Tuesday, September 27, 2016

သိန်းထောင်ချီတန် မေ့ကျန်ရတနာများ ပြန်ပေးသူကို ပိုင်ရှင်က ကားတစီး ချီးမြှင့်ရန်စီစဉ်

ပိုင်စိုး


ကျပ်သိန်းပေါင်းထောင်ချီတန်တဲ့ ကျောက်မျက်ရတနာတွေ မေ့ကျန်ခဲ့တာကို ပြန်ပေးခဲ့တဲ့ အငှားကားမောင်းသူကို ပစ္စည်းပိုင်ရှင်က ကားတစီးပေးအပ် ဂုဏ်ပြုဖို့ စီစဉ်နေပါတယ်။

ကျပ်သိန်းပေါင်းထောင်နဲ့ချီတန်တဲ့ ကျောက်မျက်ရတနာတွေကို ပြန်ပေးခဲ့သူဟာ တက္ကစီမောင်းသမား ကိုသန်းထိုက်ကျော်ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက သူ့ကားကိုငှားစီးတဲ့ ခရီးသည်တွေရဲ့ ရတနာတွေကို နောက်နေ့မနက် ကားပေါ်မှာ တွေ့ရှိခဲ့တာပါ။

“မနက် ကားသန့်ရှင်းရေးလုပ်တော့ အထုပ်ကိုတွေ့တယ်။ ဖွင့်ကြည့်တော့ ကျောက်ထုပ်တွေတွေ့တော့ မနေ့က နောက်ဆုံးပို့ခဲ့တဲ့နေရာကို ပြန်သွားပေးဖို့လုပ်တယ်။ အိမ်ကိုတော့ မှတ်မိတယ်။ လူကိုတော့ ရှာရမှာပဲပေါ့။ သွားနေတုန်းမှာပဲ ကျနော့်ညီမက ဖုန်းဆက်တယ်။ ကျောက်ထုပ်တွေ ကျန်ခဲ့တဲ့သူက ဖေ့စ်ဘွတ်ခ်မှာတင်ထားလို့ ဖုန်းနံပါတ်ပါတယ်တဲ့။ အဲဒါနဲ့ ဖုန်းဆက်ပြီး တန်းသွားလိုက်တာ” လို့ ကိုသန်းထိုက်ကျော်က ပြောပါတယ်။

အခုလို ပြန်ပေးခဲ့တဲ့ သူ့ရဲ့ ရိုးသားမှုဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ချီးကျူးတာတွေခံရသလို ပိုင်ရှင်ကလည်း သူ့ကို ထိုက်ထိုက်တန်တန် ကားတစီးဆုချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“သူက ကိုယ်ပိုင်ကားမောင်းတာ မဟုတ်ဘူးလို့ ထင်တယ်လေ။ အဲဒါကြောင့် ပစ္စည်းပြန်ရရင် ကားတစီးဝယ်ပေးဖို့ ဆုံးဖြတ်ထားတယ်။ ခု ပြန်ရတော့ ဝယ်ပေးဖို့ စီစဉ်နေပါတယ်” လို့ ကျောက်မျက်ရတနာ ပစ္စည်းပိုင်ရှင်ရဲ့ သမီးဖြစ်သူ မချစ်သွေးနီက ပြောပါတယ်။

၁ နှစ်သားအရွယ် ကလေးတယောက် ဖခင်ဖြစ်တဲ့ ကိုသန်းထိုက်ကျော်ဟာ မိသားစုအတွက် အုံနာကြေးပေးပြီး အငှားယဉ်မောင်းနေရသူပါ။

သူ့အတွက်တော့ အခုလို ရိုးသားမှုကြောင့် ကားတစီးရမယ်ဆိုတဲ့အတွက် ဘ၀ပြောင်းသွားတယ်လို့ ပြောပါတယ်။

“သေချာတဲ့ စီးပွားရေးတခု ရသွားတာပေါ့။ အရင်လက်မဲ့ကနေ လက်ရှိဖြစ်သွားတာပေါ့” လို့ ကိုသန်းထိုက်ကျော်က ပြောပါတယ်။

ရတနာပစ္စည်းပိုင်ရှင်တွေဟာ ရဲစခန်းကို ပစ္စည်းပျောက် သွားတိုင်တဲ့အခါမှာ လမ်းစက ပျောက်နေတာမို့ ရဲက လူမှုကွန်ရက်စာမျက်နှာမှာတင်ဖို့ အကြံပေးခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာလည်း အဲဒီအကြောင်းကို မျှဝေသူ တသောင်းကျော်ရှိခဲ့ပါတယ်။

အရင်တုန်းကလည်း အငှားယာဉ်ပေါ်မှာ ပစ္စည်းကျန်ခဲ့တာတွေ၊ ပြန်ပေးတာမျိုးတွေ ရှိပေမယ့် အခုတကြိမ်ကတော့ တန်ဖိုးကြီးကြီးမားမား ကျန်ခဲ့တာကို ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

ကိုသန်းထိုက်ကျော် အဖွဲ့ဝင်အဖြစ် ပါဝင်ထားပြီး ယာဉ်မောင်းတွေစုဖွဲ့ထားတဲ့ ကားမောင်းသူများ အဖွဲ့ကလည်း သူ့ကို ဂုဏ်ပြူချီးမြှင့်ဖို့ ရှိတယ်လို့ သိရပါတယ်။

No comments: