Saturday, September 24, 2016

လိုင်ဇာလုံခြုံရေးနယ်မြေတွင် စစ်တပ်က တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်

ရွှေအောင်

ကေအိုင်အိုဌာနချုပ်၊ လိုင်ဇာရဲ့ လုံခြုံရေးနယ်မြေမှာ စက်တင်ဘာ ၂၂ နဲ့ ၂၃ တို့က တပ်မတော်ဘက်က တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တို့ သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ဒီဗွီဘီကို ပြောပါတယ်။

မြေပြင်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ၂ရက်ဆက် ဖြစ်ခဲ့ပြီးတဲ့နောက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“လိုင်ဇာဌာနချုပ်ရဲ့ လုံခြုံရေးနယ်မြေဖြစ်တဲ့ အင်ခန်ဘုံး ဆိုတဲ့နေရာမှာ လက်နက်ကြီးတွေ နဲ့မြေပြင်မှာ တိုက်ပွဲဖြစ်တယ်။ နောက်ပြီးတော့ လေကြောင်းက ပစ်ကူတဲ့အဆင့်လည်း ရှိတယ်။ မနေ့ကတော့ လေယာဉ်ပျ့တစီးနဲ့ ရဟတ်ယာဉ်လည်း လာတယ်။ ဂျက်ဖိုက်တာ ၂ ခေါက် လာပြီးတော့ ဗုံးလည်း ကြဲတယ်၊ စက်သေနတ်နဲ့လည်း ပစ်တယ်။”

နှစ်ဘက်ထိခိုက်ကျဆုံးတဲ့သတင်းတော့ မကြားရသေးဘူးလို့ ပြောပါတယ်။

လိုင်ဇာလုံခြုံရေးနယ်မြေကို တပ်မတော်ဘက်က သိမ်းပိုက်ချင်လို့ လာတိုက်တာ ဖြစ်နိုင်သလို ကေအိုင်တပ်ဖွဲ့အချင်းချင်း အဆက်အသွယ်ပြတ်တောက်အောင် တိုက်တာလည်း ဖြစ်နိုင်တယ်လို့ ကေအိုင်အေဘက်က သုံးသပ်ပြောပါတယ်။

ဒီလို တိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ နှစ်ဘက် ခေါင်းဆောင်တွေကြား ထိတွေ့ပြောဆိုတာမျိုး မရှိပါဘူး။

လတ်တလော ကချင်နဲ့ ကရင်ပြည်နယ်တို့မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေ ရှိသလို ဒေသခံတွေလည်း ထောင်ချီထွက်ပြေးနေကြရပါတယ်။

No comments: