Wednesday, September 28, 2016

ပုဏ္ဍားကျွန်းမြို့နယ်ကံချောင်းရွာမှ ရေလုပ်သားတစ်ဦး ဓားဖြင့် တိုက်ခိုက်ခံရ၍ ဆေးရုံတင်ရ

နိရဉ္စရာ၊


စက်တင်ဘာလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကံချောင်း ပိုက်ဆိပ်မှ ရေလုပ်သား တစ်ဦးကို စက်လှေတစ်စီးမှ ဘင်္ဂလီ ငါးဦးက ဓါးများ၊ လေးဂွများဖြင့် တိုက်ခိုက်၍ ဒဏ်ရာ ရရှိသွားခဲ့သဖြင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် တင်ထားရသည်။

ဆေးရုံတင်ထားရသူမှာ ဦးမောင်ထွန်းအေး (၃၃) နှစ်ဖြစ်ပြီး လက်ရှိ အချိန်တွင် စစ်တွေ ပြည်သူ့ဆေးရုံကြီး အရိုးဆောင်တွင် တက်ရောက်ကုသနေရသည်ဟု ၎င်းလူနာအား သွားရောက်တွေ့ဆုံခဲ့သူ နိရဉ္စရာ သတင်းထောက်မှ ပြောကြားသည်။

နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ဦးမောင်ထွန်းအေးမှ ဖြစ်စဉ် အသေးစိတ်အား ယခုလို ပြောကြားသည်။

“ ကျွန်တော် မနေ့ညဥ့် ၁၀ နာရီမှာ ရွှေမင်းဂံချောင်းဝမှာ ကုလားတန်မြစ်ထဲမှာ ပဲ့ချိတ် ငါးဖမ်းစက်လှေနဲ့ ပိုက်ချပြီး အိပ်နေတုန်း ငပြီကျွန်းဘက်က စက်လှေ တစ်စီး ခုတ်မောင်းလာပါတယ်။ ကျွန်တော်လှေအနီးမှ ကပ်မောင်းကာ ကျော်သွားပြီးမှ ကျွန်တော်တစ်ယောက်တည်း ဖြစ်နေမှန်းတော့ စက်လှေကို ပြန်မောင်း လာပြီး ကျွန်တော်ကို ပထမ လေးဂွနဲ့ ပစ်ပါတယ်။ ဘင်္ဂလီကုလား ငါးဦးပါ။ လှေအနီးကို ကပ်လာပြီး စက်လှေပေါ်က စီးပြီး ဓါးနဲ့ ခုတ်ပါတယ်။ အခု ကျွန်တော်မှာ ဘယ်ဘက် လက်ကောက်ဝတ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ တစ်ချက် ရပါတယ်။ လည်ပင်းမှာ သုံးချက်ဒဏ်ရာပါတယ်” ဟု ပြောသည်။

၎င်းပြင်သူက “ ကျွန်တော် မနည်းရုန်းကန်ပြီး ထွက်ပြေးခဲ့ရပါတယ်။ မဟုတ်ရင် သေသွားနိုင်ပါတယ်။ ကျွန်တော်ကို လိုက်ပါသေးတယ်။ ကျွန်တော် ပဲ့ချိတ်လှေကို လိုက်မမီမှ သူတို့ စက်လှေကို မောင်းပြီး ထွက်ပြေးသွားပါတယ်” ဟု ဆက်ပြောသည်။

ဓါးခုတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်တွေမှ ရဲကို တိုင်ကြားခဲ့ကြောင်း၊ ရဲမှ အဆင်ပြေအောင် လုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်ဟု ဦးမောင်ထွန်းအေးက ပြောဆိုသည်။

စစ်တွေမြို့အမှတ် (၁) ရဲစခန်းသို့ နိရဉ္စရာမှ ဆက်သွယ်ရာ စခန်းမှူးမှ မိမိတို့ထံတွင် အမှုဖွင့် တိုင်ကြားထားခြင်း မရှိသေးကြောင်း၊ အမှတ် (၂) ရဲစခန်းသို့ တိုင်ကြားထားခြင်း ဖြစ်နိုင်ကြောင်း၊ စုံစမ်းပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

No comments: