Thursday, September 15, 2016

ခွင့်ပြုချက်မဲ့ ပုဂံဟိုတယ် ၂၅ လုံး ဆက်လုပ်ရန် အစိုးရခွင့်ပြု

ထက်နိုင်ဇော်


ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ခွင့်ပြုချက် မရရှိဘဲ တည်ဆောက်ထားသည့် ပုဂံဒေသရှိ ဟိုတယ် ၂၅ လုံးကို ဆက်လက်လုပ်ကိုင်ရန် အစိုးရက ခွင့်ပြုဆုံးဖြတ်ပြီဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

“တည်ဆောက်ပြီးသား ဟိုတယ် ၂၅ လုံး ကို ပြီးအောင် ဆက်လက်တည်ဆောက်မယ်။ ယူနက်စကိုက အရင်းကြေကာလကို ၁၀ နှစ် သတ်မှတ်စေချင်တယ်။ လုပ်ငန်းရှင်များအပိုင်းက ၁၅ နှစ် သတ်မှတ်ချင်တယ်။ ၀င်ညှိလိုက်တဲ့အခါ သူတို့ဟိုတယ်စဖွင့်တဲ့ အချိန်ကစပြီး ၁၅ နှစ် ပြည့်ချိန်မှာ သတ်မှတ်ထားတဲ့ ရှေးဟောင်းယဉ်ကျေးမှုဇုန်ကြီးနဲ့ ၇ ကီလိုမီတာ အပြင်မှာရှိတဲ့ ပုဂံဒေသမှာပဲ ဟိုတယ်ဇုန်ကို ရွေ့ပြောင်းရမှာ ဖြစ်တယ်”ဟု သူရဦးအောင်ကိုက သြဂုတ် ၁၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောဆိုသည်။

ယခင်အစိုးရဟောင်းလက်ထက်က ၀န်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်များကြောင့် ဟိုတယ် ဆောက်လုပ်ခွင့် မရှိသည့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဟိုတယ် ၄၂ လုံးထိ တည်ဆောက်ရန် ပြင်ဆင်လာခဲ့ရာမှ ဟိုတယ် ၂၅ လုံးသည် ယနေ့အချိန်၌ ရာခိုင်နှုန်းအားဖြင့် ၇၀ မှ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

လုံးဝ မဆောက်ရသေးသည့် ဟိုတယ် ၁၇ လုံးကို လုံးဝဆောက်လုပ်ခွင့် ပြုတော့မည် မဟုတ်ကြောင်းနှင့် ယခုသတ်မှတ်ချက်များကို ဟိုတယ်လုပ်ငန်းရှင်များ လိုက်နာမှုရှိစေရန် အစိုးရနှင့် ဟိုတယ်လုပ်ငန်းရှင်များ အကြား ခိုင်မာသည့် သဘောတူစာချုပ် ကြိုတင်ချုပ်ဆိုထားမည် ဖြစ်သည်ဟု ၀န်ကြီးသူရအောင်ကိုက ပြောသည်။

ယူနက်စကို၏အဆိုအရ ရှေးဟောင်းအဆောက်အအုံများ၏ ပတ်လည် ၅ ကီလိုမှ ၇ ကီလို အတွင်း မည်သည့်လူနေအိမ်၊ မည်သည့်အဆောက်အဦ၊ မည်သည့်ဟိုတယ်မှ မရှိရဆိုသည့် စည်းကမ်းသတ်မှတ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် နှစ်ပေါင်း ၁၀၀၀ ခန့် ရှိပြီဖြစ်သည့် ရှေးဟောင်းယဉ်ကျေးမှု ပုဂံဒေသ၏ သမိုင်းကြောင်းနှင့်အတူပါလာသည့် ညောင်ဦးမြို့၊ ပုဂံမြို့၊ သီရိပစ္စယရွာ အပါအ၀င် ရွာပေါင်း ၂၀ ကျော်ကို ထိုဟိုတယ်များနှင့်အတူ ဖျက်သိမ်းမည်ဆိုပါက မဖြစ်နိုင်သည့်အတွက် အစိုးရက ယူနက်စကိုထံ ပြန်လည်တင်ပြရာ အထက်ပါကဲ့သို့ ညှိနှိုင်းမှု ရရှိခဲ့ခြင်း ဖြစ်သည်။

“နှစ်ပေါင်း ၁၀၀၀ သက်တမ်းနဲ့ အတူပါလာခဲ့တဲ့ ညောင်ဦးမြို့၊ ကျေးရွာ ၂၀ မှာလည်း နောက်ထပ် ခေတ်မီ အဆောက်အဦးတွေ မဆောက်ဖို့နဲ့ လက်ရှိအဆောက်အဦးတွေကို ဒီတိုင်းထားပြီး ရောပြွန်းနေတဲ့ ရှေးဟောင်း အမွေအနှစ်ဇုန် Mix Ancient Zone အဖြစ်နဲ့ ကမ္ဘာမှာ မိုဒယ်အသစ်နဲ့ အမွေအနှစ် စာရင်းဝင်အောင် ကြိုးပမ်းပေးပါလို့ တိုက်တွန်းတာ မူအားဖြင့် သဘောတူညီမှုရရှိပြီ” ဟု သူရဦးအောင်ကိုက ပြောသည်။

ပုဂံယဉ်ကျေးမှုဒေသအတွင်း ဟိုတယ်ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး ပုဂံချစ်သူများအဖွဲ့မှ ဦးချင်းပိုက “ရှေးဟောင်းအဆင့် သတ်မှတ်ထားတဲ့နေရာမှာ အခုလို ဆက်ဆောက်လုပ်ခွင့် ပေးလိုက်တာက မဖြစ်သင့်ဘူး။ ၄၂ လုံး ရှိတာကို ၂၅ လုံး ပဲ ရွေးဆောက်ခွင့် ပြုတာလည်း သဘာဝမကျဘူး။ ခေတ်အဆက်ဆက်က တားထားတာကို အခုခွင့်ပြုလိုက်တဲ့ သဘောလား” ဟု ပြောသည်။

ဟိုတယ်များ ပုဂံရှေးဟောင်းဇုန်အတွင်း ဆက်လက်ရပ်တည်ခွင့် ကုန်ဆုံးပါက ကျန်ရှိခဲ့သည့် အဆောက်အဦးများကို ပြည်သူများနှင့် ပတ်သက်သည့် အပန်းဖြေနေရာ၊ တရားစခန်း၊ မူကြိုကျောင်း စသည့်ဖြင့် လူမှုရေးနှင့် ပတ်သက်သည့် နေရာများအဖြစ် တန်ဖိုးရှိရှိ အသုံးချသွားမည်ဟု ၀န်ကြီးသူရအောင်ကိုက ပြောသည်။

အစိုးရက ယူနက်စကိုနှင့် ညှိနှိုင်းနေစဉ် သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုး ၄၀၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

ငလျင်ကြောင့် ပျက်စီးပြိုကျခဲ့သည့် သမိုင်း၊ ယဉ်ကျေးမှု၊ ဗိသုကာ အနုပညာလက်ရာများ ပါဝင်သည့် တန်ခိုးကြီး စေတီပုထိုး၊ သာသနိက အဆောက်အဦးများမှာ အရည်အတွက်အားဖြင့် ၄၀ မကျော်ကြောင်းနှင့် ကျန်ပျက်စီးသည့် စေတီ ၃၀၀ ကျော်မှာ သာမာန်မြေစိုက် စေတီသာဖြစ်၍ ပြုပြင်ထိန်းသိမ်းရန် အခက်အခဲ မရှိကြောင်း ၎င်းက ဆိုသည်။

“အဲဒီစေတီတွေကတော့ ပြုပြင်ရမှာ လွယ်ကူပါတယ်။ အကုန်အကျ များမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ရှေးဟောင်း စေတီတွေကို တော့ ယူနက်စကိုရဲ့ အကူအညီ ရယူပြီး ပြုပြင် ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးသူရဦးအောင်ကိုက ပြောဆိုသည်။

No comments: