Saturday, March 7, 2009

အနာဂတံကို ဘာသာပြန်တဲ့ ငှက်များ


(က)

ကဗျာဆရာတွေဟာ အနာဂတံကို ဘာသာပြန်နိုင်ဖို့ ကြိုးစားကြသူတွေပါ။ ကွယ်လွန်သူ ကဗျာဆရာ ဇော်(ပျဉ်းမနား)က သူ့ကဗျာ တပုဒ်ထဲမှာ ကဗျာဆရာ တွေဟာ `အနာဂတံကို ဘာသာပြန်တဲ့ငှက်´ ဆိုပြီး ရေးခဲ့ဖူးတာပဲ။

ကဗျာဆရာတွေက အနာဂတံကို ကြိုပြီးမြင်၊ ကြိုပြီး ပြောတဲ့အခါ ပစ္စုပ္ပန်ကို အခြေခံပြီးမှ ပြောနိုင်တာပါ။ ကျနော်တို့ မြန်မာတွေ ယုံကြည်တဲ့ `ကံ ကံ၏ အကျိုး´ ဆိုတဲ့ ယုံကြည်မှုမျိုးကို အခြေခံပြီးမှ ပြောဖို့ ကြိုးစားကြတာပါ။ သမ္မာကျမ်းစာလာ `လေကို စိုက်ပျိုးသဖြင့် မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်´ ဆိုတဲ့ စကားနဲ့ အတူတူပါပဲ။

ကျနော်တို့ဟာ ပစ္စုပ္ပန်ရဲ့ အကျဉ်းအကျပ်ထဲ ပိတ်မိနေတဲ့အခါမျိုးမှာ အနာဂတ်ကို ကြိုပြီးမြင်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ အမှောင်ထုအောက်မှာ လမ်းပျောက်နေတဲ့အတွက်၊ ပန်းတိုင်က ဘယ်ဘက်မှာ ရှိတယ်ဆိုတာ မဝေခွဲတတ်တော့ဘူးပေါ့။ ဒီကြားထဲ မုန်တိုင်းကလည်းထန်၊ လှိုင်းကလည်း ကြီးပြီဆိုရင် ပုံမှန်အားဖြင့် ကိုယ့်ဘ၀ ကိုယ်ရပ်တည်ရေးကို ဦးစားပေးဖက်တွယ်ထားရင်းက ကျနော်တို့တတွေ ဒီမုန်တိုင်း၊ ဒီရေလှိုင်း၊ ဒီအမှောင်ထုအောက်မှာ ကြေမွပျောက်ကွယ်ကြရပါတယ်။ လမ်းပျောက်ပြီး ကမ်းမှောက်ကြပါတယ်။

ကဗျာဆရာတွေက စိတ်အလုပ်လုပ်တဲ့နေရာမှာ တခြားသူထက် သာပါတယ်။ စိတ်ကို စုစည်းကျစ်လစ်အောင် တည်ဆောက်ပြီး၊ ပစ္စုပ္ပန်အပေါ် တင်ကြည့်တဲ့အခါ အနာဂတ်ကို ထိုးဖောက်ရောက်ရှိ လာနိုင်တော့တာပေါ့။ ဒါကြောင့်မို့ ကဗျာဆရာတွေကျတော့ လမ်းမပျောက်နိုင်ဘူး။ ကမ်းမမှောက်နိုင်ပါဘူး။ အမှောင်ထုထဲမှာ ကြောင်တွေ၊ လင်းနို့ငှက်တွေလို မြင်နိုင်သိနိုင်တယ်။ အဲဒါ စိတ်အလုပ်ကို ကျစ်သထက် ကျစ်အောင် ဖွဲ့စည်းတည်ဆောက်နိုင်လို့ပါပဲ။

ကဗျာဆရာတွေ စိတ်အလုပ်ကို စုစည်းတည်ဆောက်ကြရသူတွေပါ။ သူတို့က စိတ်အလုပ်ကို စုစည်းတည်ဆောက်လို့ အနာဂတ်ကို ကြိုပြီးမြင်တာနဲ့ တပြိုင်နက်၊ ပစ္စုပ္ပန်မှာ ရင်ဆိုင်နေကြရတဲ့ အမှောင်ထုဆိုတာတို့၊ မုန်တိုင်းနဲ့ ရေလှိုင်းဆိုတာတွေဟာ တကယ်တော့ ဘ၀ရဲ့`မာယာ´များသာ ဖြစ်တယ်လို့ တည့်တည့်ရှုမြင်နိုင်ကြတော့တာပဲ။ လူဟာ`မာယာ´ကို မာယာလို့သာ တကယ်ထွင်းဖောက်ပြီး မြင်နိုင်ပြီဆိုရင် သူဟာ ပြတ်သားတဲ့သူ၊ ယုံကြည်ချက် ကြီးမြင့်တဲ့သူ ဖြစ်လာတော့တာပဲပေါ့။

`မာယာ´ဆိုတာတွေကို အလွယ်တကူ တွန်းဖယ်လို့ ရနိုင်တဲ့ကိစ္စ၊ `မာယာ´ ဆိုတာ `စက္ကူကျား´၊ `မာယာ´ ဆိုတာ တံလျပ်တမျိုးပဲဆိုတာ ဒက်ထိကြီး သိလာတော့တာပဲပေါ့။ အဲဒီအခါကျတော့ ကဗျာဆရာတွေက `မာယာ´ ရဲ့ ပရိယာယ်ကို မယုံကြ၊ မကြောက်ကြဖို့၊ `မာယာ´ ရဲ့ ကွန်ယက်ကို ဖျက်ကြဖို့၊ `မာယာ´ ရဲ့ အပါးဆုံး၊ အပျော့ဆုံး နေရာကို ဖောက်ထွင်းကြဖို့ ကဗျာတွေနဲ့ နှိုးဆော်ကြတော့တာပဲပေါ့။ ပြီးတော့ အနာဂတ်ရဲ့ တေးသံတွေ၊ ရနံ့တွေကို ကဗျာပေါ်တင်ပြီး ကဗျာဖတ်သူတွေဆီ ပို့ကြတော့တာပဲပေါ့။

စိတ်ဝင်စားဖို့ကောင်းတာ တခုရှိပါသေးတယ်။ ကဗျာဆရာတွေဟာ `မာယာ´ တွေရဲ့ တကယ့်သဘောသကန်ကို ပေါ်အောင် ဖွင့်ချတဲ့အခါ၊ တနည်းအားဖြင့် ပြောရရင် `မာယာ´ ကို တိုက်တဲ့အခါ `မာယာ´ ဆိုတဲ့ လက်နက်အမျိုးအစား တမျိုးကို အသုံးပြုကြရတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကဗျာဆရာတွေဟာ `မာယာ´ ကို `မာယာ´နဲ့ တိုက်ခိုက်ကြပါတယ်။ သူတို့ကိုင်စွဲတဲ့ `မာယာ´ လက်နက် ထက်မြရင် ထက်မြသလောက် သူတို့ ရင်ဆိုင်တိုက်ခိုက်ကြတဲ့ `မာယာ´ ရဲ့ အကာအရံတွေ၊ အဆောင်အယောင်နဲ့ မြူတွေဟာ တလွှာချင်း ကွာကျပြီး၊ တကယ်တော့ ကျနော်တို့ကို ခြိမ်းခြောက်ဖိစီးထားတဲ့ `မာယာ´ တွေဟာ `စက္ကူကျား´ တွေသာ ဖြစ်တယ်ဆိုတဲ့ `သစ္စာဉာဏ်´ကို ကဗျာဖတ်သူတွေဆီ ရောက်အောင် ပို့နိုင်ကြပါတော့တယ်။

ကဗျာဖတ်သူဘက်က ယူရမယ့် တာဝန်ကတော့ ကဗျာဆရာကပေးတဲ့ ကဗျာမှာ ဘယ်လိုမာယာတွေနဲ့ ပေးလိုက်သလဲဆိုတဲ့ စိတ်အလုပ်ကို သာမာန်ထက်ပိုပြီး လုပ်ဖို့လိုတဲ့ တာဝန်ဖြစ်ပါတယ်။ ကဗျာဆရာတွေက စိတ်ကို စုစည်းကျစ်လစ်အောင် လုပ်ပြီးမှ ပို့ပေးလိုက်တဲ့ ကဗျာကို၊ ကဗျာဖတ်သူကလည်း စိတ်ကို စုစည်းကျစ်လစ်အောင် လုပ်ပြီးမှ လက်ခံရယူရပါလိမ့်မယ်။

(ခ)

ကျနော့်မှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ကဗျာတွေ စုဆောင်းထားတာ အများကြီး ရှိပါတယ်။ အနာဂတံကို ဘာသာပြန်တဲ့ ကဗျာတွေ ဆိုပါတော့။ ဒါပေမဲ့ ဒီဆောင်းပါးမှာ မြန်မာကဗျာတွေကို ဥပမာပေးလို့ မဖြစ်နိုင်သေးတဲ့ အခြေအနေနဲ့ အချိန်ကာလဖြစ်တာမို့ အနာဂတံကို ဘာသာပြန်တဲ့ သဘောရှိတဲ့ နိုင်ငံရပ်ခြား ကဗျာတပုဒ်ကိုပဲ ကျနော် ရွေးချယ်ပြီး ဥပမာပေးလိုက်ပါတယ်။

ပိုလန်ကဗျာဆရာ `တိုမက် ယက်စထရွန်´ ရဲ့ `သစ်စေ့များ´ ကဗျာကို ကျနော် ဥပမာပေးလိုက်ပါတယ်။ ကဗျာဆရာ `တိုမက် ယက်စထရွန်´ ဆိုတာ ပိုလန်နိုင်ငံခေတ်သစ်သမိုင်း၊ မျိုးဆက်သစ်ခေတ်မှာ အင်မတန် အရေးပါလှတဲ့ ကဗျာဆရာပါ။ ပိုလန်အာဏာရှင်အစိုးရက သူ့ကိုဖမ်းပြီး ထောင်ချတာမျိုး၊ အလုပ်ကြမ်းစခန်းကို ပို့တာမျိုး အလုပ်ခံရတဲ့ ကဗျာဆရာပါ။

သူကလည်း မြေအောက် `သတင်းဂျာနယ်´ မှာ အယ်ဒီတာ၊ သင်္ဘောကျင်း အလုပ်သမား အရေးအခင်းမှာ ခေါင်းဆောင်၊ မြေအောက်ပုံနှိပ်လုပ်ငန်းတွေ တောက်လျှောက်လုပ်တဲ့ `နိုဝါ´ လှုပ်ရှားမှုမှာ ပါဝင်၊ သူ့ကဗျာစာအုပ်တချို့က တရားဝင် ပုံနှိပ်ခွင့်ရပြီး၊ အများစုကတော့ မြေအောက် ပုံနှိပ်လုပ်ငန်းကတဆင့် လျှို့ဝှက်ပုံနှိပ် ဖြန့်ဝေခဲ့ရတာ များပါတယ်။ ၁၉၅၀ ခု၊ ၀ါဆောမှာ မွေးတဲ့သူပါ။ အခုတော့ အာဏာရှင်စနစ် ပြိုကျသွားပြီးတဲ့ ပိုလန်နိုင်ငံမှာ အထင်ကရ ကဗျာဆရာပေါ့။


သစ်စေ့များ

ငှက်များ

ငါတို့ရဲ့ နက်ရှိုင်းလှတဲ့ ထွက်ပေါက်လမ်း

ပျံသန်းကြ

ထိတ်လန့်ကြရ

အတောင်ပံတွေဖြန့်ကြ ရုပ်ကြ။

ငှက်များ

အစာရှိရာ စင်္ကြန်လမ်းပေါ်

ပျံသန်းကြ။

သေလုနီးပါး မောပမ်း

ငါတို့ ပခုံးတွေပေါ် နားကြ

ငတ်မွတ်ကြ။

ငါတို့လက်ထဲမှာတော့ ဗလာနတ္ထိ

ငါတို့ နှုတ်ခမ်းတွေပေါ်

ငါတို့ မျက်လုံးတွေထဲမှာပဲ

သစ်စေ့များ။


ဒီကဗျာမှာ `တိုမက် ယက်စထရွန်´ ပေးချင်တဲ့ massage က ဘာလဲ။ ပထမ ၃ ပိုဒ် ပြီးတဲ့အထိ သရုပ်ဖော်ပါပဲ။ ငှက်တွေဆိုတာ လူတွေကို ကိုယ်စားပြုပါတယ်။ `သစ်စေ့´ လို့ ခေါ်တဲ့ လူတွေအတွက် အရေးအကြီးဆုံးအရာ၊ သူ့လက်ထဲမှာ ထင်သာမြင်သာ မရှိဘူး။ ကြည့်တတ်ရင် မျက်လုံးတွေထဲမှာ၊ နှုတ်ခမ်းတွေပေါ်မှာပဲ ရှိတယ် ... တဲ့။ `သစ်စေ့´ ဆိုတာ ငှက်တွေအတွက် မရှိမဖြစ် အရေးအကြီးဆုံးအရာ (၀ါ) လူတွေအတွက် အရေးအကြီးဆုံးအရာ .. စားစရာ၊ ရိက္ခာ၊ ဒါလည်း ဖြစ်နိုင်တယ်။

ပြီးတော့ လွတ်လပ်ချမ်းမြေ့မှု....၊ ဒါလည်း ဖြစ်နိုင်တယ်။ ပြီးတော့ လူ့ဂုဏ်သိက္ခာ။ လူ့ဥပဓိကဏ္ဍ၊ ပြီးတော့ ... ဒီမိုကရေစီ ....။ `သစ်စေ့´ ဟာ လူတွေ မရှိမဖြစ်လိုအပ်တဲ့ အရာအားလုံးကို ကိုယ်စားပြုတဲ့ `သင်္ကေတ´ ပါပဲ။ ဒီ `သင်္ကေတ´ က ကိုယ်စားပြုထားတဲ့ အရာတွေဟာ ဒီကဗျာကိုဖတ်ရင် ...... သာမန်အားဖြင့်တော့ မမြင်နိုင်ဘူး။ ထင်သာမြင်သာ မရှိဘူး။ ကဗျာဖတ်သူက အားစိုက်ရလိမ့်မယ်။ ကဗျာဆရာက ရင်ခုန်သံနဲ့ပို့တာကို ကဗျာဖတ်သူကလည်း ရင်ခုန်သံနဲ့ပဲ ဖတ်ရလိမ့်မယ်။ ကဗျာဆရာရဲ့ စိတ်အလုပ်နဲ့ ကဗျာဖတ်သူရဲ့ စိတ်အလုပ်မှာ၊ ကဗျာဖတ်သူက ပိုပြီး အခွင့်သာပါတယ်။ ကဗျာဆရာက တထွာလောက်ပေးတာကို ကဗျာဖတ်သူက တဒေါင်မက မြင်လို့ရပါတယ်။ မြင်ခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့ ကဗျာဖတ်သူ ကျနော်တို့က ကဗျာရေးသူလောက်တောင်မှ အာစိုက်မှု၊ တူးဆွမှု မစိုက်ထူတဲ့အခါ ကဗျာတွေကို မခံစားနိုင်၊ ကဗျာတွေကို နားမလည်နိုင် ဖြစ်ရတော့တာပေါ့။

ကဗျာဆရာ `တိုမက် ယက်စထရွန်´ က၊ လူတွေအတွက် သေရေးရှင်ရေး၊ တကယ့်ကို လိုအပ်တဲ့ အရာတွေအားလုံး အကျုံးဝင်တဲ့ အရာကို `သစ်စေ့´ ဆိုတဲ့ `သင်္ကေတ´ နဲ့ ပြောတာ။ ဒါဟာ `တိုမက် ယက်စ ထရွန်´ အသုံးပြုတဲ့ ကဗျာ့ပရိယာယ် `မာယာ´ ပေါ့။ လူတွေအတွက် တကယ် အရေးအကြီးဆုံးအရာ၊ ဘယ်ဟာလဲဆိုတာ ပြောချင်ရင် တည့်တိုးပြောလို့မရဘူး၊ ပြောခွင့်မရှိဘူး။ ဒီတော့ `မာယာ´ ကို `မာယာ´ လို့ သဘောမထားဘဲ၊ ကိုယ့်ဘက်က အားထုတ်မှုမရှိဘဲ၊ ဒီအတိုင်း လက်ဖ၀ါးပေါ် ရှင်းအောင် တင်မပြရကောင်းလားဆိုပြီး ဒီကဗျာတွေ ဘာရေးထားမှန်း မသိဘူးဆိုပြီး လက်လွှတ်လိုက်မယ်ဆိုရင်၊ ကဗျာကို လက်လွှတ်ဆုံးရှုံးရုံတင်မက ဘ၀ရဲ့ အရေးအကြီးဆုံး အရာတွေကို ရှာဖွေဖို့ သတိပေးနှိုးဆော်ချက် အခွင့်အရေးကိုပါ ဆုံးရှုံးရတော့မှာပေါ့။ ကဗျာဆရာ`တိုမက် ယက်စထရွန်´ က `သစ်စေ့များ´ ကဗျာရဲ့ အနက်ကို တူးဆွခိုင်းရင်းက အဲဒီ ဘ၀ရဲ့ အရေးအကြီးဆုံး အရာတွေ ရနိုင်၊ ရှိနိုင်တဲ့ အနာဂတ်ဆီ လူတွေ ရှေ့တိုးပြီး ရှာနိုင်ဖွေနိုင်ဖို့ လမ်းခင်းလိုက်တဲ့ သဘောပါပဲ။

ကျနော်တို့တိုင်းပြည်မှာလည်း `အနာဂတံကို ဘာသာပြန်တဲ့ငှက်´ တွေ ရှိပါတယ်။ ကျနော်တို့က အဲဒီ ငှက်တွေ (၀ါ) အဲဒီ ကဗျာဆရာတွေရဲ့ တောင်ပံခတ်သံ၊ ကျူးရင့်သံ (၀ါ) ကဗျာတွေကို နားထောင်တတ်ရပါလိမ့်မယ်၊ နားထောင်နိုင်ဖို့ အားထုတ်ရပါလိမ့်မယ်။

ကဗျာ ဆိုတာကတော့ `နက်နက်တူးလေ ရေတွေ့လေ´ ဆိုတဲ့ သဘော ပါပဲ။ အနာဂတံကို ဘာသာပြန်တဲ့ ငှက်တွေရဲ့ တောင်ပံခတ်သံ (၀ါ) ကဗျာတွေကို ကျနော် အလျင်းသင့်ရင် ထပ်ပြီး အစီရင်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဟော ..... စာဖတ်သူများ အသေအချာ စိတ်နားစိုက်ပြီး နားထောင်ပါ။ ဟိုး .... အဝေးဆီက အနာဂတံကို ဘာသာပြန်တဲ့ ငှက်တအုပ်ရဲ့ တောင်ပံခတ်သံတွေ၊ ကျူးရင့်သံတွေကို မလွဲမသွေ ကြားရပါလိမ့်မယ်။

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ဝန်းကျင်ဒေသ နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်ပေး

Kaowao

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် တည်ရှိရာ ရေးချောင်းဖျား ဒေသတဝိုက် ကျေးရွာများတွင် ပနန်းဗုင်ရွာကို အခြေပြုကာ လွန်ခဲ့သော ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှ စစ်အစိုးရ လဝက ဌာနက နိုင်ငံသား စိစစ်ရေး ကဒ်ပြား အသစ်များကို ပြုလုပ်ပေး ခဲ့ကြောင်း NMSPဌာနချုပ်မှ တာဝန်ရှိသူ တဦးက ပြောပါသည်။

မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် အခြေစိုက်ရာ ရေးချောင်းဖျားဒေသကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့်(စရဖ)အဖွဲ့ တို့လာရောက်ပြီး နိုင်ငံသားစီစစ်ရေး ကဒ်များပြုလုပ်ပေးခဲ့သည်။ ပနမ်းဘုံရွာ၊ ဂျော်ခပြုရွာနှင့် သုဝဏ္ဏဘုံမိရွာ၊ ပစားရွာရှိ ရွာသားများနှင့် ပါတီရဲဘော်တချို့ အပါအဝင် လူ(၄၀၀၀)ကျော်ကို စီစစ်ရေးကဒ်ပြား ပြုလုပ်ပေးခဲ့သည်။ တဦးလျှုင် ကျပ်ငွေ(၂၅၀၀)ကုန်ုကျပြီး ယခုမတ်လ ပထမအပါတ်တွင် ပြုလုပ်ပြီးစီးခဲ့သည်။ အခြားတပ်တည်စခန်း ချရာ ချဲ့တိုက်ရွာ၊ ဂနီရွာနှင့် ဖလန်းရွာတို့မှာ စီစစ်ရေးကဒ်များ ဆက်လက်ပြုလုပ်နေသည်။

နိုင်ငံခြားစိစစ်ရေးကဒ်ပြားကို ရရှိသွားသော ဂျော်ခပြုရွာသား နိုင်အရော့က “မှတ်ပုံတင်ရတော့ သွားလာရေး အဆင်ပြေတာပေါ့ အရင်မှတ်ပုံတင်မရှိတုန်းကဆိုရင် ရေးမြို့တက်တဲ့အခါ တံတားဖြူဂိတ်စောင့်တို့က အရမ်းရစ် တာဘဲဗျာ၊ အမြဲတမ်းငွေပေးနေရတယ်၊ ကုန်သည်တွေဆိုရင် ပိုဆိုးတာပေါ့” ဟု မိမိတို့ သတင်းဌာနကို ပြောပြခဲ့ပါသည်။

၂၀၀၃ ခုနှစ် ဝန်းကျင်ခန့်တွင် မွန်ပြည်သစ် ပါတီသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် အမှတ်(၅)ထောက် လှမ်းရေး တပ်ဖွဲ့ကို ရေးချောင်း ဖျားမှာ အခြေချသည့် ကျေးရွာသားများ အတွက် မှတ်ပုံတင်လုပ်ပေးရန် တင်ပြ တောင်းဆိုခဲ့ ဖူးသည်။ အဆိုပါရွာသားများ မှတ်ပုံတင် ကဒ်ပြား မရှိသည့်အတွက် ခရီးသွားလာရေး အခက်အခဲများ စွာ တွေ့ကြုံနေကြရ ပါသည်။ ထိုစဉ်က ပါတီဝင်များနှင့် ရွာသား(၃၀၀)ခန့်သာ နိုင်ငံသား စိစစ်ရေးကဒ် ပြုလုပ်နိုင်ခဲ့ သည်။

ပြီးခဲ့သည့်နှစ် မေလ ပြည်သူ ဆန္ဒခံယူပွဲ မတိုင်ခင်တွင်လည်း ယာယီ မှတ်ပုံတင်ကဒ်များ ထုတ်ပေး ခဲ့ဖူးသည်။ ယခုခဲ့သို့နယ်ဖျား ဒေသအထိ မှတ်ပုံတင် လာလုပ်ပေးခြင်း ရည်ရွယ်ချက်မှာ နောင်လာမည့်(၂၀၁၀)ရွေးကောက်ပွဲကို မဲပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရပါသည်။

ယ္ခုနိုင်ငံသား စိစစ်ရေးကဒ်ပြားများ ပြုလုပ်ခဲ့သော ပနန်းဗုင်ရွာသည်(၂၀၀၈)ခုနှစ် အခြေခံဥပဒေ ထောက်ခံပွဲမဲများ ထည့်နိုင်ရေးအတွက် ယခင်က ယာယီအသိမှတ်ပြု ကဒ်ပြားများ ထုတ်ပေးခဲ့ရာ မဲဆန္ဒပေးနိုင်ခွင့်ရှိသူ(၄၀၀၀) ကျော်အနက် ထောက်ခံမဲ(၂၇)မဲသာ ရခဲ့သဖြင့် အရှေ့တောင်တိုင်း တိုင်းမှူးက မည်သို့ကြောင့် ယ္ခုကဲ့သို့ ထောက်ခံမဲ အနည်းငယ်သာရရှိရသည်ကို သက်ဆိုင်ရာ အောက်ခြေမဲရုံမှူးများအား ထုချေလွှာတောင်းဆိုခဲ့ဘူးသည်။

နအဖ စစ်သားတပ်ပြေး သျှမ်းပြည် တပ်မတော်ထဲ ၀င်ရောက်ပူးပေါင်း

သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူး အခြေစိုက် ခလရ ၆၅ တပ်သား နှစ်ယောက် တပ်မှထွက်ပြေး ပြီး သျှမ်းပြည် တပ်မတော် SSA တောင်ပိုင်း သို့ ၀င်ရောက်ပူး ပေါင်းခဲ့သည်ဟု SSA သတင်း ရပ်ကွက်က ဆိုသည်။

ယခုလ ၄ ရက်နေ့က နားကောင်းမူးအခြေစိုက် ခလရ ၆၅ မှ တပ်ကြပ်ကျော်မိုး အသက် ၂၆ နှစ်၊ ဒုတပ်ကြပ် မောင်အေး အသက် ၂၇ နှစ် တို့နှစ်ဦး ပစ္စတိုသေနတ် တယောက်တလက်စီဖြင့်၊ တောလမ်းမှထွက်ပြေးကာ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မောန့်ပင် ကျေးရွာအုပ်စု မျက်နှင်ချင်း ဆိုင်ရှိ သျှမ်းပြည် တပ်မတော် အမှတ် ၂ စစ်ဒေသ လွယ်ဆမ်ဆစ် ဌာနချုပ်သို့ လာရောက်ပူး ပေါင်းကြောင်း ဗိုလ်မှူးကြီး ယွတ်စစ်က -

“နအဖ စစ်သား နှစ်ယောက်က သျှမ်းပြည်တပ်မတော် အမှတ် ၂ စစ်ဒေသ ဗိုလ်မှူးတင်းခေး ဆီလာရောက် ပူးပေါင်းတယ်၊ တပ်တွင်း မျှတမှုမရှိလို့ ထွက်ပြေး လာရတယ်လို့ပြောတယ်။ ၂ ယောက်စလုံး ဧရာဝတီတိုင်း မြောင်းမြ ဇာတိ၊စစ်မှုထမ်း လာတာ ၁၀ နှစ်ကျော်ပြီတဲ့။ သူတို့နှစ်ယောက်ကို ကောင်းကောင်းမွန်မွန် လက်ခံကျွေးမွေးထားပါတယ်” ဟု ပြောပြ၏။

“တပ်တွင်းရံပုံငွေအတွက် ကျောက်၊ ဗြုံး တူးရတယ်။ အုတ်ဖုတ်ရတယ်။ နားရက် မရှိဘူး။ အထက်အရာရှိ တွေအကြိုက် မလုပ်ရင် အပြစ်ပေး ဒဏ်ပေးခံရတယ်၊ လစာငွေဖြတ်တယ်။ နောက်ပြီးတပ်တွင်းရဲဘော်တွေ လည်းအချင်းချင်းမတည့် ကြဘူး။ ဘယ်နေရာမှ ဘာမှ မျှတမှု ဆိုတာ မရှိဘူး။ မခံနိုင်တော့လို့ ထွက်ပြေးလာ ကြတာ” - ဟု အဆိုပါတပ်ပြေး ၂ ယောက်ကပြောသည်ဟုဆို၏။

နအဖတပ်တွင်း အထက်အရာရှိများ စည်းစိမ်နှင့် အခွင့်ထူးများရပြီး အောက်ခြေတပ်သားများမှာ မတရား စေခိုင်းမှု ငြင်းပန်း နှိပ်စက်မှု ခံရခြင်းကြောင့် ပင်ပန်းဆင်းရဲမှုများ မခံနိုင်တော့ဘဲ သျှမ်းပြည်တပ်မတော်ထံ မကြာခဏလာရောက် ပူးပေါင်းကြသည်ဟုလည်း ဗိုလ်မှူးကြီးယွက်စစ်က ဆိုသည်။

၂၀၀၆ စက်တင်ဘာအထိ - ဗမာ့တပ်မတော်တွင် ခြေလျင်တပ်ရင်း ၂၁၅ ရင်း၊ ခြေမြန်တပ်ရင်း ၃၄၀ ရင်း - စုစုပေါင်း ၅၅၅ တပ်ရင်း ရှိကြောင်း၊ ၂၂၀ တပ်ရင်း မှာ တရင်းလျှင် ပျမ်းမျှအင်အား ၂၀၀ မှ ၃၀၀ ကြားရှိပြီး၊ ၂၈၄ ရင်းမှာ လူအင်အား ၂၀၀ အောက်ရောက်နေကြောင်း၊ တပ်ပြေးမှာလည်း ၄ လ လျှင် ပျမ်းမျှအယောက် ၁ သောင်း ရှိကြောင်း၊ စစ်အစိုးရ ကြေငြာထား သော တရားဝင်စာရင်းအရ ဗမာစစ်တပ်၌ စစ်အင်အား ၄ သိန်း ရှိကြောင်း ဒီမိုကရေစီနှင့်ဖွံ့ဖြိုး တိုးတက်ရေး အင်အားစု ကဆို၏။

မြန်မာတွေသာ ဖြေရှင်းရမည့် မြန်မာ့နိုင်ငံရေး

မင်းနိုင်သူ

ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အစိုးရအနေဖြင့် ၎င်းတို့ ချမှတ်ထားသည့် လမ်းညွှန်မြေပုံအတိုင်း ဆက်လက်အကောင်အထည်ဖော်ရန် အာဆီယံ ခေါင်းဆောင်များက တိုက်တွန်းခဲ့ကြသည်။

မြန်မာစစ်အစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြေညာထားသည့် လမ်းညွှန်မြေပုံအတိုင်း အကောင်အထည်ဖော်ရန် အာဆီယံ ခေါင်းဆောင်များက တိုက်တွန်း ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် အာဘီဆစ်က ပြောသည်။

ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းသည် နအဖက ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲကို ထောက်ခံသည့် သဘော လက္ခဏာ တရပ်ဖြစ်သည်။

အာဆီယံနှင့် ကုလသမဂ္ဂတို့မှာ နအဖက ကျင်းပပေး မည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကိုသာ အာရုံပြု နေကြပြီး တရားဝင် ပယ်ဖျက်ခြင်း မပြုရသေးသော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မေ့ထားခဲ့ကြပြီ ဖြစ်သည်။

ထိုကဲ့သို့ ရွေးကောက်ပွဲ ရလဒ်တခုကို တရားဝင်ပယ်ဖျက်ခြင်းမပြုသေးဘဲ နောက်ရွေးကောက်ပွဲတခုဆီ ခြေလှမ်းနေခြင်းမျိုး ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် မရှိဟု နိုင်ငံရေး စာပေများ ရေးသား နေသော ဗကပပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ပြောသည်။

ယင်းကဲသို့ဖြစ်ရခြင်းမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ကျန်နိုင်ငံများအပေါ် သက်ရောက်နိုင်မှု အားနည်းခြင်းကြောင့် ကျန်နိုင်ငံများက စိတ်မ၀င်စား တော့ခြင်း ဖြစ်သည်ဟု လည်း သုံးသပ်သည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေးကို လူထုကသာ အပြောင်းအလဲလုပ်နိုင်မည်၊ ပြည်တွင်းရှိ အဖွဲ့အစည်းများ ကိုယ်တိုင်သာဖြေရှင်းရမည်၊ ပြည်ပအဖွဲ့အစည်းများမှာ ၀ါဒဖြန့်အလုပ်သာ လုပ်နိုင်သည်ဟု ရဲဘော်ဖိုးသံချောင်းက ထောက်ပြသည်။

ပြည်တွင်းရှိ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ နိုင်ငံရေးလှုပ်ရှားသူများအပေါ် နအဖ၏ ပြင်းထန်သော ဖိနှိပ်မှုများကြောင့် ပြည်တွင်းလူထုအနေဖြင့် အန်အယ်လ်ဒီက ပြုလုပ်နေသော နိုင်ငံရေးအကျဉ်းသားလွှတ်ရေး လက်မှတ်ကောက်ယူမှုများမှာပင် ပါဝင်လာနိုင်မှု သိပ်မရှိဟု ဆိုသည်။

အမှန်တကယ်လည်း နအဖစစ်အစိုးရက ရွေးကောက်ပွဲနီးလာချိန်တွင် အတိုက်အခံ နိုင်ငံရေးအင်အားစုများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြခြင်းဖြင့် လူထုထံ အကြောက်တရား စိတ်ဓာတ် သွတ်သွင်းပေးနေသည်။

“ဆိုလိုတာက ဗျာ။ အထဲကလူတွေလုပ်မှရမှာ ဟုတ်ပေမယ့် အထဲမှာကလည်း နိုင်ငံရေး လှုပ်ရှားသူတွေကို ထောင်တွေချ၊ ဘာတွေချ နေတော့ အခု အန်အယ်လ်ဒီက လုပ်နေတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုမှာတောင် လူထုအား ဘယ်လောက်ပါသလဲ။ လူဦးရေသန်း (၅၀) ကျော် ရှိတဲ့အထဲမှာ လက်မှတ် (၅) သောင်းရအောင် စုနိုင်သလား။ (၅) သိန်းရအောင် စုနိုင်လို့လား။ တက်ကြွလှုပ်ရှားတဲ့ မြို့နယ်တွေမှာပဲ အနည်းအကျဉ်း လှုပ်ရှားသံကြား နေရ တာပဲ။ အဲဒီလိုလှုပ်ရှားတဲ့ သူတွေမှာလည်း အနှောင့်အယှက် အမျိုးမျိုး ကြုံနေကြရတယ်။ ဒီတော့ အန်အယ်လ်ဒီက လူထုထောက်ခံမှုရအောင် ဘယ်လောက်လုပ်နိုင်မလဲ” ဟု သခင်ချန်ထွန်းက လူထုထောက်ခံမှုနှင့် အန်အယ်လ်ဒီ၏ လုပ်နိုင်စွမ်းကို ထောက်ဆသည်။

အကယ်စင်စစ်လည်း ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေး အခင်းပြီး ကတည်းက နအဖ စစ်အစိုးရက အကြောင်းပြချက်မရှိဘဲ အန်အယ်လ်ဒီပါတီ၏ မြို့နယ်ရုံးခွဲများကို ပိတ်ပစ်လိုက်သဖြင့် အန်အယ်လ်ဒီပါတီ၏ စည်းရုံးနိုင်မှုမှာ ကျဆင်းနေခဲ့ရသည်။

သို့သော်လည်း စည်းရုံးနိုင်မှု ကျဆင်းခြင်းသည် ထောက်ခံမှုကျဆင်းခြင်း မဟုတ်ပေ။

“လူထုဘက်က ဆနေတာမျိုး။ စောင့်ကြည့်နေတာမျိုးပဲ ဖြစ်မှာ။ စက်တင်ဘာ သံဃာ့ အရေးအခင်းကို ဘယ်သူကမှ မျှော်လင့်မထားတဲ့၊ ဘယ်တုန်းကမှ မကြားဘူးတဲ့ သံဃ့ာ အသိုင်းအ၀ိုင်းကနေ ပေါ်ထွက်လာသေးတာပဲ။ လူထုအုံကြွမှုဆိုတာက အဓိကလိုအပ်နေ တာက ခေါင်းဆောင်မှုပါ။ ခေါင်းဆောင်မှုဆိုတာက တရားဝင်အဖွဲ့အစည်းတွေထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ မြေအောက် အဖွဲ့တွေထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့တွေ ထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလိုအဖွဲ့အစည်းတွေက လူထုကြီးနဲ့ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ပေါင်းစပ်လိုက်နိုင်ဖို့က အရေးကြီးတာပါ” ဟု ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပြသည်။

လူထုလိုက်ပါနိုင်မှု အားနည်းနေပြီဟု ယူဆသော သခင်ချန်ထွန်းက ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံများအနေဖြင့်လည်း မြန်မာ့နိုင်ငံရေးကို ပြုပြင်ပြောင်းလဲမှုမလုပ်နိုင်၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များပင် နအဖက လာဆိုမှလာ၊ သွားဆိုမှသွားရသည့် အခြေအနေဖြစ်နေသည် ဟုလည်း ပြောသည်။

မြန်မာ့နိုင်ငံရေး တိုးတက်ရေးအတွက် မကြာခဏသွားလာနေရသော မစ္စတာဂမ်ဘာရီကမူ မစ္စတာဘန်ကီမွန်း အနေဖြင့် စစ်အစိုးရအား အကျပ်ကိုင်ခိုင်း၍မရဘဲ တိုက်တွန်းသည့်နည်း၊ ဆွဲဆောင်သည့်နည်းမျိုးဖြင့်သာ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။

သို့သော် မစ္စတာဂမ်ဘာရီအနေဖြင့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကိုသာ အလေးပေး ပြောကြားနေခြင်းမသင့်ဟု အတိုက်အခံများက ယူဆသည်။ ကြားဝင်စေ့စပ်သူပီပီ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်လာရန်ကိုသာ ဦးစားပေးဆောင်ရွက်သင့်ကြောင်း အတိုက်အခံများက ပြောကြသည်။

နအဖက ၂၀၁၀ ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း ယခုအချိန်အထိ ပါတီဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေများကို ယခုအချိန်အထိ ထုတ်ပြန်ပေးခြင်း မရှိသေးပေ။ ထိုကဲ့သို့ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲကို ကုလသမဂ္ဂ လေ့လာခွင့် ရမည်ဟု နအဖ ၀န်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ကို ထုတ်ဖော်ပြောကြား ခဲ့ပြီ ဖြစ်သည်။

ယင်းကဲ့သို့ ယခုအချိန်ထိ ပါတီဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန် မပေးသေးသည်မှာ နအဖဘက်မှ မရိုးသားသည့် လက္ခဏာများဖြစ်ကြောင်း အန်အယ်လ်ဒီ၏ တုံ့ပြန်မှုကို စောင့်နေသည်ဟု မြင်မိကြောင်း ရဲဘော်ဖိုးသံချောင်းက ထောက်ပြပြောဆိုသည်။

“နအဖဘက်ကတော့ ရှင်းတယ်လေ။ သူတို့ရဲ့မြေပုံနဲ့ ရွေးကောက်ပွဲကို အကောင်အထည် ဖော်မှာပဲ။ လာမည့် ရွေးကောက်ပွဲဟာ သဏ္ဌာန်သက်သက်သာ ဖြစ်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတော်အာဏာရဲ့ အဓိကကျတဲ့ သမ္မတနေရာတွေ၊ ၀န်ကြီး နေရာတွေမှာ သူတို့ စစ်တပ်ဘက်က ရအောင်လုပ်ထား ပြီးပြီ။ ဒါကြောင့်မို့ ဘယ်သူလာကြည့်ကြည့်ရတယ်။ တရားမျှတတယ်ဆိုတာကို ဖော်ပြမှာပဲ။ အာဏာက သူတို့လက်က ပြေးမလွတ်တော့ဘူးလေ။ ဒါကြောင့် သူတို့က အင်မတန် သဘောထား ကြီးလေဟန် လာပါ၊ လေ့လာပါလုပ်နေတာ။ အန်အယ်လ်ဒီဘက်ကကျတော့လည်း တခြားအဖွဲ့တွေနဲ့မတူဘူး။ သူတို့က ၁၉၉၀ မှာ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အဖွဲ့။ တခြားအဖွဲ့တွေ ရွေးကောက်ပွဲဝင်လို့ ဘာမှပြောစရာ မရှိဘူး။ ဒါပေမယ့် အန်အယ်လ်ဒီက ၀င် လိုက်လို့ရှိရင် အဲဒီ mandate ကို စွန့်လွှတ်ပစ်လိုက် ရမယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဖောက်ဖျက်လိုက်ရာ ဖြစ်သွားနိုင်တယ်။ အန်အယ်လ်ဒီ အနေနဲ့ကတော့ ကျနော်ထင်တယ် ထူးခြားတဲ့ အပြောင်း အလဲမရှိရင် ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူးထင်တယ်” ဟု ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပြသည်။

ထူးခြားသည့် အပြောင်းအလဲဆိုသည်မှာ နအဖဘက်မှ အပြောင်းအလဲနှင့် အန်အယ်လ်ဒီ ပါတီတွင်း အပြောင်းအလဲကို ပြောဆိုခြင်း ဖြစ်သည်ဟု ရဲဘော်ဖိုးသံချောင်းက ရှင်းသော်လည်း အသေးစိတ်ကို ပြောရန်မသင့်ဟု ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ ၀င်သင့်သည် ဟု ပြောသည်။ ထို့ပြင် ဒေါ်အောင်ဆန်း စုကြည်ကဲ့သို့သော နိုင်ငံခြားသားနှင့် လက်ထပ်ထား သူများကိုလည်း မြန်မာနိုင်ငံသား အဖြစ် မစွန့်လွှတ်ခဲ့လျင် ရွေးကောက်ပွဲ ၀င်ဖို့ ခွင့်ပြုသင့်သည် ဟုပါ ဆက်လက် ပြောဆိုသည်။

ရွေးကောက်ပွဲတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကဲ့သို့ မဖြစ်ရအောင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို ဖိတ်ကြားပေးသင့်သည်ဟု ဆိုသည်။

သခင်ချန်ထွန်းက “ရွေးကောက်ပွဲလုပ်ရင် စောင့်ကြည့် လေ့လာသူတွေပါရမယ်။ ကျနော် ထင်တယ် ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲတုန်းကလိုတော့ သွားလို့မရဘူး။ ကျနော်လည်း မေးကြည့် ပါတယ်။ နယ်ကအမျိုးသမီး တယောက် အလည်ရောက်လာလို့မေး ကြည့်တော့ ဆန္ဒခံ ယူပွဲတုန်း က ရယကတွေကပဲ အိမ်မှာ လူဘယ်နှစ်ယောက်ရှိလည်း မေးပြီး ရယကတွေကပဲ ထည့်သွား တာတဲ့။ အဲဒါမျိုးတွေက အများကြီးပဲ။ လာမယ့်ဟာကိုတော့ အဲလိုလုပ်လို့မသင့်ဘူး။ လုပ်ရင်လည်း အစိုးရကို အကာအကွယ်ပေးထားတဲ့ တရုတ်တို့ ရုရှတို့ပါ မျက်နှာပျက်စရာ တွေ ဖြစ်ကုန်မယ်။ ဆိုတော့ ဒီလို စောင့်ကြည့်သူတွေလည်း ပါမယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်မျိုး တွေလည်းပါမယ်ဆိုရင် အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲဝင်သင့်တယ်” ဟု ပြောသည်။

သခင်ချန်ထွန်း၏ တိုက်တွန်းချက်မှာ အန်အယ်လ်ဒီပါတီက တောင်းဆိုထားသည့် ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေး သဘောမျိုး သာဖြစ်နေ သဖြင့် နအဖဘက်မှ လက်ခံနိုင်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ကုလသမဂ္ဂက နအဖ၏ လမ်းညွှန်မြေပုံ (၇) ချက်ကို ပယ်ဖျက်နိုင်စွမ်း မရှိသကဲ့သို့ အာဆီယံကလည်း ယင်းအတိုင်း ဆက်သွားရန်ကိုပင် တိုက်တွန်းနေပြီဖြစ်ရာ မြန်မာ့အရေး အပြောင်းအလဲသည် ပြည်သူလူထုနှင့် ပြည်သူလူထုက ရွေးကောက်ထားသော အန်အယ်လ်ဒီပါတီ အပေါ်တွင်သာ အဓိက မူတည်နေပြီဖြစ်သည်။

ဓမ္မစက်၊ အာဏာစက် နဲ့ ကားပျက်ကြီး

ဧရာဝတီ

မလေးရှားနိုင်ငံ ပီနန်မြို့တွင် သီတင်းသုံးနေသော သာသနာ့မောဠိ(သာသနာ့ ဥသျှောင်)အဖွဲ့ ဥက္ကဌ ဆရာတော် ကြီး ဦးပညာဝံသ (ဘဒ္ဒန္တ ပညာဝံသ) သည် ကမ္ဘာ့ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများအပြင် ၂၀၀၈ ခုနှစ် မေလ က တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး အတွက်လည်း ပြည်ပမှ ၀တ္ထုငွေကြေးများစွာ ဖြင့် ထောက်ပံ့ လှူဒါန်းခဲ့သည့် ဆရာတော်ကြီး တပါးဖြစ်ပါသည်။

မကြာသေးခင်က ရန်ကုန်မြို့တွင် ကျင်းပသွားသော ဆဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(၄၇)ပါး စုံညီ သတ္တမ အစည်းအဝေး၌ ဥက္ကဌ ဆရာတော်ကြီး ဘဒ္ဒန္တ ကုမာရ၏ သြ၀ါဒ မိန့်ကြားချက်တွင်ပါဝင်သည့် ပိဋကတ်တော်နှင့် မညီညွတ်ဟု ဆိုသော ကိစ္စရပ်များနှင့် မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာ သံဃာတော်များ တင်းကျပ်ခံနေရမှုများ အပါအ၀င် သာသနာတော်ဆိုင်ရာ အရေးကိစ္စ များနှင့်ပတ်သက်ပြီး ဆရာတော်ကြီး အား ဧရာဝတီ က မေးမြန်း လျှောက်ထားချက်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ မြတ်စွာဘုရား ပိဋကတ်တော် နဲ့ မညီညွတ်တဲ့ ရေးသား၊ ပြသ၊ ဟောပြောတယ်ဆိုတာ ဘာကိုရည်ညွှန်း တယ်၊ ဘယ်လိုအခြေအနေကို ဖော်ပြတယ်၊ ညီညွတ်ခြင်း မညီညွတ်ခြင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို ဆုံးဖြတ်သလဲဆိုတာ သိချင်ပါတယ်ဘုရား။

ဖြေ။ ။ မြတ်စွာဘုရားရဲ့ သာသနာတော်ဆိုင်ရာမှာ ဘုန်းကြီးတို့ သေသေချာချာ လိုက်နာကျင့်ဝတ်တဲ့အခါကျ တော့ ဘုန်းကြီးတို့ တခုတည်းလည်း ပြောလို့ မရဘူး၊ မြတ်စွာဘုရားက အထူးသဖြင့်တော့ ဘုန်းကြီးတွေပေါ့လေ၊ ပိဋကတ် သုံးပုံ ရှိတဲ့အနက်မှာ၊ အဘိဓမ္မာတဲ့၊ သုတ္တန်တဲ့၊ ၀ိနည်းတဲ့ ၊ ၀ိနည်းဆိုတာက တကယ်တော့ စည်းကမ်း ပါပဲ၊ ဥပဒေ ပါပဲ၊ ဗုဒ္ဓဘာသာ Law ပဲ ၊ ဗုဒ္ဓဘာသာ Law ဆိုတဲ့ ဥစ္စာက ဘုန်းကြီးတို့ ဘာပဲဖြစ်ဖြစ် သာသနာ့ဝန် ထမ်းတဲ့ ပုဂ္ဂိုလ်က သံဃနာယကရယ်၊ ဦးပဉ္ဖင်းလေးရယ်၊ ဦးပဉ္ဖင်းကြီးရယ် ဒီလို ပြောလို့တော့လည်း မရဘူး၊ မြတ်စွာဘုရား ကိုယ်တိုင်ဟောထားတာက သာသနာတော်ကို ၀င်ပြီး သသနာ့ ၀န်ထမ်းချင်တဲ့ ပုဂ္ဂိုလ်ဆိုလို့ ရှိရင် အကုန်လုံး ၀ိနည်း ဒေသနာတော်ကို လိုက်နာရမယ်လို့ ဒီလိုပဲဟောထားတာကိုး။

နောက်ပြီးတော့ ပြန်ကြည့်ရမှာက မြတ်စွာဘုရားက ဘာဟောသလဲဆိုတော့၊ ခုဏက ကြီးတဲ့ ပုဂ္ဂိုလ်ဆိုရင် ငယ် တဲ့ ပုဂ္ဂိုလ်က ရိုသေရမယ်ဆိုပြီးတော့ ၀ိနည်းဒေသနာတော်မှာတော့ ဟောထားတာပေါ့၊ သို့သော်လည်း ကြီးတဲ့ ပုဂ္ဂိုလ်တွေကလည်း ၀ိနည်းဒေသနာတော်နဲ့ မညီဘူးဆိုလို့ရှိရင်၊ ကြီးတဲ့ ပုဂ္ဂိုလ်ပြောတာကို အကုန်လုံး လက်ခံနေ ရမှာမဟုတ်ဘူး။

ကြီးတဲ့ ပုဂ္ဂိုလ်တွေ ပြောကြားတာက မြတ်စွာဘုရားရဲ့ ၀ိနည်းဒေသနာတော်နဲ့ ညီမညီ စစ်တမ်းထုတ်ပြီးကြည့်တဲ့ အခါကျတော့ လုံးဝမညီဘူးဆိုလို့ရှိရင်၊ ဒီလိုဆရာတော်မျိုးကို ၊ ဒီလိုလူကြီးမျိုးကို ၊ ဒီလိုပုဂ္ဂိုလ်မျိုးကို၊ ဓမ္မ သမ္ဘော ဂ၊ အာမိသ သမ္ဘောဂ ဆိုတာ ရိုရိုသေသေ ပုဂ္ဂိုလ်အနေနဲ့ မဆက်ဆံရဘူးလို့ မြတ်စွာဘုရားက ဟော ထားတာ။

ဘုန်းကြီးတို့ ဆိုလိုတာက ခုဏ သံဃနာယက ဆိုတာ ဘုန်းကြီးတို့ တကယ်အတိအကျပြောမယ်ဆိုရင်တော့၊ ဗမာပြည်မှာက ဘယ်သူက တင်ထားတဲ့ သံဃနာယက မှန်းလည်း မသိဘူးလေ၊ ရှေးက ဘုန်းကြီးတို့မှာ ဒီလိုဟာ မျိုး တခါမှလည်းမရှိခဲ့ဘူး၊ အခု ဗိုလ်ချုပ်တွေ ခေတ်ရောက်မှ သံဃနာယက ဆိုပြီးလုပ်တဲ့အခါကျတော့၊ ဒါကြောင့် မို့လို့ ကျန်တဲ့ ဆရာတော်တွေက ဘာဖြစ်သွားသလဲ ဆိုတော့ နည်းနည်းတွေဝေနေကြတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ စက်တင်ဘာ အရေးအခင်းလိုဖြစ်တဲ့အခါမှာ ပါတဲ့ ဘုန်းကြီးတွေကို သံဃနာယက က ဘုန်းကြီး အစစ် မဟုတ်ဘူးလို့ပြောတယ်။

ဒီဘုန်းကြီးတွေက ၀ိနည်းဒေသနာနဲ့အညီ ရဟန်းခံထားတဲ့ ဘုန်းကြီးတွေပဲ၊ သူတို့မှာ ဘာလက်နက်မှ ပါတာ လည်း မဟုတ်ဘူး၊ တိုက်ခိုက်ဖို့ပြောတာလည်း မဟုတ်ဘူး၊ သူတို့က ခင်ဗျားတို့ ဗမာပြည် ကြီးက ၁၉၆၂ ခုနှစ် ကနေစပြီး နှစ်ပေါင်း ၄၀-၅၀ ရှိပြီ ပြည်သူတွေမှာ ဆင်းရဲလှပြီ ဒုက္ခတွေရောက်လှပြီ ၊ ဒါကြောင့် အမှန်ကတော့ ခင်ဗျားတို့ စစ်တပ်ကလည်း ဒီ ရာထူးကြီးကနေ ထွက်ပေးရမယ်၊ ဒီလိုပြောတာတော့ မဟုတ်ဘူး၊ အဲဒါတွေကို ကြည့်ပြီးတော့ စီမံကြပါလို့ မေတ္တာ ရပ်ခံတာ။

မေတ္တာ ရပ်ခံတာကို သံဃနာယက ဆရာတော်ကြီးတွေအနေနဲ့က အစိုးရ မျက်နှာကိုကြည့်ပြီးတော့ ဒီဘုန်းကြီး တွေက ရဟန်းအတုဖြစ်တယ်ဆိုတော့ ဘုန်းကြီးတို့ သာသနာတော်မှာ ရဟန်း အစစ်ကို ရဟန်းအတုလို့ ပြောတဲ့ ဘုန်းကြီးကိုယ်တိုင် ရဟန်း မဟုတ်ဘူးလို့လည်းဆိုထားတယ်လေ။

မေး။ ။ ဗုဒ္ဓ ၀ိနည်းတော်အရ သံဃာ အတု အစစ်ကိုရော ဘယ်လို ခွဲခြား သတ်မှတ်ပါသလဲ ဘုရား။

ဖြေ။ ။ သံဃာ အတု အစစ်ကို ခွဲဖို့ ဆိုတဲ့အခါကျတော့ ဘုန်းကြီးတို့ ဒီလို ရိုးရိုးခွဲလို့လည်း မရဘူး၊ မြတ်စွာဘုရား ၀ိနည်းတော် ရှိတယ်၊ ဒီလို မျိုး တဦးတယောက်က ပြောလာခဲ့ရင်၊ သံဃာတော်တွေမှာ တကယ့် ၀ိနည်း ဒေသနာ တော်ကို လေးစားတဲ့ ပုဂ္ဂိုလ်တွေကို သွားပြောပြီးတော့ အရှင်ဘုရား ဒီလို ဖြစ်နေတယ်ဆိုပြီးတော့ပေါ့၊ အဲဒီ ပုဂ္ဂိုလ် က ၀ိနည်းဒေသနာတော်ကိုလည်း နားလည်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ရမယ်၊ ပြီးတော့ သီလ သမာဓိ ပညာနဲ့လည်း ပြည့်စုံရမယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ၀ိနည်းဓိုရ် ခန့်ပြီးတော့ အစစ်လားအတုလားဆိုတာ စစ်ဆေးရမှာကိုး။

ဒီအတိုင်း သွားပြီးတော့ ကိုယ်က မကြိုက်တာနဲ့ ဘုန်းကြီး အတု ဖြစ်တယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်ပြီး သင်္ကန်း ချွတ်ပစ်လိုက်တယ်ဆိုပါတော့၊ အဲဒီ ပြုတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင် သာသနာမှာ ဘုန်းကြီးဖြစ်ခဲ့လို့ရှိရင် ပါရာဇိက ကျ တာပဲ၊ ပါရာဇိက ကျတယ်ဆိုတာ ဘုန်းကြီးမဟုတ်တော့ဘူး ဆိုလိုတာပေါ့၊ သူသင်္ကန်းဝန်ထားတာတော့ ဘယ် တတ်နိုင် မလဲ၊ သူက သာသနာတော်နဲ့ မလျော် တော့ဘူးလေ၊ သူက ပုဂ္ဂိုလ်ကောင်းကို မဟုတ်ဘူးလို့ စွပ်စွဲတာ၊ အစစ်အတုဆိုတဲ့ ဥစ္စာက ဘုန်းကြီးနဲ့ ခင်ဗျားနဲ့ မကျေနပ်တာနဲ့ ပြောလို့မရဘူး။

ဝိနည်းဒေသနာတော်ကို လေးစားတဲ့ သူမျိုးဖြစ်ရမယ်၊ သံဃနာယကနဲ့ ဘာမှ မဆိုင်ဘူး၊ သံဃနာယက က သူ့ဘာသာသူ ခန့်ထားတာကိုး၊ အဲဒီ သံဃနာယက က ၀ိနည်းဒေသနာ သိက္ခာပုဒ်နဲ့ ညီရဲ့လား၊ သူကိုယ်တိုင် ရော ဘုန်းကြီး အစစ်ဟုတ်ရဲ့လား ဆိုတာ ရှိသေးတာကိုး။

အဲဒါကြောင့် ၀ိနည်းကို အသေအချာလေးစားတဲ့ ပညာတတ်တဲ့ ပုဂ္ဂိုလ်တပါးရဲ့ ဆုံးဖြတ်ချက်မှသာလျင် သံဃာ အစစ်အတု ဆိုတာကို ခွဲနိုင်မှာပေါ့၊ ဒီအတိုင်း ကိုယ်က မကျေနပ်တာနဲ့ သွားပြီးတော့ သံဃာအတုလို့ ပြောလို့ရှိ ရင် ပြောတဲ့လူလည်း ဒုက္ခရောက်တယ်၊ ဒါ အင်မတန်ကြီးလေးတဲ့ အပြစ် ဂရုကမ္မ ခေါ်တယ်၊ ဒါ သံဃာ့ဗေဒက ကံ မဟုတ်ဘူး၊ သံဃာကို စော်ကားတဲ့ ကံ ဖြစ်တယ်။

ပြီးတော့ တရားဒေသနာ ဟောပြောရာမှာလည်း မြတ်စွာဘုရားဟောကြားတဲ့အတိုင်း ဟောပြောပို့ချခွင့်မရှိဘူး ဆို တာ ဘုန်းကြီးတို့ ကြားနေတာတွေလည်းရှိတယ်၊ သို့သော်လည်း မြတ်စွာဘုရားရဲ့တရားတော်တွေကိုလေးစား တဲ့ ဆရာတော်တွေ မှန်သမျှ ဆိုရင် ၀ိနည်းဒေသနာတော်နဲ့အညီလုပ်ဖို့ လိုတာပေါ့၊ ၀ိနည်းဒေသနာမှာ ဆုံးဖြတ် တဲ့ အခါမှာလည်း ဒေါသဂတိ၊ ဆန္ဒာဂတိ ဆိုတဲ့ အဂတိတရားတွေနဲ့ အစိုးရမျက်နှာ ကြည့်ပြီးလုပ်လို့ရှိရင် ၀ိနည်း ဓိုရ် မဟုတ်ဘူး၊ တရားဆုံးဖြတ်ထိုက်တဲ့လူမဟုတ်ဘူး၊ မဆုံးဖြတ်ထိုက်တဲ့ လူလို့ မြတ်စွာဘုရားကိုယ်တိုင် ဟော ထားတယ်၊ တချို့ကလည်း သိပေမယ့် ကြောက်လို့ ဆုံးဖြတ်ရတာမျိုးတွေ၊ အဲဒါကြောင့် ၀ိနည်းဓိုရ် ကိုယ်တိုင်က ဂတိလေးပါး မလိုက်စားရဘူးဆိုတာ မြတ်စွာဘုရား က ဟောထားတာ။

နောက်ပြီးတာ့ သံဃနာယက ကို ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ တရားတော်နဲ့ ပြောမယ်ဆိုရင်တော့ သံဃနာယက ကိုယ်တိုင်က ဂတိ လေးပါး လိုက်စားသွားရင်တော့ ၀ိနည်းဓိုရ် မဖြစ်ထိုက်တော့ဘူး၊ တကယ်လို့ ဘယ်ဘက်မှ မလိုက်ဘူးဆိုရင်တော့ သူ့ရဲ့ဆုံးဖြတ်ချက်က မှန်တယ်၊ ပြီးတော့ အတုလို့ စွပ်စွဲခံရတဲ့ သံဃာကို မေးရဦးမယ်၊ ဘာတွေလုပ်ခဲ့သလဲ၊ သူကိုယ်တိုင် ၀န်ခံသလား၊ ၀န်မခံဘူးလားဆိုတာ။

မေး။ ။ သာသနာရေးဆိုင်ရာ ဆုံးဖြတ်ဆောင်ရွက်တဲ့ နေရာမှာ ဓမ္မစက် ၊ အာဏာစက် ဆိုပြီး သုံးတာ တွေ့ရပါ တယ် ဘုရား၊ ဘယ်လို နေရာတွေမှာ ခွဲခြားသုံးပါ သလဲဘုရား။

ဖြေ။ ။ ဓမ္မာစက်ဆိုတာနဲ့ ဆုံးဖြတ်မယ်ဆိုရင် တရားတော်နဲ့အညီ ဆုံးဖြတ်ရမယ်၊ မြတ်စွာဘုရားရဲ့ဝိနည်း ဒေသနာတော် နဲ့ ဆုံးဖြတ်တာကို ဓမ္မစက်လို့ ခေါ်တယ်၊ အဲဒီ သာသနာနဲ့ ပတ်သက်လာရင် အစိုးရမှာ ဆုံးဖြတ် ခွင့်မရှိဘူး၊ အာဏာစက်ဆိုတာက အစိုးရရဲ့ Authority အမိန့်သြဇာကိုပြောတာ၊ အဲဒီတော့ အစိုးရကိုယ်တိုင်က မင်းကျင့် တရား ဆယ်ပါးနဲ့ ညီညွတ်ရမယ်တဲ့၊ ဒါမှ အာဏာစက်နဲ့လည်း ညီမယ်။

သို့သော်လည်း ဓမ္မစက်ဆိုတာကလည်း မြတ်စွာဘုရား ဟောကြားထားတဲ့ ၀ိနည်းဒေသနာတော်တွေကို ဂတိ လေးပါး မလိုက်စားဘဲနဲ့ စစ်တဲ့ ဆရာတော်မျိုးရဲ့ ဆုံးဖြတ်ချက်ကလည်း ဒါ ဓမ္မစက်နဲ့ညီတယ်၊ အဲဒီလို ညီတဲ့ ဟာကို ခုဏ အာဏာစက်က အသုံးဝင်လို့ ဆရာတော်နဲ့ တွဲလိုက်ရင် အစိုးရအုပ်ချုပ်နေတယ်လို့ ဆိုလိုတယ်၊ အဲဒါ မင်းကျင့်တရားနဲ့ ညီတဲ့ အစိုးရက အာဏာစက်၊ ဓမ္မစက်နဲ့ အုပ်ချုပ်တာ။

ဘုန်းကြီးတို့ မြန်မာပြည်ကို ကြည့်လိုက်တဲ့ အခါကျတော့ ဓမ္မစက်ရော၊ အာဏာစက်ရော မကောင်းတဲ့ အခိုးတွေ အနံ့တွေထွက်နေတယ်၊ ဒါ ကြောင့် ကားတွေပျက်ခါနီးမှာ အိတ်ဇောက အခိုးတွေ ထွက်နေတယ်မဟုတ်လား၊ စက်က သွားတော့ သွားနေတယ်၊ ဒါပေမယ့် မကောင်းတဲ့ အနံ့တွေ အခိုးတွေထွက်နေတာ၊ မက္ကင်းနစ်က မပြင်လို့ မဖြစ်တော့ဘူး၊ ဒါကြောင့် မြန်မာပြည်မှာ ဘုန်းကြီးမြင်တာက ဓမ္မစက်ရော၊ အာဏာစက်ရော က မော်တော်ကား လိုပဲ အိတ်ဇောက မကောင်းတဲ့ အခိုးတွေထွက်နေတယ်၊ မကောင်းတဲ့ အနံ့တွေ၊ အဲဒီကားက အလုပ်တော့ လုပ် တယ်၊ နောက်ကျရင် ပျက်တော့မယ်၊ အဲဒါကြောင့် ဘုန်းကြီးတို့ သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်လို့ ဘုန်းကြီး ပြောချင်တယ်၊ ရှက်ဖို့လည်းကောင်းပါတယ်။

မေး။ ။ လက်ရှိအခြေအနေအရ မြန်မာပြည်ရဲ့ ဗုဒ္ဓသာသနာနဲ့ပတ်သက်ပြီး ရှေ့အလားအလာကို ဘယ်လို မြင်ပါ သလဲ ဘုရား။

ဖြေ။ ။ ရှေ့အလားအလာကတော့ ကောင်းမှာပဲ၊ ဘာဖြစ်လို့ ကောင်းမှာပဲလို့ ပြောလည်း ဆိုတော့ ကမ္ဘောဒီးယား မှာ ပိုပေါ့ အစိုးရလက်ထက်မှာ ဘုန်းကြီး တပါးမှ မရှိတော့ဘူး၊ အကုန်လုံး သတ်ဖြတ်ပစ်လိုက်တယ်၊ ထွက်ပြေး နေတဲ့ ဘုန်း ကြီးတွေ ရှိတဲ့ ဘုန်းကြီးတွေလည်း အကုန်လုံး လူထွက်ရတယ်၊ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဓမ္မစက် ရော၊ အာဏာ စက် ရော ဘယ်လိုပဲ အခိုးတွေ ထွက်နေနေ သာသနာဆိုတာကို ဘယ်လိုမှ ဖျက်လို့မရဘူးဆိုတာ ကမ္ဘောဒီးယား ကို ပြန်ကြည့်ပါလို့ ပြောချင်တယ်၊ ဒီကနေ့ ကမ္ဘောဒီးယားမှာ သာသနာ ပြန်ထွန်းကားနေတာပဲ၊ အင်မတန် ဆိုးတဲ့ ကမ္ဘောဒီးယားတောင် ဒီလိုပြန်ဖြစ်တယ်ဆိုတော့ အကုန်လုံး သတ်လို့တော့ ဒီသာသနာကြီးက ပျက်မသွားဘူး၊ ညှဉ်းဆဲလို့ပျက်မသွားဘူး၊ ထောင်ချလို့ ပျက်မသွားဘူး၊ ဘယ်လိုလူကမှ ဖျက်ဆီးလို့ မပျက်နိုင် ဘူးဆိုတာ အားလုံးကို သိစေလိုပါတယ်။

မေး။ ။ မြန်မာပြည်တွင်းက သာသနာ့ဝန်ထမ်း သံဃာတော်တွေနဲ့ပတ်သက်ပြီးတော့ရော ဘာများမိန့်ကြားချင် ပါသလဲ ဘုရား။

ဖြေ။ ။ မြန်မာပြည်မှာ ရှိနေတဲ့ သံဃာတော်တွေကို ဘုန်းကြီးပြောချင်တာက ဒီကနေ့ တပည့်တော်တို့မှာ သာသနာ့ အန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရတယ် ဆိုတာတော့ အားလုံးပဲ အထူးပြောနေစရာမလိုပါဘူး၊ အားလုံး ကလည်း သိနေကြပါတယ်၊ သို့သော် ဒီသာသနာတော်ကြီးရဲ့ ဒီအန္တရာယ်ကြီးနဲ့ တို့တတွေသည် ရင်ဆိုင်နေရ တာကို မိမိတို့ တတ်နိုင်တဲ့ ဘက်ကနေပြီး သီလ သမာဓိ ပညာ ဖြင့် စိတ်ကောင်း စေတနာထားပြီး အတတ်နိုင် ဆုံး ကာကွယ်၍ သော်လည်းကောင်း၊ စောင့်ရှောက်၍သော်လည်းကောင်း ဒီသာသနာတော် အဓွန့်ရှည်စွာ တည်အောင် အားလုံး ၀ိုင်းဝန်းပြီးတော့ သာသနာကို တကယ်ချစ်မြတ်နိုးတဲ့ ဆရာတော်တွေ သံဃာတော်တွေက ဆောင်ရွက်ပါလို့ ဘုန်းကြီးက မေတ္တာရပ်ခံပြီးတော့ ရိုသေစွာ လျှောက်ထားချင်ပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Mar,7th,2009

( 20 )Thai FM meets UN on Rohingya refugees

( 19 )Myanmar to hold National Open Futsal Invitational tourney

( 18 )ကားဝပ် ရှော့ဆို လျှင် မြို့ပြင်ထွက်

( 17 )စာပေစိစစ်ရေး ဒစ်ဂျစ်တယ် ပြောင်းလဲမည်

( 16 )Myanmar strives for improving transport link with new capital

( 15 )ခရမ်းမြို့နယ်၌ ကိုယ့်ကို ကိုယ် သတ်သေသည့် လယ်သမား ၆ လအတွင်း ၁၀ ဦး

( 14 )UNHCHR calls for probe into abuse of Rohingya boatpeople

( 13 )ပခုက္ကူ၌ ဦးနှောက် အမြှေးရောင် ရောဂါဘေးကို ထိတ်လန့်နေကြ

( 12 )US and British diplomats frequent visitors to Myanmar opposition

( 11 )ထိုင်းဗီဇာကြေး အခမဲ့ကာလ သတ်မှတ်ကြေညာ

( 10 )Two militants nabbed by troops

( 9 )အဖိနှိပ်ခံမြန်မာရှေ့ နေများ ကိစ္စ ကုလထံတင်ပြမည်

( 8 )Oscilloscope Tunes in “Burma VJ” for the U.S.

( 7 )အာဏာပိုင်များက ပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသည့် လူငယ်တဦးကို ဖမ်းဆီး

( 6 )၀ိကလီးအလဲဗင်း ဂျာနယ် အယ်ဒီတာ ထောင်ထဲ၌ ကျန်းမာရေး မကောင်း

( 5 )ရှေ့နေ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် ပြန်လွတ်

( 4 )Global Day Of Prayer For Burma Sunday March 8, 2009

( 3 )အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆက်သွယ်ရေး ဖြတ်တောက်ထား၏

( 2 )မြန်မာပြည် အကြွေစက္ကူရှားပါး၊ အရောင်းအ၀ယ် အခက်တွေ့

( 1 )The Regime Want My Father To Die In Prison

Friday, March 6, 2009

ဘုးရားရှေ့ ပျော်ပွဲရွှင်ပွဲ ချားရဟတ်ပြုတ်ကျ လူ ( ၂၀ ) ကျော်သေ


NEJ / မတ်လ(၆) ရက်၊ ၂၀၀၉

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများကို မတ်လ (၇) ရက်နှင့် (၈) ရက်တို့တွင် ကျင်းပမည်ဖြစ်သည့်အတွက် ဥပ္ပါတသန္တိစေတီရှေ့ကွင်းပြင်ရှိ ပျော်ပွဲရွှင်ပွဲများကျင်းပသည့်နေရာမှ ချားရဟတ်ကြီး ပြုတ်ကျသည့်အတွက် လူ (၂၀) ကျော် သေဆုံးသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

လွန်ခဲ့သည့် နှစ်ရက်က ထိုချားရဟတ်ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ဝန်းကျင်ရွာများမှ ချားရဟတ်လာစီးသူများ အများဆုံးသေသည်ဟု စေတီတည်ဆောက်ရေး သတင်းရပ်ကွက်က ပြောသော်လည်း သေဆုံးသူများတွင် ၀န်ထမ်းများ ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။

ဥပ္ပါတသန္တိစေတီတော် တည်ဆောက်စဉ်ကာလကလည်း အလုပ်သမား (၁၈) ဦး လုပ်ငန်းခွင်ထိခိုက်ပြီး သေဆုံးခဲ့သည်။ ထို့ကြောင့် နေပြည်တော်ဝန်းကျင်ကျေးရွာများနှင့် ၀န်ထမ်းများက ဥပ္ပါတသန္တိစေတီတော်ကြီးအား ခိုက်သည်ဟု ပြောဆိုနေကြသည်။

မတ်လ (၁၀) ရက် တပေါင်းလပြည့်တွင် ဆွမ်းဆန်စိမ်းလောင်းပွဲနှင့် စာအောင်သံဃာများအား ဘွဲ့လက်မှတ် ဆက်ကပ်ပွဲကို ခါတိုင်း ရန်ကုန် ကမ္ဘာအေးတွင် ကျင်းပသော်လည်း ယခုနှစ်တွင် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲကျင်းပမည့် တပေါင်းလပြည့်မှာ ကျင်းပမည်ဖြစ်သည်။

ဘွဲ့လက်မှတ် လက်ခံမည့် တပြည်လုံးက စာအောင် သံဃာအပါး (၇၀၀) မှာ ယခုအခါ နေပြည်တော်သို့ရောက်နေပြီ ဖြစ်သည်။ အဆိုပါသံဃာများ မြို့တွင်းသံဃာများနှင့်ပေါင်းပြီး ဆူပူမည်ကို စိုးရိမ်သည့်အတွက် ဧည့်ဝန်ထမ်းများ ထားသည့် အခန်း (၁,၀၀၀) ကျော်ပါ အဆောင်တခုတည်းတွင် သံဃာ (၇၀၀) ကို အကျယ်ချုပ်ပုံစံ လုံခြုံရေး အပြည့်ဖြင့် နေရာချထားသဖြင့် သံဃာများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

အဆိုပါ သံဃာအပါး (၇၀၀) အား ပျဉ်းမနားမြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းများတွင် တည်းခိုခွင့်၊ သွားလာခွင့် ပိတ်ပင်ထားသည်ဟုလည်း စုံစမ်းသိရသည်။

တောထဲတွင် ဒုက္ခသည် ၄ သိန်းကျော် ပုန်းနေဆဲ

ဧရာဝတီ Friday, 06 March 2009

မြန်မာပြည် အရှေ့ဘက်ခြမ်းတွင် တောတောင်များအတွင်း ပြေးလွှား ပုန်းအောင်းနေရသူပေါင်း လေးသိန်းခွဲ ရှိသည် ဟု နိုင်ငံတကာ အဖွဲ့အစည်းတခုက ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

ထိုသို့ ပုန်းအောင်းနေရသည့် အကြောင်းရင်းမှာ မြန်မာပြည်တွင် ဖြစ်ပွားနေသော ပဋိပက္ခ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကြောင့် ဖြစ်သည်ဟု ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Internal Displacement Monitoring Centre ဟု ခေါ်သည့် တိုင်းပြည်အတွင်း နေရပ် စွန့်ခွာ ထွက်ပြေးရခြင်းများကို လေ့လာ စောင့်ကြည့်နေသည့် အဖွဲ့အစည်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

စာမျက်နှာ ၂ဝဝ ကျော် ပါဝင်သည့် အဆိုပါ အစီရင်ခံစာကို မပြီးဆုံးသေးသော ပြည်တွင်း အိုးအိမ် စွန့်ခွာရမှု ပဋိပက္ခ ဟု အမည်ပေး ထားသည်။

၁၉၉၆ မှ ၂ဝဝ၇ ခုနှစ် အတွင်း ထိုင်း မြန်မာ နယ်စပ်ဒေသတွင် ရွှေ့ပြောင်း ဖယ်ရှားခံရသည့် ကျေးရွာပေါင်း ၃၂ဝဝ ရှိကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ချင်းပြည်နယ်တွင်လည်း ဒေသခံများ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အကြောင်းရင်းမှာ မိုးခေါင် ရေရှားခြင်း၊ သီးနှံများ ရှားပါးခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း တို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ် အိုးအိမ် စွန့်ခွာခဲ့ရသူများအား သွားရောက်၍ ကူညီ ကယ်ဆယ်မှုများကိုလည်း စစ်အာဏာပိုင်တို့က အဟန့် အတား ပြုခဲ့သည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရမှုများနှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံ အခြေစိုက် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးကလည်း အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ဖူးသည်။

ပြီးခဲ့သည့်နှစ် ဇွန်လ ၅ ရက်နေ့က ထုတ်ဝေခဲ့သည့် အစီရင်ခံစာတွင် ၂ဝဝ၅ မှ ၂ဝဝ၇ ခုနှစ်အတွင်း ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့တွင် ဖြစ်ပွားခဲ့သော နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ ချိုးဖောက်မှုများကို ဖော်ပြထားသည်။

မြန်မာ့ တပ်မတော်က အဆိုပါ ဒေသများရှိ ပြည်သူလူထုအပေါ် ကျူးလွန်သည့် ဥပဒေ ချိုးဖောက်မှုများ ဖြစ်သည်။

ပြီးခဲ့သည့်လက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဖော်ပြထားသည်။ စစ်အစိုးရသည် အတိုက်အခံများကို ထောင်သွင်း အကျဉ်းချပြီး ပြည်သူ လူထုကို ဆက်လက် အနိုင်ကျင့်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် နှစ်အတွင်း မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေများ ဆိုးဝါးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း မြန်မာစစ်အစိုးရက အဆိုပါ စွပ်စွဲချက်မှာ မှန်ကန်ခြင်းမရှိဟု ပြောသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် အဆိုပါ စွပ်စွဲချက်များကို ပယ်ချထားသည်။ အာဏာပိုင်တို့က ပြည်သူလူထု ကောင်းကျိုးအတွက် ဆောင်ရွက်နေသည်ဟု ဆိုသည်။

“တိုင်းရင်းသားလူမျိုး အများစု နေထိုင်ရာ နယ်စွန်နယ်ဖျား ဒေသများ အပါအဝင် နိုင်ငံ တဝန်းလုံးတွင် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရန် မြို့ပြနှင့် ကျေးလက်ဒေသ ကွာဟမှု ကျဉ်းမြောင်းလာစေရန် မနားမနေ အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိပါသည်” ဟု စစ်အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားကြောင်း တွေ့ရသည်။


အချိန်ပိုခေါ် ကျူရှင်ပေးသည့် မြန်မာပြည် ပညာရေးစနစ် ကရင်နီတပြည်လုံးတွင်ပျံ့နှံ့၊ မိဘများအတွက် ပိုမိုခက်ခဲ

ကို(၂)/မတ် ၆၊၂၀၀၉

ကျောင်းချိန်မဟုတ်ဘဲ အချိန်ပို ခေါ်ကျူရှင် ယူကာ စာသင်ကြား ပေးနေသည့် မြန်မာပြည်မှ ပညာရေး စနစ်သည် ကရင်နီ (ကယား)ပြည်နယ် တပြည်လုံး အနှံ့ ခေတ်စား လာသောကြောင့် မိဘများ ငွေကြေး အခက်အခဲနှင့် ပိုမိုရင်ဆိုင်လာရ သည်ဟု သိရသည်။


ယခင်က အထက်တန်းနှင့် အလယ်တန်း အဆင့်များ ကသာ အချိန်ပိုကျူရှင် တက်ခဲ့ကြသော်လည်း ယခုအခါတွင် မူလတန်း အဆင့် ကလေး များပါ ငွေကုန်ခံ၍ကျူရှင်များ ယူလာရသည်ဟု ဒီမောဆိုမြို့နယ် အထက်တန်း ကျောင်းတွင် ပညာသင်နေ သောကျောင်းသား တဦးက ပြောသည်။

၎င်းက“ အခု ခေတ်လေ ကျူရှင် တကယ်များတယ် မှုလတန်း အဆင့်တောင် ဆင်ရှိတယ်။ မှုလတန်း၊ အလယ်တန်း၊ အထက်တန်း ဂျူရှင်အကုန်ရှိတယ်။ ဆရာမ တွေက လုပ်စား ချင်တာလား မသိဘူးလေ။ အချိန်ပိုလည်း ရှိတယ် အချိန်ပိုမှာလည်း ပိုက်ဆံပေး ရတယ်။”ဟု ပြောသည်။

မှုလတန်းနှင့် အထက်တန်းတို့၏ ကျူရှင်ခ ကွာခြားမှုကိုလည်း အဆိုပါ ကျောင်းသားက အခုလို ပြောပြသည်။

“မှုလတန်းတလမှာဆို ၁၅၀၀ (သို့) ၂၀၀၀ ဘာသာစုံပေါ့၊ အထက်တန်း မှာကြတော့ တလမှာ ၁၅၀၀ တဘာသာလေ။ ကိုယ်မနိုင်တဲ့ ဘာသာ၊ ကိုယ်အားနည်းတဲ့ ဘာသာကို ရွေးပြီး တက်လို့ရ တယ်လေ။ အချိန်ပိုခ ကြတော့ ကျနော်တို့ဘက်မှာ တလကို ၁၅၀၀ ၀န်း ကျင်လောက်မှာဘဲ၊ ဒါပေမယ့် တကယ့်မြို့မှာ အချိန်ပိုခ ပိုပေး ရမယ်ထင်တယ်၊”

ကျူရှင်ခ ဈေးကြီးခြင်းကြောင့် ငွေကြေး တတ်နိုင်သည့် ကျောင်းသူ/သားများသာ တက်နိုင်ကြသည်။ သို့သော် အချိန်ပို အတွက်ကိုမူ ဆရာ/မတို့က မတက်မနေရ ငွေပေးပြီး တက်ရန်သတ်မှတ်ထား သည်ဟု သူက ဆိုသည်။

အချိန်ပို၊ ကျူရှင်ယူမှ စာမေးပွဲ အောင်နိုင်သည့် မြန်မာပြည်မှ ပညာရေး စနစ်သည် ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်ရှိ ကျောင်း များတွင် ယခင်ကတည်းက ခေတ်စား နေခြင်း ဖြစ်သော်လည်းလွန်ခဲ့သည့် သုံးနှစ်လောက်မှ စ၍ ဒီမောဆို မြို့နယ်ဖက် တွင်လည်း ကူးစက်လာခြင်း ဖြစ်ပြီး မူလတန်း အရွယ်များကပါ ကျူရှင်၊ အချိန်ပို ယူလာခြင်း ဖြစ်သည်။

အခုလိုကျူရှင် ယူအချိန်ပို သင်ကြားခြင်းနှင့် ပတ်သတ်ပြီး ဒေါပဲ့ ကျေးရွာဖက်ရှိ ဒေသခံတဦး ကလည်းမြို့နယ် အဆင့်များတွင် ကျူရှင်၊ အချိန်ပိုများဖြင့် ပညာသင်ကြား နေချိန်တွင် ကျေးလက်ဒေသရှိ ကျောင်းဆရာ/မများက ကလေးများကို စာကောင်းကောင်း သင်ကြား ပေးမှု မရှိသည့်အတွက် ကျေးလက်ရှိပညာရေး အခြေနေ ဆိုးရွား နေကြောင်းပြောသည်။

“ကျောင်းတက်တဲ့နေရာမှာ ဆရာမတွေက တပတ်ကျောင်း တက်ရက် ရှိတယ်မဟုတ်လား၊ အဲဒါတပတ်ကို ၂ ရက်၊ ၃ ရက်ပဲ တက်ပေး တယ်။ ပြီးတော့ ကျောင်းပြန်ပိတ်လိုက်တာတွေ သို့မဟုတ်ရင် သင်တန်း ရှိတယ်ပြောလို့ ဆရာမ တွေက ရွာပြန်တယ်၊ တပတ်သင်တန်း ရှိတဲ့ အချိန်မှာ ရွာပြန်နေ လိုက်တာက ၂ ပတ်တောင်၊ တလ သင်တန်း ရှိတယ်ဆိုရင် ၂လ၊ ၃လ ပြန်နေလိုက်တာ တို့ရှိတယ်။ ”ဟု အဆိုပါ ဒေသခံက ပြောသည်။

ငွေကြေးကောက်ခံနေခြင်းကြောင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသားမိဘများ စိတ်ညစ်နေရ

ဖြိုးကြီး Friday, 06 March 2009

နာဂစ် မုန်တိုင်းဒဏ်သင့် ဒေသမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများထံမှ ပညာရေး ဌာနနှင့် အာဏာ ပိုင်အဆင့်ဆင့် က အကြောင်း အမျိုးမျိုး ပြပြီး ငွေကြေးကောက်ခံ နေမှုများ ရှိနေသည့်အတွက် ကျောင်းသား မိဘများ စိတ်ညစ်နေ ရသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုရန်အတွက် ဖောင်ထုတ်ယူရာတွင် သက်ဆိုင်ရာ ပညာရေးဌာနက ငွေးကြေးတောင်းခံမှုများရှိနေပြီး မှတ်ပုံတင်မရှိသူများမှာ ရဲစခန်းထောက်ခံစာအတွက် ငွေကြေးပေးဆောင်နေရသည်။

“အခုဟာက စာမေးပွဲဖြေဖို့ ဖောင်ထုတ်တော့ ၁၂၀၀ ပေးရတယ်၊ မှတ်ပုံတင်မရှိရင် ရဲစခန်းမှာ ထောက်ခံစာသွားလုပ်တော့ ရဲစခန်းကို ၁၀၀၀၊ ရပ်ကွက် ရယကကို ၅၀၀၊ အဲလိုတွေပေးနေရတယ်၊ နောက်ထပ် စာမေးပွဲဖြေဖို့ ကဒ်ပြားထုတ်တော့ ၁၂၀၀ ထပ်ပေးနေရတယ်” ဟု ကျောင်းသာမိဘတဦးက ပြောသည်။

ထိုကဲ့သို့ ငွေးကြေး ကောက်ခံ နေမှုများကြောင့် နယ်မှ စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ အနေဖြင့် အကြပ်အတည်းများ ကြုံတွေ့နေရပြီး ကျောင်းသား အများစုသည် မှတ်ပုံတင်မရှိသူများ ဖြစ်သည်ဟု အဆိုပါကျောင်းသား မိဘက ဆက်ပြောသည်။

“နယ်က ကျောင်းသား တွေက မှတ်ပုံတင် မရှိတာများတယ်၊ အဲဒီတော့ အကုန်လုံးကို ပိုက်ဆံပေး နေရတာ၊ သူတို့မိတွေကလဲ စားဝတ်နေရေး က မပြေလည်ဘူး၊ မုန်တိုင်း ဖြစ်ပြီးတဲ့နောက်ပိုင်း အလုပ်အကိုင်တွေကလဲ အကုန်ရှား ပါနေတာ၊ စာမေးပွဲဖြေဖို့ လိုအပ်တဲ့ အခြား အသုံးအဆောင်တွေလဲ ဝယ်ရဆိုတော့ တော်တော်ကို ဒုက္ခရောက်နေကြတယ်” ဟု ပြောသည်။

ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား ကျောင်းသူပေါင်း ၂၀၀၀ ကျော်ရှိပြီး ယခုလ (၁၁) ရက်နေ့မှစတင်ကာ ဖြေဆိုရ မည်ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ပညာရေးနှင့်ပတ်သက်သည့် အဆောက်အဦများကို ယနေ့ထိ ပြန်လည် ပြုပြင်ခြင်း မရှိသည့် အတွက်လည်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအနေဖြင့် နေရာထိုင်ခင်းအခက်ခဲတွေလဲ ရှိနေကြောင်း ကျောင်းသား မိဘများက ဆက်လက်ပြောသည်။

ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး အီးယူ ဒဏ်ခတ်စာရင်း ပါနေ၍ ဥရောပ အာဆီယံ အစည်းဝေး တက်ခွင့် မရ

NEJ / မတ်လ(၆) ရက်၊ ၂၀၀၉

ဥရောပတိုက်တွင် မကြာခင် ကျင်းပမည့် အီးယူ-အာဆီယံ အစည်းအဝေး (အာဆမ်) သို့ တက်ရောက်ရန် ပြည်ထဲရေးဝန်ကြီး သို့မဟုတ် ပြည်ထဲရေး ဒု-၀န်ကြီးကို မြန်မာစစ်အစိုးရက စေလွှတ်လိုသော်လည်း အဆိုပါပုဂ္ဂိုလ် များအား အီးယူက ဒဏ်ခတ်ပိတ်ဆို့ထား သည့်အတွက် လာရောက်ခွင့်မရဟု နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတဦး က ပြောသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဥရောပကော်မရှင်ရုံး ပြောခွင့်ရပုဂ္ဂိုလ်ထံ အတည်ပြုချက်ရရန် အီးမေးလ်ဖြင့် မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားချက် မရသေးပေ။ အလားတူ အစည်းအဝေးများသို့ ယခင်က ရဲမှူးကြီး စစ်အေး တက်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် ရဲမှူးကြီး ခမ်းအောင် တက်ရောက်ရန် များသည်ဟု သံတမန်တဦးက ပြောသည်။

သို့သော် အီးယူက ၂၀၀၈ ခုနှစ်တွင် ထပ်မံဖြည့်စွက်ထားသည့် မြန်မာနိုင်ငံမှ ဒဏ်ခတ်ထားသူများစာရင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ညွန့်ညွန့်ဦးတို့အမည်လည်း ထည့်သွင်းထားသည်ကို ခေတ်ပြိုင်က ဖတ်ရှုရသည်။

မြန်မာစစ်ခေါင်းဆောင်များအပေါ် အီးယူမှ ဗီဇာထုတ်မပေးရေး ဒဏ်ခတ်ခြင်း၊ လက်နက်မရောင်းချခြင်း၊ အီးယူနိုင်ငံများရှိ မြန်မာ စစ်ခေါင်းဆောင်များ ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ အီးယူသို့ အထည်အလိပ် အခွန်တင်သွင်းခွင့် အခွန်လျှော့ပေါ့သည့် ယေဘုယျ အခွန်ကင်းလွတ်ခွင့်ကို ပိတ်ပင်ခြင်းနည်းများဖြင့် ဒဏ်ခတ်ထားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အီးယူ၏ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိုင်းအ၀န်းနှင့် ဆက်ဆံရေး ပြန်ထူထောင်နိုင်ပြီး လူ့အခွင့်အရေးလေးစားသည့် လူမှုရေး၊ စီးပွားရေး တိုးတက်မှုကို ရှေးရှုသည့် ဒီမိုကရေစီနည်းကျကျ တင်မြှောက်ခံရသည့် အရပ်သားအစိုးရတရပ် ပေါ်ထွန်းရေးဖြစ်သည်။ သို့သော် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံမှ စစ်ခေါင်းဆောင်အများအပြားနှင့် လုပ်ငန်းရှင်များအား အီးယူက ဒဏ်ခတ်ထားသည်။

အက်ဖ်အီးစီဖြင့် လောင်စာဆီ ၀ယ်ယူမှုများ ကျပ်ငွေနှင့် ၀ယ်ရသည်ထက် သက်သာ

NEJ / မတ်လ(၆) ရက်၊ ၂၀၀၉


စစ်အစိုးရ စက်သုံးဆီအရောင်းဆိုင်များတွင် အက်ဖ်အီးစီဖြင့် လွတ်လပ်စွာ ရောင်းချသည့်နှုန်းသည် ခွဲတမ်းနှင့် ရောင်းသည့်နှုန်းထက် များစွာသက်သာနေခြင်းကြောင့် အက်ဖ်အီးစီဖြင့် ဝယ်ယူမှု အလွန်များပြားနေကြောင်း ကားပိုင်ရှင်များနှင့် ဆီဆိုင်အရောင်း ဝန်ထမ်းများ က ပြောသည်။

ကားပိုင်ရှင်တဦးက “ကျနော့်ကားဟာ ဒီဇယ်ကားပါ။ အစိုးရဆိုင်မှာ ဒီဇယ်တဂါလန် ကျပ် (၃,ဝဝဝ) ဆိုတော့ ခွဲတမ်းစာအုပ်နဲ့ သိပ်မဝယ်ဖြစ်တော့ဘူး။ ဆီစာအုပ် သက်တမ်းမကုန်အောင် တလ တကြိမ် နှစ်ကြိမ်ပဲ ဝယ်တယ်။ ပြင်ပမှောင်ခိုပေါက်ဈေးမှာ ဒီဇယ်ဆီ တဂါလန် ကျပ် (၁,၇ဝဝ) ကျော်လောက်ပဲ ရှိတယ်ဆိုပေမယ့် ဆီသန့် မသန့် မသေချာဘူး။ ဒါကြောင့် အစိုးရဆီဆိုင်မှာပဲ အက်ဖ်အီးစီနဲ့ ပုံမှန်ဝယ်ထည့်ဖြစ်တယ်။ အဲဒီမှာ မြန်မာငွေနဲ့ တွက်ရင် တဂါလန် ကျပ် (၁,၈ဝဝ) ကျော်ကျော်ပဲ ရှိတယ်” ဟု ပြောသည်။

အစိုးရ ဓာတ်ဆီဆိုင်များ၏ ဆီစာအုပ်ဖြင့် ရောင်းချသည့်ဈေးနှုန်းသည် ဓာတ်ဆီ တဂါလန် ကျပ် (၂,၅ဝဝ) ဖြစ်ပြီး ဒီဇယ်ဆီ တဂါလန် ကျပ် (၃,ဝဝဝ) ဖြစ်သည်။ အက်ဖ်အီးစီဖြင့် ရောင်းချသည့်နှုန်းမှာမူ (မတ်-၅) ရက်နေ့ပေါက်ဈေး သာမန်လူများအတွက် ဓာတ်ဆီ တဂါလန် (၂.၇၅) အက်ဖ်အီးစီနှင့် ဒီဇယ်ဆီ တဂါလန် (၁.၉ဝ) အက်ဖ်အီးစီ၊ ကုလသမဂ္ဂ၊ သံရုံး၊ အိုင်အန်ဂျီအိုနှင့် အဖွဲ့အစည်းများအတွက် ဓာတ်ဆီတဂါလန် (၂.၄၅) အက်ဖ်အီးစီ၊ ဒီဇယ်ဆီ တဂါလန် (၁.၆ဝ) အက်ဖ်အီးစီနှုန်း ဖြစ်သည်။

အဆိုပါကိစ္စ ဗိုလ်တစ်ထောင်မြို့နယ် အတွင်းမှ စက်သုံးဆီ အရောင်းဝန်ထမ်းတဦးကို မေးမြန်းကြည့်ရာ ၎င်းတို့ဆိုင်တွင် သတ်မှတ်ဈေး တဂါလန် ကျပ် (၂,၅ဝဝ) နှုန်းဖြင့် လာထည့်သည့် အိမ်စီး ဓာတ်ဆီကားများသာ ရှိကြောင်း၊ ကျန် အိမ်စီး ဒီဇယ်ကား အားလုံးလိုလို သတ်မှတ်ဈေး တဂါလန် ကျပ် (၃,ဝဝဝ) ဖြင့် မည်သူမျှ ဝယ်မထည့်ဘဲ တဂါလန် မြန်မာငွေ ကျပ် (၁,၈ဝဝ) ကျော်ခန့်သာကျမည့် အက်ဖ်အီးစီ ပေါက်ဈေးဖြင့်သာ ဝယ်ထည့်ကြကြောင်း၊ သံရုံးနှင့် ကုလသမဂ္ဂအဖွဲ့အစည်း ကားအားလုံးမှာမူ ဓာတ်ဆီရော၊ ဒီဇယ်ကိုပါ အက်ဖ်အီးစီ ဖြင့် လာဝယ်ကြကြောင်း၊ ယခုလက်ရှိ ၎င်းတို့အတွက် ဆီဆိုင်က အက်ဖ်အီးစီနှင့် သတ်မှတ်ပေးသည့် ရောင်းဈေး သည် ပြင်ပ မှောင်ခိုပေါက်ဈေးထက် သက်သာနေ၍ ဖြစ်ကြောင်း၊ ၎င်းတို့ဆိုင်၏ တနေ့တာ ရောင်းချရငွေကို ကြည့်ပြီး မြန်မာကျပ်ငွေထက် အက်ဖ်အီးစီ ပမာဏက ပိုများကြောင်း ရှင်းပြသည်။

နအဖစစ်အစိုးရက နိုင်ငံတကာတွင် လောင်စာဆီ ဈေးနှုန်းများ ကျဆင်းသွားသော်လည်း ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချနေသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများကို လုံးဝ လျော့ချခြင်း မပြုသော် လည်း လုပ်ငန်းရှင်ကြီးအချို့ကို ဒီဇယ်ဆီ တင်သွင်းခွင့်ပြုခဲ့၍ ပြည်တွင်း ပြင်ပ ဒီဇယ်ဆီ ပေါက်ဈေးသည် လက်လီ တဂါလန် ကျပ် (၁,၇ဝဝ) ဝန်းကျင် ရောက်ရှိခဲ့ပြီး အစိုးရ ရောင်းဈေးထက် ထက်ဝက်ခန့် လျော့ကျခဲ့သည်။ ဓာတ်ဆီကိုမူ တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားသည့်အတွက် နိုင်ငံတကာတွင် ဈေးကျနေသော်လည်း ပြည်တွင်း၌ အစိုးရဈေး တဂါလန် ကျပ် (၂,၅ဝဝ)၊ မှောင်ခိုဈေး တဂါလန် ကျပ် (၃,ဝဝဝ) ဝန်းကျင် ရှိနေဆဲ ဖြစ်သည်။

စီးပွားရေးပညာရှင် စာရေးဆရာတဦးက လက်ရှိ စစ်အစိုးရ အကောင်အထည် ဖော်နေပုံကိုကြည့်ပါက ယခင်က လောင်စာဆီနှင့် ပတ်သက်လာလျှင် ပြည်ပမှ ဝယ်ယူတင်သွင်းပြီး ပြည်တွင်း၌ အရှုံးခံကာ ဖြန့်ဖြူးရောင်းချခဲ့ရာမှ ယခုအခါ အရှုံးခံစရာ မလိုဘဲ ဖြန့်ဖြူးနိုင်သည့်အခြေအနေသို့ ရောက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အမြတ်ပင် ရနေကြောင်း၊ သို့သော် လောင်စာဆီဈေးများ ကျသင့်သလောက် မကျသည့်အတွက် ပြည်တွင်း၌ သယ်ယူပို့ဆောင် စရိတ်၊ ခရီးသွားလာရေး စရိတ်များ ကျဆင်းမလာကြောင်း ဝေဖန်ထောက်ပြသည်။

သတင်းစာဆရာတဦးကမူ “စစ်အစိုးရဟာ ရန်ကုန်သယ်ယူပို့ဆောင်ရေးအတွက် ကားတွေကို သဘာဝ ဓာတ်ငွေ့သုံးအဖြစ် ပြောင်းခိုင်းပြီး သဘာဝဓာတ်ငွေ့ ရောင်းချပေးနေလို့ ခရီးသွားပြည်သူတွေ အနည်းငယ် အသက်ရှူချောင်နေပေမယ့် အခြား ပြည်နယ်တိုင်း အသီးသီးက မြို့ရွာတွေမှာတော့ လောင်စာဆီ ဈေးနှုန်းအခက် အခဲကြောင့် ခရီးသွားလာရေးစရိတ် မြင့်မားလျက်ရှိနေသေးတယ်” ဟု ထောက်ပြသည်။

နအဖစစ်အစိုးရသည် ၂ဝဝ၅-ဝ၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ လောင်စာဆီ ဒေါ်လာ သန်း (၂၇ဝ) ဖိုး၊ ၂ဝဝ၆-ဝ၇ ခုနှစ်တွင် (၆၉၅) သန်းဖိုး၊ ၂ဝဝ၇-ဝ၈ ခုနှစ်မှာ ဒေါ်လာသန်း (၃၇ဝ) ဖိုး၊ ၂ဝဝ၈ ဧပြီမှ နိုဝင်ဘာအထိ ဒေါ်လာ (၄၆၈) သန်းဖိုး တင်သွင်းခဲ့ပြီး ၂ဝဝ၇-ဝ၈ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်ရှိ ကားအများစု ဂက်စ်ကားများအဖြစ် ပြောင်းလဲပြီး ဖြစ်၍ တင်သွင်းမှု လျော့ကျသွားခဲ့သော်လည်း ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ် ကယ်ဆယ်ရေးကိစ္စကြောင့် တင်သွင်းမှု ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်အစိုးရ ဆီဆိုင်များတွင် အက်ဖ်အီးစီဖြင့် လောင်စာဆီ ဝယ်ယူမှု မြင့်တက်လာခြင်းကြောင့် အက်ဖ်အီးစီ အဝယ်လိုက်လာပြီး ဈေးနှုန်းလည်း မြင့်တက်လာကာ နဂိုက အက်ဖ်အီးစီ တယူနစ်လျှင် အမေရိကန် တဒေါ်လာထက် ကျပ် (၁ဝဝ) နီးပါး တန်ဖိုး နိမ့်ရာမှ ယခုအခါ ကျပ် (၂ဝ) ဝန်းကျင်သာ ကွာပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

ရေးမြို့နယ်တောင်ပိုင်းရွာအချို့တွင် ပြည်သူ့စစ်များဖွဲ့ခိုင်း

Kaowao

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ဆင်ကူးကျေးရွာတွင် ပြည်သူ့စစ်ဖွဲ့ရန် စကခ(၁၉)မှ စီစဉ်နေပြီး ခေါင်းဆောင် တစ်ဦးအပါအဝင် စုစုပေါင်းပြည်သူ့စစ်(၁၁)ဦးကို လက်နက်ကိုယ်စီ တပ်ဆင်နိုင်ရေး ကျေးရွာသားများ ထထံမှ အိမ်တိုင်းစေ့ကို ငွေကောက်ခံနေပါသည်။


အနိုမ့်ဆုံး အိမ်ထောင်တစုလျှင် ကျပ်ငါးထောင်မှ အမြင့်ဆုံးကျပ်တစ်သိန်းအထိ မထပေးမနေရ ကောက်ခံနေဆဲ ဖြစ်ကြောင်း ရွာသားများကပြောဆိုနေသည်။ စုစုပေါင်းငွေမည်မျှ ကောက်ခံရရှိသည်ကို ရွာသားများသိခွင့်မရှိပေ။ ယခုလမကုန်မီပေးဆောင်ရပါမည်။

တပ်ဆင်မည့်လက်နက်များမှာ M-16(၆)လက်၊ AK-47(၆)လက်နှင့် ပြည်သူ့စစ်ခေါင်းဆောင်အတွက် 45mm ပစ္စတို တစ်လက်ဖြစ်သည်။ ယင်းလက်နက်တို့ကို စစ်အစိုးရထံမှ ဝယ်ယူကြရမည်ဟုဆိုသည်။

ဆင်ကူးကျေးရွာသည် ရေးမြို့-ခေါဇာမြို့နယ်ခွဲ(ခလရ ၃၁ တပ်ရင်းရုံးတည်ရှိ)သို့သွားရာ မြေနီကားလမ်း ဖြတ်သန်း သွားသည့် အိမ်မြေ(၃၀၀)ခန့်ရှိသည့်မွန်ကျေးရွာဖြစ်သည်။ မွန်ပြည်သစ်ပါတီနှင့် နဝတ တို့အပစ်မရပ်မီ ကာလတွင် မွန်ပြည်သစ်ပါတီ သြဇာခံနယ်မြေဖြစ်ခဲ့သည်။ အပစ်ရပ်သည့် နောက်ပိုင်းတွင် နှစ်ဖက်သဘောတူညီချက်အတိုင်း မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ တပ်ဖွဲ့အသွင်ရုံးစိုက်၊ တပ်စွဲခွင့်မရှိတော့ပေ။

ထို့ကြောင့် မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာခဲ့သည်ဟုဆိုသော စစ်အစိုးရတပ်ဖွဲ့ကို တိုက်ခိုက်နေသည့် နိုင်ချမ်းတိန်း လက်နက်ကိုင်အဖွဲ့က ဤဒေသတွင် လှုပ်ရှားနေသဖြင့် ဆက်ကြေးတောင်ခံခြင်း၊ ရွာလူကြီးအချို့ကို သတ်ဖြတ်ခြင်း တို့ ရှိခဲ့ရာ စစ်အစိုးရတပ်ဖွဲ့များလည်း နိုင်နုင်းစွာ လုံခြုံမှုမပေးနိုင်ခဲ့ပါ။ စစ်အစိုးရတပ်ဖွဲ့မှ အရာရှိအပါ အဝင်တပ် သားစစ်သည့်အချို့ မကြခဏ ချောင်းမြောင်း ပစ်ခတ်ခံခဲ့ရသဖြင့် အကျအဆုံးများရှိခဲ့ပါသည်။

စစ်အစိုးရတပ်ဖွဲ့သည်လည်း ဤကျေးရွာနှင့် ပတ်ဝန်းကျင်ဒေသတဝိုက်ကျေးရွာများ ၁၀ ရွာခန့်တွင် တရွာလျှင် စစ်သား(၃)ဦးစီခန့် လုံခြုံရေးချထားခဲ့သော်လည်း အဆိုပါ နိုင်ချမ်းတိန်းလက်နက် ကိုင်အဖွဲ့ဝင်ရောက် ပစ်သတ် မည်ကို စိုးရိမ်ရသဖြင့် ရွာများကဆက်ကြေးများ ပေးကမ်းထားခြင်း၊ စစ်အစိုးရစစ်သားများ ချောင်းမြောင်းအပစ် မခံရလေအောင် ညပိုင်းများတွင် ရွာသားများ ကင်းစောင့်ပေးခြင်း တို့ပြုလုပ်ပေးနေရပါသည်၊။ တကယ်၍ စစ်အစိုးရတပ်ဖွဲ့ဝင်များ အပစ်အခတ်ခံရလျှင် သက်ဆိုင်ရာကျေးရွာနှင့် အကြီးအကဲများ အရေးယူခံကြရမည်ဖြစ် သည်။

ဤဒေသခံများမှာ ရာဘာခြံ၊ ကွမ်းသီးခြံ၊ ဒူးရင်းသီးခြံများနှင့်ပင်လယ်ကမ်းစပ်နီးကျေးရွာများတွင် တံငါလုပ်ငန်းများ လုပ်ကိုင်ကြသည်။ အနက်ရောင်နယ်မြေအဖြစ် စစ်တပ်က သတ်မှတ်ထားပြီး ခြံထွက်လျှင် ရွာအပြင်ထွတ်လက် မှတ်၊ တနေ့စာ ဆန်ရိက္ခာတို့ကိုသာ ယူဆောင်ခွင့်ရှိ၍ ည(၆)နာရီတွင် ရွာပြန်အိပ်ရပါသည်။ လုံခြုံရေး အခြေအနေ များ ဆုံးဝါးနေသော်လည်း ခြံမြေလယ်ယာများ ရှိနေ၍ မူရင်းဇာတိဒေသကို မစွန့်ခွာနိုင်သဖြင့် ဒုက္ခအမျိုးမျိုးကို ခါးစည်းခံနေရပင် ဖြစ်သည်။

ယခင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ယ္ခုခေါဇာမြို့နယ်ခွဲရှိကျေးရွာ အာလုံးတွင် မဲထည့်ပိုင်ခွင့်ရှိသူများ လုံးဝမဲပေး ပိုင်ခွင့်မရခဲ့ကြချေ။ အမဲရောင် နယ်မြေအဖြစ်သတ်မှတ်ခံခဲ့ရပြီး စစ်အစိုးရတပ်ဖွဲ့များ ထင်သလို ပြုမူနေထိုင်နိုင် သောကျေးရွာများလည်း ဖြစ်နေပေသည်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း(၅)

ဗိုလ်ထက်မင်း

နအဖ စစ်အာဏာရှင်တွေဟာ အပစ်ရပ်လက်နက်ကိုင် တိုင်းရင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ပွဲဖြစ်ကြပြီဆိုရင် ဖျန်ဖြေ ပေးသလိုလိုနဲ့ အမြတ်ထုတ် အခွင့်အရေး ယူကြတာတွေ၊ နိုင်ထက်စီးနင်း လုပ်ကြတာတွေ၊ ကိုယ်ကျိုးစီးပွား အဓိကထား အဂတိ လိုက်စား အကျိုးအမြတ် ရယူတာတွေကို တင်ပြသွားပါမယ်။ ကိုးကန့် အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ဟာ နအဖနဲ့ အရင်ဦးဆုံး ငြိမ်းချမ်းရေး ယူလိုက်တဲ့ အဖွဲ့ဖြစ်သလို နအဖရဲ့  နိုင်ထက်စီးနင်း လုပ်ပုံကဖြင့် သူတို့မှာ မရှုမလှ ခံခဲ့ရပါတယ်။ ဖြစ်စဉ်မှာ ကိုးကန့်ခေါင်းဆောင် ဖုံကြားရှင်နဲ့ ဖုံကြားဖူး တို့ဟာ ရန်မိုးလျန် ညီအစ်ကို နှစ်ဦးက ကိုးကန့် ပင်မတပ်ကို စည်းရုံးပြီး အာဏာသိမ်းလိုက်တာကြောင့် ဦးစိုင်းလင်းတို့ထံ ထွက်ပြေးခဲ့ရတာကို စတင်ပြောပြရမှာ ဖြစ်ပါတယ်။

အထူးဒေသ (၄) အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းဟာ ဖုံကြားရှင်ရဲ့  သမီးကို ယူထားလို့ အမျိုးတော်တာမို့ ယောက္ခမအရေး ရတက်မအေး နိုင်ဘဲ “၀” တပ်အင်အား (၃,၀၀၀) စစ်ကူပေးလိုက်ပါတယ်။ ဖုံကြားရှင်တို့ တပ်ဟာ ရန်မိုးလျန် တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေ ချိန်မှာတော့ မြန်မာတပ်အနေနဲ့ “ကြားနေ” နေဖို့ ပထမတုန်းက မှာထားတယ်လို့ သိရပါတယ်။ ဒီနေရာမှာ ကုန်းကြမ်း၊ ကွမ်းလုံ၊ ချင်းရွှေဟော် တခွင် က အပစ်ရပ် အဖွဲ့တွေဟာ ဘိန်းချက်၊ ဘိန်းရောင်းဝယ်မှုများအပေါ် ချုပ်ကိုင်ထားပါတယ်။ သူတိုရဲ့  လာဘ်လာဘ ထိုးထားမှုကြောင့် ဗျူဟာမှူးမှ ရမခ တိုင်းမှူး အဆက်ဆက် ယခု ထိပ်ပိုင်း စစ်အာဏာရှင်တွေအထိ အဂတိ လိုက်စားကြတာမို့ တိုင်းရင်းသား အဖွဲ့တွေက သူတို့ကို အိတ်ကပ်ထဲ ထည့်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်မောင်သိမ်း တယောက် ကိုးကန့်တွေ အပေါ် ပြောဆိုလို့ မပြီးတော့ဘဲ ဘေးကျပ် နံကျပ် ဖြစ်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်အရ ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်း (ယခု ၀န်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန) တွေရဲ့  တပ်တွေဟာ ချင်းရွှေဟော်မှာ ဖုံကြားရှင်တို့ တပ်တွေနဲ့ လမ်းသာခြားပြီး ကပ်နေတဲ့ အနေအထားအတိုင်း ပထမတော့ အေးအေး ဆေးဆေးသာ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မောင်အေးဟာ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ အကြံကြီးစွာနဲ့ ကက (ကြည်း) ကိုအမိန့် ထုတ်ခိုင်းပါတော့တယ်။ အဲဒီနောက် လားရှိုး ရမခမှ (၁၀၅) မမ၊ (၇၆) မမ အမြောက်ကြီးများ တင်ထားတဲ့ ယာဉ်တန်း (၂၀) စီးခန့်ကို ကိုးကန့်နယ်မြေ လုံခြုံရေးအတွက်ဆိုကာ စေလွှတ်ပြီး လောက်ကိုင်ကို ချင်းရွှေဟော်မှတဆင့် ဖြတ်သန်းရန်နဲ့ ဖြတ်ခွင့်မရပါက တားဆီးတဲ့ ကိုးကန့် အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရန်ပါ ညွှန်ကြားလိုက်ပါတယ်။

အပစ်ရပ် အဖွဲ့တွေနဲ့ နအဖတို့ ငြိမ်းချမ်းရေး ညှိနှိုင်းထားချက်အရ ချင်းရွှေဟော်မှ သူတို့ နယ်မြေကို ဖြတ်သန်းမယ်ဆိုရင် လက်နက်ဆိုလို့ အပ်တချောင်းမှ မယူရလို့ ပါရှိလေရာ ဒီအတိုင်းဆိုပါက အခြေအနေမှာ တော်တော် တင်းမာနေကြပြီ ဖြစ်ပါတယ်။ ဒီအတိုင်းဆို လက်အောက်ခံတပ်က ကြားနေလို့ မရတော့ဘဲ ကိုးကန့်နယ်မြေဟာ စစ်တလင်း ဖြစ်မယ့် အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့ (၂) ဖွဲ့ကို ညှိနှိုင်းဖို့ စေလွှတ်ထားတဲ့ စစ်မဟာဗျူဟာ လေ့လာရေးဌာနမှ ဒုဗိုလ်မှူးကြီး သန်းအေးနဲ့ ကကလှမ်းမှ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို ကွမ်းလုံ အရာရှိ ရိပ်သာမှာ ညနက်သန်းခေါင် နှိုးပြီး စကခ (၁) တပ်မမှူး ဗိုလ်မှူးချုပ် သီဟသူရတင်အောင်မြင့်ဦး (ယခု အတွင်းရေးမှူး (၁) ) က သူနဲ့ အရေးပေါ် တွေ့ဆုံဖို့ ခေါ်ယူလိုက်ပါတယ်။

စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်းကတော့ ဖုံကြားရှင်တို့ရဲ့  ဘိန်းကရတဲ့ အခွန်အကောက်နဲ့ ပေးကြွေးခွံ့ထားလို့ ကိုးကန့်နယ်မြေ ဖြတ်သန်းခွင့်ကို ပြောဆိုဖို့ မရနိုင်တော့ဘဲ “ချ” တိုက် ရမယ့် အခြေအနေ ရှိနေတာမို့ စေ့စပ်ကူညီပေးရန် တပ်မမှူးက ကကလှမ်း အဖွဲ့အား ပြောရပါတော့တယ်။ ကကလှမ်းအနေနဲ့လည်း ကကကြည်းရဲ့  အကြံ အစည်ကို အကောင်အထည်ဖော်ဖို့ မှာထားတာရှိတဲ့အတွက် ညတွင်းချင်း ကားဖြင့် ကိုသန်းအေးနဲ့ ကိုအောင်လင်းထွဋ် တို့နှစ်ဦး ချင်းရွှေဟော်သို့ ထွက်လာခဲ့ကြပါတယ်။ ဖုံကြားရှင်တို့ကို ကကလှမ်း အဖွဲ့က ယုံကြည်လာအောင် စည်းရုံးသိမ်းသွင်း ခဲ့ပါတယ်။ အဲဒီနောက် တိုင်းရင်းသားတွေဟာ ရိုးသားကြတာမို့ ဖုံကြားရှင်က ကိုသန်းအေးတို့ကို ယုံကြည်လာပြီး ဖုံကြားရှင်က ပြောဆိုရာမှာ “လက်အောက်ခံ ရဲဘော်တွေ အပေါ် အခြားတပ်များ မိမိနယ်မြေသို့ လက်နက်ကိုင်ဆောင် ဖြတ်သန်းခွင့် မပြုရ” ဆိုတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ပြတာမျိုးနဲ့ ကိုးကန့် လူမျိုးတွေရဲ့ တရားခံ အဖြစ်မခံနိုင် တာကြောင့် ဗိုလ်မှူးကြီးတို့ရဲ့  တပ်ကားပေါ်က အမြောက်တွေကို မိုးကာနဲ့ ဖုံးအုပ် ထားဖို့ သိသာသိ မမြင်စေဖို့ ပြောရင်း သူကိုယ်တိုင် ဂိတ်ကို လိုက်ပို့ကာ သူ့ရဲဘော်တွေကို ဖြတ်သန်းခွင့် အမိန့်ပေးခဲ့ပါတယ်။

အဲဒီမှာ ဗိုလ်မှူးကြီး မောင်မောင်သိမ်းဟာ ကိုးကန့်နဲ့ ထိပ်တိုက်မတွေ့ဘဲ အထက် အမိန့်ကိုလည်း အကောင်အထည် မဖော်နိုင်လို့ မျက်ရည်တွေ ကျလာပြီး ၀မ်းသာလို့လား၊ ၀မ်းနည်းလို့လား ဆိုတာကတော့ သူသာ အသိဆုံးဖြစ်တာမို့ ကိုသန်းအေးနဲ့ ဖုံကြားရှင် တို့ကို ဖက်ကာ ငိုပါတော့တယ်။ သူက ဖုံကြားရှင်တို့ရဲ့  ကျွေးမွေးတာကို မျိုဆို့ထားတာမို့ သူ့ရဲ့  ပါးစပ်က “ဆွံ့အ” နေတာကိုတော့ ဆရာဝန်ထံ ပြရမလို ဖြစ်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ စစ်တပ်ယာဉ်တန်းကြီးဟာ လောက်ကိုင်သို့ ရောက်ရှိသွားပြီး အမြောက်လုံခြုံရေး အကြောင်းပြကာ စကခ (၁) မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဌေး ဦးစီး တပ်ရင်း (၃) ရင်းလည်း လိုက်ပါ သွားခဲ့ပါတယ်။ အခုဆိုရင် ကိုးကန့်နယ်မြေကို နအဖက အမြတ်ထုတ် သိမ်းပိုက်လိုက်ပြီး လောက်ကိုင် စစ်ဗျူဟာအဆင့်မှ လောက်ကိုင် (ဒကစ) အဆင့်အထိ တပ်များ တိုးချဲ့ ကာ ခြေကုပ်ယူ အခိုင်အမာ တပ်တွေ တည်ဆောက် နိုင်ခဲ့ပါတော့တယ်။

ဒီသင်ခန်းစာ ရယူပြီး UWSA ဟာ နောက်ပိုင်းမှာ မြန်မာ တပ်တွေကို ယုံကြည်မှု မရှိတော့ဘဲ “၀” ရဲ့  နယ်မြေတွေကို မြန်မာတပ်များအား လုံးဝ အ၀င်မခံတော့တာ တွေ့ရပြီး မြန်မာတပ်တွေ ရွေ့ ပြောင်းတိုင်းလိုလို ပြဿနာ တက်နေတာကို တွေ့ရပါတယ်။ လောက်ကိုင်မှာ မြန်မာတပ် အခိုင်အမာ တပ်စွဲရခြင်းရဲ့  တရားခံဟာ ဖုံကြားရှင် ဖြစ်ပေမယ့် ဖုံကြားရှင်ကို အသုံးချခံ ဘ၀ရောက်အောင် စစ်အာဏာရှင်တွေက စည်းရုံးဖျားယောင်း သိမ်းသွင်းပြီး နိုင်ထက်စီးနင်း လုပ်နေတာတွေ သမိုင်း စာမျက်နှာ တရပ်အနေနဲ့ ဖော်ထုတ်ကာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့များ အားလုံး သုံးသပ်နိုင်အောင် တင်ပြလိုက်ရပါတယ်။

ချင်းရွှေဟော်၊ လောက်ကိုင် ကုန်းကြမ်းနယ်မြေတွေမှာ ဖုံကြားရှင် ကိုးကန့်အဖွဲ့၊ ရန်မိုးလျန် ကိုးကန့်အဖွဲ့၊ ကချင်မှ မုန်ဆာလတို့ အဖွဲ့ဆိုပြီး သုံးဖွဲ့ ရှိရာ မုန်ဆာလက ပထမတော့ ကိုးကန့်နှစ်ဖွဲ့လုံးကို လက်မခံခဲ့ပါ။ ရန်မိုးလျန်ဘက်မှ အားကိုးရတဲ့ ကိုးကန့် တပ်မမှူး ပိန်ဆောက်ချိန်က သစ္စာဖောက်ပြီး ဖုံကြားရှင်ဘက် ပြောင်းသွားလို့ နောက်ပိုင်းမှာ ရန်မိုးလျန်တို့ နေလို့မရတော့ဘဲ ဆရာကြီး ဘိန်းဘုရင် လော်စစ်ဟန်က ရန်ကုန်ကို ခေါ်ယူ စောင့်ရှောက်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကို လေ့လာကြည့်ပါ။ တိုင်းရင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ပွဲ ဖြစ်ကြပြီ ဆိုရင် စစ်အာဏာရှင် တွေဟာ ကြိတ်ပြီး ၀မ်းသာကြပြီး ရတဲ့အခွင့်အရေး နှိုက်ယူကာ နိမ့်ပါးနေတဲ့ တိုင်းရင်းသားတွေအပေါ် နိုင်ထက်စီးနင်း ပြုမူတာကို တွေ့ရပါတယ်။ န၀တဟာ ပထမတော့ စေ့စပ်ဆွေးနွေး ပေးမယ်ဆိုပြီး ပျားရည်နဲ့ ၀မ်းချသလိုနဲ့ သူ့တပ်တွေကို ချော့သွင်းကာ နောက်ပိုင်း ကိုးကန့်တွေက မြန်မာစစ်တပ်ကို ပြန်ဖယ်ခိုင်းပေမယ့် မရတော့တာ တွေ့ရမှာဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နအဖဟာ အခုတော့ ကိုယ့်အတတ်ကိုယ်စူး အရူးမီးဝိုင်းသလို ဖြစ်နေပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့တောင် မ၀ံ့မရဲ ဖြစ်နေပြန်ပါတယ်။ နအဖဟာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ဘယ်လိုပုံစံမျိုးနဲ့ နှမ်းဖြူးကာ ပံ့ပိုးမှု ဆောင်ရွက်ပေးတယ်၊ ရေရှည်မှာ တိုင်းရင်းသားတွေအပေါ် ပံ့ပိုးမှု မပေးနိုင်ပုံ၊ နအဖရဲ့ စုပ်လဲစူး စားလဲရူး ဘ၀၊ UWSA နဲ့ နအဖ အကြား တင်းမာမှု ဖြစ်လာရတဲ့ အကြောင်းရင်းနဲ့ နအဖရဲ့  အကျပ်အတည်း စတာတွေကို ဆက်လက်တင်ပြ သွားပါမယ်။

အိုဘားမားနှင့် မြန်မာပြည်

အောင်ဇော်

မြန်မာပြည်သူများက သူတို့၏ ဒီမိုကရေစီအရေးအတွက် ဝါရှင်တန်အစိုးရကို မျှော်လင့်အားကိုးလျက် ရှိနေကြသည်။

ဘရက် အိုဘားမားက အမေရိကန်ပြည်ထောင်စု၏ သမ္မတရာထူးဟူသည့် ဧရာမတာဝန်ကို စတင် ယူရချိန်တွင် အကြပ်အတည်း ပဋိပက္ခများ ပြည့်နှက်နေပြီး နိုင်ငံရေးအရ တိုးတက်မှုများ မမြင်ရသလောက်ရှိနေသည့် မြန်မာနိုင်ငံမှ အဖိနှိပ်ခံ ပြည်သူများက သူ့ကို အားကိုးမျှော်လင့်နေကြသည်။ သမ္မတသစ်၏ မူဝါဒများက ယခင် သမ္မတများ၏ မူဝါဒများနှင့် မည်သို့ ခြားနားလိမ့်မည်ကို သိချင်နေကြသည်။

တရုတ်၊ အိန္ဒိယ၊ ရုရှား သို့မဟုတ် တခြားသော ဥရောပသမဂ္ဂ၀င်နိုင်ငံများ၊ အာဆီယံအဖွဲ့ ၀င်နိုင်ငံများ၏ အစိုးရများထံမှ အလားတူ မျှော်လင့်အားကိုးခြင်း မရှိသော်လည်း မြန်မာနိုင်ငံနှင့် မိုင်ထောင်ချီကွာဝေး သည့် အမေရိကန်ပြည်ထောင်စု အစိုးရထံမှ ဒီမိုကရေစီ အပြောင်းအလဲအတွက် နိုင်ငံရေးအရ ထောက်ခံပံ့ပိုးမှု တခုခုကို ရရန် မျှော်လင့်နေကြခြင်းဖြစ် သည်။

သို့သော် မေးခွန်းက ကျန်နေပါသေးသည်။ သမ္မတသစ်အိုဘားမား၏ အုပ်ချုပ်ရေးကာလတွင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများမှာ လူကြားကောင်းရုံ ပြောနေရုံမဟုတ်ဘဲ ရလဒ်အတိအကျ ထွက်ပေါ်လာရေးကို တောင်းဆိုသည့် မူဝါဒ ဖြစ်လာနိုင်မလား၊ ပို၍အရေးကြီးသည်မှာ အုပ်ချုပ်ရေးသစ်၏ မူဝါဒများသည် ယခင်သမ္မတ ဘုရှ် ကျင့်သုံးခဲ့သည့် မူဝါဒများနှင့် ကွာခြား လာမလား ဆိုသည့် မေးခွန်းများ ဖြစ်ပါသည်။ ယခင်သမ္မတဘုရှ်က မြန်မာ့အရေးအပေါ် ခိုင်ခိုင်မာမာ ထောက်ခံမှု ပြသခဲ့သည့်အပေါ် မြန်မာပြည်တွင်း ပြည်ပမှ လူအများက လှိုက်လှိုက်လှဲလှဲထောက်ခံ အားပေးခဲ့ကြသည်။

အိုဘားမားကလည်း မြန်မာပြည်အရေးအတွက် အစိမ်းသက်သက်တော့ မဟုတ်ပါ။ လွန်ခဲ့သည့်နှစ်က ထိန်းသိမ်း ခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပခဲ့စဉ် အထက်လွှတ်တော်အမတ်ဖြစ်နေသည့် အိုဘားမားက “သူ၏ နိုင်ငံထဲတွင် ဆက်လက်ဖြစ်ပေါ်နေသည့် ကြေကွဲဖွယ်ရာ အခြေအနေကို ကမ္ဘာ့မိသားစုသို့ သတိပေးနိုင်သည့် အခွင့်အလမ်းတခုပင် ဖြစ်သည်။ တချိန်တည်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်စေရေးအတွက် ဖိအားပေးကြရန် မိမိတို့ကိုလည်း သတိပေးနေသည်” ဟု ပြောဆိုခဲ့သည်။

ဤပြောဆိုချက်များက ကြား၍ကောင်းပါသည်။ သို့သော်လည်း အမှန်တွင်မူ မြန်မာနိုင်ငံအရေးသည် သမ္မတသစ်အိုဘား မား၏ ဦးစားပေးကိစ္စများထဲ၌ မပါဝင်ပါ။ သူ အရေးပေါ်ဆောင်ရွက်ရမည့် ကိစ္စအမြောက်အများထဲတွင် ဆိုးရွားယိုယွင်း လာနေသည့် ပြည်တွင်းစီးပွားရေးကပ်ကို အရင်ဆုံး ဆောင်ရွက်ရမည်ဖြစ်ပြီး သံတမန်ရေးကိစ္စများတွင်လည်း အီရတ်၊ အာဖဂန် နစ္စတန်၊ ပါကစ္စတန်၊ မြောက်ကိုရီးယား၊ ဒါဖောနှင့် ဇင်ဘာဘွေနိုင်ငံများအရေးက ရှေ့တန်းတွင်ရှိနေကာ မြန်မာ့အရေးက နောက်တန်း ရောက်နေသည်။

ဝါရှင်တန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့ ခေါင်းဆောင် ကိုအောင်ဒင်က “အိုဘားမားအနေနှင့် တခြားတောင်းဆိုချက်များကြောင့် အလုပ်များနေသော်လည်း မိမိတို့ကမူ မြန်မာပြည်သူများ အရေးနှင့် ပတ်သက်၍ ကွန်ဂရက်လွှတ်တော်မှတဆင့် သတိပေးတိုက်တွန်းသွားမည်” ဟု ပြောဆိုခဲ့သည်။

ကိုအောင်ဒင်က အကောင်းဘက်မှ ရှုမြင်ရာ၌ “ကျနော်တို့အနေနဲ့ အခုအချိန်အထိ ပါတီနှစ်ခုလုံးကနေ ခိုင်ခိုင်မာမာ ထောက်ခံမှုတွေ ရနေပါတယ်။ အထက်လွှတ်တော်မှာရော၊ အောက်လွှတ်တော်မှာပါ ထောက်ခံမှု ရှိပါတယ်။ ကျနော် ယုံကြည်တာကတော့ ကွန်ဂရက်အနေနဲ့ မြန်မာပြည်အရေးကို သမ္မတအိုဘားမားရဲ့ နိုင်ငံခြားရေးမူဝါဒတွေထဲမှာ ဦးစား ပေးဆောင်ရွက်ရမယ့် ကိစ္စတွေထဲ ပါလာအောင် အနှေးနဲ့အမြန် တိုက်တွန်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ဆိုခဲ့သည်။

သမ္မတသစ် အိုဘားမား၏ အုပ်ချုပ်ရေးအဖွဲ့အနေနှင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ယခင်သမ္မတဘုရှ်က ချမှတ် ဆောင်ရွက်ခဲ့သည့် ခိုင်မာစွာ ရပ်တည်ထောက်ခံပေးရေး မူဝါဒ အတော်များများကို အမွေဆက်ခံ ရယူနိုင်လိမ့်မည်ဟု မျှော်လင့်ဖွယ် ရှိပါသည်။ တက်ကြွလှုပ်ရှားသူများ အနေနှင့်လည်း မြန်မာနိုင်ငံအရေးအပေါ် အလေးထားလာစေရန် ဆွဲဆောင်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ထားဖွယ် ရှိနေသည်။

မြန်မာနိုင်ငံက အမေရိကန် သတင်းမီဒီယာများ၏ အာရုံထားမှုကို ခံနေရဆဲ ဖြစ်သည်။ သြဇာကြီးသတင်းစာတစောင် ဖြစ် သည့် ၀ါရှင်တန်ပို့စ်က မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ခေါင်းကြီးပိုင်းတွင် အကြိမ်ကြိမ်ဖော်ပြခဲ့ပြီး အိုဘားမား သမ္မတ အဖြစ် အောင်ပွဲခံပြီးနောက်ပိုင်းတွင်ပင် ထပ်၍ရေးသားဖော်ပြခဲ့ကြသည်။

“တောင်အာဖရိကနိုင်ငံလိုပဲ မြန်မာပြည်သူတွေကလည်း သူတို့ဖိနှိပ်အုပ်ချုပ်ခံနေခဲ့ရတဲ့ နှစ်တွေအတွင်းမှာ ဘယ်သူက သူတို့နဲ့အတူ ရပ်တည်ပေးခဲ့တယ်၊ ဘယ်သူက ဖိနှိပ်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့တယ် ဆိုတာကို သတိရနေမှာပါ” ဟု သတင်းစာက ရေးသားဖော်ပြခဲ့သည်။

“အသားအရောင်ခွဲခြားဖိနှိပ်မှုအပေါ် အမေရိကန်ပြည်ထောင်စု၏ရပ်တည်ချက် အရွေ့ကို ကမ္ဘာကစောင့်ကြည့် တိုင်းတာနေကြသလို၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအပေါ် အမေရိကန်အုပ်ချုပ်ရေးသစ်၏ ရပ်တည်ချက်နှင့် နောက်ပိုင်း လုပ်ဆောင်မှုများကိုလည်း စောင့်ကြည့်တိုင်းတာနေကြမည်” ဟု သတိပေးခဲ့သည်။

ဒီဇင်ဘာလတွင် ယခင်နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့ဖူးသူ၊ အမျိုးသား ဒီမိုကရေစီ အင်စတီကျု (NDI) ၏ ဦးဆောင် ဥက္ကဋ္ဌ အမျိုးသမီးဖြစ်သူ မစ္စ မက်ဒလင်း ကေ အောဘရိုက်ကလည်း မြန်မာ့အရေးကို တစိုက်မတ်မတ် ရပ်တည် ထောက်ခံ ပေးခဲ့သူ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကို လူ့အခွင့်အရေးဆုများ ချီးမြှင့် အပ်နှင်း ပေးခဲ့သေးသည်။

မစ္စ အောဘရိုက်က မြန်မာနိုင်ငံသို့ ၁၉၉၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ကုလသမဂ္ဂ သံအမတ်ကြီး တာဝန်ထမ်း ဆောင်ရစဉ်၌ သွားရောက်လည်ပတ်ခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်တွင် တွေ့ဆုံ ခဲ့သည်။ သူ့မတိုင်မီကလည်း အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆင်က ဒေါ်အောင်ဆန်း စုကြည်ထံ လာရောက်တွေ့ဆုံဖူးသေးသည်။

မြန်မာအတိုက်အခံများက သမ္မတကလင်တန်အုပ်ချုပ်ရေး ကာလ၊ ၁၉၉၇ ခုနှစ်၌ မြန်မာစစ်အစိုးရနှင့် ပတ်သက်သည့် ပိတ်ဆို့အရေးယူမှုများ စတင်လာခဲ့သည်ကိုလည်း အမှတ်ရနေကြ သေးသည်။ သမ္မတ ကလင်တန်မှာ ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတ၏ အမြင့်ဆုံးဆု ချီးမြှင့်ပေးခဲ့ဖူးသည်။

အမေရိကန် ပြည်ထောင်စု၏ ကွန်ဂရက်လွှတ်တော်ထဲ၌ သြဇာတိက္ကမကြီးမားသည့် မိတ်ဆွေများလည်း ရှိနေပါသေးသည်။ ထိုသူများက သမ္မတဘုရှ်နှင့် ၎င်း၏ဇနီး လော်ရာဘုရှ်တို့ အိမ်ဖြူတော်တွင် တာဝန်ယူစဉ်ကာလအတွင်း မြန်မာ့အရေးကို ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့မှုများအား မေ့ပစ်ကြမည် မဟုတ်ပါ။

ကိုအောင်ဒင်က “သူ့အုပ်ချုပ်ရေးကာလ နောက်ဆုံးရက်တွေမှာတောင် သမ္မတဘုရှ်နဲ့ သူ့ဇနီးတို့က မြန်မာနိုင်ငံ အရေးကို နိုင်ငံတကာမှာ ပိုပြီးသတိထားမိလာအောင်၊ ရှေ့တန်းရောက်လာအောင် တကြိမ်မက လုပ်ပေးခဲ့ကြတယ်။ နောက်လာမယ့် အုပ်ချုပ်ရေးအတွက်လည်း နမူနာကောင်းထားခဲ့တယ်။ သူတို့ကျေးဇူးတွေ ကျနော်တို့အပေါ်မှာ များပါတယ်” ဟု ဆိုသည်။

သူ့အနေနှင့် “အကြမ်းဖက်မှု ဆန့်ကျင်ရေးစစ်ပွဲ” နှင့် အလုပ်များနေပြီး ပြည်တွင်း ပြည်ပတွင်၊ အထူးသဖြင့် အီရတ်ကို ကျူးကျော် တိုက်ခိုက်ခဲ့မှု အပါအ၀င် တခြားသော သူ၏နိုင်ငံခြားရေး မူဝါဒများအပေါ် အပြင်းအထန် ပြစ်တင်ဝေဖန် ခံနေရသော်လည်း မြန်မာလူမျိုးအများစုကမူ သမ္မတဘုရှ်ကို လေးစားထောက်ခံခဲ့ကြသည်။ ဖိနှိပ်အုပ်ချုပ်နေသည့် မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရပ်တည်ပေးခဲ့သည့် သူ၏ ရပ်တည်ချက်အတွက် လေးစားကြခြင်း ဖြစ်သည်။

ရှုပ်ထွေးပွေလီလှသည့် ပြဿနာများကို အဖြူနှင့် အမည်းအဖြစ်သာ လွယ်လွယ်ခွဲခြားကြည့်တတ်သည့်အပေါ် သမ္မတဘုရှ်ကို လူအများက မှားသည်ဟု မကြာခဏဆိုသလို ပြစ်တင်ဝေဖန်လေ့ရှိသည်။ သူ၏ နိုင်ငံရေးအယူအဆကို အီရတ်တွင် အတင်းအကျပ်သွတ်သွင်း ကျင့်သုံးရန် ကြိုးပမ်းမှုကြောင့် ပြစ်တင်ကြသော်လည်း၊ မြန်မာအရေးကိစ္စ၌မူ လူအနည်းငယ် မျှသာ အလားတူ ဝေဖန်မှုမျိုး ရှိကြပါသည်။ သူက မူအတိုင်း အခိုင်အမာရပ်တည်ခဲ့သလို၊ လက်တွေ့တွင်လည်း တစိုက်မတ်မတ် ခိုင်ကျည်စွာ ရပ်တည်ပေးခဲ့သည်။ သမ္မတဘုရှ်ကိုဝေဖန်ပြစ်တင်ခဲ့ကြသူများပင်လျှင် မြန်မာနိုင်ငံ ကောင်းရာကောင်းကျိုးအတွက် ဇနီးသည်နှင့်အတူ လုပ်ဆောင်ပေးခဲ့ကြသည်ကို မသက်မသာဖြင့် ၀န်ခံခဲ့ကြရသည်။

သမ္မတဘုရှ်က ၂၀၀၅ ခုနှစ်တွင် လူ့အခွင့်အရေးလှုပ်ရှားသူ ရှမ်းအမျိုးသမီး နန်းချန်တောင်းကို အိမ်ဖြူတော်သို့ ဖိတ်ကြား၍ တွေ့ဆုံခဲ့သေးသည်။ သမ္မတကတော် လော်ရာဘုရှ်ကလည်း ၀ါရှင်တန်နှင့် နယူးယောက်တွင် မကြာခဏဆိုသလို မြန်မာ အတိုက်အခံ လှုပ်ရှားနေသူများနှင့် တွေ့ဆုံခဲ့သည်။ အခွင့်ရလျှင်ရသလို သူက မြန်မာနိုင်ငံအရေးကို စိတ်အားထက် သန်စွာ ပြောဆိုဆွေးနွေးခဲ့ပြီး အိမ်ဖြူတော်တွင်လည်း မြန်မာ့အရေးကိစ္စကို ရှေ့တန်းရောက်လာအောင် ပြောဆိုတိုက်တွန်း ပေးခဲ့သည်။

စစ်အစိုးရက ၂၀၀၇ ခုနှစ်တွင် ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းချေမှုန်းသည့်အခါ သမ္မတကတော်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကို ဖုန်းခေါ်၍ အခြေအနေကို စိုးရိမ်ပူပန်စွာ ဆွေးနွေးလာခဲ့သည်။ ဤ အဖြစ်မျိုးက ကမ္ဘာ့ထိပ်သီးနိုင်ငံကြီး၏ သမ္မတကတော်များတွင် ရှားရှားပါးပါး တွေ့ရခြင်း ဖြစ်သည်။ သူက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆင်းပေးရန်ပင် စိန်ခေါ်ပြောဆိုခဲ့သေးသည်။ ယခုအခါ တာဝန်ရှိသမ္မတကတော် မဟုတ်တော့သော် လည်း မစ္စလော်ရာ ဘုရှ်က မြန်မာ့အရေး အလျှော့ပေးလိမ့်မည် မထင်ပါ။ ဆက်၍ မြန်မာ့အရေးကြိုးပမ်းလုပ်ဆောင်ပေးနေ ဦးမည် ဖြစ်သည်။

၂၀၀၈ ခုနှစ်၊ သမ္မတဘုရှ်နှင့် ဇနီးတို့ ထိုင်းနိုင်ငံ အလည်အပတ်ခရီးတွင် သမ္မတက ထင်ရှားသည့် မြန်မာအတိုက်အခံ ခေါင်းဆောင်များနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခဲ့သေးသလို သမ္မတကတော် လော်ရာဘုရှ်က မြန်မာနယ်စပ်သို့ သွားရောက်၍ ဒုက္ခသည်များနှင့် လူသားချင်းစာနာမှု ကပ်ဘေး ကယ်ဆယ်ရေး ၀န်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ ထိုမျှမက မကြာသေးမီက မြန်မာ ရဟန်းတော်တပါးနှင့် ဘလော့ရေးသူတဦးတို့ကိုလည်း တွေ့ဆုံခဲ့သည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် ပညာရှင်တဦးလည်းဖြစ်၊ ဧရာဝတီမဂ္ဂဇင်း၏ ပင်တိုင်ဆောင်းပါးရှင် တဦးလည်း ဖြစ်သည့် ကိုမင်းဇင်က မြန်မာပြည်သူများအနေနှင့် သမ္မတဘုရှ်နှင့် သူ၏ဇနီးထံမှ ထောက်ခံပံ့ပိုးမှု ရရှိသည်မှာ အလွန် ကံကောင်းလှသည်ဟု ပြောပါသည်။ သူတို့ကြောင့် မြန်မာနိုင်ငံ၏ အရေးကို ထိပ်တန်းနိုင်ငံရေး ခေါင်းစဉ်တခု အဖြစ်သို့ ရောက်ရှိစေခဲ့သည်ဟု ပြောသည်။

“ကြည့်ရတာ ဒီပြဿနာအပေါ် ပုဂ္ဂိုလ်ရေးအရကို အလေးထားပုံရတယ်” ဟု သူက ပြောသည်။ သမ္မတဘုရှ်အစိုးရအနေ နှင့် ပြုခဲ့သည့် တခုတည်းသောအမှားမှာ မြန်မာနိုင်ငံ၏အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် တင်ပြခဲ့ မှု ဖြစ်သည်ဟု သူကဆိုပါသည်။ အမေရိကန်ပြည်ထောင်စုက ကမကထပြု တင်ပြသည့် ဆုံးဖြတ်ချက်များကို တရုတ်နှင့် ရုရှားနိုင်ငံတို့က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြသည်။ မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရှေ့မှောက် တင် ပြဆွေးနွေး စေခဲ့သည့် ကြိုးပမ်းမှုသည် “ဆက်လက်ထိန်းသိမ်း ထားနိုင်တဲ့ ခြိမ်းခြောက်မှု တခုအနေနဲ့ပဲ ရှိနေသေးတယ်” ဟု ကိုမင်းဇင်က သုံးသပ်သည်။

သမ္မတဘုရှ်ကို ပြစ်တင်ဝေဖန်နေကြသူများက တွေးတောကြသည်မှာ သူ၏ အဆုံးအရှုံးများလှသော အီရတ်ကျူးကျော်ရေး စွန့်စားမှုကြောင့် ကျန်အနောက်နိုင်ငံများကပင် မြန်မာနိုင်ငံအရေးတွင် အမေရိကန်အစိုးရ မူဝါဒများနှင့် ဆန့်ကျင်ရပ်တည် စေရန် ဖြစ်လာသည်ဟု ဆိုကြပါသည်။ သူတို့က အမေရိကန် နိုင်ငံ၊ နိုင်ငံခြားရေးမူဝါဒ၏ ဦးတည်ချက်များနှင့် ကမ္ဘာအနှံ့ တဖြည်းဖြည်း ကြီးထွားလာနေသည့် အမေရိကန်ဆန့်ကျင်ရေးစိတ်ဓာတ် အခြေအနေကို စိုးရိမ်နေကြသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံပြင်ပတွင် နေထိုင်ကြသူ မြန်မာလူမျိုးများအဖို့ ရီပတ်ဘလစ်ကင် အစိုးရ အုပ်ချုပ်ရေးအပေါ် နှစ်လိုသည့်သဘောထား ရှိကြပါသည်။ အကြောင်းမှာ ရီပတ်ဘလစ်ကင်များက မြန်မာနိုင်ငံဆိုင်ရာမူများတွင် တင်းမာ သည့်သဘောထား ချမှတ်ကျင့်သုံးမည်မှာ သေချာသောကြောင့် ဖြစ်သည်။ ၀ါရှင်တန်ရှိ လေ့လာသုံးသပ်သူများက သမ္မတသစ် အိုဘားမား အိမ်ဖြူတော် ရောက်လာသည့်အတွက် မြန်မာများအဖို့ စိုးရိမ်ဖွယ်အခြေအနေ သိပ်မရှိဟု ပြောဆိုကြသော်လည်း သူတို့တွင် တခြားခြွင်းချက်ကိစ္စများ ရှိလာနိုင်ပါသည်။

အိုဘားမား၏ ဒုသမ္မတ ဂျိုးဆက်ဖ် အာရ် ဘိုင်ဒင် ကလည်း မြန်မာပြည်အရေးအတွက် လူစိမ်းတဦး မဟုတ်ပါ။ သူက အထက်ဆီးနိတ် လွှတ်တော်၏ နိုင်ငံခြား ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌတာဝန်ယူစဉ်ကာလ၌ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် အမေရိကန်အစိုးရ၏ မူဝါဒများကို ချမှတ်ရာ၌ အရေးပါသည့် ကဏ္ဍက တာဝန်ယူဆောင်ရွက်ခဲ့ရသူ တဦး ဖြစ်သည်။

ဘိုင်ဒင်သည် တွမ်လန်းတော့စ် ဦးဆောင်တင်သွင်းခဲ့သည့် မြန်မာနိုင်ငံမှ ကျောက်စိမ်းများ ပိတ်ဆို့ရေးဥပဒေ (စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေးကြိုးပမ်းမှုများ) ၂၀၀၈ ကိုအဓိက ဦးဆောင်ခဲ့ပြီး နောက်ဆုံး သမ္မတဘုရှ်က ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ဤဥပဒေက ၂၀၀၇ ခုနှစ်တွင် ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံမှ ကျောက်မျက်များ တင်ပို့မှုကို ကန့်သတ်သည့်ဥပဒေနှင့် သတ္တုတူးဖော်ရေး စီမံချက်များကို ပိတ်ဆို့အရေးယူမှု ပြုသည့် ဥပဒေတို့ကို ပိုမိုတင်းကျပ်စွာ ထပ်မံ အသစ်ပြင် ပြဌာန်းခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒင်က ဥပဒေပြုရန် တင်ပြရာတွင် “မြန်မာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စအတွက် အားမလျှော့တမ်း ကြိုးပမ်းခဲ့သူ ဖြစ်တဲ့ ကျနော့် အရင်းနှီးဆုံး မိတ်ဆွေကြီး တွမ်လန်းတော့စ်ကို ဂုဏ်ပြုတဲ့အနေနဲ့ တင်ပြပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ဘိုင်ဒင်က ဆက်လက်၍ “ကျနော်တို့အနေနဲ့ တွမ်ရဲ့ ကြိုးပမ်းချက်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၊ ဥရောပ သမဂ္ဂ၊ အိန္ဒိယ၊ တရုတ်နိုင်ငံတွေ အပါအ၀င် နိုင်ငံတကာ မိသားစုနဲ့ အတူတကွ လက်တွဲပြီး ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီပြည့်ဝပြီး ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံအနေနဲ့ တနေ့မှာ နိုင်ငံတကာမိသားစုနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက် လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

တွမ် လန်းတော့စ်တင်သွင်းသည့် မြန်မာနိုင်ငံမှ ကျောက်မျက်များ ပိတ်ဆို့ရေးဥပဒေက အမေရိကန်အစိုးရ အနေနှင့် မြန်မာနိုင်ငံအပေါ်တွင် တင်းမာသည့် သဘောထားရှိသည်ဟု ဖော်ပြရာ ရောက်စေပါသည်။ ဤဥပဒေ ပြဌာန်းခဲ့ရာတွင် ရည်ရွယ် ချက် ၃ ချက်ရှိသည်။ နောက်ထပ်ဘဏ္ဍာရေး တင်းကျပ်အရေးယူမှုများ ပြုရန်၊ စစ်အစိုးရခေါင်းဆောင်များနှင့် အပေါင်းအပါ များကို ခရီးသွားလာခွင့် ကန့်သတ်ရန်နှင့် ၂၀၀၃ ခုနှစ်က ချမှတ်ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံမှ ကျောက်မျက် များ တင်သွင်းမှု ပိတ်ဆို့ရေးဥပဒေကို တရစ်တင်းရန် ဖြစ်သည်။ ထိုမျှမက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ညှိနှိုင်း ဆောင်ရွက်ရန် အထူးကိုယ်စားလှယ် ရာထူးကိုလည်း အသစ် တီထွင် ခန့်အပ်ခဲ့သေးသည်။

ယခင်က အမျိုးသားလုံခြုံရေးကောင်စီတွင် တာဝန်ထမ်းခဲ့ပြီး ယခုအခါ ဂျော့ခ်ျတောင်းတက္ကသိုလ်တွင် လက်ထောက် ပါမောက္ခအဖြစ် တာဝန်ထမ်းနေသည့် မိုက်ကယ် ဂရင်းကို ဤရာထူးနေရာအတွက် အဆိုပြုခဲ့သေးသည်။ သို့သော်လည်း အိမ်ဖြူတော်တွင် နေရာအပြောင်းအလဲ ဖြစ်ပေါ်လာမှုကြောင့် ရာထူးခန့်အပ်မှုကို အတည်ပြုရန် ဆိုင်းငံ့ထားရဆဲ ရှိသည်။

အဆိုပြုထားသည့် အမေရိကန် အထူးသံအရာရှိက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ ဥရောပ သမဂ္ဂ၊ အာဆီယံအဖွဲ့ စသည့် တခြားစိတ်ဝင်စားသည့် နိုင်ငံများနှင့် ပူးတွဲလုပ်ဆောင်မည် ဖြစ်သည်။ ၎င်းသံအမတ်ကြီး၏ တာဝန်များတွင် မြန်မာနိုင်ငံ၏ အကြပ်အတည်းပြဿနာအတွက် ဘက်စုံမှချဉ်းကပ်မည့် နည်းနာများ ဖွံ့ဖြိုးတိုးတက်စေရေး မလွဲမသွေ ပါဝင်လိမ့်မည်။ ထို့ပြင် ဖိအားပေးမှု၊ တွေ့ဆုံဆွေးနွေးရေး၊ မြန်မာပြည်သူများဒုက္ခ သက်သာချောင်ချိစေရေး အတွက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို လူသားချင်းစာနာသည့် ကူညီမှုများ ထောက်ပံ့ရေးကိစ္စများ စသဖြင့် ကဏ္ဍစုံ ပါဝင်ပါလိမ့်မည်။

မြန်မာအတိုက်အခံ အင်အားစုများက သမ္မတအိုဘားမားကို မြန်မာနိုင်ငံမူဝါဒနှင့် ပတ်သက်၍ တင်းမာသည့်သဘောထား ထားရှိစေလိုသော်လည်း နည်းပရိယာယ်ပိုင်းဆိုင်ရာ အပြောင်းအလဲများနှင့် ပို၍ ကောင်း မွန်သည့် ဗျူဟာ ချမှတ်ဆောင်ရွက်မှုများ မြင်တွေ့ရဖွယ် ရှိသည်။

ထင်ရှားသည့် မြန်မာ့အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က အိုဘားမား၏ အောင်ပွဲကို ချီးကျူးဂုဏ် ပြုစကားပြောရင်း အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ နိုင်ငံတကာအစိုးရများ၊ အဖွဲ့ အစည်းများနှင့် ပူးတွဲဆောင်ရွက်သည့် ချဉ်းကပ်မှုပြုရန်လည်း တိုက်တွန်းခဲ့ပါသည်။

“ကျနော်တို့က အမေရိကန်ကို နိုင်ငံတကာမိသားစုရယ် ကုလသမဂ္ဂရယ်နဲ့ ပူးတွဲ လုပ်ဆောင်စေချင်ပါတယ်” ဟု သူက ဆိုသည်။

စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် ၁၉ နှစ်ကြာ ဖြတ်သန်းခဲ့ရသူ ဦးဝင်းတင်က အမေရိကန်ပြည်ထောင်စု အနေနှင့် စစ် အစိုးရနှင့် အပေးအယူပြု ညှိနှိုင်းခြင်းမပြုရန်လည်း သတိပေးခဲ့သည်။ နိုင်ငံတကာမိသားစုမှ ပိုမိုထိရောက်သည့် ပိတ်ဆို့ အရေးယူမှုများနှင့် လက်ဦးမှုယူ လုပ်ဆောင်သည့် ဖိအားပေးမှုများ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှု ရှေ့ဆက်တိုးတက် နိုင်ရေးအတွက် လိုအပ်သည်ဟု ဆိုပါသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် မူဝါဒရေးရာအရ ခိုင်ခိုင်မာမာ ရပ်တည်ပေးမည့် အချက်ကို ဦးဝင်းတင် အနေနှင့် စိုးရိမ်ပူပန်ဖွယ် အကြောင်းမရှိပါ။ အမေရိကန် သမ္မတရွေးကောက်ပွဲ မတိုင်မီမှာပင် ၀ါရှင်တန် အခြေစိုက် အကြံပေးအဖွဲ့တခုဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာ လေ့လာရေးဗဟိုဌာနက နောက်ဆုံး ထုတ်ပြန် ခဲ့သည့် အောက်တိုဘာလ သုံးသပ်ချက်တွင် သမ္မတသစ်အိုဘားမားကလည်း မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့ ပြစ်ဒဏ် ခတ်ရေး မူဝါဒကို ဆက်လက်ထောက်ခံလိမ့်မည်ဟု တွက်ချက်ဖော်ပြခဲ့သည်။

အဆိုပါသုံးသပ်ချက်တွင် “ဤသို့ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် တွန်းအားသည် နောက်ဆုံး မြန်မာနိုင်ငံအတွင်းမှ လာရမည်ပင်ဖြစ်သည်။ အိုဘားမားက မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာစေရန်အတွက် အာဆီယံအဖွဲ့၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအ၀င် နိုင်ငံတကာက ချိတ်ဆက်မှုရှိစွာ ပူးပေါင်းဆောင်ရွက် လာစေရေးအတွက် ကြိုးပမ်းလိမ့်မည် ဖြစ်သည်” ဟု ပါရှိသည်။

အိုဘားမား မဲဆွယ်စည်းရုံးရေးအဖွဲ့၏ အာရှရေးရာ အဆင့်မြင့်အကြံပေး အရာရှိဖြစ်သူ ဖရင့် ဂျန်နူဇီကလည်း မြန်မာ နိုင်ငံပြဿနာကြောင့် အာဆီယံဒေသတခုလုံးနှင့် အမေရိကန်နိုင်ငံတို့ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ရေးကို အဟန့်အတား မဖြစ်စေသင့်ဟု ဆိုသည်။

“မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်နေတယ် ဆိုတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအဖွဲ့နဲ့ လက်တွဲပြီး သူတို့လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လိုက်နာဖို့ တိုက်တွန်းတာမျိုး ဖြစ်သင့်တယ်” ဟု သူကပြောသည်။

မြန်မာနိုင်ငံအရေး လေ့လာသူ ပညာရှင် ဒေးဗစ် စတိုင်းဘာ့ဂ်ကလည်း အိုဘားမားအစိုးရ အနေနှင့် မြန်မာစစ်အစိုးရထံမှ ပြန်လည် သင့်မြတ်လိုသည့် ထင်ရှားသော လက္ခဏာများ မပြသမချင်း စီးပွားရေးပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းဖွယ် မရှိဟု မြင်နေသည်။ မည်သို့ပင် ဖြစ်စေ အစိုးရအသစ်အနေနှင့် မြန်မာစစ်အစိုးရနှင့် ဆွေးနွေးမှုများ ပို၍ ပြုလုပ်ရန် ဆန္ဒရှိနိုင်မည် ဟု သူက မျှော်လင့်ထားသည်။

မြန်မာစစ်ဗိုလ်ချုပ်များက ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်လိုသည်ကတော့ သံသယဖြစ်ဖွယ် မရှိပါ။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက သူတို့သည် ၀ါရှင်တန်မြို့တော်တွင် စည်းရုံးပြောဆိုပေးမည့် ကုမ္ပဏီများကိုပင် ငှားရမ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတ အိမ်ဖြူတော်တို့ ဆက်ဆံရေး ပြန်လည် ကောင်းမွန် လာစေရန် ချဉ်းကပ်နိုင်မည့် နည်းလမ်းများ ရှာခဲ့ကြသေးသည်။ နောက်ဆုံး သမ္မတကလင်တန်နှင့် ဘုရှ်အစိုးရ တို့ကို ထိုးဖောက် မရနိုင်တော့သည့် အခါမှ လက်လျှော့ခဲ့ကြခြင်း ဖြစ်သည်။

အိုဘားမား ရွေးကောက်ပွဲနိုင်သည့်အခါ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းဌာနများက အိုဘားမား၏ အောင် ပွဲအတွက် ချီးကျူးဂုဏ်ပြုကြောင်း ဖော်ပြခဲ့ကြသည့်ပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဂုဏ်ပြုသ၀ဏ်စကား ပါးခဲ့သေးသည်။

မကြာသေးမီက ရရှိခဲ့သည့် အတည်မပြုနိုင်သေးသော သတင်းများအရ ယခင်မြန်မာသံအမတ်ဟောင်းများက အမေရိကန် ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများသို့ ခရီးလှည့်လည်၍ ယခုတက်လာမည့် အစိုးရသစ်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ မည်သို့မည်ပုံ ရှိမည်ကို နားစွင့်တီးခေါက်ခဲ့ကြသည်ဟု ဆိုသည်။ အိုဘားမား၏ အစိုးရသစ်နှင့် စစ်အစိုးရအကြား တရားမ၀င် ဆွေးနွေးညှိနှိုင်းမှုများရှိလာနိုင်မည်ဟု ခန့်မှန်းပြောကြားရန် အချိန်စောနေသေးသော်လည်း ဤသို့မဖြစ်လာနိုင် ဟုလည်း ကျိန်းသေပြော၍ မရပါ။

၂၀၀၇ ခုနှစ်တွင် ၀ါရှင်တန်အစိုးရ၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ကိစ္စများ တာဝန်ယူရ သူ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ဂျွန် နှင့် မြန်မာစစ်အစိုးရ၀န်ကြီးများ တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်၌ တွေ့ဆုံဆွေးနွေးမှု တကြိမ် ဖြစ်ပေါ် ခဲ့သည်။

ဤတွေ့ဆုံမှုက မြန်မာစစ်အစိုးရ၏ တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာခဲ့ရပြီး ပွင့်လင်း လွတ်လပ်စွာ နှစ်ဘက်အမြင်ကို ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြခဲ့ကြသည်။ မြန်မာစစ်အစိုးရ အရာရှိများက ဆွေးနွေးပွဲများကို မြန်မာနိုင်ငံအတွင်း ဆက် လက် ကျင်းပလိုကြသော်လည်း၊ အမေရိကန် အရာရှိများကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်မရှိလျှင် မဆောင်ရွက်နိုင်ဟု ပယ်ချခဲ့ကြပါသည်။

အမေရိကန်နှင့် မြန်မာအရာရှိများ၏ ဆွေးနွေးပွဲ အသေးစိတ်အကြောင်းအရာများကို ပြင်ပသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိ သော်လည်း ဆွေးနွေးကြသည့်ကိစ္စများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားမှု၊ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကိစ္စနှင့် မြန်မာနိုင်ငံ၏ အထွေထွေ နိုင်ငံရေး အခြေအနေတို့ ပါဝင်နိုင်ပါသည်။ ဆွေးနွေးပွဲတက်ရောက်ခဲ့ရသူ အမေရိကန် အရာရှိက ပြန်၍ပြောပြရာတွင် ဒေါ်အောင် ဆန်းစုကြည်၏ နာမည်ကို ထုတ်ဖော်ပြောဆိုသည်နှင့် တပြိုင်နက် မြန်မာစစ်အစိုးရ ၀န်ကြီးများ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး တစ္ဆေသူရဲကို တွေ့လိုက်ရသူများနှယ် ရှိခဲ့သည်ဟု ဆိုသည်။

နောက်ထပ် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာစစ်အစိုးရတို့ ဆွေးနွေးပွဲများ ဖြစ်ပေါ်မလာနိုင်ဟုလည်း အပြတ်ပြောရန် မဖြစ် နိုင်ပါ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိတွေ့ဆက်ဆံခွင့် မရှိသေးဘဲနှင့် မြန်မာနိုင်ငံအတွင်း ဆွေးနွေးပွဲများ ဖြစ်လာရန် အခြေအနေဝေးပါသေးသည်။

စတိုင်းဘာ့ဂ်က “အပြောင်းအလဲတွေ မရှိရင်တော့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေက မြန်မာနိုင်ငံ ပြင်ပမှာပဲ ဖြစ်နိုင်ခြေ ရှိပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရဘူးဆိုရင် အမေရိကန်အစိုးရအနေနဲ့ သူ့အရာရှိတွေကို မြန်မာနိုင်ငံကို လွှတ်ဖို့ဆိုတာ သံသယရှိစရာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာကိုချုပ်ကိုင် ထားသရွေ့ ဒီလို အခြေအနေ ကလည်း ဖြစ်ဖို့ ခက်ပါတယ်” ဟု ဆိုသည်။

စတိုင်းဘာ့ဂ်က အိုဘားမား အုပ်ချုပ်ရေးကာလတွင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ သိသိသာသာ ပြောင်းလဲလာ ရန် အကြောင်းမရှိဟု သုံးသပ်သည်။

သို့သော်လည်း သူက “ဒါပေမယ့် ၀ါရှင်တန်မှာရှိနေတဲ့ အင်အားစုတွေ ကြားမှာတော့ စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့အဖြေ တစိတ်တပိုင်း ဖြစ်တယ်ဆိုတာကို ပိုအသိအမှတ်ပြုလာကြတယ်။ မြန်မာနိုင်ငံက ပြဿနာတွေ ပြေလည်လာစေဖို့ စစ်တပ်က ကဏ္ဍတရပ်အနေနဲ့ လိုအပ်တယ်ဆိုတာလည်း မြင်လာကြတယ်။ အရင်တချိန်က အမေရိကန်ရဲ့ မူဝါဒဖြစ်ဖူးတဲ့ သူတို့ကို စစ်တန်းလျားပြန်ခိုင်းလိုက် ဆိုတာမျိုး ရှေ့ဆက် မဖြစ်နိုင်တော့ဘူး ဆိုတာ သိမြင်လာတယ်။ အရင်ကလည်း မဖြစ်ခဲ့ဘူး” ဟု ဖြည့်စွက်ပြောခဲ့သည်။

“ခြုံပြောရမယ် ဆိုရင်တော့ ကြည့်ရတာ အပြောင်းအလဲဖြစ်ဖို့ကနည်းတယ်၊ အရင်အတိုင်းပဲ ဖြစ်ဖို့က ပိုများနေတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း ဒုက္ခဆင်းရဲတွေ ဆက်ခံစားနေရဖို့ ရှိတယ်” ဟု သူက ဆက်ပြောသည်။

ကိုမင်းဇင်ကမူ အမေရိကန်သမ္မတသစ်၏ အုပ်ချုပ်ရေးသည် ယခင်သမ္မတ ဘုရှ် ကျင့်သုံး ခဲ့သည့် “တကိုယ်တော်ကြဲ” မူဝါဒထက် စာလျှင် အများနှင့် ကျေလည်အောင်ညှိနှိုင်း အဖြေရှာသည့်ပုံစံ ပို၍ဖြစ်နိုင်သည်ဟု မြင်သည်။

သမ္မတဘုရှ် ချဉ်းကပ်ခဲ့ရာတွင် အားနည်းခဲ့သည့် အချက်မှာ မြန်မာပြည်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ အင်အားစုများနှင့် အပေးအယူပြုနေရခြင်း၊ ညှိနှိုင်းလုပ်ဆောင်နေရခြင်းပင် ဖြစ်သည်ဟု ကိုမင်းဇင်က ဆိုသည်။ ဤ အချက်ကြောင့် မြန်မာနိုင်ငံတွင် ထင်သာမြင်သာသည့် ရလဒ်များ မထွက်ပေါ်နိုင်ဘဲဖြစ်ခဲ့ရသည်ဟု သူကမြင်သည်။

အမေရိကန် ရုပ်မြင်သံကြားကွန်ယက်တခုဖြစ်သည့် အေဘီစီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာနိုင်ငံကို “အာဏာရှင်များ၏ ခံကတုတ်နိုင်ငံ” တခုအဖြစ် လူသိရှင်ကြား ထည့်သွင်းဖော်ပြခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က နိုင်ငံတကာမိသားစုအနေနှင့် မြန်မာပြည်သူများကို မကယ်ဆယ်နိုင်ဖြစ်ခဲ့ရသည့်အပေါ် သူမ၀မ်းနည်းမိ သည်ဟု ပြောဆိုခဲ့သည်။ ယခုလို ပွင့်ပွင့်လင်းလင်း ၀န်ခံပြောဆိုခဲ့သည့်အပေါ် ကြိုဆိုရန် ရှိပါသည်။ သို့သော်လည်း မြန်မာ ပြည်သူများ အနေနှင့် နောက်တကြိမ် ပစ်ထားခံရသည့် အခြေအနေမျိုးကိုတော့ မလိုချင်ကြတော့ပြီ။

အော်ဇော်ရေးသားသည့် Burma and Obama ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်ခြင်းကြောင့် ပြည်သူများအခက်အခဲဖြစ်

ရိုင်မရော့

မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်လာခြင်းကြောင့် ပြည်ပ နိုင်ငံတွင် အလုပ်လုပ်နေသူ တို့၏ ငွေကြေးများကို မှီခိုနေကြရ သည့် ပြည်သူတို့အတွက် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့နေ ကြရသည်။

“ခါတိုင်းနှစ်ဆိုရင် တစ်ခါပို့ရင် ရာနဲ့ချီပြီး ပို့ကျတယ် ဒါပေမယ့် ဒီနှစ်တော့ စားစရိတ်လောက်ပဲ ပို့နိုင်တယ်၊ လတိုင်း ပုံမှန်ပို့နေတဲ့ လူတောင်မှ ၃၊ ၄ လမှ တစ်ခါပို့ပေး နိုင်တယ်၊ သူတို့လည်း တစ်နေ့လုပ်ရတာကို သူတို့စားဝတ်နေရေး အတွက် ရှိသေးတယ်ဆိုတော့ အိမ်ကို မပို့နိုင်ကြဘူး” ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် သားသမီးထံမှ လတိုင်း ငွေလက်ခံရရှိနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းအမျိုးသမီး ဆက်ပြောတာကတော့ “ဒီလိုဖြစ်ရဟာ ရာဘာဈေးမကောင်းတာက အဓိကပေါ့ ဒါပေမယ့် ဒီနှစ်ဆန်းပိုင်းမှာဆိုရင် ထိုင်းဘတ်ငွေကလည်း ကျလာတယ်ဆိုတော့ ပိုပြီးတော့ ဒုက္ခဖြစ်ရတာပေါ့၊ သူတို့က ငွေပို့ဖို့ မပြောနဲ့ သူတို့စားဖို့အတွက်တောင် အနိုင်နိုင်ဖြစ်နေတယ်၊ ကျမတို့လို ထိုင်းမှာ အလုပ်လုပ်နေတဲ့ သားသမီးတွေဆီက ပို့တဲ့ ပိုက်ဆံနဲ့ သုံးနေရတယ်ဆိုတော့ အခက်ခဲတော့ ဖြစ်တာပေါ့၊ ခါတိုင်းလိုတော့ မသုံးနိုင်ဘူးပေါ့ ချွေချွေတာတာနဲ့ပဲ သုံးနေရတာပေါ့” ဟု ပြောသည်။

ထိုင်းနိုင်ငံအပါအဝင် ပြည်ပမှ ပို့နေသည့် ငွေပမာဏ နည်းလာသည့်အတွက် အရင်ကလို အသုံးအဖြုန်းမရှိတော့ပေ၊ ပို့တော့ ပို့ပေမယ့် အရင်တုန်းကလိုတော့ မဟုတ်တော့ပေ ရာဘာခြံတို့၊ အိမ်ခြံတို့လိုမျိုးဆိုရင်တော့ ထမင်းငတ်သည့် အခြေနေထိတော့ မရောက်သေးပေမယ့် ခါတိုင်းလိုမျိုး တစ်ထောင်သုံးရင် ငါးရာလျှော့သုံးရတဲ့ အခြေနေတော့ ရောက်နေတယ်ဟု ဒေသခံတို့က ပြောဆိုနေကြသည်။

၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာပြီး မြန်မာငွေတန်ဖိုး မြင့်လာခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေကျသည့် ပြည်သူများက မိမိရပ်မြေဒေသသို့ ငွေလွှဲပို့ပေးမှုသည် ထက်ဝက်နီးပါး နည်းပါးလာသည်ဟု နယ်စပ်ဒေသရှိ ငွေလွှဲသူများ အသိုင်းဝိုင်းမှ သိရသည်။

“ဒီနေ့မှာ ထိုင်းဘတ်ငွေက ၂၇ ဘတ်နဲ့ ပြား ၅၀ ရှိနေတယ်၊ ယမန်နှစ်က ဒီအချိန်ဆိုရင် ၃ရ ဘတ်လောက်ရှိတယ်၊ ဒီနှစ်ဆန်းပိုင်းက တစ်လပြည့်လို့ စာရင်းချုပ်တဲ့အခါမှာ မနှစ်ကလောက် တဝက်နီးပါး ကျသွားတယ်၊ မနှစ်ကဆိုရင် သိန်းငါးရာကျော်ပေါ့ တစ်လမှာ ဒီနှစ်အတွင်းကတော့ သိန်းနှစ်ရာကျော်ကျော် သုံးရာနီးပါးလောက်ပဲရှိတယ်၊ ဒီငွေလွှဲအလုပ်ကို လုပ်သူအားလုံးက ဒီလိုပဲ ဖြစ်နေကြတယ်”ဟု သူက ဆက်ပြောသည်။

မွန်ပြည်နယ်သည် ရာဘာကို အဓိကထား စိုက်ပျိုးလုပ်ကိုင်နေကြပြီး ၄င်းကို စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြသည်။ ပြည်ပနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင်လည်း အလုပ်သွားရောက် လုပ်ကိုင်နေကြသည့် ပြည်သူအများအပြားရှိသည်။ ထိုင်းနိုင်ငံမှ ပို့ပေးသည့် ငွေကြေးများကို မှီခိုနေကြရသည့် မိသားစုများလည်းရှိသည်။

မြန်မာငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းနှင့် ရာဘာဈေးကျဆင်းလာခြင်းကြောင့် ပြည်ပနိုင်ငံ အထူးသဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူများကလည်း ခါတိုင်းနှစ်က တစ်နှစ်အတွင်း သိန်း နှစ်ရာလောက် အိမ်သို့ ပို့ပေးနိုင်ခဲ့သော်လည်း ဒီနှစ်အတွင်းတွင် သိန်းတစ်ရာကျော်မျှသာ ပို့ပေးနိုင်ကြသည်။

“မြန်မာငွေ တက်သွားပြီးတဲ့နောက်မှာ ငွေပို့တဲ့လူတွေ ၆၀ ရာခိုင်နှုန်းလောက်က လျော့သွားတယ်၊ ထိုင်းမှာ အလုပ်လုပ်တဲ့လူတွေ ရွာကို ပိုက်ဆံမပို့နိုင်တော့ ရွာမှာရှိနေတဲ့လူက အခက်အခဲတွေ့တာပေါ့၊ တချို့ဆိုရင် ထိုင်းကိုဝင်တုန်းက သူများဆီက အကြွေးနဲ့ လာတာ လဲရှိတယ်၊ တချို့ဆိုရင်လည်း သားသမီးတွေကို မိဘစီမှာ အပ်ထားတာလဲရှိတယ်၊ သူတို့အတွက်ဆိုရင် ပိုပြီး အခက်အခဲဖြစ်တာပေါ့နော် ငွေမပို့လို့လဲမရဘူး ခလေးလဲရှိ နောက်ပြီး မိဘကလည်း အိုနေပြီ” ဟု မော်လမြိုင် ငွေလွှဲနေသူတစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံတွင် အလုပ်လုပ်နေသူများထံမှ ငွေပို့ပေးမှု နည်းပါးလာခြင်းနှင့် ရာဘာဈေး ကျဆင်းလာခြင်းကြောင့် မုဒုံမြို့အတွင်းရှိ ရာဘာခြံဈေးနှုန်းသည်လည်း ထက်ဝက်နီးပါး ကျဆင်းလာသည်။ ရာဘာခြံဈေး ကျလာသော်လည်း ဝယ်သူမရှိပေ။ အရင်က သိန်း နှစ်ရာတန်သည့် ရာဘာခြံတစ်ခြံသည် သိန်းခုနှစ်ဆယ်ပင် ဝယ်သူမရှိ ဖြစ်နေသည်။

ဘီလူးကျွန်းမှ မိခင်တစ်ဦးကလည်း “ကျမသားက မလေးရှားမှာ အလုပ်လုပ်နေတယ်၊ ဟိုတုန်းကဆိုရင် ပုံမှန်ပဲပို့တယ်၊ အခုတလော ပုံမှန်တော့ မဟုတ်တော့ဘူး၊ ဖုန်းအကြိမ်ကြိမ်ခေါ်မှ တစ်ခါပို့ပေးတယ် ပို့ပြန်တော့လည်း တစ်သိန်း၊ နှစ်သိန်း အဲဒီလောက်ပဲ ပို့နိုင်တယ်၊ ကျမကတော့ အခက်အခဲဖြစ်တာပေါ့၊ သူတို့သွားတုန်းကလည်း သူများစီက ငွေချေးထားတယ်၊ အဲဒါကို ပြန်ဆပ်ဖို့ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး အတိုးနဲ့ဆိုတော့ တစ်နေ့ထက်တစ်နေ့ တိုးလာနေတယ်” ဟု မလေးရှားတွင် အလုပ်လုပ်နေသော သားဖြစ်သူ၏ မိခင်က ပြောပြသည်။

ရေးမြို့ဒေသခံတစ်ဦးကလည်း “မြန်မာငွေ တန်ဖိုးမြင့်လာတဲ့နောက်ပိုင်းမှာတော့ ထိုင်းမှာ အလုပ်လုပ်နေသူတွေက ငွေသိပ်မပို့ကျဘူး၊ တစ်ချို့ဆိုရင် အိမ်မှာ သုံးဖို့အတွက် နည်းနည်းပဲ ပို့နိုင်တယ်၊ တချို့ငွေနည်းနည်းပါးပါးရှိတဲ့ လူတွေကကျတော့လည်း မြန်မာငွေ တန်ဖိုးကျတဲ့အချိန် ထိုင်းငွေ တန်ဖိုးမြင့်လာတာကို စောင့်နေကျတယ် ” ဟု သူက ပြောသည်။

တိုင်းမှုးမှ ကျင့်ဝတ်ချိုးဖောက်သည့် တပ်သားများအား အရေးယူမည်ဟု ဆိုသော်လည်း အရေးယူမှုမရှိ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မွန်အမျိုးသားကျောင်း၏ သော့ခလောက်ကို ချိုးဖျက်ပြီး ကျောင်းတွင်း၌ သောက်စားမူးယစ်ကြသော တပ်သားများနှင့် အရာရှိ အရာခံများ အား ယခုသီတင်းပတ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှုးမှ အရေးယူမည်ဟု ဆိုသော်လည်း ယခုအချိန်ထိ အရေးယူခြင်း မရှိသေးပေ။

“တိုင်းမှုး ဗိုလ်ချုပ်သက်နိုင်ဝင်းက ဘယ်တပ်သား တပ်အရာရှိမဆို ပြည်သူတွေအပေါ် ပြစ်မှုကျူးလွန်မယ်ဆိုရင် အရေးယူမယ်လို့ ဆိုထားတာရှိတယ်” ဟု မွန်ပြည်သစ်ပါတီမှ ဗိုလ်မှုးတစ်ဦးက ပြောသည်။

“ဒါပေမယ့် အရေးမယူတာ များတယ်၊ သေးငယ်တဲ့ ကိစ္စဆို အရေးမယူကြဘူး။ လက်နက်ယူပြီး ထွက်ပြေးတဲ့ကိစ္စလို ကြီးလေးတဲ့ ပြစ်မှုလောက်ပဲ သူတို့အရေးယူတာရှိတယ်။ စစ်သားတွေကလည်း လုပ်ချင်တာလုပ်တယ်။ အထက်က အရာရှိတွေကလည်း အပြောသက်သက်ပဲ” ဟု ၄င်းကဆက်၍ ဆိုသည်။

မွန်ပြည်သစ်ပါတီသည် မွန်နိုင်ငံရေးပါတီ၌ အကြီးဆုံးပါတီတစ်ခုဖြစ်ပြီး ၄င်းတို့လက်အောက်၌ မွန်အမျိုးသားကျောင်း (၂၀၀) ခန့် ဖွင့်လှစ်ထားသည်။

ရေးမြို့နယ်တောင်ပိုင်း တိုးတက်ရွာသစ်၌ ဖွင့်လှစ်ထားသော မွန်အမျိုးသား အလယ်တန်းကျောင်း၌ သောက်စားမူးယစ်ရန်အတွက် ခလရ (၃၁) မှ ဗိုလ်မှုးမြင့်ဆွေ ဦးဆောင်ပြီး ၄င်းကျောင်းမှ သော့ခလောက်ကို ရိုက်ချိုးဖျက်ဆီးခဲ့သည်ဟု မွန်ပြည်သစ်ပါတီမှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

၎င်း၏အဆိုအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်၌ သော့ခလောက်ကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး သတ္တမတန်းနှင့် အဠမတန်း၌ သောက်စားမူးယစ်ပျော်ရွှင်ရန်အတွက် ကာရာအိုကေစက်ကို သွင်းယူသွားသည်ဟု ဆိုသည်။

၎င်းတို့သောက်စားမူးယစ်သီဆိုရာ၌ ခလရ (၃၁) မှ ဗိုလ်မှုးမြင့်ဆွေ၊ ဗိုလ်ကြီးဟန်ဝင်းကျော်နှင့် ၄င်းတို့လက်အောက်ရှိ တပ်သား (၂၀) ခန့်၊ ခလရ (၆၁) မှ ဗိုလ်ကြီးဇာနည်ဦးနှင့် ဟံဂံကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၂ ဦး၊ တိုးတက်ရွာသစ် အုပ်ချုပ်ရေးအဖွဲ့နှင့် ၄င်းတို့ရင်းနှီးသော ရွာသား ၇ ဦးခန့် ပါဝင်ပြီး ညနေ ၆ နာရီကျော်ခန့်မှ နံနက် ၁ နာရီကျော်အချိန်ထိ သောက်စားမူးယစ် အော်ဟစ်သီဆိုကြသည်။

၎င်းတို့သောက်စားမူးယစ်ရာ၌ အရက်ပုလင်း၊ ဘီယာဗူး၊ ဆေးလိပ်တိုများနှင့် ကွမ်းတံတွေးများကို ကျောင်းဆောင်အတွင်း၌ လွှင့်ဖြူး ထွေးအန်ထားကြပြီး နံနက်ကျောင်းတက်ချိန်၌ ကျောင်းသားကျောင်းသူများက ၄င်းအညစ်အကြေးများကို သိမ်းဆည်းရှင်းလင်းပြီးမှ စာသင်ခဲ့ရသည်ဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။

“မြန်မာစစ်အစိုးရတွေဟာ ကျနော်တို့ မွန်အမျိုးသားကျောင်းကို ဖျက်ဆီးပစ်ချင်တာရယ်၊ နောက်တော့ ကျနော်တို့ ကျောင်းဆရာ ဆရာမတွေ စိတ်ဓါတ်ကျအောင်ရယ်၊ ဒီအကြောင်းတွေကြောင့် ဒီလိုခြောက်လှန့်လုပ်ဆောင်တာဖြစ်တယ်” ဟု ၄င်းဒေသရှိ ကျောင်းဆရာ ဆရာမများ၏ အစီရင်ခံစာ၌ သုံးသပ်ထားသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Mar,6th,2009

( 38 )ဒေါ်အောင်ဆန်း စုကြည်နှင့် ဂလပ်စကို လွတ်လပ်မှုဆု

( 37 )ဖယ်ပေးနေရာတွင် အိမ်မရှိ ရယက ရွှေ့ပြောင်းနေရာတွင် နေရာယူ

( 36 )နေပြည်တော်က စေတီကြီး ပြီးလုပြီ

( 35 )Report not aimed at Chin, Mizo confusion

( 34 )ကြံ့ဖွတ် ပါတီထောင်တော့မည်

( 33 )Severe power shortage in commercial city

( 32 )Naypyidaw’s Version of Shwedagon Pagoda Nears Completion

( 31 )၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် ပါတီများ Joint Action ဖွဲ့မည်

( 30 )Hundreds of Thousands Still Displaced in Burma: Watchdog

( 29 )UNHCHR Calls for Investigation on Mistreatment of Rohingya

( 28 )ကျောက်ဖြူနယ်မှာ စစ်တပ်က မီးသွေးကို လျှော့ဈေးနဲ့ ဝယ်

( 27 )Zee Chang dam may destroy nearby villages

( 26 )ရန်ကုန်တွင် မီးပျက်နှုန်း စံချိန်တင်

( 25 )မြန်မာလိုင်းကားများ ထိုင်းဖက်သို့ဝင် ခွင့်မပြုတော့

( 24 )ခြစားမှု ဖော်ထုတ်သူ အာမခံဖြင့် ပြန်လွှတ်လာ

( 23 )Burmese Writers Offered Asylum in Maldives

( 22 )နိုင်ငံတကာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ၏ အစည်းအဝေး စစ်ကိုင်းတောင်မှာ ကျင်းပ

( 21 )စီးပွားရေးမြို့တော် ရန်ကုန်တွင် ခွဲတမ်းကျ လျှပ်စစ်မီးပင် ပုံမှန် မရတော့

( 20 )နိုင်ငံရေး အမှုလိုက်ရှေ့နေ နှစ်ဦး ပြန်လွတ်လာ

( 19 )သတင်းသမားများ မော်လ်ဒိုက်တွင် ခိုလှုံခွင့်ရမည်

( 18 )TCG mandate extended, critics question PONREPP

( 17 )ပြင်သစ် ယဉ်ကျေးမှုပွဲ သတင်းများ စိစစ်ရေးပိတ်

( 16 )စာမေးပွဲနီးပြီ - လျှပ်စစ်မီး ပျက်လွန်း၍ ကျောင်းသားများ အခက်ကြုံ

( 15 )Hospital in Myanmar new capital is under construction

( 14 )ရှေ့နေ ဦးအောင်သိန်း ပြန်လည် လွတ်မြောက်

( 13 )Two desert to SSA

( 12 )အရပ်သား အစိုးရသစ်က လက်နက်ချခိုင်းလျှင် အန်ဒီအေကေ ကချင်အဖွဲ့ လက်နက်ချမည်။

( 11 )ထိုင်းအစိုးရက ကေအန်ယူကို ထိုင်းမြေတွင် နေခွင့် မပြု

( 10 )ဧရာဝတီ မြစ်ရေ နည်းလွန်းပြီး သောင်ပိုထွန်း၍ ဆိပ်ကမ်းများကို ထိခိုက်

( 9 )1st private special treatment hospital in Myanmar new capital under construction

( 8 )ပြည်တွင်းတိမ်းရှောင် ဒုက္ခသည် မြန်မာပြည်မှာ တိုးပွားနေ

( 7 )Christians gird for war in Myanmar

( 6 )လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာအတွက် မီဇိုများက အပြစ်တင်

( 5 )United Revolutionary Front’ bombs in Rangoon Burma

( 4 )မြန်မာကားတွေ ထိုင်းနိုင်ငံထဲအထိ လိုင်းကားဆွဲမှုကို ထိုင်းကားသမားတွှေဆန္ဒပြ

( 3 )မြန်မာ့မူးယစ်ဆေးဝါးကိစ္စ အမေရိကန် အစီရင်ခံစာ စစ်အစိုးရ ပယ်ချ

( 2 )End the plight of Asia's poppy farmers

( 1 )အပစ်ခတ်ရပ် ၀ နယ်မှာ သန်းခေါင်စာရင်း ကောက်ခွင့် မပြု

Thursday, March 5, 2009

အပစ်ရပ်ကရင်အဖွဲ့ တပ်သားသစ်စု၊ မသွားလျှင် ငွေ ၁၅ သိန်းပေးရ

ဇော်ကြီး မတ်လ ၅ ရက်၊ ၂၀၀၉ ခုနှစ်။

တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်မတော် (DKBA)က ၄င်းတို့ထိန်းချုပ်ရာနယ်မြေ အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသည့် အမျိုးသား များကိုတရွာလျှင် ၅ ယောက်နုန်း တပ်ဖွဲ့ဝင်အဖြစ် ကောက်ခံလျှက်ရှိသည်။

ယင်းကောက်ယူမှုသည် မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် မဟုတ်ဘဲ ကရင်တမျိုးသားလုံးအတွက် လက်နက်ကိုင်အင်အား ပိုမိုအား ကောင်းလာစေ ရန်ဖြစ် သည်ဟု အမည် မဖော်လိုသည့် ဒီကေဘီအေ အရာရှိက ယခု လိုပြောသည်။

“ကရင်အမျိုးသားရေးမှာ ကရင်စစ်သားများများရှိလေ ပိုကောင်းလေပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကရင်တွေက လက်နက်ရှိတာတောင်မှဒီလောက်အနှိမ်ခံနေရတယ်။ လက်နက်သာမရှိရင် ကျနော်တို့ဘ၀က တော်တော်ဒုက္ခရောက်မယ်။ သူများပြောချင်တိုင်း ပြော၊ သူများနှိပ်ကွပ်ချင်တိုင်း နှိပ်ကွပ်၊ သူများနှိမ်ချင်သလိုနှိမ် ဆိုတော့အင်အားများလေ ပိုကောင်းလေလို့ ကျနော်အဲလိုပဲ ယူဆတယ်။”

တပ်ဖွဲ့ဝင်မလုပ်လိုသူများ လူစားထိုးခအဖြစ် တဦးလျှင် မြန်မာကျပ်ငွေ(၁၅)သိန်းပေးရ သည်ဟု DKBA မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ယခုလို ပြောသည်။

“အဲဒီဥစ္စာက ပိုက်ဆံပေးရတာမဟုတ်ဖူး လူစားငှားထည့်ရတာ၊ မသွားချင်တဲ့သူက ၁၅ သိန်း ပေးရ တယ်။”

လူစားငှားထားသူများကို တာဝန်ကျေပြီးသူများအဖြစ် သတ်မှတ်ပြီးလာမည့်နှစ်များတွင် ထပ်မံကောက်ခံမည် မဟုတ်ဟု ၎င်းကဆက်ပြောသည်။

“အခုလုပ်တာတောင်မှ လူ့အခွင့်အရေးအတွက်ရော၊ ကရင်ပြည်နယ်ရဲ့ကရင့်အမျိုးသားရေး အတွက် တော်တော်လေး ချိုးဖောက်နေပြီလေ ဒါပေမဲ့ လူထုကမလွဲသာ၊ မပြောသာ လို့သာနေနေရတာ ဒီတနှစ်ထည့်ပြီး နောက်နှစ်တခါထပ်ကောက်ရင် လွန်လွန်းအားကြီးလို့် ပေါက်ကွဲမှုတွေ ဖြစ်လာမယ် ဆိုတာ သူတို့သိတယ် ဒါကြောင့်မို့ စာရင်းပါပြီးရင် သူတို့ စာရင်းပြန်မကောက်တော့ဖူး။”

ဗိုလ်မှူးနှုတ်ခမ်းမွှေးဦးဆောင်သည့် ကိုးသုံးလုံးတပ်မဟာလှုပ်ရှားနယ်မြေများ ဖြစ်သည့် မြ၀တီခရိုင်အတွင်းရှိ သင်္ကန်းညီနောင်၊ လှိုင်းဘွဲ့၊ ကော့ကရိတ်မြို့နယ်များတွင် အဓိကထား ကောက်ခံခြင်းဖြစ်သည်ဟု ၎င်းအရာရှိက ပြောသည်။

အလားတူ မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ DKBA လှုပ်ရှားနယ်မြေတွင်လည်းတပ်ဖွဲ့ ၀င်သစ် ကောက်ခံမှုများ ရှိနေပြီး မလုပ်လိုသူများ မြန်မာငွေ(၃)သိန်းပေးရသဖြင့် ဒေသခံများ အခက်အခဲဖြစ်နေသည်ဟု ကရင် ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့မှ စောထူးကလီ က ယခုလိုပြောသည်။

“လူထုတွေက ဘာမှမပြောရဲဘူး သူတို့လက်အောက်မှာရောက်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တဖက်က နအဖကိုကြောက်ရတယ်၊ တဖက်က ဒီကေဘီအေကို ကြောက်ရတယ် သူတို့ခိုင်းတဲ့အတိုင်း လိုက်လုပ်ပေးရတယ်။”

DKBA တပ်ဖွဲ့သည် လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်မှစတင်၍ တနှစ်လျှင် အင်အားသစ် ၃၈၀ ဦး သတ်မှတ်ကာ ကောက်ယူနေခြင်း ဖြစ်သည်ဟု သိရသည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော် (DKBA) သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ပြုလုပ်ကာ ကေအဲန်ယူကို မြန်မာစစ်အစိုးရနှင့် ပူးပေါင်းပြီး တိုက်ခိုက် နေသည့် ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်သည်။


စစ်အစိုးရက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှထုတ်ပြန်လိုက်သည့် အစီရင်ခံစာများကိုလက်မခံ

KT/မတ် ၅၊၂၀၀၉

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနမှထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူဟာ အစီရင်ခံစာ တို့ကို မြန်မာစစ်အစိုးရ အနေနှင့် လုံးဝ လက်မခံနိုင်ဟု ဆိုသည်။


မတ်လ ၄ရက်နေ့စွဲဖြင့် ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် အဆိုပါအစီရင်ခံစာများကို မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက လုံးဝလက်မခံဘဲ ပယ်ချလိုက်ကြောင်း သတင်းတရပ် ပြန်လည်ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာထဲတွင် စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံသည် အခြားအာရှနိုင်ငံများ ဖြစ်သည့် တရုတ်ကွန်မြူနစ်နိုင်ငံ၊ မြောက်ကိုးရီးယား၊ ဗီယက်နမ်များနည်းတူ လူ့အခွင့်အရေးအခြေအနေမှာ အလွန်ဆိုးရွားနေကြောင်း ဖော်ပြထားသည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍လည်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် နိုင်ငံပေါင်း ၂၀ထဲတွင် မြန်မာပြည်ပါဝင်နေပြီး မူးယစ်ဆေးဝါးကိစ္စနှင့် ငွေမည်းကို ငွေဖြူဖြစ်အောင်လုပ်ကြသည့် နိုင်ငံများတွင်လည်း မြန်မာနိုင်ငံ ပါဝင်သည်ဟု ဖေဖော်ဝါရီလ ၂၇ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်စဉ်နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမဟာဗျူဟာဆိုင်ရာ အစီရင်ခံစာ ကဖော်ပြသည်။

အဆိုပါ အစီရင်ခံစာများကို လက်မခံဆိုသည့် မြန်မာစစ်အစိုးရ ပြန်လည်ထုတ်ပြန်လိုက်သည့် ကြေညာစာထဲတွင် “ မြန်မာ နိုင်ငံသည်မိမိ၏ နိုင်ငံခြားရေးမူဝါဒနှင့် အညီလူ့အခွင့်အရေး မြှင့်တင်ရေးအပါအဝင် ကဏ္ဍပေါင်းများစွာတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ၂၀၀၉ခုနှစ်ဖေဖော်ဝါရီလ၂၆ရက်နေ့ကလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) တို့အကြား အဓမ္မစေခိုင်းမှု တိုင်ကြားချက်များ ဆောင်ရွက်ရန် နောက်ဆက်တွဲစာလွှာကို သက်တမ်းတိုးမြှင့်ခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ခြားသောဖွံ့ဖြိုးဆဲနိုင်ငံ များကဲ့သို့ပင် ဖွံ့ဖြိုးတိုးတက်ခွင့် ရရှိရေးကိုအဓိက ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအစီရင်ခံစာသည် မြန်မာပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ခွင့် မြှင့်တင်ရေးဘက်တွင် ယင်းကဲ့သို့သောအပြုသဘောဆောင်သည့် တိုးတက်မှုများကို လျစ်လျူရှုထားသည်ကို တွေ့ရှိပါသည်။”ဟု ပါရှိသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် (၁၅)နှစ် အမျိုးသား စီမံကိန်းတစ်ရပ်ကို ၁၉၉၉ခုနှစ် ကတည်းက ချမှတ်ထားခဲ့ကြောင်း ဒေသအဆင့်တွင် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံဒေသတွင်း မူးယစ်ဆေးဝါး ကင်းစင်စေရမည်ဟူသော ဘုံရည်မှန်းချက်ကို ပြည့်မြောက် စေရေးအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်”ဟု ရေးသားထားသည်။

ဒါ့ပြင် မြန်မာနိုင်ငံသည် မဟာမဲခေါင် မြစ်ဝှမ်းဒေသ မူးယစ်ဆေးဝါးကင်းမဲ့ဇုန် ပေါ်ပေါက်လာစေရေးအတွက် ခြောက်နိုင်ငံသဘောတူ နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံမှ ရည်မှန်းသတ်မှတ်ထားသည့် နေ့ရက်ထက်တစ်နှစ်စော၍ ၂၀၁၄ ခုနှစ်တွင် မူးယစ်ဆေးဝါးကင်းစင် ပပျောက်စေရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုပါသည်။

သို့သော် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာပြည်တွင် ဘိန်းစိုက်ပျိုးမှုသည် ၂၀၀၇ခုနှစ်မှစ ပြီး သိသိသာသာ ပြန်တိုးလာခဲ့ပါသည်။ မက်သ်အမ်ဖက်တမင်း ဟုခေါ်သည့် မူးယစ်စိတ်ကြွဆေးများ ထုတ်လုပ်ပြီး နိုင်ငံခြားကို ဖြန့်ဖြူးတာတွေလည်း သိသိသာသာ လုပ်လာခဲ့သည်။ အဓိကဘိန်းစိုက်ပျိုးမှု တိုးလာသည့် နေရာများမှာ ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်းနှင့်ကချင်ပြည်နယ်တွေမှာ ဖြစ်ပြီး မြန်မာပြည်နှင့် ကပ်လျက် ရွှေတြိဂံနယ်မြေမှ မူးယစ် စိတ်ကြွဆေးများကို ဖြန့်သည့်နေရာတွင် Ice Triangle ဟုခေါ်သည့် ဆေးပြားသစ်တွေကို မြန်မာပြည်က အကြီးအကျယ် ဖြန့်ဖြူးသူအဖြစ် ပါဝင်နေသည်။

လူ့အခွင့်အရေးအရ ကြည့်မည်ဆိုလျှင်လည်း မြန်မာနိုင်ငံအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတိုင်းသည် ၁၉၈၈ခုနှစ် မှ စပြီး ယခုအချိန်အထိ အခြေအနေတိုးတက် ကောင်းမွန်လာသည်ကို မတွေ့ရှိဘဲ အမြဲလိုလိုပင် ဆုတ်ယုတ် ကျဆင်း နေသည်။