Saturday, July 31, 2010

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ဖွင့်လှစ်ရေး ဆွေးနွေးပွဲ မအောင်မြင်

ဘစောတင် Saturday, July 31, 2010

မြန်မာ အာဏာပိုင်များက သီတင်း၂ ပတ်ခန့် ပိတ်ထားသော ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် ယမန်နေ့က၂ နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသော်လည်း ယင်း နယ်စပ် တံတား မဖွင့်လှစ်နိုင်သေးကြောင်း သတင်းရရှိသည်။

နယ်စပ် ချစ်ကြည်ရေး တံတား ပြန်လည်မဖွင့်လှစ်နိုင်ခြင်းမှာ ၂ နိုင်ငံ အပြန်အလှန် တောင်းဆိုချက်များ မလိုက်လျောနိုင် သောကြောင့် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့  နံနက် ၁၀ နာရီခန့်က မြန်မာနိုင်ငံ မြ၀တီမြို့ရှိ Star Light ဟိုတယ်တွင်ပြုလုပ်သည့် ၂ နိုင်ငံဆွေးနွေးပွဲတွင် ထိုင်းဘက်မှ ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ဂိတ်များ အမြန်ဖွင့်လှစ်ပေးရေးကို တောင်းဆိုပြီး မြန်မာဘက်မှ တံတားများ နှင့် ဂိတ်များဖွင့်လှစ်ပေးလိုပါက ၎င်းတို့ တောင်းဆိုသော အချက်များကို ဦးစွာဆောင်ရွက်ပေးရမည်ဟု ပြန်လည် တောင်း ဆို ကြောင်း မြ၀တီမြို့ရှိ အာဏာပိုင် အသိုင်းအ၀ိုင်းက ပြောသည်။

၂ နိုင်ငံ နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးရာ ကော်မတီနှင့် နီးစပ်သူ မြန်မာတဦးက“ထိုင်းဘက် ဂိတ်တွေကို အမြန်ဆုံးဖွင့် ပေးဖို့ တောင်းဆိုပေမယ့် မြန်မာဘက်က ဘာမှ ရေရေ ရာရာ မပြောပါဘူး။ ဖွင့်မယ်လည်းမပြောဘူး။ မဖွင့်ဘူးလည်း မပြော ဘူး။ ဒါပေမယ့် မြန်မာဘက်က လိုလားချက်များကိုတော့ တောင်းဆိုတယ်။ အဲဒါတွေကို လိုက်လျောရင်တော့ ဖွင့်ပေးမယ် ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က (၁) နှစ်နိုင်ငံ နည်းပညာ ကျွမ်းကျင် မှု ဆိုင်ရာ ကော်မတီအဖွဲ့ ဖွဲ့ ရန်။ (၂) မြ၀တီမြို့ အမှတ် ၅ ရပ်ကွက် နှင့် မျက်နှာချင်းဆိုင် ထိုင်းဘက်ခြမ်းရှိ မီတာ ၆၀၀ မြေထိန်း နံရံ ပြုလုပ်မှုနှင့် ထိုင်းဘက်ခြမ်းရှိ ရေထိန်းနံရံ ကာရံကာ ရေစီးအား တားဆီးဆောင်ရွက်ခဲ့မှု များကို ရပ်တန့် ပေးရန် (၃) မြ၀တီ ရေလယ်ကျွန်းတွင် ၁၉၈၉ ခုနှစ် ကောင်းကင် ဓာတ်ပုံပါ အခြေအနေအတိုင်း ၁၉၉၇ ခု နှစ် တွင်၂ နိုင်ငံ ကတိပြုထားသည့်အတိုင်း လိုက်နာရန် (၄) ကော့သောင်းနှင့် ရနောင်းကြားရှိ ဖော့လုံကျွန်းအား မြန်မာပိုင်အဖြစ် သတ်မှတ် ရေးတို့ကို တောင်းဆိုသည်ဟု ၂ နိုင်ငံ နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးရာ ကော်မတီနှင့် နီးစပ်သူ က ပြောပြသည်။

ထိုင်းကိုယ်စားလှယ်အဖွဲ့ မှ ဆက်ဆံရေးနှင့် ဥပဒေရေးရာဌာန မှ ညွှန်ကြားရေးမှူးချုပ် Mr.Vasim beeravethyhl က မြန်မာ ဘက်က တောင်းဆိုသော အချက်များကို အတတ်နိုင်ဆုံး လိုက်လျောပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ဂိတ် များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ပြေလည်ရန် ဆောင်ရွက်သွားလိုကြောင်း ပြန်လည် ပြောဆိုသည်ဟု သိရ သည်။

အဆိုပါဆွေးနွေပွဲသို့ မြန်မာဘက်မှ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်တက်ရောက်ပြီး ထိုင်းဘက်မှ ထိုင်း-မြန်မာ နယ်စပ် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ မစ္စတာ ၀စ်တီ ဝေဒ ၀စ်ချီ ဦးဆောင်တက်ရောက်ခဲ့ကြောင်း၊ ထိုင်းဘက်မှ ကိုယ်စားလှယ် ၃၆ ဦး ပါဝင်ကြောင်း သိရသည်။

၂ နိုင်ငံ ချစ်ကြည်ရေး တံတားနှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲ မည်သည့် နေ့ရက်၌ ပြန်လည် ပြုလုပ်မည်ဆိုသည်ကို ၂ ဘက် တာဝန်ရှိသူများက ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း နယ်စပ် ပူးပေါင်းဆောင်ရွက် ရေးရာ ကော်မတီနှင့် နီးစပ်သူ က ဆိုသည်။

ထိုနယ်စပ် ချစ်ကြည်ရေး တံတားကို ဇူလိုင်လ အစောပိုင်းတွင် တကြိမ် ပိတ်ခဲ့သည်။ ဇူလိုင်လ ၁၇ ရက်မှစ၍ ထပ်မံ ပိတ် ထား ခြင်းဖြစ်ပြီး မည်သည့် အတွက်ကြောင့် ပိတ်သည်ဟု မြန်မာအာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေ ခြင်းအား မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့်အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ဇူလိုင်လဆန်းပိုင်းမှ စတင် ပိတ် ပစ်ခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသည်။

ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု ထိုင်းသတင်းဌာန MCOT က ဖော်ပြခဲ့သည်။

ယင်း နယ်စပ် တံတားကို ဆက်တိုက် ပိတ်ထားသောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သိရသည်။

တံတားပိတ်ထားမှုကြောင့် ထိုင်းကုန်သည်များ တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိကြောင်း ထိုင်း သတင်း များက ဖော်ပြသည်။

ထိုင်းကုန်သည်များနှင့် စီးပွားရေး ပူးတွဲလုပ်ကိုင်နသည့် မြန်မာကုန်သည် ဦးတင်မြင့်က“ထိုင်းတွေကတော့ တံတား အမြန် ပွင့်စေချင်တယ်လေ။ သူတို့က တံတားဖြတ်ဖို့  အခွန်တွေ ဆောင်ထားရတယ်။ ပြီးတော့ တရားဝင် တံတားပေါ်က သွားတာ ချည်းပဲ ဘတ် သန်း ၆၀ ဖိုး လောက် ဗမာပြည်ဘက်ကို သွင်းနေကြတာ။ အခြားဂိတ်တွေက ၀င်တာနဲ့ဆို သန်းရာချီတယ်။ ဒါကြောင့် ထိုင်းတွေက တံတားပိတ်နေတာကို မလိုလားဘူး။ အမြန်ပွင့်စေချင်ကြတယ်”ဟု ပြောသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

တံတားနှင့် ဂိတ်များကို ပိတ်ပင်လိုက်သောကြောင့် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြုလုပ်ပေးနေသော ယာယီ နိုင်ငံကူး လက်မှတ် ရုံး (မြ၀တီ)မှလည်း လုပ်ငန်းများ ရပ်တန့်လျက်ရှိသည်။ ယာယီ နိုင်ငံကူးလက်မှတ် လုပ်သူများသည် မကြာခင် က ဖွင့်လှစ်ထားသော ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

တချိန်တည်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို စီမံခန့်ခွဲမှုပြုလုပ်နေသော မြ၀တီ ကုန်သွယ် ရေး ဇုန်ကိုလည်း မြန်မာ အာဏာပိုင်များက ဇူလိုင်လ ၂၈ ရက်က စတင်၍ ကုန်သွယ်မှုခေတ္တ ပိတ်ထားလိုက်သည်။

ကြံ့ဖွတ်စွပ်စွဲသကဲ့သို့ ‘မည်သည့်လက်နက်ကိုင်တပ်ဖွဲ့’ နှင့် မပတ်သက်ဟု ကျားဖြူပါတီတုန့်ပြန်

သျှမ်းသံတော်ဆင့်

ကချင်ပြည်သို့ မြို့နယ်ကော်မတီဖွဲ့ရန် စည်းရုံးရေးဆင်းသည့် ကျားဖြူ/သျှမ်းပါတီအား ‘တရားမ၀င် လက်နက်ကိုင်တပ်ဖွဲ့ နောက်ခံရှိပါတီ’ဟု ကြံ့ဖွတ်ပါတီဝေဖန်ပုတ်ခတ်သည့်အပေါ်မဟုတ်မှန်ကြောင်း ဥက္ကဌစိုင်းအိုက်ပေါဝ်း ကတုန့်ပြန် ပြောဆိုသည်။

“သူတို့ပြောနေတဲ့ စည်းရုံးရေးစကားတွေထဲမှာ ဒီကျားဖြူပါတီ/သျှမ်းပါတီဟာ တရားမ၀င်လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နောက်ခံနဲ့ ဖွဲ့စည်းထားတယ်၊ သူတို့ပါတီတည်မြဲမှာမဟုတ်ဘူး”- ဟု ဒေသခံ သျှမ်းအမျိုးသား တဦးကမိုးကောင်း မြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဆင်းစဉ် ဝေဖန်ပုတ်ခတ်ခဲ့သည့်စကားအပေါ် ကိုး ကားပြီး Network Media Group အင်တာနက်သတင်း စာမျက်နှာသို့ပြော၏။

အဆိုပါကိစ္စအပေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါဝ်းက‘လူထုတောင်း ဆိုချက်အရ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၅ ဦးဖြင့် ကျားဖြူပါတီ စတင်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊မည့်သည့် လက်နက်ကိုင်အဖွဲ့စည်းနှင့်မျှ ပတ်သက်ခြင်းမရှိကြောင်း၊ အသင်းရန်ပုံငွေကိုလည်း ထို ၁၅ ဦးမှ မတည်ငွေဖြင့် စတင်ခဲ့ကြောင်း’သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

“ရွေးကောက်ပွဲကော်မရှင် ချမှတ်ထားတဲ့ စည်းကမ်းအရ ပါတီတခုနဲ့တခု ဝေဖန်ပုတ်ခတ်ပြောဆိုခွင့်မရှိဘူး၊ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်လဲ ပါတီအချင်းချင်းမဝေဖန်ဖို့ ပြောဖူးတယ်၊ အခုပြည်ခိုင်ဖြိုးလုပ်ဆောင်ချက်က ရွေးကောက်ပွဲ ကော်မရှင်ချမှတ်ထားတဲ့ စည်းမျဉ်းကို ဖေါက်ဖျက်တာဘဲ”- ဟု ကချင်ပြည်က သျှမ်းအမျိုးသား တဦးက ပြောပါ သည်။

ထို့အတူ မိုးကောင်း နှင့် နမ္မတီးမြို့နယ်အတွင်းသို့ ကော်မတီခွဲဖွဲ့ရန် ကွင်းဆင်းစည်းရုံးစဉ်ကလည်း ကျားဖြူ ပါတီဝင်များအား ဒေသခံ နအဖ စစ်တပ် ခမရ ၃၈၁ နှင့် ၃၈၂ တို့က ကိုယ်ရေးရာဇ၀င်များ စစ်ဆေးမေးမြန်း ကြောင်း Network Media Group အင်တာနက်သတင်းစာမျက်နှာတွင်ဖေါ်ပြထားပါသည်။

ပါတီဥက္ကဌဦးစိုင်းအိုက်ပေါဝ်းက သျှမ်းပြည်တောင်ပိုင်းသို့ မြို့နယ်ကော်မတီ (ရုံးခွဲဖွဲ့ရန်) စည်းရုံးရေးဆင်းစဉ်များစွာအဆင်ပြေ ကြောင်း ဒေသခံအာဏာပိုင်များကိုယ်တိုင် အကူအညီပေးကြောင်း၊ ရွေးကောက်ပွဲကော်မရှင် ချမှတ်ထားသောစည်းမျဉ်းအရ ရောက်ရာအရပ်၌ လုပ်ဆောင်မည့်ကိစ္စများ အားလုံးဆိုင်ရာအာဏာပိုင်ထံ အကြောင်းကြားသောကြောင့် အခက်အခဲမရှိကြောင်း သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

ကျားဖြူပါတီသည် သျှမ်းပြည်အတွင်း မြို့နယ် ၄၀ အပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်၊ ကရင်နီပြည် နှင့် ရန်ကုန်တိုင်းတို့တွင်လည်း ယှဉ်ပြိုင်မည်ဖြစ်သည်။

ကြက်ဆူ အစားလက်ဖက်နှင့် ကျွန်းပင်များ နအဖပိုစိုက်ခိုင်း

မွေခေါဝ်

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့ နယ်ရှိ ကျေးလက် လူထုအား ဆင့်ခေါ်၍ ကြက်ဆူပင် များအမြစ် ပါမကျန် ခုတ်ထွင်ရှင်း လင်းပြီး လက်ဖက်ပင် နှင့်ကျွန်းပင်များ အစားထိုး စိုက်ပျိုး ခိုင်းကြောင်း စုံစမ်း သိရှိရပါသည်။

“ကြက်ဆူပင်နှုတ်ပြီး လက်ဖက်၊ ကျွန်းပျိုးတွေ စိုက်ခိုင်းတယ်။ မသွားနိုင်တဲ့အိမ် တစ်ရက်ကျပ် ၅၀၀၀ ပေးရတယ်။အရင်တုန်း ကကြက်ဆူ အခုကျတော့လက်ဖက်နဲ့ကျွန်း။ အလုပ်ပစ်အကိုင်ပစ် သွားစိုက်နေရတယ်” ဟု ကာလိရွာသားတစ်ဦးက ပြောပြပါသည်။

ကျေးရွာအုပ်စုတစ်စုလျှင် အယောက် ၅၀ စီ ပျိုးပင်များကိုယ်တိုင်ရှာဖွေ၍ သွားရောက်စိုက်ပျိုးရကြောင်း၊ ရွာသူရွာသားများ အား လက်ဖက်၊ ကျွန်းပင်စိုက်ပျိုးခိုင်းနေသည်မှာ ကွန်ဟိန်းအခြေစိုက်တပ်ရင်းတစ်ခုမှ နမ့်မွန်း (ကျေးရွာအုပ်စု)၌ စခန်းချသည့် ကွန်မန်ဒိုတပ်ခွဲမှဖြစ်ကြောင်း သိရှိရသည်။

“ကြက်ဆူတွေ အပြွတ်လိုက်သီးနေတာတောင် မခူးဘဲခုတ်ခိုင်းနှုတ်ခိုင်းတယ်။ ဖြစ်ထွန်းလာတဲ့ ကြက်ဆူသီးတွေ ခူးပြီး ရောင်းဝယ်တာလဲမရှိဘူး။ ဘိုင်အိုဒီဇယ်ထုတ်မယ်ဆိုတာလဲအပြောဘဲရှိတာ။ လက်တွေ့ဘာတစ်ခုမှမဖြစ်လာ ဘူး” ဟု ၎င်းကဆက်လက်ပြောပြပါသည်။

အလားတူပင် မိုင်းတုံမြို့ရှိ တင့်ကားတပ်ရင်း ၆၀၀၃ အထက်အရာရှိက တပ်သားများအား ကြက်ဆူစိုက်ခိုင်းသော ဧက ၂၄၆ အနက် ဧက ၃၀ သာဖြစ်ထွန်းကြောင်း၊ ကျန်ဧက ၂၀၀ ကျော်အား သရက်ပင် ၆၀၀၊ ပျဉ်းကတိုး ၅၀၀ နှင့် ယူကလစ် ၂၀၀ အစားထိုးစိုက်ပျိုးခိုင်းကြောင်း မိုင်းတုံသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“အရင်တုန်းကတော့ ကြက်ဆူစိုက်လို့ မအောင်သေးဘူးဆိုရင် ပြန်ပြီးစိုက်ခိုင်းတယ်။ အခုတော့မအောင်လဲမစိုက်ခိုင်း တော့ဘူး။ နောက်တမျိုးပြောင်းစိုက်ခိုင်းတယ်။ ဘာအကျိုးအမြတ်မှ မခံစားရဘူး။ အချိန်ကုန် လူပန်း။ဘာမှလဲမဖြစ်လာ ဘူး” ဟု အမည်မဖော်လိုသူတပ်သားတစ်ဦးကပြောပါသည်။

ပင်လုံမြို့တွင်လည်း အစိုးရ၀န်ထမ်းများ စိုက်ပျိုးထားသော ကြက်ဆူပင်များပြန်နှုတ်ရပြီး လက်ဖက်ပင်အစားထိုး စိုက်ပျိုးနေကြရသည်ဟုဆို၏။


အချို့လူသားကား အိုလေဂုဏ်ပြောင်လေဟု ဆိုအပ်၏

ရဲဘော်ဖိုးသံချောင်း

နိုင်ငံတခုမှာ ရှစ်လေးလုံးလို တမျိုးသားလုံးလက္ခဏာဆောင်တဲ့ အရေးအခင်းကြီးတွေဖြစ်ပွားတယ်ဆိုရင် ကျဆုံးသွားတဲ့ အာဇာနည်တွေ၊ အသက်ရှင်တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေ၊ ကိုယ်တိုင်က တက်တက်ကြွကြွမလုပ်နိုင်ပေမယ့် ကိုယ့်ရဲ့မယိမ်းယိုင်တဲ့ ရပ်တည်မှု၊ ရေးသားပြောကြားချက်တွေနဲ့ ပြည်သူလူထုကို နိုင်ငံရေးအသိတွေပေးနေပြီး တိုင်းပြည်က လေးစားကြည်ညိုတာခံရတဲ့ပုဂ္ဂိုလ်တွေ၊ နောက်ပြီး သစ္စာဖောက်တွေဆိုပြီး သတ်သတ်မှတ်မှတ်ပြောစရာလူတွေ ပေါ်ထွက်လာလေ့ရှိပါတယ်။ အဲဒီအထဲမှာ ဆရာကြီးနန်းညွန့်ဆွေဟာ တတိယအမျိုးအစားထဲက ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကို သူ့အသုဘကို စာပေလောက၊ နိုင်ငံရေးလောက၊ ရုပ်ရှင်လောက၊ အနုပညာလောက စတဲ့ နယ်ပယ်အသီးသီးက လူတွေ လာပို့၊ အသုဘရှုကြတာက ဖော်ပြသက်သေခံနေပါတယ်။

လူထုအရေးတော်ပုံကြီးတခု ပေါ်ပေါက်တယ်ဆိုရင် ဘယ်တုန်းကမှ နိုင်ငံရေးနဲ့မနီးစပ်ခဲ့တဲ့ လူတွေရှေ့တန်းက တက်တက်ကြွကြွပါလာတာ တွေ့ရလေ့ရှိပါတယ်။ မထူးဆန်းတဲ့နိယာမပါ။ ဒီနိယာမကို အနီးဆုံးသမိုင်းထဲကဖြစ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ အမြင်သာဆုံးလို့ပြောရင်ရပါတယ်။ ဒီလိုပါဝင်သူစာရင်းထဲမှာ ဆရာကြီးနန်းညွန့်ဆွေကိုတောင် စာရင်းသွင်းရင်ရမလားမသိပါ။ ပြောရရင် ဆရာကြီးဟာ ဂျပန်ခေတ်ဆီတုန်းက အာရှလူငယ်မှာ ပါဝင်လှုပ်ရှားခဲ့တဲ့နောက် ဘယ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာမှ မပါဝင်ခဲ့သလောက် နေခဲ့တာပါ။ ဒီလိုနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်လာတယ်ဆိုတော့ ဆရာကြီးနန်းညွန့်ဆွေဟာ အရေးကြီးလျှင်ဖြင့် သွေးနီးရာပါစမြဲ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ သူ့အသက်အရွယ်နဲ့ ကျန်းမာရေးက သူ့ကို သားဖြစ်သူနဲ့ ရင်ပေါင်တန်းပြီး ဆက်လက် လုပ်ကိုင်နိုင်အောင်ခွင့်မပြုခဲ့ပါဘူး။

ပြောရမယ်ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့သမိုင်းဟာ နိုင်ငံတကာက အရေးတော်ပုံကြီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်းပဲ နောက်ဆက်တွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ဖိနှိပ်သူအစိုးရရဲ့ရက်စက်တဲ့ နှိပ်ကွပ်မှု တာရှည်ဆက်လက် တည်ရှိနေတာနဲ့အတူ အရေးတော်ပုံကြီးတုန်းက တက်ကြွလှုပ်ရှားသူတွေထဲမှာ ဇွဲနဘဲနဲ့ ဆက်လက် တောင့်ခံနိုင်သူတွေ လျော့-လျော့လာတာပါပဲ။ အရောင်အသွေးပြောင်းကုန်တာ၊ လေသံပြောင်းကုန်တာ စတဲ့ အပြောင်းတကာမျိုးစုံကို တွေ့ရနေရချိန်မှာ ဆရာကြီးနန်းညွန့်ဆွေလိုလူတွေဟာ အသက်အရွယ်နဲ့ ကျန်းမာရေးကလွဲပြီး ဘာမှ မပြောင်းလဲဘဲ ကြံ့ကြံ့ခိုင် ရပ်တည်နေခဲ့ကြတာကို လူထုတွေအကြားမှာ ကျောက်ရုပ်ထုကြီးတွေသဖွယ် တွေ့ခဲ့ကြရပါတယ်။ အိုကြီးအိုမအရွယ်ကျမှ ကိုယ့်ကလောင်ကို အပိတ်ခံရတယ်ဆိုတော့ ဆရာကြီးဟာ ပါးစပ်ပိတ်မသွားဘဲ တခြားကလောင်နာမည် (ဥပမာသုခမိန်) တွေနဲ့ ကိုယ့်အမြင်ကို မဖြစ်ဖြစ်အောင် ဆက်ဖော်ပြခဲ့တာကိုကြည့်ရင် ဆရာကြီးရဲ့ မာန်မလျှော့-ဟန်မပျော့တဲ့ ဇာတိကို တွေ့မြင်ကြရပါတယ်။ ဆရာကြီးလိုပုဂ္ဂိုလ်တွေရဲ့ နိုင်ငံရေးစိတ်ဓာတ်ဟာ တချို့လူတွေလို ကောက်ရိုးမီးမဟုတ်ဘဲ ဖွဲမီးလို တောက်လျှောက်လောင်ခဲ့တာမို့ နိုင်ငံရေးလုပ်သူတွေအဖို့ စံယူစရာကောင်းလှပါတယ်။ ဒါကြောင့်လည်းပဲ အရွယ်အမျိုးမျိုး ပါရှိတဲ့ ဆရာကြီးတို့ မိသားစုဟာ နအဖ အာဏာရှင်တွေနဲ့ ဓမ္မာနဲ့သောကလို ဖြစ်နေတာဖြစ်ပါတယ်။ အခုတော့ ဗမာပြည်မှာလို အသက် (၈၀-၉၀) ကျော်အရွယ်အထိ ထောက်လှမ်းရေးက စောင့်ကြည့်ခြင်းခံရတယ်၊ တအိမ်သားလုံး စောင့်ကြည့်ခံရတယ်ဆိုတဲ့ ကိစ္စမျိုး တခြားနိုင်ငံတွေမှာ ရှိမှရှိရဲ့လားလို့တောင် စဉ်းစားနေရပါပြီ။

ဒီနိုင်ငံမှာက စစ်အာဏာရှင်သက်တမ်း ရှည်ကြာလာတာနဲ့အမျှ ကျေးလက်တွေ၊ တောင်ပေါ်တွေမှာရော မြို့ပြတွေမှာပါ မိသားစုတွေ ဒုက္ခမျိုးစုံတွေ့ရ၊ တကွဲတပြားဖြစ်ရတာတွေ များသထက်များလာနေပါတယ်။ အခုဆိုရင် ဒီလိုအဖြစ်မျိုးဟာ ဆန်းတောင်မဆန်းတော့ဘူးလို့ ဆိုနိုင်ပါတယ်။ ဆရာကြီးတို့မိသားစုလည်းပဲ ဒီလိုကန္တာရခရီးကို ဖြတ်သန်းခဲ့ရတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဆရာကြီး အသုဘလိုပဲ မြို့ပေါ်မှာရှိနေတဲ့ လူကုန်-လူစုံလိုက်ပို့ပေမယ့် အိမ်သားတွေထဲက လိုက်မပို့နိုင်တာတွေရှိတဲ့ အသုဘမျိုးတွေ မြန်မာပြည်မှာ များပဲများလှပါပကောလား။

ဆရာကြီးဟာ ဇရာကြောင့်၊ ဘယာကြောင့် ကွယ်လွန်သွားတာလို့ဆိုရပေမယ့် ရှေ့တန်းမှာ ရန်သူနဲ့ သူတပြန်ကိုယ်တပြန် ပစ်ခတ်ရင်း ကျဆုံးသွားတဲ့ အာဇာနည်တွေနဲ့ တတန်းတည်းထား ဂုဏ်ပြုထိုက်သူဖြစ်ပါတယ်။ အကြောင်းက သူဟာ နောက်ဆုံးအချိန်အထိ သူရဲ့လက်နက် (ကလောင်) ကို မချဘဲရပ်တည်သွားလို့ပါပဲ။ ဒီနေရာမှာ ထောက်ပြဖို့ကောင်းတာ တခုက ဒီနေ့အခါမှာ တချို့လူတွေဟာ ကိုယ်နဲ့သိတယ်ဆိုရင်၊ ဒါမှမဟုတ် ကိုယ့်နာမည်ပါ တွဲတင်နိုင်မယ်ဆိုရင် လက်နက် ချသွားသူကိုလည်း အာဇာနည်တွေနဲ့ တတန်းတည်းထား ဂုဏ်ပြုတာတွေ တွေ့နေရတာပါပဲ။ ဒါဟာ မီဒီယာခေတ်၊ အင်တာနက်ခေတ်မို့ ထင်တိုင်းလုပ်လို့ရတဲ့ လက္ခဏာမဟုတ်ပါဘူး။ စံတွေပျောက်ကုန်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါကြောင့် အခု ဆရာကြီးလိုပုဂ္ဂိုလ်ကို ဂုဏ်ပြုရာမှာ အဲဒါမျိုးတွေနဲ့ အသေအချာခွဲခြားဖို့တော့လိုပါတယ်။ ပူဇာစ ပူဇနေယျာနံ ဆိုတဲ့ ပူဇော်ထိုက်သူကို ပူဇော်ရာ၏ဆိုတာလိုပဲ နိုင်ငံရေးမှာလည်း ဆရာကြီးနန်းညွန့်ဆွေတို့လို ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုတာပဲ ဖြစ်ရပါမယ်။

မြန်မာပြည်ရဲ့ဒီမိုကရေစီအရေးတော်ပုံကြီးဟာ ခရီးရှည်ကြီး ချီတက်ရဦးမယ့်သဘောတွေ မြင်တွေ့နေရပါတယ်။ နောက်ထပ် ကျဆုံးမှုတွေ၊ အနစ်နာခံမှုတွေကို မရှောင်မလွှဲသာတွေ့ကြရ၊ လုပ်ကြရဦးမှာပါ။ အဲဒီလိုရှည်လျားတဲ့ လမ်းကြမ်းကြီးကို ဆက်လျှောက်ဖို့ဆိုရင် စံပြတွေ အများကြီးလိုပါတယ်။ ဒီအတွက် ကောက်ရိုးမီးလှုပ်ရှားခဲ့သူတွေကို စံမပြုဘဲ သေတဲ့အထိ၊ အသက် ရှစ်ဆယ်ကျော် ကိုးဆယ်နီးပါးအထိ မားမားမတ်မတ်ရပ်ခံ အလျှော့မပေးခဲ့သူတွေကိုသာ စံပြုရပါမယ်။ သူရဲကောင်းတို့၊ အာဇာနည်တို့ဆိုတာဟာ အရေးတော်ပုံကြီးတခုပေါ်လာ၊ အခွင့်အရေးကောင်းတခုကြုံလာတယ်ဆိုတာနဲ့ ဖြစ်မြောက်လာတာ မဟုတ်ပါဘူး။ ရေရှည်တိုက်ပွဲလမ်းကြောင်းကြီးပေါ်မှာ မှတ်ကျောက်တင်၊ အစမ်းသပ်ခံပြီးမှ ဖြစ်မြောက်လာတာ ဖြစ်တယ်ဆိုတာ ဆရာကြီးနန်းညွန့်ဆွေရဲ့ ဘ၀နဲ့ရပ်တည်လှုပ်ရှားမှုတွေက ဖော်ပြနေပါတယ်။ ဒီနေရာမှာ ဆရာကြီးနန်းညွန့်ဆွေ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းနေဖို့မလိုပါဘူး။ ဆရာကြီးနန်းညွန့်ဆွေလို လူတွေများများ ပေါ်ပေါက်ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။

ကချင်ပါတီသစ် UDPKS အသုံးပြုမည့် တံဆိပ်ကို ကချင်ယဉ်ကျေးမှုကော်မတီမှ ကန့်ကွက်

KNG


စစ်အစိုးရမှ တရားဝင်ပါတီတည်ထောင်ခွင့်ပြုလိုက်သည့် တစ်ခုတည်းသော ကချင်ပါတီ “စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS)” သည် ပါတီအမှတ်တံဆိပ်ကို ကချင်မနောတိုင်ပုံအဖြစ် အသုံးပြုရန်အစိုးရသို့လျှောက်ထားရာ ကချင်ယဉ်ကျေးမှု ဗဟိုကော်မတီမှ ကန့်ကွက်စာတင်လိုက်သည်။

ကချင်ယဉ်ကျေးမှုဗဟိုကော်မတီမှ ဥက္ကဋ္ဌဖြစ်သူ ဦးဒူဝါ ဇုန်းတိန့်နှင့် အဖွဲ့ဝင် ရဝမ်ယဉ်ကျေးမှုမှ ခေါင်းဆောင်ဖြစ်သူ ဦးအားဖုန်တို့မှ တရားဝင်နေပြည်တော်ရှိရွေးကောက်ပွဲကော်မရှင်ထံ အဖွဲ့ကိုယ်စား ကိုယ်တိုင်ကန့်ကွက်စာတင်ရန် ဇွန်လိုင်၂၉ ရက်နေ့တွင် နေပြည်တော်သို့သွားခဲ့သည်။

ယင်းကန့်ကွက်စာကို Fax နှင့် အရင်ပို့ထားလိုက်ပြီးဖြစ်သော်လည်း နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှ လူကိုယ်တိုင်လာရောက်ကန့်ကွက်ရန် မှာကြားလိုက်ခြင်းကြောင့် ယဉ်ကျေးမှုအဖွဲ့မှ သွားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ဒီ မနောတံဆိပ်ဟာ ကချင်လူမျိုးစုရဲ့ အမှတ်တံဆိပ်ဖြစ်နေတယ်လေ၊ ဦး ခက်ထိန်နန် ပါတီဆိုတာ ခုပြည်တောင်စုကြံ့ခိုင်ရေးပါတီက ခွဲထွက်ပြီး ဝန်ကြီးတွေ ဖွင့်ပေးလိုက်တာဖြစ်တယ်၊ ဒါကြောင့် တသီးပုဂ္ဂိက ပါတီမှာသုံးတာ မကောင်းပါဘူးလို့ ပြည်သူတွေလည်း ပြောလာကြတယ်။ အဲဒါကြောင့် ကော်မတီက အစည်းအဝေးလုပ်လာတယ်၊ သတင်းစာကို အထောက်အထားပြပြီး အဲဒါကိုကန့်ကွက်ဖို့သွားလိုက် ကြတယ်။” ဟု ယဉ်ကျေးမှုကော်မတီမှ အမည် မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးပြောသည်။

UDPKS သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၃ ရက်နေ့တွင် လျှောက်ထားရာတွင် အစိမ်းရောင်အောက်ခံ၌ အဖြူရောင်ကြယ်သုံးလုံး အလံပုံစံနှင့် ကချင်မနောတိုင်ပုံကို တံဆိပ်အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း တင်ပြထားသည်။

စစ်အစိုးရထိန်းချုပ်သည့် မြန်မာ့အလင်းသတင်းစာ တွင်လည်း ယင်းအဖွဲ့အစည်း အသုံးပြုမည့် ပါတီအမည် အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ကြေငြာသည့်နေ့ ဇူလိုင်၂၄ ရက်မှ (၇) ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်ကန့်ကွက်နိုင်သည်ဟု ဖော်ပြထားသောကြောင့် တရားဝင်ကန့်ကွက်ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုအဖွဲ့မှပြောသည်။

၎င်းတံဆိပ်သည် ကချင်လူထုတစ်ရပ်လုံးအား ကိုယ်စားပြုသည့်တံဆိပ်ဖြစ်သည်သာမက အလံသည် ကချင်တိုင်းရင်းသား အောင်ပွဲခံမနောပွဲအထိန်းအမှတ်နှင့်လည်း ဆက်နွယ်သော တံဆိပ်ဖြစ်ကြောင်း သိရသည်။

ယခုလို တံဆိပ်နှင့်အလံကိုအသုံးပြုရခြင်းအား UDPKS ပါတီအဖွဲ့ဝင်တစ်ဦးမှ “ကချင်ပြည်နယ်နှင့် ပတ်သက်လာရင်တော့ မနောတိုင်ပဲရှိတာကိုး တစ်ခြားဟာလည်းမမြင်တော့ဘူးလေ၊ ဒီမနောတိုင်က ကချင်ပြည်နယ်မှာ ဖွင့်ထားတဲ့ ပါတီ (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးရှိတဲ့ တခုမို့လို့ အမှတ်တံဆိပ် အဖြစ် ကိုင်တာဖြစ်တယ်” UDPKS ပါတီဝင် တစ်ဦးမှ ပြောသည်။

တရားဝင်ပါတီဖြစ်သော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (ဒစက) UNITY AND DEMOCRACY PARTY OF KACHIN STATE (UDPKS) အသုံးပြုမည့် တံဆိပ်အား ကန့်ကွက်ရာ တွင် ကချင်ယဉ်ကျေးမှု ဗဟိုကော်မတီ၏ ဆန္ဒတစ်ခုတည်းမဟုတ်ပဲ ကချင်ပြည်သူလူထုများဆန္ဒ လည်း ပါဝင်ကြောင်း သိရသည်။

ဒုက္ခဝင်္ကပါ


ဘဝဆိုတာက ပျော်ရာမှာမနေရ တော်ရာမှာနေရတယ်လို့ အဆိုရှိခဲ့ကြတယ် မဟုတ်လား။ ကျမတို့ မြန်မာပြည်သားတွေလည်း အဲဒီစကားပုံအတိုင်း မလိုက်နာချင်လည်း လိုက်နာနေကြရတယ် ထင်ပါရဲ့။

တကယ်တော့ ကျမတို့ချစ်တဲ့တိုင်းပြည်၊ မိဘ၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ ခွဲခွာပြီးတော့ သူတပါးတိုင်းနိုင်ငံမှာ ညှိုးနွမ်းသိမ်ငယ်စွာနဲ့ ဘယ်သူမှ နေချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အစစအရာရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကြောင့်မို့ မြန်မာပြည်သူတွေဟာ တိုင်းပြည်ပြင်ပကို အလုံးအရင်းနဲ့ ရောက်လာကြတယ်လို့ပဲ ပြောရတော့မယ်။

ဘာမဆို စိုးရိမ်ထိတ်လန့်နေရတဲ့ သတင်းတွေကြားမှာ ကျမတို့ရပ်တည်ရှင်သန်ခဲ့ရတာ တနှစ်ကျော် နှစ်နှစ်နီးပါးရှိပြီ။ နေရာကခေါင်တဲ့အပြင် ရာသီဥတုအားဖြင့်လည်း သမမျှတမှုမရှိဘူး။ မိုးရာသီရောက်ရင် လမ်းတလျှောက်မှာ ဗွက်တွေထူလို့။ မိုးရာသီကိုချစ်တတ်တဲ့ကျမတောင် မိုးရာသီကို မုန်းချင်လာတယ်။ မိုးရွာတဲ့ ရက်တွေဆိုရင် တနေကုန် နေရောင်မမြင်ရတော့ဘူး။ (၇)ရက်တပတ်လောက် ဆက်တိုက်ရွာနေတတ်တဲ့မိုးကြောင့် ဒုက္ခသည် ကျမတို့တတွေ ပိုင်ဆိုင်သမျှအင်္ကျီ၊ လုံချည်တွေကို မီးကင်ရတယ်။ မီးပူတိုက်ဖို့ ဆိုတာကလည်း မီးသွေးရှိမှ၊ မီးအိုးရှိမှအဆင်ပြေသကိုး။

မိုးရာသီမှာဆို အိမ်အမိုးမလုံရင် စိတ်အတော်ညစ်ရတယ်။ မိုးလေမလုံလို့ ပြင်ရမယ်ဆိုတာတောင် လက်ထဲမှာ ငွေကအသင့်ရှိမနေတတ်တဲ့ဘဝလေ။ အဲဒါကြောင့် ဒုက္ခသည် တဲအိမ်လေးတွေရဲ့ အမိုးမှာ အမိုးဖက်နဲ့အတူ ပလပ်စတစ်အိတ်အစအနလေးတွေက နေရာယူနေတော့တာပဲ။

ကျမငယ်ငယ်က ပြည်ပရေဒီယိုသတင်းတွေ နားထောင်ရင်း ဒုက္ခသည်စခန်းဆိုတာကို ကြားမိတိုင်း ဘာများပါလိမ့်၊ ဘယ်လိုမျိုးနေကြရတာပါလိမ့်လို့ပဲ ပေါ့ပေါ့ တွေးကြည့်ခဲ့မိဘူးတယ်။ အဲဒီအချိန်ကာလက ဒီလိုအခက်အခဲတွေ ရှိတဲ့နေရာဆိုတာ သိလဲမသိခဲ့သလို ကိုယ်ချင်းစာတတ်ဖို့ ဆိုတာလည်းမတွေးခဲ့မိဘူး။ အခုကိုယ်တိုင်ကြုံ နေရပြီဆိုတော့ အိပ်မက်များလားလို့တောင် တခါတခါ ထင်မိတဲ့အထိလေ။


(၂)
ဒုက္ခသည်စခန်းဆိုတဲ့နေရာမျိုးမှာ ကျမတို့မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေအများကြီးရှိနေကြတယ်။ အများစုကဖိနှိပ်လွန်းတဲ့ စစ်အာဏာရှင်ကို တွန်းလှန်နိုင်ဖို့ ကြိုးစားမိကြလို့ ထောင်ကျဘူးသူတွေ၊ ထောင်ကျမခံခဲ့ရဘူးပေမယ့် မြန်မာပြည် ဒီမိုကရေစီအရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ ဘူးသူတွေ၊ စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူတွေပါပဲ။

ပြည်တွင်းမှာဆက်နေရင်လည်း စစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်ထဲမှာ ညှဉ်းဆဲသတ်ဖြတ်ခံ ဘဝနဲ့ ရှင်သန်ကြရမယ့်အတူတူ တစုံတရာ လွတ်လပ်မှုရှိမယ်ထင်တဲ့ လွတ်မြောက်နယ်မြေက စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်တွေဆီကို အားကိုးတကြီး ရောက်လာခဲ့ကြသူတွေပါ။ နွေးထွေးမှုမရှိလှတဲ့ ခပ်စိမ်းစိမ်း ကြိုဆိုမှုတွေကြားမှာ ကျမတို့အားလုံးရဲ့ စိတ်ဓာတ်တွေဟာ ပြန်လည်တည်ဆောက်နိုင်စွမ်းအား မရှိတော့လောက်အောင်ကို ကျဆင်းသွားခဲ့ရတယ်။ ဒါဟာ ဗမာပြည် ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားမှုကြီးရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တရပ်ဆိုရင် လည်းမမှားဘူး။

ဒုက္ခသည်စခန်းဆိုတာ ကြည်နူးစရာ တကွက်လေးမှမရှိတဲ့နေရာလို့ ကျမပြောရင် ဒုက္ခသည်ဖြစ်ဖူးသူတွေက တညီတညွတ်တည်း ထောက်ခံကြပါလိမ့်မယ်။

ဒုက္ခသည် စခန်းထဲမှာ နိုင်ငံရေးဒုက္ခသည်၊ တတိယ နေ့စဉ်နဲ့အမျှ ဖိစီးမှုတွေကြားမှာ ဘဝကို ရှင်သန်နေရတာ ဖြစ်တဲ့အတွက်စိတ်ဓာတ် ပိုင်းဆိုင်ရာမှာလည်း အပြောင်းအလဲတွေ ဖြစ်လာတာ တွေ့ခဲ့ရတယ်။ ဗမာပြည် ဒီမိုကရေစီရဖို့ထက် တတိယနိုင်ငံမှာ အခြေချခွင့် ရဖို့က အဓိကဆိုတဲ့ လူတွေ များလာတယ်။ တတိယနိုင်ငံမှာ အခြေချ နေထိုင်ခွင့်ရရေးဟာ သူတို့ဘဝရဲ့ နောက်ဆုံးပန်းတိုင် တခုသဖွယ် မျှော်လင့် တောင့်တနေကြတယ်။

နိုင်ငံသွားချင်လွန်းလို့ လွယ်လွယ်နဲ့ ဝင်လာတဲ့ အချောင်သမား ဒုက္ခသည် ရယ်လို့ ခွဲခြားထားတာမရှိဘူး။ အားလုံးဟာ ဒုက္ခသည်ဆိုတဲ့စကားလုံး အောက်မှာ အတူတကွ ယှဉ်တွဲနေရတော့ နိုင်ငံရေးနောက်ခံနဲ့ ရောက်လာကြသူတွေ အတော် စိတ်ထိခိုက်ကြရတယ်။ အဲဒါကို နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဘူးတဲ့ ကျောင်းသားတဦးက ‘‘ဒုက္ခဆိုတာ အတုမရှိပေမယ့် ဒုက္ခသည်အတုတွေရှိတယ်’’ လို့ သူ့ရဲ့ကဗျာတပုဒ်မှာ ထည့်သွင်းစပ်ဆိုခဲ့ဘူးတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့ကြသူအများစုက ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ယုံကြည်ရာကို မဆုတ်မနစ် တိုက်ပွဲဝင်ချင်တဲ့စိတ် အခြေခံရှိခဲ့ကြသူတွေဖြစ်တော့ ဒုက္ခသည်စခန်းမှာ သူများပေးစာကမ်းစာစားပြီး အလုပ်မရှိ၊ အကိုင်မရှိဘဝနဲ့ တနေ့တနေ့ နေကုန်အောင်စောင့်မျှော်နေကြရတာက သူတို့တွေ အတွက် ကြီးမားတဲ့ ဖိစီးမှုကြီးဖြစ်နေတော့တာပဲ။

ဒီခံစားမှုတွေ ဖိစီးမှုတွေက လွတ်မြောက်အောင် ရုန်းထွက်နိုင်ဖို့ ကြိုးစားရင်း စဉ်းစားရင်းက ဒုက္ခသည်အားလုံးအတွက် တခုတည်းသောထွက်ရာလမ်းဖြစ်တဲ့ တတိယနိုင်ငံမှာ အခြေချဖို့ဆိုတဲ့ အရာကသူတို့အတွက် ဘဝပန်းတိုင်တခုလို့ တင်စားရမလိုတောင်ဖြစ်လာပါတော့တယ်။

ကျမတို့နေကြရတဲ့ နို့ဖိုးဒုက္ခသည်စခန်းကနေ မဲဆောက်မြို့ကို (၆)နာရီခရီး ကားစီးပြီးမှ ရောက်ပါတယ်။ ခရီးနီးတာ ဝေးတာထက် လမ်းကမြွေသွားလမ်းလို အကွေ့အကောက်တွေချည်းဆိုတော့ ခရီးသည်တွေမှန်သမျှ ကားမူးတဲ့ဝေဒနာတွေကို အလူးအလဲခံစားကြရတယ်။ ခရီးသွားခွင့် တခါရဖို့ကလည်း မလွယ်လှဘူး။ ခွင့်လက်မှတ်ကြေးက ဘတ်ငွေ(၂ဝ)ထည့်ရပြီး ခွင့်က (၇)ရက်ပဲရတယ်။ ခွင့်ရက်ကျော်သွားရင် ထိုင်းရဲက ဖမ်းပြီး ပိုက်ဆံတောင်းတတ်ကြတယ်။

ဒုက္ခသည်စခန်းမှာ နေတာကြာလာရင် ဒုက္ခသည်ရုပ်ထွက်လာသတဲ့။ အဲဒီစကားကိုကြားစကတော့ မယုံမိဘူး။ ဒါပေမယ့် ဒုက္ခသည်သက်တမ်း တနှစ်ကျော်လာတဲ့အချိန်မှာတော့ ကျမယုံသွားရတယ်။ စိတ်နွမ်း၊ လူနွမ်းဘဝနဲ့ အစစအရာရာညှိုးငယ်နေတဲ့ ဟန်ပန်အမူအရာက ကျမကို ဒုက္ခသည် စစ်စစ်ကြီး ဖြစ်နေပြီဆိုတာ ထောက်ခံချက်ပေးနေတယ်လေ။

ဒုက္ခသည်တဦးစာအတွက် ဆန်တပုံး(၁၅ကီလို)၊ ဆီတလစ် (တလီတာ)ရဖို့အတွက် တလတခါ လူစစ်တဲ့နေရာမှာ လူအုပ်ကြားထဲကနေထွက်ပြီး မျက်နှာငယ်ငယ်နဲ့ ရပ်ပြရတယ်။ ဒုက္ခသည်တိုင်း နေပူကျဲကျဲမှာ မျက်နှာငယ်ငယ်နဲ့ ကိုယ့်အလှည့်ဘယ်တော့ ရောက်မလဲဆိုတာ စောင့်ဆိုင်းရင်း စိတ်၏ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲခြင်းဒုက္ခတွေကို တလတခါ ပုံမှန်ခံစားရလေ့ရှိတယ်။

အဲသလို လူစစ်ပြီးလို့ ကျမတို့တွေ ရတဲ့ရိက္ခာက ဆန်- တပုံး(၁၅ကီလို) မီးသွေး- တအိတ် (ကီလို၂ဝ)၊ ပဲ - ကီလိုဝက်၊ ဆီ-တလစ်နဲ့ ငပိ-တကီလိုစီပါပဲ။ အားလုံးဟာ တကယ်တမ်းလောက်ငပြီး စားဖြစ်သောက်ဖြစ်တဲ့ ရိက္ခာတွေမဟုတ်ကြပါဘူး။ ဆန်က ဆန်ကွဲရောများတာမို့ လူတိုင်းမစားနိုင်ကြဘူး။ အဲဒါကြောင့်ရတဲ့ ဆန်ကို ပြန်ရောင်းပြီး အသင့်အတင့် ဆန်ချောလေးကို ပြန်ဝယ်စားကြ တာများတယ်။ တချို့လည်း ရတဲ့ဆန်ကိုပဲ ဆန်ကွဲချစားကြတယ်။ ငပိဆိုရင် နံလွန်းပြီး မသန့်ရှင်းတဲ့အတွက် ဝက်စာအဖြစ်ပဲ အသုံးဝင်တယ်။ ရိက္ခာထုတ်တဲ့ နေရာဝန်းကျင်မှာပဲ ပုံးကြီး ပုံးငယ်နဲ့ ငပိဝယ်နေကြတဲ့ ဝက်မွေးသမားတွေရှိတယ်။ သူတို့က ငပိတကီလိုကို ငါးဘတ်ပေးတယ်။ အများစုက ပိုက်ဆံမယူတော့ဘဲ အလကားပဲ ပေးသွားကြတာများတယ်။

ယူအန်က ပေးနိုင်တာက ဟင်းစားအတွက် ပဲနဲ့ ငပိပဲ ပင်တိုင်ပေးတာမို့ ဒုက္ခသည်တွေ တောတိုးကြရတယ်။ တောထဲမှာ သဘာဝအရပေါက်တဲ့ မျှစ်တွေ၊ ဝဥတွေ၊ မှိုတွေက ဒုက္ခသည်တွေရဲ့ ဝမ်းဝဖို့ ဖြည့်ဆည်းပေးနိုင်တဲ့ ပင်မအရာကြီးတွေပဲဖြစ်နေတော့တယ်။

တချို့ကလေးတွေက တောတိုးပြီး ရသမျှ ရာသီအလိုက် အသီးအရွက်တွေထဲက အိမ်အတွက် တချို့တဝက်ချန်ပြီး ဈေးရောင်းထွက်ကြတာလည်းရှိတယ်။ ကျောင်းမှာ စာအုပ်စာပေနဲ့ ပျော်မွေ့နေရမယ့်အရွယ်မှာ ဈေးဗန်းလေးတွေကို ခေါင်းပေါ်တင်လို့ ဝမ်းရေးကို မိသားစုနဲ့အတူ ရှာဖွေနေရတယ်။ သူတို့လေးတွေကိုလည်း မိသားစုအရေးက တို့အရေးပဲလို့ ဘဝက သင်ပေးထားတော့ မညီးမညူလုပ် နေကြတာတွေ့ရတယ်။

ဒုက္ခသည်စခန်းမှာ လူတိုင်းလူတိုင်းဟာ ဝင်ငွေမရှိတော့ တတိယနိုင်ငံကို ရောက်နေကြတဲ့ မိတ်ဆွေသူငယ်ချင်း ဆွေမျိုးသားချင်းတွေရဲ့ အထောက်အပံ့တွေနဲ့ တချို့နေထိုင်ကြတယ်။ သူတို့တွေက လစဉ် အနည်းဆုံး (ဒေါ်လာတရာ) ဘတ်ငွေ သုံးထောင်ဝန်းကျင် ထောက်ပံ့ငွေရှိတော့ စားဝတ်နေရေး အဆင်ပြေကြတာပဲ။ ဒါပေမဲ့ ဒီလို အဆင်ပြေတဲ့သူဆိုတာလည်း ဒုက္ခသည် တရာမှာ တယောက်ရှိတတ်တာ။

တခါတခါ အိပ်ကောင်းတုန်းအချိန် မီးလန့်တာလည်းရှိတတ်သလို ရန်သူလန့်တာလည်း ရှိတတ်တာကြောင့် အတော်စိတ်ဒုက္ခဖြစ်ရတယ်။ ဒုက္ခသည်စခန်းမှာ လုံခြုံမှုမရှိတာ လူတိုင်းက သိကြတယ်။ ဒါကြောင့် လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ သတင်းတခုခုထွက်လာရင် အများစုက အိပ်မရကြတော့ဘူး။ ခုခံကာကွယ်ဖို့အတွက်မဟုတ်ပဲ အထုပ်ဆွဲပြီးပြေးကြဖို့ ဝီရိယထားကြရတာပါ။ ဒုက္ခသည်မှာ ခုခံကာကွယ်စရာလက်နက်ဆိုလို့ ဘာတခုမှ ရှိတာမဟုတ်တော့ အထုပ်ကလေးပဲ အသင့်ပြင်ထားကြရတယ်

တချို့ လည်လည်ဝယ်ဝယ် ရှိကြသူတွေလည်း ထိုင်းနိုင်ငံအတွင်း ကူးသန်းသွားလာပြီး စီးပွားရှာကြလို့ ကားတွေ ဆိုင်ကယ်တွေ စီးနိုင်ကြသူတချို့လည်းရှိတယ်။ ကား အစီးရေ ဆယ်ဂဏန်းအထက်မှာ ရှိတာကြောင့် တခါတခါ ဒုက္ခသည်စခန်းရယ်လို့တောင် မထင်ရဘူး။ ဆိုင်ကယ်တွေလည်း တဝီဝီနဲ့ပေါ့။ ဒါကတော့ လူနည်းစုပါ။

အဲဒိလို ထိုင်းနိုင်ငံအတွင်းနဲ့ ဗမာပြည်တွင်းကို ဝင်ထွက်သွားလာပြီး စီးပွားရှာလို့ မရကြတဲ့ ဒုက္ခသည်တွေကတော့ စခန်းအတွင်းမှာပဲ အိမ်ဆိုင်လေးတည်ပြီး ဟင်းသီးဟင်းရွက်နဲ့ အသေးစားမုန့်မျိုးစုံကို ရောင်းကြတယ်။ တချို့လည်း ဈေးနေ့တွေမှာ မဲဆောက်က ဆင်းလာတဲ့ ကုန်ကားတွေကနေ ဖောက်သည်ယူပြီးရောင်းကြတာရှိတယ်။

တချို့လည်း စခန်းအပြင်ကို ခိုးထွက်ပြီး နေ့စားအလုပ်လုပ်ကြရတာရှိတယ်။ ပညာတတ်တချို့ကတော့ အန်ဂျီအိုအဖွဲ့အစည်းတွေမှာ အလုပ်ရပြီး အဆင်ပြေနေကြတာတွေရှိတယ်။

(၃)
နအဖစစ်တပ်ကို စွန့်ခွာထွက်ပြေးလာပြီး ဒုက္ခသည်စခန်းထဲမှာပဲ ဈေးရောင်းပြီး ရပ်တည်နေတဲ့ တပ်ကြပ်ကြီး တဦးကတော့ ‘‘ကျနော်က ဒီဒုက္ခသည်စခန်းမှာ ငါးနှစ်ရှိပြီ ဟိုးခံထားရတာ၊ ဘယ်သူမှလည်း အထောက်အပံ့မရှိတော့ ဈေးလေးရောင်းစားတာပေါ့ဗျာ။ တနေ့ ငါးဆယ်၊တရာမြတ်လည်း မဆိုးဘူးမလား။
ဟင်းစားတော့ ရသေးတာပေါ့။ တတိယနိုင်ငံထွက်ဖို့ဆိုတာတော့ဗျာ ကျနော်တကိုယ်ထဲအရဆိုရင် မမျှော်ပါဘူး။ ကျနော်က ရောက်တဲ့နေရာမှာ ဖြစ်သလိုရပ်တည်နိုင်တယ်။ ကျနော် စစ်တပ်ထဲက ထွက်ပြေးလာပြီးနောက်ပိုင်း ကေအန်ယူနဲ့ပေါင်းပြီး တိုက်ခဲ့သေးတာပဲ။ တတိယနိုင်ငံမသွားဖြစ်လို့ ဒီနယ်စပ်မှာပဲ တော်လှန်ရေးလုပ်မယ်ဆိုလည်း ကျနော့်အတွက်ကဖြစ်တယ်။ ဒါပေမဲ့ ကလေးတွေရှေ့ရေးကျတော့ ထည့်မစဉ်းစားလို့ မဖြစ်ပြန်ဘူးဗျ။ အဲဒါကြောင့် မျှော်ကြည့်တာ၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း ယူအန်က ခေါ်ပြောပုံအရဆိုရင် ကျနော်တို့ကို ဒီ(၂ဝ၁ဝ) အတွင်းမှာ ခေါ်မယ့်နိုင်ငံမရှိဘူးတဲ့။ (၂ဝ၁၁)ဆိုတာကိုတော့ မပြောဘူးပေါ့ဗျာ။ တကယ်တမ်းပြောရရင် စိတ်နာစရာဗျာ။ ကျနော်က ဒီတော်လှန်ရေးနယ်မြေမှာ တကယ်ဖြစ်ခဲ့ဘူးတာကိုပြောလို့ တနည်းအားဖြင့် တော်လှန်ရေးနဲ့ ပါတ်သက်ခဲ့တာကို အမှန်တိုင်းပြောလို့ ဟိုးခံခဲ့ရတာပဲ။ ကျနော်ကိုယ်တိုင်ကလည်း ကိုယ့်သမိုင်းကို မလိမ်ချင်ဘူးဗျ။ ကိုယ်လုပ်ခဲ့တာကို လုပ်ခဲ့တဲ့အတိုင်း ရှင်းရှင်းပဲပြောတာ လက်မခံတော့ ဘယ်တတ်နိုင်မလဲ။ ကျနော်တို့က အကြမ်းဖက်သမားတွေမှ မဟုတ်ပဲ လက်နက်ကိုင်တယ်ဆိုတာ မတရားသဖြင့် ဖိနှိပ်လာသူကို ပြန်တွန်းလှန်ဖို့ တနည်းအားဖြင့် တရားသောစစ် ဆင်နွှဲခဲ့တာပဲဗျာ။ အဲဒါကို အကြမ်းဖက်လို့ သံသယရှိပြီး ဆိုင်းငံ့လုပ်ထားခံခဲ့ရတာတော့ လူသားချင်းမစာနာတာဘဲလို့ ပြောရမယ်’’။

တကယ်တော့ နိုင်ငံရေးနဲ့ မပတ်သက်သူတွေ၊လက်နက်ကိုင်တော်လှန်ရေးနဲ့ မဆက်စပ်သူတွေ အများစုဟာ တတိယနိုင်ငံမှာ အခြေကျကုန်တာ တတိယနိုင်ငံပြောင်းရွှေ့အခြေချရေး အစီအစဉ်ကြီး စကတည်းကလို့ ကျမတို့ သိခဲ့ရပါတယ်။ အခုဆို နို့ဖိုးဒုက္ခသည်စခန်းထဲမှာ လက်နက်ကိုင်တော် လှန်ရေးနဲ့ ပတ်သက်ခဲ့လို့ ဆိုင်းငံ့လုပ်ခံထားရတဲ့ တော်လှန်ရေးရဲဘော်တွေ ငါးရာဝန်းကျင်ခန့်ရှိ နေပါတယ်။ တချို့လည်း ဆိုင်းငံ့လုပ်ခံထားရတာက အဆင်ပြေလို့ မကြာမီထွက်ရတော့မယ့် လက်ခံစာရထားသူတွေလည်း ရှိနေပါပြီ။

အဲဒီဟိုးသမားတွေထွက်သွားကြမှ ကျမတို့အပါအဝင် ၇ထောင်ဝန်းကျင်လောက်ရှိတဲ့ လူသစ်တွေအတွက် အခြေအနေကောင်းနိုင်မယ်လို့ အများစု မျှော်လင့်ကြတာကြောင့် သူတို့ကို အမြန်ထွက်စေချင်နေကြတာပါ။

ဒါပေမယ့် ရွေးကောက်ပွဲပြီးရင် ပြန်ပို့မယ်ဆိုတဲ့ သတင်းကြောင့်လည်း စိတ်ပူသောကရောက်နေကြတာ တွေ့ရပါတယ်။ အဲဒိသတင်းကြားကြားချင်း ဖျားတဲ့လူတွေရှိကြသလို စိတ်ကယောင်ချောက်ချားနဲ့ နေပူပူကြီးမှာ ခေါင်းကနေ ရေလောင်းချမိပြီး နာမကျန်းဖြစ်သွားတဲ့ လူတချို့လည်း ရှိကြပါတယ်။ တချို့ဆို ငူတူတူငိုင်တိုင်တိုင်ဖြစ်ပြီး တနေကုန် စိတ်ဆင်းရဲကြတဲ့ ပုံတွေလည်း တွေ့ခဲ့ရဘူးပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ အပြောင်းအလဲကြီးဖြစ်မယ် ဆိုတဲ့ စိတ်ဖိစီးမှုတွေကြောင့် ကြားသမျှသတင်းစကားတွေအပေါ်မှာ စိတ်အတက်အကျဖြစ်မိတာ ကျမအပါအဝင် အများစုသောဒုက္ခသည်တွေပါ။ ဒါပေမယ့် သတင်းစကားအများစုကလည်း စလွှင့်သူရဲ့ စိတ်ခံစားမှု အပေါ်ကနေလာတာဖြစ်တာကြောင့် သတင်းမှားတွေဖြစ်နေတာလည်း မနည်းပါပဲ။ ဒီလို ကြမ်းတမ်းခက်ထန်လှပြီး ဖိစီးမှုတွေများလှတဲ့ ဒီခရီးကြမ်းကြီးက ဘယ်တော့မှ လွတ်မြောက်နိုင်ပါ့မလဲဆိုတာ တွေးရင်းက …..


ယနေ့ မြန်မာ့ရေးရာ သတင်းများ July,31st,2010

( 18 )Burmese man said "my time is up" before hanging himself days later

( 17 )နိုင်ငံရေးတာဝန် ထမ်းဦးမည်ဟု ဦးဝင်းထိန် ပြော

( 16 )43 illegal immigrants detained at construction site

( 15 )နာဂစ် အဲန်ဂျီအိုတွေ ရန်ပုံငွေပြတ်

( 14 )No Practical Agenda for People of Burma, Ahead of Sham Elections

( 13 )နာဂစ် အဲန်ဂျီအိုတွေ ရန်ပုံငွေပြတ်

( 12 )NGOs cut programmes as government takes on recovery oversight

( 11 )Burma's Generals Meet North Korea's FM

( 10 )စစ်အစိုးရပြစ်မှုစုံစမ်းရေး အမေရိကန်လွှတ်တော် အမတ်များတောင်းဆို

( 9 )Myanmar-NKorea talks watched

( 8 )NLD Members Meet ILO Representative in Rangoon

( 7 )အဲန်အယ်လ်ဒီ အိုင်အယ်လ်အိုနဲ့ ပူးပေါင်းဆောင်ရွက်မည်

( 6 )Grim warning sounded on climate change

( 5 )US senators call for UN probe on Myanmar

( 4 )မြောက်ကိုရီးယားဝန်ကြီး ခရီးစဉ် အမေရိကန် စိုးရိမ်

( 3 )U.N. Command Holds Talks With North Korea

( 2 )မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေး အမေရိကန် စိုးရိမ်ကြောင်း ထပ်လောင်းပြောဆို

( 1 )Burma Campaign urges Cameron to press India on Burmese issues

Friday, July 30, 2010

ဝန်ကြီးများ ရွေးကောက်ခံ နယ်မြေ သတ်မှတ်ပြီးစီး

ခင်ဦးသာ Friday, July 30, 2010

စစ်အစိုးရ အဖွဲ့တွင် လက်ရှိ တာဝန် ထမ်းဆောင် နေဆဲ ဗိုလ်ချုပ်ဟောင်း ၀န်ကြီးများသည် ရန်ကုန်တိုင်း အပါအ၀င် နယ်မြို့ တချို့တွင် လာမည့် ရွေးကောက်ပွဲ အတွက် USDP ပါတီ မှ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံသွားမည် ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာတော့ ဘယ်ဝန်ကြီးက ဘယ်မြို့နယ်အမတ် ဆိုတာ အားလုံး သတ်မှတ်ပြီးပါပြီ၊ ဒါပေမယ့် တရားဝင်တော့ စာထုတ် ပြန်တာ မရှိသေးပါဘူး၊ ရွေးကောက်ပွဲရက်နီးမှ တရားဝင် စာထုတ်နိုင်တယ်”ဟု ရန်ကုန်မြို့တော်ဝန်နှင့် နီးစပ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) စည်းရုံးရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။

သက်ဆိုင်ရာ နယ်မြေဒေသမှ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံရန် USDP က သတ်မှတ်ပေးထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။

ရန်ကုန်တိုင်းအတွင်း၌ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပ၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် က မင်္ဂလာတောင်ညွန့်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဦးစိုးသာ က တွံတေး၊ စွမ်းအင် ၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီ က ကွမ်းခြံကုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးမောင်မောင် သိမ်း က ကော့မှူး စသည့် မြို့နယ်များတွင် USDP ကိုယ်စားလှယ်များအနေဖြင့် ၀င်ရောက် အရွေးခံမည်ဖြစ်ကြောင်း သိရ သည်။

ရန်ကုန် မြို့မှ သတင်းထောက် တဦးက“ရန်ကုန်မှာတော့ မြို့တော်ဝန်ရယ် ၊ ပညာရေး ဒု ၀န်ကြီးရယ် ၊ သက်ဆိုင်ရာ မြို့နယ် ကြံ့ဖွံ့ဝင်တွေ ၊ အာဏာပိုင် အဖွဲ့တွေကပဲ နည်းလမ်းပေါင်းစုံနဲ့ စည်းရုံးနေတာ တွေ့တယ် ၊ ဒါတွေ အားလုံးက ကြံ့ဖွံ့ပါတီဝင်တွေ ပဲလေ၊ တခြား ဘယ်ပါတီတွေ ရှိမှန်းတောင် လူတွေ သိပ်မသိကြသေးဘူး ၊ မဲပေးရင် ဘယ်ပါတီကို ပေးရကောင်းမှန်းလဲ မသိကြ သေးဘူး”ဟု ပြောသည်။

ထို့အပြင် စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း က မကွေးတိုင်း တောင်သာမြို့နယ်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း က ပဲခူးတိုင်း ဇီးကုန်းမြို့နယ်၊ သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းအောင် က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီး ဗိုလ်ချုပ် စိုးနိုင်ငံ က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ဟောင်း ဦးဘုန်းဆွေ က ရခိုင်ပြည်နယ် မောင်းတောမြို့နယ်၊ ကျန်းမာရေး ဒု ၀န်ကြီး ဒေါက်တာမြဦး က ပဲခူးတိုင်း ပေါင်းတည် မြို့နယ် စသည့် ဒေသများတွင် လည်းကောင်း ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမည်ဟု ဧရာဝတီမှ စုံစမ်း သိရှိရသည်။

အဆိုပါဝန်ကြီးများအနက် ၀န်ကြီးတချို့မှာ မြို့နယ် အပြောင်းအလဲဖြစ်နိုင်သေးကြောင်းလည်း USDP ပါတီဝင်တဦးက ပြော သည်။

ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးသိန်းဆွေသည်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ၀င်ရောက် အရွေးခံမည် ဟု ဒေသခံ တချို့က ပြောဆိုနေကြသော်လည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။

ပါတီဝင်အဖြစ် အသိအမှတ်ပြု ခံထားရသူသည် နိုင်ငံ့ဝန်ထမ်း မဖြစ်ရဟု နအဖ စစ်အစိုးရ ဦးဆောင်ရေးဆွဲ အတည်ပြုထား သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသော်လည်း ပါတီဝင် ၀န်ကြီးများ အားလုံးသည် နိုင်ငံဝန်ထမ်း ၀န်ကြီး များ ဖြစ်ပြီး ၀န်ထမ်းလစာများကိုယူနေကြကြောင်း၊ ထို လုပ်ဆောင်ချက်မှာ ၄င်းတို့ ရေးဆွဲထားသည့် ဥပဒေကို ကိုယ်တိုင် အသိ အမှတ် မပြုရာရောက်ကြောင်း ရှေ့နေကြီး တဦးကပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ( USDA) ၏ အမွေခံဖြစ်သော USDP ပါတီဝင် အင်အားမှာ ၈ သန်းကျော် ရှိကြောင်း USDP ပါတီ အကြီးအကဲ တဦးက ပြောဆိုထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့အချိန်အထိ ပါတီဝင်အင်အား တင်ပြသည်ကို မတွေ့ရှိရသေးပေ။

USDA အသင်းကို ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက် ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။

တနိုင်ငံလုံးရှိ USDA အသင်းဝင်ဦးရေမှာ ၂၄ သန်းကျော်ရှိကြောင်း စစ်အစိုးရသတင်းများတွင် ဖော်ပြခဲ့သည်။

USDP ကို လွန်ခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီး၊ အရာ ရှိကြီး၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။

USDA အား ဇူလိုင် ၆ ရက်မှစ၍ တဆင့်ချင်း ဖျက်သိမ်း၍ အသင်း၏ ပိုင်ဆိုင်မှုများကို USDP ပါတီသို့ တရားဝင် လွှဲပြောင်း ပေး သွားမည်ဟု USDA ပြောရေးဆိုခွင့်ရှိသူက ယခုလအတွင်း သတင်းမီဒီယာ များသို့ ထုတ်ဖေါ် ပြောဆိုထားသည်။

ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်း ၃၉ ပါတီ အနက် ယနေ့အထိ ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၀ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက ယခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း နေ့ရက် အတိအကျကိုမူ ထုတ်ဖော် ပြောဆို ခြင်း မရှိသေးပေ။

စစ်အာဏာပိုင်များကို ခပ်ရွံ့ရွံ့ဖြစ်သဖြင့် ဒေသခံလူထုကျားဖြူပါတီသို့ မ၀င်ရဲ

မွေခေါဝ်


သျှမ်းပြည်တောင်ပိုင်း မြို့နယ်အချို့၌ ဒေသခံလူထုက ဆိုင်ရာအာဏာပိုင်များကို ခပ်ရွံ့ရွံ့ဖြစ်နေသဖြင့် မြို့နယ်ကော်မတီဖွဲ့ ပြီးရုံးခွဲဖွင့်ရန်ခက်ခဲကြောင်း ကျားဖြူပါတီဝင်အသိုင်းအ၀ိုင်းမှ ကြားသိရပါသည်။

“မိုင်းရှုး လဲချားနဲ့ နမ့်ဇန်က မျိုးချစ်ပြည်ချစ်အမည်ခံလူကြီးလူလတ်ပိုင်းတွေ ပါတီထဲဝင်ဖို့ တွန့်ဆုတ်နေကြတယ်။သူတို့တခုခု စိုးရိမ်နေတယ်။ အဲဒါကြောင့် မြို့နယ် ၂-၃ ခုက ကော်မတီခွဲဖွဲ့စည်းနိုင်ခြင်းမရှိသေးဘူး” ဟု စည်းရုံးရေးဆင်းကျားဖြူပါတီ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

လဲချားမြို့တွင် SNDP ပါတီအတွက်လှုပ်ရှားရန် စိတ်အားထက်သန်နေသော လူငယ်များရှိသော်လည်း အမာခံလူကြီးများမရှိ သဖြင့် ကော်မတီဖွဲ့စည်းရန် မဖြစ်နိုင်သေးဟုဆို၏။

“ဒေသခံအာဏာပိုင်တွေ၊ ကြံ့ဖွတ်ပါတီဝင်တွေနဲ့ တစညပါတီကလူတွေကို ခပ်ရွံ့ရွံ့ဖြစ်ကြလို့ထင်တယ်။ ကြံ့ဖွတ်ပါတီ စည်းရုံးရေးဆင်းတဲ့အခါ ဒေသခံအာဏာပိုင်တွေ လိုက်လံကူညီနေတာကိုး။ ကြံဖွတ်ပါတီက သြဇာအာဏာ ရှိတယ်ဆိုတော့ ဆိုင်ရာအာဏာပိုင်တွေ ခြိမ်းခြောက်ပြောဆိုမှာစိုးလို့ထင်တယ်” ဟု လွယ်လင်မြို့ကျားဖြူပါတီဝင် တစ်ဦးက သုံးသပ်ပါသည်။

ဖွဲ့စည်းနိုင်ခြင်းမရှိသေးသည့် မြို့နယ်ကော်မတီများဖွဲ့စည်းနိုင်သည်အထိ ကျားဖြူပါတီဌါနချုပ်က ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း၊ ကော်မတီဖွဲ့စည်းပြီးသည်နှင့် သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းသို့ ဌါနချုပ်မှလူကြီးများ ကိုယ်တိုင်ကွင်းဆင်းမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြပါသည်။

“၂၀၁၀ ရွေးကောက်ပွဲကတော့ တရားနည်းလမ်းကျပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ခက်ခဲလိမ့်မယ်” ဟု လဲချား ဒေသခံတစ်ဦးကလည်း ပြောပြပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့များ၌လည်း မြို့နယ်ကော်မတီမဖွဲ့စည်းရသေးပေ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မိုင်းတုံတွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၈၀ %ဖြင့် အနိုင်ရခဲ့သည်။

ကျားဖြူပါတီသည် သျှမ်းပြည်မြောက်ပိုင်းအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းမှအပ ကျန်မြို့နယ်အသီးသီး၌၎င်း၊ သျှမ်းပြည်တောင်ပိုင်း၌ မြို့တော်တောင်ကြီး၊ ကျေးသီး၊ လွယ်လင်၊ ပင်လုံ၊ မိုင်းကိုင်၊ ပင်လောင်း၊ မိုးနဲ၊ လန်းခေး၊ မိုင်းပန်၊ သျှမ်းပြည်အရှေ့ပိုင်းတွင် ကျိုင်းတုံ၊ မိုင်းပြင်းတို့၌ ပါတီရုံးခွဲများဖွင့်လှစ်ပြီးဖြစ်သည်။

ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ

မျိုးချစ်သူ / ၃၀ ဇူလိုင် ၂၀၁၀

ရန်ကုန် ဒေသခံ များကို ပြည်ထောင် စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ကြိုတင်မဲများ ကောက်ခံသွား မည်ဖြစ် ကြောင်း သိရသည်။

ကြိုတင်မဲများကို ပါတီဝင်များထံမှ ပထမဦးဆုံး ကောက်ခံမှု ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီစည်ရုံးရေး အဖွဲ့ဝင်တဦးက အတည်ပြုပြောကြားသည်။

အစိုးရ၀န်ထမ်းများကို ပါတီဝင်ပြုလုပ်၍မရသောကြောင့် ၀န်ထမ်းမိသားစုများထဲမှ အသက် (၁၈) နှစ် ပြည့်ပြီးသည့်သူများကို ကြိုတင်မဲကောက်ခံရန်အတွက် ပါတီဝင်အဖြစ် စည်းရုံးထားပြီး ဖြစ်ကြောင်းလည်း မြို့နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးများထံမှ သိရသည်။

“ကြံ့ဖွံ့ပါတီဆိုတာ ကြံ့ဖွံ့အသင်းက ဖြစ်လာတာပဲလေ၊ အဲဒီအသင်းကလည်း အစိုးရက ဖွဲ့စည်းထားတာဖြစ်တယ်လေ။ ပါတီအနေနဲ့ ပြောင်းလိုက်တော့ အခုအစိုးရ၀န်ထမ်း မိသားစုတွေကို ကနဦးပါတီဝင်တွေလုပ်ပြီးတော့ ကြိုတင်မဲကောက်နေပြီ” ဟု မြို့နယ်စည်းရုံးရေးမှူးတဦးက ပြောသည်။

ရန်ကုန်တွင် ကြံ့ဖွံ့အသင်းဝင်ပေါင်း (၃) သန်းကျော်ရှိခဲ့ရာမှ ယခုအခါ ပါတီဝင်အဖြစ်ပြောင်းလဲရာတွင် အစိုးရ၀န်ထမ်းများကို ဖယ်ထုတ်လိုက်ကြောင်း၊ သို့သော် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သကဲ့သို့ ၀န်ထမ်းမိသားစုများကို ပါတီဝင်အဖြစ်ပြောင်းလဲလိုက်ကြောင်း၊ ထို့အတွက် ပါတီဝင်အရေအတွက်မှာ ယခင်အသင်းဝင်အတိုင်း မဟုတ်သော်လည်း ယင်းအရေအတွက်နီးပါး ရှိနိုင်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်တွင် ယခင်က ကြံ့ဖွံ့အသင်းအနေဖြင့်လုပ်နေသော လမ်းများခင်းခြင်း၊ ဆေးခန်းများဖွင့်ခြင်း စသည်တို့ကို ယခုအခါ ပါတီအမည်ပြောင်းကာ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

အစိုးရ၀န်ထမ်းများအတွင်း အစိုးရက ဖွဲ့ထားသောပါတီကိုသာ မဲပေးလိုသူများ ရှိသကဲ့သို့ မလိုလားသူများလည်း ရှိနေကြောင်း ပညာရေးဝန်ထမ်း မိသားစုများထံမှ သိရသည်။

“ကျမတို့ဒဂုံတက္ကသိုလ်မှာဆိုရင် အခု ဆရာဆရာမတွေကို ပါတီဝင်တော့လုပ်လို့မရဘူး။ ဒါပေမယ့် မဲတော့ပေးခွင့်ရှိတဲ့အတွက် မဲပေးတဲ့အခါ ခြင်္သေ့ကိုပဲ မဲပေးဖို့တိုက်တွန်းတယ်လို့ ဌာနအလိုက် ပြောထားတာ ရှိတယ်။ ခက်နေတာက တချို့တွေကတော့ ကြောက်ကြတယ်လေ။ ကြိုတင်မဲကောက်ရင်တော့ ထည့်ရမှာပဲလို့ ပြောနေတဲ့သူတွေရှိတယ်။ အစိုးရက တရားမျှတတဲ့ ရွေးကောက်ပွဲသာ လုပ်လို့ကတော့ တမဲမှကို ရမှာမဟုတ်ဘူးလို့ ထင်တယ်။ အခုပဲကြည့်လေ ကြိုတင်မဲကောက်မယ်တဲ့၊ ဘာသဘောလဲ။ ကျမကတော့ မထည့်နိုင်ဘူးလို့ပဲ ပြောလိုက်မယ်” ဟု ဒဂုံတက္ကသိုလ် ပထ၀ီဝင်ဌာနမှ အချိန်ပိုင်းနည်းပြ ဆရာမတဦးက ပြောသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်ကပင် အသင်းဖွဲ့ကာ စနစ်တကျလုပ်ထားသော ပါတီဖြစ်သွားပြီး တစညပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလကပင် တည်ရှိလာသည့်အတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အင်အားအကြီးဆုံးနှင့် ငွေသုံးစွဲနိုင်မှုအများဆုံးပါတီတို့ ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက “သူတို့ပါတီတွေကတော့ အင်အားသုံးနိုင်တဲ့ပါတီတွေဖြစ်တယ်။ ခက်နေတာက တခြားပါတီတွေအနေနဲ့ အခုအချိန်မှာ ကန့်သတ်မှုတွေ အများကြီးရှိနေတယ်၊ လူစုလူဝေးလုပ်ပြီး ဟောပြောစည်းရုံးတာက အစပေါ့ဗျာ။ သူတို့ကတော့ လူထုနဲ့ နီးနီးကပ်ကပ်လုပ်နိုင်တယ်။ ကြံ့ဖွံ့ပါတီဆိုရင် အစိုးရပဲလေ၊ ဘာပဲလုပ်လုပ် လုပ်နိုင်တာပဲ၊ အကန့်အသတ်မရှိဘူး။ အဲဒီတော့ အခုကပဲ ဘက်လိုက်နေပြီ။ ဒါဆိုရင်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာ ထုတ်ဖော်ပြောဆိုဖို့ မလိုဘဲ သိနိုင်ပါတယ်” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီကို ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ထားပြီး ယခင်က ကြံ့ဖွံ့အသင်းဝင် တနိုင်ငံလုံးတွင် (၂၄) သန်းခန့်ရှိခဲ့ရာမှ အစိုးရ၀န်ထမ်းများကို ဖယ်ထုတ်ကာ စိစစ်ပါက ယခုအခါ တနိုင်ငံလုံးတွင် အသင်းဝင်အင်အား (၁၀) သန်းခန့် ဆက်လက်ရှိနေသေးပြီး ယင်းကို ဆက်လက်စိစစ်ကာ ပါတီဝင်အဖြစ်ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်း ကြံ့ဖံွ့ပါတီဝင်တဦးက ပြောသည်။

ကြံ့ဖွံ့ပါတီသည် ဧပြီ (၂၉) ရက်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် (၂၆) ဦး ပါဝင်သော အစိုးရ၀န်ကြီးများ၊ အရာရှိကြီးများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ပြီးခဲ့သည့် ဇွန် (၈) ရက်တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားပြီးဖြစ်သည်။

ရွှေတိဂုံစေတီတော်အနီး လုံခြုံရေးများချထား

တက်လူ / ၃၀ ဇူလိုင် ၂၀၁၀

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပေါ် ခဲ့သော ရွှေဝါရောင် သံဃာ့ အရေး အခင်း ဖြစ်ပေါ်မည်ကို စိုးရိမ်၍ ရွှေတိဂုံ စေတီတော် အနီးတ၀ိုက်တွင် လုံခြုံရေး များ ချထားကြောင်း ရန်ကုန်မြို့ခံ မျက်မြင် များက ပြောသည်။

ရွှေတိဂုံစေတီ အရှေ့ဘက် စောင်းတန်းအနီးရှိ ညောင်တုန်း ပိဋကတ်တိုက်၊ ဒေါ်လှဆင်ပိဋကတ်တိုက်၊ ရွှေဟင်္သာပိဋကတ်တိုက်တို့မှ သံဃာတော်များကို ရွှေတိဂုံဘုရားဂေါပကအဖွဲ့က နှင်ထုတ်ကာ တိုက်များကို ချိတ်ပိတ်လိုက်ပြီးသည့် နောက်ပိုင်းတွင် ယင်းသို့ လုံခြုံရေးများ တိုးမြှင့်ချထားခြင်းဖြစ်သည်။

“ပိဋကတ်တိုက်က သံဃာတော်တွေကို ပြောင်းရွှေ့ခိုင်းတာနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာလို ဖြစ်မှာစိုးလို့ ကြိုတင်လုံခြုံရေးချထားတာဖြစ်တယ်။ ဘုန်းကြီးတွေကို လျှော့တွက်ထားလို့မရဘူး” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် လူကြီးတဦးက ပြောသည်။

အဆိုပါ ပိဋကတ်တိုက် (၃) တိုက်အပါအ၀င် ရွှေတိဂုံစေတီ အရှေ့ဘက်စောင်းတန်းအနီး ပိဋကတ်တိုက် (၆) တိုက်မှ သံဃာတော်များနှင့် တိုက်ပိုင်ရှင်တို့၏ ဆွေမျိုးများကို ဇွန်လ (၃ဝ) ရက် နောက်ဆုံးထား၍ ကျောင်းတိုက်မှထွက်ခွာသွားကြရန် ရွှေတိဂုံဂေါပကအဖွဲ့က ညွှန်ကြားခဲ့ကာ ဇူလိုင်လ (၂၅) ရက်နေ့တွင် အပြီးပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်သည်။

“ရွှေတိဂုံစေတီဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်အစစ်တွေ ကိန်းဝပ်တော်မူတဲ့နေရာဖြစ်တယ်။ အဲဒီလို စေတီပရ၀ုဏ်အနီးမှာ ရဲတွေက လက်နက်တွေကိုင်ပြီးတော့ လုံခြုံရေးယူနေတာ အမြင်မတော်ဘူးပေါ့ဗျာ။ ပြီးတော့ ဘုရားဖူးတွေလည်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်လေ” ဟု ဘုရားအရှေ့မုခ်အနီးတွင် ဂိတ်ထိုးရပ်နားသည့် တက္ကစီကားမောင်းသူတဦးက ပြောသည်။

ယခုပြောင်းရွှေ့ရသော ကျောင်းတိုက်များမှ သံဃာများနှင့် ရွှေတိဂုံစေတီခြေတော်ရင်းရှိ အခြားကျောင်းတိုက်များမှ သံဃာတော်များမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြဖူးသည်။

စစ်အစိုးရသည် အဆိုပါ ကျောင်းတိုက်မြေနေရာများအား သီရိင်္လကာအစိုးရနှင့် တရုတ်အစိုးရတို့ထံ ရောင်းချရန် ရည်ရွယ်ချက်ရှိသည်ဟု သိရကြောင်းလည်း ပြောင်းရွှေ့ရသော ဘုန်းကြီးကျောင်းတိုက်များနှင့် နီးစပ်သည့် ဒကာတပည့်များက ပြောကြားသည်။

ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် ၆ ထရီလီယံ ကျပ်ခန့်သုံး

အောင်သက်ဝိုင်း Friday, July 30, 2010

စစ်အစိုးရသည် ကာကွယ်ရေး ၀န်ကြီး ဌာနအတွက် တနှစ်လျှင် ၆ ထရီလီယံ ကျပ် ခန့် အသုံးပြုနေကြောင်း သိရှိရသည်။

နိုင်ငံတွင်း ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်

အပါအ၀င် အခွန်အတုပ်များနှင့် ၀န်ကြီးဌာနများ အပါအ၀င် စီးပွားရေး အဖွဲ့အစည်းများထံမှ ရရှိသော ၀င်ငွေမှာ တနှစ်လျှင် ကျပ် ထရီလီယံ ၂၀ ကျော် ရှိပြီး ကာကွယ်ရေး ၀န်ကြီးဌာနအတွက် ကျပ် ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စစ်အစိုးရ၏ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ် စာရင်း ဇယားများတွင် ဖော်ပြထားသည်။

အဆိုပါ ၀င်ငွေစာရင်းတွင် ပြည်ပနိုင်ငံများသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းရငွေများကို ထည့်သွင်း ဖော်ပြထားခြင်းရှိပေ။


၂၀၀၈ ခုနှစ် အတွင်း ကာကွယ်ရေး ၀န်ကြီးဌာနအတွက် တနှစ် သာမန်သုံးငွေအဖြစ် ကျပ် ၂.၇ ထရီလီယံကျော်၊ ငွေလုံး ငွေ ရင်း သုံးငွေအဖြစ် ၂.၈ ထရီလီယံကျော်၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့များအတွက် ကျပ် ၂ ဘီလီယံကျော်၊ နောက်တိုး သုံးစွဲငွေ အဖြစ် ၉၆ ဘီလီယံကျော်၊ စုစုပေါင်း ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။

ထို အသုံးစရိတ်များတွင် တပ်မတော်ရေးရာ အသုံးစရိတ်များ မပါဝင်ပေ။

တပ်မတော် အသုံးစရိတ်ဆိုသည်မှာ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူသည့် စရိတ်၊ ပြည်ပနိုင်ငံများသို့ စစ်ပညာတော်သင်များ၊ နျူကလီးယား နည်းပညာလေ့လာရေး ကဲ့သို့သော ငွေအရင်းအနှီး ကြီးမားသည့် အသုံးစရိတ်များဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် နီးစပ်သည့် ဘဏ် လုပ်ငန်းကျွမ်းကျင်သူ တဦးက ရှင်းပြသည်။

“ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ အသုံးစရိတ် သီးသန့်ချည်းပဲ နိုင်ငံဝင်ငွေ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း ရှိတယ်”ဟု ၎င်းက ဆို သည်။

မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆၀ နီးပါး၏ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငေမွှာ ကျပ် ၅၂၃ ဘီလီယံ ကျော်သာ အသုံးပြုခဲ့ သည်ဟု သိရသည်။

ပြည်သူ့ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငွေသည် ကာကွယ်ရေး ၀န်ကြီးဌာန တနှစ် သုံးစွဲငွေ၏ ၉ ရာခိုင်နှုန်းကျော်သာ ရှိ
ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် ချွတ်ယွင်း အားနည်းမှုများစွာ ဖြစ်ပေါ်နေကြောင်း လေ့လာသူ ပညာရှင်များက ထောက်ပြပြောဆိုသည်။

“ဆေးရုံတက်ရင် ဆေးထိုးအပ်၊ ဂွမ်းက အစ၊ ခွဲစိတ်ခ၊ ဆေးဝါး အဆုံး အစအရာရာ ကုန်ကျ စရိတ်တွေ ပြည်သူတွေ ကိုယ်တိုင် အကုန်အကျ ခံနေရတယ်။ ကျန်းမာရေး ကဏ္ဍအတွက် က ဘတ်ဂျက် သုံးငွေတော်တော်နည်းတယ်။ စစ်တပ်ကြီးတွေ ဘယ်လောက်ဖွဲ့ဖွဲ့၊ စစ်စခန်းကြီးတွေ ဘယ်လောက် ဆောက်ဆောက်၊ ပြည်သူ့ကျန်းမာရေး မကောင်းရင် ခိုင်မာ တောင့်တင်းတဲ့ ကာကွယ်မှုမျိုး၊ လုံခြုံမှုမျိုး မရနိုင်ဘူး”ဟု ပြည်တွင်း သတင်းစာဆရာ တဦးက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနအတွက် သုံးစွဲငွေမှာ ကျပ် ဘီလီယံ ၆၀၀ ကျော် ဖြစ်ပြီး အဆိုပါဌာန၏ သုံးစွဲငွေတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာန၏ သုံးစွဲငွေက များပြားကြောင်း စုံစမ်းသိရှိရသည်။

ပညာရေးကဏ္ဍ သုံးစွဲငွေမှာ ကျပ် ၁.၈၇ ထရီလီယံကျော် ရှိသော်လည်း အဓိကအားဖြင့် တက္ကသိုလ်၊ ကောလိပ် တည်ဆောက် ရေးတွင် ကုန်ကျစရိတ် များပြားကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးတွင် တက္ကသိုလ် ကောလိပ်များတိုးချဲ့တည်ဆောက်ခြင်းဖြင့် တမြို့တည်း၊ တနေရာ တည်းတွင်
ကျောင်းသားများ တစုတဝေးတည်း မဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ပညာရေးတိုးတက်မှုအတွက် အထောက် အကူ မပြုနိုင်ဟု သတင်းသမား တဦးက ပြောဆိုသည်။

“ဆန္ဒပြပွဲတွေဖြစ်မှာစိုးလို့ ကျောင်းသားတွေ မစုစည်းမိအောင် တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေ ခွဲပြီး မြို့စွန်၊ မြို့ဖျား နေရာတိုင်း ဆောက်နေတယ်ဆိုတာ အားလုံးအသိပဲ။ တက္ကသိုလ် ကောလိပ် ဆောက်ရုံနဲ့တော့ ပညာရေး မတိုးတက်နိုင်ဘူး”ဟု ၎င်း က ဆိုသည်။

စစ်အစိုးရသည် ၎င်းတို့အာဏာ တည်မြဲရေးအတွက် စစ်တပ်ကို တိုးချဲ့လျက်ရှိရာ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ် တိုးတက် နေမည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်သည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးပတ် အတွင်း စစ်အစိုးရ က စစ်ရေး အသုံးစရိတ်အတွက် ငွေစာရင်း ခေါင်းစဉ် ဖော်ပြထားခြင်း မရှိ သော ပုံမှန်ထက် ပိုမိုများပြားသည့် ဘတ်ဂျက် ချပေးမှုရှိခဲ့ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ရသုံးမှန်းခြေ ဘတ်ဂျက်ရှင်းတမ်းကို ၁၉၈၈ မတိုင်ခင်က သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်း စစ်အစိုးရ လက်ထက်တွင် တရားဝင် ထုတ်ပြန်ခြင်း ယနေ့အထိ မရှိကြောင်း တွေ့ရသည်။

ထို့အပြင် စစ်အစိုးရ ၏ စစ်ရေး အသုံးစရိတ်များကိုလည်း တရားဝင်ထုတ်ပြန်ခြင်း မတွေ့ရှိရပေ။

မြန်မာစစ်တပ်၏ စစ်အင်အား ၄ သိန်း ခန့်ရှိမည်ဖြစ်ကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။


ဝန်ကြီးများ USDP အတွက် စည်းရုံး

နရီလင်းလက် Friday, July 30, 2010

“မဲပေးမယ်ဆို ‘ဆန်စိ’ ကို ပေးဖို့ မမေ့နဲ့ ”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ခေါင်းဆောင် ၀န်ကြီးချုပ် ဗိုလ်ချူပ် ကြီးဟောင်း ဦးသိန်းစိန်က ရှမ်းပြည်နယ်သို့ သွားရောက်စဉ် ပြောကြား ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

‘ဆန်စိ’ ဆိုသည်မှာ ရှမ်းတိုင်းရင်းသား ဘာသာအရ “ခြင်္သေ့” ဟု အဓိပ္ပာယ်ရပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) ၏ အမှတ် တံဆိပ် ဖြစ်သောကြောင့် USDP အားမဲပေးရန် ပြောဆို စည်းရုံးခြင်း ဖြစ်ကြောင်း ဒေသခံ တဦးက ဆိုသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီး ကျေးရွာအနီးရှိ မြို့ကြီးရေလှောင်တမံ ဘက်စုံ စီမံကိန်းသို့ သွားရောက် ခဲ့ကြောင်း ဇူလိုင် ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားသည်။

အစိုးရစရိတ်သုံးစွဲ၍ သွားရောက်သည့် ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဦးသိန်းစိန်သည် ယခုကဲ့သို့ မဲဆွယ် စည်းရုံးမှု ပြုလုပ်ခြင်း သည် ၎င်းတို့ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အခန်း(၃) ၊ အပိုဒ် ၁၂ (က) ၅ အရ နိုင်ငံတော် ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် သော နည်းဖြင့် ဖြစ်စေ ရယူသုံးစွဲ သည့် အဖွဲ့အစည်း ဖြစ်ကြောင်းတွေ့ရှိပါက ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိကြောင်း ဖော်ပြထားသောကြောင့် ယင်း ဥပဒေကို သွယ်ဝိုက်သောနည်းဖြင့် ချိုးဖောက်ကြောင်း တွေ့ရသည်။

ပညာရေး ဒုတိယ ၀န်ကြီး ဦးအောင်မျိုးမင်းကလည်း ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းများအား လှည့်လည် စစ်ဆေး နေချိန်တွင် USDP ကို မဲပေးရန် ပြောဆိုသွားခဲ့ကြောင်း သိရသည်။

“အနာဂတ်နိုင်ငံတော်မှာ ကျောင်းသူ ကျောင်းသားတွေ သွေးထွက်သံယိုဖြစ်တာ မမြင်စေချင်ရင် ကြံ့ဖွံ့ပါတီကို မဲထည့်ပါ ဆိုပြီး ဒုဝန်ကြီးက ကျောင်းကိုလာရင်း ပြောသွားတယ်”ဟု ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသူတဦး က ဆိုသည်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် အပါအ၀င် ရန်ကုန်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများကို လည်း ယခုကဲ့သို့ ပြောဆိုသွားကြောင်း တက္ကသိုလ် အသိုင်းအ၀န်းက ပြောသည်။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းသည်လည်း မြို့နေလူထုထက် ပိုမိုများပြားသည့် ရန်ကုန်တိုင်း အတွင်းရှိ ကျေးရွာအုပ်စုများသို့ သွားရောက်၍ USDP အတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“အဓိကကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းမှာရှိနေတဲ့ ကျေးရွာလေးတွေကို ဦးစားပေးပြီး စည်းရုံးရေးဆင်းတာ၊ ကြည့်မြင်တိုင် တဖက်ကမ်းက ဇလုတ်ညွှန့်တို့ ၊ ဆိပ်ကြီးခနောင်တို တို့ ၊ အလံ တဖက်ကမ်းဆိုရင် လည်း ကျောက်ဝိုင်းကြီး ကျောက်ဝိုင်းလေး ရွာတွေကို ဆင်းတာ”ဟု ရန်ကုန်တိုင်းမှ USDP ပါတီဝင် တဦးက ပြောသည်။

ရန်ကုန်မြို့တည်ထောင်စဉ် ကတည်းက ဂရမ်ပိုင် ထုတ်ပေးထားခြင်းမရှိသော ကျေးရွာများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ဌာနမှူးများနှင့် ညှိနှိုင်းပြီး အိမ် ဂရမ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယင်း ခရီးစဉ် အတွင်း မြို့တော်ဝန် ဦးအောင်သိန်းလင်း က ပြောဆိုစည်းရုံးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

အစိုးရ ခင်းပေးထားသည့် ကျောက်ချောလမ်းအဆင့် ကျေးရွာလမ်းများအား ကတ္တရာလမ်းခင်းပေးခြင်း၊ စည်ပင်သာယာရေး ကော်မတီမှ တူးဖော်ပေးထားသည့် ရေကန်များကို နေရာ ၃ နေရာ ထားပြီး အုတ်ကန်ပြုလုပ်ပေးကာ ကျေးရွာအတွင်း ရေဖြန့် ဝေ ပေးသွားမည် ဖြစ်ကြောင်း၊ အစိုးရ စီမံကိန်း အနေနှင့် လုပ်ဆောင်ထားသည်များကို USDP က ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျောက်ချောလမ်းတွေကို ကတ္တရာလမ်းခင်းပေးမယ်၊ ရေကန်တူးပြီး ကျေးရွာထဲကို ရေသွယ်လို့ ရအောင်လုပ်ပေးမယ်။ ဒီအတွက် ကြံ့ဖွံ့ပါတီကို မဲပေးရမယ်လို့ ပြောသွားတယ်”ဟု ခနောင်တို ကျေးရွာမှ ရွာသားတဦးက ပြောသည်။

USDP အနေနှင့် ပါတီရန်ပုံငွေ လျာထားမှုများ ရှိနေသော်လည်း ပြည်နယ်နှင့်တိုင်းအလိုက် ရန်ပုံငွေ ချထားပေးခြင်း မရှိသေး သောကြောင့် စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် မိမိပိုင်ငွေကြေးဖြင့်သာ သုံးစွဲရသကဲ့သို့ စည်းရုံးရေးဆင်းရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာမှ ပေးထားသည့် ကားဖြင့် သွားရောက်ခြင်းမရှိသကဲ့သို့၊ စည်ပင်ဝန်ထမ်းများအား ခေါ်ယူ သွားခြင်းမရှိကြောင်း ကျေးရွာများသို့ ရောက်ရှိရာတွင်လည်း USDA အသင်းဝင်ဟောင်းများသာ ကြိုဆိုကြကြောင်း အထက်ပါ ရန်ကုန်တိုင်း USDP ပါတီဝင်က ပြောသည်။

USDP ကို လွန်ခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာ ရှိကြီး၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။

USDA အား ဇူလိုင် ၆ ရက်မှစ၍ တဆင့်ချင်း ဖျက်သိမ်း၍ အသင်း၏ ပိုင်ဆိုင်မှုများကို USDP ပါတီသို့ တရားဝင် လွှဲပြောင်း ပေး သွားမည်ဟု USDA ပြောရေးဆိုခွင့်ရှိသူက ယခုလအတွင်း သတင်းမီဒီယာ များသို့ ထုတ်ဖေါ် ပြောဆိုထားသည်။

ထွက်ပြေးပုန်းအောင်းနေရသော ကျောင်းသူကျောင်းသား ၂၀၀ကျော် ကျောင်းမတက်နိုင်သေး

စောသိန်းမြင့်(ကေအိုင်စီ)

စာသင်ကျောင်း မီးရှို့ဖျက်ဆီးခံရသောကြောင့် တောထဲတောင်ထဲ ထွက်ပြေးပုန်းအောင်းနေရသည့် ဖာပွန်ခရိုင်၊ လူသော မြို့နယ်မှ ကျောင်းသူကျောင်းသား ၂၀၀ကျော်သည် ရက်သတ္တပတ်ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ကျောင်းမတက် နိုင်သေးကြောင်း ကရင် ကျောင်းဆရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Karen Teacher Working Group)က ပြောသည်။

(KTWG)မှ ပြည်တွင်းကျောင်းတာဝန်ခံ စောသူးမွဲထူးက “ရွာထဲမှာ နအဖက မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့အတွက် အခုချိန် ထိ ရွာသားတွေ ပြန်နေလို့ မရဲကြသေးတဲ့အပေါ်မှာ ကျောင်းသားတွေလည်း ကျောင်းမတက်နိုင်သေးဘူး။ ကျောင်း ပြန်တက် နိုင်ဖို့အတွက် အရင်ဆုံး ကျောင်းသစ် ထပ်ဆောက်ရအုံးမယ်ဆိုတော့ တလကျော်ကျော်လောက် အချိန်ယူရမယ် ထင်ပါတယ်။ လောလောဆယ်တော့ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ကူညီဖို့ ကျနော်တို့ တိုင်ပင် ဆွေးနွေးနေပါတယ် ”ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်နေ့က နအဖစစ်တပ် စကခ(၁၀)ဗျူဟာအမှတ်(၂)မှ လူသောမြို့နယ်ရှိ သဒါးဒဲကျေးရွာသို့ ၀င် ရောက်ခဲ့ရာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သောကြောင့် သဒါးဒဲရွာနှင့် တခြားရွာများမှ ဒေသခံကရင်ရွာသူရွာသား ၉၀၀ကျော် တောထဲတောင်ထဲ ထွက်ပြေးပုန်းအောင်းခဲ့ရပြီး ထိုအထဲတွင် သဒါးဒဲကျေးရွာ အလယ်တန်းကျောင်းမှ ကျောင်းသူကျောင်း သား ၂၁၇ဦးနှင့် ကျောင်းဆရာ၊ ဆရာမ ၁၂ဦးပါရှိသည်ဟု သိရသည်။

အဆိုပါ ထွက်ပြေးပုန်းအောင်းရေသည့် ရွာသူရွာသားများသည် ယခုချိန်တွင် မိုးရာသီဖြစ်နေသဖြင့် တောထဲတွင် နေ့နေ့ညည အမိုးအကာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများမရှိဘဲ ဒုက္ခမျိုးစုံ ရင်ဆိုခဲ့ရပြီး တောနက်ထဲတွင် ပုန်းအောင်းနေရသော ကြောင့် အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များသည် ခြင်အန္တရာယ်နှင့် မသန့်ရှင်းသောရေများကြောင့် ကျန်းမာရေး အတွက် အထူးစိုးရိမ်ရကြောင်း ဇူလိုင်လ ၂၇ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ထုတ်ပြန်ကြေညာ ချက်တစောင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၅ရက်နေ့တွင်လည်း ဗိုလ်မှူးကြီးစောလားပွယ်ဦးစီးသော ဒီကေဘီအေ တပ်မဟာ (၅)တပ်ဖွဲ့နှင့် နအဖ စစ်တပ်တို့ ကြား နှစ်ဦးနှစ်ဖက် စစ်ရေးတင်းမာလာခဲ့ရာ အချိန်မရွှေး တိုက်ပွဲဖြစ်နိုင်သည့် အခြေအနေကြောင့် ကရင်ပြည်နယ်၊ မြ၀တီခ ရိုင်ရှိ ၀ါ့မီထာ့၊ လေးဝေါ်၊ ဆုံဆည်းမြိုင်နှင့် သေဘောဘိုးစသည့်ရွာများမှ စာသင်ကျောင်း ၄လုံး ပိတ်ခဲ့ရသည်ဟု KTWGက ပြောသည်။

အလားတူ ယခုနှစ် ၂၀၁၀ခုနှစ် ဇန်န၀ါရီလတွင်လည်း ကရင်ပြည်နယ်မြောက်ပိုင်း ညောင်လေးပင်ခရိုင် မုံးမြို့နယ်၌ ကျောင်းသူ ကျောင်းသား ၅၀၀ကျော်ရှိ စာသင်ကျောင်း (၃)လုံးကို နအဖစစ်တပ်က ၀င်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး လအနည်းငယ်အတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သော်လည်း ကျောင်းသူကျောင်သားများ ပြန့်ကျဲသွားသောကြောင့် ယခုအချိန်ထိ စာသင်ကြားရန် အခက်ခဲရှိနေဆဲဖြစ်သည်ဟု (KTWG)မှ ပြည်တွင်းကျောင်းတာဝန်ခံက ပြောသည်။

တရားဝင်ဖြစ်မလာခင် အကြီးဆုံးကချင်ပါတီ KSPP လူထုစည်းရုံးရေးပြန်စ

KNG

ပါတီတည်ထောင်ခွင့် မရသေးသော်လည်း အကြီးဆုံးကချင်ပါတီ ဖြစ်နိုင်ချေရှိသည့် KSPP သည် ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ လူထုစည်းရုံးရေးလုပ်ငန်းများ ပြန်စနေပြီ ဖြစ်သည်။

ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) သည် မြစ်ကြီးနား၊ တနိုင်း၊ ဗန်းမော် စသည့် မြို့နယ်များတွင် ဇူလိုင် (၂၇) မနေ့မှစ၍ စည်းရုံးရေးများ ပြန်စနေကြောင်း ပါတီအလုပ်အမှုဆောင် တစ်ဦး ပြောသည်။

တရားဝင် ပါကီ ဖြစ်လာ ပြီးနောက် ပါတီ အနေဖြင့် ကချင်ပြည် သူများ ကန့်ကွက် ထားသည့် ဧရာဝတီမြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်း ကိစ္စပေါ်တွင်လည်း ပါတီမှ သဘောထား တုန့်ပြန် ချက်များ ထုတ်ဖော်သွား နိုင်ဖွယ် ရှိသည်ဟု စောစောပိုင်းက ထိုင်းနိုင်ငံ အခြေစိုက် ကချင် သတင်း ဌာနသို့ ပါတီ ခေါင်းဆောင် ဒေါက်တာတူးဂျာ ပြောခဲ့သည်။

ပြီးခဲ့သည့် ဧပြီ (၅) ရက်နေ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင်ချိန်မှစ၍ ပါတီ၏ ရွေးကောက်ပွဲအကြို လူထုစည်းရုံးရေးကို လုံးဝ ရပ်ဆိုင်းထားသည်မှာ ယခုချိန် (၃) လ ကျော်ပြီဖြစ်သည်။

ဇူလိုင် (၁၆) ရက်နေ့က ပါတီမှတ်ပုံတင် မချပေးခြင်းနှင့်ပတ်သက်ပြီး နေပြည်တော်သို့ တတိယအကြိမ် ထပ်မံ သွားရောက်တောင်းဆိုစဉ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုးမှ နှုတ်အားဖြင့် ယခုလို ခွင့်ပြုချက် ပေးခဲ့ကြောင်း သိရသည်။

ဥက္ကဌက “ပါတီမှတ်ပုံတင် မချပေးသေးတာပါ၊ ပါတီနဲ့ပတ်သတ်တဲ့ အမှုကိစ္စတွေ လုပ်လို့ ရ ပါ ပြီ ။” ဟုပြောခဲ့ကြောင်း ပါတီအရာရှိတစ်ဦး ပြောသည်။

လက်ရှိတွင် KSPP ပါတီအဖွဲ့ဝင် (၃၀၀၀) နီးပါးနှင့် ကချင်ပြည်နယ်အနှံ့ ပါတီရုံးခွဲပေါင်း (၅၀) ၀န်းကျင်ရှိကြောင်း သိရသည်။

မြန်မာစစ်အစိုးရ၏ ယခုနှစ်ကုန်ပိုင်း ကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသည့် ကချင်ပါတီ (၄) ခုမှ ယခုချိန်အထိ (၁) ပါတီတည်းသာ ပါတီတည်ထောင်ခွင့် ရရှိသည်။

ယင်းပါတီမှာ စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သစ္စာခံ ဒူဝါ ခက်ထိန်နန် ဦးဆောင်သော “စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက သို့မဟုတ် UDPKS)” ဖြစ်သည်။

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပြည်သူများကို နအဖ ဦးတည် စစ်ဆင်လာ

စောခါးစူးညား (ကေအိုင်စီ)

၂၀၁၀ ရွေးကောက်ပွဲ နီးလာ သည်နှင့် အမျှ နအဖ စစ်အစိုးရ တပ်များသည် ကရင်ပြည်နယ်၊ ကေအဲန်ယူ နယ်မြေ အတွင်းရှိ အပြစ် မဲ့ပြည်သူ များကို ဦးတည် စစ်ဆင် မှုများ စတင် လုပ်ဆောင် လာနေ သည်ဟု ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ရွေးကောက်ပွဲကလည်း နီးလာပြီလေ။ ကေအဲန်ယူက ဒါကို လက်မခံဘူးဆိုတော့ ကေအဲန်ယူနယ်မြေမှာရှိတဲ့ ပြည်သူတွေကို သူတို့(နအဖ)က တိုက်ခိုက်လာတာဖြစ်ပါ တယ်။ နောက် သူတို့က ဒီမိုကရေစီအသွင်ပြောင်းမယ်လို့ပြောပေမဲ့ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေ ဆက်လုပ်နေတာပဲ။ ဒီရွေးကောက်ပွဲပြီးလို့လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ အခု သူတို့က အပြစ်မဲ့ပြည်သူ တွေအပေါ် ဒီလို တိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာသိအောင် လုပ်ရမယ်”ဟု ကေအိုင်စီကို ပြောသည်။

ယခုဇူလိုင်လတွင် ကရင်ပြည်နယ်နှင့် အခြားသော ကရင်လူမျိုးများ နေထိုင်ရာ နယ်မြေများတွင် နအဖ စစ်တပ်မှ လူ့အခွင့်အရေး နှင့် အကြမ်းဖက်မှုလုပ်ရပ်များ ပိုမို လုပ်ဆောင်လာသည်ဟု ဇူလိုင်လ ၂၇ရက်နေ့က ထုတ်ပြန်လိုက်သည့် ကေအဲန်ယူ၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် ဝေါ်လေဒေသတွင် နအဖ စစ်တပ်နှင့် ဒီကေဘီ အေ တပ်ဖွဲ့များ၏ စစ်ရေးပြင်ဆင်မှုများကြောင့် ဇူလိုင်လ (၂၅)ရက်နေ့က ဒေသခံ မိသားစု(၁၀၀)ခန့်သည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ(၂၃)ရက်၌လည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် လှုပ်ရှားနေသည့် နအဖတပ်မှ ထိုဒေသရှိ သဒါးဒဲကျေးရွာ ကို မော်တာလက်နက်ကြီးများဖြင့် ပစ်ခဲ့ပြီးနောက် အိမ်ခြေ ၅၀ကျော်၊ ခရစ်ယာန် ဘုရားကျောင်းတကျောင်းနှင့် အလယ်တန်း စာသင်ကျောင်းတကျောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရသော သဒါးဒဲရွာသူရွာသား ၅၄၀ဦးနှင့် ကျောင်းသူကျောင်း သား ၁၇၈ဦးတို့သည် ယုခုမိုးရာသီဖြစ်သဖြင့် နေထိုင်ရေးအတွက် အမိုးအကာနှင့် ဆေးဝါးပစ္စည်းများ လိုအပ်သည့်အပြင့် ဆင်းရဲ ဒုက္ခ အမျိုးမျိုး ရင်ဆိုင်နေရသည်ဟု သိရသည်။

အလားတူ ဖာပွန်ခရိုင်မှ နအဖ လှုပ်ရှားတပ်ဖွဲ့ စကခ(၄) လက်အောက်ခံ စစ်ကြောင်း (၂)၊ ခမရ (၇၀၄) တပ်ရင်းမှ သန်းထွန်း ဆိုသူ သည် ပြီးခဲ့သော ဇူလိုင်လ ၁၀ရက်နေ့ညက ခေကော်ရွာသူ အိမ်ထောင်သည် အသက်(၂၇)နှစ်အရွယ်ရှိ ကရင်အမျိုးသမီး တဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကရင်လူထုများအပေါ် နအဖ၏ ထိုးစစ်ဆင်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်သွားရန်အတွက် အပြည်ပြည်ဆိုင်ရာ နိုင်ငံများဖြစ်သည့် အမေရိကန်၊ အင်္ဂလန်၊ ဥရောပနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များအနေဖြင့် နအဖစစ်အစိုးရကို ၀ိုင်းဝန်း ဖိအားပေးရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၅

မင်းဟန်

၂၂၄

အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေကြရသည့် နိုင်ငံရေးအကျဉ်းသမားများထံမှ ပေးပို့လိုက်သည့် စာတမ်းငယ်တစောင်အား ဒေါ်အောင်ဆန်းစုကြည် လက်ခံရရှိ၏။ စာတမ်းငယ်၏ ခေါင်းစဉ်က၊ “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (စစ်အစိုးရ) အား ဖျက်သိမ်း၍ ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရနှင့် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး” ဟူ၍ဖြစ်ပြီး၊ စာတမ်း၏ အောက်ခြေ တွင်မူ “အကျဉ်းကျခံ အမျိုးသား နိုင်ငံရေးအင်အားစု” ဟု အမည်တပ်ထား၏။

စာတမ်းငယ်၏ နိဒါန်းတွင်

“လွန်ခဲ့သော ၉ နှစ်၊ ၁၉၉ဝ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့အချိန်တွင် မြန်မာနိုင်ငံတဝှန်းလုံးရှိ ပြည်သူအပေါင်းတို့သည် အာဏာရှင်စနစ် ချုပ်ငြိမ်း၍ အခြေခံလူ့အခွင့်အရေးများကို အာမခံသော ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအစိုးရ ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် စစ်အစိုးရ ကြီးမှူးကျင်းပသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြီးတွင် မိမိနှင့် မိမိတို့နယ်မြေဒေသ အသီးသီးအား ကိုယ်စားပြုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ပေးခဲ့ကြသည်။ ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်းတွင် ပြည်သူလူထုကြီးမှာ ၎င်းတို့ ရွေးချယ်တင်မြှောက်ပေးထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရတရပ် ပေါ်ထွန်းလာရေးကို မျှော်လင့်နေခဲ့ကြသည်။ သို့သော် ပြည်သူများ မျှော်လင့်သည့် ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရ ပေါ်ထွန်းမလာဘဲ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီးတို့မှ ပြည်သူတို့၏ လိုလားချက်များကို မျက်ကွယ်ပြုထားသည်မှာ ၉ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ပြီးလျှင် လက်ရှိတိုင်းပြည်၏ စီးပွားရေးဘဝ၊ လူမှုရေးဘဝနှင့် ပညာရေး၊ ကျန်းမာရေး အခြေအနေများအား မှန်ကန်စွာ ထောက်ပြဝေဖန်ထားပြီး တပ်မတော်နှင့်ပတ်သက်၍ ရှုမြင်ချက်အား စာတမ်းတွင် ပွင့်လင်းစွာ ရေးသားဖော်ပြထား၏။

“တပ်မတော်သည် နိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံ့ဝန်ထမ်းအနေဖြင့် ရှိနေရမည်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာသော တပ်မတော်ဖြစ်ရမည်။ ဒီကနေ့ တပ်မတော်သည် လုံးဝပျက်စီးနေပြီဖြစ်သည်။ တပ်မတော်သားများသည် ယူနီဖောင်းအရောင်အသွေး တူညီကြသော်လည်း စိတ်ဓာတ်များ မတူညီကြတော့ပါ။ စစ်တပ်အတွင်း နိုင်ငံကို ကာကွယ်စောင့်ရှောက်လိုသော စစ်သားစစ်စစ် တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ ရှိသကဲ့သို့ မိမိတို့ ကိုယ်ကျိုးစီးပွား တခုထဲကို ကြည့်သည့် တပ်မတော်သား အရာရှိကြီးငယ်အပေါင်း များစွာ ရှိနေကြပြီဖြစ်သည်။ ပြည်သူတွေကို နှိပ်စက်သော စစ်သား စစ်ထောက်လှမ်းရေးတွေကလည်း နေရာအနှံ့ပင် ရှိနေကြသည်။”

“ထိုအခြေအနေမျိုးသို့ ရောက်နေသော တပ်မတော်၏ အနာဂတ်သည် ကောင်းနိုင်မည် မဟုတ်တော့ပါ။ ပြည်သူချစ်သော လေးစားသော၊ အားကြီးသော တပ်မတော် ဖြစ်လာမည် မဟုတ်သကဲ့သို့ တပ်မတော်သားများ ချစ်ခင်လေးစား၊ ကြည်ညိုအားကိုးသော ဗိုလ်ချုပ်ကြီးများ၊ ဦးစီးချုပ်များ ပေါ်ထွန်းလာမည် မဟုတ်ချေ။ အထက်ဖော်ပြပါ ဖြစ်ရပ်ဆိုးများသည် အာဏာရှင်စနစ်ကြောင့်ပင် ဖြစ်သည်။ အာဏာရှင်စနစ်၏ ဆိုးကျိုးသည် ပြည်သူပြည်သားများနှင့်အတူ တပ်မတော်သားတွေပါ ခံရ၏။ နိုင်ငံအတွက်လည်း ထိခိုက်နစ်နာဆုံးရှုံး၏ ကမ္ဘာ့အလယ်တွင် အရှက်ရ၏။ အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ပြည်သူ့ဆန္ဒနှင့်အညီ စစ်မှန်သော ဒီမိုကရေစီစနစ်သာ ပေါ်ထွန်းလာလျှင် ယခုလို အခြေအနေဆိုးများ ချုပ်ငြိမ်းပြီး တိုင်းသူပြည်သားများ ငြိမ်းချမ်းစွာ နေရမည်ဖြစ်သည်။ နိုင်ငံလည်း တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်သည်။ တိုင်းသူပြည်သားဆိုသည့် အထဲတွင် တပ်မတော်သားများလည်း ပါ၏။ တပ်မတော်သားများ၏ မိဘဆွေမျိုး၊ ညီအကိုမောင်နှမတွေလည်း ပါ၏။ ငြိမ်းချမ်းသာယာပြီး ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာနိုင်ဖို့အတွက် ယခုအချိန်တွင် အမှန်တကယ် လုပ်ဆောင်ရမည်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (အစိုးရ) အား ဖျက်သိမ်း၍ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးလိုက်သော ပြည်သူ့လွှတ်တော်ကိုယ်စားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော်နှင့် ပြည်သူအစိုးရတရပ် တည်ရှိနေဖို့ပင်ဖြစ်သည်”

စာတမ်းအားဖတ်ပြီး တိုင်းပြည်သို့ အသိပေးတင်ပြသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည် မြင်မိ၏။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ထုတ်ပြန်မည်လား။ သို့တည်းမဟုတ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အနေဖြင့် ထုတ်ပြန်မည်လား။

စာတမ်းကား ပြည်သူ့လွှတ်တော်ဖွဲ့စည်းရေး၊ ပြည်သူ့အစိုးရဖွဲ့စည်းရေးအား ဦးတည်ထားသည်ဖြစ်၍ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ထုတ်ပြန်သင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်၏။ ပြီးလျှင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင်များကို တင်ပြပြီး ထုတ်ပြန်မည်။


၂၂၅

အကျဉ်းထောင်အတွင်း၌ အခက်အခဲ၊ အကျပ်အတည်းများစွာအား ရင်ဆိုင်အံတုရင်းမှ သူတို့၏ နိုင်ငံရေးအမြင် ရပ်တည်ချက်အား ရဲဝံ့စွာ ထုတ်ဖော်တင်ပြဝံ့ကြသည့် ‘အကျဉ်းကျခံ အမျိုးသား အင်အားစု’ အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လေးစား၏။ အားရကျေနပ်မိ၏။ ဤအတွက် ကြည်နူးဝမ်းမြောက်ရသည်။

သို့သော်လည်း တဖက်တွင်က အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးကြောင့်၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စိတ်ကသိကအောက် ဖြစ်ရပြန်၏။

ထိုသူ ၁၈ ဦးတွင် နိုင်ငံရေး ယုံကြည်ချက်ဟူ၍ ခိုင်ခိုင်မာမာမရှိ၊ နိုင်ငံရေးအမြင် မကြည်လင်။ ယုံကြည်ချက်မဲ့ပြီး၊ အမြင်မရှိသည့်အတွက် ထိုသို့သော သူများသည် အခက်အခဲ၊ အကျပ်အတည်းနှင့် အခွင့်အလမ်းဟူ၍ ရွေးချယ်ရသည့်အချိန်တွင် အခွင့်အလမ်းအား ကြည့်တတ်ကြ၏။ ကိုယ်ကျိုးအတ္တကို ရှာကြ၏။ ဤသဘာဝသည် အလှည့်အပြောင်းကာလများတွင် တွေ့ရတတ်၏။ စိန်ခေါ်မှုကြီးမားလျှင်၊ တိုက်ပွဲပြင်းထန်လျှင် ထိုသူများက ပေါ်လာကြမြဲ။

ထိုအခါမျိုးတွင် ထိုသူများသည် အမျိုးသားနိုင်ငံရေး လမ်းစဉ်ဟူသည်အား မသိ၊ လူထုအားမျက်နှာမမူ။ ဒီမိုကရေစီ၏ ကျင့်စဉ်၊ ကျင့်ထုံးများ မလိုက်နာ။ အဖွဲ့အစည်းအတွင်း လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ မလေးစားကြတော့ဘဲ၊ ငါတကော ကောလာကြလေ၏။

သက်ဆိုင်သည့်မြို့နယ် စည်းရုံးရေးကော်မတီများမှ ထိုသူများနှင့်ပတ်သက်၍ ပေးပို့လာကြသည့် စာများအား အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လက်ခံ၍ ဖတ်ရှုရသည်။ ပြီးလျှင် ရှေ့ဆက်၍ လုပ်ဆောင်သင့်သည်များကို ဆက်၍ဆောင်ရွက်ရ၏။

စာများက ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်အေးမြင့်၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း၊ ဦးတင်ထွန်းမောင်၊ တွံ့တေးမြို့နယ်အမှတ်၂၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြလှိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်စိန်၊ ဦးစံတင်၊ ပဲခူးတိုင်း မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရွှေ၊ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမင်း၊ ကျိုက်လတ်မြို့နယ် အမှတ် ၁ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း၊ မကွေးတိုင်း မင်းဘူးမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှစိုးတို့နှင့်ပတ်သတ်၍ သက်ဆိုင်ရာအဖွဲ့ချုပ်၊ အဖွဲ့ဝင်များ မြို့နယ်စည်းရုံးရေး ကော်မတီများမှ သဘောထား ပေးပို့သည့်စာများဖြစ်သည်။

စာများအားချုပ်ကြည့်ပါက …

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ၁၉၉ဝခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ရသည်။ သို့သော် ၎င်းသည် အဖွဲ့ချုပ်၏ စည်းရုံးညီညွှတ်မှုကို ပျက်ပြားစေရန် လုပ်ဆောင်သည့် အဖွဲ့ချုပ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ဒေးဒရဲမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းနှင့် မင်္ဂလာဒုံမြို့နယ် အမှတ် ၁ ဦးကြည်ဝင်း၊ အမှတ် ၂ ဦးတင်ထွန်းမောင် စသည့် သစ္စာဖောက်အုပ်စုနှင့် ပူးပေါင်းပြီး အဖွဲ့ချုပ်ကို ဆန့်ကျင်ခဲ့ပေသည်။ ယင်းလုပ်ရပ်သည် တကိုယ်တော် လုပ်ရပ်ဖြစ်ပြီး အဖွဲ့ချုပ်၏ စည်းလုံးညီညွှတ်မှုကို ပြိုကွဲအောင် ဂိုဏ်းဂဏစု၍ တမင်ရည်ရွယ် ကျူးလွန်သည့်လုပ်ရပ် ဖြစ်ပေသည်။

၎င်းသည် အဖွဲ့ချုပ်၊ အဖွဲ့ဝင်ဖြစ်ပါလျက်နှင့် ပါတီဝင်ထုနှင့်သော်လည်းကောင်း၊ မြို့နယ်စည်းရုံးရေး အဖွဲ့နှင့်သော်လည်းကောင်း၊ တိုင်းပင်ညှိနှိုင်းခြင်း၊ သဘောထားရယူထားခြင်း မရှိ၊ ၎င်း၏ ဆန္ဒအလျောက် ပြုမူဆောင်ရွက်ခြင်း ဖြစ်သဖြင့် မြို့နယ်အနေနှင့် ၎င်း၏ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပါသည်။ ၎င်းလုပ်ရပ်နှင့် ပတ်သက်၍ ဤမြို့နယ်နှင့် လုံးဝပတ်သက်ခြင်း မရှိကြောင်းကိုလည်း မှတ်တမ်းတင်အပ်ပါသည်။

အဖွဲ့ချုပ် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရုံသာမက ပြည်သူလူထုအတွင်း၌ပါ အထင်အမြင် လွဲမှားမှုမျိုး ဖြစ်ပေါ်စေနိုင်သည့်အပြင် အဖွဲ့ချုပ်၏ အကျိုးကို လိုလားသယောင်နှင့် သပ်လျှို၍ စည်းလုံးညီညွှတ်ရေးကို ဖြိုခွဲသည့် လုပ်ရပ်ဖြစ်သဖြင့် မြို့နယ်ပါတီဝင်ထု ကိုယ်စားအရလည်းကောင်း၊ မြို့နယ်စည်းရုံးရေး အဖွဲ့ကိုယ်စားအရလည်းကောင်း ကန့်ကွက်ရှုတ်ချကြောင်းကိုလည်း မှတ်တမ်တင်ပါသည်” ဟူ၍ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ချုပ် မြို့နယ်စည်းရုံးရေး ကော်မတီများမှ ပေးပို့လာသည့် စာများကို ဖတ်ပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအနေနှင့် တိုင်းပြည်သို့တဆင့် အသိပေးထုတ်ပြန်ရန် ဆုံးဖြတ်လိုက်၏။


၂၂၆

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်နှင့် အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်တို့၌ အဖွဲ့ဝင်များ၊ မြို့တော်ရှိ လူထုများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး၊ ဟောပြောဆွေးနွေးပွဲများအား ရက်သတ္တတပတ်လျှင် အနည်းဆုံး တကြိမ်၊ နှစ်ကြိမ်မျှ ပြုလုပ်၏။

အကြောင်းအရာ ခေါင်းစဉ်အလိုက် ဆွေးနွေးဟောပြောသည့် တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်သည်။ ပြီးလျှင် တက်ရောက်သူများ၏ မေးခွန်းများကို ဒေါ်အောင်ဆန်းစုကြည်က ဖြေ၏။ ၁၉၉၅ - ၉၆ ခုနှစ်များက ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့ ဟောပြောပွဲများကဲ့သို့ ဖြစ်သည်။

၁၉၉၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင်မူ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ဝင်းအတွင်း၌ပင် လူငယ်ပညာပေး ဟောပြောပွဲတခုကို ဒေါ်အောင်ဆန်းစုကြည်က ပြုလုပ်၏။ အာဏာပိုင်များက ပိတ်ဆို့ဟန့်တားနှောင့်ယှက်မှုများကို အဓမ္မ မပြုလုပ်သော်လည်း ခြံဝင်းအတွင်းသို့ လာရောက်ကြသည့် လူငယ်များကိုမူ နိုင်ငံသားမှတ်ပုံတင်ကဒ်များ တောင်းယူ၍ စစ်ဆေး၏။ ပြီးလျှင် ဗီဒီယိုမှတ်တမ်း ရိုက်၍ယူ၏။

ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်ပညာပေး ဟောပြောပွဲက အဖွဲ့ချုပ်လူငယ် ၃ဝဝ ကျော်မျှ တက်ရောက်ကြသည့် ဟောပြောပွဲလေး ဖြစ်သည်။

ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်က အေသင်မြို့၏ ဒီမိုကရေစီကို ရှင်းပြ၏။

“နိုင်ငံသူနိုင်ငံသားလို့ သတ်မှတ်ခံထားရသူများဟာ နိုင်ငံသူနိုင်ငံသားများရဲ့ တာဝန်ကို အင်မတန်မှ သိရတယ်။ အဲဒီတာဝန်ထဲမှာ အားလုံးဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေးထဲမှာ ပါဝင်ပြီးတော့ ဆုံးဖြတ်ချက်ချတာ၊ နိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ဆုံးဖြတ်ချက်ချရုံတင် မကဘူး၊ ဒီဆုံးဖြတ်ချက်တွေနဲ့အညီ လိုက်ပြီးတော့ လုပ်ရတဲ့ တာဝန်လည်း ရှိပါတယ်။ ဥပမာဆိုရင် ဒီအေသင်နိုင်ငံဟာ တခြားနိုင်ငံတခုနဲ့ စစ်တိုက်မလား၊ စစ်မတိုက်ဘူးလား ဒီလိုဆုံးဖြတ်ချက်ချတဲ့အခါမှာ တိုက်ရိုက်ဒီမိုကရေစီအနေနဲ့ နိုင်ငံသူနိုင်ငံသားများဟာ စုပြီးတော့ ဒါကို ဆုံးဖြတ်ချက် ချလိုက်တယ်။ မဲပေးတဲ့စနစ်နဲ့ ဆုံးဖြတ်ချက် ချတယ်။ ဆုံးဖြတ်ချက် ချလိုက်တော့ တိုက်မယ်လို့ ဆုံးဖြတ်ရင် မတိုက်တဲ့ဘက်က မဲပေးတဲ့ သူတွေလည်း ဝင်ပြီးတော့ တိုက်ရတယ်။ အဲဒီတုန်းကဆိုရင် အေသင်ရဲ့ စစ်တပ်၊ စစ်တပ်အင်အား ဆိုတာလည်း ပြည်သူလူထုထဲကပဲ ဝင်ပြီးတော့ စစ်သားတွေအနေနဲ့ပဲ တိုက်တာပဲ။ ပြည်သူလူထုထဲက လူတွေပဲ ဗိုလ်ချုပ်တွေအနေနဲ့ ဒီမိုကရေစီနည်းအရ ခန့်အပ်ခြင်း ခံရလို့ ဝင်ပြီးတော့ လုပ်ရပါတယ်။ အဲဒီတော့ နိုင်ငံသူနိုင်ငံသားများဟာ မိမိတို့ရဲ့ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာ ဒီမိုကရေစီ စပြီးတော့ ပေါက်ဖွားလာစဉ်ကတည်းက ဒီမူဟာ အခြေခံမူတခုပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဟောပြောချက်ကို ခေတ္တရပ်ပြီး၊ လူငယ်များကို ဝေ့၍ကြည့်၏။ အားလုံးက စိတ်အားထက်သန်စွာနှင့် ငြိမ်၍နားထောင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားကို ဆက်၏။

