Tuesday, May 5, 2009

နာဂစ်ဒဏ်သင့် ဒေသတွင် သစ်ပင်များ ပြန်စိုက်မည်

မေကျော်

ချင်းမိုင် (မဇ္ဈိမ)။ ။ နာဂစ် မုန်တိုင်း တိုက်ခတ်မှုကြောင့် ဧရာဝတီ တိုင်းအတွင်း အသေအပျောက်နှင့် အဆုံးအရှုံး များ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ ရာတွင်၊ ယခင် ကတည်းက သစ်တောများကို မဆင်မခြင် ခုတ်လှဲခဲ့ခြင်း ကြောင့် မုန်တိုင်း ဆိုးကျိုးများ ပိုခဲ့ရသည်ဟု ပြည်တွင်း အခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက သုံးသပ်ကြ သည်။

မုန်တိုင်းဒဏ်သင့် ´ဧရာဝတီတိုင်း ဗြုန်းမွေးကျွန်းတွင် ဒီရေတောများ ပြန်လည်စိုက်ပျိုးနေပြီး မိန်းမလှကျွန်းတွင် ဒီရေတောပင်များ စိုက်ပျိုးမည်ဟု ပြည်တွင်းအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့ - NGO တခုဖြစ်သော သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း - FREDA က ဆိုသည်။

သူတို့က သစ်ပင်များကို လေကာတန်းများ၊ ဒီရေတောများအဖြစ် ပြန်လည်အစားထိုး စိုက်ပျိုးသွားမည့် စီမံကိန်းအတွက် စိုင်းပြင်းနေခြင်း ဖြစ်သည်။

FREDA ကို ၁၉၉၆ ခုနှစ်တွင် သစ်တောဦးစီးဌာန မြန်မာ့သစ်လုပ်ငန်းမှ အငြိမ်းစား ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းခဲ့သည်။ သစ်တော စိုက်ပျိုးထိန်းသိမ်းရေး၊ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးများကို လုပ်ကိုင်နေသည်။

လက်ရှိ အခြေအနေတွင် သဘာဝ ပတ်ဝန်းကျင် အသိပညာပေး အစီအစဉ်၊ ဆောင်ရွက်ဆဲ အခြေအနေ၊ မျှော်မှန်းချက်နှင့် အခက်အခဲများအကြောင်း သိရှိနိုင်ရန်အတွက် အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးအုန်းထံ မဇ္ဈိမသတင်းထောက် မေကျော်က ဆက်သွယ်မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

(အသက် ၈၂ နှစ်ရှိပြီဖြစ်သည့် ဦးအုန်းသည် ပုပ္ပါးတောင်ဒေသ သစ်တော ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ဧရာဝတီတိုင်းအတွင်း ဒီရေတော ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံမှ ရွေးချယ်သော ကမ္ဘာမြေ ချစ်သူများ ၁၀၀ စာရင်းထဲတွင် ပါဝင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Mini- mata သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆုနှင့် ဂျပန်ယန်းငွေ တသန်း လက်ခံ ရရှိခဲ့သူဖြစ်သည်။)

နာဂစ်မုန်တိုင်း မွှေနှောက်ခဲ့တာ တနှစ်ပြည့်ချိန်မှာ နာဂစ်သင့် ဒေသတွေရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေ တိုးတက်လာပါသလားရှင့်၊ ဘယ်လို အခြေအနေ တွေ့ရပါသလဲ။

တိုးတက်တယ်လို့ ပြောဖို့တော့ မလွယ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့ နာဂစ်ဖြစ်ပြီးနောက် ၃ မျိုး ရှိတယ်လေ။ ပထမတော့ ထောက်ပံ့ကူညီမှု Relief ပေါ့။ ပထမတော့ ဆန်၊ ဆီ၊ ဆားတို့ တာပေါ်လင်တို့ပေါ့၊ Immediately ချက်ချင်း Relief ပေါ့။ အဲဒီအတွက် ကူညီတယ်။ နိုင်ငံခြားကလည်း ကူညီတယ်။ ၁၁ ကြိမ်မြောက်ပဲ။ ကျနော်တို့ ပရောဂျက် ဧရိယာ တဝိုက်ရော၊ နာဂစ်ဧရိယာ တဝိုက်ရော ကျနော်တို့ ဒါတွေ ဝေပါတယ်။

နောက်တဆင့်ကျတော့ ပြန်လည် ထူထောင်ရေးပေါ့။ ပြန်လည် ထူထောင်ရေး ဆိုတာက အိမ်တွေ ပြန်ဆောက်ပေးတယ်။ ဆိုင်ကလုန်း အမိုးအကာတွေ Shelter ပြန်ဆောက်ပေးတယ်။ ဆိုင်ကလုန်း Shelter ၃ လုံးဆောက်တာ ၂ လုံးကတော့ တော်တော်ကို အခြေအနေ ကောင်းတယ်။ နောက်တလုံးကတော့ မြေအခြေအနေ မကောင်းလို့ အခု နိုင်ငံခြားသား ရန်ကုန် ရောက်နေတယ်။ သူတို့ မြေသွားရွေးမယ်။ အဲဒါကတော့ ဒုတိယအဆင့်ပေါ့။

ဒုတိယအဆင့်ပြီးတော့ တတိယအဆင့်ကတော့ သစ်ပင်တွေ ပြန်စိုက်မယ်။ ဒီရေတောပင်တွေ ပြန်စိုက်မယ်။ ဒါမှမဟုတ် လေကာတန်း အပင်တွေ ပြန်စိုက်မယ်။ Agro Forestry ဖြစ်အောင် အပင်တွေ ပေးမယ်။ အုန်းပင်တို့၊ ကွမ်းသီးပင်တို့၊ ပိန္နဲပင်တို့ စသဖြင့်ပေါ့။ အဲဒါမျိုးတွေ လုပ်နေကြတယ်နော်။

ဒီတနှစ်အတွင်းမှာ ဒေသခံတွေရဲ့ သဘာာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကရော ပြောင်းလဲလာတာတွေ ရှိပါသလား။

အသိပညာကတော့ အရမ်းကို မြင့်လာတယ်။ ကျနော်တို့ လုပ်ငန်းကို ဂျပန်က ငွေကြေး အထောက်အပံ့ လုပ်တဲ့ ဧရိယာမှာ ၁ဝ နှစ်၊ လွန်ခဲ့တဲ့ ၁ဝ နှစ် အတွင်းမှာ ဧက ၄ဝဝဝ ကျော် ဒီရေတောပင်တွေ စိုက်တယ်နော်။ ရွာက ၂၆ ရွာ ရှိတယ်။ လူဦးရေ ၁၅ဝဝဝ ကျော်လောက် ရှိတယ်။ လူ ၃ ယောက်ပဲ သေတယ်၊ နာဂစ်တုန်းက။ အဲဒါက အုန်းပင်ပိလို့ သေတာ။

အဲဒီတော့ သူတို့က ဒီတောရှိလို့ သူတို့ အသက်ချမ်းသာတယ်ဆိုပြီး အရမ်း ကျနော်တို့ကို ကျေးဇူးတင်တယ်။ အဲတော့ ဘေးပတ်ဝန်းကျင်က တောမရှိတဲ့ ရွာတွေက စာလာတယ်။ ကျနော့်ဆီကို နောက်တခါ နာဂစ်လာရင် မသက်သာဘူးတဲ့။ ကျနော်တို့ဆီကိုလည်း သစ်ပင်တွေ စိုက်ပေးပါဆိုပြီး လာကြတယ်။ အဲဒါ အသိပညာပေါ့။

ဟိုတဖက်မှာက ကဒုံကနိ ကြိုးဝိုင်းရှိတယ်၊ ဘိုကလေးမြို့နယ်။ ကျနော် ပြောတာက ဖျာပုံခရိုင် ဖျာပုံမြို့နယ်၊ ဘိုကလေးဆိုတဲ့ မြောင်းမြခရိုင်ထဲမှာ ရှိတဲ့ ရွာတွေကတော့ စိုက်ပြီးသား ဒီရေတောတွေကို ခုတ်ပြီးတော့ လယ်တွေ စိုက်တယ်။ လယ်တွေစိုက်တော့ နာဂစ်ဖြစ်တော့ အဲဒီက လူတွေက သောင်းနဲ့ သိန်းနဲ့ချီပြီး သေတယ်။ သူတို့တွေက မိန်းမလှကျွန်းက တောတွေခံတော့ မိန်းမလှကျွန်းက ဒီရေတောတွေနဲ့ ငြိပြီး တချို့လည်း အသက်ချမ်းသာတယ်။ တချို့လည်း သေကြတယ်။ အဲဒါတော့ Very Good Awareness ပေါ့။

အဲဒါတော့ တကယ့်ကို Very Build Up Issues ပေါ့။ အဲဒီနေရာတွေကို ကျနော်တို့ တည်ငြိမ်မှုရှိအောင် လုပ်ပြီးတော့ သစ်ပင်စိုက်ဖို့။ နောက် ကိုယ်တိုင်လည်း သစ်ပင်စိုက်နေတယ်။ ဗြုန်းမွေးကျွန်းမှာ။ နောက် သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ---။ မိန်းမလှကျွန်းက ဧက ၃၄၀၀၀ ရှိတယ်။ ကျနော် စိုက်တဲ့ကျွန်းလေးက ဧက ၃၀၀၀ ပဲ ရှိတာ။ ဧက ၁၀၀- ၂၀၀ လောက်ပဲ စိုက်နိုင်တယ်။ အခု ဧရာမ ကျွန်းကြီးကို စိုက်ဖို့ ခွင့်တောင်းနေတယ်။

နောက်ပိုင်းရော ဘာတွေ ဆက်လုပ်ဖို့ ရှိပါသလဲ။

သစ်ပင်တွေ စိုက်မယ်။ နောက် ဆိုင်ကလုန်း Shelter အသေးတွေ ဆောက်မယ်။ နောက် ဝန်ထမ်းတွေကိုလည်း လိုအပ်တဲ့ မော်တော်ဘုတ်လိုမျိုးတွေ လိုအပ်တဲ့ အကူအညီတွေရအောင် လုပ်ပေးမယ်။ ဘေးပတ်ဝန်းကျင် ရွာတွေကိုလည်း သူတို့ရဲ့ စားဝတ်နေရေး ပြေလည်အောင် Agro Forestry တို့၊ ပျားမွေးမြူရေးတို့ လယ်တွေ ပြန်စိုက်လို့ရအောင် မျိုးကောင်းမျိုးသန့်တွေ ရဖို့တို့၊ နောက် ပညာရေး၊ ကျန်းမာရေး အားလုံး ပါတယ်။ အဲဒီ Project ကတော့ EU (ဥရောပ သမဂ္ဂ) ကို တင်ထားတယ်။ အဲဒါကတော့ ရှေ့လလောက်၊ မေလကုန်လောက် ဖြစ်မယ် ထင်တယ်။ အဲဒါဖြစ်ရင် ဧရာမ Project ဖြစ်မယ်။ ယူရို ရ၅ဝ,ဝဝဝ လောက် သုံးမယ်။ အဲဒါကို ကျနော် ကိုယ်တိုင် ဦးဆောင်ပြီး လုပ်မယ်။ အဲဒါ လက်ရှိ အခြေအနေအရ တိုးတက်လာတဲ့ သဘောပါပဲ။

လက်ရှိ ဘာတွေ ဆက်လက်လုပ်ဆောင် နေပါသလဲ။

လောလောဆယ်တော့ သစ်ပင်တွေ အရမ်းပြန်စိုက်နေရတယ်။ သဘာဝတောကိုလည်း ပြုပြင်တယ်။ အသစ်တွေလည်း စိုက်တယ်။ ဒါကတော့ လောလောဆယ် မဖြစ်မနေ လုပ်ရတဲ့ ကိစ္စပါ။ အဲဒါ အရင်ကလည်း လုပ်ခဲ့တယ်။ ကျနော်တို့ ဂျပန်နဲ့ နောက်ထပ် ၅ နှစ်စာချုပ် ထပ်ချုပ်တယ်။၂၀၀၉ ကနေ ၂၀၁၃ အထိ။ နောက်ထပ် သက်တမ်း တော်တော်များများ ဟက်တာ ၇၅၀ ဆိုတော့ ၂ ဒဿမ ၅ နဲ့ မြှောက်ရင် ဧက ၂၀၀၀ နီးပါး ရှိမှာပေါ့။ အဲဒါကို ဆက်လုပ်ဖို့ စာချုပ်ချုပ်ပြီးပြီ။ ဧက ၁ဝဝ စိုက်ဖို့အတွက် အနည်းဆုံး ဒေါ်လာ ၁၀၀၀၀ လောက် ကုန်တယ်။

နာဂစ်ဖြစ်တော့ မိန်းမလှကျွန်း ပျက်စီးသွားတာကြားတော့ ဆရာ မေ့လဲသွားတယ်ဆို။

နာဂစ်ဖြစ်တော့ ကျနော် ရုံးပေါ်ကို လျပ်စစ်မီး မရဘဲ တက်လိုက်တာ။ ကျနော် လျှော့ဖြစ်ပြီး လဲတာ။ တော်လို့ မသေတာ။ စာရေးမလေးသာ မတွေ့ရင် ကျနော် သေတယ်။ ၁ ရက်၊ ၂ ရက်လောက် ကျနော် ဆေးရုံ တက်လိုက်ရတယ်။ အဲဒါကို ကျနော်က ဝန်ကြီးကို စာရေးတယ်။ ကျနော် အသက် ၈၂ နှစ် ရှိပါပြီ။ သေခါနီးပါပြီ။ မိန်းမလှကျွန်းကြီး ကျတော့လည်း ကျနော်တယောက်တည်း မတတ်နိုင်ပါဘူး။ နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်ချင်ပါတယ်၊ ခွင့်ပြုပါဆိုတော့ ခွင့်ပြုပါတယ်တဲ့။

လက်ရှိ နာဂစ် ဧရိယာမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေ ဘယ်လောက်များ ရှိပါသလဲ။

အများကြီး ရှိပါတယ်။ ကျနော်တို့ ဘန်ဂလာ ဆိုတာ ရှိတယ်။ နောက် FORM ဆိုတာရှိတယ်။ နောက် ACDCI ဆိုတာ ရှိတယ်။ ECO Dev ဆိုတာ ရှိတယ်။ အတော်များများ ရှိပါတယ်။

အထောက်အပံ့ ရရှိတဲ့ အနေအထား အပေါ်မှာရော လုံလောက်တယ်လို့ ဆိုနိုင်ပါသလား။

အထောက်အပံ့ကတော့ လုံလောက်တယ်လို့ ပြောလို့တော့ မရပါဘူး။ လုပ်စရာတွေ အများကြီး ရှိပါတယ်။ ကျနော်ဆို မိန်းမလှကျွန်း ပြန်လည် ထူထောင်ဖို့ ၅ နှစ်၊ ၁၀ နှစ် ကြာမယ်။ သူတို့က ၃ နှစ်ပဲ ထောက်ပံ့မယ်တဲ့။ ၃ နှစ်ပြည့်တဲ့ နောက်တော့ ငွေကြေးအခြေအနေ ကြည့်ပြီးတော့ ထပ်ပေးပါ့မယ်တဲ့။ နာဂစ်ပြီးတဲ့ နောက်မှာတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ လုပ်စရာတွေ အများကြီးပေါ့။ သဘာဝပတ်ဝန်းကျင်ဆိုတာ သစ်ပင်စိုက်တာ တခုထဲ မဟုတ်ဘူး။ ဒါကလည်း One of the major activity (အဓိကကျတဲ့ လှုပ်ရှားမှုထဲက တခု) ပဲ။ စွန့်ပစ်ပစ္စည်းတွေကို အသစ်ပြန်လည် ထုတ်လုပ်သုံးစွဲရေးတို့၊ အမှိုက်သရိုက်တို့၊ ရေထုညစ်ညမ်းမှုတို့၊ လေထုညစ်ညမ်းမှုတို့ အများကြီးပါ။ လူတွေရဲ့ စားဝတ်နေရေး ပြေလည်ဖို့ကလည်း သဘာဝ ပတ်ဝန်းကျင် သုံးစွဲမှုထဲမှာ ပါပါတယ်။ လူတွေကတော့ စားဝတ်နေရေး လုံလုံလောက်လောက် မရှိရင် တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် ခုတ်ကြမှာပဲ။ လုပ်စရာတွေက အများကြီးပါ။ အကူအညီပေးတဲ့ နိုင်ငံတွေကို ကျေးဇူးတင်ပါတယ်။

ဆိုင်ကလုန်း Shelter ၅ လုံးဆောက်ဖို့ အဆိုပြုတယ်။ ၃ လုံးပဲ ဆောက်ဖို့ အဆိုပြုတယ်။ နောက် လိုရင် ထပ်ဖြည့်ပေးပါ့မယ်တဲ့။ တလုံးကို ဒေါ်လာ သိန်းနဲ့ချီပြီး ကုန်တယ်။ အဲဒီတော့ လောက်တယ်ဆိုတာ မရှိဘူး။ အဲဒီတော့ ဆိုင်ကလုန်း Shelter ရော၊ ကုန်းမြင့်ရော၊ နောက်တခါ နာဂစ်ဖြစ်ရင် မပြောကောင်း ပြောကောင်း လူ ၂ ဆလောက် သေမယ်လို့ ယူဆတယ်။

အဲဒီတော့ လူ ၂ ဆ မဟုတ်ဘူး၊ တဝက် သို့မဟုတ် ၁ဝ ပုံ ၁ ပုံ လောက်ပဲ သေအောင်ဆိုပြီးတော့ ဆိုင်ကလုန်း Shelter တွေ လိုတယ်။ ကုန်းမြင့်ဒေသတွေ လိုတယ်။ တောတွေကလည်း စိုက်ချင်တိုင်း မြန်မြန်ကြီးတာ မဟုတ်တော့။ အဲဒီတော့ အဲဒါတွေ လုပ်မယ်ဆိုတော့ ပေးစမ်းပါ ဒေါ်လာသိန်းချီပြီး၊ ကျနော်တို့ ကျကျနန သုံးပါမယ်။ အဓိပ္ပာယ်ရှိရှိ အစီရင်ခံပေးပါ့မယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ May,5th,2009

( 50 )China and Burma? So much for being a good citizen...

( 49 )လွတ်လပ်စွာ သတင်းယူနိုင်ကြောင်း ငါး အဖွဲ့ချုပ်က ပြောဆို

( 48 )Unsatisfied EU extends Myanmar sanctions

( 47 )Chinese businessman flouts KIO court’s order

( 46 )ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်သမား ၇ သိန်း ထပ်လက်ခံမည်

( 45 )PaO rebels wipe out Junta patrol

( 44 )ဝတ်ပြု ဆုတောင်းသူများကို သာသနာရေးဌာနက တရားစွဲ

( 43 )Burmese lawyers says junta should be taken to ICC

( 42 )နာဂစ် နှစ်ပတ်လည် သတင်းများ ဖော်ပြခွင့်မရ

( 41 )Asking for more aid for coffer of generals

( 40 )Arms transported from Thailand seized

( 39 )နာဂစ်ဒေသရှိ အခမဲ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ လျှော့ချ

( 38 )ဖမ်းဆီးရမိ သစ်ကားများ ဗန်းမော်သို့ ပို့ဆောင်

( 37 )Food Insecurity Threatens Cyclone Survivors

( 36 )ဧရာဝတီတိုင်းတွင် ကန်ရေကြောင့် ၀မ်း ရောဂါဖြစ် သူများ

( 35 )Family Survives by Trapping Rodents

( 34 )နာဂစ်လေဘေးဒုက္ခသည် (၅) သိန်းအတွက် နေအိမ်များလိုအပ်ဆဲ

( 33 )Armed Ceasefire Groups to be ‘Border Guard Force’

( 32 )ဘောလုံးပွဲ၊ လက်ဝှေ့ပွဲများကို လုံခြုံရေးတင်းကျပ်

( 31 )EU-Japan Calls for Progressive Changes in Burma

( 30 )လူသစ်များအား ဒုက္ခသည်အဖြစ် လက်ခံရန် ထိုင်းအာဏာပိုင်များက စစ်ဆေးမှု တင်းကြပ်လာ

( 29 )Five killed, 34 injured in accident in Arakan

( 28 )Police ordered not to charge politicians in political cases

( 27 )လူထုကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းသည် ကပ်ရောဂါများကို ဖိတ်ခေါ်နေ

( 26 )Relief and recovery in a harsh environment

( 25 )Myanmar tops list of worst places to be a blogger

( 24 )နှစ်ရှည်လောင်းကစားဝိုင်းကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်နေကြရ

( 23 )ဘုရားသုံးဆူမြို့တွင် ဝက်သား ရောင်းချစားသုံးခွင့် တားမြစ်

( 22 )ဒုက္ခသည်များကို ထုတ်ပေးသော ငါးပိဆိုးဆေးမပါဝင်နိုင်ဟုဆို

( 21 )Thai labor ministry to issue new registration for migrants

( 20 )ထိုင်းမြန်မာနယ်စပ်ဂိတ်တွင် လက်နက်ခဲယမ်းများမိ

( 19 )ပြောင်းလဲဖွဲ့စည်းရန် ကေအိုင်အိုနှင့် နအဖ မကြာမီ ဆွေးနွေးမည်

( 18 )နာဂစ်မုန်တိုင်းသင့် ဘုန်းကြီးကျောင်းတွေ ပြိုပျက်ဆဲ

( 17 )Myanmar has food surplus, junta claims

( 16 )သင်တန်းကြေး မရလို့ ဆရာ ဆရာမတွေ အခက်ကြုံ

( 15 )Burma rejects appeal for Suu Kyi release

( 14 )Burma tops list of worst places to be a blogger

( 13 )ထိုင်းဘက်မှ လာသည့် ကားမှ လက်နက်များ မြန်မာ ဘက်တွင် ဖမ်းမိ

( 12 )Nasaka metamorphosing into gangsters in Northern Arakan

( 11 )ဒေါ်စု အထူး အယူခံ နအဖ ပယ်ချ

( 10 )Rohingya refugees besieged by rains

( 9 )“ရွှေပြည်ရခိုင်” ဘတ်စ်ကား တိမ်းမှောက်၍ လူ ၅ ဦးသေဆုံး

( 8 )စိတ်ဒဏ်ရာနှင့် စိုးရိမ်သောကတို့ ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ နလန်ထူရေးတွင် အနာရွတ်တခု ဖြစ်နေ

( 7 )မန္တလေး မြို့တည် နန်းတည် နှစ်ပတ်လည်ပွဲတော် ကျင်းပ

( 6 )မြန်မာ ဘလော့ဂါ အတွက် အဆိုးရွားဆုံး သတင်းလွတ်လပ်ခွင့် အကင်းမဲ့ဆုံး နိုင်ငံ

( 5 )21 Cyclone Nargis Volunteers in Jail

( 4 )ဒေါ်အောင်ဆန်းစုကြည် အယူခံလွှာ စစ်အစိုးရအဖွဲ့ ပယ်ချ

( 3 )Photo exhibit highlights Myanmar recovery efforts

( 2 )A look back at Cyclone Nargis

( 1 )တိုင်းရင်းသား လက်နက်ကိုင်များ နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွယ်ရှိ

Monday, May 4, 2009

အရိုက်ခံခဲ့ရသော်လည်း အရိုက်မခံခဲ့ရဟု အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း

လွတ်လပ်သော မွန်သတင်းအေဂျင်စီ Mon 04 May 2009

ခလရ ၂၉၉ တပ်ရင်းမှ အရာရှိ တစ်ဦးသည် မိမိ ဇနီးကို မထီမဲ့မြင် သည်ဟုဆိုကာ ရွာသား နှစ်ဦးအား ခြိမ်းခြောက်ရိုက်နှက် ခဲ့သည့် သ တင်း ပြန့်နှံ့သွား သောကြောင့် အဆိုပါ ကိစ္စသည် မဟုတ်မှန်ကြောင်း သက်သေပြရန် ထိုရွာသား နှစ်ဦးကို လက်မှတ်ထိုး စေခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့တွင် ရေးမြို့နယ်မှ ဗျူဟာမှူးသည် ခလရ ၂၉၉ ထံ သွားရောက်ပြီး ထိုရွာသားနှစ်ဦးအား ရိုက်နှက်ခြိမ်းခြောက်ခဲ့သည့် အရာရှိကို ယင်းအကြောင်းနှင့် ပတ် သက်၍ လာရောက်စစ်ဆေးခဲ့သောကြောင့် ထိုရွာသားနှစ်ဦးကို မိမိမရိုက်ခဲ့ရကြောင်း လက်မှတ်ထိုးစေခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးကပြောသည်။

“ဗျူဟာမှူးက ရွာသားကို ခြိမ်းခြောက်ခဲ့တဲ့ အရာရှိကို ဘာတွေပြောသွားလဲတော့ မသိဘူး၊ အဲဒီဗိုလ်ကြီးက သူရိုက်ခဲ့တဲ့ ရွာသား နှစ် ယောက် ကို ခေါ်ပြီး အရိုက်မခံခဲ့ရပါဘူးဆိုပြီး ခံဝန် ချက်လက်မှတ်ထိုးခိုင်းတယ်၊ တကယ်လို့ လက်မှတ်မထိုးရင် ဒီသတင်း အခု လိုပြန့်ရတာ မင်းတို့ နှစ်ယောက်ပဲ ဖြန့်တာလို့ စွပ်စွဲလို့ ရတယ်ဆိုပြီး ထပ်ခြိမ်းခြောက် သေးတယ်” ဟု ကိုးမိုင် ရွာသား တစ်ဦးက ပြောသည်။

ထိုခြိမ်းခြောက်မှုကြောင့် ရွာသားနှစ်ဦးသည် ကြောက်ရွံ့ကာ ၄င်းအရာရှိထံတွင် ကတိခံဝန် ချက် လက်မှတ်ထိုးခဲ့ကြရသည်ဟု သိရှိရ သည်။

မည်သည့် ရည်ရွယ်ချက်ဖြင့် ဗျူဟာမှူးမှ လာရောက် စစ်ဆေး ခဲ့သည်ကို ရွာသားများမှ သေသေချာချာ မသိရှိကြပေ။

လွန်ခဲ့သော ဧပြီလတွင် ခလရ ၂၉၉ တပ်ရင်းမှ ဗိုလ်ကြီး အဆင့်ရှိ အရာရှိတစ်ဦး သည် ၄င်း ၏ဇနီးနှင့် လမ်းဘေး တွင်ရပ်နေစဉ် ကိုးမိုင် ရွာသား နှစ်ဦးက ဆိုင်ကယ်ဖြင့် မတော်တဆ နင်းမိသော ကတ္တရာလမ်းရှိ ရေအနည်းငယ် လွင့်စင် ထိမိသွား သဖြင့် ၄င်းရွာသား နှစ်ဦးကို ရိုက်နှက်ကာ နေအိမ်ကို မီးရှို့ သည်အထိ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်။

နာဂစ်တနှစ်ပြည့်အလှူ မပြုလုပ်နိုင်သူများ


NEJ / ၄ မေ ၂၀၀၉

ယမန်နှစ် မေ (၂) ရက်တွင် နာဂစ် မုန်တိုင်း ကြောင့် အသက်ဆုံးရှုံး သွားသူများ အား တနှစ်ပြည့် အလှူမပြု လုပ်နိုင်သူ များပြား ကြောင်း ဘိုကလေး မြို့နယ် မလော့ ကျေးရွာခံများ က ပြောသည်။

မုန်တိုင်းကြောင့် မိသားစု (၁၀) ဦးအထက် အသက်ဆုံးရှုံးခဲ့ရသည်ကို တနှစ်ပြည့်တွင် မကျွတ်မလွတ်ဖြစ်နေပါက ရောက်ရာအရပ်က သာဓုခေါ်စေလိုသည့်အတွက် မိမိနေအိမ်က ဘုရားတွင် ဆွမ်းတင်၍ အမျှဝေလိုက်ကြောင်း ဦးထွန်းနိုင်ဆိုသူက ပြောသည်။

ဦးထွန်းနိုင်သည် နာဂစ်မုန်တိုင်းမတိုင်ခင်က ရေလုပ်ငန်းဖြင့် အသက်မွေးကြောင်းလုပ်နေသူဖြစ်ပြီး မုန်တိုင်းကြောင့် ဇနီးနှင့်သမီးအပါအ၀င် အဖေအမေ၊ မောင်နှမသားချင်းများနှင့်အတူ အိုးအိမ်ပစ္စည်းများ အကုန်ဆုံးရှုံးခဲ့သူဖြစ်သည်။

၎င်းက “အခုတော့ စီးပွားရေးအဆင်မပြေလို့ ကျန်ခဲ့တဲ့ (၁၂) နှစ်သားငယ်လေး ရှေ့ရေးအတွက်
ကျပန်း လုပ်ကိုင်စားသောက်နေရတဲ့ “ဘောက်” လုပ်သားဘ၀ကို ရောက်နေရပြီ”ဟုပြောသည်။

ဘိုကလေးမြို့နယ် ကွမ်းသီးချောင်းရွာတွင် ယောက်ျားနှင့် သမီးတဦး၊ သားတဦးဆုံးရှုံးခဲ့ရသည့် အသက် (၂၆) နှစ်အရွယ် မိချိုက ၎င်းတို့မိသားစုအတွက် အလှူပြုလုပ်ချင်သော်လည်း လတ်တလော နေစရာပင် မရှိဖြစ်နေ၍ မလုပ်နိုင်ကြောင်း ပြောသည်။

“ကျမက နာဂစ်မုန်တိုင်းတိုက်တော့ ကိုယ်ဝန်ကြီးနဲ့။ ယောက်ျား၊ သားနှင့်သမီးတို့ သေသွားခဲ့တယ်။ ရေတွေ တက်လာတော့ အားလုံးကွဲသွားကြတယ်။ ကျွဲလို့ ထင်တယ်ရှင့်။ အဲဒီအကောင်က ကျမကို ကောက်ရိုးပုံပေါ်ကို ပို့ခဲ့တယ်လို့ အမှတ်ရတယ်။ သတိရလာတော့ အ၀တ်အစားမရှိတော့ဘူး။ ဘိုကလေးမြစ်နဲ့ သကန်မြစ်ကြားကို ကျော်ပြီးတော့ သာဖြန် ဓနိတောက လမုပင်ပေါ်မှာ ရောက်နေတယ်။ ကျမကို အဲဒီသာဖြန်ရွာက ကရင်အဖိုးကြီးနှင့် အဖွားကြီးက ခေါ်ပြီး ကျမရဲ့ မိသားစုဆီပြန့်ပို့တယ်။ အခုနေတာ အဖွားအိမ်မှာပါ၊ တနှစ်သမီးလေးနဲ့ပါ” ဟု ပြောသည်။

ဘိုကလေးမြို့နယ် ဘုရားချောင်းရွာတွင် နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က လူပေါင်း (၁၀၀) ၀န်းကျင် သေဆုံးခဲ့ရ ကြောင်း၊ အဆိုပါ သေဆုံးသူများကို အကျွတ်အလွတ် နှစ်ပတ်လည် စုပေါင်းပြုလုပ်ရန် ငွေမတတ်နိုင်၍ အချို့က ဘုန်းကြီးကျောင်းတွင် ဆွမ်းတပွဲသွားရောက် လှူသူများရှိကြောင်း သိရသည်။

“တချို့တတ်နိုင်သူတွေကတော့ ဘုန်းကြီးရဟန်းပင့်ပြီး ကျကျနန လုပ်နိုင်ကြတယ်။ ဒါပေမယ့် ဒီလိုလုပ်နိုင်ကြတဲ့ လူတွေဟာ မြို့မှာ ဆွေမျိုးသားချင်း အထောက်အပံ့ရတဲ့ သူတွေပါ။ ဒီရွာက လူ (၉) ဦးသေသွားတဲ့ မိသားစုက သူတို့ရဲ့ အမျှအတန်းကို ဘိုကလေးမြို့ပေါ်က ဆွေမျိုးအိမ်မှာ သွားလုပ်ကြတယ်” ဟု ဘိုကလေးမြို့နယ်၊ ကပ္ပနန်းရွာ မှ မသောင်းဝေက ပြောသည်။

နာဂစ်သင့်ဒေသများဖြစ်သော ဒေးဒရဲမြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့တွင် တနှစ်ပြည့် ဆွမ်းအလှူကိုပင် ကောင်းစွာမပြုလုပ်နိုင်သူများ ရှိနေသည်ကို ခေတ်ပြိုင်က ကွင်းဆင်းမေးမြန်းခဲ့သည်။

“ဘယ်လိုမှ စိတ်မကောင်းဘူး။ ဘုန်းဘုန်းကျောင်းမှာ ဒကာ၊ ဒကာမ တချို့က သူတို့နေအိမ်မှာ ပရိတ်လာပြီး နာပေးပါလို့ ပြောလာတယ်။ လှူစရာဆိုလို့ အချိုရည်ဘူး တဘူးပဲတဲ့။ ဘုန်းဘုန်းကလည်း အလှူ လှူစရာမလိုပါဘူးလို့ ပြောပြီးတော့ ပရိတ်တရားသွားဟောပေးခဲ့တယ်” ဟု ဒေးဒရဲမြို့နယ် ကျုံဖဲရွာ ဘုန်းကြီးက ပြောသည်။

အန်အယ်လ်ဒီ ကြေညာချက် အပေါ် အကောင်းမြင် ရေးသားမှု ပြည်တွင်း မီဒီယာမှာ ဖော်ပြခွင့်ရ

NEJ / ၄ မေ ၂၀၀၉

ဧပြီ (၂၉) တွင် ကျင်းပ ပြီးစီးခဲ့ သည့် အန်အယ်လ်ဒီ စုံညီ အစည်းအဝေး အပြီး ထုတ်ပြန် ကြေညာခဲ့ သည့် ရွှေဂုံတိုင် ကြေညာ စာတမ်း နှင့်ပတ်သက်၍ အလာအလာ ကောင်းများ ရှိသည်ဟု ယူဆ ရကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစောင်၏ အယ်ဒီတာ့ အာဘော်တွင် ဖော်ပြထားသည်။

ယနေ့ ထွက်သည့် ၀ီးကလီး အလဲဗင်းဂျာနယ် စာမျက်နှာ (၂) တွင် ဖော်ပြ ထားခြင်း ဖြစ်ပြီး အန်အယ်လ်ဒီပါတီ၏ လုပ်ရပ်နှင့် ပတ် သက်ပြီး အကောင်းမြင် ရေးသားမှု ပထမဦးဆုံး ဖော်ပြခွင့်ရခြင်းဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အဆိုပါ ရွှေဂုံတိုင် ကြေညာချက်တွင် နအဖ စစ်အစိုးရအနေဖြင့် ၎င်းတို့ တောင်းဆို သည့် အချက် (၃) ချက်ကို လိုက်လျောပါက လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရန် စဉ်းစား မည်ဟု ဖော်ပြထားသည်။

တောင်းဆိုချက် (၃) ချက်မှာ (၁) ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ (၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ဒီမိုကရေစီနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရေး (ထို့အတွက် အန်အယ်လ်ဒီနှင့် စစ်အစိုးရ ဆွေးနွေး ညှိနှိုင်းရမည်)၊ (၃) ကုလသမဂ္ဂနှင့် နိုင်ငံတကာ စောင့်ကြည့်အဖွဲ့များကို ခွင့်ပြုသည့် တရားမျှတ လွတ်လပ်ပွင့်လင်းသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရေးတို့ ဖြစ်သည်။

အဆိုပါ အချက် (၃) ချက်အနက် အချက် (၂) ချက်မှာမူ စစ်အစိုးရက တလျှောက်လုံး ငြင်းဆိုထားသည့် အချက်ဖြစ်သည်။ ၀ီးကလီးအလဲဗင်း အယ်ဒီတာ့အာဘော်တွင်မူ “တူတာတွေတွဲလုပ်၊ မတူတာတွေ ညှိနှိုင်းဖြေရှင်း” ဟု ခေါင်းစဉ်တပ်ထားပြီး စစ်ခေါင်းဆောင်များနှင့် အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များ ညှိနှိုင်းတိုင်ပင် အဖြေရှာပြီး ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပသွားရန် တိုက်တွန်းထားသည်။


အယ်ဒီတာ့အာဘော် နိဂုံးပိုင်းတွင် “အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးမှာ ညီညီညွတ်ညွတ်ဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး လက်ရှိအခြေအနေတွင် အင်အားစုများအားလုံး ပါဝင်ပြီး ဂုဏ်သိက္ခာရှိသော (Inclusive & Free & Fair Election) ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်” ဟု ရေးသားထားသည်။

အဆိုပါဆောင်းပါးနှင့် ပတ်သက်၍ ၀ါရင့်သတင်းစာဆရာကြီးတဦးက “ဒါဟာ ပြည်သူလူထုထဲကနေ စစ်အစိုးရနဲ့ အတိုက်အခံ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းတာကို မြင်လိုတဲ့ သဘောပြလိုက်တာပဲ။ တနည်းပြောရရင် စစ်အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းကလို သူ့သဘောနဲ့သူ ထင်ရာစိုင်းပြီး ရွေးကောက်ပွဲကို ကျင်းပ၊ လိုသလို အဖြေထုတ်သွားမှာကို လိမ္မာပါးနပ်စွာနဲ့ ဆန့်ကျင်တဲ့သဘော ပါနေတာ တွေ့ရတော့ ကောင်းတဲ့ လက္ခဏာပါလို့ ဆိုချင်တယ်” ဟု ပြောသည်။

ပြည်တွင်းပုဂ္ဂလိလကဂျာနယ် အယ်ဒီတာတဦးကမူ ယခုကဲ့သို့ အယ်ဒီတာ့အာဘော်မျိုးကို စစ်အစိုးရ စာပေစိစစ်ရေး က အထူးအခွင့်အရေးပေးထားသည့် ၀ီးကလီးအလဲဗင်း ဂျာနယ်မျိုးတွင်သာ ဖော်ပြခွင့်ရခြင်းဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ အန်အယ်လ်ဒီကဲ့သို့ အတိုက်အခံပါတီကြီးတရပ်နှင့် ပတ်သက်၍ အကောင်းမြင်သဘော ရေးသားခွင့်ရသည်ကို ကြိုဆိုရမည်ဖြစ်ကြောင်း၊ သို့သော် အယ်ဒီတာ့အာဘော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွှေဂုံတိုင်ကြေညာချက် စသည်တို့ ရေးသားဖော်ပြခွင့်မရဘဲ နိုင်ငံရေးပါတီကြီး စသည့် စကားလုံးများဖြင့်သာ ဖော်ပြခွင့်ရသည့်အတွက် စစ်အစိုးရ စာပေစိစစ်ရေးကို သိပ်အကောင်းမမြင်နိုင်သေးကြောင်း ဝေဖန်ပြောကြားသည်။

ဝါရင့်သတင်းစာဆရာကြီးတဦးကမူ ယခုကဲ့သို့ အပြုသဘောဆောင်သည့် အရေးအသားမျိုး ယခင်ကလည်း ဖော်ပြခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံရေး စာမျက်နှာသစ် ဖွင့်ပြီ စသည့်အရေးအသားမျိုး ဖြစ်ကြောင်း၊ နောက်ပိုင်း မည်သို့မျှ ဖြစ်မလာကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အရေးအသားမျိုးကို ကြိုဆိုသော်လည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်လာရန် မမျှော်လင့်နိုင်သေးသကဲ့သို့ စာပေစိစစ်ရေးက ရေးသားခွင့်များ ပိုပြီး ဖွင့်ပေးလာသည်ဟု ပြောရန်လည်း မည်သည့်အထောက်အထားမှ မမြင်မတွေ့ရသေးကြောင်း ပြောသည်။



စိစစ်ရေးက ပြည်တွင်းဂျာနယ်များအား သတင်းပိတ်ပင် ဆိုးဆေးသုံး ငါးပိသတင်း ကြိုတင်ဖော်ပြခွင့်မပြု

မင်းနိုင်သူ / ၄ မေ ၂၀၀၉

ပြည်တွင်း ဂျာနယ်များ က သတင်း များကြိုတင်ရ ရှိ၍ သတင်း ဖော်ပြ ရေးသား လိုသော်လည်း စာပေ စိစစ်ရေးက သတင်း ထုတ်ပြန်ခွင့် မပြုခဲ့ကြောင်း ပြည်တွင်းမှ ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

ငါးပိများတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော Rhodamine-B ပါရှိကြောင်း သတင်းရေးသားမှု ကို စာပေစိစစ်ရေးက ပိတ်ပင်ခဲ့ကြောင်း အဆိုပါ ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

၎င်းက “ကျနော်တို့တိုက်က သတင်းထောက်တယောက်က ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန(FDA) ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်းရဲ့ပြောစကားကို ကိုးကားပြီးတော့ ငါးပိတွေမှာ ဆိုးဆေး ပါမပါစစ်ဆေးနေပြီဆိုတဲ့ သတင်းရေးတင်ပါတယ်။ သတင်းစာမှာမပါခင် တပတ်လောက်ကတည်းကပေါ့လေ။ အဲဒီသတင်းကို စာပေစိစစ်ရေးက ဖော်ပြခွင့်မပေးဘူး။ အခုဟာက သတင်းစာမှာပါပြီးမှပဲ သတင်းရေးနေရတာ။ ကြိုသိထားလည်း စာဖတ်ပရိသတ်ကို ချပြလို့မရဘူး။ စာဖတ်ပရိသတ်အတွက် အရမ်းနစ်နာတာပေါ့။ ဒါက ကျန်းမာရေးကိစ္စကြီးလေ”ဟု ပြောသည်။

FDA က ငါးပိအမျိုးအစားပေါင်း (၁၀၀) ကျော်ကို စမ်းသပ်စစ်ဆေးခဲ့ကြောင်းနှင့် ထိုအထဲမှ အမျိုးအစား (၈၀) ခန့်တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သော Rhodamine-B ပါရှိကြောင်း ကြေညာချက် သတင်းစာတွင် ပါပြီးမှသာ စာပေစိစစ်ရေးက ဂျာနယ်များအား သတင်းဖော်ပြခွင့်ပြုခဲ့ကြောင်း သိရသည်။

“သတင်းသမားဆိုတော့ သတင်းဦးချင်တာပေါ့ဗျာ။ ကြိုသိထားရလို့ ရေးပါတယ်။ စိစစ်ရေးကမပေးဘူးဗျ။ အခုဟာ ကျနော်တို့ဆီမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ ဌာနဆိုင်ရာသတင်းတွေဆို သတင်းပြောတဲ့ ဌာနဆိုင်ရာအမည်၊ လူကြီးအမည်၊ ရာထူး အဲဒါတွေကိုပါ စာပေစိစစ်ရေးက တောင်းတယ်။ တချို့သတင်းတွေဆိုတာ ပေးတဲ့လူကြီးကို ဖော်ပြလိုက်ရင် သူ့အတွက် အန္တရာယ်ရှိနိုင်တယ်ဆို ကျနော်တို့က အမည်ရာထူးချန်ရင် ချန်ကြရတာဗျ။ ခုဟာ သတင်းစာကျင့်ဝတ်ဆိုတာလည်း မရှိတော့ဘူး။ သတင်းပါချင်တယ်ဆိုရင်တော့ အမည်၊ ရာထူးကို စိစစ်ရေးကိုပေး။ အဲလိုဖြစ်နေတာ။ အဲဒီလို သတင်းပြောသူရဲ့ အမည်၊ ရာထူးပေးတာတောင် တချို့သတင်းတွေဆို ပိတ်တာပဲ” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

လက်ဖက်အမျိုးအစား (၁၀၀) ကို Auramine O ပါဝင်သည်ဟု ဆိုကာ ဖေဖော်ဝါရီနှင့် မတ်လတို့အတွင်း FDA က တားမြစ်ခဲ့ပြီးနောက် ရိုးရာအစားအသောက်တခုဖြစ်သော ငါးပိကို ထပ်မံပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်သည်။

ယခုတားမြစ်လိုက်သော စာရင်းတွင် စိမ်းစားငါးပိနှင့် အသင့်စားငါးပိတို့ပါဝင်ပြီး နာမည်ရှိတံဆိပ်အများအပြား ပါဝင်နေကြောင်း၊ ဈေးကွက်အတွင်း စစ်ဆေးစာရင်းတွင် မပါဝင်သည့် တံဆိပ်အများအပြား ကျန်ရှိနေသေးကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

“ရွှေပုစွန်၊ ကင်းမွန်၊ ပွင့်ဦးတို့ဆို လူသုံးများတဲ့ တံဆိပ်တွေလေ။ အဲဒါတွေလည်း ပါနေတယ်။ ဒါပေမယ့် ငါးပိက တံဆိပ်စုံတယ်။ တကယ်တမ်းဈေးကွက်ထဲမှာက အများကြီးရယ်။ တချို့က ပွဲရုံကြီးတွေက၀ယ်ပြီး ကိုယ့်ဆိုင် တံဆိပ်နဲ့ကိုယ် ကပ်ရောင်းနေကြတာကိုက အများကြီး။ ခုဟာက လက်ဖက်တုန်းကလိုပဲ ဘယ်နေရာကနေ ဆိုးဆေးထည့်သုံးတယ်ဆိုတာကို မသိရသေးဘူးရယ်” ဟု သတင်းထောက်က ပြောသည်။

ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချဆိုသော အပိုင်းသုံးခုအနက် မည်သည့်နေရာမှ ဆိုးဆေးအသုံးပြုကြောင်း မိမိတို့မသိပါကြောင်း တားမြစ်စာရင်းဝင် ငါးပိထုတ်လုပ်သူတဦးက ပြောသည်။

“ကျနော်တို့ကတော့ ကုန်ကြမ်းကို ပင်လယ်ဘက်ကလည်း ယူတယ်။ တခါတလေ ဒီကပွဲရုံတွေဆီကပဲ ပြန်ယူတာ လည်းရှိတယ်။ ကျနော်တို့ကတော့ ဆိုးဆေးထည့်မသုံးပါဘူး။ ဘယ်ကပိုင်းက ထည့်တယ်ဆိုတာလည်း မပြောတတ် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲလိုမျိုးစစ်ဆေးတာတွေလည်း မရှိခဲ့ဖူးဘူး။ အခုမှကောက်စစ်ပြီး တွေ့တယ်လို့ ကြေညာသွားတာပဲ။ ကြိုတင်အသိပေးတာမျိုးလည်း မရှိဘူး” ဟု ၎င်းက ပြောသည်။

မည်သည့်အချိန်တွင် FDA သို့ လာရောက်စစ်ဆေးရမည်၊ မည်သည့်အချိန်တွင် ပြန်လည်ထုတ်လုပ် ခွင့်ပြုမည် ဆိုသော အကြောင်းကြားချက်တစုံတရာလည်း မရရှိသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

FDA ၏ ထုတ်ပြန်ချက်တွင် Rhodamine B စားသုံးမိပါက လတ်တလောအားဖြင့် အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း နှင့် ဦးနှောက်အာရုံကြော ထိုင်းမိုင်းခြင်းတို့ဖြစ်စေကာ ရေရှည်တွင် ကင်ဆာရောဂါဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

ပြည်သူ့ပြည်ချစ်ပါတီ ဒု-ဥက္ကဋ္ဌနှင့်အဖွဲ့ နအဖထံသွားရောက်ပူးပေါင်း

NEJ / ၄ မေ ၂၀၀၉

ပြည်သူ့ ပြည်ချစ် ပါတီ (ပီပီပီ) အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဦးအုန်းသော် သည် အဖွဲ့ဝင် (၂၀) နှင့်အတူ မြဝတီ တပ်စခန်း မှတဆင့် နအဖထံ သွား ရောက်ခဲ့ သည်ဟု အဖွဲ့၏ ဥက္ကဋ္ဌ ဦးသန်းစိန်က ပြောသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က မဲဆောက်မှတဆင့် မြဝတီသို့ လက်နက်မဲ့သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ အဖွဲ့၏အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးအောင်မြင့်လည်း လိုက်ပါသွားခဲ့သည်ဟု ဦးသန်းစိန်က ပြောသည်။

၎င်းက “ကျနော်တို့ကို နအဖကပွဲစားလွှတ်ပြီး လာစည်းရုံးတာကြာပြီ၊ ကျနော်တို့ လက်မခံဘူး။ အဲဒါကို ဒု-ဥက္ကဋ္ဌ ဦးအုန်းသော်က ကျနော်တို့ပါတီဝင် မဟုတ်တဲ့လူ (၂၀) လောက်ကို ခေါ်သွားပြီး အညံ့ခံတာဖြစ်တယ်။ ကိုအောင်မြင့်ကိုတော့ သူ့မိန်းမ မမြင့်နဲ့ ဦးအုန်းသော်တို့ တိုင်ပင်ပြီး ဆေးခန်းသွားပြရာကနေ အတင်းအဓမ္မ ခေါ်သွားတာဖြစ်တယ်။ အခုသွားတဲ့လူ (၂၀) ထဲ က ကျနော်တို့ပြည်သူ့ပြည်ချစ်ပါတီက ဦးအုန်းသော်နဲ့ ကိုအောင်မြင့် နှစ်ယောက်ပဲပါတယ်” ဟု ပြောသည်။

ပြည်သူ့ပြည်ချစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) တပ်ပေါင်းစု၏ တွဲဖက်အတွင်းရေးမှူး တာဝန်ယူထားသူ ဦးအောင်မြင့်သည် ကိုယ်တခြမ်းလေဖြတ်ထားသည့်အပြင် သွေးကြောပိတ်ရောဂါကြောင့် ခြေတဖက်ဖြတ်ထားရပြီး လမ်းမလျှောက်နိုင်ဘဲ ကျန်းမာရေးချို့တဲ့နေသူဖြစ်သည်။

ဦးအုန်းသော်မှာ ယခင်ကတည်းက ပြည်ချစ်ပါတီအဖွဲ့ဝင်တဦးဖြစ်ပြီး ၁၉၈၀ ပြည့်နှစ် မဆလ အစိုးရ လက်ထက်ကပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနိုင်ငံသို့ပြန်ဝင်သွားသူဖြစ်ပြီး လွန်ခဲ့သည့် (၈) နှစ်ခန့်က လွတ်မြောက်နယ်မြေသို့ပြန်လာကာ (ပီပီပီ) အဖွဲ့တွင် ဒု-ဥက္ကဋ္ဌအဖြစ် အရွေးခံရသူဖြစ်သည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) မှ တွဲဖက်အတွင်းရေးမှူး (၂) မိုင်းဘုန်းကျော်က “ကျနော်တို့အဖွဲ့အနေနဲ့ ဒီဖြစ်ရပ်ကို အသေးစိတ် စုံစမ်းတုန်းပဲ ရှိပါတယ်။ ဒါကြောင့် အဖွဲ့အနေနဲ့ လောလောဆယ် ဘာမှမှတ်ချက်ပေးဖို့ မရှိသေးဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။

ဦးအုန်းသော်နှင့်အဖွဲ့ကို မြန်မာအာဏာပိုင်များက လက်ခံထားသော်လည်း ၎င်းတို့အား မြ၀တီမြို့ပြင်တွင် ထားရှိကာ တဦးချင်းစီကို စစ်ကြောရေးဝင်နေသည်ဟု အာဏာပိုင်များနှင့်နီးစပ်သည့် မြ၀တီမြို့ခံတဦးက ပြောသည်။

စစ်တပ်၏ အာဏာသိမ်းခံရသည့် မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်းဦးနုသည် ၁၉၆၉ ခု စက်တင်ဘာ(၂၇) ရက်တွင် ပါလီမန်ဒီမိုကရေစီပါတီ (ပီဒီပီ) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တွင် တပ်အင်အား အလုံးအရင်းဖြင့် အခြေချကာ ထိုစဉ်က အာဏာသိမ်းစစ်အစိုးရကို တော်လှန်တိုက်ပွဲဝင်ခဲ့သည်။

ဦးနုမရှိတော့သည့်နောက်ပိုင်း ပီဒီပီ ပါတီကို ဖျက်သိမ်းကာ ပြည်သူ့ပြည်ချစ်ပါတီ (ပီပီပီ) ကို ၁၉၇၄ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ကာ ဥက္ကဋ္ဌမှာ ဗိုလ်လက်ျာဖြစ်ပြီး နောက်ပိုင်း ဦးသွင်၊ ဦးသန့်ဇင်တို့က အဆင့်ဆင့် ဆက်လက်ဆောင်ရွက်ခဲ့ကာ ၁၉၉၇ ခုနှစ်တွင် ပါတီဥက္ကဋ္ဌ အဖြစ် ဦးသန်းစိန်ကို ရွေးချယ်ခဲ့သည်မှာ ယနေ့ထိဖြစ်သည်။

သမိုင်းကို လိမ်နေကြသော ယနေ့ သတင်းစာများ

မောင်သြ

သတင်း စာ၏ အသက်သည် အယ်ဒီတာ အာဘော်နှင့် ဆောင်းပါး များဖြစ်သည်။ ၎င်းတို့ဖြင့် သတင်း စာ၏ ရပ်တည်မှုကို အကဲ ခတ်နိုင်သည်။ ပါတီစွဲရှိ သော သတင်းစာ၊ မရှိသော သတင်း စာနှင့် ကြားနေ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် ရိုးရိုးရှင်းရှင်း ရှိသော သတင်း စာဟူ၍ ရှိတတ်ပါသည်။

ယနေ့ မြန်မာ နိုင်ငံတွင် ထုတ်ဝေ နေသော သတင်း စာများက ပါတီစွဲ တဖက်သတ် ကျင့်သုံးနေသော နအဖ စစ်အစိုး ရကြိုက် ပေါ်လစီ ဆောင်းပါး များနှင့်သာ ဖြစ်နေသည်။ စစ်မှန်သည့် သမိုင်းစစ် သမိုင်းမှန်ကို လိမ်ညာ ဖုံးကွယ်ပြီး မှားယွင်းသော သမိုင်းတု သမိုင်း ယောင် များနှင့် နောင်လာ နောက်သား တို့အား အဆိပ်ခပ် တိုက်နေသည်။ ဆောင်းပါးတု ဆောင်းပါး လိမ်များ ဖတ်မိခဲ့ကြ သော အဆိပ်မိနေ သူတို့အတွက် အဆိပ်ဖြေဆေး တိုက်ကျွေးရန် ဤဆောင်းပါးကို ရေးလိုက်သည်။

၉.၂.၀၉ နေ့ထုတ် ကြေးမုံ သတင်းစာမှ ဆောင်းပါးရှင် ဦးမျိုးမြင့် (ဥပဒေ) ၏ “ပကတိ အရှိတရားကို ကျော်လွန် ဆန့်ကျင်မှု မှန်သမျှ မ အောင်မြင်နိုင်ပါ” ဟု ဆိုသော ဆောင်းပါးမှ…

(၁) အန်အယ်လ်ဒီ နဲ့ ဒိုင်ယာလောဂ့် ဆိုသည်မှာ အခြားမဟုတ်။ အန်အယ်လ်ဒီ ဘက်က လိုက်လျောရမည့် အချက်တခုမှ မရှိ၊ အန် အယ်လ် ဒီ တောင်းဆိုသော အာဏာ လွှဲပေးရေး တခုတည်း ကိုသာ ရည်စူးနေကြောင်း၊ မြန်မာပြည်သူတို့က သိနေကြသည်။ ဒါမျိုးဆိုရင်တော့ No ပဲဟု ပြည်သူတို့က ခေါင်းခါယမ်းပြလိမ့်မည်…ဟူ၍ လည်းကောင်း။

(၂) မဲဆန္ဒရှင် (၉၂.၄၈) ရာခိုင်နှုန်းက ထောက်ခံမဲပေးပြီး အတည်ပြုထားသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ပြန်လည် သုံးသပ်ပြီး၊ စိတ်ကြိုက်အမဲဖျက်ပစ်လိုက်မည်ဟူသော ဒိုင်ယာလောဂ့်မျိုးကို အစိုးရက အလိုလိုက် အလားလိုက် လက်ခံလျှင်ပင် ပြည်သူ က လက်မခံနိုင်ပေ၊ အခြေခံဥပဒေ ၂၀၀၈ ကို အစိုးရမပိုင်ချေ။ ပြည်သူတရပ်လုံးက သာပိုင်သည်။ ဆိုင်သည်။ အစိုးရရော၊ အန်အယ်လ်ဒီ ရောပါ ပြင်ဆင်ခွင့် လုံးဝမရှိပါချေ.. ဟူ၍ လည်းကောင်း တွေ့ရသည်။

ဥပဒေ ပညာရှင်ကြီး ဦးမျိုးမြင့်၏ အထက်ပါ အပိုဒ် (၁) ကို ရှင်းမည်။ အန်အယ်လ်ဒီနှင့် နအဖ ကြိုတင်စည်းကမ်း သတ်မှတ်ချက်မရှိဘဲ တွေ့ဆုံ ဆွေးနွေးရေး မဖြစ်သေးဘဲနှင့် ဘာကို လိုက်လျောရ မည်နည်း… ဖြေပါ။ ပြီးတော့ အန်အယ်လ်ဒီ တောင်းဆိုသော အာဏာလွှဲ ပေးရေး တခုတည်း ကိုသာ ရည်စူးနေကြောင်း ..တဲ့။

အန်အယ်လ်ဒီက ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပပေး ခဲ့စဉ်က န၀တ (နအဖ) အစိုးရ ထုတ်ပြန်ထားတဲ့ ကြေညာချက်အမှတ် ၁/၉၀ အရ လည်းကောင်း၊ စစ်ခေါင်း ဆောင်ကြီးများ ပြောကြား ခဲ့တဲ့ ကတိစကား များအရ လည်းကောင်း၊ အမှန်တကယ် ဆောင်ရွက်ပေး ရန်နှင့် တွေ့ဆုံ ဆွေးနွေးရေး ကိုသာ အစဉ်တစိုက် တောင်းဆိုခဲ့ ပါသည်။ အန်အယ်လ်ဒီသည် အာဏာလွှဲပြောင်း ပေးရန် တကြိမ်တခါမျှ မတောင်း ဆိုခဲ့ဘူးပါ။ ၀ါးလုံးချေး သုတ်မရမ်းပါနှင့် ခင်ဗျား- ဥပဒေ ပညာရှင်ကြီး တဦးအနေနှင့် ကိုယ့်ဥပဒေ ကို ကိုယ်က မလိုက်နာဘဲ ကိုယ်က ပြန်ချိုးဖောက် နေတာကို အတွေး မှန်မှန်နှင့် မြင်ကြည့်ရင် အဖြေမှန် ပေါ်ပါလိမ့်မယ်။

၁၈.၂.၀၉ နေ့ထုတ် ကြေးမုံသတင်းစာမှ ဆောင်းပါးရှင် စည်သူအောင်၏ “လက်တွဲညီညီ ရှေ့သို့ချီ” .. ဆောင်းပါးမှ…

“ပြည်သူ လူထုကြီးကတော့ နိုင်ငံတော်ရှေ့ဆက်သွားရမယ့် မူဝါဒလမ်းစဉ် (၇) ရပ်ထဲမှာ အခုဆိုရင် အခြေခံ ဥပဒေကို ရေးဆွဲအ တည်ပြု ပြီး၊ ရှေ့လာမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင် ဆောင်ရွက်မှု တွေ ပြုလုပ် နေပြီဆိုတော့ ရွေးကောက်ပွဲ ကျင်းပ ဖို့နဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံ ရတဲ့ အစိုးရကို ဖွဲ့စည်းပြီး နိုင်ငံတာဝန်တွေကို လွှဲပြောင်း ဖို့ဆိုတဲ့ အဆင့်တွေပဲ ကျန် တော့ တာ ကို ဒီမိုကရေစီ နိုင်ငံတော်သစ်ရဲ့ မုခ်ဦးဆီကို မကြာခင် ရောက်တော့မယ်ဆိုပြီး ၀မ်းမြောက် ၀မ်းသာ ဖြစ်နေကြတာပါ။ ဒါပေမယ့် ဒီလူတစုက အခြေခံဥပဒေသစ်ကို လက်မခံဘူးတို့၊ ရွေးကောက်ပွဲ သစ်ကို စဉ်းစားစရာ မလိုဘူးတို့ အခြေခံ ဥပဒေကို သူတို့ စိတ်ကြိုက် ပြန်လည်ပြင်ဆင်ခွင့် ပေးရမည်ဆိုတဲ့ အမျိုးမျိုးသော လေသံတွေပစ်ပြီး၊ လူထုကြီးကို စိတ်ညစ်အောင် “တစ်” ကနေ ပြန်စဖို့ လုပ်နေကြ တာတော့ စိတ်မကောင်း စရာလို့ပဲ ပြောရတော့ မှာပါ..” လို့ ဆိုထားတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ မူကြမ်းက ခင်ဗျားတို့ ပြောပြောနေကြတဲ့ ပြည်သူ (၉၂.၄၈) ရာခိုင်နှုန်းက ထောက်ခံထားတာပါတဲ့။ စစ်မှန်စွာ ထောက်ခံထားသည် ဖြစ်စေ၊ လိမ်ညာ၍ ထောက်ခံထားသည် ဖြစ်စေ အတည်မပြုရသေးပါဘူး။ တကယ်စစ်မှန်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲကြီးက အနိုင်ရတဲ့ အဖွဲ့က လွှတ်တော်ခ်ါပြီး ထိုလွှတ်တော်က အတည်ပြုဆုံးဖြတ်မှသာ အတည်ပြုပြီးပြီလို့ ပြောလို့ရမှာပါ။ ရွေးကောက်ပွဲက ဘယ်ဆီနေလဲမသိ၊ နှုတ်ခမ်းလန်နဲ့ မုန့်ဆီကြော် တည့်ပါ့မလားလို ဖြစ်နေပြီ။ ပြီးတော့…

သူတို့ စိတ်ကြိုက် ပြန်လည်ပြင်ဆင်ခွင့်ပေး ရမယ်ဆိုတဲ့ အန်အယ်လ်ဒီကို ယုန်ထင်ကြောင်ထင်ရေး ထားတာ တွေ့ရတယ်။ အန်အယ် လ် ဒီက မိမိစိတ်ကြိုက် ပြန်လည်ပြင်ဆင် ရမယ်လို့ လေသံ မပစ်ခဲ့ပါဘူး။ အန်အယ်လ်ဒီရဲ့ ၂၂.၉.၀၈ နေ့ထုတ် အထူး ကြေညာချက် ၁၈/၀၉/၀၈ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ရေးလို့ ရေးထားပါတယ်။ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ရာ မှာ သူတို့ စိတ်ကြိုက် အန်အယ်လ်ဒီ တဦးတည်း ပြန်လည်ပြင်ဆင်ခွင့် ပေးရမယ်လို့ မပါပါဘူး။ အားလုံး ပါဝင်ရန် ဖြစ်ပါတယ်။

ဥပမာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များ စတဲ့ ကိုယ်စားလှယ်များနှင့် ပြန်လည်သုံးသပ်ကြဖို့ တင်ပြထားတာပါ။ ဒါက တရားမျှတပြီး မှန်ကန်တဲ့ ကိစ္စပါ။ ဘာကြောင့်လည်းဆိုတော့ အခု ခင်ဗျာတို့ ရေးဆွဲပြီး ထောက်ခံမဲ (၉၂.၄၈) ရထားတဲ့ အခြေခံဥပဒေဟာ ခင်ဗျားတို့ အစိုးရက ထုတ်ပြန်ထားတဲ့ ကြေညာချက် ဥပဒေ အမိန့်တွေ၊ ကတိစကားတွေနဲ့ လုံးဝဆန့်ကျင်ခြားနားနေပြီး ခင်ဗျားတို့ နအဖအစိုးရ စိတ်ကြိုက် ခေါင်းခေါက်ရွေးထားတဲ့ လက်ပါးစေ ပုဆိန်ရိုး ကိုယ်စားလှယ်တွေနဲ့ ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်နေလို့ပါပဲ။ အဲဒီတော့ တရားမ၀င်တဲ့ ပုဂ္ဂိုလ်တွေ ရေးဆွဲထားတဲ့ ဥပဒေကိုတော့ စောစောက တင်ပြထားတဲ့ တရားဝင်ကိုယ်စားလှယ်တွေ၊ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေက ပြန်လည်သုံးသပ်သင့်ပါတယ်။ ဒါမှ လွတ်လပ်မှု တရားမျှတမှု ညီမျှမှုဆိုတဲ့ လောကပါလ တရားနဲ့ ညီညွတ်တော့မှာပေါ့ဗျ….။

၁၉.၂.၀၉/၂၀.၂.၀၉ နေ့ထုတ် ကြေးမုံသတင်းစာမှ ဆောင်းပါးရှင် ကျော်ရဲလင်း၏ “လမ်းမှန် ထက်ပိုပြီး ဝေးသည်ထက် ဝေးသွားမှာ စိုးရိမ်မိ ပါသည်” ဆောင်းပါးမှ “သူတို့ အနေနဲ့ ပြည်လုံး ကျွတ်ဆန္ဒ ခံယူပွဲမှာလည်း No-Vote ပြောလိုပြော၊ No-Vote ဆိုလိုဆို၊ တတ်သ မျှ မှတ်သမျှ နည်းလမ်း စုံသုံးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်မပြုနိုင်အောင် အင်တိုက်အားတိုက်ကြိုးစား ဆန့်ကျင်ခဲ့ကြ တာ အားလုံးအသိပါ။ သူတို့ ဖျက်ဖို့ ကြိုးစားပါလျက်နဲ့ မအောင်မြင်ဘဲ ပြည်သူက ပြတ်ပြတ်သားသား ထောက်ခံ အတည်ပြုပေး လိုက်တဲ့ အခါကျမှ ဒါကို လက်မခံ နိုင်ဘူး။ ဒါကို ပြန်ပြီး Review လုပ်ဖို့ လိုမယ်။ ဒါမှ အသိမှတ်ပြုနိုင်မယ်။ စသည်ဖြင့် သူခိုးက လူလိုဟစ်နေ တာတွေကိုလည်း လုံးဝ စွန့်လွှတ် သင့်ပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ ပြည်သူ့ သဘောထားကို မလေးစားရာ၊ ပြည်သူရဲ့ Mandate ကို ပစ်ပယ်ရာ ရောက်စေပါတယ်” ..တဲ့။

ကိုကျော်ရဲမင်းရေ ပြည်သူနှလုံးသား ဆန္ဒအစစ်အမှန်ကို လိမ်ညာ၍ လည်းကောင်း၊ ခြိမ်းခြောက်၍ လည်းကောင်း၊ မသမာသော နည်းများကို သုံးပြီး ထောက်ခံဆန္ဒမဲကို ခိုးယူတာ ဘယ်သူတွေလည်း၊ မဲရုံမှာ တာဝန်ချထားပြီး ရှိနေကြသူတွေဟာ ဘယ်သူတွေလဲ။ နအဖ စစ်အာဏာရှင်တွေရဲ့ အခိုင်းခံ သြဇာခံ ရယက၊ ကြံ့ဖွံ့၊ စွမ်းအားရှင်နဲ့ မီးသတ်အဖွဲ့ဝင်တွေပဲ မဟုတ်လား။ မဲရဲုမှာ အာဏာရှင်တွေရဲ့ လက်သုံးတော်တွေနဲ့ စိတ်ကြိုက်ခြယ်လှယ်ပြီး မမှန်မကန်ဆောင်ရွက်သွားတာကို ကြည့်ရင် ဘယ်သူတွေက ပြည်သူ့ဆန္ဒအစစ်အမှန်ကို ခိုးတာလဲဆိုတာ ထင်ရှားနေပါပြီ။

အန်အယ်လ်ဒီက Review.. သုံးသပ်ဖို့ အကြံပေးတာပါ။ ဒါမှ အသိအမှတ်ပြုနိုင်မယ်ဆိုတဲ့ စကားလုံး အသုံးအနှုန်း မပါခဲ့ပါဘူး။ ခင်ဗျားက စကားလုံးတွေ ကုလားဖန်ထိုးပြီး ငါ့စကားနွားရနဲ့ ပြည်သူရဲ့ မျက်စိကို ဆားနဲ့ ပက်လိုက်တာလား၊ စကားလုံးတွေ ခိုးသုံးပြီး လူလို ဟစ် တာ က ကိုယ့်ရှူးကိုယ်ပတ် နေပြီ ပညာရှိ သတိဖြစ်ခဲ့ပေါ့ဗျာ.. ဟဲ...ဟဲ။

ကိုယ့်မျက်ချေး လည်း ကိုယ်ပြန်မြင် တတ်ပါဦး။ ခင်ဗျားက ၂၀၀၈ ခုနှစ်ရဲ့ ဆန္ဒခံယူပွဲက ပြည်သူ့သဘောထားကို မလေးစားရာ ပြည်သူရဲ့ Mandate ကို ပစ်ပယ်ရာ ရောက်မယ်လို့ ပြောရင် ၁၉၉၀ ပြည့်နှစ်ရဲ့ စစ်မှန်ပြီး တရားမျှတတဲ့ ပြည်သူ့ဆန္ဒကိုရော ဘာကြောင့် မျက်ကွယ် ပြု နေရပါသလဲ၊ မျှမျှတတ စဉ်းစားကြပါဦး၊ တရားသဖြင့် ရေးကြပါဦးလို့ပဲ ပြောချင်ပါတယ်။

၂၃.၂.၀၉ နေထုတ် ကြေးမုံသတင်းစာမှ ဆောင်းပါးရှင် ကျော်မင်းလူ (ရွှေပြည်သာ) ၏ “အပြုသဘောရှုမြင် တိုးတက်အောင်မြင်တဲ့ ခရီးစဉ်”… ဆောင်းပါးထဲက အဓိက အချက်ကိုပဲ ပြောချင်ပါတယ်။ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူကဆိုရင်..

“ဒီညနေ အထိ ဘာမှ မထူးဘူး၊ တွေ့ဆုံမှုလည်း မရှိဘူး၊ ဆက်သွယ်မှု လည်း မရှိဘူး၊ ဒီခရီး စဉ်ကတော့ Mr.Quimtana အနေနဲ့ သူ ဆောင် ရွက်ချင်တဲ့ သူစုံစမ်းချင်၊ တွေ့ဆုံချင်တဲ့ ဟာတွေကို အပြည့်အ၀ တွေ့ဆုံခွင့်မရတဲ့ သဘော။ ကျနော်တို့ ဒါကတော့ ပေါ်ပေါ် လွင်လွင် ရှိနေတယ်” လို့ ပြောသွားတာ ဒါအမှန်တရားပဲ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ နိုင်ငံ ရေးပါတီများ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေး အကျဉ်းသမားအားလုံး။ ဥပမာ နှစ်ရှည်ထောင်ဒဏ်ကျခံရပြီး ဝေးလံသီခေါင်တဲ့ အကျဉ်းထောင် တွေဆီ အပို့ခံထားရတဲ့ အက်စ်အန်အယ်လ်ဒီက ခွန်ထွန်းဦးတို့ စိုင်းညွန့်လွင်တို့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ တခြား အန်အယ်လ်ဒီက နိုင်ငံရေးအကျဉ်းသမားတွေနဲ့ တကယ်စစ်စစ်မှန်မှန် တွေ့ဆုံမေးမြန်းရမှာ။ ခုတော့ဗျာ လူ့အခွင့်အရေးကို ချိုးဖောက်ရာမှာ ပါဝင်ပတ်သတ်နေတဲ့ နအဖ လက်ပါးစေ ကြံ့ဖွံ့အဖွဲ့တို့၊ အမျိုးသမီးရေးရာ အဖွဲ့တွေနဲ့ ၀င်တွေ့သွားတယ်ဆိုတော့ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတာပေါ့။ ပြီးတော့ အန်အယ်လ်ဒီက လူကြီးတွေကို “Mr.Quimtana နဲ့ တွေ့ ချင်လွန်းလို့ အိမ်မှာ အလှအပတွေ ပြင်ပြီး အခေါ်စောင့်နေတဲ့ ပုံပါပဲ” ဆိုတဲ့ အရေးအသားဟာ လူကြီးလူကောင်း မဆန်ဘဲ အတော် အောက်တန်းကျတာပဲ။

ဆောင်းပါးရှင်က…မြန်မာနိုင်ငံဟာ ကမ္ဘာ့မိသားစုဝင် နိုင်ငံတနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်တာနဲ့ အညီ ကမ္ဘာ့ကုလ သမဂ္ဂနဲ့ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်သွား ရေးဟာလည်း ကျနော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒရဲ့ အဓိက မူဝါဒဖြစ် ပါတယ်လို့ဆိုရင် ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှ အကြိမ်ကြိမ် ဆုံးဖြတ်ထားချက်နဲ့ ကြေညာချက်မျာကို လေးလေးစားစား လိုက်နာသင့်ပါ ကြောင်းပါ ခင်ဗျား….။

သတင်း အများသည် သမိုင်းကို ပြောနေကြသည်။ စစ်မှန်တိကျ မှန်ကန်သော သတင်း ဆောင်းပါးများ ကသာ သမိုင်းအစစ်ကို ဖော် ဆောင်သည်။ မရေရာ မသေချာ၊ ကိုယ့်ဘက်ကိုယ်ယက်၊ ငါ့မြင်း ငါခိုင်း စစ်ကိုင်းရောက် ရောက် ဆိုတဲ့ မုသား ရည်ဖုံးထားတဲ့ ဆောင်းပါး သတင်းစာမျိုး ဆိုရင်တော့ သမိုင်းကို လိမ်ညာ နေရုံသာ ရှိမည်ဖြစ် ကြောင်း တင်ပြလိုက်ရ ပါသည်။


နအဖတပ်ကို ကရင်နှင့်ပအိုဝ်း ပူးပေါင်း ခြုံခိုတိုက်ခိုက် နအဖ ၁၂ ဦး သေဆုံး

ဇော်ကြီး။

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့ ပူးပေါင်း တိုက်ခိုက် မှုကြောင့် မြန်မာ စစ်အစိုးရ တပ်မှ အကျအဆုံး များပြီး လက်နက်များ သိမ်းဆည်း ရမိသည်။

PNLA နှင့် KNLA ပူးပေါင်းတပ်တို့သည် ယနေ့နံနက် ၁၀ နာရီက မြန်မာစစ်အစိုးရတပ်ဖွဲ့တဖွဲ့အား ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်အစိုးရတပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အလောင်း ၁၂ လောင်းနှင့်အတူ လက်နက် ၁၃ လက်ကို သိမ်းဆီးရမိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“အဲဒီတိုက်ပွဲမှာတော့ အဲဒီမှာပါလာတဲ့ သူတို့(စစ်အစိုးရ)စစ်ကြောင်းရဲ့ အင်အားက အားလုံး ၁၂ ယောက် လောက်ပဲရှိတယ်လို့ ကျနော်တို့သိရတယ်။ အဲဒီ ၁၂ ယောက်လုံးပါပဲ ကျနော်တို့တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်လိုက်တော့ အားလုံး အလောင်း ၁၂ လောင်းကိုလည်း သိမ်းဆီးလိုက်ရတယ်။ ကျနော်တို့ လက်နက်ခဲယမ်းမျိုးစုံ ကြီးကြီးငယ်ငယ်ကိုလည်း ၁၃ လက် သိမ်းပိုက်ရရှိတယ်ခင်ဗျ။ နောက် ကျနော် တို့ စကားပြောစက်အငယ် ၂ လုံး၊ အကြီး ၁ လုံး နောက်မြေပုံတစ်ချပ် အဲတာသိမ်းဆီးလိုက်ရတယ်။”

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၌ PNLO မှ ဒုတိယဗိုလ်မှူးကြီး စန်းယုဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့ အင်အား ၅၀ ကျော်က မြန်မာစစ်အစိုးရ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၇) လက်အောက်ခံ ခမရ ၄၂၆ တပ်ရင်းမှ ဗိုလ်မှူး မျိုးမင်းထွန်း ဦးစီးသည့် ၁၂ ဦးပါ တပ်ဖွဲ့အား ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့မှ ၆၀ မမ စိန်ပြောင်း ၁ လက်၊ စက်လတ် ၁ လက်၊ RPG-9 တစ်လက်၊ MA-1 လေးလက်၊ MA-2 တစ်လက်၊ MA-3 နှစ်လက်၊ MA-4 တစ်လက်၊ 9mm နှစ်လက် နှင့် လမ်းလျှောက်စကားပြောစက် အသေးနှစ်လုံး၊ အကြီး တစ်လုံး၊ မြေပုံ တစ်ချပ်တို့ကို သိမ်းဆီးရမိခဲ့သည်။

PNLA နှင့် KNLA တပ်တို့ ပူးပေါင်းတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ မြန်မာစစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ခြင်း၊ လတ်တလောအခြေအနေအရ ထိုင်း-မြန်မာနယ်စပ် ဒေသများ၌ စစ်ဆင်ရေး ဆင်နွဲနေမှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“နောက်ထပ်တခုကတော့ ဒီကြားမှာပဲ နအဖ ကနေပြီးတော့မှ ကျနော်တို့ နယ်စပ်တွေကို စစ်ဆင်ရေး ထိုးနေတဲ့ကိစ္စတွေကို ကျနော်တို့က လက်တုန့်ပြန်တယ်ဆိုတဲ့ အနေနဲ့လည်း ပါပါတယ်ခင်ဗျ။ အထူးသဖြင့်တော့ အခု ကျနော်တို့ လင်းခေးမြို့နယ်မှာဆိုရင် ကျနော်တို့ ဒီ ပန်တ၀ီးတို့ ပန်ကပီးတို့ အဲဒီဖက်မှာရှိတဲ့ ကျနော်တို့ ပအိုဝ်းရွာတွေကို ဖြတ်လေးဖြတ် လုပ်ပြီးမှ မောင်းထုတ်နေတဲ့ကိစ္စတွေကို နအဖ တပ်တွေအနေနဲ့ ရပ်တန်းက ရပ်ဖို့ အဲတာကိုလည်း အဓိက အကောင်အထည် ဖော်လိုက်တာ ဖြစ်တယ်။”

ယခုတိုက်ပွဲနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး ကိုဆက်သွယ်မေးမြန်း သော်လည်း အတည်မပြုနိုင် သေးကြောင်း ပြောဆို သည်။

ပအိုဝ်းအမျိုးသားတပ်မတော် (PNLA) သည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့(ရလလဖ) မှ ၂၀၀၇ ခုနှစ် ဇွန်လတွင် ခွဲထွက်၍ စစ်အစိုးရအား လက်နက် ကိုင် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။


ပြဿနာပေါင်းစုံ၏ထွက်ပေါက်

နိုင်ဟံသာ

ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာ နိုင်ငံတွင် လက်တွေ့ အားဖြင့် တည်ရှိ နေသော အာဏာရ စစ်တပ်အုပ်စု၊ စီမိုကရေစီ ရရှိရေး အတွက် ဦးစား ပေး ဖွဲ့စည်း ထားသော နိုင်ငံရေး အဖွဲ့စည်းအုပ်ချုပ်စုနှင့် ဗမာ မဟုတ်သော တိုင်းရင်းသား လူမျိုးစု အဖွဲ့ အစည်းများ အုပ်စု၊ ဤအုပ် စုသုံး စုတို့၏ ကိုယ်စားလှယ်များ နိုင်ငံရေး အရ တွေ့ဆုံဆွေး နွေးခြင်း ဖြင့်သာ ယနေ့ ပြဿနာ ပေါင်းစုံကို ပြေလည်အောင် ကိုင်တွယ် ဖြေရှင်း နိုင်လိမ့်မည် ဖြစ်သည်။

ဤဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးအပါအဝင် ကမ္ဘာ့နိုင်ငံများ၊ မြန်မာပြည်အရေး ကို နားလည်သော နိုင်ငံတကာရှိ နိုင်ငံရေးပညာရှင် ကြီးများ၊ မြန်မာပြည်ရှိ ဝါရင့် နိုင်ငံရေး ခေါင်းဆောင်းများ၊ နိုင်ငံရေး ပါတီများနှင့် တိုင်း ရင်း သားပါတီ အဖွဲ့အစည်း အသီး သီးတို့က တောင်းဆိုနေကြသည်။ ဤသို့တောင်းဆိုနေကြခြင်းသည် ဤနည်းဖြင့် တွေ့ဆုံ ဆွေးနွေး ဖြေရှင်းခြင်းဖြင့် ပြဿနာကြီးများကို အရင်း အမြစ်ကနေ ဖြေရှင်း နိုင်မည်ဟု ယုံကြည်နေ ကြသော ကြောင့်ဖြစ်သည်။

အဘယ်ကြောင့် ထိုသို့တူညီစွာ ရှုမြင်နေကြသနည်း။ ခိုင်လုံသော အကြောင်းရင်းခံများ ရှိနေပါသည်။ သို့သော် အချို့ သောသူတို့က ဤအမြင်ကိုငြင်းပယ်နေကြသည်။ ၎င်းတို့သည် စစ်တပ်က လက်ရှိအာဏာကို ချုပ်ကိုင်ထားသူများ ဖြစ်ပြီး၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရထားသည်။ ထို့ကြောင့် ဤနှစ်ဖွဲ့ဆွေးနွေးဖြေရှင်းလျှင် ပြည့်စုံလုံလောက်သည်ဟု ဆိုကြသည်။ ဤ အယူအဆကို ဆုပ်ကိုင်ထားကြသူများမှာ စင်စစ်အားဖြင့် တိုင်းရင်းသားလူမျိုးစုအပေါ် ဗမာလူမျိုးတို့ တလျှောက်လုံး လွှမ်းမိုး ချယ်လှယ်ခွင့် ရလာနေသည်ကို လက်မလွတ်လိုသော အရင်းခံဆန္ဒကြောင့် ဖြစ်သည်။

၎င်းဆန္ဒကိုရိုးသားပွင့်လင်းစွာ မဖော်ထုတ်ဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် မတရားမှန်းသိနေကြပြီး ကိုယ်ကျိုးဆန္ဒကို လည်း ဖြည့်ဆည်းလိုနေခြင်းကြောင့် အခြားသောစကားလုံးများဖြင့် ငြင်းပယ်နေကြခြင်း ဖြစ်သည်။ အကယ်၍ ရွေး ကောက်ပွဲအနိုင်ရ အမတ်ဦးရေအပေါ် အခြေခံတွက်ချက်လျှင်လည်း တိုင်းရင်းသားအဖွဲ့အစည်းများဖြင့် စုပေါင်းထား သော် “ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်” (UNLD) နှင့် မဟာမိတ်တိုင်းရင်းသား အဖွဲ့တို့က ဒုတိယအမတ်ဦးရေများဆုံး အနိုင်ရထားသည်။ ထို့ကြောင့်ငြင်းပယ်ချန်ထားခြင်းဖြင်း တရားမျှတမည်မဟုတ်ပေ။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းသည် ဖြစ်ရှိနေသော နိုင်ငံရေးပြဿနာများကို ပြေလည်စေလို၍ ဖြစ်သည်။ နိုင်ငံရေးပြဿနာအပိုင်းမှ ချဉ်းကပ်ကြည့်လျှင် ပြည်တွင်းစစ်အနှစ်ငါးဆယ်ကျော်ကို ပြန်လည်သုံးသပ်ရန် လိုလိမ့်မည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသောနှစ်တွင်ပင် ပြည်တွင်းစစ်စခဲ့သည်။ ထိုစဉ်ကတည်းက အစိုးရကို လက်နက်ကိုင် ဆန့် ကျင်တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသားအဖွဲ့အစည်းများသည် ဒီမိုကရေစီရေး၊ အတန်းအစားအရေးအပေါ် အခြေခံသည့် အဖွဲ့အစည်းတို့ထက် အရေအတွက်များခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ယနေ့အထိ (၅၃) နှစ်ကျော် လူမျိုးစုအဖွဲ့အစည်းများနှင့် ဖြစ်ပွားနေသော တိုက်ပွဲမှ သေနတ်သံများကို တစ်ပတ်၊ တစ်လ မခြား ကြားနေရသည်။ ယခုအချိန်တွင် တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်း တော်တော်များများနှင့် အပစ်အခတ်ရပ်စဲထားသော်လည်း တိုင်းရင်းသားနယ်မြေအတော်များများ တွင် သေနတ်သံများကြားနေရဆဲ ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးသက်သက်သည် ဖြစ်ရှိနေသော ပြဿနာများကို ပြေလည်စေနိုင်မည်မဟုတ်ကြောင်း အများသိပြီးလည်း ဖြစ်ပါသည်။

၁၉၅၈ ခုနှစ်တုန်းက ဝန်းကြီးချုပ် ဦးနုခေါင်းဆောင်သော ပထစ အစိုးရသည် မွန်၊ ရခိုင်၊ ပအိုဝ့်လူမျိုးစုအဖွဲ့များနှင့် သဘောတူညီမှုရပြီး ၎င်းအဖွဲ့များလက်နက်စွန့်ခဲ့ကြသော်လည်း မကြာသေးမီအချိန်ကလေးမှာပင် ၎င်းတို့၏ တော်လှန် သောသေနတ်သံများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများနှင့် အာဏာရအစိုးရအဆက် ဆက်အကြား ပြဿနာသည် သေးမွှားသော ပြဿနာမဟုတ်ပေ။

အချို့သောသူတို့သည် လူမျိုးရေးပြဿနာကို အလေးအနက်မထားကြ။ လူမျိုးရေးပြဿနာသည် လူတန်းစားပြဿနာ၏ လက်အောက်ခံဖြစ်သည်ဟု ဆိုသည်။ လူအချို့တို့ကလည်း လူမျိုးရေးပြဿနာသည် ဒီမိုကရေစီရေး ပြဿနာ၏ လက် အောက်ခံ ဖြစ်သည်ဟု ဆိုကြပြန်သည်။ ထိုသူတို့က လူတန်းစားပြဿနာ ဒီမိုကရေစီရေးပြဿနာတို့ကို ပြေလည် အောင် ဖြေရှင်းနိုင်ပါက လူမျိုးရေးပြဿနာသည် အလိုလိုပြေလည်သွားမည်ဟု ထင်မြင်ပြောဆိုနေကြသည်။ ၎င်းတို့ သည် လူမျိုးရေးပြဿနာ၏ အတိမ်အနက်ကို တကယ်မမြင်၍လား သို့တည်းမဟုတ် အရေးမပေးလို၍လား ဆိုသည်ကို ၎င်းတို့ကိုယ်တိုင်သာ သိကြပေလိမ့်မည်။

ကျွန်ုပ်၏အမြင်ကား ၎င်းတို့နှင့် လုံးဝခြားနားပါသည်။ လူမျိုးရေးဆိုင်ရာ ပြဿနာသည် လေးနက်သည်၊ ခိုင်မြဲသည်။ မည်သည့်ပြဿနာ၏ လက်အောက်ခံမဟုတ်ပေ။ တသီးတခြားမားမားမတ်မတ် ရပ်တည်နေသည်။ ဘာသာရေးပြဿနာ သည် ကမ္ဘာတခွင်ရှိ ဘာသာတူများ၏ စာနာထောက်ခံမှုကို ရရှိနိုင်သဖြင့် အရှိန်သြဇာကောင်းတတ်သည်။ အိမ်နီးချင်း နိုင်ငံတစ်ချို့တွင် ရောက်ရှိနေသော လူမျိုးတူများ၏ စာနာမှုကို ရရှိနိုင်သော်လည်း ဘာသာရေး၊ လူတန်းစားရေး တို့နှင့် စာလျှင် ပြင်ပစာနာထောက်ပံ့မှုနည်းပေသည်။ ကိုယ်အားကိုယ်ကိုး ဖြေရှင်းကြရသော ပြဿနာမျိုးဟု ဆိုနိုင်သည်။

လူမျိုးဟူသည်ကား နှစ်ပေါင်းရာ၊ ထောင်ချီပြီး နီကပ်စွာ အတူနေထိုင် ပေါက်ဖွားလာသော ဘဝတူကံကြမ္မာတူ လူအဖွဲ့ အစည်းဖြစ်သည်။ သမိုင်းမတင်မီအချိန်မှသည် ယနေ့အထိ ဖြစ်ပေါ်ခဲ့သော လူအဖွဲ့အစည်းအချင်းချင်းအကြား ပဋိပက္ခ များတွင် အခြားအကြောင်းအချက်များ ပါဝင်နေသော်လည်း လူမျိုးရေးအခြေခံမှ ကင်းလွတ်ခြင်းနည်းပါးပါသည်။ နယ်မြေလုယက်မှု၊ ဈေးကွက်လုယက်မှု တို့သည် လူမျိုးရေးအပေါ် အခြေခံမှုတစ်ဝက်ကျော် ပါဝင်သည်။ ခေတ်ဟောင်း ကိုလိုနီ နယ်ချဲ့စစ်ပွဲများတွင် လူမျိုးရေးအပေါ် အခြေခံမှုများစွာ ပါဝင်နေသကဲ့သို့ ငွေအရင်းအနှီးအပေါ် အခြေခံသော ခေတ်သစ်နယ်ချဲ့စနစ်တွင်လည်း လူမျိုးရေးအပေါ် အခြေခံမှုပါရှိသည်။ ကမ္ဘာ့ပေါ်ရှိလူ့အဖွဲ့အစည်းများကို အထင်ရှားဆုံး စည်းခြားထားရာ နိုင်ငံများသည် မတူကွဲပြားသောလူမျိုးများဖြင့် ဖွဲ့စည်းထားကြသည်။ လူမျိုးတူနိုင်ငံကွဲဟူ၍ အလွန် နည်းပါးပါသည်။ ဘာသာရေးအရ မည်သို့ပင်တူညီစေကာမူ လူမျိုးမတူက နိုင်ငံတစ်ခုအဖြစ် မပူးပေါင်းကြ။ အတန်း အစားတူများ အကြားတွင်လည်း ထို့အတူပင်ဖြစ်သည်။ ထို့ကြောင့် လူမျိုးရေးအစွဲသည် ဘာသာရေး၊ အတန်းအစားရေး ထက် လေးနက်သည်ဟု ဆိုရပါမည်။

ယနေ့ကမ္ဘာတွင် လူမျိုးရေးပဋိပက္ခသည် အားလျော့သွားခြင်းမရှိ၊ ပို၍ပင် ရှေ့တန်းရောက်လာနေသည် (Globalization) ဂလိုဘယ်လိုင်ဇေးရှင်း ခေါ် ကမ္ဘာလွှမ်းပတ်ယှက်နွယ်မှု ခေတ်ကာလတွင် အဓိကအားဖြင့် စီးပွားရေး၊ ယဉ်ကျေးမှုတို့၌ ဆက်စပ်လွှမ်းခြုံမှုမည်သို့ရှိစေ၊ မိမိလူမျိုးကို လွှမ်းမိုးသွားခြင်း မရှိအောင် ကာကွယ်နေကြသည်။ နိုင်ငံတစ်ခုတွင် အာဏာရလူမျိုးစုဖြစ်သော လူမျိုးက အခြားလူမျိုးများအပေါ် လူမျိုးရေးအရ လွှမ်းမိုးဝါးမျို လိုကြသည်။ သို့သော် ကမ္ဘာ လွှမ်းပတ်ယှက်နွယ်မှုအရ အခြားလူမျိုးကြီးတို့၏ ဝါးမျိုမှုကို ရင်ဆိုင်လာရသောအခါ မိမိတို့လူမျိုးကို ကာကွယ်ထိန်းသိမ်း ရန် ကြိုးပမ်းလာနေကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင် စစ်တပ်အစိုးရသည် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို တိုင်းနှင့် ပြည် နယ်အလိုက်ခေါ်ယူပြီး ငွေကုန်ကြေးကျများစွာခံကာ ကျင်းပနေကြသည်။ ဤသည်လည်း လူမျိုးရေးအခြေခံစိတ်ဓါတ်၏ လေးနက်မှုပင်ဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် ကျွန်ုပ်တို့ကိုယ်တိုင်ပါဝင်ပြီး ပြဿနာများကို နည်းပေါင်းစုံဖြင့် ဖြေရှင်းခဲ့ကြသည်။ ပြဿနာဖြေရှင်း ရေး နည်းပေါင်းများစွာအနက် လက်နက်ကိုင်ဖြေရှင်းနည်းသည် အဆင့်အမြင့်ဆုံးနှင့် အရှည်ကြာဆုံးဖြစ်သည်။ နှစ်ပေါင်း (၅၀) ကျော်ဖြေရှင်းခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ ပြေလည်စရာ အလားအလာ မမြင်တွေ့ရသေးပေ။ ၁၉၅၈ ခုနှစ်တွင် ဦးနု၏ (ပထစ) အစိုးရသည် ဒီမိုကရေစီကို ပိုမိုကျယ်ပြန့်အောင် လမ်းဖွင့်ပေးပြီး နိုင်ငံရေးအရ ဖြေရှင်း ရန် ကြိုးပမ်းခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခများ အရှိန်လျော့ကျလာပြီး နိုင်ငံရေးအရ လှုပ်ရှားမှု အရှိန်ကောင်းလာ သည်။ ဤသို့ အရှိန်အဟုန်အားကောင်းလာသည်ကို စစ်တပ်ကမလိုလားသဖြင့် အာဏာသိမ်းခဲ့သည်။ စစ်ရေးအရ အရှိန်မြင့်ပြီး ဖြေရှင်းခဲ့သည်။ ရလာဒ်ကားနှစ်ဖက်စလုံး အင်အားပိုမိုကြီးမားလာပြီး တိုက်ပွဲများနေရာအနှံ့ ကျယ်ပြန့်လာ ကာ စစ်ပွဲ၏အနိဌာရုံများကို ပြည်သူများခါးသီးစွာ ခံစားလာခဲ့ရသည်။

၁၉၇၀ ခုတွင် ပေါ်ပေါက်ခဲ့သော ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီသည်နိုင်ငံခြားအရင်းရှင်းများ၏ အားပေးကူညီမှုကို အတော်အတန်ရရှိခဲ့သည်။ လူမျိုးစုအဖွဲ့အစည်းများကိုကား မည်သည့်နိုင်ငံကမှ ပေးကမ်းခြင်းမရှိ။ ဗကပနှင့် ပူးပေါင်း လျှင် ဗကပ ပေးကမ်းသမျှကိုသာရရှိပြီး လုံးပါးပါး ပျောက်ကွယ်သွားသည်။ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ခေါင်းထောင်ခဲ့သော ဗကပသည်လည်း ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် ဦးကျိုး၍ မြေလျှိုးခဲ့ရသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာကား မိမိလူမျိုးနှင့် မိမိပြည်သူများ၏ ထောက်ပံ့ပေးမှုဖြင့် ခက်ခဲစွာရုန်းကန်ခဲ့ရသော် လည်း ပန်းပန်မြဲပင်။ ဤသည်မှာလည်းလူမျိုးရေးအခန်း၏ လေးနက်မှုသာဓကတစ်ရပ်ပင်ဖြစ်သည်။

ယခုခေတ်ယခုအခါသည် ဒီမိုကရေစီခေတ်ကာလဖြစ်သည်။ ဒီမိုကရေစီသည်ကား ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်။ ဒီမိုကရေစီပျိုးပင်ကို ကျနော်တို့ ပြည်ထောင်စုမှာ စိုက်ပျိုးခဲ့ဘူးပါသည်။ သို့သော်ကြာရှည်မရှင်သန်နိုင်ခဲ့ပါ။ အဘယ် ကြောင့်နည်း။ ဤနည်းနှင့် ဤရာသီမျိုး ဒီမိုကရေစီ ပျိုးပင်များ ပေါက်ပွားကြီးပြင်းနိုင်ရန် လိုအပ်နေသည့် နေရောင် ကာပင် (အရိပ်ပင်) သို့မဟုတ် တွယ်တက်ရန်အပင်ဖြစ်သော တိုင်းရင်းသားလူမျိုးများအတွက် လူမျိုးရေးအရ တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပင်များကို ပေါက်ခွင့်မပေး၊ ခုတ်ထွင်ဖယ်ရှင်းထားသောကြောင့် ဖြစ်သည်။ ၁၉၆၂ ခုနှစ် မတ်လ(၂) ရက်နေ့ စစ်တပ်မှ အာဏာသိမ်းခြင်းသည် အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရှင်သန်ခွင့်မပေးလို၍ဖြစ်သည်။ ထိုအခွင့်အရေးကို ဖျက်ဆီးရင်း ဒီမိုကရေစီအခွင့်အရေးများ လည်း ပျက်ပြားခဲ့ရပြီးဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ခြင်းကို ထည့်တွက်ခြင်းမပြုဘဲ ဒီမိုကရေစီရေး သက်သက် ဖြင့် ပြဿနာများကို မဖြေရှင်းနိုင်။ ပြည်တွင်းစစ်ကို မရပ်တန့်နိုင်ပါ။ ဖြစ်ရှိနေသော နိုင်ငံရေးပြဿနာများနှင့် လက်နက် ကိုင်ပဋိပက္ခများကို မဖြေရှင်းနိုင်ပါက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လူမှုလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများသည် လည်း မရှင်သန်နိုင်ပေ။ ကျွန်ုပ်တို့နိုင်ငံ၏ ထူးခြားမှုတစ်ရပ်ဖြစ်သော ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများ၏ ဦးရေသည် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိနေခြင်း၊ ထိုလူမျိုးစုများ နေထိုင်သော နယ်မြေများသည် ပြည်ထောင်စု တစ်ခုလုံး၏ ငါးပုံသုံးပုံကျော်ရှိနေခြင်း၊ ထိုလူမျိုးများစုအနက် သမိုင်းကြောင်းအရ လွတ်လပ်ထင်ရှားစွာ နေထိုင်လာခဲ့ ကြသည်က များပြီး ယနေ့အထိ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင်းကို လိုလားတောင်းဆိုနေသည့် လူမျိုးများဖြစ်နေခြင်း တို့သည် ထူးခြားမှုဖြစ်သည်။

ထို့ကြောင့် ဤနေရာမျိုး ဤအခြေအနေမျိုးများ၏အရေးကို နောက်ချန် (သို့မဟုတ်) ဘေးဖယ်ထားပြီး နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ပါက အချိန်ကုန်၊ လူပန်း၊ သံသယများကို ပို၍ တိုးပွားစေရုံသာ ဖြစ်မည်။ ထို့ကြောင့် ပြဿနာများကို အမှန်တကယ်ဖြေရှင်းလိုသောဆန္ဒရှိပါက “သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်း” သည်သာ ပြေလည်မှုကို ပေးဆောင်နိုင်သော ထွက်ပေါက်ဖြစ်ကြောင်း အိပ်ပျော်ယောင်ဆောင်နေသူများကို ထပ်မံလှုပ်နှိုး တင်ပြပါသည်။

ရှမ်းစော်ဘွားများ အာဏာစွန့်ပြီး နှစ်ပေါင်း ၅၀ အကြာ

မေကျော်

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန် အတွက် ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ရှမ်းစော်ဘွားများ အားလုံးက စော်ဘွား အာဏာကို စွန့်လွှတ်ခဲ့ ပါသည်။ သို့သော် ယင်းသို့ စွန့်လွှတ်ပြီး နှစ်ပေါင်း ၅၀ ကြာ ယနေ့တိုင် သူတို့ မျှော်လင့် ယုံကြည်ခဲ့သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်မလာခဲ့။ စော်ဘွား အာဏာစွန့် သည့် အနှစ် ၅၀ ပြည့်နေ့ နှင့် ပတ်သက်၍ ရှမ်းသံတော်ဆင့် သတင်း ဌာန၏ လက်ထောက်အယ်ဒီတာ ရှမ်းအမျိုးသား တဦးဖြစ်သူ ဦးစိန်ကြည်နှင့် ဆက်သွယ် မေးမြန်း ထားပါသည်။

၁။ စော်ဘွားတွေ ဘာကြောင့် အာဏာ စွန့်ခဲ့တာလဲ။

အဲဒီတုန်းက ရှမ်းပြည်မှာ ရှမ်း အပါအဝင် ပအိုဝ့်၊ ပလောင်၊ ဝ၊ ဓနု စသဖြင့် သက်ဆိုင်ရာ စော်ဘွားနယ်တွေ ရှိတယ်။ အားလုံး ၃၄ နယ်ပေါ့။ အဲဒီတုန်းက ၅၉ ခုနှစ်ဆိုတော့ ဦးနုက ဦးနေဝင်းကို အိမ်စောင့် အစိုးရ အဖြစ် ခဏ အာဏာလွှဲပေးထားတဲ့ အချိန်။ ဖဆပလ အာဏာလုနေ ကြတဲ့ အချိန်ပေါ့။ အဲဒီ အချိန်မှာလည်း ရှမ်းပြည် အစိုးရ ရှိတာကိုး။ အဲဒီကမှ နောက် ဒီမိုကရေစီ ကျကျ အုပ်ချုပ်မယ့် ရှမ်းပြည် အစိုးရ အဖြစ် နောင်အနာဂတ်မှာ ပေါ်ပေါက်လာဖို့ စော်ဘွားတွေ နယ်ရှင် ပယ်ရှင်တွေ အုပ်ချုပ်တဲ့ စနစ်ကနေ လူထု အစိုးရ ဒီမိုကရေစီ အစိုးရ လက်ထဲကို အာဏာလွှဲပြောင်းတဲ့ သဘောကူးပြောင်းတာ။ အနှစ်သာရက အဲဒါ ဆိုချင်တယ်။

နောက်ပိုင်းတော့ မဟာဗမာ စိတ်ဓာတ်ရှိတဲ့ စစ်အုပ်စု ဗိုလ်နေဝင်းက ဖြစ်ဖြစ် တခြားသမိုင်းကြောင်း ကောင်းကောင်း မသိတဲ့သူတွေကဘဲ ဖြစ်ဖြစ် ရှမ်းနဲ့ ဗမာ၊ ရှမ်း အချင်းချင်း သွေးကွဲအောင် လုပ်လာတယ်။ စော်ဘွားတွေက ပအိုဝ့်၊ ပလောင်၊ ဝ စတဲ့ တိုင်းရင်းသားတွေနဲ့ တိုင်းပြည်ကို ဗမာအစိုးရ နဲ့ ဗမာ အာဏာပိုင်တွေ လက်ထဲ ရောင်းစားလိုက်တယ်လို့ ပြောလာတယ်။ ဒီဖားတပိုင်း ငါးတပိုင်း ပြည်ထောင်စု ကနေ တန်းတူ ညီမျှတဲ့ တရားမျှတတဲ့ ပြည်ထောင်စု ဖက်ဒရယ် ပြည်ထောင်စု တခု အဖြစ် ကူးပြောင်းနိုင်အောင် နယ်ရှင် ပယ်ရှင်တွေ အုပ်ချုပ်တဲ့ စော်ဘွားစနစ်ကနေ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရ လက်ထဲကို အာဏာလွှဲပြောင်း ပေးလိုက်တယ်လို့ ကျနော်တို့ နားလည်တယ်။

အာဏာစွန့်လွှတ်ဖို့ စစ်အာဏာနဲ့ တစိတ်တပိုင်း နောက်ကွယ်ကနေ ဖိအားပေးတာတွေ ရှိချင် ရှိနေနိုင်တာပေါ့။ ခြိမ်းချောက်တာတွေ ရှိခဲ့တယ်လို့လဲ ကြားရတာတွေ ရှိပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်က စော်ဘွားတွေရဲ့ အနာဂတ် မျှော်မှန်းချက် ကတော့ နယ်ရှင် ပယ်ရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းဖို့ဘဲ။

စော်ဘွားတွေနဲ့ သာမန်အရပ်သားတွေရဲ့ ဆက်ဆံရေး ကရော ဘယ်လိုရှိခဲ့ ပါသလဲ။

ဆက်ဆံရေး ကတော့ တခြား နယ်ရှင် ပယ်ရှင် ပဒေသရာဇ် တိုင်းပြည်တွေနဲ့ တချို့နေရာတွေမှာ ကွာမယ်။ တချို့နေရာတွေမှာ တူမှာပေါ့။ ဒါပေမယ့် အရှင်သခင်နဲ့ တိုင်းသူပြည်သားဆိုတာ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံ လူတန်းစား နှစ်ရပ်ကတော့ အဲဒီပုံစံ ရှိတာပေါ့။ ဒါပေမယ့် တိုင်းပြည် ငြိမ်သက် အေးချမ်းမှု၊ သခိုး ဓားပြ ကင်းမဲ့မှုတွေက အခုခေတ်ထက် အများကြီး သာတယ်။

ဘာကြောင့် စော်ဘွားဆိုတဲ့ နယ်ပိုင်အုပ်ချုပ်ရေးဟာ ဒီလောက်တောင် သက်တမ်းကြာရှည် တည်မြဲလာခဲ့တာလဲ။

အဲဒီ ခေတ်ကာလကကို နောက်ကြောင်းပြန်ပြီး သုံးသပ် ရမယ်ဆိုရင်တော့ လုံးဝ ဥဿုံ ရာနှုန်းပြည့် မဟုတ်ပေမယ့် အခု ခေတ်နဲ့ စာလို့ ရှိရင် တရားမျှတမှုတို့၊ အေးချမ်းသာယာမှုတို့ ၊ လွတ်လပ်စွာ သွားလာ လုပ်ကိုင် စားသောက်နိုင်မှုတို့ တစိတ်တပိုင်း ရှိလို့သာ ဒီစော်ဘွား စနစ်က၊ ပဒေသရာဇ် စနစ်က သက်ဆိုးရှည်တာလို့ တစိတ်တပိုင်း ပြောနိုင်တာပေါ့ဗျာ။

စော်ဘွားခေတ်ကုန်ဆုံးသွားခြင်းအားဖြင့် ရှမ်းပြည်သူတွေအပေါ် ဘယ်လို ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်စေခဲ့သလဲ။

ကောင်းကျိုး ဆိုတာက ခေတ်မီ ပညာတတ်တွေ မြို့နေ လူတန်းစားတွေ နိုင်ငံရေး အခြေခံ ရှိတဲ့ သူတွေ ကတော့ ဒီမိုကရေစီ စနစ်ကို တဆင့်ပြီး တဆင့် ကူးပြောင်းနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပေါ့။

နောက်ပိုင်း အခြေအနေက တမျိုးတဖုံ ဖြစ်လာတယ်။ စော်ဘွားတွေ အာဏာစွန့်ခဲ့ အချိန်ကာလ ၃ -၄ နှစ် အတွင်းမှာ တချို့ ပြည်သူလူထု အထူးသဖြင့် ကျေးလက်နေ ပြည်သူတွေ စနစ်ဟောင်းထဲမှာ ကျင်လည်ခဲ့ကြတဲ့ သူတွေကတော့ ငါတို့မှာ အရှင် သခင် မရှိတော့ဘူး။ တိုင်းတပါးက လာပြီး အုပ်ချုပ်တော့မယ်။ ငါတို့ အရှင်သခင်က မျှော်မှန်းထားတဲ့ အတိုင်း ဖြစ်လာမလား။ ကောင်းလာမလား ဆိုးလာမလား မရေမရာ ဖြစ်နေကြတဲ့ အချိန်ပါ။

အခု အချိန်ကျတော့ ရော အာဏာစွန့်ခဲ့ ရတာနဲ့ ပတ်သက် ပြီးတော့ ဘယ်လိုများ ဖြစ်နေကြ ပါသလဲ။

လုံးဝ နောင်တရတာပေါ့ဗျာ။ မဆလ ခေတ် ဒီဘက်ပိုင်းပေါ့။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းပေါ့။ မှန်းချက်နဲ့ နှမ်းထွက်က မိုးနဲ့ မြေ၊ ဆီနဲ့ ရေ ကွာသွားတာပေါ့ဗျာ။

ရှမ်းပြည်မှာ စော်ဘွားတွေအချင်းချင်း ဘယ်လိုမျိုး ဆက်စပ်အုပ်ချုပ်မှုတွေ လုပ်ခဲ့သလဲ။

အခု ခေတ်စကားနဲ့ ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး၊ အချင်းချင်း ပဍိပက္ခ ဝင်မစွက်ရေးတို့ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် မှီခိုမှုတို့၊ အပြန်အလှန် ယုံကြည်မှုတို့ အပြန်အလှန် ထောက်ကူ ပံ့ပိုးမှုတို့ကို အခုခေတ်လို ပါးစပ်နဲ့ တဖွဖွ မပြော မရေးပေမယ့် အဲဒီခေတ် တုန်းက သူတို့ လက်တွေ့ အကောင်အထည် ဖော်နိုင်တယ်လို့ ထင်တယ်။

သူတို့က အချင်းချင်း မကျူးကျော်ရဘူး။ တခါတလေ ပဍိပက္ခ ပြဿနာရှိရင် ရှိမယ်။ ဒါပေမယ့် အားလုံးကို ခြုံလိုက်ရင် ပြည်နယ် တခုနဲ့တခုက ဒီ၃၄ ပြည်နယ်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်တယ်။ ရှမ်းပြည်ထဲမှာ ပြည်ထောင်စု ရှမ်းပြည် အဖြစ် အဲဒီတုန်းက ငြိမ်းငြိမ်းချမ်းချမ်း အတူ ပူးပေါင်းနေနိုင်ခဲ့တယ်။

စော်ဘွားကတဆင့် မြို့ပြနဲ့ ပြည်ထောင်စု အုပ်ချုပ်ရေးတွေအတွင်း ဘယ်လို ခေါင်းဆောင် တွေအဖြစ် ပေါ်ပေါက်ခဲ့ဖူးလဲ။

ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ဆိုရင် တကယ် စစ်မှန် သန့်စင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို မျှော်မှန်းခဲ့တဲ့ ပုဂ္ဂိုလ်ဘဲ။ ဒါကြောင့်မို့ တချို့ အချင်းချင်း အမြင်ကျဉ်းတယ်လို့ ပြောကြတဲ့ လုံးဝလွတ်လပ်ရေး လိုချင်တဲ့ တချို့ ရှမ်းတွေ လူပုဂ္ဂိုလ်တွေ အဖွဲ့တွေက ရှိခဲ့တယ်။ အခုတော့ နည်းသွားပါပြီ။

နောက် ဦးနုခေတ်က နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူခဲ့တဲ့ မိုးမိတ် စော်ဘွား စဝ်ခွန်ချို တို့လိုပေါ့။ သူတို့ ကတော့ တကယ့်စစ်မှန်တဲ့ တန်းမီတဲ့ ပြည်ထောင်စု တည်ထောင်မယ်ဆိုပြီး အဲဒီတုန်းက ဗမာခေါင်းဆောင်တွေကို ယုံယုံကြည်ကြည် ပူးပေါင်းခဲ့တာကိုးဗျ။

လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီစနစ်အောက်မှာ ပြည်ထောင်စုအစိုးရက စော်ဘွားတွေ အပေါ် ဘယ်လို သဘောထားခဲ့လဲ။

အဲဒီ ကဏ္ဍကတော့ ကျနော်ထင်တယ် အခန်းကဏ္ဍ ၃- ၄ ခုရှိချင်ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တချို့ ဗမာနိုင်ငံရေး ခေါင်းဆောင်တွေက စော်ဘွားတွေကို တန်းတူစွာ ဆက်ဆံတယ်။ တခြား ပြည်နယ်ခေါင်းဆောင် တွေကိုရောပေါ့ လေးလေးစားစား ဆက်ဆံတာတွေ ရှိတယ်။ အတူ ပူးပေါင်း နေထိုင်လိုတဲ့ တန်းတူညီမျှမှု ရှိတဲ့ ပြည်ထောင်စု ကို တည်ဆောက်လိုတဲ့ တချို့ ဗမာခေါင်းဆောင်တွေ ရှိသလို တချို့တွေကျတော့ နည်းသည် ဖြစ်စေ များသည် ဖြစ်စေ မဟာလူမျိုးကြီး ဝါဒရှိတဲ့ ဗမာခေါင်းဆောင်တွေရဲ့ သဘောထားက တမျိုးရှိမှာပေါ့။

ဘယ်ဘက်ကများ ပိုများနိုင်မလဲ။

ဦးနုခေတ်ကတော့ ဘယ်ဟာနည်းတယ် များတယ် ဆိုတာကတော့ ဆုံးဖြတ်ရခက်ပါတယ်။ ဦးနု ကိုယ်တိုင် ကတော့လဲ ကျနော်တို့ တောင်ပေါ်သား ပြည်နယ်သား ပြည်နယ် ခေါင်းဆောင် တွေရဲ့ သုံးသပ်ချက် အရတော့ သူက ယေဘူယျ တလျှောက်လုံး သုံးသပ်ရင်တော့ မျှတတယ်ပေါ့။ နောက်ပိုင်းမှာ သူက ဗလောင်းဗလဲ ဖြစ်လာတဲ့ အပိုင်းတွေ ရှိတယ်။ သူက ရပ်တည်မှု သိပ်မခိုင်တဲ့ အပိုင်းတွေ တွေ့လာရတယ်။ နောက်ပိုင်းမှာ တွေ့လာတာ။ ဒါပေမယ့် ဦးဘဆွေတို့ ဦးကျော်ငြိမ်း တို့ကျတော့ ဗမာပဲ ဦးဆောင်တဲ့ ပြည်ထောင်စုမျိုး အကိုကြီး ပုံစံမျိုးပေါ့ တန်းတူတဲ့ မျှတတဲ့ ပုံစံနဲ့ ဆက်ဆံပေမယ့် စိတ်နေစိတ်ထား နည်းတယ်လို့ သူတို့က ပြောကြတယ်လေ။

စော်ဘွားစနစ်နဲ့ အုပ်ချုပ်တုန်းက ပြည်မနဲ့ ဘာတွေများ ကွာခြားပါသလဲ။

ဖွံဖြိုးတိုးတက်မှု ပညာရေး၊ ကျန်းမာရေး ကဏ္ဍမှာတော့ ပြည်မနဲ့ စာလို့ရှိရင် အများကြီး ခေတ်နောက်ကျ တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ အင်္ဂလိပ် ခေတ်ကတည်းက ပါလီမန် ဒီမိုကရေစီခေတ် မှာဘဲ ဖြစ်ဖြစ် ခုချိန်ထိ မြေပြန့် ဒေသမှာ လုပ်တဲ့ ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေး Infrastructure ( အခြေခံ အဆောက်အဦ ) က ပြည်နယ်ထက် ဦးစားပေး တယ်လို့ ပြည်နယ်သားတွေက ကျနော်အပါအဝင် အဲလို ခံစားရတာကိုး။

ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာ စော်ဘွားအုပ်ချုပ်ရေးနဲ့ မဆိုင်ဘူးလို့များ ဆိုလိုချင် ပါသလား။

မဆိုင်ဘူးလို့ ပြောနိုင်တယ်။ စော်ဘွားကလည်း သူတို့တတ်နိုင် သလောက် သူတို့ လုပ်တာဘဲ။ သူတို့ ပြည်သူလူထု ကြီးပွားချမ်းသာဖို့၊ ပညာရေး၊ ကျန်းမာရေးတွေ ကောင်းကောင်း အဆင့်မီလာအောင် သူတို့ ကလည်း ရည်မှန်းချက် ရှိတာဘဲ။ ဒါပေမယ့် သူတို့ လုပ်နိုင်တဲ့ အပိုင်းက တချို့စော်ဘွားက နည်းနည်း လုပ်နိုင်တယ်။ တချို့ စော်ဘွားက များများ လုပ်နိုင်တယ်။ သူ့အတိုင်း အတာနဲ့သူတော့ ကွာမှာပေါ့။

ထူးခြား ထင်ရှားဆုံး ဖြစ်တဲ့ ရှမ်းစော်ဘွားတွေက ဘာကြောင့် အဲဒီလို ထူးခြားထင်ရှားခဲ့ ရတာလဲ။

လွတ်လပ်ရေး မရခင် ဒုတိယ ကမ္ဘာစစ် ပြီးတဲ့ အချိန်က စပြီးတော့ နာမည်ကြီးလာတာ ကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အတူ ကျဆုံးခဲ့တဲ့ မိုင်းပွန်စော်ဘွား စဝ်စံထွန်းတို့ ၊စဝ်ရွှေသိုက်တို့ စဝ်ခွန်ချိုတို့ပေါ့ ။ မိုင်းပွန် စော်ဘွားတို့ မိုးနဲ စော်ဘွားတို့ပေါ့။ သိန္နီ စော်ဘွားတို့ပေါ့။

အင်္ဂလိပ် ခေတ်ကတည်းက သူတို့က လူဝင်ဆံ့တာပေါ့။ လူရာဝင်တာပေါ့။ တခြား နယ်တွေက နယ်မြေ ဒေသ မကြီးတဲ့ စော်ဘွားတွေကတော့ သူတို့ Background အပေါ်မူတည်ပြီးတော့ ဗမာပြည်ဖြစ်ဖြစ် ရှမ်းပြည် အဝန်းအဝိုင်းထဲက နိုင်ငံရေး လောက လူမှုရေးလောက ဖြစ်ဖြစ် ဝင်ဆံ့တာတော့ သူတို့က မျက်နှာငယ်တယ်လို့ ခံစားရရင် ခံစားရမှာပေါ့ အဲဒီတုန်းက။

စော်ဘွား အုပ်ချုပ်ရေးကို မလိုလားလို့ ပုန်ကန်ထကြွမှုတွေ ရှိခဲ့ပါသလား။

ရှိခဲ့ပါတယ်။ ပအိုဝ့် အမျိုးသားတွေပေါ့။ ကျနော် ကတော့ လူမျိုးရေး အရ အမျိုးသားရေး အရ မမြင်ဘူး။ ပအိုဝ့်က ရှမ်းကို တော်လှန်ပုန်ကန်တာ မဟုတ်ဘူး။ နိုင်ငံရေး အရ ပြောရမယ် ဆိုရင်တော့ ပဒေသရာဇ် စနစ်ကို မကြိုက်လို့ သက်ဦးဆံပိုင် ရေရှင် မြေရှင် စနစ်ကို သူတို့က ပြောင်းပစ်ချင်တယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ တော်လှန်ရေး လုပ်ခဲ့တယ်လို့ ကျနော် မြင်တယ်။

စော်ဘွား အုပ်ချုပ်မှု အာဏာ သက်ရောက်မှု အားကောင်း ခဲ့ပါသလဲ။ ဘာကြောင့် ပါလဲ။

အထူးသဖြင့် ကတော့ တရုတ်ပြည်မှာ မော်စီတုန်း ခေါင်းဆောင်တဲ့ ကွန်မြူနစ် ပါတီ အနိုင်ရပြီးတဲ့နောက် ရှမ်းပြည်ထဲကို ကူမင်တန် တရုတ်ဖြူတွေ အလုံးအရင်းနဲ့ ဝင်လာတာကိုး။ သူတို့ က လူသူ လက်နက် အင်အားပိုတောင့်တယ်။ စော်ဘွားပုံစံက အရင် ဘုရင်တွေ ပုံစံဘဲ အုပ်ချုပ်နေတော့ သူတို့က လူသူ လက်နက် မပြည့်စုံဘူး။ ပြည်ပက ဝင်လာတဲ့ တိုင်းတပါးသား တရုတ်ဖြူနဲ့ စာရင်တော့ အများကြီး ကွာတာပေါ့။ အဲတော့ တရုတ်ဖြူ စခန်းချတဲ့ နေရာ တွေဆိုရင် အထူးသဖြင့် ရှမ်းအရှေ့ပိုင်းပေါ့ ကျိုင်းတုံနယ်တို့ ရှမ်းပြည် အရှေ့မြောက်ပိုင်းတို့ တရုတ်ဖြူ ကြီးစိုးတဲ့ နေရာတွေမှာ တော့ စော်ဘွား အာဏာမသက်ရောက်ဘူး။ မထိရောက် ဘူးလို့ ပြောနိုင်တာပေါ့။

နောက်တခုက တရုတ်ဖြူတပ်တွေကို တိုက်ထုတ်ဖို့ ဦးနုက ပြည်ထောင်စု တပ်တွေပေါ့ ဗမာတပ်တွေပေါ့ စေလွှတ်လိုက်တယ်။ ၁၉၅၂ ခုနှစ် ကတည်းကပေါ့ အဲဒီဗမာ စစ်တပ်တွေ အခြေစိုက်တဲ့ မြို့တွေကတော့ စော်ဘွား အာဏာလျော့ကျ သွားတယ်လို့ ပြောနိုင်တာပေါ့။

လက်ရှိ စော်ဘွားတွေရဲ့ ဆွေစဉ်မျိုးဆက်တွေရဲ့ အနေအထားက ဘယ်လိုရှိပါသလဲ။

ကျနော် သိသလောက်တော့ စော်ဘွား သားသမီး အတော်များများဟာ ဗိုလ်နေဝင်း ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း ပြည်ပကို ရောက်သွားကြတာများတယ်။ မဆလ ခေတ်ဦးပိုင်းကပေါ့။ အဲဒီ မတိုင်ခင် ကလည်း သွားကြပါတယ်။ အများအားဖြင့်ကတော့ ပညာတော်သင်ပေါ့ ဗျာ။ ပညာတတ်ပြီးမှ ကိုယ့်တိုင်းပြည် ကိုယ့်နယ်မြေ အကျိုးဆောင်ရွက်နိုင်အောင် သွားကြတာ ခပ်များများ ပါပါတယ်။ ဥပမာ သီပေါ စော်ဘွား စဝ်ကြာဆိုင် တို့လိုပေါ့။ သူ့ကို ဗိုလ်နေဝင်းက မတ်လထဲမှာ အာဏာသိမ်းတဲ့နှစ်မှာ အစဖျောက်ပြစ်လိုက်တာဘဲ။ အဲလိုနောက်ပိုင်း ဗိုလ်နေဝင်းက အာဏာသိမ်းတော့ အကုန်လုံးကို သူက ချုပ်ကိုင် လိုက်တော့ တပါတီ အာဏာရှင် ဖြစ်သွားတော့ ခပ်များများကတော့ မလာတော့ဘူးလေ။ မလာတော့ဘူး ဆိုတာက ပြန်လာရင်လည်း ဗိုလ်နေဝင်း စည်းရုံးမှုအောက်မှာ ခေါင်းငုံ့ခံနေရမှာ။ သူတို့ ခိုင်းတဲ့ အတိုင်းလုပ်နေရမှာ။ စော်ဘွား စနစ် ပဒေသရာဇ် စနစ်လည်း မရှိတော့ဘူး ဆိုတော့ သူတို့လည်း ချိန်ဆကြည့်မှာပေါ့။ ပြည်ပမှာနေပြီး ကိုယ့်အမျိုးသားအရေး အတွက် ဒီမိုကရေစီ အရေးအတွက် လုပ်တာနဲ့ ပြည်တွင်းပြန်ပြီး လုပ်တာနဲ့ ဘယ်ဟာ ပိုပြီး လုပ်နိုင်မလဲ ဆိုတာ သူတို့ စဉ်းစားမှာပေါ့။

နောက်ပိုင်းမှာ သူတို့ ပြည်ပမှာ အခြေစိုက် နေသွားကြတာရှိပါတယ်။ ဒါပေမယ့် အခု နဝတ နအဖ ခေတ်မှာတော့ ပြန်ပေါ်လာကြပါတယ်။ ကိုယ့် အမျိုးသားအရေး အတွက် ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်လာကြတဲ့ စော်ဘွား မျိုးနွယ်တွေ စော်ဘွားသား သမီးတွေ အများကြီး ရှိပါတယ်။

ရှမ်းအမျိုးသားတွေရဲ့ သမိုင်းတန်ဖိုး ဖြစ်တဲ့ စော်ဘွားနန်းတွေ၊ အဆောက်အဦတွေ အနေအထားက ဘယ်လိုရှိပါသလဲ။

စော်ဘွားနန်းတွေ အဆောက်အဦးတွေ ကတော့ နအဖ ဗမာ စစ်အုပ်စုရဲ့ လက်ခုပ်ထဲမှာ ရှိနေတာဘဲ။ သူတို့ ပြုသမျှ နုနေရတာပေါ့။ ဥပမာ- အရင်က နိုင်ငံခြား ခရီးသည်တွေ ဝင်ထွက်ခွင့် ရှိတဲ့ သီပေါစော်ဘွားဟော် ဆိုရင် လုံးဝချိတ်ပိတ် ပစ်လိုက်ပြီ။ အဲဒီ ဟော်နန်ကိုစောင့်တဲ့ SNLD ဥက္ကဌ ခွန်ထွန်းဦးရဲ့ ဦးရီးတော် တော်ကိုလည်း ထောင်ချ ပစ်လိုက်တာဘဲ။ နောက် ကျိုင်းတုံဟော်ဆိုရင်လည်း ဖျက်ပစ်ပြီးတော့ ၉၁ ခုနှစ်မှာ။ အခုဆိုရင် ဟိုတယ် လုပ်ပစ်လိုက်တာဘဲ။ အရင်က ညောင်ရွှေစော်ဘွားဟော် ဆိုရင်လည်း အခု ဗုဒ္ဓပြတိုက် လုပ်ပစ်လိုက်တာဘဲ။

မျိုးချစ် ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ လူတွေကတော့ နှမြောတယ်၊ စိတ်နာတယ်၊ ယူကြုံးမရ ဖြစ်တယ် အဲဒါတွေ ရှိတာပေါ့။ နည်းတာ များတာ တိမ်တာ နက်တာ ဘဲ ကွာမှာပေါ့။

ဒီကနေ့အချိန် စစ်အုပ်ချုပ်ရေးနဲ့ စော်ဘွားအုပ်ချုပ်ရေး ဘယ်ဟာကို ရှမ်းအမျိုးသားတယောက်နဲ့ လိုလားသလဲလို့ မေးရင် ဘယ်လို ဖြေဆိုချင်ပါသလဲ။

ဒီလို လူ့အခွင့် အရေး၊ ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝ ရှိတဲ့ တိုင်းပြည်ကို မရောက်နိုင်တာခြင်း အတူတူ ခုန စနစ် ၂ ခု ယှဉ်လိုက်လို့ ရှိရင် စော်ဘွား စနစ်ကိုဘဲ လိုလား ကြမှာပေါ့။ ခပ်များများ ကတော့။ ကျနော့် အဖြေနဲ့ သိပ်မကွာကြဘူးလို့ ကျနော် သုံးသပ်တယ်လေ။

ဒီနေ့က ရှမ်းစော်ဘွားတွေ အာဏာစွန့်တဲ့နေ့ ဆိုတော့ ဘယ်လို လှုပ်ရှားမှုတွေများ ဆောင်ရွက် ကြပါသလဲ။

မရှိပါဘူး။ ဒါပေမယ့် နောက်လူငယ်တွေ သတိပေးဖို့ သမိုင်းကြောင်းကို လေ့လာဖို့၊ အမှတ်ရစေဖို့၊ မမေ့ဖို့ ဆောင်းပါးတို့ သုံးသပ်ချက်တို့ ရေးတာဘဲရှိပါတယ်။

စစ်တပ်က လွှမ်းမိုး အုပ်ချုပ်တဲ့ စနစ်က တဖြည်းဖြည်းနဲ့ နည်းသွားပြီလေ ကမ္ဘာမှာ။ အဲဒီ တိုင်းပြည်တွေ ကမ္ဘာမှာ နည်းနည်းသွားပါပြီ။ ကျနော်တို့ အနှေးနဲ့ အမြန်တော့ အတိုက်အခံ အဖွဲ့တိုင်း လိုလား တောင့်တတဲ့ တန်းတူမှု၊ မျှတမှု၊ လွတ်လပ်မှု ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို မရောက်မချင်းတော့ ဒီစစ်အုပ်စု ကြီးစိုးနေတဲ့ ကာလပတ်လုံးကတော့ ဘယ်လူတန်းစား ဘယ်လူထုမဆို ဘယ်ပြည်နယ် မဆို ဒီဘဝဆိုးကတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ May,4th,2009

( 33 )အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည်

( 32 )Repression Continues After Burma Cyclone

( 31 )ထိုင်းဘက်မှ သယ်လာသည့် လက်နက်များ ဖမ်းဆီးရမိ

( 30 )International call for the release of all political prisoners in Burma

( 29 )ကုက္ကိုလှ နွေစပါး စီမံကိန်း ရေ အခက်အခဲ ဖြစ်နေ

( 28 )Trauma and anxiety hampers cyclone recovery

( 27 )Rights group calls for equal rights for workers

( 26 )မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

( 25 )Difficult to recall banned fish paste from market

( 24 )Junta Censors Nargis Anniversary Reports

( 23 )အနားတောင်းစနစ်မဲ့ လက်ဝှေ့ပွဲတွင် ဂျပန်က သရေနှင့် အရှုံးရရှိ

( 22 )Contaminated Shrimp Paste Brands Banned in Burma

( 21 )Nyan Win Calls in Cuba for End to Sanctions

( 20 )ဂျပန်နှင့် ထိုးသတ်ပွဲတွင် မြန်မာ လက်ဝှေ့ကျော်များ အနိုင်ရ

( 19 )Security Tightened on Western Border

( 18 )တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်း လောက် သာ ဖြည့်ဆည်း နိုင်ခဲ့

( 17 )ICT exhibition opens in Myanmar former capital city

( 16 )လပွတ္တာ၊ ဘိုကလေး - လာမည့် မိုးရာသီ လယ်လုပ်ငန်း ပြန်စရန် မလွယ်

( 15 )Poet Imprisoned in Burma

( 14 )‘Refugee’ with fake IC held

( 13 )ငါးပိမှာလည်း ဆိုးဆေးတွေ့ရှိ

( 12 )Ceasefire days are over

( 11 )Cutting off communications to welcome PM

( 10 )Norway doubles Burma

( 9 )နာဂစ် တနှစ်ပြည်ပြီ အကူအညီ လိုနေဆဲ

( 8 )Did the cyclone change Burma's junta?

( 7 )နိုင်ငံတကာ အလုပ်သမားနေ့ မဲဆောက် အလုပ်သမားများ ဆင်နွှဲ

( 6 )အိန္ဒိယ သူပုန်တွေ မြန်မာပြည်ဘက်က လက်နက် မှောင်ခိုဝယ်

( 5 )How Scots' donations have helped Burmese survive since cyclone hit

( 4 )one year on, six jailed for burying the dead

( 3 )Myanmar Press Release

( 2 )Myanmar cyclone trauma haunts survivors

( 1 )A year after Cyclone Nargis no official memorial in Burma

Sunday, May 3, 2009

လူဆိုးလူကြမ်းများနှင့် ယှဉ်ပြိုင်ကစားချိန်တန်ပြီ

ကျော်စွာမိုး

တခါ တရံတွင် လူဆိုး လူကြမ်း များနှင့် ကစားရန် လိုအပ်ပါ သည်။ အထူးသဖြင့် ထို လူဆိုး လူကြမ်း များကို နိုင်အောင် တိုက်နိုင် မည့်သူ မည်သူမျှ မရှိသည့် အချိန်တွင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဆိုးသွမ်းသည့် အစိုးရနှင့်ယှဉ်ပြိုင်ကစားရန် ဆန္ဒရှိသူ တဦးတယောက်မျှ ရှာမတွေ့ပါ။ ထို့ကြောင့် ထို လူဆိုး လူကြမ်းများနှင့် လူကောင်းများ ထိပ်တိုက်ရင်ဆိုင်တွေ့မည့်အချိန်ကိုလည်း လက်တွေ့ကျကျ မျှော်လင့်၍ မရနိုင်ပါ။

မြန်မာနိုင်ငံတွင် အလားအလာရှိသော သူရဲကောင်းများသည် အချုပ်အနှောင်ခံထားကြရသည်။ အတိဒုက္ခရောက်နေကြ သည့် သန်းပေါင်း ၅၀ သော မြန်မာပြည်သူများကဲ့သို့ပင် ထိုသူတို့ကို ကူညီကယ်တင်ရန် လိုအပ်နေပါသည်။

စစ်အစိုးရ၏ ကျူးလွန်မှုများနှင့်ပတ်သက်ပြီး အရေးမယူနိုင်ရန် ၄င်းတို့နှင့်ပေါင်းဖက်နေကြသော ချမ်းသာ ကြွယ်ဝသူ အခွင့်အရေးသမားများက ကာကွယ်ပေးနေကြပါသည်။ ထိုကဲ့သို့အခွင့်ထူးရနေခြင်းကို အခွင့်အရေးဟုပြောနိုင်သော်လည်း စစ်အစိုးရကျူးလွန်နေသော သက်သေအထောက်အထားခိုင်လုံသည့် ရာဇ၀တ်မှုများကို လျစ်လျူရှု့၍ မရနိုင်ပါ။ ယင်းမှာ အတိုက်အခံပြု ဆန့်ကျင်သူ အားလုံးကို သွေးထွက်သံယိုနှိမ်နှင်း အုပ်ချုပ်နေခြင်းပင်ဖြစ်ပါသည်။

ချုပ်နှောင်ခံရသည်ဖြစ်စေ၊ လွတ်မြောက်နေသေးသည်ဖြစ်စေ တိုင်းပြည်၏နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအတား အဆီး များကို ဖောက်ထွက်နိုင်ရန် အတိုက်အခံများသည်လည်း ပိုပြီးလိမ်မာပါးနပ် စုစည်းညီညွတ်မှုရှိရန်လိုအပ်ပါသည်။

လက်ရှိ ကြမ်းတမ်းသော စစ်အစိုးရနှင့် ရင်ဆိုင်ကစားရသည့်အခါ အတိုက်အခံများသည် ပို၍လက်တွေ့ကြပြီး မဟာဗျူ ဟာကျသော ချဉ်းကပ်နည်းကို ကျင့်သုံးရန်လိုအပ်ပါသည်။

၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲက အခွင့်အာဏာအပ်နှင်းထားခြင်းခံရသည်ဆိုသော်လည်း လွန်ခဲ့သော နှစ် ၂၀ ကာလ အတွင်း မြန်မာ့အတိုက်အခံ အင်းအားစုများသည် အခွင့်အလမ်းတချို့ကို ဆုပ်ကိုင်နိုင်ခဲ့ခြင်းမရှိခဲ့သည်မှာ ငြင်းဆို မရနိုင်ပါ။ အတိုက်အခံအင်းအားစု အများစုသည် လူတုံး လူအများဟု သူတို့ခေါ်နေကြသည့် စစ်အစိုးရလူဆိုးလူကြမ်းများ ၏ စနစ်တကျ တိုက်ခိုက်မှုအောက်တွင် အားနည်းချိနဲ့ခဲ့ကြသည်။

အတိတ်မှာ မည်သည့်အရာများ ဖြစ်ခဲ့ဖြစ်ခဲ့ အခြေခံရည်မှန်းချက်က မပြောင်းမလဲရှိနေပါသေးသည်။ ယင်းသည် အကောင်း ဘက်သို့ဦးတည်သောအပြောင်းအလဲ ဖြစ်ပေါ်ရေးနှင့် နိုင်ငံသားများအတွက် ကောင်းမွန်သော ဘ၀တွင် ပျော်ရွှင်စွာနေထိုင် နိုင်သော နိုင်ငံတနိုင်ငံအဖြစ် ဖန်တီးရေးတို့ဖြစ်ပါသည်။ လူဆိုးလူကြမ်းတွေကို တိုက်မလား၊ သူတို့ကစားဝိုင်းထဲဝင်မလား ဆိုသည်မှာ အရေးမကြီးပါ။ လက်ရှိမဟာဗျူဟာများသည် အကန့်အသတ်ကြီးနေပြီး အရေးယူပိတ်ဆို့ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းအကြား ရွေးစရာလမ်း တခုသာရှိနေပါသည်။ တနည်းပြောရလျင် အပြစ်ပေးမလား မက်လုံးပေး စွဲဆောင်မှု လုပ်မလား။

စစ်အစိုးရနှင့် အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အဓိက အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်စေရန် အဆိုပါချဉ်းကပ်နည်းများသည် မအောင်မြင်ခဲ့ ပါ။

အငြင်းပွားစရာမလိုလောက်အောင်ပင် တွေ့ဆုံဆွေးနွေးရေးသည် စစ်ခေါင်းဆောင်များ၊ အတိုက်အခံနိုင်ငံရေးပါတီများ နှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိရန် အကောင်းဆုံးနှင့် အငြိမ်းချမ်းဆုံးနည်း လမ်း ဖြစ်ပါသည်။ နိုင်ငံသားအားလုံးအတွက် အခွင့်အလမ်းများကို ဖွင့်လှစ်ပေးမည့် ပထမဆုံးအဆင့်လည်းဖြစ်ပါသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံရေးနှင့်ပတ်သက်လာလျင် အရေးယူပိတ်ဆို့ရေးလုပ်ချင်သူနှင့် ပူးပေါင်းဆောင်ရွက်ချင်သူ ဟူ၍ နိုင်ငံတကာအသိုင်းအ၀န်းတွင်လည်း နှစ်ပိုင်းကွဲနေပါသည်။ အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများက အရေး ယူ ပိတ်ဆို့မှုများ ပြုလုပ်နေစဉ်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံ များက ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းကို ပို၍နှစ်သက်ကြပါသည်။

သို့ပေမယ့် အရာရာသည် ပြောင်းလဲနေပါသည်။

မကြာသေးခင်က အာရှခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အနောက်နိုင်ငံများ၏ တွေးခေါ်မှုနှင့် ပတ်သက်ပြီး အပြောင်းအလဲလုပ်မည့် အရိပ်လက္ခဏာများကို ပြောဆိုသွားခဲ့ပါသည်။

“ရှင်းလင်းမြင်သာတဲ့အချက်က ကျမတို့ရဲ့အရေးယူပိတ်ဆို့မှုနည်းလမ်းဟာ မြန်မာစစ်အစိုးရကို သြဇာမလွှမ်းမိုးနိုင်ခဲ့ပါဘူး” ဟု သူက ပြောခဲ့ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများရွေးချယ်သည့်မူဝါဒသည်လည်း ထိရောက်မှုမရှိကြောင်း ကလင်တန်က ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါသည်။

“သူတို့ (စစ်အစိုးရ)နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းချက်တွေဟာလည်း သူတို့ကို မလွှမ်းမိုးနိုင်ခဲ့ပါဘူး”ဟုလည်း သူက ပြောခဲ့သည်။

အမေရိကန်အစိုးရအသစ်သည် ၄င်းတို့၏မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြန်လည်သုံးသပ်နေသည်ဟု ကလင်တန်က ကြေညာ ခဲ့ပြီး“ဘာဖြစ်လို့လဲဆိုတော့ မြန်မာအစိုးရကို လွှမ်းမိုးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေချင်လို့ ဖြစ်ပါတယ်”ဟု ဆက်ပြောခဲ့ပါသည်။

မည်သို့ပင်ဆိုစေကာမူ ၁၉၉၇ ခုနှစ်က စတင်ပြီးကျင့်သုံးခဲ့သော မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့ရေးမူဝါဒမှ ခွဲထွက်တော့ မည်ဟု မျှော်လင့်နိုင်ပါသည်။

ဇန်န၀ါရီလက အမေရိကန် သမ္မတအသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ၌ ပြောသောမိန့်ခွန်းတွင် သမ္မတ ဘရက် အိုဘားမား သည် ကမ္ဘာပေါ်ရှိအာဏာရှင်များကို ပိုပြီးထိပ်တိုက်ရင်ဆိုင်မှုနည်းသောနည်းလမ်းဖြင့် ချဉ်းကပ်သွားရန် ရည်ညွန်းပြောဆို ခဲ့ပါသည်။

“အကျင့်ပျက်လာဘ်စားမှုတွေ၊ လိမ်လဲမှုတွေနဲ့ အတိုက်အခံတွေကို အသံမထွက်နိုင်တဲ့နည်းလမ်းတွေနဲ့ အာဏာကို ဖက်တွယ်ထားသူတွေကို သိစေချင်တာက ခင်ဗျားတို့ဟာ သမိုင်းလမ်းမှားပေါ်လျှောက်နေကြသူများဖြစ် တယ် ဆိုတာပါပဲ။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ဆုပ်ထားတဲ့လက်သီးဆုပ်တွေကို ဖြေလျှော့ဖို့ ဆန္ဒရှိမယ်ဆိုရင်တော့ ကျနော်တို့ကလက်ကမ်းကြိုဆို မှာပါ”လို့ သူက ပြောဆိုခဲ့ပါသည်။

မေးခွန်းထုတ်စရာဖြစ်လာသည့်အချက်က ဤကစားနည်းအသစ်ကို မည်သို့သောဥပဒေစည်းမျဉ်းများနှင့် ကစားမည်နည်း ဆိုသည့် အချက်ဖြစ်ပါသည်။ အကယ်၍ ပိုပြီး လက်တွေ့ကျသော မြန်မာနိုင်ငံဆိုင်ရာမူဝါဒများ ၀ါရှင်တန်က ထွက်ပေါ်လာ ခဲ့လျှင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့လို အခြားနိုင်ငံများက လိုက်ပါအကောင်အထည်ဖော်နိုင်ရန် သေချာနိုင်ပါသည်။

အမေရိကန်မူဝါဒအသစ်သည် အရေးယူပိတ်ဆို့မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ်မျိုးစလုံး ပါဝင်နိုင်ပါသည်။ ထိုမူဝါဒသည် ပျော့ပြောင်းမှုနှင့် ရပ်တည်ချက်ခိုင်မာမှု နှစ်မျိုးစလုံးရှိရန် လိုအပ်ပါသည်။

ပထမအဆင့်အနေဖြင့် နိုင်ငံရေးအပေးအယူလုပ်နိုင်သည့် အဓိကအချက်နှစ်ခုရှိပါသည်။ နိုင်ငံရေးအကျဉ်းသားများလွတ် မြောက်ရေးနှင့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရေးတို့ ဖြစ်ပါသည်။

ပထမအချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် အတိုက်အခံအင်းအားစုများ တောင်းဆိုနေသည့် အဓိကအချက်ဖြစ်ပါသည်။ ဒုတိယအချက်သည် စစ်အစိုးရလိုချင်သည့် အဓိကဆန္ဒများထဲမှ တခု ဖြစ်ပါသည်။

ထိုပြဿနာနှစ်ရပ်စလုံးသည် မြန်မာနိုင်ငံ၏စိတ်ပျက်စရာကောင်းလှသည့် နိုင်ငံရေးလိပ်ခဲတည်းလည်း ဖြစ်နေခြင်းမှ ဖောက်ထွက်နိုင်သော အဓိကကျသည့် အချက်များဖြစ်ူပါသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့် ကလင်တန်တို့ သည် စစ်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးသည်ဖြစ်စေ၊ နောက်ကွယ်မှာ ဆွေးနွေးသည်ဖြစ်စေ ဤပြဿနာနှစ်ရပ်စလုံးကို အဓိကထား ဆွေးနွေးသင့်ပါသည်။ မြန်နိုင်သမျှ မြန်မြန်ဆွေးနွေးနိုင်လျင် ပိုကောင်းပါသည်။

တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများလိုအပ်နေပြီဟူသော သတင်းစကားကို သယ်ဆောင်သွားမည်ဆိုလျင် အမေရိကန်အစိုးရ သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန်ကို ခန့်ထားရန် လိုအပ်ပါသည်။ ကုလသမဂ္ဂအထူးသံ ကိုယ်စားလှယ် အဆက်ဆက်သည် အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။

အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ်က မိုက်ကယ်ဂရင်းကို ၄င်း၏မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ အထူးညှိနှိုင်း ရေးမှူးအဖြစ် ခန့်အပ်ခဲ့သော်လည်းသမ္မတအိုဘားမားသည် ထိုရာထူးအတွက် မည်သူ့ကိုမျှ ရွေးချယ်ထားခြင်းမရှိသေးပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အထူးသံကိုယ်စားလှယ်တဦး ခန့်အပ်ပြီးလျင် အမေရိကန်သည် စီးပွားရေး အရေး ယူ ပိတ်ဆို့မှုများရုပ်သိမ်းပေးရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးရေးဆိုသည့် အခြေခံကျသည့် အပေး အယူဖြင့် မြန်မာပြည်အရေး ဆောင်ရွက်နိုင်ပါသည်။

ဤသို့ လူဆိုးလူကြမ်းများ သို့မဟုတ် စစ်အစိုးရနှင့် ယှဉ်ပြိုင်ကစားခြင်းဖြင့် မြန်မာနိုင်ငံအတွက် စာမျက်နှာအသစ် စတင် ဖွင့်လှစ်နိုင်ပါလိမ့်မည်။

ကျော်စွာမိုးရေးသားသည့် It’s time to Play the villains’ Game ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

လွတ်လပ်သော်လည်း ဝမ်းမသာနိုင်သူ

ဖနိဒါ

ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံတော်က ပေးအပ်ခဲ့သည့် ဥပဒေ ဘွဲ့ဖြင့် ရှေ့နေ လိုက်ခဲ့သူ တဦးသည် ပြစ်ဒဏ်စေ့ သဖြင့် အကျဉ်း ထောင်က ပြန်လွတ်လာ သော်လည်း ရှေ့နေလိုင်စင် ရုပ်သိမ်း ခံလိုက်ရသဖြင့် ဝမ်းမသာ နိုင်ကြောင်း ယနေ့ ပြောဆိုသည်။

တရား ရုံးအား မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၆ လ ချခံရသူ ၃၃ နှစ်အရွယ် လူငယ်ရှေ့နေ ကိုညီညီထွေးသည် လွတ်ရက်စေ့သဖြင့် ယမန် နေ့က အင်းစိန် ထောင်မှ ပြန်လွတ်လာ ခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းသူ ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်း အပါအဝင် ၃ ဦးအတွက် တရားခွင်တွင် ခုခံကာကွယ်ပေးရာမှ မြောက်ပိုင်းခရိုင် တရားရုံးက ရုံးတော် မထီမဲ့မြင်မှုဖြင့် ပြစ်ဒဏ်ချခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် ထောင်ဒဏ် ချခဲ့သည်။

၂ဝဝ၆ ခုနှစ်မှ စတင်ကာ အမှုလိုက်လာခဲ့သော်လည်း ယခုအခါ ရှေ့နေ လိုင်စင်ပါ အသိမ်းခံလိုက်ရသည်။

သူ၏ ထောင်တွင်း အတွေ့အကြုံနှင့် ခံစားချက်၊ အတွေးအမြင်တချို့ကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

ဘယ်တုန်းက ပြန်လွတ်လာတာလဲရှင်။

ကျနော် မနေ့က ပြန်လွတ်လာပါတယ်ခင်ဗျာ။ မနက် ၁ဝ နာရီလောက်က ထွက်လာခဲ့တာပါ။ ရိုးရိုးအရပ်ဝတ်နဲ့ပဲ ထွက်လာခဲ့ပါတယ်။ ဘာဝန်ခံလက်မှတ်မှ မထိုးခဲ့ရပါဘူး။ ရောက်ကတည်းကနေ ပြန်ထွက်တဲ့ အချိန်အထိ အင်းစိန်ထောင်မှာပဲ နေရတာပါ။

ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲရှင့်။

ကျန်းမာရေးကတော့ သိပ်မကောင်းဘူးခင်ဗျာ။ ကျနော်က အပြင်မှာ ကတည်းက ဖြစ်တာပါ။ ကျနော်က နှလုံး သိပ်မကောင်းဘူး။ အခုတော့ ဆေးစားဆေးသောက် နေရတယ်ပေါ့လေ။

အခုလို ထောင်ဒဏ် ချမှတ်ခံရတဲ့ အမှုအကြောင်းကို ရှင်းပြပေးပါလား။

အဲဒီ အမှုကတော့ လှိုင်သာယာမြို့နယ် တရားရုံးမှာ ကျနော် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ သန့်ဇင်ဦး အပါအဝင် ၁၁ ဦး အမှုကို ပထမဦးဆုံး ရောက်သွားတဲ့ ရုံးချိန်းပါပဲ။ ကျနော် စစ်ဆေးရမယ့် အချိန်မှာ စစ်တယ်။ ကျနော့် စစ်ဆေးမှု မတိုင်ခင်မှာ ကျနော့် အမှုသည် မဟုတ်တဲ့ ကိုရန်နိုင်ထွန်းက သူ့အလှည့်မှာ ပြောတာက လက်ရှိ တရားစီရင်ရေးကို သူ့အနေနဲ့ လက်မခံနိုင်ဘူး။ အယုံအကြည် မရှိဘူးလို့ ပြောပါတယ်။ ဒါကို တရားသူကြီးက ကျနော် တရားခံတွေ ပြောဆိုတာကို ထိန်းသိမ်းပေးပါလို့ ပြောတယ်။ ထိန်းပေးပါပေါ့။ ကျနော်နဲ့ ဦးစောကျော်ကျော်မင်းကို ပြောတယ်။ အဲဒီအချိန်မှာ ကျနော် ပြောလိုက်တယ်၊ ကျနော်တို့ဟာ အမှုသည်တွေရဲ့ တင်ပြလျှောက်ထားချက်အရ လိုက်ပါဆောင်ရွက်ရတာ ဖြစ်ပါတယ်။ သူတို့ကို ဒါတွေကို မလုပ်နဲ့ဆိုပြီး တင်ပြ ပိတ်ပင်ခွင့် မရှိဘူးလို့ ပြောလိုက်ပါတယ်။ အဲဒီအပေါ်မှာ တရားသူကြီးက သူတို့အမှုသည်တွေကို တာဝန် မယူဘူး ဆိုပြီးတော့ မှတ်တမ်းတင်ပါတယ်။ အဲဒါကို နေ့ချင်းပဲ အမှုတိုင်တမ်းပြီးတော့ ဖမ်းလိုက်တာပါ။

အခုလို ပြစ်ဒဏ် ချတဲ့အပေါ် ရှေ့နေ တယောက်အနေနဲ့ ဥပဒေအကြောင်းအရ ဘယ်လို မြင်လဲရှင့်။

တရားခွင်ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အမှန်မဟုတ်ဘူးခင်ဗျာ။ တချို့ အစိတ်အပိုင်းတွေ မှန်သော်လည်း တချို့ အစိတ်အပိုင်းမှာ မမှန်ဘူး။ ဒါပေမဲ့ ဒီတရားခွင်မှာ ပေါ်နေတဲ့ မှတ်တမ်းတွေအရ ကျနော်တို့ကို တိုင်တာ စတင်မှတ်တမ်းတင် ကတည်းကိုက မမှန်ဘူး။ ကျနော်တို့ တာဝန်မယူဘူးလို့ မပြောဘူး။ ဒါပေမဲ့ တာဝန်မယူပါဘူးလို့ ပြောတယ်ဆိုပြီး မှတ်တမ်းနဲ့ အမှုစွဲခဲ့ပါတယ်။

ကျနော့်အမှုက အာမခံ ရတဲ့ အမှုပဲ။ အဲဒါကို ကျနော် အာမခံ လျှောက်ဖို့ မပြောလိုက်ရဘူး။ ကျနော် အပြင်ထွက်မယ် လုပ်တော့ ကျနော့်ကို ရဲက ဖမ်းဆီးသွားတယ်ဗျာ။ ကျနော် လျှောက်ထားခွင့် ရှိတယ်။ အဲဒီ အခွင့်အရေး ရှိတယ်။ မရခဲ့ပါဘူး။

နောက်တရက်မှာလည်း ရုံးပြန်ထုတ်ပါတယ်။ လုံခြုံရေးတွေနဲ့ ပိတ်လိုက်ပြီးတော့ အမှုဖြစ် အကြောင်းအရာကို မေးတယ်။ တရားသူကြီးက တယောက် ၆ လ ချလိုက်တယ်။ ခုခံ ချေပခွင့် မရဘူး။ ကျနော် ပြန်ထွက်လာတဲ့ အချိန်မှ ကျနော် အမှုတွဲ ပြန်လေ့လာကြည့်တဲ့အခါမှာ ကျနော်တို့ဟာ အပြစ်ရှိကြောင်း ဝန်ခံထားတာကို ဒီမှတ်တမ်းတင် စာအုပ်မှာ တွေ့ရတယ်ခင်ဗျာ။ အမှန်က ကျနော် အပါ ၄ ယောက်ဟာ လုံးဝ ဝန်မခံခဲ့ပါဘူး။ ဒါဟာ ကျနော်တို့အနေနဲ့ ခုခံချေပခွင့် မရခဲ့ဘူး။ အခွင့်အရေး ချိုးဖောက်ခံရတာပါဗျာ။

ထောင်ထဲမှာ နေထိုင်စားသောက်ခဲ့ရပုံကို ပြောပြပါအုံး။

စရောက်ရောက်ချင်း ထောင်ထဲမှာ တခြားအကျဉ်းသားတွေလိုပဲ ကျနော့်ကို ထားတယ်ဗျာ။ တိုက်ခန်းတွေလိုမှာ နေရတယ်။ ကျနော့်ကို တပတ်လောက်ကြာတဲ့အခါ အထက်က ညွှန်ကြားစာ ဝင်လာတဲ့အတွက် ကျနော့်ကို ပြန်ပိတ်ထားရမယ်လို့ ပြောတယ်။ အချုပ်သားတွေလိုပဲ ထားပါတယ်။ အချုပ်သားတွေ နေရတာကတော့ မနက် ၇ နာရီ မထိုးခင် ၁၅ မိနစ်လောက် အပြင်ထွက်ခွင့် ရတယ်။ ပြန်ပိတ်တယ်။ နေ့လယ် ၁၂ နာရီ ပြန်ဆင်းခွင့် ရှိတယ်။ နောက် ၁ နာရီကနေ ၅ နာရီထိ တိုက်ထဲ ပြန်နေရတယ်။ အဲဒီနောက် ၆ နာရီမှာ ပြန်ဝင်ရပါတယ်။ တနေ့ ၂ နာရီ ၁၅ မိနစ်လောက် အပြင်မှာ နေခွင့် ရှိပါတယ်။ ကျန်တဲ့ ၂၂ နာရီ နီးပါး တိုက်ထဲမှာ နေရပါတယ်။

စားတာကတော့ ကျနော်တို့ နိုင်ငံရေးအမှုနဲ့ အကျဉ်းသားတွေကိုတော့ ဆန်ကြမ်းထမင်း ကျွေးပါတယ်။ ပဲဟင်း ပေးပါတယ်။ ဆား မပါဘူး။ အချိုမှုန့် မပါဘူး။ ဒါပေမဲ့ တပတ်တကြိမ် ဆား ပေးပါတယ်။ တာလပေါ ခေါ်တဲ့ ဟင်းရွက်နဲ့ ချက်ထားတဲ့ ဟင်း ပေးပါတယ်။ တရက်ကို ထမင်းက မနက်တကြိမ်၊ ညတကြိမ် ကျွေးပါတယ်။ ဟင်းကတော့ တရက်ကို တကြိမ်ပဲ ကျွေးပါတယ်။ အသားဟင်းက တပတ်ကို နှစ်ကြိမ် ပေးတယ်။ အမဲသားစားသူ အမဲသား ကျွေးတယ်။ အမဲသား မစားသူကို ကြက်ဥ ကျွေးပါတယ်။

အချုပ်ထဲ မရောက်ခင်က ဘယ်လို အမှုမျိုးတွေ လိုက်ပါဆောင်ရွက်ခဲ့လဲ။

ကျနော်က စက်တင်ဘာ အရေးအခင်း မတိုင်ခင် ကတည်းကနေ သာမန်အမှုတွေ လိုက်ပါ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအမှုတွေ ရှိလာတဲ့ အချိန်ကျတော့ နိုင်ငံရေးအမှုတွေ၊ အကြမ်းဖက်မှုတွေ ကျနော် လိုက်ခဲ့ပါတယ်။ အရပ်ဘက်အမှုတွေ လိုက်ပါနေတဲ့အခါမှာ မြင်တွေ့လာတဲ့ နိုင်ငံရေးအမှုမှာ ရှေ့နေ တော်တော်များများက မလိုက်ကြပါဘူး။ ဘယ်လိုသဘောနဲ့ မလိုက်ကြဘူး ဆိုတာကိုတော့ ကျနော် မပြောလိုပါဘူး။ အဲဒီမှာ ရှေ့နေ ရှေ့ရပ်တွေရဲ့ ရသင့်ရထိုက်တဲ့ ခုခံချေပခွင့်တွေ ဆုံးရှုံးနေတာကို တွေ့ရတဲ့အတွက် ကျနော် လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။

ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မယ်လို့ စိတ်ကူးထားပါသလဲ။

ကျနော် ရှေ့ဆက်လုပ်ဖို့ လိုင်စင် သိမ်းလိုက်ပါပြီ။ သိမ်းတာက ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ ကျနော် ထောင်ထဲ ရောက်နေတုန်း ကျနော့်အိမ်ကို စာပို့လိုက်တယ်။ ဘယ်လိုစာလဲဆိုတော့ ကျနော်ဟာ ပြစ်မှုကျင့်ထုံး ဥပဒေ ပုဒ်မ ၂၂၈ အရ အလုပ်ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခြင်း ခံရပြီးတော့ အဲဒီအမိန့်ဟာ ယနေ့တိုင် အတည်ဖြစ်တယ် ဆိုပြီးတော့ ဖော်ပြထားတာ တွေ့တယ်။ ကျနော် ရှေ့နေ ဦးညီညီထွေးကို ရှေ့နေလိုက်ခွင့် မရသည့် ဥပဒေ ပုဒ်မ ၁၃ (စ) အရ ဒီထုတ်ပြန်သည့်နေ့မှ စ၍ ရှေ့နေ လိုက်ပါဆောင်ရွက်ခွင့် ရပ်ဆိုင်းလိုက်သည် ဆိုပြီး အမိန့်ထုတ်လိုက်ပါတယ်။

အခုလို ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး တခြား ဘာပြောချင်သေးလဲရှင့်။

ကျနော် ပြန်လွတ်လာတာကိုတော့ ဝမ်းမသာနိုင်ပါဘူးခင်ဗျာ။ ငယ်ကတည်းကနေ ကျနော် ကြိုးစားခဲ့ရသမျှ၊ အားထုတ်ခဲ့ရသမျှ၊ ရင်းနှီးခဲ့ရသမျှ ကျနော် ရရှိခဲ့တဲ့ ရပ်တည်ချက်လေးတခု အထက်တန်း ရှေ့နေ တယောက်၊ ဥပဒေ ပညာရှင်တယောက် အဖြစ်က ကျနော် ရပ်ဆိုင်းခံလိုက်ရပါတယ်။ ကျနော်တို့ ရှေ့နေ လူငယ်တွေကို အညွန့်ချိုးခံရတာပါ။ ဒီ့ထက် ကျနော် ဘာမှ မလုပ်နိုင်ပါဘူးခင်ဗျာ။

ကျနော်က နိုင်ငံတော်က ပေးအပ်တဲ့ ဥပဒေဘွဲ့နဲ့ ကျောင်းပြီးထားတာပါ။ နိုင်ငံတော်က ပေးထားတဲ့ ဥပဒေ၊ ရှေ့နေလိုင်စင် ပေးထားတဲ့ ဥပဒေ အတတ်ပညာရှင် တယောက်ဖြစ်တဲ့အတွက် နိုင်ငံတွင်းမှာ ရှိနေတဲ့ သာမန်အမှုတွေ လိုက်ခဲ့တယ်။ ခွဲခြားခြင်း မရှိခဲ့ပါဘူး။

မြစ်ဝကျွန်းပေါ်မှ ရုန်းကန်နေရဆဲ ဘဝများ

မင်းခက်မောင်

ဒေါ်သိန်းသိန်း၏ အသေးစား မွေးမြူရေး လုပ်ငန်းလေးသည် တချိန်က သူအပါ အဝင် မိသားစုဝင် ၆ ဦးအတွက် ဖူလုံသည့် လုပ်ငန်းလေး ဖြစ်သည်။ နာဂစ် မုန်တိုင်းကြောင့် သူ၏ တနိုင်တပိုင် မွေးမြူရေး ပျက်စီး ခဲ့သည်မှာ တနှစ် ကြာပြီ ဖြစ်သော်လည်း သူ၏ လုပ်ငန်းကို ပြန်လည် မထူထောင်နိုင် သေးပါ။

၂၀၀၈ ခုနှစ် မေလက ရန်ကုန်မြို့ နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နာဂစ် ဆိုင်ကလုန်း မွှေနှောက် တိုက်ခိုက်ချိန်တွင် သူ၏ ဒေါ်လာ ၃၀၀ ထက်မက တန်ဖိုး ရှိသော ဘဲ ကောင်ရေ ငါးဆယ်ခန့် နှင့် ၀က်သုံးကောင် ဆုံးရှုံးခဲ့ရသည်။

“အိမ်နီးချင်း ဆီကနေ အကြွေးနဲ့ ၀ယ်ထားတဲ့ ဒီဝက်ကလေး ပဲ ရှိတယ်” ဟု ဒေါ်သိန်းသိန်းက ၀က်ခြံ ထဲတွင် အိပ်နေသော ၀က်တ ကောင်အား လက်ညှိုး ထိုးပြပြီး ပြောသည်။ ဘဲခြံထဲ တွင်မူ ဘဲတကောင်မျှ မရှိပေ။

ဒေါ်သိန်းသိန်း၏ ရွာသည် မုန်တိုင်းဒဏ် အခံရဆုံး ဒေသ တခုဖြစ်သော ဖျာပုံမြို့နယ် အတွင်းရှိ နောင်တော်ကြီး ကျေးရွာ ဖြစ်သည်။


ဒေါ်သိန်းသိန်းသည် အသက် ၄၃ နှစ်ရှိပြီ ဖြစ်ပြီး ကလေးငါးယောက် မိခင်ဖြစ်သည်။ နာဂစ်မုန်တိုင်း မတိုက်ခတ်ခင် အထိ ခင်ပွန်းမရှိ အိမ်ရှင်မ တဦးတည်းအဖို့ မိသားစု ၀င်ငွေ ရှာရာတွင် မည်သည့်အခါမှ ဤမျှလောက် မခက်ခဲခဲ့ပေ။ ယခု အချိန်တွင် ဆန်ဖိုး အလုံအလောက် ရဖို့ပင် မောမော ပန်းပန်း၊ ခက်ခက် ခဲခဲ ရှာနေရသည်။

သူ၏ဘ၀ ပြောင်းလဲသွားချိန်မှစ၍ ဒေါ်သိန်းသိန်းနှင့် အသက် ၁၆ နှစ်အရွယ် အကြီးဆုံးသားသည် ရွာတွင် နေ့စား သူရင်းငှား (စာရင်းငှား) အဖြစ် လုပ်ကိုင်နေရသည်။

“ကျမတို့ အရင် လုပ်ခဲ့တဲ့ ဘဲမွေး၊ ဝက်မွေးတာကိုပဲ ပြန်လုပ်ချင်ပါတယ်။ ဒါပေမယ့် အကူအညီ ဘာမှမရှိတော့ ဘယ်လို လုပ်နိုင်မှာလဲ” ဟု သူက ပြောသည်။

ရွာသူ ရွာသားများသည် မွေးမြူရေး လုပ်ငန်းများ ပြန်လည် ထူထောင်ရန် အကူအညီ တစုံတရာ မရရှိသေးဟု ဒေါ်သိန်းသိန်းက ပြောသည်။

ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များတွင်လည်း ဒေါ်သိန်းသိန်း ကဲ့သို့ပင် ၎င်းတို့၏ အသက် မွေးဝမ်းကြောင်း လုပ်ငန်းများကို ပြန်လည် ထူထောင်နိုင်ခြင်း မရှိသော အသေးစား လုပ်ငန်းရှင် လယ်သမား ထောင်ပေါင်း များစွာ ရှိနေသေးသည်။

ကျေးရွာငယ်များ၌ နေထိုင်ကြသော အိမ်ထောင်စုများအတွက်မူ အိမ်နောက်ဖေး တနိုင်တနိုင် မွေးမြူရေး လုပ်ငန်းသည် အဓိက ၀င်ငွေရသော အခန်းကဏ္ဍတခု ဖြစ်သည်။

ကြက်၊ ဘဲ မွေးမြူခြင်းမှရသည့် ဥ နှင့် အသားက လူတို့အတွက် အာဟာရကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ အပို ၀င်ငွေလည်း ရစေသည်။ ၀က်များကို ၀င်ငွေအတွက် မွေးမြူကြသကဲ့သို့ မင်္ဂလာဆောင် နှင့် ပွဲတော်များ ကဲ့သို့သော အထူးတလည် အခါသမယများ အတွက်လည်း မွေးမြူကြသည်။ ၀က်များကို နေအိမ်ဝင်းအတွင်း မွေးမြူနိုင်သောကြောင့် မွေးမြူရေးခြံ မရှိသော သူများအတွက် အရေးပါသည့် သတ္တဝါဖြစ်သည်။

ကျွဲနှင့် နွားသည် မွေးမြူရန် အတွက် မြေနေရာ ပိုမို လိုအပ်ပြီး၊ ထွန်ယက်ခြင်း နှင့် သယ်ယူ ပို့ဆောင်ရေး အတွက် အရေးကြီးသည့် လယ်ယာသုံး တိရစ္ဆာန်များ ဖြစ်သည်။

နာဂစ် မုန်တိုင်းကြောင့် ပြည်သူပေါင်း ၁၄၀ ၀၀၀ နီးပါး အသေအပျောက်ရှိပြီး လူပေါင်း ၂ သန်းကျော် ဘ၀ ပျက်ခဲ့ရသည်။

ဆိုင်ကလုန်း တိုက်ခိုက်ပြီးနောက် ကြက်၊ ဘဲ၊ ကျွဲ၊ နွား၊ ၀က် အိမ်မွေး တိရစ္ဆာန် များစွာသည် ဆိုင်ကလုန်းသင့် ပြည်သူ များနှင့် အတူ သေကြေခဲ့ရသည်။ ထို့ကြောင့် ဘ၀ကို ပြန်လည် ထူထောင်ရန် ကြိုးစား နေဆဲ ဖြစ်သော အသက်ရှင် ကျန်ရစ်သူ ဒေသခံများအတွက် ကာလရှည်ကြာစွာ ရင်းနှီးမြှုပ်နှံရသော အဓိက လုပ်ငန်း ဆုံးရှုံးရလေသည်။

ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ အဆိုအရ ဘဲ ကောင်ရေ ၅၂၅ ၀၀၀ (စုစုပေါင်း ကောင်ရေ၏ ၅၂ ရာခိုင်နှုန်း)၊ ကြက်ကောင်ရေ ၁. ၅ သန်း (၄၅ ရာခိုင်နှုန်း)၊ ၀က်ကောင်ရေ ၆၈ ၀၀၀ (၂၈ ရာခိုင်နှုန်း)၊ ဆိတ်ကောင်ရေ ၇၅၀၀ (၃၀ ရာခိုင်နှုန်း) နှင့် လယ်ယာသုံး ကျွဲနွား ကောင်ရေ ၂၂၇ ၀၀၀ (ကျွဲ ၅၁ ရာခိုင်နှုန်း နှင့် နွား ၂၃ ရာခိုင်နှုန်း)သည် ဆိုင်ကလုန်းကြောင့် သေကြေခဲ့ရသည်။

ဆုံးရှုံးသွားခဲ့သော တိရိစ္ဆာန်များကို ပြန်လည် အစားထိုးပေးရန်အတွက် စစ်အစိုးရ၊ ကုလ သမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် အများ အပြားမှ အသေးစား လုပ်ငန်းရှင် လယ်သမားများသို့ ကြက်၊ ဘဲ နှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ လှူဒါန်းခဲ့သည်။

“အကူအညီ ဖြန့်ဝေပေးတဲ့ နေရာမှ ကျနော်တို့ ပစ်မှတ်ထားတာကတော့ အသက် မွေးဝမ်းကြောင်း လုပ်ငန်းကို ကိုယ့်ဘာသာကိုယ် ပြန်လည် ထူထောင်နိုင်ခြင်း မရှိတဲ့ ဆင်းရဲသားတွေ၊ မြေယာမဲ့တွေ၊ အမျိုးသမီး ဦးဆောင်တဲ့ မိသားစုတွေ ဖြစ်ပါတယ်” ဟု FAO အရာရှိတဦးက ဆိုခဲ့သည်။

အသေးစား အိမ်မွေး တိရစ္တာန် လုပ်ငန်းရှင် လယ်သမားများကို ကူညီခြင်းသည် လူသားချင်း ဆိုင်ရာ ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်နေသည့် အေဂျင်စီများအတွက် ချက်ချင်း လက်ငင်း အရေးတကြီး လုပ်ဆောင်ရမည့် လုပ်ငန်းများအနက် တခု ဖြစ်သည်၊ ဤလုပ်ငန်းက အိမ်နောက်ဖေး ဈေးဆိုင်တည်ခြင်းကို မှီခိုနေရသူ လယ်သမားများအတွက် မရှိ မဖြစ် ၀င်ငွေရ လုပ်ငန်းတခု ဖြစ်နေသောကြောင့် ဖြစ်သည်ဟု ထိုအရာရှိက ပြောသည်။ အကူအညီများ ပေးနေသော်လည်း ဆုံးရှုံးသွား သည့် တိရစ္ဆာန်များ၏ နေရာတွင် ရာခိုင်နှုန်း အနည်းငယ် ကိုသာ ဖြည့်ဆည်းနိုင်သေးသည် ဟု FAO အရာရှိက ဆိုသည်။

ဝက်ကောင်ရေ ၁၂ ရာခိုင်နှုန်း၊ ကျွဲ နှင့် နွား ကောင်ရေ ၃ ရာခိုင်နှုန်း၊ ကြက်ကောင်ရေ ၁ ရာခိုင်နှုန်း၊ ဘဲကောင်ရေ ၂၀ ရာခိုင်နှုန်းကိုသာ အစားထိုးပေးနိုင်သည်ဟု FAO ကိန်းဂဏန်းများအရ သိရသည်။

“ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ကျနော်တို့ နိုင်ငံတကာ အကူ အညီတွေ ပိုပြီး လိုနေပါတယ်။ ဒါပေမယ့် အခုအထိတော့ ကျနော်တို့ ဘဏ္ဍာငွေ အနည်းအကျဉ်းပဲ ရပါသေးတယ်” ဟု သူက ပြောသည်။


ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ

ကြည်ဝေ

မုန်တိုင်း လာဦးမည်ဟု သတင်းကြား ရပြီး ကတည်းက ဒေါ်သူဇာ ဆောက်တည်ရာ မဲ့နေသည်။ အချိန်တိုင်း အိမ်ရှေ့ထွက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၊ အိမ်ထဲဝင်ကာ ပစ္စည်းသိမ်းလိုက် ၊ ဆော့ကစား နေသော မြေးဖြစ်သူကို တကြော်ကြော် ခေါ်ရင်း သူ့စိတ်ထဲ မဖော်ပြ နိုင်အောင် ရှုပ်ထွေး နောက်ကျိ လျက်ရှိကာ မအိပ်နိုင်တော့။

နို့ဆီဘူး တလုံး သာသာ ဆန်ကို လည်းကောင်း၊ ယူနီဆက်ဖ် အမှတ်တံဆိပ်နှင့် ကျောပိုး အိတ် အပြာရောင်လေး ကိုလည်း ကောင်း၊ “သိမ်ကြီးဈေး အလှူရှင်များက လှူဒါန်းသည်” ဟူသည့် အမှတ်အသား ပါသော မိုးရေကာ ပလတ် စတစ်စ တစကိုလည်း ကောင်း၊ ပလတ်စတစ် ရေခွက် အနီတလုံး၊ အပြာရောင် ပလတ်စတစ် ထမင်းပန်းကန် လေး ၂ ချပ်နှင့် စတီးဇွန်း တချောင်းကို လည်း ကောင်း ကြွပ်ကြွပ်အိတ် အမည်း ကြီးထဲ စုထည့်ထား ကာ မုန်တိုင်း လာပြီ ဆိုပါက ဘေးလွတ်ရာ ပြေးနိုင်ရန် အဆင် သင့်ပြင်ထား ကြောင်း သူက ပြောပြသည်။

“နာဂစ်မုန်တိုင်း တိုက်တုန်းက အမေက အိပ်ပျော် နေတာ။ မြေးကလေး နိုးနေလို့သာ အသက်မသေ တာပေါ့။ ဒီတခါတော့ အိပ်ပျော် နေလို့ မဖြစ်ဘူးဟဲ့ ဆိုပြီး ထိုင်စောင့် နေတာပဲ။ သားနဲ့ ချွေးမကတော့ နာဂစ်ကြောင့် သေရှာပြီ” ဟု အသက် ၆၂ နှစ်အရွယ် ဒေါ်သူဇာက မျက်ရည် ကျရင်း ပြောပြသည်။

၂၀၀၈ ခုနှစ်မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ငါးဖမ်းထွက်နေသော ဒေါ်သူဇာ၏ သားမှာ တခြားသော ရေလုပ်သားများနှင့်အတူ သေဆုံးခဲ့ပြီး ဒေါ်သူဇာ၏ ချွေးမမှာလည်း ကျန်လှေတစင်းနှင့်
ယောကျာ်းဖြစ်သူကို လိုက်ခေါ်ရာမှ လှေမှောက် သေဆုံးခဲ့ရသည်ဟု သိရသည်။

ထို့ကြောင့် ဒေါ်သူဇာမှာ မုန်တိုင်းလာဦးမည်ဟု အသံကြားကတည်းကပင် သူ၏ တဦးတည်းသော သွေးသား မြေးဖြစ်သူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း ဆောက်တည်ရာမဲ့ နေရကြောင်း သူ့အိမ်နီးချင်းများက ပြောပြကြသည်။

“တော်ပုလဲ တရပ်ကွက်လုံးက မုန်တိုင်းမှာ ထိပြီး လူမသေတဲ့ အိမ်ဆိုတာ မရှိသလောက် ဖြစ်သွားတော့ မုန်တိုင်းဆိုရင် ကြောက်ကြတာပဲ။ ကျနော့် မိန်းမဆို ရေဒီယိုကို လက်က မချတမ်း နားထောင်နေပြီး ကြောက် နေတာ” ဟု တော်ပုလဲ ရပ်ကွက်သားတဦးက ပြောဆိုသည်။

တော်ပုလဲ ရပ်ကွက်သည် ရေလုပ်သားအများဆုံးနေထိုင်သော ရပ်ကွက်ဖြစ်ပြီး နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ငါးဖမ်းစက်လှေ ထွက်ကြသူများအားလုံး နီးပါး သေဆုံးခဲ့သောကြောင့် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများ၏ သုံးပုံ ၁ ပုံခန့် သေဆုံးခဲ့သော ရပ်ကွက်ဖြစ်ကြောင်း၊ နာဂစ်မုန်တိုင်းပြီးကတည်းက ရေဒီယိုလှူသော စေတနာ အလှူရှင်တချို့၏ ကျေးဇူးကြောင့် လူတိုင်းနီးပါး ရေဒီယို နားထောင်လာကြကြောင်း ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့က ဘစ်ဂျလိမုန်တိုင်းနှင့် ပတ်သက်ပြီး အစိုးရမိုးလေ၀သဌာန၏ မုန်တိုင်းသတိပေးချက် ထွက်ရှိပြီးကတည်းက နာဂစ်မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ကြရသူများမှာ ကြောက်လန့် နေကြရကြောင်း သိရသည်။

“အဲဒီသတင်းထွက်ကတည်းက နာဂစ်လာဦးမယ်တဲ့ ဆိုပြီး အော်ငိုတဲ့သူက ငို၊ ရန်ကုန်တက်မယ်၊ ရန်ကုန် တက်မယ် ဆိုပြီး ကြောက်အားလန့်အားနဲ့ အထုပ်ဆွဲတဲ့သူက ဆွဲပေါ့။ တလောကလုံး ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တာပဲ ဘုန်းဘုန်းကြီးက လော်စပီကာနဲ့ အော်ပြီး တရားချတာတောင်မှ မရဘူး၊ အားလုံး ကြောက်နေကြတာ” ဟု ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရေတိမ်ကျေးရွာသူ တဦးက ပြောဆိုသည်။

အဆိုပါ ရေတိမ်ကျေးရွာမှာ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်သွား ကားလမ်းနဘေး လှေဆိပ်မှ စက်လှေနှင့် မိနစ် ၂၀ ကျော်ကြာအောင် သွားရသော ကျေးရွာဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ကြရပြီး ရွာရှိလူ၏ ထက်ဝက်ခန့်မှာ နာဂစ်ကြောင့် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ဒေါ်သူဇာလိုပင် မုန်တိုင်းလာဦးမည်ဟု သတင်းကြားကတည်းက ကြောက်ရွံ့စိတ်ဖြင့် သံသေတ္တာထဲ ၀င်ပုန်းနေခဲ့သော အသက် ၇ နှစ်အရွယ်ကလေးငယ်တဦးလည်း ရှိသည်။

အဆိုပါ ကလေးငယ်မှာ ရေလုပ်သားမိသားစုမှ မွေးဖွားလာခဲ့သူဖြစ်ပြီး နာဂစ်မုန်တိုင်းအတွင်း သေဆုံးခဲ့သော ကျေးရွာသား ၂၀၀ ကျော်တွင် ကလေး၏ မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟု သိရှိရသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က သူ့အဘိုးဖြစ်သူမှာ သူ့ကို သေတ္တာထဲ ၀င်ခိုင်းပြီး သေတ္တာထဲတွင်နေမှ အသက်ရှင်မယ်ဟု ပြောခဲ့ကာ ထိုကလေးကို သေတ္တာထဲ ထည့်ပေးခဲ့သည့်အတွက် ကလေးမှာ မုန်တိုင်း တိုက်ခတ်နေစဉ် ကာလ တလျှောက်လုံး သေတ္တာထဲမှ နေပြီး အသက်ရှင်ခွင့်ရခဲ့သည်။

သူ့ကို သေတ္တာထဲ ထည့်ပေးခဲ့သူ အဘိုးကတော့ မုန်တိုင်းကြောင့် သေဆုံးသွားခဲ့ပြီး ကလေးမှာ မိုးရွာသည့် အခါနှင့် ယခုလို မုန်တိုင်းလာမည် ဟု သတင်းကြားသည့်အခါများတွင် သေတ္တာထဲ ၀င်နေလေ့ရှိကြောင်း ကလေး၏ အဒေါ်တော်စပ်သူ တဦးက ပြောပြခဲ့သည်။

“ရေဒီယိုက သတင်းလာပြီးကတည်းက ၀င်နေတာ၊ တော်တော်နဲ့ မထွက်တော့ဘူး။ မုန်တိုင်း မလာတော့ဘူးလို့ သတင်းတွေထွက်တဲ့ ၁၉ ရက်နေ့ ညနေပိုင်းမှာ သူ့ကို မနည်းချော့ပြီး အပြင်ထုတ်ရတယ်။ အဲဒါတောင် ညကျတော့ အဲဒီသေတ္တာထဲ ၀င်အိပ်နေသေးတယ်” ဟု ကလေး၏ အဒေါ်က ဆိုသည်။

မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့အတွင်း တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီ တိုင်းရှိ လူပေါင်း ၈၄၅၃၇ ဦးသေဆုံးခဲ့ပြီး ၅၃၈၃၆ ဦး ပျောက်ဆုံးဆဲဖြစ်ကာ အဆိုပါ ဒေသများမှ အဆောက် အအုံများ၊ စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့သည်။

ယခုအခါ နာဂစ်ကြောင့် အသက်မသေဘဲ ကျန်ရစ်သူများမှာ မုန်တိုင်းလာမည်ဟု သတင်းကြား ကတည်းက ကြောက်လန့် နေခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့ကစ၍ မိုးသည်း၊ လေထန်သည်နှင့်ပင် ကြောက်လန့်တကြား အော်ငိုသူက ငို၊ ပလတ်စတစ်ဂါလန်ပုံးဆွဲသူက ဆွဲ၊ သွေးရူးသွေးတန်း လှေပေါ်တက်သူက တက်နှင့် သွေးပျက်ခဲ့ကြကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ၊ ချောင်းကြီးကျေးရွာနေ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တဦးကလည်း မိုးကြိုကာလဖြစ်သည့် မုန်တိုင်းကာလအတွင်း မုန်တိုင်းအနည်းဆုံး ၆ ခုခန့် ၀င်ရောက် နိုင်သည် ဆိုသည့် သတင်းကြောင့် မုန်တိုင်းကို ကြောက်ကာ ချောင်းကြီးရွာတွင် မနေရဲတော့ဘဲ ရန်ကုန်မြို့ရှိ မိတ်ဆွေ တဦးနေအိမ်တွင် ခေတ္တခဏလာရောက် ခိုအောင်းနေကြောင်း သိရသည်။

သူ့လိုပင် မုန်တိုင်းကြောက်သောကြောင့် ပြင်စလူတွင် နေထိုင်သူများနှင့် ပင်လယ်ဝနှင့် နီးသော ကျေးရွာများတွင် နေထိုင်ကြသူများမှာ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ၎င်းတို့နှင့် နီးစပ်ရာ လပွတ္တာ၊ မြောင်းမြ၊ ကျိုက်လတ်စသည့် ဆွေမျိုးများရှိရာ မြို့များသို့ ပို့ထားကြသည်။

ရွာတွင် နေခဲ့သူတချို့ကလည်း ပလတ်စတစ် ဂါလန်ပုံးလွတ်များကို လိုက်လံ စုဆောင်းထားကြပြီး ရာသီဥတုကို အရင်ကထက် ပိုမို သတိထား စောင့်ကြည့်လာကြသည်ဟု အဆိုပါ အမျိုးသမီးက ပြောဆိုသည်။

“ကျမတို့ ရေဒီယိုလည်း နားထောင်တယ်၊ ပြီးတော့ မိုးရွာတာ လေတိုက်တာကအစ ဘယ်လိုနေလဲ၊ မုန်တိုင်း လာနိုင်သလား ဆိုတာ ဂရုတစိုက်ကြည့်တယ်၊ ခုချိန်မှာ မုန်တိုင်းဆိုတဲ့အသံ ဘယ်သူမှ မကြားချင်ဘူး၊ မုန်းတယ်၊
ကြောက်တယ်၊ ကျမ အကိုတွေ မောင်တွေ သေခဲ့တာလည်း မမေ့ဘူး၊ လူတွေအများကြီး သေခဲ့တာကိုလည်း မေ့မရပါဘူး” ဟု သူက စကားပြောနေရင်း ငိုသည်။

မုန်တိုင်းဆိုသည့် အသံကြားလျှင် ဦးတည်ရာမဲ့ ပြေးကြ၊ လွှားကြနှင့် သူတို့၏ အဖြစ်မှာ မြင်ရသူများအဖို့
စိတ်မကောင်းဖွယ်ရာဖြစ်ကြောင်း ဧရာဝတီတိုင်း၊ လပွတ္တာဒေသအတွင်း နာဂစ်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်လျက်ရှိသော
ကိုကျော်ကိုကိုက ပြောပြသည်။

“မုန်တိုင်းဆိုရင် သူတို့က ပြေးဖို့ ပြင်တော့တာပဲ၊ အဲလိုဖြစ်တာလည်း အပြစ်မပြောနဲ့ သူတို့အဖြစ်အပျက်တွေက တော်တော်ကို ဆိုးရွားခဲ့တာ။ အဲဒါတွေထဲကနေ သူတို့ နဂိုအတိုင်းပြန်ဖြစ်ဖို့ ဆိုတာ သိပ်မလွယ်ဘူး။ ပြီးတော့ ကျနော်တို့ ဆီမှာ သူများနိုင်ငံတွေလို စိတ်ဒဏ်ရာ ကုပေးတာမျိုးတွေလည်း မရှိတော့ ပိုဆိုးတာပေါ့” ဟု သူက ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် မိသားစုဝင်များ ဆုံးရှုံးခဲ့သူများ၏ စိတ်ဒဏ်ရာကို လိုက်လံ ကုသပေးသော အဖွဲ့အစည်းတချို့ရှိသည်ဟု သိရသော်လည်း လူနာဦးရေနှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါးလှသည်ကို တွေ့ရှိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ တချို့ဒေသများသို့ စိတ်ဒဏ်ရာ လိုက်လံကုသပေးခဲ့သော ငြိမ်း ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း လူငယ်တဦးက ၎င်းတို့အဖွဲ့အနေနှင့် နာဂစ်ဖြစ်ပြီး နောက်ပိုင်း ကျေးရွာများအထိ ကွင်းဆင်း ကုသပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် ရွာတရွာတွင် နှစ်ပတ်မျှ နေထိုင်၍ ဒေသခံများနှင့် စကားပြော ကုသခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုသည်။

“ကျနော်တို့အဖွဲ့က တော်တော်များများက စေတနာ့ဝန်ထမ်းတွေ ဆိုတော့ လုပ်ပေးနိုင်တဲ့ အချိန်ကာလကလည်း အတိုင်းအတာ ရှိတာပေါ့နော်။ တောက်လျှောက် လိုက်ကုပေးဖို့ ကျတော့လည်း ကျနော်တို့မှာ တခြား အခက်အခဲ တွေ ရှိတော့ လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့တဲ့ အနေအထားပဲ ရှိပါတယ်” ဟု သူက ဆိုသည်။

၎င်းတို့အဖွဲ့အနေနှင့် နေရာဒေသတခုတွင် အချိန် ၂ ပတ်ကြာ နေထိုင်ပြီး ကုသပေးခဲ့သော်လည်း ထို ၂ ပတ် ဆိုသည့်အတိုင်းအတာမှာ ကုသမှုအနေနှင့် မပြောပလောက်ကြောင်း၊ ကုသမှုပေးသည့် အဖွဲ့အစည်းမှာလည်း နာဂစ်ကြောင့် ထိခိုက်ခဲ့သူ လူဦးရေနှင့်စာပါက အလွန် နည်းပါးသည်ကို တွေ့ရကြောင်း၊ ကုသမှု များကိုလည်း အချိန်အတိုင်းအတာ တခုထိသာ ဆောင်ရွက်ကြသည်ကို တွေ့ရပြီး ယခုကဲ့သို့ မုန်တိုင်း ကာလများတွင် ပိုမို ကုသမှု ပေးရန် လိုအပ်ကြောင်း သူက ပြောဆိုသည်။

မုန်တိုင်းဒဏ်သင့် ဒေသများသို့ ရွှေ့ပြောင်း ဆေးခန်းအနေနှင့် လိုက်လံ ဆေးကုသပေးလျှက်ရှိသော ရန်ကုန်မြို့မှ ဆရာဝန်တဦးကလည်း ၎င်း သွားရောက်ကုသခဲ့သော ဒေသများမှ လူနာအများစုသည် မုန်တိုင်းပြီးစဉ်က လှူဒါန်း ထားကြသည့် တာပေါ်လင်မိုးအောက်၌ မလုံမခြုံနေထိုင်နေရဆဲ ဖြစ်သည့်အပြင် အ၀တ်အထည်၊ အစား အသောက် စသဖြင့် ချို့တဲ့နေဆဲဖြစ်သည့်အတွက် စိတ်ပူရသည့် အခြေအနေမျိုးဖြစ်ကြောင်း ပြောဆိုသည်။

“စိတ်နဲ့ ရုပ်ဆိုတာ တွဲနေတာပါ။ စိတ်ကျန်းမာမှ လူကျန်းမာနိုင်သလို လူကျန်းမာမှလည်း စိတ်ကျန်းမာလာအောင် ကုသနိုင်မယ်၊ သူတို့တွေမှာ ကျနော် မြင်ရသလောက် လိုအပ်နေတာတွေက အများကြီးပဲ။ နေထိုင်စရာ အမိုး အကာ လုံလုံခြုံခြုံ၊ စားစရာ အစားအစာ၊ အ၀တ်အထည် အားလုံး လိုအပ်နေသေးတယ်၊ အဲဒါတွေကို ပြည့်စုံ အောင် မဖြည့်ဆည်းပေးနိုင်သရွေ့ သူတို့တွေ ပုံမှန်ပြန်ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး” ဟု အဆိုပါ ဆရာဝန်က သုံးသပ်ဝေဖန်သည်။