စမ်းယမင်းအောင်
ရန်ကုန်မြို့မှ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက် ပထမဆုံးသော ပြင်းထန်သည့် အပြစ်ဒဏ်ချမှတ်မှုအနေဖြင့် ဆူးလေ အထပ်မြင့် စီမံကိန်း (Sule Square) တည်ဆောက်သူများကို စည်ပင် ဥပဒေ ချိုးဖောက်မှုဖြင့် ဒဏ်ငွေ ၂ ဘီလီယံကျပ် အထိ ချမှတ်သွားမည်ဟု မြို့တော် စည်ပင် သာရေးကော်မတီ က ပြောသည်။
အထပ် ၂၃ ထပ်မြင့်သည့် ဆူးလေ အထပ်မြင့် စီမံကိန်း တည်ဆောက်ရာတွင် ဆောက်လုပ်ရေး စည်းကမ်း ဥပဒေများကို ချိုး ဖောက်ခဲ့ခြင်း ကြောင့် ယခုကဲ့သို့ ဒဏ်ငွေ ချမှတ်ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းသည် Sule Shangri-La ဟိုတယ်(ယခင် Traders ဟိုတယ်) ၏ ဘေးတွင် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ Sule Square စီမံကိန်းတွင် မူလ ခွင့်ပြုချက်၌ မပါဝင်သော အထပ်ပို ၂ ခု ထည့်သွင်းထားခဲ့သဖြင့် စည်ပင်က အရေးယူခြင်းဖြစ်ကြောင်း သိရှိရသည်။
စီမံကိန်း အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၃ ခုနှစ် ဇန်န၀ါရီလပိုင်း ထုတ်ပေးခဲ့သော ကနဦး ခွင့်ပြုချက်တွင် မြေအောက် ၂ ထပ်၊ (မြေပေါ်)အထပ်၂၀ နှင့် ခေါင်မိုးပေါ်တွင် penthouse တခု ပါဝင်သည့် မူလ အဆိုပြု ချက်ကို အခြေခံ၍ ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုနှစ် မတ်လမကုန်မီကမှ တင်ပြလာခဲ့သော စီမံကိန်း၏ ပြောင်းလဲ အဆိုပြု တင်ပြပုံစံ (Revised proposal) အပြည့်အစုံတွင်မူ မြေအောက်ထပ် တထပ်နှင့် အထပ်ပေါင်း ၂၃ ထပ် ပါဝင် နေခဲ့ကြောင်း၊ သို့သော်လည်း အမြင့်ကိုမူ မြို့တော်စည်ပင်၏ မူလ ခွင့်ပြုချက် အတိုင်း ၃၀၂ ပေခန့် ထားရှိထား ကြောင်း သိရှိရသည်။
ဆူးလေအထပ်မြင့် စီမံကိန်း ၏ ပြန်လည် တင်ပြလာသော အဆိုပြုတင်ပြလွှာ တွင် အထပ် ၂ ထပ်ပိုလာသည့်အပြင် သိသာ ထင်ရှားမှုအရှိဆုံးကွဲလွဲချက်မှာ အများပြည်သူ အတွက်နေရာနှင့် အများသုံးအိမ် သာများအတွက် နေရာ ကျဉ်း မြောင်း သွားခြင်း ဖြစ်ကြောင်း၊ မူလခွင့်ပြုပြီး ပုံစံတွင် စတုရန်းပေ ၅၀၀၀ ခန့် ကျယ်ဝန်းသည့် အများပြည်သူ အသုံးပြုနိုင်သည့် နေရာ (Public space) နှင့် စတုရန်းပေ ၉၀၀ ခန့် ရှိသည့် အများသုံး အိမ်သာများ ပါရှိခဲ့သော်လည်း ပြန်လည် တင်ပြလာသည့် Revised proposal တွင်မူ စတုရန်းပေ ၁၃၀၀ ခန့်သာ ရှိသည့် အများပြည်သူ အသုံးပြုရန် နေရာနှင့် စတုရန်းပေ ၅၀၀ မှ ၆၀၀ အတွင်းသာ ရှိသည့် အများသုံး အိမ်သာများ လျော့နည်းသွားခဲ့သည်ဟု သိရသည်။
သို့သော်လည်း ယခင်လ အတွင်းက မြို့တော်စည်ပင်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ဆောက်လုပ်သူများက အများပြည် သူ အတွက် နေရာနှင့် အများသုံး အိမ်သာများကို မူလအဆိုပြုထားသည့် အတိုင်း ပြန်လည်ပြင်ဆင်ပေးရန် သဘောတူညီ ခဲ့ သည်။
“ကနဦး ခွင့်ပြုချက်နဲ့ ကွဲလွဲပြီး ဆောက်လုပ်ခဲ့တာတွေ အားလုံးအတွက် သူတို့ ဒဏ်ကြေး ကျပ်ငွေ ၂ ဘီလီယံကျော် ပေးဆောင်ရပါမယ်” ဟု မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အဦးဌာန အကြီးအကဲ ဦးသန်းဌေးက ဧရာ ၀တီသို့ ပြောသည်။
Sule Square အထပ်မြင့်စီမံကိန်းတွင် ကနဦး ခွင့်ပြုချက်နှင့် ကွဲလွဲမှု ၁၀ ခုခန့် တွေ့ရှိခဲ့ရသည်ဟု ရန်ကုန်မြို့တော် စည်ပင်၏ အထပ်မြင့် အဆောက် အအုံများ စစ်ဆေးရေးကော်မတီ အတွင်းရေးမှူး ဦးအောင်စန်းဝင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။
Sule Square အထပ်မြင့်စီမံကိန်းကို ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် ဖွင့်လှစ်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရသည်။

No comments:
Post a Comment