Saturday, September 3, 2016

ငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီး ပါဝင်မှု ၁၂ ရာခိုင်နှုန်းခန့်ရှိ

နေသာ

၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီး ပါဝင်မှုသည် ၁၂ ရာခိုင်နှုန်းခန့် ရှိကြောင်း ညီလာခံပူးတွဲကျင်းပရေးကော်မတီ မှ ဦးခင်ဇော်ဦးကပြောသည်။

“may be အခုဆိုရင်တော့ ၁၂ နဲ့ ၁၅ ကြားလောက်မှာရှိပါမယ်။ သူတို့ ကလည်း အမျိုးသမီးထုအနေနဲ့  နောင်လာမယ့် ညီလာခံတွေမှာ ၃၀ ရာခိုင်နှုန်း ပြည့်အောင်တင်ပြပါတယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယမြောက်နေ့ အပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ဇော်ဦးကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီးပါဝင်မှုသုံးဆယ်ရာခိုင်နှုန်း ပါဝင်လာစေရးသည့် သက်ဆိုင်ရာအစုအဖွဲ့ များနှင့် သက်ဆိုင်ပြီး အစုအဖွဲ့ များထဲတွင်ကိုယ်စားလှယ်များထဲတွင် အမျိုးသမီးများအား များများရွေးချယ်ရန်လိုအပ်သည်ဟု ဦးခင်ဇော်ဦး ကပြောသည်။

“ညီလာခံကျင်းပရေးကော်မတီနဲ့တော့ တိုက်ရိုက်မသက်ဆိုင်ပါဘူး သက်ဆိုင်ရာအစုအဖွဲ့ တွေနဲ့ ပိုပြီးတော့ သက်ဆိုင်ပါလိမ့်မယ် သက်ဆိုင်ရာအစုအဖွဲ့ တွေက မိမိတို့ ရဲ့ ကိုယ်စားလှယ်တွေကို အမျိုးသမီးတွေကို များများရွေးလာတာနဲ့ အမျှ အမျိုးသမီးတွေ များများပါလာမှာပါ အဲ့တာကတော့ ညီလာခံကျင်းပရေးကော်မတီနဲ့တော့ တိုက်ရိုက်မဆိုင်ပါဘူး” ဟု ညီလာခံပူးတွဲကျင်းပရေးကော်မတီ မှ ဦးခင်ဇော်ဦးကပြောသည်။

အမျိုးသမီးထုအနေဖြင့် နောင်လာမည့် ညီလာခံများတွင် သုံးဆယ်ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ရရှိရန် တင်ပြထားကြောင်း သိရကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သုံးနှစ်မှ ငါးနှစ်အထိ ကြာမည်ဟု ခန့် မှန်းထားကြောင်း ညီလာခံအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲများမှသိရသည်။

No comments: