Saturday, May 28, 2016

လိုက်နာမှု အားနည်းသည့် ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီများကို လုပ်ပိုင်ခွင့် ရုပ်သိမ်းမည်

မေသင်္ကြန်


ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီတွေအနေနဲ့ စာချုပ်ပါအချက်တွေကို လိုက်နာဆောင်ရွက်မှု အားနည်းတာကြောင့် လုပ်ပိုင်ခွင့်တွေ ပြန်လည်ရုပ်သိမ်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

အရင်အစိုးရလက်ထက်က ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီတွေကို ရောင်းချပြီး လုပ်ကိုင်ခဲ့ပေမယ့် လက်ရှိမှာ ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှု အားနည်းတာကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကုမ္ပဏီတွေဘက်က စာချုပ်ပါကတိတွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် လျှပ်စစ်ကုမ္ပဏီတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ရုပ်သိမ်းဖို့အထိ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုလိုက်တာပါ။

“YESC အနေနဲ့ ဘဏ္ဍာငွေ အကန့်အသတ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး တ၀ှမ်းလုံး ဖြန့်ကြက်ဆောင်ရွက်မှုအတွက် Franchise ခွင့်ပြုခြင်းဖြင့် မြို့နယ်အသီးသီးတွင် တပြိုင်နက်တည်း မီးသုံးသူပြည်သူများအတွက် ဓာတ်အား ဖြန့်ဖြူးခြင်းစနစ် ဖွံ့ဖြိုးတိုးတက်စေရေး ပိုမိုဆောင်ရွက်နိုင်ရန် ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ YESC နဲ့ Franchise ကုမ္ပဏီများအကြား ချုပ်ဆိုထားတဲ့ ပဋိညာဉ်စာချုပ်မှာ Franchise ကုမ္ပဏီများ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း ဖော်ပြထားပါသည်။ သို့သော်လည်း ကုမ္ပဏီများရဲ့ ပဋိညာဉ်စာချုပ်များကို လိုက်နာဆောင်ရွက်ရန် အားနည်းမှု၊ ပျက်ကွက်မှုများ ရှိနေတဲ့အတွက် စာချုပ်များကို ပြန်လည် သုံးသပ်စိစစ်ပြီး၊ ကုမ္ပဏီများရဲ့ အခြေအနေကို ပြန်လည်သုံးသပ်စိစစ်ပြီး၊ လုပ်ကိုင်ခွင့်များ ရုပ်သိမ်းခြင်းများကို ၀န်ကြီးဌာနသို့ တင်ပြ၍ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။”

ရန်ကုန်မြို့အတွင်း YESC က အမျိုးသားဓာတ်အားစနစ် ဝယ်ယူတဲ့ယူနစ်နဲ့ ပြန်လည်သုံးစွဲတဲ့ ယူနစ်ပေါင်း နောက်ဆုံးစာရင်းကိုလည်း ဖော်ပြပေးဖို့ ကျောက်တံတား မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မေးမြန်းခဲ့ပါတယ်။

“ရန်ကုန်မြို့မှာဆိုရင် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားဟာ ၁၂၀၀ မဂ္ဂါဝပ်ခန့်ရှိပြီး ဓာတ်အားပေးစက်ရုံတွေ၊ မဟာဓာတ်အားလိုင်းတွေကနေ ရန်ကုန်ကို အမှန်တကယ် ပို့လွှတ်တဲ့ ဓာတ်အားပေါင်းက ၁၁၀၀ မဂ္ဂါဝပ်ခန့် ရှိတယ်လို့ သိထားရပါတယ်။ ဒီလို ဓာတ်အားမလုံမလောက် ဖြစ်နေတဲ့အပြင် ဓာတ်အားဖြတ်သန်းရာ လမ်းကြောင်းတလျှောက်မှာလည်း ဓာတ်အားဆုံးရှုံးမှု နှစ်မျိုးဖြစ်တဲ့ Technical Lost နဲ့ Non- Technical Lost တွေ ရှိတဲ့အတွက်ကြောင့် အဆိုပါ ဆုံးရှုံးမှုတွေကို သက်သာအောင်သာ လုပ်နိုင်မယ်ဆိုရင် ဓာတ်အား ပိုမိုသုံးစွဲလာနိုင်မှာ ဖြစ်ပါတယ်။”

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း (YESC) က အမျိုးသား ဓာတ်အားစနစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ဓာတ်အားယူနစ် သန်းပေါင်း ၆၇၀၅ ဒသမ ၀၄၃ ဘီလီယံ ဝယ်ယူခဲ့ပါတယ်။

ဓာတ်အားသုံးစွဲသူတွေဆီ ပြန်လည် ရောင်းချခဲ့တဲ့ ယူနစ်ကတော့ သန်းပေါင်း ၅၉၁၃ ဒသမ ၂၈၂ ဘီလီယံရှိတယ်လို့ လျှပ်စစ်ဝန်ကြီးက လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

No comments: