Tuesday, May 31, 2016

KBC ဆရာမ ၂ ဦး အမှု တရားမျှတ ရေး အစိုးရကို ထပ်မံ တောင်းဆို

Kachinnews


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်)မြို့ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် ကချင် ဆရာမ နှစ်ဦး အမှုနှင့် ပတ်သက်ပြီး KBC အမှုမှန် ဖော်ထုတ်ရေး အဖွဲ့ မှ မေလ (၁၈) လားရှိုး ခရိုင်ရဲတပ်ဖွဲ့မှုးရုံး တွေ့ဆုံမှုတွင် အစိုးရကို အချက် ၂ ချက် ထပ်မံ တောင်းဆိုခဲ့သည်။

ယင်းနေ့ တွေ့ဆုံမှုတွင် အမှုမှန် ဖော်ထုတ်ရေး အတွက် ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ဘက်ကလည်း အစိုးရကို စာရေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ပွဲတက်ရောက်သူ KBC မုန်းမောင်ဇုံနယ် နှစ်ခြင်းခရစ်ယာန် အသင်းတော် (Mungmau Ginwang Hkalup Hpung) အထွေထွေ အတွင်းရေးမှုး ဆရာဇော်ရာ မှ ယခုလို ပြောပါသည်။

“စစ်ကြောင်းမှူး တင်မကဘူး အဲတုန်းက ရွာမှာ ရှိနေတဲ့ စစ်သားတွေ အကုန်လုံးကို ကျနော်တို့ စစ်ဆေး မေးမြန်း ချင်တယ်။ နောက်တစ်ချက်က အခုက ရဲတွေ ကြားခံပြီး ကျနော်တို့ကို တဆင့် မေးခိုင်းတဲ့အတွက် သိပ် မထိရောက်ဘူး။ အဲဒါကြောင့် ကျနော်တို့ တိုက်ရိုက် မေးမြန်းနိုင်ဖို့ အဲဒီ အခွင့်အရေး ရှိမှ ကျနော်တို့ စစ်ဆေး တော့မယ် လို့ ၂ ခု ပြောပြီး ပွဲက ပြီးသွားတယ်။”

ယင်းနေ့တွင် အစိုးရတပ် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ အောက် ခမရ ၅၀၃ မှ စစ်ကြောင်းမှူး ဗိုလ်မှူး အောင်ဖြိုးမြင့်၊ ဗိုလ်ကြီး မင်းသွင်နှင့် တပ်သား တဦး တို့ကို ရဲတပ်ဖွဲ့မှ တဆင့် မေးမြန်းဖို့ KBC အဖွဲ့ချုပ်ကို ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ခြင်းဖြစ်ပါသည်။

ထို့အပြင် လာမည့် ဇွန် (၄) ရက်နေ့တွင်လည်း KBC အမှုမှန် ဖော်ထုတ်ရေး အဖွဲ့က အစည်းအဝေး ပြုလုပ်ပြီး အမှုမှန် ပေါ်ပေါက်ရေး အတွက် ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်သည် ဟု KBC facebook စာမျက်နှာ တွင် ဖော်ပြထားပါသည်။

KBC မှ စေလွှတ်သော စေတနာ့ ၀န်ထမ်း ဆရာမ မရန်လုရာ (Maran Lu Ra)နှင့် ဆရာမ တန်ဘောင် ခေါန်နန်စင် (Tangbau Hkawn Nan Tsin) တို့ နှစ်ဦးသည် ကောင်းခါး ကျေးရွာတွင် ပညာ ဒါန ပြုနေချိန် ၂၀၁၅ ဇန်နဝါရီ ၁၉ ရက်ည သူတို့ နှစ်ဦး နေထိုင်ရာ ဘုရားကျောင်းဝင်း နေအိမ်တွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ပါသည်။

No comments: