Friday, October 2, 2015

အန်စီအေ လက်မှတ်ထိုးရေး တိုင်းရင်းသားအစုအဖွဲ့ ၂ ဖွဲ့ကွဲ

အေးနိုင်


ထိုင်းနိုင်ငံ ချင်းမိုင်မှာ ၃ ရက်ကြာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရေးနဲ့ ပတ်သက်လို့ အဖွဲ့အစည်းအားလုံး တသဘောတည်း ဖြစ်ကြပေမယ့် ချဉ်းကပ်ပုံမတူတဲ့အပေါ် အစုအဖွဲ့ ၂ ဖွဲ့ ကွဲခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၃ ရက်ကြာမြင့်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကို ၁၉ ဖွဲ့က တက်ရောက်တဲ့အနက် ၇ ဖွဲ့က လတ်တလော လက်မှတ်ထိုးဖို့ ဆုံးဖြတ်ပြီး ကျန် ၁၂ ဖွဲ့က အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုးရေးကို ဆက်လက်စွဲကိုင်ကြပါတယ်။

လက်မှတ်ထိုးမယ့် ၇ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်ယူ/ကေအန်အယ်လ်အေ-ပီစီ)၊ ရခိုင်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) တို့ ဖြစ်ကြပါတယ်။

လတ်တလော လက်မှတ်မထိုးကြသေးတဲ့ ၁၂ ဖွဲ့ကတော့ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ ရခိုင်တပ်မတော် (အေအေ)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)၊ ရခိုင်အမျိုးသားကောင်စီ (အေအန်စီ)၊ ၀အမျိုးသားအဖွဲ့ချုပ် (ဒဗလျူအန်အို)၊ လားဟူဒီမိုကရက်တစ်ယူနီယံ (အယ်လ်ဒီယူ)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် – မိုင်းလားတပ်ဖွဲ့ (အန်ဒီအေအေ)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) တို့ ဖြစ်ပါတယ်။

အစည်းအဝေး မတက်ရောက်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (ယူဒဗလျူအက်စ်အေ) နဲ့ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ – ကပ်ပလန် (အန်အက်စ်စီအန်-ကေ) အဖွဲ့တို့က အန်စီအေကို လက်မှတ်မထိုးဘူးလို့ ပြီးခဲ့တဲ့လအတွင်း ထုတ်ပြန်ပြောဆိုထားကြပါတယ်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ ၂၁ ဖွဲ့မှာ ၇ ဖွဲ့က လတ်တလော လက်မှတ်ထိုးကြဖို့ သဘောထားပေးကြတာ ဖြစ်ပါတယ်။

လတ်တလော လက်မှတ်ထိုးမယ့် ၇ ဖွဲ့မှာ ပါတဲ့ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက “တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကျနော်တို့ အကုန်လုံးက လက်ခံတယ်။ ဒါပေမယ့် လက်တွေ့ လက်မှတ်ထိုးရမယ့် အချိန်မှာကျတော့ အစိုးရကလက်ခံတဲ့ အဖွဲ့အစည်းတွေနဲ့ လက်မခံနိုင်တဲ့ အဖွဲ့အစည်းတွေတော့ ရှိတယ်။ လက်ခံတဲ့ အဖွဲ့အစည်းတချို့မှာ ကျတော့ သူက လက်ခံသလို သူ့ရဲ့အနေအထားနဲ့ သူတို့စနိုင်တဲ့ အနေအထားကနေ စပြီးတော့ အကုန်လုံးပါလာနိုင်ဖို့အတွက် ကြိုးစားမယ်၊ ဆောင်ရွက်မယ်ဆိုတဲ့ တွေးခေါ်မှုနဲ့ လက်မှတ်ရေးထိုးမယ်လို့ ဆုံးဖြတ်တဲ့ အဖွဲ့အစည်းတွေ ရှိသလို အကုန်လုံးပါဝင်လာမှ လက်မှတ်ရေးထိုးမယ်ဆိုတဲ့အဖွဲ့၊ အဆင်သင့်မဖြစ်သေးတဲ့အဖွဲ့ အနေနဲ့ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေလည်း ရှိတယ်။ လက်မှတ်ရေးထိုးမယ်ဆိုတာက အန်စီအေကို လက်ခံမယ်ဆိုတဲ့ အပေါ်မှာ မူတည်တာကိုး။ အကုန်လုံးက လက်ခံတယ် အကုန်လုံးက၊ လက်မှတ်ရေးထိုးတဲ့ အနေအထား ကွာဟမှုအပေါ်မှာ ဒါ ကွဲတာမဟုတ်ဘဲနဲ့ ခွဲပြီး နိုင်ငံရေးရည်မှန်းချက်တခုပဲ သွားတာ၊ နောက်ဆုံးမှာတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့အတွက် ဆိုလို့ရှိရင် အပစ်အခတ်ရပ်စဲရေး အကုန်လုံးပါလာမှပဲ ဖြစ်နိုင်မယ်။ ဒါပေမယ့် ပါလာပုံ၊ ပါလာနည်းအပေါ်မှာ သုံးသပ်မှု၊ လက်ခံမှု မတူတဲ့အပေါ်မှာ ဒါဖြစ်လာတဲ့ကိစ္စ။ အခုကတော့ ကျနော်တို့က ဘယ်လိုပဲဆုံးဖြတ်ဖြတ်၊ ဒါပေမယ့် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုကတော့ တနည်းတလမ်းကတော့ ကျနော်တို့က ဖန်တီးထားတဲ့အတွက်ကြောင့် ဆက်သွယ်မှုကတော့ ရှိနေမှာပဲ” လို့ ပြောပါတယ်။

ဒီထိပ်သီးအစည်းအဝေးကြီးမှာ တိုင်းရင်းသားခေါင်းဆောင်တွေက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို ချဉ်းကပ်ပုံ နည်းနာပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ကြမယ်လို့ ခေါင်းဆောင်တွေက သဘောတူညီခဲ့ကြပါတယ်။

လတ်တလော လက်မှတ်မထိုးသေးတဲ့ အစုအဖွဲ့မှာ ပါဝင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “(အခုလို ၇ ဖွဲ့က သီးခြား အန်စီအေလက်မှတ်ထိုးရင်) အင်တာနေရှင်နယ်မှာရော၊ ပြည်တွင်းမှာရော၊ EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ) မှာရော သက်ရောက်မှုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်စီအေမူကြမ်းကို ကျနော်တို့ နောက်ဆုံး အားလုံးပါဝင်ရေးတခုပဲ ကျန်ပြီးတော့ လက်ခံလိုက်တာက ဘာလဲဆိုတော့ အားလုံး တစုတစည်းတည်း ဆွေးနွေးလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲမှာ အားရှိမယ်လို့ ယုံကြည်လို့ ကျနော်တို့က ဒီစာသားအပေါ်မှာ ကျနော်တို့က အပြည့်အ၀ကျေနပ်မှု မရှိသော်လည်းဘဲ အားလုံးပါဝင်ရင် ထိုးမယ်လို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတော့ အခု တချို့တ၀က်ပဲ ထိုးတယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲမှာ အားရှိမလားဆိုတာ ကျနော်တို့ အင်မတန်မှ စဉ်းစားရမယ့် မေးခွန်းတခု ဖြစ်နေပါတယ်။” လို့ ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့တုန်းက အန်စီအေ ဖြည့်စွက်ပြင်ဆင်ချက်တွေ ကိစ္စကို ဆွေးနွေးဖို့ တာဝန်ပေးအပ်ခဲ့တဲ့ ပဒိုနော်စီဖိုးရာစိန် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို တာဝန်ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီထိပ်သီးဆွေးနွေးပွဲမှာ တာဝန်ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ကနဦးပိုင်း ဖွဲ့စည်းခဲ့ပြီး အန်စီအေစာချုပ်ကို အစိုးရနဲ့ အဓိက ပူးတွဲရေးဆွဲခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ကို ဆက်လက်ထားရှိပြီး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေး ပြောခွင့်ရသူ ပူးဇင်ကျုံးက “အန်စီစီတီကတော့ မူဘောင်တွေ ဆွေးနွေးဖို့ တာဝန်ပေးထားပါတယ်။ နောက်ပြီးတော့ CoC (Code of Conduct) (နှစ်ဘက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ) ကိစ္စ၊ နောက် JMC ခေါ်တဲ့ Joint Monitoring Committee (ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေး) အဲဒါတွေကို သူ့ကိုတာဝန်ပေးထားတဲ့အတွက် အန်စီစီတီကတော့ ဆက်ပြီးမှ ရှိနေဆဲပါပဲ။ ဒါပေမယ့်လို့ သူကတော့ ဒီကြားထဲမှာ အစိုးရနဲ့ အခုလက်မှတ်ထိုးမယ့် အဖွဲ့တွေ ဆွေးနွေးပွဲကနေတဆင့် ရလာတဲ့ ရလဒ်ပေါ်မှာ ဘယ်လိုဆက်သွားမယ် ဆိုတာကိုတော့ လာမယ့် EAOs Summit (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး) မှာ ပြန်ပြီး သူ့ရဲ့ အခန်းကဏ္ဍကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

EAOs အစည်းအဝေးဟာ ဒီလအတွင်းမှာ ပြန်ကျင်းပကောင်း ကျင်းပနိုင်တယ်လို့ သူက ပြောပါတယ်။

အစည်းအဝေးမှာ တိုင်းရင်းသားနယ်မြေ အသီးသီးရဲ့ လက်ရှိ၊ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေ ရင်ဆိုင်နေရတဲ့ ထိုးစစ်တွေ၊ စစ်ရေးတင်းမာမှုတွေဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ရေးအတွက် အဓိက အဟန့်အတား ဖြစ်စေတာကြောင့် အထူးစိုးရိမ်မှုကို ခေါင်းဆောင်တွေက အလေးထား ဆွေးနွေးကြပါတယ်။

အန်စီအေ လက်မှတ်ရေးထိုးရေးဆိုင်ရာ ပူးတွဲကော်မတီ ဖွဲ့စည်းဖို့ အစိုးရဘက်က အောက်တိုဘာ ၃ ရက်နေ့ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ကြားထားပြီး အောက်တိုဘာ လလယ်ပိုင်းလောက် ထိုးဖြစ်ဖွယ်ရှိပါတယ်။

ထိပ်သီးခေါင်းဆောင် အစည်းအဝေး ကြေညာချက်မှာ အတူတကွ လက်မှတ်မထိုးနိုင်ပေမယ့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေး၊ နှစ်ဘက်လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲရေး၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေး စတဲ့ လုပ်ငန်းစဉ်အားလုံးမှာ အတူတကွ ပါဝင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြဖို့ နားလည်မှု တည်ဆောက်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ကာလရှည်ကြာလှတဲ့ ပြည်တွင်းစစ်သမိုင်းမှာ ပထမဆုံးအကြိမ် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မူချောအဆင့်ကို ရရှိနိုင်ခဲ့ပါတယ်။

အစိုးရက အဖွဲ့ ၆ ဖွဲ့ကို စာချုပ်လက်မှတ်ထိုးရာမှာ ခွင့်မပြုလို့ ရပ်တည်သလို တိုင်းရင်းသားတွေက အားလုံးပါဝင်ရေးဆိုတဲ့ လက်မှတ်ရေးထိုးမယ့် အဖွဲ့အရေအတွက်ပေါ်မှာ မူတည်ပြီး အန်စီအေစာချုပ်ကို လက်မှတ်ထိုးတဲ့အဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးအပြီး အခမ်းအနား သဘာပတိ နိုင်ထောမွန်က “ကျနော်တို့ အစည်းအဝေးပြီးလို့ ညီညွတ်ရေးကို ထိန်းနိုင်တယ် ဆိုပေမယ့်လည်း ညီညွတ်ရေးကို အလေးထားပြီးတော့ ဒီထက်ပိုခိုင်မြဲအောင်၊ ဒီထက်ပိုပြီးတော့ လက်တွေ့ကျအောင် စဉ်းစားလုပ်ဆောင်ဖို့ လိုမယ်ထင်ပါတယ်။ ကျနော်တို့ တိုက်ပွဲမ၀င်ဘဲနဲ့ နိုင်ငံရေး၊ စစ်ရေး အားလုံး ဘက်ပေါင်းစုံက ဆက်စပ်ပြီးတော့ တိုက်ပွဲဝင်လှုပ်ရှားမှု မရှိဘဲနဲ့ ကျနော်တို့ ရည်ရွယ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။ လွယ်လွယ်နဲ့ ဖြစ်လာမှာမဟုတ်ဘူး။ ကျနော်တို့ အများကြီး ကြိုးစားဖို့လိုတယ်၊ ကြိုးစားပါလို့လည်း တိုက်တွန်းပါတယ်။ ကျနော်တို့အချင်းချင်း ညီညွတ်ရေးကို အလေးပေးရင်း ကြိုးစားသွားပါလို့ တိုက်တွန်းပါတယ်။” လို့ ပြောပါတယ်။

No comments: