Friday, September 30, 2016

ကေအိုင်အေဌာနချုပ်အနီး တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေ

နော်နိုရင်း


ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (ကေအိုင်အေ) ဌာနချုပ်လိုင်ဇာအနီး အခုရက်ပိုင်းတွေအတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရင်ဆိုင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွား နေပါတယ်။

ကေအိုင်အေဌာနချုပ်အနီးက အင်ခါဘွန် တောင်အနီးမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့ကလည်း အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ ကေအိုင်အေပြောခွင့်ရသူတဦးဖြစ်တဲ့ ဗိုလ်မှူးကြီး နော်ဘိုက ပြောပါတယ်။

“အရင်ရက်ကတော့ နည်းနည်းလေးပြင်းထန်တယ်လို့ ပြောလို့ရတာပေါ့လေ။ တိုက်ပွဲ လည်း ဖြစ်တယ်။ လက်နက်ကြီးငယ်တွေနဲ့လည်း ပစ်ကြတယ်ဆိုတော့ ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မနေ့ကနေ အခုထက်ထိကတော့ ပြန်ငြိမ်သွားတာ။ တိုက်ပွဲဖြစ်တာကတော့ နဂိုဖြစ်တဲ့ အင်ခါဘွန် ဆိုတဲ့နေရာမှာဖြစ်တာ။”

ကေအိုင်အေဌာနချုပ် လိုင်ဇာအနီးမှာ တိုက်ပွဲဖြစ်လာတာ ၁ လကျော်နေပြီဖြစ်ပြီး တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ ဆွေးနွေးမှုတွေလုပ်ဆောင်နေပေမယ့် အခုလို ထိုးစစ်ဆင်တိုက်ခိုက်တာဟာ တပ်မတော်အနေနဲ့ နိုင်ငံရေး ဆွေးနွေးမှုကို မလိုလားတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘိုက ဝေဖန်ပါတယ်။

“ရှင်းရှင်းလင်းလင်းပြောမယ်ဆိုရင်တော့ မြန်မာ့တပ်မတော်ဘက်ကတော့ နိုင်ငံရေး ဆွေးနွေးဖို့ဆိုတာ အစီအစဉ်မရှိဘူးလို့ ကျနော်အဲလိုပဲ မြင်ပါတယ်။ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေ အားလုံးကို လက်နက်ချခိုင်းတယ်။ ဒါပဲ သူတို့က။ ဆိုတော့ ငြိမ်းချမ်းရေးတို့ နိုင်ငံရေး ဆွေးနွေးတာမျိုးကိုတော့ မလိုလားဘူးလို့ ကျနော်ယူဆမိတယ်လေ။”

ကေအိုင်အေဟာ ၁၉၉၄ မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပြီးနောက် အစိုးရက ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးခဲ့တဲ့အတွက် ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေတကျော့ ပြန်လည်ဖြစ်ပွားခဲ့တာပါ။

၂၀၁၃ မေလမှာတော့ ကေအိုင်အိုနဲ့ အစိုးရအကြားငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှုဆက်လုပ်ဖို့၊ နှစ်ဖက်တပ်တွေပစ်ခတ်မှုတွေ လျှော့ချဖို့၊ တိုက်ပွဲတွေ ထပ်မဖြစ်အောင်ထိန်းသိမ်းဖို့၊ နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ စောင်ကြပ်ကြည့်ရှု ရေးအဖွဲ့ဖွဲ့ဖို့ စတဲ့ အချက် ၇ နှစ်ချက်ကို သဘောတူလက်မှတ်ထိုးထားပါတယ်။

No comments: