Saturday, September 24, 2016

မောင်တောခရိုင်တွင် လူဦးရေထိန်းချုပ်မှု ပြုလုပ်ရန် ရှိ/ ရှိမရှိ မေးခွန်း ပြည်ထောင်စု ၀န်ကြီး တလွဲဖြေဆို

နိရဉ္စရာ၊


ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောခရိုင်တွင် လူဦးရေ တိုးပွားမှုနှုန်း အဆမတန် မြင့်မားလာသဖြင့် လူဦးရေထိန်းချုပ်မှုဆိုင်ရာ ဥပဒေအတိုင်း ဆောင်ရွက်ရန် အခြေအနေ ရှိ/ မရှိ မေးခွန်းကို ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၏ မေးမြန်းရာ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးမှ ၎င်းမေးခွန်း အပေါ် တလွဲ ဖြေဆိုသွားခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး (၃၈) ရက်မြောက်နေ့တွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေမှ ဘူးသီးတောင် မောင်တော ဒေသသည် လူဦးရေ အလွန်တရာမှ ထူထပ် များပြားကြောင်း၊ လူဦးရေထိန်းကျောင်းမှုဆိုင်ရာ ဥပဒေအရ ထိုကဲ့သို့ ဒေသများကို လူဦးရေ ထိန်းကျောင်းရမည့် နေရာ အဖြစ် သတ်မှတ်ရန် ဥပဒေရှိပြီး သား ဖြစ်ကြောင်း၊ ၎င်း ဥပဒေကို ၂၀၁၅ ခုနှစ် ပြဌာန်းပြီးသား ဖြစ်ပါကြောင်း၊ ၎င်း ဥပေကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အခြေအနေ ရှိ/မရှိ မေးခွန်းကို မေးမြန်းခဲ့ကြောင်း သိရသည်။

“ အဲဒီတော့ ကျွန်တော်မေးတဲ့ မေးခွန်းနဲ့ ၀န်ကြီး ဖြေကြား သွားတာက တစ်ယောက် တစ်ခြား ဖြစ်နေတယ်။ ဆိုလိုတာက ဘယ်လိုလဲဆိုတော့ ၀န်ကြီးဌာန တစ်ခုဟာ အစိုးရ ရဲ့ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက် ပေးရမှာဘဲ ဖြစ်တယ်။ ဒါပေမယ့် တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့ပြီးတော့ ပြဌာန်းထားတဲ့ ဥပဒေကို အကောင်အထည် မဖော်ဘဲနဲ့ တစ်လွဲဖြေသွားတာကို တွေ့ရပါတယ်” ဟု ဦးအောင်သောင်းရွှေက ပြောဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လူဦးရေ တိုးပွားနှုန်း အလွန်ကြီးထွားနေပြီး ကျန်မားရေးဌာန မှ ထုတ်ပြန်သော စာရင်းအရ ဘင်္ဂလီမွေးဖွားမှုန်း ၃.၅ ရာခိုင်နှုန်းရှိပြီးတိုင်းရင်းသား မွေးဖွားနှုန်း ၀.၆ ရာခိုင်နူန်းသာရှိကြောင်း၊ မောင်တောမြို့နယ်တွင် လူဦးရေ ၅၂၀၀၀၀ ကျော်ရှိရာ ထိုအထဲတွင် တိုင်းရင်းသား လူဦးရေက ၄၉၀၀၀ သာရှိကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင်လည်း လူဦးရေ ၃၄၀၀၀၀ ရှိရာမှာ တိုင်းရင်းသား လူဦးရေက ၅၅၀၀၀ ကျော်သာရှိကြောင်း ဦးအောင်သောင်းရွှေက ပြောကြားသည်။

“ ကျွန်တော်တို့ ဒေသဟာ လူဦးရေ အလွန်တရာများပြားတဲ့ ဒေသဖြစ်တဲ့ အတွက် လူဦးရေ တိုးတက်နှုန်းမြင့်မားခြင်း၊ ကလေး မွေးဖွားနှုန်း မြင့်မားခြင်း၊ မိခင်နှင့် ကလေးသေဆုံးမှုမြင့်မားခြင်း၊ ပြောင်းရွှေ့နေထိုင်မှု နှုန်ထားတွေ မြင့်မားခြင်း၊ သယံဇာတ အရင်းအမြစ်များ အချိုးညီမျှမှု မရှိခြင်း၊ လူမှုစီးပွား အညွှန်းကိန်းများ နိမ့်ကျခြင်း၊ စားနပ်ရိက္ခာ ဖုံလုံမှု မရှိခြင်း စတဲ့ အနေနဲ့ ရင်ဆိုင် နေကြရပါတယ်။ လူဦးရေထိန်းချုပ်မှုဆိုင်ရာ ဥပဒေ အခန်း (၂) မှာလဲ ဒါတွေကို ထိန်းကျောင်းဖို့ ဖော်ပြထားပါတယ်။ အဲဒါတွေကို ကျွန်တော်တို့က ထိန်းညှိနိုင်မှ ဖြစ်မယ်။ ဒါကြောင့် ဒီမေးခွန်းကို မေးတာပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေးမှ မေးခွန်းအပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ပြည်နယ် အစိုးရ၏ လုပ်ပိုင်ခွင့်ဖြစ်ကြောင်း၊ မြို့နယ်က လုပ်ပေးရမည် ဖြစ်ကြောင်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့တွင် ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံများတွင် လိုအပ်သည့် အထူးကု ဆရာဝန်ကြီးများ ဖြည့်စွက်ခန့်အပ်သွားမည်ဖြစ်ကြောင်း စသဖြင့် တလွဲ ဖြေဆိုသွားခဲ့သည်ဟု သိရသည်။

၎င်းပြင် ဦးအောင်သောင်းရွှေက ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ အခန်း ၁၂၊ ပုဒ်မ ၂၇နဲ့ ၂၈ တို့တွင် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် သားခြားဆက်စီမံကိန်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း လုပ်ငန်းတို့ကို လုပ်ဆောင်နိုင်မှသာလျှင် ယင်းမြို့နယ်များတွင် လူဦးရေကို ထိန်းညှိနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ပြောဆိုသည်။

၂၀၁၅ အတွင်း လူဦးရေကို ကန့်သတ် ထိန်းချုပ်နိုင်ရန် သားဆက်ခြား စီမံကိန်းတွေ လုပ်ကိုင်ခဲ့ကြောင်း၊ UNHCR နှင့် မိခင်ကလေးစောင့်ရှောက်ရေး အဖွဲ့ တွေ ပူးပေါင်းပြီး Pilot Project ဆိုပြီး လုပ်ကိုင် ခဲ့ကြောင်း၊ ယခုအခါ ၎င်းလုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်သည်ကို မတွေ့ရကြောင်း၊ ယခုအတိုင်းဆိုလျှင် လူဦးရေဖေါင်းပွမှု များစွာ မြင့်တက်လာနိုင်ကြောင်း ဦးအောင်သောင်းရွှေက ပြောကြားသည်။

၎င်းပြင် ၂၀၁၂ ခုနှစ် နစက အဖွဲ့အား ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်းမှ စပြီး ဘူးသီးတောင်မြို့နယ်၊ မောင်တော မြို့နယ်နှင့် ရသေ့တောင်မြို့နယ် အနောက်ဘက် ဒေသတို့တွင် ဘင်္ဂလီ လူမျိုးများ အကြားတွင် အရွယ်မရောက်သူ အိမ်ထောင်ပြုမှုနှုန်းထား အဆမတန် တိုးပွားနေပြီး ထိန်းကျောင်းကြပ်မတ်မှု အလွန်နည်းပါးနေကြောင်း သိရှိရသည်။

“ ဒီဟာတွေကိုလည်း ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် အားလုံးကို ခြုံပြီး တင်ပြတာ ဖြစ်ပါတယ်။ ခုလို လူဦးရေ တိုးပွားမှုနှုန်းကို မထိန်းသိမ်းနိုင်ဘူးဆိုရင် ဘယ်လောက်ဘဲ ဒေသတည်ငြိမ်ရေးကို လိုချင်၊ လိုချင် ဖြစ်လာနိုင်စရာ မရှိဘူးလို့ထင်ပါတယ်။ ဒီဒေသရဲ့ လူဦးရေ ပေါက်ကွဲမှုက တစ်တိုင်းပြည်လုံးကို အနှေးနဲ့ အမြန်ဆိုသလို ထိခိုက်နိုင်စရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု ဦးအောင်သောင်းရွှေက ပြောကြားသွားသည်။

No comments: