Saturday, April 8, 2017

မြန်မာစစ်တပ် နှင့် KIA တပ်မဟာ ၆ တိုက်ပွဲ ဖြစ်

Kachinnews


နေ့စဉ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရှမ်းပြည် အရှေ့ပိုင်း ကိုးကန့်ဒေသနှင့် ဆက်စပ်နေသော ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) နယ်မြေ ဘက်တွင်လည်း မတ် ၂၄၊ သောကြာနေ့မှ စပြီး တိုက်ပွဲ ဖြစ်ပွားလာသည်။

Mungbaw (မုံးဘော်) အနီး Manping (မံပင်း) ဘက်မှ Howa Bum ရွာဟောင်း ဘက်သို့ တက်လာသည့် အစိုးရ တပ်ဖွဲ့ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း ကို မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု KIA တပ်ရင်း ၃၆ တပ်ဖွဲ့များ စောင့်ကြို တိုက်ခိုက်ရာမှ ၄ နာရီခန့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

နံနက် ၈ နာရီမှ ၁၂ နာရီထိ ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရ တပ်ဘက် ထိခိုက်သေဆုံးမှု များနိုင်ပြီး Mungbaw (မုံဘော်) Maihpang (မိုင်းဖန်) စခန်းမှ ၁၂၀မမ လက်နက်ကြီး အနည်းဆုံး ၇ ကြိမ် ပစ်ကူပေး ခဲ့ကြောင်း နာမည် မဖော်လိုသော KIA တပ်မဟာ ၆ အရာရှိ တဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။

ယခု တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်၏ စစ်ဆင်လှုပ်ရှားမှုပေါ် မူတည်ပြီး သံလွင်မြစ် အနောက်ဘက် KIA တပ်မဟာ ၆ မုံကိုးဒေသမှာ တိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်း အထက် KIA အရာရှိက ဆိုပါသည်။

တစ်လ ကျော် ကိုးကန့် ဒေသတွင် တိုက်ပွဲဖြစ်ပွားလာချိန် ယခု KIA တပ်မဟာ ၆ မုံကိုး ဒေသ ဘက်တွင်လည်း နှစ်ဖက် တိုက်ပွဲ စတင် ဖြစ်ပွားလာသည်။

မြန်မာပြည် မြောက်ပိုင်းရှိ KIA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ (၇)ဖွဲ့ က မူလ ပင်လုံ စာချုပ် အတိုင်း ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လမ်းလွဲစေမည့် မြန်မာအစိုးရ၏ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်ကို လက်မှတ် မထိုးကြောင်း ဖေဖေါ်ဝါရီ ၂၄ နေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုလို NCA ကို လက်မခံ ပယ်ချ လိုက်ပြီးနောက် မြန်မာစစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) ကြား အထူးသဖြင့် သံလွင်မြစ် အရှေ့ဘက် ကိုးကန့် ဒေသတွင် နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပါသည်

No comments: