Tuesday, September 27, 2016

အမျိုးသားရင်ကြားစေ့ရေး မအောင်မြင်လျှင် ပြုပြင်ပြောင်းလဲရေး မအောင်မြင်ဟု သူရဦးတင်ဦးပြော

ထွန်းထွန်း


မြန်မာနိုင်ငံတွင် အမျိုးသား ရင်ကြားစေ့ရေး မအောင်မြင်ပါက တိုင်းပြည် ပြုပြင်ပြောင်းလဲရေး မအောင်မြင်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦးက ယနေ့ NLD ရုံးချုပ်တွင် ကျင်းပသော NLD ပါတီ တည် ထောင်ခြင်း ၂၈ နှစ် ပြည့် အခမ်းအနား တွင် ပြောဆိုသည်။

“အမျိုးသားရင်ကြားစေ့ရေးကို အစားထိုးဖော်ပြဖို့ ဝေါဟာရ မရှိနိုင်သလို အမျိုးသားရင်ကြားစေ့ရေး မအောင်မြင်ဘဲ ဘယ် ပြုပြင်ပြောင်းလဲမှုမှလည်း အောင်မြင်နိုင်မှာမဟုတ်ပါဘူး” ဟု ဦးတင်ဦးက ပြောသည်။

NLD အနေဖြင့် နိုင်ငံတော်၏ လက်တွေ့ပကတိတရားဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်း ချမ်း ရေးကို အဓိကဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ(၂၁) ရာစုပင်လုံ ကိုကျင်းပ ခဲ့ပြီး ဂုဏ်သိက္ခာနှင့် တရားမျှတမှု၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှု၊ အပြန်အလှန်အသိအမှတ်ပြု လေးစားမှု နှင့် သွေးစည်းညီညွတ်မှုများသည် ၂၁ ရာစုပင်လုံညီလာခံ၏ ပုံရိပ်ဖြစ် ကြောင်း ဦးတင်ဦးက ပြောဆိုသည်။

ဒီမိုကရေစီစနစ်ကို တည်ဆောက်နေသည့်အချိန်တွင် တဦးတယောက်၊ တစုတဖွဲ့က အပေါ်စီးမှ နေ၍ နေရာ ရပြီး ကျန်အစုအဖွဲ့များအပေါ် အလုံးစုံ စီမံမှုများကို ခွင့်ပြုမည်မည်မဟုတ်ကြောင်း NLD နာယက သူရဦးတင်ဦးက ပြော သည်။

“ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ အပြန်အလှန် ဆွေးနွေးဖလှယ်မှု ၊ အပြန်အလှန် ဘုံရပ်တည်ချက်ကို ရှာဖွေမှု အပြန် အလှန်အဖြေနဲ့ ရလဒ်ကောင်းကို ဆက်ခံနိုင်မှုကို နှုန်းစံတန်ဖိုးအဖြစ် ထားရှိပါတယ်။ တဦးတယောက် တစုတဖွဲ့က အပေါ်စီးက နေရာရသွားပြီး ကျန်တဲ့ အစုအဖွဲ့တွေအပေါ် အလုံးစုံ စီမံသူဖြစ်နေခြင်းကိုလည်း ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ဦးတင်ဦးက ပြောသည်။

NLD ပါတီကို ၁၉၈၈ ခုနှစ် အရေးအခင်းကာလ စက်တင်ဘာ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ၂၈ နှစ်မြောက် နှစ်မြောက်ရှိလာပြီဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေး ကောက်ပွဲတွင် NLD ပါတီအနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲမပေးခဲ့ဘဲ ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားခဲ့သည်။

စစ်အစိုးရက ကျင်းပခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲ ပါဝင်ခြင်းမရှိဘဲ သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ပြီး လစ်လပ် အမတ်နေရာ ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် NLD ပါတီသည် တနိုင်ငံလုံး အတိုင်း အတာဖြင့် ဆန္ဒမဲ ၈၀ ရာခိုင်နှုန်း နီးပါး အနိုင်ရရှိခဲ့သည်။

No comments: