Friday, December 3, 2010

ဘုရားသုံးဆူမှဒဏ်ရာရမြန်မာစစ်သားလေးဦး ထားဝယ်၌ဆေးဝါးကုသရန်ထိုင်းနယ်မြေဖြတ်သန်းခွင့်ပြု

မင်းထက်အောင်၊ ကောင်းဝါ

သေနတ်ဒဏ်ရာရရှိခဲ့သည့် မြန်မာစစ်သား ၄ ဦးတို့အား ထိုင်းအာဏာပိုင်များခွင့်ပြုချက်ဖြင့် မော်တော်ကားဖြင့် ဘုရား သုံးဆူ ထိုင်းနယ်မြေမှတဆင့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ရှိ နတ်အိမ်ထောင်နယ်စပ်စခန်းသို့ ယမန်နေ့၊ နေ့လည်ပိုင်း တွင်ရောက်ရှိသွား ပြီဖြစ်ကြောင်း ဒေသခံထိုင်းအာဏာပိုင်များထံမှ သိရသည်။

အဆိုပါမြန်မာစစ်သားလေးဦးမှာ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကြိမ်ချောင်းအနီး တဲသုံးလုံးရွာ၌ ဒီကေဘီအေ တပ်ဖွဲ့ပစ်ခတ် မှုကြောင့် ဒဏ်ရာရရှိခဲ့ဟန်တူကြောင်း ဘုရားသုံးဆူမြို့ရှိ မြန်မာအာဏာပိုင် အသိုင်းအဝိုင်းကြားတွင် ယူဆပြောဆိုနေကြသည်။

ဘုရားသုံးဆူဒေသ ကြိမ်ချောင်းမရောက်မီ ဇီးပင်အရှေ့တဲသုံးလုံး၌ မြန်မာစစ်အစိုးရ ခမရ ၄၀၆ စစ်ကြောင်းနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ( ၃) နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

“ဒဏ်ရာရထားတဲ့ရွာသားလေးယောက်နဲ့ရောပြီး ဒီစစ်သားလေးယောက်ကို မယ့်သဗွီးကနေလှေနဲ့တင်လာတာ၊ အားလုံးဘုရားသုံးဆူကို ချောချောမောမောရောက်လာကြပါတယ်၊ ဒါပေမယ့် ဒဏ်ရာရထားတဲ့ရွာသားတွေ အခုဘယ်ဆေးရုံရောက်နေမှန်းမသိဘူး”ဟု ဒဏ်ရာရရှိသူများအားလိုက်ပါကူညီခဲ့သူတစ်ဦးက ပြောသည်။

လက်နက်ကြီးဒဏ်ရာရရှိခဲ့သူရွာသားလေးဦးမှာ အဖွားအိုတစ်ဦး၊ မိန်းကလေးငယ်တစ်ဦးနှင့် နွားကျောင်းသားနှစ်ဦး ဖြစ်ကြသည်ဟု မျက်မြင်တွေ့ရှိခဲ့သူများ ပြောပြချက်အရ သိရသည်။

သို့ရာတွင် ယင်းဒဏ်ရာရရှိသည့်ရွာသားများကို သတင်းထောက်များလိုက်လံရှာမတွေ့သေးသဖြင့် မည်သို့မည်ပုံဖြစ်ပေါ်ခဲ့ရသည်ကို အတည်မပြုနိုင်သေးပေ။

ထို့အပြင် ဒဏ်ရာဖြင့်ထားဝယ်မြို့သို့ပြန်သွားကြသည့် မြန်မာစစ်သားလေးဦးတို့မှာ(၁) တပ်ကြပ်ကျော်စိုး(၄၀) နှစ်၊ (၂) ဒုတပ်ကြပ်သိန်းထွန်းဦး(၄၀)နှစ်၊ (၃) ဒုတပ်ကြပ်ဝင်းနိုင်(၂၄)နှစ်၊ (၄) တပ်သားနေသူ(၂၃) နှစ်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်မှထုတ်ပေးသော ခရီးသွားလာရေးထောက်ခံစာမှတ်တမ်းအရ သိရသည်။

နတ်အိမ်ထောင်စခန်းမှတဆင့် ထားဝယ်မြို့ဆေးရုံသို့ ဆေးဝါးကုသရန် အကြောင်းပြခဲ့သည်ဟု ဒေသခံထိုင်းအာဏာပိုင် အသိုင်းအဝိုင်း၌ ပြောဆိုကြသည်။

“ဘုရားသုံးဆူမြို့မှာလည်း အစိုးရဆေးရုံရှိတာပဲ၊ ဘာလို့ဒီမှာမကုပဲ ထားဝယ်ကိုပို့ရတာလဲဆိုတာ စဉ်းစားစရာပဲ၊ အခြားအဆင့်စစ်သားတွေကို အထူးအခွင့်အရေးပေးပြီး ခုလိုတကူးတကပို့ခွင့်ရတာအံ့သြစရာပါ” ဟု နယ်စပ်စစ်ရေးစောင့်ကြည့်နေသူများ ဝေဖန်ကြသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ဘုရားသုံးဆူမြို့သိမ်းပိုက်ခံရပြီး နောက်ပိုင်းစစ်ကူအဖြစ်ထပ်မံရောက်ရှိလာသော ခမရ-၄၀၂၊ ၄၀၅၊ ၄၀၆၊ ၄၁၀ တပ်ရင်းများမှာ တနင်္သာရီတိုင်းရှိ ကမ်းရိုးတမ်းတိုင်းစစ်ဌာနချုပ် စကခ ၈ လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသည်။

ဘုရားသုံးဆူမြို့ကို ဒီကေဘီအေတပ်ဖွဲ့များသိမ်းပိုက်ပြီး ပစ်ခတ်မှုမရှိဘဲရက်ပိုင်းအတွင်း မြို့ပေါ်မှဆုတ်ခွာပေးခဲ့ပြီးနောက် စကခ ၈ လက်အောက်ခံတပ်များ ဘုရားသုံးဆူဒေသသို့ စစ်ကူအဖြစ်ရောက်ရှိလာခြင်း ဖြစ်သည်။

ထိုသို့မြန်မာစစ်ကူများရောက်ရှိနေစဉ် မြန်မာတပ်ဖွဲ့နှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်တို့အကြား ဘုရားသုံးဆူဒေသဝန်းကျင်၌ နိုဝင်ဘာလ ၂၈ ရက်နေ့တိုက်ပွဲတစ်ပွဲသာ ဖြစ်ပေါ်ခဲ့သည်ဟု စစ်ရေးသတင်းမှတ်တမ်းများအရ သိရသည်။

အမြောက်တပ်စခန်းဆောက်ရန်နေရာ နေပြည်တော်မှလာရောက်ကြည့်ရှုစစ်ဆေး

မွေခေါဝ်

သျှမ်းပြည်တောင်ပိုင်း မိုင်းရှုးနှင့်ကွန်ဟိန်းမြို့နယ်အတွင်း အမြောက်တပ်စခန်းတည်ဆောက်ရန် နေရာသစ်များကို နေပြည်တော်မှ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် လာရောက်ကြည့်ရှုစစ်ဆေးကြောင်း စုံစမ်းသိရှိရပါ သည်။
“အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် နေပြည်တော်ကနေ စစ်ရဟတ်ယာဉ်နဲ့ ကွန်ဟိန်းဗျူဟာမှာလာဆင်းတယ်။ တောင်ကြီးတိုင်းမှူး ဗိုလ်မှူးချုပ် ဆန်းဦးလဲ ပါတယ်” ဟု ကွန်ဟိန်းဒေသခံတစ်ဦးက ပြောပါသည်။

နေပြည်တော်မှ ကွန်ဟိန်းသို့ နိုဝင်ဘာ ၃၀ ရက်ကရောက်ရှိလာပြီး တုန်းဖိန်း ၆ ဘီးကား ၅ စီး၊ စစ်သား အယောက် ၁၀၀ ခန့်နှင့် ကွန်ဟိန်းမြို့ မြောက်ဘက် မိုင်းဇန်ဘက်သို့ တက်သွားကြောင်း ၎င်းကဆက်လက် ပြောပါသည်။

“အမြောက်တပ်ဆောက်ဖို့ နေရာသွားကြည့်မယ်လို့ကြားရတယ်။ ကာလိကျေးရွာအုပ်စု နမ့်လန်နားက လွယ်ဖာပြည် သူ့စစ်ကလဲ ဗိုလ်ကြီးတစ်ယောက်ဦးဆောင်ပြီး တပ်စိပ် ၂ စိပ် ၃ စိပ်နဲ့ လိုက်သွားရတယ်” ဟု ပြည်သူ့စစ်အသိုင်းအ၀ိုင်း တစ်ဦးက ပြောပါသည်။

ယမန်နေ့ မိုင်းဇန်မှအပြန် ကွန်ဟိန်း-တာ့ကော့လမ်းရှိ လွယ်ဖာ (SSA မြောက်ပိုင်း တပ်မဟာ ၇ ဌါနချုပ်ဟောင်း)၏ တောင်ဘက် ကာလိကျေးရွာအုပ်စုသို့ဝင်ရောက်ပြီး အမြောက်တပ်စခန်းသစ်ဆောက်ရန် နေရာထပ်မံကြည့်ရှုစစ်ဆေး ခဲ့သေးသည်ဟု ၎င်းကဆက်လက်ပြော၏။

စစ်အစိုးရတို့ စစ်အင်အားမပြတ်တိုးချဲ့နေသည်မှာ အစိုးရသစ်ဖွဲ့ပြီးပါက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ထိုးစစ်ဆင်ရန်သေချာနေပြီဖြစ်ကြောင်း၊ သို့သော်ရွေးကောက်ပွဲမတိုင်မီသုံးလနှင့် ရွေးကောက်ပွဲနောက်သုံးလကို state of emergency အရေးပေါ်ကာလအဖြစ် သတ်မှတ်ထားပြီး အစိုးရသစ်ဖွဲ့ဖို့လုံးပမ်းနေသောကြောင့် ယခု ချက်ချင်း ထိုးစစ်ဆင်ရန်တော့ဖြစ်နိုင်ခြေမရှိသေးကြောင်း ၀ါရင့်နယ်စပ်စောင့်ကြည့်သူတစ်ဦးက ပြောပါသည်။

ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်အဖွဲ့လည်း နိုဝင်ဘာလကုန်ပိုင်း၌ ၀ နှင့် မိုင်းလား နယ် အနီးတ၀ိုက် စစ်ရဟတ်ယာဉ်ဖြင့်လှည့်ပတ်ပြီး ဒေသတွင်း စကခ၊ ဒကစ နှင့် ဗျူဟာမှူးများနှင့် လိုက်လံခေါ်တွေ့ ခဲ့သည်။

တဖက်တလမ်းကလည်း သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းရှိ (ပြည်သူ့စစ်အသွင်ပြောင်းရန် ငြင်းဆန်ထားသော) SSA မြောက်ပိုင်း တပ်မဟာ ၁ ဆက်ဆံရေးရုံးကို နိုဝင်ဘာ ၃၀ ရက်၌ ပိတ်ခိုင်းထားသည်ဟု သိရှိရပါသည်။

“ဗိုလ်ကြီးဇံခေး ရုံးထိုင်ခဲ့ဖူးတဲ့ တန့်ယန်းက တပ်မဟာ ၁ ရုံးကို ပိတ်ခိုင်းတာ။ တန့်ယန်းမြို့နယ်ထဲကတပ်မဟာ ၁ နဲ့ ဆက်သွယ်ရင်းနှီးကူညီခဲ့ဖူးသူတွေကို စုံစမ်းပြီး စာရင်းကောက်ယူမယ်လို့ကြားတယ်။ အပြစ်ရှာ ဖမ်းဖို့အတွက်ပေါ့ ” ဟု တပ်မဟာ ၁ အရာရှိတစ်ဦးကပြောပါသည်။

အလားတူ မြန်မာတစ်နိုင်ငံလုံးရှိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ၏ဆက်ဆံရေးရုံးများ နိုဝင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပိတ်ရန် နအဖက အမိန့်ထုတ်ထားသည်ဟု ကချင်သတင်းဌါနက ရေးသားဖော်ပြထားပါသည်။

ကေအဲန်ယူကို ထိုးစစ်ဆင်ရန် စစ်အစိုးရတပ်မှ ရေလမ်းပိတ်

တလလဝီ

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကို ထိုးစစ်ဆင်ရန်အတွက် ချောင်းဆုံ-ကြာအင်းဆိပ်ကြီး ရေလမ်းခရီးကို စစ်အစိုးရတပ်တို့မှ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်။
နိုဝင်ဘာလ ၂၉ ရက်နေ့မှစ၍ ချောင်းဆုံရှိ လှေသမားများအား ရက်အကန့်အသတ်မရှိ လှေမထွက်ရန် ခမရတပ်ရင်း ၂၈၃ မှ ဗိုလ်မှူးကြီး သိန်းဇော်က တားမြစ်ထားသည်။

ထိုကဲ့သို့ လှေမပြေးဆွဲရန် တားမြစ်ထားပြီးနောက်ပိုင်း စစ်တပ်မှ ခွင့်ပြုချက်မရဘဲ လှေအတက်အဆင်းပြုလုပ်ပါက စစ်တပ်မှ ပစ်မိန့်ရရှိထားသည်ဟု လှေသမားများကို ခြိမ်းခြောက်ပြောဆိုထားသည်ဟု လှေဂိတ်ရှိ ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။

ချောင်းဆုံတွင် မြန်မာစစ်အစိုးရတပ် ခမရ ၂၈၃ နှင့် ခမရ ၄၀၅ တို့က လှုပ်ရှားနေကြောင်း သိရသည်။

“အခုဆို ဂိတ်တွေလည်း အားလုံးပိတ်ထားလိုက်တယ်၊ လှေအတက်အဆင်း လုပ်လို့ မရတော့ဘူး၊ လှေပြေးဆွဲတာတွေ့ရင် ပစ်မယ်လို့ပြောထားတယ်၊ အဲဒီအနီးနားတစ်ဝိုက်က ရွာခံတွေလည်း တိုက်ပွဲဖြစ်မှာကို အရမ်းကြောက်နေတယ် တချို့ဆို ရွာမှာတောင် မနေရဲကြတော့ဘူး” ဟု ၄င်းက ပြောပါသည်။

နိုဝင်ဘာ ၂၈ ရက်နေ့တွင် ချောင်းဆုံမှ သုံးမိုင်လောက်ဝေးသည့် မယ်တဗွီးကျေးရွာ၌ ကေအန်ယူနှင့် စစ်အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲကြောင့် ရွာခံ ၆ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံးသွားသည့်အတွက် စစ်အစိုးရတပ်မှ ရေလမ်းခရီးဖြင့်သွားသည့် လှေများအား ဂိတ်မှထွက်ရန် ပိတ်လိုက်သည်ဟု ချောင်းဆုံဒေသခံက ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်အစိုးရနှင့် ကရင်တပ်အကြား မကြာခဏ တိုက်ပွဲငယ်များ ဖြစ်ပွားနေသည့်အတွက် ကျွန်းချောင်းကျေးရွာအုပ်စုရှိ ရွာပေါင်း ၅ ရွာမှ ဒေသခံပြည်သူများ ဘေးကင်းရာ သုံးဆူမြို့သို့ ခေတ္တခဏ ပြောင်းရွှေ့ နေကြကြောင်း ဒေသခံများက ပြောသည်။

“အခုလို တိုက်ပွဲတွေ ခဏခဏ ဖြစ်နေတော့ ကျမတို့ ရွာကနေ ထွက်ပြေးရတာပေါ့၊ ရွာမှာ မနေရဲတော့ဘူးလေ၊ တိုက်ပွဲတွေကလည်း အနီးအနားတဝိုက်မှာပဲ ဖြစ်နေတယ် ကိုယ့်ရွာမှာလည်း တိုက်ပွဲပြန်ဖြစ်မှာ ကြောက်နေရတယ်”ဟု သုံးဆူသို့ ထွက်ပြေးလာသည့် ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်ရှိ ဆန်ကုန်သည်ကြီးနှစ်ဦးအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဆန်အိတ် တစ်ထောင် သိုလှောင်ထားပေးရန် ညွှန်ကြားထားကြောင်း ထိုဆန်ကုန်သည်နှင့် နီးစပ်သည့် သုံးဆူမြို့ခံတစ်ဦးက ပြောသည်။ ထိုဆန်အိတ်များကို သုံးဆူနယ်တဝိုက်ရှိ စစ်အစိုးရတပ်တို့က ရိက္ခာလိုအပ်လာသည့်အခါမှာ လာရောက် ထုတ်ယူမည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့၌ တောင်စွန်းမှ နွားလှည်းဖြင့်သယ်လာသည့် ဆန်အိတ် ၅၀ ကို ကေအန်ယူ တပ်မဟာ ၆ တပ်ရင်း ၁၆ မှ ပလုံးရွာထိပ်မှာ သိမ်းယူမှုရှိခဲ့သည်ဟု ကေအန်ယူ တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ပြောသည်။

ယခုလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေရုံမက လှေလမ်းပါ ပိတ်လိုက်ခြင်းကြောင့် ကုန်ဈေးနှုန်းတက်ကာ စားဝတ်နေရေးအဆင်မပြေ ဖြစ်ရသည်ဟု သုံးဆူမြို့ခံတစ်ဦးက ပြောသည်။

စစ်အာဏာပိုင်များမှ ကုန်တင် ထော်လာဂျီကားများထံ မတရားငွေကောက်

KNG

ကချင်ပြည်နယ် မြစ်ကြီးနား-ဖါးကန့် ကားလမ်းမကြား ကထန်ယန်တံတားကျိုးနေသဖြင့် ကုန်ပစ္စည်းများ တစ်ဖက် ကမ်းသို့ ပို့ဆောင်ပေးနေသည့် ထော်လာဂျီကားများအား မြန်မာ စစ်အာဏာပိုင်များမှ ဖမ်းဆီး၍ ယနေ့ ကျပ်ငွေ ၁၃၀၀၀ ကို မတရားကောက်ခံပြီး ပြန်လွှတ်ပေးကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္ဂလာနေ့ညနေပိုင်း ၃နာရီခန့်တွင် ထော်လာဂျီကား အစီး၂၀ကျော်ခန့်အား ကားမိုင်းမြို့နယ် မရက နှင့် မော်တော်ယာဉ်ထိန်းရဲများက ရဲစခန်းကုန်း၌ အကြောင်းပြချက်မရှိ ဖမ်းဆီးထားရာမှ ငွေတောင်းကာ ပြန်လွှတ်ပေးခြင်းဖြစ်သည်။

“ကျတော်တို့ကို ဘာမှ မပြောပါဘူး၊ ထော်လာဂျီ သမားတွေအကုန်လုံး ရဲစခန်းကုန်းပေါ်တက်မောင်းဆိုပြီး မောင်းတက်ခိုင်းတယ်၊ အခုဆိုရင် ငွေ ၁၃၀၀၀ ပေးတဲ့ ကားတွေက တရားဝင် မောင်းခွင့်ရပြီ လို့ပြောတယ်” ဟု ထော်လာဂျီမောင်းသူ တစ်ဦးပြောသည်။

တံတားပျက်နေသဖြင့် ကုန်တင်ကားကြီးများ တစ်ဖက်ကမ်းသို့ မောင်း၍ မရသောကြောင့် ဘော်လုံးကွင်း ကြီးထဲ ကုန်တင် ကုန်ချ လုပ်ဆောင်ပြီး ယင်းကွင်းထဲမှာပင် ဂိတ်ကြီးတစ်ဂိတ် ထားရှိသည်။

ဂိတ်မှ တစ်ကြိမ်ကုန်ပို့်ထွက်လျင် ကားတစ်စီးတွင် ကျပ် ၁၀၀၀ ပေးဆောင်ရပြီး ကုန်တင်ကုန်ချ အထမ်း သမားများလည်း ကားတစ်စီး ကုန်ချပေးလျင် ဂိတ်၌ ကျပ် ၁၀၀၀ ဆောင်ရသည်ဟု ထော်လာဂျီမောင်းသူမှ ပြောသည်။

၎င်းမှ ဆက်ပြီး “အထမ်းသမားတွေလည်း ၁၀ဘီးတစ်စီးကို ထော်လာဂျီ သုံးစီးတင်ရတယ်၊ ထော်လာဂျီ တစ်စီးကို ၁၀၀၀ သုံးစီးဆိုတော့ သုံးထောင်ပေးရတယ် ခင်ဗျ၊ မမျှမသတွေလည်း တွေ့နေရတယ်၊ သူတို့နဲ့ ပါသနာကျတဲ့ သူတွေက တစ်နေ့ကို ၅ခေါက်လောက်ရတယ်၊ ခေါက်ရေတွင် ပိုပို ပြီးမှ ရနေတယ်၊” ဟု ပြောသည်။

ကထန်ယန်တံတားသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ရက်နေ့မှ ကုန်တင်ကားကြီးဖျက်မောင်းရာ တံတား ကျိုးပျက်သွားသည်။ သက်ဆိုင်ရာ အာဏာပိုင်များမှ ခုထိ တံတား ပြန်လည် ဆောက်လုပ်ခြင်းမရှိသေး ကြောင်း ဒေသခံတစ်ဦးပြောသည်။

ချောင်းကို ဖျက်ပြီးမှ ကျောက်ခင်းပြီး ယာယီလမ်း လုပ်ဆောင်ထားသည်။ ယင်းတံတားမှာ နှစ်နှစ်လျှင် တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် ကားသွားလို့မရသည့် ပြဿနာ ကြုံတွေနေရကြောင်း ဒေသခံမှပင် ဆက်ပြော သည်။

ယခုလို တံတာကျိုးနေသောကြောင့် တစ်ဖက်ကမ်းနှင့် တစ်ဖက်သွားလာဖို့ ခက်ခဲနေသည်။

တရုတ်စပိုင် မြန်မာလုပ်နိုင်ဟု လီကွမ်ယု ပြောဆိုချက် ၀ီကီလိခ် ဖွင့်ချ

ဧရာဝတီ

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အာဆီယံနိုင်ငံများအတွင်း၌ တရုတ်အစိုးရ၏ သူလျှိုအဖြစ် ဆောင်ရွက်ဖွယ် ရှိသည်ဟု စင်္ကာပူအကြီးအကဲ မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း နိုင်ငံတကာအစိုးရအဖွဲ့များ၏ ထိပ်တန်းသတင်းများ ကို ဆက်တိုက် ဖွင့်ချနေသည့် ဝီကီလိခ် (WikiLeaks)က ထုတ်ဖော်လိုက်သည်။

“အာဆီယံအစည်းအဝေးအတွင်းမှာ ဆွေးနွေးခဲ့ကြတာတွေကို နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ လာအို၊ ကမ္ဘောဒီးယား နဲ့ မြန်မာတို့ သတင်းပေးလို့ ဘေဂျင်းကို သတင်းပေါက်နေပြီ”ဟု မစ္စတာလီကွမ်ယုက ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိမ်းစ် စတိန်းဘတ် နှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည် ဟု ဝီကီလိခ် က ဖော်ပြထားသည်။


တရုတ်နိုင်ငံသည် မလက္ကာရေလက်ကြားအပေါ်တွင် မှီခိုနေရခြင်းကို စိုးရိမ်နေကြောင်း၊ သို့သော် မြန်မာနိုင်ငံကို ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် ဓာတ်ငွေ့ပိုက်လိုင်းဖြင့် တရုတ်တို့၏ မှီခိုမှုများကို လျှော့ချသွားနိုင်ကြောင်း မစ္စတာ လီကွမ်ယုကပြောဆိုသည်ဟု သိရှိရသည်။

ယင်းပိုက်လိုင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဝင်ရောက်မည့် ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်သည်။

အဆိုပါပြောဆိုချက်များကို စင်္ကာပူနိုင်ငံ အမေရိကန်သံအရာရှိ မစ္စတာ ဒယ်နီယယ် အယ်လ် ရှီးလ် (Mr.Daniel L. Shields) က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် ထံသို့ ပြီးခဲ့သည့် ဇွန်လက ပေးပို့ခဲ့သည့် တရုတ် နှင့် မြောက်ကိုရီးယားအပေါ် လီကွမ်ယု၏ အမြင်များ ဟုအမည်ရသော ပေးပို့ချက်တွင် ပါရှိကြောင်း ဝီကီလိခ် တွင် တွေ့ရှိ ရသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောဆိုသည့်အခါတိုင်း တရုတ်နိုင်ငံ က အကာအကွယ်ပေးလေ့ရှိကြောင်း၊ တရုတ်အစိုးရသည်လည်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများအပေါ် အတန်အသင့် သြဇာ ရှိကြောင်း နိုင်ငံရေးလေ့လာသူများက ပြောဆိုသည်။

မစ္စတာ လီကွမ်ယုနှင့် တရုတ် တပ်မတော် အကြီးအကဲ မစ္စတာ မာရှောက်ချန် တို့၏ မြောက်ကိုရီးယား နိုင်ငံအပေါ် ယခင်က ဆွေးနွေးချက် အဟောင်းများကိုလည်း ဝီကီလိခ် က ဖော်ပြထားသည်။

မစ္စတာ လီကွမ်ယုက တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားအပေါ် မည်ကဲ့သို့ လုပ်ဆောင်နိုင်သနည်းဟု မေးမြန်းခဲ့ရာ တရုတ် စစ်အကြီးအကဲက ၎င်း (မြောက်ကိုရီးယား) တို့သည် ၎င်းတို့ဘာသာ ရပ်တည်နိုင်သည်ဟု တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

ယင်းတုံ့ပြန်ချက်အပေါ်တွင် မစ္စတာ လီကွမ်ယုက မြောက်ကိုရီးယားနိုင်ငံအား တရုတ်နိုင်ငံမှ အထောက်အပံ့များ ရပ်တန့် လိုက်ပါကလည်း မြောက်ကိုရီးယား၏ ခေါင်းဆောင်များ ဆက်လက်ရပ်တည်နိုင်ကြောင်း၊ မြောက်ကိုရီးယား၏ ခေါင်းဆောင်များ ဆိုသည်မှာ ၁၉၈၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် အပါအဝင် သံအရာရှိ အဖွဲ့ကို ရက်ရက်စက်စက် ဗုံးခွဲ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်မှုများကို လုပ်ဆောင်သည့် ခေါင်းဆောင်များ ဖြစ်ကြောင်း မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း ဝီကီလိခ် တွင် ဖော်ပြထားသည်။

အဆိုပါ ဗုံးခွဲမှုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် က ၎င်း၏ဖခင် ကင်အီလ်ဆွန်း၏ အရိုက်အရာကို မဆက်ခံမီကတည်းက စီမံခန့်ခွဲခဲ့သည်ဟု အများက ယုံကြည်ကြသည်။

ဝီကီလိခ် ဝက်ဘ်ဆိုက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မှတ်တမ်းများမှာ ၃၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် အနည်းစုကို ဖတ်ရှုနိုင်ကာ ကျန်ရှိသည်များကိုလည်း မကြာမီ ဖတ်ရှုနိုင်မည်ဟု မျှော်လင့်ရသည်။

ဝီကီလိခ် အင်တာနက် စာမျက်နှာအား တည်ထောင်သူ ဂျူလီယန် အာဆန်း(Julian Assange)ကို အင်တာပိုလ်(Interpol) နိုင်ငံတကာ ရဲတပ်ဖွဲ့က ဆွီဒင်နိုင်ငံမှ မုဒိမ်းမှုအတွက် အလိုအပ်ဆုံးတရားခံအဖြစ် ဖမ်းဝရမ်း ထုတ်ပြန်လိုက်သည်။

မေတ္တာ အရင်းခံပါပဲ...

ကြည်ဝေ

အသားလတ်လတ်၊ ကိုယ်ဟန်သွယ်နွဲ့နွဲ့ဖြင့် အသက်၈၀ အရွယ် အမေနု က သူ့ကို ရွှေတွေငွေတွေ ပုံပေးပါစေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ် အဆောက်အအုံကိုတော့ ဒေါ်အောင်ဆန်းစုကြည် နေလိုသေးသရွေ့ ငှားခြင်း၊ ရောင်းခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ပြောပြသည်။

“ဒီနေရာကို ဈေးကောင်းပေးပြီး လာဝယ်ကြတယ်၊ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီးတော့လည်း လာပြောကြတာ ရှိတယ်၊ အမေ မရောင်းဘူး၊ ဒေါ်အောင်ဆန်းစုကြည် နေလိုသရွေ့နေပါစေဆိုတဲ့ သွားလေသူရဲ့စကားလည်း ရှိတယ်၊ အမေကလည်း ကိုယ်
တတ်နိုင်တာလေ၊ ကူညီအားပေးချင်တယ်”ဟု NLD ရုံးနေရာပိုင်ရှင်ဖြစ်သော အမေနုက မှုန်သီသီ မျက်လုံးများဖြင့် ကြည့်ပြီး ဖြည်းဖြည်းခြင်း ပြောသည်။

အမေနု၏ ခင်ပွန်းဖြစ်သူ ဦးထွန်းကြိုင်က သူပိုင်ဆိုင်သော အဆောက်အအုံအား NLD ရုံးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်ပိုင်း ကတည်းက စတင်ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


NLD ရုံးကို စတင်တည်ထောင်စဉ်က ရုံးချုပ်နေရာမှာ ရွှေဂုံတိုင်တွင်မဟုတ်ဘဲ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ခြံ နှင့် မလှမ်းမကမ်း ခြံဝန်းတခုတည်းတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။

သို့သော်လည်း ၁၉၈၉ ခုနှစ်အတွင်းမှာပင် ထိုခြံရှင်အား စစ်အစိုးရက ဖိအားပေးသောကြောင့် ခြံရှင်မှာ ဆက်မငှားရဲတော့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ ရုံးခန်းဖွင့်ရန် ရှာဖွေခဲ့ရကြောင်း၊ ထိုကာလမှာပင် ဦးထွန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည် ကသာ သူ့အိမ်ကို လိုချင်တယ်ဟု ပြောလျှင် ငှားပေးပါမည်ဟု ပြောခဲ့သည့်အတွက် NLD ရုံးချုပ်မှာ လက်ရှိ ရုံးချုပ်နေရာ ရွှေဂုံတိုင် တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဦးထွန်းကြိုင် တိမ်းပါးသွားသည့်အခါမှာလည်း အမေနုက ထိုကတိကို ဆက်လက် ထိန်းသိမ်းခဲ့ပြီး ဦးထွန်းကြိုင်၏ ဆွေမျိုးနီးစပ်သူ အမေချောကလည်း ဒေါ်အောင်ဆန်းစုကြည်က နေချင်သေးသရွေ့တော့ သူတို့ဘက်မှ ကတိကို ပျက်စေမှာ မဟုတ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီအားပေးခြင်းမှာ တိုင်းပြည်ကို ကူညီအားပေးခြင်းသာ ဖြစ်သည်ဟု လက်ခံထားကြောင်း အမေချောက သူ့သဘောထားကို ပြောပြသည်။

“အဖေ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်တို့ နေလိုသရွေ့ ဘယ်တော့မှ မဖယ်ခိုင်းပါနဲ့တဲ့၊ ပြီးတော့ ဘာအကြောင်းကြောင့်မှလည်း ဒီကတိကို မပျက်ပါစေနဲ့လို့ တဖွဖွ မှာခဲ့တာပဲ၊ ကြီးကြီးလည်း ကတိပေးခဲ့တယ်၊ တည်စေရမယ် စိတ်ချပါလို့”ဟု အမေချော က ဆိုသည်။ အမေချောက ဦးထွန်းကြိုင်၏ စကားကိုနားထောင်ပြီး ကတိစကားကိုမြဲရန် စောင့်ရှောက်နိုင်ခဲ့သူ ဖြစ်သည်။

သေးသေးသွယ်သွယ် ဖျပ်ဖျပ်လတ်လတ်နှင့် အသက် ၇၀ အရွယ် အမေချောကို စစ်အစိုးရက NLD အား ရုံးခန်း ငှားပေးသည့် အတွက်ဟုဆိုကာ ဒီပဲယင်းအကြမ်းဖက်မှုအပြီး ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ပြီး လွန်ခဲ့ သော ၂ နှစ်ခန့်ကလည်း NLD ရုံးကို မငှားတော့ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။

“ကြီးကြီးကလည်း ပြောလိုက်တာပေါ့၊ ဒီရုံးကို စငှားခဲ့တာ အဖေက ငှားခဲ့တယ်၊ အဖေက ဒေါ်အောင်ဆန်းစုကြည်နဲ့ငှားခဲ့ စာချုပ် ခဲ့ကြတယ်ဆိုတော့ ဒီစာချုပ်ကို ကျမတို့ဘက်ကတော့ ဖျက်လို့မဖြစ်နိုင်ဘူးလို့။ အဖေက ဖျက်ဆိုမှပဲ ဖျက်နိုင်တော့မယ်လို့ ပြော လိုက်တာပဲ”ဟု အမေချောက ပြောသည်။

အသက် ၈၀ ကျော် အမေနုနှင့် အသက် ၇၀ ၀န်းကျင်အရွယ် အမေချောတို့အား အာဏာပိုင်များက မည်ကဲ့သို့ ဖိအားပေးစေကာမူ ဒေါ်အောင်ဆန်းစုကြည် ရုံးခန်းဖွင့်နိုင်ရေးအတွက် ဆက်လက်ငှားရမ်းပေးနေဦးမှာပဲ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ငှားရမ်း ပေးနေခြင်းမှာ ဖခင်၏ ဆန္ဒဖြစ်သကဲ့သို့ ကိုယ်တိုင်လည်း အားပေးကူညီလိုသည့် စိတ်ကြောင့် ဖြစ်ကြောင်း အမေချောက ပြောဆိုသည်။

“အစ်မက ဒီအိမ်ရှင်တွေရဲ့ ကျေးဇူးကိုအမြဲ အသိအမှတ်ပြုထားတယ်၊ ဒီနေရာက ဈေးသိပ်ကောင်းပါတယ်၊ အမေချောတို့က သူတို့ ပိုင်တာလေးတွေကို ဖဲ့ဖဲ့ရောင်းနေပေမယ့် ဒီနေရာလေးကိုတော့ မရောင်းရှာဘူး၊ ပြီးတော့သူတို့ကို နည်းမျိုးစုံနဲ့ ခြောက်လှန့် ပြော ဆိုရင်လည်း အမေချောတို့က တင်းခံပြီးနေတာပဲ”ဟု NLD ဗဟိုဦးစီးအဖွဲ့ဝင်တဦး က ပြောပြသည်။

ရုံးခန်းပိုင်ရှင်များဖြစ်ကြသော အမေနုနှင့် အမေချောအား ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ပြီး မကြာခင် နိုဝင်ဘာလ ၁၅ ရက်နေ့မှာပင် သွားရောက် ဂါရ၀ ပြုခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အပြင်မှာ မြင်နေရရင်ကို အမေတို့က ကျေနပ်ဝမ်းသာနေတာပါ၊ အမေတို့ဘက်ကတော့ လုပ် ပေး နိုင်တာ မှန်သမျှ လုပ်ပေးဖို့ပါပဲ”ဟု အမေချောက ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သရွေ့ ကူညီပံ့ပိုးရန် ကြိုးစားနေသူများထဲတွင် အမေနုတို့၊ အမေချောတို့ ကဲ့သို့ ပြည်သူများလည်း ပါဝင်လျက်ရှိသကဲ့သို့ ဒေါ်လှကြည် ကဲ့သို့သော အသက် ၈၀ ကျော် အမယ်အိုကြီးလည်း ပါဝင်သည်ကို တွေ့မြင်ရသည်။

“ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ နေတော့ နေ့တိုင်း ထောင်ရှေ့ကို သွားကြည့်တယ်၊ မေတ္တာပို့ပေးတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ အဘွားက သူ့ကို တွေ့ချင်၊ အားပေးချင်တာ အိပ်မပျော် စားမ၀င်တောင် ဖြစ်တယ်”ဟု ရွှေဂုံတိုင် ရုံးသို့နေ့စဉ် လာစောင့်နေခဲ့သော ဒေါ်လှကြည်က ပြောပြသည်။

ငွေရောင် ဆံပင်၊ မျက်နှာအရေးအကြောင်း တွဲလျက်၊ တလှမ်းခြင်းဖြည်းဖြည်းမျှသာ သွားလာနိုင်တော့သော ဇရာထောင်းနေသည့် အသက် ၈၀ ကျော်အရွယ် အမယ်အို ဒေါ်လှကြည်က ဒေါ်အောင်ဆန်းစုကြည်အား လာကြည့်ကြသူ ပြည်သူအများထဲ တိုးဝှေ့ရင်း ရုံးပေါက်ဝ အထိ အရောက်လာကာ ဇွဲကြီးကြီးဖြင့် စောင့်ကြည့်ခဲ့သူ ဖြစ်သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရုံးမှ ထွက်ခါနီး လူအုပ်ထဲမှ ဒေါ်လှကြည်ကို ဖျပ်ခနဲ တွေ့လိုက်သောကြောင့် ဒေါ်လှကြည်အနားအထိ သွားခဲ့ပြီး “အမေ နေကောင်းတယ် နော်”ဟု လက်ကိုဆွဲကာ တရင်းတနှီးနှုတ်ဆက်ခဲ့ကြောင်း ဒေါ်လှကြည် က ပြောပြသည်။

“အဲလို နှုတ်ဆက်တော့ အမေ့မှာ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်၊ အမေကို သူ မှတ်မိတယ်၊ မမေ့ဘူးပေါ့နော်” ဟု စို့လာသော မျက်ရည်တို့ကို သုတ်ရင်း ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ မိခင်နှင့် ဟိုစဉ် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးသမား ဘ၀ကတည်းက ခင်မင်သိကျွမ်းခဲ့ဖူးကြောင်း ဒေါ်လှကြည်က ပြောပြသည်။

ဗိုလ်ချုပ်အောင်ဆန်းမှာ သခင်အောင်ဆန်း ဘ၀ ကတည်းကပင် ချွေတာခဲ့သူ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဘ၀မှာလည်း ချွေတာခဲ့ ကြောင်း၊ ခြံထဲရှိ ရေကန်တွင် ကန်စွန်းရွက် စိုက်၊ ဖရုံသီးများ စိုက်ကာ ဟင်းလုပ်စားခဲ့သူ ဖြစ်ကြောင်း ဒေါ်လှကြည်က ရှေးဟောင်း နှောင်းဖြစ်တို့ကို ပြောပြသည်။

“မမကြည်က အစ ပဲရေပွနဲ့ ငါးပိရည်ကို မြေအိုးနဲ့ချက်ပြီးတော့ စားတယ်၊ သူတို့ ဆန်ကောင်းတွေ၊ ဟင်းကောင်းတွေ မစားခဲ့ဘူး။ ပြည်သူတွေ စားသလိုပဲ သူတို့ မိသားစုလည်း စားတယ်၊ ဗိုလ်ချုပ်ဖြစ်တော့တောင် ငစိန်ဆန်ပဲ စားခဲ့ကြတယ်၊ ဟင်းဆိုလည်း ခြံထဲ က ကန်စွန်းရွက်တို့၊ ကင်းမွန်ရွက်တို့နဲ့ စားကြတယ်၊ အမေတို့ ဒါတွေ အကုန်သိခဲ့ မြင်ခဲ့ရတယ်၊ အခုလည်း ဒီကလေးက အမေ အဖေ ရဲ့ ကောင်းမွေတွေ အကုန်ရခဲ့တဲ့ သူတော်ကောင်းမလေး သူ့ကို ထောက်ခံပေးရမယ်”ဟု ဒေါ်လှကြည်က ပြောသည်။

၁၉၈၈ ခုနှစ်မှ စပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးခဲ့သည့်အတွက် သူတို့ မိသားစုပိုင် လှယမင်းနှင့် မြယမင်း ဆို သော စာပုံနှိပ်စက်တွေကို အစိုးရက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

“အမေတို့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်ကြတယ်၊ အမေတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးနေလို့တဲ့။ ဒါပေမယ့် အမေ မကြောက်ဘူး၊ ငတ်ချင်လည်း ငတ်တော့လို့ အမေ စိတ်မာတယ်၊ ဒီကလေးကိုတော့ အားပေးရမယ်၊ ထောက်ခံ ရမယ်ပေါ့၊ သူက တိုင်းပြည်ကို ကောင်းတာ လုပ်တာ ဆိုတာ အမေသိတယ်၊ ယုံတယ်လေ”ဟု ဒေါ်လှကြည်က ဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးရန် ထွက်လာခဲ့၍ အဖမ်းခံခဲ့ရလျှင်လည်း အိမ်မှာ ကျန်ခဲ့သောသားကို ထောင်ဝင်စာသာ လာတွေ့ဟု မှာခဲ့ပြီး ဖြစ်ကြောင်း၊ သားဖြစ်သူကလည်း အမေအဖမ်းခံရရင် ကျနော် ထောင်ဝင်စာ လာတွေ့မယ်၊ ကျနော် အဖမ်းခံရရင် အမေလာတွေ့နော်ဟု ဆိုကာ သားအမိ နှစ်ယောက်၊ တယောက်တလှည့်စီ NLDရုံးသို့ လာနေကြခြင်း ဖြစ်ကြောင်း အမယ်အို ဒေါ်လှကြည်က ပြောပြသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,3rd,2010

( 25 )ရခိုင်ပြည်နယ်၏ ငါးဖမ်း လုပ်ငန်းနှင့် အသေးစား မွေးမြူရေး လုပ်ငန်းများကို FAO မှ ကူညီမည်

( 24 )အနုပညာရှင် ၁၁ ဦး FM တွင် တားမြစ်ခံရ

( 23 )ကြံ့ဖွံ့နှင့် ကျားဖြူဆွေးနွေး

( 22 )Burma off Security Council agenda

( 22 )လိုင်ဇာမှာ ကုန်သည်တွေ ပြန်ခိုင်းပြီ

( 21 )Burmese refugees still fleeing into Thailand

( 20 )အနုပညာရှင်များ ပိတ်ပင်မှု လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ဟု သရုပ်ဆောင် ကျော်သူ ပြော

( 19 )Burma’s gradual transition

( 18 )၇ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်သော မြန်မာအသင်းကို ပရိသတ်စိတ်ပျက်

( 17 )Cyclone Giri Christmas Appeal for Burma

( 16 )မန်ယူကြောင့် မြန်မာ လောင်းကစားသမားများ အထိနာ

( 15 )Open doors provide window of opportunity for the Gospel in Burma

( 14 )နိုင်ငံတကာကို လှည့်စားရန် တိုင်းရင်းသားပါတီများကို ကြံ့ဖွံ့စည်းရုံးသည်ဟု ဆို

( 13 )Exposes French Business Concerns In Burma

( 12 )ရှမ်း နှစ်သစ်ကူးပွဲ ကျင်းပခွင့် ကန့်သတ်

( 11 )Hope spurs Burmese with HIV on risky trip to Indian charity shelters

( 10 )ဓာတ်ဆီမှောင်ခိုဈေးကွက် ဘာကြောင့် ပြန်ပေါ်လာရသလဲ

( 9 )Why Thailand invests in Burma

( 8 )HIV/AIDS ဝေဒနာရှင်တွေ လူ့အခွင့်အရေး ရှေ့ဆောင် လှုပ်ရှားကြဖို့ ဒေါ်စု တိုက်တွန်း

( 7 )KNU Calls on Burma Army to Withdraw

( 6 )ဒေါ်စုနဲ့ အကျိုးရှိမယ့် ဆွေးနွေးမှု ပြုလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် မျှော်လင့်

( 5 )Wikileaks Says Burma Passes Asean News to Beijing

( 4 )ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်

( 3 )Lily Cole has left the glamour of the catwalk behind to pay a visit to a Burmese refugee camp

( 2 )HIV/AIDS ဝေဒနာရှင်တွေကို မြန်မာတို့ စာနာသင့်

( 1 )Aung San Suu Kyi Urges National Unity In Burma

Thursday, December 2, 2010

မူးယစ်အမှု ငွေယူသည့် ကိစ္စ မီဒီယာကို ရဲက မပြောခိုင်း

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ် ကောင်းသူဋ္ဌေး (ခေါ်) နောင်နားလုံ ကျေးရွာတွင် မူး ယစ် ဆေးသုံးစွဲနေသည့် လူငယ်များထံမှ ငွေယူခဲ့သည့် ကိစ္စကို ရဲက မီဒီယာသို့မပြောရန် ခြိမ်းခြောက်ထားကြောင်း သိရ သည်။

အဆိုပါ ရွာသား လူငယ် ၅ ဦး ရာမ (ခေါ်) စိတ်ကြွရူးသွပ်ဆေး သုံးစွဲနေစဉ် နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၀ နာရီခန့်က ရဲများတွေ့ရှိ ဖမ်းဆီးခဲ့ပြီး လူငယ်တစ်ဦးစီထံမှ ငွေကျပ် ၁၅၀၀ စီ ယူ၍ ပြန်လွတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြန်လွတ်ပြီးကာမှ ယင်းကိစ္စကို မီဒီယာသို့ ထုတ်မပြောရန် မိသားစုများထံ ရဲများ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် လာရောက်ပြောကြားခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကောင်းသူဋ္ဌေးရွာမှာ ည ၁၀ နာရီလောက် ကချင်က ၃ ယောက် သျှမ်းက ၂ ယောက် ရာမရူနေတာ ရူတဲ့ သောက်ရေ သန့်ဗူး ၊ ပိုက်နောက် ရာမက ၅ လုံး အဲဒါတွေကို ဖမ်းမိတာပေါ့ ဖမ်းမိတော့ ငွေ ၁၅၀၀ စီတောင်းပြီး ပြန်လွတ်လိုက်တယ် ဒီကိစ္စမီဒီယာကို မပြောဖို့ မိသားစုတွေကို ပြောထားတယ် ” ဟု သူက ဆိုသည်။

အကယ်၍ သတင်းဋ္ဌာနများကို ထုတ်ဖေါ်ပြောဆိုပါက ပြန်လွတ်ထားသည့် လူငယ်များကို ဖမ်းဆီး၍ အမှုဖွင့် အရေးယူမည် ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်က နမ့်ခမ်းမြို့နယ် ကွန်ဟိုင်းရွာ ရဲစခန်းက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းချခွင့် ပြုနေသည့် သတင်း ကို နိုဝင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်အပြီး နောက်တစ်နေ့တွင် ယခုကိစ္စ ပေါ်ပေါက်ခဲ့ရာ လာဘ်ငွေယူသည့် ကိစ္စ အရေး ယူခံရမည်ကို ရဲများ စိုးရိမ်နေကြောင်း သိရသည်။

မြန်မာများအပေါ် ကြင်နာမှုထားရန် ထိုင်းပြည်သူများကို ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် ရွေ့ပြောင်းအလုပ်သမားများ အပေါ် ထိုင်းပြည်သူများက မိတ်ဆွေကောင်းနှင့် အိမ်နီးနားချင်းကောင်း ပီသရန် ဆန္ဒပြုပါကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် Thai – Asean News Network သတင်းဋ္ဌာနနှင့် အင်တာဗျူးတစ်ခုတွင် သူမက ယခု လို ပြောကြားခြင်းဖြစ်ကြောင်း ယနေ့ထုတ် The Nation သတင်းစာက ဖေါ်ပြသည်။

“မြန်မာနိုင်ငံသားများကို လက်ခံထားရတဲ့ အခြေအနေဟာ ထိုင်းနိုင်ငံအတွက် မလွယ်ကူမှန်း သိရှိသော်လည်း တတ်နိုင် သ၍ ကူညီလုပ်ဆောင်နေတာကို အထူးတလည် ကျေးဇူးတင်ရှိပါတယ် ” ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ပြောကြား ခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြား ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကြောင့် တိုင်းရင်းသား ဒုက္ခသည် ၁ သိန်းကျော်ခန့် ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင် စခန်းချခိုလှုံနေရသည်။


ထို့အပြင် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သည့် ရွေ့ပြောင်းအလုပ်သမား ၂ သန်းကျော်ရှိပြီး လတ်တလော က ရင်နှင့်မွန်ပြည်နယ်အတွင်းရှိ မြ၀တီနှင့်ဘုရားသုံးဆူဒေသအတွင်း မြန်မာစစ်တပ်နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာတပ်များ တိုက်ပွဲများဖြစ်ပွားနေရာ ဒုက္ခသည်များ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးရောက်ရှိနေဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံထပ်မတင်ခဲ့သည့် အတွက် စစ်အစိုးက ပါတီပျက်ပြယ်ပြီဟု ကြေငြာထားရာ ပါတီဆက်လက် ရပ်တည် ရှင်သန် ရေးသည် လတ်တလော လုပ်ငန်းတာဝန်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

နောက်ထပ် ပါတီလုပ်ငန်းအနေဖြင့် ဒီမိုကရေစီလှုပ်ရှားမှု ကြီးထွားလာဖို့ အထောက်အကူဖြစ်စေရန် မျိုးဆက်သစ် လူငယ် များနှင့်ဆက်သွယ်သွားမည်ဖြစ်ပြီး ပြည်ပရောက် မြန်မာလူငယ်များနှင့် ဒီမိုကရေစီကွန်ယက်တစ်ခု တည်ထောင်ရန် စီစဉ်နေကြောင်း သိရသည်။

သူမနေအိမ်အကျယ်ချုပ်ကျခံနေရစဉ်အတွင်း မြန်မာနိုင်ငံရေးပတ်ဝန်းကျင် ပြောင်းလဲမှုများရှိခဲ့ရာ နိုင်ငံရေးတွင် မျိုးဆက် သစ် လူငယ်များ စိတ်ပါဝင်စားလာခြင်းနှင့် သူမ၏ပါတီက လူငယ်များအပေါ် ဆွဲဆောင်မှုရှိနေခြင်းသည် အဓိက အပြောင်း အလဲများ ဖြစ်ကြောင်း ဆက်ပြောသည်။

အနာဂတ်မဲ့ပေမယ့် မျှော်လင့်ချက်ရှိနေဆဲ

ကျလွန်းထော

ဒီရောဂါ နာမည်ဆိုးတစ်ခုကို အရမ်းမုန်းတယ်၊ အခြားရောဂါ ရပါစေ ခံနိုင်တယ်၊ အသက်ရှင်နေနိုင်ပေမယ့် နာမည်ဆိုးကြောင့် အရမ်းခံစားရတယ်” ဟုဆိုပြီး AIDS ရောဂါဝေဒနာကို ခံစားနေရတဲ့ မဖြူက သူမရင်ထဲက စို့နစ်နေတဲ့ ခံစားချက်ကို မျက်ရည်သုတ်ရင်း ပြန်ပြောပြခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် စံခလပူရီမြို့၏ အရှေ့တောင်ဘက်အရပ်ရှိ အလှမ်းကွာဝေးလှတဲ့ ဝေ့မလိုင်ကျေးရွာတွင် Save House လို့ခေါ်တဲ့ နာတာရှည်ရောဂါသည်များ လုံခြုံရေးဂေဟာမှာ လူနာပေါင်း (၆၀) ရှိနေပါတယ်။ စိတ္တဇ ရောဂါဝေဒနာသည်၊ တီဘီ (ခေါ်) အဆုတ်နာရောဂါနှင့် HIV/AIDS ရောဂါ ဝေဒနာသည်တွေကို စောင့်ရှောက်ကာ ဆေးဝါးကုသပေးနေတဲ့ ဂေဟာလေးတစ်ခု ဖြစ်ပါတယ်။

ကျယ်ပြောလှတဲ့ ဂေဟာဝင်းထဲ ဝင်လိုက်တာနဲ့ အေးမြပြီး သစ်ပင်အရိပ်တွေနဲ့ အေးချမ်းတဲ့ ခြံဝင်းထဲမှာ ဝေဒနာသည်တွေ အထည်ယက်လုပ်သူက လုပ်၊ တံမျက်စည်းလှည်းသူက လှည်း၊ ဆော့ကစားနေသူတွေနဲ့ ရေဒီယိုလိုင်းမှ ထုတ်လွှင့်ပေးနေတဲ့ တေးသီချင်းတွေကို နားထောင်နေသူတွေက နားထောင်နဲ့ သူ့နည်း သူ့ဟန်နဲ့ ဝေဒနာသည်တွေရဲ့ လှုပ်ရှားမှုကိုပါ မြင်တွေ့ရပါတယ်။ ခြံဝင်းထဲမှာ လူနာတွေ နားနေရာ သီးသန့်အဆောင်တွေနဲ့ ငြိမ်းချမ်းတဲ့ သစ်ပင်ရဲ့ အရိပ်အာဝါသတွေဟာ ဝေဒနာသည်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားပေးနိုင်တဲ့ နေရာလေးတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

ရောဂါအမျိုးမျိုးနဲ့ ဝေဒနာရှင်တွေက AIDS ရောဂါဝေဒနာခံစားနေသူ ၆ ဦးက ဂေဟာမှာ နားခိုနေကြပါတယ်။ သူတို့တတွေဟာ AIDS ဆိုတဲ့ ရောဂါဆိုးကြီးကို အိမ်ထောင်ရေးဖောက်ပြန်မှု၊ လိင်ဘက်ဆိုင်ရာ လိုက်စားမှုကနေ ကူးဆက်ခံလာခဲ့ရသူတွေဖြစ်ပါတယ်။ အချို့ကတော့ ခင်ပွန်းသည်ထံကနေ ရောဂါကူးဆက်ခံလာရသူတွေလည်း ရှိနေပါတယ်။

ခင်ပွန်းသည်ကနေ ကူးစက်ခံရသူတွေအထဲမှာတော့ မဖြူဆိုတဲ့ ဝေဒနာသည်လည်း ပါဝင်တာပေါ့၊ မဖြူကတော့ သူမရဲ့ အမျိုးသားဆီကနေ ရောဂါ ကူးဆက်ခံခဲ့ရပုံကို ညှိးနွမ်းနေတဲ့ မျက်နှာလေးနဲ့ သူမဘဝရဲ့ ရင်နာစရာကောင်းတဲ့ အဖြစ်အပျက်တွေကို အခုလို ရှင်းပြပေးပါတယ်။

“ကျမယောက်ျားက မူးလာရင် ကျမကို အမြဲတမ်းရိုက်တယ်၊ အဲဒီလို ရိုက်နှက်တဲ့ဒဏ်ကို မခံနိုင်တော့လို့ ကျမ ထွက်ပြေးလာတာ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဒီ Save House ကိုရောက်လာတယ်၊ အဲဒီအချိန် ကျမမှာ ဘာရောဂါမှ မရှိသေးဘူး၊ ကျမ ဒီမှာ တစ်နှစ်လောက် နေလိုက်တော့ ကျမ အမျိုးသားက လာပြန်ခေါ်တယ်၊ သူနည်းနည်း ကောင်းလာပြီးဆိုတဲ့အတွေးနဲ့၊ ခလေးတွေရဲ့ မျက်နှာကိုထောက်ပြီး ကျမ သူ့နောက်ကို ပြန်လိုက်သွားခဲ့တယ်၊ ကံဆိုးချင်တော့ ကျမသူနဲ့ အတူတူမရှိခင်က သူပျော်ပါးလိုက်စားထားတာ ကျမ မသိခဲ့ဘူး၊ ကျမလည်း ယောက်ျားကို တစ်နှစ်လုံးလုံး ပစ်ထားတော့ ဒီရောဂါကူးမှာပေါ့၊ သူကလူပျိုမဟုတ်တော့၊ ပထမတော့ သူ ကျမကို မရိုက်တော့ပါဘူးလို့ ဂတိတွေအမျိုးမျိုးပေးတယ်၊ ဒါပေမယ့် မကြာပါဘူး ကျမကို ပြန်ရိုက်တယ်၊ ထုတယ်၊ ဒါကြောင့် ကျမလည်း ဒီအဖွဲ့အစည်းတွေနဲ့ ပြန်ဆက်သွယ်ပြီး ဒီမှာပြန်နေချင်တယ် ပြောပြီး ပြန်လာခဲ့တယ်”

များမကြာခင်အချိန်မှာပဲ နေထိုင်မကောင်းဖြစ်တဲ့အတွက် ဆေးရုံးမှာ သွေးစစ်ကြည့်တော့ ရောဂါပိုးရှိမှန်း သိလိုက်ရပါတယ်။ မဖြူမှာ ရောဂါ ဝေဒနာခံစားရမှန်း သိရပြီးနောက် ဘဝတစ်ခုလုံး ပျိုလဲကျဆင်းသွားသလို ခံစားရကြောင်းနဲ့ ထမင်းမစားနိုင် ရေမသောက်နိုင်လည်းဖြစ်ခဲ့ပြီးတော့ မိမိကိုယ်ကို သတ်သေပြီး ဘဝကို အဆုံးသတ်ပြစ်လိုက်ဖို့အထိ စိတ်ကူးခဲ့ကြောင်းလည်း မဖြူက ပြောပါတယ်။

“ကျန်နေသေးတဲ့ သားသမီးတွေအတွက် ကျမအသက်ရှင်ရမယ်လို့ တွေးပြီး ဆရာဝန်ကြီးတွေလည်း အားပေးစကားပြောလာတော့ အရှက်ကိုနောက်မှာထားပြီး ကျမဘဝ အသက်ဝင်လာခဲ့တယ်၊ ဒါပေမယ့် အခုချိန်ထိတော့ ခံစားနေရတုန်းပါပဲ” ဟု မဖြူက အားငယ်နေတဲ့ အသံတိုးတိုးတိတ်တိတ်လေးနဲ့ ပြောပါတယ်။

ကိုယ်ကိုတိုင် ရှာယူလို့မဟုတ်ဘဲ ကူးစက်ခံရသည့်အတွက် အရှက်ရခဲ့ပါတယ်၊ အကယ်၍ အမျိုးသားဖြစ်သူမှာ ဒီရောဂါ ရှိမှန်းသိခဲ့မယ်ဆိုရင် ပြန်ပေါင်းမိမှာမဟုတ်သလို မမျှော်လင့်ဘဲ AIDS ရောဂါ ခံစားရတဲ့အတွက်ကြောင့်လည်း ရင်ကွဲမတက် ပြောမပြတက်အောင် ဝမ်းနည်းခံစားရတဲ့အကြောင်းကို ပါးပြင်ကနေ မျက်ရည်ပေါက်ပေါက်ကျနေတဲ့ မဖြူက သူမဘဝရဲ့ ဝမ်းနည်းစရာကောင်းခဲ့တာတွေကို ပြောပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဟာ နယ်စပ်ဆိုတဲ့အလျောက် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က လူပေါင်းစုံတွေနဲ့ ထိုင်းနိုင်ငံလူတွေ စီးပွားရေး လုပ်ကိုင် သွားလာလှုပ်ရှားနေကြပါတယ်။ အချို့မှာ ၄င်းရောဂါကြောင့် အသက်ဆုံးရှုံးသွားရသူများလည်း ရှိသလို အချို့မှာ NGO’s အဖွဲ့များ၏ ပညာပေးဟောပြောမှုကို လက်ခံလာတဲ့အတွက် သာမန်လူသားများနည်းတူ အသက်ရှင်နေကြသူများလည်း အများအပြားရှိနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ စက်ရုံအလုပ်ရုံများတွင် နှစ်စဉ်နှစ်တိုင်း HIV/AIDS နှင့်ပတ်သက်တဲ့ ပညာပေး ဟောပြောမှုအပြင် ရောဂါရှာဖွေရေး၊ သွေးစစ်ဆေးမှုများကိုလည်း နယ်စပ်ရှိ NGO’s အဖွဲ့အစည်းများ အလေးအနက်ထား ဆောင်ရွက်နေတဲ့အတွက် အလုပ်သမားတွေအကြားမှာလည်း ရောဂါစစ်ဆေးဖို့ သတ္တိများ ပြည့်ဝလာခဲ့တာတွေလည်းရှိနေတယ်ဆိုတာကို ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာအလုပ်သမားများကို ကူညီစောင့်ရှောင့်ပေးနေသည့် Pattanarak Foundation မှ တာဝန်ရှိသူ ကိုလူချောက ပြောပါတယ်။

HIV/AIDS ရောဂါဟာ လူမျိုးပေါင်းစုံနဲ့ ရူပ်ထွေးနေတဲ့ နယ်စပ်ဒေသမှာသာမကပဲ ပြည်တွင်းမှာလည်း ရောဂါဝေဒနာတွေတွေ အများအပြားရှိနေပါတယ်၊ ထိုနည်းလည်းကောင်ပဲ မွန်ပြည်နယ်အတွင်းမှာလည်း ရောဂါဝေဒနာသည်တွေကို နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာအဖွဲ့အစည်း (အိုင်အိုအမ် IOM) ဆိုတဲ့ NGO’s အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ကူညီပေးနေတာ ရှိခဲ့ပါတယ်။

မွန်ပြည်နယ်မှာ လက်လှမ်းမီသလောက် မြို့နယ်တွေမှာ AIDS ရောဂါဝေဒနာသည်တွေကို ART ဆေးဝါးအပြင် အာဟာရဖြစ်စေတဲ့ ဆေးဝါးနဲ့ အစားစာတွေကို လစဉ်ပုံမှန် ထောက်ပံ့မှုပေးနေတဲ့အတွက် ရောဂါသည်တွေလည်း သွားလာလှုပ်ရှားနိုင်တယ်ဟု မွန်ပြည်နယ် မုဒုံမြို့နယ်မှ IOM အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လူနာတွေတော့ မပိုလာဘူး၊ အရင်ကနဲ့စာရင် ခွဲခြားဆက်ဆံမှုတွေ တော်တော်လေး လျော့နည်းသွားပြီ” ဟု သူမက ပြောသည်။

မဖြူသည် ထားဝယ်သူ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ သူမမှာ ၁၃ နှစ်အရွယ်နဲ့ ၁၁ နှစ်အရွယ် သားနှစ်ဦးရှိပြီးတော့ သူမရဲ့သားနှစ်ဦးကိုတော့ Save House ကို ဦးဆောင် တာဝန်ယူနေတဲ့ ဆရာမ နော်ဖောလူးလူးဆီမှာ အပ်ထားပါတယ်။ သားနှစ်ဦးကို ရှင်ပြုပေးစေလိုတဲ့ မျှော်လင့်ချက်နဲ့ ဂေဟာမှာ နေ့စဉ် ရက်ကန်း ယက်ပြီးတော့ ငွေစုဆောင်နေတယ်လို့လည်း သူမရဲ့ အနာဂတ်ကြယ်ပွင့်လေးအပေါ် မျှော်လင့်ချက်ကြီးမားစွာနဲ့ ပြောပါတယ်။

Save House ဂေဟာမှာ ရောက်ရှိနေတဲ့ အချို့သောဝေဒနာသည်တွေဟာ ပျော်ရွှင်ရယ်မောနိုင်ပေမယ့် မဖြူတစ်ယောက်ကတော့ ဝေဒနာကို ရင်မှာပိုက်ပြီး ပူဆွေးသောကတွေနဲ့ ပျော်နိုင်မယ့်ပံ မပေါ်ပါဘူး။

“သူတို့တွေ ပျော်နိုင်မှာပေါ့လေ ကျမလို ဘာအပူအပင်မှမရှိတာ၊ ကျမမှာက ခလေးတွေ ရှေ့ရေးအတွက်လည်း စဉ်းစားနေရတယ်။ ကျမကြားတယ် ဒီရောဂါပျောက်တဲ့ဆေး နိုင်ငံခြားမှာ ထွက်နေပြီးတဲ့၊ တကယ်လို့ ဒီရောဂါ ပျောက်ခဲ့မယ်ဆိုရင် ခလေးတွေ ရှေ့ရေးအတွက်
ကျမ အလုပ်သွားလုပ်မယ်” ဟု အားတက်တဲ့အသံလေးနဲ့ မျှော်လင့်ချက်ကြီးစွာ မဖြူက ပြောပါတယ်။

AIDS ရောဂါဝေဒနာသည် မဖြူကတော့ သူမရဲ့ လက်ရှိခံစားနေရတဲ့ ရောဂါဝေဒနာတွေ သူတပါးတွေ မခံစားရလေအောင် အခုလို စကားလက်ဆောင်ပါးခဲ့ပါတယ်။

“ကျမလိုဘဝမျိုး မခံစားရလေအောင် ကိုယ်ယောက်ျားမယူခင် ဒါမှမဟုတ် ယောက်ျားနဲ့ ကွဲသွားပြီးလို့ ပြန်ပေါင်းရင်လည်း သွေးစစ်ပြီးမှ ယူပါ” ဆိုပြီးတော့ မဖြူက စကားပါးလိုက်ပါတယ်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ပြန့်ပွားမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်တွင် ၀ ဒသမ ၉၅ ရာခိုင်နှုန်းမှ ၂၀၀၉ ခုနှစ်တွင် ၀ ဒသမ ၆၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်းနှင့် ရောဂါ ဟန့်တားစေသည့် ART ဆေးကုထုံးရရှိနေသူ ဦးရေမှာ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ ၂ သောင်း ကျော်ရှိနေကြောင်း Weekly eleven ဂျာနယ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) က ပေးအပ်သည့် နှစ်နှစ်စာရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၂ သန်း ရရှိထားသည်ဟု Weekly Eleven က ထုတ်ပြန်ထားသည်။

ဗိုလ်ထိန်မောင်ကို စစ်အစိုးရ စတိုက်ပြီ

သန်းထိုက်ဦး

နအဖ စစ်အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNU/KNLA တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။

အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။

အဆိုပါ တိုက်ပွဲသည် မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၃၀ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေး ဆိုခွင့်ရှိသူ စောတီမိုသီ(Timothy)က ဧရာဝတီသို့ ပြောသည်။

“တပ်ရင်း ၂၃၀ ကနေပြီးတော့ ၀င်ပြီးတော့ တိုက်တယ်၊ ကျနော်တို့ စစ်သားတွေလည်း အေးအေး ဆေးဆေး ထိုင်နေတဲ့ အချိန်မှာ ပစ်တော့ စောတင်အောင်ဆိုတဲ့လူကို ထိသွားတယ်၊ အဲဒီမှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီက တပ်ဖွဲ့ဝင် တွေကို သူတို့က ဖမ်းသွားတယ်”ဟု ၎င်းက ဆိုသည်။

အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဘက် တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သိရသည်။ ဖမ်းဆီးထားသည့် KNU/KNLAတပ်ဖွဲ့ဝင်များကို မြ၀တီမြို့ နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးတွင် ထိန်းသိမ်းထားကြောင်း သိရ သည်။

စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသောကြောင့် ငြိမ်းချမ်းရေး ကောင်စီကို ရန်သူအဖြစ် သဘောထားခြင်း ဖြစ်ကြောင်း စောတီမိုသီ က ဆက်လက် ပြောဆိုသည်။

ယနေ့ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေသောကြောင့် ဒေသခံရွာသား ၅၀ ကျော် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့နယ် အတွင်းသို့ ထပ်မံ ရောက် ရှိလာကြောင်း သိရှိရသည်။

ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့်ရှောက်ထားပြီး ယခုအခါ စုစုပေါင်း လူဦးရေ ၆၅၀ ခန့် ရှိကြောင်း သိရသည်။

ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန်က“ဒီနေ့ ဆိုရင် ၅၀ လောက် ထပ်များ လာတယ်၊ ဘာဖြစ်လို့ ထွက်ပြေးလာသလဲဆိုတော့ သေနတ်သံတွေလည်း ဆက်ကြားနေတယ်၊ နောက်ပြီးတော့ နအဖ တပ်သားတွေက ပေါ်တာ လိုက်ဆွဲနေလို့ ကြောက်ပြီးတော့ ထွက်ပြေးလာကြတာ”ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ် ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

သို့သော် ယနေ့ ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ရန် ဖိအားပေးမှု တစုံတရာ မရှိ သေးကြောင်း သိရသည်။
နော်ဘလူးမင်းနိုက်ဇန်က“ထိုင်းအစိုးရက တိုက်ပွဲဖြစ်တယ်၊ သေနတ်သံကြားတယ်ဆိုတော့ မပြန်ခိုင်းဘူး သေချာတယ်၊ မကြားဘူးဆိုရင်တော့ ဒီနေ့ မကြားဘူး မနက်ဖြန် ပြန် အဲဒါတော့ သူတို့ အမြဲလုပ်နေကျပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတချို့ ပူးပေါင်း၍ အစားအသောက်များကို ကူညီထောက်ပံ့ပေးထားကြောင်း သိရ သည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီး နောက်ပိုင်း ကရင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။

ဖလူးကျေးရွာကို နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။

“နအဖ စစ်တပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ဖြစ်ဖြစ်၊ အပစ်ရပ် အဖွဲ့တွေပဲ ဖြစ်ဖြစ် သေချာ ထိုင်ဆွေး နွေး ပြီး ညှိနှိုင်းဖို့လိုပါတယ်၊ ဒါမှမဟုတ်ရင်တော့ ပြည်တွင်းစစ်ဟာတော့ ဆက်ဖြစ်နေမှာပဲလို့ မြင်တယ်၊ ပြည်တွင်းစစ်ဆက်ဖြစ်နေ သရွေ့ ကာလပတ်လုံး ပြည်သူတွေကတော့ တချိန်လုံး ပြေးလွှာနေရမှာပဲ၊ ဘ၀တည်ငြိမ်မှုလည်း လုံးဝရှိမှာ မဟုတ်ဘူး”ဟု နော်ဘလူး မင်းနိုက် ဇန်က ပြောသည်။

ညီညွတ်ရေးကိုတည်ဆောက် ရှေ့ခြေလှမ်းကိုပြင်

ရဲဘော်ဖိုးသံချောင်း

နအဖရဲ့၂ဝ၁ဝရွေးကောက်ပွဲဟာ အများတွက်ထားတဲ့အတိုင်း အဆုံးသတ်သွားတဲ့အတွက် ဘာမှ စိတ်ဝင်စားစရာ မကောင်းလို့ မဆိုနိုင်ပါဘူး။ အကြောင်းက နအဖဗိုလ်ချုပ်တွေက ဘယ်သူမှတွက်မထားတဲ့ ညစ်နည်းတွေကို အသုံးပြု သွားလို့ပါပဲ။ ကြိုတင်မဲ၊ ပြည်ပရောက်မဲတွေနဲ့ ညစ်လို့ရတယ်၊ ညစ်ခဲ့တယ်ဆိုတာ အနိုင်နိုင်ငံသမိုင်းမှာတော့ မတွေ့ဖူး သလောက်ဖြစ်ပါတယ်။ သေချာတာက နအဖဟာ အာဏာရှင်တို့ရဲ့ လက်နက်တိုက်ထဲကို လက်နက်သစ်တွေ ဖြည့်ဆည်း လိုက်တယ်ဆိုတာပါပဲ။ ဒီအတွက် အနိုင်နိုင်ငံက အာဏာရှင်တွေက သူတို့ကို ကျေးဇူးတင်ကြပါလိမ့်မယ်။

ဒီလိုနဲ့တကောင်ထဲ ပြေးတဲ့မြင်းပွဲမှာ စိတ်ဝင်စားစရာလေးတွေ တွေ့ခဲ့ရသလို လာမဲ့အစိုးရဖွဲ့မှုဟာလဲ သူတို့ချည်း ဖြစ်မှာသေချာပေမယ့် စိတ်ဝင်စားစရာတွေ တွေ့ရမှာ သေချာပါတယ်။ စီစဉ်ပြီးသားတော့ စီစဉ်ပြီးသားချည်းပါ။ ဒါပေမဲ့ မျက်လှည့်ဆရာရဲ့အမည်းရောင် အိတ်ကြီးထဲက ဘာတွေထွက်လာမလဲဆိုတာကို စောင့်ကြည့်ကြရသလို ညာမှန်းသိပေမယ့် စိတ်ဝင်စားစရာတွေ၊ အံ့သြစရာတွေ တွေ့ရတတ်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပတဲ့ နေရာမှာတောင် သူ့လူတွေနိုင်ပါတယ်လို့ အဖြေထွက်အောင် လုပ်နိုင်တဲ့ စစ်အုပ်စုဟာ ကမ္ဘာကို တခြားအံ့ဘနန်းတွေ လုပ်ပြအုံးမှာ သေချာပါတယ်။

ဗမာပြည်ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအလွန်နိုင်ငံရေးဟာ အဲဒီလို အလိမ်အညာ ညစ်ပတ်မှုတွေနဲ့ အစချီလိုက်ပါပြီ။ တပါ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်က လွှတ်လိုက်တာဟာ လှုပ်လှုပ်ရွရွ ဖြစ်သွားပါတယ်။ ဒါ့အပြင် ဒီရွေးကောက်ပွဲ ကျမှ ဖွတ်ထွက်မှန်း သိတယ်ဆိုသူတွေရဲ့ ရင်ဖွင့်ပွဲတွေ၊ အံထုတ်ပွဲတွေနဲ့ နည်းနည်းတောင် မြိုင်မြိုင်ဆိုင် ဖြစ်နေတယ်လို့ ဆိုရမလားပါပဲ။ ဒီကြားထဲမှာ မြဝတီဘက်က သေနတ်သံ မြည်လာတာဟာ ဆင်ဖိုနီ တီးဝိုင်းကြီးရဲ့ တီးလုံးကို ဗုံသံတွေ ဖြည့် လိုက်သလို ဖြစ်သွားပါတယ်။

မှန်တာပြောရရင် ထိုင်နေရင် အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိဆိုသလို ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲကြောင့် နလံမထူဖြစ်နေတဲ့ နအဖစစ်အစိုးရဟာ ဒေါ်စုကို မတတ်သာလို့ လွှတ်ပေးလိုက်တော့ ကြမ္မာ ပိုငင်စရာ ဖြစ်လာပါတယ်။ ဒါတွေနဲ့တဆက်ထဲမှာပဲ နိုင်ငံရေး အမြင်မျိုးစုံ၊ လုပ်ငန်း အစီအစဉ်မျိုးစုံကို ကြားနေ ဖတ်နေရပါတယ်။ မီဒီယာတွေက မေး၊ အမေးခံရသူကဖြေ ပြည်သူလူထုအဖို့ ဦးဏှောက် လှုပ်ရှားစရာတွေ အများကြီး ရနေတယ်လို့ဆိုနိုင်ပါတယ်။ အဓိက အားဖြင့်တော့ ရှေ့ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာကို စိတ်အဝင်စားကြဆုံးပါပဲ။

ပြည်သူလူထုကြီးရဲ့မျှော်လင့်ချက်ဟာ ကြံ့ဖွံ့အပေါ်မှာ ထားတာမဟုတ်ကြောင်း ထင်ရှားလှပါတယ်။ ဗမာပြည် ပြည်သူလူထုကြီးရဲ့ နိုင်ငံရေးအသိ၊ နိုင်ငံရေး စိတ်ဓာတ်ဟာ အမြဲနိုးကြား တက်ကြွနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

ဒီရွေးကောက်ပွဲမှာ ပေါ်ထွက်လာတဲ့ အမှန်တရားတခုက နအဖအနေနဲ့ ကိစ္စ(ကြီး) တခု အကောင်အထည် ဖော်လိုက်တိုင်း နိုင်ငံရေး အင်အားစုတွေထဲမှာ ခိုဝင်နေတဲ့ ကိုယ်ကျိုးသမားတွေ ပွင့်ကျလာပြီး တဖက်မှာတော့ နအဖရဲ့ မရိုးသားမှုတွေ ပွင့်ကျလာ၊ အတိုက်အခံတွေဘက်မှာ အင်အားတွေ တိုးလာတယ် ဆိုတာပါပဲ။ နောက်ပြီး ဒီလိုအချိန်တိုင်းမှာ ဗမာပြည် ပြည်သူတွေရဲ့ရပ်တည်ချက်ဟာ မယိမ်းယိုင်ဘူး၊ ခိုင်မာတယ်ဆိုတာလဲ အမြဲတွေ့ရပါတယ်။ အမှန်ပြောရရင် စစ်အုပ်စုရဲ့ ဒီလိုခြေလှမ်းတွေဟာ ပြည်သူတွေကို စမ်းသပ်တာ မဟုတ်ဘူး၊ နိုင်ငံရေးသမားတွေကို စမ်းသပ်တာဖြစ်တယ်လို့ မြင်ရပါမယ်။ နဝတနအဖတို့ရဲ့ ညောင်နှစ်ပင် ညီလာခံဖြစ်စဉ်ကြီးကိုပဲ ပြန်ကြည့်လိုက်ပါ။ နောက်ပြီး ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုပွဲနဲ့ အခု ဒီရွေးကောက်ပွဲ။ သူတို့တလှမ်း လှမ်းလိုက်တိုင်း ပြည်သူတွေဘက်မှာ အင်အားတွေ တိုးလာတာပဲ မဟုတ်ပါလား။ ဒါ့အပြင် သူ့တပ်ထဲမှာပါ ဂယက်ရိုက်တာဟာ တရားတခုလိုတောင် ဖြစ်နေပါပြီ။

ပြောရရင်တော့ ဒီလိုအခြေအနေမျိုးဟာ နိုင်ငံရေး အင်အားစုတွေ အမြော်အမြင်ရှိရှိနဲ့ အမျိုးသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုတာက နအဖစစ်အစိုးရရဲ့ မရိုးသားမှု၊ ညစ် ပတ်မှုတွေ ပြည်တွင်းပြည်ပမှာ ဘောလောပေါ်ပြီး ကမ္ဘာအနှံ့က ရှုတ်ချနေကြချိန်၊ ဗမာပြည် ပြည်သူများရဲ့ နိုင်ငံရေး နိုးကြားမှုအရှိန်အဟုန်မြင့်မားနေချိန်၊ စည်းလုံးညီညွတ်ဖို့အထူးလိုအပ်ကြောင်း အားလုံးက သဘောပေါက်လက်ခံနေကြ ချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဗမာပြည်သမိုင်းကိုပြန်ကြည့်လိုက်ရင် ဒီလိုအခြေအနေမျိုးတွေမှာ ဗမာ့နိုင်ငံရေးကို တဆင့်တွန်းတင်ခဲ့တာတွေ တွေ့ကြရမှာပါ။ တပါထဲမှာ ဒီလိုအခွင့်အရေးမျိုးဟာ အချိန်တိုင်း၊ ဒါမှမဟုတ် မကြာခဏ ပေါ်တတ်တာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။ အခွင့်အရေးကို မယူလိုက်နိုင်ရင် သမိုင်းတကွေ့ ပြန်စောင့်ရတဲ့ အထိဖြစ်သွားတတ်ပါတယ်။ ဘုံရည်မှန်းချက်ရှိရင် ဘုံလုပ်ငန်းစဉ်ဆိုတာ ချမှတ်လို့ရနိုင်ပါတယ်။ တဖက်နဲ့ တဖက် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်၊ အပေးအယူရှိရှိနဲ့ လုပ်သွားကြဖို့ပဲလိုတာပါ။ ဒါပေမဲ့ နည်းနာတော့ကြွယ်ဝဖို့ လိုပါတယ်။ လှေကြီးထိုးနည်းတမျိုးထဲနဲ့တော့ မပြီးဘူးဆိုတာ နှလုံးပိုက်ရပါမယ်။ နအဖကိုယ်တိုင်က အထက်လမ်းရော အောက်လမ်း ပါလုပ်နေချိန်မှာ ကိုယ်က စင်းစင်းကြီး လုပ်နေလို့ မဖြစ်ပါဘူး။ ဘက်ပေါင်းစုံ ညစ်ပတ်အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရာမှာ သူ့လို ညစ်ပတ်တာ မလုပ်ပေမယ့် နည်းနာမျိုးစုံတော့ကျင့်သုံးရပါမယ်။

ဒါပေမဲ့ ဒီအချိန်မှာကိုယ့်အစီအစဉ်တွေကို အကုန်ဖွင့်ပြောတာကိုတော့ သတိထားရပါလိမ့်မယ်။ နိုင်ငံရေးပါတီတခု အနေနဲ့ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်လုပ်ငန်းစဉ်၊ ကိုယ့်လမ်းစဉ်တွေကို မကွယ်မဝှက် ထုတ်ပြောတာကို လုပ်ရပါမယ်။ ဒါပေမဲ့ ဒါတွေကို ဘယ်လိုဘယ်နည်းနဲ့ အကောင်အထည်ဖော်မယ်ဆိုတဲ့ အသေးစိပ်တွေကိုတော့ ပြောသင့်မှပြောရပါမယ်။ ကိုယ့် ကိုယ်ကို ခြေချုပ်မိနေစေမယ့် အပြောတွေကို သတိထားရပါမယ်။ ကိုယ်က အာဏာမဲ့ဆိုတော့ နိုင်ငံရေး မိုးလေဝသကို အကဲခတ်တတ်ဖို့ သိပ်လိုပါတယ်။ အထူးသဖြင့် ဒီနေ့လို ယုတ်မာကောက်ကျစ်လှတဲ့ စစ်အာဏာရှင်တွေကြီးစိုးနေတဲ့ အချိန်မျိုးမှာဖြစ်ပါတယ်။ နအဖရဲ့ ဖွဲ့စည်းပုံ ဥပဒေထဲမှာ စစ်တပ်ကို အာဏာသိမ်းခွင့်ပေး ထားတယ်ဆိုတာကို မမေ့သင့်ပါဘူး။ ရှစ်ခေါဘဏီတပ်ကြီးကို ကိုင်ထားပြီး အာဏာသိမ်းခွင့်ရှိကြောင်း တကြိမ်းထဲ ကြိမ်းနေသူတွေကို လက်ကမ်းတာ တခုထဲနဲ့တော့ မပြီးသေးဘူးထင်ပါတယ်။ တခြားလုပ်စရာရှိတာတွေလဲ လုပ်ရမှာပါ။

ဒီလိုအချိန်မှာ နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အင်အားစုတွေကို အင်တာဗျူးတကာမှာ ပြောချင်တာ ပြောခွင့်တွေ ပေးထားပြီး ကိုယ်တိုင်ကတော့ ဘာတခွန်းမှ မပြောသေးတာဟာ သိပ်ထူးဆန်းနေပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကို လွှတ်ပေးတာနဲ့ တချိန်ထဲမှာ ဘာလုပ်မယ်ဆိုတာကို သူတို့စဉ်းစား ကြံစည်ပြီး ဖြစ်တယ်လို့ သူတို့ အကျင့်ကိုသိနေတဲ့ လူတိုင်းက တွက်ချက်သိနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ နအဖဟာ ငြိမ်ချက်သား သိပ်ကောင်းနေပါတယ်။ ဘာမှမပြော၊ ဘာမှမတုန့်ပြန်၊ ဘာမှမလုပ်ပဲ နေသလိုပါပဲ။ ဒီအခြေအနေကို နာမည်ကျော်စုံထောက်ကြီး ရှားလော့ခ်ဟုမ်း ဇာတ်လမ်းတွေထဲက လူအကိုးကားဆုံးစာပိုဒ်လေးတခုနဲ့ယှဉ်ပြလိုက်ချင်ပါတယ်။

“ပိတ်ပိတ်ပိန်းမှောင်မည်းနေတဲ့တညမှာပါ-
ရှားလော့ခ်ဟုမ်း- “ထူးတော့ထူးဆန်းတာအမှန်ပဲ ဒေါက်တာဝတ်ဆန်။”
ဒေါက်တာဝတ်ဆန်- “ဘာထူးဆန်းလို့လဲ၊ ခွေးလဲမဟောင်ပါလား။”
ရှားလော့ခ်ဟုမ်း- “ခွေးမဟောင်တာထူးဆန်းတာပေါ့ဗျ။”

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,2nd,2010

( 17 )ဂေဟာမှာပဲ နေချင်တယ်

( 16 )အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းရန် စစ်အစိုးရကို NLD တိုက်တွန်း

( 15 )Aung San Suu Kyi Summons Courage of Burmese People

( 14 )ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးနေ့ ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ကျင်းပ

( 13 )Myanmar junta chief praises 'successful' elections

( 12 )ကုလားတန် စီမံကိန်းတွင် ပါဝင်သည့် စစ်တွေ ဆိပ်ကမ်း စတင်တည်ဆောက်

( 11 )108 Shops for Burma

( 10 )နေပြည်တော်တွင် ၁၅ သိန်းတန် GSM ဖုန်းကို ၅ သိန်းဖြင့် ရောင်းမည်

( 9 )Children ‘most at threat’ from HIV

( 8 )ဗိုင်းရပ်စ်နှင့် အာဏာပိုင်ကို တပြိုင်တည်း ရင်ဆိုင်နေရသည့် HIV ဝေဒနာရှင်များ

( 7 )Name of Myanmar now Burma for NZ Govt

( 6 )အမျိုးသားရေး အောင်ပွဲ ပေါ်ထွန်းရန် ဒေါ်အောင်ဆန်းစုကြည် ပြော

( 5 )Burmese Baptist refugees in U.S. changing Anglo churches

( 4 )အမျိုးသားရေး အောင်ပွဲအတွက် နိုင်ငံသားအားလုံး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း

( 3 )Journalist were prevented to attend a press conference of a UN’s special envy to Burma.

( 2 )မြန်မာ HIV/AIDS ဝေဒနာရှင်တွေ လူ့အခွင့်အရေး ဆုံးရှုံး

( 1 )AIDS Day Highlights Plight of Burma's Sufferers

Wednesday, December 1, 2010

မူဆလင် တစ်ဦး ကျပ် ၁၀ သိန်းဖြင့် စစ်တပ်မှ ရန်ကုန်သို့ ပို့ဆောင် ပေးနေ

ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်ရှိသည့် မူဆလင် ဘာသာဝင်များကို ဒေသခံစစ်တပ်မှ တဦးလျှင် ကျပ် ၁၀ သိန်း စီဖြင့် ရန်ကုန်သို့ ပို့ဆောင်နေကြောင်း အမည်မဖေါ်လိုသူ တပ်ကြပ်ကြီး တစ်ဦးက ပြောသည်။

ကျောက်ဖြူ အခြေစိုက် ခလရ ၅၄၂ တပ်ရင်းမှ ဒုဗိုလ်မှူးကြီး သောင်းထိုက်စိုး ကိုယ်တိုင် ကြီးကြပ်ပြီး အဆိုပါ လူပို့ လုပ်ငန်းကို စီစဉ် လုပ်ကိုင်နေကြောင်း သူက ပြောသည်။

“ဒီစီးပွားရေးက အထူး ၀င်ငွေ ကောင်းပီး အချိန်တို အတွင်း ပိုက်ဆံက မြက်မြက်ကလေး ရတော့ တပ်ရင်းမှူး သောင်းထိုက်စိုးကိုယ်တိုင် ဦးစီပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။”


မူဆလင်များကို စစ်တပ်ကားများဖြင့် စစ်သားများကဲ့သို့ ယူနီဖေါင်းများ ၀တ်ဆင်ကာ ပို့ဆောင် နေကြောင်း သူက ပြောသည်။

“အများအားဖြင့် စစ်တပ်ကားတွေ ရန်ကုန်ကို သွားတဲ့ အခါဘဲ ဖြစ်ဖြစ်၊ ကရင် ရှေ့တန်းကို သွားတဲ့ အခါဘဲ ဖြစ်ဖြစ် ရန်ကုန်ကို သွားလိုတဲ့ မူဆလင်တွေကို စစ်တပ် ယူနီဖေါင်းတွေ ၀တ်ပြီး ခေါ်ယူသွား ဖြစ်ပါတယ်။ ခုလို သယ်ယူသွားတော့ လုံးဝ အစစ်အဆေး မရှိဘဲ ရန်ကုန်ကို ရောက်သွားတာ ဖြစ်ပါတယ်။ ရလာတဲ့ ငွေကို တပ်ရင်းမှူး၊ တခြားတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ကားဒရိုင်ဘာတွေက ခွဲဝေယူကြပါတယ်။”

လွန်ခဲ့သော လကလည်း မူဆလင်ဘာသာဝင် ၇ ဦးကို တစ်ဦးလျှင် ကျပ် ၁၀ သန်းစီ ယူပြီး ဒုဗိုလ်မှူးကြီး သောင်းထိုက်စိုးမှ ပို့ပေးခဲ့သည်ဟု သူက ပြောသည်။

“ကုလားတွေကို စစ်ယူနီဖေါင်းဝတ်ပြီး ရှေ့တန်းသွားတဲ့ ကားပေါ် တင်ခေါ်လာတာတွေ့တော့ တပ်သားတွေက တီးတိုး မေးမြန်းကြတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း အပြစ်ပေးခံရမှာကို ကြောက်ပြီး မမေးရဲကြပါဘူး။”

၎င်းပြင်သူက “ကုလားတွေကို ပို့ပေးနေတာကတော့ အဲဒီတပ်ရင်းမှာ တာဝန်ကျလာတဲ့ ဗိုလ်မှူးတိုင်း လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အပြင် ကို မပေါက်ကြားဘူးလေ။ ဘာဖြစ်လို့လည်း ဆိုတော့ ရဲဘော်တွေကိုလည်း မျှဝေပေးတဲ့အတွက် ဖြစ်ပါတယ်။ သောင်းထိုက်စိုးလက်ထက်မှာတော့ မျှဝေမူက နည်းလာတော့ တပ်ထဲမှာ ဒီကိစ္စ ဟိုလေးတကျော် ဖြစ်လာပါတယ်။ မကြာခဏ ဒီအရေးနဲ့ စကားများကြတာတွေလည်း ရှိပါတယ်” ဟု သူက ပြောသည်။

ခလရ ၅၄၂ တပ်ရင်းမှာ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက်တွင်တည်ရှိပြီး ခန့်မှန်းခြေ မိုင်အားဖြင့် ၃ မိုင်ခွဲခန့်ဝေးသည်ဟုသိရသည်။

ကျောက်ဖြူမြို့တွင် ခန့်မှန်းခြေ မူဆလင် ဘာသာဝင် ၃၀၀၀ နီးပါးရှိပြီး သူတို့၏ ခရီးသွားလာခွင့်ကို အထက်မှ တင်းတင်း ကျပ်ကျပ် ပိတ်ပင်ထားသဖြင့် ရန်ကုန်မြို့ သို့ သွားလိုပါက ယခုကဲ့သို့ စစ်တပ်နှင့် အဆက်အသွယ် ပြုလုပ်ကာ ငွေကြေး အမြောက်အများ အသုံးပြုပြီး သွားနေကြရသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကြောင့် ဘဏ်က ငွေမချေး

ဧရာဝတီ Wednesday, 01 December 2010

စစ်အစိုးရ၏ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် အင်းဝဘဏ်လီမိတက်က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြောင့် ဝါရင့် နိုင်ငံရေး သမားကြီး သခင်သိန်းဖေ၏ မိသားစုကို ငွေထုတ်မချေးတော့ကြောင်း သတင်းရရှိသည်။

မကြာသေးမီ လပိုင်းအတွင်းက သခင်သိန်းဖေ၏ မိသားစုဝင်များသည် လုပ်ငန်းအတွက် ငွေချေးရန် နေအိမ်ပိုင်ဆိုင်မှု အထောက်အထားများ၊ မရမ်းကုန်းမြို့နယ်ရှိ ကြိုးထုတ်လုပ်သည့် စက်ရုံပိုင်ဆိုင်မှု အထောက်အထားများဖြင့် အင်းဝဘဏ်လီမီတက်တွင် ငွေကျပ်သိန်း ၂၀၀ ချေးငှားရန် တင်ပြခဲ့ကြောင်း၊ ဘဏ်မှ တာဝန်ရှိ စစ်အရာရှိများက နေအိမ်နှင့် စက်ရုံကို လာရောက်စစ်ဆေးရာ စက်ရုံရုံးခန်းအတွင်း ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို စစ်အရာရှိများက မြင်တွေ့သွားပြီး ချေးငွေ ယူမည်ဆိုပါက ဓာတ်ပုံကို ဖြုတ်ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း သခင်သိန်းဖေနှင့် နီးစပ်သူ နိုင်ငံရေးသမားတဦးက ရှင်းပြသည်။

“ကျနော်က ၂၀၀၅ ခုနှစ် ထောင်ကလွတ်တော့ နေစရာမရှိလို့ သခင်သိန်းဖေအိမ်မှာ နေဖြစ်တော့ အိမ်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို သိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖြုတ်မပေးလို့ ချေးငွေ သိန်း ၂၀၀ မရခဲ့ဘူး။ ရုံးခန်းက ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံက သိန်း ၂၀၀ တန်ဓာတ်ပုံ အလိုလိုနေရင်း ဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြောင့် သခင်သိန်းဖေ မိသားစု ချေးငွေ မရရှိခဲ့သည့် အကြောင်းကို သခင်သိန်းဖေ၏ နေအိမ်တွင် ယနေ့ ကျင်းပပြုလုပ်သော နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် အဆိုပါ နိုင်ငံရေးသမားက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သခင်သိန်းဖေ၏ မိသားစုဝင်များက ချေးငွေမရပါကလည်း ကိစ္စမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ဖြုတ်ပေးမည်မဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

သခင်သိန်းဖေအိမ်တွင် ကျင်းပပြုလုပ်သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ပါတီဝင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ သတင်းမီဒီယာများ၊ နိုင်ငံရေးသမားများ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး အရပ်ဝတ် ရဲသတင်းပေးများ၊ ရဲများက အိမ်တွင်းသို့ ၀င်ရောက် ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့သည်။

ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ

နန်းထူးစံ (ကေအိုင်စီ)

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ဦးကို ယနေ့မနက်တွင် နအဖ စစ်တပ်မှ ဖမ်းဆီးလိုက်ပြီး ၁ဦးကို ပစ်သတ်လိုက်သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယနေ့မနက် ၉နာရီကျော်အချိန်၌ ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ ဖလူးကျေးရွာနှင့် မနီးမဝေး ပလောတပို့ဒေသတွင် လှုပ်ရှားသည့် ဗိုလ်တဲခီး ဦးစီးသော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ကို နအဖ စစ်ကြောင်းက ၀ိုင်းမိပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ၁ဦး ကျဆုံးကာ ၆ဦးမှာ အရှင်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ စောတီမသီက “ဒီမနက် ကျနော်ကြားတာ က ဗိုလ်တဲခီးရဲ့ တပ်ဖွဲ့ဝင် ၆ဦးကို နအဖ စစ်တပ်က ဖမ်းဆီးတယ်။ ၁ဦးကို ပစ်သတ်လိုက်တယ်လို့ ကြားတယ်။ ဒါပေမယ့် အသေး စိတ်တော့ မသိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။


ဖလူးဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်တဦးက “အခု နအဖတွေက ဝေါ်လေကို တက်ဖို့လေ။ သူတို့ တက်လာတဲ့ လမ်းတလျှောက်မှာ သေနတ်လိုက်ပစ်တယ်။ ဖလူးအပေါ်ဘက် ပလောတပို့မှာ သူတို့(ငြိမ်းချမ်းရေးကောင်စီအဖွဲ့)ကို စစ်တပ်က တွေ့ပြီးတော့ ၀ိုင်းလိုက်တာလို့ ကျနော်ကြားတယ်။ အဲဒီမှာရှိတဲ့ သူတို့အဖွဲ့က လူနည်းတယ်လေ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဖလူးဒေသ၌ နအဖ စကခ(၈)လက်အောက်ခံ ခလရ(၆၂) လှုပ်ရှားလျှက်ရှိပြီး ထိုတပ်ရင်းသည် နိုဝင်ဘာ ၂၄ ရက်နေ့က ဝေါ်လေဒေသသို့သွားရန် ဖလူးကျေးရွာတွင် ရောက်ရှိနေပြီးဖြစ်သော်လည်း ရှေ့ဆက်သွားမည့် လမ်းကြောင်းများကို ဒီကေဘီအေတပ်နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ ပိတ်ဆို့ထားခြင်းကြောင့် ဝေါ်လေလမ်းကြောများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်လျှက်ရှိကြောင်း အဆိုပါကေအဲန်အယ်လ်အေတပ်သားက ပြောသည်။

ယင်းသို့ ဖမ်းဆီး၊ ပစ်သတ်ခံရသည့် ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်ထဲတွင် ဗိုလ်တဲခီး ပါဝင်ခြင်း မရှိသလို ထိုအဖွဲ့၏ ဥက္ကဌ ဗိုလ် ချုပ်စောထင်မောင်နှင့် ဗိုလ်ချုပ်စောရင်နုတို့ကို ဆက်သွယ်မရခဲ့ပေ။

နိုင်ငံတော်အလံသစ်၏ ဖွင့်ဆိုချက်ကို ကျောင်းဆရာ၊မများ မဖြေကြားနိုင်

နှောင်းလှိုင်၊ သံလွင်နီ

ကရင်နီပြည် လွိုင်ကော်မြို့ရှိ မင်္ဂလာရပ်ကွက်မှ မူလတန်း ကျောင်းသူ၊သားများသည် မြန်မာနိုင်ငံ အလံသစ်၏ ဖွင့်ဆိုချက်ကို ကျောင်းဆရာ၊ မများအား မေးမြန်းရာ ကျောင်းဆရာ၊မများမှ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိဟု ကွမ်းယာဆိုင်တန်းများတွင် သတင်းပျံ့နှံ့နေသည်။

“အခု အလံပြောင်းသွားတော့ ကလေးတွေ အတွက် မေးခွန်း ဖြစ်နေတယ်။ သူတို့ သင်ထားတဲ့ အလံကို ဘာဖြစ်လို့ မသုံးတော့လဲပေါ့။ ပြီးတော့ အခုအလံရဲ့ အဓိပ္ပါယ်က ဘာလဲပေါ့” ဟု ကွမ်းယာ ၀ယ်စားသူ တယောက်က ပြန်ပြောပြပါသည်။

ပညာရေး ၀န်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်း မှ လာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ အခြေခံပညာမူလတန်း ဒုတိယတန်းတွင် သင်ကြားနေသော ဒို့အလံ သင်ခန်းစာကို ပြောင်းလဲ ပုံနှိပ် ပြဋ္ဌာန်းသွားမည်ဖြစ်သည်ဟု မြန်မာတိုင်း(မ်) အွန်လိုင်းသတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

သင်ခန်းစာသစ်တွင် အဓိကအားဖြင့် အလံပုံအားပြောင်းလဲသွားမည်ဖြစ်ပြီး စာသားများတွင်မူ နိုင်ငံတော်အလံသစ်တွင် ပါဝင်သော အရောင်နှင့် ကြယ်၏ အဓိပ္ပါယ်ကို သင်ကြားသွားမည်ဖြစ်သည်။

“သူတို့ လုပ်ပုံက မူလတန်း ကလေးတွေအတွက်တောင် မေးခွန်း ထုတ်စရာ ဖြစ်နေပြီ။ တွေ့ရှိချက်ပေါ့နော်။ ပြီးတော့ ကျောင်းဆရာ၊မတွေလည်း အရည်အချင်း မပြည့်မီဘူး” ဟု လွိုင်ကော်မှ ကျောင်းသား မိဘတဦးက ပြောပါသည်။

အဆိုပါ နိုင်ငံတော်အလံသစ်တွင် ၀ါ၊ စိမ်း၊ နီ နှင့် အလယ်တွင် အဖြူရောင် ကြယ်တလုံးပါရှိပြီး အ၀ါရောင်သည် ဘာသာ၊ သာသနာနှင့် ပညာတိုးတက်ခြင်း၊ အစိမ်းရင့်ရောင်သည် စပါးဆန်ရေ၊ ကျွဲနွားနှင့် အထွေထွေ ပေါများခြင်း၊ အနီရောင်ခြယ် ထားခြင်းသည် ရဲရင့်သည့် စိတ်ဓာတ်ခွန်အား၊ အလယ်မှ အဖြူရောင် ကြယ်ကြီးသည် ပြည်ထောင်စုကို ကိုယ်စားပြုသည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေဆွဲစဉ်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်အလံအား အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် နေပြည်တော်ရှိ အစိုးရ ၀န်ကြီးဌာနများ အပါအ၀င် နိုင်ငံတ၀န်းလုံး သုံးရောင်ခြယ် အလံသစ်ကို တပြိုင်နက်တည်း လွှင့်ထူခဲ့ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံရေးတွက်ဆမှုမှားစေရန် တမင်ဖြန့်

သျှမ်းသံတော်ဆင့်

အကျယ်ချုပ်ကျခံနေရသည့် ယခင် နအဖအတွင်းရေးမှူး ၁ ၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်နှင့် ဇနီး ဒေါ်ခင်ဝင်းရွေတို့အား ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီနှင့် အဖွဲ့ကနေအိမ်မှ အခြားတစ်နေရာသို့ ခေါ်သွားသည့် ဗွီဒီယိုဖိုင် မကြာသေးခင်က အင်တာနက်များတွင် ပျံ့နှံ့ခဲ့သည်။

ရန်ကုန်မြို့ရှိ ဦးခင်ညွန့်၏ နေအိမ်ဟု ယူဆရသည့်နေရာသို့ ရဲချုပ်နှင့်အဖွဲ့ ညပိုင်းတွင် ရောက်လာပြီး ဦးခင်ညွန့်နှင့် ခေတ္တစကားဝိုင်းဖွဲ့ပြောဆိုနေသည်ကို တွေ့ရသည်။

ဦးခင်ညွန့်တို့ဇနီးမောင်နှံက လွယ်အိပ်ငယ်ကိုယ်စီဖြင့် အိမ်သားများနှင့် မြေးငယ်များ နှုတ်ဆက်ကာ ရဲချုပ်နှင့် အတူ မည်သည့်နေရာမှန်း မသိရသည့် အခြားတစ်နေရာသို့ လိုက်ပါရောက်ရှိသွားသည့် မြင်ကွင်းကို ရိုက်ပြထားသည်။


ရိုက်ကူးထားသည့် အချိန်နှင့် အသံထည့်သွင်းထားခြင်း မရှိသည့် ၎င်းဗွီဒီယိုဖိုင် ထွက်ပေါ်လာမှုသည် အတိုက်အခံများ နိုင်ငံရေးတွက်ဆမှုမှားစေရန် တမင်ရည်ရွယ်ချက်ရှိရှိ ဖြန့်လိုက်ခြင်း ဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေး/နိုင်ငံရေး အကဲ ခတ် ဦးအောင်ကျော်ဇောက သုံးသပ် ပြောဆိုသည်။

“ဒါတွေက အစီအစဉ် ရှိရှိနဲ့ ရည်ရွယ်ချက်တစ်ခုအတွက် လုပ်တာနဲ့တူတယ် ၊ လောလောဆယ်လုပ်ငန်းတစ်ခုအနေနဲ့တာ ထွက်လာတာပေါ့ လူထုထဲမှာ တွက်ဆမှု မှားနိုင်အောင်လုပ်တဲ့ကိစ္စပဲ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာရုံပြောင်းတဲ့ ကိစ္စ၊ ဒေါ်စုကလည်းရွေးကောက်ပွဲကိစ္စ လှည့်ပြောလာတော့ အဲဒါကို လှည့်တာလို့ ထင်တယ်” ဟု သူက ဆိုသည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလပိုင်းကတည်းက အဆိုပါဗွီဒီယိုဖိုင် ရိုက်ကူးထားသည်ဟု သူက ဆိုသည်။ ဗွီဒီယိုဖိုင် ထွက်လာပြီးနောက် ဦးခင်ညွန့်တို့ဇနီးမောင်နှံအား နေရာပြောင်းရွေ့ချုပ်နှောင်ထားခြင်းလော ၊ လက်ရှိ မြန်မာ့နိုင်ငံရေးကိစ္စ များတွင် ပြန်လည်အသုံးချရန် စီစဉ်ခြင်းလော ဆိုသည်ကို လေ့လာသူများအကြား ဝေခွဲရ ခက်နေသည်။

သူက ဆက်ပြောရာတွင် “ဗိုလ်ခင်ညွန့်ကို ပြန်သုံးဖို့အလားအလာသိပ်မရှိပါဘူး၊ သူ့ကိုသုံးမယ်ဆိုရင် ဖမ်းထားတဲ့သူ့ လူတွေပြန်လွတ်ပေးဖို့ သူက တောင်းဆိုထားတာ၊ လူတော်တော်များများကတောင် သူ့ကို ချီးကျူး တယ် ”

“သူ့ကို သုံးနိုင်လောက်တဲ့ နေရာက တိုင်းရင်းသားကိစ္စတွေမှာ သူစခဲ့တဲ့ ဇတ်လမ်းတွေရှိတယ်၊ ဒါကိုပြန်ခိုင်းရင် လဲခိုင်း နိုင်တာပေါ့၊ အဲလောက်လဲ သူ အလုပ်ခံမှာမဟုတ်ဘူး ၊ ၀န်ကြီးချုပ်ဖြစ်ဖူးတဲ့ သူ့ကို ၀န်ကြီးချုပ်ပြန်ပေးလို့လည်း မဖြစ်ဘူး ” လို့ဆိုသည်။

လက်ရှိအနေအထားတွင် ဂိုဏ်းဂဏဖွဲ့နိုင်သည့် နေရာများ နိုင်ငံရေးအရ သြဇာတက်မည့်နေရာများ စီးပွားရေး လုပ်ငန်းများတွင် ဦးခင်ညွန့်ကို ပြန်လည် အသုံးပြုဖွယ် မရှိကြောင်း သူက ယူဆသည်။ထို့အပြင် ဦးခင်ညွန့်အား အင်းစိန်ထောင်ကဲ့သို့သော ထောင်တွင်း ဖမ်းဆီးထားမှုမျိုးလည်း ပြုလုပ်ဖွယ်မရှိကြောင်း သိရ သည်။

ဦးခင်ညွန့်အပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် စိုးရိမ်ရသည့် အဓိကအကြောင်းအရင်းမှာ ဗိုလ်ချုပ်မှူးကြီးထက် အရည်အချင်း နှင့်လုပ်ရည်ကိုင်ရည် သာလွန်နေခြင်းကြောင့် ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

နအဖ ၀န်ကြီးချုပ်နှင့် အတွင်းရေးမှူး ၁ အပြင် စစ်ထောက်လှမ်းရေးအကြီးအကဲ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်သည် ၂၀၀၄ အောက်တိုဘာလပိုင်းတွင် လာဘ်စားမှု အမိန့်မနာခံမှု စသည့် စွဲချက်များဖြင့် ရာထူးမှ ဖယ်ရှားခံရပြီး ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံထားရကာ လက်ရှိ မိသားစုနှင့်အတူ နေအိမ်အကျယ်ချုပ်ကျခံနေရသည်။

၎င်းအာဏာရှိစဉ်က အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားသူ မြောက်များစွာကို ထောင်သွင်းအကျဉ်းချခဲ့သူလည်း ဖြစ်သည် ။

ဝေါ်လေဒေသတိုက်ပွဲ ဆက်လက်ဖြစ်ပွား

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်တပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ညက စတင် ဖြစ်ပွားခဲ့ သည့်တိုက်ပွဲသည် ပစ်လိုက်ရပ်လိုက်ဖြင့် ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။

ဒီကေဘီအေ ကလိုထူးဘောဗျူဟာ (၁)စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က “ဖလူးမှာ မနေ့ညကတည်းက လက်နက် ကြီး လက်နက်ငယ်တွေနဲ့ ပစ်လိုက်ရပ်လိုက် အပြန်အလှန် ပစ်ခတ်ကြတယ်။ ဒီမနက် မိုးလင်းတဲ့အထိပဲ။ နအဖဘက်က ကျ ဆုံးမှုကိုတော့ ကျနော်တို့ မသိသေးဘူး။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။”ဟု ပြောသည်။

ထို့အပြင် ယမန်နေ့မွန်းလွဲ ၃နာရီခန့်တွင် ဖလူးကျေးရွာ၌ ကရင်တပ်ဖွဲ့နှင့် နအဖဘက်မှ ခမရ(၅၄၅)၊ (၅၄၇) ပူးပေါင်းတပ်ရင်း တို့ကြား ပစ်ခတ်မှုတကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်က ၄ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောဆိုသော် လည်း ထိုနေ့ညနေ ၆နာရီခန့်တွင် မြ၀တီဆေးရုံသို့ နအဖ စစ်တပ်မှ လူနာ ဗိုလ်မှူး ၁ဦး၊ ဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးနှင့် တပ် သား ၄ဦး ရောက်ရှိလာသည်ဟု ဆေးဝန်ထမ်းနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် ယနေ့မနက် ၅း၅၅မိနစ်အချိန်တွင် ဝေါ်လေဒေသ နအဖစစ်တပ် စကခ(၈)လက်အောက်ခံ ဗျူဟာ(၃)အခြေစိုက်ရာ ဗျူဟာကုန်းတွင် ကရင်တပ်ဖွဲ့မှ ၁၀မိနစ်ခန့် သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရကြောင်း ဒီကေဘီအေ(၉၀၉)တပ်ရင်းမှူး စောစတီးက ပြောသည်။

ဖလူးကျေးရွာ ပစ်ခတ်မှုတွင် နအဖဘက်က စကခ(၁၂)လက်အောက်ခံ ခလရ(၆၁)၊ ခလရ(၂၃၀)၊ စကခ(၁၉)မှ ခမရ(၅၄၅)၊ (၅၄၇) စသည့်တပ်ရင်း ၄ရင်းမှ အင်အား ၃၀၀ကျော်ပါရှိပြီး ကရင်တပ်ဖွဲ့မှ ဒီကေဘီအေ ကလိုထူးဘောဗျူဟာနှင့် ကေအဲန် အယ်လ်အေတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ခတ်မှုကြောင့် ဝေါ်လေဒေသ ဖလူးကြီး၊ ဖလူးငယ်နှင့် ကျောက်ခက် စသည့်ကျေးရွာများမှ ရွာသူရွာသား ၁,၀၀၀ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ယာယီ ထွက်ပြေးခိုလှုံခဲ့ရပြီး ၎င်းတို့အား မဲဆောက်ရှိ မယ်တော်ဆေးခန်း ဦးဆောင်သော မြန်မာလူမှု ကယ်ဆယ်ရေးအဖွဲ့နှင့် ထိုင်းစစ်တပ်တို့မှ ကူညီစောင့်ရှောက်ပေးထားသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ ဗိုလ်ချုပ်ဈေးလာ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၁ ရက်

ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ဧရာဝတီ

၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည်ကို Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းဖော်ပြလိုက်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို အတွေးအခေါ်သမား ၁၀၀ အနက် အဆင့် ၇၅ တွင် ထည့်သွင်းဖော်ပြထားသည်။

ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ Foreign Policy မဂ္ဂဇင်းကြီးသို့ ဗီဒီယိုမှတဆင့် ဂုဏ်ပြု အမှတ်တရ ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူနေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း ကမ္ဘာကြီးသည် ပြောင်းလဲလာကြောင်းနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ပြောသွားသည်။

ထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်က “ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ကျမဘဝဟာ ကာလအပိုင်းအခြား နှစ်ခုအတွင်း ကျင်လည်နေခဲ့ပါတယ်။ တွေးတောပြီး အပြန်ပြန်အလှန်လှန် သုံးသပ်ခြင်း ဆိုတဲ့ ကာလအပိုင်းအခြားနဲ့ လုပ်စရာတွေ များလွန်းလို့ ပြေးလွှားနေတဲ့ အတွေးတွေကို ဆုပ်ကိုင်ဖို့ အချိန်မရနိုင်တဲ့ ကာလအပိုင်းအခြားပါပဲ” ဟု ဆိုသည်။

“ဒါပေမယ့် ဒီနှစ်တွေထဲမှာ အတွေးတခု ဝင်နေတာက ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် တိုးတက်မှုတခုရဖို့ ကျမတို့အားလုံး အတူတူ လက်တွဲ လုပ်ဆောင်ကြရမယ် ဆိုတာပါပဲ။ ဒါက လူသားဖြစ်တည်မှုနဲ့အတူ မွေးဖွားလာတဲ့ အတွေးအခေါ်ပါ။ အများနဲ့ လုပ်တာ အကျိုးရှိပါတယ်။ တဦးကိုတဦး ကူညီရိုင်းပင်းကြဖို့ ကြိုးစားကြရပါမယ်။ ဒါဟာ ဘယ်တော့မှ အိုမင်းဟောင်းနွမ်းသွားမယ့် အတွေးအခေါ် မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပြောင်းလဲနေသော အခြေအနေသစ်ကို တွေ့ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျမကို လာရောက် အားပေးသူတွေ၊ နှုတ်ဆက်ဖို့ လာတဲ့ သူတွေနဲ့ ကျမတို့ လုပ်ဆောင်နေတာကို ဆက်လက်ယုံကြည်ကြောင်း ပြသသူတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာက ကျမ အလုပ် တွဲလုပ်ခဲ့ဖူးသူတွေထက် ပိုပြီး ငယ်ရွယ်နေကြပါတယ်။ တကယ့်ကို မျိုးဆက်သစ်တွေပါ။ မျိုးဆက်သစ်ပေါင်း များစွာလို့ ကျမပြောပါရစေ။ ကျမတို့နဲ့ ပူးပေါင်းလာတယ်။ တကယ့်ကို နုပျိုနေတဲ့ ကမ္ဘာသစ်ပါပဲ” ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က တချိန်တည်းတွင် ထိုလူငယ်မျိုးဆက်များသည် သတင်းနည်းပညာ တော်လှန်ရေးသစ်၌ ပို၍ အကျွမ်းတဝင်ဖြစ်နေသည့် ထူးသည့် ကမ္ဘာသစ်ဖြစ်ကြောင်း၊ သူ့ကို ပျော်ရွှင်စေ၊ အားတက်စေ၊ လန်းဆန်းစေခဲ့ကြောင်း၊ သတင်းနည်းပညာသည် ကွဲပြားသည့် လူအမျိုးမျိုး၊ ကွဲပြားသည့် မျိုးဆက်များကြားတွင် ပိုမိုကောင်းမွန်သော ကူးလူးဆက်ဆံမှုကို ဖြစ်ပေါ်စေကြောင်း သုံးသပ် ပြောကြားသွားသည်။

“ကမ္ဘာကို ထိပ်တန်း အတွေးအခေါ်သမားအဖြစ် ဘာတွေ ပြောပေးနိုင်မယ်ဆိုတာ မသိပါဘူး။ ပြောနိုင်တာကတော့ ကျမဟာ ပြန်လည်မျှဝေပေးဖို့၊ အတွေးအခေါ်သစ်တွေ သင်ယူဖို့၊ လူငယ်တွေဆီက သင်ယူလေ့လာဖို့၊ ကျမ အကျယ်ချုပ်ကျခံနေရတဲ့ ကာလအတွင်း ဖြတ်သန်းခဲ့သူတွေဆီကနေ ဘာတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာကို သင်ယူဖို့၊ ထပ်ဆောင်း ဆင်ခြင်မှုတွေကို သင်ယူဖို့ အသင့်ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဆင်ခြင်တွေးခေါ်ခြင်းသည် ပြီးဆုံးသည်၊ အဆုံးသတ်သွားသည်ဟူ၍ မရှိကြောင်း၊ ဤသည်မှာပင် စိတ်ဓာတ်နှင့် နှလုံးသား၏ အဆုံးမရှိ ခရီးဆက်နေသော လူ့သဘာဝ၏ အလှတရားဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အုပ်စိုးမှုအပြောင်းအလဲထက် “အရည်အသွေး တန်ဖိုး အပြောင်းအလဲ” အတွက် ရှေရှည်ပြုပြင်ပြောင်းလဲမှုကို ဆော်သြခဲ့ကြောင်း Foreign Policy မဂ္ဂဇင်းကြီးက ရေးသားထားသည်။

“သူ (ဒေါ်အောင်ဆန်းစုကြည်) က လုပ်စရာရှိတာတွေ စလုပ်နေပါပြီ။ သူ့ရဲ့ ပါတီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ဆက်လက် ရပ်တည်ရေးအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်တယ်၊ မကြာသေးမီက ပြီးစီးသွားတဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ကတိပြုတယ်။ လွတ်လွတ်ချင်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ 'ကျမတို့ လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်' ဆိုတဲ့အတိုင်းပါပဲ” ဟု Foreign Policy မဂ္ဂဇင်းကြီးက မှတ်ချက်ပေးထားသည်။

ကမ္ဘာ့ အတွေးအခေါ်သမား ၁၀၀ အနက် ထိပ်ဆုံးတွင် ဘီလျံနာ သူဌေးကြီးများဖြစ်သော စီးပွားရေးရင်းနှီးမြှုပ်နှံသူ ဝါရင်း ဘတ်ဖတ် နှင့် မိုက္ကရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ် ဂိတ်တို့ရှိနေပြီး အမေရိကန် သမ္မတ အိုဘားမားက တတိယဖြစ်သည်။

ဂျာမန် အဓိပဓိဖြစ်သူ အင်ဂလာ မာကယ်က အဆင့် ၁၀ တွင်ရှိနေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အဆင့် ၁၃ ဖြစ်သည်။

တိုက်ပွဲများ ဆက်ဖြစ်၊ ဒုက္ခသည် ထပ်မံထွက်ပြေးလာ

သန်းထိုက်ဦး

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသောကြောင့် ဒေသခံရွာသား ၃၀၀ ကျော် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့နယ် အတွင်းသို့ ရောက်ရှိလာကြောင်း သိရှိရသည်။

ပြီးခဲ့သည့် တပတ်မှ စတင်၍ DKBAတပ်ဖွဲ့နှင့် စစ်အစိုးရ တပ်ရင်းများ မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတွင် အပြန် အလှန် ပစ်ခတ်မှုများ ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်း ဒေသတွင် DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့နှင့် စစ် အစိုးရ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၈ လက်အောက်ခံ တပ်ရင်းများ ဖြစ်ပွားနေကြောင်း သိရသည်။

ထွက်ပြေး တိမ်းရှောင်နေသော ဖလူးဒေသခံ တဦးက ယနေ့ နံနက် ၉ နာရီခန့်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ် ခတ်ခဲ့ကြကြောင်း ပြောသည်။

ယမန်နေ့က တိုက်ပွဲ ထပ်မံ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၄ လုံး ကျခဲ့ကြောင်း ထိုင်းအာဏာပိုင် များကလည်း ပြောဆိုသည်။ လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများသည် ပိုမို ပြင်းထန် လာနိုင်ကြောင်းလည်း ဆိုသည်။

အဆိုပါ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဖလူးကျေးရွာရှိ ဒေသခံများသည် နီးစပ်ရာ ဆွေမျိုးများထံနှင့် ထိုင်းနိုင်ငံ တ ဖက်ကမ်း မဲဆောက်မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းသို့ တချို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထွက်ပြေး တိမ်းရှောင် လာသူများသည် ဖလူးကြီးနှင့် ဖလူးငယ် ကျေးရွာဒေသခံ အများစု ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်က ဒုက္ခသည်များကို သွားရောက်တွေ့ဆုံခဲ့သည့် ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန် က“ရွာသားတွေ ချောင်းဖြတ်ပြီးတော့ ပြေးလာတယ်၊ ရွာသား ၁၀၀ လောက်ရှိမယ်၊ အဲဒီမှာ ကလေး၊ လူကြီးပါတယ်၊ တပတ်လောက်ပဲရှိသေးတဲ့ မွေးစကလေးလည်း ပါတယ်၊ သုံးလ နှစ်လသား ကြီးကြီးငယ်ငယ် အားလုံးပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့် ရှောက် ထားရှိကြောင်းလည်း သိရသည်။

ယမန်နေ့ညနေတွင် တနင်္ဂနွေနေ့က ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည် ၁၀၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက နေရပ် ပြန်ခိုင်းခဲ့သည်။ သို့သော် ဒုက္ခသည်အများစုက နေရပ်ပြန်ကြသော်လည်း မြန်မာဘက်တွင် စိတ်ချရသည့် အနေအထား မရှိသောကြောင့် ဒုက္ခသည် ၁၀၀ ခန့် ဆက်လက် နေထိုင်ခဲ့ကြကြောင်း သိရသည်။

ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

နောက်ဆုံး သတင်းများအရ ဖလူးကျေးရွာကို နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။

ယမန်နေ့ကလည်း ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU ) တပ်မဟာ ၆ တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်အစိုးရဘက်မှ တပ်သား ၂ ဦးသေဆုံး၍ ၅ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။ KNU တပ်မဟာ (၆) မှ တပ်ဖွဲ့ဝင်များနှင့် နအဖ၏ တပ်မ ၄၄ တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBA တပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ဖွဲ့ရေးကို DKBA တပ်ဖွဲ့ဝင်အများစုက ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် လက်ခံခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ကမူ ယင်းအစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ကျပ် တသောင်း တန် သတင်း နေပြည်တော်တွင်ပျံ့နှံ့

နရီလင်းလက်

စစ်အစိုးရသည် ဘဏ္ဍာရေး ပြဿနာများ ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာမည့် နှစ်ဆန်းပိုင်းတွင် ငွေစက္ကူ အသစ် ထုတ်ဝေ သွားရန် အာဏာပိုင်များက ပြောဆိုနေသည်ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းကြားတွင် ပျံ့နှံ့ နေသည်။

“ဒီဇင်ဘာ ဒါမှမဟုတ် နှစ်ဆန်းမှာ ကျပ် တသောင်း တန် ငွေစက္ကူသစ် ထုတ်မယ်ဆိုပြီး ပြောနေတယ်။ အဓိက ဘဏ္ဍာရေး အခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်မယ့် နည်းကို ရွေးချယ်တာလို့ ခန့်မှန်းကြတာပါပဲ”ဟု နေပြည်တော် ကာကွယ်ရေးဝန်ကြီး ဌာနမှ အရာရှိတဦးက ပြောသည်။

ထို့အပြင် အာဏာပိုင်များအနေနှင့် လက်ရှိ နေပြည်တော်တွင် တည်ဆောက်နေသည့် အဆောက်အအုံ စီမံကိန်းများအတွက် ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးများကို ကျပ် ဘီလီယံ ပေါင်းများစွာ ပေးရန် ရှိသည်ဟု ၎င်းက ပြောဆိုသည်။

“ပုဂ္ဂလိက အိမ်ရာ၊ ဆေးရုံ၊ ရုံး အဆောက်အအုံတွေအတွက် အစိုးရကနေ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဘယ်ကုမ္ပဏီက ဘယ်နေရာတွေ တည်ဆောက်ဆိုပြီး ခွဲချပေးထားတယ်။ ဘီလီယံနဲ့ ချီပြီးပေးရမယ့် အကြွေးတွေအတွက် လောလောဆယ် အာဏာပိုင်တွေက စစ်အသုံးစရိတ်တွေအတွက် သုံးထားတာတွေရှိတော့ မပေးနိုင်သေးဘူး”ဟု စစ်ဘက် ဆိုင်ရာ ဗိုလ်ချုပ်ကြီး တဦးက ပြောသည်။

၂၀၀၉ ခုနှစ်ကလည်း စစ်အစိုးရသည် ၎င်း၏ အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းလိုခြင်းကြောင့် ၂၀၀၉ ခု အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၅၀၀၀ ကျပ် တန်များ ထုတ်ဝေခဲ့သည့် ဖြစ်စဉ်များရှိသောကြောင့် ယခုတကြိမ် တွင် လည်း အလားတူလုပ်ရပ်မျိုး ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် တို့ကို နေပြည်တော် အထူး ခရိုင်ဟု သတ်မှတ်ကာ တည်ဆောက်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နေလျက်ရှိသည်။

စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်ကို တည်ဆောက်၍ အုပ်ချုပ်ရေး မြို့ တော် အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ပြီး ရုံး အဆောက်အအုံများ၊ ပန်းဥယျာဉ်များ၊ တိရစ္ဆာန် ရုံများ၊ ဟိုတယ်ဇုန် များကို ခမ်းနားကြီးကျယ် စွာတည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် လမ်းများဖောက်လုပ်ခြင်းတို့ဖြင့် နေပြည်တော်ကို စည်ကား စေရန် ပြုလုပ်ခဲ့သည်။

“ရုံး အဆောက်အအုံတွေဆိုလည်း အကြီးကြီးတွေနဲ့ ခမ်းခမ်းနားနားဆောက်၊ အတွင်းပိုင်း ပြင်ဆင်မှုတွေဆိုရင်လည်း တကယ့် ကို အကုန်ကျခံလုပ်ထားတော့ ဒီအတွက်လောလောဆယ် ဆောက်လုပ်ရေးကုမ္ပဏီတွေက စိုက်ပြီး လုပ်နေတာပေါ့။ အကုန် လုံးပြီးသွားရင်တော့ ဘယ်ကုမ္ပဏီက ဘယ်လောက် တာဝန်ယူထားတာအတွက် ရှင်းပေးမှာမျိုး။ နေပြည်တော် တည်ဆောက် လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ခွင့်ရနေတာကလည်း အာဏာပိုင်နဲ့ နီးစပ်တဲ့သူတွေ ချည်းပဲ”ဟု နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင်မှ အင်ဂျင်နီယာတဦးက ပြောသည်။

နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းများကို စစ်အစိုးရနှင့် နီးစပ်သူများဖြစ်သည့် ဦးဇော်ဇော် မက်စ်မြန်မာ၊ ဦးအောင်ခမ်းထီ နေပြည်တော် ဆောက်လုပ်ရေး၊ ဦးတေဇ ထူး ကုမ္ပဏီ၊ ဦးရန်ဝင်း အေ၀မ်း ကုမ္ပဏီ စသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ ၂၂ ခု က လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။

“ကျနော်တို့ ကုမ္ပဏီကျတော့ အိမ်ရာစီမံကိန်း အတွက် တာဝန်ယူဆောက်ပေးရတာ။ ဒီအတွက် မြေကွက် တကွက်ကို ကျပ် သိန်း၂၀ သွင်းပြီး ဆောက်ပေးရတယ်။ ပြီးသွားရင်တော့ သူတို့က ကိုယ်တည်ဆောက်ထားတဲ့အပေါ်မှာ ဥပမာ- သိန်း ၅၀၀ ဆိုလည်း ၅၀၀ ပုဂ္ဂလိက ကုမ္ပဏီတွေကို ပြန်ရှင်းပေးမယ်။ အာဏာပိုင်တွေက ဒီအိမ်ရာတွေကို တဖက်မှာ ပြီးခဲ့တဲ့ ကျောက် မျက်ပွဲ တုန်းကလို ငှားတာ ၊ ရောင်းတာတွေ ပြန်လုပ်မှာပေါ့။ အလုံးအရင်းနဲ့ အမြတ်ပြန်ရမယ့် စီးပွားရေးပေါ့”ဟု ပုဗ္ဗသီရိ မြို့ နယ်တွင် တည်ဆောက်ရေး တာဝန်ယူထားသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက ဆက်လက်၍“ကျောက်မျက်ပွဲ တုန်းကဆို လုံးချင်းအိမ်တလုံးကို ဒေါ်လာ ၃၀၀ နဲ့ ငှားတာ တော်တော်စီးပွားဖြစ်သွား တယ်။ နိုင်ငံခြားငွေ ရဖို့ ကျောက်မျက်ပွဲကိုလည်း အာဏာပိုင်တွေက ၃ လ တကြိမ်လုပ်မယ်။ သူတို့အတွက် တည်းခိုနိုင်မယ့် အိမ်ရာတွေ တည်ဆောက်ပြီး နိုင်ငံခြားငွေ ရအောင်လုပ်မှာပေါ့ ။ တဖက်မှာ ဟိုတယ်တွေလည်းဆောက်နေသလို ငွေသုံးနိုင်တဲ့ လူတွေအတွက် အိမ်ရာတွေကလည်း စီးပွားဖြစ်လာမယ်၊ ဒီအတွက်လည်း ရည်ရွယ်တာပေါ့”ဟု ပြောသည်။

စစ်အစိုးရသည် နောင် တက်လာမည့်အစိုးရအတွက် လွှတ်တော်အဆောက်အုံသစ်တွင် အဆောက်အအုံပေါင်း ၃၁ လုံး ဆောက်လုပ် ထားပြီး သမ္မတ နှင့် ဒု သမ္မတ နှစ်ဦး၏ သမ္မတ အိမ်တော်များကိုလည်း ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ် ထားကြောင်း၊ ယင်း လွှတ်တော် အဆောက်အအုံများကို ACE ဆောက်လုပ်ရေး ကုမ္ပဏီ အပါအ၀င် တခြား ဆောက်လုပ်ရေး ကုမ္ပဏီ၂ ခုတို့က တာဝန်ယူ ဆောက်လုပ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် အတွင်း ကာကွယ်ရေး ၀န်ကြီးဌာနအတွက် တနှစ် သာမန်သုံးငွေအဖြစ် ကျပ် ၂.၇ ထရီလီယံကျော်၊ ငွေလုံး ငွေ ရင်း သုံးငွေအဖြစ် ၂.၈ ထရီလီယံကျော်၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့များအတွက် ကျပ်၂ ဘီလီယံကျော်၊ နောက်တိုး သုံးစွဲငွေ အဖြစ် ၉၆ ဘီလီယံကျော်၊ စုစုပေါင်း ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သွားရောက်ခဲ့သည့် တရုတ်ပြည်ခရီးစဉ်တွင် လည်း တရုတ်အစိုးရထံမှ ယွမ် ဘီလီယံ ၃၀ (အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ)ချေးရန် သဘောတူညီခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ လုပ်ချင်သလား

ထက်အောင်

နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် အခုအခါ မြန်မာစစ်အစိုးရဟာ စစ်ဗိုလ်ချုပ် တယောက်ကို ပထမဆုံး အရပ်သားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ဖို့ နောက်ထပ်ရွေးကောက်ပွဲတခု ကျင်းပရေး အာရုံစိုက် လုပ်ဆောင်နိုင်ပါပြီ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစဉ်က နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးဖြစ်လာတော့မယ့် အရပ်သား သမ္မတ တယောက်အတွက် စစ်အစိုးရဟာ တိကျတဲ့ အရည်အချင်း သတ်မှတ်ချက်တခုကို ဂရုတစိုက် ထည့်သွင်းခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၅၉ မှာ “နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများ” ကို ဖော်ပြထားရာ ပုဒ်မခွဲ (ဃ) တွင် “နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များရှိရမည်” လို့ ပါရှိပါတယ်။ ဒါကြောင့် စစ်ရေးအတွေ့အကြုံမရှိတဲ့ အရပ်သား နိုင်ငံရေးသမားတယောက်ဟာ မြန်မာနိုင်ငံရဲ့ သမ္မတ တယောက် မဖြစ်နိုင်ပါ။

သမ္မတရွေးကောက်ပွဲကို ဘယ်လိုကျင်းပမှာလဲ။ အမေရိကန်နဲ့ အင်ဒိုနီးရှာနိုင်ငံတို့ရဲ့ သမ္မတ ရွေးကောက်ပွဲနဲ့မတူဘဲ မြန်မာနိုင်ငံသားတွေဟာ သူတို့ရဲ့သမ္မတကို တိုက်ရိုက် ရွေးကောက်တင်မြှောက်ခွင့် မရှိပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၆၀ အရ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို အဓိကအုပ်စုကြီး ၃ စုနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ပထမအုပ်စုက လူထုက ရွေးချယ်တင်မြှောက်ခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယအုပ်စုက ရွေးချယ်တင်မြှောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနဲ့ တတိယအုပ်စုက လွှတ်တော် ၂ ရပ်စလုံးအတွက် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ဝေစုရထားသော ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အဲဒီ အုပ်စု ၃ စု ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၃ ဦးထဲက သမ္မတကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ကျန် ၂ ဦးက ဒုတိယ သမ္မတများ ဖြစ်ပါလိမ့်မယ်။

သမ္မတရွေးကောက်ပွဲကို ဘယ်အချိန်မှာ လုပ်နိုင်ပါသလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ထိုရွေးကောက်ပွဲအတွက် တိကျတဲ့ အချိန်ဇယား ပေးထားခြင်း မရှိပါဘူး။ ဒါပေမယ့် လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပထမဆုံး ပြည်ထောင်စုလွှတ်တော်ကို ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၀၅ ရက်အတွင်း ကျင်းပရန် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားပါတယ်။ အဲဒီ ၁၀၅ ရက်မြောက်နေ့ဟာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

ပထမအကြိမ် လွှတ်တော်မကျင်းပမီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သော်လည်းကောင်း၊ တခြားအဖွဲ့တခုခုက သော်လည်းကောင်း သမ္မတရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြဌာန်းကောင်း ပြဌာန်းပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၆၀ (စ) က “ထိုသို့ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် လိုအပ်သည့်ဥပဒေကို ပြဌာန်းပေးရမည်” လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် သမ္မတရွေးကောက်ပွဲအတွက် ဖြစ်နိုင်ခြေရှိသော အစောဆုံးရက်မှာ ၂၀၁၀ ခုနှစ် မတ်လထဲတွင် ဖြစ်ပါတယ်။

ဒါပေမယ့် စိတ်ဝင်စားစရာ အကောင်းဆုံးမေးခွန်းက ဘယ်သူ့ကို သမ္မတအဖြစ် ရွေးချယ်မှာလဲ။

မြန်မာစစ်ခေါင်းဆောင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ ဆန္ဒရှိမယ်ဆိုရင် သူ့ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ဖို့ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များက လမ်းခင်းပေးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးမှုများက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒါပေမယ့် သူ့ရဲ့ အနာဂတ် အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပက လေ့လာသူ မည်သူကမျှ ခိုင်မာတဲ့သတင်းအချက်အလက် ရရှိထားတာမျိုး မရှိပါဘူး။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အနာဂတ်အပေါ် တွေးတောမှန်းဆချက်က ဖြစ်နိုင်ခြေ ရွေးချယ်စရာ နည်းလမ်း ၃ သွယ် အပေါ်မှာ တည်ဆောက်ထားကြပါတယ်။ အဲဒါတွေကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သမ္မတအဖြစ် တင်မြှောက်တာ၊ အာဏာကို အမှန်တကယ် စွန့်လွှတ်တာ မဟုတ်ဘဲ နောက်ကွယ်ကနေ ကြိုးကိုင်တာနဲ့ သူယုံကြည်စိတ်ချရတဲ့သူကို သမ္မတအဖြစ် တင်မြှောက်ပြီး စိတ်ချလက်ချ အငြိမ်းစားယူသွားတာတို့ ဖြစ်ပါတယ်။

လေ့လာသူ အများအပြားကတော့ ဗိုလ်ချုပ်မှူးကြီးဟာ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ရာထူးကိုတော့ ဆက်လက် ယူထားလိမ့်မယ်လို့ မထင်ကြပါ။ သမ္မတဖြစ်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးဟာ သူ့အောက်က ဗိုလ်ချုပ်ကြီးဟောင်းများ ဖြစ်ကြတဲ့ သူရဦးရွှေမန်းနဲ့ ၀န်ကြီးချုပ် ဦးသိန်းစိန်တို့လို ရွှေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ် ဖြစ်စရာမလိုသလို လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို ရယူထားတဲ့ စစ်အစိုးရခန့်အပ်မယ့် ကိုယ်စားလှယ်တွေထဲက တယောက်လည်း ဖြစ်စရာမလိုပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၀ (ဂ) က “ယင်း (နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့) အစုအဖွဲ့တဖွဲ့စီက ဒုတိယ သမ္မတ တဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ရွှေးချယ်တင် မြှောက်ရမည်” လို့ ဖော်ပြထားတယ်။

စစ်အစိုးရရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော်နှစ်ရပ်စလုံးမှာ ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရတဲ့အတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ သမ္မတဖြစ်ချင်တယ်ဆိုရင် ကြံ့ဖွံ့ပါတီက သူ့ကို ပါတီရဲ့ သမ္မတလောင်းအဖြစ် တင်သွင်းလိုက်ရုံပဲ ဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ လက်ရှိ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ၀န်ကြီးလည်းဖြစ်တဲ့ ဦးဌေးဦးက ရွေးကောက်ပွဲမကျင်းပမီ ပါတီရဲ့ ပထမဆုံးနဲ့ တခုတည်းသော သတင်းစာရှင်းလင်းပွဲမှာ ကြံ့ဖွံ့ပါတီက ပါတီရဲ့သမ္မတလောင်းကို ရွေးချယ်ထားပြီးကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် မည်သူမည်ဝါဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

ထိုသူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေများ ဖြစ်နေမလား။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,1st,2010

( 40 )ဂီရိကြောင့် ပြိုကျသွာခဲ့သော ကျောက်ဖြူမြို့ ဆိုင်းဘုတ် ပြန်မထောင်သေး

( 39 )Suu Kyi urges people to be courageous on National Day

( 38 )ဂီရိရံပုံငွေ အတွက် “ရှင်သန်နိုးထ အာရက္ခ“ စင်တင် တေးဂီတ စတိတ်ရှိုး ရန်ကုန်တွင် ကျင်းပမည်

( 37 )Myanmar top leader urges national people to achieve success with roadmap

( 36 )ဝန်ကြီးဌာနများပေါင်းစည်း၍ အရေအတွက် လျှော့ချရန် ပြင်ဆင်နေ

( 35 )Thai army ‘obstructing refugees’

( 34 )ရေအားလျှပ်စစ် စီမံကိန်း ၂ ခု အေးရှားဝေါလ်နှင့် တရုတ်တို့ တွဲလုပ်မည်

( 33 )Opposition leader calls for international unity

( 32 )လဂျားယန် မြန်မာစစ်တပ်ဂိတ်မှ မြစ်ကြီးနားသို့ ကုန်ဝင်ထွက်ခွင့်ပိတ်ထားဆဲ

( 31 )ပန်ဝါတွင် HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့ ကျင်းပ

( 30 )လွှတ်တော်သစ်အတွင်း ဝေဖန်ပြောဆိုခွင့် ကန့်သတ်မှု ပါတီများ မသိရှိ

( 29 )Timber firm plans lawsuit over licence renewal row

( 28 )အန်အယ်ဒီ ဖျက်လျှင် လူထုလှုပ်ရှားမှုဖြင့် တု့ံ့ပြန်မည်ဟု ဗဒတ ဆို

( 27 )Humanitarian agencies seek funds for cyclone emergency in Myanmar

( 26 )ဒေါ်စုကို ဝန်းရံရန် UDP ဥက္ကဋ္ဌဟောင်း ပြော

( 25 )Suu Kyi calls for Japan's continued support for democracy in Myanmar

( 24 )လွိုင်ကော် တန်ဆောင်တိုင်ပွဲတွင် လေးကောင်ဂျင်များအား ပိုမိုစိတ်ဝင်စား

( 23 )Humanitarian agencies seek funds for cyclone emergency in Myanmar

( 22 )ကရင်နီပြည်ရှိ စေတီဘုရားအား DKBA မှလာရောက်ပြုပြင်

( 21 )Temporary peace settles over Thailand after Thai officials usher 20,000 Burmese refugees back home

( 20 )ကုလ ကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ် အောင်မြင်မှုမရှိဟု နိုင်ငံရေးပါတီများ ပြော

( 19 )In Burma only one in five people with HIV are treated

( 18 )ရွေးကောက်ပွဲ မသမာမှု အစီရင်ခံစာ NLD မူကြမ်းပြုစု

( 17 )Suu Kyi calls on Thailand

( 16 )ကိုရီးယားကျွန်းဆွယ် စစ်ရေးတင်းမာမှု မြန်မာစစ်ဗိုလ်ချုပ်ကြီးများ စိတ်ဝင်စား

( 15 )Canada Supports Families Impacted by Cyclone Giri in Burma

( 14 )နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ကြံ့ဖြူ ၂ ကောင်လွတ်နေ

( 13 )A Video Message from Aung San Suu Kyi

( 12 )ပြည်ပ ပို့ကုန် လုပ်ငန်းများ ကျဆင်း

( 11 )No Justice, No Peace

( 10 )‘She gives them strength in their struggle’

( 9 )နှစ် ၉၀ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ဌာနချုပ်မှာ ကျင်းပမည်

( 8 )Suu Kyi offers help to kin of political prisoners

( 7 )၂၀၁၀ ရွေးကောက်ပွဲ စစ်တမ်း ကောက်ခံချက် SNLD မကြာမီ ထုတ်ပြန်မည်

( 6 )Burma’s new leaders court Arakan party

( 5 )ချက် လွှတ်တော် နိုင်ငံခြားရေး ကော်မတီ မြန်မာရွေးကောက်ပွဲ ရှုတ်ချ

( 4 )Name food seasonings Burma has banned

( 3 )DKBA နဲ့ မြန်မာစစ်တပ်ကြား တင်းမာမှု တိုး

( 2 )UN envoy urges junta to address global concerns

( 1 )ရွေးကောက်ပွဲ မသမာမှု NLD အစီရင်ခံစာ မူကြမ်း