Thursday, October 29, 2015

အမြန်လမ်းမကြီးပေါ် ကြော်ငြာဆိုင်းဘုတ်ခ မပေးသွင်းသူများကို တရားစွဲမည်

DVB


ရန်ကုန်-နေပြည်တာ်- မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူထားပြီး ကျသင့်ငွေလာမပေးတဲ့ လုပ်ငန်းရှင်တွေကို နိုဝင်ဘာ ၅ ရက် နောက်ဆုံးထားပြီး ငွေလာပေးသွင်းဖို့နဲ့ လာမပေးရင် တရားစွဲအရေးယူမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနက သတိပေးလိုက်ပါတယ်။

ကျသင့်ငွေ ပေးသွင်းဖို့ ပျက်ကွက်တဲ့ လုပ်ငန်းရှင် ၁၁ ဦးနဲ့ ကြော်ငြာဆိုင်းဘုတ်ပေါင်း ၄၅ ခုရှိပြီး တန်ဖိုး စုစုပေါင်း မြန်မာကျပ်ငွေ သိန်း ၂၂၀၀ ကျော်ရှိပါတယ်။

လုပ်ငန်းရှင်တွေကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အောက်တိုဘာ ၂၀ ရက်အထိ ကျသင့်ငွေပေးခြင်းမရှိတဲ့အပြင် ဌာနကို ဆက်သွယ်လာတာလည်း မရှိဘူးလို့ ဆောက်လုပ်ရေးဌာနရဲ့ လုပ်ငန်းရှင်တွေထံ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။

ငွေပေးသွင်းဖို့ ပျက်ကွက်တဲ့ တာဝန်ခံ ကြော်ငြာ ကုမ္ပဏီတွေထဲမှာ တာလီရွှေစိန်ရတနာဆိုင်၊ သပြေရိပ်စားသောက်ဆိုင်၊ အောင်ပြည့်ဖြိုးဦးကုမ္ပဏီ၊ Loi Hein၊ Myanmar Online ၊ Strong Light ၊ United KMK၊ Myanmar Gold Outdoor၊ Royal Mandalay ၊ Super Myanmar Advertising နဲ့ Dragon ကုမ္ပဏီတွေပါဝင်ပါတယ်။

သတ်မှတ်ရက်အတွင်း ငွေပေးသွင်းခြင်းမပြုပါက လမ်းမကြီးများဥပဒေအရ တရားစွဲအရေးယူသွားမှာဖြစ်ပြီး တရားစွဲခံရပါက ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ် ၅ သောင်းမှ အများဆုံး ၅ သိန်းထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရ နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စိုက်ထူထားတဲ့ ကြော်ငြာဆိုင်းဘုတ်တွေကို ဌာနအစီအစဉ်နဲ့ ဖြုတ်သိမ်းမှာ ဖြစ်ပြီး ဖြုတ်သိမ်းကုန်ကျစရိတ်ရဲ့ ၃ ဆကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

No comments: