Thursday, September 30, 2010

သူရဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူပြီး

မြတ်ခိုင်ဦး / ၃၀ စက်တင်ဘာ ၂၀၁၀

သွေးကြောများပေါ်နေသော သူရဦးတင်ဦး၏ ဘယ်ဘက်မျက်စိအား ယနေ့နေ့လယ် စင်ကာပူစံတော်ချိန် (၃) နာရီတွင် Tan Tock Seng ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ်ကုသပြီးစီးခဲ့ကြောင်း သိရသည်။

ခွဲစိတ်ခန်းအတွင်းမှ ထွက်လာသော သူရဦးတင်ဦး၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ သားဖြစ်သူ ဦးသန့်စင်ဦးက “ဟုတ်ကဲ့အခုပဲ ပြီးတာပါ၊ ကျန်းကျန်းမာမာပါပဲ။ ထွက်လာတော့ မေးပါတယ်၊ ဘယ်လောက်ကြာသွားလဲပေါ့။ ဒီလောက်ပါပဲ” ဟု ဆိုသည်။

ဦးတင်ဦးသည် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် စင်ကာပူတွင် (၄-၅) ရက်ခန့် ကြာဦးမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးသည် မျက်စိတွင် တိမ်စွဲခြင်း၊ သွေးကြောများ ပေါ်လာခြင်းတို့အတွက် လိုအပ်သော ခွဲစိတ်ကုသမှုများပြုလုပ်ရန် အင်္ဂါနေ့က စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။


ဦးတင်ဦးနှင့်အတူ ဇနီးသည် ဒေါက်တာဒေါ်တင်မိုးဝေလည်း လိုက်ပါလာပြီး ဂျပန်နိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ) မှ သားဖြစ်သူ ဦးသန့်စင်ဦးနှင့် ဇနီးလည်း စင်ကာပူသို့ ယမန်နေ့က ရောက်ရှိခဲ့သည်။ သားအဖ (၂) ဦး ကွဲကွာနေရသည်မှာ (၁၈) နှစ်ရှိပြီဟု သိရသည်။

ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောဆေးစစ်မှုများ ခံယူပြီးနောက် ယနေ့ ခွဲစိတ်ကုသမှု ခံယူခြင်းဖြစ်သည်။

ဆေးရုံတွင် ခွဲစိတ်ကုသရေးအတွက် လိုအပ်သောအကူအညီများ ပေးနေသည့် ဒေသခံတဦးဖြစ်သူ ကိုခင်အောင်က “အခုဆေးရုံမှာ ခွဲစိတ်တာ မျက်စိအထူးကုဆရာဝန်တွေက ခွဲစိတ်ပေးနေတာပါ။ ဒီဆေးရုံကလည်း တော်တော်လေးကို ဂရုစိုက်ပါတယ်။ VIP လိုမျိုးပါပဲ” ဟု ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပန်းလှိုင်ဆေးရုံမှ ဆရာဝန်ဆရာမများလည်း လိုက်ပါလာကြသည်ဟု သိရသည်။

ဦးတင်ဦး၏ ကျန်ရှိသော တိမ်စွဲနေသည့် ညာဘက်မျက်စိကိုမူ နောင်နှစ်မှသာ ခွဲစိတ်ကုသမှု ခံယူမည်ဟု သိရသည်။

သူရဦးတင်ဦးသည် မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးအဖြစ် တပ်မတော်သားများ၏ ချစ်ခင်လေးစားမှုကို ခံယူရသော တပ်ချုပ်တဦးအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားသည်။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုမှုမှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ခိုင်ခိုင်မတ်မတ် ရပ်တည်ခဲ့ကာ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဦးလည်မသုန် ဆက်လက် ထမ်းဆောင်နေသူတဦး ဖြစ်သည်။

တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား

ရဲရင့် / ၃၀ စက်တင်ဘာ ၂၀၁၀

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဒေသအတွင်း နအဖလက်အောက်ခံတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် အရေးပေါ်တပ်လှန့်ထားသည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

၎င်းက “ဒီလ (၂၄) ရက်နေ့ကစပြီး တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၁၀) နဲ့ (၂၀၃) တပ်ရင်းတွေ ကျနော်တို့နယ်ထဲမှာလာပြီး တပ်စွဲထားတယ်။ ဒီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ ကျနော်တို့တပ်တွေကိုလည်း အရေးပေါ် တပ်လှန့်ထားပါတယ်” ဟု ပြောသည်။

နအဖတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲထားသည့် ဒေသမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့နှင့် ဘားအံမြို့နယ်အတွင်းရှိ တပ်မဟာ (၇) ဒေသ မဲ့စလေနှင့်လယ်ပေါ်ဟဲအရပ်တွင် ဖြစ်သည်ဟု တပ်မဟာမှူးက ပြောသည်။

အဆိုပါဒေသတွင် နအဖတပ်များ၊ နယ်ခြားစောင့်တပ်များ၊ ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလျက်ရှိပြီး ကရင်နယ်ခြားစောင့်တပ်ရင်းများသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့ ၀ဲကလိကျေးရွာရှိ လေ့ကျင့်ရေးကျောင်းတွင် မွန်းမံသင်တန်း တက်နေသဖြင့် ထိုတပ်ရင်း (၂) ရင်းက ယာယီလုံခြုံရေးယူထားခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်တပ်မှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းနယ်ခြားစောင့်တပ်မှ အရာရှိတဦးကမူ “ဗမာဘက် ကမ်းနဖူးမှာ ဗမာတပ်ရင်း (၂) ရင်းက တပ်စခန်းတွေ၊ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ အခိုင်အခန့် ဆောက်နေတာဆိုတော့ သူတို့ဒီနေရာမှာ အမြဲတပ်စွဲမယ့် အနေအထားရှိတယ်။ ဒီဒေသမှာ မကြာခင် တိုက်ပွဲကြီးတွေ ပြန်ဖြစ်နိုင်တယ်” ဟု ပြောသည်။

ဗိုလ်မှူးချုပ် ဂျော်နီက “နအဖ၊ ဒီကေဘီအေ၊ ကရင်နယ်ခြားစောင့်တပ်၊ ဘယ်တပ်ပဲဖြစ်ဖြစ် ကျနော်တို့ဘက်ကတော့ အရင်သွားမတိုက်ဘူး၊ သူတို့က လာတိုက်ရင်တော့ လုံးဝသည်းခံမှာ မဟုတ်ဘူး။ ကျနော်တို့ဘက်မှာ စစ်ရေးပြင်ဆင်မှုတွေ အရန်သင့်ပဲ” ဟု ပြောသည်။

ယခင်လ (၁၈) ရက်မှစ၍ ကရင်နယ်ခြားစောင့်တပ်များ ဖွဲ့စည်းပြီးသည့်နောက်ပိုင်း ကေအန်အယ်လ်အေ တပ်မဟာ (၇) သို့ ကရင်နယ်ခြားစောင့်တပ်မှ အရာရှိအရာခံ အကြပ်တပ်သားများနှင့် မိသားစုဝင် (၁၅၀) ခန့် လက်နက်ခဲယမ်းမီးကျောက် အလက် (၈၀) ခန့်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ၎င်းက ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) ဒေသ၌ ပျှမ်းမျှတလလျှင် တိုက်ပွဲကြီးငယ် (၅) ကြိမ်ခန့် ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိသည့် ဒေသဖြစ်သည်ဟု သိရသည်။

KNU နှင့် နအဖတပ် ထပ်မံ တိုက်ပွဲဖြစ်

သန်းထိုက်ဦး Thursday, September 30, 2010

နအဖ တပ်ဖွဲ့များကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ် ဘက်မှ ၁ ဦး ကျဆုံးကြောင်း သိရသည်။

ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် အနီးတ၀ိုက်တွင် KNU တပ်ရင်း (၁၆) မှ တပ်ဖွဲ့များနှင့် နအဖ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာ (၃) မှ ခြေလျင်တပ်ရင်း (ခလရ) ၂၈၃ နှင့် ခလရ ၄၀၅ တပ်ရင်းတို့နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နအဖ တပ်များက ယင်းဒေသ၌ တပ်အပြောင်းအလဲ ပြုလုပ်နေစဉ် KNU ပြောက်ကျားတပ်များက ခြုံခိုတိုက်ခိုက်ခြင်း ဖြစ်ကြောင်း KNUတပ်မဟာ (၆) မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေက ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ စစ်သည်အင်အား ၂၀၀ ခန့် ရှိပြီး အစီအစဉ် တခုခုကြောင့် တပ်ပြောင်းလာခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သော တပတ်ကလည်း လှိုင်းဘွဲ့မြို့နယ် သရီးဖိုးကွီး ကျေးရွာအနီး၌ နအဖ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၉ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၄၃ နှင့် KNU တိုက်ပွဲ ဖြစ်ပွားရာ နအဖတပ်ဘက်မှ ၄ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဒေသတွင် စစ်အစိုးရတပ် အပါအ၀င် DKBA ၊ အပစ် အခတ်ရပ်စဲထားသော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA) အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အဖွဲ့များလည်း လှုပ်ရှား လျက် ရှိကြောင်း သိရသည်။

ယင်း တိုက်ပွဲနှင့် ပတ်သက်၍ စစ်အစိုးရ သတင်းစာများတွင် ယနေ့အထိ ဖော်ပြခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ

ဧရာဝတီ Thursday, September 30, 2010

မဲပေးပိုင်ခွင့် ရှိသူများစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အမည်ကို တရားဝင် ထည့်သွင်း ထုတ်ပြန်ခဲ့ သော်လည်း မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အဆိုပါသတင်းကို ပြည်တွင်း မီဒီယာများ၌ ဖော်ပြခွင့်မပြုကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် တပတ်က ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား အမှတ် (၁) ရပ်ကွက်ရှိ ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၊ အတူနေသူများ ဖြစ်သည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ကို မဲပေးနိုင်သူများ စာရင်းတွင် ထည့်သွင်း ဖော်ပြထား ခြင်းကြောင့် ပြည်တွင်း မီဒီယာများက ရပ်ကွက်ရုံးသို့ သွားရောက် သတင်းယူ ကြကြောင်း၊ သို့သော် စာပေ စိစစ်ရေးက ယင်းသတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့် မပြုဘဲ ဖြုတ်ပယ်ခြင်း ဖြစ်ကြောင်း သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

စာပေစိစစ်ရေးက ဒေါ်အောင်ဆန်း စုကြည်ဆိုတဲ့ နာမည်ကို သတင်း မီဒီယာ တွေပေါ်မှာ မမြင်ချင်လို့ ပိတ်တာပဲ။ လူတယောက် မဲပေးလို့ ရတယ်ဆိုတာ ဘယ်သူ့ကိုမှ ထိခိုက်တဲ့ သတင်းမျိုး မဟုတ်ဘူး” ဟု အဆိုပါ အယ်ဒီတာက ပြောသည်။

မဲဆန္ဒရှင်စာရင်း စတင်ထုတ်ပြန်သည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အမည် ပါဝင်ခြင်းမရှိဘဲ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းအချိန်တွင်မှ ဒေါ်အောင်ဆန်းစုကြည် အမည်ပါသည့် စာရွက်ကို ရပ်ကွက်ရုံးတွင် ပြောင်းလဲကပ်ခြင်းဖြစ်ကြောင်း သိရသည်။

စာပေစိစစ်ရေးသည် ဒေါ်အောင်ဆန်းစုကြည်၏အမည်၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် NLD နှင့် ဆက်နွှယ်သော သတင်းမှန်သမျှ ပိတ်ပင်ထားသည့်အပြင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝေဖန်ရေးသားမှုများ၊ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် သတင်းများ ဖော်ပြခွင့်ကိုလည်း ပိတ်ပင်ထားသည်။

“အခုထက်ထိ သတင်းလွတ်လပ်ခွင့် မရသေးဘူး။ ပြည်တွင်း ပုဂ္ဂလိကမီဒီယာတွေ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပဲ။ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လိုနည်းနဲ့မှ သတင်းလွတ်လပ်ခွင့် ရမှာမဟုတ်ဘူး” ဟု ရန်ကုန်မှ စာနယ်ဇင်းသမားတဦးက ပြောသည်။

ပြည်တွင်း သတင်းမီဒီယာများအနေနှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ဆက်စပ်သော သတင်းများ ရေးသားရာတွင် သတိပြုကြရန်၊ ဝေဖန်ခြင်း၊ မှားယွင်းရေးသားခြင်းများရှိလျှင် ဂျာနယ်ထုတ်ဝေခွင့်ကို ထာဝရ ပိတ်ပင်သည်အထိ အရေးယူမည်ဖြစ်ကြောင်း စာပေစိစစ်ရေးက ညွှန်ကြားချက်တရပ်ကို ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ပြည်တွင်း နိုင်ငံရေးသမား တဦးကမူ သတင်းလွတ်လပ်ခွင့်မရှိဘဲ လာမည့် ရွေးကောက်ပွဲသည် တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ရွေးကောက်ပွဲကို သပိတ်မှောက် ခိုင်းခြင်းသည် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇ အရ ထောင်ဒဏ် တနှစ်နှင့် ငွေဒဏ် တသိန်း ချမှတ်နိုင်သည်ဟု ရေးသားထားသည့် အစိုးရဝါဒဖြန့် ဆောင်းပါးများကို သတင်းဂျာနယ်များတွင် ဖော်ပြရန် စာပေစိစစ်ရေးက ဖိအားပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ၏ ရပ်ကွက်များတွင် လမ်းခင်းပေးခြင်း၊ ငွေချေးငှားပေးခြင်း ကဲ့သို့သော နိုင်ငံတော်ပိုင် ဘဏ္ဍာငွေဖြင့် မဲဆွယ်စည်းရုံးသည့် သတင်းများ၊ ကြံ့ဖွံ့ပါတီကို အမာခံမဲပေးမည့်သူများစာရင်းနှင့် ကြိုတင် မဲစာရင်း ကောက်ခံမှုများနှင့် ပတ်သက်သော သတင်းများကိုလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီ အပါအ၀င် နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းပါတီများမှ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော်က လွှတ်တော် သုံး ရပ်တွင် နေရာ ၁၁၇၁ နေရာအတွက် ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်သည်။

ကြံ့ဖွံ့နှင့် တစည မဲရုံကိုယ်စားလှယ် နေ့စားနှင့်ခေါ်

ခိုင်သွယ် Thursday, September 30, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီ တို့သည် ရွေးကောက်ပွဲ နေ့အတွက် မဲရုံကိုယ်စားလှယ်များ ထားရှိရန် အခကြေးငွေ ပေး၍ ခေါ်ယူ လျက်ရှိကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မဲရုံများတွင် ကိုယ်စားလှယ် အဖြစ် ထားရှိရန် တဦးလျှင် ထမင်းကျွေးပြီး နေ့တွက်ခ ကျပ် ၇၀၀၀ ၊ တစညပါတီက ထမင်းကျွေးပြီး နေ့တွက်ခ ကျပ် ၅၀၀၀ နှုန်းဖြင့် အသီးသီး ခေါ်ယူလျက် ရှိကြောင်း သတင်းရရှိသည်။

“ကြံ့ဖွံ့ပါတီနဲ့ တစည ပါတီကတော့ ကျနော်တို့ ရပ်ကွက် တွေထဲမှာ အပြိုင် အဆိုင်ကို ခေါ်နေကြတာပဲ။ လူတွေက ကြံ့ဖွံ့ပါတီ ဆိုရင်တော့ အန္တရာယ် မရှိနိုင်ဘူးပေါ့။ ပိုက်ဆံလည်း ပိုရမယ်ပေါ့။ အဲဒီလို ဖြစ်နေတယ်”ဟု အင်းစိန် မြို့နယ်တွင် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောသည်။

ပါတီအများစုသည် ငွေကြေး အခက်အခဲနှင့် လူထု၏ အကြောက် တရားများကြောင့် မဲရုံကိုယ်စားလှယ် အဖြစ် လုပ်ပေးမည့် သူများ ရှာဖွေရန် ခက်ခဲနေချိန်တွင် အဆိုပါ အင်အားကြီး ပါတီနှစ်ခုက ငွေအင်အားသုံး၍ ခေါ်ယူနေခြင်း ဖြစ်ကြောင်း နိုင်ငံရေး ပါတီများထံမှ သိရှိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက “ပါတီရဲ့ မဲရုံကိုယ်စားလှယ် လုပ်ပေးမယ့် သူက ရှိပါတယ်။ အားလုံး အပြည့်ထားနိုင်ဖို့တော့ ခက်နေတယ်။ လူတွေက ကြောက်ကြတယ်၊၊ နောက်တချက်က ဘတ်ဂျက် အရလည်း ကျမတို့က မဲရုံကိုယ်စားလှယ် တယောက်ကို ဘယ်လောက်ဆိုပြီး ပေးနိုင်မှာ မဟုတ်ဘူး”ဟု ပြောသည်။

နိုင်ငံရေးပါတီ တချို့အတွက် မဲရုံကိုယ်စားလှယ်လောင်းများအဖြစ် အခမဲ့လုပ်ပေးမည့်သူများ ရှိသော်လည်း ကြံ့ဖွံ့ပါတီဝင်များ ကို စိုးရွံ့နေကြကြောင်း ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်ကလည်း ဆိုသည်။

“လူတွေက ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့နဲ့ ပြဿနာဖြစ်မှာ စိုးရိမ်ကြတယ်။ ကျနော်တို့ကတော့ စပြီး စုဆောင်းနေပြီ။ ရသလောက် တော့ ထားမှာပါ။ အားလုံး အပြည့်အစုံထားနိုင်ဖို့ကတော့ မပြောနိုင်သေးပါဘူး”ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ရွေးကောက်ပွဲဝင်မည့် ပါတီပေါင်း ၃၇ ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် ၀င်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း နိုင်ငံရေးပါတီအများစုမှာ အကြောင်းကြောင်းကြောင့် မဲရုံကိုယ်စားလှယ် ထားနိုင်ကြမည် မဟုတ်ဘဲ ကြံ့ဖွံ့ပါတီ နှင့် တစညပါတီတို့ကသာ မဲရုံကိုယ်စားလှယ် လိုသလောက်ထားနိုင်မည့် အနေအထားမျိုးဖြစ်ကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီက မဲရုံကိုယ်စားလှယ်လောင်းတင်မကဘူး၊ သူတို့ပါတီဝင်တွေကိုတော့ စက်တင်ဘာလ ၂၀ ရက်နေ့စပြီး ပါတီရုံး လာတဲ့သူတွေကို တနေ့ ကျပ် ၂၀၀၀ နှုန်းနဲ့ စပေးနေပြီ။ ပြီးတော့ မဲရုံနဲ့ပတ်သက်တဲ့ သင်တန်းလည်း စပေးနေပြီ”ဟု မရမ်းကုန်း မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေးတာဝန်ခံ ဦးသာဝင်းက ၄င်းတို့ပါတီအနေဖြင့် မဲရုံကိုယ်စားလှယ် ထားရှိရန်အတွက် စီစဉ် ပြီးဖြစ်ကြောင်း၊ စားရေးသောက်ရေးအတွက်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

မူးယစ်ရာဇာအမည်ရ ပြည်သူ့စစ်ခေါင်းဆောင်များရွေးကောက်ပွဲဝင်

မွေခေါဝ်

မူးယစ်ရာဇာအဖြစ် ကျော်ကြားလျက်ရှိသောပြည်သူ့စစ်ခေါင်း ဆောင်များက USDP ပါတီကတဆင့် လာမည့် နိုဝင်ဘာ ၇ ရက် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

“မူးယစ်ရာဇာလို့ နာမည်ကြီးနေတဲ့ပြည်သူ့စစ်ခေါင်းဆောင်လေးယောက်ရှိတယ်။ သူတို့ကိုကြံ့ဖွတ်ပါတီက စိတ်ကြိုက် ရွေးထားတာလေ။ ကွတ်ခိုင်ကနှစ်ယောက်၊ မူဆယ်နဲ့နမ့်ခမ်းကတစ်ယောက်စီဖြစ်တယ်” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောပါသည်။

ကွတ်ခိုင်မြို့မှ ဦးမြင့်လွင်(ခေါ်)၀မ်ကော့တာနှင့်ဦးထီခွန်မြတ်တို့နှစ်ဦးစလုံးပြည်နယ်လွှတ်တော်အဆင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

ကွတ်ခိုင်မြို့နယ် တာမိုးညဲပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်လွင်(အသက် ၆၀ နှစ်)သည် ကြံ့ဖွတ်အသင်းအနေဖြင့် တာမိုးညဲမြို့နယ်ခွဲ ကိုယ်စားလှယ်အဖြစ် ညောင်နှစ်ပင်ညီလာခံကိုလည်းတက်ရောက်ခဲ့ဖူးသူဖြစ်သည်။

“မြို့ပေါ်ကလူတွေအားလုံးတော့ သူ့ကိုမူးယစ်ရာဇာလို့သိကြတယ်” ဟု ကွတ်ခိုင်ဒေသခံတစ်ဦးကပြောပါသည်။

အင်အား ၆၀၀ ခန့်ရှိ ကွတ်ခိုင်ပြည်သူ့စစ်ခေါင်းဆောင် ဦးထီခွန်မြတ်(အသက် ၅၇ နှစ်) မှာလည်း ညောင်နှစ်ပင်ညီလာခံ တက်ရောက်ခဲ့ ဖူးသည်။

“(ဖျက်သိမ်း) မြန်မာမေဖလားဝါးဘဏ်ရဲ့ ရှယ်ယာဝင်တစ်ဦးလဲဖြစ်တယ်။ ငွေမဲကနေငွေဖြူလုပ်တဲ့နေရာမှာ ထင်ရှားတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ကချင်အမျိုးသား ဦးကင်မိုင်(အသက် ၅၀ နှစ်)မှာ အင်အား ၂၀၀ ရှိ မူဆယ်မြို့နယ် မိုင်းပေါ့ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်သည်။ မူဆယ်မြို့ မဲဆန္ဒနယ်မြေ(၂)၌ ပြည်နယ်လွှတ်တော်အဆင့်ယှဉ်ပြိုင်မည်ဖြစ်သည်။

“မူဆယ်နဲ့ကွတ်ခိုင်မှာ ဦးမြင့်လွင်နဲ့ဦးကင်မိုင်တို့က မူးယစ်ဆေးဝါးတွေထုတ်လုပ်တယ်။ ဦးထီခွန်မြတ်က ဦးကင်မိုင် ထိန်းချုပ်နယ်က တ ဆင့် မူးယစ်ဆေးတွေ တရုတ်ဘက်ကိုပို့တယ်” ဟု အဆိုပါ ကွတ်ခိုင်ဒေသခံကဆက်ပြော၏။

အသက် ၅၁ နှစ်ရှိ ပန်းဆေးကျော်မြင့်သည် မူဆယ်မြို့နယ် USDP ၏အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ် သည့်အပြင် ခိုလုံ လီစူး (ပန်းဆေး ကျေးရွာအုပ်စု) ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သည်။ လီစူးလူမျိုးစုကိုယ်စားလှယ်အဖြစ် ညောင် နှစ်ပင်ညီလာခံကို တက်ရောက်ခဲ့ဖူး၏။

“ပန်းဆေးကျော်မြင့်က နမ့်ခမ်းမြို့ပြည်သူ့လွှတ်တော်အဆင့်ယှဉ်ပြိုင်မယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့လူသိများ တယ်။ မူဆယ်အနီး (ရွှေလီမြစ်လယ် ကျွန်းပေါ်ရှိ) ယုန်ယန်လောင်းကစားရုံကိုလဲသူပိုင်တယ်”- ဟု ဖိုင်ဟောင်ရပ် ကွက်နေ မူဆယ်ဒေသခံတစ်ဦးကပြောပါသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်အတွင်းသွားလာနေသော ကူးတို့စက်လှေများ၏ ပိုင်ရှင် စိုင်းကျော်ထွေးမှာ ပန်းဆေး ကျော်မြင့်၏ညီဖြစ် ပြီး (ယခင် စစ်တိုင်းမှူး) ဗိုလ်ချုပ် မြင့်လှိုင်နှင့်လည်းအထူးရင်းနှီးသည့် မူးယစ်ကုန်သည်ဟု နမ့်ခမ်းမြို့ ပန်းဆေးကျေးရွာအုပ်စု ရွာသားတ ဦးက ပြောပါသည်။

စိုင်းထွန်းမောင်(စိုင်းကျော်ထွေး၏ယောက်ဖ) မှာ လီစူးလူမျိုး လူနည်းစုဝန်ကြီးနေရာ၌ ယှဉ်ပြိုင်မည်ဟုသိရ၏။ နိုင်ငံအ၀ှမ်းလူဦးရေ၏ ၀.၁% (၅၇,၀၀၀ ဦး) ပြည့်ကာ ထောက်ခံမဲပါအနိုင်ရရှိပါက စိုင်းထွန်းမောင် ခေါ် စိုင်းခမ်းအွန်သည် သျှမ်းပြည်ရှိ လီစူးလူမျိုးစု ၀န်ကြီးဖြစ်လာနိုင်ကြောင်း နမ့်ခမ်းဒေသခံများကပြောကြသည်။

ပြန်ပေးဂိုဏ်းခေါင်းဆောင် တရားသူကြီး

စစ်ထက်နိုင်

၂၀၁၀ ခုနှစ် ဇူလိုင်လ ( ၂၁ ) ရက်နေ့တွင် မူဆယ်မြို့ ၊ ခရစ်ယာန်ရပ်ကွက် ( ၀က်သတ်ကုန်း ) ၊ အမှတ် ( ၂၂၅ ) နေ ကိုတူးလွန် ( ခ ) ဖေါ်တူးဂမ် မှ ၄င်း၏အမဖြစ်သူ၏ သားနှင့်ချွေးမဖြစ်သော နော်လွမ် နှင့် ထူဆမ် တို့အား KIA မှ ဖမ်း ဆီးသွားကြောင်း မူဆယ်ရဲ တပ်ဖွဲ့ စခန်းတွင် အမှုဖွင့်တိုင်ကြားသည့် ဖြစ်ရပ် တခု ပေါ်ပေါက်ခဲ့ပါသည်။

ဖြစ်ပွားခဲ့ပုံမှာ ၂၀၁၀ ခုနှစ် ဖွန်လ ( ၂၂ )ရက်နေ့ နေ့လည် ( ၁ ) နာရီ အချိန်တွင် ကိုတူးလွန် ( ခ ) ဖေါ်တူးဂမ် ၏တူမ မထုဆမ် သည်တစ်ရပ်ကွက်တည်းနေ ဒေါ်ခေါင်ဆုပ်၏ နေအိမ်သို့ နေ့စဉ် အ၀တ်လျှော်နေကြအတိုင်း အ၀တ်လျှော်ရန် သွားရောက်ခဲ့ပြီး မထုဆမ်၏ ယောင်္ကျားဖြစ်သူ နော်လွမ် မှကလေးငိုနေသဖြင့်ကလေးနို့တိုက်ရန် ၄င်း၏ဇနီးထံသို့ သွား ရောက်ပို့ဆောင်ပေးခဲ့ပါသည်။

ကလေးနို့တိုက်အပြီး နော်လွမ် နှင့်ကလေး ပြန်သွားသည့်အချိန်တွင် နေအိမ်ပိုင်ရှင် ဒေါ်ခေါင်ဆုပ် မှ ၄င်းပိုင်ဆိုင်သော တရုတ်နိုင်ငံသုံးငွေ ယွမ် ( ၁၃၀,၀၀၀ ) ပျောက်ဆုံးသွားကြောင်းပြောဆိုပြီး ပျောက်ဆုံးငွေများအား ထုဆမ်တို့ လင်မ ယား ခိုးယူသည်ဟု ရပ်ကွက်လူကြီးများထံ စွပ်စွဲပြောဆိုသဖြင့် ချက်ချင်းပင် ထုဆမ်ကိုခေါ်၍ နော်လွမ် ရှိရာအိမ်သို့ လိုက်လံရှာဖွေရာ နော်လွမ်က လည်းသူမခိုးယူကြောင်း၊ သူလာရောက်သည့်အချိန် အိမ်ရှင် မိသားစုများရှိနေကြောင်း၊ ရပ်ကွက်လူကြီးမင်းများကြိုက်နှစ်သက်သလို ရှာဖွေနိုင်ပါကြောင်း ပြောဆိုရာ ၄င်းတို့နေအိမ် အနှံ့ရှာဖွေရာမည်သည့် သဲလွန်စမျှ မရှိသောကြောင့် ရပ်ကွက် လူကြီးမင်းများက အိမ်ရှင် ဒေါ်ခေါင်ဆုပ် အားမိမိအထားမှား/မမှား သေချာစွာ ပြန်လည်စဉ်းစားသင့်ကြောင်း ပြောဆို၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်း ပြေလည်စေခဲ့ပါသည်။

ဤသို့ပြေလည်ပြီးနောက် ၃/၄ ရက်ခန့်အကြာ ခရစ်ယာန်ရပ်ကွက်နေ ကိုမာထွန်းဆိုသူမှ ယွမ်ငွေကိစ္စရှင်းလင်းရန်ဟု ဆိုကာ မထုဆမ် အားလာရောက်ခေါ် ဆောင်သွားခဲ့ပြီးနောက် ( ၁၄ ) ရက်ခန့်အကြာတွင်ကိုမာထွန်းမှ မထုဆမ်၏ ယောင်္ကျား နော်လွမ် အား မထုဆမ်က တွေ့ချင်၍ အခေါ်ခိုင်းလိုက်ကြောင်း လာရောက်ပြောပြသဖြင့် လိုက်သွားခဲ့ရာ ၄င်းတို့ဇနီးမောင်နှံနှစ်ယောက် ပြန်ရောက်မလာတော့ပေ။

၂၀၁၀ ခုနှစ် ဇူလိုင်လ ( ၂၀)ရက် နေ့တွင် ခရစ်ယာန်ရပ်ကွက်နေ ကချင်ဘာသာရေးအဖွဲ့ခေါင်းဆောင် ဆန်ခမ်းဆိုသူ ရောက်လာပြီး မထုဆမ်၏ အဒေါ်ဖြစ်သူ ဒေါ်မာဂျီး ထံသို့ အဘာပါရွာအခြေစိုက် KIA တပ်မဟာ ( ၃ )မှ ထုတ်ပြန်လိုက် သော ( ပူးတွဲပါ စာများ ) မထုဆမ်နှင့် နော်လွမ် တို့အား တရုတ်ယွမ်ငွေ ( ၁၃၀,၀၀၀ နှင့်လာရောက်ရွေးယူရန် အ ကြောင်း ကြားစာဖြစ်နေသောကြောင့် ၄င်းစာများအားယူဆောင်၍ မူဆယ်ရဲတပ်ဖွဲ့စခန်းသို့ ဤလူပြန်ပေးအဖွဲ့တစုအား အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်း ဖြစ်ပါသည်။

ဤအမှုအား မူဆယ်ရဲတပ်ဖွဲ့မှ ( ပ ) ၁၅၇/၂၀၁၀ ပုဒ်မ-၃၆၅ အရ အမှုဖွင့်လှစ်လက်ခံခဲ့ပြီး ခရိုင်ရဲတပ်မှူး ရဲမှူးကြီး မိုး မောင်သန်း ၏လမ်းညွှန်ချက်ခံယူကာ ကိုမာထွန်းဆိုသူအား လက်ရဖမ်းမိ နှင့် ဒေါ်ခေါင်ဆုပ် နှင့်ဆန်ခမ်းတို့အား ဖမ်းမိ ခြင်းမရှိခဲ့ပေ။ မူဆယ်မြို့နယ်ဥပဒေအရာရှိ ဦးတင့်ဝေ ထံမှ ဥပဒေအကြံတောင်းခံယူ၍ တရားရုံးသို့တရား စွဲဆိုခဲ့ရာ မြို့နယ်တရားသူကြီး ဦးတင်မောင်မြင့်မှ အမှုအားကြားနာစစ်ဆေးပြီး ပထမတရားခံအိမ်ရှင်နှင့် ဘာသာရေးအဖွဲ့ ခေါင်း ဆောင် ပြန်ပေးစာ ယူဆောင်လာသူ ဆန်ခမ်း တို့နှစ်ဦးအား ဖမ်းဝရမ်းထုတ်ရန်အမိန့်ချမှတ်ခြင်း မရှိသည့်အပြင် ဖမ်းမိ တရားခံကိုပါ ( ၁၉.၉.၂၀၁၀ )တွင်တရားသေ လွှတ်ပေးခဲ့လေသည်။

မူဆယ်တရားရုံးနှင့်ရဲတပ်ဖွဲ့စခန်းတို့မှ ဥပဒေဘောင်အတွင်းမှ ကူညီဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်နောက်ဆုံး အ ဒေါ်ဖြစ်သူ ဒေါ်မာဂျီးသည် ကချင်တပ်မဟာ( ၃ )ထံသို့ အကျိုးအကြောင်း မေးရန် သွားရောက်ရာ ၄င်းအားလည်း ပြန် လည်လွှတ်ပေးခြင်း မရှိတော့ပေ။ ဤကဲ့သို့ဖြစ်နေခြင်းကြောင့် မိသားစု များမှာ စိုးရိမ်ပူပန်လျက်ရှိနေကြပေသည်။

မူဆယ်ဒေသသည် ကချင်တပ်မဟာ ( ၄ ) ၏ အပိုင်နယ်မြေဖြစ်သည့်အပေါ် တပ်မဟာ ( ၃ ) ကဤကဲ့သို့လုပ်ဆောင် ခြင်းအား ကချင်တပ်မဟာ ( ၄ ) တပ်ဖွဲ့များနှင့်ဒေသခံကချင်များမှ များစွာမကျေမနပ်ဖြစ်နေကြပေသည်။ အကျိုးအ ကြောင်း ညှိနှိုင်းရန် လည်းနောက်ထပ်လူများက မလိုက်ရဲကြပေ။ မည်ကဲ့သို့ဖြေရှင်းရမည်မသိ ဖြစ်နေကြ ပေသည်။ ၂၀.၉.၂၀၁၀ နေ့နေ့လည် ( ၁၃း၀၀ ) နာရီ အချိန်တွင် တပ်မဟာ ( ၃ ) မှ နေ၍ဒေါ်မာဂျီး၏ မိသားစုထံသို့ တယ်လီ ဖုန်းဖြင့် ငွေလာရောက်ပေးဆောင်သော်လည်း ၄င်းတို့ ( ၃ ) ဦးအားပြန်လွှတ်ပေးမည် မဟုတ်ကြောင်း ပြောသည့်အ တွက် သတ်ပြစ်မည်ကို စိုးရိမ်နေကြပေသည်။

ဤအမှုဖြစ်စဉ်အား မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်ဥပဒေအရာရှိနှင့် မြို့နယ်တရားသူကြီးတို့တိုင်ပင်ညှိနှိုင်း ငွေ လာဘ်စားပြီး တရားခံများအား လွှတ်ပေးခဲ့ပြီး ၄င်းတို့အဝေမတည့်ကြောင်း ၊မြို့နယ်တရားသူကြီး ဦးတင်မောင်မြင့် သည် ပြန်ပေးခိုင်းခေါင်းဆောင် တစ်ယောက်လိုဖြစ်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပြလေသည်။

မြို့နယ်တရားသူကြီး ဦးတင်မောင်မြင့်သည် အမှုများအားစစ်ဆေးရာတွင် ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်သူ၊ ရှေ့ နေမလေးများနှင့်ရှုပ်ပွေသူ ဟု နာမည်ကြီးသော်လည်း တရားသူကြီးချုပ် ဦးအောင်တိုး၏ တူတော်စပ်သူဖြစ်သော ကြောင့် မည်သူမျှ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပေ။

ဒီအမှုဖြစ်စဉ်ကြောင့် မူဆယ်မြို့သူ/သားများ၏စိတ်ထဲဝယ် တရားဥပဒေသည် ပြည်သူ့ဘက်၌မရှိ။ လက်နက်ကိုင် အဖွဲ့ အစည်းဆိုတာ ဘယ်လက်နက်ကိုင်အဖွဲ့မဆို လက်နက်အားကိုးအနိုင်ကျင့်သူကြီးသာ ဖြစ်သည့်အတွက် ၂၀၁၀ ခုနှစ် နိုဝင်္ဘာလ ( ၇ ) ရက် ( ကရင်ပြည်နယ်နေ့ ) တွင် ကျင်းပမည့်ရွေး ကောက် ပွဲတွင် လက်နက်ကိုင်အဖွဲ့အား နောက်ခံပြု ထားသည့် မည်သည့်အဖွဲ့အစည်းအား ဆန္ဒပြုထောက်ခံရမည် ကို ဝေခွဲမရ ဖြစ်နေကြရပေသည်။

အပစ်ရပ် “၀”နှင့် နအဖတို့ စစ်ဖြစ်မည့် အနေအထားသို့ မရောက်သေး

သျှမ်းသံတော်ဆင့်

နယ်ခြားစောင့်တပ် လက်မခံသော အပစ်ရပ် “၀” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP နှင့် ၄င်းအဖွဲ့ ခေါင်းဆောင်များ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများအား ရွှေ့ပြောင်းအပ်နှံသည့် အရေးပေါ် အနေအထား မတွေ့ရသဖြင့် “၀”နှင့် နအဖတို့ လတ် တလော စစ်ဖြစ်မည့် အရိပ်အယောင် မတွေ့ရဟု လေ့လာသူများက ယူဆကြသည် ။

လက်ရှိတွင် ပန်ဆန်းဋ္ဌာနချုပ် အပါအ၀င် “၀”နယ်မြေအတွင်း စစ်ရေး စီးပွားရေးနှင့် အခြားအခြေအနေများ ပုံမှန်ရှိနေသေး ကြောင်း “၀”နှင့်နီးစပ်သူများက တစ်ညီတစ်ညွတ်တည်း ပြောဆိုကြသည် ။

လွန်ခဲ့နှစ် သြဂုတ်လပိုင်းက ဖြစ်ပွားခဲ့သည့် နအဖနှင့် ကိုးကန့်တိုက်ပွဲကာလအတွင်း “၀”အဖွဲ့အတွင်း အခြေအနေနှင့် နိုင်း ယှဉ်၍ တရုတ်နယ်စပ်ရှိ “၀”နှင့်နီးစပ်သူ စီးပွားရေးသမားတစ်ဦးက ယခုလို ပြောသည် ။

“စစ်ဖြစ်မဲ့အရိပ်အယောင်တော့ သိပ်မမြင်ရသေးဘူး ၊ “၀”အဖွဲ့နဲ့ သူတို့ခေါင်းဆောင်တွေ ပိုင်တဲ့ ငွေတွေ တရုတ်ဘဏ်မှာ လာအပ်တာ ကားတွေဘာတွေ လာထားတာမရှိသေးဘူး ၊ မနှစ်က ကိုးကန့်တိုက်ပွဲကာလက ဒီလိုမဟုတ်ဘူးလေ ၊ အပြေး အလွား ငွေတွေအပ်ကြ ပစ္စည်းတွေရွှေ့ကြ။ အခုအဲလိုမရှိဘူး ၊ သိရသလောက် ပုံမှန်ပါပဲ ” ဟု သူက ဆိုသည် ။

နအဖ၏ နယ်ခြားစောင့်ဖွဲ့စည်းရေး နောက်ဆုံး ရာဇသံကို “၀”တပ်ဖွဲ့က ငြင်းပယ်ပြီးနောက် နအဖနှင့် “၀”တပ်ဖွဲ့တို့ နှစ်ဘက် ဆက်ဆံရေး တင်းမာလာရာ “၀”တပ်ဘက်မှ စစ်ရေးအသင့်ပြင်ထားသည့်တိုင် ဒေသတွင်းထူးခြားမှုမရှိကြောင်း စစ်ရေး/ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ပြောသည် ။

“စစ်ရေးအရ ၀ဘက်က အသင့်ပြင်ထားတဲ့ အနေအထားပါပဲ ၊ လတ်တလောကတော့ ကားအသွားအလာ အ၀င်အထွက်နဲ့ စီးပွားရေး လုပ်ငန်းတွေက အစ အားလုံးပုံမှန်ရှိပါတယ် ” ဟု သူက ဆိုသည် ။

သျှမ်းသံတော်ဆင့်က ရရှိသော သတင်းများအရ ဋ္ဌာနချုပ်ပန်ဆန်း၌ အရေးကြီး ပစ္စည်းများကို လွန်ခဲ့သည့်နှစ်ကိုးကန့် တိုက်ပွဲကာလ ကတည်းက ပြောင်းရွေ့ပြီး ဖြစ်ကြောင်း သိရသည် ။

သို့သော် ယခုလဆန်း ရ ရက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး နှင့် တရုတ်ခေါင်းဆောင်များ တွေ့ဆုံပြီးနောက်ပိုင်း “၀”တပ်နှင့်နအဖတို့ ထိပ်တိုက်တွေ့မည့် အနေအထားမှ အချိန် အတိုင်း အတာ တစ်ခုသို့ ရွေ့လျားသည့် အနေအထားဖြစ်ကြောင်း လေ့လာသူများက ဆိုသည် ။

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မင်းထက်အောင်၊ ကောင်းဝါ

ဗျုဟာမှူးတစ်ဦးအပါအဝင် ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းတပ်ရင်းနှစ်ရင်းအား ယနေ့နံနက်ပိုင်း၌ မိမိတို့ပြောက်ကျားပစ်ခတ်ခဲ့ကြောင်း KNU ကပြောသည်။

အထိအခိုက်စာရင်းတွေ အတည်မပြုနိုင်သေးပါ၊ ကျနော်တို့တပ်ဖွဲ့ပစ်ခတ်တာကတော့သေချာတယ်” ဟု တပ်မဟာ(၆) ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်ကြီးစောထဲနေ ပြောပါသည်။

ဘုရားသုံးဆူမြို့မှ (၁၈) မိုင်ခန့်ဝေးကွာသော အပလုံရွာနှင့် မြိုင်သာယာရွာအကြားတွင် ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

တဖန် ဗိုလ်ကြီးစောထဲနေက “ အဲဒီကနေနှစ်မိုင်လောက်ဝေးတဲ့ နေရာမှာလည်း မနက်(၁၁) နာရီမှာလက်နက်ကြီးသံတွေ ငါးမိနစ်လောက်ထပ်ကြားရပြန်တယ်၊ ဒါပေမယ့်ကျနော်တို့အဖွဲ့တော့ အဲဒီမှာမရှိတော့ဘူး” ဟု ပြောသည်။

ဒေသခံမွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက အဆိုပါသေနတ်သံများကြားရသော်လည်း မွန်ပြည်သစ်တပ်ဖွဲ့များနှင့် ပစ်ခတ်မှုမရှိခဲ့ဟု ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ထို့အတူ ယခုလ(၂၄)ရက်နေ့တွင်လည်း အဆိုပါစစ်ကြောင်းအား လေးဖိုးရွာအနီးတွင် KNU မှခြောင်းမြောင်းပစ်ခတ်ခဲ့ရာ နအဖဖက်မှတစ်ဦးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၆)မှ ပြောသည်။

ထိုသို့အပစ်ခတ်ခံရပြီးနောက် ၄င်းနအဖစစ်ကြောင်းသည် ကားလမ်းအတိုင်း ခြေလျှင်မလာတော့ဘဲ တောင်ကြောများပေါ်မှတဆင့် ဆက်လက်ချီတက်ခဲ့ပြန်ရာ လွယ်လွယ်နှင့်ခရီးမတွင်ဖြစ်နေသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရှေ့တန်းစစ်ဗျူဟာ(၃)မှ ဗိုလ်မှူးကြီးတင်မောင်ထွန်းနှင့်အတူ ခလရ(၂၈၃)၊ ခမရ(၄၀၅) တပ်ရင်းနှစ်ရင်း ပါရှိလာသည်။

“နှစ်ရက်ခရီးကို တစ်ပတ်နီးပါးလောက်အချိန်ယူပြီးလာရကတည်းက လမ်းမှာလုံခြုံရေးတွေ တော်တော်သတိထားနေရလို့ပါ” ဟုနယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦး အကဲခတ်ပြောဆိုသည်။

အဆိုပါခလရ(၂၈၃) သည် လက်ရှိဘုရားသုံးဆူအခြေစိုက် ခလရ(၃၂)တပ်ရင်းနေရာတွင် အစားထိုးဝင်ရောက်လာမည်ဟု စုံစမ်းသိရှိရသည်။

သတင်းမှတ်တမ်းများအရ ယင်းရတခတိုင်းစစ်ဗျူဟာမှူးများသည် ဘုရားသုံးဆူနယ်စပ်မြို့သို့ မလာရောက်နိုင်သည်မှာ (၂) နှစ်ခန့် ရှိပြီးဖြစ်သည်။

ထိုသို့ တိုင်းရှေ့တန်းစစ်ဗျူဟာမှူးတစ်ဦး ယခုအချိန်လာရောက်ခြင်းသည် ထူးခြားမှုတစ်ရပ်ဟု စစ်ရေးစောင့်ကြည့်သူများ အကဲခတ်နေကြသည်။

ကမ္ဘာကို အမှန်အတိုင်း ပြောပြလိုက်ပါ ...

အောင်ဇော်

၁၉၆၆ ခုနှစ်တုန်းက မြန်မာ ပညာတတ်လူငယ် မင်းလတ်ရဲခေါင် တယောက် ချက်ကိုစလိုဗက်ကီးယား နိုင်ငံ ပရက်မြို့တော် ၀င်ဆက်ဆလပ် ရင်ပြင်က သူထိုင်နေကျ တက်ထရန် ကော်ဖီဆိုင်မှာ ရှိနေပါတယ်။ အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့ ၄ နှစ်က မြန်မာပြည်မှာ အာဏာသိမ်း အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ လုံခြုံရေး ယာဉ်တန်း ဖြတ်သွားပါတယ်။ မင်းလတ်ဟာ ကော်ဖီဆိုင်က ချက်ချင်းထွက်သွားပြီး သူ့မိတ်ဆွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တဲ့ ဒေါက်တာ ဒက်ဂ်မာ ဘက်ခိုးဗား (Dr. Dagmar Beckova) ကို အကူအညီ တခု တောင်းပါတယ်။

နောက်ရက်ပိုင်း ဗိုလ်နေ၀င်းကို ဂုဏ်ပြုဧည့်ခံပွဲ ကျင်းပနေတုန်း ဘက်ခိုးဗားနဲ့ မင်းလတ်ရဲ့ မိတ်ဆွေ အတော်များများက ဗိုလ်ချုပ်နေ၀င်းရဲ့ နောက်လိုက်နောက်ပါ အဖွဲ့ဝင် တယောက်ကို ချဉ်းကပ်ပြီး ပါဆယ်ထုပ်တထုပ် ပေးခဲ့ပါတယ်။ အထုပ် ထဲမှာ ဗိုလ်နေ၀င်းကို လိပ်မူထားတဲ့ “မြန်မာပြည်နဲ့ ပတ်သက်ပြီး ကမ္ဘာကို အမှန်အတိုင်း ပြောပြလိုက်ပါ” ဆိုတဲ့ စာတစောင် ပါရှိပါတယ်။

ဗိုလ်နေ၀င်းကို ထိပ်တိုက် ရင်ဆိုင်လိုက်တဲ့အတွက် သူ သိပ် အန္တရာယ်ကြီးသွားပြီ ဆိုတာ မင်းလတ်က သိပါတယ်။ ပညာ တော်သင် မြန်မာတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်မိပြီ ဆိုရင် ပုံမှန်အားဖြင့် မြန်မာပြည်ကို ပြန်ကြရတာပါ။ သူ မြန်မာပြည် ပြန်တဲ့အခါ စစ်အစိုးရက သူ့ကို ကောင်းကောင်း မွန်မွန် ဘယ်ကြိုပါ့မလဲ။ အာဏာရှင်ကို မကြောက်ဘဲ မှန်တာ ပြောမိရင် သူ့ဘ၀က ကြေကွဲစရာအဖြစ်နဲ့ အဆုံးသတ်မယ် ဆိုတာကို အဲ့ဒီအချိန်က သူ မသိနိုင်ပါဘူး။ ဗိုလ်နေ၀င်းရဲ့ လက်ချက်နဲ့ ဘ၀ ဇာတ်သိမ်းမှာမဟုတ်ဘဲ မြန်မာပြည် မြောက်ပိုင်း တောတွင်းတနေရာမှာ သူ့ရဲ့ ကွန်မြူနစ် ရဲဘော် တယောက်က ပစ်သတ်ခံရမယ် ဆိုတာကို သူ မသိခဲ့ပါဘ

ဘာသာဗေဒ နဲ့ သမိုင်း ပညာရှင် ဆရာ မင်းလတ်ဟာ ရန်ကုန်က နာမည်ကျော် စိန့်ပေါလ် ဂရမ်မာ ကျောင်းမှာ ပညာသင်ခဲ့ သူ ဖြစ်ပါတယ်။ ၁၉၂၅ မှာ မွေးဖွားပြီး ဒုတိယ ကမ္ဘာစစ် ကာလ ပဲခူးတိုင်း အတွင်း ဖက်ဆစ် ဂျပန် တော်လှန်ရေးမှာ ပါဝင်ခဲ့ သူပါ။ စစ်ပြီးချိန်မှာ အလံဖြူ ကွန်မြူနစ်ပါတီဝင် တယောက် ဖြစ်သွားပြီး ၁၉၄၈ ခုနှစ် နိုင်ငံ လွတ်လပ်ရေးရလို့ သိပ်မကြာခင် မှာပဲ တောခိုပါတယ်။

၁၉၅၀ မှာ ချက်ကိုစလိုဗက်ကီးယားကို ရောက်ပါတယ်။ သူဟာ မြို့တော် ပရက်မှာ ပထမဆုံး သွားရောက် ပညာသင်တဲ့ မြန်မာကျောင်းသား သုံးယောက်ထဲက တယောက်ပါ။ ချားလ်စ် တက္ကသိုလ်ရဲ့ ဒဿနိကဗေဒ မဟာဌာနမှာ အင်္ဂလိပ်စာနဲ့ သမိုင်း သင်ယူပါတယ်။ သူ့ရဲ့ “အင်္ဂလိပ် အက္ခရာ စာလုံးများနဲ့ မြန်မာပြည်” စာအုပ်ကတော့ ပရက်မှာ မြန်မာစာ သင်ကြား ရေး အတွက် ကနဦး ခြေလှမ်းပါပဲ။

၁၉၅၅ မှာတော့ သူက ပရက် ဘာသာစကားကျောင်းမှာ မြန်မာဘာသာ စတင် ပို့ချပါတယ်။ “မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ အက္ခရာစဉ် ဝေါဟာရများနှင့် ပရက် နည်းလမ်း မြန်မာဖတ်စာ” ကိုလည်း ပုံနှိပ် ထုတ်ဝေပါတယ်။ ချက်ကျောင်းသား တွေ ခေတ်ပေါ် မြန်မာဘာသာစကားကို ပထမဆုံး ထိတွေ့စေနိုင်ခဲ့တဲ့ စာအုပ်ပါ။

ဒါ့အပြင် ချက်ကိုစလိုဗက် အကယ်ဒမီသိပ္ပံ၊ အရှေ့တိုင်း တက္ကသိုလ်မှာ သုတေသီ၊ သူ ပညာသင်ခဲ့တဲ့ တက္ကသိုလ်မှာလည်း နည်းပြဆရာ ဖြစ်လာပါတယ်။ ၁၉၆၇ ခုနှစ် ပရက်မြို့တော်ကို ခွာခဲ့ချိန်အထိ ဒီတာဝန်တွေ ယူခဲ့ပါတယ်။

ချက်နဲ့မြန်မာ ဆက်ဆံရေးအတွက် ဆရာမင်းလတ်ရဲ့ ဆောင်ရွက်ချက်တွေဟာလည်း အရေးပါခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်က ပရက်မှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ “မြန်မာ- အာရှရဲ့လမ်းဆုံ” စာအုပ်ဟာ မြန်မာပြည် နိုင်ငံရေး၊ သမိုင်း၊ စီးပွားရေးတို့အကြောင်း ကို ချက်ပြည်သူတွေနဲ့ ပထမဆုံး မိတ်ဆက်ပေးတဲ့ စာအုပ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်မှာ Burma Center Prague က ထုတ်ဝေတဲ့ ဘက်ခိုးဗားရဲ့ “မြန်မာ့ဆုံချက်” (Focus on Burma) ထဲမှာ အဲဒီလို ရေးထားပါတယ်။

ဘက်ခိုးဗားရဲ့ ရေးသားချက် အရ ဆိုရင် ဆရာမင်းလတ်ရဲ့ အရေး အပါဆုံး သုတေသန လုပ်ငန်းကတော့ “မြန်မာဘာသာ စကားကို ခေတ်မီ တိုးတက်အောင် ပြုလုပ်ခြင်း” ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ ဆရာမင်းလတ်က မြန်မာဘာသာစကားနဲ့ ခေတ် အသုံးအနှုန်းတွေကို နက်နက်နဲနဲ ခွဲခြမ်း စိတ်ဖြာ လေ့လာခဲ့ပြီး မြန်မာဘာသာစကား ဆက်လက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သူ့ရဲ့ အဆိုပြုချက်ကိုလည်း စာအုပ်မှာ ဖော်ပြထားပါတယ်။

အဲဒီ စာအုပ်ဟာ ပညာရေးဆိုင်ရာအရ အရေးကြီးတဲ့ သက်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါတင်မက အာဏာရှိသူတွေကို ပြောင်ပြောင် တင်းတင်း စိန်ခေါ်လိုတဲ့ သူ့ရဲ့ စိတ်ဆန္ဒကို တကြိမ် ထပ်ပြီး ပြသလိုက်တာပါပဲ။ ဒီတခါမှာတော့ ဂန္ထ၀င် မြန်မာ စကား အသုံးအနှုန်းက လွဲပြီး တခြား အသုံးအနှုန်းကို လက်မခံတဲ့ ပညာရေးဆိုင်ရာ ချမှတ်ဆောင်ရွက်မှု ပုံသဏ္ဌာန်တွေကို စိန်ခေါ်ခဲ့တာပါ။

ဆရာမင်းလတ်ဟာ ပညာရှင်တယောက်၊ တက်ကြွ လှုပ်ရှားသူ တယောက် အဖြစ်သာ မကဘဲ တက်ကြွနိုးကြားတဲ့ ၀တ္ထုတို တွေ ကဗျာတွေရေးသားတဲ့ စာရေးဆရာတယောက်လည်း ဖြစ်ပါတယ်။ ရဲခေါင် ကလောင်အမည်နဲ့ သူ့ဝတ္ထုတိုတွေ၊ ကဗျာ တွေကို မြန်မာပြည်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

သူ ပရက်မှာ ရှိနေတုန်း ချက် လူငယ် ဗားကလက် ဟာဗဲလ် ကလည်း ပြဇာတ်တွေ ရေးသားပြီး အာဏာရှင်စနစ်ကို ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ သူတို့ ခေတ်ပြိုင် စာရေးဆရာ တက်ကြွလှုပ်ရှားသူ နှစ်ဦးဟာ အစိုးရရဲ့ဖိနှိပ်မှုကို ဆန့်ကျင် တဲ့နေရာမှာ ကိုယ်စီ ရှိနေတဲ့ အရည်အချင်းတွေကို ဖလှယ် မျှဝေရင်း သူတို့ရဲ့ အသက်ကို ရဲဝံ့ စွန့်စားခဲ့သူတွေပါ။

ဟာဗဲလ်ဟာ ၁၉၈၉ ခု ကတ္တီပါ တော်လှန်ရေးကို ဦးဆောင်နိုင်တဲ့အထိ ဆက်လက် ဆောင်ရွက်ပါတယ်။ ချက်ကိုစလို ဗက်ကီးယားမှာ ကွန်မြူနစ်ဝါဒ ငြိမ်းငြိမ်းချမ်းချမ်း ကျဆုံးသွားပြီးတဲ့ နောက်ပိုင်း သူဟာ တိုင်းပြည်ရဲ့ ပထမဆုံး သမ္မတ ဖြစ်လာပါတယ်။ သူ့ ဆောင်ပုဒ်တခု ဖြစ်တဲ့ “အမှန်တရားနဲ့ ချစ်ခြင်း မေတ္တာတရားဟာ လိမ်ညာမှုတွေနဲ့ အမုန်းတရားကို အနိုင်ရ လွှမ်းမိုးနိုင်ရမယ်” ဆိုတဲ့စကားဟာ ဆရာမင်းလတ် အသေအချာ နှစ်သက် တန်ဖိုးထားတဲ့ စကားပါပဲ။

ဆရာမင်းလတ်ရဲ့ ပညာရေးဆိုင်ရာ တိုးတက် ဖြစ်ထွန်းမှုတွေက ချက်ကိုစလိုဗက်ကီးယားမှာ ဖြစ်ပေမယ့် သူ့ရဲ့ ဇာတိမြေ ကိုတော့ သူ့နှလုံးသားထဲမှာ ထည့်ထားတာပါ။ မြန်မာပြည် နိုင်ငံရေးဖြစ်စဉ်တွေကို သူ ထဲထဲဝင်ဝင် လေ့လာခဲ့ပြီး ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) ဌာနချုပ် တည်ရှိရာ ပဲခူးရိုးမနဲ့ တရုတ် မြန်မာ နယ်စပ်ဒေသမှာ လှုပ်ရှား တိုက်ပွဲဝင်နေကြတဲ့ သူ့ရဲ့ကွန်မြူနစ်ပါတီ ရဲဘော်ရဲဘက်တွေနဲ့ အမြဲ ထိတွေ့ ခဲ့ပါတယ်။ ၁၉၆၀ ပြည့်လွန် နောက်ပိုင်းကာလမှာတော့ ဗကပ ဟာ ၀ တောင်တန်းဒေသကို စတင် ထိုးဖောက် ၀င်ရောက်ခဲ့ပါတယ်။

ဗကပ ဟာ တရုတ်ပြည်က စစ်ရေး အကူအညီ ရခဲ့တာပါ။ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးက ရလာတဲ့ အတွေး အခေါ်နဲ့ ဗကပ က ၁၉၆၇ ခုနှစ်မှာ သူတို့ပါတီရဲ့ “တ၀က်တပျက် ယဉ်ကျေးမှုတော်လှန်ရေး” ကို ဖော်ဆောင်ပါတော့တယ်။

ဗကပ ပါတီဝင်တွေရဲ့ ဆွေမျိုးသားချင်းတွေ အပါအ၀င် ပညာတတ် ပုဂ္ဂိုလ်တွေကို ရက်ရက်စက်စက် ဖြုတ် ထုတ် သတ် လုပ်ခဲ့တယ်။ သန့်စင် ရှင်းလင်းရေးကို တုံ့ပြန် ရိုက်ခတ်တဲ့ တရုတ် ဆန့်ကျင်ရေး ရုန်းရင်း ဆန်ခတ်မှုတွေ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာကြား သံတမန် ဆက်ဆံရေး ဆိုးဝါးသွားပြီး ဘေဂျင်းက မြန်မာနိုင်ငံကို ပေးနေတဲ့ အကူ အညီတွေ တရားဝင် ရပ်စဲလိုက်ပါတယ်။ သူ့နိုင်ငံက ကျောင်းသားတွေကိုလည်း ပြန်ခေါ်ယူပါတယ်။ ဘေဂျင်း ရေဒီယိုက ဗိုလ်နေ၀င်း အစိုးရကို “ဖက်ဆစ်၊ တော်လှန်ရေးကို ဖျက်ဆီးသူ၊ ဖောက်ပြန်ရေးအစိုးရ” စသဖြင့် အပြင်းအထန် ရှုတ်ချပါ တော့တယ်။

ပရက် နွေဦးရာသီ ပြုပြင်ပြောင်းလဲရေးသမားတွေကို ၀ါဆောစာချုပ်ဝင် နိုင်ငံတွေက ကျူးကျော် ၀င်ရောက်ပြီး ချေမှုန်း တာ တွေ မဖြစ်ခင် တနှစ်အလို ၁၉၆၇ ခုနှစ်မှာ ဆရာမင်းလတ်ဟာ အဲဒီကနေ တရုတ်ပြည်ကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘေဂျင်းကို သူ ရောက်ပြီး ရှမ်းဘာသာကို လေ့လာသင်ယူရင်း ၁၉၆၉ ခုနှစ်အထိ နေခဲ့ပါတယ်။ ဒီနောက်တော့ ရှမ်းပြည် နယ် ဘက်ကို ပြောင်းသွားပါတယ်။ တရုတ်မြန်မာ နယ်စပ်က ဗကပ ရဲဘော်တွေနဲ့ ပြန်ဆက်သွယ်ခဲ့ပြီး ၀ နဲ့ ရှမ်း ဘာသာ ရပ် တွေကို လေ့လာပါတယ်။ ကွန်မြူနစ် ပါတီဝင်ဟောင်းတွေရဲ့ အဆိုအရ သူ့လုပ်ဆောင်မှုတွေထဲမှာ ၀ ဘာသာကနေ လက်တင် ဘာသာကို ပြန်ဆို ရေးသား မှတ်တမ်းတင်မှုတွေ ပါဝင်ပါတယ် တဲ့။

ဒါပေမယ့် အာဏာရှင်တွေကို အမှန်အတိုင်း ပြောတယ် ဆိုတာဟာ အမြင်မတူသူနဲ့ ထိပ်တိုက်ရင်ဆိုင်တာ မဟုတ်ဘူး၊ ကိုယ့် ဘက်တော်သားတွေထဲမှာလည်း အင်အား ကောင်းစေရေးအတွက် ဖြစ်တယ် ဆိုတာကို ဆရာမင်းလတ်က သဘော ပေါက်တဲ့သူပါ။ သူက ကွန်မြူနစ်ပါတီရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးတဲ့အနေနဲ့ ဗကပ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေ ဆီ အစီရင်ခံစာတွေ ရေးပို့ပါတယ်။ သူ့ရဲ့ အငြင်းပွားဖွယ် အစီရင်ခံစာတွေထဲမှာ ဘာတွေ ပါတယ် ဆိုတာ အခုအထိ မသိရ ပါဘူး။ သိရသလောက်ကတော့ ပါတီ ခေါင်းဆောင်တွေက အဲဒီ အစီရင်ခံစာတွေကို မကြိုက်ကြဘူး ဆိုတာပါပဲ။

၁၉၇၀ ပြည့်လွန် နောက်ပိုင်းမှာတော့ ပြည်ကွန်မြူနစ်ပါတီက သူ့ကို ရှမ်းပြည် အရှေ့မြောက်ပိုင်းဒေသမှာ ထိန်းသိမ်းလိုက် ပါတယ်။ တိုက်ပွဲမှာ အဖမ်းခံရတဲ့ အရာရှိ တယောက်အပါအ၀င် မြန်မာစစ်သား ၁၅ ယောက်နဲ့အတူ ချုပ်နှောင်ခံရပါတယ်။

ကွန်မြူနစ် ပါတီဝင်ဟောင်းတွေရဲ့ အဆိုအရ ၁၉၈၅ ခုနှစ်ထဲမှာ စစ်သားတွေ ထွက်ပြေးဖို့ စီစဉ်တော့ ဆရာမင်းလတ်လည်း သူတို့နဲ့အတူ ပြေးခဲ့ပါတယ် တဲ့။ ဒါပေမယ့် ကွန်မြူနစ်ပါတီ တပ်တွေက သူတို့နောက်ကို လိုက်ပြီး ရှင်းတဲ့ အတွက် အားလုံး သေဆုံးသွားရပါတယ်။ ကွန်မြူနစ်ဟောင်းတွေကတော့ ဆရာမင်းလတ်ရဲ့ နောက်ဆုံးကာလ အကြောင်းတွေကို ပြန်ပြော ချင်စိတ် မရှိကြပါဘူး။ ပါတီဌာနချုပ်ကပဲ သုတ်သင်ပစ်လိုက်ဖို့ အမိန့်ပေးခဲ့သလား ဒါမှမဟုတ် တပ်သားတွေကပဲ သူတို့ ဘာသာ ပစ်ခတ်ခဲ့တာလား ဆိုတာ မသိရပါဘူး။

တောထဲမှာ ကြေကွဲဖွယ် ကျဆုံးခဲ့ရပေမယ့် ဆရာမင်းလတ်ရဲ့ ကြံဆ စိတ်ကူးမှုတွေနဲ့ ပညာရပ် နယ်ပယ်ဆိုင်ရာ သြဇာ သက်ရောက်မှုတွေက မြန်မာပြည်မှာ ရှိနေဆဲပါ။ ဒါ့အပြင် မြန်မာ နဲ့ ချက် နှစ်နိုင်ငံကြား လက်ရှိ ဆက်ဆံရေးအထိ သြဇာ ရှိနေဆဲဖြစ်ပါတယ်။

“လေးနက်တဲ့အကြောင်းအရာတွေကို ဂန္ထ၀င် မြန်မာဘာသာစကားနဲ့ပဲ ရေးရမယ်လို့ ဆိုကြတဲ့ ရှေးရိုးစွဲဝါဒီ ပညာရှင်တွေနဲ့ သဘောမတူကြတဲ့ ခေတ်သစ် မြန်မာပညာရှင်တွေ၊ စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေအတွက်တော့ ဆရာ မင်းလတ် ရဲ့ ‘မြန်မာဘာသာ စကားကို ခေတ်မီ တိုးတက်အောင် ပြုလုပ်ခြင်း’ နဲ့ တခြားလက်ရာတွေက အထောက်အကူ ဖြစ်ခဲ့တယ်၊ အကြံကောင်း ဉာဏ်ကောင်းတွေ ပေးခဲ့တယ်” လို့ ဘက်ခိုးဗားက ဆိုပါတယ်။

နောက်မျိုးဆက် စာရေးဆရာတွေကတော့ ခေတ်ပေါ် မြန်မာဘာသာစကားကို စာပေ နယ်ပယ်မှာသာ မဟုတ်ဘဲ တခြား ရေးဖွဲ့မှုတွေမှာပါ သုံးလာကြတယ်၊ ခေတ်ပေါ်နည်းနဲ့ရေးတာက ပိုပြီး နားလည်ရ လွယ်စေတယ် ဆိုတာကို ပြသခဲ့ကြ တယ် လို့ သူက ဆိုပါတယ်။ ဒီအစဉ်အလာကို ဒီနေ့ခေတ်အထိ သယ်ဆောင်လာပြီး သတင်းစာ၊ မဂ္ဂဇင်း၊ စာအုပ်တွေမှာခေတ်ပေါ် ဘာသာစကားနဲ့ ရေးသားဖော်ပြနေကြပါပြီ တဲ့။

၁၉၅၀ နဲ့ ၆၀ ပြည့်လွန်နှစ်တွေတုန်းက ဆရာမင်းလတ် ပရက်မှာ ရှိနေချိန် အတွင်း တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်မှု တွေ ကြောင့်လည်း ချက်ခေါင်းဆောင်ဟောင်း ဟာဗဲလ်နဲ့ လက်ရှိ ချက်သမ္မတနိုင်ငံတို့ဟာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ကို ထောက်ခံအားပေးသူတွေ ဖြစ်လာတာပါ။

ဧပြီလတုန်းက ချက်သမ္မတ နိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စတာ ကင်တာနာ ရဲ့ တိုက်တွန်း ပြောဆိုချက်ကို ထောက်ခံတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ မစ္စတာ ကင်တာနာက မြန်မာနိင်ငံ တွင်း စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် စေလွှတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြ တိုက်တွန်းခဲ့တာပါ။

ဧရာဝတီ မဂ္ဂဇင်းကို ပေးပို့တဲ့ ထုတ်ပြန်ကြေညာချက်တခုမှာဆိုရင် ချက် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပျက်နေတဲ့အတွက် ပူပန်နေရကြောင်း ဖော်ပြထားပြီး စစ်အစိုးရ ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံရဲ့ အလားအလာကိုလည်း မေးခွန်းထုတ်ထားပါတယ်။

ချက်အစိုးရဲ့ထောက်ခံမှုဟာ ဆရာမင်းလတ် ချက်ကိုစလိုဗက်ကီးယားက ထွက်ခွာလာပြီး နှစ်ပေါင်း ၄၀ ကျော် အကြာ၊ မြန်မာပြည် မြောက်ပိုင်းတောထဲမှာ သူသေဆုံးပြီး နှစ် ၂၀ ကျော်ကြာမှ ပေါ်ပေါက်ခဲ့တာပါ။ ဒါပေမယ့် ဆရာမင်းလတ်နဲ့ သူ့လို ပြည်ပခရီး ထွက်ခဲ့ကြပြီး မြန်မာနိုင်ငံ စစ်အစိုးရ အဆက်ဆက်ကို ဆန့်ကျင်ခဲ့ကြသူတွေဟာ အနာဂတ် မျိုးဆက်သစ် တက်ကြွ လှုပ်ရှားသူတွေအတွက် အခြေခံ အုတ်မြစ်ချခဲ့ကြသူတွေ၊ နိုင်ငံခြား တိုင်းပြည်တွေက ကူညီ ထောက်ခံလာကြ အောင် တံတားထိုးပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။

တခြား မြန်မာ နဲ့ ချက် တက်ကြွလှုပ်ရှားသူတွေလိုပဲ ဆရာမင်းလတ်ဟာ သူ့ဘ၀မှာ သူမြင်ချင်တဲ့ ရလဒ်ကို မြင်မသွားခဲ့ရ ပါဘူး။ ဒါပေမယ့် အတိုက်အခံတွေသာ ဇွဲကောင်းမယ် ဆိုရင် မျှော်လင့်ချက် ကင်းမဲ့ပြီး ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်လို့ ရတယ် ဆိုတာ ဒီကနေ့ ဒီမိုကရေစီ တိုင်းပြည် ဖြစ်နေတဲ့ ချက် သမ္မတနိုင်ငံ က သက်သေပါပဲ။

တကယ်လို့ မြန်မာပြည်သူတွေဟာ ချက် ပြည်သူတွေလိုပဲ ရက်စက်တဲ့ အာဏာရှင်တွေကို တနေ့မှာ အောင်မြင်နိုင်ခဲ့မယ် ဆိုရင် နှစ်နိုင်ငံဟာ အာဏာရှင်စနစ်ရဲ့ဖိစီး နှိပ်စက်မှု သံကြိုးတွေကို ဖယ်ရှင်းပစ်နိုင်မယ့် လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာတဲ့အထိ ညီညွတ် ပေါင်းစည်း မျှဝေ ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

ဆရာမင်းလတ်ဟာ အဲဒီ ပေါင်းစည်း ညီညွတ်မှုရဲ့ ဘိုးဘေးတဦး ဖြစ်နေမှာပါ။ သူသာ တကယ်လို့ ဒီကနေ့အထိအသက်ရှင် နေ ဦးမယ် ဆိုရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း သူအရင်တုန်းက ဗိုလ်နေ၀င်းကို ပြောဆိုခဲ့ဖူး သလို “ကမ္ဘာကို မှန်တဲ့အတိုင်း ပြောပြပါ” ဆိုတဲ့ စကားကို ပေးပို့မှာကတော့ အသေအချာပါပဲ။ ။

အောင်ဇော် ရေးသားသည့် ‘Tell the World the Truth’ ကို ဆီလျော်အောင် ပြန်ဆိုသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,30th,2010

( 38 )နယ်စပ်မှတင်သွင်းသည့် တရားမ၀င်ကုန်ပစ္စည်းများ ဖမ်းဆီးခံရ

( 37 )Tay Za's Son Takes Sanctions Case to Court of Justice

( 36 )Exiled Burmese Coalition Calls for More Pressure

( 35 )ရှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အစီရင်ခံစာ ထုတ်ဝေ

( 34 )နမ်းခမ်း-ဗန်းမော်ကားလမ်း ဆိုးဆိုးဝါးဝါး ပျက်စီး

( 33 )Relations sour between pro-junta parties

( 32 )Forced labour dashes Rohingya elections hope

( 31 )ဒီမိုကရက်တစ်ပါတီ (မြန်မာ) စည်းရုံးရေးစတင်

( 30 )Thai PM to Visit Burma in October

( 29 )တချက်တည်း ခြစ်ရန် ကြံ့ဖွံ့ လက်တွေ့ပြသ

( 28 )Anti-trafficking monk given 8 years

( 27 )သီရိလင်္ကာရောက် ကလေးများကို ပြန်ခေါ်ရန် သီတဂူဆရာတော် အကူအညီလို

( 26 )Regional efforts needed to push for democracy

( 25 )တိုင်းရင်းသားပါတီများ မဲဆွယ်စည်းရုံးမှု အာဏာပိုင်များ နှောင့်ယှက်

( 24 )Anthrax Fear Hurts Cross-Border Cattle Sales

( 23 )ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ သွားမည်

( 22 )Burma's upcoming election stirs

( 21 )စင်မြင့် ဖျော်ဖြေပွဲ လက်မှတ်အတုများ ပေါ်ထွက်

( 20 )PM to visit Burma next month

( 19 )မိုင်းတုံမြို့နယ် ၀ နှင့် ကိုးကန့်(တရုတ်များ) ကျားဖြူပါတီကိုသာမဲပေးဖွယ်ရှိ

( 18 )Burmese Cultural Event Reversing Negative Stereotypes

( 17 )ရှမ်းပြည်ထဲတွင် ဘိန်းစိုက်နေဆဲဟု ရှမ်းမူးယစ် စောင့်ကြည့်ရေးကဆို

( 16 )မြန်မာအလုပ်သမားများ ဖမ်းဆီးငွေညှစ်ခံနေရ

( 15 )Than Shwe’s biography to be launched at EU Parliament by Nirj Deva MEP

( 14 )ယုဇန company က လယ်သိမ်းမှုဖြင့် ဟူးကောင်းချိင့်ဝမ်းတွင် တရားစွဲသော်လည်း မထူခြား

( 13 )Myanmar confident about elections

( 12 )ဖောက်ခွဲမှု စွပ်စွဲချက်ဖြင့် လူငယ် ၁၂ ဦးကို ထောင်ဒဏ်ချ

( 11 )Heroin Trade Tears Social Fabric of Ethnic Minorities

( 10 )သူရ ဦးတင်ဦး၏ မျက်စိ ခွဲစိတ်ကုသတော့မည်

( 9 )Myanmar army reaping benefits of drug trade

( 8 )မဲမပေးစာ ဖြန့်ဝေသည့် လူငယ်များကို ပြန်လွှတ်ပေးရန် ဗကသ တောင်းဆို

( 7 )Myanmar dismisses critics

( 6 )လွတ်လပ်မျှတသည့် ရွေးကောက်ပွဲပါဟု နအဖ နိုင်ငံခြားရေး ၀န်ကြီးပြော

( 5 )New Zealand Tour Of Burmese Political Activist Aung Khaing Min

( 4 )ရှမ်းပြည် ပြည်သူ့စစ်များ မူးယစ်ဆေး အဓိက ထုတ်လုပ်လာ

( 3 )At UN, Undisclosed Ban Meetings on 2d Term, Burma

( 2 )နိုဝင်ဘာ ရွေးကောက်ပွဲကိစ္စ နိုင်ငံခြားရေးဝန်ကြီး ကာကွယ်

( 1 )Burmese regime way behind drug free target: Drug report

Wednesday, September 29, 2010

ရွေးကောက်ပွဲ အတွက် ရဲတပ်သားသစ်များ စုဆောင်း သင်တန်းပို့ချ

သင်းသဇင်ခိုင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရွေးကောက်ပွဲ လုံခြုံရေးတွင် အသုံးပြုမည့် ရဲတပ်သားသစ် အခြေခံ သင်တန်း တစ်ခုကို စက်တဘာင်္လ ၂၀ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက “ သင်တန်းကို စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက်မှာ တည်ရှိတဲ့ ပြည်နယ်ရဲ အရံဝင်းထဲမှာရှိတဲ့ ဂစ္ဆပနဒီ ခန်းမမှာ စက်တင်္ဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီမှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းသားက စုစုပေါင်း ၁၆၀ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ လုံခြုံရေး အတွက် သူတို့ကို သင်တန်းပေးတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပုံမှန်ရဲသင်တန်းမှာ ၆ လထိ ကြာမြှင့်သော်လည်း ယခုရဲသင်တန်းကို သုံးပတ်နှင့် အပြီးသတ် ပြုလုပ်မည်ဟု သူက ပြောသည်။

“ ရွေးကောက်ပွဲ လုံခြုံရေး အတွက် အရေးပေါ် ခေါ်ယူပြီး ပြုလုပ်ရတဲ့ သင်တန်း ဖြစ်တဲ့ အတွက် သင်တန်းက သုံးပတ်ဘဲ အချိန်ရပါတယ်။ အဓိကအားဖြင့် အခြေခံ စစ်ရေးပြနဲ့ အဓိဂရုဏ်း နှိမ်နှင်းရေး လေ့ကျင့်ခန်းတွေကို သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခု သင်တန်းတွင် တက်ရောက်သင်ကြားနေသူ ရဲတပ်သားသစ်များမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က စုဆောင်းထားသော သင်တန်းသား သစ်များ ဖြစ်ပြီး အများစုမှာ စာမတတ်သူများ ဖြစ်သည်ဟု သိရသည်။

သူတို့အား ရဲသား တစ်ဦး၏ လစာ အပြည့်ဖြင့် ခန့်အပ်မည် ဖြစ်သော်လည်း ရွေးကောက်ပွဲပြီးပါက ဆက်လက် ခန့်အပ်မည် မခန့်မည်ကို တပ်အပ် သေချာ မပြောနိုင်ကြောင်း အဆိုပါရဲ အရာရှိက ပြောသည်။

အခြေခံ ရဲသားသစ် သင်တန်း ဖွင့်ပွဲသို့ ရဲအရာရှိ အတော်များများ တက်ရောက်ခဲ့ကြပြီး ယခုအခါ အဆိုပါ ရဲအရာရှိများက သင်တန်းသားသစ်များကို အနီးကပ် သင်တန်း ပို့ချလျှက် ရှိကြောင်း သတင်း ရရှိပါသည်။

နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မြန်မာပြည် မူးယစ်ဆေးဝါးဘုရင်သစ်များ အဖြစ် ပေါ်လာနေသည်။

Press Release

ရှမ်းပြည်ရှိ နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မူးယစ်ဆေးဝါးကုန်ကူးမှု လုပ်ငန်း တွင် အဓိက လုပ်ကိုင်နေသူများ ဖြစ်ကြောင်း ရှမ်းသတင်းဌာန လေ့လာတွေ့ ရှိချက် အသစ်က ဆိုသည်။

ယနေ့ထုတ်ဝေသော ရှမ်းမူးယစ်ဆေးဝါးစောင့်ကြည့်ရေး စာစောင်တွင် မြန်မာစစ် အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်မှာ သတ်မှတ်ထားသည့်အချိန်အတိုင်း မဖြစ်ဘဲ များစွာ နောက်ကျနေကြောင်း၊ ရှမ်းပြည်တွင် ၅၅ မြို့နယ်ရှိရာ ၄၆ မြို့နယ်တွင် ဘိန်းများဆက်လက်စိုက်ပျိုးနေဆဲ ဖြစ်သည်ဟုဆိုသည်။ ဒေသခံများက အစိုးရဆန့် ကျင်ရေး လှုပ်ရှားမှု မလုပ်လာနိုင်ရန်အတွက် မြန်မာစစ်တပ်က ဘိန်းခွန်များ ကောက်ယူကာ၊ ဒေသခံပြည်သူ့စစ်တို့ကို စိတ်ကြွဆေးများ အပါအ၀င်ဘိန်းကုန်ကူး ခွင့်ပေး ထားသည်။

ယခင်က တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်အဖွဲ့များသည် အခွင့်ထူးခံများ အဖြစ်ဖြင့် ရှမ်းပြည်နယ်တ၀ှမ်းမူးယစ်ဆေး အဓိက ထုတ်လုပ်သူများ ဖြစ်ခဲ့သည်။ ယခုအခါတွင်မှု နအဖစစ် အစိုးရ၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ်ကိုငြင်းဆန် သော ၀သပ အဖွဲ့အပါအ၀င် အပစ်ရပ်ရေးအဖွဲ့တို့သည် စစ်အစိုးရ၏ ကန့်သတ်ချုပ်ချယ်မှုနှင့် ဖိအားများပေးမှုများကို ခံနေကြရသည်။

“၀တွေရဲ့ လေဟာနယ်မှာ နအဖ ပြည်သူ့စစ်တွေက နေရာဝင်ယူပြီး ထိုင်း-မြန်မာနယ်ခြားတလျှောက်မှာ ဘိန်းချက်စက်ရုံ အသစ်တွေတည်ကြတယ်။ ဒါတွေက နိုင်ငံရေးအရ အညံ့ခံလို့ နအဖက ပေးတဲ့ ဆုလာဘ်တွေပေါ့။ ဟုရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့မှ ခင်းဆိုင်ကျိုင်ရင်က ရှင်းပြတယ်။

ယခင်က မသိသေးသော မူးယစ်ဆေးဝါးကုန်ကူးသူများနှင့် ဒေသများသည် တိုးပွါး လာပြီး ပြည်သူ့စစ်များရှိရာ ဒေသ၊ ပြည်သူ့စစ်ခေါင်းဆောင်တို့၏ ဘိန်းချက်စက်ရုံများ၊ နေရာ၊ သူတို့နှင့် နီးစပ်သည့် နအဖစစ်အရာရှိ တို့ရှိရာကို မြေပုံတွင် ဖေါ်ပြထားသည်။ ရှမ်းပြည်မြောက်ပိုင်း တခုတည်းတွင် ပြည်သူ့စစ် အဖွဲ့မျိုးစုံ ၄၀၀ ခန့် ရှိသည်။

ဘိန်းစိုက်ပျိုးမှုတွေ တိုးလာသော်လည်း လွန်ခဲ့သည့် ၂၀၀၉ -၂၀၁၀ ဘိန်းရာသီတွင် ရာသီဥတုပြောင်းလဲပြီး ထူးထူးခြား ခြား ခြောက်သွေ့သော ကြောင့် ဘိန်းထွက်မှု ကျဆင်းခဲ့ရသည်။

ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးစီမံကိန်းကို ရှမ်းသံတော်ဆင့်သတင်းဌာနမှ ဆောင်ရွက်လျက်ရှိသည်။ ၎င်းမှ ရှမ်းပြည် အတွင်း မူးယစ်ဆေးဝါးအခြေအနေနှင့် ပတ်သက်၍ အချိန်အခါအလိုက် အစီရင်ခံစာများ၊နှစ်ပတ်လည်စာစောင် များ ထုတ်ဝေသည်။

အပြည့်အစုံကို ၂၀၁၀ အောက်တိုဘာလထုတ် ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး စာစောင်တွင် ဖတ်ရှုနိုင်ပါသည်။

ဆက်သွယ်ရန် -
Khuensai Jaiyen (tel) 081 531 2837
Saengchuen Soikhamhuang (tel) 081 111 9071

မူးယစ်ဆေးဝါး မှောင်ခိုများ ရွေးကောက်ပွဲ ၀င်မည်

ဧရာဝတီ Wednesday, September 29, 2010

တရုတ်၊ ထိုင်း - မြန်မာ နယ်စပ် ဒေသများတွင် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ် နေသူများကို ရွေးကောက်ပွဲတွင် အမတ်များ အဖြစ် ၀င်ရောက် အရွေးခံရန် စစ်အစိုးရက ထောက်ခံမှု ပေးထားကြောင်း ကချင်နှင့် ရှမ်း သုတေသီများက ပြောဆိုသည်။

စစ်အစိုးရ နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းများ အဖြစ် ၀င်ရောက် အရွေးခံမည့် ဦးမြင့်လွင်နှင့် ဦးကျော်မြင့် တို့သည် ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား မှုများတွင် ပါဝင် ပတ်သက် နေကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်း ( FCCT) ၌ ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သုတေသီများက ဆိုသည်။

“ဘိန်းကုန်သည်၊ ဘိန်းရာဇာ တွေထဲက ဦးကျော်မြင့်က နမ့်ခမ်းမှာ၊ ဦးမြင့်လွင်နဲ့ ဦးထီခွန်မြတ်က ကွတ်ခိုင်မှာ၊ ဦးကျင်မိုင်က မူဆယ်မှာ၊ သူတို့ အားလုံး ကြံ့ဖွံ့ပါတီကနေ ရွေးကောက်ပွဲဝင်ကြမယ်။ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးနေတဲ့ ဒေသ အတော် များများဟာ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ ဒေသတွေပါပဲ” ဟု ရှမ်း သုတေသီနှင့် သတင်းစာသမား တဦးဖြစ်သူ ဦးခွန်စိုင်းက ပြောသည်။

ယခင်က ဘိန်းကို ရှမ်းပြည်နယ်တွင် ၀တပ်ဖွဲ့ ဝင်များနှင့် ငြိမ်းချမ်းရေးအဖွဲ့ များက အဓိက စိုက်ပျိုးထုတ်လုပ် ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စစ်အစိုးရ ဖွဲ့ စည်းပေးထားသော ပြည်သူ့စစ်များက ပိုမို စိုက်ပျိုးထုတ်လုပ်လာကြကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှုသည် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ပါဝင်ပတ်သက်မှုထက် ၂ ဆ ပိုများကြောင်းလည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးခွန်စိုင်းက မူးယစ်ဆေးဝါးများသည် ၀ ဒေသမှ ၀င်ရောက် လာသည့် ပုံစံမျိုး အထင်မှားစေရန် မူးယစ်ဆေးဝါး ရောင်းဝယ်သူ များက ဟန်ဆောင်ကြကြောင်း၊ UWSA ၏ တုံ့ပြန်မှုကို ကြောက်ရွံ့သည့်အတွက် ယင်းရောင်းဝယ်ဖောက်ကားသူများက အခက်အခဲ အတားအဆီးများကို အလွယ်တကူ ဖြတ်ကျော်နိုင်ကြကြောင်း ပြောသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး၏ အထောက်အပံ့ဖြင့် ၁၀ စုနှစ် တခုကြာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုသည် ပြည်နယ်အတွင်း ပိုမို များပြား လာကြောင်း ရှမ်းပြည်နယ် မူးယစ်ဆေးဝါးစောင့်ကြည့်ရေး ပြုလုပ်နေသည့် စာစောင်တစောင်က ဆိုသည်။

ရှမ်းပြည်နယ်တွင် တပ်ရင်းပေါင်း ၁၅၀ အထိ ထပ်မံတိုးချဲ့ထားသော်လည်း ပြည်နယ်ရှိ မြို့နယ် ၅၅ ခုအနက် ၄၆ မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု ပိုမို တိုးပွားလာကြောင်း၊ တလ လစာ ၂၀၀၀၀ ကျပ်ခန့် ၀င်ငွေရှိသော မြန်မာစစ်သားများအနေဖြင့် ဘိန်း စိုက်ပျိုးရေးလုပ်ငန်းမှ အကောက်အခွန်များ ရယူပြီး ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ တင်သွင်းသည့် လုပ်ငန်းများတွင် ပါဝင် ပတ်သက်မှုရှိနေကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့က ဆိုသည်။

“ပလောင် အမျိုးသား ၈၀ ရာခိုင်နှုန်းလောက် ဘိန်းကို သုံးစွဲတယ်။ ၁၄ နှစ် ၁၅ နှစ်အထက် လူငယ်အားလုံးလိုလို စွဲနေတယ်” ဟု ပလောင်အမျိုးသမီး အစည်းအရုံးမှ လွေးအေးနန်းက ဆိုသည်။

ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးဝါးကုန်ကူးမှုများတွင် စစ်တပ်မှ ပါဝင် ပတ်သက်မှုများနှင့် ပတ်သက်၍ မကြာသေးမီက ပလောင် အမျိုးသမီး အဖွဲ့က ထုတ်ဝေသည့် သတင်းမှတ်တမ်းတွင် ထောက်ပြထားသည်။

ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDAK) ၏ ခေါင်းဆောင်ဟောင်း ဦးဇခုန်တိန်ယိန်း ကလည်း ကချင်ပြည်နယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်သည် ဘိန်းသုံးစွဲမှု အမြင့်မားဆုံး ပြည်နယ်ဖြစ်ကြောင်း ကချင် သတင်းဌာန၏ အယ်ဒီတာ လဖိုင် နော်ဒင်းက ဆိုသည်။

“ရွှေမှော်၊ ကျောက်မှော် သစ်ထုတ်လုပ်ရေးမှာ လုပ်တဲ့လူတိုင်းက ဘိန်းကို သုံးစွဲကြတယ်။ ဘိန်းစားတာက အောက်ပြည်မှာ ကွမ်းဝါးသလိုပဲ ယဉ်ကျေးမှု တရပ်လို ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၄ ခုနှစ် နောက်ပိုင်း ကချင်ပြည်နယ်၏ ပညာတတ်များ မွေးထုတ်ရာ မြစ်ကြီးနား တက္ကသိုလ်တွင် ဘိန်းကို လွတ်လပ်စွာ ၀ယ်ယူနိုင်ကြောင်း၊ မူးယစ်ဆေးစွဲနေသည့် ကျောင်းသား ၃၀၀၀ ခန့် ရှိနေကြောင်း ကချင်ပြည်နယ်ရှိ ဘာသာရေး အဖွဲ့အစည်းများက ခန့်မှန်းထားသည်ဟု သိရသည်။

“၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က မြစ်ကြီးနားတက္ကသိုလ်ရဲ့ အိမ်သာတွေထဲမှာ ဘိန်းထိုးပြီးတဲ့ ဆေးထိုးအပ်တွေကို ထည့်ဖို့ နေရာလေးတွေ စီစဉ်ပေးတယ်။ အဲဒီလောက်အထိ အခြေအနေ ဆိုးရွား လာတယ်” ဟု လဖိုင် နော်ဒင်းက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် စစ်အစိုးရကို ပြန်လည်တိုက်ခိုက်ရန်အတွက် လက်နက်များ ၀ယ်ယူနိုင်ရန် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုတွင် ပါဝင်လာကြောင်းလည်း သိရသည်။

အားလုံးပါဝင်မှုရှိသည့် ရွေးကောက်ပွဲဟု နိုင်ငံခြားရေးဝန်ကြီးပြော

ခင်ဦးသာ Wednesday, September 29, 2010

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၇ ခုမှ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အားလုံး ပါဝင်မှုရှိသည်မှာ ထင်ရှားကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ပြောဆိုခဲ့သည်။

စက်တင်ဘာလ ၂၈ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသော ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးဉာဏ်ဝင်းက ၁၃ မိနစ်ကြာ ပြောဆိုခဲ့သည့် ၎င်း၏မိန့်ခွန်းထဲတွင် အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် တိုင်းရင်းသားများ ကိုယ်စားပြုထားသည့် နိုင်ငံရေးပါတီများအပြင် ပါတီ ၃၇ ခုမှ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော်သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များအတွက် နေရာ စုစုပေါင်း ၁၁၇၁ နေရာ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ရွေးကောက်ပွဲ၌ အားလုံးပါဝင်သည်မှာ ထင်ရှားနေကြောင်း မြန်မာ ကိုယ်စားလှယ်က ပြောဆိုသော်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍မူ တစုံတရာ ပြောဆိုသွားခြင်း မရှိပေ။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ပြောဆိုမှုသည် အခြေအမြစ် မခိုင်လုံသော အကြောင်းပြချက် တရပ်သာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက တုန့်ပြန် ပြောဆိုသည်။

“ပါတီ ၃၇ ခုက ကိုယ်စားလှယ် သုံးထောင်ကျော် ပြိုင်မယ်လို့ပြောတာဟာ အရည်အချင်းမရှိတဲ့ အရေအတွက်တွေကိုသာ
ဖတ်ပြတာ ဖြစ်တယ်” ဟုလည်း NLD ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

လာမည့် ရွေးကောက်ပွဲသည် ပြည်သူ့အကျိုး ဖော်ဆောင်ပေး နိုင်မည့် ရွေးကောက်ပွဲ တခုဖြစ်မလာ နိုင်ကြောင်းလည်း သူက ဆက်ပြောသည်။

ရွေးကောက်ပွဲကို နိုင်ငံတကာမှ ယုံကြည်လက်ခံမှု ရှိလာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား များအားလုံး လွှတ်ပေးရန် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နယူးယောက်၌ ကျင်းပသော မြန်မာ့ မိတ်ဆွေများ အဖွဲ့ အစည်းအဝေး၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တောင်းဆိုခဲ့သည်။

မြန်မာ့မိတ်ဆွေ နိုင်ငံများ အဖွဲ့တွင် တရုတ်၊ အမေရိကန်၊ ရုရှား၊ ဂျပန်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံများနှင့် ဥရောပ နိုင်ငံတချို့ပါဝင်သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာ နိုင်ငံတွင် ယခင်ကလည်း ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံများ ရှိခဲ့၍ ယခုရွေးကောက်ပွဲကို အစီအစဉ်တကျ အောင်မြင်စွာ ကျင်းပနိုင်မည် ဖြစ်ပြီး ပြည်သူများ အနေဖြင့် မိမိတို့ စိတ်ကြိုက် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်မည်ဖြစ်၍ ဒီမိုကရေစီ အခွင့်အလမ်းများ ရရှိနိုင်မည်ဟုလည်း ဆိုသည်။ ၎င်းက ဆက်လက်၍ မြန်မာ စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်မည်ဟုလည်း ပြောသည်။

ဦးဉာဏ်ဝင်း၏ ပြောဆိုမှုနှင့် ပတ်သက်၍ သံတမန်ဟောင်း တဦးဖြစ်သူ နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “မြန်မာအစိုးရ ကိုယ်စားလှယ် ပြောတာကို ကမ္ဘာ့နိုင်ငံတွေကလည်း စစ်ဗိုလ်တွေ သူတို့ပြောချင်တာ လျှောက်ပြောနေ တယ်လို့ပဲ သတ်မှတ်မှာပါ။ ကမ္ဘာ့ ဥပဒေကိုလည်း လိုက်နာတဲ့ လူတွေမဟုတ်ဘူး” ဟု ဝေဖန်သည်။

နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့များ၊ ပြည်တွင်း ပြည်ပ မီဒီယာများကို လွတ်လပ်စွာ လေ့လာခွင့်ပေးမည် ဆိုပါက တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက လက်ခံမည်ဟု ယူဆကြောင်း သခင်ချန်ထွန်းက ဧရာဝတီ ကိုပြောသည်။

မြန်မာစစ်အစိုးရက လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်မည်ဟု ကမ္ဘာကို ပြောဆိုနေသော်လည်း နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများကမူ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဟု
ပြောဆိုနေကြသည်။

အရှင်ပညာစာရကို နှစ်ရှည်ထောင်ဒဏ် ချမှတ်

မင်းနိုင်သူ Wednesday, September 29, 2010

စစ်တွေမြို့ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာစာရကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ထောင်ဒဏ် ၈ နှစ် ၃ လနှင့် ဒဏ်ငွေ ကျပ် ၁၀၀၀၀ စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်သည်။

“အမှုစစ်ဆေးရာမှာ ဥပဒေနဲ့ မလျော်ညီဘူး ၊ ရဲက တရားပြိုင်ပြသက်သေတွေကို ဖိအားပေးတာတွေရှိတယ် ၊ အခု စီရင်ချက်ဟာ လည်း တရားမျှတမှုမရှိတဲ့အတွက် ဆရာတော်ရဲ့ ရှေ့နေက တရားရုံးချုပ်အထိ ပြင်ဆင်ခွင့်တင်သွားမယ်လို့ သိရတယ်"ဟု အရှင်ပညာစာရ၏ ရှေ့နေ ဒေါ်အေးနုစိန်နှင့် နီးစပ်သူက ပြောသည်။

အရှင်ပညာစာရကို နိုင်ငံခြားငွေကိုင်ဆောင်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ၊ ညစ်ညမ်းမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ လ ၊ သာသနာညိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ၊ ပစ္စည်းအလွဲသုံးစားလုပ်မှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် နှင့် စည်ပင်အက် ဥပဒေ အရ ဒဏ်ငွေကျပ် ၁၀၀၀၀ သီးခြားစီကျခံစေရန် ဒုတိယခရိုင်တရားသူကြီး ဒေါ်ဝါ၀ါထွန်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမှုစွဲတင်စဉ်က နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ပုဒ်မ ၅၀၅ (ခ) နှင့် လိမ်လည်မှု ပုဒ်မ ၄၂၀ တို့ကိုပါ ထည့် သွင်း ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုပုဒ်မများကို တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။

အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး ကျောင်းတိုက်ကိုပါ ချိပ်ပိတ်ခဲ့သည်။ ထို့နောက် ဆရာတော် ထိန်းသိမ်းစောင့်ရှောက်ထားသော မိဘမဲ့ကလေး ၁၅၀ ကျော်ကိုလည်း အစိုးရပိုင် လူမှုဝန်ထမ်း ဦးစီးဌာန များသို့ ပို့ဆောင်ခဲ့သည်။

အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ကြောင်း မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေ စုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ကြောင်း ၊ နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့ရာ အာဏာပိုင်များက သဘောမတွေ့သဖြင့် အမှုရှာဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက ယူဆနေကြသည်။

အရှင်ပညာစာရ၏ တရားခွင်သည် လွတ်လပ်သည့် တရားခွင် မဖြစ်ခဲ့သည့်အပြင် တရားလိုပြသက်သေများကို တရားလို ရဲရှိရာ ရဲစခန်းအတွင်း ခေါ်ယူထားခြင်း ၊ တရားပြိုင်ပြ သက်သေများကို ရဲက ဖိအားပေးနှောင့်ယှက်ခြင်းများ ရှိခဲ့ကြောင်း အမှုကို စောင့်ကြည့်နေသူများက ပြောဆိုသည်။

ရခိုင်ပြည်နယ်မှ ကျောင်းထိုင်ဆရာတော် ၁၄ ပါးကလည်း အရှင်ပညာစာရအမှုကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးရန် အနောက်ပိုင်းတိုင်း တိုင်းမှူးထံ ယခုလ ၇ ရက်က လက်မှတ်ရေးထိုး စာပေးပို့ထားခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်းမရှိခဲ့ပေ။

လတ်တလောတွင် ရခိုင်ပြည်နယ်ရှိစာသင်သားသံဃာများက ဆရာတော်လွတ်မြောက်ရေးထပ်မံတောင်းဆိုရန် ပြင်ဆင်နေကြ ကြောင်း သိရသည်။

မြန်မာနိုင်ငံတ၀န်းရှိ ထောင်များထဲတွင် သံဃာတော် ၂၅၇ ပါးနှင့် သီလရှင် ၆ ပါးကို နအဖ စစ်အစိုးရက ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းတွင် ဖော်ပြထားသည်။

ကြံ့ဖွံ့က နေပြည်တော် မဲရုံမှူးများကို ဖုန်း အခမဲ့ပေးနေ

ဧရာဝတီ Wednesday, September 29, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ရွေးကောက်ပွဲတွင် နေပြည်တော်ရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူး ရာထူး အပါအ၀င် မဲရုံ ၀န်ထမ်းများ အဖြစ် တာဝန် ထမ်းဆောင်မည့် ပညာရေး ၀န်ထမ်းများနှင့် ရပ်ကွက်အာဏာပိုင်များကို ကျပ် ၁၅ သိန်းတန် ဖုန်းများ အခမဲ့ ချထားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

နေပြည်တော် ခရိုင်အတွင်းရှိ မြို့နယ် ၈ ခုတွင် ကြံ့ဖွံ့ပါတီက မဲဆွယ်သည့်အနေဖြင့် ရပ်မိ၊ ရပ်ဘများ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များကို ကျပ် ၁၅ သိန်းတန် CDMA 450 MHz ဖုန်းများ အခမဲ့ချထားပေးခဲ့ပြီး ယခုအခါ မဲရုံမှူး၊ ဒုတိယမဲရုံမှူး အပါအ၀င် မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်မည့် သူများကိုပါ အဆိုပါ ဖုန်းများ ချထားပေးခြင်းဖြစ်ကြောင်း စုံစမ်း သိရှိသည်။

“မဲရုံးဝန်ထမ်းတွေအကုန်လုံး ၀၉၈၃ နံပါတ်နဲ့ စတဲ့ ၁၅ သိန်းတန် ဖုန်းတွေ ထုတ်ခွင့်ရတယ်။ ဖုန်းအတွက် ပိုက်ဆံ သွင်းစရာမလိုဘူး။ အခမဲ့ ရတာ။ ဖုန်းပြောခအတွက် ကျပ် ၅ သောင်းကြိုသွင်းရတယ်” ဟု မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမည့် နေပြည်တော် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ တာဝန်ရှိသူတဦးကပြောသည်။

မဲရုံဝန်ထမ်းများအဖြစ် တာဝန်ယူရမည့် ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင် များသည် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပို့ချပေးလျက်ရှိသော သင်တန်းများ တက်ရောက်ရသည့်အပြင် ကြံ့ဖွံ့ပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့်၏ စစ်ဗိုလ်ချုပ်ကြီးများ လာရောက်ချိန်တွင်လည်း ကြိုဆိုရကြောင်း သိရသည်။

“မဲရုံမှူး လုပ်ရမယ်ဆိုပေမယ့် ပြည်ခိုင်ဖြိုးပါတီက ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက အထက်လူကြီးတွေ ဖြစ်နေတော့ သူတို့လာရင်ကို အရိုအသေပေးနေရတယ်” ဟု နေပြည်တော်မှ ပညာရေးဝန်ထမ်း တဦးကပြောသည်။

နေပြည်တော်တွင် ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စစ်ဗိုလ်ချုပ်များနှင့်အတူ ယှဉ်ပြိုင် အရွေးချယ်ခံမည့်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) သည် မဲရုံတိုင်းတွင် မဲမသမာမှုများကို စောင့်ကြည့်မည့် မဲရုံ ကိုယ်စားလှယ် ထားရှိရန် အခက်အခဲ ဖြစ်နေသည်ဟုလည်း ကြားသိရသည်။

“နေပြည်တော်ခရိုင် မြို့နယ် ၈ မြို့နယ်မှာလည်း မဲရုံပေါင်း ရာချီရှိတယ်။ မဲရုံတိုင်းမှာ ကိုယ်စားလှယ်ထားဖို့ လူရှာမရဘူး။
မဲရုံကိုယ်စားလှယ် မထားနိုင်တဲ့ မဲရုံတွေမှာ မဲမသာမှုတွေဖြစ်နိုင်တယ်။ ရှိလည်း ရှိလာနိုင်တယ်” ဟု တစည ပါတီ တာဝန်ရှိသူ တဦးက ဆိုသည်။

နိုင်ငံရေးပါတီကြီး တခုမှ တာဝန်ရှိသူတဦးကလည်း ပါတီက ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်မဲဆန္ဒနယ်ရှိ မဲရုံတိုင်းတွင်
မဲရုံကိုယ်စားလှယ် ထားရှိရေးမှာ မဖြစ်နိုင်ကြောင်း၊ ရပ်ကွက် ၁ ခုတွင် အနည်းဆုံး မဲရုံ ၃၀ ခန့်ရှိပြီး မြို့နယ်တမြို့နယ်တွင် မဲရုံအရေအတွက် ရာဂဏန်း ရှိသည့်အတွက် မဲရုံတိုင်းကို စောင့်ကြည့်ရန်မဖြစ်နိုင်ကြောင်း ပြောသည်။

“မဲရုံမှူးတွေက သမာသမတ်ကျကျလုပ်ဖို့ မျှော်လင့်တယ်။ မဲရုံမှူးရဲ့ ဂုဏ်သိက္ခာကိုပဲ ယုံကြည်ရတော့မယ်။ မဲရုံမှူးတွေ မမှန်မကန် လုပ်ရင်တော့ မဲရုံကိုယ်စားလှယ် မထားနိုင်တဲ့ပါတီတွေ ရွေးကောက်ပွဲမှာ အရေးနိမ့်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကမူ မဲရုံမှူးများကို လာဘ်ထိုးသည့် အနေဖြင့် ၁၅ သိန်းတန် ဖုန်းများ အခမဲ့ပေးခြင်းသည် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ရန် လာဘ်ထိုးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

နေပြည်တော်ခရိုင်တွင် ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊
ဇမ္ဗူသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ဟူ၍ စုစုပေါင်း ၈ မြို့နယ်ရှိသည်။

စစ်ရာထူးများမှ အငြိမ်းစားယူထားသော စစ်ဗိုလ်ချုပ်ဟောင်းကြီးများက နေပြည်တော်ခရိုင် မဲဆန္ဒနယ်များမှ ကြံ့ဖွံ့ ပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ရာ သူရဦးရွှေမန်းက ဇေယျာသီရိမြို့နယ်မှ လည်းကောင်း၊ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် က ဇမ္ဗူသီရိမြို့နယ်မှ လည်းကောင်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက ပုဗ္ဗသီရိမြို့နယ်မှလည်းကောင်း၊ ဦးမြင့်လှိုင်က ဒက္ခိဏသီရိမြို့နယ်မှ လည်းကောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် အရွေးချယ်ခံကြမည်ဖြစ်သည်။

အာဟာရလား၊ အန္တရာယ်လား ...

နရီလင်းလက်

အသားကင်လေး စားမိတာနဲ့ ဓာတ်ရောင်ခြည်နဲ့ ကုသရလောက်အောင် မလိုဘူး မဟုတ်လားဟု ဦးဇော်ဝင်းနိုင် တယောက် လူနာ ခုတင်ပေါ်ကနေ ဆရာဝန်မကို တတွတ်တွတ် မေးနေပါတယ်။

လွန်ခဲ့တဲ့ တလကစပြီး ဗိုက်ခဏခဏအောင့်တာကို ရက်ဆက် ခံစားနေရတာကြောင့် အစာအိမ်အထူးကု ဆရာဝန် တယောက်နဲ့ပြပြီး လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ခဲ့တယ်။ နောက်ဆုံး ဓာတ်ရောင်ခြည်နဲ့ ကုသရမယ်ဆိုပြီး သူ့ဇနီးနဲ့ သားသမီးတွေက ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ဌာနကို ခေါ်လာတာပါ။

“ဆရာဝန်က အသားကင်တွေစားလို့ ဓာတ်ရောင်ခြည်နဲ့ ကုသမှ ဗိုက်အောင့်ပျောက်မယ်ဆိုပြီး ပြောထားတာ။ အူမကြီးကင်ဆာ ဖြစ်နေတယ်ဆိုတာ လူနာကို ပေးမသိသေးဘူး” လို့ ဦးဇော်ဝင်းနိုင်ရဲ့ ဇနီးက ပြောပြပါတယ်။

ဇနီးဖြစ်သူက “သူက အရက်မသောက်၊ ကွမ်းမစား။ အစားဆိုလည်း အပြင်မှာ သွားရေစာတွေ စားတဲ့အကျင့်မရှိဘူး။ လွန်ခဲ့တဲ့ ၂ နှစ် လောက်ကစပြီး သူတို့ ရုံးအောက်မှာ လာရောင်းတဲ့ အသားကင်ကိုတော့ တော်တော်ကြိုက်တယ်။ ညနေတိုင်း ၀ယ်လာတယ်။ အစ်မကတောင် ဒီလောက် အကင်အတူးတွေ စားမနေနဲ့လို့ ပြောလိုက်သေးတယ်။ ဒါပေမယ့် ကိုယ်က ဒီလောက်ဖြစ်မယ်လည်း မထင်ဘူးလေ။ ဆရာဝန်တွေ ဆေးစစ်ချက်တွေ ထွက်လာပြီးတော့ ခန့်မှန်းတာက ဒီအသားကင်တွေကို နှစ်ရှည်စွဲ စားမိတာကြောင့် ကင်ဆာရောဂါ ဖြစ်တာတဲ့” လို့ ဆက်လက်ပြောပြပါတယ်။

ဓာတ်ရောင်ခြည်ဌာနက ဒေါက်တာ သီတာက “ဓာတ်ရောင်ခြည်ဌာနကို ရောက်လာတဲ့ လူနာတွေထဲမှာ နယ်ကဆင်းလာတဲ့ လူတွေထက် မြို့ပြကလူတွေ တော်တော်များနေတယ်။ ကင်ဆာရောဂါဆိုတာ ခန္ဓာကိုယ်တွင်း ရောဂါဖြစ်တာကြောင့် အပေါ် ယံ မှာ ရောဂါတခုခုဖြစ်သလို ချက်ချင်း မသိနိုင်ပါဘူး။ ကင်ဆာရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ဆန်းစစ်ရင် အခုခေတ် လူတွေရဲ့နေထိုင်စားသောက်မှု ပုံစံတွေ ပြောင်းလာတာကြောင့် အဖြစ်များလားတာ”လို့ ရှင်းပြပါတယ်။

“လမ်းဘေးအစားအသောက်၊ အထူးသဖြင့် အသားကင်တွေမှာ ရောဂါပိုးတွေ ရှိနေတဲ့အတွက် ကင်ဆာရောဂါဖြစ်နိုင်တယ် ဆိုတာ လူထုပညာပေးရေး လုပ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် မရှိသေးဘူး။ မစားပါနဲ့လို့ တားလို့ မရတာကြောင့် သန့်ရှင်းအောင် အန္တရာယ်ကင်းအောင်၊ နေ့တိုင်း ရောင်းမကုန်တဲ့ဟာတွေ ထပ်ထပ် ကင်ရောင်းနေတာတွေ မဖြစ်အောင် လုပ်သင့်တယ်”လို့ လည်း ဒေါက်တာ သီတာက အကြံပေးပြောဆိုပါတယ်။

ရန်ကုန်မြို့မှာ လမ်းဘေး အသားကင်ဆိုင်တွေ တော်တော်များများ ပေါ်လာသလို ကိုရီးယား အသားလုံးတွေကို ကင်ရောင်း၊ ကြော်ရောင်းတဲ့ လမ်းဘေးဆိုင် များလာတာ မြို့ပြနေလူထုရဲ့ စားသောက်မှု ပုံစံ ပြောင်းလာတာလို့ ပြောရပါမယ်။

“လူတွေက ကြက်ငှက်တုပ်ကွေးဖြစ်မှ ကြက်သားဆိုင်မှာ အပြေးအလွှားဝယ်စားကြတယ်။ ညနေဆို လမ်းဘေးမှာ တန်းစီနေ တဲ့ ၀က်သားတုတ်ထိုးဆိုင်မှာ ဘယ်နှရက်မှန်းမသိ ထည့်ထားတဲ့ အချဉ်ရေတွေနဲ့ တို့စားကြတယ်။ သူငယ်ချင်းတယောက်ဆို အစားကောင်းလို့ ဝမ်းသွားတာ ဆေးရုံပါ တက်လိုက်ရတယ်။ အချဉ်ရေက ငရုတ်ဆီ အစစ်မဟုတ်ဘဲ လျှောက်ရောထားတဲ့ ဟာတွေ ဖြစ်နေလို့ မသေတာ ကံကောင်းတယ်”လို့ နိုင်ငံခြား ဘာသာ တက္ကသိုလ် ကျောင်းသူတဦးက ပြောပါတယ်။

သူကိုယ်တိုင်လည်း မသန့်ရှင်းတဲ့ အစားအစာမှန်း သိပေမယ့် ငါးကင်တချောင်း ၂၀၀၊ အသားတချောင်း ၁၀၀ ကျပ်ပဲ ရှိတာ ကြောင့် ဈေးနှုန်းသက်သာပြီး အရသာကောင်းလို့ ၀ယ်စားမိကြောင်း ဝန်ခံပြောဆိုပါတယ်။

အသားကင်ဆိုင်အများစုဟာ ကျောင်း၊ ရုံးနဲ့ လူစည်ကားတဲ့ နေရာတွေမှာ ဖွင့်လှစ်ရောင်းချတာများပြီး ငါးကင်၊ ကြက်သားကင်၊ အမဲသားကင်တွေကို အဓိကထား ရောင်းကြပါတယ်။

မဖြစ်မနေ စားသုံးနေရမယ့် စားသောက်ကုန်တွေဟာ ကျန်းမာရေးကို ထိခိုက်စေတာကြောင့် မြန်မာပြည်မှာ ဦးဇော်ဝင်းနိုင်လို ရောဂါဝေဒနာ ခံစားနေရတဲ့ လူတွေ ထောင်သောင်းချီ ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။

လမ်းဘေးမှာ ရောင်းချနေတဲ့ အသားကင်တွေမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ E. Coli (Escherichia Coil) ခေါ် ဘက်တီးရီယား ပိုးတွေ တွေ့ရှိရကြောင်း ဆေးသုတေသန (အောက်မြန်မာပြည်) ကို ကိုးကားပြီး ပြည်တွင်းအခြေစိုက် ဂျာနယ် တချို့မှာ ဖော်ပြ ထားပါတယ်။

“E. Coli ပိုးက အူမကြီးရောင်တာ၊ သွေးဝမ်းသွားတာ၊ ကျောက်ကပ်ပျက်စီးတာ၊ ဆီးထဲသွေးပါတာနဲ့ နောက်ဆက်တွဲ ကင်ဆာ ရောဂါတွေကို ဖြစ်လာစေတယ်။ အသားကင်ဆိုတာ ကျက်ချင်မှ ကျက်မယ်၊ တူးတာတွေရှိမယ်။ ဒီလိုမျိုးတွေ ကြာကြာစားမိ လာရင် ကျန်းမာရေး တော်တော်ထိခိုက်စေတယ်။ ဒီအစားအသောက်တွေ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပြောရုံကလွဲပြီး အခုချိန်အထိ ဘာမှ မလုပ်ပေးနိုင်သေးဘူး” လို့လည်း ကျန်းမာရေး သုတေသီ ဆရာဝန်တဦးက ဆိုပါတယ်။

ကျန်းမာရေး အသိပညာတိုးအောင် လုပ်လို့ရပေမယ့် လူထုကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို ၀ယ်စားနိုင်တဲ့ ငွေကြေးပမဏ ရှိနေဖို့တော့ လိုတယ်။ စားဝတ်နေရေး မပြေလည်သေးသရွေ့ ဈေးသက်သာပြီး အရသာကောင်းမယ့်၊ ဒါပေမယ့် ကျန်းမာရေး ထိခိုက်စေမယ့် အစာတွေ ဆက်စားနေကြဦးမှာပဲလို့ အဲဒီ သုတေသီ ဆရာဝန်က ဆက်ပြောပါတယ်။

စူပါမားကက်တွေမှာရှိတဲ့ အစားအသောက်တွေကိုတောင် သက်တမ်းလွန်မယ့် နေ့စွဲ မကြည့်ကြကြောင်း၊ စားသုံးမယ့် အစားအစာ သန့်ရှင်းမှု ရှိမရှိ၊ ဘယ်ဆီကို အသုံးပြုပြီး ကြော်ထားတယ် စတာတွေကို လေ့လာပြီးမှ ၀ယ်ယူတဲ့ အလေ့အထ လည်း အားနည်းသေးကြောင်း အရပ်ဘက် လူမှုရေးအဖွဲ့ အစည်းတခုမှာ လုပ်ကိုင်နေတဲ့ ဆရာဝန်တဦးက ပြောပါတယ်။

“လမ်းဘေး အစားအစာတွေထဲမှာ အကြော်တွေလည်း ပါတယ်။ စားအုန်းဆီထဲမှာမှ ဈေးသက်သာတဲ့ဟာကို အကြော်ဆိုင် တွေက သုံးတာ။ ဆီကြော်မုန့်တွေက ကျန်းမာရေးနဲ့ လုံးဝမညီပါဘူး။ ဒါ့အပြင် မသန့်ရှင်းတဲ့ ဆီတွေဆို ပိုဆိုးတာပေါ့”လို့ အဲဒီ ဆရာဝန်က ဆက်ပြောပါတယ်။

အန္တရာယ်ရှိ လမ်းဘေးအစားအစာ၊ ကျန်းမာရေးနဲ့ မလျော်ညီတဲ့ အသင့်စား အစားအသောက်တွေ ပြည်သူလူထုကြားမှာ ထိုးဖောက်လာခြင်းဟာ ရောဂါတွေ ပိုမိုဖြစ်ပွားလာစေဖို့ အကြောင်းရင်းတရပ် ဖြစ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဆီကြော်မုန့်တွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိကြောင်း၊ အကြော်အထားခံဖို့၊ ကြွပ်ရွနေစေဖို့ အကြော် ဆီပူအိုး ထဲကို ပလတ်စတစ် အကြည်တွေ ထည့်ကြော်တာမျိုး လုပ်နေတယ်လို့ ပြည်တွင်း အခြေစိုက် မော်ဒန်တိုင်းမ် ဂျာနယ်က ရေးလိုက်ပြီးနောက် ဂယက်ရိုက်သွားပါသေးတယ်။

တခြားနိုင်ငံတွေမှာဆို စားသောက်ဆိုင်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိမရှိ စစ်ဆေးပြီး အဆင့်သတ်မှတ်ပေးတာမျိုး ရှိပေမယ့် မြန်မာနိုင်ငံအနေနဲ့ကတော့ ထုတ်လုပ်ထားတဲ့ အသင့်စား စားသောက်ကုန်တွေကိုတောင် ကျန်းမာရေးနဲ့ လျော်ညီမှု ရှိမရှိ စစ်ဆေးပေးနိုင်မှုတွေ အားနည်းနေသေးတယ်လို့ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က တာဝန်ရှိသူတဦးက ပြောပါတယ်။

“မြန်မာပြည်က အစားအစာတိုင်း ဒီလို စစ်လို့ မဖြစ်နိုင်သေးဘူး။ စူပါမားကက်မှာ တင်ရောင်းမယ့် သူတွေသာ ကိုယ့်ကုန်ပစ္စည်း လူဝယ်အောင် အပြိုင်အဆိုင် ထောက်ခံချက်ယူကြတာ။ စစ်ဆေးတဲ့ အချိန်မှာ အရည်အသွေးမီပေမယ့် နောက်ထပ်ထုတ်တဲ့ ကုန်ပစ္စည်းတွေမှာ အရည်အသွေး လျှော့ထားတာမျိုးတွေကိုတော့ စစ်ဆေးနိုင်တာမျိုးတွေ လုပ်နိုင်မှာ မဟုတ်ဘူး” လို့ အဲဒီ FDA တာဝန်ရှိသူက ဆိုပါတယ်။

အဲဒီလို ပြည်တွင်း စားသောက်ကုန်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိတဲ့အပြင် ပြည်ပက တင်သွင်းလာတဲ့ စားသောက်ကုန် တွေမှာလည်း အရည်အသွေး ထိန်းချုပ် စစ်ဆေးနိုင်မှု၊ အာမခံချက် အပြည့်အ၀ ပေးနိုင်မှု လျော့နည်းနေသေး ကြောင်း တွေ့ရ ပါတယ်။

၂၀၀၉ ခုနှစ်အတွင်း ပြည်သူတွေ အဓိက စားသုံးနေတဲ့ လက်ဖက်၊ ငါးပိ၊ ငရုတ်ဆီ စတာတွေမှာ ဆိုးဆေးတွေ ပါဝင်နေလို့ အစားအသောက် ၁၄၂ မျိုးနဲ့ ဆေးဝါး ၆၉ မျိုးကို စစ်အစိုးရပိုင် သတင်းစာတွေကနေ ထုတ်ပြန်ပြီး ပိတ်ပင်ခဲ့ပါတယ်။

ဒီနှစ် စက်တင်ဘာလ အတွင်းမှာ အနောက်တိုင်း ဆေးတွေ ရောနှောထားတဲ့ အတွက် တိုင်းရင်းဆေး ၂၂ မျိုးကိုလည်း ပိတ်ပင်ခဲ့တာကို စစ်အစိုးရ သတင်းစာတွေကတဆင့် သိရပါတယ်။

“အစားအသောက်တွေမှာ ဆိုးဆေးတွေ ထည့်လာတယ်။ အသင့်စား အစားအသောက်တွေလည်း ပေါ်လာတယ်။ ဒီဟာတွေ အတွက် စစ်ဆေးတာတွေ မလုပ်နိုင်သေးပါဘူး။ Shopping Center ကြီးတွေမှာ ရောင်းနေတဲ့ ပစ္စည်းတွေ၊ ပြည်ပက ၀င်လာ တဲ့ ပစ္စည်းတွေက အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနအနေနဲ့ ဘယ်လို စစ်ဆေးပြီး ခွင့်ပြုနေလဲဆိုတာ မသိဘူး။ သူတို့ မညီညွတ်ဘူးပြောရင် ဈေးကွက်ထဲကနေ သိမ်းလိုက်တယ်။ ညီညွတ်တယ်ဆိုရင် ပြန်ပေါ်လာတယ်” လို့ အငြိမ်းစား ဆေးပညာ ပါမောက္ခ တဦးက ပြောပါတယ်။

ဆေးဝါး သုတေသီ ပညာရှင်တဦးကလည်း “FDA ထောက်ခံချက်ပါတိုင်း ယုံလို့ရလားဆိုတော့ ခဏခဏ သတင်းစာထဲကနေ ဘယ်အစားအစာကတော့ မစားသင့်တော့ပါဘူးဆိုတဲ့ ဟာမျိုးတွေပဲကြည့်။ ဈေးကွက်ထဲ ဖြန့်ပြီးလို့ လူတွေစားနေကြပြီးမှ ဒီလို ကြေညာချက်ထုတ်ရတာ FDA က အစကတည်းက အရည်အသွေး မီ မမီ မစစ်ဆေးဘူးလား။ စစ်ဆေးရင်လည်း အဲဒီတုန်းက ဘာလို့ မတွေ့တာလဲဆိုတဲ့ မေးခွန်းတွေ မေးစရာပေါ်လာတယ်” လို့ သုံးသပ်ပါတယ်။

“FDA ထောက်ခံချက်ပါလို့ ယုံကြည်ရမယ်လို့ မပြောချင်သလို မပါလို့လည်း မယုံကြည်ရဘူးလို့ မပြောချင်ဘူး။ ဒီနေ့ခေတ်မှာ အရာရာကို ကိုယ့်အသိဉာဏ်နဲ့ယှဉ်ပြီး စားသောက်နေထိုင်နိုင်ဖို့ လိုတယ် ” လို့ အဆိုပါ ပညာရှင်က အကြံပေးပါတယ်။

FDA ရဲ့ အခန်းကဏ္ဍနဲ့ FDA ထောက်ခံချက်ပါတိုင်း ယုံကြည်စိတ်ချစွာ စားသောက်သင့်သလားဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက် နေကြောင်း ပညာရှင်တွေက ဝေဖန်နေကြပါတယ်။ ။

Cyber Attack တရုတ် လက်ချက်လား

ဧရာဝတီ

ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုသည် တရုတ်နိုင်ငံမှ IP (ကွန်ပျူတာ ကိုယ်ပိုင် နံပါတ်) လိပ်စာများဖြင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီ သတင်းဌာန၏ ဝက်ဘ်ဆိုက်များကို တရုတ်နိုင်ငံမှ တဆင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် သြစတြေးလျ နိုင်ငံ တို့မှ IP လိပ်စာများလည်း ပါဝင်သည်ဟု မန်နေဂျာဖြစ်သူ ကိုဝင်းသူက ပြောသည်။

“၂၀၀၈ ခုနှစ် စက်တင်ဘာ လထဲမှာတုန်းက ပမာဏ 1 Gb နဲ့ အတိုက်ခံရတယ်၊ အခုတကြိမ်က 4 Gb ဆိုတော့ အရင်ထက် ၄ ဆ ပိုပြင်းတယ်”ဟု ဧရာဝတီ သတင်းဌာန၏ မန်နေဂျာက ပြောဆိုသည်။

မြန်မာသတင်းဌာနများဖြစ်သော ဧရာဝတီ၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် မဇ္ဈိမ သတင်းဌာန များ၏ ဝက်ဘ်ဆိုက် များကို တနင်္လာနေ့ နံနက်ပိုင်း ၁၂ နာရီခွဲခန့်ကတည်းက DDoS (Distributed Denial of Service) နည်းစနစ်ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကာ ၂၀၀၈ ခုနှစ်အတွင်း ပထမအကြိမ် တိုက်ခိုက်ခြင်းထက် ပိုမိုပြင်းထန်ကြောင်း သတင်းဌာနများက ပြော ဆိုသည်။

DDoS တိုက်ခိုက်ခြင်းသည် ပစ်မှတ်တခုတည်းကို မြောက်မြားစွာသော ကြားခံစနစ်များ အသုံးပြုကာ တိုက်ခိုက်ခြင်းဟု လည်းကောင်း၊ ဝက်ဘ်ဆိုက်၏ ခံနိုင်စွမ်းရည်ထက် ကျော်လွန်သော ဝင်ရောက်သူများ ဖန်တီးလိုက်သောကြောင့် တခါး ကျဉ်းကျဉ်းတွင် လူများ စုပြုံတိုးသကဲ့သို့ ဖြစ်သွားကာ မည်သူမှ ဝင်ရောက်၍ မရတော့ခြင်းဖြစ်ကြောင်း သတင်းဌာန များက ဥပမာပေး ပြောဆိုသည်။

ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုအောင်ဇော်က ယခုတိုက်ခိုက်မှုသည် နိုင်ငံရေးအရတွန်းအားပေးခြင်း ဖြစ်နိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် သေချာစွာ ပြင်ဆင်ထားရန်လိုကြောင်း၊ ထို့အတွက် စွမ်းအားများ၊ အရင်းအမြစ်များလည်း ထပ်မံ လိုအပ်ဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။

“အစိုးရရဲ့ နည်းပညာတွေက ပိုပြီးတော့မှ အဆင့်မြင့်လာတယ်၊ အဲဒါကြောင့် ကျနော်တို့ရဲ့ လုံခြုံရေး အစီအစဉ်တွေကို အသေအချာ စီစဉ်ထားရပါလိမ့်မယ်”ဟု ကိုအောင်ဇော်ကပြောသည်။

မဇ္ဈိမ သတင်းဌာနကိုလည်း ပမာဏ 6 Gb ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန် နှင့် တူရကီ နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့သည်ဟု အယ်ဒီတာဖြစ်သူ ကိုစိန်ဝင်းက ပြောသည်။

“တိုက်ခိုက်တဲ့သူတွေက ဝက်ဘ်ဆိုက်ကို အကြိမ်ပေါင်း သန်းနဲ့ချီတဲ့ ဝင်ရောက်မှုတွေ လုပ်လိုက်တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ ဝက်ဘ်ဆိုက်ကြီး လေးပြီး ကျသွားတော့တာပဲ”ဟု ကိုစိန်ဝင်းက ဆိုသည်။

အလားတူ တိုက်ခိုက်မှုမျိုး ခံခဲ့ရသည့် DVB သတင်းဌာနကိုမူ ရုရှား၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ကာဇက်စတန်၊ ယူကရိန်း နှင့် ဗီယက်နမ်နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က ပြောသည်။

“အခုတကြိမ် တိုက်တာက လာမယ့်ရွေးကောက်ပွဲမှာ တိုက်ဖို့အတွက် စမ်းသပ်နေတဲ့သဘောပဲဗျ၊ ဘယ်လောက် အထိ သူတို့ဘက်က တိုက်နိုင်လဲ၊ ကျနော်တို့ဘက်က ဘယ်လောက် တောင့်ခံနိုင်လဲဆိုတာ စမ်းတဲ့သဘောပဲ”ဟု ကိုတိုးဇော်လတ် က ဆိုသည်။

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားပြီး နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို နိုင်ငံအတွင်း ဝင်ခွင့်ပိတ်ပင်ထားသည်။

၂၀၀၈ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၏ ပထမ နှစ်ပတ်လည်ကာလတွင်လည်း မြန်မာသတင်းဌာနများကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းမျိုးများ ရှိခဲ့ကြောင်း ယခုအကြိမ်တိုက်ခိုက်မှုသည်လည်း ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် ကာလ အဖြစ် တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

Rangoon, Burma: Opposition NLD Party Celebrate 22nd Anniversary

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,29th,2010

( 44 )People Avoid RNDP Rally

( 43 )India’s role on Burma’s inclusive election urged

( 42 )မြန်မာ့ကျောက်စိမ်း တရုတ်ဈေးကွက်တွင် ရောင်းအားကောင်း

( 41 )ရေပိုင်နက် ကျူးကျော်သည့် ဘင်္ဂလီ ငါးဖမ်းလှေ ၄ စီးကို မြန်မာ ရေတပ်မှ ဖမ်းဆီး

( 40 )Burmese Parties Promoting Campaign Slogans

( 39 )နစက တပ်သား တစ်ဦး ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေး

( 38 )Junta-run militias ‘controlling drugs trade’

( 37 )ပင်စင်စားများ လခတိုးပေးရန် နိုင်ငံတော်အကြီးကဲထံ လက်မှတ်ထိုးတင်ပြ

( 36 )Myanmar opposition leader in Singapore on medical trip

( 35 )နိုင်ငံရေးသမား စစ်စစ်ကို မဲပေးပါ

( 34 )More parties cancel election broadcasts

( 33 )Myanmar PM issues warning

( 32 )မယ်လဒုက္ခသည်စခန်းတွင် ကလေးငယ် (၂) ဦး ၀က်တုပ်ကွေးဖြစ်

( 31 )Scale of cyber attacks ‘rare and serious’

( 30 )ဒေါ်စုကို တွေ့ခွင့်ရရန် ရှေ့နေများ ထပ်မံတောင်းဆို

( 29 )Burmese bank on gold in troubled economy

( 28 )မြန်မာ ဒုက္ခသည် ဂျပန်သို့ စတင်ရောက်ရှိ

( 27 )The camera is mightier than the gun

( 26 )မြန်မာပြည် ရာဇ၀တ် စုံစမ်းရေး ထောက်ခံသည်မှာ ၁၁ နိုင်ငံရှိပြီ

( 25 )Monk sent to jail for anti-election activity

( 24 )မန္တလေး ဒေသအချို့တွင် ရုတ်တရက် ရေကြီး

( 23 )First of 90 Burmese refugees arrive in Japan

( 22 )မဲမပေးရေး စာဖြန့်သည့် ကျောင်းသားများကို ဖမ်း

( 21 )Japan Softens on Refugees

( 20 )၀တပ်က ပစ်ခတ်၍ ထိုင်းစစ်သား တဦး သေဆုံး

( 19 )'Free and fair' vote in Myanmar

( 18 )DVB နိုဗဲလ်ဆု အမည်စာရင်း တင်သွင်းခံရ

( 17 )UN Sec-Gen reiterates his call for release of Suu Kyi as Myanmar goes to polls

( 16 )Myanmar monk faces 15-year jail

( 15 )အကအဖွဲ့များ ဈေးကွက် ကျယ်ပြန့်လာ

( 14 )Burmese websites attacked by hackers

( 13 )အရှင်ပညာစာရအမှု မနက်ဖြန်စီရင်ချက်ချမည်

( 12 )မယ်လ ဒုက္ခသည်စခန်းတွင် ၀က်တုပ်ကွေး ကူးစက်သူ ၂ ဦးတွေ့

( 11 )Burma rejects criticism of elections

( 10 )ကိုယ်စားလှယ်စာရင်း ပါတီမဖော်ပြလို့ တိုင်းရင်းသားပါတီများ အခက်တွေ့

( 9 )Rangoon, Burma: Opposition NLD Party Celebrate 22nd Anniversary

( 8 )မြန်မာဒုက္ခသည် ၁၈ ဦး ဂျပန်မှာ အခြေချဖို့ ရောက်ရှိ

( 7 )Burmese Youth Activists Make Case in Jakarta

( 6 )လွတ်လပ်ပြီး ပွင့်လင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘန်ကီမွန်း တိုက်တွန်းဆဲ

( 5 ) Junta militias emerging as new drug lords in Burma

( 4 )ပြည်သူ့စစ် လက်မခံတဲ့အဖွဲ့ကို မဆက်ဆံဖို့ စစ်အစိုးရသတိပေး

( 3 )Has India Abandoned Burma?

( 2 )ဲ့တိုင်းရင်းသား လက်နက်ကိုင် (၆) ဖွဲ့ တပ်ပေါင်းစုဇွဲ့ရေး သဘောတူ

( 1 )Japan welcomes Burmese refugees

Tuesday, September 28, 2010

ရွေးကောက်ပွဲပြီးလျှင် နအဖအနေဖြင့် မတရားမှုများ ပိုလုပ်လာမည်ဟုပြော

ရိုးမ၃

စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲပြီးလျှင် မတရားမှုများကို တရားဝင် ပိုမိုလုပ်ဆောင်လာမည် ဖြစ်သည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန်လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ မဲဆောက်ရုံးတာဝန်ခံ ဦးဇဝနက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ပြောဆိုခြင်းဖြစ်သည်။

“နအဖ စစ်အစိုးရဟာ တရားဝင် အစိုးရမဟုတ်ပါဘူး၊ အဲဒီလို တရားဝင် မဟုတ်တာတောင် မြန်မာပြည်သူလူထုအပေါ် နှိပ်စက်မှုတွေဟာ တနေ့ထက်တနေ့ ဆိုးလာပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ တရားဝင်အစိုးရအဖြစ် ကမ္ဘာက လက်ခံလိုက်ရင် ဒီထက်မက မကောင်းမှုတွေကို ကျူးလွန်မှာဖြစ်တဲ့အတွက် တတိုင်းပြည်လုံးက သတ္တိရှိရှိနဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ဆန့်ကျင်ကြပါလို့ ပြောချင်ပါတယ်” ဟု ဦးဇဝနက ပြောသည်။

ယနေ့ကာလတွင် သံဃာတော်များအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ကိစ္စရပ်များကို အားကျိုးမာန်တက် လုပ်ဆောင်နေလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ “သံဃာတော်များဟာ ပြည်သူလူထုတွေ ဒုက္ခရောက်လာတိုင်းမှာ လူထုဘက်က မားမားမတ်မတ်ရပ်တည်ပြီးတော့ သမိုင်းအဆက်ဆက် ဆောင်ရွက်ခဲ့တယ်၊ ၂၀၀၇ တုန်းကလဲ အဲလိုထွက်ခဲ့ကြလို့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ကမ္ဘာကြီးက တအံ့တသြ တွေ့ရှိခဲ့ကြတဲ့ အဖြစ်အပျက်ကို တကမ္ဘာလုံးက မမေ့မပျောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် အခုလို ကျင်းပတာဖြစ်တယ်” ဟု ဦးဇဝနက ပြောသည်။

မြန်မာပြည်ဒီမိုကရေစီအရေးတွက် သံဃာတော်များ ကျောင်းသားလူငယ်များနှင့် လှည်းနေလှေအောင်းမကျန် ပြည်သူများပါဝင်သည့် ဆန္ဒပြပွဲများဖြစ်ပေါ်လာရေးအတွက် သံဃာ့တော်များအနေဖြင့် လုပ်ဆောင်နေလျှက်ရှိကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ အရှင်ဣသရိယက ပြောသည်။

“အခုဆိုရင် ပြည်တွင်းထဲမှာ သံဃာ့သမဂ္ဂီအဖွဲ့တွေ၊ ရဟန်းပျိုသမဂ္ဂအဖွဲ့တွေ၊ သောတုဇနဘိက္ခူအဖွဲ့တွေ ပြန်လည်ဖွဲ့စည်းပြီးတော့ မြန်မာပြည်ဒီမိုကရေစီရေးအတွက် လှုပ်ရှားမှုကြီးကို ကျောင်းသားပြည်သူတွေ ပါဝင်ပြီး ဖြစ်ရမယ်ဆိုပြီး စုပေါင်းဆောင်ရွက်နေကြပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲကို သံဃာတော်တွေက လက်ခံခြင်းမရှိတဲ့အတွက် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေပါတယ်” ဟု ဆက်ပြောသည်။

ယနေ့သည် ၂၀၀၇ ခုနှစ် သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့သည်မှာ ၃ နှစ်ပြည့်မြောက်သည့်နေဖြစ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို အုန်းဖျန်ဒုက္ခသည် စခန်းတွင်လည်းကျင်းပပြုလုပ်ပြီး အဆိုပါအခမ်းအနားသို့ သံဃာတော်အပါး (၁၀၀) နီးပါးတက်ရောက်ခဲ့သည်။

ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်

မျိုးဝင်းဇော် / ၂၈ စက်တင်ဘာ ၂၀၁၀

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းပြုစုပုံ မမှန်ကန်ခြင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးခွင့် မရခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်ပင် မဲပေးခွင့်မရသူ သိန်းချီ ကျန်ရစ်နိုင်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် နိုင်ငံရေးသတင်းအယ်ဒီတာများက ပြောသည်။

ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်သူတဦးက “အလုံမြို့နယ်က ဘီယာဆိုင်ကြီးတဆိုင် ဆိုပါတော့၊ သူ့မှာ နယ်က အလုပ်လာလုပ်နေတဲ့ အလုပ်သမားပေါင်း (၆ဝ) ကျော်ရှိတယ်။ စားပွဲထိုး၊ မီးဖိုချောင်၊ သန့်ရှင်းရေး၊ လုံခြုံရေး အားလုံးပါတယ်။ အဲဒီလူတွေက ဧည့်စာရင်းနဲ့ နေကြတယ်။ သူတို့တွေအားလုံး တယောက်မှ မဲပေးပိုင်ခွင့်ရှိသူ စာရင်းထဲမှာ မပါဘူး။ ဒီမှာရောက်နေတော့ သူတို့ ရပ်ရွာ မဲစာရင်းမှာလည်း မပါဘူး။ ပိုင်ရှင် သူဌေးကလည်း စီးပွားရေး လုပ်နေသူဆိုတော့ အဲဒီကိစ္စ ကော်မရှင်မှာ သွားပြောရကောင်းမှန်း မသိဘူး။ သိလည်း သွားမပြောရဲဘူး။ အလားတူ စားသောက်ဆိုင်တွေ၊ အလုပ်ရုံတွေ၊ စက်ရုံတွေ ရန်ကုန်ဧရိယာမှာ အများကြီးရှိတယ်။ ကျနော်တို့ စုံစမ်းလို့ ရသမျှ နယ်က အလုပ်လာလုပ်တဲ့ အဲဒီ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေ မဲစာရင်းထဲမှာ မပါဘူး” ဟု ပြောသည်။

စစ်အစိုးရက စက်တင်ဘာ (၂ဝ) ရက်နေ့၌ မဲစာရင်း ထုတ်ပြန်ပေးခဲ့ပြီး မဲစာရင်းတွင် မပါသည့် ပြည်သူများအနေဖြင့် လူကိုယ်တိုင် သက်ဆိုင်ရာ ကော်မရှင်ထံသွားပြီး ပုံစံ (၃) ဖြင့် လျှောက်ထားရမည် ဖြစ်သည်။

မဲစာရင်းထဲတွင် ထည့်သွင်းပေးရန် အချိန်ကာလကို စက်တင်ဘာ (၂၆) ရက်နေ့ နောက်ဆုံး အချိန်ပေးထားသော်လည်း အမြို့မြို့ အနယ်နယ်ရှိ ရပ်ကွက် ကော်မရှင်ရုံးတို့တွင် လာရောက်လျှောက်ထားသူ မရှိသလောက်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း နိုင်ငံရေးသတင်းအယ်ဒီတာ တဦးက “အရင်ခေတ်တုန်းကဆို မဲစာရင်း မှန်မမှန် နိုင်ငံရေးပါတီတွေက စစ်ဆေးခွင့် ရှိကြတယ်။ အခု ရွေးကောက်ပွဲ နည်းဥပဒေမှာ အဲလို ပြဋ္ဌာန်းတာမျိုး မပါဘူး။ ဒါကြောင့် ဘာလုပ်မလဲလို့ နိုင်ငံရေးပါတီတွေကို မေးတဲ့အခါ ပါတီ (၃) ခု လောက်က မဲစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်ထံကနေ အခမဲ့ တောင်းတယ်လို့ ဖြေတယ်။ ဒါပေမယ့် ဘယ်သူမှ မရကြဘူး။ မဲစာရင်းကို ကိုယ့်ဘာသာကိုယ် ကူးပြီး စာရင်းတိုက်ဖို့ဟာလည်း လူ (၁) သိန်းလောက်ရှိတဲ့ မဲဆန္ဒနယ်မြေ တခုတည်းတင် ငွေကျပ် သိန်း (၂ဝ) လောက် ကုန်မှာမို့ ဘယ်ပါတီမှ မလုပ်နိုင်ကြဘူး” ဟု ပြောသည်။

ထို့အပြင် မဲစာရင်းတွင် မပါသည့် ပြည်သူများက မဲစာရင်းပါစေရန် အကူအညီ လာတောင်းပါက လုပ်ပေးမည်ဟု နိုင်ငံရေးပါတီများက ကြေညာထားသော်လည်း (၂၆) ရက်နေ့ ကျော်သွားသည်အထိ အကူအညီ သွားတောင်းသည့်ပြည်သူ တယောက်မှ မရှိကြောင်း၊ မဲရုံတို့တွင် ကိုယ့်နာမည် ပါမပါ သွားကြည့်သည့် ပြည်သူ အလွန်နည်းကြောင်းလည်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ကလည်း တိုင်းနှင့်ပြည်နယ်အလိုက် မဲပေးပိုင်ခွင့်ရှိသူ စာရင်း၊ တနိုင်ငံလုံး အတိုင်းအတာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတို့ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မလုပ်သည့်အပြင် တနိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ပြန်ပေးခြင်း မရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ၎င်းတို့အမည် မဲစာရင်းထဲ ပါမပါ လာရောက်ကြည့်ရှုသူ အလွန်နည်းခြင်းကြောင့် ယခု ရွေးကောက်ပွဲတွင် စိတ်ဝင်စားမှု မရှိသည်ကို ဖော်ပြနေကြောင်း ရန်ကုန်မြို့ခံ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြသည်။

နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် ဘန်ကီမွန်း တိုက်တွန်း

NEJ / ၂၈ စက်တင်ဘာ ၂၀၁၀

လာမည့်နိုဝင်ဘာ (၇) ရက်တွင် နအဖစစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့မှ ၀န်ကြီးများနှင့် ပြုလုပ်သည့် ယမန်နေ့ အစည်းအဝေးအပြီးတွင် မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အများယုံကြည်လေးစားသည့် ဒီမိုကရေစီ အရပ်သားအစိုးရတရပ် ပေါ်ထွန်းသည်ကိုသာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် လိုလားကြကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့တွင် သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂနိုင်ငံများ ပါဝင်ကြသည်။

“မြန်မာ့မိတ်ဆွေ နိုင်ငံတွေ အားလုံးက မြန်မာနိုင်ငံမှာပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လူတိုင်းပါဝင်နိုင်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ထပ်လောင်း ပြောဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့ လိုအပ်တယ်လို့လည်း အားလုံးက တောင်းဆိုကြပါတယ်။ ဒီကိစ္စဟာ ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံမှု ရရှိစေဖို့နဲ့ မြန်မာနိုင်ငံ တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်တွေပါ” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်သည်။ ယခု ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရက် မတိုင်မီ တပတ်အလို နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါရွေးကောက်ပွဲအတွက် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အန်အယ်လ်ဒီက ပါတီအဖြစ် မှတ်ပုံတင်ခြင်းမရှိဘဲ ရွေးကောက်ပွဲမ၀င်ရန် ပြီးခဲ့သည့် မတ် (၂၉) တွင် ဆုံးဖြတ်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်ကလည်း သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်လျှောက်ထားခြင်း မရှိသည့်အတွက် အန်အယ်လ်ဒီပါတီအား ဥပဒေအရ ဖျက်သိမ်းလိုက်ကြောင်း ပြီးခဲ့သည့်စက်တင်ဘာ (၁၄) ရက်တွင် ကြေညာခဲ့သည်။

တိုင်းရင်းသားတပ်များ စစ်ရေးပူးပေါင်းရန် ဆွေးနွေး

သန်းထိုက်ဦး Tuesday, September 28, 2010

စစ်အစိုးရကို တိုက်ခိုက်ဆဲ လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် စစ်ရေး စွမ်းရည် မြှင့်တင်ရန်နှင့် နအဖ စစ်တပ်မှ တိုက်ခိုက်လာပါက အချင်းချင်း ကူညီရန် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ ကျင်းပသော အဆိုပါ အစည်းအဝေးကို တိုင်းရင်းသား လူမျိုးများ ကောင်စီ (ENC) က ဦးဆောင် ကျင်းပ ပေးကြောင်း သိရှိရပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းရန် ကြိုးစား သော်လည်း မရခဲ့ချေ။

“KNU နဲ့ MNSP တို့ စစ်အစိုးရတပ်က တိုက်လာရင် ပူးပေါင်း ကူညီဖို့ သဘောတူညီချက် ရခဲ့ပါတယ်” ဟု အမည် မဖော်လိုသူတဦးက ဧရာဝတီသို့ ပြောသည်။

အစည်းအဝေးသို့ MNSP မှ ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင် နိုင်ဇေယျ အပါအဝင် ၄ ဦး တက်ရောက် ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အခြေစိုက် The Nation သတင်းစာနှင့် အင်တာဗျူးတွင် KNPP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ယခုအခါတွင် ၎င်းတို့ အနေဖြင့် စစ်ရေး၊ နိုင်ငံရေး ကိစ္စရပ်များကို အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် အတွင်းတွင်လည်း SSA တာဝန်ရှိသူများနှင့် ၃ ကြိမ်ခန့် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခဲ့ကြောင်း၊ KNU နှင့်လည်း ပူးပေါင်းဖလှယ်ရေး ကော်မတီအဖွဲ့တခု ရှိကြောင်း ဖော်ပြထားသည်။

“အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ခိုက်ဖို့ကလွဲပြီး တခြားနည်းလမ်းဘာမှ မရှိဘူးလို့ ကျနော်ထင်တယ်။ အဖွဲ့တွေ အားလုံးမှာ ဘုံရန်သူ တခုပဲရှိတယ်လို့တော့ သိသင့်တယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။

အလားတူ အစည်းအဝေးတခုကို ပြီးခဲ့သည့် မေလက ချင်းမိုင်တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခု အစည်းအဝေးသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့ အစည်းများကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ကူးပြောင်းရေးအတွက် ဖိအားပေးသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

စက်တင်ဘာလ အစောပိုင်းတွင်လည်း KIO ခေါင်းဆောင်များသည် တရုတ်နိုင်ငံဘက်သို့ သွားရောက်ပြီး အကယ်၍ KIO ၏ စစ်ရေးတောင်ပံဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် နအဖတပ်တို့ တိုက်ပွဲ ဖြစ်ပွားပါက တရုတ်အနေဖြင့် ကချင်ဒုက္ခသည်များကို လက်ခံပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း KIO နှင့် နီးစပ်သူများထံမှ သိရသည်။

KIO ထိန်းချုပ် နယ်မြေများတွင် နေထိုင်သော မိသားစုဝင်များကိုလည်း တိုက်ပွဲများ ဖြစ်ပွားလာပါက KIO စစ်သားများကို ကူညီရန် စည်းရုံးမှုများ ပြုလုပ်ထားကြောင်း၊ မြန်မာစစ်သားများကိုလည်း KIO ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်ခြင်း မပြုရန် သတိပေးထားကြောင်း၊ ဒေသခံလူထုကိုလည်း ၎င်းတို့အိမ်သို့ မြန်မာ မိတ်ဆွေ သူငယ်ချင်းများ အလည်အပတ် ခေါ်ဆောင်ခြင်းကို တားမြစ်ထားကြောင်း သိရှိရသည်။

ပြီးခဲ့သော တပတ်ကလည်း KIO ထိန်းချုပ်ထားသည့် ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာဌာနချုပ် နယ်မြေအတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ်ယာဉ်တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ခဲ့သည်။

မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူး ပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ KIO အပါအ၀င် SSA-N နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့များက လက်မခံသဖြင့် စစ်ရေးအရ တင်းမာနေကြောင်း သိရသည်။

NLD ၂၂ နှစ်ပြည့် ကျင်းပ

ရန်ပိုင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားကို ပါတီ ဒု ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်တွင် ယနေ့ ကျင်းပကြောင်း သတင်းရရှိသည်။

ပါတီ၏ ၂၂ နှစ်တာကာလ ဖြတ်သန်းမှုကို အားရကျေနပ်ပါကြောင်း၊ ယခုအခမ်းအနား တက်ရောက်ကြသူ အများစုမှာ ပါတီသက်တမ်း တလျှောက်တွင် အနစ်နာခံပြီး လုပ်ဆောင်ခဲ့သည့် အတွက် ဂုဏ်ယူပါကြောင်း ဦးတင်ဦးက ဧရာဝတီသို့ ပြောသည်။

“ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ဒီ ၂၂ နှစ်ပြည့်က စပြီး ပါတီတရပ်လို ရှင်သန်လာမယ်။ ပြည်သူရဲ့ ယုံကြည်မှု ပိုမို အားကောင်းလာမယ်လို့ ယုံတယ်” ဦးတင်ဦးက ဆိုသည်။

စစ်အစိုးရက ပါတီကို ဖျက်သိမ်းလိုက်ပြီဟု ကြေညာသော်လည်း လူထုထောက်ခံမှုဖြင့် ပြန်လည်အားကောင်းလာမည် ဖြစ်ကြောင်း ဦးတင်ဦးက ပြောသည်။

ယင်းအခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များနှင့် သတင်းထောက်များ အပါအ၀င် ၃၀၀ ခန့် တက်ရောက်ကြောင်း၊ အနှောင့်အယှက် တစုံတရာ မရှိသော်လည်း အရပ်ဝတ်ဖြင့် ရဲများက အခမ်းအနား တက်ရောက်သည့် သူများကို ဓာတ်ပုံများရိုက်ယူကြောင်း သိရသည်။

NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းတင်က ပါတီအနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရသည်မှာ လူတစု၏ ဆုံးဖြတ် ချက်မဟုတ်ကြောင်း၊ ပါတီသည် စစ်အစိုးရ ကျင်းပသည့် အမျိုးသားညီလာခံ ကတည်းက နိုင်ငံရေးတွင် စစ်တပ် ဦးဆောင်သည့် အခန်းကဏ္ဍကို လက်မခံနိုင်သည့်အတွက် သပိတ်မှောက်ခဲ့ကြောင်း ရှင်းပြသည်။

လက်ရှိတွင် ပါတီကို ပိုမိုအားကောင်းလာစေရန် ပါတီဝင် အောက်ခြေထုကို စည်းရုံးမူများ၊ ဗဟိုကိုလည်း ပိုမိုကျစ်လျစ်စေရန် ကြိုးပမ်းမှုများ လုပ်ဆောင်နေကြောင်း၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကိုလည်း ဆက်လက် ဆုပ်ကိုင်ထားမည် ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောသည်။

NLD ကို စစ်အစိုးရ အာဏာသိမ်းပြီးနောက် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးအောင်ကြီး တို့က ဦးဆောင်ပြီး တည်ထောင်ခဲ့သည်။

ပါတီတည်ထောင်ပြီး မကြာမီမှာပင် ဦးအောင်ကြီးက ပါတီတွင် ကွန်မြူနစ်များ ၀ိုင်းရံနေသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ခွဲထွက်ခဲ့သည်။ NLD သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

စစ်အစိုးရက ရွေးကောက်ပွဲ အနိုင်ရသည့် NLD ပါတီကို အာဏလွှဲပေးခြင်းမရှိဘဲ အမျိုးသားညီလာခံ ခေါ်ယူပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်ကို ရေးဆွဲပြီး ရွေးကောက်ပွဲ အသစ်ထပ်မံ ပြုလုပ်မည်ဟု ကြေညာခဲ့သည်။

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖမ်းအဆီးခံ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးမှု မရှိခြင်းများကြောင့် ပြီးခဲ့သည့် မတ်လတွင် NLD က ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုနောက် ပါတီ၏ ဗဟိုကော်မတီဝင်များ ဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦးနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်ပြီး ရွေးကောက်ပွဲဝင်ရန် ပါတီမှ ခွဲထွက်သွားပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ထူထောင်ခဲ့သည်။

ယခုလ ၁၄ ရက်နေ့တွင် NLD ပါတီကို ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်အစိုးရပိုင် မီဒီယာမှ ကြေညာခဲ့သည်။

မွန်သံဃာတပါးကို ထောင်ဒဏ် ၁၅ နှစ်ချ

မင်းနိုင်သူ

ရွှေဝါရောင် တော်လှန်ရေး ၃ နှစ်ပြည့်ချိန်တွင် မွန်သံဃာတော် တပါးကို အင်းစိန် အထူးတရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ကြောင်း သိရသည်။

“အရှင်ဥက္ကံသကို ဒီနေ့ပဲ အီလက်ထရွန်းနစ်ပုဒ်မနဲ့ ထောင် ၁၀ နှစ်၊ ပုံနှိပ်မှုဆိုင်ရာပုဒ်မနဲ့ ထောင် ၄ နှစ်၊ ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ) နဲ့က ၁ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၁၅ နှစ် ချလိုက်တာပါ။ ဥပဒေကြောင်းအရ တရားလိုဘက်က တရားခံအပြစ်ရှိကြောင်း တိကျ ခိုင်မာတဲ့ အထောက်အထား မတင်ပြနိုင်ဘူးလို့ ပြောရမှာပါ” ဟု အရှင်ဥက္ကံသဘက်မှ ရှေ့နေလိုက်ပေးခဲ့သူ ဒေါ်ခင်ဌေးကြွယ်က ဧရာဝတီသို့ ပြောသည်။

အရှင်ဥက္ကံသကို ယခုနှစ် ဇန်န၀ါရီလ ၁ ရက်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းထားသော သံဃာတော်များအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန် လိုအပ်ကြောင်း အိန္ဒိယနိုင်ငံရောက် မြန်မာသံဃာတော်များက ယမန်နေ့က ကျင်းပသော ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် အခမ်းအနားတွင် တောင်းဆိုလိုက်သည်။

“သံဃာ့မဟာနာယက အဖွဲ့ဆိုတာ သံဃာတွေအရေး၊ သာသနာ့အရေးအတွက် လုပ်ဆောင်ရမယ်။ ဒါပေမယ့် အခုအချိန်အထိ စစ်အစိုးရ အလိုကျပဲ ဆောင်ရွက်နေတော့ ပြည်တွင်းက သံဃာတွေဟာ ရှေ့က ရပ်တည်ပေးမယ့်သူ မရှိတော့ အားကိုးရာမဲ့ ဖြစ်နေတယ်။ လုံခြုံမှုမရရှိကြဘူး” ဟု သာသနာ့ဥသျှောင်အဖွဲ့ အိန္ဒိယ ဌာနခွဲ ဥက္ကဋ္ဌ ဦးပညာဇောတက မိန့်သည်။

၂၀၀၇ သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများက လမ်းလျှောက်ဆန္ဒပြခဲ့ရာ ပါဝင်သူများကို အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။ အဆိုပါ ဖမ်းဆီးလိုက်သူများကို ပြန်လွှတ်ပေးရန် စက်တင်ဘာ ၅ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များက စတင်၍ မေတ္တာပို့ကြွချီ တောင်းဆို ခဲ့သည်။

ထိုသံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် ကြိုးတုပ်၍ ရိုက်နှက်ခဲ့သည်။ ထိုသို့ သံဃာတော် များအပေါ် ကျူးလွန်မှုများကို နိုင်ငံတဝန်းရှိ သံဃာထုက မကျေနပ်၍ သံဃာထု ကျေနပ်သည်အထိ အာဏာပိုင်များက ၀န်ချ တောင်းပန်ရန်နှင့် တောင်းပန်ခြင်း မပြုပါက စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု ကြေညာခဲ့သည်။

အာဏာပိုင်များက ၀န်ချတောင်းပန်ခြင်း မပြုခဲ့သောကြောင့် သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြမှုများ နိုင်ငံတဝန်း ရက်ဆက်ဖြစ်ပေါ်ခဲ့ပြီး တောင်ဥက္ကလာရှိ ငွေကြာယံကျောင်းတိုက်ကို စစ်တပ်က ၀င်စီးကာ သံဃာတော်များအား အဓမ္မ ရိုက်နှက် ဖမ်းဆီးမှု ပြုလုပ်ခဲ့သဖြင့် ရဟန်းရှင်လူ ပြည်သူအများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှတဆင့် စီတန်းကြွချီလာသော သံဃာများ၊ ပြည်သူများကို စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည်။ စက်တင်ဘာ ၂၇ ရက်နေ့ ဆူးလေဘုရားအနီး ပစ်ခတ်မှုတွင်မူ ဂျပန် သတင်းထောက် ခန်ဂျီနာဂအိအပါအ၀င် ရဟန်းရှင်လူ ပြည်သူအများ သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထိုအတောအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် သံဃာတော်များ၊ သီလရှင်နှင့် ပြည်သူအမြောက်အမြား ရှိခဲ့ပြီး အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးလွတ်မြောက်လာသည့် သံဃာတော်များလည်း ရှိသည်။ ဦးဆောင် ဆရာတော်တပါးဖြစ်သည့် ဦးဂမ္ဘီရအပါအ၀င် သံဃာတော်များနှင့် တက်ကြွ လှုပ်ရှားသူတချို့မှာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းခံကြရသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) ၏ စာရင်းများအရ နအဖစစ်အစိုးရက ထိန်းသိမ်းထားသော သံဃာတော် ၂၅၀ ကျော်နှင့် သီလရှင် ၇ ပါး ရှိနေဆဲဖြစ်သည်။

သံဃာ့လှုပ်ရှားမှု ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများကို ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံရောက် မြန်မာ အင်အားစုများကလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါ်ခင်အေးနေအိမ်၌ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း ကျဆုံးခဲ့သော သံဃာတော်များကို ရည်စူးကာ သံဃာတော် ၅ ပါးကို အရုဏ်ဆွမ်း ကပ်လှူ ရေစက်ချ အမျှပေးဝေမှု ပြုခဲ့ရာ နိုင်ငံရေးလှုပ်ရှားသူ ၄၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီ မဲမနိုင်ပါက လွိုင်ကော်မြို့ မဲဆန္ဒနယ်တွင်းရှိ မဲရုံမှူးများ အရေးယူခံရမည်

နှောင်းလှိုင်

ကရင်နီပြည် လွိုင်ကော်မြို့နယ်ရှိ မဲဆန္ဒနယ်မြေ အမှတ် ၁ မှ တီးလုံနှင့် တီးစဲခါးကျေးရွာအုပ်စု၌ ရွေးကောက်ပွဲအတွင်း လူထုများ ကြံ့ဖွံ့ပါတီကို အပြတ်အသတ် မဲပေးနိုင်ခြင်း မရှိပါက မဲရုံမှူးများကို ပါတီမှ အရေးယူမည်ဟု ဆိုသည်။

“အကယ်၍ ကြံ့ခိုင်ရေး မဲက အခြားပါတီထက် ရှုံးနေတယ်ဆိုရင် အဲဒီမဲရုံမှူးတွေ အရေးယူ ခံရမယ်။ စစ်ဆေးမေးမြန်းခံရမယ်။ သူအဲလိုပြောတယ်။ ကြံ့ဖွံ့ပါတီကို မဲနိုင်ခိုင်းစေချင်တဲ့ သဘောပေါ့” ဟု တီးစဲခါးကျေးရွာအုပ်စုမှ ကျောင်းဆရာမ တဦးက ပြောပါသည်။

တီးလုံကျေးရွာ အုပ်စုနှင့် တီးစဲခါးကျေးရွာအုပ်စုတို့မှ စာတတ်ပေတတ်သည့် ကျောင်းဆရာ၊ မများအား မဲရုံ တရုံတွင် မဲရုံမှူး ၉ ဦးဖြင့် ရွေးချယ်ထားပြီး ပြီးခဲ့သည့် လတွင် မဲရုံမှူး သင်တန်းများ ပေးခဲ့သည်ဟု သိရသည်။ ထိုနေရာဒေသတွင် မဲရုံ သုံးခု ဖွင့်ထားမည် ဖြစ်ပြီး တီးစဲခါး၊ ဟိုနန်းနှင့် ၀ါငေါ့ကျေးရွာတွင် ဖွင့်လှစ်ထားမည် ဖြစ်သည်။

တီးလုံနှင့် တီးစဲခါးကျေးရွာအုပ်စုမှ ကျောင်းဆရာ၊မများသည် ကျောင်းသားမိဘများနှင့် ရင်းနှီးသည့်အတွက် ကြံ့ဖွံ့အား မဲထည့်ရန် ညွန်ကြားလာပါက ကျောင်းသားမိဘများ လိုက်နာမည့် အခြေအနေ ရှိသည်။ တချို့သော ကျောင်းဆရာ၊မများသည် ရာထူးပြုတ်မည်ကို စိုးရိမ်သည့်အတွက် ကြံ့ဖွံ့အတွက် စည်းရုံးပေးနိုင်သည်ဟု ပြောပါသည်။

“ကန့်ကွက်မဲက များနေမယ်ဆိုရင် နအဖတပ်တွေက ငါတို့ကို ပြောလာမယ်။ မင်းတို့က ကရင်နီကို ထောက်ခံတဲ့ လူမျိုးတွေပဲ။ သူပုန်တွေပဲ။ အကယ်၍ ထောက်ခံမဲ များများထည့်မယ်ဆိုရင်လည်း အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ငါတို့ မထည့်ချင်ဘူး” ဟု အမှတ်-၁ မဲဆန္ဒနယ်တွင်းရှိ ဒေသခံ တဦးက ပြောသည်။

“လူတွေက ကန့်ကွက်မဲ ထည့်ချင်တယ် ။ ဒါပေမဲ့ ကန့်ကွက်မဲကို ထည့်လိုက်မယ်ဆိုရင် နအဖက သူ့ကို ပြောလာမယ် မင်းတို့ ဘာကြောင့် ကန့်ကွက်မဲ ဒီလောက်များလဲ။ မင်းတို့ မဲရုံမှူးတွေ မင်းတို့ လူထုတွေကို မင်းတို့ မစည်းရုံးဘူးလား။ သူတို့ အဲလို မေးမြန်းခံရမယ်။ ကြံ့ဖွံ့ကို ထောက်ခံတဲ့မဲ ထည့်ပြန်တော့လည်း သူတို့ ကြံ့ဖွံ့ကို ကြိုက်တာ မဟုတ်ဘူး အဲမျိုး ဖြစ်တာပေါ့။ လူထုက ကြားထဲမှာ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတာပေါ့” ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနကော်မီတီမှ ပြည်ထဲရေး ဒု-တာဝန်ခံ ဗမာနိုင်က ပြောပါသည်။

လွိုင်ကော်မြို့နယ်တွင် မဲဆန္ဒနယ်မြေ ၂ ခု ရှိပြီး ကျေးရွာ အုပ်စု ၁၂ ခု ရှိသည့်အနက် တီးစဲခါးကျေးရွာအုပ်စုသည် ကျေးရွာ ၁၆ ရွာ ရှိပြီး တီးလုံကျေးရွာအုပ်စုသည် ကျေးရွာပေါင်း ၁၃ ရွာ ရှိသည်။

ထိုနေရာဒေသများသည် ၉၀ ရွေးကောက်ပွဲမှာလည်း တီးလုံနှင့် တီးစဲခါးကျေးရွာ အုပ်စုသည် ယခုကဲ့သို့ မဲရုံမှူးများကို ကျောင်းဆရာ၊မ များမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။