မဇ္ဈိမ/DMG
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ဘင်္ဂလားဒေ့ရှ်စ်တပ်တို့ မြန်မာ-အိန္ဒိယ-ဘင်္ဂလာားဒေ့ရှ် နယ်စပ် အနီးတွင် အောက်တိုဘာလ ၁၇ ရက်နေ့က တိုက်ပွားများဖြစ်ပွားခဲ့ပြီး ALP ဖက်မှ တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူတစ်ဦးမှာလည်း စစ်တွေဆေးရုံကြီး၌ ခွဲစိတ်ကုသမှုခံယူနေရသည်ဟု သိရသည်။
အဆိုပါပစ်ခတ်မှုသည် ရည်ရွယ်ချက်နှင့် ဖြစ်ပွားခဲ့ခြင်းမဟုတ်ပဲ နယ်စပ်အနီး Rohingya Solidarity Organisation-RSO များ ရောက်ရှိနေကြောင်း ALP ဖက်မှ သတင်းရရှိသဖြင့် တိုက်ကင်းထွက်ရာမှ ဘင်္ဂလားစစ်တပ်နှင့် ထိပ်တိုက်တွေ့ကာ အထင်မှားပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရကြောင်း ALP ပါတီအတွင်းရေးမှူး ခိုင်အောင်ဇံဖြူက ပြောသည်။
“စပြီးဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်စစ်တပ်လို့တောင် မသိဘူး။ ပြောရမယ်ဆိုရင် RSO အထင်နဲ့ပေါ့။ အဲဒီမှာက အင်္ကျီအရောင်တွေကလဲတူ၊ ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ RSO တွေနဲ့တူနေတယ်။ ကျွန်တို့ဘက်က တစ်ယောက် ကျတယ်။ နောက်တစ်ယောက်ကတော့ အခုဆေးရုံမှာ ခွဲစိတ်မှုခံယူနေတယ်။" ဟု ၄င်းကပြောသည်။
ယခုအခါ ALP ဘက်မှ စစ်ဆင်ရေးကို ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ် စစ်တပ်၏ လှုပ်ရှားမှုအား စောင့်ကြည့်နေသည်ဟုသိရသည်။ “စစ်ဆင်ရေးကိုတော့ ရုပ်သိမ်းလိုက်ပါပြီ။ ကျွန်တော်တို့နဲ့ ဘင်္ဂလားဒေ့ရှ်နဲ့က အစကတည်းက ရင်းရင်းနှီးနှီး အေးအေး ချမ်းချမ်း နှစ်ရှည်လများနေလာခဲ့တာလေ။ အဲဒါကို သူတို့လည်းသိတယ်။ ကျွန်တော်တို့ ပြည်သူတွေလည်းသိတယ်။ ဒါကြောင့် ကျွန်တော်တို့ သိသိချင်းပဲ ချက်ချင်း ရုပ်သိမ်းလိုက်တယ်။ သူတို့ဘက်ကတော့ သူတို့စစ်ဆင်ရေးအပေါ်မှာပဲ မူတည်မယ်။” ဟု ခိုင်အောင်ဇံဖြူက ပြော သည်။
ပစ်ခတ်မှုသည် နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ ကြာမြင့်ခဲ့ပြီး ALP ဘက်မှ ဆေးမှူးဖြစ်သူ ခိုင်စိုးလင်းမှာ ကျဆုံးခဲ့သည်။ ဒဏ်ရာရှိထားသူ ဒု-ဗိုလ် ခိုင်နီမင်းအသက်ကို ပလက်ဝမှတဆင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်လာခဲ့သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေတွင် ဆီးခုံခွဲစိတ်ကုသမှုခံယူထားပြီး လက်ရှိအချိန်ထိ သတိမရသေးသော်လည်း စိုးရိပ်စရာမရှိဟုလည်း သိရသည်။ အဆိုပါ ဒဏ်ရာရှိထားသူအား သယ်ဆောင်လာရာ လမ်းတစ်လျှောက်အတွင်း တားဆီးမှုများ မရှိခဲ့သလို ပြည်နယ်အစိုးရ အဖွဲ့နှင့် စစ်တွေအခြေစိုက် သွေးအလှူရှင်များအသင်းနှင့် လူမှုရေးအဖွဲ့အစည်းများကပါ လိုက်ပါ ဆောင်ရွက်ကူညီမှုများ ရှိကြောင်းလည်း သိရသည်။
No comments:
Post a Comment