“စောစောက ကျမပြောသွားတဲ့ ပဲရီးဖလီးစ် မိန့်ခွန်းထဲမှာ အရေးကြီးဆုံးတခုက ဘာလဲဆိုတော့ သူက ဘယ်လိုပြောသလဲဆိုတော့ သူတို့နိုင်ငံမှာဆိုရင် နိုင်ငံရေးမှာ ဝင်မပါတဲ့လူကို နိုင်ငံသား မဖြစ်သင့်ဘူးလို့ သူက ဒီလိုသတ်မှတ်တယ်။ ‘နိုင်ငံရေးဟာ တို့ကိစ္စမဟုတ်ဘူးလို့ ဘယ်သူမှ ပြောလို့မရဘူး။ နိုင်ငံရေးဟာ တို့ကိစ္စ မဟုတ်ဘူးလို့ ယူဆထားတဲ့ လူများဟာ နိုင်ငံသားတောင်မှ မဖြစ်သင့်ဘူး။ နိုင်ငံသားဖြစ်သင့်တဲ့ အရည်အချင်း မရှိဘူး’ လို့ သူတို့ မြင်တယ်။ ဒါကြောင့်မို့ ဒီမိုကရေစီမှာ နိုင်ငံသူနိုင်ငံသား အားလုံးဟာ နိုင်ငံရေးမှာပါဝင်ရမယ်၊ နားလည်ရမယ်။ နိုင်ငံရေးဟာ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အရေးဖြစ်တယ်ဆိုတာ အဲဒီတုန်းကတည်းက သူတို့ လက်ခံထားတာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ဟောပြောပွဲအား ခေတ္တရပ်နား၍ အနားပေး၏။ ဟောပြောပွဲ ပြန်စသည့် အခါ၌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုကို ခေတ်သစ် ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ မိတ်ဆက်ပေး၏။

“အခုခေတ်မှာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ ခွဲခြားလို့မရဘူး။ ဒီမိုကရေစီအကြောင်း နားလည်ချင်ရင် အခြေခံလူ့အခွင့်အရေးတွေဟာ ဘာလဲဆိုတာကို နားလည်ဖို့ လိုလိမ့်မယ်။ တချိန်တည်းမှာပဲ လစ်ဘရယ် ဒီမိုကရေစီအကြောင်း ပြောနေတဲ့အခါမှာ GUIDED DEMOCRACY တို့ အရင်တုန်းကရှိခဲ့တဲ့ DIRECTED DEMOCRACY တို့အကြောင်းကို ကျမ နည်းနည်းပြောချင်တယ်။ DIRECTED DEMOCRACY ရော၊ GUIDED DEMOCRACY ရောဟာ တကယ်တော့ ပါကစ္စတန်နိုင်ငံမှာ အုပ်ချုပ်သွားတဲ့ စစ်အာဏာရှင် အာယုခန်၊ ၊ ဗိုလ်ချုပ် အာယုခန်လက်ထက်တုန်းက ပါကစ္စတန် စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သွားတဲ့အချိန်မှာ သူက DIRECTED DEMOCRACY ဆိုတဲ့ အသုံးအနှုန်းကို သူသုံးသွားတယ်၊ လမ်းပြဒီမိုကရေစီပေါ့။ လမ်းညွှန်ထားတဲ့ ဒီမိုကရေစီသဘောမျိုး။

အဲဒီဟာကို အင်ဒိုးနီးရှားက သမ္မတ ဆူကာနိုကျတော့ သူကနေ GUIDED DEMOCRACY ဆိုတဲ့ အသုံးအနှုန်းကို သူသုံးခဲ့တယ်။ အဓိပ္ပာယ်ကတော့ အတူတူပါပဲ။ သူတို့က လမ်းညွှန်ဒီမိုကရေစီဆိုတာ အစိုးရကနေ ပြည်သူလူထုကို လမ်းပြသွားမယ်။ အမှန်ပြောရလို့ရှိရင်တော့ ဒီမိုကရေစီ အယောင်ဆောင်တဲ့ အာဏာရှင်စနစ်လို့ ဒီလိုပဲ ပြောရမှာပဲ။ အခု န-ဝ-တ ခေတ်ကျတော့ DISCIPLINED DEMORACY စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာကလည်း ဒီအတိုင်းပါပဲ။ ဒီ GUIDED တို့၊ DIRECTED တို့နဲ့ ဘာမှမထူးဘူး။ ဒီမိုကရေစီ အယောင်ဆောင်နေတဲ့ အာဏာရှင်စနစ်မျိုးကို ဆိုလိုတာပဲ။

ဒီတော့ စည်းကမ်းရှိတဲ့ဒီမိုကရေစီ၊ စည်းကမ်းမရှိတဲ့ ဒီမိုကရေစီဆိုတာဟာ ဒါ အဓိပ္ပာယ်မရှိဘူး။ စနစ်တိုင်း၊ စနစ်တိုင်းဟာ သူ့စည်းနဲ့သူတော့ လာတာပဲ။ သူ့စည်းနဲ့သူ ရှိပြီးသားအပေါ်မှာ ထပ်ပြီးတော့ စည်းမျဉ်းတွေ ထည့်လိုက်လို့ရှိရင် သူ့ရဲ့ အခြေခံစည်းကမ်းတွေကို ချိုးဖောက်ချင်တဲ့ သဘောတရားကို ပေါ်လွင်စေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဟောပြောချက်ကို ခေတ္တရပ်ပြီး လူငယ်များကို ဝေ့၍ကြည့်၏။ အားလုံးက စိတ်အားထက်သန်စွာနှင့် ငြိမ်၍နားထောင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားကို ဆက်၏။

“နိဂုံးအားဖြင့် ပြောရမယ်ဆိုရင် ဒီမိုကရေစီက ဘာလဲလို့ မေးမယ်ဆိုရင် နိုင်ငံရေးပညာရှင်တယောက်က ပြောသွားတာကို ကျမ သိပ်ပြီးတော့ သဘောကျတယ်။ ဘာလဲဆိုတော့ ဒီမိုကရေစီဆိုတာဟာ နိုင်ငံအတွင်းမှာ ရှိတဲ့ ပြဿာနာတွေကို၊ မကျေနပ်ချက်တွေကို တဦးနဲ့တဦး ကြားတဲ့မှာရှိတဲ့ ပဋိပက္ခတွေကို သွေးထွက်သံယိုမှု မရှိဘဲနဲ့ ဖြေရှင်းနိုင်တဲ့ စနစ်ကို ဒီမိုကရေစီလို့ ဆိုလိုတယ်လို့ ပြောထားပါတယ်။ ဘာအဓိပ္ပာယ်လဲဆိုတော့ ဒီမိုကရေစီဆိုတာဟာ နိုင်ငံရဲ့ ပြဿနာတွေကို သွေးထွက်သံယိုမှုမပါတဲ့ နိုင်ငံရေးနည်းလမ်းများနဲ့ ဖြေရှင်းခွင့် ပေးထားတဲ့ စနစ်လို့ ဆိုလိုပါတယ်။ အဲဒီလို ခြုံငုံပြီး ပြောလိုက်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရကို နားလည်နိုင်မယ်လို့ ထင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ လူငယ်ပညာပေး ဟောပြောပွဲကို နိဂုံးချုပ်လိုက်သည်။ သြဂုတ်လ ညနေခင်း ရန်ကုန်သည် မှိုင်းပြပြ၊ မှောင်ရီရီ။ ကောင်းကင်သည် ကြည်လင်ဝင်းပ၍မနေ။ တိမ်တို့က အစုလိုက်ရစ်ဖွဲ့၍ ပင်လယ်ဝဆီသို့ ရွေ့လျား၍နေကြ၏။ မှိုင်းပြမှုန်ရီသော ကောင်းကင်သည် ရုတ်ချည်းပင် ညိုမှောင်၍ မိုးဖွဲလေးများ ရွာသွန်းအံချလာ၏။ မိုးဖွဲများအောက်၌ လွန်ခဲ့သည့် ၁၁ နှစ်၏ အရေးတော်ပုံ ပုံရိပ်များသည် ထင်၍လာ၏။ ကြွေးကြော်သံများ ကြားလာရ၏။ ယမ်းနံ့၊ သွေးညှီနံ့များ ရှုရှိုက်နေမိသကဲ့သို့။


၂၂၇

NHK သတင်းဌာနမှ သတင်းထောက်များကို နေအိမ်တွင်ပင် ဒေါ်အောင်ဆန်းစုကြည် လက်ခံ၍ တွေ့ဆုံသည်။ ၉ ရက်၊ ၉ လ၊ ၁၉၉၉ ‘ကိုးလေးလုံး’ နေ့ရက်ကြောင့် နိုင်ငံတကာ သတင်းဌာနများသည် ရန်ကုန်ကို စိတ်ဝင်စားနေကြသည့်ဟန် ရှိ၏။

NHK ၏ သတင်းထောက်က ရန်ကုန်၏ နိုင်ငံရေးအခြေအနေကို ပထမဦးစွာ မေးမြန်း၏။ NHK သတင်းထောက်၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က …

“ဒီမိုကရေစီ ကြိုးပမ်းမှုကာလမှာကတော့ ၂ ပိုင်း ရှိတာပေါ့။ ဒီမိုကရေစီကိုလိုလားတဲ့ သူတွေရဲ့ အပိုင်းနဲ့ ဒီမိုကရေစီကို မလိုလားတဲ့သူတွေ အပိုင်း၊ အဲဒီတော့ ဒီမိုကရေစီကို မလိုလားတဲ့ သူတွေကတော့ အားလုံးကို ကောင်းကောင်း ချိုးဖောက်နေတာပဲ။ မတရားတဲ့ လက်နက်အင်အား သုံးပြီးတော့ စိုးမိုးနေတာ။ အဲဒီတော့ အဲဒီလို လုပ်နေတဲ့ သူတွေကတော့ သူတို့လုပ်ချင်တာ လျှောက်လုပ်မှာပဲ။ အာဏာတည်မြဲရင် ပြီးရောဆိုပြီးတော့ လုပ်ကြမှာပဲ။ ဒီဟာကို ကျမတို့က မကောင်းမှန်းလည်း သိတယ်၊ မလိုလားအပ်မှန်းလည်း သိတယ်။ ဒါကြောင့်မို့လို့ ကျမတို့က ဒီမိုကရေစီစနစ်ကိုသာလျှင် ထွန်းကားအောင် လုပ်မယ်။ အာဏာရှင်စနစ်ကို ကျမတို့ အတိုက်အခံ လုပ်တယ်ဆိုတာဟာ အာဏာရှင် လုပ်နေတဲ့ သူတွေကို ပုဂ္ဂိုလ်ရေးအရ ကျမတို့ မကြိုက်လို့မှ မဟုတ်ဘဲ။ ဒါ ကျမတို့ ပုဂ္ဂိုလ်ရေးစိတ်ဓာတ်နဲ့ လုပ်နေတာမှ မဟုတ်ဘဲ။ ဒီလို သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေကို ကျမတို့ မကြိုက်လို့ ဒီလိုအဂတိတရား လိုက်စားတာတွေ၊ နောက်ပြီးတော့ ပြည်သူလူထုအပေါ်မှာ မှန်မှန်ကန်ကန် မဆက်ဆံတာတွေ၊ အချင်းချင်းအပေါ်မှာ မှန်မှန်ကန်ကန် မဆက်ဆံတာတွေ၊ ဒါတွေမကြိုက်လို့၊ ကျမတို့ အတိုက်အခံ လုပ်နေတာပဲ။ အဲဒါလည်း ကျမတို့ သိပ်ထူးထူးထွေထွေ ပြောဖို့လိုမယ် မထင်ဘူး။”

သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို (နအဖ) က ခေါ်ယူထိန်းသိမ်းထားမှု အခြေအနေနှင့် ပတ်သက်၍ မေး၏။

“ဒီ ကျမတို့ (န.အ.ဖ) အောက်ဆုံးအဆင့်နဲ့ ကျမတို့ အမျိုးသားဒီမိုကရေစီ အောက်ဆုံးအဆင့်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဘာတွေရှိသလဲဆိုတော့ ကျမတို့လူတွေကို ဆွဲသွားတုန်းက ညှိနှိုင်းဆွေးနွေးဖို့ ဆိုပြီးတော့ အဲလိုသူတို့ကတော့ တရားဝင် အကြောင်းကြားတာပဲ။ တကယ်တော့လည်း ညှိနှိုင်းဆွေးနွေးတာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့သိသလောက်ကတော့ ညှိနှိုင်းဆွေးနွေးတာ မဟုတ်ပါဘူး။ ဟို ဆွဲဆောင်တဲ့ သဘောမျိုးပေါ့။ အခုလက်ရှိ စစ်အာဏာပိုင်များ လုပ်ရပ်တွေကို ထောက်ခံဖို့ ဆွဲဆောင်ဖို့ သဘောမျိုးလည်း လုပ်ခဲ့တယ်ဆိုတာ ကျမတို့ တွေ့ရပါတယ်။ နောက်ပြီးတော့ ကျမတို့ အဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချဖို့ ကျမတို့အချင်းချင်း သွေးကွဲအောင်လုပ်ဖို့ ဒီလိုဟာတွေ ပြောခဲ့တယ်၊ ဆိုခဲ့တယ်။ ဒီအတိုင်း ဆက်ဆံခဲ့တယ်လို့ ကျမတို့ နားလည်ပါတယ်။ အဲဒီတော့ နောက်ဆုံးအဆင့်မှာ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ အာဏာပိုင်တွေရဲ့ ထိတွေ့မှုဟာ ဘယ်လိုလဲဆိုတော့ အဖမ်းခံရတဲ့ လူနဲ့ ဖမ်းထားတဲ့ လူနဲ့ ထိတွေ့မှုမျိုး ဖြစ်နေပါတယ်။ အဲဒီတော့ အကျဉ်းသားနဲ့ အကျဉ်းထောင်ဦးစီးဌာနနဲ့ ထိတွေ့မှုမျိုးပေါ့။ အများအားဖြင့်တော့ ထောက်လှမ်းရေးပေါ့။ စစ်ထောက်လှမ်းရေးက လူတွေနဲ့ ထိတွေ့ရတာ၊ စစ်ထောက်လှမ်းရေးက လူတွေကဆိုရင် ကျမတို့ အဖွဲ့ချုပ်ဝင်တွေကို အဖွဲ့ချုပ်ထဲက ထွက်စေချင်တယ်။ ကျမတို့ အဖွဲ့ချုပ်ဝင်တွေထဲမှာ ကွဲအောင်ပြဲအောင်လို့ လုပ်ချင်တယ်။ နောက်ပြီးတော့ အခုလက်ရှိ စစ်အာဏာပိုင်များ လုပ်နေတဲ့ ကိစ္စများကို ထောက်ခံစေချင်တယ်။ ဒါတွေချည်းပဲ ထပ်တလဲလဲ ပြောတယ်ဆိုတာကို ကျမတို့သိရပါတယ်။ ဆက်ဆံမှုလည်း တချို့နေရာတွေမှာ အင်မတန် ကြမ်းပါတယ်”

ပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်က ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေကြရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အခြေအနေနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ထုတ်ပြန်ကြေညာသည့် ကြေညာချက် အမှတ် ၄၈ (၈/၉၉) ကို သတင်းထောက်သို့ ပေးပြီး ဖတ်ပြ၏။

“ဖမ်းဆီးထားခြင်းကို ဖမ်းဆီးထားသည်ဟု ဝန်မခံဘဲ ‘ဧည့်ရိပ်သာများတွင် ထား၍ ဆွေးနွေးပွဲများ ပြုလုပ်နေသည်’ ဟု အာဏာပိုင်များက လိမ်လည်၍ ကြေညာနေပါသည်။ ဆွေးနွေးမှု လုံးဝမဟုတ်ပါဘဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ အဖွဲ့ချုပ်အဖွဲ့ဝင် အဖြစ်မှလည်းကောင်း နုတ်ထွက်နေစေပါသည်။ ဖမ်းဆီးထားပြီး ဤသို့လုပ်ဆောင်ခြင်းသည် ရာဇသတ်ကြီး ပုဒ်မကို ကျူးလွန်နေခြင်း ဖြစ်ပါသည်”

NHK သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းခြင်းက ဤမျှပင်။

၉ လေးလုံး တစ္ဆေကြောင့် စစ်အုပ်စုသည် အိပ်မက်ဆိုးများ မက်၍နေသည်လေလား မသိ။ စစ်ကားကြီးများကို ရန်ကုန်မြို့၏ လမ်းများအနှံ့ ကင်းလှည့်နေစေ၏။


ယနေ့ မြန်မာ့ရေးရာ သတင်းများ July,30th,2010

( 46 )Burma parties wary of US sanctions

( 45 )မြောက်ကိုရီးယားဝန်ကြီး ဦးသိန်းစိန်နှင့် ဆွေးနွေး

( 44 )Gas deal signed in Burma

( 43 )မန္တလေး ကုန်သည်များ စီမံကိန်း နေရာသစ်သို့ မရွှေ့လို

( 42 )China seals biggest Burma mining deal

( 41 )ရွေးကောက်ပွဲအတွက် ကရင်နီပြည်ကိုယ်စားပြု နိုင်ငံရေးပါတီ ထောင်

( 40 )Election campaign banned in ceasefire areas

( 39 )အစိုးရသစ်နှင့် အပေးအယူ လုပ်ရန် ကလလတအတွင်း လူငယ်များ ဆန္ဒရှိ

( 38 )Junta issues new directive: ‘Substitute cultivated Jatropha plants with tea’

( 37 )နိုင်ငံရေးပါတီ ထူထောင်ရန်မှ ကလလတ နောက်ဆုတ်

( 36 )US 'carefully watching' Myanmar-NKorea talks

( 35 )မြန်မာ့ မူဆလင် ဒုက္ခသည် စခန်း ၂ ခုတွင် ၁၉ နှစ် အတွင်း ကလေးပေါင်း ၅၁၀၀၀ ဖွေးဖွား

( 34 )Shan party’s campaign blocked by EC

( 33 )N Korean diplomats seize books on Kim

( 32 )ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ရေး ရက် မသတ်မှတ်နိုင်သေး

( 31 )China's largest stainless steel maker invests in Myanmar nickel mine

( 30 )မိုးကြိုးပစ်၍ တဦး သေ၊ တဦး ဆေးရုံတင်

( 29 )US Wants Burma-North Korea 'Transparency'

( 28 )ပြည်သူ့စစ်ဖွဲ့စည်းရေးလက်မခံသည့် ပေါက်ပင်ကွင်းကျေးရွာသား(၄ဝဝ) ထိုင်းနိုင်ငံဘက်တိမ်းရှောင်လာ

( 27 )N.Korean diplomats seize books on Kim in Myanmar

( 26 )Girl-band tests Myanmar limits

( 25 )ငါးသိန်းတန် လက်ကိုင်ဖုန်းများ အလုံးရေ သိန်းနှင့်ချီ ရောင်းပေး

( 24 )More reliance on Burma

( 23 )ဖမ်းဆီးခံ မြန်မာ အလုပ်သမားများ နယ်စပ်ပိတ်၍ ပြန်လွတ်

( 22 )India greets Myanmar junta leader

( 21 )အရုဏ်ဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်သရုပ်ဆောင်များ အမေရိကန်ဗီဇာ မပေးရေး တောင်းဆို

( 20 )Thailand, Burma to sign another energy pact

( 19 )ကြံ့ဖွံ့ စည်းရုံးရေး မြို့ပေါ်တက်တော့မည်

( 18 )The Thinker: Neighbors Like These

( 17 )မြန်မာလုပ်သား ၇ဝ ကျော် ယာယီ ဖမ်းဆီးခံရ

( 16 )Behind Closed Borders

( 15 )နိုဝင်ဘာတွင် လွတ်မည်ဟု ဒေါ်စုမျှော်လင့်

( 14 )Special zone for Mae Sot pushed to boost Burma trade

( 13 )ကလေးမြို့ရေကြီး ကလေးငယ်တဦး ပျောက်ဆုံး

( 12 )More reliance on Burma

( 11 )ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ပညာပေး အဖွဲ့ ဖွဲ့စည်းခွင့် မရ

( 10 )US hypocrisy pulls the sheet on Burma

( 9 )Theatre companies in Toronto let young newcomers to Cda tell their stories

( 8 )ကလေးစစ်သား မောင်စိန်တူး ကို ပြန်ရရန် မိဘများက ILO ကို တိုင်ကြားမည်

( 7 )India's Burma Policy Is Not Pragmatism, It's Realism

( 6 )ရခိုင်သုတေသီ ဘုန်ကြီးတပါး ဖမ်းဆီး ချုပ်နှောင်ခံရ

( 5 )Will Southeast Asia's Hydro Rush Drown the Giant Catfish?

( 4 )မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ

( 3 )Thailand hungry for more Burmese gas

( 2 )မြန်မာစစ်အစိုးရ အကြီးအကဲ ခရီးစဉ် နောက်ဆုံးနေ့ တာတာ ကားစက်ရုံ သွားရောက်ကြည့်ရှု

( 1 )NKorea Objects to Burmese Biography of Kim Jong Il

Thursday, July 29, 2010

နစက တပ်ကြပ်ကြီး တဦး နယ်စပ်တွင် ပစ်သတ်ခံရ

မင်းဆက်ခိုင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နစက တပ်ကြပ်ကြီး တဦးကို အမည်မသိသူ တဦးက သေနတ်ဖြင့် ပစ်ခတ် သွားသဖြင့် ဇူလိုင်လ ၂၇ ရက်နေ့က ပွဲချင်းပီး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ တပ်ကြပ်ကြီး စိုးနိုင်ဖြစ်ပြီး မောင်တောမြို့နယ် မကျည်းချောင်း ကျေးရွာအနီးရှိ ကင်းစခန်း တခုမှ ဖြစ်သည်။

တပ်ကြပ်ကြီး စိုးနိုင်နှင့် အတူ တခြား နစက တပ်သားတဦးတို့ မကျည်းချောင်း ကျေးရွာတွင် အရက်သောက်နေကြစဉ် အမည်မသိသူ တဦးက လာရောက် ပစ်ခတ်သွားခဲ့ ခြင်းဖြစ်သည်ဟု ကျေးရွာသား တဦးက ပြောသည်။

“ညနေ ၆နာရီလောက် ရှိမယ်ထင်ပါတယ်။ တပ်ကြပ်ကြီး စိုးနိုင်နဲ့ တခြား တပ်သား တဦးဖြစ်တဲ့ ဝင်းမြင့်တို့ အရက်သောက်နေတဲ့ အချိန်မှာ အမည် မသိသူ တယောက်က သေနတ်နဲ့ ပစ်ခတ်ပြီးတော့ ထွက်ပြေးသွား ပါတယ်။ တပ်ကြပ်ကြီး စိုးနိုင်က အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံး သွားခဲ့ပါတယ်။”

တပ်ကြပ်ကြီး စိုးနိုင်မှာ မောင်တောမြို့နယ် မကျည်းချောင်းကျေးရွာအနီရှိ နစက စခန်းတခုတွင် တာဝန်ကျနေစဉ် ယခုကဲ့သို့ ပစ်သတ်ခံရခြင်း ဖြစ်သည်။

“ဘယ်သူဘယ်ဝါ သတ်တယ်ဆိုတာကိုတော့ အတိကျ မသိရသေးဘူး။ သူ့ကို မကျေနပ်တဲ့ သူတွေထဲက တယောက်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီ တပ်ကြပ်ကြီး စိုးနိုင်က ရွာသားတွေ အပေါ်မှာ ဗိုလ်ကျ ညှင်းပန်း နှိပ်စက် တာတွေ ရှိနေတဲ့ အတွက် ဖြစ်ပါတယ်” သူက ဆက်ပြောသည်။

သို့သော်လည်း အရပ်သားများ အနေဖြင့် နစက တပ်ဖွဲ့ဝင် တဦးကို လုပ်ကြံသတ်ဖြတ်ရန်မှာ မဖြစ်နိုင်ကြောင်းနှင့် နစက အချင်းချင်းထဲက ဖြစ်နိုင်ကြောင်း အများက ဝေဖန်ပြောဆိုလျှက် ရှိကြောင်း သိရသည်။

ယခုအခါတွင် ကျေးရွာသားများကို နစက အာဏာပိုင်များက ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေပြီး အဆိုပါ တရားခံအား အပူတပြင်း လိုက်ရှာနေကြကြောင်း သိရသည်။

အခင်း ဖြစ်ပွားရာ မကျည်းချောင်းကျေးရွာသည် မောင်တောမြို့ တောင်ပိုင်းတွင် ရှိပြီး ယခင်က ရခိုင်လူမျိုးများ နေထိုင်သော ကျေးရွာဖြစ်သော်လည်း ယခုအခါ မူဆလင်အများစု နေထိုင်လျှက် ရှိကြောင်း သိရသည်။

နအဖအား ဆန့်ကျင်သည့် ဒီကေဘီအေတပ်ဖွဲ့ကို ကေအန်ယူ ကြိုဆို

ရဲရင့် / ၂၉ ဇူလိုင် ၂၀၁၀


နအဖကို ဆန့်ကျင်သည့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) မှ တပ်ရင်း တပ်ဖွဲ့ များအား မိမိတို့ နယ်မြေ အတွင်း အခြေချ ခွင့်ပြု မည်ဟု ကရင် အမျိုးသား အစည်း အရုံး (ကေအန်ယူ) က ပြောကြားသည်။

ကရင်ပြည်နယ် ကော့ကရိတ်တွင် အခြေစိုက်ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်း လက်မခံသည့် ဒီကေဘီအေ တပ်မဟာ (၅) ကို နအဖ တပ်ရင်း၊ တပ်ဖွဲ့များက စစ်ရေးအရ ပြင်ဆင်မှုများ လုပ်နေသည့်အတွက် ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ဒီကေဘီအေအပေါ်မှာ ထားရှိတဲ့ ကေအန်ယူရဲ့မူအရ သူတို့ကို အခြေချခွင့်ပြုတာဖြစ်ပါတယ်။ သူတို့ကို ရန်သူဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင်လည်း ကေအန်ယူက သူတို့ဘက်ကနေ ကူပြီး တိုက်ခိုက်ပေးသွားမှာဖြစ်တယ်။ ဒါက အမျိုးသားညီညွတ်မှုတရပ် ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

သို့သော် ခွဲထွက် ဒီကေဘီအေတပ်ဖွဲ့များအနေဖြင့် နအဖကို ဆန့်ကျင်ခြင်းမပြုဘဲ ကေအန်ယူ နယ်မြေအတွင်း ၀င်ရောက်အခြေချခွင့် ပြုမည်မဟုတ်ကြောင်း၊ ဘက်ပြောင်း၍ ပြန်လည်ပူးပေါင်းမည်ဆိုပါက ကြိုဆိုမည်ဖြစ်ကြောင်း ကေအန်ယူက ပြောကြားသည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို ဆန့်ကျင်သည့် ဒီကေဘီအေ တပ်မဟာ (၅) ကို နအဖစစ်တပ်များနှင့် နအဖသစ္စာခံ ဒီကေဘီအေတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်လာလျှင် ခွဲထွက်အဖွဲ့ဘက်မှ ကူညီတိုက်ခိုက်ပေးရန် ပြင်ဆင်ထားသည်ဟု ၎င်းဒေသအနီး အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) ၏ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဘူးဖောက ပြောသည်။

၎င်းက “ဒီကေဘီအေတပ်မဟာ (၅) က ကျနော်တို့နဲ့ မပူးပေါင်းလည်း ပြဿနာမဟုတ်ဘူး။ သူတို့ နအဖကို ဆန့်ကျင်တာကို ကြိုဆိုတယ်။ သူတို့ဘက်က ရပ်တည်ဖို့ ကျနော်တို့ တပ်တွေအသင့်ပဲ” ဟု ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မှူးတဦးကမူ “နယ်ခြားစောင့်တပ်ကို ငြင်းဆန်တဲ့အတွက် ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး နအဖက ကျနော်တို့ကို စစ်ရေးအရ ဖြေရှင်းဖို့ သူတို့တပ်ရင်းတွေ တိုးပြီးချထားတယ်။ ကျနော်တို့ကလည်း တပ်မဟာမှူးရဲ့ အမိန့်အတိုင်းပဲ စစ်ရေးအရ လက်ဦးမှုရအောင် ကြိုတင်ပြင်ဆင်ထားတယ်။ ကေအန်ယူနဲ့ပြန်ပေါင်းဖို့တော့ လုံးဝမရှိဘူး၊ ဒီကေဘီအေရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို လုံးဝအပျက်မခံနိုင်ဘူး” ဟု ပြောသည်။

ယခုလ (၂၂) ရက်၌ ဒီကေဘီအေဌာနချုပ် မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးရန် နအဖဘက်က ဆင့်ခေါ်ရာတွင် ဗိုလ်မှူးကြီး စောလားပွယ်က မသွားဘဲ ငြင်းဆန်ခဲ့ရာမှ စတင်ကာ ယခုကဲ့သို့ စစ်ရေးအခြေအနေများ တင်းမာလာခြင်း ဖြစ်သည်ဟု ယင်းတပ်မှူးက ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် နအဖ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၈) မှ ဗိုလ်မှူးချုပ်သန်းစိုးက ဗိုလ်မှူးကြီး စောလားပွယ်အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ပါက အင်အားသုံး၍ အပြီးအပြတ် တိုက်ခိုက်ချေမှုန်းခြင်း ခံရမည်ဟု ယခုလဆန်းပိုင်း၌ ပြောဆိုခဲ့ပြီး တပ်အင်အားကို တိုးမြှင့်ချထားခြင်းဖြစ်သည်ဟု သိရသည်။

ဒီကေဘီအေ တပ်မှူးများအနက် နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်ခံချင်သူများ ရှိသကဲ့သို့ လက်မခံနိုင်သူများလည်း ရှိကြောင်း၊ လုံးဝလက်မခံနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရဲသူမှာ ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ် တဦးသာရှိကြောင်း အဆိုပါအဖွဲ့ မှ တပ်မှူးတဦးက ပြောသည်။

၁၉၉၄ ခု နှစ်ကုန်ပိုင်းတွင် ကေအန်ယူမှ ခွဲထွက်ကာ ဒီကေဘီအေအဖွဲ့ကို သီးခြားဖွဲ့စည်းခဲ့ပြီး လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အရပ်တွင် ဌာနချုပ်ကို အခြေစိုက်ကာ တပ်ဖွဲ့ဝင်အင်အား (၄) ထောင်ခန့်ရှိသည်။

ဒီကေဘီအေ ဥက္ကဋ္ဌမှာ စောသာထူးကျော်ဖြစ်ပြီး အဖွဲ့၏နာယက ဆရာတော်မှာ ဦးသုဇနဖြစ်ကာ ကေအန်ယူမှ ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် အရာခံဗိုလ် စောကျော်သန်းမှာ ဒီကေဘီအေ၏ စစ်ဦးစီးချုပ်ဖြစ်သည်။

နအဖ ရွေးကောက်ပွဲကို သတိထားရန် စာရေးဆရာ သန်းဝင်းလှိုင် ပြောကြား

ရဲရင့် / ၂၉ ဇူလိုင် ၂၀၁၀

မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ဆိတ်ခေါင်းကိုချိတ်၍ ခွေးသားရောင်းမည့် အစီအစဉ်ဖြစ်သောကြောင့် အထူးသတိပြုသင့်သည်ဟု နာမည်ရ မြန်မာစာရေးဆရာတဦးဖြစ်သည့် သန်းဝင်းလှိုင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

ယခု လဆန်း ပိုင်းက ထိုင်း -မြန်မာ နယ်စပ် လွတ်မြောက် နယ်မြေသို့ ရောက်ရှိလာသည့် ဆရာ သန်းဝင်းလှိုင်က “ဒီရွေးကောက် ပွဲက ဆိတ်ခေါင်း ချိတ်ပြီး ခွေးသား ရောင်းမယ့် ဒီမို ကရေစီပဲ။ အဲဒါကြောင့် ခွေးသား မစားပါနဲ့ ကျနော် ပြောတယ်။ အဲဒါကို စားချင် သပဆို ရင်လည်း စားကြပေါ့။ သူတို့ ချထားတဲ့ ဥပဒေ စည်းကမ်း တွေဆို တာကလည်း အပ်နဖါး ပေါက်ထဲကို ကုလား အုတ်ဝင် ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့ မရဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လုံးချင်းစာအုပ် (၃၀) ထုတ်ဝေခဲ့ပြီး နောက်ထပ်ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း အပါအ၀င် စာအုပ် (၁၅) အုပ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် မပြုတော့သည့်အပြင် စာရေးသူကိုပါ ပြန်လည်ဖမ်းဆီးမည့် အနေအထားများ ရှိသောကြောင့် လွတ်မြောက်နယ်မြေသို့ ထွက်လာခြင်းဖြစ်သည်ဟု ဆရာသန်းဝင်းလှိုင်က ပြောသည်။

၎င်းက “ထွက်လာတဲ့ ရည်ရွယ်ချက်ကတော့ ကျနော့်စာအုပ်တွေ အပိတ်ခံရတယ်။ စာပေနဲ့ ရပ်တည်လို့ မရဘူး။ အဲဒါကြောင့် လွတ်မြောက်နယ်မြေမှာ ကျနော်လွတ်လွတ်လပ်လပ် ရေးချင်တယ်။ ပြည်သူလူထုရဲ့ မှန်ကန်တဲ့ လိုအပ်ချက်ကို တနည်းအားဖြင့် ဖြည့်စွမ်းချင်တယ်။ နောက်ပြီး ဒီမိုကရေစီတိုက်ပွဲမှာ တထောင့်တနေရာကနေ စာပေနဲ့ အကျိုးပြုလုပ်ချင်တယ်။ ဟိုမှာတော့ လုပ်လို့ မရဘူး။ ထပ်လည်းအဖမ်းမခံချင်ဘူး။ လုပ်ရင်းနဲ့ ကျသွားတာကတမျိုး၊ ဒါကြီးကို ကျမယ်မှန်းသိလျက်နဲ့ တိုးလိုက်ရင် ကိုယ်ပဲ နစ်နာမယ်။ အချိန်တွေ အကျိုးမဲ့ ထောင်ထဲမှာ ကုန်ဆုံးသွားမယ်။ အပြင်မှာ တတ်နိုင်သလောက်လုပ်ရင် တိုင်းပြည်အတွက် ပိုအကျိုးရှိမယ်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာပါ” ဟု ပြောသည်။

စာရေးဆရာ သန်းဝင်းလှိုင်သည် ပြည်တွင်းတွင် ထုတ်ဝေခွင့်မရသည့် ဗိုလ်ချုပ်အကြောင်း စာအုပ် (၅) အုပ်အပါအ၀င် စာအုပ်ရေ (၁၅) အုပ်ကို လွတ်မြောက်နယ်မြေတွင် ပြည်သူအတွက် ပြန်လည်ထုတ်ဝေဖြန့်ချိသွားမည်ဟု ပြောသည်။

ဆရာရေးဆရာ သန်းဝင်းလှိုင်သည် ၁၉၉၇ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀မဂ္ဂဇင်းတွင် အနာဂတ်လွန်းပျံယာဉ်ဆောင်းပါး စတင်ရေးသားကာ စာပေနယ်ထဲသို့ ၀င်ရောက်ပြီး သုတ၊ ရသ၊ အားကစား ဆောင်းပါးပေါင်း (၅၀၀) ကျော်ကို မဂ္ဂဇင်းများတွင် ရေးသားခဲ့ပြီး လုံးချင်းစာအုပ် (၃၀) ကိုလည်း ထုတ်ဝေခဲ့ပြီးဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်သည့် ဆရာသန်းဝင်းလှိုင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ၌ ထောင်အချုပ် (၁) လခွဲကျခံခဲ့ရပြီး ၂၀၀၀ ခုနှစ်တွင် “ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများစာအုပ်” ကို စာအုပ်ထုတ်ဝေသူက ခွင့်ပြုချက်မရရှိဘဲ ထုတ်ဝေခဲ့သဖြင့် ထောင်ဒဏ် (၇) နှစ် ထပ်မံကျခံခဲ့ရသည်။

ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုထွေး Thursday, July 29, 2010

ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ထုတ်ပြန် ကြေညာခြင်း မရှိသေး သောကြောင့် ပါတီများ စည်းရုံး လှုပ်ရှားရမည့် အချိန် နည်းပါးသဖြင့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုသည်။

ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ယမန်နေ့ နေ့လယ် ၁ နာရီ မှ ၃ နာရီ အထိ ၂ နာရီကြာ သွားရောက် တွေ့ဆုံရာတွင် ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပြသည်။

ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အခုထိ ကြေညာတာ မရှိသေးဘူး။ ဒီလို အခြေအနေမှာ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေ အနေနဲ့က စည်းရုံး လှုပ်ရှားမယ့် အချိန်က အရမ်းနည်းတယ်။ တရားမျှတမှု ရှိမယ် ဆိုတာ ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲဝင်တဲ့ ပါတီအဖွဲ့ အစည်းတွေရဲ့ အသံကလည်း သိပ်ပြီးတော့ ကျယ်ကျယ်လောင်လောင် မကြားရဘူး လို့လည်း ပြောပါတယ်”ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံ လျှောက်လဲချက်နှင့် နေအိမ်ပြင်ဆင်မှုများကို ထပ်မံဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ဦးဉာဏ်ဝင်း က ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကျင်းပမည့် ရွေးကောက်ပွဲ သည် တရားမျှတမှုရှိမည် မဟုတ်သည့်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

NLD သည် ပြီးခဲ့သည့် နှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာအသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုရန် စသည့် အချက်များကို စစ်အစိုးရက လိုက်လျောလျင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည်ဟူသော မူပေါ်တွင် ရပ်တည်ထားသည်။

နိုင်ငံတကာရှိ လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည် မဟုတ်ကြောင်း ဝေဖန်ပြောဆိုလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲ ခံခဲ့ရသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကျနေချိန်တွင် ဥပဒေ ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းက ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် စုစုပေါင်းနေရချိန် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။

ကြားဖြတ်အစိုးရ ဖွဲ့မည့် သတင်းများ ထွက်ပေါ်

ရန်ပိုင် Thursday, July 29, 2010

ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် လက်ရှိ တာဝန် ထမ်းဆောင်ဆဲ ၀န်ကြီး အဖွဲ့ဝင်များ ရာထူးမှ နုတ်ထွက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဦးဆောင်သည့် ကြားဖြတ်အစိုးရ တရပ်ဖွဲ့စည်းမည် ဆိုသည့် ကောလာဟလ သတင်းများ စစ်တပ် အသိုင်းအ၀န်း ကြားတွင် ထွက်ပေါ် နေသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်“ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ”၀င်များသည် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ဖြစ်နေသည့် အတွက် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်ဟု ပြည်တွင်းပြည်ပ ဝေဖန်မှုများကြောင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီး များ ရာထူးမှနုတ်ထွက်ပြီး ပါတီစည်းရုံးရေး လုပ်ငန်းများကို တရားဝင်လုပ်ဆောင်တော့မည်ဟု ပြောဆိုနေကြကြောင်း နေပြည်တော် စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကရော နိုင်ငံတကာကပါ ဝေဖန်နေတယ် ဆိုတော့ ပိုပြီးတော့ တရားမျှတအောင် သန့်ရှင်းပါတယ် ဆိုပြီး လုပ်ပြမယ့် အနေအထားလို့ ထင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ အခြေအနေတွင်လည်း အဆိုပါ ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေး လုပ်ငန်းများသည် လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ထို့ကြောင့် စည်းရုံးရေး ကဏ္ဍကို လုပ်ကိုင်ရန်လည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ယင်းထွက်ပေါ်နေသည့် သတင်းများအရ ကြားဖြတ်အစိုးရတွင် စစ်ဘက်၊ အရပ်ဘက် အထူး လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ၀န်ကြီးချုပ် အဖြစ်လည်းကောင်း၊ စစ်တိုင်းမှူးများက ၀န်ကြီးရာထူးများကို တာဝန်ယူမည်ဟူ၍ လည်း ကောင်း သိရသည်။

ရန်ကုန်မြို့ခံတဦးကလည်း ယင်းသတင်းများ ထွက်ပေါ်နေခြင်းမှာ ဟုတ်မှန်ကြောင်း၊ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ကြံဖွံ ပါတီဝင် ၀န်ကြီးများ၏ လက်ရှိအနေအထားမှာ စစ်ဘက်ဆိုင်ရာ ရာထူးများမှ နုတ်ထွက်သော်လည်း အရပ် ဘက်ဆိုင်ရာ ရာထူးများတွင် တာဝန်ယူထားသောကြောင့် ရွေးကောက်ပွဲအတွက် ပြောင်ပြောင်တင်းတင်း စည်းရုံးရေးဆင်းလျှင် အဝေဖန်ခံရနိုင်သည့် အတွက်ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

မကြာသေးမီကလည်း ဦးသိန်းစိန်အနေဖြင့် ပါတီခေါင်းဆောင်တာဝန်များကို ယူထားသည့် အပြင် ၀န်ကြီးချုပ်ဟူသည့် အစိုးရ တာဝန်များကို ယူထားခြင်းမှာ မသင့်လျော်ကြောင်း တိုင်းရင်းသားစည်လုံးညီညွတ်ရေး ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးချစ်လှိုင်က VOA သတင်းဋ္ဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် တရားဝင်ထုတ်ဖော် ဝေဖန်ခဲ့သည်။

ဦးချစ်လှိုင်သည် ယခင် မြန်မာရေတပ်မတော်မှ ဗိုလ်မှူးချုပ်တဦးဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရတွင် နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဦးသိန်းစိန်နှင့် ၀န်ကြီးအဖွဲ့ လက်ရှိရာထူးများမှ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ဥပဒေအရ အစိုးရပိုင်ငွေကြေး၊ နိုင်ငံတော်ပိုင် ပစ္စည်း ဥစ္စာများကို သုံးစွဲခြင်းမှ ကင်းလွတ်စွာဖြင့် ရပ်တည်ပြီး ပါတီအားလုံး လိုက်နာနေရသည့် ရွေးကောက်ပွဲ ဥပဒေဘောင် အတွင်းမှသာ လှုပ်ရှားမည် ဆိုလျှင်ကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေ ကလည်း ပြောဆိုသည်။

မကြာသေးမီကလည်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ သည် လာမည့် ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ပထမ၊ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ဒုတိယ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် တတိယ ဆိုသည့် ကြွေးကြော်သံဖြင့် စည်းရုံးရေး လုပ်ငန်းများနှင့် အနိုင်ရရှိရေး အစီအစဉ်များကို ချမှတ်ထားကြောင်း သိရသည်။