Thursday, September 15, 2016

ဘော်လခဲတွင် ရွာသားတဦး တောင်ကျချောင်းရေထဲ မျောပါပျောက်ဆုံး

နန်းမြနဒီ

ကယားပြည်နယ် ဘော်လခဲမြို့နယ် ချိကွဲကျေးရွာမှာ စက်တင်ဘာ ၁၄ ရက် မနက်က ရွာသားတဦး ချောင်းရေနဲ့အတူ မျောပါသွားပါတယ်။

အဆိုပါရွာသားမှာ ချိကွဲရွာတွင်နေထိုင်သူ ဦးတင်ဇော်ဆိုသူဖြစ်ပြီး တောင်ယာသွားဖို့ ချောင်းကူးစဉ် ရေစီးနဲ့အတူ မျောပါသွားတာ ဖြစ်ပါတယ်။

ဦးတင်ဇော် ချောင်းထဲကျသွားကြောင်း ရွာသားတွေဆီက အကြောင်းကြားချက်ရတာနဲ့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ဆင်းရှာနေရာမှာ ခုထိရှာမတွေ့သေးဘူးလို့ ဘော်လခဲမြို့နယ် အုပ်ချုပ်ရေးရုံး ၀န်ထမ်းတဦးဖြစ်သူ ဦးစိုးမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“သူက ချောင်းကူးရင်း ရေထဲကျသွားတာကို သူ့ကို အဝေးကနေ လှမ်းခေါ်တဲ့သူက မြင်တယ်၊ အဲဒါနဲ့ အုပ်ချုပ်ရေးဘက်ကို အကြောင်းကြားလာပါတယ်။ သူပျောက်တဲ့အချိန်က မနေ့မနက် ၈ နာရီခွဲလောက်၊ အဲဒါ ထွေအုပ်၊ မီးသတ်၊ ရဲနဲ့ ရွာသားတွေပေါင်းပြီး ချောင်းရိုးတလျှောက် ရှာကြတယ်၊ ခုထိမတွေ့သေးဘူး၊ ရှာဖွေရေးလုပ်ငန်းလည်း မရပ်သေးဘူး၊ ရှာနေတုန်းပဲ။”

သူချောင်းထဲကျသွားတဲ့အချိန်က ဘော်လခဲမှာ မိုးတွေအရမ်းရွာနေကြောင်း၊ တောင်ကျချောင်းရေကြီးပေမယ့် တခြားထိခိုက်ဆုံးရှုံးမှုတွေတော့ မရှိဘူးလို့ ဘော်လခဲမြို့နယ် အုပ်ချုပ်ရေးရုံးက ပြောပါတယ်။

No comments: