Thursday, September 22, 2016

လာဘ်စားထားကြောင်း ရှာဖွေ ဖော်ထုတ်နိုင်ပါက တရားစွဲခံမည် ဟု လူ့အခွင့်အရေး ကော်မရှင်ပြော

ဇေယျာမော်

အိမ်အကူမိန်းကလေးနှစ်ယောက် နှိပ်စက်ခံရမှုတွင် ကြားဝင်ညှိုနှိုင်းပေးသော လာဘ်စား ထားကြောင်း ရှာဖွေဖော်ထုတ်နိုင်ပါက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တရားစွဲဆိုနိုင်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောဆိုခဲ့သည်။

စက်တင်ဘာ ၂၁ ရက်နေ့ က ရန်ကုန်မြို့ ပြည်လမ်း ၊ ၆ မိုင်ခွဲတွင် ရှိသော မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရုံး တွင် သတင်း မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ဖော်ထုတ်လိုက်ပါ။ ဖော်ထုတ်လိုက်လို့ အကြောင်းအချက်အလက် တွေ့ရှိခဲ့ရင် ကျွန်တော်တို့ကို တရားစွဲလို့ ရပါတယ်" ဟု ဦးဇော် ၀င်းက ပြောသည်။

ကော်မရှင်၏ ဆောင်ရွက်ပေးမှုသည် စေတနာ မေတ္တာ၊ ကော်မရှင်၏ ခံယူချက် ၊ ယုံကြည်ချက်များဖြင့်သာ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

အဆိုပါ အမျိုးသမီငယ် နှစ်ဦးနှိပ်စက်ခံရမှုသည် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းသာဖြစ်ကြောင်း ကော်မရှင်က ၀န်ခံပြောဆိုခဲ့ ပြီး လျော်ကြေးငွေ ကိစ္စသည် နှစ်ဖက် ကာယကံရှင်အချင်းချင်း ညှိနှိုင်းခြင်းသာဖြစ်ကာ ကော်မရှင်က ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ကြောင်း လည်း ပြောဆိုခဲ့သည်။

ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝ အပ်ချုပ်ဆိုင်တွင် ဆယ်ကျော်သက် အိမ်အကူ အမျိုးသမီးနှစ်ဦးကို ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခြင်း ခံနေရသည်ကို မြန်မာနောင်း (Myanmar Now) သတင်းအေဂျင်စီမှ သတင်းထောက်ချုပ် ကိုဆွေဝင်းက စုံစမ်းသိရှိခဲ့ပြီး ကျောက်တံတားရဲစခန်းတွင် အမှု ဖွင့် တိုင်ကြားခဲ့ပြီးနောက် လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးစေခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ၀င်ရောက်ညှိနှိုင်းပေးမှုဖြင့် စက်တင်ဘာ ၁၅ ရက်နေ့တွင် လက်ချောင်း ဆယ် ချောင်းလုံး ကျိုးသွားသူ မစန်းကေခိုင်အတွက် လပေါင်းများစွာ မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး သိန်း ၄ဝ၊ ကတ်ကြေးဒဏ်ရာ၊ ဓားဒဏ်ရာများ ရရှိခဲ့သည့် မသဇင်အတွက် မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး ၁ဝ သိန်း ပေးအပ်သည်ကို လက်ခံရရှိကြောင်း နှစ်ဘက် လက်မှတ်ထိုး ညှိနှိုင်းခဲ့သည်။

စက်တင်ဘာ ၂၀ ရက်နေ့တွင် ဆယ်ကျော်သက်အရွယ် အိမ်အကူအမျိုးသမီး နှစ်ဦးကို ညှင်းပမ်းနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ အင်းဝ အပ်ချုပ်ဆိုင်မှ အမျိုးသမီးနှစ်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် လူကုန်ကူး မှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ကာ တရားစွဲဆိုခံထားရသူ အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင် သုံးဦးကို ကျောက်တံ တားမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးရမိပြီး ဖြစ်သည်။

No comments: