Sunday, May 31, 2009

FREE Daw Aung San Suu Kyi ( singapore )

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် Speakers’ Corner တွင် စုဝေးကြသည့် ဓါတ်ပုံများ( စင်ကာပူ )













US demands Suu Kyi release

ဒေါ်အောင်ဆန်းစုကြည် နေမကောင်း သတင်းကြောင့် အများပြည်သူ စိုးရိမ်မူတိုးပွား

ဒေါ်အောင် ဆန်း စုကြည် နေမကောင်း သည့် သတင်း ထွက်ပေါ်လာ သဖြင့် အများ ပြည်သူများ အကြား စိုးရိမ် မူများ တိုးပွား နေသည် ဟု သိရ သည်။

စစ်တွေ ပလုတ်တောင် ရပ်ကွက်မှ ဈေးဆိုင် ပိုင်ရှင် အမျိုးသမီး တဦးက “ လူတိုင်း လိုလိုက ခုရေဒီယို နားထောင် နေကြ တယ်လေ။ ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန်ထောင် ကိုဖမ်းသွား တယ်။ နေမကောင်း ဖြစ်နေ တယ်လို့လည်း ကြားရတယ်။ လူတွေ အားလုံး က စိတ်မကောင်း ကြပါဘူး။ သူနေကောင်းဖို့ အမေတို့ တောင် ဆုတောင်း နေကြပါတယ်။” ဟု ပြောသည်။

ဒေါ်စု နေမကောင်း ဖြစ်နေသည့် သတင်းကို အစိုးရ ရေဒီယိုများ အပြင် သတင်းစာ များတွင်လည်း ဖေါ်ပြ ထားခြင်း မရှိ သဖြင့် ဒေါ် အောင် ဆန်းစုကြည် နှင့် ပတ်သက်သော တိကျသော သတင်း များကို သိလို၍ ပြည်ပ ရေဒီယိုများ ကိုသာ လူအများ က နားထောင် နေကြရ သည်ဟု မောင်တော ခရီးသည် အမျိုးသမီး တဦး ကလည်း ယခုကဲ့သို့ ပြောသည်။

“ကျွန်မတို့ မောင်တောမှာ ခုအခါ ရွှေဈေးငွေဈေး ဆန်ဈေးတွေ အကြောင်း သိပ်မပြောကြဘူး။ မနက်လင်း လာရင် ရေဒီယို နားထောင်တယ်။ ညနေကျရင် ရေဒီယို နားထောင်တယ်။ အရက်ဝိုင်းတွေမှာတောင် ရေဒီယို နားထောင်ကြပါတယ်။ ပီးရင် လဘက်ရည်ဆိုင်တွေမှာ ဈေးဆိုင်တွေမှာ ဘီဘီစီက ဘာပြောတယ် ဗွီအိုအေက ဘာပြောတယ်ဆိုပြီး ရေဒီယို သတင်းတွေကိုဘဲ ပြောနေကြပါတယ်။ သတင်းတွေလည်း အမျိုးမျိုးထွက်နေပြီး ဒေါ်စုကို ဆေးကုဖို့ နိုင်ငံခြားကို ယူရမယ်ဆိုပီးလည်း ပြောနေကြပါတယ်။ သူမကို အားလုံးက မေတ္တာ ရှိနေကြတော့ ကျန်းမာဖို့ အတွက် လူတိုင်းက လိုလားနေပါတယ်” ။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ချထားစဉ် ကန့်သတ်ထားသော ဥပဒေများကို ချိုးဖေါက်သည်ဟု စွပ်စွဲကာ စစ်အစိုးရမှ အင်းစိန်ထောင်တွင် တရားစွဲပြီးခုံရုံးတင် စစ်ဆေးနေသည်။

ထိုသို့ စစ်ဆေးနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်မှာ ညဘက်ပိုင်းတွင် ကြွက်တက်သည့် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသည်။ သို့သော်လည်း အဆိုပါ ဝေဒနာအတွက် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မူ မရဟု အန်အယ်လ်ဒီ သတင်းများက ဖေါ်ပြသည်။

အမည်မဖေါ်လိုသူ စစ်တွေ ဆင်ကူလမ်းမှ အမျိုးသမီး တဦးကလည်း “ စားဝတ်နေရေးကတော့ အထူး ကျပ်တည်း ပါတယ်။ လူတိုင်းလိုလို ဒုက္ခရောက်နေကြရ ပါတယ်။ သူတို့က ဘယ်လိုဘဲ ကောင်းတယ် ပြောပြော ခုလို ဒုက္ခ ရောက်ကြရတော့ ယူနီဖေါင်းဝတ် ဘိုးတော်တွေကို ဘယ်သူမှ မလိုတော့ပါဘူး။ ဒါကြောင်း ဒေါ်စုလွှတ်လာပြီး တိုင်းပြည် အပြောင်းအလဲ ဖြစ်တာကို လူတိုင်း မြင်ချင်နေကြတယ်။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေက ဒေါ်စုကို သေတောင် အာဏာ မအပ်ဘူးလို့ ပြောဆိုနေတော့ လူတွေက တဘက်မှာလည်း စိတ်ဓါတ်ကျနေကြပါတယ်။ ဆက်ထောင်ချမယ်ဆိုပြီးလည်း ပြောနေကြပါတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အား နိုင်ငံခြားသား တဦးမှ ရေကူးဝင်ရောက်ခဲ့သည့် သတင်းနှင့် ဒေါ်အောင်ဆန်း စုကြည်ကို ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် တရားစစ်ဆေးနေသော သတင်းမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် လူအများ အထူး စိတ်ဝင်စားနေသော သတင်းဖြစ်ပြီး ရေဒီယိုကို လက်ကမချဘဲ သတင်းဌာန တခုပြီးလျှင် တခုနားထောင်နေကြသည်ဟု သိရသည်။

ဖလောင်းချိတ်မြို့မှ ပန်းထိမ်ဆရာ မောင်ယိုင်ကလည်း “ ဗမာပြည်မှာထား ဒီမှာတောင် ကုလား ရခိုင် ပန်းသီးက အစ ဒေါ်အောင်ဆန်းစုကြည် သတင်းကို သိနေကြပြီး လူတိုင်း စိတ်ဝင်တစား ရှိနေကြပါ တယ်။ ဗမာ စကားကို နားမလည်ပေမယ့် ရခိုင်တချို့လည်း ရေဒီယိုတွေကို နားထောင်နေ ကြပါတယ်” ဟု ပြောသည်။

ဒေါ်စု ဖမ်းဆီးခံရသည့်အတွက် မြန်မာပြည်သူ အများစု စိတ်မကောင်း ဖြစ်နေကြသည့် အချိန်တွင် နောက်ထပ် ကျန်းမာရေး မကောင်းသည့် သတင်းထွက်ပေါ်လာသဖြင့် သူမ ကျန်းမာရေးနှင့် ပတ်သက်ပြီး လူထု အကြား အထူး စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။


ကြပ်ပြေးသန်းရွှေရဲ့ ကြက်ဆူရောဂါ


သဘာဝ ဓာတ်ငွေ့ ရောင်းလို့ ရတဲ့ ငွေကို ကြပ်ပြေး နေပြည် တော် အတွက် သုံးပြီး တိုင်းသူပြည်သား ကိုတော့ ကြက်ဆူ ပင်ကရတဲ့ လောင်စာ ဆီသုံး စေဖို့ စီမံ သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ် တယ်။ မြန်မာ ပြည်မှာ ဇီဝ လောင်စာ သုံးဖို့ ပထမဆုံး စီစဉ်သူပဲ။ ၂၀၀၅ နိုဝင်ဘာလ အစော ပိုင်းက ကြပ်ပြေးကို အစိုး ရရုံးပြောင်း ရွှေ့ ပြီး ဒီဇင်ဘာ လမှာ ကြက်ဆူပင် စိုက်ဖို့ အမိန့် ထုတ်တာပဲ။ တပြည်လုံး ကြက်ဆူ ပင်တွေနဲ့ ပြည့်သွား အောင် သုံးနှစ်အတွင်း အကောင် အထည်ဖော်ဖို့ အမိန့်ပေး တာပဲ။

တိုင်းနဲ့ ပြည်နယ်အား လုံးမှာ မစိုက် မနေရ အတင်း အဓမ္မ ခွဲတမ်းချပြီး ကြက်ဆူပင် စိုက်ရတယ်။ တပြည်လုံး ကြက်ဆူပင် စိုက်နေ ပုံကို လည်း အစိုးရ သတင်းစာ တွေမှာ နေ့စဉ် ဖော်ပြတယ်။ ကြက်ဆူပင် မစိုက်ရင် အရေး ယူခံရမှာ ကြောက်လို့ ထွက်ပြေးတဲ့ ကြက်ဆူဒုက္ခ သည်တောင် ရှိလာတယ်။ အခုတော့ ကြက်ဆူ ရောဂါထ တာ သုံးနှစ်ကျော် သွားပြီမို့ အခြေအနေ သုံးသပ်ဖို့ လိုလာ ပါတယ်။


အိမ်နီးချင်းနိုင်ငံတွေမှာ ကြက်ဆူပင် စီမံကိန်းအောင်မြင်ပေမယ့် မြန်မာပြည်မှာတော့ အတတ်ပညာခေါင်းပါးပြီး အရင်းအနှီး မရှိတဲ့အတွက် မအောင်မြင်ကြောင်း နိုင်ငံခြားသတင်းဌာနတွေက ရေးကြပါတယ်။ ဒါပေမယ့် တိုင်းရင်းသားအဖွဲ့ (၇) ဖွဲ့ ပါဝင်တဲ့ “လူထုဖွံ့ဖြိုးရေးဆုံရပ်” ဆိုတဲ့အဖွဲ့ လွန်ခဲ့တဲ့နှစ်က ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ (၆၀) ရှိတဲ့ အစီရင်ခံစာဟာ စိတ်အချရဆုံးနဲ့ ယုတ္တိအရှိဆုံးဖြစ်တယ်။ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ ရှမ်း၊ မွန်နဲ့ ရခိုင် ပါဝင်တဲ့ လူထုဖွံ့ဖြိုးရေးအဖွဲ့ပါပဲ။

ဒေသခံ သုတေသီ (၁၅) ဦးက ပြည်နယ် (၇) နယ်က မြို့နယ် (၃၂) ခုမှာ ကွင်းဆင်းလေ့လာပြီး တွေ့ဆုံမေးမြန်းတဲ့ အပြင် နအဖ အစိုးရထုတ် စာရွက်စာတမ်းနဲ့ နိုင်ငံတကာ ကြက်ဆူစီမံကိန်းတွေကိုပါ ကိုးကားထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြက်ဆူရောဂါထလို့ တပြည်လုံး ကြက်ဆူပင်တွေ စိုက်နေရတဲ့အတွက် ဒုက္ခရောက်ရပုံကို အသေအချာ ဖော်ပြထားပါတယ်။ ရာသီဥတုနဲ့ မြေဆီလွှာကို မစစ်ဆေးဘဲ ပရမ်းပတာ စိုက်ပျိုးကြတာကြောင့် မြေဧကထောင်သောင်းချီနေတဲ့ စိုက်ခင်းကြီးတွေဟာ (၇၅) ရာခိုင်နှုန်း ပျက်စီးနေရပြီလို့ ဆိုပါတယ်။ ကြက်ဆူလောင်စာဆီ ထုတ်လုပ်တော့လည်း အတတ်ပညာအားနည်းပြီး စနစ်မကျလို့ အင်ဂျင်စက်တွေ ပျက်စီးရပါတယ်တဲ့။

ဒါပေမယ့် နအဖ အစိုးရအဖို့ ဒါတွေ အရေးမကြီးပါဘူး။ ဗိုလ်ချုပ်မှူးကြီးအမိန့်ကို နာခံဖို့ကသာ အရေးကြီးတယ် မဟုတ်ပါလား။ အာဏာပြတဲ့အနေနဲ့ မအပ်မရာလုပ်တာ ဗမာမင်းဓလေ့ပါ။ ဗိုလ်နေ၀င်းထက် ပိုပြီး အာဏာရှိကြောင်း ပြချင်တာဟာ ကြပ်ပြေးနေပြည်တော် တည်ရတဲ့ အကြောင်းတခု ဖြစ်နိုင်တယ်။ မြေလွတ်ရှိရင် ကြက်ဆူပင် စိုက်ရတာလည်း အာဏာစက်ထက်မြက်ကြောင်း ပြတာပါပဲ။

ဘ၀ရှင်မင်းတရားကြီး ကြပ်ပြေးသန်းရွှေကတော့ သူစိုက်ခိုင်းတဲ့ ကြက်ဆူပင် စီမံကိန်း အောင်မြင်ပြီလို့ ယုံကြည်မှာ သေချာတယ်။ သူ့အောက်က စစ်ဗိုလ်တွေ သူ့အကြိုက်ပြောတဲ့အတိုင်း သူက ယုံမှာပဲ။ မဆလခေတ်က စာရင်းလိမ်ကို ဗိုလ်နေ၀င်းက ယုံခဲ့တာပဲ။ အာဏာရှင် မော်စီတုန်းဟာ မအပ်မရာ လုပ်ရာမှာ နာမည်ကြီးတယ်။ ဒါကြောင့် အရှေ့အာရှမှာ ဒီမိုကရေစီကျင့်သုံးလို့ မရဘူးလို့ ပြောကြတာပဲ။

သူများနိုင်ငံမှာ ကျွမ်းကျင်သူကသာ သံမဏိထုတ်လုပ်နိုင်တယ်လို့ ယူဆပေမယ့် တရုတ်အာဏာရှင် မော်စီတုန်းဟာ လူထုအင်အားနဲ့ ထုတ်လုပ်နိုင်တယ်လို့ယုံကြည်ပြီး ဘယ်သူမှ မလုပ်ဖူးတာကို လုပ်တယ်။ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်း ကို လူထုအားနဲ့ လုပ်မယ်ဆိုပြီး ခုန်ပျံချီတက်ရေး မဟာစီမံကိန်း ၁၉၅၈ က ၁၉၆၂ အထိ ကျင့်သုံးဖို့ ဆုံးဖြတ်တယ်။ မိသားစု (၅,၀၀၀) လောက် ပါဝင်တဲ့ ကွန်မြွန်းဘုံအဖွဲ့တွေ ဖွဲ့ပြီး စီမံကိန်း အကောင်အထည် ဖော်ခိုင်းတာပဲ။ သံမဏိချက်စက်ရုံ ပေါင်း (၆) သိန်း လောက်ရှိတယ်။ ကွန်မြွန်းဘုံအဖွဲ့မှာ လူဦးရေ သန်း (၇၀၀) ပါဝင်တယ်။ လူထုအင်အားနဲ့ လုပ်ရင် အောင်မြင်ရမယ်ဆိုတဲ့ မော်စီတုန်းရဲ့ စိတ်ကူးယဉ်ချက်ကို အကောင်အထည်ဖော်ရတာပဲ။

ကွန်မြွန်းဘုံအဖွဲ့က ထုတ်လုပ်တဲ့ သံမဏိဟာ အရည်အသွေးညံ့ဖျင်းလွန်းလို့ ဆောက်လုပ်ရေးမှာ သုံးမရတာကို ချက်ချင်းသိတယ်။ ဘုံအဖွဲ့အနေနဲ့ မစွမ်းဆောင်နိုင်တာကို သိပေမယ့် အမှန်အတိုင်းပြောရင် သစ္စာဖောက်လို့ မဟားတရားစွပ်စွဲခံရမှာ သေချာတာကြောင့် ကိုယ်မတတ်တဲ့ကိစ္စကို လုပ်ကြတယ်။ မော်စီတုန်းရဲ့ သံမဏိရောဂါကို ကုသနေရတာကြောင့် စိုက်ပျိုးရေးလုပ်မယ့် လူအင်အား နည်းသွားတယ်။


ဒါပေမယ့် ပါတီကေဒါတွေကတော့ သီးနှံအထွက်တိုးတက် နေကြောင်း စာရင်းလိမ်ပြတယ်။ ခုန်ပျံချီတက်လို့ တနှစ်လောက် ကြာတော့ ရာသီဥတုမကောင်းလို့ သီးနှံအထွက် ဆက်တိုက်ကျဆင်း တယ်။ ၁၉၆၀ မှာ တရုတ်ပြည်သား (၉) သန်း ငတ်သေကြတယ်။ မသေရုံစားသောက်နိုင်အောင် အစိုးရက ခွဲတမ်းစနစ်နဲ့ ရိက္ခာ ဝေရတယ်။ ငတ်လို့သေသူစုစုပေါင်း သန်း (၂၀) လောက် ရှိမယ်လို့ ခန့်မှန်းကြတယ်။ ဒါဟာ အမိန့်နာခံတဲ့ စီမံကိန်းရဲ့ ဆိုးဝါးတဲ့ ရလဒ်ပဲ။

ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်မပါ၊ စနစ်တကျလေ့လာမှု မပြု၊ နည်းပညာအခြေခံ မခိုင်မာဘဲ အမိန့်အာဏာ တခုတည်းကို သုံးပြီး ပြည်သူပြည်သားကို အနိုင်ကျင့်ပြီး အတင်းအဓမ္မ စိုက်ခိုင်းတဲ့ ကြက်ဆူစီမံကိန်း မအောင်မြင်တာ အံ့သြစရာ မဟုတ်ပါဘူး။ ကြက်ဆူလောင်စာဟာ အကောင်းဆုံး ဖြစ်ကြောင်း အစိုးရစာနယ်ဇင်းက နေ့စဉ် ၀ါဒဖြန့်တာနဲ့ ကြက်ဆူပင်တွေ ပေါက်လာမှာ မဟုတ်ပါဘူး။ ဗမာပြည်က ကြက်ဆူစီမံကိန်းဟာ ဖြစ်ကတတ်ဆန်းလုပ်ထားတဲ့ အစီအစဉ်တခုသာ ဖြစ်ပါတယ်။

ကြက်ဆူပင်ကို သင့်လျော်တဲ့ မြေနေရာမှာ စိုက်ပျိုးတာ မဟုတ်ဘဲ အာဏာပိုင်တွေ မြင်နိုင်တဲ့ နေရာမှာ စိုက်ပျိုးတဲ့အတွက် စီမံကိန်းမအောင်မြင်တာလို့ ဆိုတယ်။ ကြက်ဆူပင်စိုက်ဖို့ သင့်လျော်တဲ့ နေရာတွေ မြန်မာပြည်မှာ ရှိပေမယ့် စီမံကိန်းအကောင်အထည်ဖော်တဲ့နေရာဟာ မသင့်လျော်ဘူးလို့ သိရတယ်။ ရာသီဥတုနဲ့ မဆီလျော်လို့ ကြက်ဆူပင်တွေ သေကုန်တာ ဖြစ်တယ်တဲ့။ တရုတ်ပြည်တောင်ပိုင်းက ကြက်ဆူစိုက်ပျိုးရေးကို လေ့လာတဲ့အခါ အသေအချာ လေ့လာရေးနဲ့ ကောင်းမွန်တဲ့ မျိုးစေ့တွေရဖို့ (၅) နှစ် စောင့်ကြည့်ပြီး သုတေသနလုပ်ဖို့ လိုတယ်လို့ ကမ္ဘာ့သစ်တောဌာနက မှတ်ချက်ချပါတယ်တဲ့။

မြန်မာ့ကြက်ဆူကိုတော့ ကြပ်ပြေးဗိုလ်ချုပ်တွေ မြင်နိုင်မယ့်နေရာမှာသာ စိုက်ပျိုးကြပါတယ်။ လမ်ဘေး၊ ရွာဝင်ရွာထွက်၊ ဘူတာရုံ၊ စာတိုက်၊ ကျောင်း၊ ဆေးရုံနဲ့ ရုံးတွေမှာ အမျိုးသားရေးတာဝန်ထမ်းဆောင်တဲ့အနေနဲ့ ကြက်ဆူပင်စိုက်ထား ကြရတယ်။ ကြက်ဆူသီးကို စားမိရင် အဆိပ်သင့်တတ်တာမို့ ကလေးတွေအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါပေမယ့် ခြံစည်းရိုးမှာ ကြက်ဆူပင်စိုက်ဖို့ နအဖ စိုက်ပျိုးရေးဌာနက ပညာပေးထားပြီး ခြံစည်းရိုးကြက်ဆူလို့ အမည်ပေးထားတယ်။ နာမည်ပေးတဲ့အတိုင်း ကြက်ဆူပင်တွေဟာ ခြံစည်းရိုးဘ၀မှပဲ နိဂုံးချုပ်ပြီး ပြည်သူကို အန္တရာယ် မပေးဘူးလို့ မျှော်လင့်ရပါတယ်။


ဒီပဲယင်း (၆) နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

ဉာဏ်မောင်

ဒီပဲယင်း အကြမ်းဖက် တိုက် ခိုက်ခံရ မှု (၆) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနား တရပ်ကို ထိုင်း - မြန်မာ နယ်စပ်၊ မဲဆောက်မြို့ တွင် ယနေ့ ကျင်းပ ပြု လုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့တွင် အန်အယ်လ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး နှင့် အထွေထွေ အတွင်း ရေးမှူး ဒေါ်အောင်ဆန်း စုကြည့်တို့ ဦးဆောင်သည့် လူထု စည်းရုံးရေး ခရီးစဉ် အတွင်း မုံရွာခရိုင်၊ ဒီပဲယင်း မြို့နယ်၊ ကျည်ရွာ အနီး အကြမ်းဖက် တိုက်ခိုက် ခံရ မှုတွင် ကျဆုံး သွားခဲ့ရသော အန်အယ်လ်ဒီ အဖွဲ့ဝင် များနှင့် ပြည်သူများ အတွက် အောက်မေ့ဖွယ် အခမ်း အနားကို ပြုလုပ် ကျင်းပ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကြမ်း ဖက်တိုက်ခိုက် ခံရမှုတွင် စစ်အစိုးရ ပါဝင် ပတ်သက် နေသည့် အတွက် ၆ နှစ်ကြာသည့် ယနေ့ အချိန်ထိ တရားခံ မ ပေါ်ဘဲ ဖုံးကွယ်ထား နိုင်ခဲ့တာ ဖြစ်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက အခမ်း အနား တွင် ပြောကြားသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည့်ရဲ့ လူထုစည်းရုံးရေးခရီးစဉ်တွေ အားကောင်းလာတဲ့အတွက် ပြည်သူနဲ့ တသားတည်းဖြစ်လာတာကို ခွဲဖို့ နအဖစစ်အစိုးရက ပြင်ဆင်မှုရှိရှိ ဆောင်ရွက်လာတဲ့ အချက်အလက်တွေ၊ ကျည်ရွာမှာ လူအင်အားအများကြီးနဲ့ ကားမီးတွေထိုးပြီး ညမှာ အော်ပရေးရှင်းတခုလို လုပ်ကိုင်နိုင်တဲ့ကိစ္စဟာ နအဖကိုယ်တိုင်ပါလို့ အထမြောက်တာဖြစ်တယ်၊ အခုချိန်ထိလည်း တရားခံမပေါ်ဘဲ ဖုံးအုပ်ထားနိုင်တာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါအခမ်းအနားကို ဦးဆောင်ကျင်းပရာတွင်ပါဝင်သည့် သံဃာတော် အရှင်ဣဿရိယက “ဦးဇင်းတို့နိုင်ငံမှာ မတရားမှူတွေ ကျူးလွန်ခဲ့တာကြာပြီ၊ အထင်ရှားဆုံးကတော့ ဒီပဲယင်းက မှတ်တိုင်တခုပါ၊ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ သတ်ဖို့လုပ်တယ်၊ အဲဒီမှာ အဖွဲ့ဝင်တော်တော်များများ သေဆုံးခဲ့တယ်၊ အဲဒီလို မတရားမှုတွေ ကျူးလွန်ခံခဲ့ရပေမယ့် ဒီနေ့အထိ အရေးမယူနိုင်သေးတာဟာ သံဃာတော်တွေရော ပြည်သူတွေရော ကမ္ဘာသူကမ္ဘာသားတွေအားလုံးမှာပါ တာဝန်ရှိတယ်” ဟု မိန့်ကြားသည်။

ဒီပဲယင်း (၆) နှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲကို အဖွဲ့ချုပ်ဌာနချုပ်နှင့် ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မန္တလေးမြို့များရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များကလည်း ဒီပဲယင်းတွင် ကျဆုံးသူများအတွက် ရည်စူးကာ ဆွမ်းကပ်လှူဒါန်း၍ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဂတ်စ် ၀ယ်ယူရန် အတွက် ဘင်္ဂလာကျွမ်းကျင် အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်မည်

မြန်မာ နိုင်ငံမှ ဂတ်စ်ကို တင်သွင်း နိုင်ရန် အ တွက် ပဏာမ လေ့လာရေး ဘင်္ဂလာ ကျွမ်းကျင် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို မြန်မာ နိုင်ငံသို့ စေလွှတ် မည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြား ရေး ၀န်ကြီးက ယမန်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားသည်။

သတင်းစာ ရှင်းလင်းပွဲကို မြန်မာ အပါအ၀င် နိုင်ငံခြား ခရီးစဉ် အများအပြားကို ပြုလုပ်ခဲ့ပြီး ပြန်လည်၍ မိခင်နိုင်ငံသို့ ရောက်ရှိလာစဉ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဒီပူ မိုနီးက နိုင်ငံခြားရေးဝန်ကြီးဌာန တွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သူမက “မြန်မာနဲ့ ဆွေးနွေး ရတာ တိုးတက်မူ ရှိပါတယ်။ ပြည်ထဲရေး ၀န်ကြီး မောင်ဦးက ဘင်္ဂလာဒေခ်ျ့မှာ ရှိနေတဲ့ မူဆလင် ဒုက္ခ သည် တွေကို ပြန်ယူ မယ်ဆိုပြီး ကတိပြု ၀န်ခံခဲ့ ပါတယ်။ ဒါ့အပြင် စွမ်းအင် ၀န်ကြီးနဲ့ ဆွေးနွေးတဲ့ အခါမှာလည်း ဘင်္ဂလာကို ဂတ်စ် တင်ပို့ ရောင်းချရေး ကို စိတ်ဝင် တစား ရှိပါတယ်။ အခု မိမိတို့နိုင်ငံက ကျွမ်းကျင်တဲ့ အဖွဲ့ တဖွဲ့ကို ဂတ်စ် ၀ယ်ယူရေးနဲ့ ပတ်သက်ပြီး များမကြာမှီ မြန်မာ နိုင်ငံကို စေလွှတ်ဖို့ ရှိပါတယ်”ဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နို်င်ငံခြားရေး ၀န်ကြီးသည် မြန်မာနိုင်ငံသို့ မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ သွားရောက် လည်ပတ်ခဲ့ပြီး မြန်မာ စစ်ခေါင်းဆောင်များ ဖြစ်ကြသော ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်၊ နိုင်ငံခြားရေး ၀န်ကြီး ဥာဏ်ဝင်း၊ ပြည်ထဲရေး ၀န်ကြီး မောင်ဦး၊ စွမ်းအင်ဝန်ကြီး လွန်းသီး အပါအ၀င် အဆင့်မြှင့် စစ်အရာရှိကြီးများနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ယခု ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ခရီးစဉ်မှာ မြန်မာနှင့် ဘင်္ဂလာအကြား လွန်ခဲ့သော နိုဝင်္ဘာလက ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံး သွားရောက်သော ဘင်္ဂလာဒေခ်ျ့မှ အဆင့်မြင့် အရာရှိကြီး တဦး၏ ခရီးစဉ် ဖြစ်သလို ရှစ်ခါဆီးနာ ဦးဆောင်သော အ၀ါမီလိဂ် အစိုးရ အာဏာရလာသည့် အချိန်မှ စပြီး ပထမဆုံး မြန်မာနိုင်ငံသို့ သွားရောက်သော ၀န်ကြီး တဦး၏ ခရီးစဉ်လည်း ဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် လွန်ခဲ့သော နိုဝင်္ဘာလက ရေပြင်ပိုင်နက် အငြင်းပွားမူတွင် နှစ်ဘက် စစ်သင်္ဘောများကို အငြင်းပွားရာနေရာသို့ စေလွှတ်ခဲ့ရသည်အထိ အခြေအနေ တင်းမာခဲ့သည်။ ထိုအချိန်မှ စတင်ပြီး ဆက်ဆံရေးမှာ အေးခဲ သွားခဲ့သည်။

၎င်းနောက်ပိုင်း နှစ်နိုင်ငံ အနေဖြင့် တဘက်နှင့် တဘက် စစ်ရေးအရ ပြင်ဆင်မူများ ရှိနေခဲ့ပြီး မြန်မာဘက်က နယ်စပ်လုံခြုံရေးကို အကြောင်းပြကာ ခြံစည်းရိုး ကာရံမူကို ဖေဖေါ်ဝါရီလတွင် စတင် ပြုလုပ်ခဲ့သည်။

ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့က မြန်မာအနေဖြင့် ခြံစည်းရိုး ကာရံမူကို နိုင်ငံတကာမှ သတ်မှတ်ထားသော စည်းမျဉ်းကို ချိုးဖေါက်ပြီး ကာရံသည်ဟု စွပ်စွဲပြီး ခြံစည်းရိုး ကာရံမူကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့သဖြင့် နယ်စပ်တွင် အခြေအနေတင်းမာမူများ ရှိခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးသည် မြန်မာ နအဖ စစ်ခေါင်းဆောင်များနှင့် နယ်စပ် မျဉ်းသတ်မှတ်ရေးကိစ္စ၊ မြန်မာ မူဆလင် ဒုက္ခသည်များ ပြန်ပို့ရေး ကိစ္စ၊ နယ်စပ် စီးပွားရေးကိစ္စ နှင့် မြန်မာမှ ဂတ်စ် တင်သွင်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

သူမက နိုင်ငံ နှစ်ခုကြားမှာ ရှိနေတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းသွားရင် ပြေလည်နိုင်ပါတယ်ဟု သတင်းထောက်များသို့ ပြောကြားသွာခဲ့သည်။


ပြဿနာပေါင်းစုံ၏ထွက်ပေါက်

နိုင်ဟံသာ

ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာ နိုင်ငံ တွင် လက်တွေ့အားဖြင့် တည်ရှိ နေသော အာဏာရ စစ်တပ် အုပ်စု၊ စီမိုကရေစီ ရရှိရေး အတွက် ဦးစားပေး ဖွဲ့စည်း ထားသော နိုင်ငံရေး အဖွဲ့အစည်း များအုပ်ချုပ်စုနှင့် ဗမာ မဟုတ်သော တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်း များ အုပ်စု၊ ဤအုပ်စုသုံးစုတို့၏ ကိုယ်စား လှယ်များ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့်သာ ယနေ့ ပြဿနာ ပေါင်းစုံကို ပြေလည် အောင် ကိုင်တွယ် ဖြေရှင်း နိုင်လိမ့် မည်ဖြစ်သည်။

ဤဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအပါအဝင် ကမ္ဘာ့နိုင်ငံများ၊ မြန်မာပြည်အရေးကို နားလည်သော နိုင်ငံတကာရှိ နိုင်ငံရေးပညာရှင်ကြီးများ၊ မြန်မာပြည်ရှိ ဝါရင့်နိုင်ငံရေးခေါင်းဆောင်းများ၊ နိုင်ငံရေးပါတီ များနှင့် တိုင်းရင်းသားပါတီအဖွဲ့အစည်း အသီးသီးတို့က တောင်းဆိုနေကြသည်။ ဤသို့တောင်းဆိုနေကြရခြင်းသည် ဤနည်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းဖြင့် ပြဿနာကြီးများကို အရင်းအမြစ်ကနေ ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေ ကြသောကြောင့်ဖြစ်သည်။

အဘယ်ကြောင့် ထိုသို့တူညီစွာ ရှုမြင်နေကြသနည်း။ ခိုင်လုံသော အကြောင်းရင်းခံများ ရှိနေပါသည်။ သို့သော် အချို့ သောသူတို့က ဤအမြင်ကိုငြင်းပယ်နေကြသည်။ ၎င်းတို့သည် စစ်တပ်က လက်ရှိအာဏာကို ချုပ်ကိုင်ထားသူများဖြစ် ပြီး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရထားသည်။ ထို့ကြောင့် ဤနှစ်ဖွဲ့ ဆွေးနွေးဖြေရှင်းလျှင် ပြည့်စုံလုံလောက်သည်ဟု ဆိုကြသည်။ ဤ အယူအဆကို ဆုပ်ကိုင်ထားကြသူများမှာ စင်စစ် အားဖြင့် တိုင်းရင်းသားလူမျိုးစုအပေါ် ဗမာလူမျိုးတို့ တလျှောက်လုံး လွှမ်းမိုး ချယ်လှယ်ခွင့် ရလာနေသည်ကို လက် မလွတ်လိုသော အရင်းခံဆန္ဒကြောင့် ဖြစ်သည်။

၎င်းဆန္ဒကို ရိုးသားပွင့်လင်းစွာ မဖော်ထုတ်ဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် မတရားမှန်းသိနေကြပြီး ကိုယ်ကျိုးဆန္ဒ
ကိုလည်း ဖြည့်ဆည်းလိုနေခြင်းကြောင့် အခြားသော စကားလုံးများဖြင့် ငြင်းပယ်နေကြခြင်း ဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲအနိုင်ရ အမတ်ဦးရေအပေါ် အခြေခံတွက်ချက်လျှင်လည်း တိုင်းရင်းသားအဖွဲ့အစည်းများဖြင့် စုပေါင်း ထားသော် “ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်” (UNLD) နှင့် မဟာမိတ်တိုင်းရင်းသား အဖွဲ့တို့
က ဒုတိယအမတ်ဦးရေ အများဆုံး အနိုင်ရထားသည်။ ထို့ကြောင့်ငြင်းပယ်ချန်ထားခြင်းဖြင့်တရားမျှတမည်မဟုတ်ပေ။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းသည် ဖြစ်ရှိနေသော နိုင်ငံရေးပြဿနာများကို ပြေလည်စေလို၍ ဖြစ်သည်။ နိုင်ငံရေးပြဿနာအပိုင်းမှ ချဉ်းကပ်ကြည့်လျှင် ပြည်တွင်းစစ် အနှစ်ငါးဆယ်ကျော်ကို ပြန်လည်သုံးသပ်ရန် လိုလိမ့်မည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသောနှစ်တွင်ပင် ပြည်တွင်းစစ်စခဲ့သည်။ ထိုစဉ်ကတည်းက အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသားအဖွဲ့အစည်းများသည် ဒီမိုကရေစီရေး၊ အတန်းအစား အရေးအပေါ် အခြေခံ သည့် အဖွဲ့အစည်းတို့ထက် အရေအတွက်များခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ယနေ့အထိ (၅၃) နှစ်ကျော် လူမျိုးစုအဖွဲ့အစည်း များနှင့် ဖြစ်ပွားနေသော တိုက်ပွဲမှ သေနတ်သံများကို တစ်ပတ်၊ တစ်လ မခြား ကြားနေရသည်။ ယခုအချိန်တွင် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်း တော်တော်များများနှင့် အပစ်အခတ်ရပ်စဲထားသော်လည်း တိုင်းရင်းသားနယ်မြေ အတော်များများတွင် သေနတ်သံများကြားနေရဆဲ ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးသက်သက်သည် ဖြစ်ရှိနေသော ပြဿနာများကို ပြေလည်စေနိုင်မည်မဟုတ်ကြောင်း အများသိပြီးလည်း ဖြစ်ပါသည်။

၁၉၅၈ ခုနှစ်တုန်းက ဝန်းကြီးချုပ် ဦးနုခေါင်းဆောင်သော ပထစ အစိုးရသည် မွန်၊ ရခိုင်၊ ပအိုဝ့်လူမျိုးစုအဖွဲ့များနှင့် သဘောတူညီမှုရပြီး ၎င်းအဖွဲ့များလက်နက်စွန့်ခဲ့ကြသော်လည်း မကြာသေးမီ အချိန်ကလေးမှာပင် ၎င်းတို့၏ တော်လှန် သောသေနတ်သံများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများနှင့် အာဏာရအစိုးရ အဆက်ဆက်အကြား ပြဿနာသည် သေးမွှားသော ပြဿနာမဟုတ်ပေ။

အချို့သောသူတို့သည် လူမျိုးရေးပြဿနာကို အလေးအနက်မထားကြ။ လူမျိုးရေးပြဿနာသည် လူတန်းစားပြဿနာ
၏ လက်အောက်ခံဖြစ်သည်ဟု ဆိုသည်။ လူအချို့တို့ကလည်း လူမျိုးရေးပြဿနာသည် ဒီမိုကရေစီရေး ပြဿနာ၏ လက်အောက်ခံ ဖြစ်သည်ဟု ဆိုကြပြန်သည်။ ထိုသူတို့က လူတန်းစားပြဿနာ ဒီမိုကရေစီရေးပြဿနာတို့ကို ပြေလည် အောင်ဖြေရှင်းနိုင်ပါက လူမျိုးရေးပြဿနာသည် အလိုလိုပြေလည်သွားမည်ဟု ထင်မြင်ပြောဆိုနေကြသည်။ ၎င်းတို့ သည် လူမျိုးရေးပြဿနာ၏ အတိမ်အနက်ကို တကယ်မမြင်၍လား သို့တည်းမဟုတ် အရေးမပေးလို၍လား ဆိုသည်ကို ၎င်းတို့ကိုယ်တိုင်သာ သိကြပေလိမ့်မည်။

ကျွန်ုပ်၏အမြင်ကား ၎င်းတို့နှင့် လုံးဝခြားနားပါသည်။ လူမျိုးရေးဆိုင်ရာ ပြဿနာသည် လေးနက်သည်၊ ခိုင်မြဲသည်။ မည်သည့်ပြဿနာ၏ လက်အောက်ခံမဟုတ်ပေ။ တသီးတခြားမားမားမတ်မတ် ရပ်တည်နေသည်။ ဘာသာရေး ပြဿနာသည် ကမ္ဘာတခွင်ရှိ ဘာသာတူများ၏ စာနာထောက်ခံမှုကို ရရှိနိုင်သဖြင့် အရှိန်သြဇာကောင်းတတ်သည်။ အိမ်နီးချင်းနိုင်ငံတစ်ချို့တွင် ရောက်ရှိနေသော လူမျိုးတူများ၏ စာနာမှုကို ရရှိနိုင်သော်လည်း ဘာသာရေး၊ လူတန်းစား ရေးတို့နှင့်စာလျှင် ပြင်ပစာနာထောက်ပံ့မှုနည်းပေသည်။ ကိုယ်အားကိုယ်ကိုး ဖြေရှင်းကြရသော ပြဿနာမျိုးဟု ဆိုနိုင်သည်။

လူမျိုးဟူသည်ကား နှစ်ပေါင်း ရာ၊ ထောင်ချီပြီး နီကပ်စွာ အတူနေထိုင် ပေါက်ဖွားလာသော ဘဝတူကံကြမ္မာတူ လူအဖွဲ့အစည်းဖြစ်သည်။ သမိုင်းမတင်မီ အချိန်မှသည် ယနေ့အထိ ဖြစ်ပေါ်ခဲ့သော လူအဖွဲ့အစည်းအချင်းချင်းအကြား ပဋိပက္ခများတွင် အခြားအကြောင်းအချက်များ ပါဝင်နေသော်လည်း လူမျိုးရေးအခြေခံမှ ကင်းလွတ်ခြင်းနည်းပါး ပါသည်။ နယ်မြေလုယက်မှု၊ ဈေးကွက်လုယက်မှု တို့သည် လူမျိုးရေးအပေါ် အခြေခံမှု တစ်ဝက်ကျော် ပါဝင်သည်။ ခေတ်ဟောင်းကိုလိုနီ နယ်ချဲ့စစ်ပွဲများတွင် လူမျိုးရေးအပေါ် အခြေခံမှုများစွာ ပါဝင်နေသကဲ့သို့ ငွေအရင်းအနှီးအပေါ် အခြေခံသော ခေတ်သစ်နယ်ချဲ့စနစ်တွင်လည်း လူမျိုးရေးအပေါ် အခြေခံမှု ပါရှိသည်။ ကမ္ဘာ့ပေါ်ရှိလူ့အဖွဲ့အစည်းများကို အထင်ရှားဆုံး စည်းခြားထားရာ နိုင်ငံများသည် မတူကွဲပြားသော လူမျိုးများဖြင့် ဖွဲ့စည်းထားကြသည်။ လူမျိုးတူ နိုင်ငံ ကွဲဟူ၍ အလွန်နည်းပါးပါသည်။ ဘာသာရေးအရ မည်သို့ပင်တူညီစေကာမူ လူမျိုးမတူက နိုင်ငံတစ်ခုအဖြစ် မပူးပေါင်း ကြ။ အတန်းအစားတူများ အကြားတွင်လည်း ထို့အတူပင်ဖြစ်သည်။ ထို့ကြောင့် လူမျိုးရေးအစွဲသည် ဘာသာရေး အတန်းအစားရေးထက် လေးနက်သည်ဟု ဆိုရပါမည်။

ယနေ့ကမ္ဘာတွင် လူမျိုးရေးပဋိပက္ခသည် အားလျော့သွားခြင်းမရှိ၊ ပို၍ပင် ရှေ့တန်းရောက်လာနေသည် (Globalization) ဂလိုဘယ်လိုင်ဇေးရှင်း ခေါ် ကမ္ဘာလွှမ်းပတ်ယှက်နွယ်မှု ခေတ်ကာလတွင် အဓိကအားဖြင့် စီးပွားရေး၊ ယဉ်ကျေးမှုတို့၌ ဆက်စပ်လွှမ်းခြုံမှု မည်သို့ရှိစေ၊ မိမိလူမျိုးကို လွှမ်းမိုးသွားခြင်း မရှိအောင် ကာကွယ်နေကြသည်။ နိုင်ငံတစ်ခုတွင် အာဏာရလူမျိုးစုဖြစ်သော လူမျိုးက အခြားလူမျိုးများအပေါ် လူမျိုးရေးအရ လွှမ်းမိုးဝါးမျိုးလိုကြသည်။ သို့သော် ကမ္ဘာ လွှမ်းပတ်ယှက်နွယ်မှုအရ ခြားလူမျိုးကြီးတို့၏ ဝါးမျိုမှုကို ရင်ဆိုင်လာရသောအခါ မိမိတို့လူမျိုးကို ကာကွယ်ထိန်းသိမ်း ရန် ကြိုးပမ်းလာနေကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင် စစ်တပ်အစိုးရသည် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို တိုင်းနှင့် ပြည်နယ်အလိုက်ခေါ်ယူပြီး ငွေကုန်ကြေးများစွာခံကာ ကျင်းပနေကြသည်။ ဤသည်လည်း လူမျိုးရေးအခြေခံစိတ်ဓါတ် ၏ လေးနက်မှုပင်ဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် ကျွန်ုပ်တို့ကိုယ်တိုင်ပါဝင်ပြီး ပြဿနာများကို နည်းပေါင်းစုံဖြင့် ဖြေရှင်းခဲ့ကြသည်။ ပြဿနာဖြေရှင်း ရေး နည်းပေါင်းများစွာအနက် လက်နက်ကိုင် ဖြေရှင်းနည်းသည် အဆင့်အမြင့်ဆုံးနှင့် အရှည်ကြာဆုံးဖြစ်သည်။ နှစ်ပေါင်း (၅၀) ကျော် ဖြေရှင်းခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ ပြေလည်စရာ အလားအလာ မမြင်တွေ့ရသေးပေ။ ၁၉၅၈ ခုနှစ်တွင် ဦးနု၏ (ပထစ) အစိုးရသည် ဒီမိုကရေစီကို ပိုမိုကျယ်ပြန့်အောင် လမ်းဖွင့်ပေးပြီး နိုင်ငံရေးအရ ဖြေရှင်း ရန် ကြိုးပမ်းခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခများ အရှိန်လျော့ကျလာပြီး နိုင်ငံရေးအရ လှုပ်ရှားမှု အရှိန်ကောင်းလာသည်။ ဤသို့ အရှိန်အဟုန်အားကောင်းလာသည်ကို စစ်တပ်က မလိုလားသဖြင့် အာဏာသိမ်းခဲ့သည်။ စစ်ရေးအရ အရှိန်မြင့် ပြီး ဖြေရှင်းခဲ့သည်။ ရလာဒ်ကား နှစ်ဖက်စလုံး အင်အားပိုမိုကြီးမားလာပြီး တိုက်ပွဲများနေရာအနှံ့ ကျယ်ပြန့်လာကာ စစ်ပွဲ၏အနိဌာရုံများကို ပြည်သူများ ခါးသီးစွာ ခံစားလာခဲ့ရသည်။

၁၉၇၀ ခုတွင် ပေါ်ပေါက်ခဲ့သော ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီသည် နိုင်ငံခြားအရင်းရှင်းများ၏ အားပေးကူညီမှုကို အတော်အတန်ရရှိခဲ့သည်။ လူမျိုးစုအဖွဲ့အစည်းများကိုကား မည်သည့်နိုင်ငံကမှ ပေးကမ်းခြင်းမရှိ။ ဗကပနှင့် ပူးပေါင်း လျှင် ဗကပ ပေးကမ်းသမျှကိုသာ ရရှိပြီး လုံးပါးပါး ပျောက်ကွယ်သွားသည်။ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ခေါင်းထောင်ခဲ့သော ဗကပ သည်လည်း ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် ဦးကျိုး၍ မြေလျှိုးခဲ့ရသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာကား မိမိလူမျိုးနှင့် မိမိပြည်သူများ၏ ထောက်ပံ့ပေးမှုဖြင့် ခက်ခဲစွာ ရုန်းကန်ခဲ့ရသော် လည်း ပန်းပန်မြဲပင်။ ဤသည်မှာလည်း လူမျိုးရေးအခန်း၏ လေးနက်မှု သာဓကတစ်ရပ်ပင်ဖြစ်သည်။

ယခုခေတ်ယခုအခါသည် ဒီမိုကရေစီခေတ်ကာလဖြစ်သည်။ ဒီမိုကရေစီသည်ကား ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်။ ဒီမိုကရေစီပျိုးပင်ကို ကျနော်တို့ ပြည်ထောင်စုမှာ စိုက်ပျိုးခဲ့ဘူးပါသည်။ သို့သော်ကြာရှည်မရှင်နိုင်ခဲ့ပါ။ အဘယ်ကြောင့် နည်း။ ဤနည်းနှင့် ဤရာသီမျိုး ဒီမိုကရေစီပျိုးပင်များ ပေါက်ပွားကြီးပြင်းနိုင်ရန် လိုအပ်နေသည့် နေရောင်ကာပင် (အရိပ်ပင်) သို့မဟုတ် တွယ်တက်ရန် အပင်ဖြစ်သော တိုင်းရင်းသားလူမျိုးများအတွက် လူမျိုးရေးအရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပင်များကို ပေါက်ခွင့်မပေး၊ ခုတ်ထွင် ဖယ်ရှင်းထားသောကြောင့် ဖြစ်သည်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့ စစ်တပ်မှ အာဏာသိမ်းခြင်းသည် အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို ရှင်သန်ခွင့် မပေးလို၍ဖြစ်သည်။ ထိုအခွင့်အရေးကို ဖျက်ဆီးရင်း ဒီမိုကရေစီအခွင့်အရေးများ လည်း ပျက်ပြားခဲ့ရပြီးဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ခြင်းကို ထည့်တွက်ခြင်းမပြုဘဲ ဒီမိုကရေစီရေး သက်သက် ဖြင့် ပြဿနာများကို မဖြေရှင်းနိုင်။ ပြည်တွင်းစစ်ကို မရပ်တန့်နိုင်ပါ။ ဖြစ်ရှိနေသော နိုင်ငံရေးပြဿနာများနှင့် လက်နက် ကိုင် ပဋိပက္ခများကို မဖြေရှင်းနိုင်ပါက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လူမှုလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများသည် လည်း မရှင်သန်နိုင်ပေ။ ကျွန်ုပ်တို့နိုင်ငံ၏ ထူးခြားမှုတစ်ရပ်ဖြစ်သော ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများ၏ ဦးရေသည် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိနေခြင်း၊ ထိုလူမျိုးစုများ နေထိုင်သော နယ်မြေများသည် ပြည်ထောင်စု တစ်ခုလုံး၏ ငါးပုံသုံးပုံကျော်ရှိနေခြင်း၊ ထိုလူမျိုးများစုအနက် သမိုင်းကြောင်းအရ လွတ်လပ်ထင်ရှားစွာ နေထိုင်လာခဲ့ ကြသည်က များပြီး ယနေ့အထိ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင်းကို လိုလားတောင်းဆိုနေသည့် လူမျိုးများဖြစ်နေခြင်း တို့သည် ထူးခြားမှုဖြစ်သည်။

ထို့ကြောင့် ဤနေရာမျိုး ဤအခြေအနေမျိုးများ၏အရေးကို နောက်ချန် (သို့မဟုတ်) ဘေးဖယ်ထားပြီး နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနေပါက အချိန်ကုန်၊ လူပန်း၊ သံသယများကို ပို၍ တိုးပွားစေရုံသာ ဖြစ်မည်။ ထို့ကြောင့် ပြဿနာများကို အမှန်တကယ်ဖြေရှင်းလိုသောဆန္ဒရှိပါက “သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်း” သည်သာ ပြေလည်မှုကို ပေးဆောင်နိုင်သော ထွက်ပေါက်ဖြစ်ကြောင်း အိပ်ပျော်ယောင်ဆောင်နေသူများကို ထပ်မံလှုပ်နှိုး တင်ပြပါသည်။

နိုင်ဟံသာ
၂၀၀၂-ခုနှစ်

ဆောင်းပါးရှင်၏ခွင့်ပြုချက်ဖြင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး စာအုပ်မှ ပြန်လည်ဖေါ်ပြသည်။

စစ်တပ်မှ တောင်ယာစိုက်ပျိုးခွင့်မပေး၊ ရွာသားများအခက်ကြုံ

ကန္တာရဝတီတိုင်း(မ်)

ကယန်း လူမျိုးများ အများ အားဖြင့် နေထိုင် လေ့ရှိသော ဖယ်ခုံမြို့နယ် လန်းကော ကျေးရွာတွင် ကျေးရွာသူ ရွာသားများ ၏ တောင်ယာ စိုက်ခင်း များကို ဖျက်ဆီး ကာ နှစ်ရှည် လက်ဖက် ပင်များ စိုက်ပျိုး ခိုင်းသည့် အတွက် စားဝတ် နေရေး အခက်အခဲနှင့် ရင်ဆိုင်ကြုံ တွေ့ နေ ရသည်ဟု ဒေသခံများက ပြောပါသည်။

မြန်မာစစ်အစိုးရတပ်ရင်း ခလရ ၆ဝ၆ သည် ယခုလ ၃ ရက်နေ့က ထိုဒေသသို့ ရောက်ရှိလာပြီး စိုက်ပျိုးထားသော တောင်ယာစိုက်ခင်းထဲမှ စပါး၊ ပြောင်း၊ ဖရုံ၊ ပဲ၊ သခွါးစသည့် အသီးအနှံများကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

“မင်းတို့ ဘာလို့စိုက်ရလဲဆိုပြီး ရှိသမျှအပင်တွေကို နှုတ်ပြစ်လိုက်တယ်၊ ဖျက်စီးလိုက်တယ်” ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြန်လည်ပြောပြသည်။

ထိုသို့ ဖျက်ဆီးလိုက်သည့် အကြောင်းရင်းမှာ မြန်မာစစ်အစိုးရမှ တောင်ယာမခုတ်ရ ထုတ်ပြန်မိန့်ကို မနာခံသည့်အတွက်ဖြစ်ပြီး ရွာသူရွာသားတို့၏ တောင်ပန်မှုများကိုလည်း လက်ခံခြင်းမရှိကြောင်း ဆိုသည်။

၎င်းဒေသဘက်တွင် များသောအားဖြင့် တောင်ယာ စိုက်ပျိုးကြပြီး တောင်ယာ လုပ်ငန်းသာလျှင် မိသားစု စားဝတ်နေရေး၊ ကလေးများ ပညာသင်ကြားနိုင်ရေးနှင့် မိသားစု ကျန်းမာရေးပြဿနာ ဖြေရှင်းသည့်အခါတွင် တောင်ယာထွက် အသီးအနှံများအပေါ် မှီခိုနေရသည်။

မြန်မာစစ်အစိုးရများမှ ဖျက်ဆီးလိုက်သော တောင်ယာခင်းများအစား နှစ်ရှည် လက်ဖက်ပင်များကို စိုက်ပျိုးခိုင်ပြီး လက်ဖက်မျိုးစေ့များကို တတင်းလျှင် ကျပ် ၅ဝဝဝ နှုန်း မဖြစ်မနေ ဝယ်ယူကြရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရှိရပါသည်။

၂ဝဝ၈ ခုနှစ် မတ်လတွင် နေပြည်တော်မှ ချမှတ်ထားသော အမိန့်အရ နေပြည်တော် အနီးတဝိုက်ရှိ ကျေးရွာစုစုပေါင်း ၃ဝ ကျော်ခန့်ကို တောင်ယာမခုတ်ရအမိန့် ထုတ်ပြန်ထားခဲ့သည်။

ကယန်းလူငယ် အမျိုးသားတစ်ဦးမှ “အရင်းတုံးက ပျဉ်းမနားမြို့နယ်မှာပေါ့။ အခုက ပျဉ်းမနားမြို့နယ်နဲ့ နီးစပ်ရာ ဖယ်ခုံမြို့နယ် တရွာစလာပြီးအခုလိုဖျက်ဆီးလို့ သက်ဆိုင်ရာ ရွားသားတွေ အပါဝင် တိုင်းရင်းသားအဖွဲ့ တုံ့ပြန်မှု တစုံတရာ မလုပ်နိုင်ခဲ့ရင် တရွားပြီးတရွာ ကူးသွားတော့မယ်” ဟုပြောသည်။

လန်းကော ရွာသူရွာသားများသည် ယခင်နှစ်များတို့ထက် မိမိတို့၏ ဝမ်းစာအတွက် တုန်လှုပ် နေ၍ စားဝတ်နေရေးအခက်အခဲ ကြုံရမှာဖြစ်ကြောင်းလည်း ရွာသားတဦးက ဆိုပါသည်။

“ဖျက်ဆီးသွားတဲ့ တောင်ယာတွေက နောက်နှစ်အတွက်ဖြစ်တယ်။ အခုချက်ခြင်းတော့ ငတ်ပြတ်မှုမဖြစ်နိုင်သေးပေမယ့် နောက်တနှစ်ဆိုရင်တော့ ဒေသခံ တောင်ယာလုပ်သား လူထုတွေအနေနဲ့ ငတ်ပြတ်နိုင်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

တောင်ယာခုတ်ခွင့် မရှိသည့်အပြင် ပြည်သူများ ဆုံးရှုံးသွားသော တောင်ယာများအတွက် နှစ်နာကြေး မရရှိကြောင်း သိရသည်။ လန်းကော ကျေးရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းတွင် တည်ရှိပြီး ၂ဝဝဝ ခုနှစ် စစ်တမ်းအရ ကျေးရွာပေါင်း ၁၂၈ ခန့်ရှိပါသည်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ May,31st,2009

( 28 )Myanmar junta justifies Suu Kyi detention

( 27 )Myanmar's Suu Kyi trades barbs with military government over trial

( 26 )Junta defends trial of opposition leader Suu Kyi

( 25 )Two dead in Myanmar pagoda collapse

( 24 )Myanmar's copper mine resumes production

( 23 )Foreigners warned not to interfere in Suu Kyi case

( 22 )မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ

( 21 )Myanmar rejects foreign pressure in Suu Kyi trial (2nd Roundup)

( 20 )ဓနုတ်ဘုရားပြို လူအများဒဏ်ရာရ

( 19 )Aung San Suu Kyi hid truth

( 18 )Suu Kyi 'covered up truth'

( 17 )6 die in pagoda collapse in Myanmar

( 16 )ဒီပဲယင်းနှစ်ပတ်လည် လုံခြုံရေး တိုးမြှင့်

( 15 )Britain calls for release of Myanmar’s Suu Kyi

( 14 )Defence Witness Appear in Suu Kyi Trial

( 13 )Myanmar buried alive in landslide

( 12 )အကျဉ်းထောင်ကျ ကယန်းလူငယ် ကျန်းမာရေးကုသခွင့်မရ

( 11 )ဒေါ်စုအား စွဲဆိုထားသည့် အမှု တရားရုံး ရက်ချိန်းရွှေ့

( 10 )Suu Kyi bears no grudge

( 9 )Suu Kyi ready for verdict

( 8 )ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

( 7 )Suu Kyi prepares her final arguments

( 6 )Myanmar allows Suu Kyi to meet lawyers

( 5 )Myanmar must solve Rohingya problems

( 4 )သီးသန့်လျှောက်လဲချက်အတွက် ရှေ့နေဦးကြည်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

( 3 )Ancient pagoda collapses

( 2 )Ancient Myanmar pagoda collapses, injures 30

( 1 )Suu Kyi's health improves ready for verdict in Burma

Saturday, May 30, 2009

လမ်းလျှောက်ရင်း လမ်းပျောက်နေသူများ

မောင်သြ

(၂၂.၅.၀၉) နေ့က ထုတ်ဝေ တဲ့ နအဖ စစ်အစိုးရ ရဲ့ လက်စွဲ တော်လည်းဖြစ်၊ တဖက် စောင်းနင်း အာဏာရှင် အစိုးရရဲ့ အလို တော်ရိ လည်းဖြစ်တဲ့ သတင်းစာ တွေမှာ မြန်မာ နိုင်ငံရဲ့ ကမ္ဘာ လူလိမ်ကြီး များအဖွဲ့မှ အဖွဲ့ ၀င်တဦး ဖြစ်တဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းရဲ့ သဘောထား တုံ့ပြန် ပြောဆိုမှု တွေကို ဖတ်ရ ပါတယ်။

အကြောင်းကတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာထောက်ထားရေး ရှုထောင့်မှလည်းကောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက လေးစားယုံကြည်လောက်သည့် အနေအထားပုံစံမျိုး ရှိရန်အတွက်လည်းကောင်း၊ တိုးတက်ဖြစ်ပေါ်မှုကို မျှောင်လင့်ပါကြောင်း ပြောကြားသွားခြင်းကို နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းမှ ပြန်လည်ပြောကြားခြင်း ဖြစ်ပါတယ်။

သတင်းစာ စာမျက်နှာ (၆) တွင် စာလုံးမည်းကြီးများနဲ့ ဖော်ပြရေးသားထားသည့် မြန်မာစကားလုံး သုံးနှုန်းရေးထားပုံကို ကြည့်ပါဦး-

“ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံသားတဦးတို့၏ ကိစ္စမှာ မြန်မာနိုင်ငံအစိုးရက ဖန်တီးခြင်း မဟုတ်” ဟူသော စကားလုံး အသုံးအနှုန်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ လူပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကို သွယ်ဝိုက်သော နည်းဖြင့် အဓိပ္ပာယ်နှစ်ခွတွေး တွေးယူနိုင်ကာ ထိခိုက်စော်ကားရာ ကျပါတယ်။ ဤကဲ့သို့ ပြောဆိုရေးသား ဖော်ပြခြင်းကိုက ဒေါ်အောင်ဆန်းစုကြည်အပေါ် မည်မျှ အငြိုးအတေးထား၍ အာဃာတကြီးမားပုံကို ဖော်ပြရာ ရောက်သည်။ (လူကြီးလူကောင်း ဂုဏ်သိက္ခာနှင့် မညီညွတ်ပါ။ နဂိုကတည်းက မရှိလို့ဘဲ ဖြစ်ပါမည်။)

စာရေးသူအနေဖြင့် ဤသတင်းကို ဖတ်မိခဲ့ရာတွင်…

ခပ်ညံ့ညံ့ ဇာတ်ညွှန်းရေးဆရာနှင့် ခပ်တုံးတုံး ဒါရိုက်တာတို့က ရိုက်ပြသော ခပ်ပေါပေါ၊ ခပ်ချာချာ (Hot Shot, 0…) ဟော့ရှော့ သုညကား၊ ဟာသရုပ်ရှင်ကားတကား ကြည့်မိရသလို ခံစားမိရပြီး၊ လိမ်လည်း လိမ်နိုင်ကြပါပေရဲ့လို့၊ အတွေးပေါက်ကာ မုံလာဥ ပုံပြင်လေးတပုဒ်ကို သတိရမိပါတယ်။ ပုံပြင်အကျဉ်းကတော့ တရုတ်လင်မယားနှစ်ဦးမှာ မယားဖြစ်သူက လင်ငယ်ထားတော့ ယောက်ျားဖြစ်သူက လက်ပူးလက်ကြပ်မိတာကို မယားဖြစ်သူက လိမ်ညာပြော တော့ တရုတ်လင်ကြီးက “လက်ပူးလက်ကြပ်မိတာတောင် မုံလာဥ လုပ်ချင်သေးလား” ဆိုတဲ့ ပုံပြင်ပါ။ (ပုံပြင်က အသေးစိတ်ဖော်ပြရန်မသင့်လို့ စာဖတ်သူ ဖြည့်စဉ်းစားပါ။)

ပြီးတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဆက်ဖြီးသေးတယ်။

“အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် မူဝါဒရေးရာ ပြန်လည်သုံးသပ်နေချိန်တွင်၊ ၎င်းနိုင်ငံများ က မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် သဘောထား ပြောင်းလဲမည်ကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ဘက် အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဖိအားပေးမှုများ တိုးမြှင့် ပြုလုပ်စေရန်အတွက် အချိန်ကိုက် ဖန်တီးမှု တရပ်ဖြစ်နိုင်” .. ဆိုတဲ့ အကြောင်းပြချက်ဟာလည်း ထမင်းရည်ပူလာ လျှာလွှဲ၊ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာ ဆိုတာလို ပိရိခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘဲ လိမ်ဆင်ကြီး ဆိုတာကို ကလေးကအစ လူကြီးအဆုံး တကမ္ဘာလုံးက သိကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင် ထောင်စကားနဲ့ ပြောရရင် နောက်မှု ချိတ်တာပါပဲ။ မေလ (၂၇) ရက်နေ့မှာ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရတော့မှာမို့ မလွှတ်ချင်၍ ကလိမ်စေ့ငြမ်းဆင်လိုက်တာပါ။

မင်းဘက်က မွှေးတဲ့ မီး… မီးကို မီးနဲ့ ငြိမ်းမယ်.. ဆိုတဲ့ (ကြိုးတန်းရုပ်ရှင်ကားမှ ကြေညာထားတဲ့ စာလုံး) စကားနဲ့အညီ နအဖစစ်အစိုးရ မွှေးတဲ့မီးဟာ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ အလယ်မှာ တောက်လောင်နေပြီ.. ဆူပွက်နေပြီဆိုတာ နအဖ သိနေပါပြီ။

ဘယ်နည်းနဲ့ ငြိမ်းမလဲ။ နအဖ နောင်တ တရားတွေနဲ့ အသင့်ပြင်ဆင်ထားဖို့လိုပြီ။ ဒေါ်အောင်ဆန်းစုကြည်အဖို့ ကတော့ မန်လည်ဆရာတော်ကြီးရဲ့ “ပတ္တမြားရွှေဂူ” လေးဆစ်ကဗျာလို့ပါပဲ…

ပြစ်မရှိ ပြစ်ရှာ။
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်လည်း။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။ ။

ဆင်ကောင်ကြီးတွေ့နေမှတော့ ဘာဆင်ခြေရာလည်း မေးမနေပါနဲ့တော့ နအဖရယ်………

အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့

မင်းစိုင်းနွန်ဒေါ

အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တွေကြားမှာ အကြောင်း အရာ အခင်း အကျင်း သစ်တစ် မျိုးမျိုး ဖြစ်ပေါ် သက်ရောက် လာတိုင်း အများ အားဖြင့် အမြင် နှစ်မျိုး သို့မဟုတ် သုံးလေးမျိုး ကွဲသွား တတ်ကြပြီး အချင်း ချင်းပင်လျှင် အငြင်း အခုံဖြစ်ကြ ကာ နောက်ဆုံး လမ်းခွဲကြ တဲ့အထိ ဖြစ်သွားရ တတ်ပါ တယ်။ နောက်ဆုံးမှာ ရန်သူ အဆင့် ထိလည်း ရောက်ရှိသွား နိုင်ကြပါ တယ်။

ယခု နအဖရဲ့အခင်းအကျင်းသစ်တစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား ပြဿနာသစ်တစ်ခု အစပျိုးထား လိုက်ပါပြီ၊ အနိမ့်ဆုံး လက်နက်ချအဖွဲ့တွေမှာတောင် အကွဲအပြဲ ဖြစ်သွားနိုင်တယ်၊ ဒီလိုအဖွဲ့တွေအနေနဲ့က လုံးဝငြင်း ပယ်လို့လဲမရ၊ နအဖ လက်ခုတ်ထဲကရေ၊ သူ့ခြံထဲမှာ ရှိနေတဲ့ ကြက်တွေပဲ၊ အချင်းချင်း ခွပ်ခိုင်းလို့လဲရတယ် ဒါမှမဟုတ် အချိန်မရွေး ချက်စားလို့လည်း ရနိုင်ပါတယ်။

အပစ်ရပ်ငြိမ်း အဖွဲ့တွေမှာတော့ Gentlemen Agreement မှာမပါခဲ့တဲ့ နယ်ခြားစောင့် တပ်ဖွဲ့ကိစ္စပါ။ ဒါတွေဟာ မိမိ အဖွဲ့အစည်းအတွင်း အချင်းချင်း အကွဲအပြဲဖြစ်အောင်၊ မဟာမိတ်အဖွဲ့အစည်းတွေမှာလည်း အချင်းချင်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားလာအောင် နအဖရဲ့ တိုက်ကွက်အသစ် နည်းဗျူဟာတစ်ရပ်ပါ၊ နအဖ ပစ်ချလိုက်တဲ့ ငါးစာကို ဝင်ဟပ်မဲ့ ပုဂ္ဂိုလ်ကြီးတွေကလည်း အဆင်သင့်ပါပဲ၊ အချို့အဖွဲ့အစည်းတွေမှာ ထိပ်ပိုင်းနေရာ ရယူထားသူတွေကို နအဖက ခါးပိုက်ဆောင်ထားပြီးသားမို့ တရားဝင်အဖွဲ့အစည်းတစ်ရပ်အဖြစ် အသိအမှတ်ပြုခံရမယ်ဆိုတော့ ရင်ကော့ပြီး တစ်သွေမတိမ်း လိုက်လုပ်ပေးကြမှာပါပဲ။

ဒါကြောင့် နအဖအနေနဲ့ ဘယ်လိုမှ အဆုံးမသတ်ရဲ ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးသံသရာဟာ အချိန်ကြာလာတာနဲ့အမျှ အမှားတွေတစ်ခုပြီးတစ်ခု တိုးလာနေပြီး နောက်ဆုံး ဖွတ်မြီးကို ဖွတ်လည်ပင်းပတ်တဲ့ကိန်း ဖြစ်လာမှာကို အင်မတန် စိုးရိမ်နေကြရပါတယ်၊ သူ့ကိုယ်ငါမယုံ ငါ့ကိုသူမယုံ ဖြစ်နေကြပြီး ရယူထားတဲ့အာဏာကို လက်ပေါ်ကမလွှတ်ရဲတော့ပါ၊ ဒါပေမဲ့ မိမိဘာတွေပြုခဲ့တာကို မိမိအသိဆုံးမို့ သံသရာကတော့ တနေ့လည်လာမှာပါဘဲ။

နအဖရဲ့ ရာသက်ပန် စစ်အစိုးရ အာဏာတည်မြဲစေရေးအတွက် တစ်ဖက်က ဒီမိုကရေစီလှုပ်ရှားသူမှန်သမျှကို ဖြစ်သည့် နည်းနဲ့ နှိမ်နင်း၊ အထူးသဖြင့် ယခုရက်ပိုင်းမှာ အကျယ်ချုပ်က လွတ်မြောက်ရတော့မဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရမယ် ရှာကြံပြီး ထောင်ချမဲ့လုပ်ရပ်တွေဟာ ၂၀၁၀ ဆိုတဲ့ သူတို့(နအဖ)ရဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးသမား အားလုံးကို ထောင်ထဲ အတင်းမောင်းသွင်းပြီး သူတို့လူနဲ့သူတို့ လွတ်လွတ်လပ်လပ် တရားမျှတမှုရှိရှိ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ပါ။

အခု နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စဟာ သာမန်ကိစ္စတစ်ရပ်လို့ သဘောထားယင် မှားပါလိမ့်မယ်။ တစ်စုတစ်စည်းထဲ ရှိနေပြီး ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအတွင်း ယခု နအဖ ခင်းထားတဲ့ တပ်ဖွဲ့စည်းပုံအရ တပ်ရင်းတစ်ရင်း အင်အား ၃၆၂ ဦးမှာ ဗမာ့တပ်မတော်က အရာရှိတွေ၊ အရာခံဗိုလ်တွေ ၃၀ ခန့် ဝင်ရောက်နေရာယူမယ်ဆိုတော့ အနာဂတ်နောင်တစ်ချိန်မှာ တဖြေးဖြေးနဲ့ ဒီတပ်ဖွဲ့တွေဟာ တိုင်းရင်းသားတပ်ဖွဲ့တွေမဖြစ်တော့ပဲ နအဖရဲ့ ဖက်ဆစ် စစ်တပ် အလိုလို ဖြစ်သွားကြရမှာပါ။ အခုတပ်ဖွဲအမည်က Border Guard Force နယ်ခြားစောင့်တပ်ဖွဲ့။ မည်သည့် တိုင်းရင်းသားကိုမှ ကိုယ်စားမပြု၊ ယခင်က ပြည်ထောင်စုတပ်တွေမှာ ကချင်သေနတ်ကိုင်တပ်ရင်း၊ ချင်းသေနတ်ကိုင် တပ်ရင်း တွေလို နောက်ဆုံးမှာ ကချင်တိုင်းရင်းသားလည်းမပါ၊ ချင်းတိုင်းရင်းသားလည်း မပါဝင်တော့ပဲ ကချင်လည်း မဟုတ်၊ ချင်းလည်းမဟုတ် ခလရတို့ ခမရတို့ ဖြစ်သွားခဲ့ကြတာပါပဲ။

နအဖ စစ်တပ်မှာ ပြုင်ပြင်လို့မရ၊ ဘယ်လိုမှလည်း ပြောင်းလဲလို့မရတော့တဲ့ ရွာတွေကိုရောက်ယင် လုယက်၊ ခိုးဆိုး၊ ဓါးမြတိုက်၊ လူသတ်၊ မုဒိန်းကျင့် စတဲ့ ဥာဉ်ဆိုးတွေကို အမွေဆက်ခံသွား ရပါလိမ့်မယ်။ နဂိုလ်ကမှ မိသားစု စားလို့ မလောက်တဲ့လစာနဲ့ လူမွဲစာရင်းဝင် လိုင်စင်ရ လက်နက်ကိုင်တပ်ဖြစ်နေတော့ ဒီစရိုက်ပျက်တွေ အရိုးစွဲခဲ့တာကိုတော့ ဘယ်လိုမှလဲ ပြင်လို့မရတော့ပါ။ ပြင်ချင်ယင် အရာရှိပိုင်းတွေ ဒုဗိုလ်ကအစ အမြင့်ဆုံး ဗိုလ်ချုပ်မှူးကြီးအထိ တပ်က ထွက်ခိုင်းပြီး စလုံးရေးက စတော့မှ ဖြစ်တော့မှာပါ။

ပေးထားတဲ့ ကတိအတိုင်း ဘယ်တော့မှ မလုပ်ပေးနိုင်တဲ့ နအဖဟာ မြန်မာ့နိုင်ငံရေး မဟာဇာတ်မျောကြီးကို မနိုင်မနင်း ကပြနေယင်း သူ့ကိုယ်သူ ဘယ်လမ်းသွားနေတာကိုလည်း နားမလည် ဖြစ်နေရရှာတယ်။ သူဆွဲတဲ့ အချိန်ဇယားကို တောင်မှ သူမနိုင်မနင်း ဖြစ်နေတော့တာပါဘဲ၊ ကတိတွေပျက်တာလည်း မရှက်တတ်ပါဘူး၊ ဆိုယင် မြန်မာပြည်ကြီး စစ်မီးမှာ မကြုံဘူးခဲ့တဲ့ အကြီးစားအနိဌာရုံတွေကို အယင်ကထက် ပိုမိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်လာဖို့က ဗေဒင်ကြည့်စရာ မလို၊ နေပြည်တော်အမိန့်နဲ့ ကိုယ့်လူမျိုးအချင်းချင်း၊ တိုင်းရင်းသားညီအစ်ကိုယ် အချင်းချင်း အသောမသတ်နိုင်တဲ့ လူမျိုးတုံးစစ်ပွဲတွေကို မည်သူမျှ ရှောင်ကွင်းလို့ ရမှာမဟုတ်သလို စစ်မီးလျှံတွေကလည်း လွယ်လွယ်နဲ့ အဆုံးသတ် နိုင်တော့မှာ မဟုတ်တော့ပါ။

နအဖ ရည်ရွယ်ထားတဲ့ ၂၀၁၀ မှာ ဖြစ်ပေါ်လာမဲ့ စစ်အစိုးရသစ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့အချို့ ပါဝင်လာတဲ့ နယ်ခြားစောင့် တပ် လက်အောက်မှာ မြန်မာပြည်သားတွေအနေနဲ့ ဘယ်လိုအသက်ဆက်ရှင် နေထိုင်သွားကြမလဲဆိုတာ မတွေးဝံ့ တော့ပါ။

မွန်တွေကို နှိမ်နင်းဖို့ ဆိုယင် အခြားတိုင်းရင်းသားတပ်ဖွဲ့ကို အသုံးချရမှာပါ၊ ထို့အတူ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ ဗမာ၊ ရခိုင်၊ ရှမ်းအစရှိသည်ဖြင့် တိုင်းရင်းသားအချင်းချင်းကို တိုက်ခိုက် သတ်ဖြတ်ကြဖို့၊ တိုင်းရင်းသားတွေကို အိုးမဲသုပ်ပြီး အိမ်ကြက်ချင်း အခွပ်ခိုင်းကြတော့မှာပါ။ လိုက်ခွပ်ပေးမဲ့ ကြက်တွေကိုလည်း မွေးထားပြီးပါပြီ။

ဒီတော့ တိုင်းရင်းသား ညီအစ်ကိုများကို အသိပေးလိုတာက ရှေ့မှာ ကြုံတွေ့လာရမဲ့ ဒီပြဿနာတွေကို အသေးအဖွဲ ကိစ္စတစ်ရပ်လို မျက်စိမှိတ်၊ ပါးစပ်ပိတ် မနေစေချင်ပါ၊ ပြဿနာဖြစ်လာတော့မှ ကုစားယင်လည်း အချိန်မှီတော့မှာ မဟုတ်ပါ။ အင်မတန် အန္တရာယ်ကြီးမားတဲ့ နအဖရဲ့ နည်းဗျူဟာတစ်ရပ်ပါ။ အားလုံးကို သတိချပ်စေလိုကြောင်း။

ဘင်္ဂလာက မိုဘိုင်း လက်ကိုင်ဖုံးမှာ လာဒ်ယူ၍ အကောင်းဆုံး ပစ္စည်းဖြစ်

Narinjara News

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တာဝန် ကျနေသော နစက၊ ထောက်လှမ်းရေး၊ ရဲတပ်ဖွဲ့၊ လုံထိန်း တပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသ အတွင်း အဓိက ထားပြီး စုံစမ်း ထောက်လှမ်းမူ ပြုလုပ် နေသော ကိစ္စမှာ မည်သူ ထံတွင် ဘင်္ဂလာဒေခ်ျ့ မှ လက်ကိုင်ဖုံး ကို အသုံး ပြု၍ ရှိ မရှိ ဆိုသည် ကိုပင် ဖြစ်သည် ဟု အမည် မ ဖေါ်လိုသူ စီးပွားရေး သမား တဦးက ပြောသည်။

“သူတို့က နယ်စပ် တလျောက်မှာ အဓိက ထား စုံစမ်း နေတာ ကတော့ သူပုန်တွေ၊ ဖေါက်ခွဲရေး သမား တွေနဲ့ ရာဇ၀တ်သား တွေကို မဟုတ် ပါဘူး။ လက်ကိုင်ဖုံး ဘယ်သူ့ဆီမှာ ရှိတ ယ် မရှိတယ် ဆိုတာ ကိုဘဲ ဖြစ်ပါတယ်။ ဘင်္ဂလာ လက်ကိုင်ဖုံး တလုံးကို ဖမ်းမိရင် အနည်းဆုံး ကျပ်ငွေ တသိန်းနဲ့ သုံးသိန်း အကြားမှာ သူတို့က လာဒ်ငွေ ရပါတယ်။ မပေးရင် ထောင်သုံး နှစ်ဆိုတော့ လက်ကိုင်ဖုံး အဖမ်း ခံရ သူတွေ ကလည်း ကြောက်ပီး ပေးကြ တာပါဘဲ။”

ယခု ကဲ့သို့ ဘင်္ဂလာဒေခ်ျ့ လက်ကိုင် ဖုံးများကို ဖမ်းဆီး ရမိပါက ကျပ်ငွေ တသိန်းမှ အထက်ကို ရရှိသဖြင့် ဘင်္ဂလာ လက်ကိုင် ဖုံးမှာ ဒေသ ဆိုင်ရာ အာဏာပိုင် များအား အထူး ရေပန်းစား နေသော လာဒ်ပေး လာဒ်ယူမူ ပြုလုပ်ရာ ပစ္စည်း ဖြစ်နေသည်။


“တချို့ မူဆလင်တွေရဲ့ ဆွေမျိုးတွေက ဆိုဒီအာရေဗီယားတို့ ဒူဘိုင်တို့ ယူအေအီးတို့မှာ သွားအလုပ် လုပ်ကြတော့ သူတို့က အဆက်အသွယ် လုပ်ဖို့ လက်ကိုင် ဖုံးမရှိလို့ မရဘူးလေ။ နိုင်ငံခြားကို ဆက်သွယ်တဲ့နေရာမှာ မြန်မာပြည်တွင်းက ဆက်ရင် ဈေးကြီးတဲ့အပြင် စိတ်မချရဆိုတော့ ဘင်္ဂလာက လက်ကိုင်ဖုံးတွေကိုဘဲ တင်သွင်းလာပြီး လျှို့လျို့ဝှက်ဝှက် သူတို့က အသုံးပြုနေကြတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေကလည်း ဒါတွေကို သိနေတော့ လက်ကိုင်ဖုံးရှိတဲ့ လူတွေကို လိုက်ရှာပြီး အတင်းငွေညစ်နေတာ ဖြစ်ပါတယ်။”

မြန်မာနိင်ငံတွင် CDMA ဖုံးတလုံး၏ တန်ဖိုးမှာ ၁၆ သိန်းရှိနေပြီး အဆိုပါ ဖုံးတလုံး အိမ်ကိုရောက်ရန်အတွက် မောင်တောမြို့တွင် လူတဦး အနေဖြင့် ကျပ်သိန်း ၂၀ ခန့် အသုံးပြုရသည်ဟု သိရသည်။ ဘင်္ဂလာမှ လက်ကိုင်ဖုံးများမှာ ဆိုင်းကဒ် အပါအ၀င် ကျပ်ငွေ တသိန်းဆိုလျှင် ကောင်းမွန်စွာ အသုံးပြုနိုင်သည်။

“ဘင်္ဂလာက လက်ကိုင်ဖုံးတွေက ဈေးလည်း ချိုတယ်။ ဆက်သွယ်ရင်လည်း သိပ်အကုန်အကျ မများတော့ လူတိုင်းလိုလိုက ဘင်္ဂလာ လက်ကိုင်ဖုံးတွေကို မောင်တော နယ်စပ်မှာ သုံးနေကြတာ ဖြစ်ပါတယ်။ အနည်းဆုံး မောင်တောမြို့နယ်မှာ ဘင်္ဂလာ လက်ကိုင်ဖုံး အလုံးပေါင်း တသောင်းကျော်ရှိနိုင်ပါတယ်။”

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် မိုဘိုင်းလက်ကိုင်ဖုံးကို မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူသုံးစွဲနိုင်သဖြင့် မြန်မာနိုင်ငံသားများမှာ ဘင်္ဂလာဒေခ်ျ့သို့ လာရောက်လည်ပတ်ပြီး အပြန်တွင် မိုဘိုင်းများကို မြန်မာနိုင်ငံသို့ ယူဆောင်သွားကြသည်။

“ကျနော်တို့ သိရသလောက် ဘင်္ဂလာမိုဘိုင်းဖုံးကို မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ တချို့ရသေ့တောင်မြို့နယ်က အစိတ်အပိုင်း ဒေသ တချို့မှာ အသုံးပြုလို့ ရတယ်လို့ သိရပါတယ်။ စစ်တွေက ဆိုရင်လည်း မေယုမီးပြနားက ပင်လယ်ပြင်ထဲကနေ သုံးလို့ ရတယ်လို့ ဆိုပါတယ်။ အဲဒီဖုံးတွေက တကမ္ဘာလုံးကို ခေါ်လို့ရတယ်ဆိုတော့ အရပ်သားတွေသာမက မောင်တောက နစက၊ ခရိုင်နဲ့ မြို့နယ် အဆင့်ရှိတဲ့ အရာရှိတွေလည်း သုံးနေကြတာပါဘဲ။”

လွန်ခဲ့သော ရက်အနည်းငယ်ကလည်း နစက နယ်မြေ (၃) တောင်ပြိုဝဲမှ စစ်ဦးစီး တပ်ကြပ် ကျော်မျိုးလတ်နှင့် အဖွဲ့မှ ကွမ်းသီးပင် ကျေးရွာအုပ်စု မဲဒီးကျေးရွာမှ ရွာသားနှစ်ဦး တို့ကို လက်ကိုင်ဖုံးများ တရား မ၀င်ကိုင်တွယ်မူဖြင့် ဖမ်းဆီထားပြီး ငွေ သုံးသိန်း တောင်းထားသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူများမှာ မိုဟာမတ် ရော်ဖိတ် (ဘ) အူလာမျာနှင့် မိုဟာမတ် တော်ယုတ် (ဘ) ဟာဗတ် အာမောက် တို့ ဖြစ်ကြသည်။


ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသို့ အိတ်ဖွင့်ပေးစာ

ဆြာတေ

သို့ ... စေတနာရှင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေရှင့် …

ကျေးဇူး တင်လွန်း လို့ ဒီစာကို ရေးလိုက် ရခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး က တကယ့် စေတနာ ရှင်ကြီး ပါပဲ။ ဗိုလ်ချုပ်မှူး ကြီး ကြောင့် သာ ကျမကို တကမ္ဘာ လုံးက လူတွေ သတိ တရနဲ့ အာရုံ စိုက်လာ ကြတာပါ။

တကယ်ဆို ကျမကို အားလုံးက မေ့နေကြပြီလေ။ အော်နေကြတဲ့သူတွေလည်း မောကြပြီ။ ဝတ္တရားမပျက် အော်ကြရင်း အသံတွေလည်း ဝင်ကုန်ပြီ။

ဒီကြားထဲ ကျမ တို့ထက် အရေးကြီး တဲ့ နိုင်ငံတွေရဲ့ ကိစ္စ တွေက ဟိုက ပေါ်လာ ဒီက ပေါ်လာနဲ့ ဆိုတော့ နိုင်ငံ တကာ
ကလည်း “ဒေါ်အောင်ဆန်း စုကြည် ဆိုတာ သူ့အိမ်ထဲမှာ သူ အေးရာ အေးကြောင်း နေနေ ရတဲ့ နိုဗဲလ် ဆုရှင်ပဲလေ။ တချက်တချက် ထအော် ပေးလိုက် တော်ရောပေါ့၊ တခြား ပိုအရေးကြီး တဲ့ နိုင်ငံတွေ ရှိသေးတယ်” ဆိုပြီး ကျမနဲ့ ပတ်သက်တဲ့ ကိစ္စကို ပျင်းကုန်ကြပြီ မဟုတ်လား။

နိုင်ငံတကာမပြောနဲ့ ကျမတို့ နိုင်ငံထဲက လူတွေတောင် ကျမကို မေ့တေ့တေ့ ဖြစ်နေပါပြီလေ။ ကျမလည်း အိမ်ထဲ မှာ အကြာကြီးနေနေရတာ ပျင်းလှပြီ။ တနေ့တနေ့ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမ .. ဒီမျက်နှာ နှစ်ခုပဲ မြင်နေရ၊ ဒီပစ္စည်းတွေနဲ့ပဲ ထိတွေ့နေရတာလည်း ညည်းငွေ့လှပြီ။

အဲဒီလိုကျမ ပျင်းနေ၊ ညည်းငွေ့နေတာကို ဗိုလ်ချုပ်မှူးကြီးက သိပုံပေါ်တယ်။ တကယ့်ကို အမျှော်အမြင်ကြီးတဲ့ ဗိုလ်ချုပ်မှူးကြီးပါပဲ။ ကျမကို လူတွေမေ့နေတာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားတယ်ထင်တယ်၊ ရုတ်တရက် ကြီး တကယ့်ကို ရယ်စရာကောင်းတဲ့ လူတယောက်ကို ကျမဆီ လွှတ်လိုက်တဲ့ကိစ္စ .. တော်ရုံစဉ်းစားဥာဏ်နဲ့ ဘယ်သူက တွေးမိမှာလဲ။ ဗိုလ်ချုပ်မှူးကြီးလို ဦးနှောက်ကောင်းတဲ့ သူမို့လို့ပေါ့။

ကျမတို့ ၃ ယောက်လုံး အိမ်ထဲမှာ ညည်းငွေ့နေကြတုန်း လူစိမ်းတယောက်ကို လွှတ်လိုက်တော့ အရုပ်သစ်ရတဲ့ ကလေးတွေလိုပဲ ကျမတို့ ပျော်ကြတာပေါ့။ သူ့ခမျာလည်း ရေသေကြီးထဲ မနည်းကူးလာရတာ ဆိုတော့ ကျမတို့ အားလုံး ရှိတာလေးတွေ ထုတ်ကျွေးကြရင်း စကားပြောဖော် အသစ်တယောက် ရောက်လာသလို ဖြစ်သွားတာ ပေါ့လေ။

ဗိုလ်ချုပ်မှူးကြီးက ဒီလောက်နဲ့တင် မကျေနပ်ဘူး။ မစ္စတာယက်ထော အိမ်ထဲဝင်တဲ့ကိစ္စကြောင့် “ကျမကို အကျယ်ချုပ်ရက် ထပ်တိုးတယ်” လို့ အာဏာသုံးပြီး ပြောလိုက်လည်း ရရဲ့သားနဲ့ စေတနာဗရပွနဲ့ အလုပ်ရှုပ် ခံရှာတယ်။

“သြော် ကောင်မလေးခမျာ ပျင်းနေရှာတယ်၊ လူတွေနဲ့လည်း မတွေ့ရတာ ၆ နှစ်နီးပါး ရှိနေရှာပြီ။ လူတွေနဲ့ တွေ့ရအောင် လုပ်ပေးဦးမှ” ဆိုပြီး ဗိုလ်ချုပ်မှူးကြီး စဉ်းစားတယ် မဟုတ်လား။ အဲဒီလို စေတနာ ထားတာ။

လူနှစ်ယောက်ထဲနဲ့ နေခဲ့ရတဲ့ ကျမ .. ခုလို လူပေါင်းများစွာနဲ့ တွေ့လိုက်ရတာ ဘယ်လောက် ပျော်လိုက်မလဲ စဉ်းစားသာကြည့်။ စကားတွေလည်း ပြောရသေးတယ်၊ ပြီးတော့ ကျမရဲ့ ရှေ့နေကြီးတွေဆိုလည်း တွေ့ရ ပါတော့မလား ထင်တာ ခုပြန်တွေ့ခွင့်၊ စကားပြောခွင့်ရတယ်။ ဘာပဲဖြစ်ဖြစ် ခုလို ကျမကို မပျင်းရအောင် ဒီလို အခြေအနေတွေ ဖန်တီးပေးတာ ဗိုလ်ချုပ်မှူးကြီးကို ကျေးဇူးတင်ထိုက်တာပေါ့ မဟုတ်ဘူးလား။

နောက်တခုရှိသေးတယ် .. ဘယ်သူတွေက “တံခါးဖွင့် တရားစီရင်ရေးလုပ်ပါ” ဆိုပြီး ဘယ်လောက်ပဲ တောင်းဆိုတောင်းဆို .. လုပ်ချင်ရာလုပ်နေကျ ဗိုလ်ချုပ်မှူးကြီးရဲ့ ဉာဉ်အတိုင်း “မဖွင့်ဘူးကွာ ဒီတိုင်းစစ်” လို့ လုပ်လို့ရရဲ့သားနဲ့ စေတနာတွေ ဝေဖြာပြီး သံတမန်တွေ၊ သတင်းထောက်တွေကို (ဟန်ပြပဲဖြစ်ဖြစ်) ဝင်ခွင့် ပေးခိုင်းတာလည်း ကျေးဇူးတင်ရမှာပဲလေ။

အဲဒီတော့ ပွဲက ပိုဆူသွားတာပေါ့၊ အဲဒီမှာ နိုင်ငံတကာက ပိုအာရုံစိုက်လာတဲ့ အပြင် ကျမရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်သံမှတ်တမ်းတွေ ဆိုတာ နိုင်ငံတကာက မီဒီယာတွေ၊ ရုပ်သံတွေမှာ တင်းကြမ်းပြည့် ပါလာပြီး လူတွေကလည်း အန်တီစု၊ အမေစု၊ မမစု၊ ညီမလေးစု .. ဘာစု၊ ညာစုနဲ့ အုတ်အုတ်ကျက်ကျက် လုပ်ကုန်ကြရော မဟုတ်လား။

ကျမ ပြောနေကျ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စကို ထပ်ပြောခွင့်ရအောင်လည်း ဗိုလ်ချုပ်မှူးကြီးက ဖန်တီး ပေးပြန်တယ်။ သံတမန် ၃ ယောက်နဲ့ အင်းစိန်ထောင်ထဲမှာ စကားပြောခွင့်ရဖို့ဆိုတာ ဘယ်လွယ်လိမ့်မလဲနော်။ ကျမလို နေအိမ်အကျယ်ချုပ်ကျခံထားရပြီး ဘယ်သူနဲ့မှ တွေ့ခွင့်မရတဲ့ သူတယောက်အဖို့ ပိုတောင် မလွယ်သေး တယ်။

ကျမကို ၂ ပတ်လောက်အတွင်းမှာ တကမ္ဘာလုံးကလူတွေ အာရုံစိုက်လာအောင် လုပ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။ ခုဆို ကျမအမှုတရားစီရင်ရေးက ၂၀၀၉ အတွက် အထူးခြားဆုံး တရားစီရင်မှု ဖြစ် သွားလောက်ပြီ။

ကြည့်ရတာ ဗိုလ်ချုပ်မှူးကြီးက တရုတ်နဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြိုက်တတ်တယ် ထင်တယ်နော်။ စိတ်ကူးယဉ် ဇာတ်လမ်းတွေ ရေးတာလည်းတော်တော် တော်တယ်။ ဗိုလ်ချုပ်မှူးကြီးသာ ရုပ်ရှင်ဝင်ရိုက်ရင် ဒါရိုက်တာ မောင်မျိုးမင်းတို့၊ စင်ရော် မောင်မောင်တို့တောင် အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်။

ဗိုလ်ချုပ်မှူးကြီးကြိုက်တတ်တဲ့ ရုပ်ရှင် စကားနဲ့ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဗိုလ်ချုပ်မှူးကြီးက ကျမကို မင်းသမီး တင်ပေးလိုက်တာပဲ။ နာမည်မြုပ်စ ပြုနေတဲ့ မင်းသမီးကို တကားတည်းနဲ့ နာမည်ပြန်ကြီးအောင် လုပ်ပေးလိုက်တာနဲ့ အတူတူပဲ။ စိတ်မကောင်းစရာ အချက်က ဗိုလ်ချုပ်မှူးကြီးကတော့ လူကြမ်း ဖြစ်သွားတာ ပေါ့လေ။ ကျမကတော့ လူကြမ်းက နာနာရိုက်တာကိုခံရတဲ့ မင်းသမီးပေါ့။

ဇာတ်ထဲမှာ လူကြမ်းက မင်းသမီးကို နာနာနှက်လေ ပရိသတ်က မင်းသမီးကို ဂရုဏာသက်လေ၊ လူကြမ်းကို မုန်းလေ ဆိုတာကတော့ သဘာဝပါပဲ။ ဒါပေမယ့်လည်း စိတ်မညစ်ပါနဲ့ လူကြမ်းတွေလည်း အကယ်ဒမီတော့ ရနိုင်ပါသေးတယ်။ အံ့ကျော်ကြီးတို့ အောင်ခိုင်တို့တောင် အကယ်ဒမီ ရသေးတာပဲ။

ချီးကျူးစရာကောင်းတာ တချက်ရှိသေးတယ် .. ဗိုလ်ချုပ်မှူးကြီးတင် ဇာတ်ညွှန်းရေးတော်တယ် ထင်တာ ဗိုလ်ချုပ်မှူးကြီးရဲ့ နောက်လိုက်နောက်ပါတွေကလည်း စိတ်ကူးယဉ် ဝတ္ထုရေးတဲ့နေရာမှာ တော်တော် တော်ပါလား။ ဟောင်ကောင်က ကောင်စစ်ဝန် ဦးရဲမြင့်အောင်က ကျမနဲ့ မစ္စတာ ယက်ထောက သမီး ရည်းစားတွေ လို့ ပြောတယ်တဲ့။ ကြည့်ရတာ အလွန်ဆွတ်ပျံ့ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်း တပုဒ် ဖန်တီးချင်ပုံရတယ်။ ဒီလိုလူတွေရှိနေရဲ့သားနဲ့ မြန်မာ့ရုပ်ရှင် ကမ္ဘာကို ဘာလို့မလွှမ်းသလဲ စဉ်းစားမရဘူး။ သူ့ခမျာလည်း သူ့ ပါပါ ဗိုလ်ချုပ်မှူးကြီး သူ့ကို မေ့နေမှာစိုးလို့ ထအော်ပေးတာ ထင်ပါရဲ့။ သတိရကြောင်းလေး စာလှမ်းရေးလိုက်ပါဦး။

ဗိုလ်ချုပ်မှူးကြီးအတွက် နောက်ထပ် စိတ်မကောင်းဖြစ်မိတာတခု ရှိသေတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD သာ ဝင်အရွေးခံရင် ၁၉၉၀ ရွေးကောက်ပွဲလို မဲအပြတ်အသတ်နဲ့ နိုင်ဦးတော့မှာ။ အဲဒီလိုဖြစ်အောင်လည်း ဗိုလ်ချုပ်မှူး ကြီးက လုပ်ပေးလိုက်တာပါ။ နှစ် ၂၀ လုံးလုံး မနည်းကို ကျားကန်ထားရတဲ့ NLD ပါတီက ဗိုလ်ချုပ်မှူးကြီး လုပ်ပေး လိုက်တာနဲ့ မေ့နေတဲ့သူတွေ သတိပြန်ရ၊ လုံးဝမသိသေးတဲ့သူတွေလည်း သိလာကြနဲ့ လူတွေ တော်တော် အာရုံစိုက်လာတာ ခံနေရပြီ။ ဒါ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျေးဇူးကြောင့်ပဲ။

ဗိုလ်ချုပ်မှူးကြီးက ဒါရိုက်တာလုပ်တာ၊ ဇာတ်ညွှန်းရေးတာတင် တော်တာမဟုတ်ဘူး ပရိုမိုးရှင်းလုပ်တဲ့ နေရာ မှာလည်း တော်တော် တော်တာပဲ။ ကျမကတော့ ဗိုလ်ချုပ်မှူးကြီးကို လစာကောင်းကောင်းပေးပြီး ကျမပါတီကို လူပိုသိအောင်၊ နာမည်တက်အောင် လုပ်ပေးတဲ့ ကိုယ်စားလှယ် (PR) ခန့်ချင်လာပြီ။

စဉ်းစားကြည့်တော့ ဗိုလ်ချုပ်မှူးကြီးက ကိုယ့်ကိုယ်ကိုယ် အနစ်နာခံ၊ လူကြမ်းအဖြစ်ခံပြီး ကျမနဲ့ ကျမရဲ့ပါတီကို ကမ္ဘာက ပိုသိအောင် နာမည်တက်အောင် လုပ်ပေးလိုက်တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် NLD ပဲ နိုင်ဦးမှာ ဆိုတော့ ခုကတည်းက ဗိုလ်ချုပ်မှူးကြီးတို့လို လူတော်တွေ မွေးထားဖို့ လိုတယ်လေ။ ဆက်သွယ်ဖို့ မမေ့နဲ့နော်..။ လစာ ကောင်းကောင်း ပေးမှာပါ။ ။

ကျေးဇူးတင်စွာဖြင့် …
အောင်ဆန်းစုကြည်
ခေတ္တ အင်းစိန်ထောင်

မှတ်ချက်။ ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စာရေးသည့် သဘော စိတ်ကူး ပုံဖော်ကာ သရော်စာအဖြစ် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။

အများပြည်သူရှေ့မှောက် လွတ်လပ်တဲ့ တရားခွင်


ဒေါ်အောင်ဆန်း စုကြည် ၏ အမှု အား ၁၈-ဝ၅-၂ဝဝ၉ မှ စတင် စစ်ဆေး ခဲ့ရာ တရား လိုဘက်မှ တင်ပြ သည့် သက်သေ ၂၃ ဦးအနက် သက်သေ ၁၃ ဦးကို စစ်ဆေး ပြီးသည့်နောက် ကျန်ရှိသည့် သက်သေ များကို ဆက်လက် စစ်ဆေးခြင်း မပြု တော့ဘဲ၊ ဒေါ်အောင် ဆန်း စုကြည် အပေါ် နိုင်ငံ တော်အား နှောင့်ယှက် ဖျက်ဆီး သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၂၂ အရ စွဲချက် တင်၍ ဖြေရှင်း စေရန် သီးသန့် ခုံရုံးက အမိန့် ချမှတ် ခဲ့သည်။

တရားလိုဘက်မှ တင်ပြသည့် သက်သေအထောက်အထားများ ခိုင်လုံပြီဟု တရားသူကြီးက ထင်မြင်ယူဆပါက ကျန်သည့်သက်သေများကို ဆက်လက်မစစ်ဆေးတော့ဘဲ တရားရုံးမှ ကျန်သက်သေများကို ပယ်နိုင်သည်မှာ မှန်သည်။ သို့သော် စွပ်စွဲခံရသူအား စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးနိုင်ရန် အခွင့်အရေး ပေးရမည်သာဖြစ်သည်။ သို့သော် ယခု စစ်ဆေးနေသည့် သီးသန့် ခုံရုံးတရားသူကြီးများဖြစ်သည့် ဦးသောင်းညွန့်နှင့် ဦးညီညီစိုးတို့က စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်အား ထိုအခွင့်အရေးကို မပေးခဲ့၊ ၎င်းတို့ ထင်မြင်ယူဆသည့်အတိုင်း စွဲချက်တင်သည့်အမိန့် ချမှတ်ခဲ့သည်။ ထို့ကြောင့်လည်း အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်သည့် ဦးဉာဏ်ဝင်းက လုပ်ဆောင်ခဲ့သည့် ကိစ္စရပ်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တရားလိုဘက်မှ စွဲချက်တင် ဖြေရှင်းစေသင့်သည်ဟု လျှောက်ထားချက်ကိုပင် မစောင့်တော့ဘဲ စွပ်စွဲခံရသူအား ယခုကဲ့သို့ စွဲချက်တင်ဖြေရှင်းစေခြင်းသည်ပြည်သူအများကတရားသူကြီးများအပေါ် အထင်အမြင်လွဲမှား စေသည်။ ပညာရှိ တရားသူကြီးမင်းများကလည်း စိတ်စော၍ ထိုအချက်ကို မေ့လျော့သွားဟန်တူသည်။

တရားစီရင်ရေး၏ အဓိကတာဝန်သည် အမှန်ကို ရှာဖွေဖော်ထုတ်ခြင်းပင် ဖြစ်သည်။ အမှန်ကို တွေ့ပြီးမှသာ ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ ဆုံးဖြတ်နိုင်သည်။ အမှားပေါ်တွင် အခြေခံ ဆုံးဖြတ်လျှင် တရားမျှတမှုကို မဖော်ဆောင်နိုင်၊ မတရားစီရင်ရေးသာ ဖြစ်မည်။

ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တရားသူကြီးများအနေဖြင့် ပြဋ္ဌာန်းဥပဒေများကိုသာ လိုက်နာဆောင်ရွက်ရန် ဖြစ်သည်။ အမှုများကို စစ်ဆေးစီရင်ရာတွင် သစ္စာတရား ၄ ပါးကို လက်ကိုင်ထား၍ ဆောင်ရွက်ရန်နှင့် အဂတိတရား ၄ ပါးကို ရှောင်ရှားရန် ဖြစ်သည်။

အဂတိတရား ၄ ပါးသည် လောဘ၊ ဒေါသ၊ ကြောက်ရွံ့စိုးရိမ်ခြင်း၊ မသိနားမလည်ခြင်းတို့ ဖြစ်သည်။

အဂတိကင်းစွာ မထောက်မညှာ မှန်ရာကိုသာ ဥပဒေနှင့်အညီ စီရင်ရန် တာဝန်သည် တရားသူကြီး၏ တာဝန်နှင့် လိုက်နာရမည့် ကျင့်ဝတ်ဖြစ်သည်။ လွတ်လပ်စွာ လုပ်ပိုင်ခွင့်သည် ထင်ရာမြင်ရာ လုပ်ပိုင်ခွင့်မဟုတ်၊ စည်းကမ်းနှင့်အညီ၊ ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် ဖြစ်သည်။

အမှန်ကို စီရင်ရန်မှာ တရားရုံးအား ကြီးကြပ်ကွပ်ကဲရသည့် တရားသူကြီး၏ တာဝန်ဖြစ်သည်။ သို့ရာတွင် ထိုမျှနှင့် ပြီးပြည့်စုံပြီဟု မဆိုနိုင်။ အမှန်ကို စီရင်ကြောင်း အများမြင်သာစေရမည်။ တံခါးပိတ်နောက်ကွယ်တွင် စစ်ဆေးစီရင်သော တရားသည် မည်မျှပင်မှန်စေဦး ပြည်သူက သံသယဖြစ်တတ်သည်။ ထို့ကြောင့် တရားစီရင်ရာတွင် တံခါးပိတ်၍ တိုးတိုးတိတ်တိတ် စစ်ဆေး၍မရ၊ အများပြည်သူ အမြင်အကြားတွင် အထင်အရှား စစ်ဆေးစီရင်ရမည်ဟု တရားစီရင်ရေးဆိုင်ရာ မူအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အမှုကို လက်ခံစစ်ဆေးနေသည့် ပညာရှိတရားသူကြီး ၂ ဦးအနက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူ ဦးသောင်းညွန့်သည် ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီးအဖြစ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းဇေယျာပါ (၁၄) ဦးတို့၏ အမှုတွင် အမြင့်ဆုံးပြစ်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်ကို တွေ့ရသည်။ ထိုနည်းတူ အဖွဲ့ဝင်ဖြစ်သည့် ဦးညီညီစိုးသည် မစုစုနွေး၏ အမှုတွင် အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့သည့် အနောက်ပိုင်းခရိုင် တရားသူကြီး ဖြစ်သည်။ နိုင်ငံတော်ဘက်မှ ဥပဒေအရာရှိအဖြစ် လိုက်ပါဆောင်ရွက်သည့် ဦးမြင့်ကြိုင်သည် ကိုမင်းဇေယျပါ (၁၄) ဦးအမှုတွင် လိုက်ပါဆောင်ရွက်ခဲ့သည့် ဥပဒေအရာရှိ ဖြစ်သည်။

ယခုအမှုတွင် တရားလိုဘက်မှ သက်သေအဖြစ် လိုက်ပါကြသူများသည် ရှာဖွေပုံစံတွင် လက်မှတ်ရေးထိုးသည့် သက်သေများဖြစ်သော ရယက ဥက္ကဋ္ဌများနှင့် တည်းခိုခန်း မန်နေဂျာမှအပ ကျန်သည့် သက်သေများမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သူများနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အရာရှိများ ဖြစ်သည်။ လွတ်လပ်သည့် သက်သေ သာမန်ပြည်သူတဦးမျှ မပါရှိသည်ကို တွေ့ရမည် ဖြစ်သည်။

သီးသန့် ခုံရုံးတရားသူကြီးများနှင့် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိတို့သည် အဂတိ တရား ၄ ပါး ကင်းရှင်းစွာဖြင့် အမှုကို အမှန်အတိုင်း စစ်ဆေးစီရင်မည်လား၊ တရားစွဲ အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တရားလိုပြသက်သေများက စစ်ဆေးပေါ်ပေါက်ချက်အတိုင်း ထွက်ဆိုမည်လား ဆိုသည်မှာ အများပြည်သူအတွက် လွန်စွာမှ ပင်သံသယပွားစရာပင် ဖြစ်သည်။

၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေးဥပဒေ အခန်း (၂) တရားစီရင်ရေးဆိုင်ရာ မူများနှင့် ပတ်သက်၍ ၂ (က) တွင် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခြင်း၊ (င) ဥပဒေအရ တားမြစ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ခြင်း စသည်တို့ကို တရားရုံး အဆင့်ဆင့်နှင့် တရားသူကြီးများ လိုက်နာဆောင်ရွက်ရန် အဓိက ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြဋ္ဌာန်းချက်ကို သီးသန့် ခုံရုံးတရားသူကြီးများ လိုက်နာဆောင် ရွက်ခဲ့ခြင်းမရှိဘဲ အကြောက်တရားကို လက်ကိုင်ထားကာ စစ်ဆေးစီရင်နေရသည်ကို တွေ့မြင်နေရပြီ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့အား လုပ်ကြံခဲ့သည့် တရားခံများကို အင်းစိန်အကျဉ်းထောင်တွင် စစ်ဆေးစီရင်ခဲ့သည်။ သို့ရာတွင် တက်ရောက်နားထောင် လိုသူတို့ကို စိစစ်၍ ဝင်ခွင့်ပြုခဲ့သည်။ နေ့စဉ် စစ်ဆေးချက်ကို သတင်းစာတွင် အပြည့်အစုံ ထည့်သွင်းဖော်ပြခဲ့သည်။ အများပြည်သူ၏ ရှေ့မှောက်တွင် စစ်ဆေးစီရင်မှသာ သီးသန့် တရားရုံးသည် အမှုကို အမှန်အတိုင်း စစ်ဆေးစီရင်ခြင်း ရှိ၊ မရှိ ပြည်သူများက သိရှိနိုင်မည်ဖြစ်သည်။ သတင်းစာတွင် အမှု၏ အခြေအနေ အသေးစိတ်ကို ဖော်ပြခြင်း မရှိသည့်အတွက် ပြည်သူများအနေဖြင့် မသိနိုင်။ ထို့ကြောင့်လည်း အများပြည်သူ၏ ရှေ့မှောက်တွင် စစ်ဆေးစီရင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံတကာက တောင်းဆိုနေခြင်း ဖြစ်သည်။

အများပြည်သူ၏ ရှေ့မှောက်တွင် လွတ်လပ်မျှတသည့် တရားစီရင်ရေးစနစ်ဖြင့် စစ်ဆေးစီရင်ခြင်းဖြစ်ကြောင်း အုပ်ချုပ်သူ အစိုးရနှင့် တရားရုံးက မှတ်ကျောက်တင်၊ သက်သေပြနိုင်ခြင်း မရှိသည့်အတွက် ပြည်သူလူထု ယုံကြည်အားကိုးလောက်သည့် တရားစီရင်ရေးစနစ် မြန်မာနိုင်ငံတွင် ပြန့်ပွားထွန်းကားနိုင်ခြင်း မရှိသေးကြောင်းကို တင်ပြလိုက်ရပါသည်။

Myanmar defends Suu Kyi trial

ထရိုဂျန်မြင်း၊ ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ

ကွန်းအိန်

“အောင်ပြီ၊ အောင်ပြီ” “ဒါထရွိုင်းမြို့သားတွေရဲ့ အောင်ပွဲကွ”

အရမ်း ပတာ ဆုတ်ခွာ ထွက်ပြေး သွားသော ရန်သူ၏ တပ်များကို ကြည့်ယင်း ထရွိုင်းမြို့ သားများ အားပါး တရ ကြွေးကျော် လိုက်သော အသံမှာ မိုးမြေ သိမ့်သိမ့် ဆူညံ သွားသည်။ ရန်သူတပ်မှ ကျန်ရစ်ခဲ့သည့် သစ်သား မြင်းရုပ် တစ်ခုကို မြို့တွင်းသို့ ဆွဲယူ ယင်း အကြီး အ ကျယ် ပျော်ရွှင် နေခဲ့ကြ သည်။

ထိုနေ့တစ်နေ့လုံး ထရွိုင်းမြို့သူမြို့သားများ အရက်သေရည်
များ ချောင်းစီးမတတ် အောင်ပွဲခံအပျော်ကြူးခဲ့ကြသည်။ ထိုဥာဥ့်နက်၌ ထရွိုင်းမြို့သားများ အပျော်လွန်၍ အိပ်မော ကျနေချိန်၊ သစ်သားမြင်းရုပ် အံဝှက်အတွင်းမှ ရန်သူများလှို့ဝှက်ဆင်းလာခဲ့သည်။ အပမ်းလွန်နေသော အစောင့်များကို ရှင်းလင်း၍ မြို့ဝင်တံခါးကို ဖွင့်လိုက်သောအခါ ရန်သူများ ထုထည်အလုံးအရင်းနှင့် မြို့တွင်းသို့ လှိမ့်ဝင်လာခဲ့သည်။

“ရန်သူ ရန်သူ” “ရန်သူ ရန်သူ”

အိပ်ပျော်နေရာမှနိုးထလာသော အစောင့်ဝင်များ အလုံးရင်းနှင့် ဝင်လာသောရန်သူကို တွေ့ရ၍ အော်ဟစ်လိုက်သည်။ သို့သော်နောက်ကျသွားချေပြီး၊ ထိုးခုတ်သံ၊ အော်ဟစ်သံတို့ ကမ္ဘာပျက်သည့်အလား အလောင်းချင်းထပ်၍ သွေးစီး ကြောင်းများမှာ စွေးစွေးနီလျှက် မီးတောက် မီးလျှံများကြား၌ ထရွိုင်းမြို့ကြီး ပြာကျသွားခဲ့သည်။ ကဗျာဆရာဟိုးမား၏ အိလိယက် လင်္ကာထဲမှ ထရွိုင်းမြို့၏ ပျက်စီးခန်းဖြစ်သည်။ ရန်သူကိုအထင်သေးမိသော ထရွိုင်းမြို့သားများ၏ သံဝေဂ ရဘွယ်အဖြစ်အပျက်ဖြစ်သည်။ သစ်သားမြင်းရုပ်ကို မရှာဖွေ မစစ်ဆေးမိသော အသေးအဖွဲ အမှားတစ်ခုကြောင့် ထရွိုင်းမြို့ကြီးတခုလုံး ပြာကျသွားခဲ့သော ဖြစ်စဉ်မှာ သမိုင်းတွင် အထင်ကရ အဖြစ်အပျက်တစ်ခု ဖြစ်သည်။

စစ်အာဏာရှင်များအနေနှင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးအပြီး စီးပွားရေးလုပ်ခွင့် များ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ပေးခဲ့သည်။ စီပွားရေးလုပ်ခွင့်လုပ်ငန်းများတွင် ယစ်မူးနေအောင် ပြုလုပ်ခဲ့သည်။ မြို့ကြီးပြကြီးတွင် နေထိုင်လာကြသောအခါ ယခင်လုပ်ငန်း တာဝန်ကျရာဒေသသို့ အလာကျဲသွားသည်။ အုပ်ချုပ်ကွပ်ကဲမှုများ လျော့ရဲလာသည်။ ဤကား စစ်အစိုးရမှ ချပေးသော ထရိုဂျန်မြင်းရုပ်ကို ဆွဲယူလာသည်နှင့် မခြား ပေ။ လုံးဝလက်နက်ချရေးတည်းဟူသော စစ်အစိုးရပေါ်လစီနှင့် နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးလိုသော ငြိမ်းအဖွဲ့တို့၏ ဆန္ဒမှာဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ တွေ့ဆုံဆွေးနွေးရေးဟူသော မျှော်လင့်ချက်မှာ ရွှေပင်လယ် ကာဆီး၍ နီးနိုင်မည်မထင်တော့ပါ။

တချို့ငြိမ်းအဖွဲ့များအနေနှင့်လည်း ယူတိုးပီးယားအတွေးအမြင်များနှင့် လုံချာလပတ်လည် လိုက်နေသည်ကိုလည်း တွေ့ရသည်။ ဆာသောမတ်မိုး ရေးထားသော ယူတိုးပီးယားဝတ္တုတွင် ဤသို့တွေ့ရသည်။ ယူတိုးပီးယားနိုင်ငံမှ စုပေါင်း အလုပ်လုပ်ပြီး လိုအပ်သလောက်သာ ယူသည်။ ချမ်းသာကြွယ်ဝသည်။ ကျန်းမာရေး ပညာရေးကိစ္စအာလုံး အခမဲ့ပင်။ ပြီးပြည့်စုံသော နိုင်ငံတစ်ခုဖြစ်သည်ဟု ဝတ္တုတွင် ဖော်ပြထားသည်။ ထိုဝတ္တုကိုအကြောင်းပြု၍ ယူတိုးပီးယား လစ်ဇင်ကို စိတ်ကူးယဉ်ဝါဒဟု နိုင်ငံရေးဘန်းစကားတခု ပေါ်ပေါက်ခဲ့သည်။ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို သိမ်းယူထားသော စစ်တပ်ကို မိမိတို့အမျိုးသားရ ပိုင်ခွင့် အခွင့်အရေးတောင်းဆိုခြင်းသည် စိတ်ကူးယဉ်မှုတစ်ခုဟု မဆိုချင်သော်လည်း ဖြစ်နိုင်ချေနည်းပါးသည်ဟု မြင်ပါသည်။

ယ္ခုပစ္စပ္ပုန်အခြေအနေတွင် တချို့လက်နက်ကိုင်အဖွဲ့အစည်းများကို ရွေးကောက်ပွဲဝင်ရန်၊ တချို့အဖွဲ့အစည်းများကို နယ်စပ်စောင့်တပ်အသွင် ပြောင်းရန် စည်းရုံးနေသည်ကို တွေ့ရသည်။ နိုင်ငံရေးအသိနဲပါး၍ စီးပွားရေးအတွက်သာ မြင်သောတချို့ကား မဇ္ဇျိမပဋိပဋာလမ်းစဉ်ကို လိုက်နေကြသည်။ တချို့ကာ မိမိအဖွဲ့၏ ရည်မှန်းချက်ကို အတိမ်းအစောင်း မခံ မားမားမတ်မတ် ရပ်တည်နေကြသည်ကိုလည်း တွေ့ရသည်။ စစ်အစိုးရအနေနှင့်လည်း မုန့်အိုးကင်းကပ်စားသည့် ဗျူဟာအတိုင်း အနားသားများကို တဖြည်းဖြည်းစားပြီးမှ အလယ်သားများကို မုချစားမည်မှာ အသေအချာပင်။ တဖွဲ့ကျဆုံးချင်းသည် မိမိတို့အတိုက်အခံအဖွဲ့များ ခြေ၊ လက်ချောင်းများ ဖဲ့ထုတ်လိုက်သည့်ပမာ ဖြစ်သည်ကို တွေးသင့်သည်။ မိမိတို့တွင် ဆက်စပ်မှုရှိသည်။ အဖွဲ့အစည်း၏အခြေအနေနှင့် အဖွဲ့ကြီးအခြေအနေတို့သည်လည်း အကျိုးအကြောင်းဖြစ်စဉ်အရတခုနှင့် တခုအမှီသဟဲပြုနေရပြီး ဆက်စပ်မှုလည်းရှိနေကြသည်။

မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီခေါင်းဆောင်များ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ အနုပညာရှင်များကို ဖမ်းဆီးအရေးယူ ထောင်ဒဏ်ချမှတ်နေခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်ျးားကို လက်နက်ကိုင်ချရန်ဖိအားပေးခြင်း စသည့်လုပ်ရပ်များသည် ဒီမိုကရေစီနိုင်ငံသို့ ဦးတည်မည့်လုပ်ရပ် နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသည်။ ကြားထဲမှ မရှိတာနဲ့ စာယင် ရှိတာပိုကောင်းတယ် ဟူသော လက်ဟောင်း နိုင်ငံရေးသမားများ၏ ပွဲလန့်တုံးဖျာခင်းအယူအဆသည်လည်း စစ်အစိုးရ အကြိုက်တွေ့နေသည်။ လက်ရှိစစ်အစိုးရ၏ လုပ်ရပ်များသည် ဒီမိုကရေစီသို့ ဦးတည်နေသည်ဟု မည်သည့်ပြောင်းလဲမှုကိုတွေ့၍ ပြောဆိုနိုင်သနည်း။

စစ်အစိုးရအနေနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတည်းဟူသော ထရိုဂျန်မြင်းကို ထားရစ်ခဲ့ပေပြီး။ မြို့အတွင်းဆွဲယူ၍ ယူတိုးပီးယားအတွေးဖြင့် နှစ်သိမ့်နေတော့မည်လော။ အနာဂတ်နိုင်ငံတော်၏ ကောင်းကျိုးဆိုးကျိုးအားလုံးသည် ယင်းအပေါ်၌သာ တည်မှီနေသည်။ စစ်ကျွန်ဘဝ သက်ဆိုးရှည်စေရန် စစ်အစိုးရအနေနှင့် နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်စစ်ဆင်နေသည်။ စစ်အာဏာရှင်တို့၏ ရေရှည်ပရိယယ်ကို မမြင်ပါက၊ ကြိုတင်ပြင်ဆင်မှုမရှိပါက--

“ရန်သူ၊ ရန်သူ - ရန်သူ”

အဆက်မပြတ်ဝင်ရောက်လာသော ရန်သူကိုတွေ့၍ အော်ဟစ်ခဲ့သော်လည်း နောက်ကျသွားခဲ့ချေပြီး။ သွေးသံရဲရဲ၊ မီးလျှံတဟုန်းဟုန်းနှင့် ထရွိုင်းမြို့၏ ပျက်စီးမှုမြင်ကွင်းကို မြင်ယောင်နေသေးသည်။ အတိတ်၏ ဖြစ်ရပ်များလည်း ပစ္စုပ္ပန်သို့လည်း လာနိုင်သည်ကို သတိချပ်ရန်လိုသည်။ ယ္ခုလည်းရန်သူကတဖြည်းဖြည်းနီးကပ်လာပေပြီး။ ကျွန်ပ်တို့ ဘာလုပ်မည်နည်း။ ဘာလုပ်နိုင်မည်နည်း။ ဘာလုပ်သင့်သနည်း။


ယနေ့ မြန်မာ့ရေးရာ သတင်းများ May,30th,2009

( 15 )Suu Kyi reported ill in Myanmar prison

( 14 )ခမီးလူငယ်များ စစ်တပ်ထဲ အတင်း သွင်းခံနေရ

( 13 )Officer using PM visit to fill pocket

( 12 )မော်လမြိုင်ဗုံးပေါက်ကွဲမှုကြောင့် နယ်စပ်တွင် အရေးပေါ်လုံခြုံရေးတင်းကျပ်

( 11 )6th year of detention

( 10 )Myanmar govt agrees to repatriate Rohingya refugees

( 9 )ဒေါ်စု အမှုရက်ချိန်း ဇွန်လ ၅ ရက်သို့ ရွှေ့ပြောင်း

( 8 )US presses Myanmar to free Aung San Suu Kyi

( 7 )Crises rock resilience of Burma's farmers

( 6 )ဒီပဲယင်းအကြမ်းဖက်မှု ၆ နှစ်ပြည့်တိုင် အရေးမယူသေး

( 5 )Supporters wait on Suu Kyi verdict

( 4 )PTT seeks M9 delivery delay

( 3 )အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး NLD စိုးရိမ်မကင်းဖြစ်

( 2 )Asean must reprimand Burma over Suu Kyi

( 1 )'Grave concern' held over health of Suu Kyi

Friday, May 29, 2009

ဒေါ်အောင်ဆန်းစုကြည်သတင်း လွတ်လပ်စွာဖော်ပြခွင့်မရ

အေးလဲ့ Friday, 29 May 2009

ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်သည့် သတင်း များကို ပြည်တွင်း အခြေစိုက် သတင်း ဂျာနယ် များတွင် ဖော်ပြ လိုပါက အစိုးရပိုင် သတင်း စာများ ထဲမှ သတင်း များအတိုင်း “၏” “သည်” မလွဲ ရေးသား မှသာ စာပေ စိစစ်ရေး က ခွင့်ပြုကြောင်း ကြားသိ ရ သည်။

ပြည်တွင်း အခြေစိုက် သတင်း ထောက်များ အနေနှင့် ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်သည့် သတင်း များကို ၎င်းတို့ ကိုယ်တိုင် တွေ့မြင်ခဲ့ သည့် အတိုင်း လွတ်လပ်စွာ ရေးသား ဖော်ပြခွင့် မရှိသည့် အပြင် အစိုးရပိုင် သတင်း စာများ ထဲတွင် ဖော်ပြထား သည့် သ တင်းများ ထဲမှ လိုချင်သည့် စာပိုဒ်ကို ထုတ်နုတ် ကိုးကား ရေးသား ခြင်းမျိုး ကိုလည်း ခွင့်မပြု ကြောင်း ရန်ကုန် အခြေစိုက် သတင်း ဂျာ နယ် အယ်ဒီတာ တဦးက ပြောသည်။

“ဒီသတင်းကိုဖော်ပြတဲ့ သတင်းဂျာနယ်တွေအားလုံး သတင်းစာနဲ့ တပုံစံတည်း ထည့်ပေးရတယ်” ဟု ၎င်းကဆိုသည်။


အင်းစိန် အကျဉ်းထောင်အတွင်း ပြုလုပ်သည့် တရားခွင်ကြားနာမှု တချို့တွင် မြန်မာသတင်းထောက် အနည်းငယ်ကို တက်ရောက်ခွင့် ပြုခဲ့သော်လည်း ပြည်တွင်းမီဒီယာများအနေဖြင့် လွတ်လပ်စွာ သတင်း ဖော်ပြခွင့် မရသောကြောင့် တရားခွင်နှင့် ပတ်သက်၍ သတင်း ရေးသားဖော်ပြရာတွင် ကန့်သတ် ချုပ်ချယ်ထားမှု အားလုံးကို ဖယ်ရှားပေးရန် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က မေလ ၂၈ ရက်နေ့က မြန်မာ စစ်အစိုးရကို တောင်းဆိုလိုက်သည်။

RSF က ထုတ်ပြန်ထားသည့် ကြေညာချက်တွင် နိုင်ငံခြားသား သတင်းထောက်များကို အကျဉ်းထောင် တရားရုံးတွင်း ဝင်ခွင့်မပြုကြောင်းလည်း ပါရှိသည်။

“မီဒီယာအပေါ်ထားတဲ့ စစ်အစိုးရရဲ့ သဘောထားဟာ တပြေးညီ မရှိတဲ့အတွက် မြန်မာသတင်းထောက် တွေအားလုံး တရားခွင်ကို တက်ရောက်ခွင့်မရသလို နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း အနား ကပ်လို့မရအောင် လုပ်ထားပါတယ်” ဟု RSF က ထုတ်ပြန်ထားသည်။

၎င်းကြေညာချက်တွင်ပင် “စစ်အစိုးရရဲ့ ကြိုတင် တည်းဖြတ်၊ စိစစ်မှုတွေကြောင့် လွတ်လွတ် လပ်လပ်ရေးသား ဖော်ပြခွင့်မရဘဲ တဝက်တပျက် အခွင့်အလမ်းကြားထဲက ရေးသားရတာဖြစ်တဲ့အတွက် မြန်မာလူထုဟာ ခုံရုံးနဲ့ပတ်သက်ပြီး သတင်းအမှန်ကို တိတိကျကျမသိရပါ” ဟုလည်း ပါရှိသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း “သတင်းစာ က လည်း အစိုးရရဲ့သတင်းစာ၊ တရားစွဲတာလည်းအစိုးရကိုယ်တိုင် စွဲဆိုတာ၊ ကျနော်တို့အနေနဲ့ ဘာမှ လွတ်လပ်ခွင့် မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်ပတ်သက်ပြီး အများပြည်သူ ကြားနာခွင့်မရှိသည့် တံခါးပိတ် တရားခွင် စစ်ဆေးမှုမှာ ၉ ရက်မြောက် ပြီးခဲ့ပြီ ဖြစ်သော်လည်း သတင်းထောက်တချို့ကို ၂ ရက်သာ တရားခွင်သို့ တက်ရောက်ခွင့်ပြု ခဲ့သည်။

မေလ ၂၀ ရက်နေ့တွင် နိုင်ငံခြား သတင်းဌာနများကို မဲနှိုက်စေကာ မဲပေါက်သည့် သတင်းဌာန ၅ ခုမှ မြန်မာနိုင်ငံသား သတင်းထောက် ၅ ဦးနှင့် ပုဂ္ဂလိကပိုင် သတင်းမီဒီယာများထဲမှာ စစ်အစိုးရ ရွေးချယ်သည့် ဂျာနယ်တိုက် ၅ ခုမှ သတင်းထောက် ၅ ဦး၊ စုစုပေါင်း သတင်းထောက် ၁၀ ဦးကိုသာ တရားခွင်သို့ တက်ရောက်ခွင့် ပြုခဲ့သည်။

မေလ ၂၆ ရက်နေ့တွင် နိုင်ငံခြားသတင်းဌာနများမှ မြန်မာ သတင်းထောက် ၁၅ ဦးနှင့် ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် ၁၀ ဦး စုစုပေါင်း ၂၅ဦးတို့ကို တရားခွင်သို့ တက်ရောက်ခွင့် ပြုခဲ့သည်။

အစိုးရ မီဒီယားများအဖြစ် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာသတင်းစဉ် တို့မှ သတင်းထောက်များ တက်ရောက်ခဲ့ပြီး ၎င်းမီဒီယာ များကသာ တရားခွင်အတွင်း ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခဲ့သော်လည်း ကျန်မီဒီယာနှင့် သတင်းဌာနများမှာ ကင်မရာ၊ အသံဖမ်းစက်များ ယူဆောင်ခွင့်မရဘဲ မှတ်စုစာအုပ် တအုပ်စီသာ ယူဆောင်ခွင့်ပြုခဲ့ကြောင်း ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုလအစောပိုင်းက သူ၏နေအိမ်တွင်းသို့ အမေရိကန် နိုင်ငံသား ဝင်ရောက်ခဲ့မှုကြောင့် အကျယ်ချုပ်ကန့်သတ် တားဆီးမိန့် ချိုးဖောက်မှုဖြင့် အင်းစိန်ထောင်တွင်း တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။ အဆိုပါအမှုကြောင့် ထောင်ဒဏ် ၃နှစ်မှ ၅နှစ်အထိ ကျခံရ နိုင်ဖွယ်ရှိကြောင်း သိရသည်။

ဝန်ကြီးချုပ်ခရီးစဉ် အကြောင်းပြ - မိုင်းယန်း မယက ဥက္ကဌ စားပေါက်ထွင်

သျှမ်းသံတော်ဆင့်

စစ်အစိုးရ ၀န်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် အဖွဲ့အား ဧည့်ခံ ကျွေးမွေး စရိတ် စိုက်ထုတ်ငွေ အကြွေး ဆပ်ရန် ဟုဆိုကာ မိုင်းယန်း မြို့နယ် ဥက္ကဌ ဦးရဲလင်း အောင် သည် မိုင်းယန်းမြို့ ရပ်ကွက် အသီးသီး ထံမှ တအိမ် ကျပ်တထောင် ပိုက်ဆံ ကောက် ယူခဲ့ကြောင်း မြို့ခံ များ၏ ပြောပြချက် အရ သိရ သည်။

ဧပြီ ၂၅ ရက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် ကြီးသိန်းစိန်၊ တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ကျိုင်းတုံမှ မိုင်းယန်းသို့ ဟတ်စကီး ဖြင့်ခရီးထွက်ပြီး မိုင်းယန်းဌာနပေါင်းစုံဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအကြီးအကဲများအား အစည်း အဝေးတရပ်ဆင့်ခေါ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိစ္စ တနာရီကျော်ကြာသွားရောက်ဟောပြောစဉ်က ဧည့်ခံကျွေးမွေးစားရိတ် အကြွေးတင်ထား သောကြောင့် အစည်းဝေးခေါ်ပြီး ပိုက်ဆံ ကောက်ရခြင်းဖြစ်ကြောင်း ဥက္ကဌ ဦးရဲလင်းအောင် ပြောသည် ဟုဆို၏။

“မေ၂၃ ရက်က ရပ်ကွက်၊ ကျေးရွာဥက္ကဌ ၁၁ ရပ်ကွက်စလုံး အစည်းအဝေးခေါ်တယ်၊ ၀န်ကြီးချုပ်သိန်းစိန်နဲ့ မင်းအောင်လှိုင် အဖွဲ့ မိုင်းယန်းကိုလာတုန်းက ဧည့်ခံကျွေးမွေးစားရိတ်သိန်းချီ အကြွေးတင်နေလို့-တဲ့။ အကြွေးဆပ်ဖို့ တအိမ်ကျပ်တထောင် ကောက်တာ တမြို့လုံးအိမ်ခြေ ၅၅၀ အိမ်တိုင်းစေ့ဘဲ ” - ဟု မိုင်းယန်း မြို့ခံ အိမ်ရှင်မတဦးကပြော ပါသည်။

“ဗိုလ်သိန်းစိန်တို့လာတုန်းက ဘယ်လောက်ကုန်လို့လဲ၊ လဘက်ရည် ကော်ဖီနဲ့ မှုန့်အနည်းအကျဉ်းဘဲ ချကျွေးတာ၊ အဲဒီ ဧည့်ခံကျွေးမွေးခ အကြွေးပြန်ဆပ်ဖို့ အကြောင်းပြ အကြံအဖန် ရိုက်စားတာ ၊ လွန်လွန်းတယ် ”- ဟု ပိုက်ဆံထည့်ရသည့် ဆိုင်ကယ် တမားတဦးကလဲ ဆို၏။

“ကျပ် ၅၄၉,၀၀၀ လောက် သူရသွားတယ်၊ သက်သက်စားပေါက်ထွင်တာဘဲ” ဟု ဒေသခံတချို့ကလည်း တီးတိုး ပြောဆို နေကြကြောင်း ကြားသိရပါသည်။

မိုင်းယန်းမြို့ မယက ဥက္ကဌ ဦးရဲလင်းအောင် (အသက် ၃၃ နှစ်) သည် အကြောင်း အမျိုးမျိုးပြပြီး ပြည်သူများထံ မကြာခဏ ပိုက်ဆံ ကောက်ယူခဲ့ခြင်းကြောင့် ယခင်က တြိဂံတိုင်းမှူး၏ ခေါ်ဆို သတိပေးခြင်း ခံခဲ့ရပြီးဖြစ်ကြောင်း၊ ၃ လ အတွင်း နောက် တကြိမ် ဤကဲ့သို့ ထပ်လုပ်ပါကနေရာပြောင်းရွှေ့ ရာထူးချခံရဖွယ်ရှိကြောင်း -ဒေသခံများပြောပြချက် အရ သိရပါသည်။

ရန်ကုန်တွင် မိုးရွာရေကြီးပြီး မြောင်းများရေလျှံ

NEJ / ၂၉ မေ ၂၀၀၉


ယနေ့ရွာသွန်းသောမိုးကြောင့် ရန်ကုန်မြို့အနှံ့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်တွင် ယနေ့ ရွာသွန်းသော မိုးရေချိန်လက်မမှာ ကမ္ဘာအေးစခန်း၏ စာရင်းများအရ (၆၉) ကီလိုမီတာ ( ၂. ၇၂) လက်မသာရှိသော်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

“ရေကြီးတယ်ဆိုတာက ရေမြောင်းကြီးတွေ ပိတ်နေတဲ့အတွက် လျှံတာပါဗျာ။ ကျနော်တို့ ရန်ကင်းမြို့နယ်က ရေမြောင်းဆိုရင် ဒီနေ့ ရွာတဲ့မိုးကြောင့် မြောင်းတဖက်နဲ့ တဖက်တောင် လျှံတာမျိုး ဖြစ်သွားတယ်” ဟု ရန်ကင်းသားတဦးက ပြောသည်။်

မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနမှ တယ်လီဖုန်းဖြင့် ပြောပြချက်အရ ဘင်္ဂလားပင်လယ်အော်တွင် ပြီးခဲ့သည့် တပတ်က ဖြစ်ပေါ်ခဲ့သော အိုင်လာ အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းသည် ကုန်းတွင်းကို ၀င်ရောက်တိုက်ခတ်ပြီး ဖြစ်ကြောင်း၊ ရွာသွန်းမြဲ ရွာသွန်းသော မိုးရေချိန်သာ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ကို ဖြတ်သန်းစီးဆင်းနေသော ရာနှင့်ချီရှိသည့် ချောင်းများနှင့်ရေမြောင်းများကို ပြန်လည်တူးဖော်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ မိုးရွာသည်နှင့် ရေမြုပ်ခြင်းဖြစ်ကြောင်း တာမွေ မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

“ကျနော်တို့ (၁၅၅) လမ်းမှာ မိုးရွာတာနဲ့ အိမ်အောက်ထပ်ထိရောက်တယ်။ အိမ်ထဲကိုတောင် ရေ၀င်တယ်လေ။ ရေက စီးစရာမြောင်းမရှိတော့ လမ်းမပေါ်တက် စီးတော့တာပေါ့။ လှိုင်းတွေ တ၀ုန်းဝုန်းပဲ။ ကလေးတွေလည်း ပျော်ကြတယ်။ ဒါပေမယ့် လမ်းပေါ်လူတွေနဲ့တော့ ယာဉ်အန္တရာယ် ဖြစ်နိုင်ပါသေးတယ်” ဟု ၎င်းက ပြောသည်။

စည်ပင်အရာထမ်းတဦးနှင့် ဆက်နွှယ်သော သတင်းဂျာနယ်တစောင် ဖြစ်သည့် ရန်ကုန်အခြေစိုက် ပေါ်ပြူလာ သတင်းဂျာနယ်တွင် အမှိုက်ကို နေရာတကျ မပစ်သောကြောင့် ရေမြောင်းများ ပိတ်ဆို့ရသည်ဟု ဖော်ပြထားသည်။

တာမွေပလာဇာတွင် နေထိုင်သူတဦးကမူ “ကားတွေလည်း လမ်းပေါ်တွေမှာ ပျက်တာတွေ့တယ်။ တာမွေက ပရိဘောဂဆိုင်တွေဆိုရင် ရေတွေဝင်လို့ ရှင်းနေကြရတယ်။ ပြီးတော့ မင်္ဂလာအခမ်းအနားတွေ ရောင်းတဲ့ ဆိုင်တချို့ လည်း ရေ၀င်လို့ စိုတာတွေ စိုပေါ့ဗျာ။ ရေစီးရေလာ စနစ်မကောင်းတဲ့အတွက် အခုလို ရေကြီးတာကို စည်ပင်က သူများကို အပြစ်ပုံဖို့ ကြိုးစားတယ်ဗျာ” ဟု သူ၏ မျက်မြင်ကို ပြောပြသည်။

ကျောက်မြောင်းတွင် နေထိုင်သူ အိမ်ရှင်မတဦးကလည်း ရပ်ကွက်အတွင်းတွင် ပုဂ္ဂလိက အမှိုက်သိမ်းစနစ်ကိုသာ အားကိုးနေရသည်ဟုဆိုပြီး “စည်ပင်အမှိုက်ကားက ဘယ်နေ့လာလို့ လာမှန်းလဲ မသိရ။ ဘယ်အချိန် လာလို့ လာမှန်းလဲ မသိရဘူး။ ဒါ့ကြောင့် ကျမတို့ကတော့ တိုက်ခန်းမှာနေတဲ့သူဆိုတော့ အမှိုက်ကို အော်ပြီးတော့ လာသိမ်းတဲ့သူဆီမှာပဲ ပေးသိမ်းလိုက်တော့တာပါပဲ” ဟု ပြောသည်။

ယနေ့ ရွာခဲ့သောမိုးကြောင့် တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တို့တွင် ရေကြီးရေလျှံမှု အများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အမြီးမှန်း ခေါင်းမှန်း မကွဲတဲ့ စစ်ဗိုလ်ချုပ်ကြီးများ


ပြဿနာ တစုံတရာ တွေ့လာလျှင် အထူး သဖြင့် လူထုနှင့် တိုက်ရိုက် ပြဿနာ ဖြစ်လာလျှင် လက်နက် အားကိုး အကြမ်း ဖက်နည်းဖြင့် ဖြေရှင်း တတ်သော၊ သွေးထွက် သံယိုဖြစ်ပြီး၊ ဖန်တီး ပြီးမှ အကြောက် တရား သက်ဝင် လာစေပြီး ခွန်အား လက်နက်မဲ့ ပြည်သူကို ရက် စက်စွာ အုပ်ချုပ်သူ စစ်တပ် အတွက် ယခု ဂျွန်ဝီလျံ ယက်တော ပြဿနာ သည် နိုင်ငံတကာ မြင်ကွင်းတွင် တရား နည်းလမ်း တကျ လူကြီး လူကောင်း တို့၏ အသရေ ဖြင့် ချဉ်းကပ်ရ မည်ဖြစ်သော၊ ၎င်းတို့ ကျင့်သုံး နေကြ ပုံစံကို မည်သို့မှ အသုံးချ၍ မသင့်တော်သော နင်နေသည့် ပြဿနာ သစ်တရပ် ဖြစ်နေ တော့သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံသားတဦးနှင့် မြန်မာ့အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် အမျိုးသမီးကြီးတို့၏ ကြိုတင်ပြင်ဆင်မထားသော တွေ့ဆုံမှုအပေါ် မည်သို့ဆုံးဖြတ်ပါမည်နည်း။

ဤကိစ္စသည် နိုင်ငံအတွက် မည်သို့ သက်ရောက်မည်နည်း။ ဤကိစ္စ၊ ဤပြဿနာသည် ၎င်းတို့ မည်သို့မှ မျှော်လင့်မထားသော နိုင်ငံရေးကျားကွက် ဖြစ်နေခဲ့၍ စစ်တပ်မှာ မည်သို့မည်ပုံ အမြတ်ထုတ်ရမည်ကို မရွေးတတ်၊ မဆုံးဖြတ်တတ် ဖြစ်နေပုံရသည်။ မည်သို့ဆိုစေ ကမ္ဘာ့မီဒီယာအားလုံး သတိပြုမိသွားသည့် မျက်ခုံးတွန့် စောင့်ကြည့်နေသည့် ပြဿနာဖြစ်လာသည့်အတွက် မြန်မာ့လူထုခေါင်းဆောင်နှင့် စစ်တပ်အာဏာရှင်တို့အကြား အားလုနေရသည့် ပြဿနာဖြစ်သည်ကား သေချာပေသည်။

အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင်ကား ရိုးသားတည်ကြည်စွာ ပြဿနာကို အဆိုးအကောင်း နှစ်ဖက်စလုံးမှ ချဉ်းကပ်သည်။ ရရှိလာသော အနေအထားတွင်ဤ ခေါင်းဆောင်သည် အကျိုးရှိစွာ လှုပ်ရှားသွားမည်ကို ယုံမှားစရာမရှိပေ။ မိမိဆန္ဒအလျောက် တွေ့ဆုံခဲ့သော နိုင်ငံခြားသားမှာလည်း မည်သို့ပင်ဖြစ်စေ ကမ္ဘာကျော် မြန်မာစစ်အာဏာရှင်တို့၏ ကလိမ်ကျတတ်ပုံနှင့် နဖူးတွေ့ဒူးတွေ့ ကြုံရပြီ။ စစ်တပ်၏ အဆုံးအဖြတ် အာဏာ လက်ကိုင်ထားသူတို့မှာလည်း လုပ်နေကျအတိုင်း တဇောက်ကန်း ရှေ့တိုးမရ၊ ကြိုးတန်းပေါ် လမ်းလျှောက် နေရသူကဲ့သို့ သတိကြီးစွာ လှုပ်ရှားနေရရာ ကမ္ဘာ့အင်အားကြီးနိုင်ငံမှ နိုင်ငံသားတဦးအပေါ် မည်သို့ ဆုံးဖြတ်ချက် ချရမည်နည်း ဆိုသည်မှာလည်း မျက်လုံးဒေါက်ထောက် ကြည့်နေကြသော ကမ္ဘာ့သံတမန်များ၊ လူ့အခွင့်အရေးသမားများအလယ် ချွေးပြန်ဉာဏ်မထွက် ဖြစ်နေလေ၏။ လူကြီးလူကောင်း မျက်နှာဖုံး ကျွတ်မကျအောင် မနည်းထိန်းနေရသည်။ ၎င်းတို့ ရှေ့တိုးရန် ပြင်ဆင်နေသော ရွေးကောက်ပွဲကြီးအတွက် ဤပြဿနာသည် မည်သို့ အဆုံးသတ်မှ ကောင်းမည်နည်း ဆိုသည်ကို မစဉ်းစားနိုင်ဖြစ်နေပေမည်။

ကျွနုပ်တို့ ပြည်သူတရပ်လုံး၏ အမြင်နှင့် အတွေးကိုမူ ကြားဖြတ်ဖော်ပြချင်သည်။ အစစ်အမှန် လမ်းကြောင်းပေါ်တွင် မရှိသော ဒီမိုကရေစီ အနှစ်သာရကင်းမဲ့သည့် ရွေးကောက်ပွဲအတွက်၊ မည်သည့် ပြည်သူကမှ မထောက်ခံချင် ဖြစ်နေရာဝယ်၊ ဤ ကြိုတွက်မထားသော ပြဿနာပေါ်နင်း၍ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အစေးမကပ်ဖြစ်နေသော အန်အယ်လ်ဒီ လူကြီးလူငယ်များတို့ အကျိုးအမြတ်ရှိမည့် အင်အားစုစည်းမှုကို ရယူနိုင်ပြီး ကမ္ဘာ့သံတမန်လောက၊ နိုင်ငံရေးအခင်းအကျဉ်းများ၊ စစ်တပ်ခုံရုံး တရားခွင်များမှတဆင့် အမျိုးသားလှုပ်ရှားမှုတရပ် ကျစ်လျစ်စွာ လှုပ်ရှားပြီး တစုံတရာသော ခရီးတခုကို ချီတက်နိုင်ရန် မျှော်လင့်ကြသည်။

သိက္ခာမဲ့ ရပ်တည်နေသော တရားမဲ့အုပ်ချုပ်နေသော စစ်တပ်ကို ရရာအခွင့်အရေး အသုံးပြုပြီး ထိုးနှက်နိုင်မှသာ အတိုက်အခံအင်အားစု၏ သက်ဝင်ရပ်တည်နေမှုနှင့် စွမ်းရည်ကို ပြည်သူတို့ အားရယုံကြည်နေနိုင်ပေလိမ့်မည်။

တဖန် စစ်တပ်၏ ခြေလှမ်းနှင့် ပြဿနာကို မည်သို့ ချဉ်းကပ်မည်နည်း ဆိုသည်ကို ပြန်ကြည့်လျှင် ၎င်းတို့ကလည်း ဤပြဿနာကိုနင်း၍ အကျိုးရှိ၊ အမြတ်ထွက်အောင် ဆောင်ရွက်ကြမည်။ သို့သော် ပြဿနာက သိမ်မွေ့သည့်အပြင် အကိုင်အတွယ် မတတ်ပါက ကိုယ့်ရှူးကိုယ်ပတ်မည့် အနေအထားဖြစ်သည်။ ထိုင်းဘုရင်ကို အကြည်ညိုပျက်စေသော နိုင်ငံခြားသားအမှုမျိုး မဟုတ်၊ လူထုခေါင်းဆောင်ကို ကိုယ့်သဘောနှင့်ကိုယ် သွားရောက်တွေ့ဆုံပြီး၊ စစ်တပ်အာဏာပိုင်တို့ကို မထီမဲ့မြင်လုပ်သွားသော ဖြစ်ရပ်ဖြစ်သည်။ ၎င်းသည် လူထု၏ အာရုံစိုက်မှုကိုလည်း အပြည့်အဝ ရစေသည့်အပြင် အင်အားကြီး နိုင်ငံကြီးသားမို့ လူ့အခွင့်အရေးကလည်း အပြည့်အဝ ရနေမည်။ ကမ္ဘာအရပ်ရပ်မှ မီဒီယာများကလည်း အာရုံစိုက်နေကြသည်မို့ ၎င်းကို ခပ်စပ်စပ်ကလေးလည်း ဆော်ချင်သော်လည်း အဆော်မတတ်လျှင် ဆူးကြားက ဘူးခါးဖြစ်မည်မို့ စစ်အာဏာရှင်တို့ အကြံအိုက်ပြီး ချွေးသုတ်နေရပေပြီ။

မည်သို့ပင်ဖြစ်စေ ဤ ဂျွန်ဝီလျံ ယက်တောကြောင့် အထိန်းချုပ်ခံခေါင်းဆောင်မှာ ဤရက်သတ္တပတ်အတွင်း ကမ္ဘာ့မီဒီယာများပေါ်သို့ ရောက်ရှိလာပြီး၊ ၎င်း၏ အေးဆေးတည်ငြိမ်သော လှုပ်ရှားတုံ့ပြန်မှု၊ ကျက်သရေ ကြီးမြတ်လှသော လူထုခေါင်းဆောင်တဦး၏ ခွန်အားပြည့်ဝမှုတို့ကို ပြည်သူတရပ်လုံးက အားရပါးရ ရှိနေကြတော့သည်မှာ မြန်မာလူထု၏ လက်ငင်းအမြတ်ပင် ဖြစ်တော့သည်။

ဂျွန်ဝီလျံ ယက်တောကြောင့် ပြည်တွင်းမီဒီယာများကို ချုပ်ကိုင်ထားသော စစ်တပ်အာဏာပိုင်တို့မှာ ယခု မီဒီယာများကို ပြန်လည်အားပြုပြီး၊ အမြတ်ရရန် မသေချာသော နိုင်ငံရေးကစားကွက်ကို ရွှေ့နေရလေပြီ။

လူထု၏ မေတ္တာကို အပြည့်အဝ ရထားသော လူထုခေါင်းဆောင်၏ အပြုံးတချက်၊ စကားတခွန်း၊ လက်တချက် ဝှေ့ယမ်းမှုလေးကပင် လူထုအတွက် အားမာန်ပြည့်ဝသော လှိုင်းလုံးကြီးကို တွေ့ရသည့်ပမာ ခံစားကြရသည်။

မကြာတော့သော ကာလဝယ် တရားမဲ့ လက်နက်အားကိုး အုပ်ချုပ်သော စစ်တပ်သည် ၎င်းတို့ တသက်လုံး မကျင့်သုံးခဲ့သော ဒီမိုကရေစီ၏ အရသာကို အပြည့်အဝ ခံယူချင်ပေလိမ့်မည်။ ဒီမိုကရေစီ၏ အကျိုးသက်ရောက်မှုကို ပြည်သူတို့၏ တရားခွင်တွင် ပထမဆုံး ခံစားရမည်။ ဤစစ်တပ်အာဏာပိုင်တို့သည် ပြည်သူတို့ဆီမှ တရားမျှတမှုကို အငမ်းမရ အပြည့်အဝ တောင်းဆိုကြပေလိမ့်မည်။

မတရား ပြုကျင့်သူတို့သည် ၎င်းတို့ အလှည့်တွင် တရားမျှတမှုကို ဟစ်အော်တောင်းဆိုကြပေဦးတော့မည်။

More ''Free Suu Kyi'' reallies

စစ်အစိုးရ ပြည်တွင်း ပြည်ပ ဥပဒေများကို ချိုးဖောက်နေကြောင်း NLD ပါတီ ထုတ်ပြန် ကြေညာ

NEJ / ၂၉ မေ ၂၀၀၉

နအဖ စစ်အစိုးရ ၏ တရား စီရင်ရေး စနစ်သည် ပြည်တွင်း ပြည်ပ ဥပဒေ များအား ချိုးဖောက် နေသည်ကို တွေ့ရှိရ ကြောင်း အန်အယ် လ်ဒီ ပါတီက ယမန်နေ့ ၌ ကြေညာချက် ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲဆိုထားသော အမှုနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်တို့အား မစစ်ဆေးမီ ရှေ့နေများနှင့် ညှိနှိုင်းဆွေးနွေးရန် လုံလောက်သော အချိန်ကို အစိုးရဘက်က မပေးခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၁၅/၀၅/၀၉ ပထမအပိုဒ်တွင် ဖော်ပြသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားရုံးသို့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မိုးမိုးတို့ကို ၎င်းတို့၏ သက်သေများအဖြစ် စာရင်းတင်ခဲ့သော်လည်း ကျန်(၃) ဦးကို ပယ်ချလိုက်ပြီး ဦးကြည်ဝင်းတဦးတည်းသာ သက်သေထွက်ခွင့်ရခြင်းမှာ ခုခံချေပခွင့် အပြည့်အ၀မရခြင်း ဖြစ်သည်ဟုလည်း ထောက်ပြထားသည်။

တရားရုံးက တရားစွဲဆိုသူ တရားလိုအတွက် တရားလိုပြသက်သေ (၁၅) ဦးကို စစ်မေးခွင့်ပြုခဲ့သည်။

အမှုကိစ္စတရပ်တွင် စွပ်စွဲခံရသူအနေဖြင့် ၎င်း၏ ရှေ့နေနှင့် ညှိနိုင်းဆွေးနွေးရန် အချိန်အလုံအလောက် ပေးရကြောင်း၊ စွပ်စွဲခံရသူဘက်က ပြသသော သက်သေများကိုလည်း စစ်မေးခွင့်ပြုရကြောင်း၊ သို့မှသာ ခုခံချေပခွင့် ပေးသည်ဟု ဆိုနိုင်ကြောင်း ပါတီကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအချက်များကို မပေးအပ်ခဲ့ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၁ (၁) ပါ အချက်များနှင့် နအဖ၏ ဥပဒေအမှတ် - ၅/၂၀၀၀ ဖြစ်သည့် “၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေ” ၏ တရားစီရင်ရေးဆိုင်ရာမူ ပုဒ်မ ၂ (စ) ပါ အမှုတွင် ခုခံချေပခွင့်ပေးခြင်းဆိုသည့် အချက်များကို ချိုးဖောက်နေကြောင်း အန်အယ်လ်ဒီပါတီက ထုတ်ပြန်ကြေညာသည်။

ရုံးထုတ်သည့် အဌမနေ့

အောင်သက်ဝိုင်း

ရန်ကုန်မှာ ဗုံးဖောက်ခွဲ မှုတွေ လုပ်မယ်၊ ဆန္ဒပြ ပွဲတွေ လုပ်မယ် ဆိုတဲ့ သတင်း တွေကို စစ်အစိုးရ မီဒီယာ တွေက ထုတ်ပြန်ပြီး တဲ့ နောက် ပိုင်း လုံခြုံရေး အခြေ အနေက တော်တော်ကို တင်းကျပ် လာပါတယ်။

နေ့ဘက် လမ်းမပေါ်တွေမှာ လုံထိန်းကားတွေလှည့်နေသလို ညအချိန်မှာလည်း လမ်းမပေါ် သွားလာနေတဲ့ လိုင်းကားတွေ၊ တက္ကစီအဌားကားတွေနဲ့ လူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။

ရန်ကုန်မြို့တ၀န်းမှာ လုံခြုံရေးတင်းကျပ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးနေတဲ့ အင်းစိန်ထောင် အနီးအနားပတ်ဝန်းကျင်တွေမှာလည်း လုံခြုံရေးတွေက တနေ့တခြား ပိုများလာတာကို တွေ့မြင်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်တဲ့ အဌမမြောက်နေ့မှာ လုံထိန်းကားတွေက အင်းစိန်ဈေးရှေ့လမ်းမပေါ်မှာ လှည့်လည်ရုံမကဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့ အရပ်သူအရပ်သားတွေ၊ အဖွဲ့ချူပ်အဖွဲ့ ၀င် တွေ စုစည်းရာ မြင့်မိုရ်လမ်းရှေ့ ထိပ်တန်းအပေါင်ဆိုင်နားမှာ လက်နက်အပြည်အစုံနဲ့ လုံထိန်းတွေ တင်ထား တဲ့ ဒိုင်နာကား ခြောက်စီးနဲ့ ပိတ်ပြီးရပ်ထားတယ်။

နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်ကစပြီး လုံထိန်းရဲကားတွေက ဒေါ်စုကို အားပေးထောက်ခံတဲ့ လူအုပ်ကို ၀ိုင်း ထားတယ်။ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေ၊ အရပ်ဝတ်ရဲတွေကလည်း သူတို့ရဲ့ကားတွေ၊ ဆိုင် ကယ်တွေကို အင်းစိန်ဈေးဘက်အခြမ်းမှာ ရပ်လို့အသင့်အနေအထား နေရာယူထားကြတယ်။

ယာဉ်အမှတ် ၁ ဂ/၂၆၅၆၊ ၁ ဂ/၂၆၅၇၊ ၁ ဂ/၂၅၇၅၊ ၁ ဂ/၂၇၇၄ ၊ ၁ ဂ/ ၂၅၈၂ ၊ ၁ ဂ/၂၅၇၆ နံပါတ်တွေ တပ်ဆင်ထားတဲ့ အပြာရောင် လုံထိန်းရဲကားခြောက်စီးက လူအုပ်နားမှာရပ်ပြီး နှစ်ရာနီးပါး လောက်ရှိတဲ့ ဒေါ်စု ထောက်ခံ အားပေးသူ လူစုလူဝေးကို ခြိမ်းခြောက်တဲ့ပုံစံနဲ့ စောင့်ကြည့်နေတာကိုတွေ့ရတယ်။

လုံထိန်းရဲကားတွေဟာ တနေ့တခြား ဒေါ်စုထောက်ခံအားပေးသူတွေကို ခြိမ်းခြောက်လာနေတယ်။ အရင်က လမ်းမပေါ်မှာ ပဲလှည့်ပြီး အင်အားပြပေမယ့် အခုတော့ လူတွေအနားကို ကပ်ပြီး ရန်လိုတဲ့အကြည့်တွေနဲ့ လုံထိန်း တွေက ကြည့်လာတယ်။

စစ်အစိုးရဘက်တော်သားအရေအတွက်နဲ့နှိုင်းယှဉ်ရင် အလွန်းနည်းပါးလှသည့် နှစ်ရာလောက်သာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူ ပြည်သူတွေကတော့ လုံထိန်းကားတွေအနားမှာ ထိုင်တဲ့သူက ထိုင်ဆဲ၊ ရပ်တဲ့သူကလည်း ရပ်နေဆဲနဲ့ ကြောက်ရွံ့တဲ့အရိပ်အရောင်မပြဘဲ အင်းစိန်ထောင် အကျဉ်းထောင်ထဲက ပြန်ထွက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေကို စောင့်ဆိုင်းနေကြတယ်။

မွန်းလွဲ ၃ နာရီ ၂၀ မိနစ်လောက်မှာတော့ ထိပ်တန်းအပေါင်ဆိုင်ရှေ့မှာ လာရပ်နေတဲ့ လုံထိန်းရဲကားတွေ ပြန်လည် ထွက်ခွာသွားပါတယ်။ ဒါပေမယ့် စွမ်းအားရှင်တွေက အင်းစိန်ဈေးဘက်မှာ ပိုပိုပြီး များလာတယ်။

ဟိုင်းလပ် ကား အစိမ်းရောင်၊ Light Truck ကား အဖြူရောင်တွေနဲ့ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေ ထပ်ပြီးရောက် လာတာကိုလည်း တွေ့ရပါတယ်။

၃ နာရီ ခွဲတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေ အင်းစိန်ထောင်တရားရုံးကနေ ပြန်ထွက် မလာသေးပါ ဘူး။

အင်းစိန်ထောင်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ရှစ်ရက်မြောက်နေ့ တရားရင်ဆိုင်နေသလို အင်းစိန် ထောင်အပြင်ဘက်မှာ လူထုကလည်း ရှစ်ရက်မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာလာရောက် စုဝေးပြီး သူတို့ရဲ့ တစုံ တရာ ဆန္ဒကို ဆက်လက် ဖော်ထုတ်နေသလို တွေ့မြင်ရပါတယ်။

မေ ၂၆ ရက်နေ့ ည ၉ နာရီကျော်လောက်ကတော့ သမိုင်းလမ်းဆုံ၊ မြေနီကုန်း၊ လှည်းတန်း၊ မြောက်ဥက္ကလာ အ၀ိုင်း အပါ အ၀င် ရန်ကုန်မြို့ရဲ့အချက်အချာကျ လမ်းဆုံလမ်းခွတွေမှာ ရဲတွေ၊ စစ်သားတွေ၊ လုံထိန်းတွေနဲ့ စွမ်းအားရှင်တွေ က လုံခြုံရေးအကြောင်းပြချက်နဲ့ သွားလာနေတဲ့ လိုင်းကားတွေ၊ တက္ကစီတွေနဲ့ ခရီးသည်တွေကို အမည်၊ မှတ်ပုံ တင်နံပါတ်၊ နေရပ်လိပ်စာမေးမြန်းပြီး ညအချိန်ခရီးသွားလာရခြင်း အကြောင်းအရင်းတွေကို မေးမြန်း စစ်ဆေးတယ်လို့ ကြုံတွေ့ခဲ့ရတဲ့ လူတွေက ပြောပြကြပါတယ်။

တက္ကစီကားတွေရဲ့ နောက်ဖုံးတွေ၊ ကားအောက်ပိုင်းတွေကို ဓာတ်မီးတွေနဲ့ထိုးပြီး ရှာဖွေစစ်ဆေးသလို လူတွေရဲ့ လက်ထဲမှာကိုင်ထားတဲ့အထုတ်အပိုးတွေကိုလည်း ရှာဖွေစစ်ဆေးပါတယ်။

စစ်မြေပြင် တခုလို လမ်းမတွေပေါ်မှာ ရဲတွေ၊ လုံထိန်းတွေနဲ့ စွမ်းအားရှင်တွေ အပါအ၀င် စစ်အစိုးရ ဘက်သား တွေ ရှုပ်ယှက်ခတ်နေတယ်လို့လည်း ဆိုကြပါတယ်။

ည အချိန်မတော် ခရီးသွားလာရတဲ့ ခရီးသည်တွေ ၊ အငှားယာဉ်မောင်းတွေက အဲဒီလို ပရမ်းပတာ ဆန်တဲ့ လုံခြုံရေး စစ်ဆေးမှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်။

“ယာဉ်နံပါတ်၊ မှတ်ပုံတင်နံပါတ်၊ ကားမောင်းသူအမည်၊ ခရီးသည်ကို ဘယ်နေရာကတင်လာတယ်။ ဘယ်ကို ပို့ပေးရမယ် ဆိုတဲ့ မေးခွန်းတွေတသီကြီးမေးတယ်။ ည ၁၀ နာရီလောက်မှာ လမ်းမပေါ်သွားနေတဲ့ကားတွေ အကုန်လုံး အဲဒီလိုအမေးခံရတာ”လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။ ။

ရုံးထုတ်သည့် သတ္တမနေ့

အောင်သက်ဝိုင်း

ဒေါ်အောင်ဆန်း စုကြည်ကို တရား ရုံးတင် စစ်ဆေး တဲ့ ၇ ရက် မြောက်နေ့မှာ သတင်း ထောက်တချို့ နဲ့ သံတမန် တွေ တရား ခွင်ကို ၀င် ရောက်ခွင့် ရခဲ့ပါ တယ်။ ဒါဟာ ဒုတိယ အကြိမ်မြောက် လေ့လာခွင့် ရခြင်း ပါပဲ။

နံနက်ပိုင်းမှာ အရာရှိတဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ် မြင့်သိန်းက သတင်းစာ ရှင်းလင်းပွဲ တရပ် ကျင်းပပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ၆ လ သက်တမ်း တိုးပြီး ချုပ်နှောင်နိုင်တယ်၊ ဒါပေမဲ့ လူသားချင်း စာနာ ထောက်ထားတဲ့ အနေနဲ့၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဖြစ်နေတဲ့ အတွက် နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အမေရိကန် နိုင်ငံသား တဦးကို နေအိမ်မှာ လက်ခံမှုနဲ့ တရားစွဲတာကို လက်ခံရမှာ ဖြစ်တယ်လို့ ပြောတဲ့အကြောင်း သိရပါတယ်။

အဆိုပါ ရှင်းလင်းပွဲကို တက်ရောက်တဲ့ သံတမန်တွေ၊ သတင်းထောက်တွေက မေးခွန်း ထုတ်ခွင့် မရဘဲ ပြောသမျှကိုပဲ နားထောင်လိုက်ရတယ်လို့ ဆိုပါတယ်။

နေ့လည် ၁၂ နာရီ ၀န်းကျင်မှာတော့ အင်းစိန်ထောင်ထဲက တရားရုံးကို သတင်းထောက်တွေ၊ သံတမန်တွေ ၀င်ရောက်ခွင့် ရကြပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်ကို သွားရောက် နားထောင်ခွင့် ရသူတွေထဲမှာ News Watch၊ 7 Day ၊ The Voice ၊ Trust အပါ အ၀င် ပြည်တွင်းသတင်း ဂျာနယ်တချို့က အယ်ဒီတာ စုစုပေါင်း ၁၄ ယောက်လောက် ပါဝင်တယ်လို့ သိရပါတယ်။

သတင်းသမားတွေ၊ သံတမန်တွေကို ကင်မရာ၊ အသံဖမ်းစက်တွေ ယူဆောင်ခွင့် မပြုတဲ့အကြောင်း
ကြိုတင် အသိပေးထားတယ်လို့ ဆိုပါတယ်။

အင်းစိန်ထောင် အပြင်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံတဲ့ အနေနဲ့ စောင့်ဆိုင်းသူ များပြားလာတယ် ဆိုပေမဲ့ အရေအတွက် ပုံမှန် မရှိပါဘူး။ တချို့ရက်များမှာ လူ ၅၀၀ ကျော် ရှိပေမဲ့ ဒီနေ့တော့ ၂၀၀ ကျော်ကျော်လောက်ပဲ တွေ့ရပါတယ်။

အင်းစိန်ထောင် အပြင်ဘက်မှာ အမှန် တကယ် တိုးပွားလာတာတွေကတော့ လုံထိန်း၊ ရဲ၊ စွမ်းအားရှင်၊ ကြံ့ဖွံ့ အသင်းဝင်တွေပဲ ဖြစ်ပါတယ်။

လုံထိန်းတွေ အပြည့် တင်ထားတဲ့ ဒိုင်နာကားကြီး ၅ စီး ကနေ ဆယ်စီး အထိ အုပ်စုဖွဲ့ပြီး အင်းစိန်ဈေးရှေ့က ပိတ်ထားတဲ့ လမ်းပေါ် ဖြတ်ပြီး မကြာခဏ ဆိုသလို အင်အားပြနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံတဲ့ လူတွေရှေ့ကို ရောက်ရင် ကားပေါ်ပါတဲ့ အနီရောင် လည်စီးနဲ့ လုံထိန်းတွေက သူတို့ကို ရန်လိုတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ လူငယ်တချို့ကတော့ လုံထိန်းကားတွေ ဖြတ်သွားတိုင်း “တောက်” တခေါက်ခေါက်နဲ့ပေါ့။

“ဒါ သက်သက် လုပ်တာ။ အင်အား ပြနေတာ။ ကျနော်တို့ကို ဒေါသ မထွက် ထွက်အောင် ဆွပေးနေသလိုပဲ” လို့ အင်းစိန် ဈေးရှေ့၊ မြင့်မိုရ်လမ်းထိပ်၊ ထိပ်တန်း အပေါင်ဆိုင်မှာ ထိုင်နေတဲ့ လူငယ်တဦးက ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးတဲ့ လူတွေကတော့ နေပူ မရှောင်၊ မိုးရွာ မရှောင် လာပြီး စုဝေးနေကြဆဲပါ။ ကျုံစင်ရွှေဆိုင်နားမှာ ရပ်နေတဲ့ စွမ်းအားရှင်တွေကလည်း ရုံးထုတ်တဲ့ ပထမနေ့ ကတည်းက လူတွေကို ရန်လို မုန်းတီးတဲ့ မျက်နှာနဲ့ ကြည့်နေခဲ့တာ ဒီနေ့ ၇ ရက် မြောက်တဲ့အထိ ပါပဲ။

အင်းစိန်မီးရထားဝင်းထဲမှာတော့ ရဲတွေ၊ စစ်သားတွေ ခြေချင်း လိမ်ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့် နေကြတယ်။ အင်းစိန်ဈေးကြီးမှာ ဆိုင်ခန်း အများစုက ပိတ်ထားတယ်။ သတင်း တပ်ဖွဲ့ဝင်တွေက ဈေးဆိုင်တွေမှာ အလုပ်သမားတွေလို၊ ဆိုင်ပိုင်ရှင်တွေလို အသွင်ယူပြီး စောင့်ဆိုင်းနေတယ် ဆိုတဲ့ သတင်းများလည်း ပေါ်ထွက်နေတယ်။

“ဈေးရောင်း မကောင်းဘူး။ လမ်းတွေ ပိတ်ကတည်းက ရောင်းမကောင်းဘူး” လို့ အင်းစိန်ဈေးထဲက တညင်းသီး၊ သရက်သီး၊ ငှက်ပျောသီးတွေ ရောင်းတဲ့ ပျံကျဈေးသည်တဦးက ညည်းတယ်။

မွန်းလဲ ၁ နာရီ မိနစ် ၅၀ ခန့်မှာ အင်းစိန်ထောင်ထဲကနေ ကုလသမဂ္ဂ ညှိနှိုင်းရေးမှုး ရုံးက ကားတစီး စ ထွက်လာတယ်။ အဲဒီနောက် ပြင်သစ်၊ ဗြိတိန်၊ တောင်ကိုရီုးယား အပါအ၀င် စုစုပေါင်း သံရုံးကား
၁၅ စီးကျော် ထွက်လာတယ်။ သတင်းထောက်တွေကတော့ ပထမအကြိမ် တုန်းကလို လမ်းလျှောက် ထွက်ခွင့် မရဘူး။ သူတို့ အကုန်လုံးကို ကားတွေနဲ့ ခေါ်ထုတ်သွားတာ တွေ့လိုက်ရတယ်။

အင်းစိန်ဈေးရှေ့မှာ ရောက်နေတဲ့ ၂၀၀ ၀န်းကျင် ရှိတဲ့ လူအုပ်က ထောင်ဘက်ကို လှမ်းမျှော်ကြည့်ပြီး ဒီနေ့ ရုံးချိန်း စောစောပြီးသွားတာကို သို့လောသို့လော တွေးတောနေကြတယ်။ “ဒီနေ့ တရားရုံးထဲကနေ သံတမန်တွေ၊ သတင်းထောက်တွေ ထွက်လာတာ အရမ်းစောတယ်။ ဘာဖြစ်လို့များ တရားရုံး အစောကြီး ဆင်းသလဲ မသိဘူး” လို့ အင်းစိန်ဈေးရှေ့မှာ နေ့စဉ် လာရောက် စောင့်ဆိုင်းတဲ့ အသက် ၄၀ ကျော် အမျိုးသား တဦးက မွေးခွန်းထုတ်နေတယ်။

အင်းစိန်ဈေးနားကို နေ့တိုင်း လာပြီး စောင့်ဆိုင်းကြတဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံ ကြတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ အရပ်သားတွေကို အကြမ်းဖက် နှိမ်နင်း၊ လူစုခွဲတာတွေ ဖြစ်လာနိုင်တယ် လို့ တချို့က သုံးသပ်ကြတယ်။ ဒီလ ၂၅ ရက်နေ့ထုတ် စာနယ်ဇင်းတွေမှာ ပါတဲ့ အချက်တွေကိုလည်း သူတို့က ထောက်ပြကြတယ်။

အင်းစိန်ဈေးတဝိုက်နဲ့ လူစည်ကားတဲ့ နေရာများမှာ အစိုးရ ဆန့်ကျင်ရေး ပိုစတာတွေ ကပ်မယ်၊ ဖောက်ခွဲရေး လုပ်ငန်းတွေ လုပ်မယ်ဆိုပြီး သတင်းရတယ်လို့ စစ်အစိုးရက ချုပ်ကိုင်ထားတဲ့ စာနယ်ဇင်းတွေမှာ ဖော်ပြထားတယ်။ ရထား တစီးထဲမှာ ချိန်ကိုက်မိုင်းတလုံး တွေ့တယ် လို့တောင် ဖော်ပြထားတယ်။

စစ်အစိုးရက ဒီသတင်းကို အကြောင်းမဲ့ ထုတ်ပြန်တာမဟုတ်ဘူးလို့ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက သံသယရှိနေတယ်။

“ဒီလူအုပ်ထဲမှာ အကြမ်းဖက်သမားတွေ ပါတယ်။ ဒါကြောင့် အရေးယူမှုတွေ လုပ်ရမယ်။ ပြည်သူလူထု အေးချမ်း တည်ငြိမ်အတွက် လုပ်ရမယ် ဆိုတဲ့ သဘောမျိုး သတင်းစာထဲမှာ ပြောထားတာ ဆိုတော့ နေ့တိုင်း လာတဲ့ ကျနော်တို့ ပြည်သူတွေ အများကြီး သတိထားဖို့ လိုပါတယ်” လို့ သူက သုံးသပ်တယ်။

ထုံးစံအတိုင်း ဒီနေ့လည်း အင်းစိန်ထောင် အနီးတ၀ိုက်မှာ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့ အဖွဲ့ဝင်တွေ၊ အရပ်ဝတ် ရဲတွေ၊ လက်နက် အပြည့် အစုံ တပ်ဆင်ထားတဲ့ လုံထိန်းကားတွေ၊ အသင့် ရပ်ထားတဲ့ အချုပ်ကားတွေကို ထင်ထင် ရှားရှား တွေ့ရတယ်။

အင်းစိန်ထောင် ၀န်းကျင်ကို ချည်းကပ်လာသူတွေကိုလည်း ရဲသတင်းတပ်ဖွဲ့က အင်းစိန်မြို့မဈေး အပေါ်ထပ်က နေပြီး ဓာတ်ပုံရိုက်ယူနေတယ် ဆိုတဲ့ သတင်းတွေ ကြားရတယ်။

“လက်ကိုင်ဖုန်း ကိုင်တဲ့သူတွေ အဓိကထား စောင့်ကြည့်ခံရတယ်။ ဒီနားကို နေ့တိုင်းလာတဲ့ သတင်းထောက်တွေ ဆိုရင် ပိုပြီး စောင့်ကြည့်ခံရတယ်။ ဓာတ်ပုံရိုက်ခံရတယ်” လို့ အင်းစိန်ဈေးနားမှာ တွေ့ရတဲ့ အလွတ် သတင်းထောက် တဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်တဲ့ သတ္တမနေ့မှာ သတင်းယူတဲ့ စာနယ်ဇင်းသမားတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးသူတွေဟာ အင်အားသုံး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။

အင်းစိန်ထောင်တွင်း တရားရုံးထဲက ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင်ဒဏ် ၅ နှစ် ကျနိုင်တဲ့ အမှုတခုကို ရင်ဆိုင်နေရပါတယ်။

ဗိုလ်ချုပ်ကျော်သောင်း (သို့မဟုတ်) ဘဝတက္ကသိုလ်မှ တပ်မင်းကြီး - အပိုင်း (၄)


(၁၂)


ရန်သူ၏ စစ်ရေးအရ ထိုးစစ်ကြီး များ ဆင်လာမှု က ဆက်တိုက်ပင်….။ ရွှေလင်းယုန် စစ်ဆင်ရေး၊ မိုးဟိန်း စစ်ဆင် ရေးများ ချမှတ်ပြီး မြစ်ဝ ကျွန်းပေါ်အား ထိုးစစ် ဆင်၏။ ရွှေလင်းယုန် အဆင့် ၁.၂.၃.၄.၅.၆ ……။ မိုးဟိန်းအဆင့် ၁.၂.၃…..။ ရန်သူ၏ ဖြတ်လေးဖြတ် ကြောင့်လည်း သူတို့ သည် လူထုနှင့် အဆက်မရ….။ နောက်ဆုံး …. သူတို့ မြစ်ဝ ကျွန်းပေါ် တိုင်းမှ ဆုတ်ကြရန် ဆုံးဖြတ် ခဲ့ကြရ သည်။ သူတို့ အဖွဲ့တွင် ဗိုလ်ချုပ်မြမောင်လည်း ပါ၏။ အင်အားက ၁ဝဝ ကျော်မည်။ ရဲမေ ၃-၄ ယောက်လည်း ပါ၏။

မြစ်ဝကျွန်းပေါ်မှသည် …. ပဲခူးရိုးမသို့ …..။

လှိုင်မြစ်ကို ကူးကြ၏။ “ည” တွင် ကူးကြရခြင်း ဖြစ်သည်။ လှိုင်မြစ်ကို ကူးကြရပြီးနောက် သူတို့ တောလမ်းအတိုင်း ဆက်၍ ချီကြသည်။ နေထွက်လာပြီဆိုလျှင် … သူတို့ နားကြ၏၊ အိပ်ကြ၏။ တောထဲ၌ပုန်း၍ အိပ်ကြရခြင်း ဖြစ်သည်။ သူတို့ခရီးက လူမြင်ခံ၍ မဖြစ် …..။ သတင်းလုံခြုံမှုအား မျက်လုံးအိမ်သဖွယ် ထိန်းသိမ်းထားကြရသည်။ ည ရောက်လျှင် ခရီးထွက်။ နေ့ဆိုလျှင် …. အနားယူအိပ်စက်ကြနှင့် …… ၃ ရက်ခန့်ချီခဲ့ရာ … “အမလွတ်” ရွာသို့ ရောက်သည်။ “အမလွတ်” ရွာတွင်ပင် သူတို့ နားကြ၏။ လူထုက ကောင်း၏။ သူတို့ကို ဝက်ပေါ်၍ ကျွေး၏။ ၃ ရက်လုံးလုံး ထမင်းမစားခဲ့ရ။ လမ်းတွင် အငတ်ငတ်အပြတ်ပြတ်နှင့် လာခဲ့ကြရသည်။ “အမလွတ်” ရွာတွင် သူတို့ ၂ ရက်မျှ နားကြ၏။ အမလွတ်ရွာက မျှော်၍ကြည့်လျှင် ပဲခူးရိုးမကြီးကို မြင်ရ၏။ ည …. ညတွင်မူ သာယာဝတီ၊ သုံးဆယ်ဘက်မှ မီးရောင်များ မြင်ရ၏။ နောက်တနေ့ ညတွင် သူတို့ “အမလွတ်” မှ ထွက်ကြ၏။ “အမလွတ်” ရွာမှ ထွက်ခဲ့ပြီးနောက် သူတို့ ပြည်-ရန်ကုန် ရထားလမ်းနှင့် ကားလမ်းကို ကူးကြ၏။ ရထားလမ်းနှင့် ကားလမ်းက မျဉ်းပြိုင် ….။ ကားလမ်းနှင့် ရထားလမ်းအား သူတို့ သတိထား၍ ကူးကြရ၏။ သူ့အဖွဲ့ကို အရင်ကူးစေ၏။ ပြီးလျှင် ….. ဗိုလ်မှူးမောင်ချစ်၊ ဗိုလ်မှူးမြရင်…..၊ ဗိုလ်မှူးမြသိန်း….၊ ဗိုလ်ချူပ်မြမောင်….။

လမ်း၏ တဖက်တွင် ကိုင်းတောကြီး ရှိသည်။ ကိုင်းတောကြီးအတွင်း ကိုယ့်လူကိုယ် စစ်ကြရ၏။ လူစုံမှ သူတို့ ဆက်ထွက်ကြ၏။ ကိုင်းတောအတွင်းမှ သူတို့ တိုးထွက်ခဲ့ကြပြီးနောက် …. လယ်ကွင်းပြင်ကြီးအတွင်း ရောက်၏။ ကွင်းပြင်ကြီးက တမျှော်တခေါ် …. ကျယ်ပြန့်လှ၏။ ဤခရီး ဆုံးလျှင်မူ ….. အရှေ့တွင် ပဲခူးရိုးမ ….။


(၁၃)


ပဲခူးရိုးမတွင် သူက ပဲခူးရိုးမတိုင်း၏ စစ်ဆင်ရေးမှူး တာဝန်ယူရ၏။ တဖက်တွင်လည်း နိုင်ငံရေးသင်တန်းများ ဖွင့်လှစ်ပြီး နိုင်ငံရေးသင်တန်းများ ပို့ချရသည်။ ယခင် မြစ်ဝကျွန်းပေါ်တိုင်းတွင် ရှိစဉ်ကလည်း သူသည် နိုင်ငံရေးသင်တန်းများ ပို့ချပေးခဲ့ရ၏။ မြစ်ဝကျွန်းပေါ်တိုင်း ခရိုင်အမှတ် (၂) နှင့် အမှတ် (၃) တို့တွင် ပို့ချခဲ့၏။ ခရိုင်အမှတ် (၂) က မြောင်းမြခရိုင်ဖြစ်ပြီး၊ အမှတ် (၃) ခရိုင်က ဟံသာဝတီခရိုင် ဖြစ်၏။ နိုင်ငံရေးမှူးတာဝန်နှင့် နိုင်ငံရေးသင်တန်းများ ပို့ချရသည့် တာဝန်များ ရှိလာသည့်အတွက် သူသည် နိုင်ငံရေးစာပေများအား လေ့လာဆည်းပူးရ၏။ နိုင်ငံရေးတွင်မူ သူ၏ လက်ဦးခေါင်းကိုင် ပုဂ္ဂိုလ်ကြီးက မန်းဘဇံဖြစ်၏။ အင်းစိန်တိုက်ပွဲ အပြီးတွင် ၂ နှစ်ခန့် သူသည် မန်းဘဇံ၏ ဘော်ဒီဂတ်အဖြစ်နှင့် အတူနေခဲ့ရင်း နိုင်ငံရေးအား လေ့လာထိတွေ့ခဲ့ရသည်။ လက်ဝဲစာပေကို သူသည် နှံ့နှံ့စပ်စပ်၊ ထဲထဲဝင်ဝင် လေ့လာခဲ့၏။ သူ၏ သင်တန်းတွင် …. မန်းဘဇံ၏ ကရင်တော်လှန်ရေး သင်ကြားချက်…။ ကွန်မြူနစ်မူဝါဒ ကြေညာချက်စာတမ်း …. စသည့် ဘာသာရပ်များကိုလည်း ထည့်၍ သင်ကြားပို့ချ၏။

ပဲခူးရိုးမတွင် နိုင်ငံရေးသင်တန်းများကို “တောင်ညိုစခန်း” တွင် သူ ဖွင့်လှစ်၏။ ခက်ခက်ခဲခဲ၊ ကျပ်ကျပ်တည်းတည်းပင်….။ ရိက္ခာက …. သင်တန်းသားတဦးလျှင် …. တနေ့ ဆန်နို့ဆီဗူး ….. ဗူးဝက်သာ ထုတ်ပေးနိုင်၏။ တခြား ဘာမှ မထုတ်ပေးနိုင်။ ရသည့် ဆန်နို့ဆီဗူး ….. ဗူးတဝက်ကို စားလို့ရသည့် အသီးအရွက်မှန်သမျှ ခူး၍ ရောပြုပ်ပြီး စားကြရ၏။

၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်နေဝင်းက “အထူးစစ်ဆင်ရေးဌာနချုပ်” တခုကို ဖွဲ့၏။ “ဗဟိုရိုးမ စစ်ဆင်ရေးဌာနချုပ်” ဟုလည်း ခေါ်သည်။ ပဲခူးရိုးမရှိ KNUP ၊ BCP နှင့် မဒညတကို စစ်ဆင်ရေးကြီး ဆင်နွှဲရန်အတွက် ဖြစ်သည်။ ဗိုလ်မှူးကြီးခင်အုန်း ….. ဗိုလ်မှူးကြီးသန်းတင်ကို ဌာနချုပ်မှူးများအဖြစ် တာဝန်ပေး၏။ စစ်ဆင်ရေးဌာနချုပ်က ပဲခူးရိုးမ စစ်ဆင်ရေးအား “အောင်စိုးမိုး စစ်ဆင်ရေး” နှင့် စ၏။

ပဲခူးရိုးမ တောင်ပေါ်တွင် ရွာပေါင်း ၃ဝ မျှ ရှိ၏။ ဖြူးချောင်းဖျားတွင် တောင်ပေါ်ရွာ ၇ ရွာ၊ ရဲနွယ်ချောင်းဖျားတွင်က တောင်ပေါ်ရွာ ၁၄ ရွာ၊ ပဲခူးချောင်းဖျားတွင် တောင်ပေါ်ရွာ ၉ ရွာ ရှိကြ၏။ ထိုရွာများကို တောင်ပေါ်မှ မြေပြန့်သို့ အတင်းအဓမ္မ ရွာလုံးကျွတ် ပြောင်းရွှေ့၏။ တောင်ခြေရှိ ရွာများမှ လူထုကိုလည်း တောင်ပေါ်သို့ တက်ခွင့်မပြု….။ တင်းတင်းကျပ်ကျပ် တားမြစ်၏။ ပဲခူးရိုးမကြီးက သီးသန့် ကန့်သတ်နယ်မြေဖြစ်၍ နေသည်။ ဤတွင် …. “အောင်စိုးမိုး” စစ်ဆင်ရေး စ၏။ ပဲခူးရိုးမခုခံစစ်၌ အမျိုးသမီး ရဲမေများသည်လည်း ရွတ်ရွတ်ချွံချွံ …. ရဲရဲဝံ့ဝံ့နှင့် တိုက်ပွဲဝင်ကြ၏။ KNUP မှ နမ့်ကျင်ရွှေ (ယခုကွယ်လွန်၊ ပဒိုမန်းရှာ၏ ဇနီး) BCP မှ (ဒေါ်) ညို (သခင်ချစ်သမီး)၊ (ဒေါ်)ခင်စိုးဝင်းနှင့် နန်းတင်ရွှေမှာ နာမည်ကြီး အမျိုးသမီး တိုက်ခိုက်ရေးမှူးများ ဖြစ်သည်။


(၁၄)


၁၉၇၄ ခုနှစ်တွင် မန်းဘဇံ ဦးဆောင်ပြီး “ရှိုးလူ” ကွန်ကရက်ကို ကျင်းပခဲ့၏။ “ရှိုးလူ” ကွန်ကရက်မှ ညီညွှတ်ရေး သဘောထားများ ချမှတ်နိုင်ခဲ့ကြသည်။ ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ်တိုင်းတွင် အခြေပြုရှိနေကြသည့် ဗိုလ်ချုပ်ကော်ထူး (ဗိုလ်ချုပ်ကျော်မြသန်း) ခေါင်းဆောင်သည့် KNUP နှင့် KNU ပေါင်းစည်းရေးအတွက် ဆုံးဖြတ်ခဲ့ကြသည်။ ရှိုးလူ ကွန်ကရက်၏ အခြေအနေများကို ဗိုလ်ချုပ်မြမောင်က ကြေးနန်းနှင့် လှမ်းခေါ်ပြီး သူ့ကို ပြောပြ၏၊ ရှင်းပြ၏။ ရှေ့လုပ်ဆောင်ရမည့် အခြေအနေများကိုလည်း ဆွေးနွေး၏။ ထိုစဉ်က …. သူသည် ပဲခူးရိုးမ၏ ရှေ့တန်းတွင် ရန်သူ့တပ်မ (၇၇) နှင့် ရင်ဆိုင်၍ တိုက်ပွဲကို ကွပ်ကဲနေသည့် အချိန်ဖြစ်သည်။

ရန်သူသည် “အောင်စိုးမိုး” စစ်ဆင်ရေးကို အရှိန်မြှင့်၍ တိုက်၏။ ၁၉၇၅ ခုနှစ် မေလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် BCP ဥက္ကဋ္ဌ သခင်ဇင်နှင့် အထွေထွေအတွင်းရေးမှူး သခင်ချစ်တို့ တိုက်ပွဲအတွင်း သူရဲကောင်း ပီသစွာနှင့် ကျဆုံးခဲ့၏။ ကျောက်တံခါးမြို့နယ်အတွင်းရှိ “ဖွတ်ကျား” ချောင်းအနီး တိုက်ပွဲတွင် ဖြစ်သည်။ ဖွတ်ကျားချောင်းက ရဲနွယ်ချောင်းအတွင်း စီးဝင်သည့် ချောင်းလက်တက်တခု ….။

၁၉၇၅ ခုနှစ်၊ အောက်တိုဘာလတွင် သူတို့ ပဲခူးရိုးမမှ ဆုတ်ခဲ့ကြရ၏။ သူနှင့်အတူ ဗိုလ်ချုပ်မြမောင်လည်း ပါ၏။ အခြား KNUP မှ ခေါင်းဆောင်များလည်း ပါသည်။ သူတို့ …. ပဲခူးရိုးမမှ ဖာပွန်ခရိုင်ဘက်သို့ ဆုတ်လာကြသည်။ ၁၉၇၃ ခုနှစ်ကတည်းမှ တရုတ်ပြည်သို့သွားသည့် ဆရာကြီးစကောလယ်တောတို့၏ မြောက်ပိုင်းချီ အဖွဲ့သည်လည်း ပြန်ရောက်လာကြပြီး ဖာပွန်ခရိုင် “ ဒူးဒါးဂေး” ရွာတွင် ပဲခူးရိုးမမှ ဆုတ်လာကြသည့် သူတို့အဖွဲ့နှင့် ဆုံကြ၏။ KNUP ခေါင်းဆောင်များ၊ “ဒူးဒါးဂေး” ရွာတွင်ပင် ပါတီကွန်ကရက်ကို ကျင်းပရန် စီစဉ်ကြသည်။ ဤကွန်ကရက်က KNUP ၏ ဆဋ္ဌမမြောက် ကွန်ကရက်ဖြစ်သည်။ ပြီးလျှင် …. KNUP ၏ နောက်ဆုံးသော ကွန်ကရက်လည်း ဖြစ်သည်။ ဤကွန်ကရက်တွင် အမျိုးသား စည်းလုံးညီညွှတ်ရေးအတွက် KNUP ကို ဖျက်သိမ်းပြီး၊ KNU အတွင်း၌ တပေါင်းတစည်းတည်း ပူးပေါင်း၍ ကရင့်အမျိုးသားရေးကို လုပ်ဆောင်ကြရန် ဆွေးနွေးကြ၏။ KNUP ဖျက်သိမ်းရေးကို သဘောမတူသူတို့ အချို့ရှိ၏။ သို့သော် …. ကွန်ကရက်တွင်မူ အများစုက ဆန္ဒပြုသဖြင့် ဆုံးဖြတ်လိုက်ကြ၏။

`ဒူးဒါးဂေး´ ကွန်ကရက်ပြီးသည့်နောက် ….. ဗိုလ်ချုပ်မြမောင်နှင့်အတူ သူသည် `မာနယ်ပလော´ သို့ တက်ခဲ့၏။ `မာနယ်ပလော´ မှသည် ကရင့်တော်လှန်ရေးခရီး သူ … ဆက်၍ ချီမည်။


(၁၅)


မာနယ်ပလောသို့ ရောက်ပြီးနောက် ….. ရှေ့တန်းခံကတုတ်တခုဖြစ်သည့် `ဝမ်းခခံတပ်´ တွင် KNLA အထူးတပ်ရင်း ၁ဝ၁ ၏ အကြံပေးအရာရှိအဖြစ်ဖြင့် ရဲဘော်များနှင့်အတူနေ၍ ခုခံစစ် ဆင်နွှဲ၏။ တဖက်တွင်မူ KNU ၏ ဗဟိုကော်မတီဝင်တဦးအဖြစ်နှင့် နိုင်ငံရေးစည်းရုံးရေး တာဝန်များ ထမ်းဆောင်သည်။ ၁၉၉၁ ခုနှစ်တွင် KNU ၏ ၁ဝ ကြိမ်မြောက် ကွန်ကရက်ကို `မာနယ်ပလော´ တွင် ပြုလုပ်၏။ သူလည်း ကွန်ကရက်သို့ တက်ရောက်သည်။ ကွန်ကရက်မှ သူ့ကို ကရင့်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) ၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးသည်။ သူ ဦးစီးကွပ်ကဲရသည့် KNDO တပ်ရင်းများက KNU ၏ ခရိုင်တိုင်းတွင် တပ်ရင်း တရင်းစီ ရှိကြ၏။

၁၉၉၅ ခုနှစ်တွင် `ဝမ်းခခံတပ်´ ကျ၏။ ဝမ်းခကျပြီးသည့်နောက် သူသည် ဒူးပလာယာခရိုင်သို့ ပြောင်းရွှေ့ခဲ့၏။ သူ၏ အသက်က ၇ဝ ပင် ကျော်လွန်၍နေပြီ …..။ စိတ်ဓာတ်က ကြံ့ခိုင်ဆဲ….။ ကျန်းမာရေးကလည်း ကောင်းသည်ဟု ဆိုရမည်။ KNDO ၏ စစ်ဦးစီးချုပ်တာဝန်များအား တတ်ကြွထက်သန်စွာ ထမ်းဆောင်ဆဲ….။ စခန်းသစ်နှင့် ဒူးပလာယာခရိုင်၏ အခြေခံစခန်းများ ကျခဲ့ရပြီးသည့်နောက်တွင်မူ သူသည် နို့ဖိုးဒုက္ခသည်စခန်းရှိ နေအိမ်တွင် မိသားစုနှင့် အနေများလာ၏။ ဇရာကလည်း သူ့အား ဖိစီးစပြုလာပြီ…..။ စိတ်ဓာတ်နှင့် ခန္ဓာ … အားပြိုင်မှုအကြား၌ သူသည် တော်လှန်ရေးသမားပီသစွာ ရှင်သန်နေဆဲ …..။ ဇရာက စက္ကန့်မခြား ရှေ့တိုး၍ သူ့ကို ထိုးနှက်လာသည်။ စိတ်ဓာတ်ရေးရာအရ ကြံ့ခိုင်ဆဲဖြစ်သော်လည်း ရုပ်ခန္ဓာက လျော့လျော့ရဲရဲ …..။ ပြိုကွဲစ ပြုလာလေပြီ……။ ၂ဝဝ၄ ခုနှစ်တွင် သူသည် KNDO စစ်ဦးစီးချုပ်တာဝန်မှ အနားယူလိုက်ရ၏။ ပြီးလျှင် ….. KNDO စစ်ဦးစီးချုပ်နေရာကို သူ၏ ဒု-စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် မန်းကျော်ဖေသို့ လွှဲပေးခဲ့၏။ သူကား ….. KNDO စစ်ဦးစီးချုပ်သစ် ဗိုလ်မှူးချုပ် မန်းကျော်ဖေကို တွေ့တိုင်း တဖွဖွပြော၏၊ တသသမှာ၏။

`မန်းကျော်ဖေ …. မင်း ရေဒီယိုနားထောင်ပါ။ သတင်းစာဖတ်ပါ။ ပြည်တွင်းပြည်ပ အခြေအနေ လေ့လာပါ။ ကျရာတာဝန်ကို သတ္တိရှိရှိ လုပ်ပါ။ တော်လှန်ရေးကို တော်လှန်တဲ့ မျိုးချစ်သဘောတရားနှင့် ရင်းပြီးလုပ်ပါ။ ငါတို့ဟာ နိုင်ငံရေးအသိနှင့် တော်လှန်လာခဲ့ခြင်း ဖြစ်တယ်။ KNU မူနဲ့ ကင်းကွာတဲ့ အလုပ်မှန်သမျှ ဘာမှ မလုပ်ပါနဲ့။ ငါတို့နဲ့အတူ မကုန်ခမ်းနိုင်တဲ့အားဟာ တော်လှန်တဲ့ ပြည်သူလူထုမှာ ရှိတယ်။ လူမျိုးစု မဟာမိတ်မှာ ရှိတယ်။ ငါတို့ အမျိုးသားတွေအပေါ် စာနာထောက်ထားတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ရှိတယ်။ ဒါကြောင့် တော်လှန်ရေးအပေါ် သစ္စာရှိရှိ လုပ်သွားရင် အောင်ပွဲပန်းတိုင် မုချရောက်မယ်။ တော်လှန်ရေးကို သစ္စာရှိရှိ ဆက်လုပ်ပါ။ ငါ အသက်ကြီးပြီ။ ငါ မလှုပ်ရှားနိုင်တော့ဘူး။ ကိုယ်ထိလက်ရောက် မလုပ်နိုင်လည်း အကြံဉာဏ်ကိုတော့ သေတဲ့အထိ ပေးသွားမယ်။ မင်းတို့ကို ငါ ယုံကြည်တယ်။ တော်လှန်ရေးအောင်ပွဲခံတဲ့အထိ လုပ်ကြပါ´

၂ဝဝ၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သူ ကွယ်လွန်ခဲ့၏။ သူ၏ ရုပ်ကလာပ်ကို နှစ်ပေါင်း ၂ဝ တိတိ သူ တာဝန်ယူခဲ့သည့် အထူးတပ်ရင်း ၁ဝ၁ ၏ သူရဲကောင်းဗိမာန်တွင် ဂူသွင်းမြှုပ်နှံခဲ့၏။ မြေဝသုန်က ဂုဏ်ပြုအပ်သည့် သူရဲကောင်းတဦးကို ထွေးပွေ့ထားခဲ့ပြီ …..။

`ညလွှာကိုခွဲ

မှောင်ရိပ်မဲကြား

ပတ္တမြားပွင့်

မီးကျည်ပွင့်သို့

ရင့်ရင့် မောင်းမောင်း

ခေါင်းမော့ လည်ချီ

နှင်းဆီနီများ

အားကျစရာပါပဲလေ။ ။´

(ဝင်းတင့်ထွန်း၏ ``နိုးနေသော လင်္ကာသည်´´ မှ)