorism

( 2 )နာဂစ်ဒဏ်သင့် လူထုအတွက် စီမံကိန်း ၃ ခု လွှဲပြောင်းပေး

( 1 )Are activists the new Third Force in politics?

Monday, June 28, 2010

စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်

ဆလိုင်း ဟံသာစန်း | တနင်္လာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ စစ်အစိုး ရသည် အမျိုး သမီးများ အပေါ် လူသားချင်း စာနာမှု ကင်းမဲ့စွာ ရာဇဝတ်မှု ကျူးလွန် နေသည်မှာ ထင်ရှား သဖြင့် နိုင်ငံတကာ ရာဇဝတ် မှုခုံရုံး ICC သို့ တင်သင့်ကြောင်း ဂျပန် နိုင်ငံရှိ ပြည်သူ့ ခုံရုံးက ယမန် နေ့တွင် ဆုံးဖြတ် ခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ်တွင် နိုင်ငံ တကာ ရာဇဝတ်မှု ခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ် ထားသော ပြည်သူ့ ခုံရုံးတွင် ကိုယ်တိုင် ကျူးလွန်ခြင်း ခံခဲ့ရသူ ကာယကံရှင် မြန်မာ နိုင်ငံသူ ၄ ဦး၏ ထွက်ဆို ချက်များ၊ နှစ်ဘက် ရှေ့နေ လျှောက်လဲ ချက်များ ကြားနာပြီး နောက် အဖွဲ့ဝင် ၅ ဦးပါ တရားသူကြီး အဖွဲ့က ယခုလို ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

“တရားသူကြီးတွေက ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့တယ်။ အဲဒီထဲမှာ စစ်အစိုးရက အမျိုးသမီးတွေနဲ့ ပြည်သူတွေအပေါ် လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို ကြားနာချက်တွေ နားထောင်ခြင်းအားဖြင့် တွေ့ရှိရတယ်။ ပြီးတော့ ICC ကို တင်သင့်တယ်ဆိုတာ ပါတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က မဇ္ဈိမကို ပြောသည်။

တရားသူကြီးများအဖြစ် ဂျပန်ဗဟို တရားသူကြီးချုပ်ဟောင်း Mr. Hamada ၊ ဂျပန်နိုင်ငံ Chiba တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Ms. Goto ၊ Aoyama တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Mr. Niikura ၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီရေးလိုလားသူ ရှေ့နေများအဖွဲ့ အတွင်းရေးမှူး Ms. Shikida နှင့် ရှေ့နေ Mr. Kubori တို့က ဆောင်ရွက်ခဲ့ကြသည်။

ယမန်နေ့က ချမှတ်ခဲ့သော တရားသူကြီးအဖွဲ့၏ ဆုံးဖြတ်ချက် ၈ ချက်တွင် မြန်မာစစ်အစိုးရသည် လူသားမဆန်သော ရာဇဝတ်မှုများ ကျူးလွန်နေသည်မှာ ထင်ရှားကြောင်း၊ ကုလသမဂ္ဂ UN အနေဖြင့် ဤအမှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း ပါရှိသည်။

ထို့ပြင် UN အနေဖြင့် ခိုင်လုံသော အထောက်အထားများ ရရှိလာသည့်အခါ ICC သို့ လွှဲပြောင်း ပေးအပ်သင့်ကြောင်းနှင့် ဂျပန်အပါအဝင် နိုင်ငံတကာ အစိုးရများက မြန်မာပြည်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးကို ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း ပါရှိသည်။

ယမန်နေ့ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်ခဲ့သည့် ပြည်သူ့ခုံရုံး တရားခွင်တွင် မကြည်ကြည်ခင်၊ ဒေါ်ပုစိန်၊ နော် Sunset ကိုယ်စား WLB မှ ဒေါ်တင်တင်ညိုနှင့် WLB ကိုယ်စားလှယ် ဒေါ်မြရာဇာလင်းတို့က သက်သေထွက်ဆိုခဲ့ကြပြီး တရားလိုဘက်မှ ရှေ့နေ ၅ ဦးနှင့် တရားခံ စစ်အစိုးရဘက်မှ ရှေ့နေ ၃ ဦး လိုက်ပါဆောင်ရွက်ခဲ့သည်။

ထိုရှေ့နေများအားလုံးသည် ဂျပန်လူမျိုးများဖြစ်ပြီး တရားရုံးအသွင် ပီပြင်စေရန် ပွဲစီစဉ်သူများက လုပ်ဆောင်ထားခြင်း ဖြစ်သည်

“ကျမကို ဖမ်းပြီး စစ်ကြောရေးက အမှောင်တိုက်ထဲမှာ ထားတာတွေ၊ လုံးဝမအိပ်ရဘဲ စစ်ကြောရေးလုပ်တာတွေ၊ နောက် ထောင်ထဲကို ရောက်တဲ့အခါမှာလည်း မြင်ခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထွက်ဆိုချက်ပေးခဲ့ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသူဟောင်း မကြည်ကြည်ခင်က ပြောသည်။

NLD ပါတီဝင်နှင့် ဗကသ အဖွဲ့ဝင်ဖြစ်သူ မကြည်ကြည်ခင်သည် ဇူလိုင် ၇ ရက် အထိမ်းအမှတ် လက်ကမ်းစာစောင် ထုတ်ဝေမှုဖြင့် ၁၉၉ဝ ခုနှစ်တွင် စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ပုသိမ်မြို့ရှိ စစ်ထောက်လှမ်းရေးစခန်းအတွင်း တည်ရှိသည့် MI 4 စစ်ကြောရေးစခန်းတွင် ၂၈ ရက်ကြာ အမှောင်တိုက်အတွင်း အကျဉ်းချထားပြီး လူမဆန်သော နည်းလမ်းများဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဖြစ်သည်။

ထို့နောက် သူမကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ရာ ၁၉၉၂ ခုနှစ် မေလတွင် ထောင်မှ လွတ်မြောက်ခဲ့သည်။

တရားခွင်တွင် စစ်အစိုးရဘက်မှ ရှေ့နေများကလည်း ပြန်လည်ချေပ လျှောက်လဲခဲ့ကြကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ BWU ဂျပန်ဌာနခွဲ ကိုယ်စားလှယ် ဒေါ်ချိုချိုအေးက ပြောသည်။

“တရားခံ နအဖဘက်က ရှေ့နေတွေက ဒီသက်သေခံ အထောက်အထားတွေက တကယ်ဟုတ်သလား။ အောက်ခြေစစ်သားတွေက လုပ်တာကို သန်းရွှေမှာ အပြစ်ရှိတယ် ပြောနိုင်သလား စသဖြင့် ချေပလျှောက်လဲကြတယ်” ဟု သူမက ပြောသည်။

ဂျပန်နိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ခုံရုံးကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် ဂျပန်အခြေစိုက် လူ့အခွင့်အရေး ချက်ချင်းပေး (Human Rights Now) အဖွဲ့တို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ဂျပန်နှင့် မြန်မာပရိသတ် ၃ဝဝ ကျော် တက်ရောက်နားထောင်ခဲ့ကြသည်။

ယခုကဲ့သို့ အလားတူ ခုံရုံးမျိုးကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် WLB နှင့် နိုဗယ်ဆုရှင် အမျိုးသမီးများအဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြသေးသည်။ ယင်းခုံရုံးတွင် မြန်မာအမျိုးသမီး ၁၂ ဦးတို့က စစ်အစိုးရကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို ဖော်ထုတ်အစစ်ခံခဲ့ကြသည်။

“ကျမတို့က နအဖကို ICC တင်နိုင်တဲ့အထိ နိုင်ငံတကာ မိသားစုကို စည်းရုံးလှုံ့ဆော်တာတွေ ဆက်လုပ်သွားမှာပဲ။ အဲလိုလုပ်မှသာလျှင် နအဖ စစ်ခေါင်းဆောင်တွေအနေနဲ့ ငါတို့တော့ ရာဇဝတ်မှုတွေ ကျူးလွန်တာကို ဆက်လုပ်နေရင် အနာဂတ်မှာ တရားစွဲဆိုတာတွေ ခံရနိုင်တယ်ဆိုတဲ့ အသိနဲ့ နောက်ဆုတ်တာတွေ၊ ရပ်တန့်တာတွေ ဖြစ်လာမှာလေ” ဟု ဒေါ်သင်းသင်းအောင်က ပြောသည်။

၁၉၉၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သည် ပြည်နယ်ပါတီများ၊ နိုင်ငံတကာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တဦးချင်းစီတို့၏ ထည့်ဝင်ငွေများဖြင့် ရပ်တည်နေသည့် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ ဥပဒေ အဖွဲ့အစည်းတဖွဲ့ဖြစ်ပြီး နယ်သာလန်နိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။

လက်စွဲဥပဒေအဖြစ် ကမ္ဘာ့နိုင်ငံများမှ သဘောတူညီထားသော ရောမဥပဒေကို ကျင့်သုံးပြီး ကမ္ဘာတဝှန်းရှိ လူမျိုးတုံး သတ်ဖြတ်မှုများ၊ ပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများအား တရားစွဲဆို အပြစ်ပေးလေ့ရှိသည်။

ခုံရုံး၏ ရလဒ်များကို ယနေ့တွင် ပွဲစီစဉ်သူများက ဂျပန်အစိုးရထံ အပ်နှံသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း မရှိဘဲ ရွေးကောက်ပွဲ ကျင်းပပါက ထိုရလဒ်ကို အသိအမှတ်မပြုရန် တိုက်တွန်းသွားမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနားက UN တွင် တင်ပြထားသည့် စစ်အစိုးရ၏ လူသားချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလ စုံစမ်းရေး ကော်မရှင်တရပ်က စုံစမ်းစစ်ဆေးရေး အဆိုကို ထောက်ခံပေးရန် တိုက်တွန်း ပြောဆိုသွားမည်ဟုလည်း သိရသည်။

သေနတ်ပစ်ခတ်မှုကြောင့် မူစယ်တွင် လူတစ်ဦးသေဆုံး

သျှမ်းသံတော်ဆင
့်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ စွမ်စော်ရပ်ကွက် မန်ဝိန်းရဲကင်းအနီးတွင် လွန်ခဲ့သည့်တစ်ပတ်က ညအချိန် သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

၎င်းပစ်ခတ်မှုတွင် မူဆယ်ဒေသခံ အသက် (၅၀) အရွယ် ဦးလီစော့ ဆိုသူ သေနတ်ဒဏ်ရာ ၃ ချက်ထိမှန် သေဆုံးခဲ့ ကြောင်း သိရသည်။

“အဲဒီနေရာနားမှာက မူးယစ်ဆေးဝါး အရောင်းအ၀ယ် ဖြစ်တဲ့နေရာ မူးယစ်ဆေးဝါးကိစ္စကြောင့် ပစ်သတ်သွားတာ ဖြစ်နိုင် တယ် ပစ္စတိုသေနတ်နဲ့ပစ်တာ ၃ ချက်မှန်ပြီး ပွဲချင်းပြီးသေသွားတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုအချိန်အထိ သေနတ်ပစ်ခတ်သူ တရားခံအား ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ လက်နက်ကိုင်ဆောင်သူသည် အာဏာ ပိုင်များ ကျောထောက်နောက်ခံပြုထားသော လက်နက်ကိုင်အဖွဲ့တစ်ခုခုနှင့် ပတ်သက်ဖွယ်ရှိကြောင်း ဒေသခံများ ထင် ကြေးပေး ပြောဆိုသည်။

မူစယ်လုံခြုံရေး ၀န်ထမ်းတစ်ဦးက အဆိုပါသေနတ်ပစ်ခတ်မှု ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသော်လည်း အသေး စိတ် ပြောရန် ငြင်းဆိုကြသည်။

လွန်ခဲ့သည့်နှစ်က မူစယ်မြို့ စွမ်စော်ရပ်ကွက်အတွင်း ဗုံးများရှာဖွေတွေ့ရှိခဲ့သေးကြောင်းလည်း သိရသည်။

ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်

ပေါက်ပေါက် / ၂၈ ဇွန် ၂၀၁၀

ပြီးခဲ့သည့်လအတွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကကဒုံးလက်အောက်ခံ ဒုံးတပ်ရင်း အသစ်များကို ဖွင့်လှစ်ခဲ့ပြီး ဒုံးလက်နက်နှင့် ဆက်စပ်ယာဉ်များအား ရန်ကုန်ရှိ အမှတ် (၁) ယမ်းသိုလှောင်ရေး တပ်ရင်းမှ သက်ဆိုင်ရာ ဒုံးတပ်ရင်း အသီးသီးသို့ ပို့ဆောင်ခဲ့သည်။

မန္တလေးတိုင်းရှိ ကျောက်ပန်းတောင်း၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနှင့် ကချင်ပြည်နယ် မိုးညှင်းမြို့တို့တွင် ဒုံးတပ်ရင်းများဖွင့်လှစ်ခဲ့ပြီး မေလကုန်ပိုင်း၌ တပ်ရင်းတခုလျှင် အနည်းဆုံး ဒုံးပစ်ခတ်ယာဉ် (၅) စီးစီ ပို့ဆောင်ပြီးဖြစ်ကြောင်း၊ ပျဉ်းမနားနှင့် မန္တလေးအခြေစိုက် ပင်မယန္တရား တပ်ရင်းများတွင်လည်း အလားတူ ဒုံးယာဉ်နှင့် ဆက်စပ်ယာဉ်များ ရောက်ရှိထားပြီးဖြစ်ကြောင်း ကကကြည်း ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “မြောက်ကိုးရီးယားလုပ်တွေပဲ။ လေးလပိုင်းက ရန်ကုန်ဆိပ်ကမ်းကို ရောက်လာပုံရတယ်။ မေလလောက်မှ ဒတရ (ဒုံတပ်ရင်း) တွေကို ရန်ကုန်ကနေ ဖြန့်ခွဲတာ။ (၁၂၂) မမ၊ အတွဲလိုက်ပစ် ဒုံးအမျိုးအစားတွေလို့ ဆိုတယ်။ ယာဉ်တွေပေါ်ကနေ ပစ်ရတဲ့ ရွှေ့ပြောင်းဒုံးပစ်စနစ် အမျိုးအစား။ မြေပြင်က ဝေဟင်ပစ်လား၊ မြေပြင်ပစ်လား ဆိုတာတော့ မရှင်းလင်းဘူး” ဟု ပြောသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၏ အနောက်မြောက်ဘက် (၁ဝ) မိုင်ကျော်အကွာတွင် ဒုံးတပ်ရင်းတခု ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အဆိုပါစခန်းတွင် တပ်အဆောက်အဦ ဆောက်လုပ်ပြီးစီးကာ စစ်သားများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း မိုးညှင်းဒေသခံတဦးက ပြောသည်။

၎င်းက “မိုးညှင်းကနေ ဘီလူးမြို့ဖြတ်ပြီး တာမခံ-ဖားကန့် တက်တဲ့လမ်းပေါ်မှာ၊ ဆည်ဇင်းကျေးရွာ မရောက်ခင်မှာ တပ်တည်နေတာ (၄ ၊ ၅) လလောက်ရှိပြီ။ အဆောက်အဦတွေ ဆောက်ပြီးလို့ စစ်သားတွေလည်း ရောက်နေကြပြီ။ အဲဒီအတွက် လယ်မြေသိမ်းတာတွေ မရှိဘူး။ အခုတော့ အဲဒီလမ်းဘက် သွားလာတာ နည်းနည်းခက်သွားတယ်။ စစ်တပ်ရှိတော့ စစ်ဆေးတာတွေ လုပ်လာတာပေါ့” ဟု ပြောသည်။

တပ်မတော် အင်အားတောင့်တင်းအောင် ခေတ်နှင့်အညီ ခေတ်မီလက်နက်များ တပ်ဆင်ရသည်ဟု နအဖ စစ်ဗိုလ်ချုပ်များက ယူဆနေပြီး ပြည်သူလူထု ဆင်းရဲကျပ်တည်းနေချိန်တွင် ယခုကဲ့သို့ လက်နက်များ တပ်ဆင်နေခြင်းမှာ မှားယွင်းသည့် လုပ်ရပ်ဖြစ်ကြောင်း တရုတ်-မြန်မာစစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “သူတို့အာဏာ တည်မြဲဖို့အတွက် စစ်တပ်တွေ၊ လက်နက်တွေတိုးချဲ့ပြီး လူထုတွေ၊ လူမျိုးစုအဖွဲ့အစည်း လက်နက်ကိုင်အဖွဲ့အစည်းတွေကို ခြိမ်းခြောက်နေတဲ့သဘောပဲ။ ဒီစစ်တပ်ကလည်း လူထုထဲက မွေးဖွားလာတဲ့ မိသားစုဝင်တွေ ဖြစ်နေတဲ့ အောက်မှာ အနည်းအများဆိုသလို လူထုရဲ့ဒုက္ခကို သူတို့လည်း ခံစားရတယ်။ တတိုင်းပြည်လုံးရဲ့ ကျန်းမာရေး၊ ပညာရေး နိမ့်ကျနေတဲ့အောက်မှာ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးတွေသာ ထူးပြီး ခံစားရပေမယ့် အောက်ခြေကတော့ ပြည်သူတွေနဲ့တန်းတူ ဒုက္ခကို ခံစားရတယ်။ ဒါကြောင့် ဘယ်လို လက်နက်ပဲရှိနေပါစေ၊ ဒီစစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည်တွေလည်း ကျဆင်းနေတယ်” ဟု ပြောသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့တွင် တိုင်းပြည်ကုန်ထုတ်လုပ်မှု (GDP) ၏ (၁) ရာနှုန်းမျှ မသုံးစွဲဘဲနေချိန်၌ စစ်ရေးကဏ္ဍတွင် ဂျီဒီပီ၏ (၄ဝ) ရာခိုင်နှုန်းကျော် သုံးစွဲနေသည်ဟု နိုင်ငံတကာ စောင့်ကြည့်ရေး လွတ်လပ်သည့်အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော

သန်းထိုက်ဦး Monday, June 28, 2010

ကရင်အမျိုးသား အချင်းချင်း တိုက်ခိုက်၊ သတ်ဖြတ် မှုများကို မပြုလုပ် တော့ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ အမှတ် (၉၉၉) တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူက ကရင်ပြည်သူများကို ပြောကြားလိုက်သည်။

ကရင် ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကို ကျေးရွာတွင် တိုက်ပွဲ များကြောင့် သေဆုံး ခဲ့သော DKBA ခေါင်းဆောင် များနှင့် တပ်သား များအား အောက်မေ့ ဂုဏ်ပြုသော အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ကျင်းပရာ ဗိုလ်မှူးကြီး စောချစ်သူက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း ယင်း အခမ်း အနားသို့ သွားတက်ခဲ့သူ ဦးမန်းက ဧရာဝတီသို့ ပြောသည်။

“ကရင် အမျိုးသား အချင်းချင်း တိုက်ခိုက် ပြီးတော့ ကျဆုံးရတာကို မြင်ရတာ သူစိတ် မကောင်း ဘူးတဲ့။ သူ့အနေနဲ့ ဆက်လက် ပြီးတော့ အဲဒီလို အချင်းချင်း သတ်ဖြတ်မှု၊ အချင်းချင်း တိုက်ခိုက်မှု တွေကို မလုပ်တော့ ပါဘူးလို့တော့ ပြောသွားတယ်” ဟု ဦးမန်းက ဆိုသည်။


ဗိုလ်မှူးကြီး စောချစ်သူ၏ ပြောကြားချက်ကို ကရင် အမျိုးသား အစည်းအရုံး (KNU) တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး ဖဒို စောလှငွေက ကြိုဆိုလိုက်သည်။

“ပြည်သူတွေကို တိုင်တည်ပြီးတော့ ပြောတဲ့အခါကျတော့ ပြည်သူတွေက အားလုံး စောင့်ကြည့်နေမှာပဲ။ ကျနော်တို့ကတော့ ဒီလိုမျိုးပြောတာ ကောင်းသောပြောခြင်းပဲ၊ ဒါဟာ ကောင်းတဲ့ ဆန္ဒသဘောထားတွေပဲ၊ ကျနော်တို့ ကြိုဆိုပါတယ်။ တကယ်တမ်း အကောင်းအထည် ဖော်နိုင်အောင် ကြိုးစားသွားကြဖို့ပဲ လိုတယ်” ဟု ဖဒို စောလှငွေက ဆိုသည်။

ယင်း အခမ်းအနားသို့ DKBA တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျေးရွာ ဥက္ကဋ္ဌများ အပါအ၀င် လူဦးရေ တသောင်းကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုရှိ အမှတ် (၉၉၉) တပ်ရင်း အခြေစိုက် စစ်ဗျူဟာ အထူးတပ်ရင်း (၁၀၁) ၏ နယ်မြေတခု၌ ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက်ပိုင်း သေဆုံးခဲ့သော ခေါင်းဆောင်များနှင့် တပ်သားများကို ဂုဏ်ပြုသည့် အခမ်းအနား ကျင်းပပေးခြင်း ဖြစ်သည်။ ယင်း နယ်မြေ တွင် အုတ်ဂူပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။

ယင်းသို့ ခွဲထွက်ပြီးနောက် DKBA သည် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်လာသည်။

စစ်အစိုးရက တောင်းဆိုသော နယ်ခြားစောင့် တပ်ဖွဲ့ရေး ကိစ္စကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန် လိုသူများ လည်းရှိကြောင်း သိရသည်။

DKBA အပေါ် သြဇာညောင်းသည့် ဆရာတော် ဦးသုဇနသည်လည်း နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံဟု DKBA အဖွဲ့ဝင် တချို့က ဆိုသည်။

သို့သော် DKBA ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကြားတွင် သဘောထား အနည်းငယ် ကွဲလွဲလျှက်ရှိကြောင်း၊ ဥက္ကဋ္ဌ ဦးသာထူးကျော်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံနိုင်သော်လည်း နအဖ အရာရှိများနှင့် ရောယှက်ဖွဲ့စည်းရမည်ကို လက်မခံနိုင်ကြောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကမူ နအဖ အလိုကျ ဖွဲ့စည်းခြင်းကို လက်ခံကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်များမှ သိရသည်။

ဗိုလ်ချုပ်ထွန်းကြည် အတ္ထုပ္ပတ္တိ အရောင်းသွက်

ရန်ပိုင် Monday, June 28, 2010

စစ်တပ် အာဏာသိမ်း ခေါင်းဆောင် ဟောင်း တဦး ဖြစ်သည့် ဗိုလ်ချုပ်ဟောင်း ထွန်းကြည်၏ “နှစ် (၅၀) ကျော် ကိုယ်တွေ့များ” အမည်ရှိ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်သည် စာအုပ် ဈေးကွက်တွင် အရောင်းသွက် စာရင်းဝင် ဖြစ်နေကြောင်း သိရသည်။

“ဗိုလ်ထွန်းကြည် (မုံရွာ)” ကလောင် အမည်ဖြင့် မုံရွေး စာအုပ်တိုက်မှ ထုတ်ဝေခြင်း ဖြစ်ပြီး မူရင်း တန်ဘိုးမှာ ၅၀၀၀ ကျပ် ဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့ စာအုပ် အဟောင်း ရောင်းဝယ်သည့် ပန်းဆိုးတန်း ဈေးကွက်တွင် ၁၀၀၀၀ ကျပ် အထိ ရောင်းနေကြောင်း ရန်ကုန်မြို့မှ စာအုပ် ဖြန့်ချိသူ တဦးက ဧရာဝတီသို့ ပြောသည်။

“စာအုပ်က အဲဒီလောက် ရောင်းရမယ် မထင်ဘူး။ ခဏလေးနဲ့ ပြတ်မယ်လို့ မထင်ဘူး” ဟု ၎င်းက ဆိုသည်။

စာအုပ်ကို နှစ်တွဲခွဲ၍ ထုတ်ဝေမည်ဖြစ်ပြီး ယခု ထွက်ရှိလာသော ပထမတွဲတွင် ဗိုလ်ချုပ် ထွန်းကြည်၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကို ဖြတ်သန်းခဲ့ရမှုများ ပါဝင်သည်။

ယခု အသက် ၇၂ နှစ်ရှိ ဗိုလ်ချုပ်ဟောင်း ထွန်းကြည်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် ဗိုလ်ချုပ်ကြီး စောမောင်ဦးဆောင်သည့် အာဏာသိမ်း ခေါင်းဆောင်များတွင် ဗိုလ်ချုပ် ချစ်ဆွေပြီးလျှင် ဒုတိယမြောက် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ရေးသားသူဖြစ်သည်။

စာအုပ်ကို ဖတ်ရှုခဲ့သူ စာနယ်ဇင်းသမား တဦးက “ဦးနေ၀င်းရဲ့ အနားမှာ တပ်ကလူတွေ သေနတ်တကားကားနဲ့ လုပ်နေတာကို အဖွဲ့အစည်း တခုက မကြိုက်ဘူး။ သူတို့ပဲ သစ္စာရှိတယ်လို့ထင်တယ်။ အဲဒီ အဖွဲ့အစည်း အခုတော့ မရှိတော့ဘူး” ဟု ထောက်လှမ်းရေးအဖွဲ့ကို ရည်ညွှန်း ရေးသားထားသည့် အကြောင်းအရာမျိုး ထိုစာအုပ်တွင် ပါကြောင်း ပြောပြသည်။

ထို့အပြင် ၈ လေးလုံး အရေးတော်ပုံ ကာလအတွင်း မန္တလေးမြို့၏ လူထုလှုပ်ရှားမှုကို သက်သက်ညှာညှာ ကိုင်တွယ်ခဲ့ကြောင်း၊ စစ်တပ်အတွင်း စစ်ဆင်ရေး၊ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ လွဲချော်မှုများကိုလည်း ဗိုလ်ချုပ် ထွန်းကြည် တိုင်းမှူး အာဏာရရှိပြီးနောက်ပိုင်း ပြုပြင်ခဲ့ကြောင်း ထည့်သွင်း ရေးသားထားသည်ဟု သိရသည်။

အတ္ထုပ္ပတ္တိ စာအုပ်သည် စာမျက်နှာ ၄၃၃ မျက်နှာပါရှိပြီး ပထမအကြိမ်အဖြစ် အုပ်ရေ ၇၀၀ ရိုက်နှိပ် ထုတ်ဝေကြောင်း၊ စာအုပ်မှာ အရောင်းရ သွက်သည့်အတွက် ထပ်မံ ပုံနှိပ်နေကြောင်း ရန်ကုန်မြို့၊ ၄၅ လမ်းရှိ မုံရွေးစာပေဖြန်ချိရေးက ပြောသည်။

ယခုစာအုပ်တွင် ဗိုလ်ချုပ် ထွန်းကြည်၏ ဂျပန်ခေတ် အတွေ့အကြုံ၊ ရောင်စုံသူပုန်ခေတ်တွင် စစ်တပ်သို့ ၀င်ရောက်ခဲ့ပြီး ဗိုလ်သင်တန်း တက်ရောက်ခဲ့ခြင်းနှင့် တပ်တွင်းတာဝန်ထမ်းဆောင်ခဲ့သည့် အခြေအနေ၊ အမေရိကန်နိုင်ငံသို့ အမြောက်ဆက်သွယ်ရေး အရာရှိသင်တန်း သွားရောက်တက်ခဲ့ပုံ၊ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ကျောင်းသားအရေးအခင်း၊ ၁၉၆၄ ခုနှစ် ၅၀ ကျပ်တန်နှင့် နှင့် ၁၀၀ ကျပ်တန်များကို အာဏာသိမ်း တော်လှန်ရေး ကောင်စီက တရားဝင်ငွေအဖြစ်မှ ရပ်စဲခြင်းနှင့် တိုက်ပွဲအတွေ့အကြုံများ ကိုရေးသားထားသည်။

ဗိုလ်ချုပ်ထွန်းကြည်သည် ၁၉၈၈ ခုနှစ် မန္တလေးမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး စစ်အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်တဦးဖြစ်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (န၀တ) လက်ထက်တွင် ကုန်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းကြည်သည် လာဘ်စားသည်ဟုသော စွပ်စွဲချက်ဖြင့် ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် မောင်လှ၊ ဗိုလ်ချုပ် မျိုးညွန့်၊ ဗိုလ်ချုပ် စိန်အောင် စသည့် စစ်ဗိုလ်ချုပ်များနှင့်အတူ အငြိမ်စားပေးခြင်း ခံရသည်။

ကုန်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူစဉ်က “ဂရုဏာ ဖောင်ဒေးရှင်း” အမည်ရှိ လူမှုရေးအသင်းကို ဖွဲ့စည်းကာ ရာသက်ပန် နာယကအဖြစ် တာဝန်ယူခဲ့သည်။

ယနေ့ခေတ်တွင် တပ်မတော် အငြိမ်းစားအရာရှိကြီး အတော်များများက ကိုယ်တွေ့ အဖြစ်အပျက်များဟု ဆိုကာ စာအုပ်များရေးသားလာရာ ယင်းတို့၏ စာအုပ်များတွင် စစ်တပ်အတွင်း အဖြစ်အပျက် အခြေအနေနှင့် တဦးနှင့် တဦးအကြား ပြဿနာများ ပါဝင်မည်၊ မပါဝင်မည်ကို သိလိုသည့်အတွက် စိတ်ဝင်စားကာ ၀ယ်ယူသူ များပြားကြောင်း ရန်ကုန်မြို့ခံ စာနယ်ဇင်းသမားတဦးက ပြောသည်။

သို့သော် စစ်အရာရှိကြီးများ အနေဖြင့် စာအုပ်ထုတ်ဝေရာတွင် စာပေစိစစ်ရေးကိုသာမက ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး (ကကပြည်) သို့ပါ တင်ပြရသည့်အတွက် စစ်တပ်အတွင်းမှ လျှို့ဝှက်ချက်များ ပါရန် ခဲယဉ်းသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မကြာသေးမီကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငြိမ်းစားပေးခံရသည် ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကိုကိုကျော်က “တာဝန်ကျေခဲ့ပါပြီ” ဟု အမည်ပေးထားသည် စာအုပ်ကို “စစ်နွေ” ဟူသော ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေရာ အရောင်းသွက်စာရင်း ၀င်ခဲ့သည်။

ဗိုလ်မှူးကြီး ကိုကိုကျော်၏ စာအုပ်တွင် ၁၉၈၈ ခုနှစ်မတိုင်မီက တပ်မတော်သားများကို ယခုခေတ်ထက်စာလျှင် ပြည်သူလူထုက ပိုမို ချစ်ခင်ကြောင်းကို အရိပ်အမြွက် ထည့်သွင်းရေးသားခဲ့သည်။

အတွေ့အကြုံများကို ပြန်လည်ရေးသားခဲ့သည့် စစ်ဘက် အရာရှိကြီးများမှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး (သခင်အောင်ကြီး-ပေါင်းတည်)၊ ဗိုလ်မှူးကြီးဟောင်း တင်မောင် (မြတ်ထန်)၊ ဗိုလ်မှူးကြီးဟောင်း စောမြင့် (မှူးသမိန်နှင့် ယိမ်းနွဲပါး) ဗိုလ်မှူးကြီးဟောင်း ခင်မောင်သောင်း (မိုးမိုးတာရောစံ)၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး တာဝန်ယူခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း သန်းတင်၊ သစ်တောရေးရာ ၀န်ကြီးဟောင်း ဗိုလ်ချုပ် ချစ်ဆွေ၊ ဗိုလ်မှူးကြီးဟောင်း သောင်းဝေ (သောင်းဝေဦး)၊ မြို့တော်ဝန် ဦးကိုလေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုဝန်ကြီး ဦးစိုးညွန့် (ထီလာစစ်သူ) တို့ ဖြစ်သည်။