Monday, January 31, 2011

ခေတ္တ ရပ်နားမည့်အကြောင်း တောင်းပန်ခြင်း

ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ အရေးပေါ် ကိစ္စလေး တစ်ခုကြောင့် လက်ရှိ Blog လေးအား ဖေဖေါ်ဝါရီ ၁ ရက်နေ့မှ စပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ အထိ ခေတ္တ ရပ်နားထားမည် ဖြစ်ပါသည်။

ဖေဖေါ်ဝါရီ ၁၆ ရက်နေ့မှ စပြီး ပုံမှန်အတိုင်း သတင်းများကို ဖော်ပြပေးသွားပါမည်။

လာရောက်အားပေး ဖတ်ရှု့သူများအား လေးစားစွာဖြင့်.....................................


ကိုကို

နအဖ လက်နက်ကြီးပစ်ခတ်မှု ထိုင်း စစ်သား ၂ ဦး ထိ

ဧရာဝတီ Monday, 31 January 2011

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုင်ပွဲများအတွင်း စစ်အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက် ကြီးကျည် ယနေ့နံက်တွင် ထိုင်းနယ်မြေတွင်းသို့ ကျရောက်ပေါက်ကွဲသောကြောင့် နယ်စပ်ရှိ ထိုင်းစစ်တပ် ကားတစီး ထိခိုက်ပျက်စီးပြီး စစ်သည်၂ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။

ယနေ့နံနက် ၁ နာရီကျော်က မြန်မာစစ်တပ်မှပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရ မြို့နယ် ဝေါ်လေရွာ နယ်စပ်၌ လုံခြုံရေး ကင်းလှည့်နေသော ထိုင်း စစ်တပ် ကားအနီး ကျရောက် ပေါက်ကွဲခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသည့် ထိုင်း စစ်သည်၂ ဦးကို မဲဆောက် ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူလျှက် ရှိကြောင်း ထိုင်း စစ်တပ် အသိုင်းအ၀ိုင်းက ပြောသည်။

ဒဏ်ရာရ စစ်သည်များကို မဲဆောက်တွင် ရောက်ရှိနေသည့် ထိုင်း တပ်မတော် အမှတ် ၃ စစ်တိုင်းမှူး ဒု ဗိုလ်ချုပ်ကြီး ၀မ်နထေ့ ဝေါင့်ဝိုင် က လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ ယခု ဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းဘက်မှ ဖြစ်ရပ်မှန်ကို သိရှိနိုင်ရန် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး လိုအပ်ပါက မြန်မာဘက်သို့ ကန့်ကွက် အရေးဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း ထိုင်း-မြန်မာ နယ်စပ် ဖုတ်ဖရမြို့နယ်ရှိ မိုးကဲရွာအနီး နအဖ တပ်မှ ပစ်ခတ်သည့် ၁၂၀ မမ လက်နက် ကြီး ကျည် ၄ လုံး ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းဘက်တွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့တွင် မဲဆောက်မြို့သို့ နယ်စပ်အရေးနှင့် ပတ်သက်ပြီး ထိုင်း ဒု ၀န်ကြီးချုပ် နှင့် ကြည်းတပ် ဦးစီးချုပ်တို့ ရောက်ရှိ လာကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယမန်နေ့ကလည်း ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် သင်္ကန်းညီနောင်၌ နအဖ စစ်တပ် ကား ၂ စီးကို မိုင်းဖြင့် တိုက် ခိုက် ခဲ့သောကြောင်း နအဖ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရသွားကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) က ပြောသည်။

DKBA မှ ဗိုလ်မှူး စန်းအောင်က“မနေ့က ဝေါ်လေမှာလည်း ဆွဲမိုင်းနဲ့ တိုက်လိုက်လို့ နအဖ ဘက်က ဗိုလ်မှူး အဆင့် တယောက် မျက်လုံးထိသွားပြီးတော့ တခြား အဆင့် တယောက် နှစ် ယောက်လောက်လည်း ဒဏ်ရာရသွားသေးတယ်” ဟု ပြောပြသည်။

ပြီးခဲ့သည့် တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီးကျည် ရာနှင့် ချီ၍ ပစ်ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသည့်အတွက် ဇန်န၀ါရီလ ၁၁ ရက်နေ့က မြန်မာ စစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသေးသည်။

ထိုင်းဘက်သို့ ကျရောက် ပေါက်ကွဲသည့် လက်နက်ကြီးကျည်များသည် ကရင်ပြည်နယ် မြ၀တီ ခရိုင်အတွင်း၂ လကျော် ကြာ ဖြစ်ပွားနေသည့် DKBA နှင့် နအဖ တပ် တိုက်ပွဲများအတွင်း ထိုင်းဘက်သို့ မတော်တဆ ကျွံဝင်လာခြင်းသာဖြစ် သည်ဟု မြန်မာဘက်မှ ဖြေရှင်းချက် ပေးလေ့ရှိကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ရွေးချယ်

ဧရာဝတီ Monday, 31 January 2011

ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် စစ်အစိုးရ၏ နံပါတ် ၃ အဆင့် ခေါင်းဆောင် သူရ ဦးရွှေမန်းအား ရွေးချယ်လိုက်သည်။

အများ ယုံကြည် ယူဆသကဲ့သို့ပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဝင်ကသာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကြိုတင် တစ်ပြေးနေသည့် သူရ ဦးရွှေမန်း သမ္မတဖြစ်မည်ဆိုသော အချက်မှာ ပျက်ပြယ်သွားပြီး သမ္မတရာထူးကို ဝန်ကြီးချုပ်ဦးသိန်းစိန် ရရှိလိမ့်မည်ဟု ယနေ့ ခန့်မှန်းနေကြသည်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ယဉ်ကျေးမှု ဝန်ကြီး ဦးခင်အောင်မြင့်ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ရာထူးများကို မဲခွဲ ဆုံးဖြတ်သော်လည်း တက်ရောက်သူများထဲတွင် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်နှင့် တပ်မတော်သား ကိုယ်စားလှယ်များသာ အများစု ဖြစ်နေသောကြောင့် ကြံ့ဖွံ့ပါတီဝင်များသာ ရရှိခြင်း ဖြစ်သည်ဟု ဒီမိုကရက်တစ် အင်အားစု ကိုယ်စားလှယ်များက ပြောကြသည်။

“တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေကလည်း လွှတ်တော် ဥက္ကဋ္ဌ ရာထူးတွေအတွက် တင်သွင်းတာ ရှိပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီ နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက အင်အားများနေတော့ သူတို့ဘက်ကပဲ မဲများသွားတဲ့သဘောပါ” ဟု ပါတီကိုယ်စားလှယ် တဦးက ဆိုသည်။

ယနေ့ သဘာပတိအဖြစ် ဆောင်ရွက်သည့် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပါတီစွဲ မထားကြရန်၊ ပုဂ္ဂိုလ်စွဲ မထားကြရန်နှင့် ပါတီအချင်းချင်း ဝေဖန်တိုက်ခိုက်မှုများ မပြုလုပ်ရန် မှာကြားသည်ဟု လွှတ်တော် တက်ရောက်ခဲ့သော ကိုယ်စားလှယ်များက ပြောသည်။

ဒုတိယ သမ္မတ ၃ ဦးကို မနက်ဖြန် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ရွေးချယ်မည်ဖြစ်ပြီး တပတ်အတွင်း အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်းလည်း သိရသည်။

ပါတီ ကိုယ်စားလှယ် တဦးက မနက်ဖြန်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင်လည်း ယနေ့ မဲခွဲသည့်ပုံစံအတိုင်း ဒုတိယ သမ္မတများကို ရွေးချယ်မည် ဖြစ်သောကြောင့် အင်အားကြီးမားနေသည့် ကြံ့ဖွံ့ပါတီဝင်များထဲကသာ ဒုတိယ သမ္မတများ ဖြစ်ခွင့်ရှိမည်ဟု ယူဆကြောင်း ပြောသည်။

တိုင်းရင်းသားပါတီများနှင့် ဒီမိုကရက်တစ် အင်အားစုများ အနေနှင့် ယနေ့ စတင်ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်များကို ထိုင်နားထောင်ရုံသာရှိသောကြောင့် စိတ်ကျေနပ်မှု မရှိကြောင်း ပြောဆိုကြသည်။

“ဒီနေ့ လွှတ်တော်ကြီးကတော့ ဘာမှ ပျော်စရာမကောင်းတဲ့၊ ထူးခြားမှုမရှိတဲ့ သာမန် အစည်းအဝေး တခုပါပဲ” ဟု လွှတ်တော်သို့ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စားလှယ် ဦးခိုင်မောင်ရီက ပြောပြသည်။

ဆက်လက်၍ ၎င်းက ခန့်မှန်းထားပြီးဖြစ်သော လုပ်ထုံးလုပ်နည်းများ အတိုင်းသာ ကျင်းပသွားသည့် အစည်းအဝေး တရပ်သာဖြစ်သည်ဟု ဆိုသည်။

ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် နေပြည်တော်အပါအဝင် နိုင်ငံတဝန်း၌ စတင် ကျင်းပသော လွှတ်တော် အစည်း အဝေးသည် ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။

မနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို သီးသန့် ခွဲခြားကာ ကျင်းပသော်လည်း နေ့လယ် ထမင်းစားပြီးချိန်တွင် ၎င်းလွှတ်တော် ၂ ရပ်ကိုပေါင်း၍ ပြည်ထောင်စု လွှတ်တော်ဟု အမည်တပ်ကာ ကျင်းပခဲ့ကြောင်း၊ အဆိုပါ ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိအဖြစ် တာဝန်ယူသည် ဟူ၍ လည်းကောင်း သိရသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် အများစုနှင့်တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော်တို့သည် ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြရာ၌ တပ်မတော်သား ကိုယ်စားလှယ်များက ၎င်းတို့သက်ဆိုင်ရာ ယူနီဖောင်းများဖြင့် တက်ရောက်ကြသည်။

တပ်မတော်သားကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့ ကိုယ်စားလှယ်များက တခြားသော တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဒီမို ကရက်တစ် အင်အားစုများအား စကားပြောဆိုခြင်း၊ ရင်းနှီးနွေးထွေးခြင်း မရှိဟု ကိုယ်စားလှယ်များက ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ အဆိုအရ သူရ ဦးရွှေမန်းအပါအဝင် စစ်အစိုးရခေါင်းဆောင်များ၊ ဝန်ကြီးများက နေ့လယ်စာကို သီးသန့် စားသောက်သည်ဟု သိရသည်။

ယနေ့တွင် ကိုယ်စားလှယ်များအား စိစစ်ခြင်း၊ အစည်းအဝေး သဘာပတိ ရွေးချယ်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်း၊ ပြည်သူ့ လွှတ်တော်၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်၏ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့အား ရွေးချယ်ခြင်း၊ ရွေးချယ်ခံလိုက်ရသော လွှတ်တော်ဥက္ကဋ္ဌများက သဘာပတိထံမှ တာဝန်များ လွှဲပြောင်းယူပြီး နောက်တနေ့ အစီအစဉ်များကို လွှတ်တော်ဥက္ကဋ္ဌများက ချမှတ် ညွှန်ကြားခြင်းများ ပြုလုပ်ခဲ့သည်။

လွှတ်တော်အစည်းအဝေးတွင် ပြည်တွင်းပြည်ပ သတင်းထောက်များကို တက်ရောက်ခွင့် မပြုသော်လည်း သတင်းထောက် အများစုမှာ နေပြည်တော်တွင် ရောက်ရှိနေကြသည်။

နေပြည်တော်တခွင်တွင် လုံခြုံရေး အထူးတိုးမြှင့်ထားပြီး လွှတ်တော် အဆောက်အအုံသို့ သွားရာ ကားလမ်းမကြီးကို မည်သူမျှ ဖြတ်သန်းခွင့် မပြုတော့ကြောင်း နေပြည်တော် ဒေသခံများက ဆိုသည်။

ရန်ကုန်ရှိ ပြည်သူလူထုမှာ နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးကို စိတ်ဝင်စားခြင်း မရှိကြကြောင်း ရန်ကုန်အခြေစိုက် သတင်း အယ်ဒီတာ တဦးက ပြောသည်။

“ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ရွေးကောက်ပွဲတုန်းက အလိမ်ခံထားရတော့ လူတွေက အခု လွှတ်တော်ကလည်း ဘာမှ ထူးမှာ မဟုတ်ဘူးဆိုပြီးပဲ ပြောနေကြတယ်” ဟု သူက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတအဖြစ် တာဝန်ယူသွားမည်ဟု နေပြည်တော်စစ်တပ် အသိုင်းအ၀န်းနှင့် အစိုးရ၀န်ထမ်းအသိုင်းအဝန်းက ထင်မြင်ယူဆခဲ့ကြသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် သမ္မတ လုပ်မည်

ရန်ပိုင် Monday, 31 January 2011

လတ်တလော ပြီးဆုံးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ တံခါးပိတ် အစည်းအဝေးမှ ပေါက်ကြားလာသည့် သတင်း အရ လာမည့် အစိုးရသစ်၏ ခေါင်းဆောင် သမ္မတရာထူးအား လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်ကို ဆက်ခံစေရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဆန္ဒရှိကြောင်း သိရသည်။

မနက်ဖြန် အင်္ဂါနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် လွှတ်တော် အစည်းအဝေး ဒုတိယနေ့ တွင် ဒုတိယ သမ္မတ သုံးဦးအမည် စာရင်း တင်သွင်း အတည်ပြုမည်ဖြစ်ရာ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်၊ နအဖ စစ်ကောင်စီ အတွင်းရေးမှူး(၁) သီဟသူရ ဦးတင်အောင်မြင့် ဦး နှင့် ဦးပိုင် လီမိတက် ဥက္ကဋ္ဌ ဟောင်း ဦးတင်အေး တို့ ပါဝင်လာနိုင်ဖွယ် ရှိနေသည်။

နေပြည်တော်နှင့် ရန်ကုန်ရှိ နိုင်ငံရေး အသိုင်းအ၀န်း က ယင်းသို့ ၀န်ကြီးချုပ် ဦးသိန်းစိန် အား သမ္မတ ရာထူးကို ဆက်ခံ စေလို သည်မှာ ထိပ်တန်းစစ်အာဏာပိုင်များ အကြား ယုံကြည်စိတ်အချရဆုံးလူကို ပြသလိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသည်။

လက်ရှိ ထိပ်တန်း စစ်အာဏာပိုင်များ အကြား လာဘ်စားမှု အနည်းဆုံးနှင့် ဆက်ဆံရေး အကောင်းဆုံးကို ရွေးမည်ဆိုပါက ဦးသိန်းစိန် မှ တပါး အခြားမရှိဟုလည်း ဆိုကြသည်။

ထို့အပြင် ၂၀၁၃ ခုနှစ် အာဆီယံ အားကစားပွဲတော်ကို နေပြည်တော်တွင် ကျင်းပရန် ပြင်ဆင်ထားခြင်း၊ ထိုင်း သံတမန် အသိုင်း အ၀န်း ၏ အဆိုအရ အာဆီယံ ဥက္ကဋ္ဌ ရာထူးကို ၂၀၁၄ တွင် မြန်မာနိုင်ငံက တာဝန်ယူရန် ပြင်ဆင်နေခြင်း စသည့် အိမ်နီးချင်းနှင့် နိုင်ငံတကာ ဆက်ဆံရေး များအတွက် သံတမန်ရေးရာ အတွေ့အကြုံ ပြည့်ဝရမည်ဖြစ်ရာ ဤအချက်များကလည်း ဦးသိန်းစိန် သမ္မတ ဖြစ်လာစေရေး လမ်းခင်းပေးနေသကဲ့သို့ ဖြစ်သည်။

ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အပါးတော်မြဲ(ယခု ဗိုလ်မှူးချုပ် စိုးရှိန်၏ နေရာ)တွင်လည်း တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။ ထို့နောက် မှော်ဘီအခြေစိုက် စကခ (၄) တွင် တပ်မမှူး ဖြစ်ခဲ့ပြီးနောက် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး ၏ ယုံကြည်ကိုးစားမှုကြောင့် စစ်ရးချုပ် ၊ နအဖ စစ်ကောင်စီ အတွင်းရေးမှူး တာဝန်များနှင့်လက်ရှိ ၀န်ကြီးချုပ် ရာ ထူးကို လည်း ပေးအပ်ခြင်းခံရသည်။ နောက်ဆုံး၂၀၁၀ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲတွင် ကြံ့ဖွံပါတီကို ဦးဆောင်ရန် ဥက္ကဋ္ဌ တာ ၀န် ပေးအပ်ခြင်း ခံရသည်။

သို့ရာတွင် လေ့လာစောင့်ကြည့်သူများက နှလုံးခုန်စက် တပ်ဆင်ထားရသော သမ္မတကြီး ဦးသိန်းစိန် ကျန်းမာရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်နေကြသည်။

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာသာရရှိ သွားခြင်းသည် ၎င်း သမ္မတ ဖြစ်လာမည်ဟု မျော်လင့် နေသူများ အတွက် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဟု ပြောဆိုနေကြသည်။

စစ်တိုင်းသစ်ဌာနချုပ်တည်ဆောက်မှု လုပ်အားခ အတွက် ဆိုင်ခန်း ၁၀၀ ကျော်ပိုက်ဆံကောက်

သျှမ်းသံတော်ဆင့်

အရှေ့အလယ်ပိုင်းတိုင်း ဌာနချုပ်တည်ဆောက်မှု လုပ်အားခအတွက်ဟုဆိုကာ ကာလိမြို့နယ်ခွဲအတွင်းရှိ ဆိုင်ခန်းပေါင်း ၁ဝဝ ကျော်ထံမှပိုက်ဆံကောက်ယူသည့် အပြင် မြို့အဝင် ဂိတ် ဖြတ်သန်းသွားလာသည့် ကား အသီးသီးထံမှလည်းထောင်ချီကောက်ခံ ကြောင်းစုံစမ်း သိရှိရသည်။

တပ်ဆောက်တဲ့နေရာမှာအမျိုးသမီးနေ့စားလုပ်အားခ တယောက် ၂၅၀၀။ အမျိုးသားတယောက် ၃၀၀၀ စီ ပေးတယ်ဆိုတာက ကာလိ ထဲက ဆိုင်ခန်းပေါင်း ၁၀၀ကျော်ကကောက်တဲ့ပိုက်ဆံနဲ့ပေးတာ။ အခုနောက်ပိုင်း ယောက်ျားအလုပ်သမားသိပ်မလိုချင်ဘူး လို့တောင်ပြော တယ်” - ဟု အမည် မဖော်လိုသည့် အထည်ဆိုင်ရှင် တဦးကပြောသည်။

စည်ပင်နှင့်ရဲများဦးဆောင်သည့်အဖွဲ့က ညအချိန်၌သာ ဆိုင်ခန်းများထံမှ ပိုက်ဆံကောက်ယူသည်ဟုလည်း အဆိုပါဆိုင်ရှင် က ပြောပြသည်။

ကာလိမြို့တွင်း (စားသောက်ဆိုင်၊ အထည်ဆိုင်၊ ကုန်စုံဆိုင်) ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရိှရာတခန်းလျှင်ကျပ် ၁ သိန်းကောက် ယူသည့်အပြင် မြို့အဝင်ဂိတ် ဖြတ်သန်းသည့်ကားများထံမှ တစီးကျပ် ၂၀၀ မှ ၁၀၀၀၀ အထိ ကောက်ယူကြောင်း ကျိုင်းတုံမှ ကားဆရာတဦး ကလည်း ပြောပြသည်။

“ဗင်ကားဆိုရင် တစီး ၂၀၀၀ ။ ကုန်ကားကြီးဆိုရင် ၆ ဘီး ၅၀၀၀ ကနေ ၁၀ ဘီး ၁၀၀၀၀ အထိ ကောက်တယ်။ ဟိုတုန်းက ကားသမားတွေ ကာလိရောက်ရင်ပျော်ကြတယ်။ ဂိတ်မရှိဘူး။ အခုနောက်ပိုင်း ဗမာတပ်ဝင်လာတော့ ဂိတ်တွေ ပိုများလားတယ်။ ပိုက်ဆံပိုကုန်တယ်။ ကျိုင်းတုံ ကနေ တောင်ကြီးသွားမယ့်ကား မိုးချုပ်ရင်ကာလိမှာဘဲ အိပ်တော့တာ။ ကွန်ဟိန်းအထိမဆက်တော့ဘူး။ ကွန်ဟိန်းဂိတ်မှာ ရစ်လဲရစ် တယ်။ တောင်ကြီးကလာလဲ ကွန်ဟိန်းကို ကျော်နိုင်ရင် ကာလိမှာညအိပ်ကြတယ်။ အဲလိုဖြစ် အောင်လဲ ကြိုးစားသွားရတယ်။ အခုတော့ ကာလိလဲမအိပ် ချင်တော့ဘူး။ ဆိုတော့ ကာလိက ခြောက်ကပ်သွားတာပေါ့။ အရောင်းအဝယ် လဲသိပ်မဖြစ်တော့ဘူး ” ဟု၎င်းက ပြောသည်။

အသစ်တိုးချဲ့မည့် အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးတည်ဆောက်ရေးအတွက် ကျေးလက်ဒေသခံများထံမှသိမ်းယူထား သောမြေယာ ဧက ၃၀၀ ခန့်အနက်မြေလွတ်မြေရိုင်းကို တဧက ကျပ် ၁ သိန်း၊ကောက်ပဲသီးနှံစိုက်ပျိုးထားသည့်ခြံ များကို တဧက ကျပ် ၂ သိန်း၊ လယ်မြေကို တဧက ၃ သိန်း ပြန်လည်ပေးလျော်မည်ဟု အာဏာပိုင်များပြောသော်လည်း ဒေသခံများရောင်းဝယ်နေသော ခြံမြေတဧက ပေါက်ဈေးမှာ ကျပ် ၃ သိန်း နှင့်အထက်၊ လယ်မြေ တဧက ကျပ် ၇ သိန်းနှင့်အထက်ရှိနေသဖြင့် အခက်အခဲများ ရင်ဆိုင်နေကြရကြောင်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တိုးချဲ့ဆဲ ကာလိ မြို့နယ်ခွဲသစ်၌ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုးချဲ့တည်ဆောက်ရန် ဗိုလ်မှူးချုပ် မြတ်ထွန်းဦးမှ ဒီဇင်ဘာ ၃၁ အစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်ခဲ့ကြောင်း၊ ယခုလ ၁၀ ရက်မှစ၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အပြင်၊ အထက် တန်းကျောင်း၊ မြို့နယ်ခွဲအထွေထွေအုပ်ချုပ်ရေးရုံး၊ ဌာနဆိုင်ရာရုံးများ အသီးသီး နေ့စဉ် ရက်ဆက်တည်ဆောက်နေကြာင်း ကြားသိရသည်။

ထို့အတူ ပြည်သူ့စစ် နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အုန်း၊ အရှေ့အလယ် ပိုင်းတိုင်း စစ်တိုင်းမှူးသစ် ဗိုလ်မှူး ချုပ်မြတ်ထွန်းဦး၊ ကွန်ဟိန်းဗျူဟာမှူးနှင့်အတူ (အသွင်ပြောင်း) တပ်မဟာ ၇ ပြည်သူ့ စစ်ခေါင်းဆောင် ဦးကိုင်ဖှါ့တို့မှလည်း လွယ်ဖာပြည်သူ့စစ် စခန်း စစ်ဆေးပြီး ကွန်ဟိန်းသို့ ညတွင်းချင်းပြန်လည် အစည်းအဝေးထိုင်ခဲ့ကြောင်း၊ စည်းဝေးကြသည့်အကြောင်းရင်းမသိရသော်လည်း၊ လက်ရှိ အခြေအနေအရ နအဖ တပ်မှူးများရောက်သည့်နေ့တွင်သာ အောက်ခြေအရာရှိ တပ်သားများ ပြည်သူ့စစ်ဝတ်စုံဝတ် ကြကြောင်း၊ကျန်ရက်များ ၌ အားလုံးနီးပါး သျှမ်းပြည်တပ်တော် (မြောက်ပိုင်း) ယူနီဖောင်းကိုသာ ဆက်လက်ဝတ်ဆင်ပြီးပြည်သူ့စစ်ဝတ်စုံမဝတ် လိုကြကြောင်း နီးစပ်သည့် အသိုင်း အဝိုင်းကပြောပြပါသည်။

နေပြည်တော် FC ဗိုလ်ချုပ်မှူးကြီး မြေး လွှဲပြောင်းယူမည်

ဆက်လင်း Monday, 31 January 2011

မြန်မာ နေရှင်နယ် လိဂ်(MNL)ပြိုင်ပွဲဝင် ဘောလုံး အသင်းတသင်းဖြစ်သည့် နေပြည်တော် FC ဘောလုံးအသင်းကို လာမည့်နှစ် MNL ပြိုင်ပွဲ ရာသီတွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူ ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်က လွှဲပြောင်းယူရန် စီစဉ်လျက်ရှိသည်ဟု နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက စတင်တည်ထောင်ခဲ့သည့် နေပြည်တော် FC အသင်းသည် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ သော်လည်း ယခုနှစ် ဘောလုံးရာသီ အစတွင် နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သဖြင့် နေပြည်တော်ကို အရှက်ရစေသည်ဟုဆိုကာ လွှဲပြောင်းယူရန် စီစဉ်နေ
ခြင်း ဖြစ်ကြောင်း နေရွှေသွေးအောင်နှင့် နီးစပ်သည့် လူငယ် စီးပွားရေးလုပ်ငန်းရှင်တဦး က ပြောသည်။

“သူက စိတ်ဆိုးနေတယ်။ တာဝန်ယူထားတဲ့သူတွေ အသုံးမကျဘူးဆိုပြီး။ နောက်နှစ် သူပြောင်းယူမယ်။ လူကြီးတွေကိုလည်း ပြော ထားပြီးပြီ။ ပြီးမှ နိုင်ငံခြားက သူ့စိတ်ကြိုက် ဘောလုံးသမားတွေ ခေါ်မယ်ဆို ပြီးပြောနေတယ်”ဟု က ဆိုသည်။

လက်ရှိ နေပြည်တော် FC အသင်းကို ဦးတင့်ဆန်း ၏ ACE ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ထောင်ထားခြင်းဖြစ်ပြီး ယမန်နှစ် MNL ပြိုင်ပွဲ ရာသီအပြီးတွင် အမှတ်ပေးဇယား၏ အောက်ခြေတွင်သာရှိခဲ့သဖြင့် ယခုနှစ်ဘောလုံးပြိုင်ပွဲများ ပြန်လည် မစတင်မီတွင် နေရွှေသွေးအောင်က ထိပ်တန်းအသင်းများစာရင်း ၀င်စေရန် ဘောလုံးအသင်းတာဝန်ရှိသူများကို ခေါ်ယူ သတိပေး ခဲ့သေးသည်ဟု နေပြည်တော် FC တာဝန်ရှိသူ တဦးက ပြောသည်။

နေပြည်တော် FC အသင်းသည် ယခုနှစ် MNL ပြိုင်ပွဲ ရာသီတွင် မြန်မာ့လက်ရွေးစင်၊ လူငယ် လက်ရွေးစင် ကစားသမားအချို့နှင့် တောင်ကိုရီးယား ကစားသမားအချို့ကို ခေါ်ယူအားဖြည့်ခဲ့သော်လည်း အဖွင့်ပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက် အသင်းကို ၂ ဂိုး ဂိုး မရှိ၊ မကွေး FC အသင်းကို ၂ ဂိုး ဂိုးမရှိ တို့ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းသို့ နှစ်ပွဲဆက် ရှုံးနိမ့်ပြီး နောက်ပိုင်းတွင် နေပြည်တော် FC အသင်းသည် လက်ရှိနည်းပြချုပ် ဦးအောင်နိုင်ကို လက်ထောက် နည်းပြအဖြစ် ပြောင်းလဲခန့်အပ်ပြီး တောင်ကိုရီးယား နိုင်ငံသား နည်းပြတဦးဖြစ်သူ ချောင်ယောင်တေးအား နည်းပြချုပ်အဖြစ် ပြောင်းလဲ ခန့်ထားခဲ့သည်။

လက်ဆက်၍ နေရွှေသွေးအောင်နှင့် နီးစပ်သည့် လူငယ်စီးပွားရေး လုပ်ငန်းရှင်က“သူက ဘောလုံးပွဲဝါသနာပါတော့ နေပြည်တော် ကန်တဲ့ နေ့ဆို သွားကြည့်တယ်။ အသင်းက ရှုံးတော့ လူတွေက လှောင်ကျတယ်။ နေပြည်တော်ဆိုပြီး တချို့က အမြင်ကပ်တော့ ဆဲကြတယ်။ နေပြည်တော် ဆိုတာ သူတို့မိသားစု တည်ထောင်ထားတဲ့မြို့ဖြစ်နေ တော့ ရှက်ပြီး ဒေါကန်တာပေါ့၊ သူယူမယ်ဆို ပေ မယ့် အဘိုးကြီးက ခွင့်ပြုမပြုဆိုတာက ရှိသေးတယ်”ဟု ပြောသည်။

နေရွှေသွေးအောင် သည် ဘောလုံး ၀ါသနာအိုး တဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ ကမ္ဘာကျော်ဘောလုံးသမား နာကာတာ လာရောက် လည်ပတ်ပြီး မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် အလှပြကစားခဲ့စဉ်ကလည်း နေရွှေသွေးအောင် ၀င်ရောက်ကစားခဲ့သေး သည်။

မကြာသေးခင်က ထွက်ပေါ်ခဲ့သော ၀ီကီလိစ် အင်တာနက် စာမျက်နှာများတွင်လည်း ကမ္ဘာကျော် ပရီးမီးယားလိဂ် ထိပ်သီး အသင်း တသင်းဖြစ်သည့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ယူပေးရန် အဘိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပူဆာ ခဲ့သဖြင့် မြန်မာ နေရှင်နယ်လိဂ် ကို စတင် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မလေးရှားသို့ ထွက်ခွာမည့်သူ ၁၈ ဦး ဘင်္ဂလာဒေခ်ျ့ ကျွန်းတစ်ကျွန်းတွင် ဖမ်းဆီး

မောင်သန်းစိန်

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စက်လှေဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာရန် စီစဉ်နေသည့် မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၈ ဦးကို ပင်လယ်ပြင် ကျွန်းတစ်ကျွန်းမှ ဘင်္ဂလာရဲအဖွဲ့ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများထဲတွင် ၁၀ ဦးမှာ မြန်နိုင်ငံမှ မွတ်ဆလင် ဘာသာဝင်များ ဖြစ်ပြီး ကျန် ၈ ဦးမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်ကြသည်။ သူတို့မှာ အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အကြား ရှိသူများ ဖြစ်ကြသည်။

ချော်ကော်ရီယာမြို့ ရဲအရာရှိ တစ်ဦးက သူတို့မှာ မလေးရှားနိုင်ငံသို့ စက်လှေ တစ်စီးဖြင့် ထွက်ခွာရန် စီစဉ်နေစဉ် ကော့ဘဇားခရိုင် ကောတူဒီယာ ကျွန်းတွင် တနင်္ဂနွေနေ့ နံနက်က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သတင်းဌာနများသို့ အတည်ပြုပြောကြားသည်။

အဆိုပါ မလေးရှားသို့ ထွက်ခွာမည့်သူများကို မလေးရှားတင်ပို့နေသည့် လူမှောင်ဂိုဏ်းတစ်ခုမှ တဦးစီမှ တာကာငွေ ၂၀၀၀၀ (ကျပ် ၂၅၀၀၀၀ ခန့်) ယူပြီး စနေနေ့တွင် အဆိုပါ ကျွန်းတွင် စုဆောင်းထားကြောင်း၊ သတင်းအရ ရဲအဖွဲ့က ၀င်ရောက် ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံမှ မွတ်ဆလင်ဘာသာဝင် ၁၀ ဦးမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များမှ ဖြစ်ကြပြီး မလေးသို့ ထွက်ခွာရန် ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်လာကြသူများ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်နေကြသူ မွတ်ဆလင်ဘာသာဝင်များ အနေဖြင့် အုပ်ချုပ်သူ စစ်အစိုးရ၏ ဖိနှိပ်မူနှင့် အတူ စီးပွားရေး အကျပ်အတည်းများကြောင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ တဆင့် စက်လှေများဖြင့် တသုတ်ပြီး တသုတ် မလေးရှားနိုင်ငံသို့ တရားမ၀င် ထွက်ခွာနေကြရာ ယခုဖမ်းဆီးမူမှာ ယခုနှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်။

ဓာတ်ငွေ့ပိုက်လိုင်းနား ချိန်ကိုက်ဗုံးတွေ့ဟုဆို

မဇ္ဈိမသတင်းဌာန

ဒေးဒရဲ-ဖျာပုံကားလမ်းတွင် ချိန်ကိုက်မိုင်းတလုံး ယခုလ ၂၆ ရက်က တွေ့ရှိခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြသည်။

ကားလမ်း မိုင်တိုင်အမှတ် ၁၂/၅ က တံတားအမှတ် ၁/၁၃ အောက်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဘေးတွင် ထိုချိန်ကိုက်ဗုံးကို တွေ့ရှိဖယ်ရှားနိုင်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာကဆိုသည်။

ချိန်ကိုက်ဗုံးသည် အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ အထူ ၁ လက်မရှိပြီး ယမ်းတုံး ၄ တုံး၊ အရှည် ၇ ပေခန့်ရှိ ယမ်းကြိုးတကြိုး၊ ဝါယာကြိုးတကြိုး၊ စနက်တံ၊ ဓာတ်ခဲ လေးလုံး ပါဝင်ဖွဲ့စည်းထားသည်ဟု သိရသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များ ဈေးလျှော့ကျမှုကြောင့် မြို့ပေါ်တွင် ဆိုင်ကယ်များ တိုးလာ

နှောင်းလှိုင်/သံလွင်နီ

ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ် စသည့် မြို့ပေါ်ဒေသများတွင် ယခုနှစ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များ ဈေးလျှော့ကျလာခြင်းတို့ကြောင့် ဆိုင်ကယ်များ သိသိသာသာ များလာသည်ဟု ဒေသခံများက ပြောကြပါသည်။

မြန်မာထုတ် ဆိုင်ကယ်တစီးလျှင် ၁၀ သိန်း ၀န်းကျင်ခန့် ရှိသော်လည်း တရုတ်ထုတ် လိုင်စင်မဲ့ မှောင်ခိုဆိုင်ကယ် တစီးလျှင် ကျပ် ၄သိန်းအောက်နှင့် လိုင်စင်ပါရှိသော ဆိုင်ကယ်တစီးမှာ ကျပ် ၇ သိန်း ၀န်းကျင်ခန့်သာ ရှိပါသည်။

“အရင်ကထက်စာရင်ပေါ့ ဈေးပေါတယ်။ တရုတ်ဆိုင်ကယ်ဈေးက အစားစားရှိတယ်။ မြန်မာဆိုင်ကယ် လူသုံး မများတော့ မသိဘူး” ဟု လွိုင်ကော်ဒေသခံ လူငယ်တဦးက ပြောသည်။

ပြီးခဲ့သည့် ကယားဒေး (ကယားပြည်နယ်နေ့) တွင် ပွဲလာ ပရိသတ်များ၏ ဆိုင်ကယ်သည် တန်းစီနေပြီး ခါတိုင်း နှစ်ထက် ပိုများလာသည်ဟု ပွဲလည် လူငယ်တယောက်က ပြောပြပါသည်။

“မျက်စိထဲမှာ သိသာတယ်။ ပွဲလာတဲ့ ဆိုင်ကယ်တွေ ခါတိုင်းနှစ်ထက် သိသိသာသာ တိုးလာတယ်။ ပြီးတော့ ယာဉ်တိုက်မှုတွေ ဖြစ်တယ်” ဟု ပြောသည်။

ကရင်နီပြည်နယ်တွင် မြန်မာနိုင်ငံထုတ် ဆိုင်ကယ်၊ ယိုးဒယား (ထိုင်း) ထုတ် ဆိုင်ကယ်ကိုလည်း လူစီးများလာပြီး တရုတ်ထုတ် ဆိုင်ကယ်မှာ အများဆုံးဖြစ်သည်။

“လိုင်စင်မဲ့ အရမ်းဈေးကျတယ်လေ။ အဲဒါကြောင့်ပါ။ ဆိုင်ကယ်တွေကို လိုင်စင် အားလုံး ဈေးကြီးကြီး လုပ်ခိုင်းထား ပြီးတော့ အားလုံး လုပ်ကြတယ်။ နောက်ပြီး ဆိုင်ကယ် လိုင်စင်မရှိတဲ့သူတွေကို ဖမ်းမယ်ဆီးမယ်တွေ လုပ်ပြီး နောက်ပိုင်းတော့ မြို့ပေါ်မှာတော့ တခါတလေ စစ်ဆေးတယ်။ ဆိုင်ကယ်လိုင်စင်ဘီးတွေက ဈေးတက်ပြီး လိုင်စင်မဲ့တွေက ဈေးပေါရော။ ဈေးပေါတော့ လူတွေ ပိုဝယ်လာကြတယ်လေ။ ဒီးမော့ဆို၊ ဖရူဆို တို့ဆို လိုင်စင်မဲ့တွေပါပဲ လွိုင်ကော်လည်း စီးနေကြပါတယ်” ဟု ဒီးမော့ဆိုမှ မြို့ခံ အမျိုးသမီး တဦးက ပြောပြပါသည်။

မြို့ပေါ်တွင် ဆိုင်ကယ်များ များပြားလာသည်နှင့်အတူ ယှဉ်တိုက်မှုမှာလည်း ယခု လထဲတွင် ၆ ကြိမ်ထက်မနည်း ဖြစ်ပွားပါသည်။

တရုတ်ဆိုင်ကယ်သည် ဈေးချိုသော်လည်း ထိုင်းထုတ် ဆိုင်ကယ်လောက် စက်ပစ္စည်းများ ခိုင်ခံ့မှုမရှိ၍ မြို့ပေါ်၌သာ စီးနိုင်ပြီး တောင်ပေါ်လမ်းနှင့် တောရွာလမ်းတွင် မောင်းနှင်ပါက အချိန်အနည်းငယ်အတွင်းမှာ ပျက်စီးသွားနိုင်သည်ဟု ပြောဆိုကြပါသည်။

မင်းတြားကြီး သန်းရွှေနဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၂)

ဧရာဝတီ


ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဆိုတာ ယဉ်ကျေးတဲ့ လူအဖွဲ့ အစည်းတိုင်းရဲ့ပြဋ္ဌာန်းချက်ပါ။ ဒါပေမယ့် စစ်ထောက်လှမ်းရေးမှူး ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အပါအ၀င် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တွေကို လာဘ်စားမှု၊ အာဏာအလွဲသုံးစား လုပ်မှုတွေနဲ့စွပ်စွဲလို့ ဖမ်းဆီးအပြီး တပ်မတော် ထိပ်တန်းခေါင်းဆောင် နံပါတ် ၃ နေရာကို အရှင်မွေးတော့ နေချင်း ညချင်းကြီးကာ ရောက်လာသူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း က ဒီစကားကိုပြောတော့ လူတွေက ကောက်ချက်ချကြတယ်။ “အပြောကတော့ ရွှေမန်း” တဲ့။ အခုလာမယ့် အစိုးရ အသစ်မှာလည်း သမ္မတလား၊ လွှတ်တော် ဥက္ကဋ္ဌလား။ ရှေ့တန်းက သတင်းပြေးနေပါ တယ်။ ဘာပဲဖြစ်ဖြစ် ပစ္စည်း ဥစ္စာပိုင်ဆိုင်မှုကတော့ အတိအလင်းကြေညာရမှာပါ။ ကြေညာသည် ဆိုဦးတော့ အပြောလောက်နဲ့တင် မပြီးပါ။ မှတ်ကျောက် အတင် ခံဖို့တော့ လိုပါတယ်။ အခုထက်ထိတော့ သူရ ဦးရွှေမန်းကို အက ကတော့ ချိုမိုင်မိုင် လောက်ပဲလို့ ပြောဆို သံတွေသာ ဆူညံနေရဲ့။

သူရ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)

၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်ကအကြမ်း ဖက် နှိမ်နင်းတုန်းက ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်သူပုန်တွေကို တိုက်ရာမှာ အစွမ်းပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ် မှာ ဗိုလ်မှူးချုပ် အဆင့် တိုးမြှင့်ခံရပြီး ရန်ကုန်လုံခြုံရေးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူး ဖြစ်လာတယ်။ နောက်တနှစ် အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အနောက်တောင်တိုင်း တိုင်းမှူးဖြစ်လာပြီး နအဖ စစ်ကောင်စီရဲ့ယာယီအဖွဲ့ဝင် ဖြစ်လာတယ်။ ၂၀၀၀ ပြည့်နှစ် မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်းလိုက်နာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ပေးတတ်တဲ့ သူရ ဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက မျက်စိကျသလို ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက် ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင် ပြုစုတတ်တော့ အရှင် မွေးတော့ နေ့ချင်းကြီးတော့တာပါပဲ။ ဒေါ်ခင်လေးသက် အောက်သက်ကြေပုံကတော့ ဗိုလ်ချုပ်မှူးကြီး မြေးအစဉ်အဆက်ကို ထိန်း ပေး ခဲ့သလို၊ သမီးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကို မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့ အတွင်းသိတချို့ကတော့ ပြောကြ တယ်။

တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက် အဆင့်နဲ့ လုပ်စရာမလိုတဲ့ ကိစ္စတွေပါ။ ဒါပေမယ်လည်း ယောက်ျား တက်လမ်း၊ ဘ၀ တက်လမ်းအတွက် မောင်တထမ်း မယ်တရွက် ဆိုသလို အစွမ်းကုန် စွမ်းဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး တပ်မတော်သမိုင်းမှာ တခါမှ မရှိဘူး သေးတဲ့ ရာထူးအသစ် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး အဖြစ် ခန့်ထားခြင်း ခံရပါတယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ဘယ်မျှ ရှိတယ် ဆို တာ တိတိကျကျ မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး တို့ရဲ့အမိန့်တွေကို အကောင်အထည်ဖော် ကြီးကြပ်ရတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ဆိုကြတယ်။ ဒါပေမယ့် တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလို့ အားလုံး က သိကြတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိ ယုံသလဲဆိုတော့ တပ်အပေါ် သြဇာအရှိဆုံး တယောက် ဖြစ် တဲ့ စစ်တပ်ကို ပိုက်ဆံရှာပေးနေရတဲ့ ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် စစ်ထောက်ချုပ်ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အေးနဲ့ တွဲပြီး၂၀၀၈ မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူဖို့ မြောက်ကိုရီးယားကို စေလွှတ်ခြင်းခံခဲ့ရတယ်။

ဗိုလ်ချုပ်ကြီး ရွှေမန်းကလည်း တပ်အသိုင်းအ၀န်းအတွင်းမှာ လူရှိန်အောင် စမတ်ကျကျ နေတတ်တယ်၊ အနေအထိုင်ဟော့ဟော့ ရမ်းရမ်းမရှိ၊ အသောက်အစားကလည်း လူကြီး လူကောင်းဆန်ဆန်။ တပ်ထဲမှာဆိုရင် တခြားဗိုက်ပူ ဗိုလ်ချုပ်တွေနဲ့ မတူဘဲ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနဲ့ သူ့ကို စမတ်ကျတယ်ဆိုပြီး အမှတ်ပေးကြတယ်။ ဘယ်လောက်တောင် စမတ်ကျသလဲ ဆိုရင် တခြား ဗိုလ်ချုပ်တွေလို မိန်းမကြိုက်တတ်တာကိုတောင် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး မသိဘူးလို့ ပြောရမယ်။

စစ်သား စစ်ဗိုလ်ဆိုတာ မိန်းမကိစ္စနဲ့ မကင်းတာ ဓမ္မတာပါပဲ၊ ဒါပေမယ့် သူ့ရှေ့က မျိုးချစ် ဗိုလ်ချုပ်ကြီးတွေနဲ့ မတူတာကတော့ သူရ ဦးရွှေမန်း က နိုင်ငံတကာအမြင် ပိုရှိတယ်လို့ ဆိုရမယ်။ နီးစပ်သူတွေရဲ့ အဆိုအရတော့ ဦးရွှေမန်းဟာ ပြည်တွင်း ဖြစ်ထက် ထိုင်းနဲ့ အနောက်တိုင်းသူတွေကိုမှ ပိုပြီး အာသီသရှိသတဲ့၊ ဆက်သွယ်ရေး လမ်းကြောင်းကတော့ သူ့သား အောင်သက်မန်းရဲ့ဆရာ ဦးတေဇ ပါပဲ၊ အဲပုဂံ နဲ့ ဘန်ကောက်က သွားပင့်လာပြီး ရန်ကုန်က ထိပ်တန်း ဟိုတယ်ကြီးတွေမှာ ပျော်ပါးသတဲ့။

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့ အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါး စိုက်ပျိုးရေးနဲ့ နိုင်ငံခြားတင်ပို့ရေး ကဏ္ဍတွေမှာ ခေတ် မီ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံစီးပွားထက်စာရင် မိသားစု အကျိုးစီးပွားက ပိုများနေမလားပဲ။ တကယ်တမ်း လည်း သူရဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး သြရသ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။

အောင်သက်မန်းရဲ့ ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။ နီးစပ်သူတယောက်ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။

မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။

တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။ ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ ပုဂ္ဂလိက ပိုင်ပြုရေး၊ နိုင်ငံ စီးပွား စီမံခန့်ခွဲမှုကို လူတွေက ခနဲ့ကြတယ်။ “အဖေနှင့် သားများ ကုမ္ပဏီ” တွေ ကြီးစိုးတဲ့ ခေတ်တဲ့။ အာဏာရှိတဲ့ အဖေတွေက သားသမီးတွေကို ကုမ္ပဏီထောင်ခိုင်းပြီး လုပ်ပိုင်ခွင့်လိုင်စင်တွေ ဖောဖောသီသီ ချပေးမှတော့ ဒီမိသားစုတွေမှ မကြီးပွားရင် ဘယ်သူ ကြီးပွားတော့မှာတုန်းတဲ့။

လတ်တလောပြီးဆုံးသွားပြီဖြစ်တဲ့ နအဖ စစ်ကောင်စီရဲ့ အစည်းအဝေးက ထွက်လာတဲ့ သတင်းအရ သူရ ဦးရွှေမန်း လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူရမယ်လို့ ဆိုတယ်။ လွှတ်တော် ဥက္ကဋ္ဌ ကြီး အနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှုစာရင်းကို ကြေညာတဲ့အခါ“ကျနော့် သားတွေ ပိုင်တာ ကျနော်ပိုင်တာ မဟုတ်ဘူး”လို့ အရူးကွက် နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။ ။

နောက်လာမယ့် အပိုင်း (၃) မှာ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟ သူရ တင်အောင်မြင့်ဦး အကြောင်း တင်ပြပါဦးမယ်။ စောင့်မျှော် အားပေးကြပါကုန်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,31st,2010

( 31 )Senior Junta Officials Elected as Heads of Parliament

( 30 )Burmese to Get Just One Percent of Energy from Dams

( 29 )နယ်စပ်ပြဿနာ ထိုင်း ဆွေးနွေး ညှိနှိုင်းလို

( 28 )Thai soldiers hurt by Burmese mortars

( 27 )အမည်ခံ လွှတ်တော် ယနေ့စဖွင့်

( 26 )Thailand to set up more nationality verification centers

( 25 )The election report documents widespread political repression and human rights abuses - Burma Fund UN Office

( 24 )စစ်တွေတွင် ကြက် တသောင်း ကျော် သုတ်သင်

( 23 )Burmese migrant workers: caught between a tyrant and a tiger

( 22 )DKBA နှင့် SSA တောင်ပိုင်း စစ်ရေး ပူးပေါင်းရန် ဆွေးနွေး

( 21 )Burma's parliament opens new session

( 20 )ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ယနေ့ မကြေညာနိုင်သေး

( 19 )Burmese parliament spells out its new 'democracy' reforms

( 18 )ပုဂ္ဂလိကပိုင်ပြုမှု စီးပွားရေးလောက ဂယက်ရိုက်နိုင်

( 17 )ဂီရိအလှူငွေ ပေးအပ်ပွဲနှင့် ကွယ်လွန်သူများအား ရည်စူး၍ ဆွမ်းကျွေး-ရေစက်ချ အမျှဝေပွဲ အခမ်းအနား မလေးရှားတွင် ပြုလုပ်

( 16 )လွှတ်တော် ဖွင့်ပွဲ သတင်းသမားများကို မဖိတ်ကြားဟု ပြန်ကြားရေး ဌာနပြော

( 15 )Myanmar to open junta-dominated parliament

( 14 )ဒီကေဘီအေ နှင့် ကေအန်ယူက မြ၀တီ - ကော့ကရိတ်ကြား နအဖ ကားကို ၀င်တိုက်

( 13 )Twist and turn in Yangon

( 12 )မကွေးတိုင်း ကံမမြို့နယ်တွင် စက်ရုံဆောက်ရန် လယ်မြေများကို သိမ်းနေ

( 11 )Myanmar upholds opposition party dissolution

( 10 )မြန်မာ့ စီးပွားရေး ကောင်းမွန်ရေး အကူအညီပေးရန် ဒေါ်စု တိုက်တွန်း

( 9 )Businesses keen on roads along border with Burma

( 8 )လွှတ်တော် အစည်းအဝေးမှာ သတင်းယူခွင့် မသေချာ

( 7 )Economic ties will set us free: Suu Kyi

( 6 )ဗန်းမော်တွင် မူယစ်ဆေးဝါးလွှတ်လပ်စွာရောင်းချ

( 5 )Myanmar parliament to open, but army in control

( 4 )လွှတ်တော်သစ်အတွက် ကိုယ်စားလှယ်တွေ ပြင်ဆင်

( 3 )Myanmar prepares for first parliament in years

( 2 )NLD အင်တာနက် ၀က်ဘ်ဆိုက်ဒ် စတင်ဖွင့်လှစ်

( 1 )Ruling military junta denies human rights violations

Sunday, January 30, 2011

နအဖ တပ်ဖွဲ့ဝင် ၃ဦး ရင်ဆိုင်တိုက်ပွဲတွင် ကျဆုံး

(ကေအိုင်စီ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖ ခမရ(၃၄၃)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ် လ်အေ) တပ်ရင်း(၂၁)တို့ ယနေ့မနက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ တပ်ကြပ်တဦး အပါအ၀င် ၃ဦး ကျဆုံးခဲ့ သည်ဟု သိရသည်။

“ဖြစ်တာက ဒီမနက် ၆နာရီ ၀၅မိနစ်မှာပဲ လှိုင်းဘွဲမြို့နယ်၊ တရေဖိုးကွီးနဲ့ ရှမ်းရွာသစ်ကြားက မဲ့တော်ဒေးနေရာမှာ မိနစ် ၂၀ လောက် ကြာတယ်။ နအဖရဲဘော်တွေလည်း တိုက်ပွဲဖြစ်တာနဲ့ ကစဥ့်ကလျားကို ထွက်ပြေးကြတယ်။ ကျနော်တို့လူတွေက ၁၅ ယောက်ပဲ။ သူတို့ဘက်က အယောက် ၃၀လောက်ရှိတာ။ ဒီတိုက်ပွဲမှာ နအဖဘက်က တပ်ကြပ် ၁ဦးနဲ့ တပ်သား ၂ဦးကျတယ်။ ဒဏ်ရာရသူကတော့ ကျနော်တို့ ယူလို့မရဘူး။”ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှ တပ်မှူးတဦးက ပြောသည်။

အဆိုပါ ရင်ဆိုင်တိုက်ပွဲတွင် ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်မှုမရှိဘဲ နအဖတပ်ဖွဲ့၏ ၆၀-မမ ၁လက်၊ အမ်အေ-ဖိုး ၁ လက်၊ အမ်အေ-၀မ်း ၁လက်နှင့် ကျည်ဆံအတော်များများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း(၂၁)သည် တပ်မဟာ(၇) လက်အောက်ခံတပ်ရင်းဖြစ်ပြီး ခမရ(၃၄၃)မှာ နအဖ စစ်ကွပ်ကဲရေး ဌာနချုပ်(၁၉)၏ လက်အောက်ခံ တပ်ရင်းဖြစ်သည်။

လက်ကျန်သမိုင်း ဘယ်သူတွေ ဆက်လုပ်မှာလဲ

အောလို

ထိုင်း-မြန်မာနယ်စပ်က ဖက်၊ ၀ါး၊ သစ်တို့ဖြင့် ဆောက်လုပ်ထားတဲ့ အဆောက်ဦးလေးတခု အထဲမှာ လူလေးငါးယောက်က ကွနှ်ဗျူတာ ကိုယ်စီနဲ့ အလုပ်တွေ ရှုပ်နေပါတယ်။ အဲဒီထဲမှာမှ အသားဖြူဖြူ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ အသက် ၂၆ အရွယ် ရှိတဲ့ ကရင်နီအမျိုးသား နဲလော်ဟာ အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနေထိုင်တဲ့ ထိုင်း-မြန်မာနယ်စပ်မှ သူ့သူငယ်ချင်း ကရင်နီဒုက္ခသည်တယောက်ကို အင်တာနက် အီးမေးလ် ချက်တင်ပေါ်ကနေ ကရင်နီစာနဲ့ အပြန်အလှန် ရေးပြီး ဆက်သွယ်နေပါတယ်။

နဲလော်ဟာ ကန္တာရ၀တီတိုင်း(မ်) သတင်းဌာနမှာ ၀က်မာစတာအဖြစ် တာဝန်ထမ်းဆောင်နေသူတယောက် ဖြစ်ပြီး ကရင်နီဘာသာလို ကေတီရဲ့ အွန်လှိုင်းဝက်ဖိတ်ကိုလည်း တည်ဆောက်ဖွဲ့စည်းပေးခဲ့သူပါ။ ဒါ့အပြင် အင်တာနက် ၀က်ဆိုဒ်ပေါ်သို့ တခြားလူများ စာတွေလို ကရင်နီစာတွေ ပေါ်လာနိုင်အောင် ဦးဆောင်ကြိုးပမ်းပေးခဲ့သူ တယောက်ပါ။

“ကရင်နီစာ တတ်တဲ့ ကရင်နီလူမျိုး အချင်းချင်း ဖြစ်တော့ အီးမေးလ် ချက်တင်ပေါ်မှာ ကိုယ့်ကရင်နီစာနဲ့ ရေးကြရတာ ခံစားရလို့ ပျော်တယ်။ ဒီကရင်နီစာကို တီထွင်ခဲ့သူကို အများကြီး ကျေးဇူတင်ရှိတယ်” လို့ နဲလော်က ပြောပါတယ်။

ကရင်နီအမျိုးသားစာကို တီထွင်ခဲ့တဲ့ သူကတော့ ဆရာကြီး ထဲဘူးဖဲပဲ ဖြစ်ပါတယ်။ ထဲဘူးဖဲဟာ ကရင်နီစာကို လွန်ခဲ့တဲ့ ၁၉၅၈-၅၉ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် သက္ကသိုလ်ကျောင်း တက်နေသေးတဲ့ အချိန်မှာ စတင်တီထွင်ခဲ့တယ်လို့ အခုလောလောဆယ် ကရင်နီအမျိုးသားစာပေ ၀န်ကြီးလည်းဖြစ်၊ ထဲဘူးဖဲ ငယ်သူငယ်ချင်းလည်း ဖြစ်တဲ့ ဆရာကြီး တူရယ်က ပြောပါတယ်။

ထဲဘူးဖဲဟာ ကရင်နီစာကို မတီထွင်သေးခင်မှာ တခြားလူများ စာပေတွေ ဖြစ်တဲ့ အင်္ဂလိပ်စာ (လန်တင်)၊ မြန်မာနိုင်ငံရှိ ဗမာစာ၊ တိုင်းရင်းသားစာတွေနဲ့ ကရင်နီဘာသာစကားတွေကို အကုန်လုံး လေ့လာထားတယ်။ နောက်ပြီး ကရင်နီစာကို တခြားလူများ စာပေတွေနဲ့ မတူကွဲပြားအောင် ခဲစာလုံးတွေဖြင့် ကရင်နီဗျည်းအက္ခရာ ၂၄ လုံးနဲ့ သံရ ၁၃ လုံးကို သီးသန့်တီထွင်ထားခြင်း ဖြစ်ပါတယ်။

“ကျနော်တို့ ကရင်နီဘာသာစကားမှာ တချို့စကားလုံးဆိုလို့ရှိရင် ဗမာစာနဲ့ ရေးလို့ မရတဲ့ဟာတွေ ရှိတယ်လေ။ အဲဒါ ထဲဘူးဖဲက ကရင်နီစာကို သီးသန်းထွင်လိုက်တာ။ ဥပမာ “ꤠ” “ဗ” ဆိုလို့ရှိရင် ဗမာလို့ မရေးတတ်ဘူး” လို့ တူရယ်က ပြောပါတယ်။

ထဲဘူးဖဲဟာ ၁၉၆၀ ခုနှစ်မှာ ရန်ကုန်သက္ကသိုလ်မှ သမိုင်းဘာသာရပ်ဘွဲ့ ရယူခဲ့ပြီးနောက် ကရင်နီပြည် လွိုင်ကော်မြို့မှာ ကျောင်းဆရာအဖြစ် တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ရာ အဲဒီအတောအတွင်းမှာပင် ကရင်နီစာကို ပြီးဆုံးအောင် တီထွင်ခဲ့လိုက်ပါတယ်။

ထဲဘူးဖဲဟာ ကရင်နီစာကို တီထွင်ပြီးဆုံးသွားတဲ့ အချိန်မှာ လွိုင်ကော်မြို့ရှိ သူနေထိုင်ရာ နေအိမ်မှာ သူ့သူငယ်ချင်း တူရယ် အပါအ၀င် တခြားကရင်နီအမျိုးသား ၁၀ ယောက်လောက်ကို စတင်သင်ကြားခဲ့တယ်လို့ တူရယ်က ပြောပါတယ်။

အဲဒီနောက် သူတီထွင်ထားခဲ့သော ကရင်နီစာကို ကရင်နီပြည်တွင် ကရင်နီအမျိုးသားတွေအတွက် ကရင်နီစာအဖြစ် အသုံးပြုစေဖို့အတွက် မြန်မာအစိုးရထံ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးက ထဲဘူးဖဲရဲ့ ကရင်နီစာကို ကရင်နီပြည်တွင် ကရင်နီစာအဖြစ် အသုံးပြုစေဖို့ လက်မခံပဲ ပယ်ချခဲ့ပါတယ်။

“မြန်မာအစိုးရက ထဲဘူးဖဲ ထွင်ထားတဲ့ ကရင်နီစာကို လက်မခံဘူး။ ကရင်နီစာ ထွင်မယ်ဆိုရင် ဗမာအက္ခရာနဲ့ လုပ်ရမယ်တဲ့။ သူတို့ အက္ခရာတွေကို မသုံးပဲနဲ့ သီးသန်းလုပ်မယ်ဆိုရင် မလက်ခံဘူးလေ။ ဒါပေမဲ့ လန်တင်စာတို့က ရှိထားပြီးလေ၊ အဲဒါကြတော့ သူတို့ မပြောဘူး” လို့ တူရယ်က ပြောပါတယ်။

ထဲဘူးဖဲဟာ ကရင်နီပြည်တွင် ကရင်နီအမျိုးသားစာအဖြစ် အသုံးပြုစေဖို့ တီထွင်ထားတဲ့ ကရင်နီစာကို မြန်မာအစိုးရမှ လက်မခံတဲ့အတွက် ၁၉၆၆ ခုနှစ်မှာ ကရင်နီတော်လှန်ရေးထဲသို့ စတင်ဝင်ရောက်ခဲ့ကာ ကရင်နီအနောက်ဘက်ခြမ်းကနေ အရှေ့ဘက်ကမ်းသို့ ထွက်လာခဲ့ပါတယ်။

နောက်ပြီး ထဲဘူးဖဲ ကရင်နီစာကို ကရင်နီအရှေ့ဘက်ကမ်းတွင် တူရယ် ဦးဆောင်မှုဖြင့် ၁၉၇၁ ခုနှစ်တွင် ကရင်နီပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားတွေကို စတင်သုံးစွဲသင်ကြားခဲ့ပါတယ်။ အဲဒီအချိန်တွင် ကရင်နီစာကို ကျောင်းမှာလည်းကောင်း၊ ရုံးမှာလည်းကောင်း သုံးနေကြပေမယ့် ကရင်နီစကားလုံးကိုတော့ လက်ဖြင့်သာ ရေးသားကြရပါတယ်။

ဒါပေမယ့် ၁၉၈၉ ခုနှစ်တွင် ထဲဘူးဖဲ ကရင်နီစာကို စိတ်ဝင်စားခဲ့သူ အမေရိကန်နိုင်ငံမှ ၀ီလျံနဲ့ ကရင်နီခေါင်းဆောင်တို့ရဲ့ ကြိုးပမ်းမှုဖြင့် လက်နှိပ်စက်နဲ့ ကွန်ဗျူတာမှာ ကရင်နီစကားလုံးတွေ ရိုက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကရင်နီစာကို ကျောင်းမှာဖြစ်စေ၊ တခြားနေရာမှာဖြစ်စေ အသုံးပြုဖို့ ကွန်ဗျူတာနဲ့ စတင်ရိုက်လာခဲ့ကြပါတယ်။

နောက်ပြီး ၂၀၀၉ ခုနှစ်တွင် မယ်ဟောင်ဆောင်မြို့မှာ ရုံးစိုက်ထားတဲ့ ကန္တာရ၀တီတိုင်း(မ်) သတင်းဌာနမှ နဲလော် ဦးဆောင်မှုဖြင့် ရန်ကုန်မြို့မှ ကွန်ဗျူတာဘက်ဆိုင်ရာ ဖော့တီထွင်တတ်သူတွေဖြင့် အင်တာနက် ၀က်ဆိုဒ်ပေါ်သို့ ပထမဆုံးအကြိမ် ကရင်နီစာ ပေါ်လာနိုင်ခဲ့ပါတယ်။

ကရင်နီအမျိုးသားတွေအတွက် ကရင်နီစာ ရှိလာစေဖို့နဲ့ လက်နှိပ်စက်၊ ကွန်ဗျူတာတို့နဲ့ ရိုက်နိုင်အောင် မိမိတို့ ခေါင်းဆောင်တွေ ကြိုးပမ်းလာခဲ့ကြပြီဖြစ်ကြောင်း၊ အင်တာနက်ပေါ်တွင် တခြားလူများ စာပေတွေလို ကရင်နီစာပေ မရှိသေးတဲ့အတွက် ငွေးကြေး အကျပ်အတည်း ရှိတဲ့ကြားက အင်တာနက်ပေါ်သို့ ကရင်နီစာ ရောက်နိုင်အောင် ကြိုမ်းပမ်းခဲ့ရခြင်း ဖြစ်တယ်လို့ နဲလော်က ပြောပါတယ်။

“ကျနော်တို့ ကရင်နီစာဟာ တခြားလူများ စာတွေလို့ ၀က်ဆိုဒ်ပေါ်မှာ မရှိသေးဘူလေ။ အဲဒါ ကျနော်တို့ လူငယ်တွေက ကရင်နီစာက ၀က်ဆိုဒ်ပေါ်မှာ ပေါ်နိုင်ရမယ်၊ တက်နိုင်ရမယ်လို့ စိတ်အားထက်သာနေလို့လေ” လို့ နဲလော်က ပြောပါတယ်။

ကရင်နီပြည်မှာ ကရင်နီစာ ၃ မျိုး ရှိပါတယ်။ ပထမတမျိုးက ထဲဘူးဖဲ တီထွင်ထားတဲ့ စာဖြစ်ပြီး ဒုတိယတမျိုးက ဗမာအက္ခရာနဲ့ တီထွင်ထားတဲ့စာနဲ့ နောက်ဆုံးတမျိုးကတော့ အင်္ဂလိပ်စာ (လန်တင်)နဲ့ တီထွင်ထားတဲ့ စာတွေပဲ ဖြစ်ပါတယ်။ အဲဒီစာ ၃ မျိုးအနက် ထဲဘူးဖဲ စာက ကရင်ပြည်တွင်းမှာ အသုံးပြုဖို့ မြန်မာအစိုးရက ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် ကျန်တဲ့ ကရင်နီစာ ၂ မျိုးကတော့ ပြည်တွင်းမှာ မြန်မာအစိုးရမှ အသုံးပြုခွင့် ပေးထားပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကရင်နီစာ ၃ မျိုး ရှိတဲ့အထဲမှာ ကရင်နီပြည်တွင် ကရင်နီအမျိုးသားတွေအတွက် ဘယ်ကရင်နီစာ တခုတည်းကို ရွေးချယ်ပြီး ရှေရှည်မှာ တည်တံ့ခိုင်မြဲအောင် အသုံးပြုမှာလဲ၊ ဖြစ်နိုင်မှာလဲဆိုတာ ဘယ်သူမှ မသိသေးကြပါဘူး၊ မဆုံးဖြတ်ကြသေးပါဘူး။
ဆရာကြီး ထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီစာဟာ ကရင်နီပြည်အရှေ့ဘက်ကမ်းမှ ကရင်နီလူမှုအသိုင်းအ၀ိုင်းထဲမှာ ကရင်နီအမျိုးသားတွေက နှစ်ပေါင်း ၅၀ ကျော် အသုံးပြုလာခဲ့ကြပြီ ဖြစ်ပေမယ့် အခုအချိန်ထိ ကရင်နီစာကနေ စာပေ မဟုတ်သေးကြောင်း ထဲဘူးဖဲက ပြောပြခဲ့ပါတယ်။

ဘာဖြစ်လဲဆိုတော့ လူမျိုးတမျိုးတမျိုးဟာ သူရဲ့ စာကနေ စာပေ ဖြစ်လာဖို့ဆိုတာ စာ၊ သဒ္ဒါ၊ အဘိဓ္ဓါနဲ့ ၀တ္တုတို့ ရှိရမယ်လို့ ထဲဘူးဖဲက ပြောပါတယ်။ အခုလောလောဆယ် ထဲဘူးဖဲရဲ့ ကရင်နီစာဟာ ကျောင်းတွေမှာ ကရင်နီစာ၊ ကရင်နီသဒ္ဒါတို့ သုံးစွဲသင်ယူနေကြပြီး ရုံးတွေမှာလည်း ကရင်နီစာကို အသုံးပြုကြတာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ကနေ ကရင်နီအဘိဓ္ဓါန်၊ ကရင်နီဝထ္ထုတို့ မရှိသေးတဲ့အတွက် ထပ်ထွက်လာစေဖို့ ဆရာကြီး ထဲဘူးဖဲက ကရင်နီအဘိဓ္ဓါန်နဲ့ ၀တ္တုတို့ကို ရေးနေရင်းမှာပဲ မနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

ကရင်နီစာကို တီထွင်ခဲ့သူ ဆရာကြီး ထဲဘူးဖဲ ကွယ်လွန်သွားပြီ ဖြစ်ပေမဲ့ ကရင်နီပြည်တွင် ကရင်နီအမျိုးသားတွေအတွက် ကရင်နီစာ ဆက်လက်ရှင်သန်ဖို့ တည်တံ့ခိုင်မြဲဖို့၊ ကရင်နီစာကနေ စာပေ ဖြစ်လာဖို့အတွက် ကရင်နီအမျိုးသားတိုင်းမှာ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ တာဝန် ရှိနေကြောင်း ကရင်နီအမျိုးသားစာပေ ၀န်ကြီး ဆရာကြီး တူရယ်နဲ့ အင်တာနက် ၀က်ဆိုဒ်ပေါ်သို့ ကရင်နီစာ ပေါ်နိုင်အောင် ဦးဆောင်ခဲ့သူ နဲလော်တို့က တိုက်တွန်းထားပါတယ်။

ထဲဘူးဖဲရဲ့ လေးယောက်မြောက် သမီးဖြစ်သူ မော်သဲမာကတော့ “အဖေ ဆုံးသွားတာ စောလွန်းပါတယ်။ အခုမှ အသက် ၇၄ နှစ်ဘဲ ရှိသေးတယ်။ အမှန်ဆို ၈၀၊ ၈၀ ကျော်အထိ နေသင့်သေးတယ်။ သူလုပ်စရာတွေ အများကြီး ရှိသေးတယ်။ အခု သူလုပ်နေတဲ့ ကရင်နီအဘိဓါန်တောင်မှ A ကနေ R အထိပဲ ရောက်သေးတယ်။ ဘယ်သူ ဆက်လုပ်မလဲ မသိဘူး” လို့ ပြောသွားပါတယ်။

ပင်လုံစိတ်ဓာတ် တည်တံ့ရေး CRPP တိုက်တွန်း

မြင့်မောင်

ပင်လုံစိတ်ဓာတ် တည်တံ့နိုင်ရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ယနေ့ တိုက်တွန်းလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ မျှော်မျန်းခဲ့သည့် ပြည်ထောင်စု တိုင်းပြည်မျိုးကို ပြန်လည်ဖော်ဆောင်ရန် ပင်လုံစိတ်ဓာတ် လိုအပ်နေသောကြောင့် ယခုကဲ့သို့ တိုက်တွန်းရကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် အခြေခံဥပဒေကလည်း သူ့လမ်းညွှန်ချက်တွေအတိုင်း ဖြစ်ပေါ်မလာဘဲ အစိုးရအဆက်ဆက်က မကျင့်သုံးခဲ့ဘူး။ ယနေ့ခေတ် အာဏာပိုင်များက ပင်လုံစိတ်ဓာတ်ကို ခေါင်းထဲကို ထည့်သွင်းစဉ်းစားမှု မရှိတဲ့အတွက် ယခုအခါ ပင်လုံစိတ်ဓာတ် ကွယ်လုနီးပါးရှိနေတယ်’’ ဟု CRPP အဖွဲ့ဝင် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ’’ကျနော်တို့အနေနဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်နေတဲ့အတွက် ဒုပင်လုံညီလာခံကို ပြန်လည်ခေါ်ယူပြီးတော့ ပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးကို ပြန်လည်တူးဆွပေးတဲ့ သဘောပါ” ဟု ပြောသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့အကြို စာပေဟောပွဲကို နေ့လည် ၁ နာရီခန့်တွင် ပြုလုပ်ခဲ့ရာ ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်အကြောင်း ပြောဆိုခဲ့သည်။

ပင်လုံစိတ်ဓာတ်နှင့်ပတ်သက်၍ ပူးကျင်ရှင်းထန်က ’’ဟိုတုန်းက နေမဝင်သော အင်ပါယာအုပ်ချုပ်သော တိုင်းပြည်ဟာ ကျနော်တို့နဲ့ လက်နက်အားဖြင့် အများကြီး ကွာတယ်။ ဒါပေမဲ့ ကျနော်တို့ လက်နက်မဟုတ်ဘဲနဲ့ နှလုံးရည်အားဖြင့် ပင်လုံစာချုပ်ရတဲ့ သဘာတူညီချက်အရ ကျနော်တို့ ညီညီညာညာ လွတ်လပ်ရေး တောင်းတဲ့အခါမှာ လွတ်လပ်ရေး ရတယ်။ အဲဒါ ပင်လုံညီညွတ်ရေး စိတ်ဓာတ်ပဲ’’ ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

ဟောပြောပွဲတွင် သဘာပတိအဖြစ် အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး ဆောင်ရွက်ကာ၊ CRPP အဖွဲ့ဝင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ စိုင်းစောအောင်ကလည်း ပင်လုံညီလာခံအကြောင်း ပြောကြားခဲ့သည်။

ဟောပြောပွဲသို့ မွန်နှင့် ရခိုင်ပြည်နယ်၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့မှ NLD ဗဟိုအလုပ်အမှုဆောင်များ အပါအဝင် နိုင်ငံရေးစိတ်ဝင်စားသည့် လူငယ် ၁ဝဝ ခန့် တက်ရောက်ခဲ့သည်။

ဖဆပလ ညီလာခံမှစ၍ ပင်လုံညီလာခံ ဖြစ်တည်မှု၊ ခွဲထွက်ရေး မဟုတ်သည့် ပြည်ထောင်စု စိတ်ဓာတ်နှင့် ပြည်ထောင်စု နိုင်ငံသစ် ပေါ်ပေါက်ရေး ရည်မှန်းချက်များကို CRPP တာဝန်ရှိသူများက ဟောပြောခဲ့ပြီး၊ NLD လူငယ်နှင့် ပြင်ပမှ လူငယ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

“ယနေ့ကာလနဲ့ လျော်ညီတဲ့ ဒုတိယပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ပေါ်ပေါက်ရေးအတွက် လိုအပ်ချက်တွေ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပင်လုံစိတ်ဓာတ် ဆက်နွှယ်နေပုံ၊ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကိစ္စတွေကို အကျေအလည် ရှင်းလင်းဆွေးနွေးခဲ့ကြတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ အခြေခံဥပဒေ အခြေခံသည့် လွှတ်တော်ခေါ်ရေးသည် လက်ရှိပြည်တွင်းရေး ပြဿနာများ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပေါ်ပေါက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားအားလုံး ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးအောက်မှုအောက်တွင် ဆောင်ရွက်မှသာလျှင် ရနိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှ လူများများပါရေးဆိုတာ ကျမတို့ ရည်မှန်းလုပ်ဆောင်နေတဲ့ အချက်ဖြစ်ပါတယ်။ အဓိက,က စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ မြန်မာနိုင်ငံအတွင်းက မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ ညီညွတ်ရေးရအောင် လုပ်ဆောင်ဖို့ပါ’’ ဟု နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မဇ္ဈိမသတင်းထောက်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းပါမည်ဆိုသော သဘောတူညီချက်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းဝေးခဲ့ရာမှ ပင်လုံညီလာခံ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအပြီး သဘောတူညီမှုပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်လာခဲ့သည်။

ဒုတိယပင်လုံ ကျင်းပရေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဇိုမီးအမျိုးသားကွန်ဂရက် ZNC က စစ်ကိုင်းတိုင်း ကလေးမြို့၌ “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဟူ၍ ထုတ်ပြန်ကာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်ကာ ကျင်းပရန် စတင်အဆိုပြုခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ခဲ့ပြီးနောက် ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော်ရန် တာဝန်လွှဲပြောင်းပေးခဲ့သည်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန် ၇ ချက်မှာ -

(၁) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ရမည်။

(၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိရမည်။

(၃) အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်။

(၄) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ၌လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း၊ တရားမျှတမှုရှိစေလျက်၊ အဆင့်အတန်းအခွင့်အရေးနှင့် ဥပဒေ သက်သေခံမှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင်၊ တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။

(၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်း ထားရှိစေရမည်။

(၆) လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏ နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကိုလည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာ စိုးမိုးပိုင်ခွင့်ကိုလည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိရမည်။

(၇) ရာဇဝင်ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာပေါ်တွင် ဂုဏ်ကျကိသရေနှင့် လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေပြု၍၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေးရှုလျက်၊ နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။

မင်းတြားကြီး သန်းရွှေ နဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၁)

ဧရာဝတီ

ဒီလကုန်ရင် နေပြည်တော်မှာ လွှတ်တော် ခေါ်တော့မယ်။ အစိုးရ အုပ်ချုပ်ရေး ပြောင်းသွားမယ်လို့ ယူဆသူ တချို့ ရှိပေမယ့် မြန်မာ လူထု အများစုကတော့ ဘာမှ မပြောင်းဘူးလို့ ပြောနေကြတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့ အပေါင်းအပါ မိသားစုဝင်တွေ စိတ် ထင်တိုင်း ကျဲနေတာကို တရားဝင်မှု ပြုပေးရုံ လွှတ်တော် အမည်ခံ သက်သက်ပဲလို့ ဆိုကြတယ်။ လာမယ့် အစိုးရသစ်ကလည်း ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ခေါင်းဆောင်လုပ်ရင်လုပ်၊ မလုပ်ရင် သူ့သစ္စာခံတွေကို သူကောင်းပြု ခန့်ထားမှာ လို့လည်း ပြောကြတယ်။

ဘယ်သူပဲ တက်တက် အစိုးရ အဖွဲ့ဝင်တွေဟာ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ကြေညာရမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားကတော့ အစိုးရသစ်ကို ဆက်ပြီး ဦးဆောင်မယ်လို့ သတင်းပြေးနေတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအ၀င် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်းနဲ့ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ အပြင် နေပြည်တော်က စစ်အာဏာပိုင်တွေ အတွက် ဒီ ဥပဒေက အရာမ၀င်ဖြစ်နေရတယ်။ ဥပဒေအထက်မှာ ထင်ရာဆိုင်းနေကြတဲ့ ဗိုလ်ချုပ်မှူးကြီး နဲ့ အပေါင်းအပါတွေ အကြောင်း တစေ့တစောင်းကို ဧရာဝတီ က ဖော်ထုတ် တင်ပြအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေ၀င်းက နိုင်ငံတော် အစည်း အဝေးတွေမှာ သူများထက်မြင့်တဲ့ ထိုင်ခုံနဲ့ ထိုင်လေ့ရှိပါတယ်။ လက်ရှိ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာတော့ မိသားစုဝင် တွေပါ သူများထက် ခေါင်းတလုံး ပိုမြင့်ချင်ကြတယ်။ နိုင်ငံတော် ပွဲတွေဆို ရှေ့ဆုံးမှာ နေရာယူ ကြတယ်၊၊ ပဒေသရာဇ် စိတ်ဝင်နေတဲ့ ဒီမိသားစုဟာ ဘယ်လောက်အထိ ချမ်းသာ ကြွယ်ဝတယ်ဆိုတာ မသိနိုင် လောက်အောင်ပါပဲ။

လေ့လာ သုံးသပ်သူတွေ အဆိုအရ နိုင်ငံတော် ဘဏ္ဍာငွေ ရှင်းတမ်းမှာ တဒေါ်လာ ၆ ကျပ်နဲ့ စာရင်းပြထားလို့ ပိုနေတဲ့ ဘီလျံနဲ့ ချီတဲ့ ဂက်စ်ရောင်းရ ငွေတွေဟာ စင်ကာပူ ဘဏ်တွေမှာ စာရင်းဖွင့် အပ်ထားကြောင်း သိရတယ်။ အဲ့ဒီငွေတွေကို စာရင်းကိုင်ဖို့ ဒု ဗိုလ်ချုပ်ကြီး တင်အေးက တာဝန်ယူရတယ်။ တရုတ်ပြည် ပီကင်းနဲ့ ရှန်ဟိုင်းမှာလည်း အိမ်တွေ ၀ယ်ထားတယ်လို့ ဆိုတယ်။

ပြည်တွင်းမှာကတော့ လက်ညှိုးညွှန်ရာ အကုန်ပိုင်တယ် ဆိုတဲ့ အခြေအနေမျိုးပါ။ ကာကွယ်ရေး ၀န်ကြီးဋ္ဌာန အသိုင်းအ၀ိုင်းတွေ အဆိုအရ ဗိုလ်ချုပ်မှူးကြီး မပါဘဲ ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတွေ မကြာခဏ တိုင်းခန်းလှည့်လည် သလိုမျိုး ခရီးထွက် တတ်တယ်၊ သူတို့ ရောက်လာရင်လည်း ရောက်ရာ အရပ်က တိုင်းမှူး တပ်မမှူးတွေက စိတ်ညစ်ရတယ်လို့ ဆိုတယ်၊၊ ဈေးတွေ၊ ရှော့ပင်းမောလ်တွေ၊ စူပါ မားကက်တွေကို ရောက်ရင်လည်း လက်ညှိုထိုးပြီး ယူကြသလို၊ စိန်၊ ရွှေ လက်ဝတ်ရတနာ တွေကိုလည်း တိုင်းမှူး တပ်မမှူး ကတော် တွေက ဗန်းနဲ့ ယူပြရတယ်။ သူတို့က ကြိုက်တာရွေးပြီး တခါယူရင် အောက်ထစ် သိန်းနှစ်ထောင် ဖိုးလောက် ယူတယ်။ အဲဒီလို ယူတာတွေကို တိုင်းမှူးတွေက နောက်ကနေ လိုက်ရှင်းပေးရတယ်။ ဒီမိသားစု စိန်ကြိုက်တတ်ပုံကိုတော့ ၂၀၀၆ ခုနှစ်မှာ လူတွေ ကျယ်ကျယ် ပြန့်ပြန့် ကြည့်လိုက်ရတဲ့ သမီးတော် သန္တာရွှေ ရဲ့ မင်္ဂလာပွဲ မှတ်တမ်းတင် ဗီဒီယို အခွေမှာ အမြည်းအစမ်း သဘောတွေ့လိုက်ကြရပါတယ်။

ရှေးမြန်မာမင်းများထုံး နှလုံးမူသလားတော့ မသိဘူး။ မကွေး၊ မုံရွာ နယ်တွေဘက်မှာရှိတဲ့ လက်ယက်ရေနံတွင်းတွေ တူးဖော်ခွင့်၊ ကောလင်း၊ ၀န်းသို၊ မုံရွာနယ်က ရွှေတူးဖော်ခွင့်တွေအားလုံးကို ချုပ်ကိုင်ထားပြီး တခြားသူတွေကို လုပ်ပိုင်ခွင့် ပြန်ချပေးတယ်။ လုပ်ပိုင်ခွင့် လိုင်စင်တွေကိုတော့ ဒေသဆိုင်ရာ တိုင်းမှူးတွေက တဆင့်လျှောက်ရတယ်။ လိုင်စင်ကြေးကတော့ တဧက ကို သိန်း ၃၀ ပေါက်ဈေး ရှိတယ်လို့ သိရတယ်။ လုပ်ပိုင်ခွင့် ဧက ၁၀၀၀ ဆိုရင် ကျပ်ငွေ သိန်း တသောင်း။ အမေရိကန် ဒေါ်လာ ၁ သန်း နဲ့ ညီမျှတဲ့ ငွေကို နှစ်စဉ်ကြေး ပေးကြရတယ်။ သူတို့ဆီကနေ ပြန်ပြီး လုပ်ပိုင်ခွင့်ယူတဲ့သူတွေထဲမှာတော့ မုံရွာမှာ လက်ရှိ ရေနံ တူးနေတဲ့ မန္တလေးမြို့က တရုတ်သူဌေး ဂရိတ်ဝေါလ် အုပ်စုလို့ နာမည်ကြီးတဲ့ ဟွန်ဒါ တင်မောင်က အများဆုံး ယူထားတယ်။

နေပြည်တော်နဲ့ မေမြို့မှာလည်း အကောင်းဆုံး အိမ်တွေ ခြံတွေကို ပိုင်ဆိုင်ထားလို့ အားမရဘူး။ ရန်ကုန်မြို့က အင်းလျားကန် အနီးတ၀ိုက်မှာရှိတဲ့ ကောင်းပေ့ညွန့်ပေ ဆိုတဲ့ နိုင်ငံတော်နဲ့ စစ်တပ်ပိုင်မြေတွေကိုလည်း ယူထားပြီးပြီလို့ သိရတယ်။ ရန်ကုန် ပြည် လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီးဘေးမှာရှိတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ ၁၊ ကပစ ၄) တပ်နေရာတွေကိုလည်း အခု ဖယ်ရှားခိုင်းပြီး သူတို့မိသားစု ယူထားတယ်လို့ သိရတယ်။

အလားတူပဲ ပြည်လမ်း ရိုးမရိပ်သာနားက အင်းလျားလမ်းထိပ်မှာရှိတဲ့ အရင် မိသားစုအမွေမှု ဖြစ်နေတဲ့အိမ်(မြို့နယ် ငြိမ်ဝပ် ပိပြား ရေး ရုံးဟောင်း) ကို ရဟတ်ယာဉ် ပျက်ကျလို့ ကွယ်လွန်ရသူ ဗိုလ်ချုပ်ကြီးတင်ဦး ဇနီး ဒေါ်ခင်သန်းနွဲ့ကို ပေးပေမယ့် မယူတဲ့ အတွက် ဒေါ်ကြိုင်ကြိုင်က ယူပြီး ဦးတေဇက နာမည်ခံပေး ထားရတယ်။ စီးပွားရေး အသိုင်းအ၀န်းမှာတော့ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး တို့ မိသားစု စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ပေးနေရတဲ့ ကိုယ်စားလှယ်လို့ ပြောနေကြတယ်။ ပုဂ္ဂလိက ဆေးရုံလုပ်ဖို့ ဦးတေဇ ၀ယ်ယူလိုက်တဲ့ အင်းလျားကန်ထိပ်က ကန်သာယာဆေးရုံမှာလည်း သမီးတွေရှယ်ယာ ငွေ ပါတယ်၊ ငွေဆောင်ကမ်းခြေနဲ့ ချောင်းသာက ဦးတေဇပိုင် ဟိုတယ်တွေမှာလည်း ရှယ်ယာထည့်ထားတယ်လို့ သိရတယ်။

ဗိုလ်ချုပ်မှူးကြီးတို့ မိသားစု စီးပွားရေး သောင်းကျန်းတာကတော့ နောက်ဆုံး ဖိုးလပြည့်တောင် မကျန်ဘူးလို့ ဆိုရမယ်။ တရားဝင် ကုမ္ပဏီထောင်ပြီးတော့ စီးပွားရေး လုပ်တာမဟုတ်ဘဲ အဘိုး အရှိန်အ၀ါနဲ့ မာဖီးယား ဆန်ဆန် မျက်နှာပြပြီး ပွဲစားစီးပွားရေးမျိုး လုပ်နေတာပါ။

သူ့လုပ်နည်းလုပ်ဟန်က တချို့ကုမ္ပဏီတွေ တရားမ၀င် ပစ္စည်းတွေသွင်းလာရင် အကောက်ခွန်ဌာနက အစစ်အဆေးမခံရ အောင် တရားဝင် အခွန်မဆောင်ရအောင် ဆိပ်ကမ်းမှာရှင်းပေးတယ်။ ၀န်ဆောင်မှု အနေနဲ့ကတော့ ပစ္စည်းအမျိုးအစားပေါ် မူတည် ပြီး ပိုက်ဆံယူတယ်။ ဒါ့အပြင် ရန်ကုန်မြို့က မြေနေရာတွေမှာ အလုပ်လုပ်လိုတဲ့ လုပ်ငန်းရှင်တွေကို ၀န်ကြီးတွေ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပေးတဲ့ ပွဲစားမျိုးလည်း လုပ်တယ်။

အထင်ရှားဆုံးကတော့ ပြည်လမ်းနဲ့ မနော်ဟရီလမ်း အတွင်းမှာရှိတဲ့ ထိုင်းသံရုံးဘေးက ဖျာပုံမမြနွယ်ခြံလို့ လူသိများတဲ့ မြေကွက်ကြီး ကို ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့ နိုင်ဂရု(Naing Group)က ကုလားသူဌေးတွေ ၀ယ်ယူရာမှာ မြို့တော် စည်ပင်က အတည်မပြုပေးတဲ့ အတွက် ကုမ္ပဏီက ဖိုးလပြည့်ကို ကျပ် သိန်း ၅၀၀၀ ပေးပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကို နားချပေးခိုင်း တာပါ။

ဖိုးလပြည့်ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် ဘယ်စစ်ဗိုလ်ချုပ်သားသမီးတွေကိုမှ ဗိုလ်မထားပါဘူး။ နေရာကောင်းမှာ ဆိုင်ဖွင့်ထား တဲ့ အတွင်းရေးမှူး(၁)သီဟသူရ တင်အောင်မြင့်ဦး ရဲ့သား ဗိုလ်ကြီး ဟောင်း တေဇာစောဦး လုပ်ကိုင်နေတဲ့ “7 Lekker” ကော်ဖီ ဆိုင်ကို နောက်လိုက်တွေ စေလွှတ်ပြီး ဖျက်ဆီးပြခဲ့သလို သူပွဲစားလုပ်နေတဲ့ ပြည်သူ့ ဥယျာဉ်ထဲက မြေကွက်နဲ့ ပတ်သက်ပြီး ကာ ကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူရေး(ကက ၀ယ်) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့သား ၀င်းထွေးလှိုင်က ၀င်လာလို့ နောက်လိုက်တွေကို ရိုက်နှက်ဖို့ ခိုင်းစေခဲ့ဖူးပါတယ်။

အနိုင်ကျင့်တဲ့နေရာမှာတော့ အဘိုးခြေရာမီပါတယ်။ ဖိုးလပြည့်ဟာ သူ့မကောင်းကြောင်း Facebookမှာ ရေးမိတဲ့ အမေရိကားနေ သူငယ်ချင်းတယောက်ကို မြန်မာပြည် ပြန်အလာ ရဲနဲ့ ဖမ်းခိုင်းပြီး ဒုက္ခပေးခဲ့တာကြောင့် မိဘများ အခက် ကြုံခဲ့ရတယ်။၂၀၀၉ ခုနှစ် တုန်းကလည်း စင်ကာပူမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတယောက် အလားတူမကောင်းကြောင်း ရေးမိတဲ့ အတွက် ရန်ကုန်မြို့က အဲ့ဒီ သူငယ်ချင်းမိဘတွေရဲ့ အိမ်ကို ခဲနဲ့ထု၊ လူတွေကို ရဲနဲ့ဖမ်းခိုင်းပြီး ဦးချတောင်းပန်ခိုင်းတဲ့အတွက် မိဘတွေမှာ သား ဇော ကြောင့် ရှက်ရှက်နဲ့ပဲ ဦးချတောင်းပန်ခဲ့ရတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့ လမ်း ၅၀ မှာရှိတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရုံး ကားရပ်နားရာ နေရာမှာ နိုင်ငံခြား ရေး ၀န်ကြီး ဦးဉာဏ်ဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတဦး က ဖိုးလပြည့်ကားရှေ့မှာ ပိတ်ရပ်မိတဲ့ အတွက် အိမ်ကို ခေါ်သွားပြီး ဆုံးမသြ၀ါဒ ပေးခဲ့တာကို အဲဒီဗိုလ်ကြီး က သတိအနေအထားနဲ့ နာယူရတယ်လို့လည်း သိရပါတယ်။
အလားတူ အဲပုဂံရဲ့ နေပြည်တော်သွား ပြည်တွင်းခရီးစဉ်တခုမှာ ဖိုးလပြည့်နဲ့ အပေါင်းအပါ အုပ်စုရောက်လာခဲ့လို့ အရင်ရောက်နှင့် နေပြီး ဗီအိုင်ပီ အတန်းမှာ နေရာယူထားတဲ့ ဦးရွှေမန်းရဲ့သား အောင်သက်မန်း က အောင့်သက်သက်နဲ့ ရိုးရိုးတန်းကို ပြောင်းပေး လိုက်ရတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုရဲ့ မတရားမှုတွေက ဒီလောက်နဲ့တင် ရပ်မသွားပါဘူး။ အရည်အချင်း ပြည့်ဝ၏ မပြည့်ဝ၏ နောက်ထား။ အာဏာရှင်ကြီး ဦးနေ၀င်း လက်ထက်ကတောင် မလုပ်ခဲ့တဲ့ စင်ကာပူ၊ တရုတ်နိုင်ငံက သံရုံး တွေမှာ သမီးတွေကို အကြီးတန်း သံတမန် ရာထူးတွေ ခန့်ထားခဲ့တယ်။ သမီးတွေကတော့ သံတမန်အလုပ်ထက် သံရုံးက ကောက်ထားတဲ့ အခွန်ငွေတွေကို အချိန် မှန်လာရောက် သိမ်းတဲ့ အလုပ်ကိုပဲ လုပ်တယ်။ သားတွေဖြစ်တဲ့ ထွန်းနိုင်ရွှေ၊ ကြိုင်ဆန်းရွှေ တို့ကတော့ နေပြည်တော်က ဟိုတယ် လုပ်ငန်းတွေနဲ့ မြန်မာပြည်အနှံ့ လက်ညှိုးထိုး မလွဲအောင် မှိုလိုပေါက်နေတဲ့ လောင်စာဆီ ဆိုင်တွေကို ပိုင်ကြတယ်။ နာမည်ကြီး ဂျေဒိုးနတ်ဆိုလည်း ထွန်းနိုင်ရွှေ ပိုင်တာပဲ။ ကျောက်မျက်ကုမ္ပဏီ မြန်မာ ဗွီအီးအက်စ် ဆိုလည်း ကိုမိုးနီဆိုတဲ့ စီးပွားရေးသမား တယောက်နဲ့ တွဲလုပ်တယ်။ ပဲခူးမှာလည်း သစ်အချောထည် စက်ရုံထောင်ထားသေးတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုက ဒီလို မြန်မာတပြည်လုံးမှာ ထင်သလို ချယ်လှယ်ပိုင်ခွင့်၊ ထင်ရာဆိုင်းပိုင်ခွင့်ရှိနေတာဟာ ရှေးဘ၀ ကုသိုလ် ကြောင့် ဒီဘ၀မှာ အကျိုးပေးတာလို့ နှစ်နှစ်ကာကာ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ရှေးကုသိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး ယူနီဖောင်း ချွတ်မချွတ်နဲ့ သက်ဆိုင်နေကြောင်း သူတို့ ကောင်းကောင်းကြီး သဘောပေါက်နေကြတယ်။

ဗိုလ်ချုပ်မှူးကြီး အသက်အရွယ် ထောက်လာလို့ နားချင်တယ်ဆိုတာတောင် ဒေါ်ကြိုင်ကြိုင်က နားခွင့်မပေးဘူးလို့ သိရပါတယ်။

လက်ရှိ စစ်တပ်မှာ ဗိုလ်ချုပ်မှူးကြီးဟာ နောက်တက်လာမယ့် စစ်ခေါင်းဆောင်တွေကို စိတ်မချသလို အာဏာရှင် ဦးနေ၀င်းလို ကျ ဆုံးခန်းရောက်မှာမျိုးကို စိုးရိမ်တဲ့အတွက် သီဟ သူရ ဦးတင်အောင်မြင့်ဦးနဲ့ ဦးတင်အေးကိုလည်း လက်ရှိ စစ်တပ် ခေါင်းဆောင် ငယ်တွေကို စိတ်ချလက်ချ လွှတ်မထားဖို့ ပြောဆိုကြောင်း သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်ထောက်ချုပ်နဲ့ စစ်ရေးချုပ်ဟာ နာမည်သာရှိပြီး တပ်နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကတော့ မရှိသေးပါဘူး။

သမ္မတကြီးပဲ လုပ်မှာလား၊ နာယက ကြီးပဲ လုပ်မှာလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ မကြာခင် ရုပ်လုံးပေါ်လာလိမ့်မယ်လို့ ယူ ဆ ရပါတယ်။ လူတွေကတော့ အနားယူတယ်ဆိုတာ အနားကပ်တော့မှ သိမ်းကျုံးယူသွားတယ်လို့ ဆိုကြတယ်။ တကယ် အနားယူတယ်ဆိုဦးတော့ မိသားစု အနာဂတ် လုံခြုံရေး စိတ်ချရအောင် ဗိုလ်ချုပ်မှူးကြီး စီမံထားပြီးပါပြီ။ ဒီပဲယင်း အရေးအခင်းမှာ နာမည်ကြီးခဲ့ပြီး မကြာခင်က အငြိမ်းစားယူသွားတဲ့ ဗိုလ်မှူးကြီး သန်းဟန်ကို Eagle Security ဆိုတဲ့ လုံခြုံရေး ကုမ္ပဏီဖွဲ့စေပြီး မိသားစုလုံခြုံရေးကို လက်ရှိ စောင့်ရှောက် ခိုင်းထားတယ်လို့ သိရပါတယ်။

နောက်လာမယ့် အပိုင်း (၂) မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း အကြောင်း တင်ပြပါဦးမယ်။ စောင့်မျှော် အားပေးကြပါကုန်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,30th,2010

( 22 )လာမည့်နွေရာသီ အပူချိန် မပြင်းဟု မိုးလေ၀သ ပညာရှင်ပြော

( 21 )Chiang Mai, Thailand: Peace in the Golden triangle

( 20 )၃၁ ရက်နေ့ ခေါ်ယူမည့် လွှတ်တော် အစည်းဝေး လမ်းပြမြေပုံ ၆ ဆင့်ကို ဖော်ဆောင်ခြင်းဖြစ်

( 19 )Maldives condemns Burma’s rights record at UNHRC review

( 18 )NLD ရပ်တည်ခွင့် အထူးအယူခံ ပယ်ချခံရ

( 17 )Myanmar opens Parliament today

( 16 )ကန်ပက်လက်တွင် NLD အဖွဲ့ချုပ်က ဆန်ဝေ၊ မရသူများလည်း ရှိ

( 15 )Egyptian troubles paralleled in Burma

( 14 )၂၁ ရာစု ပင်လုံ ညီလာခံ ဟောပြောပွဲ

( 13 )Traders is the place to stay in Yangon, Myanmar

( 12 )ကေအန်ပီပီ ဥက္ကဌ ကွယ်လွန်

( 11 )Dissolution of NLD upheld

( 10 )ပါလီမန် ဖွင့်ပွဲအတွက် လုံခြုရေး တိုးမြှင့်

( 9 )Suu Kyi Asks Investors at Davos to Help Burma

( 8 )ဘောဘောကျို စခန်း ဒီကေဘီအေ ဆုတ်ပေးလိုက်ရ

( 7 )A Letter from Three Pagodas Pass

( 6 )ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာကျင့်ဝတ်နဲ့ညီရေး ဒေါ်စုတိုက်တွန်း

( 5 )Trade link for Burma Nagas

( 4 )ဒီကေဘီအေနှင့် ရှမ်းပြည် တပ်မတော် တောင်းပိုင်းတွေ့ဆုံ

( 3 )Myanmar Activist Suu Kyi Addresses Forum.

( 2 )မဖိတ်သော်လည်း သတင်းထောက်တချို့ နေပြည်တော်သွားမည်

( 1 )White Collar Clips: "What Happens in Burma"

Saturday, January 29, 2011

အကျဉ်းသားပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများရှိ

ကေအိုင်စီ

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ မာနယ်ပလောသို့ ရောက်ရှိလာသည့် နအဖ စစ်ကြောင်းများက ၎င်းတို့ခေါ်ဆောင် လာသည့် အကျဉ်းသားပေါ်တာများကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများရှိနေသည်ဟု ဇန်န၀ါရီလ ၂၆ရက်က ထွက်ပြေးလွတ် မြောက်လာသူ အကျဉ်းသားပေါ်တာများက ပြောသည်။

ထိုနေ့မနက်နှင့် ညနေဘက်တွင် နအဖ ခမရ(၂၀၈)မှ အကျဉ်းသားပေါ်တာ ၁၃ဦးသည် ကေအဲန်ယူ တပ်မဟာ(၇)သို့ ထွက် ပြေးရောက်ရှိလာခဲ့ပြီး ၎င်းတို့မှာ ပြည်၊ ဖျာပုံ၊ အင်းစိန်၊ လားရှိုးနှင့် ဖားအံထောင်များမှ ဖြစ်ကြသည်။

ပြည်ထောင်မှ မောင်ဂျိုးဇက် ၂၇နှစ်က “စစ်တပ်က ၀န်ထမ်းပေါ်တာတွေကို တောင်ပေါ်မတက်နိုင်ရင် တုတ်နဲ့ရိုက်တယ်။ တောင်ပေါ်က မဆင်းနိုင်ရင် ကန်ချတယ်။ လုံးဝ မထမ်းနိုင်တဲ့သူတွေကို ပစ်သတ်လိုက်တာတွေရှိတယ်။ နောက်ပြီး မိုင်းရှင်းတဲ့ ရဲဘော်တွေ မိုင်းထိမှုများလာတော့ ကျနော်တို့ ပေါ်တာတွေကို ရှေ့ကပဲ သွားခိုင်းတော့မယ်လို့ သူတို့အချင်းချင်း ပြောနေတာ ကြားလို့ သေမှာကြောက်ပြီး ထွက်ပြေးလာတာပဲ။”ဟု ကေအိုင်စီကို ပြောသည်။

သိမ်းယူထားသည့် စားကျက်မြေပေါ်တွင် နွားတက်ကျောင်း၍ ဖမ်းဆီးခံရသူ ကလေးနှစ်ဦး အာမခံနှင့် ပြန်လည် လွှတ်မြှောက်လာ

နိရဉ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် သိမ်ယူထားသော စားကျက်မြေ တစ်ခုပေါ်၌ တက်ရောက်နွားကျောင်း သဖြင့် ဖမ်းဆီးခံရသူ လူငယ် နှစ်ဦးနှင့် လူကြီး တစ်ဦးထဲမှ လူငယ် ၂ ဦးကို ဗုဒ္ဓဟူးနေ့က ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ညောင်ပင်လယ် ကျေးရွာသား တစ်ဦးက “ အခု အဖမ်းခံခဲ့ရတဲ့ ခိုင်လင်းဦးနဲ့ မျိုးစိမ်းတို့ကို အာမခံနဲ့ ဗုဒ္ဓဟူးနေ့က ပြန်လည် လွှတ်ပေးလိုက်ပါတယ်။ ကျန်လူကြီး တစ်ဦးဖြစ်တဲ့ ဦးခေါင်းချွန်ခေါ် ဦးမောင်ညွန့်စိန်ကိုတော့ ဆက်လက် ဖမ်းဆီးထားပါတယ်” ဟု ပြောသည်။

ပြည်နယ် ပယကမှ သိမ်းယူပြီး ဦးစောသန်းမောင်အား ကျပ် သိန်း ၁၃၅ သိန်းနှင့် ရောင်းချထားသော ရွာသားများပိုင် စားကျက်မြေပေါ်တွင် ဦးခေါင်းချွန်းနှင့် အသက် ၁၄- ၁၅ နှစ် အရွယ် ကလေးနှစ်ဦးအား နွားတက်ကျောင်းမူကြောင့် ရသေ့တောင် ရဲ အဖွဲ့က လွန်ခဲ့သော တနင်္လာနေ့က ဖမ်းဆီးခဲ့သည်။

“ သူတို့က စားကျက်မြေတွေမှာ နွားတွေကို စောင့်ကြပ် အိပ်နေစဉ်မှာ တနင်္လာနေ့ ညဉ့်မှာ ရဲအဖွဲ့နဲ့ ဦးစောသန်းမောင်က လာရောက် ဖမ်းဆီးသွားခဲ့ပါတယ်။ သူတို့ကို အင်္ဂါနေ့မှာ ရုံးတင်ပြီး ပုဒ်မ ပုဒ်မ ၅၀၅ (ခ)၊ ၃၅ (က)၊ ၁၉ (င) နဲ့ အမူဖွင့် တရားစွဲ ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ကလေးငယ်နှစ်ဦးကို အာမခံနဲ့ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။”

ရသေ့တောင်မြို့နယ် တောင်ပိုင်း မစဲကျွန်းမှ ညောင်ပင်လယ်၊ ဆားပြင်ကြီးနှင့် ကျွန်းကြီး ကျေးရွာသားများ ဘိုးစဉ် ဘောင်ဆက် နွားစားကျက်မြေ အဖြစ် အသုံးပြုလာသော ကွင်းအမှတ် ၄၅၀ ရှိ မြေ ၉၉၉ ဧကကို ပြည်နယ် ပယကမှ သိမ်းယူပြီး ဦးစောသန်းမောင်အား ရောင်းချခဲ့သည်။

ထိုသို့ရောင်းချပြီးနောက် အဆိုပါ စားကျက်ကွင်းတွင် နွားကျောင်းသူများကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ရာ တနင်္လာနေ့က ဦးခေါင်းချွန်းနှင့် ကလေးနှစ်ဦး ဖမ်းဆီးခဲ့ရခြင်း ဖြစ်သည်။

၎င်းပြင် ထိုသို့ ကျေးရွာသားများ ပိုင်ဆိုင်သော စားကျက်မြေကို သိမ်းယူပြီး ဦးစောသန်းမောင် အား ရောင်းချမူ အပေါ် မကျေနပ်သဖြင့် ရွာသားများက ဆန့်ကျင် ကန့်ကွက်ကြရာ ရွာသားများဘက်မှ ရပ်တည်ပြီး အကျိုးဆောင်ပေးနေသော ရယက အဖွဲ့ဝင် မောင်ချမ်းစိန်၊ ရယက စာရေး မောင်အေးသိန်း၊ ဦးသန်းထွန်းစိန်နှင့် ဦးအောင်သိန်းကျော် တို့၎ ဦးကိုလည်း ဇန္န၀ါရီလ ၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၄၄၇၊ ၄၂ရနဲ့ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ လူကြီး ၄ ဦးကိုလည်း နောက်ပိုင်းတွင် အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း သိရသည်။ ဦးစောသန်းမောင်သည် အဆိုပါ စားကျက်မြေတွင် ဒေသခံများ မွေးမြူထားသော ပုဇွန်မွေးမြူရေး ကန်များကို လိုချင်သဖြင့် ပြည်နယ် ပယကမှ တဆင့် အဆိုပါ စားကျက်မြေကို သိန်း ၁၃၅ သိန်းနှင့် ၀ယ်ယူပြီး ထိုမြေကို ရွာသားများ လာရောက် မနှောင့်ယှက်ရအောင် ပယက၊ မယက အဖွဲ့ဝင်များနှင့် ရသေ့တောင်ရဲ အဖွဲ့ကို ကျပ် သိန်း ၅၀ လာဒ်ထိုးထားသည်ဟုလည်း သိရသည်။

ကျေးရွာသားများ အနေဖြင့် အဆိုပါ စားကျက်မြေများ အသိမ်းခံရသဖြင့် ကျွဲနွားမွေးမြူရန် အခက်အခဲ တွေ့နေပြီး ယခုအခါ ကျေးရွာသားများမှ အာဏာပိုင်များကို အာခံကာ အဆိုပါ စားကျက်မြေတွင် ကျွဲနွားများကို တက်ကျောင်းနေကြသဖြင့် ဒေသခံများနှင့် အာဏာပိုင်များ အကြား တင်းမာမူများ ပေါ်ပေါက်နေသည်ဟု သိရသည်။

ခုံရုံးအနိုင်ပေးလိုက်သည့် ကျားဖြူအမတ်အမှုအား နေပြည်တော်ကော်မရှင်ပြန်လည်ဆင့်ခေါ်စစ်ဆေး သော်လည်း ထပ်မံအနိုင်ရပြန်

သျှမ်းသံတော်ဆင့်

တရားလို ဖြစ်သည့်ကြံ့ဖွံ့ပါတီအမတ်လောင်း ဒေါက်တာစိုင်းခမ်းလိုင် အမှုဖွင့် တရားစွဲထားသည့်ကိစ္စ ယခုလ ၂၀ ရက် နေပြည်တော်ခုံရုံး က အမှု ပ လပ်လိုက်ကာ တရားခံဖြစ်သူ ရွေးကောက်ပွဲအနိုင်ရ ကျားဖြူအမတ်ကိုအနိုင်ပေးလိုက် သော်လည်း အမှုမပြီးသေးဘဲ ရွေးကောက် ပွဲကော်မရှင်က ထပ်မံဆင့်ခေါ်စစ်ဆေးစေကာမူထပ်ဆင့်အနိုင်ရပြန် ကြောင်း စုံစမ်းသိရပါသည်။

နေပြည်တော်ဗဟိုရွေးကောက်ပွဲကော်မရှင်က ဆင့်ခေါ်တယ်။ ကွန်ဟိန်းရွေးကောက်ပွဲကော်မရှင်တချို့၊ မဲရုံမှူး နန်းနု တို့လဲ စိုင်းမွန်းနဲ့အတူ နေပြည်တော်အထိလိုက်သွားရတယ်။ ဘာကြောင့်လဲတော့မသိဘူး ” - ဟု ဆွေမျိုးတဦးက ပြောပြပါသည်။

ကြံ့ဖွတ်ပါတီ အမတ်လောင်း ဒေါက်တာစိုင်းခမ်းလှိုင် အမှုဖွင့်တရားစွဲဆိုထားသည့်ကိစ္စမပြီးပြတ် သေးသည့်အတွက် ကြောင့် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်နယ်လွှတ်တော်အမတ်စိုင်းမွန်း အပါ အဝင် မဲရုံမှူးပါ ဆင့်ခေါ်ခဲ့ကြောင်း၊ ဂျန္နဝါရီ ၂၇ ရက် ဗဟိုရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်မဲ ပါယ်မဲများ ပြန်လည် ရေတွက်သော်လည်းထပ်မံအနိုင်ရရှိနေကြောင်း အမှုလိုက်ပေးသည့် ရှေ့နေ စဝ်နန်းမြဝတီက ဤသို့ ပြောပြသည်။

“စိုင်းမွန်း အမှုအပါအဝင် ကချင်ပြည် မိုးမောက်က အနိုင်ရ ကျားဖြူပါတီအမတ် နှစ်ဦးကို ပြည်ခိုင်ဖြိုးက တရားစွဲ ထားသေးတယ်။ အခု အမှုတွေအားလုံးရဲ့ ပရောစက်က ခုံရုံး အရင်စစ်ဆေးတယ်၊ ဆုံးဖြတ်ချက်တော့ မချသေးဘူး။ ရွေးကောက်ပွဲကော်မရှင်က မဲတွေကို ပြန်ရေတွက်တယ်၊ အားလုံးပြီးမှ ဆုံးဖြတ်တယ် ” ဟု ဆို၏။

ကချင်ပြည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ကျားဖြူပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထွန်းနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် စိုင်းမျိုးအောင်တို့အပေါ် ရွေးကောက်ပွဲကာလစည်းရုံး ရေးဆင်းစဉ် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် များအား တိုက်ခိုက်ပုတ်ခတ်ပြောဆိုမှု၊ ကော်မရှင်များက မရိုး မသားပြု လုပ်မှု စသဖြင့် ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်တရားစွဲဆိုခဲ့သေးသည်။

“Point of Law အရ စိုင်းဇော်ထွန်းအမှုက အရမ်းကောင်းတယ်၊ နိုင်ဖို့များတယ်။ ဒါပေမယ့် မဲပြားတွေပြန်ရေဦးမယ်ဆို တော့ အနိုင်အရှုံးက အဲမှာမှ သိရမယ်။ နောက်တယောက်အမှုလဲ လာမယ့်လ ၁၅ ရက်နေ့မှာ ပြန်စစ်ဆေးမယ်”- ဟု ဆက်ပြောပါသည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲရက်၌ရသည့်မဲများ ပါယ်မဲကန့်ကွက်မဲအပါအဝင် အားလုံး ပြန်လည်ရည်တွက်ကြောင်း၊ စိုင်းမွန်း၏မဲများ အနက် ထောက်ခံမဲ ၄၄ မဲကို မလှမပမဲဟုဆိုကာ ထပ်မံပါယ်ဖျက်လိုက်သော်လည်း ပြည်ခိုင်ဖြိုး အမတ်လောင်း ဒေါက်တာစိုင်းခမ်းလိုင်အပေါ် ၂၃၀၁ မဲ အနိုင်ရနေသေးသဖြင့် စိုင်းမွန်းအနိုင်ရရှိကြောင်းနေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့ညက ပြန်လည်ဆုံးဖြတ် အသိအမှတ်ပြုခဲ့သည်ဟု သိရပါသည်။

နအဖ စစ်ခေါင်းဆောင်များအား ICC တွင် တရားစွဲနိုင်ရေး WLB ကြိုးပမ်း သွားမည်

ကေအိုင်စီ

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခွင့်ပြုနေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နအဖ စစ်ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားခုံရုံးတွင် တရားစွဲဆိုနိုင်ရန်အတွက် ဆက် လက် ကြိုးပမ်း သွားမည် ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB က ယမန်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

WLB အထွေထွေအတွင်းရေးမှူး မတင်တင်ညိုက “ဒီနအဖ စစ်အစိုးရက တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေအပေါ် ရာဇ ၀တ်မှု ကျူးလွန်ခွင့်ပေးနေတာကို ကျမတို့ လက်မခံနိုင်ဘူး။ ဒါတွေကို ကျမတို့က နိုင်ငံတကာ ခရီးစဉ်တိုင်းမှာ ပြောသွားမယ်။ ICC ကိစ္စကို လုပ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း လုပ်ခဲ့တာတွေ ရှိတယ်။ နိုင်ငံတော်တော်များများကလည်း ကျမတို့ရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုလာတာ တွေ့ရတယ်။ စစ်အုပ်စုမပြိုကွဲသရွေ့ အမျိုးသမီးတွေဟာ ဒီလိုပဲ ခံစားနေရမှာပဲ လေ။ ဒါဟာ ရေရှည်လုပ်ရမဲ့ လုပ်ငန်းစဉ်မို့လို့ ကျမတို့အနေနဲ့ တဆင့်ချင်းလုပ်ဆောင်သွားမယ်။”ဟု ကေအိုင်စီကို ပြောသည်။

ယခုနှစ် ဇန်န၀ါရီလ ၂၄ရက်မှ ၂၆ရက်အထိ ဆဌမအကြိမ်မြောက် WLB ညီလာခံကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပခဲ့ရာ နအဖ စစ်အစိုးရ၏ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်နေမှုများအား စုံစမ်းစစ်ဆေးရန် အတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖြစ်ပေါ်လာနိုင်စေရန် နိုင်ငံတကာ၏ ထောက်ခံအားပေးမှု ပိုမို ရရှိစေရေးအတွက် WLB အနေဖြင့် စည်းရုံးလှုံ့ဆော်မှုများ ဆက်လက်လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

WLB သည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ မတ်လနှင့် ဇွန်လများတွင် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံများ၌ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်အချို့ နှင့် ပူးပေါင်းကာ စစ်အစိုးရတပ်၏ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူ အမျိုးသမီး၏ သက်သေထွက်ဆိုချက်များ ပါဝင်သည့် အသွင် သဏ္ဍာန်တူ နိုင်ငံတကာခုံရုံးပုံစံမျိုး လုပ်ဆောင်ခဲ့သေးသည်။

၎င်းအပြင် မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC)၊ International Justice Center တို့နှင့်လည်း ပူးပေါင်းကာ နအဖ စစ်အစိုးရကို နိုင်ငံတကာ စစ်ခုံရုံးတင်နိုင်ရန် WLB အနေဖြင့် ဆက်စပ်လုပ်ဆောင်ခဲ့သလို စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အဖွဲ့ချုပ်၏ မူဝါဒနှင့် ကိုက်ညီသော နိုင်ငံရေးဆောင်ရွက် ချက်များကို အခြားမဟာမိတ် နိုင်ငံရေးအင်အားစုများနှင့် လက်တွဲဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

WLB က စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့မှ ထွက်ပေါ်လာမည့် ဟန်ပြအရပ်သား အစိုးရသစ်တရပ် သည် တိုင်းပြည်အတွက် စစ်မှန်သည့် နိုင်ငံ ရေး ပြုပြင်ပြောင်းလဲမှုကို ဖေါ်ဆောင်ပေးနိုင်မည် မဟုတ်ဟု ရှုမြင်သုံးသပ်ခဲ့သလို ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်၊ အမျိုးသမီးများ အကြမ်းဖက်မှုဆန့်ကျင်ရေး လုပ်ငန်းစဉ်၊ အမျိုးသမီးများ နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်သုံးခုကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မီဒီယာကို နည်းဗျူဟာတခုအဖြစ် အသုံးပြုသွားရန်အပြင် ပြည်တွင်းစည်းရုံးရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်သွားရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

၁၉၉၉ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့က မြန်မာတိုင်းရင်းသူ အမျိုးသမီးအဖွဲ့ ၁၂ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားခဲ့သည့် WLB သည် ယခု ဆဌမအကြိမ်ညီလာခံတွင် ကယန်းအမျိုးသမီးများအစည်းအရုံး(KyWO)ကို အဖွဲ့ဝင်သစ်အဖြစ် ကြိုဆိုလက်ခံခဲ့သည်။ ထိုကြို ဆိုမှုအပေါ် မတင်တင်ညိုက “လူမျိုးစုတွေ အများကြီးရှိတဲ့ ကျမတို့နိုင်ငံမှာ အမျိုးသမီးတွေရဲ့ စည်းလုံးမှုအင်အားဟာလည်း အင်မတန် အရေးကြီးပါတယ်။ အခုလို အဖွဲ့ဝင်တွေများလာတာဟာလည်း ကျမတို့ရဲ့ လုပ်ဆောင်မှုအားကောင်းလာဖို့အတွက် အင်အားတစ်ရပ်ပဲဖြစ်ပါတယ်။”ဟု ပြောသည်။

အဖွဲ့ဝင် ကိုယ်စားလှယ်နှင့် လေ့လာသူပေါင်း ၅၉ဦးတက်ရောက်ခဲ့သည့် အဆိုပါညီလာခံတွင် အတွင်းရေးမှူး အဖွဲ့ဝင်သစ်များအ ဖြစ် မတင်တင်ညို (အထွေထွေအတွင်းရေးမှူး)၊ စောစံငြိမ်းသူ (တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)နှင့် နော်ဝါးခုရှီး (တွဲဖက် အထွေထွေအတွင်းရေးမှူး (၂)တို့ကို ရွေးချယ်ခဲ့ကြသည်။

ရောင်းတယ်၊ ဝယ်တယ် ချိုကုပ်ကြီးများ မိသားစုဈေးပွဲတော်

ရန်ကုန်သားတာတေ

“တီဗီတွေဝယ်တယ်၊ အောက်စက်တွေ ဝယ်တယ်၊ ၃ ရက်ခံ လျှပ်စစ် ပစ္စည်းတွေ ဝယ်တယ်”

“ဓာတ်ငွေ့တွေရမယ်၊ ကျောက်စိမ်းတွေ ရမယ်၊ ရေအားလျှပ်စစ်တွေ ရမယ်၊ ကျွန်းသစ်တွေ ဈေးပေါနဲ့ ရမယ်နော်။ ဒီကိုလာ၊ ဒီကိုလာ”
“ဒန်အိုးဒန်ခွက်တွေ ဝယ်တယ်၊ ပလတ်စတစ် ပစ္စည်းအစုတ်တွေ ဈေးကြီးပေးဝယ်တယ်”

“အဆောက်အအုံ ဟောင်းတွေရမယ်၊ ရုပ်ရှင်ရုံဟောင်းတွေရမယ်၊ ဘီအီးဆိုင်တွေ ရမယ်၊ ရုံးဟောင်း ရုံးပျက်တွေ ရမယ်”

နေပြည်တော်တွင် ဈေးရောင်းပွဲတော်ကြီး တခု ခြိမ့်ခြိမ့်သည်းသည်း ကျင်းပနေသည်။ တကယ်တော့ အကယ်ဒမီပွဲလာ မင်းသားမင်းသမီးများ၏ ထူးထွေဆန်းပြားသော ဝတ်စားဆင်ယင်မှုများကို လေ့လာချင်သည်ဟု ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က ဂျီကျသဖြင့် ဦးရုက္ခစိုးက လိုက်ပို့ရခြင်းဖြစ်သည်။ သို့သော် အကယ်ဒမီပွဲ အပြီးတွင် ဈေးရောင်းပွဲတော်ကြီးတခုကိုပါ သူတို့ တွေ့လိုက်ရခြင်းဖြစ်သည်။

နေပြည်တော် လွှတ်တော် အဆောက်အအုံ ရှေ့က ဈေးရောင်းပွဲတော်ကြီးကို ဦးဆောင်ကျင်းပသူမှာ ချိုကုပ်ဒူးကြီး ဖြစ်သောကြောင့် ထုံးစံအတိုင်း စပ်စုရန် အနားသို့ တိုးသွားလိုက်ကြသည်။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးကိုယ်တိုင် ဈေးရောင်းနေတာပါလား။ ဘာအတွက်လဲဗျ။

ချိုကုပ်။ ။ ဘာအတွက်ရမလဲ ဦးရုက္ခစိုးရယ်။ ဈေးရောင်းတာဟာ ပိုက်ဆံလိုချင်လို့ပေါ့။

ဖိုးရှုပ်။ ။ မဟုတ်ဘူးလေဗျာ။ သူများတွေ ဈေးရောင်းပွဲ ကျင်းပရင် ဘာအတွက်၊ ညာအတွက် ရန်ပုံငွေဆိုပြီး ခေါင်းစဉ် တပ်တယ်လေ။ အဲဒါ ဦးရုက္ခစိုးက ခေါင်းစဉ်ကို မေးတာ။

ချိုကုပ်။ ။ သြော် … ဒါလား။ ဒေါ်အောင်ဆန်းစုကြည်တို့ကို အားကျတာနဲ့ ဈေးရောင်းပွဲ လုပ်ကြည့်တာပါ။ လွှတ်တော် မခေါ်ခင် လက်ကျန်လေးတွေ ဖြတ်ချင်တာနဲ့လေ။

ကြွက်စုတ်။ ။ ဒါဆို သူတို့လို HIV လူနာတွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို ကူညီဖို့ပေါ့ ဟုတ်လား။

ချိုကုပ်။ ။ ဟာ HIV ဝေဒနာရှင်ဆိုတာ သေမှာပဲဟာ။ ပိုက်ဆံမလိုပါဘူး။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကလည်း ဒုက္ခရောက်တာ အသားကျနေပြီ၊ ငွေမလိုဘူးလေ။ ဘာလုပ်ဖို့ သူတို့အတွက် လုပ်မှာလဲ။ အခု ဈေးရောင်းပွဲက မိသားစု ဈေးရောင်းပွဲဗျ။

ရုက္ခစိုး။ ။ သြော် … မိသားစုဈေးရောင်းပွဲဆိုတော့ ချိုကုပ်ဒူးကြီးတို့ပိုင်တဲ့ ပစ္စည်းတွေ ထုတ်ရောင်းပြီး ရတာကို လှူမယ်ပေါ့ ဟုတ်လား။

ချိုကုပ်။ ။ လွဲပြန်ပြီ။ ကျုပ်တို့ပိုင်တဲ့ ပစ္စည်းတွေ ဘာလို့ရောင်းမှာလဲ။ နိုင်ငံပိုင်ပစ္စည်းတွေပဲ ရောင်းမှာပေါ့။ နိုင်ငံပိုင်ပစ္စည်း ကျုပ်ပစ္စည်းပဲဟာ။ လှူမယ် ဆိုတာတော့ မှန်တယ်။ ဘယ်သူ့ကိုလှူမလဲ ဆိုတော့ ကျုပ်ရဲ့ မိန်းမ၊ သား၊ သမီး၊ မြေးတွေကို လှူမှာ။ ကျန်တာတော့ ကျုပ်အားကိုးရတဲ့ ချိုကုပ်တွေ၊ ချိုပြုတ်တွေကို လှူမှာပေါ့။

ထိုစဉ် ချိုကုပ်ဒူးကြီး ကတော် ဒေါ်ကွိုင်ကွိုင်က “ဟောဒီက ကျောက်စိမ်း တော်ရေ့” ဟု အော်လိုက်ရာ ထောင်ကဲကြီး တယောက်က ဒေါ်ကွိုင်ကွိုင့်ဆိုင်ခန်းဆီ ဦးတည်လျှောက်သွားသည်။

ချိုကုပ်ဒူးကြီး၏ သမီးတော်တဦးဖြစ်သော စိန်စီရွှေရွှေကလည်း အားကျမခံ “ဖွတ်တွေ၊ ပဒတ်တွေ၊ မိချောင်းတွေ ရမယ်၊ ကျားတွေ၊ ဆင်တွေရမယ်၊ ကြွက်တွေ၊ ခြင်တွေ၊ ပိုးဟပ်တွေရမယ်၊ မြွေမျိုးစုံရမယ်” ဟု အော်ပြန်သည်။

ချိုကုပ်ဒူးကြီး၏ မြေးတော်လေး ဖိုးလောက်လန်းက ဈေးမရောင်းဘဲ ပွဲစားလုပ်နေသည်။ ဈေးဝယ်သူများနှင့် ဆိုင်ခန်းများ အကြား ဟိုပြေး သည်ပြေးဖြင့် လိုချင်သည့်ဈေးရရန် ညှိနှိုင်းပေးကာ ကြားက ပွဲခယူသည်။

ချိုကုပ်ကြီး ကတော်တဦးက “ဧရာဝတီရမယ်၊ သံလွင်ရမယ်၊ ချင်းတွင်းရမယ်” ဟု အော်နေသည်။

ရုက္ခစိုး။ ။ မြစ်တွေလည်း ရောင်းတာပဲလား။

ချိုကုပ်။ ။ သြော် ဦးရုက္ခစိုးရယ်။ လာမယ့်အစိုးရသစ် တက်ပြီးနောက်ပိုင်း အဲဒီမြစ်တွေ ခန်းကုန်ရင် အလကား ဖြစ်သွားမှာစိုးလို့ အခု မြန်မြန်ထုတ်ရောင်းထားတာပါ။

ဖိုးရှုပ်။ ။ ရောင်းတဲ့ ပစ္စည်းကလည်း စုံနေတာပဲ။ အကောင်မျိုးစုံ၊ အပင်မျိုးစုံ။ ခေါင်ယမ်းပန်းပင်တို့၊ စက္ကူပန်းပင်တို့ပါ ပါသေးတယ်။

ချိုကုပ်။ ။ ဘာရောင်းရောင်း တရုတ်က အကုန်ဝယ်မယ်ဆိုလို့လေ။ မြက်တွေတောင် ရသလောက် ယူမယ် ပြောလို့ တနိုင်ငံလုံးရှိရှိသမျှ မြက်တွေ ရိတ်ခိုင်းထားတယ်။ တီကောင်တွေလည်း လိုချင်တယ်ဆိုလို့ တူးနေပါပြီ။

ရုက္ခစိုး။ ။ နေပါဦး ...။ ခုနက ချိုကုပ်ဒူးကြီး အော်နေတာ ကြားလိုက်ပါတယ်။ ပလတ်စတစ် ပစ္စည်းတွေ ဝယ်တယ်၊ ၃ ရက်ခံ လျှပ်စစ်ပစ္စည်းတွေ ဝယ်တယ်ဆိုတာကကော။

ချိုကုပ်။ ။ သြော် ဒါလား။ ရှိသမျှ ပစ္စည်းတွေအကုန် ထုတ်ရောင်းနေတော့ ပြည်သူလူထု သုံးစရာ မကျန်မှာစိုးလို့ စေတနာနဲ့ ပြန်ဝယ်ထည့်ပေး မလို့ပါ။ အဲဒါလည်း တရုတ်က သွင်းပေးတယ်လေ။

“ဟောဒီက အရက်ချက်စက်ရုံတွေရမယ်၊ အရက်ဆိုင်တွေရမယ်။ အမြန်ဝယ်ထားနော်၊ ၅၀ ရာခိုင်နှုန်း ဒစ္စကောင့် ပေးနေပြီ” ဟု အော်သံကြားသဖြင့် အားလုံးလှည့်ကြည့်လိုက်ရာ ဒုတိယ ချိုကုပ်ဒူးကြီး မောင်ကွေး ဖြစ်နေသည်။

ကြွက်စုတ်။ ။ အရက်ဆိုင်တွေ၊ ရုပ်ရှင်ရုံအဟောင်းတွေ၊ အဆောက်အအုံဟောင်းတွေ ကျတော့ ဘယ်သူတွေ ဝယ်လဲဗျ။

ချိုကုပ်။ ။ မြန်မာပြည်ရောက်နေတဲ့ ထောင်ကဲတို့ မာမွတ်တို့ဝယ်တယ်လေ။ မြန်မာနိုင်ငံမှာ ဒါမျိုးဝယ်နိုင်တဲ့ သူဌေး ဆိုလို့ တေဂွတို့ အုပ်စုကလွဲရင် သူတို့ပဲ ရှိတာပဲ။

ထိုစဉ် ချိုကုပ်တယောက်က “လေယာဉ်ပျံတွေရမယ်၊ မီးရထားတွေရမယ်၊ ကားတွေရမယ်၊ ဆိုက်ကား၊ မြင်းလှည်း၊ ထော်လာဂျီတွေရမယ်” ဟု အော်ရောင်းသည်။

နောက်ထပ် ချိုကုပ်တယောက်ကလည်း “ရေနံလုပ်ကွက်တွေရမယ်၊ ပတ္တမြားလုပ်ကွက်၊ ရွှေ လုပ်ကွက်တွေရမယ်၊ အထွက်တိုး စပါး လုပ်ကွက်၊ ရေနက်ကွင်းလုပ်ကွက်၊ ရေတိမ်ကွင်းလုပ်ကွက်၊ ရေမုန့်လုပ်ကွက်၊ မုန့်စိမ်းပေါင်းလုပ်ကွက်၊ မုန့်ဆီကြော် လုပ်ကွက် အကုန်ရမယ်” ဟု အော်လိုက်ပြန်သည်။

ချိုကုပ်ဒူးကြီးက ပြုံးပြုံး ပြုံးပြုံးဖြင့် သဘောကျနေသည်။ ထိုစဉ် သူတို့နားသို့ ချိုကုပ်တဦး ရောက်လာကာ “ချိုကုပ်ဒူးကြီး မြန်မာပြည်ကတော့ ပြောင်သလောက် ရှိနေပါပြီ” ဟု သတင်းပေးသည်။

ရုက္ခစိုး။ ။ ပြောင်သလောက် ရှိနေပြီတဲ့ ဘယ်လိုလုပ်မလဲ ချိုကုပ်ဒူးကြီး။

ချိုကုပ်။ ။ သြော် ဦးရုက္ခစိုးကလည်း … ပြောင်သလောက် ရှိတာ ပြောင်တာမှ မဟုတ်သေးဘဲ။ (သတင်းလာပေးသည့် ချိုကုပ်ဘက်လှည့်၍) ကဲကဲ ဒါဆိုလည်း ဝန်ကြီးတွေကို ထွက်ခိုင်းလိုက်တော့ လွှတ်တော်ခေါ်ဖို့က နီးနေပြီ … မြန်မြန်လုပ်။

ဖိုးရှုပ်။ ။ ဟာ … ဝန်ကြီးတွေ ထွက်မယ်ဟုတ်လား။ ဒါဆို ဘယ်သူက ဝန်ကြီးဌာနတွေကို တာဝန်ယူမှာလဲ ချိုကုပ်ဒူးကြီးရဲ့။ ကြားဖြတ်အစိုးရတွေဘာတွေ ခန့်မလို့လား။

ချိုကုပ်။ ။ ကြံကြံဖန်ဖန် ဘာလို့ ကြားဖြတ်အစိုးရ ခန့်ရမှာလဲ။

ကြွက်စုတ်။ ။ ချိုကုပ်ဒူးကြီးပဲ ဝန်ကြီးတွေ ထွက်ခိုင်းမယ်ဆို။ ခန့်တုန်းကလည်း ချိုကုပ်ဒူးကြီးပဲလေ။ လူဝတ်လဲတာဖြင့် မကြာသေးဘူး။

ရုက္ခစိုး။ ။ ဟုတ်တယ် ချိုကုပ်ဒူးကြီး။ သူတို့ လူဝတ်လဲတာဖြင့် မကြာသေးဘူး ထွက်ရမယ်ဆိုရင် ကြိုက်ပါ့မလား။

ချိုကုပ်။ ။ ခင်ဗျားတို့ ဘာတွေလာပြောနေတာလဲ။ ဝန်ကြီးတွေ ထွက်ခိုင်းလိုက်ဆိုတာက ဝတ်စုံလဲပြီး အရှေ့ကို ဈေးလာရောင်းဖို့ ထွက်ခိုင်းတာ။ နောက်ဆုံးအသုတ် ရောင်းလို့ မကုန်သေးတာလေးတွေကို လွှတ်တော်မခေါ်ခင် မကုန်ကုန်အောင် ရောင်းခိုင်းမလို့ ထွက်ခိုင်းတာဗျ။

ထိုစဉ် ဝန်ကြီးချုပ် ဦးသိန်းဂိန်ဦးဆောင်သော ဝန်ကြီးအဖွဲ့သည် မိတ်ကပ်အဖွေးသား၊ ချိတ်ထဘီ ရောင်စုံများ ဆင်မြန်း၍ “ရှောက်သီးဆေးပြားတွေ ရမယ်နော်၊ ရှောက်သီးဆေးပြား၊ ၃ ထုပ်ယူရင် သီချင်းတပုဒ်စာ ကပြမယ်” ဟု အော်ကာ ထွက်လာလေသည်။

ဖိုးရှုပ်က ဝန်ကြီး ကိုယ်ရ ဦးရွှေပန်းထံမှ ရှောက်သီးဆေးပြား ၃ ထုပ်ဝယ်လိုက်ရာ ကော်နီ၏ “ကိုကိုချစ်” သီချင်းဖြင့် ကပြလေသည်။

သို့သော် တခြားဝန်ကြီးများက သူတို့ထံမှ မဝယ်သောကြောင့် စိတ်ဆိုးပြီး ဝိုင်းလာသဖြင့် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ သုံးဦးသားမှာ အမြန်ဆုံးနည်းနှင့် ပန်းကန်လုံးစီး၍ ဈေးရောင်းပွဲတော်ကြီးအတွင်းမှ ထွက်ပြေးကြရ လေတော့သတည်း။

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ရောက်ရှိလာပါပြီ

ဟန်လေး

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ တွင် နအဖနှင့် နယ်ခြားစောင့်တပ် များ သေကြေထိခိုက်မှုရှိ

နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ် နယ်စပ်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် နအဖ စစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်များမှ အရာရှိများ အပါအ၀င် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိကြောင်း ကေအိုင်စီက ယနေ့ စုံစမ်းသိရှိရသည်။

ယနေ့မနက် ၇နာရီဝန်းကျင်တွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ကျော်သလေးခို့အကြား၌ ကေအဲန်ယူ တပ်ရင်း(၂၁)နှင့် နအဖ ခမရ(၃၄၃)တို့ ၁၀မိနစ်ကြာ ချုံခိုတိုက်ပွဲဖြစ်ပွားရာ ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိသော်လည်း နအဖဘက်မှ ၄ဦး ကျဆုံးကာ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၇)မှ ဗိုလ်ကြီးစောမျိုးမင်းသူက ယခုလို ပြောသည်။

“ဒီမနက်ဖြစ်တာကတော့ ၇နာရီ ၅မိနစ်မှာပဲ။ ကျနော်တို့ဘက်က တပ်ရင်း(၂၁)က အင်အား ၁၂ဦးနဲ့ နအဖ ခမရ(၃၄၃)က စစ် ကြောင်းတကြောင်းနဲ့ဖြစ်တာ။ ချုံခိုစောင့်ပစ်တာဆိုတော့ ကျနော်တို့ဘက်က ထိလေ့မရှိဘူး။ နအဖဘက်ကတော့ ၄ယောက် သေတယ်။ ၃ယောက် ဒဏ်ရာရတယ်။ လက်နက်သိမ်းယူတာတွေတော့ ကျနော်တို့ဘက်က မလုပ်တော့ဘူး။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၃ရက်နေ့ မနက် ၉း၁၅နာရီကလည်း KNLA တပ်ရင်း(၂၂)တပ်ဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ် BGF အမှတ် (၁၀၁၅) တပ်ဖွဲ့ဝင်များ လှိုင်းဘွဲမြို့နယ်၊ နိုးရီးရွာအနီး၌ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ BGF ဘက်မှ ဗိုလ်ကြီးထွန်း မြင့်ထွန်းနှင့် တပ်သား ၂ဦး ကျဆုံးပြီး ဗိုလ်ထွန်းဝင်းနှင့် တပ်သားတဦး ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် KNLA က BGF ဘက်မှ ကာဘိုင်တစ်လက်၊ G-3 တစ်လက်နှင့် ၉-မမ တစ်လက် သိမ်းဆည်းရမိခဲ့သည်။

အလားတူ KNLA တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်း(၂၁)၊ (၂၂)နှင့် အထူးပြောက်ကျားအဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၇၀ခန့်ရှိ အဖွဲ့သည် ဇန်န၀ါရီလ ၂၁ရက်နေ့က BGF (၁၀၁၅)တပ်ရင်း၏ ဟောသူးခီးစခန်းကို တက်ရောက်သိမ်းဆည်းခဲ့ရာ လက်နက် ၁၂လက် ရရှိပြီး ၎င်း BGF တပ်ရင်းမှာ ဗိုလ်ချာလယ်၊ ဒုဗိုလ်ရော့ကက်၊ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် ၈ဦးကို ဖမ်း ဆီးခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအဲဆဲဆဲက ပြောသည်။

ကရင်နီအမျိုးသား ခေါင်းဆောင်ကြီးတစ်ဦး ကွယ်လွန်

နော်အဲဏီ၊ ကောင်းဝါသတင်းဌာန

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ခေါင်းဆောင် ဦးခူထဲဘူးဖဲ (အသက်၇၄နှစ်) သည် ဇန်န၀ါရီလ(၂၇)ရက် နေ့တွင် လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွား ပါသည်။ သူသည်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ဥက္ကဌ၊ ကရင်နီနိုင်ငံတော်အစိုးရ၀န်ကြီးချုပ်တစ်ဦးလည်းဖြစ်သလို ကရင်နီအမျိုးသားစာပေကို တီထွင်သူတစ်ဦး လည်းဖြစ်ပါသည်။ သူတာဝန်ယူနေစဉ်အတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမြဲတမ်းလိုလားသူဟု ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များအဖွဲ့ (NPU) အတွင်းရေးမှူး ဦးသိန်းဦးက ပြောပါသည်။

“ကျနော်တို့အတွက်ကတော့ ဆရာထဲဘူးဖဲကတော့ အင်မတန်ရည်မွန်ဖော်ရွေတဲ့ ပုဂ္ဂိုလ်ပါပဲ၊ သူဟာ အမြဲတမ်း စိတ်ကောင်း စေတနာကောင်းရှိတဲ့သူပါ၊ သူ့အနေနဲ့ကတော့ တိုင်းရင်းသားတွေအားလုံးအပေါ်မှာ စည်းလုံး ပြီးညီညီညွတ်ညွတ်ရှိချင်တယ်။ သူအမြဲတမ်းပြောလေ့ပြောထရှိတဲ့စကားဖြစ်ပါတယ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက်ကို အဓိကထား လုပ်ဆောင်နေတာ ဆိုတာကို ကျနော်တို့ သိရပါတယ်”

ထို့အပြင် အမျိုးသားတော်လှန်ရေးကာလတစ်လျှောက်လုံးတွင် တော်တည့်မှန်ကန်စွာရပ်တည်ခဲ့သည် ဟု ကေအဲန်ယူ ဒုတိယ ဥက္ကဌ ပဒိုဒေးဗစ်တာကပေါမှ ယခုလိုပြောပါသည်။

“သူက လူတော်လူကောင်းတစ်ယောက်ပေါ့၊ ဒီတော်လှန်ရေးလမ်းကြောင်းမှာ မှန်မှန်ကန်ကန် ရပ်တည်ခဲ့တယ်၊ တော်လှန်ရေး သမားကောင်းတစ်ယောက်ပေါ့၊ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့် ကျင်တယ်၊ ဒီမိုကရေစီနဲ့တိုင်းရင်းသားတွေရဲ့အခွင့်အရေးအတွက် ၊လွတ်မြောက်ရေးအတွက်ပြတ်ပြတ်သားသား ရပ်တည်ခဲ့တယ်”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီခေါင်းဆောင် ဦးခူထဲဘူးဖဲ၏ထူးခြားချက်ကို ကန္တရ၀တီတိုင်း(မ်) မှ အယ်ဒီတာ ဆရာစေးရယ်စိုးမှ ယခုလို ပြောပါသည်။

“သူ့မှာ ထူးခြားချက်ရှိတာက သူက နိုင်ငံရေးအလုပ်မှာပဲ သက်တမ်းတစ်လျှောက်မှာ ဆိုလို့ရှိရင် တခြားနိုင်ငံရေးသမား တွေနဲ့မတူတာက စီးပွားရေးလုပ်တာတို့ ၊ ငွေကြေးစုဆောင်းတာတို့ အဲဒီဘက်မှာတော့ မတွေ့ရဘူး၊ အဲဒါကြောင့်ပဲ အများလေးစားခြင်းကို ခံရတာဖြစ်တယ် ၊ သူကကရင်နီ အမျိုးသားစာပေကို တီထွင်တဲ့ လူဖြစ်တယ်၊ စာပေကတော့ ပြီးမြောက်သလောက်တော့ရှိတယ်၊ ကရင်နီစာပေ(Dictionary)ကိုလုပ်တာ အက္ခရာ (R) အထိရောက်ပြီး ၊ သူမရှိတော့ သူရဲ့စတုတ္တမြောက်သမီးက ဆက်ပြီးတာဝန်ယူမယ်လို့ ကြားတယ်”

ဦးခူထဲဘူးဖဲသည် (၁၉၆၀)ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပြံဘွဲ့ရရှိခဲ့သည်။ သူသည်(၁၉၆၆) ခုနှစ်တွင်ကေအဲန်ပီပီသို့ရောက်ရှိလာခဲ့ပါသည်။ ဦးခူထဲဘူးဖဲကေအဲန်ပီပီသို့ရောက်ရှိလာပြီး သူကွန်လွန်သည် အထိ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ ကေအဲန်ပီပီတွင် အတွင်းရေးမှူးရာထူးကို အရင် စယူပြီး နောက်ပိုင်းမှာ ဥက္ကဌရာထူးကို သူကွယ်လွန်သည်အထိ တာဝန်ယူခဲ့ပါသည်။ (၁၉၆၆)ခုနှစ်မှ (၂၀၁၁) အထိ(၃)ကြိမ်တိုင်တိုင် ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရပါသည်။ (၂၀၀၆)ခုနှစ်မှ(၂၀၁၀)ခုနှစ်အထိ အီးအန်စီ (ENC- Ethnic National Concil)မှာ ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် (အီးအန်စီ)တွင် ဒုဥက္ကဌ တာဝန်ဆက်ပြီးယူပါသည်။

ခူထဲဘူးဖဲသည် အဖခွီးဆူရယ်နှင့် အမိမော်ဖိုးမာတို့မှ(၁၉၃၇)ခုနှစ် ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ကရင်ပြည်နယ် ဖရူဆိုမြို့နယ် ကေးလျားကျေးရွာတွင်မွေးဖွားခဲ့သည်။ မွေးချင်း(၆)ယောက်အနက် (၅)ယောက် မြောက်သားဖြစ် ပါသည်။

ကေအဲန်ပီပီကို ၁၉၅၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါသည်။ တည်ထောင်ရသောအကြောင်းရင်းမှာ ဖဆပလအစိုးရကို တော်လှန်ရန်ဖြစ်သည်။ ဖဆပလစစ်တပ်များ ကရင်နီပြည်ကို ၀င်ရောက်ကျူးကျော်တိုက်ခိုက် စဉ်က ကရင်နီကို ဦးဆောင်သူမှာ ဦးဘီတူရီဖြစ်ပါသည်။ သူသည် ကရင်နီပြည် ကောင်စီဥက္ကဌ ဖြစ်ပြီး (၁၉၄၈) ခုနှစ် သြဂုတ်လမှာ ကရင်နီအမျိုးသားတပ်မတော်တစ်ရပ်ကို စတင်ထူထောင်ပြီး ဖဆပလအစိုးရကို ခုခံ တိုက်ခိုက် ခဲ့သည်။ (၁၉၅၇) ခုနှစ်မှာ နိုင်ငံရေးနည်းနဲ့လည်း တိုက်ခိုက်ဖို့လိုအပ်တယ်ဆိုပြီး ကေအဲန်ပီပီပါတီကို ထူထောင်ခဲ့ပါသည်။ ကေအဲန်ပီပီပါတီသည် စစ်ရေးအရရော နိုင်ငံရေးအရရော မြန်မာစစ်အစိုးရကို ကနေ့ထက် တိုင် တော်လှန်နေသော အဖွဲ့တစ်ခုဖြစ်ပါသည်။ ကေအဲန်ပီပီသည် (၂၀၀၈) ဖွဲစည်းပုံအခြေခံဥပဒေနဲ့ (၂၀၁၀) ရွေး ကောက်ပွဲကို ဆန့်ကျင်သည့်ကြေငြာချက်တစ်စောင်ကို ၂၀၁၀ အောက်တိုဘာလ (၁၂) ရက်နေ့မှာ ထုတ်ပြန်ခဲ့ ပါသည်။ (၁၉၉၅)ခုနှစ်တွင် ကေအဲန်ပီပီနှင့် မြန်မာစစ်အစိုးရတို့ (၃)လကြာ နှစ်ဘက်သဘောတူ အပစ်ရပ် ခဲ့ဘူးပါသည်။ အပစ်ရပ်သဘောတူညီမှု ပျက်ပြယ်သွားပြီးနောက်ပိုင်း တိုက်ပွဲများ ပြန်ဖြစ်ပွား ခဲ့ပါသည်။

သူကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီး ၆ ယောက် ကျန်ရစ်ခဲ့သည်။ သူ၏ ဇျှာပနအခမ်းအနားကို ဇန်န၀ါရီလ (၃၁) ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပါသည်။

လူသူကင်းမဲ့ အမေရိကန် မြို့ကြီးများ

မြတ်စိုး

၂ဝ၁ဝ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃ဝ၈ သန်းကျော်ရှိတဲ့ အမေရိကန်ဟာ ကမ္ဘာမှာ လူဦးရေ တတိယ အများဆုံး နိုင်ငံအဆင့်မှာ ရှိပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံ့လူဦးရေဟာ တနှစ်ကို ၂.၅ သန်း တိုးနေပေမယ့် တချို့မြို့ကြီးတွေမှာ လူဦးရေ တိုးလာလိုက်၊ လျော့သွားလိုက် ဖြစ်ခဲ့တယ်လို့ အမေရိကန် အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးမှုဌာနက အစီရင်ခံစာကို ကိုးကားပြီး ပြီးခဲ့တဲ့လထုတ် ဝေါ်စရစ်ထ်သတင်းစာထဲမှာ ရေးသားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်မှစပြီး လူဦးရေ သိသာစွာ လျော့ကျသွားခဲ့တဲ့ အမေရိကန် မြို့ကြီး ၇ မြို့ကိုလည်း ဖော်ပြထားပါတယ်။ ဒီမြို့ကြီး ၇ မြို့ကတော့ နယူးအော်လင်းစ် New Orleans၊ ဖလင့်ထ်- မီချီကန်ပြည်နယ် Flint, Michigan၊ ကလီဗလန်း Cleveland၊ ဘားဗလိုး Buffalo, New York၊ ဒေတန် Dayton, Ohio၊ ပစ်ထ်စဘတ်ခ် Pittsburgh နဲ့ ရော်ချက်စတာ Rochester, N.Y. မြို့တွေ ဖြစ်ပါတယ်။

ဒီမြို့ကြီးတွေမှာ နေထိုင်ခဲ့တဲ့ သူတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှစပြီး အစုအပြုံလိုက် အိုးအိမ်စွန့်ခွါကာ တခြားမြို့တွေဆီ ပြောင်းရွှေ့သွားခဲ့တာပါ။ ဒီလို ပြောင်းရွှေ့ရခြင်းရဲ့ အကြောင်းရင်းတွေက ဆိုးဝါးပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရခြင်း၊ စီးပွားရေး အခွင့်အလမ်းများ နည်းပါးလာခြင်းနဲ့ အလုပ်အကိုင် ရှားပါးလာခြင်းတို့ကြောင့် လူနေမှုစရိတ် မြင့်မားတဲ့ မြို့ကြီးတွေကို စွန့်ခွါခဲ့ကြတာလို့ သုံးသပ်ထားပါတယ်။

(၁)
နယူးအော်လင်းစ် New Orleans - Louisiana
လူဦးရေ - ၃၅၄, ၈၅ဝ
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၂၈, ၈၁၃ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၂၆.၆၃ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၂၁.၅ ရာခိုင်နှုန်း

နယူးအော်လင်းစ်ဟာ ၂ဝဝ၅ သြဂုတ်လမှာ တနာရီ ၁၂ဝ ကီလိုမီတာအထက် ပြင်းထန်စွာ တိုက်ခတ်ခဲ့တဲ့ ကက်တရီးနား လေမုန်တိုင်းကြောင့် မြို့တော်ရဲ့ ၈ဝ ရာခိုင်နှုန်းကျော် ရေလွှမ်းခံခဲ့ရပြီး၊ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ အမေရိကန်အစိုးရရဲ့ ခန့်မှန်းချက်အရ ဒေါ်လာ ၈ဝ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပြီး၊ အလုပ်လက်မဲ့ ပြဿနာ၊ ရာဇဝတ်မှု တိုးပွားလာတာကြောင့် မြို့ခံလူများ ထောင်နဲ့ချီပြီး မြို့တော်ကို စွန့်ခွါခဲ့ပါတယ်။

(၂)
ဖလင့်ထ် - မီချီကန်ပြည်နယ် Flint, Michigan
လူဦးရေ - ၁၁၁, ၄၇၅
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၃, ၂၆၆ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၁ဝ.၆၃ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၈ ရာခိုင်နှုန်း

တချိန်က ကမ္ဘာ့မော်တော်ကား မြို့တော်ကြီးလို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ဖလင့်မြို့ဟာ ဂလိုဘယ်လ်လိုက်ဇေးရှင်း Globalization လို့ ခေါ်တဲ့ နယ်စည်းမခြား ကုန်သွယ်မှုရဲ့ ဆိုးကျိုးတွေကို အတော်လေး ခံစားခဲ့ရတယ်။ ၁၉၁ဝ -၁၉၃ဝ အတွင်း အမေရိကန် ကားကုမ္ပဏီတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာ ဖလင့်မြို့ကို နိုင်ငံအသီးသီး၊ ပြည်နယ်အသီးသီး လူတွေ လာရောက်အခြေချ နေထိုင်ကြဖို့ စိတ်ကူးယဉ်မှုတွေ ရှိခဲ့ကြပေမယ့်၊ ၁၉၈ဝ ခုနှစ် ပတ်ဝန်းကျင်လောက်မှစပြီး ကားကုမ္ပဏီတွေဟာ နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံခဲ့မှုတွေကြောင့် စက်ရုံအလုပ်ရုံ အများအပြား ပိတ်ခဲ့ကြတယ်။ မော်တော်ကားစက်ရုံတွေ ပိတ်ခဲ့ရတာကြောင့်၊ အစုအပြုံလိုက် အလုပ်လက်မဲ့ ဖြစ်ကြလို့ မြို့တော်ကို စွန့်ခွါခဲ့ပါတယ်။

(၃)
ကလီးဗလန်း Cleveland
လူဦးရေ - ၄၃၁, ၃၆၉
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၄၅, ၂ဝ၅ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၉.၄၉ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၇.၅ ရာခိုင်နှုန်း

ကလီးဗလန်း Cleveland မြို့ဟာ အမေရိကန် အရှေ့ပိုင်းနဲ့ အနောက်အလယ်ပိုင်း ရေလမ်းကုန်းလမ်း ကုန်သွယ်မှု အချက်အခြာကျတဲ့ လမ်းမပေါ်မှာ တည်ရှိပြီး၊ စက်မှုလုပ်ငန်း၊ မော်တော်ကား လုပ်ငန်းများ၊ ရေနံ၊ မိုင်းတွင်း တူးဖော်ရေးနဲ့ သံမဏိလုပ်ငန်းတွေအပြင် ကုမ္ပဏီကြီးတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာမြို့ဖြစ်ခဲ့လို့ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၈ ခုနှစ်မှာ လူဦးရေ ၉၁ဝ, ဝဝဝ ကျော် ရှိခဲ့ဖူးတယ်။ ၁၉၇ဝ ခုနှစ်မှာ မြို့တော်ဟာ ကြွေးမြီတင်ခဲ့ပြီး၊ ၁၉၈ဝ ဝန်းကျင်မှာ စက်မှုလုပ်ငန်းတွေ ကျဆင်းခဲ့တဲ့အပြင်၊ လေထုနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် စက်ရုံအလုပ်ရုံတွေ ရွှေ့ပြောင်းသွားကြပြီး အလုပ်လက်မဲ့၊ ဆင်းရဲမွဲတေမှု ပြဿနာတွေကို ရင်ဆိုင်နေရလို့ မြို့ခံလူများ မြို့တော်ကို စွန့်ခွါသွားခဲ့ပါတယ်။ လက်ရှိ လူဦးရေဟာ ၁၉၄၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါး လျော့ကျသွားခဲ့ပါပြီ။

(၄)
ဘတ်ဖလိုး Buffalo, New York
လူဦးရေ - ၂၇ဝ, ၂၄ဝ
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၂၁, ၉၇ဝ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၇.၅၂ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၇.၂ ရာခိုင်နှုန်း

ဒုတိယ ကမ္ဘာစစ်အပြီး ဘားဗလိုး Buffalo, New York မြို့ဟာ စက်မှုလုပ်ငန်းတွေ တိုးတက်လာမှုကြောင့် အမေရိကန်မြို့ကြီးတွေထဲမှာ အဆင့် ၁၃ နေရာမှာ ရှိခဲ့တယ်။ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ နိုက်ဂရာ ရေတံခွန်က ပမာဏထုထည် ကြီးမားစွာ ထုတ်လွှတ်ပေးတဲ့ ရေအားလျှပ်စစ် စွမ်းအင်ကြောင့် လျှပ်စစ်မြို့တော်၊ အလင်းရောင်မြို့တော်လို့တောင် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ နည်းပညာတိုးတက်လာမှုနဲ့အတူ တခြား မြို့တော်တွေမှာ စွမ်းအင်နည်းမျိုးစုံ ထုတ်လုပ်လာခဲ့မှုကြောင့် ရေအားလျှပ်စစ်စွမ်းအင်အပေါ် မှီခိုမှု အားနည်းလာစေခဲ့ပြီး၊ မြို့တော်မှာ စီးပွားရေး အခွင့်အလမ်း ကျဆင်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။

အီးရီး Erie ရေကန်ကြီးရဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ပျက်စီးနေတဲ့ တူးမြောင်းတွေကို ပြုပြင်မွန်းမံမှု မရှိခဲ့တာကြောင့် မြို့တော်ဟာ လာရောက်အခြေချတဲ့ သူတွေကို ဆွဲဆောင်မှု မရရှိခဲ့ပါ။ ဒီကနေ့ ဘားဗလိုး Buffalo, New York မြို့ ဟာ စက်ရုံအိုကြီးတွေ၊ အဆောက်အအုံအိုကြီးတွေ၊ အိမ်အိုကြီးတွေပဲ ကျန်ရှိတော့ပြီး ၁၉၇ဝ ခုနှစ် တနှစ်ထဲမှာပင် လူဦးရေ တသိန်းရှိ မြို့ကို စွန့်ခွါခဲ့ကြလို့ ဒီအရေအတွက်ဟာ လက်ရှိ လူဦးရေ သုံးပုံတပုံလောက် ရှိခဲ့တယ်။ အခုတော့ လျှပ်စစ်မြို့တော်ကနေ ခြောက်ကပ်နေတဲ့ မြို့ဟောင်းကြီးသဖွယ် ဖြစ်သွားခဲ့ပါပြီ။

(၅)
ဒေတန် Dayton, Ohio
လူဦးရေ - ၁၅၃, ၈၄၃
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၁, ၉၆၁ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၇.၂၁ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၈.၉ ရာခိုင်နှုန်း

ဒေတန် Dayton, Ohio ဟာ သေးငယ်ပေမယ့် ရာစုနှစ်တဝက်ကျော် ကုန်ထုတ်လုပ်မှု၊ တီထွင်မှု စိတ်ကူးဉာဏ်ရှိမှု ကောင်းတဲ့မြို့လို့ တင်းစားသတ်မှတ်ထားကြတယ်။ အလုပ်လုပ်ကိုင်ဖို့ အကောင်းဆုံး သတ်မှတ်ခံထားရတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာ မြို့လည်း ဖြစ်ခဲ့တယ်။ နှစ်ပေါင်းများစွာ စက်မှုလုပ်ငန်း၊ မော်တော်ကားစက်ရုံတွေအပေါ် မှီခိုခဲ့တဲ့ ဒီမြို့လေးဟာ ဂလိုဘယ်လိုက်ဇေးရှင်း Globalization ရဲ့ ဆိုးကျိုးတွေကြောင့် စက်ရုံအလုပ်ရုံတွေ မြောက်မြားစွာ အပိတ်ခဲ့ရလို့ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။

(၆)
ပစ်ထ်စဘတ်ခ် Pittsburgh
လူဦးရေ - ၃၁၁, ၆၄၇
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၂၂, ဝ၅၆ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၆.၆၁ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၄.၁ ရာခိုင်နှုန်း

သံမဏိမြို့တော်လို့ တင်စားခေါ်ဆိုခဲ့ကြတဲ့ ပစ်ထ်စဘတ်ခ် Pittsburgh မြို့ဟာ ၁၈ဝဝ ကနေ ၁၉၇ဝ ခုနှစ်ထိ အမေရိကန် စက်မှုလုပ်ငန်းမှာ ပင်မအချက်အခြာ ကျခဲ့တဲ့ မြို့ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး အခြေအနေမှာ မြို့တော်ဟာ အကြီးစား စက်မှုစက်ရုံ ၁ဝဝဝ ကျော် ရှိခဲ့ပြီး၊ ဒုတိယကမ္ဘာစစ် ကာလအတွင်း သံမဏိ စက်ရုံအလုပ်သမား ၃၄ဝ,ဝဝဝ ကျော် ရှိခဲ့ဖူးပါတယ်။ သံမဏိလူသားများလို့ တင်စားခံခဲ့ရတဲ့ ပစ်ထ်စဘတ်ခ် Pittsburgh မြို့သူမြို့သားတွေဟာ ၁၉၈ဝ ခုနှစ် အမေရိကန် သံမဏိ စီးပွားရေး လုပ်ငန်းတွေ ဘုန်းဘုန်းလဲပြိုကျပြီးနောက် စီးပွားရေးဆုတ်ယုတ်မှု ပြင်းထန်စွာ ခံစားရကာ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ နည်းပညာအခြေခံတဲ့ စီးပွားရေးကို အလျင်အမြန် ပြောင်းလဲခဲ့ပေမယ့်၊ လျင်မြန်လွန်းလှတဲ့ စီးပွားရေး ဆုတ်ယုတ်မှုဟာ မြို့တော်ကို စွန့်ခွါသွားသူတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ၁၉၅ဝ ခုနှစ်မှစပြီး ပစ်ထ်စဘတ်ခ် Pittsburgh မှာ နေထိုင်သူ လူဦးရေ ၅ဝ ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့တယ်။

(၇)
ရော်ချက်စတာ Rochester, N.Y.
လူဦးရေ - ၂ဝ၇, ၂၉၄
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၂, ၁၈ဝ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၅.၅၅ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၅.၄ ရာခိုင်နှုန်း

အယ်လ်ဘနီနဲ့ ဘတ်ဖလိုးအကြား ကုန်သွယ်မှု အချက်အခြာကျတဲ့ ဒီမြို့ဟာ နယူးယောက်ပြည်နယ်မှာ မြို့တော်နယ်နမိတ်အတွင်း တတိယ လူဦးရေ အထူထပ်ဆုံး ဖြစ်ပါတယ်။ ဂျုံလုပ်ငန်း၊ အလင်းဆိုင်ရာ သိပ္ပံပညာ၊ နည်းပညာများဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံခြားကုမ္ပဏီများစွာ တည်ရှိတဲ့ မြို့ဖြစ်တယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံ အခြေချခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေ ရွှေ့ပြောင်းခဲ့ခြင်း၊ အစားထိုး စီးပွားရေးလုပ်ငန်းတွေကို ထိရောက်စွာ ဖန်တီးပေးနိုင်မှု မရှိခဲ့တာကြောင့် ၁၉၅ဝ ခုနှစ်မှ ၂ဝဝဝ ခုနှစ်အတွင်း လူဦးရေ ၃၄ ရာခိုင်နှုန်း မြို့က ပြောင်းရွှေ့သွားခဲ့ကြတယ်။

ဒီလို လူအများ အစုအပြုံလိုက် စွန်ခွါသွားခဲ့လို့ အမေရိကန်မြို့ကြီးတွေဟာ ခြောက်သွေ့တိတ်ဆိတ်လာပြီး လူသူကင်းမဲ့လာကာ စီးပွားရေးအခွင့်အလမ်းတွေလည်း လက်လွှတ်ဆုံးရှုံးခဲ့ကြရတယ်။ နိုင်ငံအတွင်း အိုးအိမ်စွန့်ခွါပြီး တခြားမြို့တွေဆီ ရွှေ့ပြောင်းနေထိုင်ခဲ့ရတာဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ဖောက်ပြန်မှု၊ သဘာဝ ဘေးအန္တရာယ်တွေ ရင်ဆိုင်ခဲ့ရမှုနဲ့ အမေရိကန် စီးပွားရေး ကျဆင်းခဲ့မှုကြောင့် အလုပ်လက်မဲ့ ပြဿနာတွေ ရင်ဆိုင်လာခဲ့ရတာကြောင့် ဖြစ်တယ်လို့ အမေရိကန် အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးမှု ဌာနရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လူသားအားလုံးဟာ မိမိတို့ နေထိုင်ရာဒေသကို စွန့်ခွါပြီး၊ ဘဝလုံခြုံရေးနဲ့ လူဂုဏ်သိက္ခာ မြင့်မားဖို့အတွက် ရေကြည်ရာ မြက်နုရာဆိုသလို ဘဝသစ်အတွက် ရွှေ့ပြောင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တခြားမြို့ကြီးတွေအနေနဲ့ လူသူကင်းမဲ့ ခြောက်သွေ့သွားခဲ့တဲ့ မြို့ကြီးတွေကို နမူနာယူပြီး၊ နည်းပညာသစ်တွေကို အခြေခံတဲ့ အလုပ်အကိုင်သစ်တွေ၊ စီးပွားရေး အခွင့်အလမ်းတွေကို ဖန်တီးကြဖို့နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစီအစဉ်တွေကို ပြုလုပ်ကြဖို့ တိုက်တွန်းထားကြောင်းပါ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,29th,2010

( 29 )၄ကြိမ်မြောက် ကေ၀ိုင်အိုကွန်ဂရက် အောင်မြင်စွာ ကျင်းပပြီးစီး

( 28 )ရခိုင်စာပေသင်ကြားခွင့်ရရေး လွှတ်တော်တွင် ရတပ တင်သွင်းမည်

( 27 )Secrecy swirls as Myanmar prepares new parliament

( 26 )အင်းလေးခေါင်တိုင် ဟော်တယ်လေလံ ကျားဖြူပါတီရရန်မျှော်လင့်

( 25 )Junta Will Tighten Grip on NLD

( 24 )၂၀၁၃ ဆီးဂိမ်း စီမံကိန်းများ ပြီးစီးလုနီး

( 23 )Myanmar yearns to join global community

( 22 )တီဗွီဂိမ်းကြောင့် နမ့်ခမ်း/ မူစယ်ကျောင်းသားများ စာရိတ္တပျက် မိဘများစိုးရိမ်ပူပန်နေကြရ

( 21 )မိုင်းလားနယ်မြေအတွင်း ရိုးရာကျွဲခတ်ပွဲကျင်းပ

( 20 )Suu Kyi asks investors at Davos to help Myanmar

( 19 )မြို့နယ်ဖွံ့ဖြိုးရေးဟုဆိုပြီး မြန်မာဇာတ်ပွဲလက်မှတ်အဓမ္မ ရောင်း

( 18 )Aung San Suu Kyi seeks support for democracy in Myanmar

( 17 )ကျိုက်မရောရဲမှလောင်းကစားဝိုင်းဖမ်းဆီးသော်လည်း အခြားနေရာတွင်ဖွင့်နေမြဲ

( 16 )Rangoon Auto Show Yields One Sale

( 15 )မွန်ပြည်နယ်တွင် တိုင်းရင်းသား FM ရေဒီယိုမှ ရွှေ FM ရေဒီယိုအပေါ်လွှမ်းမိုးလာ

( 14 )Rights Groups Respond to Geneva Comments

( 13 )လိုင်စင်မဲ့ ဆိုင်ကယ်များ ဈေးလျှော့ကျမှုကြောင့် မြို့ပေါ်တွင် ဆိုင်ကယ်များ တိုးလာ

( 12 )Opposition Legislators Receive a Shabby Welcome in Naypyidaw

( 11 )ကရင်နီခေါင်းဆောင် ခူးထဲဘူးဖဲ အင်္ဂလိပ်-ကရင်နီ အဘိဓာန်ပြုစုဆဲ ကွယ်လွန်

( 10 )Suu Kyi's party to remain an 'unlawful association'

( 9 )လွှတ်တော်သတင်းယူရေး မရေရာ

( 8 )Burma’s health woes traversing borders

( 7 )အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရေး အလွယ်တကူ မဖြစ်နိုင်

( 6 )Myanmar approves investment law

( 5 )NLD ရပ်တည်ခွင့်ပယ်ချမှု လူ့အခွင့်ရေးညီလာခံတင်မည်

( 4 )Media laws obscuring parliament

( 3 )ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မြန်မာစစ်အစိုးရကို ဖိအားပေး

( 2 )Myanmar court rejects bid to restore Suu Kyi party

( 1 )Myanmar court upholds dissolution of Suu Kyi party

Friday, January 28, 2011

မီဒီယာ ထိန်းချုပ်ရန် ခက်ခဲဟု ဗိုလ်ချုပ်မှူးကြီး ပြောဆို

စည်သူ Friday, 28 January 2011

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မီဒီယာများသည် ခွင့်ပြုရန် လွယ်ကူသော်လည်း ထိန်းချုပ်ရန် ခက်ခဲသည် ဟုပြော ကြားကြောင်း သိရသည်။

နေပြည်တော်၌ မကြာမီ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် မီဒီယာများကို ခွင့်ပြုရန်၊ ခွင့်မပြုရန် နှင့် ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း ၏ မေးမြန်းမှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်ဟု ပြန်ကြား ရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦး ကပြောပြသည်။

“ကျနော်တို့ ၀န်ကြီးဌာနကို ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက လွှတ်တော် တက်ခွင့်ရ၊ မရ မေးကြတယ်။ အဲဒါ နဲ့ ၀န်ကြီးက ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့တုန်း ပြောပြတော့ မီဒီယာ ဆိုတာ ခွင့်ပြုရတာ လွယ်တယ်၊ ထိန်းချုပ်ဖို့ ခက်တယ် လို့ပဲ မှတ်ချက်ပြုတယ်။ ကျန်တာ ဘာမှ ပြန်မပြောဘူးလို့ ၀န်ကြီးက ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

ဇန်န၀ါရီ ၂၂ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်၊ သမ္မတအိမ်တော်နှင့် ဒု သမ္မတ အိမ်တော် ၀န်ထမ်းများနှင့် သတင်းရယူကြမည့် မြန် မာ အစိုးရပိုင် သတင်းစာနှင့် ရုပ်မြင်သံကြားမှ ၀န်ထမ်းတချို့ဆေးစစ်ခဲ့ကြရကြောင်း စုံစမ်းသိရသည်။

“၀န်ထမ်းတွေကော ၊ သတင်းစဉ်ကလူတွေကော ဆေးစစ်ကြရတယ်။ ဆေးအောင်တဲ့သူမှ ၀င်ခွင့်ရမယ်ပြောတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် ပြည်တွင်းက ဆေးမစစ်ရသေးတဲ့ သတင်းသမားတွေကို ၀င်ခွင့်မပေးသေးဘူးလို့ ယူဆလို့ ရပါတယ်”ဟု သတင်းစဉ် ၀န်ထမ်း တဦးက ပြောသည်။

လွှတ်တော် သတင်း ယူလိုသော ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက“ကျနော်ကတော့ စာပေစိစစ်ရေးကော ပြန်ကြားရေး ကိုကော ၀င်ခွင့်အတွက် မေးကြည့်တယ်။ ဘာညွှန်ကြားချက်မှ မလာသေးဘူးလို့ ပြန်ပြောကြတယ်”ဟု ပြောဆိုသည်။

ယခုလ ၁၅ ရက်တွင် ဖွဲ့စည်းခဲ့သော ပုဂ္ဂလိက စာနယ်ဇင်းများ ဖွံ့ဖြိုးရေး ကော်မတီ အနေဖြင့် ယင်းကိစ္စကို တာဝန်ယူ ဆောင်ရွက်နိုင်ပါက များစွာအဆင်ပြေမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အဲဒီအဖွဲ့က တစုံတရာစီစဉ်ပေးနိုင်ရင် ကောင်းမယ်။ အဲဒီလို မဟုတ်ရင် ဒီအဖွဲ့ဖွဲ့တာ အလကားပဲ”ဟု ဂျာနယ် သတင်း ထောက် တဦးက ပြောသည်။

ယင်းသို့သော အခြေအနေများကြောင့် လွှတ်တော် အစည်းအဝေး သတင်းယူရန် အလှမ်းဝေးဖွယ် ရှိနေကြောင်း ပြည်တွင်း မီဒီယာ များက ပြောဆိုကြသည်။

“ကိုယ်စားလှယ်တွေတောင် လွှတ်တော်တွင်းကို အသံဖမ်းစက်၊ ကင်မရာ၊ နောက်ဆုံး ခေါင်းပေါင်းထုပ်တဲ့ ဟာတောင် မယူရတာ။ မီဒီယာကို ခွင့်ပြုဖို့ လိုဦးမယ် ထင်တယ်”ဟု အထက်ပါ ဂျာနယ် အယ်ဒီတာက ဆက်လက်ပြောကြားသည်။

လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် ၀တ်စား ဆင်ယင်မှု အပါအ၀င် တယ်လီဖုန်း၊ အသံဖမ်း စက်၊ ကွန်ပျူတာ၊ ဘောလ်ပင်၊ စာရွက်စာတမ်း စသည့်အရာများ ယူဆောင်ခွင့်မရှိဟု ကန့်သတ်ထားပြီး လွှတ်တော်ထဲ၌ ဆွေးနွေးကြမည့် အကြောင်းအရာများနှင့်ပတ်သက်၍လည်း ကန့်သတ်ချက် ဥပဒေများကို စာအုပ် ၁၇ အုပ်ဖြင့် ထုတ်ပြန်ထားသည်။

ဝါရင့် သတင်း အယ်ဒီတာတဦးက“ဒီမိုကရေစီ နိုင်ငံအစစ်ကို သွားမယ်ဆိုရင် မီဒီယာ လွတ်လပ်ခွင့်ကို တန်ဖိုးထားရပါတယ်”ဟု ဆို သည်။

လာမည့် ဇန်န၀ါရီ ၃၁ ရက်နေ့တွင် နိုင်ငံတ၀န်း တပြိုင်တည်း လွှတ်တော် အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း စစ်အစိုးရ က ထုတ်ပြန် ကြေညာထားသည်။