Thursday, September 15, 2016

မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှုများ မကြာမီ ရုတ်သိမ်းမည်ဟု အိုဘားမား ပြောကြား

စီအင်န်အေ၊ ၀ါရှင်တန်

မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်မှု အခွင့်အလမ်းများ ရရှိစေရန် လုပ်ဆောင်မည်ဖြစ်ကာ ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကိုလည်း မကြာမီ ပယ်ဖျက် ပေးသွားမည်ဟု အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောကြားလိုက်သည်။

စက်တင်ဘာလ ၁၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ အိုဘားမားက ပြောကြားလိုက်ခြင်းဖြစ်သည်။

ဆယ်စုနှစ်များစွာကြာ စီးပွားရေးအရ သီးခြားရပ်တည်ခဲ့ရသော မြန်မာ၏ အလျင်အမြန် ပြုပြင်ပြောင်းလဲလာမှုများကို တွန်းအားပေးနိုင်မည့် လုပ်ဆောင်မှုများ ပြုလုပ်ပေးမည်ဟု အိုဘားမားက ကြေညာသွားသည်။

" မြန်မာအပေါ် ကျွန်တော်တို့ ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို မကြာတော့မယ့် အချိန်ကာလ တစ်ခုရောက်ရင် ရုတ်သိမ်းဖယ်ရှားပေးဖို့ ခုပဲ ပြင်ဆင်နေပါပြီ" ဟု ၎င်းက ပြောဆိုသွားခဲ့သည်။

ယခင်က စစ်တပ်အုပ်ချုပ်ခဲ့သည့် နိုင်ငံကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ကူးပြောင်းထားသည့် နောက်ပိုင်း လက်ရှိ ခက်ခဲလှသည့် အခြေအနေများကို နိုင်နင်းစွာ ကိုင်တွယ်နေသည့် သမ္မတကြီး ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အစိုးရနှင့် နိုင်ငံကို ကူညီပေးနိုင်ရန်အတွက် ၀ါရှင်တန် အစိုးရဘက်က စိတ်အားထက်သန်လျက် ရှိကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ပြီးခဲ့သည့်နှစ်က သမိုင်းဝင်ရွေးကောက်ပွဲများအပြီး ယခုအခါ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

No comments: