Sunday, December 5, 2010

မြ၀တီမြို့နယ်အတွင်း နအဖတပ်နှင့် ဒီကေဘီအေတပ်များ ဆက်လက်တိုက်ပွဲဖြစ်နေဆဲ

နော်အဲဏီ၊ ကောင်းဝါ

နအဖ တပ်များနှင့် ဒီကေ ဘီအေ တပ်များ အခုရက်ပိုင်းအတွင်း၌မြ၀တီမြို့နယ်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွါး နေဆဲဟု ဒီကေဘီအေ တပ်မှူး တစ်ဦးမှ ပြောပါသည်။

မြ၀တီခရိုင်၊ ဝေါ်လေကျေးရွာတွင် စခန်းချနေသော နအဖတပ်ကို ဒုတပ်ရင်းမှူး ဗိုလ်မှူးစောချမုစေး ၊ တပ်စုမှူးစောလှခိုင် ဦးဆောင်သော ဒီကေဘီအေ(၉၀၉) တပ်နဲ့ ကေအဲန်ယူ တပ်ရင်း (၂၀၁)က ပူးပေါင်းပြီး ဒီဇင်ဘာလ (၃) ရက်နေ့ ည (၁၁း၃၀) အချိန်တွင် (၁၅)မိနစ် ခန့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒုတပ်ရင်းမှူး စောချမုစေးက ပြောပါသည်။

အလားတူ လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၃) ရက်နေ့ကလည်း မြ၀တီခရိုင် ဖလူးစခန်းထိုင် အင်အား (၃၀) ခန့်ရှိသည့် ခလရ (၆၁) ၊ ခမရ (၂၃၀)ရိက္ခာလုံခြုံရေးအဖွဲ့ကို ဒီကေဘီအေ ဗျူဟာ(၁) အဖွဲ့နဲ့ ကေအဲန်ယူပူးပေါင်းပြီး ၀င်ရောက်စီးနင်းခဲ့ပါသေးသည်ဟု ဒီကေဘီအေဗျူဟာ(၁)စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က အခုလို ပြောပြပါသည်။

“ကျနော်တို့ရန်သူရိက္ခာကားကို ၀င်ရောက်စီးနင်းဖို့ ကျနော်တို့ ဖလူးစခန်းကို ကပ်သွား တယ်နော်၊ ကပ်သွားတဲ့အချိန်လေးမှာ သူတို့ကပစ်ခတ်မှုတွေ အရင်ပစ်တယ်နော်။ သူတို့က ကတုတ်ကျင်းနဲ့ ဆက်သွယ် ရေးကျင်းနဲ့ဆိုတော့ ကျနော်တို့က ပြန်မပစ်ပဲ နားထောင်နေတယ်၊ ကျနော်တို့က(၂ )ချက်ပဲပစ်တယ် သူတို့က အလုံး(၂၀)လောက်ပစ်တယ်နော်။ (၁၁)နာရီမထိုးခင်ကနော် စတာနော်။ ခုနကကျနော်တို့ ပြန်ဆုတ် လာတာ(၁)နာရီနဲ့မိနစ်(၄၀)မှာ ကျနော်တို့ ပြန်ဆုတ်လာတာနော်၊ ကျနော်တို့ ဆုတ်နေတဲ့အချိန်မှာ လည်း သူတို့ပစ်နေသေးတယ်၊ သူတို့ပစ်တာ ဟို အိပ်မှုန်စုံမွားနဲ့ ဘယ်မှာရှိမှန်းသူတို့မသိဘူး။ လက်နက်ကြီးဟာ ဘယ်ရောညာရော အရှေ့ကိုပစ်တယ် အနောက်ဘက်မှာက ယိုးဒယားချောင်းခံနေတာကိုး။ ကျနော်တို့က မပစ်ဘူးဆိုတော့ ကျနော်တို့ ဘယ်နေရာမှာရှိမှန်း သူတို့မသိဘူးပေါ့”

ဝေါ်လေစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်နေသော နအဖတပ်ဖွဲ့ကို ယနေ့အထိ ရိက္ခာမပို့ပေးနိုင် သေး ကြောင်း စစ်တပ်နှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။

ထို့အပြင် ယခုထိုးစစ်ဆင်နေသော နအဖတပ်များ အနေ နှင့် စစ်ကူအင်အားနည်းသဖြင့် ရိက္ခာမပံ့ပိုးနိုင်ခြင်းဖြစ်သည်ဟုလည်းပြောပါသည်။ ဒီကေဘီအေမှလည်း ဤအချက်ကို အကြောင်းပြု၍ ကြားဖြတ်ထိုးစစ်ဆင်နေပါသည်။

ဒီဇင်ဘာ(၃)ရက်နေ့ထုတ် အစိုးရသတင်းစာ များတွင် ဒီကေဘီအေမှ ဗိုလ်မှူးမန်းသိန်းဦးစီးအင်အား(၁၃)ယောက် လက်နက်ချ သည်ဟူသောသတင်းကို ရေးသားဖေါ်ပြထားပါသည်။

သို့သော်လည်း ယခု အစိုးရတိုက်တွန်းထားသော နယ်ခြားစောင့်တပ်ကို လက်မခံ သည့်ဒီကေဘီအေအဖွဲ့မှ မဟုတ်ဟုသိရပါသည်။

အရှေ့ခြမ်းမှ နှစ်လုံးထီ အနောက်ခြမ်းထိ ရောက်လာ၍ လူမူရေး မတည်ငြိမ်မူများ ပေါ်ပေါက်

နိရဉ္စရာ

တရားမ၀င် ထိုင်း နှစ်လုံးထီ သုံးလုံးထီများ ယခုအခါ မြန်မာနိုင်ငံဘက် အနောက်ဘက်ခြမ်း မောင်တောမြို့နယ်ထိ ရောက်ရှိလာသဖြင့် ဒေသခံ ပြည်သူများ အတွင်း လူမူရေး မတည်ငြိမ်မူများ ပေါ်ပေါက်နေကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ကြိမ်ချောင်းကျေးရွာမှ ရခိုင်အမျိုးသမီး တစ်ဦးက သူတို့ရွာသို့ ချဲထီ ရောက်ရှိလာပြီး နောက်ပိုင်း သူမတို့ မိသားစု အတွင်း ဖြစ်ပျက်နေမူကို ယခုကဲ့သို့ ပြောသည်။

“ ကျွန်မတို့အိမ်မှာ ချဲထီ ရွာကို ရောက်လာကတည်းက တစ်နေ့မှ နားအေး ပါးအေးနေရတဲ့ အနေအထားမျိုး မရှိတော့ပါဘူး။ အဖေနဲ့ အမေ ဆဲဆို ရိုက်နှက်နေကြတာ နေ့တိုင်းပါဘဲ။ အဖေက အမေ ချဲထီထိုးတာကို မကြိုက်တော့ အမေကို နေ့တိုင်း ရန်ရှာတာနဲ့ နေ့တိုင်း ရန်ဖြစ် နေကြတာ ပါဘဲ။ အရင်က မိသားစု အတွင်းမှာ ဘာမှ ပြဿနာထွေထွေထူး မရှိခဲ့ပေမယ့် ချဲထီ ရောက်လာကတည်းက အိမ်မှာနေ့တိုင်း ပြဿနာ တက်နေပါတော့တယ်။”

၎င်းပြင် အိမ်ခြေ ၆၀ ခန့်သာ ရှိသော ကြိမ်ချောင်း ကျေးရွာတွင် ချဲထီကြောင့် သားနှင့် အမိ၊ မိသားစု တစ်စုနှင့် တစု ပြဿနာများ ဖြစ်ပွားလာပြီး ကျေးရွာ၏ စည်းလုံးညီညွှတ်ရေးမှာလည်း ပြိုကွဲလာကြောင်း သူမက ပြောသည်။

“ ကျွန်မတို့ရွာမှာ ချဲထီဒိုင်ကိုင်တဲ့သူက ကိုသန်းထွန်းဆိုတဲ့ သူ ဖြစ်ပါတယ်။ တပတ်မှာ ၅ ရက်ထိ ကစားလို့ရပါတယ်။ ဒီမှာကတော့ နှစ်လုံးထီလို့ ခေါ်ပါတယ်။ ဒီအပတ်မှာ ရွာထဲက ချဲထီ ကစားကြတဲ့သူတွေ အများကြီး ပေါက်တယ်။ ကျပ် သုံးသောင်းကျော်တောင် ကိုသန်းထွန်းက လျော်ပေးရမယ်လို့ သိရပါတယ်။ သူက သူ့ဆွေမျိုးလောက်ကိုသာ လျော်ပေးပြီး ကျန်တဲ့သူတွေကို လျော်မပေးတော့ ခုရွာမှာ ပြဿနာ အကြီးအကျယ် တက်နေပါတယ်။ ချဲထီပေါက်ပေမယ့် ပိုက်ဆံမရတဲ့ သူတွေက မကျေနပ်တော့ ရိုက်မယ် နှက်မယ် ဖြစ်နေတော့ ရွာတစ်ခုလုံး ဆူဆူပူပူ ဖြစ်နေပါတယ်။ ဒီပြဿနာကို အထက်ကို တိုင်ကြားရင်လည်း သူတို့က ပိုက်ဆံယူထားတော့ ဖြေရှင်းမပေးတာနဲ့ တစ်ရွာလုံးမှာ အခက်အခဲ ကြုံနေကြရပါတယ်” ဟု သူမက ပြောသည်။

ကိုသန်းထွန်းမှာ ကြိမ်ချောင်းကျေးရွာတွင် ချဲထီဒိုင် ဖွင့်ခွင့် ရရှိရန် အတွက် နစကနှင့် နယ်မြေခံ ရဲအဖွဲ့ကို လစဉ် ကျပ် တသိန်းပေးရသည်ဟု သိရသည်။

ယခုကဲ့သို့ ၀င်ငွေများ ရရှိနေသဖြင့် နယ်မြေခံ တာဝန်ရှိသူများက ချဲထီကြောင့် ဒေသခံ ပြည်သူများ ဒုက္ခရောက်နေကြရသော်လည်း တစုံတရာ တားမြစ်ခြင်း မရှိသလို ဖမ်းဆီးခြင်းလည်း မရှိကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

အလားတူ မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး ကျေးရွာများဖြစ်ကြသည့် ငခူရ၊ စံပယ်ပင်ရင်း၊ ရွက်ညိုးတောင်၊ ပြူးမ၊ နံသာတောင် စသည့် ကျေးရွာများတွင်လည်း ယခုမှ ရောက်ရှိလာသော ချဲထီကြောင့် ပြည်သူများမှာ ဒုက္ခရောက်နေကြရပြီး ဒေသ အတွင်းရှိ နစကနှင့် ရဲအရာရှိများမှာမူ ချဲထီဒိုင်များမှ ဆက်ကြေး လစဉ် ပုံမှန် ရရှိနေသဖြင့် အထူး ကောင်းစားနေကြသည်ဟု သတင်း ရရှိသည်။

ဇေကမ္ဘာကုမ္ပဏီမှသိမ်းဆီးမြေအတွက်လျှော်ကြေးငွေ ပေးသော်လည်း ရွာသားများမကျေနပ်

စိုးစိုး၊ ကောင်းဝါ


မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ နှီးတုန် ကော့ဒွန်း ကော့ပနော်ကျေးရွာမှ ရွာသားများ၏ ခြံမြေ များကို ဇေကမ္ဘာကုမ္ပဏီကနေ ဘိလပ်မြေစက်ရုံဆောက်လုပ်ရန်အတွက် သိမ်းဆည်းခဲ့တဲ့အပေါ် လယ်ယာခြံမြေ အသိမ်းဆည်းခံရသူတွေက နေပြည်တော် အထိ တိုင်တန်းခဲ့မှုကြောင့် ဒီဇင်ဘာ(၃)ရက်နေ့တွင် လျော်ကြေးပေး နေခဲ့ပြီးဟုဒေသခံများမှပြောပါသည်။

သို့ရာတွင်လျော်ကြေးပေးသည့်နှုန်းထားနည်းနေသောကြောင့် လယ်သမား များ ကျေနပ်မှုမရှိဟု လယ်သမားအရေးကူညီဆောင်ရွက်ပေးသူ မွန်ဆရာတော် တစ်ပါးကပြောကြားခဲ့ပါသည်။

"ဧကပေါင်း(၄၀၀)နီးပါးလောက်ရှိတယ်။ လယ်သမားတွေကဦးရေ(၃၀)ကျော်ကျော်လောက်တော့ရှိမယ်။ ဇေကမ္ဘာကုမ္ပဏီကလေ။ နှီးတုန်ကိုဆင်းလာပြီးတော့သူတို့ကလယ်သမားတွေနဲ့ အဲတာ ဈေးနှုန်းပေးကြမယ်လို့ သူတို့ကပြောတော့တစ်ဧကကို သုံးသိန်းခွဲနဲ့ယူမလို့တဲ့။ နောက်ပြီးတော့ လယ်သမားတွေကတော့ သူတို့က နဲနဲ နည်းတယ်ဆိုတော့ သူတို့ကသိပ်ပြီးတော့မပေးချင်ကြဘူးပေါ့လေ။"

လက်ရှိပေါက်ဈေးအရ လယ်မြေတစ်ဧကလျှင် (၈)သိန်းနဲ့(၁၀)သိန်းဝန်းကျင်ရှိနေသည်ဟု လယ်သမား တစ်ဦးကပြောပါတယ်။ ဇေကမ္ဘာကုမ္ပဏီအနေနဲ့ ယခုလိုလယ်ယာခြံမြေတွေကိုသိမ်းဆည်းပြီး လျော်ကြေး ပေးနေ သည်ဆိုသော်လည်း လယ်အသိမ်းခံလယ်သမားများရှေ့ဆက်ဘ၀အတွက် ထိခိုက်နစ်နာနေသည်ဟု လယ်အသိမ်း ခံသူတစ်ဦးမှပြောပါသည်။

"ဘယ်လိုထိခိုက်မလဲဆိုတော့ လယ်သမားတွေဟာ သူတို့လယ်ကိုဘဲအားကိုးပြီးတော့ အသက်ရှင် နေကြတော့လေ။ မိုးစပါးရော နွေစပါးရော နောက်မြေပဲရော အချိန်မရွေးစိုက်လို့ရတဲ့ အတွက်ကြောင့် ဒီလယ်မရှိဘူးဆိုရင် ဘာလုပ်စားရမလဲ။ ဒီလယ်ကိုအသိမ်းခံရပြီးတော့ တခြားစီးပွါးရေးတခုခု ပြောင်းလုပ် ဖို့ကလဲ ကုမဏြီကလျော်ပေးတာနဲနဲဘဲဆိုတော့ တခြားအလုပ်ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။"

(၂၀၁၀)ခုနှစ်အောက်တိုဘာလလောက်တွင် ဇေကမ္ဘာကုမ္ပဏီအပါဝင်(၆)ဦးစပ်ကုမ္ပဏီတို့သည် ကျိုက်မ ရောမြို့နယ် ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ရွာသားများ၏ခြံမြေဧက(၆၀၀)လောက်ကို မြို့နယ်အာဏာပိုင် များနှင့် ပူးပေါင်းပြီးတိုင်းတာသိမ်းယူခဲ့သည်။

၎င်းအပေါ်မှာ ဒေသခံရွာသားများမှမကျေမနပ်ဖြစ်ပြီး နေပြည်တော် အထိ တက်ရောက်တိုင်ကြားခဲ့သည်။

အဆိုပါတိုင်းတန်းမှုကြောင့် လယ်ဧက(၄၀၀)လောက်သာသိမ်းခဲ့ပြီး သိမ်းဆည်းလယ်မြေအတွက် လျော်ကြေးပေးခဲ့သည်ဟု အကျိုးဆောင်ဆရာတော်မှမိန့်ကြားခဲ့ပါသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ပျားတောင်ကြီးသည် ဘိလပ်မြေထုတ်လုပ်ရန် ကောင်းမွန် သည့် ကျောက်တောင်ဖြစ်သည်ဟု ကွင်းဆင်းလေ့လာခဲ့ဖူးသော ဘူမိဗေဒပညာရှင်များက ပြောပါသည်။

(၁၉၉၆)ခုနှစ်က အင်ဒိုနီးရှားသမ္မတဆူဟာတိုမိသားစုတွေပိုင်ကုမ္ပဏီကနေ ဘိလပ်မြေစက်ရုံဆောက်ရန်အတွက် မြန်မာစစ်အစိုးရ နှင့်နှစ်ဘက် သဘောတူညီမှုတွေရှိခဲ့သည်။

သို့သော် အင်ဒိုနီးရှားနိုင်ငံ၏ ပြောင်းလဲသွားသော နိုင်ငံရေး အခြေ အနေကြောင့် အဆိုပါဘိလပ်မြေစက်ရုံ တည်ဆောက်ရေးစီမံကိန်းရပ်တန့်သွားခဲ့သည်။

ယခုလို ဇေကမ္ဘာကုမ္ပဏီ ကနေ ဘိလပ်မြေစက်ရုံတည်ဆောက်ရေးစီမံကိန်းကို ပြန်လည်လုပ်ကိုင်ခြင်းသည် စစ်အစိုးရမှ ကြောထောက် နောက်ခံပေးထားသည့် ကုမ္ပဏီဖြစ်သည့်အတွက်ဟု စီးပွါးရေးလုပ်ငန်းရှင်များမှ သုံးသပ်ပြောဆိုပါသည်။

အလားတူ ကချင်ပြည်နယ်ဟူးကောင်းချိုင့်ဝှမ်းဒေသဘက်တွင်လည်း ဦးဌေးမြင့်ပိုင်ဆိုင်သည့် ယုဇနကုမ္ပဏီမှ ဒေသခံပြည်သူ များပိုင်ဆိုင်သည့် လယ်မြေဧက(၂)သိန်းလောက် သိမ်းယူမှုတွေရှိခဲ့သည်ဟု ဒေသခံများမှ ပြောပါသည်။

ဦးခင်ညွန့် ဗွီဒီယိုဖိုင်

အဆိပ်ပင်ကိုရေလောင်းပေးနေကြသူများ

သူရိန်

၂၀၁၀ ခုနှစ်အတွင်း ဘုရားသုံးဆူနယ်စပ်ဒေသတွင် မူယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှု အရှိန်အဟုန်မှာ ယခင်နှစ်များထက် ပိုမို၍ များပြားလာခဲ့သည်။ ရောင်းဝယ်မှုအား ၆၀ ရာခိုင်နှုန်းခန့်ရှိကြောင်း မူယစ်ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုအခြေအနေကို လေ့လာနေသူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူဒေသတွင် မူယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုကို ပြုလုပ်နေကြသူများမှာ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် KPF, DKBA စသည့်အဖွဲ့အစည်းများသာမက မြို့မျက်နှာဖုံးအမည်ခံ ငွေရှင်ကြေးရှင်တချို့တဝက်နှင့် လက်နက်ကိုင်အဖွဲ့အစည်းကို အားကိုးအားထားပြုကာ စီးပွားရှာနေကြသူများဖြစ်သည်။ သာမန်အရပ်သား မူယဝ်ဆေးရောင်းဝယ်သူများဖြစ်ပြီး၊ အဓိကလုပ်ကိုင်နေကြသူများမှာ KPF, DKBA အဖွဲ့အစည်းဝင်များနှင့် မြို့မျက်နှာဖုံးအမည်ခံ ငွေရှင်ကြေးရှင်များသာဖြစ်ကြောင်း အဆိုပါ လေ့လာသူက ထပ်မံ၍ အတည်ပြုပြောဆိုပါသည်။

မြို့ဖြစ်ကာစ ၁၉၉၀ ခုနှစ် နောက်ပိုင်းမှစ၍ ဘုရားသုံးဆူနယ်စပ်ဒေသတွင် မူယစ်ဆေးဝါးရောင်းဝယ်မှုများကို KPF နှင့် DKBA တို့က ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာကြရာမှ ယခုနှစ် ၂၀၁၀ တွင် အရှိန်အဟုန်မြင့်မားစွာဖြင့် တစ်လလျှင် အနည်းဆုံး မူယစ်ဆေးဝါး စိတ်ကြွဆေးပြား (မြင်းဆေး) အလုံးရေ သုံးသိန်း (၃၀၀၀၀၀) ခန့် လစဉ် ဘုရားသုံးဆူဒေသသို့ ရောက်ရှိလာပြီး ဝင်ရောက်ခဲ့သည့်လမ်းကြောင်းများမှာလည်း ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းမှ ၂၅ ရာခိုင်နှုန်းခန့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းမှ ၂၅ ရာခိုင်နှုန်းခန့် ဘုရားသုံးဆူ-ဖားပြတ်-ခလယ်တံခွန်တိုင်လမ်းမှ ၅၀ ရာခိုင်နှုန်းခန့် တင်သွင်းလာခဲ့ပြီး၊ ဘုရားသုံးဆူဝန်းကျင်ဒေသနှင့် ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချနေကြကြောင်း မူယစ်ဆေးဝါးရောင်းဝယ်သူများနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

ဘုရားသုံးဆူနယ်စပ်ဒေသသို့ မူယစ်ဆေးများကို သယ်ယူရောင်းချနေကြသည်။ လက်နက်ကိုင်အဖွဲ့အစည်းများအပြင် နယ်စပ်ဒေသ၏ လွတ်လပ်စွာ ကုန်သွယ်နိုင်သော အခွင့်အရေးကို အကြောင်းပြုရန် မန္တလေး၊ တောင်ကြီး၊ လာရှိုးစသည့်ဒေသများမှ ကျောက်ကုန်သည်များ မော်တော်ကားအရောင်းအဝယ်ပြုလုပ်သူများကလည်း မြို့ခံငွေရှင် ကြေးရှင်များနှင့် ပူးပေါင်းကာ မူယစ်ဆေးဝါး ရောင်းဝယ်မှုပြုလုပ်နေကြသည်ကိုလည်း လေ့လာသိရှိခဲ့ရသည်။

ဘုရားသုံးဆူဒေသအတွင်းသို့ ရောက်ရှိလာသော စိတ်ကြွဆေးပြာ (မြင်းဆေး) များကို KPF, DKBA အဖွဲ့အစည်းဝင်များနှင့် ငွေရှင် ကြေးရှင်တချို့က ထိုင်းနိုင်ငံအတွင်းရှိ မူယစ်ဆေးဝါးရောင်းဝယ်သူများနှင့် ဆက်သွယ်၍သော်လည်းကောင် မြို့တွင်းနှင့် ဒေသတွင်း သုံးစွဲသူများအတွက် ၄င်းတို့နှင့် နီးစပ်သည့် လက်လီရောင်းသူများအား ဖောက်သည်ပေး၍သော်လည်းကောင် စိတ်ကြွဆေးများကို ဖြန့်ဖြူးလျှက်ရှိပြီး ဘုရားသုံးဆူမြို့တွင်းရှိ ကရင်စုရပ်ကွက်နှင့် နယ်စပ်ဂိတ်များတွင် အများဆုံးရောင်းချနေကြကြောင်း KPF အဖွဲ့အစည်းနှင့် နီးစပ်သည့်အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

စိတ်ကြွဆေးပြား (မြင်းဆေး) ရောင်းဝယ်မှုနှင့် သုံးစွဲမှုအခြေအနေကို လေ့လာထားသူတစ်ဦးကလည်း “ကျနော်သိသလောက်ဆိုရင်တော့ မြင်းဆေးက သုံးမျိုးရှိတယ် XY ကတစ်မျိုး XYZ ကတစ်မျိုး ပြီးတော့ နောက်တမျိုးက ကျနော်ခေါ်မတက်ဘူး၊ ပန်းနုရောင်နဲ့ အစိမ်းရောင်ရှိတယ်၊ ဘုရားသုံးဆူမှာ ဖောက်သည်ဈေး တစ်လုံးကို ဘက်ကိုးဆယ်နဲ့ တစ်ရာကြားမှာရှိတယ်၊ လက်လီဖြန့်တဲ့သူတွေက တစ်လုံးကို ဘတ်တစ်ရာ့နှစ်ဆယ်နဲ့ ရောင်းတယ်၊ ပေါ်ပေါ်ထင်ထင်နဲ့ကို ရောင်းနေတာ ကျနော်နဲ့သိတဲ့လူတစ်ယောက်ဆိုရင် တစ်နေ့ကို အလုံးတစ်ရာလောက်ရောင်းရတယ်၊ သူ့အတွက် တစ်နေ့ နှစ်ထောင်လောက်ကျန်တယ်၊ ဆေးစွဲတဲ့လူတွေလည်း တော်တော်လေးများလာတယ်၊ အများစုကတော့ မြို့ခံလူငယ်တွေ ပိုပြီးတော့ သုံးကြတယ်” ဟု ပြောသည်။

စိတ်ကြွဆေး (မြင်းဆေး) ကို ကျယ်ပြန့်စွာ ရောင်းဝယ်လာကြသည်နှင့်အမျှ ဘုရားသုံးဆူဒေသရှိ ဒေသခံပြည်သူတို့၏ မူယစ်ဆေးဝါးသုံးစွဲမှုများမှာလည်း တစ်စတစ်စနှင့် တိုးပွားလာသည်ကိုတွေ့ရသည်။ လေ့လာသုံးသပ်ချက်များအရ ဘုရားသုံးဆူမြို့တွင် စိတ်ကြွဆေးပြားသုံးစွဲသူ လူလတ်ပိုင်း ၁၅ ရာခိုင်နှုန်းခန့်ရှိပြီး၊ အသက်မပြည့်သေးသူ လူငယ် ၁၀ ရာခိုင်နှုန်းခန့် အမျိုးသမီး ၁၅ ရာခိုင်နှုန်းခန့်နှင့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော KPF, DKBA အဖွဲ့အစည်းများတွင် ဆေးသုံးစွဲသူ ၅၀ ရာခိုင်နှုန်းခန့်ရှိကြောင်း လေ့လာသုံးသပ်သူတစ်ဦးက ဆိုပါသည်။

ဘုရားသုံးဆူဒေသမှနေ၍ ထိုင်းနိုင်ငံအတွင်းသို့ စိတ်ကြွဆေးပြားများကို လွန်ခဲ့သည့် ဆယ်ခုနှစ်ခန့်မှစ၍ ခိုးသွင်းရောင်းချနေခဲ့ကြသည်။ ထိုင်းအစိုးရအာဏာပိုင်အဖွဲ့အစည်းများကလည်း မူယစ်ဆေးဝါးများကို စဉ်ဆက်မပြတ်ရှာဖွေဖမ်းဆီးနေသော်လည်း လုံးဝပျောက်ကွယ်သွားအောင် တားဆီးနိုင်ခဲ့ခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ထိုင်းအာဏာပိုင်အဖွဲ့အစည်းက သာမန်မူယစ်ဆေးရောင်းဝယ်သူများကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး၊ မူယစ်ဆေးဝါးများကို အဓိကကျကျလုပ်ကိုင်နေကြသူများများ ထိုင်းအစိုးရ၏ဌာနဆိုင်ရာဝန်ထမ်းများသာဖြစ်ပြီး၊ ၎င်းဝန်ထမ်းများအား ရှာဖွေစစ်ဆေးခြင်းမရှိသည့်အတွက် ဝန်ထမ်းများကသာလွယ်ကူစွာ လုပ်ကိုင်နိုင်ကြခြင်းကြောင့် ထိုင်းအစိုးရကမူယစ်ဆေးဝါးကို လုံးဝပပျောက်အောင်တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်းကိုလည်း မူယစ်ဆေးရောင်းဝယ်မှုနှင့် ပတ်သက်သူတစ်ဦးက ပြောသည်။

စိတ်ကြွဆေးကိုသုံးစွဲကြသည့် ဆယ်ကျော်သက်အရွယ် လူငယ်များထဲတွင် အသိညာဏ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိသေးသည့် ကျောင်းသားလူငယ်များလည်းပါဝင်ပေသည်။ မိမိတို့၏ အတ္တအကျိုးကိုသာကြည့်တတ်သော မူယစ်ဆေးဝါးရောင်းသူတို့၏ လူသားခြင်း သားသမီးခြင်း စာနာစိတ်ကင်းမဲ့မှုတို့ကြောင့်သော်လည်ကောင်း မိမိတို့သားသမီးများ၏ ပုံမှန်မဟုတ်သောအခြေအနေကို ဂရုတစ်စိုက်လေ့လာသုံးသပ်နိုင်ခြင်းမရှိသော မိဘတို့၏အသုံးမကျမှုများကြောင့်သော်လည်ကောင်း တာဝန်ကျေ ဝတ္တရားကျေမျှလောက်သာ ရည်ရွယ်ပြီး မိမိတို့၏ သားသပည့်များကို ထိန်းကျောင်း သွန်သင်ဆုံးမနိုင်ခြင်းမရှိသော ကျင့်ဝတ်ငါးဖြာနှင့်မညီသော ဆရာဆရာမတို့ကြောင့်သော်လည်ကောင်း ကျောင်းသားလူငယ်တစ်ချို့မှာ မူယစ်ဆေးစွဲကာ အသက်ဆုံးရှုံးသည်များရှိသလို အဖတ်ဆယ်လို့မရအောင် ဘဝပျက်သွားကြသူများကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပေသည်။

ခန္ဓာကိုယ်ကို အရင်းအနှီးပြုကာစားဝတ်နေရေးအတွက် အမျိုးသားပေါင်းစုံနှင့် လိင်ဆက်ဆံအသုံးတော်ခံနေကြရသည့် အမျိုးသမီးအများစုမှာလည်း စိတ်ကြွဆေးပြား (မြင်းဆေး) ကိုသုံးစွဲနေကြသည်။ အသက် (၁၈) နှစ်အရွယ် အမည်မဖေါ်လိုသည့် အမျိုးသမီးငယ်တစ်ဦးက “သမီးတို့ဆေးသုံးတယ်ဆိုတာ စိတ်ရဲ့ထွက်ပေါက်ကိုရှာတာဘဲ ယောကျာင်္းတွေနဲ့ သူတို့အလိုကျဆက်ဆံနေရတော့ မတုန်မလှုပ်နဲ့ ရှက်နေလို့မဖြစ်ဘူးလေ၊ ဒါကြောင့် စိတ်ထဲကတစ်ခြားအရာတွေကို မစဉ်းစားမိအောင်ဆေးရှုရတာဘဲ မကောင်းမှန်းလည်းသိတယ် ဒါပေမဲ့ စိတ်ကိုထိန်းချုပ်လို့မရတော့ဘူး ဆေးသုံးလိုက်တော့ စိတ်ကတက်ကြွလာတယ် ရှက်ရမှန်းလည်းမသိဘူး ကြောက်ရမှန်းလည်းမသိတော့ဘူး သမီးတို့ဘော်ဒါတွေအားလုံးလည်း ဆေးသုံးကြတယ်၊ သုံးရင်း သုံးရင်းနဲ့ဘဲ ဆေးစွဲသွားတယ် ဆေးတစ်လုံး (၁၂၀) တစ်ရာ့နှစ်ဆယ် သမီးတစ်ယောက်ထဲတစ်ခါတစ်လေ ငါးလုံးလောက်သုံးတယ် ဆေးဖိုးကိုပိုရှာရတာပေါ့” ဟု ပြောပြသည်။

ဘုရားသုံးဆူဒေသတွင် စိတ်ကြွဆေးပြားများကို လူကြီး လူငယ် အမျိုးသမီးများက အချိန်အခါမရွေး လွတ်လပ်စွာ သုံးစွဲနိုင်ခြင်းမှာ မူယစ်ဆေးတို့ကို လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ထိုကဲ့သို့ အလွယ်တကူဝယ်ယူနိုင်ခြင်းမှာလည်း ဒေသခံအစိုးရအဖွဲ့အစည်းအာဏာပိုင်များက မူယစ်ဆေးရောင်းဝယ်မှုကို မျက်စိမှိတ် နားပိတ်ပြီး လျှစ်လျူရှုထားကြခြင်းကြောင့်သာဖြစ်ကြောင်း လျှစ်လျူရှုထားရသည့်အကြောင်းအရင်းမှာလည်း အာဏာပိုင်အဖွဲ့အစည်းများက မူယစ်ဆေးဝါးရောင်းဝယ်ရေးများထံမှ အခွန်အကောက်များရရှိနေခြင်းကြောင့်သာဖြစ်ကြောင်း အာဏာပိုင်အဖွဲ့အစည်းများနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

ထိုသူက “ကျနော်သိသလောက်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေကဘဲ မြင်းဆေးကို ပင်တိုင်လုပ်တယ် သူတို့ဆီကနေတစ်ဆင့် လက်လီရောင်းတဲ့ လူတွေဆီကိုဖြန့်တယ် သူ့လူ ကိုယ့်လူရှိကြတယ်။ အစိုးရအဖွဲ့အစည်းဖြစ်တဲ့ ရဲတို့က မူယစ်ဆေးတို့ကို အဲဒီအဖွဲ့အစည်းတွေနဲ့ အတိုက်အခံ မဖြစ်ချင်ကြဘူး ဒီတော့ နားလည်မှုယူတယ် ငွေရတယ် သူတို့အတွက်လည်းအန္တရာယ်မရှိဘူး ကျနော်သိသလောက်ဆို မြင်းဆေးရောင်းဝယ်တဲ့လူတွေဆီက တစ်လကိုအနည်းဆုံး ဘတ်နှစ်သောင်းငါးထောင် (၂၅၀၀၀) နဲ့ အများဆုံး ဘတ်သုံးသိန်း (၃၀၀၀၀၀) ထိရတာရှိတယ်” ဟုပြောသည်။

လူသားမျိုးနွယ်စုများ၏ဘဝကို အညွန့်တုံးအောင် ဝါးမျိုပစ်မည့်အဆိပ်ပင်နှင့်တူသည့် မူယစ်ဆေးဝါးရောင်းဝယ်မှုများကို ပြုလုပ်နေကြသည့်လက်နက်ကိုင်အဖွဲ့အစည်းများ မြိုမျက်နှာဖုံးအမည်ခံ ငွေရှင် ကြေးရှင် လူကြီးလူကောင်းများ ၎င်းတို့၏ လက်ဝေခံများအား အရေးယူထိန်းသိမ်းရမည့်အစား ၎င်းတို့၏လုပ်ရပ်များကို လျှစ်လျူရှုကာ ငွေကြေး အခွန်အကောက်များကိုသာ မက်မောနေကြသည့် စစ်အစိုးရ၏ အာဏာပိုင်အဖွဲ့အစည်းများမှာ “အဆိပ်ပင်ကိုရေလောင်း” နေကြသူများသာဖြစ်ကြောင်း ဖေါ်ပြလိုက်ရပေသည်။

လက်နက်ချကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့ တဖန်လက်နက်ပြန်ချ

မင်းထက်အောင်၊ ကောင်းဝါ

KNU- KNLA/PC တပ်ဖွဲ့မှ ဗိုလ်မှူးလက်ကိုင်ဦးစီးအင်အား ၂၁ ဦးတို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၌ စစ်အစိုးရတပ်ဖွဲ့ထံ နိုဝင်ဘာ ၂၇ ရက်တွင် လက်နက်ချလိုက်ကြောင်း ယနေ့စစ်အစိုးရထုတ်သတင်းစာများက ရေးဖေါ်ပြသည်။

မည်သည့်နေရာတွင် မည်ကဲ့သို့လက်နက်ချခဲ့သည်ကို အဆိုပါသတင်းစာများ၌ အကျယ်တဝင့်ရေးသား ဖေါ်ပြခြင်းမပြုသော်လည်း ဘုရားသုံးဆူဒေသတဝိုက်လှုပ်ရှားနေသော တပ်ဖွဲ့ဟု ကေအဲန်ယူတပ်မဟာ ၆ ပြောခွင့်ရ ဗဒိုစောထဲနေက ပြောသည်။

“ဟိုတုန်းကလက်နက်ချခဲ့တဲ့အဖွဲ့ပဲ၊ အခုတော့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်တယ်ဆိုတော့ လက်နက်အကြွင်းမဲ့ အပ်လိုက်ရတယ်” ဟု ဗဒိုစောထဲနေက ဆက်ပြောသည်။

KNU-KNLA/PC တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ထိန်မောင်သည် KNU မှခွဲထွက်ကာ စစ်အစိုးရထံ ၂၀၀၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် လက်နက်ချခဲ့ပြီးဖြစ်ကြောင်း သတင်းမှတ်တမ်းများတွင် ရေးသားဖေါ်ပြခဲ့သည်။

ထိုသို့လက်နက်ချပြီးနောက် အခြားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များကဲ့သို့ လက်နက်ကိုင်ဆောင်ခွင့်နှင့် ဂိတ်အကောက်စခန်းများဖွင့်လှစ်ကာ တပ်ဖွဲ့ရံပုံငွေရှာဖွေခွင့်များကို စစ်အစိုးရ ခွင့်ပြုခဲ့သည်။

ဘုရားသုံးဆူဒေသတဝိုက်၌ KNU-KNLA/PC တပ်မှ ဗိုလ်လက်ကိုင်ဦးစီးသောဗဟိုအဖွဲ့၊ စောနေစိုးမြ ၇၇၇ တပ်ဖွဲ့နှင့် ဗိုလ်ချုပ်ထိန်မောင် ၇၀၉ တပ်ဖွဲ့တို့ ဂိတ်စခန်း ၃ ခုခွဲ၍ ဖွင့်လှစ်ထားရှိသည်။

ဗိုလ်လက်ကိုင် ယခုကဲ့သို့လက်နက်ချလိုက်သည့်ဖြစ်ရပ်ကို ၇၇၇ နှင့် ၇၀၉ တပ်ဖွဲ့တို့ မသိရှိသေးကြောင်း သက်ဆိုင်ရာတပ်ဖွဲ့နှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

တဖန်စစ်အစိုးရအဆိုပါသတင်းစာ၌ ဗိုလ်မှူးမန်းသိန်း ဦးစီးသော ၁၃ ဦးတို့သည်လည်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည်ဟု လက်နက်စာရင်းများနှင့်တကွ ရေးသားဖေါ်ပြခဲ့သည်။

အဆိုပါဗိုလ်မှူးမန်းသိန်းဆိုသူသည် ဒီကေဘီအေ ၉၀၆ တပ်ရင်း၊ တပ်ခွဲ ၃ မှအနားယူခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ဘုရားသုံးဆူဒေသတဝိုက်၌ လက်အောက်ခံတပည့်ငယ်သားများနှင့် လက်နက်ကိုင်ဆောင်ခွင့်ရရှိနေပြီး စီးပွားရှာဖွေခွင့်ရရှိနေသူတစ်ဦးဟု သူ၏နီးစပ်သူများထံမှ သိရသည်။

“ဒီကေဘီအေအစစ်တွေက စစ်အစိုးရကိုပြန်တိုက်ခိုက်လာတော့ လက်နက်ကိုင်ပြီးစီးပွားရှာချင်တဲ့လူတွေက ရှိတဲ့လက်နက်လေးတွေကိုပြန်အပ်ပြီး မြေပေါ်မှာဆက်ရပ်တည်သွားတာပဲ” ဟု နယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

လွန်ခဲ့သောနိုဝင်ဘာ ၈ ရက်နေ့တွင် ဘုရားသုံးဆူမြို့ကို ဒီကေဘီအေတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒီကေဘီအေနှင့်မသက်ဆိုင်သော အခြားလက်နက်ကိုင်ကရင်ငြိမ်းချမ်းရေးအဖွဲ့ဝင်အချို့ ဘုရားသုံးဆူမြို့ရှိ ဓမ္မဟေဝန်ကျောင်းတိုက်၌ ဝင်ရောက်ပုန်းခိုနေကြောင်း မျက်မြင်တွေ့ရှိသူများ ပြောကြားချက်အရ သိရသည်။

မြဝတီမြို့တွင် ဒီကေဘီအေနှင့် စစ်အစိုးရတပ်ဖွဲ့များပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအတွင်း၌ ဘုရားသုံးဆူမြို့ကို ဗိုလ်မှူးစောအေဝမ်း ဦးစီးသည့်ဒီကေဘီအေ ၉၀၁ တပ်ရင်းမှ ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ရိက္ခာသယ်ရန်နှင့် မြေမြုပ်မိုင်း ရှင်းရန် နအဖမှ ကားများ ချောဆွဲ

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ နအဖ လှုပ်ရှားတပ်များက ခလယ့်လာ၊ ကော်သေး ဒဲရွာများမှ ရွာသူရွာသားများ၏ ကားများကို နိုဝင်ဘာလအတွင်း ချောဆွဲထားပြီး ရိက္ခာသယ်ပေးရန်နှင့် မြေမြုပ်မိုင်းရှင်းပေး ရန်အတွက် ခိုင်းစေလျှက်ရှိသည်ဟု တောင်ငူခရိုင်မှ လာသည့် သတင်းအရ သိရသည်။


နအဖ စကခ(၇) ဗျူဟာမှူး မျိုးလှနှင့် ၎င်း၏ လက်အောက်ခံ တပ်ရင်းများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၆ရက်နေ့မှစ၍ အဆိုပါ ရွာနှစ်ရွာမှ ခရီးသည်တင်ကားနှင့် ကုန်တင်ကား ၇စီးကို ချောဆွဲခဲ့ရာ ယခုအချိန်ထိ မလွှတ်ပေးသေးဘဲ လုပ်အား ပေးခိုင်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ချောဆွဲခံရသည့် ကားပိုင်ရှင်များမှာ စောတာ့ထို၊ စောယိုနား၊ စောမောင်ကရော၊ စောမောင်ထွေး၊ စောရှေးဒို့၊ နော် လူးနှင့် နော်ချယ်ရီတို့ ဖြစ်ကြပြီး ယခုလို ကားများကို ခေါ်ယူ လုပ်အားပေးခိုင်းစေသည့်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အလုပ် ကို မလုပ်အားတော့ကြောင်း ဒေသခံရွာသားတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“သူတို့ရဲ့ ဘူဒိုဇာကား(မြေတူးလမ်းဖောက်ကား)နောက်ကို လိုက်ခိုင်းတယ်။ နောက် မိုင်းရှင်းဖို့ဆိုပြီး သူတို့ရဲ့ ဘူဒိုဇာကား ရှေ့မှာလည်း သွားခိုင်းတယ်။ ကိုယ့်ထမင်း၊ ဟင်းလည်း ကိုယ့်ဖာသာ ကိုယ်ယူသွားရတယ်။ ဘယ်တော့ လွှတ်ပေးမလဲဆို တာတော့ သူတို့အပေါ်မှာပဲ မူတည်တယ်”ဟု သူက ပြောသည်။

အဆိုပါဒေသရှိ နအဖ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁ရက်နေ့မှ ၂၇ရက်နေ့အထိ ဒေသခံရွာသူရွာသားများကို လူ၊ ကား၊ ဆိုင်ကယ်တို့ဖြင့် တောင်ငူမြို့ထဲသို့ ဈေးသွားဝယ်ခွင့်မပြုခဲ့ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

ထိုဒေသတွင် တောင်ငူမြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသည့် တောင်ပေါ်ကားလမ်းဖြင့် ရွာသူရွာသားများသည် ၎င်းတို့ လိုအပ်သည့် အ၀တ်အထည်နှင့် စားသုံးကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငါးပိ၊ ခေါက်ဆွဲ၊ အချိုမှုန့်၊ ကြက် သွန်ဖြူ/နီ တို့ကို ရောင်းဝယ်၊ စားသုံးရန်အတွက် တောင်ငူမြို့ပေါ်တက်၍ ပုံမှန် သွားလာဝယ်ယူကြသည်။

နအဖ စကခ(၇) လက်အောက်ခံ တပ်ရင်းများသည် ထန်းတပင်မြို့နယ်အတွင်းရှိ ခလယ့်ကျေးရွာအုပ်စုမှ ခလယ့်လာ၊ ကော်သေးဒဲ။ မော်ဖားဒါး၊ လယ်ကို၊ ကလေစိုးခီးရွာများမှ ရွာသူရွာသားများကို သစ်၊ ၀ါးများ ခုတ်ခိုင်းကာ ဖက်များဖြင့် စခန်း ပြင်ဆင်ခြင်း၊ ရိက္ခာသယ်ခိုင်းခြင်းများကို ပုံမှန် ခိုင်းစေလျှက်ရှိကြောင်း ကေအဲန်ယူ၊ တောင်ငူခရိုင်၏ သတင်းများအရ သိရ သည်။

အမျိုးသားနေ့

မိုးလှိုင်ည

ငယ်ငယ်တုန်းက ပေါက်ပေါက်ရှာရှာ ဒီလိုတွေးခဲ့ဖူးတယ်၊ အမျိုးသားနေ့တော့ရှိပြီး အမျိုးသမီးနေ့တော့ ဘာလို့မရှိတာလဲလို့၊ ကျနော်က အဲဒီလို ထော်လော်ကန့်လန့် တွေးတောနေတတ်တဲ့ကောင်ပါ။

နည်းနည်းအသက်ကြီးတော့ အမျိုးသားနေ့အကြောင်း သင်ရပါတယ် အခြေခံပညာ ဘယ်အတန်းမှာလဲလို့
အခု ကျနော့် မှတ်ဥာဏ်နည်းနည်းလေးကို မေးကြည့်တော့ သိပ်မမှတ်မိပါဘူး၊ ဒါပေမယ့် တခြား နိုင်ငံတော်အခမ်းအနားနေ့တွေကို ခရစ်ပြက္ခဒိန်နဲ့ပြဌာန်းပြီး အမျိုးသားနေ့ကိုတော့ မြန်မာသက္ကရာဇ်နဲ့ မှတ်သားတာကို သတိထားမိပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးဆယ်က တက္ကသိုလ်ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ဒီနေ့ကို၊ ကျနော်တို့ နိုင်ငံတော်ရဲ့ အမျိုးသားနေ့၊ နိုင်ငံတော် အမျိုးသားနေ့အဖြစ်
ကျနော်တို့ နိုင်ငံလွတ်လပ်ရေးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေက သတ်မှတ်ခဲ့ကြတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။

အခုဆိုနှစ်ပေါင်းကိုးဆယ်ကြာခဲပါပြီ ကျနော်တို့ ပြည်ထောင်စုကလည်း မုန်းတိုင်းသည်းသည်း လှိုင်းကထန်ထန် လောကဓံပေါင်း သောင်းခြောက်ထောင်နဲ့ မြေနိမ့်ရာလှံစိုက်ချင်တဲ့ ခေတ်တွေကိုလည်း ဖြတ်ခဲ့ပြီ၊ ရန်ကုန်တက္ကသိုလ်လည်း ခေါင်းလောင်းသံတိတ် တံခါးပိတ်လို့ သမိုင်းသက်သေတွေ ပွေ့ဖက်လို့ အထီးကျန် ခံစားနေခဲ့ရပြီ။

ကျနော် မနက်ကတည်းက အမျိုးသားနေ့အကြောင်းကို စိတ်ထဲမှာပေါ်လာတယ်၊ ကျနော့် မျက်ဝန်းတွေထဲမှာ အဖြူ၊ အမဲ ပုံရိပ်တွေနဲ့ ရွှေတိဂုံခြေရင်းက သပိတ်စခန်းတွေ အမျိုးသားကျောင်းတွေ အမျိုးသား စာသင်ခန်းတွေ၊ အဲဒီ သပိတ်မှောက်ကျောင်းသား လူငယ်တစုက၊ ဒီနိုင်ငံကြီးရဲ့ သမိုင်းတာဝန်တွေကို ဘယ်လောက်တောင် ကျေပွန်ခဲ့လဲဆိုတာ ကျနော်တို့ အခု နိုင်ငံတော်က ထင်ထင်ရှားရှား ရှိနေပြီလေ။

ကျောင်းသပိတ်တိုက်ပွဲကနေ လွတ်လပ်ရေးဘဝအထိ သူတို့ ဘယ်လောက် ကြမ်းတမ်းခက်ခဲစွာ ဖြတ်သန်းခဲ့ရလဲ၊ ဘဝမှာမမေ့သင့် မမေ့အပ်တဲ့ ကျေးဇူးတရားတွေ သူတို့ဆီကျနော်တို့ ပြန်ဆပ်ဖို့ ကျန်နေပါသေးတယ်။

အခုတော့ ကျနော်တို့ဟာ တတ်နိုင်သမျှ နိုင်ငံတော်နဲ့ ကင်းကင်းကွာကွာနေချင်ကြတယ်လေ၊
နိုင်ငံတော်ကို လူတစုသိမ်းပိုက်ထားတဲ့ အခြေအနေကနေ ကျနော်တို့ ပြန်လည်ရယူနေတဲ့ အမျိုးသားနိုင်ငံရေး တိုက်ပွဲတွေကတော့ ဆက်လက် ချီတက်နေရဆဲပါပဲ။

သမိုင်းအဆက်ဆက် အကျဉ်းထောင်ထဲက ကျောင်းသားတွေ နိုင်ငံသားတွေ အမျိုးသားခေါင်းဆောင်တွေ
သမိုင်းကြောင်း သွေးနဲ့ရေးခဲ့တဲ့ လေးစားဖွယ် လူတွေလည်း ခေတ်အဆက်ဆက် ရှိနေတုန်းပါ။

အမျိုးသားနေ့ဟာ အမျိုးကိုချစ်တတ်ဖို့ဆိုတာထက် မတရားရင် လက်မခံဘူးဆိုတဲ့ လူ့အခွင့်အရေးဆောင်ရွက်ချက်ကို လမ်းပြဖော်ဆောင်ပေးလို့ ကျနော်တို့အားလုံး ကျွန်ဘဝက လွတ်မြောက်ခဲ့ရပါတယ်။

ဘယ်လိုအခြေအနေဆိုးက ကျနော်တို့ကို ကျွန်ဇာတ်ပြန်သွင်းမှာကို ကျနော်တို့ရဲ့ သပိတ်မှောက် ကျောင်းသားတွေ လက်ခံနိုင်မှာမဟုတ်ပါဘူး၊ သူတို့ရှိသေးရင် တရားမျှတမှုအတွက် သပိတ်တိုက်ဦးမယ် ထင်ပါတယ်။

ကျနော် တွေးမိတာတခုက လူတိုင်းလူတိုင်းလည်း မိမိကိုယ်ကိုယ် ကျွန်ပြုစိုးမိုးဖို့ ကြိုးစားချက်တွေ တွန်းလှန်တိုက်ဖြတ်သင့်ပါတယ်။

ခေတ်ပေါ်ကမ္ဘာ ကျွန်ပြုနည်း ပရိယာယ်တွေ ပိုမိုကြွယ်ဝလာလို့၊ ရိုးသားပြီး ယုံကြည်တတ်လွန်းတဲ့ ကျနော်တို့ နိုင်ငံသားတွေအတွက် အမျိုးသားနေ့နဲ့အတူ အမျိုးသားဂုဏ်ကို ဘယ်နေရာ ဘယ်ဒေသကနေမဆို
မြှင့်တင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ငါတို့က မြန်မာပါလို့ ဝင့်ဝင့်ကြွားကြွားပြောနိုင်မယ့် နေ့တွေဆီ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,5th,2010

( 16 )More Military-Fied Than The Burmese Junta, Dangerously Bloating Out Too!

( 15 )Burma Passes Asean News to Beijing

( 14 )Burma undergoing political change

( 13 )ဘင်္ဂလာဒေခ်ျ့ ကဗျာပွဲတော် မြန်မာ ကဗျာဆရာများ ပါဝင်မည်

( 12 )Lee Kuan Yew: Asean trio spies for China

( 11 )ဘင်္ဂလားဒေရှ် ကောခ်ျဘဇားမြို့ ၉ နိုင်ငံ ကဗျာပွဲတော် မြန်မာ ကဗျာဆရာ တစ်ချို့တက်ရောက်

( 10 )How long-time refugees in Japan are faring today.

( 9 )ကေအိုင်အေနှင့် နအဖ တိုက်ပွဲဖြစ်

( 8 )Myanmar Adidas Away Kit 2010/12

( 7 )မိုင်းတားဆီးရေး သမ္မတ အိုဘားမား လက်မှတ်ထိုးရန် နိုဘယ်လ်ဆုရှင်များ လှုပ်ရှားမှုတွင် ဒေါ်စုပါဝင်

( 6 )No place like new home for the holidays

( 5 )မြန်မာ စစ်အစိုးရနှင့် ဆက်စပ်နေသော ကသဲ သူပုန်ခေါင်းဆောင် အိန္ဒိယတွင် ဖမ်းဆီးရမိ

( 4 )UN says Burma changing politically

( 3 )ဒေါ်စုကို သိက္ခာချလိုသည့် သဘောဖြင့် ပြည်တွင်း ဂျာနယ်အချို့တွင် ဖော်ပြနေ

( 2 )Belgian ambassador meets Burma's Suu Kyi

( 1 )ကချင်ပြည်နယ် စစ်ရေးပြင်ဆင်မှုတွေ တိုး

Saturday, December 4, 2010

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ကိုဌေးကြွယ် စိုးရိမ်

ကိုထွေး Saturday, 04 December 2010

ဒုတိယအကြိမ် ဒီပဲယင်း လုပ်ကြံမှုမျိုး ဒေါ်အောင်ဆန်းစုကြည် ထပ်မံ ကြုံတွေ့မည်ကို စိုးရိမ်ကြောင်း အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်က ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်တွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် ကိုဌေးကြွယ်အား ဒီဇင်ဘာလ ၂ ရက်နေ့က ၄၅ မိနစ်ခန့် ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သည့် ကိုဌေးကြွယ်၏ ယောက်ဖ တော်စပ်သူ ကိုဖြိုးမင်းသိန်းမှ တဆင့် ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းမှာ ဖြစ်ခဲ့စဉ်တုန်းက အကျဉ်းထောင် ထဲကနေ သူတို့ ကြားသိရတဲ့ အချိန်တုန်းက အိပ်လို့တောင် မပျော်ဘူး ပေါ့နော်။ ဒီတကြိမ် မှာလည်း အဲဒီလို အခြေအနေ ဆိုးမျိုးတွေ ကြားရမှာကို သူတို့ စိုးရိမ်တယ်။ ဒေါ်စုကို အဲဒီ အခြေအနေနဲ့ ပတ်သက်ပြီး သူပြောချင်တယ်” ဟု ကိုဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။


၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လုပ်ကြံမှုကြီးတွင် နအဖ အစိုးရဘက်မှ လူအင်အား ၅၀၀၀ ခန့်က ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို တုတ်၊ ဓား၊ ခဲများနှင့် တိုက်ခိုက်ခဲ့ကြပြီး ခန့်မှန်းခြေ လူ ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

“အမျိုးသား ပြန်လည် သင့်မြတ်ရေးလမ်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ၀ိုင်းဝန်းထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကိုဌေးကြွယ်က ပြောတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိရင် မတိုးတက်နိုင်ဘူး။ ဒီအကြောင်းလည်း နည်းနည်း ဆွေးနွေးဖြစ်တယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ကိုဌေးကြွယ်သည် အစာအိမ်ရောဂါ အခံကြောင့် အစာမစားနိုင်သည့်အတွက် ပိန်သွားကြောင်း၊ ဘာသာရေးကိုလည်း လုပ်ဖြစ်ကြောင်း၊ ထောင်ထဲတွင် စာရေးရန်နှင့် ပန်းချီဆွဲရန်ရှိကြောင်း၊ တွေ့ဆုံမှုသည် အတိုင်းအတာတခုအထိ လွတ်လပ်သည် ဆိုသော်လည်း ရဲအထူး သတင်းတပ်ဖွဲ့ (SB) နှင့် ထောင်အာဏာပိုင်များက လိုက်လံ ရေးမှတ်မှုများရှိကြောင်း သိရသည်။

“တကယ်လို့ အခြေအနေတခု ဖြစ်လာမယ်ဆိုရင်ပေါ့၊ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို မိသားစုနဲ့ နီးတဲ့ ထောင်တွေမှာ အားလုံး စုထားနိုင်မယ်ဆိုရင်တော့ ကောင်းတယ်လို့လည်း ပြောတယ်။ လွှတ်တော်ပေါ်တဲ့ အချိန်မှာ အကျဉ်းသား ၁၀၀ လောက်လွတ်မယ်လို့ သူတို့ယူဆတယ်။ ဒါပေမယ့် အဆိုးကိုတော့ ပြင်ဆင်ထားတယ်လို့လည်း ပြောတယ်” ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

စစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ မိသားစုနှင့် ဝေးလံသည့် ဒေသများရှိ ထောင်များသို့ ပြောင်းရွှေထားသည်။

ထောင်တွင်းရှိ အခြေအနေမှာ လူမဆန် ဆိုးဝါးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်းလည်း UPI သတင်းတရပ်တွင် ရေးသားထားသည်။

ကိုဌေးကြွယ်သည် ၁၉၉၁ ခုနှစ်တွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပထမဆုံးအကြိမ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်ကျခံခဲ့ရသည်။ ပထမအကြိမ် ထောင်မှ လွတ်ပြီးနောက် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုပြုံးချိုတို့နှင့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ကို တည်ထောင်ခဲ့သည်။

၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ယင်းအဖွဲ့သည် အကြမ်းမဖက်သည့် နိုင်ငံရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်။
၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြခဲ့သည့်အတွက် ကိုဌေးကြွယ်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကို ထောင်ဒဏ် ၆၅ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။

ကိုဌေးကြွယ် အကျဉ်းကျခံနေရသည့် ဘူးသီးတောင်ထောင်သည် နာမည်ဆိုးနှင့်ကျော်ကြားသော ထောင်တခုဖြစ်သည့်အပြင် လာဘ်စားမှု ပြဿနာများကြောင့် ထောင်အာဏာပိုင်များ မကြာခဏ နေရာ ပြောင်းခံရခြင်း၊ အရေးယူခံရခြင်းများ ရှိကြောင်း ဒေသခံများက ပြောသည်။

ဘူးသီးတောင်ထောင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအ၀င် ကိုစည်သူမောင်၊ ကိုအောင်ဇော်ဦး၊ ကိုမြတ်သူနှင့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် မင်္ဂလာတောင်ညွန့်မှ ဆရာတော်တပါးလည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဦးခင်ညွန့် ဗီဒီယိုဖိုင် အသံနှင့် ထပ်မံထွက်ပေါ်

ရန်ပိုင် Saturday, 04 December 2010

နေအိမ် အကျယ်ချုပ် ကျနေသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ လာရောက် ခေါ်ယူသွားသည့် ဗီဒီယို အသံဖိုင်သည် ယနေ့ Facebook လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် အသံနှင့်တကွ ထပ်မံထွက်ပေါ်လာသည်။

ယင်း ဗီဒီယိုဖိုင်တွင် ရဲချုပ် ခင်ရီက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အား လာရောက် ခေါ်ယူရခြင်းကို ရှင်းပြသည့် အသံမှာ ကြားရခြင်း မရှိသော်လည်း ဦးခင်ညွန့်က “ရတယ်လေ မင်းတို့ ခေါ်ရင် လိုက်ရမှာပေါ့။ ပစ္စည်း ပစ္စယတွေ ထည့်ဦးမယ်” ဟု ဆိုကာ အားမတန်၍ မာန်လျှော့သည့် အမူအရာကို တွေ့ရသည်။

ထို့နောက် ရဲချုပ် ခင်ရီက ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေပါ လိုက်ပါရန် ထပ်မံ ပြောဆိုသော အခါတွင်မူ စိတ်တိုသွားပြီး ကျယ်လောင်သော အသံဖြင့် “အိမ်မှာ ဘယ်သူမှ မကျန်ဘူး၊ သားနှစ်ယောက် စလုံးလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်ထားပြီ၊ အခု ကိုယ်ရော ကိုယ့်မိန်းမရော နှစ်ယောက်စလုံး ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ မရှိဘူး” ဟု ပြောဆို သည်ကို တွေ့ရသည်။

ရဲချုပ် ခင်ရီ၏ အသံနှင့် အမူအရာမှာ မိမိ၏ ဆရာဖြစ်ခဲ့သူ တဦးကို တိုးလျှိုး တောင်းပန်ရသည့် အသွင်သဏ္ဍန် ရှိပြီး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အမူအယာတွင်မူ အာဏာရှိစဉ် အပြုအမူများ ခဏပြန်ပေါ် လာသည်ကို မြင်ရသည်။

စိတ်ဆိုးပြီး ထိုင်ခုံအား ရှေ့သို့ ရုတ်တရက် ဆွဲယူလိုက်ပုံ၊ ပြီးမှ စိတ်လျှော့ကာ ၎င်း၏ မြေးများ ကျောင်းမတက်ရသည့် အကြောင်း၊ ပြင်ပနှင့်လည်း အဆက်အသွယ်မလုပ်ပါကြောင်းလည်း ပြောဆိုနေသည်ကိုလည်း ကြားရသည်။

“အခုကတော့ကွာ ကလေးတွေလည်း ကျောင်းမတက်ရဘူး၊ အပြင်နဲ့လည်း ဘာမှမလုပ်ရဘူး၊ အဆက်အသွယ်ဘာမှမရှိဘူး၊ လုံခြုံရေးအရ သတ်မှတ်ချက်အတိုင်း ငါနေသားပဲ” ဟု ပြောဆိုသည်ကို တွေ့ရသည်။

ထို့အပြင် ဦးခင်ညွန့်က ယခုအခါ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရှိသဖြင့် ၀င်ငွေမရှိကြောင်းပြောဆိုသည့် အပြင်၊ ၎င်း၏ အိမ်ဧည့်ခန်းအတွင်းရှိ မီးမှာ ပျက်နေကြောင်းလည်း ပြောဆို သွားသည်။

ရဲချုပ် ခင်ရီက ဒေါ်ခင်ဝင်းရွှေကို ဦးခင်ညွန့်အား ပြုစုစောင့်ရှောက်ရန် အတူခေါ်ယူမည်ဖြစ်ကြောင်း ပြောသည်အခါ ဦးခင်ညွန့်က “နှစ်ယောက်စလုံး အတူထားမှာလား” ဟု မေးမြန်းရာ ရဲချုပ်ခင်ရီက အတူထားမည်ဖြစ်ကြောင်း ခေါင်းညိတ် ဦးညွတ်ပြီး တရိုတသေပြောဆိုသည်ကိုလည်း မြင်ရသည်။

ထို့အပြင် အင်္ကျီအ၀တ်အစားများ ယူရန်မလိုကြောင်း ရဲချုပ် ခင်ရီက ပြောကြားသည့် အခါတွင် ဦးခင်ညွန့်မှာ ၎င်း၏ အမူအရာအတိုင်း ရုတ်တရက် ခေါင်းကိုရမ်းလိုက်ပြီး “ယူသွားမယ်၊ ယူသွားမယ်၊ အရင် သားတွေကို ခေါ်တုန်းကလည်း ပစ္စည်းတွေ မလိုပါဘူးပြောတော့ ဘာမှပါမသွားဘူး” ဟု ရဲချုပ် ခင်ရီ၏ စကားကို အကြောက်အကန် ငြင်းဆန်နေသည်ကို တွေ့ရသည်။

နောက်ဆုံးတွင် စိတ်လျော့လိုက်သည့် လက္ခဏာဖြင့် “ငါလိုက်မယ်၊ အေးအေးဆေးဆေး ငါလိုက်မယ်၊ ငါဟာ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်းမဟုတ်ဘူး” ဟု ပြောဆိုပြီး အိမ်တွင်ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို ကျန်းမာရေး ဂရုစိုက်ရန် မှာကြားပြီး ၎င်း၏မြေးများကို ဖက်ရမ်းနမ်းရှုတ်ပြီး နှုတ်ဆက်လိုက်သည်ကို တွေ့ရသည်။

ထိုအခါ မြေးတဦးက “ဖေဖေကြီး ဘယ်တော့ ပြန်လာမှာလဲ” ဟု လှမ်း၍ မေးမြန်းသည့် နေရာတွင် ဗီဒီယိုအခွေက အဆုံးသတ်ထားသည်။ ယခင်ထွက်ပေါ်လာသည့် အသံမပါသော ဗီဒီယိုဖိုင်တွင်မှု နေရာသစ်သို့ ရောက်ပြီးနောက် ဆက်လက် ဆွေးနွေးကြပုံ၊ ဦးခင်ညွန့်က ဟန်နှင့် မာန်နှင့် ပြောသည့်ပုံများကို တွေ့ရသည်။ ထိုအပိုင်းမှာ အခွေသစ်တွင် မပါရှိသေးချေ။

ယခုအခွေတွင် အသံဖိုင် ပါရှိလာသော်လည်း အချိန်ကာလ အပိုင်းအခြားကိုမူ တိကျစွာ ခန့်မှန်း၍ မရနိုင်သေးချေ။

ဦးခင်ညွန့်သည် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ်၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆိုခံရကာ ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရသည်။

ထိုအပြင် သားများဖြစ်သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ သရက်မြို့ အခြေစိုက် ခလရ ၄၄ တွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းနေသည့် ဒု ဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် Bagan Cybertech ကို တည်ထောင်သူ ဒေါက်တာ ရဲနိုင်ဝင်း တို့လည်း ဖမ်းဆီးချုပ် နှောင်ခြင်းခံခဲ့ရသည်။

၁၉၈၃ ခုနှစ်မှစတင်၍ ၎င်းကိုင်တွယ်ခဲ့သည့် စစ်ဘက်ထောက်လှမ်းရေးအဖွဲ့လည်း ဖျက်သိမ်းခံခဲ့ရပြီး အမာခံထောက်လှမ်းရေး အရာရှိကြီများလည်း ဖမ်းဆီထောင်ချ အရေးယူခြင်းခံခဲ့ရသည်။

မကြာသေးမီက စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးပျံလက်နက် စီမံကိန်းများကို ဖော်ထုတ်ခဲ့သည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက “စိတ်မကောင်းပါဘူး၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုတော့လည်း သူဘယ်လောက် ဆိုးခဲ့ဆိုးခဲ့လေ။ သတ်တာထက်တောင် ဆိုးသေးတယ်” ဟု ဆိုသည်။

ထို့အပြင် သံဝေဂတရားလည်း ရမိကြောင်း၊ ကံ၊ ကံ၏ အကျိုးအရ လုပ်ခဲ့သည်များကို ပြန်ပြီး ခံစားဝဋ်လည်နေသည်ဟု ထင်ကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့ဝင်များသည် ၁၉၈၈ ခုနှစ်မှ စတင်ပြီး ကျောင်းသားများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူ ထောင်နှင့်ချီ၍ ဖမ်းဆီးပြီး ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ယခုထွက်ပေါ်လာသည့် ဗီဒီယိုနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ခဲ့သည့် မန္တလေးမြို့မှ စာနယ်ဇင်းသမား တဦးကလည်း လူသားချင်း စာနာစိတ်ဖြင့် ဂရုဏာသက်မိပါကြောင်း၊ သို့သော် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အဖွဲ့သည် ဖိနှိပ်မှုအတွက် နိုင်ငံတော်အာဏာကို လိုသည်ထက် ပိုမိုသုံးစွဲခဲ့သည်ဟု ထင်ကြောင်း၊ ယနေ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထားများ ထားရှိသည့်အတွက် မည်သည်အာဃာတ တရားမျှမထားပါကြောင်း၊ သို့သော် သမိုင်းမှတ်တမ်းများကိုမူ ဖျောက်ဖျက်၍ မရ၊ ပြည်ဖုံးကားချ၍လည်း မရပါကြောင်း မှတ်ချက်ချ ပြောဆိုသွားသည်။

ယင်းဗီဒီယိုဖိုင်ကို ကြည့်ရှုကြသူများက တန်ခိုးထက်ခဲ့သည့် အာဏာရှင်တဦး၏ ကျဆုံးခန်းကို သံဝေဂ ရကြကြောင်း၊ ဝဋ်လည်သည်ဟု ထင်ကြောင်း ပြောဆိုနေကြသည်။

ဝေါ်လေတွင် နအဖတပ်ကို DKBA တိုက်ခိုက်

ဘစောတင် Saturday, 04 December 2010

ကရင်ပြည်နယ် မြ၀တီ မြို့နယ်၌ နအဖ စစ်အစိုးရ အရံဗျူဟာ တည်ရှိရာ ဝေါ်လေဒေသရှိ သံမဏိ တောင်ကုန်းကို ယမန်နေ့ည ၁၁ နာရီအချိန်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကရင် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဒေါ်နန်းထူးစံက “ဖြစ်တာက ဒီလိုပါ။ DKBA တွေက ဝေါ်လေမှာရှိတဲ့ နအဖ တပ်တွေကို လက်နက်ကြီး တွေနဲ့ လှမ်းပစ်တယ်လေ။ ရွာသား တွေကတော့ အစကတည်းက ဒီဘက်ကို ပြေးလာ နေကြတာ” ဟု ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့မှစ၍ မြ၀တီနှင့် ဘုရားသုံးဆူ မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြဝတီမြို့အနီး ဝေါ်လေ ဒေသတွင် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်လျှက် ရှိကြောင်း၊ ယမန်နေ့ ညပိုင်းကလည်း တိုက်ပွဲ ဖြစ်သေးကြောင်း ABSDF စစ်ကော်မရှင် အတွင်းရေးမှူး ကိုခင်ကျော်က ဆိုသည်။

“ညတုန်းကတော့ ဝေါလေ ဘက်မှာရှိတဲ့ သံမဏိကုန်း ဘက်မှာ ဗျူဟာအရံ တပ်စွဲထားတဲ့ နေရာကို DKBA က ည ၁၁ နာရီလောက်မှာ ၀င်ရောက် တိုက်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲများကြောင့် မြ၀တီဆေးရုံတွင် နအဖ အရာရှိ ၂ ဦးနှင့် တပ်သား ၆ ဦး ဆေးကုသမှု ခံယူလျှက် ရှိကြောင်း မြ၀တီမြို့ခံ ရဲဝန်ထမ်း တဦးက ပြောသည်။ ဘုရားသုံးဆူ ဘက်တွင်လည်း ဒဏ်ရာရရှိသော တပ်သား ၄ ဦးကို ထိုင်းနိုင်ငံထဲမှ ဖြတ်ကာ ကားဖြင့် ထားဝယ် ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးလာသူ မြန်မာ စစ်ပြေးဒုက္ခသည် ၁ ထောင်ခန့် ရှိနေကြောင်း၊ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များထားရှိရာသို့ လာရောက်ကြည့်ရှုကြောင်း သိရသည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များကို အလျင်စလို ပြန်ပို့ရန် မလိုအပ်သေးကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သည့် အခြေအနေရှိနေသည် ပြောကြောင်းလည်း သိရှိရသည်။

ဘုရားသုံးဆူဒေသနအဖစစ်ကူတပ်ဖွဲ့ အပြစ်မဲ့ဒေသခံများအားသတ်ဖြတ်မှုများပြုလုပ်ခဲ့

မင်းချမ်း၊ ကောင်းဝါ

ဘုရားသုံးဆူဒေသသို့ စစ်ကူအဖြစ်လာရောက်သော နအဖစစ်ကြောင်းမှ အပြစ်မဲ့ဒေသခံများအား သတ်ဖြတ်မှုများပြုလုပ်ခဲ့သည်ကို သိရှိရသည်။

ဘုရားသုံးဆူမြို့နယ်၊ မယ့်သဗွီးရွာသား စောဒါးပလဲ့ အသက်(၂၅)နှစ်အား ခမရ ၄၀၆ စစ်ကြောင်း ၂ မှ ပစ်သတ်လိုက်ကြောင်း နီးစပ်သူများပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်၊ ညနေ ၃ နာရီကျော်ခန့်၌ မယ့်သဗွီးနှင့် ကြိမ်ချောင်းလမ်းဝတွင် အဆိုပါနအဖစစ်ကြောင်း ပစ်သတ်ခဲ့ကြောင်း ကေအဲန်ယူတပ်မဟာ ၆ ပြောခွင့်ရ ဗဒိုထဲနေကအတည်ပြုပြောပါသည်။

ထို့နောက် အဆိုပါနအဖစစ်ကြောင်းသည် ထိုနေ့မွန်းလွဲပိုင်း ၃ နာရီမှ ညနေမိုးချုပ်သည်အထိ မယ့်သဗွီးရွာပြင်ရှိ တောင်ယာတဲများသို့ လက်နက်ကြီးများဖြင့် လှမ်းပစ်ခဲ့သည်ဟုလည်း ဒေသခံများထံမှ သိရသည်။

အဆိုပါလက်နက်ကြီး ပစ်ခတ်သံများကို မွန်ပြည်သစ်ပါတီ တားဒိန်ဂိတ်စခန်းမှလည်း ကြားသိရကြောင်း မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက ပြောသည်။

ဒေသခံကေအဲန်ယူနှင့် ဒီကေဘီအေတပ်ဖွဲ့များအား ဆက်သွယ်မေးမြန်းခဲ့ရာ၌ ထိုနေ့ရက်အတောအတွင်း နအဖစစ်ကြောင်းများနှင့် မိမိတို့တပ်ဖွဲ့များတိုက်ပွဲဖြစ်ပေါ်မှုမရှိဟု ပြောကြားခဲ့သည်။

“၂၈ ရက်နေ့ကဗိုလ်မှူးအေဝမ်းတို့ ဒီကေဘီအေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့နေ့မှာ အခုနအဖစစ်ကြောင်း အတော်လေးအထိနာသွားတယ်လို့ ယူဆရတယ်၊ အဲဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ခိုအောင်းနိုင်တဲ့နေရာကိုမှန်းပြီး လက်နက်ကြီးတွေနဲ့အဝေးကနေ လှမ်းထုတယ်၊ ရွာသားတွေကြောက်ရွံ့သွားအောင် အခုလိုသတ်ဖြတ်တာတို့လုပ်ပြရတာဟာ နအဖတပ်ဖွဲ့တွေရဲ့ လုပ်ရိုးလုပ်စဉ်နည်းဟောင်းအတိုင်းပါပဲ” ဟု နယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦး ယူဆပြောဆိုသည်။

ထို့အတူ လွန်ခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင်လည်း နအဖစစ်ကြောင်းအတွက် လမ်းပြလုပ်ပေးခဲ့သော မယ်ဇလီရွာဥက္ကဌအား အဆိုပါနအဖတပ်ဖွဲ့မှပစ်သတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူမယ်ဇလီရွာသား ကျော်မာသဲက ပြောသည်။

“အပလုံရွာရောက်ခါနီးမှာ ကျနော်တို့ရွာဥက္ကဌကိုအနောက်ဖက်ကနေပြီး ဇက်ကျောကို အနီးကပ်သေနတ်နဲ့တစ်ချက်ပစ်လိုက်တာ ပွဲချင်းပြီးသေတာပဲ၊ ပြီးတော့ နအဖတပ်တွေက လက်နက်ငယ်တွေနဲ့ တိုက်ပွဲဖြစ်သလို တောထဲကိုပစ်ပြန်တယ်” ဟု ပေါ်တာမှပြန်လွတ်လာသူ ကျော်မာသဲက ဆက်ပြောသည်။

ထိုကဲ့သို့အသတ်ခံလိုက်ရသည့် မယ်ဇလီရွာဥက္ကဌမှာ စောဖိုးသိ အသက်(၄၂) နှစ်ဖြစ်ကြောင်း ကာယကံရှင်နှင့်ပတ်သက်သူများက အတည်ပြုပြောပါသည်။

အဆိုပါဖြစ်ရပ်ကို ဒုရင်းမှူးဗိုလ်မှူးအောင်ဆန်းလင်း ဦးစီးသော ခမရ ၄၀၅ စစ်ကြောင်း ၂ မှပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူတပ်မဟာ ၆ ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြခဲ့သည်။

“အဲဒီမယ်ဇလီရွာဥက္ကဌအသတ်မခံရခင်နံနက်စောစောမှာ မယ့်ဇလီနဲ့ အပလုံရွာကြားမှာ ကျနော်တို့တပ်ဖွဲ့က ရှေ့ထွက်မိုင်းနဲ့ဖြိုခွဲလိုက်တာ ရန်သူအတော်အထိနာသွားတယ်၊ အဲဒါကိုမကြေနပ်လို့ ရွာဥက္ကဌကိုသတ်ပစ်တဲ့အထိ ဖြစ်သွားတယ်လို့ ကျနော်ယူဆတယ်” ဟု ကေအဲန်ယူပြောခွင့်ရပုဂ္ဂိုလ်က ဆက်ပြောသည်။

၎င်းပုဂ္ဂိုလ်အပြောအရ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်စောစော၌ မယ်ဇလီမှ အပလုံရွာသို့ထွက်ခွာလာသော နအဖတပ်ဖွဲ့အား ရှေ့ထွက်မိုင်းဖြင့်ဖြိုခွင်းရာတွင် အဆိုပါနအဖစစ်ကြောင်းမှ၂ ယောက်သေ၊ ၇ ယောက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါစစ်ကြောင်းများသည် ရွေးကောက်ပွဲအပြီး နောက်တစ်နေ့တွင် ဒီကေဘီအေတပ်ဖွဲ့များ သိမ်းပိုက်လိုက်သော ဘုရားသုံးဆူမြို့ကို စစ်ကူချီတက်လာသော စစ်ကြောင်းများ ဖြစ်ကြသည်။

ဘုရားသုံးဆူမြို့ကို သိမ်းပိုက်ခဲ့သော ဒီကေဘီအေတပ်ဖွဲ့သည် အစိုးရရုံးအဆောက်အအုံ ၆ ခုထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး စာရွက်စာတမ်းများကိုလည်း ယူဆောင်သွားပြီးနောက် မြို့ထဲမှ ပြန်လည်ဆုတ်ခွာ လိုက်သည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကူအဖြစ်ထပ်မံရောက်ရှိလာသော ခမရ-၄၀၂၊ ၄၀၅၊ ၄၀၆၊ ၄၁၀ တပ်ရင်းများမှာ တပ်ရင်းအလိုက်တပ်ရင်းတစ်ရင်း၌ အင်အားတစ်ရာကျော်ခန့်သာရှိသော တနင်္သာရီတိုင်းရှိ ကမ်းရိုးတမ်းတိုင်းစစ်ဌာနချုပ် စကခ ၈ လက်အောက်ခံတပ်ရင်းများဖြစ်ကြောင်း စစ်ရေးစောင့်ကြည့်လေ့လာသူများထံမှ သိရသည်။

ကြံ့လွတ် အစိုးရ

ရန်ကုန်သားတာတေ

နေပြည်တော်တွင် အမျိုးသား အောင်ပွဲနေ့ကြီးကို ခြိမ့်ခြိမ့်သည်းသည်း ကျင်းပ လျက်ရှိသည်။ သို့သော် ထူးဆန်းသည်က ထိုပွဲတွင် လူ ဆို၍ ချိုကုပ်ဒူးကြီး တဦးသာ ပါပြီး တိရစ္ဆာန်များကိုသာ တွေ့ရလေသည်။ နေပြည်တော်သို့ ရောက်နေသော ဦးရုက္ခစိုးကြီးက မနေနိုင်မထိုင်နိုင် ချိုကုပ်ဒူးကြီးကို မေးခွန်းထုတ်လိုက်၏။

ရုက္ခစိုး။ ။ ဘယ်လိုလဲ ချိုကုပ်ဒူးကြီးရဲ့ အမျိုးသားအောင်ပွဲနေ့ ကျင်းပတာ လူလည်း မပါဘူး။ တိရစ္ဆာန်တွေချည်းပါလား။

ချိုကုပ်။ ။ ဟာ … ဒါ နှယ်နှယ်ရရ တိရစ္ဆာန်တွေ မဟုတ်ဘူးနော် ဦးရုက္ခစိုး။ အာဖရိကကနေ သေသေချာချာ မှာထားတဲ့ တိရစ္ဆာန်တွေ။

ရုက္ခစိုး။ ။ ဟုတ်ပါပြီ … ဘာလို့ တိရစ္ဆာန်တွေနဲ့ ပွဲကျင်းပနေလဲ ဆိုတာ ပြောစမ်းပါဦး။

ချိုကုပ်။ ။ ဦးရုက္ခစိုးရယ် ...။ နတ်ဖြစ်ပြီး ညံ့ရန်ကော။ လူက အာဏာဖီဆန်တာတို့၊ ငြင်းတာတို့၊ တောပြောတောင်ပြော ပြောတာတို့ လုပ်တတ်တယ်လေ၊ တိရစ္ဆာန်ဆိုတော့ ကိုယ် ပြောတဲ့အတိုင်း အကုန်နာခံတာ မဟုတ်ဘူးလား။

ရုက္ခစိုး။ ။ မနာခံတဲ့ တိရစ္ဆာန်ဆိုရင် ဘယ်လိုလုပ်မလဲဗျ။

ချိုကုပ်။ ။ အဲဒါဆိုလည်း သတ်စား၊ အဲ ချုပ်ထား … အင်း … သြော် နာခံအောင် ဖိအားပေးရမှာပေါ့ ဦးရုက္ခစိုးရဲ့။ ဒီလိုပဲပေါ့။

ပြောရင်း ချိုကုပ်ဒူးကြီးက ဖွတ်တကောင်၏ ကျောကို လက်ဖြင့် သပ်ပေးလိုက်သည်။

ရုက္ခစိုး။ ။ အမျိုးသား အောင်ပွဲနေ့က တကယ်ကို အကြီးအကျယ် ကျင်းပနေတာပဲနော်။ တခါမှ ဒီလောက် ကြီးကျယ်တဲ့ပွဲ မမြင်ဖူးဘူး။

ချိုကုပ်။ ။ ဒါက အတိတ်ကောင်း နိမိတ်ကောင်းလေ။ အမျိုးသား အောင်ပွဲနေ့ဆိုတာ အမျိုးသမီး အောင်ပွဲနေ့မှ မဟုတ်ဘဲ။ အမျိုးသားတွေ အောင်မြင်တဲ့ပွဲမို့လို့ အမျိုးသားအောင်ပွဲနေ့လို့ ခေါ်တယ်မဟုတ်လား ဦးရုက္ခစိုးကြီးရဲ့။

ချိုကုပ်ဒူးကြီးက ဇာတ်ထဲမှ လူရွှင်တော်များ၏ လေသံအတိုင်း တထေရာတည်း တူအောင် ပြောလိုက်သည်။

ရုက္ခစိုး။ ။ ဟာ မဟုတ်က ဟုတ်က … ကိုလိုနီနယ်ချဲ့ကို ကျောင်းသားတွေက စတင် သပိတ်မှောက်တဲ့ နေ့ကို အမျိုးသား အောင်ပွဲနေ့လို့ ခေါ်တာပါဗျာ။

ချိုကုပ်။ ။ အဲဒါက သမိုင်းတို့၊ ခဝဲခြံတို့၊ ကြို့ကုန်းတို့မှာ ကျန်ခဲ့ပြီ ဦးရုက္ခစိုးကြီး။ အခု ကျုပ်ကျင်းပနေတဲ့ အမျိုးသား အောင်ပွဲနေ့က အသစ်။ အမျိုးသားတွေ အောင်ဖို့ ကျင်းပတဲ့ပွဲ။ အမျိုးသမီးတွေ ကျရှုံးမယ့်ပွဲဗျ။ ဒါ ယတြာသဘောလည်း ပါတယ်။

ရုက္ခစိုး။ ။ သြော် ဟုတ်လား။ ချိုကုပ်ဒူးကြီးရဲ့ တိရစ္ဆာန်တွေက စုံလည်းစုံ၊ များလည်း များပဲနော်။

ချိုကုပ်။ ။ အခု လုပ်မယ့် လွှတ်တော်ထဲမှာ ပိုတောင် စုံသေးတယ်။

ရုက္ခစိုး။ ။ ခင်ဗျာ ...။ လွှတ်တော်ထဲမှာ တိရစ္ဆာန်ရုံပါ ဆောက်ထားလို့လား။

ချိုကုပ်။ ။ ဟာ … ဦးရုက္ခစိုးကလည်း … လွှတ်တော်ထဲမှာ ဘယ်လိုလုပ် တိရစ္ဆာန်ရုံ ဆောက်ရမှာလဲ။ ကျုပ်ပြောတာက လွှတ်တော်ထဲမှာ ကြံ့ဖွံ့အမတ်တွေ အစုံတွေ့ရမယ်လို့ ပြောတာ။ ၈၀ ရာခိုင်နှုန်း အနိုင်ယူ ထားတာလေဗျာ … ငှဲငှဲငှဲ။

ရုက္ခစိုး။ ။ သြော် … ကျုပ်က တိရစ္ဆာန်တွေ စုံတယ်လို့ ပြောတာပါ။

ချိုကုပ်။ ။ ဒါလား … ဒါက ကျုပ်ရဲ့နေပြည်တော်ကို အာဖရိက တောတွင်းလို ဖြစ်အောင် လုပ်မလို့လေ။ ဘယ်လောက် ကုန်ကုန် လုပ်ဦးမှာ။

ရုက္ခစိုး။ ။ မြန်မာပြည်နဲ့ အာဖရိက နည်းနည်းများ လှမ်းနေသလားလို့။

ချိုကုပ်။ ။ ဘယ်လောက် လှမ်းလှမ်းဗျာ။ တနေ့တလံ ပုဂံတောင် လေယာဉ်ပျံဖြစ် … အဲ … ပုဂံ ဘာဖြစ်တယ်ဆိုလား … စကားပုံ ရှိတယ်လေ။ အခုဆို ကျုပ်လက်ထက်မှာ ဘောလုံးအသင်းတွေတောင် အာဖရိက ဘောလုံးအသင်းတွေနဲ့ ပုံစံ တူလာပြီ မတွေ့ဘူးလား။

ရုက္ခစိုး။ ။ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကြည့်လိုက်တိုင်း ကွင်းထဲမှာ မည်းမည်း မည်းမည်းနဲ့ … အာဖရိက ဘောလုံးအသင်းတွေ အတိုင်းပဲ။

“ကန်နေတဲ့ မြန်မာဘောလုံး သမားတွေလည်း အာဖရိကက လူတွေလို မည်းခြောက် ပိန်ကပ်နေပြီ” ဟု ဦရုက္ခစိုးက စိတ်ထဲမှ ပြောလိုက်သည်။

ချိုကုပ်။ ။ အဲဒါပေါ့ … ချိုကုပ်ဒူးကြီးကို လျှော့မတွက်လေနဲ့။ အဲဒီတော့ နေပြည်တော်ကို အာဖရိက တောကြီးလို လုပ်မယ် ဆိုတာ ယုံပြီ မဟုတ်လား။

ရုက္ခစိုး။ ။ ဒါဆို တိရစ္ဆာန်တွေ အများကြီး လိုဦးမှာပေါ့နော်။

ချိုကုပ်။ ။ မလိုပါဘူး … နေပြည်တော်မှာ အကုန် ရှိပြီးသားပါ။ အခုဆို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ပေါင်းသင့်တာ ပေါင်းပြီး သေသေချာချာ ပြန်လည်ဖွဲ့စည်းဖို့ လုပ်နေပြီ။

ရုက္ခစိုး။ ။ ဟာ … ချိုကုပ်ဒူးကြီး နည်းနည်း လွဲနေပြီထင်တယ်။ ကျုပ်က အာဖရိက တောကြီးလိုဖြစ်ဖို့ တိရစ္ဆာန်တွေ လိုမယ်လို့ ပြောတာနော်။

ချိုကုပ်။ ။ ဟင် ဟုတ်လား။ ကျုပ်က ဝန်ကြီးအဖွဲ့ကို မေးတာမှတ်လို့ … ။ စကားကို သေသေချာချာ ရှင်းရှင်း လင်းလင်း ပြောစမ်းပါဗျာ။ ကျုပ်က ကျုပ်ခေါင်းထဲက အစီအစဉ်တွေနဲ့ ရောရော ကုန်တာ။

ရုက္ခစိုး။ ။ ဒါနဲ့ … အခု အသစ်တက်မယ့် အစိုးရကို ဘယ်လိုများ နာမည်စဉ်းစားထားလဲ။

ချိုကုပ်။ ။ (ချိုကုပ်ဒူးကြီးက အဝေးသို့ ငေးကြည့်ရင်း ပြုံးကာ) နာမည်လား … ဒေး ဆာဖာရီ လို့ ပေးထားတယ်။ ဘယ်လို သဘောရလဲ။ မိုက်တယ် မဟုတ်လား။

ရုက္ခစိုး။ ။ ဒေးဆာဖာရီ … ဟုတ်လား။ အင်း လုံးဝ အသစ်ပဲ။ ကျုပ်တော့ တခါမှကို မကြားဖူးဘူး။

ချိုကုပ်။ ။ ဟာ တော်တော်ညံ့တဲ့ ဦးရုက္ခစိုးကြီးပဲ။ ချင်းမိုင်က လာတယ်လည်း ပြောသေးတယ်။ ချင်းမိုင်မှာ နိုက် ဆာဖာရီ ရှိတယ်လေ။ အဲဒါမျိုးပဲပေါ့။

ရုက္ခစိုး။ ။ အဲဒါက တိရစ္ဆာန်ရုံကြီးပဲဟာ။

ချိုကုပ်။ ။ အင်းလေ … ကျုပ်ကလည်း အသစ် တိုးချဲ့မယ့် တိရစ္ဆာန်ရုံကို ပြောတာပဲဟာ။

ရုက္ခစိုး။ ။ ရှုပ်ကုန်ပြီ … ကျုပ်မေးတာက နောက်တက်မယ့် အစိုးရသစ် နာမည်ဗျ။

ချိုကုပ်။ ။ သြော် … ရှင်းရှင်းမေးတာ မဟုတ်ဘူး။ အဲဒါက မစဉ်းစားရသေးဘူးဗျ။ နာမည် လှလှလေး တခုခုတော့ ပေးမှာပါ။

ထိုစဉ် သူတို့နားသို့ ထိပ်ပြောင်ပြောင်နှင့် လူတဦး အမောတကော ရောက်ရှိလာသည်။ ထိုသူက “ချိုကုပ်ဒူးကြီး၊ ချိုကုပ်ဒူးကြီး … လုပ်ပါဦး … ကိုယ်ကျိုးတော့ နည်းပါပြီ” ဟု ငိုကြီးချက်မနှင့် ပြောလိုက်သည်။

ချိုကုပ်။ ။ သိန်းဂိန်ပါလား။ ဘယ်လို ဖြစ်လာတာလဲ။

သိန်းဂိန်။ ။ အောင်မလေး ကိုယ်ကျိုးနည်းပါပေါ့လား ချိုကုပ်ဒူးကြီးရဲ့။ ချိုကုပ်ဒူးကြီး ကြည့်ခိုင်းလို့ သွားကြည့်တာ … အခုတော့ လွတ်ကုန်ပြီ။

ချိုကုပ်။ ။ စကားကလည်း အရင်းမရှိ၊ အဖျားမရှိ၊ ဘာလဲဟ။ ဘာလွတ်တာလဲ။ ဘယ်သူလွတ်တာလဲ။

သိန်းဂိန်။ ။ ချိုကုပ်ဒူး မောင်ကွေးလေ။

ချိုကုပ်။ ။ သြော် … မောင်ကွေး လွတ်တာများ အဆန်းလုပ်လို့။ သောက်တာ များသွားလို့ နေမှာပေါ့။ သူ့မိန်းမကို ကော်ဖီကြမ်းတခွက် ဖျော်တိုက်ခိုင်းလိုက်။

သိန်းဂိန်။ ။ လွတ်တာက မောင်ကွေး မဟုတ်ဘူးဗျ။ မောင်ကွေးက မူးပြီး လွှတ်လိုက်လို့ ကြံ့ ၂ ကောင် လွတ်သွားတာ။

ချိုကုပ်။ ။ ဘာ … ဘာပြောတယ်။

သိန်းဂိန်။ ။ အာဖရိကက မနေ့ကမှ ရောက်လာတဲ့ ကြံ့ဖြူ ၂ ကောင် နေပြည်တော် တောထဲ ဝင်ပြေးသွားပြီ ချိုကုပ်ဒူးကြီး။ အဟီး … အီး … ကျနော်မျိုးကြီး သေသင့်ပါတယ်။

ချိုကုပ်။ ။ ခွေးခေါင်း ဓားစက် အသင့်ပြင်စမ်း … အာ … ယောင်လို့။ ဘာလို့ သေရမှာလဲ။ သေစရာမလိုဘူး။ မောင်မင်း … သေဖို့ မလိုသေးဘူး။ နောက်တက်မယ့် အစိုးရအဖွဲ့မှာ ခေါင်းရှောင်လုပ်ရဦးမှာ။

ချိုကုပ်ဒူးကြီးက သူ၏ တွန့်လိမ် ရှုံ့တွနေသော မျက်နှာကြီးကို မြင်မကောင်းရှုမကောင်းအောင် ပြုံး လိုက်သည်။ ဝန်ကြီးချုပ် ဦးသိန်းဂိန်ကတော့ ချိုကုပ်ဒူးကြီး ဘာကို ဆိုလိုမှန်းမသိသည့်အတွက် ကြောင်တက်တက် ဖြစ်နေသည်။

ချိုကုပ်။ ။ အဲဒါပဲ ဦးရုက္ခစိုးရဲ့ … ချိုကုပ်ဒူးကြီးကို လျှော့မတွက်နဲ့ ဆိုတာ အဲသဟာပြောတာ။ အခု ကြံ့ ၂ ကောင် လွတ်သွားတာ အရမ်းကောင်းတဲ့ နိမိတ်ပဲဗျ။

ရုက္ခစိုး။ ။ ဟုတ်လား … ဘယ်လိုကောင်းတာလဲ။ လုပ်ပါဦး။

ချိုကုပ်။ ။ ဘယ်လို ကောင်းသလဲ ဆိုတော့ကာ ... ဒါ ယတြာကျေတဲ့ သဘောဗျ။ ဒီ ကြံ့တွေသာ မလွတ်ရင် ကျုပ်ရဲ့ ကြံ့တွေ လွတ်ကုန်မှာလေ။ ရှင်းရှင်းပြောရရင် သိန်းဂိန်တို့လို ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တွေ ရူးကုန်မယ်လို့ ပြောတာ။ အခု ဒီ ကြံ့ ၂ ကောင်က လွတ်သွားပြီဆိုတော့ ယတြာကျေသွားပြီ။ အရမ်းကောင်းတယ်။ ကဲ သိန်းဂိန်။ ကြံ့တွေကို လွှတ်ပေးလိုက်တဲ့ မောင်ကွေးကို ဘလူးလေဘယ်လ် တလုံး အမြန်ဆုံးဆုချစမ်း။

“ဟုတ်ကဲ့” ဟု ပြောကာ … ဦးသိန်ဂိန် ကုတ်ချောင်းချောင်းဖြင့် လစ်သွားသည်။

ရုက္ခစိုး။ ။ ဟုတ်ပြီ ချိုကုပ်ဒူးကြီး။ ချိုကုပ်ဒူးကြီးရဲ့ အစိုးရသစ်အတွက် နာမည်သစ်တခု ကျုပ် စဉ်းစားလို့ရပြီ။

ချိုကုပ်။ ။ ဟုတ်လား … ပြောပါဦး။

ရုက္ခစိုး။ ။ ကြံ့လွတ် အစိုးရလို့သာ ပေးလိုက်။

ချိုကုပ်။ ။ ဟာ ကောင်းလိုက်တဲ့နာမည်။ ကြံ့လွတ် အစိုးရ … ကြံ့လွတ်အစိုးရ။

ဦးရုက္ခစိုးပေးသည့် နာမည်ကို သဘောကျလွန်းသဖြင့် ချိုကုပ်ဒူးကြီးက တတွတ်တွတ် ရွတ်ကြည့်နေသည်။ ဦးရုက္ခစိုးကတော့ ထိုသတင်းကို ဖိုးရှုပ်နှင့် ကြွက်စုတ်အား ပြောပြရန် ချိုကုပ်ဒူးကြီး ကျင်းပသော နေပြည်တော် အမျိုးသား အောင်ပွဲ အခမ်းအနားမှနေ၍ ချင်းမိုင်မြို့သို့ အတွင်းတန်ခိုးများသုံးကာ အမြန်ဆုံး ပြန်လာခဲ့ လေတော့သတည်း။

ယူအက်စ်ဒီပီကိုယ်စားလှယ်များအား ဗဟိုမှ အစီရင်ခံစာတောင်းဆို

ခိုနူမ်းထုန်သတင်း၊

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ရှူံးနိမ့်သွားသည့် ချင်းပြည်နယ်မှ ယူအက်စ်ဒီပီကိုယ်စားလှယ်များအား ၄င်းတို့ ရှူံးနိမ့်ရခြင်း အကြောင်းရင်းကို သက်ဆိုင်ရာ ပါတီဗဟိုဌာနချုပ်မှ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း အစီရင်ခံခိုင်းကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ဖလမ်းမြို့နယ် ယူအက်စ်ဒီပီပါတီခေါင်းဆောင်များသည် ၄င်းတို့ပါတီရုံးတွင် ယခုလ နောက် ဆုံးပါတ်က အစည်းအဝေး ကျင်းပခဲ့ကြသည်ဟု ၄င်းတို့ ပါတီဝင်တဦးက ပြောသည်။

“ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်တွေ တက်ရောက်ကြတယ်၊ မြို့နယ် ဥက္ကဌ ဦး ငွန်လာလ်းက ဦးဆောင်တယ်” ဟု အဆိုပါ ပါတီဝင်က ပြောသည်။ရွေးကောက်ပွဲရှူံးနိမ့်ရခြင်းနှင့် ပါတ်သက်ပြီး မည်သို့အစီရင်ခံမည်ကို တိတိကျကျ မသိရသော်လည်း ကိုယ်စား လှယ် လောင်း ၀င်ကြေးကို ဗဟိုမှ
ကျခံပေးခြင်းနှင့် ပါတ်သက်နိုင်သည်ဟု ပြောကြသည်။

“ အစီရင်ခံစာနှင့် ပါတ်သက်ပြီး ဦးနှောက်ခြောက်နေကြတယ်၊ ကိုယ်စားလှယ်လောင်းဝင်ကြေး ၅ သိန်း ကို ဗဟိုမှ ကျခံ ပေးထား တာတွေ ရှိသေး တော့ ပိုပြီး စိတ်ရှူတ်နေကြတယ်” ဟု ဖလမ်းမြို့ပေါ် လူကြီး တဦးက ပြောသည်။

ယူအက်စ်ဒီပီ ကိုယ်စားလှယ်လောင်းများသည် ဖလမ်းမြို့နယ် မဲဆန္ဒနယ် ရှိ လွှတ်တော်သုံးရပ်စလုံးတွင် ၀င်ရောက် ယှဉ် ပြိုင် ခဲ့ကြသော်လည်း
ကိုယ်စားလှယ်တဦးမျှ အနိုင်ရရှိခြင်းမရှိပဲ ချင်းတိုးတက်ရေးပါတီက အပြတ်အသတ် နိုင်သွား သည်။ ဟားခါးနှင့် ထန်တလန်မြို့နယ်များတွင်လည်း
ချင်းအမျိုးသားပါတီက ကိုယ်စားလှယ်နေရာအားလုံးတွင် အနိုင်ရ ရှိ သွား သည်။

“ ယူအက်စ်ဒီပီပါတီက လိုလေသေးမရှိအောင် ပြင်ဆင်ပြီးမှ ရွေးကောက်ပွဲဝင်တာဆိုတော့ သူတို့ရှူံးနိမ့် သွားတာ အတော် အံ့သြကြတယ်” ဟု
ဟားခါးမြို့ပေါ်မှ ကုန်သည်တဦးက ပြောသည်။

အလားတူ ချင်းပြည်နယ်တခြားမြို့နယ်ရှိ ရှူံးနိမ့်သွားသည့် ယူအက်စ်ဒီပီပါတီကိုယ်စားလှယ်များကို ပါတီဗဟိုဌာနချုပ်မှ အစီရင်ခံစာတင်သွင်း ခိုင်းကြောင်း သိရသည်။

ချင်းပြည်နယ် လွှတ်တော်သုံးရပ်စလုံးအတွက် မဲဆန္ဒနယ်မြေပေါင်း ၃၉ နေရာရှိသည့်အနက် ချင်းအမျိုးသားပါတီက ( ၉ ) နေရာ ၊ ချင်းတိုးတက်ရေးပါတီက ( ၁၁ ) နေရာ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ( ၁၈ )နေရာ နှင့် တိုင်း ရင်း သား လူမျိုးများဖွံ့ဖြိုးရေးပါတီက ( ၁ ) နေရာအသီးသီးရရှိကြသည်။

တပ်မတော်ကို စစ်အုပ်စု လက်ကိုင်တုတ် မလုပ်ရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း

သျှမ်းသံတော်ဆင့်

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်ပါဝင်ခဲ့ပြီး ယနေ့တိုင်သက်ရှိထင်ရှားရှိသူ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှူးချုပ် ကျော် ဇောက ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းတို့ တည်ထောင်ခဲ့သည့် တပ်မတော်ကို ပြည်သူ့တပ်မတော်အဖြစ် မြင်တွေ့လိုကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၃ ရက်နေ့၌ ကျရောက်သည့် သူ၏ ၉၁ နှစ်မြောက်မွေးနေ့အတွက် ပေးပို့သောသ၀ဏ်လွာတွင် ထိုသို့ တိုက် တွန်းထားခြင်းဖြစ်ပြီး လက်ရှိ တပ်မတော်အပေါ် အချက်နှစ်ချက် ပန်ကြားထားသည်။

“ရဲဘော်တို့တပ်မတော်သားတွေဟာ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ အခြေခံစိတ်ဓါတ်အောက်မှာ ရှေ့တိုက်ပွဲ များအတွင်း ပြည်သူ့ဘက်က ရပ်တည်ကြပါ ပြည်သူကို ရန်သူလိုသဘောမထားဖို့ တောင်းပန်ပါရစေ ”

စစ်အုပ်စုရဲ့လက်ကိုင်တုတ် ၊ လက်မရွံ့ကြေးစား ၊ တပ်သားများအဖြစ်မှ ရဲဘော်တို့ရုန်းထွက်ကြပါ ကျွန်တော်အခု အ သက် ၉၀ ကျော်ပါပြီ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ကျွန်တော်တို့မျိုးဆက်တည်ထောင်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးကို ပြည်သူ့တပ်မတော်ကြီးအဖြစ် ကျွန်တော်မသေခင် ပြန်လည်မြင်တွေ့ပါရစေ” ဟု ပန်ကြားလိုက်ခြင်း ဖြစ်သည်။

သူ၏ မွေးနေ့မင်္ဂလာ အခါသမယအတွက် ကဗျာဆရာ မောင်စွမ်းရည်နှင့် ငြိမ်းချမ်းသူက ဂုဏ်ပြုကဗျာများ ပေးပို့ထားပြီး မိသားစုဝင်များက တရုတ်နယ်စပ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းကျွေး ကောင်းမှုကုသိုလ် ပြုလုပ်ကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇောက ပြောသည်။

မြန်မာ့တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ် ကျော်ဇောအား အဖဦးပန်း အမိဒေါ်တင့်တို့မှ ဒီဇင်ဘာ ၃ ရက်နေ့ ၁၉၁၉ ခုနှစ်တွင် သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက် အနက် ဒုတိယ မြောက်သားဖြစ်သည်။

၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဂျပန်ပြည်သို့ စစ်ပညာသင်ကြားရန် ရဲဘော်သုံးကျိတ် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။ ၁၉၅၃ခုနှစ် မတ်လတွင် ရှမ်းပြည်အတွင်း ကွန်မင်တန် တရုတ်ဖြူတပ်များ ကျူးကျော်ဝင်ရောက်မှု့ကို တွန်းလှန် တိုက်ခိုက် သည့် ဗမာ့တပ်မတော် စစ်ဆင်ရေးများ၌ သူကိုယ်တိုင် ဦးဆောင်ခဲ့သည်။

၁၉၅ရခုနှစ် ဧပြီလတွင် ဗမာ့တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရကာ ၁၉ရ၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက် ရာ တရုတ်နယ်စပ်သို့ မိသားစုနှင့်အတူ ထွက်ခွာလာခဲ့ပြီး ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် တရုတ်ပြည်၌ ခိုလှုံကာ ယခု အခါ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့၌ နေထိုင်လျှက် ရှိသည်။

ကချင်ပြည်နယ်သို့ အစိုးရစစ်အင်အား နှင့် လက်နက်ကြီးများ ပို့ဆောင်နေ

KNG

မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်သို့ မြန်မာစစ်အစိုး၏ စစ်အင်အားနှင့် လက်နက်ကြီးများကို မန္တလေးမှ ဗန်းမော်သို့ နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပို့ဆောင်နေကြောင်းသိရသည်။

တရုတ်စစ်ကား ၁၂ စီးပါ အမြောက်လက်နက်ကြီးများ တင်ဆောင်လာသည့် စစ်ယာဉ်တန်း ဝင်ရောက်လာတာဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗန်းမော်မှ လိုင်ဇာ၊ မြစ်ကြီးနားဖက်သို့လည်း တင်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးမှ ဆိုသည်။

၎င်းက ဆက်ပြီး “ကားက ၁၀စီးပါ၊ ကားတစ်စီးပေါ်မှာ သူတို့က လက်နက်ကြီး တစ်လက်လက်နဲ့၊ စက်သေနက်တွေလည်း မျိုးစုံ၊ စစ်သားတွေက လေးငါးယောက်၊ လေးငါးယောက်ပါတယ်၊ စစ်သားတွေတော့ သိပ်မတွေ့ဘူး၊ လက်နက်ပဲသယ်ဖို့ လုံခြုံရေးလောက်ပဲ ပါတယ်။” ဟု ပြောသည်။

ယမန်နေ့ညနေပိုင်းတွင် မန္တလေးလမ်းဘက်မှ လက်နက်ကြီးတွေ တင်ဆောင်လာသည့် စစ်တပ်ကားအစီး ၅စီး မြို့ထဲထပ်ဝင်လာပြီး သင်္ဘောဖြစ်လည်း လက်နက်ကြီးတွေ သယ်ပို့နေသည်ဟု ဒေသခံတစ်ဦးမှပြောသည်။

သေနတ် သယ်ဆောင်လာသည့် စစ်တပ်ကားမြင်ခဲ့ရသည့် ဈေးသည်၊ ဒေသခံများက တုန်လှုပ်သွားကြကာ စစ်ဖြစ်မှာကို ကြောက်လန့်နေကြသည်ဟု ဒေသခံမှပင် ပြောသည်။

“အရင်တစ်ခေါက်က ဒီအောက်ပိုင်းကနေသယ်လာတာ မဟုတ်ဘူးထင်တယ်၊ သူတို့ စစ်တပ်တွေဆီကနေ စုဆောင်းပြီး အမြောက်ကြီး၊ သေနက်ကြီးတွေ ဒီမြို့ဘက်ကနေ ပတ်ပြီး လိုက်သယ်ပြတာ။ ဒေသခံတွေကိုကြတော့ သယ်လာတာပဲပြတာ၊ ပြည်သူတွေကို ခြောက်နေသလိုပဲ” ဟု လက်နက်တင်ကားကြီးမြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးမှပင် သုံးသပ်ပြောဆိုသည်။

စစ်အစိုးရဖက်မှ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်အနီး မြို့များတွင် စစ်အင်အားနှင့် လက်နက်ကြီးများ တိုး၍ပို့ဆောင်ထားသလို ပြည်တွင်းရှိ KIO ဆက်ဆံရေးရုံးများအားလည်း ပိတ်ပင်လိုက်သည်။

တရုတ်နယ်စပ်အနီး KIO ဌာနချုပ်လိုင်ဇာမှတဆင့် နှစ်နိုင်ငံကုန်အ၀င်အထွက်အားလုံးကို လိုင်ဇာနှင့် အဓိကဆက်သွယ်သော မြန်မာစစ်အစိုးရထိန်းချုပ်သည့် လဂျားယန်ဂိတ်စုပေါင်းဂိတ်တွင် လုံးဝ ပိတ်ပင်ထားသည်မှာ နှစ်ပတ်နီးပါးရှိလာပြီဖြစ်သည်။

အခုလိုပိတ်ပင်မှုနောက်ပိုင်း KIO မှလည်း လိုင်ဇာမြို့ရှိ ကုန်သည်များအား ပြောင်းရွှေ့ကြရန် သတိပေးပြောဆိုလာသည်။

ကြံ့ဖွံ့အာဏာပိုင်က ပြည်သူများထံမှ အဓမ္မ ငွေကြေးကောက်ခံ

ရိုးမ ၃

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအာဏာပိုင်များ၏ အကြောင်းပြ ငွေကြေးကောက်ခံမှုများကြောင့် မြို့ခံများ မကျေမနပ်ဖြစ်နေကြသည်။

မရမ်းကုန်းမြို့နယ်၊ သမိုင်း (၂) ရပ်ကွက်၊ မိသားစုလမ်းတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ လမ်းခင်းပေးမည်ဟုပြောပြီး ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်သူ ရာအိမ်မှူးက တအိမ်ထောင်လျှင် ငွေ ၅,၀၀၀ ကျပ် ကောက်ခံနေခြင်းကြောင့် မကျေမနပ်ဖြစ်နေကြောင်း မြို့ခံတဦးက ပြောသည်။

“လမ်းထဲက လူတွေက နေ့စားအလုပ်သမားတွေ၊ တနေ့လုပ်မှ တနေ့စားရတာဆိုတော့ မပေးနိုင်ကြဘူး၊ မပေးနိုင်တဲ့ လူတွေ ရုံးမှာ လိုက်ရှင်းဆိုပြီး ပြောတယ်၊ ငွေကိုလည်း အတင်းကောက်နေတယ်၊ လူတွေလဲ တော်တော်မကျေနပ်ဖြစ်နေတယ်။ အဲဒီလမ်းထဲက လူတစ်ချို့က ပိုက်ဆံမပေးနိုင်လို့ မခင်းပေးနိုင်ဘူးဆိုလဲ သူတို့နေရာကို ကွက်ချန်ပြီး မခင်းပေးနဲ့လို့ ပြောလိုက်တယ်။ ရပ်ကွက်လူတွေ သူတို့ဖာသာ ကိုယ်ထူကိုယ်ထ ခင်းနေကြတယ်” ဟု ပြောသည်။

အဆိုပါ ရာအိမ်မှူးမှာ ရပ်ကွက်အတွင်း လာဘ်ပေးလာဘ်ယူကိစ္စများ ပြုလုပ်နေခြင်းကြောင့် ပြည်သူလူထုက မကျေနပ်မှုများ ပိုများနေကြောင်း မြို့ခံက ဆက်ပြောသည်။

“သူ ကြည့်မရတဲ့ သူတွေဆိုရင်လဲ ဧည့်စာရင်းတိုင်ရင် ပြဿနာ ခဏခဏ တက်တယ်။ သူက ဧည့်စာရင်းတိုင်ခွင့်မပေးဘူး လုပ်တယ်၊ ငွေပေးမှပဲ ပြေလည်တဲ့ အခြေအနေဖြစ်နေတာ” ဟု ဆက်ပြောသည်။

ကြံ့ဖွံ့အဖွဲ့ဝင် အာဏာပိုင်များအနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက လမ်းခင်းပေးမည်ဟု အကြောင်းပြ၍ ထောက်ခံမဲများ အတင်းအကြပ် လုပ်ယူခဲ့ပြီး ရွေးကောက်ပွဲတွင်လည်း နည်းမျိုးစုံဖြင့် လိမ်လည်မှုများ ပြုလုပ်ခဲ့ကြသည်။

ရွေးကောက်ပွဲလွန် အလားအလာ

လင်းသန့်

မြန်မာနိုင်ငံမှာ ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲကတော့ သမိုင်းမှာ လိမ်လည်မှု အများဆုံး ဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး ပြဿနာတွေ၊ နှစ်ပေါင်းများစွာကတည်းက မရှင်းလင်းနိုင်သေးတဲ့ တိုင်းရင်းသားပြဿနာတွေ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးမယ့် ထွက်ပေါက်တရပ် မဟုတ်ဘူးလို့ အများကလက်ခံ ယုံကြည်ထားကြပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့ ကျောင်းသားအင်အားစုများကတော့ ဒီရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်တဲ့ အဖြေမဟုတ်ကြကြောင်း အတိအလင်း ပြောဆိုထားကြပါတယ်။ အခုဆိုရင် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးအတွက် နိုင်ငံရေးအင်အားစုများက အင်တိုက်အားတိုက် လုပ်ဆောင်နေကြပါတယ်။

မြန်မာနိုင်ငံမှာ တောက်လျှောက် ရင်ဆိုင်နေခဲ့ကြရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာ အစရှိတဲ့ ပြဿနာများကို အဖြေရှာ ကုစားကြတဲ့နေရာမှာ ပြဿနာရှိနေတယ်ဆိုတာကို ပထမဆုံး အသိအမှတ်ပြုဖို့က အခြေခံ အကျဆုံး အဆင့်ပဲဖြစ်ပါတယ်။

ပြဿနာကို လက်ခံအသိအမှတ်ပြုခြင်း

မြန်မာနိုင်ငံမှာ ယနေ့အထိ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခတွေက လွတ်လပ်ရေး မတိုင်ခင်ကာလ ကိုလိုနီ လက်ထက်ကတည်းက သန္ဓေတည်လာခဲ့တဲ့ ကိုလိုနီစနစ်ရဲ့ ဆိုးမွေတွေပါ။ နောက်ထပ် ဆိုးမွေတခုကတော့ အယူအဆရေးရာ ကမ္ဘာ့ရေစီးကြောင်းဆိုင်ရာ ဂလိုဘယ် ရိုက်ခတ်မှုရဲ့ ဆိုးမွေပါ။ လက်ဝဲ၊ လက်ယာ အယူအဆနဲ့ လူမျိုးရေးဆိုင်ရာ ဖြစ်တည်မှု၊ သမိုင်းဆိုင်ရာ အငြင်းပွားမှုတွေက လွတ်လပ်ပြီးစ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ။ သို့ပေမယ့် တိုင်းပြည်ရဲ့ စီးပွားရေးဟာ အရှေ့တောင်အာရှမှာ ရှေ့တန်းက ရှိနေခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကာလကတည်းက တိုင်းပြည်မှာ ရင်ဆိုင်လာခဲ့ကြရတဲ့ ပြဿနာတွေက အတိုးနဲ့တင် ပြဿနာထဲ နစ်မွန်းနေကြရတာပါ။ နိုင်ငံသားတိုင်း ယနေ့ခံစားနေကြရတာပါ။ ပါလီမန် ဒီမိုကရေစီ ကာလတလျှောက် ပြဿနာတွေကို ထိုစဉ်က ဝန်ကြီးချုပ် ဦးနုဦးဆောင်ပြီး တိုင်းရင်းသားများနဲ့ရော ကျန်အင်အားစုများနဲ့ပါ အဖြေတခုထွက်ပေါ်လာမယ့် လမ်းစကိုရရှိပြီး ၁၉၆၂ ခု အသံလွှင့်ရုံမှာ ဆွေးနွေးနေခဲ့စဉ်မှာပဲ ဗိုလ်ချုပ်ကြီး နေဝင်းက တိုင်းပြည်အာဏာ အရပ်ရပ်ကို သိမ်းပိုက်ခဲ့တယ်။ နိုင်ငံရေးခေါင်းဆောင်များနဲ့ စစ်အစိုးရအဖွဲ့ဝင်တွေကိုပါ ထောင်သွင်း အကျဉ်းချလိုက်တယ်။

အကြောင်းပြချက်ကတော့ တိုင်းပြည်မှာ ဖက်ဒရယ်စနစ်ကြောင့် တိုင်းပြည်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့မယ်ဆိုပြီး ဖက်ဒရယ်ရှော့ခ်ကို ဖန်တီးအသက်သွင်းခဲ့တာပါ။ တကယ်တော့ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်များနဲ့ တိုင်းရင်းသား ခေါင်းဆောင်များအကြား တစုံတရာနားလည်မှုရပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ လုပ်ဆောင်နေဆဲ အဆင်ပြေတဲ့ အရိပ်အယောင်တွေကို တွေ့လိုက်ရတာကြောင့် အာဏာကို အမြန်သိမ်းယူလိုက်တာပါ။ ဒါဟာပြဿနာကို ပြေလည်စေလိုစိတ်မရှိတဲ့ စစ်ခေါင်းဆောင် ဦးနေဝင်းရဲ့ ရှိနေတဲ့ပြဿနာကို ရှောင်ကွင်းဖို့ ကြိုးစားမှုတရပ်ဆိုတာ အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။

နောက် ဗိုလ်ချုပ်ကြီးနေဝင်းဟာ တော်လှန်ရေးကောင်စီ အဖြစ်ကနေ ဆိုရှယ်လစ်လမ်းကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုပြီး တည်ထောင်တယ်။ ပြီးတော့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တဘက်သတ် ရေးဆွဲခဲ့ပါတယ်။ ထိုစဉ်က နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတွေရဲ့ ပြဿနာတွေကို မျက်နှာလွှဲ ရှောင်ရှားပုံပြောင်းပြီး ဗိုလ်ချုပ်ကြီး နေဝင်းကို အာဏာအပ်နှင်းလိုက်တာပါ။

တိုင်းရင်းသားဒေသတွေမှာလည်း ယမ်းငွေ့တွေ တထောင်းထောင်းနဲ့ အမျိုးသားချင်း ကျွန်ပြုနှိပ်စက် သတ်ဖြတ်မှုတွေနဲ့ စစ်တပ်တန်ခိုးကြီးအောင်ပဲ လုပ်ဆောင်ပြီး ပြေလည်စေမယ့် လမ်းစတွေကို ရှောင်ကွင်းနေခဲ့တာပါပဲ။

နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးပြဿနာရှိနေရင် ဒီပြဿနာကို အရင်လက်ခံ အသိအမှတ်ပြုရမှာပါ။ ပြီးရင် ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းကြရမှာပါ။ အခုတော့ မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက် နိုင်ငံရဲ့ ပြဿနာတွေကို ရှောင်လွှဲဖို့ ကြိုးစားရင်း ပြဿနာရဲ့အရှိန် (သို့မဟုတ်) အတိုးတွေဟာ များသည်ထက်များလာပြီး ပြဿနာတွေကတော့ ပျောက်မသွားခဲ့ပါဘူး။ ဒီလိုနည်းတွေနဲ့ ပြဿနာကို ပျောက်ပျက်သွားအောင်၊ ပြေလည်သွားအောင် လုပ်လို့မရတာကတော့ အသေအချာပါ။

အခုလည်း စစ်အစိုးရဟာ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းလိုစိတ်မရှိဘဲ ရွေးကောက်ပွဲ အသစ်တခု ကျင်းပပေးလိုက်ခြင်းဟာ ပြဿနာတွေရဲ့ ထွက်ပေါက်၊ အဖြေလို့ မှားယွင်းစွာ ယူဆလုပ်ဆောင်နေတာကို ကြည့်ခြင်းအားဖြင့် ဒီရွေးကောက်ပွဲ အလွန်ကာလများမှာလည်း ဆက်လက်ရှိနေဦးမယ့် နိုင်ငံရေးပြဿနာတွေက ဒုနဲ့ဒေးပါ။ ဒါဟာ မကောင်းတဲ့ စရိုက်တခုပါ။ ရင်မဆိုင် မဖြေရှင်းဘဲ ဘယ်အရာမှ ပြေလည်သွားတယ်ဆိုတာ မရှိပါဘူး။ စစ်ခေါင်းဆောင် အဆက်ဆက်က ဒီမိုကရေစီ အင်အားစုများနဲ့ နိုင်ငံရေး အင်အားစုများကို တလျှောက်လုံး အသိအမှတ်မပြုခဲ့ပါဘူး။ ဒါဟာပြဿနာများရဲ့ အခြေခံဖြစ်နေတာကို စစ်ခေါင်းဆောင်များ သိထားသင့်ပါတယ်။ စစ်ခေါင်းဆောင်များကလည်း ဒီပြဿနာရဲ့ အစိတ်အပိုင်း ဖြစ်နေတယ်ဆိုတာကို မေ့လျော့နေကြတယ်။

ရှိနေတဲ့နိုင်ငံရေးပြဿနာကို ဒီမိုကရေစီ အင်အားစုများကရော စစ်အာဏာရှင်များကပါ သိနေကြပေမယ့် ရှောင်လွှဲတဲ့ မဟာဗျူဟာတွေကို သုံးနေဆဲပါ။ ငါးပွက်ရာ ငါးစာချနေကြမယ့်အစား သိနေတဲ့ နိုင်ငံရေးပြဿနာတွေကို လက်ခံအသိအမှတ်ပြုပြီး ဘယ်လိုအဖြေရှာကြလဲဆိုတာက ပိုအရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ပြဿနာများက အခုအချိန်မှာတော့ စစ်တပ်နဲ့ နိုင်ငံရေး ပူးနေတာကနေ မြစ်ဖျားခံလာခဲ့တာလည်း ဖြစ်တယ်။

စစ်တပ်နဲ့ နိုင်ငံရေး

မြန်မာနိုင်ငံမှာတော့ စစ်တပ်နဲ့ နိုင်ငံရေး ဆက်စပ်မှုကိုပြောရင် လွတ်လပ်ရေး အကြိုကာလ ဘီဒီအေ၊ ဘီအိုင်အေ စစ်တပ် ဆိုတာတွေက တချိန်က နိုင်ငံရေးကို တက်ကြွစွာနဲ့ မြန်မာ့လွတ်လပ်ရေးကို ဦးဆောင်လာခဲ့ကြသူတွေပါ။ မြန်မာစစ်တပ် စတင်သန္ဓေတည်ခဲ့တာက နိုင်ငံရေးသမားတွေနဲ့ စတင်လာခဲ့တာပါ။ ဒါပေမယ့် ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် စစ်တပ်နဲ့ နိုင်ငံရေးကို စည်းခြားပြခဲ့တာကိုတော့ သင်ခန်းစာမယူခဲ့ကြပါဘူး။

တကယ်တော့ စစ်သားဆိုတာက နိုင်ငံရေးမှာ အစိုးရတရပ်ရဲ့ ဝန်ထမ်းမျှသာဖြစ်ရပါမယ်။ ဒါပေမယ့် စစ်တပ်ဟာ နိုင်ငံရေးမှာ ဦးနေဝင်း မွေးဖွားပေးလိုက်တဲ့ စစ်သားလူတန်းစားသစ်အဖြစ် အခုဆို ထင်ထင်ရှားရှား ရပ်တည်လာပြီး စစ်တပ်က နိုင်ငံရေးမှာ အမြဲတမ်း ဦးဆောင်ပါဝင်မှသာ တိုင်းပြည်မှာ ငြိမ်းချမ်းရေးကိုရမယ် ဆိုတာတွေကို တပ်တွင်းပညာပေးရေးတွေမှာ အစဉ်တစိုက် သူတို့မျိုးဆက်သစ်တွေကို ရိုက်သွင်းလာတဲ့ အချက်ဆိုတာ မမေ့နေကြသင့်ပါဘူး။

တလျှောက်လုံး စစ်တပ်တွင်းသဘောတရား သင်တန်းများမှာ တပ်မတော်မရှိရင် တိုင်းပြည်ဟာ အချိန်မရွေး တိုင်းတပါးကျွန် ပြန်ဖြစ်မယ်ဆိုတဲ့ အချက်ကို သင်ကြားပို့ချမှုရဲ့ နောက်ကွယ်မှာ အများကြီးရှိနေပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ၊ ဦးစိန်လွင် အစိုးရ၊ ဒေါက်တာ မောင်မောင် အစိုးရ၊ နဝတ စစ်ကောင်စီ အစိုးရ၊ နအဖ အစိုးရ အဆက်ဆက် စစ်တပ်က အချိန်တွေယူပြီး နိုင်ငံရေးရဲ့ ရှေ့တန်းအခန်းကဏ္ဍမှာ အမြဲတည်ရှိနေစေရေးကို နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါ မတရား အင်အားသုံး ထည့်သွင်းရေးဆွဲခဲ့တာပဲ။

တိုင်းရင်းသား လက်နက်ကိုင်တပ်များကို ဘုံရန်သူလက်ညှိုးထိုးပြီး စစ်တပ်တန်ခိုးကြီးထွားအောင် စစ်တပ်လူတန်းစားသစ် အဖြစ်နဲ့ သွတ်သွင်းခဲ့တာပါ။ ဒီအခြေအနေဆိုးကြီးကို နားလည်လာတဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေကိုရော နောက်လိုက်နောက်ပါတွေကိုရောကို တပ်တွင်းမှာ ဖြုတ်ထုတ်ပယ်ရှင်း လုပ်လာခဲ့တာဟာ ဒီမိုကရေစီစနစ်ကို တောင့်တနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အားသာချက်တရပ်လည်း ဖြစ်တယ်။ ဒီအားသာချက်ကို အပိုင်အနိုင် အသုံးချပြီး စစ်တပ်နဲ့ နိုင်ငံရေးကို ခွဲခြားလုပ်ဆောင်ဖို့ကတော့ အတော်ကြီးကို အချိန်ယူ လုပ်ဆောင်ကြရမှာပဲ။

ဒီနေရာမှာ ဒီမိုကရေစီစနစ်ကို လေးစားတန်ဖိုးထား လိုချင်သူတွေအနေနဲ့ကတော့ မိမိတို့ကိုယ်တိုင် ဒီမိုကရေစီနှုန်းစံတွေကို လိုက်နာကျင့်သုံး ကြရမှာပါ။ ဒီမိုကရေစီ အင်အားစုများအနေနဲ့ ခိုင်မာရှင်းလင်းပြတ်သားတဲ့ မဟာဗျူဟာတွေကို သေချာစီစဉ် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာပါ။ ဒီမိုကရေစီ အင်အားစုအနေနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး နိုင်ငံရေးအဖြေရှာမှုများကို အပြုသဘောဆောင် လုပ်ဆောင်ကြရမှာပါ။ ဒီဖြစ်စဉ်ကို လုပ်ဆောင်ကြရာမှာ အလွန်သိမ်မွေ့တာကိုလည်း သိရှိနားလည်ထားကြရမှာပါပဲ။

ဒီမိုကရေစီ အင်အားစုများအနေနဲ့ မိမိတို့ရဲ့ ဖြစ်တည်မှုအခြေအနေများကို အချင်းချင်းလေးစားပြီး ပူးပေါင်းလုပ်ဆောင်သွားနိုင်ကြဖို့က ပိုပြီး အခရာကျပါတယ်။ စစ်တပ်ဘက်ကလည်း မိမိတို့ ဒီမိုကရေစီအင်အားစုများရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို အလေးထားပြီး အသိအမှတ်ပြုလာစေရေးနဲ့ မိမိတို့ ဒီမိုကရေစီအင်အားစုများကို လေးစားလာစေရေးအတွက် ကြိုးပမ်းကြရမှာပါ။

အပြန်အလှန်လေးစားမှု

အပြန်အလှန်လေးစားမှု မရှိခဲ့တဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေရဲ့ အကျိုးသက်ရောက်မှုဟာ လက်ရှိအာဏာကို ဆုပ်ကိုင်ထားတဲ့ စစ်တပ်ရော၊ အင်အားစုအားလုံးရော၊ နိုင်ငံသားတိုင်းပါ ခံစားနေကြရတာပဲ။ ဒီပြဿနာကို ပြေလည်အောင်အတွက် အစပျိုးလုပ်ဆောင်ကြရမှာကတော့ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ ဒီမိုကရေစီ အင်အားစုများပါပဲ။

စစ်တပ်မှာ ဘာမှ ဒီမိုကရေစီမရှိဘူး။ မရှိတဲ့ ဒီမိုကရေစီကို တောင်းယူလို့လည်း မရဘူးပါဘူး။ တိုက်ယူရအောင်လည်း ဒီမိုကရေစီ အင်အားစုများအနေနဲ့ တိုင်းရင်းသားအင်အားစု လက်နက်ကိုင်များ အခုထိ တစုတစည်းတည်း ခိုင်မာစွာ မဖွဲ့စည်းနိုင်သေးပါဘူး။ ၁၉၈၈ အလွန်ကာလများမှာလုပ်ခဲ့တဲ့ မြန်မာပြည် ဒီမိုကရေစီ မဟာမိတ် အဖွဲ့ချုပ် (Democratic Alliance of Burma - DAB) ဆိုတဲ့ ၂၃ ဖွဲ့ပါ လက်နက်ကိုင် အင်အားစုများရော၊ နိုင်ငံရေး အင်အားစုများရောပါဝင်တဲ့ မဟာမိတ်အဖွဲ့ကြီးကလည်း ခိုင်မာတဲ့အခြေမရှိခဲ့လို့ စစ်အုပ်စုရဲ့ သွေးထိုးဖဲ့ထုတ်တာတွေနဲ့ အင်အားဆုတ်ယုတ်ခဲ့ရတယ်။

ပြန်ကြည့်ရင် ၁၉၈၈ ဒီမိုကရေစီတော်လှန်ရေးကြီးကြောင့် တိုင်းရင်းသားများနဲ့ နိုင်ငံရေး အင်အားစုများ ညီညွတ်ရေးနဲ့ နားလည်မှု တစုံတရာရခဲ့တာကို မှန်ကန်တော်တည့်စွာ အသုံးမချနိုင်ခဲ့ကြပါဘူး။ ၁၉၉၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးရဲ့ ရလဒ်အဖြစ် လွှတ်တော်အမတ်များရဲ့ ပြည်ပထွက်သွားပြီး တည်ထောင်လိုက်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ကလည်း အစိုးရတရပ်ရဲ့ ကြန်အင်လက္ခဏာများကို ဖော်ဆောင်နိုင်မှု အားနည်းခဲ့တယ်။ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း အချင်းချင်း အပြန်အလှန်လေးစားမှုတွေ အားနည်းပြီး အဖွဲ့အစည်းမျိုးစုံကို ဖွဲ့စည်းတည်ထောင်ခဲ့ကြတယ်။ မိမိတို့နေရာရရေး၊ ထင်ပေါ်ကျော်ကြားရေးနဲ့ တချို့ဆို လုပ်စားနိုင်ငံရေး လုပ်ဆောင်နေကြတာတွေဟာ အတော်ကြီး အကျည်းတန်တာပါပဲ။ အမှန်အကန်လုပ်ဆောင်နေကြသူတွေ၊ တော်လှန်ရေးထဲ နှစ်လုပ်နေသူတွေကြောင့်သာ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု တချို့အတွက် ဆက်လက်ရပ်တည်နိုင်တာကို တွေ့ကြရမှာပါ။

အထက်က ပြောခဲ့သလိုပဲ နိုင်ငံရေးအဖြေရှာမှုမှာ Three M လို့ခေါ်တဲ့ Mutual Recognition (အပြန်အလှန် အသိအမှတ်ပြုခြင်း), Mutual Respect (အပြန်အလှန် လေးစားခြင်း) နဲ့ Mutual Understanding (အပြန်အလှန် နားလည်မှုရှိခြင်း) ဆိုတာတွေကို ဆောင်ကျဉ်းနိုင်ပြီးတော့ Two Co လို့ခေါ်တဲ့ Co-ordination (ပူးပေါင်း ညှိနှိုင်းမှု) နဲ့ Co-operation (ပူးပေါင်း အကောင်အထည်ဖော်မှု) လုပ်ဆောင်နိုင်မှသာ မြန်မာ့နိုင်ငံရေးအဖြေတရပ်ကို အချောအမွေ့ အညင်သာဆုံးရှာနိုင်မှာပါ။

နိုင်ငံရေးဆိုတာကလည်း အခု ရွေးကောက်ပွဲပြီးသွားလို့ နိုင်ငံရေးပြီးဆုံးသွားတာ မဟုတ်ဘူး။ လူဆိုတာရှိနေသရွေ့ နိုင်ငံရေးဆိုတာ ရှိနေမှာပါပဲ။ ကမ္ဘာ့လိမ်လည်မှု အများဆုံး ရွေးကောက်ပွဲ ပြီးဆုံးသွားခြင်းနောက်မှာတော့ ဆက်လက်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေက ဆက်တည်ရှိနေမှာပဲ။ အချိုးအကွေ့တွေကို ဘယ်လိုကျော်ဖြတ်မယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုများအနေနဲ့ ပိုမိုခက်ခဲတဲ့ လမ်းတွေကို လျှောက်ကြရတော့မှာပါ။

ရွေးကောက်ပွဲ နောက်ဆက်တွဲအနေနဲ့ မဲမသမာမှုများကို ဖော်ထုတ်ကြမယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ပေါ်စေရေး ဆက်လက်ကြိုးစားကြမယ်။ ရွေးကောက်ပွဲ အပြီးတိုင်းပြည်မှာ စစ်တပ်တတပ်တည်း ရှိရမယ်ဆိုတဲ့အချက်ကို နောက်လာမယ့် အရပ်သားအမည်ခံ စစ်အစိုးရက ဖော်ဆောင်လာမယ့် နောက်ကွယ်မှာ ယုံကြည်လက်ခံနိုင်စရာ မရှိတာနဲ့ မိမိတို့ တိုင်းရင်းသားအရေးတွေအတွက် အာမခံချက်မရှိလို့ လက်နက်ကို ဆက်လက်ကိုင်ဆောင်ကြမယ့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းရေးစစ်ပွဲတွေ ဆက်တိုက်ပေါ်လာမယ်။ နယ်စပ်မှာ စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ အိမ်နီးချင်းတွေဆီကို ထွက်ပြေးတိမ်းရှောင်ကြရမယ်။ ဒုက္ခသည်အရေးတွေ ပိုပြီးဖြေရှင်းကြရမယ်။

နိုင်ငံရေးအကျဉ်းသားတွေ အရေအတွက်ဟာ အများကြီး တိုးပွားလာတော့မယ်။ မကျေနပ်မှုတွေကို ခေါင်းငုံ့မခံလိုတဲ့ တက်ကြွသူတွေက လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြပွဲကြီးတွေ ဖြစ်လာမယ်။ ရွေးကောက်ပွဲရလဒ်ကို ဒီမိုကရေစီ စံနှုန်းထားတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ငြင်းပယ် လက်မခံသလို တရုတ်လိုနိုင်ငံတွေက ဆက်လက်ထောက်ခံပြီး စစ်အာဏာရှင်ကို ဆက်ပြီးကျားကန်ပေးနေမယ်။ ဒီလိုနဲ့ ဒီမိုကရေစီနိုင်ငံများနဲ့ တရုတ်လို ကိုယ်ကျိုးစီးပွားကြည့်ကြတဲ့ နိုင်ငံများအကြား မြန်မာနိုင်ငံဟာ နိုင်ငံရေး စစ်တလင်းဖြစ်နေလာခဲ့တယ်။ ရက်စက်တဲ့ လူမဆန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်လာမယ်။ စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကတော့ ဆီးကြိုနေပါပြီ။

ဒါတွေကို တာဝန်ယူ ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးခေါင်းဆောင်များဟာ Three Knows လို့ခေါ်တဲ့ Know Yourself, Know Your People, Know Your Subject တွေကိုတော့ သိထားကြရမှာပါ။ အထူးသဖြင့်တော့ ပေါ်လစီကို အကောင်အထည် ဖော်တဲ့သူတွေက အဓိကပဲလို့ဆိုချင်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ စဉ်းစားဆုံးဖြတ်ချက်တိုင်းဟာ နိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားများ အကျိုးကိုသာ ဦးတည်လုပ်ဆောင်သင့်ကြပါတယ်။ မိမိတို့ပါတီ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ ဂိုဏ်းဂဏများ၊ လူပုဂ္ဂိုလ် အကျိုးစီးပွားများကို ရှေ့တန်းမတင်ဖို့က အထူးပဲအရေးကြီးပါတယ်။

မြန်မာ့နိုင်ငံရေးဟာ ပြည်တွင်းမျက်နှာစာမှာရော ပြည်ပနိုင်ငံတကာ မျက်နှာစာများမှာပါ အောင်မြင်အောင်လို့အတွက် စနစ်တကျ ဆောင်ရွက်နေကြရမှာပါ။ သပိတ်စုံ သူပုန်ထဖို့ဆိုတဲ့ အခြေအနေတွေကိုတော့ အခုထိမျှော်လင့်လို့ မရသေးပါဘူး။ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်ချေ အားလုံးကိုကြိုတင်တွက်ဆထားပြီး အားလုံးအတွက် အဆင်အသင့် ဖြစ်နေစေရေးအတွက် ဒီမိုကရေစီနိုင်ငံအင်အားစုများ အချင်းချင်းတံတောင်တွတ် သန်မနေကြဘဲ လက်သီးထိုးသန်ဖို့ လိုပါတယ်။ မျက်နှာစာအားလုံးမှာ မိမိတို့ အင်အားစုများက မိမိတို့တာဝန်ဝတ္တရားများကို ခွဲဝေလုပ်ကိုင်ကြပြီး အားလုံးဟန်ချက်ညီညီ လှုပ်ရှားနိုင်ရေးအတွက် ပိုအရှိန်မြှင့်ကြရတော့မှာ ဖြစ်ပါတယ်။

လက်တွေ့အဖြစ်နိုင်ဆုံးတွေကနေ စတင်လုပ်ဆောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အင်အားစုများရဲ့ နိုင်ငံရေးရေချိန်ကလည်း ရင့်ကျက်တဲ့ အခြေအနေတရပ်ကို ပိုပြီးလျှောက်လှမ်း ကြရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ အလွှာအသီးသီးမှ နိုင်ငံရေး တက်ကြွသူများအနေနဲ့ ပြည်တွင်း နိုင်ငံရေးဖြစ်စဉ်တွေကို ပိုမိုကြမ်းတမ်းခက်ခဲတဲ့ လမ်းတွေပေါ် လျှောက်လှမ်းလုပ်ဆောင်နေမှုများကို နိုင်ငံရေးအင်အားစုအားလုံးက ဟန်ချက်ညီ ပူးပေါင်းအားဖြည့်ပေးဖို့ အမြဲ အဆင်သင့် ဖြစ်နေကြမှာပါ။ အကောင်းမြင်၊ အဆိုးမြင်တာတွေကို စွန့်လွှတ်ပြီး အရှိမြင်တရားတွေနဲ့ ချဉ်းကပ်လုပ်ဆောင်နိုင်ကြမှသာ မြန်မာ့နိုင်ငံရေးအဖြေကို မနှေးအမြန်ရနိုင်မှာဖြစ်ပါတယ်။

အရှိမြင်တရားများနဲ့ နိုင်ငံရေးရင့်ကျက်မှုတို့ဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပြောင်းအလဲကို မိမိတို့ကိုယ်တိုင် သမိုင်းစာမျက်နှာများပေါ်တွင် ကမ္ဗည်းထိုး မှတ်ကျောက်တင်မှုများပြုလုပ်ကြပြီး ဒုတိယလွတ်လပ်ရေး တိုက်ပွဲကြီးအတွက် စစ်အာဏာရှင်ကို အန်တုတော်လှန်ကြပါစို့။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,4th,2010

( 26 )အရှေ့ခြမ်းမှ နှစ်လုံးထီ အနောက်ခြမ်းထိ ရောက်လာ၍ လူမူရေး မတည်ငြိမ်မူများ ပေါ်ပေါက်

( 25 )Vietnam shrugs off indifferent form with 7-1 Myanmar thrashing

( 24 )ဘင်္ဂလာဒေခ်ျ့ ကဗျာပွဲတော် မြန်မာ ကဗျာဆရာများ ပါဝင်မည်

( 23 )Suu Kyi urges Obama to ink Mine Ban Treaty

( 22 )ဂီရိသင့် ချင်းရွာ ၁၀၀ ကျော် ရိက္ခာခက်ခဲ

( 21 )Burma’s junta blocks media personnel from Vijay Nambiar’s press conference

( 20 )ဒေါ်စုကို ဝေဖန်သော ဆောင်းပါး ဂျာနယ်များကို ဖော်ပြခိုင်း

( 19 )Belgian ambassador meets Burma's Suu Kyi

( 18 )မသန်စွမ်း ၁ သန်းကျော်အတွက် အလုပ်အကိုင် အခွင့်လမ်းမရှိ

( 19 )A memorable lunch with Daw Aung San Suu Kyi

( 17 )မြန်မာ့ဒီမိုကရေစီရေး EU ဆက်လက် ထောက်ခံ

( 17 )Burma’s junta blocks media personnel from Vijay Nambiar’s press conference

( 16 )Burmese Nobel laureate Aung San Suu Kyi delivers message to Canada

( 15 )ချက်သမ္မတဟောင်း Vaclav Havel ဒေါ်စုကို ဂုဏ်ပြုချီးမွမ်းစာပို

( 14 )Burma Refugee Shot and Killed in SW Houston

( 13 )Burmese Pro-Democracy Leader Aung San Suu Kyi Marks World AIDS Day

( 12 )ကုလအကြံပေး မြန်မာ့ခရီးစဉ် လုံခြုံရေးကောင်စီမှာ ဒီဇင်ဘာလ ၆ ရက် အစီရင်ခံမည်

( 11 )Captured Karen troops ‘executed’

( 10 )မြန်မာ့ဒီမိုကရေစီရေး နယူးဇီလန်ထောက်ခံမှုအတွက် ဒေါ်စု ကျေးဇူးတင်

( 9 )Nambiar asks for wider representation in Myanmar

( 8 )ဒုတိယပင်လုံညီလာခံခေါ်ယူရေး CRPP အဓိကဆွေးနွေး

( 7 )Suu Kyi wants NZ's help

( 6 )HIV/AIDS ဂေဟာအလှူကြောင့် အနုပညာရှင်တချို့ ယာယီပိတ်ပင်ခံရ

( 5 )Aung San Suu Kyi has shown that goodness can sometimes be enough

( 4 )မြန်မာစစ်တပ်နဲ့ DKBA ကြား နယ်စပ်တိုက်ပွဲ ပြင်းထန်

( 3 )New Zealand MP speaks with Suu Kyi

( 2 )အာဆီယံ အတွင်းစကားတွေ တရုတ်ကို မြန်မာ လက်ထောက်ချနိုင်

( 1 )Talent Management: Lily Cole Visits Burmese Refugee Camp

Friday, December 3, 2010

ထူးကုမ္ပဏီမှ ဓါတ်ဆီကို မှောင်ခိုဈေးကွက် ရောင်းချ၍ စစ်တွေ လူထု အခက်ကြုံ

နိရဉ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဓါတ်ဆီထောက်ပံ့ရောင်းချမူကို တာဝန်ယူထားသော ထူးကုမ္ပဏီမှ ဓါတ်ဆီ ရောင်းချမူ ပမာဏကို လျော့ချလိုက်သဖြင့် မြို့ခံများ အထူး အခက်ကြုံနေရသည်ဟု သိရသည်။

“ အခု ဆိုင်ကယ် တစီးကို ဂါလံဝက်ဘဲ ရပါတယ်။ အဲဒါကို တန်းစီ စောင့်ပီး ၀ယ်ယူရပါတယ်။ ဆိုင်ကယ် ၃၀၀ နီးပါးခန့်က အကြာကြီး စောင့်ရတဲ့ အတွက် လူတွေအကုန်လုံးကို ဒုက္ခရောက်နေပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။

ဆိုင်ကယ် စီးသူများ အပါအ၀င် ကားပိုင်ရှင်များမှာ မှောင်ခိုဈေးကွက်တွင် ဓါတ်ဆီဈေး ကြီးနေမူကြောင့် မ၀ယ်ယူနိုင်သဖြင့် ဂါလံဝက်သာ ရသော ဓါတ်ဆီကို စောင့်ဆိုင်းဝယ်ယူနေရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ ထူးကုမ္ပဏီက ဓါတ်ဆီ တဂါလံကို ၂၅၀၀ ကျပ် နဲ့ ရောင်းပါတယ်။ အပြင်မှာ တဂါလံကို ၄၈၀၀ ကျပ် ဈေးရှိပါတယ်။ အပြင် မှောင်ခို ဈေးကွက်မှာ ဓါတ်ဆီကို လိုသလောက် ကြိုက်တဲ့ အချိန် ၀ယ်ယူလို့ ရပေမယ့် ဈေးကြီးတဲ့အတွက် မ၀ယ်နိုင်ဘဲ ဖြစ်နေကြရပါတယ်။”

အစိုးရမှ စက်သုံးဆီ ရောင်းဝယ် ဖေါက်ကားမူကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားသဖြင့် အပြင်တွင် ဓါတ်ဆီများကို ကြိုက်သလောက် ၀ယ်ယူ၍ ရနေခြင်းမှာ ထူးကုမ္ပဏီမှ တာဝန်ရှိသူများမှ ဓါတ်ဆီများကို ပြင်ပ မှောင်ခို ဈေးကွက်များသို့ ရောင်းချထား၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ ထူးကုမ္ပဏီက ခု ဓါတ်ဆီတွေကို ပြင်ပ မှောင်ခိုသမားတွေနဲ့ ပေါင်းပြီး တဂါလံကို ၄၈၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ မှောင်ခိုဈေးကွက်က လူတွေနဲ့ ထူးကုမ္ပဏီက လူတွေ ပေါင်းပြီး ခုလို မှောင်ခိုဈေးကွက်ကတဆင့် ၄၈၀၀ ကျပ်နဲ့ ရောင်းချနေတဲ့ အတွက် သူတို့အတွက် တော်တော့ကို တွက်ခြေကိုက်နေတယ်လို့ သိရပါတယ်။ လူထုကတော့ ဒုက္ခရောက်မြဲ ရောက်နေကြရတာပါဘဲ” ဟု သူက ပြောသည်။

အစိုးရမှ ဓါတ်ဆီတဂါလံကို ၂၃၀၀ ကျပ်ဖြင့် ထူးကုမ္ပသို့ ရောင်းချပေးပြီး ထူးကုမ္ပဏီ ဓါတ်ဆီဆိုင်များမှ တစ်ဂါလံကို ၂၅၀၀ ရောင်းချပေးကြောင်း သိရသည်။ သို့သော်လည်း ယခုအခါ ဆိုင်ကယ် တစီးကို တစ်နေ့ ဂါလံဝက်သာပေးပြီး ကျန်ဆီများကို မှောင်ခို ဈေးကွက်မှ တဆင့် ရောင်းချနေကြာင်း သိရသည်။

ကချင်ပြည်နယ်တွင် စစ်ရေးပြင်ဆင်

သန်းထိုက်ဦး Friday, 03 December 2010

ကချင် အမျိုးသား လွတ်လပ်ရေး အဖွဲ့ (KIO)ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနားနှင့် လိုင်ဇာဌာနချုပ် ဒေသများ တွင် ယခင်တိုးချဲ့ထားသည့် နအဖ စစ်အစိုးရတပ်များ ယခုရက်ပိုင်းအတွင်း စစ်ရေးအရ ပို၍လှုပ်ရှားလာကြောင်း KIOဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။

“အရင်ကတည်းက ရှိပြီးသား တပ်တွေက ပိုပြီးတော့ လှုပ်ရှားလာတဲ့ သဘောပါ၊ အဲဒီတော့ ဘာတွေ ဖြစ်လာမလဲဆိုတော့ ရှေ့ တန်မှာ တာဝန် ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေ အပေါ်မှာပဲ မူတည်တယ်”ဟု ပြောသည်။ KIO ထိန်းချုပ် နယ်မြေ အတွင်း၌ စစ်ရေးအရ အသင့်ပြင်ဆင်ထားကြောင်းလည်း ၎င်းက ဆိုသည်။

လိုင်ဇာမြို့တွင် တခြားဒေသများမှ လာရောက် လုပ်ကိုင်နေသူများကိုလည်း နေရပ်ပြန်ရန် နှိုးဆော်ထားကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဂွမ်မော်က“လောလောဆယ် အခြေအနေ မကောင်းတဲ့ အချိန်မှာ၊ အခြေအနေ မကောင်းဘူးဆိုတာက အလုပ်မရှိ တဲ့ အချိန်မှာပေါ့နော်၊ အလုပ်မရှိတဲ့အခါ ခဏပြန်ပြီးတော့ အခြေအနေတွေ ကောင်းလာတယ်၊ အလုပ်ပြန်လုပ်လို့ရရင် ပြန်လာ ဖို့ နှိုဆော်ထားတာပါ”ဟု ပြောသည်။

လိုင်ဇာမြို့ရှိ ကုန်သွယ်ရေး လမ်းကြောင်းကို နအဖ အာဏာပိုင်များက ပိတ်လိုက်သည့် အတွက် သုံးဘီးနှင့် တက္ကစီမောင်းနေ သည့် လူများကို ပြောကြောင်း၊ ကုန်သည်အများစုက အလုပ်အဆင်ပြေသည့် အခါ လုပ်ကိုင်နေ သကဲ့သို့ အလုပ်အဆင် မပြေ သော အခါ ကိုယ့်သဘောနှင့် ကိုယ် ပြန်ကြကြောင်း ၎င်းက ဆိုသည်။

ယင်းကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်မှုကို နိုဝင်ဘာလ တတိယ အပတ်က စတင်ခဲ့သည်။ သို့သော် စစ်အစိုးရက KIO ကို သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲပြီးနောက်ပိုင်း ယခုကဲ့သို့ ကုန်ပစ္စည်း ပိတ်ပင်မှုများ အပါအ၀င် နိုင်ငံတဝန်း ရှိ KIO ဆက်ဆံ ရေးရုံးများကိုလည်း ပိတ်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က လိုင်ဇာဌာနချုပ် နယ်မြေ အတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ် ယာဉ် တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီးနောက် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)မှ ကိုအောင်ဝါက“မန္တလေးဘက်ကနေ ဗန်းမော်ဘက်ကိုလည်း လက် နက်ကြီး လက်နက်ငယ်တွေ အခုပို့နေပြီး ပို့တဲ့စစ်ကားတွေလည်း ပိုဝင်လာတယ်လို့ ကြားနေရတယ်၊ ဗန်းမော်ဘက်ဆိုရင် တရုတ်ပြည်နယ်စပ်ကနေ ရှမ်းပြည်နယ်စပ်အထိ KIA ရဲ့လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ ကြိုးစားလိမ့်မယ်”ဟု ပြောသည်။

တခြားသော KIO ဒေသများကိုလည်း စစ်အစိုးရက ထိန်းချုပ်နိုင်ရန်အတွက် ကချင်ပြည်နယ် အခြေစိုက်မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများကို တိုးချဲ့ထားကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် KIO ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို ၁၆ နှစ်တာ ကာလအတွင်း မြန်မာ စစ်အစိုးရက သောင်းကျန်းသူများဟု ပထမဆုံးအကြိမ် ခေါ်ဝေါ် သုံး စွဲခဲ့သည်။

စစ်အစိုးရ သတင်းစာ၌ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မိုင်းနင်းမိသောကြောင့် ပြည်သူ နှစ်ဦး သေဆုံးပြီး တဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ဖော်ပြသည့် သတင်းတွင် KIA ကို သောင်းကျန်းသူအဖြစ် သုံးနှုန်းထား ခြင်းဖြစ်သည်။

KIO သည် ၁၉၉၄ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

ဦးတေဇ ဘဏ်သစ် အွန်လိုင်း ၀န်ဆောင်မှု စတင်စီစဉ်

နရီလင်းလက် Friday, 03 December 2010

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank)သည် အစိုးရ၏ ရတနာပုံ ၀က်ဘ်ပေါ်တယ်နှင့် ပူးပေါင်းကာ အွန်လိုင်း ဖုန်းဘီလ် ၀န်ဆောင်မှုကို စတင် လုပ်ဆောင်ရန် စီစဉ်နေသည်။

ထို့အပြင် ကျပ် ၅ သိန်းတန် CDMA ဖုန်း လျှောက်ထားရာတွင် အွန်လိုင်းမှ လျှောက်ထားကာ ဖုန်းကျငွေကို အဆိုပါ ဘဏ်သို့ တိုက်ရိုက် ငွေလွှဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမှုလည်း စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်း အစီအစဉ်များသည် လာမည့် ၂၀၁၁ ခုနှစ်တွင် မြန်မာပြည်၏ အဓိက စီးပွားရေးလုပ်ငန်းများအား အာဏာပိုင်နှင့် နီးစပ် သည့် စီးပွားရေးလုပ်ငန်းရှင်များသာ လက်ဝါးကြီးအုပ်ချုပ်ကိုင်သွားမည့် အလားအလာတခုဖြစ်သည်ဟု ပြည်တွင်းစီးပွားရေး အသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြသည်။

“အွန်လိုင်းပေါ်ကနေ ၅ သိန်းတန် ဖုန်း လျှောက်။ ငွေကို ဦးတေဇရဲ့ဘဏ်မှာသွင်း။ ဖွင့်ထားတဲ့ ဘဏ်သစ်လည်း အလုပ်ဖြစ် မယ်၊ သူ့ကုမ္ပဏီက ထုတ်တဲ့ ၅ သိန်းတန် တယ်လီဖုန်းတွေကိုလည်း လွယ်လွယ်ကူကူ ပိုရောင်းလို့ရမယ့်နည်း လည်းဖြစ် တယ်။ လုပ်ငန်းရှင်ကတော့ သူ့အတွက် အကျိုးအမြတ်ဘယ်လောက်ရမလဲရယ် ၊ ကိုယ့်ဈေးကွက်ကို ချဲ့ပြီး သုံးစွဲ သူကို ဘယ်လိုချုပ်ကိုင်မလဲ စဉ်းစားမှာပဲ။ သုံးစွဲသူတွေဘက်က ကိုယ့်ကုမ္ပဏီက ထုတ်တဲ့ပစ္စည်း ဒါမှ မဟုတ် ၀န်ဆောင်မှုကို အသုံးမပြု မနေရဖြစ်အောင် လုပ်ပြီးရင် ကြိုက်သလို ချုပ်ကိုင်လို့ ရပြီလေ”ဟု စီးပွားရေး စာရေးဆရာတဦးက ပြောသည်။

၎င်းက ဆက်လက်၍“ပြည်သူတွေ ဘက်ကကြည့်ရင် ပုဂ္ဂလိကနဲ့ တိုက်ရိုက်လုပ်ရတော့ မြန်မယ်၊ ကောင်းမယ် ဒီအကျိုးကျေး ဇူးတွေရှိတာပေါ့။ တဖက်မှာ အာဏာပိုင်နဲ့ နီးစပ်တဲ့လူတွေ ပိုစီးပွားရေး ဖြစ်ထွန်းလာမှာပေါ့။ တကယ် လွတ်လွတ်လပ်လပ်နဲ့ သာ လုပ်ပိုင်ခွင့်တွေ ပေးမယ်ဆိုရင် ဖွံ့ဖြိုးတဲ့ စီးပွားရေးစနစ်တခုကို ဖော်ဆောင်နိုင်မယ်လို့ မှန်းရတာပေါ့”ဟု ပြောသည်။

ဦးတေဇ သည် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်သစ် အပြင် ကျပ် ၅ သိန်းတန် CDMA တယ်လီဖုန်း ဟန်းဆက်များ ထုတ်လုပ် ရောင်းချနေပြီး တခါသုံး ဖုန်းကတ်များကို လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိ ထားသူ ဖြစ်သည်။

ဦးတေဇပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်သော E – Lite ကုမ္ပဏီသည်လည်း ဖိုက်ဘာဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော Fiber to the Curb၊ Fiber to the Home၊ Fiber to the Building (FTTx) ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိခဲ့သည်။

ပြည်တွင်း IT လေ့လာနေသူ တဦးကမူ လက်ရှိ မြန်မာနိုင်ငံ၏ အင်တာနက် သုံးစွဲရမှုသည် ကန့်သတ် ထိန်းချုပ်ခြင်းများ ရှိနေ သောကြောင့် အင်တာနက် အသုံးပြု ဆောင်ရွက်မည့် စီးပွားရေး လုပ်ငန်းများတွင် အောင်မြင်မှု ထက်ဝက်ခန့်မျှပင် ရရှိရန် မလွယ်ကူကြောင်း ပြောသည်။

ယခုတပတ်ထုတ် 7 Day ဂျာနယ်တွင် ရန်ကုန်မြို့တွင်းရှိ အင်တာနက်ဆိုင်များတွင် CCTV ကင်မရာ တပ်ဆင် ရန်နှင့် သုံးစွဲသူ များအား စောင့်ကြည့်နိုင်မည့် ၀န်ထမ်း ၄ ဦးခန့်ထားရန် မြို့နယ်အလိုက် အာဏာပိုင်များက အစည်းအဝေးခေါ်၍ အသိပေး ထားကြောင်း ပါရှိသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် နီးစပ်သူ မန္တလေးမြို့နေ စီးပွားရေးလုပ်ငန်းရှင် တဦးကလည်း“ပုဂ္ဂလိကဆိုပြီး အာဏာပိုင်နဲ့ နီးတဲ့ လူတွေကို ချပေးရုံနဲ့တော့ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံး တိုးတက်လာမယ်လို့တော့ ပြောလို့မရဘူး။ ဦးတေဇ ဘဏ် ကနေ ATM ကတ်တွေနဲ့ ထုတ်လို့ရဖို့ စီစဉ်နေတာတွေ ရှိတယ်။ စက်တွေမှာထားတာရောက်နေပြီ ခွင့်ပြုချက်မရသေးလို့ စောင့် နေတာ။ ဒီလိုမျိုးတွေရှိတော့ တဖက်မှာလည်း တိုးတက်လာမယ့် စီးပွားရေး ပုံရိပ်တွေကို မြင်လာရတာလည်း ရှိတယ်”ဟု ပြော သည်။

ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ(အငြိမ်းစား) ပါမောက္ခ တဦးက ယခုကဲ့သို့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ကိုင် ခွင့်ပေးပြီးနောက်တွင် ကျင့်ဝတ်နှင့်ညီသည့် လုပ်ငန်းလုပ်ကိုင်မှု ၊ လုပ်ပိုင်ခွင့်ပေးအပ်မှု တူညီမျှတစွာ ရရှိရန်၊ အရင်းအနှီး ဖြည့်ဆည်းပေး နိုင်ရန်၊ ပွင့်လင်းမြင်သာသည့် အခွင့်အလမ်းများ ဖြစ် စေရန်၊ စားသုံးသူ အကျိုးစီးပွားဖြစ်ထွန်းစေသည့် ပြိုင်ဆိုင်မှုများ ပြုလုပ်နိုင်မှသာ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးခြင်းသည် အကျိုးဖြစ်ထွန်းသည်ဟု ပြောနိုင်ကြောင်း ဆိုသည်။

ဦးတေဇ သည် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီနှင့် ပူးပေါင်းပြီး ပြည်တွင်း ပျံသန်း ပြေးဆွဲမည့် Asia Wing ဟု အမည်ပေးထားသော လေကြောင်းလိုင်းအသစ် တခု ဖွင့်ရန်လည်း စီစဉ်နေကြောင်း သိရ သည်။

အမေရိကန်အစိုးရက ၂၀၀၇ ခုနှစ် အောက်တိုဘာလ မှ စတင်ပြီး စစ်အစိုးရ အဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ၎င်းတို့နှင့် နီးစပ် သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအား အဓိကထားသည့် ဒဏ်ခတ် ပိတ်ဆို့မှု ခံထားရသူများတွင် ဦးတေဇ သည် တဦး အပါ အ၀င်ဖြစ်သည်။

စစ်တပ်ပိုင် “နေပြည်တော်” သတင်းစာ ထုတ်မည်

မင်းနိုင်သူ Friday, 03 December 2010

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် လာမည့် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် “နေပြည်တော်” အမည်ရှိ စစ်တပ်ပိုင် သတင်းစာ တစောင် ထုတ်ဝေရန် စီစဉ်နေကြောင်း သိရှိရသည်။

နေပြည်တော် သတင်းစာကို ကာကွယ်ရေး ၀န်ကြီးဌာနပိုင် မြ၀တီ စာပေနှင့် ပုံနှိပ်ထုတ်ဝေရေးက ထုတ်ဝေမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေး တို့တွင်လည်း တိုက်ခွဲများ ထားရှိသွားမည်ဖြစ်ကြောင်း စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။

မြ၀တီ စာပေနှင့် ပုံနှိပ်ထုတ်ဝေရေးကို ၁၉၅၂ခု ဖဆပလ အစိုးရလက်ထက်ကပင် ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ကိုင်ခဲ့ပြီး န၀တ အစိုးရ လက်ထက် ၁၉၉၅ ခုနှစ်တွင် မြ၀တီ ရုပ်မြင်သံကြား ဌာနကိုပါ တိုးချဲ့လုပ်ကိုင်ခဲ့သည်။

မြန်မာဘာသာဖြင့် ထုတ်ဝေသော မြန်မာ့အလင်း ၊ ကြေးမုံ သတင်းစာ၊ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော The New Light of Myanmarတို့အပြင် မန္တလေးတွင် မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေသော မန္တလေးနေ့စဉ် သတင်းစာနှင့် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေသော ရတနာပုံ သတင်းစာ၊ ရန်ကုန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေသော မြို့တော် သတင်းစာ တို့ရှိနေရာ နေပြည်တော် သတင်းစာ ပေါ်ထွက်လာပါက သတင်းစာ ၇ စောင် ရှိလာမည်ဖြစ် သည်။

မန္တလေးမြို့ခံစာနယ်ဇင်းသမားက“သတင်းစာတွေ များလာတဲ့အတွက် ပုဂ္ဂလိက ဂျာနယ်ဈေးကွက်ကို အနည်းအကျဉ်းတော့ ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ သတင်းစာတွေမှာ ပေါ်လစီတွေပဲ များမယ်ဆိုရင်တော့ စာဖတ်ပရိသတ်ကတော့ ဂျာနယ်ပဲ ၀ယ်ဖတ်နေကြဦးမှာပါပဲ။ ဂျာနယ် သတင်းသမားတွေကတော့ သူတို့လို နေ့စဉ်ထုတ် မဟုတ်တဲ့အတွက် သတင်းကို ဘယ်လို ပုံစံပြောင်း တင်ပြကြမလဲဆိုတာတော့ စဉ်းစားကြရမှာပေါ့”ဟု ပြောဆိုသည်။

ရွေးကောက်ပွဲအပြီးတွင် နအဖ စစ်အစိုးရ ၀န်ကြီးဌာနအသီးသီးက နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေမည်ဆိုသော သတင်းများ စက်တင်ဘာလ အတွင်းက ပေါ်ထွက်လာပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနက၂၀၁၁ ခုနှစ်အတွင်း နေပြည်တော် သတင်းစာ ထုတ်ဝေရန် စတင်စီစဉ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ စာပေစိစစ်နှင့် ပုံနှိပ်ထုတ်ဝေရေးဌာနက ထုတ်ဝေခွင့်ပြုထားသော မဂ္ဂဇင်း ၊ စာစောင် ၊ ဂျာနယ်ပေါင်း ၁၅၀ ကျော်ရှိပြီး အားလုံးသည် စာပေစိစစ်ရေးကို ကျော်ဖြတ်ပြီးမှသာ ပုံနှိပ်ထုတ်ဝေခွင့် ရကြသည်။

ပြီးခဲ့သည့်လပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသည့် သတင်းနှင့် စပ်လျဉ်း ၍ ဂျာနယ် ၁၁ စောင် ထုတ်ဝေခွင့် ၁ ပတ် ပိတ်ပင်ခံခဲ့ရသည်။ အဆိုပါ ပိတ်ပင်ခံရမှုသည် ပုဂ္ဂလိက ဂျာနယ်များအနေဖြင့် နအဖ စစ် အစိုးရ သက်တမ်းတလျှောက် ပထမဆုံးအကြိမ် အစုလိုက် အပြုံလိုက် ပိတ်ပင်ခံကြရခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ပုဂ္ဂလိကပိုင် အပတ်စဉ်ထုတ် ဂျာနယ်များထဲမှ Myanmar Times ဂျာနယ်၊ ပေါ်ပြူလာ ဂျာနယ်၊ Weekly Eleven ဂျာနယ်နှင့် Yangon Times ဂျာနယ်တို့မှာ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် ခွင့်ပြုချက် ရထား သည်ဟု သတင်းပေါ်ထွက်ခဲ့ပြီး ယခုလည်း စာနယ်ဇင်း အသိုင်းအ၀ိုင်းအတွင်း ထိုသတင်း ပြန်လည်ထွက်ပေါ်နေကြောင်း သိရ သည်။

နအဖနှင့် ပြည်သူ့စစ် ပူးပေါင်းပြီး ရွာသားများထံ ရိက္ခာတန်ဖိုး ကျပ်သိန်းနီးပါးဆင့်ဆို

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲအခြေစိုက် ခလရ ၂၂ နှင့် မန့်ပန်ဌာနေပြည်သူ့စစ်တို့ပူးပေါင်း၍ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ် မြို့ ၀မ့်ဖိုင်ဒေသခံများထံမှ ကျပ်တသိန်းနီးပါးရှိ စားနပ်ရိက္ခာများဆင့်ဆိုကောက်ခံခဲ့သည်ဟု မိုင်းရယ်ဒေသခံတဦးကပြောသည်။

ခလရ ၂၂ က ဗိုလ်ကြီး ကျော်လင်းထွန်းနဲ့အဖွဲ့ကို ဗိုလ်မွန်းရဲ့ မန့်ပန်ပြည်သူ့စစ် အယောက် ၃၀ လောက်က လမ်းပြ ပေးတာ။ တရွာဝင်တရွာထွက် ကြက်၊ ၀က် နဲ့ဆန် ဆီဆား မပေးမနေရစနစ်နဲ့ ဆင့်ခေါ်ကောက်ခံတာ”- ဟု မိုင်းရယ် ဒေသခံတဦီးက သျှမ်းသံတော်ဆင့်သို့ ပြန်လည် ပြောပြသည်။

ဗိုလ်မွန်း၏ ပြည်သူ့စစ်တပ်ဖွဲ့များမှာလည်း တသုတ်ပြီးတသုတ် အလှည့်ကျ တာဝန်ယူလမ်းပြပေးသွားဖို့ရှိကြောင်း ပြည်သူ့စစ် တပ်သားတဦး၏ မိသားစုဝင်တဦးကလည်းပြောပြသည်။

နိုဝင်ဘာ ၁၁ ရက်မှ ၂၇ ရက်အထိ ၀မ့်ဖိုင်ဒေသခံများထံမှ ဆန်၊ ဆီ၊ ကြက်၊ ၀က်၊ အသားဗူး၊ အရက်၊ ဆေးလိပ်၊ အချိုရည်၊ ဒီဇယ်ဆီတို့ ကာလတန်ဘိုး ကျပ်ငွေတသိန်းနီးပါးအား ဆင့်ဆိုကောက်ယူခဲ့သည်ဟု ဆို၏။

“၀မ့်ဖိုင်တရွာထဲမှာဘဲ တသိန်းလောက်ကျတယ်။ ဆင့်လာတုန်း ၀ယ်မလိုလိုပြောပြီးနောက်ဆုံးတော့ အဖိုးအခ တပြားမှ ပေးမသွား ဘူး” - ဟု ၀မ့်ဖိုင်ရွာသူတဦးကပြောပြကြောင်းအဆိုပါ မိုင်းရယ်ဒေသခံက ပြန်လည်ပြောပြသည်။

ရွေးကောက်ပွဲကျင်းပပြီး တလမပြည့်သေးမီ သျှမ်းပြည်အတွင်းစစ်အစိုးရနှင့် ပြည်သူ့စစ်ပူးပေါင်း၍ စားနပ်ရိက္ခာများ ဆင့်ဆို ကောက်ယူခြင်းအပြင်၊ လမ်းပြရွာသားအားသတ်ဖြတ်ခြင်း၊ အဆိုးရွားဆုံးမှာ ကျေးလက်ဒေသခံအမျိုးသမီးနှင့် သက်မပြည့်သေး သည့် ကလေးအား မုဒိန်း ကျင့်သတ်ဖြတ်ခဲ့ခြင်းသတင်းများလည်းရှိခဲ့ပါသည်။