Monday, September 26, 2016

ကချင် မံဝင်း ဒုက္ခသည်စခန်း အရေးပေါ် စားစရာ လိုအပ်နေ

Kachinnews


ကချင်ပြည်နယ် တောင်ပိုင်း မံဝင်း စစ်ပြေးဒုက္ခသည် စခန်းများ အတွက် စားနပ်ရိက္ခာ အကူအညီကို မြန်မာ့တပ်မတော် က ဆက်လက် တားမြစ်နေသောကြောင့် လက်ရှိ ဒုက္ခသည်များ အရေးပေါ် အစားအသောက် လိုအပ်နေပါသည်။

နှစ်လခန့် ရိက္ခာ လုံးဝ မရရှိ သေးသည့် အခြေအနေမှာ ဒုက္ခသည်အိမ်ထောင် အချို့ ရက်ပိုင်း မှ စပြီး ဆန်ပြုတ် ပဲပြုတ် သာ စားနေရသည့်အကြောင်း WFP အကူအညီအဖွဲ့နှင့် ဆက်သွယ်နေသူ ဒုက္ခသည် စခန်း တာဝန်ခံ တစ်ဦးလည်း ဖြစ်သူ ဆရာ နော်အောင် က ပြောပါသည်။

“၂ လ နီးပါး အကူအညီမရ တဲ့အတွက် ဒုက္ခသည် အိမ်ထောင် ၇၀ လောက်က စားဖို့ ဆန်မရှိ ဘေးနား အိမ်ထောင်စုတွေဆီက အကူအညီတောင်းပြီး ဆန်နဲ့ ပဲ ရောပြီး ပြုတ်စားနေရတယ်။ စခန်းမှာရှိတဲ့ တချို့ ဆန် ၁ အိတ်ကျော်ရှိသေးတဲ့ သူတွေဆီက ၅ ပြည် ၆ ပြည်လောက် ယူပြီး မျှပေးနေရတယ်။”

ဒုက္ခသည် ဦးရေ ၅၀၀၀ ခန့်ရှိ မံဝင်း စခန်းအတွက် ၂၂ ဘီး ကားကြီး ၄ စီးနှင့် သယ်ဆောင်လာသော ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ WFP ၏ ဆန်၊ ဆီ၊ ပဲ စသည်တို့ကို အစိုးရစစ်တပ်က သြဂုတ်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့ နမ့်ခမ်း မြို့နယ် N'Mau Hka (ရွှေလီမြစ်) တံတား တွင် တားမြစ်ခဲ့ပါသည်။

အစိုးရတပ် သိမ်းယူ ထားသည့် ယင်း စားနပ်ရိက္ခာများကို ပြန်လည်ရရှိရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များနှင့် ပြည်ထောင်စု အစိုးရကို အကြောင်းကြား တောင်းဆို ခဲ့ပြီးသော်လည်း ယခုထိ နဂိုအတိုင်း ရှိနေဆဲဖြစ်သည်ဟု ဆရာ က ပြောပါသည်။

မံဝင်း ဒုက္ခသည် စခန်း စုစုပေါင်း (၄)ခုရှိပြီး ၄င်းတို့မှာ ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) မှ တာဝန်ယူ ကြည့်ရှုနေသော စခန်း (၂)ခု (KBC-1 နှင့် KBC-2) နှင့် ရိုမန် ကက် သလစ် အသင်းတော် (RCM) မှ တာဝန်ယူ ကြည့်ရှုနေသော စခန်း (၂)ခု (RCM-1 နှင့် RCM-2) တို့ ဖြစ်ကြသည်။

စစ်တပ် က ‘ မံဝင်း ဒုက္ခသည်စခန်းများအနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ဆန် ထောက်ပံ နေမှုများ ရှိနေတယ်’ စသည်ဖြင့် ပြောဆို နေကြသည်ဟု ဆရာ နော်အောင် က ပြောသည်။ သို့သော် အစိုးရတပ် ထင်သလို မဟုတ်ကြောင်း သူ က ဆက်ပြောသည်။

“KIA ကို ဆန် ပေးနေတာမျိုး လုံးဝ မလုပ်ပါဘူး။ အဲလို မဖြစ်ရအောင်လည်း ဆန် ကို တောင်ယာ လယ်ယာတွေအထိ သယ်သွားတာမျိုး မလုပ်ပါဘူး။ အကူအညီ တံဆိပ်ပါတဲ့ အိတ်တွေကို ဈေးထဲ ယူသွားပြီး ချန်ထားတာမျိုး မလုပ်ဖို့ကိုလည်း ပြောပါတယ်။ ကျနော်တို့က KIA ကို ထောက်ပံ့တာမျိုးတွေ မလုပ်ပါဘူး”

လွန်ခဲ့သည့် မေလ ဝိုင်းမော်မြို့နယ် ဆဒုံး တရုတ် နယ်ခြားမှတ်တိုင် ၈ ကချင်စစ်ပြေး ဒုက္ခသည်များအတွက် သယ်လာသော WFP ကားကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှုး ညွန်ကြားမှုဖြင့် ခွင့်မပြုဘဲ နောက်ကြောင်း ပြန်လှည့် စေခဲ့သည်။

ထို့အပြင် သြဂုတ် ၂၅ ရက်မှာလည်း ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ကား တစ်စီးဖြင့် တရုတ်နယ်စပ် ကချင် ဒုက္ခသည် စခန်း (၄)ခု အတွက် သယ်ဆောင်လာသော လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UN-OCHA ဆေးဝါး အကူညီများ ကို မြစ်ကြီးနား-လွယ်ဂျယ် လမ်းမပေါ် Sinlum (စိန်လုံ) စခန်းတွင် အစိုးရတပ်က လုံးဝ ဖြတ်သန်းခွင့် ဘဲ တားမြစ်ခဲ့သည်

No comments: