Friday, September 23, 2016

AA တပ်သားတစ်ဦး လက်နက်များနှင့်အတူ ဖမ်းဆီးရမိပြီးနောက် ရသေ့တောင်မြို့နယ် လိုင်ဂွင်ရွာသားများ၏ အပြင်ထွက်ခွင့်ကို ပိတ်ပင်ခံထားရဟုဆို

နိရဉ္စရာ၊


ရက္ခိုင့်တပ်မတော် (AA) မှ တပ်သား တစ်ဦးကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာ အနီးတွင် မြန်မာတပ်မတော်မှ ဖမ်းမိပြီးနောက် လိုင်ဂွင်ရွာသားများ၏ ရွာပြင်ထွက်ခွင့်ကို ပိတ်ပင်ထားကြောင်း ကျေးရွာသားများက နိရဉ္စရာသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားသည်။

“ အစိုးရစစ်သား ၃၀ လောက်ရွာထဲကို ရောက်နေပါတယ်။ ရွာသားတွေကို ရွာပြင် ထွက်ခွင့် ပိတ်ပင်ထားပါတယ်။ ရွာသား ၄ ဦးကို စစ်သားတွေက လိုက်ရှာနေပါတယ်” ဟု လိုင်ဂွင်ရွာသား တစ်ဦးက ပြောသည်။

AA တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးအား လက်နက်ခဲယမ်းမီးကျောက်များနှင့် အတူ လိုင်ဂွင်ရွာမှ သုံးမိုင်ခန့်အကွာတွင် မြန်မာစစ်တပ်ဘက်မှ ဖမ်းမိသွားခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့သိရသလောက် သေနတ်တစ်လက်၊ ကျည်ဆံ ၁၀၀၊ လက်ပစ်ဗုံး သုံးလုံးနဲ့အတူ တောထဲမှာ ဖမ်းမိသွားတယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာ အဲဒီ အေအေ တပ်သားကို ရိုက်နှက်စစ်ဆေးနောက်ပိုင်း လိုင်ဂွင်ရွာက ရွာသား လေးဦးကို စစ်တပ်က ရှာဖွေနေပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် AA မှ ရဲဘော်မှာ မြောက်ဦးမြို့နယ် ကျီရာပြင်ရွာမှ ဖြစ်ကြောင်း သိရသည် ၎င်းရွာသားက ဆက်လက် ပြောဆိုသည်။

No comments: