Kachinnews
ကချင် လွတ်လပ်ရေး အဖွဲ့ KIO အား ထိုးစစ်ဆင် တိုက်ခိုက်နေချိန် မြန်မာ စစ်တပ်က ဒေသခံ ရှမ်းနီ လူမျိုးများ ကို ‘ရှေ့တန်း စစ်မြေပြင် လမ်းပြ’ အတွက် ငွေပေး စုစည်းမှုများ ပြုလုပ်နေပါသည်။
ဒေသခံများ အဆိုအရ တယောက်ကို ‘ငွေကျပ် ၁ သိန်း ပေးမယ်’ ဆိုပြီး လူစုဆောင်းမှုများကို ၀ိုင်းမော်မြို့နယ် ရှမ်းနီ လူမျိုးများ အများစု နေထိုင်သည့် တာလောကြီး (Da Law) ကျေးရွာ နှင့် အနီးတ၀ိုက် ရွာများသို့ ယခုပတ် စက်တင်ဘာ ၂၀ ရက်မှ စတင် ပြုလုပ်လာသည်ဟု သိရသည်။
လူ တယောက် ‘ကျပ် ၁သိန်း ပေးမယ်’ ဆိုတာ တစ်ရက် အခ ကြေးငွေ အတွက်လား ဆိုတာကို မသိရသေးပါ။
နယ်မြေ ဒေသကျွမ်းကျင်သော အဆိုပါ ဒေသခံ ရှမ်းနီ ရွာသားများကို ၎င်းတို့ ကျေးရွာ အရှေ့ဘက် တရုတ်နယ်စပ် တလျှောက် KIO ဗဟို ဌာနချုပ် နယ်မြေ၊ လက်ရှိ တပ်မတော်မှ ပြင်းပြင်းထန်ထန် စစ်ဆင်နေသည့် Nhkram Bum နှင့် Lai Hpawng Bum ထိုးစစ်မှာ လမ်းပြ အဖြစ် အသုံးပြုရန်ဖြစ်ကြောင်း ဒေသခံများ ပြောပါသည်။
ယခုလို ရှမ်းနီ ရွာသားများကို လမ်းပြ အဖြစ် ငွေပေး စုဆောင်းခဲ့သည့် အင်္ဂါနေ့ ဒေသခံ စံတော်ချိန် ညနေ ၅ ကျော်တွင် တပ်မတော် တပ်ရင်း (၅) ခုဖြင့် Nhkram Bum တောင် KIA စခန်းများကို ပြန်လည် ပြင်းပြင်းထန်ထန် တိုက်ခိုက် ခဲ့သည်။
ယင်း ည ၁ နာရီကျော် တိုက်ပွဲတွင် အစိုးရ စစ်သား ၇၀ ကျော် သေဆုံးပြီး ၄၀ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့သည်ဟု KIA က ဆိုပါသည်။ KIA ဘက်မှ တဦး ကျဆုံးခဲ့ကြောင်း KIA ရှေ့တန်းက ပြောပါသည်။
ယခင် ကလည်း တာလောကြီး ဒေသ ရှမ်းနီပြည်သူ့စစ်နှင့် ရွာသားများကို ဒေသတွင်း KIA တပ်ဖွဲ့များနှင့် ဖြစ်သောတိုက်ပွဲများတွင် စစ်တပ်မှ အသုံးပြုခဲ့ကြောင်း၊ KIA ဘက်မှလည်း အထိနာမှုများ ရှိခဲ့ကြောင်း KIA အရာရှိများ ဆိုပါသည်။
ဗဟို ဌာနချုပ် လုံခြံရေးအတွက် စစ်ရေး မဟာဗျူဟာ အရ အရေးပါသော ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ Nhkram Bum နှင့် Lai Hpawng Bum စခန်းများကို အစိုးရတပ် က ပြီးခဲ့သည့် သြဂုတ်လမှ ထိုးစစ် ဆင်လာခြင်းဖြစ်သည်။

No comments:
Post a Comment