Tuesday, September 27, 2016

အမျိုးသမီးငယ်တစ်ဦးအား စော်ကားရန်ကြံစည်သူ ထောင် ၁ဝ နှစ်ချမှတ်ခံရ

မာန်ယုကျော် (ရွှေဝမြေ)


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးကို စော်ကားရန် ကြံစည်ခဲ့သူ တစ်ဦးအား စက်တင်ဘာလ ၂၁ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်ပြီဖြစ်ကြောင်း မြောက်ဦးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်မြဝင်းက နိရဉ္စရာသို့ အတည်ပြုပြောသည်။

“သူ့ကို ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ မြောက်ဦးခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင် ၁ဝ နှစ်ချလိုက်ပါတယ် ”ဟု တရားရုံးမှ ဆုံးဖြတ်ချက်ချက်ချပြီး မကြာမီ နိရဉ္စရာကဆက်သွယ်စဉ် သူက ပြောသည်။

ယခုထောင်ဒဏ်ချမှတ်ခံရသူမှာ အပေါက်ဝကျေးရွာအုပ်စုရှိ ပြားမူဆလင်ရပ်ကွက်တွင်နေသူ ဇော်ကီယာ(၂၅ နှစ်)ဖြစ်ပြီး သူသည် ဇွန်လ ၁၆ ရက်နေ့ညနေပိုင်းက အပေါက်ဝကျေးရွာ ရန်တားရပ်ကွက်သစ်တွင်နေထိုင်သော အသက် ၁၆ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးအား မတော်မတရားပြုကျင့်ရန်ကြံစည်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံရသူသည် အဆိုပါအမျိုးသမီးငယ်တွင်ဝတ်ဆင်ထားသည့် ရွှေလက်စွပ်အားလည်း ချွတ်ယူသွားသည့်အတွက် သူ့အား လုယက်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မနှင့် အရွယ် မရောက်သူ ကလေးငယ်များအား စော်ကျူးလွန်သည့် ပုဒ်မများဖြင့် အပေါက်ဝရဲစခန်းက အမှုဖွင့်ခဲ့ပြီး မြောက်ဦးခရိုင်တရားရုံးက စစ်ဆေးအရေးယူခဲ့ခြင်းဖြစ်သည်။

No comments: