Monday, October 31, 2011

အဓိက တပ်စခန်း ၄ ခု ရုပ်သိမ်းပေးရန် နေပြီတော်အား ဝမ့်ဟိုင်းတပ်ဖွဲ့ဆွေးနွေး

သျှမ်းသံတော်ဆင့်


သျှမ်းပြည်တပ်မတော်မြောက်ပိုင်း ဟု လူသိများသည့် SSPP/SSA နှင့် မြန်မာစစ်တပ်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး ခဲ့ရာကျေးသီးမြို့နယ်ဝမ့်ဟိုင်းဌာန ချုပ် အနီး အခြေစိုက်သည့် မြန်မာတပ်စခန်း ၄ ခုဆုတ် ပေးရန် တောင်းဆိုလိုက်သည် ဟု ပြည်တွင်းသတင်း ရပ်ကွက်က ဆိုပါသည်။

“ငြိမ်းချမ်းရေးအတွက် ပဏာမ ဆွေးနွေးဖို့ စဝ်နော်လိတ်ခေါင်းဆောင်တဲ့ ဝမ့်ဟိုင်းကိုယ်စားလှယ်အဖွဲ့ဝင် နှစ်ဦး နေပြည် တော်ကို ပြီးခဲ့တဲ့အပတ်ထဲမှာရောက်တယ်။ အောက်တိုဘာလ ၂၉ ရက်မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတယ်လို့ ကြားရတယ်။ ဝမ့်ဟိုင်းဌာနချုပ်နားက အဓိက ၄ နေရာမှာအခြေချတဲ့ အစိုးရတပ်တွေကို ရုပ်သိမ်း ပေးဖို့ SSPP ဖက်က တင်ပြတာကို ဦးသိန်းဇော်တို့ဘက်က အမြန်ဆုံး ရုပ်သိမ်းပေးနိုင်ဖို့ဆောင်ရွက် ပေးမယ်လို့ ကတိပေးတယ်” ဟု နီးစပ် သည့်အသိုင်းအဝိုင်းကပြောပါသည်။

ပြည်သူ့စစ်ခေါင်းဆောင် စဝ်ကိုင်ဖ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဝမ့်ဟိုင်းဌာနချုပ်ကိုယ်စားလှယ် စဝ်နော်လိတ် ခေါ် စိုင်းထွေး ဦးဆောင်သော အဖွဲ့ နှင့် နေပြည်တော်အစိုးရကိုယ်စားလှယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဉက္ကဌ ဦးသိန်းဇော် တို့ အောက်တိုဘာလ ၂၉ ရက် စနေနေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုလ ၁၂ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်မှ လွှတ်မြောက်လာသည့် ဗိုလ်ချုပ်ဆေထဲန့်မှာ ထိုအစည်းအဝေးတွင် ပါဝင် မပါဝင် မသိရသော်လည်း ထိုနေ့ ညစာစားပွဲတွင်မူတွေ့ရကြောင်း ကျားဖြူပါတီဝင်များသတင်းရပ်ကွက်က ဆိုပါသည်။

သို့သော် အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ဖက်ကမူ အတည်ပြုဖြေကြားပေးခြင်းမရှိသေးဘဲ မိမိတို့ ဘာမျှမကြားသိရသေးကြောင်းသာ ပြောခွင့်ရပုဂ္ဂိုလ်က ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အားပြောကြား ပါသည်။

“ ဝမ့်ဟိုင်းဌာနချုပ်နားက အဓိက ၄ နေရာဆိုတာ နမ့်ပုတ်၊ ဝမ့်မိတ်၊ ခီ့ခပ်၊ ကျိန်းလိန် နဲ့ပါခီးတပ်စခန်းတွေဖြစ်နိုင် တယ်။ အဲ့ဒီတပ်စခန်းတွေ အခြေချထားတဲ့လမ်းက ဝမ့်ဟိုင်း အဝင်အထွက် အဓိက ကျတဲ့လမ်းကိုး” ဟုသျှမ်းပြည် တပ်မတော် ကေဒါဟောင်းတဦးကလည်းပြောပါသည်။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့သည် နာဂစ်ဖွဲ့စည်းပုံအရ ဌာနေပြည်သူ့စစ်အသွင်ပြောင်းရန် စစ်အစိုးရ ဖိအား ပေးခဲ့ပြီး နောက်ပိုင်း ၂၀၁၀ နှစ်လည်ပိုင်းက နှစ်ခြမ်းကွဲသွားခဲ့သည်။ ဦးလွယ်မောဝ်၊ ဦးကိုင်ဖက ဌာနေပြည်သူ့ စစ်အဖြစ် အသွင်ပြောင်းသွားပြီး၊ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ အမှတ် ၁ ဝမ့်ဟိုင်း က အသွင်ပြောင်း ခြင်း လက်မခံသော ကြောင့် ၂၀၁၁ မတ်ခ်ျ ၁၃ ရက်က စပြီး မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ SSPP/SSA ၏စစ်တမ်းအရ ဩဂတ်စ် လကုန်အထိ မြန်မာစစ်တပ်နှင့် တိုက်ပွဲပေါင်း ၃၀၈ ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရတပ် ၅၃၇ သေ၊ ၆၄၉ ယောက်ဒဏ်ရာ ရကာ သျှမ်းတပ်ဘက်ကမူ ၃၃ ယောက်သေ၊ ၄၄ ယောက် ဒဏ်ရာ ရခဲ့သည်ဟုဆို၏။ အပြစ်မဲ့လူထု ဆယ်ဂဏန်း သတ်ဖြတ် ခံရကာ သုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်( SWAN အစီရင်ခံစာမှ) ။

ကေအိုင်​အေနှင့်​အစိုး​ရတပ် တလအတွင်း​ တိုက်ပွဲ​ပေါင်း​ ၁၆၀ ​ကျော်ဖြစ်ပွား

ဒီဗွီဘီ

ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်)နဲ့​ မြန်မာအစိုး​ရ စစ်တပ်တို့​ တိုက်ပွဲ​တွေ ဆက်ဖြစ်​နေပြီး​ ​အောက်တိုဘာလအတွင်း​ တိုက်ပွဲ​ပေါင်း​ အနည်း​ဆုံး​ အကြိမ် ၁၆၀ ​ကျော် ဖြစ်ပွား​ခဲ့​ပါတယ်။

စက်တင်ဘာ – နိုဝင်ဘာ ၂ လအတွင်း​ တိုက်ပွဲဖြစ်ပွား​မှု အ​ခြေအ​နေကို ​ကေအိုင်အို(ကချင်လွတ်လပ်​ရေး​အဖွဲ) ​ပြောခွင့်​ရပုဂ္ဂိုလ် ဦး​လနန်း​က ခုလို ​ပြောပြပါတယ်။

“စက်တင်ဘာလ တလထဲကိုမှ ၈၆ ကြိမ်ဖြစ်တယ်။ ​အောက်တိုဘာလထဲမှာ ၁၆၀ ဆို​တော့​ အဲဒီမှာကို ၂၀၀ ​ကျော်သွား​ပြီ။ ဇွန်၊​ ဇူလိုင်၊​ ဩဂုတ်လ​တွေမှာ တိုက်ပွဲ​ပေါင်း​ ရာချီရှိမယ်လို့​ ခန့်​မှန်း​လို့​ရတယ်။ ဒါ​ပေမယ့်​ အလှမ်း​ဝေး​တဲ့​နေရာ​ဒေသ ​ရှေ့​တန်း​နေရာတချို့​က​နေ အချိန်မီ​ပေး​ပို့​နိုင်တာမျိုး​ မရှိတဲ့​အတွက်​ကြောင့်​ ဒီတိုက်ပွဲအ​ရေအတွက်က​တော့​ အနည်း​ဆုံး​ဖြစ်ပါလိမ့်​မယ်။ ဒီထက်များ​ပါတယ်။”

ဒီတိုက်ပွဲ​တွေအတွင်း​ ​ကေအိုင်​အေ ဘက်က ထိခိုက်မှုနည်း​ပြီး​ အစိုး​ရတပ်ဘက်က ထိခိုက်မှုများ​ကြောင်း​၊​ ဒါ​ပေမယ့်​ စာရင်း​အတိအကျ မရနိုင်​ကြောင်း​လည်း​ ဦး​လနန်း​က ရှင်း​ပြပါတယ်။

“ဟိုဘက်ဒီဘက် ဘယ်​လောက်ထိ အကျအဆုံး​ရှိတယ်ဆိုတာ သိပ်မ​ပြောချင်ဘူး​။ ဒါ​ပေမယ့်​ ​သေချာတာ​တော့​ ပြီး​ခဲ့​တဲ့​အချိန်မှာ သူတို့​အထိအခိုက်များ​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ​ရှေ့​တန်း​မှာတက်လာတဲ့​ သူတို့​ရဲ​ဘော်​တွေက က​လေး​စစ်သား​တွေ ​တော်​တော်များ​များ​ ​ရောပါလာတယ်။ နယ်​မြေအရ ကျွမ်း​ကျင်မှုမရှိဘူး​။ စိတ်ဓာတ်​ရေး​ရာကလည်း​ အမိန့်​အရပဲ လုပ်​ဆောင်ရတဲ့​ကိစ္စဖြစ်​နေ​တော့​ အဲဒီမှာ အထိအခိုက်များ​တယ်။”

မြန်မာအစိုး​ရဘက်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု ​လော​လောဆယ်မှာ မရှိ​သေး​ဘူး​လို့​လည်း​ ဆိုပါတယ်။

အစိုး​ရဘက်က ကိုယ်စား​လှယ်​တွေနဲ့​ ပြီး​ခဲ့​တဲ့​ ဇွန်လမှာ တကြိမ်၊​ ဩဂုတ်လမှာ တကြိမ် ​တွေ့​ဆုံခဲ့​ရာမှာ​တော့​ ဘာအ​ဖြေရလဒ်မှ ထွက်​ပေါ်မလာခဲ့​ဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။

ကေအိုင်အို – ​ကေအိုင်​အေဟာ ယူအန်အက်ဖ်စီ (ညီညွတ်​သော တိုင်း​ရင်း​သား​ လူမျိုး​များ​ဖက်ဒရယ်​ကောင်စီ) အဖွဲ့​ဝင်ဖြစ်ပြီး​ အစိုး​ရဘက်နဲ့​ ​ဆွေး​နွေး​ရာမှာ ရပ်တည်တဲ့​ သ​ဘောထား​ကိုလည်း​ ဦး​လနန်း​က ရှင်း​ပြသွား​ပါတယ်။

“သူတို့​ဘက်ကသာ ​တွေ့​ဖို့​လာမယ်ဆိုရင်​တော့​ ကျ​နော်တို့​က ​တွေ့​ဖို့​အဆင်သင့်​ပါ။ ဒါ​ပေမယ့်​ ​တွေ့​ဆုံတဲ့​အခါမှာလည်း​ ယူအန်အက်ဖ်စီရဲ့​ သ​ဘောထား​အတိုင်း​ပဲ။ ​တွေ့​တဲ့​အခါမှာ ကျ​နော်တို့​ရဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် အင်အား​စု​တွေ သ​ဘောထား​ကို ​ပြောပြဖို့​ပဲရှိတယ်။ ရှင်း​ပြဖို့​ပဲ ရှိတယ်။ ဒါ​ပေမယ့်​ အ​ရေး​ကြီး​တဲ့​ ဆုံး​ဖြတ်ချက်​တွေ ချမှတ်​တော့​မယ်ဆိုရင်​တော့​ ယူအန်အက်ဖ်စီက​နေ တဆင့်​ပဲ လုပ်ရမယ့်​ကိစ္စ​တွေပါ။ ယူအန်အက်ဖ်စီမှာ သ​ဘောတူညီချက် ရယူပြီး​မှပဲ ဆက်လုပ်နိုင်မယ်ခင်ဗျ။”

ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​တုန်း​က ​ကေအိုင်အိုဌာနချုပ် လိုင်ဇာနဲ့​ မြစ်ကြီး​နား​မြို့​အကြား​ ဝိုင်း​မော်မြို့​နယ်၊​ ဂါး​ဒါယန်​ကျေး​ရွာက ​ကေအိုင်​အေတပ်ကို အစိုး​ရစစ်တပ်ဘက်က အ​မြောက်​တွေနဲ့​ ပစ်ခတ်ရာမှာ ဓာတု​ဗေဒလက်နက် ပါဝင်တယ်ဆိုတဲ့​ ကိစ္စနဲ့​ ပတ်သက်လို့​တော့​ ​ကေအိုင်အိုက စုံစမ်း​ဖော်ထုတ်ဖို့​ ကြိုး​စား​နေတုန်း​ပဲလို့​လည်း​ သိရပါတယ်။

ကေအိုင်အိုနဲ့​ အစိုး​ရတို့​ အပစ်အခတ် ရပ်စဲထား​ခဲ့​မှု ပြီး​ခဲ့​တဲ့​ဇွန်လမှာ ပျက်ပြား​ခဲ့​ပြီး​နောက် တိုက်ပွဲ​တွေဖြစ်ပွား​နေပြီး​ တနင်္ဂ​နွေ​နေ့​ကလည်း​ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား​ခဲ့​ပါတယ်။

NLD မှတ်ပုံတင်ရေး မတင်ရေး ရက်ပိုင်းအတွင်း ကြေညာဖွယ်ရှိ

ခင်ဦးသာ on October 31, 2011


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မဟာမိတ်ပါတီများက နိုင်ငံရေး ပါတီများ အဖြစ် မှတ်ပုံ တင်ရေး၊ မတင်ရေး နှင့် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေး ကိစ္စ များကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ကြေညာ သွားဖွယ် ရှိကြောင်း သိရသည်။

ထိုနေ့တွင် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အပြင် အတိုက်အခံနိုင်ငံရေးအဖွဲ့များနှင့်စုစည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကလည်း ထိုကိစ္စများကို အပြီးသတ် ဆွေးနွေးကြမည်ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

“CRPP အစည်းအဝေးမှာ ပါတီမှတ်ပုံရေး ကိစ္စတွေ အားလုံး ဆွေးနွေးသုံးသပ်ကြမယ်၊ ကြေညာချက်ထုတ်မယ်၊ ဆုံးဖြတ်ချက်တခုပေးမယ်၊ CRPP ဆုံးဖြတ်ချက်ကို NLD ကလည်းပဲ သဘောတူပြီးပါပြီ၊ NLD စီအီးစီ အစည်းအဝေးလည်း အဲဒီနေ့မှာ လုပ်မယ်လို့ ကြားသိရပါတယ်” ဟု ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

“ဖြစ်ပေါ် တိုးတက်မှုတွေကို အခြေခံပြီးတော့ ကျနော်တို့ အနေနဲ့ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ရပ်နေလို့တော့ မရဘူးပေါ့” ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်း ထွက်ပေါ်ပြီးနောက် NLD ပါတီမှတ်ပုံတင်ရေးကိစ္စအပေါ် အမြင် အမျိုးမျိုးထွက်ပေါ်နေသည်။ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်လာပြီး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ပြီးမှသာ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်သင့်ကြောင်း အတိုက်အခံ တချို့က ယူဆကြသည်။

ပြည်ပရောက် ဒီမိုကရေစီအရေးလှုပ်ရှားနေသူ မခင်ဥမ္မာက NLDသည် ပြည်သူ တရပ်လုံးအား ကိုယ်စားပြုထားသည့် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော ပါတီတခုဖြစ်၍ သေချာ စဉ်းစား ဆုံးဖြတ်သင့်ကြောင်း ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့သည့် အတွက်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှု၊ ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှုတို့ ဖြစ်ပေါ်လာရကြောင်း၊ အကယ်၍ ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည် ဆိုပါက တခြားပါတီများကဲ့သို့ ရပ်တည် ဆောင်ရွက်ရတော့မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မခင်ဥမ္မာက သုံးသပ်လိုက်သည်။

“၂၀၁၀ ရွေးကောက်ပွဲတုန်းကသာ ပါဝင်ခဲ့ရင် အခုလိုမျိုး သမ္မတက သီးသန့် တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး၊ ပြောစရာရှိရင် လွှတ်တော်ထဲကပြော လို့ပဲ ပြောတော့မှာပေါ့၊ လွှတ်တော်ထဲမှာလည်းပဲ ကြံ့ဖွံ့နဲ့စစ်တပ်က လွှမ်းမိုးနေတော့ ပြောဆို တင်ပြသမျှ ပယ်ချခံနေရဦးမှာပဲ” ဟု မခင်ဥမ္မာက ဆိုသည်။

မခင်ဥမ္မာက အစိုးရ၏ ခြေလှမ်းများကို သံသယ ရှိသော်လည်း မကြာသေးမီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၏ အချက်တချို့အား ပြင်ဆင်လိုက်ခြင်းကို ကြိုဆိုလိုက်သည်။

ပြင်ဆင်ထားသည့် ဥပဒေကြမ်းအား လွှတ်တော် နှစ်ရပ်လုံးက အောက်တိုဘာ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့ကြပြီး သမ္မတ လက်မှတ်ရေးထိုးရန်သာ လိုတော့သည်။

ထိုသို့ ပြင်ဆင်ချက်များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရမည် ဟူသော စကားရပ်အစား လေးစားလိုက်နာရမည်ဟု ပြောင်းလဲ ရေးသားချက် ပါဝင်သည်။ အကျဉ်းကျခံဖူးသူများ ပါတီ တည်ထောင်ခွင့်၊ အကျဉ်းကျနေသူများ ပါတီဝင်အဖြစ် သတ်မှတ်ပိုင်ခွင့် စသည့် အချက်များလည်း ပါဝင်သည်။

NLD ပါတီသည် မှတ်ပုံတင်ပါက ကြားဖြတ်ရွေးကောက်ပွဲ၌ အနည်းဆုံး ကိုယ်စားလှယ် ၃ နေရာ ၀င်ရောက် အရွေးခံရမည်ဖြစ်သည်။ လစ်လပ်နေသော မဲဆန္ဒနယ် ၅၀ ၀န်းကျင် အတွက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကို အစိုးရက ကြေညာခြင်း မရှိသေးပေ။

“NLD ပါတီနဲ့ ပတ်သက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲကို မ၀င်ဘဲ ၂၀၁၅ (ရွေးကောက်ပွဲ) မှာပဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ဝင်စေ ချင်နေကြတာ ရှိသလို ရသလောက်ကို ၀င်ပြိုင်ပြီးတော့ လွှတ်တော်ထဲက ပြောဆိုစေချင်သူတွေလည်း ကြားနေရပါတယ်၊ ကျနော်ကတော့ ပြည်သူအားလုံး အကျိုးရှိမယ့် ကိစ္စဆိုရင် အားလုံးက ပူးပေါင်းသင့်တယ် ထင်တယ်” ဟု ဦးအေးသာအောင်က ပြောသည်။

ဤအတောအတွင်း ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး စသည့် ထင်ရှားသူများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာတော့မည်ဟု ကြားသိရကြောင်း ဦးအေးသာအောင်က ပြောသည်။ ထိုသတင်းနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။

NLD ပါတီ မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်ရေးကို အပြည့်အ၀ ထောက်ခံသူများထဲတွင် NDF ပါတီ ခေါ် အမျိုးသားဒီမိုကရေစီ အင်အားစုလည်း ပါဝင်သည်။

“ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လွှတ်တော်ထဲက ပြောချင်တယ် ဆိုရင်တော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တာ အကောင်းဆုံးပါ၊ လွှတ်တော်နိုင်ငံရေးကသာ အာဏာရှင်အစိုးရကို ပယ်ဖျက်နိုင်မယ်လို့ ယူဆတယ်” ဟု NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဆိုသည်။

ယူနန် တရုတ်အသင်းတော် များလိုင်ဇာကချင်ဒုက္ခသည်များ ကိုကူညီ

KNG


တရုတ်နိုင်ငံ ယူနန်ပြည် နယ်မှ ခရစ်ယာန် အသင်းတော် တချို့က အိမ်နီးချင်း KIO ဗဟို ဌာနချုပ် လိုင်ဇာ ကချင် ဒုက္ခသည် စခန်းသို့ အောက်တိုဘာ ၂၇ ရက်တွင် လာရောက် အကူညီ ပစ္စည်းများ ပေးခဲ့သည်။

၎င်းတို့၏ အကူညီ ပစ္စည်း များတွင် ဆန်အိတ် (၂၄၀)၊ ဆီဗူး (၁၂၀)နှင့် ဆေးဝါးများ ပါဝင်သည်ဟု KIO ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ အတွင်း ရေးမူး ဗိုလ်မှူး ကရန်နော်အောန် (Kareng Naw Awn) ဆိုသည်။

ယခုလို ကူညီ မှုအား ကူမင်း (Kunming)၊ ယင်ကျန်းနှင့် ရွှေလီ စသည့်မြို့ များမှ တရုတ် အသင်း တော်များ ပြုလုပ်ခြင်ြး ဖစ်သည်။

အကူညီ ပစ္စည်း များကို အသင်းတော် ခေါင်းဆာင် (၇) ဦးက ၎င်းတို့ ကိုယ်တိုင် လိုင်ဇာမြို့ တွင်းရှိ ဒုက္ခသည် စခန်းများ နှင့် မြို့ပြင်မှ ဂျေယန်ခ (Je Yang Hka) နှင့် ဖုန်လုံယန် (Hpunlum Yang) စခန်း များသို့ သွားရောက်ပြီး ပေးအပ် ခဲ့သည်ဟု ဖုန်လုံယန် စခန်းမှ တာ ၀န်ရှိသူ KIA အရာရှိ ၀မ်ဒေဆိုင်းဂျတ်ဒူ (Wangde Seng Jat Du) ပြောသည်။

လိုင်ဇာသို့ နေ့စဉ် လိုလို ရောက်ရှိ လာနေသည့် ဒုက္ခသည် သစ်များကို ဂျေယန်ခနှင့် ဖုန်လုံယန် စခန်း နှစ်ခုသို့ အဓိက နေရာ ချပေး နေသည် ဟု KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ကဆိုသည်။

ယခုချိန် မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ် ပိုမိုပြင်းထန်လာခြင်းကြောင့် ဒုက္ခသည်များ တရုတ်နယ်စပ် လိုင်ဇာသို့ ထွက်ပြေးခိုလုံလာခြင်းဖြစ်သည်။

အစာငတ်ခံဆန္ဒပြနေသည့် နိုင်ရေးအကျဉ်းသားတချို့ စစ်ခွေးတိုက်ပို့ခံရ

ရွှေအောင်

အင်းစိန် ထောင်တွင်း အစာ ငတ်ခံ ဆန္ဒပြ နေတဲ့ နိုင်ငံရေး အကျဉ်းသား ၈ ဦး စစ် ခွေးတိုက် ပို့ခံထား ရတယ်လို့​​ ​ထောင်တွင်း သတင်း​ ​အရ​ ​ကြားသိ ရကြောင်း အစာငတ်ခံ ဆန္ဒပြ ရာမှာ ပါဝင်တဲ့ ကိုညီညီထွန်းရဲ့ နှမက ပြောပါတယ်။

“လူတွေ့ ရော ပါဆယ်ပါ ပိတ်ထားတယ်။ အခြေ အနေ​ ​မေးကြည့် တဲ့အခါ ကျတော့​​ ​ထောင်တွင်း ပြစ်ဒဏ် တခု ရှိတဲ့ အတွက် ကြောင့်မို့ လို့ ပါဆယ်ရော လူတွေ့ တွေရော ပိတ်ထား တဲ့အကြောင်း ပြောတယ်။ အပြင်က ဒီပြင် အမှုတွေနဲ့ သွားတွေ့ ကြတဲ့ မိသား စုတွေ ထွက်လာ ကြပြီး ပြောတာ ကတော့ အထဲမှာ အစာငတ်ခံ ဆန္ဒပြကြ တယ်ဆိုတာ အကျဉ်းသား တချို့လည်း​ ကြား တယ်လေ၊ သူတို့ဆီက ဘယ်လို ထွက်လာ လဲဆိုတော့ စစ်ခွေး တိုက်ကို ရောက်နေ တယ်လို့ ပြောတယ်။ သေသေ ချာချာတော့ သတင်းကို တိတိ ကျကျ မသိ ရဘူး။”

ကိုညီညီထွန်းဟာ ကန္တာရ၀တီ သတင်း အယ်ဒီတာ ဖြစ်ပြီး အင်းစိန် ထောင်မှာ ထောင် ၁၃ နှစ် ကျခံ နေရသူ ဖြစ်ပါတယ်။

ကိုညီညီထွန်း၊ ကိုဉာဏ်ထွန်းလင်းတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၈ ဦးကို စနေနေ့က စစ်ခွေးတိုက် ပို့လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုများ ကွန်ရက်က ကိုအောင်ဇော်ထွန်းကလည်း ပြောပါတယ်။

ထောင်တာဝန်ရှိသူတွေက အထက်ကအမိန့်အရ အရေးယူထားလို့ ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားတယ်လို့သာပြောပြီး ဘယ်အချိန်ထိ ပိတ်ထားသလဲ ဆိုတာသေချာမပြောလို့ လာမယ့် ကြာသပတေးနေ့မှာ ထောင်ဝင်စာ သွားတွေ့ဦးမယ်လို့လည်း ကိုညီညီထွန်းရဲ့နှမက ဆိုပါတယ်။

အောက်တိုဘာ ၂၆ ရက်ကစပြီး နိုင်ငံရေးအကျဉ်းသား လျှော့ရက် ပိတ်ထားတဲ့အပေါ် မကျေနပ်လို့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးက စတင်အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး​​ ​ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်မှာ နောက်ထပ် ဆန္ဒပြအကျဉ်းသား ၂၀ ထပ်တိုးလာသလို ​ထောင်အာဏာပိုင်တွေကလည်း ပါဆယ်ပို့ခွင့်နဲ့ ထောင်ဝင်စာတွေ့ခွင့် ပိတ်လိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီဘီ က တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က နိုင်ငံရေး အကျဉ်း သားတွေ အစာငတ်ခံ ဆန္ဒပြတဲ့အခါမျိုးမှာ ထောင်တာဝန်ရှိသူတွေက အခုလိုမျိုး လုပ်လေ့ရှိတဲ့အတွက် ကျန်းမာရေး ချို့တဲ့နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အသက်ဆုံးနိုင်တာကို အထူးစိုးရိမ်မိတယ်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။

အေအေပီပီရဲ့ စာရင်းတွေအရ အင်းစိန်ထောင်တွင်း အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၅၀ လောက် ရှိတယ်လို့ သိရပါတယ်။

မြန်မာအစိုးရတပ်က ကချင်တပ်အား ဓါတုလက်နက်ဖြင့် စ တိုက်

KNG


မြန်မာအစိုးရတပ်က နိုင်ငံမြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ဖြစ်နေသော ပြည်တွင်းစစ်တွင် ဓါတုလက်နက်များ စတင်အသုံးပြုလာသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများပြောသည်။

ဝိုင်းမော်မြို့နယ် KIA နှင့် မြန်မာအစိုးရစစ်တပ်တို့တိုက်ပွဲဖြစ်ရာ မြစ်ကြီးနား-ဗန်းမော်ပေါ်မှ ရွှေညောင်ပင်၊ ဂါးရာယန်ဒေသမှ ဆုတောင်းတောင်(Akyu Hpyi Bum)နှင့် လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲများတွင် မြန်မာအစိုးရတပ်က ဓါတုအဆိပ်ငွေ့ အသုံးပြုနေသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၉ ရက် စနေနေ့ ဆုတောင်းတောင်တိုက်ပွဲတွင် မြန်မာအစိုးရတပ်က ဓါတုလက်နက်ပါ အမြောက်ကျည် ၂ ခု ပစ်ခတ်လာသည်ဟု ၎င်းတိုက်ပွဲမှ KIA ပြည်သူ့စစ်သားများပြောသည်။

KIA ပြည်သူ့စစ်သား လာဂွမ်းက “ဘယ်လိုဖြစ်တာလဲလို့ သွားစစ်ကြည့်တော့။ မီးခိုးအနက်ရောင်တွေပျံ့လာတယ်။ မီးခိုးတွေတအားများတယ်။ များတထက်များလာတာနဲ့ ခေါင်းမူးလာတယ်။ အာခေါင်ခြောက်လာတယ်။ ရေ တအား ဆာလာတယ်။ အန်ချင်လာတယ်။ အန်တော့ မအန်နိုင်ဘဲ ပျို့တက်လာပြီးတော့ ရင်ကြပ်လာပြီး စပ်ဖျင်းဖျင်း နာလာတယ်။ မျက်နှာထူလာတယ် အချိန်တို အတွင်းပဲ။” ဟု ပြောသည်။

ထိုနေ့တွင်ပင် လိုင်ဇာအနီး အင်တပ်ဘွမ်(Ntap Bum) ဒေသတွင်လည်း မြန်မာအစိုးရတပ်၏ အမြောက်ကျည်ကြောင့် KIA စစ်သားများ အချိန်အတော်ကြာ မူးဝေ အော့အန်ကြသည်ဟုဆိုသည်။

အလားတူလက်နက်မျိုး တစ်ပတ်ကျော်ကြာ လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲတွင်လည်း မြန်မာအစိုးရတပ်ဘက်မှ အသုံးပြုသည်ကို တွေ့ရသည်ဟု ဆက်ပြောသည်။

ဂျနီဗာသဘောတူညီချက်အရ ပြည်တွင်း ပြည်ပစစ်ပွဲများတွင် ဓါတုနှင့် ဇီဝ လက်နက်များ အသုံးပြုရန် ပိတ်ပင်ထားသည်။

ကန့်ကွက်မူများကြောင့် ဘီဘီစီမှ တင်ထားသော မြန်မာ မြေပုံကို အပြောင်းအလဲ လုပ်

နိရဉ္စရာ

ဘီဘီစီ (အင်္ဂလိပ်ပိုင်း) သတင်း ၀က်ဆိုက်ဘ်ဆိုက်တွင် အန်နာဂျုံး ( Anna Jones) ဆိုသူ သတင်းသမား တစ်ယောက်ရေးသားသော သတင်း တပုဒ်ကို မြန်မာ နိုင်ငံ မြေပုံနှင့် တကွ ပူးတွဲ ဖေါ်ပြရာတွင် ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သော ရခိုင်လူမျိုးကို ထည့်သွင်း ဖေါ်ပြခြင်း မရှိဘဲ ရိုဟင်ဂျာပုံကို ထည့်သွင်း ဖေါ်ပြထားသဖြင့် မြန်မာနိုင်ငံသား အများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ အဆိုပါ မြေပုံကို ဖြုတ်ချလိုက်ပြီး အသစ်တဖန် ရခိုင်လူမျိုး ဓါတ်ပုံ တစ်ပုံကို ထည့်သွင်းကာ ယခင် မြေပုံ အတိုင်း ပြန်လည် ဖေါ်ပြခဲ့သည်။

၎င်းပြင် ဖြေရှင်းချက် တစ်ခုကိုလည်း Facebook မှ တဆင့် ယခုလို ရေးသားဖေါ်ပြသည်။

"မြန်မာနိုင်ငံနယ်စပ်များတွင် နေထိုင်ကြပြီး အစိုးရနှင့် ပဋိပက္ခဖြစ်နေကြသော လူနည်းစုများမှ လူသိများသော အုပ်စုများကို ဖော်ပြ လိုရင်းသာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်နေရာကို မျဉ်းကြောင်းနှင့် ရိုဟင်ဂျာပုံ ပူးတွဲ ဖော်ပြခဲ့ခြင်းမှာလည်း ပြည်နယ်ကို မည်သူမည်ဝါ ပိုင်ဆိုင်သည်ဟု ဖော်ပြလိုရင်း မဟုတ်သလို၊ ရခိုင် တိုင်းရင်းသားများကို ဖယ်ရှားချန် ထားလိုသော ရည်ရွယ်ချက်လည်း မရှိပါ" ဟု ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) အား နိရဉ္စရာမှ ဖုံးမှ တဆင့် မေးမြန်းရာ ဘီဘီစီ ၀ိုင်းတော်သား တစ်ဦးက ယခုလို ပြန်လည် ဖြေကြားသည်။

" အဲဒါကလေ ကျွန်တော်တို့ ဘီဘီစီ Facebook မှာလည်း ရေးထားပြီးပါပြီခင်ဗျာ။ ဒီကိစ္စက ကျွန် တော်တို့ ဒီလို သီးခြားဖြေရှင်းလို့ မရပါဘူး ခင်ဗျာ။ ကျွန်တော်တို့ ဘီဘီစီ Facebook မှာ အထက် အရာရှိတွေရဲ့ ဖြေရှင်းချက်ကို ရေးထားပြီးပါပြီ ခင်ဗျာ။"

အဆိုပါ ကိစ္စမှာ Asia-Pacific ဌာနမှ တင်ထားသည့် ကိစ္စဖြစ်သည့်အတွက် ဘီဘီစီ မြန်မာပိုင်းအစီ အစဉ်နှင့် သက်ဆိုင်မှုမရှိကြောင်း သူကဆက်ပြောသည်။

" ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူးခင်ဗျာ။ ဒီဥစ္စာက ဒီသူတို့ Asia-Pacific ဌာနက တင်ထားတဲ့ ဥစ္စာပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘီဘီစီ Asia-Pacific ဌာကို ဆက်သွယ်ရင် ပိုကောင်းပါလိမ့်မယ် ခင်ဗျာ"ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သူ ရခိုင်လူမျိုးကို မြေပုံထဲမှ ဖယ်ထုတ်ပြီး ရိုဟင်ဂျာပုံကို ရခိုင်ပြည်နယ် နေရာတွင် ဖေါ်ပြထားမူမှာ မတရား အနိုင်ကျင့်မူ တစ်ခု အဖြစ် သူထင်မြင် သဖြင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ယခု ကမ်းပိန်းကို ဦးဆောင်လူရှားရာတွင် ပါဝင်သူ အမေရိကားမှ ကိုကျော်ထူးအောင်က ပြောသည်။

၎င်းပြင် ယခု လုပ်ရပ်ကို တမင်ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကိုင်ခြင်း အဖြစ် သူထင်မြင်ကြောင်း ယခုလို ပြောသည်။

" သူတို့က ရည်ရွယ်ချက်ရှိရှိ ဘက်လိုက် လူပ်ရှားမှုလို့ မြင်တယ်။ ရည်ရွယ်ချက်မရှိဘူး ဘက်မလိုက်ဘူး ဆိုရင် ဘာလို့ တရားဝင် မတောင်းပန်သေးတာလဲ။ လူတိုင်းဟာ အမှား လုပ်တတ်တေ။ မှားတာကို ၀န်ခံပြီး တောင်းပန်ဖို့ လိုပါတယ်" ဟု သူက ပြောသည်။

ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ မြန်မာနိုင်ငံ မြေပုံကို ဆက်လက် ဖေါ်ပြရာတွင် ရခိုင်လူမျိုးများအား ရခိုင်ပြည်နယ် အလယ်နေရာတွင် ဖေါ်ပြထားပြီး မွတ်ဆလင် ကလေးငယ်များ ဘုရားဝတ်ပြုနေသည့် ဓါတ်ပုံအထက်တွင် ရိုဟင်ဂျာဟု စာလုံးကို ရေးသားကာ ဘင်္ဂလာဒေခ်ျ့- မြန်မာ နယ်စပ် အနီး အထက်နားသို့ ရွှေ့ကာ ဖေါ်ပြထားသည်။

ထိုသို့ ရခိုင် လူမျိုးဓါတ်ပုံနှင့် တကွ ရခိုင်ပြည်နယ် နေရာတွင် ပြင်ဆင် ဖေါ်ပြထားသော်လည်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏ Facebook စာမျက်နာတွင် ယခင်က ဖေါ်ခြခဲ့မူ အပေါ် မကျေနပ်သူများက ဝေဖန် ရေးသားမူများ တိုးပွားနေပြီး အများစု စာများမှာ အဆိုပါ သတင်းနှင့် တိုက်ရိုက် ပတ်သက်မူ မရှိသော ဘီဘီစီ (မြန်မာပိုင်း)ကို ဝေဖန် တိုက်ခိုက် ထားသော စာများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ် နေရာတွင် ရိုဟင်ဂျာကို ဖေါ်ပြထားမူ အပေါ် မကျေနပ်မူနှင့် အတူ ရင်ဖွင့်လာရာတွင် စာရေးဆရာ၊ ကဗျာဆရာနဲ့ ဒါရိုက်တာ ကိုချိုတူးဇော်လည်း ပါဝင်ပြီးသူက မိုးမခ သတင်းဌာနမှ တဆင့် ယခုလို ပြောသည်။ "ဒီသတင်းကို တွေ့တွေ့ချင်း စိတ်အင်မတန်မှ ဆိုးမိပါတယ်။ အဲဒါကြောင့် ကျနော် ဒီလိုလုပ်နေတာပေါ့။ စော်ကားခံရတယ် လို့သဘောထားပါတယ်" ဟု ပြောသည်။

အလားတူ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရခိုင်အမျိုးသမီးငယ်တစ်ဦးကလည်း “ သတင်းဌာနကြီး တစ်ခုဖြစ်ပြီး ဒီလို ခွင့်လွတ်ဖို့ မဖြစ်နိုင်တဲ့ သမိုင်းအမှားတွေ၊ ဓါတ်ပုံအမှားတွေတင်ထားပြီး လူမျိုးရေးကို စော်ကားတာ အသည်း တစ်စက်စက် နာတယ် ” ဟု သူမအမြင်ကို ရင်ဖွင့်သွားခဲ့သည်။

အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် သတင်းနှင့် အတူ ပူးတွဲ ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ ဆွေးနွေး

အေး​နိုင်

အမျိုးသားဒီမိုကရေစီ​ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကိုယ်စားလှယ် ဦးအောင်ကြည်တို့ ဒီနေ့ တွေ့ဆုံရာမှာ တိုင်းရင်းသား​ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ ကိစ္စနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။

တခြား အသေးစိတ်အချက်အလက်တော့ ထုတ်ပြန်ချက်မှာ မပါပါဘူး။

စိမ်းလဲ့ကန်သာမှာ နေ့ခင်းတနာရီက စတင်ပြီး တနာရီနီး ပါးကြာမြင့်တဲ့ ဒီဆွေးနွေးပွဲဟာ ​ ​ပြည်ထောင်စု​ သမ္မတမြန်မာနိုင်ငံ​ အစိုးရ​ အဖွဲ့ရဲ့​​ ​ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်မြောက်​ ဖိတ်ကြားချက် ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အရင်ဆွေးနွေးပွဲတွေအပေါ် နိုင်ငံတော်က ကူညီ ဆောင်ရွက်ပေးတဲ့ အခြေအနေ၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်လာဖို့ လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနဲ့ လွတ်လပ်စွာ ငွေကြေး လည်ပတ်သုံးစွဲခွင့် ရရှိရေးတို့၊ အရေးကြီးမှုနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။

အစိုးရသစ်လက်ထက်မှာ တတိယအကြိမ် တွေ့ဆုံအပြီး နှစ်ဖက် ပူးတွဲ ကြေညာချက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတက စဉ်းစားနေတဲ့ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဥပဒေပြင်ပ လက်နက်စွဲကိုင် ဆန့်ကျင်သူများ ဥပဒေဘောင်တွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးဖို့ အစိုးရက ကြိုးပမ်းနေတဲ့ ကိစ္စနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးမှာ ပူးတွဲဆောင်ရွက်ဖို့ကိစ္စနဲ့ ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

ဝန်ကြီးဦးအောင်ကြည်နဲ့ နှစ်ကြိမ်တွေ့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ဩဂုတ်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီနောက် မကြာသေးခင်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပြန်လွတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်အစိုးရလက်ထက် ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်ကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၅ ကစလို့ ၉ ကြိမ် တွေ့ခဲ့ပေမယ့် သိသာထင်ရှားတဲ့ ရလဒ်တစုံတရာ မထွက်ပေါ်ခဲ့ပါဘူး။

ရန်ကုန်မြို့တော် ခန်းမထဲတွင် ဗုံးနှစ်လုံးကွဲ

နိရဉ္စရာ

ရန်ကုန်မြို့တော် ခန်းမထဲတွင် မနေ့ ( တနင်္ဂနွေနေ့) ညနေက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း မျက်မြင် ရခိုင်အမျိုးသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

" ဟုတ်ကဲ့ ပထမ တစ်လုံးက ညနေ ၇ နာရီ ၄၅ မိနစ်မှာကွဲတယ်။ နောက်တစ်လုံးက ၉ နာရီတိတိမှာ ကွဲပါတယ်။ ည (၉) နာရီ ကွဲတဲ့အခါ ကျနော်တို့ ဆူလေ ဘုရားနားမှာ ရှိပါတယ်။ အသံက ကျယ်လောင်လောင်ကြားရပါတယ်။ အခု ဗုံးတွေကို မိုင်းရှင်းလင်းရေး အဖွဲ့က ဖေါက်ခွဲ ပစ်တာလို့ ပြောပါတယ်" ဟု သူက ပြောသည်။

အဆိုပါ ဗုံးများကို မြို့တော် ခန်းမထဲတွင် ရှာဖွေတွေ့ရှိသဖြင့် အခြေအနေအရ ဖေါက်ခွဲပစ်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ဗုံးတွေကို ဘယ်လိုမှ မဖေါက်ခွဲဘဲ ဖေါ်ယူလို့ မရတာကြောင့် ဖေါက်ခွဲပစ်ရတာ ဖြစ်တယ်လို့ ရဲကို တီးခေါက်မေးကြည့်တဲ့ အခါ သူတို့က ပြောပါတယ်။ ညနေ ၉ နာရီ ဗုံးပေါက်ကွဲတဲ့ အချိန်မှာ ကျနော်တို့က ကိုက် ၁၀၀ အကွာလောက်မှာ ဆူလေး ဘုရားနားက ကြည့်နေကြတာ ဖြစ်တဲ့ အတွက် အသေအချာ ကြားရပါတယ်။ ရဲ ၂၀၀ က မြို့တော်ကို ၀ိုင်းဝန်းထားပါတယ်။ လူတွေကတော့ ဘေးပတ်ဝန်းကျင်က ရပ်ကြည့်နေကြပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ ဗန္ဓုလ ပန်းခြံဘက်ကရော ဆူလေး ဘုရားလမ်းဘက်က လမ်းကို ပိတ်ထားကြောင်း သိရသည်။ သို့သော်လည်း အနီးပတ်ဝန်းကျင်တွင် သတင်းလာယူနေသော သတင်းထောက်များနှင့် လုံခြုံရေးယူထားသော ရဲများဖြင့် ပြည့်နှက်နေကြောင်း သူက ပြောသည်။

" ကျွန်တော်တို့က မြို့တော်ခန်းမမှာ ဗုံးတွေ့တယ်ဆိုတဲ့ အတွက် သွားရောက် ကြည့်ရာကနေ ညနေ ၉နာရီမှာ ဗုံးပေါက်ကွဲတာကို ကိုယ်တိုင်ကြားရတာ ဖြစ်ပါတယ်။ လူတွေကတော့ အချင်းချင်း ထောင်တာလိုလို၊ မိုင်းသတိ ပေးဖို့ လုပ်သလိုလို ဝေဖန် ပြောဆိုမူတွေတော့ ရှိနေပါတယ်။ အတိအကျ ပြောဖို့တော့ ခက်ပါတယ်" ဟု သူက ပြောသည်။

ယခုဗုံးမှာ မြို့တော် ခန်းမထဲတွင် ထောင်ထားသော ဗုံးများဖြစ်ပြီး မိုင်းရှင်းလင်းရေး အဖွဲ့မှ ဖေါက်ခွဲပစ်ခြင်း ဖြစ်သဖြင့် လူအထိအခိုက် မရှိကြောင်း သိရသည်။

ယခုအချိန် (ညနေ ၁၀ နာရီ) ထိ မိုင်းရှင်းလင်းရေးကို မြို့တော် ခန်းမတွင် ပြုလုပ်နေကြောင်း သူက ပြောသည်။

ထိုင်း ရေကြီးရာတွင် စက်ရုံ တစ်ခုမှ ရခိုင် အလုပ်သမား ၅၀၀ နီးပါး ဒုက္ခရောက်နေ

နိရဉ္စရာ


ရေလွှမ်းမိုးနေသော ထိုင်းနိုင်ငံ ပထုံဌာနီခရိုင် စံခုပ်မြို့နယ် SCK စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ရခိုင် အလုပ်သမား ၅၀၀ နီးပါးခန့် မှာ အကူအညီများ မရရှိသဖြင့် စားရေး သောက်ရေး အခက်အခဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။

လက်ရှိ ကြုံတွေ့နေရသော အခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့နှင့် အတူ လိုက်ပါ ကူညီခဲ့သော ကိုမောင်အေးရွှေက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

"အခု လက်ရှိအခြေအနေမှာ သူတို့ဟာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြပါတယ်။ သွားလာရေး အခက်အခဲတွေ၊ နေရေးထိုင်ရေး အခက်အခဲ ဖြစ်နေကြပါတယ်။ လက်ရှိ သူတို့ လုပ်နေတဲ့ စက်ရုံက သူတို့ကို ငွေထုတ်မပေးဘူး။ ဒါကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်။"

SCK စက်ရုံမှာ ကားအပိုပစ္စည်း၊ မီးသီးနှင့် အထပ်သား ထုတ်လုပ်သော စက်ရုံ ဖြစ်ပြီး ယခုအခါ လုံးဝ နီးပါး နစ်မြုပ်သွားပြီ ဖြစ်ကြောင်း သိရသည်။ စက်ရုံအနီးတွင် နေထိုင်ကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ နေထိုင်ရာ အိမ်များ တိုက်တန်းလျှားများမှာလည်း ရေထဲသို့ နစ်မြုပ်သွားပြီး ဖြစ်သည်ဟု သူက ပြောသည်။

ယခုအခါ ရဟန်းပျို သမဂ္ဂအဖွဲ့နှင့် တခြား အဖွဲ့များက ဆန်နှင့် မာမား ခေါက်ဆွဲထုတ်များ ရေဘေးသင့် မြန်မာနိုင်ငံသားများသို့ သွားရောက် လှူဒါန်းခဲ့သော် လည်း လုံလောက်မှုမရှိဘဲ ဖြစ်နေသည်။

" လက်ရှိ ကျွန်တော်နဲ့အတူ ၁၈ ရက်နေ့မှာ ၀ပ်ကိုင်တိယ ဘုန်းကြီးကျောင်းက ရခိုင်ဦးဇင်း ၉ ပါးနဲ့ မာမားထုတ်နဲ့ ရေသန့်ဗူးတွေ သွားပေးကြပါတယ်။ ဒါပေမယ့် ပထုံဌာနေမှာ မရောက်နိုင်တဲ့ နေရာတွေက အများကြီးရှိပါသေးတယ်။ ၁၉ ရက်နေ့မှာ မသက်သက်ဦးတို့အဖွဲ့နဲ့ ကိုရဲထက်တို့အဖွဲ့ရောက်လာပြီး ကူညီသွားတယ်။ ကိုရဲထက်အဖွဲ့မှာ ထမင်းဗူး တွေနဲ့ မသက် သက်ဦးအဖွဲ့မှာ မာမာထုတ်နဲ့ အ၀တ်အစားတွေ ပါလာပါတယ်။ အဲဒါတွေကို အီဖန်းမော်ဆိုတဲ့ နေရာ တခုတည်းမှာ ဖြန့်ပေးလိုက်ပါတယ်။ ဒုက္ခရောက်နေသူတွေက အများကြီး ဖြစ်နေပါတယ်။ ပစ္စည်းက နည်းနေတော့ မလုံလောက် ဘူးပေါ့။"

အဆိုပါ SCK ကားအပိုပစ္စည်း စက်ရုံ၊ မီးသီး စက်ရုံနှင့် အထပ်သား စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ရခိုင်အလုပ်သမား စုစုပေါင်း ၅၀၀ ကျော်ရှိသည်ဟု သိရသည်။

ဝပ်ကိုင်တိယ ဘက်တွင် ရေပိုက်လိုင်းများ အားလုံးကို ဖြတ်ထားသဖြင့် လမ်းဘေးမှ ၀င်လာသော ရေများကို ချိုးနေကြရသည့်အတွက် ကျန်းမာရေး အခြေအနေများ ဆိုးရွားလာနိုင်သည်ဟု ကူညီဆောင်ရွက်ပေးသူ ရခိုင်အမျိုးသား သတင်းစာ အယ်ဒီာ ကိုဌေးဝင်းကလည်း နိရဉ္စရာသို့ ပြောသည်။

" ကျန်းမာရေး အခြေအနေတော့ အခုအချိန်ထိ ဆိုးဆိုးဝါးဝါး ဖြစ်တာတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် အညစ် အကြေးတွေနဲ့ ရောထွေးနေတဲ့ ရေပြင်မှာ သွားလာနေကြရတဲ့အတွက် မကြာမီ ယားနာတွေ၊ ခံစားလာ ရနိုင် တယ်။ စက်ရုံအလုပ်ရုံတွေက ပြန့်ထွက်လာနိုင်တဲ့ ဓါတု ပစ္စည်း အရည်တွေ သက်ရောက်မှုကြောင့်လည်း ရောဂါ ဖြစ်လာနိုင်ပါတယ်" ဟု ပြောသည်။

အဆိုပါ ဒေသတွင် ရေဘေးဒဏ် ခံနေရပြီး စားဝတ်နေရေး အခက်အခဲကျရောက်နေသူများမှာ ဗမာ၊ ရခိုင်၊ ဘိတ်၊ ထားဝယ်၊ ကရင်၊ မွန်၊ တောင်ကြီးရှမ်း၊ ပအို့ဝ် စသော မြန်မာတိုင်းရင်းသားများအပြင် လာအို ကမ္ဘောဒီးယား ဗီယက်နမ်နှင့် ထိုင်းလူမျိုးများပါ ပါဝင်သည်ဟု သိရသည်။

ပထုံဌာနီ လိုတတွင် မည်သူမဆို အစားအသောက်ကို လာရောက် တောင်းယူ စားသောက် နိုင်သော်လည်း ယင်းနေရာနှင့် ဝေးသောနေရာတွင် ရှိနေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအတွက် သွားရောက် ကူညီရန် သွားလာရေး အခက်အခဲရှိနေသည်ဟု သိရသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ပြင်မှာ ဆေးကုသခွင့်မရ၍ မိသားစု စိုးရိမ်

အေး​နိုင်

အင်းစိန်ထောင်မှာ နာတာရှည် ခါးဝေဒနာ​ ခံစားနေရတဲ့​ ​ဗိုလ်​ကြီး​​ဟောင်း​​​ ​နေ​မျိုး​ဇင်​ဟာ​ ​ထောင်ပြင်​ ထွက်ပြီး ဆေးကုသခွင့်မရလို့ သူ့ဇနီးသည်က ကျန်းမာရေး စိုးရိမ်ပူပန်နေပါတယ်။

ကိုနေမျိုးဇင်ကို ​ထောင်ပြင်​ ထုတ်ပြီး ဆေးကုခွင့် တောင်းထားပေမယ့် မရသေးဘဲ ထောင်ဆေးရုံမှာပဲ​ ထား​ရှိ​ပြီး​​ပြီး​ခဲ့​တဲ့​​ ​ကြာ​သ​ပ​တေး​​နေ့​က​ ​ထောင်​၀င်​စာ​ တွ့တဲ့အခါမှာ လမ်းမလျှောက်နိုင်လို့ ကတ်ပြားနဲ့ သယ်လာတယ်လို့ ကိုနေမျိုးဇင်ရဲ့ဇနီး မဇင်မျိုးမော်က ပြောပါတယ်။

“အခုချိန်ထိ သူ့ကို ထောင်ဆေးရုံထဲမှာပဲ ထားထားတုန်းပဲ ရှိသေးတယ်။ ခါးနာနေတယ်တဲ့။ ခါးက အရိုးအက်ထားတာ ဆိုတော့ သိပ်ပြီး လှုပ်ရှားလို့ မရဘူး။ အခုနောက်ပိုင်း အကြောတွေက အရမ်း နာလာတယ်တဲ့။ ဂျိုင်းတောက်နဲ့ မတ်တပ်ရပ်ပြီး ကောင်းကောင်း လမ်းကို မလျှောက်နိုင်ဘူးတဲ့။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတွေ့ပြီး သူပြောပြတယ်။ အပြင်ကုသခွင့်တော့ မပေးသေးဘူးရှင့်။ ကျမတို့က အပြင်မှာ ဆေးကုသခွင့်ရအောင် မိသားစုအနေနဲ့ တောင်းဆိုချင်တာပဲ သိတယ်။ အပြင်က ဆရာဝန်ကြီးကို ထောင်ထဲကို ခေါ်ပြီးတွေ့တော့ ဆရာဝန်ကြီးက ပြောတာက လိုအပ်လာလို့ရှိရင် သူ့ကို ခွဲစိပ်ရလိမ့်မယ်တဲ့။ ထောင်ဆေးရုံမှာ ဘာပစ္စည်းမှ မရှိတော့ အပြင်ထုတ်ပြီး ခွဲစိတ်ရ မယ်ပေါ့။ အခုဟာက အပြင်ထုတ်ခွင့်မပေးတော့ သူ့မှာ ဒီအတိုင်းပဲ နေနေရတယ်။”

ကိုနေမျိုးဇင်ဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံး စွဲဆို အပြစ်စီရင်ခံရတဲ့ နိုင်ငံရေးအမှု ဖြစ်ပါတယ်။ သူဟာ ၂၀၀၅ ခုနှစ်မှာ တပ်ကနေ ထွက်ပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဆောင်နေတဲ့ သွေးကူပေးရေး ပရဟိတလုပ်ငန်းမှာ ကူညီနေရင်း ဒီနှစ် ဧပြီလဆန်းမှာ ရဲက ၀ရမ်းမပါ ဖမ်းဆီးတာခံရပါတယ်။
စစ်ကြောရေးမှာ ညှဉ်းပန်းစစ်ဆေးခံရသလို ဥပဒေနဲ့ မညီညွတ်တဲ့ ပစ္စည်း သိမ်းဆည်းမှုတွေကို ရင်ဆိုင်ရပြီးတဲ့နောက် အီလက်ထရောနစ်ပုဒ်မနဲ့ စွဲဆိုခံရပြီး ထောင် ၁၀ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ကိုနေမျိုးဇင်ထောင်ကျနေတဲ့အတွက် ဇနီးသည်နဲ့ တတိယတန်း​ သားငယ် မောင်အောင်ပြည့်စုံတို့ရဲ့ မိသားစုဘ၀၊ ကျန်းမာရေး၊ စီးပွားရေး အဘက်ဘက်က ခက်ခဲနေပါတယ်။

ကိုနေမျိုးဇင်ဟာ ထောင်တွင်းအချုပ်မှာ ချော်လဲတဲ့ဒဏ်ရာကြောင့် ခါးရိုးနံပါတ် ၅ ပဲ့သွားပြီးနောက်ပိုင်း ထောင်ဆေးရုံမှာ ထိုင်လို့ မရဘဲ လှဲနေရတာ ဖြစ်ပါတယ်။
ကိုနေမျိုးဇင်ဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေဦးလှမျိုးမြင့်က ကိုနေမျိုးဇင်အတွက် ကနဦးပိုင်းက ထောင်ပြင်ထွက်ပြီး ဆေးကုဖို့ သဘောတူခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုနေမျိုးဇင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သွားတွေ့ပြီးတဲ့နောက် သက်ဆိုင်ရာက ခွင့်ပြချက်ကို ပြန်ရုပ်သိမ်းခဲ့တယ်လို့ ပြောပါတယ်။

“ပြစ်ဒဏ်ကို မချင်ခင်ကတည်းက ဆေးကုသခွင့်ကို ကျနော်ရအောင် လုပ်ပေးထားပါတယ်။ ကြည့်မြင်တိုင် အရိုးကုဆေးရုံမှာ ကုဖို့ကို ထောင်ကနေ စီစဉ်ပေးတယ်။ အဲဒါကို ကိုညီညီတို့ အုပ်စုက သွားတွေ့တဲ့အခါ စည်းကမ်းနဲ့ မညီညွတ်ဘူးဆိုပြီး ထောင်က သူ့ကို အပြင်ထွက်ပြီး ဆေးကုခွင့် ပိတ်လိုက်တဲ့ သဘောပေါ့ဗျာ။”

ကိုနေမျိုးဇင်အတွက် အထက်အဆင့်ကို အယူခံဆက်တက်ဖို့ ပြင်ဆင်ထားတယ်လို့ ရှေ့နေ ဦလှမျိုးမြင့်က ပြောပါတယ်။

“သူ့အမှုကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ကို အယူခံထားပါတယ်။ အမှုနံပတ်က ၃၅၁ ပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က အပြီးသတ်လျှောက်လဲချက် ပေးထားပြီးပြီ။ အမိန့်ချမှတ်ဖို့အတွက်ကို တလပြည့်သွားပေမယ့် မချနိုင်သေးဘူး။ ဘာလို့ အမိန့်မချနိုင်သေးတာလဲလို့ မေးတဲ့အခါကျတော့ အမှုတွဲက ဒီမှာမရှိဘူး။ နေပြည်တော်တရားရုံးချုပ်ကို ပို့လိုက်ရတယ်လို့ ပြောတယ်ဗျ။ အဲဒါ နောက်ဆုံး အခြေအနေပါပဲ။”

ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်ပါ

ဧရာဝတီ

မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ပိုမို အရှိန်မြင့်လာသောကြောင့် ဒေသခံပြည်သူ ၃ သောင်းခန့် တို့မှာ စစ်ပြေးဒုက္ခသည်များအဖြစ် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ထိုတိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံတကာကလည်း ဝေဖန်ပြောဆိုမှုများ ရှိလာနေသည်။ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က မကြာသေးခင်ကပင် ကချင်ဒေသရှိ ပြည်သူများအား နိုင်ထက်ကလူမပြုရန် မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။

တိုင်းရင်းသားဒေသများတွင် စစ်ပွဲများ ဖြစ်ပွားနေခြင်းက မြန်မာအစိုးရအတွက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် အာဆီယံဥက္ကဋ္ဌ ရာထူးနေရာ လွှဲပြောင်းရယူရေးတွင် ကြီးမားသည့် ခလုတ်ကန်သင်းတခု ဖြစ်နေစေသည်။

စစ်ဆိုသည်မှာ မည်သည့် တစုံတယောက်အတွက်မျှ အကျိုးမရှိသည့်အပြင် တိုက်ပွဲတွင် ပါဝင်သူ နှစ်ဦးနှစ်ဘက် သေကြေပျက်စီးကြရ ရုံမျှမက မြေဇာပင်အဖြစ် ဒေသခံ ပြည်သူလူထုပါ ဒုက္ခနှင့် ရင်ဆိုင်ကြရသည် မဟုတ်ပါလား။

ထို့အပြင် စစ်အသုံးစရိတ် ဖြည့်တင်း ကြရသောကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး စသည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် သုံးရမည့် ငွေများ လျော့ပါးကာ နောက်ဆုံး၌ တိုင်းပြည်လိုငွေ ပြပြီး အကျပ်အတည်းနှင့် ရင်ဆိုင်ကြရတော့သည်။

ထို ပြဿနာမှာ ကမ္ဘာနှင့်အဝန်း စစ်ဖြစ်ပွားရာ နိုင်ငံတိုင်း ရင်ဆိုင်ရသည့် ပြဿနာ တရပ်ဖြစ်သည်။

ကမ္ဘာ့ထိပ်သီး အမေရိကန်နိုင်ငံကို ကြည့်မည်ဆိုလျင်ပင် စစ်အသုံးစရိတ်များတွင် ပိုမိုဖြည့်တင်းနေရ သောကြောင့် အစိုးရ အသုံးစရိတ် လိုငွေပြကာ စီးပွားကျဆင်းမှုကို ရင်ဆိုင်နေရပေသည်။

စစ်ပွဲများတွင် စီးပွားဖြစ်သွားသူဟူ၍ လက်နက် ကုန်သည်များနှင့် လက်နက်ကုမ္ပဏီများသာ ရှိမည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည်လည်း လွတ်လပ်ရေးရပြီးချိန် အမျိုးသား စိတ်ဝမ်းကွဲပြားရာမှ နိုင်ငံရေးနည်းဖြင့် အဖြေမရှာဘဲ လက်နက်ကိုင် နည်းဖြင့်သာ အဖြေရှာခဲ့ရင်း အကြမ်းဖက်မှု၊ လက်စားချေမှု သံသရာ ဝဲဂယက်တွင် တဝဲလည်လည်နှင့် ယနေ့တိုင် အဆုံးမသတ်နိုင်သေးပေ။

နှစ် ၆၀ ကျော် ကြာမြင့်ခဲ့သည့် မြန်မာပြည်တွင်းစစ်အတွင်း နှစ်ဘက် သွေးမြေကျခဲ့ရသူများ၊ မြေဇာပင် ဖြစ်ခဲ့ရသည့် ပြည်သူလူထု၏ အသက်များမှာ စာရင်းမရှိသောကြောင့်သာ အတိအကျ မပြောနိုင်သော်လည်း သိန်းနှင့်ချီ၍ ရှိနေ နိုင်ပါသည်။

နှစ်ပေါင်းများစွာ စစ်အင်အား ဖြည့်တင်းရန် လုံးပမ်းနေရသည့်အတွက် မြန်မာပြည်၏ စီးပွားရေး၊ လူမှုရေး အပါအဝင် ကဏ္ဍအသီးသီး ချွတ်ခြုံကျ ခဲ့ရပြီးဖြစ်သည်ကို မျက်မြင်ခံစားနေကြရပြီ ဖြစ်သည်။

နှစ်ဘက်သေကြေ ပျက်စီးခဲ့ရ သူများကို ကြည့်မည်ဆိုလျှင်လည်း တိုင်းပြည်၏ ရတနာ၊ တန်ဖိုးထားစရာ လူငယ်များ အဓိက ပါဝင်နေသည်ကို တွေ့ရပေလိမ့်မည်။

ပြည်တွင်းစစ်၏ နောက်ဆက်တွဲ ခါးသီးသော အကျိုးဆက်များဖြစ်သည့် ကလေးစစ်သား စုဆောင်းမှုများ၊ စစ်ပွဲအတွင်း အမျိုးသမီး များအား အဓမ္မ ကျင့်ကြံမှုများ၊ ပေါ်တာဆွဲကာ လူသားဒိုင်းအဖြစ် စစ်ပွဲတွင် အသုံးချမှုများ စသည့် လူမဆန်သည့် ဖြစ်ရပ်များက တိုင်းပြည် အတွက် အလွန် ရှက်စရာ ကောင်းသော ဖြစ်ရပ် များပင်။

အကယ်၍ သမ္မတ ဦးသိန်းစိန် အစိုးရ ရည်မှန်း ထားသကဲ့သို့ ကမ္ဘာ့အလယ်တွင် မြန်မာပြည်အား ဂုဏ်သိက္ခာရှိစွာ ခေါင်းမော့ စေချင် သည် ဆိုလျှင် ပြည်တွင်းစစ်ကို ချက်ချင်း ရပ်စဲရမည်။

အပစ်အခတ် ရပ်စဲပြီးလျှင် နိုင်ငံရေးနည်းအရ အဖြေရှာရန်အတွက် နှစ်ဦးနှစ်ဘက် ယုံကြည်မှု တည်ဆောက်ရမည်။ အာဃာတများ ခဝါချကာ နှစ်ဘက်စလုံးက လက်ခံနိုင်မည့် အခြေခံကောင်းများ အုတ်မြစ်ချနိုင်ရေးအတွက် နည်းလမ်း ကောင်းများကို ရှာဖွေရ ပေလိမ့်မည်။

အပြောင်းအလဲကို လိုလားသည်ဆိုသည့် ယခု အစိုးရသစ်သည် နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်က ပေးခဲ့သည့် အမွေဆိုး များအပေါ် သင်ခန်းစာယူသင့်ပြီ။ နှစ်ဘက် အကျိုးမရှိသည့် တိုက်ပွဲများကို ရပ်စဲရေးအတွက် အင်အားကြီးသူ ဘက်က သဘောထား ကြီးပြခြင်းဖြင့် တတိုင်း ပြည်လုံး အပစ် အခတ်ရပ်စဲရေး ကြေညာခြင်းက အသင့်လျော်ဆုံးဟု ယူဆသည်။

ပြည်တွင်းစစ်ပွဲအား မရပ်စဲနိုင်ပါက တိုင်းပြည် ထူထောင်ရေးကို တမျိုးသားလုံး ညီညီညွတ်ညွတ် စတင်နိုင်မည် မဟုတ်ဘဲ တိုင်းရင်းသား ညီနောင်သားချင်းတို့မှာလည်း ခါးသီးသည့် စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်များကို ခံစားရင်း ဆက်လက်၍ လူလုံးမလှ ဖြစ်နေကြ ရတော့ မည်ဟုသာ တင်ပြလိုက် ရပါသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,31st,2011

( 39 )Punishment of Insein hunger strikers begins

( 38 )KNU၊ DKBA တို့ အစိုးရနှင့် ဆွေးနွေး

( 37 )China, 3 countries meet over Mekong River security after 13 Chinese sailors killed

( 36 )“ပြည်သူတွေကို အေးမြတဲ့ အရိပ်အောက်ကို ပို့ပေးဖို့ဟာ ကျမတို့ရဲ့ တာဝန်ဖြစ်တယ်”

( 35 )Suu Kyi meets govt amid talk of return

( 34 )ဧရာဝတီကယ်တင်ရေး တန်ဆောင်တိုင် မီးမျှောပွဲ

( 33 )Indonesia hints at support for ASEAN bid

( 32 )ကုန်ကြမ်းပစ္စည်းများပြတ်တောက် စက်ရုံအလုပ်ရုံအချို့ ပိတ်

( 31 )Yangon to release more prisoners

( 30 )Top US officials expected in Myanmar this week

( 29 )ဗေဒါစာဖတ်ခန်း​ဖွင့်​ပွဲ တက်​ရောက်သူလူထုကို ​ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန်း​ပြော

( 28 )Top UN official in surprise Burma visit

( 27 )ရေရှည်တည်တံ့သည့် အစိမ်းရောင်ဆွေးနွေးပွဲ ပြုလုပ်မည်

( 26 )Karenni Activist Jumped from Plane for Burma . .

( 25 )အစာငတ်ခံသူများ ကျန်းမာရေး မိသားစုဝင်များ စိုးရိမ်

( 24 )The Oslo-Burma Connection

( 23 )မြို့တော်ခန်းမတွင် ဗုံးတွေ

( 22 )Burma offers an olive branch

( 21 )Burmese Democracy Leader Meets Again with Government Minister

( 20 )NLD မှတ်ပုံတင်နိုင်ဖွယ်ကိစ္စ တုံ့ပြန်ချက်များ

( 19 )Aung San Suu Kyi meets with Myanmar gov’t minister as hopes high for political breakthrough

( 18 )ရခိုင်ပြည်နယ်တွင် မိုးကြိုးပစ်ခံရပြီး လူသေဆုံး၊ တောင်ကျရေကြောင့် အိမ်များ မျောပါ

( 17 )Myanmar has not finished with amnesty

( 16 )Myanmar reassures China on relations and cooperation

( 15 )အာစီယံ အလှည့်ကျဥက္ကဋ္ဌ အရေး အားလုံးလက်ခံနိုင်တဲ့အဖြေ ရမယ်လို့ယုံကြည်

( 14 )Myanmar reassures China after dam blocked, sailors killed

( 13 )Thai soldiers surrender over killing of 13 Chinese sailors

( 12 )ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်မံ တွေ့ဆုံ

( 11 )Indonesia hints at support for Myanmar ASEAN chair

( 10 )Japanese artists perform in cultural exchange program in Yangon, Myanmar

( 9 )NLD ပါတီ တရားဝင် ပြန်မှတ်ပုံတင်ဖွယ်ရှိ

( 8 )Burma Reforms ‘Irreversible,’ Indonesia Says

( 7 )မြန်မာရဲ့ ဥက္ကဋ္ဌနေရာအရေး ဒေသတွင်းနိုင်ငံတွေနဲ့ ဆွေးနွေးမည်

( 6 )Will government allow some parliament seats for Suu Kyi’s party?

( 5 )အင်ဒိုနိုင်ငံခြားရေး ၀န်ကြီးနဲ့ ဒေါ်စုတွေ့ဆုံ

( 4 )Groups to aid refugee settlement in Wichita

( 3 )မြန်မာ့ဆန်အထွက် မဆိုစလောက်သာ လျော့မယ်လို့ ဆန်စပါးအသင်းချုပ် ပြော

( 2 )Cache Valley’s Burmese refugee population continues to grow

( 1 )အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာပြည်သွားမည်

Sunday, October 30, 2011

အသိမ်းခံ ရေနံတွင်းဟောင်းများ ပြန်လည်ရရှိရန် တောင်းဆို ဆန္ဒပြ

ခိုင်သော်က

ရခိုင် ပြည်နယ် ကျောက်ဖြူမြို့ တွင် အောက်တို ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်က ကမ်းနား လမ်းရှိ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ကော်ပို ရေးရှင်းရုံး ရှေ့တွင် ရေနံ တွင်းများ အသိမ်းခံ ထားရသူ ၄၀ ကျော်ခန့် က ရေနံတွင်း ပြန်လည် ရရှိရရန် အတွက် ဆန္ဒပြခဲ့ သည်ဟု ကျောက်ဖြူမြို့ခံ မျက်မြင် တဦးမှ ပြောပြသည်။

ဆန္ဒပြသူ ရေနံတွင်းပိုင်ရှင်တို့မှာ ကျောက်ဖြူမြို့နှင့် ၁၅ မိုင်ခန့်အကွာ မှ မင်းပြင် ၊ ရေနံတောင် ၊ အူချေ ၊ လမ်းကွဲ ၊ မင်းတက်တောင် ကျေးရွားသားများဖြစ်၍ ကားတစီးငှါးပြီးလာရောက်ခဲ့ကြကြောင်း၊ မိမိတို့ ပိုင်ဆိုင်သော ရေနံတွင်းများ အသိမ်းခံရသည့် အတွက် ပြန်လည် ရရှိရန် ယခုလို့ လာရောက် ဆန္ဒပြ တောင်းဆိုခြင်းသာ ဖြစ်သည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူ ရေနံတွင်းပိုင်ရှင်တဦးမှပြောပြသည်။

ကျွန်တော်တို့ ဆန္ဒပြနေစဉ် ခဏအကြာတွင် ရဲ တပ် တဖွဲ့ ရောက်ရှိ လာပြီး ဒီနေရာ ဟာ နိုင်ငံခြားသားများ နေတဲ့နေရာ ဖြတ်တယ်၊ မလုပ်ကြနဲ့ ကားပေါ်တက်ပြန်သွားကြပါ လို့ဟန့်ပါတယ် ဒါပေမဲ့ ကျွန်တော်တို့က မသွားဘူး၊ အသိမ်းခံထားရသော ကျွန်တော်တို့ရေနံတွင်းများကိုပြန်လည်လုပ်ပိုင်ခွင့်ပြုပေး ဖို့ တောင်းတာ ဖြစ်တယ် လို့ပြန်ပြောတယ်၊ ခင်ဗျာတို့ ပြန်မသွားရင် အရေးယူခံရမယ် ဆိုပြီး ကားပေါ်သို့ အတင်း အတင်း တက်ခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ ရေနံတောင် ကျေရွာသားတဦးမှ ပြောပြသည်။

ကျွန်တော်တို့ ဒေသခံ ပြည်သူအများစုက နွေရာသီမှာ ရေနံတွင်းတူခြင်းလုပ်ငန်း နဲ့သာ ငွေရယူ နေကြ တာဖြစ်တယ်၊ အဲဒါကို အစိုးရက ရေနံတွင်း တူးဖေါ်မည့်နေရာ အတော်များများ နဲ့ တူးဖေါ်ဆဲ ၊ တူးဖေါ်ပြီးသာ ရေနံတွင်း ၄၀၀ ကျော် ကို တစုံတရာ အခကြေးငွေ မပေးဘဲ အဓမ္မ သိမ်းဆည်းထားတာကြောင့် ဒေသခံ ပြည်သူများမှာ နွေရာသီတွင် အလုပ်လက်မဲ့ဖြစ်ပြီး အတော့ကို အခံရခက်သည့်အတွက် ယခု ဒီမိုကရေစီ အစိုးရသစ်တွင် ပြန်လည် ရလို့မှု့ကြောင်း ယခုလို့တောင်းဆိုဒါပါဟု မင်းပြင်ကျေးရွာ လူကြီးတဦင်္းမှ ပြောပြသည်။

မြန်မာ့ ရေနံ နဲ့သဘာဝဓါတ်ငွေ့တူးဖေါ်ရေး ကော်ပိုရေးရှင်းမှ လွန်ခဲ့သည် ၆ နှစ်ကပင် ရခိုင်ပြည် ကျောက်ဖြူ မြို့နယ်တွင် ကုန်းတွင်း ရေနံလုပ်ကွက် အဖြစ်သတ်မှတ်ကာ ဒေသခံ ပြည်သူများ ပိုင်ဆိုင်သော ရေနံထွက် နေရာများနှင့် တူးဖေါ် ထားသည့် ရေနံတွင်းများကို အစိုးရပိုင်အဖြစ်သိမ်းဆည်းထားသည်ဟုသိရသည်။

အဆောက်အဦးပြိုကျ တဦးသေဆုံး

မျိုးသိဏ်း | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၀ ရက် ၂၀၁၁


ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် လွတ်လပ်ရေး ရပ်ကွက် အတွင်း ရှိနှစ်ထပ် တိုက်တလုံး၏ နောက်ဖေးဆောင် စနေနေ့ ညပိုင်းက ပြိုကျခဲ့ရာ တဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိသွားသည်။

လေးခန်းတွဲ နှစ်ထပ်တိုက် အဆောက် အဦး၏ ညာဘက်ခြမ်း အပေါ်ထပ် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုခန်း တွဲဆက် ထားသည့် နောက်ဖေး ဆောင် ည ကိုးနာရီခွဲ ဝန်းကျင်အချိန်တွင် ပြိုကျခဲ့ခြင်းကြောင့် မြေညီထပ်တွင်နေထိုင်သည့် အမျိုးသားတဦး သေဆုံးခဲ့ပြီး နေအိမ် အပေါ် ထပ်တွင် နေထိုင်သည့် အမျိုး သမီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

၁၉၆၄ ခုနှစ်က ဆောက်လုပ် ထားသည့် မင်္ဂလာတောင် ညွှန့်မြို့နယ်၊ ၉၆ လမ်း၊ အိမ်အမှတ် (၂၆) ရှိ အဆိုပါ အဆောက် အဦးကို ရန်ကုန်မြို့ တော်စည် ပင်က သက်တမ်းရင့် အန္တရာယ်ရှိ အဆောက် အဦအဖြစ် သတ်မှတ် ထားပြီး လူနေ ထိုင်ခြင်း မပြုရန် တားမြစ် ထားပြီး ဖြစ်ကြောင်း သိရသည်။

ဦးခေါင်းခွံ ကြေမွ ဒဏ်ရာဖြင့် သေဆုံး နေသည့် မြေညီ ထပ်တွင် နေထိုင်သူ ဦးသောင်း (၄၉နှစ်) ၏ ရုပ် အလောင်းကို ည ၁၂ နာရီ အချိန်တွင် အဆောက် အဦး အပျက်အစီးပုံများ၏ အောက်မှ တူးဖော်တွေ့ရှိခဲ့သည်။

သမ္မတနှင့် သူ့ကြားမှာ တရားလိုပြ​ ​သက်​သေ​များ​​ ရန်တိုက်ပေးနေသည်ဟု ဦးအေးလွင်ဆို

နေသွင်

ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က မီဒီယာ လွတ်လပ် ခွင့်နဲ့ ပတ်သက်ပြီး အစိုးရကို ဝေဖန် ခဲ့တဲ့ ကိစ္စဟာ အစိုးရနှင့် သူတို့ ပါတီကို တရားလို တွေဘက် က ရန်တိုက် ပေးနေ တယ်လို့ စွပ်စွဲ လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ အာဇာနည်နေ့ တုန်းက သမ္မတ ဦးသိန်းစိန်နှင့် လက်ရှိ အစိုးရကို အပြောနဲ့ အလုပ် မညီတဲ့ ကိစ္စနဲ့ ပတ်သက် လို့ ဝေဖန် ခဲ့တဲ့ ကိစ္စကို မဆိုင်တဲ့ တခြား အမှု တခုမှာ တရားလို သက်သေ တွေက ထွက်ဆို​ နေတာကို ဦးအေးလွင်က စွပ်စွဲ လိုက်တာပါ​​။

“အစိုးရနဲ့​ ကျနော် တို့ကို​ ပြဿနာ​ တည်ပေး တဲ့နည်း ပေါ့ဗျာ။ သူတို့​ ထွက်ချက် ထဲမှာ ဥပမာ သမ္မတ ဦးသိန်းစိန်ကို ကျနော် တို့က အရူးလို့ သတ်မှတ် ထားတာတို့ ဘာတို့ ဆိုတာ ကျနော်တို့ အနေနဲ့ မပြော ခဲ့ဘူး။ အာဇာနည် နေ့တုန်းက ကျနော်တို့ ပြောခဲ့တာက ဦးသိန်းစိန်က ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့ အစိုးရလို့ ပြောခဲ့တဲ့ ကိစ္စနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ သတင်း လွတ်လပ် ခွင့်ကို ပိတ်ပင်တဲ့ အတွက်ကြောင့် ဒီစကား တွေက လေထဲ လွင့်လိုက်ပြီလား၊ ရေထဲမျော လိုက်ပြီလား၊ ဦးသိန်းစိန် ကိုယ်တိုင် ရူးပဲ ရူးသွား ပြီလားလို့ အာဇာနည် နေ့တုန်းက ပြောတဲ့ ကိစ္စပါ။ ဒီအမှု ကိစ္စမှာ ကျနော့် အနေနဲ့ ဦးသိန်းစိန်ကို နာမည်လည်း ထည့်မပြော ဘူးလေ။ အဲလို ရူး သွားပြီလို့ မပြောဘူး။ ဒါပေမယ့် သက်သေ ထွက်ချက် ထဲမှာ ဦးသိန်းစိန်ကို ရူးသွားပြီလို့ ထည့်ပြော ထားတယ်ဗျာ။”

လှည်းကူးမြို့နယ်ထဲက လမ်းအကောက်ဂိတ်မှာ လမ်းဖြတ်သန်းခကောက်ခံတဲ့ ၀န်ထမ်းတွေနဲ့ အငြင်းပွားပြီးတဲ့ ၀တ္တရာနှောင့်ယှက်မှုနဲ့ ဦးအေးလွင်ကို တရားစွဲထားပါတယ်။

အဲဒီ အငြင်းပွားမှုမှာ ဦးအေးလွင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း မှတ်ပုံတင်ခြင်း ဥပဒေ အရ နိုင်ငံရေးပါတီတွေ အခွန်ကင်းလွတ်ခွင့်ရှိတယ်ဆိုတဲ့အချက်ကြောင့် ဂိတ်ကြေးပေးဖို့ ငြင်းဆန်ခဲ့တဲ့နောက် ဂိတ်က ၀န်ထမ်းတွေနဲ့ စကား​ အခြေအတ​ င်ဖြစ်ခဲ့ကြပါတယ်။

နောက်ဆုံးမှာ ဦးအေးလွင်တို့ဘက်က အလျှော့ပေးပြီး ကားဖြတ်သန်းခ ကျပ် (၅၀၀၀) ပေးခဲ့ပေမယ့်၊ ၀တ္တရားနှောင့်ယှက်မှုနဲ့ လှည်းကူးမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင် နေရပါတယ်။

“ကျနော်တို့နဲ့ အငြင်းပွားဖွယ်ကိစ္စ ဖြစ်ပြီးတော့ သူတို့က ဆိုင်ရာအထက်ကို တင်တယ်။ ပြီးတော့ အမှုဖွင့်တယ်။ အဲဒါကို ဆောက်လုပ်ရေးဝန်ကြီးက နိုင်ငံတော် သမ္မတကို အစီအရင်ခံတယ်။ နိုင်ငံတော်သမ္မတကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို လိုအပ်သလို အရေးယူဆောင်ရွက်ရန် ဆိုပြီး ချပေးလိုက်တယ်။ အဲတော့ ဒီအမှုကိစ္စက သမ္မတကိုယ်တိုင် ပါသလို ဖြစ်နေတာပေါ့ဗျာ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း စာထွက်လိုက်တာကိုး။ တရားရုံးကိုလည်း ပို့တယ်။ နိုင်ငံရေးပါတီအားလုံးကို ပို့တဲ့ စာထဲမှာ နယ်စပ်တရားရုံးက တရားစွဲပေါ့။ ထိထိရောက်ရောက် အရေးယူပေါ့။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေအရလည်း သူက ထိထိရောက်ရောက် အရေးယူမယ်ပေါ့ဗျာ။ တကယ်တော့ ဘာမှ မပြောပလောက်တဲ့ ကိစ္စက ပုံကြီးချဲ့ထားသလို ဖြစ်နေတာပေါ့ဗျာ။”

သော​ကြာ​နေ့​​ အမှုချိန်းမှာ​လည်း​​ ​လုံ​ခြုံ​ရေးတွေ ရာနဲ့ချီပြီး​ ချထားတယ်လို့ မျက်မြင် တယောက်က ပြောပါတယ်။

“ဦးအေးလွင်ကို တရားစွဲထားတဲ့ ကိစ္စကို ရုံးထုတ်တော့ ရဲက လူအင်အား ၂၀၀ လောက် လာမယ်ဆိုတော့ အရင်က ၅၀၊ ၁၀၀ လောက်ပဲ လာတာကိုး။ ရဲကလည်း မနည်းဘူးဗျ။ အင်အား ၂၀၀ နီးနီးလောက် ရှိမယ်။ ပုံမှန်ပဲ စစ်သွားပြီးတော့ ဘာမှတော့ ပြဿနာ မဖြစ်လိုက်ဘူး။”

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးအေးလွင်ဟာ အရင် စစ်အစိုးရကို ထောက်ခံတဲ့ လုပ်ရပ်တွေကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တဲ့အခါမှာလည်း သူတို့ ပါတီက ၀င်ပြိုင်တဲ့ နေရာတိုင်းမှာ ရှုံးခဲ့ပါတယ်။

လမ်းဖြတ်သန်းခကိစ္စနဲ့ ပတ်သက်လို့ သူ့ပါတီက လောလောဆယ် အမှုရင်ဆိုင်နေရပေမယ့် ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပတ်သက်လို့ ပါတီရဲ့ တိုင်တန်းချက်တွေကိုတော့ သက်ဆိုင်ရာက အရေးယူတာ မရှိသေးဘူးလို့ ဦးအေးလွင်က ပြောပါတယ်။

လက်ရှိ ရင်ဆိုင်နေရတဲ့အမှုကြောင့် သူတို့ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ အနှောင့်အယှက် ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ အမှုမှာ တရာလိုသက်သေတွေရဲ့ မမှန်မကန် ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့လည်း သမ္မတ ဦးသိန်းစိန်အထိ စာပို့ပြီး ရှင်းလင်း ထားတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

မြန်မာ မိန်းခလေးများနှင့် တရုတ်နိုင်ငံ၏ လိုအပ်ချက်

ထွန်းအောင်ကျော်

စက်တင်ဘာလ ၅ ရက် နေ့ထုတ် ယူကေမှ Telegraph (တယ်လီဂရပ်) အွန်လိုင်း သတင်း စာက "မြန်မာ မိန်းခလေး များအား တရုတ် သတို့ သမီးများ အဖြစ် အတင်း အကြပ် စေခိုင်း ခံရခြင်း" (Burma's women forced to be Chinese Brides) အမည်နှင့် သတင်း ဆောင်းပါး တပုဒ်ကို ရွှေလီမြို့ မှနေ၍ ဒေးဗစ်အီမာ (David Eimer) ဆိုသူ ရေးသား လိုက်သည့် သတင်းကို ဖတ်ရှု လိုက်ရ ပါသည်။

သူ့ဆောင်းပါး အတိုချုပ်ကို ကောက်ရလျှင် တရုတ်ပြည်ကြီး၏ "ခလေးတယောက်" ပေါ်လစီအရ တရုတ်မိသားစုများ ခလေးတယောက် ရပြီးလျှင် သားကြောကို ဆရာဝန်မှ အလိုအလျှောက် ဖြတ်ပြီး ဖြစ်သဖြင့် တရုတ်မိသားစုများ မိန်းခလေးထက် ယောက်ျားလေးကိုသာ ရအောင် ကြိုးစားယူကြသဖြင့် ယောက်ျားဦးရေနှင့် မိန်းမဦးရေ အချိုးအစားကွာဟမှု ဖြစ်လာခဲ့သည်။ ခန့်မှန်းချေအရ ယောက်ျားလေး ၁၂၀ ဖွားမြင်တိုင်း မိန်းခလေး ၁၀၀ ခန့်သာ ဖွားမြင်သည့်အတွက် တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီမှ ထုတ်ပြန်သည့် ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်ယောက်ျား ၂၄ သန်းတို့အတွက် လက်ထပ်ယူနိုင်မည့် မယားမရှိဟူ၍ ဖြစ်သည်။

တရုတ်၏ ထို "ခလေးတယောက်ပေါ်လစီ" အရ ယောက်ျားမိန်းမ အချိုးအစားမညီမျှမှုကြောင့် မိန်းမရှားပါး မှုဒါဏ်ကို တရုတ်နိုင်ငံသည် ခံစားနေ့သည်။ ထိုလိုအပ်ချက်ကို တရားဝင် စေ့စပ်ကြောင်း လမ်းခြင်းဖြင့် လက်ထပ်ယူ နိုင်သော သူများရှိသော်လည်း၊ ထိုနည်းလမ်းဖြင့် မရနိုင်သူများက တရားဥပဒေ ဘောင် အပြင်မှ နည်းလမ်းများကို အသုံးချလာကြသည်ဟု ယူနက်စကို၊ ဘန်ကောက်ရုံးမှ HIV/ AIDS နှင့် လူကုန်ကူးမှု ပပျောက်ရေး တာဝန်ခံ ဒေးဗစ်ဖင်းဂိုးလ် ( David Feingold) က ဆိုသည်။

သူသည် ၂၀၀၃ ခုနှစ်က ထုတ်လုပ်ခဲ့သော မိန်းမရောင်းဝယ်ရေးအကြောင်း ရိုက်ကူးခဲ့သည့် ဒါရိုက်တာဖြစ် သည်။

တရုတ် နိုင်ငံတွင် သတို့ သမီး (မယား) အဖြစ် အတင်း အကြပ် လုပ်ခိုင်း ခြင်းခံ ရသူ မိန်းခလေး အများစုလာရာ နိုင်ငံသည် မြန်မာ နိုင်ငံဖြစ်သည်ဟု သူက ဆိုသည်။


ဒေးဗစ်က ဗုဒ္ဓ ဘာသာဝင် များလည်းဖြစ် စစ် အာဏာရှင် စံနစ်ဖြင့် အုပ်ချုပ် နေသူများ လည်းဖြစ်သော ဂေါက်သီးရိုက်ရာ တွင်လည်း အလွန် ထုံ ဝါသနာ ပါသော ခပ်ကြောင်ကြောင် မြန်မာ စစ်ဗိုလ်ချုပ် များသည် မြန်မာ နိုင်ငံရှိ အမျိုး သမီးများ တရုတ် နိုင်ငံသို့ အရောင်းစား ခံရခြင်း၏ အဓိက တရားခံ များအ ဖြစ် ထောက် ပြခဲ့ သည်။

လွန်မင်းစွာ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်သူများငတ်မွတ်ခေါင်းပါးလာပြီးစီးပွါးရေးလွန်မင်းစွာနိမ့်ကျလာမှုကြောင့် မြန်မာမိန်းခလေးများ လူအရောင်း အဝယ်ပွဲစားများ၏ ဈေးကွက်တွင်း သို့ ကျရောက်လာရသည်ဟု ထောက်ပြခဲ့သည်။ စီးပွါးရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နိမ့်ကျမှုကြောင့် ကုန်ထုတ် လုပ်မှုကျဆင်းလာပြီး အစာရေစာရှားပါး ပြတ်လတ်မှုကိုပါကြုံတွေ့လာရသည့် အတွက် မြန်မာနိုင်ငံမှ အမျိုးသမီးများ အစာရေစာရှာရန်အတွက်လည်းကောင်း၊ မိသားစု ထောက်ပံ့ရန်အတွက်လည်းကောင်း တရုတ် နိုင်ငံသို့ ထွက်ကြသည့်အခါ လူပွဲစားများ၊ ပြန်ပေးသမားများ လက်တွင်းသို့ သက်ဆင်းကြ ရကြောင်း ဆိုသည်။ မြန်မာပြည်မှ အမျိုး သမီး အများစုမှာ တရုတ်နိုင်ငံသို့လူကုန်ကူးသူများ၏ ပို့ခြင်းခံရပြီးနောက် အတင်းအကြပ် မယားအဖြစ် ပေါင်းသင်းခံရခြင်းနှင့် အဆုံးသတ် သွားကြရသည်ဟု သူကဆိုသည်။့

တရုတ်ပြည်တွင်ခိုးသွင်းလာသောအမျိုးသမီးတယောက်၏ တန်ဘိုးသည် ယွမ် ၆၀၀၀ နှင့် ၄၀,၀၀၀ အထိရှိပြီး သူမ၏ အချိုးအစား၊ အသက်၊ အသားအရည်၊ မျက်နှာသွင်ပြင်ကောင်းလျှင် ကောင်းသလောက် ဈေးပေးခံရသည်။ စတာလင်ပေါင်နှင့် ၅၆၀ မှ ပေါင် ၃၇၅၀ အထိ ဈေးပေါက်သည်။

ယိုးဒယားအခြေစိုက် ကချင် အမျိုးသမီးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ရောင်းစားခံရသော မြန်မာမိန်းခလေးများ၏ ၂၅% သည် အသက် ၁၈ နှစ်အောက်ဖြစ်သည်ဟု ဆိုသည်။ "ယောက်ျားတွေက သူတို့အတွက် ခလေးမွေးပေးနိုင်မဲ့ ကျန်းမာသန်စွမ်းပြီး အသက်အရွယ်ငယ်တဲ့ မိန်းခလေးတွေ လိုလားသည်" ဟု ယူနန်ပြည်နယ်ရှိ ကဝပ်လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့(Kwat�s anti-trafficking programme in Yunan Province) ခေါင်းဆောင် ဂျူလီယာမရစ် (Julia Marip)ကဆိုသည်။

"မိန်းခလေးတွေကို ခလေးမွေးပေးဘို့ စက်တခုလိုဘဲ သဘောထားကြတယ်" ဟု သူမကမှတ် ချက်ပေးခဲ့ ပါသည်။

ဤဆောင်းပါး အစကို မြန်မာ ပြည်မှ ၁၂ နှစ် သမီး အရွယ်တွင် ပြန်ပေးဆွဲ ခံရသည့် ခလေးမ "အပ" (တိုင်းရင်းသူဖြစ်ပုံရသည်) နှင့်စပြီး ၎င်းကို တရုတ် မိသားစု တစု ထံတွင် ပြန်ပေးဆွဲ သူများက ရောင်းစား ခဲ့ပြီး ၎င်းတို့၏ အသက် ၂၀ အရွယ် သားနှင့် ပေးစားရန် ကြံစည် ခဲ့သော် လည်း နောက်ဆုံး ၃ နှစ်အကြာ တရုတ် ပုလိပ်များက မှတ်ပုံ တင်စစ်ဆေး သည့်အခါတွင် သူမသည် နိုင်ငံခြား သူဖြစ်ကြောင်း ပေါ်လွင် သွားပြီး မြန်မာပြည် သို့ ပြန်ခွင့် ရခဲ့ခြင်း ဖြစ်သည်ဟု အဆုံး သတ်ထားသည်။ မြန်မာ မိန်းခလေး များကို ဈေးလယ်တွင် ဝတ်ကောင်း စားလှ များကို ဝတ်ဆင် စေပြီး မိတ်ကပ်ခြယ် သလျက် ဗြောင် လေလံတင် ရောင်းချသည့် နေရာများ လည်းရှိကြောင်း ထိုဆောင်းပါး တွင် ရေးသား ထားသဖြင့် တုန်လှုပ် ချောက်ခြားစရာ သူတို့ ဘဝကို ကိုယ်ချင်း စာမိခဲ့ ပါသည်။ ၂၁ ရာစု ခေတ်မီ တိုးတက် နေသော လူ့သမိုင်း သည် တပတ် လည်၍ ကျွန်ရောင်း ကျွန်ဝယ် စံနစ် ဆီသို့ ပြန်ရောက် နေပြီလားးဟု မေးခွန်း ထုတ်ရ တော့မလို ဖြစ်နေ ပါသည်။

နိဂုံးအားဖြင့် ချုပ်၍ ပြောရလျှင် မြန်မာနိုင်ငံသည် အာရှနိုင်ငံများကြားတွင် လွတ်လပ်ရေး ရခါစမှ ၁၉၆၂ ခုနှစ် မတိုင်မီအထိ အရှေ့တောင်အာရှ၏ ကြယ်တပွင့်၊ အာရှတိုက်၏ စပါးကျည် ဝမ်းပိုက်ဟု တင်စားခေါ်ခံရသည့် ဆန်စပါးအထွက်ဆုံးနိုင်ငံဘဝ။ အိမ်နီးးချင်း နိုင်ငံများ၏ အားကျလေးစားလောက်သော အဆင့်မြင့် တက္ကသိုလ်ပညာတတ်များ မွေးထုတ်ရာ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီး ရှိသည့်အရှိန်အဟုန်ကြီးခဲ့သော နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ၁၉၈၇ ခုနှစ်တွင် ကျရောက်သွားခဲ့ရခြင်းသည်လည်းကောင်း၊ ယနေ့အထိ ကမ္ဘာက ဖိနှိပ်မှု အပြင်းထန်ဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံးနိုင်ငံအဖြစ် အပြစ်တင်ခံနေရသည်မှာ စစ်အာဏာရှင်စံနစ်ကြောင့် ဖြစ်သည်။ ယ္ခင်က ယိုဒယားနိုင်ငံကို မြန်မာပြည်သားများက "ဖါနိုင်ငံကြီး" ဟူ၍ အထင်သေးအမြင်သေး ရှုံ့ချကြသည်။ ယနေ့ အိမ်နီးခြင်း ယိုးဒယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကုလားပြည်တို့တွင်ရှိသော ဖါများသည် မြန်မာအမျိုးသမီး အများစုဖြစ်သလို၊ မြန်မာပြည်တွင်း၌လည်း တရားမဝင် ဖါများသောင်းနှင့်ချီ၍ မြို့နယ်တိုင်းအလိုက် အနှိပ်ခန်းများ၊ ကာယာအိုကေနိုက်ကလပ်များတွင်ရှိနေကြပြီ ဖြစ်သည်။ အာဏာရူး စစ်ဗိုလ်များ၏ အတ္တစွဲကြီးမားလွန်း မှုကြောင့် ဖါနိုင်ငံဘဝသို့ ရောက်နေခြင်းကို မြန်မာပြည်ရှိ မည်သူ က မျှ မတားဆီးနိုင်ပါ။

တရုတ်ပြည် ရှိမယား လိုအပ်မှု အရ ရောင်းစား ခံရသော မိန်းခလေး များတွင်လူချမ်းသာ ပညာတတ် တရုတ်များ ၏မယားဖြစ်ဘို့ထက် တရုတ် လယ်သမား များ၏ အဖြည့်ခံ အလုပ် ကျွန်မယားဖြစ် ဘို့ကများ ပါသည်။ ထိုမိန်းခလေး များသည် ထိုသူ၏ သွေးသား ဖြည့်ဆည်း ပေးရာမယား အဖြစ်လည်းကောင်း၊ မိမိကာမ ကိုဝယ်ယူ ထားသူ ၏မိဘဖြစ်သူ ၏အစေခံ အဖြစ် လည်းကောင်း အလုပ် အကျွေးပြုရင်း အနှိပ်စက်ခံပြီးနေထိုင်ရသည်၊ မိမိဘယ် နေရာရောက်နေသည်၊ဘယ်သူ ကိုအကူအညီတောင်းရမည်ကိုမသိကြချေ။ တရုတ်မိသားစု၏ အိမ်ကျွန် လုပ်ရင်းလွတ်လမ်းမမြင်သည့်အခါမိမိကိုယ်ကိုယ်အဆုံးစီရင်သွားတတ်ကြသည်။ လယ်ယာသုံးပိုး သတ်ဆေး သောက်၍ အဆုံး စီရင်ခြင်းကိုအများဆုံးအသုံးပြုခြင်းဖြင့်ကြေကွဲစွာ ဘဝအဆုံးသတ် သွားကြရသည်။

တရုတ်ပြည်သည် မြန်မာပြည်ကို လူမျိုးအရ ဝါးမြိုမည်ဆိုသည်မှာ စိတ်ကူးယဉ် မဟုတ်ချေ။ မြန်မာပြည်ရှိ ဝနယ်မြေ၊ ကချင်နယ်မြေ၊ ရှမ်းနယ်မြေတို့တွင် တရုတ်ပြည်မှ တရွေ့ရွေ့ ပြောင်းလာသူများ ၁၉၈၈ ခုနှစ်နောက် ပိုင်းသက်သက် အနေနှင့်ပင် သန်းချီ၍ ရှိနေပြီဖြစ်သည်။

ထို့အပြင် တရုတ်ပြည်၏ မိန်းခလေးလိုအပ်ချက်သည် တနှစ်ထက်တနှစ် တိုးပွားများပြားလာမည်မှာ မြေကြီး လက် ခတ်မလွဲ ဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆီးပေးရမည့် အဓိကနိုင်ငံမှာ မြန်မာနိုင်ငံဖြစ် နေပြန်သည်။ အဘယ် ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို မှီခိုနေရသည့် အဆင့်သို့ တရွေ့ရွေ့ ကျရောက် လျက် ရှိသည်။

(၁) တရုတ်ကို အားကိုး၍ ကုလသမဂ္ဂမှ အရေးယူမခံရအောင် တရုတ်အလိုကျ ဧရာဝတီ မြစ်ဆုံ ရေကာတာတည်ဆောက်ရေးကို ပြည်သူများ တားနေသည့်ကြားမှ အတင်းအကြပ် လုပ်ဆောင်ရန် စိုင်းပြင်း လျက်ရှိခြင်း။

(၂) ဆင်းရဲမွဲတေနေသော နိုင်ငံဖြစ်သဖြင့် မိမိထက် ချမ်းသာသော တရုတ်နိုင်ငံက သစ်လိုလျှင်သစ်၊ ကျောက်လိုလျှင်ကျောက်၊ ဓါတ်ငွေ့လိုလျှင် ဓါတ်ငွေ့ နောက်ဆုံး မိန်းမလိုလျှင် မိန်းမပေးကို ပေးရတော့ မည် ဖြစ်သည်။

လာမည့် ၂၀၂၀ ခုနှစ်တွင် လူပျိုလူလွတ်တရုတ် ယောက်ျား ၂၄ သန်းသည် ၎င်းတို့၏ သွေးသားကာမ ဖြေဖျောက်ရန် အတွက်လည်း ကောင်း၊ မျိုးပွားရန်အတွက်လည်းကောင်း၊ ဈေးချိုချိုနှင့် ရနိုင်သော မြန်မာပြည်မှ အမျိုးသမီးလေးများကို ဦးလှည့်လာပေလိမ့်မည်။ လူပွဲစားများအတွက် အလွန်ကြီးမားသော "သတိုးသမီးဈေးကွက်"သည် တားဆီးနေသည့်ကြားမှ မလွဲမသွေ ပိုမိုကြီးမားလာမည်မှာ မြေကြီးလက် ခတ်မလွဲပင် ဖြစ်သည်။ တရုတ်ပြည်ကြီးတွင် ပြည့်တန်ဆာများကို အစိုးရမှ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရပ်ကွက် ဖွင့်၍ တိုးပွားလာသော လူလွတ်ယောက်ျားများအာသာဆန္ဒကိုမပေါက်ကွဲစေရန်ထိန်းချုပ်ဘို့ လုပ်ဆောင် ကောင်းလုပ်ဆောင် လာနိုင် ဘွယ်ရှိသည်။ ထိုသို့ လုပ်လာပါက ယိုးဒယားနိုင်ငံတွင်မြန်မာ တိုင်းရင်း သူများအများစု "ဖါ" ဖြစ်နေသည့်နည်းတူ၊ ၎င်းတရုတ် ဖါခန်းများ တွင်လည်း မြန်မာအမျိုး သမီးများ သာ အများစု အဖြစ် တွေ့မြင် ရနိုင် ဘွယ်ရှိပေသည်။

ထိုအဖြစ်ကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသည် တရုတ်၏ အမှီအခိုကင်းသော နိုင်ငံဖြစ်ရန် လိုအပ်ပေသည်။ ဒီမိုကရေစီနည်းကျ လွတ်လပ်သော နိုင်ငံအဖြစ် မထူထောင်နိုင်လျှင် စစ်ကျွန်ဘဝမှနေ၍ တိုင်းတပါးအိမ်နီးချင်း တရုတ်ကျွန်ဖြစ်ရန် လက်တကမ်းသာလိုတော့ကြောင်း မျိုးချစ်မြန်မာများ၊ အထူးသဖြင့် တိုင်းချစ်ပြည်ချစ်စိတ် ရှိသော တပ်မတော် ဗိုလ်ချုပ်၊ အကြပ်တပ်သားများကို သတိပေး နှိုးဆော်လိုက်ပါသည်။ ယနေ့မြန်မာပြည်ကြီး ကိုကယ်တင်ရန် မျိုးချစ်စိတ်ရှိသော ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ဗိုလ်ကြီး၊ အကြပ်တပ်သားများ ပူးပေါင်း ပါဝင်မှု ရှိဘို့အထူးလိုပါသည်။ ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။
အားလုံးကိုလေးစားလျှက်

ထွန်းအောင်ကျော်

စက်တင်ဘာလ ၅ ရက်။

မှတ်ချက်။

ပြည့်တန်ဆာဟုမသုံးဘဲ"ဖါ"ဟုသုံးနှုန်းရခြင်းမှာဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းအရ "ဖါသည်နိုင်ငံကြီးဖြစ်သွားမှာဘဲ" ဆိုသည့်စကားကိုအမှတ်ရစေလို၍ဖြစ်ပါသည်။ ဖါနိုင်ငံကြီးဖြစ်အောင်ဘယ် သူတွေကလုပ်နေကြသနည်း?။

ကျိုးကျခဲ့သည့် နှစ်ရှည်တံတားအစား ယာယီတံတားကို ဖြတ်သန်းခပေး၍ လှိုင်းဘွဲဒေသခံများ သွားလာနေရ

နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည် နယ် လှိုင်းဘွဲမြို့ နယ်အ၀င် နားရှိ နှစ်ရှည် သံတံ တားမှာ ယခုလ ၂၅ရက် နေ့က ကျိုးကျ သွားခဲ့ ပြီးနောက် လှိုင်းဘွဲဒေ သခံ ရပ်မိ ရပ်ဖများ ဦးဆောင်ကာ ယာယီ ဆောက်လုပ် ထားသည့် တံတား ငယ်များကို ဒေသခံ များက ဖြတ်သန်းခ ပေး၍ သွား လာနေရ သည်ဟု သိရသည်။

လှိုင်းဘွဲမြို့ရှိ ရပ်မိရပ်ဖများက ကျိုးကျသွားသည့် တံတားအနီးတွင် ယာယီတံတားများအဖြစ် ၀ါးတံတား ၂စင်းနှင့် သစ်သားတံ တား ၁စင်းကို ဆောက်လုပ်ထားခဲ့ကြပြီး တိုင်ကီပုံးများပေါ်တွင် ပျဉ်ပြားများ ခင်းထားသည့် သစ်သားတံတားကို လူတဦးလျှင် ၁၀၀ကျပ်နှင့် ဆိုင်ကယ်တစီးလျှင် ၅၀၀ကျပ် ပေးဆောင်ကာ သွားလာနေကြရသည်ဟု လှိုင်းဘွဲမြို့ခံတဦးက ပြောသည်။

“အခု ဆိုင်ကယ်ဖြတ်လို့ရတဲ့ တံတားကလည်း အခွန်ပေး(ငွေ)ဆောင်နေရတော့ လူတွေလည်း သယ်ရပိုးရတာတွေ များပြီး အကုန်အကျတွေလည်း များတယ်။ အခု လောလောဆယ်တော့ ထိုင်းဘက်ကနေ ရေကြီးလို့ ပြန်လာတဲ့သူတွေကလည်း သိပ် များနေတော့ သွားလာဖို့ ဒုက္ခတွေ ဖြစ်နေကြလို့ ယာယီ ဆောက်ထားတာ။”ဟု ၎င်းက ပြောသည်။

တံတားဖြတ်သန်းခကို တည်ဆောက်ပေးခဲ့သည့် ရပ်မိရပ်ဖများက ကောက်ခံခဲ့ခြင်းဖြစ်ပြီး ရရှိလာသည့် ငွေများကို လှိုင်းဘွဲမြို့ ရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများအတွက် ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဟု ဒေသခံများက ပြောဆိုကြသည်။

သက်တမ်းနှစ် ၁၀၀ကြာမြင့်ပြီဖြစ်သည့် ၎င်းသံတံတားမှာ အောက်တိုဘာလ (၂၄)ရက်နေ့ညက အလိုလို ကျိုးကျပျက်စီးသွားခဲ့ ပြီး လူအများ သွားလာနိုင်သည့် ယာယီ တံတားဆောက်လုပ်သွားရန် ဒေသအာဏာပိုင်များနှင့် ရပ်မိရပ်ဖများက ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြပြီးဖြစ်သော်လည်း မည်သည့်အချိန်တွင် စတင် တည်ဆောက်မည်ကို မသိရှိရသေးချေ။

ဂျပန်ခေတ်က တံတားဟု ဒေသခံများက ခေါ်ဆိုနေသည့် အဆိုပါ သံတံတားမှာ လှိုင်းဘွဲချောင်းကို ဖြတ်ကာတည်ဆောက် ထားခြင်း ဖြစ်သည်။

ဦးရုက္ခစိုး လွှတ်တော်၌ အိပ်ပျော်ခြင်း

ရန်ကုန်သားတာတေ


ဦးရုက္ခစိုး ဘုံပျောက်ပြီ။

ထိုင်းနိုင်ငံအနှံ့ ရေကြီးသည့်အထဲ ကံအားလျော်စွာ ချင်းမိုင်က လွတ်နေသည်။ သို့သော် ကံမကောင်းချင်တော့ ရေဘေး ဒုက္ခသည် ထိုင်းနတ်အပေါင်းမှာ ချင်းမိုင်သို့ ရွှေ့လာကြသည်။

ဈေးစောင့်နတ်၊ ကျောင်းစောင့်နတ်၊ စက်ရုံစောင့်နတ်၊ ဆေးရုံစောင့်နတ်၊ ဘဏ်စောင့်နတ်၊ ထောင်စောင့်နတ်၊ ဆဲဗင်းအလဲဗင်း စောင့်နတ် များမှသည် လေယာဉ်ကွင်းစောင့်နတ်၊ လေယာဉ်ပျံစောင့်နတ်၊ စူပါမားကတ်စောင့်နတ်များအဆုံး နတ်ကြီး၊ နတ်လတ်၊ နတ်ငယ်၊ နတ်ပိစိကွေးပါမကျန် ဦးရုက္ခစိုး တပါးတည်း စိတ်ကြိုက်ပျော်စံခဲ့ရာ ဒွိုင်ဆူထက် တောင်ကြီး၌ နတ်ဟောလီးဒေး သဘင် ဆင်ရင် ကျင်းပနေကြသည်။

ဦးရုက္ခစိုးမှာ “မြန်မာပြည်ဆိုလည်း ကောင်းသား … တောင်ပြုန်းမှာ နတ်ဒုက္ခသည်စခန်း ဖွင့်လို့ရသေးတယ်” ဟု တပါးတည်း ညည်းမိသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်မှာ အစပင်ရှာမရ။

ထိုင်းစကားကို ထမင်းငွေ့ရှူ၊ ရေငွေ့ရှူရုံမျှသာ တတ်သော ဦးရုက္ခစိုး ဒုက္ခရောက်ရပြီ။ သူကိုယ်တိုင် ရွှေ့ပြောင်းနတ်ဖြစ်နေ သောကြောင့် ရွှေ့ပြောင်းအလုပ်သမားများနည်းတူ မြန်မာပြည်တွင် ကျောတခင်းစာနေရာရရေး ပြေးဖို့ ဆုံးဖြတ်လိုက်တော့၏။ ကံအားလျော်စွာ နတ်ဖြစ်နေသောကြောင့် ကိုးသုံးလုံးဂိတ်ကို ဖြတ်စရာမလို၊ နယ်ခြားစောင့်တပ်ကို လာဘ်ထိုးစရာမလို၊ ဂိတ်ကြေးများ ပေးစရာမလိုဘဲ ရန်ကုန်သို့ ရောက်သွားသည်။

မြန်မာပြည်မပြန်ခင် ဖိုးရှုပ်၊ ကြွက်စုတ်တို့နှင့် မတွေ့သည်က ခပ်ကောင်းကောင်း ဖြစ်သည်။ မဟုတ်လျှင် နတ်ဟောလီးဒေး ရစရာမရှိ။ ကြုံတုန်း ဓာတ်ပုံလေးရိုက်ခဲ့ပါဦး ဆိုတာကအစ အားမနားပါးမနာ ခိုင်းလိမ့်မည်။

ရန်ကုန်တွင် ဟိုတယ်အားလုံး နိုင်ငံခြားသားများနှင့် အပြည့် ဖြစ်နေ၏။ ထူးဆန်းလေစွ။ ခရီးသွားဧည့်သည်များမှာ ရေကြီးသော ထိုင်းကို စိတ်မဝင်စားတော့ပြီ။ နဂိုကတည်းက တမင် မသစ်သစ်အောင် မွမ်းမံထားသော ထိုင်းသည် ရေကြီးချိန်၌ အဘယ်မှာ စိတ်ဝင်စားစရာ ကောင်းတော့အံ့နည်း။ ရေပြန်ကျသွားလျှင်လည်း သစ်ထားခဲ့သမျှ ပျက်စီးမှုများကို မူလအတိုင်းဖြစ်အောင် ပြန်ပြင်ကြရဦးမည်။ ကုန်ကျစရိတ်က များလွန်းသည်။ အချိန်များလည်း ယူရဦးမည်။

မြန်မာပြည်ဆိုလျှင် အစကတည်းက ဘာမှတိုးတက်မှုရှိအောင် လုပ်မထားသောကြောင့် ရေပဲကြီးကြီး၊ မီးပဲလောင်လောင်၊ လေကြီးမိုးကြီးပဲ ကျကျ ဆုံးရှုံးစရာ သိပ်မရှိ။ အပျက်ကို အပျက်အတိုင်း ပြန်မပြင်ဘဲ ထားနိုင်သည်။ မြန်မာလူကြီးမင်းများ အမျှော် အမြင်ကြီးလေစွ။ မသကာ လူအသေအပျောက် ရှိလျှင် ဒစ်ဂျစ်လျှော့လို့ ရသည်၊ နောက်က သုညတွေ ဖြုတ်ပစ်နိုင်သည်။ အေးချမ်းသော မြန်မာ လုပ်လို့ရသည်။

နယ်စပ်တိုက်ပွဲများကို စာရင်းထဲ ထည့်စရာမလို … နယ်စပ်တွင်ဖြစ်သောကြောင့် သတင်းကန့်လန့်ကာ ချထားလိုက်လျှင် ဘယ်သူမှ မသိနိုင်။ ငြိမ်းချမ်းသော မြန်မာ … ဗျူးတီးဖူးလ် မြန်မာ ဖြစ်သည်။

မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား မရှိဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏဖောင်ပြင်က သူ့ ဗိုက်ရွှဲရွှဲကြီးကို ပွတ်၍ ပြောပြီးပြီ။ တည်ဆဲဥပဒေ ဖောက်ဖျက်သူတို့ကိုသာ မလွှဲသာသောကြောင့် ထောင်ချထားရခြင်း ဖြစ်၏။ ဒါနဲ့တောင် မရှိသော နိုင်ငံရေး အကျဉ်းသား များအား လွှတ်ခိုင်းနေသေးသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု ဘာတခုမှ မရှိသော မြန်မာနိုင်ငံကို လူ့ အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲကြသဖြင့် စွပ်စွဲသူများ စိတ်ချမ်းသာအောင် လူ့အခွင့်အရေး ကော်မရှင် ဆိုပြီး ဖွဲ့ပေးထားရသည်။ ထိုသူများမှာ ကော်မရှင်နာမည်ခံပြီး ဘာအလုပ်မှ လုပ်စရာမရှိ။

သနားစရာကောင်းလှသည့် အစိုးရပါတကား။ ထိုမျှ သနားစရာ ကောင်းသော မြန်မာအစိုးရကို အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ သေးသည်။ ပိတ်ထားသမျှ အခုထိ ပြန်မဖွင့်ပေးသေး။ လုပ်ရက်ကြသည်။

မြန်မာပြည်၏ ခေါင်းဆောင် သမ္မတကြီးမှာလည်း အမျှော်အမြင်နှင့် ပြည့်စုံပြီး ဘာမဆိုသိသူ ဖြစ်သည်။ စပါးတောင် စိုက်တတ်သည်။ ထိုသို့ တော်သော တတ်သော သိသော သမ္မတတွင် အကြံပေးမလိုအပ်။ သို့သော်လည်း လူရှိန်အောင် သမ္မတအကြံပေးများ ခန့်ထားရသည်။ သမ္မတ အကြံပေများက သမ္မတကို ဘာအကြံမှ ပေးစရာမလို သမ္မတကသာ သူတို့ကို အကြံပြန်ပေးနေရသည်။

ဤမျှ အေးချမ်းသာယာ စည်ပင်ဝပြောပြီး အမျှော်အမြင် ကြီးမားလွန်းသော သမ္မတ အုပ်ချုပ်သည့် မြန်မာပြည်ကို အာဆီယံဥက္ကဋ္ဌ ထိုင်ခုံမပေးလျှင် မည်သည့် အရှေ့တောင်အာရှ နိုင်ငံကိုမျှ မပေးသင့်တော့ …။ ထိုထိုင်ခုံကြီးကို ဘင်္ဂလား ပင်လယ်အော်အတွင်းသို့ ဂျာမန်ဂြိုဟ်တုကြီးနှင့်အတူ ရော၍ ပစ်ချဖို့သာ ရှိတော့သည်။

ဦးရုက္ခစိုးမှာ တောင်စဉ်းစား မြောက်စဉ်းစားနှင့် အိပ်စရာနေရာ လိုက်ရှာရင်း အကြံတခု ရသွားသည်။

ရန်ကုန်သည် ခြင်ပေါခြင်း၊ မီးခဏခဏပျက်သဖြင့် မီးစက်များ နှိုးရသောကြောင့် မီးစက်သံဆူခြင်း၊ မီးမလာလျှင် ရေပါမလာခြင်း၊ ဘတ်စ်စကားကျပ်ခြင်း၊ မိုးရွာလျှင်ရေလျှံခြင်း၊ နေပူလျှင် ဖုန်ထခြင်း၊ နေစရိတ် စားစရိတ်ကြီးခြင်း၊ လမ်းဘေးတွင် အမှိုက်ပုံများ ပေါများခြင်း၊ အများသုံး အိမ်သာများ အလွန်ညစ်ပတ်ခြင်း စသည့် အသေးအဖွဲကိစ္စကလေးများမှ လွဲ၍ အေးချမ်းသာယာလှသည်မှာ မှန်ပေသည် … သို့သော် … ထိုထက် အေးချမ်းသာယာပြီး အိပ်၍ကောင်းမည့် နေရာတခု ရှိသေးသည်။

ထိုနေရာကား နေပြည်တော်ရှိ လွှတ်တော်ဖြစ်၏။ ပြင်ပကမ္ဘာ၌ မည်သို့ပင် ဆူညံပွက်လောရိုက်၊ ရေကြီး၊ တံတားကျိုး၊ တိုက်ပွဲဖြစ်နေသော်ငြားလည်း လွှတ်တော်က အမှန်တကယ် ငြိမ်းချမ်းလှသည်။

နေပြည်တော် လွှတ်တော်တွင်း၌ အမတ်မင်းများမှာ ကျောက်ရုပ်များကဲ့သို့ မလှုပ်မရှက် ထိုင်တတ်ကြသောကြောင့် တရားစခန်းနှင့်မခြားပေ။ စကားပြောလျှင်လည်း လေးလေးတွဲ့တွဲ့ လိုရင်း မရောက်အောင် ပြောတတ်သဖြင့် ချော့သိပ်သလို ဖြစ်ဦးမည်။ အငြင်းအခုံလည်း မလုပ်သဖြင့် နားပူစရာမရှိ။ ကွန်ပျူတာ တယောက်တလုံး ပေးထားသော်လည်း မသုံးတတ်သဖြင့် တတောက်တောက် စာရိုက်သံ ကြားရမည်မဟုတ်။ ကွန်ပျူတာများ ရှေ့မှာထားကာ စာရေးမှတ်ချင်ယောင် ဆောင်နေခြင်းက ဘာပြဿနာမှမရှိ။

လေအေးစက်တပ် လွှတ်တော်တွင်း၌ ကြယ်ငါးပွင့် ဟိုတယ်ကြီးထက်ပင် ငြိမ်းအေးစွာ အိပ်နိုင်မည်။

ဦးရုက္ခစိုး လွှတ်တော်တွင်း ရောက်ရောက်ခြင်း ကြားလိုက်ရသော ဆွေးနွေးမှု အကြောင်းအရာမှာ မြန်မာပြည်သားများ လျှပ်စစ်မီးလုံလုံလောက်လောက် ရရေး ကိစ္စ ဖြစ်သည်။ ထိုကိစ္စမှာ လုံးဝ အရေးမကြီးသော ကိစ္စဖြစ်သည်၊ ဆွေးနွေးစရာပင် မလို၊ အဖြရှာစရာ မလိုသော မိုင်နာကိစ္စဖြစ်သည်။ မြန်မာပြည်သူလူထု လုံးဝ စိတ်မဝင်စားသော ကိစ္စဖြစ်သည်။

အမတ်မင်း ဦးယောင်တိယောင်ချာက မတ်တပ်ရပ်၍ သန်းဝေရင်း အမတ် ၈ ဦးကိုယ်စား တင်ပြသည်။

ယောင်တိယောင်ချာ။ ။ ကျနော်တို့ မြို့နယ်တွေမှာ လျှပ်စစ်မီး လုံလုံလောက်လောက် မရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးလိုပါတယ်။ ရမလား မရမလားပေါ့ ခင်ဗျာ။

ထိုသို့မေးပြီး တချက်သန်းဝေကာ ခုံတွင် ပြန်ထိုင်၍ အိပ်ငိုက်နေသည်။ သူ့ပုံစံက တစုံတခုကို သေချာပြီးသား ဖြစ်နေသည့် ပုံစံ။
ထိုအခါ အမှတ် ၉ လျှပ်စစ်ဝန်ကြီးက ထိုင်ရာမှ မထချင်ထချင် ထ၍ စပြောတော့သည်။

ဝန်ကြီး။ ။ ကျနော်တို့တွေ စီစဉ်နေပါတယ် … အခု ကောက်ခံနေတဲ့ မီတာခနဲ့ဆို အရှုံးခံ ပေးနေရတာ ဖြစ်တဲ့အတွက် နောက်ထပ် လူတွေဆီကနေ မီတာခ လုံလုံလောက်လောက် တိုးကောက်ပြီးရင် အားလုံး မှန်သွားမှာပါ။
ထိုကဲ့သို့သော အဓိပ္ပာယ်ရသည့် အဖြေကို ဝန်ကြီးက တနာရီခွဲတိတိ ပျင်းတွဲ့လေးဖင့်စွာ ဖြေဆိုသွားရာ … အမတ်များ အားလုံး အိပ်ငိုက်ကုန်ကြသည်။ ဦးရုက္ခစိုးလည်း ငိုက်စပြုပြီ။

ဝန်ကြီးအဖြေပြီးနောက်တွင် အမတ်မင်း ဦးဖိုးသိုးဖတ်သတ်က လေးတိလေးကန် ထလိုက်ပြန်သည်။

ဖိုးသိုးဖတ်သတ်။ ။ ကျနော်တို့ကျေးရွာတွေ ဆိုရင် လျှပ်စစ်မီး လုံးဝကို မရှိပါဘူး။ အဲဒါ လျှပ်စစ်မီးရအောင် ဘယ်လို လုပ်ရမလဲ သိချင်ပါတယ်။

ဝန်ကြီး။ ။ ကျေးရွာမီးလင်းဖို့ ကိုယ့်အားကိုယ်ကိုး မီးစက်ဝယ်၊ ကိုယ့်အားကိုယ်ကိုး ဆီထည့်ပြီး ကိုယ့်အားကိုယ်ကိုး မီး ထွန်းလိုက်ပါ။ လျှပ်စစ်မီး ရသွားပါလိမ့်မယ်။

အထက်ပါအတိုင်း အဓိပ္ပာယ်ရသော အဖြေကို ၂ နာရီနှင့် ၄၅ မိနစ်ကြာအောင် ဝန်ကြီးက ဖြေဆိုအပြီးတွင် ဦးရုက္ခစိုးအပါအဝင် လွှတ်တော်ကြီး တခုလုံး အိပ်မောကျသွားလေတော့သည်။

အေးချမ်းသာယာသော မြန်မာ့ လွှတ်တော်ကြီး ပေတကား။ ။

Arakan နာမည်ကို အလွဲသုံးစား လုပ်မူ ဆန့်ကျင် ကန့်ကွက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်လာ

နိရဉ္စရာ

ရခိုင်အမျိုးသားပိုင် Arakan ဆိုသော ဝေါဟာရကို လွဲမှားစွာ အသုံးပြုနေသော လူတစ်စုအား ကန့်ကွက် ရှုတ်ချပွဲ အခမ်းအနားများကို ရခိုင်ပြည်နယ် အနှံ့ အပြားတွင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

ယနေ့ (အောက်တိုဘာလ ၂၉ ) ရက်နေ့တွင်လည်း အဆိုပါ ရှုတ်ချ ကန့်ကွက်ပွဲကို မောင်တောမြို့ မြို့မကျောင်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

" ဟုတ်ပါတယ်။ ဒီကနေ့ ကန့်ကွက် ရရှုတ်ချပွဲကို မောင်တောမြို့ မြို့မကျောင်းမှာ ပြုလုပ်ပါတယ်။ လူပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်ပရောက် ဘင်္ဂလီတချို့က Arakan အမည်အား အလွှဲသုံးစားလုပ်မှုအပေါ် ကန့်ကွက် ရှုတ်ချတာ ဖြစ်ပါတယ်" ဟု မောင်တော ဒေသသခံ တစ်ဦးက ပြောသည်။

အဆိုပါ အခမ်းအနားအား နံနက် ၉ နာရီ ခွဲမှ စတင်ကာ နေ့လည် ( ၁) နာရီထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

" ဟောပြောဆွေးနွေးသူတွေကတော့ - ဦးသာသာမောင် (နတ်မြစ်လှိုင်းပြာ)၊ ဦးညိုလှအောင်တို့ ဖြစ်ကြ ပါတယ်။ ရခိုင်သမိုင်းဆိုင်ရာ ဟောပြမှုတွေနဲ့ Arakan အမည်ကို အလွှဲသုံးစားပြုလုပ်နေကြတဲ့ အပေါ် ရှင်းလင်း ဟောပြောတာ ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးချက် အပေါ်မှာ တက်ရောက် လာတဲ့ ခမီး တိုင်းရင်းသားများနဲ့ သက်တိုင်းရင်းသားတွေက ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်" ဟု သူက ဆက်ပြောသည်။

အလားတူ ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ဘူးသီးတောင်မြို့ အေးစေတီကျောင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင် ဒေသခံ တစ်ဦးက "အခမ်းအနားက နေ့လည် ၁၂ခွဲ ကနေ စတာ ညနေ ၄နာရီ ထိုးသွား တာတောင် လူတွေက လုံးဝ မပြန်ချင်ကြဘူး။ ကျွန်တော်တို့ လူထုက တော်တော် ပေါက်ကွဲနေကြတယ်။ တိုင်းပြည် အလုခံရတယ် ဆိုပြီး ခံပြင်းနေကြပါတယ်" ဟု ပြောသည်။

အခမ်းအနားသို့ သံဃာတော် အပါး ၃၀ အပါအဝင် လူပေါင်း ၄၀၀ ခန့်တက်ရောက်ခဲ့သည်ဟု သူက ပြောသည်။ အခမ်းအနားတွင် ဦးသာသာမောင် (နတ်မြစ်လှိုင်းပြာ)၊ ဦးစံရွှေမောင်တို့ အဓိက တက်ရောက် ဆွေးနွေး ခဲ့သည်ဟု သိရသည်။

စစ်တွေမြို့တွင်လည်း အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်လူမျိုးပိုင် Arakan အမည်အား ပြည်ပရောက် ဘင်္ဂလီ လူမျိုးများ၏ အလွှဲသုံးစား လုပ်မှု အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ကန့်ကွက်ပွဲနှင့် စာတန်းဖတ်ပွဲ အခမ်းအနား တရပ်ကို စစ်တွေမြို့ရှိ ရတပ ပါတီ ရုံးခန်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ရတပပါတီတာဝန်ရှိသူများ၊ ဂုဏ်သရေရှိ မြို့လူကြီးများ၊ မြို့မိ မြို့ ဖပြည်သူများ၊ ဗမာလူမျိုးများနှင့် မြို၊ ခမီး၊ ဒိုင်းနစသည့် တိုင်းရင်းသားများ စုစုပေါင်း ၅၀၀ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်ကို ရတပပါတီမှ စစ်တွေမြို့နယ် ဥက္ကဌလည်း ဖြစ် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သော ဦးအောင်မြကျော်က ယခုကဲ့သို့ ပြောသည်။

"အဓိက ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ကို အင်္ဂလိပ်ကို ခေါ်တဲ့ Arakan အသုံးအနှုန်းကို ပြည်ပ ရောက် ဘင်္ဂလီတွေက အလွှဲသုံးစားလုပ်ပြီးတော့ တကမ္ဘာလုံးမှာ ဒီ Arakan Land ရခိုင်မြေဆိုတာကို သူတို့နဲ့ သက်ဆိုင်ကြောင်း သူတို့ရဲ့ မြေဖြစ်ကြောင်းလို့ ပြောနေတာဟာ ကျနော်တို့ တမျိုးသားလုံးကို စော်ကားတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါဟာ ရခိုင်တမျိုးသားလုံးကို စော်ကားတာဖြစ်တဲ့ အတွက်ကြောင့် ကျနော် တို့က ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုထားတဲ့ ပါတီ တစ်ရပ် အနေနဲ့ ရခိုင်ပြည်သူတွေဟာ အခုလို စော်ကားခံနေရတာကို ဆန့်ကျင် ကန့်ကွက်ဖို့ တာဝန်ရှိသလို ရခိုင်ပြည်သူတွေ ဒါကို သိရှိအောင် နှိုးဆော် တိုက်တွန်းဖို့ တာဝန်ရှိတဲ့ အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု အတွက် လုပ်တာ မဟုတ်ပါ။ မိမိတို့ရဲ့ တိုင်းပြည်နဲ့ လူမျိုး အတွက် ကာကွယ်တာ သာ ဖြစ်ပါတယ် ။ ရခိုင်ကို အင်္ဂလိပ်လို Arakan လို့ခေါ်တာကို အလွှဲသုံးစား လုပ်နေတဲ့အပေါ် ဒီအတွက် ခုလို ကန့်ကွက် ရှတ်ချရခြင်းဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများ ပါတီမှ အောက်တိုဘာလ ၉ ရက်နေ့ နေ့စွဲဖြင့် Arakan နှင့် Arakanese ဆိုသော စကားလုံးမှာ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများကို ခေါ်ဝေါ်သော စကားလုံးသာ ဖြစ်ပြီ ပြည်ပရောက် ဘင်္ဂလီ လူတစုမှ လွဲမှားစွာ ယူသုံးစွဲနေသည်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကျေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန် ခဲ့သည်။

ဒေါ်​အောင်ဆန်း​စုကြည်​နှင့်​ ဦး​အောင်ကြည်တို့​​ ထပ်​မံ​တွေ့​ဆုံမည်

အေး​နိုင်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရ ကိုယ်စားလှယ် ပြည်​ထောင်စု ဝန်ကြီး​ ဦး​အောင်ကြည်တို့​ ​အောက်တိုဘာ ၃၀ ရက် ​နေ့​ခင်း​ကျရင် အစိုး​ရ ဧည့်​ဂေဟာမှာ ထပ်မံ ​တွေ့​ဆုံမယ်လို့​ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှု​ဆောင် ဦးဝင်း​ထိန်က ဒီဗွီဘီကို ​ပြောပါတယ်။

အရင်​တွေ့​နေကျ ရန်ကုန်မြို့​ တက္ကသိုလ်ရိပ်သာလမ်း​က စိမ်း​လဲ့​ကန်သာ အစိုး​ရဧည့်​ဂေဟာမှာ ​နေ့​ခင်း​တနာရီ ​တွေ့​ဖို့​ သတ်မှတ်ချိန်း​ဆိုထား​ပြီး​ တပ်မ​တော်အစိုး​ရလက်ထက် ​တွေ့​ဆုံပွဲ​တွေထက် ပိုမို​မျှော်လင့်​နိုင်တယ်လို့​ ဦး​ဝင်း​ထိန်က ​ပြောပါတယ်။

“ထူး​ခြား​တာက​တော့​ အရင်တုန်း​က ၉ ခါ ​တွေ့​ဆုံတုန်း​က ​ကြေညာချက် မထုတ်ဘူး​။ အခု ​လေး​ကြိမ် ​တွေ့​ဆုံရာမှာ တခါ​တွေ့​တိုင်း​ တခါ တိုး​တက်မှု​တွေ ရှိ​တော့​ ဒါက ​မျှော်လင့်​ရမှာ​ပေါ့​။”

ဆွေး​နွေး​ရာမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ကိစ္စနဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီမှတ်ပုံတင်​ရေး​ကိစ္စ ပါဝင်နိုင်ဖွယ် ရှိမရှိ ​မေး​မြန်း​ရာမှာ ပြည်သူလူထု အကျိုး​ရှိတဲ့​ကိစ္စ​တွေ ​ဆွေး​နွေး​ကြလိမ့်​မယ်လို့​သာ ​ပြောဆိုနိုင်ပြီး​ အ​သေး​စိတ် မ​ပြောနိုင်ပါဘူး​လို့​လည်း​ ဆိုပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ တပ်မ​တော်အစိုး​ရလက်ထက် ဦး​အောင်ကြည်ကို ဆက်ဆံ​ရေး​ဝန်ကြီး​အဖြစ် ၂၀၀၇ ခုနှစ် ​အောက်တိုဘာ ၂၅ ရက်ကစလို့​ ၉ ကြိမ်​တွေ့​ခဲ့​ပါတယ်။

အစိုး​ရသစ်လက်ထက်မှာ ၃ ခါ ​တွေ့​ဆုံခဲ့​ရာမှာ ​နောက်ဆုံး​အကြိမ်က ဒီနှစ်စက်တင်ဘာ ၃၀ ရက်က ဖြစ်ပါတယ်။ ​နောက်ဆုံး​ ​တွေ့​ဆုံရာမှာ နှစ်ဖက် ပူး​တွဲ​ကြေညာချက်မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​ဖို့​ သမ္မတက စဉ်း​စား​နေတဲ့​ကိစ္စ၊​ ဧရာဝတီမြစ်​ကြောင်း​ ထိန်း​သိမ်း​ရေး​ ပူး​ပေါင်း​ဆောင်ရွက်​ရေး​၊​ ဥပ​ဒေပြင်ပ လက်နက်စွဲကိုင်ဆန့်​ကျင်သူများ​ ဥပ​ဒေ​ဘောင်တွင်း​ ထာဝရငြိမ်း​ချမ်း​ရေး​ တည်​ဆောက်​ပေး​ဖို့​ အစိုး​ရက ကြိုး​ပမ်း​နေတဲ့​ကိစ္စနဲ့​ ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​နဲ့​ တရား​ဥပ​ဒေစိုး​မိုး​ရေး​မှာ ပူး​တွဲ​ဆောင်ရွက်ဖို့​ ကိစ္စနဲ့​ ဆက်လက်​ဆွေး​နွေး​ဖို့​ သ​ဘောတူခဲ့​ကြပါတယ်။

ဝန်ကြီး​ဦး​အောင်ကြည်နဲ့​ နှစ်ကြိမ်​တွေ့​အပြီး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီနှစ်ဩဂုတ်မှာ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။ ဒီ​နောက် မကြာ​သေး​ခင်က သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀ ​ကျော် ပြန်လွတ်ခဲ့​ပါတယ်။

ဘယ်လောက်ကြာ ထပ်မျှော်ရအုံးမှာလဲ

အောလို

အပြာရောင် တောင်တန်းကြီး များက မြင့်မားပြီး ရှည်လျားစွာ သွယ်တန်း လျက်ရှိ နေသည်။ တောင်းတန်ကြီး တကြော၏ အကြားတွင် အနံ ပေ ၂၀ ခန့် ကျယ်သော ချောင်း တချောင်းက အကွေ့အကောက် များနှင့် သာယာစွာ ရေများ စီးဆင်း နေသည်။ ချောင်းနံဘေး တလျှောက်တွင် ကျေးလက် ဒေသက တောရွာ လေးလိုလို သစ်၊ ၀ါး၊ ဖက်များဖြင့် ဆောက်လုပ် ထားသော တဲအိမ် အလုံး ၅၀၀ ကျော်တည် ရှိပြီး လူ ၃၀၀၀ ကျော် နေထိုင်လျက်ရှိသည်။

ယင်း နေရာသည် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင် အတွင်းရှိ ခွန်ရုံးမြို့၏ အနောက် ဘက် ၆ ကီလို မီတာ ခန့်တွင် တည်ရှိ နေသည့် မဲ့စူရင်း (ခေါ်) ကရင်နီ ဒုက္ခသည် အမှတ် ၂ စခန်း ဖြစ်သည်။ ၎င်းဒုက္ခ သည်စခန်း သည် ထိုင်း - မြန်မာ နယ်စပ် တလျှောက်ရှိ မြန်မာ တိုင်းရင်းသား ဒုက္ခသည် စခန်းများ အထဲမှ အသေး ငယ်ဆုံး တခု ဖြစ်ပြီး ဒုက္ခသည် ဦးရေ အနည်းဆုံး ရှိသည်။

မဲ့စူရင်းသည် လွန်ခဲ့သော ၁၉၉၅ ခုနှစ်က စ၍ ဒုက္ခသည်စခန်းအဖြစ် ထိုင်းအစိုးရနှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအဲန်အိတ်ခ်ျစီအာရ်) တို့က အသိအမှတ်ပြုခဲ့သည်။ မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့အကြား တိုက်ပွဲများနှင့် စစ်ရေး ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်ရသော ကရင်နီပြည်တွင်းမှ တိုင်းရင်းသား ပြည်သူများ ခိုလှုံရန်အတွက် ဒုက္ခသည်စခန်း ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်သည်ဟု မဲ့စူရင်း ဒုက္ခသည် စခန်းအုပ်ချုပ်ရေး၏ လက်ရှိ ဥက္ကဌဖြစ်သူ ရှယ်လီသန့်က ပြောပါသည်။

“ဘာကြောင့် ဖြစ်လာရသလဲဆိုတော့ ကျမတို့ စစ်ပြေးတယ်ကော အဲဒီအချိန်တုန်းက။ စစ်ကြောင့် ကျမတို့ ထွက်ပြေးရတယ်ဆိုတော့ စစ်ကြောင့်ပဲ ဒုက္ခသည်စခန်း ဖြစ်လာရတယ်ပေါ့” ဟု ၎င်းက ပြောသည်။

စခန်းအတွင်းတွင် ခိုလှုံနေထိုင်ကြသော စစ်ပြေး ဒုက္ခသည်များသည် အများအားဖြင့် ကရင်နီပြည် ဖာဆောင်းနှင့် မဲ့စဲမြို့နယ်များထဲမှ ထွက်ပြေးရောက်ရှိလာကြပြီး ပကူး မျိုးနွယ်စု အများစု ဖြစ်ကာ ကယား၊ ရှမ်းနှင့် ကချင် မျိုးနွယ်စုတို့ကလည်း နေထိုင်ကြသည်။

ဖာဆောင်းမြို့နယ်ရှိ အမှတ် ၂ ခရိုင် ဘူးခိုကျေးရွာမှ ထွက်ပြေးလာပြီး စခန်းအတွင်း၌ ၆ နှစ်ကြာ နေထိုင်လာခဲ့သော အသက် ၂၉ နှစ် အရွယ်ရှိ မိခင်ဖြစ်သူ ဒီးရှာဖောက သူ့ရွာ၌ နေထိုင်ခဲ့သည့် အချိန်တွင် မြန်မာအစိုးရ စစ်တပ်များ၏ ထိုးစစ်ဆင်မှုများကြောင့် အထမ်းသမား ပေါ်တာအဖြစ် ခေါ်ဆောင်သွားခံရခြင်း၊ တောတွင်း၌ ထွက်ပြေးပုန်းအောင်းရခြင်းတို့ကို မကြာခဏ ကြုံတွေ့ခဲ့ရသည်ဟု ပြောသည်။

“ရွာမှာ နေတုန်းက ဗမာစစ်တပ်တွေက ကျမတို့ ရွာထဲကို ခဏခဏ ၀င်လာတော့ ပြေးရတယ်။ တောထဲမှာ သွားပုန်းနေရတယ်။ အဲဒါ ဒီဒုက္ခသည်စခန်းထဲကို ထွက်ပြေးလာနေတာ” ဟု ၎င်းက ပြောသည်။

စခန်းအုပ်ချုပ်ရေး၏ ဒုက္ခသည် စာရင်း ပြုစုချက်အရ လက်ရှိ မဲ့စူရင်းတွင် ဒုက္ခသည်ဦးရေ ၃၆၈၁ ဦး နေထိုင်လျက်ရှိသည်။ ထိုအထဲတွင် ဒုက္ခသည်အဖြစ် အသိမှတ်ပြုခံရပြီး ယူအဲန် လက်မှတ် ရှိသူ ၁၉၄၇ ဦး ရှိပြီး အသိမှတ်ပြု မခံရသေးသူ လူသစ်များမှာ ၁၇၃၄ ဦး ရှိသည်။

စခန်းအတွင်းတွင် ဒုက္ခသည်များအတွက် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာများနှင့် အခြား ကဏ္ဍများကို အစိုးရ မဟုတ်သော အဖွဲ့အစည်း (အဲန်ဂျီအို) များက ထောက်ပံ့ကူညီပေးနေကြသည်။

ဒုက္ခသည်များသည် စခန်းအတွင်း၌ နှစ်ပေါင်း ကြာမြင့်စွာ နေထိုင်လာသည်နှင့်အမျှ တတိယနိုင်ငံ (ခေါ်) ပြန်လည် အခြေချရေး အစီအစဉ်သို့ ထောင်နှင့် ချီပြီး ထွက်သွားခွင့် ရရှိကြပြီ ဖြစ်သည်။ စခန်းအတွင်းတွင်လည်း ထောင်နှင့်ချီသော ဒုက္ခသည်များ ကျန်ရှိနေဆဲ ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ နှင့် အမှတ် ၂ ဟူ၍ နှစ်ခု ရှိပြီး လူဦးရေ ၁၇၈၀၀ ကျော် နေထိုင်လျက်ရှိသည်။ ထိုင်း-မြန်မာနယ်စပ် တလျှောက်တွင် ကရင်နီဒုက္ခသည်စခန်း ၂ ခု အပါအ၀င် ဒုက္ခသည်စခန်း ၉ ခု ရှိပြီး ဒုက္ခသည် ၁၄၀၀၀၀ ကျော် ရှိသည်ဟု ထိုင်း-မြန်မာနယ်စပ် တလျှောက် ကူညီစောက်ရှောက်ရေး အသင်း (တီဘီဘီစီ)၏ စာရင်း ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လက အသစ် တက်လာသော မြန်မာအစိုးရ၏ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းများသည် မြန်မာအစိုးရ တပ်များကို တိုက်ခိုက်ရန် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ အခြေခံ စခန်းများ ဖြစ်ကြောင်း၊ တနည်းအားဖြင့် သူပုန် စခန်းများ ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

သို့သော် သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ တိုင်းရင်းသားများသည် ပြည်တော်ကို ပြန်လာလိုလျှင် ပြန်လာနိုင်ကြကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

“အကြောင်း အမျိုးမျိုးကြောင့်၊ နောက် ပြည်ပကို ရောက်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေကိုလည်း ပြစ်မှုတစုံတရာ ကျူးလွန်သွားတာ မရှိဘူး ဆိုလို့ရှိရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျနော်တို့ ဒါ စဉ်းစားပေးမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောသည်။

ဆက်လက်ပြီး “ ပြစ်မှုကျူးလွန်ခဲ့သည့် တိုင်အောင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူဖို့ ပြန်လာမယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ ဒါ သဘောထားကြီးစွာနဲ့ စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောဆိုသွားသည်။

ပြည်တော် ပြန်ရေးကို သမ္မတ၏ ဖိတ်ခေါ်မှုကြောင့် ပြည်တော်ကို ပြန်လာကြသော ပြည်ပရောက် အနုပညာသမားနှင့် မြန်မာနိုင်ငံသား အချို့လည်း ရှိကြပြီ ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့စူရင်း ဒုက္ခသည်စခန်းအုပ်ချုပ်ရေး၏ ဥက္ကဌ ရှယ်လီသန့်ကတော့ ပြည်တော် ပြန်ရေးကို မြန်မာအစိုးရက ဖိတ်ခေါ်သည့်တိုင်အောင် လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် ပြန်ရန် မဖြစ်နိုင်သေးကြောင်း ပြောပါသည်။

“အခုလက်ရှိ နိုင်ငံရေး အခြေအနေကို ကျမတို့ ကြည့်လိုက်မယ်ဆိုလည်း တည်ငြိမ်မှု မရှိသေးဘူး။ နောက်ပြီးတော့ နှစ်ပေါင်းများစွာ ကျမတို့ စစ်ဖြစ်လာခဲ့တယ်။ ယုံကြည်မှု တည်ဆောက်ဖို့လည်း လိုတယ်။ ယုံကြည့်မှု မရှိဘဲနဲ့ ပြန်လို့ ရှိရင်တော့ အရင်တုန်းက ပုံစံလိုမျိုးပဲပေါ့နော့် တခါ ထွက်ပြေးရမယ်၊ တခါ ထပ်ပြောင်းရမယ် ဆိုတာလည်း ဖြစ်မှာ စိုးလို့ပါ။ အဲဒါကြောင့်မို့လို့ ကျမ အနေနဲ့ တယောက်တည်း အနေနဲကြတော့ ပြန်ဖို့တော့ မဖြစ်သေးဘူး” ဟု ၎င်းက ပြောသည်။

မဲ့စူရင်းတွင် နေထိုင်သော ကရင်နီဒုက္ခသည် ဒီးရှာဖောကလည်း လတ်တလောတွင် ပြည်တွင်းကို ပြန်ရန် ဆန္ဒ မရှိဘဲ တတိယနိုင်ငံသို့ သွားရောက်အခြေချချင်နေသည်။

“တတိယနိုင်ငံသို့ ရှေ့ဆက် သွားနိုင်ရင် သွားမယ်။ ကိုယ့်ဌာနေ ကိုယ့်ရပ်ရွာကို ပြန်မယ်ဆိုရင်လည်း ပြန်လို့ မရဘူး၊ မပြန်တတ်ဘူး။ ဟိုးမှာ ပြန်ရောက်ရင် ထပ်ပြေးရအုံးမှာပဲ” ဟု ၎င်းက ပြောသည်။

ရှယ်လီသန့်၏ ပြောပြချက်အရ မဲ့စူရင်း ဒုက္ခသည် စခန်းမှ ကရင်နီဒုက္ခသည်များသည် အချို့က တတိယနိုင်ငံသို့ သွားရောက်အခြေချရန် အခွင့်အရေးကို မျှော်ကိုးနေကြသည်။ အချို့က ထိုင်း-မြန်မာနယ်စပ်တွင် ရှေ့ဆက်ပြီး အခြေချသွားရန် စီစဉ်နေကြသည်။ အချို့က မြန်မာနိုင်ငံ အေးချမ်းသည့် တနေ့တွင် ကိုယ့်တိုင်းပြည်၊ ကိုယ့်ဌာနေကိုပြန်လည်နေထိုင်သွားရန် စောင့်မျှော်နေကြသည်။

စခန်းအတွင်းတွင် ကျောင်းတက်နေကြသော ကျောင်းသားလူငယ်များနှင့် ကလေးငယ်များသည် ညနေပိုင်း ကျောင်းဆင်းသည့် အချိန်တွင် စခန်း၏ အလယ်၌ စီးဆင်းနေသော ချောင်းနံဘေးတွင် ဘောလုံး ကစား၍လည်းကောင်း၊ ချောင်းထဲတွင် ရေဆော့ကစား၍လည်းကောင်း ပျော်မြူးနေကြသည်။

ကျောင်းသားလူငယ်များ၊ ကလေးငယ်များနှင့် ကရင်နီ စစ်ပြေး ဒုက္ခသည်များသည် စခန်းအတွင်း၌ ကျဉ်းကြပ်စွာ နေထိုင်ရသော်လည်း မျှော်လင့်ခြင်း ကိုယ်စီ ထားပြီး အသက်ရှင်နေကြသည်မှာ အမှန်ပေ။ သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံရေး တည်ငြိမ်မှု မရှိသေးသရွေ့၊ ပြည်တွင်းစစ် မရပ်သေးသရွေ့၊ အုပ်ချုပ်ရေး နည်းစနစ် မပြောင်းလဲသေးသရွေ့တော့ သူတို့သည် တောင်တန်းကြီးများ အကြား၌ တသွင်သွင် စီးဆင်းနေသော ချောင်းနံဘေး တလျှောက်ရှိ တဲအိမ်များတွင် မည်မျှကြာ ဆက်လက်နေထိုင်သွားအုံးမည်နည်း ဆိုသည်ကို မည်သူမှ အတတ် ဖြေ၍ မရသေးပါ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,30th,2011

( 15 )Aung San Suu Kyi and Burma's Struggle for Democracy, By Bertil Lintner

( 14 )ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်လို့ ဦးဥာဏ်ဝင်း ပြောဆို

( 13 )10,000 Burmese workers go home to escape floods

( 12 )အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး သမ္မတ အကြံပေးအဖွဲ့၊ လူမှုရေးအဖွဲ့တွေနဲ့ တွေ

( 11 )Food file: Yangon

( 10 )ယင်းမာပင်မြို့နယ် ယမားဆည် ဖောက်ချမှုကြောင့် ကျေးရွာတွေ ရေလွှမ်းမိုး

( 9 )Thai soldiers detained over Mekong River killings

( 8 )ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် စတုတ္ထအကြိမ် တွေ့ဆုံမည်

( 7 )Malaysia , Myanmar To Up Timber Trade Collaboration

( 6 )နိုင်ငံရေးအကျဉ်းသူ ဆေးရုံမှာ မထီမဲ့မြင် ဆက်ဆံခံရ

( 5 )FM in Myanmar to check readiness for ASEAN

( 4 )အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာပြည်သွားမည်

( 3 )အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသား ၅ ဦး တွေ့ခွင့်တောင်း

( 2 )Myanmar's Suu Kyi could seek parliament seat

( 1 )အမေရိကန် အဆင့်မြင့် အရာရှိကြီး ၂ ဦး မြန်မာနိုင်ငံ လာမည်

Saturday, October 29, 2011

ဒေါ်​အောင်ဆန်း​စုကြည်စွဲဆိုတဲ့​ တရား​ရုံး​မ​ထေမဲ့​မြင်မှုကို စစ်​ဆေး​ဖို့​ တရား​ရုံး​ကလက်ခံ

အေး​နိုင်

မြန်မာ့​ဒီမိုက​ရေစီလှုပ်ရှား​မှု ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က အကိုဦး​အောင်ဆန်း​ဦး​ အပါအဝင် လူပုဂ္ဂိုလ်သုံး​ဦး​အ​ပေါ် တရား​ရုံး​မ​ထေမဲ့​မြင်မှုနဲ့​ စွဲဆိုထား​တဲ့​အမှုကို ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ကြား​နာစစ်​ဆေး​ဖို့​ မ​နေ့​ ​အောက်တိုဘာ ၂၈ ရက်​နေ့​က လက်ခံလိုက်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က အကို ဦးအောင်ဆန်း​ဦး​နဲ့​ ​မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦး​မြတ်ခိုင်၊​ ဂျာနယ်ထုတ်​ဝေသူ ဝဏ်ဏ​ကျော်ထင် ဦး​လှမြင့်​တို့​အ​ပေါ် စွဲဆိုတဲ့​အမှုကို ဒီလ ၂၇ ရက်​နေ့​မှာ လက်ခံ​ရေး​ ​လျှောက်လဲချက်​​ ပေး​ခဲ့​ပြီး​ ​နောက်တ​နေ့​မှာ အမှုလက်ခံလိုက်တာလို့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က လိုက်ပါ​ဆောင်ရွက်တဲ့​ တရား​ရုံး​ချုပ်​ရှေ့​နေ ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။

အမှုကို လက်ခံပြီး​တဲ့​အတွက် ဦး​အောင်ဆန်း​ဦး​နဲ့​ ဦး​မြတ်ခိုင်တို့​ထံကို နို့​တစ်စာ ​ပေး​ပို့​ပါလိမ့်​မယ်လို့​ သူက ​ပြောပါတယ်။

အမှုက​တော့​ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် လက်ရှိ​နေထိုင်​နေတဲ့​ ရန်ကုန်မြို့​ ​ရွှေတောင်ကြား​ ၁ ရပ်ကွက်၊​ ဗဟန်း​မြို့​နယ်၊​ အိမ်အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ် ပိုင်ဆိုင်မှုနဲ့​ စပ်လျဉ်း​တဲ့​အမှုကို တရား​ရုံး​က တစုံတရာ အမိန့်​ မချမှတ်ခင် ​မော်နီတာဂျာနယ်နဲ့​ ဦး​အောင်ဆန်း​ဦး​တို့​ ​တွေ့​ဆုံ​မေး​မြန်း​ခန်း​မှာ ဦး​အောင်ဆန်း​ဦး​က အမှုနိုင်ပြီး​ ဖြစ်​ကြောင်း​ ​ပြောဆိုချက်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို စွပ်စွဲ​ပြောဆိုချက်​တွေ ​ဖော်ပြခဲ့​တဲ့​အတွက် တရားရုံး​ကို မ​ထေမဲ့​မြင် ပြုမူမှုနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​စွဲဆိုခဲ့​တာ ဖြစ်ပါတယ်။

ဘန်​ကောက်​ရေ​ဘေး​ဒုက္ခသည်များ​အတွက် ယာယီခိုလှုံ​ရေး​စခန်း​များ​ ပြင်ဆင်

မန်းစိုင်းမွန်

ဘန်​ကောက်တမြို့​လုံး​ ရပ်ကွက်ဇုန်ကြီး​ ၅၀ ကို ​ရေလွှမ်း​သွား​ပါက ​ရေ​ဘေး​ဒုက္ခသည်​တွေ ယာယီခိုလှုံဖို့​ တခြား​ခရိုင် ၉ ခုမှာ ဒုက္ခသည်စခန်း​တွေ ပြင်ဆင်ထား​တယ်လို့​ ထိုင်း​အစိုး​ရ မနေ့​က သတင်း​ထုတ်ပြန်ထား​ပါတယ်။

ကန်ကျနဘူရီ၊​ ဖက်ခ်ျဘူရီ၊​ ချာချင်​စောင်၊​ စမွတ်ပရာကန်၊​ စမွတ်စာခွန်၊​ စရာဘူရီ၊​ နခေါင်နာယွတ်နဲ့​ န​ခေါင်စီထမရာ့​စတဲ့​ ခရိုင်တွေက ​ကျောင်း​၊​ စစ်တပ်ဝင်း​နဲ့​ ကျယ်ဝန်း​တဲ့​ အစိုးရပိုင် အဆောက်အဦတွေမှာ ပြင်ဆင်ထား​တာပါ။

ခုလို​ကြေညာတာဟာ ဘန်​ကောက်တမြို့​လုံး​ကို မုချ​ရေလွှမ်း​လိမ့်​မယ်လို့​ မဆိုလို​ပေမယ့်​ တကယ်လို့​ ​ရေလွှမ်း​မိုး​သွား​ခဲ့​ရင် အစိုး​ရက ကယ်ဆယ်​ရေး​ အစီအစဉ် အသင့်​ရှိ​နေ​ကြောင်း​ကို လူအများ​သိရှိ​စေဖို့​ ဖြစ်တယ်လို့​ ထိုင်း​အစိုး​ရ ​ရေလွှမ်း​မိုး​မှု ပြန်ကြား​ရေး​စင်တာက ​ပြောပါတယ်။

ခုလက်ရှိ ဘန်​ကောက်မြို့​အတွင်း​က ​ရေ​ဘေး​စခန်း​တွေမှာ လူ​တွေ ပြည့်​ကျပ်​နေပြီး​ တချို့​စခန်း​တွေလည်း​ ​ရေမြုပ်လို့​ ထပ်မံ​ရွှေ့​ပြောင်း​နေကြရပါပြီ။ ဒွန်​မောင်း​လေဆိပ် ​ရေ​ဘေး​စခန်း​က ဒုက္ခသည်​တွေကို​တော့​ ခွန်ဘူရီခရိုင်ကို ​ရွှေ့​သွား​ပြီ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၅ ရက်​နေ့​ညက ​ရေလွှမ်း​မိုး​မှုက​နေ ကာကွယ်​ပေး​ဖို့​ ဝန်ကြီး​ချုပ် ယင်လတ်ညွှန်ကြား​ခဲ့​တဲ့​ ဘုရင်ကြီး​ ​ဆေး​ဝါး​ကုသမှု ခံယူ​နေကျ စီရီရာ့​ ​ဆေး​ရုံက လူနာ​တွေကို ​ပြောင်း​ရွှေ့​သွား​ရပြီ ဖြစ်ပါတယ်။

ရေလွှမ်း​မိုး​မှု ပြန်ကြား​ရေး​စင်တာရဲ့​ ၂၈ ရက်မနက်ပိုင်း​ ​ကြေညာချက်အရ ​ဒေါင်း​မွန်၊​ ရန်း​စစ်၊​ လတ်စီ၊​ စဖန်း​မိုင် အပြင် ဘန်​ကောက်မြို့​ရဲ့​ အချက်အခြာ လမ်း​မကြီး​တသွယ်ဖြစ်တဲ့​ ဖဟိုယိုထင် လမ်း​မကြီး​လည်း​ လုံး​ဝသွား​လာလို့​ မရ​တော့​ဘူး​လို့​သိရပါတယ်။

ရေကြီး​နေတဲ့​ ရန်း​စစ် ရပ်ကွက်က​နေ ​ပြောင်း​ရွှေ့​လာတဲ့​ မြန်မာ အမျိုး​သမီး​တဦး​က “​ရေကြီး​နေတုန်း​ပဲ။ ကျမ မြို့​ထဲမှာပဲ ​ပြောင်း​နေတာ။ သွား​ရ လာရ အဆင်မ​ပြေဘူး​” လို့​ ​ပြောပါတယ်။

စား​နပ်ရိက္ခာ လိုက်ရှာဝယ်ခြမ်း​နေတဲ့​ ဘန်​ကောက်မြို့​နေ ကို​ဇော်မင်း​က ​ရေမြင့်​ပြ ဒီဂျစ်တယ် ဇယား​ကို ရပ်ကြည့်​ရင်း​ ​ရေတက်​နေပုံကို ​ပြောပါတယ်။

“အခုလက်ရှိက ​မော်ချစ်က​နေ ​တောက်​လျှောက် မြို့​ကို​ကျော်ပြီး​ တက်လာတယ်။ ဘန်​ကောက်က အခု အကုန်လုံး​ဘေး​က ပတ်လာတယ်​လေ။ အလယ်မှာ တကွက်ပဲကျန်တယ်။ အဲဒီတကွက်ကလည်း​ တရက်နှစ်ရက်အတွင်း​ သွား​ပြီ ထင်တယ်။”

အစိုးရစစ်တပ်မှ မီးသွေးဖိုများ ဖျက်ဆီး၍ ပလောင်ရွာသားများ စားဝတ်နေရေး ခက်ခဲနိုင်

နော်ဆဲကလယ် (ကေအိုင်စီ)

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ် အနောက် ဘက်ပိုင်းရှိ ဒွန့်ပုတ် (Dun Puk) ရွာတွင် မန်ဒတ် (Man Tat) အခြေစိုက် မြန် မာ အစိုးရ တပ်က ရွာသားများ ပိုင်ဆိုင်သည့် မီးသွေး ဖိုများကို ၀င်ရောက် ဖျက်ဆီး ခဲ့သဖြင့် စားဝတ် နေရေး အတွက် ပူပန်နေရ ကြောင်း ဒေသခံများက ပြောသည်။

ယခုလ ၂၄ရက်နေ့က မြန်မာ အစိုးရတပ် ခြေမြန် တပ်ရင်း (ခမရ-၁၄၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျော်သူလှိုင်၏ လက်အောက် ခံ တပ်သား များက အဆိုပါ ရွာသူရွာသား များ၏ မီးသွေးဖို များကို ဖျက်ဆီး ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင် သက်သေ ဒေသ ခံတစ် ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီမှာက အဓိက စီးပွားရေးဟာ မီးသွေးဖုတ်တဲ့လုပ်ငန်း ဖြစ်တယ်။ အစိုးရစစ်သားတွေဟာ မီးသွေးမဖြစ်သေးတဲ့ ဖို တွေကိုလည်း ဖွင့်လှန်ခဲ့တော့ မီးသွေးမဖြစ်ဘဲ ပြာအဖြစ် ပျက်စီးသွားလို့ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။”ဟု ကေအိုင် စီသို့ ပြောသည်။

ပလောင်လူမျိုးများ နေထိုင်ကြသည့် ဒွန့်ပုတ်ကျေးရွာသည် ယခင်က လက်ဖက်စိုက်ကြသော်လည်း လက်ဖက်ဈေးကျလာ ပြီးနောက်ပိုင်း မီးသွေးဖုတ်ကြရခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါရွာရှိ အမျိုးသားများသည် ဘိန်းစွဲသူများသဖြင့် အမျိုးသမီး ကသာ အိမ်ထောင်ကို ဦးစီးကွပ်ကဲရသူများသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ထိုဒေသတွင် မီးသွေးဈေးမှာ တစ်ပိသာလျှင် မြန်မာငွေ ၂၀၀ကျပ်သာရှိပြီး ဆန်ဈေးနှုန်းမှာ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၂၀,၀၀၀နီးပါးရှိသည်။ ၎င်းအပြင် ဒေသခံများမှာ ဗမာစကားကို ပြောဆိုတတ်သူ နည်းပါးသဖြင့် သွားလာရာတွင်လည်း စစ် တပ်နှင့် ရင်ဆိုင်မိပါက နှိပ်စက်ခံရကြောင်းကိုလည်း ဒေသခံများက ပြောဆိုနေကြသည်။

ဒေသခံ အမျိုးသားတစ်ဦးက “အခြေအနေမကောင်းပေမယ့် တရွာနဲ့တရွာကူးဖို့ မလွယ်ဘူး။ စစ်တပ်က လမ်းဂိတ်တွေမှာ အရမ်းစစ်တာ။ မြန်မာစကားကလည်း မတတ်ကြတော့ စစ်သားတွေ မေးတဲ့အခါ နားမလည်ရကောင်းလားဆိုပြီး ထုရိုက် တာတွေ ရှိတယ်။ မေးမြန်းလို့မရရင် ထုရိုက်နေတော့ တော်ရုံလူက ရွာထဲကနေ ဘယ်မှမသွားရဲကြဘူး။”ဟု ပြောသည်။

ဒွန့်ပုတ်ရွာသည် တောင်ပေါ်ဒေသမှ ရွာတစ်ရွာဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်လျှက်ရှိသည့် အမှတ်(၁) ရွှေလီဆည်အနီး တွင် တည်ရှိသည်။

စည်ပင်အဖွဲ့၏ အခွန်ကောက်ခံမှုကြောင့် ဈေးသည်များ ဒုက္ခရောက်

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည် နယ်၊ ကြာအင်း ဆိပ်ကြီး မြို့ရှိ ဈေးသည်များမှာ မြို့နယ် စည်ပင် သာယာရေး အဖွဲ့ထံ လစဉ် အခွန်ကြေး မြင့်မားစွာ ပေးဆောင် နေရ သဖြင့် စားဝတ် နေရေး အခက် အခဲ များနှင့် ကြုံနေ ရသည်ဟု မြို့ခံများက ပြောဆို နေကြသည်။

၎င်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြာအင်းဆိပ်ကြီးမြို့တွင်းရှိ သိပ္ပံလမ်းနှင့် ဗိုလ်ချုပ်လမ်းကြားရှိ ဇမိရတနာမြို့မဈေးမှ ဈေးဆိုင် ခန်းများအား ပထမတန်းနှင့် ဒုတိယတန်းခွဲ၍ တစ်ခန်းလျှင် ၁,၀၀၀ကျပ်မှ ၃,၀၀၀ကျပ်အထိ သတ်မှတ်ကာ လစဉ် ကြေး ပေးဆောင် ရသောကြောင့် ယခုလို စားဝတ် နေရေး ခက်ခဲ နေရခြင်း ဖြစ်သည်ဟု ဈေးသည် တစ်ဦးက ပြောသည်။

၎င်းဈေးသည်က “သူတို့ကောက်တဲ့ ဒီနှုန်းထားတွေက မြင့်တာပေါ့နော်။ စီးပွားရေးကပ်ဆိုက်တဲ့အခါကျတော့ အရောင်းအ၀ယ် တွေ ပါးတယ်လေ။ ပေးရတဲ့အခွန်နဲ့ အဆင်မပြေဖြစ်နေတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဈေးသန့်ရှင်းရေးအခွန်အတွက် ဈေးအတွင်းရှိ ပျံကျဈေးသည်များထံမှလည်း တစ်ဦးလျှင် ၂၀မှ ၅၀ကျပ်နှုန်း ကောက်ခံ လျှက်ရှိ ရာ တစ်ရက်လျှင် ကျပ်ငါးထောင်မှ တစ်သောင်းအထိ ရရှိခဲ့ပြီး ၎င်းတို့သတ်မှတ်နှုန်းဖြင့် မပေးသည့် ဈေးသည်များကို ဈေးရောင်းခွင့် မပြုဘဲ မောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်မှုများလည်း ရှိသည်။

၂၀၀၈-၀၉ခုနှစ်မှ ယနေ့အချိန်အထိ စည်ပင်သာယာရေးအဖွဲ့၏ မတရား အခွန်ကောက်ခံမှုကို ညှိနှိုင်းဖြေရှင်းပေးရန် ဇမိရတနာမြို့မဈေးသည်များက ကြာအင်းဆိပ်ကြီးမြို့ရှိ သက်ဆိုင်ရာ အစိုးရအာဏာပိုင်များထံသို့ အကြိမ်ကြိမ် တိုင်တန်းတောင်း ဆိုခဲ့သော်လည်း အာဏာပိုင်များဘက်မှ တစုံတရာ ၀င်ရောက်ဖြေရှင်းမှု မရှိကြောင်း သိရသည်။

အမည်မဖော်လိုသူ ကြာအင်းဆိပ်ကြီးမြို့ လူမှုအဖွဲ့အစည်းတစ်ခုမှ ၀န်ထမ်းတစ်ဦးက “စည်ပင်က ရနေတဲ့ အခွင့်အရေးတွေ ဟာ ကိုယ်ကျိုးဖြစ်နေတာက ဒေသခံတွေ နစ်နာသလို နိုင်ငံတော်အခွန်ငွေတွေလည်း ဆုံးရှုံးတာပေါ့။ ဒါဟာ မလုပ်သင့်ဘူး။” ဟု ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်စည်ပင်အဖွဲ့သည် ၂၀၁၀-၂၀၁၁ခုနှစ်အတွင်းက ဘုရားသုံးဆူ ဆိပ်ကမ်းကောက် လိုင်စင်အတွက်ဟု ဆိုကာ ကုန်သည်များထံမှ ကျပ်ငွေ ၁,၆၀၀,၀၀၀(၁၆သိန်း)အထိ ကောက်ခံရရှိခဲ့သော်လည်း ၇၆,၀၀၀ကျပ် (၇သိန်း၆သောင်း) သာ အစိုးရ ဘဏ်ထဲ ထည့်သွင်း ခဲ့ကြောင်း စည်ပင် ၀န်ထမ်းနှင့် နီးစပ် သူများက ပြောသည်။

ဤသို့ မြို့နယ်စည်ပင်၏ မတရားအခွန် ကောက်ခံမှုများကို ရပ်တန့်ပေးရန် သမိရတနာမြို့မ ဈေးသည်များက လိုလားသည်ဟု ကြာအင်းဆိပ်ကြီး မြို့ခံများက ပြောသည်။

အဆိုပါမြို့၏ ဇမိရတနာမြို့မဈေးတွင် ရွှေဆိုင်၊ အထည်ဆိုင်၊ စားသုံးကုန်နှင့် ပျံကျဈေးဆိုင်စသည့် ဈေးဆိုင်အမျိုးမျိုး ရောင်း ချလျှက်ရှိပြီး ၂၀၀၈ခုနှစ်မတိုင်ခင်က အကောက်အခွန်လွှတ်စနစ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။

ဒေသခံများပိုင်ဆိုင်မှုပြနိုင်မှ အစိုးရချပေးသည့်ချေးငွေများ ချေးယူနိုင်

နှောင်းလှိုင်

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် ဦးသိန်းစိန်အစိုးရမှ ချပေးသည့် ကျပ်ငွေ သိန်း ၉၆၀ ကို သူဌေးများနှင့် ၀န်ထမ်း များသာ ချေးယူ နိုင်ကြသည်ဟု ရှမ်းပြည်နယ် ကယန်းဒေသတွင် ရေဘေးဒုက္ခနေသူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာမှစ၍ မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးမှုနှင့် ရင်ဆိုင်နေကြရသော မိုးဗြဲ အထက်ပိုင်းမှ ကယန်းကျေးရွာတချို့ ရေဘေးဒုက္ခနှင့် ဆင်းရဲမွှဲတေမှုမှ ပပျောက်ရန်အတွက် ချေးယူနိုင်ရန်ရည်ရွယ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း ၀န်ကြီးချုပ်မှတဆင့် စည်ပင်ကောင်စီအဖွဲ့သို့ ချေးငွေများ ပို့ချပေးခဲ့သည်။

“တကယ့်ပိုက်ဆံရှိတဲ့လူတွေ၊ သူငှေးတွေပဲ ချေးကြတယ်။ အခု လယ်တွေမြုပ်နေတဲ့ပုဂ္ဂိုလ်တွေက သူတို့ချေးပြီးတော့ သူတို့ ပြန်မဆပ်နိုင်မှာစိုးလို့ အဲဒါ မပေးတော့တာ” ဟု စည်ပင်ကောင်စီနှင့် နီးစပ်သူတဦးက ပြောသည်။
ပိုက်ဆံချေးသည့် သူများသည် နိုင်ငံတော်အစိုးရမှ ၀န်ထမ်းများ၊ ကျောင်းဆရာ၊ မများ၊ ကြံ့ခိုင်ရေး အဖွဲ့နှင့် သူဌေးများသာ ချေးကြသည်ဟု ဆိုသည်။

“ အခု လယ်ပျက်စီးနေတဲ့ပုဂ္ဂိုလ်တွေ သွားချေးတယ်မရဘူး။ ၅ သောင်းချေးလည်း မပေးဘူး။ ဆိုင်ဖွင့်ထားတဲ့ပုဂ္ဂိုလ်တွေ သွားချေးရင် ချက်ချင်းပေးတယ်” ဟု ရှမ်းပြည်နယ်ဖယ်ခုံတွင် နေထိုင်သည့် ဒေသခံတဦးက ပြောသည်။

မိုးဗြဲ၊ ညောင်ဝိုင်း၊ နောင်လိုင်၊ ဖယ်ခုံဒေသဖက်တွင် ရေကြီးမှုကြောင့် ရေးဘေးဒုက္ခကြုံနေရသည့်သူများကို ဂရုဏာရှင် အဖွဲ့အစည်းမှ ပန်းကန်၊ စောင်နှင့် ဆန်သာ ထုတ်ပေးနိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အတူ ကရင်နီပြည်နယ်ရှိ ကျေးရွာများတွင်လည်း ငွေချေးရာတွင် လယ်ယာ၊ ကျွဲနွားပိုင်ဆိုင်မှုရှိသည့် သူများသာ အဓိက ချေးပေးပြီး ကျေးရွာသူကြီးက အာမခံပေးရသည်ဟု လွိုင်ကော်မှ လယ်သမားတဦးက ပြောသည်။

“တအိမ်ထောင်ကို ငါးသောင်းနဲ့ နှစ်သိန်းကြား ချေးတဲ့လူတွေကို ပိုင်ဆိုင်မှုပြခိုင်းတယ်။ ကျန်တဲ့ ပိုင်ဆိုင်မှုမပြနိုင်တဲ့ လူတွေကိုတော့ ငါးသောင်းပဲ ပေးချေးတယ်” ဟု လယ်သမားက ပြောသည်။

တချို့သော ဆင်းရဲသားများသည် အစိုးရမှ ချထားပေးသည့် ပိုက်ဆံများကို ချေးလိုကြသော်လည်း ပြန်မဆပ်နိုင်ပါက မိမိကိုယ်၌ ရှိထားသည့် လယ်ယာမြေများ အသိမ်းခံရမည်ကို စိုးရိမ်နေကြသည်။

သမိုင်းဝင် ဝန်ကြီးများရုံးကို ဟိုတယ် မလုပ်ဟု ဝန်ကြီးပြော

မင်းသက်

ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံခဲ့ ရသည့် ဝန်ကြီး များရုံးအား ပြတိုက် အဖြစ် ထားရှိ မည်ဖြစ်ကာ ပုဂ္ဂလိက လုပ်ငန်း ရှင်များ ဟိုတယ်ပြု လုပ်ရန် ငှားရမ်းမှာ မဟုတ်ကြောင်း အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသည်။

“ဘယ်သူ့ ကိုမှ မငှား ပါဘူး။ ပြတိုက်လို လုပ်ပြီးတော့ အမှတ် တရ ပစ္စည်း အရောင်း ဆိုင်တွေ၊ အစား အသောက် အရောင်း ဆိုင်တွေ ဖွင့်ပြီး တော့ ထားမယ်။ နိုင်ငံခြား သားတွေ လာရောက် ကြည့်ရှု လည်ပတ် ခဲ့ရင် နိုင်ငံခြား ဝင်ငွေလည်း ရတာပေါ့” ဟု ဝန်ကြီး ဦးစိုးသိန်းက အောက်တိုဘာ ၂၆ ရက်နေ့က နေပြည်တော်တွင် ပြည်တွင်း သတင်း မီဒီယာ များနှင့် တွေ့ဆုံ ရာ၌ ပြောကြား ခဲ့သည်။

မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေက ဝန်ကြီးများရုံးအား ငှားရမ်း လုပ်ကိုင်လိုသူများ ရှိပါက ကူညီ သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နောက်တွင် ငှားရမ်းမည် မဟုတ်ကြောင်း အစိုးရက တရားဝင် ထုတ်ဖော်ပြောဆို လိုက်ခြင်းလည်း ဖြစ်သည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ အဆိုပါရုံးကို အင်္ဂလိပ်တို့က ၁၈၉၀ ခုနှစ် တွင် အုပ်ချုပ်ရေး ဗဟိုဌာန အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အုပ်ချုပ်ရေး ယန္တရား၏ အမြင့်ဆုံးဖြစ်ကာ အတွင်းဝန်ချုပ်နှင့် အတွင်းဝန်များ ရုံးစိုက်ရာလည်း ဖြစ်သည်။

ဝန်ကြီးများရုံးမှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ကက်ဘိနက် အဖွဲ့ဝင်များကို ပြိုင်ဘက် နိုင်ငံ ရေးသမား ဦးစော၏ လက်ပါးစေများက လုပ်ကြံသတ်ဖြတ်ခဲ့သော နေရာလည်းဖြစ်ကာ ပထမဆုံးသော လွတ်လပ်သော မြန်မာနိုင်ငံ၏ အလံလွှင့်တင်သော အခမ်းအနား ကျင်းပရာလည်း ဖြစ်သည်။

“ရှေးဟောင်း အဆောက်အအုံတွေထဲက ဟိုတယ်လုပ်လို့ ရနိုင်တဲ့ အဆောက်အအုံတွေ တချို့ ရှိပါတယ်။ အဲဒါကိုတော့ ဟိုတယ်အဖြစ် ငှားမယ်။ ဂျာမနီက ရဲတိုက်ကြီးတွေလိုပဲပေါ့။ ရဲတိုက်ကြီးကို ဟိုတယ်အသွင် ပြောင်းထားမယ်။ ရုရှားက နန်းတော်ကြီးဆိုရင် ပြတိုက် လို တယ်။ ဒါမျိုးပေါ့” ဟု ဝန်ကြီး ဦးစိုးသိန်းက ဆိုသည်။

ဝန်ကြီးများရုံးအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံရေး ပါတီများ၊ အနု ပညာရှင် များကလည်း ပြည်ပ မီဒီယာများမှ တဆင့် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သေးသည်။

သက်တမ်း ၁၂၀ ကျော်ပြီ ဖြစ်သည့် ဝန်ကြီးများရုံးအပြင် ပန်းဆိုးတန်း လမ်းမပေါ်ရှိ ရှေ့နေချုပ်ရုံး အဆောက်အအုံကို လည်း ငှားရမ်းမည် မဟုတ်ဟု သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ရှေးဟောင်း အဆောက်အအုံပေါင်း ၁၈၉ ခုရှိသည်ဟု ကော်မတီ၏ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ စာရင်းများ အရ သိရသည်။

၂ဝ၁ဝ ခုနှစ် အစောပိုင်းက အထည်ချုပ်၊ စားသောက်ကုန်၊ အိမ်သုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့် ရုပ်ရှင်ရုံ၊ အဆောက်အဦး များ ပါသော နိုင်ငံပိုင် လုပ်ငန်း ၁၁၀ ကျော်နှင့် ၂၀၀၉ အတွင်း နိုင်ငံပိုင် အဆောက်အဦး၊ မြေယာနှင့် လုပ်ငန်းပေါင်း ၂၆၀ ကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချခဲ့ကြောင်း လွှဲပြောင်းခဲ့ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ရုက္ခစိုးမှာလည်း ယုံကြည်ချက်နဲ့ပါ

ရန်ကုန်သားတာတေ

“၂၀၇”
“၂၈၀”
“၆၀၀”
“၃၇၆”
“၄၃၂”

ရုက္ခစိုး။ ။ ဟေ့ကောင်တွေ ဘာဖြစ်နေကြတာလဲ။ ထိုင်းမှာ ရေကြီးပြီး စီးပွားပျက်တော့မယ် ကြားလို့ ချဲထိုးစားတော့ မလို့လား။

ကိန်းဂဏန်း များကို တလှည့်စီ ရေရွတ် နေသော ဖိုးရှုပ်နှင့် ကြွက်စုတ် တို့ရှိရာ ချင်းမိုင် ထဖယ်ဂိတ် အနီး ဦးရုက္ခစိုး ရောက်လာပြီး ကောက်ကာ ငင်ကာ မေးလိုက် ခြင်းဖြစ်သည်။ ဦးရုက္ခစိုး အမေးကို မဖြေ သေးဘဲ နှစ်ဦးသား ကိန်းဂဏန်း များကို ဆက်ရွတ် နေကြ သည်။

“၂၀၀၀”
“၁၁၂၂”
“၂၀၁၂”
“၆၃၉၀”

ရုက္ခစိုး။ ။ ဟာ … ၄ လုံးဆိုတော့ ချဲတော့မဖြစ်နိုင်တော့ဘူး။ ဒါဘာလဲဟ … အသစ်ပေါ်တဲ့ ထီလား။

ဖိုးရှုပ်။ ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ။

ကြွက်စုတ်။ ။ မဟုတ်ဘူး … နိုင်ငံရေးအကျဉ်းသား။

ဖိုးရှုပ်။ ။ ဟာ … မြန်မာပြည်မှာ … နိုင်ငံရေးအကျဉ်းသား မရှိဘူးလေကွာ။

ရုက္ခစိုး။ ။ မင်းတို့ဟာက ဘာတွေလဲကွာ။ အခုပြောနေတာကကော အတိတ်စိမ်းတွေလား။

ဖိုးရှုပ်။ ။ မဟုတ်ပါဘူး ဦးရုက္ခစိုးရယ်။ မြန်မာပြည်က ယုံကြည်ချက်ကြောင့်ထောင်ချ ခံနေရတဲ့ အကျဉ်းသား အရေအတွက်ကို ပြောနေတာပါ။

ရုက္ခစိုး။ ။ အရေအတွက် ပြောရင်လည်း တခုတည်းပြောလေကွာ။ အခုဟာက ဘယ်ဟာကို အမှန်ယူရမှာလဲ။

ဖိုးရှုပ်။ ။ ကျနော်တို့လည်း အဲဒါကို သိချင်နေတာ ဦးရုက္ခစိုးရဲ့။ တယောက်တမျိုး အမျိုးမျိုး ပြောနေကြတာ ဆိုတော့ ဘယ်ဟာကို အမှန်ယူရမှန်း မသိတော့ဘူး။

ကြွက်စုတ်။ ။ ဟုတ်တယ် ဦးရုက္ခစိုး။ သူရ ဦးရွှေပန်းက နော်ဝေအသံကိုပြောတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်တဲ့။ ဒီ့အရင်တုန်းကတော့ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးတဲ့။

ဖိုးရှုပ်။ ။ AAPP က ကိုဘိုကြည်တို့က နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိတယ်တဲ့။ ဦးရွှေပန်းပြောပြီးမကြာဘူး လူ့အခွင့်အရေးကော်မရှင် ဆိုတာကြီးက မြန်မာ့အမှောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေကို လွှတ်ပေးဖို့ တောင်းဆိုပြန်ကော။ အဲဒီနောက်မှာ ၆ ထောင်ကျော် … ကျော် …။

ရုက္ခစိုး။ ။ အခုကို ငါတောင် မူးလာပြီ။ ရှင်းအောင်ပြောကွာ။

ဖိုးရှုပ်။ ။ ရှင်းမှ မရှင်းတာကို ဘယ်လိုလုပ်ရှင်းအောင် ပြောရမလဲ။ မြန်မာ့အမှောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို လွှတ်ပေးပါလို့ ပြောပြီးမကြာဘူး … ဟော သမ္မတ ဦးသိန်းလိမ်က …။

ကြွက်စုတ်။ ။ ဟေ့ကောင် … သမ္မတက ဦးသိန်းဇိမ်ပါကွ။

ဖိုးရှုပ်။ ။ သြော် ဟုတ်သားပဲ … သူက နာမည် ပြောင်းတာ ဝါသနာ ပါတယ်ဆိုတော့ နောက်ထပ်များ နာမည် ထပ်ပြောင်းဦးမလားလို့။

ကြွက်စုတ်။ ။ တခါပြောင်းထားတာမှ မကြာသေးဘူး။ နောက်တခါ ပြောင်းလို့ဖြစ်မလား။ ဦးသိန်းဇိမ်ပဲ ထားလိုက်။

ဖိုးရှုပ်။ ။ အေးပါကွာ … အဲဒီသမ္မတ ဦးသိန်းဇိမ်က ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ် မဟုတ်လား။ အဲဒီတော့ အားလုံးကို ခြုံကြည့်လိုက်ရင် မြန်မာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ၆၀၀၀ ကျော်ရှိတယ်လို့ အစိုးရက ယူဆပုံရတယ်။

ရုက္ခစိုး။ ။ ဟေ့ကောင် ဟေ့ကောင် … မင်းဟာက နည်းနည်းတော့ လွန်ပြီထင်တယ်နော်။ ငါ သိသလောက်တော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ နီးပါးပဲပါတာ။

ဖိုးရှုပ်။ ။ အင်းလေ … ကျနော်ကကော နိုင်ငံရေးအကျဉ်းသားလို့ ပြောလို့လား။ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူ အရေအတွက် လို့ပဲပြောတာလေ။

ရုက္ခစိုး။ ။ အရာကြီးနဲ့ ဘာဘူကြီးပါပဲကွာ။

ဖိုးရှုပ်။ ။ အရာကြီးနဲ့ ဘာဘူကြီးမဟုတ်ဘူး ဦးရုက္ခစိုးရဲ့ … ထောင်ကဲကြီးနဲ့ ဘာဘူကြီး ကွာသလိုကွာတယ်။

ကြွက်စုတ်။ ။ ထောင်ကဲကြီးနဲ့ ဘာဘူကြီးကကော ဘာများကွာလို့လဲကွာ … မြန်မာပြည်ကနေ ရသမျှ ခွာမယ်ဆိုတဲ့ နေရာမှာ အတူတူပါပဲ။

ရုက္ခစိုး။ ။ လုပ်ပြန်ပြီ … လိုရင်းကို မရောက်ဘူး။ နိုင်ငံရေးအကျဉ်းသားဖြစ်ဖြစ် … ယုံကြည်ချက်ကြောင့် ဟိုဒင်းချ ခံရသူဖြစ်ဖြစ် အတူတူပဲ လုပ်မနေနဲ့။

ဖိုးရှုပ်။ ။ မတူပါဘူးဆိုဗျာ။ နိုင်ငံရေးအကျဉ်းသားဆိုတာ မြန်မာပြည်မှာ မရှိဘူး … လုံးဝ မရှိဘူး။ ရှိရင် မြန်မာ့အမှောင်ထဲ ထည့်ရေးမှာပေါ့ဗျ။

ကြွက်စုတ်။ ။ အေးပါကွာ မင်းပြောသလို ယုံကြည်ချက်ကြောင့် ဟိုဒင်းချ … အဲ … အတင်းချ … ဟာ ယောင်ကုန်ပြီ အကျဉ်းချ ခဲ့ရတဲ့သူ အရေအတွက်ပဲ ထားပါဦး … မင်းပြောတာက ၆ ထောင်ကျော်ဆို များလွန်းတယ်။

ရုက္ခစိုး။ ။ ဟုတ်တယ် … သမ္မတကို အကျန်တွေပေးပေးနေတဲ့ ဦးကိုကိုလိမ်ဆိုတဲ့သူ ပြောတာတောင် ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူ အရေအတွက်က ၆၀၀ ကျော်ဆို။ ၁၀ ဆတောင်ကွာနေတယ်။

ကြွက်စုတ်။ ။ ကိုဘိုကြည်တို့ စာရင်းအရ ဆိုရင်တောင် ၃ ဆလောက် များနေသေးတယ်။

ဖိုးရှုပ်က ဦးရုက္ခစိုးနှင့် ကြွက်စုတ်ကို အ ရန်ကောဆိုသည့် မျက်နှာပေးနှင့် ကြည့်လိုက်သည်။

ဖိုးရှုပ်။ ။ ၆ ထောင်ကျော် ရှိပါတယ်ဆိုကွာ။ ရှိလို့ပဲ မြန်မာ့အမှောင်ထဲမှာ ဒီနေ့ တောင်းဆို၊ နောက်နေ့ လွှတ်ပေးလိုက်တာ မတွေ့ဘူးလား။

ကြွက်စုတ်။ ။ ဟာ … အဲဒီအထဲမှာ သူခိုးတွေ၊ ဓားပြတွေ၊ ခါးပိုက်နှိုက်တွေ၊ ပြည့်တန်ဆာတွေ၊ မှောင်ရိပ်ခိုမှုတွေ၊ အလွဲသုံးစားမှုတွေက အများကြီးပါတာလေ။

ဖိုးရှုပ်။ ။ အေးလေ … ဒါနဲ့ ငါ မင်းကို မေးရပါဦးမယ် … မင်းမှာကော ယုံကြည်ချက် မရှိဘူးလား။

ကြွက်စုတ်။ ။ ရှိတာပေါ့၊ ကြွက်စုတ်မှာလည်း ကြွက်စုတ်ရဲ့ ယုံကြည်ချက်နဲ့ပဲ … ယုံကြည်ချက် မရှိရင် လူက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။

ဖိုးရှုပ်။ ။ အေး … အဲဒီလိုပဲကွ … လူရွှင်တော် ကတုံးကြီးမှာ သူ့ အနုပညာယုံကြည်ချက် ရှိသလို … သူခိုးမှာလည်း သူခိုးရဲ့ ယုံကြည်ချက်နဲ့၊ ခါးပိုက်နှိုက်လည်း ခါးပိုက်နှိုက်ရဲ့ ယုံကြည်ချက်နဲ့၊ ပြည့်တန်ဆာလည်း ပြည့်တန်ဆာရဲ့ ယုံကြည်ချက်နဲ့ပဲလေ။ အဲဒီတော့ သမ္မတ လွှတ်ပေးလိုက်တဲ့ ၆ ထောင်ကျော်မှာ အားလုံးက သူ့ယုံကြည်ချက်နဲ့ သူချည်းပဲ။

ရုက္ခစိုး။ ။ ဟုတ်သလိုလိုပဲနော်။ ဒါကြောင့်ထင်တယ် … တချို့ဆို ယုံကြည်ချက် ဘယ်လောက်ပြင်းပြသလဲဆိုရင် လွတ်တာနဲ့ တွေ့တဲ့သူကို တန်းနှိုက်တော့တာပဲတဲ့။

ကြွက်စုတ်။ ။ ခါးပိုက်နှိုက်တယ် လုပ်ပါဦးရုက္ခစိုးရယ်။

ရုက္ခစိုး။ ။ အရေးထဲမှာ … သတ်ပုံပြင်နေပြန်ပြီ။

ကြွက်စုတ်။ ။ မပြင်လို့မရဘူးဗျ … အခုတောင် နိုင်ငံရေးအကျဉ်းသားလား၊ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူလား ဝိဝါဒ ကွဲပြားနေတာ … တော်ကြာ ခါးပိုက်နှိုက်လား … တခြားဟာ … အဲ … သတင်းတို့ဘာတို့ နှိုက်တာလား မကွဲပြားဘူး ဖြစ်မယ်။

ဖိုးရှုပ်။ ။ ဘာပဲနှိုက်နှိုက်ကွာ … ယုံကြည်ချက်ကြောင့် နှိုက်တာပဲ … အဲ … ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရတဲ့သူတွေကို သမ္မတက စေတနာရှေ့ထားပြီး လွှတ်ပေးလိုက်ပြီပဲ။

ကြွက်စုတ်။ ။ မင်းပြောသလိုဆို လွတ်လာတဲ့သူတွေက သူတို့ယုံကြည်ချက်နဲ့ သူတို့ လုပ်စရာရှိတာ လုပ်နေကြပြီပေါ့နော်။

ဖိုးရှုပ်။ ။ ဒါပေါ့ … လူရွှင်တော်ကတုံးကြီးဆိုရင် သူ့အနုပညာ အလုပ်နဲ့ နိုင်ငံရေးအလုပ် … တွဲလုပ်နေပြီ။ သူ့ ယုံကြည်ချက် အရ ပေါ့ကွာ။ တခြားသူတွေဆိုလည်း အဲဒီလိုပဲကွ။ ခိုးတဲ့သူက ဆက်ခိုး၊ နှိုက်တဲ့သူကဆက်နှိုက် လုပ်ကုန်ပြီ။ ဒီတော့ ငါတို့လည်း ပြောထားတဲ့အတိုင်း ယုံကြည်ချက်ကြောင့် လုပ်စရာရှိတာလေး လုပ်ရအောင်။

ရုက္ခစိုး။ ။ မင်းတို့ဟာက … ဘာ … ဘာတွေတုန်းကွ။

ကြွက်စုတ်။ ။ ဘာမှမဟုတ်ပါဘူး … သတင်းကျွတ်လပြည့်နေ့က ဦးရုက္ခစိုးကို ကန်တော့ချင်လို့ လိုက်ရှာတာ နှံ့နေတာပဲ ဘယ်ရောက်နေတာလဲ။

ရုက္ခစိုး။ ။ သြော် ဒါလား … ဗုဒ္ဓဂယာဘက် ဘုရားဖူးခဏသွားတာပါကွ။ ကဲ ကဲ ကန်တော့ချင်လည်း ကန်တော့ကြလေ။ အခုကန်တော့လည်း ရပါတယ်။

ဖိုးရှုပ်နှင့် ကြွက်စုတ်က ဦးရုက္ခစိုးအား ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပြစ်မှားမိသမျှအတွက် ထိုင်ကန်တော့လိုက် ကြသည်။

ရုက္ခစိုး။ ။ အေးအေး သာဓုကွာ … သာဓု … သာဓု … လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ ကဲကဲ … ထကြ ထကြ … မင်းတို့ကို ငါ မုန့်ဖိုးပေးမယ်။ သူများ ကန်တော့လိုက်တဲ့ ငွေလေးနည်းနည်း ငါ့မှာရှိတယ်ကွ။

ဦးရုက္ခစိုးစကားကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ပျော်သွားသည်။

ဖိုးရှုပ်။ ။ မုန့်ဖိုးပေးရင်လည်း ယူရိုငွေလေးဘာလေး ပေးနော်၊ ဒေါ်လာတို့ ဘတ်တို့က ဈေးကျနေတာ။

ရုက္ခစိုး။ ။ စေတနာ ပျက်အောင် မလုပ်စမ်းနဲ့ကွာ … ဟိုက် … မရှိတော့ဘူးဟ။

ကြွက်စုတ်။ ။ ဟင် … ဘာမရှိတာလဲ … ဘာမရှိတော့တာလဲ ဦးရုက္ခစိုး။

ရုက္ခစိုး။ ။ ငါ့ပိုက်ဆံတွေ မရှိတော့တာကွ။ နှိုက်သွားပြီ … ကုန်ပါပြီကွာ။

ဖိုးရှုပ်။ ။ ဘယ်သူနှိုက်သွားတာလဲ … ရှင်းအောင် ပြောပါဦး။

ရုက္ခစိုး။ ။ သီတင်းကျွတ်လပြည့်နေ့က ဗုဒ္ဓဂယာမှာ ဘုရားဖူးနေရာကနေ စိတ်ကူးပေါက်ပြီး ရန်ကုန်အင်းစိန်ထောင် ရှေ့ကို ခဏသွားလိုက်သေးတယ် … အဲဒီမှာ လူတွေက တိုးနေတော့ ငါလည်း သတိမထားမိလိုက်ဘူးလေကွာ။ ဘယ်အချိန် ပါသွားမှန်း မသိလိုက်ဘူး။

ကြွက်စုတ်။ ။ သြော် … လမ်းစားရိတ်မရှိတဲ့ ခါးပိုက်နှိုက်တယောက်က ယုံကြည်ချက်ကြောင့် နှိုက်သွားတာဖြစ်မယ် ထင်တယ်။

ဖိုးရှုပ်။ ။ ကျနော်တို့ကလည်း ယုံကြည်ချက်ကြောင့် ဦးရုက္ခစိုးဆီက ရသလောက် အလှူခံမလို့ စဉ်းစားထားတာ သွားပါပြီ။

ကြွက်စုတ်။ ။ ဒါဆိုရင်တော့ ဖိုးရှုပ်ရေ … မင်းနဲ့ငါတော့ ယုံကြည်ချက်ကြောင့် ဗိုက်မှောက်နေကြသူများ ဆိုပြီး နာမည်ကြီးတော့မှာပဲ။ မထူးပါဘူး ဦးရုက္ခစိုးရယ် … ရှိလာလေးပဲ ချွတ်လှူခဲ့ပါ … ဟိုဒင်း နားတောင်းတို့ ဘာတို့ ပြောပါတယ်။

ရုက္ခစိုး။ ။ ဟာ … ဒါတော့မဖြစ်ဘူးကွ … တော်ပြီတော်ပြီ မင်းတို့နဲ့ ကြာကြာနေရင် ယုံကြည်ချက်ကြောင့်ဆိုပြီး ရသမျှ ချွတ်ယူနေမှ ဒုက္ခ။ ရုက္ခစိုးလည်း ယုံကြည်ချက်တော့ အပျက်မခံနိုင်ဘူး။ ယုံကြည်ချက်ကြောင့် ကိုယ်ယောင်ဖျောက် သွားရတာကိုတော့ နားလည်ပေးကြပါကွာ။

ပြောပြောဆိုဆိုနှင့် ဦးရုက္ခစိုးကိုယ်ယောင် ဖျောက်သွားသောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦးသားမှာ ယုံကြည်ချက် ကြောင့် ကုန်းဆင်းလိုက်ရန် အလှူအိမ် လိုက်ရှာမည်ဟု ဆုံးဖြတ်လိုက်ကြ လေတော့သတည်း။ ။