Wednesday, September 28, 2016

မောင်တောခရိုင်တွင် တရားမ၀င်ဆောက်လုပ်ထားသော အဆောက်အဦးများကို စစ်ဆေးအုံးမည်ဟုဆို

နိရဉ္စရာ၊


ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် တရားမ၀င် ဆောက်လုပ်ထားသော အဆောက်အဦး အလုံးပေါင်း ၃၃၂၆ လုံးတွေ့ရှိထားသော်လည်း ကော်မတီများဖွဲ့စည်းပြီး ဆက်လက် စစ်ဆေးသွားအုံးမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့က မောင်တောခရိုင်အတွင်းရှိ တရားမ၀င် အဆောက်အအုံများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရုံးတွင် ပြုလုပ်ခဲ့သည် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီးထိန်လင်းက ထိုသို့ ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ခရိုင်ရဲ့တင်ပြချက်အရ လယ်ယာမြေနဲ့ စားကျက်အေမြများတွင် တည်ရှိသော အဆောက်အဦး၂၁၂၆ လုံး၊ မြေလွတ်မြေရိုင်းနဲ့ သစ်တောဧရိယာမှာ ပါဝင်နေတဲ့ အဆောက်အဦးက၂၇၆ လုံး၊ ဥယျာဉ်ခြံမြေမှာ ပါဝင်နေတာက ၉၈ လုံး၊ ရပ်ကွက် ကျေးရွာတွေမှာ ဆောက်ထားတဲ့ အဆောက်အဦးက ၇၇၆ လုံးဖြစ်ပါတယ်။ အကြမ်းဖျဉ်းတွေ့ရှိတာတွေကို အဖွဲ့တွေ ဖွဲ့စည်းပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်နယ် အဆင့်တွင် တရားဝင်/ တရားမ၀င် အဆောက်အဦးများ စီမံခန့်ခွဲရေးနှင့် စိစစ်ရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားသလို မြို့နယ်နှင့် ခရိုင်အဆင့် တွင်လည်း ဆက်လက် ဖွဲ့စည်းသွားမည် ဖြစ်ပြီး သက်ဆိုင်ရာဌာနအလိုက် သစ်တောဌာပိုင် မြေတွင် ဆောက်လုပ်ပါက သစ်တောဌာနမှလည်းကောင်း ကျေးရွာ ရပ်ကွက်များတွင် ဆောက်လုပ်ထားပါက အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများကလည်းကောင်း စိစစ်ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

မြို့နယ်၊ ခရိုင် အဆင့်မှ တွေ့ရှိချက်များအား ပြည်နယ်စိစစ်ရေး ကော်မတီသို့ တင်ပြပြီး ပြည်နယ် ကော်မတီမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြကာ ပြည်နယ် အစိုးရ ကက်ဘိနပ်မှသာ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း နယ်လုံဝန်ကြီးက ဆက်လက် ပြောဆိုသည်။

မောင်တောခရိုင်တွင် ရပ်ကွက် ၁၈ ခု၊ ကျေးရွာအုပ်စု ၂၁၄ အုပ်စု၊ ကျေးရွာပေါင်း ၉၀၅ ရွာရှိကြောင်း၊ ၎င်းကျေးရွာအုပ်စုများအားလုံးရှိ မြေနေရာအလိုက် တည်ရှိနေသော အဆောက်အဦးများကို သက်ဆိုင်ရာ ဌာနဆိုင်ရာအလိုက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

လတ်လော သတင်းများထွက်နေသလို ဗလီအပါအ၀င် တရားမ၀င် အဆောက်အဦးများကို ဖြိုဖျက်မည် မဟုတ်သေးဘဲ စိစစ်အုံးမည် ဖြစ်ကာ ဖြိုမည်/ မဖြိုမည်၊ ဆက်ထားမည်/ မထားမည်ကို ရခိုင်ပြည်နယ် အစိုးရကသာ ဆုံးဖြတ်သွားမည်ဟု ပြောဆိုသွားခဲ့သည်။

No comments: