Friday, September 16, 2016

ရခိုင်ပြည်နယ်အရေး စေတနာ သန့်သန့်ဖြင့်လုပ်နေ အသိအမှတ်ပြုပေးကြရန် ဒေါ်စုပြော

မဇ္ဈိမ

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ငြိမ်းချမ်းရန် စေတနာသန့်သန့်ဖြင့် လုပ်ဆောင်နေသည်ဟု အမေရိကန် ပြည်ထောင်စုသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး ကမ္ဘာက အသိအမှတ်ပြုပေးရန် တောင်းဆိုလိုက်သည်။

စက်တင်ဘာ ၁၄ ရက်က အမေရိကန်သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဖြစ်စဉ်များကို ရည်ညွှန်းလျက် လူအချင်းချင်း ရန်ပွဲများ ဖြစ်နေသည်ကို လျစ်လျူရှုထား၍ မရဘဲ ဖွံ့ဖြိုးမှုအတွက် စေတနာသန့်သန့်ဖြင့် လုပ်ဆောင်နေကြောင်း ပြောလိုက်ခြင်းဖြစ်သည်။

“ကျမတို့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ ပိုပြီးလုပ်ရမယ်။ ငြိမ်းချမ်းရေးအတွက်သာမက ရခိုင်ပြည်နယ်မှာ ဒါတွေကို သုံးသပ်ဖို့ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ ကျမတို့ ပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာ ပိုပြီးချမ်းသာ ကြွယ်ဝအောင် လုပ်ရပါမယ်။ ဒါမှ နိုင်ငံရေးလုပ်ဆောင်ချက်တွေကို ပိုပြီးခိုင်မာစေမှာ ဖြစ်ပါတယ်။ လူအချင်းချင်း ရန်ပွဲတွေ ဖြစ်နေတာကို ကျမတို့ လျစ်လျူ ရှုထားလို့မရပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမတို့နိုင်ငံမှာ ဘယ်နိုင်ငံသားတစ်ယောက်ကိုမဆို နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရစေမှာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်ထိုက်သူ အားလုံးဟာလည်း နိုင်ငံသား ဖြစ်ရပါမယ်။ ဒီဖြစ်ရပ်ကို အမြန်ဆုံးနဲ့ အမျှတဆုံး လုပ်ရမှာဖြစ်ပါတယ်။ ဒါကတော့ ကျမတို့ ရခိုင်ပြည်နယ်မှာလုပ်ဖို့ ကြိုးစားနေပါတယ်။ ကျမတို့ဟာ ဒီပြဿနာကို ဖြေရှင်းဖို့ စိတ်ရှင်းရှင်း စေတနာသန့်သန့်နဲ့ လုပ်နေတယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြု စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမေရိကန် သမ္မတ အိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ပြောဆိုလိုက်ပြီး ပြန်လည် သင့်မြတ်ရေးအတွက် အလားအလာကောင်းများ ရှိနေပြီဟုဆိုသည်။

“ဒေါ်စုအနေနဲ့ ငြိမ်းချမ်းရေးညီလာခံခေါ်ယူပြီး နှစ်ပေါင်းများစွာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးကို ဖြေရှင်းဖို့ကြိုးစားနေပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသား လူမျိုးစုတွေကြားမှာ သမိုင်းတစ်လျောက်ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းနေတာ ဖြစ်တဲ့အတွက် ဒါဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ဆယ်စုနှစ်နဲ့ချီ ခံစားခဲ့ရပြီး ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတဲ့ မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေး ပြန်လည်သင့်မြတ်ရေးအတွက် မျှော်လင့်ချက် တော်တော်ရှိလာပြီလို့ ပြောလို့ရပါတယ်” ဟု သမ္မတ အိုဘားမားက ပြောသည်။

ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်းနှစ်ခုသည် ဆင်းရဲနွမ်းပါးကြသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆင်းရဲနွမ်းပါးမှုမှ ဖွံ့ဖြိုးတိုးတက်မှုသို့ တက်လှမ်းနိုင်မည်ဆိုပါ ညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ဒီဒေသဖွံ့ဖြိုးဖို့ အလားအလာအားလုံးကို ကူညီပေးမယ်ဆိုရင်၊ ဆင်းရဲနွမ်းပါးမှုကို ပပျောက်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ဆင်းရဲနွမ်းပါးမှုကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရတဲ့ ကျမတို့ နိုင်ငံကို ကူညီရုံ မဟုတ်ဘဲ မတူကွဲပြားမှုကို စည်းလုံးညီညွတ်မှုဖြစ်အောင် စိတ်ဝမ်းကွဲမှုကို ကျော်လွန်နိုင်တယ်ဆိုတဲ့ နမူနာအဖြစ် ကမ္ဘာကြီးကို ကူညီနိုင်မှာဖြစ်ပါတယ်။ သံသယတွေ အထင်လွဲမှုတွေကို ကျမတို့ ဘေးဖယ်ပြီးတော့ အတူလက်တွဲပြီး တိုးတက်အောင် လုပ်နိုင်ပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သမ္မတ အိုဘားမားနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားသည့် စီးပွားရေးအရေးယူမှုများကိုလည်း ရုတ်သိမ်းပေးမည့်အကြောင်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပြီး နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းလုပ်ဆောင်ကြရန် သဘောတူခဲ့ကြသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း “အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ကုမ္ပဏီတွေ ကျမတို့နိုင်ငံကို သိပ်ကိုလာစေချင်ပါတယ်။ သူတို့အတွက် အကျိုးရှိစေမယ့် အခွင့်အရေးတွေကို အသုံးချစေချင်ပါတယ်။ ရင်းနှီးမြုပ်နှံမှု ဥပဒေအသစ်ကို မကြာခင် အတည်ပြုတော့မှာပါ နောက်ရက် အနည်းငယ်အတွင်းမှာ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။ ဒီဥပဒေနဲ့အတူ ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ကမ္ဘာအနှံ့က လူတွေကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျမတို့နိုင်ငံဟာ အဆင့်အတန်းမြင့်လာတော့မယ့် အခြေအနေမှာ ရှိနေပါပြီ” ဟု ပြောဆိုခဲ့သည်။

No comments: